အခန်း(၂၇)
သီပေါမင်းသားလည်း နောက်တော်ပါလူပျိုတော်များနှင့် ထွက်တော်မူခဲ့ရာ ရေကြည့် နန်းတော်အစွန်းမှ အထိန်းတော်ကြီး ခင်ဘွားသစ်ကိုယ်ယောင်ပြ ကြိုဆိုနေသည်ကို တွေ့တော်မူရ လျှင် နောက်တော်ပါ လူပျိုတော်ကြီး နှစ်ယောက်အား…
"ကိုင်…မောင်မင်းများ စုစုထံပါးသို့ ရောက်လို့လာချေပြီ။ ခင်ဘွားသစ်ကြီးကလည်း ရိပ် ဟန်ပြ၍ ကြိုဆိုလျက်ရှိသည်။ ငါ သည်အတိုင်း ၀င်တော်မူရမည်လား ဟရို့"
မေးတော်မူသည်တွင် မောင်မောင်တုတ်က လက်အုပ်ချီကာ…
"မှန်လှပါ၊ သည်အတိုင်းပင် ၀င်တော်မူပါ၊ ဘုရားကျွန်တော်မျိုးများ နောက်ပါးမှ ခစားလျက် ပါပါမည်။ ရွှေကိုယ်တော်များနှင့် စုထားဖုရား နှစ်ပါးအတူ ချစ်ကြည်ဖြူစွာ စံတော်မူမိခါမှ ဘုရား ကျွန်တော်များ အပါးတော် က ခွာပါမည်ဘုရား"
လျှောက်ထား၍…
"အေး…သည်လိုမှ သင့်မည်။ ငါကိုယ်တော်တစ်ပါးတည်း ၀င်တော်မူမည်ဆိုလျှင် ယောင် တောင်တောင် ဖြစ်နေချိမ့်မည်။ သို့…ငတုတ်ကယ်။ ငါကိုယ်တော်လည်း စုစုကို ချစ်မြတ်နိုးတော်မူ လို့သာ ကြွလာခဲ့ ရတယ်။ ရဲတော်မူလှလို့ မဟုတ်ဘူး။ စုစုနှင့် ယခုလို တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံ တော်မူမယ်ဆိုတော့ ရွှေရင်တော် တလှပ်လှပ်နှင့် ဘယ်ဇာတ်ဘယ်ပုံ ခင်းရမည် မသိသေးဘဲ တော ဇာတ်မင်းသား အရိုးကလေး လို ဖြစ်တော်မူနေတယ် မောင်မင်း။
ယခုလည်း မောင်မင်းတို့နှင့် အထိန်းတော်ကြီးတို့ လှော်လှယ်စကားကြောင့်သာ သွားရတော့မည်။ စုစုနှင့် တွေ့ဆုံတော်မူတဲ့ အခါ ဘယ်လို နှုတ်ခွန်းဆက်ပြီး ဘယ်အကြောင်းအရာကို စကားစရှာ၍ ပြောတော်မူရမည် မသိ သေးဘူးကွယ်ရို့။ မောင်ဖေငယ်ကလည်း ငါ့ကို အကြံတော်များ ဆက်စမ်းပါဘိ။ မောင်မင်း ရေး သားဆက်သခဲ့တဲ့ အလွှာတော် တေးထပ်တွေနှင့်ချည်း ကိစ္စပြီးလာခဲ့ရတဲ့အတွက် စကားပြောကွက် ကလေးများလည်း လှပအောင် စီစဉ်လို့ ဆက်စမ်းပါဦး"
မိန့်တော်မူသောကြောင့် မောင်မောင်ငယ်က…
"မှန်လှပါ၊ ယခုဖြင့် စကားလုံးလှလှများ ရွေးချယ်ဆက်သရန် အချိန်ရတော့သည် မဟုတ်ပါ ဘုရား။ သည့်အတွက် စုထားဖုရားကို တွေ့တော်မူလျှင် 'ကျန်းမာချမ်းသာတော်မူပါစဟူသော နှုတ် ခွန်းဆက်စကား ကို အလျင်ဆုံး မိန့်ကြားတော်မူပြီးမှ စုထားဖုရားကို များစွာချစ်ခင်စွဲလမ်းတော်မူလှ သဖြင့် နှစ်ပါးတွေ့ဆုံ တော်မူရအောင် အခွင့်တောင်းရခြင်းဖြစ်ကြောင်း၊ စုစုထံတော်မှ ခွင့်ပြုတော်မူ သော အလွှာတော်များ ပြန်ကြားခြင်း မရှိခဲ့သဖြင့် အလိုဆန္ဒမပြည့်တိုင်း တရိရိ လွမ်းတော်မူလျက် နေခဲ့ရကြောင်း၊ ယခုလည်း စိတ်ပြေလက်ပျောက်ဆိုသလို တောင်ဥယျာဉ်တော်အတွင်းသို့ ထွက် တော်မူခဲ့ရာတွင် အဆင်သင့် စုထားဖုရားကို တွေ့မြင်တော်မူရသဖြင့် အရှက်ကို နောက်ထား၊ ကြောက်အားကို ပစ်ပယ်၍ အချစ်နယ်စား သခင် စုဖုရားကလေးထံပါးသို့ အခစားဝင်ရကြောင်းပါ' ဆိုတဲ့ စကားသွားအတိုင်း ရွှေဥာဏ်တော်ကစားပြီး ချဲ့ထွင် မိန့်ကြားတော်မူလျက် နောင်ခါနောင် ရေးအတွက်လည်း ၀ီစိကိစ္ဆာမရှိပါရန် ရွှေမေတ္တာမဏ္ဍိုင်ကို သစ္စာ အုတ်မြစ်တိုင်ကြီးခံလျက် လေး ဘက်လေးဌာနမှ သမုဒယ တံတိုင်းကြီးကာရံကာ ကမ္ဘာတည်အောင် စိုက်ထူပါမည်ဆိုတဲ့ အ ကြောင်းများ မိန့်ကြား သစ္စာပြုတော်မူရန် အချက်ပင် ဖြစ်ပါတော့သည်ဘုရား"
လျှောက်ထားသည်တွင်…
သီပေါမင်းသားလည်း ခြေလှမ်းမှန်မှန် လှမ်းကြွသွားတော်မူရင်းမှ မကြုံစဖူး ကြုံရချက်ထူးတော်မူဆဲ မို့ ရွှေသည်းတဖိုဖို ရှိတော်မူစဉ် မောင်မောင်ငယ် လျှောက်တင်အကြံတော်ဆက်၍ အရိပ်အမြွက် လမ်းခင်းပေး သောအခါမှ စိတ်အေးတော်မူကာ ရှေးရှုထွက်တော်မူရာ ရေကြည့်စံနန်းတော်အတွင်း သို့ ရဲရင့်တည်ငြိမ် သော ဣနြေ္ဒတော်ဖြင့် ဟန်မပျက် ၀င်တော်မူလေသည်။
စုဖုရားလတ်အနီးတွင် ခစားလျက်ရှိသော အထိန်းတော်ကြီးက ယခုမှ သိလေဟန်ဖြင့် "အလို… သီပေါရွှေကိုယ်တော်ဖုရားပါကလား"ဟုဆိုကာ ကြောက်ရွံ့ရိုသေဟန်ဖြင့် လက်ယှက်တုပ်ဝပ်ခါ ခပ် ယို့ယို့ ခစားလျက် စုဖုရားစံရာ ကျောက်သလွန်တော်ပေါ်အရောက် ထွက်တော်မူရန် လမ်းစဖယ်၍ ပေးသလိုလိုနှင့် ကြိုဆိုလေလျှင် ရေပြင်ကိုစိုက်၍ ရှုစားတော်မူနေသော စုဖုရားလတ်သည်လည်း အထိန်းတော်ကြီး နှုတ်စကား သံအားဖြင့် လှည့်၍ ရှုစားတော်မူလိုက်မိသည့်အခါ စံတော်မူရာ ကျောက်သလွန်တော်ရှိရာသို့ ဦးတည်ကြွလာတော်မူသော သီပေါမင်းသားကို မြင်တော်မူသည် တွင် ရုတ်တရက် ရှောင်တခင်နှင့် "ဟင်…အလို"ဟုသာ ဆိုတော်မူနိုင်ပြီး ဒိတ်ခနဲ ရွှေရင်တုံ၍ နှလုံး သွေးခုန်ကာ ရှက်ရွံ့စွာနှင့် သလွန်တော် စွန်းတစ်ဖက်တွင် မျက်နှာအောက်ချနှင့် ခပ်ယို့ယို့ကလေး ရွှေ့၍ စံတော်မူလေ၏။
သီပေါမင်းသားလည်း နောက်တော်ပါ လူပျိုတော်များနှင့်အတူ စုဖုရားစံတော်ရာ ကျောက်သလွန် အနီးသို့ ရောက်တော်မူလာပြီး အထိန်းတော်ကြီးက လမ်းနေရာဖယ်ပေးလျက် စုဖုရားလတ်ကိုယ် တိုင်ကလည်း ကျောက်သလွန်တော် တစ်ဖက်သို့ ခပ်ယို့ယို့ကိုယ်လေးရွှေ့လျက် စံတော်မူလိုက် ခြင်းဖြင့် မင်းသားအဖို့ နေရာတော်ပေးသည်နှင့်မခြား ရှိသောကြောင့် နဂိုကဇွတ်ကျဲ၍ ခပ်ရဲရဲဝင် တော်မူလာခဲ့သော သီပေါမင်းသားမှာ စိတ်တော်ကမရဲလှသည့်တိုင် အချစ်၏စေစားမှုဖြင့် ရှေးကလို ရှက်ရွံ့ကြောက်ဆုတ် ဖြစ်နေတော် မမူတော့ဘဲ သလွန်တော်စွန်းတွင် ရုတ်ခနဲ ထိုင်တော်မူလိုက်ခါ ရွှန်းစားသော မျက်လုံးတော် ဖြင့် မြတောင်စုဖုရားလတ်အား ခေတ္တစိုက်၍ ရှုစားတော်မူလေ၏။
ရှေးအခါကမူ ချစ်မြတ်နိုးတော်မူလှသော စုဖုရားလတ်၏ ရွှေမျက်နှာတော်ကို အဝေးကသာ ရှုမြင် တော်မူခဲ့ရဖူးလျက် ယခုကဲ့သို့ နီးနီးကပ်ကပ် တွေ့မြင်တော်မူရသောအခါမူကား ထူးခြားသော အဆင်း သဏ္ဍာန် ကြန်အင်းလက္ခဏာတို့ဖြင့် ပြည့်စုံတော်မူလျက် ကျက်သရေအပေါင်းတို့၏ သခင်ဘုရင် ဧကရီ ဖြစ်တော်မူသည်ကို ရှုစားတော်မူသောအခါ ရှေးအခါက မြတ်နိုးချစ်ခင်တော်မူ သည်တို့ ထက် ဆထက်ထမ်းပိုးတိုး၍ ကြင်နာဆပွား သနားစုံမက်တော်မူမိကာ ဘေးစောင်း တွဲရရွဲ ကျလျက်ရှိသော သျှောင်ဆံမြိတ်ကွင်းကြီးနှင့် မင်းညီမင်းသား မင်းယောက်ျားကလေးပမာ စစ်ကိုင်း ချိတ် အ၀ါပုဆိုးကြီးကို ဆင်တော်မူထားရှာသည်တို့ကိုပါ သိမ်းကျုံးရှုစားတော်မူလျက် ရှက်ရွံ့တော် မူခြင်းအတွက် မျက်နှာတော် အငုံ့သားနှင့် ကျုံ့ကျုံ့ကလေးနေရှာသော စုဖုရားအား…
"ကျန်းမာတော်မူပါစ စုစုရယ်''ဟု ယုယုယယ ကြင်နာတော်မူဟန်ဖြင့် မိန့်သံချိုချိုကို စတင် ထုတ်ဆိုတော်မူလိုက်သည်တွင် စုဖုရားကလည်း ရုတ်တရက်မို့ ရှက်အားတော်ပိုပြီး ဘာကို ဘယ်သို့ လျှောက်တင်ရမည် မသိဘဲ ခပ်မဆိတ်နေတော်မူသောကြောင့် တစ်ထောင့်မှ မနေတတ် မထိုင်တတ် ဖြစ်နေရှာသော ခင်ဘွားသစ်ကြီးမှာ စုဖုရားအနီးသို့ ကပ်ပြီး။
"အမေ့ စုဖုရားငဲ့၊ ရွှေကိုယ်တော် ပေးတော်မူသည်ကို ဖြေလျှောက်တော်မူလိုက်ပါဘိ"
ယုယစွာ ပြောရာ စုဖုရားမှာ အထိန်းတော်ကြီး၏ လက်တစ်ဖက်ကို ဆွဲတော်မူထားပြီး…
"အို…သစ်သစ်ကလည်း ကျန်းမာတော်မူလို့သာ သည်ဥယျာဉ်တော်ကို ထွက်တော်မူလာနိုင်သည် မဟုတ်ပါလားလို့၊ သည်ဟာကို ဘယ်လိုလုပ်၍ ပြန်လျှောက်ရမည် မသိတတ်ပြီဘူး"
မျက်နှာ အတွင်ငုံ့ထားရာမှ တီးတိုးမိန့်တော်မူလျှင်…
"အို…ခက်သမို့လားပါဘုရား၊ မောင်မောင့် ရွှေမေတ္တာတော်ကြောင့် မြင်တော်မူသည့်အတိုင်း ကျန်းမာပကတိ ချမ်းသာစွာရှိကြောင်းပါ မောင်မောင်ဖုရားလို့ တင်တော်မူလိုက်ပါလား ဘုရား၊ ဟို…ကိုယ်တော်က ကြာလျှင် ရှက်တော်မူသွားပါတော့မည်"
ဆိုကာ ခင်ဘွားသစ် စုဖုရားအနီးမှ ထသွားမည်အပြုတွင် စုဖုရားက အတင်းသာလက်ကုတ်ဆွဲထား ပြန်ပြီး…
"အို…သစ်သစ်ကြီးနော်၊ စုစုကို တစ်ယောက်တည်း ပစ်၍ထားလျှင် မေဖုရားကို တိုင်တော်မူလိုက် မှာပဲ"
တီးတိုး ခြိမ်းခြောက်တော်မူပြန်သဖြင့် ထွက်ခွာခွင့် မရဘဲရှိလေရာ သီပေါမင်းသား၏ နောက်တော် ပါ ဖြစ်ကြသော မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မူကား မိမိတို့ အရှင်မင်းသား ကျောက်သလွန် တော်ပေါ်သို့ စံတော်မူမိသည့် အချိန်ကပင် ပတ္တမြားကွမ်းအစ်တော်နှင့် သောက် တော်ရွှေတကောင်းတို့ကို သလွန်တော်အပါးဝယ် ချထားကာ ခပ်ယို့ယို့နှင့် နောက်ကျို့၍ ထွက် ခွာသွားကြပြီး ရေကြည့် စံနန်းတော်အနီးရှိ တတိုင်းမွှေးရုံကြီးအောက်သို့ နှစ်ယောက်သွား၍ ထိုင် နေကြလေ၏။
သီပေါမင်းသားလည်း မေးတော်မူသောစကားကို စုဖုရားက ရှက်အားနှင့် ခွန်းတုံ့ပြန်တော်မမူဘဲ ရှိ နေသည်ကိုပင် မှီခို၍ စုံမက်ချင်ခင်တော်မူမိကာ…
"မောင်မောင့်ကို ရှက်ရွံ့တော်မူရမည့်သူ မဟုတ်ပါဘူး စုစုရဲ့၊ ခင်ဘွားသစ်ကြီးကို ဘယ့်နှယ်ကြောင့် သည့်ကလောက် ဆွဲ၍ ထားတော်မူသတုံး၊ မောင်မောင်ဟာဘီလူး၊ သဘက်ပမာ ကြောက်စရာ ကောင်းသည်လည်း မဟုတ်ပါကလား မိမိရဲ့"
မိန့်တော်မူလိုက်သည်တွင် စုဖုရားလတ်လည်း ခင်ဘွားသစ်အား အနည်းငယ်လျှော့၍ ပေးတော်မူ လိုက်ရရှာလေ၏။ ထိုအခွင့်အရေးကိုရသော ခင်ဘွားသစ်ကြီးမှာ ကပျာကယာနေရာမှ ခွာလျက် ကွမ်းတော်များ ဆက်မည့်ဟန်နှင့် ပတ္တမြား ကွမ်းအစ်ကို လှန်သလိုလို၊ သောက်တော်ဆက်မည့် ဟန်နှင့် ရွှေတကောင်းကို ကိုင်သလိုလို၊ ဟိုမမည်, သည်မမည် အဓိပ္ပာယ်မရှိသော အလုပ်များကို မနေမနားလုပ်ရာမှ တစ်စတစ်စ သလွန်တော်နှင့် ဝေးရာသို့ ရွေ့မှန်းမသိ ရွေ့လာခဲ့လေ၏။
ကျောက်သလွန်တော်ပေါ်တွင် နှစ်ပါးတည်းရှိသောအခါ သိပေါမင်းသားမှာ ယုယကြင်နာသော အမှတ်လက္ခဏာဖြင့် စုဖုရား၏လက်တော်ကလေးတစ်ဖက်ကို ရုတ်တရက် ဆွဲကိုင်တော်မူကာ…..
"စုစုက မောင်မောင့်ကို တယ်လို့ရှက်ကြောက်တော်မူနေသည်ကိုးဗျ။ မောင်မောင်ကတော့ စုစုဟာ မောင်မောင် ချစ်မြတ်နိုးတော်မူသလိုပင် ချစ်ခင်မြတ်နိုးတော် မူရှာလိမ့်မယ်လို့ထင်ပြီး စံအိမ်တော် အဝေးကြီးကနေ၍ ချစ်မေတ္တာသွယ်တန်းပြီး အလွှာတော်ချင်း ချစ်လမ်းဖွင့်တော်မူနေကြရသည်ပင် အားရကျေနပ်တော်မမူနိုင်ဘဲ၊ စုစု၏ ရွှေမျက်နှာတော်ကလေးကို နီးနီးကပ်ကပ် ရှုစားပြီး ချစ်မိန့်သံ စကားကလေးများ နှစ်ပါးအတုံ့အလှယ် ပြောကြားတော်မူလိုလှသည့် ဆန္ဒကြောင့် နေ့ရှိသမျှ တွေ့ဆုံတော်မူပါရစေလို့ အလွှာတော်အတန်တန်နှင့် အမိန့်တော်ပန်ခဲ့ရပါတယ်၊ စုစုရဲ့ ရွှေလွှာ တော်များက မောင်မောင့်ကို သနားကြင်နာသံ ပါတော်မူခဲ့တဲ့အတွက် အးတက်ဝမ်းမြောက် လက် ပမ်းပေါက်ခတ်လောက်အောင် ရှိခဲ့သမျှ စုစုထံတော်က နောက်ဆုံး မောင်မောင်နှင့်တွေ့ဆုံရန် အခွင့်ပြုတော်မူလိုသည့် စကားပြန်မရခဲ့တော့ မောင်မောင်ဖြင့် အင်မတန်မှ စိုးရိမ်ပူဆွေး စိတ် မအေး ဖြစ်တော်မူခဲ့မိပါတယ်"
"စုစုဟာ မောင်မောင်ကဲ့သို့ ဂုဏ်သိမ်မှေးမှိန်၍ အရှိန်အ၀ါနည်းပါးတဲ့ မင်းသားငယ်တစ်ပါးအပေါ် တွင် အဆုံးအစ ချစ်ကြင်မြတ်နိုးတော် မူနိုင်ပါ့မလားလို့လဲ တစ်ဖက်တစ်လမ်းတွေးပြီး ဆွေးတော် မူမိပါတယ်။ အကယ်၍သာ မောင်မောင်ချစ်မြတ်နိုးတော်မူသကဲ့သို့ စုစုက ချစ်မြတ်နိုးတော်မူရိုးမှန် ပါလျှင် ယခုလောက် အချိန်နှောင့်နှေး လေးဖင့်တော်မူနေရန် မရှိနိုင်ဘူးလို့ တွေးထင်ပြီး အင်မတန် စိတ်မောမိသည် စုစုရယ်။ သည်လိုနှင့်သာ အချိန်ကြာ ရက်ကြာနှင့် မောင်မောင့်ရွှေစိတ်တော် သက်သာရာ မရနိုင်လွန်းတဲ့အတွက် စိတ်ပြေလက်ပျောက်မှ ရှိစေတော့ဆိုပြီး ရင်းနှီးတဲ့ ကျေးရင်း ကျွန်ရင်း ကလေးနှစ်ကောင်နှင့် တောင်ဥယျာဉ်တော်သို့ ထွက်တော်မူခဲ့ရတယ်။ ဒီဆီကိုလည်း ရောက်ကရော 'မှာထားအလားသင့်'ဆိုသလို ဟောသည် ရေကြည့်စံနန်းတော်ကလေးတွင် မင်း သားကလေးအသွင်နှင့် ဆင်ယင်တော်မူထားတဲ့ စုထိပ်ထားနှင့် အထိန်းတော်ကြီးများကို လှမ်းမြင် တော်မူမိလျှင်ပဲ မောင်မောင့်အသည်းမှာ ပန်းဧယင်ကြီးလွဲသလို မနည်းဝမ်းမြောက်တော်မူမိတော့ 'သတိလက်လွတ်'ဆိုသလို တွေ့မြင်တော်မူလိုတဲ့ ဇောက ကသောကမျော ရှေ့ဆောင်ပြီး စုစုအပါး ရောက်အောင် လှမ်းတော်မူခဲ့မိပါတယ်။ အကယ်၍သာ မောင်မောင့်ကို စုစု ရွှေမေတ္တာစူးတော် မမူ ရင်လည်း ဒီကဲ့သို့ အတင့်ရဲပြီး စုစုအပါးသို့ရောက်အောင် ကြွတော်မူမိသည်ကို ရွှေမျက်နှာညှိုး၍ အလိုတော်မကျလျှင် ဒီက ရွှေကံတော်ကိုသာ ရိုးရပါတော့မယ် စုစုရယ်"
မိန့်တော်မူသောအခါ စုဖုရားလည်း ရှက်အားတော်ကြီးလျက် ရှိတော်မူဆဲကြောင့် ရုတ်ခနဲ အဖြေ ပေးတော် မမူနိုင်ရှိပြန်လျှင်…..
"ဘယ့်နှယ် စုစုရယ်၊ ရွှေမျက်နှာ ညှိုးတော်မူလှချည့်လား၊ ဒီက မောင်မောင် ထင်တော်မူသလို မေတ္တာတော် မစူးရှ၍ အလိုတော်မကျဘူးထင်ပ။ သည့်နှယ်သာဖြစ်လျှင် စုစုကို မောင်မောင် နှောင့် ယှက်တော် မမူလိုပါပြီ။ ရွှေမေတ္တာ အချစ်မညီလျှင် သည်တွင်ပဲ မောင်မောင်ပြန်၍ ကံကိုသာ အောက်မေ့တော် မူပါတော့မယ်"
မိန့်တော်မူကာ ထိုင်ရာမှထ၍ ကြွချီတော်မူတော့မည်ကဲ့သို့ ပြုကာမှ စုဖုရားမှာ ရှက်စနိုး၍ ညှိုး တော်မူလှရာတွင် အချစ်တော်ကလည်း ၀င်ပြီးဖြစ်သည့်အလျောက် သီပေါမင်းသား၏ မိန့်တော်သံ ကို မခံမရပ်နိုင်အောင် ဖြစ်တော်မူမိရှာသည်တွင်…
''ဒီက စုစုကလည်း ဘယ်သို့မျှ လျှောက်တင်ရသေးသည့် မဟုတ်ပါ။ မောင်မောင့်စိတ်တော်မှာသာ အခြားတစ်ပါး ကြွချီတော်မူစရာ နေရာတော်တွေများလှ၍ ကြွချီတော်မူတော့မည်ဆိုလျှင် စုစုဝင်၍ တားမြစ်တော်မူနိုင်တော့မည် မဟုတ်ကြောင်းပါ"
ကြည်လင်ချိုမြသောအသံ။ ရှက်ဟန်မကင်းသော အမူအရာနှင့် ခွန်းတုံ့ပြန်တော်မူလိုက်သော ကြောင့် သီပေါမင်းသားမှာ များစွာ အားတက်တော်မူလာပြီး စုဖုရားအနီးသို့ တိုးရွေ့စံတော်မူကာ…
"မောင်မောင့်မှာ တစ်သက်နှင့်တစ်ကိုယ်တွင် စုစုထံတော်မှ တစ်ပါး ဘယ်ဆီကိုမျှ သွားစရာမရှိ ကြောင်း၊ စုစုလည်း ကောင်းကောင်းသိရှိတော်မူပြီး ဖြစ်ပါလိမ့်မယ်။ မေတ္တာနွယ်ညွှန့်က တလွန့် လွန့် ယိမ်းယိုင်ပြီး ထိန်းမနိုင် ချုပ်မရ စုစုကိုမှ မြတ်နိုးစုံမက်တော်မူလှ၍ အရှက်ကို နောက်ထား ကြောက်အားကို ပစ်ပယ်၍ အချစ်နယ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာရခြင်း ဖြစ်ပါတယ်။
စုစုက ယခုလို ဆီးကြို၍ ရွှေမျက်နှာ ညှိုးတော်မမူဘဲ နေပါလျှင် အင်မတန်မှ ၀မ်းမြောက် အားတက်တော် မူမည် အမှန်ပါ။ စုစု ကြည်သာတော်မူမည်ဆိုပါလျှင် ကျောက်ရုပ်ကျောက်တိုင် စွဲသလို ခိုင်ခိုင်မြဲမြဲ ကြီး စံနေတော်မူပါတော့မယ်။ ဘယ်ဆီကိုမျှ ကြွတော်မူစရာ မရှိတဲ့သူမို့ စုစုတို့အပါးမှ တစ်ဖ၀ါးမျှ ခွာတော်မမူတော့ပါဘူး။ စုစုက ကြည်သာတော်မူတဲ့ မျက်နှာတော်နှင့် တစ်ချက်လောက် မော်၍ ရှု စားတော်မူပါလျှင် မြင်းမိုရ်တောင်မင်းကိုပင် ဆီးစေ့ငယ်သဏ္ဍာန်ထင်၍ အမှန်ပင် ထလို့ ခုန်ချင် သည့် မောင်မောင်ပါ စုစုငယ်။ ဘယ့်နှယ် ယခုလို မောင်မောင်ကြွလာတော်မူတာကို ကြည်သာ တော်မူပါစ"
ကယုကယနှင့် ထပ်ဆင့် မေးမြန်းတော်မူလိုက်သောအခါ စုဖုရားလတ်မှာ မဖြေဘဲ မနေသာ ရှက်ရွံ့ တော်မူရှာသည်ကလည်း တစ်ဌာန၊ ခွန်းတုံ့မပြန်ဘဲ နေတော်မူပါလျှင်လည်း သီပေါမင်းသား စိတ် ငယ်ဝမ်းနည်းသွားတော်မူမည်ကို စိုးရိမ်တော်မူသွားပြန်သဖြင့်…
"မောင်မောင် ကြွလာတော်မူသည်ကို စုစုက ကြည်သာတော်မမူဘူးလို့ ဘယ်လိုလူများက တင်လျှောက်ထားပါသလဲ။ စုစု နှုတ်တော်ကလည်း ဘယ်သို့မျှ ပြောတော်မူရသေးခြင်းမရှိပါလား မောင်မောင်ဖုရားရဲ့"
ရှက်အားနွဲ့သံနှင့် ထပ်မံလျှောက်တင်ပြန်သောကြောင့် သီပေါမင်းသားလည်း အားတက်တော်မူ ခြင်းကြီးမက အားရနှစ်သိမ့်တော်မူမိကာ…..
"သြော်…သည့်နှယ်ဖြင့် ယခုလို မောင်မောင်ကြွလာသည်ကို စုစုကြည်သာတော်မူသည်ဆိုတာ မောင်မောင် ယုံကြည်ပါရစေတော့"
တစ်ကျော့ပြန်၍ မိန့်တော်မူလိုက်သောအခါမှ…
"မှန်လှပါတော့သည်။ မောင်မောင် ယုံကြည်တော်မူသည့်အတိုင်းပါ"
ဖြေတော်မူသည်တွင် တိုး၍ ယုယချစ်ကြင်နာစိတ်ဝင်တော်မူသော အထိမ်းအမှတ်ဖြင့် စုဖုရား၏ ပခုံးကလေးကို သိမ်းကျုံးပိုက်ပွေ့တော်မူပြီး…
"သြော်…ချစ်ခင်မြတ်နိုးတော်မူကြသည့်အလျောက် ယခုလို နှစ်ပါးတွေ့ပြီး စုစုရဲ့ ရွှေမျက်နှာတော် ကလေး စေ့စေ့ရှုစားလို့သာ နေတော်မူရမယ်ဆိုလျှင် မောင်မောင်ဖြင့် ပွဲတော်စာမသုံးဘဲ လုံးလုံး သား အာဟာရသိဒ္ဓိ ပြည့်နေလိမ့်မယ်လို့ ထင်တော်မူမိပါတယ် စုစုရယ်၊ ဘ၀သံသရာက သင်းကျစ် အက္ခရာ စာထူးတော်ပါခဲ့သူ မှန်ကြ၍လားမသိ၊ စုစုကို ချစ်မြတ်နိုးတော်မူမိသည့်နေ့ကစပြီး မောင် မောင့်ရွှေနှလုံး တော်အတွင်းမှာ တစ်နေ့တခြားသော အချစ်ရည်ပြည့်လျှမ်း၍ အချစ်ပန်း ပွင့်တော်မူ လျက် ရှိပါတော့တယ်။ မောင်မောင်က သည်မျှ ဖြစ်တော်မူနေပါလျှင် စုစုတွင်လည်း 'တစ်ဦးမေတ္တာ တစ်ဦးမှာ မေတ္တာတစ်ဆင့် ချစ်ပန်းပွင့်'ဆိုသလို မေတ္တာဓာတ်ယှက်ကူးပြီး အချစ်ထူးချစ်တော်မူလိမ့် မလားလို့ အများကြီး ကိုးစားလျက် ရှိခဲ့ပါတယ်။ မောင်မောင်ဖြင့်လျှင် စုစုကို ဘယ်အခါ ဘယ်တစ် နေ့မျှ မေ့တော်မူ ခဲ့သည်မရှိဘဲ အမြဲပင် အစွဲအလမ်းကြီးလျက် စက်ပျော်တော်မူနေသည့် အချိန် အတော အတွင်းကလေး မှာပင် မောင်မောင်၏သက်ဝိညာဉ် ရွှေလိပ်ပြာကလေးဟာ စုစုထံတော်ပါး သို့သွား၍ ခစားနေတယ်ဟု ထင်တော်မူ ရပါသည် စုစုရယ်"
မိန့်တော်မူသောအခါ စုဖုရားမှာလည်း ချစ်အားက သွေးဆောင်တော်မူနေဆဲဖြစ်၍ အနည်းငယ် ရဲရင့်တော်မူလာကာ…
"မိန့်တော်မူသည်ကို ကြားရ၍ အလွန်တရာမှ အားရ၀မ်းမြောက်တော်မူမိပါတယ်။ ဒီက စုစုရဲ့ စိတ် ထားတော်ကိုဖြင့် အထူးထုတ်ဖော် လျှောက်တင်နေစရာ လိုတော့မည်မထင်ကြောင်းပါ။ စုစု မောင် မောင့်ထံတော်သို့ ပို့ဆက်ထားပြီးသော ရွှေလွှာတော်များတွင် စုစုသဘောတော်ကို ဖော်ပြပါရှိပြီး ဖြစ်ပါတယ်။ ယခုကဲ့သို့ မျက်နှာစုံညီ တွေ့ဆုံတော်မူရသောအခါမှာ စုစုလျှောက်တင်လိုတာက တော့ မောင်မောင့် ရွှေမေတ္တာတော်ကို စုစုယုံကြည်တော်မူပြီးသည့်အလျောက် နောက်နောင်ကို လည်း မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ရွှေမေတ္တာတော်ကို စုစု ယုံကြည်တော်မူပြီးသည့် အလျောက် နောက်နောင် ကိုလည်း မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ရွှေမေတ္တာတော်ကို ကြံ့ကြံ့ခိုင်ခိုင်ထား၍ သစ္စာတော် များ စောင့်သုံးတော်မူပါလို့သာ လျှောက်တင်စရာ ရှိပါတော့ တယ်။ မင်းညီမင်းသားတို့ မည်သည်မှာ အထိန်းအရ မောင်းမမိဿံ ခြွေရံအများနှင့် မင်းစည်းစိမ် ခံစားတော်မူကြရသူများ ဖြစ်ကြသည့် အလျောက် နောင်ခါ စုစုကို မေ့မေ့ပျောက်ပျောက် နေတော်မူ မှာကိုသာ အရေးတကြီး စိုးရိမ်တော် မူ၍ နေရပါတော့တယ် မောင်မောင်ရဲ့"
မဖွဲ့မနွဲ့ တည့်တည့်နှင့် ရိုးရိုး ခပ်တိုးတိုး လျှောက်တင်လေလျှင်…
သီပေါမင်းသားမှာ ခွန်းမိန့်သံ သဲ့သဲ့နှင့် မနွဲ့တနွဲ့ ညင်းလေးသွေးတော်မူရှာသော စုဖုရားလတ် အား ချစ်ကြင်နာတော်မူလှသော စိတ်ထားကြောင့် မျက်လုံးတော် စိမ်းလဲ့လဲ့နှင့် ရှုစားတော်မူာမှ။
"ယုံတော်မူပါတော့ စုစုရယ်။ သည်က၊ မောင်မောင့်အတွက်ဖြင့် ဒီဘ၀ တစ်သက်သာမက ကပ် ကမ္ဘာ ကြေပြွန်း၍ သံသရာဆုံးစေတော့ နန်းလုံး ဒါရှုလှ မဉ္ဇူကိုဖြင့် တစ်မူသွေဖည် သစ္စာတော်ပြယ် မယ်လို့ တွေးထင်တော်မှုဖွယ် မလိုပါ။
မောင်မောင်ရဲ့ သည်တစ်သက်မှာလည်း စုစုတစ်ပါးတည်း သာ ပထမအကြိမ်မြောက် ရွှေမေတ္တာတော်စူးစိုက်ပြီး ထိထိခိုက်ခိုက် စွဲလမ်းချစ်ခင်တော်မူခဲ့မိပြီး ဖြစ်တဲ့အတွက် စုစုတစ်ပါးက လွဲလို့ဖြင့် မိုးနတ်သူပင် ဖြစ်သော်လည်း မောင်မောင့်အချစ်ကို ဝေခွဲ ဖြန့်ဖြူတော်မူလိုက်သည့် စကားထဲမှာ မင်းညီမင်းသားတို့မည်သည် ကိုယ်လုပ်တော် မောင်းမ မိဿံ ခြွေရံအများနှင့် စံစားရသူများ ဖြစ်၍ အသစ်တွေ့လျှင် အဟောင်းကိုမေ့ချင်တဲ့ ၀သီဓလေ့နှင့် အညှီတွေ့တိုင်း အာရုံများတဲ့ ကာမဂုဏ် သမားကြီးသက်သက်လိုလို စွဲချက်တင်တော်မူလိုက်ခြင်း မှာလင်း ဒီက မောင်မောင့်အတွက်ဖြင့် တက်တက်စင် အောင် လွဲတော်မူသွားပါပြီ။
မောင်မောင်ဟာ သူတကာ့ မင်းညီမင်းသားများလို မဟုတ်ဘဲ ရိုးရိုးကုပ်ကုပ်ကလေး ခပ်အေးအေး နေတော်မူတတ် သည်ဆိုတာလည်း စုစု သိတော်မူပါလိမ့်မယ်။ မောင်မောင်စံမြန်းတဲ့ စံအိမ်တော် ဆောင်ခန်းမှာ အခြားသော မင်းညီမင်းသားများလို ကိုယ်လုပ်မောင်းမဆိုလို့လည်း ဆေးတော် ၀ါးဖက် လို၍မျှ တစ်ဦးတစ်လေ ရှာလို့ရမည် မဟုတ်ပါ။ မောင်မောင့်စံအိမ်တော်မှာ လက်သုံးတော် ကြီး လက်သုံးတော် ကလေး စတဲ့ လူပျိုတော်သာ ယောက်ျားများနှင့်သာ အမြဲစံနေတော်မူပါသည် စုစုရယ်။ လူဝတ်လဲ ၍ စံအိမ်တော်သီးခြားခွဲပြီး နေထိုင်တော်မူသည်မှာလည်း မကြာလှသေးတဲ့အတွက် ဒီအရေး ဒီကိစ္စ ဘက်မှာဖြင့် စုစု အပြစ်တင်တော်မူစရာ တစ်ချက်မျှ မရှိသေးကြောင်း မောင်မောင်ကိုယ်တိုင် ကောင်းကောင်း ကြီး အာမခံတော်မူရဲပါတယ် စုစုရဲ့"
တကယ့်ဇော တကယ့်စေတနာနှင့် ရိုးရိုးကြီး မိန့်တော်မူရှာလျှင် စုဖုရားလတ်မှာ ရိုးသားတည် ကြည့်တော် မူသော အမူအရာဖြင့် အထင်လွဲမှားမည် စိုးရှာသလောက် စိတ်တွင်းက ခပ်ပြုံးပြုံးနှင့် မျက်လုံး လှန်၍ တစ်ချက်ရှုစားတော်မူလိုက်မိကာ။
"ယခုလောလောဆယ် မောင်မောင့်ရဲ့ အနေအထိုင်ကို တွေး၍ စုစုက အရေးဆိုတော်မူခြင်းမဟုတ် ပါ။ နောင်ခါ နောင်ရေးအတွက် စိတ်အေးတော်မမူနိုင်၍ သတိပေးရခြင်း ဖြစ်ပါတယ် မောင်မောင်"
"နောင်ရေးအတွက်တော့ စိတ်လက်ချချ စံနေတော်မူပါ စုစုရယ်။ နန်းကမ္ဗုဖွား၊ ဟောဒီ မောင်မောင် ချစ်တဲ့ ထိပ်စုများကို သက်ဆုံးတိုင် ရွယ်ကိုးလို့ ရိုးမြေကျ မေတ္တာစွဲပြီး သစ္စာမြဲတော်မူမယ့် မောင် မောင်ပါ။ သံသရာ ရှည်သရွေ့မှာလည်း သည်မေ့ကို မောင်မခွဲဘဲ ဘ၀ဆက်တိုင်း အချစ်အောင်ပွဲ ကြီးခံ၍ တူစုံ မောင်နှံ ပြည်နိဗ္ဗူသောင်ယံကို ချစ်အောင်သံကြွေးကြော်ပြီး ပျော်ပျော်ကြီးလှမ်းလို့ ကျွတ်တမ်းအတူ ၀င်တော်မူ တော့မယ်လို့ မောင်မောင့်စိတ်မှာ ရွယ်ကိုးမိ၍ အချစ်မျိုးစေ့ကို စိုက်ပျိုး တော်မူခဲ့တဲ့ စိတ်ရင်း ရှိခဲ့ပြီးပါ။ ယခုလို နှစ်ပါးတွေ့ပြီး တေ့တေ့ဆိုင်ဆိုင် လင်းလိုက်ရတဲ့အတွက် လည်း မောင်မောင်ရင်တွင်းမှာ အေးတော်မူသွားတယ်လို့ ထင်ပါတယ်။
ယခု မောင်မောင်ပြော သည်ကို စုစုက မယုံမကြည် ရှိတော်မူပါသေးလျှင် ရွှေနန်းတော်ရှေ့တစ်ခွင်က စွယ်တော်စဉ် မြတ်စွာဘုရားရှေ့တော်မှာဖြစ်စေ၊ မဟာမုနိ ရုပ်ပွားတော်ကြီးရှေ့တော်မှာ ဖြစ်စေ၊ စစ်ကိုင်းဘက် ဌာနက ပုညရှင် စေတီတော်ရင်ပြင်မှာဖြစ်စေ၊ စုစုသစ္စာပေးတော်မူလိုရာ တန်ခိုးကြီး ရုပ်ပွားတော် တစ်ဆူဆူ၏ ရှေ့တော်တွင် သစ္စာပန်းဆင်တော်မူရန် အသင့်ဖြစ်ပါတယ်၊ စုစု နှစ်သက်တော် မူလိုရာ ဌာနကိုသာ အမိန့်ချတော်မူပါတော့"
"စုစုက မောင်မောင့်ရွှေမေတ္တာတော်ကို ယုံကြည်စိတ်ချတော်မမူလို့လည်း မဟုတ်ပါ။ သို့ရာတွင် မေတ္တာရည်တူ ချစ်ကြည်ဖြူသူတို့ရဲ့ ဓမ္မတာအတိုင်း သည်လိုအရေးမှာ ဘယ်သူမှ စိတ်မအေးကြရ တဲ့အလျောက် စုစုမှာလည်း ပုထုဇဉ်လူသားမို့ အများရဲ့ဓမ္မတာကို မလွန်ဆန်နိုင်သူ ဖြစ်ပါတယ်။ မောင်မောင်မှာ ပိဋကတ်စာပေ နှံ့စပ်ကျွမ်းကျင်တော်မူလှသူဖြစ်၍ နိုင်ငံတော်တစ်ခွင်မှာ ထင်ထင် ရှားရှား ကျော်ကြားတော်မူနေပြီး ခမည်းတော်ဖုရားကလည်း အထူးသဖြင့် မြှောက်စားသူကောင်းပြု တော်မူထားစ အရွယ်သင့် ရုပ်လှ သဘောသကာရကလည်း ကောင်းတော်မူတော့ ချစ်ခင်ကြင်နာ သဒ္ဓါလိုသူ ဖြူဖြူရွရွ မင်းမဒတွေကလည်း အနုတက္ကမ ပေါများပြီး 'ဘူးသီး သီးမှ အရီးတော်ချင်'ကြ တဲ့ မမနန်းသူ ကြေးအိုး သူတွေရဲ့ စပ်ကြားမှာ နောင်ခါတော့ မဟားတရားနဲ့ ပါတော်မူသွားမယ့် အရေးကိုတွေးပြီး စိုးရိမ်တော်မမူဘဲ မနေနိုင်အောင် ရှိတော့တယ်"
မင်းသားမှာ ပြုံးရယ် နားထောင်တော်မူရာမှ စုဖုရား၏ စိန်ဇာရံ မြရတနာ လက်ဝတ်တော်ကြီး ဆင်တော်မူထားရာ လက်ယာဘက် လက်တော်ကလေးကို ဖေးဖေးမမနှင့် အသာတရကိုင်ယူ ရှုစား တော်မူကာ။
"စုစုရယ် စကားတတ်တော် မူရှာလေတယ်၊ စုစုကလွဲလို့ မမနန်းသူ ကြေးအိုးထူတွေ မဆိုထားနှင့် ဘုံကြိုး ပြတ်တဲ့ နတ်သမီးဖြစ်ကလည်း၊ မောင်မောင့်စိတ်တော်မှာ နည်းနည်းမှ ကြည်ဖြူတိမ်းညွှတ် တော် မမူပါဘူး ဆိုတာ သစ္စာနှောင်ကြိုးကြီးတည်း၍ ထားတော်မူပါတော့ စုစုရယ်၊ ယုံလွယ်တော်မမူ ချင်တဲ့ စိတ်ကလေးကို ဝေးရာသို့ ပို့တော်မူလိုက်ပါဘိ"
မိန့်တော်မူလျှင် စုဖုရားလတ်သည် မိမိလက်တော်ကို မသိမသာ ပြန်လည်ရုပ်သိမ်းတော်မူပြီး ရှေး ကထက်လည်း အနည်းငယ် ရဲရင့်တော်မူလာသောကြောင့် နဂိုဝါသနာအတိုင်း ကလေးဆိုးကြီးလို နွဲ့အားကိုးနှင့် ဆင်တော်မူထားသော ပုဆိုးခါးပုံစကို သိမ်းတော်မူရင်း…
"စုစုက သူများမင်းသမီးတွေလို ပျော့ပျော့ပျောင်းပျောင်း ယဉ်ယဉ်ကျေးကျေးနှင့် ထီးသွေးနန်းဟန် ဖက်ပြီး လက်သန်းများချီ၍လည်း မလျှောက်တင်တတ်ပါ။ ပိယ၀ါစာ သာယာချေငံတဲ့စကားနှင့် နွဲ့ နွဲ့လျလျ ပြစ်ပြစ်ချွဲချွဲလည်း မမှုတတ်ပါ။ ရှက်သလိုလို ဟန်ပန်နှင့် ချစ်လျက် မချစ်ဟန်ဆောင်၍ ပြောင်ပြောင် ပလီလို့လည်း မနေတတ်ပါ။ ဟို…ဟံသာဝတီအောက်ရပ်ဆီက မွန်တလိုင်း မင်းသမီး ကလေးများလို စိတ်တော်ထဲမှာ ရှိသမျှတော့ တိတိကျကျ ဟောဟောဒိုင်းဒိုင်းနဲ့ မှန်တဲ့အတိုင်းသာ မိန့်တော်မူ တတ်ပါတယ်။ အဲဒီ စုစုရဲ့ဝါသနာကိုဖြင့် ခမည်းတော်ဘုရားနှင့် မယ်တော်ဖျားတို့ တောင်မှ ပြုပြင်လို့ ရတော်မမူပါဘူး၊ မယ်မယ်များနှင့် စုစု စကားပြောတော်မူရတိုင်းလည်း စုစုရဲ့ ၀ါသနာက မဟုတ်တာ ဆိုလျှင် အသာငြိမ်၍ နားမထောင်တတ်တဲ့အတိုင်း ဖျတ်ခနဲ, ဖျတ်ခနဲ ၀င်ပြီး မေးမြန်း လျှောက်တင် မိတဲ့အတွက်နဲ့ မကြာခဏ ဆိုသလို သတိပေး ဆုံးမခံတော်မူခဲ့ရလှပါပြီ။ ဒီ တော့ စုစု စကား အတင်အလျှောက် လွဲမှားသွားလျှင်လည်း ရှင်းရှင်းလင်းလင်းနှင့် ဘွင်းဘွင်းပဲ တင် လျှောက်ပါရစေ"
"အို…ယခုလို တွေ့ဆုံတော်မူခွင့်ရှိတဲ့ အခါကလေးမှာ စုစု တင်ချင်တာတင်၊ လျှောက်ချင်တာ လျှောက်ပါ၊ မောင်မောင်ကိုများ ကြောက်ရမယ်ံ-အားနာရမယ့် လူရယ်လို့ တွေးထင်တော်မမူပါနဲ့ စုစုရယ်။ စုစုဟာ မောင်မောင်ရဲ့ ချစ်စုမို့ ဘယ်အခါမှ အပြစ်ရှုတော်မူဖို့ စိတ်ရှိတော်မမူပါဘူး။ ကဲ... ကဲ ဘာတွေများ မေးမြန်းစုံစမ်းတော်မူချင်ပါသလဲ၊ မိန့်တော်မူစမ်းပါဦးတော့ဗျာ"
"ထီးငွေ့မဆန် နန်းသံမနှောဘဲ အရပ်စကားနှင့် ပြတ်ပြတ်သားသား လျှောက်တင်ရမှာဖြင့် 'မောင် မောင်ဟာ စုစုကို အမှန်အစစ် ချစ်မြတ်နိုးတော်မူရိုး မှန်ပါရဲ့လား"
"အိုး…မိုးကြိုး ကျားသား"ဘယ့်နှယ်စကားတွေကို အသစ်လုပ်၍ မိန့်တော်မူနေရသတုံး စုစုရယ်။ အဏ္ဏ၀ါပြင်ကျယ် ပင်လယ်သမုဒ္ဒရာမက သောင်းစကြ၀ဠာကြီးသောမျှ မဆုံနိုင်အောင် ခံ့ခိုင်ကြီး ကျယ်လှတဲ့ မောင်မောင့်ချစ်မေတ္တာကြီးကို ဘယ်နည်းနဲ့ စုစုမျက်မြင်ဖြစ်အောင် ပြရပါမလဲ၊ မျက်စိ တစ်ထောင် အမြင်ဆောင်တဲ့ အမောင်ဗြဟ္မာကြီးများကို စုစုထံတော်ပါး အရောက်ခေါ်၍ မြင်တော်မူ သာအောင် ပြစေရလျှင်လည်း အကောင်းသားနော်"
"ဗြဟ္မာနှင့် သိကြားကိုလည်း သွားဒုက္ခပေးတော်မမူပါနှင့်၊ စုစု သိခွင့် သိထိုက်သလောက် စိတ်ကူး နှင့် အတိမ်အနက် ထောက်ကြည့်နိုင်သမျှ ကလေးမှာဖြင့် မောင်မောင့်ချစ်မေတ္တာဟာ သာမည မေတ္တာမျိုး မဟုတ်တန်ရာဘူးရယ်လို့ အကဲဖြတ်တော်မူမိပါတယ်။ ဒီကဲ့သို့ မောင်မောင့်ချစ်မေတ္တာ တော်ကို စုစုက အကဲဖြတ်မိသလို မောင်မောင်ကလည်း စုစုရဲ့မေတ္တာပေါ်မှာ အကဲများ ဖြတ်တော် မူမိပါသေးသလား"
"သြော်…စုစု ချစ်မေတ္တာကို မောင်မောင်က အကဲဖြတ်တော်မူမိရဲ့လားလို့ မေးတော်မူတယ်ဆိုပါ တော့၊ ယခုလို မောင်မောင်နှင့် ရွှေလွှာတော်ကမ်းပြီး အချစ်လမ်းဖွင့်တော်မူထားရာမှ ယနေ့အချိန် ယခုအခါ နာရီအထိ စုစုရဲ့ ရွှေမျက်နှာတော်ကို မြင်တော်မူရပြီး ခွန်းတုံ့ပြန်ကြား စကားနှီးနှော တော်မူသည်မှာလည်း ကြည်သာတော်မူလျက်မို့ မောင်မောင့်ကဲ့သို့ပင် ကြင်နာနှစ်သက် ချစ်ဖက်ညီတော်မူရှာသည်ဟု အကဲဖြတ်တော်မူမိပါသည် စုစုရဲ့"
"မှန်ပါသည်။ စုစုရဲ့ မေတ္တာတော်ကလည်း မောင်မောင်ကဲ့သို့ပင် ကြီးကျယ်ခိုင်မာလှတယ်ဆိုတာ နှိုင်းယှဉ်စာနာတော်မူပြီး မောင်မောင့် ချစ်မေတ္တာအလေးချိန်နှင့် စုစုရဲ့ ချစ်မေတ္တာအလေးချိန်များ ဟာ ရာသက်ပန် အမြဲထာဝစဉ် ဆတူညီမျှ ချိန်ခွင်လျှာပြ၍ နေစေချင်ပါသည်၊ မင်းညီမင်းသားတို့ စရိုက်နှင့် နှစ်ခြိုက်တော်မူစရာ တွေ့တော်မူလျှင် စုစုတစ်ဦးတည် ပိုင်ဆိုင်တဲ့ မောင်မောင့် ချစ် မေတ္တာထဲမှ ဝေခွဲဖြန့်ဖြူး၍ သူတစ်ထူးကို ဝေငှတော်မူမှာကို အလွန်တရာ နှမြောတွန့်တိုတော်မူမိ ပါလိမ့်မယ်။ စုစုကို ပေးထားတဲ့ ချစ်မေတ္တာအရှိန်က အလေးချိန် နည်းနည်းမှ လျှော့ပေါ့သွားမှာကို မခံနိုင်ပါ။ ဆင်းရဲသားပြောနှင့် ခပ်ရှင်းရှင်း အတိအလင်း ပြောမည်ဆိုပါလျှင် စုစုက မောင်မောင် တစ်ပါးတည်းကို အင်ကြီးအားကြီးနှင့် နှစ်နှစ်ကာကာ ချစ်သဒ္ဓါတော်မူသလို မောင်မောင်ကလည်း စုစုတစ်ပါးတည်းကိုသာ စွဲစွဲမြဲမြဲနှင့် အားခဲ၍ သီးသန့်တစ်ပါးတည်းချစ်တော်မူစေလိုတာပါပဲ မောင် မောင်ရဲ့"
(ြ့ပုံးရယ်တော်မူကာ) "ချစ်လုံးလုံး မုန်းလားလားဆိုတဲ့ စကားလို စုစုကို ချစ်မြတ်နိုးတော်မူသည့်နေ့ ကစပြီး ဘယ်မင်းသမီး၊ ဘယ်ကိုယ်လုပ်တော်ကိုမျှ မောင်မောင် စိတ်တော်ကူး၍ မကြည့်ခဲ့ဖူးပါ။ စုစု နှင့် မောင်မောင် နွဲ့နှောင်ကြတဲ့ မေတ္တာတော်အလျောက် စုလျားရစ်ရုံ ရွှေဖူးစာ လှုံတော်မူကြတဲ့ နောက်လည်း 'ဧကောဓမ္မော'ဆိုတဲ့ စကားကိုအားကျပြီး စုစုမှတစ်ပါး အချစ်စိတ် ၀င်စားစရာဆို၍ ယုတ်စွအဆုံး ကိုယ်လုပ်မောင်းမကလေးများသော်မှ ထားတော်မမူတော့ပါဘူး။ ယုံကြည်တော်မူပါ စုစုရဲ့"
"ယခုအနေမှာဖြင့် မောင်မောင့်အမိန့်တော်စကားကို အားထား၍ များများကြီး ယုံကြည်တော်မူ လိုက်ချင်လှပါတော့တယ်။ အကယ်၍သာ နောင်အခါ အပြောနှင့်အဟော သဘောတစ်မျိုးစီ ဖြစ် တော်မူမယ် ဆိုလျှင် စုစုရဲ့ စိတ်တော်ကလည်း မဟုတ်လျှင် ခံတော်မူတတ်တာ မဟုတ်ပါ၊ မောင် မောင့်စိတ်တော်ကို မောင်မောင် တကယ်ပင် နိုင်တော်မူလို့ ယခုလိုကတိခံတော်မူခြင်းပါလား"
"မောင်မောင့် စကားကို ယုံစားတော်မူပါတော့ စုစုရယ်"
"ယုံပါဆိုတဲ့အတိုင်း၊ မောင်မောင့်ကို ယုံစရာတော့ ကောင်းလှပါပြီ။ သို့ရာတွင် မောင်မောင့်နောင် တော်များ၊ ဘထွေးတော်များက ရှေ့သွားလမ်းကြောင်း ပေးတော်မူထားကြလေတော့ မောင်မောင့် အပေါ် မှာလည်း မတော်တဆ 'ဒီပုတ်ထဲက ဒီပဲမျိုးများ' ထွက်တော်မူလာပါလျှင် စုစုမှာ အရီးတော် လှိုင်ထိပ်ခေါင်တင် ဖုရားတို့လို တမဲ့မဲ့နှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ဆွေးပြီး ပုရပိုက်ကလေး အသာလှန် ကံ့ကူဆံ ကလေး မနိုင့်တနိုင် သယ်ပြီး မယ်ဘွဲ့တွေ၊ မောင်ဘွဲ့တွေ 'စိန်ခြူးကြာညောင်'ဆိုတဲ့ မျှော်တော် ယောင် ဘောလယ်တို့၊ 'နာဂဆဒ္ဒန်'ဆိုတဲ့ အမျက်ဖြေဘောလယ်တို့ကိုရေးပြီး တဆွေးဆွေး, တ မြည့်မြည့်နဲ့ ဒုက္ခခံ နေရတဲ့ ဘ၀မျိုးများတော့ လားလားမှ အရောက်မခံနိုင်ဘူး မောင်မောင်ရဲ့၊ 'ကတိမတည်'ဆိုစကားနှင့် လွဲမှားပြီဆိုတဲ့ တစ်နေ့မှာ စုစုရဲ့စိတ်တော်ကလည်း ခပ်ထန်ထန်မို့ ခေါင်းငုံ့၍ ခံမည့်သတ္တိ အပျော့စားမျိုးမဟုတ်ဘဲ ရွှေထဘီကို စွန်တောင်ဆွဲပြီး တစ်ခါတည်း….."
မိန့်တော်မူရင်း စိတ်ဝင်စားကာ ဒေါသသံကလေး အနည်းငယ် ပါလာသည်တွင် ကပျာကယာ သဘိထား လျက် ရှက်ရွံ့တော်မူဟန်ဖြင့်…
"ဟာ…..တန်ပါပြီ၊ ဆက်၍ပြောတော် မမှုချင်တော့ပါဘူး။ နောင်ခါ အရီးတော်အိမ်ရှေ့ထိပ်ထား ဖုရားလို စုစုများ ဖြစ်တော်မမူပါစေနှင့်လို့သာ ဆုတောင်းမိပါသည်"
(ပြုံးရယ်တော်မူကာ) "ဟိုဟာက ဘထွေးတော် အိမ်ရှေ့ကိုယ်တော်ကြီးပါ စုစုရဲ့။ ဒီက မောင်မောင် က သီပေါမောင်မောင်ပါ။ လောကီရေးရာမှာ ဘထွေးတော်ဖုရားရဲ့ ခြေတော်ကို မနင်းနိုင်တဲ့ မင်း သားရိုး မင်းသားဖျင်းကလေးတစ်ပါးလို့ မှတ်ထင်တော်မူထားပါ။ ဒီဆွေတော် ဒီမျိုးတော် ဒီသွေး တော် ဒီသားတော် ထဲကဖြစ်၍ 'ဒီပုတ်ထဲက ဒီပဲပင်ထွက်မည် ထင်တော်မမူလိုက်ပါနှင့်။ ဒီတစ်ပုတ် တည်းက ထွက်သည့်ပဲ ပင်ဖြစ်သော်လည်း မောင်မောင်တစ်ပါးတည်း 'စုန်းပြူးတဲ့' ပဲစေ့ကလေး တစ်ခုလို့ စုစုစိတ်တော်မှာ မှတ်စွဲပြီး တစ်သမတ်တည်း စိတ်ဝမ်းချချ စံတော်မူပါတော့။
စုစုနှင့် မောင်မောင်မှာ သူတစ်ပါးကဲ့သို့ ခမည်းတော်ဖုရားက စုလျားရစ်ပတ် လက်ထပ်ပေးတော်မူမှသာ တစ်ဦးနှင့်တစ်ဦး ကြင်နာချစ်ခင် မေတ္တာရည်ဝင်ကြမည့်သူများ မဟုတ်ကြပါဘူး။ ပထမရှေးဦးက ထူးထူးခြားခြား သမ္မာဒေ၀နှင့် သတ္တဘာဂနတ်များ နှိုးဆော်ချက်ဖြင့် မျက်လုံးတော်ချင်း ဆုံဆည်းမိ ကြတဲ့ တစ်ခဏအချိန်ကစပြီး အချစ်ကြီးချစ်တော်မူလာကြရသူများပါကလားလို့လည်း စဉ်းစား တော်မူလိုက်စမ်းပါ။ ဧကရာဇ်နန်းဖွားမောင်တော်၊ နှမတော်၊ သွေးတော်၊ သားတော်ချင်းလည်း ဖြစ် ကြတဲ့အတွက် ချစ်ခင်ကြင်နာတော်မူကြသည့်ဘက်မှာဖြင့် ပိုပိုသာသာကြီး ရာဇူချိန်လျှာ ထွက် လျက်ရှိပါတယ်။ ဘယ်ဘက်က လှည့်တွေးတွေး မောင်မောင်နှင့် စုစုတို့ နောင်ရေးကိုဖြင့် စိတ် အေးတော်မူ စရာဘက်ကသာ များပါတယ် စုစုရယ်"
"မောင်မောင် မိန့်တော်မူချက်များကိုလည်း စုစုကလွဲမှားတယ်လို့ မလျှောက်တင်လိုပါ။ သို့ရာ တွင် သွေးတော်ချင်း၊ သားတော်ချင်းထဲမှာပင် သူစိမ်းပြင်ပြင်ထက် အင်မတန် စိမ်းကားရက်စက် တော်မူတတ်ကြတဲ့သူတွေ သက်သေထင်ရှား ရှိနေကြသည်များကိုလည်း မောင်မောင်သတိထား တော်မူမိပါသေးသလား"
"သြော်…နောင်တော် မက္ခရာကိုယ်တော်ကြီးကို ရည်ရွယ်၍ မိန့်တော်မူခြင်းပါလား စုစုရဲ့"
"မှန်ပါတော့သည်၊ မက္ခရာကိုယ်တော်ကြီးဟာ ခမည်းတော်ဘုရားက မောင်တော် နှမတော်ချင်းချင်း ရေသွန်း နှင်းအပ် လက်ထပ်ထိမ်းမြားပေးတော်မူထားသည်ကိုပင် ချစ်ခင်ကြင်နာ ညှာတာထောက် ထားတော်မူလိုတဲ့ စိတ်ဆို၍ တစ်ဆိတ်ကလေးမျှ ရှိတော်မမူဘဲ ကြင်ရာတော်ကို အမြဲ ပစ်ပယ် တော်မူ ထားပြီး သူ့ကိုယ်လုပ်တော်ကြီးများနှင့်သာ ပျော်ပျော်ပါးပါး ခံစားတော်မူနေပါကလား မောင် မောင်ရယ်။ တကယ်ဆိုလျှင် ကိုယ်လုပ်တော်ဆိုတဲ့ဟာတွေက ဘာမျှ သွေးသားစပ်နွယ်ကြသည် မဟုတ်ပါ။
ကြင်ရာတော်ခမျာမှာ နှမတော်ဝမ်းကွဲလည်းဖြစ်ပါတယ်၊ ခမည်းတော်ကိုယ်တော်တိုင် ထိမ်းမြားပေးတော်မူထားသည့် မျက်နှာကိုမှ မထောက်မထား ရက်ရက်စက်စက်ကြီး လျစ်လျူရှု တော် မူနေထိုက်ပါရဲ့လား။ ကြင်ရာတော်အဖြစ်နှင့် ချစ်တော်မမူနိုင်သည်ထားဦး၊ နှမတော်ကလေး အဖြစ်နှင့် သနားချစ် ကလေးလောက်တော့ ချစ်ခင်ပြီး ကြင်နာယုယတော် မူထိုက်ပါသေးကလား မောင်မောင်ရဲ့။ အဲသည်မျှ ရက်စက်စိမ်းကားတဲ့ မင်းသားကြီးဟာ မယ်တော်ချင်းသာကွဲ၍ ခမည်း တော် တစ်ပါးတည်း ဆင်းသက်တော် မူခဲ့တဲ့ နောင်တော်ကြီးပဲ မဟုတ်လား"
"အို…မက္ခရာနောင်တော်ကြီးက သူ့ကြင်ရာတော် မင်းသမီးကို စိမ်းကားတော်မူတာနှင့် မောင် မောင်မှာ စပ်ကြားက ရာဇ၀တ်သင့်ရတော့မလို ဖြစ်နေပါပြီ စုစုရယ်။ တစ်မိဝမ်းတွင်း အတူဆင်းကြ သူများမှာပင် အဖြူနှင့်အမည်းကဲ့သို့ စိတ်ထားချင်း အကွဲကြီးကွဲနေကြပါသေးတယ်။ နောင်တော် ကြီးစိတ်နှင့်နှိုင်းပြီး မောင်မောင့်ကို ရိုင်းတော်မူမယ့်လူလို့ စုစုကတွေးပြီး ပူနေပြန်ပါသလား။ ကဲ… ကဲ မောင်မောင် ပြောစမ်းပါဦးမယ်"
"အဲသည် မင်းသားကြီးဟာ မောင်မောင်တစ်ဦးတည်းနှင့်သာ ညီတော် နောင်တော်စပ်တော်ကြပါ သလား။ ဒီက စုထားနှင့်ကော၊ မယ်တော်သာကွဲ၍ ခမည်းတော်တစ်ပါးတည်း ဆင်းသက်တော်မူ လာကြသည့် မောင်တော်, နှမတော်များ မဟုတ်ပါလား။ နောက်တစ်ချက်လည်း စဉ်းစားတော်မူစမ်း ပါ။ စုစုက နောင်တော်ကြီး ဆိုးဝါးရက်စက်တော်မူသည်လို့သာ တစ်ဖက်သတ်အပြစ်တင်တော်မူ နေတော့တယ်။ နောင်တော်ကြီးမှာ 'သည်းနစ်ခမန်း ချစ်ငယ်ကျွမ်း'မှန်တဲ့ကိုယ်လုပ်တော်ကြီးများနှင့် မြတ်နိုးကြည်ဖြူစွာ စံတော်မူ နေမည့်ဆဲဆဲမှာ ခမည်းတော်ဘုရားက နှမတော်နှင့် ခေါ်ယူလက်ထပ် ပေးတော်မူခြင်း ဖြစ်ပါတယ်။ တစ်ပါးနှင့် တစ်ပါးလည်း ချစ်ခင်စုံမက် မေတ္တာဆက်တော်မူခဲ့ဖူးကြ ခြင်း မရှိ။
ပကတိ အစိမ်းသက်သက်ကို လက်ထပ်ပေးတော်မူလိုက်တော့ နောင်တော်ကြီးမှာ သူ့ ကိုယ်လုပ်တော်တွေကို သနားလက်စ ချစ်လက်စနှင့် ငဲ့ရညှာရ ရှိတော်မူနေတဲ့အခိုက်မို့ နှမတော် ရဲ့အကြိုက် အလိုတော်လိုက်ပြီး ဂရုတစိုက် ယုယုယယ ပြုတော်မမူနိုင်ခင်မှာ ကြင်ရာတော်က ငါသည် ခမည်းတော်ဘုရားရဲ့သမီးတော်တစ်ပါးပဲဆိုပြီး မာနကလေးနှင့် ဘာကလေးနှင့်ဖြစ်ဖြစ်၊ မယ်တော် ခမည်းတော်များကို ရွှေနားတော် ပေါက်ကြားအောင် လုပ်လေတော့ နောင်တော်ကြီး သည် တမင် အရွဲ့တိုက်ပြီး နေတော်မူတာနှင့် တူပါတယ်။ တကယ်ဆိုတော့ နောင်တော်ကြီးမှာ အများ သင်ကြား သလောက် အပြစ်တော်မကြီးပါဘူး စုစုရယ်"
"ဒါဖြင့် စုစုကပင် နောင်တော်ကြီးကို မတရား အပြစ်တင်တော်မူသလိုလို ဖြစ်နေပါသလား။ ဒါများ တော့ မောင်မောင့် နောင်တော်ကြီးဘက်က သက်သက် ရှေ့နေတော်လိုက်တော်မူတာပါပဲ။ စုစုက လည်း မောင်မောင့် နောင်တော်ကြီးကို တစ်ဖက်သက် အပြစ်မဆိုလိုပါဘူး။ သို့ရာတွင် နောင်တော် ကြီးကို ပမာတင်ပြီးတော့ စုစုကို မောင်မောင်က မကြင်မနာ ပြုတော်မမူပါနှင့် ဆိုတာကို တောင်းပန် တော်မူလိုတဲ့ စိတ်ရင်းကြောင့် လမ်းခင်းလို့ လျှောက်တင်ရခြင်း ဖြစ်ပါတယ်"
(ပြုံးတော်မူပြီး စုဖုရား၏ ကျောကလေးကို ယုယကြင်နာစွာ သပ်တော်မူကာ)
"မောင်မောင့်အတွက်ဖြင့် စုစု တစ်သက်လုံး စိတ်အေးအေးနေတော်မူပါ။ သည်ယနေ့ကစပြီး မောင်မောင့် အသက်နှင့် ကိုယ်နှင့်မြဲသမျှ စုစု မကြိုက် မနှစ်သက်တာဆိုလျှင် ဘာကိုမျှ မောင်မောင့် သဘောနှင့် မောင်မောင် ပြုလုပ်တော်မမူပါဘူး။ သည်အရေးကို ဘယ်အခါမျှ စုစုတွေး၍ အပူ မအေး ဖြစ်နေတော် မမူရအောင် မောင်မောင် ယခုပင် သစ္စာဆိုပါမယ်ဗျ"
မိန့်တော်မူကာ ကျောက်သလွန်ပေါ်တွင် နှစ်ပါးယှဉ်၍ ထိုင်တော်မူရာမှ ရုတ်တရက် ဒူးပဆစ်တုတ် ခါ အရှေ့စွယ်တော်စင်ရှိရာသို့ လက်အုပ်ချီ ရည်ညွှန်းလျက် သစ္စာမိန့်ခွန်း ဆင်တော်မူမည်ဟု ငါးပါးသော ပဉ္ဇသီလကို စတင်ခံယူတော်မူနေသည့်အတွက် စုဖုရားလတ်မှာ ချစ်မျက်နှာနှင့် ပြုံး၍ ချစ်မျက်လုံးနှင့် ရှုစားတော်မူလျက် သီပေါမင်းသား ဆက်လက်သစ္စာမူမည်ကို ကြည်ဖြူနှစ်သက်စွာ နားစိုက်တော်မူလျက် ရှိလေ၏။
ရေကြည့်နန်း အဆောင်ကွယ်ကလေးတွင် တစ်ကိုယ်လုံး စုံးစုံးမြပ်အောင် ပုန်းရှောင်ထွက်ခွာခဲ့ပြီး နောက် မင်းနှစ်ပါးတို့ စကားဝှစ်ကြူ ကြည်ဖြူစွာ ရှိမရှိကို တစေ့တစောင်းမှ ချောင်းမြောင်းအကဲ ခတ်နေသော အထိန်းတော်ကြီး ခင်ဘွားသစ်မှာ မျက်နှာတဖြည်းဖြည်းလန်း၍ ၀မ်းမြောက်သော အသွင်ကိုဆောင်ကာ မိမိရည်ရွယ်မှန်းထားရာ အောင်မြေတွင် အောင်သေ အောင်သားစားရသော စစ်သူကြီးပမာ အားရ ပြုံးရွှင်စွာနှင့် မောင်မောင်တုတ်၊ မောင်မောင်ငယ်တို့အား သတင်းကောင်း ပြောကြားရန် ယုဇနရုံ ကလေးများကို ကွယ်ကာ အရေးတကြီး လိုက်၍ရှာလေတော့သည်။
ထိုအခိုက်တွင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့လည်း အရိပ်အာဝါသကောင်းလှသော တတိုင်းမွှေးရုံကြီး အရိပ်အောက်ရှိ ၀ါးစိမ်းကွပ်ပျစ်ကလေးပေါ်သို့ ရောက်မိကြသော အချိန်ကစ၍ တစ်ဖက်မှ လူသံကြား၍ အသာနားစွင့်ရင်း ပန်းရုံအောက်ခြေသို့ ငုံ့ကြည့်မိလိုက်သောအခါ အ၀ါ ကြိုးထဘီ ၀တ်ဆင်ထားသော မိန်းမသားနှစ်ဦး၏ ဒူးပိုင်းကို တွေ့မြင်ရသည်နှင့် တစ်ယောက်မျက် နှာ တစ်ယောက်ကြည့်ကာ အသာလက်ကုတ်ပြီး မလှုပ်ဝံ့အောင် ရှိနေကြလေ၏။ ထိုအတွင်း မောင် မောင်ငယ်က တီးတိုးလေသံနှင့်…
"မဟန်ဘူး ကိုရင်တုတ်ရေ၊ ကျုပ်တို့ ဒုက္ခများကုန်ကြလိမ့်မယ်။ ဒီဟာမတွေက ထိပ်စုဖုရား နောက် တော်က ပါလာကြတဲ့ အပျိုတော်တွေပဲထင်တယ်။ အပျိုတော်နှင့် လူပျိုတော်ဆိုတာ 'ချဉ်သီးနဲ့ ဆား'လိုမို့ ဥပဒေအထူးထုတ်ပြီး ချုပ်ချယ်ထားလို့ ကျုပ်တို့ ဒီနေရာက ရှောင်သွားကြမှ တော်မယ် ဗျ"
ဆိုလျှင် မောင်မောင်တုတ်လည်း တီးတိုးလေသံနှင့် မောင်မောင်ငယ်၏နားနားကပ်ကာ…
"အို…လာမိပေါ့ဟာ၊ ဘယ်နေရာ ရှောင်ထွက်နေရဦးမှာလဲ ကိုရင်ရ။ လူပျိုတော်နှင့် အပျိုတော်တွေ ကို ဥပဒေအထူးထုတ်ပြီး ချုပ်ချယ်ထားမှန်းလည်း သိပါရဲ့။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အရှင်နဲ့ သူတို့ရဲ့ သခင်များတောင် နှစ်ပါးတွေ့တော်မူနေကြသေးတဲ့ဟာ ဒီအချိန် ဒီအခါမျိုးမှာ ကျုပ်တို့ကလည်း ဥပဒေတွေ၊ ဖြတ်ထုံးတွေ ဂရုစိုက်မနေနိုင်အားပါဘူး။ သူတို့ရှိကော ကျုပ်တို့ ဘာသာ ကျုပ်တို့ ဒီ မှာနေတဲ့ဥစ္စာ။ သူတို့လည်း ဘယ်လိုမှ ကျုပ်တို့က လုပ်သေးတာမှမဟုတ်၊ ဘယ်အာဏာသားက လာဆွဲနိုင်မှာတုံး ကိုရင်ရဲ့"
"ဟာ…ကိုရင်တုတ်ကလည်း အစစအရာရာ တယ်လည်းရဲတာကိုးဗျ။ အမှုဆိုတာ မလွန်ခင်က ဆင် ခြင်မှ ကောင်းကြတာမျိုးဗျ။ နောင်အခါ သူတို့က ကျုပ်တို့ကို မြင်သွားလို့ ဒီလူပျိုတေော် နှစ် ယောက်ဟာ ကျွန်တော်မတို့ရှိရာကို မယောင်မလည်လာပြီး ဘာလုပ်မယ်လို့မှန်း မသိပါဘူး"လို့ သူတို့ စုဖုရားကိုတင်ရင် 'တပည့်မလိမ္မာ ဆရာရဲ့ခေါင်း'ဆိုတာလို ကျုပ်တို့မလိမ္မာကြတဲ့အတွက် ကိုယ်တော်ဖျားအပေါ်မှာ စုဖုရားက အထင်တော်သေးမသွားသေးဘူးလား"
"ဒီထိအောင်တွေးပြီး စိတ်လေးမနေစမ်းပါနှင့် ကိုရင်ရာ။ ဟိုပြောင် ဒီရွှေ့နှင့် လမ်းသလားနေတာ ကမှ ဟိုလူမြင် ဒီလူမြင်နဲ့ အထင်လွဲမယ်ဆို လွဲချင်စရာကြီး ဖြစ်နေပါဦးမယ်။ ခုလို လုံခြုံတဲ့နေရာ မှာ ငြိမ်ငြိမ်ကလေး ကုပ်နေတာက အန္တရာယ်ကင်းပါသေးတယ်ဗျာ။ သူတို့မြင်သွားလည်း မသိချင် ဟန်ပြပြီး အကျိုးအကြောင်း တောင်းပန်လိုက်ရုံပေါ့။ နောက်ပြီးတော့ အထိန်းတော်သခင်ကြီး တစ် ယောက်လုံးလည်း ရှိပါသေးတယ်။ ဒီလိုအခါမှာ အထိန်းတော်ကြီး နောက်ပြီးတော့ အထိန်းတော် ကြီးသာ အခရာမို့ စုဖုရား အထင်လွဲတော်မူမှာလည်း မစိုးရိမ်စမ်းပါနဲ့။ ဟော…ဟော နားထောင် စမ်း၊ ကိုရင်ငယ် ဘာတဲ့"
ဆိုသလို နှစ်ယောက်သား နားစိုက်၍ ထောင်လိုက်သည်တွင် တတိုင်းမွေးရုံတစ်ဖက်မှ တစ်ယောက် တစ်လက် ပန်းခူးရင်း စကားလက်ဆုံကျလျက် ရှိကြသော အပျိုတော် ခင်မကြီးနှင့် ခင်ဘုန်းတို့မှာ လည်း မိန်းမ နှစ်ယောက်တည်း ရှိနေကြသည်အထင်နှင့် စကားအလျဉ်မပြတ် ပြောလာကြရာမှ ပေါက်ကရ စကားတွေ လျှောက်ပြ၊ီး ဖောက်လာကြစဉ် ဖြစ်လေ၏။
"ဒါထက် ခင်မကြီးရေ၊ ဘာလိုလိုနဲ့ ကိုယ်တို့စုထားဖုရားတော့ ခုနှယ် သီပေါကိုယ်တော်ဖျားနဲ့ အကြည်တော် များ ဆိုက်တော်မူနေပြီ ထင်တယ်"
"အိုကွယ်၊ ခင်ဘုန်းကလည်း တွေးလုံးနှယ် ညံ့ပလေတယ်၊ ထွက်တော်မူလာကတည်းက သည် အကြံနှင့် သည်ဥာဏ်ကိုဆင်ပြီး တမင်ထွက်တော်မူလာခဲ့တာပဲ။ ခုနေ ခင်ဘုန်း ထင်တာကပင် နည်းပါး လိမ့်ဥိး မယ်ကွယ်"
"ဟင်…နော် ဘာလဲ သူက လူပျိုတော်တွေကို အရေးတစ်ခုလုပ်ပြန်ပြီ။ ရှုပ်ရှုပ်ယှက်ယှက် မေးလား မြန်းလာနဲ့ ကိုယ်တော့ မရိုးချင်ဘူးထင်တယ်"
ခင်မကြီးက မျက်နှာထားတစ်မျိုး ခပ်တိုးတိုးလေသံနှင့် မာန်သလိုလို ပြောလိုက်သောအခါ ခင်ဘုန်း မှာ မျက်နှာကို ပြုံးရွှင်စွာထားလျက်…
"အလိုလေး…ခက်ပင် ခက်ရချည်ရဲ့ ခင်မကြီးရယ်၊ ဒီကလည်း ဘယ်လိုသဘောနဲ့မှ ပြောတာ မဟုတ်ရပါဘူး။ ဒီမေးခွန်းကလေးအတွက်ဖြင့် ခင့်မှာ အပြစ်မလေးပါရစေနဲ့"
ကြီး။ "အနို့…ဘာဖြစ်လို့ သီပေါကိုယ်တော် ကြွလာတော်မူရာမှာ လူပျိုတော်သုံးလေးယောက်ပါ လာလိမ့်မယ်လေး ဘာလေးနှင့် ရှုပ်ရှုပ်ထွေးထွေး စကားသံတွေ ထွက်လာရသတုံး ခင်ဘုန်းရဲ့"
ဘုန်း။ "သည်စကားဟာ ဆန်းပြားထူးထွေတဲ့ စကားမှ မဟုတ်ပါဘဲ အရှင် ထိပ်စုကိုယ်တော် ထွက် တော်မူလာတဲ့အခါမှာလည်း လက်စွဲတော်သား လူပျိုတော်များ ပါလာကြမှာပဲလို့ ပြောမိခြင်းပါ။ အနို့ပြီး ခင်ဘုန်းစကားကိုလည်း ဆုံးအောင်များဆက်၍ နားထောင်စမ်းပါဦးတော့ ခင်မကြီးရယ်
ကြီး။ "ကိုင်း…ကိုင်း ခင်မကြီး အပြစ်တင်စောမိတာကို တောင်းပန်ပါတယ်။ ခင်ဘုန်းပြောမှာသာ ဆက်ပြော စမ်းပါဦး"
ဘုန်း။ "ခင်ဘုန်းပြောချင်တာက သည်လိုပါ။ သီပေါကိုယ်တော်ရဲ့ နောက်တော်ပါးမှာ လူပျိုတော် သားများပါလာလို့ရှိခဲ့လျှင် အရှင်သခင်နှစ်ပါး အနီးအနားမှာလည်း ခင်တို့နှင့် လာတွေ့နေကြလျှင် ဘယ်လိုလုပ်ပါ့မလဲလို့ မေးချင်တာပါ၊ ခုနေအခါ ခင်တို့ ခင်မကြီးတို့မှာလည်း ထိပ်စုဖုရား အပါး တော်မှ ခွာနေရဆဲမို့ ခပ်ရဲရဲလူပျိုတော်တွေ ဖြစ်နေလျှင် အတော်ပင် ကြောက်စရာကောင်းမယ် ထင်တယ် ခင်မကြီးရဲ့။ နို့ပြီးတော့ သီပေါကိုယ်တော်ရဲ့အပါးမှာ အမြဲတမ်းခစားနေကြတဲ့ လူပျို တော်များအနက်က မောင်မောင်ငယ်ဆိုသူမှာ စိတ်သဘော နူးညံ့သိမ်မွေ့သူဖြစ်သော်လည်း ဟို… အသားမည်းမည်း၊ ပါးစပ်ပြဲပြဲနဲ့ ပါးစောင်ထဲမှာ ကွမ်းအမြဲငုံပြီး ကျောက်ပေါက်မာတွေ တစ်ပြုံကြီးရှိ တဲ့ မောင်မောင်တုတ်ဆိုတဲ့ လူပျိုတော်ကြီးတစ်ယောက်ဟာဖြင့် ကြောက်စရာ အလွန်ကောင်း တယ်လို့ ပြောသံကြားဖူးပါတယ်။
ဣတ္ထိယသိုက်ကိုလည်း အတော်လိုက်စားလို့ အရပ်ထဲက ဆင်း ရဲနွမ်းပါးတဲ့ အပျိုအရွယ်ကလေးများဖြင့် မကြာခဏ သူ့စက်ကွင်းထဲသို့ ကျလို့သွားကြသည်ကို သတင်းကြားရပါတယ်။ ဒါကြောင့် ယနေ့ပါလာတဲ့ လူပျိုတော်သားထဲမှာ မောင်မောင်တုတ်များ ပါ လာလို့ မတော်တဆ တွေ့ကြရမယ်ဆိုလျှင် ခင်တို့ ဘယ်လို ကြံကြမလဲလို့ပါ"
ကြီး။ "အံမယ်…ခက်သမို့လား ခင်ဘုန်းရယ်၊ နားမလည် ပါးမလည်တဲ့ မလိမ်မိုး သူ့စက်ကွင်းထဲ ရောက်ရှာကြမှာပါ၊ ခင်မကြီးတို့လိုဟာမျိုးနဲ့ လာတွေ့စမ်းပါလား 'ဘွားခနဲ ယနေ့ ကားခနဲ တွေ့ စေ့မယ်'ဆိုတဲ့ မယ်ကုဝဏ်ဇာတ်အခန်းက ပတ်ကြမ်းမျိုးတုတ်လိုက်လျှင် ခင်ဘုန်းရဲ့ မောင်မောင် တုတ် ခလုတ်တိုက်အောင် ကတိုက်ကရိုက် ထွက်ပြေးရမှာပါ။ ကဲလေ…ခင်ဘုန်း မကြောက်ပါနဲ့၊ ခင်မကြီးတစ်ယောက်လုံး ရှိပါသေးတယ်"
ပြောလိုက်လျှင် တတိုင်းမွှေးရုံအောက်တွင် ရှိသူများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး "ကိုင်း…ဘယ့်နှင့်ရှိစ"ဟု မေးဟန်မျိုးနှင့် မောင်မောင်ငယ်၏ မျက်လုံး သဝေထိုးလျက် မောင်မောင် တုတ်ကို လက်ကုတ်၍ ပြလိုက်သောအခါ မောင်မောင်တုတ်မှာ လျှာထုတ်ခါပြုံးပြီး ခင်မကြီးပြော သော စကားကို လက်ဖျားခါ၍ နေမိလေ၏။
"ဘယ့်နှယ်တုံး ကိုရင်တုတ်၊ ကျုပ် မပြောလား၊ ခင်ဗျားရဲ့ ဂုဏ်ပုဒ်တွေကိုလည်း အတော်ချီးကျူးနေ ပြီ။ မတော်တဆ တွေ့များသွားလျှင် ကိုရင်တော့ ပြေးဖို့သာပြင်ပေတော့ဗျာ"
မောင်မောင်ငယ်က တီးတိုးနားနားကပ်ပြောလိုက်လျှင်…
"အို…နေစမ်းပါဦး ကိုရင်ရဲ့။ ဟိုက ကြားသွားပါဦးမယ်။ ကျုပ်တို့၊ ကိုရင်တို့ ရောက်နေကြတဲ့ နေရာ ကလည်း အပြစ်တင်မလွတ်မယ့် နေရာကြီးပါကလား။ တွေ့များတွေ့လိုက်ရင်တော့ ဆင်ခြေပေးဖို့ အတော်ခက်မယ့် ထောင်ချောက်ကြီးပဲ။ ကဲ…ဒီပန်းချုံထဲမှာ ကြာကြာနေလို့ အခြေမလှဘူး၊ ကိုရင် ငယ် ခပ်မြန်မြန် ဖယ်ရှားနေကြစို့လား"
တိုးတိုးပြောကာ ခြေကို အသာကြွနှင်းပြီး ထွက်သွားမည်ပြုသောအခါ မောင်မောင်ငယ်က အသာ ဆွဲထားလျက်…
"နေဦး…နေဦး၊ အခုမှ ဒီအထဲကထွက်လို့ ဟိုက မျက်လုံးလေးလုံးက ကန်းနေမှာမဟုတ်ဘူးဗျ။ တော်တော် စောစောတုန်းက ရှောင်နေကြပါစို့ရဲ့ဆိုတော့ ဂျီရိပတ္တနဲ့ စကားလုံးတွေများနေလိုက် တာ။ ခုမှတော့ မထူးပါဘူးဗျာ 'ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်း ခိုးမှန်း သိသွားမှ' အဲဒီ တော့ ကျုပ်စကား တစ်ခုပြောမယ် ကိုရင် နားထောင်မလား"
တိုးတိုးပြောသောကြောင့် မောင်မောင်တုတ်မှာ မကြံသာပြီ ဖြစ်သဖြင့်…
"ပြောစမ်းပါဦး ကိုရင်ငယ်ရာ၊ ကျုပ်တော့ မကြံသာအောင် ဖြစ်နေတာပဲ"
ညည်းညည်းညူညူ ပြောလေလျှင်…
"ခင်ဗျား ဒီမိန်းကလေး နှစ်ယောက်လောက်များ ကြောက်နေသလားဗျာ"
"မဟုတ်ဘူး ကိုရင်ရ၊ ကျုပ်တို့ အနေမဟုတ်တဲ့ နေရာမျိုးရောက်နေလို့ပါ။ အခု ကျုပ်တို့နေမိတဲ့ ပန်းချုံအောက်က မနေအပ်တဲ့ ရပ်ပြစ်ရှစ်ပါးထဲ အပါအ၀င်ဖြစ်နေလို့ လန့်တာ ကိုရင်ငယ်။ သို့မ ဟုတ်ရင် ခင်မကြီးလို လူမိန်းကလေး မဆိုထားနဲ့၊ တောထဲက ကျားမတမ်းမကလေးကိုတောင် ကျုပ်က ကြောက်မယ် မဟုတ်ဘူး၊ ကိုင်း…ဒါတွေ အသာထားပြီး ကိုရင်ပြောမယ့်စကားသာ ပြော စမ်းပါ"
မောင်မောင်ငယ် ၏ နားနားသို့ ကပ်ကာ ပြောသည်တွင်…
"ကျုပ်ပြောတာ ကိုရင် နားထောင်ပါ၊ ဘာမှ ကျယ်ကျယ်ပွားပွားဖြစ်အောင် ကွေ့ရှောင်မသွားလေ နဲ့၊ ခုနေ အပြင်ထွက်လိုက်ရင် မတော်တဆ သူတို့တွေ့မြင်သွားဦးမယ်။ ဒီတော့ 'ပိုနေမြဲ, ကျားနေ မြဲ' ဒီပန်းချုံထဲတွင်ပဲ ဟောဒီကွပ်ပျစ်ပေါ်လှဲပြီး အိပ်ချင်ဟန်ပြုနေကြစို့၊ ဒါမှ တကယ်လို့ သူတို့ တွေ့မြင်သွားလည်း ကျုပ်တို့ဘာသာ ကျုပ်တို့ သည်ပန်းချုံအောက်မှာ စောစောကတည်းက ရောက်နှင့်လို့ အေးအေးလူလူ အိပ်ပျော်နေနှင့်ကြတာပါကလား။ ငါတို့ကို တစ်မျိုးတစ်မည် အကြံ နဲ့ တွေ့ရအောင် ကြံစည်တာမဟုတ်ဘူးဆိုတာ ကျုပ်တို့ သင်္ကာမရှင်းရဘဲနှင့် သူတို့ဘာသာ သိ သွားကြမှာပေါ့ ကိုရင်တုတ်ရဲ့။ ကဲဟုတ်ပြီ မဟုတ်လား။ ဒီနည်းထက် ပိုကောင်းတဲ့နည်းတော့ မရှိ ဘူး ကိုရင်"
ပြောသောအခါ မောင်မောင်တုတ်မှာ အတော်သဘောပေါက်သောကြောင့်…
"ဟုတ်တယ်၊ ဟုတ်ပါပေတယ်။ ကိုရင်ငယ်ပေးတဲ့ အကြံဟာ ယခုအခိုက်အတန့် အတွင်းမှာဖြင့် အဟန်ဆုံးပေပဲ။ ကဲ…ပြောနေကြာလှတယ်၊ လာ…ကိုရင် အိပ်ကြစို့ရဲ့"
ဆိုတာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ ကွပ်ပျစ်လက်တန်းကလေးပေါ်တွင် ခေါင်းတင်လျက် မျက်စိကို အတွင်မှိတ်၍ အိပ်ချင်ဟန် နေကြရလေတော့သတည်း။
အထိန်းတော်ကြီး ခင်ဘွားသစ်လည်း သတင်းကောင်းပေးလိုသော စေတနာဆန္ဒနှင့် အာသီသဇော ကြီးလွန်းလှသဖြင့် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့အား တောင်ဥယျာဉ်တော်တစ်ဝိုက် သို့ အမှတ်မဲ့ လိုက်၍ရှာလျက်မှ တော်တော်နှင့် မတွေ့ရလျှင် ခင်မကြီးစသော အပျိုတော်ကလေး များနှင့် လူပျိုတော်များကိုပင် မတော်တဆ ကြုံတွေ့နေကြပြီး သင်းတို့အချင်းချင်း နီးစပ်သွားပါက မိမိအပေါ်၌ တာဝန်ကျ ချေတော့မည်ဟု အတော်ပူ၍သွားမိကာ စောစောက မိမိနေရာချထားမိ သော ခင်မကြီးတို့ ရှိသည့် တတိုင်းမွှေးရုံကြီးဆီသို့ ကပျာကသီ လျှောက်၍ လာခဲ့လေ၏။
ပန်းချုံတစ်ဖက်တွင် တစ်ခက်ပြီးတစ်ခက်၊ တစ်ခိုင်ပြီးတစ်ခိုင် အမြိုင်အဝေ ပွင့်လျက်ရှိကြသော တတိုင်းမွှေးပွင့်များကို ဆယ့်နှစ်ရာသီ ငွေဖလားကြီး မပြည့်အချင်း အတင်းအဖျင်း စကားပေါင်းစုံ ပြောရင်းနှင့် ခူးဆွတ်နေကြသော ခင်မကြီးနှင့် ခင်ဘုန်းတို့မှာ တတိုင်းမွှေးရုံအောက်မှ လူပျိုတော် သားနှစ်ယောက်ကိုလည်း မမြင်၊ အထိန်းတော်ကြီး ခင်ဘွားသစ်လိုက်လာသည်ကိုလည်း မသိနှင့် ပြောမိလက်စ စကားများကိုသာ ဆက်ကာပြော၍ နေကြသည်ဖြစ်ရာ ခင်ဘုန်းက "ဒါထက် ခင်မ ကြီး မောင်မောင်တုတ်ကို အဟုတ်မကြောက်ဘူးလား"
"မကြောက်ပါဘူးလို့ဆိုမှကွယ် ခင်ဘုန်းရယ်"
"သီပေါကိုယ်တော် စံတော်ဆောင်မှာ မောင်မောင်တုတ်ဟာ ဗိုလ်ဝဲတဲ့ ခင်ရဲ့"
"အို…မြတောင် စုဖုရားရဲ့ အဆောင်တော်မှာလည်း ဟောဒီခင်မကြီးဆိုတဲ့ အပျိုတော်ဟာ ဗိုလ်ပါဝဲ လို့ ခင်ဘုန်း တို့ပဲ ဘွဲ့ပေးထားကြတယ် မဟုတ်လား"
"ရှမ်းနှင့်ဆင် လယ်ပြင်ကျတော့ သိလိမ့်မယ် ဆိုတဲ့ စကားလို ခင်ဘုန်းတော့ ဒီနေ့အတွက် ဗိုလ် နှစ်ဗိုလ် ဘယ်လိုစွမ်းကြတယ်ဆိုတာ ပွဲကောင်းတစ်ခုလို သဘောထားပြီး အားကြီးကို ကြည့်နေချင် နေတာပဲ။ ဒါနဲ့ အဟုတ်ပြောစမ်းပါ။ ခုနေ ခင်မကြီးအနား မောင်မောင်တုတ်ဆိုတဲ့လူကြီး ဘွားခနဲ ရောက်လာရင် ခင် ဘယ်လိုပြောမလဲ"
"သြော်…ရိုးရိုးသားသား တွေ့ရုံနဲ့ဆိုတော့ ဘာပြောစရာလိုလဲ ခင်ဘုန်းရယ်၊ တကယ်လို့ သူက စားနေကြ ကြောင်ပါးကြီးလို ဟိုဟိုဒီဒီတွေ ဖောက်လာရင်သာ တစ်ခါတည်း နားလည်မထနိုင် အောင်…"
မျက်စိကို စုံမှိတ်၍ အိပ်ချင်ဟန် ပြုနေကြသော်ငြားလည်း နားက အတိုင်းသားကြားနေရသော ကြောင့် မောင်မောင်ငယ် မှာ မောင်မောင်တုတ်ကို အသာလက်ကုပ်၍ ပြောနေကြတာ ကြားရဲ့လား ဟူသော အထိမ်း အမှတ်ကို ပြလိုက်ရာ။
"အေး…အေး၊ ပြောနှင့်စမ်းဦးတော့ ခင်မကြီးရာ။ တစ်နေ့ မောင်မောင်တုတ်အကြောင်း ကောင်း ကောင်း ပြရမှာပ။ ဒီတစ်နေ့တော့ အရပ်အနေမှားလို့ ခန္တီတရားသုံးပြီး လုံးလုံးဥပေက္ခာလုပ်ရတော့ မှာပဲ"
ပြုံးပြုံးကြီးလုပ်ကာ မျက်လုံးမှိတ်ရင်းက တီးတိုးကြိမ်းဝါးပြလိုက်မိပြန်လေ၏။ အထိန်းတော်ကြီး ခင်ဘွားသစ်လည်း ရေးကြီးသုတ်ပျာ လျှောက်လာရင်း စကားဖြူပင်ရင်းတွင် တစ်ယောက်တည်း အိပ်ပျော်နေရှာသော မောင်မောင်နွဲ့ကလေးကို တွေ့ရလျှင် "ဟင်…ဒီကောင်ကလေးလည်း တစ် ယောက်တည်း ဒီမှာလာပြီး အိပ်ပျော်နေရှာပါကလား။ ဟိုကိုယ်တော်မြတ်နှစ်ယောက်က ဘယ်များ သွားကြပါလိမ့်။ ဘုရား…ဘုရား၊ မောင်မင်းကြီးသားများ ရိုးမှ ရိုးတော်မူကြပါမလား"ဟု တစ် ယောက်တည်း မြည်တွန်တောက်တီးကာ တတိုင်းမွှေးရုံကြီးအနီးသို့ ရောက်လာလေ၏။
ပန်းချုံတစ်ဖက်တွင် ရှိနေကြသော ခင်မကြီးနှင့် ခင်ဘုန်းတို့ကို မတွေ့ရမီ တတိုင်းမွှေးရုံအောက်၌ နှစ်ယောက်သား အိပ်ပျော်နေကြသော လူပျိုတော်နှစ်ဦးကို ရှေးဦးစွာ တွေ့မြင်လိုက်ရလျှင်ပင် "အလိုလေး…ငါထင်တာ ဟုတ်ပါပြီ၊ သူတို့ ဒီနေရာကိုမှ တန်းတန်းမတ်မတ် ရောက်လာတတ်ကြ ပလေတယ်။ သူတို့ကလည်း နှစ်ယောက်၊ ဟိုကလည်း နှစ်ယောက်၊ အတော့်ကို အတိုင်အဖောက် ညီနေကြတာပဲ။ ကြည့်စမ်းပ နှစ်နှစ်ခြိုက်ခြိုက်ကြီးများ အိပ်နေလိုက်ကြတာ၊ ဒါနှင့် ဟို…မမချော နှစ် ယောက်ကတော့ မောမောနှင့် ဘယ်နေရာသွားပြီး ဘာများ လုပ်နေကြသည် မသိ"ဟု ပွစိပွစိ တစ် ယောက်တည်း ရေရွတ်ကာ ကွပ်ပျစ်အနီးသို့ ရပ်လာပြီး။
"မောင်မောင်တို့…မောင်မောင်တို့"ဟု လက်တို့၍ နှိုးလေရာ မအိပ်ဘဲ အိပ်ပျော်ဟန်ဆောင်နေရ သူများဖြစ်သော မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ ဒိန်းခနဲ ရင်ထဲသို့ အလုံးကြီး ဆောင့် ၀င်သွားပြီး မျက်လုံးကို တအားမှိတ်၍ အိပ်ချင်ဟန်ပြုမြဲ ပြုနေရတော့၏။ အထိန်းတော်ကြီးလည်း အရေးတကြီးနှင့် အတန်တန် ဆင့်ကာ ဆင့်ကာ "မောင်တို့…အို…မောင်မောင်တို့၊ ထကြပါဦး"ဟု နှိုးနေ ပြန်လျှင် ယခင်ကတည်းကပင် အထိန်းတော်ကြီး ခင်ဘွားသစ်၏ အသံမှန်း ကျက်မိစေကာမူ ရုတ်ခနဲ နှိုးလျက် နှိုးချင်း ရှောရှောရှူရှူ မျက်လုံးဖွင့်ကြည့်လိုက်ပါက မတော်တဆ အထိန်းတော် ကြီး ကိုယ်တိုင်က အထင်မှား အတွေးမှား ဖြစ်သွားမည်စိုးသဖြင့် ဟန်ဆောင်အိပ်နေကြရသူများ ဖြစ်သည့်အားလျော်စွာ တကယ်အိပ်သူ ထက် အနှိုးရခက်လျက်ရှိသောကြောင့် ခင်ဘွားသစ်ကြီးမှာ သက်ပြင်းကြီးများ ချမိလျက် "အို…တယ်လို့ ခက်နေပါပြီ။ သည့်လောက် နှိုး၍မှ မနိုးနိုင်ကြသည်မှာ ကာလနဂါးရဲ့ သွေးတော် သားတော် ကလေးတွေများ ဖြစ်နေကြလေသလား၊ ဒါမှမဟုတ်လျှင်လည်း ဘယ်နှစ်နေ့ ဘယ်နှစ်ရက်ဆက်၍ အအိပ်ပျက်လာကြလေသလဲ ပြောပဲ မပြောတတ်ချေဘူး၊ ကရို" ဟု တစ်ယောက်တည်း ပြောကာ နောက်တစ်ကြိမ် မောင်မောင်တုတ်၏ပခုံးကို ခပ်နာနာ လှုပ်ခါ လှုပ်ခါ "မောင်မောင်တို့…မောင်မောင်တို့၊ ထကြစမ်းပါဦး"ဟု အရေးတကြီး ဆက်တိုက်ကြီး နှိုးကာ မှ မောင်မောင်တုတ်မှာ ကိုယ်ကို လှုပ်ရှားတွန့်လိမ်ပြီးလျှင် အင်…အယ်နှင့် အညောင်းဆန့်ပြီးမှ မျက်လုံးကို မှေးမှေးဖွင့်စ ပြုလေ၏။
"အမယ်မင်း…ထကြပါဦး မောင်မောင်တို့ရဲ့"ဟု အရေးကြီးလှသော အမူအရာနှင့် ထပ်ပြောမှ မောင်မောင်တုတ်မှာ ရုတ်တရက် ထ၍ ထိုင်လိုက်ပြီး "အလို…အရီးဖုရားပါကလား"ဟု ဆိုလျက် တစ်ဖက်တွင် အိပ်နေသော မောင်မောင်ငယ်အား လက်နှင့် တွန်းနှိုးကာ "ကိုရင်…ကိုရင်၊ ထ…ထ" ဟု ဆို၍ မောင်မောင်ငယ်ကလည်း လူးလဲကာ ထပြီး အထိန်းတော်ကြီးကို ကြည့်ကာ ပျာပျာသလဲ နှင့်။
"ဟင်…ကျွန်တော်တို့ကို ကိုယ်တော်များ ခေါ်တော်မူပါသလား"ဟု ဆိုကာ ကပျာကယာ ထလျက် ပုဆိုးခါးပုံစများကို နေသားတကျ ပြင်နေရာ ခင်ဘွားသစ်ကြီးက မေးငေါ့ပြီး…
"အမလေးဟဲ့…လူဇော်တွေ၊ နှိုးလိုက်ရကာဖြင့် ကြာလှပေါ့။ အခုမှ နိုးပြီး၊ နိုးမယ့်နိုးတော့လည်း ပြာ ပြာလောင်လောင်နှင့် သိန်းယိုပြည်မီးလောင်တော့ မျောက်ကလေးတွေ ဆွေ့ဆွေ့ ခုန်တဲ့အတိုင်း ပဲ"
ပြောလျှင် မောင်မောင်တုတ်က စဉ်းစားဟန်နှင့် အတန်ငယ်တွေးနေရာမှ…
"ဒါဖြင့် ကျွန်တော်တို့အိပ်နေရာ အရီးဖုရားလာ၍ နှိုးခြင်းဟာ ကိုယ်တော်များ ခေါ်တော်မူလို့ မဟုတ်သေးဘူးဆိုပါတော့။ အင်း…သည်လိုဖြင့် တော်ပါသေးရဲ့၊ ကျွန်တော်တို့က အမေးတော် အခေါ်တော် ရှိသလားလို့ အိပ်ပျော်သွားမိတဲ့အတွက် အတော်ကလေး အစိုးရိမ်ဖက်လိုက်တာ ကလား အရီး ဖုရားရဲ့"
လေမှန်မှန်နှင့် ဟန်မပျက်ပြောသည်တွင် ခင်ဘွားသစ်ကြီးမှာ မယုံသင်္ကာဟန်နှင့် တောင်မြောက် လေးပါးသို့ မျက်လုံးကို စေစားလျက်ရှိရာမှ…
"သြော်…ကိုယ်တော်များက ခေါ်တော်မမူသေးပါဘူး မောင်မောင်တို့ရဲ့။ ကိုယ်တော်များနှင့် ထိပ်စု ဖျား နှစ်ပါးအတူ ချစ်ကြည်ဖြူလျက် ရှိတော်မူကြသည်ကို အရီးဖုရားက ၀မ်းသာအားရနှင့် မောင် မောင်တို့ကို ခေါ်ပြလို၍ လိုက်ရှာပါသည်။ ဥယျာဉ်တော်တစ်ခွင် ပြဲပြဲစင်ပါရော။ မောင်မောင်တို့ ဘယ်လိုသဘောနှင့် သည်နေရာကိုမှ လာရောက်ပြီး နေကြရပါသလဲ။ အရီးဖုရား ဇက်ပေါ် ဓားဝဲ အောင် မလုပ်ကြပါနှင့် မောင်မောင်တို့ရယ်"
ပြောလျှင် မောင်မောင်ငယ်ရော၊ မောင်မောင်တုတ်ပါ မျက်လုံးကလေး ပုတ်ခတ် ပုတ်ခတ်နှင့် မစဉ်း စားတတ်အောင် ပြူးကြောင်ကြည့်နေရာမှ မောင်မောင်ငယ်ကပင်…
"ဟင်…အရီးဖုရား၊ ဘာကို ဘယ်လိုအဓိပ္ပာယ်နှင့် မိန့်တော်မူလိုက်ပါသတုံး။ ကျွန်တော်တို့ နှစ် ယောက် သည်နေရာမှာ အေးအေးလူလူ တိတ်တိတ်ဆိတ်ဆိတ်ရှိသည်နှင့် လာ၍ အိပ်နေကြပါ သည်။ ဒိဟာနှင့်ဖြင့် အရီးဖုရားမှာ ရာဇ၀တ်တော်နီး၍ ဓားကြီးဝဲနိုင်စရာ မရှိပါကလား"
ပြောလျှင် ခင်ဘွားသစ်မှာ မောင်မောင်ငယ်၏ စကားကို နားမ၀င်လေဟန်နှင့်…
"တန်ပါ…မောင်မောင်ရယ်၊ မောင်မောင်တို့နှစ်ယောက် ဘယ်သဘောနှင့် ဒီမှာ လာနေသည်ဆိုတာ ကို အရီးဖုရား အလိုလိုသိပါတယ်။ ငယ်ရာက ကြီးလာတဲ့ လူကြီးကို မောင်မောင်တို့လို ပျိုပျိုရွယ် ရွယ် နုနုနယ်နယ် ကလေးတွေက လှည့်စားလို့ မရဘူးနော်"
ဆိုလျှင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ ခက်ကုန်ပါပြီဆိုသော အမှတ်လက္ခဏာနှင့် တစ်ယောက် မျက်နှာတစ်ယောက် လှမ်းကြည့်လိုက်မိကြပြီး အထိန်းတော်ကြီး အထင်မလွဲစေရန် ဣနြေ္ဒ ဟန်မပျက် ဆက်လက်၍…
"မဟုတ်ပါဘူး အရီးဖုရားရဲ့၊ ကျွန်တော်တို့လည်း ဘာမှ ထူးထူးထွေထွေ မလုပ်ရပါကလား။ အ စောကြီးကတည်းက ဒီနေရာမှာ အေးအေးရှိတာနှင့် နှစ်ယောက်သား လာ၍ အိပ်နေမိပါတယ်။ အရီးဖုရားကိုလည်း ကျွန်တော်တို့ ဘာမှ မလှည့်စားရပါလား။ ဟား…ဟား…ဟား တန်တော့ အရီး ဖုရား တစ်ခုခု အထင်မှားပြီထင်ပါတယ်"
မောင်မောင်တုတ်က အမှုပေါ့စေရန် သဘောနှင့် ခပ်သောသော ရယ်သွမ်းသွေး၍ ခပ်အေးအေး လေသံထားလျက် ပြောကြားလေရာ အထိန်းတော်ကြီး ခင်ဘွားသစ်မှာ စိတ်မရှည်လှသည့် အမူ အရာနှင့်…
"အို…အရီးဖုရား၊ အထင်မှားနေစရာ မလိုပါဘူး။ ဆင်ကြီးတစ်ကောင်လုံးကို တွေ့ရလို့ ဆင်ခြေရာ လိုက်ရှာနေစရာ မရှိတော့ဘူး မောင်မောင်။ ကိုင်း…ကိုင်း ပြောင်ပြောင်ဖွင့်ပြီး မေးရတော့မယ်။ ကောင်မကလေး နှစ်ယောက်ကို ဘယ်မှာ ဖျောက်ဖျက်ထားကြသလဲ။ အဲဒါ မြန်မြန်ဖြေတော်မူကြပါ။ ကြာလျှင် အရီးဘုရား စပ်ကြားက ဓားစာခံဖြစ်ရပါတော့မယ် မောင်မောင်တို့ရယ်"
ပြောလိုက်သောအခါ မောင်မောင်တုတ်တို့မှာ မျက်နှာပျက်သွားပြီး ရင်ဘတ်စည်တီးနှင့် "အလို လေး…အရီးဖုရားရယ်၊ ကြံကြံစည်စည်မှ မိန့်တော်မူတတ်ပလေတယ်၊ ဘယ်ကကောင်မလေးနှစ် ယောက်ကို ကျွန်တော်တို့ ဖျောက်ဖျက်ထားရမှာလဲ။ တက်တက်စင်အောင် အထင်အမြင်တွေ လွဲ လို့နေပါပြီ။ သည်မှာ အရီးဖုရားရဲ့ မိုးကြိုးနဲ့ ကျားသား အထင်တော် မမှားလိုက်ပါနှင့်။ သည်အနီး အနားမှာ လူမိန်းမ မဆိုထားနဲ့ အမဆိုလျှင် ယင်မကလေးတစ်ကောင်မှ မနားရသေးပါဘူး။ ဘုရား စူးပါစေ့ အရီးဖုရားရယ်"
ပြောပြန်သောကြောင့်…
"ခက်ပါဘိ မောင်မောင်တို့ရယ်။ ဘယ်ကလာပြီး အရီးဖုရားက အထင်အမြင် မှားရမှာလဲ။ မှန်တဲ့ စကားကိုပဲ ပြောပါတယ်။ မောင်မောင်တို့က ကွယ်ထောင့် မနေပါနှင့်တော့။ အရီးဖုရားမှာ အရှင် ထိပ်စုမြတ်ဖျားနှင့် ရွှေကိုယ်တော်ဖျား တို့ အရေးမို့သာ စွန့်စွန့်စားစားနှင့် သည်အထိ စခန်းသွား ခဲ့ရပါတယ်။ အခုတော့…အရေးထဲမှာ အရာပေါ်ဆိုတာလို ကိုယ်တော်ဖျားနှင့် ထိပ်စုဖျားတို့ နှစ်ပါး စံတော်မူပါစေတော့ဆိုပြီး ခင်မကြီးနှင့် ခင်ဘုန်းတို့ကို တတိုင်းမွှေးရုံမှာ ပန်းသွားခူးချေကြပါလို့ ခိုင်းလိုက်မိတဲ့ အခိုက်မှာ မောင်မောင်တို့က သည်ကိုလာပြီး ကဲ…ကဲ သည်ကိစ္စကြီးဟာ အရီးဖုရား ခေါင်းပေါ်တွင် ၀န်ထုပ်ကြီး တင်နေပါလိမ့်မယ် မောင်မောင်တို့ရယ်၊ လွန်မိတာလောက် လွန်ပါ စေ တော့။ အရီးဖုရား ဖုံးဖိတန်သလောက် ဖုံးဖိ၍ ထားလိုက်ပါမည်။ သည်ကောင်မကလေး နှစ်ကောင် ကိုသာ အရီးဖုရား လက်သို့ ပြန်အပ်လိုက်ကြပါဘိ။
တကယ်လို့ ဒီအကြောင်းကို အရှင်ထိပ်စုဖုရား သိတော်မူသွားလျှင် သူ့မောင်တော်ကို သံတော်ဦး တင်မှဖြင့်လည်း မောင်မောင်တို့မှာ တစ်ခက်ပဲ။ ခင်မကြီးနဲ့ ခင်ဘုန်းကိုလည်း အရှင်ထိပ်စုဖျားက အပါးတော်မှာ အမြဲထားပြီး အထူးသဒ္ဓါကြည်ဖြူ မြောက်စားတော်မူထားတဲ့ အပျိုတော်ကလေးများ ဖြစ်ပါတယ် မောင်မောင်။ အထူးသဒ္ဓါကြည်ဖြူ မြောက်စားတော်မူထားတဲ့ အပျိုတော်ကလေးများ ဖြစ်ပါတယ် မောင်မောင်။ အမှုဖြင့် ချောင်ပဟဲ့ လို့ ကဲ့ဝှက်လို့ထးမှုဖြင့် ငါးပါးကြီး မှောက်ကြတော့မှာပါပဲ။ အရီးဖုရား တစ်ယောက်တည်း 'နှစ်နား၊ နှစ်မျက်စိ'ဘယ်သူမျှ မသိကြမီက ပြန်အပ်လိုက်ပါမှ သည်ကိစ္စ အေးမယ် မောင်မောင်တို့ရဲ့"
ပြောသောအခါမူကား မိမိတို့မှာ ဆုပ်လျှင်စူး၊ စားလျှင်ရူး ဆိုသော စကားကဲ့သို့ မသိကြောင်း၊ မတွေ့ကြောင်း၊ ဘူးကွယ်၍လည်း အခက်၊ နားမှအေးစေတော့ဟု စောစောက မိမိတို့တွေ့မြင်ထား သော တတိုင်းမွှေးရုံတစ်ဖက်သို့ လက်ညှိုးညွှန်ပြလိုက်ရလျှင်လည်း အထိန်းတော်ကြီး၏အထင်ကို တမင် လေးနက်အောင် ထောက်ခံပေးလိုက်သည်ကဲ့သို့ ရှိသွားပြန်မည် တစ်ခက်ကြောင့် မောင် မောင်တုတ်နှင့် မောင်မောင်ငယ် နှစ်ယောက်သားမှာ စပ်ကြားက ဆွမ်းခံရင်း ငှက်သင့်နေကြကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး သက်ပြင်းကြီးအပြိုင် ရှူလိုက်မိကြလေ၏။
အထိန်းတော်ကြီး ခင်ဘွားသစ်လည်း မျက်စိမျက်နှာ ပျက်ကာနေကြသော လူပျိုတော်နှစ်ယောက် အား မျက်နှာထား ခပ်တည်တည်နှင့်…
"ကဲ…မောင်မောင်တို့၊ ခုလို ယီးတီးယောင်တောင် လုပ်နေကြဖို့ အချိန်အခါမဟုတ်ပါဘူး။ အတန် ကြာလျှင် အရှင်ထိပ်စုမြတ်ဖျားက သူ့အပျိုတော်များကို ခေါ်တော်မူပါတော့မယ်၊ ၀ှက်ကွယ်ရာမှ မြန်မြန် ထုတ်ပေး ကြပါတော့။ အရီးဖုရားလည်း အသက်ရှူများတောင် မမှန်တော့ဘူး မောင်မောင် ရဲ့။ ကိုင်း… ကိုင်း ဘယ်ဆီမှာလဲ၊ မြန်မြန်ပြောတော်မူကြစမ်းပါ။ အရီးဖုရား ကိုယ်တိုင် သွားခေါ်ပါ ချေမယ်"
အရေးတကြီး ပြောလျှင် မောင်မောင်တုတ်မှာ စိတ်ရှုပ်လှသော မျက်နှာနှင့်…
"သြော်…ခက်လို့နေပါတော့တယ် အရီးဖုရားရယ်၊ တကယ်ပင် ကျွန်တော်တို့ ၀ှက်မထားရိုး မှန်ပါ တယ်။ အရီးဖုရားပေးတော်မူချင်သည့် သစ္စာကို ထမ်းရွက်ပါမည်။ သည်အပျိုတော်များနှင့် ကျွန် တော်တို့ လုံးလုံးလျားလျား မပတ်သက်ပါ။ သူတို့ဟူသူတို့ တော်ရာမှာ ရှိကြပါလိမ့်မယ်။ မယုံ လျှင် လိုက်၍ရှာတော်မူပါ။ ကျွန်တော်တို့ ကူ၍ ရှာပေးရမည်ဆိုလျှင်လည်း အရီးဖုရားနှင့်အတူ ယခုပင် လိုက်ခဲ့ပါမယ်"
မျက်နှာတည်တည်နှင့် အဟန့်ကောင်းစွာ ပြောလိုက်သောခါမှ အထိန်းတော်ကြီးမှာ အတန်ငယ် စဉ်းစားဆင်ခြင်မိပြီး စောစောက မိမိ အယူသီးစွာ စွပ်စွဲမိခြင်းပင် မှားများ မှားလေရော့သလားဟု သတိထားမိကာ…
"အမှန်စကား ပြောနေခြင်းပါလား မောင်မောင်တို့ရယ်"
နှုတ်ခမ်းလေးလေးနှင့် ဖြည်းညင်းစွာ မေးမိသည်တွင်မှ…
"ကျွန်တော်တို့ကို ဆယ့်နှစ်ရာသီ မုသာဝါဒတုံးကြီးများ ထင်တော်မူနေရော့သလား အရီးဖုရားရယ်၊ ဘ၀အဆက်ဆက် လူ့အဖြစ်မရလည်း ရှိရပါစေရဲ့။ အရီးဖုရားရဲ့ အပျိုတော်များနှင့် ကျွန်တော်တို့ စကား ပြောဖို့ နေနေသာသာ မျက်နှာချင်းမှ မဆိုင်ရသေးတာ အမှန်ပါပဲ"
ပြောသောအခါမှ အထိန်းတော်ကြီး ခင်ဘွားသစ်မှာ စိတ်အေးရတော့သလိုလို ရှိလေတော့သည်။ သို့ရာတွင် ခင်မကြီးနှင့် ခင်ဘုန်းတို့ကို မတွေ့ရသေးမီအတွင်းမှာမူ အပူမအေးနိုင်သေးဘဲ ရှိပြန် သောကြောင့်…
"မောင်မောင် ပြောစကားကို အရီးဖုရား မယုံကြည်လို့လည်း မဟုတ်ပါ။ သို့ရာတွင် ကလေးမနှစ် ယောက် ဘယ်ဆီသို့ ရောက်နေသည်ဆိုတာ မသိရဘဲအတွက် အင်မတန် အတွေးရခက်ပါသည်။ မောင်မောင်တို့ ပယောဂ မပါလျှင်လည်း စောစောက အရီးဖုရား စွပ်စွဲမိတာကို တောင်းပန်ပါ တယ်။ ကဲ… မောင်မောင်တို့ရယ်…အရီးဖုရားနှင့်အတူ သည်ကောင်မလေးတွေကို ကူညီရှာဖွေ ပေး ကြစမ်းပါဦး"
ဆိုသည်နှင့် ရင်တထိတ်ထိတ်နှင့် စိတ်ရှုပ်နေကြသော မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့ မှာ ယခုမှပင် အသက်ရှူပေါက် ပွင့်သွားတော့ကာ ထိုင်ရာ ထကြပြီး…
"ကဲ…ကဲ အရီးဖုရား ရှေ့ကကြွတော်မူပါ။ ကျွန်တော်တို့ အတူလိုက်ပါမည်။ သြော်…အင်း ကံကြီး လို့သာဗျာ၊ ဆွမ်းခံရင်း ငှက်သင့်တော့မလို့၊ နည်းနည်းလိုတော့တယ်"
ညည်းညည်းညူညူ ပြောကာ ခင်ဘွားသစ်ကြီးနောက်မှ ပါလာခဲ့ကြလေ၏။
မိမိတို့အထင်မှာ တတိုင်းမွှေးရုံတစ်ဖက်သို့ ရောက်လျှင် ခင်မကြီးတို့ကို အလွယ်တကူ တွေ့မြင်ရ ချိမ့်မည်ဟု မှတ်ထင်ထားရင်းဖြင့် ခပ်ပေါ့ပေါ့ပင် လိုက်ပါလာခဲ့ကြရာ တတိုင်းမွှေးရုံဖက်သို့ အရောက်တွင် ခင်မကြီးနှင့် ခင်ဘုန်းတို့နှစ်ယောက်မှာ ဘယ်ဆီသို့ ပျောက်နေသည်မသိဘဲ ထင် ခြေနှင့် အတော်လွဲ၍ အခက်အခဲ တွေ့နေကြရပြန်လေရာ ဣနြေ္ဒမပျက်ပင် ဆက်လက်၍ ရှာဖွေနေ ကြရပြန်လေ၏။
ခင်ဘုန်းနှင့် ခင်မကြီးတို့ကား တတိုင်းမွှေးရုံအောက်ရှိ လူပျိုတော်နှစ်ယောက်ကို သတိမထားမိဘဲ စကားတွေ ပြောမြဲပြောလျက် ပန်းများကို အဆက်မပြတ် ခူးနေရာမှ အထိန်းတော်ကြီးအသံနှင့် မောင်မောင်တုတ် တို့ကို အကြိမ်ကြိမ် အဖန်ဖန် နှိုးနေသံအကြားမှ အသံလာရာ ပန်းရုံအတွင်းသို့ ချောင်းမြောင်း ကြည့်မိတော့လျက် တစ်ယောက်ကိုတစ်ယောက် လက်ကုတ်ခါ တီးတိုးလေသံဖြင့်…
ဘုန်း။ "ဟော…ခင်မကြီးရေ၊ ပန်းရုံအောက်မှာ မင်းသားနှစ်ယောက် အိပ်နေကြပါကလား။
အထိန်း တော်သခင်ကြီးလည်း လိုက်လာပြီ။ တစ်ခါ ခက်တော့တာပဲကွဲ့"
ကြီး။ "အင်း…ဟုတ်တယ်၊ ကိုယ်တော်တုတ်နှင့် ကိုယ်တော်ငယ်လည်း ခင်မကြီးပြောတာတွေ ကြား များကုန်သလား မသိ၊ အေးလေ…အိပ်ပျော်နေကြတာ ကြားမှာတော့ မဟုတ်ပါဘူး ခင်ဘုန်းရဲ့"
ဘုန်း။ "ကြောက်သလား ခင်မကြီးရဲ့။ ကြားတော့ ကြားမှာပဲ။ ခင်တို့ပြောနေကြတာကလည်း ဒီပန်း ရုံထဲကဆိုလျှင် ကွဲကွဲပြားပြား ကြားနိုင်ပါတယ်"
ကြီး။ "ကြားလဲ မတတ်နိုင်ပါဘူးကွယ်။ သြော်…တကယ်ဆိုတော့လည်း ကြားမယ်မဟုတ်ပါဘူး။ သူ တို့အိပ်ပျော် နေကြတာပဲ။ ကြည့်ပါလား။ သခင်ကြီး နှိုးနေတာ ကြာလှပြီ။ ခုတောင် မနိုးသေးဘူး"
ဘုန်း။ "စောစော ခင်တို့လာတုန်းက ဒီပန်းချုံအောက်မှာ ဘယ်သူမှ မရှိပါကလား။
ဒါကိုလည်း စဉ်းစားစမ်းပါဦး။ ခင်ဘုန်းတို့၊ ခင်မကြီးတို့ သည်ဆီကိုရောက်ပြီးမှ သူတို့ ပေါက်လာ ကြဟန်တူပါတယ်။ ဒီလိုဆိုရင် အိပ်မပျော်ခင်စပ်ကြားမှာ ခင်တို့တစ်တွေပြောတဲ့စကားကို သူတို့ အားလုံးကြားမှာ အမှန်ပဲ"
ကြီး။ "အဲသည်လိုလည်း ဖြစ်နိုင်တာပဲ ခင်ဘုန်းရဲ့။ ဒါနဲ့ စဉ်းစားစရာတစ်ခုက သူတို့ ခင်တို့ ရှိမှန်းသိလို့ ရိသဲ့သဲ့ လုပ်ရအောင် မသိလေဟန်ဆောင်ပြီး လိုက်လာကြတာနှင့်တူတယ်"
ယင်းသို့ နှစ်ယောက်သား တီးတိုးပြောရင်း ပန်းချုံအတွင်းဘက်သို့လည်း မျက်စိရောနားပါ စေစား ၍ ထားရာမှ အထိန်းတော်ကြီးနှိုးခြင်းဖြင့် မောင်မောင်တုတ်တို့ နိုးလာကြသည်ကိုလည်းကောင်း၊ မိမိတို့နှစ်ယောက်နှင့် မောင်မောင်တုတ်တို့ နှစ်ယောက်အား အထိန်းတော်ကြီး ခင်ဘွားသစ်က သင်္ကာမကင်းဖြစ်နေပုံ၊ ဘယ်ဆီမှာ ၀ှက်ကွယ်ထားသလဲဟု အမျိုးမျိုးစွပ်စွဲ အစ်အောက် ချော့ ခြောက်မေးနေပုံ၊ မောင်မောင်တုတ်တို့က မသိရကြောင်းနှင့် အမျိုးမျိုးငြင်းဆန် ကျိန်တွယ်ပြောနေ ကြပုံများကို အပြန်အလှန် မိမိတို့အတွက်နှင့် ပတ်သက်၍ အမေးအဖြေ ပြုနေကြသည်ကို ကြားရ သောအခါမူကား နှစ်ယောက်သား မျက်လုံးများ ပြူးလာကြကာ…
"ကဲ…ခင်ဘုန်း၊ ဒီနေရာမှာ ကိုယ်တို့ ကြာကြာနေလို့ အခြေမလှဘူး။ ဝေးရာကို ပြေးခွာပြီးနေမှဖြစ် လိမ့်မယ်။ 'ခြေရာလည်းပျောက်၊ မောင်လည်းရောက်၊ အမောင်နွားခိုးငါမရိုး'ဆိုတာလို သူတို့နှစ် ယောက်ကလည်း ပန်းချုံအောက်မှာ အိပ်နေတယ်။ ခင်တို့ကလည်း ဒီပန်းချုံဘေးမှာ ရှိနေကြတာ ကို တွေ့သွားလျှင် သခင်ဖုရား နည်းနည်းမှသင်္ကာကင်းမှာ မဟုတ်ဘူး။ ဒီအရှုပ်ကို ဘယ်ပုံရှင်းနိုင် ပါ့မလဲ။ ခင်တို့ စောစောကပြောတဲ့ စကားတွေကို ကြားသွားလို့များ သူတို့ကပါ အဆန်းထွင်ပြီး မတရား သက်သေခံလိုက်ရင် ခင်တို့မှာ မိန်းမသားမို့ 'ဆူးကျလည်း ဖက်ပေါက်၊ ဖက်ကျလည်း ဖက်ပေါက်' ဆိုတာလို 'အနှောင့်မလွတ်၊ အသွားမလွတ်'နှင့် ရေကြည်တစ်ပေါက် မစဉ်ရဘဲ နာမည် ညှိုးသွားလျှင် မတရား အနစ်နာခံရလိမ့်မယ်။ လာ…လာ၊ ကပျာကယာ ရှောင်ကြစို့"
ဆိုပြီး တတိုင်းမွှေးပွင့်တွေ ထည့်ထားသော ငွေဖလားကြီးကို ပိုက်၍ ကတိုက်ကရိုက် ပြေးလာခဲ့ကြ ရာ ပုတ္တလုပ်ရေကန်နံဘေးရှိ သော်ကပင်ပျိုကလေးအောက်သို့ ရောက်လာကြသည်တွင်မှ ရင်ထဲ က အပူလုံးကြီး ဗြုန်းခနဲ ကျသွားပေတော့၏။
"အမယ်လေး…ခုမှ စိတ်အေးရတော့သည် ခင်ဘုန်းရယ်၊ အနို့မို့ သက်သက်ပန်းရှုံးအောင် အထင် မှားခံရမှာပါကလား"
ခင်မကြီးက ပိုက်ထားသော ငွေဖလားကြီးကို ချပြီး သော်ကပင်ရိပ်အောက်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ခါ ပိုးစစ်ပ၀ါနှင့် စို့လာသော ချွေးကလေးများကို တို့၍နေလေ၏။
ခင်ဘုန်းမှာလည်း ခင်မကြီးနည်းတူ မောမောနှင့် ကသောကမျော ပြေးလာရသောကြောင့် ကသီ ကရီ ကျနေသော ဗျာပါဆံစကလေးများကို သနပ်ခါးထိပ်စိုက် ဘီးကလေးနှင့် ဖြီးကာ ဖြီးကာ ပြင် ဆင်ရင်း တစ်စုံတစ်ရာကို စဉ်းစားမိပြန်ကာ…
"ဒါနဲ့ ခင်မကြီးရေ…ခင်တို့ ဟိုနေရာမှာ ပန်းခူးနေတုန်း သူတို့နဲ့တွေ့ပြီးမှ ဒီဆီကို ရှောင်ထွက်လာ တယ်လို့ ထင်ချင် ထင်သွားဦးမယ်နော်။ ပြီးတော့…သခင်မကြီး မေးပုံကလည်း ခင်တို့ကို မောင် မောင်တုတ်က ၀ှက်ထားသလိုလို အတတ်စွဲနေလေတော့ နောက်ဆုံး သည်နေရာမှာ လာတွေ့ဦး တော့ သခင်မကြီးစိတ်ထဲမှာ သင်္ကာကင်းမှ ကင်းနိုင်ပါ့ဦးမလား မပြောတတ်ဘူး။ ခင်တော့ ဒီလူပျို တော်နှစ်ယောက်ကိုသာ စိတ်ပေါက်မိတော့တာပဲ"
ညည်းညည်းတွားတွား ပြောမိလေ၏။
ခင်မကြီးကလည်း အနည်းငယ်တွေးပြီး သက်ပြင်းကလေးရှိုက်လိုက်မိလျက် "ခက်ပါတယ် ခင်ဘုန်း ရယ်။ ဘယ်လိုနည်းနှင့် သည်ကနေ့ ဖြစ်ရတယ်လို့ မပြောတတ်ပါဘူး။ သည်နေ့ အဆောင်တော် ကအထွက်မှာ ပြဿဒါးများလည်း မလွတ်လေရော့သလား။ ကဲ…ကဲ ခင်စဉ်းစားမိပြီ၊ သည်လို ပြော ကြစို့ကွယ်။ သခင်မကြီးနဲ့တွေ့လျှင် ခင်တို့နှစ်ယောက်က သည်ကို ပြောကြရအောင်၊ နောင်အခါ အတိုင်အဖောက်မညီဘဲ နေဦးမယ်နော်။ သေသေချာချာ မှတ်ထား"
ဘုန်း။ "ဘယ်လိုများ ပြောမတုံး ခင်မကြီးရဲ့"
ကြီး။ "သည်လိုကွဲ့၊ ခင်တို့နှစ်ယောက်ဟာ တတိုင်းမွှေးပန်းများကို စောစောကြီးကတည်းက ခူးပြီး နေရလို့ ပျင်းပျင်းရှိတာနှင့် ဟောဒီ ပုတ္တလုပ်ကန်အနားမှာ သော်ကပန်းများ လာခူးရင်း အပျင်းပြေ ထွေရာလေးပါး စကားစပ်မိရာ ပြောနေကြပါတယ်လို့ ဟုတ်ကဲ့လား"
ဘုန်း။ "ဒီလိုပြောတော့ သခင်ကြီး ယုံရောလို့ အာမခံနိုင်ပါ့မလား"
ကြီး။ "မယုံလည်း ကံအတိုင်း ရှိပါစေတော့လေ၊ နှစ်ယောက်သား အတိုင်အဖောက်မညီဘဲ နေမှာစိုး လို့ တိုးတိုးစည်းလား ရိုက်ထားရတာပဲ"
ဘုန်း။ "ဟိုမှာ မတွေ့ဘူးဆိုရင် အထင်လွဲ အမြင်လွဲနှင့် အနည်းဆုံး မတွေ့မနေ လိုက်ရှာဖွေကြ တော့မှာဘဲ ခင်ရဲ့။ အပြစ်လွတ်အောင် ကွေ့ရှောင်ပြီး အရှင်ထိပ်စုဖျား အပါးတော်မှာ သွားခစား နေရအောင်ကလည်း သခင့်အရိပ်အကဲ မသိသားဆိုးဝါးရာကျနေတဲ့အတွက် သာလို့ပင် ခက်ပါ သေးသည်"
ကြီး။ "ကဲအတိုင်းပေါ့ ခင်ရယ်၊ အထွေအထူး တွေးပြီး ပူမနေပါနှင့်တော့။ ဟိုနေရာမှာ တွေ့သွား တာထက်ဖြင့် ဒီမှာတွေ့တာက သက်သာပါသေးရဲ့လို့ ဖြေရမှာပဲ။ ကဲ…ငြိမ်ငြိမ်နေ၊ ဣနြေ္ဒမပျက် နှင့် ခင်ဘုန်းရေ။ တော်တော်ကြာ သခင်ကြီးလိုက်လာလို့ မျက်စိမျက်နှာ မကောင်းနှင့် တွေ့သွား လျှင် သာ၍ အထင်မှားစရာ ဖြစ်နေဦးမယ်"
ဆိုကာ ငွေဖလားကြီးအတွင်းရှိ ခူးလာသော ပန်းများကို ကောင်းနိုးရာရာ ရွေးချယ်သန့်ရှင်း၍ နေ ကြလေ၏။
ဥယျာဉ်တော်တစ်ဝိုက်၌ ပိုက်စိပ်တိုက်သကဲ့သို့ ကတိုက်ကရိုက် လိုက်လံရှာဖွေနေသော အထိန်း တော်ကြီး ခင်ဘွားသစ်နှင့် လူပျိုတော်ကြီး နှစ်ဦးမှာ များမကြာမီ ပုတ္တလုပ်ရေကန်တော်အနီးသို့ ရောက်လာကြလေ၏။
မောင်မောင်ငယ်က သော်ကပင်အောက်တွင် ရှိနေသော ခင်မကြီးတို့အား ရုတ်တရက်သွား၍ မြင် သည်တွင် အားရ၀မ်းသာနှင့် လက်ညှိုးညွှန်ပြကာ…
"ဟော…ဟိုမှာ…ဟိုမှာ အရီးဖုရားရဲ့။ အမယ်လေး…မယ်မင်းကြီးမများအတွက် တစ်ဖက်သားတွေ ဒုက္ခများလိုက်တာ"
ပြောပြီး မောင်မောင်တုတ်ကလည်း…
"ကဲ…အရီးဖုရား၊ ကျေနပ်ပါပြီလား"ဟု မေး၍ ခင်ဘွားသစ်ကြီးမှာ ဘာမျှမပြောနိုင်သေးဘဲ ခင်မကြီး တို့အနီးသို့ရောက်အောင် သွားကာ…
"ဘယ့်နှယ် ခင်မကြီးတို့၊ ခင်တို့ကို တတိုင်းမွှေးပန်းများ အခူးစေလွှတ်ထားသည်ကို ဘယ်လိုနည်း ကြောင့် သည်ရေကန်အနီး ရောက်လာကြသတုံး"
ဗြုန်းခနဲ မေးလိုက်သောအခါ ခင်မကြီးနှင့် ခင်ဘုန်းတို့မှာ အထိန်းတော်ကြီးနှင့်တကွ နောက်ပါးမှ အတူပါလာကြသော လူပျိုတော်နှစ်ဦးကို ပြူးပြူးပျာပျာ ကြည့်နေမိရာမှ ခင်မကြီးက ကပျာကယာ ဣနြေ္ဒဆည်လိုက်ကာ…
"ခင်တို့လည်း ခဏကလေး ခူးကာမျှနှင့် တတိုင်းမွှေးပန်းများ တစ်ဖလားအပြည့်ရှိတာနှင့် သည် ဘက်ကို လျှောက်ခဲ့ရာမှာ သော်ကပင်ကို မြင်ပြန်တော့ အရှင်ထိပ်စုဖုရား နှစ်သက်တော်မူတတ် သည့် ပန်းမို့ ခူးမယ်လို့ ရောက်ခဲ့ရင်းက ပျင်းပျင်းရှိသည်နှင့် နှစ်ယောက်သား စကားပြောမိကြပါ သည်။ မေမေသခင်မကြီးဖုရား"
ပြောလိုက်ရာ အထိန်းတော်ကြီးမှာ တိုး၍ မသင်္ကာဟန်နှင့်…
"ဟင်…ဒီနေရာကို ရောက်နေတာ ကြာပြီဟုတ်စ"
ကြီး။ "မှန်ပါသည်၊ မေမေသခင်မကြီး ကြာပါပြီ"
သစ်။ "ဒီစကားဟာ အဟုတ် မဟုတ်ပါဘူး။ စောစောက ဟောဒီ မောင်မောင်တို့ကို ရှာရင်း သည် နေရာကို ကျုပ်ကိုယ်တိုင် တစ်ခေါက် ရောက်ခဲ့ပါသေးတယ်။ ဘယ်သူမှ သော်ကပင်နားမှာ မရှိပါ ကလား"
ဘုန်း။ "မေမေသခင်မကြီး အမှတ်မဲ့မို့ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း သော်ကကိုင်း ကွယ် နေလို့လား မသိတတ်ပါ။ စောစောက ဟောဟိုဘက်က နိမ့်ကျသည့် သစ်ကိုင်းတစ်ဖက်ကို ခင်တို့ လက်နှင့် ဆွဲနှိမ်ပြီး အတော်ကြာကြီး ပန်းကိုင်းများ ချိုးနေမိကြပါသေးတယ် မေမေသခင်မကြီးရဲ့"
ပြောလိုက်သောအခါ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ (သည်ကောင်မလေး နှစ် ယောက် ဘောက်မဲ့ကြောင့် အထိန်းတော်ကြီးကို လိမ်လည် မုသားသုံးပြီး ပြောနေကြပါလိမ့်မယ်။ ခုတင်တုန်းကတွင်ပဲ တတိုင်းမွှေးရုံနား သူတို့ အရှိကြသေးသားနဲ့)ဟု စဉ်းစားမိရာ အထိန်းတော် ကြီးမှာမူကား အမြောက်အမြား ခူးထားသော တတိုင်းမွှေးပန်းများကိုသော်လည်းကောင်း၊ အနည်း ငယ်မျှသာ ခူးထားသော သော်ကပန်းများကိုသော်လည်းကောင်း၊ ဆင်ခြင်စဉ်းစားမိသော မျက်စိ ဖြင့် ခပ်နက်နက်ကြည့်ကာ…
"သစ်ကိုင်းကြီး တစ်ကိုင်းလုံးနှိမ်ပြီး စိမ်ပြေနုပြေ ခူးနေကြတဲ့ သော်ကပန်းများကလည်း တစ်ခက် နှစ်ခက်တည်း ရှိပါသေးကလား။ တစ်တိုင်းမွှေးပန်းများကတော့ တစ်ခဏလေးခူးရုံနှင့် ဆယ့်နှစ်ရာ သီ ရုပ်စုံဖလားကြီးတစ်ခု အပြည့်ရလာကြသည်မှာ ခင်မကြီးတို့ နှစ်ယောက်အားနှင့်တော့ တစ် ခဏချင်း သည်လောက်များများ မရနိုင်ပေဘူး။ ကူညီပြီး ခူးပေးတဲ့ တတိုင်းမွှေးရုံစောင့် ရုက္ခစိုးနတ် ကလေးများ ကိုသာ အင်မတန် ကျေးဇူးတင်စရာကောင်းတော့သည်"
ပြောလိုက်သောကြောင့် ခင်မကြီးနှင့် ခင်ဘုန်းတို့၏ မျက်လုံးလေးလုံးသည်လည်းကောင်း၊ မောင် မောင်တုတ်နှင့် မောင်မောင်ငယ်တို့၏ မျက်လုံးလေးသည်လည်းကောင်း အထိန်းတော်ကြီး ခင်ဘွားသစ်၏ မျက်နှာအား တစ်ပြိုင်တည်းသွား၍ အလန့်တကြား ကြည့်လိုက်မိကြလေ၏။
ယင်းသို့ လူပျိုတော်နှစ်ယောက်နှင့် အပျိုတော်နှစ်ယောက်တို့ တစ်ပြိုင်နက် အံ့သြထိတ်လန့်စွာ ကြည့်လိုက်မိကြခြင်းမှာ မသင်္ကာနေသော အထိန်းတော်ကြီး ခင်ဘွားသစ်၏ စိတ်များကို တိုး၍ မသင်္ကာသွားရန် ထောက်ခံအားပေးလိုက်သကဲ့သို့ ရှိသွားပြန်သောကြောင့်။
"ကဲလေ…ရှိပါစေတော့။ လူငယ်တွေဆိုတာ ဒီလိုပေါ့၊ 'တောစကား တောပျောက်၊ အိမ်စကား အိမ် ပျောက်'ဆိုသလို ဟောသည် တောင်ဥယျာဉ်တော်ထဲက စကားကို အဆောင်တော်ထဲ အိမ်တော် ထဲ ဆွဲယူမသွားပါနဲ့။ မောင်မောင်တို့ကလည်း သူ့ခမျာများကို ကိုယ့်နှမသားချင်းကလေးများကို သဘောထား ပြီး စကားစည်းစောင့်ကြပါ၊ ဟုတ်လား"
တရားချလိုက်ပြန်လျှင် ခင်ဘုန်းနှင့် ခင်မကြီးတို့အဖို့မှာ အခံရများစွာ ခက်၍ မျက်စိပျက်ပျက်၊ မျက်နှာပျက်ပျက် ဖြစ်နေရှာကြလေတော့၏။
မောင်မောင်တုတ်မှာ အထိန်းတော်ကြီးထင်သလို မဟုတ်ရကြောင်းနှင့် ခါးခါးသီး ခေါင်းခါလိုက်မည် ပြုပြီးမှ စောစောက ခင်မကြီး မိမိကို အသေနှက်ထားလိုက်သော စကားများကိုသွား၍ သတိရကာ မိမိ မခံချိ မခံသာ ဖြစ်ရသလို သူ့အားလည်း လက်စားပြန်ချေလိုက်ဦးမှဟု ရုတ်တရက် အတွေး ပေါ်လာသောကြောင့် ရှက်ဟန်နှင့် မထိတထိ တစ်ချက်ပြုံးလိုက်တာ။
"စိုးရိမ်ကြောင့်ကြတော်မမူပါနှင့် အရီးဖုရားရဲ့။ ကျွန်တော်များကလည်း တရားမဲ့တတ်သည့် လူစား မျိုး မဟုတ်တဲ့အတွက် သူတစ်ထူးအရှက်ကို စောင့်စည်းရမယ်ဆိုတဲ့ ၀တ္တရားကို နားလည်ပါတယ်" ဟု ပြောလျက် ခင်မကြီးဘက်သို့ ဘာလိုလို အဓိပ္ပါယ်ရှိသော မျက်နှာထားနှင့် ကြည့်လိုက်လျှင် အထိန်းတော်ကြီးမှာ မိမိထင်ခြေနှင့် ကိုက်နေပြီ ဟူသော အမူအရာနှင့် ခင်မကြီးတို့ဘက်သို့လှည့် ကာ တစ်စုံတရာ ပြောလိုက်မည်ပြုစဉ် ခင်မကြီးတို့မှာလည်း ရုတ်တရက်မျက်နှာညိုမည်းသွားပြီး မခံမရပ်နိုင် ဖြစ်လွန်းလှသဖြင့်။
"အလို…သခင်ကြီးဘုရာ့၊ ဘယ်လိုစကားနှင့် ဘယ်လိုများ ပြောလိုက်သည်မသိ၊ ရေနစ်သူကို ၀ါးကူ ၍ ဖိသလို ဖြစ်နေပါပြီ။ သည်ကနေ့ ဖျာ့ကျွန်မတို့ နှစ်ယောက်ဟာ ရေကြည်တစ်ပေါက်မျှ စဉ်ကျရ သည်လည်း မဟုတ်ဘဲနှင့် သခင်ကြီး အထင်တော်လွဲပြီး မတရားစွပ်စွဲတော်မူလိုက်ခြင်းဟာ 'စကား နောက်တစ်ပါး ပါ"ဆိုသလို လားလားမျှ မတော်ပါဘူး ဘုရာ့"
စိတ်လိုက်မာန်ပါ ဒေါသသံခပ်ပါပါနှင့် ပြောလိုက်သည်တွင်မှ အထိန်းတော်ကြီးမှာ မဟုတ်လျှင် မခံ တတ်သော ဇွဲနှင့် ဆတ်ဆတ်ကြဲဖြစ်လာသော ခင်မကြီး၏အမူအရာကို နဂိုဓာတ်သိခဲ့ပြီးသူ ဖြစ် သည့်အတိုင်း။
"ကိုင်းလေ…ခင်မကြီးကလည်း စကားထွေထွေထူးထူးတွေ မပြောပေနှင့်။ မောင်မောင်တို့က ကိုယ့် တာဝန်ကိုယ် သိပါမယ်လို့လည်း အာမခံထားပြီကော"
အပြောတွင် မောင်မောင်တုတ်က ၀င်၍…
"ဟုတ်ပါတယ် အရီးဖုရား။ ကျွန်တော်များဟာ အစစ အရာရာ တာဝန်သိပါတယ်။ သို့ပေမဲ့ တချို့ မိန်းကလေး များကတော့ မာနတံခွန်တွေ အလွန်ထောင်ထားပြီး ယောက်ျားတစ်ဦးတစ်ယောက်ကို ဘာလောက်မှ မထင်ချင်ကြတဲ့ စိတ်များ ရှိတတ်ကြပါတယ်။ 'လှိုင်းကြီးလှေအောက်၊ တောင်ကြီး ဖ၀ါးအောက်'ဆိုတဲ့ စကားနဲ့ မိန်းမနှင့် ယောက်ျားဟာ အင်အားချင်းလည်းမမျှ၊ ငါကကော ကော ကြစို့ ဆိုတဲ့ တစ်နေ့မှာလည်း နစ်နာချင်းနစ်နာတော့ 'ဆူးကျဖက်ပေါက်၊ ဖက်ကျလည်းဖက်ပေါက်' ရတဲ့ ဥပမာလို သူတို့သာ နစ်နာတတ်ပါကလားလို့ မစဉ်းစားကြဘဲ ယောက်ျားတစ်ဦးတစ်ယောက် အပေါ်မှာ အပြစ်အနာအဆာတွေကို ရှာရှာဖွေဖွေ ပြောချင်တတ်ကြပါသေးတယ် အရီးဖုရားရဲ့။ ဒီ လို မိန်းကလေးများတော့ ကျွန်တော်များက လားလားမျှ မျက်နှာကြောမတည့်ပါဘူး။ သူတို့က စလို့ မြှူသည် တိုင်အောင် အမူလုပ်နေကြမည့် လူစားမျိုးဖြစ်ပါတယ်။ ဟောသည် နှမငယ်များက တော့ အရှင်ထိပ်စုဖုရား မျက်နှာတော်ကို ထောက်ထား၍ နှမအရင်းကလေးများနှင့် မခြားဘဲ အမြဲ စောင့်ရှောက်ဖို့ ရည်မှန်းထား ပါတယ်၊ သို့သော်လည်း ဒီနှမငယ်များကတော့ မောင်မောင်တုတ် ဆိုတဲ့လူဟာ လူစွာ၊ လူရှုပ်၊ လူယုတ်၊ လူသရမ်းကြီးရယ်လို့ မလိုသူများ သတင်းလွှင့်သလို တစ် ဖက်သတ်စကားနှင့် ကြားသိထားရတဲ့အတိုင်း စိတ်တွင်းကတော့ အထင်များသေးနေလေလား မပြောတတ်ပါဘူး"
ဆိုလိုရင်းအဓိပ္ပာယ်ကို ခင်ဘွားသစ်ကြီးပင် ဝေ့လည်လည်ဖြစ်သွားပြီး မစဉ်းစားတတ်ပလေအောင် ပြောလိုက်သောအခါ အချက်သိပြီးသူများဖြစ်သော ခင်မကြီးနှင့် ခင်ဘုန်းတို့မှာ တစ်ယောက်မျက် နှာတစ်ယောက် လှမ်းကြည့်မိလျက် မိမိတို့ စောစောက ပြောဆိုနေသောစကားများကို သူတို့ကြား သွား၍သာ ယခုလို သာသာနှင့် နာနာနက်၍ လက်စားချေကြာခင်းပါကလားဟု စဉ်းစားမိပြီး ခင်မ ကြီးမှာ ကွယ်ရာတွင် အလွန်အကျွံ ပြောထားမိသော စကားတို့ကို ပြန်လှန်စဉ်းစားခြင်းဖြင့်လည်း မောင်မောင် တုတ် ကို အားတုံ့အားနာကြီးဖြစ်ကာ မျက်နှာစကားတတ်အောင် ရှိနေရှာလျှင်။
ချည်ခင်ပေါက်ပမာ အထိန်းတော်ကြီး ခင်ဘွားသစ်မှာ သူတို့အမူအရာနှင့် ပြောဆိုကြသော စကား များက ကြာလေကြာလေ နားရှုပ်ပွေ၍သာ လာတော့သဖြင့် ၎င်းတို့အား မျက်နှာရင်ဆိုင်ထား၍ ပြောလို့ ဖြစ်နိုင်တော့မည် မဟုတ်။ နှစ်ယောက်စီခွဲထုတ်၍ ဟုတ်သလောက်စစ်ဆေးမှသာ နေရာ ကျတော့မည်ဟု စိတ်ကူးမိကာ။
"ကဲ…မောင်မောင်တို့ ပြောနေကြတဲ့ စကားတွေကိုလည်း အရီးဖုရား နားမလည်နိုင်သေးပါဘူး၊ အကျိုးအကြောင်း အဆိုးအကောင်းကို မှန်ရာအတိုင်း သိရအောင် နားရှင်းရှင်းနှင့် အတိအလင်း ပြောကြစမ်းပါ။ ကိုင်း…မောင်မောင်တို့နှစ်ယောက် ဒီကို လာစမ်းပါဦး"
ဆိုလျက် ပုတ္တလုပ်ရေကန်တစ်ဘက်မှ ပုန်းညက်ပင်ကလေးအောက်သို့ ခေါ်သွားလေ၏။ သော် ကပင်အောက်တွင် နှစ်ယောက်သား ကျန်ရစ်သော ခင်မကြီးနှင့် ခင်ဘုန်းတို့မှာလည်း…
"ခက်တာပဲ ခင်ဘုန်းရယ်။ သခင်ကြီးကတော့ ခင်တို့အပေါ်မှာ အတော်အထင်မှားနေပြီ။ 'ကျား သနားမှ နွားချမ်းသာမှာ' ဆိုသလို ဟို…ကိုယ်တော်မြတ်များက ကျောရရင် နည်းသလားဆိုပြီး မတရား သက်သေခံလိုက်ရင် သခင်ကြီးကလည်း နဂိုအထင်မှားလက်စ၊ ခင်တို့တစ်တွေကလဲ 'ထန်းသီးကြွေခိုက် ကျီးနင်းလိုက်'သလို သူတို့နှစ်ယောက်နှင့် တတိုင်းမွှေးရုံအောက်မှာ ပေါက် ပေါက်ရှာရှာလာလို့ တွေ့နေရ တာက 'မပြေးသော်လည်း ကန်ရာရှိ'ဆိုတဲ့စကားလို အထင်မှားချင် အောင် အကွက် ဆင်ထား သလို ဖြစ်ရပလေ တယ် ခင်ဘုန်းရယ်"
ညည်းညည်းတွဲ့တွဲ့ ပြောလိုက်လျှင် ခင်ဘုန်းကလည်း ပြုံးမဲ့မဲ့ မျက်နှာကလေးနှင့်။
"စောစောက ခင်တို့ ပြောကြတဲ့စကားတွေကို မောင်မောင်တုတ် ကြားတာတော့အမှန်ပဲ။ ဒါကြောင့် သာ ခုနင်က သာသာနဲ့နာနာ နှက်အားတာ ခင်ဘုန်းရဲ့။ အို…ခင်တို့ကို ဒီကနေ့ ဂြိုဟ်မွှေနေပါ တယ်။ ဘာပြုလို့ ဒီစကားတွေ သွားပြောမိနေရသလဲ မဆိုနိုင်ဘူး"
ကြီး။ "အဲဒါ ခင်ဘုန်းကစပြီး အရူးထတာ သိရဲ့လား၊ သီပေါကိုယ်တော် ကြွလာတော်မူတယ်ဆိုရင် လူပျိုတော်တွေ ပါလာမှာပဲလေး ဘာလေးနဲ့ သူကစပြောလို့"
ဘုန်း။ "အို…ခင်က ရိုးရိုးပြောတာပါ။ ခင်မကြီးကသာ ဆန်းဆန်းပြားပြား တွေးပြီး အစစ်အမေး တူရာက မောင်မောင်တုတ်ကို ဘယ်လိုလုပ်မယ်၊ ညာလိုလုပ်မယ်နဲ့ ပြောတာ၊ ဒီစကားတွေကို ဟို က အကုန် ကြားမှာပဲ"
ကြီး။ "ဒါတော့ ဘယ်သိမလဲ ခင်ရယ်၊ ကိုယ်တို့နှစ်ယောက်တည်း ရှိတယ်အထင်နဲ့ ပြောချင်တာ တွေ ပြောနေမိတာပဲ။ ခင်ဘုန်းကလည်း သူ့အကြောင်းတွေ မကောင်းဝင်ပြီး ပြောသေးတာပါပဲ။ ခင့်ကိုချည်း လွှဲမချပါနှင့်"
ဘုန်း။ "နေ့ပြော နောက်ကြည့်၊ ညပြော အောက်ကြည့်-ဆိုတဲ့ စကားလို နင်တို့နှစ်ယောက် စကား ပြောတုန်းက တတိုင်းမွေးရုံအောက်ကို ငုံ့မကြည့်လိုက်မိတာ မှားတာပဲနော်"
ကြီး။ "သြော်…ဒါတော့ ဘယ်သိနိုင်မလဲ ခင်ဘုန်းရယ်၊ စောစော ခင်တို့ရောက်နေတုန်းကလည်း တတိုင်းမွှေးရုံအောက်မှာ တစ်စုံတစ်ယောက်မှ မရှိတာ အတွေ့အမြင်ပဲကွယ်။ သူတို့တစ်တွေ ဘယ်အချိန်ရောက်လာပြီး သည်အောက်မှာ အိပ်နေကြတယ်မသိ။ သခင်ကြီးနှိုးသံကြားမှသာ သူ တို့ ရောက်နေကြတယ်ဆိုတာ သိရတော့တာကလား"
ပြောကာ ရှေ့အဖို့ ဘာဖြစ်ဦးမည် မသိတိုင်း စိတ်အာရုံလှိုင်းဂယက်ရိုက်၍ နေရရှာကြလေ၏။
ပုန်းညက်ပင်အောက်တွင် သုံးယောက်သား ခေါင်းချင်းဆိုင်၍ ပိုင်ပိုင် အစစ်အဆေး မေးခွန်းထုတ် နေသော အထိန်းတော်ကြီး ခင်ဘွားသစ်အား မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့သည် ဟုတ်သမျှ ပြန်ကြားနေကြရလေ၏။
သစ်။ "မောင်မောင်တို့ မှန်မှန်ပြောကြတာပဲနော်"
တုတ်။ "မှန်ပါတယ် အရီးဖုရားရဲ့၊ မလိမ်ပါဘူး၊ သူတို့နဲ့ ကျွန်တော်တို့နဲ့ မည်ကဲ့သို့မျှ အဆက် အသွယ် မရှိတာ အမှန်ပါပဲ"
သစ်။ "မောင်မောင်ငယ်ကလည်း အရီးဖုရားကို ဟုတ်သလောက် ပြောစမ်းပါဦး"
ငယ်။ "ကိုရင်တုတ် ပြောတဲ့အတိုင်းပါပဲ အရီးဖုရားရဲ့။ ကျွန်တော်တို့နှစ်ယောက်ဟာ ရွှေကိုယ် တော်များနှင့် အရှင်ထိပ်စုဖျား အပါးတော်က ခွာလာကြတော့ ပျင်းပျင်းရှိတာနှင့် ဥယျာဉ်တော်တွင်း က လျှောက်လာကြပါသည်။ အရိပ်အာဝါသကောင်းတဲ့ တတိုင်းမွှေးရုံကြီးအောက်က ထိုင်ချင်စရာ ကောင်းလှတဲ့ ကွပ်ပျစ်ကလေးတွေ့တော့ နှစ်ယောက်သား သွားထိုင်မိပါတယ်။ ကျွန်တော်တို့ ထိုင်စဉ် အခါက သည်အနားမှာ ဘယ်သူ ဘယ်ဝါမှ မရှိရိုးအမှန်ပါပဲ။ အကယ်၍ ရှိကြလျှင်လည်း စောစော ကတည်းက ကျွန်တော်များ ရှောင်သွားမှာပါပဲ။ အဲသလို လူမရှိဘူးအထင်နှင့် ပန်းချုံ အောက် ၀င်ထိုင်မိလို့ တစ်ခဏ ကြာတော့မှ လူသံကြားရပါတယ်။ ဒါနှင့် ကျွန်တော်တို့လည်း ဘယ်ဆီကလာတဲ့ အသံလည်းလို့ အကဲခတ် နေမိစဉ်မှာ ပန်းရုံအပြင်ကနေပြီး ပန်းခူးနေကြတဲ့ သူ တို့နှစ်ယောက်ကို မြင်ရပါတယ်။ ကျွန်တော် တို့ရှိမှန်းလည်း သူတို့မသိကြပါဘူး။
မသိကြလို့သာ သူတို့ပြောချင်ရာတွေ ပြောနေကြတာကလား အရီးဖုရားရဲ့။ ဒါနှင့် ကျွန်တော်များကလည်း သူတို့ ရှိသကိုလေးလို့ ရှောင်ထွက်သွားကြမည်အလုပ်မှာ မလှုပ်သာအောင် လန့်စရာကောင်းတဲ့ ခင့်မ ကြီးရဲ့ ကြိမ်းဝါးသံစကား ကြားရတာနှင့် ပန်းရုံထဲက ထွက်သွားလို့ မတော်တဆ သူတို့မြင်သွား လျှင် ခင်မကြီး ကြိမ်းဝါးထားတဲ့အတိုင်းဆိုလျှင် ရာဇ၀တ်အိုး တုတ်နဲ့ ထိုးတာထက်များ ဆိုးနေဦး မလားဆိုပြီး နှစ်ယောက်သား မလှုပ်ရှားဝံ့အောင် ငြိမ်နေရုံ မကသေးပါဘူး၊ သူတို့ကိုများ တစ်မျိုး တစ်မည်အကြံနှင့် ကွေ့လည်ဆန်းပြားပြုရန် လာရှောင်နေသည် အထင်ရှိသွားမှာ စိုးရိမ်စွာနှင့် နှစ် ယောက်သား ကွပ်ပျစ် ပေါ်မှာ အိပ်ပျော်ချင်ဟန်ပြု၍ နေပါသည်။
သူတို့လည်း ပန်းချုံအပြင်ဘက် မှာ စကားပြောမြဲပြောလျက် ရှိကြပါသည်။ တစ်ခဏကြာတော့ အရီးဖုရား ရောက်လာတာပါပဲ။ အဲဒီ အခါမှ ကျွန်တော်တို့မှာ တစ်မျိုးခွကျပြန်ပါတယ်။ စောစောက သူတို့ အထင်မှား ကြမည် စိုးရိမ် သည်ကတစ်ဖက်၊ အရီးဖုရားက မတရား စွပ်စွဲမှာ စိုးရိမ်သည်က တစ်ဖက်နှင့် အခက်ကြီးကြုံပြီး တစ်စုံတစ်ရာမသိ အိပ်မောအကျကြီး ကျနေသည် အထင်ခံရသည်ကမှ နှစ်ဦးနှစ်ဖက်လုံးအတွက် သက်သာရာရမည်ထင်သည်နှင့် တမင် အိပ်ချင်ဟန်ပြုနေရခြင်း ဖြစ်ပါသည်။ ယခုမှ ကျွန်တော်တို့ က မှန်သည့်အတိုင်း အတိအကျဖွင့်ဟ အစီရင်ခံရတော့တာပါပဲ။ နည်းနည်းမှ သင်္ကာ မကင်း မရှိပါ လေနှင့် အရီးဖုရားရယ်"
သစ်။ "အင်း…အင်းသည်လို အတိအကျ သိရရင်တော့ ကိစ္စမရှိပါဘူး မောင်မောင်။
ဒါနဲ့ ဒီကောင်မလေးနှစ်ကောင် ပြောစကားနဲ့ မောင်တို့ပြောစကားဟာ နည်းနည်းကွာနေပါသည်။ သူတို့ တတိုင်းမွှေး ရုံနားက ထွက်လာသည်မှာ ကြာလှပါပြီဆိုတဲ့ စကားက လားလားမှ ယုတ္တိမရှိ သေးဘူး မောင်မောင်ရဲ့"
တုတ်။ "'ဒါကတော့ ဒီလိုရှိပါတယ် အရီးဖုရားရဲ့၊ သူတို့လည်း ကျွန်တော်တို့ပန်းရုံအောက်ပြော၍ နေကြခြင်းဖြစ်ပါသည်။ ကျွန်တော်များကလည်း မကြားချင်မနေရ ကြားနေရရင်းက မျက်လုံးကို အ တင်းမှိတ်ပြီး အိပ်ချင်ဟန် ပြုနေရပါသည်။ သည်အတောအတွင်း အရီးဖုရားရောက်လာပြီး ကျွန် တော်များကို နှိုးတော့ သူတို့လည်း အရီးဖုရားရဲ့ အသံကြားတာနှင့် ကျွန်တော်များကို မြင်ဟန်တူပါ သည်။ အဲသည်လို မြင်ရတော့ သူတို့အပေါ်မှာ အရီးဖုရား အထင်လွဲမှားသွားမှာ စိုးရိမ်တဲ့အတွက် သည်နေရာက ကသုတ်ကရက် ထွက်ပြေးသွားကြဟန် တူပါသည်။
"အမှန်စင်စစ်ကတော့ နှစ်ဦးနှစ်ဖက်လုံး အရီးဖုရား အထင်မှားမှာကို စိုးရိမ်မိကြတဲ့အတွက် အစိုးရိမ် အကြောင့်ကြလွန်သွားကြတာပါ။ နို့ပြီး အရီးဖုရားကလည်း ကျွန်တော်များ ထင်သည့်အတိုင်းပဲ စွပ် စွဲလိုက်တော့ ကျွန်တော်တို့ထက် သူ့ခမျာများမှာ အခံရခက်သွားကြဟန်တူပါသည်။ သည့်အပေါ် မှာ ကျွန်တော်ကလည်း စောစောက ခင်မကြီးပြောထားတဲ့ စကားတွေကို ကျွန်တော် အခံရခက်သ လို သူလည်း အခံရခက်သွားအောင်ဟာ တစ်နည်းနည်း လက်စားချေလိုက်ဦးမယ်ဆိုတဲ့အကြံနှင့် သူမခံချင်အောင် အရီးဖုရား စွပ်စွဲချက်ကို ၀န်ခံသလိုလို ပြောမိလိုက်ခြင်း ဖြစ်ပါတယ်။
စင်စစ်တော့ တစ်ဦးနှင့်တစ်ဦး ဘာမျှ မသက်ဆိုင်ရသေးတာ အမှန်ပါပဲ။ သူ့ခမျာလည်း အထင်လွဲ မှာကို အစိုးရိမ်ကြီးတာ နှင့် ကာကွယ်နေရှာတာပါ အရီးဘုရားရဲ့"
ပြောမှ ခင်ဘွားသစ်ကြီးလည်း ယုံကြည်လာတော့သည်။ သို့နှင့် သော်ကပင်ဆီသို့ တစ်ချက်လှည့် ကြည့်လိုက်မိသောအခါ ခင်မကြီးတို့ နှစ်ယောက်မှာမူ ပူပင်သောကများနေသော မျက်နှာထား ကလေး တွေနှင့် ငေးမောတွေဝေနေသည်ကို လှမ်းမြင်လိုက်မိသည်တွင် အထိန်းတော်ကြီး ခင်ဘွား သစ်မှာ ကျိတ်ကာ ပြုံးမိလျက်…
"ကဲ…ကဲ မောင်မောင်တို့ ပြောစကားကို အရီးဖုရား ယုံကြည်ပါပြီ။ သို့ရာတွင် ခင်မကြီးဆိုတဲ့ ကောင်မကလေးဟာ နေရာတကာ ဆတ်ဆတ်ကြဲနှင့် အမြဲစွာချင်တယ် မောင်မောင်ရဲ့။ ရှိသမျှ အပျိုတော်တွေထဲမှာလည်း အရှင်ထိပ်စုဖုရားရဲ့ အလိုတော်လိုက်ပြီး အကြိုက်ကို အလိုက်နိုင်ဆုံး ဖြစ်လေတော့ အရှင်ထိပ်စုဖျားကလည်း သူ့ကို အတော်အရေးပေး မြှောက်စားထားတော်မူတယ်။ အဲဒါကြောင့်လည်း တစ်ခါတစ်ခါ အရှင်သခင်အားကိုးနဲ့ သူက ဆိုးချင်တယ်။ အရီးဖုရားကိုတောင် မဟုတ်လျှင် မခံဘူးမောင်မောင်ရဲ့။ အတော် ဂြိုဟ်ထောင်တဲ့ ကောင်မကလေး သည်အရေးမှာ သူ့ ကို အရှုံးပေး အညံ့ခံလို့ မတော်ဘူး။ သူ့အပေါ်မှာ အရီးဖုရားက နိုင်ရာ ဖမ်းကိုင်ထားမှဖြစ်မယ်"
ရယ်သွမ်းသွေးပြီး ပြုံးပြုံးကလေး ကျိတ်ကာ ပြောမိရာမှ…
"အို…ဒါထက် အရီးဖုရားက မောင်မောင်တို့ကို လိုက်ရှာနေတာ တခြားမဟုတ်ပါဘူး။ သီပေါကိုယ် တော်နှင့် အရှင်ထိပ်စုဖျားတို့ နှစ်ပါးအတူ ကြည်တော်မူနေကြသည်ကို မောင်မောင်တို့အား သတင်းကောင်းကြားစေလို၍ လိုက်ရှာနေခြင်းပါ။ ဘယ့်နှယ်က ဘယ့်နှယ် သည်အရှုပ်အထွေးနဲ့ အရေးထဲ အရာပေါ်နေမှန်း မသိပါဘူး။ ကဲ…ကဲ ခုနေ ခေါ်တော်များ မူးနေပြီလား မသိ။ အရီးဖုရား ကိုယ်ယောင်သွား၍ ပြလိုက်ဦးမယ်။ မောင်မောင်တို့လည်း ရေကြည့်နန်းတော် အနီးအပါးသို့ တိုး ၍ ခစားကြ ပေတော့နော်။ သြော်…ဟိုနှစ်ယောက်ကိုလည်း စကားလက်စနဲ့ ဆက်ပြောခဲ့ရဦးမယ်။ ကိုင်း… ကိုင်း မောင်မောင်တို့ သွားနှင့်ကြပေရော့"
ဆိုတာ ခင်ဘွားသစ်ကြီးလည်း ခင်မကြီးတို့ရှိရာသို့ ထွက်လာခဲ့ပြီး…
"ကဲ…ခင်မကြီးတို့ ပြီးတာ ပြီးပါစေ။ စုဖျားခေါ်တော်ရော့မယ်၊ တတိုင်းမွှေးရုံနားသွား၍ စောင့်နေကြပါ။ အလိုတော် ရှိလျှင် အဆင်သင့် လာခဲ့ကြပေတော့"
ပြောပြီး ရေးကြီးသုတ်ပျာနှင့် ရေကြည့်စံနန်းတော်ရှိရာသို့ ပြန်လာခဲ့လျှင် ခင်ဘုန်းနှင့် ခင်မကြီးတို့ မှာ မိမိတို့ အရှုပ်အရှင်းအတွက် 'မြွေမသေ တုတ်အကျိုး'နှင့် တစ်မျိုးအနေရကျပ်၍ ကျန်ရစ်ကြ လေသတည်း။
အခန်း (၂၈) ဆက်ရန်
.
No comments:
Post a Comment