Monday, January 11, 2010

ပန်းသတင်း (ဇန်နဝါရီ ၉)

 ဒီလထုတ် မဂ္ဂဇင်း တွေလည်း သိပ်မဖတ်ဖြစ် ဖတ်ဖြစ်တာတွေကလည်း သိပ်မကြိုက် ဖြစ်နေတာနဲ့ ကိုယ့် အဖိုးအဖွား ဇာတိမြေ မဂ္ဂဇင်း ထဲက ဝထ္ထု တွေဘဲ တင်ပေးမယ်နော် 
အနော် တို့က အဲလို အဲလို မျိုးချစ်စိတ် ထက်သန်ပါတယ်



ကျွန်တော်တို့၏ ငယ်ပေါင်းကြီးဖော်များ  
မောင်ဝင်းကြည်(ပခုက္ကူ)

၂၀၀၈ခုနှစ် နှောင်းပိုင်းကာလ၌ ကျွန်တော်သည်ကိစ္စတစ်ခုဖြင့် ရန်ကုန်သို့ရောက်ရှိနေစဉ် တစ်ခုသော တနင်္ဂနွေနေ့ ၀ယ် ရွှေတိဂုံမြတ်စွာဘုရားကို ဖူးမျှော်၍မြောက်ဘက်မုခ်အနီးရှိ ပခုက္ကူ ဓမ္မာရုံသို့ ရောက်ရှိခဲ့ ပါသည်။ ပခုက္ကူအသင်း(ရန်ကုန်)တည်ရှိရာဖြစ်သဖြင့် ကိုယ်ဇာတိရပ်ရွာမှ ငယ်သူငယ်ချင်းများ တွေ့လို တွေ့ငြား ဓမ္မာရုံအတွင်းသို့ ၀င်ရောက်ခဲ့ရာ၊ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျွန်တော်၏ ငယ်သူငယ်ချင်း များစွာ ပါဝင်သော အသင်းအမှုဆောင် လပတ်အစည်းအဝေးနှင့် ကြုံကြိုက်နေပါသည်။ အမှုဆောင် (၁၅)ဦး ခန့်သည် ကျွန်တော့်အား ၀မ်းပမ်းတသာကြိုဆိုကြပြီး ရှေးဟောင်းနှောင်းဖြစ်များ ပြောကြရင်း အစည်း အဝေးကို အေးအေးဆေးဆေး ပွင့်ပွင့်လင်းလင်း ပြုလုပ်နေကြသည်။ နာဂစ်မုန်တိုင်း ဒဏ်ခံ ဓမ္မာရုံကြီး ဆက်လက် ပြုပြင်ရေး၊ အသင်းကြီး၏နှစ်(၅၀) ပြည့် ရွှေရတုသဘင်ကျင်းပရေး၊ ကထိန် သင်္ကန်း ကပ်လှူ ရေး၊ လစဉ်ကျင်းပနေသည့် ၀ိပဿနာ သင်တန်းပြုလုပ်ရေး၊ နှစ်ပတ်လည် သက်ကြီး ပူဇော်ပွဲ၊ ပညာ ရည်ချွန်ဆု ပေးပွဲကျင်းပရေး စသည် တို့ကို ပရဟိတစိတ်ဓာတ်အပြည့်ဖြင့် ဆွေးနွေး နေကြသည် ကို ကျေနပ် အားရ ပိတိ ဖြစ်မိသဖြင့် ကိုယ့်ဒေသ အတွက် အလွန်ဂုဏ်ယူမိခဲ့ပါသည်။

အဆိုပါအစည်းအဝေးမှ ပြန်လာပြီးနောက် သူတို့အခုလိုပရဟိတ စိတ်ဓာတ်အပြည့်ဖြင့် အေးဆေး ညီညွှတ်စွာ ဆွေးနွေးနေနိုင်ကြခြင်းမှာ ကျွန်တော်တို့၏ "ငယ်ပေါင်းကြီးဖော်" ဟိုကောင် သုံးကောင် မပါ၍သာ ဖြစ်ပေမည်။ အဲဒီသုံးဦးပါလာရင်တော့၊ ခုလိုအေးအေးဆေးဆေးဖြစ်မည် မဟုတ်၊ ပွဲပျက်မှာ သေချာ သည်ဟု တွေးလိုက်မိပါသည်။

ကျွန်တော်က ခုလိုပြောလိုက်လျှင်၊ ထိုသုံးဦးအကြောင်းကို ရှင်း၍ပြမှ ဖြစ်ပေတော့မည်။ ငယ်ပေါင်း ဆိုသောလည်း ကျွန်တော်အပါအ၀င် မည်သူ့ကိုမျှ ကောင်းကျိုးပေးခဲ့သည်မဟုတ်သဖြင့် အားမနာတမ်း ပြောပြပါမည်။

ပထမဦးဆုံးတစ်ဦးမှာ "ကိုလောရှည်"ဆိုသူ ဖြစ်ပါသည်။ တွေ့လျှင်စကားကြောရှည် ဒုက္ခပေးတတ် သဖြင့် ထိုနာမည်ကိုရထားခြင်းဖြစ်သည်။  အ၀တ်အစားနူးနူးညံ့ညံ့ ကောင်းကောင်း ၀တ်တတ်သည်။ အမွှေး နံ့သာ အမြဲသုံးသည်။ ပြောဆိုဆက်ဆံရာတွင် အလွန်သိမ်မွေ့သည်။ လမ်းသွားသည် ကအစ ခြေများ ညီညာ၍ကြည့်ကောင်းသည်။ မတ်တပ်ဘဲရပ်ရပ်၊ ထိုင်ဘဲထိုင်ထိုင် စမတ်ကျကျ ကြည့်ကောင်း၍ တင့်တယ် သည်။ အလုပ်လုပ်လျှင်လည်း သပ်သပ်ရပ်ရပ်နှင့် စနစ်ကျသည်။ အစားအသောက်စားရာမှအစ ဣနြေ္ဒ ရရနှင့် စားသောက်တတ်သည်။ ဘာမဆိုအားကျလောက် အောင် ဆွဲဆောင်ပြောဆိုတတ်သည်။ မာယာများ သည် ဒါကြောင့်လည်း သူနှင့်တွေ့သူတိုင်းအပေါ် သူ၏သြဇာညောင်းသည်။

သူသွေးဆောင်ရာ နောက်သို့ ပါသွားသူကများသည်။ သူ့ကို ကျွန်တော် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ပါသည်။ ဒါကြောင့်လည်း သူ့အကြောင်းသာမက သူ၏နောက်သို့ ပါသွားသူကများ ကျိကျိတက် အောင် ချမ်းသာသွားသူများရှိသကဲ့သို့ ဒုက္ခရောက်သွားသူများလဲ ဒုနဲ့ဝေးပင်ဖြစ်သည်။ ကျွန်တော် ခပ်ငယ်ငယ် ၀န်ထမ်းဘ၀က ကျွန်တော့ထံသို့ရောက်လာတတ်ပါ သည်။ ကျွန်တော်တို့မိသားစုနေထိုင်မှုကို ကြည့်ပြီး သနားမိကြောင်း၊ ကျွန်တော်ညံ့ဖျင်းကြောင်း၊ အခြားဌာနတွင်ရှိသည့် ကျွန်တော်နှင့် တန်းတူ သူငယ်ချင်းများ မည်မျှကြီးပွားချမ်းသာနေကြ ကြောင်း၊ ကျွန်တော်ထက် ငယ်သူများပင်လျှင် သူခိုင်းတာ လုပ်သဖြင့် ကြီးပွားနေကြကြောင်း၊ မိသားစုချမ်းသာရေးအတွက် သူစီစဉ်ပေးမည်ဖြစ်ကြောင်း၊ သွေးဆောင် ပြောလေ့ရှိပါသည်။ ကျွန်တော်ကတော့ သူ၏အကြံပေးမှုကို မလိုက်နာရဲပါ။ သတ္တိလည်းမရှိခဲ့ပါ။ ဒါကြောင့်လည်း ကျွန်တော့ထံသို့ အလာကျဲသွားပါသည်။ ကျွန်တော်သူ့ကို ကောင်းကောင်း လက်မခံ ခဲ့ခြင်း မှာ မှန်နေပေသည်။

ကိုလောရှည်ဝင်ထွက်ပြီး စားအိမ်သောက်အိမ်အဖြစ် အမြဲစတဲချလေ့ရှိသော "ဦးလှဌေး"ဆိုသော အရာရှိတစ်ဦးအကြောင်းကို မှတ်မိသမျှ ပြန်လည်ပြောပြပါမည်။ သူ့ဇနီးအပါအ၀င် အိမ်သားများက လည်း ကိုလောရှည်၏ အကြံဥာဏ်အတိုင်း ငွေရှာနည်းမျိုးစုံဖြင့် ရှာဖွေကြသည်။

လုပ်ထုံးလုပ်နည်း၊ ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ ဥပဒေနှင့်လွတ်သည်ဖြစ်စေ၊ မလွတ်သည် ဖြစ်စေ၊ ငွေရလျှင်အားလုံးလုပ်ကြသည်။ ၀န်ထမ်းဝေါဟာရဖြင့် သူ့ကို"ဘီလူးက-က-သည်"ဟု ပြောကြသည်။ ကြမ်းတမ်း၍ ယင်းနာမည်ပေးခြင်းမဟုတ်။ ဇာတ်သဘင်ပွဲများတွင် ဘီလူးများက သည့်အခါ အောက်ကို ဖနောင့်ပေါက်၍ဖိထားပြီး အထက်ကိုလက်ဖြင့် မ၍နေခြင်းကို ဆိုလိုပါသည်။ အချို့ကလည်း "နားရွက်ရွံ့ပေအောင် လက်တဆုံးနှိုက်သူ"ဟု ပြောကြသည်။ ငွေကုန်ကြေးကျမှု ဆိုလျှင် သူ့ဗိုက်ကိုပင် မသဒ္ဓါချေ။ သာရေး၊ နာရေး၊ လူမှုရေး၊ အလှူဒါနအတွက် လုံးဝမသုံးစွဲ သူ့ဆီသို့ ၀င်သောငွေသည် "ကြက်သောက်ရေ"ကဲ့သို့ ပြန်၍အထွက်မရှိပေ။ သူကနေ နေထိုင်စားသောက်ရေးအတွက် ပူပင်ရန်မရှိ၊ သို့သောလည်း မိဘများလက်ထက်ကနေခဲ့သော ခြံဝိုင်းနှင့်အိမ်ငယ်လေးတွင် ဆင်းဆင်းရဲရဲ နေထိုင်နေသည့် သူနှင့်တအူတုန်ဆင်းညီအရင်းကိုပင် မြေနှင့်အိမ်ရလိုမှုအတွက် တရားစွဲဆိုခဲ့ဘူးသည်။ ငွေကြေး ကိုသာ အဓိကထားသဖြင့် ဌာနဆိုင်ရာမှ မကြာခဏစစ်ဆေးသည်။ အရေးယူခြင်း အကြိမ်ကြိမ် ခံရသည်။ ပြင်ပမှရာဇ၀တ်မှု၊ စီးပွားရေး သောင်းကျန်းမှု၊ မှောင်ခိုမှုတို့နှင့်လည်း ရင်ဆိုင်ရသည်။ နောက်ဆုံး တွင်မူ အလွဲသုံးစားမှုဖြင့် အကျဉ်းထောင်အတွင်းသို့ စံမြန်းနေရချေသည်။

ကိုလောရှည်နှင့် ပေါင်းမိသူများသည် ဤကဲ့သို့ပင် နောက်ဆုံးဒုက္ခရောက်ကြသည်။ လောင်းကစား မှု၊ လုယက်မှု၊ ခိုးမှုမှအစ ရာဇ၀တ်မှုများကို ကျူးလွန်၍ ဒုက္ခပင်လယ်ဝေကြရသည်။ အချို့ကလည်း ကာမဂုဏ်ကိစ္စ၌ပင် ရောင့်ရဲမှုမရှိဘဲ၊ လက်ရှိဇနီးသားသမီးရှိလျက် နောက်ထပ်ယူကြသည်။ အချို့လည်း ပြည်ပနိုင်ငံ၌ ဒုက္ခမျိုးစုံတွေ့နေကြရသည်။ ဒါကြောင့်လည်း ကျွန်တော်တို့၏ ဆရာများက "ဒီကောင် ငလောနှင့်ပေါင်းလျှင် သူ့နောက်လိုက်လျှင် မင်းတို့အားလုံး ပြိတ္တာဖြစ်မယ်" သတိပေး ဆုံးမလေ့ ရှိသည်။

ဒုတိယငယ်ပေါင်းကြီးဖော် တစ်ဦးကတော့ "ကိုဒေါ"ပင်ဖြစ်သည်။ ခန္ဓာကိုယ်ကြံခိုင်မှုရှိသည် လမ်းလျှောက် လျှင် ခြေကိုအစောကလျှင် ကြွသည်ချသည်။ မတ်တပ်ရသည့်အခါနှင့် ထိုင်သည့် အခါကြမ်းကြမ်း တမ်းတမ်း တောင့်တင်းစွာရှိသည်။ အလုပ်လုပ်သည့်အခါတွင်လည်း သေသပ်ကျန ခြင်းမရှိ၊ အောက်ကျယ် အော်ကျယ်နှင့် အလျင်စလိုလုပ်တတ်သည်။ အစားစားပြန်တော့လည်း ပါးစပ်တွင် အပြည့်ထည့်ပြီး အရသာ မခံဘဲမြိုချသည်။ အစာကြမ်းနှင့် အချဉ်များကို ပိုကြိုက်သည်။ သူ့အတွက် အိပ်ယာခင်း ပေးစရာ မလို။ ဖြစ်ကတတ်ဆန်း အိပ်ချသည်။ မျက်မှောင်ကုတ်ပြီး အိပ်တတ်သည်။ သူမကြိုက်တာ တွေ့လျှင် မည်သည့် အသေးအဖွဲ့ကိုမှ သည်းမခံတတ်။

မည်သူ့ကိုမျှ ခွင့်မလွှတ်တတ်။ သူ၏အဆိုးဆုံးဥာဉ်မှာ လက်စားချေတတ်ခြင်းနှင့် ရက်စက်စွာ တုန့်ပြန် တတ်ခြင်း ဖြစ်သည်။

တခါတရံပျောက်နေတတ်သည် မမျှော်လင့်သည့်နေရာတွင် ပေါ်လာတတ်သည်။ သူလာလျှင် လည်း အရက်ကလေးတမြမြနှင့် ဖြစ်တတ်သည်။ ယမကာပါသော ဧည့်ခံပွဲများ၊ လောင်းကစား ၀ိုင်းများ၊ အစည်း အဝေးများ၊ အားကစားပွဲများ၊ နေရာတိုင်းတွင် ရောက်လာတတ်သည်။ ကျွန်တော့ ထံသို့ ၀န်ထမ်း ဘ၀ ကတည်း က ရောက်လာခဲ့ပါသည်။ သူကလည်းကျွန်တော့ကို အလွန်ပျော့ညံ့ ကြောင်း၊ သည်းခံလွန်း ကြောင်း၊ အထက်လူကြီးများကို တခါတရံ နဂါးမှန်းသိအောင် အမောက်ထောင်ပြသင့်ကြောင်း၊ အောက် ၀န်ထမ်း များကိုလည်း ကျောင်းမှန်း ကန်မှန်းအောင် နှိပ်ကွပ်ထားသင့်ကြောင်း၊ ဇနီးမယား သားသမီး များမှ အစ၊ ပတ်ဝန်းကျင်အားလုံးကို သည်းခံ ခွင့်လွှတ် စိတ်မထားရန်၊ အလိုမလိုက်ရန်စသည်ဖြင့် အမြဲမြှောက် ပေးလေ့ရှိပါသည်။ ကျွန်တော် လည်းသူပြောသည့်အတိုင်း အလုပ်ခဲ့သည်ကများပါသည်။ ကျွန်တော့ ဆရာများနှင့် ကျွန်တော် အမြဲထိတွေ့နေသဖြင့် ဆရာများ၏အဆုံးအမကို လိုက်နာ၍ သူ့ကို ခပ်ခွာခွာ နေခဲ့ပါသည်။ သူနှင့် တရင်းတနှီးပေါင်းနေသော ကျွန်တော်၏ မိတ်ဆွေ တစ်ဦးအကြောင်း ကိုလည်း ပြောပြပါဦးမည်။ အမည်နှင့်မလိုက်သော အရာရှိတစ်ဦးဖြစ်သည်။

ပတ်ဝန်းကျင်ကမူ သူ့ကို"နာဠာဂီရိ"ဟု လည်းကောင်း၊ "အာဠာဝက"ဟုလည်းကောင်း အမည် ပေးထားကြသည်။ မည်သူကိုမျှ ခွင့်မလွှတ် တတ်၊ သည်းမခံတတ်၊ ဆဲရေးတိုင်းထွာလျက် အနားတွင် ရှိသည့် စာအုပ်၊ စာဖိလူခေါ် ခေါင်းလောင်းစသည်ဖြင့် ပစ်ပေါက်တတ်သည်။ တခါတရံသူက လက်သီးနှင့် ထိုးသည်။ ပြန်၍ထိုး သောဝန်ထမ်းများရှိဘူးသည်။ ဧည့်ခံပွဲ၊ နှုတ်ဆက်ပွဲများတွင် ရီကာမောကာနေရင်း သူနှင့်ရန်ပွဲ ဖြစ်တတ်သည်။ တပည့်များက သူ့ကိုရွံကြောက် ကြောက်ကြသည်။ အလုပ်ဌာနကမူ သူ့ကို "ဆူးလုံးကြီး"ဟု သူကွယ်ရာတွင် ခေါ်ကြသည်။ ထို့ကြောင့်လည်း သမီးအကြီးသည် ရည်းစားထား သည်နှင့် မကြာမီယောက်ျားနောက် လိုက်ပြေးသည်။ ကားမောင်းရာတွင်လည်း သူ့ဘေးမှာ "ကိုဒေါ်" အမြဲပါလေ့ ရှိသည်။

တစ်လောက ခရီးထွက်သွားစဉ် သူ့ဇနီးလည်းပါသည်။ ကိုဒေါလည်း အိမ်ကထွက်ကတည်းက ပါသွားသည်ဟု သိရသည်။ ကားကိုသူကိုယ်တိုင်မောင်းသွားသည်။ လမ်းခရီး၌ သူတို့ကားကို ကျော်တက် မောင်းသွားသည့် ကားတစ်စီးကို မကျေနပ်၍ အပြင်းမောင်း လိုက်ရန်"ကိုဒေါ"ကမြှောက်ပေးသည်။ နောက်ဆုံး အရှိန်ပြင်း၍ လမ်းဘေးရှိကုက္ကိုပင်ကြီးကို ၀င်တိုက်ပြီးလင်မယားနှစ်ယောက်စလုံး အသက်ဆုံးရှုံး သွားသည်။ "ကိုဒေါ"နှင့်ပေါင်းမိ၍ အခုလို အသက်ဆုံးရှုံးသွားသူ၊ အလုပ်ပြုတ်သွားသူ၊ ထောင်နန်းစံ သွားသည့် ယာဉ်မောင်းများ၊ ရိုက်မှု၊ လူသတ်မှုဖြင့် ဒုက္ခရောက်သွားသူများ အတော်ပင်များလေသည်။ ဒါကြောင့် လည်း ကိုဒေါနှင့်ပေါင်း လျှင် ငရဲသို့ရောက်မည်ဟု ဆရာများက ပြောခဲ့ခြင်းဖြစ်သည်။

တတိယတစ်ဦးကတော့ "ကိုမော"ဆိုသူဖြစ်သည်။ ကျွန်တော်၏ငယ်ပေါင်းဖြစ်ပြီး ယခုထိအဖော် အဖြစ် ရပ်တည် နေသူဖြစ်သည်။ သူ၏ခန္ဓာကိုယ်၀၀ဖိုင့်ဖိုင့်ဖြင့် အဆီရစ်နေသော ဗိုက်ကြီး၊ မို့မောက်နေသော လည်ဂုတ်သား များအပြင် အသားရောင်ကမည်းမည်း နေကာမျက်မှန်အမည်းကို အမြဲတပ်လေ့ရှိသဖြင့် သူ့ကို "ကိုမိုးမှောင်" ဟုလည်းခေါ်ကြသည်။ လမ်းသွားလျှင် ဖယ်ရမ်းဖယ် ရမ်းနှင့် ပတ်ဝန်းကျင်ကို အနှောင့် အယှက်ပြုနေ ယောင်ဖြစ်သည်။ ခြေလှမ်းရာတွင်လည်း ကြောက်သလို ရွံ့သလိုနှင့် ခြေကိုကြွသည်။ ချသည်။ တခါတခါခြေဖျားနှင့် ချသလို၊ တခါတခါ ဖနောင်နှင့်လည်းချသည်။ မတ်တပ်ရပ်သည့်အခါနှင့် ထိုင်သည့်အခါ အချိုးကျကျ မထိုင်၊  ယဉ်ကျေးသိမ်မွေ့မှုမရှိ အလုပ်လုပ်ရာတွင် သေသပ်ကျနမှုမရှိ၊ ပေါ့ပေါ့ပါးပါး ရှုပ်ရှုပ်ထွေးထွေး ပြုလုပ်တတ်သည်။

အစားအသောက်စားရာတွင်လည်း ပါးစပ်ကိုပေရေနေအောင်စား၍ ဟိုတွေ ဒီတွေးနှင့် စားတတ်သည်။ အထူးကြိုက်နှစ်သက်သည့်အစာဟူ၍မရှိ တွေ့သမျှအကုန်စားသည်။ အိပ်လျှင်လည်းဖြစ်သလို ခြေပစ်လက်ပစ်နှင့် မှောက်လျားထိုး၍ အိပ်တက်သည်။ အိပ်ရာမှထလျှင် ၀ူးဝူးဝါးဝါးသမ်းပြီး လေးကန်စွာ ထသည်။ အမှောင်ကိုကြိုက်သည်။ အမြဲအိပ်နေတတ်သည်။ ငယ်စဉ်ကတည်းကပင် ဆရာများနှင့် မတွေ့ခဲ့ သဖြင့် သူ၏အယူအဆအတွေးအခေါ်များမှာ ဟုတ်မလိုလိုနှင့်မှားနေသည်။ ဘုရားကျောင်း ကန်သွားဖို့၊ လှူဒါန်းဖို့ဆိုလျှင် အမြဲငြင်းသည်။ ကျွန်တော့်တို့တတွေ ဘာသာရေး အကြောင်း ဆွေးနွေးလျှင်သူက အယူအဆ တစ်မျိုးနှင့်ဝင်၍ ဆွေးနွေးသည်။ သူ့ကိုယ်သူ အထင်ကြီးသည်။ နေရာတကာ ရုပ်ဝတ္တုကျကျ စဉ်းစားရမည်။

နောက်ဘ၀ဆိုတာ စဉ်းစားရန်မလို၊ မရှိနိုင်၊ ရှိလျှင်လည်း ယခုဘ၀နှင့် မပတ်သက်၊ ယခုဘ၀ ကောင်းစားဘို့အရေးကြီးသည်။ ရတနာသုံးပါးကို ကိုးကွယ်ရန်မလို ဒါနဆိုသည်မှာ စည်းစိမ်ဖြုန်း တီးခြင်း ဖြစ်သည်။ သီလဆိုသည်မှာ မိမိကိုယ်ကို ညှင်းဆဲဖြင်းဖြစ်သည်။ တရားထိုင်ခြင်းသည် ခန္ဓာကိုယ်ကို နှိပ်စက်၍၀ဋ်ကျွေးခံနေရခြင်းဖြစ်သည် စသည်ဖြင့် ပြင်းပြင်းထန်ထန်ပြောဆိုသည်။ ဒါကြောင့်လည်း သူက မည်သည့်မကောင်းမှုကိုမဆို လုပ်ရဲအောင်မြှောက်ပေးသည်။ လက်ရှိဘ၀ အဆင်ပြေရေးအတွက် ဘာမဆို လုပ်အောင်တိုက်တွန်းသည်။ သူတိုက်တွန်းသည့်အတိုင်း ဖြစ်လာအောင်လည်း သူအချက်ပေး လိုက်သည်နှင့် ကိုလောနှင့်ကိုဒေါတို့ လာရောက်ပူးပေါင်း ကူညီကြသည်။ သူ၏ အပြောကောင်း မဲဆွယ် ကောင်းမှုကြောင့် သူ့နောက်သို့လိုက်ပါသွားခဲ့လျှင်မူ ကား ဒုက္ခအပေါင်းနှင့် ရင်ဆိုင် ရမည်သာဖြစ်သည။် အမှား များနှင့်သာ ရင်ဆိုင်ရမည်။ ယခုဘ၀ ဒုက္ခမရောက်သေးလျှင် နောင်ဖြစ်လေရာဘ၀၌ အတိဒုက္ခ ရောက်မည်။

ကိုမော-ကို ဆ၇ာလို၊ အဖေလို ကိုးကွယ်လျက်ရှိသောသူတစ်ဦးကို ပြောပြပါဦးမည်။ သူ့အမည်မှာ "တင်မောင်ကြီး" ဟုခေါ်ပါသည်။ သူက"သူကောင်းမျိုး"မှ လာသူ "ဘုရားထူးခံ" မင်းမျိုးမင်းနွယ်ဟု ဂုဏ်ယူလေ့ ရှိပါသည်။ ကျောင်းသားဘ၀ကတည်းက ခေါင်းတညိမ့်ညိမ့် လည်တခါခါနှင့် စကားပြော ကောင်းပြီး ဆရာကြီးလုပ်လေ့ရှိသည်။ စကားဝိုင်း၌တစ်ဦးတစ်ယောက်က ပုံပြင်ဖြစ်စေ၊ အကြောင်းအရာ တစ်ခုခုဖြစ်စေ ပြောနေလျှင် သူကကြားဝင်ဖြတ်၍ ကြိုတင်အဆုံးသတ်သည်။ သူသိပြီး၊ တတ်ပြီး ဖြစ်ကြောင်း ပြသည်။ သူ၏မတောက်တခေါက် ပညာဗဟုသုတဖြင့် သူ့ကိုသူ အထင်ကြီးသည်။ မဟာမျိုး၊ မဟာနွယ် ဖြစ်ခြင်းကြောင့်ဟု အကြောင်းပြကာ ဇနီးတစ်ဦးထက်ပိုယူ သည်။ မိန်းမပွေသည့် ဘက်တွင်လည်း ကြည့်ပါဦး၊ "ကိုယ့်ခြံစည်းရိုးကိုလည်း ထင်းခွေဘူးသည်" "ဈေးအိမ်သာကိုလည်း သော့ခတ် ဘူးသည်"။ ထို့ကြောင့် သူ့ကွယ်ရာတွင် သူ့ကို "ချဉ်ပေါင်သီး" ဟုခေါ်သည်။ ယခုဇရာပိုင်း သို့ရောက်ချိန်၌ပင် ဘုရားကျောင်းကန်သို့ ချဉ်းကပ်ရမှန်းမသိ၊ ဒါနသီလလုပ်ရကောင်းမှန်းမသိ သောက်သောက် စားစားနှင့်ပင်ရှိနေသေးသည်။ ကိုမောကို အိမ်ပေါ်တင် ကိုးကွယ်လျက်ရှိသေးသည်။

ထို့ကြောင့်လည်း ကောင်းမှုကိုမကောင်းမှုဟုထင်၍ မကောင်းမှုကို ကောင်းမှုဟုထင်နေသေးသည်။ ငယ်စဉ်က မဆင်မခြင် ကွမ်းစားဆေးလိပ်အရက်၊ မူးယစ်ဆေးသုံးစွဲ၊ ကာမဂုဏ်လိုက်စားမှုများ၏ အကျိုးဆက်ကြောင့် ယခုတော့ "ဦးတင်မောင်ကြီး" တစ်ယောက်ရောဂါဖိစီး၍ နောက်ဆုံးထွက်သက်ကို စောင့်နေသည်။ သူသွားရမည့်ဌာနများကို မှန်းဆနေသည်။ အထက်ပိုင်းဌာနကိုတော့ ရောက်မည်မထင်။

အချုပ်အားဖြင့်ဆိုရပါလျှင် ယခုကျွန်တော်တင်ပြခဲ့သည့် ကျွန်တော်တို့၏ ငယ်ပေါင်းကြီးဖော်များ ဖြစ်သော "ကိုလော" "ကိုဒေါ" "ကိုမော" သုံးဦးစလုံးသည် အခြားဒုစရိုက်သမားကဲ့သို့ပင် အမည် အမျိုးမျိုး ပိုင်ဆိုင်သည့်အပြင် တစ်ဦးစီတွင်လည်း လက်ရုံးတပည့်များရှိကြသည်။ "ကိုလော"တွင် တလှည့်စီ ပါလာတတ်သော တပည့်ရင်း(၈)ဦး "ကိုဒေါ"တွင် (၂)ဦးတွင် "ကိုမော"တွင် (၂)ဦးရှိကြ သည်။

လူအများ ကောင်းမှုပြုရာတွင် စိတ်ညစ်ညူးအောင် ဒုက္ခပေးသော "လူညစ်ပတ်"(၅)ဦး အဖွဲ့တွင် လည်း သူတို့ သုံးဦးပါဝင်သည်။ လူအများကို ပူလောင်အောင်၊ ပင်ပန်းအောင် ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်တတ် သည်။ လောင်မီး(၁၀)ဦးဂိုဏ်းတွင်လည်း သူတို့က ထိပ်ဆုံးမှပါဝင် သည်။

ကျွန်တော်တို့ရွာအပါအ၀င် အထက်အညာ(၂၆)ရွာ၊ အောက်ဖက်အကြေရွာ(၄)ရွာအားလုံး (၃၁) ရွာရှိ သတ္တ၀ါအားလုံးကို အမြဲဒုက္ခပေးနေသော (၁၁)ဦးပါဝင်သည့် "တောမီး" အဖွဲ့တွင်လည်း သူတို့(၃)ဦးက ဦဆောင်ပါဝင်ကြပါသည်။

 ဒါကြောင့်လည်း သူတို့(၃)ဦးကို ကျွန်တော်တို့ "ငယ်ပေါင်ကြီးများအဖြစ် သတ်မှတ်ရန်ထက်" အဓိက ရန်သူကြီး များအဖြစ် သတ်မှတ်၇မည်ဖြစ်ကြောင်း သိရှိနားလည်လာပါသည်။ ကျွန်တော်နှင့် ရင်းနှီးသလို အားလုံး နှင့်လည်း ရင်းနှီးကြပြီဖြစ်သဖြင့် သူတို့ဆွဲဆောင်ရာသို့ မလိုက်ရောမိစေရန် သူတို့၏ သြဇာအာက် သို့ ရောက်မသွားစေရန်သာမက သူတို့(၃)ဦးစလုံးကို ရန်သူအဖြစ်ရှုမြင်ရန် ကြိုးစားနှိမ်နှင်း နိုင်ကြစေရန် လေးနက်စွာ တိုက်တွန်းလိုက်ပါသည်။

၁။ ဗုဒ္ဓ၏အဘိဓမ္မာစေတသိက်များ
    (လောဘ၊ ဒေါသ၊ မောဟ)
၂။ ဆုထူးပန်အဘိဓမ္မာ
၃။ သုခမှတ်စု
    အထက်ပါစာအုပ်များကို အခြေခံ၍ စိတ်ကူးအတွေးချဲ့ပုံဖော်ပါသည်။

မောင်ဝင်းကြည် (ပခုက္ကူ)
ပခုက္ကူအသင်း (ရန်ကုန်)
ရွှေရတု မဂ္ဂဇင်း
(၁၉၆၀-၂၀၁၀)

1 comment:

Anonymous said...

ဒီပို့စ်က ဘကြီးကျောက်တို့ ဖတ်သင့်တယ်။ :)