သြ ရောဂါ....ရောဂါ.... ၂ဝ၁ဝ မှာ မဲနိုင်ချင်တဲ့ ရောဂါ ကုရာ နတ္ထိ ဆေးမရှိ
ကိုယ့် စာကိုယ့် တောင် မဖတ်နိုင်လို့ အဟောင်း လေး တွေ
ရွေးတင်ပေးနေရပြီ
(ဟဲ့..ဘလော့ဂါမ ရဲ့ မတန်မရာတွေ မှန်းမနေစမ်း နဲ့ သူရို့ဘာသာ သူရို့ ပေးချင်တဲ့ သူကို လွတ်လွတ် လပ်လပ် ပေးစမ်းပါစေ မတရား မဲမဆွယ်ပါနဲ့
အကယ်ဒမီဘလော့ဆုကြီးနဲ့ နင်နဲ့ တန်လို့လား)
ကဲ ချစ်မိတ်ဆွေများရေ ကျနော်ကတော့ အမြင်မှန်ရလို့ ကိုယ်အလုပ်ကိုယ် ပြန်လုပ်ပါတော့မယ် ဘလော့ လာ စာဖတ်မိတ်ဆွေ များ ဖတ်ဘို့ပြင်ဆင်ထားကြပါ..နောက်ပြီး စူဇီဝေါင်း ကလည်း ပြီးသွားပြီ ဆိုတော့ ဘာများဖတ်ချင်ကြပါသလည်း online မှာ မဖတ်နိုင်တာမျိုးကို ရွေးချယ် ပေးကြပါခင်ဗျား ကျနော် ရှာဖွေပြီးတော့ တင်ပေးပါမယ်..ကျေးဇူးတင်ပါတယ်။
လယ်ကွင်း မိုးတွင်းဇာတ်လမ်း
သော်တာဆွေ
အုံအောက် ... အုံအောက်
ကဆုန်မိုးသေး မြက်သားမွေးပြီး နယုန်မာသ မိုးဖြိုင့်ဖြိုင်ကျပြီဆိုလျှင် လွန်ခဲ့သောနှစ် လယ်တွေ ရေခန်းစ ကတည်းက တွင်းအောင်းခဲ့ရသော ဖားတို့သည် တွင်းထဲ၌ လှုပ်ရှားကြ သော မိုးခေါ်သံကို မြည်ကျူး ကြလေပြီ။ သူတို့ တွင်းဝင်စဉ်က ပိတ်ခဲ့သောတံခါးကို ဦးခေါင်းနှင့် ထိုးကာ, ထိုးကာ ကြည့်ပေမည်။
ယမန်နှစ် မိုးနှောင်းက ဖားသည် မိမိတွင်းအောင်းတော့မည်ဟု ဆုံးဖြတ်ပြီး ကတည်းက အပေါက်ဝတွင် ရွှံ့ကို ဦးခေါင်းနှင့် ကော်ကာ ပိတ်လိုက်လေသည်။ ထိုရွှံ့သည် တစ်ဆောင် လုံး၊ တစ်နွေလုံး ခြောက်သယောင်း ခဲ့ရာ ဖားသည် မိမိစွမ်းအားနှင့်တော့ ဘယ်နည်းနှင့်မျှ ပြန်မဖွင့်နိုင်တော့ပြီ။ သူ့တံခါးကို ဖွင့်ပေး မည့်သူမှာ မိုး ... မိုး ... ထက်ကောင်းကင်က ရွာသော မိုးသည်သာ ဖြစ်ချေတော့၏။ ထို့ကြောင့် မိုးဦးကျ၍ မိုးရေတဖြောက်ဖြောက်နှင့် မိမိအိမ်တံခါးပေါက်ဝကို လ၍ ခေါက်တိုင်း, ခေါက်တိုင်း သူသည် တံခါးဝမှာ လာ၍, လာ၍ တွန်းကြည့်ပေမည်။ ယင်းအချိန် သင်သည် သူ့တွင်အနီးသို့ ရောက်ရှိပါက မြေအောက် မှ လာသော အုံအောက်... အုံအောက်... ဟူသော အသံကို ကြားရပေလိမ့်မည်။
နောက်တစ်ဦး ...
ဖား၏နည်းတူ မိုးသံကြားတိုင်း, ကြားတိုင်း တွင်းထဲမှာ တက်လိုက်ဆင်းလိုက်နှင့် ယောက်ယက် ခတ်နေသည့် အကောင်တစ်မျိုးကား ရှိသေး၏။ သူကား ပုစွန်လုံးပေးတည်း။ သူလည်း ဖားကဲ့သို့ပင် မိုးနှောင်း လယ်တွေ ရေခန်းတော့ သူ့တွင်းကို ကျစ်စာများနှင့် ပိတ် ခဲ့၏။ သူကား ဖားလို ဦးခေါင်းမရှိ၍ တံခါးမြေ ပျော့လာပြီလားကို သူ၏ ချွန်ထက်သော ခြေချောင်းကြီးများနှင့် ထိုးဆွကြည့်နေပေမည်။ ဖားလိုလည်း မိုးခေါ်သံ၊ မိုးကြိုသံကို မမြည် နိုင်ရှာ။ မြေကြီးရေစိုနေပြီလား၊ သူ၏ ရှည်သွယ်သော မျက်ဆံချောင်း ကြီးများကိုသာ ထောင်လိုက်, လှဲလိုက် ကြည့်ရှုနေပေမည်။
ဆောင်းနှင်နွေ နှစ်ရာသီလုံးလုံး မိမိကိုယ် ဆံရုံမျှသော တွင်းကျဉ်းကလေးထဲ၌ အောင်းနေ ခဲ့ရသော သတ္တ၀ါတို့ ပြင်ပလောကသို့ မည်မျှထွက်ချင်ကြမည်နည်း။
"ဟေ့ ... လယ်တွေ ရေတင်ပဟေ့"
မိုးဦးကျကတည်းက (မိမိတို့ တိုင်းပြည်သာမက အခြားနိုင်ငံများကိုပါ ထမင်းကျွေးရန်) ထွန်းတုံးထွန်တံ တပြင်ပြင်နေကြသော လယ်သမားတို့က ၀မ်းသာအားရ ကြွေးကြော်လိုက် သောအခါ ဖော်ပြခဲ့သော ဖားတို့ ပုစွန်လုံးတို့သည် ရွှံ့ပျော့ပြီဖြစ်သော သူတို့အိမ်တံခါးကို ဖွင့်ကြကာ ရေအိုင်များသို့ သက်ဆင်း ပျော်ပါးကြကုန်လေ၏။ ဖားများတို့တွင် ၀မ်းဗိုက်ထဲ၌ ဥအပြည့်ပါလာ၏။ ပုစွန်လုံးတို့ကား ဥသော အမျိုး မဟုတ်၍ အမတို့ရင်ပတ်ထဲမှာ သားကလေးတွေ တထွေးတပိုက်ကြီး ပါလာခဲ့၏။ ထိုအချိန်တွင် မိုးရေ တဖွေးဖွေး နေသော လယ်ကွင်း-ရေအိုင်တွေထဲမှာ ဖားနှင့် ပုစွန်လုံးများသာမဟုတ်၊ တစ်နွေလုံး မြေကျင်း အောင်းနေခဲ့သော ခရုတို့လည်း ရောက်ရှိလာခဲ့ကြပေပြီ။ မိုးရာသီလယ်တော်၏ တေးဂီတ ကို သီဆိုကြရာ၌ ခရုနှင့် ဖားတို့သည် တွဲဘက်အသံရှင်များ ဖြစ်ကြကုန်၏။ သူတို့သည် ညအချိန်ဝယ် မိုးချုပ်မှ မိုးသောက် အထိ သီကြမြိုင်မြိုင် ပျော်ရွှင်ကြသည်။ နေ့အချိန်မှာ လည်း မိုးရွာသောအခါများတွင် သီဆိုကြပြန် သေးသည်။
တစ်စတစ်စနှင့် သူတို့ရေအိုင်ထဲမှာ အခြားရေပိုး, ရေမွှားများလည်း သန္ဓေတစ်စမှ ရောက်ရှိ လာကြပြန်သည်။ ရေပင့်ကူ၊ ရေပုစဉ်း၊ ရေပုရစ်တို့သည် ရေမှာ ပေါ်နေကြသည်။ ရေကူး တတ်ကြသည်။ ရေတော့ မငုပ်ကြချေ။ သူတို့ကို 'ရေသတ္တ၀ါ' ဟု ခေါ်မည်ထက် 'ရေပေါ်သတ္တ၀ါ' ဟုခေါ်သင့်သည်။ ရေပင့်ကူနှင့် ရေပုရစ်သည် ရေပြင်ကို ခြေကန်၍, ကန်၍ သွားတတ်ကြသည်။ ရေပုစသ်းသည် ရေပေါ်မှာ ပျံ၍, ပျံ၍ သွားပြီး ရေပေါ်မှာ နား သဖြင့် ရေယာဉ်ပျံနှင့်တူ လေသည်။ ထို့ပြင် လူတို့စားရသော အကောင်များ ... ပလီမ၊ ငါးပိပိုး၊ ဒေါင့်ပဆိတ်။
ပလီမနှင့် ငါးပိပိုးသည် ပျံလည်း ပျံနိုင်သည်။ ရေလည်းငုပ်နိုင် - ကူးနိုင်သည်။ ဒေါင့်ပဆိတ် ကား အမွေး အတောင်မရှိ၊ ခြေထောက်မရှိ၊ နို့စို့ကလေး လက်ချောင်းနှင့် တူသည်။ အရစ် ကလေးတွေ ရှိသည်။ အလျား နှစ်လက်မခွဲ သုံးလက်မရှည်သည်။ သူရေကူးတတ်သော် လည်း ရွှံ့နွံထဲမှာ အနေများသည်။ ငါးပိပိုး က ငါးပိနံ့ ကလေးသင်းသည်။ ဒါကြောင့်ပင် ငါးပိပိုးခေါ်ပေသည်။ လေးပင်သော အရသာ ရှိသည်။ ပလီမမှာ ထူးခြားသော အနံ့တစ်မျိုး ရှိသည်။ ကြိုက်သူများအဖို့ မွှေးသည်။
ပလီမသည် ကိုယ်ပြားကြီးနှင့် ကောက်စိုက်မတွေ ဆောင်းသော ကျောရော, ခေါင်းပါလုံ သည့် ခမောက်ရှည် 'ပလီမ' သဏ္ဍာန်တူသည်။ ထိုအမည်ကို ဒီအကောင်ဆီကပဲ ယူဟန် တူသည်။ ပလီမသည် ဗြက်တစ်လက်မ၊ အလျားနှစ်လက်မခန့် မွဲဟောက်ဟောက်အရောင် ရှိသည်။ ငါးပိပိုးမှာ သြဇာစေ့ကို ဗြက်လက်မ၀က်မျှ အကျယ်ချဲ့၍ ကြည့်ပါ။ ဤပုံသဏ္ဍာန် အတိုင်း ဖြစ်သည်။ အတွင်းက ပါးလွှာသော အကောင်၊ အပြင်က မာသောအခွံနှင့် ညိုပုပ် ပုပ်အရောင် ရှိသည်။
ဤသတ္တ၀ါမျိုးတို့ကား လယ်တောဝယ် ကလေးသွားရည်စာသဖွယ် ဖြစ်သည်။ မီးဖုတ်၍ စားကြရသည်။ ခဏလေးကျက်သည်၊ ဆေးပေါ့လိတ်မီးမှာပဲ ဖုတ်နိုင်သည်။ ကောက်စိုက်သမများ ကောက်စိုက်စဉ် ဖမ်းထားပြီး နားသောအခါ ဆေးလိပ်သောက်ရင်း စားကြသည်။ ပလီမမှာ အကောင်ထက် ဥက ပိုစား ကောင်းသည်။ ဥကို အစိမ်းလည်း စား နိုင်သည်။ သူ့ဥပုံမှာ မြက်ပင်အရိုးတွင် ဥကလေးတွေ အစီအရီ ခတ်ပြီး ကပ်နေပုံမှာ ပြောင်းဖူးနှင့် တူသေးတော့သည်။ စားလိုက်က တဖျောက်ဖျောက်မြည်၍ အငန် ဓာတ်နှင့် ဆိမ့်သောအရသာ ရှိသည်။ ဖော်ပြပါ လယ်တောသွားရည်စာကောင် အားလုံးတို့သည် ဆားမလို၊ ဆားမပါပဲနှင့် ကောင်းသော အရသာများ ဖြစ်သည်။
မိုးသည် လှိုင်လှိုင်ကြီး ရွာသွန်းကာ ချောင်း၊ ရေမြောင်းများ ရေလျှံကျလာသောအခါ၌ လယ်ထဲသို့ ငါးများ၊ ငရှဥ့်များ ရောက်လာလေပြီ။ ဤအချိန်၌ ငါးများသည် 'ငရစ်' ခေါ် ဥနှင့် ငါးများ ဖြစ်ကြ၍ ကုန်းလယ်၊ ကျင်းလယ်မရွေး 'ရေရှိ-ငါးရှိ' ဆိုစကားဖြစ်အောင် ငါးအမျိုးတို့ ပြန့်ပွားကြလေသည်။
ဝါဆို ၀ါခေါင် ရေဖောင်ဖောင် ဆိုလောကာလ၌ လယ်ထဲဝယ် ရေသတ္တ၀ါမျိုးစုံ စုံလေပြီ။ သူတို့သည် လယ်ထွန်ချိန်၊ ကောက်စိုက်ချိန်တို့၌ နေရပုံ ကသိကအောက် နိုင်လှမည် ဖြစ်သော်လည်း လယ်ပြီးသော အခါ၌ လွန်စွာ လွတ်လပ်ပျော်ပါးစွာ နေကြရလေ၏။ တစ်နေ့တခြား ကြီးပွားနေသော စပါးပင်တို့ အောက်၌ အရိပ်အာဝါသလည်း လွန်စွာ ကောင်းလေ၏။ ဤအချိန်တွင် လယ်သမားသည် လူ့လယ်ထဲသို့ မည်သည့်သတ္တ၀ါမျှ ဆင်းခွင့်မပေး၍ အပြင်ပတွေထွက်ကာ အပွင့်ကလေးများ ကြွေသောအခါ ထိုစပါးပွင့် ကလေး တို့သည် သူတို့အဖို့ လွန်စွာကောင်းသော အာဟာရ ဖြစ်လေ၏။
အရိပ်အာဝါသ လည်းကောင်း၊ အန္တရယ်လည်းကင်းရှင်း၊ အစာအာဟာရကလည်း ဖူလုံ၊ သည်လိုပုံသာ နေရရင်ဖြင့် သတ္တလောကကြီး အဘယ်မှာ ငြီးငွေ့ဖွယ် ကောင်းတော့အံ့နည်း။
သို့သော် သတ္တ၀ါမှန်သမျှ ဘ၀ခရီးသည်ချည်း၊ အကောင်းပြီးအဆိုးတွေ့ကြုံပြီး ဆုံကွဲဖြစ်မြဲ ဓမ္မတာ မလွဲသာပေ။ ၀ါဆိုဝါခေါင် ရေဖောင်ဖောင်မှ သိတင်းကျွတ် တန်ဆောင်မုန်းအထိ တရုံးရုံးနှင့် ပျော်ပါးစွာ နေကြပြီး 'ဖုံးတုန်းလုံးတုန်း လောက်စာလုံး' ဆိုသော စာဆိုနှင့်အညီအောင် လယ်သမား သည် တန်ဆောင်မုန်း လဆန်းမှစ၍ လယ်တွေရေလွှတ်သောအခါ လယ်ထဲမှရေသည် တစ်နေ့က ခြားနည်းပါး လာ၍ ရေသတ္တ၀ါများ အနေအထိုင် ကျဉ်းကျပ်စပြုလေပြီ။
သူ့တို့သည် သိ၏ မိုးလည်းကုန်ပြီ၊ ရေလည်းခန်းခြောက်တော့မည်။ ထို့ကြောင့် မိမိတို့၏ ဘ၀တည်းရေးအတွက် မိမိတို့၏ ဓမ္မတာ့၊ မိမိတို့တတ်စွမ်းသမျှပြင်ဆင်ကြကုန်၏ တွင်းအောင် သတ္တ၀ါတို့ က တွင်းများကို လုပ်ကြ၏ ကျင်းများကို ရှာဖွေကြ၏ ငါးတို့ကား ရေလိုက်ငါးလိုက် ဆိုသော စကားနှင့် အညီ မိုးဦးကျက တတ်ရေနှင့်လိုက်ခဲ့ပြီး ယခုမိုးနှောင်းမှာ ကျရေနှင့်အတူ ပြန်ရေချေတော့မည်။
သူ့တို့သည် လေသွေးတိုင်း တဖွဲပွဲကျလာသော စပါးပွင့်ကလေးတွေကို မက်မောနေသ ဖြင့်တော်တော်နှင့် မသွားနိုင်ကြ။ သို့သော် တန်ဆောင်မုန်းလပြည့်ဝန်းသော ညကျသောအခါ၌ သူတို့အား ဓမ္မတာသဘာဝကြီးက ငမိုးရိပ်ကို ကြိမ်စကြာရိုက်ခေါ်လိုက်သည့်နှင့် အားလုံးသောငါး မျိုးတို့သည် လယ်ထဲမှတညီတညွတ်တည်း၊ တစ်ပြိုင်တည်း ထွက်ခွာကြကုန်၏ တန်းဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့ရောက်လျှင် အဘယ်တံငါသည်မျှ လယ်ထဲတွင် ငါးရှာ၍ ရတော့မည် မဟုတ်ချေ။ ဘုမသိ ဘမသိဖြစ်သော ဗုစုခရုတို့သာ လယ်ကတွတ်ဝမှာတွေတွေနေကြသည်ကို တွေ့ရပေမည်။
ကဲ-မိုးဦးကျမှာ ပေါင်းခဲ့သော်သတ္တ၀ါတွေ မိုးနှောင်းမှာ ဇာတ်ခေါင်းကွဲကြပေပြီ။ ရေပင့်ကူ၊ ရေပုရစ်၊ ရေပုစဉ်း စသော ရေပိုးရေမွှားငယ်တို့က ရေအခန်းမှာ နေပူနှင့်သေကြပြီး သူတို့ခန္ဓာ ကိုယ်ငယ်တို့က မြေမှာမျိုးစေ့သဖွယ် ကပ်ငြိနေကြပေလိမ်မည်။ (ထင်သည်) ငါးတို့က ချောင်း၊ မြောင်း အင်းအိုင် ရှိရာ ပြန်ကြပြီ၊ တွင်းအောင်သတ္တ၀ါတို့က တွင်းထဲဝင်ကြသည်။
တွင်းအောင်သတ္တ၀ါဆိုရာ၌ ကျွန်တော်ဇာတ်လမ်းအစက ပဏမခံခဲ့သောဖားနှင့် ပုဇွန်လုံး တို့ကြောင်း ထပ်လောင်း ပြောပြချင်ပါသည်။
ဖားသည် (သူ့ခြေထောက်တွေ ကြည့်ပါခင်ဗျာ) တွင်းကျစ်နိုင်, တူးနိုင်သော သတ္တ၀ါ မဟုတ်၊ ပုစွန်လုံး ကျစ်ထားသောတွင်းထဲမှာ သူအတင်းဝင်နေသည်။ သူတို့သည် တစ်မိုးတွင်းလုံး လယ်ထဲမှာနေစဉ် တစ်ခါမျှ ရန်မဖြစ်ခဲ့ကြ။ ဖြစ်ရန်လည်း အကြောင်းမရှိ။ ယခုကား အသက်အိုးအိမ် စည်းစိမ်လုသည့်ပွဲဖြစ်၍ သူသေသေ ကိုယ်ကြေကြေ တိုက်ခိုက်ရပေတော့မည်။
ပုစွန်တွင်းတစ်ခုထဲသို့ ဖားတစ်ကောင်က ၀င်သွားသောအခါ ဖားက အားကြီးလျှင် ပုစွန်ကို မျိုပစ် လိုက်၏။ ပုစွန်က အားကြီးလျှင် လက်မဖြင့် ညှပ်ဖြတ်ကာ ဖားကိုသတ်၍ အသားကို ပွဲတော်တည် လေသည်။
အချို့တွင်းမှာ ပုစွန်က သေ၏။ အချို့တွင်းမှာ ဖားကသေ၏။ ဖားချည့်လည်း မသေ။ ပုစွန်ချည့် လည်း မသေ။ ထို့ကြောင့် ဖားနှင့် ပုစွန်မျိုးတို့သည် နှစ်စဉ်မပြတ် ကပ်ကမ္ဘာပတ်လုံး လယ်ထဲမှာ ရှိ နေကြမည် ဖြစ်၏။
သည်လို မိုးနှောင်းကာတိုင်း သူတို့အသက်အိုးအိမ် စည်းစိမ်အတွက် သူတို့တိုက်ခိုက်ရပေမည်။
တိုက်ကြ, တိုက်ကြ၊ သင်နိုင်လို့ သင်မသေခဲ့သော် ရှေ့နှစ် မိုးတွင်း ဇာတ်လမ်းမှာ တခမ်းတနား ပါရပေဦး မည်။
သော်တာဆွေ
စာပေဆုရဝတ္ထုတိုများ
.
No comments:
Post a Comment