Wednesday, January 20, 2010
တော့တိုး-ချန်
သတ္တိရှိမရှိ စမ်းသပ်ခံပွဲ
"လန့်စရာ ကောင်းတာဘာလဲ ပြောစမ်းပါ၊ အနံ့က မကောင်းမကောင်း၊ စားကြည့်တော့ သိပ်ကောင်း သိပ်ကောင်း"
ကလေးများသည် ဤစကားထာမျိုးကို သိပ်နှစ်သက်ကြသည်။ စကားထာ၏ အဖြေကို  သူ တို့သိကြ စေကာမူ တော့တိုး-ချန်နှင့် သူမ၏သူငယ်ချင်းများသည် တစ်ယောက်နှင့်တစ် ယောက်" လန့်စရာ ကောင်းတယ် ဘာလဲပြောစမ်းပါ။ အနံ့မကောင်း စကားထာကို မေး စမ်းပါ" ဟုပြောကြသည်။
၎င်းစကားထာ၏ အဖြေမှာ "ပဲသီးယိုပါသော ဗန်းမုန့်ကို စားနေသည့် အိမ်သာထဲမှ မိတ်စ္ဆာကောင်"ဟူ၍ ဖြစ်သည်။
တိုမိုကျောင်း၏ သတ္တိရှိမရှိစမ်းသပ်ပွဲ ပြီးဆုံးသည့်အခါ၌လည်း စကားထာဟောင်းတစ်ခုကို ရကြမည် ဖြစ်သည်။
"လန့်စရာကောင်းတာ ဘာလဲပြောစမ်းပါ၊ အဖုအပိန့် ကုတ်ခြစ်ရာတွေနဲ့ သင့်ကို ရယ် အောင်ပြုလုပ်တာ"
ကျောင်း၏ စုဝေးခန်းမကြီးထဲတွင် တဲများထိုးပြီး စခန်းချသည့် ညကဖြစ်သည်။
ဆရာ ကြီးက "အခုတော့ မဟုတ်သေးဘူ၊ ဒါပေမဲ့လို့ တစ်ညညမှာတော့ ကူဟွန်းဘတ်စုဘုရားကျောင်း မှာ သတ္တိရှိမရှိ စမ်းသပ်ခံပွဲတစ်ခုကို  ငါတို့ပြုလုပ်ရမယ်။ တစ္ဆေလုပ်ချင်တဲ့သူရှိရင် လက် ညှိုးထောင်ပါ။"
ကျောင်းသား ခုနစ်ယောက်တို့က လက်ညှိုးထောက်လိုက်ကြသည်။ ချိန်းဆိုထားသည့် ည နေခင်းတွင် ကျောင်းသား အားလုံး ကျောင်းသို့လာရောက် စုဝေးကြသည်။ တစ္ဆလုပ်ကြ မည့် ကျောင်းသားများသည် တစ္ဆေ အ၀တ်အစားများကို သူတို့ဘာသာသူတို့ချုပ်ပြီး ယူလာ ကြသည်။ထို့နောက်သူတို့သည် ဘုရားကျောင်းဝင်း ထဲ၌ သွားပုန်းနေရန် ကြိုတင်ထွက်ခွာ သွားကြသည်။
"မင်းတို့ကို တော့လား သေအောင်ခြောက်မယ်"ဟု သွားခါနီး၌ သူတို့ကြိမ်းဝါးသွားကြသည်။
ကျန်ကျောင်းသားသုံးဆယ်ခန့်ကို ငါးယောက်အုပ် စုစည်းတပ်ဖွဲ့လိုက်ပြီးလျှင် ကူဟွန်း ဘက်စုသို့ အချိန် အနည်းငယ် ဆီခြား၍ စေလွှတ်သည်။သူတို့သည် ဘုရားကျောင်းဝင်းထဲ၌ လှည့်ပတ်၍ လမ်းလျှောက်ကြ ရမည့်အပြင် သင်္ချိင်းထဲသို့လည်း သွားကြရမည်ဖြစ်သည်။ ပြီးတော့မှ ကျောင်းသို့ပြန်လာကြရမည်။
သူတို့ကို စတင် မလွှတ်မီ ဆရာကြီးက တပည့်များမည်ရွေ့မည်မျှ သတ္တိရှိမရှိကို စမ်းသပ် သည့် စမ်းသပ်ပွဲ သာဖြစ်ကြောင်း၊ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် သတ်မှတ်နေ ရာများ အားလုံးကိုမရောက်ဘဲ ပြန်လာ မည်ဆိုကလည်း ပြန်လာလို့ရကြောင်း ပြောလိုက် သည်။
တော့တိုး-ချန် တွင် အမေ့ထံမှငှားခဲ့သော လက်နှိပ်ဓာတ်မီးရှိသည်။
"မပျောက်စေနဲ့နော်"
အမေက ပြောသည်။
အချို့ယောက်ျားလေးများက သူတို့သည် တစ္ဆေများကို ဖမ်းခေါ်ခဲ့မည်ဖြစ်ကြောင်း၊ လိပ် ပြာများကို ဖမ်းမည့်ပိုက်ကွန်များကို ယူလာခဲ့ကြောင်းပြောကြသည်။အချို့ကလည်း တ စ္ဆေများကို ကြိုးနှင့် ချည်ရန် ကြိုးများကို ယူလာခဲ့ကြောင်း ပြောကြသည်။
သူတို့ဘာတွေ လုပ်ကြရမည်ကို ကျောင်းအုပ်ဆရာကြီးက ရှင်းပြပြီးချိန်တွင် မှောင်မည်းနေပြီ ဖြစ်သည်။ ကျောင်းသား များသည် အစုလိုက် အစုလိုက် ကြွက်စီ ကြွက်စီနှင့် ရှိနေကြသည်။ ထို့နောက် ပထမ အုပ်စုသည်ကျောင်းဝမှ စတင်ထွက်ခွာသွားသည်မှ နောက်ဆုံး၌ တော့တိုး-ချန်တို့ အုပ်စုသွားရန် လှည့်သို့ ရောက်လာသည်။
ကူဟွန်းဘက်စုဘုရားကျောင်းသို့ မရောက်မချင်း တစ္ဆေများပေါ်လာလိမ့်မည်ဟု ဆရာကြီးက ပြောထား ပြီးဖြစ်သည်။ သို့သော်ကလေးများသည် မယုံကြည်ကြပေ။ သူတို့ သည် ဘုရားကျောင်းဝရှိရာသို့ စိတ်တထင့်ထင့်နှင့် သွားနေကြသည်။ အစောင့်ဖြစ်သည့် နတ်ဒေ၀ါအရုပ်ကြီးများကို မြင်ရသည့် နေရာသို့ရောက်လာလေပြီ။လထွက်နေသော်လည်း ဘုရားကျောင်းဝင်းတစ်ခုလုံးမှာ မှောင်မည်း လျက် ရှိသည်။ နေ့ဘက်၌ ပျော်စရာကောင်း သော်လည်း ယခုလိုအချိန်အခါမျိုး၌ တစ္ဆေတစ်ကောင် တလေနှင့် မတွေ့ဘူးဟုမပြောနိုင်။ "တစ္ဆေနှင့် တွေ့ရင်" ဟူသော အတွေးများကို တွေးမိကြသဖြင့် သူတို့အားလုံးသည် ကြောက်ရွံ့ ထိတ်လန့်နေကြသည်။
"အီး ........"
လေတိုးသဖြင့် သစ်ပင်များဆီမှ လှုပ်ရှားသံကြားရသူများထံမှ ကြောက်ရွံ့သံထွက်လာသ လို၊ မြေကြီးပေါ်၌ ခပ်ပျော့ပျော့ အရာဝတ္ထုတစ်ခုခုကို နင်းမိသူကလည်း "ဒီမှာ တစ္ဆေတစ် ကောင်"ဟုအော်မိတတ်သည်။ ယုတ်စွ အဆုံး သူငယ်ချင်းအချင်းချင်း တွဲထားသော လက်များကိုပင် မယုံသင်္ကာ ဖြစ်လာ ကြသည်။"ငါတွဲထားတဲ့လက်ဟာ တစ္ဆေရဲ့လက်များ လား"ဟု စိတ်ထဲ၌ စနိုးစနောင့် ဖြစ်လာလေတော့ သည်။
တော့တိုး-ချန်သည် သင်္ချိင်းကုန်းဘက်သို့သွားသော လမ်းဘက်သို့မသွားရန် ဆုံးဖြတ်ချက် ချလိုက်လေ တော့သည်။ တစ္ဆေများသည် ထိုနေရာ၌ စောင့်နေကြ၏။ သတ္တိရှိမရှိစမ်းသပ် နည်းကို သူမ သိရ လေပြီ။ထိုဘက်သို့မသွားတော့ဘဲ ပြန်လှည့်နိုင်သည်။ သူမပါဝင်သော အုပ်စုမှ ကျန်ကျောင်းသားများ၏ သဘောထား မှာလည်း သူမအတိုင်းပင်ဖြစ်သည်။ ထို့ကြောင့် သူတို့တစ်တွေသည် ခြေကုန်သုတ်၍ ကျောင်းသို့ ပြန်ပြေးလာခဲ့ကြလေ တော့သည်။
သူတို့တစ်တွေကျောင်းသို့ ပြန်ရောက်သောအခါ သူတို့ထက်ဦးစွာ သွားခဲ့ကြသော အုပ် စုများမှ ကျောင်းသား များအားလုံးပြန်ရောက်နေကြပြီဖြစ်သည်။ သူတို့ကို ကြည့်ရသည် မှာလည်း သင်္ချိင်းကုန်းဘက်သို့ရောက်ခဲ့ဟန်မရှိ။
ထိုအခိုက်ဦးခေါင်းပေါ်၌ အ၀တ်ဖြူအုပ်ထားသော ကျောင်းသားတစ်ယောက်သည် ကျောင်းဝင်းဝသို့ ငိုယိုပြီး ရောက်လာသည်။သူနှင့်အတူ ဆရာတစ်ရောက်လိုက်ပါလာသည်။ ထို ကျောင်း သားသည် တစ္ဆေ လုပ်သည့် ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူသည် ဂူကြားထဲ၌ တစ်ချိန်လုံး ပုန်းစောင့် နေသော် လည်း ဘယ်သူမှ ရောက်မလာသဖြင့် တဖြည်း ဖြည်းကြောက်စိတ်ဝင်လာသောကြောင့် အပြင်သို့ ထွက်၍ အော်ငိုနေမိစဉ် ဆရာကသူ့ကို ကျောင်းသို့ပြန်ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။ ကျောင်းသားများက သူ့ကို ၀ို်င်းဝန်းအားပေး စကားပြောနေခိုက် ၊ ဒုတိယ တစ္တေကျောင်းသားတစ်ယောက်သည် ငိုယိုပြီး ကျောင်းသား တစ်ယောက်နှင့်အတူ ရောက်လာပြန်သည်။ ထိုအခြားကျောင်းသားမှာလည်း ငိုယို လျက် ပင်။
ဖြစ်ရပုံမှာ တစ္ဆေလုပ်သော ကျောင်းသားတစ်ယောက်သည် ဂူကြားထဲ၌ ပုန်းနေစဉ် ပြေး လာသော  ခြေသံများ ကြားရသောကြောင့် သူသည် ပုန်းနေရာမှ ထွက်လာ၍ ပြေးလာ သူကို ခြောက်လှန့် ရန်ပြင်လိုက်လေရာ သူနှင့်ပြေးလာသူတို့ ခေါင်းချင်းဆိုင် တိုက်မိလေ တော့သည်။ နာလည်းနာ လန့်လည်း လန့်ကြသောကြောင့် သူတို့နှစ်ယောက်သား ငိုယို၍ ပြန်ပြေးလာကြခြင်းဖြစ်သည်။ ရယ်စရာ ကောင်းပါသည်။ ယခုအခါ ကြောက်စိတ်များ မရှိကြတော့သဖြင့် သူတို့သည် ခေါင်းချင်းဆိုင်၍ ရယ်မော နေကြသည်။ တစ္ဆေများသည် တစ်ချိန်တည်းမှာပင် ငိုလည်းငိုကြသည်။ ရယ်လည်းရယ်ကြသည်။ မကြာမီ အချိန်အတွင်း တော့တိုး-ချန်၏အတန်းမှ အတန်းသားတစ်ဦးဖြစ်သော ငယ်နာမည် မီဂီတာဆိုသူ ပြန် ရောက်လာ သည်။သူသည် သတင်းစာစက္ကူဖြင့် ပြုလုပ်ထားသည့် တစ္ဆေခေါင်းစွပ်ကို စွပ် ထားသည်။ သူပုန်း နေရာ ဂူအနီးသို့ မည်သူမျှ ရောက်မလာသောကြောင့် သူသည်ဒေါပွ လျက်ရှိသည်။
"ငါတစ်ချိန်လုံး စောင့်နေတယ်၊ ဘယ်သူမှရောက်မလာဘူး"
မကျေနပ်သော လေသံဖြင့် ပြောရင်း သူ၏လက်မောင်းများနှင့် ခြေထောက်များရှိ ခြင် ကိုက်ဖုများကို ပွတ်လျက် ရှိသည်။
"တစ္ဆေဟာလည်း ခြင်ကိုက်ခံရတယ်နော်"
ကျောင်းသားတစ်ယောက်ကပြောလိုက်သည့်အခါ အနီးရှိ ကျန်ကျောင်းသားများက ၀ိုင်း ရယ်ကြသည်။
"ကောင်းပြီ ၊ ကျန်နေတဲ့ တစ္ဆေတွေကို ငါသွားခေါ်လိုက်မယ်"
ပဉ္စမတန်းအတန်းပိုင်ဆရာ မစ္စတာ မာရူယာမားက ထိုသို့ပြောရင်း ထွက်ခွာသွားသည်။ တစ္ဆေ ကျောင်းသားအချို့သည် လမ်းမီးတိုင်အောက်၌ရပ်နေပြီး အချို့မှာမူ ကြောက်လွန်း သောကြောင့် အိမ်သို့ ပြန်သွားကြသည်။ ဆရာသည် သူတို့အားလုံးကို ကျောင်းသို့ပြန်ခေါ် လာခဲ့သည်။
ထိုညမှအစပြု၍ တိုမိုကျောင်းမှ ကျောင်းသားများသည် တစ္ဆေများကို ဘယ်တော့မှမ ကြောက်တော့ ။ အဘယ်ကြောင့် ဆိုသော် တစ္ဆေများကိုယ်တိုင်ပင်လျှင် ကြောက်တတ်ကြ သည်မဟုတ်ပါလော။
အစမ်းလေ့ကျင့်ရာ ခန်းမ
တော့တိုး-ချန်သည် ခြေသံမကြားအောင် လမ်းလျှောက်နေသည် ။ ရော့ကီသည်လည်း ခြေ သံမကြားအောင် လျှောက်ရင်း တော့တိုး-ချန်ကို မကြာမကြာ လှမ်းကြည့်သည် ။ ဤသို့ လျှောက်ရခြင်း၏ အကြောင်းအရင်းမှာ တစ်ခုတည်းသာရှိ၍ သူတို့သည် အဖေ၏ အစမ်းလေ့ကျင့်ရာ ခန်းမကြီးထဲသို့ချောင်းကြည့်ရန် သွားသည့်အခါတိုင်း ဤသို့လျှောက် နေကျဖြစ်သည်။
သာမန် အချိန်များ၌ဆိုလျှင် တော့တိုး-ချန်သည် မြန်နိုင်သမျှ မြန်အောင် ပြေးသွားသည့်အ ခါ ပြေးသွားတတ်သည်။သို့မဟုတ် သူမလက်ထဲမှ လွက်ကျသွားသော ပစ္စည်းတစ်ခုခုကို ရှာဖွေရင်း ဟိုဟိုသည်သည်လမ်းလျှောက် သွားတတ်သည်။သို့မဟုတ် သူတစ်ပါး၏ ပန်းခြံ များထဲသို့ ခြံစည်းရိုးများကို ကျော်၍ ၀င်သည့်အခါ ၀င်သွားတတ်သည်။ခြံစည်ရိုးအောက်မှ လျှို၍၀င်သည့်အခါ ၀င်သွားတတ်သည်။
အဖေ၏ အစမ်းလေ့ကျင့်ရာ ခန်းမသည် သူတို့အိမ်နှင့် ငါးမိနစ်ခန့် လမ်းလျှောက်သွားရ သော အကွာအဝေးနေရာ၌ တည်ရှိသည်။အဖေသည် သံစုံတူရိယာတီးဝိုင်းအဖွဲ့တစ်ဖွဲ့၏ တီးဝိုင်းဆရာဖြစ်သည်။ တီးဝိုင်း ဆရာဖြစ်သောကြောင့် အဖေသည် တယောထိုးရသည်။ တစ်ခါက သူမသည် သံစုံတူရိယာ တီးမှုတ် ဖျော်ဖြေရာ နေရာသို့ လိုက်ပါခွင့်ရသည်။ တော့တိုး-ချန်အား ထူးထူးခြားခြားဖြစ်စေသော အဖြစ် အပျက်တစ်ခုမှာ ပရိသတ်များက သြဘာလက်ခုပ်များ တီးပြီးသည့်အခါ ချွေးများဖြင့် ရွှဲရွှဲစိုနေသော တီးဝိုင်းခေါင်းဆောင် သည် ပရိသတ်များဘက်သို့ လှည့်လိုက်ပြီးနောက် သူမတ်တပ်ရပ်နေရာ ခုံမြင့် ကလေး ပေါ် မှဆင်း၍ တယောထိုးခဲ့သော အဖေနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။  ထို့နောက် အဖေက မတ်တတ်ရပ် လိုက်ရာ ကျန်အဖွဲ့သားများ အားလုံးကပါ လိုက်ရပ်ကြလေသည်။
"သူတို့ ဘာဖြစ်လို့ လက်ဆွဲနှုတ်ဆက် ကြတာလဲ"
တော့တိုး-ချန်က တီးတိုးမေးလိုက်သည်။
"တီးဝိုင်းခေါင်းဆောင်ဟာ ကောင်းကောင်းမွန်မွန် တီးကြမှုတ်ကြတဲ့ တီးဝိုင်းအဖွဲ့ သား အားလုံးကို ကျေးဇူး တင်လွန်းလို့ တစ်ဖွဲ့လုံးရဲ့ ကိုယ်စား ဆရာဖြစ်တဲ့ အ ဖေ့ကို အခုလို လက်ဆွဲနှုတ်ဆက်တာပေါ့"
အမေက ရှင်းပြလိုက်သည်။
အစမ်းလေ့ကျင့်ရာခန်းမသို့ တော့တိုး-ချန်သွားချင်ရသည့် အကြောင်းအရင်းမှာ ကလေး များနှင့်သာ ပြည့်နှက်နေသည့် စာသင်ကျောင်းနှင့် မတူဘဲ ဤနေရာတွင် လူကြီးများသာ ရှိကြပြီး သူတို့သည် တူရိယာမျိုးစုံကို တီးမှုတ်ကြသည်။၎င်းအပြင် တီးဝိုင်းခေါင်းဆောင် မစ္စတာရိုစင်စတော့ ဂျပန်လို ရိုစင်စကားပြောသည့်အခါ ရယ်ဖို့ကောင်းသည်။
အဖေက သူမကို ပြောပြချက်အရဆိုလျှင် ဂျိုးဆက် ရိုစင်စတော့သည် ဥရောပတိုက်၌ အလွန်နာမည်ကျော်ကြားသော တီးဝိုင်းခေါင်းဆောင်တစ်ယောက်ဖြစ်သည်။သို့သော်လည်း ဟစ်တလာဟု အမည်တွင်သည့် လူကြီးတစ်ယောက်က ဥရောပတိုက်တွင် ကြောက်စရာ ကောင်းသော အလုပ်များကို စတင်ပြုလုပ်သည့်အခါ၌ မစ္စတာရိုစင်စတော့သည် ဂျပန်ပြည် သို့ ထွက်ပြေးလာပြီး ဂီတအလုပ်ကို ဆက်လက်လုပ်ကိုင်ခြင်းဖြစ်သည်။ အဖေက သူသည် မစ္စတာရိုစင်စတော့ကို အထူး လေးစားကြောင်း ပြောပြသည်။ တော့တိုး-ချန်သည် ကမ္ဘာ့အ ခြေအနေကို နားမလည်ပေ။ သို့သော်လည်း ထိုအချိန်အခါက ဟစ်တလာ သည် ဂျူးလူမျိုး များကို စတင်သတ်ဖြတ်နေပြီဖြစ်သည်။ အကယ်၍သာ ထိုကဲ့သို့ သတ်ဖြတ်ခြင်း မျိုးမရှိခဲ့ လျှင် ရိုစင်စတော့သည် ဂျပန်ပြည်သို့ ရောက်လာမည်မဟုတ်ချေ။ ရိုစင်စတော့ ရောက်မလာလျှင် ဂီတစာဆို ကော့စကက်ယာမာဒါတည်ထောင်သော တီးဝိုင်းအဖွဲ့မှာလည်း နိုင်ငံတ ကာ အဆင့် မီသော ဤတီးဝိုင်းခေါင်းဆောင်၏ ကြိုးစားအားထုတ်မှုဖြင့် တိုတောင်း သော အချိန်အတိုင်း အတာ အတွင်း၌ ယခုလိုတိုးတက်အောင်မြင်မှုကို ရရှိခဲ့လိမ့်မည် မဟုတ်ပေ။
မစ္စတာ ရိုစင်တော့က တီးဝိုင်းကို ဥရောပတိုက်မှ ပထမတန်းစား တီးဝိုင်းအဖွဲ့များအတိုင်း ဖွဲ့စည်းဖို့ တိုက်တွန်းသည်။ သူသည် အစမ်းလေ့ကျင့်မှုများ ပြီးသည့်အခါတိုင်း ငိုလေ့ရျှိသည်။
"ကျုပ်က သိပ်ကြိုးစားသလောက် ခင်ဗျားတို့က လိုက်မလာကြဘူး" ဟု ပြောသည်။
ရိုစင်စတော့ အနားယူနေသည့်အခါ၌ သူ့ကိုယ်စားတီးဝိုင်းရှေ့မှ လက်ဟန်ဖြင့် ညွှန်ကြားပြသော ဆယ်လို အတီးသမား ဟိုင်ဒီယိုဆိုက်တိုသည် ဂျာမန်စကားကို ကောင်းစွာ ပြောတတ်သူဖြစ်သည်။ သူသည် အဖွဲ့သား များ၏ ကိုယ်စား ...
"ကျွန်တော်တို့တတွေဟာ အစွမ်းကုန်ကြိုးစားကြပါတယ်၊ ကျွန်တော်တို့ တီးတာ မှုတ်တာတွေဟာ အခုထိ ကျေနပ်ဖွယ်မကောင်းသေးပါဘူး၊ ကျွန်တော်တို့ အခုလိုဖြစ်ရတာ တမင်တကာ လုပ်တာတော့ မဟုတ်ပါဘူး ဆိုတာကိုတော့ ကျွန်တော် ရဲရဲဝံ့ဝံ့ပြောရဲတယ်" ဟု ဂျာမန်လို ပြောသည်။
သို့သော်လည်း တစ်ခါတစ်ရံ၌ မစ္စတာရိုစင်စတော့သည် စိတ်ဆိုးလွန်းသောကြောင့် မျက်နှာ တစ်ခုလုံး နီလာပြီး ဂျာမန်လိုအော်ငေါက်တတ်သည်။ ထိုအခြေအနေမျိုး၌ တော့တိုး-ချန်သည် သူမ ချောင်းကြည့် နေရာ ပြတင်းပေါက်မှ လှစ်ခနဲခွာ၍ ရော့ကီနှင့်အတူ မြေကြီးပေါ်၌ ပုနေအောင် ပုန်းနေတတ်သည်။ သူတို့သည် အသက်ပင် ပြင်းပြင်းမရှုဝံ့ဘဲ၊ နောက်ထပ် တေးဂီတသံများ ပြန်လည်ထွက်ပေါ်လာမည့် အချိန် ကိုသာ စောင့်နေတတ်သည်။
သာမန်အခြေအနေမျိုး၌ မစ္စတာရိုစင်စတော့သည် သဘောသကာယ ကောင်းသူဖြစ်သည်။ သူ၏ ဂျပန် စကား ပြောမှာ ရယ်စရာကောင်းသည်။ "သိပ်ကောင်းတယ် ကူယိုကာနာဂီ-ဆန်" ဟူ၍လည်းကောင်း၊  "အံ့သြစရာကောင်းတယ်" ဟူ၍လည်းကောင်း သူတို့၏ အတီးအမှုတ်ကောင်းသည့်အခါမျိုး၌ ရိုစင်စတော့ သည် ရယ်စရာကောင်းသောလေသံဖြင့် ပြောလေ့ရှိသည်။
တော့တိုး-ချန်သည် အစမ်းလေ့ကျင့်ရာ ခန်းမထဲသို့မရောက်ဖူးချေ။ သူမသည် ပြတင်းပေါက်မှ ချောင်းကြည့်၍ တီးသံမှုတ်သံများကို နားထောင်ရခြင်းကို နှစ်သက်သည်။ သူတို့တတွေခေတ္တ အားလပ်ခွင့် ရကြ သဖြင့် ဆေးလိပ်သောက်ရန် အခန်းအပြင်သို့ ထွက် လာသည့်အခါ အဖေသည် သူမကိုတွေ့သည်။
"အိုး မင်းဒီမှာကိုး၊ တော့စကီ"ဟု အဖေက ပြောလေ့ရှိသည်။
မစ္စတာရိုစင်စတော့က သူမကိုတွေ့သည့်အခါ "မင်္ဂလာနံနက်ခင်းပါ"၊ သို့မဟုတ် "မင်္ဂလာ နေ့တစ်နေ့ပါ"ဟု သူပြောနေကျ ရယ်စရာကောင်းသော လေသံဖြင့် နှုတ်ဆက်လေ့ရှိသည်။ သူမသည် ယခုအခါ၌ လူကောင်ထွားလာပြီဖြစ်သော်လည်း သူသည် သူမကို သူမယခုထက် ငယ်စဉ်က ပြုလုပ်နေကျ အတိုင်းချီလိုက်ပြီး သူ၏ပါးနှင့်သူမပါးကို ကပ်ထားလိုက်သည်။ ဤအပြုအမူသည် သူမကို အနှောင့်အယှက် ဖြစ်စေသော် လည်း သူမစိတ်မဆိုးချေ။ သူသည် ငွေရောင်မျက်မှန် ကိုင်းသေးသေးမျက်မှန်ကို တပ်ထား သည်။
သူ့တွင် ကြီးမားသော နှာခေါင်းရှိသည်။ သူ၏အရပ်အမောင်းမှာမူ သိပ်မမြင့်ပေ။ သို့သော် လည်း သူသည် ရုပ်ဖြောင့်သူဖြစ်သည်။ သူ့မျက်နှာကို မြင်လိုက်ရသည်နှင့်သူသည် အနုပညာ သမား တစ်ယောက် ဖြစ်ကြောင်း ကို အလွယ်တကူသိနိုင်သည်။
တော့တိုး-ချန်သည် အစမ်းလေ့ကျင့်ရာခန်းမကို သဘောကျ၏၊ အခန်းကို ပြင်ဆင်မွမ်းမံ ထားပုံမှာ အနောက်တိုင်းဆန်သည်။ သို့သော်လည်း အခန်း၏ အချို့နေရာများ၌ ပျက်စီး ယိုယွင်းမှုတော့ရှိသည်။
ဆန်ဇိုကူးရေအိုင်ကို ဖြတ်သန်း၍ တိုက်ခတ်လာသော လေပြည်လေညင်းများသည် တေးဂီတသံသာများကို အစမ်း လေ့ကျင့်ရာ ခန်းမနှင့် အတန်အသင့်ဝေးရာနေရာသို့ ရောက်အောင် သယ်ယူသွားတတ်သည်။ တစ်ခါတစ်ရံ၌မူ ကင်ဂျိုရွှေငါး၏ အော်မြည်သံ သည် တေးဂီတသံများနှင့် အတူတူ ရာနှော သွားတတ် လေသည်။
"ကင်ဂျို-အီ-ကင် ဂျို ..."
ရေပူစမ်းခရီး
နွေရာသီကျောင်းပိတ်ရက်များ ကုန်ဆုံးလာခဲ့လေပြီ။ ရေပူစမ်းခရီး အပန်းဖြေစခန်းသို့ သွား ရမည့်နေ့သို့ ရောက်လာသည်။ ရေပူစမ်းခရီးသည် တိုမိုကျောင်း၏ အဓိကလုပ်ငန်ကြီး တစ်ခု ဖြစ်သည်ဟု ကျောင်းသားများ မှတ်ယူထားကြသည်။
တော့တိုး-ချန် ကျောင်းမှ ပြန်ရောက်လာသည့် နေ့တစ်နေ့တွင် ဖြစ်သည်။
"ရေပူစမ်းခရီးကို အခြားကျောင်သားတွေနဲ့အတူ ကျွန်မလိုက်ပါရစေ"
တော့တိုး-ချန်က ထိုသို့ပြောသောအခါ အမေသည် အံ့အားသင့် သွားသည်။ ရေပူစမ်း ရှိရာသို့ လူကြီး များသာ အုပ်စုလိုက်သွားကြသည်ဟု သူမကြားဖူးသည်။ ပထမတန်း ကျောင်းသားများ သွားကြ သည်ဟု အမေမကြားဖူးချေ။ သို့သော်လည်း ကျောင်းအုပ် ဆရာကြီးထံမှ စာကို အသေအချာ ဖတ်ပြီးသောအခါ၌ ဆရာကြီး၏ စိတ်ကူးသည် ချီးကျူး စရာကောင်းသော စိတ်ကူးဖြစ်ကြောင်း သူမ စဉ်းစားမိသည်။ သူ အစီအစဉ်ကို သူမ ချီးကျူးမိသည်။ ခရီးစဉ်၏ အမည်မှာ "ပင်လယ်ကမ်းနားကျောင်း" ဟူ၍ ဖြစ်ပြီး သွားရမည့် နေရာမှာ ရှီဆူအိုကာဒေသ၊ အီဇူကျွန်ဆွယ်ပေါ်ရှိ 'တိုအီ' ဖြစ်သည်။
ချိန်းဆို ထားသော နေ့ရက်တွင် ကျောင်းသားများအားလုံးကျောင်းသို့ ရောက်လာကြသည်။ ကျောင်းသား များ စုံသောအခါ ဆရာကြီးက ပြောသည်။
"အခုအချိန်ကစပြီး ငါတို့ခရီးစထွက်မယ်၊ ပထမမီးရထားစီမယ်၊ ပြီးရင် သင်္ဘောပြောင်းစီး မယ်၊ မင်းတို့အထဲက တစ်ယောက်ယောက် ပျောက်ကျန်ရစ်ခဲ့တာကို ဆရာကြီး မလိုလား ဘူး၊ နားလည်ကြရဲ့လား၊ ကောင်းပြီ ငါတို့ခရီးစထွက်မယ်"
ဆရာကြီး၏ ညွှန်ကြားချက်မှာ ဤမျှသာ ဖြစ်သည်။ ဂျီယူဂါအို ကာရှိတိုယိုကို မီးရထား ပေါ်သို့ သူတို့ တက်သွားသောအခါ ကလေးများအားလုံးသည် အံ့သြဖွယ်ကောင်းလောက် အောင် စည်းကမ်းတကျ ရှိကြသည်။ မည်သည့်ကျောင်းသားကမျှ မီးရထားတွဲထဲ၌ ဟိုဟို သည်သည် ပြေးလွှားနေခြင်းမျိုး မရှိချေ။ သူတို့သည် ထိုင်ခုံများပေါ်၌ ငြိမ်ငြိမ်သက်သက် ထိုင်နေကြပြီး မိမိတို့နှင့် ကပ်လျက်ထိုင်နေသူ အချင်းချင်း သာ စကားပြောကြသည်။ စကားပြောရာ၌လည်း တိုးတိုး ပြောကြသည်။
တိုမိုကျောင်းသားများအား မီးရထားပေါ်တက်လျှင် တစ်ယောက်ပြီးမှ တစ်ယောက်တက်ပါ၊ လမ်းသွားလျှင် ဣနြေ္ဒရရသွားကြပါ။ အစားအစာ စားပြီးလျှင် အမှိုက်သရိုက်များကို ကြမ်းပြင်ပေါ် မစွန့်ပစ်ရဆိုသည့် ဆုံးမစကားများကို မည်သူကမျှ တစ်ခါဖူးမျှ ပြောကြားခဲ့ ခြင်းမျိုး မရှိချေ။ သို့သော်လည်း ကျောင်း၌ သူတို့ နေ့စဉ်ပြုလုပ်နေကျ အလေ့အကျင့်က သူတို့နှင့်အတူ အမြဲမကွာ ရှိနေ၏။ သူတို့သည် သူတို့ထက်ပို၍ အားနည်းသူ၊ မိမိထက်ပို၍ ငယ်ရွယ်သူကို တွန်းဖယ်ပြီး အပေါ်သို့ ရောက်အောင်တက်ခြင်းသည် ရှက်စရာ ကောင်း သော အပြုအမူဖြစ်သည်ကို သူတို့သိထားကြသည်။
လမ်းပေါ်၌ အမှိုက်တွေ့လျှင် ကောက်ယူပြီး အမှိုက်ပုံးထဲထည့်သည်။ သူတို့သည် သူတစ်ပါးကို ထိခိုက် စေမည့် အပြုအမူမျိုး အနှောင့်အယှက် ဖြစ်စေမည့် အပြုအမူမျိုးကို မပြုလုပ်ကြပေ။ အားလုံးထဲတွင် အထူး ဆန်းဆုံးမှာ တော့တိုး-ချန် ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်ခန့်က လမ်းပေါ်မှ အတီးအမှုတ် သမားကို စကားပြောခြင်းဖြင့် ကျောင်းတစ်ကျောင်းလုံးကို အနှောင့်အယှက်ဖြစ်စေခဲ့သူ တော့တိုး-ချန်သည် ယခုအခါ တွင် တိုမိုကျောင်းသို့ ရောက်ရှိသည့်အချိန်မှစ၍ သူမ၏ စာရေးစားပွဲငယ်၌ ထိုင်ပြီး သင်ခန်းစာ များကို မှန်မှန် ပြုလုပ်လျက် ရှိ၏။
ယခင်ကျောင်းမှ ကျောင်းဆရာ၊ ဆရာများကသာ မီးရထားပေါ်၌ ငြိမ်သက်စွာထိုင်နေသော သူမကို မြင်တွေ့လိုက်ပါက "အခြားကလေးတစ်ယောက်ယောက်ဖြစ်ရမယ်" ဟူ၍ ပြောမိ ကြမှာ မလွဲပါ။
နျူမားရူးသို့ ရောက်သောအခါ သူတို့အားလုံးအဖို့ အထူးအဆန်းသဖွယ် ဖြစ်နေသော သင်္ဘောပေါ်သို့ တက်ကြသည်။ သင်္ဘောမှာ သိပ်မကြီးပေ။ သို့သော်လည်း သူတို့သည် သင်္ဘောအနှံ့လျှောက်ကြည့်ကြပြီး ဟိုဟာ ကိုင်ကြည့် သည်ဟာကိုင်ကြည့် ပြုလုပ်ကြသည်။ သင်္ဘောစတင် ထွက်ခွာသောအခါ သူတို့ တတွေ သည် ဆိပ်ခံတံတားပေါ်မှ လူများကို လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်ကြသည်။ သူတို့စီးလာသော သင်္ဘောအဝေးသို့ မရောက်မီ မှာပင် မိုးရွာလေတော့၏။ ထို့ကြောင့် သူတို့သည် သင်္ဘော၏ အတွင်းပိုင်းသို့ နေရာ ရွှေ့ကြ ရသည်။ မကြာမီပင်လယ်ပြင်၌ လှိုင်းကြီးလာရာ တော့တိုး-ချန်သည် မအီမသာ ဖြစ်လာ သည်။ အခြားကျောင်းသားများသည်လည်း သူမနည်းတူပင် ဖြစ်လာကြသည်။
ထိုအခိုက် ကျောင်းသားခပ်ကြီးကြီး တစ်ယောက်သည် ထိုင်နေရာမှထ၍ သင်္ဘောအလယ် နေရာတွင် ရပ်လိုက်သည်။ သူသည် ပစ်တိုင်းထောင်သဖွယ် ယိမ်းထိုးနေပြီး သင်္ဘောက တစ်ဘက်သို့ စောင်းသွားလျှင် သူသည် ပါးစပ်မှ "အုပ်စ်"ဟု အသံပြု၍ သင်္ဘောစောင်းရာ ဘက်အခြမ်းသို့ ပြေးကပ်လိုက်သည်။ သူ၏ လှုပ်ရှား ပုံမှာ အလွန်ရယ်စရာကောင်းသော ကြောင့် ကျောင်းသားများအားလုံးသည် လှိုင်းမူးနေကြသည့် ကြားထဲက မရယ်ဘဲ မနေနိုင် ကြချေ။ တိုအီသို့ သင်္ဘောဆိုက်ရောက်သည်အထိ သူတို့ အရယ် မရပ်ကြသေး။
ထူးဆန်းအံ့သြဖွယ်ကောင်းသည်မှာ သူတို့တတွေသင်္ဘောပေါ်မှ ဆင်းသက်မိသည့်ခဏ၌ သနားစရာ ကောင်းသော "အုစ်"ကျောင်းသားမှာ မအီမသာနှင့် နေမကောင်းဖြစ်ပြီး ကျန်ကျောင်းသားမှာ မအီမသာ နှင့် နေမကောင်းဖြစ်လာပြီး ကျန်ကျောင်းသားများအားလုံးမှာ လှိုင်းမမူးကြတော့ဘဲ ပြန်လည်၍ နေထိုင် ကောင်းလာကြသည်။
တိုအီရေပူစမ်းသည် သစ်ပင်များဖြင့် ဖုံးအုပ်နေသော တောင်တန်းများဖြင့် ၀ိုင်းရံထားသည်က ပင်လယ် ကမ်းခြေတစ်ရွာ၌ တည်ရှိလေသည်။ ၎င်းရွာသည် အေးချမ်းသာယာပြီး လှပသော ရွာတစ်ရွာဖြစ်သည်။ ခေတ္တ ခဏ အနားယူပြီးသောအခါ ဆရာများသည် ကလေးများကို ပင်လယ်သို့ ခေါ်သွားသည်။ ကျောင်းရှိ ရေကူးကန်ကဲ့သို့ မဟုတ်သောကြောင့် သူတို့သည် ရေကူးဝတ်စုံများကို ၀တ်ထားကြသည်။
ပင်လယ်ထဲရှိရေပူစမ်းသည် တမူထူး၍ရေပူစမ်းမှထွက်လာသော ရေပူများနှင့် ရိုးရိုးပင်လယ်ရေများ အကြားတွင် မည်သည့်အဆီးအတားမျှမရှိချေ။ "ရေပူစမ်းနေရာဟာ ဒီနေရာပါပဲ"ဟု ပြသဖြင့် သိရှိရပြီး နောက်၊ ၎င်းနေရာသို့ဆင်း၍ လည်ပင်းမြုပ်အောင်ထိုင်ပြီး ရေပူထဲစိမ်လိုက်သည့်အခါ အိမ်ရှိ ရေချိုးခန်း ထဲတွင် ရေနွေးဖြင့်ရေချိုးရသည့်နှယ် စည်းစိမ်ရှိလှပေသည်။ ရေပူစမ်းနေရာမှ ပင်လယ်ရေ ထဲသို့ သွားချင်လျှင် ဟိုဘက်ဒီဘက် တဆယ့်ငါးကိုက်ခန့်သာ နေရာရွှေ့လိုက်ပါက တဖြည်းဖြည်း နှင့် ပိုအေး လာသော ပင်လယ်ရေအေးနှင့် ထိတွေ့မည်ဖြစ်သည်။ ဝေးဝေးသွား လေလေ ရေမှာ ပို၍ အေးလာ လေလေဖြစ်ပြီး ပင်လယ်ရေထဲရောက်ရှိနေပြီဖြစ်ကြောင်း သိလာနိုင်၏။
အကယ်၍ တစ်ဦးတစ်ယောတည်း ပင်လယ်ရေအေးထဲ၌ အကြာကြီးရေချိုးနေသဖြင့် တုန်လာလျှင် ပင်လယ်ရေပြင်နှင့် တဆက်တည်းရှိနေသော ရေပူစမ်းရှိရာသို့ အမြန်ဆုံးသွား၍ လည်ပင်း မြုပ်အောင် ရေပူတွင် စိမ်နေလိုက်ရုံသာ ရှိတော့သည်။ မိမိတို့၏ နေအိမ်၌ ရေချိုးရသည့်အတိုင်း ပင်ဖြစ်သည်။ အလွန် ပျော်စရာ ကောင်းလှပေသည်။ ရေကူးဦးထုပ်များဆောင်းထားကြသည့် အချို့ကလေးသူငယ်များသည် ပင်လယ်ရေပြင်ထဲ၌ ရေကူးနေကြစဉ် အချို့ကလေးများမှာမူ ရေပူစမ်းထဲ၌ စက်ဝိုင်းပုံသဏ²ာန်ဖြစ်အောင် သက်တောင့် သက်သာဖြင့် ၀ိုင်းဖွဲ့ထိုင်ရင်း စကား ပြောနေကြလေသည်။ ဤသို့သောအခြေအနေကို မြင်တွေ့ ရသူများ၏ စိတ်ထဲ၌ "ရေပူစမ်းမှာ ရေလာချိုးကြ တဲ့ကလေးတွေဟာလည်း အသက်ကြီးသူတွေ ပြုလုပ် ကြသလိုပဲ ပြုလုပ်ကြပါ ကလား"ဟု မှတ်ယူသွားမည်ဟု သေချာလေသည်။
ထိုအချိန်အခါက ပင်လယ်ကမ်းခြေတွင် လူများဖြင့် စည်စည်ကားကားမရှိလှသေးချေ။ ထို့ကြောင့် ကလေးများသည် သူတို့၏ကိုယ်ပိုင် ကမ်းခြေသဖွယ် ဆော့ချင်သလောက်ဆော့၊ နေချင် သလောက်နေနိုင်ပေသည်။ သူတို့သည် ရေပူစမ်းထဲ၌ စိတ်ရှိသလောက်ရေချိုးကြ၏ ။ ရေထဲ၌ အချိန် ကြာကြာနေကြပြီ၊ ညနေခင်းတွင် တည်းခိုရာနေအိမ်သို့ ပြန်ရောက်လာကြသောအခါ သူတို့၏ လက်ချောင်းကလေးများအားလုံးမှာ အရေပြားများ တွန့်၍နေလေတော့၏ ။
ညတိုင်းသူတို့တတွေ ဂွမ်းစောင်များကို ခြုံပြီးသောအခါ ကလေးများသည် တစ္ဆေပုံပြင်များကို တလှည့် စီပြောကြလေသည်။ တော့တိုးချန်နှင့် ပထမတန်းမှအခြား ကျောင်းသားများသည် ကြောက်ရွှံ့ ကြလွန်း သောကြောင့် အသံထွက်၍ ငိုယိုမိကြသည်။ သို့သော်လည်း သူတို့သည် မျက်ရည်များ ထွက်နေသည့်ကြားထဲမှပင် "ပြီးတော့ ဘာဖြစ်သေးသလဲ"ဟု မေးမြန်းတတ်ကြလေ သည်။
တိုအီ ရေအိုင် ၌ နေခဲ့ရသော သုံးရက်အချိန်ကာလအတွင်းတွင် ကျောင်း၌စခန်းချပုံမျိုးနှင့်လည်းမတူ၊ သတ္တရှိ မရှိ စမ်းသပ်ခံရပုံမျိုးနှင့်လည်းမတူဘဲ တကယ့်ဘ၀အတွေ့အကြုံများကို ရရှိခဲ့လေသည်။ ဥပမာအားဖြင့် သူတို့သည် ဟင်းသီးဟင်းရွက်များနှင့် ငါးများကိုဝယ်ရန်တလှည့်စီ စေလွှတ်ခြင်း ခံရသည်။ သူစိမ်းတရံဆံများက "မင်းတို့ဘယ်ကျောင်းက ကျောင်းသားတွေလဲ၊ ဘယ်ကလာကြ သလဲ"ဟု မေးသည့် အခါ သူတို့သည်ယဉ်ယဉ်ကျေးကျေး ပြန်ဖြေကြရလေသည်။ အချို့ကလေး များမှာမူ အဝေးကြီးသိုက ရေကူးသွားကြသဖြင့် သူတို့ပြန်မကူးလာနိုင်သောကြောင့် လူတိုင်းစိတ် ပူပန်ကြရသည်။ အချို့မှာ သဲသောင် ကမ်းစပ်၌ လမ်းလျှောက်သွားရင်း ပုလင်းကွဲများထိရှိမိသည်။ ဤသို့သောအကြောင်းကိစ္စမျိုးမှာ ဖြစ်ပေါ်လာသည့်အခါ ကျောင်းသာတိုင်းသည် မိမိတို့တတ်စွမ်း သမျှ ကူညီကြရလေသည်။
အားလုံးမှာ ပျော်စရာကောင်းပါသည်။ သူတို့သည် ပင်လယ်ကမ်းစပ်၌ သစ်တုံးကြီးတစ်တုံးကို လှေဖြစ်အောင် တစ်ယောက်တည်းထွင်နေသည် လူကြီးတစ်ယောက်ကို တွေ့ကြရလေသည်။ လှေ၏ ပုံသဏ္ဍာန်မှာ ပေါ်စပြုလေပြီ။ သူတို့သည် နံနက်မိုးလင်းသည်နှင့် ကမ်းနားသို့ပြေးဆင်း သွားကြပြီး ထိုလှေကို နောက်ထပ်မည်မျှ ထွင်းပြီးသလဲဟု စပ်စုကြသည်။ ထိုလူကြီးက တော့တိုး-ချန်နှင့် အချော သပ်ထားသည့် တုတ်ကောက်ရှည်တစ်ချောင်း လက်ဆောင်ပေးလေသည်။
"အမှတ်တရ ဓာတ်ပုံရိုက်ကြမလား"
သူတို့ပြန်ကြတော့မည် နံနက်ပိုင်းတွင်ဆရာကြီးကမေးသည်။ သူတို့သည်ရှေးယခင်အခါက  အုပ်စုလိုက် ဓာတ်ပုံမရိုက်ခဲ့ကြဖူးပေ။ ထို့ကြောင့်ကလေးများသည် ဓာတ်ပုံရိုက်ရန် စိတ်အားထက် သန်နေကြသည်။ သို့သော်လည်း ဆရာက ကင်မရာကိုချိန်၍ ရိုက်ရန်အသင့်ပြင်နေစဉ် ကျောင်းသားတစ်ယောက်သည် အိမ်သာ တက်ရန် ပြေးထွက်သွားသည်။ အခြားတစ်ယောက်မှာ လည်း သူစီးထားသော ဖိနပ် ဘယ်နှင့်ညာ မှားနေသည်ဟုဆိုကာ ဘက်မှန်အောင်ပြန်စီးသည်။ ဆရာက "အားလုံးအသင့်ဖြစ်ကြပြီလား"ဟု မေးလိုက် သည့်အခါ ကျောင်းသားတစ်ယောက် နှစ်ယောက်သည် အကြာကြီးရပ်စောင့်နေခဲ့ရသဖြင့် မဟန်နိုင် တော့ဘဲ သူတို့ကိုယ်ကို မြေကြီးပေါ် သို့လှဲချလိုက်လေတော့သည်။ ဓာတ်ပုံရိုက်ဖို့အရေး စောင့်ဆိုင်း ရသည့် အချိန်မှာ ရှည်ကြာလွန်လှ ပေသည်။
သို့သော်လည်း ပင်လယ်ပြင်ကို နောက်ခံထား၍ ကျောင်းသားများက မိမိတို့စိတ်တိုင်းကျနေပြီး အရိုက် ခံခဲ့ကြသော ၎င်းဓာတ်ပုံသည် ကျောင်းသားတိုင်း၏ အဖိုးတန်ပစ္စည်းတစ်ခုအဖြစ်သို့ ရောက်ရှိ လာခဲ့သည်။
ဓာတ်ပုံကိုပြန်ကြည့်လိုက်သည်နှင့် ရှေးဟောင်းနှောင်းဖြစ်များ တရေးရေးပြန်ပေါ်လာသည်။ သင်္ဘော စီး၍သွားရသော ခရီးစဉ်၊ ရေပူစမ်း၊ တစ္ဆေပုံပြင်များနှင့် "အုစ်ကျောင်းသား"။ တော့တိုးချန် သည် ပျော်စရာ ကောင်းသော ထိုပထမအကြိမ် နွေရာသီကျောင်းအားရက်ကို မည်သည့်အခါမှ မမေ့ပေ။
ထိုအချိန် ထိုအခါက နေ့ရက်များမှ တိုကျိုမြို့ရှိ သူတို့အိမ်အနီး ရေကန်ထဲ၌ ပုစွန်များကိုတွေ့နိုင် သောနေ့ရက် များဖြစ်သလို၊ နွားထီးကြီးများက ဆွဲယူသော လှည်းများဖြင့် အညစ်အကြေးအမှိုက် သရိုက် များကို သိမ်းဆည်းနေရသော နေ့ရက်များလည်း ဖြစ်ပေသည်။
ယိမ်းကနည်း တစ်မျိုး
နွေရာသီကျောင်းပိတ်ရက်များကုန်ဆုံသောအခါ ဒုတိယခြောက်လစာသင်ရက်များ စတင်သည်။ ဂျပန် ပြည်တွင် ပညာသင်နှစ်သည် ဧပြီလတွင် စတင်၏ ။ တော့တိုး-ချန်သည် သူမ၏အတန်းသား များ အားလုံး နှင့် မိတ်ဆွေဖြစ်ရုံသာမက အခြားအတန်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့်ပါ သိကျွမ်း ခင်မင်လာသည်။ ဤသည်မှာနွေရာသီကျောင်းပိတ်ရက်တွင် အတူတကွ စုဝေးတွေ့ဆုံမှု ရှိခဲ့ခြင်း၏ အကျိုး ကျေးဇူးကြောင့် ဖြစ်သည်။ သူမသည် တိုမိုဂါကူးအန်ကို ပို၍ပို၍နှစ်သက်လာသည်။
တိုမိုကျောင်းရှိ အတန်းများသည် အခြားသာမန်ကျောင်းများမှ အတန်းများနှင့်မတူသည့်အပြင် တေးဂီတပညာကို ဆည်းပူးလေ့လာနိုင်ရန် အချိန်ကိုလည်း များများပေးထား၏ ။ ကျောင်း၌ ဂီတ သင်ခန်းစာများမျိုးစုံရှိသည်။ ထိုအထဲတွင် ယိမ်းကနည်းသင်ခန်းစာအချိန်သည် နေ့စဉ်ပါဝင်လေ သည်။ ယိမ်းကခြင်းဆိုသည်မှာ စည်းဝါးကျကျ သံစဉ်ညီညာစွာဖြင့် သင်ကြားပေးသော ပညာသင် ကြားရေး နည်းစနစ်တစ်မျိုးဖြစ်သည်။ ၎င်းကိုဆွစ်လူမျိုးဂီတစာဆို အီမိုင်းဂျက်ဒါလ်ခရိုဇီဆိုသူက တီထွင်ခဲ့လေသည်။ သူ၏ လေ့လာမှုများသည် ၁၉၀၄ခုနှစ်ခန့်တွင် စတင်ထင်ရှားလာခဲ့သည်။ သူ၏ စနစ်ကိုဥရောပတိုက်နှင့် အမေရိကန်ပြည်အနှံ့တွင် လျင်မြန်စွာ လက်ခံလာလေရာ လေ့ကျင့်ရေး ကျောင်းများနှင့် သုတေသန လုပ်ငန်း အဖွဲ့အစည်းများမှာလည်း နေရာတိုင်းတွင် ပေါ်ထွန်းလာခဲ့ လေသည်။ ဒါယ်ခရိုင်၏ ယိမ်း ကနည်းကို တိုမိုကျောင်း၌လက်ခံရပုံ ဇာတ်လမ်းမှာ အောက်ပါအတိုင်း ပင်ဖြစ်သည်။
တိုမိုဂါကူးအန်ကျောင်းကို မတည်ထောင်မီ ကျောင်းအုပ်ဆရာကြီး ဆိုဆာကူးကိုဘာယာရှီသည် ဥရောပ တိုက်သို့သွား၍ ကလေးများပညာသင်ကြားရေးကို လေ့လာသည်။ သူသည် မူလတန်း ပညာသင်ကြားရာ ကျောင်းပေါင်း များစွာသို့ သွားရောက်ပြီးပညာရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံ ဆွေးနွေးသည်။ သူသည် ပါရီမြို့ ၌ တေးပြုစာဆိုနှင့် တေးဂီတဆရာ ဒါလ်ခရိုဇီနှင့် တွေ့ဆုံခဲ့သည်။
ဒါလ်ခရိုဇီ သည် ကလေးများအား သောတအာရုံသက်သက်ဖြင့်သာ ဂီတကို သင်ကြားစေခြင်းထက် သောတ အာရုံရော အထိအတွေ့ခံစားမှုပါ ပေါင်းစပ်ပြီး စိတ်ထဲဝယ်ကောင်းစွာခံစားနိုင်မည့် သင်ကြားမှု နည်းလမ်း မျိုးရအောင် မည်သို့ပြုလုပ်ရမည်ကို လည်းကောင်း၊ ကလေးမျာအား ဂီတကို ပျင်းခြောက် ခြောက်နှင့် အသက်မ၀င်သော သင်ခန်းစာမဟုတ်၊ သွက်လက်လျင်မြန်မှုရှိသော သင်ခန်းစာ တစ်မျိုး ဖြစ်သည်ဟု ခံစားတတ်စေရန် လည်းကောင်း၊ ကလေးများ၏ဂီတသည် ပျင်းခြောက်ခြောက်နှင့် အသက်မ၀င်သော သင်ခန်းစာမဟုတ်၊ သွင်လက်လျင်မြန်မှုမရှိသော သင်ခန်းစာတစ်မျိုးဖြစ်သည်ဟု ခံစား တတ်စေရန်လည်းကောင်း၊ ကလေးများ၏ ခံစားလွယ်သော အာရုံကိုလန်းလန်းဆန်းဆန်းဖြစ်စေရန်ကို လည်းကောင်း မည်သို့ပြုလုပ်ပေးရမည်ကို အချိန်အတန် ကြာစဉ်းစားလာခဲ့သူဖြစ်သည်။
နောက်ဆုံး၌သူသည် ကလေးသူငယ်များ ခုန်ပေါက်ပြေးလွှားဆော့ကစားပုံများကို ဂရုတစိုက် စောင့်ကြည့် ပြီးနောက် ယူရစ်သမ်မစ်ဟုခေါ်တွင်သော စည်းဝါးကျကျသံစဉ်ညီညာသော ယိမ်းက နည်းတစ်မျိုး ကို တီထွင်ရန် စိတ်ကူးခဲ့ရလေတော့သည်။
ကိုဘာယာရှီသည် ပါရီရှိဒါလခရိုဇီကျောင်း၌ တစ်နှစ်ကျော်ကျော် သင်တန်းတက်ခဲ့ပြီး ဤစနစ်ကို အသေးစိတ်လေ့လာဆည်းပူးခဲ့လေသည်။ ဒါလ်ခရိုဇီသည် ဂျပန်လူမျိုးအတော်များများအပေါ် လွှမ်းမိုး ခဲ့လေသည်။ ထိုသူများထဲ၌ ဂီတစာဆိုကော့စကက်ယာမာဒါ။ ဂျပန်နိုင်ငံ၏ ခေတ်ပေါ်အက ကို တီထွင်သူ ဘာကူးအိရှီ၊ ကာဘူကီသရုပ်ဆောင်မင်းသား ကာအိုရုအိုဆန်နေ၊ အကမင်းသား မီချီ အိုအီတို စသော ပုဂိ္ဂုလ်များပါဝင်သည်။
"ယူရစ်သမ်မစ်ဆိုတာ ဘာလဲ"ဟု သူ့ကိုမေးလျှင် ပြန်ဖြေလိမ့်မည်။
"ယူရစ်သမ်မစ်ဆိုတာ ကိုယ်ခန္ဓာအစိတ်အပိုင်းကို သန့်ရှင်းအောင် ပြုလုပ်ပေးတဲ့အားကစားတစ်မျိုး  ကိုယ်ခန္ဓာကိုဘယ်လိုအသုံးပြုပြီး ဘယ်လိုထိန်းသိမ်းရမယ်လို့ စိတ်ကိုသင်ကြားပေးတဲ့ အားကစား တစ်မျိုး၊ ကိုယ်ခန္ဓာနဲ့စိတ်ကို အပြန်အလှန်အညီအညွှတ်ဖြစ်အောင် ပြုလုပ်ပေးတဲ့ အားကစား တစ်မျိုးဖြစ်တယ်။ ယူရစ်သမ်မစ်အလေ့အကျင့်က လူရဲ့ ဥပဓိရုပ်ကို ချောမောပြေပြစ်အောင် ပြုလုပ်ပေးတယ်။ အဲဒီလို ချောမောပြေပြစ်တဲ့ ဥပဓိရုပ်မျိုးရှိတဲ့ သူဟာ ကျန်းမာသန်စွမ်းတယ်။ ချစ်စဖွယ် ရှိတယ်။ သဘာဝတရားတွေကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ရဲတယ်"
တော့တိုး-ချန်၏ အတန်းသားများသည် စည်းဝါးကျကျနှင့် အချက်ညီညီ သဘောကို နားလည်ရန် ကိုယ်ခန္ဓာကို လေ့ကျင့်ခြင်းမှ စတင်သည်။ ကျောင်းအုပ်ဆရာကြီးသည် စုဝေးခန်းမကြီးထဲရှိ စင်မြင့် ငယ်ပေါ်မှ နေ၍ စန္ဒရးတီးသောအခါ ကလေးများသည် သူတို့မည်သည့်နေရာ၌ပင် ရှိနေကြစေကာမူ စန္ဒရားသံ နှင့် အညီဖြစ်အောင် လမ်းလျှောက်ကြရသည်။ လမ်းလျှောက်ရာ၌ သူတို့သည် တစ်ဦးနှင့် တစ်ဦး မတိုက်မိလျှင်ပြီးရော၊ မိမိတို့စိတ်ကြိုက်အမူအရာမျိုးဖြင့် လမ်းလျှောက်ကြရသည်။ ဂီတသံ သည် မူလ သံထက် တစ်ဆင့်မြင့်တက်လာပြီဟု သူတို့ထင်မှတ်ပါက သူတို့သည် လမ်းလျှောက် နေရင်း တီးဝိုင်း ခေါင်းဆောင် သဖွယ် သူတို့၏လက်များကို မြှောက်တင်လိုက်၊ ပြန်ချလိုက်ပြုလုပ် ကြသည်။ ခြေထောက်များနှင့် ပတ်သက်၍ သူတို့သည် ပြင်းပြင်းထန်ထန်ဖိမနင်းကြရ။ သို့သော် ဘဲလေးကသလို ခြေဖျား များ ထောက်၍ လမ်းလျှောက်ကြရမည်ဟု မဆိုလိုပေ။
သူတို့သည် သက်သောင့်သက်သာဖြင့် လမ်းလျှောက်ကြရမည်။ ခြေချောင်းကလေးများကိုဆွဲယူ သကဲ့သို့ပင်ဖြစ်သည်။ အရေးအကြီးဆုံးမှာ သဘာဝအတိုင်း ဖြစ်ဖို့ပင်ဖြစ်သည်။ သူတို့သည် သူတို့ နှစ်သက်သလို လျှောက်နိုင်သည်။ အကယ်၍ ဂီတသံသည် ထပ်မံပြောင်းသွားပါက သူတို့သည် လက်မောင်း များကို ဂီတသံအတိုင်း လှုပ်ရှား၍ ခြေလှမ်းများကိုလည်း အချက်ကျကျ လှမ်းကြ ရမည်ဖြစ်သည်။ နှေးခြင်းမြန်ခြင်းကိုလိုသလို ပြုလုပ်နိုင်သည်။ လက်များကို အတင်အချ လှုပ်လှုပ် ရှားရှား ပြုလုပ်ရာတွင် ခက်ခက်ခဲခဲသိပ်မရှိလှပေ။
"အောက် သို့ပြန်ချခြင်း၊ ဘယ်ညာဝိုက်ခြင်း၊ ဘေးသို့ဆန့်ထုတ်ခြင်း၊ အပေါ်မြှောက်ခြင်း၊ ရှေ့သို့ ဆန့်ထုတ်ခြင်း" စသည်တို့ ဖြစ်သည်။
ဂီတသံ သည် ရုတ်တရက်ပြောင်းသွားသည်က အခါမျိုး၌သာ ကျောင်းသားများအနေဖြင့်  ခြေလက် လှုပ်ရှား မှု အပြောင်းအလဲတွင် အခက်အခဲအနည်းငယ် တွေ့ရတတ်သည်။ ဤသင်ခန်းစာ များသည် ကလေး များ၏ အာရုံစူးစိုက်မှု ခွန်အားကို ဖွံ့ဖြိုးစေသည်ဟု ဆရာကြီးက ပြောလေသည်။
ဤသင်ခန်းစာအချိန်၌ ကျောင်းသားများသည် တစ်ဦးချင်းလေ့ကျင့်ကြသည်သာများသည်။ သို့သော်လည်း တစ်ခါတစ်ရံ၌ အချို့ကနှစ်ယောက်တစ်တွဲ လက်ချင်းတွဲပြီး ပြုလုပ်တတ်ကြသည်။ တစ်ခါတစ်ရံအချို့က မျက်စိမျာမှိတ်၍ စည်းဝါးကျကျ လမ်းလျှောက်ကျသည်။
တစ်ခါတစ်ရံ မိဘဆရာအသင်း အစည်းအဝေးကျင်းပသည့်အခါ အမေများသည် သူတို့၏ သားသမီးများ လေ့ကျင့်ခန်းများ ပြုလုပ်နေကြပုံကို ပြတင်းပေါက်များမှတစ်ဆင့် ချောင်းကြည့်လေ့ ရှိကြသည်။ ကလေးများသည် ဂီတသံစဉ်အတိုင်း သူတို့၏လက်များခြေများကို လိုက်လှုပ်ကြပုံကို ကြည့်ရသည်မှာ အလွန် နှစ်သက်ဖွယ် ကောင်းလှပေသည်။
ထို့ကြောင့် ယူရစ်သမ်မစ်၏ ရည်ရွယ်ချက်မှာ ဦးစွာပထမကလေးများအား ဂီတသံစဉ်အလိုက် စိတ်နှင့်ကိုယ်ကို ထိန်းချုပ်၍အပြန်အလှန် ညီညွှတ်မျှတမှုရှိအောင် ပြုလုပ်ရေးအတွက် လေ့ကျင့်စေ ပြီး၊ နောက်ဆုံး၌တွေးတောဆင်ခြင်ဥာဏ်နှင့် တီထွင်ဖန်တီးလိုစိတ်ကို နိုးကြားရှင်သန်လာစေရန် ဖြစ်သည်။
ကျောင်းသို့ပထမဆုံးစတင် ရောက်ရှိသည့်နေ့တွင် တော့တိုးချန်သည် ကျောင်းဝရှိဆိုင်းဘုတ်ကို ကြည့်ပြီး အမေ့အား "တိုမိုရဲ့အဓိပ္ပာယ်ဟာ ဘာလဲ"ဟုမေးခဲ့ဖူးလေသည်။
"တိုမို"သည် ရှေးအခါကတည်းက အသုံးပြုလာခဲ့သော ကောက်ကောက်ကွေးကွေးပုံသဏ္ဍာန် အမှတ် အသား တစ်မျိုးဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးသည် သူ၏ကျောင်းအမှတ်အသားအဖြစ် ဖြင့် အဖြူတစ်ခု အနက်တစ်ခု ပါဝင်သော တိုမိုနှစ်ခုကို ပေါင်းစပ်ထားသည့် စက်ဝိုင်းအမှတ်အသား တစ်မျိုးကို တီထွင် လိုက်သည်။ ၎င်းအမှတ်အသားကို တီထွင်ရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးများ အား ကိုယ်ရော စိတ်ပါ ညီညွှတ် မျှတစွာ တိုးတက်ဖွံ့ဖြိုးစေလိုသော ရည်ရွယ်ချက်ဖြစ်သည်။
ဆရာကြီးသည် သူ၏ကျောင်းသင်ရိုးညွှန်းတမ်းထဲ၌ ယူရစ်သမ်မစ်ကို ထည့်သွင်းထားသည်။ ရည်ရွယ် ချက်မှာ လူကြီးများက အလွန်အကျွံဝင်ရောက်စွက်ဖက်မှုမပါဘဲ၊ သဘာဝအလျောက် ကလေး များ၏ ပင်ကို အရည် အသွေးများ ကိုယ်ရောစိတ်ပါ ညီမျှစွာဖြင့် ဖွံ့ဖြိုးစေလိုသောကြောင့် ဖြစ်သည်။
ကျောင်းအုပ် ဆရာကြီးသည် စာအုပ်ထဲတွင်  ရေးသားထားသည့် အကြောင်းများကိုသာ ဦးစားပေး သင်ကြားခြင်း မျိုးကို မနှစ်သက်ပေ။
မျက်လုံးများရှိပါလျက်နှင့် အလှအပကို မမြင်တတ်ခြင်း၊ နားများရှိပါလျက်နှင့် တေးဂီတသံများကို မကြား ခြင်း၊ စဉ်းစားဆင်ခြင်နိုင်သော အသိဥာဏ်ရှိပါလျက်နှင့် အမှန်ကိုလက်မခံခြင်းစသော အဖြစ်မျိုး မဖြစ်ရန် အထူးလိုအပ်သည်ဟု ဆရာကြီးက ပြောသည်။
တော့တိုး-ချန် အဖို့မှာမူ ဖိနပ်မပါဘဲ ခုန်လိုက်၊ ပေါက်လိုက်၊ ပြေးလိုက်နှင့် သွားလာနေရခြင်းကို အထူး သဘောကျ နှစ်ခြိုက်လွန်းသောကြောင့် ဤသို့ပြုလုပ်နေရခြင်းသည် ကျောင်းသင်ခန်းစာ တစ်မျိုးကို ပြုလုပ် နေရခြင်းမှ ဟုတ်ရဲ့လားဟူ၍ မယုံကြည်နိုင်အောင်ပင် ဖြစ်မိလေတော့၏ ။
ကျွန်မလိုချင်တာကတော့
တော့တိုး-ချန်အဖို့ ပွဲလမ်းသဘင်သို့ သွားရခြင်းသည် ယခုအကြိမ် ပထမအကြိမ်ဖြစ်သည်။ သူမ ယခင် နေခဲ့သော ကျောင်းအနီးရှိဆင်ဇိုကူးရေကန်၏ အလယ်တွင် ကျွန်းငယ်လေးတစ်ကျွန်းရှိရာ ထိုကျွန်းငယ် ပေါ်၌ 'ဘင်တန်'ဟု ခေါ်တွင်သော အလှနှင့်ဂီတနတ်မိမယ်ကို ရည်ညွှန်းပြီးထုလုပ် ထားသော ရုပ်တုတစ်ခု ရှိလေသည်။ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ ကျင်းပသည့်ညက သူမသည် မီးရောင်မှိန်မှိန်သာရှိသော လမ်းပေါ် တွင် အမေနှင့်အဖေတို့နှင့်အတူ လမ်းလျှောက်သွားနေရာ ခဏအကြာတွင် မီးရောင်များဖြင့်  ထိန်ထိန် လင်းလျက်ရှိသည့် ပွဲတော်နေရာသို့ ရောက်ရှိလာခဲ့ လေတော့သည်။ တော့တိုး-ချန်သည် ဈေး ဆိုင်ငယ် များထဲသို့ သူမ၏ ဦးခေါင်းကိုသွင်းပြီးကြည့် သည်။ နေရာတိုင်းဝယ် ထူးဆန်းသော အသံများ ရှိသည်။ မြင်တွေ့သမျှအားလုံးသည် သူမအဖို့ အသစ်အဆန်းများသာ ဖြစ်နေသည်။
ကစားစရာအရုပ်မျိုးစုံ၊ စားစရာမျိုးစုံ၊ ကစားစရာသေနတ်များစသည်ဖြင့် စုံလင်လှပေသည်။ လမ်းနံဘေးမှ လူကြီးတစ်ယောက်မှာမူ ဓားရှည်များနှင့် ပုလင်းကွဲစများကို မျိုချနေသည်။ ငွေများ ပျောက်သွားအောင်ပြုလုပ်နိုင်သည့် မျက်လှည့်ပြပွဲလည်းရှိသည်။ ရေထဲသို့ချလိုက်လျှင် ပန်းများ ပွင့်လာသော စက္ကူပန်းများကိုလည်း တွေ့ရသည်။ တော့တိုး-ချန်သည် လမ်းလျှောက်သွားရင်း သူမ၏မျက်လုံးများကို ဟိုကြည့်သည်ကြည့် ကြည့်သွားရင်းနေရာမှ ရုတ်တရက်ဆိုသလို ရပ်လိုက်သည်။
"အိုးကြည့်ပါဦး"
သူမသည် သေတ္တာထဲ၌ တကျည်ကျည်မြည်နေသော အ၀ါရောင်ကြက်ပေါက်ကလေးများကို ကြည့်ပြီး အော်ပြော လိုက်သည်။
"ကျွန်မတစ်ကောင်လောက်လိုချင်တယ်၊ ကျွန်မကို တစ်ကောင်ဝယ်ပေးပါနော်-နော်"
သူမသည် အမေနှင့်အဖေတို့၏ လက်ကိုဆွဲရင်း ပူဆာလိုက်သည်။
ကြက်ပေါက်စ ကလေးများအားလုံး တော့တိုး-ချန်ဘက်သို့ လှည့်ကြည့်ကြသည်။ သူတို့၏ ဦးခေါင်းများ ပိုထောင်လာကြပြီး အော်သံများမှာလည်း ပို၍ကျယ်လာသည်။
"သိပ်ပျော်စရာကောင်းတာပဲ"ဟု တော့တိုး-ချန်သည် စိတ်ထဲတွင်ပြောရင်း သူတို့အနီးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူမကို ယခုလောက်ဆွဲဆောင်ခြင်းမျိုးသည် ရှေးကမရှိခဲ့ဖူးချေ။
"၀ယ်ပေးပါနော်"
သူမသည် တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောရင်းအဖေနှင့်အမေကို မော့ကြည့်လိုက်သည်။ သို့သော်လည်း သူမ၏ မိဘများသည် သူမကို လျှင်မြန်စာစွာ ဆွဲခေါ်သွားကြသဖြင့် သူမအံ့သြခြင်း ဖြစ်သည်။
"ကျွန်မကိုတစ်ခုခုဝယ်ကျွေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား ကျွန်မလိုချင်တာကတော့ အဲဒီ ကြက် ကလေး ပဲ"
"မဟုတ်ဘူး သမီး၊ ဒီကြက်ကလေးတွေဟာ သိပ်သနားစရာကောင်းတယ်၊ မကြာခင်သေသွားမှာ" ဟု အမေက လေသံခပ်အေးအေးဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
တော့တိုး-ချန်သည် ထိုသို့မေးပြီး ငိုလေတော့သည်။
အဖေသည်ဈေးသည်မကြားအောင် သူမကိုမလှမ်းမကမ်းနေရာသို့ဆွဲခေါ်သွားပြီးရှင်းပြလိုက်သည်။ 
"အဲဒီကြက်ကလေးတွေဟာ အခုချိန်မှာတော့ သိပ်ချစ်စရာကောင်းတာ အမှန်ပဲတော့စကီ၊ ဒါပေမဲ့ လို့ သူတို့ကလေးတွေဟာ သိပ်အားနည်းနေတယ်။ သူတို့ကြာကြာ အသက်ရှင်မှာမဟုတ်ဘူး။ ကြက်ကလေးသေသွားရင် သမီးငိုနေရလိမ့်မယ်။ ဒါကြောင့် အဖေတို့က ၀ယ်မပေးတာပေါ့"
သို့သော်လည်း တော့တိုး-ချန်သည် ကြက်ကလေးတစ်ကောင်ရရေးကို ဆုံးဖြတ်ထားပြီးဖြစ်ရာ အဖေ့ပြောစကားကို  နားမ၀င်ပေ။
"မသေစေရပါဘူး၊ ကျွန်မစောင့်ရှောက်ထားမှာပါ"
အမေနှင့်အဖေသည် တော့တိုး-ချန်ကို ကြက်ပေါက်ကလေးများရောင်းသည့်ဆိုင်နှင့် ဝေးရာသို့ ဆွဲခေါ် သွားကြသည်။ သို့သော်လည်း သူမသည် ကြက်ကလေးများကို တပ်မက်စွာဖြင့် ကြည့်နေ  မိရာ ကြက်ကလေး များကလည်း သူမကိုပြန်ကြည့်နေကြသည်။ ၄င်းတို့၏ အော်သံများပို၍ပင် ကျယ်လာ လေသည်။ သူမလိုချင်သောအရာမှာ ကြက်ပေါက်ကလေးများဖြစ်သည်ဟု သူမအနေဖြင့် ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ပါသည်။
“ကျွန်မကို ကြက်ကလေးတစ်ကောင် ၀ယ်ပေးပါ။
သူမသည် မိဘနှစ်ပါးကို ထပ်ခါတလဲလဲ ပူဆာလေတော့သည်။ အမေအဖေသည် အလိုမလိုက်ဘဲ တင်းခံ ထားသည်။
“တစ်ကောင်မှ ၀ယ်မပေးနိုင်ဘူး။ နောက်ဆုံးမှာ သမီးပဲ ငိုနေရမှာ”
တော့တိုး-ချန်သည် အသံထွက်၍ အော်ငိုလေတော့သည်။ အိမ်ဘက်ဆီသို့ လမ်းလျှောက် ပြန်လာရင်း မျက်ရည် များသည် ပါးပြင်ပေါ်သို့တလိမ့်လိမ့် စီးဆင်းလာတော့သည် မှောင်မည်း နေသော လမ်းပေါ်သို့ ရောက်သော အခါ သူမသည် ငိုရှိုက်ရင်း...
“ကျွန်မ အခုလောက်လိုချင်တာမျိုး တစ်ခါဖူးမှမရှိခဲ့ပါဘူး၊ အဲဒါကိုသာရရ နောက်ထပ် ဘာကိုမှ မပူဆာ တော့ပါဘူး၊ ကျွန်မကိုကြက်ကလေးတစ်ကောင်သာ ၀ယ်ပေးပါ"
နောက်ဆုံး၌ အဖေနှင့်အမေတို့သည် သမီး၏အလိုသို့ လိုက်ရလေတော့သည်။
မိုးရွာပြီးနောက် နေသာသည့်အဖြစ်မျိုးနှင့် တူလှ၏ ။ ကြက်ပေါက်စကလေးနှစ်ကောင် ထည့်ထား သော သေတ္တာငယ်ကလေးကို သယ်ယူရင်း အိမ်သို့လမ်းလျှောက်ပြန်လာသော တော့တိုး-ချန်သည် ယခုအခါ ပြုံးပြုံးရွှင်ရွှင်ဖြစ်နေလေပြီ။
နောက်နေ့တွင် အမေသည်လက်သမားတစ်ယောက်ကိုခေါ်၍ ကြက်ကလေးများနွေးနွေး ထွေးထွေးရှိရန် လျှပ်စစ်မီးလုံး တပ်ဆင်ထားသော ကြက်အိမ်ကလေးတစ်လုံးကို ပြုလုပ်စေသည်။ တော့တိုး-ချန်သည် ကြက်ကလေး များကို တစ်ချိန်လုံးစောင့်ကြည့်နေသည်။ အ၀ါရောင် ကြက်ကလေးများသည် ချစ်စရာ ကောင်းလှ ပေသည်။ သို့သော်လည်း လေးရက်မြောက်နေ့တွင် ကြက်ကလေးတစ်ကောင်သည် မလှုပ်ရှား တော့။ ငါးရက်မြောက်နေ့တွင် ကျန်တစ်ကောင်မှာလည်း ထိုအတိုင်းပင် ဖြစ်သွားလေတော့သည်။
သူမသည် ၎င်းတို့ကို လက်ဖြင့်ပုတ်ကြည့်သည်။ ပါးစပ်မှခေါ်ကြည့်သည်။ သို့သော်လည်း ၎င်းတို့ထံမှ အသံ လုံးဝထွက် မလာတော့။ သူမသည် အခြေအနေကို စောင့်ကြည့်နေသော်လည်း ၎င်းတို့် မျက်လုံးများ ပြန်မပွင့်လာတော့။ အမေနှင့်အဖေတို့ ပြောခဲ့သည့်အတိုင်း ဖြစ်သွားလေပြီ။ သူမသည် ငိုယိုပြီးပန်းခြံထဲ၌ ကျင်းတူး၍ ကြက်ပေါက်စကလေးနှစ်ကောင်စလုံးကို မြှုပ်လိုက်လေ တော့သည်။ သူတို့ကို မြုပ်နှံရာ နေရာပေါ်တွင် ပန်းပွင့်ငယ်ကလေးတစ်ပွင့်ကို တင်ထားလိုက်သည်။ သူတို့အတွက် ပြုလုပ်ပေးခဲ့သည့် သေတ္တာ၏ ထောင့်တစ်နေရာ၌ အမွေးတစ်စကို သူမတွေ့ရသည့် အခါ သူမသည် ကြက်ကလေးများကို စတင် တွေ့ရှိပုံကို မျက်စိထဲမြင်ယောင်လာသဖြင့် သူမသည် နှုတ်ခမ်းကို သွားဖြင့် ဖိရင် အသံ မထွက် အောင် ငိုမိ လေတော့သည်။
သူမဘ၀တွင် ယခုလောကလိုချင်ခဲ့တာမျိုးမရှိခဲ့။ ယခုတော့ ၎င်းတို့မရှိကြတော့။
ဤသည်မှာ သူမ၏ပထမဦးဆုံးဖြစ်သော ဆုံးရှုံးမှုနှင့် ခွဲခွာရခြင်း အတွေ့အကြုံပင် ဖြစ်တော့သည်။
ဆရာကြီး သည်ကျောင်းသားမိဘများအား သူတို့၏ကလေးများကို ကျောင်းသို့စေလွှတ်သည့်အခါ အဟောင်းဆုံး အ၀တ်အစားများဖြင့်သာ စေလွှတ်ပေးကြပါဟု အမြဲတမ်းလိုလို တိုက်တွန်းလေ့ ရှိသည်။ ဆရာကြီး က သူတို့ကို ဤသို့ဝတ်စေလိုခြင်းမှာ အ၀တ်ဟောင်းများဖြင့်ဆိုလျှင် သူတို့ တတွေရွှံ့ထဲ ဗွက်ထဲ၌ ဆော့ချင်သလောက်ဆော့ပါစေ၊ အရေးမဟုတ်။ အ၀တ်များ စုတ်သွားသော် လည်း အကြောင်း မဟုတ်။ ကလေးများ၏ စိတ်ထဲဝယ် မိမိတို့ ၀တ်ဆင်ထားသော အ၀တ်များ ပေကျံကုန်ရင် အဆူများ ခံရလေမလား၊ သို့မဟုတ် မိမိတို့ အ၀တ်များ စုတ်ပြဲသွားမှာစိုး၍ ကစား ရမှာ ၀န်လေးနေရခြင်းမျိုးများ မရှိသင့်ဟု ဆရာကြီးက ယူဆသည်။
တိုမိုကျောင်အနီးတွင် မူလတန်းကျောင်းများ ရှိသည်။ ထိုကျောင်းများမှ မိန်းကလေးများသည် သင်္ဘောသား ၀တ်စုံကဲ့သို့သော ၀တ်စုံမျိုးကိုလည်းကောင်း၊ ယောက်ျားလေးများသည် ဘောင်းဘီ တိုနှင့် ကုတ်အင်္ကျီ များကိုလည်းကောင်း ၀တ်ဆင်၍ ကျောင်းတတ်ကြသည်။ တိုမိုကျောင်းမှ ဆရာ၊ ဆရာမ များ အနေဖြင့်လည်း ကျောင်းသားများသည် ကစားချိန်၌ ကစားချင်သလို ကစားကြ၊ အ၀တ် အစားများကို ထည့်သွင်း မစဉ်းစားဘဲ လွတ်လွတ်လပ်လပ် ကစားကြရန် ခွင့်ပြုထားသည်။ ထိုအချိန်ထိုအခါက ဘောင်းဘီ များသည် ယခုခေတ် ဂျင်းဘောင်းဘီကဲ့သို့ ကြာရှည်ခိုင်ခံ့ခြင်း မရှိ ပေ။ မိန်းကလေးများအနေဖြင့်မူ အခိုင်ဆုံး အ၀တ်များဖြင့် ချုပ်ထားသည့် အ၀တ်များကိုသာ ၀တ်ဆင်လေ့ရှိကြသည်။
တော့တိုး-ချန် အနှစ်သက်ဆုံး အပျင်းပြေကစားနည်းမှာ သူတစ်ပါးပိုင်သော ပန်းခြံများနှင့် မြေကွက်လပ် များကို ကာရံထားသော ခြံစည်းရိုးများအောက်မှ တိုးဝင်တိုးထွက်ကစားနည်းပင် ဖြစ် သည်။ ဤကစားနည်း သည် သူမ၀တ်နေကျအ၀တ်ကို မငဲ့ဘဲ ကစားနိုင်သော ကစားနည်း ဖြစ် သဖြင့် သူမနှင့် အလွန် သင့်လျော် သည်။ ထိုအချိန်ထိုအခါ  သံဆူးကြိုး၊ ခြံစည်းရိုးများ များစွာ ရှိခဲ့ သည်။ အချို့သံဆူးကြိုးများသည် မြေကြီး နှင့် အလွန်နီးကပ်စွာ ရှိသည်။ ထိုကဲ့သို့ သံဆူးကြိုးများ အောက်မှ တိုးဝင်လိုလျှင် ခွေးတိုးသလို အတင်း တိုးဝင်မှ ရမည် ဖြစ်သည်။ တော့တိုး-ချန်အနေဖြင့် သတိထားပြီး တိုးဝင်သော်လည်း ၀တ်ထားသော အ၀တ် သည် သံဆူးကြိုးနှင့် အမြဲလိုလိုပင် ငြိပြီး စုတ်ပြဲလေ့ ရှိသည်။
တစ်ခါက သူမသည် တစ်ပတ်နွမ်း ပိတ်ပါးအင်္ကျီဖြင့် သံဆူးကြိုးအောက်မှ တိုးသွားစဉ် သံဆူးကြိုး နှင့်ငြိပြီး အင်္ကျီနောက်ကျောပိုင်းသည် အပေါ်မှသည် အောက်ဆုံးအထိ ကွဲသွားလေတော့သည်။ အင်္ကျီမှာ အသစ် မဟုတ်သော်လည်း ထိုအင်္ကျီကို  အမေနှစ်သက်သည်။ ထို့ကြောင့် တော့တိုး-ချန် သည် အမေ့ကို မည်သို့ ပြောရပါ့မလဲဟု စဉ်းစားသည်။ သံဆူးကြိုးနှင့် ငြိသဖြင့် စုတ်ပြဲသွားပါသည် ဟု အမေ့ကို မပြောဝံ့။ သူမ၏ ပယောဂမပါဘဲ အင်္ကျီစုတ်ပြဲသွားပါသည် ဆိုသည့် အကြောင်းကို ယုတ္တိရှိရှိ လိမ်ညာပြောလျှင် ပိုကောင်း မည်ဟု သူမ စဉ်းစားမိသည်။ နောက်ဆုံး၌ သူမသည် အောက်ပါအတိုင်း ဇာတ်လမ်းဆင်လိုက်သည်။
အိမ်ပြန်ရောက်သည့်အခါ သူမက "ကျွန်မ လမ်းပေါ်မှာ လမ်းလျှောက်လာနေတုန်း ကျွန်မနဲ့ မသိတဲ့ ကလေး တွေက ကျွန်မနောက်ကျောကို ဓားတွေနဲ့ ပစ်ပေါက်ကြတယ်။ ဒါကြောင့်မို့ ကျွန်မရဲ့ အင်္ကျီ ဟာ စုတ်ပြဲ သွားပါတယ်"ဟု လိမ်ညာပြောလိုက်သည်။ သို့သော်လည်း ဤသို့ ပြောနေရင်းမှာပင် အကယ်၍ အမေကသာ မေးခွန်းတွေ ထပ်မေးပါက မည်သို့ ဖြေရပါ့မလဲဟု သူမ စဉ်းစားလိုက် သည်။
တော်ပါ သေးသည်။ အမေက "သိပ်ကြောက်စရာကောင်းပါလား" ဟူ၍သာပြောသည်။
တော့တိုး-ချန်သည် သက်ပြင်းချလိုက်သည်။
အမေသည် တော့တိုး-ချန်ပြောသည့် ဓားဇာတ်လမ်းကို မယုံကြည်ပေ။ သူမ၏သမီးသည် သူမက အကျီကို သဘောကျမှန်းသိသဖြင့် သူမစိတ်ပြေရာပြေကြောင်း အလို့ငှာ လိမ်ညာပြောခြင်းဖြစ် သည်ဟု အမေကောင်းစွာသိသည်။ သို့သော်လည်း အမေ့အနေဖြင့် အမြဲတမ်းလိုလိုသိချင်နေ သည့် အကြောင်းတစ်ခုသည်ရှိ၏ ။ ထို့ကြောင့်အမေသည် အခါအခွင့်ကြုံသည်နှင့် မေးမြန်းလိုက် သည်။ ထို့ကြောင့်အမေသည် အခါအခွင့်ကြုံသည်နှင့် မေးမြန်းလိုက်သည်။
"ဓားတွေနဲ့ ပစ်ပေါက်ခံရလို့ သမီးရဲ့အကျီစုတ်ပြဲတာကတော့ ဟုတ်ပါပြီ၊ အတွင်းခံဘောင်းဘီတွေ နေ့တိုင်းစုတ်ပြဲလာတာကရော"
တော့တိုး-ချန်၏ အတွင်းခံဘောင်းဘီများသည် နေ့တိုင်းလိုလိုပင် တင်ပါးဘက်တစ်နေရာတစ်ဝိုက် ၌ စုတ်ပြဲလာရခြင်းကို အမေနားမလည်နိုင်အောင်ဖြစ်မိသည်။ လျှောစီးခြင်းကြောင့် ဖြစ်စေ၊ ဖင်ထိုင် လျက်ချောလဲခြင်းကြောင့်ဖြစ်စေ၊ အတွင်းခံဘောင်းဘီ၌ ရွှံ့များပေကပ်နိုင်၏ သို့မဟုတ် ပွန်းပါများ ၍ ပါးသွား နိုင်၏ သို့သော်လည်း စုတ်ပြဲရခြင်းကို အမေနားမလည်နိုင်အောင် ဖြစ်မိသည်။
တော့တိုး-ချန် သည် ခေတ္တခဏစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီလိုပါအမေ၊ ခြံစည်းရိုးအောက်ကို တိုးဝင်တဲ့အခါမှာ အကျီနဲ့ သံဆူးကြိုးငြိပြီးမှ ကိုယ်လုံးဟာ တခြားဘက်ကိုရောက်တယ်၊ ပြန်ထတော့ခါးကို ကော့ပြီးမှထရတယ်။ အဲဒါအခါမှာ အတွင်းခံ ဘောင်းဘီနဲ့ သံဆူးကြိုးငြိပါလေရော။ အထဲကိုရောက်တဲ့အခါမှာ "ခွင့်ပြုပါ၊ ကျွန်မ၀င်ပါရစေ"လို့ ဆုတောင်းရတယ်။ နောက်တစ်ခါအထဲက ပြန်ထွက်တော့မယ်ဆိုရင်လဲ"ကောင်းပါပြီ၊ ဂွတ်ဘိုင်ပါပဲ" လို့ နှုတ်ဆက်ပြီးပြန်ထွက်တော့ အထဲဝင်တုန်းကလိုပဲ သံဆူးကြိုးနဲ့ငြိပြန်ပါရော၊ အဲဒီတော့ စုတ်တာပေါ့"
အမေသည် ကောင်းကောင်းသဘောမပေါက်ပေ။ သို့သော်လည်း နားထောင်လို့တော့ ကောင်းပါသည်။
"ပျော်စရာကောင်းလို့လား"ဟု အမေက မေးသည်။
အမေ၏မေးခွန်းကြောင့် တော့တိုး-ချန်သည် အံ့သြသွားသည်။
"အမေဘာဖြစ်လို့လုပ်မကြည့်တာလဲ၊ လုပ်ကြည့်ပါလား၊ သိပ်ပျော်စရာကောင်းပါတယ်၊ အမေ့ အတွင်းဘောင်းဘီလည်း စုပ်ပြဲမှာပဲ"
တော့တိုး-ချန် အလွန်နှစ်သက်သော ကစားနည်းမှာ ဤကဲ့သို့ဖြစ်သည်။
ဦးစွာပထမ သံဆူးကြိုးကာရံထားသော မြေနေရာဆီသို့ သွားရသည်။ မြေကြီးပေါ်၌ မည်သည့် အဆောက် အအုံမှမရှိလျှင် ပိုကောင်းသည်။ "ခွင့်ပြုပါ ကျွန်မအထဲကိုဝင်ပါရစေ"ဟု ခွင့်တောင်းပြီး၊ မြေကြီးနားကပ် နေသည့် သံဆူးကြိုးကိုမ၍ လူဝင်လို့ရအောင် မြေကြီးကို ယက်ထုတ်လိုက်သည်။ ထို့နောက် အထဲကို ၀ပ်ထွားပြီး ၀င်လိုက်ရသည်။ အထဲသို့ရောက်ပြီးနောက် ပြန်ထွက်သည့်အခါ ၀င်သည့် နေရာ မှ ပြန်မထွက်ဘဲ အခြားတစ်နေရာမှ ပြန်ထွက်သည်။ "ကောင်းပါပြီ၊ ဂွတ်ဘိုင်ပါပဲ"ဟု နှုတ်ဆက်၍ အ၀င် တုန်းက ပုံစံမျိုးဖြင့်ပြန်ထွက်သည်။ တော့တိုး-ချန်၏ အကျီအ၀တ်အစားများ စုတ်ပြဲရသည့် အကြောင်း ကို အမေ ကောင်းစွာနားလည်လိုက်လေပြီ။ သူမသည် ပျော်ရွှင်စွာဖြင့် ထပ်ခါ တလဲလဲ မြွေလိမ် မြွေကောက် ၀င်လိုက် ထွက်လိုက်နှင့် ခြံစည်းရိုးအစမှ အဆုံးတိုင်ဆော့ကစား  ခြင်းဖြစ်သည်။ အတွင်းခံ ဘောင်းဘီ များ စုတ် မပြဲခံ နိုင်ရိုးလား။
ဤကဲ့သို့သော ကစားနည်းမျိုးသည် လူကြီးအဖို့ မောစရာကောင်းသည်။ ပျော်စရာလည်း မဟုတ်။ သို့သော် ကလေးအဖို့တော့ ပျော်စရာပင်။ အမေသည် ဆံပင်များနှင့် လက်သည်းများ၌သာမက နားရွက် များ ထဲ၌ ဖုန်များဖြင့်ပေရေနေသော တော့တိုး-ချန်ကိုကြည့်ပြီးအနည်းငယ် မနာလို ဖြစ်လိုက်မိသည်။ သူမသည်ကျောင်းအုပ်ဆရာကြီးကိုလည်း မချီးကျူးဘဲမနေနိုင်။ သူသည် ကလေးများ၏ သဘော သဘာဝ ကို ကောင်းစွာသိရှိနားလည်ထားသူ ဖြစ်သောကြောင့်သာ  ကလေးများကို အ၀တ်ဟောင်း များဖြင့် ကျောင်း သို့စေလွှတ်ကြပါဟု တိုက်တွန်းခြင်းဖြစ်လေသည်။
တာကာဟာရှီ မျှော်
.
4 comments:
မေဓာဝီ said...
ကလေးတွေရဲ့ သဘာဝက စိတ်ဝင်စားဖို့ သိပ်ကောင်းတယ်နော်။ လူတိုင်းလူတိုင်း ကလေးဘ၀က ကြီးပြင်းလာကြပေမဲ့ ကလေးတွေကို နားမလည်နိုင်ကြဘူး။ တော့တိုးချန်တို့ ကျောင်းအုပ်ဆရာကြီးလို ဆရာမျိုး အင်မတန်ရှားပါတယ်။ ကျမလည်း ကလေးတွေကို စာပြပေးခဲ့ရဖူးတယ်။ သူတို့သဘာဝနဲ့ အမူအကျင့်တွေကို နားလည်အောင်ကြိုးစားခဲ့ပေမဲ့ စိတ်မရှည်တာက များနေခဲ့တယ်။
အခြေအနေပေးရင် တော့တိုးချန်ရဲ့ကျောင်းလို ကျောင်းတကျောင်းမျိုး ဖွင့်နိုင်ဖို့အတွက် အိပ်မက်မက်လိုက်အုံးမယ်။
Anonymous said...
အမရယ် ဖတ်နေရင်းနဲ့ကို အဲ့ဒီကလေးမလေးကို သိပ်ချစ်လာတာပဲ..။ အခုဆို သူဘယ်အရွယ်များရောက်နေပါ့လိမ့်..ရှိကောရှိပါ့မလားပဲ..
ဆရာ့ကိုမေးကြည့်ဦးမှပဲ။
အခုစာထဲကပါတဲ့ ရေပူကန်တော့မရောက်ဘူးသေးဘူး။ကာလရွှေ့လျောတော့ ရှိပါ့မလားတောင်သိဘူး။ လွန်ခဲ့တဲ့ ၂နှစ်ကတော့ ရှိဆုအိုကာမှာ ရေပူစမ်းသွားစိမ်တယ်။ ဟော်တယ်၅ထပ်မှာရေပူစမ်းရှိပီး အဲဒီရေပူစမ်းကနေ ဖူဂျီတောင်နဲ့ သဘာဝအလှတွေကိုခံစားနိုင်ဖို့လုပ်ထားတဲ့ ဟော်တယ်ပါပဲ။ ရှိဆုအိုကာမှာ ဂဏန်းတွေစားခဲ့ရတာ ပြန်အမှတ်ရမိသလို ပင်လမ်းကမ်းစပ်မှာ လှိုင်းတွေနဲ့အတူ အပြေးပြိုင်ခဲ့တာတွေ ဆရာတွေနဲ့အတူ ကျောက်ခဲအပြစ်ပြိုင်ခဲ့တာတွေ အမှတ်ရသွားတယ်။
တော့တိုးချန်လေးတက်တဲ့ကျောင်းမျိုးလေးတက်ချင်လိုက်တာ။
ချစ်ကြည်အေး said...
တို့လည်း အဲလိုကျောင်းကလေး ဖွင့်ချင်တယ်...ပြီးတော့ အခမဲ့ သင်ပေးတာ ဖြစ်ချင်တယ်...
အင်ကြင်းသန့် said...
မမရွှေစင်ရေ...
အများကြီးတင်ပေးထားလို့ ကျေးဇူးပါ။
တစ်ဝကြီးဖတ်သွားပါတယ်။
ချစ်ညီမလေး