အခန်း(၃)
"အဲဒီ ရဲသားတွေလေ တော်တော်ဆိုးတယ် သိလား မောင်၊ ဟုတ်တယ်..ကျွန်မကို မျောက်အိမ်ကလေး ထဲမှာ တစ်ညလုံး ထည့်ထားတယ်၊ ဟိုလေ.. တကယ့်မျောက်အိမ် အစစ်တော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ မျောက်အိမ် သေးသေးကလေး အတိုင်းပဲ၊ ရဲစခန်းမှာ ရှိတယ်လေ၊ သိပ်ဆိုးတာပဲ မောင်ရယ်"
ဟောင်ကောင်မြို့ထဲကို သွားရန် ဟောင်ကောင်လေဆိပ် အပြင်ဘက်တွင် ဘတ်စ်ကားစောင့်ရင်း ကျွန်တောတို့ စကားရပ်ပြောနေကြသည်။ ဂျပန်မှ ထွက်လာသော လေယာဉ်ပျံသည် သုံးနာရီလုံးလုံး နောက်ကျပြီး မှ ဆိုက်သည်။
ကျွန်တော် လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဂျင်းဘောင်းဘီဝတ်ပြီး သံစကာ နောက်မှာ ခုန်ဆွခုန်ဆွ လုပ်နေသော စူဇီကို မြင်ရသည်။ ဟောင်ကောင်မှ ထွက်သွားကတည်းက ယခုအချိန် အထိ ထိုနေရာမှာပင် ကျွန်တော့်ကို တစ်ချိန်လုံး ရပ်စောင့်နေခဲ့သလား ထင်မှတ်ရသည်။
ကျွန်တော် ခရီးထွက်နေခိုက်တွင် ဟောင်ကောင်မှာ နွေရာသီ လုံးလုံးလျားလျား ရောက်ချေပြီ။ သည်မှာ ပူပုံက မလေးရှား နွေရာသီထက်ပင် အဆများစွာ ပိုဆိုးလေသည်။ ကျွန်တော့်ရှပ်အင်္ကျီမှာ ချွေးတွေနစ် နေသည်။ မျက်နှာနှင့်လည်ပင်းမှာလည်း ချွေးရွှဲနေပြီ။ လက်ကိုင်ပ၀ါနှင့် ကျွန်တော် ချွေးသုတ် နေခိုက် စူဇီ ကတော့ ရဲတွေဆိုးကြောင်း နာနာကြည်းကြည်း ပြောနေသည်။
"အိုး... သိပ်ဆိုးတာပဲ မောင်ရယ်၊ အဲဒီနေရာလေ လူတွေကလည်း အရမ်းဆိုး၊ အရမ်းညစ်ပတ်၊ ရဲတွေ ကလည်း သိပ်ဆိုးတာပဲ"
"စူဇီ... ဘက်တီကရော ဘယ်လိုနေသလဲ၊ သူရော ကောင်းသွားပြီလား" ဟု ကျွန်တော်က မေးသည်။
"အဲဟို ကန်တုန်ကောင်မလား၊ အိုး... ကောင်းသွားပါပြီ၊ သူ့အတွက် မောင် ပူဖို့မလိုတော့ပါဘူး"
"မောင်က မင်းအတွက်သာ ပူတာပါ၊ သူ့ဒဏ်ရာ သိပ်ကြီးတယ်ဆိုရင် မင်းအပြစ်ပိုကြီးမှာကို မောင် စိုးရိမ်နေခဲ့ရတာ၊ သူ ဆေးရုံတက်နေရတုန်းပဲလား"
"ဟုတ်တယ်၊ ကျွန်မ ထင်တာပဲ"
သူက ဘာမှမဖြစ်သလို ပြန်ဖြေသည်။
"ဒါဆိုရင် မင်း သေသေချာချာ မသိဘူးလား"
"ဟုတ်တယ်၊ ဆေးရုံတက်နေရတုန်းပဲ၊ ဒါပေမဲ့ မျောက်အိမ်ကလေးဝင်နေရပြီး ဒုက္ခခံခဲ့ရတဲ့ အကြောင်းတွေ မောင့်ကို ပြောတယ်၊ "ကျွန်မကို အခုချက်ချင်း အပြင်ထုတ်ပေး၊ ကျွန်မ အမျိုးသားက အင်္ဂလိပ်လူမျိုး၊ အမေရိကန်ကုမ္ပဏီကြီးတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ အခု ဂျပန်ပြည် ရောက်နေတယ်၊ ပိုက်ဆံတွေ အများကြီးရတယ်၊ သူ တစ်ပတ်ရတဲ့ပိုက်ဆံဟာ ရှင်တို့ရဲ အဖွဲ့က နံပါတ်တစ် အကြီးဆုံးလူ တစ်လရတာထက် ပိုများတယ်၊ တစ်လမဟုတ်ဘူး၊ တစ်နှစ်ရတာထက် ပိုများတယ်၊ ဟောဒီမှာကြည့်၊ ကျွန်မကို ဟောဒီချက်လက်မှတ်စာအုပ် သူပေးသွားတာ၊ ကျွန်မ ငွေဘယ်လောက်လိုချင်သလဲ၊ ဟောဒီ အပေါ်မှာ ရေးချလိုက်ရုံပဲ၊ ကျွန်မ လိုချင်သလောက်ငွေကို ဘဏ်တိုက်က ထုတ်ပေးမယ်၊ ဟုတ်တယ်၊ ကျွန်မ အမျိုးသားဟာ အင်မတန် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီး၊ သူ ပြန်ရောက်လာရင် ရှင်တို့ အားလုံး မချောင်ဘူး၊ အကြီးအကျယ် ဒုက္ခရောက်ကုန်မယ်၊ ရှင်တို့အတွက် အဆိုးဆုံးအချိန် ဖြစ်သွားမယ်" ကျွန်မ အဲဒီလိုကို ပြောပစ်လိုက်တယ် မောင်ရယ်၊ ဒါပေမဲ့ သူတို့ကတော့ အဲဒီနေရာမှာ ကျွန်မကို တစ်ညလုံးလုံး ထည့်ထားတယ်၊ ကျွန်မဖြင့်လေ တစ်မှေးကလေးတောင် အိပ်လို့မပျော်ခဲ့ဘူး"
"စူဇီ၊ မင်းတို့ ဘာဖြစ်ခဲ့ကြတယ်ဆိုတာ အစကနေပြီး အသေးစိတ် ပြန်ပြောပြစမ်း" ဟု ကျွန်တော်က ပြောသည်။
"ကျွန်မ ပြောပြပြီးပြီလေ၊ အဲဒီ ကန်တုန်ကောင်မက ကျွန်မကို မကောင်းတာပြောတယ်၊ ဒါကြောင့် ကျွန်မ ကတ်ကြေးနဲ့ ထိုးပစ်လိုက်တယ်"
"သူက ဘာပြောလို့လဲ"
"အိုး... ကျွန်မ အတိအကျ မမှတ်မိတော့ဘူး" သူက ကမန်းကတန်း ပြန်ပြောသည်။ "သူပြောတဲ့ စကားဟာ မကောင်းဘူးဆိုတာပဲ မှတ်မိတော့တယ်၊ ဒါပဲ၊ သူ့ကို ဒီထက်ပိုနာအောင်တောင် ထိုးပစ် လိုက်ချင်တယ်"
"အဲဒီလို မလုပ်လိုက်မိတာ ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရတော့တာ ပေါ့ကွာ၊ ဘာပဲဖြစ်ဖြစ် မင်းက အဲဒီကတ်ကြေးနဲ့ ဘာလုပ်နေတာလဲ"
"ကျွန်မမှာ ရှိနေတယ်လေ"
"ဒါပေမဲ့ မင်းက ဘာဖြစ်လို့..."
ကျွန်တော့် စကားကို အဆက်မခံဘဲ သူက သည်းမခံနိုင်တော့သလို ဖြတ်ဝင်ပြောသည်။
"နေစမ်းပါဦး၊ မောင်က ဘာဖြစ်လို့ အဲဒီကန်တုန်ကောင်မအတွက် ဒါလောက်တောင် ပူပင်သောက ရောက်နေရတာလဲ၊ သူ ဒီလိုလုပ်တာ ခံကို ခံသင့်တယ်၊ အားလုံးကလည်း ဒီအတိုင်း ပြောတာပဲ၊ လူတိုင်းက ကျွန်မကို ဒီအတိုင်းပြောတယ်၊ "စူဇီ မင်းလုပ်တာမှန်တယ်၊ အကောင်းဆုံး အလုပ်ကို မင်း လုပ်လိုက်တာပဲ" လို့ လူတိုင်း ပြောတယ်၊ အားလုံးက ကျွန်မကို ၀မ်းသာအားရ ချီးကျူးကြတယ် မောင်၊ သိလား၊ အဲဒီရဲ တွေက လွဲလို့ပေါ့လေ"
ဘက်တီက မည်သည့်စကားမျိုးကို ပြောသောကြောင့် ယခုလို ကတ်ကြေးနှင့် ထိုးရသည်ဆိုသော အချက်ကိုပင် ဘတ်စ်ကားပေါ်မှာရော၊ ၀မ်ချိုင်းသို့ကူးသည့် ကူးတို့ သင်္ဘောပေါ်မှာပါ ကျွန်တော် ထပ်ကာထပ်ကာ မေးသည်။ သို့သော်လည်း သူ့အဖြေကတော့ အမြဲတမ်း မရေမရာချည်း ဖြစ်နေသည်။
နမ်ကောက် ဟိုတယ်သို့ ပြန်ရောက်သောအခါ ရာသီဥတုက တော်တော်ဆိုးနေသည်။ ဂျပန်မှာ ကျွန်တော် နေခဲ့သည့်အတွက် ယခုရာသီဥတုနှင့် ရုတ်တရက် အထာမကျနိုင်အောင် ဖြစ်သွားသည်။
ကျွန်တော့် ရှပ်အင်္ကျီမှာ ချွေးတွေနစ်နေသည်။ ကျွန်တော့်အပြန်ကို ကြိုဆိုသည့်အနေဖြင့် စူဇီက အခန်းထဲမှာ ပန်းအိုးများထိုးထားသည်။ ကျွန်တော့် အ၀တ်အစားများကို ကူချွတ်ပေးသည်။ ရေစင်မှာ ကျွနတော် မျက်နှာသွားသစ်တော့ ကျွန်တော့်ကျောကို ရေပတ်တိုက်ပေးသည်။ အထိုက် အလျောက် နေသားတကျ ရှိသွားသောအခါ ခုတင်ပေါ်၌ ကျွန်တော့်ဘေးမှာ လဲလျောင်းခိုင်းပြီး ဘက်တီနှင့် ဖြစ်ခဲ့ရသည့် ဇာတ်လမ်းအသေးစိတ်ကို ထပ်မေးသည်။
"ကဲ... အစကနေ ပြန်စကြဦးစို့ စူဇီ၊ အချိန်က ညနေသုံးနာရီ၊ မင်းက ဘားခန်းထဲမှာ ထိုင်နေတယ်၊ မင်း တစ်ယောက်တည်းလား"
"မဟုတ်ဘူး၊ ဂွမ်နီနဲ့ အတူတူထိုင်နေတာ"
"ကောင်းပြီ၊ ဘက်တီက ဘယ်မှာလဲ"
"အဲဒီအချိန်ကျမှ ဘားခန်းထဲကို သူဝင်လာတာ၊ ကျွန်မတို့စားပွဲနားက ဖြတ်လျှောက်သွားတယ်၊ သူ လမ်းလျှောက်သွားပုံက တော်တော်စိတ်ကုန်စရာ ကောင်းတယ်လို့ ထင်တယ်၊ ဒီလိုလျှောက်တာဟာ..."
"ကဲ... ထားလိုက်တော့၊ ဘယ်သူက အရင်စကားစပြောတာလဲ"
"သူ အရင်ပြောတယ်၊ အဲဒီကန်တုန်ကောင်မ၊ ကျွန်မကို မကောင်းတဲ့စကား လှမ်းပြောတယ်"
"ကောင်းပြီ၊ ဘယ်လိုပြောသလဲ"
"ကျွန်မ မမှတ်မိဘူး"
"ဒါပေမဲ့ မင်း မှတ်မိရမှာပေါ့ စူဇီ၊ သူ့ကို ကတ်ကြေးနဲ့ ထထိုးမိလောက်တဲ့အထိ မင်းစိတ်ဆိုးအောင် ပြောတပဲ၊ ဒီစကားကို မင်း မှတ်မိရမှာပေါ့"
"ပထမနေ့တုန်းက ပြောသွားတဲ့စကားလုံးကို ပြန်ပြောတယ်ဆိုတာပဲ ကျွန်မ မှတ်မိတော့တယ်"
"အဲဒီတော့ သူပြောတာ ဘာစကားလဲ"
"ကျွန်မ မမှတ်မိဘူး"
"စူဇီ မောင့်ကိုကြည့်စမ်း၊ မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘူး၊ သေသေချာချာကြည့်၊ တည့်တည့်ကြည့်၊ ဟုတ်ပြီ၊ မင်း မောင့်ကို အမှန်ပြောနေတာလား"
"မဟုတ်ပါဘူး"
"မင်း မှတ်မိတယ်လို့ ဆိုလိုတာလား"
သူက မျက်လုံးများကို တစ်ဖက်သို့ လွှဲသွားသည်။
"ကျွန်မ မပြောနိုင်ဘူး"
"ဘာကြောင့် မပြောနိုင်ရမှာလဲ"
သူ ငြိမ်ကျသွားသည်။ ကျွန်တော့်ကို သူ မယုံကြောင်း ပထမဦးဆုံးအကြိမ်အဖြစ် ငြင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်ဟု ကျွန်တော် နားလည်သည်။
"ကောင်းပြီ၊ အဲဒီကိစ္စကို ခဏထားကြဦးစိုး၊ ပထမဆုံး ဒီစကားကို သူ ပြောတုန်းက ဘာဖြစ်ခဲ့သလဲ"
"နင် နောက်ထပ် ဒီစကားထပ်ပြောရင် နင့်ကို ငါ သတ်မယ်လို့ ပြောလိုက်တယ်"
"မင်း ဒီလိုမပြောပါဘူး စူဇီ၊ ဒီစကားလုံးတွေအတိုင်း မဟုတ်ပါဘူး"
"ဟုတ်တယ်၊ သူ့ကို သတိပေးလိုက်တယ်၊ နင့်ကို ငါ သတ်မယ်လို့ ပြောလိုက်တယ်"
"အို... ဘုရား... ဘုရား"
"သူက ပြန်ပြောတယ်၊ စမ်းကြည့်ပါလားတဲ့၊ ဘာဂရုစိုက်ရမှာလဲတဲ့၊ ငါ ပြောချင်တဲ့အချိန်မှာ ပြောမယ်၊ မနက်ဖြန်လည်း ထပ်ပြောဦးမယ်တဲ့၊ ဒါနဲ့ အပြင်ထွက်ပြီး ကတ်ကြေး ၀ယ်လာခဲ့တယ်"
"ဘာ..."
"ဟုတ်တယ်၊ ဟင်နက်ဆီလမ်းထောင့်မှာ ပထမဆုံးတွေ့ရတဲ့ ဆိုင်တစ်ဆိုင်ကနေ ကတ်ကြေးတစ်လက် ၀ယ်ခဲ့တယ်၊ အကြီးကြီးပဲ၊ ခြောက်လက်မ၊ ရှစ်လက်မလောက်ရှိမယ်၊ မောင့်ကိုတော့ ကျွန်မ မပြနိုင်တော့ဘူး၊ ရဲတွေက ယူသွားပြီ၊ ဟုတ်တယ်၊ ကျွန်မ ကတ်ကြေးကို သူတို့ ခိုးသွားကြပြီ"
"မင်း အဲဒီလို ကတ်ကြေးဝယ်လာပြီးတော့..."
"အသုံးလိုရင် အဆင်သင့်ရအောင် ပိုက်ဆံအိတ်ထဲမှာ ထည့်ထားတယ်၊ နောက်တစ်နေ့ ညနေကျတော့ စောစောက မောင့်ကို ပြောပြသလို ကန်တုန်ကောင်မ ဘားခန်းထဲ ၀င်လာတယ်၊ စောစောက ပြောတဲ့အတိုင်း မကောင်းတဲ့ စကာပြောတယ်၊ ပြောပြီး တစ်ဖက်လှည့်ထွက်သွားတယ်၊ ကျွန်မက "နင်ဟာတော်တော် စိတ်ထားယုတ်မာတဲ့ကောင်မ၊ တော်တော်ယုတ်မာတဲ့ ကန်တုန်ကောင်မ" လို့ ပြောလိုက်တယ်၊ သူက ပြန်လှည့်လာတယ်၊ ကျွန်မက သူ့ရင်ဘတ်ကို ကတ်ကြေးနဲ့ ထိုးလိုက်တယ်၊ ရင်သားနှစ်ခုကြားကို ၀င်သွားတယ်၊ ဒီလိုစကားမျိုး ပြောတဲ့ကောင်မ၊ ရင်သားထိသွားလည်း အရေး မစိုက်ပေါင်၊ ဒါပေမဲ့ ကတ်ကြေးက အလယ်တည့်တည့်မှာ ၀င်သွားတယ်၊ နောက်တစ်ချက်ထပ်ထိုးဖို့ ကျွန်မ ဆွဲနုတ်လိုက်တယ်၊ ဒါပေမဲ့ ဂွမ်နီနဲ့ တစ်ယောက်ယောက်က ကျွန်မကို ဆွဲထားတယ်၊ ကန်တုန် ကောင်မ ကြမ်းပေါ်လဲကျသွားတယ်၊ သွေးတွေ အများကြီးထွက်တယ်၊ တအားအော်တာပဲ၊ ဒဏ်ရာက ဒါလောက် မဟုတ်ပါဘူး၊ သက်သက်ပလီတာ"
"အင်း... ဂွမ်နီကိုပဲ ကျေးဇူးတင်ရတော့မှာပဲ၊ မောင်တော့ ဒါပဲ ပြောတတ်တော့တယ်"
"မဟုတ်ဘူး၊ ဒီကောင်မကို ကျွန်မ အသေသတ်ချင်တာ၊ ဂွမ်နီဆွဲလိုက်တော့ ကျွန်မ အရမ်းစိတ်မကောင်း ဖြစ်သွားတယ်"
"ဒါပေမဲ့ အခုတော့ မင်း စိတ်မကောင်းမဖြစ်တော့ဘူး မဟုတ်လား"
"ဖြစ်တယ်၊ တကယ်စိတ်မကောင်း ဖြစ်နေသေးတယ်၊ ပထမနေ့ကတည်းက သူ့ကို ကျွန်မ သတိပေး ပြီးပြီ၊ ဒါကြောင့် သူ ဒီလို ခံကိုခံရမယ်၊ ခံထိုက်တယ်၊ သူ့ကို ဘာမှခွင့်လွှတ်နေစရာ မလိုဘူး၊ ဂွမ်နီ ကျွန်မကို ဆွဲလိုက်တော့ ကျွန်မ စိတ်ဆိုးတယ်"
"ဒီမှာ နားထောင် စူဇီ၊ ဒီအဖြစ်ဟာ ဘယ်လောက်ဆိုးတယ်ဆိုတာ မင်း သဘောပေါက်တယ်လို့ မောင်မထင်ဘူး၊ မင်း သူ့ကို မသတ်ဖြစ်လိုက်ပေမယ့် အင်မတန် ဆိုးတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းကို အာမခံပေးလိုက်တာကိုတောင် မောင် အံ့သြတယ်"ဟု ကျွန်တော်က ပြောပြသည်။
"ကျွန်မကတော့ မပူပါဘူး၊ အောက်ထပ်ကလူတွေကို မောင်ကိုယ်တိုင် မေးကြည့်ပါလား၊ "စူဇီ မင်းဒီလိုလုပ်လိုက်တာ ကောင်းတယ်" လို့ လူတိုင်းက ပြောကြတယ်၊ ရုံးတော်ရောက်ရင်လည်း ဘာတွေ ဖြစ်တယ်ဆိုတာကို ပြောပြလိုက်ရုံပဲ၊ ပထမနေ့ကတည်းက အဲဒီ ကန်တုန်ကောင်မကို ကျွန်မ သတိပေးထားပြီးသားလို့ ပြောပြမယ်၊ ဒါဆို သူတို့ သဘောပေါက်နားလည်သွားမယ်"
"သူတို့ နားအလည်လွန်သွားမှာ စိုးရတယ်၊ ဒီကိစ္စကို မောင်တို့ အပြင်းအထန် စဉ်းစားရတော့မယ် စူဇီ၊ ဒီတော့ ပထမဆုံးအနေနဲ့ ဘက်တီက ဘာပြောတယ်ဆိုတာ မောင့်ကို အတိအကျ ပြောပြရမယ်၊ အဖြစ်မှန်ကို မောင် မသိဘဲနဲ့တော့ မင်းကို ဘာအကူအညီမှ ပေးနိုင်မှာ မဟုတ်ဘူး၊ ကဲ... ပြော၊ သူပြောတဲ့ စကားက ဘာလဲ"
"ကျွန်မ ပြောနိုင်ဘူး"
"စူဇီ၊ မင်း ဘယ်လိုဖြစ်နေတာလဲ၊ ဒါဟာ ဘာဖြစ်သွားနိုင်တယ်ဆိုတာ မင်း နားမလည်ဘူးလား၊ မင်း ထောင်ကျသွားနိုင်တယ်၊ နားလည်ရဲ့လား"
"ဘာဖြစ်တယ်ဆိုတာ သူတို့ကို ကျွန်မ ပြောလိုက်ရင် ကျွန်မကို မျောက်အိမ်ထဲ သူတို့ မပို့ပါဘူး"
"ပို့မှာပဲ၊ မင်းကို ထောင်ချပစ်မှာပဲ၊ ရုတ်တရက် ဒေါသပေါက်ကွဲပြီး ဘက်တီကို မင်း ထထိုးတာမဟုတ်ဘူး၊ သူ့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ နောက်ပြီးတော့ ခြိမ်းခြောက်တဲ့အတိုင်း လုပ်ဖြစ်အောင် လုပ်တယ်၊ ဒီတော့ မင်းလွတ်မြောက်ဖို့အတွက် ဇာတ်လမ်း တစ်ခုကို တို့ ဆင်ရမယ်၊ ဒီလို ဇာတ်လမ်းတစ်ခု ဆင်ဖို့အတွက် သူ ဘာပြောသလဲဆိုတာ မောင် ကြိုတင်သိထားဖို့လိုတယ်၊ ကဲ...ပြော၊ သူပြောတာ ဘာစကားလဲ"
"မပြောဘူး"
ကျွန်တော့်စိတ်ကို မထိန်းနိုင်တော့ပါ။ ဒေါသပေါက်ကွဲလေတော့သည်။ ရာသီဥတုက အေးနေမည် ဆိုလျှင် ဒါလောက် ဒေါသဖြစ်ချင်မှ ဖြစ်မည်။ သို့သော်လည်း ဟောင်ကောင် နွေရာသီက ပူပြင်းလှသည်။ ထို့ကြောင့် အလွယ်တကူပင် ဒေါသပေါက်ကွဲမိတော့သည်။
အလွန်ရင့်သီးသော စကားလုံးများဖြင့် သူ့ကို ဆဲရေးတိုင်းထွာသည်။ ကျွန်တော့်စကားလုံးများကြောင့် သူ ငိုတော့သည်။ သို့သော်လည်း ကျွန်တော်က မရပ်။ လျှော့မပေးဘဲ ဆက်ဆဲသည်။ ဆဲရုံမက ကြိမ်းမောင်းမိသည်။ နှစ်ပြားမျှ တန်ဖိုးမရှိသော သူကသိက္ခာကို ဘာကြောင့်ဆည်နေသနည်း။ ဘာသိက္ခာ ရှိသနည်း။ သူလိုမိန်းကလေးတစ်ယောက်မှာ ဘာတန်ဖိုးရှိသနည်း။ ဒါလောက်တောင် ကိုယ့်သိက္ခာ ကိုယ်ထိန်းပြီး ဆက်ငြင်းနေမည်ဆိုလျှင် သူ့အပေါ် ကျွန်တော် ထားရှိခဲ့သော လေးစားမှု့ များအားလုံးကို ဖျက်ဆီး ပစ်နေသည်နှင့်သာ တူကြောင်း ကျွန်တော်က ပြောသည်။
နောက်ဆုံးကျမှ မျက်ရည်လည်ရွှဲဖြင့် သူကပြောသည်။
"ကောင်းပါပြီ၊ ကျွန်မ ပြောပါတော့မယ်"
"အင်း... တော်ပါသေးရဲ့၊ ဒီစိတ်ကလေးဝင်လာတာ ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရတော့မှာပဲ"
ဘက်တီလောင်းပြောသည့် စကားများကို သူက ပြန်ပြောပြသည်။ ကျွန်တော့် ဒေါသမီးများအားလုံး ချက်ချင်း ငြိမ်းသွားတော့သည်။ ငြိမ်းရုံသာမက အရှက်ကြီးလည်း ရှက်သွားမိသည်။
အဘယ်ကြောင့်ဆိုသော် စူဇီသည် သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းလုံးဝမဟုတ်။ ကျွန်တော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း ကာကွယ်ပေးလိုက်ခြင်း ဖြစ်သောကြောင့်ပေတည်း။
ဖြစ်ရသည့်ပြဿနာ အမှိုက်ကစ ပြာသာဒ်မီးလောင်ခြင်းသာ ဖြစ်ပါသည်။ စူဇီအပေါ်မှာ ထားရှိသော အာဃာတတရားကို အကြောင်းပြုပြီး ဘက်တီလောင်းက ကျွန်တော့်အကြောင်း မကောင်းပြောခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် အမျိုးသမီးများနှင့် ဆက်ဆံရာတွင် ညစ်ညမ်းသည့် အကျင့်စရိုက်များနှင့် ဖောက်ပြန် တတ်ကြောင်း သူ့ကိုယ်တွေ့ဖြစ်ပါသည်ဟု ဘက်တီက ပြောသည်။
နောက်နေ့တွင် ဘားခန်းထဲမှာ စူဇီကို ထိုစကားဖြင့် ဆက်လက်ရန်စသည်။ သည်နေရာမှာပင် စူဇီ ပေါက်ကွဲ ခြင်းဖြစ်သည်။
"မောင့်ဂုဏ်သိက္ခာကို ကျအောင်လုပ်မယ်ဆိုရင် ဘယ်သူ့ကိုမဆို သတ်မှာပဲ၊ သူ့ကို ကျွန်မ ပြောတယ်၊ ငါ့သိက္ခာကို ချချင်သလောက်ချ၊ ဒါပေမဲ့ ငါ့ရည်းစားရဲ့သိက္ခာကို မချရဘူးလို့ ပြောပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ယမ်ယမ်ကောင်မလေး တစ်ယောက်အနေနဲ့ ကျွန်မမှာက ဂုဏ်သိက္ခာ အလိုလို ကျပြီးသား၊ ဒါပေမဲ့ မောင်က လူကြီးလူကောင်း၊ ဒါကြောင့် မောင့်ကို ဘယ်နည်းနဲ့မှ ဂုဏ်သိက္ခာ အချ မခံနိုင်ဘူး၊ မောင့်ဂုဏ်သိက္ခာကျအောင် မဟုတ်တာတွေ ပြောလာမယ်ဆိုရင် ဘယ်လိုလူကိုမဆို သတ်မှာပဲ"
"စူဖီ... မောင် ဘာပြောရမှန်းတောင် မသိတော့ပါဘူးကွယ်၊ အခုလောက်တစ်ခါမှ မောင် စိတ်မဆင်းရဲဖူးဘူး၊ အခုလို စကားမျိုးတွေနဲ့ မင်းကို ပုတ်ခတ်မိတဲ့အတွက် မောင် အရမ်း စိတ်မချမ်းမသာ ဖြစ်သွားတယ်" ဟု ကျွန်တော်က ပြောပါသည်။
"ကိစ္စမရှိပါဘူး မောင်၊ ကျွန်မ လုပ်လိုက်တဲ့အလုပ် မှန်တယ်ဆိုတာ အခုအချိန်ထိ မောင် သဘော မပေါက်သေးဘူး၊ အဲဒီ ကန်တုန်ကောင်မကို ကတ်ကြေးနဲ့ထိုးပစ်လိုက်တာ ကောင်းတဲ့ အလုပ် ဆိုတာ မောင် နားမလည်သေးဘူး"
"မင်း အဲဒီလိုမလုပ်ဖြစ်ရင် ကောင်းဆုံးပဲလို့ အခုအချိန်ထိ မောင့်စိတ်ထဲမှာ ခံစားနေရတယ်၊ ဒီအတွက် မောင် အရမ်း စိတ်ပူနေတယ်"
"အကြောင်းမဲ့ မောင် စိတ်ပူနေတာပဲ"
"ဟိန်းကရော ဘာပြောသေးသလဲ"
"အိုး... သူကလည်းအလကားအဘိုးကြီးပဲ၊ ဘာတစ်ခုမှ သဘောမပေါက်ဘူး၊ မင်းကို လိုင်ချီကောက် ပို့ချင် ပို့လိမ့်မယ်လို့ သူကပြောတယ်၊ လိုင်ချီကောက်ဆိုတာ မိန်းမထောင်လေ၊ ဒါပေမဲ့ ကျွန်မ ကြားဖူးတာကတော့ တရားသူကြီးဟာ သိပ်ကြင်နာတတ်တာပဲတဲ့၊ သိပ်ကောင်းတာပဲတဲ့၊ စိတ်နှလုံးသား သိပ်နူးညံ့တာပဲတဲ့၊ ဒါကြောင့် သူတို့က နားလည်မှာပါ"
"ပြဿနာက အဲဒါပဲ စူဇီ၊ တရားသူကြီးတွေဟာ ဘယ်လောက်ပဲ စိတ်သဘောထား ကောင်းကောင်း တရား ဥပဒေကတော့ စိတ်သဘောထားကောင်းတာ မဟုတ်ဘူး၊ လူတစ်ယောက်ဟာ အသတ်ခံ ထိုက်တဲ့ လူပင် ဖြစ်လင့်ကစား သူ့ကိုသတ်ဖို့ တရားဥပဒေက ခွင့်မပြုဘူး"
သို့သော်လည်း ယခုပြဿနာသည် မည်မျှကြီးမားကြောင်း သူ သဘောပေါက် နားလည်အောင် ကျွန်တော် ဘယ်လိုမျှ မတတ်နိုင်ပါ။ ထို့ကြောင့် လသာဆောင်သို့ ထွက်လာပြီး မိနစ် နှစ်ဆယ်ခန့် ကြာအောင် အမျိုးမျိုး တွေးတောနေမိပါသည်။ ပြီးတော့မှ အခန်းထဲ ပြန်ဝင်လာခဲ့သည်။
"စူဇီ မင်းဆီက မောင်ရထားတဲ့ သင်ခန်းစာတစ်ခု ရှိတယ်၊ လူတစ်ယောက်ဟာ အလုပ်တစ်ခုကို လုပ်တော့မယ်လို့ ဆုံးဖြတ်ရင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပြတ်ပြတ်သားသား လုပ်ရမယ်ဆိုတဲ့ သင်ခန်းစာပဲ၊ အဲဒီတော့ ဆိုးတာတစ်ခုကိ မောင်တို့ လုပ်ကြရတော့မယ်၊ မောင်တို့ မမှန်သက်သေ ထွက်ကြရတော့မယ်၊ မမှန်တာတွေကို သတိကြီးကြီးနဲ့ ထွက်ဆိုကြရတော့မယ်၊ ကိုယ်ပြောရမယ့် စကား တွေကို အလွတ်ကျက်ရမယ်၊ အဲဒီလို အလွတ်ကျက်ထားတဲ့အတိုင်း ရုံးတော်မှာ တစ်လုံးမကျန် တိတိကျကျ ထွက်ဆိုရတော့မယ်၊ ဒီလို မမှန်သက်သေ မထွက်ဆိုရင် မင်းကို လိုင်ချီကောက်ထောင်ကို ပို့လိုက်လိမ့်မယ်၊ ခြောက်လ ကြာချင်ကြာမယ်၊ တစ်နျစ် ကြာချင်ကြာမယ်၊ ကိုင်း... အဲဒီကတ်ကြေးအကြောင်း စဉ်းစား ကြရအောင်၊ ဒီကတ်ကြေးကို မင်း ဘယ်တုန်းက ၀ယ်သလု"
"အဲဒီ ကန်တုန်ကောင်မက ညစ်ပတ်တဲ့စကားတွေ ပထမဆုံးအကြိမ် ပြောပြီး ကျွန်မ သွားဝယ်တာပဲ"
"မဟုတ်ဘူး၊ ဒီလိုမဟုတ်ဘူး၊ မင်း ၀ယ်ထားတာကြာပြီ၊ မင်း အိမ်ပြိုကျပြီး မင်းပိုင်တဲ့ပစ္စည်းတွေ ဆုံးကုန်ပြီးကတည်းက ၀ယ်ခဲ့တာ၊ နောက်ပြီးတော့ လမ်းဘေးဈေးဆိုင်က ၀ယခဲ့တယ်၊ ဟင်နက်ဆီလမ်းက ၀ယ်ခဲ့တာ မဟုတ်ဘူး၊ ရဲက သွားပြီး စုံစမ်းတာမျိုးတို့ အဖြစ်မခံနိုင်ဘူး"
"ကျွန်မ မလိမ်ချင်ဘူး၊ အမှန်အတိုင်းပဲ ပြောမယ်၊ တကယ်ဖြစ်ခဲ့တဲ့ အတိုင်းပဲ ပြောမယ်"
"စူဇီ... မင်း အဲဒီလိုပြောရင် ထောင်ကျသွားလိမ့်မယ်၊ မောင်ပြောတာကို ယုံပါ၊ မင်း နားမလည် နိုင်ဘူးဆိုရင်လည်း မောင့်ကို ယုံကြည်တဲ့အနေနဲ့ မောင့်စကားကို လက်ခံပါ"
"ကောင်းပြီလေ၊ မောင်က ဖြစ်စေချင်တယ်ဆိုရင်ပေါ့"
"ဒီလိုမှပေါ့ကွယ်၊ ကဲ... ကတ်ကြေးကို မင်း ဘယ်တုန်းက ၀ယ်ခဲ့သလဲ"
"ကျွန်မအိမ် ပြိုကျသွားပြီးတဲ့နောက်"
"ဘယ်မှာဝယ်တာလဲ"
"လမ်းဘေးဈေးဆိုင်က"
"အဲဒီကတ်ကြေးကို မင်း ဘယ်မှာသိမ်းထားသလဲ"
"အပေါ်ဆုံး အံဆွဲထဲမှာ"
"မဟုတ်ဘူး၊ မင်း အဲဒီမှာမသိမ်းဘူး၊ ပိုက်ဆံအိတ်ထဲမှာ အမြဲတမ်း ထည့်ထားလေ့ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ မင်းဟာ ဘားခန်းထဲမှာထိုင်ပြီး အမြဲတမ်း ဇာထိုး ပန်းထိုး လုပ်နေလို့ပဲ၊ ကိုင်း ... မင်းစားပွဲနား က ဘက်တီဖြတ်လျှောက်သွားရင်း အဲဒီစကားတွေပြောတော့ ကတ်ကြေးက ဘယ်မှာလဲ"
"ပိုက်ဆံအိတ်ထဲမှာ"
"မဟုတ်ဘူး၊ မင်းလက်ထဲမှာ ရှိနေတယ်၊ အင်္ကျီပုံတစ်ခု မင်းညှပ်နေတယ်၊ ဘက်တီ့စကားကြောင့် မင်းစိတ်ကို မထိန်းနိုင်တဲ့အခါ တစ်စုံတစ်ခုနဲ့ လှမ်းထိုးလိုက်တယ်၊ ဘာနဲ့ ထိုးလိုက်တယ်ဆိုတာ မင်းမသိဘူး၊ ဘာလုပ်လိုက်မိတယ်ဆိုတာတောင် မင်းဘာသာမင်း မသိလိုက်ဘူး"
"ဟာ... ဒီလိုလိမ်တာတော့ မကောင်းဘူး၊ တခြားအမျိုးသမီးတွေ မြင်တယ်၊ အစအဆုံး သူတို့ မြင်နေတာပဲ"
"အမျိုးသမီး ဘယ်နှစ်ယောက်ရှိသလဲ၊ မင်းအနားမှာရှိပြီး သေသေချာချာမြင်တဲ့ အမျိုးသမီးကို ပြောတာ"
"ဂွမ်နီရယ်၊ အဲလစ်ကလေးရယ်၊ ဗုဒ္ဓဟူး လူးလူးရယ်၊ ဒေါရစ်ဝူးရယ်၊ အားလုံးလေးယောက်၊ သူတို့ အားလုံး မြင်တယ်"
"ကောင်းပြီ၊ သူတို့ကို သွားခေါ်ခဲ့၊သိပ်အရေးကြီးတဲ့ကိစ္စတစ်ခု ဆွေးနွေးစရာရှိလို့ အပေါ်တက်ခဲ့ပါဦးလို့ သွားပြောချေ"
အမျိုးသမီးလေးယောက် ရောက်လာသည်။ ကျွန်တော် မျှော်လင့်ထားသည်ထက်ပင် ပိုမို လွယ်ကူ နေသည်ကို တွေ့ရသည်။ ဗုဒ္ဓဟူး လူးလူးကို မမှန်သက်သေ ခိုင်းဖို့အတွက်တော့ အကြောက် အကန် ပြောရမည်ဟု ကျွန်တော် ထင်ခဲ့မိသည်။ ဗုဒ္ဓဟူး လူးလူးသည် မူနှင့် နေသူဖြစ်သည်။ မူကို အထိမခံသူ ဖြစ်သည်။ မမှန်ရာကို မလုပ်တတ်သည့် အမျိုးသမီးဖြစ်သည်။
သို့သော်လည်း တကယ်ပြောကြည့်သည့်အခါတွင် ဗုဒ္ဓဟူး လူးလူးသည် အလွယ်ဆုံး ဖြစ်နေသည်ကို တွေ့ရသည်။ သူငယ်ချင်းတစ်ယောက်ယောက် ဒုက္ခရောက်နေသည်ကို မကြည့်နိုင်၊ ထိုသူငယ်ချင်းဒုက္ခထဲမှ လွတ်မြောက်ရေးအတွက် သူ ဘာပဲလုပ်ရလုပ်ရဟု သဘောထားသူ ဖြစ်သည်။ ယခုလည်း ထိုခံယူချက်ဖြင့် အလွယ်တကူပင် လက်ခံလိုက်သည်။ ထိုမျှမကသေး အလွန်ကောင်းမွန်သည့် အကြံဥာဏ်များကိုပင် သူက ထပ်ဆောင်းပေးလိုက်သေးသည်။
ငြင်းနေသည့် အမျိုးသမီးမှာ ဒေါရစ်ဝူးဖြစ်သည်။ ဒေါရစ်ဝူးက ရုံးတော်တက်ပြီး မမှန် သက်သေ ခံသည့်အတွက် နမ်ကောက်မှ သူ့အလုပ်ပြုတ်သွားနိုင်သည်ဟု ပြောသည်။ သူ့ကို နည်းမျိုး စုံဖြင့် ကျွန်တော် ဖျောင်းဖျရသည်။ မရသည့်အဆုံးတွင် ဒေါ်လာတစ်ရာပေးမည်။ ယခု ကြိုတင်ငွေအဖြစ် ငါးဆယ် ပေးထားမည်။ ရုံးတော်မှ ပြောသည့်အတိုင်း သက်သေခံပြီးလျှင် ကျန်သည့် ငါးဆယ် ထပ်ပေး မည်ဟု ပြောတော့မှ သဘောတူ လက်ခံသွားသည်။
နောက်ဆုံး ရှေ့နေဖြစ်သူ ဟိန်းတစ်ယောက်သာ ကျန်တော့သည်။
ဟင်နက်ဆီလမ်းမှ ဓာတ်ရထားစီးပြီး ဟိန်း၏ ရုံးခန်းသို့ ကျွန်တော် လာခဲ့သည်။ အပြင်မှာ အရမ်း ပူနေသည်။ ဓာတ်ရထား မှတ်တိုင်မှနေ၍ ဟိန်း၏ ရုံးခန်းသို့ နှစ်မိနစ်လောက် လမ်းလျှောက် ရသေးသည်။
သူ့ရုံးခန်းသည် ရှေးပုံစံ ရုံးခန်းဖြစ်သည်။ အလွန်ကျယ်သည်။ အမှုနိုင်သော အမှုသည်များက လက်ဆောင် ပေးသည့် မှန်များကို ကာရံထားရာ သူ့ရုံးဟောင်းကြီးနှင့် လူရှိပုံမပေါ်။ စားပွဲနှင့် ကုလားထိုင် တစ်လုံး တွေ့သော်လည်း လူမရှိ။ ခဏကြာတော့မှ တံခါးဖွင့် ပေးသည်။ အတွင်းသို့ ကျွန်တေ် ၀င်လိုက်သော အခါ လေအေးစက် တပ်ထားသည်ကို တွေ့ရသည်။ အင်္ကျီမှာ ရွှဲနေသည့် ချွေးများက ရေခဲလို အေးစက်သွားသည်။ သင်္ဘောစက်ခန်းထဲမှ ထွက်ပြီး ရေခဲသေတ္တာထဲသို့ ၀င်လိုက်ရသလိုရှိသည်။
"တစ်ရုံးလုံးကိုတော့ လေအေးစက် မတပ်နိုင်ဘူးပေါ့ဗျာ၊ ကျုပ်ကလည်း နည်းနည်းကလေးမှ အပူ မခံနိုင်ဘူး၊ အပြင်မှာ ဘယ်လိုနေသလဲ" ဟု ဟိန်းက ဆီးမေးသည်။
"အင်မတန် ပူပါတယ်ဗျာ"
"အင်း... ဒီညနေပိုင်း ရုံးမှာ အမှုစစ်စရာကလည်း ရှိနေသေးတယ်"
သူ့ကိုကြည့်ရတာ တစ်မျိုးဖြစ်နေသည်။ သူ့အရပ်က ရှည်သည်။ ကိုယ်လုံးကိုယ်ပေါက်က ထွားကျိုင်း သည်။ စားပွဲသေးသေး ကလေးအောက်သို့ သူ့ဒူးခေါင်းများ ထိုးသွင်း၍မရနိုင်အောင် ဖြစနေသည်။ သူ့ရုံးခန်း အပြင်မှာ မြင်ခဲ့ရသည့် စားပွဲ၏ လေးပုံတစ်ပုံခန့်သာ ရှိသည်။
"အင်း... ကျုပ်မှန်းကြည့်ရတာတော့ တယ်နိပ်ပုံမပေါ်ဘူး၊ ဖရက်ဒီဂိုး ရုံးကိုရောက်ရင်တော့ မျှော်လင့်ချက်ရှိပါတယ်"ဟု သူက ပြောသည်။
"သူက ဘယ်သူလဲ၊ တရားသူကြီးလား"
"ဟုတ်တယ်၊ အင်မတန်တော်တယ်၊ အထူးသဖြင့်အဲဒီအမျိုးသမီးတွေကို သူ စိတ်ဝင်စားတယ်၊ ချာလီကောက် ဆိုရင်တော့ ဘုရားတရမှာပဲ၊ ချာလီဆိုရင် တစ်လ နှစ်လလောက် ချပစ်လိုက်လိမ့်မယ်"
"ထောင်ကို ဆိုလိုပါသလားခင်ဗျာ" ဟု ကျွန်တော်က မေးသည်။
"သူ့ကိုတော့ ဇာတ်လမ်းတစ်ခု လုပ်ပြနေလို့ ရမှာမဟုတ်ဘူး၊ ခင်ဗျားစဉ်းစားကြည့်လေဗျာ၊ ဒီသူငယ်မ လုပ်ပုံက အဲဒီကတ်ကြေးကို သေသေချာချာ သွားဝယ်ထားတာ"
"ဒီလိုမဟုတ်ပါဘူး၊ ဒီကတ်ကြေးကို သူ ၀ယ်ထားတာ ကြာလှပါပြီ"
ကျွန်တော့် စကားကြားတော့ သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ကျွန်တော့်ကို လှမ်းကြည့် နေသည်။
"ထားလိုက်ပါတော့လေ၊ ဘယ်တုန်းကပဲဝယ်ဝယ်၊ ဒါပေမဲ့ အဲဒီနေ့ကတော့ သူ့ပိုက်ဆံအိတ်ထဲမှာ ထည့်ယူလာတယ်၊ ဒါကိုကြည့်ရင် ရည်စူးချက်နဲ့ လုပ်တယ်ဆိုတာက ပေါ်နေတယ်၊ ကျွန်တော်ဆိုလိုတာက သူ့ပိုက်ဆံအိတ်ကို ဖွင့်ရမယ်၊ ပြီးတော့ ကတ်ကြေးကို ဆွဲထုတ်..."
"မဟုတ်ပါဘူးဗျာ၊ ကတ်ကြေးက အစကတည်းက အပြင်ရောက်နေတာပါ၊ သူ့လက်ထဲမှာ ကိုင်ထား တာပါ၊ အဲဒီကတ်ကြေးနဲ့ သူ အ၀တ်ညှပ်နေတုန်း အချိန်မှာဖြစ်တာပါ"
"သူငယ်မပြောတာကတော့ ဒီလိုမဟုတ်ပါလား"
"ခင်ဗျားရဲ့ တရုတ်စကား အခြေအနေက ဘယ်လိုရှိပါသလဲ" ဟု ကျွန်တော်က ပြန်မေးသည်။
"တရုတ်စကားလား၊ တစ်လုံးမှ မပြောတတ်ပါဘူး"
"အမျိုးသမီးရဲ့ အင်္ဂလိပ်စကားဟာလည်း နည်းနည်းကလေးမှ မျှော်လင့်ချက် မရှိပါဘူး၊ ဒီတော့ ခင်ဗျားတို့နှစ်ယောက် နားလည်မှုတွေ လွဲကုန်ကြတော့တာပေါ့"
ကျွန်တော့်ကို သူ အကြာကြီး စိုက်ကြည့်နေသည်။ ပြီးတော့ မျက်နှာကို အောက်သို့ ငုံ့လိုက်ရင်း စားပွဲသေးသေးကလေးအောက်မှ သူ့ဒူးခေါင်းကို မသိမသာ နေရာရွှေ့နေသည်။
"ဟုတ်ပြီလေ၊ ကျုပ်က ရဲကိုပဲ လန့်နေတာ၊ ရဲက သက်သေခေါ်လိမ့်မယ်၊ သက်သေတွေရဲ့ ထွက်ချက်နဲ့ ကွဲလွဲ နေရင် ခက်မယ်"
"ဒါ မှန်ပါတယ်ခင်ဗျာ၊ အဲဒီလို ဖြစ်တဲ့အချိန်က အနားမှာ လူလေးယောက်ပဲ ရှိပါတယ်၊ ဘာဖြစ်တယ်ဆိုတာ သူတို့မြင်တယ်၊ သူတို့အမြင်တွေကလည်း တစ်ထပ်တည်းပဲဆိုတာ ကျွန်တော် သိခဲ့ပြီးပါပြီ"
"ကောင်းတာပေါ့၊ ဒီလိုဆိုရင် မတူတဲ့ ရှုထောင့်တစ်ခုကနေပြီး ဒီအမှုကို ကျွန်တော်တို့ကိုင်တွယ်နိုင် တာပဲ"
"ဒီလိုဆိုရင် သူ့အတွက် အဆိုးဆုံး ဘာများဖြစ်နိုင်ပါသလဲခင်ဗျာ"
"အင်း... ချာလီကောက် ဆိုပါတော့၊ ဒေါ်လာသုံးရာလောက် ဒဏ်ရိုက်လိမ့်မယ်"
"တကယ်လို့ ဖရက်ဒီဂိုး ဆိုရင်ကောဗျာ"
"ဒေါ်လာငါးရာ"
"ထောင်တော့ ချမပစ်နိုင်ပါဘူးနော်" ဟု ကျွန်တော်က သေချာအောင် ထပ်မေးသည်။
"သူတို့ ထောင်ချပစ်နိုင်တယ်၊ ဒါပေမဲ့ အင်း... သူတို့ မချပါဘူး"
"အမှုကို ဘယ်တော့လောက် စစစ်မယ်လို့ ထင်ပါသလဲ"
"နောက်လေးလ၊ ဒါမှမဟုတ် ငါးလဆိုကြပါစို့"
"လနဲ့တောင် ချီကြာဦးမှာလားဗျာ"
ကျွန်တော် တအံ့တသြ ပြန်မေးမိသည်။
"ရုံးတွေမှာက အမှုတွေ တန်းစီပြီး ကျပ်နေတယ်"
"ကောင်းပါပြီလေ၊ ဒေါ်လာငါးရာ ဒဏ်ရိုက်ခံရမယ်ဆိုတဲ့အထိ အဆိုးဆုံး ကျွန်တော်တို့ မျှော်လင့် ထားလိုက်ကြတာပေါ့"
အပေါက်ဝ အထိ အခန်းအပြင်အထိ ထွက်မလိုက်ချေ။
"စကားမစပ် ပြောရဦးမယ်၊ ဟိုဒင်းလေ၊ မိန်းကလေးရဲ့ အင်္ဂလိပ်စကား မကျွမ်းကျင်မှုအပေါ်မှာ ကျုပ်အဓိပ္ပာယ် အကောက်လွဲတာပါလို့ စောစောက ခင်ဗျား ပြောတယ်မဟုတ်လား၊ အင်း... ကျုပ်စကား ပြန် နဲ့ ပြောတာပါ"
ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့ပါ။ တစ်စုံတစ်ရာ ပြောနိုင်စွမ်းလည်း မရှိတော့ပါ။
"ကိုင်း... ကျုပ် တံခါးပိတ်တော့မယ်နော်၊ အပြင်က လေပူတွေ ၀င်လာမှာ စိုးလို့ပါ၊ စိတ်မရှိပါနဲ့"
အခန်း (၄) နက်ဖြန်
.
1 comment:
ကျနော် ငယ်ငယ်က ဆူဇီဝေါင်း စာအုပ်ကိုဖတ်ဘူးတယ်... ခုရှာတာ မတွေ့တော့ဘူး.. တော်တော်ကြိုက်တဲ့ထဲမှာ ပါတယ်.. ဒီမှာပြန်တင်ပေးတာ ကျေးဇူးဘဲဗျ...
Post a Comment