ရေတက်မိုး
မာန်
မာန်
ညသည် သူ့အလှဖုရားကို ကောင်းကင်၌ ချိတ်ဆွဲလျက် မြစ်ရေပြင်ကြောတွင် ကျောစန့်လျက် လေညင်းခံနေသည်။ ရန်ကုန်မြစ်သည် ရေထရက်မို့ ကမ်းနဖူး အပြည့် ရေဘောင်ဘင်ခတ်၍ မြစ်ဂီတကို ကျူးရင့်နေ၏။ ဗိုလ်အောင်ကျော်ဆိပ်ကမ်းရှိ သမ္ဗာန်ဆိပ်တွင် ဒလဘက်ကမ်းသို့ ခရီးသည်ပို့ရန် စောင့်ဆိုင်းနေသော သမ္ဗာန်အနည်းငယ်သာ ကျန်တော့သည်။ “စင်းလုံးတဲ့ဟေ့” ကမ်းနဖူးထိပ်မှ လှမ်းအော်သောအသံ။ အလှည့်ကျသမ္ဗာန်သမားက ခတ်တက် ကိုင်၍ အားပြုထလိုက်၏။ ကံကောင်း လေခြင်း။ သည်အခါမျိုး၌ စင်းလုံးငှားမည့်သူရရန်မလွယ်လှ။ “ဈေးဆိပ်စင်းလုံးဟေ့” သေချာပြီ။ သည်ဂိတ်၌ ဈေးဆိပ်နှင့် နှစ်ဆယ့်ငါးဂိတ် နှစ်မျိုးရှိ၏။ ရေထနေသည်မို့ ၂၅ဂိတ်သွားသူများလည်း ဈေးဆိပ်မှပင် ပြောင်း၍စီးကြရမည်။ အမျိုးသမီးတစ်ဦး ကလေးငယ်လေးကို ပွေ့၍ဆင်းလာ၏။ သူ့နောက်မှာ အ၀တ်အိတ်ကြီးနှစ်လုံး၊ ခြင်းတောင်းတစ် လုံးနှင့် ဆွဲခြင်းတို့အား ကူလီသယ်ပေးသူများ ပါလာကြသည်။ “ဟာ... စိမ်းမီလား” သမ္ဗာန်သမား က လှမ်းအော်လိုက်ခြင်းပင်။ အမျိုးသမီးက မဲ့သလိုလို၊ စောင်းသလိုလို ပြုံး၍ သမ္ဗာန်ပေါ်သို့ တက်လာသည်။ “ဘယ်တုန်းဟ စိန်းမီရ” “ပြန်လာတာလေ” “သြော်၊ အေး၊အေး အေး” သူကအံ့အားသင့်နေသဖြင့် နဘေးနဘီသို့ အကဲခတ်၏။ သူ့လိုပင် တခြား သမ္ဗာန် သမားများလည်း လှမ်းကြည့်နေ၏။ ဘယ်လိုပါလိမ့်ဟု။ “ကလေးကိုအအေးပတ်မယ်နော်” သမ္ဗာန် သမား လှမ်းသတိ ပေးသည်ကို မစိမ်းမီ ခွန်းတုံ့မပြန်။ ပစ္စည်းများ သမ္ဗာန်ပေါ်သို့ ရောက်လာပြီမို့ စ၍ ထွက်လေပြီ။
“နင်တော်တော်ကြာတယ်နော်” “သုံးနှစ်ကျော်ရောပေါ့” “ဟိုကောင်တော့ ဆိုက်ကား ဂိတ်မှာတွေ့ တယ်ဟ” “သူ့နေရာပဲလေ” သူတို့စကား ပြတ်သွားကြပြန်သည်။ ကလေးမှာ အီခနဲ ငိုသံပြုလာ၍ မစိမ်းမီက သာသာပုတ်၍ ချော့သိပ်လိုက်ပါသည်။ နားသယ်စပ်စီမှ ဆံပင်စများကို သပ်ချရင်း ဒလဘက် ကမ်းဆီသို့ မစိမ်းမီ လှမ်းကြည့်လိုက်သည်။ ရွှေစာရံစေတီတော်အား ဆီမီးရောင်ဖြင့် လှမ်း၍ဖူးတွေ့ရ၏။ သုံးနှစ်။ သူခွဲခွာသွားခဲ့သည်မှာ သုံးနှစ်ရှိပြီ။ သူ့လက်တစ်ဖက်က မြစ်ရေတို့ကို ထိလိုက်၏။ ကြည့်စမ်း လက်ဖျားမှတစ်ဆင့် သွေးကြောထဲစိမ့်ဝင်သွားသော အတိတ်ငွေ့။ အို..။ သူမြစ်ရေကို လက်ဖြင့်သပ်၍ မျက်နှာဆီသို့ တို့မိပြန်သည်။ ကြည်နူးစရာ၊ လွမ်းစရာ။ သည်မြစ်ကြီးသည် သူ့ကို အရင်လို အေးချမ်းမှု ပေးနေ ဆဲ။ နောက်ကျိနေသော မြစ်ရေပင်ဖြစ်သော်ငြား သူမရွ့။ မျက်နှာမှာတို့၍ ကပ်မိလေ၏။
စိမ်းမီပြန်လာပြီ။ မစိမ်းမီ ပြန်လာပြီလေ။ စက်တပ်သမ္ဗာန်လေးက တရွေ့ရွေ့ဖြင့် ဒလသင်္ဘောကျင်း ချောင်းငယ်လေးမှတဆင့် မြို့မရပ် ဈေးဆိပ်သို့ တိုးဝင်လာခဲ့ပြီ။
သည်လှိုင်း၊ သည်ရေ၊ သည်လေ၊ သည်အငွေ့တွေက သူ့စိတ်ကို ခွန်အားတိုးနေစေ၏။ သမီးလေးကို တင်းတင်းပွေ့ရင်း ငုံ့ကာနမ်းမိသည။ စင်စစ်သမီးလေးမှာ နှစ်နှစ်ကျော်နေပြီ။ ကားလမ်းခရီးက ဝေးလှ သဖြင့် အိပ်မောကျနေခြင်းပင်။ အိပ်နေသည်ကပင် ခပ်ကောင်းကောင်း။ မြစ်ရေကိုကြောက်နေလျှင် အော်ရ ငေါက်ရဦးမည်ကိုး။ သမီးက ဆူလျှင် ငေါက်လျှင် မကြိုက်ချင်။
စနေသမီးမို့ တင်ဇာထွေးဟု အမည်ပေးခဲ့သည်။ ဆတ်ဆတ်ထိမခံလေးမို့ ခဏခဏ ရန်ဖြစ်ရ၏။ သားအမိပေမယ့် သည်နှစ်နှစ်သမီးမှာလည်း သူ့ဆိုက်နှင့်သူပေကိုး။ ဘတင့်က လှေဦးကိုကိုင်၍ ခုန်ဆွဆွ ဖြစ်နေ၏။ “နင့်နှယ်ဟာ ညနေကတည်းက ငါစောင့်နေတာ” ဘတင့်စကားကို မစိမ်းမီ မျက်စောင်းချီ၍ အသိအမှတ် ပြုလိုက်သည်။ “ပေးလေဟာ ကလေးကို ပေးဟ” ဘတင့်က အ၀တ်အိတ်များကိုမတောင်း စိမ်းမီကလည်း ကလေးကိုပဲ ပေးလိုက်၏။ ဆိုက်ကားသမားက အ၀တ်အိတ်များ ဆွဲချပေးသည်။ “ချစ်စရာကြီးနော်” “ဟဲအကောင်၊ နိုးသွားဦးမယ်၊ နင့်ပါးစပ်က အရက်နံ့ကြီးနဲ့” “နည်းနည်းပါဟာ၊ ချစ်စရာ ကြီးပါလား၊ သက်တိုးတော့ အဖော်ရပြီ၊ မအေပေး ဘယ်လောက်ကြွားဦးမလဲမသိဘူး” မစိမ်းမီ ကျေနပ်သွားသည်။ သူ့လင်ကြီး ဘတင့်သည် သူ့ကို ဂရုတစိုက်ကြို၏။ သူ့နဲ့ အကြောင်းမသင့်၍ ကွဲခဲ့ကြသော်ငြား ယခုလို ပြန်ပေါင်းမည့်အရေး၌ နည်းနည်းမျှမတွန့်တို။ မစိမ်းမီနှင့် ဘတင့်သည် အသက်ရှစ်နှစ်ကွာသည်။ ဘတင့်က သုံးဆယ့်လေးနှစ်။ မစိမ်းမီက နှစ်ဆယ့်ခြောက်နှစ်။ ဒါကယခု။
ယခင်ညားခါစက ဘတင့်သည် နှစ်ဆယ့်ခုနှစ်၊ မစမ်းမီက ဆယ့်ကိုးနှစ်။ အသက်ထိုမျှ မကွာသော်ငြား မစိမ်းမီက အကောင်ဟုခေါ်နေမြဲပင်။ ဘတင့်က မဖြုံ။ အဘယ့်ကြောင့်မဖြုံသနည်း။ မစိမ်းမီက လှ၍ ပင်တည်း။
“ဟေ့ကောင် ဘတင့် မင်္ဂလာဦးည ထုံးစံရှိတယ်နော်၊ ခဲမိုးမရွာပါရစေနဲ့”
“အေးပါဗျာ ဟီးဟီး”
“သေနာတွေနော် ငါ့များဟွန်း”
မစိမ်းမီကြိမ်းဝါးသံက မြစ်ရေထဲသို့ ငုပ်လျှိုးသွားတော့သည်။
“အဲဒါပဲ အမေရေ၊ ကျုပ်လည်း စိမ်းမီတဲ့။ တစ်မီတည်းရှိတယ်။ နှစ်မီရှိရင် အမြစ်က နုတ်ပြီးသား။ မပေါင်းချင် နေလေ။ ဒင်းက သင်္ဘောသားဖြစ်တာမှ ပင်လယ်ရနံ့မ၀သေးဘူး။ နဂိုကတည်းက သူ့မိဘတွေ က ကျုပ်နဲ့သဘောမတူဘူးလေ။ သူ့သားကိုပစ်ထားတာ။ အခုသင်္ဘောသားဖြစ်မှ သဲသဲလှုလို့ ကျုပ်ကို ဒီယုန် မြင်လို့ ဒီချုံထွင်တာတဲ့။ ကျုပ်ကို၊ ကျုပ်ကို”
“ကိုယ့်မှာလည်း ကလေးနဲ့ပဲ သမီးရယ် သည်းခံမှပေါ့”
“အိုဘာသည်းခံရမှာလည်း၊ နဂိုကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လာတာပါ။ သူပဲ ချစ်လှချည့်ရဲ့လေးဘာလေးနဲ့။ သူဒီလိုသင်္ဘောတက်နိုင်အောင် ဒီကောင်မ ဘယ်လောက် ရုန်းခဲ့ရသလဲ၊ အမေ့သားနဲ့ မြေးကိုထားခဲ့ရတာပဲ ကြည့်လေ။ သူက ဒါတွေမငဲ့ဘူး ဒီကောင်မဘယ် လောက်ကုန်းရုန်းပြီး ရှာကြံပေးခဲ့ရသလဲ။ တက်လိုက်ရတဲ့သင်တန်း၊ ကုန်လိုက်ရတဲ့ငွေ၊ ပေးလိုက်ရတဲ့ အေးဂျင့်ခ။ သူတို့ မိဘအသိုက်အ၀န်းတွေလည်း ပိုက်ဆံသာရှိတာ၊ ဘာမှ ကိုယ်ချင်းစာတရား၊ မရှိဘူး။ စိတ်ဓာတ် တွေက ကျုပ်နဲ့ မဖြစ်ဘူး။ ကျုပ်အကောင်းလည်း အပြောမခံရဘူး။ အမေရယ် ကျုပ်သာ ကိုဘတင့် နဲ့ဆက်ပေါင်း ဖြစ်ရင် အမေ့မြေးကို ရှင်ပြုပြီးရောပေါ့”
ဘတင့်က သူ့မယားမစိမ်းမီစကားများကို အိမ်ရှေ့ကွပ်ပျစ်မှ မိန်းမောရင်း နားထောင် နေရှာ၏။ သူ့ရင်ထဲ၌ မကောင်းချေ။ မိမိနှင့်ရစဉ်ကပင် ဈေးရောင်းကျွမ်းကျင်လှသည့် မစိမ်းမီ တစ်ယောက် လင်အို လင်ကန်းကြီးနှင့် ရသည်ဟု အကဲ့ရဲ့ခံခဲ့ရပါပကော။ မိမိက ရုပ်ရည်မဲ့လှသည် ကော။ မွေးရာပါ တစ်ဖက်လပ် သမားဖြစ်သည့်အပြင် နွေ၊ မိုး၊ ဆောင်း ကူလီသမားအဖြစ် ရုန်းကန်ရသူမို့ခမျာ လင်ရကံခေ လှပေ၏။
ဘတင့် အတိတ်ပထမသို့ အတွေးကျော့လေပြီ။ သူ့အတွေးကအမြန်ရစ်ဖြင့် ကျော့လိုက်ခြင်းပင်။ ကုန်ပစ္စည်းများတင်ထားသည့် စမိမ်းမီသမ္ဗာန်မှာ ချောင်းငယ်အ၀င်မှာပင် လေနှင့် မိုးနှင့် သည်း၍ပက်လိုက်သောကြောင့် ဦးစိုက်၍ သွားခဲ့သည်။ မစိမ်းမီက လောဘဇောနှင့် ဘဲဥသေတ္တာကြီးကို လိုက်ဆွဲရင်း ရေထဲသို့ ခုန်ချသည် သဲကုန်းဆိပ်နှင့် ဝေးလှသည်မို့ ဘတင့်ဒိုက်ထိုး၍ လိုက်သည်။ မစိမ်းမီခြေထောက်ကိုမိ၏ ဆံပင်ကိုလိုက်စမ်း၍ နားရင်းအုပ်ကာ ကမ်းသို့ ဆွဲခဲ့သည်။ တကယ်လည်း မစိမ်းမီ ရေမျော၍ မွန်းနေ၏။ ဘတင့်မလာလျှင် ပေသေတော့မည် ဤသို့ဖြင့် ဘတင့်နှင့်ညားခဲ့ကြ၏။
ညားခဲ့ကြ၍ သက်တိုးကို မွေးခဲ့သည်။ ဘတင့်တစ်ယောက် လောင်းကစားမှုဖြင့် ထောင်ကျ၏။ မစိမ်းမီကမမှု။ နဂိုကပင် ဘတင့်နှင့်တကွ တစ်အိမ်ထောင်လုံး ဈေးရောင်း၍ ကျွေးခဲ့သည်ကော။ ဘတင့်သည် မိစမ်းမီကို ကွာပေးလိုက်၏။ မစိမ်းမီက လက်မခံချေ။ ထောင်သုံးနှစ်ကျသော ဘတင့် တစ်ယောက် မစိမ်းမီအပေါ် ပို၍ ပို၍ သနားလာမိတော့သည်။ ဘတင့်ထောင်မှ မလွတ်မီ မစိမ်းမီ နောက်အိမ်ထောင် ပြုသည်။ ဘတင့်ဝမ်းသာပါသည်။ မစိမ်းမီတို့ ထောင်ဝင်စာ လာတွေ့သည့်အခါ မျက်ရည် လည်ရွဲဖြင့် ကြည်ဖြူစွာ ခွင့်ပြုပါ၏။ မစိမ်းမီတို့ ဦးချကန်တော့သည့်အခါ ဘတင့်ငိုသည်။ ရှိုက်ကာ ရှိုက်ကာငိုသည်။ ဆုလေးပင် မပေးနိုင်ချေ။
လွန်ခဲ့သည့် သုံးရက်က မစိမ်းမိထံမှ စာပေးလာ၏။ သူပြန်လာမည်။ စိမ်းမီ ပြန်လာမည်။ ကိုဘတင့် လာကြိုပါတဲ့။
စိမ်းမီ၊ စိမ်းမီ။ သည်လင်အို လင်ကန်းကြီးထံ ပြန်လာခဲ့ရပါပကော။ “ဟဲ့ဘတင့်၊ ရေနွေးအိုး ကြည့်ပြီး ပလား။ ကလေးကို ရေနွေးနဲ့စပ်ပြီး ချိုးပေးမလို့ဟဲ့။ အဲဒီမှာသေမနေနဲ့” အမေကလှမ်း၍ အော်လာ၏။ ဘတင့်ပျင်းကြောကို စန့်၍ ထထိုင်သည်။ ရေနွေးမှာ မဆူသေး။ စိမ်းမီသမီးက အဖျားသွေး ၀င်နေ၏။ ရေမြေစိမ်းလို့ထင်ပါရဲ့။ ကလေးမလေး ဖြူ၍ဥပြီး အလွန်ချစ်စရာကောင်း လှသည်။ ဘတင့် သာမက သားဖြစ်သူ သက်တိုးကလည်း ချစ်၍မ၀ပေ။ အနီးအနားမှ စံပေါ်တို့ ကုလားစိန် တို့လာချီတာကိုပင် အော်နေသေး၏။ သည်အိမ်သို့ မဖုရားနှစ်ပါးကြွခဲ့ခြင်းပင်။
ဘတင့်သည် မစိမ်းမီကို ကြောက်ရသည်။ သားဖြစ်သူခမျာလည်း အဖေ့ခြေရာကို နင်း၏။ ယခင်ကမစိမ်းမီသည် အိမ်၏ဧကရီ။ ယခု သမီးဖြစ်သူသည် အိမ်၏ထိပ်ထား။ ဘတင့်တို့သားအဖ ခမျာ ဧကရီနှင့်ထိပ်ထားတို့အား ဖူး၍မ၀၊ ချစ်၍လည်းမဆုံး တော့ပေ။ ဘတင့်ရေနွေးအိုးကိုမ၍ ရေဇလားထဲသို့ ထည့်သည်။ အမေကအလောတော်စပ်နော်၊ သိပ်မပူစေနဲ့ဟု အော်နေပြန်၏။ ရေနွေးနှင့် ရေအေး စပ်ပြီးချိန်၌ လက်ဖြင့်စမ်းကြည့်သည်။ သက်တိုးက လက်ညှိုးဖြင့်တို့၍ ပါးစပ်ထဲသို့သွင်း၏။ မုန့်လုပ်ရန် အချိုရည် စပ်နေသည်ဟု ထင်ပုံရ၏။ သည်ဇလားမှာ ဘွားအေဖြစ်သူ မုန့်စိမ်းပေါင်းရောင်းစဉ်က မုန့်နယ် သည့် ဇလားပေကိုး။
“အဖေ့ပူတယ်ဗျ” “ဟုတ်ရဲ့လားကွာ”သက်တိုးစကားကြောင့် ဘတင့်တွန်းသွားမိပြီး ရေကိုစမ်းပြန်သည်။ သူ့လက်မှာတော့ နွေးရုံမျှသာ။ “ဟဲမပြီးကြသေးဘူးလား” အမေကအော်ပြန် ပကော။ မစိမ်းမီလည်း ကွပ်ပျစ်ဆီသို့ လွှားခနဲရောက်လာပြီး ဇလားထဲသို့စမ်းပြီ။ ရှင်တို့မလည်းလေ တလွဲချည်းပဲ။ ကလေးကို ပြုတ်မလို့လား။ ဟင်ဒီလောက်တောင်မှပဲ” “ဟနွေးနွေးလေးပါဟ” “တော်ကဟုတ်တာပေါ့၊ ကလေးက ခံနိုင်မလား။ သက်တိုးရေခပ်ထည့်စမ်း”
သက်တိုးက သူ့အမေအမိန့်ရသည်နျင့် ဘတင့်လက်ထဲမှရေခွက်ကို လုဆွဲ၍ ရာဝင်အိုးဆီသို့ ပြေးကာ ရေခပ်သည်။ သူ့အစွမ်းကို ပြချင်နေသည်မဟုတ်လော။ တစ်ခွက်ပြီး တစ်ခွက်။ “ဟဲ့ဟဲ့ နေဦးဟဲ့။ တော်ပြီတော်ပြီ၊ နင်တို့သားအဖဟာ သောက်ရမ်းချည်းပဲ” မစိမ်းမီက ရေထဲမှ လက်ပြန်ရုပ်၍ ခါလိုက်ပြီး ထဘီနှင့် သုတ်သည်။ သက်တိုးက ခပ်ထားသော ရေခွက်ကိုမချသေး။ ဘတင့်က ဆပ်ပြာခွက်ကို ကိုင်ထား သည်။ တဘက်ကို ပခုံးပေါ်ချိတ်လိုက် လေပြီ။ ထိပ်ထားရေချိုးတော်မူပေတော့မည်။ ငိုသည်။ အူလှိုက်သည်းလှိုက်ငိုသည်။ ဘတင့်အစ်မ သိန်းမူလာ၍ ကူသည်။ ငိုခြင်းကမရပ်။ ဘတင့်အမေ ကတော်တော့ဟဲ့၊ ကလေးလန့်နေပြီဟဲ့ဟု တတွတ်တွတ်အော်၏။ ကလေးကလည်ပင်းမှ ရွှေဆွဲကြိုးလေး ကိုဆုပ်၍ တအားအော်သည်။ ဤသို့ဖြင့်ပင် ဘတင့်၏ မယားပါသမီး၊ သက်တိုး၏ အမေတူညီမ၊ မစိမ်းမိ၏ နောက်လင်ဖြင့် ရသောသမီးငယ် (တင်ဇာထွေး)၏ ရေချိုးတော်မူခြင်း တစ်ခန်းရပ်၏။
မစိမ်းမီကိုမြင်သည်နှင့် ကွမ်းယာသည် မကျော့က သွားတော့ဟု အကြော်သည် အေးမြကို လက်ခါ၍ အချက်ပေးလေပြီး။ အေးမြက မသိမသာစောင်းငဲ့ကြည့်၍ ထွက်သွားပါတော့သည်။ လင်တစ်ကောင်ကို သုံးနှစ်ပေါင်း တဲ့ကောင် ငွေတိုးပေးစားပြီး လူပါးဝနေတယ်ဟု စောစောကပင် နှစ်ဦးသား အတင်းတုပ် နေသည်ကိုး။ မစိမ်းမီက လှည့်ထွက်သွားသော အေးမြကို လှမ်း၍ သတိပေးပါသည်။
“ဟဲ့အေးမြ၊ ညည်းနှစ်ရက်စာနော်၊ ဒီညနေမပေးရင်တွေ့မယ်” အေးမြကစကားမပြန်။ လက်နောက်ပြန်ပြ၍ လာခဲ့စမ်းဟု သဏ္ဍာန်ပြု၍ ဆက်လျှောက်သွားသည်။ “အဲဒီကောင်မကို သတိထား နော်၊ လုပ်စားနေတာကြာပြီ” မကျော့က ကွမ်းယာရင်း စိမ်းမြကိုသတိပေးလာပြန်၏။ “စမ်းကြည့်လိုက်လေ စိမ်းမီတဲ့၊ တစ်မီတည်းရှိတယ်” “ငါကသတိပေးတာပါအေ၊ ညည်းက သူ့အကြောင်း လည်းမသိပဲ ရမ်းသမ်း မပေးစေချင်လို့ဟဲ့” “ပြောစမ်းပါဦး ကျုပ်ကဘာသိရမှာလဲ” သူ့လူကြီးက မလာတာ တစ်လကျော်ပြီ။ ဒီကောင်မ အကြွေးတွေနင့်နေလို့ အိမ်ဂရန်ောင် ပေါင်မလို့တဲ့။ ငါပဲစပ်ပေးနေတာ” မစမ်းမီက ဒါတွေ မသိသေး။ မျက်မှောင်ကို ကြုတ်၏။ ပြောစမ်းပါဦး နောက်ဆက်တွဲဆိုသည့်သဘော။ မကျော့က ကွမ်းရွက်ကို ရေခါရင်း ခါးတစ်ချက်တွန့်၏။ အရေးကြီးသော လျှိှု့က်ချက်ပေကိုး၊ အတင်းတုပ် ရတော့မည်ကိုး။
“အဘိုးကြီး နေမကောင်းဘူးတဲ့၊ ခါတိုင်း ငါးရက်တစ်ခါလောက်လာတယ်၊ ပေးတယ်၊ ကမ်းတယ်၊ အခုဟာကတော်တော် မမာတာတဲ့။ ဒီကောင်မ ဘာမှလည်း လက်ဆုပ်လက်ကိုင် မရှိဘူး။ ကလေးတစ်ကောင်လောက် ဗိုက်ထဲထည့်ထားရင် ကဲငါပြောတာက ဘာပဲဖြစ်ဖြစ်လေ အဘိုးကြီး ကပေးမှာပဲ” မာကျော့က ပြောလက်စစကားကို ဖြတ်လိုက်သည်။ သူနှင့်သိပ်မတည့် သည့် ပန်းသည် မိန်းမများ ဖြတ်သွားသောကြောင့်ပင်။ သည်ဈေးသည်မှာက မတည့်သူအများ သား။ “ကဲရော့နှစ်ထောင်။ တို့ကတော့ သူ့ကြွေးရှိ ပေးရမှ အိပ်ပျော်တယ်။ သံသရာမရှည်ဘူး။ ရှင်းရှင်းပဲ” ထိုစကားသည် ပန်းသည် မိန်းမ၏ အသည်းဗဟိုသို့ ပိဿာလေးနှင့် ပစ်သကဲ့သို့ ပြေးဝင်၏။ မျက်စောင်းတစ်ချက်ရောက်လာ၏။ သို့သော် လက်ပူးလက်ကြပ်မပြနိုင်သော အမှုကဲ့သို့ ထဘီကို ဆတ်ခနဲ ဆွဲမ၍ ဆောင့်နင်းကာ ဖြတ်ကျော် သွား ရှာသည်။
ဟိုတစ်နေ့ကပင် ဈေးထိပ်၌ ပန်းသည်မိန်းမနှင့် အကြွေးရှင်တို့ ငွေတစ်ထောင်ဖြင့် နပန်းသတ်ကြသည်မှာ မြေ၌ခုနှစ်ပတ်မျှ လူးခဲ့ကြပြီ။ မစိမ်းမီက နေ့ပြန်တိုး ငွေနှစ်ထောင်ကိုယူ၍ ထွက်လာခဲ့သည်။ မကြောက်။ သည်အရပ်မှာ ငွေရှာဖို့ စိမ်းမီမကြောက်ပေ။ ငယ်စဉ်တောင်ကျေး ကေလးဘ၀ကတည်းကပင် သည်အရပ်နှင့် သည်ဇာတ်၌ စိမ်းမီသည် တစ်ပင်တိုင်မင်းသမီး ဖြစ်ခဲ့ပြီကော။ စိမ်းဆိုမှစိမ်း၊ မီဆိုမှမီသည့် စိမ်းမီ၏ ပြကွက်တို့သည် အင်မတန် စီးပွားရှာတတ်သည့်ကလေးဟု ကျော်စောခဲ့သည်ကော။ ရုပ်ရည်ရူပကာမှာလည်း အပြစ်ပြောစရာ မရှိခဲ့။ ဈေးရောင်းဈေးဝယ် ကျင်လည်လှသည်။ မဟုတ်မခံ ဆတ်ဆတ်ကြဲ မစိမ်းမီတို့ လင်ကံမှာတော့ ခေချတကား။ ဘတင့်လို အရပ်သုံးကူလီသမားနှင့် သွားညားခဲ့သည်။ ကွဲခဲ့သည်။ နောက်လင်သင်္ဘောသားလောင်းနှင့်ရသည်။ ကွဲသည်။ လင်တစ်ယောက် ကလေးတစ်ယောက် ရ၏။ ယခုတော့ စိမ်းမီတို့ လင်ကြီးဂေဟာကို ပြန်သိမ်းပိုက်လိုက်ပြန်ပြီ။ ၀ါးတဲ၊ ထရံကာ၊ အိမ်တော်မဟာ၌ မစိမ်းမီ နန်းတည်ပြန်ပြီ။ ငွေတိုးပေးသည်။ အပေါင်ခံသည်။ စုပေါင်းမဲစုသည်။ အ၀တ်အထည်များ နေ့ပေးဖြင့်ရောင်းသည်။ မစိမ်းမီ၏ စီးပွားရေး ဟုန်းဟုန်းထလာခဲ့ပြီ။
မစိမ်းမီကို နောက်မှ အော်ခေါ်နေသံကြောင့် လှမ်းလျက်ခြေလှမ်းတန့်သွားခဲ့သည်။ သိမ်းမူတစ်ယောက် အော်ရင်း ခေါ်ရင်း အပြေးတစ်ပိုင်းလာနေသည်။ “ဟဲ့စိမ်းမီ၊ ဘတင့်နဲ့ ကျော်ကြီးတို့ သတ်နေပြီ ရေဆိပ်မှာ” “ဟင်သေကုန်ပြီလား၊ ဒီလောက်တောင်ဖြစ်တဲ့ဟာတွေ” မစိမ်းမီ ပြောလည်းပြော ရေဆိပ်သို့ လည်း ပြေး၏။ ရေဆိပ်မှာ မဝေးလှချေ။ မကျော့က သူ့ဆိုင်ရှေ့မှ မစိမ်းမီတို့ ဖြတ်ပြေးသွား သည်ကို မြင်သဖြင့် လှမ်း၍အားပေးရှာပါသည်။
'နှစ်ကောင်လုံး ရေထဲနှစ်သတ်ခဲ့တော့ သေချင်းဆိုးတွေ'
ဟုတ်ပါသည်။
ရေစပ်စပ်၌ ရွံ့ထဲတွင်လူး၍နေကြပါပကော။ မူးနေကြသည်မှာမလွဲချေ။ ဆိုက်ကားသမား များ၊ ဆိုင်ကယ် ကယ်ရီသမားများက ခရီးသည်များနှင့်အတူ အော်ဟစ်လှောင်ပြောင် နေကြ၏ ။
မစိမ်းမီက လူအုပ်ကြားထဲ ဆဲဆိုအော်ဟစ်၍ ထဘီကိုပြင်ဝတ်ရင်း ဘတင့်ကို လှမ်းခေါ်သည်။ ဘတင့်က လေးဖက် ထောက်လျက်နှင့် ကျောက်လှေကားထစ်ပေါ်မှ တွယ်တက်လာ၏ ။
မစိမ်းမီက ဖိနပ်ကိုချွတ်၍ရိုက်ပြန်သည်။
'သောက်ဦးဟဲ၊ မူးဦးဟဲ့၊ ဟင် အရှက်ကိုမရှိတဲ့ကောင်။ ကဲဟယ် ကဲဟယ်'
ဘတင့်က တုတ်တုတ်မျှမလှုပ်။
ဦးလေးကြီးတစ်ယောက်က မစိမ်းမီကို လာဆဲသည်။
ရန်ပွဲလည်း စဲလေပြီ။
'မရိုက်နဲ့ မစိမ်းမီ၊ မရိုက်နဲ့၊ ဘတင့်မလွန်ဘူး ငါသိတယ်'
'ဦးလေးရယ် ဒီလောက်တော့ အရှက်နည်းတဲ့ဟာတွေ'
ဘတင့်က ရွှံ့ဗွက်များကို သပ်ချရင်းစိမ်းမီကို ငေး၍ကြည့်သည်။
'သွား သေတဲ့အထိသောက်၊ ပြန်ကိုမလာခဲ့နဲ့ ဘယ့်နှယ်'
'ကဲ ဘတင့်၊ ရေချိုးလိုက်ဦး သွားသွား'
'ဘယ်လိုဖြစ်တာလဲ ဦးလေးရယ် ကျွန်မတော့သေချင်တာပဲ'
ဦးလေးကြီးက မစိမ်းမီကို ဘာမှမပြော။
သက်တိုးက ရေဆိပ်သို့ အပြေးတစ်ပိုင်းဆင်းလာ၏ သူ့အဖေဘတင့်ထံ ပြေးဆင်းသွား၏ သူ့အဖေ ဘတင့်ထံ ပြေးဆင်းသွားပြီး ချောင်းရေဖြင့်ကျောကုန်းများကို ပက်ပေးနေသည်။ ထိုအခါမှပင် ဦးလေးကြီး က ဇာတ်ကိုဖွင့်၏ ။
'မနက်ကတည်းက ဟိုကောင်က ရန်ရှာနေတာ။ သူ့ကုန်စိမ်းသမားကို ဘတင့်က၀င်လုပြီး သယ်ပေးလို့တဲ့။ ကုန်စိမ်းသမားက တွေ့တဲ့လူခေါ်မှာပေါ့ သူကဖြင့်မူးပြီးအိပ်ပျော်နေတဲ့ ဟာ။ နောက်တော့စကား များကြရော။ နင်ပဲ စိမ်းမီ၊ နင်လည်းပါတာပဲ၊ ဟိုကောင်က နင့်ကိုသုံးနှစ်ပေါင်းမယ၊ ဘယ်လောက်ပေး ရမလဲတဲ့။ ဘတင့် ထသတ်တာ မလွန်ဘူးဟ။ ဒီကောင်ကြီးဒီလောက်အသည်းနုတာကိုး'
'ဘုရားရေ'
မစိမ်းမီရင်ဘတ်ကို လက်ဖြင့်ဖိလိုက်၏ ။ သိန်းမူက သေချင်းဆိုးဟု ရေရွှတ်သည်။ ဘတင့်တို့ သားအဖ ကရေစပ်မှာ တစ်ဦးနှင့်တစ်ဦး ရေဖြင့်ပက်၍ စနေကြပြီ။ နောက်တော့ သက်တိုးက ဘတင့် ဖိနပ်နှစ်ဖက် ကို တစ်ဖက်စီလက်မှာကိုင်၍ ရေစပ်မှတက်လာကြ၏ ။
ဘတင့်သည် နည်းနည်းမျှရှက်ရွံ့ခြင်းမရှိ။
တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲခဲ့သည်ကော။
သူ့ဧကရီ၏ သိက္ခာတရားအတွက် စစ်ဆင်းခဲ့ပြီကော။ သူသူရဲကောင်းမဟုတ်လော။
ဘတင့်တို့ တဲ့အိမ်လေးသည် ၀ုန်းခနဲပျဉ်ထောင်အိမ်ဖြစ်ခဲ့လေပြီ။
အကျိုးတော်ဆောင်မကျော့သည် ပွဲစားခငွေနှစ်သောင်းဖြင့် အိမ်၌ဘုန်းကြီးဆွမ်းကပ်လိုက် သေး၏ သူ့ကွမ်းယာဆိုင်ကိုလာသမျှ လူတိုင်းအား သူစိမ်းမီအားအေးမြ၏ ပျဉ်ထောင်အိမ် က၀ယ်ဖြစ်အောင် ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာ တိုက်တွန်းခဲ့ပါကြောင်း၊ သူ့ကြောင့်သာလျှင် ယခုလိုပျဉ်ထောင် အိမ်တစ်လုံးအား ဈေးသက်သက်သာသာနှင့် ရခဲ့ပါကြောင်း၊ တခြားလူဆိုလျှင် အေးမြကမရောင်းမှာ သေချာ ကြောင်း၊ သူပါလို့ရောင်းပေးခြင်းဖြစ် ကြောင်း ပြော၍မဆုံးပြီ။
တဘင့်အမေသည် မစိမ်းမီက ခေါ်ထားသောငြားမနေ။ သမီးဖြစ်သူသိန်းမူနှင့်သာနေ၏ အသက်ကလည်း ခုနှစ်ဆယ့်ရှစ်နှစ်ရှိပြီ။ သူ့သားဘတင့်အား ယခုကဲ့သို့ ပျဉ်ထောင်အိမ် ကြီးနှင့် တွေ့ရမည်ဟုမထင်။ မစိမ်းမီကိုတိုး၍တိုး၍ ချီးမွမ်းရသည်မှာ အမောပင်။ ချွဲပင် ထမတတ်ဖြစ်ရှာ၏ မစိမ်းမီအကြောင်း ပြောပြလေတိုင်း ရင်ဘတ်ကို လက်ဖြင့်ပုတ်၍ ချွဲရှင်းရသည်ကိုး။
'အရက်ဆိုင် ဖွင့်ကာတော့ ငါမတားပါဘူး၊ ဘတင့်ကိုပဲစိတ်ပူတယ်။ ဒီကောင်က ခွေးသောက် နွားသောက် သောက်မယ့်ကောင်'
ဘတင့်အမေက သိန်းမူကိုပြောပြပါသည်။
မစိမ်းမီတစ်ယောက်အိမ်မှာပင် ယမကာဆိုင်ဖွင့်တော့မည်ဆိုသကိုး။ သိန်းမူကအားပေး သည်။ ကူလည်း ကူညီမည်။ ပြီးတော့ အမြည်းလည်းရောင်းချခွင့်ရမည်လေ။ သည်အရပ်၌ တစ်အိမ်ထောင်လျှင် အရက် သမား နှစ်ဦးဟု တွက်လျှင်အိမ်ပေါင်း နှစ်ထောင်ကျော်၌ တွက်ပါလေဦး။
အလွန်သောက်သည့်အရပ်။
ကိုကြီးကျော်ခွက်မှောက်ရသည့်အရပ်။
သောက်ရင်းသေပွဲဝင်ကြသည်။ သို့သော်သောက်သူတို့ တိုးမြဲသာတည်း။
'ဘတင့်ကို ငါစိတ်မချဘူး သိန်းမူရယ်၊ ဒုက္ခပဲ'
အမေကြီးက တစ်ချီကျော့၏
သိန်းမူက သူ့တွက်ကိန်းကို အပျက်မခံ။ သူတို့အရပ်မှအသောက်သမားများကို ဘယ်လို ဆွယ်ရပါ့မလဲဟု တွေးနေသည်။ လိုင်စင်ကိစ္စလည်းတွေးသည်။ မြန်မြန်ရပါစေဟု ဆုတောင်းပြန်သည်။ သူသည် ရုပ်ရည်မစွံလှသူမို့ အရက်ဆိုင်၌ အမြည်းရောင်းရန်သင့် တော်ပေသည်။ ကံကောင်းလျှင် သည်သုံးဆယ့် ငါ့နှစ်အတွင်း လင်တောင်အဆစ်ရနိုင် သေး၏ အရက်သမားဆိုသည်က မူးလာလျှင်သူ့လိုရုပ်ဆိုးမကိုပင် အိုဆက် မတွေးသင့် တော့။
'ခွေးလို နွားလိုသောက်မှာပါအေ၊ ညည်းကြည့်နေ'
'အမေကလည်း'
သိန်းမူက နားညည်းလာသဖြင့် ပြန်အော်လိုက်၏ ပြီးတော့....
'ဆရာတော်ဦးသုမင်္ဂလာဟောတာတော့ ခွေးတွေ၊ နွားတွေက အရက်မသောက်ဘူးတဲ့ အမေရဲ့။ လူပဲသောက်တာတဲ့။ အမေကလည်းပူစရာမရှိ ပူနေတယ်။ သူသောက်တော့ ကော စိမ်းမီကရမတဲ့လား၊ ဝေး သေး'
''ညည်း မသိပါဘူးအေ ဒီကောင်က စိမ်းမီကိုစရင်နောက်ရင် ကမူးရူးထိုးဟဲ့၊ ငါစိတ်ပူတယ် နော်။ အမူးသမား တွေနဲက စိမ်းမီနဲ့ ဒီနွားနဲ့တော့အေ
'အမေကလည်း သမီးရှိပါတယ်။ ဒီအမူးသမားတွေလောက်များ'
'အိုညည်းတော့အေ၊ ခွေးတိုးတိုး၊ ၀က်တိုးတိုး'
မသိန်းမူပြောသည်က တစ်မျိုး၊
သို့သောသိန်းမူစိတ်မဆိုး၊ ဟီဟုပင်အတွေးချဲ့၍ပြုံးပြန်သည်။
သူပြုံးနေဆဲမှာပင် တူတော်မောင်သက်တိုးတစ်ယောက် ဇလုံတစ်လုံးကိုအပေါ်မှ စတီး ပန်းကန်ပြား မှောက်လျက်ဖုံး၍ အိမ်ရှေ့သို့ရောက်လာ၏ အိမ်ချင်းမှာသိပ်မဝေး။ လမ်းတစ် လမ်းသာခြား၏ ။
'အဘွားရေ အမေက၀က်ခြေထောက်စွပ်ပြုတ်တဲ့။ ကြီးကြီးကို အိမ်မှာလာစားတဲ့။ ဈေးစာရင်းတွက်မလို့တဲ့။ အခုလာပါဟဲ့'
သက်တိုး၏စကားပင်မဆုံးသေးချေ။
သိန်းမူတစ်ယောက်အပြေးတစ်ပိုင်းဖြင့် ထွက်သွား၏။ သည်ခေါ်သံကိုး။ ဈေးစာရင်းတွက် တော့မည်။ ယမကာဆိုင်အတွက် အသေးစိတ်စုံစမ်းပြီးသမျှ တွက်တော့မည်။ ယမကာ ဆိုင်အတွက် အသေးစိတ် စုံစမ်းပြီးသမျှ တွက်ကြပေတော့မည်။ သူဖွင့်မည့်အမြည်းဆိုင် အတွက်ငွေကိုမစိမ်းမီကပင် စိုက်ပေး မည်ဆိုလာသည်။
'နင့်အဖေကော ရေဆိပ်မှာလား'
'အမေနဲ့ရန်ဖြစ်ပြီးအိပ်နေတယ်'
အမေကြီးက လက်ကမ်းနေသော စွပ်ပြုတ်ဇလုံကိုတန့်၍ သက်တိုးအားစူးစိုက်ကာ ကြည့်လေသည်။
'အဟုတ်ဗျ တကယ်ပြောတာ'
သက်တိုးက သူ့စကားကိုသူ့အဘွား မယုံမှာ စိုးရှာသည်။
'ဘာများရပြန်တာတုံး မူးနေပြီမို့လား'
'မဖေမသောက်တော့ဘူးဗျ၊ သုံးရက်ရှိပြီ'
သည်စကားကိုတော့ အမေကြီးရင်ပျို့၍သွားသည်။ တစ်သက်လုံးအရက်သမားဖြစ်လာ သော ဘတင့်၊ သူ့သားဘတင့်တကယ်မသောက်တာလား။
'အဖေကအရက်ဆိုမဖွင့်ရဘူးတဲ့၊ အမေကအော်တယ်။ အဖေကလည်းမဖွင့်ရဘူးတဲ့'
'ဟဲ့ပြောစမ်း၊ ဘယ်လိုစဖြစ်တာတုံး'
'မဖွင့်ပါနဲ့လို့ ပြောတာပဲ။ အမေကိုသတ်မှာတဲ့'
'ဟင်'
'အမေလည်း ငိုနေတယ်။ သားစောစောက ကြီးကြီးမသွားမှာစိုးလို့ အမေကလည်း ပြန်မပြောရဘူးဆိုလို့'
အလို။
ဘတင့်။
သူ့သားဘတင့် တယ်ကြမ်းနေပါလား။ မဖြစ်ပါဘူး။
အမေကြီးက ခေါင်းမှဆံပင်ကျိုးကျဲကျဲကို ပတ်သည်။ ထသည်။ ပြီးပြန်ထိုင်သည်။ ထသည်၊ ပြန်ထိုင်သည်။
သက်တိုးလက်ကို လှမ်းဆွဲသည်။
'ဟဲ့သေသေချာချာပြောစမ်းပါဦး ငါ့ကို'
'အဖေလေနေမကောင်းဘူး၊ အန်လည်းအန်တယ်။ ဟိုနေ့က အမေဆိုင်ဖွင့်မယ်ဆို ကတည်းကမသောက်တာ။ ထမင်းလည်းမစားဘူး။ 'သားလည်းနင်းပေးတာပဲ၊ ခဏခဏ အော်နေတယ်'
'အရက်ဖြတ်တာ၊ အရက်ဖြတ်တာ အမယ်လေး'
'အမယ်လေးဘုရား'
'အရက်ဆိုင်ဖွင့်ရင် သူဆင်းသွားမယ်တဲ့'
'အောင်မယ် ဒင်းက'
'သားကိုလည်း ခေါ်သွားမယ်တဲ့'
'.........'
'အမေလည်း ငိုနေတယ်၊ ရန်ကုန်ပြန်မလို့တဲ့'
'သြော် ဒုက္ခပါပဲ၊ ဘတင့်ရယ်၊ ဘာတွေဖြစ်ကုန်တာတုံး'
အမေကြီး ညည်းသာညည်းနေ၏ သူလည်းဘာမှမသိရှာပေ။
ရေတတ်မိုးသဲကြီးမဲကြီးရွာနေသည်။
သမ္မာန်ဆိပ်၌ အကာအကွယ်မဲ့နေသဖြင့် မိုးရေများအားပါးတရ သွန်ချနေပြီ။
ဘတင့်ကစိမ်းမီ၏သမီးကို မိုးကာအကျီဖြင့် ထွေးပွေ့ပြီး ထီးအမည်းကြီးကို ကုပ်ပိုးကြားမှ ညှပ်၍ သမ္မာန်ပေါ်သို့ တက်၏ အ၀တ်အိတ်များကိုတော့ လုံလုံခြုံခြုံထားခဲ့ပြီးပြီ။ မစိမ်းမီ သမ္မာန်ပေါ် တက်လာချိန် သမ္မာန်တစ်ချက်လူးသွားသည်။ သက်တိုးက လက်လေး ပိုက်၍ သမ္မာန်ဦးနား၌ရပ်၍ ငေးနေ၏ တက်လေကွာဟု ဘတင့်ကခေါ်လိုက်သည်။ သက်တိုးကစွေ့ခနဲခုန်တက်၏/
ထွက်တော့ဟု အချက်ပေးလိုက်သဖြင့် သမ္မာန်သမားက ကမ်းစပ်မှခွာသည်။ မစိမ်းမီက သမီးရေမပက်စေရန် တဘက်ပိုင်းလေး အပေါ်မှအုပ်သည်။
သူတို့မိသားစု သမ္မာန်ပေါ်၌ မိုးရေခိုရင်းတိတ်တဆိတ် ခရီးထွက်လာကြသည်။ သက်တိုး ကမစိမ်းမီနှင့် ဘတင့်ကြားသို့ တိုး၏
'သားချမ်းလို့လား'
မစိမ်းမီကမေးသည်။
သက်တိုးကခေါင်းခါ၏။
မေး၏
'အမေပြန်လာမှာလား ဟင်'
'ဟေ့ကောင် ငါဘာပြောထားလဲ'
'ကိုဘတင့်ရယ်၊ ကလေးကိုမအော်ပါနဲ့။ သားချမ်းလို့လား'
သက်တိုး ကလက်ဖျံနှစ်ဖက်ကို မျက်နှာအုပ်ရင်း ကိုယ်ကိုကျုံ့ပြန်သည်။
'အမေပြန်လာမှာပါနော် သား'
သက်တိုးကမဖြေ။
ခေါင်းကိုလည်း မမော့။
'သား'
အိအိအသံလေးသက်တိုးထံမှ ထွက်လာသည်။
'သားရယ် ဘာလို့ငိုရတာလဲ၊ အမေပြန်လာမှာပါ'
'ဟေ့ကောင်ကွာ၊ တောက်'
ဘတင့် ထံမှ မချိတင်ကဲသံကြီး ထွက်လာသည်။ သူလည်းမျက်နှာမကောင်း၊ ရင်ထဲမှာလည်း မကောင်းချေ။
သမ္မာန်သည် တရွေ့ရွေ့ဖြင့် ရန်ကုန်သို့ ဦးတည်နေ၏
'အမေ တကယ်ပြန်မှာလားဟင်'
ကြည့်စမ်း၊ သက်တိုးသည် မျက်ရည်လည်ရွဲဖြင့် သနားစဖွယ်အမေ့မျက်နှာအား မော့ကြည်ကာ မေးလာတော့၏
'သားလေးရယ်'
မစိမ်းမီရင်ထဲမှ ပြိုလေပြီ။
သည်ခရီးသည် ခွဲခွာရမည့်ခရီး၊ ဝေးရမည့်ခရီး။
ဟိုမှာဘက်ကမ်း၌ သမီး၏အဖြေဖြစ်သူ ပြည်တော်ပြန်သင်္ဘောသားကြီး စောင့်နေသည် ကော။ သူ့အမှားများကို ဘတင့်ထံဒူးထောက်တောင်းပန်၍ သူ့မယားနှင့် သမီးကိုပြန်ခေါ် ခွင့်တောင်းပါပကော။
လူသူတော်ကောင်းကြီး ဘတင့်ကယခုလိုက်ပို့ရှာ၏။
'အမေ တကယ်ပြန်လာမှာနော်'
ဘတင့်သည် သူပွေ့ချီထားသောသမီးကို မစိမ်းမီထံကမ်းပေး၍ သူ့သားသက်တိုးအား ကျုံး၍ဖက်သည်။ သက်တိုးကပို၍ တိုးကာရှိုက်ကြီးတင် ငိုပါတော့သည်။ ဘတင့်လည်း ငိုပါတော့သည်။
သူ့အလှဖုရား၊ သူ့ဧကရီ၊ သူ့မယားအလှကို ခွဲရပေတော့မည်။ မိုးကမညှာ၊ ထီးရိပ်မဲ့သွား သည့် သူတို့သားအဖအား အငြိုးတကြီး ဖိနှိပ်ကာ ရွာချနေ၏
သမ္မာန်ရန်ကုန်ဆိပ်သို့ တိုး၍ကပ်ခဲ့လေပြီ။
ဟိုမှာ သကောင့်သားသည် ကမ်းစပ်၌ ရပ်နေ၏
တစ်နှစ်တောင်ကြာခဲ့ပြီကော။
မစိမ်းမီနှင့် ဝေးခဲ့သည်မှာ တစ်နှစ်ကြာခဲ့လေပြီ။
မစိမ်းမီသည် သူ့လင်သစ်အား မတ်တတ်ရပ်၍ စူးစိုက်ကြည့်သည်။ သမီးကသမ္မာန်ခုံတန်း ပေါ်၌ ထိုင်၍ ထီးရိပ်ခိုနေ၏
သမ္မာန်သည် ကမ်းသို့တိုးဝင်သည်။
မစိမ်းမီသည် ဦးပိုင်သို့တက်၍ ကမ်းပေါ်သို့ ခုန်ဆင်းလိုက်သည်။ အ၀တ်အိတ်များကို ရေမစိုစေရန် ပလတ်စတစ်အိတ်များဖုံးထားသည်ကို အထမ်းသမားများက ဆွဲယူပေးနေပြီ။
သမီးကို ပွေ့၍ ထီးတစ်ဖက်ဖြင့် ဘတင့်သမ္မ်ာန်ပေါ်မှဆင်းသည်။
သက်တိုးက ကုပ်ကုပ်ကလေးထိုင်နေဆဲပင်။
မစိမ်းမီတို့ ကမ်းနဖူးသို့ ထီးခိုကာ တက်သွားကြပြီ။
'အမေ'
သက်တိုးလှမ်း၍အော်လိုက်ခြင်းပင်။ မိုးသံလေသံသည် သက်တိုး၏ရင်ခေါင်းသံကို မဖုံးဖိနိုင်။
မစိမ်းမီကြည့်သည်။
ဘတင့်ကြည့်သည်။
သမီးလေးကြည့်သည်။
သမ္မာန်သမားများကြည့်သည်။ ကိုဒေ၀ါသည် တုံ့ဆိုရပ်သလိုဖြစ်သွား၏
'အမေ'
သက်တိုးကအော်ရင်း သမ္မာန်ပေါ်မှခုန်ချသည်။
ကမ်းသို့သက်၏ ဆက်၍ပြေးသည်။
သို့သော်
ဘတင့်က သက်တိုးကိုဆွဲထားသည်။
သက်တိုးအော်သည်။ ငိုသည်။ သမီးလည်း လိုက်၍ငိုသည်။
မိုးသည် ထပ်၍မစွေ။ ဖွဲရုံမျှသာ ကျန်တော့၏ ။
မစိမ်းမီခြေလှမ်းတန့်သွားသည်။
သူ့လက်ကိုဆွဲထားသည့် သူ့လူ၏လက်ကိုဖြေ၏
သူ့လူက အံ့သြနေ၏
မစိမ်းမီ။
စိမ်းဆိုမှ စိမ်း၊ မီဆိုမှမီ မစိမ်းမီ။
ခေါင်းကိုတဖြည်းဖြည်းခါသည်။
ခါသည်။
ဆက်၍ဆက်၍ခါသည်။
တစ်လှမ်း။
ခြေတစ်လှမ်းနောက်သို့ဆုတ်၏ ။ ဆုတ်၏ ။ ဆုတ်၏ ။
'အမေ'
သက်တိုးအော်သံပြု၏
'အမေ'
သမီးလေးကလည်း အော်သည်။
'သား'
ဘတင့်အသံ။
မစိမ်းမီ ပြေးပြီ။
ရေစပ်သို့ ပြန်၍ပြေးပြီ။
မိုးသည်သူဘာမှဝင်မပါချင်၍ တစ်စက်လေးမျှ ရွာမချပြီ။ သား သား ဟုအော်၍ ပြေးဆင်းလာရင်း မစိမ်းမီဖက်လိုက်သည်က ဘတင့်ကို။
ရေတက်မိုးသည် မြစ်ရေနှင့်အတူ မျော၍သွားလေပြီး။
သူ့လူသည် ထီးကိုပိတ်၍လှည့်ထွက်သွားလေသတည်း။
မာန်(တောင်လုံးပြန်)
ရွှေအမြူတေ
ဇန်နဝါရီ ၂၀၁၀
.
No comments:
Post a Comment