Tuesday, January 26, 2010

တော့တိုး-ချန်

သူ၏ သတို့သမီး

တော့တိုး-ချန်သည် အလွန်စိတ်မကောင်းဖြစ်နေမိသည်။ သူမသည် တတိယတန်းသို့ ရောက်လာ လေပြီ။ သူမသည် တာအိ-ချန်ကို အလွန်ချစ်သည်။ သူသည် လိမ္မာသူဖြစ်သည်။ ရူပဗေဒ ဘာသာရပ်တွင် တော်သည်။ သူသည် အင်္ဂလိပ်စာကိုလည်း လေ့လာသည်။ သူမအား မြေးခွေးကို အင်္ဂလိပ် လိုမည်သို့ ခေါ်ရမည်ကို သင်ပြပေးသူမှာ သူမပင် ဖြစ်သည်။

တော့တိုး-ချန်သည်  ထိုနေ့တစ်နေ့လုံး မြေခွေးကို အင်္ဂလိပ်လို ရွတ်ဆိုနေမိသည်။ တော့တိုး-ချန်သည် တာအိ-ချန်ကို မည်မျှချစ်သနည်းဆိုသော် ကျောင်းသို့ရောက်သည့်အခါ သူ၏ခဲတံများ အားလုံးကို ခဲတံချွန် သည့် ဓားဖြင့် လှလှပပကလေးများဖြစ်သွားအောင် ချွန်ပေးသည်။ သူမ၏ ခဲတံများကိုပင် သူမသည် တစ်ခါ တစ်လေ ပါးစပ်ဖြင့်ကိုက်ဖြတ်ပြီး ချွန်ယူသည်။

သို့သော်လည်း တစ်နေ့တွင် တာအိ-ချန်သည် သူမကို ကြမ်းတမ်းသောစကား ပြောလာသည်။ နေ့လယ်စာ စားပြီးချိန်၌ဖြစ်သည်။ တော့တိုး-ချန်သည် စုဝေးခန်းမကြီး၏ နောက်ဘက်၌ လမ်းလျှောက်သွားနေစဉ် တာအိ-ချန်က-

"တော့တိုး-ချန်" ဟု လှမ်းခေါ်လိုက်သည်။ သူ၏အသံမှာ စိတ်ဆိုးသံဖြစ်သည်။ သူမသည် လမ်းဆက် မလျှောက်ဘဲ ရပ်လိုက်သည်။အံ့သြခြင်းဖြစ်မိသည်။ ငါကြီးလာရင်လေ နင့်ကိုမယူဘူး သိလား၊ နင်က ငါ့ကိုယူပါ လို့ ဘယ်လိုပဲပြောပြော ငါနင့်ကို မယူဘူး" ထိုသို့ပြောပြီးနောက် သူထွက်သွားသည်။ ခေါင်း ငိုက်စိုက် ချပြီး ထွက်သွားသည်။

တော့တိုး-ချန်သည် ကြောင်အမ်းအမ်းဖြစ်နေမိသည်။ သူမသည် တာအိ-ချန် သူမ၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသည်အထိ ရပ်နေမိသည်။ ခဏာအကြာတွင် သူမ၏ လက်နှစ်ဖက်ကို အင်္ကျီအိတ်များ ထဲသို့ နှိုက်ထားရင်း စဉ်းစားလိုက်သည်။ သူ့ကိုစိတ်ဆိုးအောင် သူမအနေဖြင့် ဘာများလုပ်မိပါလိမ့်။ ဘယ်လိုမှ စဉ်းစား၍မရ။ သူမသည် ထိုအကြောင်းကို သူငယ်ချင်း မိရိုး-ချန်အား စိတ်ပျက်စွာဖြင့် ပြောပြ လိုက်မိသည်။ တော့တိုး-ချန်၏ ပြောစကားများကို နားထောက်ပြီးသောအခါ မိရိုး-ချန်က...

"သူဒီလို ပြောမှာပေါ့။ ဆူမိုနပန်းလုံးပွဲမှာ နင်ကသူ့ကို အနိုင်ရလိုက်တယ်မဟုတ်လား၊ နင်က ကိုင်ပေါက် လိုက်လို့ သူဟာကြိုးဝိုင်းထဲက လွင့်စဉ်ထွက်သွားတယ်လေ၊ သူ့ခေါင်းက သိပ်ကြီးတော့ လွင့်သွားတာပေါ့" ဟု လူကြီး လေသံဖြင့် ပြောလိုက်သည်။
တော့တိုး-ချန် စိတ်မကောင်းဖြစ်သွားမိသည်။ သူမချစ်သည့် ယောက်ျားကလေးတစ်ယောက်၊ သူမ ခဲတံကို ချွန်ပေးနေသည့် ယောက်ျားကလေး တစ်ယောက်ကို သူမက ဘာဖြစ်လို့များ အရှုံးမပေး မိခဲ့ပါလိမ့်။ အခုတော့ လက်လွန်ကုန်ပြီ။ နောက်ကျသွားလေပြီ။ သူမသည်  သူမ၏သတိုးသမီး မဖြစ်နိုင်တော့။

"ငါကတော့ ခါတိုင်းလိုပဲ၊ သူ့ခဲတံတွေကို ချွန်ပေးဦးမှာပါပဲ၊ ဘာပဲဖြစ်ဖြစ် ငါသူ့ကို ချစ်တယ်"ဟု တော့တိုး-ချန်သည် ဆုံးဖြတ်ချက် ချလိုက်သည်။
မူလတန်း အဆင့်ရှိ ကျောင်းသား၊ ကျောင်းသူကလေးများသည် သူတို့ကျောင်းက ကောင်းကြောင်း၊ တစ်ခြား ကျောင်းမှာ မကောင်းကြောင်းစသည်ဖြင့် စကားနိုင်လုပြီး ပြောဆိုတတ်ကြသည်။ တော့တိုး-ချန် ယခင် နေခဲ့သော ကျောင်း၌ထိုအဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။ ကလေးများသည် ကျောင်းလွှတ်၍ံ အိမ်ပြန်သော အခါ ကျောင်းဝန်းတံခါးဝမှ အထွက်တွင်ကျောင်းကို လည်ပြန်ကြည့်ရင်း နှုတ်ဖျားများမှ...
"အာကာမတ်စု ကျောင်း၊ ကျောင်းအို ကျောင်းဟောင်းတစ်ကျောင်း၊ အတွင်းမှာတော့ အလွန် လှပခန့်ညား တဲ့ကျောင်း"ဟု ရွှတ်ဆိုရင်း လှောင်ပြောင်သွားတတ်ကြသည်။

အခြားကျောင်းမှ ကျောင်းသားကလေးများ ကျောင်းရှေ့မှဖြစ်သွားသောအခါ သူတို့သည် အာကာမတ်စု ကျောင်းကို လက်ညှိုးထိုးရင်း-
"အာကာမတ်စုကျောင်း၊ ခမ်းနားတဲ့ ကျောင်းတစ်ကျောင်း၊ အတွင်းမှာတော့ အလွန်စုတ်တဲ့ ကျောင်း တစ်ကျောင်း"ဟုရွှတ်ဆိုရင်း လှောင်ပြောင်သွားတတ်ကြလေသည်။
သူတို့ရွှတ်ဆိုလေ့ရှိသော စာကြောင်းများအနက် ပထမစာကြောင်းသည်ကျောင်း ၏အပြင်ပိုင်း ကိုကြည့်ပြီး ရွှတ်ဆိုကြခြင်း ဖြစ်သည်။ ကျောင်း၏ အဆောက်အအုံသစ်ဖြစ်လျှင် အသစ်၊ အဟောင်းဖြစ်လျှင် အဟောင်း စသည်ဖြင့် ရွှတ်ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ပထမစာကြောင်းသည် အရေးမကြီးပေ။အရေးကြီးသည်မှာ ဒုတိယ စာကြောင်းသာဖြစ်သည်။ ကျောင်းအဆောက်အ အုံဟောင်းလျှင် ကျောင်းအို၊ကျောင်းဟောင်း ဟုရွှတ်ဆို တတ်ကြပြီး၊ ဒုတိယစာကြောင်းတွင်မူ သူတို့ကျောင်းမဟုတ်က စုတ်တဲ့ ကျောင်းဟု ရွှတ်တတ်လေသည်။ ရွှတ်ဆိုရာတွင်လည်း ကျောင်းသားကလေး လေး၊ ငါး၊ ခြောက်ယောက်ခန့်က ပြိုင်တူ ရွှတ်ဆိုတတ်ကြလေသည်။

တစ်နေ့သော မွန်းလွဲပိုင်း ကစားချိန်တွင် တိုမိုကျောင်းမှ ကျောင်းသား ကျောင်းသူ ကလေးများသည် ထုံးစံ အတိုင်း ကျောင်းဝင်းထံ၌ ကစားနေကြသည်။ ကျောင်းလွှတ်ခေါင်းလောင်း မထိုးမချင်း သူတို့သည် ကျောင်းဝင်း ထဲ၌ မိမိတို့ကြိုက်နှစ်သက်သလို လွတ်လွတ်လပ်လပ် နေနိုင်ကြသည်။ ထိုနေ့က အချို့ ကျောင်းသား များသည် ဘော့လုံးကန်နေကြသည်။ အချို့က သဲပုံပေါ်တွင် ဆော့ကစားနေကြသည်။ အချို့က ပန်းခင်းများကို ကြည့်နေကြသည်။ အချို့က သစ်ပင်ပေါ်တက် ကစားနေကြသည်။ အသက် ခပ်ကြီးကြီး ကျောင်းသူအချို့မှာမူ ခုံတန်းလျားပေါ်တွင် ထိုင်ရင်းစကားပြောနေကြသည်။တာအိ-ချန် ကဲ့သို့သော ကျောင်းသူအချို့မှာမူ စာသင်ခန်းမှမခွာဘဲ ရူပဗေဒဆိုင်ရာ လက်တွေ့လုပ်နေကြသည်။ စာကြည့်ဆောင်ထဲ၌ စာဖတ်နေသော ကျောင်းသားအချို့ကို လည်းတွေ့နိုင်ပါသည်။

ကျောင်းသူတစ်ယောက်မှာမူ ကြောင်တစ်ကောင်နှင့် ဆော့ကစားလျက်ရှိသည်။ သူတို့အားလုံးသည် သူတို့ ၏ အားလပ်ချိန်ကို သူတို့ နှစ်သက်သလို အသုံးချလျက်ရှိနေကြသည်။
ထိုအခိုက် ကျောင်းဝန်းအပြင်ဘက်မှ အော်ဟစ်ရွတ်ဆိုသံများ ထွက်ပေါ်လာသည်။ "တိုမိုကျောင်းဟာ ကျောင်းအို၊ ကျောင်းစုတ်၊ အတွင်းမှာလည်း စုတ်ချာတဲ့ကျောင်း၊ အိုတဲ့ကျောင်း"
"ဒါသိပ်စော်ကားတာပဲ"

တော့တိုး-ချန်က ပြောလိုက်သည်။ သူမသည် ကျောင်းတံခါးဝသို့ ပြေးသွားသည်။သူမသည် အော်သံများ၊ ရွတ်ဆိုသံ များးကို ရှင်းလင်းစွာ ကြားလိုက်ရပြန်သည်။ အသံများမှာ ကျယ်လွန်းသည်။ သူမတို့ကျောင်းကို အပြင်ရော အတွင်းပါ ကျောင်းစုတ်တဲ့။ မတရားပြောရမလားဆိုပြီး သူမ ဒေါသထွက်သွားသည်။ တခြား ကျောင်းသား များလည်း စိတ်ဆိုးကြသည်။ သူတို့အားလုံး ကျောင်းဝင်းတံခါးဝသို့ ပြေးထွက်လာကြသည်။
"ကျောင်းစုတ်၊ ကျောင်းအို"
တစ်ခြားကျောင်းမှ ကျောင်းသားငယ်တစ်စုသည် ထိုသို့အော်ရင်း ထွက်ပြေးသွားကြလေတော့သည်။
တော့တိုး-ချန်သည် ဒေါသထွက်လွန်းသောကြောင့် သူတို့ နောက်သို့ အမြန်ဆုံးပြေးလိုက်သည်။ သူမနောက်မှ မည်သူမျှ ဆက်မလိုက်လာကြချေ။ တခြားကျောင်းမှ ကျောင်းသားကလေးများသည် လမ်းကြို လမ်းကြားများထဲသို့ ၀င်ရောက်သွားကြကာ ပျောက်ကွယ်ကုန်တော့သည်။ တော့တိုး-ချန်သည် ထို ကလေး များကို ရှာမတွေ့တော့သည့်အတွက် စိတ်ပျက်လက်ပျက်ဖြင့် ကျောင်းသို့ ပြန်လာ သည်။ ဤသို့ ပြန်လာစဉ် သူမ၏ နှုတ်မှ...

တိုမိုကျောင်းဟာ အံ့သြစရာကောင်းတဲ့ကျောင်း၊ အတွင်းရော၊ အပြင်ရော သိပ်ကိုအံ့သြစရာ ကောင်းတဲ့ ကျောင်း" ဟု ရွတ်ဆိုလိုက်သည်။ ထိုသို့ ရွတ်ဆိုလိုက်သောကြောင့် သူမသည် သူမကိုယ်သူမ တခြား ကျောင်းမှ ကျောင်းသူတစ်ဦးဟု သဘောထားကာ ကျောင်းထဲရှိ လူတိုင်းကြားနိုင်လောက်အောင် အသံကို မြှင့်၍....
"တိုမိုကျောင်းဟာ အံ့သြစရာကောင်းတဲ့ကျောင်း၊ အတွင်းရော၊ အပြင်ရော သိပ်ကို အံ့သြစရာ ကောင်းတဲ့ ကျောင်း" ဟုရွတ်ဆိုလိုက်သည်။

ကစားကွင်းထဲ၌ ကစားနေကြသော ကျောင်းသားများသည် ဘယ်သူများ ရွတ်နေပါလိမ့်ဟု မခန့်မှန်း မိကြပေ။ သို့သော်လည်းခဏ အကြာတွင် တော့တိုး-ချန် ရွတ်ဆိုနေခြင်းဖြစ်ကြောင်း သူတို့ သိရှိသွား ကြလေတော့သည်။ ထို့ကြောင့် သူတို့သည် လမ်းမပေါ်သို့ ထွက်လာကြပြီး တော့တိုး-ချန် နှင့်ပေါင်းလိုက် ကြသည်။ သူတို့သည် လက်ချင်းယှက်ပြီး ကျောင်းဝင်းအပြင်ဘက်၌ရှိ သော ကျောင်းကို ၀န်းရံထားသည့် လမ်းများပေါ်တွင် အသံကုန်ရွတ်ဆိုကြလေတော့သည်။

"တိုမိုကျောင်းဟာ အံ့သြစရာကောင်းတဲ့ကျောင်း" "အတွင်းရော၊ အပြင်ရော သိပ်ကို အံသြစရာ ကောင်းတဲ့ ကျောင်း"
ဆရာကြီးသည် သူ၏ရုံးခန်းထဲ၌ ထိုင်ရင်း သူ၏တပည့်များ၏ ရွတ်ဆိုသံများကို ကောင်းစွာ ကြားရသည်။သူ၏တပည့်များက သူတို့၏ရင်များထဲဝယ် ရှိသည့်အတိုင်း သူတို့သည် ဆရာကြီးကို ဆုပေး လိုက် ကြလေပြီဖြစ်သည်။
"တိုမိုကျောင်းဟာ အံ့သြစရာကောင်းတဲ့ကျောင်း" "အတွင်းရော၊ အပြင်ရော သိပ်ကို အံ့သြစရာ ကောင်းတဲ့ ကျောင်း"
ထိုနေ့က တိုမိုကျောင်း၏ ကျောင်းလွတ်ချိန်ထိုးသော ခေါင်းလောင်းသံသည် ခါတိုင်းထက်ပို၍ နောက်ကျ ပြီးမှ ထွက်ပေါ်လာ ပါတော့သည်။

ဆံပင်မှာချည်သော  ဖဲပြား

တစ်နေ့သော နေ့လယ်စာစာ့းပြီးချိန်ဝယ် တော့တိုး-ချန်သည် စုဝေးခန်းမကြီးထဲ၌ ကြိုးခုန်လျက်ရှိနေစဉ် ဆရာကြီးနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့သည်။
"အိုး တော့တိုး-ချန်ပါလား၊ အတော်ပဲ ဆရာကြီးမင်းကို မေးစရာတစ်ခုရှိတယ်" ဟု ဆရာကြီးက စတင် ပြောသည်။ "ဘာမေးမှာလဲ ဆရာကြီး
သူမသည် ဆရာကြီးကို တစ်ခုခုပြောရတော့မည်ဖြစ်၍ ၀မ်းသာနေသည်။"အဲဒီ ဖဲပြားကို မင်းဘယ်က ရသလဲ"

ဆရာကြီးက ထိုသို့မေးလိုက်သောအခါ သူမမျက်နှာသည် အနည်းငယ်ညှိုးသွားသည်။ဤဖဲပြားကို သူမသည် တမြန်မနေ့ကတည်းက ဆံပင်၌ စည်၍ကျောင်းသို့လာခဲ့ခြင်းဖြစ်သည်။ သူမသည် ဆရာကြီး အနားသို့ တိုးကပ်သွားပြီး...." ကျွန်မရဲ့အဒေါ်ဆီကရတာပါ။ အဒေါ် ငယ်ငယ်တုန်းက ၀တ်တဲ့ကျောင်း ၀တ်စုံဟောင်း က ရခဲ့တာပါ။ အဒေါ်က အံ့ဆွဲထဲကို ထည့်နေတုန်း ကျွန်မမြင်တာနဲ့ ကျွန်မကိုပေးပါတယ်။ အဒေါ် ကတောင် ပြောသေးတယ်။ ကျွန်မဟာ သိပ်ကို မျက်စိလျင်တာပဲတဲ့" ဟု ပြောလိုက်သည်။

"ဒီလိုကိုး ဆရာကြီးက မှတ်ချက်ချလိုက်သည်။ ၄င်းနောက် တော့တိုး-ချန်သည် ဆက်လက်ပြီး သူမသည် သူမ၏ အဒေါ်အိမ်သို့ သွားလည်စဉ် အဒေါ်က အ၀တ်ဟောင်းများကို နေရောင်၌ ထုတ်လှမ်းရာ ဖဲပြား ပါသော ထိုအင်္ကျီဟောင်းကို သူမတွေ့သောအခါ သူမက ဖဲပြားပေါ်၌သာ မျက်စိရောက်နေကြောင်း ကတ်ကြေး ယူပြီး ဖဲပြားကို ဖြတ်ပေးကြောင်း၊ ၄င်းဖဲပြားသည် အလွန်ကြီးပြီး လှပသော ဖဲပြား တစ်မျိုး ဖြစ်ကြောင်း၊ ပိုးသားများဖြင့် ပြုလုပ်ထားကြောင်း၊ ၄င်းဖဲပြားသည် နိုင်ငံခြားမှလာသော ဖဲပြား ဖြစ်ကြောင်း ဖြင့် တော့တိုး-ချန်က ရှည်လျားစွာပြောပြလိုက်သည်။

"ဒီလိုကိုး"ဆရာကြီးက မှတ်ချက်ချလိုက်သည်။
၎င်းနောက် တော့တိုး-ချန်သည် ဆက်လက်ပြီး သူမသည် သူမ၏ အဒေါ်အိမ်သို့ သွားလည်စဉ် အဒေါ်က အ၀တ်ဟောင်းများကို နေရောင်၌ထုတ်လှမ်းရာ ဖဲပြားပါသော ထိုအင်္ကျီဟောင်းကို သူမတွေ့သောအခါ သူမက ဖဲပြားအပေါ်၌သာ မျက်စိရောက်နေကြောင်း ကတ်ကြေးယူပြီး ဖဲပြားကိုဖြတ်ပေးကြောင်း၊ ၄င်းဖဲပြားသည် အလွန်ကြီးပြီးလှပသော ဖဲပြားတစ်မျိုးဖြစ်ကြောင်း၊ ပိုးသားများဖြင့် ပြုလုပ်ထားကြောင်း တော့တိုး-ချန်က ရှည်လျားစွာပြောပြလိုက်သည်။

"သြော် ဒီလိုကိုး"
ဆရာကြီးသည် ခေါင်းညိတ်ရင်း ပြောလိုက်သည်။ သူ၏ မျက်နှာသည် သိပ်မရွှင်လန်းပေ။ ထို့နောက် ဆရာကြီးကပင် ဆက်လက်ပြောပြန်သည်။
မနေ့တုန်းက မိရိုး-ချန်ဟာ မင်းခေါင်းပေါ်က ဖဲပြားမျိုးလိုချင်တယ်လို့ပြောတယ်။ အဲဒီတော့ ဂျီယူဂါအိုကာ မှာရှိတဲ့ ဖဲပြားရောင်းတဲ့ဆိုင်မှန်သမျှကို ဆရာကြီးလိုက်ရှာတယ်။ အဲဒီလိုဖဲပြားမျိုးကို ရှာမတွေ့ဘူး၊ တခြား တိုင်းပြည်က လာတဲ့ ဖဲပြားကိုး၊ ဒါကြောင့် မတွေ့တာကိုး"

ဆရာကြီး၏ မျက်နှာသည် ယခင်လို ရွှင်ရွှင်လန်းလန်းမရှိဘဲ အသွင်တစ်မျိုးဖြစ်နေသည်။ သမီး တစ်ယောက် ၏ နားပူနားဆာပြုလုပ်မှုကြောင့် စိတ်မကောင်း ဖြစ်နေသော ဖခင်တစ်ယောက်၏ မျက်နှာ အသွင်အပြင်မျိုးဖြစ်သည်။
ထို့နောက် ဆရာကြီးက ဆက်ပြောသည်။

"တော့တိုး-ချန်၊ ဒီဖဲပြားကို ကျောင်းကို စည်းမလာဖို့ရာ ဆရာကြီးမေတ္တာရပ်လိုက်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါကိုမြင်တိုင်း မိရိုး-ချန်က ဆရာကြီးကို ပူဆာလွန်းလို့ပါ။ ဆရာကြီးကို ကူညီမယ် မဟုတ်လား"
တော့တိုး-ချန်သည် လက်နှစ်ဖက်ကို ပိုက်ရင်း အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လျှင်မြန်စွာ အဖြေ ပေးလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်မဒီဖဲပြားကို နောက်ထက်ကျောင်းကို စည်းမလာတော့ပါဘူး"
"ကျေးဇူးတင်ပါတယ်ကွယ်"
ဆရာကြီးက ပြောလိုက်သည်။

တော့တိုး-ချန်သည် ဆရာကြီး၏ ဒုက္ခကို သိသောကြောင့် ထိုကတိကို ပေးလိုက်ခြင်းဖြစ်သည်။ အခြား အကြောင်း တစ်ရပ်မှာလည်း ဆရာကြီး၊ သူမချစ်သော ဆရာကြီးသည် ဖဲပြားဆိုင်များ သို့သွားပြီး ဖဲပြားကို ရှာရသည် ဆိုသည့်အတွက် သူမ စိတ်မကောင်းပေ။
နောက်တစ်နေ့နံနက်တွင် တော့တိုး-ချန်ကျောင်းသို့ သွားသောအခါ အမေသည် တော့တိုး-ချန်၏ အခန်းသို့ဝင်ပြီး သန့်ရှင်းရေးပြုလုပ်စဉ် တော့တိုး-ချန် အလွန်နှစ်သက်သော ကစားစရာ ၀က်ဝံရုပ်၏ လည်ပင်း၌ ဖဲပြားစည်းထားသည်ကို တွေ့ရသည်။ တော့တိုး-ချန်သည် သူမနှစ်ခြိုက်သော ဖဲပြားကို ဘာ့ကြောင့် ကျောင်းသို့ စည်းမသွားသည်ကို အမေသည် မစဉ်းစားတတ်အောင်ဘဲ ဖြစ်နေမိလေတော့၏။

ဒဏ်ရာရသူများ၏ သွားကြည့်ခြင်း

တော့တိုး-ချန်းသည် သူမ၏ဘ၀တွင် ပထမဦးဆုံးအကြိမ် အဖြစ်ဆေးရုံရှို ဒဏ်ရာရ စစ်သည်များကို သွားရောက် ကြည့်ရှုခဲ့ရသည်။ သူမသည် ကျောင်းပေါင်းစုံမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ သုံးဆယ်ကျော်နှင့်အတူ သွားရခြင်းဖြစ်သည်။ ထိုကျောင်းသား၊ ကျောင်းသားသူများနှင့် သူမ မသိပေ။ ဤအစီအစဉ်သည် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် တီထွင်ပေးသော အစီအစဉ် သစ်တစ်မျိုးဖြစ်သည်။. ကျောင်းတိုင်းမှ ကျောင်းသားနှစ်ယောက်သို့မ ဟုတ် သုံးယောက်စေလွှတ်နိုင်သည်။ သို့သော် တိုမိုကျောင်းကဲသို့သော ကျောင်းသားဦရေနည်း သည့် ကျောင်းမျိုးသည် ကျောင်းသား တစ်ယောက်သာ စေလွှတ်နိုင်သည်။ ကျောင်းတစ်ကျောင်း ကျောင်းမှ ဆရာသို့မဟုတ် ဆရာမတစ်ဦက ဆေးရုံသို့သွားမည့် ထိုကျောင်းသားကျောင်းသူများ ကို တာဝန်ယူ ထိန်းသိမ်းကွပ်ကဲရမည်ဖြစ်သည်။

ကြီးကြပ်သူမှာ ဆရာမတစ်ယောက်ဖြစ်သည်။ သူမသည် ပိန်ပိန်းပါးပါးဖြစ်ပြီး မျက်မှန်တပ်ထားသည်။ သူမသည် ကလေးများကို ဒဏ်ရာရစစ်သား တစ်ဆယ့်ငါးယောက်ခန့် ရှိသော ဆေးရုံ အဆောင် တစ်ဆောင် သို့ခေါ်သွားသည်။ စစ်သားများသည် အဖြူရောင် ဆေးရုံအ၀တ်များကို ၀တ်ထားကြပြီး အချို့မှာ အိပ်ရာများပေါ်၌ ရှိနေကြ၍ အချို့မှာမူ လမ်းလျှောက်နေကြသည်။ ဒဏ်ရာရ စစ်သားများ၏ အခြေအနေ သည် ဆိုးဆိုးရွားရွား ရှိနေကြလေမလားဟု စိုးရိမ်စိတ်များ ဖြစ်ပေါ်ချဲ့သော တော့တိုး-ချန်သည် သူတို့ကို မြင်သည်နှင့် ပြုံးပြသူက ပြုံးပြ၊ လက်ဝှေ့ယမ်းသူကပြနှင့် ရွှင်ရွှင်လန်းလန်း ရှိကြသည်ကို တွေ့ရသော အခါမှ သူမ၏ စိုးရိမ်စိတ်များ ပျောက်ပျက်သွားလေသည်။ အချို့စစ်သားများသည် ဦးခေါင်း၌ ပတ်တီးများ စည်းထားသော်လည်း သူတို့သည် ရွှင်ရွှင်လန်းလန်းပင် ရှိကြသည်။

ဆရာမသည် ကလေးများကို လူနာဆောင်၏ အလယ်၌ စုဝေးစေပြီးနောက် စစ်သားများကို စကား ပြောသည်။
"ကျွန်မတို့တစ်တွေ ရှင်တို့ကို လာကြည့်ကြတာပါ"
ဆရာမက ထိုသို့ပြောလိုက်သောအခါ ကလေးများအားလုံးက ဦးခေါင်းများကို ညွတ်လိုက်ကြသည်။ ထို့နောက် ဆရာမက ဆက်ပြောသည်။
"ကနေ့ဟာ မေလငါးရက်နေ့ ဖြစ်ပါတယ်။ ယောကျာ်းကလေးများနေ့ပါပဲ၊ ကျွန်မတို့တစ်တွေ အဲဒီနေ့နဲ့ ပတ်သက်ပြီး ဆီလျော်တဲ့ သီချင်းတွေကို ဆိုပြပါ့မယ်"
ဆရာမသည် သူမ၏ လက်များကို မြှောက်လိုက်ပြီးနောက် တီးဝိုင်းခေါင်းဆောင်သဖွယ် သူမ၏နှုတ်မှ "ကဲ အသင့်ပြင်၊တစ်-နှစ်-သုံး-လေး" ဟူ၍ အချက်ပေးလိုက်သည်။ ကလေးများသည် တစ်ယောက်နှင့် တစ်ယောက် မသိကြသော်လည်း ဆရာမက ဆိုခိုင်းသည့်  သီချင်းကို စိတ်ပါလက်ပါဖြင့် ညီညီညာညာ သီဆို ကြသည်။

သူတို့သီချင်းသုံးပုဒ် ဆိုကြသည်။ ထိုသီချင်းသုံးပုဒ်စလုံးကိုတော့ တိုး-ချန် မရပေ။ တိုမိုကျောင်း၌ ထိုသီချင်း မျိုးများ မသင်ပေ။ သူမသည် စစ်သားတစ်ယောက်၏  ခုတင်စွန်းတွင် ငြိမ်သက်စွာ ထိုင်နေ မိသည်။ထိုစစ်သား၏ မျက်နှာမှာ ကြင်နာသော အသွင်ကိုဆောင်နေသည်။
ကလေးများ သီချင်းတစ်ပုဒ်ဆိုပြီးတိုင်း လူနာများက လက်ခုပ်တီးပြီး သြဘာပေးကြသည်။ သီချင်းများ ဆိုပြီးကြသောအခါ သူမထိုင်နေသော ခုတင်ပေါ်ရှိ  စစ်သားက သူမ၏ ဦးခေါင်းကို သူ၏လက်ဖ၀ါးဖြင့် အသာအယာ ပုတ်ရင်း"မင်းဘာဖြစ်လို့ မဆိုတာလဲ" ဟု မေးလိုက်သည်။

သူမ စိတ်မကောင်းဖြစ်သွားသည်။ သူမသည် စစ်သားများကိုလာကြည့်သည်။ သူတို့အတွက် သီချင်းတစ်ပုဒ်တစ်လေပင် ဆိုမပေးနိုင်ခဲ့။ ထို့ကြောင့်သူမသည် ထိုင်နေရာမှ ထလိုက်ပြီး ခုတင်နှင့် ခပ်ခွာခွာနေရာ၌ သွားရပ်ကာ "ကောင်းပါပြီ ကျွန်မဆိုတတ်တဲ့ သီချင်းတစ်ပုဒ်ကို ဆိုပြပါ့မယ်" ဟု ရဲဝံ့စွာ ပြောလိုက်သည်။
အစီအစဉ် တွင် မပါသော အဖြစ်အပျက်သည် ဖြစ်လာချေပြီ။ မင်းဘာသီချင်းဆိုမှာလဲ" ဟု ဆရာမက ထိုမေးခွန်း မေးလိုက်ချန်တွင် တော့တိုး-ချန်သည် သီချင်းစဆိုရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း လိုက်လေပြီ။ ဆရာမသည် တော့တိုး-ချန်၏ အခြေအနေကို စောင့်ကြည့်နေမိသည်။

မိမိသည် တိုမိုကျောင်း၏ ကိုယ်စားပြု၍ လာခဲ့သူဖြစ်သည်။ ထို့ကြောင့် တိုမိုကျောင်း၌ အဆို အများဆုံး သီချင်းကို သီဆိုခြင်းသည်သာ အကောင်းဆုံးဟု တော့တိုး-ချန်ဆုံးဖြတ်ချက်ချလိုက်သည်။
သူမ သီချင်းစဆိုလေပြီ။
"၀ါးပါ-၀ါးပါ၊ ညက်ညက်ဝါးပါ၊
သင်စားမည့် အစားအစာတိုင်းကိုပါ"

အချို့ကလေးများက ရယ်ကြသည်။ အချို့ကမူ သူတို့အချင်းချင်း"ဘာသီချင်းလဲ၊ ဘာသီချင်းလဲ" ဟု မေးကြသည်။တော့တိုး-ချန်သည်ကျောင်းသားများ၏ လှုပ်ရှားမှုများကို ကြည့်ပြီး စိတ်ထဲ၌ အနှောင့် အယှက် ဖြစ်သော်လည်း သီချင်းကို ဆုံးအောင်ဆိုလိုက်သည်။
"ညက်ညက်ဝါးဝါး-ညက်ညက်ဝါးဝါး၊ ညက်ညက်ဝါးပါ၊
သင်စားမည့် ထမင်း၊ငါးဟင်းနှင့် အသားဟင်းများကိုသာ"

သီချင်းဆိုပြီးသောအခါ တော့တိုး-ချန်သည် ဦးခေါင်းကို ညွတ်လိုက်သည်။ သူမ၏ ဦးခေါင်းကို ပြန်မော့ လိုက်သည့်အခါ သူမ၏ ရှေ့မှစစ်သား မျက်ရည်များကျနေသည်ကို တွေ့ရသောကြောင့် သူမ အံ့အားသင့် သွားသည်။ သူမ အမှာအယွင်းတစ်ခုခုပြုလုပ်မိလေသလား။ သူမစဉ်းစားကြည့် သည်။ထိုအခိုက် သူမ၏ ဖခင်ထက် အသက်အနည်းငယ် ပိုကြီးပုံရသော ထိုစစ်သားကြီးသည် သူမ ၏ဦးခေါင်းကို ထပ်မံပုပ် လိုက်ရင်း"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်" ဟုပြောလိုက်သည်။
သူသည် သူမ၏ဦးခေါင်းကို အဆက်မပြတ် ပုတ်လျက်ရှိရာ တစ်ချိန်တည်းမှာပင် သူသည် စိတ်မ ထိန်းနိုင်ဘဲ ငိုလေ တော့သည်။ ထိုအခိုက် ဆရာမက ရွှင်လန်းသော အမူအရာဖြင့် သူ့ကိုအားပေးရင်း ...........

"စစ်သည်တော်များအတွက် ကျွန်မတို့ ရေးလာတဲ့စာလွှာတွေကို ဖတ်ပြပါရစေ" ဟုပြောလိုက် သည်။
ကလေးများသည် တစ်ယောက်တစ်လှည့်စီ ဖတ်ကြသည်။ တော့တိုး-ချန်သည်ထို စစ်သားကြီးကို ကြည့်လိုက်သည်။ သူ၏နှာခေါင်းနှင့် မျက်လုံးများမှာ နီရဲနေသည်။ သို့သော်သူသည် ပြုံးပြ လိုက်သည်။တော့းတိုး-ချန်ကလည်း ပြုံးပြလိုက်သည်။ "စစ်သားကြီးပြုံးတာ မြင်ရလို့ ငါသိပ် ပျော်တာပဲ" တော့တိုး-ချန် သည် စိတ်ထဲမှ ပြောလိုက်သည်။

စစ်သားကြီးဘာကြောင့် ငိုရသည်ကို မည်သူမျှမသိနိုင် ၊ သူသာ လျှင် သိမည်ဖြစ်သည်။ သူ့တွင် တော့တိုးချန်အရွယ် သမီးတစ်ယောက်ရှိချင်လည်း ရှိမည်။သို့မဟုတ် တော့တိုး-ချန်က သူ့ကို သီချင်း ဆိုပြသောကြောင့် စိတ်ထဲတစ်မျိုးတစ်မည် ခံစားရပြီး ငိုမိခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါမှ မဟုတ်ရင်လည်းသူသည် ရှေ့တန်းစစ်မျက်နှာ အတွေ့အကြုံကို သတိရပြီး ငတ်တလှည့် ပြတ်တလှည့် နေခဲ့ရသည့် အဖြစ်များရှိခဲ့လေရာ "ညက်ညက်ဝါးပါ"သီချင်းကို ကြားရသောအခါ ရှေ့တန်း ၌ စားစရာ မရှိခဲ့သည်များကို စဉ်းစားမိသောကြောင့် ငိုမိခြင်းဖြစ်နိုင်သည်။ ဒါမှမဟုတ်ရင်လည်း ကြောက်စရာ အဖြစ်အပျက်များက ဤကလေးများကို ၀န်းရံပြီးလာတော့မှာဘဲဟု စဉ်းစားမိသော ကြောင့် စစ်သားကြီး ငိုမိခြင်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

စာလွှာများကို ဖတ်နေကြသော ကလေးများသည် ကြောက်စရာကောင်းသော အဖြစ်အပျက်များအ ကြောင်းကို ဘာမျှမသိကြသေးပေ။သို့သော်လည်း ပစိဖိတ်ဒေသ စစ်ပွဲကြီးသည် သူတို့အနီးသို့ ချဉ်း ကပ်၍ လာလျက် ရှိနေချေပြီ။

ကျန်းမာရေး သစ်ခေါက်

တောတိုး-ချန်သည် သူမ၏ လည်ပင်းတွင် ချိတ်ဆွဲထားသော မီးရထားစီးခွင့်ကတ်ပြားကို ဘူတာရုံ အ၀င်အထွက် အပေါက်ဝရှိ လက်မှတ်စစ်ကို ပြလိုက်သည်။ ထိုလက်မှတ်စစ်ကို သူမသိမလို သူကလည်း သူမကို သိပြီးသားဖြစ်သည်။ ထို့နောက် သူမသည် ဂျီယာဂါအိုကာဘူတာ ရုံထဲမှထွက်လာသည်။

ဘူတာရုံအထွက်တွင် သူမသည် စိတ်ဝင်စားစရာ ကောင်းသောမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ သည်။ လူငယ်တစ်ယောက်သည် မြေကြီးပေါ်၌့ ဖျာတစ်ချပ်ခင်းပြီး ထိုဖျာပေါ်၌ တင်ပျဉ်ချိတ်ပြီး ထိုင်နေသည်။ သူ၏ နောက်ကျောတွင် သစ်ခေါက်အများအပြားကို ထောင်ထားသည်။ သူ့ကို လူငါး ယောက်ခြောက် ယောက်ခန့်က ၀ိုင်းအုံပြီး ကြည့်နေကြသည်။ တော့တိုး-ချန်သည် ထိုလူစုကြား ထဲသို့ ၀င်လိုက်သည်။ ဖျာပေါ်၌ ထိုင်နေသောလူငယ်က ...

"ကျွန်တော့်ကို သေသေချာချာကြည့်၊ ကျွန်တော့်ကို သေသေချာချာကြည့်ပါ"ဟု ပေပြာလိုက်သည်။ ထိုလူငယ်သည် သူ့ရှေ့တွင် လာရပ်သောတော့တိုး-ချန်ကို ကြည့်ပြီးနောက် ဆက်ပြောသည်။
"ခင်ဗျားတို့ အတွက် အရေးကြီးဆုံးဟာ ကျန်းမာရေးပဲ၊ နံနက်အိပ်ရာက နိုးလာတဲ့အခါမှာ ခင်ဗျား တို့နေကောင်း သလား၊ နေမကောင်းဘူးလားဆိုတာ သိထားဖို့လိုတယ်။ ဒီသစ်ခေါက်ကလေးက ပြောပြ နိုင်တယ်။ ခင်ဗျားတို့လုပ်ရမှာကတော့ မနက်အိပ်ရာက ထထချင်း ဒီသစ်ခေါက်ကလေးကို နည်းနည်း ၀ါးကြည့်လိုက်ပါ။ ၀ါးကြည်လို့ခါးရင်ခင်ဗျားနေမကောင်းဘူး။ အကယ်၍ အခါးဘူးဆိုရင် ခင်ဗျား နေကောင်း တယ်၊ ခင်ဗျားမဖျားဘူး၊ မနာဘူး၊ ဒီသစ်ခေါက်က ခင်ဗျားနေကောင်းတယ်၊ မကောင်းဘူးဆိုတာ ပြောပြ နိုင်တယ်၊ဈေးမများပါဘူး၊ဆင့်နှစ်ဆယ်ထဲပါ၊ ဟိုနားက လူကြီးမင်း ဒီသစ်ခေါက်စကလေးကို အနည်းငယ် ၀ါးကြည့် ပေးပါလား"

သူသည် သူ၏အနားတွင် ရပ်နေသော ခပ်ပိန်ပိန်လူတစ်ယောက်ကို သစ်ခေါက် အနည်းငယ် ဖဲ့ပေး လိုက်သည်။ ထိုလူပိန်ပိန်သည် သူ၏ရှေ့သွားများဖြင့် သစ်ခေါက်ကို ၀ါးကြည့်လိုက်သည်။ ခဏအကြာတွင်  သူသည် ဦးခေါင်းကို နောက်သို့လှန်လိုက်ပြီး အနည်းငယ် စဉ်းစားပြီးမှ "အဲ နည်း နည်း ခါးသက်သက် ဖြစ်သလိုပဲ"ဟုပြောလိုက် လေတော့သည်။
ထိုလူငယ်သည် ထိုင်နေရာမှ ခုန်ထလိုက်ပြီး .........

"ခင်ဗျားကျန်းမာရေး မကောင်းဘူး။ ရောဂါဝေဒနာ တစ်ခုခုခံစားနေရတယ်၊ ကျန်းမာရေးဂရုစိုက်ဖို့ လိုတယ်။ ဒါပေမဲ့လို့ စိတ်မပူပါနဲ့ အခြေအနေ ဆိုးဆိုးရွားရွားမဟုတ်ပါဘူး၊ ခင်ဗျားက နည်းနည်းကလေးပဲ ခါးတယ်လို့ ပြောထားတယ်မဟုတ်လား၊ ဟိုဘက်က   အစ်မကြီးရော သစ် ခေါက်ကို အနည်းငယ် ၀ါးကြည့် ပါလား"
လူငယ်က သူ၏ရှေ့မှ ဈေးခြင်းတောင်းကို ဆွဲထားသော ခပ်၀၀အမျိုးသမီးတစ်ယောက်ကို ဆက်ပြော လိုက်ပြန်သည်။ ထိုအမျိုးသမီးသည် လူငယ့်ထံမှ သစ်ခေါက်အနည်းငယ်ကိုယူပြီး ၀ါးကြည့်လိုက်သည်။ ခဏအကြာတွင် .........

"ဟင် ဘယ်လိုမှ အရသာမရှိပါဘူး" ဟု ရွှင်မြူးသောလေသံဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်မကြီးခင်ဗျာ၊ အစ်မကြီးမှာ ဘာရောဂါမှ မရှိပါဘူး ။ ကျန်းမာရေး ကောင်းပါတယ်"
လူငယ်က ပြောလိုက်သည်။ ထို့နောက်သူသည် ကျယ်လောင်သောအသံဖြင့် "ဆင့်နှစ်ဆယ်ထဲပါ။ ဆင့်နှစ်ဆယ်ထဲပါ။ ဆင့်နှစ်ဆယ်ထဲနဲ့ မနက်ရောက်ရင် သင်တို့ရဲ့ ကျန်းမာရေးကို စစ်ဆေးလို့ရ မယ်"ဟု အော်ဟစ် ပြောဆိုလေသည်။

တော့တိုး-ချန်သ်ည ညိုပုပ်ပုပ်အရောင်ရှိသော သစ်ခေါက်ကို အနည်းငယ် ကိုက်ကြည့်လိုက်ချင်သည်။ သို့သော်ပြောရမှာ ရှက်နေသည်။သို့သော်လည်း သူမက "ညနေကျောင်းဆင်းချိန်အထိ ဒီမှာရှိနေမလား ဦးလေး" ဟုဈေးသည်ကို မေးလိုက်သည်။
"အေး ........ ရှိနေမယ်"
ဈေးသည် လူငယ်သည် ကျောင်းသူကလေးကို စွေစောင်း၍ကြည့်ရင်း ဖြေလိုက်သည်။

တော့တိုး-ချန်သည် ထိုနေရာမှ အမြန်ဆုံး ပြေးထွက်သွားသည်။ သူမ၏ကျောကုန်းပေါ်မှ အိတ်သည် ကျောကုန်းကို တဖုတ်ဖုတ် ရိုက်ခတ်လျက်ရှိသည်။သူမသည် ကျောင်းမတက်မီ လုပ်စရာ ရှိသေးသည်။ ထို့ကြောင့် ကျောင်းနောက်ကျလို့မဖြစ်။ စာသင်ခန်းထဲသို့ ရောက်သည်နှင့် သူမသည် သူမ၏ သူငယ်ချင်း များကို မေးလိုက်သည်။
"ငါ့ကို ဆင့်နှစ်ဆယ် ဘယ်သူ ချေးနိုင်မလဲ"
သို့သော်လည်း မည်သူ့ထံမျှ ဆင့်နှစ်ဆယ် မပါပေ။ ဆယ်ဆင့်ဆိုလျှင် သူတို့မုန့်အများကြီး ၀ယ်လို့ရ သည်။ ထို့ကြောင့် သူတို့ထံ ဆင့်နှစ်ဆယ်မပါပေ။

"ငါ့အမေနဲ့အဖေကို ပြောကြည့်မယ်"
မိရိုး-ချန်က ပြောလိုက်သည်။
မိရိုး-ချန်သည် ကျောင်းအုပ်ဆရာကြီး၏ သမီးဖြစ်သည့်အတွက် တော့တိုး-ချန်အဖို့ အလွန်အဆင် ပြေသွားသည်။ မိရိုး-ချန်တို့၏အိမ်သည်ကျောင်း၏ စုဝေးခန်းမကြီးနှင့် တဆက်တည်းရှိနေသော ကြောင့် မိရိုး-ချန်၏ အမေသည် အိမ်၌အမြဲ ရှိသည်။ ထို့ကြောင့် မိရိုး-ချန်သည် အမေ့ကို လည်းကောင်း၊ အဖေ့ ကိုလည်း အချိန်မရွေး သွားတွေ့လို့ရလေသည်။

"အဖေက ပြောတယ် နင်တို့ ငွေချေးမယ်တဲ့။ ဒါပေမဲ့လို့ နင်ဘာလုပ်မယ်ဆိုတာကိုတော့ သူသိချင် တယ်တဲ့"
နေ့လယ်စာစားချိန်တွင် မိရိုး-ချန်က တော့တိုး-ချန်ကို ပြောလိုက်သည်။
တော့တိုး-ချန်သည် ဆရာကြီးရုံးခန်းသို့ သွားသည်။

"မင်း ဆင့်နှစ်ဆယ် လိုချင်တယ်ဆို၊ ဘာလုပ်ဖို့လဲဆိုတာကိုတော့ ဆရာကြီး သိချင်တယ်ကွယ်" ဟု ဆရာကြီးက သူ၏မျက်မှန်ကို ချွတ်လိုက်ရင်း မေးသည်။
"နေကောင်းတယ်၊ မကောင်းဘူးဆိုတာ ပြောနိုင်တဲ့ သစ်ခေါက်ဝယ်ချင်လို့ပါ"ဟု သူမက လျင်မြန်စွာ ဖြေလိုက် သည်။
ဆရာကြီး အလွန် အံ့သြသွားသည်။

"အဲဒါကို ဘယ်မှာရောင်းတာလဲ"
"ဘူတာရုံ ရှေ့မှာပါ" ဟုတော့တိုး-ချန်သည်ခပ်မြန်မြန် အဖြေပေးလိုက်ပြန်သည်။
" ကောင်းပြီလေ မင်းဝယ်ချင်တယ်ဆိုရင် တစ်ခုဝယ်ပေါ့ ဒါပေမဲ့လို့ ဆရာကြီးလဲ တစ်ကိုက်လောက် ကိုက်ကြည့် ချင်တယ်၊ ရမလား"
ဆရာကြီးသည် သူ၏အပေါ်အိတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူ၍ ၎င်းအိတ်ထဲမှ ဆင့်နှစ်ဆယ်ကို နှိုက်ယူပြီး တော့တိုး-ချန်၏ လက်ထဲသို့ ထည့်လိုက်သည်။

"အိုး ကျေးဇူးအများကြီးတင်ပါတယ်၊ ကျွန်မ အမေ့ထံက ပိုက်ဆံပြန်တောင်းပြီး ပြန်ပေးပါ့မယ်၊ အမေက ကျွန်မကို စာအုပ်ဝယ်ဖို့ ပိုက်ဆံတွေပေးပါတယ်။ တစ်ခုခုဝယ်ချင်ရင် ၀ယ်ချင်တဲ့အ ကြောင်းကို ပထမ ကြိုတင်ခွင့်တောင်းရပါတယ်။ အခုဒီတစ်ခေါက်မှာတော့ ကျန်းမာရေးအတွက် လို အပ်လို့ အမေက ၀ယ်ခွင့်ပေးလိုက်မယ်လို့ ထင်ပါတယ်" ဟုတော့တိုး-ချန်က ပြောလိုက်သည်။
ကျောင်းဆင်းသောအခါ တော့တိုး-ချန်သည် ဘူတာရုံသို့ အမြန်ဆုံးပြေးသွားသည်။ သူမ၏လက်ထဲ ၌ ပိုက်ဆံဆင့်နှစ်ဆယ်ကို ဆုပ်ကိုင်ထားသည်။ သစ်ခေါက်ရောင်းသူသည် အာပေါက်အာရင်းသန် သန်ဖြင့် သူ၏ သစ်ခေါက်များကို အော်ဟစ်ရောင်းနေဆဲပင်ရှိသည်။ တော့တိုး-ချန်၏ လက်ထဲမှ  ပိုက်ဆံ ဆင့်နှစ်ဆယ် ကို တွေ့သောအခါ သူသည်သွားများပေါ်အောင် ပြုံးလိုက်သည်။

"သိပ်လိမ္မာတဲ့ မိန်းကလေး၊ မင်းရဲ့အဖေနဲ့အမေတော့ သိပ်ဝမ်းသာကြမှာပဲ"
'ရော့ကီလည်းဝမ်းသာမှာပါ"ဟု တော့တိုး-ချန်က ပြောလိုက်သည်။
"ရော့ကီဆိုတာ ဘယ်သူလဲ"
ဈေးသည်သည်တော့တိုး-ချန်အတွက် သစ်ခေါက်တစ်ခေါက်ကို ကောက်ယူလိုက်ရင်း မေးလိုက် သည်။

"ရော့ကီဟာ ကျွန်မရဲ့ခွေးပေါ့၊ ဂျာမန်သိုးထိန်းခွေး"
ထိုသူသည်ရုတ်တရက် မလှုပ်မယှက်ဖြစ်သွားပြီး စဉ်းစားလိုက်သည်။ ပြီးတော့မှ "ခွေး ဟုတ်လား၊ အေးလေ ခွေးကိုလည်း ကိုက်ခိုင်းလို့ ရပါတယ်၊ ခွေးက ကိုက်ကြည့်လို့ ခါးတယ်ဆိုရင်လည်း ခွေးနေမကောင်းဘူးဆိုတာ သိနိုင်တာပေါ့" ဟုပြောလိုက်သည်။
ထို့နောက်ဈေး သည် အလျားခြောက်လက်မခန့်နှင့် အနံနှစ်လက်မခန့်ရှိသော သစ်ခေါက်တစ်ခေါက် ကို တော့တိုး-ချန် သို့ပေးလိုက်သည်။

"ဒီမှာ သစ်ခေါက်မနက်တိုင်းနည်းနည်း ကိုက်ကြည့်ပေါ့၊ ခါးရင်မင်းနေမကောင်းလို့ဘဲ၊ မခါးရင်တော့ မင်းဟာ နေကောင်းနေပြီလို့သာ မှတ်ပေရော့"
တော့တိုး-ချန်သည် သတင်းစာစက္ကူဖြင့် ထုပ်ထားသော အဖိုးတန် သစ်ခေါက်ကို အိမ်သို့ဂရုတစိုက် သယ်ယူ သွားလေသည်။ အိမ်သို့ရောက်လျှင်ရောက်ချင်း သူမ ပထမဦးဆုံးပြုလုပ်သည့် အလုပ်မှာ  သစ်ခေါက် ကို အနည်းငယ်ကိုက်ကြည့်လိုက်ခြင်းပင်ဖြစ်သည်။ သစ်ခေါက်မှာ ခြောက်သွေ့ပြီး ကြမ်းသည်။ မည်သည့် အရသာမျှမရှိပေ။အမှန်တကယ်အားဖြင့်ဆိုလျှင် ထိုသစ်ခေါက်၌ မည်သည့် အရသာမျိုးမျှမရှိချေ။

"ဟူးရေး ......... ငါနေကောင်းတယ်"
"ဟုတ်တယ်လေ၊ သမီးနေကောင်းသားပဲဟာ၊ ဘာများဖြစ်လာပြန်ပြီလဲ" ဟု အမေကပြုံး၍ မေးလိုက်သည်။
တော့တိုး-ချန်က ရှင်းပြလိုက်သည်။ အမေက သစ်ခေါက်ကို နည်းနည်းဖဲ့ပြီး ကိုက်ကြည့် လိုက်တယ်။
"မခါးပါဘူး"
"ဒီလိုဆိုရင် အမေလည်း နေကောင်းတယ်"

၎င်းကောင်းနောက် တော့တိုး-ချန်သည် ရော့ကီရှိရာသို့သွား၍ သစ်ခေါက်ကို သူ၏ပါးစပ်ရှေ့တွင် ကိုက်ပြသည်။ ရော့ကီသည် ပထမဦးစွာ သစ်ခေါက်ကို အနံ့ခံလိုက်သည်။ ၄င်းကောင်းနောက် လျှာဖြင့် လျက်လိုက်သည်။
"မဟုတ်ဘူး၊ နင်ကိုက်ကြည့်ရမယ်၊ ဒါမှနင်နေကောင်းမကောင်းသိနိုင်မယ်"ဟု တော့တိုးချန်က ပြောလိုက် သည်။
သို့ရာတွင် ရော့ကီသည် ကိုက်ကြည့်ဖို့မကြိုးစားပေ။ ၄င်း၏နားရွက်ကိုသာ လက်ဝါးဖြင့် ကုတ်လိုက်သည်။ တော့တိုး-ချန်သည် သစ်ခေါက်ကို ၄င်းကောင်း၏ပါးစပ်နားသို့ ကပ်နိုင်သမျှ ကပ်ထားလိုက်ရင်း…
"ကိုက်စမ်း၊ နေမကောင်းဖြစ်ရင် ဘယ်လောက်စိတ်ညစ်စရာကောင်းတယ်ဆိုတာ နင်သိတယ် မလား"

ရော့ကီသည် မကိုက်ချင်ကိုက်ချင်ဖြင့် သစ်ခေါက်၏အစွန်းပိုင်းကို အနည်းငယ်ကိုက်လိုက်သည်။ ၄င်းနောက် နမ်းကြည့်လိုက်သည်။ သစ်ခေါက်ကို မနှစ်သက်သော အမူအရာမပြပေ။ ၄င်းသည် ပါးစပ်ကို ဖြဲပြီး တချက် သမ်းပြလိုက်သည်။
"ဟူးရေး…ရော့ကီလည်းနေကောင်းတယ်"
နောက်တနေ့ နံနက်တွင် အမေက တော့တိုး-ချန်ကို ဆင့်နှစ်ဆယ် ပေးသည်။ သူမသည် ဆရာကြီး၏ ရုံးခန်းသို့ တန်းသွားပြီး သစ်ခေါက်ကို ထုတ်ပြလိုက်သည်။
ဆရာကြီးသည် ရုတ်တရက်အံ့အားသင့်သွားပြီးနောက် "ဘာပါလိမ့်"ဟူသောအကြည့်ဖြင့် ကြည့်လိုက် သည်။ ထို့နောက်သူသည် တော့တိုး-ချန်၏ လက်ထဲတွင်ကိုင်ထားသော ဆင့်နှစ်ဆယ် ကို တွေ့လိုက် ရတော့ မှ မနေ့က အဖြစ်အပျက်ကို အမှတ်ရလိုက်သည်။

"၀ါးကြည့်ပါ၊ ခါးရင်တော့ ဆရာကြီးနေမကောင်းလို့ပဲ"ဟု တော့တိုး-ချန်က ပြောလိုက်သည်။
ဆရာကြီးက အနည်းငယ်ကိုက်ကြည့်သည်။ ထို့နောက်သူသည် သစ်ခေါက်ကို သေသေချာချာ ဟိုဘက် ဒီဘက် လှန်လှောကြည့်သည်။
"ခါးသလား ဆရာကြီး"
တော့တိုး-ချန်သည် ဆရာကြီးမျက်နှာကို ပူပန်စိတ်ဖြင့် အကဲခတ်ကြည့်ရင်း မေးလိုက်သည်။

"ဘယ်လိုမှအရသာ မရှိဘူး"
ထို့နောက် ဆရာကြီးသည် တော့တိုး-ချန်ကို သစ်ခေါက်ပြန်ပေးရင်း "ဆရာကြီး နေကောင်းတယ် ကျေးဇူးပဲ"ဟု ပြောလိုက်လေသည်။
"ဟူးရေး… ဆရာကြီး ကျန်းမာတယ်၊ ကျွန်မသိပ်ဝမ်းသာတာပဲ"
ထိုနေ့က တော့တိုး-ချန်သည် ကျောင်းတွင်တွေ့သမျှ ကျောင်းသားတိုင်းအား သစ်ခေါက်ကို အနည်းငယ်စီ ကိုက်ခိုင်း သည်။ သစ်ခေါက်ကို ကိုက်ကြည့်သော ကျောင်းသားတိုင်းက မခါးပါဟုပြောကြသည်။ အဓိပ္ပါယ်မှာ သူတို့နေကောင်းသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ တော့တိုး-ချန် သည် အလွန်ဝမ်းသာသည်။

ကလေးများသည် ဆရာကြီးထံသို့သွား၍ သူ.တို့နေကောင်းပါသည်ဟု ပြောကြသည်။ ဆရာကြီး သည် သူ့ထံလာသော ကလေးတိုင်းကို"နေကောင်းတာ ကောင်းတာပေါ့"ဟု ပြန်လည်အဖြေပေး လိုက်သည်။
ဆရာကြီးသည် ဤသစ်ခေါက်အကြာင်းကို သိထားပြီးဖြစ်သည်။ သူသည် ထိုသစ်ခေါက်ရရှိသော သစ်ပင်များ ပေါက်ရာ ဒေသ၌ မွေးဖွားကြီးပြင်းလာသူဖြစ်သည်။ ထိုသစ်ခေါက်ကို မည်သူပင် ၀ါးကြည့် ၀ါးကြည့် မည်သည့်အရသာကိုမျှ ခံစားရမည်မဟုတ်ပေ။

တော့တိုး-ချန်က သစ်ခေါက်ဖြင့် လူတိုင်း၏ ကျန်းမာရေးကို စစ်ဆေးခြင်းသည် ကောင်းသော အလုပ်တစ်မျိုးဖြစ်သည်ဟု ဆရာကြီးစဉ်းစားမိလေသည်။ သူတပါးနေမကောင်းမှာကို စိတ်ပူတတ် ခြင်းသည် ကောင်းသော အလေ့အကျင့်တစ်မျိုးဖြစ်သည်။
တော့တိုး-ချန်သည် ကျောင်းဝင်းထဲ၌ ခွေးလေခွေးလွင့်တစ်ကောင်၏ ပါးစပ်နားသို့ သစ်ခေါက်ကိုကပ်ပြီး ကိုက်ခိုင်း သည်။ ထိုခွေးက သူမကို ကိုက်မလို့ လုပ်သည်ကိုပင် သူမ ဂရုမပြုပေ။
နင်နေကောင်း မကောင်း သိနိုင်မယ်၊ လာစမ်း ကိုက်ကြည့်စမ်း၊ နင်နေကောင်း ရင် ကောင်းတာပေါ့..
သူမက ထိုခွေးကို ပြောသည်။

သူမ၏ ကြီုးစားအားထုတ်မှုကြောင့် ထိုခွေးသည် သစ်ခေါက်ကို အနည်းငယ် ကိုက်လိုက်သည်။ ခွေးက ထူးထူး ခြားခြား ဖြစ်မသွားပေ။
ထို့ကြောင့် သူမက…
ဟူးရေး နင်လည်း နေကောင်းတယ်..ဟုအော်စစ်ပြောဆိုလိုက်သည်။
ခွေးသည် ခေါင်းငုံ့ပြီး သူမ၏အပါးမှ ထွက်ခွာသွားလေတော့သည်။

ကျောင်းအုပ် ဆရာကြီးသည် မှန်းဆမိသည့်အတိုင်းပင် သစ်ခေါက်ရောင်းသမားကို ဂျီယူဂါအိုကာ ဘူတာရုံရှေ့ ၌ နောက်ထပ်မတွေ့ ရတော့ပေ။
တော့တိုး-ချန်သည် နံနက်တိုင်းကျောင်းသို့ မသွားမီ သူမ၏ အံဆွဲထဲမှ ထိုသစ်ခေါက်ကို ထုတ်ယူပြီး ၀ါးကြည့် သည်။ ကျောင်းသွားရန် အိမ်မှ ထွက်သည်နှင့်..
ငါနေကောင်းတယ် ဟု အသံပြုလေ့ရှိသည်။
တော့တိုး-ချန်သည် အမှန်တကယ်ပင် ကျန်းမာရေး ကောင်းလျက်ရှိနေပါတော့၏။

အင်္ဂလိပ် စကားပြောသော ကလေးတစ်ယောက် မျှော်

.

2 comments:

ချစ်ကြည်အေး said...

ရွှေစင် သူငယ်ချင်းရေ...တို့ကိုက်ကြည့်ရင်တော့ ခါးမယ် ထင်တယ်...ကျန်းမာရေးက ညံ့လာပြီဟ...စာကြွေးတွေလာရှင်းသွားတယ်နော်...:))

အင်ကြင်းသန့် said...

မမ...
သစ်ခေါက်ကို ကိုက်ကြည့်ပြီးပြီ ခါးဘူး သိလား :)

ချစ်မီညလေး