Monday, January 4, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၁၉)

အခန်း(၁၉)

အထိန်းတော်ကြီး ခင်ဘွားသစ်မှာ စုဖုရားလတ်ကို လျှောက်တင်ရာ၌ လွယ်ကူသလောက် စုဖုရားထံမှ အကြောင်းပြန်ရမည့် အဖြေမှာ မျှော်လင့်စရာ အားနည်းဖွယ်ဖြစ်နေလေရာ စုဖုရားကလည်း ထိုကိစ္စနှင့် စပ်လျဉ်း၍ စကားစပ်တော်မမူသည့်အတွက် မိမိက ရုတ်တရက် စတင်လျှောက်ထားရန် ခက်နေသကဲ့သို့ ရှိလေ၏။

သီပေါမင်းသား၏ လူပျိုတော် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ပေါ်တွင်လည်း ၎င်းတို့ မြှောက်ပင့် ပေးရာတွင် မိမိဘ၀င်မြင့်ပြီး တာဝန်ကြီးခံခဲ့မိသည့်အတွက်လည်း စိတ်ထဲ တွင် လေး၍ နေလေတော့၏။ မိမိကို အားကိုးတကြီးနှင့် ကပ်ကြစဉ်က လွယ်လွယ်ကူကူ တာဝန်ယူလာခဲ့သလောက် ထိထိရောက်ရောက် အလုပ်လုပ်ကြည့်သောအခါ မလွယ်ကူဘဲ ရှိနေသဖြင့် မျှော်လင့်နေသူများကို ဘယ်ကဲ့သို့ အဖြေပေး ရမည်မသိ၍ တွေးမိတိုင်း ရှက်ကာ မိမိထံမှ အခွင့်သာသော စကား မပြန်နိုင်သေးသမျှ မောင်မောင်တုတ် တို့ကို မတွေ့ဝံ့အောင် ရွံ့နေလေ၏။

ရွံ့နေသဖြင့် မောင်မောင်တုတ်တို့ကို မတွေ့ရန် ဆုတောင်းပြီး အမြဲရှောင်ကွင်းနေခဲ့ရာ ထိုအချိန် အခါမှာလည်း ကံအားလျော်စွာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်မှာ အရှင် သခင်ဖြစ်သော သီပေါ မင်းသားအား စုဖုရားအကြောင်း အမေးတော်မရှိဘဲ မလျှောက်တင် စတမ်းဟု နှစ်ယောက်သား စည်းဝါး ရိုက်ထားကြသော အချိန်ဖြစ်၍ သီပေါမင်းသားက လည်း လူပျိုတော်များကို စကားမစပ်၊ လူပျိုတော် များကလည်း မတင်မလျှောက်ထားဘဲ ရှိကြရကား စုဖုရားလတ်ထံသို့ နောက်ထပ်ပင် အလွှာတော်များ အပို့ မရောက် ကြရသဖြင့် အထိန်းတော်ကြီး ခင်ဘွားသစ်က တွေ့ခွင့်မရအောင် ဆုတောင်းကာ ရှောင်ဖယ်ဖယ် ပြု နေရာတွင် အထိန်းတော်ကြီး ဆုတောင်းပြည့်နေသကဲ့သို့ ရှိလေ၏။

မောင်မောင်တုတ်တို့လည်း တောင်ဥယျာဉ်တော်ထဲသို့မလာ၊ မိမိမှာလည်း ဖြေစရာ စကား လက်ဆောင် မလှသေးသဖြင့် သူတို့မလာကြသေးသည်ပင် သက်သာရာရသကဲ့သို့ အသက်ရှူခွင့် ရနေသော အထိန်းတော်ကြီး ခင်ဘွားသစ်မှာ ယခုလောလောဆယ်ဆယ် အေးသော်လည်း အဖြေပေးရမည့်နေ့ကား တစ်နေ့မတွေ့ တစ်နေ့တွေ့ရပေတော့မည်။ တွေ့ရသည့်အခါ ဘယ်ကဲ့သို့သော အဖြေကို ပေးရ မည်နည်းဟု စိတ်ထဲတွင် မအေးခဲ့ပြန် သောကြောင့် စုဖုရားနှင့် စကားအခွင့်သာတိုင်း ထိုအကြောင်းကို စကားပြန် ရရန် အတန်တန် ကြိုးစားလျက် ရှိလေ၏။

သို့ရာတွင် စုဖုရားကလည်း ဤကိစ္စကို အနည်းငယ်မျှ စကားမစမခံဘဲ နေတော်မူခဲ့ရာ ရက်ပေါင်း အတန်ကြာသော် အထိန်းတော်ကြီး ခင်ဘွာားသစ်မှာ ဤကိစ္စ ဖြေမရသမျှ နေမထိထိုင်မသာ ဖြစ်လာ သောကြောင့် နောက်ဆုံးတွင် ဘာဖြစ်ဖြစ် ဇွတ်နှစ်စွန့်စား၍ စုဖုရားလတ်ကို စိတ်လက် ကြည်သာတော် မူခိုက်တွင် ဆံတော်ရှင်း၍ ဆက်ရင်း ...
"ဒါနှင့်ပါဘုရား၊ စကားမစပ် သီပေါကိုယ်တော်ထံက အလွှာတော်ပါးကိစ္စကို ဘယ်လိုများ အကြောင်း ပြန်ကြားတော်မူပါမလဲ၊ ကိုယ်တော်လေးကဖြင့် တစ်မျှော်တည်းမျှော်တော်မူလို့ နေရှာတော့မှာပဲဖျာ့"
ဇွတ်စ၍ လျှောက်တင်လေ၏။

စုဖုရားလတ်လည်း အထိန်းတော်ကြီးကို လှည့်၍ ရှုစားတော်ကာ-
"သစ်သစ်ကလည်း ဒီကိစ္စကိုပဲ စွဲလမ်းနေတော့တယ် ထင်ပါရဲ့၊ ဘယ့်နှယ်အကြောင်း ပြန်ရမှာလဲ သစ်သစ်ရဲ့၊ မဖြစ်နိုင်တဲ့ကိစ္စမို့ စုစုစိတ်က နည်းနည်းမှ သတိရတော်မမူပါဘူး"
သစ်။         ။"စုထားဖုရားက သတိတော်မရပေတဲ့ ဟိုက ကိုယ်တော်ဖျားကဖြင့် ကိုယ်တော်ကလေးကို သနား လိုက်ပါဘိတယ်ဘုရား၊ စုထားဖုရားကတော့ သနားတော်မူပုံ မရပါဘူးလေ၊ ဒါကြောင့်သာ နေနိုင်တော် မူအားတာပေါ့"

စု။      ။ "အို ... စုစုကလည်း သီပေါမောင်မောင်ကို မသနားလို့မှ မဟုတ်ဘဲနဲ့
သစ်။        ။"ဒါဖြင့် ... ချစ်ကော ချစ်တော်မူရဲ့လား ဘုရား"
စု။       ။"သြော် ... စုစုကလည်း ချစ်လို့သာ သူ့အလွှာတော်တွေ လက်ခံပြီး ဒီကလည်း အလွှာတော် ပြန်ဆက် နေတာပေါ့"
သစ်။        ။"ဒါဖြင့် တွေ့ဆုံတော်မူဖို့ အခွင့်ပြုတော်မူပါလား စုထားဖုရားရယ်"

စု။        ။"အို ... ဒီအမယ်ကြီး လာပြန်ပြီ၊ မဖြစ်နိုင်ပါဘူးလို့ မိန့်တော်မူနေတာများ မကြား လေရော့သလား"
သစ်။        ။"ကြားပါတယ်ဘုရာ့၊ အဲဒီလို မဖြစ်နိုင်ဘူးဆိုတာက ဘယ်လိုမဖြစ်နိုင်ပုံမျိုးလဲ လို့ သစ်သစ် သိပါရစေဦး စုထားဖုရားရဲ့"
စု။       ။"မဖြစ်နိုင်ပုံကို သစ်သစ် သိချင်လျှင် နားထောင်ပေတော့၊ သီပေါမောင်မောင်ဟာ မင်းညီမင်းသား၊ အရှေ့ပိုင်းမှာ စံနေရတယ်၊ စုစုတို့က မိဖုရားနှင့် သမီးတော်များဖြစ်လို့ အနောက်ပိုင်းမှာ စံတော်မူရတယ်၊ အရှေ့ပိုင်း မင်းယောက်ျားများဟာ စုစုတို့ မင်းမိန်းမများ ရှိတဲ့ အနောက်ပိုင်းကို ဘယ်မင်း လက်ထက် တော်က ကူးရတဲ့ထုံးစံရှိသလဲ၊ အနောက်ပိုင်း မင်းမိန်းမများ စံစားနေထိုင်ရာအရပ်ကို ခမည်းတော် ဘုရားက လွဲ ရင် အနောက်ဝန်မင်း တစ်ပါးသာ သွားလာဝင်ထွက်ခွင့်ရှိတာကို သစ်သစ် သိရဲ့ မဟုတ်လား"
သစ်။       ။"သိပါရဲ့ဘုရား၊ ဒါပေတဲ့ 'လူကြုံလျှင် ထရံတောင်ထင်းဖြစ်ရသေးတယ်'ဆိုတဲ့ စကားလို ..."

စု။      ။"အို ... ဒီလိုကြံဖို့များတော့ စိတ်မကူးစမ်းပါနဲ့ သစ်သစ်ရယ်၊ ဘယ်နည်းနှင့်မှ ဖြစ်မယ်မဟုတ်ပါဘူး၊ စုစုတို့ စံတော်မူတဲ့ အနောက်ပိုင်းဟာ ယခု ခမည်တော်ဘုရား လက်ထက်တော်မှာ ရှေးက ဘုရင်တွေထက် မိဖုရားတွေ၊ သမီးတော်တွေများတော့ အထိန်းတော်၊ အပျိုတော်တွေကလည်းများ၊ ကိုယ်လုပ်တော် ကလည်း ဒုနဲ့ဒေးမို့ အနောက်ပိုင်းဟာ ကြက်ပျံမကျ စည်ကားနေတော့ အချင်းချင်းလည်း ဂုဏ်ပြိုင် နေကြတဲ့ အတွက် ဘယ်သူ့အဆောင်က အမူအရာပျက်ပြီး ဘယ်သူ့အဆောင်က ဘယ်အပြင်လူကို လက်ခံတယ် ဆိုတဲ့ သတင်းကို နားစွင့်အပြစ်ရှာပြီး နှစ်သာရင်ဝိုင်းပြီး နှစ်ကြတဲ့အခါကလား၊ ဘယ်တုန်းက ဘယ်မိဖုရား၊ ဘယ်သမီးတော် အမှုပေါ်လို့ အမျက်တော်ထားလိုက်တယ်ဆို တာလည်း စုစုတို့ သစ်သစ်တို့ နားနှင့် အကြား၊ မျက်စိနှင့်အမြငမ်ပဲ၊ ဒီတော့ စုစုကလည်း အပြစ်ကင်းတဲ့ အလုပ်မျိုးကို တိတ်တိတ်ခိုး ပြုတော်မူ လို့ တော်သင့်ပါ့မလား၊ နောင်အခါ အမှုပေါ်လို့ စုစုက အပြစ်ချမ်းသာပြီထားဦး သီပေါ မောင်မောင်ကို အနောက်ဆောင် ကျူးကျော် တဲ့အပြစ်နှင့် ရာဇ၀တ်သင့်မှဖြင့် ဘယ့်နှယ်ကြံမတုံး"

သစ်။       ။"သစ်သစ်လည်း အကြံအစည်မှာ ဒါလောက် အောက်တန်းမျကသေးပါဘူးဖျာ့၊ တကယ့်တကယ် ကြိုးစား မယ်ဆိုလျှင် အပြစ်လွတ်တဲ့ ခရီးက ၀ိနည်းရှောင်စရာတွေ အများကြီးပါ၊ စိုးရိမ် ကြောင့်ကြ တော်မူစရာ မလိုပါဘူး"
စု။       ။"သစ်သစ်ဟာ အတော့်ကို ဇက်ရဲနေပါကလား၊ ဒီလောက် ရဲတဲ့ဇက်တစ်နေ့ မြို့ဝန် လက်ကဓားနဲ့ ယဉ်ပါး သွားမှာ စိုးရတယ်နော်"
သစ်။       ။"စုထားဖုရားက စိုးရိမ်အားသန်တော်မူလွန်းလို့ပါ၊ လျှောက်တင်လက်စနှင့် လျှောက်ပါစေဦး"

"ဟိုရှေးအခါတုန်းက ကေသာသီရိ မင်းသမီးအဆောင်တော်ဟာ ဘီလူးမ အပျိုမတော်တွေ နှင့် စောင့်ရှောက်ခစားပြီး ဓားစကြာ၊ လှံစကြာများပါ ရံဝိုင်းထားသည်ကိုပင် ချစ်ခင်တဲ့ မေတ္တာ ဇောက အလောသုံးဆယ် တိုက်တွန်းတော့ ဓားမကြောက်၊ လှံမကြောက် ဘီလူး လောက်ကို ဂရုမထားဘဲ သုဝဏ္ဏဟံသကုမ္မာ မင်းသားက ယောက်ျားပီပီ ကြွချီဖြန့်မြန်းတဲ့ အခါ ကေသာသီရိခေါ်တဲ့ နှမတော် မင်းသမီးကလေးကလည်း မေတ္တာစိတ်က ဆွဲဆောင် ပြီး ရဲရင့်အောင် အားပေးထားသော ဓားဘေးသော၊ လှံဘေးသော မကြောက်၊ မွေးစားတဲ့ ခမည်းတော် ဘီလူးမင်းကြီးက စူးရှတဲ့ မျက်မာန်နှင့် ဘီလူးအံကိုက် မူးမူးမိုက်မိုက် အပြစ် ပေးမှာလည်း မလန့်နိုင်ဘဲ စွဲလမ်းတဲ့ ချစ်သူနှင့် ကြည်ကြည်ဖြူဖြူ လက်ခံပြီး ချစ်သက် ကို နှံကြပါသေးတယ်"

စု။      ။"အို ... တကယ်မဟုတ်တဲ့ လုပ်ဇာတ်စကားတွေကို အဟုတ်အဟတ်ထင်စားပြီး စကားထဲ ထည့်မပြောစမ်းပါနှင့် သစ်သစ်ရဲ့"
သစ်။       ။"ဥပမာ ဆောင်ရတာပါဘုရား၊ လုပ်ဇာတ်ဆိုတာတွေဟာလည်း ရွှေနန်းတော် ထဲမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ အကြောင်းအရများကို ရည်မျှော်ပြီး သင့်လျော်အောင် ဇာတ်လမ်းစီစဉ်ရတာတွေ ဖြစ်ပါတယ်၊ ဒါကြောင့် သစ်သစ်ကလည်း မဖြစ်နိုင်ဘူးလို့ထင်တဲ့ အခက်အခဲများကို အကြံအား ဥာဏ်အားနှင့် အသုံးပြုသွားမည်ဆိုပါလျှင် ..."

စု။      ။"သြော် ... သစ်သစ်ကဖြင့် မဖြစ်ဖြစ်အောင် ကြံမယ်ဆိုတဲ့ ဇွဲနှင့် ဇွတ်လျှောက် တင်လို့ပဲ နေတော့တယ်၊ ကိုင်း ... သစ်သစ် မည်သို့မည်ပုံ ကြည်စည်မယ်ဆိုသည်ကို စုစု သိရအောင် ကြိုတင်ပြီး တိုင်ပင်စမ်းပါဦး"

သစ်။      ။"အကြံဥာဏ်ဆိုတာ အခါအခွင့်ကိုကြည့်ပြီး ထိထိရောက်ရောက် စီမံသွားရပါ မည်၊ လူကြံလျှင် ခံနိုင်သမို့လား စုထိပ်ဖျားငဲ့၊ အနောက်ဘက် မင်းမိန်းမများ စံစားနေထိုင် ရာကို အပြင်အပ မင်းယောက်ျားများ ၀င်ထွက်တော်မူရန် အတန်တန် ခဲယဉ်းကျပ်တည်း ထားလျက်ထားနှင့်ပင် ဟိုတစ်လောက ဒီအနောက်ပိုင်းမှာပဲ မဟုတ်ပါလားဘုရား၊ ငတုတ် ဆိုတဲ့ အကောင်းကို သမီးတော် တစ်ပါးရဲ့ အဆောင်မှာ အ၀င်အထွတ် ရှုပ်ရှုပ်ယှက်ယှက် ရှိလို့ ရွှေနန်းရှင်ဘုရား သိတော်မူတာနှင့် ရာဇ၀တ် ဘေးကြီး ဆိုက်ကြရပါပြီ၊ သိတော်မူပြီးမို့ အထူးလျှောက်တင်ဖို့ မလိုပါဘူး၊ သူတို့တစ်တွေရဲ့ အဆောင်မှာ ယုတ်နိမ့်အောက်တန်းကျ တဲ့ သတ္တ၀ါကိုပင် ရည်ရှည်လများ လျှို့ဝှက်ဆက်သွယ်ထားနိုင်ကြပါသေးသည်။ ယခုလို သာကီနွယ်ဖွားချင်းမှာ အကြောင်းပင် ပေါ်သည်တိုင်အောင် ရာဇ၀တ်တော် ရောက်နိုင်စရာ မဟုတ်သည့်အပြင် ခဏခေတ္တ ကြွလာမည့်အရေး ဖြစ်ပါသဖြင့် စိုးရိမ်ခွင့် မရှိနိုင်ဟု ထင်ပါ သည်။ အနောက်ပိုင်းက အစောင့်အနေ ဆိုသမျှမှာလည်း ဘုရားကျွန်မနှင့် အထူးခင်မင် ချစ်ကျွမ်းဝင် ထားသူတွေချည်း ဖြစ်ပါတယ်။ လက်ဆောင်တံစိုးနှင့် ကိုယ့်အကျိုး လိုလား သည်ထက် လိုလား အောင် သွေးဆောင်ပါမူ နေ့လယ်ကြောင်ကြောင်ပင် စုဖျားရဲ့ သီပေါ မောင်မောင် ကြွလာတော် မူသော် လည်း ခဲယဉ်းစရာမရှိဟု ထင်မိကြောင်းပါ"

စု။       ။"အမယ်မင်း ... ရဲတင်းလှတဲ့ အကြံပါကလား၊ သစ်သစ်က နေရာတကျ စီမံထား သည်ဆိုပါဦးဟု သီပေါမောင်မောင်က ရဲဝံ့စွာ ထွက်တော်မူရှာဝံ့ပါ့မလား၊ သစ်သစ် စဉ်းစဉ်း စားစား ကြံပုံကလည်း မလျော်ကန်ပါဘူး"
သစ်။       ။"သီပေါကိုယ်တော်အတွက်တော့ ခဲခက်ဖို့ မဟုတ်ပါ၊ ချစ်မေတ္တာတော်က စေစားလျှင် အသူရာနေတဲ့ အရပ်ကိုပင် နတ်ဘုရင်သိကြားတို့ သွားရတဲ့ ထုံးနှလုံးမူပြီး အရွံ့ကိုနောက်ထား ကြောက်အားကို ပြစ်ပယ်လျက် စွန့်စွန့်စားစား ထွက်တော်မူလာပါ ဘုရား၊ နဂိုကပင် ဒီလိုအခက်အခဲတွေကို ကြိုတင်သိမြင်တော်မူပြီး ဖြစ်ပါလျက် မေတ္တာတော်က စေစားနှိုးဆော်လှသဖြင့် နှမတော်စုစုနှင့် ယခုလို တွေ့ဆုံတော်မူလို ကြောင်၊ အခါအခွင့်တောင်းခြင်း ဖြစ်ပါ၍ သီပေါကိုယ်တော်ဖျားအတွက်ဖြင့် ပူပင်ကြောင့် ကျတော်မူစရာအချက် မဟုတ်ဘူးလို့ ထင်ပါတယ်"

စု။       ။"အင်း ... သစ်သစ် အပြောကဖြင့် ဟောဟောဒိုင်းဒိုင်းနှင့် မြင်းစိုင်းသလို သာပါပြီ တဲ့ သီပေါမောင်မောင်ကလည်း စွန့်စွန်းစားစား ထွက်တော်မူလာမယ်ဆိုလျှင် စုစုက သီပေါ မောင်မောင် စုစုအဆောင်တော် ထွက်တော်မူလာပါတော့လို့ ဖိတ်မန္တကပြုတဲ့ အလွှာတော် ကို ရေးပြီး မရှက်မကြောက် ပေးပို့တော်မမူရဲပါဘူး၊ အဲဒီလို စုစု အဆောင်တော် ထွက်တော်မူလာပါလို့ စကားပြန်ရမှာ ဘယ်လောက် ရှက်စရာကောင်းသည်ဆိုတာကော သစ်သစ် မစဉ်းစားမိဘူးလား။"

သစ်။      ။"မေတ္တာတော် ကူးသန်း၍ အချစ်ခန်းဖွင့်တော်မူထားကြတဲ့ မောင်တော်နှင့် နှမတော်ပါကို မောင်တော်က ကြွလာတော်မူလိုကြောင်း စတင်အခွင့်တောင်းသည့်အတွက် မငြင်းပယ်ရက်လို့ အလိုတော် လိုက်ရသည်ဟု ယူဆရမည်သာ ဖြစ်ပါတယ်၊ ရှက်စဖွယ် မဟုတ်ကြောင်းပါ"

စု။    ။"သစ်သစ်က ရှက်စဖွယ် မဟုတ်ဘူးလို့ လျှောက်တင်ပေမဲ့ စုစုက တကယ့် တကယ်ပဲ အကြီးအကျယ် ရှက်စဖွယ်ကြီးလို့ ထင်တောမူနေတယ် သစ်သစ်ရဲ့"
သစ်။       ။"အဲဒီလိုဖြင့် အကျပ်သားပါ ဘုရား၊ သည်မျှလောက် အရှက်တော်ပွားနေမည် ဆိုပါက မျှော်လင့်တော်မူနေတဲ့ ကိုယ်တော်ဖျားကို သနားမညှာ ရက်စက်တော်မူရာ ကျနေ ချေပေါ့ဘုရား"
စု။      ။"အို ... စုစု စိတ်တော်ရင်းက ရက်စက်တော်မမူဘူးဆိုတာကို ဟို မောင်မောင် ကလည်း သိတော်မူ ပြီးသား နေမှာပါပဲ"
သစ်။       ။"သီပေါကိုယ်တော်က စုစုကို တွေ့ဆုံတော်မူလိုလှသည့်အတွက် ရုတ်တရက် အလိုတော် မပြည့်မှဖြင့် စိမ်းကားတော်မူလှသည့် မိမိရယ်လို့ အားငယ်ငယ်နှင့် ညည်းညူ တော်မူမှာ အမှန်ပါပဲဘုရာ့"

စု။     ။"အို ... တယ်ခက်ပါကလားနော်၊ ကဲလေ ... အနောက်ပိုင်းကို သီပေါမောင်မောင် အခွင့်အလမ်းသာလို့ ထွက်တော်မူလာပါလို့ စုစုက အရှက်ကို နောက်ထားပြီး သနားတဲ့ စိတ်နှင့်ပဲ ကြိတ်ပြီး အမှာတော်စာပို့လို့ သီပေါမောင်မောင် စုစုအဆောင်တော်သို့ ထွက်တော်မူလာပါပြီတဲ့ စုစုက သူ့ကို ဘယ်လိုလုပ်ပြီး ဧည့်ခံတော်မူရမှာတုံးလို့"
သစ်။    ။"အမယ်မင်း ... ခက်သမို့လား စုထားဖုရား၊ ဟို ... တစ်နေ့က သစ်သစ်ကိုယ်တိုင် ကပြ အသုံးတော်ခံထားတဲ့ အီနောင်မင်းသားနှင့် နန်းကိန္နရီ မင်းသမီးလေး တွေ့တော်မူ ခန်းထဲကလို သို့မဟုတ် အရီးတော် လှိုပ်ထိပ်ထားဖုရား စီရင်ရေးသားတော်မူတဲ့ ဣန္ဒာဝံသ၊ ၀ိဇယကာရီစတဲ့ ဇာတ်တော် ထဲကလို..."

စု။      ။"အို ... သစ်သစ်ကလည်း ရှက်စရာကြီးပါလို့ မိန့်တော်မူနေမှ၊ ဒီလိုစကားတွေ ကြားတော် မမူချင်ပါဘူး"
သစ်။        ။"နို့ ... ဘယ့်နှယ်လုပ်မလဲဘုရာ့၊ မတွေ့ဘဲနေတော်မူကြလို့ ပြီးမည့်ကိစ္စ မဟုတ်တာကို ယခုလိုသာ ရှက်တော်မူနေမှဖြင့် ခက်ရရောပေါ့ဘုရာ့"
စု။        ။"ခက်တန်သော ခက်ရမည်၊ စုစုတော့ ရှက်တော်မူသည်ကို တားမြစ်လို့ ရတော် မမူဘူး သစ်သစ်ရဲ့"
သစ်။       ။"သည့်နှယ်ဖြင့် ဘယ်လိုကြံပြီး ရွှေကိုယ်တော်ဖျားထံ အကြောင်းပြန်ရပါမလဲ ဖျာ့၊ သစ်သစ်တော့ 'ဆွမ်းခူးမျက်နှာမလှ ဆွမ်းလောင်းမျက်နှာမလှ'နှင့် စိတ်စက်များ ညစ်လှပါပြီ"
စု။          ။"စိတ်ညစ်စရာ မရှိပါဘူး သစ်သစ်ရယ်၊ ဟို ... က အမေးတော်ရှိလျှင် စုစု ကိုယ်တော်တိုင်က အလွှာတော် မရေးလို့ မပေးရပါတယ်လို့ ကိုယ့်အပေါ် အပြစ်မလာ အောင် စုစုကိုသာ ပုံ၍တင်လိုက် ပါတော့လား"

သစ်။       ။"ဒီလို လျှောက်တင်ရလျှင်တော့ အလွယ်သားပေါ့ဘုရား၊ သို့သော် ရွှေကိုယ်တော် စုဖျားမျက်နှာတော်ကို နီးနီးကပ်ကပ် တွေ့ဆုံရှုစားပြီး အချစ်စကား နှုတ်ကတိတော် ထားချင်လွန်းလို့ အားကိုးမျှော်လင့်ကြီးနှင့် စောင့်စားတော်မူရှာဆဲမှာ မျှော်လင့်ဖွယ် မရှိတဲ့ ငုံးတိတိ အဖြေစကားကြီးကို သွား၍လျှောက်တင်မိပါလျှင် ရွှေစိတ် တော်တွင် အင်မတန် ငြိုငြင်ဆင်းရဲတော်မူသွားရှာတော့မဲ အရေးကို တွေးပြီး မြင်မိလွန်းလို့ ကိုယ်တော်ကလေးကို သနားပြီး လျှောက်တင်ရမည့် စကားကိုပင် မလျှောက် တင်ရက် အောင် ဖြစ်တော့တာပဲ စုထားဖုရာ့ရဲ့"

စု။       ။"ဒါက သစ်သစ်ရဲ့ သီပေါကိုယ်တော်ဘက်ကို သစ်သစ်က ယက်မှန်းမသိ ယက်ပြီး လျှောက်တင်တဲ့စကား ထင်ပါရဲ့၊ သစ်သစ်မှာ ကိုယ်တော်ဖျားကို ယခုလောက် စေတနာ ရောက်နေသည်ဆိုတာ စုစု သိတော်မူပါပြီ၊ စုစုကလည်း သီပေါမောင်မောင်ဖျားကို သနားတော်မူသားပဲ သို့ပေမဲ့ ရှက်တော်ူမတာကိုး..."

သစ်။      ။မရှက်သုံးပါးမှာ ချစ်ကြိုက်တဲ့ ဇောအတွက် မရှက်ခြင်းမျိုးက တစ်ပါးအ၀င်ပါမို့ တကယ်သာ ချစ်ရိုးမှန်လျှင် ရှက်တော်မူဖို့ရာ သတိပင်ရတော်မူမှာ မဟုတ်ပါဘူးတဲ့ဘုရား" ဟု ခနဲ့လိုက်လျှင်-
စု။       ။ "စုစုက တကယ်ချစ်တာမှ အဟုတ်ကို ချစ်တော်မူတာပါ သစ်သစ်ရဲ့" လွှတ်ခနဲ မျက်နှာတော် မဲ့မဲ့နှင့် မိန့်တော်မူလိုက်လေ၏။

စုဖုရားလတ်မှာ မောင်တော် သီပေါမင်းသားအား အကယ်ပင် မေတ္တာနွယ် ညွန့်မြူးကွန့် ယိမ်းယိုင်တော်မူပြီး ဖြစ်သည့်အတိုင်း အထိန်းတော်ကြီး ခင်ဘွားသစ်က စစ်စစ် ပေါက်ပေါက် စကားနာထိုးနေသည်ကို ကျေနပ်တော် မမူဘဲ ခင်ဘွားသစ် အထင်လွဲ သကဲ့သို့ သီပေါမင်းသားကပါ အထင်လွဲမှား ချစ်ခင်တော် မမူဘူး ထင်မှတ်သွားမည်ကို စိုးရိမ်လာသဖြင့် မျက်နှာတော်ငယ်ငယ်နှင့် ဣနြေ္ဒမဆယ်နိုင်အောင် အမူအရာ ပျက်တော် မူလာလေ၏။ အထိန်းတော်ကြီး ခင်ဘွားသစ်မှာ ဆံတော်ရှင်းရှင်း ခနိုးခနဲ့နှင့် စုဖုရားလတ် ၏ ရွှေစိတ်တော်ကို ပြောင်းနွဲ့ညွတ်ယိုင်လာသည်တိုင်အောင် လျှောက်တင်နေသည့် အားလျော်စွာ စုဖုရားလတ်က လွှတ်ခနဲ မိန့်တော်မူလိုက်သည်တွင် အားတက် ရွှင်လန်းစွာ နှင့်-

သစ်။      ။"အဟုတ် ... ချစ်တော်မူရင်ဖြင့် ချစ်တော်မူတဲ့ သီပေါကိုယ်တော်ဖျားကို များများ ကြီး တွေ့ချင်တော်မှာပဲ၊ ဟို ကိုယ်တော်ဖျားကတော့ စုထားဖျားကို အဟုတ်တကယ်ကြီး ကို ချစ်တော်မူရှာသာနှင့် အင်မတန် တွေ့ချင်တော်မူရှာတာ အမှန်ပဲဖျား"
စု။      ။"စုစုကလည်း အဟုတ် ချစ်တော်မူလို့ သီပေါမောင်မောင်လိုပဲ တကယ်ပင် တွေ့တော်မူချင်ပါရဲ့"

သစ်။        ။" ဟော ... သည်လိုဖြင့် ဘာခက်တော်မူသလဲ၊ တွေ့တော်မူကြရအောင် သစ်သစ် စွမ်းသ လောက် စီမံကြံဖန်၍ ပေးပါမည်၊ စိတ်အေးအေး စံနေတော်မူပါတော့ ဘုရား"
စု။       ။"အို ... စုစု စိတ်တော်က တွေ့တော်မူချင်တာတော့ မှန်ပါရဲ့၊ သို့ပေမဲ့ တွေ့တော် မူဖို့ရာ ရှက်ပါတယ်လို့ သစ်သစ်ကို ဘယ်နှခါ မိန့်တော်မူရမှာလဲ"
သစ်။      ။"ဟော ... လုပ်တော်မူပြန်ပြီ၊ တကတည်း ချစ်တော်မူလျှင် ရှက်တော်မူမှာ မဟုတ်ဘူး၊ ခုတော့ တကယ်တမ်း ချစ်တော်မမူလို့ ဟောဒီ ရှက်တော်မူတဲ့စိတ်တော်က ခဏခဏ ပေါ်ပေါက်လာတာပဲ ထင်ပါရဲ့"

စု။        ။"ကြည့်ပါလားနော် ... သစ်သစ်ကလည်း ဒီစကားကိုပဲ တ၀ဲလယ်လယ် လျှောက်တင် နေတော့တယ်၊ စုစုက တကယ်လည်း ချစ်တော်မူချင်ပါတယ်၊ တကယ့်ကို လည်း တွေ့မြင်တော်မူ ချင်ပါတယ်၊ သို့ပေမဲ့ သီပေါမောင်မောင်ကို ကြွလာတော်မူပါလို့ အလွှာတော်ပြန်ရမှာရယ်၊ အဆောင်တော် ကို ကြွလာတော်မူတဲ့အခါ မောင်မောင်မျက်နှာ တော်ကို နီးနီးကပ်ကပ် ရှုစားတော်မူရမှာနှင့် စကား ပြောတော် မူရမှာကို တွေးမိတိုင်း စုစုမှာ အရှက်ဘေးကြီး ဆိုက်တော်မူလာတာပဲ"

သစ်။       ။"အဲ ... ဒါမှ ခက်တော်မူတာပဲ၊ တွေ့လည်းတွေ့တော်မူချင်ရဲ့၊ ရှက်လည်း ရှက်တော်မူရဲ့ဆိုပါတော့ဘုရား၊ ကိုင်း ... သည့်နှယ်ဖြင့် သစ်သစ်က စုထားဖုရားရဲ့ စိတ်တော်ထဲမှာ အရှက် ဆိုတဲ့ သူပုန်ရန်ကြီးကို တစ်ခါတည်း ပိပြားငြိမ်ဝပ်သွားစေရန် အချစ်တော် တပ်တော်သားတွေကို ဓားဖွေးဖွေး၊ လှံပြောင်ပြောင်နှင့် နိုင်နင်းအောင် နှိမ်ကွပ်ရစေခြင်းငှာ သီပေါကိုယ်တော်ဖျားရဲ့ အချစ်တော် အောင်တပ်ကြီးဆီကို စစ်ကူ အမြန်ကြွလာဖို့ ရာဇ၀ံစာသလျှင် မကြာခဏ ဆိုက်ရောက်မူလာပါလိမ့်မည်ဟု အင်္ဂ၀ိဇ္ဇာ သဘာနှင့် မှန်မှန်ကြီး ဗေဒင်အဟော ဆက်လိုက်ပါရဲ့ဘုရား"
စု။      ။"အို ... သစ်သစ်က ဘယ်လိုပဲ ဗေဒင်အဟောဆက်ဆက်၊ စုစုလက်တော်နှင့် အလွှာရေးပြီး ပေးတော်မမူနိုင်ရိုးတော့ဖြင့် အမှန်ပဲ"
သစ်။      ။"တွေ့တော်မူလိုတဲ့ စိတ်တော်ရင်း ရှိတာတော့ အမှန်ပဲလား စုထားဖျားရဲ့"

စု။       ။"မှန်ပါတယ်၊ မှန်ပါတယ်၊ တွေ့တော်မူချင်တဲ့ စိတ်တော် အရင်းခံရှိသော်လည်း ရှက်တော်မူဆဲမို့ ဒီအကြောင်းကို စဉ်းစားတော်မူလို့ မရဘူး သစ်သစ်ရဲ့"
သစ်။     ။"ကြွလာတော်မူပါလို့လည်း အလွှာတော်မရေး၊ တွေ့ဆုံတော်မူရမဲ့ အရေးကို လည်း ရှက်တော်မူတဲ့ စိတ်ကြောင့် နှောင့်နှေးတော်မူနေသေးတယ်ဆိုတာ သီပေါ ကိုယ်တော်ဖျား သိတော်မူ သွားလျှင်ဖြင့် လုံးလုံးလျားလျား ပစ်ပယ်တော်မူသေးသည် မဟုတ်၍ ရုတ်တရက် စိတ်အားပျက် မသွားဘဲ နောက်တစ်ကြိမ် နှစ်ကြိမ်ဆိုသလို တွေ့ဆုံ တော်မူလိုကြောင်း အချိန် အခွင့်တောင်း တဲ့ အလွှာတော် တွေတော့ စုဖျားရွှေလက်တော်ထဲ ဆင့်ကဲဆင့်ကဲ ရောက်တော်မူနေမှာပဲဖျ၊ အဲဒီအခါ ကျတော့ကော ဘယ့်နှယ်ကြံတော်မူဦး မှာလဲ"

စု။     ။"အို ... နောက်ဖြစ်လာမဲ့ အရေးကြီးကို ယခုက ကြိုတင်ပြီးတွေးလို့ ပူတော်မူ မနေနိုင်ပါဘူး၊ သစ်သစ်လည်း ဒီစကားနှင့်ပဲ အချိန်ကုန်နေပါပြီး ကိုင်း ... မြတ်လေးဆီနှင့် ဆံတော်ရှင်းနေလိုက်တာလည်း အချိန်တော် အတော်ပဲ ကျွမ်းလာပြီး၊ သစ်သစ် ဆံတော် ရှင်းတဲ့ကိစ္စ ယနေ့ပြီးမှ ပြီးပါဦးမလား"
စကားဖြတ်လိုက်ရာ အထိန်းတော်ကြီးမှာလည်း ဆံထုံးတော်ပြီးအောင်ထုံး၍ ဆက်ပြီး သဇင်ခက်ကလေး များကို စိန်ပန်းခိုင်နှင့်ရောလျက် ဆံထုံးတော်တွင် ထိပ်စိုက်သဖွယ် ဆင်ပန်ဆင်သလျက်-
"ကဲ ... ဆံထုံးတော် ပြီးပါပြီ၊ စုထားဖုရားရဲ့၊ သစ်သစ်ကလည်း လျှောက်တင်စရာ စကားတွေ ရှိသမို့ ခပ်အေးအေး လျှောက်တင်နေရပါသည်"
ဆိုကာ ဆံထုံးတော်တင်သည့် ကလပ်ကို ယူဆက်ပြီး-

"ယနေ့ ဆင်တော်မူရာ နှစ်သက်တော်မူရာ ဆံထုံးများကို ရွေးချယ်တော်မူပါဘုရား" လျှောက်တင်ပြီး နေ့စဉ် ဆံတော်ရှင်းပြီးတိုင်း ဆင်တော်မူမြဲဖြစ်သည့် ရတနာဆံထိုးတော် များ တင်သော ရွှေကလပ်ကို ယူဆက် လေ၏။

ထိပ်စုဖုရားလတ်လည်း ရွှေကလပ်ထဲမှ ရတနာမျိုးစုံဖြင့် ပြုလုပ်ထားသော ဆံထိုးများနှင့် စိန်ဆံထိုးတော်အများကို ရွေးချယ်တော်မူပြီး လက်ထဲတွင် ကိုင်တော်မူထားကာ ၎င်းမှ တစ်ဖန် နှစ်သက်တော်အမူဆုံးဖြစ်သော ရတီနှစ်ဆယ်ကျော် စိန်ဆံထိုးတော်ကို ဆံထုံး တော်အလယ်တွင် ထိုးစိုက်ဆင်မြန်းတော်မူပြီး လက်တော်ထဲတွင် ကိုငတော်မူထားသည့် ကျန်သော စိန်ဆံထိုးတော် နှစ်ချောင်းကို အထိန်းတော်ကြီး ခင်ဘွားသစ်အား-

"ရော့ သစ်သစ်ကို ဒိဆံထိုးတော်နှစ်ချောင်း သနားတော်မူတယ်၊ အရင်တစ်လော အဆိုနှင့် အကများ ဆက်စဉ်က ခင်ဘုန်းတို့ကို ဆုတော်သနားတော်မူပြီး သစ်သစ်ကြီးကို ဆုတော် ပေးမယ် စိတ်ကူး တော်မူထားတုန်းမှာ သစ်သစ်ကလည်း အီနောင်ဇာတ်ထဲက ရေစမ္ပါယ် ကတော်ကြီးကို အားကျပြီး စကားတွေ ပေါက်ကရ လျှောက်တင်နေတဲ့အတွက် စုဖျား ကလည်း ဆုသနားဖို့ မေ့တော်မူသွားမိတာ ယခုမှ ဆုချတော်မူရမယ်"

မိန့်တော်မူသည်တွင် အထိန်းတော်ကြီး ခင်ဘွားသစ်မှာ စုဖျား ပေးသနားတော်မူသော စိန်ဆံထိုးကြီး နှစ်ချောင်းကို မရဲတရဲ ကိုင်ကြည့်နေပြီး ထိုဆံထိုးတော်ကြီးများမှာ မယ်တော် အလယ်နန်းမတော် မိဖုရားကြီး ကိုယ်တော်တိုင် သမီးတော် စုဖုရားလတ် ဆင်တော်မူရန် ရွှေတိုက်တော်က ရတနာ စိန်ကျောက်များ ထုတ်ယူ၍ ပန်းတိမ်တော်များတွင် အပ်နှံပြုလုပ် စေပြီးမှ ပေးသနားတော် မူထားသော ပစ္စည်းများတွင် အပါအ၀င် ဖြစ်နေသောကြောင့် လက်ခံရမည်ကို မရဲမ၀ံ့ ကြောက်ရွံ့လျက် ရှိလေ၏။

စု။       ။"ဘာဖြစ်နေတာလဲ သစ်သစ်ရဲ့၊ သစ်သစ်က အရွယ်ကြီးလို့ စိန်ဆံထိုးကြီးကြီးကို သနားတော်မူတာ၊ ပြီးတော့လည်း သစ်သစ်ကြီးကို စုစုက အချစ်မူတာ၊ သစ်သစ်က ၀မ်းမသာလို့ မဲ့မဲ့ချည့် ကြည့်နေတာလား"

သစ်။       ။"အမယ်လေး ... ၀မ်းမသာလို့ မဟုတ်ပါဘူး စုထာဖျားရဲ့၊ သနားတော်မူတဲ့ ဆုတော်က အဖိုး ထိုက်တန်ပြီး အမွန်အမြတ်ထားတဲ့ပစ္စည်း၊ မယ်တော်ဖျားကြီးက သမီး တော်ကို အထူးဆင်တော် မူထားသည့် ပစ္စည်းထဲက ဖြစ်နေတဲ့အတွက် လက်မခံဝံ့အောင် ရွံ့နေပါသည်။ မယ်တော်ဖျား သိလျှင် ကလေးကပေးသည်ကို ဒီကောင်မကြီး ယူရမလားလို့ အပြစ်တော်များ တင်နေမည် စိုးရပါသည်။ သည့်ထက်ညံ့သည် ပစ္စည်းတစ်ခုခုနှင့် လဲ၍ ပေးသနားတော်မူပါဖျား"

စု။      ။"အို ... သစ်သစ်ကလည်း စုစု သဒ္ဓါလို့ ပေးတော်မူရာ မငြင်းရဘူး မယ်ဖျား ကလည်း စုစု ဆင်တော်မူစရာ သနားတော်မူထားပြီးကတည်းက အပိုင်လွှဲတော်မူပြီးပဲ စုစု လက်ထဲ ပိုင်တဲ့ပစ္စည်းကို စုစုဘာသာ ထုချင်ထု ခွဲချင်ခွဲ ရေထဲသို့ပင် လွှင့်ပစ်ပစ် မယ်ဖျား ကလည်း အပြစ်တင်တော်မမူပါဘူး၊ သစ်သစ်ကို သနား တော်မူတာ သာလို့ပင် ကျေနပ် တော်မူမှာပါ၊ ကဲ ... သစ်သစ် ဆံထုံးမှာ စိုက်စမ်းပါ"
မရမက ခိုင်းတော်မူရုံနှင့် အားမရဘဲ အထိန်းတော်ကြီး လက်ထဲက ကောက်ယူတော်မူကာ စိတ်ပါက လက်ပါ ချစ်ခင်မူရာနှင့် အထိန်းတော်ကြီး ခင်ဘွားသစ်၏ ဆံထုံးတွင် ကိုယ်တိုင် စိုက်တော်မူပေးပြီး
"အေး ... တို့ သစ်သစ်ကြီးက လှတယ်"

မိန့်တော်မူကာ အထိန်းတော်ကြီး လည်ပင်းဖက်၍ ရုတ်တရက် ကိုယ်ပေါ်ပစ်ထိုင်တဲ့ပြီ ကလေးဆိုးကြီးကဲ့သို့ နွှဲ့၍ နေတော်မူစဉ် အဆောင်တော်အတွင်းသို့ အပျိုတော်ကလေး တစ်ဦးဝင်လာပြီး စုဖုရားအနီးတွင် ခစားလာသောကြောင့် စုဖုရားလတ်လည်း အထိန်းတော်ကြီး ရင်ခွင်မှ ထွက်တော်မူကာ
"ခါနွေ ... ဘာလျှောက်တင်စရာရှိသလဲ"

လှမ်းမေးတော်မူသည်တွင် အပျိုတော်ကလေး ခါနွေက-
"အရှင် ထိပ်စုမြတ်ဖျား၊ မယ်တော်ဖျား အဆောင်တော်က အပျိုတစ်ယောက် ခစား ရောက်နေကြောင်း ပါဘုရား"
"သြော် ... ဘယ်လိုကိစ္စများ သံတော်ဦးတင်မလို့ပါလိမ့်၊ ကဲ ... ကဲ ... အထဲလာ၊ ခစားပါစေတော့"

မိန့်တော်မူလိုက်ရာ ခါနွေလည်း အဆောင်အပြင်ဘက်သို့ ထွက်သွားလေ၏။ စုဖုရားလတ် လည်း အထိန်းတော်ကြီး ရင်ခွင်မှထလျက် သလွန်တော်ထက်သို့ ပြောင်းရွှေ့ထိုင်နေ တော်မူလေ၏။
မယ်တော် အလယ်နန်းမတော်ဖုရား အဆောင်တော်မှ အပျိုတော် ခင်လေးကြီးလည်း စုဖုရား စံနေသော အဆောင်တော်သို့ ရိုသေစွာဝင်လာပြီး သလွန်တော်အနီးတွင် ခစားမိ သောအခါ စုဖုရားက-
"ခင်လေးကြီး ဘာများလျှောက်တင်စရာ ရှိသလဲ၊ မယ်မယ်ဖျားထံတော်က အမိန့်တော်ပါခဲ့ သလား"

"တင်ပါဘုရား၊ မယ်တော်ဖျားက အရှင်ထိပ်စုမြတ်ဖျားကို အဆောင်တော်သို့ အခေါ်တော် စေလွှတ်သည်နှင့် ရောက်လာရပါသည်ဘုရား"
"အလို ... ဘာဖြစ်လို့ အခေါ်တော်လွှတ်ရသည်တုံး ခင်လေးကြီးရဲ့၊ ဘာအကြောင်းထူး မိန့်တော်မူမယ်လို့ပါလိမ့်၊ ခင်လေးကြီး မရိပ်မိဘူးလား"
"ဖျာ့ကျွန်တော်မျိုးမလည်း အကြောင်းထူးရှိသည်လို့ မထင်မိကြောင်းပါဘုရား၊ သို့ရာတွင် မယ်တော်ဖျား အဆောင်တော်မှာ အစ်မတော် အရှင်ထိပ်စုဖုရားကြီးနှင့် ညီမတော် စုထား ဘုရားကလေးလည်း မယ်တော်ဖျားကြီးအပါးတော်မှာ ရှိနေကြောင်ပါဘုရား"

"ဒါဖြင့် မယ်ဖျား အဆောင်တော် ထွက်တော်မူရအောင် သစ်သစ်ရယ်"
ခင်ဘွားသစ်လည်း "တင်ပါဘုရား" ဆို၍ အပျိုတော် ခင်ဘုန်း၊ ခင်ဟေ စသည်တို့နှင့်အတူ စုဖုရားလတ် အတွက် ၀တ်လဲတော်များ လဲလှယ်ဆက်သလျက် ရှိလေ၏။
အပျိုတော်ကြီး ခင်မကြီးက စုဖုရားအတွက် ဖိနပ်တော်လာ၍ ဆက်ပြီးနောက် အထိန်းတော်ကြီး ခင်ဘွားသစ် အမှူးပြုကာ အဆောင်တော်ရှိ အပျိုတော်များ ဖြစ်ကြကုန် သော ခင်ဘုန်း၊ ခင်ဟေ၊ ခင်မကြီး စသည် တို့မှာ စုဖုရားလတ် ထွက်တော်မူရာ နောက်တော်မှ ပါလာကြလေသတည်း။

အခန်း (၂၀) ဆက်ရန်

No comments: