Saturday, January 23, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၅)
အခန်း(၃၅)
ဘမရာသန ရွှေနန်းမဆောင်တော်ကြီးအတွင်းတွင် ရွှေနန်းရှင်ဘုရား အပါးတော်၌ ခင်ဘွားသစ် နွားနို့ယာဂု နှင့် အချိုအုပ်များ ဆက်သလျက်ရှိလေသည်။
ထိုအချိန်၌ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ စေခိုင်းတော်မူရာ အမှုကိစ္စများ ဆောင်ရွက်ရန် အပြင်သို့ ထွက်သွားကြပြီဖြစ်သောကြောင့် သီပေါရွှေနန်းရှင်ဘုရား အပါးတော်တွင် ခင်ဘွားသစ်ကြီးသာ ရင်းနှီးစွာ ခစား၍ စကားအတုံ့အပြန် လျှောက်ထားနေခိုက် ဖြစ်လေ၏။
သီပေါရွှေနန်းရှင်သည် ညဥ့်အချိန်က စိတ်တော် ပင်ပန်းခဲ့သဖြင့် နံနက်စက်တော်ရာမှ ထသောအခါလည်း ကြည့်ကြည့်ကြောင်ကြောင် ဖြစ်တော်မူလျက်ရှိလေ၏။ ညဥ့်နက်၍ အိပ်ရေးပျက်တော်မူခဲ့သော ကြောင့်လည်း မရွှင်မလန်း ဖြစ်တော်မူကာ တစ်ခါတစ်ခါလည်း လစ်ခနဲ လစ်ခနဲ သတိတော်များ ချွတ်ချော်မှားယွင်းလျက် ရှိတော်မူသည်။ မူးမူးဝေေ၀နှင့် စိတ်တော်မကြည်၍ ကိုယ်တော် မအီမသာ ရှိတော်မူလာရာမှ ကြေကွဲဝမ်းနည်းဖွယ် အကြောင်းအရာတို့ကလည်း စီကာစဉ်ကာ ပေါ်ပေါက်လာသော ကြောင့် ညအခါက မင်းဧကရာဇ်တည်းဟူသော စိတ်မာန်နှင့် အမျက်တော်ထန်ခဲ့သမျှသည် နံနက်ရောက် ကာမှ လျှောကျပြေပျောက်သွားကာ နွမ်းယဲ့ညိုးငယ်တော်မူခြင်းက အရှိန်ပြင်း၍ လာတော်မူပြန်လေသည်။
ထို့ကြောင့် နောက်တစ်နေ့မနက်တွင် ညဥ့်ဘက်မှ ခက်ထန်တင်းမာသော စိတ်ထားဖြင့် မိဖုရားကြီးအား အပြစ်ရှိသလောက် မညှာမထောက်ပြုတော်မူရန် သန္နိဋ္ဌာန်ချတော်မူခဲ့သမျှ သွေးအေးစိတ်လူသွား တော်မူခိုက်တွင် ရွှေနန်းရှင်ဘုရားသည် ခင်ဘွားသစ် ၀င်ရောက်ဆက်သသော နံနက်ပွဲတော်တည်နေကျ နို့ယာဂုနှင့် အဖျော်ယမကာ၊ သကာ၊ ချိုချဉ် စသော အချိုအုပ်ကို ပွဲတော်တည်လျက်မှ ညဥ့်က အဖြစ်အပျက်များကို ၀မ်းနည်းကြေကွဲစွာ ဆက်လက် မိန့်ကြားတော်မူလေသည်။
"သစ်သစ်မှာတော့ လူရင်းဖြစ်နေလို့ ကိုယ်တော် စိတ်ဆင်းရဲသမျှ ဖွင့်ဟမိန့်ကြားတော်မူတော့မည်၊ စုလတ်ဟာ အင်မတန်မှ မာန်မာန ကြီးတော်မူလှတယ်၊ ကိုယ်တော့်အပေါ်မှာလည်း နာနာကြည်းကြည်း ငယ်ကျိုးငယ်မှာ စကားတွေ မိန့်ကြားလို့သွားလိုက်သည်မှာ ရစရာမရှိပါကလား၊ မိဖုရားက ရှင်ဘုရင်ကို ဒီလိုရိုင်းပျစော်ကားခြင်းဟာ ရာဇ၀တ်အပြစ်တော် ကင်းမည်ထင်သလား၊ ကျုပ်က ရှင်ဘုရင်ပါဗျ၊ ဒီမိဖုရားကို တရားနည်းလမ်းအတိုင်း အိမ်နိမ့်ချထား နိုင်ပါတယ်"
"မှန်လှပါဘုရား"
"ဒါပေမဲ့လို့ သစ်သစ်တို့ နန်းမတော် ရိုင်းပျသလောက် ကျုပ်ကတော့ ခမည်းတော်နှင့် မိကြီးတော် ဆင်ဖြူမရှင်ဘုရားတို့ မျက်နှာတော်ကို ထောက်ထားငဲ့ညှာတော်မူလိုက်တဲ့အတွက် သူ့ကို မရက်စက် လိုက်ပါဘူးဗျာ၊ သူကြိုက်သလိုသာ စံတော်မူပါစေ၊ ကျုပ် ရှောင်ဖယ်လို့ နေရပါရစေတော့၊ ကျုပ်မှာ ရှင်ဘုရင်လုပ်ရပေမဲ့ အချုပ်အချယ်တွေကလည်း များလှတယ်၊ ရှင်ဘုရင်ကို မိဖုရား အပိုအမိုထားမှာလည်း နည်းနည်းမှ မနှစ်ခြိုက်နိုင်၊ ကျုပ်ရှင်ဘုရင်လုပ်ရတာ ဘယ်မှာ အရသာရှိတော့သလဲ၊ ဒါကလေးကိုပဲ သူ့အမေက ရွှေနန်းတင်လို့ ရှင်ဘုရင်ဖြစ်ရသလား ဘာလေးနှင့် အရေးရှိရင် ဂုဏ်အင်မတန်ဖော်ချင်တယ်၊ ဒီရှင်ဘုရင်အလုပ်ကို ကျုပ်ကလည်း မခုံမင် ပါကလား၊ အဲဒီတော့ ကျုပ် အလိုတော်ကျ ရှင်ဘုရင်ပီပီ စံတော်မမူရလျှင် သစ်သစ်တို့ စုထားပဲ ရွှေနန်းတော် ဆက်ခံပြီး စံစားအုပ်စိုးပါစေ၊ ခုနေအခါ ရွှေထီးရွှေနန်းကို စွန့်ပစ်ပြီး ခင်ကြီးနဲ့ အေးအေးသာသာ နေလိုက်ပါတော့မယ်၊ ဒီအကြောင်းကို ယခုပင် သစ်သစ်တို့ နန်းမတော်စုထားကို သွားလို့ သံတော်ဦးတင်ပေရော့"
ဟု အားစလျော့နွမ်းလျသော မျက်နှာတော်ဖြင့် မိန့်တော်မူလေ၏။
"မှန်လှပါဘုရား၊ သံတော်ဦးတင်ခွင့်ပေးလျှင်ဖြင့် အကျိုးအကြောင်းကလေး လျှောက်တင်စမ်းရပါမဲ့ အကြောင်းပါဘုရား"
"အင်း ... ဆိုစမ်းပါဦးဗျာ "
သည်တစ်ကြိမ် သည်တစ်ခါ ဖြစ်မိတာတွေကို နောင်တတရားရတော်မူသွားပုံရပါတယ်၊ ဘုရာ့ကျွန်မက လည်း ယမန်နေ့ညဥ့်က ကျိုးကြောင်းပြသ လျှောက်တင်လိုက်ရသည်မှာ မိုးစင်စင် လင်းခဲ့ပါတယ်ဘုရား၊ သည်ယနေ့ နောက်ဆုံးမိန့်တော်မူလိုက်တဲ့ အရှင်၏ နန်းမတော်ဖုရားကြီး အမိန့်တော်မှာတော့ -
"စုစု မှားသွားပြီထင်ပါရဲ့ သစ်သစ်ရယ်၊ တကယ်ဆိုတော့ ဒီလိုဖြစ်တော်မူရတဲ့ အကြောင်းရင်း စစ်လိုက်လျှင် မောင်မောင်ဘုရားကို ချစ်တော်မူလွန်းတဲ့အတွက် အချစ်ကို မဝေခွဲရက်တာနှင့် အမျက်ကြီး မျက်လိုက် မိခြင်းပါပဲတဲ့ဘုရား၊ သို့ပေမဲ့ မောင်ဘုရားဟာ အငယ်အနှောင်းရှာလိုတဲ့ စိတ်တွေက များလွန်းတော့ စုစုအပေါ်တွင် ချစ်ခင်မှုလျော့ပါးခိုက်မှာ စုစုက ဒီလိုလုပ်လိုက်တာကို အချစ်မ၀င်တဲ့ မောင်တော်က အပြစ်မြင်တော်မူထိုက်ပါပေတယ်၊ ဒီလောက် သ၀န်ကြောင်တော်မူတာလည်း မဟုတ်သေးပါဘူး သစ်သစ်ရယ်၊ တကယ်ရက်ရောတဲ့ စေတနာရင်းနဲ့ ညီမတော် ရမည်းသင်းစုလေးကို ပေးတော်မူမည့် အကြောင်းကိုပင် ယခင်တစ်လောက အသိပေးခဲ့ပြီးပါ၊ ယခုလို ဘာမဟုတ်တဲ့ကိစ္စနဲ့ ကတောက်ကဆ ဖြစ်တော်မူ ရခြင်းကိုသာ အသည်းနာမိတော့သည်လို့ မိန့်တော်မူပါသည်ဘုရား"
သီပေါရွှေနန်းရှင်ဘုရားသည် ခင်ဘွားသစ် လျှောက်တင်စကားကို စဉ်းစားတော်မူလျက် -
"ခက်တယ် ... ခက်တယ်၊ ခု နင်က ကျုပ် မိန့်တော်မူသလို နန်းမတော်ကို အလိုတော် မကျလို့ ရှင်ဘုရင်ပီပီ ပြုတော်မူရမှာကိုလည်း မနှစ်သက်ပါဘူး၊ ဒါကြောင့် သူ့ခမည်းတော်၏ ရွှေနန်းတော်မှာ သူ့စိတ်တိုင်းကျသာ ပျော်ပျော်စံပါစေ၊ ရာဇပလ္လင်တွေ၊ မင်းခမ်းမင်းနားတွေကို မသာယာချင်ဘူး၊ ခင်ခင်နဲ့သာ ပျော်ရာမှာ စံနေပါတော့မယ်"
ခင်ဘွားသစ်မှာ ရွှေနန်းရှင်ဘုရား ထီးနန်းစွန့်တော်မူသွားမည်ကို နန်းမတော်ဖုရားကဲ့သို့ပင် စိုးရိမ် ပူပန်မိကာ -
"သာသနာတော်အရေး နိုင်ငံတော်အရေးနှင့် ဆွေတော်မျိုးတော်တို့ အရေးများကို ထောက်ထားငဲ့ညှာ တော်မူပြီး ရွှေနန်းစည်းစိမ်ကို ပယ်ခွာစွန့်လွှတ်တော်မမူသင့်ပါဘုရား၊ ရွှေနန်း စည်းစိမ် စံတော်မူလျက်က အလိုဆန္ဒတော် ပြည့်ဝရန် သားရွှေအိုးထမ်းလာသည်ကို တွေ့မြင်ရမည့် အစီအမံမျိုးကို အလိုတော်အတိုင်း ဘုရားကျွန်မများ ၀ိုင်းဝန်းအမှုတော်ထမ်းပါမည်ဘုရား"
ဟု အရေးတကြီး လျှောက်ထားသောအခါ ရွှေနန်းရှင်ဘုရားက နှစ်ထောင်းအားရ ဖြစ်တော်မမူလှဘဲ-
"သစ်သစ်တို့ လျှောက်တင်သလို ဖြစ်နိုင်လိမ့်မယ် မထင်ပါဘူး၊ နန်းမတော်ဟာ မာန်မာန ခက်ထန်လှတယ်၊ မိဖုရားငယ်ဆိုသည်မှာ ရှင်ဘုရင်မှန်သမျှ ထားရှိကြရတဲ့ ကိစ္စကလေးမျိုးကိုပင် သူက အင်မတန် ရေးကြီးခွင်ကျယ်ပြုတော်မူတယ်၊ ဒီမိဖုရားခေါင်ကြီးကို ကိုယ်တော် အင်မတန် ကြောက်လန့်ပြီး ခင်ခင်ကြီးကိုလည်း နည်းနည်းမှ မြတ်နိုးတော်မမူဝံ့တော့ပါ။ မြတောင်စုဖုရား လတ်ကိုသာ ကိုယ်တော်ရဲ့ ရွှေမေတ္တက ရှေ့ရှုတော်မူတာကြောင့် ရွှေလွှာတော်ကို လက်တော် အရောက် ပို့လိုက်ပါတယ်၊ အဆောင်တော်မှာလည်း နှစ်ပါးတည်း တွေ့ဆုံတော်မူရန် အမြန်လှမ်းကြွခဲ့ပါလို့ လျှောက်တင်လိုက်ပါနော်"
ဟု အသံတော်လေးလေးနှင့် ရှေ့စကားနောက်စကား မမှန် တဖြည်းဖြည်းခြင်း မိန့်တော်မူနေပြန်လျှင် ခင်ဘွားသစ်မှာ အသံတော် တုန်လှုပ်ပြောင်းလဲလျက်ရှိသော ရွှေနန်းရှင် ဘုရားကို ရုတ်တရက် မော်၍ ဖူးမြော်မိလေသည်။ မျက်နှာတော် ကြည်ကြည်လင်လင် မရှိရာတွင် မှုံမှုံမှိုင်းမှိုင်း ထိုင်းထိုင်းလေးလေးကြီး ဖြစ်နေသည်ဟု ထင်ရပြီး သေရည်ယစ်မူးနေသူအလား မျက်လွှာကို ပိတ်ထားရင်း အသံတော်များ တုန်ရီလှုပ်ရှားလျက် ညည်းတွားလေးလံနေသည်ကို ကြားသိတွေ့မြင်ရသောကြောင့် ရုတ်တရက် အံ့သြထိတ်လန့်ခြင်း ဖြစ်သွားလေ၏။
ရွှေနန်းရှင်ဘုရားသည် ခဏငြိမ်သက်နေရာက မျက်လုံးတော် ဖွင့်ပြီးလျှင် ဟင် ... ဟုညည်းညူ တော်မူလိုက်ရာမှ အလို ... ငါဘာဖြစ်ပါလိမ့်၊ စိမ့်ခနဲ စိမ့်ခနဲ ကျောချမ်းတက်၍ တစ်ချက်တစ်ချက် သတိလစ်လျက် အဖျားတက်သကဲ့သို့ ရှိလာတော့သည်။ ခင်ဘွားသစ်ရယ် ခြုံတော်မူလေသည်။ ခင်ဘွားသစ်လည်း ကပျာကယာ ညဥ့်လွှာရုံ ခြုံတော်စောင်နှင့် လုံအောင် ခြုံရုံဆက်သရင်း ခြေတော်ကိုဆုပ်၍စမ်းရာ ပူရှိန်းရှိန်းဖြစ်လာသည်ကို တွေ့ရတော့မှ ညအချိန်က အအေးမိတော်မူဟန် တူပါသည်။ ကိုယ်အပူတော်မူလှချည့်ဘုရားဟု ပြောပြီး ပျာပျာသလဲကြီး ဖြစ်နေလေ၏။
ရွှေနန်းရှင်ဘုရားသည် ရုတ်ချည်းပင် အပြင်းအထန် အဖျားဝင်လာသူအလား မေ့မေ့လျော့လျော့ ဖြစ်တော်မူသွားလေသည်။ နှုတ်တော်ကလည်း ကယောင်ချောင်ချား တောင်စဉ်ရေတွက်မရသော စကားများ မိန့်တော်မူလျက်ရှိ၍ တစ်ချက်တစ်ချက်လည်း ငြိမ်သက်စွာ စက်ပျော်တော်မူသွား သည်ကို တွေ့ရသောအခါ ခင်ဘွားသစ်မှာ ရုတ်တရက် အကြံမရ အပါးတော်က ခွာသွားရမည်လည်း မဖြစ်သောကြောင့် ခြေတော်ကို ဆုပ်နယ်ပေးရင်းက မနီးမဝေးက လက်သုံး တော်တစ်ယောက်ကို လက်ပြခေါ်ပြီး တီးတိုးလေသံနှင့် -
"မောင်ရင် နန်းမတော်ဆောင်ကြီးကို အမြန်သွား၍ အရှင်နန်းမတော် ဖုရားရှေ့တော်ကိုဝင်ပြီး ရွှေနန်းရှင်ဘုရား ရုတ်တရက်ဖျား၍ သတိတော်များ လစ်လျက်ရှိသဖြင့် ကိုယ်တော်တိုင် အမြန်ထွက်ကြွ ရှုစားတော်မူပါဘုရားလို့ အမေသစ်က လျှောက်ထားခိုင်းကြောင်း သံတော်ဦးသွား တင်ပေးပါ" ဟု ပျာယီးပျာယာ မှာကြားစေလွှတ်လိုက်လေရာ လက်သုံးတော်သားကလေးလည်း အရေးတကြီး ပြေးသွားလေ၏။
အရှင်နန်းမတော် စုဖုရားလတ်သည် ညီမတော် ရမည်းသင်း စုဖုရားကို ဆိုင်းငံ့ထားတော်မူပြီး အထိန်းတော်ကြီး ခင်ဘွားသစ် ပြန်လာချိန်ကို အကျိုးကြောင်း စုံလင်စွာ ကြားသိတော်မူလိုသိဖြင့် စောင့်လင့်တော်မူလျက်ရှိလေရာ လက်သုံးတော်ငယ် ၀င်ရောက်လျှောက်တင်သောအခါမူကား ပူပန်စိုးရိမ်တော်မူအားကြောင့် အူယားသည်းယား ဖြစ်တော်မူကာ ညီမတော်ကို လက်ဆွဲ၍ အဆောင်တော် ထဲမှ အမြန်ထွက်ကြွတော်လိုက်ပါတော်မူလာလေ၏။
အချစ်အတွက် အမျက်တော်ပွားသော်လည်း သံယောဇဉ်ကြီးမားတ်ာမူလှသည်။ စိတ်နေသဘောထား အေးချမ်းတော်မူလှသော မောင်တော်ဘုရားမှာ မိုက်လုံးထွားသော တပည့်ကျေးကျွန်များကြောင့် အလွဲလွဲအမှားမှား ဖြစ်တော်မူရသည်ဟု သနားကြင်နာမှုက ဒေါသကို အကြွင်းမဲ့ နှင်ထုတ်ပစ်သည်နှင့်မခြား ကြမ်းကြုတ်ခက်ထရော်ရှိလှသော အမျက်တော်များသည် ကရုဏာရသနှင့် ယှဉ်ကာ နူးညံ့သိမ်မွေ့သွား ကြတော့သည်။
မောင်တော် ရွှေနန်းရှင်ဘုရား၏ မြောပါနေသော စိတ်တော်များကို ဖြစ်သည့်နည်းနှင့် တားဆီး လမ်းပြောင်းတော်မူရန် မဆွကပင် စီမံကြံရွယ်ထားတော်မူရင်းအတိုင်း ဆုတ်ဆိုင်းခြင်းမရှိ ပြည့်ပြည့် စုံစုံ လျာထားပြီးဖြစ်ရကား သလွန်တော်နားသို့ ရောက်တော်မူလျှင် ရွှေနန်းရှင်ကို စူးစိုက်ရှုစားတော် မူကာ ကရုဏာစိတ်ထားနှင့် စုတ်များသပ်တော်မူမိသည်။
"မောင်တုတ် ... မောင်တုတ် ခင်ခင့်ကို လုံအောင်ဝှက်ထားနော်၊ နန်းမတော်ကြီးကို ကြောက်ပါတယ်၊ အနားမလာပါစေနဲ့၊ ခင်ဘွားသစ်ရဲ့ မြတောင်စုဖုရားက တကယ် ချစ်တော်မူသည်တဲ့လား"
ရွှေနန်းရှင်ဘုရားသည် စက်ရာတော်မှ စွဲလမ်းတော်မူရာကို ယောင်ရမ်းဟစ်အော်တော် မူလိုက်ကာ တစ်ဖန် ငြိမ်သက်စွာ စက်ပျော်တော်မူသွားပြန်သည်။
"သစ်သစ်ရဲ့ ဘယ်ပုံဖြစ်တော်မူတာလဲ၊ ကိုယ်တော်မှာလည်း ပူနေပါကလား"
လက်တော်ကိုစမ်းရင်း နန်းမတော်ဖုရားက မေးတော်မူသည်။
"အချိုအုပ်ကို ပွဲတော်တည်ရင်းက တစ်စတစ်စ အမူအရာပြောင်းပြီး သလွန်တော်ပေါ်လဲလျောင်း လိုက်ကာမှ အဖျားဝင်တော်မူနေသည်ကို အကဲခတ်မိပါကြောင်းဘုရား" ဟု ခင်ဘွားသစ်က တင်လျှောက် လျှင် -
"သောက်တော်ရေများကော ဘယ်နှကြိမ်လောက် ဆက်ရသလဲ"
"ယမန်နေ့ကတစ်ကြိမ်၊ ယခုနံနက် အချိုအုပ်ပွဲတော်တည်ရင်း တစ်ကြိမ် ဆက်ရကြောင်းပါဘုရား"
ဤအဖြေနှင့်ပင် နန်းမတော်စုဖုရားလတ်သည် ရွှေနန်းရှင်၏ ဝေဒနာတော်ကို ဆင်ခြင်စဉ်းစား တော်မူမိကာ -
"ညစဉ် ညဆက် ပန်းခုံတော် ထွက်ရသဖြင့် အအေးမိခဲ့၍ သတိတော်လစ်လောက်အောင် ရုတ်တရက် အဖျားရောဂါ အပြင်းအထန် ကပ်ရောက်တော်မူလာခြင်း ဖြစ်လိမ့်မည်၊ အပြင်းဖျားသူတို့ ဓမ္မတာ စွဲလမ်းထင်မြင်ရာတွေကို ကယောင်ချောက်ချား ပြောကြားမိန့်မြွက်တော်မူနေရှာတယ်၊ သမားတော်ကြီးများနှင့် အတွင်းဝန်ကြီးများ အမြန်သွား၍ ခေါ်စေရမယ်" ဟု အမိန့်တော်မှတ်သဖြင့် ရွှေနန်းတော်အမှုထမ်းများကို ခင်ဘွားသစ် သွားရောက် ဆင့်ဆိုကာ အဆောင်တော်သို့ အမြန်လာခဲ့ လေသည်။
ညီမတော် ရမည်းသင်းစုဖုရားကလေးအားလည်း နန်းမတော်ဖုရားက သီပေါရွှေနန်းရှင်ဘုရား အပါးတော်တွင် ပြုစုခစားရန် အဆောင်တော်သို့ ပြန်ခွင့်မပေးဘဲ ထားတော့သည်။ စုဖုရားကလေးမှာ အစ်မတော်၏ သြဇာအာဏာကို မလွန်ဆန်ဝံ့ရှာ၍ ရွှေနန်းရှင် စက်ပျော်တော်မူသော သလွန်တော် အနီးအပါးမှ ခြေတော်ကို ဆုပ်နယ်၍ ခစားရစေကာမူ စိတ်တွင်းက ရှက်ကြောက်ရင်းကြောင့် မရဲတရဲ ဖြစ်နေမိသည်။ သို့ရာတွင် ရွှေနန်းရှင်ဘုရားမှာ သတိတော်များ လစ်နေခိုက်ဖြစ်သဖြင့် ရှက်စိတ်နှင့် ကြောက်စိတ်မှာ အမူအရာပျက်လောက်အောင် လွှမ်းမိုးခြင်းမပြုနိုင်ရုံမက ရွှေနန်းရှင်ဘုရား၏ ဝေဒနာတော်အတွက် သောကဖက်၍ နေချိန်ဖြစ်သောကြောင့် ခြေဆုပ်လက်နယ် ပြုရာတွင် အကယ်ပင် စိတ်ဝင်စားရင်း စေတနာတော် ထားမိလေသည်။
"ညီမတော် စုလေးနှင့် သစ်သစ်တို့က မောင်တော့်အပါးတော်မှ ထမသွားကြဘဲ အမြဲစောင့်ကြပ်လို့ နေရမယ်၊ အဆောင်တော်တံခါးများ ပိတ်ထားပြီး လက်သုံးတော်နှင့် အိပ်ဖန်တော်သားတွေကို အဆောင်တော် အပြင်ဘက်ကသာ စောင့်ကြပ်နေစေရမယ်၊ အတွင်းဝန်မင်းများနှင့် သမားတော်ကြီးတို့ ရောက်လာလျှင် ငါ့ကိုလာ၍ လျှောက်တင်လှည့်" ဟု နန်းမတော်ဖုရားက မိန့်တော်မူကာ မောင်တော် ရွှေနန်းရှင်ဘုရား စက်တော်မူရာ သလွန်တော်ပေါ်တွင် ထိုင်လျက် စိတ်လက်ကြည်လင်တော်မနိုင်၍ ညိုးမှိုင်စွာ စံတော်မူလေ၏။
များမကြာမီ ဘမရာသန အဆောင်တော်ကြီး၏ အပြင်ဘက် လေသာဆောင်တွင် ၀န်ကြီးများ အတွင်းဝန်များနှင့် သမားတော်ကြီးများ စုရုံးခစားမိလျှင် အရှင်နန်းမတော်ဖုရားထွက်တော်မူ လာလေသည်။
ရှေးဦးစွာ ရွှေနန်းရှင်ဘုရား၏ ဝေဒနာတော်အတွက် စံတော်မူရာ အဆောင်တွင်းသို့ သမားတော် ကြီးများကို ၀င်ရောက်စေသည်။ အဖြစ်အပျက်တို့ကို အပြင်ဘက်ရှိ ၀န်ကြီး၊ အတွင်းဝန်များအား အနည်းအပါး မိန့်တော်မူနေလေသည်။ တစ်ခဏကြာလျှင် သမားတော်ကြီး များလည်း ရွှေနန်းရှင်ဘုရား အပါးတော်မှ ထွက်လာကြသည်။ နန်းမတော်ဘုရားက -
"သမားတော်ကြီးများ စမ်းသပ်ခဲ့ကြပြီလား၊ ဝေဒနာတော်ကို ဘယ်လိုအကဲရကြသလဲ" ဟု မေးတော်မူ လေသည်။
"ဝေဒနာတော်မှာ စိုးရိမ်ဖွယ်ရာ မဟုတ်ကြောင်းပါဘုရား၊ အာဂန္တုရောဂါမျှ ဖြစ်ပါကြောင်း၊ သို့ရာတွင် ပြင်းပြင်းထန်ထန် စိတ်တော်ထိခိုက် လှုပ်ရှားမှုများ မခံရှိသဖြင့် အပူရှိန်တက်သည့်အခါ ကယောင်ကတမ်း မိန့်ကြားတော်မူခြင်း ဖြစ်ပါသည်၊ သတိတော်ရလျှင် ဆက်သရန် ဆေးတော်များ ရွှေကလပ်ပေါ်တွင်တင်၍ ဆက်သထားခဲ့ကြောင်းပါဘုရား"
နန်းမတော်စုဖုရားလတ်သည် သမားတော်များ လျှောက်တင်ချက်ကို ကြားတော်မူလျှင် -
"မောင်တော်၏ ဝေဒနာတော်မှာ စိုးရိမ်စရာမရှိကြောင်း သိတော်မူရသဖြင့် အသင့်အတင့် စိတ်အေးတော်မူရပြီး သမားတော်ကြီးများကလည်း သင့်လျော်သည့် ဆေးဝါးတို့နှင့် အမြန်သက်သာရန် ကြိုးစား၍ ကုသကြပါ၊ သို့ရာတွင် ရက်အနည်းငယ်အတွင်း မူရင်းပကတိအတိုင်း ကျန်းမာတော်မူလာသည် တိုင်အောင် ရွှေစိတ်တော် ငြိုငြင်စေမည့် အကြောင်းများကို နောက်ထပ်၍ တစ်စုံတစ်ရာ ကြားသိတော် မမူစေလိုဘူး၊ တိုင်းရေးပြည်ရာ အဖြာဖြာကို အစစကိုယ်တော်တိုင် ကြည့်ကြပ်စီမံတော်မူနေသည်မှာလည်း ကာလအတန်ကြာ၍ ပင်ပန်းတော်မူခဲ့လှပြီ၊ ဒီကိစ္စတွေဟာ ယခုလို ရုတ်တရက် မကျန်းမမာ ဖြစ်တော်မူလာရန် အကြောင်းရင်း အခြေခံတွေပဲလို့ "စွပ်စွဲတော်မူလိုသည်"ဟု မိန့်တော်မူလေ၏။
သမားတော်ကြီးများကလည်း "အရှင်နန်းမတော်ဖုရား အလိုတော်အတိုင်း ရွှေနန်းရှင်ဘုရား မကျန်းမာ တော်မူခိုက် ကျွန်တော်မျိုးများက အားတိုက်အင်တိုက် စောင့်ရှောက်ကုသမည်ဖြစ်ကြောင်း ပါဘုရား"ဟု လျှောက်ထားကြသည်။ မှူးတော်မတ်တော်၊ ၀န်ကြီးအတွင်းဝန်များမှာလည်း သမားတော်ကြီးများ စကားအရ စိတ်အေး၍ သွားကြလေသည်။ နန်းမတော်ဖုရားက ဆက်လက်ကာ -
"စိုးရိမ်စရာ အကြောင်းတစ်ရပ်မှာတော့ မောင်တော် ရွှေနန်းရှင်ဘုရားမှာ သတိတော်လစ်လျက် တစ်ချက်တစ်ချက် လက်လွတ်စပယ်နှင့် အကြားရခက်တဲ့ အမိန့်တော်စကားများ မြွက်ကြားတော် မူတတ်သည်၊ သို့အတွက် ပြုစုစောင့်ရှောက်ရန် အပျိုတော်များ လက်စွဲတော်များကို အပါးတော်တွင် ထားတော်မမူလိုဘူး၊ ကိုယ်တော်တိုင် သမားတော်ကြီးများ မှူးတော်မတ်တော်ကြီး များနှင့် တိုင်ပင်၍ ပြုစုတော်မူမည်" ဟု အမိန့်တော်ရှိပြီး အတွင်းဝန်ကြီးများအား -
"ကဲ ... အတွင်းဝန်မင်းများကလည်း မှန်နန်း စနုဆောင်တော်မှာ ကျွန်မနှင့် နေ့စဉ် လာရောက်တွေ့ ဆုံကြပါ၊ တိုင်းပြည်ရေးရာ ကိစ္စတွေမှာတော့ လုပ်ရိုးလုပ်စဉ်အတိုင်း ရွှေလွှတ်တော်ဝန်ကြီးများနှင့် လွှဲအပ်ပြီး စီမံခန့်ခွဲနိုင်ပါသည်" ဟု အမိန့်တော်မှတ်သဖြင့် ၀န်ကြီးများက -
"အရှင်နန်းမတော်ဖုရား အမိန့်တော်အတိုင်း ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူသည့် အချိန်ကာလ အတွင်းမှာ ရွှေလွှတ်တော်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ခွင့် အရပ်ရပ်ကို မလစ်မလပ်ရအောင် ဂရုအထူးစိုက်၍ ထမ်းဆောင်မည်ဖြစ်ကြောင်းပါဘုရား" ဟု အာမတာ ၀န်ခံကြလေသည်။
"ကောင်းပါပြီ၊ ဒီနိုင်ငံတော် အုပ်ချုပ်စီမံမှုအရေးကို စိတ်အေးရပေပေါ့၊ သို့ရာတွင် ကိစ္စတစ်ခုကတော့ ကျန်၍နေပါသေးသည်၊ အတွင်းဝန်မင်းတို့ရဲ့ နေပြည်တော်အရပ်ရပ်မှ စာအားဖြင့် ရေးသားလျှောက်တင် ကြမည့် တိုင်တမ်းစာများကို ရွှေသေတ္တာနှင့် ခံယူဆက်သစေရန် စီမံထားတော်မူခဲ့သည် မဟုတ်ပါလား၊ အဲဒီစာများကိုတော့ ဘယ်သူ့ကိုမှ တာဝန်မပေးဘဲ အရေးယူခဲ့ကြသည်၊ ယခုလို မောင်တော်ဘုရား မကျန်းမာတော်မူခိုက်မှာ သည်တာဝန်ကို ကျွန်မ တစ်ဦးတည်းက လက်ခံဆောင်ရွက်တော်မူရတော့မည်၊ ရွှေသေတ္တာအတွင်းမှ ရရှိသော စာများကို နံနက်ဖြန်ပင် ဗြဲတိုက်တော် သံဆင့်များက ရွှေသေတ္တာနှင့်တကွ လာရောက်ဆက်ကြရမည့်နေ့ မဟုတ်ပါလား"
"မှန်လှပါ ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူခင် အ၁ရှင်နန်းမတော်ဖုရားက ရွှေသေတ္တာပါ စာတင်လွှာများ ကြည့်ရှုစစ်ဆေးတော်မူပါလျှင် အတွင်းဝန် မင်းများကလည်း အပါးတော်တွင် တိုင်ပင်တော်မူရန် ခစားရှိနေကြသင့်ောကာင်းပါဘုရား" ဟုလွှတ်တော်ဝန်ကြီးများက လျှောက်တင်ကြ သည်၊ နန်းမတော်ဘုရားက -
"ရှိရမှာပေါ့၊ အတွင်းဝန်များသာမက မင်းကြီးများလည်း ရှိစေချင်ပါသည်၊ ရွှေသေတ္တာတွင်ပါရှိတဲ့ အလွှာတော်များကို မင်းကြီး အတွင်းဝန်များ စုံညီရှေ့တွင်ဖွင့်ပြီး စာလွှာအသီးသီးကို ရွှေနားတော် ကြားလောက်အောင် ဖတ်၍ လျှောက်တင်ကြရမည်၊ စာတွင်ပါသော အရေးကိစ္စများကိုလည်း တစ်ထိုင်တည်း ၀န်ကြီးများနှင့် တိုင်ပင်၍ အရေးကြီးလျှင် ကြီးသည့်အလျောက် အရေးမကြီးလျှင်လည်း မကြီးသည့်အလျောက် ဟုတ်တိုင်းမှန်ရာ အပြစ်ပေး အရေးယူနိုင် ပြုပြင်နိုင်အောင် စစ်ကြောထောက်လှမ်း စေရမည်"
ဟု မိန့်တော်မူလျှင် ၀န်ကြီးအတွင်းဝန်များက လျော်ကန် သင့်မြတ်လှပါကြောင်းဖြင့် ကျေနပ်စွာ လျှောက်တင်ကြပြီး အသီးသီး ဆိုင်ရာတာဝန်များကို ယူဆောင်ကာ လွှတ်တော်ရုံးတော်များသို့ ပြန်သွားကြလေ၏။
သမားတော်များကိုလည်း အချိန်ကျ ဆေးတော်များဆက်ရန် ဝေဒနာတော် အကဲခတ်ရန် အလိုတော်ရှိချိန်တွင် အတွင်းတော်ဝင်ရောက်ခစားစေခြင်းငှာ အပြင်ဆောင်တွင် အသင့်စောင့် နေစေလိုကြောင်းဖြင့် နန်းမတော်ဘုရား မိန့်တော်မူချက်အရ စောင့်နေကြရသည်။ နေ့လှည့်ကိုယ်ရံတော် လက်သုံးတော်သားများလည်း အဆောင်တော် အနီးအပါးမှ လှည့်လည်စောင့်ရှောက် ခစားလျက်ရှိ ကြသည်။ ယမန်ညဥ့်က အရေးတော်ပုံကို အကြောင်းပြု၍ ရွှေနန်းရှင်ဘုရား သတိလစ်တော်မူသော ဝေဒနာတော် ရရှိကြောင်း ထပ်မံကြားသိကြရသောအခါ နန်းတော်သူအများပင် စိတ်ငယ်ချောက်ချား၍ ကြောက်အားပိုနေကြလေ၏။
နန်းမတော်ဘုရားသည် ၀န်ကြီးများ၊ အတွင်းဝန်များနှင့် ညှိနှိုင်းတိုင်ပင်တော်မူပြီး ရွှေနန်းရှင်ဘုရား၏ သလွန်တော်အနီးသို့ ပြန်လည်ရောက်ရှိတော်မူခဲ့သည်။ ညီမတော် ရမည်းသင်းစုဖုရားကလေးမှာ သလွန်တော်ဘေး ဆေးတင်သော ရွှေကလပ်အနီးတွင် ဥဒေါင်းမြီး ယပ်တောင်ဖြင့် မောင်တော်ကြီး ရွှေနန်းရှင်အား ကိုယ်တိုင်တော် ယပ်လေများ ဆက်လျက်ရှိ၍ ခင်ဘွားသစ်ကြီးမှာ ခြေရင်းတော်မှ စက်ပျော်တော်မူလျက်ရှိသော ရွှေနန်းရှင်ဘုရား၏ ခြေတော်ကို ဆုပ်နယ်ရင်း ခစားနေလေ၏။
ရွှေနန်းရှင်ဘုရားလည်း ငြိမ်သက်စွာ စက်တော်မူရာမှ ခဏကြာလျှင် လူးလွန့်တော်မူကာ "ငါ့လှံတော်ကို ဆွဲမထားကြနှင့်၊ မိဖုရားကြီးကို ထိုးပြီးမှ မြတောင်ဖုရားထံသွားမယ်" ဟု ရေရွတ်တော်မူလိုက်ပြန်သည်၊ နန်းမတော်ဖုရားလည်း မောင်တော် ရွှေနန်းရှင်၏ သလွန်ဘေးတွင် ၀င်၍ထိုင်တော်မူလျက် ပိုက်ဖက် ယုယကာ -
"သတိထားတော်မူပါ မောင်မောင်၊ မြတောင်စုစု အနားမှာ ခစားလျက် ရှိပါတယ်" ဟု တင်လျှင် သီပေါရွှေနန်းရှင်က မျက်လွှာတော်ကို မဖွင့်ဘဲထားရင်းမှ "စုစုလား မြတောင်စုဖုရားရေ မောင်မောင့်ကို ပစ်လို့မထားပါနှင့်" ဟု ထပ်၍ အမိန့်တော်ရှိလေ၏။
"သတိထားပါ မောင်မောင် သောက်တော်ရွှေဖလားမှ ဆေးတော်တစ်ခွက်လောက် သောက်တော်မူ လိုက်ပါဦး" ဟုဆိုကာ သောက်တော်ရွှေဖလားမှ ရေများနှင့် သမားတော်များ ဆက်သထားခဲ့သော ဆေးတော်ကို ညီမတော်လေးအား ဖျော်စေ၍ ကိုယ်တိုင် တိုက်တော်မူသည်တွင် ရွှေနန်းရှင်ဘုရားလည်း ဆေးတော်တစ်ခွက်ကြောင့် ငြိမ်သက်စွာ စက်ပျော်တော်မူသွားပြန်လေ၏။
ညနေ ပဟိုရ်လေးချက်တီး အချိန်လောက် ရောက်သောအခါ မယ်တော် ဆင်ဖြူမရှင် စံနေတော်မူသော အဆောင်တော်သို့ သီပေါရွှေနန်းရှင်ဘုရားဒ အစ်မတော်၊ နှမတော်အရင်းများဖြစ်ကြသော ပုခန်းကြီးမြို့စား စုဖုရားကြီးနှင့် ညီမတော် မိတ္ထီလာ စုဖုရားကလေးတို့ ရောက်လာကြသည်တွင် ဆင်ဖြူမရှင်ဘုရားက -
"အလို … စုစုတို့ မျက်နှာမကောင်းကြပါကလား၊ ဘယ်လိုအကြောင်းကိစ္စများ ထူးကြသလဲ" ဟု မေးတော်မူလေ၏။
"မောင်တော်ကြီး ရွှေနန်းရှင်ဘုရားသည် ယနေ့မနက် အချိန်ကစပြီး အပြင်းအထန်ဖျား၍ သတိတော်များပင် လစ်တော်မူလျက်ရှိနေကြောင်း ကြားရသဖြင့် စိတ်ပူလှလွန်း၍ပါ ဘုရား၊ မယ်မယ်ဖျားလည်း နတ်ရွာစံတော် မူသွားလေတော့ ဖျကျွန်မများ အားငယ်လှတာတစ်ကြောင်း၊ လူငယ်တွေချည်းလည်း မသွားဝံ့ပါသဖြင့် မိကြီးတော်ဘုရားနှင့် မှီခို၍ နောက်တော်က အမေးလိုက်ချင်ပါကြောင်းဘုရား" ဟု ညီမတော်အငယ်က သနားစရာ တင်လျှောက်ရှာလေဒ။ ဆင်ဖြူမရှင်ဘုရားလည်း သမီးတော်ကြီး မိုင်းနောင်စုဖုရားကြီးကို သနားတော်မူသကဲ့သို့ပင် ရှင်ဘုရင်၏ အစ်မ၊ နှမတော်များ ဖြစ်ရှာကြသော်လည်း တန်ခိုးအရှိန် အစော်နည်း၍ နန်းမတော်ကို ကြောက်ရွံ့ရိုသေမှုအား ကြီးရှာကြရပါကလားဟု သနားကြင်နာစိတ် ယိုဖိတ်တော်မူလိုက်သည်။
"စုစုတို့ရယ် မယ်ဖျားလည်း နေ့လယ်က သတင်းကြား၍ သွားမေးတော်မူမည် စိတ်ကူးတော်မူနေဆဲမှာ ညဥ့်အခါက ရှင်ဘုရင်နှင့် မိဖုရား အမျက်တော်ပွားကြသည်လို့ သတင်းသန့်သန့် ကြားရပြန်သည်နှင့် သွားသင့်မသွားသင့် ချင့်ချိန်လို့နေတော်မူဆဲဖြစ်တယ်"
"မိကြီးတော်ဘုရား မိန့်တော်မူတဲ့အတိုင်း ဖျကျွန်မတို့လည်း အဲဒီသတင်းကို နားစွန်နားဖျား ကြားရပါသဖြင့် သာ၍ပင် ကြောက်ရွံ့ခြင်း ပြင်းလှပါသည်ဘုရား" ဟု အစ်မတော် ပုခန်းကြီး စုဖုရားက တင်လျှောက်ပြန်ရာ -
"ရွှေနန်းရှင်တစ်ပါးလုံး မကျန်းမာတော်မူတဲ့အရေးကို သွား၍ မမေးပြန်လျှင်လည်း မသင့်တော်ဘူး၊ သွားပြန်လျှင်လည်း တစ်ပါးနှင့်တစ်ပါး အမျက်တော်ပွားပြီး မိုးမီးလောင်နေဆဲကို ကြားထဲက အခစားခက်၊ အမျက်ရာဇမာန် မလွတ်ပြန်မှ  သာလို့ဒုက္ခရောက်ဦးမည်ထင်ပဘုရား" ဟု ညီမတော်က ထပ်၍ တင်ပြန်သည်။ မိုင်းနောင်စုဖုရားကြီးမှာ တစ်စုံတစ်ရာ ၀င်ရောက်နားထောင်ပြောဆိုခြင်းမရှိ၊ လက်တွင်း၌ရှိသည့် စိပ်ပုတီးကိုသာ နာနာကြီးတိ၍ စိပ်တော်မူမြဲ စိပ်တော်မူနေရှာည်။ ဆင်ဖြူမရှင်ဘုရား လည်း အတန်ကြာ စဉ်းစားနေတော်မူရာမှ -
"အင်း … စုစုကြီးတို့၊ စုစုကလေးတို့ လျှောက်တင်တဲ့အတိုင်း စိုးရိမ်စရာမကင်းလျှင် ရုတ်တရက် မ၀င်ကြနှင့်ဦး၊ မိကြီးတော်ဖုရားလည်း ဗြုန်းခနဲ ထွက်တော်မမူသေးပါဘူး၊ ရိုးရိုးသားသားနှင့် အကြောင်း မထူးခြားလျှင် ကိစ္စမရှိဘူး၊ ယခုကိစ္စက တစ်ပါးနှင့်တစ်ပါး စကားကတောက်ကဆ များကြခြင်းမဟုတ်ဘဲ အတော်အကြောင်းထူးကဲတဲ့ အဖြစ်အပျက်ကြောင့် အမျက်တော်ပွားကြခြင်း ဖြစ်လို့ စဉ်းစားဖို့ အတော်ခက်တယ်၊ သားမယ်တော် သီပေါရွှေနန်းရှင်ဟာ အလွန်တရာ စိတ်ထားနူးညံ့၍ ကျမ်းဂန်စာပေ နှံ့စပ်သူ ပုဂ္ဂိုလ်တစ်ဦးမို့ ရှူးရှူးရှားရှားနှင့် နဂါးလို မျက်မာန်ပွားတော်မူသည် ဆိုခြင်းမှာ ယုံကြည်စရာပင် မရှိသလောက် ဖြစ်တော့တယ် စုစုကြီးတို့ရယ်"
"မှန်လှပါ၊ မတွေးတတ်သလောက်ပင် ရှိပါကြောင်း ဘုရား"
"စုစုကြီးတို့ ယောက်မတော်မှာတော့ ငယ်စဉ်ကပဲ မာန်မာနတရားနှင့် စိတ်ထားဆတ်တော်မူခဲ့သူဖြစ်လို့ အံ့သြဖို့ကိစ္စ မဟုတ်လှပါ၊ တစ်ခါမျှ စိတ်မဆိုးဖူးသူက အမျက်ဒေါသ အပြင်းအပြ ဖြစ်ရခြင်းသာ ဆန်းလှတယ်၊ ဘယ်နည်းနဲ့မဆို "လူကောင်းစိတ်တို" ဆိုတဲ့ စကားအတိုင်း သည်းမခံနိုင်ဘဲ ကိစ္စတစ်ခုခု ကြောင့် ဖြစ်ကြသည်ထင်ရဲ့"ဟု ဆင်ဖြူမရှင်ဖုရားက ညည်းညည်းတွားတွား မိန့်တော်မူသည်တွင် အပျိုတော်တစ်ဦးဖြစ်သော ခင်ညိုက-
"ဟိုတစ်လောက ဘုရာ့ကျွန်မများ ကြားသိရသော သတင်းတစ်ရပ်ရှိကြောင်းပါဘုရား"
"လျှောက်တင်စမ်းပါဦး ခင်ညိုရယ်"
"ဒိုင်းအတွင်းဝန် ကတော်ကြီးနဲ့ သူ့သမီးခင်ခင်ကြီးကို မံသကြီးရွာစားက မဟားတရားနှင့် အတော်မျာများ ကလေး ညှဉ်းဆဲလိုက်ပါသည်တဲ့ဘုရား"
"ဘယ်လို အပြစ်အနာများကြောင့်တဲ့လဲကွယ်"
"ရနောင်မင်းသားကြီး မောင်မောင်တုတ်တို့နှင့် ပတ်သက်ပြီး အရှင်နန်းမတော်ကြီးက မယုံမကြည် ရှိတော်မူနေတာ ကြာပါပြီတဲ့ဘုရား"
"အလို … ဒီရနောင်မောင်တုတ်က ဒိုင်းခင်ကြီးကို သူနဲ့နီးစပ်အောင် လုပ်ပြန်သတဲ့လား၊ တယ်လည်း တရားမဲ့တဲ့ ဣတ္ထိယသိုက်သမားပါကလားကွဲ့"
"ဘယ်လိုနည်းနှင့် နီးစပ်တယ်လို့တော့ ဘယ်သူမှ အတတ်မပြောနိုင်ကြပါဘုရား၊ ဘုရားကျွန်မများ နားစွန် နားဖျားသာ ကြားရခြင်းဖြစ်ကြောင်းပါ"
"ငါသိသလောက်တော့ ဒိုင်းခင်ကြီးဟာ အဆင်းပြင်လျာနှင့် ပြည့်စုံသဖြင့် ဘိသိက်တော်ဆက်စေပြီး တဲ့နောက် နန်းမတော်ကြီးအနားမှာ ခစားထမ်းရွက်နေရသည် မဟုတ်လား၊ ရနောင်မောင်တုတ် ဆိုသည်မှာလည်း သားတော် ရွှေနန်းရှင်ထက်ပင် သူ့အရှင်နန်းမတော်ကြီးက ချီးကျူးမြှောက်စား၍ အလွန်အကျွံ သူကောင်းပြုထားသူ မဟုတ်လား၊ ငါ့သမီးတော် နန်းမတော်စုလတ်ဟာ သူ အလွန်အကျူး အထူးမြှောက်စားထားတဲ့ လူတွေကိုပဲ အထင်တော်လွဲပြန်သတဲ့လား ခင်ညိုရဲ့"
"တင်ပါဘုရား၊ အထင်တော်လွဲနေတာတော့ အမှန်ပါပဲ၊ ဘယ်ပုံဘယ်နည်းနှင့် စွပ်စွဲပြီး အထင်တော်လွဲတယ် ဆိုတဲ့ အကြောင်းရင်းကိုတော့ အတွင်းကျတဲ့ အပျိုတော်ကြီးများသာ သိရှိကြပါလိမ့်မယ်ဘုရား"
"ဒါနဲ့ ယခု သားတော် ရွှေနန်းရှင်နှင့် သမီးတော် နန်းမတော်ကြီးတို့ မကြည်မသာ ဖြစ်တော်မူကြရာမှာ ဒီကိစ္စနဲ့ ဘယ်လိုများ စပ်ဆိုင်သည်ထင်သလဲ ခင်ညိုရဲ့"
"ဗြုန်းခနဲ လျှောက်တင်ဖို့ အင်မတန် ခက်ခဲပါကြောင်းဘုရား၊ လုံးလုံး အကျုံးမ၀င်သည်တိုင်အောင် တစ်စိတ်တစ်ဒေသတော့ ပါနေမည်ထင်ကြောင်းပါ၊ သို့ရာတွင် သည်အကြောင်း သတင်းစကားများဟာ ယခုတစ်ရက် နှစ်ရက်အတွင်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မကြာခင်ပဲ အကောင်အထည် ဒြပ်နှင့် ပြတ်ပြတ်သားသား ကြားသိကြရလိမ့်မည်လို့ ယူဆကြောင်းပါဘုရား"
"ကဲ … ကဲ … ကြားကြရဲ့လား၊ စုစုကြီးတို့၊ စုစုကလေးတို့၊ အေးအေးနေကြပေဦးတော့၊ မိကြီးတော် ဘုရားလည်း သူတို့ဆီက အရိပ်အကဲကို ဆိုင်းငံ့တော်မူရဦးမယ်"
"အမိန့်တော်အတိုင်းပါဘုရား၊ မိကြီးတော်ဖုရား သင့်လျော်မည်ထင်တဲ့အခါ ထွက်တော်မူလျှင်သာ စုစုတို့ နောက်တော်က ပါရအောင် ခေါ်တော်မူပါမည့်အကြောင်းပါဘုရား"
"ခေါ်ပါမယ်၊ ခေါ်ပါမယ်၊ စုစုတို့ ညီအစ်မ မပါဘဲနှင့် မိကြီးတော်ဖုရား မသွားပါဘူးကွယ်၊ ကဲ … ကဲ အဆောင်တော်ကိုသာ စိတ်အေးချမ်းသာစွာ ပြန်ကြပါလေတော့" ဟု ဆင်ဖြူမရှင်ဘုရားက မိန့်တော်မူပြီး လျှင် ရှိဦးတင်ကာ ပြန်ကြွသွားရှာကြသော စုဖုရားနှစ်ပါးကို မျက်စိတစ်ဆုံး ရှုစားတော်မူကာ  -
"သြော် … သူ့ခမျာများလည်း မယ်တော်မရှိရှာလို့ အားငယ်ရှာကြထင်ပါရဲ့၊ သနားစရာပါပဲ၊ ကဲ ခင်ညိုရေ၊ အခြေအနေကို အကဲခတ်ပြီး သတိမလစ်လပ် နေထိုင်စားကြမယ်၊ ဘယ်လိုအရေးကိစ္စများ ထူးခြားတယ် ဆိုတာ ကင်းဝန်မင်းကြီး ဦးကောင်းနှင့်တွေ့မှ သေသေချာချာ သတိတော်မူရန် မေးမြန်းစုံစမ်းရဦးမည်" ဟု အပျိုတော် ခင်ညိုအား ဆက်လက်မိန့်ကြားတော်မူကာ အနတ္တကမ္မဓာန်းကို စီးဖြန်းရွတ်ဆိုရင်း စံတော်မူလေ၏။
ရနောင်မြို့စား မောင်မောင်တုတ်နှင့် တောင်သမန်လယ်စား မောင်မောင်ငယ်တို့သည် ရွှေနန်းရှင်ဘုရား၏ အပါးတော်မှ ထွက်ခွာလာကြပြီး ဒိုင်းဝန်ကတော်ကြီးထံ ရောက်လာကြလေ၏။
ဒိုင်းဝန်ကတော်ကြီးနှင့် ခင်ခင်ကြီးတို့မှာ မောင်မောင်ငယ် ရွှေနန်းတော်သို့ သွားချိန်က စ၍ တကြောင့် ကြကြနှင့် သောကမအေး ဖြစ်နေကြရာမှ နေမွန်းလွဲချိန်လောက်တွင် မောင်မောင်ငယ်တို့ နှစ်ယောက်သား ပြန်ရောက်လာကြလျက် မျက်နှာရွှင်ရွှင်လန်းလန်း ရှိကြသည်ကို တွေ့မြင်ရသဖြင့် အသင့်အတင့် စိတ်အေးသွားကြလေသည်။
ခင်ခင်ကြီးမှာ မောင်မောင်ငယ်တို့ ရောက်လာသည်ကို မြင်ရသည်နှင့်တစ်ပြိုင်တည်း "အစ်ကိုရေ … ရွှေနန်းရှင်ဘုရားက ဘယ်လိုများ အမိန့်တော်မှတ်ပါသလဲ" ဆိုသော အမေးမျိုးက စတင်ကာ စုံစမ်းမေးမြန်း ခြင်းပြုတော့သည်။ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်ကလည်း ညဥ့်အခါက အရေးတော်ပုံများကို အားလုံးခြုံ၍ ပြောပြလိုက်ရုံမက ရွှေနန်းရှင်ဘုရားက နောက်ဆုံးချမှတ်လိုက်သော အမိန့်တော်စကားအရ ကိစ္စပြီးမြောက်အောင် ယနေ့ နောက်ဆုံးအစခပ်သိမ်း ပြုပြင်စီမံရတော့မည်ဖြစ်ကြောင်း၊ နံနက်ဖြန်မှာ ရက်ရာဇာနှင့် အခါတော်ရွေးချယ်ထားသည့်အတိုင်း မြောက်ရွှေရေးဆောင်တော်သို့ ခင်ခင်ကြီးကို အရောက်ပို့ရတော့မည်ဖြစ်ကြောင်းများကို အားပါးတရ ပြောပြလိုက်ကြတော့သည်။
ဒိုင်းဝန်မင်းမှာ မင်းမှုမင်းရေး ဆွေးနွေးတိုင်ပင်၍ အမိန့်တော်ခံရန် ထုံးစံအတိုင်း ရွှေနန်းတော်သို့ အခစား ၀င်ရောက်သွားပြီဖြစ်ရာ ခင်ခင်ကြီးအတွက် ၀မ်းမြောက်ဖွယ်ရာ သတင်းများကို ဇနီးမောင်နှံ မျက်နှာချင်း ဆိုင် မကြားနိုင်သေးဘဲ အတွင်းဝန်ကတော်ကြီး တစ်ဦးတည်းသာ ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရှာသည်။ ခင်ခင်ကြီးမှာမူကား ရွှေနန်းတော်ပေါ်သို့ သွားရတော့မည်ဆိုသော စကားကို ကြားရလျှင် နှစ်သက် ၀မ်းမြောက်စွာ မျက်နှာကလေးရွှင်ပြုံးပြီး အခန်းထဲ ၀င်ပြေးလာလေသည်။ တစ်ဖန် မိမိကိုယ်ဟန်ကို ကိုယ်လုံးပေါ်မှန်ကြီးတွင် အလျင်အမြန် သွား၍အရိပ်ကြည့်ကာ ရွှေနန်းတော်ပေါ်သို့ ၀င်ရာတွင် မည်သို့ ၀တ်ဆင်ပြုပြင်မည့် စိတ်ကူးထုတ်ရင်း ထဘီနှင့် ပ၀ါကို နံ့သာရောင် အသွေးနုကလေးများ ရွေးချယ် သတ်မှတ်၍ ကိုယ်နှင့်ကပ်ကာ ကြည့်မိသည်။
ကြည့်ရင်းကြည့်ရင်းပင် ထူးခြားနေသော မိမိ၏ပုံအသွင်ကို မှန်ကြေးမုံတွင် အမှတ်မထင် တွေ့မြင် လိုက်မိသည်။ ရုတ်တရက်အားဖြင့် အံ့အားသင့်ကာ ထွာဆိုင်မျှသာ ရှိခဲ့မြဲဖြစ်သော မိမိခါးကလေးကို လက်ဖြင့်စမ်းသပ် ချိန်ဆကြည့်ခြင်းအားဖြင့် အလန့်တကြား ဖြစ်သွားမိလေသည်။ ထို့နောက် လွန်ခဲ့သော ရက်၊ လ တို့က ဖောက်လွဲဖောက်ပြန် ရှိခဲ့ဖူးသည့် မိမိအခြေအနေကို ပြန်လည် သုံးသပ်ကာ ကြောက်ရွံ့ အားငယ်သလိုလိုဖြစ်လာပြီး မိခင် ဒိုင်းဝန်ကတော်ကြီးကို သွား၍ ပြောမည်ကြံစည်ရာမှ ပြောရမှာ ရှက်စနိုးဖြစ်လာသဖြင့် ခြေလှမ်းကို အသာနောက်ဆုတ်၍ ရုတ်သိမ်းလိုက်မိသည်။
ဘယ်သူ့မှ မပြောသေးဘူး၊ ရွှေနန်းရှင်ဘုရားကို အားရ၀မ်းသာ သံတော်ဦးတင်ပြီးကာမှ သူတကာများကို သိစေမည်ဟု တွေးကြံမိသည်။ ကိုယ့်အကြံအစည်ကို ကိုယ်သဘောကျကာ ကြေးမုံပြင်တွင် ပြုံးရွှင်စွာ စိုက်ကြည့်လိုက်ပြီးနောက် ရွှေနန်းရှင်ဘုရားလည်း ၀မ်းမြောက်တော်မူရှာမှာလဲဟု အသည်းထဲဝယ် စိမ့်ကနဲဖြစ်သွားအောင် အားရ၀မ်းသာတွေးကြည့် လိုက်ပြန်သည်။ မနက်ဖြန် ရွှေနန်းတော်ဝင်ရတော့ မည်တဲ့ ဟူသော သတင်းကောင်းကိုလည်း နှစ်ထောင်းအားရပြန်နေရှာသည်။
မောင်မောင်တုတ်တို့ကလည်း မြူးနေသော ခင်ခင်ကြီး၏ အမူအရာကို သတိမထားသာ၊ ဒိုင်းဝန်ကတော်ကြီးနှင့် ယခင်က ကြိုတင်စီမံ၍ အရံသင့် ပြုပြင်ထားစေသော မိဖုရား အသုံးအဆောင် အဆင်အယင်များကို အသင့်ရှိ မရှိ စိစစ်မေးနေရာ ၀န်ကတော်ကြီးကလည်း စိတ်အားထက်သန်စွာနှင့်ပင် စုဆောင်း သိုမှီးထားသမျှသော မိဖုရားတို့၏ အသုံးအဆောင်ပစ္စည်း ပရိဘောဂများ လိုလေသေးသည်မရှိ ပြည့်စုံနေပြီဖြစ်ကြောင်းနှင့် ပြောဆိုပြသလျက် ရှိလေသည်။
မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့က ဒိုင်းဝန်ကတော်ကြီးပြသမျှ အခမ်းအနား ပစ္စည်း အသုံးအဆောင် ပရိဘောဂများကို စစ်ဆေးကြည့်ရှု စာရင်းပြု၍ အစုလိုက် အပုံလိုက် အခန်းမကြီးတွင် အသင့်ပြလျက် နံနက်ဖြန် ရွှေနန်းတော်သို့ သယ်ယူပို့ဆောင်ရန် စီမံခန့်ခွဲလျက် ရှိကြလေ၏။
ခင်ခင်ကြီးကား အစ်ကိုကြီးများ အလုပ်ရှုပ်နေသလောက် မိမိ ငယ်စဉ်အခါက နှစ်သက်မြတ်နိုးသည့် ရွှေချူလုံး၊ ငွေချူလုံး၊ ရွှေဟင်္သာရုပ်စသော အဖိုးတန် ကစားစရာပစ္စည်းကလေးများကိုလည်း တစ်ပါတည်း ဆောင်ကြဉ်းသွားနိုင်ရန် အစေခံ အမှုလုပ် မိန်းမငယ်တို့အား သယ်ယူစုဆောင်းပြီး အထုပ်ကြီးတစ်ခုပြု၍ ထားစေခြင်းဖြင့် မောင်မောင်တုတ်တို့နှင့် အလုပ်ချင်း ဂုဏ်ပြိုင်သကဲ့သို့ ရှိနေလေ၏။
အဆောင်တော်ထဲတွင် ရွှေနန်းရှင် မောင်တော်ဘုရားနှင့် ပျော်ပျော်ရွှင်ရွှင် နေ့စဉ်အမြဲ မကွဲမကွာ တွေကဆုံကာ နေရတော့မည်ဟူသော မျှော်လင့်ချက်နှင့်တကွ ရွှေနန်းရှင်ဘုရား၏ ရည်ရွယ်တော်မူ ချက်ကြီး ပြီးမြောက်လေပြီဟု စိတ်ချလက်ချ ၀မ်းမြောက်မိလှသည်။ မောင်မောင်ငယ်နှင့် မိခင်ဝန်ကတော် ကြီးတို့ ကြီးကြပ်ကာ များစွာသော အမှုလုပ် အိမ်ထောင်သိမ်းတို့ ရွှေ့ကြ၊ မ,ကြ သယ်ကြပိုးကြ ဧည့်ခန်းမကြီးအလယ်သို့ သယ်ယူပို့ဆောင် စုပုံထားစေသော အလုံးအဆောင် ပစ္စည်းပစ္စယများကို အားရ၀မ်းသာ စိုက်ကြည့်ကာဖြင့် ၀မ်းသာဝမ်းမြောက်ဖြစ်မိသလောက် တစ်ခါတစ်ခါလည်း ၀မ်းနည်းသ လိုလို ငိုချင်သလိုလို၊ နောက်တစ်နေ့တွင် မိခင်ဖခင်ကြီးများကို ခွဲထားခဲ့ရမည့်အရေးတွေး၍ သနားသလိုလို၊ တောင်စဉ်ရေမရ သွေးလေချောက်ချား စိတ်ကစား၍ နေလေတော့သည်။
ယင်းသို့နှင့်ပင် ညနေစောင်း၍ ဒေါင်းစကြာ နေအရှိန် သွေ့မှိန်ပျော့ညံ့လာသောအခါ ယူငင်သည် ပိုးစရာ ပစ္စည်းမှန်သမျှ စုပြီးပုံပြီး ဖြစ်နေသော အခန်းကျယ်ကြီးတွင် အိမ်သားအားလုံး စုရုံးရပ်နားကြရပြီ ဖြစ်သောကြောင့် မောင်မောင်တုတ်က ပစ္စည်းပစ္စယတွေကို ချင့်ကြည့်ကာ နက်ဖြန် တစ်နေ့တည်းနှင့် ရွှေနန်းတော်ကြီး အရောက်သယ်ယူရန်နှင့် ခင်ခင်ကြီးအတွက်လည်းဆောင်ရ မိဖုရားလောင်းဖြစ်သော သမီးကညာများ သိမ်းပိုက်ကြိုယူရာတွင် စီးနင်းရန် ရွှေနန်းအစဉ်အလာ အသုံးပြုရသည့် ဝေါတော်ယာဉ် တော်များကို ထုတ်ယူအသုံးပြုရမည်ဖြစ်ကြောင်း၊ သို့အတွက် ဝေါယာဉ်အုပ်ချုပ်မှုဆိုင်ရာ အကြီးအကဲ တို့အား သွားရောက် ဆင့်ဆိုရမည်ဖြစ်ကြောင်း ဝေါထမ်းယာဉ်ထမ်း အမှုထမ်းသမားများနှင့်တကွ နံနက် နေတက်အချိန်တွင် မိမိတို့က ဦးစီးကာ လာရောက်ကြိုယူလျက် ရွှေနန်းတော်ကြီးရှိ မြောက်ရွှေရေး ဆောင်တော်သို့ ပို့ရမည် ဖြစ်ကြောင်းများ ပြောဆိုမှာကြားကာ ညနေစာများ သုံးဆောင်ပြီးမှ ရွှေနန်းတော်ကြီးသို့ ညညီလာခံဝင်ရန် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ ပြန်ခဲ့ကြလေ၏။
ရွှေနန်းတော်ကြီးသို့ ပြန်လည်ရောက်ရှိကြသောအခါ ရွှေတိုင်တော်များ ထွန်းညှိထားပြီဖြစ်သော ကြောင့် တောင်ဒ၀ယ်ဆောင်သို့ ရှေ့ရှုလာကြသည်။ မောင်မောင်ငယ်မှာ ရွှေတိုက်တော်ဆိုင်ရာ အမှုထမ်းဖြစ်သော် လည်း ရင်းနှီးသော လက်သုံးတော်ကြီးများကဲ့သို့ ညအချိန်မှာ လာရောက် ခစားမြဲဖြစ်သည်တွင် ယခုကဲ့သို့ အရေးကိစ္စကြီးသော အခါမျိုး၌ မောင်မောင်တုတ်နှင့်အတူ မခွဲမမြဲ တွဲလျက် အမှုတော်ထမ်းရွက် ရသူဖြစ်သည်။ တောင်ဒ၀ယ်ဆောင်သို့ ရောက်ခါနီးတွင် စိတ်ထဲက အလိုလို လေးလံထိုင်းမှိုင်းလာသော မောင်မောင်ငယ်က -
"ဒါနှင့် ကိုတုတ်ရေ၊ ကျုပ်တို့ကတော့ အမိန့်တော်အတိုင်း အမှုကျေကုန်အောင် ဆောင်ရွှက်ခဲ့ကြပြီ၊ ရွှေနန်းရှင်ဘုရားကသာ ဒီမှာ ဘယ်ပုံစီမံတော်မူနှင့်သည်မသိ" ဟု စလိုက်မိသည်။
"ရွှေနန်းရှင်ဘုရားလည်း မိဖုရာခေါင်ကြီးရန်ကို အမှန်နှိမ်နင်းတော်မူပြီးသား နေမှာပါ၊ မိန်းဆိုတာမျိုးဟာ ယောက်ျားက သည်းခံမှန်းသိရင် အင်မတန်စွာချင်သည်၊ မခံဘူးဆိုတာ သိသွားရင်လည်း တစ်ခါတည်း ပျော့ခွေသွားတတ်တာမျိုးပါ၊ ဒီဟာ ဓမ္မတာပဲ ကိုဖေငယ်ရဲ့" ဟု မောင်မောင်တုတ်က ဖြေသည်။
"အဲလေ … ဒီကိစ္စဟာ သူနိုင်ငါနိုင် အပြိုင်လွန်ဆွဲနေကြတုန်း အခါလိုဖြစ်နေတယ်၊ ဘယ်လိုပြောပြော ကျုပ်တို့သဘောတော့ ရွှေနန်းရှင်ဘုရားကို မိဖုရား သြဇာပေးနေတာ နည်းနည်းမှ မနှစ်သက်ပါဘူးဗျာ"
"ဖြစ်ပုံကတော့ ကျုပ်တို့ကသာ သြဇာပေးတယ်လို့ ထင်ရတာ၊ ကာယကံရှင်ဖြစ်တဲ့ ကိုယ်တော်တိုင် ကတော့ ငယ်စဉ်က ချစ်တော်မူခဲ့ကြလို့ နွဲ့ဆိုး ဆိုးခံတဲ့အနေမျိုးနှင့် ရိုးရိုးသားသား သည်းခံတော် မူခဲ့တာကိုး၊ ဒါပေမဲ့ မနေ့က ဖြစ်ပျက်လိုက်ကြတဲ့ ကိစ္စမှာတော့ ရွှေနန်းရှင်ဘုရား မခံမရပ်နိုင်အောင် မျက်မာန်တော်ရှသွားပြီး ဒီအခြေကျမှတော့ ဒီမိဖုရား ဦးကျိုးသွားရမှာအမှန်ပဲ" ဟု မောင်မောင်တုတ်က ရဲရဲကြီး ဆုံးဖြတ်လိုက် လေသည်။
တီးတိုးပြောရင်း တောင်ဒ၀ယ်ဆောင်အတွင်းသို့ ရောက်လာကြသည်။ လက်သုံးတော် အိပ်ဖန်တော် သားတွေအစီအရီ စုဝေးထိုင်နေကြသည်ကို တွေ့မြင်ရသောအခါ မောင်မောင်တုတ်က "အလို ... ကိုယ့်လူတွေ ဘာဖြစ်လို့ ဒီမှာလာစုနေကြသလဲ၊ ညီလေး "ဗြောင်း" ကောသူ့အိမ်တော် ပြန်သွားပြီလား" ဟု မေးလိုက်သည်။ လက်သုံးတော်သားများက -
"ကျွန်တော်များ အဆောင်တော်အတွင်း မ၀င်ရ၊ အပြင်က နေကြရမည်ဆိုသောကြောင့် အလုပ်မရှိ သည်နှင့် ဒီနေရာမှာ လာနေကြပါသည်။
"ရွှေနန်းရှင်ဘုရားကလား၊ နန်းမတော်ကြီးကလား မသိပါ၊ သမားတော်နှင့် ၀န်ကြီးများလာပြီး နေ့ခင်းက အမိန့်ချပါသည်၊ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူလို့ အတွင်းဆောင်"ကျွန်တော်တို့ သခင်ကို ကျွန်တော်တို့ ၀င်ကြည့်ပါရစေ"
အတွင်းမှ အဖြေကား ပေါ်မလာတော့ပေ၊ မောင်မောင်တုတ်သည် အတန်ကြာ စောင့်နေသော်လည်း တိတ်ဆိတ်မြဲပင် ရှိနေသဖြင့် တံခါးရွက်ကို လက်နှင့်အသာ တီးခပ်ပြန်သည်။ သို့ာတွင် အောကာင်းပြန်ကြား ခြင်း မပြုတော့ဘဲ ခိုင်မြဲလုံခြုံသော ကျွန်းသားပန်းကြွများဖြင့် နယားရုပ်ဖော်ထုလုပ်၍ ရွှေပိန်းချထားသည့် တံခါးရွက်ကျည်းရှင်မှာ အလွန်လျှင် ဣနြေ္ဒကောင်းနေတော့သည်။
"တောက် ... ဖြစ်ရပုံကတော့ ဆိုးကြပြီ ကိုဖေငယ်ရေ၊ ထိုးစစ်ဆင်မည့်အခိုက်မှ ရန်သူ့မြားအစိုက်ခံရသလို ရွှေနန်းရှင်ဘုရားကို ဘယ်လိုများ လှည့်ပတ်သိမ်းဆည်းလို့ထားပါလိမ့်"
"ကျွန်တော်တို့ ကြိုးကြိုးပမ်းပမ်း အလိုတော်ကျ အမှုတော်ထမ်းခဲ့သမျှ သဲရေသွန်ဖြစ်ရတော့မှာလား၊ ရွှေနန်းရှင်ဘုရားဟာ သတိတော်များ လစ်လောက်အောင် မကျန်းမမာဖြစ်တော်မူနေတယ်ဆိုတာ တကယ်တမ်း ယုံရမှာလား ကိုတုတ်ရဲ့"
မောင်မောင်တုတ်သည်လည်းကောင်း၊ မောင်မောင်ငယ်သည်လည်းကောင်း ရွှေနန်းရှင်ဘုရား အကယ်ပင် နေထိုင်ကောင်းတော်မမူခြင်း မှန်သလားဟု လက်သုံးတော် ကိုယ်ရံတော်များမှအစ ၀န်ကြီးအတွင်းဝန်များ သမားတော်ကြီးများအဆုံး တစ်ညဥ့်လုံး လှည့်လည်သွားရောက်ကာ မေးမြန်းစုံစမ်းခြင်း ပြုကြလေ၏။
အများကပင် ကျန်းမာတော်မမူဟု တစ်ဆင့်စကား ကြားသိရပုံ နေ့လယ်က အဆောင်တော်တွင်း၌ ၀န်ကြီးများ သမားတော်ကြီးများမှာ နန်းမတော်ဖုရားနှင့်အတူ ပျာပျာသလဲထွက်ဝင်ခစား ဆေးဝါး ဆက်သလျက် ရှိကြသည်ကို တွေ့မြင်ရကြောင်း ပြောကြသည်။ နောက်ဆုံးတွင် ရွှေနန်းရှင် အပါးသို့ကပ်၍ ဆေးဝါးဆက်သရသူ သမားတော်ကြီးများနှင့် တိုက်ရိုက်သွားရောက်တွေ့ဆုံ မေးမြန်းသောအခါတွင်မှ အမှန်ပင် ကျန်းမာတော်မမူ၍ ဆေးတော်များ ဆက်ခဲ့ရကြောင်း၊ မိမိတို့ အထင်မှာ အပူအအေး မမျှသောကြောင့် ရုတ်တရက် ငန်းဝင်သော အဖျားကဲ့သို့ ကယောင်ချောက်ချားပြောလျက် တစ်ချက် တစ်ချက် သတိတော်များ လစ်ဟင်းနေခြင်းဖြစ်သည်ထင်ကြောင်း၊ ကိုယ်တွေ့ပုဂ္ဂိုလ်များထံမှ ကြားသိရသောအခါမှ စိတ်ချလက်ချ ယုံကြည်ကြတော့သည်။
နံနက်အခါက ကျန်းကျန်းမာမာ တစ်စုံတစ်ရာ မဖြစ်ပါဘဲလျက် မိမိတို့ အပြင်ဘက်သို့ ထွက်၍ ဆောင်ရွက်ရန် ကိစ္စအသွယ်သွယ်ကို ပြုနေခိုက်တွင်မှ ရွှေနန်းရှင်ဘုရား သတိတော်များ လစ်လောက်အောင် ရုတ်ခနဲ မကျန်းမာတော်မူခြင်းကို စိတ်တွင်းက တစ်မျိုးတမည်ထင်မှားသံသယ ဖြစ်မိကြသည်မှာ မောင်မောင်တုတ်သာမက မောင်မောင်ငယ်၏ အတွေးအယူကလည်း တညီတညာတည်း တိုက်ဆိုင်မိကြသည်။
"ကိုင်း ... ဘယ်လိုလုပ်ကြမလဲ ကိုတုတ်၊ ကျုပ်တို့ အားကိုးအားထားရာ ရွှေနန်းရှင်ဘုရားဖြင့် မိဖုရားကြီး လက်ထဲမယ် ဝေဒနာသည် ဖြစ်တော်မူနေရှာပြီ" ဟု တီးတိုးပြောမိသည်။
"ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူတာကို တံခါးအလုံပိတ်ထားသည်မှာ တရားပါသလား သမားတော်ကြီးများ၊ ကျန်တဲ့တပည့် ကျေးကျွန်များကလည်း ကိုယ့်အရှင်သခင်ကို ဖူးမြင်ချင်ပါသေးတယ်" ဟု မောင်မောင်တုတ်က သမားတော်ကြီးတစ်ဦးအား ပြောကြားမိသည်။
"မောင်မောင်တို့ အတွေးမမှားနှင့်၊ ငန်းဖျားဆိုတာမျိုးဟာ ပြောချင်ရာ ပြောနေရုံနဲ့ မပြီးဘူး၊ အနီးအပါးလူများကိုလည်း ထုရိုက်ကုပ်ဖဲ့ ပြုတတ်သည်၊ အပြင်အပကိုလည်း ကယောင်ကတမ်းနှင့် ထပြေးတတ်သည်၊ ဧကရာဇ်မင်းဆိုသည်မှာ ရောဂါကြောင့် ဤသို့ဖြစ်ခဲ့လျှင် ရာဇဣနြေ္ဒမဲ့မည် မဟုတ်ပါလား၊ ဤသတင်း ပေါက်ကြားလျှင် တိုင်းတစ်ပါးနှင့် နိုင်ငံတော်တလွှား ပြန့်နှံ့သွားမည်၊ သို့ကြောင့် အရှင်နန်းမတော်ဖုရားက လိမ္မာရေးခြားသော မိဖုရားခေါင်ကြီးပီပီ ဖုံးဖုံးဖိဖိ စီမံတော် မူထားခြင်း ဖြစ်ပါလိမ့်မယ်"
ဟု အကျိုးသင့် အကြောင်းသင့် ပြောသည်တွင်မှ မောင်မောင်တုတ်တို့မှာ သက်သာရာ ရကြတော့သည်။ သို့ကြောင့် နှစ်ယောက်သား လွတ်ရာို့ ထွက်လာ၍ မျက်နှာချင်း ဆိုင်ရင်း -
"အင်း ... သမားတော်ကြီးပြောတဲ့အတိုင်း ဟုတ်ပါစေတော့လို့ ဆုတောင်းရမှာပဲ၊ ကဲ ဒီလိုအရေးတော်က ရုတ်တရက် ပေါ်လာမှ ကျွန်တော်တို့ စီစဉ်ထားကြတဲ့ကိစ္စကို ဘယ်လိုလုပ်ကြမလဲ ကိုဖေငယ်"
"ကိုရင်တုတ်ရေ ကျုပ်တော့ ပူထူနေပါပြီ၊ မနက်လင်းလို့ ချိန်းဆိုတဲ့အချိန်ကျလျှင် ခင်ခင်ကြီးကို ဘယ်လိုသွားပြောရမလဲ၊ မျက်ရည်တွေဝဲနေမည့် သူ့မျက်နှာကလေးကိုသာ ကျွန်တော့မှာ မြင်နေပြီ"
"အကြံကြီးကြံလိုက်တာ ဟန်မယ်လို့လုပ်ကာမှ ခွကျအောင် ဖန်တီးလာတော့ သူ့ခမျာ ကလေးပဲ ကုသိုလ်ကံ အင်မတန် နည်းလေရော့လားလို့ သနားမိတယ် ကိုဖေငယ်ရယ်"
"ကျုပ်တို့ဘက်က အင်မတန် အရေးကြီးနေတဲ့အချိန်အခါမှာမှ ရွှေနန်းရှင်ဘုရားဟာ ကောက်ကာငင်ကာ ယခုလို ဖြစ်တော်မူရတာ နစ်နာလှတယ်၊ ဒီကိစ္စကို ယနေ့အဖို့ ကျုပ်တို့ချည်း အပြီးအစီး ဆက်လက် ဆောင်ရွက်သွားမယ်ဆိုလျှင် နန်းမတော်ဖုရားနှင့် အတိုက်အခံ အများကြီးဖြစ်ကြမှာပဲ၊ ပြီးတော့လည်း ကာယကံရှင် ဘုရင်ဧကရာဇ် မင်းတရားကိုယ်တော်တိုင် သတိတော်များ မရအောင် နာမကျန်းဖြစ်တော်မူ နေတဲ့အခါ ကျုပ်တို့ကို ကာကွယ်ဖေးမမည့် ပုဂ္ဂိုလ်မရှိပါကလား"
"ကံတရားအတိုင်း ထားလိုက်ပါတော့ ကိုဖေငယ်ရာ၊ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူလာတဲ့အခါတော့မှ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်ကြသေးတာပေါ့၊ အခုတော့ အခွင့်မသာတဲ့ အချိန်မို့ ကိုယ်ရှိန်သပ်လျက် ဣနြေ္ဒမပျက်နေဖို့ရာက အရေးမကြီးဘူး၊ မနက်လင်းလျှင် ဝေါတွေ၊ ယာဉ်တွေနှင့် အကြိုလာမှာကို ဖြီးကာလိမ်းကာ အိမ်ဝက ထိုင်မျှော်နေရှာမဲ့ ကျွန်တော့်နှမကလေးကို ဘယ်လိုသွားပြီး သတင်းပေးရမလဲ၊ နေ့လယ်က စုဆောင်းပြင်ဆင်ထားတဲ့ ပစ္စည်းတွေကလည်း မနည်းဘူး၊ အိမ်သူအိမ်သား တပည့်င်သားတွေအပေါ်မှာမှ မျက်နှာမထားရဲအောင် အရှက်တကွဲ ဖြစ်ရှာကြတော့မယ်"
"ဒီအထိတွေးပြီး ပူဆွေးမနေပါနဲ့တော့ ကိုဖေငယ်၊ ချိန်ရွယ်ပြီးထားသလို အကြောင်းမသင့် အဆင်မပြေအောင် မတော်တဆ ဖြစ်လာရတဲ့ကိစ္စကို ဘယ်လိုမှ မပြုပြင်နိုင်တော့ဘူး၊ ရွှေနန်းရှင်ဘုရားသာ နေ့ရက်မကြာခင် ကျန်းမာတော်လာဖို့ ဆုတောင်းနေရတော့မှာပဲ"
"ကိုင်း ... ဒါဖြင့်လည်း ဒီရွှေနန်းတော်ပေါ်မှာ နေရတာထက် ယခုညကပင် ခင်ခင့်ကို အကျိုးအကြောင်း သွားပြောထားလိုက်ရတာက မနက် သူမျှော်နေချိန်ကို သွားပြောရတာထက် အခံရသက်သာပါလိမ့်မယ်၊ ကျွန်တော် သွားတော့မယ်ဗျာ၊ ဒီမှာနေလို့လည်း အကြောင်းမထူးပါဘူး"
"ကိုဖေငယ် သွားလိုရင်လည်း သွားပေတော့လေ၊ ကျုပ်လည်း ဒီမှာနေရတာ ရွှေနန်းရှင် အပါးတော် မ၀င်ရလျှင် အပိုပါပဲ၊ ညီလေး မောင်မောင်ဗြောင်းနဲ့ လက်သုံးတော်များကို အကြောင်းကြားမှာကြားပြီး အိမ်ပြန်နားလိုက်ဦးမယ်"
"ဒါနှင့် ကိုတုတ်ကို သတိပေးချင်တယ်၊ ခင်ဗျားအပေါ်မှာ အရှင်နန်းမတော်ဖုရားက အမျက် တော်များ ထားခဲ့ရင် ခင်ခင်နှင့် ပတ်သက်တဲ့ ကိစ္စသာ ဖြစ်မှာပဲ၊ အဲဒီတော့ ကိုတုတ်က ဘယ်ပုံဘယ်နည်း ရှောင်ရမယ်ဆိုတာကိုလည်း အမြဲတွေး၍ ထားပါ"
"ကျုပ်ကိုတော့ နန်းမတော်ဖုရားက အမျက်တော်ပွားမှာ မဟုတ်ပါဘူးဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ အလိုတော်လိုက် အကြိုက်ကို ဆောင်ရွက်ပေးခဲ့တဲ့နေရာမှာ ကျုပ်ဟာ နန်းမတော်ဖုရား၏ အရင်းချာဆုံး သူလျှိုကြီးတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်ဗျ'
"ဒါလောက်ပင် အထင်ကြီးသလား၊ သူလျှိုကြီးများပေမဲ့ စိတ်တော်နှင့် မတည့်လျှင် အရှင်မွေး နေ့ချင်းကြီးတဲ့လူဟာ တစ်သက်လုံး မွေးခဲ့ကြက် တစ်မနက်နှင့် ရိုက်သတ်နိုင်တဲ့ အခွင့်အာဏာ ရှိနေသေးတယ်"
"ကျုပ်အပေါ်မှာ ဘယ်သူမှ အခွင့်အာဏာ မသုံးနိုင်ဘူးမှတ်ပါ ကိုဖေငယ်ရဲ့၊ ကျုပ် ဘာလုပ် လုပ် နန်းမတော်ဖုရားက အပြစ်မပေးနိုင်တဲ့ အတွင်းရေးတွေ ရှိပါသေးတယ်၊ ရွှေနန်းရှင် ဘုရားကလည်း ကျုပ်တစ်သက်မှာ အရှင့်လက်နက်တော်နှင့် မသေရဘူးဆိုတဲ့ ကတိတော်ပေးပြီး ဘေးမဲ့လွှတ်တော်မူ ထားတဲ့ လူပါ၊ ဒါတွေကို ပူစရာမရှိပါဘူး"
"ကောင်းပါလေရဲ့ဗျာ၊ ဒါဖြင့် အမျက်တော်ရှိသည်တိုင်အောင် လက်နက်၊ ဓားလှံနှင့် အသက်အန္တရာယ်ရမှာ စိုးရိမ်စရာ မရှိဘူးပေါ့"
"စိတ်ချက် စိတ်ချ ဒီတစ်သက်မှာ ကျုပ်ဟာ ဘုရင့်လက်နက်နဲ့ မသေရတဲ့လူလို့ ထစ်ထစ်ချ မှတ်ယူလိုက် ပေတော့ ကိုဖေငယ်ရဲ့"
မောင်မောင်ငယ်မှာ မောင်မောင်တုတ်အတွက် စိတ်သက်သာရာ ရသွားကာ ဟုတ်ပေသား ပဲ၊ ဟုတ်ပေသားပဲ၊ ရွှေနန်းဘုရား၏ ခိုင်မာတဲ့ သစ္စာကတိတော်ကြီးက ရှိနေတယ်၊ ငါ့ သူငယ်ချင်း မိတ်ဆွေရင်းကြီးဟာ ရွှေနန်းရှင်ဘုရားတစ်သက်မှာ ဘာမျှစိုးရိမ်စရာ မလိုဘူး ဟု ပုံသေကားချပ် စွဲမှတ်လိုက်လေတော့သည်။
"ကိုင်း ... ကိုဖေငယ် အိမ်ပြန်ပြီး ခင်ခင်ကြီးကို အကျိုးအကြောင်း ပြောပေတော့ ကျုပ်လည်း မြောက်ဒ၀ယ်ဆောင်မှာ ညီလေး မောင်မောင်ဗြောင်း ရှိလေမလား သွားရှာ လိုက်ဦးမယ်"
"နောက်တစ်နေ့ ကိုတုတ်နဲ့ ကျုပ်နဲ့ ဘယ်မှာတွေ့ရမလဲ ရွှေနန်းတော်ထဲကို ၀င်ဦးမလား"
"လုပ်ကိုင်ကြံစည်ရာတွေကို စဉ်းစားရဦးမယ် ကိုဖေငယ်ရဲ့၊ ဒီတော့ မောင်မောင်ဗြောင်းအား ရွှေနန်းတော် ကြီးအတွင်းက ရွှေနန်းရှင်ဘုရားနှင့် စပ်ဆိုသော အကြောင်းကိစ္စ အရပ် ရပ်ကို မလပ်အောင် ကြည့်ရှုစုံထောက်လို့ အကြောင်းထူးသလောက် သတင်းအမြန်ပို့ရန် မှာထားခဲ့တော့မယ်၊ နက်ဖြန် တစ်နေ့လုံး အိမ်မှာနားပြီး ညကျမှ ညဥ့်အိပ်ဖန်တော်လှည့်များ ကို ခေတ္တသွားရောက်ကြည့်ရှုတော့မည်"
"ကောင်းပါပြီ၊ ကျုပ်လည်း တစ်နေ့လုံး ဆိုသလိုပဲ ခင်ခင်ကြီးဆီမှာပဲ အချိန်ကုန်ရမှာပါ။ ညအခါရောက်မှ ခဏလျှောက်လာခဲ့တော့မယ်" ဟု နှစ်ဦးသား မှာကြားပြောဆိုကာ ခွဲခွာ ကြလေ၏။
ထိုညဥ့်အဖို့မှာ သီပေါရွှေနန်းရှင်ဘုရားလည်း သတိတော် မရတစ်ချက် ရတစ်ချက်နှင့်ပင် နံနက်အလင်း ဘက် ရောက်ခဲ့ရသည်။ နန်းမတော်ဖုရားသည် ညီမတော် ရမည်းသင်း စုဖုရားကလေး၏ အကူအညီကို ယူတော်မူကာ ခင်ဘွားသစ်၊ ခင်မကြီးစသော လူယုံတော် များနှင့် သမားတော်ကြီးများ ဆက်သသွားသော ဆေးတော်များကို ကြိုးကြိုးစားစား တိုက်ကျွေးယုယ ပြုစုတော်မူကြသဖြင့် ရုတ်တရက် ပေါ်လာသော အာဂန္တုဝေဒနာတော်မှာ ငြိမ်သက်သာလာလေသည်။ သို့ရာတွင် အဆောင်တော်တွင်း၌၏လည်းကောင်း၊ သလွန်တော် အနီးအပါးတွင်လည်းကောင်း လက်နက်၊ ဓါး၊ လှံ စသည်များနှင့် လေးလံသော အရာဝတ္ထုပစ္စည်း အသုံးအဆောင်များကို လုံးဝဖယ်ရှားထားစေပြီး ကိုယ်တော်ကိုလည်း လှုပ်ရှားလူးလွန့်မှု များ များစွာပြုတော်မမူစေရန် အချော့တော်ဆ်က၍ သက်သာစွာ ယုယ ထားကြရာ မျက်လုံးတော် တမှေးမှေးနှင့် အေးဆေးစွာ စက်ပျော်တော်မူနေသည့် အချိန်က များလာလေသည်။
ထိုနေ့တွင် နန်းမတော်ဘုရားက ညီမတော် ရမည်းသင်းစုဖုရားကလေးအား မိမိကိုယ်တော် စား မောင်တော် ရွှေနန်းရှင်ဘုရားအပါးမှ တစ်ဖ၀ါးမခွာ ယုယစောင့်ရှောက်မူနေရစ်ရန် မှာထားတော်မူကာ အဆောင်တော် အပြင်သို့ထွက်၍ မောင်တော် ဘုရင်မင်းမြတ်ကိုယ်စား မှူးတော်မတ်တော်ကြီးများနှင့် နိုင်ငံတော်ရေးရာများ ကို ဆွေးနွေးတိုင်ပင်တော်မူရန် ရှိသေး ကြောင်း မိန့်ကြားတော်မူပြီးလျှင် ခင်ဘွားသစ် ခင်မကြီးတို့ကိုလည်း အဆောင်တော်ထဲသို့ တိုင်တားမင်းကြီးနှင့် သားတော်ကြီးများ ဆေးတော်ဆက်လာသည်မှ တစ်ပါး မည်သူ့အားမျှ ၀င်ရောက်ခွင့်မပြုရန် ကျပ်တည်းစွာ အမိန့်တော်ပေးလျက် အပြင်သို့ ထွက်တော်မူလေ၏။
ဘုရင်မင်းတရားနှင့် အတွင်းဝန်ကြီးများ အရေးပေါ် ဆွေးနွေးညှိနှိုင်းတော်မူရာဌာနဖြစ် သော အတွင်းရွှေဆောင်တော်မှာ ယနေ့အဖို့ အချို့သော လွှတ်တော်ဝန်ကြီးများ၊ ဗြဲတိုက် သံတော်ဆင့်များသည် နန်းမတော်ဘုရား အပါးတော်တွင် စုံစုံညီညီ ခစားမိကြလျက် ရွှေသေတ္တာအတွင်းမှ ပြည်သူတို့ရေးသား ဆက်သ တိုင်ကြားကြသည့် အလွှာတော်စားများကို လက်ခံ ဖတ်လျှောက်ကြရသည်။ အဆောင်တော်တံခါး ကို ပိတ်ထား၍ အရေးမကြီး သော မင်းမှုထမ်းများ နားထောင်ရန် ၀င်ရောက်ခြင်း မပြုရပေ။ နေ့အခါဖြစ်၍ လက်သုံး တော်များလည်း တောင်ဒ၀ယ်၊ မြောက်ဒ၀ယ်ဆောင်တို့တွင်သာ နေရလေသည်။ ရွှေနန်း ရှင်ဘုရား ညီလာခံထွက်တော်မမူသဖြင့်လည်း လက်သုံးတော်၊ ကိုယ်ရံတော်မှအစ ကွမ်းရည်တော်သား လက်ဖက်ရည်တော်သားများလည်း ဆိုင်ရာ ၎င်းကို ကွမ်းရည်တော် ဆောင်၊ လက်ဖက်ရည်တော်ဆောင် တို့၌သာ ငြိမ်သက်စွာ ရှိကြရလေ၏။
ရွှေသေတ္တာများကို မှူးတော်မတ်တော်များ ရှေ့တွင် ဗြဲတိုက်သံတော်ဆင့်များက သော့ချက်ကို ဖွင့်ကာ များစွာသော စာရွက်လွှာတို့ကို ထုတ်ယူဆက်သရလေ၏။ လွန်ခဲ့သော သီတင်းပတ်ကမူ ရွှေနန်းရှင်ဘုရား နှင့်အတူ နန်းမတော်ဖုရားတို့ နှစ်ပါးစုံညီ လက်ခံ ကြည့်ရှုတော်မူခဲ့သည့် စာလွှာများမှာ ပြည်သူတို့သည် မိမိတို့ တွေ့ကြုံရသော မကျေနပ်ချက်ကလေးများကို ရေးသားတိုင်ကြားကြခြင်းဖြစ်သည့် အသေးအဖွဲ့ကိစ္စ ကလေးများကို ဆိုင်ရာ မြို့ဝန်၊ အဝေး၀န်တို့ကို ပြုပြင်ပေးစေရန် အမိန့်တော်မှတ်ခဲ့သည်။ သြဇာအာဏာ ရှိသော မြို့နယ်အရာရှိအချို့၏ အပြစ်အနာများကိုလည်း တိုက်ရိုက် မတိုင်ကြားဝံ့သဖြင့် ပစ်စာသဘော မျိုးနှင့် လျှောက်ထားကြသည်ကို တွေ့ရလျှင် အမှားအမှန်ကို စုံစမ်း၍ ဝေဖန် စစ်ဆေးစေသည်။ အမှုမှန်လျှင် မှန်သလို အရေးယူနိုင်ရန် အထူးအရာရှိကြီးများကို ရွေးချယ်လျက် တိကျမှန်ကန်စွာ ဆောင်ရွက်စေရန် အမိန့်တော် ပြန်သည်။
ယနေ့အဖို့မှာ ရွှေသေတ္တာအတွင်းမှ တင်လွှာတော်များ ယခင် သီတင်းတစ်ပတ်ကထက် ထူးထူးခြားခြား များပြားလှသည်တွင် အရှင်နန်းမတော်ဘုရားလည်း အရေးမကြီးသော အလွှာတော်များကို တစ်ဖက်တွင် သီးသန့်စုပုံထားစေလျက် ရွှေနန်းရှင်ဘုရား ကျန်းမာ တော်မူသောအခါမှ နှစ်ပါးညှိနှိုင်းတိုင်ပင်၍ အရေးယူတော်မူသင့်လျှင် စဉ်းစားတော်မူမည်ဟု မိန့်တော်မူပြီးလျှင် ယခုလောလောဆယ် အရေးကြီးမည် ထင်ရသော တင်လွှာတော်များ ကိုသာ ရွေးချယ်တော်မူလေသည်။
ဆရာ၊ မိဘများက လက်ခံ၍မေးနေလျှင် ကျောင်းသားကလေးများက အတိုင်အတော ထူသကဲ့သို့ အသေးအဖွဲ ကိစ္စကလေးမှအစ မြို့ပြပြည်ရွာ အုပ်ချုပ်သော ကိစ္စအထိ သူတို့၏ နစ်နာမှုကို တိုင်တမ်းခြင်းပြုသော တင်လွှာစာများမှာ တစ်ကြိမ်ထက်တစ်ကြိမ် သာ၍ များပြားလာသည်နှင့်အမျှ ရွှေနန်းတော်ကြီး၏ အတွင်းရေးရာကိစ္စများကိုလည်း ပစ်စာကြီး၊ ပစ်စာငယ်နှင့် အသွယ်သွယ် ရေးသားတင်လျှောက်ကြသော စာလွှာများမှာလည်း ၎င်း နည်းအတိုင်းပင် များပြားလာတော့သည်။
သို့ကြောင့် ရွှေနန်းတော်ကြီး  အတွင်းရေးနှင့် သက်ဆိုင်ရာ တိုင်ကြားစာများကိုမူကား အရေးကြီးသော စာများဖြစ်၍ ရောက်လာသမျှ ၀န်ကြီးဝန်ထောက် အတွင်းဝန်များပါ ကြားသိစေရန် အသံတီးတိုးနှင့် ဖတ်လျှောက်ရမည်ဟု နန်းမတော်ဖုရားက အမိန့်တော် မှတ်သောကြောင့် သံတော်ဆင့်ကြီးတစ်ဦး ကိုယ်တိုင် ဖတ်လျှောက်ရလေသည်။
ရောက်ရှိလာသော လျှောက်စာတို့ကား-
ခြေတော်စုံ ဦးခိုက်လျှောက်ထားပါကြောင်းဘုရား-
"ရနောင်စားသည် ကျေးဇူးသစ္စာမဲ့သော အလုပ်များကို နေ့ညမပြတ်ကြံစည် အားထုတ် လျက် ရှိနေသဖြင့် သူ၏ မတရားမှုများကို စုံစမ်းစစ်ဆေးအရေးယူတော်မူပါရန်ဘုရား"
ဟူ၍လည်းကောင်း-
"ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားထံတော်သို့ လျှောက်တင်စာ ပို့ဆက်ခြင်းပြုပါ ကြောင်းဘုရား-
ရနောင်စား မောင်တုတ်သည် အရှင်နှစ်ပါး မြှောက်စားသူကောင်းပြုထားသည်ကို တရား သဖြင့် နေထိုင်ခြင်းမရှိ၊ တိုင်းပြည်၊ နိုင်ငံတော်တစ်ဝန်းလုံးကို သူ၏ တန်ခိုးအာဏာဖြင့် ဖုံလွှမ်းထားလျက် မတရားမှုများကို အမြောက်အမြား ကျူးလွန်နေပါကြောင်း၊ ရနောင်စား မှာ ဘုန်းတောက်လွန်းလှ၍ သူ၏ မတရားညှမ်းပမ်းမှုများကို တုင်ကြားခြင်းမပြုဝံ့ဘဲ ကြိတ်မှိတ်ခံစားနေကြရပါသည်။ အရှင်နှစ်ပါး ကယ်တော် မူပါဘုရား"
စသော တင်လွှာမျိုးများသည်လည်းကောင်း။
"စွန့်စား၍ သံတော်ဦးတင်လွှာ ဆက်သရပါကြောင်းဘုရား-
ဘုန်းတော်ကြီးမြတ်တော်မူသော ရွှေနန်းရှင်ဘုရား၏ ကျွန်ယုံတော်ကြီး ရနောင်စားသည် လက်အောက်မှု အထမ်း ကျေးကျွန်များနှင့်တကွ နိုင်ငံတော်အတွင်းရှိ သူဌေး၊ သူကြွယ်မှ အစ သူ ညှဉ်းပမ်းလိုသမျှ ပုဂ္ဂိုလ်တို့ မတရားညှဉ်းဆဲနှိပ်စက်ခံစား၍ နေရပါကြောင်း၊ မိန်းမ ကိစ္စနှင့် စပ်လျှင်လည်း မတရားသော နည်းလမ်းဖက်၍ အနိုင်အထက် နှိပ်စက်ဖျက်ဆီးခြင်း ခံနေကြရပါကြောင်း၊ လူဆိုး သူဆိုးနှင့် ဓားပြ၊ သူခိုးတွေ မွေးထားပြီး နိုင်ငံတော် အတွင်းမှာ ပစ္စည်းဥစ္စာ ကြွယ်ဝသူများထံမှလည်း အဓမ္မနည်းဖြင့် တိုက်ခိုက်လုယက်ခြင်း ပြုစေပါသည်။ ဆိုင်ရာ မင်းစိုးအရာရှိများထံတွင် ဓားပြလူဆိုးများအား တိုင်ကြားဖမ်းဆီးရန် အားထုတ်ကြသော်လည်း မင်းစိုးအရာရှိကြီးများမှာ ရနောင်စားတို့၏ ဂိုဏ်းဝင်များသာ ဖြစ်သောကြောင့် အမှုမလုပ်ဝံ့သည်သာမက တိုင်တန်းသူများကိုပင် အကြောင်းအမျိုးမျိုးရှာ၍ နှိပ်စက်ကြ ပြန်ပါသည်။ နိုင်ငံတော်အတွင်းရှိ ပြည်သူပြည်သားများမှ မခံမရပ်နိုင်လှ၍ ရွှေနားတော်ကြား လျှောက်ထား သံတော်ဦးတင်ရပါကြောင်းဘုရား"
ဟု ရေးသားထားသော လျှောက်လွှာများကတစ်မျိုး -
လျှောက်တင်ဝံ့ပါကြောင်းဘုရား -
"အရှင်နှစ်ပါး ယုံကြည်မြှောက်စားတော်မူထားသော ရနောင်စား မင်းသားမောင်တုတ်သည် ယုတ်မာသော အမှုများကို တစ်နေ့တခြား ပြုကျင့်မငတွေ များသည်ထက် များ၍လာပါပြီ၊ မောင်တုတ်နှင့်တကွ သူ၏ အပေါင်းပါတစ်စု၏ အင်အားမှာလည်း နိုင်ငံတော်ကြီး ထက်ဝက်ခန့် ရှိလာသည်မျှမက ရွှေနန်းတော်တွင်း မှာလည်း မင်းယောက်ျားပိုင်းမှာ မောင်တုတ်၏ သြဇာခံများ မောင်တုတ်၏ မဟုတ်မတရား ပြုလုပ်မှုများကို အားပေး အားမြှောက် ပြုနေသူများသာလျှင် ဖြစ်ကြသောကြောင့် ဤအတိုင်း ကြာရှည် ပြုကျင့်နေ နိုင်လျှင် ရွှေနန်းရှင်ဘုရား အန္တရာယ်များတော်မူပါလိမ့်မည်။ အမြန်အရေးယူ သုတ်သင် တော်မူပါဘုရား" ဟူသော အသွားမျိုးကတစ်သွယ်-
ကယ်တော်မူပါဘုရား-
ကျွန်တော်မျိုး၏ မယားကို ချောမောလှပသည်ဆို၍ ရနောင်မင်းသားကြီး  အတင်းဆွဲခေါ် သိမ်းကောက်သွားခြင်း ခံရပါသည်။ နို့စို့အရွယ် ကလေးငယ်မှာ ပုခက်တွင်း၌ ဟစ်အော် ငိုကြွေး ကျန်ရစ်ပါသဖြင့် ကျွန်တော်မျိုးမှာ အလုပ်အကိုင်ပျက်နှင့် အတိဒုက္ခရောက်နေရပါ သည်။ ကလေးကို သူ၏မိခင်ထံ လိုက်ပို့ရာ အစောင့်အနေတို့က ၀ိုင်းရိုက်လွှတ်ပါသည်။ ကယ်တော်မူပါဘုရား"
ဟူသော တိုင်စာမျိုးများဖြစ်လျက်-
ရနောင်မြို့စားမင်းသား မောင်တုတ်၏ ယုတ်မာ၍ သစ္စာမဲ့မှုတို့ကို တစ်ခုမကျန် သံတော်ဦး တင်ရပါတော့ မည်ဘုရား။
အရှင်နှစ်ပါး ယုံကြည်မြှောက်စား၍ မင်းသားဟူသော အဆင့်အတန်းတွင် ချီးမြှင့်ထား သဖြင့် ရနောင်စားမှာ တန်ခိုးအာဏာ လွန်စွာကြီးမားသလောက် မတရားမှုများကို ရဲရင့်စွာ လုပ်လျက်ရှိရာ နိုင်ငံတော်နှင့်တကွ မင်းစိုးအရာရှိကြီးငယ်အချို့က မောင်တုတ်ကို အားပေးအားမြှောက်ပြုကာ သူ၏ သြဇာကို နာခံကြရပါသည်။ အဓမ္မနည်းအမျိုးမျိုးနှင့် လုယက်ရှာဖွေထားသော ပစ္စည်းဘဏ္ဍာများမှာလည်း ဘုရင့်ရွှေတိုက်တော်မျှမက ကြွယ်ဝ ချမ်းသာနေပါပြီ၊ တပည့်ကျေးကျွန်သားမယား အခြွေအရံမှာလည်း ရွှေနန်းတော်ကြီးက လူဦးရေထက်ပင် ပိုမိုနေပါသည်။ ဘုရင်းမင်းမြတ် ယုံမှတ်ချီးမြှင့်ထားသဖြင့် ဤမျှ စည်းစိမ် ချမ်းသာသြဇာတန်ခိုး လွှမ်းမိုးကြီးမားနေသည်ကို လောဘသားပီပီ တင်းတိမ်ရောင့်ရဲမှု မရှိ လေဘဲ ကျေးဇူးတော်ရှင် ရွှေနန်းရှင်ဘုရား၏ ရွှေနန်းစည်းစိမ်ကိုပင်  ကျေးဇူးသစ္စာတော်ကို မထောက် ကောက်ကျစ်ယုတ်မာစွာ အလွယ်တကူ လုယူသိမ်းပိုက်နိုင်ရန် အကြံကြီး ကြံနေပါပြီဘုရား"
ကျွန်တော်မျိုးများမှာ မဟုတ်မမှန် ကြံဖန်လည်ဆယ်၍ တင်လွှာဆက်သခြင်း မပြုဝံ့ပါ၊ သေချာခိုင်လုံသော အထောက်အထား သက်သေခံများနှင့်တကွ လျှောက်ထားစာ ဆက်ရ ပါမည်ဘုရား။ ရနောင်မင်းသား မောင်တုတ်သည် သူ၏ အပေါင်းပါ လူယုံဖြစ်သော လက်သုံးတော်ကြီးများ မင်းစိုးအရာရှိကြီးအချို့ပါ သွေးစည်းလျက် အတွင်း စက်လှည့် နေကြပါသည်။ ပိုင်နိုင်သလောက်သောနေ့တွင် ရွှေနန်းရှင်ဘုရားကို အလွယ်တကူနှင့် နန်းချအကျယ်ချုပ်ထား၍ ရနောင်စားက နန်းတက်ရန် အကြံအစည်ပြုနေသည်မှာ အောင်မြင်ရန် ရက်ပိုင်းမျှသာ လိုပါတော့သည်။ တောင်ဒ၀ယ်၊ မြောက်ဒ၀ယ်ဆောင်မှ လက်သုံးတော်တို့နှင့် ရွှေနန်းတော်သား အမှုထမ်းများမှာ သူ၏ သြဇာခံ လူယုံတပည့်များသာ ဖြစ်ကုန်ပါပြီ၊ ရွှေနန်းရှင်ဘုရားအား အကျိုးတော်လိုလားယောင် နည်းအမျိုးမျိုးနှင့် သွေးဆောင်ဖြားယောင်းကာ သူ၏ လက်ခုပ်တွင်းက ရေပမာ အချိန်မရွေး လွယ်ကူစွာ နန်းမှချနိုင်ရန် လေးဘက်လေးတန်ဝိုင်း၍ ကြံစည်စိုင်းပြင်းနေသည်မှာ အောင်မြင်သ လောက် ခရီးရောက်လျက် ရှိနေပါကြောင်းဘုရား။
ရနောင်စား၏ အကြံအစည်များကို အောင်မြင်စေရန် သွေးစည်းကူညီပေးနေသူများတွင် သစ္စာကတိ ထားသော ဝေစုကြီးစားများကို ထုတ်ဖော်လျှောက်ထားရလျှင် တောင်သမန် လယ်စား ရွှေတိုက်စိုး မောင်ဖေက ရနောင်စား နန်းတက်လျှင် တိုင်းပြည် ထက်ဝက် ပိုင်ဆိုင်ရမည့် အိမ်ရှေ့မဟာဥပရာ ရာထူးကို ယူပါလိမ့်မည်။ ဒိုင်းဝန်သမီး မိခင်ကြီးအား ရနောင်စား၏ မိဖုရားကြီးရာထူးကို ဖြစ်စေ၊ အိမ်ရှေ့မိဖုရား ရာထူးကို ဖြစ်စေပေးရန် လျာထားခြင်း ဖြစ်ပါသည်။ ယခုအခါ ဒိုင်းမိခင်က ရွှေနန်းရှင်ဘုရားကို ရူပါရုံနှင့် အတွေ့နှင့် လှည့်စားရသော တာဝန်ကို ဆောင်ရွက်နေရပါကြောင်းဘုရား။
ရွှေတိုက်စား တောင်သမန်လယ်စားကား ရွှေတိုက်တော်မှ ဘဏ္ဍာတော် ပစ္စည်းများကို ခိုးယူထုတ် ပေးခြင်းဖြင့် ဒိုင်းဝန်သားအမိနှင့် ရနောင်စားတို့ အကြံအစည်များ ပြီးမြောက် စေခြင်းငှာ  အခါမရွေး အကူအညီရလျက် ရှိပါကြောင်း ဘုရား။
ရွှေတိုက်စိုးက ဘဏ္ဍာတော်များ ခိုးယူထုတ်ပေးခြင်းကြောင့် ရနောင်စား နန်းတက်လျှင် ဒိုင်းမိခင်ကြီး  မိဖုရားအဖြစ်က အသင့်ရရှိစေရန် မိဖုရားကြီးများ အစီးအနင်း အဆောင် အရွက်ဖြစ်သော ရွှေသင်းဖြူ၊ ငွေသင်ဖြူး၊ ရွှေဖလား၊ ရွှေစထေ၊ ရွှေထွေးခံ စသည့် မင်းခမ်းမင်းနားဝင် အသုံးအဆောင်များကို ပန်းတိမ်တော်များထံ၌ အပ်နှံလုပ်ဆောင်ထားပြီး ဖြစ်ပါ သည်။ ယုံကြည်တော်မမူလျှင် သင်းတို့နေအိမ်တွင် သွားရောက် ရှာဖွေပါက အဆိုပါ ပစ္စည်းများကို ခိုင်လုံသော သက်သေခံအဖြစ် တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်းဘုရား။
ဒိုင်းဝန်မယားမှာ အိုနာကျိုးကန်း ဖြစ်နေစေကာမူ အလွန်တရာ ပရိယာယ်များသော မိန်းမပါးကြီး ဖြစ်ပါသည်။ ရွှေတိုက်စိုး တောင်သမန်လယ်စားကိုလည်း ခင်ခင်ကြီး၏ ရူပါရုံနှင့် လှည့်စားဖြားယောင်းပြီး သာပေါင်းညာစားပြုထားပါသည်။ တောင်သမန်လယ်စားက အကြောင်း ဆက်သွယ်လျက် ရနောင်စား မောင်တုတ်အား စွမ်းရည်ထက်မြက်စွာ လုပ်ကြံနိုင်ရေးကိစ္စကိုလည်း ခင်ကြီးနှင့်ပင် ဘန်းပြ၍ အားပေးအားမြှောက် ပြုကြပါသည်။
ဒိုင်းဝန်ကတော်မှာ သားသမီးမထွန်း ကားပါဘဲ သူ့မောင်၏ မယားတစ်ယောက်ယောက်က မွေးသော သမီးကို ကောက်ယူ၍ မွေးစားပြီး သမီးရင်းကဲ့သို့ အမွှန်းတင်ထားခြင်း ဖြစ်ပါသည်။ မိခင်ကြီး၏ ရှုပါရုံကို ဘန်းပြ၍ မြှူဆွယ်သွေးဆောင် လိုခြင်းကြောင့်လည်း အကြံကြီးကြီးနှင့် သမီးသဖွယ် မွေးစားခြင်း ဖြစ်ပါကြောင်း၊ ရွှေတိုက်စိုးတောင်သမန်လယ်စားသည် လည်းကောင်း၊ လက်သုံးတော်ကြီး ရနောင်စား မင်းသားမောင်တုတ်သည်လည်းကောင်း ရွှေနန်းရှင်ဘုရားသည် လည်းကောင်း ဒိုင်းမိခင်ကြီး၏ ရူပါရုံပိုက်ကွန်တွင်းဝယ် သားကောင်သဖွယ် တိုးဝင်နေမိကြခြင်းမှာ ဒိုင်းဝန်ကတော်ကြီး၏ စနက်သာလျှင် ဖြစ်ပါကြောင်း၊ အချိန်မနှောင်းမီအတွင်း ဤရန်ဆူးရန်ငြောင့် များကို ရှင်းလင်းသုတ်သင်တော်မူလိုက်ပါမှ အရှင်နှစ်ပါးစလုံး ဘုန်းတော်ကြီးလျက် သက်တော်ရှည်ကြမည် ဖြစ်ပါကြောင်း စေတနာကောင်းနှင့် လျှောက်ထားသံတော်ဦးတင်စာ ဆက်သပါကြောင်းဘုရား"
၎င်းစာကို ဖတ်ကြားလျှောက်တင်ပြီးသောအချိန်တွင်ကား မှူးတော် မတ်တော်ကြီးများသည် အံ့အားသင့် ခြင်း၊ ထိတ်လန့်စိုးရိမ်ခြင်းဖြစ်သော မျက်နှာများနှင့် အချင်းချင်း မျှော်ကြည့်လိုက်မိကြ သည်။
လျှောက်တင်ဝံ့ပါသည်ဘုရား -
ဒိုင်းဝမနက်တော်သည် တူမခင်ကြီးကို သမီးအဖြစ်နှင့်မွေး၍ သွေးဆောင်ကာ ကျေးဇူးကို မထောက်မျှော်ဘဲ သစ္စာတော် ဖောက်ဖျက်နေပါပြီ၊ ခင်ကြီး၏ ရုပ်ဆင်းအင်္ဂါကို ဘန်းပြလျက် ရွှေနန်းရှင်ကို လက်ရသိမ်းပိုက် ရန် အကြံကြီးပြီး အောက်လမ်းဆေးဝါးပယောဂနညဘ်းမျိုးစုံကို အသုံးပြု၍ အလိုပြည့်မည့် စခန်းအထိ ခြေလှမ်းလျက်ရှိပါသည်။ ရွှေတိုက်စိုး တောင်သမန် လယ်စားနှင့် လက်သုံးတော်ရနောင်မင်းသား မောင်တုတ်တို့မှာလည်း ဒိုင်းမိခင်ကြီးသည် ရွှေနန်းရှင်ဘုရားအား ရူပါရုံမာယာနှင့်မျှားပြီး အမျိုးမျိုး လှည့်စား၍ ပယောဂဆေးဝါးများဖြင့် ကိုယ်စိတ်နှစ်ပါး နွမ်းညိုးဘုန်းတန်ခိုး လျော့ညံ့လာအောင် ဖြားယောင်းသွေးဆောင်ကာ လွယ်ကူစွာ နန်းချ၍ ထီးနန်းလုယူစေမည့် မောင်တုတ်တို့၏ သူလျှိုမသာ ဖြစ်ပါသည်။ ရွှေနန်းရှင်ဘုရား အသက်အန္တရာယ်တော်ကို လုပ်ကြံခြင်းမပြုသည့်တိုင်အောင်လည်း အောက်လမ်း၊ ပယောဂ၊ အင်းအိုင်ခလဲ့ လက်ဖွဲကဆေးဝါးများကြောင့် ကြာလျှင် သတိတော်လစ်ဟင်း ရူးသွပ်ခြင်းဝေဒနာ ရပါလိမ့်မည်၊ ယင်းသို့ ရွှေနန်းရှင် လူ့ဘ၀ ဆုံးရှုံးမှုဖြစ်သောအခါမှ အသာတကြည် နန်းချပြီး ဒိုင်းမိခင်ကြီးက မောင်တုတ်၊ မောင်ဖေတို့ကို သူလိုရာရွေးလျက် နန်းတက်နိုင်စေရန် ဒိုင်းဝန်ကတော်၏ အစီအမံအရ နှစ်ဖက်နှစ်လမ်းမှ ကြိုးစား နေကြပါကြောင်း၊ ယင်းသို့ အကြောင်းများ ကြောင့် ရွှေနန်းရှင်နှစ်ပါးမှာ "လူယုံသတ်လျှင် သေတတ်သည်" ဆိုသော ရှေးထုံးအရ မြွေပွေးကို ခါးပိုက်တွင် ထားမိမှားသူကဲ့သို့လည်း မဖြစ်တော် မူပါရန် အမြန်အရေးယူတော်မူပါမည့်အကြောင်း ရှိခိုးလျှောက်တင်စာ ဆက်ရပါကြောင်း ဘုရား။
ဟု နောက်ဆုံးဖတ်လျှောက်ရသောစာ၏ အဓိပ္ပာယ်တို့မှာ သာလွန်ဆိုးဝါးနေတော့သည်။
"ရွှေနန်းရှင်ဘုရားမှာ မအီမသာ ရုတ်တရက် ဝေဒနာတော် ခသည်မှာလည်း စဉ်းစားချင့်ချိန်ရန် ဖြစ်လာတော့သည်။ မအီမသာ ဖြစ်တော်မူရာတွင် ပို၍ သင်္ကာမကင်းဖွယ် လက္ခဏာမှာ တစ်ခါ တစ်ခါ ရှေ့နောက် မညီညွတ်သော အမိန့်တော်စကားများကို မိန့်ကြားခြင်း၊ နီးရာလက်နက် ဓားလှံများ ကိုင်မြှောက်၍ တစ်စုံတစ်ဦးနောက်သို့ ပြေးမည်လိုက်မည် တကဲကဲဖြစ်တတ်ခြင်းများကြောင့် ထိုအခြင်းအရာမှာ သမားတော်ကြီးများ အစီရင်ခံသကဲ့သို့ ငန်းဖျားဖောက်ခြင်း လက္ခဏာမျိုး မဟုတ်တန်ရာ၊ ပယောဂနှင့်ယှဉ်သော သွေးသားချောက်ချား လှုပ်ရှားမှုသာ ဖြစ်နိုင်စရာရှိကြောင်း အတွေးအခေါ် တညီတညွတ်တည်း ကိုက်ညီကြတော့သည်။
နန်းမတော်ဖုရားသည် တင်လွှာတော်ပါ အကျိုးအကြောင်းများကို ကြားသိတော်မူရသောအခါ များစွာ စိုးရိမ်ထိတ်လန့်တော်မူသွားလေသည်။ မှူးတော်မတ်တော်များ ထင်မြင်ယူဆချက်ကဲ့သို့ပင် ရွှေနန်းရှင်၏ ရုတ်တရက် ရှောင်တခင်ဖြစ်ပေါ်လာသော ဝေဒနာတော်နှင့် အခြေအနေ ထူးခြားပုံ များကို စဉ်းစားတော်မူမိသည်။
မှူးတော် မတ်တော်ကြီးများသည် နန်းမတော်ဖုရား၏ မျက်နှာတော်ကို အကဲခတ်၍ မည်သို့ အမိန့် တော်မှတ်မည်ကို စောင့်စားနာခံလျက် ရှိကြသည်။ ထိုအချိန်တွင် ရေနံချောင်းမင်းကြီးနှင့် ဒိုင်းအတွင်းဝန်မင်း၏ ဖခင် ခန်းပတ်မင်းကြီးတို့သည် ရွှေလွှတ်တော်ကြီး တရားခွင်တွင် အလှည့်ကျ တရားစီရင်နေရဆဲဖြစ်၍ ဒိုင်းအတွင်းဝန် မင်းမှာလည်း ဗြဲတိုက်တော်တွင် အမှုထမ်း၊ အရာထမ်း များအား စီမံခန့်ခွဲသော တာဝန် ၀တ္တရား ဆောင်ရွက်ခိုက်ဖြစ်သည်နှင့် ရွှေသေတ္တာပါ တင်လွှာတော် များကြည့်ရှုစစ်ဆေးရာတွင် ပါဝင်ခစားခြင်း မပြုရသောကြောင့် ၄င်းတို့မှာ စပ်နွှယ်သူ သားမြေးများ ဖြစ်ကြသူ ဒိုင်းခင်ခင်ကြီး မောင်မောင်ဖေ၊ မောင်မောင်တုတ်တို့ အမှုကိစ္စများကို အချိန်မီ ကြားသိရ ခြင်းမရှိဘဲ ဖြစ်နေလေသည်။
ယင်းသို့ ခန်းပတ်မင်းကြီး၊ ရေနံချောင်းမင်းကြီးနှင့် ဒိုင်းအတွင်းဝန်တို့ အပါးတော်၌ မရှိခြင်းသည် ပင်အခြားမှူးတော်မတ်တော်များမှာ အရှင်နန်းမတော်ဖုရားက အမေးတော်ရှိရာကို လွတ်လပ်စွာ လျှောက်တင်နိုင်ခွင့် ရနိုင်သကဲ့သို့ ရှိလေသည်။ ရနောင်မြို့စား မင်းသား မောင်မောင်တုတ်တို့၏ အရှုပ်တော်ပုံများ၊ မဟုတ်မတရား အဓမ္မပြုကျင့်မှုများကို မနှစ်မြို့ဘဲ ရွှေနန်းရှင်နှစ်ပါး၏ ချစ်ခင် မြှောက်စားတော်မူထားသော မျက်နှာတော်ကိုငဲ့ကာ မလျှောက်တင်သာအောင် ရှိလာခဲ့သော မှူးတော် မတ်တော်ကြီးအချို့မှာ မှန်ရာကို လျှောက်တင်ရန် အခွင့်ကောင်းကြုံခဲ့ပြီဟု မေးတော် မူမည်ကိုသာ ငံ့လင့်ကာနေကြလေသည်။
နန်းမတော်ဖုရားမှာလည်း လက်သုံးတော်ကြီး ရနောင်စားနှင့် ခင်ခင်ကြီးတို့ သစ္စာဖျက်ကြသည်ဟု အမျက်တော်ရှလေပြီ။
"ဒီတင်လွှာတော်များမှာ အလွန်တရာပင် အရေးကြီးလှသည် မှူးတော်မတ်တော်ကြီးများ၊ ယခင် တစ်ကြိမ် ရွှေသေတ္တာတော် ဖွင့်စဉ်ကလည်း မောင်တုတ်၏ ဆိုးသွမ်းညစ်ပတ်မှုများကို တင်လွှာတော်များ ရခဲ့ဖူးသည်။ သို့ရာတွင် ရွှေနန်းရှင် မောင်မောင်ဘုရား၏ အိမ်တော်ပါ ကျေးကျွန် ရင်းချာများ ဖြစ်တာတစ်ကြောင်း၊ နောက်နောင်အခါက ကျွန်ကောင်းပီသစွာ အရာာ အကျိုးတော်ဆောင်ခဲ့ဖူးသည်ကတစ်ကြောင်း၊ အရှင်ဘုန်းကြီး ကျွန်ဓားပြီးဆိုသလို မင်းပျိုမင်းလွင် အရွယ်တွေဆိုသည်မှာ မော်မော်မောက်မောက်နှင့် မာနဂုဏ် ရောက်လေ့ရှိတဲ့ မှားယွင်းမှုကလေးများ ပြုမှားမိမြဲ ဓမ္မတာပေလို့ ယူဆတော်မူကာ သက်ညှာစွာ အပြစ်လွှတ်တော် မူခဲ့မိဖူးသည်။
ယခုကဲ့သို့ တစ်ကြိမ်က နှစ်ကြိမ် သုံးကြိမ် ရွှေနားတော်ကြား လျှောက်ထားကြသည်ကို အရေးမယူပါလျှင် ကျောသားရင်သား ခွဲခြားရာရောက်တော့မည်။ သို့အတွက် နိုင်ငံတော်သူ နိုင်ငံတော်သားတို့အပေါ်တွင် တရားမဲ့ ပြုကျင့်မှုများကို အထောက် အထားခိုင်လုံစွာနှင့် သိရှိရန် အမြန်စုံစမ်းသင့်ပြီ မဟုတ်လား"
ဟု နန်းမတော်ဘုရားက အမိန့်တော်ရှိရာ မှူးတော်မတ်တော်ကြီးများက ရနောင်မင်းသား မောင်တုတ် အကြောင်းကို ကြားသိနေရသည်မှာ အတန်ကြာပြီဖြစ်ကြောင်း၊ ရွှေလွှတ်တော်ကြီးသို့ ထိထိရောက်ရောက် လျှောက်ထားတိုင်ကြား စွဲဆိုမှုများ မရသဖြင့် ကြားသိလျက်နှင့်ပင် အမှုမှန် မမှန် စစ်ဆေး ဆုံးဖြတ်ရန် အခါအခွင့် မပေါ်ပေါက်ဖူးသေးကြောင်း၊ ယခုကိစ္စမှာ နိုင်ငံတော်အတွင်း ဆိုးသွမ်း မှုပြုနေသည့် အရေးထက်များ ယခုလက်ငင်း ရွှေနန်းတော်အတွင်းရေးကိစ္စများကို ရှုပ်ရှုပ် ထွေးထွေး ခြယ်လှယ်နေကြသော ထိတ်လန့်ကြောက်မက်ဖွယ် ဘေးအန္တရာယ်ကို အရေးတကြီး ကာကွယ် ထိုက်ကြောင်း၊ စုပေါင်း လျှောက်တင်ကြလေသည်။
"ကောင်းပါပြီ၊ ဒီကိစ္စကို လွှတ်တော်ဝန်ကြီးများသို့ အထူးအခွင့် တာဝန်လွှဲအပ်ပေးတော်မူပါမည်၊ ရွှေနန်းရှင် မောင်တော်မှာလည်း တင်လွှာတော်စာများအတိုင်း စိုးရိမ်ဖွယ် လက္ခဏာများ တွေ့ရှိ နေရခြင်းကြောင့် ဒိုင်းမိခင်နှင့် မောင်တုတ်တို့ မကောင်းကြံစည်မှုမှာ ဟုတ်တန်ရာသည်ဟု ယူမှတ်ရန် ရှိနေပြန်သည်၊ ရွှေနန်းတော် အရှေ့ပိုင်းတွင် မောင်တုတ်တို့ ခြယ်လှယ်ဖန်တီးချင်သလို အရေးပါအရာရောက်နေသည်မှာလည်း ရိပ်မိတော်မူခဲ့သည်မှာ ကာလအတန်ကြာခဲ့ပါပြီ၊ ယမန်နေ့ ညဥ့်အခါကမှ တောင်ဘက် ပန်းခုံတော် ခပ်အေးအေးနှင့် အရေးမယူဘဲ နေလိုက်လျှင် အင်မတန် အနှိမ်အနင်း ခက်လို့နေတော့မယ်၊ ရှင်ဘုရင်က ကိုယ်လုပ်မောင်းမငယ်တစ်ယောက် ထားမိတဲ့ ကိစ္စကို နန်းမတော်ဖုရားက မကြည်ဖြူတဲ့အတွက် နှိပ်စက်ညှဉ်းပန်းရာဇ၀တ်အပြစ်ဒဏ်နှင့် ဖမ်းတယ်လို့ သာမညအားဖြင့် ပေါ့ပေါ့ဆတွေးလျှင် ရယ်သွမ်းသွေးဖွယ် သေးငယ်တဲ့ကိစ္စကလေးကို အရေးတကြီးပြုလုပ်သကဲ့သို့ ထင်မှတ်ကြမည်ဖြစ်သော်လည်း ယခုကိစ္စက ရွှေနန်းစည်းစိမ်တော်ကို လုယက်ရန်အကြံနှင့် ယှဉ်တွဲနေခြင်းမှာ စိုးရိမ်ဖွယ်ရာ ဖြစ်တော့သည်။
သို့အတွက် မောင်တုတ်၊ မောင်ဖေငယ်၊ ဒိုင်းခင်ခင်ကြီး သားအမိ တစ်စုကို အရေးတကြီး လက်ဦးနှင့်အောင် ဖမ်းဆီးလိုက်ပြီးမှ တင်လွှာတော်စာများအရ မှန်မမှန် သက်သေခံ အထင်အရှားရမိရန် ရှာဖွေထောက်လှမ်း စူးစမ်းရမည်" ဟု အမိန့်တော် မှတ်လေသည်။ မှူးတော် မတ်တော်များကလည်း အမှုသွား မှန်စေခြင်းငှာ"
"အမိန့်တော်အတိုင်း ရနောင်စားတို့ကို ဖမ်းဆီးစစ်ဆေးရန်ကိစ္စကို ရွှေလွှတ်တော်ကြီး အမိန့်နှင့် တာဝန်အရ ဖမ်းဆီးစစ်ဆေးပါမည်ဘုရား၊ သို့ရာတွင် ရနောင်စား၏ အင်အားမှာ မသေးလှသဖြင့် ပေါ့ပေါ့ဆဆပြု၍ ဖြစ်မည်မထင်ပါ၊ သူတို့၏ ဘက်တော်သား သူလျှိုများ၏ နားစွန်နားဖျား မကြားမသိရမီ ယခုချက်ချင်းပင် ဌာနအသီးသီးခွဲ၍ ရဲဘက်တော် စစ်ဗိုလ်စစ်ကဲများနှင့် ဘွားခနဲ ၀ိုင်းဝန်းဖမ်းဆီးမှသာ လက်တွင်းသို့ ချောချောမောမော ရမိပါလိမ့်မည်။
မောင်တုတ်၏ လက်အောက်ခံ ကိုယ်ရံတော် လက်သုံးတော်သားများနှင့်တကွ လက်သုံးတော်ကြီး အချို့ကိုပါ တစ်ပြိုင်တည်း ဖမ်းဆီးချုပ်နှောင်ထားလိုက်လျှင် အင်အားပျော့ညံ့သွားသဖြင့် အမှုသွားအမှန်ကို
အစစ်အဆေး သက်သေခံဝံ့သူများ ထွက်ပေါ်လာဝံ့လာပါမည်ဘုရား''  ဟုလျှောက်ထား ကြရာ-
"ကောင်းပါပြီ၊ ဒီကိစ္စမှာ ရွှေ့လွှတ်တော်ဝန်ကြီးတို့ တရားနည်းလမ်း ရှိသလောက် မညှာမထောက် ဆောင်ရွက်နိုင်ကြစေရန် မောင်တုတ်၏ အဆွယ်အပွား ဘက်တော်သားမှန်သမျှ ဖမ်းဆီးနိုင်ခွင့် ရှိကြပေတယ်၊ စစ်ဆေးမေးမြန်းပြီးလျှင် အပြစ်မကြီးသော နောက်လိုက်များကို လွှတ်ငြိမ်းခွင့်ပေး၊ အပြစ်ကြီးလေးကလည်း ရာထူးစည်းစိမ်ကိုသာ ရုပ်သိမ်းလျက် အသက်ကို ချမ်းသာပေးကြပါမည်၊ ရှေ့ဆောင်ခေါင်းဆောင်တည်သူတို့ကိုမူ အပြစ်အလျောက် ရာဇ၀တ်သင့်စေရမည် " ဟု နန်းမတော်ဖုရား အမိန့်တော်ရှိသည်။
ဝန်ကြီးများလည်း တရားသဖြင့် ဖြစ်စေရန် အမိန့်တော်ခံယူလျက် ကျေးဇူးသစ္စာတော် ဖောက်ဖျက် စော်ကားသူ အပေါင်းပါတို့ကို ရုတ်တရက် ဖမ်းဆီးချုပ်နှောင်ထားပြီးမှ အမှုသွားမှန် မမှန် သက်သေခံ အထောက်အထားရှိမရှိ စစ်ဆေးမေးမြန်း ထွက်ဆိုချက်များကိုလည်း အရှင်နန်းမတော်ဘုရားထံ လျှောက်ထားအစီရင်ခံပြီးမှ အမိန့်တော်ချမှတ်ချက်ကို နာယူ၍ ညှိနှိုင်း ဆုံးဖြတ်မည်ဖြစ်ပါကြောင်းနှင့် တာဝန်ခံ လျှောက်တင်ကြလျှက် ရုတ်တရက် လျှို့ဝှက်ထားသော အမိန့်တော် ထုတ်ပြန်ရန် လွှတ်တော်ကြီး သို့ ပြန်ကြလေ၏။
နန်းမတော်ဘုရားလည်းး သံတော်ဆင့်ကြီးများ၊ ဗြဲတိုက်သံတော်ဆင့်များအား တိုင်ပင် ဆွေးနွေးတော်မူရာ ရွှေဆောင်တော်အတွင်းမှ ရုတ်တရက် ထွက်ခွာသွားလျှင် အပြင်အပသို့ မတော်တဆ အချိန်မီ သတင်းပေါက်ကြားနိုင်မည်ဖြစ်သောကြောင့် ကျန်ရှိသော တင်လွှာတော် များကို ဆက်လက်ဖတ်ကြား ဆွေးနွေးတော်မူလျက် ရှိလေ၏။
အခန်း(၃၆)ဆက်ရန်
.
2 comments:
Anonymous said...
မောင်တုတ်ကတော့ထားပါတော့..
ဘယ်နဲ့ ဒိုင်းခင်ခင်ကိစ္စမှာတော့... စုဖု၇ားလတ်လူလည်
ကျပီထင်တယ်နော်..အဲ့အခန်းတွေတော့ မေ့ကုန်ပီ..အမရ။
Anonymous said...
အမရေ...
သတိရလို့. အမမှာလေ..သာဓုရဲ့သက်ဝေလားသိဘူး..အဲဒါ အမဆီမှာ ရှိလားဟင်.. သိပ်တော့မသေချာဘူး ၀တ္တုနာမည်က.. ငယ်တုန်းကဖတ်ရတာမို့
ဇာတ်လမ်းကလေ.. မင်းသမီးအဖေက အကုသိုလ်နဲ့အလုပ်လုပ်တာ တငါလုပ်စားတာ..သူ့ကို အဲ့ကလူတွေက ကွင်းပိုင်ဆိုပီး ပသရတယ် ..အရမ်းအကုသိုလ်များတော့လေ.. ရွှေတိဂုံဘုရားကိုလာပီးဖူးတာတောင် ဘုရားကို မမြင်ရဘူးတဲ့..သိလား.. သေတော့လဲ ခွေးနက်ကြီးက လာခေါ်တာ အသံနက်ကြီး အော်လို့...အမ ဖတ်ဖူးလား အဲဒါ အဲ့ထဲမှာလေ..ပီးတော့ ..ငါးဖမ်းတော့ မြုံးတွေထောင်တာလဲ ပါတယ် .. အမ အဲ့စာအုပ် ရှိရင် ဖတ်ချင်ပါတယ်။ အမ.ရှိရင် .အေးဆေးမှတင်လဲ ရပါတယ်။ ..ဟီး
အမကိုတွေ့ရတာ စာကြည့်တိုက်ကစာအုပ်တွေ မွနေရသလိုပဲ။ ပျော်ထှာ့..။
ကျေးဇူးလဲ အများကြီးတင်တယ်။ အမဘလော့စာကြည့်တိုက် ကြီးကို အရမ်းချစ်တာပဲ။
အဓွန့်ရှည်ပါစေ..။