မာဆိုး-ချန်
တော့တိုး-ချန်သည် ဘူတာရုံသို့ အသွားနှင့် ဘူတာရုံမှအပြန် လမ်းပေါ်တွင် ကိုရီးယားလူမျိုးများ နေထိုင်ရာ အိမ်တစ်အိမ် ရှိသည်။ ထိုအိမ်၌ နေထိုင်သူများသည် ကိုရီးယန်းများ ဖြစ်ကြသည်ဆို သည်ကို သူမ မသိချေ။ သူမ သိသည်မှာ ထိုအိမ်၌နေသော အမျိုးသမီးကြီးတစ်ယောက်သည် ဆံပင်ကို ဦးခေါင်း အလယ် တည့်တည့် မှ ခွဲ၍ သပ်သပ်ရပ်ရပ် ဖြီးထားကာ နောက်ဘက်သို့ လှန်ချ ထားသည်။ သူမသည် ၀ဖိုင့်ဖိုင့် ဖြစ်သည်။ လှေများကဲ့သို့ ဦးကော့သော ရော်ဘာဖိနပ်ဖြူကို စီးထား သည်။ သူမ၏ အင်္ကျီမှာ ရှည်လျားလွန်း ပြီးလျှင် ရင်ဘတ်တွင်လည်း လှပသော ပ၀ါရှည်ကို စည်း ထားသည်။ သူမသည် သူမ၏သားဖြစ်သူကို 'မာဆိုး-ချန်"ဟူ၍ တကြော်ကြော် အော်ခေါ်လေ့ရှိ သည်ဟူသော အချက်များကို တော့တိုး-ချန် သိထား လေသည်။
သူတို့၏အိမ်သည် အိုအိမာချိ မီးရထားလမ်း၏ အနီး၌ကပ်လျက် တည်ရှိလေသည်။ မာဆိုး-ချန် သည် မည်သူမည်ဝါ ဖြစ်သည် ဆိုသည်ကို တော့တိုး-ချန် သိသည်။ သူသည် သူမထက် အသက် အနည်းငယ် ပိုကြီးသည်။ သူသည် ဒုတိယတန်းကျောင်းသားတစ်ယောက်ဖြစ်ဟန် တူသည်။ သို့သော် သူ မည်သည့် ကျောင်းသို့ သွားသည်ဆိုသည်ကိုမူ သူမ မသိချေ။ သူ၏ဆံပင်မှာ သပ်သပ် ရပ်ရပ် မဟုတ်ဘဲ ရှုပ်ပွနေပြီး၊ သူနှင့်အတူ ခွေးတစ်ကောင်အမြဲ ရှိသည်။ တစ်နေ့သ၌ တော့တိုး-ချန် အိမ်သို့ လမ်းလျှောက်ပြန် လာစဉ် လမ်းနံဘေးတွင် ခြေနှစ်ချောင်းခွဲ၍ မိုက်ဂိုက်အမူ အရာဖြင့် ခါးထောက်ရပ်နေသော မာဆိုး-ချန်က - "......" ဟု တော့တိုး-ချန်ကို အော်ပြောလိုက်သည်။
သူ၏အသံမှာ ရန်လိုသောအသံ၊ မုန်းတီးသောအသံ ဖြစ်သည်။ တော့တိုး-ချန် ထိတ်လန့်သွားသည်။ သူမသည် သူ့ကို တစ်ခါမျှ ရန်စသမှု ပြုလုပ်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူက သူမကို ယခုလို အော်ပြော လိုက်သည့် အခါ ထိတ်လန့်သွားခြင်း ဖြစ်သည်။
သူမ အိမ်ပြန်ရောက်သောအခါ အမေ့အား ထိုအကြောင်းကို ပြောပြမိသည်။
"မာဆိုး-ချန်က ကျွန်မကို မိုက်ဂိုက်နဲ့ ကြည့်တယ်"
အမေသည် သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။ အမေ၏ မျက်လုံးအိမ်များတွင် မျက်ရည် များဝဲနေသည်။ တော့တိုး-ချန် စိတ်ရှုပ်သွားသည်။ မကောင်းတဲ့အကြောင်းအရာ တစ်ခုခုတော့ ရှိမှာ ပဲဟု သူမ စဉ်းစား မိသည်။ အမေ၏ နှာခေါင်းထိပ်မှာ နီရဲလာသည်။
"သနားစရာကောင်းတဲ့ ကလေးပဲ၊ လူတွေက သူ့ကို '...' လို့ ခဏခဏ ခေါ်ပါများတော့ ဒီစကားလုံး ဟာ မကောင်းတဲ့ စကားလုံးဆိုတာ သူစဉ်းစားမိမှာပေါ့။ သူဟာ သိပ်ငယ်သေးတော့ ဒီစကားလုံး ရဲ့ အဓိပ္ပာယ်ကို ဘယ်သိပါ့မလဲ၊ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ဟာ 'ဘာကာ' မင်းအရူးပဲလို့ အပြောခံရတာ နဲ့ အတူတူပဲလို့ သူစဉ်းစားမိမှာပေါ့။ မာဆိုး-ချန်ဟာ လူတွေက သူ့ကို '...' လို့ ခဏခဏ ပြောဖန် များတော့ တစ်ယောက် ယောက်ကို ညစ်ညစ်ညမ်းညမ်းပြောချင်ရင် '...' ပြောတယ်လို့ သူ့ခမျာ ထင်ရှာမှာပေါ့၊ ဒါကြောင့် သူကသမီးကို '...' လို့ ခေါ်တာပေါ့။ လူတွေဟာ ဘာဖြစ်လို့များ ဒီလောက် တောင် ရက်စက်ကြရပါလိမ့်"
အမေသည် သူမ၏ မျက်ရည်များကို သုတ်ပြီး တော့တိုး-ချန်ကို ဆက်ပြောပြန်သည်။
"သမီးဟာ ဂျပန်လူမျိုး ဖြစ်တယ်၊ မာဆိုး-ချန်ဟာ ကိုရီးယားလို့ခေါ်တဲ့ တိုင်းပြည်က လာတယ်။ ဒါပေမဲ့လို့ သူဟာသမီးလိုပဲ ကလေးတစ်ယောက်သာဖြစ်တယ်။ ဒါကြောင့် အမေပြောမယ် သမီးတော့တိုး-ချန် လူဟာ လူပဲ၊ လူချင်းမတူဘူးလို့ ခွဲခြားတဲ့စိတ်မထားနဲ့၊ ဟိုလူဟာ ဂျပန်၊ ဒီလူဟာ ကိုးရီးယားဆိုပြီး မစဉ်းစားနဲ့၊ မခွဲခြားနဲ့၊ မာဆိုး-ချန်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါ။
အမေ့ ပြောစကားအားလုံးကို တော့တိုးချန် နားလည်ဖို့ သိပ်မလွယ်ပေ။ သို့သော် သူမ နားလည် လိုက်သည် မှာ မာဆိုး-ချန်သည် အချို့လူတွေက အကြောင်းမရှိဘဲ နှိမ့်ချပြောဆိုခြင်းကို ခံ နေရရှာသော လူငယ် ကလေး တစ်ယောက် ဖြစ်သည် ဆိုသည့်အချက်ပင်ဖြစ်သည်။
သို့အတွက် ကြောင့် သူ၏ အမေသည် သူ့ကို စိုးရိမ်စိတ်ဖြင့် တကြော်ကြော် ခေါ်လေ့ရှိသည် ဆိုသည် ကိုလည်း သူမစဉ်းစားမိသည်။
နောက်တစ်နေ့ နံနက်တွင် သူမထိုနေရာမှ ဖြတ်သွားသောအခါ တွင်လည်း "မာဆိုး-ချန်"ဟု သူ၏အမေ၏ ခေါ်သံ ကိုကြားရပြန်သည်။ ထိုအခါသူမက တကယ်လို့ မာဆိုး-ချန်ကသာ သူမကို '...' ဟု နောက်တခါ ခေါ်လျှင် "ငါတို့ဟာ ကလေးတွေပဲ၊ ငါတို့ဟာ အတူတူပဲ"ဟု ပြန်ပြောရန် စိတ်ကူး ထားလိုက်သည်။ ၎င်းအပြင် သူမသည် သူနှင့်မိတ်ဆွေဖြစ်ရန် ကြိုးစားကြည့်မည်ဟု စိတ်ကူးမိပြန်သည်။
မာဆိုး-ချန်၏ အမေက သားဖြစ်သူမကို ပူပင်စိတ်ဖြင့် တကြော်ကြော်ခေါ်နေသံသည် လေထဲတွင် အတန်ကြာ ပျံ့လွင့်နေသော်လည်း မီးရထားလမ်းပေါ်တွင် ခုတ်မောင်းသွားသော မီးရထားသံများ ပေါ်ထွက် သော အခါ၌မှု တိမ်မြုပ်သွား လေတော့သည်။
"မာဆိုး-ချန်"
ပူပန်သံ၊၀မ်းနည်းသံ၊ ကြေကွဲသံများ ပါနေသော ထိုခေါ်သံကို ကြားရသူအဖို့ မေ့လို့မရမည် မဟုတ်ပါလေ။
ကျစ်ဆံမြီး
ထိုအချိန်အခါက တော့ထိုး-ချန်တွင် ရည်ရွယ်ချက်ကြီး နှစ်ခုရှိသည်။ တစ်ခုမှာ အားကစားသမားများ ၀တ်သော ဘောင်းဘီပွ ကိုဝတ်ဆင်ရန်နှင့် အခြားတစ်ခုမှ သူမ၏ဆံပင်များကို ကျစ်ဆံမြီး ကျစ်ရန် ဖြစ်သည်။ မီးရထားပေါ်၌ ကျစ်ဆံမြီးကျစ်ထားသော ကျောင်းသူကြီးများကို တွေ့ရသောအခါ သူမ၏ ဆံပင် ကိုလည်း ထိုကျောင်းသူကြီးများကဲ့သို့ပင် ပြုပင်ထားရှိရန် ဆုံးဖြတ်ထားသည်။ သူမ၏ အတန်းမှ အခြား မိန်ကလေး များက ဆံပင်တိုတိုကလေးများ ဖြတ်ထားသော်လည်း သူမ မှာမူ ဆံပင် ရှည်ရှည် များကို ဦးခေါင်း ၏ နောက်ဘက်တွင် နှစ်ခြမ်းခွဲ၍ ဖဲပြားများဖြင့် စည်း ထားသည်။ ဤသို့ စည်းထားရန် အမေက လည်း အားပေးသည်။ ထို့ပြင် တော့တိုး-ချန်သည် ကျစ်ဆံမြီးကျစ်ရန် ဆံပင် ရှည်ရှည်များရှိရန် လိုအပ် သည် မဟုတ်ပါလား။
နောက်ဆုံး၌ အမေက သူမ၏ဆံပင်များကို ကျစ်ဆံမြီးနှစ်ခုဖြစ်အောင် ကျစ်ပေးလိုက်သည့်နေ့သို့ ဆိုက်ရောက် လာလေသည်။ ကျစ်ဆံမြီးများ၏ အဖျားပိုင်းများကို နူးညံ့ပျော့ပျောင်းသော ဖဲပြားများဖြင့် စည်းထား လေရာ သူမသည် ကျောင်းသူကြီးတစ်ယောက်ကဲ့သို့ ခံစားမိလေသည်။ သူမသည် မှန်ထဲ၌ သူမ ကို သူမ အပြန်ပြန် အလှန်လှန်ကြည့်သည်။ သူမ၏ ကျစ်ဆံမြီးများသည် မီးရထားပေါ်မှ ကျောင်းသူ ကြီးများ ၏ ကျစ်ဆံမြီးနှင့် မတူဟုထင်သည်။ သူမ၏ကျစ်ဆံမြီးများမှ တိုပြီးဆံပင်များမျာ လည်းပါးသည်။ ၀က်မြီး များမှနှင့် အလွန်တူသည်။ သူမသည် ရော့ကီထံပြေးသွားပြီး သူမ၏ ကျစ်ဆံမြီးများကို ကိုင်ပြ လိုက်သည်။ ရော့ကီသည် ၎င်း၏မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက် နှစ်ခါ ပြုလုပ်လိုက်သည်။
"နင်အမွှေး တွေကိုလဲ ငါကျစ်ပေးချင်တယ်" ဟု တော့တိုး-ချန်က ရော့ကီးကို ပြောလိုက်သည်။
မီးရထားပေါ်သို့ ရောက်သောအခါ တော့တိုး-ချန်သည် ကျစ်ဆံမြီးများ ပြုတ်သွားမည်စိုး၍ သူမ၏ ဦးခေါင်းကို အတတ်နိုင်ဆုံး ငြိမ်ငြိမ် ထားသည်။
"ရထားပေါ်မှာ တစ်ယောက်ယောက်ကများ ကျစ်ဆံမြီးကို တွေ့ပြီး လှလိုက်တာဟယ် လို့များပြောရင် ဘယ်လောက် ကောင်းမလဲ"ဟု သူမတွေးမိသည်။ သို့သော် သူမဆံပင်ကို တစ်ယောက်မျှ မချီးကျူးပေ။ ကျောင်းသို့ ရောက်သောအခါ စာသင်ခန်းထဲတွင် ရှိနေကြသော မိရိုးချန်၊ စက်ကိုး-ချန်နှင့် ကီအီကို အာအိုကီ တို့က သူမကို တွေ့သော် "အိုးကျစ်ဆံမြီးနဲ့ ပါလား" ဟု ပြိုင်ပြောကြသည်။ သူမ အလွန် ပျော်သွားပြီး ကျစ်ဆံမြီးများကို သူတို့အားကိုင်ခွင့် ပြုလိုက်သည်။
ယောက်ျားကလေးများက စိတ်မ၀င်စားကြပေ။ သို့သော်လည်း နေ့လယ်စာ စားပြီသောအခါ ရုတ်တရက် ဆိုသလိုပင် သူမ၏ အတန်းမှ အိုအီအမည်ရှိ ယောက်ျားကလေးတစ်ယောက်က ကျယ်လောင်သော အသံ ဖြင့် ပြောလိုက်သည်။
"၀ိုး တော့တိုး-ချန်ရဲ့ ဆံပင်ပုံဟာ အသစ်ပါလား"
ယောက်ျားလေးတစ်ယောက်က သတိပြုမိသောကြောင့် တော့တိုး-ချန် စိတ်လှုပ်ရှားသွားသည်။
"အဲဒါ ကျစ်ဆံမြီးလို့ခေါ်တယ်"
သူမက ၀င့်ကြွားစွာပြောလိုက်သည်။
ထိုအခါ အိုအီသည် သူမထံသို့လာ၍ လက်များဖြင့် ကျစ်ဆံမြီးများကို ကိုင်ဆွဲလိုက်သည်။
"ငါ သိမ်ပင်ပန်းနေတယ်၊ နင့်ဆံပင်တွေကို ငါခဏလောက်ကိုင်ထားရင် ကောင်းမလားလို့ စိတ်ကူး မိတယ်။ ဂီး ဒီဆံပင်တွေဟာ မီးရထားပေါ်က လက်ကိုင်ကွင်းတွေထက် ပိုပြီတော့ နူးညံ့တယ် ဟေ့"
အိုအီကပြောလိုက်သည်။ သို့သော်လည်း သူမ၏ ဒုက္ခသည် ဤမျှနှင့် ပြီးမသွားပေ။
အိုအီသည် တော့တိုး-ချန်ထက် နှစ်ဆနီးပါး ကိုယ်ခန္ဓာကြီးထားသူဖြစ်သည်။ အမှန်တကယ်အားဖြင့် ဆိုလျှင် သူမသည် ပထမတန်း၌ အရွယ်ကြီးဆုံးနှင့် အ၀ဆုံးကျောင်းသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် တော့တိုး-ချန်သည် ပက်လက်လန်လဲကျသွားသည်။ အိုအီသည် လဲကျသွားသော တော့တိုး-ချန်ကို ကျစ်ဆံမြီးမှပင် ပြန်ထူပေးသည်။ ဤသို့ထူးပေးရင်း သူ၏နှုတ်ခမ်းမှလည်း လွန်ဆွဲပွဲတုန်းကအတိုင်း '' ဟီး ဟို၊ ဟီး ဟို '' ဟု အသံပြုသည်။ တော့တိုး-ချန်သည် နာလွန်းသောကြောင့် မျက်ရည်များကျအောင် အော်ငိုလိုက်သည်။
တော့တိုး-ချန်က ကျစ်ဆံမြီးသည် အရွယ်ရောက်လာခါစ မိန်းကလေးများ၏ အထိမ်းအမှတ် ဟုသိထားသည်။ ကျစ်ဆံမြီးများကိုမြင်လျှင် လူတိုင်းက သူမကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြလိမ့် မည်ဟု မျှော်လင့်ထားသည်။ သူမသည်ငိုယိုရင်း ဆရာကြီး ရုံးခန်းသို့ ပြေးသွားသည်။ ငိုရှိုက်၍ တံခါးလာခေါက်သံကို ကြားရသောကြောင့် ဆရာကြီးက တံခါးထဖွင့်လိုက်သည်။ သူမ၏ မျက်နှာနှင့် တပြေးညီဖြစ်သွားရန် ခါးကို ကုန်းလိုက်ရင်း မေးလိုက်သည်။
''ဘာဖြစ်တာလဲ''
တော့တိုး-ချန်သည် သူမ၏ ကျစ်ဆံမြီးများ ပြုတ်သွားခြင်း ရှိမရှိကို လက်များဖြင့် စမ်းသပ်ရင်း ကိုင်လိုက်သည်။
''အိုအီက ကျစ်ဆံမြီးတွေကို ဆွဲတယ်၊ ' ဟီး-ဟို၊ ဟီး-ဟို'လို့အော်ရင်းဆွဲတယ်''
ဆရာကြီးသည် သူမ၏ဆံပင်များကို အသေအချာကြည့်လိုက်သည်။ သူမ၏ ကျစ်ဆံမြီးများသည် သူမ၏ မျက်ရည်ရွဲနေသော မျက်နှာနှင့် မတူဘဲ၊ ရွှင်မြူးသောအသွင်ဖြင့် လှုပ်ယမ်းနေသည်ဟု ဆရာကြီး ထင်မိသည်။ ဆရာကြီးသည် ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး တော့တိုး-ချန် ကိုလည်း သူမ၏ရှေ့မှ ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ သူသည် သူ့တွင်သွားအချို့ မရှိသည်ကိုပင် ဂရုမပြုဘဲ ပြုံးလိုက်သည်။
''မငိုနဲ့၊ မင်းရဲ့ဆံပင်တွေဟာ သိပ်လှတယ်''
ဆရာကြီးက ပြောလိုက်သည်။
''ဆရာကြီးက သဘောကျသလား''
သူမက ခေါင်းထောင်လိုက်ပြီးလျှင် ရှက်စနိုးအမူအရာဖြင့် မေးလိုက်သည်။
''သိပ်လှတယ်''
ဆရာကြီးက ပြောလိုက်ပြန်သည်။
တော့တိုး-ချန် အငိုရပ်သွားသည်။ သူမသည် ထိုင်ရာမှ ထလိုက်ရင်း ပြောလိုက်သည်။
"ကျွန်မနောက် မငိုတော့ပါဘူး၊ တကယ်လို့ အိုအီက 'ဟီး-ဟို၊ ဟီး-ဟို့'လို့ ထပ်ပြောရင်လည်း မငို တော့ဘူး"
ဆရာကြီးသည် ပြုံး၍ ဦးခေါင်းကို ညိတ်လိုက်သည်။ တော့တိုး-ချန်ကလည်း ပြန်ပြုံးပြလိုက်သည်။ သူမ၏ပြုံးနေသော မျက်နှာသည် သူမ၏ ကျစ်ဆံမြီးနှင့် လိုက်ဖက်ညီသွားသည်။ ၎င်းနောက် သူမသည် ဆရာကြီးကို ဦးညွတ်၍ အရိုအသေပြုလိုက်ပြီးလျှင် အခန်းထဲမှ ပြန်လည်ပြေးထွက်သွား ကာ အခြားကျောင်းသားများနှင့် အတူတူသွားကစားနေလေတော့သည်။
ခပ်စောစောပိုင်းက သူမငိုခဲ့ရသည့် အကြောင်းကို မေ့သလောက် ဖြစ်သွားချိန်တွင် သူမရှေ့၌ ခေါင်းကုတ်ရင်း လာရပ်နေသော အိုအီကို တွေ့လိုက်ရသည်။
"နင့် ကျစ်ဆံမြီးတွေကို ဆွဲမိတဲ့အတွက် ငါစိတ်မကောင်းပါဘူးကွာ"
အိုအီက အသံကျယ်လောင်စွာဖြင့် ပြောလိုက်သည်။
"ဆရာကြီးက ငါ့ကိုခေါ်ဆူတယ်၊ မိန်းကလေးတွေကို မစဖို့ ဆရာကြီးက ငါ့ကိုဆုံးမတယ်၊ မိန်းကလေး တွေအပေါ် ယဉ်ကျေးပါတဲ့။ ကိုယ့်ရဲ့နှမလေးတွေလို သဘောထားပြီး စောင့်ရှောက်ဖို့ ငါ့ကိုဆုံးမတယ်"
တော့တိုး-ချန် အံ့အားသင့်သွားသည်။ မိန်းကလေးတွေကို မစပါနဲ့ဟု ဆုံးမသံကို သူမယခင်က မကြားဖူးချေ။ ယောက်ျားကလေးများသည် အစဉ်သဖြင့် ဦးစားပေးခြင်းခံကြရသည်။ ကလေးများသော မိသားစုတွင် အစားအသောက်များ စားသည့်အခါ ယောက်ျားကလေးများကသာ ဦးစားပေးခြင်းခံကြ ရသည်။ လက်ဖက်ရည်သောက်ချိန်တွင် မိန်းကလေးများ စကားပြောသည့်အခါ၌ အမေဖြစ်သူတို့က "မိန်းကလေးတွေ စကားကျယ်ကျယ် မပြောနဲ့လေ" ဟု ဆုံးမလေ့ရှိသည်။
ထိုကဲ့သို့သော် အခြေအနေမျိုး ရှိသော်ငြားလည်း ဆရာကြီးက အိုအီအား မိန်းကလေးများကို စောင့် ရှောက်ရမည်ဟု ဆုံးမသည်။ ထိုစကားကို ကြားရသောအခါ တော့တိုး-ချန်အဖို့ အထူးအဆန်း ဖြစ်နေသည်။ ဆရာကြီး၏ ဆုံးမစကားသည် အလွန်ကောင်းပါသည်ဟု သူမ စဉ်းစားမိသည်။ အစောင့်အရှောက်ခံရခြင်း သည် ကောင်းပါ၏။
အိုအီအဖို့ ရုတ်တရက် အရှိုက်ကို အထိုးခံလိုက်ရခြင်းနှင့်တူလေတော့သည်။ ထို့အပြင် သူ့အဖို့ တိုမိုကျောင်း၌ ဆရာကြီး၏ ဆုံးမခြင်းကို ခံရခြင်းသည် ယခုအကြိမ် ပထမဆုံးအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်တော့သည်။ သူသည် ထိုနေ့ကို ဘယ်တော့မှ မမေ့ပေ။
ကျေးဇူးတင်ပါတယ်
နှစ်သစ်ကူး ကျောင်းပိတ်ရက်များ နီးကပ်၍ လာသည်။ ကလေးများသည် နွေရာသီကျောင်းပိတ် ရက်များမှာကဲ့သို့ ကျောင်း၌ စုဝေးခြင်း မရှိကြဘဲ အချိန်ရှိသရွေ့ သူတို့၏မိသားစုများနှင့်သာ အတူတူရှိနေကြသည်။
"နှစ်သစ်ကူးချိန်မှာ ငါတော့ ကျူရှူကျွန်းက ငါ့အဘွားဆီကို သွားမယ်"
မီဂီတာက ကလေးတိုင်းကို ပြောသည်။ ဤတွင် သိပ္ပံစမ်းသပ်မှုများကို ပြုလုပ်ရန် ၀ါသနာပါသော တာအီး-ချန်က "ငါကတော့ ငါ့အစ်ကိုကြီးနဲ့အတူ ရူပဗေဒဓာတ်ခွဲခန်းတစ်ခန်းကို သွားမယ်"ဟု ပြောလိုက်သည်။
"ကောင်းပြီလေ၊ ငါတို့ပြန်တွေ့ကြတာပေါ့"
ကျောင်းသားတိုင်းသည် သူတို့၏ အစီအစဉ်များကို တစ်ဦးနှင့်တစ်ဦး မခွဲခွာကြမီ ပြောကြဆိုကြ သည်။
တော့တိုး-ချန်သည် အဖေ၊ အမေတို့နှင့်အတူ ရေခဲပြင်၌ လျှောစီးရန် သွားသည်။ အဖေ၏ တီးဝိုင်းမှ ဆဲလိုအတီးအမား ဟိုင်ဒီးယိုဆိုက်တိုတွင် ရှင်ဂါကုန်းမြင့်ဒေသ၌ လှပသော အိမ်တစ်ဆောင် ရှိသည်။ ဆောင်းဥတုချိန်ခါသို့ရောက်သည့်အခါတိုင်း သူတို့သည် သူ၏အိမ်သို့ သွားရောက်လေ့ရှိ ကြသည်။ တော့တိုး-ချန်သည် ပထမတန်းမရောက်မီကတည်းက ရေခဲပြင်၌ လျှောစီးခြင်းကို သင်ယူခဲ့သည်။
မြင်းဖြင့် ဆွဲယူရသော စွပ်ဖားလှည်းတစ်မျိုးဖြင့် သူတို့သည် ရေခဲလျှောစီးခြင်း စတင်ပြုလုပ်မည့် နေရာသို့ သွားကြရသည်။
ထိုနေရာသည် ဆွတ်ဆွတ်ဖြူနေသော ဆီးနှင်းခဲများ ဖုံးလွှမ်းနေသော နေရာ ဖြစ်သည်။ သစ်ပင် အချို့ကိုမူ ဟိုတကွက် သည်တကွက် ကျိုးတိုးကျဲတဲ မြင်တွေ့ရသည်။ မစ္စတာဆိုက်တို၏ အိမ်မျိုး ကဲ့သို့သော အိမ်များ၌ တည်းခိုရန် အခွင့်အရေးမရကြသူများသည် ဂျပန်ပုံစံရှိသော တည်းခိုဆောင် တစ်ဆောင်၌ လည်းကောင်း၊ အနောက်တိုင်းပုံစံရှိသော ဟိုတယ်တစ်ခုတွင်လည်းကောင်း တည်းခို ကြရသည်ဟု အမေက ပြောပြလေသည်။
နိုင်ငံခြားသား အများအပြားသည် ရေခဲပြင်လျှောစီးရန်အတွက် ဤနေရာသို့ အများအပြားလာကြ သည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။
တော့တိုး-ချန်အဖို့ ယခုနှစ်ကဲ့သို့ မဟုတ်တော့ပေ။ ယခုအခါ သူမသည် ပထမတန်းကျောင်းသူ တစ်ယောက် ဖြစ်လာလေပြီ။ အင်္ဂလိပ်စကား တစ်လုံးတတ်လာခဲ့လေပြီ။ အဖေက သူမကို "ကျေးဇူးတင်ပါတယ်" ဟု အင်္ဂလိပ်လို ပြောတတ်ရန် သင်ပေးထားသည်။
လျှောမစီးမီ ဆီးနှင်းခဲပြင်ပေါ်တွင် မတ်တတ်ရပ်နေသည့် တော့တိုး-ချန်၏အနီးမှ ဖြတ်သန်းသွား လေ့ရှိသော နိုင်ငံခြားသားများသည် သူမကို စကားပြောသွားလေ့ရှိသည်။ သူတို့ပြောသည်များမှာ "ချစ်စရာမကောင်းဘူးလား" ဒါမဟုတ် အလားတူ အဓိပ္ပာယ်မျိုးသက်ရောက်သည့် စကားများသာ ဖြစ်ပုံရသည်။ သို့သော်လည်း သူတို့ပြောသွားသည့် စကားများ၏ အဓိပ္ပာယ်မျိုးသက်ရောက်သည့် စကားများသာ ဖြစ်ပုံရသည်။ သို့သော်လည်း သူတို့ပြောသွားသည့် စကားများ၏ အဓိပ္ပာယ်ကို တော့တိုး-ချန် နားမလည်ပေ။ ယခင်နှစ်များ၌ သူမအနေဖြင့် မည်သို့မှပြန်မပြောနိုင်ပေ။ သို့သော် ယခုနှစ်မှစ၍ သူမသည် ဦးခေါင်းကိုယမ်း၍ "ကျေးဇူတင်ပါတယ်"ဟု အင်္ဂလိပ်လို ပြန်ပြောနိုင်လေ တော့သည်။
ဤသို့ဖြင့် ပြန်ပြောနိုင်ခြင်းကြောင့် နိုင်ငံခြားသားများသည် ရှေးကထက်ပို၍ ပြုံးပြပြီး တစ်ယောက် နှင့်တစ်ယောက် သူတို့ဘာသာစကားဖြင့် သူမအကြောင်းကို ပြောသွားကြသည်။ တစ်ခါတစ်ရံတွင် လည်း အမျိုးသားကြီး တစ်ယောက်ယောက်က သူမကို ပွေ့ချီတတ်သည်။ "ကျေးဇူးတင်ပါတယ်" ဟု ပြောရုံမျှဖြင့် လူတွေနှင့် မိတ်ဆွေဖြစ်ရခြင်းသည် အလွန်ပင်ပျော်စရာကောင်းပါသည်ဟု တော့တိုး-ချန် တွေးမိလေသည်။
တစ်နေ့တွင် ရုပ်ချောသော လူငယ်တစ်ယောက်သည် သူမရှိရာနေရာသို့လာ၍ "မင်းငါ့ရဲ့ လျှောပေါ် မှာ တက်ထိုင်ပြီး ငါနဲ့အတူတူ လျှောစီးမလား"ဟု အမူအရာလုပ်ပြရင်း ပါးစပ်မှလည်း မေးပါသည်။ အဖေက သူမကို ခွင့်ပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
တော့တိုး-ချန်က ပြန်ပြောလိုက်သည်။
ထိုသူသည် တော့တိုး-ချန်ကို သူ၏လျှောပေါ်သို့ တက်ထိုင်စေပြီး သူမ၏ ဒူးခေါင်းနှစ်ဘက်ကို ကပ်ထား ခိုင်းသည်။ ထို့နောက် သူသည် သူ၏လျှောနှစ်ခုကို ခပ်စိတ်စိတ်ထား၍ တော့တိုး-ချန်နှင့် အတူ ရှင့်ဂါကုန်း မြေမြင့်ဒေသ၏ ချောမွေ့ပြေပြစ်ပြီး ရှည်လျားသော တောင်စောင်းအတိုင်း လျှောစီးသွား လေတော့သည်။
သူတို့သည် လေကဲ့သို့လျင်မြန်စွာ သွားကြလေရာ ဤသို့သွားနေစဉ် နားရွက်များကို လေတိုးရာ၌ တ၀ီးဝီးအသံများ မြည်လျက် ရှိသည်။ တော့တိုး-ချန်သည် ရှေ့သို့မှောက်ထိုးလဲကျမသွားစေရန် အလို့ငှာ သူမ၏ ဒူးခေါင်းများကို တစ်ခုနှင့်တစ်ခု တတ်နိုင်သမျှ ပူးကပ်ထားသည်။ သူမသည် အနည်းငယ် ထိတ်လန့်သော်လည်း ပျော်ရွှင်မှုအရသာတစ်မျိုးကို ခံစားရလေသည်။ သူတို့ရပ်တန့် သွားသောအခါ သူတို့ကို စောင့်ကြည့်နေကြသူများက လက်ခုပ်တီးကြသည်။ တော့တိုး-ချန်သည် ထိုသူ၏ လျှောပေါ်မျ ဆင်းလိုက်ပြီးနောက် သူတို့ကို ကြည့်နေကြသူများအား ဦးခေါင်းကို ခပ်ဆတ် ဆတ်ညိတ်၍ အရိုအသေ ပြုရင်း "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။ လက်ခုပ်သံများ ထပ်မံဆူညံသွားပြန်သည်။
နောင်အခါ၌ သူမသိရှိရသည်မျာ ထိုသူ၏အမည်မှာ စကီနီဒါဖြစ်ပြီး သူသည်ကမ္ဘာကျော် ရေခဲပြင် လျှောစီးသမားတစ်ယောက် ဖြစ်လေသည်။ လျှောစီးသည့်အခါ၌ သူသည် ငွေဖြင့်ပြုလုပ်ထားသော တုတ်ချောင်းနှစ်ချောင်းကို အစဉ် အသုံးပြုလေ့ရှိသည်။ ထိုနေ့က သူ့ကို သူမအလွန်သဘောကျ နှစ်ခြိုက်သည့် အချက်တစ်ချက် ရှိသည်။ ထိုအချက်မှာ သူတို့ လျှောစီးပြီးသည့်အခါ လူတိုင်းက လက်ခုပ်တီးနေစဉ် သူသည် သူမအနားသို့လာ၍ သူမ၏လက်ကိုကိုင်ပြီးနောက် သူမကို လေးလေး စားစား အသွင်ဖြင့် ကြည့်ကာ "ကျေးဇူးတင်ပါတယ်" ဟု ဦးညွတ်ပြောလိုက်သည့်အချက်ပင် ဖြစ် သည်။ သူသည် သူမကို ကလေးငယ်တစ်ယောက်ဟု သဘောမထားဘဲ ဂုဏ်သရေရှိ အမျိုးသမီး ကြီးတစ်ယောက်လို သဘောထားလေသည်။ သူက ဦးညွတ်လိုက်ချိန်တွင် တော့တိုး-ချန်၏ ရင်ထဲဝယ် သူသည် လူကြီး လူကောင်း တစ်ယောက် ဖြစ်သည်ဆိုသည်ကို အလိုလို သိလိုက်လေသည်။ သူ၏ နောက်ကျောဝယ် ဆွတ်ဆွတ်ဖြူနေသော ဆီးနှင်းများဖုံးနေသည့် ရှုမျှော်ခင်ကြီးကို တမျှော်တခေါ်ကြီး မြင်တွေ့ နိုင်လေ သည်။
စာကြည့်ဆောင် ရထားတွဲ
ဆောင်းရာသီကျောင်းပိတ်ရက်များ ကုန်ဆုံးပြီးနောက် ကျောင်းပြန်တက်လာသော ကျောင်းသား များအားလုံးသည် ထူးဆန်းအံ့သြဖွယ်ရာ ကောင်းပြီးလျှင် အသစ်အဆန်းတစ်မျိုးဖြစ်သော အရာ တစ်ခုကို ကျောင်း၌ တွေ့ကြသည်။ ထိုအရာကို တွေ့ကြသောအခါ၌ သူတို့ဝမ်းသာကြသော ကြောင့် အသံများဆူညံညံ ဖြစ်သွားကြသည်။ စာသင်ခန်းများသဖွယ် အသုံးပြုထားသော မီးရထား တွဲများ၏ ဆန့်ကျင်ဘက်နေရာနှင့် စုဝေးခန်းမကြီးအနီးရှိ ပန်းခင်းများနား၌ မီးရထားတွဲသစ်တစ်တွဲ ရောက်ရှိနေပါသည်။ သူတို့တတွေမရှိခိုက် ထိုတွဲသည် စာကြည့်ဆောင်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ လူတိုင်း၏ ချစ်ခြင်းကိုခံရပြီး အလုပ်အမျိုးမျိုးလုပ်နိုင်သော ကျောင်းစောင့် ယရိုး-ချန် သည် အံ့သြဖွယ်ကောင်းလောက်အောင် အလုပ်လုပ်သူတစ်ယောက် ဖြစ်သည်။ သူသည် ရထားတွဲ ထဲ၌ စာအုပ်များတင်ရန် စင်များကို တကန့်ပြီးတကန့် ပြုလုပ်သည်။ ထိုစင်များပေါ်တွင် အရောင် အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုး ရှိသော စာအုပ်များကို တင်ထားသည်။ ကျောင်းသားများထိုင်၍ စာဖတ်နိုင်ရန် စားပွဲစောင်းများနှင့် ကုလားထိုင်များကိုလည်း ထားရှိပေသည်။
"ဒါဟာ မင်းတို့ရဲ့ စာကြည့်ဆောင်ဖြစ်မယ်"ဟု ဆရာကြီးက ပြောသည်။
"ဒီထဲက စာအုပ်တွေကို မင်းတို့အားလုံး ဖတ်နိုင်တယ်၊ ဘယ်သူပဲဖြစ်ဖြစ် ဖတ်နိုင်တယ်။ အဆင့် အတန်း မခွဲခြားထားဘူး။ အချိန်မရွေး ဒီထဲလာပြီး စာဖတ်နိုင်တယ်။ ဒီထဲက စာအုပ်တစ်အုပ်အုပ် ကို ငှားချင်တယ်ဆိုရင်လဲ ငှားနိုင်တယ်။ အိမ်ကို ယူသွားလို့လည်း ရတယ်။ မင်းတို့ဖတ်ပြီးရင် ပြန် ယူလာဖို့တော့ မမေ့ကြပါနဲ့။ မင်းတို့အိမ်မှာ စာအုပ်တွေရှိရင် အဲဒီစာအုပ်တွေဟာ တခြားသူတွေ ဖတ်သင့်တယ်လို့ မင်းတို့ ယူဆရင် ဒီကိုယူလာခဲ့ကြပါ။ ဆရာကြီးအနေနဲ့ သိပ်ဝမ်းသာမှာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့စာကို ဖတ်နိုင်သလောက် ဖတ်ကြပါ"
"ကနေ့ ပထအချိန်ကို စာကြည့်ဆောင်အချိန်အဖြစ် သတ်မှတ်ပေးပါ ဆရာကြီး"
ကျောင်းသားအားလုံးက တညီတညွတ်တည်း ပြောကြသည်။
"မင်းတို့အားလုံး လိုလားကြသလား"
ဆရာကြီးက မေးလိုက်သည်။ သူတို့တတွေ စိတ်အားထက်သန်နေကြည်ကို တွေ့ရသည့်အတွက် ဆရာကြီးသည် အားရပါးရပြုံးလိုက်သည်။
"ကောင်းပြီလေ၊ ဒီလိုဆိုရင်လည်း မင်းတို့ရဲ့ဆန္ဒအတိုင်းပဲပေါ့"ဟု ဆရာကြီးကပင် ဆက်ပြော လိုက်သည်။
ထိုအခါ တိုမိုကျောင်းရှိ ကျောင်းသားအားလုံးဖြစ်သော ကျောင်းသားငါးဆယ်သည် စာကြည့်ဆောင် ရထားတွဲပေါ်သို့ စုပြုံတက်သွားကြလေတော့သည်။ သူတို့တတွေသည် စိတ်အားထက်သန်စွာ သူတို့ လိုချင်သော စာအုပ်များကို ရွေးယူကြပြီး ထိုင်ဖတ်ကြသည်။ သို့သော်လည်း ကျောင်းသား တစ်ဝက်သာ ထိုင်စရာ နေရာ ရသောကြောင့် ကျန်တစ်ဝက်မှာ မတ်တတ်ရပ်နေကြရသည်။ ၎င်းတွဲ ကိုကြည့်ရသည်မှာ လူများဖြင့် ပြည့်ကျပ်နေသော တကယ့်မီးရထားတွဲနှင့် တူလေသည်။ စိတ်ကြည်နူးဖွယ်ရာ မြင်ကွင်း တစ်မျိုးပင် ဖြစ်ပါသည်။
ကလေးများအားလုံးမှာ ပျော်ရွှင်နေကြသည်။ တော့တိုး-ချန်သည် စာကောင်းကောင်းမဖတ်တတ်သေး ပေ။ ထို့ကြောင့် သူမသည် အရုပ်များများပါပြီး စိတ်ဝင်စားဖွယ်ကောင်းမည်ဟု ယူဆရသော စာအုပ် တစ်အုပ်ကို ရွေးယူ လိုက်သည်။ ကျောင်းသားတိုင်း၏ လက်ထဲသို့ စာအုပ်တစ်အုပ်စီ ရောက်သွား၍ စာမျက်နှာများကို လှန်နေချိန်တွင် ရထားတွဲတစ်တွဲလုံး ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ သို့သော် ထိုတိတ်ဆိတ် မှုသည် ကြာမရှည်ပေ။ ဆူသံညံသံ စကားသံများက တိတ်ဆိတ်ခြင်းကို ဖြိုဖျက်လိုက်သည်။ အချို့ ကျောင်းသား များက စာပိုဒ်များကို အသံထွက်၍ ဖတ်ကြသည်။ အချို့မှာ သူတို့မသိသော စာလုံးများ၏ အဓိပ္ပာယ်ကို မေးကြသည်။ အချို့ကမူ တစ်ယောက်နှင့်တစ်ယောက် စာအုပ်ချင်း အလဲအလှယ် ပြုလိုက် ကြသည်။ ရယ်မောသံများကလည်း ထွက်ပေါ်လာသေးသည်။

တိုမိုကျောင်းမှ ကျောင်းသားကျောင်းသူများအား သူတို့သင်ယူလိုသော ဘာသာရပ်များကို သူတို့ စိတ်တိုင်းကျသလို သင်ယူရန် ခွင့်ပြုထားသည်။ ၎င်းအပြင် သူတို့တတွေအား ပတ်ဝန်းကျင်၌ မည်သို့ပင် ဖြစ်နေပစေ၊ မိမိတို့၏ စိတ်အာရုံကို အလုပ်၌သာ စူးစိုက်ရန် အလေ့အကျင့်တစ်မျိုးကို လည်း သင်ကြားပေးထား၏။ ထို့ကြောင့် မိမိအနားတွင် သီချင်းအော်ဆိုသူကဆို၊ ပုံဆွဲသူကဆွဲနေ သော်လည်း မည်သူမျှ အနှောင့်အယှက် မဖြစ်ပေ။
ကျောင်းသားအများစုသည် စာဖတ်နေကြသည်။
တော့တိုး-ချန်၏ စာအုပ်သည် ရှေးရိုးပုံပြင်တစ်ပုဒ် ဖြစ်ဟန်တူသည်။ ၎င်းပုံပြင်မှာ လေလည် လွန်းသောကြောင့် ယောက်ျားမရဘဲ ဖြစ်နေသည့် သူဌေးသမီးတစ်ယောက်အကြောင်း ဖြစ်သည်။ နောက်ဆုံး၌ သူမ၏ မိဘများသည် သူမအတွက် ယောက်ျားတစ်ယောက်ကို ရှာဖွေပေးနိုင်ခဲ့ လေသည်။ သို့သော်လည်း မင်္ဂလာဆောင်သည့် ညတွင် သတို့သမီးသည် စိတ်လှုပ်ရှားလွန်းသော ကြောင့် ခါတိုင်းထက်ပို၍ ကျယ်လောင်စွာ လေလည်လိုက်မိသည်။ သူမ လေလည်လိုက်သော ကြောင့် သတို့သားသည် ခုတင်ပေါ်မှ လွင့်ထွက်သွားပြီး ခုတင်ပတ်ပတ်လည်တွင် ခုနှစ်ပတ်ခန့် လည်ပြီးတော့မှ အောက်သို့ ပြုတ်ကျကာသတိလစ်သွားလေတော့သည်။ သတို့သားလေထဲလွင့် နေသည့်ပုံမှာ သရုပ်ပါလွန်းလှပေသည်။ ထို့ကြောင့် စာအုပ်ကို ကျောင်းသားများအလုအယက် ငှား ကြလေသည်။
ကျောင်းသားများက နံနက်ခင်းနေရောင်ခြည်၏ အလင်းရောင်ဖြင့် စာအုပ်များကို ဖတ်နေကြသည် မြင်တွေ့ရသော ဆရာကြီးသည် ၀မ်းသာလုံးများဆို့လျက် ရှိနေလေတော့၏။
ကျောင်းသားများသည် ထိုနေ့တစ်နေ့လုံး စာကြည့်ဆောင် မီးရထားတွဲ၌ပင် အချိန်ကုန်ခဲ့ကြလေ သည်။
နောက်ရက်များတွင်လည်း မိုးရွာသောကြောင့် အပြင်ထွက်၍ မကစားနိုင်သည့်အခါ၌ ဖြစ်စေ၊ သို့မဟုတ် အခြားအခြားသော အားလပ်ချိန်များ၌ ဖြစ်စေ၊ စာကြည့်ဆောင်သည် ကျောင်းသား အများစု စုဝေးရနေရာ ဖြစ်လာလေတော့သည်။
"စာကြည့်ဆောင်အနားမှာ အိမ်သာဆောက်ပေးရရင် ကောင်းမယ်ထင်တယ်"
ဆရာကြီးသည် နေ့တစ်နေ့တွင် အထက်ပါအတိုင်း ပြောခဲ့သည်။ ဤသို့ပြောရခြင်းမှာ အကြောင်း ရှိလေသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးများသည် သူတို့၏စာအုပ်များတွင် စိတ်ဝင်စားနေကြ လွန်းသောကြော်င့ အပေါ့အပါးပင် မသွားဘဲ အောင့်ထားကြလေရာ၊ နောက်ဆုံး၌ အောင့်ထားရန် မတတ်နိုင်တော့မှ မျက်နှာများကို ရှုံ့မဲ့ပြီး စုဝေးခန်မကြီးနောက်နားရှိ အိမ်သာသို့ ကသောကမျော ပြေးသွားကြသောကြောင့် ဖြစ်လေသည်။
အမြီးများ
တစ်နေ့သော မွန်းလဲပိုင်းအချိန် ဖြစ်သည်။ ကျောင်းလွှတ်ပြီဖြစ်၍ တော့တိုး-ချန်သည် အိမ်ပြန်ရန် ပြင်ဆင်နေစဉ် အိုအီသည် သူမထံသို့ ပြေးလာကာ တိုးတိုးကလေး ပြောလိုက်သည်။
"ဆရာကြီး တစ်ယောက်ယောကို စိတ်ဆိုးနေတယ်"
"ဘယ်မှာလဲ"ဟု တော့တိုး-ချန်က မေးလိုက်သည်။ ဆရာကြီး စိတ်ဆိုးသည်ကို သူမသည် တစ်ခါမှ တွေ့လည်းမတွေ့ဖူး၊ ပြောသံလည်း မကြားဖူးချေ။ ထို့ကြောင့် သူမ အံ့သြခြင်း ဖြစ်သည်။ အိုအီ သည်လည်း အံ့သြလွန်းသောကြောင့် သူမထံယခုလို ပြေးလားပြီး ပြောပြခြင်း ဖြစ်သည်။
"သူတို့မီးဖိုချောင်ထဲမှာ"ဟု အိုအီက ပြောလိုက်သည်။ ရိုးသားသော အသွင်ကို ဆောင်နေသော သူ၏ မျက်လုံးများသည် ပို၍ ပြူးလာပြီး နှာခေါင်းပေါက်များမှာလည်း အနည်းငယ် ကျယ်ပွလာသည်။
"သွားမယ်"
တော့တိုး-ချန်သည် အိုအီ၏ လက်ကိုဆွဲ၍ ဆရာကြီး၏ အိမ်ဘက်သို့ ပြေးသွားသည်။ ဆရာကြီး အိမ်မှာ စုဝေးခန်းမကြီးနှင့် တစ်ဆက်တည်း တည်ရှိသည်။ မီးဖိုချောင်သည် ကျောင်းအားကစားကွင်းကို ကျောခိုင်း ထားသည်။ အညစ်အကြေးများစွန့်ရာ ကန်ထဲသို့ တော့တိုး-ချန်ကျသွားစဉ်က သူမ၏ ကိုယ်ပေါ်မှ အညစ် အကြေးများကို ဆေးကြောပစ်ရန် အလို့ငှာ ထိုမီးဖိုချောင်တံခါးမှ တစ်ဆင့် ရေချိုးခန်းထဲသို့ ၀င်သွားရပြီး ရေများဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်မှုကို ပြုလုပ်ခဲ့ရသည်။ ဆရာကြီး၏ ဤမီးဖိုချောင်ထဲ၌ပင် "ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုး၊ တောင်ကုန်းပေါ်မှ တစ်မျိုးမျိုး"ကို ချက်ပြုတ်ပြီးနောက် နေ့လယ်စာ စားချိန်၌ ထိုဟင်းများကို ကျောင်းသားများအား ဝေငှပေးခဲ့သည်။
ကလေးနှစ်ယောက်သည် ခြေဖျားများထောက်၍ မီးဖိုချောင်တံခါးရှိရာသို့ ကပ်သွားစဉ် ပိတ်ထားသော တံခါးကို ဖြတ်ကျော်ပြီး ပေါ်ထွက်လာသည့် ဆရာကြီးက စိတ်ဆိုးစွာပြောနေသော စကားသံများကို ကြားကြရသည်။
"တာကာဟာရှီမှာ အမြီးရှိတယ်လို့ ခင်ဗျားက ဘာဖြစ်လို့ မစူးစမ်း မဆင်ခြင်ဘဲ ပြောရတာလဲ"
ဆရာကြီး၏ အပြစ်တင်ခြင်းကို ခံနေရသူမှာ သူတို့၏ အတန်းပိုင် ဆရာမ ဖြစ်သည်။
"ကျွန်မပြောလိုက်တာဟာ အမှုမဲ့အမှတ်မဲ့ သဘောမျိုးနဲ့ ပြောလိုက်တာပါ။ ကျောင်းသားတွေကို ကြည့်လိုက် တော့ သူ့ကိုပထမဆုံး မြင်တွေ့လိုက်တာပါ။ နောက်ပြီးတော့ သူဟာလဲ ထူးထူး ခြားခြားရှိနေ လို့ပါ" ဟု ဆရာ၏ ပြန်ဖြေသံကို သူတို့ ကြားရသည်။
"ဒါပေမဲ့လို့ ခင်ဗျားပြောလိုက်တဲ့ အဓိပ္ပာယ် က ဘယ်လောက် ထိခိုက်နိုင်တယ်ဆိုတာ ခင်ဗျား မစဉ်းစား မိဘူးလား၊ တာကာဟာရှီနဲ့ ပတ်သက်ပြီး ကျွန်တော်ဘယ်လို ဂရုတစိုက်လုပ်ပေး နေရတယ်ဆိုတာ ခင်ဗျား သဘော ပေါက်ဖို့ ကောင်းပါတယ်"
တော့တိုး-ချန်သည် ယနေ့နံနက်တွင် အတန်းထဲ၌ ဖြစ်ပျက်သည့် အဖြစ်အပျက်ကို သတိရလိုက်သည်။ အတန်းပိုင်ဆရာမက သူတို့အား လူတွေမှာ အစပထမက အမြီးများရှိခဲ့သည်ဟု ပြောသည်။ ကလေးများက ထိုစကားကို ကြားရသောအခါ ရယ်စရာကောင်းသည်ဟု ထင်မှတ်ကြသည်။ ဆရာမ၏ ပြောစကားကို ကြားရသူ လူကြီးများအဖို့မျာမူ ဆရာမသည် သဘာဝလောကကြီး၏ တရွေ့ရွေ့ ပြောင်းလဲလာမှုကို နိဒါန်းပျိုးနေပြီဟု သိကြမည် ဖြစ်သည်။ ကလေးများသည် ဆရာမ၏ ပြောစကားကို စိတ်ဝင်စားစွာ နားထောင်ကြသည်။ ဆရာမက သူတို့တစ်တွေအား လူတိုင်းတွင် အမြီးပေါက်ထားသည့်နေရာ ကျန်ရစ် သည်ဟု ပြောလိုက်သည့်အခါတွင် ကျောင်းသားတိုင်းက ဘယ်နေရာပါလိမ့်ဟု တွေးတော ကြသည်။ မကြာမီအချိန်အတွင်းမှာပင် တစ်တန်းလုံးသည် ရယ်သံ များဖြင့် လွှမ်းခြုံသွားလေတော့သည်။ နောက်ဆုံး ၌ ဆရာမသည် ပျော်စေပြက်စေလိုက်သော သဘောဖြင့် "ဒီအထဲက တစ်ယောက်ယောက် ဆီမှာ အမြီးရှိရင် ရှိနေဦးမှာ၊ ဘယ်လိုလဲ တာကာဟာရှီ" ဟု ပြောလိုက်သည်။
တာကာဟာရှီ ထိုင်နေရာမှ လျင်မြန်စွာ ထလိုက်ပြီး နောက်ဦးခေါင်းကို တွင်တွင်ခါ၍ "ကျွန်တော့်မှာ အမြီး မရှိပါဘူး"ဟု ခပ်မြန်မြန် ဖြေလိုက်သည်။
ဆရာကြီးသည် ထိုအဖြစ်အပျက်ကို ပြန်ပြောနေခြင်း ဖြစ်သည်ကို တော့တိုး-ချန် နားလည်လိုက်သည်။
"ခင်ဗျား နည်းနည်းကလေးမှ မစဉ်းစားမိဘူးလားဗျ၊ မင်းမှာ အမြီးရှိသလားလို့ အမေးခံရတဲ့ တာကာဟာရှီ ဟာ စိတ်ထဲ ဘယ်လိုများ ခံစားလိုက်ရမယ်ဆိုတာ"
ဆရာကြီး၏ လေသံသည် စိတ်ဆိုးနေသော လေသံသည် စိတ်ဆိုးနေသော လေသံမှ ၀မ်းနည်းသော လေသံ သို့ ပြောင်းသွားသည်။
ဆရာမ ပြန်ဖြေသံကို သူတို့မကြားရချေ။
အမြီးကိစ္စနှင့် စပ်လျဉ်း၍ ဆရာကြီးဘာကြောင့် ဤမျှစိတ်ဆိုးခြင်း ဖြစ်ရသည်ကို တော့တိုး-ချန် နားမလည်နိုင်အောင် ဖြစ်မိသည်။ အကယ်၍ ဆရာကြီးကသာ သူမကို မင်းဆီမှာ အမြီးရှိသလားဟု မေးလာလျှင် သူမအနေဖြင့် ကြည်ကြည်ဖြူဖြူပင် အမေးခံမည် ဖြစ်သည်။
တော့တိုး-ချန်သည် သာမန်ကလေးတစ်ယောက်ဖြစ်သော်လည်း တကာကာဟာရှီမှာမူ အခြား ကလေးများ နှင့်မတူဘဲ ကိုယ်ခန္ဓာဆက်လက်ကြီးထွားမှု ရပ်ဆိုင်းသွားပြီ ဖြစ်သည်။ ဤသည်ကို ဆရာကြီးကောင်းစွာ သိထား၏။ သို့ဖြစ်သောကြောင့် ဆရာကြီးသည် အားကစားပြိုင်ပွဲနေ့က တာကာဟာရှီတစ်ယောက် ကောင်းစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပွဲစဉ်များတွင် သီးသန့်အစီအစဉ် များကို အသစ်တီထွင်ပေးထားခြင်း ဖြစ်သည်။ ရေကူးကန်ထဲ၌ ကလေးများ ရေကူးရာတွင်လည်း ရေကူးဝတ်စုံမပါဘဲ ရေကူးစေခြင်းမှာ တာကာဟာရှီတို့လို ကလေးများအဖို့ စိတ်အားငယ်မှု မရှိစေရန် ထိုသို့စီစဉ်ခဲ့ခြင်း ဖြစ်လေသည်။ ဆရာကြီး သည် တာကာဟာရှီနှင့် ယာဆူအာကီ-ချန်တို့လို မသန်မစွမ်းလူငယ်များကို စိတ်အားမငယ်စေရန် အတတ်နိုင် ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် တာကာဟာရှီကဲ့သို့သော် ကလေးကိုမှ အမြီး ရှိသလားဟု မေးမိခြင်းသည် အလွန်ပင် မစူးမစမ်းမဆင်မခြင် နမော်နမော်မဲ့နိုင်သော မေးခွန်းဖြစ်သည့် အတွက် ဆရာကြီး အနေဖြင့် သည်းမခံနိုင် ဖြစ်လေသည်။
ဆရာကြီးသည် ထိုအတန်းသို့သွားစဉ် အတန်း၏နောက်ကျောဘက်၌ ရပ်နေခိုက် ဆရာမ ပြောဆိုသည် များကို ကြားခဲ့ရခြင်း ဖြစ်လေသည်။
အတန်းပိုင်ဆရာမ၏ ငိုသံကို တော့တိုး-ချန်တို့ ကြားလိုက်ရသည်။
"ကျွန်မ သိပ်မှားပါတယ်၊ တာကာဟာရှီကို စိတ်မကောင်းမဖြစ်ဖို့ ကျွန်မ ဘယ်လိုလုပ်ရပါ့မလဲ"
သူမသည် ငိုရှိုက်ရင်း ပြောလိုက်သည်။
ဆရာကြီးသည် ဘာမျှမပြောတော့ပေ။ သူတို့သည် တံခါးရှိ မှန်များမှတစ်ဆင့် အထဲသို့ လှမ်းကြည့် ကြသေး သော်လည်း ဘာကိုမျှ မမြင်ကြရပေ။
ဆရာကြီးသည် သူတို့၏ အတန်းပိုင်ဆရာမကို အခြားဆရာ၊ ဆရာမများရှေ့၌ မဆူဘဲ မီးဖိုချောင် သို့ ခေါ်ဆူခြင်း ဖြစ်သည်။ ဤသည်ကို တော့တိုး-ချန်တစ်ယောက် ကောင်းစွာသတိပြုမိသည်။ ဤ အပြုအမူက ဆရာကြီးသည် ပညာရှိပီသရာရောက်ကြောင်း ပြသရာရောက်သည်ဟု နောင်သော အခါမှ တော့တိုး-ချန် သဘောပေါက်လာသည်။ ဆရာကြီး၏အသံနှင့် ပြောစကားများကို တော့တိုး-ချန်၏ ရင်ထဲဝယ်အစဉ်အမြဲ စွဲမှတ်လျက် ရှိနေပါတော့သည်။
ထိုအချိန်ကာလသည် နွေဦးရာသီ အခါသမယပင် ဖြစ်သည်။ တိုမိုကျောင်းသို့ သူမရောက်လာ သည်မှာ နွေဦးရာသီ နှစ်ကြိမ်သို့ပင်တိုင်ခဲ့လေပြီ။ နွေဦးရာသီသည် ပညာသင်နှစ်တစ်နှစ်၏ အစပင် ဖြစ်သည်။
တိုမိုကျောင်းတွင် ဒုတိယနှစ် ဆက်ရန်
တိုမိုကျောင်းတွင် ဒုတိယနှစ် ဆက်ရန်
.
2 comments:
မျှော်လိုက်ရတာ မရွှေစင်ဦး။
ဖတ်လို့ အလွန်ကောင်းပါတယ်။
ကလေးတွေ စာအုပ်ဖတ်တဲ့အခန်းမှာ လေလည်လို့ လွင့်သွားတဲ့အကြောင်း ရယ်ရတယ်နော်။ ကျမတို့ငယ်ငယ်ကလဲ ရုပ်ပုံများများ စာနည်းနည်းပါတဲ့ စာအုပ်တွေသဘောကျတာ။ လူကြီးတွေ ၀တ္ထုဖတ်နေရင် စာလုံးတွေချည်းပဲ ဖတ်နေကြတာ မပျင်းဘူးလားလို့ ထင်နေမိသေးတယ်။ ခုတော့လည်း စာလုံးတွေကို ချစ်တတ်နေပါပြီ။
တော့တိုးချန်လေးကို ဆက်လက်မျှော်နေပါဦးမယ်။
မမရေ လူမျိုးရေးမခွဲခြားဖို့ သူ့အမေက ဆုံးမတာလေးကို သဘောကျတယ်
ညီမလေးလည်း ကျစ်ဆံမြီးကျစ်သင့်တဲ့ အရွယ်ရောက်ပြီထင်တယ်နော် :D
တော့တိုးချန်ရဲ့ ပုံပြင်ထဲက သတို့သမီးကတော့လေ...ဖြစ်ရမယ် ရီလိုက်ရတာကို
ညီမလေးကတော့ ကျောင်းအုပ်ဆရာကြီးရဲ့ ဦးနှောက်အသိဥာဏ်မျိုးကို အရမ်းကိုသဘောကျတယ်
ဖတ်စရာတွေအများကြီးကို နေ့တိုင်းတင်ပေးတဲ့ မမရွှေစင်ရဲ့ စေတနာကို တကယ်ကိုလေးစားမိပါတယ်
မမရွှေစင် ကျန်းမာပျော်ရွှင်ပါစေနော်
ချစ်ညီမလေး
Post a Comment