Friday, January 22, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၄)
အခန်း(၃၄)
သင်္ကြန်တော် နှစ်သစ်ဦးဖြစ်သည့် တန်ခူးလရာသီသို့ တိုင်ခဲ့လေသည်။ နန်းတွင်းနန်းပြင် မြို့တွင်းမြို့ ပြင်နှင့် တကွ နိုင်ငံတော်တစ်ဝန်းလုံးမှာ အတာကူးပြောင်းချိန်တွင် မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ ရတနာ သုံးပါး ဦးထိပ်ထားလျက် အလှူဒါနပြုကြခြင်း၊ သီတင်းသီလ ဘာဝနာ ပွားများ၍ တရား စောင့်ထိန်း ခြင်း လူကြီးမိဘဆရာသမားများအား ရိုသေလေးစားစွာ ကန်တော့ဝတ်  ပြုကြခြင်း၊ သင်္ကြန် ရက်မြတ် အတွင်း သန့်ရှင်းသောပျော်ရွှင်ခြင်း အထိမ်းအမှတ်ဖြင့် ရေစင်ရေချမ်း ပက်ဖျန်းမြူးထူး ခြင်းစသော အမှုတို့ကို နိုင်ငံနှင့်အ၀ှမ်းခြိမ့်ခြိမ့်မွှမ်းမွှမ်းဆင်နွဲ၍ ပျော်ရွှင်ပွဲခံလျက်ရှိ ကြရာ ရွှေနန်းတော် အတွင်းတွင် လည်း ဘုရင်နှင့်မိဖုရားခေါင်ကြီးအမှူးပြုကာ ရွှေနန်းစဉ်လာ အတိုင်း အတာသင်္ကြန်တော်ခေါ်လျက် အလှူ ရေစက် လက်နှင့်မကွာ ပေးလှူတော်မူပြီးလျှင် ရွှေနန်းတော်ပေါ်တွင် ဆွေတော်မျိုးတော် မှူးစုမြို့စား ရွာစား မကျန် အရာခံမင်းယောက်ျားများက တစ်ဖက်၊ ရာကြီးထူးကြီးကတော်များ မြို့စားရွာစား အပျို တော်ကြီး များ မှူးသမီးမတ်သမီးများ အပျိုတော်ရံရွှေတော်လက်ပါးစေ မင်းမိန်းမများက တစ်ဖက် နေစေ ပြီး လျှင် အလယ်တွင် သဲဖြူရာဇ မတ်နှင့် ငှက်ပျော်အုန်းလက်တို့ဆင်ယင်ကာ နံ့သာငါးပါး ထုံသော ရေကို ဆယ့်နှစ်ရာသီရုပ်လုံးပေါ် ငွေဖလားကြီးများတွင်ထည့်လျက် တစ်ဖက်နှင့်တစ်ဖက် ပက်ဖျန်း သွန်းလောင်း ခြင်းဖြင့် မင်းယောက်ျားမင်းမိန်းမတို့သည် အရှင်နှစ်ပါးရှေ့တော်တွင် ပျောရွှင်စွာ ရေကစား ကြရသည်။
အရှင်နှစ်ပါးတို့သည် ရွှေခဲငွေခဲ ပုလဲပတ္တမြားစသော ရတနာနှစ်ပါးတွင် ရာသီအလိုက်ပွင့်ကြသော ပိတောက် ရွှေဝါ စံပယ်၊ သရဖီ၊ နှင်းဆီပန်းများနှင့် ရောနှောဖက်စပ်ထည့်ရသော ဆယ့်နှစ်ရာသီ ငွေဖလား ကြီးများ အတွင်းသို့ လက်တော်နှင့်ပါသမျှ နှိုက်ယူကာ ရတနာမိုးရွာဘိအလား ပျော်ရွှင်စွာ ရေကစား နေကြသော နန်းတော်သူနန်းတော်သားတို့ ကိုယ်ပေါ်သို့ သွန်းလောင်းဆုပ်ကြဲတောမူ ခြင်း ပျော်ပွဲတစ်ရပ်  ကျင်းပ တော်မူလေသည်။
မင်းယောက်ျား၊ မင်မိန်းမများကို တစ်နှစ်တစ်ခါ ရင်ဆိုင်စေလျက် ရေသဘင်ပဲဆင်နွှဲပြီးသောအချိန် အခါ အဆောင်တော်အသီးသီးသို့ ပြန်ရောက်ကာ အခိုက်အတန့်များမှာလည်း ကိုယ့်အဆောင်နှင့် ဆိုင်ရာ ဆိုင်ရာအချင်းချင်း ပျော်ရွှင်ပွဲ ကျင်းပကြပြန်သည်တွင် အရှင်နန်းမတော်ဘုရား စံတော်မူရာ နန်းမတော် ဖုရားအား နံ့သာငါးပါးရည်တို့ကို ဒေါနခက်ဖြင့်ဆွတ်ဖျန်းကန်တော့ကြပြီးလျှင် ရှေ့တော်တွင် အပျိုတော် အချင်းချင်း ရွဲရွဲစိုအောင် ရေချိုးရေချမ်းနှင့် ပက်ဖျန်းသွန်းလောင်းပြီး ပျော်ပျော်ကြီးကစားတော်မူစေသည်။ မောပန်း ဆာလောင်သောအခါ သင်္ကြန်ထမင်းများကို ပျော်ပျော်ပါးပါးစားစေသည်။ နှစ်သစ်ကူး ဆုတော် အဖြစ် ဆုအထုပ်တော်များကို ကံဆိုးကံကောင်း မဲနှိုက်၍ယူစေသည်။
ဒိုင်းအတွင်းဝန်ကတော်ကြီးနှင့် သမီးခင်ခင်ကြီတို့သည် နှစ်သစ်ကန်တော့ခံရာတွင် မပါဝင် မခစား လျှင် အပြစ်တော် တင်မည်ကို မခံဝံ့သဖြင့် အရှင်နန်းမတော်ဖုရားအပါးတော်သို့ ရောက်လာကြရာ အရှင် နန်းမတော် ဖုရားမှာလည်း ကြည်ကြည်သာသာပျော်ပျော်ပါးပါး ကန်တော့ခံတော်မူလေသည်။ ပြီးလျှင် ခင်မကြီး တို့ခင်ဘုန်းတို့အပျိုတော်များ ပျော်ပျော်ပါးပါးနံ့သာရေလောင်းပြီး သင်္ကြန်ထမင်းများ စားကြ သည်ကို ရှုစားတော်မူမည်ဟု အမိန့်တော်ချမှတ်လျက်သလွန်တော်ပေါ်က ရှုစားတော်မူ နေလေ၏ ။
ပျော်စေ ပါးစေရေကစားစေဟု အမိန့်ကျလျှင်ပင် ခင်မကြီးနှင့်ခင်ဘုန်းအမှူးပြုသော အပျိုတော် ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ်တို့မှာ ဆယ့်နှစ်ရာသီ ငွေဖလားများတွင် နံ့သာရေတွေ အပြည့် အလျှံ ထည့်လျက် တစ်ယောက်ကပြန်စ၍ လောင်းကြလေလျှင် နန်းကြမ်းပြင်တစ်ဝန်းလုံး တဗျမ်းဗျမ်းနှင့် ရေမွန်း လျက် ရှိတော့သည်။ "လာကြလာကြ ဒိုင်းဝန်ကတော်မမ ကိုလည်း လာတဲ့ အခိုက် ရေကန်တော့ လိုက်ကြ ရအောင်"ဟု ခင်မကြီးနှင့်ခင်ဘုန်းတို့ရှေ့ဆောင်၍ ခေါ်သွားသော အခါ ဆောင်လုံးကျွတ် အပျိုတော် များ သင်္ဃာစင်တန်းသကဲ့သို့ တစ်သီ တသန်းကြီး တစ်ယောက် တစ်ဖလား ရေစောင်း ခုတ်၍ ခုတ်၍ သွားကြ သည်မှာ အတန်ကြာမှပြီးဆုံးလေသည်။
တစ်ယောက် လျှင် တစ်ဖလား ရေလုံးချင်း ဆက်သွားသဖြင့် ဒိုင်းဝန်ကတော်ကြီးမှာ အသက် မရှူသာ တော့ဘဲ မွန်း၍ နေရှာသည်။ ရုတ်တရက်ထ၍ ပြေးရန်မှာလည်း မစွမ်းမသန်သဖြင့် သာမန်လူကဲ့သို့ မလွယ် ကူ သောကြောင့် ခေါင်းကို တွင်တွင်ငုံ့ပြီး ကျောကုန်းကို ခံတပ်ပြု၍နေရရာ ကြာလျှင်ကျောပြင် က ပ၀ါနှင့် အကျီများမှာ ရေဒဏ်ကိုမခံနိုင် ဗြုန်းဗြန်းကွဲစုတ်ပြဲလာလျက် ဒဏ်ရာဒဏ်ချက် ပြင်းလှ၍ ၀ါဝင်းသော ကျော်လက်ပြင် သားများမှာ ရဲရဲနီထွေး သွေးခြည်မှေးပေါက်တော့ မလောက် ဖြစ်လာတော့သည်။  ဤတွင် ခင်ခင်ကြီးမှာ အကျီစား သန်လှသော အပျိုတော်ကြီးများကိုလည်း မပြောရဲရှာ၊ မိခင်ကြီး၏ အလူးအလဲ ကြိတ်ခံ နေရသော နာကျင်မှု ကိုလည်း မရှုသာကြာလျှင် မွန်းရာမှ သေစရာသာကျန်တော့သည့်အတွက် မိခင်ကြီး၏ ကျောပြင်ကို အတင်းဝင်ဖက်ကာ ကိုယ်လုံး ကလေးနှင့် ကာကွယ် ထားရရှာ တော့သည်။
ရေကစားသော ခင်ကြီးတို့လူသိုက်မှာ အချင်းချင်း သူတစ်ပြန်ငါတစ်ပြန် လောင်းကြပြန်သည်။ ပြေးသူက ပြေး၊ ဖမ်းသူက ဖမ်းရေသံတွေ တဗြန်းဗြန်းနှင့် ဆူညံ သောင်းကျန်း ကြပြန်သည်။ အပျိုတော်ကလေး တွေ လိုက်ကြ ပြေးကြ သည်မှာလည်း ရေဒဏ်ချက်နှင့်မလှုပ်မယှက်နိုင်ဖြစ်နေသော ဒိုင်းဝန် ကတော်ကြီး အနီးတွင်သာ ဖြစ်လေရာ ပြေးသူနှင့် လိုက်သူတို့မှာ ဒိုင်းဝန်ကတော်ကြီးကိုသာ မကြာခဏ ခလုတ်တိုက်၍ လဲကြ လေသည်။ နာကျင်၍နေရာတွင် ထပ်ကာ ထပ်ကာ အဆောင့်ခံရ သည်နှင့် မခြား လိုက်တမ်း ပြေးတမ်း ကစားသူများ၏ အတိုက်အခိုက်၊ အလဲအဖိကို မချိယတိခံစား နေရပြန်လေ၏ ။ ဒိုင်းဝန် ကတော်ကြီး သာမက ဖေးမ ကာကွယ်နေရသူ ခင်ခင်ကြီး ပင်လျှင် အင်မတန် နာကျင် လာတော့သည်။
ဤသို့နှင့်နှင် ပျော်ရွှင်စွာရေကစား၍ အားရလောက်သောအခါတွင်မှ ရေပက်ခြင်းကိစ္စကို ရပ်နားလျက် ရယ်လားမောလား တဟားဟားနေကြပြီး ၀န်ကတော်ကြီးကို ၀ိုင်းကြည့်ကြကာ...
"အို... ၀န်ကတော်မမကို ရေကန်တော့တာ များသွားကြတယ်၊ ဒီမယ် သွေးတွေထွက်လို့ပါလား၊ ရေဖလားစောင်း နဲ့ခိုက်မိတယ်ထင်ပ"ဟု ခင်မကြီးက ဒဏ်ရာကိုကြည့်ပြီး သွေးဆေးများနှင့် သိပ်နယ် ပေးလေးရာ ဒိုင်းဝန်ကတော်ကြီးမှာ "အလိုလေး..အမယ်လေး...ခင်တို့သွေးဆေး က စပ်လှ ပါကလား၊ ဆားတွေများ ထည့်ထားသလိုပဲနော်"ဟု မချိမဆန့်ဟစ်အော်ကာ ခံရရှာ တော့သည်။
"ကြံကြံစည်စည် ၀န်ကတော် မမနှယ် ဘယ်မှာသွေးဆေးကို ဆားထည့်ထားပါ့မလဲ၊ အရှင်နန်းမ တော် ဘုရား သုံးတော်မူနေတဲ့ သွေးဆေးပါပဲ"ဟု ပြောရင်းထိခိုက်မိသော ဒဏ်ရာများကို ဖြဲကာဖြဲကာ သိပ်ပေး သဖြင့် တိတ်တိတ်ကလေး ကြိတ်မှိတ်မျိုသိပ်၍ ခံနေရတော့သည်။ အနာကို စည်းနှောင်ပြီး လေလျှင် သင်္ကြန် ထမင်း ပြင်၍ စားကြလေသည်။ ပျော်ပျော်ပါးပါး ရေစိုစွတ်စွတ်နှင့်ပင် သင်္ကြန်ထမင်းကို ၀င်၍ စားကြ လျက် ထမင်းပွဲများကို တစ်ယောက်တစ်လက်ကမ်းကြသည်။ ဖယောင်းနံ့သင်းသည့် ထမင်းရေစမ်း ငါးခြောက်ထောင်းကြော် သရက်သီးစိမ်းသုပ် စသည်များမှာ သင်္ကြန်အခါတွင်း၌ ပျော်ရင်း ပါးရင်း စားကြမြဲ ဖြစ်သော အပျော်စားကြသည့် သင်္ကြန်ထမင်းဖြစ်လေ ရာ ဒိုင်းဝန်ကတော်ကြီး သားအမိ အတွက် ရောက်လာသော ထမင်းပွဲရံမှာလည်း အများနည်းတူ စားချင်စဖွယ် ဟင်းအမယ်မယ်နှင့်ဖြစ်လေ၏ ။
ရေဖလားကြီး များ၏ဒဏ်ကြောင့် ကျောအောင့် ရင်အောင့်နှင့် ခ၀ါ ဆောင့်ကိုင်ဆောင့် ထားသလို တစ်ကိုယ်လုံး မလှုပ်နိုင်အောင် ဖြစ်နေရာတွင် ဆားငန်ဓာတ် ပါသောသွေးဆေးက ပွန်းပဲ့ထိရှသော ဒဏ်ရာ အတွင်းသို့ တမြှင်းမြှင်း စိမ့်ဝင်လျက် မျိုးမျိုးမျက်မျက် အခံရခက်နေသောကြောင့် ထမင်းပွဲ ကိုကြည့်ပြီး မချိယတိ ကြီးဖြစ်ကာ စားလိုစိတ် မရှိရှာသော်လည်း ရှေ့တော်တွင် ပျော်ပျော်ပါးပါး စားသောက် ကြသည်ကို ရှုစားတော်မူလိုသည်ဟု အရှင်နန်းမတော်ဖုရားက အမိန့်တော်ရှိထား သဖြင့်မစားဘဲ မနေ၀ံ့ ကြောက်ကြောက် ရွံ့ရွံ့နှင့်စွန့်၍ စားရတော့သည်။
သရက်သီးသုပ်ကို စားလိုက်သည်နှင့် တပြိုင်နက်မိုးမျှော်ငရုတ်သီးကို တစ်ဆုပ်ကြီးဝါးလိုက်ရသည် နှင့်မခြား မျက်ရည်များဝိုင်းဝိုင်းလည်လာသည်အထိ စပ်၍သွားတော့သည်။ ဟင်းလျာကအစပ်လွန် ကဲလှသဖြင့် သက်သာရာရစေတော့ဟု ထမင်းရေဆမ်းကို လျှာခံတွင်းသို့ ကပျာကယာထည့်သွင်း ငုံထားလိုက်ရလေ၏ ။ ထိုသရောအခါမှာလည်း ကျားကိုကြောက်၍ ကိုးသောရှင်ကြီးမှာသာလို့ ဆိုးပါတော့သည်။ ထမင်း ရေဆမ်း ထဲတွင် မည်သည့်အချိန်က၀င်နေသည်ဟု အကဲမဖြတ်နိုင် အောင်စပ်လှသော မိုးမျှော် ငရုတ် စိမ်းရေ များဖြစ်နေရကား ကြာရှည်ငုံထားရန်မတတ်သာ၊ လျင်မြန် စွာ ထွေးပစ်လိုက်ရရှာသည်။ ဤမျှသော ဒုက္ခဝေဒနာကလေးတို့မှာ အသေးအဖွဲ့မဆိုစလောက်ဟု ယူဆရန်ဖြစ်သော်လည်း အဆိပ် တက်သော ပရွက်ငယ်ကိုက်လျှင်  အသည်းခိုက်အောင် နာကျင်ရ သည်နှင့်မခြား ဒုက္ခ ဝေဒနာ ကလေး များကို တစ်စု တပေါင်းတည်း ကြိတ်မှတ် ခံစား နေရတော့သည်။
အပျိုတော် တစ်သိုက်တစ်ဝန်းလုံးကား ရယ်လားမောလား စားသောက်ပျော်ပါး၍ တဟားဟားတ သောသော မြူးရွှင် လျက်ရှိကြသောကြောင့် ဇောချွေးပြန်ကာ ဒုက္ခ ဝေဒနာ ခံစားနေရသူ ဒိုင်းဝန်ကတော် ကြီး အား မည်သူမျှ သတိမထားမိ သကဲ့သို့ ရှိကြလေ၏ ။
ရှေ့တော်တွင်ဖြစ်သောကြောင့် မည်မျှအားမျှလည်း အော်ကာဟစ်ကာ အကူအညီမတောင်းဝံ့ရှာ သော ဒိုင်းခင်ခင်ကြီး မှာ မိခင်ကိုကြင်နာစွာကြည့်၍ မချိသည့်မျက်ရည်စများ ၀ိုင်းလည်လာကာ "သူတို့က မျက်နှာလို အားရနှင့် တမင်တကာများ ညစ်ပတ်ကြတာလား မေမေဖုရား"ဟု နားနားသို့ ကပ်ပြီး တီးတိုး ပြောမိရှာသည်။ ၀န်ကတော်ကြီးမှာ ဒုက္ခဝေဒနာကို ကြိတ်မှိတ်ခံရင်းက "ဟုတ်မထင်ပါဘူး သမီးရယ်၊ သင်္ကြန် အခါမှာ ပျော်တတ်တဲ့အပျိုတော်များက ကျီစယ်ထားတဲ့ထမင်းပွဲကို မေဖုရားတို့ မှားပြီး စားမိလို့ ဖြစ်ပါလိမ့်မယ်"ဟု သက်သာမည့်အဖြေကို ရှာဖွေ ပြောလိုက်ရရှာသည်။
နေမွန်းတိမ်းသွားသောအခါတွင်ကား ရေပက်ကစားခြင်း၊ သင်္ကြန်ထမင်းစားခြင်းကိစ္စများ ပြီးဆုံး သွားလေ၏ ။ ညနေပိုင်းပဟိုရ်လေးချက်တီး အချိန်တိုင်းရောက်သောအခါ နန်းမတော်ဆောင်ကြီး တွင် အရှင် နန်းမတော်ဖုရား၏ နှစ်သစ်ကူးဆုတော်လာဘ်တော်များကို အသနားတော်ခံရန် အထိန်းတော် အပျိုတော်ကြီးများ မြို့စားရွာစားကတော်ကြီးများမှအစ လက်ပါးစေကလေးများအဆုံး စုရုံးလျက် ၀ဲယာ နှစ်ဖက် မှ ခစားနေကြလေသည်။
အရှင်နန်းတော် ထိပ်ဖုရားလတ်မှာ သလွန်တော်ပေါ်တွင် စံတော်မူပြီး ရှေ့တော်တွင် စုပုံထားသော ဆုတော် ပေးမည့် အထုပ်များကို ရှုစားတော်မူလျက်ရှိသည်။ ဆုတောအထုပ်များမှာ ဖျဉ်ဖြူချောနှင့် ထုပ်ထားသော အထုပ်များဖြစ်၍ အတွင်းမှာ ဒေါင်းဒင်္ဂါးတစ်ရာမှ တစ်ထောင်ထိရှိသည်။ အချို့ထုပ် များတွင် ရွှေမန်ကျည်းတောင့်များ၊ အချို့အထုပ်တွင် စိန်၊ မြ၊ ပုလဲ၊ ကြောင်မျက်ရွဲ၊ နီလာ၊ ပတ္တမြား စသော ရတနာများ ကို လက်စွပ်၊ လက်ကောက်၊ ပုတီး၊ နာဋောင်းစသည်ဖြင့် ပြုလုပ်ထားသည်။ အချို့အထုပ်များ မှာ ဖွဲပြာ၊ အမှိုက်သရိုက်၊ ဆံခြည်မျှင်ထွေးများထည့်ထားသည်။ ဆုတော်ခံသူတို့ က ကံဆိုး ကံကောင်း ကျသမျှ မဲချ၍ ယူရမည်ဖြစ်သည်။
ဆုတော်အထုပ်များရှေ့တွင် ခင်ဘုန်းက အမည်စာရင်း ဖတ်၍ခေါ်ရသည်။ ခင်မကြီး က နာမည်ရှင်၏ ကိုယ်စား ကျရာမဲလိပ်ကို နှိုက်ယူကာနံပါတ်အမှတ်အသားပါသော အထုပ်ကိုရှာဖွေပေးရလေ သည်။ ဆုတော် အထုပ်ကို ရသူကရှေ့တော်ရှိအလယ်မှ နေရာလွတ်သို့ ထွက်လာဖြေကြည့်ပြီး အနည်း အများ ကံတရား အလျောက် ပါလာသော ဆုတော်ပစ္စည်းကို အားရ၀မ်းသာယူလျက် မူလနေရာသို့ ပြန်၍ ဆက်လက် ခစားနေထိုင်ရသည်။ အဖိုးတန်ပစ္စည်းရသူများကို အားလုံးက ၀ိုင်း၍ချီးမွန်း ထောပနာကြသည်။ အမှိုက်သရိုက်၊ ဖဲပြာ၊ ဆံခြည်ထွေးများတွေ့ရသော အလုပ်ရှင်များကိုလည်း ပြက်ရယ်ပြုသော ပျော်ပွဲ ရွှင်ပွဲကြီး တစ်ရပ်ပမာ အားလုံးပင်ဝိုင်း၍ ရယ်မောပြောင်လှောင်ခံကြရပြန်သည်။
တစ်ချီတွင် အပျိုတော်ကြီးတစ်ဦး၏ ဆုတော်အထုပ်ကို ဖြေလိုက်သောအခါ အလွန် တရာ မီးကောင်း လှသော ရတီနှစ်ဆယ်ခန့်ရှိ စိန်လက်စွပ်ကြီးတစ်ကွင်း ကို တွေ့ရသဖြင့် အားလုံးသော နန်းတော်သူများ၊ အံ့အားသင့်လျက် ရင်သပ်လက်တီးကောင်းချီး ပေးခံရလေ၏ ဆုတော်ခံရသူ အပျိုတော်ကြီးမှာလည်း အလွန်အကြူး ၀မ်းမြောက်ပုံထူး၍ အူမြူးရွှင် ပြ ခုန်ပေါက်ကလိုက်မိသည့်အတွက် ရုတ်တရက် ထဘီကျွတ်ကျသွားလေရာ အရှင်နန်းမတော် ဖုရားနှင့်တကွ အဆောင်တော်တစ်ခုလုံး အုံးအုံး ကျွတ်ကျွတ် ညံ မျှ ရယ်မောသံတို့ဖြင့် လွှမ်းမိုးသွားရ တော့သည်။
အရှင်နန်းမတော် ဖုရားသည် သနားတော်မူသော ဆုတော်များကို အားရ၀မ်းသာခံယူသူတို့အး သဒ္ဓါ တရားပွား သည်ထက် ပွားတော်မူလေ့ရှိသည့်အတိုင်း အထွတ်အမြတ်ရောက်ပြီးနောက် နှစ်တိုင်းနှစ်တိုင်း အတာနှစ်သစ်အချိန်၌ ဆုတော်များပေးခဲ့ရာ ဤနှစ်အဖို့ဆုတော်ခံရသူတိုင်းလို ပင် ရွှေငွေ ရတနာ အဖိုးတန် ပစ္စည်း အနည်းအများရရှိသူတွေ နှစ်တိုင်းထက်ဦးရေများလေသည်။ ခင်ဘုန်းက အလှည့်ကျ အမည်စာရင်း ခေါ်ရခြင်း၊ ခင်မကြီးက မဲလိပ်နှိုက်ယူဖြန့်ကြည့် အမှတ်ရှိသည့် အထုပ်ကို ဆွဲထုပ်ပေးရခြင်း ဆုရသူက အထုပ်တွင်းမှ ဆုတော်ပစ္စည်း ဖြေကြည့် ကြရခြင်းစသော အလုပ်များ တ၀ါးဝါး ပွဲကျ ဆူညံလျက်ရှိခဲ့ရာမှ တစ်ခဏတွင် ခင်မကြီးက မဲတစ်လိပ် နှိုက်ယူဖြန့်ကြည့် လိုက်ပြီး အမှတ်နှင့် တိုက်ဆိုင် သော အထုပ်ကိုအပုံထဲမှ ဆွဲနုတ်၍ ပေးလိုက်လေသည်။
ဒိုင်းအတွင်းဝန် ကတော်ကြီးမှာ နာကျင်ပူစပ်လှသော ဝေဒနာမှအနည်းငယ် သက်သာစ ပြုလာသော ကြောင့် ၀ပ်၍ ခံစားနေရာမှ ဒူးညွှတ် ၀ပ်တွားရင်း ရှေ့နားသို့တိုးလာပြီး အများနည်းတူ ဆုတော် အထုပ်ကြီးကို ဖြေကြည့်လိုက်ရသည်။ ဤတွင် "ဟင်"ဆိုသည့်အသံများကို တစ်ပြိုင်တည်းကြားရ လေ၏ ဒိုင်းဝန် ကတော်ကြီးနှင့် သမီးခင်ခင်ကြီးတို့သည် ဆံခြည်ထွေး အတိပြီးသော ဆုတော် အထုပ်ကြီးကို ၀မ်းနည်း ရှက်ကြောက်စွာ စိုက်ကြည့် နေမိရှာတော့သည်။ အပျိုတော်များ လည်း ခေတ္တခဏ "အန်း" နေကြပြီး မှ ၀ါးခနဲရယ်မောပစ်လိုက်ကြသည်။ ခင်ခင်ကြီးအလှည့်မှာလည်း  ထိုနည်းလည်းကောင်းသာ ဖွဲထုပ်ပြာနှင့် ရင်ဆိုင်ရရှာသည်။ မရလည်းရယ် ရလည်းရယ်၊ ဘယ်နည်းနဲ့မှ အရယ်အရွှင် မလွတ် ကြသော်လည်း ခင်ခင်ကြီးတို့သားအမိသာလျှင် သည်နှစ် အတွက် သက်သက်မဲ့ ကံဆိုးသူများအဖြစ်နှင့် နှစ်ဦးတည်း ထူးထူးခြားခြား အများ၏ရယ်မောပြောင် လှောင်မှုကို ခံလိုက်ရရှာသည်။
ဤသို့နှင့်ပင် သင်္ကြန်အခါသမယ အခြားသူများ ပျော်ပါးကြသလောက် ဒိုင်းဝန်ကတော်ကြီးနှင့် ခင်ခင်ကြီး တို့ သားအမိနှစ်ယောက်မှာ နန်းမတော်ဆောင်ပေါ်ဝယ် မျက်နှာငယ်ငယ်နှင့် စိတ်ညစ်ညူးရန် အသွယ်သွယ် တို့ကို တ၀ဲလည်လည် အထပ်ထပ်အခါခါ တွေ့ကြုံ ဆုံစည်းနေရရှာ တော့သည်။
တစ်နေကုန် သဖြင့် ခစားရာမှ အိမ်ပြန်ခွင့်ရသောကြောင့် သားအမိနှစ်ယောက်သားမှာ နန်းရင်ပြင် တစ်လျှောက် တွင် ကိုယ့်ကိုယ်ကိုပင် မသယ်ချင်လောက်အောင် ဒယီးဒယိုင်လျှောက်ခဲ့ရရှာသည်။ ဤအခါမှာပင် လည်း အနှောင့်အယှက်ကလေးများ အနည်းပင် ၀င်ရောက်လာပြန်သေးသည်။ မစွမ်းမသန် ရှိရာတွင် ရှေ့တော်မှရရှိခဲ့သော စိတ်အနာ၊ လူအနာကြောင့် မသယ်နိုင်ရှေ့တော်မှ ရရှိခဲ့သောစိတ်အနာ၊ လူအနာ ကြောင့် မသယ်နိုင်မလှမ်းနိုင်အောင် ဖြစ်နေရှာသူ ဒိုင်းဝန်ကတော် ကြီးနှင့် မိခင်ကို ဖေးမ တွဲယူ လာသော ခင်ခင်ကြီးတို့အားအကြောင့်မဲ့ အပြေးအလွှားသွားလာ ကူးသန်းနေသော လက်ပါးစေ အပျိုတော်ငယ် ကလေးများက မကြာခဏ လူချင်းဝင်၍ တိုက်သဖြင့် ကိုင်ရိုက်သလို လဲကျ နာကျင် ခံရ ပြန်လေသည်။ လက်ပါးစေကလေးများကား အားရပါးရ၀င်တိုက် မိပြီးမှ "အလိုကန်တော့ပါဘုရား"ဟုဆိုကာ တစ်ယောက်နှင့် တစ်ယောက် လိုက်တမ်းပြေးတမ်း ကစားသလို ဆက်လက်ပြေးလွှား၍ အဆောင်ကြို အဆောင်ကြား သို့ ၀င်ရောက်ပျောက်ကွယ်သွား ကြလေ၏ ။
ခင်ခင်ကြီးမှာ မျက်နှာကလေးညိုရာမှ ငိုမလိုမဲ့လာပြီး မိခင်ကြီးကို တွဲမဖေးယူခေါ်လာရင်း "သင်းတို့ တမင်တကာ လိုက်ပြီးအနှောက်အယှက် ရန်စနေကြတာနဲ့ တူပါတယ်မေဖုရား၊ ဒီလိုသာ ခင်ကြီးတို့အပေါ် ဒီအပျိုတော် တွေက မျက်နှာလိုအားရ အနိုင်ကျင့်နေကြမယ်ဆိုရင် နောက်ကို အခစားမ၀င်ဘဲ နေကြရုံပေါ့ ဘုရား"ဟု ငယ်ရွယ်သူပီပီ ပြောလိုက်မိရှာသည်။ ဒိုင်းဝန်ကတော်ကြီး မှာ လှုပ်လီလှုပ်လဲ့ ပျော့နွဲ့နွမ်းလျ သော လေသံဖြင့် အင်မတန်ကြိုးပမ်း၍ ခြေလှမ်းကိုသယ်နေရင်းမှ -"သမီးပြောသလို အခစားမ၀င် နေပြန်ရင်လည်း တစ်ဒုက္ခပဲကွယ်၊ ဘယ်လိုကြောင့် အခစားမ၀င်နိုင် တဲ့အကြောင်း ခိုင်ခိုင်လုံလုံ မပြနိုင် မှဖြင့် အမျက်တော်တကယ်ရှမှ သည့်ထက်ပင်အခံရဆိုးပါတော့ မယ်၊ အပျိုတော်တွေဘယ်လိုပင် စော်ကား စော်ကား မေဖုရားတို့အခစားဖျက်လို့ မဖြစ်ဘူး ထင်တယ် သမီးရယ်"ဟု ညိုးငယ်စွာ ပြန်ပြောရှာ တော့သည်။ သို့ရာတွင် ခင်ခင်ကြီးမှာ စိတ်ကျေနပ်နိုင်ရှာသဖြင့် "တယ်ခက်ပါကလား မေဖုရား၊ ခစားရင်လည်း နှိပ်စက်၊ မခစားရင်လည်း နှိပ်စက်ဆိုတော့ ဘယ်ဘက်ကမှ မသက်သာဘူးပေါ့၊ သည်အတိုင်းသာဆိုလျှင် ရှေ့တိုးလည်း ထမ်းပိုး၊ နောက်ဆုတ်လည်းလှည်းတုတ်၊ အလယ်ကြားက အသွား အနေခက်တဲ့နွားလို ဖြစ်နေပါပေါ့ လား၊ ရွှေနန်းရှင်ဘုရား မြန်မြန်မကယ်လျှင် ခင်တို့သားအမိ သေဖွယ်ရာသာ ရှိပါတော့တယ်"ဟု တိုးတိုးသာသာညည်းမိရှာသည်။
"ကဲ...သမီးရယ် ဒီနေရာမှာ ဘာမှမပြောပါနှင့်၊ အိမ်ကိုသာ မြန်မြန်ရောက်အောင် ပြန်ကြပါစို့"ဟု စကား အစသပ်ကာ အပြင်လမ်းပေါ်မှ စောင့်နေသော ဗီရိုလည်းရှိရာသို့ ခပ်သုတ်သုတ် အရောက်ပြန် ခဲ့ကြရှာ လေ၏
ထိုနေ့မှစ၍လည်း ဒိုင်းတွင်ဝန်ကတော်ကြီးမှာ အအေးမိ၊ အပူငုပ်သော ဝေဒနာနှင့် အိပ်ရာတွင် ဘုံးဘုံး လဲပြီး အဖျားကြီးဖျားနေရကား နန်းမတော်ဖုရားအဆောင်တော်သို့ လုံးဝအခစားမ၀င်နိုင် သော အခြေတွင် ဆိုက်ရောက်ခဲ့ လေ၏ ဒိုင်းဝန်ကတော်ကြီး အပြင်းအထန်ဖျားသဖြင့် အခစားမ၀င် နိုင်သောအခါ ခင်ခင်ကြီးမှာလည်း သက်သာရရသွားသကဲ့သို့ ရှိလေ၏ နန်းမတော်ဘုရားရှေ့တော် တွင် ဖြစ်ပျက် ခံစား လာခဲ့ရသော အကြောင်းအရာများကိုမူကား ဒိုင်းအတွင်းဝန်မင်းအားလည်း ကောင်း စိတ်မကောင်း ဖြစ်ရမည့် စိုးရိမ်သည့်အတွက် သိုဝှက်ဖုံးဖိထားခဲ့လေသည်။
အတာသင်္ကြန်အခါရက်များ ကုန်ဆုံးလျက်နှစ်သက်တစ်ဖက်သို့ ကူးပြောင်းခဲ့ပြီးနောက် ရွှေနန်းတော် တစ်ဝိုက်တွင် ယခင်အတိုင်း မင်းမှုထမ်းတို့ ထွက်ဝင်ခစား၍ တိုင်းနိုင်ငံတော် အုပ်ချုပ် စီမံမှုတာဝန် ၀တ္တရား များ ထမ်းဆောင်လျက်ရှိကြသည်။ မင်းမိန်းမတို့ဆိုင်ရာ အဆောင်များတွင်မူ ကား နန်းမတော် ဖုရား ရှေ့တော်တွင် ဒိုင်းခင်ခင်တို့ သားအမိကို အပျိုတော်ကြီးတစ်စုက သူ့ထက်ငါမျက်နှာလိုအားရ ပြုမူ လိုက်ကြသော အခြင်းအရာများကို တီးတိုးစကားပြောကြားလျက် လက်ဆင့်ကမ်း သတင်းလွှတ် လိုက်သည့် အလား အဆောင်ဆောင်တွင် နေထိုင်ကြသော ဆွေတော်မျိုးတော် မင်းသမီးများနားသို့ ရုတ်ချည်း ပေါက်ကြားပြန့်နှံ့သွားလေရာ ဘယ်လိုအပြစ် များကြောင့်ပါလိမ့်ဟု တသိမ့်သိမ့် ကျောချမ်း မိကြလေသည်။
နန်းမတော်မိဖုရားခေါင်ကြီး စုဖုရားလတ်သည် မောင်တော်ဘုရင်သီပေါမင်းအား လွန်ကဲသော စေတနာ ထားတော်မူခဲ့သဖြင့် သာမညဘုရင် မည်ကာမျှအဖြစ်နှင့် ရောင့်ရဲတော်မမူပေ။ မိမိအဖို့ အတွက်လည်း သာမည ဘုရင်တစ်ပါး၏ မိဖုရားကြီးမျှလောက်ကို တန်ဖိုးထားတော်မမူခဲ့သည့် အလျောက် မောင်တော် ရွှေနန်းရှင်အား ခမည်းတော်မင်းတုန်းဘုရင်မင်းတရားကြီးပမာ သင်္ဂါယနာ တောင် သာသနာ ပြု မင်းကောင်း မင်းမြတ် အဖြစ်သို့ လည်းကောင်း၊ ဘုန်းလက်ရုံးတန်ခိုး အင်အား ကြီးမားကျော်စောခဲ့သော ဘုရင့်နောင်၊ အလောင်းတရား ဆင်ဖြူရှင်မင်းတရားကဲ့တို့ကဲ့သို့ လည်းကောင်း ရာဇ၀င်တွင် ထူးကဲ ပေါ်တွင် သော မင်းတစ်ပါးဖြစ်လာစေလိုသည်။
ထို့ကြောင့် သက္ကရာဇ် ၁၂၄၃ခုနှစ်သို့ တိုင်ရောက်ခဲ့လျှင် ရွှေထီးရွှေနန်းသိမ်းမြန်းစိုးအုပ်တော်မူ၍ ၄နှစ်မြောက်သဖြင့် မင်းသားမန်တို့ သွန်းခံနိုင်ခဲ့သော ရာဇဘိသေက မုဒ´gဘိသိက်ကို သွန်းခံတော် မူရန် တိုက်တွန်း တော်မူလေသည်။ သီပေါရွှေနန်းရှင်လည်း နန်းမတော်ကြီးအလိုတော်အတိုင်း ရွှေဘုံနိဒါန်း ထုံးထမ်းစဉ် ဆက်ကျမ်းဂန်ထွက်အတိုင်း ရွှေနန်းတော်ဦးမြေနန်းပြာသာဒ်တော်ကြီး၏ ရှေ့မျက်နှာတွင် ပွင့်ချပ်တစ်ရာအရေးရှိသော ဘဒ္ဒပိဋ္ဌ အင်းပျဉ်ပလ္လင်တော်ထက်ü မင်းသားမန်တို့ ခံဝံ့သော ရာဇဘိသေက မုဒ္ဓါဘိသိက်ကို သီပေါရွှေနန်းရှင်သည် နန်းမတော်ဖုရားလတ်နှင့်အတူ ဦးထိပ်üစိုက်၍ သွန်းအပ်သော ခရုသင်း သုံးလုံးရှည် ဖြင့် သွန်းခံတော်မူကြလေသတည်း။
ထိုမုဒ္ဓါဘိသိက်သွန်းခံတော်မူသော မင်္ဂလာအခါတော်နှင့် တစ်ပြိုင်နက်တည်း နိုင်ငံတော်အရပ်ရပ် မြို့ပြင်ခရိုင်များတွင် မြို့ပြခရိုင်များတွင် မြို့ဝန်၊ မြို့အုပ်၊ မြို့ရှင်၊ ရွှာရှင်တို့ကို အဝေး၀န်များမှ တစ်ဆင့် စရိတ် ငွေတော်များ ထုတ်ပေးပြီးလျှင် ဘေးလောင်းတော် သီရိဓမ္မာသောကမင်းကဲ့သို့ လဗိမာန်ကို ရာဟု အသူရိန် နတ်ဖမ်းဖုံဆဲ အခါယူ၍ နံတော်သင့်ရာ ရာဇမုနိစေတီပုထိုးများကို တစ်ပြိုင်တည်း တည်ထား ကိုးကွယ် ကြစေသည်။ ရာဇဘိသေက မုဒ္ဓါဘိသိက် သွန်းခံတော်မူပြီး နောက်တွင်လည်း အရှင် နန်းမတော် ဘုရား၏ အလိုတော်အတိုင်း တိုင်းတားမင်းကြီးသည် ပညာရှိမှူးတပ်မတ်တော်ကြီးများအား မြို့တော် သိမ်း အခမ်းအနား ကျင်းပတော်မူရန် လျှောက်တင် စားဆက်သွင်းလျက် ရှေးမင်းတို့လက်ထက်ကကဲ့သို့ ရတနာပုံ ရွှေမြို့တော်ကြီးကို မြို့တော်သိမ်း မင်္ဂလာသဘင် ဆင်ယင်တော်မူသင့်ကြောင်း လျှောက်ထားကြရာ ရွှေနန်းရှင်ဘုရားသည် ရွှေမြို့ တော်သိမ်းအခမ်းအနားကို စာတမ်း ထွက် အတိုင်း လုပ်ဆောင်စေရန် အမိန့်တော်မြတ်ချမှတ်တော် မူလျှင် ဆိုင်ရာမှူးတော်မတ်တော်တို့လည်း ဘုရင့် သစ္စာကို စောင့်သိကြည်ညိုရင်းရှိကြသည်နှင့် အညီ မြို့တော်သိမ်းအခမ်းအနားကို အားရ၀မ်းသာ စီမံကြ လေတော့သည်။
ရွှေမြို့တော်ကြီးအရှေ့မျက်နှာ ဦးထိပ်တံခါးတော်၏ လက်ယာဘက်တွင် စံနန်းတော်မင်းညီမင်း သား မှူးတော်မယ်တော်တို့ ရပ်နေရန် တဲ, ကန္နားဖျင်းများ (ဘောင်ပေါ်သို့တက်ရန် ဝေါ်ပေါ်သို့တက်ရန်) ဘောင်ရှည်-ဝေါရှည် ဆောက်လုပ်၍ ရထားဆင်မြင်းစသော စစ်အင်္ဂါလေးပါး များကို ရွှေမြို့တော်ကြီးပတ်လည် ကျုံးတွးကျုံးပြင် လမ်းမတော်များက နမန္တာဘက်၊ ဓာတ်ဘက် တပ်ကြီး ခင်းကျင်း ရန် ရွှေစက်တော်တင် (စီးနင်းတော်မူရန်) ကရ၀ိတ်ဖောင်တော်နှင့် ဖောင်တော် ကို ဆွဲရန် လှော်ကား တော် ခက်လှေတော်-လှော်လှေတော်-ရဲလှေတော်-သင်္ဘော၊ သမ္မာန်တော်များ နှင့် မင်းညီ မင်းသား မှူးတော် မတ်တော်တို့ စီးနင်းရန်လှော်ကားတော်များပါမကျန် ကျုံးတော် အတွင်း ရေတပ်တော် ခင်းကျင်းလျက် ထားရှိလေသည်။
သီပေါမင်းတရားကြီးနှင့် အရှင်နန်းမတော်မိဖုရားခေါင်ကြီးတို့သည် မင်းသားမင်းသမီးဆွေတော် မျိုးတော် မောင်းမမိဿံ အပေါင်းခြံရံလျက် မြင့်မြတ်တင့်တယ်သော အသေရေကိုဆောင်တော်မူ လျက် ရွှေမြို့တော် သိမ်း အခမ်းအနားကို ထွက်ကြွတော်မူခဲ့ရာ ရွှေနန်းတော်မှမြို့တော်အရှေ့မျက် နှာ ဦးထုပ်တံခါးတော်၏ အပြင်ဘက် ကွန်းထောက် ယာယီစံနန်းတော်အရောက် ရှေ့တော်မှ တပ်ပေါင်းခြောက်ထပ် နောက်တော်မှ တပ်ပေါင်းခြောက်ထပ် တပ်ဝင်းခြောက်ထပ်တပ်ဝင်းခင်း ကျင်းလိုက်ပါလျက် ဘုရင်မင်းမြတ်ကြီးမှာ ပြည်သူတို့ နှုတ်ဆက်ဖူးတွေ့နိုင်စေခြင်းဌာ စိန်၊ မြ၊ ပတ္တမြားစသော ရတနာအပေါင်းတို့ဖြင့် ခြယ်လှယ်သော ကြိုးလုံးတင်အဆင်တန်ဆာကို ဆင်ယင်ထားသည့် မင်းစီးအင်္ဂါငါးပါးနှင့် ပြည့်စုံသော ဂမုန်းကြောင်း ဆင်တော်နှင့် ထွက်တော်မူခဲ့ လေ၏။
သီပေါရွှေနန်းရှင်နှင့် နန်းမတော်ဖုရားလတ်တို့သည် ကောင်းမြတ်သော လုံးရပ်သဏ္ဍာန်ကြန်အင် လက္ခဏာအပေါင်းနှင့် ပြည့်စုံသော မင်းသုံးဂမုန်းကြောင်း၊ ဆင်တော်ပေါ်တွင် ရွှေစက်တော်တင် လျက် ထွက်တော်မူလာစဉ် စီးတော်မူသည့် ဂမုန်းကြောင်းဆင်ကို ဦးစီးရသူမှာ လူယုံတော် လက်သုံးတော်ကြီး မြောက်ဒ၀ယ်ဗိုလ် ရနောင်မြို့စားမင်းသား မောင်မောင်တတ်ဖြစ်၍ နောက်ထိုင် အဖြစ်နှင့် ထီးဖြူတော်ကို အုပ်မိုးလျက် လိုက်ပါရသူမှာ ညီပင်းသားမင်းသား သူရဲဝန်ကျပင်း မြို့စား ဖြစ်လေ၏။ ထိုအခါတွင် အရှင်နန်းမတော်သည် ဆင်တော်ပေါ်မှာပင် ရုတ်ရက် စဉ်းစား ဆင်ခြင်တော်မူမိသည်။ မောင်မောင်တုတ် အား မောင်တော် သီပေါရွှေနန်းရှင်ဘုရားထက်ပင် ဆင်ခြင်တော်မူမိသည်။
မောင်မောင်တုတ်အား မောင်တော်သီပေါ ရွှေနန်းရှင်ဘုရားထက် ပင် သဒ္ဓါယုံမှတ် တော်မူပြီး ချီးမြှင့် သူကောင်း ပြုတော်မူထားပါလျက် ဒိုင်းခင်ခင်ကြီးကိစ္စတွင် ပါဝင်အား ပေးကာ သစ္စမဲ့ပြုနေသည်ဟု သင်္ကာ မကင်းတော် မူသဖြင့် မျက်နှာတော်ခပ်ထားထားနှင့် စံတော်မူ လျက်ရှိသည့်အပြင် စိတ်တော်ထဲတွင် အတွေး အမျိုးမျိုး ၀င်စားလျက်ရှိတော်မူပြန်သည်။ လူယုံသတ်လျှင် သေတတ်သည်ဆိုသော စကားပုံကို အာရုံစူးစိုက်တော်မူလျက်ရှိသည်။ မြှောက်စားလွန်းလျှင် ရောင့်တက်တတ်သော လူ့စရိုက်ကိုလည်း အလိုက်သင့်စဉ်းစားတော်မူလေ သည်။ သစ္စာတရားခေါင်းပါးသူအား ဓားလှံလက်နက်အပ်၍ နီးနီး ကပ်ကပ်စေပါးနေခဲ့လျှင် ကျေးဇူးရှင်ကို ဆင်ခြင်မဲ့ကင်းစွာ ရန်ရှာခြင်းပြုနိုင်လေသည်ဟု တစ်လီ တစ်ခန်း တွေးထင်ချက် လွှမ်းမိုးလျက်ရှိတော်မူသည်။
သို့ဖြင့် လူအသီးသီးတို့၏စရိုက်နှင့် အကြိုက်ကို သိတော်မူလိုသောဆန္ဒပြင်းပြတော်မူခဲ့လေသည်။ တိုင်းပြည်နိုင်ငံတော်အတွင်းမှာ ရနောင်မြို့စားမောင်မောင်တုတ်တို့၏ သြဇာအာဏာမှာလည်း အလွန်တရာ ကြီးမားလျက်ရှိသည်။ အထက်အခါက ယုံစားတော်မူသဖြင့် အခွင့်အရေးအဆောင် အယောင ကြီးကျယ်စွာ ပေးသနား၍ အရေးတယူမြှောက်စားတော်မူခဲ့သဖြင့်လည်း ဤမျှတန်ခိုး ထက်နေခြင်းဖြစ်ရာ တင်ထားတာ စစ်ကဲကို ဆွဲချလိုသည်တိုင်ခိုင်လုံသော အပြစ်အနာမရှိဘဲ မင်းအာဏာလက်ကိုင်ထား၍ ညှဉ်းလျှင်တရားမဲ့သောမင်းဟု စကားတင်ဆိုကြပေမည်။ ရနောင်စား ကလည်း အကယ်၍ တရားမပျက် သစ္စာမဖောက်လျှင် အပြစ်တင်ရန် မရှိပါပေဟုတွေးတော်မူလေ သည်။ သို့ကြောင့်ရနောင်စား၏ စိတ်နေစိတ်ထား ဖြောင့်မဖြောင့်ကိုစောင့်၍ အကဲခတ်ရန် အကြံတော်ရှိစဉ်တွင် ရုတ်တရက် ကောက်ကာ ငင်ကာ သတိရတော်မူလာသော က္စိတစ်ရပ်ကို မောင်တော်ရွှေနန်းရှင်အပါးသို့ကပ်၍ လျှောက်တင်တော် မူလိုက်မိသည်။
"မောင်တော်နှင့် နှမတော်တို့ယခုလို ဆင်တော်ပေါ်မှာ စံတော်မူပြီး ပြည်သူတို့အဖူးအမြှော်ခံတော် မူလာတဲ့အတိုင်း တိုင်းသူပြည်သူအများ ပျားပန်းခပ်မျှဖူးမျှော်ကြတာ တွေ့မြင်တော်မူရသဖြင့် သားငယ် သမီးငယ်တွေကို တွေ့ရသလိုစိတ်တော်ချမ်းမြှေ့လှပါတယ် မောင်တော်ဘုရား၊ သူ့ခမြာ များမှား ကိုယ်အမိအဖနှင့်တူတဲ့ မောင်တော်နှင့် နှမတော်တို့ကို ယခုလိုကြုံကြိုက်သည့်အခါမှ တွေ့လိုက် ရ မြင်လိုက်ရ ပြီး တစ်စုံတစ်ရာဘာမျှပြောဆိုတိုင်တမ်း လျှောက်တင်စရာအခွင့်အရေး မရရှာ ပါကလား မောင်တော်ရဲ့"
ရွှေနန်းရှင်ဘုရားလည်း နန်းမတော်ဘုရားကြီးကဲ့သို့ပင် တိုင်းသူပြည်သားတို့အား သနားကြင်နာ တော်မူစိတ် ယိုဖိတ်တော်မူလာသည်နှင့်-
"အခွင့်အရေးပေးထားပါကလား နှမတော်ဘုရင်မင်းမြတ် ထွက်တော်မူခိုက်နှင့် ကြုံကြိုက်တဲ့အခါ မျိုးမျာ သူတို့ လျှောက်တင်လိုရာကို  လျှောက်ထားနိုင်ကြပေသားကပဲ"
ဟုမိန့်တော်မူလျှင် အရှင့်နန်းမတော်ဖုရားက-
"သို့ပေမဲ့ ပေးကားပေး၏ မရ ဆိုသောစားလို ခမျာများမှာ တပ်ဝင်းအခင်းအကျင်းတို့ဖြင့် ခြံရံလျက် ရှိသော မောင်တော် ဘုရင်မင်းအား ဟစ်အော်လျှောက်ထားရန် ခဲယဉ်းပါမည်။ လက်အောက်ငယ် သား မင်းမှုထမ်းများကို ကြောက်ရွံ့၍ လျှောက်တင်ခွင့်ရအောင် ကြံဆောင်ဝံ့မည်မဟုတ်ပါ၊ တစ်နည်း တစ်လမ်း တွေးစရာ မှာတော့ ပြည်သူပြည်သားတို့၏ မကျေနပ်မှုတိုင်တမ်းလျှောက်ထား လိုမှုများမှာ အများအားဖြင့် မင်းမှုထမ်းတို့ဆိုးသွမ်းမှု၊ ကတိလိုက်စား တရားပျက်ကွက်မှု တို့ကို ရွှေနားတော် ကြား လျှောက်တင် လိုကြမည်ဖြစ်ပါသည်။ ဒီကစ္စတွေကို မင်းမှုထမ်းများမှတစ်ဆင့် ဘုရင့်ရွှေနားတော်သို့ ပေါက်ကြားအောင် လျှောက်ထားဟစ်အော်ခြင်းမပြုနိုင်ခင် သူတို့ကို အရင်နှိပ်စက်ရန်ရှာခံကြရမှာ ဖြစ်လေတော့ တော်ရုံ တန်ရုံ ကိစ္စများကို ခေါင်းလျှို၍သာ ခံနေကြရှာပါ မည် မောင်တော်"
ရွှေနန်းရှင်က နန်းမတော်လျှောက်တင်စကားကို နားဆင်တော်မူနေရာမှ-
"နှမတော်က မောင်တော်တို့၏ သစ္စာခံမင်းမှုထမ်းများကို တရားပျက်ကွက်နေတယ်လို့ ယူဆတော် မူပါသလား"ဟု မျက်နှာတော်ပြုံးပြုံးထား၍ မိန့်ကြားတော်မူလေသည်။
"ဒီလိုထင်တော်မူလိုလည်း မဟုတ်ပါ၊ လူသတ္တ၀ါတို့ရဲ့ ၀သီစရိုက်မှာ အမျိုးမျိုးအစားစားရှိကြသဖြင့် တရား နှင့်အညီ အမှုထမ်းသူများ ရှိကြသလို တိုင်းသူပြည်သားဆင်းရဲသားအပေါ်တွင် မတရားစိတ် နှင့်နှိပ်စက် ဆိုးသွမ်း နေတဲ့ မင်းမှုထမ်းများလည်း ရှိကောင်းရှိကြပါလိမ့်မည်၊ ဒီတော့ ပြည်သူပြည်သားတွေ စိတ်ရှိသမျှ လွတ်လပ်စွာ ဦးတိုက်လျှောက်တင်နိုင်ကြလေအောင် နှမတော် တစ်နည်းတစ်လမ်းကြံဆောင်တော်မူရန် အကြံဥာဏ် ပေးလိုပါတယ် မောင်တော်ရယ်"
"အင်မတန်သင့်မြတ်ပါတယ်၊ ဘယ်လိုစီမံတော်မူပါမည်လဲ"
"ယခုလိုပရိသတ်ဗိုလ်ပုံ အင်မတန်စုံလင်လှတဲ့ အခိုက်အတန့်မှာ ပြည်သူပြည်သားတို့ နစ်နာမှု မတရားမှု၊ မင်းမှုထမ်းတို့ ဆိုးသွမ်းမှုများကို တိုင်တမ်းလျှောက်ထားလိုသူများသည် အမည်မဖော်ပြ ဘဲ စာဖြင့် ရေးသား တိုင်ကြားရမည်။ တိုင်ကြားသောစားများကို ရွှေသေတ္တာက တိုင်စာများကိုလည်း တစ်ဖက်သတ် ယုံကြည်ခြင်း မရှိ၊ ဟုတ်မဟုတ် မှန်မမှန်ကို သက်သေခံအထောက်အထား ခိုင်လုံစွာ ရရှိရန်နှင့် တရား သဖြင့် ထောက်လှမ်းစုံစမ်းပြီးမှ အမှုကိစ္စအကြီးအသေးလိုက်ပြီး ထိုက်သင့်သလို အပြစ်ပေး၍ အရေးယူရန် ဖြစ်ပါတယ် မောင်တော်ရယ်"
"သင့်လျော်လှပေသည် နှမတော်၊ ကွန်းထောက်စံနန်းသို့ရောက်လျှင် အမြန်ပင် အမိန့်တော်မြတ် မှတ်တော် မူပါမည်"
"နှမတော်အကြံပေးတော်မူသည့်အတိုင်း ရွှေသေတ္တာများထားရှိကြောင်း ပြည်သူအပေါင်းသိရှိရန် အမြန် မောင်းကြော်စေလျက် ရွှေသေတ္တာ မလွယ်ပေါက်မှ ထည့်ဆက်သမျှတင်လွှာများကိုလည်း ယုံကြည်စိတ်ချ ရသူ ဗြဲတိုက်သံတော်ဆင့်များကိုသာ အစောင့်ထား၍ ရွှေလက်တော်ရောက် ဆက်သကြရန် အမိန့်တော် ကျန်ပါသေးသည်"
"ကောင်းပြီ နှမတော်၏အကြံသည် အဖိုးတန်ပါပေသည်"
"ပြည်သူပြည်သားများကို ကြည့်စမ်းပမောင်တော်နှမတော်တို့ ထွက်တော်မူ လာသည်ကို ခရီးဦးကြို အရိုအသေ ပြုနေရှာကြသည်"
ဂမုန်းကြောင်း ဆင်တော်ကြီးသည် တပ်ဝင်းအလယ်မှတင့်တယ်စွာ လှမ်းသွားလျက်ရှိလေရာ ဆင်တော် ပေါ်တွင် အရှင်နှစ်ပါးအားထီးဖြူတော်မိုး၍ လိုက်ပါရသူ ပင်းသာမင်းသား မောင်မောင် ဗြောင်းနှင့် ဦးစီးအဖြစ်လိုက်ပါရသူ ရနောင်မင်းသားမောင်မောင်တုတ်တို့လည်း ကြီးစွာတော် ပရိသတ်လူထုကြီးတို့က အရှင်နှစ်ပါးအား ဆီးကြို၍ အရိုအသေပေးလျက်ရှိသည်ကို နှစ်လိုဝမ်း မြောက်စွာ လိုက်ပါလာခဲ့ကြလေ၏ ။
ဦးထိပ်တံခါးအပြင်ရှိ ကွန်းထောက်စံနန်းတော်သို့ မင်းမိဖုရားတို့ ဆိုက်ရောက်တော်မူလျှင် ပွဲသဘင်စုံတို့က သာယာစွာ တီးမှုးကခုန် ဖြေဖျောကြရလေသည်။
ရွှေနန်းရှင်ဘုရားလည်း နန်းမတော်ဘုရား အလိုတော်အတိုင်း ရွှေမြို့တော်လေးပြင်လေးရပ် ပရိတ်သတ်စုံရာသို့ရွှေသေတ္တာနှင့် တင်လွှာတော်ခံယူ ဆက်သကြရန် အမိန့်တော်ထုတ်ပြန်ခဲ့လေ သည်။ ထိုမှတစ်ဖန် ကျုံးတော်ရေမျက်နှာပြင်အတွင်း ခင်းကျင်းစီမံထားရှိပြီးဖြစ်သော သင်္ဘော တော်၊ သမ္မတော်၊ လှော်ကားတော်၊ ခတ်လှေတော်၊ လှော်လှေတော်၊ ရဲလှေတော်များက နရနည်းခရာ ဗုံတောင် ရေကင်း စသော တီးမျိုးမှုတ်မျိုးတို့ကို တစ်ပြိုင်နက် တီးမှုကြပြန်သည်။ သီပေါရွှေနန်းရှင်နှင့် အရှင်နန်းမတော် မိဖုရားခေါင်ကြီး တို့သည် အခြွေအရံတို့နှင့် ကရ၀ိတ်ရတနာ ရွှေဖောင်တော်သို့ တက်ကြွစံပယ်တော်မူပြီး ကရ၀ိတ် ရွှေဖောင်တော်၏ နောက်တော်မှ မင်းညီ မင်းသားမှူးတော်မတ်တော်များကလည်း အရာအထူး အဆင့်အတန်း အလိုက် လှေတော်လှော်ကား တော်များနှင့် ငြိမ့်ငြိမ့်မွှမ်းမွှမ်း ရေတပ်ကြည်းတပ်စုံစွာ နောက်တော်မှ ကျုံးတော်ရေမျက်နှာပြည့်မျှ ရှိကြလေသည်။ မြို့တော်လေးမျက်နှာ ကျုံးတော်ကမ်းနဖူး လေးမျက်နှာမှာလည်း ပြည်သူပြည်သား ပရိသတ်များ ကမ်းညွှတ်မျှ စည်ကားလျက်ကျုံးတော်တွင်းမှ ရေကြောင်းထွက်တော်မူလာသော အရှင်နှစ်ပါးကို အရိုအသေပြုကြလေသည်။
ကရ၀ိတ်ရွှေဖောင်တော်လည်း ရွှေမြို့တော်ကျုံလေး မျက်နှာကို တစ်ပတ်လှည့်ပတ်မိပြီး ရှေ့မျက်နှာ ကွန်းထောက် စံနန်းတော်သို့ ပြန်လည် ဆိုက်ရောက်လေလျှင် အရှင်နှစ်ပါးလည်း မူလ ထွက်တော်မူ လာရင်းဖြစ်သော ဂမုန်းကြောင်း ဆင်တော်နှင်ပင် ရွှေနန်းတော်သို့ ပြန်၍၀င်တော်မူလေရာ အမိန့် တော်မြတ် ချမှတ်တော်မူ ခဲ့ပြီးဖြစ်သော ရွှေသေတ္တာများလည်း ကုန်းပွဲရေပွဲဆင်နွှဲ၍ ပျော်ပွဲ အရပ်ရပ်ကို အာရုံဝင်စား လျက်ရှိသော တိုင်းသူပြည်သားတို့ အလယ်တွင် ထင်ထင်လင်းလင်းချက်ချင်းပင် ပေါ်လာရုံမက ဆိုင်ရာအရာရှိတို့ကလည်း ရွှေမောင်းသံတဒူဒူနှင့် ဆူညံစွာဟစ်အော်ကြော်ငြာ၍ နေကြ လေ၏ ။
ထိုမြို့တော်သိမ်းပွဲတော်အချိန်မှစ၍ တိုင်းသူပြည်သားမှန်သမျှမည်သူမဆိုမကြောက်မရွဲ့မငဲ့မကွက်  အမည် မဖော်ရဘဲ လွတ်လွပ်စွာ လျှောက်လွှာတင်လွှာရေးသားလျက် ဘုရင်နှင့်မိဖုရားကြီးတို့ ရွှေလက်တော် ရောက် ပေါက်မြောက်စွာ ပေးပို့ဆက်သနိုင်သော(*)ရွှေသေတ္တာများကို ရွှေမြို့တော် လူဆုံရာဌာနများတွင် အမြဲ ချထားသည်၊ ဗြဲတိုက်သံတော်ဆင့်ကြီးများ ကြီးမှူးအုပ်ချုပ်၍ တစ်သီတင်းလျှင် တစ်ကြိမ်ကျ သော့ဖွင့်ယူပြီး အလွှာတော်များကို ရှေ့တော်သို့ ပို့ဆက်ရသည်။
ယင်းသို့ မြို့တော်သိမ်းအခမ်းအနား ပွဲသဘင်ပြီး၍ ရက်များမကြာမီတွင် သီးပေါရွှေနန်းရှင် ဘုရားမင်း နှင့်တကွ ရွှေနန်းတော်တစ်ခွင်လုံး မရွှင်မလန်း ညှိုးနွမ်းလျက် ရှိကြလေသည်။ သီပေါရွှေနန်းရှင်ဘုရားမှာ ဘုရင့်မယ်တော် အဖြစ် ရောက်၍ နှစ်မကြာလှမီ နတ်ရွာစံတော်မှုရှာ သော မယ်တော်ဖုရားအတွက် အလွန်လျှင် ကြေကွဲတော်မှုလေသည်၊ မယ်တော်၏ အလောင်းတော်ကို ခမည်းတော် မင်းတုန်းမင်း တရားကြီး၏ အုတ်နန်းပြာဿးဒ်တော်အနီးတွင် ထီးဖြူတော် လေးစင် အုပ်မိုး၍ တပ်ဝင်း၊ အခင်းအကျင်း ကြီးကျယ်စွာ ခြံရံ၍ ရွှေဝါတော်တွင် စီးနင်းထွက်တော် မှုကာ မီးသဂြိုဟ်တော်မှုသည့် မယ်တော်၏ အရိုးတော်ကို မယ်တော်ဖုရား၏ စာရေးတော်ကြီး မင်းတင်ရာဇာက ဖြူသော ဗောင်းဝတ်လုံတို့ကို ၀တ်ဆင်ကောက်ယူ၍ ပတ္တမြားဖြင့်ပြီးသော ရွှေကြုတ်တွင်ထည့်ပြီး ရွှေဝါတော်တွင် ပိုက်ပွေ့လျက် ထီးဖြူ လေးချက် အုပ်မိုးကာ အခမ်းအနား ကြီးကျယ်စွာနှင့် ဧရာဝတီမြစ်သို့ ယူဆောင်လျက် လှော်ကားတော် နှစ်စင်းနှင့် တင်၍ မြစ်လယ်တွင် ချလေသတည်း။
နှစ်သစ်တာသင်္ကြန်တော် အခါမှစ၍ ကဆုန်လတွင်လည်း ရာဇဘိသေက မုဒ္ဓါဘိသိတ် တော် အခမ်းအနား မြို့တော်သိမ်း အခမ်းအနား ကိစ္စများက အစပြု၍ နောက်ဆုံး မယ်တော် လောင်း ရှည်မိဖုရား နတ်ရွာစံတော်မူသည့်ကိစ္စတွင် အဆုံးထား၍ သီပေါရွှေနန်းရှင်ဘုရားမှာ မြတ်နိုးတော်မူ လှသော ဒိုင်းခင်ခင်ကြီးနှင့် ကင်းကွာတော်မူလှသည်မှာလည်း မိခင်ဝန်ကတော်ကြီး မကျန်း မမာဖြစ်ရာတွင် ပြုစု ယုယရင်း ပန်းဖျားပန်းနာရသွားတော့သည်။ ရက်အတော်ကြာပြီးနောက် ပျောက်သည်ဟု ဆိုရစေကာမူ မအီမသာ ရောဂါတစ်မျိုး ပေါ်လာပြန်သဖြင့် ရှေ့တော်သို့ ခစားခွင့်မ ကြုံသာဘဲ အိပ်ရာတွင်လှဲရင်း၊ စိတ်တွင်းက ရည်ရော်၍ ကိုယ်တော်ကိုလွမ်းလျက် ရိခဲ့ရှာသည်။ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်၍ ထူထောင်နိုင်သည့် တစ်ခဏ၌ အိပ်ရာမှ လူးလဲထပြီး အစ်ကိုကြီး မောင်မောင်ငယ်၏ ခါးပုံစံဆွဲ၍ ရွှေနန်းတော် ထဲသို့ လိုက်ခဲ့လေသည်။
ရွှေနန်းရှင်ဘုရားကလည်း နေ့အခါ ရွှေနန်းတော် ရင်ပြင်၌ အင်မတန်ကြီးလေးသော နိုင်ငံတော်၏ အရေးကိစ္စ အ၀၀တို့တွင် စိတ်အာရုံဝင်စားတော်မူခဲ့သလောက် ကြယ်ရောင်ဖျေက် ဖျောက်နှင့် ညဥ့်အချိန် ရောက်လျှင် ကြင်နာတော်မှုလက်စ ရှုစား၍မျှ မ၀နိုင်သေးသော ချစ်ရေးဝင်ခဲ့သူ ခင်ချင်ကြီးအား ဘွားခနဲသတိတော်ရမိသည်။ သတိတော်ရလျှင်ပင် လက်သုံးတော်ကြီးကို၊ ရနောင်မင်းသားအား ခင်ခင်ကြီး မရောက်လာနိုင်သည့် အကြောင်းများကို အမေးတော်ရှိလေသည်။ ဒိုင်းအတွင်းဝန်ကတော်ကြီး မကျန်း မမာရာမှအစ ခင်ခင်ကြီးပါ လူမမာပြုရာက ပန်းဖျားဖျား၍ ရွှေဖ၀ါးတော်အောက် အခစားမရောက်ရဖြင်း ဖြစ်ကြောင်း များကို မောင်မောင်တုတ် လျှောက်တင် စကားဖြင့် ကြားသိတော်မှုလျှင် ကြင်နာ သနားတော် မူလှ၍ မောင်မောင်တုတ် မောင်မောင်ငယ်တို့ အား ဆေးဝါးကောင်း ဓာတ်စာကောင်းတို့ဖြင့် ဂရုတစိုက် ပြုစုကြရန် အတန်တန်မှာ ကြားတော်မူ လျက်ရှိရာက တစ်စတစ်စ ဝေဒနာသက်သာ၍ ကျန်းမာ လာကြောင်း သိတော်မူရမှ ရွှေစိတ်ချ ခဲ့သည်။
ယခုညဥ့်အဖို့ကား ရွှေလရောင်ရေးရေး၊ မြတ်လေးနံ့မွှေးမွှေးနှင့် ပန်းခုံတော်တောင်ဘက်ဘေး တွင် ယခင်တွေ့နေကျ အတိုင်း သီပေါရွှေနန်းရှင်ဘုရားသည် ဒိုင်းခင်ခင်ကြီးနှင့် တွေ့ဆုံတော် မူကြပြီးနောက် လရောင် အောက်သို့ ထွက်တော်မူခဲ့ပြီးလျှင် မမြင်မတွေ့ရသော နေ့ရက်များ ကြောင့် ရွှေနန်းရှင်ဘုရားမှာ ခင်ခင်ကြီးကို စိမ်းစိမ်းလဲ့လဲ့ ရှုစားတော်မူလျက်-
"ခင်ခင် နည်းနည်းပိန်သွားတယ်၊ ခင့်မယ်မယ်ကို ပြုစုရလို့ မကျန်းမမာဖြစ်ရတယ်ဆို၊ ကိုယ့်ကိုယ် ကိုယ်လည်း ညှာဦးမှပ ခင်ရဲ့"ဟု ယုယုယယ ပြုတော်မှုရာ အမေးတော်ရှိလျှင် ခင်ခင်ကြီးကလည်း ငိုချင်လျက် လက်တို့သည့်အလား-
"တင်ပဘုရား၊ မေဖုရား မကျန်းမာလို့ ပြုစုသည်မှာ ညအခါကောင်းစွာ မအိပ်ရလို့တစ် ကြောင်း ကံမကောင်း ကြောင်းမသင့်တဲ့ ကိစ္စတွေကလည်း အများအပြားမို့ သားအမိနှစ်ယောက် စလုံး ဗုန်းဗုန်း လဲကျရခြင်းပါဘုရား"  
"သြော်...... ဒိုင်းဝန်ကတော်မှာ မှုလကရောဂါသည်ကို နောက်ထပ်၍ ဘယ်လိုဝေဒနာမျိုး စွဲကပ်ပြန်ရှာသလဲ ခင်ရဲ့"
"သင်္ကြန်ပွဲတော်အချိန်က အရှင်နန်းမတော်ဖုရား ရှေ့တော်မှာ အပျိုတော်တွေ ရေကစားကြမ်း လွန်းလို့ အပူရှပ်ပြီး အဖျားရောဂါ ကပ်ရောက်ရကြောင်းပါဘုရား"
"သြော်.....ဖြစ်ရပလေ၊ ခင့်မေမေ ရောဂါသည်ကို ဒီအပျိုတော်တွေက် ဘောက်မဲ့ကြောင့် ရေနဲ့ လောင်း ရသလဲ"
"ရေနှင့်လောင်းသည်မှာလည်း နည်းနည်းနောနော မဟုတ်ပေါင်ပါဘုရား၊ အပျို တော်တွေ ရှိသမျှစုရုံးပြီး တစ်ကိုယ်ဖလားတစ်လုံးစီနှင့် တဗြုန်ဗြုန်း တဒိုင်းဒိုင်း မြင်းကောင်းစိုင်းသလို မရပ်မနားလောင်း၍ သွားကြသည်မှာ အသက်ရှူချိန်ပင် မရအောင် မွန်းလှသဖြင့် ဖျကျွန်မတို့ သားအမိ မသေရုံတယ် ရှိပါသည် ဘုရား"
"အလို.....ပလေ ခင်ခင်ရယ်၊ သို့ ခင်တို့ အရှင်နန်းမတော်ဖုရားက တားမြစ်တော် မမူဘူးလား"
"အရှင်နန်းမတော်ဘုရားကတော့ ရှေ့တော်မှာ ပျော်ပျော်ပါးပါး ရေကစားကြသည်ကို ရှုစားတော်မူလို၍ ပျော်စေပြက်စေဟု ခွင့်ပြုတော်မထားတဲ့အခိုက် ၀ုန်ဝုန်းဒိုင်းဒိုင်းနှင့် မို့ သူတိုရဲ့ နောက်ပိုက်းက ဖျကျွန်မတို့ အဖြစ်အင် ကိုတွေ့မြင်တော်မူမည် မထင်ပါဘူး၊ မံသကြီးရွာစား ခေါင်းဆောင်ပြီး လှလှကြီး ပညာရို နှိပ်စက်ခံ လိုက်ရတဲ့ နောက်ဆက်တွဲကိစ္စတွေလည်း မနည်းကြီး ကျန်ပါသေးငဲ့ဘုရား"
"ဟင်........ သည်မံသကြီးရွားစားကကော ဘယ်လိုများ ခင်းတို့သားအမိကို ပညာရှိနှိပ် စက်လိုက်ရပြန်သည်လဲ"
"အပျိုတော် တွေ လိုက်တမ်းပြေးတမ်း ကစားသလို ရေဖလားကိုင်ပြေးတိုင်း အလယ်ကဖျ ကျွန်မတို့ သားအမိမှာ သစ်ငုတ်တိုလို သွားချည်ပြန်ချည် ခလုတ်တိုက်ခံရပါသဖြင့် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို အရိုးအသားများ နာကျင်လှပါသည်။ သူတို့ ခလုတ်တိုက်၍ အားရလောက်တဲ့ အချိန်ကျမှ ရပ်နား ကြပြန်တော့လည်း သင်္ကြန်ထမင်းပွဲထဲ ငရုတ်သီးလွန်ကဲအောင် ထည့် ကျွေးခြင်း၊ ဆုတော်အထုပ်များ ကံစမ်း နှိုက်ရာတွင် အမှိုက်ဆံခြည်မျှင်တွေပါသော အထုပ်ကိုသာ တမင်တကာ ရွေးပေးသဖြင့် ရယ်သွမ်းသွေးခံရသည်တို့မှာ မံသကြီးရွာစား၏ လက်ရာချည်းဖြစ် ကြောင်းပါဘုရား"
အတွင်းကြာခြည်တော်ထဲမှ ခင်ခင်ကြီးကို တွဲမလျက် အပြင်ဘက်သို့ထွက်တော်မူလာစ ကပင် သဉ္ဇလီပေါ်တွင် ခြေတွဲလွဲချ ထိုင်တော်မှုရာ ဒူးပေါ်မေးတင်၍ ရွှေနန်းရှင်ဘုရားမှာ ကလေးအသွင် တွက်တီင်္း တွက်တာနှင့် ဖြစ်သမျှအကြောင်းရုံးပေါင်း သံတော်ဦးတင်နေရှာသော ခင်ခင်ကြီးအား သနားကြင်နာစွာနှင့် ဆံစကလေးများ သပ်ပေးကာ နားဆင်တော်မူလျက်ရှိသည်။
"ဒီမံသကြီး မမဟာ ခင်တို့ကို ဘာကြောင့်များ ငြိုးနေပါလိမ့်ဘုရား၊ ရွှေနန်းရှင် မောင်မောင်ဘုရား ဆုံးမတော်မူပေးပါလားဘုရား၊ သည်အတိုင်း ကြာကြာထားတော်မူပါလျှင် ခင်တို့သားအမိမှာ မံသကြီးမမ နှိပ်စက်တာနှင့် သေရတော့မှာပါပဲဘုရား"
"သည်အဖြစ်အပျက်တွေက် မောင်ဖေနှင့် မောင်တုတ်တို့ကို ပြောပြီးပြီလား"
"မှန်လှပါဘုရား၊ သူတို့ စိတ်မကောင်းမည်စိုးသည်နှင့် မပြောပါဘုရား၊ ရွှေနန်းရှင် မောင်မောင်ဘုရား ကိုသာ ခင်ကြီးရဲ့ အားထားမှီခိုရာမို့ မခြွင်းမချန် မှန်ရာကို သံတော်ဦးတင်ရ ကြောင်းပါဘုရား"
"သြော်...ခင်ကြီး...ခင်ကြီး၊ သနားစရာပဲ၊ ကဲလေ သည်အတိုင်းကြာရှည်ထားတော်မမူပါဘူး၊ မောင်တုတ် နှင့်မောင်ဖေငယ်တို့ကို ယခုပင်ခေါ်၍ တိုင်ပင်တော်မူပါ့မည်"ဟု မိန့်တော်မူကာ ဒိုင်းခင်ခင်ကို အချိန်း အဆက်ပေးစေလျှင် ဗြဲတိုက်ဆောင်မှောင်ရိပ်မှ တိတ်တဆိတ်စောင့်စားနေ သော ရနောင်မြို့စား မောင်မောင်တုတ်နှင့် တောင်သမန်လယ်စား မောင်မောင်ဖေတို့မှာ ရှေ့တော် မှောက်သို့ ပျာယီး ပျာယာ ရောက်လာကြလေ၏။
ရွှေနန်းရှင်ဘုရားလည်း ဒိုင်းခင်ခင်ကြီးလျှောက်တင်ချက်စကားများကို ရနောင်မြို့စားနှင့် တောင်သမန် လယ်စား တို့အား ပြန်လည်မိန့်ကြားတော်မူပြီးနောက်-
"သည်အတိုင်းမှန်လျှင် မံသကြီးရွာစားဟာ ခင်ခင်တို့အပေါ်မှာ နိုင်ထက်စီးနင်းပြုလွန်းရာကျနေပြီ၊ ဒီကိစ္စ မောင်တုတ်နှင့် မောင်ဖေငယ်တို့ ဘယ်လိုသဘောရကြသလဲ"ဟု မိန့်တော်မူလျှင် မောင်မောင်ငယ် သာမဟုတ် မောင်မောင်တုတ်ကပါ မခံမရပ်နိုင်အောင် နာကြည်းလာသဖြင့်-
"ခင်မကြီးဟာ သူ့သဘောအလျောက်ဖြင့် ဘယ်နည်းနှင့်မှသည့်ကလော မတရားပြုရန် အကြောင်း မမြင်ပါ၊ သခင်အားရကျွန်ဒဏ်ဝဆိုသလို မျက်နှာလိုအားရ ပြုမူလိုက်ခြင်းသာ ဖြစ်တန်ကြောင်းပါဘုရား"ဟု လျှောက်လျှင် မောင်မောင်ငယ်ကလည်း-
"မှန်ပါတယ်၊ တစ်နည်းတစ်လမ်းဖြင့် ခင်မကြီးမှာ အရှင်နန်းမတော်ဖုရား သဒ္ဓါတော်မူသူဖြစ်၍ ခင်ခင်ကြီးကို သူ့ထက်ပိုပြီး သဒ္ဓါတော်မူသွားမည်ကို တင်ကြိုစိုးရိမ်ခြင်းဖြင့် ကိုတုတ်ရယ်"ဟု အတွေးနှင့်ပြောသော်လည်း ရနောင်မြို့စားသဘောနှင့် မကိုက်၍-
"ကိုရင်ငယ်တွေးသလို မဟုတ်နိုင်ပါဘူးဆို၊ ကျုပ်တို့ကို အနှောင့်အယှက်ပေးနေတဲ့ ခင်မကြီးဟာ သူ့အကျိုး ကလေးကြည့်ပြီး သည်ထိအောင် မကြံဝံ့ပါဘူး၊ သူ့အရှင်သခင်နန်းမတော်ဖုရား အလိုတော်အတွက် မျက်နှာလုပ်ခြင်းသက်သက်ဖြစ်ရမယ်"ဟု ငြင်းချက်ထုတ်တော့သည်။ ရွှေနန်းရှင်ဘုရား သည် ကျွန်ယုံတော် ကြီး နှစ်ယောက် စကားအတိုင်းအဖောက်ပြုနေသည်ကို ရပ်ဆိုင်း တော်မူစေပြီး-
"မောင်မင်းတို့နှစ်ယောက်စလုံး၏ အယူအဆကို ပစ်ပယ်တော်မမူလို၊ စပ်ဆိုင်သလိုအကျွမ်းဝင် သည်ချည်း ပင်၊ သို့ရာတွင် မံသကြီးရွာစားအရေးကို တွေးနေဖို့ အချိန်အခါမဟုတ်ဘူး၊ ခင့်ခင့်အတွက် စိတ်လက်ချ ချထားတော်မူရန် အမြန်ဆုံးအကြံတော်ဆက်ကြစမ်းကွယ်တို့"ဟု မိန့်တော်မူလေရာ မောင်မောင်တုတ်က အားရ၀မ်းသာနှင့်-
"ဘာမှကြောင့်ကြတော်မူရန် မလိုပါဘုရား၊ ခင်ခင်စံစားတော်မူရန် ခြောက်ရွှေရေးဆောင်တော်ကြီး ကိုလည်း ပြင်ဆင်မွမ်းမံ၍ ပြီးစီးပါပြီ၊ အလိုတော်ရှိသော နေ့ရက်မှာ အဆောင်တော်အပ်နှင်းရန်သာ ရှိပါတော့ကြောင့်ဘုရား"ဟု လျှောက်တင်လျှင် မောင်မောင်ငယ်ကလည်း ဆက်လက်၍-
"အဆောင်တော်ပေးသနား၍ အထင်အရှားချီးမြှင့်တော်မူလိုက်ပါလျှင် ခင်ခင့်အားမံသမံကြီးရွာစား စသည့် အပျိုတော်များ၏ စော်ကားရန်စခြင်းမှလည်း လွတ်ကင်းသွားပါလေတော့မည်ဘုရား"ဟု လျှောက်ထား လေလျှင် ရွှေနန်းရှင်လည်း အနည်းငယ်စဉ်းစားတော်မူပြီး-
"သည်နည်းအတိုင်းသာ ပြုတော်မူရတော့မှာပဲ၊ အင်း...နန်းမတော်ကြီးကလည်း ကျေနပ်တော်မူ ကောင်းပါရဲ့" ဟု မိန့်တော်မူရာ မောင်မောင်တုတ်က ကပျာကယာ လက်ယှက်၍-
"သည်ဘက်ရောက်အောင် စဉ်းစားတော်မူနေရန် အချိန်မဟုတ်ကြောင်းပါဘုရား၊ ဧကရာဇ်မင်းတစ် ပါး၏အမိန့်တော်ပြန်ထမ်းကို မည်သူမဆိုကျူးလွန်ပယ်ဖျက်နိုင်လိမ့်မည် မဟုတ်ပါသဖြင့် အဆောင် တော်ချီးမြှင့် ပေးသနားတော်မူသည့် အမိန့်တော်ကိုသာ ရေးမှတ်စေရန် ဗြဲတိုက်တော်သံဆင့် တို့အား အမိန့် ချမှတ်တော်မူပါဘုရား"ဟု လျှောက်ထားသံတော်ဦးတင်ရာ-
"အင်း...အင်းဟုတ်ပါဘိတယ်၊ အမိန့်တော်မှတ်တမ်းနှင့် နန်းရဆောင်ရမိဖုရားတစ်ပါး အတိ အလင်း ထားတော်မူလိုက်မှ သည်အမိုက်မကလေး လူသူလေးစားတော့မည်၊ ဒီတော့ကာ နန်းမတော်ကြီးကို တိုင်ပင်တော် မူနေရန် မလိုပါဘူးထင်ပကွယ်"ဟု လေးလေးကြီးညည်းတွားမိန့် ကြားတော်မူလေသည်။
မောင်မောင်တုတ်က "မှန်လှပါရှင်ဘုရင်မင်းသည် ဒီကိစ္စမျိုးကို မိဖုရားခေါင်ကြီးများနှင့်တိုင်ပင် တော်မူ၍ ပြုတော်မူရိုး လည်းမရှိပါ၊ သည့်ပြည်ရှင်ဘုရင်များ၏ မိဖုရားခေါင်ကြီးများဆိုပါလျှင် အရေးပြီးလွယ် မည်ဖြစ်သော်လည်း အရှင့်မိဖုရားခေါင်ကြီးကဖြင့် ဤကိစ္စကို အသက်ထက်ဆုံးမျှတ တော်မူမည် မဟုတ်သဖြင့် မတိုင်ပင်ဘဲ လုပ်ကြသည်က နောက်မှဖျက်ဆီး၍မရသည့်အတူ သဘောတော် တူမျှ ကောင်းစရာ ရှိကြောင်းပါဘုရား" တစ်ခါမျှမလျှောက်တင်ဖူးသော စကားများနှင့် မင်းသားဘ၀တုန်းက အတွင်း ကျကျလျှောက်တင်သည့်နည်းအတိုင်း တီးတိုးလျှောက်ထားလိုက် လေသည်။
ရွှေနန်းရှင်လည်း ဆင်ခြင်သုံးသပ၍ ဆုံးဖြတ်တော်မူရန် အဆင်သင့်ပင် ဖြစ်တော့သည်။ ခင်ခင်ကြီး မှာ မောင်မောင်တုတ်နှင့် ရွှေနန်းရှင်ဘုရား အတုံ့အပြန်လျှောက်ထားနေသည်များကို နားစိုက်ကာ ဒူးတော် နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ပိုက်ဖက်လျက် ရွှေနန်းရှင်ဘုရား၏ မျက်နှာတော်ကို မငြီးအောင်မော်၍ ငေးကြည့်နေမိလေ၏ ။
"ကောင်းပြီ...ပြဿဒါးနှင့် ၀ါရမိတ္တုရက်ဆိုးများကိုကြည့်၍ ရှောင်ကြဉ်လျက် အနီးဆုံးနေ့ရက်ကို သတ်မှတ်လျှောက်တင်ကြစမ်း မောင်မင်းများ"
တောင်သမန်လယ်စား ရွှေတိုက်စိုးမောင်မောင်ဖေက ခေတ္တတွေ၍ စဉ်းစားလိုက်ပြီးမှ-
"နက်ဖြန်ပြဿဒါးနေ့ဖြစ်၍ သန်ဘက်ခါမှာမင်္ဂလာရက်ရာဇာရကြောင်းပါဘုရား"ဟု လျှောက်တင် လျှင် မောင်မောင်တုတ်က ၀င်၍-
"လျင်လျင်ဆောဆော ကိစ္စချောအောင် သန်ဘက်ခါရက်ရာဇာမှာပင် ခင်ခင့်ကိုအဆောင်တော်နှင်း အပ်ရန် အမိန့်တော်ချမှတ်တော်မူပါလျှင် ကျွန်တော်မျိုးများ စီမံဖွယ်ရာအရပ်ရပ်ကို ပြီးပြတ်အောင် ရွက်ဆောင် အမှုတော်ထမ်း ပါမည်ဘုရား"
ဟုလျှောက်ထားလိုက်သောအခါ ရွှေနန်းရှင်ဘုရားလည်း အားရနှစ်သက်တော်မူကာ-
"ငါ၏ကျေးကျွန်ကြီးများဟာ အလွန်လိမ္မာပါးနပ်၍ အလိုတော်ကိုသိကြပေသည်၊ တပည့်လိမ္မာပီပီ ကြံစည် လုပ်ဆောင်ရန် ရှိသမျှဆောင်ရွက်ပြီး သန်ဘက်ခါရက်ရာဇာတွင် ခင်ခင့်ကိုသူပိုင်ဆိုင်မည့် အဆောင်တော် သို့ ပို့အပ်လိုက်ကြရမည် မောင်မင်းများ"
ဟုနှုတ်မိန့်ပေးသနားတော်မူလိုက်သောအခါ ရနောင်မြို့စားမောင်မောင်တုတ်နှင့် တောင်သမန် လယ်စား မောင်မောင်ဖေတို့လည်း ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရားဟု အားရ၀မ်းသာလျှောက် တင်လျက် ခင်ခင်ကြီး အတွက် နှစ်ထောင်အားရ ရှိရှာကြတော့သည်။
ခင်ခင်ကြီးမှာလည်း မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ ၀မ်းသာအားရရှိကြသည်ကို ကြည့်ငေးရာ မှာ ကလေးသဖွယ် ရွှေနန်းရှင်၏ ခြေထောက်ကိုကပ်တွယ်ပိုက်ဖက်ရင်းပင် "ဒါဖြင့် လျှင် ခင်ကြီးဒီနေရာကို အခစား မလာရတော့ပါဘူးလားဘုရား၊ ရွှေနန်းရှင်မောင်မောင်ဘုရား၊ အပါးတော်ကို ယခုလို နေ့တိုင်း အခစားမ၀င်ရလျှင် အင်မတန်စိတ်ဆင်းရဲမှာပါပဲဘုရား၊ မံသကြီး ရွာစားမမ ညှဉ်းဆဲသမျှကိုခံရင်းပင် ရွှေနန်းရှင် ကိုယ်တော်အား နေ့စဉ်ဖူးမြော်ရတာကကောင်းပါ သေးငဲ့ဘုရား"ဟု လျှောက်ထားလေလျှင် ရွှေနန်းရှင် ဘုရားလည်း သနားကြင်နာစွာ ရှုစားတော်မူ လျက် ကျောလက်သပ်ခါသပ်ခါနှင့် "သြော်......ခင်ခင်.......ခင်ခင်ဘယ်လိုအရေးကိုမှ တွေးလို့မပူ တက်ရှာလေဘူး၊ အရှုးအမှုးချစ်ဖို့တစ်ခုသာ နားလည် ရှာတယ်၊ ငါကိုယ်တော်မြတ်မှာ  ဒါတွေ ကြောင့်ပင် ခင့်ခင့်ကို အင်မတန်မြတ်နိုးကြင်နာ ချစ်တော်မှု ခဲ့ရတာကလား"ဟု မိန့်ကြားကာ ယုယပိုက်ဖျား တအားညှစ်ထား၍ ထားတော်မူလိုက်စဉ်-
"ဟင်........ ဒီနေရာမှာလာပြီး ဒီလိုနည်းနှင့် အလေလိုက်နေကြတာကိုး" ဟူသော အသံနှင့်အတူ ထဘီစွန်တောင်ဆွဲ၍ အံခဲလျက် မားမားမတ်မတ် ရပ်လိုက်သော နန်းမတော်စု ဖုရားလတ်အား ဘွားခနဲ တွေ့မြင်ရလျှင် ရွှေနန်းရှင်ဘုရားနှင့်တကွ ခင်ခင်ကြီး၊ မောင်မောင်တုတ်၊ မောင်မောင်ငယ် စသဖြင့်အားလုံးပင် အံ့အားကြီးသင့်လျက် ရုတ်တရက်သော်မှင်သက်မိသလို ငြိမ်သက်နေမိကြ လေ၏။
ယက္ခဂုမ္ဘာန်တွေ ရံဝိုင်း၍ တံတိုင်းအထပ်ထပ် စောင့်ကြပ်ကာဆီးထားသော ဂန္ဓမာဒနဂူနန်းမှ မဉ္စူ သကနတ်ပန်းရှိရာသို့ ၀င်ရောက်ခြင်းဌာ မစွမ်းနိုင်သည့်နည်းတူ မည်သူမှ ထိုးဖောက်ဝင်ရောက်ခြင်း မပြုသာအောင် ဗြဲတိုက်ဆောင်နှင့် တောင်ဒ၀ယ်ဆောင်အစတောင် ဘက်ပန်းခုံတော်တစ်ဝိုက်လုံး လက်သုံးတော်အိပ်ဖန်လှည့်တို့ ပခုံးချင်းထိ၍မိမိရရ အထပ်ထပ်ကင်းချထားသောကြောင့် မလျှော့ သော လုံ့လဖြင့်နေ့စဉ်ရက်စက် ကြိုးစားခဲ့သော မံသကြီးရွာစားပင်လျှင် အဆုံးတစ်နေ့၌ အရူံးပေး ကာ နောက်ဆုတ်လက်လျှော့ခဲ့ရသော မောင်မောင်တုတ်၏ လက်ရွေးစင် အစောင့်အနေများသည် အရှင်မိဖုရားခေါင်ကြီးဖုရား ကိုယ်တော်တိုင် ထွက်တော်မူလာသောအခါတွင်မူကား တားဆီး ပိတ်ဆို့ ခြင်းဌာ မ၀ံ့ဘဲရှဲခနဲ လမ်းဖယ်ပေးနှင့်ပြီးသား ပြားပြားဝပ်ခစား၍ နေလိုက်ကြရသည်။
အရိပ်အခြည်ကြည့်ရှု့စုံစမ်းရသူ ခင်မကြီးကကိုယ်တော်တိုင် ကြွတော်မူချိန်သင့်ပါပြီ ဘုရားဟု လာရောက် လျှောက်တင်သောခဏ၌ သင်္ကာယနကင်းတော်မမူသော နန်းမတော်ဖုရားသည် တောင်ဘက် ပန်းခုံတော် ဘက် သို့ ရုတ်တရက် ထွက်တော်မူခဲ့ခြင်း ဖြစ်လေသည်။
ဘမရာသန အဆောင်တော်မကြီးထဲတွင် ညဥ့်ညီလာခံစဲလျှင် အနှိပ်တော်ခံမြဲဟု သတင်းလွှင့်ထား ချက်အရ ဦးစွာပထမပိတ်ထားသော ဘမရာသန၏ ကျည်းရှင်တံခါးဝသို့ ဆိုက်ရောက်တော်မူ ခဲ့သည်တွင် အိပ်ဖန်တော်သားများ အဆောင်တော်တံခါးဝ၌ စောင့်ကြပ်လျက်တွေ့တော်မူရလေ၏။
အခါတိုင်းဆိုလျှင် အတွင်းတော်သို့ မည်သူ့ကိုမျှဝင်ခွင့်မပြုရသော လက်သုံးတော် အိပ်ဖန်တော် သားများသည် အရှင်နန်းမတော်ဖုရားကိုမူကား တားဆီးအံ့မည်ဝေးစွ ဦးညွှတ်ခါရှဲ၍ပေးလိုက် ကြရသည်။ အရှင်နန်းမတော်ဖုရားကား တံခါးကျည်းရှင်ကို တွန်းဖွင့်တော်မူပြီး အဆောင်တော် ထဲသို့ ၀င်တော်မူ ခဲ့သည်။ သလွန်တော်ပေါ်တွင် ရွှေနန်းရှင်ဘုရားကို တွေ့တော်မမူလျှင် အပြင်သို့ ထွက်ကြွတော်မူပြန်ကာ တစ်ဖက်ရှိ ရွှေဆောင်တော်မှသည် တောင်ဘက် ပန်းခုံတော်အုဋ္ဌ်တိုက်ဆီ သို့ လိုက်ပါ ရှာဖွေတော်မူပြန်သည်။ အထပ်ထပ် ၀ိုင်းရံစောင့်ကြပ်နေကြသော အိပ်ဖန်တော်သား များမှာ နန်းမတော် ဖုရား ထွက်ကြွတော်မူလာတိုင်း ပြားပြားဝပ်ဖယ်ရှားပေးလိုက်ရပြီးနောက် ချောက်ချား ထိတ်လန့် တုန်လှုပ်ခြင်း ဖြစ်ကြရလေသည်။ ဤအချိန်တွင် မောင်မောင်တုတ် တို့ထံသို့ ပြေး၍ သတင်းပေးရန်လည်း မဖြစ်နိုင်၊ အချိန်းအချက် အမှတ်အသားပြုကြရာ မှာလည်း မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ ထိုအခါက တောင်ဒ၀ယ်ဆောင် ဗြဲတိုက်ဆောင်တို့ တွင်မရှိ ပန်းခုံတော်အုတ်တိုင်တွင် အခစားဝင်၍ နေခိုက်ဖြစ်သောကြောင့် နန်းမတော်ဖုရား ထွက်တော်မူလာနေသည်ဟု ကြိုတင်မသိလိုက်သဖြင့် အငိုက်ကို အရိုက်ခံသည့်အလား လက်ပူး လက်ကြပ်မိထားသဖြင့် အမှုသွားက ဘွားဘွားပေါ်လျက်ရှိခဲ့သည်။
အရှင်နန်းမတော်ဖုရားက ဒေါသဖြစ်တော်မူသလောက် ၀င်းဝင်းတောက်သော မျက်နှာထားဖြင့် ရှုစားတော် မူလျက်ရှိသည်တွင် ရွှေနန်းရှင်ဘုရားမှာ ရုတ်တရက်ရှက်ရွံ့အားနာ ကြံရာမရ မည်သို့ ပြန်လည် မိန့်တော်မူရမည်ဟုလည်း အစမပေါ်သဖြင့် လက်တော်နှင့် ပိုက်ဖျားယုယထားမိသော ခင်ခင်ကြီး ကိုသာ လွတ်လျက် ရုတ်တရက်မျက်တော်မခတ် စူးစိုက်ရှုစားတော်မူနေလေသည်။ ခင်ခင်ကြီးမှာ အလွန်တရာ ကြောက်ရွံ့သဖြင့် မလှုပ်ဝံ့ရှာ၍ မျက်နှာကိုအတွင်းငုံ့ပြီး ကျုံ့ကျုံ့ကလေး ခစားနေရစဉ်-
"ဒီအကောင်မ နှင့် မသင်္ကာနေသည်မှာ ကြာလှပြီး ယခု ငါ့လင်နှင့် လက်ပူးလက်ကျပ် မိတော့သည်၊ ငယ်ငယ် ရွယ်ရွယ်နဲ့ တယ်လို့အကြံကြီးလှပါကလားဟဲ့ မိခင်ကြီးရဲ့"ဟု မိန့်တော်မူရင်း ခပ်ပြင်း ပြင်း ဆံထုံးကို ဆောင့်၍ဆွဲလျက် ရုတ်တရက်တွန်းလှဲလိုက်ပြီး နောက်အားလွန်ကာ လက်ထောက် လဲကျ သွားသော ခင်ခင်ကြီး၏ တင်ပါးကို တအားခြေနှင့်ဆင့်၍ ကန်လိုက်သည်တွင် ဒိုင်းခင်ခင်မှာ တစ်ချက်မျှ လူးလွန့်၍ မ၀ံ့ပါဘူးဟု သနားခံကာ လက်ယှက်ရှိခိုးနေဆဲတွင် အရှင်နန်းမတော် ဖုရားသည် ရွှေနန်းရှင်၏ ဘက်သို့ မျက်နှာ လှည့်သွားလျက်-
"ဟင်…ရိုးပုံရိုးဟန်နဲ့ အင်မတန်ဥာဏ်များလှတဲ့ လူပါကလား၊ ခုလို မုသားတွင်တွင် သုံးတတ်တာ ဘုန်းကြီး နှင့် မယ်သီလ အနား နီးစပ်ယဉ်ပါးခဲ့ရလို့ ထင်ပါရဲ့"ဟု မဲ့မဲ့ရွဲ့ရွဲ့ ရှုံ့ရှုံ့ချချလေသံဖြင့် ခက်ထန်စွာ မိန့်တော် မူလိုက်လျှင် သီပေါရွှေနန်းရှင်မှာ အင်မတန် စိတ်တော်ထိခိုက်သွား၍ ဘွားခနဲ အမျက်တော်ထွက်ကာ "တောက်" တစ်ချက် ခေါက်တော်မူပြီးလျှင်-
"ဟင်…ဒီမိန်းမ၊ မိုက်ရိုင်းလှချည်လား"ဟုဆိုကာ လက်သုံးတော်ဓားကို ကိုင်ရွယ်တော်မူလိုက်မိ သည်။
နန်းမတော်ဖုရားကလည်းများစွာ စိတ်ဆိုးတော်မူနေခိုက်တွင် ရွှေနန်းရှင်က သီလ၀င်ရွှေဓားနှင့် အရွယ် တော်များ ခံလိုက်ရပြန်သဖြင့် ဒေါသယမ်းပုံကို အစွမ်းကုန်ပေါက်ကွဲလိုက်သည့်အလား အသားများ ဆတ်ဆတ် တုန်ကာ-
"သယ်သယ်…ကြည့်လိုက်စမ်းပ၊ မယ်သီလလူထွက်တဲ့သားက ငါ့ကိုများဓားနှင့်ရွယ်လို့ဟယ်" ဟုပြောရင်း အတင်းဝင်၍ ရှေးဦးစွာက တကယ်ပင် ခုတ်ပိုင်းရန်မကြံ ဟန်ဆောင်ရွယ်ရုံမျှသာ ရှိတော်မူရာ နန်းတော် ဖုရားက၀င်၍လုတော်မူရာမှ သတိရပြီး လက်တော်က မြဲမြဲဆုပ်ကိုင်ထား လျက် ဓားကို နောက်သို့ တိမ်းတော်မူလိုက်သဖြင့် နန်းမတော်၏လက်မှာ ရွှေနန်းရှင်ဘုရား၏ သျှောင်တော်နှင့်ထိပြီး ငြိကပ် ရှုပ်ထွေးသွား လေသည်။
အပါးတော်တွင် ပြူးပြူးပြာပြာနှင့် ဘာလုပ်ရမှန်းမသိဖြစ်နေသော မောင်မောင်တုတ်မှာ မိမိအရှင် သခင် သီပေါ ဘုရင်မင်းသား အသက်ပေး၍ချစ်သော တစ်ပါးကျွန်အချစ်တော် ဖြစ်သည့်အားလျော် စွာ နန်းမတော်ဖုရားက စကားဖြင့်ကျူးလွန်ရုံမက လက်နှင့်သျှောင်ကိုဆွဲသည်အထိ စော်ကားလာ သည်ဟု ထင်မှတ် သဖြင့် မခံမရပ်နိုင်ဖြစ်မိကာ "ရေမြေ့ရှင်ပါဘုရား၊ မယားအနိုင်ကျင့်သည်ကို သည်းခံတော် မမူပါနှင့် ဘုရား"ဟု အနားမှ အားပေးလျှောက်ထားလျက်ရှိလျှင် ရွှေနန်းရှင်ဘုရား လည်း နန်းမတော် ဖုရား၏ လက်တော်များကို မင်းယောက်ျားအင်အားဖြင့် တအားတွန်းဖယ်ပစ် တော်မူလိုက်သဖြင့် နန်းမတော် ဖုရား နောက်သို့ ယိမ်းယိုင်သွားလေသည်တွင် သီလ၀င်ရွှေဓားကို ဓားအိမ်တွင်းသို့ပြန်သွင်း၍ ပစ်ချတော်မူလိုက်တော့သည်။ နန်းမတော်ဖုရားကကားပို၍ အမျက်တော်ပွားပြီးလျှင်-
"ဟင်…ရှင်ဘုရင်ဖြစ်လာလို့ မင်းမာန်ဝင်လာပြီလား၊ သတိထားပါ၊ ဘယ်သူတင်ထားလို့ ရာဇ ပလ္လင်ပေါ် ရောက်ရတယ်ဆိုတာကော စဉ်းစားမိရဲ့လား"ဟုဆိုကာ စုံရပ်လျက်လက်နှစ်ဖက် ခါးထောက်ကာ-
"ထွီ…"ဟု နာနာကြည်းကြည်း တံထွေးနှင့်ထွေးခဲ့လျက် အဆောင်တော်ဘက်သို့ ခြေတော် ပြင်းပြင်းနှင်း လျက် ပြန်လည်ထွက်ကြွလာခဲ့လေရာ စိတ်သဘောကောင်းလှသော ရွှေနန်းရှင်မှာ အလွန်တရာရှက်နာ ၀မ်းနည်း အမျက်တော်ကလည်း မထွက်စဖူးရှူးရှူးရှားရှား ဖြစ်တော်မူကာ-
"စုလတ်ရယ် တယ်လို့စော်ကားလှပါကလား။ အလိုတော်လိုက်ခဲ့လို့ အမိုက်စော်ကားခံရ လေတယ်၊ ဘယ်လိုပြေးလို့မှ မလွတ်စေရဘူး"ဟု မိန့်တော်မူရင်း လက်သုံးတော်ဓားကို ပြန်ကောက်၍ လိုက်မည် ပြုပြန်လျှင် မောင်မောင်တုတ်က ၀င်၍လုကာ "ဆင်ခြင်တော်မူပါဘုရား၊ ယခုလို နောက်တော်က လိုက်သွားခြင်း ထက် လေးလေးနက်နက်ဘုရင့်အာဏာနှင့် အရေးယူ အပြစ်ပေး တော်မူခြင်းက ရာဇဣနြေ္ဒ မပျက် အချက်ကျကျရှိပါမည်ဘုရား"ဟု အတန်ကြာ တားဆီး လျှောက်ထားနေသည်တိုင် နားဝင်တော်မမူ မောင်မောင်တုတ်နှင့် လက်သုံးတော်ဓားကို တွန်းဖယ် ရှောင်ရှား၍ တအားစိုက်စိုက်လိုက်သွားတော်မူပြီး အုတ်နန်းတော်အပြင်ဘက်တွင် လက်သုံး တော်ကြီးတစ်ဦး ကိုင်ထားသော ရိန္ဒမာလှံတော်ကို ဆွဲယူ တော်မူတာ နန်းတော်ဖုရားနောက်သို့ ဆက်လက်လိုက်တော်မူခြင်းကြောင့် မောင်မောင်တုတ် မှာလည်း အရေးတကြီးပင် ရွှေနန်းရှင် နောက်တော်သို့ ပြေး၍လိုက်ရပြန်လေ၏။ ထိုခဏ၌ပင် အတွင်းတော် တစ်ရပ်လုံး မီးဟုန်းဟုန်း တောက်သလို ကြောက်လန့်တကြား ဟိုပြေးဒီပြေးနှင့် အူယား ဖားယား ဖြစ်နေကြလေ၏။
ထိုအချိန် ထိုအခိုက်မှာ ခင်ခင်ကြီးကိုသာ ဂရုစိုက်နေသူကား တောင်သမန်လယ်စား မောင်မောင်ဖေ ဖြစ်လေရာ ရွှေနန်းရှင်ဘုရားနှင့် နန်းတော်ဖုရား ခွန်းတုံ့ခွန်းပြန် ဖြစ်နေတော်မူဆဲတွင် ခင်ခင်ကြီးကို တအား ထမ်းလျှက် တောင်စမုတ်လှေကားတော်ဘက်မှ ကသုတ်ကရက် ပြေးထွက် ကာ အိမ်အရောက် ပို့လိုက် ရရှာတော့သည်။
နန်းတော်သားတွေနှင့် နန်းတော်သူတွေမှာ ရုတ်ရုတ်ရုတ်ရုတ်နှင့် မလှုပ်ဝံ့ မပြေးဝံ့ အသက်တဖျား ကြောက် ရွံ့စိုးရိမ်လှစွာ ကွယ်ထောင့်ရာ နေရာတွင် ၀င်ရောက်ပုန်းအောင်းနေမိကြသည်။ မပြေးသာသူအချို့မှာ ကြုံ ရာတွင် ပြားပြားဝပ်၍ နေလိုက်ရသည်။ မံသကြီးရွာစား ခင်မကြီးကား ရွှေနန်းရှင်နှင့် နန်းမတော်ဖုရားတို့ အရေးတော်ပုံကို မနီးမဝေးမှ စုံစမ်းနေသူဖြစ်သောကြောင့် အရှင်နန်းမတော်ဖုရား စိတ်ဆိုးမာန်ဆိုးနှင့် ပန်းစုံတော်ဆီမှ ဘမရာသန အဆောင်တော်ကြီးဘက် သို့ တစ်ပါးတည်း ပြန်လှည့် လာတော်မူ သည်ကိုလည်းကောင်း၊ မရှေးမနှောင်းအချိန်မှာပင် သီပေါ ရွှေနန်းရှင်ဘုရားက အမျက်တော်ပွား၍ လှံတော်ကိုင်ကာ ထပ်ချပ်မကွာလိုက်တော်မူသည်ကို လည်းကောင်း ကောင်းစွာသိမြင်လိုက်လေသည်။
အမျက်တော် မထွက်စဖူးဘဲ ရှူးရှူးရှားရှားလှံတော်နှင့် တအားလိုက်တော်မူလျက်ရှိသော ရွှေနန်းရှင် ဘုရားနှင့် နောက်တော်ပါးမှ လှံတော်နှင့်လိုက်လာသည်ကို သိတော်မမူသော နန်းမတော် စုဖုရားလတ် ကလည်း စိတ်တော်အလွန်ကြီး အလွန်ထက်သဖြင့် ရှောင်ထွက်ပုန်းကွယ်မည်မဟုတ်ဘဲ ရွှေနန်းတော်ထဲ၌ အသည်းထိတ်စရာ အမှုကိစ္စကြီးကျယ်စွာဖြစ်တော့မည်၊ ဤအရေးတွင် မိမိဝင်၍ ကြားမရှုပ်လိုက်ပါက ရုတ်တရက် ရန်မီးငြိမ်းမည် မဟုတ်သဖြင့် ခပ်သုတ်သုတ်ဖြတ်လမ်းမှပြေးခဲ့ရာ အရှင်နန်းမတော်ဖုရားမှာ စံတော် မူနေကျ နန်းမတော်ဆောင်ကြီးအတွင်းရှိ သလွန်တော်ပေါ်တွင် အမျက်တော်မပြေသေးဟန်ဖြင့် စံတော်မူနေ သည်ကို တွေ့ရသည်နှင့် တစ်ပြိုင်နက် ခင်မကြီးက အဆောင်တော်တွင်းသို့ ကပျာကယာ ပြေးဝင်လိုက်ပြီး ကျည်းရှင် တံခါးရွက်များကို ရုတ်တရက် ပိတ်ထားရုံမက အတွင်းမှ ကန့်လန့် မင်းတုပ်များကို ခိုင်မာစွာ ချ ထားလိုက်လေ၏။
နန်းမတော်ဆောင်ခန်းထဲ၌ ဆိုင်ရာအမှုကိစ္စများကို ဆောင်ရွက်ခစားနေသော အပျိုတော်များသည် လည်း ကောင်း၊ သလွန်တော်ပေါ်တွင် တစ်စုံတစ်ရာ စိတ်ကူးဝင်စား ဒေါမနဿပွားနေတော်မူသော အရှင် နန်းမတော်ဖုရား သည်လည်းကောင်း မံသကြီးရွာစား၏ ပျာလောင်ခပ်သော အမူအရာကို အံ့အားသင့်စွာ ကြည့် နေ မိကြလေသည်။
ခင်မကြီးကား အူယားဖားယား ပြုဖွယ်ကိစ္စများ ပြီးဆုံးသွားသည့်အချိန်တွင်ပင် အပြင်မှ ရန်သူ တစ်ဦးလိုက်လာကြောင်း အဆောင်တော်ထဲ၌ ငြိမ်သက်စွာ နေကြရန် လက်ဟန်ခြေဟန်နှင့် အမူအရာပြပြီး နန်းမတော် ဖုရား၏ သလွန်တော်အနီးတွင် ၀င်ရောက်ခစား၍ စကားတီးတိုးနှင့် လျှောက်တင်ခွင့်ရှိသမျှ ပျာပျာ သလဲ လျှောက်တင်လျက်ရှိလေ၏။
ရိန္ဒမာရွှေလှံနှင့် အံတော်ကိုခဲ၍ သဲသဲမဲမဲ ထွက်တော်မူခဲ့သော်လည်း ငယ်ကျွန်တော်ကြီး ရနောင်မောင် မောင်တုတ်က ကာဆီးကာဆီးလုပ်နေသည်က တစ်ကြောင်း၊ ရွှေနန်းတော်ကြီးတွင် မိုးမီးလောင်သလို ပြေးကြ ရှောင်ကြနှင့် ရှုပ်ယှက်ခတ်ဖြစ်သွား၍ လူလူချင်းမှားယွင်းယှက်တင် အမြင်ရှုပ်ထွေး သွားသောကြောင့် နန်းမတော်ဖုရားကို မမီလိုက်တော့ဘဲ အထဲမှကန့်လန့်မင်း တုပ်ချထားသော နန်းမတော်ဆောင်ကျည်းရှင် တံခါးဝသို့ရောက်တော်မူမှ ခေတ္တရပ်နားတော်မူ လိုက်သည်။
ဓားကိုလွယ်လျက် ထက်ကြပ်မကွာ ပြေးလိုက်လာသော မောင်မောင်တုတ်လည်း ရွှေနန်းရှင်အနီး သို့ ရောက်လာ လေသည်။
"သတိထားတော်မူပါဘုရား၊ မိန်းမတစ်ယောက်ကို ရာဇဣနြေ္ဒပျက်လောက်အောင် အမောခံတော်မူ၍ အမျက် မပွားသင့်ကြောင့်ပါဘုရား၊ မိဖုရားမည်သည်မှာ ဘုရင်၏သြဇာအာဏာတော် အောက်ကပါဘုရား၊ အရှင့် အာဏာနှင့် ထိုက်တန်ရာအပြစ်ဒဏ် ပေးတော်မူသမျှ ခံရမည့်သူ ဖြစ်ကြောင်းပါဘုရား"ဟု နည်းပေး လမ်းပြ သတိတော်ရအောင် အကြံတော်ဆက်သလေ၏။
အတွင်းဆောင်ထဲမှ နားကပ်၍ထောင်နေသော ခင်မကြီးနှင့် အထိန်းတော်ကြီး ခင်ဘွားသစ်တို့မှာ မောင် မောင်တုတ် လျှောက်တင်ချက်ကို ဆတ်ဆတ်ခါ နာကြည်းလှသဖြင့် နန်းမတော်ဖုရားအား တီးတိုးသွား၍ လျှောက်ထားပြန်လျှင် အရှင်နန်းမတော်ဖုရားမှာ တောက်တစ်ချက်ခေါက်တော် မူလိုက်ပြီး "အင်း…ဒီကိစ္စမှာ ငတုတ်က တော်တော်ဆရာလုပ်နေသကိုး"ဟု လွတ်ခနဲ မိန့်တော်မူပြီး အထိန်းတော် ကြီးကို တီးတိုးစကား မိန့်ကြားတော်မူကာ သောက်တော်ရေခွက် ရွှေဖလားနှင့် ရွှေကလပ်ကိုပေးလျက် အဆောင်တော် အပြင်ဘက်သို့ တစ်ဖက်သောမလွယ်ပေါက်မှ လွှတ်လိုက် လေသတည်း။
အဆောင်တော်အပြင် ကျည်းရှင်တံခါးဝ၌ လှံတော်ကို တစ်ဖက်ကထောက်၍ မောင်မောင်တုတ် လျှောက်တင် အကြံဆက်သမျှတွေကို ခေတ္တစဉ်းစားတော်မူလျက်ရှိသော ရွှေနန်းရှင်ဘုရားက လှံတော်ကို လှဲချလိုက် ပြီးနောက်-
"တောက်…ရိုင်းလေ…ငတုတ်ရယ်၊ ငါ ဘယ်နည်းနဲ့ကျေနပ်တော်မူနိုင်မလဲ"ဟု ညည်းညည်းညူညူ မိန့် တော်မူလေသည်။
"မှန်လှပါဘုရား၊ ကျေနပ်တော်မူသည်အထိ အပြစ်ရှိသလောက် မထောက်မညှာ ဘုရင့်အာဏာ တော်နှင့် အပြစ်ပေးတော်မူပါဘုရား
"ခမည်းတော်၊ မယ်တော်၊ မိကြီးတော်တို့ မျက်နှာကို ငဲ့ညှာတော်မူနေလို့သာပ"ဟု မိန့်တော်မူပြီး အနည်း ငယ် ငေးစိုက်စဉ်းစားတော်မူသွားပြန်သည်။
"'ဒီအခြေရောက်မှတော့ ဘယ်သူ့မျက်နှာတော်မှ ထောက်မျှော်နေလို့ ဖြစ်တော့မည် မဟုတ်ပါ ဘုရား၊ ထောက်ထားခဲ့လွန်းလို့ ရောင့်တက်ပြီး ယခုလောက် နှောင့်ယှက်ခံတော်မူနေရခြင်း ဖြစ်ကြောင်းပါဘုရား" ဟု မောင်မောင်တုတ် လျှောက်ထားနေစဉ် အထိန်းတော်ကြီး ခင်ဘွားသစ် ကြောက်ရွံ့စွာနှင့် အပါးတော် သို့ ရောက်လာလျက် အလွန်စိတ်မချမ်းသာသော မျက်နှာညှိုးငယ် ၀မ်းနည်းစွာနှင့် ဒူးထောက်ခစားပြီး-
"ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရား၊ အမောတော်ပြေ သောက်တော်ရေဆက်ပါသည်ဘုရား၊ နန်းမတော်စုထား စိတ်တော်ဆတ်လွန်းသည့်အတွက် အထိန်းတော်ဖျ ကျွန်းမများလည်း အခစား ခက်လှပါတော့ ကြောင်းပါဘုရား"
ဟု တုန်တုန်ရီရီနှင့် စွန့်စားလျှောက်ထားရင်း သောက်တော်ရွှေဖလားကို မြှောက်၍ဆက်လေ၏။ ရွှေနန်းရှင်ဘုရားလည်း အထိန်းတော်ကြီး ခင်ဘွားသစ်ကို ရှုစားတော်မူမိရာတွင် ရှေးယခင် မင်းသား၊ မင်းသမီးဘ၀က ကြင်နာချစ်ခင်တော်မူစွာ မေတ္တာရွှေလမ်း ငွေလမ်းဖောက်ခဲ့ခြင်းများနှင့် ခင်ဘွားသစ်တို့ အကျိုးတော်ဆောင်ခဲ့ပုံများကို ရုတ်ခနဲသွား၍ သတိရတော်မူလေသည်။
ယခုကဲ့သို့ အထွက်အမြတ်ရောက်နေသော ဘုရင်နှင့်မိဖုရားဘ၀မှာ မကြည်မသာဖြစ်တော်မူကာ ရှက်စိတ်နာဝမ်းနည်းနှင့် လှိုက်လှိုက်လှဲလှဲ ဖြစ်တော်မူသွားသောကြောင့် အသံတော် များပင် တုန်ရီစွာနှင့်-
"မြှောက်စားလို့ ရောင့်တက်ဆိုတဲ့ စကားအတိုင်း သစ်သစ်တို့ စုလတ်က လက်လွန်နှုတ်လွန် စော်ကား လိုက်လို့ ကျုပ်ကထိုက်သလိုစီမံရတော့မယ်"ဟု မိန့်တော်မူလျှင် ခင်ဘွားသစ်မှာ ခေါင်းငုံ့ထားရင်းမှ-
"အလိုတော်အတိုင်း စီရင်တော်မူပါဘုရား၊ ဘုရားကျွန်မများမှာ မင်းသမီးဘ၀ကပင် အင်မတန် ချော့မော့ အလိုလိုက် ခစားလာရသူများဖြစ်ကြောင်းပါဘုရား၊ ယခုလည်း စုစုမှားမှန်းသိအောင် တော့ဖြစ် ဓားမရှောင် လှံမရှောင် ရေလည်အောင် နားချလျှောက်တင်ပါဦးမည်ဘုရား"ဟု လျှောက်တင်လျက် သောက်တော်ရေကို ဆက်မြဲဆက်နေလေသည်။ သီပေါရွှေနန်းရှင်ဘုရားလည်း ခင်ဘွားသစ်၏ လျှောက်တင်စကားကို နားထောင်တော်မူရာမှ အမောပြေသောက်တော် ရွှေဖလားကို လှမ်းယူ၍ သောက်တော်မူလိုက်သည်။
အေးမြသောရေကြည်တော်ကို သောက်လိုက်သည့် တစ်ခဏ၌ ပူလောင်သော ဒေါမနဿများ စိတ်တော်လှုပ်ရှား မောပန်းတော်မူနေခြင်းများသည် ရွှေကြည်ရေအေးက ဖိနှိပ်လိုက်၍ ငြိမ်သက်ပိပြား အေားချမ်းသွားသည့်အလား မျက်နှာတော် တည်ငြိမ်ပျော့ပြောင်းတော်မူသွား လေသည်။
ယင်းသို့ အမျက်တော်များ ငြိမ်းအေးသွားသည်နှင့်အမျှ ဖြစ်ရချက်ကို ရာဇဣနြေ္ဒပျက်သည်ဟု ရှက်နာဝမ်းနည်းတော်မူမိသည်။ အချိန်နာရီအနည်းငယ်မျှအတွင်းတွင် အသွင်အမျိုးမျိုး ပြောင်းလဲခဲ့သော စိတ်တော်လှုပ်ရှားမူကြောင့်လည်း တစ်ခဏကြားလျှင် မူးဝေနောက်ကျိသလို ရှိတော်မူကာ တစ်ပါးတည်း ငြိမ်သက်စွာ စံနေတော်မူလိုသောကြောင့်လည်း ဘမရာသန ဆောင်တော်သို့ ပြန်လည် ထွက်ကြွတော် မူခဲ့သည်။ အဆောင်တော်သို့ ၀င်ရောက်မူမိလျှင် ခြူးပန်း၊ ခြူးနွယ်တို့ဖြင့် ခြယ်လှယ်အပ်သော စံတော်မူနေကျ နယားရုပ်ကြွ ရတနာသလွန် တော်ထက်တွင် ငြိမ်သက်စွာ လှဲလျောင်းစံနေတော်မူလေလျှင် အပါးတော်မြဲ လက်သုံးတော်ကွမ်းရေးတော် အမူထမ်းများ ပြားပြားဝပ် ခစားနေရာမှ အချို့က စွန့်စား၍ ဒေါင်းတော်ယပ်တောင်များခပ်ကာ ဆက်ကြရသည်။ အပါးတော်မှ တစ်ပါးတည်းပါလာသော မောင်မောင်တုတ်လည်း ရုတ်တရက် အခြေအနေပြောင်း၍ စိတ်တော်မကြည်မသာရှိကြောင်း တွေ့မြင်ရသော အခါအားပေးအားမြှောက် တင်လျှောက်လိုသောကြောင့် သလွန်တော် အောက်အနား မှခစား ရင်း ခြေတော်ဖျားကို အသာ အယာဆုပ်နယ်လျက် အနှိပ်တော်ဆက်လေ၏။
သီပေါရွှေနန်းရှင်ဘုရားလည်း မှေထားသော မျက်လွှာတော်ကို မ၍ရှုစားတော်မူလိုက်လျင် အဆင်သင့်ပင် မောင်မောင်တုတ်ကို တွေ့မြင်တော်မူရသဖြင့်-
"ဟဲ့.....ငတုတ်လား၊ ခင်ခင်ဘယ်ရောက်သွားသတုံး၊ ဗရုန်းသုံးကားနှင့် အမျက်တော်ပွားကြရာမှာ သူ့ခမျာ အင်မတန်ကြောက်ရှာတော့မယ်၊ ငတုတ်ရယ် ခင်ခင်ဘယ်မှာရှိတယ်ဆိုတာ ငါ့ကို အမြန် သံတော်ဦး တင်စမ်းပါဘိ"
ဟု အမိန့်တော်ရှိလေလျှင် မောင်မောင်တုတ်ကိုယ်တိုင်ပင် ထိုစဉ်အချန်က ငယ်ထိပ်သွေးရောက် နေသည့်အပြင် ရွှေနန်းရှင်နောက်တော်ပါးမှ ဖ၀ါးမကွာ လိုက်ပါခဲ့သောကြောင့် ဒိုင်းခင်ခင်၏ အကြောင်းကို မသိနိုင်ရှိခဲ့သည်၊ သို့ရာတွင် ထိုအခိုက်အတန့်မှာ တောင်သမန်လယ်စား မောင်မောင်ဖေ အပါးတွင်ရှိသ ဖြင့် မည်သည့်နည်းနှင့် မဆို အရေးတော်ထဲတွင် ခင်ခင်ကြီးအား သူ့အိမ်အရောက် သွားပို့လိမ့်မည်ဟု အတပ်အထင် တွေးလိုက်မိသည်။ သို့ကြောင့်-
"ခင်ခင့်အတွက် စိုးရိမ်တော်မမူပါနှင့်ပါဘုရား၊ တောင်သမန်လယ်စားနှင့် ပန်းခုံတော်အုတ်တိုက် တွင် ကျန်ရစ်သဖြင့် အလိုက်သင့် ယခုအခါ သူ့အိမ်ဂေဟာသို့ ပြန်ရောက်လို့နေရှာပါရော့မည် ထင်ကြောင်း ပါဘုရား"
"ငါ သနားတယ် ငတုတ်ရယ်၊ ခင်ခင့်ကို ငါသနားတယ်၊ ဘယ်လိုလုပ်ရမလဲ စဉ်းစားဝေခွဲတော် မမူ တက်အောင် ရှိတော့တယ်"ဟု ညည်းညည်းတွားတွားနှင့် မိန့်တော်မူလျှင်-
"အင်မတန် ခဲခက်လှသော ကစ္စမဟုတ်ကြောင်းပါဘုရား၊ အမိန့်တော်မြတ် ချမှတ်ထားတော်မူပြီး အတိုင်း ဒိုင်းခင်ခင်ကို မြောက်ဆောင်တော်တင်၍ အများအသိအမြင် အမိန့်တော်ပြန်ရုံသာ ရှိပါတော့ ကြောင်း သံတော်ဦးတင်ပါဘုရား"ဟု မောင်မောင်တုတ် ကနောက်မဆုတ်တမ်း လျှောက်တင်ပြန်သည်။
"ဟဲ့....သည်လိုဆိုလျှင် ခုတွင်ကလို ဓားတပြတ် တုတ်တပြက်နှင့် ရွှေထီးရွှေနန်းနှင့်မတန်တဲ့ ကိစ္စတွေ နောက်ထပ်ပေါ်ပြီါ် ကျော်မကောင်းကြားမကောင်း ဖြစ်ကုန်ပြန်ဦးမှာပေါ့ ငတုတ်ရဲ့"ဟု ခပ်သဲ့သဲ့ မိန့်တောမူရာ-
"အပြစ်အလျောက် မထောက်မညှာ အာဏာတော်နှင့် စီမံရာ နာခံရတော့မည့် နန်းမတော်ကို တွေးခေါ်လို့ ပူပန်တော်မူစရာ မရှိကြောင်းပါဘုရား" ယင်းသို့ သတိပေးလျှောက်ထားမှ-
"သြော်........ဟုတ်ပေသားပါကလား"ဟု ရွှေနန်းရှင်ဘုရားက ပြန်လည်မိန့်တော်မူလေသည်။ ထိုအချိန် အခါမှာ သလွန်တော်ခြေရင်း လက်သုံးတော်များ ဒေါင်းမြီးယပ်ခပ်နေရာ နောက်ကွယ်မှ ၀ပ်လျက် ခစား နေသော ခင်ဘွားသစ်မှာ နောက်တော်မှ မသိမသာ မတူပါလာသူမိမိအား ရနောက်မြို့စားနှင့် တကွ ရွှေနန်းရှင် ဘုရားကပါ မသိမမြင် အမှတ်မထင် ရှိနေကြောင်းကို၎င်းတို့ အခြေအတင် ပြောဆို လျှောက်တင်နေသော စကားများအရ သိရှိရိပ်မရကား ဆက်လက်ခစားရန် မသင့်လျော်သည့်အတိုင်း ခစား နေရာမှ ၀ပ်တွားရင်း နောက်ဆုတ်နောက်ဆုတ်နှင့် ကိုယ်ရောင်ကို ရုပ်သိမ်းပြီး နန်းမတော်ဆောင်ကြီး သို့ အလျင်အမြန် ပြန်သွားလေ၏။
ထိုအချိန်မှာ လင်းကြက်ဆော်၍ ရွှေတိုင်တော်များပင် ငြိမ်းစပြုပြီးဖြစ်ရာ သီပေါရွှေနန်းရှင်ဘုရား လည်း အမိန်တော် စကားများ နောက်ထပ်မြွက်ကြားတော်မမူတော့ဘဲ လဲလျောင်းရာ သလွန် တော်ထက် မှာမျက်တောင်တော်များလေး၍ တဖြည်းဖြည်း စက်ပျော်တော်မူသွားသည်ဖြစ်ရာ ခြေတော်ကို ဆုပ်လျက်ရှိ သောမောင်မောင်တုတ်မှာလည်း ငုတ်တုတ်က ငိုက်မြည်းသန်းဝေလာ၍ ညှင်သာစွာ ခြေတော်ပေါ် ခေါင်းတင်ပြီး အိပ်မောကြီးကျသွားလေ သတည်း။
သေပြေး ရှင်ပြေးဆိုသလို ချစ်မငြီးသည့် ခင်ခင်ကြီးကို ထမ်းပြိး တရကြမ်းပြေးခဲ့ရသော တောင်သ မန် လယ်စား မောင်မောင်ဖေမှာ မိုးမလင်းခင် ရွှေနန်းတော်သို့ တစ်ခေါက်ပြန်၍ အခစားဝင်ဦးမည် ကြံစည်သော် လည်း ရှိုက်ကြီးငင်ကြီး ငိုကြွေးနေသော ခင်ခင်ကြီးကို ထားမပစ်ခဲ့ရက်သောကြောင့် စောင့်၍ ချော့မော့ အားပေးရင်း မိုးစင်စင်လင်းလာတော့သည်။
ဒိုင်းဝန်ကတော်ကြီးမှာလည်း သမီးအတွက် စိတ်ရတက်ရှုပ်ပွ၍ နေမဖြောင့်ထိုင်မဖြောင့် တကြောင် ကြကြ ဖြစ်နေရှာရသည်။
"အစ်ကိုရဲ့၊ ရွှေနန်းရှင်ဘုရားနှင့် အရှင်နန်းမတော်ဘုရားလည်း ခင့်အတွက် ရန်လက်စအေးတော် မူပါဦးမလား၊ ခင်ဟာ ဂြိုဟ်ကောင်ပါပဲ အစ်ကိုရယ်၊ ခင့်မှာတော့ စားလည်းရူး ဆုပ်လည်းစူး ဖြစ်နေပါပြီ၊ ဒီကိစ္စ ဘယ်ပုံအဆုံးသတ်ကြမှာတုံး အစ်ကိုရဲ့"ဟု မောင်မောင်ငယ် ပခုံးပေါ်တွင် နဖူးတင်လျက် တစ်ချက် တစ်ချက် ရှိုရင်းပြောသဖြင့်-
"မငိုနှင့်တော့ ခင်ရယ်၊ ဘယ်လိုက ဘယ်ပုံ အကုသိုလ်ဖန်တီးလို့ ဒီခရီးအရောက် မှောက်မှောက် မှားမှား ဖြစ်သွားရတယ်ဆိုတာ မစဉ်းစားနိုင်အောင်ရှိတော့တာပဲ၊ အကြံအစည်မအောင် ရှောင်တခင် ရင်ဆိုင် လိုက်ရတဲ့ အခက်အခဲကို ဘယ်လိုကျော်နင်းရမယ်ဆိုတာ မောင်မောင်တုတ်နှင့် အစ်ကိုတို့ တိုင်ပင်ပြီး စီစဉ် ပါဦးမယ်၊ သိပ်ပြီးအားမငယ်ပါနှင့် ခင်ရယ်"
''အစ်ကိုတို့ ဘယ်လိုပြောပြော ခင့်ကျောထဲမှာစိမ့်နေအောင် ကြောက်လှပါပြီ၊ အရှင်နန်းမတော် ဘုရား ရွှေစိတ်တော်ကို ခင်က အစ်ကိုတို့ထက်ပိုသိခဲ့ပါတယ်''
မောင်မောင်ငယ်ကလည်း ခင်ခင်ကြီး သိရှိနားလည်သည်နှင့်အမျှ နန်းမတော်ဖုရား၏ စိတ်တော်ကို သိနားလည်စေကာမူသည်ထက်တိုး၍ ပူပင်သောက မဖြစ်စေရန် ဟန်လုပ်ရတော့သည်။
''ဒါလောက် ကြောက်စရာမဟုတ်သေးပါဘူး ခင်ရယ်၊ ရွှေနန်းတော်ထဲမှာ ယခု ဘယ်လိုအခြေအနေ ရှိနေသည် ဆိုတာ အစ်ကို သွားစုံစမ်းပါဦးမယ်''
''အစ်ကိုစုံစမ်းလည်း ရွှေနန်းရှင်ဘုရားနှင့် အရှင်နန်းမတော်ဖုရားပဋိပက္ခဖြစ်ပြီး ၇ာဇမာန် ကြီးတော်မူနေတာတွေ့ခဲ့ရမှာပါပဲ၊ အဲဒီိလို အရှင်နှစ်ပါးရန်လက်စပွားရင်းစပ်ကြားက မြေဇာပင် ဖြစ်နေတဲ့ခင်ကြီးသာ ဘယ်လိုအန္တရာယ်မျိုးနှင့် ရင်ဆိုင်တိုးရမယ်မသိအနေရခက်လှချည့် အစ်ကို ရယ်''
ဒိုင်းဝန်ကတော်ကြီးမှာလည်း သမီးကလေးငိုတိုင်း အလိုလို ရင်ဖို၍ နေရှာသောကြောင့်-
'' သားရယ် ... မောင်တို့အကြံက မဟန်ရင်လည်း အစထဲက ဒီကမ်းခြေဆိုက်အောင်
 ဦးတိုက်ပြီး လှောခပ်လာဖို့ မသင့်ဘူးကွယ်၊ အခုတော့ ရာဇ၀တ်အိုး တုတ်နှင့်ထိုးသလို အမေတို့ တစ်မျိုးလုံး အမျက်တော်ရှမှဖြင့် မင်းတို့မျက်စောင်း အကြောင်းသုံးပါး မရွေးဘူးတဲ့ သားရဲ့'' ဟု တုန်တုန် ရီရီ ကြောက်ကြောက်လန့်လန့်နှင့် ပြောရှာလေသည်။
'' တိုင်းပြည်ပုန်ကန်တဲ့အလုပ်မှ မဟုတ်ပါဘဲ မေဖျားရယ်။ ဘယ်လိုနည်းနှင့်မှ ကြီးကြီး ကျယ်ကျယ် အပြစ်ကြီးခံစရာအကြောင်း မရှိပါဘူး''
မောင်မောင်ငယ်သည် အကယ်ပင် ယုံကြည်ချက်ကို လက်ကိုင်ပြုခဲ့သူ ဖြစ်လေသည်။ ဒိုင်းခင်ခင်ကို ဘုရင့်ခြေတော်တင် ကောက်ယူတော်မူသောကိစ္စမှာ အပြစ်ပေးစရာက အစဉ်အလာဘယ်ဓမ္မ သတ်ဖြတ် ထုံးနှင့်မျှ အကြုံးမ၀င်သောကြောင့် နန်းမတော်ဖုရားက အမျက်တော်ပွားစေကာမူ မည်သည့်နည်းနှင့်မျှ အရေးယူ တော်မူ၍ ဖြစ်နိုင်မည်မဟုတ်ဟု မောင်မောင်တုတ်နှင့် သဘောတူ စိတ်တူ နားလည်မှုယူ၍ အရှင့် အကျိုးတော် ဆောင်ခဲ့ကြသူဖြစ်လေသည်။
ထို့ကြောင့်လည်း ခင်ခင်ကြီး ငိုယိုပူဆွေး စိတ်မအေးသမျှကို ယုယုယယ အချော့မော့ကာ အာမခံရဲရဲနှင့် အမြဲနှစ်သိမ့်စေခဲ့ခြင်း ဖြစ်နေသည်မှာ သက်သာရာမရနိုင်ရှာဘဲ ရွှေနန်းရှင်ဘုရားနှင့် အဆက်အသွယ် ပြတ်စဲ၍ အကွဲကြီးကွဲ ရမည့်အရေးကို တွေး၍သာ ပူနေရှာပြန်သည်။
''အရှင်နန်းမတော်ဘုရား ကြည်သာတော်မမူလျှင် ရွှေနန်းရှင်ဘုရားကလည်း ခင့်ကို သနားရက်နှင့်ပင် စိမ်းကားတော်မူရရှာတော့မှာပဲ ထင်ပါရဲ့ အစ်ကိုရယ်၊ ခင်တို့လို မျက်နှာငယ်တဲ့ တုံးအောက်က ဖားကိုဆိုမထားနဲ့ ဗွေသဖန်းပလ္လင်မှာ ရေဖျန်းတော်ဆင်ခဲ့တဲ့ အရှင်ထိပ်စုမြတ် ဖုရားကြီးကိုမှ မကြင်မနာ ပြင်ပြင်စိမ်းကားပြီး ပြတ်ပြတ်ရှင်းရှင်းကြီး ပစ်လို့ထားတော်မူခဲ့ပါကလား အစ်ကိုရဲ့''
ငိုရင်းမဲ့ရင်းရင်တွင်းမှာရှိသမျှ တိတိကျကျ လင်းကျင်းလိုက်သော ခင်ခင်ကြီး၏ စကားမှာ မောင်မောင်ငယ် နှင့် ဒိုင်းဝန်ကတော်ကြီးတို့အား ဓားနှင့်မွှမ်းလိုက်သလိုနာကျင်၍ သွားစေသည်။
''ထိပ်စုမြတ်ဖုရားကြီးကို နမူနာထားပြီး ခင်အကြီး စိတ်မကောင်းဖြစ်မယ်ဆိုလည်း ဖြစ်သင့်တာ ပါပဲကွယ်၊ ဒါပေမဲ့ အစ်ကိုတို့က ရွှေနန်းရှင်ဘုရား စိတ်တော်ကိုသိပြီးမို့ ဘယ်နည်းနှင့်မှ စိမ်းကားတော် မမူဘူးလို့တင်ကူပြီး အာမခံပါတယ်၊ စိတ်မငယ်ပါနှင့်၊ ခင်အငိုတိတ်ပြီး စိတ်အေး အေးထားပါ၊ အစ်ကို ရွှေနန်းတော်ကို မနက်စောစောထ၍ အခစားဝင်လျှင် ပြင်ဆင်လုပ်ကိုင် စီမံရန်ရှိသမျှ ကစ္စပြီးအောင် အရေး တကြီး ရွက်ဆောင်ခဲ့ပါမယ်"
 ဒိုင်းဝန်ကတော်ကြီးမှာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ အသွယ်သွယ်အ၀၀ စီမံ ဆောင်ရွက် နေကြသော မြောက်ဆောင်တော် ပြင်ဆင်မှုကို ကြိုတင်သိရှိခဲ့သူ ဖြစ်သောကြောင့် အနှောင့်အယှက်များ ရှိလာဦးမည်လားဟု စိတ်ဖြောင့်ဖြောင့်မထားနိုင်အောင် ဖြစ်နေတော့သည်။ သမီးလေးကိုလည်းသနား၊ ရွှေနန်းရှင်ဘုရားကိုလည်း အားကိုး၊ နန်းမတော်ကြီး ရွှေစိတ်တော် ဆိုးမည်ကိုလည်း မခံဝံ့နှင့် မလွန့်သာမလှုပ်သာ စိတ်ဒုက္ခဝေဒနာသဲပြီး မရွံ့မရဲကြီး ခံစားနေရ ရှာလေ၏။
မောင်မောင်ငယ်မှာလည်း ခင်ခင်ကြီးနှင့် ဒိုင်းဝန်ကတော်ကြီးတို့ စိတ်သက်သာရာမှ ရစေတော့ဟု ချော့မော့ နှစ်သိမ့်စေကာ အားပေးစကားများ ပြောကြားနေရင်းပင် အတွင်းတော်တွင် မည်သို့သော အရေး ကိစ္စများ နောက်ထပ်ပေါ်ပေါက်နေပြန်သနည်းဟု စိတ်ထဲတွင် စာအုံနွေးနွေးဖြင့် ပြေး၍သာ ကြည့်လိုက် ချင်သောစိတ်များ ပေါ်ပေါက်နေလေသည်။
ယင်းသို့ ဒိုင်းဝန်ကတော်ကြီးနှင့် မောင်မောင်ငယ်တို့က စိတ်သက်သာရန် ကြံဖန်ချော့မော့ ထားသော် လည်း ခင်ခင်ကြီးမှာ မိမိမျက်မှောင်တွင် ဖြစ်ပျက်လာသော အရေးတော်ပုံက ရင်တုန် ထိတ်လန့်၍မပြီး အကြောက်ကြီးကြောက်နေရာမှပင် ရွှေနန်းရှင်ဘုရားအား အားကိုးချစ်ခင်လျက် ရှေ့တော်သို့ အခစား မပျက် ၀င်ထွက်ဖူးမျှောနိုင်ခွင့် မရဘဲနေမည်ကိုသာ အရေးတကြီးစိုးရိမ်၍ နေရှာတော့သည်။
ယင်းသို့လျှင် သုံးဦးသား ငိုကာရယ်ကာ စိုးရိမ်ပူပန်စွာနှင့် အချိန်ကြာညောင်း ပဟိုရ်ပြောင်းလျက် နံနက်လင်းအားကြီးမှ ဇွတ်မှိတ်၍ အိပ်လိုက်ကြသော်လည်း မောင်မောင်ငယ်မှုကား နေ၀န်းပေါ် လျှင် ပေါ်ခြင်း ရွှေနန်းတော်ကြီးသို့ သုတ်သီးသုတ်ပြာ ပြေးခဲ့ရရှာလေ၏။
ရွှေနန်းတော်ကြီးပေါ်သို့ ရောက်လျှင် အစောင့်အနေ အမှုထမ်း လူငယ်များမှာ အခါတိုင်းကဲ့သို့ပင် ၀တ္တရားမပျက် ထွက်ဝင်လှုပ်ရှားလျက် ရှိနေကြသည်ကို တွေ့မြင်သော်လည်း လူကြီးနှင့် လူလတ်ပိုင်းတို့မှာ မျက်နှာပျက်ပျက်၊ မျက်စိပျက်ပျက်၊ စိတ်သောကဖက်၍ ထိတ်လန့် ကြောက် ရွံ့လျက်ရှိကြောင်း တွေ့မြင်ရသောကြောင့် စကားစတင်၍ မေးမြန်းစုံစမ်းချင်သောဆန္ဒကို တစ်ခဏရက်ဆိုင်း မျိုသိပ် ထားလိုက်ရလေသည်။
မောင်မောင်ငယ်သည် ဖြစ်ပွားရင်း အမှုသည်တို့တွင် ပါဝင်ရောထွေးလျက် ရှိသူတို့ အနက်မှာ မိမိလည်း အပါအ၀င် တစ်ဦးတစ်ယောက် ဖြစ်နေသောကြောင့် ခါတိုင်းကဲ့သို့ မင်းမှုထမ်းချင်း ရင်ရင်နှီးနှီး ပြောဆိုနှုတ်ဆက်၍ အဖြစ်အပျက်ကို မေးမြန်းစုံစမ်းခြင်းမပြုဝံ့သဖြင့် နှုတ်ဆွံ့ နှုတ်လေးကြီးဖြစ်နေတော့ရာ ကြာလျှင် သည့်ထက် အခြေပျက်ချိမ်မည်ဟု မိမိဆောင်ရွက် အမှုထမ်းရာဌာနဖြစ်သော ရွှေတိုက်တော် ဆောင်ဆီသို့ မကြည်သာသော မျက်နှာနှင့်ဆက်လက် ထွက်ခွာ လာခဲ့ရလေသည်။ ရွှေတိုက်တော် ဆောင်တွင်လည်း စာရေးတော်ကြီးများ၊ ရွှေတိုက်ကြပ် များမှာ ဆိုင်ရာအမှုကိစ္စတာဝန်များကို ၀တ္တရားမပျက်ဆောင်ရွက်မြဲ ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့ရလျက် မိမိရောက်ရှိလာသည့် အတွက်လည်း အကြောင်းထူးသတင်းထူးများ ပြောကြားရန် မရှိသည့်ပမာ အခါတိုင်းကဲ့သို့ အေးဆေးစွာ ရှိကြသော ကြောင့် ကြစိတ်စောခဲ့ခြင်းများ သက်သာရာရသွားတော့သည်။
ထို့ကြောင့် ဆိုင်ရာ၊ စာရင်း၊ ပုရပိုက်များကို စစ်ဆေးကြည့်ရှုနေလျက် တစ်ချက် တစ်ချက်၌ မျက်စိကို စေစားပြီး အနီးအပါးမှ စာရေးတော်ကြီးများကို ကြည့် လိုက်၊ ရွှေတိုက်ဆောင်တော် အပြင်ဘက်သို့ မျော်လိုက်နှင့်လက်သုံးတော် အဖွဲ့သားများ၏ အသွားအလာကို မျှော်လင့် စောင့်စားနေခဲ့ရာ တောင်ဒ၀ယ် ဆောင်မှ လက်သုံးတော် လေးငါးယောက် မှန်နန်းတော်ဆောင်သို့ နေလှည့်လဲရန် တစ်သုတ် ဖြတ်သွားသည်ကို မြင်သဖြင့် ညဥ့်လှည့်လက်သုံးတော်များ ထွက်အလာ ကို အရေး ကြီး စောင့်မျှော် ကာနေမိလေ၏။
မျှော်လင့်သည့်အတိုင်းပင် မကြာမထင် ညဥ့်လှည့်အမှုတော်ထမ်းများထွက်လာရာ ထိုလူသိုက်ထဲ တွက် မောင်မောင်နွဲ့ ကလေးတစ်ယောက်ပါလာသောကြောင့် ရွှေတိုက်ဆောင်တော် အပြင်ဘက် သို့ထွက်၍ အချိန်း အချက်နှင့် လက်ရပ်ခေါ်လိုက်လျှင် မောင်မောင်နွဲ့လည်း လူအုပ်ထဲမှ ခွဲကာ မောင်မောင်ငယ် ရှိရာသို့ ရောက်လာပြီး တီးတိုးလေသံနှင့်-
"ကိုကြီးဖေ ဘာအမိန့်ရှိလို့ပါသလဲ၊ ကျွန်တော်တို့ အခုလှည့်လဲ၍ ထွက်ခဲ့ပါသည်"
မောင်မောင်နွဲ့ မှာ ညဥ့်လှည့်အပြီးတွင် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်လိုက်မည်ဟု အားခဲ၍ ပြန်လာသူ ဖြစ်သည်အတိုင်း လေးလံထိုင်းမှိုင်းသော မျက်နှာနှင့် ပြောလိုက်ရာ-
"မင်းတို့ ကိုကြီးတုတ် ဘယ်မှာရှိသလဲလို့ ညီမောင်ရာ၊ နို့ပြီးတော့ ရွှေနန်းတော်ကြီးမှာ ဘာများ အကြောင်းထူး သေးသလဲလို့ ညီမောင်တို့က တစ်ညလုံးရှိနေတဲ့ လူဆိုတော့ အမှုကိစ္စမှန်သမျှ တစ်ခု မကျန် သိကြမှာပဲနော်" ဟု မောင်မောင်ငယ်က မေးမြန်းစုံစမ်းသောကြောင့်-
"ညက ဘာဖြစ်ကြသလဲတော့မသိဘူး ကိုကြီးဖေရဲ့၊ ရွှေနန်းရှင်ဘုရင်ဘုရား အမျက်တော်ပွားပြီး ဓားတွေလှံတွေတောင် ကိုင်တော်မူတယ်၊ ဘယ်သူ့ကို မျက်တော်မှုတယ်လို့ ကျွှန်တော်မသိပါ၊ နောက်ညဥ့်  အတော်နက်မှ မျက်နှာတော်ပျက်ပျက်နှင့် စက်တော်ဆောင်ဝင်တော်မှုပါသည်။ ကိုကြီးတုတ်လည်း နောက်တော်က ထက်ကြပ်မခွာပါလာတာ တွေ့ရပါသည်၊ ကျွန်တော် တွေ့မြင်ရသမျှတော့် ဒါပါပဲ ကိုကြီးဖေ"ဟု ချေချေငံငံ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
"ညီမောင်တို့ ထွက်လာတော့ မောင့်ကိုကြီးတုတ် ဘယ်မှာရှိနေသလဲ၊ အစ်ကိုသူ့ကို အလျင်စလို တွေ့ချင်နေပါသည်၊ ညီမောင်ကူညီ၍ ရှာဖွေပေးစမ်းပါ"ဟု မောင်မောင်ငယ်က တောင်ပန် သည်နှင့်-
"ကျွန်တော်တို့ လင်အားကြီးအလှည့်ဝင်တော့ ရွှေနန်းရှင်ဘုရား စက်တော်မူတဲ့ သလွန်တော် ခြေရင်းမှာ ကိုကြီးတုတ်ဟာ ငုတ်တုတ်ကလေးမှေးပြီး အိပ်မောကျနေတာ တွေ့ရပါတယ်၊ မိုးလင်းတော့လည်း ရွှေနန်းရှင်ဘုရား မျက်နှာသစ်တော်ရေကျပြီး တီးတိုးတီးတိုး အမိန့်တော်မှတ်သည်ကို ကိုကြီးတုတ်က အမိန့်တော်နာခံနေတာ တွေ့ခဲ့ရပါသည်" ဟူသော အဖြေကြောင့်-
"'ဒါဖြင့် ယခု ရွှေနန်းးရှင်ဘုရား၏ အပါးတော်တွင် ရှိဦးမှာပေါ့၊ အစ်ကိုလိုက်သွားမည်၊ ကဲကဲ ညီမောင် အိပ်ချေပါတော့"ဟုပြော၍ လွှတ်လိုက်ကာ မောင်မောင်ငယ်သည် ကဗျာကရာ အတွင်းတော် သို့အရောက် သုတ်သုတ်သွားလေသည်။
ရွှေနန်းရှင်ဘုရားမှာ သလွန်ပေါ်မှာ စံတော်မှုရင်း အပါးတော်က မောင်မောင်တုတ် လျှောက်တင်ချက်ကို နားဆင်တော်မှုလျက် ရှိသည်ကို တွေ့မြင်ရလေသည်။
မောင်မောင်ငယ် မရွံ့တရွံ့နှင့် ၀င်လာသည်ကိုမြင်ရလျှင် မောင်မောင်တုတ်တုတ်က မျှော်လင့် တောင့်တ နေသော မျက်နှာနှင့်-
"ဟော........ ကိုဖေငယ်ပါလား၊ ကဲ.....ကဲ အပါးတော်ကို မြန်မြန်လာစမ်းပါ၊ မေးတော်မူနေတာနှင့် အသင့်ပဲ"ဟု အရေးတကြီး ဆီးကြိုပြောသောကြောင့် ကသောကမျောပင် အပါးတော်သို့ဝင်၍ ခစား လိုက်လေသည်။
"မနေ့က အရေးတ်ာပုံအတွင်း ဗရုံးဗရင်းနဲ့ နောက်တော်က ပါသွားတော့ ကိုရင်နှင့် ခင်ခင်တို့ ကျန်ရစ် ခဲ့တဲ့နောက် ဘယ်ကိုရောက်သွားကြသလဲ၊ ညဥ့်ကထဲက မေးတော်မူနေပါသည်၊ ခင်ခင့်ကို ဘေးမသီ ရန်မခအောင် ကိုဖေငယ်က ဆောင်ကျဉ်းရန် ကျန်ရစ်ခဲ့ပါသည်၊ စိုးရိမ်တော်မူပါနှင့် ဘုရားဟု လျှောက်တင် ထား ရသည် ခင်ဗျ"
"မှန်ပါသည်၊ ကျွန်တော့်မှာလည်း မျက်ကလဲဆံပြာနှင့် မကြံသာအောင် ရှိနေဆဲ လှံတော်ကိုဆွဲပြီး ဘုန်တော်ကြီးလှသော ဘုရား ထွက်တော်မူသွားမှ သတိရပြီး အနားက ခင်ခင်ကြီးကို အရေးတကြီး အိမ်အရောက် ပြန်ပို့လိုက်ရပါသည်၊ အတွင်းတော်သို့ တစ်ခေါက်ပြန်လာပါဦးမည် ကြံပါသော်လည်း မျက်ရည် စိုရွှဲနှင့် တငိုတည်းငိုလို့နေတဲ့ ခင်ခင်ကြီးကို အနည်းနည်းအ၀၀ ဖျောင်းဖျအားပေးနေရတဲ့အတွက် ရုတ်တရက် ပြန်မလာနိုင်ရှိပါတယ်"
မောင်မောင်ငယ်က မောင်မောင်တုတ်အမေးကို ယင်းသို့ အဖြေပေးလိုက်စဉ် ရွှေနန်းရှင်ဘုရား လည်း ကြားတော်မှု သည်နှင့်-
"ဒါဖြင့်လျှင် ခင်ခင့်အတွက် ငါစိတ်အေးတော်မူပါပြီ"ဟု မိန့်တော်မှုကာ များစွာကြည်သာ တော် မမှုသေးသည့် မျက်နှာနှင့် ငြိမ်သက်စွာ စံတော်မှုလျက် ရှိသေး၏။ အတန်ကြာမှ-
"ညက အတော်နာကျင်လို့များ သွားရှာသလား မောင်ဖေငယ်၊ သူ့ခမျာ အင်မတန် ကြောက်ရွံ့ အားငယ် နေရှာ သလား" ဟု ကရုဏာသံနှင့် တစ်ဖန်ထပ်၍ မိန့်တော်မှုပြန်သောကြောင့် မောင်မောင်ငယ်က ဖြစ်သမျှ အကြောင်း စုပေါင်း၍ သံတော်ဦးတင်ရတော့သည်။
ရွှေနန်းရှင်ဘုရားကလည်း "ဘာမျှအားမငယ်ပါစေနှင့်၊ ငါမောင်တုတ်နှင့်စီမံခန်ခွဲ တာဝန်လွှဲတော် မူထားပြီး၊ သည်ကိစ္စကို ယခုတစ်ရက်နှစ်ရက်အတွင်းအပူတပြင်း ဆောင်ရွက်ကြလေတော့" ဟုမိန့်တော်မှုလေလျှင် မောင်မောင်တုတ်တွင် ကိစ္စမကုန်သေးသဖြင့်-
"အခွင့်အရေးရှိသမျှ လျှောက်တင်ရန် ရှိပါသေးသည်ဘုရား၊ နန်းမတော်ကြီးနှင့် မျက်မာန် တော်ရှ ရတဲ့ညက ကိစ္စမှာ ခက်ထန်လွန်းလှသူက်ု ဘုရင့်အာဏာနှင့် ရှေးဦးစွာနှိမ်နင်းမှ ဆောင်ရွက် ရမည့် အမှုကိစ္စ များ ချောမောပါလိမ့်မည်ဘုရား" မောင်မောင်တုတ် လျှောက်တင်ချက်ကို လက်ခံတော်မှုဟန်နှင့်-
"ငတုတ်ရယ် လုပ်စရာရှိတာတွေကိုသာ လုပ်ချေပါ၊ သည်ဟာကို ငါနိုင်အောင်စခန်းသွားလိုက် ပါမည်"ဟု မိန့်တော်မူလျက် ချိုးရေတော်ဆောင်ဘက်သို့ ရုတ်တရက် ထွက်ကြွတော်မှုသွားရာ သလွန်တော်အနီး၌ ငယ်ကျွန်ကြီးနှစ်ယောက် ကျန်ရစ်ခဲ့လေ၏။
ငယ်။     ။ "ညက ဘယ်လိုဖြစ်ပြီး ဘယ်ခရီးမှာ စခန်းသပ်ကြသလဲဗျ၊ ကျုပ်ဖြင့် သည်တစ်ခါ မိုးမီးလောက်တာနဲ့ အလားတူမို့ ဘယ်လိုများပူလိုက်သည်ဆို တာစာမဖွဲ့နိုင်အောင် ရှိတော့တာပဲ"
တုတ်။     ။ "ကျုပ်လည်း သည်အတိုက်ပါပဲ၊ ဗြုန်းခနဲဆိုတော့ ကျုပ်မှာ ကိုယ့်အရှင် စော်ကားတဲ့ မိဖုရား ပါပဲဗျာ၊ ဘွားအေတူ ကလေးမို့ထင်ပ"
ငယ်။    ။ "ရှူး.....ကိုတုတ်နော် ကြမ်းကြားလေးကြား ခင်ဗျားစကား ရပ်စမ်းပါ၊ ကျုပ် သိချင်တာက ညက ရွှေနန်းရှင်ဘုရား လှံတော်နဲ့ လိုက်သွားပြီး မိဖုရားကြီး ထိုးရောလား"
တုတ်။       ။ "မိရင်တော့ စိတ်တော်ဆိုးခိုက်မို့ ထိုးလိုက်မှာပဲ ထင်ပါရဲ့၊ ဒါပေမဲ့ နန်းမတော်ဆောင် အရောက်မှာ တစ်ခါတည်း တံခါးအလုံပိတ်ပြီး တိတ်တိတ်ကလေးပုန်နေကြသလိုပဲ၊ ရွှေနန်းရှင် ဘုရားမှာလည်း လှံတော်ကိုင်ပြီး တရကြမ်းထွက်တော်မူလာရတာတစ်ကြောင်း၊ စောစောက ဒေါမနဿအရှိန်နှင့် တည်ငြိမ်တော်မမှုနိုင်တာတစ်ကြောင်း၊ စိတ်မောကိုယ်မောဖြစ်တော်မှုပြီး ပိတ်ထားတဲ့ ကျည်းရှင်တံခါးဝ အရောက်မှာ အသာရပ်၍ နေတော်မှုပါဘုရား၊ အမျက်တော်ပွား၍ မိဖုရားကို အပြစ်အလျောက် စီရင်တော်မှုလိုလျှင် ဧကရာဇ်ဘုရင်တို့ ရရှိအပ်သော အာဏာတော်နှင့် ရာဇဒဏ် ခတ်တော်မှုနိုင်ပါလျက် ကိုယ်တော်တိုင် အမောခံပြီး လှံတော်နှင့် ဆုံးမတော်မှုဖို့ မသင့်ကြောင်း ပါဘုရား"လို့ အနားကတတွတ်တွတ် သံတော်ဦးတင်ကာမှ ရွှေစိတ်တော် ကျသွားတယ်ဗျ၊ အဲဒီအချိန်မှာပဲ အထိန်တော် အမေသစ်ကြီး ဘယ်နည်းဘယ်ပုံ ရောက်လာတယ်မသိပါဘူး ကိုဖေငယ်ရာ၊ ပီယ၀ါစာ စကားနဲ့ သောက်တော်ရွှေဖလား ဆက်လိုက်တော့ ရွှေနန်းရှင်ဘုရားမှာ စိတ်မာန်တော်လျှော့သည်ထက် လျှော့သွားပြီး မှန်နန်းတော် ဆောင်ထဲ ပြန်ကြွလာရာက တစ်ခါတည်း စက်တော်ခေါ်လို့ ပျော်တော် မှုသွားလိုက်တာ ယခု မိုးစင်စင်လင်းမှ နိုးတော်မှုတာပါပဲ"
မောင်မောင်ငယ်မှာ မိမိထင်မြင်သလောက် အေခြေအနေမဆိုးကြောင်း သိရှိရသဖြင့် အသင့် အတင့် စိတ်အေး သွားတော့သည်။
"ယခုမိုးလင်းတော့ ဒီကိစ္စနှင့်ပတ်သက်လို့ ဘယ်လိုများဆက်လက်အမိန့်တော်မှတ်ပါသလဲ"ဟု မေးရာ
"မိဖုရားခေါင်ကြီးအပေါ်မှာ ဘယ်ပုံဘယ်နည်း အရေးယူတော်မှုမယ်လို့ အတိအလင်းအမိန့်တော် မချသေးပါ၊ ခင်ခင်ကြီး ဘယ်မှာရှိတယ်၊ ဘယ်လိုနေတယ် ဆိုတာကိုသာ သိတော်မှုလိုကြောင်း အမေးတော် ရှိပါတယ်၊ နောက်ပြီး ယမန်နေ့က အစီအစဉ်အတိုင်း အမြန် ကိစ္စပြီး မြောက်အောင် ဆောင်ရွက်ဖို့ အမိန့်တော်မြတ် မှတ်ပတော့တယ်၊ ကျုပ်တို့ ဆောင်ရွက်နေကြတဲ့ အချိန်အခါမှာ နန်းမဆောင် ဘုရားကြီးက တားဆီးအနှောင့်အယှက် မပြုနိုင်အောင် ကြံဆောင်တော်မှုပါဆိုတော့ ခုနက ကိုဖေငယ်ကြား တဲ့အတိုင်း ဒီဟာကို ငါနိုင်အောင် စခန်းသွားလိုက်ပါမည်တဲ့"ဟု ခပ်မဲ့မဲ့ ငေါ့၍ပြောလိုက်သည်။
"ဒါဖြင့် ကိုရင်တုတ်က စိုးရိမ်စရာ မလိုပါဘူးဗျာ၊ ကျုပ်တို့ လုပ်စရာရှိတဲ့ တာဝန်ကိုသာ လုပ်ကြပါစို့၊ မြောက်ရွှေရေးဆောင်တော်ပေါ် ခင်ခင့်ကို အရောက်ပို့ ပြီးလျှင် ရွှေနန်းရှင်ဘုရား အလိုတော်ကျ ဖြစ်ရော မဟုတ်လား၊ ကဲ.......ကျုပ်တို့ သွားပြီး စီမံနှင့်ကြမှပဲ" ဟုဆိုကာ မောင်မောင်ငယ်သည် မောင်မောင်တုတ် လက်ကိုဆွဲ၍ အဆောင်တော်ထဲမှ စိတ်အားတက်ကြွစွာ ထွက်ခွာခဲ့လေ၏။
နန်းမတော်ဖုရား၏ အဆောင်တွင်း၌ ခင်ဘွားသစ် ခင်မကြီးတို့ နန်းမတော်ဖုရား အပါးတွင် တီးတိုးလေသံနှင့် တင်လျှောက်ကာ ပြုဖွယ်ကိစ္စ အဖြာဖြာကို အမိန့်တော်နာခံကာ နေကြ့လေသည်တွင် အရှင်နန်းမတော် ဖုရားမှာလည်း ခင်မကြီးနှင့် ခင်ဘွားသစ်တို့လျှောက်တင်၍ ကြားသိတော်မှုရသော သတင်း များကြောင့် အမျက်တော်ပြင်းစွာ ထွက်လျက် ရှိလေသည်။
"သည်အကောင်နှစ်ကောင်ဟာ ယခုအနေတွင် သင်းတို့သခင် အနားကပ်၍ ကြိုက်တတ်တဲ့ အစာကျွေးပြီး ပွတ်သီးပွတ်သပ် မြှောက်ထိုးပင့်ကော်လုပ်နေတာ အမှန်ပဲ၊ ဟိုလူကလည်း အရှုးအမှုးဖြစ်လောက်အောင် ရာဇဣနြေ္ဒကိုမှ မဆောင်နိုင်တဲ့ အခြေဆိုက်လို့နေပြီ၊ ဒီဂြိုဟ်ကောင် နှစ်ကောင်ကို မြန်မြန် ထောင်သွင်း ထားမှ ဖြစ်တော့မယ်" ဟု မိန့်တော်မူလျှင် ခင်မကြီးနှင့် ခင်ဘွားသစ်မှာ စိတ်အားထက်သန်စွာ နှင့်-
 ''မှန်ပါ၊ မြန်မြန် အရေးယူတော်မူပါဘုရား၊ ဦးအောင်မနှိမ်နင်းလျှင် သင်းတို့က ပြန်၍အရှင် နန်းမတော် ဘုရားကို မကောင်းကြံမည့် ရန်သူများ ဖြစ်နေကြပါပြီဘုရား'' ဟုလျှောက်ထားကြသည်။
နန်းမတော်။    ။ '' ငတုတ်ရဲ့ မတရားမှုနှင့် အပြစ်အနာအဆာတွေကို ငါအသိဆုံးပါပဲ၊ နောက်နောက် အခါတုန်းကတော့ ငါ့မျက်နှာ၊ မောင့်မောင့်မျက်နှာကြောင့် ဘာမှမဖြစ်ခဲ့တာကလား၊ အင်း... ငတုတ်... ငတုတ်၊ ငါ့ကို သင်းသစ္စာဖောက်သကိုးနော်၊ သြော် ငါကတော့ ရင်းရင်နှီးနှီး အလိုတော်ကျ အမှုကိစ္စ အရပ်ရပ်ကို လျင်မြန်ဖျတ်လတ်စွာ ဆောင်ရွက်အမှုထမ်းခဲ့တဲ့အတွက် မောင့်မောင့်ထက် ငါက လက်ရင်း လူယုံအဖြစ်ထားပြီး များများကြီး အရေးယူ မြှောက်စားခဲ့မိတယ်၊ သင်းသခင်က ဘယ်လိုပင် အရေးပါ အရာ ရောက်လို့ မြှောက်စားအမွှန်းတင်ချင်ပေတဲ့ ငါမသဒ္ဓါခဲ့လျှင် ဒီရာထူးနှင့် အခွင့်အရေး သြဇာအာဏာတွေကို သည်လို မခံစားနိုင်ဘူးဆိုတာ သင်းအလိုလို သိဖို့ကောင်းသည်''
သစ် ။    ။ '' ကျေးဇူးရှင်ကို သစ္စာဖောက်လျှင် ဒုက္ခရောက်ဖို့ မဝေးတော့ပါဘုရား''
ခင် ။     ။ '' အရှင်နှစ်ပါးက သူ့ကို ချစ်ခင်မြှေက်စားပြီး ဘေးမဲ့ပေးထားလို့ အရှင့်ဓားနဲ့ဖြင့် ဒီတစ်သက်မှာ မသေရဘူးဆိုပြီး မိုက်လုံးကြီးကြီးနှင့် ခြေဖျားထောက် တာပါပဲဘုရား''
သစ် ။    ။'' လှံတော်ဆွဲပြီး ထွက်တော်မူလာရာမှာ နောက်တော်က တောင်းပန်စကားနှင့် လျှောက်ထားသင်ထင်လိုက်မိတယ်၊ ဘယ်ဟုတ်လိမ့်မလဲ ဘုရား အရှင်နန်းမတော်ဖုရားကို ရာဇဒဏ် အပြစ်ပေးအောင် အရေးဆိုတဲ့ စကားမျိုးနှင့် အဆင်းတွန်း၍ လျှောက်ထားမှန်း နောက်မှ တွေးမိကြောင်း ပါဘုရား''
နန်းမတော် ။   ။ '' ထီးတင်ပြီး ငြမ်းဖျက်ချမယ်ကြံကြတဲ့ ဆရာတပည့်တွေကို ဘယ်လို အရေးယူပြီး ဘယ်နည်းနှင့် ရန်တုံ့ပြန်လိုက်တယ်ဆိုတာ အသာကလေး ကြည့်နေကြစမ်း''
သစ်။   ။ '' တစ်ခုတော့ တင်လျှောက်ခွင့်ပေးတော်မူပါဘုရား၊ ရွှေနန်းရှင်ဘုရားကို ပြောင်းတော်မူရပါသည်၊ ပင်ကိုသဘောတော်က အင်မတန်ကောင်းလှပါကြောင်း''
နန်းမတော် ။   ။ '' ဒီအကြောင်းရင်းတွေကို သိပြီးပါပဲ သစ်သစ်ရယ်၊ ခုနှယ်အခါမှာတော့ မောင်တော် ကလည်း အတော်ပင် ကဲတော်မူလာတာအမှန်မို့ အင်မတန် ခံပြင်းလှတော့တယ်၊ သို့သော်လည်း ကိုယ်တင်တဲ့ စစ်ကဲက ကိုယ်ကို ဖြဲလို့ချောက်တာကိုတော့ တစ်နည်းနည်းနှင့် ခုခံကာကွယ်ရမှာပေါ့၊ ဒီကိစ္စမှာ သစ်သစ်ကိုသာ ယုံကြည်တော်မူရင်းဖြစ်လို့ အတွင်းကျကျ စေစားရတော့မည်''
သစ်။   ။ '' သစ်သစ်ကတော့ မဆုတ်မနစ်သော လုံ့လနှင့် အသုံးချတော်မူရာက အမှုတော် ထမ်းပါ မည်ဘုရား''
နန်းမတော် ။   ။ '' ကဲ...ကဲ သစ်သစ်ကို မှာတော်မူထားတဲ့အတိုင်း ကိုယ်တော်စားသွားပြီး သင့်သလို ခစားနေရမည်၊ ဟိုအကောင်များရှိလျှင်လည်း ရဲရဲသာဝင်။ ဘာမျှ မကြောက်မလန့်နှင့်''
သစ်။    ။ '' အမိန့်တော်အတိုင်းပါဘုရား''
နန်းမတော် ။   ။ '' ခင်မကြီးက ညီမတော် စုလေးအဆောင်ကိုသွား၊ မဖုရားက ညီမတော် စုလေး ယခု အမြန် မဖုရားအဆောင်တော်သို့  အခစားဝင်စေလိုကြောင်း လျှောက်တင်ချေရမည်'' ခင်မကြီး ။   ။ '' ကိုင်း... သစ်သစ်နှင့် ခင်မကြီးတို့ အသီးသီး ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ကြရန် အမြန် သွားကြ ပေတော့ဟု မိန့််တော်မူသဖြင့် ခင်ဘွားသစ်နှင့် ခင်မကြီး တို့ အပါးတော်မှ တာဝန်ဝတ္တရားများ ယူဆောင်ကာ ထွက်ခွာသွားသော လူယုံတော်နှစ်ဦးအနက်မှ ခင်ဘွားသစ်သွားသော ကိစ္စကို အလိုတော်ကျ ဖြစ်စေရန် ဝေဖန်သုံးသပ်တော်မူလျက် အကြမ်းမဖက် အနုသက်သက်ဖြင့် ခရီးသွားတော်မူရန် စိတ်တော်၌ ပိုင်းဖြတ်တော် မူထားလေသည်။
မောင်တော် ရွှေနန်းရှင်သည် သဘောတော် နူးညံ့သူဖြစ်ပါလျက် အကြမ်းဖက်၍ လက်နက် ဓားလှံ ကိုင်တော်မူသောကြောင့် နန်းမတော်သည် စိတ်ထက်မြက်တော်မူသူဖြစ်သည့်အလျောက် အမျက်မီးကြီးစွာ တောက်တော်မူမိသော်လည်း မိဖုရားခေါင်ကြီးဟူသော ရာဇဣနြေ္ဒကို စောင့်၍ အောင့်အည်းမျိုသိပ်ကာ နူးညံ့သိမ်မွေ့လှသော ပရိယာယ်ကိုသုံးလျက် တစ်ဘက်ရန်ကို တွန်းလှန်ဖြိုဖျက်တော်မူမှသာ အောင်မြင်ရာကမ်းတစ်ဘက်သို့ ဣနြေ္ဒမပျက် လှမ်းတက် ကြွချီိနိုင်လိမ့်မည်ဟု ကြံစည် စိတ်ကူး ရတော်မူသည့်အတိုင်း တိုက်ျစစ်ဆင်ရန် ခံတုတ်ရင်တား ကျုံးမြောင်းများ စီမံဆောက်လုပ်လျက်ရှိသော စစ်သူကြီးတစ်ဦးအလား အသိုင်းအ၀ိုင်း အဖွဲ့အစည်းများကို စနစ်တကျ ပြုပြင်လျာထားတော်မူလျက် ရှိလေ၏။
များမကြာမီပင် ခင်မကြီးနှင့် အပျိုတော် အထိန်းတော် သုံးလေးယောက် နောက်ပါခြံရံပြီး ညီမတော် ရမည်းသင်းစုဖုရားကလေးသည် အစ်မတော်ဖုရား ဆောင်တော်သို့ ခစားရောက်လာ ခဲ့ရလေသည်။ နန်းမတော်ဖုရားလည်း ညီမတော်ကို စိမ်းစိမ်းလဲ့လဲ့ ကြင်နာတော်မူစွာ ရူစားတော်မူလျက် စံတော်မူနေသော သလွန်တော်ပေါ်မှ လက်ကမ်းလင့်ကာ '' မမနဲ့အတူ စံတော်မူစမ်းပါဦး စုလေးရဲ့၊ မိန့်တော် မူရမဲ့ ကိစ္စများကလည်း နှစ်ကိုယ်ကြား တိုင်ပင်တော် မူရန်ဖြစတယ်'' ဟုဆိုကာ မရွံ တရွံဖြစ်နေ သော ညီမတော်ကို ခေါ်ယူ၍ သလွန်တော်တွင် အတူယှဉ်ထိုင်တော်မူစေသည်။
'' မမဖုရား အရေးတကြီး ခစားရမယ်ဆိုလို့ အူယားဖားယား ထွက်တော်မူခဲ့ရကြောင်း ပါဘုရား''
စုဖုရားလေးက တည်ကြည်အေးဆေးသော လေသံနှင့် တင်လျှောက်လိုက်သည်။
နန်းမတော် ။   ။ '' မဖုရား စီမံတော်မူရာကို ညီမတော်စုလေး မငြင်းဆန်ပါဘူးနော်၊ မမကတော့ 'ညလေး'ကို မမနဲ့ထပ်တူချစ်တော်မူလွန်းလို့ မမဖုရားဘယ်သူ့အပေါ်ကိုမှ မျှတဝေခြမ်း တော်မမူနိုင်တဲ့ ကိုယ်ပိုင် ပစ္စည်း တစ်ခုကို ဝေခြမ်းမျှတတော်မူလို၍ ခေါ်တော်မူခြင်းပါပဲ''
 စုလေး။  ။ '' ကျေးဇူးတော် ကြီးလှပါကြောင်းဘုရား ဘယ်လိုပစ္စည်းများကို သနားတော်မူမှာပါလဲ''
နန်းမတော် ။   ။ '' အခြားဟုတ်ပါရိုးလား၊ မမဖုရားရဲ့ ချစ်လင် ရွှေနန်းရှင်မောင်မောင်ကိုပေါ့''
စုလေး။ ။'' ဘုရား... ဘုရား.. မမဘုရား၊ စုလေးကို အထင်တော်မှားလို့ အမျက်တော်ထား လေသလား၊ စုလေးမှာရိုးသားစွာ စံတော်မူလျက်ပါ၊ ဘာအပြစ်မှ မလွန်မကျူခဲ့ကြောင်းပါဘုရား''
နန်းမတော် ။   ။ '' အို... စုလေးရယ်၊ ဘယ်လိုစကားတွေများ လျှောက်ထားနေပြန်ပါလိမ့်မလဲ၊ မဘုရားကလည်း 'ညလေး'ကို အမျက်တော်မမူပါဘူးကွယ်၊ မျက်ရည်တွေများ လည်လို့ပါကလား''
စုလေး။  ။ '' မမဘုရား အမိန့်တော်ထားပုံက ထူးခြားလွန်းလို့ စုလေးမှာ အံ့သြစရာ တစ်ရပ် ဖြစ်နေကြောင်းပါ။ စုလေးကိုများ အထင်တော်မှားပြီး ရွှေနန်းရှင်ဘုရားနှင့် ယုံမှားသံသယ''
နန်းမတော် ။   ။ '' အို... မမကိုယ်က သဒ္ဓါတော်မူပြီးသားဖြစ်တဲ့အတွက် ရွှေနန်းရှင်ကိုပင် မကြာခင်က အသိပေးတော်မူခဲ့ပါသေးတယ်၊ မမဖုရားက တကယ်ပင် သဒ္ဓါကြည်ဖြူတော်မူလို့ မိန့်တော်မူပါသည်၊ ပူတော်မမူပါနှင့် 'ညလေး'  ရယ်''
စုလေး။   ။ '' ခုမှ လျှောက်ထားရဦးမည်ဘုရား၊ မမဖုရားက  အခွင့်တော်ပေး၍လားမသိပါ၊ ယခင်တစ်လော ရွှေနန်းရှင်ဘုရားက အလွှာတော်များ သနားဖူးပါသည်၊ ညီမတော်စုလေးမှာ ဘာမှန်းမသိ ညာမှန်းမသိနှင့် ကြောက်လိုက်သည်မှာ ပြောစရာမရပါ''
နန်းမတော် ။   ။ '' ဘယ်သူ့ကို ကြောက်တော်မူတာလဲ စုလေးရဲ့''
စုလေး ။  ။ '' မမဖုရားကိုလည်းကြောက်ပါသည်၊ ရွှေနန်းရှင်ဘုရားကိုလည်းကြောက်ပါသည်၊ ဒါနှင့် ဘယ်လိုမှ မလှုပ်ဝံ့တဲ့အတွက် အသာကလေး ကုတ်လို့ နေလိုက်ရပါသည်ဘုရား''
နန်းမတော် ။   ။ '' သြော်... ဒီလိုများပင် စ, တင်တော်မူလာသေးသည်ကား၊ အာဂရွှေနန်းရှင်ဘုရားပါပေ၊ ကဲလေ ဒီအခြေမျိုးရှိခဲ့ဖူးလျှင် မဖုရား လိုအင်ဆန္ဒကို သာလို့ပင် ပြည့်ဝစေရန် ဖန်တီးလာတယ်လို့ ဆိုရ မှာပေါ့''
စုလေး။  ။'' ညီမတော်စုလေး ဘာမျှမသိရသေးသဖြင့် အရေးကုန်နားလည်လိုလှပါကြောင်းဘုရား''
နန်းမတော် ။   ။ '' မဖုရား အတိုချုံး၍ အကျဉ်ရုံးပြီး မိန့်တော်မူပါမယ်၊ မဖုရားကြီးနှင့် မဂ္ဂမဟေသီ ကိစ္စကြောင့် ညီအစ်မချင်းပေမဲ့ ခပ်ရှင်းရှင်းပြုခဲ့ရသည်၊ အဲဒီနောက်များမှာတော့ ရွှေနန်းရှင် မောင်မောင်ကလည်း တောင်ဆောင်၊ မြောက်ဆောင် ဆိုတဲ့မိဖုရားငယ်။ မောင်းမငယ်များကို လိုလားရပုံ ရကြောင်း ရိပ်မိတာနှင့် မဖုရားရဲ့လင်သားအား သူတစိမ်းများနှင့် ဝေခွဲချစ်ခင် တော်မူရမည်ကို ဘယ်လိုနည်း နှင့်မျှ သဒ္ဓါကြည်ဖြူ ရှိတော်မမူနိုင်တဲ့အတွက် ရွှေနန်းရှင် စိတ်လက် ပြေပျောက် တော် မူအောင်သာမပေးလို့ မနေသာတဲ့အဆုံးတွင် အင်မတန် ချစ်ခင်တော် မူတဲ့ ညလေးစုထားကိုသာ မဖျားရဲ့အချစ်ကို ဝေငှပေးတော်မူလိုတဲ့ စိတ်ရင်းရှိတော်မူသည် စုလေးရဲ့''
စုလေး။  ။'' မမဖျားက ဤမျှ ချစ်ခင်ကြင်နာတော်မူခြင်းကို ကြားသိရတဲ့ စုလေးမှာဝမ်းသာ ၀မ်းနည်းနှင့် စိတ်ထဲဝယ် တစ်မျိုးကြီး ဖြစ်လာပါကြောင်း''
နန်းမတော် ။   ။ '' အဲဒီလို ရည်ရွယ်တော်မူထားတဲ့ အတောအတွင်းမှာပဲ ဖယ်လွှဲလို့ မရှတဲ့ ကိစ္စတစ်ခုက အရေး တကြီး ပေါ်လာပြန်တယ် စုလေးရယ်''
စုလေး ။  ။’' မိန့်တော်မူပါဘုရား''
 နန်းမတော် ။   ။ '' တခြားဟုတ်ပါရိုးလား၊ တောင်သမန်စားငဖေငယ်နှင့် ရနောင်ငတုတ် တို့အားပေး အားမြှောက်လုပ်ပြီး ဒိုင်းမိခင်ကြီးနှင့် မောင်တော်ဘုရားကို တိတ်တိတ်ပုန်း ပေးစားလို့ထားကြသည်၊ မဖုရား လည်း သင်္ကာမကင်း ဖြစ်တော်မူနေသည်မှာ ကြာခဲ့ပြီ၊ သို့သော် မောင်တော်ကလည်း စကားအရာ လိမ္မာ ပါးနပ်စွာနှင့် ကွေ့ကာရှောင်ကာ ညာ၍သာ လာခဲ့ပါသည်၊  မဖုရားနှင့် ခင်မကြီးတို့ကလည်း အနည်းနည်း အဖုံဖုံ ချောင်းပြီးဖမ်းခဲ့သည်မှာ မနေ့ညကမှ ဖုံးကွယ်လို့မရအောင် အထုပ်အထည်နှင့်တကွ လက်ပူး လက်ကြပ်မိရတော်မူပစ်လိုက်သည်၊ သူကလည်း 'မယားငယ်မာန်'ကြောင့် မဖုရားကို ခုခံ တွန်းလှန် တော်မူလိုက်တယ် စုလေးရဲ့''
စုလေး ။  ။'' အလို... ဘုရား၊ ဒီလိုများတောင်မှ ဖြစ်လို့ကုန်ကြသလား မမဖုရား''
နန်းမတော် ။   ။ '' အရပ်သူပြော ပြောရရင် မမလင့်သဘောကို မမက နောကျေအောင် သိပါတယ် စုလေးရယ်၊ ဟိုခွေးနှစ်ကောင်က မြှောက်ပေးလို့ ဒီလိုဖြစ်ကြရတာပါ၊ အဲဒီတော့ ရွှေနန်းရှင်မောင်တော်ကို ကြာကြာပစ်၍ထားလျှင် သင်းတို့နားလှည့်ရာကိ ချာချာလည်အောင် လိုက်နေရရှာတော့မယ်၊ ရွှေနန်းရှင်ကို မိခင်ကြီးနှင့် အမျှင်ပြတ်လို့သွားတဲ့အောင် စုလေးနှင့် အရေးတကြီး ပေးစားရတော့မယ်၊ ဒါကြောင့် မဖုရားစကားကို နားထောင်၍ မောင်တော်ရှိရာ အဆောင်သို့ အမြန်သွားလို့ ခစားရမည် ညီမတော်''
စုဖုရားကလေးမှာ အရေးတကြီးနှင့် ကြက်သီးထမခန်း ခပ်ကြမ်းကြမ်း အရေးတော်ပုံကြီးအတွင်းသို့ အတင်းရိုက်သွင်း၍ ပို့သလို နားဝင်မချိုစေသော နန်းမတော် မဖုရား၏ အမိန့်တော်စကားကို နားထောင် လျက် ရုတ်တရက် ကြက်သေ သေနေရှာမိတော့သည်။ အပျိုစင် အစိမ်းသက်သက် အရွယ်မှာ မဖွယ်မရာ ကသော  စစ်မြေပြင်တွင် ဓားစာဝင်၍ ခံရမည့် ကိစ္စ၌ လုံးဝစိတ်မပါနိုင်အောင် ရှိနေရှာသည်။ သို့ရာတွင် အစ်မတော်ဘုရား၏ ဓားတော်ကလည်း ထက်၊ အမျက်တော်ကလည်း ပွားနေဆဲဆဲမသွားဘဲ တွန့်ဆုတ်ဆုတ် လုပ်နေပါက င့ါညီမကပင် ငါ့ကိစ္စကို ကူညီဖော်မရဘဲ နေပေါ့ကိုဟု ရာဇမာန်ရှပြန် တော့မည်။
ရွှေနန်းရှင်ဘုရား စိတ်တော်မကြည်မသာခိုက်မှာ မျက်နှာပြောင်တိုက်၍ ဇွတ်ဝင်ခစား ရမည်မှာလည်း အရှက်အကြောက်ကြီးလှသော စုဖုရားကလေးအဖို့ သေရွာသို့ ကြွလှမ်းရမည်ကဲ့သို့ ၀န်လေးလှသည်။ မငြင်းသာမရှောင်သာဖြစ်လျက် သစ်နှစ်ဖက်ညှပ်သော ၀ါး၊ ဓားဦးနှစ်စင်းကြား ၀င်းမှားမိသူပမာ ရုတ်တရက် အဖြေမပေးနိုင်သဖြင့် မေးခိုင်းနေတော်မူရှာ လေ၏။
''မဖုရား စီမံတော်မူသည်ကို နာခံရွက်ဆောင်မယ် မဟုတ်လား ညီမတော်''
ဟု နောက်ထပ် အမေးတော်ရှိလိုက်လျှင်-
''တင်ပါဘုရား''
ဟု လွှတ်ခနဲ ကြောက်ကြောက်ရွှံရွှံ နှင့် လျှောက်ထားလိုက်မိစေကာမူ သည်ဇာတ်ကို ဘယ်ပုံခင်း၍ ဘယ်သီချင်း ဘယ်လိုဆိုရမည် မသိသဖြင့် ရင်းတွင်းတွင်မချိ ကသိကအောက်နှင့် ရှက်ကြောက်စိုးရွှံ သော စိတ်က တဒိတ်ဒိတ် ရင်ခုန်နေစေတော့သည်။
''အဲ... 'ညလေး' က အလိမ္မာသားပဲ ၊ မဖုရားကလည်း ဘယ်သူကိုမှ မသဒ္ဒါနိုင်တဲ့ ပစ္စည်းကို ရက်ရက်ရောရောကြီး ဝေခွဲတော်မူခြင်းမှာ 'ညလေး 'ကိုချစ်တော်မူလွန်းလို့ပါပဲ၊ကဲကဲ အရေးကိစ္စက ဒီကို အေးအေးလူလူ တိုင်ပင်တော်မူနေလို့ မပြီးကြသေးဘူး စုလေးရဲ့၊ မဘုရားစေလွှတ်တော်မူထားတဲ့ သစ်သစ်ကြီး ပြန်လာလျှင် သတင်းစကားဘယ်ပုံကြားရမည်မသိ ဘူး၊အကြောင်းထူးလျှင် ထူးသလို စခန်း သွားကြစေရသည်၊ဒီတော့ ညီမတော် မဖုရား အဆောင်တော်မှာပင် ပွဲတော်စာများသုံးလို့ သည်ကနေ့ တစ်နေ့လုံး စံတော်မူပါ''
ဟူသော နန်းမတော်ဖုရား၏ အမိန့်တော်စကားကြောင့် ရမည်းသင်း စုဖုရားကလေးလည်း ရင်ထဲမှ တလှပ်လှပ် ဖြစ်ရှာလျက်နှင့်ပင် ဆက်လက်ခစားနေရလေ၏။
အခန်း (၃၅) ဆက်ရန်
.
1 comment:
Anonymous said...
မြန်မြန်ဖတ်ချင်လှပီ....