Tuesday, January 19, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၂)

အခန်း(၃၂)

အရှင် နန်းမတော် ထိပ်စုဖုရားလတ်သည် ဤမျှနှင့် ကျေနပ်တော်မမူသေးပေ၊ မောင်တော် သီပေါ ရွှေနန်းရှင်ဘုရားနှင့် နှစ်ပါးချင်း မေးမြန်းစုံစမ်းတော်မူဦးမည်ဟု ကြံစည်စိတ်ကူးရှိတော်မူသည့် အားလျှော် စွာ မီးရှူးဆောင်တော်မှ ကန့်သတ်ချက်နေ့ရက်စေ့ကုန်၍ နန်းမတော်ဆောင်ကြီးသို့ ပြန်လည် ရောက်ရှိ တော်မူသောနေ့တွင် မောင်တော် ရွှေနန်းရှင်ဘုရားလည်း နန်းမတော်ဖုရား၏ အဆောင်တော်သို့ ထွက်တော် မူ လာပြီး သမီးတော်ကြီးကို ရှုစားတော်မူလေ၏။

သမီးတော် ထိပ်စုဖုရားကြီးအား ခမည်းတော် သီပေါရွှေနန်းရှင်ဘုရားနှင့် မယ်တော် အရှင် နန်းမတော် ဖုရားတို့ အလိုတော်အတိုင်း အထိန်းတော်ကြီးနှစ်ဦးကို ရွေးကောက်ခန့်ထားတော်မူသည်ဖြစ်ရာ အထိန်း တော်ကြီး တစ်ဦးမှာ သုံးဆယ်မင်းသားကြီး၏ သမီး၊ သုံးဆယ်မြို့စား သုကေသာဝတီဖြစ်၍ တစ်ဦးမှာ ကောလင်း မင်းသားကြီး၏ မြေးတောင်စဉ် မြို့စား သုမန၀တီဖြစ်ရာ ထိုအထိန်းတော်ကြီးများအား မင်းသမီးကြီး တို့၏ အဆောင်အယောင် အခမ်းအနားပေး၍ အခြွေအရံ မြောက်မြားစွာတို့အပေါ်တွင် အကြီး အကဲ ပြုလျက် သမီးတော်ကြီးအား အလှည့်ကျ ထိန်းကြရသည်။ ရွှေနန်းရှင်ဘုရားလည်း အထိန်းတော် ကြီးတို့ လက်ပေါ်မှ သမီးတော်ကို ချစ်ခင်ယုယစွာ ရှုစားတော်မူပြီး နန်းမတော်ကြီးရှိရာ စက်တော်ဆောင်သို့ ၀င်တော်မူခဲ့လေ၏။

သလွန်ထက်တွင် နှစ်ပါးအတူ စံတော်မူမိသောအခါ အလ္လပ သလ္လပ ကိစ္စအ၀၀ကို အကြောင်းအားလျော်စွာ စကားနှီးနှော ပြောဟောတော်မူလျက်ရှိသည့်အတွင်းမှ အရှင် နန်းမတော်ဖုရားက စတင်၍ "ဒါနှင့် ... မောင်တော်ရယ်၊ နှမတော် မီးရှူးဆောင် စံမြန်းတော်မူခဲ့သည်မှာ နှစ်လနီးပါးမျှ ကြာရှိသဖြင့် မောင်တော် နှင့် နှမတော်တို့ တွေ့ဆုံတော်မူခွင့် မရှိလို့ ဘာအကျိုးအကြောင်းကိုမျှ မသိခဲ့ရပါ၊ မောင်တော်တစ်ပါးတည်း နှမတော်ကြီး မရှိသည့်အခိုက်အခါ ဘယ်လိုများ စံနေတော်မူပါလိမ့်မယ်ဆိုတာ နားလည်တော် မူချင် ပါဘိတယ်၊ မိန့်တော်မူစမ်းပ မောင်တော်ဘုရား" ဟု ပြုံးစနဲ့နဲ့ မျက်နှာနှင့် ကြည်သာစွာ မေးတော် မူလိုက်သောအခါ သီပေါရွှေနန်းရှင်ကလည်း ဣနြေ္ဒမဆင် ကြည်လင်ချိုသာသော မျက်နှာ နှင့် ရှုစားတော် မူကာ -

"သြော် ... သည်ကိစ္စများဟာ ဆန်းသည်မဟုတ်ပါ နှမတော်၊ မောင်တော်၏ ထံပါးတွင် ခစား ထမ်းရွက် လျက်ရှိသော မှူးတော် မတ်တော် စော်ဘွားမြို့စားများနှင့်တကွ လကဖက်ရည်တော် ကွမ်းရေတော် လက်သုံးတော် လူပျိုတော်အများ ခြံရပြီး နိုင်ငံတော်၏ အရေး၊ သာသနာတော်၏ အရေးမှစ၍ မချို့မတဲ့ ရအောင် ကြံဆောင်ဆွေးနွေးကြရသည်။ ဆယ့်နှစ်ရာသီ မင်းပွဲသဘင် ဆင်ယင်ကျင်းပရမြဲ ကိစ္စများ ကလည်း ရဟတ်လည်သည်နှင့်အမျှ သူ့လ သူ့ရာသီတို့တွင် ဘုရင်ကိုယ်တိုင် တောင်စမုတ် ဆောင်တော် သို့ ထွက်တော်မူ၍ ပြည်သူတို့အား ခေါင်းဆောင်ပြုလျက် ထုံးတမ်းစဉ်လာမပျက် အလှူတော် ရေစက်သွန်း ရခြင်း၊ ဇေတ၀န်ဆောငတော်မှာ သာသနာရေးကိစ္စတို့ကို ဆရာတော်ကြီးများနှင့် ဆွေးနွေးရခြင်း၊ ဗြဲတိုက် ဆောင်တော် တွင် တိုင်းပြည်အုပ်ချုပ်မှု စီမံခန့်ခွဲခြင်းတို့သာ အချိန်ကုန်ခဲ့ပါသည်။ နေ့ညီလာခံ ညညီလာခံ အပြီးများမှာလည်း ညောင်းညာတော်မူသည့်အခါ သလွန်ညောင်စောင်းတွင် လဲလျောင်း စံနေ၍ စာတော်ဖတ် များ ဖတ်ကြားလျှောက်တင်သည့် ရတုကဗျာ လင်္ကာမော်ကွန်းများကို ရွှေနားဆင်တဲ့ အခါ ဆင်ပြီး အငြီးပြေလိုသည့်အခါ သာယာတဲ့ ပန်းခုံတော်ထွက်၍ လက်သုံးတော်တို့ လျှောက်တင်ချက် ဖြစ်တဲ့ မြို့ပြ ပြည်ရွာ အတွင်းမှ သတင်းစကားများကို နားဆင်တော်မူသည့်အခါလည်း ရှိပါသည် နှမတော် ရယ်"

မိဖုရား ။ " ဒါပါပဲလား မောင်တော်ဘုရား"
မင်း ။ " မောင်တော် မှတ်မိသမျှဖြင့် ဒီလောက်မျှပါ၊ အဲ ... အဲ ... ကျန်သေးသည်၊ စက်တော်ခေါ်သည်၊ ပွဲတော် တည်ပါသည်၊ အိမ်သာတော်နှင့် ချိုးရေတော်ဆောင်များသို့ သွားသည့် အခါလည်း သွားပါသည်။ (ရယ်စရာသဘောနှင့် ပြုံး၍ မိန့်တော်မူသည်)
မိဖုရား ။ "သညမျှသာဖြင့် ဟုတ်မည်မထင်ပါ၊ စဉ်းစားတော်မူပါက သတိတော် ရပါလိမ့်ဦးမယ် မောင်တော် ဘုရား"

မင်း ။ "အသေးအဖွဲ့ကိစ္စကလေးများကိုတော့ မေ့လျော့နေလျှင်လည်း နေပါလိမ့်မည်၊ အရေးကြီးကျယ် ကိစ္စတော့ တစ်ခုမျှမရှိပါကလား၊ သြော် ... စဉ်းစားတော်မူမိပြီ၊ တစ်လောဆီက ညောင်အုပ် မင်းသား နယ်စပ် ကျောက်တိုင်အနီးပါးသို့ ထိပါးနှောင့်ယှက်ရန် လာသည်ကို ဆီးကြို တိုက်ခိုက် နှိမ်နင်းလိုက်တဲ့ မြေထဲ မြို့သူကြီး နေမျိုးသမန္တ ရာဇာကို မြေထဲမြို့ဝန် ခန့်တော်မူပြီး မိုးနဲစော်ဘွား ရပ်စောက်စော်ဘွားတို့ ကိစ္စများကြောင့် ၀န်ကြီးယော မြို့စားခေါင်းဆောင်ပြု၍ ရှမ်းတို့ပြည်ကို စေလွှတ်တော်မူပါသည် နှမတော်ရဲ့"
မိဖုရား ။  "နှမတော် မေးတော်မူခြင်းမှာ ကြီးကျယ်တဲ့ တိုင်းရေးပြည်ရေး၊ သာသနာတော်ရေး၊ ရွှေလွှတ်တော် ကြီးကအရေး၊ ဆွေတော်မျိုးတော်တို့ အရေးများ မဟုတ်ပါ၊ မှန်နန်းဆောင်တော်ကြီးမှာ စံနေတော် မူရစ်သည့် မောင်တော်ဘုရား တစ်ပါးတည်းရဲ့ အရေးကို မေးတော်မူခြင်းပါ"

မင်း ။ " အဲဒါကို မောင်တော် ဘယ်လိုမှ ဖြေတော်မမူတတ်ပါ၊ နှမတော်သိတော်မူချင်သည့် အရေးကိုသာ အမည် ထုတ်ဖော်လို့ မေးတော်မူပါတော့ဗျာ"
မိဖုရား ။ "ဒီလို ထုတ်ဖော်၍ မေးတော်မူပါလို့ အခွင့်ပြုတော်မူပါလျှင် သိတော်မူချင်တဲ့ ကိစ္စကို ဖွင့်ဟလို့ လျှောက်တင်ပါမည်၊ ဒီလိုပါ မောင်တော်ဘုရား၊ နှမတော် မီးရှူးသန့်စင် ဖွားမြင်တော်မူရန် မီးရှူးဆောင် တော်သို့ ပြောင်းရွှ့စံမြန်းတော်မူပြီး နေ့ရက်များမကြာမီပင် ရွှေနန်းတော်ကြီးပေါ်မှာ လေးသည်တော်များ ဘုံဆောင်မြင့်မှ အသင့်၊ အမှုတော်ထမ်းလျက် ရှိသော်လည်း မည်သည့်နည်းနှင့် ရောက်လာသည် မသိရ၊ ရွှေနန်းတော် တစ်ဝိုက်မှာ ချိုးသိုက်များ ရှိလေသလား၊ ချိုးငှက်များ တွန်မြည်သံကို အချိန်မှန် ကြားရသည်တဲ့ မောင်တော်ဘုရား၊ နှမတော်မှာ မီးရှူးတော်မြင်လျက်ကြောင့် တစ်စုံတစ်ရာ မကြားမသိ ရသော်လည်း အဆောင်တော်ထဲ၌ ခစားထမ်းရွက်နေကြသော မှူးကတော် မတ်ကတော်၊ မြို့စား၊ ရွာစား၊ အပျိုတော် ကြီးငယ်များသည် နေ့စဉ်နှင့်အမျှ ကြားရသော ချိုးကူသံကို အင်မတန် ထူးဆန်းလွန်းသဖြင့် သတိနှင့် ဂရုတစိုက် နားထောင်ကြသောအခါ ချိုးကူသံမှာ နေ့အခါ မပေါ်လာဘဲ ညဥ့်အခါ သူငယ် အိပ်ချိန် တွင်သာ ပေါ်လာတတ်တဲ့အပြင် ချိုးကဲသံ အစစ်မဟုတ်ဘဲ လူတစ်ဦးတစ်ယောက်က ချိုးမှုတ်သံ အချက် ပြ၍ ညညတိုင်း အချိန်းအဆိုပြုကြသည်ဟု ရိပ်မိကြပါသည်တဲ့ မောင်တော်ဘုရားရဲ့၊ နှမတော် လျှောက်ထား သည်ကို နားဆင်တော်မူလျက်က မျက်နှာတော် ဘာကြောင့် ပျက်ပါလိမ့်၊ နှစ်သက်တော် မမူ လို့ပါလား"

မင်း ။  "သြော် ... အင်း ... မိန့်တော်မူပါလေ၊ မောင်တော် မနှစ်သက်၍ မဟုတ်ပါဘူး၊ ထူးခြားတဲ့ ချိုး အကြောင်းကို အဆိုးအကောင်း မခွဲခြားနိုင်တဲ့အတွက် အံ့သြလျက် နားဆင်တော်မူနေခြင်း ဖြစ်ပါသည်"
မိဖုရား ။  "မောင်တော်ဘုရားက ယခုမှ အင်မတန် အံ့သြတော်မူသွားပါသလား၊ ယခင်က အဲဒီ ချိုးကူသံကို ကြားတော်မူခဲ့ဟန် မရှိလို့ထင့်"
မင်း ။  "မောင်မောင်ဖြင့် အမှတ်တမဲ့နှင့်မို့ ကြားတော်မမူမိပါဘူး နှမတော်ကြီးရယ်"

မိဖုရား ။  "မောင်တော် ကြားတော်မမူမိလျှင်သာ ရှိရမယ် ကူလိုက်သည့် ချိုးမှုတ်သံဟာ အချိန်မှန်မှန်ပင် မြောက်ဘက် ပန်းခုံတော်ဆီမှ ထွက်ပေါ်လာလေ့ရှိပါသလဲဘုရား၊ အိပ်ဖန်လှည့် အမှုတော်ထမ်း  များလည်း သည်မျှ ရမ်းကားဝံ့ကြမည်မထင်ကြောင်းပါ"
မင်း ။  "ဟုတ်ပါပေသည်၊ စဉ်းစားစရာ တစ်ရပ်ပေပ နှမတော်ရယ်"

မိဖုရား ။ "အဲဒီတော့ ဤကိစ္စ အချိန်းအချက်ဟာ ရွှေနန်းတော်ထဲမှာ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ လျှို့ဝှက်သော အထိမ်းအမှတ် အဆက်အသွယ်သာလျှင် ဖြစ်ရမည်၊ ဘယ်သူ့ဆီကို ဘယ်သူက ဆက်လိုက်သည့် အချိန်းအချက်လဲလို့ အကဲကို စောင့်ကြည့်စေပါတယ်၊ မောင်ဖေငယ်နှင့် ရနောင် မောင်တုတ် တို့ကို နှမတော်က ၀င်စေထွက်စေဆိုတဲ့ အခွင့်အရေးကို ပေးသနားတော်မူထား သော်လည်း အဲဒီအချိန်အခါက အနောက်ပိုင်းသို့ လာပုံ ထူးခြားသည်ကို ထပ်မံတွေ့ကြရပြန်ပါသည်"

မင်း ။  "အင်း ... သင်းတို့လက်ချက်များလေလား"
မိဖုရား ။  "ယခင့် ယခင်က တာဝန်ဝတ္တရားကြောင့် ၀င်ထွက်ခစားလာပုံမျိုး မဟုတ်ဘဲ မှောင်ရိပ်ထဲမှ ရပ်ကာ ရပ်ကာ ဒိုင်းခင်ခင်ကြီးနှင့် တီးတိုးတီးတိုး ပြောကြပါတယ်၊ တစ်ခါတစ်ခါလည်း ဘယ်ဆီကို ခေါ်သွား သည်မသိ၊ ညဥ့်နက်သန်းခေါင်အထိ လိုက်သွားတတ်ပါသည်တဲ့ မောင်တော်ဘုရား၊ သည်တော့ ကြာလျှင် ခက်ချည့်ရဲ့၊ ကာယကံရှင်ကို မြန်မြန်မိတဲ့အောင် ခင်ကြီးကို ထောင်၍ဖမ်းမှပင် ဖြစ်တော့မည်ဟု အကြံရသော ကြောင့် ညညမှာ ငါ့အပါးတော် လာ၍ ခစားရမည်လို့ ခင်ကြီးသို့ အမိန့်တော်ချထားရပါသည်။ သို့ရာတွင် ကာယကံရှင် တို့လည်း မမိ၊ ခင်ကြီး၏ အမူအရာမှာ တစ်ခါတစ်ခါ ပျက်သွားသည်မှတစ်ပါး ရနောင်စား နှင့် တောင်သမန်စားတို့နှင့် ညဥ့်အခါ ချိန်းချက်တွေ့ဆုံခြင်း မပြုရတော့ဘဲ လူစုကွဲ၍ သွားပါ သည်။

မင်း ။  "ရနောင်စား မောင်တုတ် တောင်သမန်စား မောင်ဖေငယ်တို့နှင့်ဆိုင်တဲ့ကိစ္စ ထင်ပါရဲ့ နှမတော်"
မိဖုရား ။  "နှမတော်တော့ ဒီလိုမထင်ပါ၊ သူတို့နှစ်ယောက်က တစ်နည်းတစ်လမ်းထွင်၍ ရှင်ဘုရင်ကို မျက်နှာ လုပ်ပြီး သမီးကညာ ဆက်လို့များ နေကြသလားလို့ စဉ်းစားတော်မူမိသဖြင့် မောင်တော်နှင့် ပွင့်ပွင့် လင်းလင်း ယခုလို ဘွင်းဘွင်းဖွင့်၍ မေးတော်မူရခြင်း ဖြစ်ပါတယ်"
မင်း ။  "နှမတော်ရယ် မိဖုရားငယ်၊ မောင်းမငယ်ဆိုတာ ရှင်ဘုရင်တကာမကင်းနိုင်ကြသည့် အသေး အဖွဲ့ကိစ္စများသာဖြစ်ပါတယ်၊ ရေးကြီးခွင်ကျယ်လုပ်၍ စိတ်ရှုပ်ခံတော်မမူပါနှင့်"
မိဖုရား ။  "အလို ... မောင်တော်ရွှေနန်းရှင် ဒီလိုများပင် ဖြစ်၍ နေတော်မူပြီလား" ဟု ရုတ်တရက် မူပြောင်းပြီး မျက်နှာထားကြီးကြီးနှင့် မိန့်တော်မူသည်တွင် သီပေါရွှေနန်းရှင်မှာလည်း နန်းမတော်ကြီး၏ စိတ်တော် ကို စဉ်းစားတော်မမူတတ်အောင် အကဲခတ် ခက်သွားသည်နှင့် -

မင်း ။  "မဟုတ်ပါဘူး နန်းမတော်ကြီး ဘယ်နည်းဘယ်ပုံများ မောင်တော်က ဖြစ်လို့ အသစ်လုပ်ပြီး မိန့်တော် မူရပါသလဲ"
မိဖုရား ။  "မိဖုရားငယ်၊ ကိုယ်လုပ်မောင်းမငယ်ဆိုတာ ရှင်ဘုရင်တကာ မကင်းနိုင်ကြဘူးဆိုတော့ မောင်တော် ရွှေနန်းရှင်မှာလည်း အဲဒီလို အပိုအငယ် အနှောင်းထားတဲ့ကိစ္စထဲမှာ အကျုံးဝင်သွား ပြီလို့ ၀န်ခံရာ ရောက်နေပြီ မဟုတ်ပါလား"

မင်း ။  "အဲဒီလို ယူဆပြီး မျက်နှာထားကြီးကြီးနှင့် မိန့်တော်မူလိုက်တော့ ဟိုယခင် ရေသွန်းနှင်းအပ် လက်ထပ်တော်မူပြီးစက အစ်မတော် စုဖုရားကြီးကိစ္စကို ပြေး၍ သတိတော်ရလိုက်သေးတယ်၊ အဲဒီထဲက နှမတော်မကြိုက်တာ မောင်တော်က မပြုခဲ့ဘူး မဟုတ်ပါလား၊ မောင်တော်ဟာ နှမတော်၏ စိတ်ကြိုက်ကို လိုက်လျောတော်မူခဲ့လွန်းလို့ပင် မကြာခင်က နှမတော်ကိုယ်တိုင်က မောင်ဘုရားကို အကြင်နာတရားနှင့် အားတုံ့အားနာ ရှိတော်မူခဲ့လို့ ညီမတော် ရမည်းသင်းစုလေးကို မြောက်နန်းမိဖုရားအဖြစ်ပေးပြီး အငြီး ဖြေတော်မူပါလို့ ကတိတော်ထားခဲ့သေးသည် မဟုတ်ပါလား၊ ဤမျှလောက်ပင် မောင်တော် ရွှေနန်းရှင်ကို ကြည်ဖြူတော်မူခဲ့ရာမှ ကိုယ်လုပ်မောင်းမ တစ်ဦးတစ်ယောက်ထားမည့် ကိစ္စကို စိတ်ချတော်မမူပြန်သေးဘဲ စိတ်ထဲ တအုံနွေးနွေး ဖြစ်တော်မူမနေရန် တောင်းပန်ခြင်းပါ နှမတော်ရယ်"

မိဖုရား ။  "ညီမတော် ရမည်းသင်းစုလေးကို မြောက်နန်းမိဖုရား အရာပေးဖို့ သဘောတူ လျာထားတော် မူခြင်းမှာ ညီမတော် အရင်းဖြစ်၍ ချစ်တော်မူလွန်းလို့သာ ဝေခွဲပေးတော်မူလိုပါသည်၊ သည့်ပြင်က ဘာမှ မဆိုင်တဲ့ ဟာမတွေဆိုလျှင် မိဖုရားငယ်ဘာမဆိုထားနှင့် ကိုယ်လုပ် မောင်းမအဖြစ်ကိုပင် ကြည်ဖြူတော် မမူချင်ပါ"
မင်း ။  "ညီမတော်ကို ကြည်ဖြူနိုင်လျှင် မဆိုင်တဲ့ဟာမတွေလည်း နည်းနည်းပါးပါးတော့ မျှတတော် မူလိုက်ပါဦးလား နှမတော်ရယ်" (ကျီစယ်ဟန်နှင့် မိန့်တော်မူသည်)
မိဖုရား ။  "တန်ပါ မောင်တော်ဘုရား၊ စကားနောက် တရားပါတတ်လွန်းလှလို့ တစ်ခွန်းစ နှစ်ခွန်းစမှ ဟ၀ံ့ စရာမရှိပါ၊ ဒါနှင့် မေးတော်မူတဲ့ လက်စကို ဆက်ပရစေ၊ ရနောင်နှင့် တောင်သမန်တို့တစ်တွေ ခင်ကြီးကို လာလာခေါ်သည်မှာ မောင်တော် အတွက်သာ ဖြစ်ရမည်လို့ ယူဆတော်မူမိပါသည်။ ဟုတ် မဟုတ်ကို ဖွင့်ထုတ် လို့ အတိအလင်း မိန့်တော်မူစမ်းပါ"

သီပေါရွှေနန်းရှင်ဘုရားလည်း နန်းမတော်ကြီးက ဒိုင်းခင်ခင်ကြီး ကိစ္စကို ဤမျှလောက် ခဲယဉ်းခြင်း ဖြစ်မည် မဟုတ်ဟု ယူဆထားတော်မူခဲ့ရာတွင် ယခု လက်ငင်းကြုံတွေ့ရသည့် အခြေအနေမှာ အထင်နှင့် အမြင် ကွာ၍ များစွာမလွယ်ကူသေးသဖြင့် ရှေးအရေး တင်ကြိုစဉ်းစားတော်မူကာ အရှင် နန်းမတော်ကြီး စိတ်ပြောင်းညွှတ်တော်မူချိန်ရောက်မှသာ အသိပေးသင့်သည်ဟု ရုတ်တရက် အရှက်ကိုငဲ့လျက် သိုဝှက် ထိန်ချန်တော် မူလိုက်တော့သည်။ ထို့ကြောင့် -
"နှမတော် ထင်တော်မူချက်ကဖြင့် တက်တက်စင်အောင် လွဲ၍နေပါပြီ၊ ဒီကိစ္စဟာ မောင်တော်နှင့် ဘာမျှ မဆိုင်ပါ၊ သူတို့ဟာနှင့် သူတို့ အချိတ်အဆက်ကို ရာဇဣနြေ္ဒပျက်အောင် အတွေးနက်တော်မမူပါနှင့် နှမတော် ရယ်" ဟု ကာကွယ်၍ မိန့်တော်မူလေ၏။

မိဖုရား ။  "မောင်တော်၏ အမိန့်တော်စကားကို နားရှိလို့ ကြားရသော်လည်း ယုံကြည်ရန် ခက်ခဲလှ ပါတော့သည်၊ ပန်းခုံတော်ဆီက ချိုးမြည်တဲ့အချိန်းအချက်မှာ လက်အောက်ငယ်သားများ သဘောအတိုင်း ဘယ်ပုံဘယ်နည်းနှင့်မျှ ပြုဝံ့ကြမည်မဟုတ်ပါဘူး၊ မောင်တော်တစ်ဦးတည်းနှင့်သာ တိုက်ရိုက် သက်ဆိုင် ပါသည်"
မင်း ။  "ခက်လို့နေပါပြီဗျာ၊ ဒီကိစ္စမှာ မောင်တော်နှင့် ဘာမျှမဆိုင်ပါဘူး နှမတော်၊ မောင်တော်ဟာ ရှင်ဘုရင်တစ်ပါးဖြစ်နေပါလျက်နှင့် ကိုယ်လုပ်မောင်းမ တစ်ယောက်တလေ ခြေတော်တင်လိုသည့် အချက် ကြောင့်ဖြင့် သည့်ကလောက် ခက်ခက်ခဲခဲ ကွယ်ကွယ်ထောင့်ထောင့် ပြုမည်မဟုတ်ပါ မောင်တော် မလိုလား ၍သာ ဤမျှကြာအောင် နေတော်မူခဲ့သည် မဟုတ်ပါလား"
မိဖုရား ။  "သြော် ... မောင်တော်က အလိုမရှိ၍သာ နေတော်မူခဲ့သည်၊ ကိုယ်လုပ်မောင်းမ ခြေတော် တင်လိုသည့်အခါတွင် ရှင်ဘုရင်ပီပီ ယူတော်မူနိုင်သည်ဆိုပါတော့"

မင်း ။  "မောင်တော်က စကားဥပမာ တင်စား၍ ပြောပါသည်၊ မောင်တော်ရဲ့ မနောကလည်း နှမတော် သဘော မကျလျှင် ဘာကိုမျှ မတိုင်ပင်ဘဲ ပြုတော်မမူပါဘူးဗျာ၊ ရန်လိုတော်မမူစမ်းပါနဲ့"
မိဖုရား ။  "အမှုသွားက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်၊ ဘယ်လိုပင် မောင်တော် ဖုံးကွယ် ပေတဲ့ အလှည့်သင့်တဲ့အခါ အလိုအလျောက် ပေါ်လာမှာပါပဲ မောင်တော်ရဲ့"
မင်း ။  "တကယ့်ကို အကျပ်ကိုင်လို့ အနိုင်ယူ၍ မိန့်တော်မူနေတော့တာပဲ နှမတော်ရယ်၊ မောင်တော် ဘယ်လိုပင် ပြောပြော သဘောတော်ကျမည် မဟုတ်လို့ နောက်ဆုတ်၍ အရှုံးခံတော်မူတော့မည်၊ ဒီစကား ကို ဒီမျှနှင့်ရပ်အောင် အဆောင်တော်ဘမရာသနကို ပြန်ကြွဦးတော့မယ် နှမတော်"
မိဖုရား ။  "ကောင်းပါပြီ မောင်တော်၊ ကြွတော်မူမှ စခန်းရပ်၍ ဒီစကားလမ်းပြတ်ပါလိမ့်မယ်"

သီပေါရွှေနန်းရှင်ဘုရားသည် ရုတ်တရက် စကားပြတ်အောင် ဘမရာသ မှန်နန်းတော် ဆောင်ဆီသို့ ကြွချီခဲ့၍ ပြန်လည်ဆိုက်ရောက်တော်မူပြီးနောက် အချိန်အခါ မကြာမြင့်မီကလေးပင် ခင်ဘုန်းနှင့် ခင်ဟေ တို့ ရွှေနန်းရှင်ဘုရား ရှေ့တော်သို့ ၀င်ရောက်လာပြီး လက်ထဲမှ အလွှာတော်တစ်ခုကို ကိုင်လျက် "အရှင် နန်းမတော်ဖုရားက ပို့ဆက်ခိုင်းလိုက်ကြောင်းပါဘုရား" ဟု လျှောက်တင်ဆက်သ၍ ဦးချပြီး အလျင်အမြန် ပြန်ထွက်သွားကြသဖြင့် ရွှေနန်းရှင်ဘုရားလည်း "အလို ... အရေးတကြီးနဲ့ ဘာများပါလိမ့်" ဟု ဆိုကာ အလွှာတော်ကို ရှုစားတော်မူလိုက်လျှင် -
မှိတ်လို့ငယ်မူ ... သိသူကိုသိုသိတ်လို့ မျိုကြိတ်နိုင်အား ။    ။ အချစ်ကယ်ပြင် အသစ်ကလေးဟိုမှာမြင်လို့ ရွှေထီးတွင် တင်တဲ့ငြမ်းလို မောင်မောင်ရေ ဂျမ်းဖျက်သလား။

ဟု ဖတ်ရှုတော်မူရသောအခါ အတန်ကြာအောင် ငေးစိုက်တော်မူလျက် ပင့်သက်ရှိုက်တော်မူကာ "သြော် ... နှမတော်ကြီးမှာ ဘာမှမဟုတ်ဘဲ ကိစ္စကလေးနဲ့ အရေးတကြီး ဖြစ်တော်မူနေပါတကား၊ ခင်ကြီးကိုလည်း သနားစရာ ကောင်းနေပြီ၊ အစက ဒီလို ခဲယဉ်းမည်မထင်တဲ့အတွက် နှစ်သက်လှတဲ့ ခင်ခင်ကြီးကို အပြီး သိမ်းပိုက်တော် မူလိုက်တော့တယ်၊ ဟယ် ... ခဏခေတ္တ သူသင်္ကာယနကင်းအောင် ခပ်ရှင်းရှင်း နေတော် မူဦးမယ်၊ သည်အတောအတွင်းမှာ စိတ်တော် နူးညွတ်၍လာအောင် သွေးဆောင်ချော့မော့ ပြောတော် မူမည်၊ စုဖုရားကြီးကိစ္စကဲ့သို့ စိတ်မလွယ်ကူ သည့်အတွက် ရက်ပေါင်း နှယ်ဆယ်ကျော်မျှ အဆက်အသွယ် ပြတ်လပ်လျက် ရှိရာ ချစ်ခင်ကြင်နာ မြတ်နိုးတော်မူခါစ အရွယ်ကလည်း ငယ်ရှာလှ၍ ကလေးပမာ သနားစရာ ၀သီနှင့် တီတီတာတာ တင်လျှောက်လေ့ရှိသည့် ခင်ခင်ကြီး၏ သာယာသော အသံကလေးကို တရေးရေး ကြားယောင်လွမ်းဆွတ်တော်မူကာ ပွဲတော်စာများပင် သုံးဆောင်မူလျော့နည်းလျက် ရှိတော်မူ လေသတည်း။

တေးထပ်
၁။    အင်မတန် ဖူးချင်လှသူမို့ ထူးတင်ရလျင်စွာ ဥကင်သ သင်္ခါဝယ်- ကြင်
    ပနာမမျှ။  ။ လျှပ်တလက် -စက်မပျော်တယ်-မျက်နှာတော်ဖူးလို့မ၀။
    ပွဲတော်ကျချဉ်ရဲပြေကို-ထင်လွဲလေရှည်စွာ-ဘွင်သဲခြေကြည်မြလို့-မတည်ပ
    ဒုက္ခံ။   ။ ငါ့တစ်မြင် ရွှေကြော့ကွင်းကဲ့သို့-ရော့မတင်းဖြစ်ရသည့်ဟန်။
    တော့သနင်း မကြံလျှင်-ကံသာကံတရားလို့-နှစ်ပါးနတ် စက်တော်သာ-
    တိုးရတော့သာ။   ။ ဖျကျွန်မ တစ်မျက်နှာမှာ အသက်ပါဆက်ပြီးဖျလေး။
၂။    ဖျကျွန်မခက်ခွင်မှာ ရက်ရင့်လို့သဲနာ-ရတက်နှင့် လဲရှာအောင် မလွဲသာ
    ကြိမ်ခွင်။   ။ သေ၀ံ့လို့ ခြွေစွန့်ပါတယ်-နေညွန့်ညှာဘုန်းကလိန်နှင့်။   ။
    ကိုယ်တော့ကြောင့် ငိုရော့ဖန်တယ်-အိုပေါ့ရန်သခင့်-ညိုတော့ မာန်အခွင့်
    မို့-အဆင့်ဆင့်ဗျပါ။   ။ နေ့လိုလို-ညဥ့်ကလားငယ်နှင့်-လင့်စားလို့နေ
    ရတော့သာ။   ။ တင့်တစ်ပါးမညှာရင် သတ္တ၀ါသည်ကလေ့မှာဖြင့်-
    တငွေ့ငွေ့ ချုံးကြုံ့ဆူ-ဘုန်းဘုန့်အပူ။   ။ ကိုယ်တော်မှ မကယ်ယူလျှင်
    ငယ်    ရွယ်သူ ကြာဘူးဖျလေး ။    ။

လေးချိုးသဖြန်

၁။    ငွေမှန်ကို-နေလျှံကြောက်သည်လို့ ရဝေစံ ရွှေမာန်ပေါက်မှဖြင့် သေကံ
    ရောက်ခက်တော့မယ်။   ။ အသက်ဆုံးမှာကြောင့် မျက်လုံးတောင် မော်မ၀ံ့ပါဟု အဓွန့်ရှည     ရက်ကြာဆွဲလို့ရယ်-ခဲကဲ့ရတယ်။   ။ အထက်နေစိန်တရုံးငယ်က-ကျက်သရေအမှိန်ဆုံးကို
    မှ နှလုံးလှ ညှာမတွယ်ရင်-ဘယ်ဝယ်မှ ဖြောင့်ပေဘူး။   ။ လဲ့လဲ့ငယ်ကြံ ရဲ့ရဲ့ကလေး     အနိုင်ခတော့တယ်-အမော်ဥာဏ် မကြံလိုက်သာလို့ မကိုဋ်ကို-ကွယ်ရာက လွမ်းရတယ်
    ကိုယ်တော်ရေ-ကျွမ်းပြန်လို့ရူး။   ။

၂။    နေစကြာ-အရှိန်ကျွေ့တာကြောင့်-ရွှေမျက်နှာ သိမ်မမွေ့နိုင်ဘု-ဣနြေ္ဒ့ရင်မို့သာ။   ။ မဖူး
    ရနိုင်လို့-ဦးချကာဖြေမရွှင်၍-ရွှေသဇင်နေထိပန်းလို နွမ်းလျသည့်တာ။   ။ မြမျက်တောင်     ရှိန်မှေးနိုင်ဘု-အို ... လာလိမ့်မယ် မျှော်ကာသား။   ။ မပိုင်သာ-ရုပ်ဖျောက် ကယ်အနိုင်ခွာ
    လို့-ဆိုင်ရာခွင့်မပေးတာကြောင့်ရယ်-ကိုယ်တော်ရေ နှေးထင့်ဘုရား။   ။

၃။    ထုံးဆံကေရှိုတစ်ပတ်ကယ်နှင့်-ကိုယ်ကြပ်ကယ်က လုံ့တလုံ့။   ။ ကြယ်ပွင့်ထိုး-ရွှေကြိုးကို
    -ကိုယ်တော်ဖြုတ်စဉ်က-ဟာ ဆုတ်ပါမဆိုရက်နိုင်လို့ရတက်ပွေ နေ့ရှည်သွေးခဲတယ်-ေးလးခင့်ဖြစ်ပုံ။   ။ ရဝေမှာ ဘေထပ်သည်သို့ ဘအေကို မယ်ကျေနပ်တာမို့ ရေငတ်လို့     ရွှေရင်ခုန်တယ်-ပုံပါငဲ့အလုံး။ နုဘဒါ-သူ့ခမျာ တာမရှည်တဲ့ပြင်-ကညာရေ ခ၀ါလျှောကာမှ-
    သဘောကို တဖုံပြင်လို့ လုံခင်မှာ အမြင်ကောရတယ် ကိုယ်တော်ရေ-ပြောမမေ့ဆုံးတဲ့မှ-
    ရွှေနန်းရှင်ဘုရား-ကြောလေ့အရှုံး။   ။

သီပေါရွှေနန်းရှင်သည် အရှင်နန်းမတော်ဖုရား၏ စိတ်ထားတင်းမာတော်မူခြင်းကြောင့် ပန်းခုံတော် အတွင်းတွင် ဒိုင်းခင်ခင်ကြီးနှင့် တွေ့ဆုံတော်မမူရတော့သော အချိန်အခါမှစ၍ စိတ်တော်မကြည် မလင်ရှိခဲ့သည်နှင့်အမျှ ဒိုင်းခင်ခင်ကြီးမှာလည်း ရွှေနန်းရှင်ဘုရားနည်းတူ၊ ပူဆွေးလွမ်းဆွတ်လှသော စိတ်ဖြင့် မအိပ်နိုင်မစားနိုင် တငိုင်ငိုင်တငေးငေး မျက်ရည်ကလေးတ၀ဲဝဲ ဖြစ်နေရှာသည်၊ သီပေါ ရွှေနန်းရှင်ဘုရားအား ခံ့ညားကြောက်ရွံ့ရိုသေသည်ထက် အချစ်စိတ်က မွှန်လျှက် ရှိလေရာ ဖူးတွေ့ခွင့်မရတိုင်း သောကလှိုင်း ရေယဉ်ဝယ် တလယ်လယ် မျောပါး၍ စိတ်ဒုက္ခ ခံစားနေရ ရှာတော့သည်တွင် နေ့စဉ်နှင့်အမျှ မိမိ ခံစားရသော စိတ်ဒုက္ခ ဝေဒနာကို သေချာဂန မှတ်တမ်း သကာ၊ လွမ်းသူ့စာခွေအဖြစ်နှင့် ချစ်လှသော အစ်ကိုဖြစ်သူ မောင်မောင်ငယ် မှတစ်ဆင့် အခွင့်သင့်သလို ရွှေနန်းရှင်ဘုရားသို့ ရေးဆက်ပေးပို့ပါမည့်အကြောင်း တောင်းပန်ခယ၍ အချိန်းအချက် ပြုထား  ကြသည့် အလျောက်၊ မောင်မောင်ငယ်သည် နှမသည် ခင်ခင်ကြီးအတွက် စိတ်လက် မကောင်း လှစွာနှင့်ပင် သူ လျှောက်တင်ချင်သော စကားများကို မှာတမ်း၊ တေးထပ်၊ လေးချိုး၊ သဖြန် များ အဖြစ်သို့ ပြောင်းလဲ ဖန်တီးကာ ရွှေနန်းရှင်ဘုရား လက်တော်သို့ ပို့ဆက်ရရှာတော့သည်။ သီပေါ ရွှေနန်းရှင် ဘုရားလည်း ခင်ခင်ကြီး ထံမှ ပို့ဆက်သည့် အထက်ပါ တေးထပ်မှာတမ်းများကို ရှုစားတော်မူကာ အလွန် တရာပင် သနားကြင်နာ တော်မူမိပြီး အူသည်းလှိုက်မျှ ရှိတော်မူရလေ၏။

မင်း ။  "ငါကိုယ်တော်လည်း ခင်ကြီးအတွက်နှင့် စိတ်လက်ညိုးနွမ်းတော်မူလှသည် မောင်မင်းများ၊ နန်းမတော်စုထား၏ စိတ်မှာ မူလအထင်အမြင်နှင့် အင်မတန် အလှမ်းကွာနေတဲ့အတွက်၊ ရှေ့ရေးကို ငဲ့ကွက်သဖြင့် ချင့ချင့်ချိန်ချိန် ကိုယ်ရှိန်သတ်နေတော်မူရသည့်၊ တာရှည်အောင့်အင်း၍ ချစ်ခြင်းကို ဖြတ်တော်မူနိုင်မည် မဟုတ်ဘူးကွဲ့"
ငယ် ။ "ရာဇပလ္လင်ကို သိမ်းမြန်း၍ ထီးနန်းကို စိုးပိုင်တော်မူသော ဧကရာဇ် ဘုရင်တစ်ပါးဖြစ်သည်နှင့်အညီ အလိုတော်ရှိတိုင်း မဆုတ်မဆိုင်း စီမံခန့်ခွဲတော်မူနိုင်ခွင့်ရှိကြောင်း ပါဘုရား"
မင်း ။  "မှန်ပေသည် မောင်မင်း၊ ရှင်ဘုရင်ဖြစ်နေကြောင်းကို မောင်မင်းတို့က မကြာခဏ ယခုလို သတိပေးနေကြသည်မှာ အားမလိုအားမရ ဖြစ်နေကြတာကြောင့် မဟုတ်လား၊ ငါ့မှာ ထောက်ထား ငဲ့ညှာ အားနာ တတ်တဲ့စိတ်ကလည်း ရှိတော်မူတာတစ်ကြောင်း၊ ထီးဆောင်းဘုရင်အဖြစ်သို့ ရောက်အောင် ဆောင်ရွက် အပ်နှင်းတော်မူလာသူ မိကြီးတော် ဆင်ဖြူမရှင်ဖုရား မျက်နှာတော်နှင့် ခမည်းတော်ဘုရား မျက်နှာတော်များကိုလည်း ထောက်ထားတော်မူရသေးတယ်။

နန်းမတော်ကြီး စိတ်တော်ကိုလည်း အသိသား၊ အာဏာအားကိုးနဲ့ တဇွတ်ထိုးပြုတော်မူချင်တတ်သည်ကွဲ့၊ သူ့စိတ် တော်အလှည့်သင့်ပြန်လျှင် အင်မတန် ရက်ရောတော်မူတာကိုလည်း မောင်မင်းတို့ အသိပဲ မဟုတ်လား၊ ဒီတော့ ကိစ္စအရပ်ရပ် အေးအေးချမ်းချမ်းနှင့် ပြီးစီးသွားရန် ဟန်မပျက် စောင့်စား နေတော်မူ ခြင်းသာ ဖြစ်တယ်"
ငယ် ။  "မှန်လှပါဘုရား၊ ကျွန်တော်မျိုးများ လျှောက်တင်တဲ့ စေတနာက ဘ၀ရှင်ဘုရားမှာ စိတ်တော်ဆင်းရဲလှသည့် ဝေဒနာ ခံစားတော်မူနေရသည်ကို မမြင်ရက်၍သာ ဖြစ်ပါကြောင်းဘုရား၊ ငယ်ကျွန်ကြီး များဟာ ဘ၀ရှင်ဘုရား စိတ်တော်ချမ်းသာမှုအတွက်ဆိုရင် အသက်ကိုပင် အန်လို့ ဆက်ရ စေတော့ ပေးဆက်နိုင်ကြောင်းပါဘုရား"
မင်း ။  "မောင်မင်းစေတနာကို ငါကိုယ်တော် သိပါတယ်၊ တကယ်ဆိုလျှင် ခင်ကြီးကို ဘယ်နည်းနှင့်မျှ ကြာကြာလမ်းဖြတ်တော် မမူနိုင်ပါဘူး၊ ညဥ့်ညဥ့်အခါ စက်တော်သာခေါ်ရသည် ပျော်တော်မူတည်လု့မရှိ၊ သူ၏ ချစ်စရာမျက်နှာကလေးကို တရေးရေး မြင်တော်မူ၍ချည်း နေသည်။ ကိုယ်တော်၏ ရွှေနားတော် မှာလည်း ခင်ကြီးလျှောက်တင်ရှာတဲ့ တီတီတာတာ အသံကလေးကိုသာ တစာစာ ကြားယောင် တော်မူလျက်ရှိသည်။

ငယ် ။  "မှန်လှပါကြောင်းဘုရား၊ အရှင်မင်းမြတ်ကဲ့သို့ ရေမြေ့သနင်း ပြည့်ရှင်မင်းတစ်ပါးပင်လျှင် တန့်စားဖြေဆည်တော်မူရန် ခဲယဉ်းပါလျှင် ခင်ခင်ကြီးကဲ့သို့ မိန်းမငယ်ကလေးတစ်ဦးမှာ ရူး၍သာ သွားသင့်ပါတော့သည်ဘုရား၊ သနားညှာတာတော်မူပါသဖြင့် တင့်တင့်တယ်တယ် ချီးမြှောက်တော်မူပါမှ သူ့ခမျာ သက်သာခွင့်ရရှာပါလိမ့်မည်ဘုရား"
မင်း ။  "မောင်မင်းတို့ထက်ပင် ငါကိုယ်တော်က မြန်မြန်ကြီး သူကောင်းပြုတော်မူချင်လှပါသည်။ သို့ရာတွင် ယခုအခါ နန်းမတော်ကြီးက တစ်မျိုးတစ်မည် ဖြစ်တော်မူပုံရသဖြင့် ခဏစောင့်လို့ အကဲခတ်နေခြင်းမျှသာ ဖြစ်တယ်၊ ဒီအကြောင်းကို ခင်ခင်ကြီး ကောင်းကောင်း နားလည်သိရှိအောင် မောင်မင်းတို့က ဖျောင်းဖျ နားချလို့ ထားကြပါ၊ အင်း ... ငါကိုယ်တော်က မှာလို့သာ မှာရတယ် သာ၍ပင် မဖြေဆည်းနိုင်ဘူး မောင်မင်း တို့ရယ်၊ နေ့နေ့ညည အမြဲပင် သတိတော်ရလျက် နေတော်မူတဲ့အပြင် စက်တော်ခဲ၍ မေ့ခနဲ ပျော်တော်မူ သွားခိုက်ကလေးမှာပင် ခင်ကြီးကို ယုယပိုက်ဖျား သနားချစ်ခင်စွာ တွေ့ဆုံတော်မူရတယ်လို့ အိပ်မက် မြင်တော်မူမိတယ်။

ငယ် ။  "မှန်လှပါကြောင်းဘုရား၊ တစ်ဦးနှင့်တစ်ဦး ထူးကဲသော မေတ္တာဓာတ် အဟုန်က အာရုံဝင်စား လွန်းတဲ့အတွက် စက်ပျော်တော်မူချိန်မှာ လိပ်ပြာချင်း ယှဉ်နွှဲ၍ အမြဲတွေ့ဆုံတော်မူလျက် ရှိခြင်းကြောင့် အိပ်မက်တွင် အရိပ်ပေါ်ပြီး နိမိတ်တော်ပြခြင်းပါဘုရား"
မင်း ။  "ဟုတ်ပါလိမ့်မယ် မောင်ဖေငယ်ရဲ့၊ မိန့်တော်မူတဲ့လက်စနှင့် ဆက်လို့ ပြောရဦးမည်၊ ယမန်နေ့ဆီက ညပဟိုရ် နှစချက်တီးအကျော်မှ မှေးခနဲ စက်ပျော်တော်မူသွားသည်တွင် ခင်ခင်ကြီးနှင့် မြောက်ဘက် ပန်းခုံတော်ထဲတွင် ယခင်ကလို နှစ်ကိုယ်တော်တွေ့၍ ပျော်မွေ့ရယ်ရွှင် ခွန်းတုံ့တင်တော်မူလိုက်သည့်အခါ ခင်ကြီးမှာ ခါတိုင်းလို ပြုံးပြုံးချိုချိုမရှိ၊ ငါ့ကို စိတ်နာသည့် မျက်နှာ နှင့် စိုက်၍ကြည့်လျက် မျက်ရည်တွေ သွင်သွင်စီးပြီး တစ်ခါတည်း ကျောခိုင်းလျက် ထွက်သွားသည်ဟု အိပ်မက်မြင်တော်မူသည့်အတွက် ရုတ်တရက် ထိတ်လန့်တကြားနှင့် ဘွားခနဲ လန့်၍ နိုးတော်မူတယ်။ စိတ်တော်ကိုခိုင်ခိုင်ထားသော်လည်း လွမ်းအားတော်ကြွယ်လှလို့ မျက်ရည် လည်တော်မူလိုက်ရသေးတယ်၊ ခင်ခင်ကြီးခမျာလည်း ငါကဲ့သို့ပင် ဖြစ်ရှာမှာပေပဲလို့ ကိုယ်ချင်းစာ စိတ်ထားနှင့် သနားတော်မူလှတယ်။ သို့အတွက်ကြောင့် ငါကိုယ်တော်တိုင် တွေ့ဆုံတော်မမူနိုင် သည့်အချိန်အခါ၊ မှာတမ်းတော်များ ရေးသား၍ ကိုယ်တော်စား အလွမ်းပြေအောင် ပေးသနားတော် မူလိုတယ်၊ ငါ၏ အဖြစ်အပျက်ကို မောင်မင်းထက်ပို၍ သိသူလည်း မရှိသဖြင့် သင့်သလို ရေးသား ပေးပို့စေ မောင်မင်း"

ငယ် ။  "မှန်လှပါ ဗျာဒိတ်တော်မြတ်အတိုင်း စေခိုင်းတော်မူသော မှာတမ်းတော်ကို ကျွန်တော်မျိုး ရေးသား လျက် အရှင့်လက်တော်သို့ ဆက်သပါမယ်ဘုရား"
မောင်မောင်ငယ်သည် ချစ်နှမငယ်နှင့် အရှင်သခင်အကြားတွင် စာဆိုတော် တောင်သမန် လယ်စားကြီး ဟူသော အရည်အချင်းဖြင့် မင်းသူကောင်းပြု မြှောက်စာခြင်းခံရသူပီပီ တတ်သော ပညာ မနေသာ သည့် အတိုင်း စေခိုင်းသော အမှုတော်ကို ကျေပွန်စွာ ထမ်းဆောင်ရရှာတော့သည်။ ခင်ခင်ကြီးက ပေးစေလိုသော တင်လွှာတော်များကိုလည်း မိမိပင် ရေးသားဆက်သပေးရလျက် ရွှေနန်းရှင် ဘုရား အတွက်ကိုလည်း ငယ်ကျွန်တော်ရင်း စာဆိုတော်ကြီးဖြစ်သောကြောင့် မိမိကိုယ်တိုင် ရေးသားကာ မောင်မောင်တုတ် နှင့် အတူ ခင်ခင်ကြီးထံ လာရောက်ကာ တိတ်တဆိတ် ပေးပို့ရတော့သည်ဖြစ်ရာ ဤကိစ္စ တွင် မောင်မောင်ငယ်သာလျှင် အဖန်ဖန်အခါခါ ပုဏ္ဏားဒိုင် လုပ်နေရရှာတော့သတည်း။
 
တေးထပ်

၁။    စိန်သလွန်ကြာကြွမှာ-ဟာဘုရာ့တွန့်ကာ-နာလှလို့ လွန့်ရှာတယ်၊ မ၀ံ့ပါကိုယ်တော့။  ။
    ငိုတဲ့လို့စုတ်စုတ်ခေါ်တယ်-ဆုတ်ဆုတ်နော်တွန်းလို့ခွေပျော့။   ။ စိမ်းသူမို့ မရဲရှာတယ်-
    ပုလဲညှာအသော့-အသဲမှာနာရော့ထင့်-ဟာနော့နှင့်ရုန်းရှာ။   ။ သည်တော့ခါ-ဟင့်အင့်
    ဟင့်ဟာမို့-တင့်တင်တင့်-ခွန်းချော့မြူခါ။   ။ ပြဒုငြမ်း တသဉ္ဇာမှာ-မင်္ဂလာချိန်ရက်ထင့်-
    အိပ်မက်တော်ဒေ၀ရင်-ပေးလှာတဲ့အင်။   ။ သည်ထည်းက မစက်ချင်တယ်- အသက်
    ပင် သေစမ်းတော့လေး။   ။

လေးဆစ်သဖြန်

၂။    ရွှေသောတိန်မငြိမ်သက်စေဘို့-နေမောရိန်ဂေါဝိန်ဘက်ခါမှ-စောအိပ်မက်မြင်ရတယ်။  ။
    စွန့်လိုသာပွေ့ရတော့-လွန့်၍နော်ဟာဘုရင်နှင့်-တစာစာတွန့ကာရုန်းပါလို့-ပြုံး၍ကျီစယ်။
    မြကေသီရွှေဆံပတ်ကယ်နှင့်-လှဒေ၀ီနေလာနတ်ကိုဖြင့်-သေမတတ်တွေ့ရဘွယ်-မေ့မယ်
    လို့မေ့နိုင်ဘူး။ ချိန်စက်လျှင် အိပ်မက်ကို တကယ်ထင်၍၊ ခင်ခင်-ခင်ခင်လို့ စောမိတယ်
    (ခင်ကြီးရေ) သောကနှင့်ရူး။   ။

၃။    မြကေသီ-ရွှေရောင်ဘွဲ့ငယ်က-လှဒေ၀ီ သွေရှောင်ငဲ့သော်လည်း-ဆွေမောင်နဲ့ကြင်တဲ့ခင်။ ။
    မျိုမတတ်ပါဘဲ-ကိုယ်ကြပ်တော် ဆင်မညိုးမှာလ-ရင်ထိုးတော် ဟင်္သာရုပ်ကို-ဘုန်းဖြုတ်လို့
    ပင်။   ။ အရှက်ကုန် သိက္ခာယွင်းစေတော့- နှစ်သက်လုံရိပ်ကြာတွင်းမှာလ-လိပ်ပြာချင်း
    တွေ့ထဲ့အင်ကို-မေ့ရင်ဖြင့်ကံတရား။   ။ စိန်းနိုင်ဘူ့ခင်ပလိန်းပကြန်ဆင်လို့-ပိန်းပင်ကို
    နွယ်ချိုရစ်တဲ့နှယ်-ဘုန်းပစ် မသွားတယမှ (ခင့်ရေ)ထုံးအသစ်ပွား ။   ။

၎။    ရွှေစိန်ရောင်-နားပန်ဘဲ-ပါလို့-၀တ်လဲတော်-ရာကျရဲငယ်နှင့်-ငွေဖဲကန့်ဆင်လို့နော်။  ။
    ရွယ်မရိပ်ခင်က-ငယ်စိတ်တော်ကပိုကရိုနှင့်-အလိုလိုနဂိုရ်လှသူမို့ရယ်-သောင်းမြေက ကျော်။   ။ 
    နွဲ့မဟာသူကလေးမှာဖြင့်- လဲ့ပြာပြာမမူသေးခင်က-လူမေးလို့စုတ်သတ်ခေါ်
    တယ်-မော်မယ်ပသည်ဘ၀။   ။ သေးသွယ်သွယ်-မြတ်လေးခိုင်ငွေစံပယ်သို့-ရွှေအရွယ်
    ငယ်ငယ်ကသင်းပါဘိတယ်-မင်းခင့်သီလ။   ။

၅။    ကြံမဆိတ်နိုင်ဘူး-မှန်ရိပ်မှာတဲ့ ပုံတသွင်။   ။ တစေ့စေ့ငယ်နှင့်-တစ်နေ့ကိုဆယ်ကြိမ်တွေ
    လို-သိမ်သရေ သည်တစ်ပါးငယ်ကြောင့် တရားကွယ်ဖြေမအေးနိုင်ဘူ့-တွေးမိတိုင်းမြင်။
    ထုံးဆံကေရှိုတစ်ပတ်ကယ်နှင့်-သုံးရံရွှေပျိုတလပ်တွင်မှ ကိုယ်ကြပ်တော် ရွှေကြယ်ဆင်
    ရယ်-ငယ်သွင်မှ မပျောက်သေး။   ။ အဖြစ်ကယ်စုံ-သနစ်ကုန် ချော့မညီးအောင်ပ-တွတ်
    တီးရယ် တွက်တာနှင့် သူငါကို ပူဆာရစ်လိမ့်မယ်-ဘုန်းချစ်တဲ့သွေး။   ။

အရှင်နန်းမတော်ဘုရားနှင့်တကွ အပျိုတော်များ သိရှိရိပ်မိသွားမည်ကိုလည်း တစ်နည်းအားဖြင့် ကြောက်ရွံ့စိုးရိမ်သောစိတ်ကြောင့် အတွင်းကြိတ် ပူဆွေးလွမ်းလျနေရှာသူ ဒိုင်းခင်ခင်ကြီးမှာ မောင်မောင် ငယ် လျှို့ဝှက်စွာ လာရောက်ပေးပို့သွားသော ရွှေနန်းရှင်ဘုရားထံမှ မှာတမ်းတော်များ ပါသည့် အလွှာကို ဖတ်ရှု တွေ့မြင်ရှိသောအခါ ကိုယ်တိုင်တော် တွေ့ခွင့်မရ၍သာ မှာတမ်းစာပေး တော်မူရှာ သည်ဟု မဆည်နိုင်အောင် ၀မ်းနည်းလျက် မျက်ရည်မသိမ်းနိုင်အောင် ဖြစ်ရရှာတော့သည်။

"အစ်ကိုရယ် ... အစ်ကိုတို့ ရွှေနန်းရှင်ဘုရားမှာလည်း သနားစရာ ဖြစ်နေရှာပါပြီ၊ သည်အခြေအနေကို ရောက်အောင် အစ်ကိုတို့ဝင်ပြီး ဆောင်ရွက်ပေးခဲ့ကြပြီးမှ ခုလိုမြွေမသေ တုတ်မကျိုးတဲ့ အဖြစ်ဆိုးကြီးကို ကြာရှည် ကြည့်၍ မနေကြပါနှင့်၊ ကြံလို့ဖန်လို့ ပေးကြပါ၊ ရနောင် ကိုကိုကြီးဟာလည်း အစကဖြင့် မစားရ-၀,ခမန်း လျှမ်းလျှမ်းဝေအောင် ပြောခဲ့ပါသည်။ သူ့ကိုသာ နာနာထုချင်တော့တာပါပဲ" ဟု အပူတိုက်နှင့် ရှိုက်ခါရှိုက်ခါ ပြောလျှင် အသည်းကျင်အောင် နာသော်လည်း မကူသာသေးသော အခိုက်အခါဖြစ်၍ မောင်မောင်ငယ်မှာ ခင်ခင်ကြီးကို စိမ်းစိမ်းရှုပြီး ကရုဏာသက်၍မဆုံး မျက်လုံးဝိုင်းကြီးမှာ နီနီရဲရဲနှင့် ရွဲလာသောကြောင့် မသိမသာနှင့် တစ်ဖက်သို့ မျက်နှာလွှဲလိုက်ရရှာပြီး -

"စိတ်မငယ်ပါနှင့် ခင်အကြီးရယ်၊  အစ်ကိုတို့လည်း အခွင့်အလမ်းရှိသမျှ စောင့်ကြည့်လို့ နေကြပါ သည်။ ဒီလိုစိတ်ဒုက္ခ ခံစားနေရတဲ့ ခင်ကြီးအဖြစ်ကို မြင်လျှင်၊ အစ်ကိုတို့တွင် ပယောဂ မကင်းသူများ ဖြစ်၍ တစ်နေ့မှ စိတ်မအေးကြပါ၊ အစကတော့ နှမကလေး ကောင်းစားတာကိုလည်း မြင်ချင်၊ အရှင်သခင်ရဲ့ အကျိုးတော်ကိုလည်း ဆောင်ရွက်တဲ့သဘောနှင့် စိတ်ရောကိုယ်ပါ ပြုခဲ့ကြ တာ၊ ခုတော့ အထင်နှင့်အမြင် ကွာလို့ ရှေ့လည်းမတိုးသာ၊ နောက်လည်း မဆုတ်သာ၊ ဘာကိုဘယ်သို့ ပြုရမည်လို့ အတွေးအကြံမရလို့ ခဏကိုယ်ရှိန်သတ်နေကြရပါသည်။ ဒီအတောအတွင်းတွင် ရွှေနန်းရှင်နှင့် ခင်တို့ လူချင်းမတွေ့နိုင်စေကာ စာလွှာမှာတမ်းဖြင့် ရွှေလမ်း၊ ငွေလမ်းခင်းဖို့ အစ်ကိုတို့ ဆောင်ကြဉ်းလို့ပေးပါမည် စိတ်အေးအေးသာ နေပါခင်ရယ်" ဟု ကြင်နာစွာ ဖျောင်းဖျကြလျှင် ခင်ခင်ကြီးမှာလည်း မျှော်လင့်ချက်အနည်းငယ်ရကာ -

"ဒါဖြင့် အစ်ကိုရယ်၊ ကယ်နိုင်တဲ့နည်းကို မြန်မြန်ကြီးတွေ့ပါစေလို့ ခင်ကြီးဆုတောင်းနေပါ့မယ်၊ ခုနှယ်အခါ အစ်ကိုတို့က လွဲပြီး အားကိုးစရာလည်း မမြင်ပါဘူး၊ ခင်ကြီးအဖြစ်အပျက်တွေကို မေမေဖုရားသိအောင် ပြောချင်ပါလည်း ရှေ့တော်အခစား လာတဲ့အခါတိုင်း ပြောခွင့်ပြောချိန်မရခဲ့ပါ၊ အစ်ကိုကသာ သိအောင် ပြောလိုက်စေချင်တာပဲ၊ ပြီးတော့လည်း စိတ်ဆင်းရဲ နေရတဲ့ ဒီက ခင်ကြီးရဲ့ မချိလှတဲ့ ဖြစ်အင်ကို အစ်ကို မြင်သရွေ့ စုပေါင်းရေးသားပြီး မှာတမ်းတော်များ ပြန်လို့ဆက်ပေးပါတော့ အစ်ကိုရယ်"
ဟု ငိုမဲ့မဲ့ အသနားခကာ လူသူမရိပ်မိအောင် အဆောင်တော် မှောင်ရိပ်မှ တိတ်တဆိတ် ကြိတ်၍ မှာလိုက်ရရှာတော့၏။

သီပေါရွှေနန်းရှင်ဘုရားသည် တောင်သမန်လယ်စား မောင်မောင်လတ်မှ နောက်ဆုံးအကြိမ် ဆက်သခြင်း ပြုလိုက်သော ဒိုင်းခင်ခင်ကြီး၏ တေးထပ်သဖြန် လေးပုဒ်ကို ရှုစားတော်မူလိုက်သောအခါ -
တေးထပ်

၁။    ရွှေလိပ်ပြာ နှစ်ဆူနီးလျက်နှင့်၊ အယူကြီးခက်ထာ၊ အပူမီးရက်ကြာအောင်၊ မျက်နှာသာမငွေ့။   ။ ရှိရင်ဖြင့် ဘုရားရှင်ကို၊ နားဝင်အောင်လျှောက်တဲ့ ယနေ့။   ။ ၀ိပါတ်ထင့်မကြံသာတယ်၊ ကံကြမ္မာလည်၍။   ။ သံသရာရှည်မြေ့လို့၊ မကြည်မွေ့နောက်သူ။   ။ ဥဒါရုဏ်မသွေထားရင်ဖြင့်၊ ငွေယားနှင့် ဖြစ်ပုံကတူ။   ။ နေထားကျစနစ်ကိုယူသော်၊ ချစ်မတူလေခြင်းကြောင့်၊ ကွေကွင်းရအားပျက်ကာ-များရက်လကြာ။   ။ ယပက်လက်အက္ခရာလို၊ နှစ်ဘက်ပါ ကျင့်နည်းထင့်လေး။

၂။    နတ်နေကိုင်း တစ်ဖက်မှာ၊ အသက်ပနေသည်၊ အထက်က ဆွေအကြည်ကို၊ ရေရှည်ရှည် စောင့်စား။   ။ ခိုကိုးတဲ့ထွတ်စေတီငယ်၊ ဖွတ်ရွှေနီထွက်တော့မလား။   ။ ယုံလွန်းလို့ ခိုဝင်တယ်။ ပျိုခင်ခင်တစ်ပါး။   ။ ရိပ်ယောင်ပင်မခြားလို့၊ တအားပြုခတ်တယ်။   ။ ခတ်ကွင်းတော် ပြင်မပြီးခင်က၊ ရွာသစ်ကြီး ရောက်တဲ့ပုံနှယ်။   ။ ကြာညောင်ထီးဘုံလယ်မှာ၊ လှုံပါတယ် ကယ်ဘူးထင့်။   ။ ရွက်ဦးငဲ့ စိန်ဆံကျင်-ကိန်းချေတဲ့သွင်။   ။ စိန်းပါပေါ့ ရွေသဇင်ငယ်၊ ရေပြင်မှာ ရုပ်ရေးသို့လေး။   ။

၃။    မျက်နှာတော် ညှိုးငြားလို့၊ ပျိုးတအားတင်ကာ၊ ကြို့သနားတင်ပါတယ်၊ အကြင်နာမပွား။   ။ စုထွတ်ဖျား သွေမငြိမ်ရင်၊ ရေတိမ်မှာနစ်တော့မှာလား။ ကရိမှာ ကရာပါအောင်၊ မညှာတာလေအား။  မဟာနာ သွေခြားလို့၊ နေ၀ါးသည့်ပန်းနှယ်။  ဘုမသိ-ဘ, မကွဲတာနှင့် တစ်ဘ၀ လဲပြန်ရမယ်။ စ.အမြဲဘေမကယ်လျှင်၊ အသွယ်သွယ် ပူနည်းကြောင့်၊ အူသည်းမှာ ကမ္ဘာဝေ-ထဲကမကြေ။   ။ သည်လိုဖြင့် သဟဲ ဆွေငယ်-သဲကျရေလိုပဲဖျလေး။   ။

သဖြန်

၎။    ရွှေမျက်နှာ တသိန်မဲ့သူမို့၊ နေစကြာ ရှိန်မသွဲ့ ရင်ဖြင့်၊ မှိန်မဟဲ့-မှိန်တော့မယ်။   ။     သေမခမန်းဟာမို့၊ ငွေဂွမ်းစောင်ခြုံရထည်နှင့်၊ အတည်တည် လုံအောင်ထွေးသော်လည်း၊     ပြီတပြီ လုံခင်လေးမှာ၊ အေးခွင့် မပြယ်။   ။ စက်ကိန်းတော် နေရှိန်နုတာကြောင့်     ကြက်သိန်းတော် ရွှေဗိန္ဓုကဲ့သို့ ပွေချိန်စု အမှုသယ်ကို၊ လုကယ်လို့ ညှာသနား။   ။     ရွှေသဲမှာဖို-ကြေကွဲတာတငိုငိုနှင့်၊ ရေခဲလို ခင်မေ အေးတာ မို့ရယ် (ကိုယ်တော်ရေ) တွေးလှဲ့ဘုရား။   ။

ရှုစားလျက်ရှိသော အလွှာတော်ဆုံးသွားလျှင်၊ နှလုံးသား ကြင်ကာမနေသာ မထိုင်သာ ရှိတော်မူ ရရှာသည်နှင့် အသင့်ခစားလျက်ရှိသော မောင်မောင်ငယ်အား "မောင်ဖေငယ်ရဲ့ ငါကိုယ် တော်မှာ ယခုနေ အခါဖြင့် ခင်ကြီးအပြစ်တင်စရာ ဖြစ်နေတာပဲ၊ သူ့ခမျာ-အလူးအလဲ စိတ်ဆင်းရဲပြီး ကြောက်စိတ်ထက် ချစ်စိတ်က လွန်ကဲသဖြင့် ကိုယ်တော်နှင့် တွေ့ချင်ရှာလွန်းလို့ အလွှာတော် ဆက်ရှာတယ်၊ ချစ်စနိုးဖွယ် အရွက်ငယ်ပေမယ့် အသွယ်သွယ် အ၀၀ ခယောင့်ခရာ ပြောတတ်ရှာ လှသနှင့်၊ တီတီတာတာ သူ့အသံစာစာကို ဘယ်ခါမှ မေ့နိုင်မူပါ၊ အလွှာတော်တွင်သာ ဖတ်ရှုတော် မူရပေမဲ့ ကိုယ်တော့ရဲ့ အပါးမှာ သူကိုယ်တိုင်လာနွဲ့၍ ခနဲ့နေသည်လို့ပင် ထင်မှတ်တော်မူမိသည် မောင်မင်း"

ငယ် ။  "မှန်လှပါဘုရား၊ သူ့ခမျာမှာတော့ ဆူးကျလည်း ဖက်ပေါက်၊ ဖက်ကျလျှင်လည်း ဖက်ပေါက် ဆိုသလို တုံးအောက်ကဖားပေမို့ ထားရာကနေ ရရှာပါမည်၊ အရှင်နန်းမတော်ဘုရား မကြည်သာ၍ တစ်ခါ တည်း ရွှေနန်းရှင်ဘုရား စွန့်ပစ်ထားတော်မူလိုက်ပါလျှင် ရေတိမ်တွင်နစ်သလို လူ့အဖြစ်ရှုံး ရမည် ကဲ့သို့ ရှိကြောင်းပါဘုရား။
မင်း ။  "မောင်မင်းတို့ ဒီလိုမထင်နှင့်၊ ခင်ကြီးကို ငါ အင်မတန်မြတ်နိုးတော်မူသည်၊ အရာရာကို အေးချမ်းစွာ အောင်မြင်ထမြောက် ကြံတိုင်းပေါက်စေလို၍သာ အချိန်အခါ ငံ့ဆိုင်းတော်မူနေခြင်း ဖြစ်သည်။ ငါ့အလိုတော် မပြည့်ဝပြီဟု စခန်းဆုံး-လမ်းဆုံးသိတော်မူရတဲ့ တစ်နေ့မှာ အခွင့်အရေး ဆိုင်သလို ပိုင်နိုင်စွာ စီမံတော်မူမည်လို့ ရည်ရွယ်တော်မူထားသည်"
တုတ် ။  "မှန်လှပါ၊ သည်အစီအမံကို မြန်မြန်သာ ပြုတော်မူပါရန် သံတော်ဦးတင်ဝံ့ကြောင်းပါဘုရား"

မင်း ။  "နန်းမတော်ကြီး အလိုတော်ပါ၍၊ အေးချမ်းသာယာစွာရှိအောင်၊ စောင့်ဆိုင်းတော် မမူထိုက်ဘူးလား မောင်တုတ်ရဲ့"
တုတ် ။ "ကျွန်တော်မျိုးများ ရှင်းရှင်းပြတ်ပြတ် သံတော်ဦးတင်ရမည်ဆိုလျှင် ဒီကိစ္စမျိုးအတွက် အသက်ထက်ဆုံး မျှော်လင့်ချက်မရှိဟု ဓာတ်သိလျှောက်လျှောက်ဝံ့ကြောင်းပါဘုရား"
မင်း ။  "ခက်ကပြီကွယ်၊ ကဲ ... ကဲ ... မောင်ဖေငယ်နှင့် မောင်မောင်တုတ်တို့ ခပ်သုတ်သုတ် ကိစ္စ ပြီးအောင် ဘယ်နည်းဘယ်ပုံ စီမံသင့်သည်ဆိုတာ တိုင်ပင်ပြီး သင့်မည်ထင်သလို လျှောက်တင် ကြစမ်းပါဦး"

တုတ် ။  "မှန်လှပါ၊ ယခုလတ်တလော အရေးကြီးတဲ့အချက်က ခင်ခင်ကြီးကို အရှင်နန်းမတော်ဖုရား အပါးတော်မှာ ကြာကြာထားလို့ မသင့်တော်ပါ၊ ဥပါယ်တံမျဉ်နှင့်ကြံပြီး အိမ်ပြန်နေရရန် ကြိုးစားရပါမည်ဘုရား"
ငယ် ။  "သည်အကြံ သင့်မြတ်ပါသည်၊ ဒီကိစ္စအကျိုးအကြောင်းများကိုလည်း ကျွန်တော်မျိုး အရီးဖုရား တို့နှင့် ပြန်ပြီး တိုင်ပင်နှီးနှောထားပါမယ်ဘုရား"
တုတ် ။  "ခင်ခင်ကြီး အပြင်ရောက်တဲ့အခါ အလိုတော်ရှိရာ ဖြစ်နိုင်ပါတယ်ဘုရား"

မင်း ။  "အင်း ... မောင်မင်း လျှောက်တင်ချက်ကို နှစ်သက်တော်မူတယ်၊ နန်းမတော်ဆောင်ကြီးမှာ ယခုလို ကျပ်ကျပ်တည်းတည်း ခစားနေရှာသည်ထက် သူ့မိဘအိမ်ကို ခေတ္တခဏ ပြန်နေလိုက်ရလျှင် ခင်ကြီး အတွက် စိတ်သက်သာမယ်၊ ငါကိုယ်တော်နှင့် တွေ့ဆုံတော်မူရန် အကြံ အစည် အချိန်းအချက် ပြုလိုသောအခါမှာလည်း လွယ်ကူစွာ ဖြစ်မြောက်နိုင်ရန် ရှိသည် မောင်တုတ်ရဲ့"
ငယ် ။  "မှန်လှပါကြောင်းဘုရား၊ ကျွန်တော်မျိုးများမှာလည်း အရေးကိစ္စရှိ၍မှ ခင်ခင့်ထံ သွားရသည်မှာ ပုန်းလျှိုး ကွယ်လျှိုး နိုင်လှပါတယ်၊ သူ့မိဘအိမ်တွင် နေရလျှင် သည့်လောက်ခဲယဉ်း ရန် မရှိကြောင်း ပါဘုရား"

မင်း ။  " အင်း ... မောင်မင်းတို့ နန်းမတော်ဖုရားကလည်း ပါးတော်မူလိုက်သည်မှ ဖန်သားမှန်သား ကျလို့နေတယ်၊ အကြံအစည်နဲ့ လှည့်၍နေထုတ်သည်ဟု ရိပ်မိတော်မူသွားလျှင် သာ၍ပင် အကျပ်အတည်း ပြုတော် မူလိမ့်ဦးမယ်၊ ဒီတော့ ပိပိရိရိရှိအောင် သတိကြီးစွာထားကြ မောင်မင်းများ"
တုတ် ။  "ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရား"

ဒိုင်းဝန်မင်း၏ ဇနီးဖြစ်သူ ဒိုင်းဝန်ကတော်ကြီးသည် မူလကပင် မီးယပ်နာနှင့် မမာမကျန်း ဖြစ်ခဲ့ သောကြောင့် ခြေတစ်ဖက် မစွမ်းသန်ရှာ၍ သွားလာရန်ရှိသည့်အခါများတွင် လူတွဲနှင့် သွားရသူ ဖြစ်ရာ အပါးတော်သို့ တစ်လလျှင် တစ်ကြိမ်နှစ်ကြိမ် လောက်သာ အခစားရောက်လာမြဲ ဖြစ်သည်။ သို့ရာတွင် သမီးကလေး ခင်ခင်ကြီး နန်းမတော်ဆောငကြီးသို့ အခစားပို့ထားရသော အချိန်ကစ၍ အောက်မေ့ လွမ်းဆွတ်မှု ပြေပျောက်စေခြင်းငှာ သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်မျှ လာရောက်ခစားပြီး သမီးနှင့် တွေ့ခွင့် ကြုံခဲ့မြဲ ဖြစ်လေ၏။

ထို့ကြောင့် ယခုအချိန်မှာလည်း အခါတိုင်းကဲ့သို့ပင် တစ်ရက်ခြား နှစ်ရက်ခြား အခစားဝင်လာရာ ချစ်လှစွာသော သမီးကလေးကို အရိပ်ကြည့်မြဲ ကြည့်မိရာက ခင်ခင်ကြီး၏ အကျိုးအကြောင်း အဖြစ် အပျက် ကို တစ်စွန်းတစ်ကွက်မျှ မရိပ်မိရှာသေးသဖြင့် သမီးကလေး၏ မျက်နှာမှာ ရှေးအခါကကဲ့သို့ ရွှင်ရွှင် လန်းလန်း မရှိရှာဘဲ မသာမယာ ညှိုးငယ်နွမ်းလျနေရှာသည်ကို မကြာ မကြာ တွေ့မြင်ရသောကြောင့် မကျန်းမမာ ဖြစ်လေသလား၊ အပါးတော်မှာ တကုတ်ကုတ်နှင့် မလှုပ်မယှက် ခစားရ၍ အညောင်းအညာ မိလေသလား၊ ညဥ့်လှည့်ခစားရဖန်များ၍ အအိပ်ပျက် အစားပျက်ဖြစ်ကာ ရောဂါရရှာလေသလားဟု သတိဝီရိယထားပြီး ဆေးဝါးဓာတ်စာတို့ကို မပြတ် ယူလာရှာလေ၏။ သို့ရာတွင် ခင်ခင်ကြီး၏ ဝေဒနာမှာ ဆေးဝါး ဓာတ်စာနှင့် ကု၍မရသော စိတ္တဇ ကိုယ်တွင်းနာဖြစ်လေရာ အနာတလွဲ ဆေးတလွဲ ညှိုးနွမ်းမြဲ ညှိုးနွမ်း လျက်က တစ်စတစ် မျက်ကွင်းကလေးများ ညိုလာသည်ကို တွေ့ရသောကြောင့် ဒိုင်းဝန် ကတော်ကြီးမှာ စိတ်မဖြောင့် နိုင်အောင် ရှိခဲ့ရှာသည်။ တစ်ခါတစ်ခါလည်း သမီး၏ ရောဂါကြီးကျယ်လာမည် စိုးရိမ်ရှာ သဖြင့် ခေတ္တ အိမ်ပြန်ခေါ်ကာ သမားတော်များနှင့် ကုစားရန် အရှင်နန်းမတော်ဖုရားထံ အမိန့်တော် ခံမည် ကြံစည်မိလျက်နှင့် ကြောက်ရွံ့စိတ်ဖက်ပြီး ရုတ်တရက် သံတော်ဦးမတင်ဖြစ်ဘဲ ရှိခဲ့လေ သည်။

ယနေ့အဖို့မူကား မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့ နှစ်ယောက်ရောက်လာကြပြီး ခင်ခင်ကြီးအား ရွှေနန်းရှင်ဘုရားက မြတ်နိုးတော်မူသောကြောင့် တိတ်တဆိတ် သိမ်းပိုက်တော်မူ ထားကြောင်းနှင့် အရှင်နန်းမတော်ဖုရား သိတော်မူလျှင် အလိုတော်ကျမည် မကျမည်ကို မသိရသေး သောကြောင့် စိုးရိမ် ကြောင့်ကြ မကင်းသဖြင့် သတိနှင့် အကဲခတ်နေရကြောင်းများကို ပြောကြား၍ သိရှိရသောအခါ ဒိုင်းဝန် ကတော်ကြီးမှာ ထိတ်ခနဲ ၀မ်းသာဖြစ်လျက် ရယ်ရမလို ငိုရမလို ရင်ဖိုလှိုက်လှဲပြီး မချင့်မရဲကြီး ဖြစ်သွားကာ -

"အမယ်လေး ... မောင်မောင်တို့ရယ်၊ အရီးဖုရားတော့ ဒီသတင်းကို ကြားရသည်မှာ သည်းတုန်အူတုန် ဖြစ်လှပါတယ်၊ တို့တစ်တွေ ဘယ်လိုအဖြစ်မျိုးများ ရောက်ကြမလဲနော်၊ ရွှေထီးပဲဆောင်းရမလား၊ မြေကြီးပဲ အောင်းရမလား၊ ဘုရား ... ဘုရား မြတ်စွာဘုရား ကယ်တော်မူပါ" ဟု ထိတ်ထိတ်ပျာပျာ ပြောရှာလေသည်။
ငယ် ။  "ဒါလောက် ပူပင်စိုးရိမ်မရှိပါနှင့် အရီးဖုရား၊ စိတ်အေးအေးထားတော်မူပါ၊ အကယ်၍ နန်းမတော်ဖုရားက ကြည်သာတော်မမူသည်တိုင်အောင် မောင်မောင်တို့မှာ နောက်မဆုတ်နိုင်တော့ပါ၊ ရှေ့ကိုသာ တိုးရမည်ဖြစ်ပါတယ်"

ဝန်ကတော် ။  "အစ်မတော်ရင်းခေါက်ခေါက်ကိုပင် ပြတ်ပြတ်တောက်တောက် ပြုရက်တော်မူသေးတယ်၊ သွေးမစပ်တဲ့ အမေ့သမီးကလေးဖြင့် ဒုက္ခဘေးနှင့် ရင်ဆိုင်ပြေးတွေ့ရသလို နေတော့မှာပဲ"
တုတ် ။  "ဒီလိုလည်း တစ်ထစ်ချတွေးပြီး စိတ်မအေးမရှိပါနှင့် အရီးဖုရားရဲ့၊ ထိပ်စုဖုရားကြီးနှင့် ဖြစ်ကြတဲ့ကိစ္စက အဂ္ဂမဟေသီ တောင်နန်းမတော်ရာထူးအတွက် ရက်ရက်စက်စက် ဖြစ်တော်မူ ကြတာပါ၊ မြောက်နန်း အနောက်နန်း မိဖုရားအနေဆိုလျှင် အလိုတူတော်မူပုံရပါသည်။ မကြာခင်ကပင် ညီမတော် ထိပ်စုလေးကို မြောက်နန်းမိဖုရားအရာ ပေးသနားမည်ဖြစ်ကြောင်းနှင့် အရှင်နန်းမတော်ဖုရား ကိုယ်တော်တိုင် ရွှေနန်းရှင်ဘုရားကို လျှောက်ထားခဲ့ဖူးပါသညတဲ့ အရီးဖုရားရဲ့"

ဝန်ကတော် ။  "ဒါက သွေးတော်သားချင်းဖြစ်တဲ့အတွက် ခြွင်းချက်နှင့် ကြည်ဖြူတော်မူတာပါ တူမောင်ရယ်၊ အမေ့သမီး ခင်ကြီးကိုယ်တိုင်က ဒီကိစ္စကို အားကျကြည်ဖြူ အလိုတူသတဲ့လား၊ အရီးဖုရားကတော့ ကလေးစိတ်မပျောက်သေးတဲ့ အမိုက်ကလေးရယ်လို့ ဒီကိစ္စမျိုး နားမလည်ဘူး အောက်မေ့ခဲ့မိသည်မှာ မှားတာပေါ့ သားတို့ရဲ့"
ငယ် ။  "ခင်အကြီးကိုတော့ အထင်မမှားပါနှင့် အရီးဖုရားရယ်၊ ဘယ်လိုအကျိုးအကြောင်းရှိတယ် ဆိုတာ သူ့ခမျာ ဘာမှ နားမလည်ရှာပါဘူး၊ မောင်တို့မှာလည်း ရွှေနန်းရှင်ဘုရား နှုတ်တော်က ထုတ်ဖော် ရည်ညွှန်း တဲ့အတွက် ရှေ့တော်ရောက် ချော့မော့ခေါ်ဆောင်လို့ ဆက်သရခြင်းပါ"

ဝန်ကတော် ။  "သြော် ... ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင်က မြတ်နိုးတော်မူလို့ ရှေ့တော်ရောက် ပို့ကြရတယ်ဆိုလျှင် သမီးကို အပြစ်မတင်ရက်ပါဘူး၊ ကလေးလိုနေရင်းက ဗြုန်းဗြုန်းဗျင်းဗျင်းနှင့် လူကြီး စာရင်း ၀င်သွားရရှာတယ်လို့သာ ကရုဏာစိတ်ထားနှင့် သနားရတော့မှာပေါ့ မောင်ရယ်"
ငယ် ။  "အရီးဖုရားလည်း စဉ်းစားတော်မူနိုင်ပါလိမ့်မယ်၊ မောင်တို့မှာ ရွှေနန်းရှင်ဘုရားအတွက်ဆိုလျှင် အသက်ကိုပင်ပေး၍ အမှုတော်ထမ်းရန် အဆင်သင့်ရှိသူများ ဖြစ်ပါသည်၊ သည့်အပေါ်မှာ ကိုယ့်နှမ ကလေး တစ်ယောက် မိဖုရားအဖြစ်နှင့် အထွက်အမြတ်ရောက်မဲ့ ကိစ္စဖြစ်ပြန်တော့ သာပြီး အကျိုးတော် ဆောင် လိုစိတ် ရှိခဲ့ပါတယ်၊ မရေမလည်၊ မနပ်မပါးနျင့် ကစားနေလိုသေးတဲ့ ကလေးစိတ်မကုန်ရှာသေးသူ နှမကလေးကို အရေးတကြီး သွေးဆောင်ချော့မော့ခေါ်၍ ရှေ့တော်သို့ ပို့လိုက်မိပါတယ်၊ အမေဖြစ်တဲ့ အရီးဖုရားနှင့် လာရောက်အကြောင်း တိုင်ကြားခွင့် အချိန်မရသော်လည်း သင့်လျော်မွန်မြတ်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဘဘဘုရားတို့ အရီးဖုရားတို့ကလည်း မောင့်အပေါ်မှာ အပြစ်တင်တော်မူမှာ မဟုတ်ဘူး လို့ တင်ကူးပြီး ယုံကြည်ထားလိုက်ပါတယ်"

ဝန်ကတော် ။  "ကိုယ့်နှမကလေး၊ မိဖုရားဖြစ်မည့်အရေးမို့ အပြေးအလွှား အမှုတော်ထမ်းလိုက်ရတာကို မေဖျား နားလည်ပါပြီ၊ မေဖျားတို့ကလည်း ကိုယ့်သားသမီး ဆင်စီးလို့ မြင်းရံသည်ကိုသာ မြင်လိုကြပါတယ်၊ ဒါပေတဲ့ သားတို့ရယ် တစ်ရှိန်ထိုးခြေဖျားထောက်ပြီး စိတ်ချ လက်ချ ၀မ်းမြောက် နိုင်ဝံ့ကြ မည်မဟုတ်ပါကလား။ မြေကြီးနှင့် ရွှေထီးကို မခွဲခြားနိုင်သလို တထိတ်ထိတ် တလန့်လန့်နှင့် စိတ်မသိုး မသန့် ဖြစ်နေရမည်ဆိုလျှင်ရွှေအိမ်ရွှေနန်းနှင့်လည်း မည်သူမျှ စံမြန်းချင်ကြမည် မဟုတ်ဘူး မောင်ရဲ့"

တုတ် ။  "ဒီအထိလည်း စိုးရိမ်တော်မူဖို့ မရှိပါဘူး အရီးဖုရားရဲ့၊ မောင်တို့ ဖန်တီးတဲ့ ကိစ္စမှန်လျှင် ဘယ်တော့မှ အကြံကို လက်လျှော့ခဲ့ရသည်မရှိပါ၊ ခင်အကြီးကိစ္စမှာ ဒီက တူတော်မောင်ကိုယ်တိုင် တာဝန် ယူ၍ ဆောင်ရွက်ခဲ့သည်ဖြစ်ပါတယ်၊ ဘယ်လို အန္တရာယ်မျိုးကိုမှ စိုးရိမ်ကြောင့်ကြ မရှိပါနှင့် အရီးဖုရား"
ဝန်ကတာ် ။ "မောင်တို့ကိုလည်း အားမကိုးလို့ ပြောနေသည် မဟုတ်ပါ၊ စိုးရိမ်ဖွယ်ရာကိစ္စမို့၊ စိတ်မချနိုင်အောင် ဖြစ်ရပါတယ်၊ တူတော်မောင်ရယ်၊ ယခုမှ အရီးဘုရား ဖွင့်ပြောရဦးမယ်၊ ခင်ကြီး အချိန်အရွယ်ရောက်တဲ့အခါ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ပါစေတော့ဆိုတဲ့ စိတ်ထားပြီး မောင်မောင်ငယ် နှင့် ထိမ်းမြားဖို့ ရည်မှန်းပြီးသား ဖြစ်ပါတယ်၊ မမီတဲ့ပန်းများ တုံးခုလို့ လှမ်းဖို့ မဆို ထားနှင့် သမီးကလေးကို ထီးထဲနန်းထဲကိုပင် မပို့ချင်၍ အိမ်ထဲမှာကုတ်ပြီး ရုပ်ဖျောက်ထားခဲ့ပါသည်။ ဒါပေမဲ့ ကျမ်းဂန်ဆိုနှင့်အညီ အပြစ်ခြောက်ပါးကင်းပြီး ကောင်းခြင်းငါးပါး ပြည့်ညီတဲ့ သူ့ရုပ်အဆင်းကြောင့် ဘိသိက်တော်ဆက်ရာမှတစ်ဆင့် ထီးနှင့်နန်းနှင့် အမျှင်မပြတ် ဖြစ်ရပြီး ဒီခရီးအထိ ဆိုက်ကြရသည်မှာ ကံကောင်း ချင်၍လား ကံဆိုးချင်၍လား အရီးဖုရားဖြင့် မစဉ်းစားတတ်ဘူး မောင်တို့ရယ်"
တုတ် ။  "ကံကောင်းရမယ်၊ ကံကောင်းရမယ်၊ ငါတို့ ကံကောင်းတယ်လို့သာ တစ်ခါတည်း တစ်ထစ်ချ မှတ်တော် မူလိုက်ပါတော့ အရီးဖုရားရဲ့"

ငယ် ။  "တစ်ခုလည်းရှိပါသေးတယ်မေဖျား၊ ဧကရာဇ်ဘုရင်၊ ရွှေနန်းရှင်ဘုရား အမိန့်တော်ကို ဘယ်လို လူမျိုးမှ ငြင်းဆန်ဝံ့ကြမည် မဟုတ်သည့်အတွက် စေတနာရှိသည် မရှိသည်ကို အပထားပြီး အလိုရှိတော်မူတဲ့ အချိန်အခါမှာ ရွှေဖ၀ါးတော် အောက်ဒူးတုပ်လျက် ရောက်ရမည်သာ ဖြစ်ပါတယ်၊ ဘယ်ဝယ်ဘယ်သို့မှ ပြောနေကြရန် မဟုတ်ကြောင်းပါ"
ဝန်ကတော် ။ "မောင်ပြောတာလည်း အင်းမတန်မှ မှန်တဲ့စကားပါ၊ ဒါကြောင့် ဖြစ်သရွေ့အကြောင်း အကောင်းချည်းပဲလို့ သဘောပေါက်ပြီး ၀မ်းမြောက်တဲ့ဘက်သို့ မျက်နှာမူရတော့မှာပဲ"
တုတ် ။  "မျက်စပ်ပိုးဝင်၊ ဆံတစ်ပင်တင်း၊ ချစ်ခြင်း ရည်းစားဆိုတဲ့စကားအတိုင်း ကိုဖေငယ်ကို နှိုင်းရလျှင် အင်မတန် စွန့်စားနိုင်ခဲ့တဲ့ အခက်အခဲကြီးတစ်ရပ်ကို ကျေးဇူးသစ္စာတော် ထောက်မျှော်တဲ့ ကျွန်ရင်းပီပီ အနေ့နေ့ အရက်ရက်က စုံစုံမက်မက် မျက်တော်မခပ်၊ မြတ်နိုးခဲ့သူ ကလေးကိုပင် အရှင်သခင်၏လက်သို့ ၀ကွတ်၍ အပ်နိုင်သေးလျှင် အရီးဖုရားတို့က အေးအေးပင် ၀မ်းမြောက်လိုက်ကြပါတော့"

ဝန်ကတော် ။  "ဟုတ်ပါပြီလေ၊ ရှိပါစေတော့၊ အရီးဖုရားတို့များတော့ အရှင်သခင်၏ ကျေးဇူးသစ္စာ တော်ကိုလည်း ထောက်မျှော်ရပါသည်၊ သားကလေးမောင်မောင်ငယ်အတွက် တစ်ဖက်က ၀မ်းနည်း သလောက်၊ သမီးခင်အကြီး အထွတ်အမြတ် ရောက်မည့်အတွက် တစ်ဖက်တစ်လှည့်က ၀မ်းသာ ရပါ တော့မယ်"
ငယ် ။ "၀မ်းမြောက်ဝမ်းသာ ဖြစ်ပါတော့ မေဖျားရယ်၊ ဘယ်လိုပူပင်ဖို့ ကိစ္စကိုမှ စိတ်က မကွက်ပါနှင့်တော့"

ဝန်ကတော် ။ "ဒါနှင့် ပြောရဦးမည်၊ ယခုတစ်လော အရီးဖုရား ရှေ့တော်သို့ အခစားဝင်တိုင်းပင် ခင်ကြီးမှာ မျက်နှာမသာမယာ ညိုးညိုးငယ်ငယ် ဖြစ်နေတာကို တွေ့ခဲ့ရသည်။ မောင်တို့ပြောလို့ သိရတဲ့ ကိစ္စအတိုင်းဆိုလျှင် သူ့ခမျာ ပျော်ပျော် ရွှင်ရွှင်နှင့် အင်မတန် စိတ်ချမ်းသာ၍ပင် နေရမည် မဟုတ်ပါလား၊ အရီးဖုရားကတော့ ရှေ့တော်ခစားနေရသည်မှာ အအိပ်ပျက်အစားပျက် အညောင်းမိပြီး နေထိုင်မကောင်း ရှိလေသလားလို့ ဆေးဝါးဓာတ်စာတွေ ရှေ့တော်ဝင်တိုင်း ယူသွား လိုက်ရသည်မှာ မောလို့နေပါပြီ၊ ကြာရှည်လျှင် ကိစ္စများချည်ရဲ့လို့ အိမ်တစ်လှည့်ခေါ်ပြီး သမားတော်များနှင့် ကုစားရန် အမိန့်တော် ခံမည့်ဆဲဆဲပါပဲ၊ ယခု မောင်တို့လာမှ အရောင်းရင်း လက်စကို အလုံးစုံသိရပါတယ်"

ငယ် ။ "မေဖျား မြင်သလို မျက်နှာကလေး ညှိုးနွမ်းနေခြင်းမှာ မကျန်းမမာလို့ မဟုတ်ရှာပါဘူး၊ ယခင်ကတော့ မြောက်ပန်းခုံတော်တွင် ရွှေနန်းရှင်နှင့် နေ့စဉ် တွေ့မြင်ခဲ့ကြရပါသည်။ ယခုအခါ နန်းမတော် ဖုရား ရိပ်စားတော်မူမည် စိုးရိမ်သည့်အတွက် ခေတ္တခဏ လမ်းဖြတ်တော် မူထားရ သဖြင့် ခင်အကြီး စိတ်ဒုက္ခရောက်နေရှာပါသည်။ ရွှေနန်းရှင်ဘုရားကလည်း အကြောင်း တစ်မျိုးမျိုး နှင့် ပရိယာယ် ဆင်ပြီး ခင်အကြီးကို အိမ်ပြန်နေရအောင်၊ ကြံဆောင်ရမယ်လို့ အမိန့်တော်ချသဖြင့် မောင်မောင်တုတ် နှင့် မောင်တို့ဟာ ယခုကဲ့သို့ မေဖျားထံ လာခဲ့ကြရခြင်းပါ"
ဝန်ကတော် ။ "သြော် ... သည်လိုပင်ဖြစ်၍ လာပြန်သလား သားရယ်၊ ဘယ်လိုပရိယာယ် ဆင်ကြမှာလဲ"

တုတ် ။  "ယခု အရီးဘုရား အမိန့်ရှိသလို၊ ခင်အကြီး မျက်နှာမသာ ညှိုးငယ်နေရှာသည်ကို ရမယ်ရှာ မကျန်းမမာဖြစ်၍ ခေတ္တခဏ အိမ်ပြန်ခေါ်ပြီး သမားတော်ကြီးများနှင့် ဆေးဝါးကုသလို ကြောင်း၊ အရှင်နန်းမတော် ဖုရားထံမှ အမိန့်တော်ခံလျှင် အင်မတန် အဆင်ပြေလိမ့်မည် ထင်ပါသည်"
ဝန်ကတော် ။ "ကောင်းပါပြီ၊ ဒီအတိုင်း အမိန့်တော်ခံလိုသည်နှင့် အဆင်သင့်ပါပဲ၊ သို့သော်လည်း တစ်ခုစဉ်းစားရမှာက အရှင်နန်းမတော်ဖုရားက ပြန်စေလို့ အမိန့်တော်မချလျှင် ဘယ့်နှယ်လုပ်ပေမယ်"
တုတ် ။  "မကျန်းမာလို့ အိမ်ပြန်ဆေးဝါးကုသရန် ခွင့်တေင်းတာကို အခွင့်မပေးဘဲ နေတော်မူ၍ ဖြစ်မည် လား အရီးဖုရားရဲ့"

ဝန်ကတော် ။ "ကောင်းပါပြီ၊ အခွင့်ပေးတော်မလို့ ခင်ကြီး အိမ်ပြန်ရောက်တော့ဘယ်လိုကြံပြီး ဘုန်းတော်ကြီး လှသော ရွှေနန်းရှင်ဘုရားနှင့် အဆက်အသွယ် ထားကြမှာလဲ"
တုတ် ။  "ဒီကိစ္စကတော့ မောင်တို့က သင့်လျော်သလို ကြည့်လို့စီစဉ်ပါမည်အရီးဖုရား"
ဝန်ကတော် ။ "တူတော်မောင် ရနောင်မြို့စားကြီးရယ်၊ အရီးဖုရား စကားအကုန်လိုက်ပြီး နှိုက်နှိုက် ချွတ်ချွတ် မေးစမ်းပါရစေ၊ အကယ်၍ ဒီအခြေအနေရောက်ခဲ့ရပြီးမှ အရှင်နန်းမတော်ဖုရား အမျက်တော် ပွားလျှင် ဘယ်လိုများ ကြံကြမည်တုံးဆိုတာ သိလိုပါသေးတယ်"

တုတ် ။  "ဒီအခြေထိတောင် ပူဖို့မရှိပါဘူး အရီးဖုရား၊ ရွှေနန်းရှင်ဘုရားက အားနာထောက်ထားတော် မူတတ်သည့် စိတ်တော်ရှိပြီးဖြစ်လို့ ငယ်ကျွန်တော်ကြီးများ အလျှောက်ကောင်းလျှင် ကောင်းသလို ခရီးရောက်ခဲ့ ရပါသည်။ ကျောင်းတော်မှာ စာတော်သင်ချိန်က ယခု အရှင်နန်းမတော်ကြီး ဖြစ်တော်မူနေတဲ့ ထိပ်စုဖုရားလတ်ကိုပင် ကိုယ်တော် မြတ်၏ နဂိုစိတ်တော်အတိုင်းဆိုလျှင် သည်ခရီးဆိုက်အောင် ချစ်ကြိုက်တော်မူခဲ့ နိုင်မည် မဟုတ်ပါ၊ ဒီက တူတော်မောင်နှင့် ကိုဖေငယ်တို့ အလှော်အခပ် အလျှောက် အတွန်း ကောင်းလွန်းလို့သာ အရှင်ထိပ်စုဖုရားလတ်နှင့် နီးနီးကပ်ကပ် အချစ်တော် ဂဟေစပ်မိခြင်းပါ"

ဝန်ကတော် ။  "ဒီအကြောင်းများကိုတော့ အရီးဘုရားနားလည်ခဲ့ပြီးပါ၊ ခင်ကြီးအတွက်သာ အခက်အခဲ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပေါ့"
တုတ် ။  "ရွှေနန်းရှင်ဘုရားက အရှင်နန်းမတော်ဖုရား၏ အလိုတော်ကို အမြဲတမ်း လိုက်ခဲ့သည်ထား တော့ ကျွန်တော်တို့ တိုက်တွန်းလျှောက်တင်နိုင်ပါသည်၊ အရီးဖုရား အထူးသိတော်မူစေချင်တာ ကတော့ ရွှေနန်းရှင်ဘုရား ကိုယ်တိုင်တော်ကပင် ခင်ခင်ကြီးအား သနားကရုဏာတော် ပိုကဲပြီး အထူးစွဲလမ်း ချစ်ခင်တော် မူနေပါတယ်၊ ဘယ်လိုနည်းနှင့်မှ အဖျက်အဆီး အနှောင့်အယှက် ခံတော်မူမည် မဟုတ်ပါဘူး အရီး ဖုရား"

ဝန်ကတော် ။  "ကောင်းလှပါပြီ မောင်ရယ်၊ ကျင်လည်ပါးနပ်စွာသာ ကြံစည်ကြပါလေတော့"
တုတ် ။ "ဒါဖြင့်လျှင် အရီးဖုရား ဘယ်နေ့ဆီလောက် ရှေ့တော်ဝင်ပြီး ခင်ခင်ကြီးကို ခေါ်ယူပါမည်လဲ"
ဝန်ကတော် ။ "သုံးရက်တစ်ခါ ရှေ့တော်ဝင်နေကျပါ၊ နက်ဖြန်ခါဆိုလျှင် ရွှေနန်းတော်ဝင်ရပါမည်"
ငယ် ။  "အမိန့်တော်ခံလို့ အိမ်ပြန်နေခွင့်ရလျှင် အစစအဆင်ပြေပါလိမ့်မည်၊ ဒါထက် ခင်အကြီးကိုလည်း ရွှေနန်းရှင်ဘုရား အမိန့်တော်အရ သည်ကဲ့သို့ စီမံရကြောင်းကို တင်ကြိုအသိ ပေးထားရန် အခွင့်အခါ မရပါသဖြင့် မေဖျားနှင့်တွေ့တော့သာ ခင်အကြီးသိအောင် အမိန့်ရှိခဲ့ပါတော့"

ဝန်ကတော် ။ "ကောင်းပါပြီ၊ မေဖျား ပြောလိုက်ပါမည်၊ ဒါထက် ၀န်မင်းကိုလည်း အကျိုးအကြောင်း ပြောသင့် သလောက်ပြော၍ နှီးနှောတိုင်ပင်ထားရဦးမည် မောင်ရဲ့"
ငယ် ။  "ဟုတ်ကဲ့မေဖျား၊ ဒါနှင့် ပြောစရာ ကိစ္စပြီးပြီဖြစ်လို့ မောင်တို့ ပြန်ပါတော့မည်" ဟုဆိုကာ ရွှေနန်းတော်ကြီးသို့ အရေးတကြီး ပြန်သွားကြသောအခါ ၀န်ကတော်ကြီးမှာ မျက်စိတစ်ဆုံး မျှော် ကြည့် ကျန်ရစ် ရှာလေ၏။

ဒိုင်းအတွင်းဝန်ကတော်ကြီးမှာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ အားပေး အားမြှောက် ပြုခြင်းကြောင့် စိတ်တင်းကြံ့ခိုင်၍ လာတော့သည်၊ ဒိုင်းအတွင်းဝန်မင်းတို့ နေအိမ်ကြီးမှာ ရွှေမြို့တော်အတွင်း တောင်မျက်နှာ မင်္ဂလာတံခါးလမ်းဘက်တွင် ရှိလေ၏။ အခြား သောမှူးတော် မတ်တော်များ နေထိုင်ရာ အဆောက်အဦးတို့မှာလည်း များသောအားဖြင့် ၄င်း တောင်မျက်နှာတွင်သာ ရှိလေရာ ရကန်ရေတွင်းနှင့် ကျယ်ဝန်းသော ဥယျာဉ်ဝင်းခြံအတွင်း၌ လည်ပေါ်စကြော နှစ်ထပ်ဆင်ဝင် ဆင်ကပ် တို့ဖြင့် ခမ်းနားသပ်ရပ်သော မင်းစိုးအရာရှိကြီး အိမ်တွေ ချည်းနှင်နှင် ဖြစ်လေသည်။

မှူးမတ်အရာရှိကြီး တစ်ဦးတစ်ဦး၏ နေအိမ်ဆိုသည်မှာလည်း အရာအထူးကြီးလျှင် ကြီးသည့် အလျောက် ကတော်မယား သားသမီးအခြွေအရံ အထိန်းအရတို့အပြင် ဆင်ထိန်း မြင်းထိန်း ကျွန် သိမ်ကျွန်ရ ရွှေထီးမိုး ဖိနပ်ထိုး ကွမ်းအစ်ကိုင် ထွေးခံကိုင် ဆေးလိပ်ကိုင် ရေတဂေါင်းကိုင် ယပ်ကိုင် သိုင်းကိုင် ကြိုင်းကိုင်သော အဆောင်ကိုင် အမှုထမ်းများ အဆောင်ကိုင်ခေါင်းများ ဝေါယာဉ်မှူးနှင့် ဝေါထမ်းလုလင် အမှုထမ်းများ စဖိုမှူးများကအစ ကျီသိမ်း ကျီစောင့် မောင်းထောင်းဆန်ပြာ မျက်ရိပ်အိပ်ဖန်လှည့်စသော အမှုလုပ် များသည် မှူးမတ်အရာရှိကြီးများ၏ အိမ်ဝိုင်းနောက်ပိုင်းတွင် တန်းလျားအဆောင် အသီးသီး အိမ်ကြီး အိမ်ငယ် အသွယ်သွယ်နှင့် နေထိုင်နိုင်ကြသည်အထိ အသိုက်အ၀န်းများပြားလှပေ၏။

ဒိုင်းဝန်ကတော်ကြီးသည် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ ပြန်သွားကြပြီးနောက် မိန်းမ အခြွေအရံများကို ခေါ်ယူကာ အခန်းအဆောင်များကို ကောင်းမွန်စွာ ရှင်းလင်းသုတ်သင် ပြင်ဆင် ထားစေ၏။ မိမိတို့၏ မူလအခြေအနေမှာ မှူးကြီးမတ်ရာ သေနာပတိ မြို့စားရွာစား မျိုးရိုးကြီးများမှာ အစဉ် အဆက် ဆင်းသက်ခဲ့ကြသည်ကို ပြန်လည်စဉ်းစား သုံးသပ်မိသည်။ ယခုအခါ ချစ်မငြီးသည့် သမီးကလေး ခင်ခင်ကြီး လက်ထက်ရောက်ကာမှ နောက်နောက်က အခြေအနေထက် တစ်ဆင့် တိုး၍ ဧကရာဇ်ဘုရင် ရွှေနန်းရှင်တို့နှင့် သွေးရောယှက်တင်လျက် နောက်နောင်တွင် အညွန့်အတက် ပွားစီးသည့် သားသမီးများ လက်ထက်မှာ ဘုရင်နန်းရိုးမဟာမျိုးဟူ၍ အစဉ်အဆက် အကိုင်းအခက်တွေ ဖြစ်ကြပေတော့မည်ဟု အရှည်မျှော်တွေးပြီး စိတ်ထဲတွင် တစ်မျိုးတမည် တက်ကြွ၍ အားရလာပြန်လေ၏။

မှုန်သားပမာ ကြည်လင်ငြိမ်သက်သော ရေမျက်နှာပြင်ပေါ်သို့ သေးငယ်သော ခဲလုံးဖြင့် ပေါက်လိုက် သည့်အခါ ရေပွက်၍ လှိုင်းဝန်းကွက်ငယ်ကလေး ထရာမှ တစ်စတစ်စနှင့် အဆမတန် ကျယ်ပွားပြီး ကမ်းစပ်နားသို့ လှိုင်းတွန့်ရောက်မှ ရပ်နားသည့်ပမာ ဒိုင်းအတွင်းဝန် ကတော်ကြီး၏ ကျေနပ် နှစ်သက်ရာမှ တည်ငြိမ်လာသော စိတ်ရေပြင်တွင် အရှင် နန်းမတော်ဖုရား၏ ပုံသွင်သဏ္ဍာန်တည်းဟူသော ခဲလုံးငယ်ဖြင့် ပစ်ပေါက်လိုက်သည့်ခဏ၌ စိတ်သောကလှိုင်းစက်ဝိုင်း သည် အတိုင်းမသိ ကျယ်ဝန်း၍ လာမိရှာပြန်၏။

သို့ရာတွင် အရှင်သခင် ရွှေနန်းရှင်၏ အလိုတော်နှင့် မျှော်လင့်အားတက်ဖွယ် ရောင်ခြည်မှာလည်း တစ်ဖက်သော အရပ်ဆီမှ ရစ်သန်းလျက် ရှိသေးကာ လက်ရုံးနှစ်ဖက်ပမာ၊ အားကိုးအားထားရာ ဖြစ်သော ရနောင်မင်းသား မောင်မောင်တုတ်တို့၏ မဟုတ်မခံ ဋ္ဌာန်ကရိုဏ်း ကျကျ စွမ်းဆောင်နိုင် ကြမည်ဖြစ်သော စီမံဖန်တီးမှုတို့ဖြင့် မြေကြီးလက်ခတ်မလွဲ အောင်ပွဲရမည်သာဟု နှလုံးပြုလျက် ၀မ်းမြောက်ကြည်သာ သောဘက်သို့ ချိန်ခွင်လျှာ ပြူထွက်လာပြန်သဖြင့် အခြွေအရံ တို့နှင့် အဆောင် အခန်းများ ရှင်းလင်း ပြင်ဆင်သည့်ကိစ္စကို စိတ်ချလက်ချနှင့် ဆက်လက်စီမံခန့်ခွဲနေခဲ့ရာ ဒိုင်းအတွင်းဝန်မင်း ရွှေလွှတ်တော်မှ ပြန်လာသည်တိုင် မပြီးနိုင် မစီးနိုင်အောင် ရှိခဲ့လေ၏။ ဒိုင်းအတွင်းဝန်မင်း ရွှေလွှတ်တော်မှ ပြန်လာ သည်တိုင် မပြီးနိုင် မစီးနိုင်အောင် ရှိခဲ့လေ၏။

ဒိုင်းအတွင်းဝန်မင်းလည်း ၀န်ကတော်ကြီး၏ ထူးထူးခြားခြား စိတ်အားထက်သန်စွာ စီမံစေခိုင်း နေပုံကိုလည်းကောင်း၊ အိမ်ကြီးတစ်အိမ်လုံး ရှေးကနှင့် မတူအောင် ရှင်းလင်းပြုပြင် ဆင်ယင်ခင်း ကျင်းထားသည်ကိုလည်းကောင်း ရှေးယခင်က ခင်ခင်ကြီးနေသော အခန်းကြီး တစ်ခန်းလုံးမှာလည်း မှိုင်းလုံးကတ္တီပါ ခါသာပိတ်ချောများ ကာရံခင်းကျင်း၍ ၀င်းဝင်းတောက် ပြုပြင် မွမ်းမံထားသည်ကို တွေ့မြင်ရသောအခါ အတွင်းဝန်မင်းမှာ လွန်စွာ အံ့သြလျက် ၀န်ကတော်ကြီးဘက်သို့ လှည့်လာကာ အကျိုးအကြောင်း စုံစမ်းမေးရာတွင်မှ ရွှေနန်းရှင် ဖုရားနှင့် ဖြစ်ပျက်သမျှ ကိစ္စအ၀၀ကို တစ်စမကျန် သိရှိရလေလျှင် ယခင် ဒိုင်းဝန်ကတော်ကြီး နည်းအတိုင်း သမီးအတွက် ၀မ်းမြောက်မိသလောက် နောက်တစ်ကြိမ် အထိတ်တလန့်နှင့် စိတ်မသန့်ဖွယ် အကြောင်းတို့ကို သောင်းပြောင်းရောရာ တွေးမိ လာသော အခါ စိတ်မအေးနိုင်အောင် ဖြစ်ရှာရလေ၏။

" ၀န်ကတော်ရဲ့ သမီးအတွက်နဲ့ ၀မ်းမြောက်ဖွယ်ကောင်းတဲ့စကားမို့ အားရစရာပါပဲ၊ သို့သော်လည်း နောက်ပိုင်း မအေးမှဖြင့် သမီးကလေးလည်း စိတ်ဆင်းရဲ၊ ကျုပ်တို့လည်း အရှက်တကွဲ ဖြစ်ကြမှာ စိုးရိမ်ပါဘိတယ်" ဟု မထွေးနိုင် မအန်နိုင်နှင့် ငိုင်ငိုင်ကြီးငေးပြီး ခပ်လေးလေး ပြောမိလေတော့သည်။
ဝန်ကတော် ။  "ဖြစ်သမျှအကြောင်း အကောင်းဘက်က လှည့်တွေးပြီး ခင်အေးအေးသာနေပါတော့ ခင်ကြီးတို့ ဘဘရယ်၊ သမီးကလေး လော်လီလို့ ဖြစ်ရတဲ့ ကိစ္စလည်းမဟုတ်၊ ကျွန်မတို့က ဇယားရှုပ်ပြီး မျက်နှာအားရ လုပ်ရတဲ့ကိစ္စလည်းမဟုတ်၊ ဘုန်းတော်ကြီးလှသောဘုရား၊ ရွှေနှုတ် တော်ကိုက ထုတ်ဖော်လို့ ညွှန်းပြီး သဒ္ဓါတော်မူလွန်းလို့ ကောက်ယူတော်မူခြင်း ခံရပါတယ်၊ ဘယ်သို့ ဘယ်ဝယ် တွေးပြီး သောကကြီးရောက်တော်မူပါနှင့် ကျွန်မတို့က အခါအခွင့်ကြည့်လျက် ဣနြေ္ဒမပျက် နေကြရုံပါပဲ"

ဝန်မင်း ။  "၀န်ကတော် ပြောတာလည်း ဟုတ်တာပါပဲ၊ ရွှေနန်းရှင်ဘုရား ကောက်ယူမြှောက်စား တော်မူတာကို မလိုလား၍ ပြောခြင်းမဟုတ်ပါ၊ ကျေးဇူးတော်ကြီးလှသော ရွှေထီးရွှေနန်း ဘုရားကသာ အလိုတော်ရှိလျှင် သားသမီးမျှမက ကျုပ်တို့ဝမ်းဗိုက်ထဲက အသည်းနှလုံးကိုပင် ရွှင်ရွှင်ပျပျနှင့် ဆက်လိုလှပါတယ်"
ဝန်ကတော် ။ "သည့်နှယ်ဖြစ်လျှင် ခင်ကြီးကို အရှင်သခင် လိုလားတော်မူလို့ ကောက်ယူတော်မူလိုက်ပြီ၊ သည်ကိစ္စအရပ်ရပ်ကို ရွှေနန်းရှင်ဘုရား အလိုတော်အတိုင်း စီမံတော်မူရာ နာခံရမှာပဲ ခင်ကြီးတို့ဘဘရဲ့"

ဝန်မင်း ။  "နေစမ်းပါဦး ယခု သည်အိမ်ကြီးကို ရှင်းလင်းသုတ်သင်ပြီး အခန်းကြီး အခန်းငယ်တွေကို ခြယ်လှယ်မွမ်းမံနေရသည် သည်ကိစ္စနှင့် ဘယ်လိုများ သက်ဆိုင်သလဲ ၀န်ကတော်"
ဝန်ကတော် ။  "သြော် ... ခင်ကြီးတို့ဘဘရဲ့၊ ရွှေနန်းရှင်ဘုရား၊ အမိန့်တော်နဲ့ ခင်ကြီးကို အိမ်ပြန် ခေါ်ထားရမယ်ဆိုလို့ သမီးပြန်လာလျှင် သာသာယာယာ ခမ်းခမ်း နားနား နေစေချင်လို့ သုတ်သင် ရှင်းလင်းခိုင်းထားရခြင်းပါ"

ဝန်မင်း ။  "အို ... ၀န်ကတော်ရဲ့ ကျုပ်တို့ ကြားဖူးမြင်ဖူးသည်မှာ ဆောင်ရ၊ နန်းရ မိဖုရားဖြစ်သွား ကြတဲ့ ဆွေတော်၊ မျိုးတော်၊ မင်းသမီးများ၊ မှူးကြီးမတ်ကြီး သမီး၊ အပျိုတော်ကြီး၊ မြို့စား၊ ရွာစား ကြီးတွေဟာ ဘယ်တော့မှ အိမ်ပြန်၍ မနေရဘူးပါကလား၊ ဘုရင်က မိဖုရားအရာ မြှောက်တော်မူတာနှင့် တစ်ပြိုင်တည်း အဆောင်တော်သီးခြားနှင့် ထင်ထင်ရှားရှား နေကြရိုး ထုံးစံပါကလား၊ အနီးဆုံး ဥပမာတစ်ခု သတိထား ကြည့်ရန် ပြောရမည်ဆိုလျှင် ကြေးမျှင် တိုက်စား မိဖုရားဟာ ရေနံချောင်းဝန်ကြီး သတိုးမင်းကြီး မဟာ  မင်းလှကျော်ခေါင်၏ သမီးမဟုတ်ပါလား၊

ဘ၀ရှင်မင်းတုန်းမင်းတရားကြီးဘုရားက ကောက်ယူတော်မူသည့်  အချိန်ကစပြီး ကြေးမျှင်တိုက်စား မိဖုရားအဖြစ်နှင့် ရွှေနန်းတော်ထဲမှာထား၍ အထင်အရှား မြှောက်စားတော်မူခဲ့ သည်၊ လောင်းရှည်ဝန်ကြီး သတိုးမင်းကြီး မဟာစည်သူ၏ သမီးကို ကောက်ယူတော်မူပြီးတဲ့အခါ မှာလည်း ထီးလှိုင်တိုက်စား မိဖုရား အဖြစ် မြှောက်စားတော်မူပြီး ရွှေနန်းတော်ထဲမှာပင် နေရသည် တဟုတ်ပါလား ၀န်ကတော်ရဲ့"

ဝန်ကတော် ။  "ဟုတ်ပါသည်၊ ဒါပေမဲ့ ခင်ကြီးမှာ ယခုလက်ငင်း အရှင်နန်းမတော် ဖုရား ရှေ့တော်တွင် နေ့နေ့ညည ခစားနေရရှာတဲ့အတွက် ရုတ်တရက် ဆွဲခေါ်ပြီး မြှောက်စားတော်မူရမှာ မသင့်လျော်တာနှင့် အိမ်သို့ ခေတ္တခဏ ပြန်ခေါ်ထားပြီး ကျွန်မတို့ အိမ်ကမှတစ်ဆင့် သင့်တင့် လျှောက်ပတ်တဲ့အခါမှာ အဆောင်တော် သီးခြားနှင့် ရွှေနန်းတော်ပေါ်သို့ ခေါ်ယူထားပါလိမ့်မယ်"
ဝန်မင်း ။  "သြော် ... သည်လိုဖြင့်လျှင် ပြီးပါလေရော ၀န်ကတော်ရယ်၊ ခင်ကြီးကို ခေါ်မည်ဆိုလျှင် ပင် အရှင်နန်းမတော် ဘုရားထံမှ အကျိုးအကြောင်း လျှောက်ထားအမိန့်တော်ခံ၍ ခေါ်ခဲ့ရမှာ မဟုတ်လား၊ ဘာများ ထူးခြားသေးလို့လဲ"

ဝန်ကတော် ။  "အရှင်နန်းမတော်ဘုရားကို ကိစ္စအားလုံးဖွင့်၍ အခွင့်တောင်းလို့ ကောင်းနိုင်မလား၊ ၀န်မင်းရယ်၊ ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင်ကပင် ပရိယာယ်ဆင်၍ ခင်ကြီးကို အပြင်ရောက် အောင် ထုတ်သွား ရမည်လို့ အမိန့်တော်ရှိပါသည်။ နောက်ပြီးတော့ ဒီဇာတ်ထုပ်ကို မောင်မောင်တုတ်နှင့် မောင်မောင်ငယ် တို့ ခြယ်လှယ်ဦး စီးလျက်နေကြပါတယ်၊ ခင်ကြီးတို့ဘဘနှင့် ကျွန်မတို့က ပူပင်ဖွယ် မဟုတ်ပါ၊ သူ့ဟာနှင့်သူ ပြီးစီးဖို့ သူတို့ မီးစင်ကြည့်ကကြရုံပါပဲ"

ဝန်မင်း ။  "ကဲလေ ရှိပါစေ၊ ဒါတွေကို ကျုပ်ကလည်း မသိထိုက်ပါဘူး၊ ထူးခြားတဲ့ သတင်းတစ်ခုနဲ့ ပတ်သက်လို့ ကြွက်စိကြွက်စိ ဖြစ်နေကြတဲ့ ကိစ္စတစ်ခုရှိလို့ ၀န်ကတော်ကို အသိပေးရဦးမယ်"
ဝန်ကတော် ။  "ဘယ်လိုသတင်းများပါလိမ့်နော်"

ဝန်မင်း ။ "ထီရုံတော်တွေ ပေါ်လာကတည်းက မွဲတဲ့လူတွေမွဲ ဆင်းရဲတဲ့လူတွေငတ်၊ ပစ္စည်းရှင်တွေလည်း အနေကျပ်နှင့် အရပ်ရပ်မှာ အတော်ဒုက္ခဖြစ်နေကြပြီတဲ့၊ ပြည်သူဆင်းရဲသားတွေမှာလည်း အောင်ဘာလေ ထီပွဲကို သဲသဲမဲမဲ လောင်းကစားကြတဲ့အတွက် အလုပ်ပျက် အကိုင်ပျက်၊ တမက်မောမော လောဘ ဇောတိုက်နေကြရတယ်၊ အောင်ဘာလေ ဆုကြီးနှင့် ရွှေချိန်သီးကိုက်သူကတစ်ဦး၊ ထီးရှုးရူးပြီး ပစ္စည်း ဆုံးသူက အနန္တ၊ ဟန်မတိုင်း စိတ်ငြိုး၍ သူထိုးဓားပြတွေ ဖြစ်ကြလေသလားမသိ၊ နိုင်ငံတော် အတွင်းမှာ မကြုံဖူးအောင် သူခိုးဓားပြ ထကြွ သောင်းကျန်းလာသည်တဲ့ "
ဝန်ကတော် ။  "အလို ... ဘုရား ... ဘုရား "

ဝန်မင်း ။ "ရွှေမြို့တော်မှာ သာသာယာယာ အေးအေးချမ်းချမ်း ရှိနေသလောက် တောလက်ကျေးနယ် တလျှောက်မှာဖြင့် သူခိုးဓားပြရန်တွေ နှောက်လို့ ကြောက်ကြောက်လန့်လန့် နှင့် နေကြရသည်၊ ပစ္စည်းရှိတဲ့ လူရတတ်များမှာလည်း အလုအယက် ခံရလွန်းလို့ တောနယ်မှာ မနေ၀ံ့သဖြင့် ရွှေမြို့တော် လေးပြင် လေးရပ်မှာ နီးစပ်ရာ ဆွေမျိုးများထံ လာရောက်ခိုကိုးနေထိုင် ရရှာသတဲ့"
ဝန်ကတော် ။  "ဟုတ်ကဲ့ ... သနားစရာပေါ့နော်"

ဝန်မင်း ။ "မထင်ရှားတဲ့ ခိုးမှုတိုက်မှုကြီးများကိုတော့ ထားပါတော့၊ ထင်ထင်ရှားရှား ဖမ်းလို့ ဆီးလို့မိတဲ့ ခိုးမှု တိုက်မှုကြီးများဆိုလျှင်လည်း ဆိုင်ရာ အရာရှိများက ဖမ်းလို့အပ်သည်တိုင်အောင် ကြပ်ကြပ်မတ်မတ် အပြစ်မပေးဘဲ နေ့ရှည်ရက်ရှည် သွေးထားပြီး တစ်ခါတည်း တရားသေလွှတ်ပစ် လိုက်တာများသတဲ့၊ ဒါနဲ့ပတ်သက်၍ အရာရှိကြီးများ လက်ဆောင်တံစိုးစားကြတဲ့ သတင်းဆိုးတွေကလည်း မီးခိုးအူသလို တလူလူ ထွက်လာပြန်တယ်"

ဝန်ကတော် ။ " အို ... အပြစ်ရှိပေတဲ့ တံစိုးလက်ဆောင်ပေးပြီး အနိုင်ယူလို့ရနေတော့ ခိုးသား ဓားပြ တွေကလည်း ဇာက်မရဲဘဲ နေပါ့မလား ၀န်မင်းရယ်"
ဝန်မင်း ။  "အဲဒီလို ဇာတ်ရဲလက်ရဲနဲ့ အမြဲသောင်းကျန်းနေတဲ့ လူဆိုးဓားပြတွေကို မတရားမှု ပြုချင်တိုင်း ပြုကြအောင် အားပေးနေတဲ့လူဟာလည်း ရွှေနန်းတော်ထဲက အရေးပါ အရာရောက်လွန်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲတဲ့ ၀န်ကတော်၊ အဲဒီလူဟာ နိုင်ငံတော် တစ်လွှားမှာ ဓားပြလူဆိုးများကို လက်သပ် မွေးပြီး သူဌေးကြီး သူကြွယ်ကြီးများထံက တိုက်ခိုက်လို့ရတဲ့ ပစ္စည်းဥစ္စာတွေကို ဝေပုံကျ စာရင်းပြပြီး ရသမျှပေးရသတဲ့၊ တကယ်လို့ တိုက်ခိုက်ရာမှာ ဖမ်းဆီး မိလို့ အမှုပေါ်ခဲ့လျှင် သူက၀င်ပြီး ကယ်နိုင်သတဲ့"

ဝန်ကတော် ။  "တယ်လည်း တန်ခိုးရှိပါကလား၊ ဘယ်လိုလူများပါလိမ့်"
ဝန်မင်း ။  "ကယ်ပုံ ကယ်နည်းကလည်း အမျိုးမျိုးပဲ၊ လွှတ်တော်ကြီးထဲကစပြီး နိုင်ငံတော် အရပ်ရပ်မှာရှိတဲ့ တရားပိုင် မင်းတွေဟာ အများအားဖြင့် သူတို့သြဇာ မကင်းတဲ့လူ၊ ခိုင်းရာကို မတွန့်မဆုတ် ကုသိုလ်အကုသိုလ်မကြောက် လုပ်ပေးဝံ့တဲ့ လူတွေကိုသာ ခန့်အပ်ထားတယ်၊ တချို့ ရိုးရိုးသားသား အရာရှိများကလည်း အတွင်းတော်မှာ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်များ အငြိုအငြင် မခံရအောင် မျက်နှာလိုအားရ လုပ်ကြရတယ်၊ တံစိုးလက်ဆောင် စားကြတယ်ဆိုတဲ့ အရာရှိအရာခံများမှာလည်း စင်စစ်တော့ နာမည်သာ အပျက်ခံရပါတယ်၊ ရတဲ့လက်ဆောင် တံစိုးကို ထက်ဝက်မျှမကအောင် သူခိုးဓားပြမွေးတဲ့ အထက်အရာကြီးများကို ခွဲပေးရပြန်တယ်တဲ့ ၀န်ကတော်ရဲ့"

ဝန်ကတော် ။ "တယ်လည်း ရှုပ်လှပါကလား၊ အဲဒီအထွက် ဆရာကြီးများဆိုသည်မှာ ဘယ်သူဘာလိမ့်နော်၊ လွှတ်တော်ကြီးကလား၊ ရွှေနန်းတော်ကြီးကလား"
ဝန်မင်း ။  "ရွှေနန်းတော်ကြီးထဲကလာတာ ၀န်ကတော်၊ လွှတ်တော်မှာလည်း သူပဲ သြဇာလွှမ်းချင် သည်၊ မြို့ဝန်မြို့ချုပ်တို့၏ ရာဇ၀တ်ဌာနမှာလည်း သူကပဲ ခွာ၍ နေသည်၊ သူ့မှာ အားကိုးရတဲ့ ဆရာကောင်းလက်ကိုင်ရှိတယ်၊ သူစွာလို့၊ ညာလို့၊ တိုက်လို့၊ ခိုက်လို့၊ မိုက်ကြေးခွဲလို့ရသမျှကိုလည်း သူ့အထက် ဆရာကို အစာပြန် ခွံ့ရသည်တဲ့၊ ဒီလို အစာခွံ့တဲ့အတွက်ကြောင့်လည်း အဲဒီ အထက် ဆရာကြီး က သူ့ကို အကြီးအကျယ် မြှောက်စားအရေးပေးထားသတဲ့"

ဝန်ကတော် ။  "ခင်ကြီးတို့ ဘဘရယ်၊ ဘယ်လိုလူလဲ၊ သိရင် တစ်ခါတည်း ဖွင့်ပြောလိုက်စမ်းပါ၊ ကျွန်မတို့ ကြောက်ရမှာ ဖြင့်လည်း ကြောက်လိုက်ပါရစေ"
ဝန်မင်း ။  "မကြောက်ပါနှင့် အဲဒီလူဟာ ကျုပ်တို့ပေါ်မှာတော့ စေတနာထားလျက်ပါ၊ သို့ရာတွင် သူ့အပေါ်မှာ အချုပ်ဖြစ်နေတဲ့ သူ့ဆရာကိုတော့ ဖွင့်လို့ဘယ်သူမှ မပြောဝံ့တဲ့အတွက် အင်မတန် အသိခက် ပါတယ်၊ ကျုပ်ကိုယ်တိုင်လည်း ဘယ်သူဘယ်ဝါဆိုတာ ယခုထက်တိုင် မရိပ်မိခဲ့သေးဘူး ၀န်ကတော်ရဲ့"
ဝန်ကတော် ။ "ကဲ ... မသိလျှင်လည်း ရှိစေတော့၊ ဒါနျင့် ဟိုတစ်လောက သရက်မြေထဲမှာ ထိပါး နှောင့်ယှက်လာတဲ့ သူပုန်ရန်ဟာ ညောင်ရမ်းနှင့် ညောင်အုပ်ကိုယ်တော်ကြီးများ ဆိုပါကလား၊ ဘယ်လိုများ ဖြစ်သွားပါလိမ့်နော်"

ဝန်မင်း ။  "ညောင်ရမ်းညီနောင်မှာ အင်္ဂလိပ်ကို အားထားခိုဝင်သူများဖြစ်လို့ အောက်ပြည် ရန်ကုန်မှာ နေထိုင်ကြရာက မကြာခဏ အင်အားစမ်းရန် ရောက်လာကြတာဖြစ်မှာပ ၀န်ကတော်ရယ်၊ ဘယ်လိုမှ မဖြစ် ပါဘူး မဟန်တာနှင့် ပြန်ဆုတ်သွားတာပါပဲ"
ဝန်ကတော် ။  "အင်္ဂလိပ်သံအရာရှိဟာလည်း ဟိုအခါကပင် ရုတ်တရက် ပြန်သွားတယ်၊ ညောင်ရမ်း ကိုယ်တော်တို့လည်း သရက်မြေထဲ လာရောက်တိုက်ခိုက်တယ်ဆိုတော့ အင်္ဂလိပ်က မြှောက်ပေး လို့ လာဝံ့ကြတာ ဖြစ်မှာပေါ့"

ဝန်မင်း ။  ဒီလိုလည်း အတိအလင်း မြှောက်ပေးဝံ့မှာ မဟုတ်ပါဘူး ၀န်ကတော်ရဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ခမည်းတော် ဘုရား လက်ထက်ကအတိုင်း မဟာမိတ် ဆက်လက်တည်မြဲရန် သံကြီးတမန်ကြီးများအဖြစ်နှင့် မြောင်လှမြို့စား မင်းကြီး သီရိမဟာဇေယျသူတို့ကို စေလွှတ်တော်မူထားတဲ့ အင်္ဂလိပ်မြန်မာ နှစ်ပြည်ထောင် မဟာမိတ် စာချုပ်စကား ကမ်းလှမ်းနေကြတဲ့ မျက်နှာက ရှိသေးတယ်"

ဝန်ကတော် ။  "ကျွန်မကလည်း အတိအလင်း မြှောက်ပေးသည်လို့ မပြောလိုသေးပါ၊ မသိမသာ မြှောက်ပေးမှာ ကိုပင် ထင်ရှားလို့ ပြောပါသည်၊ ကျွန်မ စိုးရိမ်တာက တကယ်လို့ အင်္ဂလိပ်က မြှောက်ပေး၍ ဖြစ်စေ၊ ညောင်ရမ်းညောင်အုပ်ကိုယ်တော်တို့ဘာသာ လက်နက်လူသူ ပြည့်စုံ၍ဖြစ်စေ ကျွန်မတို့ နေပြည်တော်ကို လာရောက်တိုက်ခိုက်မည်ဆိုလျှင် သူတို့အင်အားကို တွန်းလှန်ဖြိုဖျက်နိုင်အောင် စစ်မက် အင်အား တောင့်တင်းစွာ စီမံလို့ထားပါစေ"

ဝန်မင်း ။  "ဆိုင်ရာ ဆိုင်ရာ ဌာနတွေက တာဝန်ဝတ္တရားအရ စီမံလိ့ထားကြပါလိမ့်မယ်၊ ၀န်ကတော် ဘယ်လို သဘောရလို့ မေးခြင်းပါလဲ"
ဝန်ကတော် ။ "သြော် ... နယ်စွန်နယ်ဖျားမှာလည်း ခုနကပြောတဲ့ သတင်းအတိုင်း လူဆိုးဓားပြတွေ သောင်းကျန်း ထိန်းသိမ်းအုပ်ချုပ်သူ အရာရှိတွေက အကျင့်သော့သွမ်းလို့ ငန်းငန်းတက် လာဘ်စား နေခိုက်မှာ နေပြည်တော်ကြီးကလည်း မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆနှင့် ရသမျှရာထူးဂုဏ် သိပ်စည်းစိမ် ချမ်းသာပေါ်မှာ သာယာပျော်မွေ့ခံတွင်းတွေ့နေကြခိုက် ဗြုန်းခနဲ လာလို့တိုက်မှဖြင့် အငိုက်ကို အရိုက်ခံ ရမှာ စိုးပါဘိတယ် ၀န်မင်းရယ်"

ဝန်မင်း ။ "ဒီခရီးထိအောင်လည်း နမော်နမဲ့ နေကြတဲ့လူတွေ မဟုတ်ပါ၊ သတ္တ၀ါဆိုတာ ကိုယ့်ဖို့တော့ ကိုယ်လိမ္မာကြပါတယ်၊ ရပြီးသော ရာထူးဂုဏ်သိမ် စည်းစိမ်ချမ်းသာကို မပျက်မစီး ပိုင်ပိုင်ကြီး တည်မြဲ အောင် ကျားကုတ်ကျားခဲ တအားကုန်ဆွဲထားချင်သည် လူတွေပါ၊ ဒါကြောင့်  ရန်သူလာရင် ကာကွယ်ဖို့ အသင့်ရှိကြရုံမကပါဘူး သူတို့ရာထူး ဂုဏ်သိမ်စည်းစိမ်ချမ်းသာ တည်မြဲဖို့ ဆောင်ရွက်ရာမှာတော့ သံသရာ ၀န်ကိုလည်း မကြောက်၊ လောကမျက်နှာကိုလည်း မထောက်၊ မတရားတဲ့ နည်းမျိုးစုံကို အကုန် တတ်မြောက်အောင်သင်ပြီး ကျွမ်းကျင်သလို အသုံးပြု နိုင်ကြမဲ့လူတွေချည်း များနေတဲ့ အချိန်ကြီးပါပဲ ၀န်ကတော် ရဲ့"

ဝန်ကတော် ။ "ကောင်းပါလေရဲ့ရှင်၊ ယခုလို ရာထူးဂုဏ်ရှိန်နဲ့ စည်းစိမ်တည်တဲ့မှုကို လိုလားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကျွန်မတို့လည်း တရားသဖြင့် တည်မြဲလိုတဲ့ လူစုထဲမှာတော့ ပါတာပါပဲလေ၊ သတိဆိုတာ ပိုတယ်လို့မရှိပါ၊ ဒါနဲ့ အတွင်းရန်က အင်အားချင်း မတန်တဲ့အတွက် စိုးရိမ်စရာ မရှိ တာတော့ ဟုတ်ပါပြီ၊ ဟိုတစ်လောဆီက အင်္ဂလိပ် အရေးပိုင် ပြန်သွားတဲ့ကိစ္စနှင့် စပ်လျဉ်းပြီး အချင်းချင်း တီးတိုးစကား ပြောကြား နေကြတဲ့ အကြောင်းတွေထဲမှာ အင်္ဂလိပ်ကို ကြောက်ရမလိုလို၊ ပြင်သစ်ကို လန့်ရမလိုလို ဖြစ်နေကြတဲ့အချိန်မှာ မင်းသားများကို လက်သုံးတော်ကြီးများ သတ်ပစ်လိုက်ကြတဲ့ သတင်းကလည်း ဟုန်းခနဲ တောက်လာတဲ့ မီးတောက်ကြီးလို အရှိန်ပြင်းပြီး နန်းတွင်းမှာလည်း အရှင်နန်းမတော်ဘုရားနှင့် အရှင်ထိပ်စုမြတ်ဖုရားကြီးတို့ရဲ့ ရန်မီးတစ်ကြိမ်မွှေသဖြင့် ဣနြေ္ဒပျက် အသက်ရှူလွဲကြရလေးတယ် မဟုတ် ပါလား၊ တစ်ပြည်လုံးမှာ ဘာကိုကြောက်ရမှန်း မသိ၊ ကျီးလန့်စာစား မျက်လုံးများဝိုင်းပြီး လှိုင်မိတဲ့ လှေသမား လို အသက်ဆံဖျား ဖြစ်ခဲ့ကြရတယ်၊ ခုတစ်ခါ အေးမယ်လို့မှ မကြုံရသေးခင် နယ်စွန် နယ်ဖျား မှခိုးသား ဓားပြအကြောင်းက စခဲ့ပြန်ပြီ သူခိုးကြီးလျှင် ဓားပြ၊ ဓားပြကြီးလျှင် သူပုန်တဲ့၊ အဲဒီဓားပြ ဂိုဏ်းကြီးဟာ ကြာလျှင် သူပုန်ဂိုဏ်းဖြစ်ပြီး အတွင်းရန်ကြီးလာမှာ မကြောက်ရ ဘူးလား"
ဝန်မင်း ။ "ဒီဓားပြဂိုဏ်းဟာ သူပုန်ဖြစ်လာမှာတော့ မကြောက်ပါနဲ့ ၀န်ကတော်"

ဝန်ကတော် ။  "ဘယ့်နှယ်ကြောင့်လဲရှင်၊ ကျွန်မတို့ ကျေးဇူးတော်ရှင် ရွှေနန်းရှင် ဘုရားတို့ကို ခြားနားမည့် သူပုန်မဖြစ်နိုင်ဘူးလို့ ဘာကြောင့်မို့ ပြောနိုင်ရပါသလဲ"
ဝန်မင်း ။  "ဓာတ်သိမို့ပြောတာပ ၀န်ကတော်၊ ဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဟာ ကျုပ်တို့ အရှင်နှစ်ပါး လက်ထက် တော်ရောက်မှ ရာထူးဌာနန္တရနျင့် လျှမ်းလျှမ်းတောက် သူကောင်းပြု မြှောက်စားခံရတဲ့ ကျေးတော်မျိုး ကျွန်တော် မျိုး ရင်းချာဖြစ်ပါတယ်၊ ဘယ်တော့မှ ပုန်ကန်ခြင်းအမှုပြုဖို့ စိတ်ကူးမှာ မဟုတ်ပါ၊ အရှင်သခင် အားကိုးနှင့် ဆိုးချင်တိုင်းဆိုး၊ တေချင်တိုင်းတေ တစ်တိုင်းတစ်ပြည်လုံး မွှေချင်တိုင်းမွှေဗနရဠီု ကျေနပ် နေပုံရပါတယ်"

ဝန်ကတော် ။ "သြော်... ဒီလိုပါလား၊ ခုမှပင် ကျွန်မဖြင့် နားရှင်းချင်သလိုလို ရှိပါပြီ၊ ဒီလူတွေဟာ ရှေ့တော်မှာဝင်၊ အရှင်သခင်အလိုတော်ကျ မျက်နှာလိုအားရ ဆောင်ရွက်၊ နောက်ကွယ်တစ်ဖက်မှာလည်း ကိုယ့်အတွက် လောဘဇောနက်နက်နဲ့ ကြက်ယက်သလိုယက်ပြီး အကြီးအကျယ် ကိုယ်ကျိုး ရှာနေတယ် ဆိုပါတော့"

ဝန်မင်း ။  "မြစ်ပြင်ကျယ်နက် သောင်ပြင်ဖျက် မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်၊ တပည့်မကောင်း ဆရာခေါင်း၊ ကျွန်ပင်မကောင်း သခင့်ခေါင်း ဆိုတဲ့ အကြောင်းအကျိုးတွေကို တစ်နွယ်ငင် တစ်စင်ပါ တွေးကြလျှင် ဒီလူတွေ ရမ်းကားမိုက်မဲတဲ့အတွက် ရွှေနန်းရှင်ဘုရားအပေါ် တွင် ရာဇ၀င်မှတ်တမ်းတင်ရာ၌ မစင်မကြယ်ဖြစ်ပြီး အခြားသော တိုင်းပြည်နီးချင်း တစ်ပါးမင်းများကလည်း အထင်အမြင်လွဲမှားကြမှာ စိုးရိမ်စရာကောင်းတာ တစ်ကြောင်းပဲ ၀န်ကတော်ရယ်၊ ဘယ်လိုအရေးနှင့် ဘယ်လိုရှုပ်ထွေးနေတယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ရွှေနန်းရှင်ဘုရားမှာ အလုံးစုံ ကြားသိတော်မူမှာ မဟုတ်ဘူး၊ သမာသမတ်နှင့် နီးနီးကပ်ကပ် လျှောက်တင်သတိပေးချင်တဲ့လူများကိုလည်း အပါးတော်ကပ်ပြီး နီးနီးစပ်စပ် သံတော်ဦး တင်ခွင့် မရအောင် ပရိယာယ်ေ၀၀ုစ်နှင့် ရှုပ်လို့ထားကြသည်။

သူတို့ပြုမူဆိုးသွမ်းရမ်းကားသမျှတွေကို ရွှေနားတော်ကြား တင်လျှောက်ခွင့်ရသည်ပင်ထားဦး အမှန်ကို အမှား ဖြစ်သွားအောင် လှည့်စားဖန်တီးနိုင်တဲ့  ဥာဏ်ကြီးရှင် တန်ခိုးအာဏာရှင်တွေနှင့် ယှဉ်ပြိုင်ရမှာ ဖြစ်လေတော့ စွန့်စားလို့ အကျိုးမမြင်တဲ့အပြင် စွန့်စားလျှောက်တင်မိတဲ့လူကိုပင် ငြိုးသူရန်ဘက်ထင်ပြီး အမှုဆင်၍ ညှဉ်းဆဲခံရပြန်တယ်၊ ရှင်းရှင်းနဲ့ အတိအလင်းပြောရမယ်ဆိုလျှင် ဘုရင်နှင့်တကွ တိုင်းပြည် နိုင်ငံတော်၏ ဂုဏ်ညှိုးနွမ်းအောင် ဆိုးသွမ်းတဲ့ အမှုတွေပြုနေသူများကတော့ အပြစ်ပေး မခံရဘဲ ကြားထဲက ကောင်းစေချင်တဲ့ စေတနာနှင့် လူဆိုးတွေကို လမ်းညွှန်မိတဲ့လူသာ ဒုက္ခရောက် ရှာရော၊ အဲဒါကြောင့် ကြာလျှင် နိုင်ငံကြီးတစ်ခုလုံး ရေစုန်မျှောမှာပင် ကြောက်စရာ ကောင်းနေပြီ ၀န်ကတော်"

ဝန်ကတော် ။  "ကျွန်မတို့ သဘောကတော့ ကိုယ့်အရှင်သခင်ကို မှီခိုလို့ ကြီးပွားရတော့ အရှင်သခင် ရွှေနန်းရှင်များ ဂုဏ်မညှိုးနွမ်းဘဲ ဘုန်းပန်းပွင့်စည်ပြီး အရှည်သဖြင့် တင့်တယ်စေလို ပါတယ်၊ ကြာကြာ ၀ါး မည့် သွားအရိုး ကြည့်ရှောင်ရသည်ဆိုသော စကားကဲ့သို့ ရေရှည်ကောင်းစားကြဖို့ သတိတရား ရှေ့ထားကာ လောကသံသရာ နှစ်ဖြာကောင်းစေချင်တာပါပဲ၊ အရှင်နန်းမတော်ဖုရားကိုလည်း သတိပေး တော်မူဝံ့သူ မရှိဘူးတဲ့လား"

ဝန်မင်း ။ "ကျုပ် ပြောပါပြီကော ၀န်ကတော်ရယ်၊ အရှင်နန်းမတော်ဖုရား ကိုယ်တော်တိုင်ကပါ ဒီလူတွေကို ယုံကြည်တော်မူလျက် မျက်နှာသာ အထူးပေးထားနေပါသည် ကြားလူ မ၀င်နိုင်ပါဘူးဗျာ"
ဝန်ကတော် ။  " အို ... စိတ်မချမ်းသာစရာကြီးပါပဲ၊ ကဲ ... ကဲ ဒီကိစ္စတွေက ကျွန်မတို့အဖို့မှာ အပူတပြင်း အရေးမကြီးတဲ့ ကိစ္စတွေပါ၊ ပြည်ထဲရေးထက် လွမ်းရေးခက်၊ လွမ်းရေးထက် ၀မ်းရေးခက် ဆိုတဲ့စကားလို သမီးကလေး အရေးကြောင့် မနက်ဖြန် ရွှေနန်းတော်ကြီးကို ပြေးပြီး အခစားဝင်လျှင် ဘယ်လို သံတော်ဦး တင်ရမယ်ဆိုသည်ကိုလည်း စဉ်းစားရဦးမယ်"
ဝန်မင်း ။ " ၀န်ကတော် တော်သလိုသာ လျှောက်တင်ခဲ့တာပေါ့၊ ဒါထက် တစ်ခုတော့ မှာထားစမ်းပါရစေ၊ ကျုပ်တို့ ခုနင်ကပြောကြတဲ့ လူဆိုး လူရမ်းများအကြောင်းကို ဘယ်သူ့မှသွား၍ မပြောလိုက်ပါနှင့်၊ ယုတ်စွ အဆုံး မောင်မောင်တုတ်တို့ မောင်မောင်ငယ်တို့ကိုပင် မပြောမိအောင် သတိပြုပါ ၀န်ကတော်"

ဝန်ကတော် ။ " အလို ... ဘုရား ... ကျွန်မသားကလေး မောင်မောင်ငယ်ဟာ မရိုးသားတဲ့လူတွေထဲမှာ စာရင်း ပါနေလို့များ သူ့ကိုပါ မယုံရတော့ဘူးဟာလား ၀န်မင်းရယ်"
ဝန်မင်း ။ " ဒီအဓိပ္ပာယ်မျိုး မသက်ရောက်ပါဘူး၊ လူငယ်တွေဆိုသည်မှာ သူတို့အချင်းချင်း အပေါင်း အသင်းနှင့် မကင်းရာမကင်းကြောင်းတွေ ဖြစ်ချင်လည်း ဖြစ်နေလိမ့်မယ်၊ ဒီတော့ မပြောမိအောင် သတိထား လိုက်လျှင် အင်မတန် ရန်အေးတဲ့ ကိစ္စမို့ သတိပေးရတာပ ၀န်ကတော်ရဲ့"
ထိုသို့ ပြောနေကြစဉ် အစေခံ နန်းခုံတို့ ထမင်းအုပ်များနှင့် ၀င်လာကြသည်တွင်မှ စကားစပြတ်ကာ ဒိုင်းအတွင်း ၀န်မင်းနှင့် ဒိုင်းအတွင်းဝန်ကတော်တို့ ညစာထမင်းများ သုံးဆောင်လျက်ရှိကြလေ၏။

ရွှေနန်းရှင်ကို တွယ်တာခုံမင် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးကာစ ချစ်ရေးမ၀တ၀ အချိန်မျိုးတွင် သစ်စိမ်းချိုး ချိုးလိုက်သည့်အသွင် ရှောင်တခင် လမ်းစပြတ်၍ ဖျပ်ဖျပ်လူးဖြစ်နေရှာသော ဒိုင်းခင်ခင် ကြီးသည် အရှင်နန်းမတော်ဖုရား၏ အပါးတော်၌ ဣနြေ္ဒမပျက် ဆက်လက်ခစားနေထိုင်ရင်းပင် ရင်တွင်း မဆန့် လောက်အောင် လောကမီး တောက်လောင်လျက် ရှိခဲ့ရာမှ အပါးတော်တွင် ညစဉ် ညဆက် အအိပ် ပျက်ခဲ့သော နေ့ရက်တို့ကြောင့် တစ်ကြောင်း၊ အိပ်ရေးပျက်ခြင်းကြောင့် အစား အသောက်ပျက်လာပြီး စိတ်ဝေဒနာကလည်း ဖိစီးလျက် မျက်ရည်မစဲ ချုံးပွဲချကာ အခါခါငိုရသည်မှာလည်း ချောင်းစီးသည့်အလား အလဲလဲအလှယ်လှယ် ထားရသည့် ပုသိမ်ပ၀ါကလေးများတွင် တစ်ထည်မလပ် စွတ်စိုထိုင်းမှိုင်းခြင်း ပြတ်သည်မရှိအောင် မချည့်လှိုက်လှဲခဲ့ရသဖြင့် အပေါ်ယံက ဟန်တင်းသလောက်၊ အသည်းနှလုံးကို ထွင်းဖောက်ကာ ဖွဲမီးပမာ လောင်မြိုက်လာခဲ့သော စိတ်ဝေဒနာတို့ကြောင့် လူမှာ ဝေဒနာရစပြုလာသော အခိုက် အတန့်တွင် မိခင်ဖြစ်သူ ဒိုင်းအတွင်းဝန်ကတော်ကြီး အတင်အလျှောက် ကောင်းသောကြောင့် အိမ်ပြန် ရန် ခွင့်တောင်းချိန်၌ အရှင်နန်းမတော်ဖုရားကလည်း စိတ်တော်ထဲမှာ ဇဝေဇ၀ါ ဖြစ်တော်မူဆဲ အကဲဖမ်း မရနိုင်သော အခါမျိုးဖြစ်လေရာ ကြည်ကြည်သာသာ အခွင့်ပြုတော်မူလိုသည်နှင့် သလွန် တော်အနီးတွင် ခစားလျက်ရှိသော မံသကြီးရွာစားအား အပါးတော်သို့ တီးတိုးခေါ်ယူ တိုင်ပင်တော် မူလိုသောကြောင့် ဒိုင်းဝန်ကတော် ကြီးအား သမီးနှင့် တွေ့စေရန် ၀ဲဆောင်တော်သို့ စေလွှတ်တော် မူလိုက်ပြီး -

"ဟဲ့ ... ခင်မကြီးရဲ့ ဒိုင်းဝန်ကတော်က သူ့သမီး မကျန်းမာလို့ ခဏတာပြန်ခေါ်ညပီး ဆေးဝါးကုသ ပါရန် အမိန့်တော်ခံတယ်၊ ဒီကောင်မကလေး ကြည့်ရသည်မှာလည်း တယ်လို့ ကျန်းမာပုံမရဘူး၊ ဒါကြောင့် ခေတ္တပြန်၍ ထည့်တော်မူချင်တယ်"

"မှန်လှပါဘုရား၊ ဖျကျွန်မတို့ကလည်း စိတ်ထဲဝယ် သင်္ကာယန မကင်းချိန် သူ့မျက်နှာကလည်း ညှိုးညှိုး မှိန်မှိန်ဆိုတော့ ဣနြေ္ဒပျက်တယ်လို့ ယူဆပြီး ထန်းသီးကြွေခိုက် ကျီးနားခိုက် အမှုသွား ဆိုက်သဖြင့် တစ်ဖက်သတ် အကြောင့်ကြကြီးမိခြင်းပေလားဟု စဉ်းစားစရာလည်း ဖြစ်မည်ထင် ကြောင်းပါ၊ ရွှေနန်းရှင် ဘုရားနှင့် အကယ်၍ အဆက်အသွယ်များရှိခဲ့ပါလျှင်လည်း ယခုလို သူ့မိခင်က ဆေးကုရန် ခေါ်သည်ကို အမိန့်တော် နှင့် သွားခွင့်ပြုတော်မူလိုက်၍ ရွှေနန်းတော်ပေါ်၌ ခင်ကြီးမရှိက သာ၍သင့်မြတ်လှပါသည်၊ ရွှေနန်းတော်ပေါ်တွင် အဆက်အသွယ် ပြုရန် လွယ်ကူ တော်မူသလောက် ရွှေနန်းတော်အပြင်သို့ ရောက်နေသူ တစ်ယောက်ကို ဆက်သွယ်တော်မူစရာ အလွန်တရာ ခဲယဉ်းလှကြောင်းပါဘုရား"

မိဖုရား ။  "အင်း ... ခင်မကြီး လျှောက်တင်ချက်ကို နှစ်သက်တော်မူမိသည်၊ ယခုအခါမှာ တစ်စုံတစ်ရာ အစွန်းအစမပေါ် စုံစမ်းတော်မူ၍လည်း မသိရ၊ လုံးဝမဟုတ်ပါဘူးလို့လည်း မဆိုပိုင်သဖြင့် သင်းကို အိမ်ခဏ ပြန်ထည့်တော်မူလိုက်မယ်၊ သင်းပုံကို ကြည့်ရသည်မှလည်း မချိတယ်နှင့် နေမထိ ထိုင်မသာဖြစ်နေတာ အမှန်ပင် ဖြစ်သည်။
ခင်မကြီး ။ "မှန်လှပါ သင့်မြတ်လှကြောင်းပါဘုရား"

မိဖုရား ။  "သို့သော် သင်းတို့ကို လုံးဝလွတ်လပ်စွာ ဝေးကွာနေစေဖို့ မတော်သေးဘူး၊ မကြာခဏ ဆိုသလို အပါးတော်ကို နေ့အခါများ၌ အဖူးအမြော် ၀င်ရောက်စေမှ သင့်ဦးမည်၊ ဒီကိစ္စအ၀၀ကိုလည်း ခင်မကြီးက အမေ့ အလျော့ မရှိရအောင် သတိဝီရိယ ရှေ့ဆောင်ထားပြီး အကဲခတ်နေရမယ်"
ခင်မကြီး ။ "မှန်လှပါဘုရား"

ယင်းသို့ နန်းမတော်ဆောင်ထဲတွင် ခင်မကြီးနှင့် အရှင်နန်းမတော်တို့ တီးတိုးလျှာက်တင် တိုင်ပင်တော် မူနေချိန်ဝယ်၊ ၀ဲဆောင်တော်ဆစ်ဖက်ဍ္ဍရှိ အပျိုတော်ကြီးတို့၏ နေထိုင်ရာ အဆောင်၌ ဒိုင်းအတွင်း ၀န်ကတော်ကြီးနှင့် သမီးဖြစ်သူ ဒိုင်းခင်ခင်ကြီးတို့မှာလည်း တီးတိုးတီးတိုးနှင့် အကျိုးအကြောင်း ဇာတ်လှန် လျက် ရှိကြလေ၏။
အခြား အပျိုတော်များ မျက်မြင်တွင် ခင်ခင်ကြီးကို မိခင် ဒိုင်းဝန်ကတော်ကြီးက ကြောလက်သပ်ခါ မကျန်းမာသည်ကို မေးမြန်းစုံစမ်းနေသည်ပင် ထင်ရသည်။ တစ်ခါတရံ ဇက်ကလေးကို ထိုးပေးလိုက် နားထင်ကြောကလေး ထောက်ပေးလိုက်နှင့် ဆံပင်ကိုဖြည်၍  ယပ်လေးခပ်ပေးလိုက်နှင့် အလိုက်သင့် အလျား သင့် အဆက်မပြတ် လက်မှ ပြုလုပ်ပေးကာ ပြောစရာ စကားများကို နှစ်ကိုယ်ကြား ကြိတ်၍ ပြောကြ ရလေ၏။

မိခင် ။ "သမီးရဲ့ အကျိုးအကြောင်းတွေကို မေဘုရား မနေ့ကမှ အားလုံးသိရတယ်၊ မောင်မောင်ငယ် လာမပြောသေးလျှင် သိရဦးမှာ မဟုတ်ပါကလား သမီးရယ်၊ မေဖျားလာတဲ့အခါ တိုင်းမှာ ဘာကြောင့် မပြော သလဲ သမီးရဲ့"
ကြီး ။  "ခင်ကြီးက ပြောချင်ပါတယ် မေဖျားရဲ့၊ ဒါပေတဲ့ သားအမိချင်း လွတ်လွတ်ကင်းကင်း စကား ပြောစရာလည်း အချိန်မရ၊ ကိုကိုကြီးတို့ အစ်ကိုတို့ကလည်း ဘယ်သူ့ကိုမှ ဖွင့်မပြောရသေးဘူးလို့ ပြောထား တာနှင့် မေဖျားကို ပြောတဲ့စကားဘေးလူတွေ မတော်တဆ ကြားသွားမှာစိုးလို့ မပြောဘဲ ထားပါတယ်"

မိခင် ။  "မေဖျားကတော့ ငါ့သမီးကလေး ညှိုးညှိုးငယ်ငယ် မြင်ရတိုင်း နေထိုင်မကောင်းဘူးထင်လို့ အမိန့်တော်ခံ၍ အိမ်ပြန်ခေါ်ပြီး သမားတော်များနှင့် ဆေးဝါးကုသမယ် ကြံစည်နေခဲ့တယ်"
ကြီး ။  "မေဖျားရယ် ခင်ကြီး ညှိုးညှိုးငယ်ငယ် ဖြစ်နေတာက ရွှေနန်းရှင်ဘုရားရဲ့ မျက်နှာတော်ကို မဖူးမြော်ရလို့ပါ၊ ကိစ္စမရှိပါဘူး အိမ်ကို ပြန်လို့တော့ မလိုက်ပါရစေနှင့် ရွှေနန်းတော်ပေါ်မှာ နေရရင် ရွှေနန်းရှင်ဘုရား၏ အပါးတော်ကို အချိန်မရွေး ဖူးခွင့်ရလျှင် ရသလို ပြေး၍ သွားရန် လွယ်ကူပါသည်"

မိခင် ။  "အို ... အဲဒါကြောင့် သမီး၏အစ်ကိုကြီးက မှာလိုက်ပေတယ်၊ အကျိုးအကြောင်း ရေရေ လည်လည် မသိလျှင် ခင်အကြီး လိုက်မှာမဟုတ်ဘူးတဲ့၊ မှာလိုက်သည့်အတိုင်းပင် မှန်နေပြီ၊ ဒီမာ အမေ့သမီးကလေးရဲ့ ယခု လာခဲ့ရခြင်းဟာ ရွှေနန်းရှင်ဘုရား၏ အလိုတော်အတိုင်း သမီးကို မေဖျား တို့အိမ်သို့ ပြန်ခေါ်ရန် ဖြစ်တယ်၊ သို့ပေမဲ့ အကြောင်းမပြနိုင်ဘဲခေါ်လျှင် အရှင်နန်းမတော်ဘုရားက ယုံကြည်တော်မူမည် မဟုတ်တဲ့ အတွက် သမီး နေထိုင်မကောင်းသဖြင့် ဆေးဝါးစားလို၍ ခေတ္တခဏ ပြန်ခွင့်သနားတော်မူရန် အမိန့်တော် ခံရမည်တဲ့သမီး ကြားရဲ့လား"
ကြီး ။  "သြော် ... ရွှေနန်းရှင်ဘုရား အမိန့်တော်လား မေဖျား၊ ဒီလိုသာ အမိန့်တော်နှင့် ပြန်ခိုင်းတယ် ဆိုရင် ခင်ကြီး အင်မတန် လိုက်ချင်ပါတယ်၊ ခင်ကြီး ဘယ်မှာနေရနေရ ရွှေနန်းရှင်ဘုရားကိုသာ ဖူးမြင်ရမယ် ဆိုလျှင် သေရာက ထ၍လိုက်ပါမယ်၊ တကယ်ပြောတော်မူတာကော ဟုတ်ပါရဲ့လား မေဖျားရယ်၊ သမီး အိမ်ပြန် လိုက်ချင်အောင် ညာပြောတာများလေလား"

မိခင် ။  "မေဖျားက မညာပါဘူး သမီးလေးရယ်၊ မောင်မောင်ငယ်တို့ ယမန်နေ့က လာ၍ပြောကြသည် အမှန်ပါ၊ သမီးကို အပါးတော်မှာ ကြာရှည်ထား၍ မလျော်သဖြင့် ပရိယာယ်နှင့် အပြင်သို့ရောက်အောင် ပြုလုပ်ရမည်၊ သမီးအပြင်သို့ ရောက်လျှင် ရွှေနန်းရှင်ဘုရား ကြံစည်တော် မူချင်ရာကို လွယ်ကူစွာ ပြီးမြောက်နိုင်သည်တဲ့ သမီးရဲ့၊ ဒါကြောင့် မေဖျား လာခဲ့ရတယ်၊ အကြောင်း ပြဖို့ကိစ္စကလည်း မေဖျား ထင်တဲ့အတိုင်း သမီး မကျန်းမမာကြောင်း ခေါင်းတည်၍ အမိန့်တော်ခံရမှာပဲ"
ကြီး ။  "ဒီလိုဖြင့် သမီး လိုက်ဖို့အသင့်ပါပဲ မေဖျားရယ်၊ ယခုအခါ သမီးမှာတော့ ရွှေနန်းရှင်ဘုရားကို အားကိုး ချစ်ခင်ပြီး သံယောဇဉ် အလွန်ကြီး၍နေပါပြီ၊ ရွှေမျက်နှာတော်ကို မဖူးမြော်ရသည်မှာလည်း ကြာလှ လို့ လွမ်းနာကျနေပါပြီ မေဖျားရယ်၊ သမီးဒုက္ခကို ကယ်ပါတော့"

မိခင် ။  " တိုးတိုးကလေးပြောပါ သမီးရယ်၊ မတော်တဆ ရိပ်ဖမ်းသံဖမ်းများ ကြားလို့သွားမှဖြင့် ငါးပါးကြီး မှောက်ကြပါလိမ့်မယ်"
ကြီး ။ "တိုးတိုးပြောရလွန်းလို့ အကျင့်ပါနေပါတယ် မေဖျားရယ်၊ ဘယ်သူမှ မကြားရပါဘူး၊ အစဦး တုန်းကသာ ခုလို ဒုက္ခများမယ်မှန်း သိရလျှင် ခင်ကြီးလေ ရွှေနန်းတော်ပေါ်က တစ်ခါတည်း ထွက်လို့ ပြေးမိ မှာပါပဲ၊ ခုနေတော့ ထုထုတေတေ ငါးဖယ်လို အတွင်းကြေကြေနေတဲ့ စိတ်ဒုက္ခတွေကြားထဲကပင် ရွှေနန်းရှင် ကို ချစ်ခင်မိတဲ့ စိတ်ဓာတ်ကြောင့် သံယောဇဉ်ကြိုးမျှင်မပြတ်ဘဲ ရစ်ပတ်ဝဲလယ် တွယ်တာ မက်မော လျက် ရှိရပါတော့တယ်၊ အစ်ကိုကြီးတို့ ခြယ်လှယ်တဲ့ ဇာတ်ကွက်ကလည်း နည်းနည်းမှ အကွက်မလည်သေးပါကလား၊ သူတို့ ကြိုးစားကြံဖန်လို့ပေးကြမှ သမီးကလေး စိတ်သောကအေးရပါတော့မယ် မေဖျား ရယ်"

မိခင် ။  "မောင်မောင်တို့ ကြိုးစားလျက်ရှိနေကြောင်း၊ မေဖျား ကောင်းကောင်းသိရပါတယ်၊ မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့၊ မဆုတ်မနစ် လုံ့လရှိသလောက် ကြိုးပမ်းနေရရှာခြင်းမှာ လည်း သမီးလေးကို ကောင်းစားစေလိုပြီး ကျေးဇူးတော်ကြီးလှတဲ့  အရှင်သခင်၏ လိုအင်ဆန္ဒကို ဖြည့်စွမ်း ဆောင်ကျဉ်းပေးခဲ့သော်လည်း ထင်သလို ခရီးမရောက်ဘဲ အနှောင့်အယှက် ကြုံနေပြီး သမီး စိတ်ဆင်းရဲ နေရှာသည်မှာ သူတို့၏ ပယောဂ မကင်းသလို ဖြစ်နေတာနှင့် သာ၍ မခံမရပ်နိုင် ဖြစ်ပြီး နည်းလမ်းရှိသလောက် ကြိုးစားပေးကြတော့မယ်တဲ့၊ ရွှေနန်းရှင်ဘုရားကလည်း ခင်ကြီးကို သနားလှတယ်၊ ယခုလို ကြာကြာပစ်၍ထားတော်မမူနိုင်တော့သည့်အတွက် ရုတ်တရက် အကြံအစည်တစ်မျိုး ပြောင်းတော် မူကာ သမီးကို မေဖျားတို့ထံ ပြန်ရောက်အောင် ခေါ်ယူထားရမည်ဟု အမိန့်တော်ရှိခြင်း ဖြစ်တယ်တဲ့ သမီးရဲ့"

ကြီး ။  "မေဖျားရဲ့စကားက အားရှိစရာကောင်းလှပါတယ်နော်၊ စိတ်ပျော်လိုက်တာ တကယ်ပဲ ခင်ကြီးကို ချစ်တော်မူပါသေးတယ်နော်၊ စိတ်ပျော်လိုက်တာမေဖျားရယ်၊ ရေငတ်နေတဲ့လူဟာ ရေပူရေနောက်ပင် သောက်ရ စေတော့ ခဏတော့ အာရုံပြေသလိုပါပဲ၊ နည်းတဲ့ နေ့ရက်တွေ မဟုတ်လှဘူး မေဖျား၊ ရွှေမျက်နှာ တော်ကို ဖူးမြော်လို့မှ မ၀သေးတဲ့ အချိန်ကလေးမှာ ရုတ်တရက် အခွင့်တော်မသာသဖြင့် တွေ့ဆုံဖို့ရာ လမ်းစ ပြတ်သွားကတည်းက ခင့်အသည်းနှလုံးတွေကို ချေမွပစ်လိုက်သလို အခံရခက် လှပါတော့တယ်"
မိခင် ။ "ကိုင်းကိုင်း ... မပူပါနဲ့တော့ သမီးရယ်၊ ဒီကနေ့ အမိန့်တော်ခံလို့ အိမ်ကို ပြန်ရလျှင် ခင် စိတ်ချမ်းသာပါတော့မယ်၊ ဒီအခြေကျမှတော့ မေဖျားတို့က ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ စကားလို ရွှေနန်းရှင်ဘုရား အလိုတော်နဲ့ ခင့်ကောင်းစားမှုကို ဂရုထားပြီး ကြိုးစား ကြံဆောင်ကြရတော့မှာပဲ သမီးရဲ့"

ကြီး ။  "ကိုကိုကြီးနဲ့ အစ်ကိုတို့ခမျာမှာလည်း ခင့်အတွက်နှင့် အတော်ပဲ စိတ်ပင်ပန်း လူပင်ပန်း ခံလျက် ရှိကြပါတယ် မေဖျားရယ်၊ အစ်ကိုဆိုသည်မှာ ဘယ်တော့မှ မျက်နှာမကောင်းရှာဘူး၊ သမီးမှာတော့ ခုနေ အခါ အစ်ကိုကို့လည်း ရှက်ဖို့ နားမလည်ပါ၊ ရွှေနန်းရှင်ဘုရားကိုလည်း ကြောက်တာထက် ချစ်တာက ပိုနေတော့ သမီးရင်ထဲမှာ ဖြစ်ပျက်နေသမျှ အစ်ကိုကတစ်ဆင့် ရွှေနန်းရှင်ထံတော်သို့ အလွှာတော် ပို့ဆက်၍သာ နေရပါတော့တယ်၊ အိမ်ပြန်ရောက်ခါမှ ဒီကိစ္စ အေးကြမည်ဆိုပါလျှင် မြန်မြန်ပင် အမိန့်တော် ခံလို့ ခေါ်သွားပါတော့ မေဖျား"

မိခင် ။  "ကောင်းလှပြီသမီးရယ်၊ ကဲကဲလာလာ ... ရှေ့တော်သွားကြစို့၊ မေးတော်မူလျှင် သမီးကလည်း နေမကောင်းပေမဲ့ အရှင်နန်းမတော်ဖုရား အပါးတော်မှ ခွဲခွာပြီး လိုက်ချင်ပုံမရေတဲ့ သဏ္ဍာန်မျိုး ဖန်တီးပါခင်ရယ်"
အရှင်နန်းမတော်ဖုရားနှင့် အပျိုတော် အတွင်းလူယုံတော်ဖြစ်သော မံသကြီးရွာစားတို့ တိုင်ပင်၍ စကား အချေအတင် လျှောက်တင်ပြီးစီးသော အချိန်တွင် ၀ဲဆောင်၌ သမီးနှင့် လာရောက်တွေ့ဆုံပြီး စည်းဝါး တိုက်လာသော ဒိုင်းဝန်ကတော်ကြီးနှင့် သမီးခင်ခင်ကြီးတို့ သားအမိသည် အရှင်နန်းမတော်ဖုရား အပါးတော်သို့ ၀င်ရောက်ခစားမိလေ၏။

ဒိုင်းဝန်ကတော်ကြီးမှာ ခြေတစ်ဖက် "ဆာ"၍ မစွမ်းမသန်ရှာသူ ဖြစ်သည့်အားလျော်စွာ ဥသျှစ်ရောင် ပိုးကွက်စိတ် ထဘီကို ချပ်ချပ်ရပ်ရပ်ဝတ်လျက် ပုသိမ်ပ၀ါစပယ်ကြီးကို လောဘက်တင် သိုင်းချုံ ထားစေကာမူ သမီးဖြစ်သူ၏ ပခုံးကို မှီကိုင်အားပြု၍ လာရသဖြင့် မဖြီးမလိမ်းနှင့် ဆံပင်လျော့ရဲ ရင်စည်း ဖွာဖွာ မျက်နှာညှိုးညှိုးနှင့် ရဲကြိုးထဘီကို ကသီကရီ ၀တ်လျက် ဖဲကွက်ဖရဲအူရောင် အင်္ကျီလက်ရှည်ကို ကပိုကရို ၀တ်ထားရာက မိခင်ကြီးကို တွဲခေါ် လာပြီးနောက် အရှင်နန်းမတော်ဘုရား ရှေ့တော်သို့ ရောက်သော အခါ ပျပ်ဝပ်ကျိုးနွံစွာ မျက်နှာ အောက်ချ ခစားနေရာမှ မိခင်ကြီး အမိန့်တော်ခသံကိုသာ နားစွင့် နေမိရှာသည်။ အရှင်နန်းမတော် ဘုရားလည်း ဒိုင်းခင်ခင်ကြီး သားအမိ ရှေ့တော်ခစား မိကြသည် ကို တွေ့မြင်တော်မူသောအခါ -
"သြော် ... ဒိုင်းဝန်ကတော် သမီးကို ခေါ်ခဲ့ပြီလား၊ ဘယ်လိုရောဂါများ ဖြစ်သည်တဲ့လဲ"ဟု အမေးတော် ရှိလျှင် ဒိုင်းဝန်ကတော်ကြီးက လက်ယှက်ကာ -
"မှန်လှပါဘုရား၊ လေရောဂါ နှိပ်စက်သဖြင့် အစားပျက်အအိပ်ပျက် ဖြစ်နေခြင်းပါဘုရား" ဟု လျှောက်ထား ၍ အရှင်နန်းမတော်ဖုရားက -

"သြော် ... ဟုတ်စရာရှိပါငဲ့ ခင်ကြီးရဲ့ မျက်နှာကို ကြည့်တော်မူရသည်မှာ ညောင်နာနာနှင့် ရှိတော့ သည်၊ သို့ရာတွင် လေရောဂါဆိုသည်မှာ အိပ်ရာထဲ နေ့ရှည်ရက်ကြာ မမာနေသော ရောဂါမျိုး မဟုတ်တဲ့အတွက် စိုးရိမ်ရန် မရှိသော်လည်း တစ်လလောက် ပြန်ခေါ်ခွင့်ပြုတော်မူမယ်၊ သည်တစ်လဆိုတဲ့ ရက်များ အတွင်း မှာလည်း သီတင်းတစ်ပတ်လျှင် တစ်ကြိမ် နှစ်ကြိမ် ဆိုသလို ရှေ့တော်ကို သားအမိနှစ်ယောက် အခစား ၀င်ရောက်ကြရမည်"ဟု မိန့်တော်မူရာ -

"အမိန့်တော်မြတ် ဦးထိပ်ရွက်ပန်ဆင်မိပါကြောင်းဘုရား"ဟု ဒိုင်းဝန်ကတော်ကြီးက လျှောက်ထားသဖြင့် နန်းမတော်ဖုရားက ခင်ခင်ကြီးဘက်သို့လှည့်၍ -
"ဟဲ့ ... ခင်ကြီးရဲ့ နင့်မိခင်နဲ့အတူ ခဏတဖြတ် လာရောက်ခစားဖို့ မမေ့လေနှင့်" ဟု အမိန့်တော် ရှိသော အခါ ခင်ခင်ကြီးမှာ ၀န်ကတော်ကြီး သတိပေးထားသည့်အတိုင်း -
"အမိန့်တော်မြတ် နာခံမိကြောင်းပါဘုရား၊ ဘုရားကျွန်မ နေမကောင်းလှ၍သာ ခေတ္တ ပြန်လိုက်ရပါမည်၊ ရွှေဖ၀ါးတော် အောက်က မခွာလိုလှကြောင်းပါဘုရား၊ ဝေဒနာ သက်သာအောင် ဆေးစားပြီး မေဖျား ရှေ့တော်သို့ အခစားဝင်တိုင်း ရွှေဖ၀ါးတော်ကို လာရောက်ဦးတိုက်ပါမည်ဘုရား" ဟု သနားစရာ လျှောက်တင် လိုက်ရှာလျှင် အရှင်နန်းမတော်ဖုရားက ပြုံးတော်မူကာ ကရုဏာသံ ခပ်လေးလေးနှင့် -
"အေး ... အေး၊ ကောင်းပြီ၊ လိုက်သွားပေတော့" ဟု အမိန့်တော်ရှိပြီး ကြာခြည်တော်ထဲသို့ ၀င်တော်မူကာ မျက်နှာတော် လွှဲလိုက်သဖြင့် ဒိုင်းဝန်ကတော်ကြီးလည်း အနီးရှိ အထိန်းတော် အပျိုတော် မြို့စား ရွာစား ကြီး များကို နှုတ်ခွန်းဆက်ကာ ခင်ခင်ကြီးကို ခေါ်လျက် နန်းမတော် ဆောင်ကြီးမှ ထွက်ခဲ့ရလေ၏။

အပြင်ဘက် ၀ဲဆောင်သို့ ရောက်သောအခါတွင်လည်း ခင်ခင်ကြီးမှာ သူနှင့် အရွယ်တူ အပျိုတော် ကလေးများနှင့် လက်ပါးစေများကို နှုတ်ခွန်းဆက်ပြီးလျှင် ၀န်ကတော်ကြီးနှင့်အတူ အနောက်စမုတ် မှဆင်းလျက် တံခါးနီအပြင်ဘက်တွင် အသင့်ချွတ်ထားသော ဗီရိုလှည်းကိုစီးပြီး ရွှေနန်းတော်ကြီးမှ ထွက်ခွာ လာခဲ့ကြလေ၏။

နန်းမတော်ဆောင်ကြီးတွင် ခစားနေထိုင်ကြသော မြို့စားရွာစား အထိန်းတော် အပျိုတော်ကြီးများနှင့် အပျိုတော်ငယ်များ ရှိကြရာတွင် မံသကြီးရွာစားမှတစ်ပါး ဒိုင်းခင်ခင်ကြီး အပေါ်တွင် အရှင် နန်းမတော် ဖုရား၊ အကဲခတ်တော်မူနေကြောင်း မည်သူမျှ သိရှိရိပ်မိခြင်း မရှိ သေးသောကြောင့် အရှင် နန်းမတော် ဖုရားသည် ဒိုင်းခင်ခင်ကြီးအား တစ်ပါးသူများထက် ပိုမို သနားချစ်ခင်တော်မူ၍သာ မကြာခဏ လာရောက် ခစားရန် မှာထားသည်ဟုသာ ရိုးသားစွာ မှတ်ထင်ကြလေသတည်း။
..............................

အခန်း (၃၃) မနက်ဖြန်
.

No comments: