Thursday, January 7, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၂၁)

အခန်း(၂၁)

ရွှေနန်းတော်ကြီး တစ်ခုလုံး အလယ်နန်းမတော်မိဖုရားအား မိဖုရားခေါင်ကြီး၏ အစီး အနင်း, အဆောင် အရွက်ကို ပေးသနားတော်မူတော့မည်ဟု သတင်းပြေး နေသည်ကိုလည်းကောင်း၊ ကာယကံရှင်ကပင်၊ ထိုက်တန်သော အရည်အချင်းရှိတော်မူသူဖြစ်သည့်အား လျော်စွာ စိတ်ချ, လက်ချယုံကြည်ပြီး စီမံပြင်ဆင် တော်မူသင့်သမျှ ပြင်ဆင်တော်မူလျက် ရှိသည်ကို သိတော်မူပြီးဖြစ်သော ဘ၀ရှင်မင်းတရားကြီးဘုရားမှာ အလယ်နန်းမတော် ဖုရား စိတ်ဝမ်းနည်းလျက် ရှက်ကြောက်နာကြည်း သွားရမည်ကိုလည်း များစွာ သနားကြင်နာ ကရုဏာသက်တော်မူလျက် ရှိလေရာ နောက်ဆုံးတွင် အလယ်နန်းမတော်ဖုရားလည်း စိတ်ကျေနပ် တော်မူစေရန်၊ ကန့်ကွက်သော မိဖုရားများလည်း စိတ်အေးချမ်းသာစွာ နေနိုင်ကြစေရန် မြန်မာ ဘုရင်တို့၏ ရွှေနန်းစဉ်ရာဇ၀င်၌မပါဖူးသည့် ထူးကဲသော ချီးမြှင့် ခြင်းနှင့် နှမတော် အလယ်နန်း မိဖုရားအား ချီးမြှင့်မြောက်စားတော်မူရန် အကြံရတော်မူ လေ၏ ။ ဘ၀ရှင်မင်းတရားကြီးဘုရားသည် ပညာရှိ မင်းတစ်ပါးဖြစ်တော်မူသည့် အား လျော်စွာ အများနှင့်လည်း ဆန့်ကျင်တော်မမူစေဘဲ ကာယကံရှင် ဖြစ်သည့် အလယ် နန်းမတော်မိဖုရားလည်း စိတ်ကျေနပ်လောက်သင့်သော ချီးမြှင့် သူကောင်း ပြုမည့် အစီ အစဉ်များမှာ---

အရှင်မိဖုရားခေါင်ကြီး အဆောင်တော်၏ မြောက်ဘက်၌ တစ်ပင်တိုင် စလင်းစုဖုရား အဆောင်တော် နှင့်ယှဉ်လျက် နန်းမတော်ဆောင်းကြီးနှင့် ညီမျှသည့် အဆောင်တော်ကြီး တစ်ခုကို သနားတော်မူရန် မဟေသီဘွဲ့ထူးကို ချီးမြှင့်အပ်နှင်းခြင်း မပြုသည့်တိုင်အောင် မိဖုရားခေါင်ကြီးတို့၏ အစီးအနင်း၊ အဆောင် အရွက်တို့ထက် မနိမ့်ကျသော အစီးအနင်း၊ အဆောင်အရွက်များကို ပေးသနားတော်မူရန်၊ ဘိသိက်ခံဖက် ထီးဖြူတော်ဆောင်းဖက် ဖြစ်သော ရာဇ၀တ်အဆက်ဆက်မှ အဂ္ဂမဟေသီ မိဖုရား ခေါင်ကြီးများပင် မရရှိဖူးသည်က ထူးကဲသောဆင်ဖြူမရှင်ရတနာကို သနားတော်မူရန် ဤသုံးချက်သော ကြံရွယ်တော် မူချက်ကို တစ်နေ့သောအခါ၌ အမြဲစံနေတော်မူသည်က မှန်နန်းဆောင်တော်အတွင်းတွင်း ဘုရင့် အတိုင်ပင်ခံ ပညာရှိမှူးကြီးမတ်ကြီးအချို့နှင့် မင်းတရားကြီးဘုရားတို့ တိုင်ပင် ဆွေးနွေးတော် မူလျက် ရှိလေ၏ ။

ဘုရား။ "မိဖုရားတွေကဖြင့်များစွာ ကန့်ကွက်နေရှာကြတာပဲ မယ်သဲကလည်း သူရသင့် ရထိုက်တဲ့အတွက် စိတ်ချလက်ချ ဖြစ်နေရှာပြီ၊ သည်ကိစ္စကို မင်းကြီးတို့က ဘယ်ပုံ စိတ်ကူးရသည်ဆိုတာ သံတော်ဦး တင်စမ်းပါဦး"

မင်းကြီးများ။ ။"နှစ်ဦးစလုံးပင် မှန်နေပါသဖြင့် ကျွန်တော်မျိုးများ ရှိခိုးသံတော်ဦမတင်တတ် သလောက် ရှိနေကြောင်းပါဘုရား၊ အလယ်နန်းမတော်ဖုရားမှာ ရတနာပူရ၊ စတုတ္တမြို့တည် နန်းတည် ဘကြီးတော် မင်းတရားကြီးဘုရား၏ မိဖုရားခေါင်ကြီးမှာ ဖွားမြင်တော်မူသည့် သမီးတော်စစ်ဖြစ်၍ ရွှေနန်းမ ဆောင်တော်ထက် မနောဟရ ထီးဖြူအုပ်မိုးလျက် ဖွားမြင် တော်မူခြင်း၊ သစ်နက်ရေခံခြင်း၊ ကြာချပ် တစ်ထောင် ရှိသော ရွှေသား ပတ္တမြားသုံးရစ်စီ မနောလင်ပန်းဖြင့် ချင်းတန်းသန့်စင်ခြင်း၊ မင်းခန်းစုံ ကျင်းပလျက် မဟာဥကင်တော်သ ဖွင့်တော်မူခြင်း စသည့်ဖြင့် ထူးမြတ်သော ရာဇိဒ္ဓရာ ဇာနုဘာဝတို့ကို ထွန်းတောက်ပစေ လျက် ဖွားမြင်တော်မူသည့် နေနတ်နွယ်မြစ်၊ သာကိယစစ်၊  ဖြစ်၍ တစ်ကြောင်း ၊ မိန်းမမြတ် တို့၏လက္ခဏာ ခြောက်ဆယ့်လေးပါးတို့နှင့် မချွတ်မယွင်း ပြည့်စုံလျက် သူမတူတန် လွန်ကဲထူးမြတ်သော ဂုဏ်ထူးဝိသေသ ရှိတော်မူသည် တစ်ကြောင်း၊ ကပ်ဦး မဟာသမ္မတ မင်းမှ ဆင်းသက်ခဲ့သော ဥက္ကာမုက္ခသကျ သာကီဝင်မင်းတို့နှင့် တဝေးမပြား မျိုးနွယ်စဉ် ဆက် မပျက်မယွင်းစေရန် ၊ စောင့်ရှောက်မြဲ  ရာဇတ န္တီ ပဝေဏီထုံးတမ်းနှင့် အကြောင်း ညီစေလျက်  မြတ်သော ပြည်ထောင်ဖက် မင်း မိဖုရာခေါင်ကြီးအဖြစ်သို့ ဆောင်နှင်းတော်မူ သင့်လှသည် ဖြစ်ပါကြောင်း”

"တစ်ဖန် ကျန်မိဖုရား၊ မောင်းမတို့၏ အလို့သို့ ငဲ့ပြန်ပါလျှင်လည်း ခမျာများမှာ နတ်ရွာစံ အရှင်နန်းမတော် ဘုရားကြီးကဲ့သို့ သီလသမာဓိတရားညှိလျက် လက်အောက်ငယ်သား မိဖုရားတို့အပေါ်တွင် ကြင်နာ ထောက်ထား သနားငဲ့ညာတော်မူမည် မဟုတ်ဘဲညှင်းဆဲက လူပြုမူခြင်းခံရပါက ၎င်းတို့မှာ"တစ်နေ့မခြား ရေနည်းငါး"ဆိုသလို ငြိုငြင်ဆင်းရဲကြရတော့ မည်ဟုအယူရှိရကား လွန်စွာစိုးရိမ်ကြောင့်ကြ နေရှာကြ သဖြင့် ဘ၀ရှင်မင်းတရားမှ တစ်ပါး ကိုးကွယ်အားထားရာ မမြင်သဖြင့် အလျင်စလိုငိုယိုတောင်းပန် အသနားခံ ကြရှာသည်ကို ငဲ့ညှာထောက်ထားရာ မကျပါလျှင်လည်း ခမျာများမှာ စိတ်ဝမ်းနည်း စရာဖြစ်ပါမည်၊ သို့ဖြစ် ပါသည့်အတွက် နှစ်ဦးနှစ်ဖက်ငဲ့ကွက်ကာ ရွှေဥာဏ်ရှင် ဖြစ်တော်မူသည့်အတိုင်း ဆင်ခြင် ဆုံးဖြတ်တော်မူသင့်လှကြောင်း လျှောက်ထားသံတော်ဦးတင်ပါသည်ဘုရား"
ဘုရင်။ ။"ကျုပ်လည်းမင်းကြီးတို့ လျှောက်တင်သည့်အတိုင်း ဆင်ခြင်စဉ်းစားတော်မူပြီး ဖြစ်တယ်၊ အခြားသောမိဖုရားများကိုလည်း ငဲ့ကွက်ထောက်ထားရာ ရောက်အောင်၊ အလယ်နန်းမိဖုရားလည်း စိတ်နာ ကြည်းဖွယ်မဖြစ်အောင်၊ မျှတသည့်သဘောနှင့် ပိုင်းဖြတ် တော်မူထားသော အလိုတော်ကို ထုတ်ဖော် တိုင်ပင်ရန် မင်းကြီးများကို ခေါ်တော်မူခြင်းပဲ"
မင်းကြီးများ။ ။"အလိုတော်ကို ဦးထိပ်ရွက် ပန်ဆင်ရပါမည့်အကြောင်းပါဘုရား"

ဘုရင်။ ။"အလယ်နန်းကိုတော့ သူကောင်းပြုတော်မမူဘဲ နေ၍သင့်တော်မည် မထင်ဘူး ဗျ၊ သည့်အတွက် နန်းမတော်ဆောင်နှင့် ယှဉ်လျက်ရှိသော မြောက်နန်းဆောင်တော်ကို နန်းမတော်ဆောင်ကဲ့သို့ တစ်တန်းတစ်စားတည်း တူညီအောင် အဆောင်အယောင် အခမ်းအနားများကို ပြင်ဆင်ထပ်ဖြည့်လျက် သနားတော်မူပြီး ဘိသိက်ခံ၍ မဟေသီဘွဲ့ ကိုပင် မနှင်းအပ်သော်လည်း မိဖုရားခေါင်ကြီးနှင့်ညီမျှသော မင်းသုံး၊ မင်းဆောင်၊ အခမ်း အနား၊ အစီးအနင်း၊ အဆောင်အရွက်များနှင့် အခွင့်အရေး ပေးသနား တော်မူပြီး ရွှေနန်းစဉ် ဆက် ဘယ်မိဖုရားကိုမှ သနားနှင်းအပ်ခြင်း မပြုဖူးသော ဒူရကတိုင်း ထားဝယ်မြို့မှ ဆက်သ သည့် သီရိမဟာ သုဘတ္တာ ရတနာဆင်ဖြူတော်မကို အလယ်နန်းမိဖုရားအား ပေးသနား တော်မူလိုသည်၊ ဤသုံးခုသော သူကောင်းပြုမှုကို အလယ်နန်းမိဖုရားလည်း ဘိသိက်ခံ၍ မဟေသီ ဘွဲ့ထူးကို ချီးမြှင့်သည်မျှ စိတ်ကျေနပ်လှမည်ထင်သည် မင်းကြီးများ"

မင်းကြီးများ။ ။"မှန်လှပါ၊ မိန့်တော်မူသော အကြံမှာ အမှန်ပင်သင့်လျော်ပတ်ကြောင်းပါ၊ ဆင်ဖြူရတနာဆိုသည်မှာလည်း သာမန် မင်းဧကရာဇ်တို့ပင် ရနိုင်ခဲ့မျှဖြစ်ပြီးလျှင် ဘုန်းတန်ခိုးကြီးသော ဧကရာဇ် ဘုရင်တို့သာလျှင် ဆင်ဖြူရှင်ဘွဲ့ခံရသောကြောင့် မင်းမိန်းမကို ဆင်ဖြူမရှင်ဘွဲ့မည်တော် ခံစေသည်မှာ လည်း တစ်နည်းအားဖြင့် ဘိသိက် သွန်းမြှောက်သော မိဖုရားခေါင်ကြီးများ၏ ဂုဏ်အရည် အချင်းမျှမက မြင့်မြတ်လှသဖြင့် အလယ်နန်းသခင်သည် အမှန်ပင် ကျေနပ်ဝမ်းမြောက်တော်မူမည် ဖြစ်ပါ ကြောင်း ရှိခိုး သံတော်ဦးတင်ပါသည်ဘုရား"
ဘုရင်။ ။"သို့ဖြင့် ကျုပ်အလိုတော်ကို မင်းကြီးတို့အားလုံး သဘောတူကြရဲ့လား။ စေဒက တက်ချင်သူ များရှိလျှင်လည်း ထိမ်ချန်မထားနှင့်ဗျ။ အကျိုးနှင့်အကြောင်းနှင့်ပြ၍ ကန့်ကွက် လိုကြလျှင် ကန့်ကွက် ကြပါ၊ အမျက်တော်ကို ငဲ့ပြီးမတင်လျှောက်ခဲ့ရဘူးလို့ မရှိစေနှင့်၊ ကျုပ်မစိတ်မဆိုးပါဘူးဗျ၊ လျှောက်သာ လျှောက်ကြပါ"

မင်းကြီးများ။ ။"အကြောင်းချင်းရာ အားလုံးကို အစအဆုံးသိရပြီး ဖြစ်သည့်အတွက် နှစ်ဦး နှစ်ဖက်မျှတသော အကြံမှာ ဘ၀ရှင်ဘုရား မိန့်တော်မူသည့် အစီအမံထက်ပို၍ လျော်ကန်သင့်မြတ်သော အကြံမရှိကြောင်းပါဘုရား"
ဘုရင်။ ။"သို့ဖြင့် ကျုပ်အလိုတော်ကို မင်းကြီးတို့သဘောကြိုက်ညီကြပြီ ဆိုပါတော့။"
 
"သို့သော် ဆရာတော်ဘုရားများ၏ သြ၀ါဒကိုလည်း ခံလိုသေးသည်၊ လောကီလူမှု လူရေးပင် ဖြစ်သော်လည်း အနည်းငယ် ထူးခြားသောကိစ္စကြောင့် ဆရာတော်များ သိရှိအောင် တိုင်ပင်ပြီး သင့်မသင့်လျော် မလျော်ကို သြ၀ါဒခံတော်မူလိုသေးတယ် ဆရာတော်ဘုရားများကပါ မင်းကြီးတို့လို သဘော ကြိုက်ညီတော်မူပါတယ်ဆိုတာ အဖြေ ကိုရလျှင် ဆင်ဖြူမရှင်ဘွဲ့နှင်းရန် အခမ်းအနားများ စီမံကြ ပေတော့ မင်းကြီးတို့ရဲ့"
မင်းကြီးများ။    ။"ဦးထိပ်ရွက် ပန်ဆင်လျက် ရှိကြကြောင်းပါဘုရား"
ယင်းသို့ ဘ၀ရှင်မင်းတရားကြီးဘုရားနှင့် မှူးတော်မတ်တော်ကြီးများ မှန်နန်းဆောင်တော်တွင် တိုင်ပင် ဆွေးနွေးတော်မူကြီးနောက် မင်းတရားကြီးဘုရားလည်း ရင်းနှီးစွာ ကိုးကွယ် ဆည်းကပ်တော် မူသည့် ဆရာတော်၊ သံဃာတော်များကို ဖူးမြင်တွေ့ဆုံကာ သြ၀ါဒခံတော်မူမြဲဖြစ်သည့် မှန်နန်းဆောင်နှင့် ဗောင်းတော်ဆောင် အကူးဖြစ်သော လေသာစနုဆောင်တော်တွင် တွေ့ဆုံဖူးမြော်တော်မူလျက် ရည်သန် တော် မူချက်ဖြစ်သော အကြံတော်ကို သင့်, မသင့်၊ လျော် မလျော်ထုတ်ဖော်လျှောက်တင် တိုင်ပင်ဆွေးနွေး တော်မူသောအခါ ဆရာတော်သံဃာတော်များမျာလည်း နှစ်ဦးနှစ်ဖက် ငဲ့ကွက်တော်မူကာ မင်းတရား ကြီး၏အကြံတော်ကို လိုက်လျောသဘောတူညီတော်မူ သောကြောင့် များမကြာ မီနေ့ရက်တွင် အထက် တိုင်ပင်တော်မူရင်းဖြစ်သော ၀န်ကြီး၊ မှူးကြီးတို့အား အခမ်း အနားပြီးပြေအောင် စီမံလုပ်ဆောင်စေပြီး လျှင် ၁၂၃၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ရက်နေ့တွင် အလယ် နန်းမတော်မိဖုရားအား သီရိပ၀ရတိ လောက မဟာရတနာ ဒေ၀ီဟူသော ဘွဲ့နှင့်တကွ မိဖုရားခေါင်ကြီး၏ အစဉ်အဆက်ဖြစ်သော အခမ်းအနား၊ အသုံးအဆောင်၊ အဆောင်အယောင်များစံတော်မူရန် မြောက်နန်း ဆောင်တော်ကြီးကို နန်းမတော်ဆောင်ကြီးကဲ့သို့ အလားတူ ပြင်ဆင်မွမ်းမံ ပေးသနား တော်မူကာ ဒူရကတိုင်း ထားဝယ်မြို့မှ ဆက်သသည့် မဟာသုဘတ္တာ ရတနာဆင်ဖြူ တော်မကို နှင်းအပ် ပေးသနားတော်မူပြီး ဆင်ဖြူမရှင် ခံတော်မူစေသောကြောင့် အလယ်နန်းမတော် မိဖုရားဆင်ဖြူမရှင်သည် ဘိသိက်ပင်ခံတော်မမူရစေကာမူ ဘိသိက်ခံမိဖုရား ကြီးများပင် မရဖူးကြသည့် ထူးမြတ်သောဆင်ဖြူမရတနာကို ရရှိတော်မူသဖြင့် အတော် အသင့် ကျေနပ်ဝမ်းမြောက်တော်မူလေ၏ ။
 
သို့ရာတွင် ဘ၀ရှင်မင်းတရားကြီးဘုရားမှာ မိမိအားထိုက်တန်သော မိဖုရားခေါင်တော် ညာစံ မဟေသီဂုဏ်ထူးကို ဘိသိက်ခံကာ ချီးမြှင့်သူကောင်းပြုတော်မူလိုသည့် စေတနာ တော်ရှိပါလျက် အဘယ် အတွက် ဘိသိက်မခံဘဲ နေတော်မူသည်ကို သင်္ကာမကင်း တော်မူ၍ စုံစမ်းထောက်လှမ်းတော်မူသောအခါ ဆင်ဖြူမရှင်မိဖုရားကြီး၏ တန်ခိုးအာဏာ ကလည်း ရှေးကထက်ကြီးတော်မူခဲ့သဖြင့် မျက်နှာလိုအားရ တင်လျှောက် လိုကြသူတွေ ပေါများလာသည့်အတိုင်း ယခင်က မင်းတရားကြီးဘုရားထံတော်သို့ ခုနှစ်ရွာ မိဖုရား၊ လင်ပန်းတိုက်စားမိဖုရား၊ သက်ပန်းမိဖုရားနှင့် မြောက်ရွှေရေးဆောင် မိဖုရားတို့အမှူးပြုပြီး မိဖုရားကြီးငယ်တစ်စုတို့ လာရောက်တင်လျှောက်ကာ ငိုယိုကန့်ကွက်ကြသည်ကို နားစွန်နားဖျား ကြားသူများက မျက်နှာလိုအားရ လာရောက်ကာ မျက်နှာလုပ် သတင်းပို့ ကြသည်တွင် ဆင်ဖြူမရှင် မိဖုရားမှာ အဆိုပါ မိဖုရားတစ်စုတို့ကို အမျက်တော်ခုလျက် ရှိလေ၏ ။
 
သည်မိဖုရားတစ်စုသည် ငါ့ကိုသက်သက်မဲ့ မနာလို၊ ၀န်တိုသဘောနှင့် သွားရောက် ကုန်းချောကြသည်၊ ငါကတော့ အထွတ်အမြတ်ရောက်လျှင် သင်းတို့ကို တိုးလို့ပင် ကြင်နာသနား မြှောက်စားချီးမြှင့် တော်မူမည်ဟု ကြံစည်ရိုးရင်းရှိတော်မူသည်။ ယခုသင်း တို့က ငါ့ကိုမကောင်းစိတ်ထားနှင့် ရွှေနန်းရှင် ဘုရားကို ကုန်းချောသည့်အတွက် ဘိသိက်ခံထိုက်လျက်နှင့် ဘိသိက်မခံရတဲ့အတူ သင်းတို့အခွင့်အရေုးကို ငါလျစ်လျူရှု တော့မည်ဟု အကျိတ်အခဲနှင့် စိတ်တော်တွင် နာကြည်းတော်မူမိလေသတည်း။
သီပေါမင်းသား၏ မယ်တော်လောင်းရှည်မိဖုရားမူကာ ယခင်ကပင် သားတော်လျှောက် တင်စကားနှင့် မသိမသာ ကြားနေတော်မူကာ သားတော်၏ အိမ်တော်သို့သာ မကြာခဏကြွလာပြီး ဆုံးမသတိပေး တော်မူလျက်ရှိသည့် အားလျော်စွာ တစ်နေ့သ၌တွင် သားတော်အဆောင်သို့ ကြွတော်မူလာပြီး အခါတိုင်းနည်းတူ သားမယ်တော်နှစ်ပါး အာလာပသလ္လာပစကားပြောဟောတော်မူရာက-
မယ်တော်။ ။"သားတော်မောင်ရဲ့ အလယ်နန်းမတော်ဘုရားတော့ မိဖုရားခေါင်ကြီးတို့၏ အစီးအနင်းအဆောင်အယောင်နှင့်တကွ မဟာသုဘတ္တာ ရတနာဆင်ဖြူမရှင်ခံတော်မူ သွားရပြီး။ အခြား သော ဆောင်ရ နန်းရမိဖုရားများက ကန့်ကွက်လျှောက်ထားကြတဲ့ အတွက် ဘိသိက်ခံဖက်ဖြုတော် မမူရရှာဘူး။ အလယ်နန်းမဖုရားဟာ သူတို့အကြောင်းများ သိတော်မူသွားလျှင် အတော်ပင် နာကြည်း တော်မူမှာပဲ မောင်ရင်ရဲ့"
မင်းသား။ ။"ထိုက်တန်ပါလျက်သားနှင့် အပြည့်အစုံ မခံစားရသည့်အတွက် နာကြည်း မည်ဆိုကလည်း နာကြည်းလောက်ပါသည် မယ်ဖျား။ သို့ရာတွင် သာမန်ဘုရင်တို့သော်မှ အရှင်ခံရခဲ့မျှသော ဆင်ဖြူမ ရတနာ၏ အရှင်, ဘွဲ့ခံတော်မူရသည်တို့က ဘိသိက်ခံရ သည်ထက်ပင် မွန်မြတ်သေးသည်ဟု ထင်ပါသေး တယ် မယ်ဖျားရဲ့၊ ခမည်းတော် ရွှေနန်းရှင်ဘုရားမှာ ရွှေဥာဏ်တော်ရှင် ဖြစ်တော်မူသည့် အားလျော်စွာ နှစ်ဦးနှစ်ဖက် စိတ်ဝမ်းမနည်းရအောင် ချင့်ချိန်ဆုံးဖြတ်တော် မူရရှာခြင်းပါဘုရား"
မယ်တော်။ ။"မှန်တယ် မောင်ရင်။ သို့သော်လည်း ဆင်ဖြူမရှင် မိဖုရားမှာ ဘိသိက်မခံရသဖြင့် မိဖုရားခေါင်ကြီး၏ အခွင့်အာဏာကို အလုံးစုံရတော်မမူရှာသော်လည်း  သြဇာအခွင့်အာဏာတော်၊ နည်းလှမည်မဟုတ်ဘူး မောင်ရင်ရဲ့။ သည်တော့ရွှေရေးဆောင် မိဖုရားနှင့်အပေါင်းပါ မိဖုရားများ၏ ကန့်ကွက်ချက်ကို သိတော်မူတဲ့အခါ သူ၏သြဇာ အာဏာမကင်းသဖြင့် အခွင့်သာသည့်အချက်တွင် တစ်နည်းတစ်ဖုံဆိုသလိုငြိုငြင်ဖိစီး တော်မူတော့မည်။ ဟို...ခမျာများတော့ "ဆုပ်လျှင်စူး၊ စားလျှင်ရူး" ဆိုသော စကားပုံကဲ့သို့ ဖြစ်ကြရရှာပေါ့မောင်မောင်"
မင်သား။ ။"မိကြီးတော်ဆင်ဖြူမရှင်က ဘယ်ကဲ့သို့ပင် မျက်တော်မူနေသော်လည်း ခမည်းတော် ရွှေနန်းရှင် ဘုရား၏ ရွှေလက်ထက်တော်မှာတော့ နှိပ်စက်တော်မူခွင့်ရမည် မထင်ပါဘူး မယ်တော်ဖျား"
မယ်တော်။ ။"သြော်... အေးမြတဲ့ အရိပ်အာဝါသကြီးအောက်မှာ ခိုရစဉ်အခါတော့ ဘေးမခရန်မသန်းဘဲ အေးချမ်းကြပေမှာပဲ။ သခါင်္ရအတိုင်း ရွှေနန်းရှင်နတ်ရွာစံတော်မူ သွားပြီးသည့်နောက်လည်း ယခုထက်တိုင် နန်းညွှန့်, နန်းလျာတစ်ဦးတစ်ယောက် ရွေးကောက်ချီးမြှင့်တော်မမူသေးဘူး။ အိမ်ရှေ့ဥပရာဇာဆိုသည်မှာ ရှိကောင်းသောအရာ ဖြစ်ပါလျက် ယခုထက်ထိ အချိန်ဆိုင်းနေတော်မူခြင်းဟာ နောင်ရေးကို ပိုမိုရှုပ်ထွေး စေအောင် ပြုတော်မူသကဲ့သို့ ဖြစ်နေပြီ။ သားတော်ကြီးတွေကလည်း အစီအရီ၊ အဆင့်အတန်းချင်း ကလည်း တူညီနေတော့ ဘယ်သူ့ကို လွှဲအပ်ဆောင်းနှင်းရပါမလဲဆို တာ ဝေခွဲလို့ရတော်မမူသေး ဘူးထင်ရဲ့။ အကယ်၍ ရှိတော်မူတဲ့ သားတော်ကြီးများက ငြိမ်ဝပ်တိတ်ဆိတ်စွာ နေကြလျှင် သင့်လျော်ပါရဲ့။ မကျေမချမ်းသူက တစ်ဘက်တစ်လမ်း၊ တစ်စခန်းထပြန်လျှင် 'တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ၊ သတ္တ၀ါ အပေါင်း၊ ပျက်စီးကြောင်း' ဆိုသလိုအဖနှင့်သား၊ စစ်ကစားရာတွင် ကြားကတိုင်းသူပြည်သားတွေ နာမချမ်းသာဖွယ်ဖြစ်၍ စစ်သည်တော် အမှုထမ်းတို့ နွမ်းပါးပျက်စီးပြီး ဆင်းရဲခြင်းကြီး ဆင်းရဲ့ရှာကြ တော့မည် မဟုတ်လား။ အကယ်၍ သားတော်တစ်ပါးပါးကို အိမ်ရှေ့ဥပရာဇာအရာ နှင်းအပ်ပေး သနားတော်မူသည်ကို ကျန်သားတော်များက သဘောတူကြည်ဖြူစွာ အေးချမ်း ငြိမ်ဝပ်သက်ကြ သည်ထားဦး။
 
နတ်ရွာစံအိမ်ရှေ့ဘုရားက၏ သားတော်ဖြစ်တဲ့ ပန်းတိမ်း မင်းသား၊ ကြေးမြင့်မင်းသား၊ တိုင်းတာမင်းသား၊ တောင်ပုံမင်းသားစတဲ့ တူတော် များကလည်း သူတို့၏ ခမည်းတော်အိမ်ရှေ့မင်း၏ အရိုက်အရာကို သူ့ကိုသာလျှင် တိုက်ရိုက်ခံစားသင့်တယ်ဆိုပြီး 'ထနောင်းပင်က မီးတကျည်'ဆိုသလို သူပုန်ထဖူးသည့် ပန်းတိမ်းမင်းသားအရေးတော်ပုံကဲ့သို့ ကျန်သော အိမ်ရှေ့သားတော်များက တစ်ချီတစ်ပွဲ နေရမည် မဟုတ်ဘူး။ သည်ကဲ့သို့ ရန်ဆူးရန်ငြှောင့်တွေကို တွေးပြီး အိမ်ရှေ့ဥပရာဇာ ဆောင်နှင်းရေးကို အေးဆေးလေးဖင့်စွာ အချိန်ဆွဲထားတော်မူတဲ့အတွက်ပင် ဘ၀ရှင် ဘုရား အသက်ဆွဲပြီး နန်းလုပွဲကြီး ခင်းကျင်းကြတော့မှာပဲ။ ရှေ့ရေးကိုတွေးလိုက်မှဖြင့် အေးတော်မမူဘူးမောင်ရင်ရယ်။ ဘ၀ရှင်မင်းတရားကြီး ဘုရားမှာလည်း နောင် ငါမရှိမှ လျောက်လျားပဲဆိုပြီး ကိုယ့်တစ်သက်ကလေး နားအေး စိတ်အေး နေတော်မူလိုခဲ့သည်ထင်ပါရဲ့။ ဘယ်နည်းနှင့်မဆို ရွှေနန်းရှင်မင်းတရားကြီးဘုရားနောက် နောက်တစ်ဆက် နန်းတက်မည့် မင်းလက်ထက်မှာတော့ တိုင်းပြည်မငြိမ်မသက်နှင့် ဗရုတ်ဗရက်တွေ ဖြစ်ကြတော့မှာ အမှန်ပဲ။ သားတော်၊ တူတော်တွေ၊ နန်းလုပွဲမှာ အံတခဲခဲနှင့် ရန်ပွဲကြီး စည်ကားနေတုန်းဗြုန်းခနဲ 'နွားကွဲ ကျားကိုက်'ဆိုတဲ့ ကိန်းမျိုးကြီးဆိုက်ပြီး ကုလားဖြူတည်း ဟူသော ကျားဆိုးကြီးကိုက်မှာ စိုးရိမ်စရာပဲ မောင်ရင်။ မယ်ဖျားတော့ ရွှေနန်းရှင်ဘုရား လက်ထက်မှာ အေးချမ်းသလောက် နောက်လာသတ္တံ့သော အခါတွင် ဗျာပါကြီးဆိုက်၍ မီးလောင်တိုက်သွင်းသကဲ့သို့ နေတော့မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲရဲရဲကြီးဆိုဝံ့ သည်"
"သားတော်, တူတော်တွေ နန်းလုကောင်းတုန်း အချိန်မှာကွယ်ရာတစောင်းက အသင့် ချောင်းဖမ်းမည့်် ကုလားဖြူတွေက တကဲကဲ၊ ပြင်သစ်ကလည်း တစ်မှောင့်၊ အင်္ဂလိပ် ကြောင့် တစ်ထွေဆိုသလို အလိုရမ္မက်နှင့် လောဘဇောထွက်နေကြတဲ့ ရန်သူ တွေကလည်းနီးလှပြီ။ မယ်ဖျားတို့ မြန်မာနေပြည်တော် ကြီးမှာ ရတနာနှစ်ပါးနှင့် ဆန်ရေ စပါးပေါပြီးဝပြောချမ်းသာတဲ့ ဘူမိနက်သန် တိုင်းတော်ပြည်တော်ကြီးမှာ မင်းသားအချင်း ချင်း စည်းလုံးညီညွှတ်ခြင်း၊ မရှိရာကစပြီး ဓားဆွဲ, လှံဆွဲနှင့်ရန်ပွဲကြီး စည်ကား၍ သွေးအကွဲ ကြီးကွဲသွားတဲ့ တစ်နေ့မှာ ကျားနှင့်တူသော တိုင်းတစ်ပါးသားတို့၏ အစာ ဖြစ်ပြီး နစ်ခြင်း ကြီးနစ်၊ ဆုံးခြင်းကြီးဆုံး၍ သူ့ကျွန်လုံးလုံး ဖြစ်ရချေတော့မည်"
 
"မယ်ဖျားတို့မြန်မာ့ဌာနီ ရွှေရောင်ဝင်းတဲ့ မင်းနေပြည်ကြီးဟာ မင်းညီမင်းသား၊ ဆွေတော် မျိုးတော်အချင်းချင်း နန်းလုပွဲကျင်းပနေကြရတာနှင့် တိုင်းရေးပြည်ရာ ဘယ်ဟာတစ်ခုမှ စစ်စစ်ငုငုမရှိနိုင်ပဲ မိမိတို့ နန်းသက်ခိုင်မြဲရုံသာလျှင် အထူးဂရုစိုက်လာခဲ့ကြသည့်အတွက် တစ်စတစ်စနှင့် စပါးကြီးမြွေ အမျိုခံရတဲ့သူလို ဖြစ်နေကြပြီမောင်ရင်"
"ယခင်ပထမ ဘကြီးတော်ဘုရားလက်ထက်တော်ဆီမှာ သာယာဝတီမင်းနှင့် အချင်းချင်း နန်းလုစစ်ခင်းနေစဉ် စပါးကြီးမြွေနှင့်တူသည့် ကုလားဖြူများသည် ခြေထောက်တည်း ဟူသော မြန်မာ နိုင်ငံတော်ကြီး၏ အောက်ပိုင်းဖြစ်တဲ့ ရေး၊ မြိတ်၊ ထားဝယ် စသော တနင်္သာရီတိုင်းနှင့် ရခိုင်ကမ်း တစ်လျှောက် ကို မျိုခဲ့ပြီ"

"ဒုတိယအကြိမ်နောင်တော်ပုဂံမင်းနှင့် မောင်ရင့်ခမည်းတော် ရွှေနန်းရှင်တို့ အငိုက်ဝင်ဖမ်း ပြီးခါးပိုင်းဟု ဆိုအပ်သည့် မြန်မာနိုင်ငံတော် အလယ်ပိုင်း ဒဂုန်၊ ဒလမှ သရက်တော ကျောင်းအထိမျိုမိကြပြီ။ သည်ကရှေ့လျှောက်၍ အမှုမဲ့အမှတ်မဲ့နှင့် မင်းသားချင်းနန်းလု တဲ့ကိစ္စနှင့်ချည်း အချိန်ကုန်ကြမည်ဆိုလျှင် မယ်မယ်တို့စံရာ မြန်မာနိုင်ငံတော် အထက် ပိုင်းဖြစ်တဲ့ ခေါင်းပိုင်းကိုပါ အမျိုခံရတော့မှာပဲ၊ အဲသည်တော့မှ နိုင်ငံတော်ကြီးတစ်ခုလုံး စုံးစုံးနစ်ပြီး တိုင်းသူပြည်သားတွေ သူ့ကျွန်ဖြစ်ရရှာတော့မယ် မောင်ရင်"

မင်းသား။ ။"ခမည်းတော် ဘ၀ရှင်မင်းတရားကြီးဘုရားမှာ ပညာရှိမင်းပီပီ အလိမ္မာသုံးပြီး အင်အားကြီးမားသော ကုလားဖြူမင်းများနှင့် မဟာမိတ်ဖွဲ့တော်မူလျက် တစ်ပြည်နှင့်တစ် ပြည် ရွှေလမ်း-ငွေလမ်း ဖောက်တော်မူထားသည့်အတွက် ရွှေလက်ထက်တော်မှာဖြင့် ကုလားဖြူတို့ရန်ကို စိုးရိမ်ရန်ရှိမည် မထင်သေးပါဘူး မယ်ဖျားရဲ့"
မယ်တော်။ ။"ကံကုန်တော်မူတဲ့ အိမ်ရှေ့'ကိုယ်တော်ကြီးသာ ရှိတော်မူပါလျှင် ကုလား ဖြူများရန်နှင့် နိုင်ငံတော်လုံခြုံရေးအတွက် လက်နက်တော်အင်အား၊ စုဆောင်း တော်မူနေမှာပဲ၊ မောင့်ခမည်းတော် ရွှေနန်းရှင်ဘုရားကဖြင့် ထာဝရကုသိုလ်အလုပ်ဆိုပြီး လက်နက်ရုံကြီးကို ဥပေက္ခာပြု၍ ကရုဏာ တော်မထားဘဲ သားတော်မက္ခရာ မင်းသား ကိုသာ အမှတ်မထင် မျက်နှာလွှဲထားတော်မူတော့တာပဲ ထင်ပါရဲ့'"

မင်းသား။ ။"လက်နက်စက်ရုံတော်ကြီးကိုဖြင့် အပြီးပြန်မကြည့်သလောက်ပါဘုရား။ သို့ရာတွင် အခြားသောစက်ရုံတော်များကိုတော့ ခမည်းတော်ဘုရားက အတော်ပင် အားပေးတော်မူထားကြောင်းပါ"
မယ်တော်။ ။"ဘယ်လိုစက်ရုံတွေလည်း မောင်ရင်ရဲ့။ မယ်မယ်ဖြင့် အမှတ်မဲ့စံတော်မူတာ နှင့် သိပဲသိတော်မမူပါဘူး။"

မင်းသား။ ။"ရွှေမြို့တော်ကြီးမှာ စုစုပေါင်းစက်ရုံမျိုးငါးဆယ်တော် ရှိနေကြောင်းပါဘုရား။ ရွှေဒင်္ဂါး, ငွေဒင်္ဂါး, ပုံရိုက်လုပ်ဆောင်တော်မူသော ဒင်္ဂါးအမျိုးမျိုး၊ ဗုံးဆန်, အမြောက်ဆန်, တူဆန်အမျိုးမျိုးသွန်းလုပ်သော စက်ရုံတော်များ၊ သစ်ပျဉ်များကို တိုက်ခွဲသောလွှစက်ရုံ တော်၊ သကြားချက်လုပ်သော စက်ရုံတော်၊ မဲနယ်ချက်လုပ်သောစက်ရုံတော်၊ ဖန်ချက် စက်ရုံတော်၊ အထည်မျိုး, အုပ်မျိုး, ရက်လုပ်သော ရက်ကန်း စက်ရုံတော်၊ ကြေးသွန်းစက်ရုံ တော်မှစ၍ စက်ရုံပေါင်းငါးဆယ်ကျော်တို့ကို အလုပ်ဝန်, ပညာဝန်တို့အား လခ ရိက္ခာတော် အမြောက်အမြား ထောက်ပံ့လျက် လက်အောက်ငယ်သား တပည့်ပေါင်း များစွာနှင့် လုပ်ကိုင်အမှုထမ်းကြစေပြီးလျှင် အလုပ်တော်နှင့် စပ်ဆိုင်သမျှ ဆင့်ဆိုရန် ရှိသည်များကို အလုပ်ရုံတော် ဌာနပါ အမှူးအကြီး, ၀န်ကြီး, အတွင်းဝန်, ၀န်ထောက်, စာရေးကြီး, သံတော်ဆင့်တို့အပေါ် အုပ်ချုပ်ရန် သားတော် မက္ခရာကိုယ်တော်ကြီးကို လွှဲအပ်တော်မူထားကြောင်းပါ"

မယ်တော်။ ။"သြော်... သည်လိုဖြင့် မက္ခရာမင်းမှာ ကြည့်ရှုအုပ်ချုပ်ရမည့် အလုပ်တော်က အများသားနေပေလိမ့်မယ်၊ အင်း...တစ်မျိုးအားဖြင့် သားတော်တွေ၊ အလုပ်တာဝန် ကိုယ်စီရှိလျှင် မကောင်းသော စိတ်မိုက်များ မမွေးမြူသာအောင် အလုပ်ပေးထားတော် မူတာနှင့် တူပါရဲ့"
မင်းသား။ ။"သားတော်ကတော့ ခမည်းတော်ဘုရား အပါးတော်သို့ ထွက်ဝင်ခစားတော်မူ နေရသည့်အတွက် အတွင်းတော်က အကြောင်းကိစ္စများကို အမြဲကြားသိနေရပါသည်။ တစ်လောဆီကဖြင့် နောင်တော်မက္ခရာကိုယ်တော်ကြီးပင် ကံကောင်း၍အမှုမရောက်ပါ သည်ဘုရား"
မယ်တော်။ ။"အလို.... ဘာများကြောပါလိမ့် သားတော်ရယ်"

မင်းသား။ ။"လူဝင်လူထွက်ကို အကြောင်းပြု၍ ဖြစ်ရသည့်အမှုပါဘုရား။ ခမည်းတော်ရွှေ နန်းရှင်ဘုရားသည်သားတော်မြင်ဝန်းမင်း, မြင်းခုံတိုင်မင်းသားတို့ အရေးတော်နှင့်တူသော ပန်းတိမ် မင်းသား အရေးတော်များချုပ်ငြိမ်းသည့်နောက် သားတော်သုံးဆယ်မင်းသား, ညောင်ရမ်းမင်းသား, မက္ခရာ မင်းသားမှ ဤအရွယ်တော်ရောက်သည့် သားတော်မြတ်ကြီး များထံသို့ ရှိရင်းအခြွေအရံ အသင်း အပင်တစ်ပါး၊ အခြားလူတို့အ၀င်အထွက်မရှိစေနှင့်ဟု ပြဋ္ဌာန်းပိုင်းခြားထားတော်မူခဲ့သည်ကို အင်မြို့အုပ် မောင်ကြီးဆိုသူက သားတော်မက္ခရာ မင်းသား သတိုးသုဓမ္မမဟာရာဇာထံတော် ၀င်ထွက်ခစားသည်နှင့် ထည်မျိုး, အုပ်မျိုး, ဆုတော်, လာဘ်တော်များ ပေးကမ်းချီးမြင့်တော်မူလိုက်ရာတွင် အမြင့် မြို့အုပ် မောင်ကြီးမှာ ၀မ်းမြောက်ဝမ်းသာရှိလှ၍ သူ၏ယောက္ခမဖြစ်သူ အလုံမြို့ဝန်၊ အမြင့်ငါး မြို့ဝန်မင်းကြီး မဟာသမိန်ဗရမ်းအား ပြန်လည်လျှောက်ကြားပါသည်။

ထိုအကြောင်းကို သိသောမင်းကြီးမဟာသမိန်ဗရမ်းမှာ သမက်ဖြစ်သူသည် ဘုန်းတော်ကြီးလှသော ဘုရား၊ ပြဋ္ဌာန်းပိုင်းခြား၊ တားမြစ်ထားသော စည်းကမ်းဥပဒေတော်ကို ကျုးတော်မိလျက် ရှိသောကြောင့် ဆိတ်ဆိတ်နေပါက မိမိပါ ရာဇ၀တ်တော်မကင်းရှိမည်ကို စိုးမိသည်နှင့် မက္ခရာမင်းသားပေးကမ်းထားသော ထည်မျိုး, အုပ်မျိုး, ဆုတော်, လာဘ်တော်များကို ရှေ့တော်သို့သွင်း၍အကြောင်းစုံလျှောက်ထား အမိန့်တော်မြတ်ခံရာ အမြင့်မြို့အုပ် အောင်ကြီးမှာ သူကောင်းပြုတော်မူထားသောအရာမှ နုတ်၍မိုးကေင်းသို့ အကျဉ်းပို့ထား တော်မူခြင်းနှင့် 'မင်းပင်ကောင်းလျက်၊ မင်းမြှောင်ဖျက်' ဆိုသလို မင်းသား များထံထွက်ဝင် ခစားသူတို့မှာ မကောင်းသောစိတ်ထားနှင့် ပြစ်မှားပုန်ကန်ရန် မြှောက်ပင့် ဖြားယောင်း တတ်ကြသော အလေ့အထကို ပပျောက်အောင်ဆုံးမတော်မူပါသည်။ အလုံငါးမြို့ဝန် မင်းကြီး မဟာ သိန်ဗရမ်းမှာ ငါ၏ကျေးဇူးသစ္စာတော်မြတ်ကို စောင့်သိရိုသေသူဖြစ်သော ကြောင့် သမီးနှင့် ပတ်သက်၍ သမက်ကိစ္စပင်ဖြစ်စေကာမူ လျို့ဝှက်ထိမ်ချန်မရှိသဖြင့် မင်းကြီးမဟာ သက်တော်ရှည်ဘွဲ့ကို လွှဲပြောင်း ချီးမြှင့်တော်မူလိုက်ပါသည်။

သားတော် မက္ခရာမင်းသားမှာ ၁၂၂၈ခုနှစ်က ပန်းတိမ်းမင်းသားအရေးတော်ပုံတွင် သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းခဲ့သူ သားတော်ကြီးဖြစ်သောကြောင့် ရာဇ၀တ်တော်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူပြီး ခမည်းတော် ဘုရားထံတော်သို့ ထွက်ဝင်ခစားမြဲ, ထွက်ဝင်ခစား တော်မူစေရန် အခွင့်အရေး ပေးတော်မူတယ်။ မက္ခရာကိုယ်တော်ကြီးမှာ ကံကြီးလို့ အပြစ်ချမ်းသာခွင့် ရတော်မူသွား တာကလား မယ်ဖျားရယ်။ နောင်တော်မြင်ကွန်း မင်းသားတို့ မကောင်းမှုတွေက ကျန်ရစ်သူ သားတော်များကိုပင် လွတ်လွတ် လပ်လပ် နေထိုင်ခွင့် ရတော်မမူကြပါဘဲကလား"
မယ်တော်။ ။"ဒါကတော့ သားတော်များက ကောင်းသောလည်းအပေါင်းဖျက်ဆိုသလို အမြှောက် အကပ်တွေက သူတို့တစ်ကိုယ်ကောင်းကလေးကြည့်ပြီး စိတ်ထက်မြက်တဲ့ ငယ်ရွယ်သူများကို မြှောက်ပင့် အားပေးလို့ အရေးတော်တွေမကြာခဏပေါ်ခဲ့ရတာ ငဲ့ပြီး တိုင်းနေရှင်လူသတ္တ၀ါတို့ နားမချမ်းသာ, စိတ်မချမ်းသာ မဖြစ်ရန် ကြိုတင်တားမြစ်တော်မူ ထားခြင်းပဲ မောင်ရင်ရဲ့။ မောင်ရင်လည်း လူဝင်လူထွက်ကို သတိ, ၀ီရိယရှေ့ထားပြီး စဉ်းစဉ်းစားစားလက်ခံတော်မူပါ မောင်ရယ်၊ နောင်အခါမှ ခမည်းတော် ဘုရား အမျက်မာန် တော်ပွားလျှင် မကောင်းဘူး သားတော်မောင် ရဲ့အရှင်သခင် မြို့ဝန် ဘုန်းတောက် တော့ နောက်ပါက ခြေကြွဆိုတာလို ငတုန်တို့ကိုလည်း တယ်ပြီးခြေမကြွစေနှင့်။ မယ်ဖျား မကြာခဏ သတိပေးတော်မူထားသားပဲ။ သားတော်လည်း ငယ်ရွယ်တော်မူတော့သည် မဟုတ်ဘူး မောင်မောင်။ နောင်ရေးကိုတွေးပြီးကိုယ့်ဘေးကို လွတ်အောင်ရှောင်ရမယ်"

သားတော်။ ။ "သားတော်အတွက်တော့ စိုးရိမ်တော်မမူဘဲ အေးအေးသာသာစံတော်မူပါ မယ်ဖျားရဲ့"
ထိုအခိုက်မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့သည် ၀ဲဆောင်တွင် ကုပ်ကုပ်ကလေး ငြိမ်နေကြရာမှ မောင်မောင်တုတ်က။
"အင်း... သည်မိဖုရားကြီးဟာ ခိုညည်းသည့်အတိုင်း သားတော်ကလေးတစ်ယောက်ကို အာပေါက်အောင် ဆုံးမနေတော့တာပဲ၊ ကိုယ်တို့ရွှေကိုယ်တော်ဘုရားက နဂိုကမှ စိတ်တော်က ဖော့ဖယောင်း လိုပျော့ပျောင်း ရာမှာ သူလာလာပြီး မီးနှင့်ကင်နေရာမှဖြင့် မကြာမီ အရည်ပျော်ကျတော့မှာပဲ ကိုဖေငယ် ရယ်"
တိုးတိုးတိတ်တိတ်ကျိတ်ပြောလျှင် မောင်မောင်ငယ်က အသာလက်ကုတ်ပြီး။
"ဟိုကကြားသွားမယ်ဗျ။ ကိုတုတ်ကလည်း တယ်ခက်သကိုး"

ချောင်းထဲတွင်နှစ်ယောက်တည်းကျိတ်၍ ရန်ဖြစ်နေကြလေ၏ ။ မောင်မောင်တုတ်က စကားမပြောရလျှင် မနေနိုင်သောကြောင့်။
"ဒါနှင့်စကားမစပ် အထိန်းတော်ကြီး ခင်ဘွားသစ်ကဖြင့် ကိုယ်တို့ကျုပ်တို့ မလာမလာနှင့် မျှော်ရှာလှရော့ မယ်ထင်တယ်"
လေသံနှင့်ပြောလိုက်ရာ မောင်မောင်ငယ်မှာလည်း စကားမပြောဘဲ မနေသာပြန်သော ကြောင့် တစ်ကြောင်း၊ အထိန်းတော်ကြီးခင်ဘွားသစ်နှင့် မိမိတို့အမှာအထားစကား ကိစ္စ ဖြစ်၍မပြောဘဲ မနေနိုင် အောင် ပြောဆိုဆွေးနွေးချင်သော ကိစ္စအတွက်ဖြစ်၍ တစ်ကြောင်း၊ ကျေကျေနပ်နပ် အေးဆေး ငြိမ်းလေး သော အသံဖြင့်
 ငယ်။ ။"ဟုတ်ပါရဲ့၊ ကိုရင်တုတ်ရယ်၊ အထိန်းတော်ကြီးကတော့ မျှော်လှရော့မယ်။ အရေးကြောင့် မေ့မေ့ ဆွေးဆွေးဖြစ်နေရသလို ရှိနေပြီ။ ရွှေကိုယ်တော်ဘုရားကလည်း စုဖုရားအကြောင်းနှင့်ပတ်သက်လို့ ယခု တစ်လော စကားစပ်တော်မမူသေးဘူး။ ကျွန်တော် တို့မှာ ဟန်သာလုပ်ရသည်၊ ရွှေကိုယ်တော်ဘုရား ဘယ်တော့အမေးတော်ရှိပါ မလဲဆိုတာ စိတ်တွင်းကတစ်တတနှင့် အချိန်တော်ကုန်လာပြီ"
တုတ်။ ။"ရွှေကိုယ်တော်ဘုရားက ယခုလို အမေးတော်မရှိတာဧကန္တ ကျုပ်တို့က နှစ်ပါးတွေ့ရအောင် တိုက်တွန်းလျှောက်တင်ကြမှာစိုးလို့ တမင်£နြေ္ဒလုပ်တော်မူနေတာ် ထင်တယ်။ စုဖုရားကိုတော့ တစ်မိနစ် တစ်ဗီဇနာ မျှ မေ့တော်မူမှာမဟုတ်ဘူး။ ကျုပ်တို့ကို နှုတ်စကားလွန်ထားသည့်အတွက်ကြောင့်လည်း ရာဇအိနြေ မဖျက်ချင်၍ ကျုပ်တို့က တမင်စပြီး သည်အကြောင်း လျှောက်တင်အောင် စောင့်တော် မူနေတာနှင့်တူတယ်"

ငယ်။ ။"အဲ...အဲ၊ဟုတ်လိမ့်မယ် ကိုရင်တုတ်ရဲ့၊ တစ်ပါးတည်းစံတော်မူတဲ့အခါ သေသေချာချာ ချောင်းပြီး ကြည့်တယ်။ တကတည်းဗျာ၊ သူ့အချစ်တော်တုတ်ပြောသလိုမှန် ပါလိမ့်မည်။ စကားတော် လွန်ထားသည့်အတွက် စတင်ပြီး အမေးတော်ရှိရမှာ ရှက်တော် မူတာတစ်ကြောင်း၊ မေးတော်မူတာနှင့် တစ်ပြိုင်နက် တစ်ချက်တည်း ကျုပ်တို့ကလည်း နှစ်ပါးတွေ့ဆုံတော်မူကြဖို့ အရေးကို ဘေးတီးကြ လိမ့်မယ်ဆိုတာ အတတ်အထင်သိမြင် တော်မူထားတဲ့အတွက် စတင်ရန် ခက်တော်မူနေတာပဲ"

တုတ်။ ။"ဟဲ...ဟဲကျုပ်တို့ကလည်း ညိုမြလုပ်ပြီးအဟုတ်ကို မူနေကြတဲ့အတွက် ရွှေကိုယ်တော်မှာ စုဖုရားဆီက ရွှေလွှာတော်အဟောင်းကလေးများကို တနုံ့နုံ့ရှုစားပြီး တစ်ပါးတည်း လွမ်းအားတော် ဖြေရနေဟန်တူသည် ကိုဖေငယ်ရဲ့။ မအောင့်နိုင်တဲ့ တစ်နေ့တော့ အလျှော့ပေးပြီး ရွှေကိုယ်တော်က စတင်၍ မေးလိမ့်မယ်။ ဒါပေမဲ့ မယ်တော်ကြီးတစ်ခါတစ်ခါ ယခုလိုလာပြီး ဘာဘာညာညာတွေ လျှောက်ပြော  သွားပြန်ရင် လည်းစိတ်တော်ပျောင်းပျော့ပြီး အားလျော့သွားပြန်ရော ထင်ပါတယ်ဗျာ"
ငယ်။ ။"အထိန်းတော်ကြီးကလည်း မျှော်လှရော့မယ်ဗျ။ ကျွန်တော်တို့ကပဲစပြီး လျှောက်ကြစို့ဗျာ။"

တုတ်။ ။"ဟာ...မဟုတ်တာကိုရင်ရယ်၊ ဘာလို့လျှော့ပေးရမလဲ။ မလျော့ဘူးဗျာ၊ အထိန်း တော်ကြီးမျှော်ရုံမကလို့ ဘာပဲဖြစ်ဖြစ်ရွှေကိုယ်တော်က စမမေးဘဲ နည်းနည်းကလေးမှ လေသံမစဘူး။ မူကိုနေလိုက်မယ်၊ ဒါပဲနော်... ကိုရင်တစ်ယောက်တည်း ကိုယ်ကောင်း ကြံပြီး ရွှေကိုယ်တော်ဖျားကို သွားပြီးမေးမနေနဲ့ဖျ"
ငယ်။ ။"ဟား...ဟား...ဟား ခင်ဗျားနှယ်ဗျာ၊ အတူတူချင်း ကျိတ်ကြံထားတာပဲ၊ အလကားခွဲထွက်ပါ့မလား"

တုတ်။ ။"နို့...ကိုရင်က ဟန်မလုပ်နိုင်သလိုလိုပြောနေသကိုး။ ဒါကြောင့်ကျုပ်က စိုးရိမ်လို့ ခင်ဗျား တစ်ယောက်တည်းကျိတ်ပြီး ရွှေကိုယ်တော်ကို သံတော်ဦးတင်နေမှာစိုးလို့သတိ ပေးရတာပဲလေ။ ဒီလိုခွဲမထွက် ဘူးဆိုတာ သိရတော့လည်း ကျုပ်စိတ်အေးရမှာပဲ။ ဟုတ်တယ်ကိုဖေငယ်ရဲ့။ ရွှေကိုယ်တော် ဘုရားက စုဖုရားအဆောင်တော်ထွက်တော်မူဖို့ စကားနှင့် ခင်ဗျားတို့၊ ကျုပ်တို့က လျှောက်ထားမှာကို အတော် စိုးရိမ်နေတော် မူတာကိုး။ ဒီစကားကိုလျှောက်ထားတိုက်တွန်းမှာ စိုးတော်မူတဲ့အတွက်ပင် တမင်တကာ မျက်နှာထား တော်မူနေပြီး သူ့စိတ်ထဲကတော့ စုထားဖုရားကို သတိတော်ရလှပြီ။ သည်မျှ လောက် ရင်းရင်းနှီးနှီးအလွှာတော်ဆက်သွယ်မှုမပြတ်သေးဘူးဗျ၊ သည်တော့ရွှေကိုယ်တော်လည်း အတော်ပဲ နေမထိထိုင်မသာ ဖြစ်တော်မူနေမှာပဲ။ အဲဒီလိုရွှေကိုယ်တော်ဖျား၏ အတွင်းစိတ်ဓာတ်က တဖျပ်ဖျပ် ဖြစ်တော်မူလေ၊ ကျုပ်တို့က မူလို့ကောင်းလေပေါ့ ကိုဖေငယ်ရဲ့"

ငယ်။ ။"ကိုရင်တုတ်ပြောတာကို ကျုပ်ကလည်း သဘောကျတာပါပဲဗျာ။ သို့ပေမဲ့ အထိန်း တော်အမေကြီးနဲ့တွေ့တဲ့အခါ ဖြေစရာခက်လို့သာ ရွှေကိုယ်တော်ဆီက နောက်ထပ် ဘယ်လိုအမိန့်တော်များကျမလဲလို့ မအောင့်နိုင်ဘဲ သိချင်နေတာနှင့် ကျုပ်တို့ကစပြီး လျှောက်တင်သင့် ရင်လည်း လျှောက်တင်ကြည့်ဖို့ ပြောမိတာပါပဲ။ ရွှေကိုယ်တော် ဖျားစိတ်တော်ထဲမှာ တော်တော် ဖြစ်နေမှန်း သိရလို့ ကျုပ်တို့ဟန်လုပ်ပြီး မူအားရှိပါပြီ လားဗျာ၊ ဒါနဲ့ယခုလောလောဆယ်ဆယ် အထိန်း တော်ကြီးနှင့်တွေ့လျှင် ဘယ်လိုများ ပြောထားကြမည်လဲဗျ"
တုတ်။ ။"ဟာ...အထိန်းတော်ကြီးနှင့်တွေ့ဖို့ကတော့ တောင်ဥယျာဉ်တော်ထဲ မသွားသမျှ ကျုပ်တို့နှင့် မတွေ့ရပါဘူးဗျ။ သည်တော့ကျုပ်တို့ ကိုယ်၌က ဥယျဉ်တော်နားကို မသွားမိအောင် ကွေ့ရှောင် တိမ်းဖယ် နေလိုက်ရုံပေါ့"

ငယ်။ ။"သည်လိုဆိုတော့ အထိန်းတော်ကြီးက ကျုပ်တို့နဲ့ တွေ့နေကျဖြစ်တဲ့ တောင်ဥယျာဉ်တော်ထဲသို့ စကား ပြန်ဖို့ကိစ္စရှိလို့ လာစောင့်နေပြီတဲ့ဗျာ ကျုပ်တို့က လည်း မလာ၊ သူ့ခမျာ တစ်နေ့စောင့်လည်း မတွေ့ရ၊ တစ်နေ့စောင့်လည်း မတွေ့ရနှင့် နောက်ဆုံးကျတော့ မစောင့်နိုင်တာနှင့် ကျုပ်တို့ရှိရာ လိုက်လာ မှဖြင့် ခွအကျကြီး ကျကုန်မှာပဲဗျ"
တုတ်။ ။"ဒီတော့လည်းကျုပ်တို့တာဝန်အနည်းသားပဲ ကိုဖေငယ်ရဲ့၊ အထိန်းတော်ကြီးကို ရွှေကိုယ်တော် ရှေ့တော်ခေါ်သွင်းလိုက်ရုံပေါ့ဗျ၊ သို့မှ သူ့ဟာနှင့်သူ အတိုင်အဖောက် အပြန်အလှန်လျှောက်ကြလိမ့်မယ်။ သြော်...ဒါနဲ့ဒီအကြောင်း မပြောမိလို့အခုမှပဲ သတိရ လာတယ်၊ အထိန်းတော်ကြီးလည်း ကျုပ်တို့ တွေးတဲ့အတိုင်းသာဆိုလျှင် ဥယျာဉ်တော်မှာ မစောင့်နိုင်လို့ ကျုပ်တို့ရှိရာ သည်အိမ်တော်ကို လိုက်လာဖို့ အချိန်တော်ပြီးမှ ဘောက်မဲ့ ကြောင့်မလာသလည်းဆိုတာ စဉ်းစားဖို့လိုသေးတယ် မဟုတ်လား"

ငယ်။ ။"သြော်...ဟုတ်တယ် ကိုရင်တုတ်ရေ၊ ဒီအမေကြီးဘာမျာဖြစ်နေသည်မသိ။ ကျုပ်တို့က ရှောင်နေတာ ထားပါတော့ သူကလည်း ဘယ်လိုဖြစ်နေသည်မသိဘူးဗျ၊ အရင်ကဆိုလျှင် ထဘီကြီး ဒီလွှား ဒီလွှားနှင့် ဟိုအနားတွေ့၊ သည်အနားတွေ့ မကြာခဏ ဆိုသလိုတွေ့မိတယ်၊ ယခုတစ်လော ကျူပ်တို့ မတွေ့ ရတာ အတန်ကြာနေပြီ"
တုတ်။ ။"ကျုပ်တို့မှာလည်း စကားပြန်ဖို့ မလှသေးတဲ့အတွက် မတွေ့ရတာခပ်ကောင်း ကောင်းပါပဲ ကိုရင်ရယ်"

ငယ်။ ။"နေဦးဗျ၊ သူကလည်း စကားပြန်မလှသေးတဲ့အတွက် ကျုပ်တို့ကို တမင်သက် သက် ရှောင်နေ တာလားမှာ မသိဗျာ၊ကျုပ်တော့'ကိုယ်နှင့်နှိုင်းရိုင်း'ဆိုတဲ့ စကားလို ကျုပ်တို့နဲ့ ကိုယ်ချင်း စာကြည့်စမ်းရ မကောင်းလား၊ ဧကန္တပဲ၊ သူလည်းကျုပ်တို့ကဲ့သို့ စကားပြန်မလှသေးလို့ ခပ်ဝေးဝေးက ရှောင်ကွင်း နေတယ်လို့ တွေးချင်ပြန်ပြီဗျို့"
တုတ်။ ။"အဲ...ဟုတ်သဗျို့၊ ကျုပ်တို့စာဆိုတော်ကလေးလည်း ခုလိုအတွေးအဆမျိုးမှာ အတော်အမြင်ကျယ်ပါကလား၊ ကျုပ်လည်းကိုရင်ပြောမှ ယခုတစ်ထိုင်တည်းမှာ ဒါကို သွား၍တွေးမိတယ်၊ တကယ် လိုသာ စုဖုရားကလည်း ကျုပ်တို့ရွှေကိုယ်တော်ဖုရားကဲ့သို့ သူ့အထိန်းတော်ကြီးခင်ဘွားသစ်အား စိတ်တော်ထဲက တစ်မျိုး၊ အပြင်ကတစ်မျိုးနှင့် မူအချိုးပြောင်းပြီး £နြေ္ဒတော်ကောင်းနေပြန်သလား မပြော တတ် ပါဘူးဗျာ"

ငယ်။ ။"ဟုတ်ပါလိမ့်မယ် ထင်ပါရဲ့ ကိုရင်ရယ်၊ ဒီကလည်းဟန်လုပ်၊ ဟိုဟာလည်းမူ စပ်ကြားက ကျုပ်တို့တစ်တွေလည်း ပူနှင့်၊ သုံးလေးဦးရင်ထဲမှာ ဖိုခုံလောက်ဆိုင်ဆူနေကြ ရတာ၊ ရယ်စရာ လည်း အကောင်းသားနော်"
တုတ်။ ။"မပြောတတ်ဘူးလေ၊ အထိန်းတော်ကြီးကို မတွေ့ရတာ့တော့ဖြင့် ထူးခြားတာအ မှန်ပဲ"
ငယ်။ ။"ဒါထက် အလယ်နန်းမတော်ဖုရားလည်း မိဖုရားကြီးတို့ အစီးအနင်းအဆောင် အရွက်နှင့်တကွ ဆင်ဖြူမရှင်ဘွဲ့ခံတော်မူသွားတော့၊ သမီးတော်ဖုရားများလည်း၊ ရှေးက ထက်မျက်နှာတော်ပွင့်ပြီး ဘုန်းဂုဏ်မြင့်တော် မူကြပြီ၊ သည်တော့ကျုပ်တို့ ရွှေကိုယ်တော် ဘုရားအပေါ်တွင် ဘယ်လိုများ စိတ်ထား တော်မူလေတယ်ဆိုတာလည်း တစ်မျိုးအားဖြင့် အကဲခတ်သင့်တယ်ထင်တယ်"
တုတ်။ ။"ဟုတ်တယ်ကိုရင်၊ ဒါလည်းတစ်မျိုး စဉ်းစားစရာပေပဲ၊ ကျုပ်တို့ကိုယ်တော်ဖျား အပေါ်မှာ စုဖျားကများ မတော်တဆ စိတ်ထားပြောင်းလဲသွားတော်မူလို့ အထိန်းတော်ကြီး ကအပြောရကျပ်သဖြင့် ကျုပ်တို့နှင့် မတွေ့ရအောင် တိမ်းရှောင်နေသလား၊ သို့မဟုတ် ကျုပ်တို့ကိုယ်က အထိန်းတော်ကြီးနှင့် မတွေ့ရဲလို့ အမြဲရှောင်နေကြတဲ့အတွက် မတွေ့ရခြင်းပေလား၊ သည်လိုမှမဟုတ်ရင်လည်း စုဖျားက စကားပြန်တော်မူရမှာ ရှက်တော် မူနေတဲ့အတွက် နေ့ရက်အချိန်ကုန်နေသည်လားဆိုတာကို ကျုပ်တို့ ဘယ်လိုမှစဉ်းစား ဆုံးဖြတ်လို့မရအောင် ရှိနေတာပဲ"

ငယ်။ ။"ဒီလိုဖြစ်နေရင်လည်း သည်ကိစ္စမှာ ကျုပ်တို့နှင့်အထိန်းတော်ကြီး မျက်နှာစုံညီတွေ့ ကြတဲ့ တစ်နေ့မှာ ရှင်းလင်းကွဲပြားအောင် သိကြရမှာပဲလေ"
တုတ်။ ။"ရှင်းလင်းသွားအောင် အထိန်းတော်ကြီးကို ကျုပ်တို့ကတွေ့ချင်ပေတဲ့ ပြောစရာ စကား လက်ဆောင် မပါတော့ ကျုပ်တို့က မတွေးဝံ့သေးတာကလည်း တစ်မျိုးခက်နေတာပဲ မဟုတ်လားကိုရင်ရဲ့"
ငယ်။ ။"ဟာ...စိတ်ရှုပ်စရာကြီးပဲဗျာ၊ ကိုင်းအရေအလည်, အပတ်မစေ့တဲ့ ကိစ္စကြီးကို ရင်လေးအောင် တွေးမနေချင် စမ်းပါနဲ့ဗျာ၊ ကျုပ်ကတော့ အဆောင်တော်ဦးက မယ်တော်ကြီးပြန်လာရင် ရွှေကိုယ်တော်ထံ အမိန့်တော် ၀င်ခံပြီး မေမေဖျားတို့အိမ်နှစ်ရက် လောက်နားအေးစိတ်အေး သွားနေချေဦးမယ်ကြံတယ် ကိုရင်"

တုတ်။ ။"အင်း... ကိုရင်က ကိုယ်ကောင်းကြံတယ်ဆိုပါတော့၊ ကိုရင်သွားရင် ကျုပ် တစ်ယောက်တည်းလည်း ခစားမနေရစ်ခဲ့ချင်ဘူးဗျ၊ မြောက်ပြင်က ကျုပ်ဖောက်သည် ထန်းသမားကြီးဦးပိန်နဲ့ ထဘီညစ်ထေး၊ ဆီဝေးတဲ့ကေသာနှင့် အမရာကလေး မမဲမှုတ်တို့ ရဲ့ တဲကုပ်ကိုသွားပြီး ပင်ကျရည်ကလေးများနှင့် ပျော်ချေ ဦးမယ်ဗျာ"
ငယ်။ ။"အဲဒါခက်တာပဲ ကိုရင်တုတ်ရဲ့၊ ကျုပ်ကလည်းထွက်၊ ကိုရင်ကလည်း သွားဆိုတော့ ရွှေကိုယ်တော်ဖျားရဲ့ အပါးတော်မှာ လက်သုံးတော်ရင်းချာဆို၍ ဘယ်ရှိတော့မှာတုန်းဗျ၊ တစ်ယောက် သွားစဉ် အခါ တစ်ယောက်ကအပါးတော်မှာ ရှိမှဖြစ်တော့မပေါ့"

တုတ်။ ။"ဟာ...တယ်ဟုတ်တဲ့လူပါကလား၊ ကိုရင်ကသွားပြီး ကျုပ်တော့အပါးတော်မြဲရ မယ်ဆိုပါတော့၊ ကျုပ်လည်းကိုရင့်လို သွားချင်တာပဲဗျ"
ငယ်။ ။"နို့...ကိုရင်မြောက်ပြင်က ထန်းသမားဦးပိန်ထံ သွားချင်တာနှင့် ကျုပ်ကမေဖုရားထံ မသွားရ တော့ဘူးပေါ့၊ ဒီလိုတော့ခင်ဗျားဟာ တရားပါဦးမလား။ တစ်ယောက်သွားတုန်း တစ်ယောက်က အပါးတော် မှာ ကျန်ရစ်မှဖြစ်မယ့်ကိစ္စပဲ။ အဲ...ဒီတော့ ကျုပ်အရင် သွားမယ်ဗျာ၊ ကျုပ်ပြန်လာမှ ကိုရင်တုတ်က တစ်ခါ သွားတာပေါ့ ဟုတ်ကဲ့လား"
တုတ်။ ။"အင်း... ဒါလည်း ကိုရင်က ကိုယ့်ဗိုက်အောက်ကိုယ်ရက်သညက စကားပဲဗျ၊ တကယ် ဆိုကျုပ် အရင် သွားရမှာပေါ့"

ငယ်။ ။"ဟာ...ဒါလည်းမဟုတ်သေးပါဘူး၊ ကျုပ်ကိုသာပြေနေ၊ ခင်ဗျားစကားကကော စူဠ၀စနံပါပဲ၊ တရားအတိုင်း စဉ်းစားကြည့်မယ်ဆိုရင် ကျုပ်က ဟိုအရင်ကြီးကတည်းက မေဖုရားတို့အိမ်ကို သွားလည်ပတ် ချင်တဲ့အကြောင်း ပြောပြောနေကြာလှပြီ၊ တကယ် သွားခြင်းသွားရင် ကျွန်တော်သာ အရင် သွားဖို့ သင့်တယ်မဟုတ်လား ကိုရင်တုတ်ရဲ့"
တုတ်။ ။"ဟာ...ဒါတော့ကိုယ်လိုရာ ကိုယ်ဆွဲပြောကြမြဲပေါ့ဗျာ၊ ကျုပ်ကလည်း ကိုရင်ပြောသလို ပြောရမယ် ဆိုရင် ကိုရင်မပြောခင်ကတည်းက ဦးပိန်တို့တဲ့မှာပင်ကျ တည်နှင့် စတည်းချလာခဲ့တဲ့ လူပါကလား ကိုယ့်လူရဲ့"

ငယ်။ ။"ကဲဗျာ...ဒါဖြင့်ခင်ဗျားနှင့် ကျုပ်နှင့်ဘယ်သူက အရင်သွားရမယ်ဆိုတာကို အငြင်း မပွားရဘဲ ကံတရား အတိုင်း မဲချပြီး ကျရာလူက အရင်သွားမယ်ဗျာ"
တုတ်။ ။"အဲ...ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါမှ တရားအတိုင်းကျမယ်၊ ကိုင်း...ဘယ်လိုမဲချမ လဲဆို"
ငယ်။ ။"ဒီလိုလုပ်မယ်လေ၊ အင်္ဂလိပ်လွှာတစ်ခုကို ညီတူညီမျှ နှစ်ပိုင်းဖြတ်ပြီး တစ်ခုမှာ မင်တံနှင့် 'သွား'လို့ ရေးမယ်၊ တစ်ခုမှာ'မ'လို့ရေးမယ်၊ ပြီးတော့မဲလိပ်ပြီး ကျတာကောက် လေ'သွား'ဆိုတဲ့ မဲရတဲ့သူက အရင် သွားရမယ် ဟုတ်ပြီလား"

တုတ်။ ။"ဟုတ်ပြီဗျို့၊သို့သော်ဒီစာကိုဘယ်သူကရေးပြီး၊ မဲလိပ်ကိုဘယ်သူကလိပ်ပေးမလဲ"
ငယ်။ ။"ကျုပ်လုပ်မှာပေါ့ ကိုရင်ရဲ့"
တုတ်။ ။"ဟာ...ဒီလိုဆိုရင် မဖြစ်သေးပါဘူးလေ၊ ကိုရင်က မဲလိပ်မှာအမှတ်အသားတေး ထားရင် ဘယ့်နှယ့်လုပ်မလဲ၊ ကဲလေ...တခြားတစ်နည်းကို စဉ်းစားစမ်းပါဦး၊ ဒီနည်းတော့ ကျွန်တော် မကြိုက် သေးဘူး ကိုရင်ရဲ့"

ငယ်။ ။"သည်လိုဖြင့် ကျုပ်ကိုယ်တိုင် မလုပ်ဘူးလေ၊ အဆောင်ကိုင်သားတစ်ယောက်ကို ခေါ်ပြီးခိုင်းမယ်"
တုတ်။ ။"ဒီကောင်တွေသိစေလို့ မတော်ပါဘူးဗျာ၊ မင်းညီမင်းသားရဲ့ အပါးတော်မြဲ ဓားတော်စွဲရတဲ့ လက်သုံး တော်ကြီးတွေဆိုပြီး ဒီလိုသေးသေးနုပ်နုပ်တွေလုပ်နေတယ် ဆိုတာ သိရင် ဒင်းတို့ အရိုသေ တန်ကုန်မယ်၊ ကျုပ်နဲ့ကိုရင်နဲ့ နှစ်ယောက်တည်းဆိုတော့ ကိုယ့်လိုသူ့လို အတူတူချင်းလည်ပင်းဖက်ပြီး တစ်ယောက် ခေါင်းတစ်ယောက် တက်နင်း နေစေဦး ကိစ္စမရှိဘူးဗျ၊ ဘယ်သူမျှမကြားရင် နှစ်ယောက်သား ပြောချင်တာ ပြော ဆိုချင်တာဆို ထင်သလိုနေကြတာပဲ၊ လူထဲသူထဲကျမှာသာ မောင်မောင်ဘဘနှင့် တစ်ယောက် ကို တစ်ယောက်ရိုသေလေးစားတဲ့ အမူအရာတွေ ပြနေရတာကလား"

ငယ်။ ။"ကဲဗျာ...ဒါတွေပြောမနေစမ်းပါနှင့်၊ ကံစမ်းမဲချဖို့ ကိစ္စကို စိတ်ကူးစမ်းပါဦး"
တုတ်။ ။"ဒီလိုလုပ်လေ၊ ကျုပ်ကတုတ်အရှည် အတိုနှစ်ချောင်းကို လက်ဝဲ၀ှက် ကိုင်ထားမယ်၊ ခင်ဗျားက ဆွဲယူ၊ တုတ်အရှည်ကို ကိုရင်ဆွဲမိရင် ကိုရင်အရင်သွား၊ တုတ်အတိုကို ဆွဲမိရင် ကိုရင်က နောက်မှသွား၊ ဟုတ်ကဲ့လား"
ငယ်။ ။"ကဲလေ၊ လုပ်ဗျာကြာတယ်၊ ပြီးရမယ့်ကိစ္စ မြန်မြန်ပြီးချင်တယ်"

မောင်မောင်တုတ်သည် အဆောင်ဝနားသို့ ထသွားပြီး ၀ါးစကလေးတစ်ခုကို ကောက်ယူ၍ အရှည်တစ်ခု အတိုတစ်ခု ချိုးကာ အပေါ်ပိုင်းကို ညီညာစွာဖော်ထားလျက် အတွင်းကို လက်ထဲတွင် ဆုပ်၍၀ှက်ထားကာ မောင်မောင်ငယ် ရှိရာသို့ ပြန်ရောက်လာလေ၏ ။
တုတ်။ ။"ကိုင်း...ကိုရင်ကြိုက်ရာကို ဆွဲယူလိုက်ပေတော့၊ ကံအတိုင်းပဲနော်"
မောင်မောင်ငယ်လည်း မောင်မောင်တုတ်လက်မှ တုတ်တိုကလေး နှစ်ချောင်းကို ကောင်းနိုးရာရာစဉ်းစားလျက် ရုတ်တရက်မဆွဲဘဲ စမ်တ၀ါးဝါးလုပ်နေရင် အကြံတစ်ခုရလာ လေ၏ ။ ထိုအကြံမှာ မောင်မောင်တုတ်သည် ၎င်း၏လက်တွင်းရှိ တုတ်အရှည်အတိုက သူ့ကိုယ်တိုင်သိပြီးဖြစ်သဖြင့် မိမိအား တုတ်ရှည်ကို ဆွဲမိမည်၊ စိုးရိမ်မကင်းဖြစ်ရမည်၊ သို့အတွက် မောင်မောင်တုတ်၏အမူအရာကို အကဲခတ်၍ တုတ်နှစ်ချောင်းအနက် မည်သည့်တုတ်က အရှည်အတိုဖြစ်သည်ကို သိသာမည်ဟူသော အကြံ ကြောင့်။

ငယ်။ ။"ကိုင်း...ကံအတိုင်းအရမ်းဆွဲရမှာဆိုတော့ နည်းနည်းအလန့်သား ကိုရင်ရဲ့၊ ပြစမ်းဘယ်ဘက်က ဟာကိုဆွဲရကောင်းမလဲ၊ အပေါ်ယံကနဲ့ကြည့်လေဦးမှပဲ"
ပြောကာ မောင်မောင်တုတ်၏လက်ကို မိမိ၏ တစ်ဖက်သောလက်ဖြင့် ကိုင်ထားပြီးလျှင် အခြားသော လက်တစ်ဖက် က တစ်ပိုင်းတစ်စ တုတ်ငယ်နှစ်ချောင်းကို ကိုင်စမ်းလေ၏ ။ တစ်ခုကို စမ်းလိုက်သောအခါ တင်းကျပ် စွာ ဆုပ်ကိုင်ထားသော မောင်မောင်တုတ်၏ လက်များမှာ ပို၍တင်းလာသလိုလို ထင်ရ၍ "နေဦး... နေဦး၊ ဒီဘက်ကဟာကို စမ်းဦးမယ်"ဟုဆိုကာ အခြားတုတ်တစ်ခုကို ကိုင်မိပြန်သည်တွင် မောင်မောင်တုတ် လက်သည် အနည်းငယ်အလိုက်သင့် လျှော့ပေးလိုက်သည်ကို သတိပြုမိလေရာ မောင်မောင်ငယ် သည်နောက်တစ်ကြိမ်ရှေးဦးစွာ စုံစမ်းထားသော တုတ်ကိုဆွဲယူလိုက်ပြီးလျှင်။
"ကိုင်း... ကိုရင်တုတ်၊ ကျုပ်ဟာရှည်သလား၊ ကိုရင့်လက်ကျန်က ရှည်သလား၊ တိုင်းကြည့်စို့ဗျာ"

ပြောကာ တုတ်နှစ်ချောင်းကို တိုင်းကြည့်ကြရာ မောင်မောင်တုတ်လက်ကတုတ်မှာ တို၍ မောင်မောင်ငယ် လက်က တုတ်မှာရှည်၍နေလေ၏ ။ မောင်မောင်တုတ်မှာ ကိုယ့်စကားနှင့် ကိုယ်မိ နေပြီဖြစ်၍ မပြင်သာ တော့ဘဲ လက်ထဲက တုတ်တိုကလေးကို ကိုင်လျက် မျက်စိ မျက်နှာပျက်၍ နေပြီးလျှင် မောင်မောင်ငယ် တွင်မူကား မိမိရှေ့ဦးစွာ သွားရတော့မည်ဟု လက်တွင်းက ကိုင်ထားသော တုတ်ကလေး ကို ကျေးဇူးတင် စွာ အမြတ်တနိုးကြည့်လျက် ဟက်ဟက်ပက်ပက်ရယ်မောကာ။

"ကိုရင်တုတ်၊ ဒါကျုပ်ကံအတိုင်း ဖြစ်တာနော်ဟုတ်လား၊ ကျုပ်အရင်သွားရတော့မှာပဲ ကိုယ့်လူရ၊ အမယ်လေး ခင်ဗျား မျက်နှာကြီးကလဲ ဖြစ်နေလိုက်ပုံနှယ်ဗျာ၊ ဘာလဲကိုယ့်လူက ၀မ်းနည်းသလား ဟားဟား ဟား"
နှင့် ခပ်အုပ်အုပ်ကြိတ်၍ ရယ်လိုက်ရာမောင်မောင်တုတ်လည်း မှုန်ကုတ်ကုတ်ကြီးလုပ်၍ မနေသာတော့ဘဲ မချိ သွားဖြဲကြီးနှင့် ရယ်ပစ်လိုက်ရကာ။
"ဟာဗျာ...ကိုရင်ကလဲမလှောင်ပါနဲ့ဗျာ၊ ဒီလိုဖြစ်ရင်ကျုပ်က ပြန်ပြီးကံစမ်းလိုက်မှ ခင်ဗျားလှနေမယ်"
အရှက်ပြေ ပြောလိုက်မှ မောင်မောင်ငယ်လည်း စိုးရိမ်သောအမူအရာနှင့်။

"ကဲပါဗျာ၊ မလှောင်ပါဘူး၊ ပြန်လဲကံမစမ်းပါရစေနဲ့"
မျက်နှာပိုးသတ်ခါ ချော့မော့လိုက်မှ နှစ်ဦးသားကျေနပ်စွာ လေပေးဖြောင့်လာကြလေ၏။
ယင်းသို့ အတွင်းဝဲဆောင်တွင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ တိုးတိုးတိတ် တိတ်ပြောဆို တိုင်ပင်နေကြစဉ် အပြင်ဆောင်တော်ဦးမှာ သီပေါမင်းသားနှင့် မယ်တော် လောင်းရှည်မိဖုရားတို့လည်း နေ့တစ်ချက် မတီးမီကပင် အကျိုးအပြစ် တိုင်ပင်ပြောဟော တော်မူနေခဲ့ကြသည့် အားလျောစွာ မယ်တော် မိဖုရားမှာ ကိုယ်ရေးကိုယ်ရာနှင့်တကွ အစစသော ရွှေနန်းတော်အတွင်းရေးများနှင့် စိတ်မအေး ဖွယ်ရာများ တွေးတောစဉ်းစား တော်မူမိသည့် အားလျော်စွာ သက်ပြင်းကို မကြာမကြာ ချတော်မူပြီး အလွန် တရာ ငြီးငွေ့ တော်မူသော လေသံနှင့်။

"ကိုင်းလေ...အကျိုးအကြောင်းတွေသာ စုံစေ့အောင် မိန့်တော်မူမည်ဆိုပါလျှင် ရာဇ၀င် တစ်စောင်တစ်ဖွဲ့ ဖြစ်လောက်ပါရဲ့မောင်ရယ်၊ မယ်မယ်ဖြင့် တရားသဘောသက်ဝင်ပြီး သည်ဇာတ်ရှုပ်ကြီးမှာ ပါဝင်လို့ပါင် မနေချင်ပါဘူး။ သူတော်, သူမြတ်ဘ၀ကူးပြီး ပုတီးနှင့် သာပျော်ပါးချင်ပါတော့သည် မောင်ရင်သာမယ်မယ် ဆုံးမသည့်စကားကို နားဆင်တော်မူ ပြီး လိမ္မာရေးခြားစွာ စံနေတော်မူပါတော့၊ မယ်ဖျားတော့ဖြင့် သည်တစ်ကြိမ် ရွှေနန်းရှင် ဘုရားကို ခွင့်ပေးသနားတော်မူအောင် သံတော်ဦးတင်ပြီး ၀တ်ကြောင်ကို စွန့်ခြွေကာ ဖန်လျော်တေဆင်မြန်း၍ မင်္ဂလာလမ်းကို ၀င်တော်မူမည်ဟု ကြံစည်လို့ထားမိသည် မောင်ရင်၊ သည်လူ့ဘုံကြီးဟာ အင်မတန်မှ စက်ဆုတ်စရာလဲကောင်းရဲ့ 'ဘယ်သူမပြု၊ မိမိ'ဆိုတာလို ကိုယ့်အကြောင်း ကိုသိလျှင် အလိမ္မာရှိသလိုသုံးပြီး ဘ၀ကိုရုန်းကြရတော့မှာ ပဲလေ။ ကဲ... ကဲ နေလဲအတော်စောင်းလုပြီ မယ်မယ်ပြန်တော့မည် မောင်မောင်ရဲ့"

ညည်းညည်းတွားတွားနှင့် စကားကိုအဆုံးသတ်တော်မူလိုက်ရာ သားတော်သီပေါမင်းသား မှာလည်း မယ်တော် အနီးတွင် ထိုင်တော်မူနေရာမှ ရှေးဟောင်း နှောင်းပြများ စဉ်းစား တော်မူမိသည့်အတွက် မျက်နှာတော်ပင် ကောင်းစွာရွှင်လန်းတော်မမူနိုင်ဘဲ မယ်တော် ကြီးမိန့်ကြားသည်တို့ကို "တင်ပါ့ဘုရား"ဟု ခပ်လေးလေး ပြန်ကာ ဦးချဝတ်ပြုတော့ပြီ၊ ရွှေလှည်းတော်အနီးသို့တိုင်အောင် မယ်တော် လောင်းရှည် မိဖုရားအား တွဲမ, ပို့တော်မူ လိုက်ပြီး စာဥရောင်နွားမှ ခြူသံကလေးများ ပျောက်သွား၍ ရွှေထီးတော် ဖျားက အထွတ် နီကလေး ကွယ်သွားသည်တိုင်အောင် ငေးစိုက်ရှုစားတော်မူလေ၏ ။

သီပေါမင်းသားလည်း အိမ်တော်ဦး၊ စိမ်းလဲ့သောမြက်ခင်းပေါ်တွင် မယ်တော်၏ ရွှေလှည်း ကလေးကို မျက်စိတစ်ဆုံးရှုမျှော်၍ အတွေးတော်ကောင်းလိုက်သည်မှာ မည်မျှကြာသည် မသိ၊ အပါးတော်တွင် လက်သုံးတော် ကြီးနှစ်ယောက် ဒူးထောက်ခစားမိမှ သတိတော် ရလေ၏ ။

"မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့အား"
"မှန်လှပါကြောင်း ဘုရား၊ ရွှေကိုယ်တော်ဖျားတစ်ပါးတည်း သည်နေရာတွင် ကြာမြင့်စွာ ရပ်တော်မူသည်မှာ ညောင်းညာ တော်မူလှရော့မည် ထင်ပါသည်"
"အေး...ငါလဲ မယ်ဖျားထွက်တော်မူတာကို ရှုစားတော်မူနေသော အတန်ကြာသွားပြီ် ထင်ပါရဲ့"
မိန့်တော်မူကာ အိမ်တော်ပေါ်သို့ တက်လာသဖြင့် မောင်မောင်တုတ်နှင့် မောင်မောင်ငယ် တို့လည်း နောက်တော်ပါးမှ ပါလာပြီး သီပေါမင်းသား ထိုင်တော်မူသော သလွန်တော်အနီး တွင် ခစားမိကြ လေ၏ ။
သီပေါမင်းသားမှာ အပါးတော်မြဲ လူယုံလက်စွဲတော်သားဖြစ်ကြသည့် မောင်မောင်တုတ် နှင့် မောင်မောင်ငယ်တို့ကို မြင်ရလေတိုင်း ကိုယ်တော်၏ နှမသည်းပွတ်ကြားတွင် ချစ်ကြိုးနှောင်ဖွဲ့ထားသော နှမတော် စုဖုရားလတ်ကို သတိတော်ရ၍ စိတ်တော်တွင် တမ်းတတော်မူမိကာ အသစ်သစ်ဖြစ်သော အချစ်လွှာ မှာတမ်းတော်များ ရှုစားတော် မမူရသည်မှာ ရက်ပေါင်းအတန်ကြာခဲ့သဖြင့် နှမတော်စုဖုရား၏ သတင်း စကားကို ကြားတော်မူလိုလှသည့် ဆန္ဒမှာပြင်းစွာ လှုံ့ဆော်နှိုးကြွလျက် နေတော်မူခဲ့သည် အားလျော်စွာ အခါသင့်၍ အခွင့်လျှော်လျှင် မေးတော်မူမည်ဟု ကြံစည်တော်မူမိသော်လည်း မိမိ၏နှုတ်ခွန်း စကားကိုသွား၍ သတိရလျက် ရုတ်တရက် အမေးခက်တော်မူနေလေ၏ ။

မေးတော်မူသည်နှင့် တစ်ပြိုင်တည်း လက်သုံးတော်ကြီးနှစ်ယောက်မှာ ကောက်ခါငင်ခါများ စွာသော စကားလုံး တို့ဖြင့် မိုးမဆုံးလေမဆုံးဖြစ်နေကြပြီးလျှင် နောက်ဆုံးတွင် စုဖုရား အဆောင်တော်သို့ ထွက်တော် မူဖို့ အကြောင်းကို အရေးတကြီးလျှောက်တင်ကြခြင်းဖြင့် အဆုံးသတ်တော့်မည်ဟု သိရှိ ရိပ်မိတော် မူသည်ကြောင့် မေးတော်မူချင်လျက်နှင့် ကျွန်တော်မျိုးနှစ်ယောက်၏ အညွှန့် အတက် ပေါက်မည့် အရေးကြောင့် စတင်၍မမေးသေး ဘဲနှောင့်နှေးလေးဖင့်စွာ အချိန်ဆွဲပြီး စိတ်တော်ထဲကသာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့က အလိုက်သိစွာ လျှောက်တင်ကြပါစေဟု မျှော်လင့် နေတော် မူခဲ့မိ လေ၏ ။

သို့ရာတွင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာလည်း အရှင်သခင်၏ စိတ်တော် ကို တစ်ပွဲတစ်လမ်း အကဲစမ်းသည့်အနေနှင့် တမင်ပေ၍နေကြသူများဖြစ်သဖြင့် သီပေါမင်းသား၏ မျှော်လင့်တော် မူခြင်းမှာ အချိန်ကြာသလောက် ခရီးမရောက်သဖြင့် အလိုက်မသိသားဆိုးဝါးသော ကျွန်တော်မျိုး များဟုသာ စိတ်တော်တွင်းမှ နှလုံးနာတော်မူ လေ၏ ။
ယင်းသို့လျှင် တစ်နေ့သော် လျှောက်နိုးနိုး၊ တစ်ရက်သော် တင်နိုးနိုးနှင့် မျှော်ကိုးတော်မူခဲ့ ရင်းအချိန် ကြာညောင်း၍ ရက်ပေါင်းအတန် လွန်ကာလာခဲ့ပြန်ရာ စုဖုရားကိုလည်း ချစ်ခင် စွဲလမ်းတော် အမူသား မို့သီပေါမင်းသားမှာ စုဖုရား၏ သတင်းစကားနှင့် အလွှာတော်ကလေး

များကို ကြားသိတွေ့မြင်တော်မမူရလျှင် ဘ၀င်မအေး ရွှေရင်တော် လေးလျက်ရှိကာ ကြာသော စတင်မေးရန်ပင် အတန်တန်နှုတ်ဟန်ပြင်မိရာမှ သတိတော်ရ၍ မကြာခဏ £နြေ္ဒ ဆည်တော်မူ ခဲ့ရသော်လည်း နောက်ဆုံးတွင်ကြာရှည် သည်းခံတော်မမူနိုင်တော့ သည်နှင့် လုံးလုံးလျားလျား ဖွင့်၍ မေးတော် မမူသေးလင့်ကစား ယခုကဲ့သို့ လက်သုံး တော်များ ထံတော်ပါးတွင် ခစားနေခိုက်အခါ အခွင့် ဆိုက်သည့် အားလျော်စွာ စုဖုရား အကြောင်းကို မရောက်မချင်း ရေလာမြောင်းပေးဖြင့် သွယ်ဝိုက်သော စကားများ နှင့် မိန့်ကြားရန် ရည်သန်တော်မူလျက်ရှိ၏ ။
မင်းသား။ ။"မောင်မင်းတို့စောစောက မယ်ဖျားအပါးတော်သို့ ဘာကြောင့်မပေါ်လာကြ သလဲ"

တုတ်။ ။"အရှင့်မယ်တော်ဖျားက ကျွန်တော်မျိုးများကို မျက်စိစပါးမွေး စူးတော်မူနေသလား လို့ အပါးတော်သို့ လာရောက်မခစားဝံ့သဖြင့် ၀ဲဆောင်တော်ထဲမှာ ကုပ်ပြီးနေကြရ ကြောင်းပါဘုရား"
မင်းသား။ ။"မောင်မင်းတို့ ပိပိစီးစီး ခစားနေလျှင် မယ်ဖျားက အပြစ်တင်တော်မူမှာ မဟုတ်ပါဘူး။ ငါ၏ မယ်တော်ဖျားကို မောင်မင်းတို့က ဆင်ဖြူမရှင်မိကြီးတော်ဖုရားအား အခြားသောမိဖုရားတွေ ကြောက် သကဲ့သို့ ကြောက်ရွံ့နေကြသလား၊ မယ်တော်ဖျားစိတ် တော်ဟာ အလွန်တရာမှ နူးညံ့တော် မူတယ် ဆိုတာ များ မောင်မင်းတို့မစဉ်းစားမိဘူးထင် တယ်"
တုတ်။ ။"မှန်လှပါ၊ စဉ်းစားမိသော်လည်း နည်းနည်းတော့ လန့်မိသေးပါသဖြင့် သင့်လျော် ရာက နေရကြောင်း ပါဘုရား"

မင်းသား။ ။"ဒါနှင့် မိကြီးတော် ဆင်ဖြူမရှင်ဘုရားလည်း အနောက်ဆောင်ထဲမှာ ဘုန်းတန်ခိုးဝေဖြာ၍ သြဇာ အာဏာတော် အတော်ကြီးနေသတဲ့လား။ မောင်မင်းတို့ ဘယ်လိုများ ကြားကြသတုံးကွယ်ရို့"
မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ သီပေါမင်းသားက "အသားလို၍ အရိုးတောင်း" ဆိုသော စကားကဲ့သို့ စုဖုရားလတ်အကြောင်း ရောက်လာစေရန် ဆင်ဖြူမရှင် မိဖုရားအကြောင်းနှင့် ရေလာ မြောင်းပေး မိန့်တော်မူလိုက်သည်ကို ရိပ်မိကြသဖြင့် တစ်ဦးနှင့်တစ်ဦး မျက်စိချင်းစကားကူးပြီး ဘူးလုံး နားမထွင်း သဏ္ဍာန် ထူပိန်းချင်ဟန်ဆောင်လျက် မောင်မောင်တုတ်က လက်အုပ်ချီကာ။
တုတ်။ ။"ကျွန်တော်မျိုးများမှာ ကိုယ်နှင့်မဆိုင်သော ကိစ္စဖြစ်ပါ၍ အနောက်ဘက် မင်းမိန်းမပိုင်းက သတင်း များကို အလျဉ်းနားမထောင်မိသဖြင့် မသိရကြောင်းပါဘုရား"
မင်းသား။ ။"မောင်တုတ်က မသိလျှင်၊ မောင်ဖေငယ်ကကော သတင်းမကြားမိဘူးလားဟဲ့"

ငယ်။ ။"ကျွန်တော်မျိုးမှာလည်း ကဗျာတေးထပ်နှင့် စာရေးစာစပ်လောက်ကိုသာ အာရုံစိုက် နေပါသဖြင့် အနောက်ဆောင် သတင်းကို အရှင်းပင်နားမ၀င်မိခဲ့ပါဘုရား"
သီပေါမင်းသား ကား ထင်ချေနှင့် မကိုက်သဖြင့် စိတ်တော်အိုက်သွားတော်မူလေ၏ ။
ထို့နောက် တစ်ခဏမျှ ငြိမ်သက်စွာ စဉ်းစားတော်မူပြီး။

မင်းသား။ ။"အင်း...မောင်မင်းတို့လည်း ယခုတစ်လော အိမ်တော်ထဲမှာ ကုပ်၍ခစားနေကြ ရတာ အတော် ကြာပြီထင်တယ်။ လူငယ်တို့ဘ၀ ဘယ်မှမသွားမလာ၊ မလည်မပတ်ရတော့ ပျင်းနေကြသလားဟဲ့"
တုတ်။ ။"အရှင်သခင်အပါးတော်မှာ ပျော်ပျော်ကြီးခစားနေရတဲ့အတွက် ပျင်းရိငြီးငွေ့တယ် ဆိုတဲ့ စကားများ နားမှမလည်သလောက် ဖြစ်နေကြောင်းပါဘုရား"
မင်းသား။ ။"မောင်ဖေငယ်ကတော့ မပျင်းဘူးလားဟဲ့"
ငယ်။ ။"ကျွန်တော်မျိုးမှာလည်း စာရေးစာဖတ်အလုပ်နှင့် ယခုကဲ့သို့ အရှင့်စံအိမ်တော်မှာ အေးငြိမ်းပျော်ရွှင်စွာ အမှုတော်ထမ်းရသည့်အတွက် အပျင်းဖက်ဖို့ တစ်ကွက်ကလေးမျှ အချိန်မရ ခဲ့ကြောင်းပါဘုရား"

ဤတွင်လည်း သီပေါမင်းသားမှာ မိမိရည်ရွယ်တော်မူလိုရာသို့ ခရီးမရောက်သဖြင့် စိတ်ပျက်တော် မူမိပြန် လေ၏ ။ သင်းတို့ယခုလောက် နားဝေးလှတဲ့ သတ္တ၀ါတွေ သည်တစ်ခါတည့်တည့်ပြောသလောက် သဘော ပေါက်လာအောင် မိန့်တော်မူလိုက်ဦး မည်ဟု ကြံစည်စိတ်ကူးတော်မူကာ။

"ဒါနှင့် စကားမစပ် မောင်မင်းများ၊ ငါကိုယ်တော်ဆင်တော်မူသည့် ဗောင်းတော်ပ၀ါများမှာ အမွှေးနံ့သာ များ မသပ်ရတာအတော်ကြာပြီ၊ ဘယ်ဗောင်းတော်ပ၀ါမှ မွှေးကြိုင်သင်းပျံ့ သည့်ရနံ့ များမရှိဘူး မောင်မင်း။ မြတ်လေးပန်းများ မရသည်မှာလည်း အတော်ကြာပြီ။ သို့အတွက် မြတ်လေးပန်း များ ရနိုင်သည့် နေရာတွင် ရှာဖွေပြီး ဗောင်းတော်ပ၀ါတွေကို အမွှေးသပ်ကြစမ်း မောင်မင်း များ"
တုတ်။ ။"မှန်လှပါ၊ ယခုအခါသည် မြတ်လေးပွင့်များ ရှာ၍ရနိုင်တော့မည် မဟုတ်ကြောင်းပါ ဘုရား"

မင်းသား။ ။"မဟုတ်တန်ရာပါဘူး မောင်မင်း၊ ဟိုတစ်လောကပင် ငါ့အိမ်တော်တွင် မြတ်လေးပန်းတွေဟာ အကုံးလိုက် အကုံးလိုက် တွေ့မြင်တော်မူပါသေးတယ်"
တုတ်။ ။"စိတ်ထင်တော်မူလို့ပါဘုရား။ အဲသည်မြတ်လေးကုံများဟာ မိုးဦးကျရာသီ လောက်က ပွင့်ကြခြင်းဖြစ်ကြောင်းပါဘုရား။ ယခုမြတ်လေးပန်းတုံးသွားပြီ ဖြစ်ကြောင်းပါ"
ငယ်။ ။"မြတ်လေးပန်းအခါရာသီ ကုန်ဆုံး၍ တုံးသွားသော်လည်း နတ်တော်လရာသီတွင် နတ်ပန်းသဇင်များ ဖူးပွင့်ကြပြီ ဖြစ်ပါသောကြောင့် မြတ်လေးပန်းအစား သဇင်ပန်းများနှင့် ဗောင်းတော်ပ၀ါများကို အမွှေး နံ့သာသပ်၍ ထားလျှင်လည်း သင့်လျော်လှကြောင်းပါဘုရား"

မင်းသား။ ။"ကိုယ်တော်က မြတ်လေးပန်းမှတစ်ပါး ဘယ်ပန်းကိုမှ စွဲလမ်းနှစ်သက်တော် မမူဘူး မောင်မင်း၊ သို့အတွက် မြတ်လေးပန်းများကိုသာ မရလျှင်ရအောင် ကြံဆောင် ရှာဖွေရမည်။ တောင်ဥယျာဉ် တော်ထဲမှာ ဆယ့်နှစ်ရာသီအမြဲပွင့်တတ်တဲ့ မြတ်လေးပင်တွေ ရှိသည်လို့ အထက်အခါဆီက ကိုယ်တော် ကြားဖူးသည်။ မောင်မင်းတို့ ကြိုးကြိုးစားစားနှင့် တောင်ဥယျာဉ်တော်တို့ သွား၍ ရှာဖွေကြလျှင် အဲ...သည်ဆယ့်နှစ်ရာသီ မြတ်လေးပင်ကို တွေ့က မြတ်လေးပန်းအနည်းနှင့်အများဆိုသလို ရမည် ထင်တယ် မောင်မင်း"

တုတ်။ ။"မှန်ပါ၊ အဲ...သည်ဆယ့်နှစ်ရာသီ မြတ်လေးပင်ကလေးတွေဟာ မင်းမိန်းမပိုင်းမှာ စိုက်ထားဖို့သင့်လျော်တယ်ဆိုပြီး အမိန့်တော်နှင့်တူးဖော်လျက် အနောက်ဆောင်တစ်ဝိုက် မှာ ပြောင်းရွှေ့စိုက်ပျိုးထားလိုက်သည့်အတွက် တောင်ဥယျာဉ်တော်မှာ မြတ်လေးပင်နှင့် တူယောင်ရိုးမှား အခြားအပင်များပင် မရှိတော့ကြောင်းပါဘုရား"
ငယ်။ ။"ကိုတုတ် လျှောက်တင်ချက်အတိုင်းဆိုလျှင် ကျွန်တော်မျိုးများမှာ အနောက်ပိုင်း မင်းမိန်းမ ဆောင်တော် များသို့ သွားလာရမည့်သူများ မဟုတ်သဖြင့် ခူးယူဆက်သရန် အင်မတန်မှ ခဲယဉ်း နေကြောင်း ပါဘုရား။ သို့အတွက် အနောက်ပိုင်း မင်းမိန်းမများထံ ခစားသူများကို တစ်ဆင့် အကြောင်း ကြားပါမှ အလိုတော်ရှိသော မြတ်လေးပန်းများ ရနိုင်ပါမည်။ သည်အတွက်ကို ကျွန်တော်မျိုး၏ မိခင် သဖွယ်ဖြစ်သူ ဒိုင်းဝန်ကတော်မေဖုရား သို့သွား၍ နားပူလျှင် မေဖုရားကိုယ်တိုင် အနောက်ဆောင် တော်များ သို့သွား၍ အလိုတော် ရှိသော မြတ်လေးပန်းများကို ခူးဆွတ်ပေး မည်ဖြစ်ကြောင်းပါဘုရား။ သို့အတွက် အရှင့်အလိုတော်ပြည့်စေရန် ယခုပင် ကျွန်တော်မျိုးအား မေဖုရားအိမ်သို့ နှစ်ရက်, သုံးရက်ခန့် သွား၍ နေခွင့်ပေးသနားတော်မူပါဘုရား။ အလိုရှိသော မြတ်လေးပန်းများကို ကျွန်တော်မျိုး ပြန်လာသော အခါ တစ်ပါတည်း ယူဆောင်လာမည့် ဖြစ်ကြောင်းပါဘုရား"

သီပေါမင်းသားသွားတော်မူလိုသည့် စခန်းသို့ မရောက်အောင် တမင်ကွေ့ရှောင်လျှောက် တင်လျက်ရှိရုံမက မောင်မောင်ငယ်မှာ "တစ်ချက်ခုတ်နှစ်ချက်ပြတ်" ဆိုသော စကားကဲ့သို့ လည်းကောင်း "ငါးကြင်းဆီ နှင့် ငါးကြင်းကြော်"သကဲ့သို့လည်းကောင်း သီပေါမင်းသားမိန့် တော်မူသော စကားနှင့်ပင် တုပ်ချည်ကာ မိမိသွားလိုသော ဒိုင်းဝန်ကတော်ထံသို့လည်း သွားခွင့်ရစေရန် တင်္ခဏုပ္ပတ္တိဉာဏ်ဖြင့် ကြံဖန်လျှောက်တင်လိုက်သောအခါ သီပေါ မင်းသားသည် မိမိအမိန့်စကားနှင့် ရှေ့သွားနောက်လိုက် ညီစေရန် မောင်မောင်ငယ် သွားလိုရာသို့ ခွင့်ပြုတော်မူလိုက်ရရှာပြီး စိတ်တော်ထဲတွင်ကား လက်သုံးတော် သားနှစ်ယောက်ကို ကိုင်၍ပေါက်ချင်သကဲ့သို့ ဖြစ်တော်မူလေ၏ ။

မူလရည်ရွယ်တော်မူရင်းမှာ စုဖုရားလတ်နှင့် အထိန်းတော်ကြီး ခင်ဘွားသစ်တို့အား တိုက်ရိုက်စတင် မေးမြန်း တော်မူရန် စိတ်ထားတော် မလုံသဖြင့် အမှတ်မဲ့စကားစပေါ်သွား လျှင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ် တို့ ကစ၍ လျှောက်တင်လေမည်လားဟု စကားစမရောက်လျှင်ရောက်အောင် အမျိုးမျိုး သွေးဆောင် လှည့်ပတ်ကာ စုဖုရားလတ်နှင့် အထိန်းတော်ကြီးတို့၏ အမည်မပါလျှင်ပါအောင် ကြံဆောင်တော် မူခဲ့သောလည်း ပါးနပ်လှ သောလက်သုံးတော်သားတွေ ထူအ သိမ်ဖျင်း လေးစွတကား ဟုသာ အားမရနိုင် ရှိတော်မူ လေ၏ ။

တုတ်။ ။"ဘယ့်နှယ်တုံး ကိုရင်၊ ကျုပ်တို့ရွှေကိုယ်တော်ဖျားမှာ ဟန်လုပ်၍သာ စံတော်မူနေရရှာသည်၊ စိတ်တော် ကတော့ အရှင်ထိပ်ဖုရားထံတော်သို့ မနားမနေရောက် တော်မူနေတယ်ဆိုတာ ဒီကနေ့ အထင်ရှား ဆုံးပဲ မဟုတ်လား ကိုရင်ရ"
ငယ်။ ။"ဟုတ်လိုက် မှန်လိုက်သမှ ကိုရင်တုတ်ရယ်၊ သွေးထွက်အောင် မှန်လှသည်။ သို့ပေမင့် ရွှေကိုယ်တော်ဖျားက အလာကြီးပဲ ကိုရင်တုတ်ရဲ့၊ ကျုပ်တို့ကို ထိပ်စုမြတ်ဖျား အကြောင်း စတင်ပြီးမေးတော်မမူဘူး၊ ကျုပ်တို့ကစပြီး လျှောက်တင်အောင် တမင်ဆိုင်းငံ့ တော်မူနေတာအမှန်ပဲ၊ ကျုပ်တို့ကလည်း ဒါတွေသိလို့မို့၊ ဖမ်းလို့မမိအောင် တမင်ရှောင် လာခဲ့တာပဲ မဟုတ်လားဗျ"
တုတ်။ ။"အမယ်မင်း...ပြီးတော့ သူ့စုဖုရားဆီကို စကားစမရောက်ရောက်အောင်ဟာ ဆင်ဖြူမရှင် မယ်ဖျားကြီး အကြောင်း ထည့်ပြောလိုပြော၊ မြတ်လေးပန်းနှင့် ယိုးမယ်ဖွဲ့လိုဖွဲ့၊

တည့်တည့်ကြီးမောင်မင်းတို့ တောင်ဥယျာဉ်သွားကြလို့ မဆိုချင်တာနဲ့ တမင်အပေါက် အစထွင်ပြီး မြတ်လေးပင် အရှာခိုင်းတော်မူကာ ချင့်ကြည့်လေ။ ဟဲ...ဟဲ၊ ဒီကောင်တွေက ဘာရမလဲဗျ။ လိုရင်းကိုမရောက်အောင် ကွေ့ရှောင်လာခဲ့တာ ဒီတစ်ခါဘယ့်နှယ့်ရှိစ၊ အရှင်နှင့် ကျွန်ဒီလွန်ပွဲကို ဘယ်သူ့ဘက်က နိုင်အောင် ဆွဲနိုင်မလဲဆိုတာ အကဲခတ်စမ်း ကိုရင်"
ငယ်။ ။"ကျုပ်တို့က အရှုံးမပေးဘူး၊ ပြုံးပြုံးကလေးနဲ့ အနိုင်ယူလိုက်မယ်ဗျာ။ ရွှေကိုယ်တော်ဗျာတော့ ဒီတစ်ခါမထိလို့ အတော်မခံချိမခံသာ ဖြစ်သွားတော်မူမှာပဲ၊ အဲ...သည်လို ကိုယ့်ဇာတ်ကိုယ်မနိုင်ဘဲနှင့်များ စပ်ကြားက တဖားဖားအရေးသယ်နေရတဲ့ ဒီအကောင်တွေကို တောင်ဆိုမြောက်ဆိုနဲ့ အပြစ်ဆိုတော် မူလိုက်ရသေးတယ်၊ ပြီးတော့ ကြာကြာဟန်လည်း လုပ်တော်မမူနိုင်ဘဲနဲ့"

တုတ်။ ။"ဒီလိုဝေ့လယ်ကြောင်ပတ်၊ အပါးနှပ်တော်မူလို့ ဘာရမည်လဲဗျာနောက်တစ်ခါ မောင်မင်းတို့အထိန်းတော်ကြီး ခင်ဘွားသစ်နဲ့ တွေ့ရအောင် တောင်ဥယျာဉ်တော်ကို သွားကြစမ်းပါဦးလို့ ပွင့်ပွင့်လင်းလင်းနှင့်ဖွင့်၍ ခိုင်းတော်မမူသမျှ ဘူးလုံးနားမထွင်း မသိကျိုးကျွန်ပြုနေလိုက်ဦးမယ်ဗျာ"
ငယ်။ ။"စိန်လိုက်ဗျ၊ သို့သော် ကျွန်တော်အပြင်သွားနေတုန်းအခါမှာ ကိုရင် တစ်ယောက် တည်း ခစားတုန်း အမေးတော်များပေါ်ရင် ဘယ်လိုလျှောက်တင်မယ် စိတ်ကူးသလဲ"
တုတ်။ ။"ဟာ...ဒီလိုတိုက်ရိုက်အတိအလင်းဖော်ပြီး စတင်မိန့်တော်မူလာတော့လည်း အရှင်းသားပဲ ကိုယ့်လူရာ၊ အထိန်းတော်ကြီးခင်ဘွားသစ်ကိုလည်း၊ ဟို...နေ့ကစ၍ အရိပ်အခြည်မှ မတွေ့ မမြင်ရတော့ ပါဘူးဆိုတာ မှန်ကန်တဲ့အတိုင်း လျှောက်တင်လိုက်ရုံ ရှိတာပေါ့"

ငယ်။ ။"သည်တော့ ဘယ့်နှယ်ဖြစ်မယ်ထင်သတုံး ကိုရင်"
တုတ်။ ။"နောက်ထပ်အလွှာတော် တစ်စောင်ရေးပြီး တွေ့ဆုံတော်မူလိုခွင့်ပေးဖို့တောင်း တော်မူပဗျာ"
ငယ်။ ။"ဒုတိယမ္ပိအကြိမ်ထပ်၍ ပေးဖို့ဆိုပါတော့၊ ဒီလိုဖြင့် ကျွန်တော်၏ရွှေကညစ် ကလေးလည်း အလုပ်ရပြန်တာပ၊ သို့သော် ရွှေကိုယ်တော်က အရင်အလွှာတော် တစ်စောင်ပေးမိတာတောင် လက်လွန် သွားတော်မူယောင်ယောင် မိန့်တော်မူထားတော့ ဒုတိယအကြိမ် ပေးတော်မူပါတော့မလား။ ဒါကိုလည်း စဉ်းစားစမ်းပါဦး ကိုရင်ရ"

တုတ်။ ။"ဟာဗျာ...တကယ်တမ်းချစ်တော်မူပြီး ရွှေမေတ္တာအခြေခံကြီးက နှိုးဆွနေတော်မူ နေတဲ့အခါ ကျလာပြီးမှဖြင့် ဘယ်ပုဂ္ဂိုလ်မျိုး တား၍မှရနိုင်ကြတော့မည် မဟုတ်ပါ။ ချစ်မေတ္တာက စေစား၍လာပါလျှင် ခြောက်ရွာသခင် နတ်ဘုရင်£န္ဒာသော်မှ ၀တðသာက ကြွလှမ်းပြီးအသူရာ၏ သခွတ်နန်းကို တရကြမ်း တိုက်ခိုက်လျက် ချစ်သက်ကြင်နာသုဇိတာ ကို ဇရာအိုသဏ္ဍာန် ဖန်ဆင်းပြီး စွန့်စားခြင်း ရှေ့ဆောင် လျက်ခိုးမိအောင် ခိုးခဲ့သည့်ထုံး နှလုံးမူသင့်ပါသည်။ အောက်ဟံသာဝတီမှာလည်း ဘုန်းတန်ခိုး အလွန်တရာကြီးတော်မူလှ သည့် ရာဇဓိရာဇ်ဘုရင်မင်းတစ်ပါးဖြစ်မည့် ဗညားနွဲ့မင်းသားဟာ ချစ်လှတဲ့နှမတော် တလမည်ဒေါကို အသက်ရောကိုယ်ပါစွန့်လျက် မကြောက်မရွံ့ခိုးယူတော်မူဖူးပါသည်။ မေတ္တာတရားက အဆမတန်ပွားများပြီး စေစားတိုက်တွန်းလာတဲ့ တစ်နေ့မှာ "မမလေး ချစ်ပါတဲ့ အာရုံ၊ ရွှေမြင်းမိုရ် တစ်တောင်လုံးကို တုံးမှတ်လို့ခုန်"ဆိုတဲ့ ပုံလိုမယ်တော်သော၊ ခမည်းတော်သော ဘာကိုမှ စိတ်တော် မစောဘဲ မေတ္တာ သတ္တော အနန္တောဆိုတဲ့ ဘုရားဟောအတိုင်း ကဆုန်စိုင်းပြီး အချစ်မုန်တိုင်းကြီး ဆင်ကြပါ လိမ့်မယ်။ ယခုလည်း ကျုပ်တို့ရွှေကိုယ်တော်ဖျားမှာ ဘာလိုလိုနှင့်ဟန်ဆောင်တော် မမူနိုင်တော့ သလောက်

အချစ်မီးတောက်တော်မူလာပြီဗျ။ သည်အတိုင်းသာဆိုလျှင် နောက်ထပ်ကျွန်တော်တို့ လျှောက်တင်သလို နားဝင်တော်မူလာပြီး အလွှာတော်ထပ်ပေးဖို့ကိုလည်း ၀န်မလေးတော် မမူတော့မည့်အပြင် စုဖုရားစံတော်မူရာ အဆောင်နန်းသို့ပင် ဖြန့်မြန်းခြေတော်တင်ဖို့ ခဲယဉ်းလိမ့်မည် မထင်ဘူး ကိုရင်ရဲ့"
ငယ်။ ။"သည့်အတိုင်းသာမှန်ပါလျှင် အတိုင်းထက်လွန်၊ တံခွန်နှင့်ဘုရား ဆိုတဲ့ စကားလိုပေါ့ ကိုရင်တုတ်ရာ။ ကဲ...ကဲ ကျုပ်လည်းအခွင့်တော်ရခိုက် မေဖုရားတို့အိမ် သွားလိုက်ပါခေဦးမယ်။ အပြန်မှာ ကျုပ်ခံဝန်မိတဲ့ စကားအတိုင်းမြတ်လေးပန်းများလည်း မရရအောင် ရှာလာရဦးမှာ ရှိသေးတယ်ဗျ၊ ကိုရင်သာ အပါးတော်မှာ သင့်လျော်သလို ကြည့်၍ ခစားနေရစ်ပေတော့လေ၊ ကျုပ်လည်းကြာကြာတော့ မနေပါဘူး၊ အလွန်ဆုံး သုံးလေးရက်ပါပဲဗျ"

တုတ်။ ။"ကဲ....ကဲကြွတော်မူပါဗျား၊ ကိုရင်က ကျုပ်ထက်ကံသာပေသကိုး၊ နို့ပြီး လျှောက်တင်ဖို့ အချက်ကလည်း ဖြုန်းခနဲအကွက်ဆိုက်သွားတော့ ညီညွှတ်သလို ညီညွှတ် ပါစေလိုက ဆုတောင်း ရတော့ မှာပေါ့ ကိုရင်"
ငယ်။ ။"ကိုင်း...ဒါဖြင့် ကျုပ်သွားတော့မယ် ကိုရင်"
တုတ်။ ။"ကောင်းပါပြီဗျာ၊ ဒါထက်ကျွန်တော် တစ်ခုမှာလိုက်ပါရစေဦး၊ ကိုဖေငယ်ရဲ့"
ငယ်။ ။"အမယ်မင်း...ဂါဝရတရားတွေ ရှေ့ထားပြီး ဘာများမှာထားမယ်လို့ပါလိမ့် ကိုရင်တုတ်ရယ်"

တုတ်။ ။"သြော်...တခြားမဟုတ်ပါဘူး၊ ခင်ခင်ကြီးကလေးကို ကျန်းကျန်းမာမာရှိရဲ့လားလို့ ကျွန်တော် မောင်မောင်တုတ်က မေးလိုက်တယ်ဆိုတဲ့ အကြောင်းကလေးတစ်ဆိတ် လောက် သူ့နားပေါက် သွားအောင် ပြောပေးပါလို့ မှာချင်လို့ပါ ကိုဖေငယ်ရာ"
ငယ်။ ။"ဟာ...ကျုပ်က အဟုတ်မှတ်လို့ နားထောင်နေတာ၊ ခင်ဗျားကြီးသိပ်ရှုပ်တဲ့လူပဲဗျ၊ ဒါကလေး တော့ မထိနဲ့ဗျို့၊ ဒါပဲပြောလိုက်ပါပေရဲ့"
ပြောကာ မောင်မောင်ငယ်ထွက်လာခဲ့ရာ မောင်မောင်တုတ်လည်း အိမ်တော်လေသာ ပြတင်းမှ သူငယ်ချင်း အမှုတော် ထမ်းရွက်ဖက်ဖြစ်သူ မောင်မောင်ငယ်အား မျက်စိတစ်ဆုံး မျှော်ကြည့်ပြီး ပြုံးပြုံးကြီး ကျန်ရစ်ခဲ့ လေသတည်း။
 
အပိုင်း (၂၂) မျှော်
.

No comments: