လယ်သမားကျောင်းဆရာ
“ယနေ့ မင်းတို့ကို သင်ကြားပြသမည့် ဆရာဟာ ဒီဆရာပဲ၊ သူဟာ မင်းတို့တစ်တွေကို အမျိုးမျိုးသင် ပြမယ်“
ဆရာကြီးသည် ထိုသို့မိတ်ဆက်စကားပြောပြီးလျှင် ဆရာအသစ်တစ်ယောက်နှင့် သူတို့ကို မိတ်ဆက် ပေးသည်။ တော့တိုး-ချန်သည် ဆရာအသစ်ကို အသေအချာ ကြည့်လိုက်သည်။ ပထမ အချက်မှာ သူသည် ကျောင်းဆရာ တစ်ယောက်ကဲ့သို့ အ၀တ်ဝတ်ထားခြင်း မရှိ။ သူ၏ အပေါ်အင်ကျီမှာ ချည်အင်ကျီ တိုဖြစ်သည်။ လည်ပင်းမစည်းထားဘဲ လည်ပင်း၌ မျက်နှာသုတ်ပ၀ါ ကို ပတ်ထားသည်။ သူ၏ဘောင်းဘီမှာ မဲနယ်ရောင် ချည်ဘောင်းဘီ ဖြစ်သည်။ ဘောင်းဘီပွ မဟုတ်ပေ။ ၎င်းအပြင် ဘောင်းဘီ၌ ဖာထေး ထားသည့်အရာများ ရှိသည်။ သူသည် ရှူးဖိနပ်မစီးဘဲ အလုပ်ကြမ်းသမားများ စီးလေ့ရှိသည့် ရော်ဘာ ဖိနပ်ကို စီးထားသည်။ သူ၏ဦးခေါင်းပေါ်တွင် မြက်ဦးထုပ်ကြီးကို ဆောင်းထားသည်။
ကျောင်းသား ကလေးများအားလုံးသည် ကူဟွန်းဘတ်စုဘုရားကျောင်းရှိ ရေကန်အနီးတွင် စုရုံး ရောက်ရှိ နေကြခြင်း ဖြစ်သည်။
တော့တိုး-ချန်သည် ဆရာကို စိုက်ကြည့်ရင်း ယခင်က ဘယ်မှာ တွေ့ဆုံဖူးပါလိမ့်ဟု စဉ်းစားလိုက်သည်။ “ဘယ်နေရာမှာလဲ“ဓ စဉ်းစားသည်။ သူ၏ ကြင်နာမှုရှိသော မျက်နှာမှာ နေလောင်ထားပြီး အတွန့် အတွန့် များဖြင့် ပြည့်နှက်လျက် ရှိနေသည်။ သူမ ရုတ်တရက် မှတ်မိသွားသည်။
“ဦးလေးကြီးဟာ စမ်းချောင်းနားက လယ်ကွင်းထဲမှာ အလုပ်လုပ်တဲ့ လယ်သမားကြီးမဟုတ်လား“ ဟု တော့တိုး-ချန် သည် ၀မ်းမြောက်ဝမ်းသာ မေးလိုက်သည်။
“ဟုတ်တယ်ကဲ့“ ဟု ဆရာက ပြောလိုက်သည်။
“ဓကူဟွန်းဘတ်စု ကို မင်းတို့တတွေ လမ်းလျှောက်သွားကြတိုင်း ငါ့လယ်ကွင်းအနီးက ဖြတ်သွား ကြတယ် မဟုတ်လား၊ မုန်ညင်းပွင့်တွေ ပွင့်နေတဲ့ လယ်ကွင်းဟာလေ၊ အဲဒီလယ်ကွင်းပေါ့“
“၀ိုး ဦးလေးကြီးဟာ ယနေ့ ကျွန်တော်တို့ ဆရာပေါ့နော်"
ကလေးများ ထံမှ ကျယ်လောင်သောအသံထွက်လာသည်။
"မဟုတ်ဘူး၊ ငါဟာ 'ဆရာ' မဟုတ်ဘူး၊ လယ်သမား တစ်ယောက်ပဲ၊ မင်းတို့ရဲ့ ဆရာကြီးက ကူညီပါလို့ ပြောလို့ပေါ့"
လယ်သမားကြီးက သူ၏မျက်နှာရှေ့တွင် သူ၏လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
"အိုး ဟုတ်တယ်၊ သူပြောသလိုပဲ၊ သူဟာမင်းတို့ရဲ့ လယ်သမား ဆရာတစ်ယောက်"
ဆရာကြီး သည် သူ၏နံဘေးတွင် လာရပ်ရင်း ပြောလိုက်သည်။
"လယ်ကွင်းထဲမှာ အပင်ဘယ်လို စိုက်ရမယ် ဆိုတာကို သူက မင်းတို့ကို သင်ပေးလိမ့်မယ်၊ ဘာနဲ့ တူသလဲ ဆိုတော့ မုန့်ဖုတ်သမားက ပေါင်မုန့် ဘယ်လို ဖုတ်ရသလဲဆိုတာကို ပြသလိုပေါ့"
ထို့နောက် ဆရာကြီးသည် လယ်သမားကြီးဘက်သို့ လှည့်ပြီး "ဘာလုပ်ရမယ် ဆိုတာ ကလေးတွေ ကို ပြောပြပါ..၊ ကဲ....စကြစို့"
သာမန်မူလတန်းကျောင်း တစ်ကျောင်း တွင် ကလေးများကို စာသင်ပြရမည့် သူများ၌ ဆရာဖြစ် အောင်လက်မှတ် များ ရရှိထားရန် လိုအပ်ပေသည်။ သို့ရာတွင် မစ္စတာကိုဘာယာရှီသည် ထိုအကြောင်း ကိစ္စမျိုး ကို သိပ်အမှုမထားချေ။ ကလေးများအနေဖြင့် လက်တွေ့လုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကြပ် မြင်တွေ့ပြီး လေ့လာဆည်းပူး ဖို့သာ အရေးကြီးပါသည်ဟု သူ့အနေဖြင့် စိတ်ကူးမိလေသည်။
"ဒီလိုဆိုရင် ငါတို့စကြစို့"ဟု လယ်သမားဆရာက ပြောလိုက်သည်။
သူတို့ရောက်ရှိသည့်နေရာမှာ ကူဟွန်းဘတ်စု ရေအိုင်အနီးတွင် ဖြစ်သည်။ ထိုနေရာသည် တိတ်ဆိတ်သော နေရာလည်း ဖြစ်သည်။ သာယာသော နေရာလည်း ဖြစ်သည်။ ရေအိုင်ပတ်ပတ် လည်တွင် အရိပ် ကောင်းသော သစ်ပင်များလည်း ရှိသည်။ ဆရာကြီးသည် ပေါက်တူး၊ ဂေါ်ပြားအစ ရှိသော လယ်ယာသုံး ပစ္စည်းများသည် ကလေးများ ကိုင်တွယ် အသုံးပြုနိုင်သော ပစ္စည်းအမျိုးမျိုး ဖြစ်သည်။
လယ်သမား ဆရာက ကလေးများအား ပေါက်တူးများနှင့် ဂေါ်ပြားများကို ယူစေပြီးနောက် မြက်များကို ရှင်းလင်း ခိုင်းသည်။ သူသည် သူတို့ကို မြက်များအကြောင်း ပြောပြသည်။ မြက်များသည် အလွန်အကြမ်း ပတမ်းခံ ကြကြောင်း၊ အချို့မြက်ပင်များသည် ကောက်ပဲသီးနှံပင် များထက်ပို၍ လျင်မြန်စွာ ပေါက်ကြ ပြီးနောက် ကောက်ပဲသီးနှံပင်များ နေရောင်ခြည်မရအောင် ကာဆီးထား တတ်ကြောင်း၊ မကောင်းသော ပိုးမွှား များသည် မြက်ပင်များကြား၌ ခိုအောင်းလေ့ရှိကြောင်း၊ မြက်ပင်များသည် မြေကြီးထဲ၌ရှိသော မြေသြဇာ များကို စားသုံးပစ်ကြောင်း စသည်တို့ကို တစ်ဆင့် ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု ရှင်းပြသည်။ သူသည် စကားပြောနေရင်း မြက်များကို မည်သို့ သုတ်သင်ရှင်းလင်းရမည်ကိုလည်း လက်တွေ့ လုပ်ပြသည်။ ကလေးများကလည်း သူလုပ်သလို လိုက်လုပ်ကြသည်။ ၎င်းနောက်ဆရာသည် ပေါက်တူးကို ဘယ်လို ပေါက်ရမည်၊ ထယ်ကြောင်းများ ကို ဘယ်လိုလုပ်ရမည်။ မြေသြဇာကို မည်သို့ ထည့်ရမည် အစရှိသဖြင့် လယ်ကွင်းတွင် စိုက်ရေးရေး ပြုလုပ်ရမည့်အကြောင်းအရာ မှန်သမျှအားလုံးကို ရှင်းပြသည်။ ရှင်းပြရင်း လက်တွေ့ လုပ်ပြ သည်။
မြွေငယ်ကလေးတစ်ကောင်သည် ခေါင်းထောင်၍ အသက်ခပ်ကြီးကြီး ကျောင်းသား တစ်ယောက် ဖြစ်သော တား-ချန်၏ လက်ကို ပေါက်မည်ကဲ့သို့ လုပ်သည်။ လယ်သမားဆရာက ...
"ဒီကွင်းထဲမှာရှိတဲ့ မြွေတွေဟာ အဆိပ်မရှိဘူး၊ မင်းတို့က သူတို့ကို နာကျင်အောင် မလုပ်သရွေ့ သူတို့ ကလည်း မင်းတို့ကို နာကျင်အောင် မလုပ်ဘူး"ဟု နှစ်သိမ့်စကားပြောလိုက်သည်။
ကလေးများအား လယ်ကွက်ထဲ၌ မည်သို့ စိုက်ပျိုးရမည်ကို သင်ကြားပြသည့်အပြင် ဆရာသည် သူတို့ တတွေကို စိတ်ဝင်စားဖွယ်ရာများအကြောင်း၊ လိပ်ပြာများအကြောင်း၊ မိုးလေ၀သ ရာသီဥတု အကြောင်း ကိုပြောပြသည်။ ဖုထစ်နေသော လက်များက သူသည် လက်တွေ့သမား တစ်ဦးဖြစ်ကြောင်း ကလေးများ ကို သက်သေပြလျက် ရှိသည်။
ကလေးများသည် ဆရာ၏အကူအညီဖြင့် လယ်ကွက်ထဲ၌ စိုက်ခြင်းပျိုးခြင်း အလုပ်ကို လုပ်ကိုင် ပြီးသွား လေပြီ။ သူတို့အားလုံးမှာ ချွေးများဖြင့် ရွှဲရွှဲစိုနေကြသည်။ အချို့ထယ်ကြောင်းများ အနည်းငယ် မညီမညာ ရှိသည်မှအပ သူတို့ကိုယ်တိုင်ကိုယ်ကြပ် စိုက်ပျိုးထားသော လယ်ကွင်းကို မည်သည့်နေရာမှပင် ကြည့်ကြည့် အတွေ့အကြုံရှိသော လယ်သမားကြီးတစ်ဦး စိုက်ပျိုးထားသော လယ်ကွင်းနှင့်မခြား မြင်တွေ့ နိုင်ပါသည်။
ထိုနေ့မှစ၍ ကလေးများသည် ထို လယ်သမားကြီးကို အထူးချစ်ခင်လေးစားလာကြသည်။ သူ့ကို မြင်တွေ့သည့်အခါ မည်မျှပင် အလှမ်းကွာဝေးနေစေကာမူ "ဟိုမှာ ငါတို့ရဲ့ လယ်သမားဆရာ"ဟု အော်ပြောလေ့ ရှိသည်။ ထိုလယ်သမားကြီး အနေဖြင့်လည်း ဓာတ်မြေသြဇာ အပိုအလျှံများ ရလာ သည့်အခါတိုင်း ကလေးများ၏ လယ်ကွက်ထဲသို့ ထည့်ပေးလေ့ရှိလေရာ ကလေးများ စိုက်ပျိုးထား သော လယ်များသည် ကောင်းစွာ ရှင်သန်ကြီးထွားလာလေသည်။ ကျောင်းသားများသည် တစ်ယောက်စီ အလှည့်ကျ ထိုလယ်ကွက်ရှိရာသို့ နေ့တိုင်းသွားရောက်ပြီး အခြေအနေကို စစ်ဆေး ကြရသည်။ သူ၏ တွေ့ရှိချက်များကို ဆရာကြီးနှင့် ကျောင်းသားများအားလုံးအား အသိပေးရသည်။ ကလေးများသည် သူတို့ကိုယ်တိုင်ကိုယ်ကြပ် လက်တွေ့စိုက်ပျိုးထားသော မျိုးစေ့များမှ အပင်ငယ် များ ပေါက်လာသည်ကို မြင်တွေ့ရသောအခါ အလွန်ပျော်ရွှင်ကြသည်။ ကလေးများသည် သုံးလေး ယောက်မစုမိနှင့်၊ စုမိသည်နှင့် သူတို့လက်တွေ့ စိုက်ပျိုးထားသော လယ်ကွက်ထဲရှိ အပင်ငယ်များ အကြောင်းကို အားရပါးရ ပြောကြ လေသည်။
ကမ္ဘာ၏ အခြားအခြားသော အစိတ်အပိုင်းများတွင် ကြောက်စရာကောင်းသော အဖြစ်အပျက်များ စတင်ဖြစ်ပျက်လျက် ရှိနေလေပြီ။ သို့သော်လည်း ထိုကလေးများသည် သူတို့၏ သေးငယ်သော လယ်ကွင်း များအကြောင်းကို ဆွေးနွေးပြောဆိုကြရာ၌ သူတို့တတွေ၏ စိတ်ထဲဝယ် ငြိမ်းချမ်းရေးကို ဖက်တွယ် ထားကြသည်နှင့် တူနေပါတော့သည်။
လက်တွေ့ မီးဖိုချောင်းအလုပ်
တနေ့သော် ကျောင်းလွှတ်ချိန်တွင် တော့တိုး-ချန်သည် မည်သူ့ကိုမျှ စကားလည်းမပြော၊ နှုတ်လည်း မဆက်ဘဲ ကျောင်းဝင်းတံခါးမှ ဂျီယူဂါအိုကာ ဘူတာရုံသို့ အမြန်ဆုံး ပြေးသွားသည်။ ဤသို့ပြေးသွားစဉ် သူမနှုတ်မှ "မိုးကြိုးကမ်းပါးယံမှာ လက်တွေ့ချက်ပြုတ်စားသောက်ကြမယ်၊ မိုးကြိုးကမ်းပါးယံမှာ လက်တွေ့ချက်ပြုတ် စားသောက်ကြမယ်"ဟု ခပ်တိုးတိုးကလေး ရွတ်သွား သည်။
သူမတို့လို ငယ်ရွယ်သော ကလေးတစ်ယောက်အဖို့ ထိုစာကြောင်းသည် အလွယ်တကူမေ့သွားနိုင် သော စာကြောင်း ဖြစ်သည်။ တော့တိုး-ချန်သည် ထိုစာကြောင်းကို မေ့မသွားစေရန် အလို့ငှာ ကြိုးစားပမ်းစား ကျက်မှတ် ထားရလေရာ၊ တစ်ဦးတစ်ယောက်ကိကုသာ စကားပြောလိုက်မိပါက သူမကျက်ထားသော စာကြောင်းကို မေ့သွားနိုင်လေသည်။ "ငါတို့အိမ်ပြန်ကြစို့"ဟု ပြောလိုက်မိ လျှင်ပင် မေ့သွားဖွယ်ရာ အကြောင်း ရှိလေသည်။ ထို့ကြောင့် သူမသည် မည်သူ့ကိုမျှ စကားမပြော ဘဲ ထိုစာကြောင်း ကိုသာ ထပ်ခါတလဲလဲ ခပ်တိုးတိုးကလေး ရွတ်ဆိုနေမိခြင်း ဖြစ်သည်။
ကံကောင်းထောက်မသောကြောင့် မီးရထားပေါ်၌ သူမကို မည်သူမျှ စကားမပြောကြပေ။ မီရထားပေါ်၌ မည်သည့်အကြောင်းအရာကိုမျှ စပ်စပ်စုစုမပြုလုပ်ပေ။ သို့သော်လည်း မီးရထားပေါ် မှ ဆင်းပြီး ဘူတာရုံမှ အထွက်ပင် သူမကိုသိသော ဘူတာရုံမှ အမှုထမ်းတစ်င်္ဦးက "ဟဲလို မင်းပြန် လာပြီကိုး"ဟု နှုတ်ဆက်လိုက်သသည်။ သူမသည် ပြန်လည် နှုတ်ဆက်ရန် ဟန်ပြင်ပြီးမှ သူမ အလွတ်ရွတ်နေသော စာကြောင်းကိစ္စကို သတိရလိုက်မိသဖြင့် သူ့ကို လက်ပြန်ပြရုံသာပြလိုက်ပြီး အိမ်သို့အမြန်ဆုံး ပြေးသွားလေတော့သည်။
အိမ်ရှေ့တံခါးဝသို့ ရောက်သည်နှင့် သူမသည် "မိုးကြိုးကမ်းပါးယံမှာ လက်တွေ့ချက်ပြုတ် စားသောက်ကြမယ်"ဟု အသံကုန်ဟစ်၍ အော်ဆိုလိုက်သည်။ အစပထမ၌ အမေက သမီးဖြစ်သူ သည် ဂျူဒိုကစားသည့်အခါ ရွတ်ဆိုရသည့်အလေ့အတိုင်း ရွတ်ဆိုလေသလော၊ သို့မဟုတ် ယို နင်လေးဆယ့်ခုနှစ်ယောက်တို့၏ ရွတ်ဆိုသံကိုတုပြီး လိုက်ရွတ်လေသလားဟု တွေးမိသည်။ သို့သော် ခဏအကြာတွင် သူမအဖြေမှန်ရလိုက်သည်။ ဂျီယူဂါအိုကာဘူတာရုံနှင့် သုံးဘူတာခြား သော တိုဒိုရိုကီ ဘူတာရုံအနီးတွင် တိုဒိုရိုက်၊ ကီအိကိုကူး (သို့မဟုတ်) မိုးကြိုးကမ်းပါးယံမှ ခေါ်တွင် သော ထင်ရှားသည့် စခန်းတစ်ခု ရှိလေသည်။ ၎င်းနေရာ၌ ရေတံခွန်တစ်ခု၊ စမ်းချောင်းတစ်ခုနှင့် လှပသော သစ်တော ရှိသည်။ လက်တွေ့ချက်ပြုတ်စားသောက်ကြမယ်ဟု ဆိုရာတွင် ကလေးများ သည် ထိုနေရာသို့ သွားရောက်ပြီး ချက်ပြုတ်စားသောက်ကြမယ်ဟု ဆိုလိုခြင်း ဖြစ်သည်။
တော့တိုး-ချန်သည် အမေ့အား သူမတို့ သွားရောက်မည့် အစီအစဉ်များကို တစ်ခုပြီးတစ်ခု အကျယ် တ၀င့် ပြောပြသည်။ ကလေးများအားလုံးသည် လာမည့် သောကြာနေ့နံနက်တွင် ကျောင်းသို့ သွားရောက်စုဝေးကြရမည်။ သူတို့နှင့်အတူ စွပ်ပြုတ်ထည့်ရန် ခွက်တစ်လုံး၊ ထမင်းထည့်ရန် ပန်းကန်တစ်လုံး၊ တူနှစ်ချောင်းနှင့် ဆန်တစ်ပန်းကန်လုံး ယူလာကြမည် ဖြစ်သည်။ ဆရာကြီးက ချက်ပြုတ်ပြီးရင် ပန်းကန်လုံးနှစ်လုံးစာ ရမည်ဟု ပြောကြောင်းကိုလည်း သူမက ပြောပြသေးသည်။ ထို့ကြောင့် သူမသည် ၀က်သားအနည်းငယ်နှင့် ဟင်းသီးဟင်းရွက်အချို့ယူသွားရန်လိုကြောင်း ပြောသည်။ မွန်းလွဲပိုင်းတွင် စားသောက်ရန် မုန့်နည်းနည်း ယူခဲ့ချင်လည်း ယူခဲ့နိုင်ကြောင်း ဆရာကြီးက မှာလိုက်သည်ဟု သူမက ဆက်လက်ပြောဆိုသေးသည်။
နောက်ရက်များ၌ တော့တိုး-ချန်သည် မီးဖိုချောင်သို့သွား၍ အမေ့နားကပ်ပြီး အမေက ဓားကိုမည်သို့အသုံးပြုသည်။ အိုးကို မည်သို့ကိုင်သည်။ ထမင်းကို မည်သို့မည်ပုံ ခူးခပ်သည်ကို ဂရု တစိုက်လေ့လာသည်။ မီးဖိုချောင်ထဲ၌အမေ၏လုပ်ပုံကိုင်ပုံကို ကြည့်ရသည်မှာ အလွန်ကိုကြည့် ကောင်းပါ သည်။ သို့သော်လည်း တော့တိုး-ချန် သဘောအကျဆုံးမှာ အမေက"အိုး ... ပူလိုက်တာ" ဟု ပါးစပ်က ပြောရင်း လက်မနှင့် လက်ညှိုးက နားရွက်ဖျားကို ကိုင်လိုက်ပုံကိုပင် ဖြစ်သည်။
"ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတော့ နားရွက်ဖျားတွေဟာ အေးလို့ပဲ"
အမေကရှင်းပြသည်။
တော့တိုး-ချန်သည် အမေ၏ ထိုမီးဖိုချောင်အပြုအမူကို နှစ်သက်သဘောကျသောကြောင့် "မိုးကြိုး ကမ်းပါးယံမှာ လက်တွေ့ချက်ပြုတ်ရင်အဲဒီအတိုင်းလုပ်မယ်" ဟုစိတ်ကူးထားလိုက်လေသည် ။
သောကြာနေ့သို့ ဆိုက်ရောက်လာသည်။ မီးရထားပေါ်မှ ဆင်းသက်ခဲ့ကြပြီးနောက် သူတို့တတွေသည် မိုးကြိုးကမ်းပါးယံသို့ ရောက်ရှိလာကြသည်။ ဆရာကြီးသည် သူ၏တပည့်အားလုံးကို တစ်နေရာတည်း၌ စုဝေးစေသည်။ သစ်ပင်များက သူတို့အပေါ်၌ မိုးလျက်ရှိသည်။ ကလေးများသည် သူတို့၏အိတ်များကို ကျောပေါ်မှ အချသေးဘဲ ဆရာကြီးပြောမည့် စကားများကို နားစွင့်နေကြသည်။သူတို့နှင့် ခပ်လှမ်းလှမ်း နေရာတွင် ရေတံခွန်ရှိသည်။ ရေတံခွန်မှ ရေကျသံများသည် နားထဲတွင် သာသာယာယာရှိသည်။
"အခုအချိန်ကစပြီး ငါတို့အဖွဲ့တွေခွဲမယ်၊ ပြီးရင် ဆရာတွေယူလာတဲ့ အုတ်ခဲတွေနဲ့ မီးဖိုပြုလုပ်မယ်။ပြီးရင် မင်းတို့ထဲက အချို့စမ်းချောင်းထဲမှာ ဆန်ကိုဆေးမယ်၊ပြီးရင်ချက်မယ်။ အဲဒါတွေပြီးရင် ငါတို့ဝက်သား စွပ်ပြုတ်ပြုတ်ကြမယ်။ ကဲ-ငါတို့ လုပ်စရာရှိတာတွေ လုပ်ကြစို့"
ကျောင်းသားများသည် "ကျောက်ခဲ-စက္ကူ- ကတ်ကြေး"ဟုနှုတ်မှရွတ်ရင်း သူတို့ဘာသာသူတို့ အဖွဲ့များကို ခွဲကြသည်။ကျောင်းသားဦးရေစုစုပေါင်းမှာ ငါးဆယ်သာရှိသောကြောင့် အဖွဲ့ခြောက် ဖွဲ့ခွဲနိုင်ခဲ့သည်။ သူတို့သည် မြေကြီးပေါ်တွင် တွင်းများတူး၍ တွင်းနှုတ်ခမ်းများပေါ်၌ အုတ်ခဲများရံ ကာ မီးဖိုများပြုလုပ်ကြ သည်။အုတ်ခဲများပေါ်၌ သံချောင်းများကို ကန့်လန့်ဖြတ်တင်လိုက်ကြသည်။ စွပ်ပြုတ်အိုးများနှင့် ထမင်းအိုး များမမှောက်ရန် မီးဖိုကို အသေအချာပြုလုပ်ကြသည်။အချို့က မီးဖို များကို ပြုလုပ်နေချိန်တွင် အချို့က ထင်းများကို သွားရှာကြသည်။အချို့က စမ်းချောင်းသို့သွားပြီး ဆန်များကို ဆေးကြသည်။
ကလေးများအားလုံးတွင် တာဝန်ကိုယ်စီ ရှိလာကြသည်။တော့တိုး-ချန်သည် ဟင်းသီးဟင်းရွက် များကို လှီးဖြတ်ရန်နှင့် ၀က်သားစွပ်ပြုတ်အိုးကို စောင့်ကြည့်ရန် တာဝန်ကျသည်။ တော့တိုး-ချန် ထက် အသက်နှစ်နှစ်ခန့် ပိုကြီးသော ယောက်ျားလေးတစ်ယောက်သည်လည်း ဟင်းသီးဟင်းရွက် များကို လှီးဖြတ်ရန်တာဝန်ယူရသည်။ သူသည် တော့တိုး-ချန်ကဲ့သို့မလှီးတတ်။အချို့မှာ ကြီးနေပြီး အချို့မှာ သေးနေသည်။ သူသည်အားသွန်ခွန်စိုက်ပြီး လှီးနေရရှာသည်။ နှာခေါင်းထိပ်တွင် ချွေးများစို့လျက် ရှိသည်။တော့တိုး-ချန်မှာမူ အမေ့ထံမှ အတုများရယူသောကြောင့် ဟင်းသီးဟင်းရွက်များ ပါးစပ်ထဲထည့် သည့်အခါ အနေတော်ဖြစ်အောင် လှီးဖြတ်နိုင်ခဲ့သည်။
သူမသည် သခွားသီးများကိုပင် ပါးပါးကလေးလှီး၍ ဆားဖြူးပြီး သီးခြားထားလိုက်သည်။ စွပ်ပြုတ်သောက် သည့်အခါ သခွားသီး ချဉ်သဘောမျိုးဖြင့် သီးခြား ၀ါးစားနိုင်ရန်အတွက် ဖြစ်သည်။ တော့တိုး-ချန်သည် သူမကိုယ်သူမ တကယ့်အိမ်ရှင်မဟု သဘောထားနေမိသည်။ ကလေးတိုင်းက သူမ၏သခွားသီးချဉ်ကို ချီးကျူးကြသည်။
စွပ်ပြုတ်အိုးဆူလာပြီး အနံ့များထွက်လာသောအခါ ကလေးများမြည်းကြည့်ကြသည်။ "၀ိုး" "ဂီး" စသော အသံများသည် အဖွဲ့အသီးသီးတိုင်းမှ ထွက်ပေါ်လာသည်။သစ်ပင်များပေါ်မှ ငှက်မျာ၏ အော်မြည်သံ များမှာလည်း ကလေးများ၏ အသံများနှင့် အပြိုင်အဆိုင်ဖြစ်နေသည်။ ကလေးများသည် သူတို့၏ အိမ်များ ထဲ၌ အဆင်သင့် ခူခပ်ထားသော ထမင်းဟင်းများကို ထမင်းဝိုင်း၌ ၀င်ထိုင်ပြီး စားကြရသူများဖြစ်ကြသည်။ အချက်အပြုတ်ကို နားလည်ကြသူများ မဟုတ်ကြ။ယခုဤနေရာတွင် သူတို့ကိုယ်တိုင် အချက်အပြုတ် အလုပ်ကို လုပ်ကြရပြီး မီးဖိုချောင်လုပ်ငန်း၏ လက်တွေ့သဘောကို စတင်သိရှိလာကာ အတွေ့အကြုံ တစ်မျိုး ရလာကြပြီ ဖြစ်သည်။
အချက်အပြုတ်အလုပ် ပြီးဆုံးသောအခါ ဆရာကြီးသည် မြက်ခင်းတစ်နေရာတွင် ကလေးများ အားလုံးကို စက်ဝိုင်းပုံသဏ္ဍန်ဖြစ်အောင် ထိုင်ခိုင်းလိုက်သည်။ အဖွဲ့တိုင်း၏ရှေ့တွင် စွပ်ပြုတ်အိုး တစ်အိုးနှင့် ထမင်းအိုးတစ်အိုးစီ ချထားပေးသည်။ တော့တိုး-ချန်သည် သူမတို့အဖွဲ့မှ စွပ်ပြုတ်အိုး ကို လာရောက်သယ်ယူသူကို ခေတ္တခဏတားဆီးပြီးနောက် သူမစိတ်ကူးထားသည့် အလုပ်တစ်ခု အား လုပ်ဖြစ်အောင် လုပ်လိုက်သည်။ သူမသည် စွပ်ပြုတ်အိုး၏ အဖုံးကိုရုတ်တရက် ဆွဲဖွင့်လိုက်ပြီး "အိုး....... ပူလိုက်တာ"ဟု အော်ပြောရင်း သူမ၏ လက်ချောင်းငယ်များဖြင့် သူမ၏ နားရွက်ဖျားကို ကိုင်လိုက် သည်။ထိုသိုပြုလုပ်ပြီးသောအခါမှ "ယူသွားနိုင်ပါပြီ" ဟုပြောလိုက်သည်။ တော့တိုး-ချန်သည် သူမလုပ် ချင်တာ လုပ်လိုက်ရ၍ကျေနပ်သွားသည်။
ကလေးတိုင်းသည် သူတို့ရှေ့မှ အငွေ့တထောင်းထောင်းထွက်နေသော ထမင်းအိုးများနှင့် စွပ်ပြုတ်အိုး များကိုစူးစိုက်ကြည့်နေကြသည်။ သူတို့အားလုံး ဆာနေကြသည်။ ယခုသူတို့စားသောက်ကြမည့် အစားအစာသည် သူတို့ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် ချက်ပြုတ်ထားသည့် အစားအစာများ ဖြစ်သည်။
ခဏအကြာတွင် သူတို့သည် "၀ါးပါ-၀ါးပါ၊ ၀ါးပါ-ညက်ညက် ၀ါးပါ၊ သင်စားမည့် အစားအစာ တိုင်းကိုပါ"ဟု သီချင်းဆိုကြသည်။ သီချင်းဆိုပြီးသောအခါ "ကျွန်ုပ်သည် ကျေးဇူးတင်စွာဖြင့် ပါဝင်စားသောက်ပါသည်" ဟု ပြောဆိုကြပြီး စားကြသောက်ကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။ ရေတံခွန်မှ ရေသံများမှတပါး အခြားမည်သည့် အသံများကိုမှ မကြားရတော့။
မင်းဟာ တကယ်ကို လိမ္မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်
"မင်းဟာ တကယ်ကို လိမ္မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ် မဟုတ်လား"
ကျောင်းအုပ်ဆရာကြီးသည် တော့တိုး-ချန်ကို တွေ့သည့်အခါတိုင်း အထက်ပါအတိုင်းပြောလေ့ရှိ
သည်။ ဆရာကြီးက ထိုကဲ့သို့ ပြောသည့်အခါ တော့တိုး-ချန်သည်ပြန်ပြုံးပြရင်း ခြေထောက်ကိုလည်း အနည်းငယ် မြှောက်ကြွပြုလုပ်လိုက်ပြီးနောက် ဟုတ်ကဲ့၊ ကျွန်မဟာ လိမ္မာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ် ဟု ပြန်ပြောသည်၊ သူမသည် လိမ္မာသူတစ်ယောက် ဖြစ်သည်ကိုလည်း သူမကိုယ်သူမ ယုံကြည်ပြီးသားဖြစ်သည်။
တော့တိုး-ချန်သည် လိမ္မာသော မိန်းကလေးတစ်ယောက် ဖြစ်သည်မှာ အမှန်ပင်၊ သူမသည် လူတိုင်းအပေါ် သနားကြင်နာသူဖြစ်သည်။ အထူးသဖြင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသော သူငယ်ချင်းများအပေါ် ပိုမို၍ပင် ကြင်နာသနားသူဖြစ်သည်။ သူမသည် သူတို့ဘက်မှ အစဉ်အမြဲပင် ခုခံကာကွယ်သည်။ အခြားကျောင်းမှ ကျောင်းသားများက သူမဧ။်ထိုသူငယ်ချင်းများကို နောက်ပြောင်လာလျှင် သို့မဟုတ် အနိုင်ကျင့်လာလျှင် သူမသည် ထိုသူများကို ရန်တွေ့လျှင်တွေ့၊ မတွေ့လျှင်ဖက်သတ်သည်။ သူမက ရှုံ၍ငိုလျှင်ငိုရပါစေ၊ သူမသည် သူဧ။် သူငယ်ချင်းများဘက်မှ အမြဲတမ်းရပ်တည်သည်။ သူမသည် ဒဏ်ရာအနာတရ ရသော တိရစာäန်များကို တွေ့လျှင်လည်း အတတ်နိုင်ဆုံး ကူညီမှုများပြုလုပ်ပေးသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူမသည် ဆရာ၊ ဆရာမများအား အံ့သြမှုဖြစ်စေမည့် အမှုများကို ပြုလုပ်တတ်သည်။ သူမအနေဖြင့် တမူထူးခြားသော အကြောင်းအရာများကိုတွေ့ကစပ်စပ်စုစုပြုလုပ်လေ့ရှိသည်။ သူမဧ။် စပ်စပ်စုစု ပြုလုပ်မှုက အခြားသူတစ်ပါးအပေါ် အနှောက်အယှက်ဖြစ်စေသည်ကို သူမမသိချေ။
သူမသည် နံနက်ကျောင်းတက်ခေါင်းလောင်းထိုး၍ ကျောင်းသားများနှင့်အတူ စုဝေးခန်းမကြီး ရှိရာသို့ သွားသည့်အခါ သူမဧ။် ကျစ်ဆံမြီးများကို ချိုင်းကြားထဲညှပ်ပြီး လမ်းလျှောက်သွားလေ့ ရှိသည်။ တစ်ခါကလည်း အတန်းထဲ သန့်ရှင်းရေး ပြုလုပ်ရသည့်အခါ၊ ကြမ်းပြင်ပေါ်ရှိသော အရေးပေါ် ထွက်ပေါက်ကို မရရအောင်ဖွင့်ပြီး ထိုအပေါက်ထဲသို့အမှိုက်များလှည်းချလိုက်သည်။ ထိုအပေါက်သည် ရထားတွဲပြင်သူများအသုံးပြုလေ့ရှိသော အပေါက်ဖြစ်သည်။
တော့တိုး-ချန်သည် အပေါက်ကို ဖွင့်တုန်းက လွယ်လွယ်နှင့်ဖွင့်နိုင်ခဲ့သော်လည်း ပြန်ပိတ်၍ မရသော ကြောင့်အခြားသူများပါ ဒုက္ခများသွားကြလေတော့သည်။ တစ်ခါကလည်း တစ်ဦးတစ်ယောက်က အသားများကို သံချိတ်များü ချိတ်ဆွဲပြီးရောင်းချလေ့ရှိသည်ဟု ပြောလေရာ သူမသည် လေ့ကျင့်ခန်းများ ပြုလုပ်ရာ သံဘားတန်းများအနက် အမြင့်ဆုံးသံဘားတန်းကို လက်နှစ်ဖက် တွဲလဲခိုထားသည်။ သူမသည် အချိန်အတန်ကြာအောင်တွဲလဲခိုထားသည်။ ဆရာမက သူမအား ဘာလုပ်နေတာလဲဟု မေးသည့်အခါ "ကနေ့အဖို့မှာတော့ ကျွန်မဟာ အသားတုံးကြီး တစ်တုံးပေါ့" ဟု ပြန်ပြောလိုက်သည်။ ထိုသို့ပြောပြီး ခဏကြာသောအခါ သူမသည် လက်အံသေပြီး ပြုတ်ကျသွားလေတော့သည်။ ကျသည့်အရှိန်မှာ ပြင်းသောကြောင့် သူမသည် အထိနာကာ ထိုနေ့တစ်နေ့လုံး စကားပင်ကောင်းကောင်းမပြောနိုင်တော့ချေ။ တစ်ခါကလည်း သူမသည် မစူးမစမ်းဘဲ ပြုလုပ်မှုကြောင့် အညစ်အကြေးများစွန့်ရာ ကန်ကြီးထဲသို့ ကျသွားခဲ့ဖူးလေသေးသည်။
သူမသည် အထက်ပါအတိုင်း ပြုမူတတ်သောကြောင့် ထိခိုက်နာကျင်မှုများ ရှိလာတတ်လေရာ ဆရာကြီးသည် သူမဧ။်အမေနှင့်အဖေကို ဘယ်တော့မှ ကျောင်းသို့ခေါ်လေ့မရှိပေ။ ဆရာကြီးသည် သူမကိုသာမဟုတ်၊ အခြားကျောင်းသား၊ ကျောင်းသူများအပေါ်တွင်လည်း တသဘောတည်းပင် ထားရှိသည်။ ခွဲခြားမှုမရှိချေ။ ဆရာကြီးသည် တပည့်များကို ဆုံးမရာ စိတ်ရှည်ရှည်ထားသည်။ ကလေးတစ်ယောက်ယောက်သည် ဆိုးဆိုးရွားရွား အမှုတစ်ခုကို ကျူးလွန်ပါက ဆရာကြီးသည် ကလေးအားခေါ်ယူပြီး သူမဧ။် အပြစ်ကိုနားလည်အောင်ရှင်းပြသည်၊ ဆုံးမသည်။ ပြီးလျှင် ဆရာကြီးက "ကဲ တောင်းပန်လိုက်" ဟုပြောပြီး နိဂုံးချုပ်လိုက်သည်။
တော့တိုး-ချန်နှင့် စပ်လျဉ်း၍ အခြားကျောင်းသား၊ ကျောင်းသူများဧ။် မိဘများက ညည်းညူစကား ပြောသည်များကိုဆရာကြီးသည်တစ်ဆင့်စကားတစ်ဆင့်ကြားသိရသည်။ သို့အတွက်ကြောင့်လည်း
ဆရာကြီးသည် တော့တိုး-ချန်ကို တွေ့သည့်အခါတိုင်း "မင်းဟာ တကယ်ကို လိမ္မာတဲ့ မိန်းကလေး တစ်ယောက်ဖြစ်တယ်ဆိုတာ သိတယ်မဟုတ်လား " ဟူ၍ သာ ပြောလေ့ရှိသည်။
ဆရာကြီးက သူမကိုထိုသို့ပြောရာ၍ "တချို့လူတွေက မင်းကိုဆိုးတယ်လို့ ထင်နေကြတယ်၊ မင်းဟာ မဆိုးဘူးဆိုတာ ဆရာကြီးသိတယ်" ဟူသောအဓိပ္ပာယ်မျိုး သက်ဝင်လေရာ ဤသည်ကို တော့တိုး-ချန်သည် နောင်သောအခါမှ နားလည်သဘောပေါက်သည်။ "လိမ္မာတဲ့မိန်းကလေး" ဆိုသော စကားသံသည် သူမဧ။်ရင်ထဲဝယ် ပဲ့တင်ထပ်လျက်ရှိသည်။ သူမသည် တစ်ခုခု ထူးထူးခြားခြား ဆန်းဆန်းပြားပြား လုပ်မိသည့်အခါတိုင်း ဆရာကြီးဧ။် စကားသံကို အစဉ် သတိရမိသည်။ တိုမိုကျောင်း၌ သူမ ပညာသင်ကြား နေသမျှ ကာလပတ်လုံး မစ္စတာ ကိုဘာယာရှီသည် သူမကိုတွေ့တိုင်း ထိုစကားလုံးများကို ပြောတတ် လေရာ ထိုစကားများသည် သူမဧ။် ဘ၀တွင် အရေးပါသောစကားလုံးများ ဖြစ်လာပါတော့ သည်။
"တော့တိုး-ချန်၊ မင်းဟာ တကယ့်ကိုလိမ္မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ မင်းသိတယ် မဟုတ်လား"
သူ၏ သတို့သမီး ဆက်ရန်
.
3 comments:
မရွှေစင်ဦးရေ ... လိမ္မာတဲ့မိန်းကလေး တော့တိုးချန်ကို ကျောင်းမသွားခင် ဖတ်သွားပါတယ်။ ဒီစာဖတ်ပြီး ကျောင်းသွားရင် ပိုပြီး တက်တက်ကြွကြွရှိတယ်။ မဟုတ်ရင် ကျောင်းသွားဖို့ကို စိတ်ကမပါဘူး။ ကျောင်းသွားတဲ့အခါ ကျောပိုးအိတ် လွယ်တော့ ကိုယ့်ကိုယ်ကိုယ် တော့တိုးချန်လိုလို ဘာလိုလိုပေါ့။ (သူငယ်ပြန်နေတာလားတော့ မသိဘူး) :P
သူ့လိုဆိုလို့ ပြောရအုံးမယ်။ ကျမလည်း သူ့လိုခပ်ဆန်ဆန် ဖြစ်ဖူးသေးတယ် တခါတုန်းက။
ချောင်းသာကမ်းခြေမှာ အဖေရယ် ကျမ အစ်မရယ် မနက်စောစော လမ်းလျှောက်ကြရင်း သဲသောင်ပေါ်မှာ ကျောက်တုံးတတုံးဆိုပြီး ကျမက ခြေထောက်နဲ့ သေသေချာချာ တက်နင်းလိုက်တာ ... အဲဒါ နွားချေးပုံကြီး ဖြစ်နေတယ်။ မျက်စိကလဲ မွဲလွန်းပါတယ်။ အဖေနဲ့ အစ်မက ကျမကိုကြည့်ပြီး ရယ်လိုက်ကြတာ။ :D
တော်သေးတယ် တော့တိုးချန်လိုတော့ ကန်ထဲအထိ ပြုတ်မကျဖူးဘူး။ နင်းမိရုံပဲမို့။
ကလေးဆိုတာ တခါတလေ အန္တရာယ်မဖြစ်ဘူးဆိုတာ လုပ်ချင်တာလုပ်ခွင့်ရရင် သိပ်ပျော်မှာ အမှန်ပဲ။
ကျနော်က ငယ်ဘဝမှာ လွပ်လပ်ခြင်းတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် တော့တိုးချန်လေးကို အားကျလိုက်တာ.
ဟုတ်ကဲ့ ကျနော်ဟာ တကယ့်ကို လိမ္မာတဲ့ မိန်းခလေးဖြစ်တယ်ဆိုတာ ကျနော်သိပါတယ်.... :D
ချစ်ညီမလေး
Post a Comment