Friday, January 15, 2010

တော့တိုး-ချန်

ကျောင်းအုပ်ဆရာကြီး

အမေနှင့် တော့တိုး-ချန်တို့ ၀င်သွားသောအခါ ရုံးခန်းထဲရှိ လူကြီးသည် ကုလားထိုင်ပေါ် မှ ထလိုက်သည်။
သူ၏ဆံပင်သည် ထပ်အပေါ်ပိုင်း၌ ပါးပါးကလေးသာ ရှိသည်။ သူ၏ သွားအချို့မှာ မရှိတော့။ သို့သော် လည်း သူ၏ မျက်နှာမှာ ကျန်းမာသော အသွေးအရောင် ရှိသည်။ သူသည် အရပ်မမြင့် သော်လည်း ကြံ့ခိုင်သော ပခုံးနှင့် လက်မောင်းများ ရှိသည်။ သူသည် အနက်ရောင်ဝတ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ဆင် ထားသည်။

တော့တိုး-ချန်သည် ခပ်သွက်သွက်ကလေး ဦးညွတ်အရိုအသေ ပြုလိုက်ပြီး "ဦးလေးကြီး ဘာအလုပ် လုပ်ပါသလဲ၊ ကျောင်းဆရာလား၊ မီးရထားရုံပိုင်ကြီးလား" ဟု မေးလိုက်သည်။
အမေသည် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သို့သော်လည်း သူမက ဆရာကြီးကို အကျိုး အကြောင်း ရှင်းပြရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆရာကြီးသည် ရယ်မောရင်း ...
"ဦးလေးကြီး ကတော့ ဒီကျောင်းက ကျောင်းအုပ်ဆရာကြီးပဲ"ဟု ပြန်ပြောလိုက်သည်။

တော့တိုး-ချန် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
"အိုး ကျွန်မ သိပ်ဝမ်းသာတာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ဆရာကြီးထံက တစ်ခု တောင်းဆို ချင်ပါတယ်၊ ဆရာကြီးကျောင်းမှာ ကျွန်မ ကျောင်းလာနေချင်ပါတယ်"
ဆရာကြီးသည် သူမကို ကုလားထိုင်တစ်လုံး ထိုးပေးရင်း အမေ့ဘက်သို့ လှုည့်ပြောလိုက်သည်။

"ခင်ဗျား အခုအိမ်ကို ပြန်နိုင်ပါပြီ၊ ကျွန်တော် ကတော့ တော့တိုး-ချန်နဲ့ စကားပြောချင်တယ်"
တော့တိုး-ချန်သည် ရုတ်တရက် မနေတတ်မထိုင်တတ် ဖြစ်သွားသည်။ သို့သော်လည်း ဆရာကြီး နှင့် အဆင်ပြေလိမ့်မည်ဟု သူမထင်သည်။
"ကောင်းပါပြီ ဆရာကြီး၊ သမီးကို ဆရာကြီးထံ ထားခဲ့ပါ့မယ်"

အမေသည် ထိုသို့ပြောဆိုပြီးနောက် အခန်းထဲမှ ထွက်ခွာပြီး အခန်းတံခါးကို ပြန်ပိတ်ထားခဲ့သည်။
ကျောင်းအုပ်ဆရာကြီးသည် အခြားကုလားထိုင်တစ်လုံးကို ဆွဲယူ၍ တော့တိုး-ချန်နှင့် မျက်နှာချင်း ဆိုင် ထိုင်လိုက်သည်။ တစ်ယောက်နှင့် တစ်ယောက် နီးကပ်စွာ ထိုင်မိသောအခါ
"အခုအချိန်ကစပြီး ဆရာကြီးကို မင်းရဲ့အကြောင်းတွေအားလုံး ပြောပြစမ်းပါ။ မင်းပြောချင်တာတွေ အားလုံး ဆရာကြီးကို ပြောပြပါ"ဟု ပြောလိုက်သည်။
"ကျွန်မပြောချင်တာ ဘာပဲဖြစ်ဖြစ်လား"

တော့တိုး-ချန်က မျှော်လင့်ထားသည်မှာ ဆရာကြီးက မေးခွန်းများ မေးသည်။ မိမိက ဆရာကြီးမေး သမျှကို ပြန်ဖြေရမည်။ ဤမျှသာဖြစ်သည်။ ယခုတော့ ထိုသို့မဟုတ်ဘဲ မိမိပြောချင်တာ မှန်သမျှကို အားလုံး ပြောနိုင်သည်ဟု သိလာရသောအခါ သူမသည် အလွန်ပျော်သွားပြီး မရပ်မနား တတွတ်တွတ် ပြောလေ တော့သည်။

သူမသည် ဆရာကြီးအား သူတို့စီးလာသော မီးရထားအလွန်မြန်ကြောင်း၊ မီးရထားလက်မှတ် သိမ်း သူကို မိမိကမေးမြန်းခဲ့ပုံ၊ သူမ၏ မီးရထားလက်မှတ်ကို သိမ်းထားလိုသော်လည်း သိမ်းထားခွင့်မရ ပုံ၊ အခြား ကျောင်းရှိ သူမ၏ အတန်းပိုင်ဆရာမသည် အလွန်ရုပ်ချောသူ ဖြစ်ကြောင်း၊ ပျံလွှားငှက် များ၏ အသိုက်များ အကြောင်း၊ ကစားနည်း အမျိုးမျိုး ကစားတတ်သော ရော့ကီအမည်ရှိ သူမ၏ ခွေးညိုအကြောင်း၊ သူမ မူကြို ကျောင်းသွားစဉ်က ကတ်ကြေးငယ်ကို ပါးစပ်ထဲထည့်ပြီး ကစားရာ ဆရာမက ထိုသို့မကစား ဖို့ပြောကြောင်း၊ လျှာပြတ်သွားနိုင်သည်ဟု ပြောကြောင်း၊ သို့သော်လည်း ဘာမျှမဖြစ်ကြောင်း မိမိသည် နှာခေါင်းကို တရှုပ်ရှုပ်လုပ်တတ်ကြောင်း၊ အမေက ထိုသို့မလုပ်ရန် ဆူပူပြောလေ့ရှိကြောင်း၊ ဖေဖေသည် ရေကူး တော်သူတစ်ယောက်ဖြစ်ကြောင်း၊ ဒိုင်ဗင်ထိုးရာ၌ လည်း အလွန်တော်ကြောင်း စသည်ဖြင့် အဆက် မပြတ် ပြောဆိုသည်။

ဆရာကြီးသည် ရယ်လိုက်သည့်အခါ ရယ်လိုက်၊ ဦးခေါင်းညိတ်သည့်အခါ ညိတ်လိုက်၊ 'ပြီးတော့ ကော' ဟူ၍ ပြောသည့်အခါ ပြောလိုက်နှင့် သူမကို အားပေးလျက် ရှိသည်။
တော့တိုး-ချန်သည် အလွန်ပျော်ရွှင်လျက် ရှိပြီး သူမပြောလိုသည်များကို ဆက်တိုက်ပြောသွား သည်။ သို့သော် နောက်ဆုံးတွင် ပြောစရာစကားများ ကုန်သွားသည်။ သူမသည် နောက်ထပ် ပြောစရာများကို စဉ်းစားရင်း ပါးစပ်ပိတ်၍ ထိုင်နေမိသည်။

"ဆရာကြီးကို နောက်ထပ်ဘာမှ ပြောမပြနိုင်တော့ဘူးလား"
ဆရာကြီးက မေးလိုက်သည်။
"အခုလို ဆက်မပြောနိုင်ခြင်းဟာ ဘယ်လောက်ရှက်စရာကောင်းသလဲ"ဟု တော့တိုး-ချန် စဉ်းစား မိသည်။ ဤလိုအခွင့်အရေးမျိုးသည် အံ့သြစရာကောင်းသော အခွင့်အရေးမျိုး မဟုတ်ပါလား၊ သူမ သည် ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ နောက်ထပ်ဘာများ ပြောရပါ့မလဲ။ ဟုတ်ပြီ သူမ စဉ်းစားမိလေပြီ။

ဆရာကြီးကို သူမ၏ အင်္ကျီအ၀တ်အစားများ အကြောင်းကို ပြောပြမည်။ သူမအတွက် အင်္ကျီများကို အမေက အများဆုံး ချုပ်ပေးသည်။ သို့သော် ယခုသူမ ၀တ်ထားသော  အင်္ကျီမှာ ဆိုင်မှ ၀ယ်ယူခဲ့ သော အင်္ကျီ ဖြစ်သည်။

ကျောင်းဆင်း၍ ညနေပိုင်း၌ သူမ အိမ်ပြန်ရောက်သောအခါ သူမ၏ အ၀တ်များမှာ အစဉ်သဖြင့် စုတ်ပြဲလာသည်။ အချို့အစုတ်အပြဲများမှာ အလွန်ကြီးသည်။ ဘာကြောင့် ဤကဲ့သို့ စုတ်ပြဲရသည် ကို အမေသည် မစဉ်းစားတတ်အောင် ဖြစ်မိသည်။ သူမ၏ အဖြူရောင် အတွင်းခံချည်ဘောင်းဘီ များပင်လျှင် တစ်ခါ တစ်ရံ၌ စုတ်ပြဲလာသည်။ ဆရာကြီးအား သူမက ပြောပြသည်မှာ ...
သူမသည် အခြားသူများ၏ ပန်းခြံထဲသို့ သံဆူးကြိုးများအောက်မှ အတင်းတိုးဝင်သောကြောင့် ယခုကဲ့သို့ စုတ်ပြဲရခြင်းဖြစ်ကြောင်း၊ ယနေ့နံနက်တွင် ဤကျောင်းသို့လာရန် အ၀တ်လဲသည့်အခါ အမချုပ်ပေး ထားသော အင်္ကျီများအားလုံးမှာ အစုတ်အပြဲများဖြင့် ပြည့်နေကြောင်း၊ ထို့ကြောင့် အမေ၀ယ်ထားသည့် ယခု အင်္ကျီ ကို ၀တ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုအင်္ကျီသည် အသားကောင်းသော အင်္ကျီဖြစ်ကြောင်း၊ သို့သော် လည်း အင်္ကျီကော်လာတွင် ပုံဖော်ထားသော အနီရောင်ပန်းပွင့်များ သည် သိပ်မလှကြောင်း၊ "အမေ ဒီကော်လာကို မကြိုက်ဘူး" ဟု တော့တိုး-ချန်သည် ဆရာကြီး မြင်နိုင်ရန် အလို့ငှာ သူမ၏ အင်္ကျီကော်လာ ကို လက်ဖြင့် ကိုင်တွယ်ပြသရင်း ပြောလိုက်သည်။

၎င်းနောက် သူမတွင် ပြောစရာ စကားများ မရှိတော့။ မည်မျှပင် ကြိုးစားအားထုတ်သော်လည်း ဆက်ပြော ရန် စကားများ စဉ်းစား၍ မရတော့ချေ။ သူမအလွန် စိတ်မကောင်း ဖြစ်သွားသည်။ ထိုအခိုက် ဆရာကြီး သည် ထိုင်ရာမှထလိုက်ပြီး သူ၏ ကြီးမားပူနွေးသော လက်ဖ၀ါးကို သူမ၏ ခေါင်းပေါ်သို့ တင်လိုက်ရင်း ...
"ကောင်းပြီ အခုအချိန်ကစပြီးတော့ မင်းဟာ ဒီကျောင်းရဲ့ ကျောင်းသူတစ်ဦးဖြစ်သွားပြီ" ဟု ပြော လိုက်လေ တော့သည်။

ထိုခဏ၌ တော့တိုး-ချန်သည် သူမဘ၀တွင် ပထမဆုံးအကြိမ်အဖြစ် သူမတကယ့်ကို နှစ်ခြိုက် သဘော ကျသော သူတစ်ယောက်နှင့် တွေ့ဆုံမိပြီဆိုသည်ကို သူမရင်ထကြ သိရှိခံစားလိုက်မိ တော့သည်။ သူမ ပြောသမျှ စကားများကို ဤမျှကြာကြာ နားထောင်သူသည် ဟိုယခင်က မရှိခဲ့ချေ။ သူမစကားပြောနေသည့် အချိန် တလျှောက်လုံး၌ ကျောင်းအုပ်ဆရာကြီးသည် တစ်ကြိမ်တစ်ခါမျှပင် မသမ်းခဲ့။ ငြီးငွေ့သော အမူအရာ ကိုလည်း မပြခဲ့။ သူမက စိတ်ပါဝင်းစားစွာ ပြောသကဲ့သို့ သူကလည်း စိတ်ပါဝင်စားသော အသွင်ဖြင့် နားထောင်ခဲ့သည်။

တော့တိုး-ချန်သည် အချိန်နာရီအကြောင်းကို နားမလည်သေးပေ။ သို့သော်လည်း သူမစကားပြော သည်မှာ အချိန်ကြာသည်ဆိုသည်ကိုတော့ သူမ သိ၏။ အကယ်၍ သူမသည်သာ နာရီကို ကြည့် တတ်ပြီး အချိန်ကို တွက်တတ်လျှင် သူမသည်ပို၍ပင် အံ့အားသင့်သွားမည်ဖြစ်ပြီး ဆရာကြီးကို ပို၍ပင် ကျေးဇူးတင်မိမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ...
အမေနှင့် တော့တိုး-ချန်သည် နံနက်ရှစ်နာရီတွင် ကျောင်းသို့ ရောက်လာခဲ့ကြ၏။ သူမစကားပြော ပြီး၍ ဆရာကြီး က သူမကို ဤကျောင်း၌ လက်ခံလိုက်ပြီဟု ပြောပြီးနောက် သူ၏ အိတ်ဆောင် နာရီကို ထုတ်ကြည့်ရင်း ...

"ဟော နေ့လယ်စာ စားချိန်ရောက်ပြီ" ဟု ပြောလိုက်သည်။ ထို့ကြောင့် ဆရာကြီးသည် တော့တိုး-ချန် စကား ပြောခြင်းကို လေးနာရီလုံးလုံး နားထောင်ခဲ့ခြင်း ဖြစ်လေသည်။
တော့တိုး-ချန် စကားပြောခြင်းကို မည်သည့်လူကြီးကမျှ ဤမျှကြာကြာ နားထောင်ခဲ့ခြင်း မရှိချေ။ ဟိုတုန်း ကလည်း မရှိခဲ့။ နောင်တွင်လည်း မရှိချေ။ ထို့ပြင် အသက်ခုနှစ်နှစ်အရွယ် မိန်းကလေး တစ်ယောက်က လေးနာရီလုံးလုံး မရပ်မနား တောက်လျှောက်စကားပြောသွားပါသည် ဆိုခြင်းကို အမေသည်လည်း ကောင်း၊ ယခင်ကျောင်းက သူမ၏အတန်းပိုင်ဆရာမသည် လည်းကောင်း မယုံ ကြည်နိုင်လောက်အောင် အံ့သြခြင်း ဖြစ်မိကြပေမည်။

ထိုအချိန်ထိုအခါက တော့တိုး-ချန်သည် ကျောင်းမှ နှုတ်ပယ်ခြင်းခံရသည်ကို လုံးဝမသိရှိ၊ နားမလည်ချေ။ မိမိသည်အခြားကလေးများနှင့် မတူဘဲ တမူထူးခြားသော အခြေအနေတွင် ရှိသည်  ဆိုသော အျက်ကိုမူ သူမရင်ထဲ၌ သိရှိခံစားနေရသည်ကတော့ အမှန်ပင်။ ကျောင်းအုပ်ဆရာကြီး သည် အခြားလူကြီး များနှင့်မတူဘဲ သူမကို စိတ်ချမ်းသာမှုပေး၏။ ပျော်ရွှင်ချမ်းမြေ့မှုကို ပေး၏။ သူမသည် သူနှင့်အတူတူ အမြဲ ထာဝစဉ် နေချင်၏။

ဤသည်မှာ ကျောင်းအုပ်ဆရာကြီး ဆိုဆာကူး ကိုဘာယာရှီနှင့် စတင်တွေ့သည့် ပထမနေ့တွင် ခံစားလိုက်ရသော တော့တိုး-ချန်၏ ခံစားချက် ဖြစ်သည်။ ထိုနည်းအတိုင်းပင် ကျောင်းအုပ် ဆရာကြီး က သူမ အပေါ်ထားရှိသည့် သဘောထားမှာလည်း သူမအတိုင်းပင် ဖြစ်တော့၏။


နေ့လည်စာ စားချိန် မျှော်
(ကျောင်းကလေး ရဲ.... နေ့လည်စာ စားချိန်.... ပြောတာနော်)

4 comments:

ချစ်ကြည်အေး said...

မျှော်နေမယ် နောက်တပိုင်း...

အင်ကြင်းသန့် said...

မပျက်မကွက် အပြေးလာဖတ်ပါ၏။

ချစ်ညီမလေး

Unknown said...

ဖတ်ရတာ မဝဘူး အစ်မရယ်။
စာရိုက်ပေးတဲ့ ညီမလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။
အစ်မကိုကတော့ ကျေးဇူး အကြီးကြီးတင်တယ်နော်။

မေဓာဝီ said...

စာကောင်းတွေတကူးတက ရိုက်တင်ပေးတာ ကျေးဇူးတင်ပါတယ်။ တော့တိုးချန်ကလေး အကြောင်း တခါမှ မဖတ်ဖူးသေးဘူး။ စာဆိုတော်တို့ သော်တာဆွေတို့တော့ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ စာအုပ်တွေနဲ့ ဝေးတဲ့နေရာ ရောက်နေချိန်မှာ ခုလို ကိုယ်နှစ်သက်တဲ့ စာတွေပြန်ဖတ်ရတာ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့ရသလိုပဲ ၀မ်းသာမိတယ်။ မဖတ်ဖူးသေးတဲ့ စာအုပ်တွေကို ဖတ်ရတော့လဲ မိတ်ဆွေသစ်နဲ့ တွေ့ရသလိုပဲ ၀မ်းမြောက်မိပါတယ်။ မိတ်ဟောင်းမိတ်သစ်တွေနဲ့ ဆုံတွေ့နိုင်အောင် စီစဉ်ပေးသူ မရွှေစင်ဦး (နဲ့ သမီးများ) ကို အထူး ကျေးဇူးတင်ပါတယ်ရှင်။

ပြောဖို့ကျန်သေးတယ်။ မရွှေစင်ဦးရဲ့ ကိုယ်ရေးကိုယ်တာတွေရေးထားတာလဲ ဖတ်လို့ ကောင်းတာပါပဲ။ စာဖတ်နာသူဆိုမို့ စာရေးလဲ ကောင်းတာပေါ့နော်။ အညာဟင်းလေးတွေအကြောင်း ရေးထားတာလဲ စားချင်စဖွယ်ပဲ။ ဒီနေရာမှာပဲ အားလုံးအတွက် ကွန်မန့်ရေးခဲ့ပါတယ်။ ပို့စ်တခုချင်း မရေးတော့ဘူးနော်။

ခင်မင်လျက်
မေဓာဝီ