Monday, January 4, 2010
စာအုပ် (၃) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၅)
အခန်း(၅)
(၁)
နမ်ကောက် ဟိုတယ်တွင် ရှိနေကြသည့် အမျိုးသမီးများအနက် အဲလစ်ကြီးသည် လိုင်ချီကောက် မိန်းမ ထောင်မှာ ကျဖူးသည်။ မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် ထောင်တစ်လကျခဲ့သည်။
    ထိုနေ့ညက အဲလစ်ကြီးကို လိုင်ချီကောက် ထောင်အကြောင်း ကျွန်တော် မေးကြည့်သည်။ အဲလစ်ကြီးက စိတ်ပျက်သည့် အမူအရာဖြင့် ပခုံးကို တွန့်ပြသည်။
    "ဆိုးတယ်၊သိပ်ဆိုးတဲ့နေရာ၊ တစ်နေကုန်အောင် အလုပ်လုပ်ရတယ်၊ ရပ်လိုက်တာနဲ့ တစ်ပြိုင်တည်း ရိုက်တော့တာပဲ၊ ဟုတ်တယ်၊ သေသွားလည်း သူတို့ ဂရုစိုက်မှာမဟုတ်ဘူး၊ သေအောင်ရိုက်မှာပဲ"
    "မိန်းမတွေကို ရိုက်သလား၊ တကယ်ရော ဟုတ်ရဲ့လား အဲလစ်ရယ်" လို့ ကျွန်တော် မယုံနိုင်ဘူး"
    "ငါတော့ မကြားဖူးပါဘူးအေ၊ လိုင်ချီကောက်ဟာ ဒါလောက် မဆိုးပါဘူး၊ ဘယ်သူမှ အရိုက်မခံရပါဘူး" ဟု ဗုဒ္ဓဟူး လူးလူးက ပြောသည်။
    "ငါက အဲဒီအထဲမှာ ကိုယ်တိုင် နေခဲ့ရတာပါအေ၊ အင်မတန် ဆိုးတဲ့ အဲဒီထောင်ထဲမှာ တစ်လလုံးလုံး ငါ နေခဲ့ရတာပါ၊ အရိုက်ခံရလို့ သေတဲ့မိန်းမတွေ နေ့တိုင်း ရှိတယ်၊ ငါတောင် ကံကောင်းလို့ အသက်နဲ့ကိုယ် အိုးစား မကွဲဘဲ ထွက်လာနိုင်ခဲ့တာ"
    ဖီဖီက ပြုံးသည်။
    "သူတို့က ရိုးလည်း ရိုးသားတယ်၊ အ၀င်တုန်းက ယူသွားတဲ့ပစ္စည်းတွေကို ပြန်အထွက်ကျတော့ တစ်ခု မကျန် ပြန်ပေးလိုက်သတဲ့"
    "စူဇီနဲ့ကိုယ် အစောဆုံး ဘယ်နေ့သွားတွေ့လို့ရမလဲ" ဟု ကျွန်တော်က အဲလစ်ကိုမေးသည်။
    "မနက်ဖြန် သွားတွေ့လို့ရတယ်"
    "ဒါပေမဲ့ သူက ဒီနေ့မှ ထောင်ထဲကို ၀င်သွားတာပဲ"
    "ဟုတ်တယ်လေ၊ ဒါပေမဲ့ မနက်ဖြန်မှာ ရှင် ထောင်ဝင်စာ သွားတွေ့လို့ရတယ်"
    "ဒါပေမဲ့ သူက ဒီနေ့မှ ထောင်ထဲကို ၀င်သွားတာပဲ"
    "ဟုတ်တယ်လေ၊ ဒါပေမဲ့ မနက်ဖြန်မှာ ရှင် ထောင်ဝင်စာ သွားတွေ့လို့ရတယ်"
    အဲလစ်ကြီး၏ စကားများသည် ယုံကြည်ရန် ခက်လှသည်။ ဘာအကြောင်း သူပြောပြော အပိုတွေက များတတ်သည်။ ထို့ကြောင့် လိုင်ချီကောက် ထောင်ထဲမှာ အမျိုးသမီးတွေကို ရိုက်နေသည်ဆိုသည့် အကြောင်း လည်း မယုံကြည်ချင်။
    မည်သို့ဆိုစေ ထောင်ကို ကျွန်တော် ဖုန်းလှမ်းဆက်ကြည့်တော့ အဲလစ်ကြီးပြောသည့် အချက်တစ်ချက် မှန်ကန်ကြောင်း တွေ့ရသည်။
    မနက်ဖြန် စူဇီကို ထောင်ဝင်စာ သွားတွ့လို့ရသည်ဟု ဆိုသည်။ ထိုသို့ တွေ့ခွင့်ရခြင်းမှာ အမျိုးသမီး ဖြစ်သောကြောင့် ခွင့်ပြုခြင်းဖြစ်သည်။ အမျိုးသမီးများမှာ သူတို့ အသုံးအဆောင်တွေ ရှိဖို့လိုသည်။ ထို့ကြောင့် ထောင်ထဲသို့ ချက်ချင်း လက်ငင်းရောက်လာသည့် အမျိုးသမီးများကို လိုအပ်သည့် ပစ္စည်းများ ပေးနိုင်ရန် ချက်ချင်း ထောင်ဝင်စာ တွေ့ခွင့်ပြုခြင်း ဖြစ်သည်ဟု ဆိုသည်။
    နောက်နေ့မနက်တွင် ကိုလုန်းဘက်ကမ်းသို့ ကူးတို့သင်္ဘောဖြင့် ကျွန်တော် ကူးခဲ့သည်။ ထိုမှတစ်ဆင့် ဘက်စ်ကားစီးပြီး လိုင်ချီ ကောက်ထောင်သို့ လာခဲ့သည်။
    ထောင်ကိုရောက်တော့ ထောင်ဝက ဧည့်ခန်းကလေးထဲမှာ ကျွန်တော့်ကို စောင့်ခိုင်းထားသည်။ ပြီးတော့မှ သံစကာတွေကာထားသော အခန်းကလေးထဲသို့ ခေါ်သွားသည်။ တစ်ဖက်တွင် သံစကာ ကာထားသည့် အခန်းကျဉ်းကလေးတစ်ခုကို တွေ့ရပြန်သည်။ ထိုအခန်းကလေး၏ အပြင်ဘက်တွင် အမျိုးသမီး ထောင်ဝါဒါတစ်ဦး ရပ်နေသည်ကို တွေ့ရသည်။
    သူ့မျက်နှာပေါ်မှာ မိတ်ကပ်လိမ်းခြယ်ထားခြင်းမရှိပါ။ မျက်နှာသည် ဖြူဖပ်ဖြူရော် နှင့် ၀မ်းနည်း ကြေကွဲနေပုံရသည်။ သူ့ခန္ဓာကိုယ်ထက် အများကြီး ပိုကြီးသည့် အညိုရောင် ထောင်အ၀တ်အစား ကြမ်းကြမ်း ကြီး ၀တ်ထားသည်။
    "ဟယ်လို စူဇီ" ဟု ကျွန်တော်က နှုတ်ဆက်သည်။
    "ဟယ်လို..."
    သူ့နှုတ်ခမ်းများ တွဲကျနေသည်။ မျက်လုံးအစုံတွင် မျက်ရည်များ ပြည့်နေသည်။ ဘေးက အခန်း ကလေးတစ်ခုထဲမှာ အမျိုးသမီးတစ်ယောက် ငိုကြီးချက်မ ဖြစ်နေသည်။ ထောင်ကျစတွင် ထောင်ဝင်စာ တွေ့ခွင့် မပေးသည့် ဘ၀ကို သည်တော့မှ ကျွန်တော် ရိပ်စားမိပါတော့သည်။
    "မင်းသူငယ်ချင်းတွေက မင်းကို နှုတ်ဆက်လိုက်ကြပါတယ်၊ မင်း အကြောင်းကို ကြားရတော့ သူတို့ အားလုံး တုန်လှုပ်ချောက်ချား သွားကြတယ်၊ မင်း လွတ်လာမယ့် နေ့ကို မောင်တို့အားလုံး လက်ချိုး ရေတွက် နေကြမှာပါပဲ"
    သူ စကားတစ်ခွန်းမှ မပြောနိုင်ပါ။ လက်နှစ်ဖက်ကို ဘေးမှာ တွဲလောင်းချရင်း မလှုပ်မယှက် ရပ်နေသည်။ ကြည့်နေရင်းမှာပင် ပါးပြင်ပေါ်သို့ မျက်ရည်များ ဒလဟော စီးကျလာသည်။ ကျွန်တော် စကားဆက် ပြောနေသော်လည်း သူ ဘာမှကြားပုံမရပါ။ တစ်ခွန်းမှလည်း ပြန်မပြောပါ။ သည်ထက်ပိုပြီး သူ ကြာရှည်ရပ် နေနိုင်တော့မည် မဟုတ်ကြောင်း အကဲခတ်မိသည်။
    "စူဇီ ... မောင်ပြန်တော့မယ်နော်၊ ဒါပေမဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း မင်းကို မောင် သတိရနေမှာပါကွယ်"
    ကျွန်တော် ထိုစကားကိုပြောပြီး နောက်သို့ ချာခနဲ လှည့်ထွက်ခဲ့တော့သည်။ ထောင်ဝင်စာ ခွင့်ပြုချိန်မှာ မိနစ်နှစ်ဆယ်ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ တွေ့ခဲ့ကြသည်မှာ ငါးမိနစ်ထက်ပင် ပိုပြီး ကြာမည် မဟုတ်။
    ထောင်ဝင်စာ သွားတွေ့ပြီး နောက်နေ့များတွင် ကျွန်တော့်စိတ်တွေ ကယောင်ချောက်ချား ဖြစ်နေ ပါသည်။ ပန်းချီလည်း ဆွဲလို့မရပါ။ လုံးဝ အာရုံမ၀င်စားနိုင်ပါ။ ပန်းချီကားကို ကြည့်နေရင်း ထောင်ထဲက သံစကာ နောက်မှာ တွေ့ခဲ့ ရသည့် စူဇီ၏ ဖြူဖပ်ဖြူရော် မျက်နှာကလေးကိုသာ မြင်ယောင်နေမိပါသည်။
    နောက်တစ်ပတ် ကြာသောအခါ တစ်နေရာရာမှာ သွားပြီး စိတ်ပြေ လက်ပျောက် အနားယူဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။ ပုံကြမ်းစာအုပ်နှင့် အ၀တ်အစား အဟောင်း အချို့ကို အိတ်တစ်လုံးထဲထည့်ကာ မော်တော်စီးပြီး လန်တောင်းကျွန်းကလေးသို့ ကျွန်တော် ထွက်ခဲ့တော့သည်။
    တောင်ပေါ်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။ ဘုန်းတော်ကြီး က ကျွန်တော့် အတွက် တည်းခိုစရာနေရာ စီစဉ်ပေးသည်။ အခကြေးငွေသဘောမျိုး မဟုတ်ဘဲ ဘုန်းတော်ကြီးကို ကျွန်တော်က ၀တ္ထုအနည်းငယ် ကပ်သည်။
    မြို့နှင့်စာလျှင် အလွန်တရာ အေးချမ်းတိတ်ဆိတ်သည်ကို တွေ့ရပါသည်။ ရာသီ ဥတုကလည်း တောင်ပေါ်မှာ ဖြစ်နေသောကြောင့် အတော်ကလေးအေးပါသည်။ တောင် ထိပ်ပေါ်မှာ စေတီတစ်ဆူ ရှိသည်။ တောင်ခြေမှာ စပါးစိုက်သည့် လယ်ကွင်းများရှိသည်။
    ကျောင်းပရိဝုဏ်ထဲမှာ အမွှေးတိုင်နံ့များ၊ ဖယောင်းတိုင်မှ ညှော်နံ့များ ဖုံးလွှမ်းနေပါ သည်။ ရုပ်ပွားတော်များရှေ့တွင် သစ်သီးဆွမ်းမျိုးစုံ ကပ်ထားသည်ကိုလည်း မြင်တွေ့ရ သည်။ ခေါင်းလောင်းသံ၊ ကြေးစည်သံကိုလည်း အမြဲလိုလို တလွင်လွင် ကြားနေရပါသည်။
    ဘုန်းတော်ကြီးသည် တင်ပျဉ်ခွေထိုင်ကာ တရားဓမ္မများကို ဟောကြားနေသည်။ ကျွန်တော်က ပုံကြမ်းစာအုပ်ယူပြီး ဘုန်းတော်ကြီး တရားဟောနေပုံကို ပုံကြမ်းဆွဲယူနေမိ သည်။ ကျွန်တော် ပွဲကြမ်း ဆွဲနေကြောင်းကို ဘုန်းတော်ကြီးက သိပါသည်။ သို့သော်လည်း သူ့အာရုံမပျက်ပါ။  ဣနြေ္ဒမပျက် တည်ငြိမ်စွာ ဖြင့် တရားဟောမြဲ ဟောနေသည်ကိုသာ ကြည်ညိုဖွယ်ရာ ဖူးတွေ့ရပါသည်။
    စနေ၊ တနင်္ဂနွေကျတော့ ဘုရားဖူးတွေ၊ လာရောက်လည်ပတ်သူတွေ မြို့ပေါ်မှ လာ ရောက်ကြသော ကြောင့် ဆိတ်ငြိမ်အေးချမ်းမှုကလေး အတန်ငယ် ပျက်သွားပါသည်။]
    ကျွန်တော်လည်း လယ်ကွင်းများဆီသို့ လမ်းလျှောက်ထွက်ခဲ့သည။ ညဘက်တွင် လည်း ဧည့်သည်တွေ များနေသော ကြောင့် လမ်းပဲ ဆက်လျှောက်နေလိုက်မိသည်။ ထိုသို့ လမ်းလျှောက်နေခိုက်မှာလည်း သံစကာ နောက်ကွယ်မှ စူဇီ၏ ဖြူဖပ်ဖြူရော် မျက်နှာကလေးကို မျက်စိထဲမှာ မြင်ယောင်မြဲ မြင်ယောင် နေမိပါသည်။
    လန်တောင်းမှာ ရက်သတ္တ နှစ်ပတ်ကြာအောင် ကျွန်တော် နေခဲ့ပါသည်။ အမှန်တော့ သည့်ထက်ပိုပြီး အချိန်ကြာကြာနေဖို့ ဖြစ်သည်။ သို့သော်လည်း ပန်းချီဆွဲရန် ပစ္စည်းများ ကျွန်တော် ယူမလာဖြစ်ခဲ့ပါ။ ယခု အချိန်တွင် ကျွန်တော် အလုပ်ပြန်လည်လုပ်ဦး မှဖြစ်မည်။
    ထို့ကြောင့် စနေ၊ တနင်္ဂနွေ ဧည့်သည်များ လာရောက်မနှောင့်ယှက်မီ သောကြာနေ့ တွင် ကျွန်တော် ပြန်လာခဲ့တော့သည်။
    နမ်ကောက်ဟိုတယ် ပြန်ရောက်တော့ ရှေ့နေမစ္စတာဟိန်းက ကျွန်တော့်ကို ဖုန်းဆက်ကြောင်း အမှစာ ရေးထားသည်ကို တွေ့ရပါသည်။ ကျွန်တော် ပြန်ရောက်သည့် အချိန်မှာ ညဦးပိုင်းလည်း ဖြစ်နေသည်။ ထို့ကြောင့် သူ့ဆီသို့ ဖုန်းလှမ်းဆက်လိုက်သည်။
    "ခင်ဗျားအတွက် သတင်းကောင်းတစ်ခု ပြောစရာရှိနေလို့၊ တခြားနည်းနဲ့ တွေးမယ် ဆိုရင်တော့ သတင်းဆိုးပဲပေါ့လေ၊ ဘာပဲဖြစ်ဖြစ် ဒီသတင်းကို ကြားရရင် ခင်ဗျား စိတ်ချမ်း သာမှာပါ၊ ခင်ဗျားရဲ့ အမျိုးသမီး ကလေးကို လိုင်ချီကောက်ထောင်ဆေးရုံပေါ်မှာ ပိုကောင်း တာပေါ့ဗျာ၊ ဆေးရုံမှာ မဟုတ်ရင် ဒါလောက် အနေချောင်မှာ မဟုတ်ဘူး"
    လိုင်ချီကောက်ထောင်မှာ ရှိနေသော အမှုသည်တစ်ယောက်ကို ဟိန်းသွားတွေ့ရင်း စူဇီအကြောင်း စုံစမ်းခဲ့သည်။ စူဇီကို ဓာတ်မှန်ရိုက်ကြည့်ရာမှ တီဘီရောဂါ ဖြစ်နေသည်ကို တွေ့ရသည်။ ထိုချိန်မှစပြီး ဆေးရုံ တင်ထားလိုက်ခြင်းဖြစ်သည်။ လွတ်သည့်နေ့အထိ ဆေးရုံမှာနေရမည်။
    "ရောဂါကတော့ မပြင်းလှပါဘူး မဟုတ်လား" ဟု ကျွန်တော်က ပြန်မေးသည်။
    "စိုးရိမ်စရာ မရှိပါဘူး၊ စောစောကတည်းက ဒီရောဂါ ရနေတာနဲ့ တူတယ်၊ ဒါပေမဲ့ အကောင်းဆုံး ဖြစ်သွားတာပေါ့ဗျာ၊ အပြင်မှာ ဆိုရင် သူ ဆေးရုံတက်ဖို့ မလွယ်ဘူး၊ ခုတင် တစ်နေရာစာရဖို့ မလွယ်ဘူး၊ ဆေးရုံတွ အားလုံးကလည်း လူနာတွေနဲ့ ပြည့်နေတာမဟုတ် လား၊ ဆေးရုံတက်ခွင့်ရဖို့ဟာ ဘဏ်တိုက် ဖောက်ပြီး ၀င်ရတာထက်တောင် ခက်တယ်၊ ဟောင်ကောင်မှာ ဆေးရုံတက်ခွင့်ရနိုင်တဲ့ အကောင်းဆုံး နည်းကတော့ လမ်းပေါ်မှာ လှဲအိပ်ချပြီး ကားအတိုက်ခံလိုက်တဲ့ တစ်နည်းပဲ ရှိတယ်ထင်တယ်"
    ဟောင်ကောင်မှာ လူဦးရေ မတရားထူထပ်လာသဖြင့် တီဘီရောဂါကလည်း ပြန့်ပွားချင်တိုင်း ပြန့်ပွားနေသည်။ ထို့ကြောင့် ဟိန်းပြောသည့် သတင်းကို ကြားရတော့ ကျွန်တော် အံ့သြခြင်း မဖြစ်မိပါ။
    တစ်ခါတုန်းက စူဇီ ချောင်းအလွန်ဆိုးနေသည်။ တီဘီများ ဖြစ်ချင်သလားဟု ကျွန်တော် တွေးခဲ့မိသည်။ သို့သော်လည်း အအေးမိသောကြောင့်ပါဟု စူဇီက ဖြေခဲ့သည်။ သူ့ကလေး အိမ်ပြိုကျပြီး ဆုံးခဲ့သည့် ညတုန်းက အလွန်အကျွံ အအေးမိခဲ့ဖူးသည်။ အစိုးရ ဆေးရုံသို့သွားပြီး အခမဲ့ ဓာတ်မှန်ရိုက်ကြည့်ဖို့ ကျွန်တော် တိုက်တွန်းသည်။ ကျွန်တော်တို့ နှစ်ယောက် အတူသွားကြဖို့လည်း စီစဉ်ပြီးဖြစ်သည်။
    ထိုအချိန်မှာပင် မစ်ဖို့က ကြေးနန်းရောက်လာပြီး ကျွန်တော် ဂျပန်သွားဖို့ကိစ္စ ပေါ်လာသည်။ သည်လိုဖြင့် အလုပ်ရှုပ်ပြီး အာရုံပြောင်းသွားကာ ဓာတ်မှန်ရိုက်ဖို့ကိစ္စကို မေ့နေကြသည်။ ဂျပန်မှ ကျွန်တော် ပြန်လာတော့ သူ ချောင်းဆိုးပျောက်နေသည်ကို တွေ့ ရသည်။
    စိုးရိမ်ရလောက်သည့် အခြေအနေမဟုတ်ကြောင်း သေချာသွားသည်။ တစ်နည်း အားဖြင့် တွေးလျှင် တိုက်ထဲမှာ၊ အဆောင်ထဲမှာ အလုပ်လုပ်မနေရဘဲ ဆေးရုံပေါ်မှာ အေးအေးသက်သာ ဆေးဝါး ကုသခံ နေရမည် ဆိုသောကြောင့် ပိုပြီး စိတ်သက်သာရာ လည်း ရသွားမိပါသည်။
    အဲလစ်ကြီး ပြောပြသည့် ဇာတ်လမ်းများကို ကျွန်တော် မယုံကြည်သော်လည်း ထောင်ထဲက အကြောင်း ကို တွေးလိုက်မိလျှင် စူဇီ အလုပ်လုပ်နေရပုံ၊ ၀ါဒါအမျိုးသမီးများက ရိုက်နှက်နေပုံများကိုလည်း မျက်စိထဲမှာ မြင်နေမိသည်။
    ယခုတော့ စူဇီ ထောင်မှ ထွက်လာလျှင် တီဘီရောဂါလည်း တစ်ခါတည်း ပျောက်ကင်းပြီးသား ဖြစ်သွား ပေတော့မည်။
    သို့သော်လည်း ညဦးပိုင်းရောက်တော့ ကျွန်တော့်စိတ်များ ချောက်ချားစရာ အကြောင်း ပေါ်လာပြန် ပါသည်။ စူဇီအကြောင်း ဂွမ်နီကို ကျွန်တော် ပြောပြသည်။ ဂွမ်နီက အံ့သြခြင်း လုံးဝမဖြစ်ပါ။
    "ဟုတ်တယ်၊ သူတို့ ဆေးရုံတင်ပေးထားမှာပဲလို့ ကျွန်မလည်း တွေးကြည့်နေမိပါ တယ်၊ ဒါပေမဲ့ သူတို့ ဆေးရုံ မတင်သေးခင်တော့ အစ်ကို့ကို ဘာမှပြောမပြချင်ဘူး၊ စူဇီက ကျွန်မဆီက ကတိတောင်းထားတယ်"
    "ကတိတောင်းထားတယ်၊ ဘာကတိလဲ" ဟု ကျွန်တော်က ပြန်မေးသည်။
    "သူ့မှာ တီဘီရောဂါဖြစ်နေကြောင်း အစ်ကို့ကို ပြောမပြဘူးဆိုတဲ့ ကတိ"
    "လိုင်ချီကောက်ထောင်ကို မရောက်ခင်ကတည်းက ဒီအကြောင်း သူ သိထားတယ်လို့ ဆိုလိုတာလား ဂွမ်နီ၊ ဒါပေမဲ့ ဘယ်လိုလုပ်သိတာလဲ၊ သူမှ ဓာတ်မှန်ရိုက်မကြည့်သေးဘဲ"
    "ဓာတ်မှန်ကြောင့် မဟုတ်ဘူး၊ ဆရာဝန်က သူ့ကိုပြောတာ"
    "ဘယ်လိုဆရာဝန်လဲ ဂွမ်နီ၊ သူ ဆရာဝန်နဲ့ ပြခဲ့ဖူးလို့လား"
    "ဆရာဝန်က ဒီကိုလာကြည့်တာ၊ သူ သိပ်ဖျားနေတယ်၊ အဲဒါက အစ်ကို ဂျပန်ရောက်နေတုန်းက၊ သူနဲ့ ဘက်တီနဲ့ ရန်ဖြစ်ပြီးနောက်မှ သိတာ၊ ကျွန်မတို့နှစ်ယောက် ရုပ်ရှင်အတူသွားကြည့်ကြတယ်၊ ရုပ်ရှင်ရုံ က ထွက်လာတော့ ဓာတ်ရထားတွေ ကျပ်နေတယ်၊ စူဇီက ဓာတ်ရထား မစီးချင်ဘူးတဲ့၊ အသက်ရှူ ရတာ မ၀ဘူး၊ မွန်းတယ်တဲ့၊ လန်ချားလည်း မရှိဘူး၊ ဒါနဲ့ ကျွန်မတို့ လမ်းလျှောက်ပြန်လာကြတယ်။
    "စူဇီ အရမ်းမောနေတာကို တွေ့ရတယ်၊ ဒါနဲ့ ကျွန်မတို့နှစ်ယောက် အအေးဝင် သောက်ကြသေးတယ်၊ အဲဒီအချိန်မှာ သူ ချောင်းအကြီးအကျယ် ဆိုးတော့တာပဲ၊ သူ့လက်တွေ နီရဲနေတာကိုလည်း တွေ့ရတယ်။ ဗုဒ္ဓဟူး လူးလူးနဲ့ ကျွန်မက သူ့ကိုတွဲပြီး အခန်းထဲရောက်အောင် ပို့ပေးရတယ်။
    "တရုတ်ဆရာဝန်ကို ကျွန်မ ဖုန်းဆက်ပြီး လှမ်းခေါ်တယ်၊ ဆရာဝန်ရောက်လာတော့ သူ့မှာ အဆုတ်ရောဂါ ဖြစ်နေပြီလို့ပြောတယ်၊ ဆေးရုံတက်ဖို့ ကောင်းတယ်၊ ဒါပေမဲ့ ဆေးရုံတက်ဖို့ဆိုတာကလည်း နေရာရဖို့ မလွယ်ဘူး၊ ဒီတော့ မင်း အိပ်ရာထဲမှာပဲ အနားယူနေပါ၊ ဆေးဆိုင်က ဆေးဝယ်သောက်ဖို့ ဆေးစာရေး ပေးခဲ့မယ်လို့ ဆရာဝန်က ပြောတယ်။
    "စူဇီက အစ်ကိုပြန်လာရင် သူကနေတစ်ဆင့် အစ်ကို့ကိုကူးမှာ အရမ်းစိုးရိမ်နေတယ်၊ ဒီအကြောင်း ဆရာဝန်ကို ပြောပြတော့ မင်းပါးစပ်ထဲက ပိုးတွေ ထွက်မလာနိုင်အောင် ဆေးစာရေးပေးမယ်လို့ ပြောတယ်၊ အဲဒီဆေးကို တစ်နေ့ သုံးကြိမ် ရေအေးနဲ့ သောက်ရမယ်တဲ့၊ အစ်ကိုပြန်လာရင် အစ်ကိုမသိအောင် ဆေးသောက် ဖို့ ဆိုတာ သူ့အတွက် ခက်နေတယ်၊ ဒါကြောင့် သူ ဆေးဝင်သောက်တဲ့ အခါမျိုးမှာ ကျွန်မက အစ်ကို့ကို လာသာဆောင်မှာ စကားပြောပေးထားပါလို့ ပြောတယ်"
    "ဒါပေမဲ့ကွာ၊ ဘာဖြစ်လို့ ဒီအကြောင်း သူက ကိုယ့်ကို ဖွင့်မပြောတာလဲ ဂွမ်နီ"
    "အစ်ကို စိတ်ဆင်းရဲသွားမှာစိုးလို့တဲ့၊ ဘက်တီနဲ့သူ ရန်ဖြစ်တဲ့ကိစ္စကြောင့် အစ်ကို စိတ်ဆင်းရဲနေရပြီတဲ့၊ အစ်ကို အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူးတဲ့၊ ဒီအကြောင်းကို ထပ်သိရင် ပိုစိတ်ဆင်းရဲပြီး အလုပ်ပို ပျက်တော့မယ်လို့ ပြောတယ်၊ အစ်ကို အလုပ်မလုပ်နိုင်တဲ့အခါမျိုးမှာ အစ်ကိုဟာ စိတ်သိပ်တို တတ်တယ်တဲ့၊ သူ့ကိုလည်း မချစ်တော့ဘူးတဲ့၊ အစ်ကို အလုပ်ကောင်းကောင်း လုပ်နိုင်နေရင် သူ့ကို သိပ်ချစ်တာပဲတဲ့၊ နောက်တစ်ချက်ကလည်း သူ တီဘီဖြစ်နေကြောင်း အစ်ကိုသိလို့လည်း အစ်ကို ဘာမှ တတ်နိုင်တာ မဟုတ်ဘူးတဲ့"
    "သူ့ကို ဆေးရုံတစ်ရုံရုံမှာ တင်ပေးနိုင်အောင် ကြိုးစားနိုင်တာပေါ့ကွာ၊ ဒါမှမဟုတ်ရင်လည်း အသုံးမကျတဲ့ တရုတ်ဆေးတွေ စားနေမယ့်အစား စနစ်တကျ အကုသခံဖို့ စီစဉ်ပေးနိုင်တာပေါ့"
    "တရုတ်ဆေးတွေဟာ အသုံးမကျဘူးလို့တော့ ကျွန်မ မထင်ဘူးအစ်ကို၊ ဆေးတွေက ဈေးသိပ်ကြီးတာ၊ ဒါကြောင့် ကောင်းမှာတော့ သေချာတယ် ထင်တာပဲ၊ သူ့ပါးစပ်ထဲကပိုးတွေ အပြင်မထွက်အောင် ကာကွယ်တဲ့ဆေးက တစ်အောင်စကို ဆယ့်တစ်ဒေါ်လာတောင်ကျတယ်၊ တစ်နေ့ကို သူ တစ်အောင်စတောင် သောက်နေရတာ"
    "ဖြစ်မှ ဖြစ်ရလေကွာ၊ ဒါလောက်တောင်ပဲလား"
    "နောက်ပြီးတော့ လူမမာကြီးး လုပ်နေရမှာကိုလည်း သူ ရှက်တယ်၊ ကျွန်မကို သူ တစ်ခါပြောဖူးတယ်၊ အစ်ကိုက သူ့ကို သိပ်လှတာပဲလို့ ပြောတဲ့အခါမှာ သူရှက်တယ်တဲ့၊ ငါ့ရင်ထဲမှာ အရုပ်ဆိုးနေတာတွေကို သူ မသိဘူးတဲ့၊ ငါ သွေးတွေအန်ပြီး ရောဂါသည် ဖြစ်နေတာကိုတော့ သူ မသိဘူးလို့ တွေးမိပြီး ရှက်တယ်တဲ့၊ အစ်ကိုနဲ့ သူ လက်ထပ်ဖို့ ငြင်းနေတာဟာလည်း ဒီအကြောင်းကြောင့်ပဲ"
    "ဂွမ်နီ၊ အရင်တုန်းက ကိုယ်သိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲကွာ"
    "ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ အခု ဆေးရုံတက်နေရပြီဆိုတော့ သူ့ရောဂါ ပျောက်သွားမှာ သေချာပါတယ်"
    နောက်နှစ်ပတ်ကြာတော့ လိုင်ချီကောက်ထောင်သို့ သွားပြီး စူဇီနှင့် ထောင်ဝင်စာတွေ့သည်။ အံ့သြဖွယ်ရာ ကောင်းလောက်အောင် ကျန်းမာနေသည်ကိုတွေ့ရသည်။ သူနှင့် စတင်တွေ့ခဲ့ရသည့်အချိန်မှ ယခုအထိ အကျန်းမာဆုံး၊ ကြည့်အကောင်းဆုံး ဖြစ်ပါသည်။
    ထောင်ဆေးရုံမှာ အလင်းရောင် ကောင်းကောင်းရသည်။ လေကောင်း လေသန့်ရသည်။ သန့်ရှင်းသည်။ အပြင်ဆေးရုံများ ထက်ပင် ပိုပြီး သန့်ရှင်းနေသည်ကို တွေ့ရသည်။ ပြူတင်းပေါက်နှင့် အ၀င်တံခါးများမှာ သံတိုင် တပ်ထားကာ တစ်ခုပဲပြောစရ ရှိသည်။
    စူဇီသည် ရုပ်ပုံစာအုပ်တစ်အုပ်ကို ကိုင်ပြီး ခုတင်ပေါ်မှာ ထိုင်နေသည်။ ဆံပင်များကလည်း ခေါင်းလျှော်ပြီးစလို ရှင်းရှင်းလင်းလင်း ရှိနေသည်။ ပါးကလေးတွေလည်း ပန်းနုရောင်ပြေးနေသည်။ အလွန်တရာလည်း စိတ်ချမ်းသာနေပုံရသည်။
    "စူဇီ... မင်း အရမ်းကျန်းမာနေပုံပဲကွာ"
    ကျွန်တော်က ၀မ်းသာအားရပြောသည်။ စိတ်ချမ်းသာလွန်းသောကြောင့်လည်း ရယ်မိသည်။ ပထမဦးဆုံးတစ်ခေါက် လာတွေ့တုန်းကလို ဖြစ်မှာလည်း စိုးရိမ်မိသည်။ ထို့ကြောင့် သူ မျက်ရည်ကျ စေမည့်စကားများ မပြောဖြစ်အောင် သတိထားပြီး ဆင်ခြင်နေရ သည်။
    "မင်းကို မွှေးမွှေးပေးဖို့များ မောင့်ကို ခွင့်ပြုကြမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲနော်"
    "အိုး... ရတယ်လေမောင်ရဲ့၊ ကျွန်မ စီစဉ်ထားတယ်၊ ကျွန်မကို မောင် လာတွေ့မယ်လို့ ဟောဟို မိန်းမကြီး ကို ကျွန်မ ပြောထားတယ်" မလှမ်းမကမ်းရှိ အမျိုးသမီး ၀ါဒါကို မေးငေါ့ပြသည်။ "မောင်ဟာ တကယ့် လူကြီးလူကောင်းလို့၊ နောက်ပြီးတော့ တကယ့်ပုဂ္ဂိုလ်ကြီးလို့၊ မောင်က ကျွန်မကို မွှေးမေးပေးချင် ပေးမှာပဲလို့၊ ဒါကြောင့် ရှင်က မျက်နှာလွှဲထားပါလို့ သူ့ကို ကျွန်မ ပြောထားတယ်"
    ကျွန်တော်က မ၀ံ့မရဲဖြင့် စူဇီကို ပွေ့ယူလိုက်သည်။ ၀ါဒါအမျိုးသမီးက အနည်းငယ် မနေတတ် မထိုင်တတ် ဖြစ်သွားပြီး ပြူတင်းပေါက်မှ အပြင်သို့ ကျော်ကြည့်နေသည်။
    "ဟုတ်တယ်၊ အဲဒီ ၀ါဒါအမျိုးသမိးက သိပ်သဘောကောင်းတာ" ဟု စူဇီက ပြောသည်။
    "ဆရာဝန်ကရော ဘယ်လိုဟာမျိုးလဲ"
    "သူလည်း ကပြားမပဲ၊ သဘောကောင်းတယ်"
    "မင်း ပြောနေတာတွေက အမှန်တွေရော ဟုတ်ရဲ့လား၊ လူတိုင်းက သဘောကောင်း နေကြတာ ချည်းပဲလား"
    "မဟုတ်ဘူး၊ တစ်ယောက်ကတော့ မကောင်းဘူး၊ ၀ါဒါမတစ်ယောက် ရှိသေးတယ်၊ သိပ်သဘောထား ပုပ်တာပဲ၊ တစ်ခါတရံ သူ ဒီမှာ တာဝန်ကျတတ်တယ်၊ သူက "ဝေါင်းမီလင်း၊ ညည်းအကြောင်းတွေ ငါအကုန် သိတယ်၊ ညည်းဟာ ယောက်ျားတွေနဲ့ အတူတူသွားတယ်၊ ဟုတ်တယ်၊ ညည်းဟာ အင်မတန် ဆိုးတယ်" လို့ ကျွန်မကို ပြောတယ်"
    "အင်း... သူတို့မှာ နေရာအစားထိုးဖို့ တခြားဝါဒါအမျိုးသမီးတွေ မရှိတော့ဘူးနဲ့ တူပါတယ်၊ ထောင်မှူး ကရော ဘယ်လိုနေသလဲ၊ ထောင်မှူးကိုရော မင်း ဒီအတိုင်း ပြောတာပဲလား"
    "အိုး ဟုတ်ပါရဲ့၊ ထောင်မှူးမက တရုတ်မ၊ သူလည်း သိပ်သဘောကောင်းတာပဲ"
    "ယုံပါပြီဗျာ"
    "တစ်ခါတုန်းက သူ ဒီကိုလာတယ်၊ ကျွန်မက "ဂွတ်မောနင်း၊ ရှင့်မျောက်အိမ်ကလေးက သိပ်ကောင်းတာပဲ" လို့ ပြောလိုက်တယ်"
    "စူဇီ... မင်း အရမ်းစိတ်ချမ်းသာနေတယ် ထင်တယ်"
    "ဟုတ်တယ်၊ ကျွန်မက သူ့ကို ပြောတယ်၊ "ရှင့်မျောက်အိမ်ကလေးကို ကျွန်မ သဘောကျတယ်၊ ရှင် စိတ်မဆိုးဘူးဆိုရင် ကျွန်မ လွတ်တဲ့နေ့မှာ မထွက်သေးဘဲ လေးငါးရက်လောက် ဆက်နေလိုက်ဦးမယ်" လို့ ပြောလိုက်တယ်၊ သူက "ရပါတယ်၊ ဝေါင်းမီလင်း၊ မင်း နေချင်သလောက်နေပါ၊ ဟို ၀ါဒါအမျိုးသမီးက မင်းကို ဒုက္ခပေးရင် ငါ့ကို ချက်ချင်းတိုင်" လို့ သူက ပြောတယ်၊ ကျွန်မက "ကျေးဇူးတင်ပါတယ်၊ ရှင့်မျောက်အိမ်ကလေးကို ကျွန်မ အရမ်းသဘောကျတာပဲ၊ ရှင့်မှာ နံပါတ်တစ် အကောင်းဆုံး မျောက်အိမ် ရှိနေတာပဲ" လို့ ပြန်ပြောလိုက်တယ်"
    ထိုစကားများကို ပြေပြီး စူဖိသည် ကလေးငယ်တစ်ယောက်လို အတောမသတ်အောင် တခစ်ခစ် ရယ်နေသည်။
    "စူဇီ... မင်းကို အခုလို ပြန်မြင်ရတာ ၀မ်းသာလိုက်တာကွယ်" ဟုကျွန်တော်က လှိုက်လှိုက်လှဲလှဲ ပြောမိသည်။
    "ကျွန်မ ဒီနေ့ ပျော်တယ် မောင်၊ မောင်လာလို့ ကျွန်မပျော်တယ်၊ ၀ါဒါမကို ကျွန်မက ပြောထားတယ်၊ ဒီနေ့ မောင်လာလိမ့်မယ်လို့၊ မပူပါနဲ့လို့၊ သူဘယ်တော့မှ မမေ့ပါဘူးလို့၊ ဒါပေမဲ့ မောင် မေ့ပြီးမလာဘဲနေမှာ စိတ်ပူလိုက်ရတာ မောင်ရယ်၊ မောင်သာ မလာရင်တော့ ကျွန်မ ကောင်းကောင်းကြီး အရှက်ကွဲပြီ"
    "လာမယ်လို့ ပြောထားတာပဲ၊ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရောက်အောင် လာမှာပေါ့ စူဇီ၊ နောက်ပြီးတော့ မင်းကို ပြောစရာရှိနေတဲ့အတွက် မလာလို့လည်း မဖြစ်ဘူးလေ၊ မောင် ဂျပန်သွားနေတုန်းက မင်း နေမကောင်းဖြစ်တာ မောင့်ကို မပြောဘဲ ဖုံးထားတာကို မောင် သိပ်စိတ်ဆိုးတယ်"
    "နေမကောင်း ဖြစ်နေတယ်၊ ကျွန်မ နေမကောင်းဖြစ်နေတယ်လို့ မောင့်ကို ဘယ်သူ ပြောသလဲ"
    "ဒီလိုဖုံးထားတာ မကောင်းဘူး စူဇီ၊ ဒီအကြောင်းတွေ အားလုံး မောင် သိပြီးပြီ"
    အမှန်အတိုင်း ၀န်မခံဘဲ သူ ခေါင်းမာနေသေးသည်။ ပြီးတော့ အရေးမကြီးသလို ပခုံးနှစ်ဖက်ကို တွန့်လိုက်သည်။ နောက်ဆုံးတွင်မှ သည်အကြောင်းတွေ ကျွန်တော် အားလုံးသိထားပြီးဖြစ်ကြောင်း ယုံကြည် သွားသဖြင့် အဖြစ်မှန်ကို ဖွင့်ပြောတော့သည်။
    ထောင်ထဲရောက်လာမှ သူ သွေးအန်သေးသည်။ ထောင်ထဲရောက်ပြီး ဒုတိယနေ့တွင် ဖြစ်သည်။ ကျွန်တော် ထောင်ဝင်စာလာတွေ့ပြီး အပြန် သွေးအန်သည်။ အလွန်အမင်း စိတ်ထိခိုက်နေသောကြောင့် ဖြစ်သည်။ ထိုအချိန်မှစပြီး သူ့ကို ဆေးရုံတင်လိုက်ခြင်းဖြစ်သည်။ ဟိန်းပြောသလို ဓာတ်မှန်ရိုက်ကြည့်ရာမှ သိသောကြောင့် မဟုတ်။ ယခုတော့ သူ့ရောဂါ သက်သာလာပြီဖြစ်ကြောင်း၊ ထောင်မှ လွတ်သည့်နေ့တွင် လုံးလုံး ပျောက်သွားတော့မည်ဖြစ်ကြောင်း ပြောပြသည်။
    သို့သော်လည်း သူပြောသလို မဟုတ်သေးပါ။ ဆေးရုံမှ ကျွန်တော် ထွက်လာပြီး နောက် ထောင်ဆရာဝန်နှင့် သွားတိုးသည်။ ကားသေးသေးကလေးနှင့် ရောက်လာသည်။ အင်္ဂလိပ်-တရုတ် ကပြား ဖြစ်သည်ကို တွေ့ရသောကြောင့် ထောင်ဆရာဝန်ဖြစ်မည်ဟု ခန့်မှန်းလိုက်မိသည်။ ကျွန်တော့်ကို လိုက်ပို့သည့် ၀ါဒါအမျိုးသမီးကို မေးကြည့်တော့ ဟုတ် ကြောင်းပြောသည်။
    "ဝေါင်းမီလင်းအကြောင်းများ ကျွန်တော် မေးလို့ရနိုင်မလားဗျာ"
    ကျွန်တော်က သူ့ဆီလျှောက်သွားပြီး မေးသည်။
    "ရှင်က ဘယ်သူလဲ၊ ဒီထောင်နဲ့ ဘယ်လိုပတ်သက်သလဲ"
    သူ့အသက် သုံးဆယ်ကျော်လောက်ရှိပြီ။ ကိုယ်လုံးကိုယ်ပေါက် ဖြောင့်သည်။ မိန်းမချောတစ်ယောက် ဖြစ်သည်။ ဘာကိုမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သည့် ပုံမျိုးလည်းဖြစ်သည်။ အဖြူရောင်ဂါဝန်ကို ၀တ်ထားသည်။ လက်ထဲမှာ ဖန်ဘူးဆို့နှင့် ပုလင်းတစ်လုံး ကိုင်ထားသည်။ အထဲမှာ ၀ါဝါအရည်တွေ ရှိသည်။ အက်ဆစ်လား၊ ဆီလား မပြောတတ်ပါ။
    "မဟုတ်ပါဘူး၊ ကျွန်တော်က သူ့ကို ထောင်ဝင်စာလာတွေ့တဲ့ သူ့မိတ်ဆွေပါ"
    "ဪ... ပန်းချီဆရာ ဆိုတာလား"
    ကျွန်တော့်ကို ကြည့်ပြီး သူ အံ့သြသွားပုံရသည်။ ပြီးတော့မှ သူက ဆက်ပြောသည်။
    "အို... ဘာမှမပူပါနဲ့၊ ကျွန်မက ရှင့်အကြောင်းကို ရှင့်ထက်တောင် ပိုပြီးသိနေပြီ၊ အဲဒီကလေးမက အင်မတန် စကားပြောနိုင်တဲ့ ကလေးမ၊ ရှင့်အကြောင်းဆို ကုန်ပြီ၊ အင်း... သူ လုံးလုံးကောင်းသွားမှာပါ၊ ဒီရောဂါနဲ့တော့ ဘယ်နည်းနဲ့မှ မသေနိုင်တော့ပါဘး၊ ကျွန်မ တို့ဆီကို အချိန်မီ ရောက်လာတယ်၊ ဒါပေမဲ့ သူ ဒီမှာ ဘယ်လောက်ကြာကြာ နေရဦးမှာလဲ၊ ခြောက်ပတ်လား၊ ဒါလောက်ဆိုရင်တော့ သိပ်မကောင်းတော့ ဆေးရုံ တက်ကုနေဖို့ လိုဦးမယ် ဒီလိုမှ တက်မကုရင် ဒီရောဂါပြန်ဖြစ်မှာပဲ"
    "ဒီထောင် ဆေးရုံကနေပြီး အပြင်ဆေးရုံကို ပြောင်းမပေးနိုင်ဘူးလား ခင်ဗျာ"
    "မဖြစ်နိုင်ဘူး" သူက ကျွန်တော့်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။ "အပြင်ဆေးရုံတွေက ဒီမိန်းကလေးထက် ရောဂါပိုဆိုးတဲ့ လူနာတွေကိုတောင် မောင်းချပစ်နေတာ မဟုတ်လား၊ အခြေအနေ သိပ်ဆိုးတဲ့လူနာတွေကို နေရာပေးပြီး ကုနိုင်အောင် လုပ်နေကြရတာလေ၊ ရှင် အဆက်အသွယ်ကလေး ဘာလေး မရှာနိုင်ဘူးလား"
    စိန့်မာဂရက်ဆေးရုံမှ ကေးဖလက်ချာကို ကျွန်တော် အမှတ်ရပါသည်။ သို့သော်လည်း မိုးရွာနေသည့်ည ညစာအတူစားပြီး နမ်ကောက်ဟိုတယ်သို့ သူ ပြန်ပို့ပေးခဲ့သော အချိန်မှစ၍ ကျွန်တော်နှင့် လုံးဝမတွေ့ရတော့။
    "ကြာသပတေးနေ့မှာ တွေ့ကြမယ်" ဟု ကျွန်တော်တို့ အချိန်းအချက်လုပ်ပြီး ကေးလည်း ကားမောင်းပြန်သွားသည်။ ကျွန်တော် အပေါ်ထပ်ရောက်တော့ စူဇီက ဖုန်းဆက်ပြီး သူ့ကလေး သေသွား ကြောင်း ပြောသည်။
    ထို့ကြောင့် ကြာသပတေးနေ့ ချိန်းထားခြင်းကို ဖျက်ဖို့ ကျွန်တော် ဖုန်းဆက် အကြောင်းကြားသောအခါ "ကျွန်မ မအံ့သြပါဘူး" ဟု ကြမ်းကြမ်းတမ်းတမ်းပြောကာ တယ်လီဖုန်းကို ပစ်ချသွားခဲ့သည်။ ထို့ကြောင့် ကေးကိုလည်း ကျွန်တော် အကူအညီ တောင်း၍ ဖြစ်နိုင်မည်မဟုတ်ပါ။
    "မဖြစ်နိုင်ဘူးထင်တယ်၊ ကျွန်တော့မှာ ဆေးရုံနဲ့ပတ်သက်တဲ့ အသိအကျွမ်း တစ်ယောက်မှ မရှိပါဘူး"ဟု ထောင်ဆရာဝန်ကို ကျွန်တော် ပြန်ပြောသည်။
    "အရေးမကြီးပါဘူးလေ၊ အချိန်တွေအများကြီး ကျန်သေးတာပဲ၊ သူ့အဆုတ်မှာ အနာတွေ ထပ်မဖြစ်စေချင်ရင်တော့ ဒီထောင်က လွတ်သွားတဲ့ နောက်ပိုင်း အပြင်ဆေးရုံတစ်ခုခုမှာ ဆက်တင်ထားပြီး ရှင်းရှင်း လင်းလင်း ပျောက်သွားအောင်တော့ ကုပေးဖို့လိုလိမ့်မယ်၊ ကြိုးစားကြည့်ပါဦး၊ဒီကထွက်သွားပြီး ခဏတော့ အနားယူနေနိုင်ပါသေးတယ်၊ ဆေးရုံ ချက်ချင်း တက်ခွင့်မရဘူးဆိုရင်လည်း အန္တရာယ်တော့ မရှိသေးပါဘူး၊ ကျွန်မတော့ ဒါလောက်ပဲ ပြောနိုင်ပါတယ်၊ ကျွန်မအမြင်တော့ အင်မတန် စိတ်ကောင်းရှိတဲ့ ကလေးမကလေးပါ၊ လိမ်လည်း လိမ္မာပါတယ်၊ တစ်ခုခုတော့ ရှင် လုပ်ပေးနိုင်လိမ့်မယ်ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ဒီမှာ ကြိုးစားပြီး ကုပေးထားတာတွေ သဲထဲရေသွန် ဖြစ်မကုန်စေ ချင်ဘူးလေ"
    ထိုမျှပြောပြီး တစ်ဖက်သို့ ခပ်သုတ်သုတ် သူ လှည့်ထွက်သွားသည်။ ဆေးရုံအ၀င်ဝရောက်တော့မှ နောက်ပြန်လှည့်ပြီး အပြုံးကလေးစွက်ကာ လှမ်းပြောသည်။
    "ကြုံတုန်းပြောလိုက်ရဦးမယ်၊ သူနဲ့ ဆက်ဆံနေရတဲ့သူတွေပါ တီဘီပိုးရှိ မရှိ စစ်ကြည့်ရင်ကောင်းတယ်၊ အဲ... ဟိုတရုတ်ဆေးက ပိုးတကယ် သတ်နိုင်ချင်မှ သတ်နိုင်မှာ မဟုတ်လား"
    သူ့လက်ထဲက ပုလင်းကို လှုပ်နေသည်။ အထကြ ၀ါဝါအရည်များသည် အက်ဆစ်လး၊ ဆီလား၊ ယခုထိ ကျွန်တော် သေသေချာချာ မသိသေးပါ။
    "ကောင်းပါပြီ၊ ကျွန်တော် စစ်ကြည့်လိုက်ပါ့မယ်"
    နောက် ရက်အနည်းငယ်ကြာတော့ ၀မ်ချိုင်းမှ ဆေးခန်းတစ်ခုမှာ အခမဲ့ ဓာတ်မှန်အရိုက်ခံဖို့ တရုတ်တွေကြားထဲမှာ ကျွန်တော်လည်း တန်းဝင်စီနေလိုက်သည်။ အင်္ဂလိပ် ဆရာဝန်က မော့ကြည့်ပြီး ကျွန်တော့်ကိုမြင်တော့ အံ့အားသင့်သွားသည်။
    "ဟယ်လို... ခင်ဗျားက အဲဒီအထဲမှာ ဘာဝင်လုပ်နေတာလဲ"ဟု မေးသည်။
    ကျွန်တော်က ၀မ်ချိုင်းမှာနေကြောင်း ပြောပြလိုက်သည်။ ထိုအခါကျမှ ကျွန်တော်သည် အခွင့်အရေး ပိုမယူဘဲ အများနည်းတူ တန်းဝင်စီသည်မှာ သဘောထားကြီးသူဖြစ်ကြောင်း သူက ခပ်တည်တည် အမူအရာဖြင့် မှတ်ချက်ချသည်။ နောက်အပတ်တွင် အဖြေသိရန် ကျွန်တော် ပြန်သွားသည်။
    "အား... အလွန်ကံကောင်းတဲ့လူပဲ၊ ခင်ဗျားအဆုတ်မှာ အစက်အပြောက်ကလေး တစ်ခုတောင် မတွေ့ဘူး၊ ခင်ဗျား အောင်သွားပါပြီဗျာ"ဟု သူက ဆီးပြောသည်။
(၂)
ဟောင်ကောင်မှာ ဆေးရုံတွ ဒါလောက်ပေါများကြောင်း ကျွန်တော် အစက မသိခဲ့ပါ။ ယခု စူဇီအတွက် ခုတင်နေရာကလေး တစ်နေရာရဖို့ လိုက်လဲစုံစမ်းသောအခါကျမှ ဆေးရုံတွေ အလွန်တရာ ပေါများကြောင်း သိရပါတော့သည်။
    အကြီးဆုံးသော အဆုတ်ရောဂါကုဆေးရုံသည် ရူတွန်ဂျီဆေးရုံဖြစ်သည်။ သူတို့ဆီမှာလည်း မျှော်လင့်ချက် မရှိပါ။ လပေါင်းများစွာ စောင့်ရမည့် အနေအထားရှိသည်။ ထိုမျှမကသေး၊ စူဇီ၏ အခြေ အနေထက် ပိုဆိုးသော လူနာများကိုသာ သူတို့ လက်ခံပါသည်။
    အခြားဆေးရုံများကလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ဟောင်ကောင် လူဦးရေမှာ ရုတ်ခြည်းဆိုသလို မတန်တဆ များပြားလာသောကြောင့် ဖျားသူနာသူတွေ များနေသည်။ လူဦးရေကျပ်လွန်းသဖြင့် ကူးစက်ရောဂါတွေကလည်း ဖြစ်ပွားနေသည်။
    ဟောင်ကောင်အစိုးရက အကောင်းဆုံးဖြစ်အောင်တော့ အစွမ်းကုန် ကြိုးစားနေသည်။ ဆေးရုံအသစ်တွေ တိုးချဲ့ဆောက်လုပ်နေသည်။ ဆေးပေးခန်းတွေ တိုးချဲ့ဖွင့်လှစ်နေသည်။ ထိုသို့ ဆောက်လုပ်နေသည့် အချိန်တွင် ရောဂါတွေက ဆေးရုံပြီး အောင် စောင့်မနေ။
    လူဦးရေနှင့် အဆောက်အအုံများ မမျှမတဖြစ်နေရာ အခန်းကျဉ်းကျဉ်းကလေးတွေထဲမှာ လူတွေအများကြီး ဖြစ်သလို စုပြုံနေကြရသည်။ ထို့ကြောင့် တစ်ယောက် အသက်ရှူထုတ် လိုက်သည့် လေကို အခြားတစ်ယောက်က ပြန်ရှူနေကြရသောကြောင့် ရောဂါပိုးတွေ ကူးစက်ချင်တိုင်း ကူးစက် နေသည်။
    နောက်ဆုံးတော့ ကေး၏ အကူအညီကိုသာ မျက်စိမှိတ်ပြီး တောင်းရလေတော့သည်။
    စိန့်မာဂရက်ဆေးရုံသို့ ကျွန်တော့်နည်း ကျွန်တော့်ဟန်နှင့် ချဉ်းကပ်ကြိုးစား ကြည့် ပါသေးသည်။ သို့သော်လည်း အခြားဆေးရုံများ၏ အဖြေနှင့် ဘာမှမခြားပါ။ သို့ဖြင့် ကေး၏ အကူအညီကို တောင်းရခြင်း ဖြစ်ပါသည်။
    ကေးထံသို့ စာတိုကလေးတစ်စောင် ပို့ခိုင်းလိုက်သည်။ ကျွန်တော် ဘာ့ကြောင့် လာရကြောင်း၊ ယခုလို လာပြီး အကူအညီ တောင်းရသည့်အတွက် ဘယ်လောက် အရှက်ရကြောင်း၊ ကျွန်တော့်ကို ကေး ဆင်းမတွေ့ ဆိုလျှင်လည်း ကျွန်တော် သဘောပေါက် နားလည်ပါကြောင်း၊ မည်သို့ဆိုစေ ကေး ဆင်းလာပြီး ကျွန်တော့်ကို တွေ့ကာ ခွင့်လွှတ်လိမ့်မည် ဆိုသည်ကိုလည်း သိထားကြောင်း အတိုချုပ် ရေးပေး လိုက်သည်။
    ဆယ်မိနစ်လောက်ကြာတော့ ကေး ဆင်းလာသည်။ ခန်းမကို ဖြတ်ပြီး လျှောက်လာရင်း ခပ်စိမ်းစိမ်း အပြုံးမျိုးကိုလည်း ပြုံးထားပါသည်။ ထို့နောက် လေသံခပ်မာမာဖြင့် ပြောသည်။
    "ရောဘတ်၊ ရှင်ဟာ မျက်နှာတော့ တော်တော်ပြောင်တဲ့လူပဲ၊ ရှင့်အစား ကျွန်မ ရှက်တယ်၊ ဒီကနေ့ ဆေးရုံတွေရဲ့ အခြေအနေကို ရှင် မသိဘူးလား၊ ခုတင်တိုင်း ခုတင်တိုင်းမှာ တန်းစီစောင့်နေကြတဲ့လူတွေ ငါးမိုင်လောက် ရှည်တယ်၊ အမှန်တော့ ရှင့်ကို ကျွန်မ ကူညီနိုင်မှာ မဟုတ်ဘူး၊ ကူညီနိုင်တယ်ပဲထားဦး၊ ဒါဟာ တစ်ယောက်ယောက်ရဲ့ အခွင့်အရေးကို ဆုံးရှုံးသွားအောင် လုပ်လိုက်တာနဲ့ အတူတူပဲ။ ဒါပေမဲ့ ဒါကိုလည်း ရှင် ဂရုမစိုက်ဘူး မဟုတ်လား"
    "ဟုတ်ပါတယ်၊ ဂရုမစိုက်ပါဘူး"ဟု ကျွန်တော်က ပြန်ပြောသည်။
    "ရှင့်အမျိုးသမီး ဆေးရုံတက်ခွင့်ရမယ်ဆိုရင် တခြားလူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောလား၊ ယုတ်စွအဆုံး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သဘောလား"
    "ဟုတ်တယ်ပဲဆိုပါတော့၊ ဒါပေမဲ့ အဲဒီစိတ်မျိုးထားနိုင်အောင် အတော်ကြိုးစားရပါတယ်"
    ကေးသည် အနည်းငယ် နောက်တွန့်သွားသည်။ ပြီးတော့မှ အနည်းငယ် ပိုမို လှိုက်လှဲသည့်အပြုံးကို ပြုံးသည်။
    "အင်း... ရှင် ရိုးရိုးသားသား ဖြေတာကိုတော့ ကျွန်မ သဘောကျပါတယ်၊ ဒါပေမဲ့ ကျွန်မ မတတ်နိုင်ဘူး"
    "ကေး... လူတစ်ယောက်ဟာ လူတိုင်းအတွက် တိုက်ပွဲမပေးနိုင်ပါဘူး၊ ဒါကြောင့် ကိုယ်ဟာလည်း စူဇီတစ်ယောက်တည်းအတွက်ပဲ တိုက်ပွဲဝင်ရမှာပါ၊ ဒီသဘောထား မှားတယ်ဆိုတာ ကိုယ်သိပါတယ်၊ ဒါပေမဲ့ သူ့အခြေအနေ ပိုဆိုးသွားနိုင်တယ်၊ သေတောင် သသွားနိုင်တယ်၊ သူ အသေမခံနိုင်ဘူး၊ စူဇီဟာ ကိုယ်မသိတဲ့လူတွေထက် ပိုပြီး ကိုယ့်အဖို့ အရေးကြီးတယ်၊ သူ ကင်းကင်း    ရှင်းရှင်း ရောဂါ ပျောက်သွားတာ ကိုပဲ ကိုယ်လိုချင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူ့ကို ကိုယ် လက်ထပ်တော့မလို့" ဟု ကျွန်တော်က ပြန်ပြောသည်။
    ကေး၏ အမူအရာမှာ အံ့သြမှုကြောင့် ကြက်သေသေသွားသည်။
    "မဖြစ်နိုင်ပါဘူး"
    "အခုအထိတော့ သူက လက်မခံသေးဘူးပေါ့လေ၊ ဒါပေမဲ့ ထောင်က ထွက်လာရင် လက်ခံလိမ့်မယ်လို့ ကိုယ်ထင်တယ်"
    "ရှင် ရူးနေပြီထင်တယ်"
    "ဟုတ်ပါတယ်၊ ရူးနေတာလည်း ဖြစ်နိုင်ပါတယ်"
    "ဟုတ်တယ်၊ ရူးနေတာပဲ၊ အေးလေ... ရှင်ကံကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်"
    ကျွန်တော့်ဆီသို့ သူ လက်ကမ်းပေးလိုက်သည်။ ကျွန်တော့်ကို ပြန်တော့ဟုဆိုသည့် သဘော ဖြစ်ကြောင်း သိလိုက်ပါသည်။ သို့သော်လည်း အပေါက်ဝအထိ လမ်းလျှောက်လိုက်လာသည်။ ထိုသို့ လျှောက်လာရင်း သူ့မှာ အနည်းငယ် စိတ်ကောင်းကလေး ပြန်ဝင်လာကြောင်း သတိပြုမိသည်။ ဆင်းကာနီး လှေကားထိပ်မှာ သူ ခပ်ကြောင်ကြောင် ရပ်နေသည်။ ပြီးတော့မှ ဆက်မေးသည်။
    "ရှင် တကယ်ပြောနေတာလား၊ တကယ်အလေးအနက် ပြောနေတာလား ရောဘတ်"
    "စူဇီနဲ့ လက်ထပ်မယ်ဆိုတာလား၊ ဟုတ်ပါတယ်"
    "ဒီကိစ္စဟာ ကျွန်မနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို သိပါတယ်၊ ဒါပေမဲ့ သူ့ကို ဘ၀ကြင်ဖော်အဖြစ် ရှင်မရွေးရင်ကောင်းမယ်၊ ရှင့်ဘ၀ ကျဆုံးသွားလိမ့်မယ်"
    "သူနဲ့ ကိုယ် လက်ထပ်ချင်တယ်"
    "သနားစိတ်ကို အခြေခံပြီး ဒီစိတ်ထားပေါ်လာတာပဲ၊ သူ ကျင်လည်ခဲ့ရတဲ့ဘ၀ကို ရှင် သနားနေတယ်"
    "မဟုတ်ပါဘူး၊ အဲဒါတွေကို ကိုယ်တစ်ခုမှ မစဉ်းစားပါဘူး၊ သနားစိတ်ကို အခြေခံတာ မဟုတ်ပါဘူး ကေး" ဟု ကျွန်တော်က ပြန်ပြောသည်။
    "သူဟာ ရှင်ဖျက်ဆီးတာကို ခံလိုက်ရတဲ့ သာမန်အရောင်းဈေးသည်မကလေးဆိုရင် သူ့ကို ရှင် လက်ထပ်မှာမဟုတ်ဘူး"
    "ဟုတ်ပါတယ်၊ လက်မထပ်ပါဘူး၊ သူဟာ အရောင်းဈေးသည်မကလေးဆိုရင် စူဇီ မဖြစ်နိုင်ဘူး၊ ကိုယ်လက်ထပ် ချင်တာက စူဇီ၊ သူ ဘာတွေ ဖြစ်ခဲ့ဆယ်ဆိုတာနဲ့ မဆိုင်ဘူး"
    "ဒီလိုဆိုရင် ဘာဖြစ်လို့ သူနဲ့ ရှင် လက်ထပ်ချင်ရတာလဲ"
    "ကေး... ကိုယ်နဲ့ အတူတူ ညစာလိုက်မစားနိုင်ဘူးလား" ဟု ကျွန်တော်က မေးသည်။
    "အင်း... စားတာပေါ့လေ"
    ထိုနေ့ညက ကျွန်တော်တို့ တရုတ်ထမင်းဟင်း သွားစားကြသည်။ စူဇီကို ကျွန်တော် ဘာကြောင့် လက်ထပ်ယူလိုကြောင်း ကြိုးစားပြီး ရှင်းပြသည်။ ကေးက သဘောပေါက် နားလည်ပုံမရပါ။ ယုံကြည်ပုံလည်း မရပါ။ ခေါင်းကိုသာ တွင်တွင်ယမ်းပါသည်။
    "အင်း... ကျွန်မ ဘက်လိုက်နေမိတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ရှင်ဟာ ဘာမှအဓိပ္ပာယ် မရှိတာတွေ လုပ်နေတာကတော့ သေချာတယ်"
    သူ့စကား ကြားရသည့်အတွက် အံ့သြခြင်း မဖြစ်မိပါ။ ကျွန်တော် ကိုယ်တိုင်ကလည်း နှစ်နှစ်ကာကာ မယုံကြည်သောကြောင့် ဖြစ်သည်။ သူ့ကို ကျွန်တော် ပြောပြနေသည့် အကြောင်းပြချက် အားလုံးသည် လေးနက်မှုမရှိ။ အရေးကြီးသော၊ လေးနက်သော အကြောင်းပြချက်များကိုလည်း ကျွန်တော် ပြနိုင်စွမ်း မရှိကြောင်း စိတ်ထဲမှာ ခံစားနေရသည်။ ထိုအကြောင်းပြချက်မျိးသည် ဘာတွေဖြစ်မည်ဟုလည်း ကျွန်တော်မသိ။
    ညစာစားပြီးသောအခါ သူ့ကို ဖိတ်ထားသည့် ဧည့်ခံပွဲကလေးတစ်ခုသို့ ကျွန်တော့်ကိုပါ ခေါ်သွားသည်။ တောင်ပေါ်ရှိ အိမ်ခန်းတစ်ခန်းမှာ ဖြစ်သည်။ ဧည့်ခံပွဲ ပြုလုပ်ကြသူများမှာ အင်္ဂလန်မှ ဟောင်ကောင်သို့ ရောက်လာစ လူငယ်များဖြစ်သည်။ အားလုံး ပျော်ရွှင်တက်ကြွနေကြသည်။ ဟောင်ကောင်နှင့်လည်း အကျွမ်းတ၀င် မရှိကြသေး။
    ဓာတ်စက်တစ်လုံးကို အသံကျယ်ကျယ်ဖွင့်ထားရာ တစ်ခန်းလုံး သီချင်းသံဖြင့် ဆူညံနေသည်။ ကျွန်တော်တို့ ကကြသည်။ ပြီးတော့ စကားထိုင်ပြောကြသည်။ ပြောသည့် အကြောင်းအရာများကလည်း ပညာတတ်မျး ဖြစ်ကြသည့်အတိုင်း တေးဂီတအကြောင်း၊ စာအုပ်များအကြောင်း၊ ရုပ်ရှင်များ အကြောင်း ဖြစ်သည်။ ကျွန်တော် ဥာဏ်မမီသည့် အကြောင်းအရာတွေ ဖြစ်နေသည်။
    မုတ်ဆိတ်မွှေးဗရပျစ်နှင့် လူငယ်တစ်ယောက်က ကျွန်တော့်အနား ကပ်လာသည်။ ဟောင်ကောင် တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ပါမောက္ခဖြစ်သည်။ လန်ဒန်မှာ ခင်းကျင်းပြသခဲ့သည်။ ကျွန်တော်၏ မလေးပန်းချီ ကားများကို သူ ကြည့်ခဲ့ဖူးကြောင်း၊ ကျွန်တော့်နာမည်ကိုလည်း သူ ကောင်းစွာ မှတ်မိနေ ကြောင်း ပြောပြသည်။
    ကျွန်တော့် ပန်းချီကားများသည် တစ်စုံတစ်ရာကို ဖော်ပြနေသည်ဟု သူကပြော သည်။ ကျွန်တော် အတော် စိတ်ကြီးဝင်သွားမိပါသည်။ ကျွန်တော့်ကား အတော်များများကို သူ အသေးစိတ်မှတ်မိနေသည်။ အကောင်းနှင့်အဆိုးများကို အတော် တိတိကျကျ ပြန်ပြောပြနိုင်သည်။
    ဆက်လက်ပြီး ပန်းချီသဘော၊ ဝေဖန်မှုသဘော၊ ခံစားမှုသဘောနှင့် ခေတ်ပေါ်ပန်းချီဆရာပေါင်း အတော်များများ အကြောင်းကို သူ ဆက်ဆွေးနွေးသည်။ သူ ဆွေးနွေးသည့် အကြောင်းအရာများကို ကျွန်တော် ကောင်းကောင်း နားမလည်ပါ။ ပန်းချီဆရာ အတော်များများ၏ အမည်များကိုလည်း မကြားဘူးပါ။
    ကျွန်တော် ပန်းချီဆွဲပုံဆွဲနည်းနှင့် ရည်ရွယ်ချက်ကို သူကမေးသည်။ ကျွန်တော် ပတ်ပတ်နပ်နပ် မဖြေနိုင်ပါ။ မိမိ ဖော်ပြလိုချင်သည့် အကြောင်းအရာပေါ်အောင် ကြိုးစားပြီး ရေးဆွဲပါသည်ဟု သာမန်လောက်သာ ဖြေနိုင်သည်။ ကျွန်တော်၏ ဗဟုသုတ ခေါင်းပါးမှုနှင့် အသိပညာနုံနဲ့မှုကြောင့် များစွာ ရှက်မိပါသည်။ နောက်ပိုင်းတွင် ပါးစပ်ဟဖို့ပင် မရဲတော့ လောက်အောင် ဖြစ်လာမိသည်။
    ကိုယ်ပန်းချီကားများကို အချီးမွမ်းခံရသည့် စောစောက စိတ်ကြီးဝင်နေမှုများလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တော့သည်။ တစ်ဆက်တည်း ငြီးငွေ့မှုကို ခံစားလာ ရသည်။ သည်အခန်း ကလေးသည် ကျန်းမာရေးနှင့် ညီညွတ်သည်။ ခေတ်မီသည်။ ဓာတ်စက်သံတွေ လွှမ်းနေသည်။ မာတီနီ အရက်တွေ ဖောခြင်းသောခြင်း ရှိနေသည်။ ရင့်ကျက်သော ပညာရပ်များအကြောင်း ဆွေးနွေး နေကြသည်။ သည်အခန်းကလေးထဲမှာ ကျွန်တော် ပိတ်လှောင် မွမ်းကျပ်နေပြီဟု စိတ်ထဲမှာ ခံစား လာရသည်။
    ထိုအချိန်မှာပင် တရုတ်အမျိုးသား အိမ်ဖော်တစ်ယောက်က ကျွန်တော်၏ ဖန်ခွက်ထဲသို့ မာတီနီ လာဖြည့်ပေးသည်။ လူငယ်တစ်ယောက်ကား မဟုတ်ပါ။ အသက်အတော်ကြီးပါပြီ။ သူ အရက်ဖြည့် ပေးနေသည်ကို ကြည့်နေရင်း သူ့မျက်လုံးများကို သတိပြုမိသည်။ သူ့မျက်လုံးများသည် သည်အခန်း ထဲမှာရှိမနေ။ သည်အခန်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ သီးခြားလိုဖြစ်နေသည်။ သူ့ကိုယ်ပိုင် ဘ၀ထဲမှာသာ ကျင်လည်သလို ရှိနေသည်။
    ထိုမျက်လုံးများကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်တည်း သည်အခန်းကလေးထဲမှာ ပိတ်လှောင်ခံ နေရသည်ဟု ခံစားနေရသောစိတ်က ပြယ်လွင့်သွားသည်။  ရုတ်တရက် ပြူတင်းပေါက်တွေကို ဖွင့်လိုက်ပြီး ပြင်ပမှ ၀င်လာသော လေကောင်းလေသန့်ကို ရှူရှီုက်လိုက်ရသလို ရှိသည်။ အပြင်လောကကြီးကို တွေ့လိုက်ရပြီး ကျွန်တော့်ဘ၀ လုံခြုံမှု ပေးသည့် လောကကြီးပါကလားဟုလည်း အတွေးပေါက် လိုက်သည်။
    "ဘာမှပူမနေနဲ့၊ ဒီအခန်းကလေးထဲမှာ မင်း ပိတ်လှောင်ခံနေရတာ မဟုတ်ဘူး၊ ဒီအခန်းကလေးဟာ ဘ၀မှာ ဘာမှအရေးမကြီးတဲ့ ထောင့်ကလေးတစ်ခုသာ ဖြစ်တယ်၊ တကယ်အရေးကြီးတဲ့ စကြ၀ဠာ ကြီးတစ်ခုလုံးက မင်းကို အပြင်မှာ စောင့်နေတယ်၊ အရေးကြီးတဲ့ စကြ၀ဠာကြီးကို မင်း ရှာဖွေတွေ့ ရှိလိမ့်မယ်" ဟု ပြောနေသလိုလည်း ခံစား လာရသည်။
    ကျွန်တော် ရှာဖွေနေသည့် အဖြေကိုရတော့မည်ဟု ကျွန်တော် သဘောပေါက်လိုက်ပါသည်။
    ကေးနှင့် ကျွန်တော် လက်ထပ်မည်ဆိုလျှင် သို့တည်းမဟုတ် "ဟုတ်တယ်၊ အဲဒီ ရုပ်ရှင်ရုံကိုတော့ ကျွန်မ မရောက်ဖူးသေးဘူး" ဟု ပြောနေသော ဂါဝန် ရောင်စုံဝတ် အင်္ဂလိပ်မကလေးနှင့် လက်ထပ်မည်ဆိုလျှင် ကျွန်တော့်ကိုယ် ကျွန်တော် ကျဉ်းမြောင်းသော သည်အခန်းကလေးထဲမှာ ပိတ်လှောင်ခြင်း ခံနေရသည်နှင့် ဘာမှခြားတော့မည် မဟုတ်ပါ။ အခန်းတံခါးနှင့် ပြူတင်းပေါက်များကို ကိုယ်တိုင် ပိတ်လိုက်ပြီး မင်းတုပ်ထိုးနေခြင်းနှင့် ခြားမည်မဟုတ်ပါ။
    သို့သော် စူဇီနှင့် လက်ထပ်မည်ဆိုလျှင် (ကေးကတော့ ကိုယ့်ဟာကိုယ် သတ်သေခြင်းသာဟု ပြောလိမ့်မည်။) ပြူတင်းပေါက်ခုံပေါ်တက်ကာ မဟာစကြ၀ဠာကြီးထဲသို့ ခုန်ပျံထွက်လိုက်ခြင်းနှင့်သာ အတူတူ ဖြစ်ပေတော့မည်။
    ပါတီပွဲကလေးကို ကြည့်ရသည်မှာ မိုးလင်းပေါက် နေကြမည့် ပုံစံမျိုး ဖြစ်နေသည်။
    ကေးသည် သူ့ကို သဘောကျနှစ်သက်နေသည့် လူငယ်တစ်ယောက်နှင့်အတူ ဆိုဖာပေါ်မှာ အမြိန့်သား ထိုင်နေသည်။ နာရီပေါင်းများစွာ ဆက်ထိုင်နေဦးမည်ဟု ခန့်မှန်း ရသည်။
    ကျွန်တော် တစ်ယောက်တည်းပင် လမ်းလျှောက်ပြန်ခဲ့သည်။ ခေတ်မီသပ်ရပ်သည့် အခန်းကလေးကို ကျောခိုင်းပြီး ပြူတင်းပေါက်မှတစ်ဆင့် မဟာစကြ၀ဠာကြီးထဲသို့ ခုန်ထွက် လိုက်သလို ဖြစ်သည်။
    ထိုအချိန်မှာပင် စူဇီ၏ ရုပ်ပုံတစ်ခုသည် ကျွန်တော့်ခေါင်းထဲသို့ ရုတ်တရက် ရောက် လာသည်။ ထိုနေ့က အပြင်မှ ကျွန်တော် လမ်းလျှောက်ပြန်ခဲ့သည်။ စူဇီသည် အပေါ်ထပ်မှ ဆင်းလာပြီး သင်္ဘောသားနှင့် လူချင်းခွဲကာစ ကျွန်တော်နှင့် သွားဆုံခြင်း ဖြစ်သည်။ သင်္ဘောသား၏ မျက်နှာကိုတော့ ခပ်ဝါးဝါးသာ မှတ်မိတော့သည်။ လက်တစ်ဖက်က သူ့ဦးထုပ်ကို မ တော့မလိုရှိသည်။
    စူဇီက သူ့ကို ကျောခိုင်းစဖြစ်သည်။ မျက်နှာ အတန်ငယ် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ပင်ပန်းနွမ်းနယ်နေပုံလည်း ရသည်။ သင်္ဘောသား ရှိနေသည်ကို သူ မေ့သွား ပုံရသည်။ ထိုအချိန်မှာပင် ကျွန်တော့်ကို မြင်သွားသည်။ သူ့အမူအရာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
    ကျွန်တော့်အပေါ် သူ စိတ်တိမ်းညွှတ်နေချိန် ဖြစ်သည်။ ကျွန်တော်နှင့် အတူ နေလိုသည့် စိတ်များ အတောမသတ် ပေါ်နေသည်။ သူ့အလုပ်နှင့် ပတ်သက်ပြီး ကျွန်တော် မည်သို့ ခံစားနေရသည်ကိုလည်း သူ သိနေသည်။ ထို့ကြောင့် တစ်စက္ကန့် နှစ်စက္ကန့်လောက်များ နောက်ကျပြီး ကျွန်တော် ရောက်လာလျှင် ဘယ်လောက်ကောင်း လိုက်မည်နည်းဟု စိတ်ကူးပေါ်သွားပုံလည်းရသည်။
    ချက်ချင်းဆိုသလိုပင် ရှက်ကိုးရှက်ကန်း အမူအရာ ပျောက်သွားသည်။ ရှက်နေစရာ အကြောင်း မရှိ။ အဖြစ်မှန်ကို ရင်ဆိုင်ရမည်ဆိုသော သဘောဖြစ်သည်။ ထိုမှတစ်ဆင့် ရှက်ကိုးရှက်ကန်း အမူအရာ ခံစားချက်အသစ်တစ်မျိုး သူ့မျက်နှာပေါ်မှာ ပေါ်လာသည်ကို မြင်ရသည်။ ထိုအမူအရာက -
    "ကျွန်မနောက်မှာ တစ်ကမ္ဘာလုံးရှိနေတယ်၊ ရင့်ကျက်တဲ့ အတွေ့အကြုံတွေ အားလုံးရှိနေတယ်၊ ဒါတွေကို ကျွန်မနဲ့ပဲဆိုင်တယ်၊ ကျွန်မဟာ တခြားအမျိုးသမီး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ ဒီလိုဖြစ်ရ တဲ့အတွက် ရှင့်ကို လက်လွှတ်ဆုံးရှုံးရမယ်ဆိုလည်း ဆုံးရှုံးရပါစေတော့" ဟူသော စကားလုံး များကိုလည်း ပြောဆိုနေသယောင် ထင်မှတ်ရသည်။
    ပြီးတော့ သူ့မျက်လုံးများထဲမှာ နာကြည်းမှု၊ ၀မ်းနည်းကြေကွဲမှုများကို တွေ့ရသည်။ ထိုမျှမကသေးပါ။ မာန်တက်သည့်၊ ဂုဏ်ယူဝင့်ကြွားသည့် အမူအရာကိုပါ မြင်တွေ့ရပြန်ပါသည်။
    ထိုအာရုံစိတ်ကလေး ပေါ်လာသည့်အတွက် ကျွန်တော် အလွန် ပျော်သွားပါသည်။ အလွန် တက်ကြွသွားပါသည်။ ထိုမြင်ကွင်းကလေးကို အာရုံဖမ်းပြီး ပန်းချီကားတစ်ကား တော့ ရေးဆွဲရ ပေတော့မည်။
    ပန်းချီကားအသစ်တစ်ခု ရေးဆွဲရမည်ဟု စိတ်ကူးပေါက်လိုက်သည်နှင့် တစ်ပြိုင်တည်း ပတ်ဝန်းကျင်ကိုလည်း ကမန်းကတန်း လှည့်ကြည့်မိသည်။ လမ်းမအလယ်မှာ ကျွန်တော် ရောက်နေသည်။ ပန်းချီ အာရုံရနေခိုက် လမ်းမအလယ်မှာ ရှိခြင်းအားဖြင့် မော်တော်ကားအတိုက်ခံရပြီး သေသွားဖွယ် ရာရှိသည်။ သည်လိုဆိုလျှင် စိတ်ကူးအာရုံမှ ပန်းချီကားကလေးသည် အကောင်အထည် အဖြစ် မွေးဖွား လာနိုင်မည် မဟုတ်တော့။
    ပလက်ဖောင်းပေါ်သို့ တက်လိုက်သည်။ တက်သုတ်နှင်မှ ဖြစ်တော့မည်။ ညဘက်တွင် ကျွန်တော် ပန်းချီရေး ဆွဲလေ့ မရှိပါ။ လျှပ်စစ်မီးရောင်သည် သဘာဝအလင်းရောင် မဟုတ်သောကြောင့် ပန်းချီကား၏ အရောင်တန်ဖိုးများ လွဲမှားသွား နိုင်သည်။
    သို့သော်လည်း ယခုတော့ မတတ်နိုင်ပြီ။ အာရုံကလေး ပျောက်မသွားခင် မဖြစ်မနေ ရေးဆွဲပေတော့မည်။
    အခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်တည်း တစ်စက္ကန့်ပင် မဆိုင်းတော့ဘဲ စတင်ရေးဆွဲတော့သည်။
    ညလုံးပေါက် မနားတမ်း ကျွန်တော် ရေးဆွဲပါသည်။ အာရုံအမြင်က ထက်သန်လွန်းမက ထက်သန်နေသောကြောင့် စူဇီကို ကိုယ်ဟန်ပြခိုင်းပြီး ရေးဆွဲရသည်ထက် ပိုမိုကောင်းမွန်အောင် ရေးဆွဲနိုင် နေသည်။ အိပ်ချင်စိတ်လည်း လုံးဝမရှိပါ။ နံနက်အရုဏ်တက်တော့ ကျွန်တော် အသုံးပြု ထားသည့် ဆေးရောင်များကို ကြည့်ပြီး ပီတိဖြစ်မိသည်။ ကျွန်တော် ရည်စူးထားသော ဆေးရောင်များ မဟုတ်ပါ။ သို့သော် တစ်နည်းတစ်ဖုံအားဖြင့် ပိုမိုထိရောက်ကာ ဆွဲဆောင်မှု ရှိနေသည်ကို အံ့သြဖွယ်ကောင်း လောက်အောင် တွေ့ရပါတော့သည်။
    မနက်ဆယ်နာရီထိုးတော့ အောင်မြင်စွာ ရေးဆွဲပြီးစီးသွားပါတော့သည်။ ကျွန်တော့် စိတ်အာရုံထဲမှာ ပေါ်လာသည့်အတိုင်း အတိအကျ ရေးဆွဲလိုက်ခြင်း ဖြစ်ပါသည်။
    နောက်ဘက်မှာ သင်္ဘောသားရှိသည်။ လက်တစ်ဖက်ဖြင့် သူ့ခေါင်းပေါ်မှ ဦးထုပ်ကို မနေသည်။ စူဇီက သူ့ကို ကျောခိုင်းစဖြစ်သည်။ သူ့မျက်လုံးထဲမှာ နာကြည်းမှု၊ ၀မ်းနည်းကြေကွဲမှု၊ မာန်မာနတက်မှုများကို တစ်ပြိုင်တည်း မြင်တွေ့နေရသည်။
    စတုတ္ထအကြိမ်မြောက် အတောင်း ရေနွေးကြမ်းလာပို့တော့ ပန်းချီကားရှေ့မှာ သူ အကြာကြီး ရပ်နေသည်။ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သူ လှုပ်ရှားနိုင်စွမ်း မရှိတော့ဟုပင် ထင်မိပါသည်။ ထိုအချိန်မှာပင် တယ်လီဖုန်း ခေါင်းလောင်းသံ မြည်လာသည်။ ဆက်သူမှာ ကေး ဖြစ်သည်။
    "ရှင့်အတွက် ကျွန်မ အစွမ်းကုန် ကြိုးစားလုပ်ပေးပါတယ်၊ ဘာကြောင့် ဒီလို လုပ်ပေးမိတယ်ဆိုတာ ကျွန်မကိုယ်တောင် ကျွန်မ နားမလည်နိုင်ဘူး၊ ဆေးရုံမော်ကွန်းထိန်းကို တစ်နာရီလောက်ကြာအောင် အတော် ချော့ယူရတယ်၊ ရက်သတ္တခြောက်ပတ်အတွင်း ခုတင်တစ်လုံးရအောင် သူ လုပ်ပေးပါ့မယ်လို့ ကတိ ပေးတယ်" ဟု ကေးက ပြောသည်။
    "ကေး... ကျေးဇူးတင်လိုက်တာ ကေးရယ်"
    "တခြားတစ်ယောက်ယောက်က အကြီးအကျယ် ဒုက္ခမရောက်အောင်လည်း သတိထားရသေးတယ်၊ အခုဟာကတော့ အစောနိုင်သမျှ အစောဆုံးဖြစ်အောင် သူလုပ်ပေးတာပဲ၊ အဲဒီလောက်အထိ ရှင့်အမျိုးသမီး ကို စောင့်နိုင်ပါ့မလား"
    "စောင့်နိုင်ပါတယ် ကေး၊ ထောင်ဆရာဝန်က ပြောတယ်၊ အချိန်နည်းနည်းလောက် အနားယူလိုက်ရင် သူ့အတွက် ပိုတောင်ကောင်းနိုင်သေးတယ်လို့ ပြောတယ်၊ သူ့ကို မကာအို ခေါ်သွားမလားလို့ ကိုယ် စဉ်းစားနေတယ်"ဟု ကျွန်တော်က ပြန်ပြောသည်။
    "ကျွန်မလည်း မကာအိုကို သိပ်သွားချင်တာပဲ"
    "လိုက်ချင်ရင် ကိုယ်တို့နဲ့အတူတူ လိုက်ခဲ့ပါလား ကေး"
    "ရှင့်အဖို့ ရယ်စရာကြီး ဖြစ်နေမှာပါလေ"
    ကျွန်တော် တယ်လီဖုန်း ချထားပြီးခဲ့သည့် အချိန်အထိ ပန်းချီကားကို အတောင်း ကြည့်နေဆဲဖြစ်သည်။
    "ဒီပန်းချီ သိပ်ကောင်းတာပဲ ဆရာ၊ စူဇီဟာ အရမ်းစိတ်ထိခိုက်နေပုံပဲ၊ ကျွန်တော့်ကို သူ စိုက်ကြည့်နေတယ်ဆရာ၊ ကြည့်ပုံက တစ်မျိုးပဲ၊ အဲဒီနေရာမှာ ရပ်နေတုန်းကလည်း ကျွန်တော့်ကို သူ ကြည့်နေတယ်၊ ကျွန်တော် ဒီဘက် လျှောက်လာတော့လည်း လိုက် ကြည့်နေတယ်၊ သူ့မျက်လုံးတွေက ကျွန်တော့်ကို စကားပြောနေသလိုပဲ" ဟု အတောင်းက ပြောသည်။
    "ဘာစကားတွေများ ပြောနေသလဲ အတောင်း"
    "ကျွန်မ အသည်းနှလုံးထဲမှာ ပြဿနာတွေ အများကြီး ပြည့်ကျပ်နေတယ်တဲ့၊ ဒါပေမဲ့ ဘယ်လိုလုပ် ရှင်းပြရမှန်း ကျွန်မ မသိဘူးတဲ့၊ ဆရာ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကလည်း အဲဒီအတိုင်းပဲလား ဆရာ"
    "ဟုတ်ပါတယ် အတောင်း၊ ငါဆိုလိုချင်တာလည်း အဲဒီအတိုင်း အတိအကျပါပဲ" ဟု ကျွန်တော်က ပြန်ပြောသည်။
(၃)
လိုင်ချီကောက်ထောင်မှ စူဇီ လွတ်တော့မည့်ရက်သို့ တဖြည်းဖြည်း နီးကပ်လာသည်။ အတောင်းက အခန်းထဲသို့ ၀င်လာတိုင်း "ဆယ်ရက်ပဲ လိုတော့တယ်ဆရာ၊ ကိုးရက်ပဲ ကျန်တော့တယ်ဆရာ"ဟုလည်း ပြောတတ်သည်။
    ဗေဒင်ဆရာကို သူ သွားမေးသည်။ စူဇီ ထောင်မှ လွတ်မည့်နေ့သည် တရုတ်ပြက္ခဒိန်တွင် ဆယ်လမြောက် လဆန်းဆယ့်လေးရက်နေ့ ဖြစ်သည်။ ထိုနေ့မှာ လွတ်မြောက်ခြင်းအားဖြင့် အိမ်ထောင် ပရိဘောဂ အသစ်အဆန်းရမည်။ အိမ်ခြေရာခြေ ပြောင်းရွှေ့နေထိုင်ရတတ်သည်ဟု ပြောသည်။
    "ဒီနေ့မှာ ထောင်ကလွတ်ရတာ သိပ်ကံကောင်းတာပဲဆရာ"ဟုလည်း ပြောသည်။
    "ထောင်ကလွတ်ရမယ်ဆိုရင် ဘယ်နေ့ပဲဖြစ်ဖြစ် ကောင်းတာချည်းပဲလို့ ငါ ထင်ပါတယ် အတောင်းရယ်"ဟု ကျွန်တော်က ပြန်ပြောသည်။
    "မဟုတ်ပါဘူး ဆရာ၊ ဆယ်ရက် ဒါမှတဟုတ် ဆယ့်သုံးရက်နေ့မှာ ထောင်က လွတ်မယ်ဆိုရင် စိတ်မချမ်း သာစရာနဲ့ တွေ့မယ်၊ အခုတော့ သူ ပျော်မယ်၊ ဒီနေ့ဟာ ရက်ရာဇာပဲ ဆရာ"
    စိတ်မရှည်နိုင်စွာ ထိုင်စောင့်နေရင်းပင် စူဇီ လွတ်မည့်နေ့သို့ ရောက်လာသည်။ ထောင်ဘူးဝမှာ ကျွန်တော် သွားကြိုမည်။ ကျွန်တော့်ကို စောင့်နေပါဟုလည်း စူဇီကို ကြိုတင် ပြောထားသည်။
    ပို၍သေချာအောင် နမ်ကောက်မှ ကျွန်တော် အစောကြီးထွက်ခဲ့သည်။ သို့သော် ကံကြမ္မာအလှည့်အပြောင်းက မကောင်းချင်တော့ မဖြစ်သင့်တာနှင့် သွားကြုံရသည်။
    ကိုလုန်းဘက်ကမ်းသို့ ကျွန်တော် စီးနင်းလိုက်ပါလာသည့် ကူးဆို့သင်္ဘောသည် ဆွဲသင်္ဘောကြီးတစ်စီးနှင့် ၀င်တိုက်မိသည်။ ဆွဲသင်္ဘောကို မောင်းလာသည့် ဆလင်က မူးနေသည်။ ထို့ကြောင့် ကူးတို့သင်္ဘော ဥသြဆွဲသံကို သူ မကြား။ သင်္ဘောတစ်နှစ်စီးစလုံးမှာ အနည်းငယ်စီ ပျက်စီးသွားသည်။
    စစ်ကြဆေးကြ ပြောကြဆိုကြဖြင့် ရေလယ်မှာ တစ်နာရီလောက် အချိန်ကြာသွား သည်။ ကျွန်တော် ငိုချင်စိတ် ပေါက်သွားပါသည်။ တစ်ဖက်မှ ခုန်ချပြီး လက်ပစ်ကူးရလျှင် ကောင်းမည်လားဟုပင် တွေးမိသည်။ သို့သော်လည်း ကျွန်တော့်မှာ ပစ္စည်းတွေ တစ်ထမ်းကြီး ပါလာသည်။ လိုင်ချီ ကောက်ထောင်မှ မကာအိုသို့ တောက်လျှောက် တန်းသွားနိုင်ရန် တစ်ပါတည်း ယူလာခဲ့ခြင်း ဖြစ်သည်။
    ကိစ္စပြီးတော့မှ ကူးဆို့သင်္ဘော ဆက်ထွက်သည်။ ကိုလုန်းဘက်ကမ်း ရောက်တော့ ကုန်းဘောင်ထိုးသည်နှင့် တစ်ပြိုင်တည်း လူအုပ်ကြားထဲမှ တွန်းထိုး ထွက်လာခဲ့သည်။ ကျွန်တော့် လက်ထဲမှာ အ၀တ်အစားသေတ္တာက နှစ်လုံး၊ ပန်းချီဆွဲရန် အသင့် ဘောင်ကြတ်ထားသည့် ပတ္တူစကား ချပ်ကြီးများနှင့် အတော်တော့ ကသီလင်တ နိုင်လှသည်။ ကားပေါ်သို့ ဒယီးဒယိုင် တက်လာခဲ့သည်။
    အငှားကားတစ်စီး ခေါ်ပြီး လိုင်ချီကောက်သို့ မောင်းခိုင်းလိုက်သည်။ ထောင်ဘူးဝ ရောက်တော့ စူဇီ၏ အရိပ်အရောင်ကို မတွေ့ရတော့ပါ။ နာရီဝက်လောက် စောင့်နေပြီး မစောင့်နိုင်တော့သည့်အဆုံး သူ့ဟာသူ ထွက်သွားပြီဟု ထောင်အမငထမ်းတွေက ဆီးပြောသည်။
    ဘတ်စ်ကားမှတ်တိုင်မှာ သွားရှာကြည့်ပါဦးဟု တက္ကစီဒရိုင်ဘာက အကြံပေးသည်။ ဘတ်စ်ကား မှတ်တိုင်သို့ လာခဲ့ကြသည်။ တွေ့ပါပြီ။ အပြာရောင်ဘေးကွဲ တရုတ်ဂါဝန်ကလေး ၀တ်ပြီး တစ်ကိုယ်တည်း စိတ်ပျက်ငြီးငွေ့စွာ ရပ်နေသော စူဇီကို တွေ့ရပါပြီ။ အဖြူရောင် ပိုက်ဆံအိတ်ကို ကိုင်ထားသည်။ ထောင်ဒဏ်စီရင်ချမှတ်ခြင်း ခံရသည့်နေ့က တရားရုံးတွင် စီးခဲ့သော ဒေါက်မြင့်ဖိနပ် အဖြူ ကလေးနှင့် ဖြစ်သည်။
    "စူဇီ ... မောင် အရမ်း စိတ်မကောင်းဖြစ်ရပါတယ်ကွယ်" ဟု ပြောရင်း လမ်းမှာ တွေ့ခ့ရသည့် ဒုက္ခကို ကျွန်တော်က ရှင်းပြသည်။
    "အရေးမကြီးပါဘူးလေ"
    စူဇီက ခပ်ဆတ်ဆတ် ပြန်ပြောသည်။ တယ်ပြီးတော့လည်း ဂရုစိုက်နေပုံမရ။ ထောင်မှ လွတ်သည့်ရက်ကို ရှည်လျားစွာ စောင့်ဆိုင်းခဲ့ရသည်။ တကယ်လွတ်သည့်နေ့သို့ ရောက်ပြန်တော့လည်း ထင်ထားသလို မဟုတ်ဘဲ အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်သဖြင့် သူ စိတ်မကောင်းဖြစ်သွားကြောင်း သိသာပါသည်။
    "စူဇီ ... မောင်တိ့ မကာအိုကို သွားကြမလို့" ဟု ကျွန်တော်က ပြောပြသည်။
    "မကာအိုကို ဘာလုပ်ဖို့လဲ"
    "မင်းဆေးရုံတက်ဖို့ မောင် အစီအစဉ်လုပ်ထားတယ်၊ ဒါပေမဲ့ ဆေးရုံမတက်ခင် ခဏတော့ မင်း အနားယူလိုက်ရင် ကောင်းမယ်ထင်တယ်၊ မင်းရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဝေးတဲ့နေရာမှာ နားလိုက်တာ ကောင်းတယ်"
    "သဘောပဲလေ"
    "စူဇီ... မင်းပြောပုံက စိတ်မပါသလိုဘဲ"
    "အရေးမကြီးပါဘူး၊ မောင်သွားချင်တယ်ဆိုရင်လည်း လိုက်တပေါ့"
    သင်္ဘောဆိပ် ဗော်ယာရောက်တော့ မကာအိုသို့ ထွက်မည့် သင်္ဘော အဆင်သင့် ဆိုက်ကပ်ထားသည်ကို တွေ့ရသည်။ သင်္ဘောထွကို့ အချိန် တစ်နာရီလောက် လိုသေးသည်။ လူမရှိသည့် စားသောက်ခန်းထဲမှ စားပွဲတစ်လုံးမှာ ၀င်ထိုင်ကြသည်။ စူဇီက ကိုကာကိုလာသောက်ပြီး ကျွန်တော်က ကော်ဖီ သောက်သည်။
    ခရီးသည်အချိ့ ၀င်လာကြပြီး ဘေးက စားပွဲတစ်လုံးမှာ ၀င်ထိုင်ကြသည်။ စူဇီက သူတို့ကိုတစ်ချက်လှမ်းကြည့်ပြီး မျက်နှာလွှဲထားသည်။ ရှက်ကိုး ရှက်ကန်းနှင့် မနေတတ် မထိုင်တတ် သလိုလည်း ဖြစ်နေသည်။
    "စိတ်မပူပါနဲ့ စူဇီ၊ မင်းဘယ်က ပြန်လာတယ်ဆိုတာ ဘယ်သူမှမသိပါဘူး၊ ခန့်မှန်းလို့ရနိုင်တဲ့ ပုံစံမျိုးလည်း မဟုတ်ပါဘူး" ဟု ကျွန်တော်က ပြောရသည်။
    သူ ဘာမှ ပြန်မပြောပါ။ တိတ်ဆိတ်စွာဖြင့် မိနစ်ပေါင်းများစွာ ကြာအောင် ထိုင်နေ သည်။ ထို့နောက်မှ သူက ပြောသည်။
    "ကောင်းပြီလေ၊ ကျွန်မ သွားတော့မယ်"
    "သွားတော့မယ်၊ ဘာပြောတာလဲ"
    "မကာအိုကို ကျွန်မ မလိုက်ချင်ဘူး၊ မောင်တစ်ယောက်တည်းသွား"
    "မောင် နားမလည်ဘူး စူဇီ၊ ဘာဖြစ်တာလဲ"
    "မျောက်အိမ်ထဲမှာတုန်းက ကျွန်မ အမျိုးမျိုး စဉ်းစားခဲ့တယ်၊ စဉ်းစားဖို့ အချိန်တွေလည်း အများကြီးရခဲ့တယ် မဟုတ်လား၊ မောင်ဟာ အင်မတန်ကြီးကျယ်တဲ့ ပုဂ္ဂိုလကြီးစပါ၊ မောင်လိုချင်ရင် ဘယ်လို မိန်းကလေးမျိုးမဆို မောင် ရနိုင်ပါတယ်၊ ငွေတွေ အင်မတန်ချမ်းသာတဲ့ အင်္ဂလိပ်မ ချောချောကလေးကို လိုချင်တယ်ဆိုရင်ုလည်း ရနိုင်တယ်၊ ဆွေကြီးမျိုးကြီးထဲက တရုတ်မချောချော ကလေးကိုလည်း မောင်လိုချင်ရင် ရနိုင်တယ်၊ မောင့်မှာ နှလုံးကောင်း ရှိပါတယ်၊ မောင့်စိတ်ထဲမှာ "စူဇီ စိတ်ဆင်းရဲ အောင် ငါမလုပ်ဘူး၊ သူ့အပေါ်မှာ ငါကောင်းရမယ်၊ အလိုလိုက်ရမယ်"လို့ တွေးနေတာ ကျွန်မ သိတယ်၊ ဒါဟာ မကောင်းပါဘူး မောင်၊ ဒါကြောင့် ကျွန်မ သွားတော့မယ်၊ မောင့်ကို ထားခဲ့တော့မယ်"
    "စူဇီ.. ဘာအဓိပ္ပာယ်မှ မရှိပါဘူးကွာ"
    ကျွန်တော် ဒါပဲပြောတတ်တော့သည်။ သူ ထွက်မသွားအောင် သည်စကားလောက်ပဲ ပြောနိုင်တော့သည်။
    သို့သော် ကျွန်တော် ကံကောင်းသွားပါသည်။ ထိုအချိန်မှာပင် ကုန်းဘောင် ပြန်တင်လိုက်သည်။ သင်္ဘော ပေါ်မှ သူ ပြန်မဆင်းနိုင်တော့ပေ။
    ဟောင်ကောင်သည် ကျွန်တော်တို့နောက်မှာ တဖြည်းဖြည်း ဝေးကျန်ခဲ့သည်။ စူဇီလည်း ခရီးသွားရသည်ကို တဖြည်းဖြည်း စိတ်ဝင်စားလာပုံရသည်။ သူ့အ၀တ်အစား သွားလဲလိုက်ဖို့ ကျွန်တော်က ပြောသည်။
    သင်္ဘောဧည့်ကြို အမျိုးသမီးနှင့်အတူ အခန်းတစ်ခုထဲသို့ ၀င်ရောက်ပျောက်ကွယ် သွားသည်။ ခဏကြာတော့ ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီနှင့် ခြေညှပ် ဖိနပ်ကလေးစီးပြီး ပြန်ထွက်လာသည်။ သူ့မျက်လုံးများ အရောင်တဖိတ်ဖိတ် တောက်နေသည်။ တခစ်ခစ်ဖြင့် လည်း သဘောကျစွာ ရယ်နေသည်။
    "အဲဟို ဧည့်ကြိုအမျိုးသမီးက ကျွန်မကို ဘာပြောသလဲ၊ မောင် သိသလား၊ ရှင့်အ၀တ်အစားတွေဟာ သိပ်လှတာပဲတဲ့၊ ရှင်ဟာ သိပ်ချမ်းသာရမယ်တဲ့"
    ပြီးတော့ သင်္ဘောလက်တန်းများဆီသို့ ပြေးသွားသည်။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းပြီး ပတ်ဝန်းကျင်ကို ကြည့်နေသည်။ တရိပ်ရိပ် ကျန်ခဲ့သည့် ကျွန်းကလေးတွေကို ကြည့်နေသည်။ ငါးဖမ်း လှေကြီးများကို ငေးနေသည်။
    "ဒီနေ့မနက်လေ၊ အဲဒီမျောက်အိမ်ထဲက ကျွန်မ မထွက်ချင်ဘူး သိလား၊ ဒီထဲမှာနေရတာ ငါ့အတွက် ဘာမှပူပင်ကြောင့်ကြစရာ မလိုဘူးလို့ တွေးမိတယ်၊ အပြင်ပြန် ရောက်ရင် သူများပစ္စည်းတွေကို ခိုးချင်ခိုးမိမယ်၊ အဲဟို ကန်တုန်ကောင်မကို ကတ်ကြေးနဲ့ ထပ်ထိုးဖြစ်ရင် ထိုးဖြစ်မယ်၊ ဒီလိုထိုးရင် သူတို့က ကျွန်မကို မျောက်အိမ်ထဲ ပြန်ပို့ကြဦးမယ်လို့ တွေးနေမိတယ်၊ အခုတော့ ကျွန်မ စိတ်ချမ်းသာသွားပြီ၊ အရမ်း ပျော်သွားပြီ"
    ရွက်ရှစ်ထည် ပြိုင်တူလွှင့်ကာ ၀င့်ဝင့်ကြွားကြွားကြီး လွင့်မျောသွားသော ဧရာမတုံ ကင်းကြီးကို ကျွန်တော်တို့ ပျော်ရွှင်စွာ ကြည့်နေမိကြသည်။ ခဏကြာတော့ ရေတွေက ရွှံ့ ရောင်သို့ ပြောင်းလာသည်။ ပုလဲမြစ်ဝဖြစ်သောကြောင့် မြစ်ထဲမှ ရွှံ့ရေများ စီးဝင်လာခြင်း ဖြစ်သည်။
    "မကာအိုရောက်ဖို့ ဘယ်လောက်လိုသေးသလဲဟင်" ဟု စူဇီက မေးသည်။
    "နောက်တစ်နာရီလောက် လိုဦးမယ်ထင်တယ်၊ ဒါထက် ကြုံတုန်း ပြောရဦးမယ်၊ မင်းကို ပြောဖို့မေ့နေတယ်၊ မကာအိုမှာ မောင်တို့ လက်ထပ်ကြမလို့လေ" ဟု ကျွန်တော်က ပြောချလိုက်သည်။
    "လက်ထပ်မယ်၊ ဘယ်သူက ပြောသလဲ"
    "မကာအိုဟာ လက်ထပ်ဖို့ အင်မတန်ကောင်းတဲ့နေရာ၊ မောင့်ကို မင်းလက်ထပ်မယ် မဟုတ်လား"
    "မထပ်ဘူး"
    "ဒီလိုဆိုရင် မင်းကို အကျပ်ကိုင်ပြီး မောင် လက်ထပ်မယ်၊ မကာအိုဟာ အင်မတန် ကောက်ကျစ်တဲ့နေရာ အဲဒီမှာ လက်ထပ်ဖို့ဆိုတာ အလွတ်ကလေးရယ်၊ သက်ဆိုင်တဲ့ အရာရှိကို တိတ်တိတ်ကလေး လာဘ်ထိုးထားလိုက်ရုံပဲ၊ လာဘ်ထိုးထားရင် သူက အသည်းကြော်ကလေး ထပ်ယူဦးမလားလို့ မေးမယ်၊ မင်းက ယူဦးမယ်လို့ ဖြေမယ်၊ ဒီတော့ အရာရှိက ခေါင်းထောင်ကြည့်ပြီး "ကျေးဇူးတင်ပါတယ်၊ ဟောဒီမှာ ခင်ဗျားတို့ရဲ့ လက်ထပ်စာချုပ်၊ ဂွတ်အီးဗနင်း" လို့ ပြောလိမ့်မယ်"
    သူ တခစ်ခစ် ရယ်သည်။
    "နောက်နေ့ကျတော့ မောင့်ကို "ထမင်းကြော်ကလေး နည်းနည်းလောက် ထပ်ယူပါဦးလား မောင်ရေ" လို့ ကျွန်မက မေးမယ်၊ ဒီတော့ မောင်က "ယူဦးမယ်" လို့ ဖြေမယ်၊ ဒီတော့ အရာရှိက ခေါင်းငုံ့ လိုက်ပြီး" ကျေးဇူးတင်ပါတယ်၊ ဟောဒီမှာ ခင်ဗျားတို့ နှစ်ယောက် ကွာရှင်းပြတ်စဲပြီးကြောင်း စာချုပ်၊ ဂွတ်ဘိုင်" လို့ ပြောလိမ့်မယ်"
    ထို့နောက် သူ ငြိမ်သွားသည်။ လက်တန်းကိုကျော်ပြီး ပင်လယ်ပြင်ကို လှမ်းကြည့် နေသည်။ ခဏကြာတော့ မှ ကျွန်တော့်ကို လှည့်ပြောသည်။
    "ကျွန်မတို့နှစ်ယောက် လက်ထပ်ထားတယ်လို့ တစ်ခါတုန်းက ကျွန်မ အိပ်မက် မက်ဖူးတယ်၊ ကျွန်မက လမ်းပေါ်ရောက်နေတယ်၊ လူတွေလည်း အများကြီးပဲ၊ မောင့်ကို လှမ်းမြင်ရတယ်၊ ဒါပေမဲ့ လူအုပ်ကြီး ကခံနေလို့ မောင့်ဆီရောက်အောင် မလာနိုင်ဘူး၊ ဒါနဲ့ ကျွန်မ ငိုချလိုက်မိတယ်၊ မောင်က လူတွေကို အတင်း တွန်းပစ်ပြီး "ဖယ်ကြစမ်း၊ အလကားလူတွေ၊ ဖယ်ကြစမ်း၊ ဟောဒီမှာ စူဇီ ကျုပ်မိန်းမ"လို့ အော်ပြောတယ်၊ လူတွေလည်း ဘေးဖယ်သွားကြတယ်၊ အဲဒီအချိန်မှာ ကျွန်မ လန့်နိုးသွားရော"
    "လန့်နိုးသွားတော့ မင်းဟာ မောင့်မိန်းမ မဟုတ်သေးတာ သိသွားရော မဟုတ်လား၊ ဒီတော့ မင်း ၀မ်းသာသလား၊ ၀မ်းနည်းသလား"
    သူ ပြန်မဖြေပါ။ ခဏကြာအောင် ငြိမ်နေပြီးမှ ပြန်ပြောသည်။
    "ကျွန်မက ကျန်းမာတာ မဟုတ်ဘူးမောင်၊ ဒါကြောင့် မောင့်ကို လက်မထပ်နိုင်ဘူး၊ ကျွန်မရောဂါတွေက မောင့်ကို ကူးလိမ့်မယ်၊ လိုင်ချီကောက် ထောင်ဆရာဝန်က အဲဒီအတိုင်း ကျွန်မကို ပြောလိုက်တယ်"
    "အခုထက်ထိ မောင့်ကိုမှ ရောဂါမကူးသေးဘဲ၊ ဘာပဲဖြစ်ဖြစ်လေ၊ နှစ်ပတ်အတွင်း စိန့်မာဂရက်ဆေးရုံကို မင်းတက်ရတော့မှာပဲ၊ မင်းရောဂါ လုံးလုံး ပျောက်သွားတော့မှာပါ"
    "ကျွန်မတော့ မထင်ဘူးမောင်၊ တီဘီရောဂါ ဖြစ်ဖူးတဲ့လူတွေဟာ လုံးဝ ပျောက်သွားလိမ့်မယ်လို့ ကျွန်မ မထင်ဘူး"
    "သေသေချာချာ ပျောက်ပါတယ် စူဇီ၊ အခုတောင် ပျောက်ကာနီးနေပြီပဲ၊ ဆေးရံပေါ်မှာ တစ်လ နှစ်လ အကုခံလိုက်ရင် လု့းဝပျောက်သွားမှာပါ" ဟု ကျွန်တော်က ပြန်ပြောသည်။
    သူ ငြိမ်ကျသွားပြန်သည်။ လက်တန်းဆီသို့ လျှောက်သွားပြီး ရပ်နေသည်။ ခဏကြာတော့မှ ပြန်လာသည်။
    "မောင် ...မောင့်လို စိတ်ကောင်းရှိတဲ့လူမျိုး ကျွန်မ တစ်ခါမှ မတွေ့ဖူးသေးဘူး၊ မောင့်ကို ကျွန်မ အရမ်း သဘောကျပါတယ်"
    "ကျေးဇူးတင်ပါတယ် စူဇီ၊ ဒီစကားဟာ သဘောတူပါပြီဆိုတဲ့ အဓိပ္ပာယ်လား"
    "ဟုတ်ပါတယ် မောင်၊ မောင်က လက်ထပ်ချင်ပါတယ်ဆိုရင် ကျွန်မ သဘောတူပါပြီ၊ မောင်ဖြစ်စေ ချင်တာ ဘာမဆိုလုပ်ပါ့မယ်၊ မောင်က လက်ထပ်ချင်တယ်ဆိုရင် လက်ထပ်ပါ့မယ်၊ ဟောဒီ ပင်လယ်ထဲ ခုန်ချ ဆိုရင်လည်း ခုန်ချပါမယ်၊ ဘာမဆိုလုပ်ပါ့မယ်"
    "ဒီရေတွေက နောက်လွန်းပါတယ်ကွယ်၊ ဒီနေရာမှာတော့ ခုန်မချလိုက်ပါနဲ့၊ မောင်တို့ အရင် လက်ထပ် လိုက်ပါရစေဦး"
    မကာအိုရောက်တော့ ဆိုက်ကားစီးပြီး ဟိုတယ်သို့ လာကြသည်။ ဆိုက်ကားသည် လန်ချားလိုမဟုတ်။ တစ်စီးတည်းမှာ နှစ်ယောက်အတူတူ စီးနိုင်သည်။ သေတ္တာများကို ခြေပေါ်မှာ တင်ထားလိုက်သည်။
    ဟောင်ကောင်နှင့်စာလျှင် မကာအိုက ခြောက်ကပ်ကပ်နိုင်လှသည်။ ပျက်စီးယိုယွင်းစပြုနေသော မြို့ကြီးတစ်မြို့နှင့် တူနေသည်။ ကက်သလစ် ဘုရားရှိခိုး ကျောင်းကြီးကို ကျော်လာသည်။ ဟိုတယ် ရောက်တော့ အထုပ်အပိုးများချပြီး ဗြိတိသျှ ကောင်စစ်ဝန်ရုံးသို့ ပို့ပေးရန် ဆိုက်ကားဆရာကို ပြောလိုက်သည်။ နောက် ငါးမိနစ်ကြာတော့ ရိုင်ဖယ် သေနတ်ကိုင် ပေါ်တူဂီစစ်သားတစ်ယောက် စောင့်နေသော အဆောက်အအုံတစ်ခုရှေ့မှာ ကျွန်တ်ာတို့ကို ချပေးသည်။
    "ကောင်းတယ်နော်" ဟု ဆိုက်ကားဆရာက မေးသည်။
    "မကောင်းဘူး၊ ဒါ ပေါ်တူဂီသံရုံး၊ တို့သွားချင်တာက ဗြိတိသျှ ကောင်စစ်ဝန်ရုံး" ဟု ကျွန်တော်က ပြောသည်။
    "ကောင်းပြီ၊ ကျွန်တော် သိတယ်"
    ချောမောလှပသော အင်္ဂလိပ်တရုတ်ကပြား လက်နှိပ်စက် စာရေးမကလေးတစ်ယောက်သည် လက်နှိပ်စက် စားပွဲမှာ ထိုင်နေသည်။ နက်မှောင်သည့် ဆံပင်များက ပခုံးပေါ်မှာ ၀ဲပျံကျနေသည်။ ရွှေနှင့်ပြုလုပ်ထားသော လက်ဝါးကပ်တိုင်ကလေးကို လည်ပင်းမှာ ဆွဲထားသည်။ မျက်နှာဖြူဖြူကလေးက အရှက် အကြောက်ကြီးသည့် ပုံမျိုးဖြစ်သည်။
    ကောင်စစ်ဝန်က ၀၀ကြီးဖြစ်သည်။ ခေါင်းကလည်း ဆံပင်တစ်ချောင်းမှ မပေါက်ဘဲ ပြောင်နေသည်။ သူ့နဖူးနှင့် မျက်နှာမှာ ချွေးတွေရွှဲနေသည်။ ရှပ်အင်္ကျီမှာလည်း ချွေးရွှဲနေ သည်။ ကျွန်တော်တို့ ရောက်သွားချိန်တွင် ကိုယ်ရေးကိုယ်တာ စာတစ်စောင် ရေးနေသည်။ ကျွန်တော်တို့ ရှင်းပြသည်ကို မသက် မသာဖြင့် နားထောင်နေသည်။
    "ခင်ဗျားတို့အတွက် အကောင်းဆုံး အစီအစဉ်ကို ကျုပ်ပြောပြမယ်၊ ဟောင်ကောင်ကိုသွား၊ ဟိုမှာ လက်ထပ်ကြ၊ အဲဒါ အကောင်းဆုံးပဲ" ဟု သူက ပြောသည်။
    "ကျွန်တော်တို့ အခုပဲ ဟောင်ကောင်က ရောက်လာကြတာပါခင်ဗျာ၊ မဟာအိုမှာ ကျွန်တော်တို့ လက်ထပ် ချင်လို့ပါ၊ ကောင်စစ်ဝန်ကြီးမှာ လက်ထပ်ပေးနိုင်ခွင့် အာဏာရှိတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်"
    "ဒီလိုဆိုရင်တော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေတော့၊ ဒါဟာ ကျုပ်အဖို့ ပထမဆုံး အတွေ့အကြုံပါပဲ၊ ဘယ်သူ့ကိုမှ လက်ထပ်မပေးဖူးသေးပါဘူး၊ ဒါကြောင့် ထုံးတမ်းစဉ်လာတွေကိုလည်း ကျုပ်မသိဘူး၊ ဘယ်လိုလက်ထပ်ပေးရမယ်ဆိုတာ ကျုပ်လည်း မပြောတတ်တော့ဘူး"
    "လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်တို့ရှာရင် ရနိုင်ပါတယ်ခင်ဗျာ၊ သတ်မှတ်ထားတဲ့ နည်းလမ်း အချက်အလက် တွေ ဒီရုံးမှာ ရှိနိုင်တယ်လို့ ထင်ပါတယ်"ဟု ကျွန်တော်က ပြန်ပြောသည်။
    "ကျုပ်မှာ အချိန်လည်းမရှိဘူး၊ ကျုပ်က အလုပ်သိပ်များတယ်၊ ရှာချိန်ရမှာ မဟုတ်ဘူး" ဟု သူက ပြန်ပြောသည်။ ရေးလက်စ စာကိုလည်း သတိရသွားပုံပေါ်သည်။ ရေးလက်စ စာထိပ်မှ "ချစ်သော ဟပ်ဂီရေ"ဟူသည့် စာလုံးကလေးများကို လှမ်းမြင်နေရသည်။ စာရွက်ပေါ်သို့ မင်စုပ်စက္ကူ ဖုံးလိုက်သည်။ ပြီးတော့ ကိုယ်ကို နောက်သို့ မှီချလိုက်သည်။ သူ့စိတ် ပြောင်းသွားဟန်တူသည်။
    စူဇီသည် မနေတတ် မထိုင်တတ် ဖြစ်နေသည်။ ကောင်စစ်ဝန်ရုံးတွင်းသို့ ၀င်လာကတည်းက သူ စိတ်လှုပ်ရှားနေခဲ့သည်။ ထို့ကြောင့် ကောင်စစ်ဝန်ကြီးကို ကျွန်တော် ထပ်တောင်းပန်မိပြန်သည်။ ကောင်စစ်ဝန်ကြီးသည် သဘောကောင်းကြောင်း ပြောသံကြားဖူးသဖြင့် ယခုလို အားကိုးတကြီး လာခြင်း ဖြစ်ပါသည် ဟု ကျွန်တော်က ရှင်းပြ သည်။
    "ကောင်းပါပြီလေ၊ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ ကျုပ်မသိတာ အမှန်ပဲ၊ ဒါပေမဲ့ ကြိုးစားရှာကြည့်ဦးမယ်"
    နောက်ဆုံးတွင် လက်ထပ်ပေးခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို တွေ့ သည်။ ထိုစည်းကမ်းချက်အရဆိုလျှင် လက်ထပ်လိုသူသည် ပထမလျှောက်ထားရမည်။ ခွင့်ပြုမိန့်ကို ရက်သတ္တသုံးပတ် စောင့်ရမည်ဟုဆိုသည်။ ကျွန်တော်တို့ အတော်စိတ်ပျက် သွားသည်။ ကောင်စစ်ဝန်ကြီးလည်း အတော် စိတ်ပျက်သွားပုံရသည်။
    "အဲဒီအချိန်အထိ ခင်ဗျားတို့ ဒီမှာ ရှိနေကြမှာလား၊ ခင်ဗျားတို့ မပြန်သေးပါဘူးနော်" ဟု သူက စိတ်ပူ သလိုမေးသည်။
    "မပြန်သေးပါဘူးခင်ဗျာ၊ အဲဒီအချိန်အထိ ကျွန်တော်တို့ ဒီမှာ ရှိနေကြဦးမှာပါပဲ"
    "ကောင်းတယ်... ကောင်းတယ်၊ ဒါဆိုရင် ကျုပ် ကြည့်လိုက်ဦးမယ်၊ မစ္စရူဂရော်နီ၊ ငါ့ဒိုင်ယာရီ မင်းဆီမှာလား၊ သြော်... ဒီမှာ တွေ့ပြီ ... တွေ့ပြီ၊ ဟုတ်တယ်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းဆိုရင် ခင်ဗျားတို့ အတွက် အဆင်ပြေပါ့မလား၊ ဆယ့်တစ်နာရီခွဲပေါ့" ဟု သူက ပြောသည်။
    ရုံးပေါက်ဝရောက်အောင် ကျွန်တော်တို့ကို လိုက်ပို့သည်။ စိတ်ပါလက်ပါ လက်ဆွဲ နှုတ်ဆက်သည်။ လက်ထပ် ရမည့်အချိန်အထိ ကျွန်တော်တို့ နှစ်ယောက် ကောင်းကောင်း မွန်မွန် နေထိုင်ကြရန်ပါ ဟာသ ကလေး နှောပြီး ပြောပြလိုက်သေးသည်။
    ပူအိုက်သော လမ်းမပေါ်သို့ ကျွန်တော်တို့ ရောက်လာကြသည်။
အခန်း (၆) နက်ဖြန်
 .
No comments: