အိမ်ပြန်ရမှာ စိုးထိတ်မိတယ်
မောင်မြင့်ကြွယ်
ကျွန်မ ဤတိုက်အိမ်ဖြူကြီးကို နှစ်ခြိုက်ပါသည်။ ဗီရိုကြီးက လွဲ၍ နှစ်ခြိုက်ခြင်း ဖြစ် ပါသည်။ ဤ တိုက်အိမ်ဖြူ ကြီး၌ မည်သည့် အဖြစ်အပျက်တွေပဲ ဖြစ်ခဲ့သည် ဖြစ်ပါစေ၊ မည်သူတွေပဲ နေထိုင်သွား ခဲ့ကြသည် ဖြစ်ပါစေ၊ ပြီးတော့ ဟိုဗီရိုကြီးကို မနှစ်ခြိုက်သည့် အပြင် ကျွန်မ၏ အိပ်ခန်းနှင့် နီးကပ်နေသော ကြောင့် အိပ်ခန်းအပြင်ဘက်ကို ထွက်လိုက် မည်ဆိုပါက အဆိုပါ ဗီရိုကြီးရှေ့မှ မလွဲမသွေ ဖြတ်သွားရ တော့မည်ဖြစ်ပါ၍ အိပ်ခန်းထဲမှ ထွက်ရမည်ကို မုန်းနေမိသည့်တိုင်အောင် ထိုတိုက်အိမ်ဖြူကြီးမှ ကျွန်မ မည်သည့်အခါတွင် မှ ဘယ်သောအခါတွင်မှ ထွက်ခွာသွားဖြစ်လိမ့်မည် မဟုတ်တော့ပါ။
အဆိုပါ ဗီရိုကြီးထဲ၌ မည်သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ကို သိပါသည်။ သို့ရာတွင် ထိုကိစ္စကို ကျွန်မထပ် မစဉ်းစားတော့ပါ။ သို့မဟုတ် ကျွန်မ အစ်ကို မက် မည်သည့် နေရာ၌ ရှိနေသည်ကိုလည်း မတွေးတော တော့ပါ။ သူသေဆုံးခဲ့သည့်မှာ ကျွန်မ သေဆုံးခဲ့သည်ထက်ပင် ပို၍ ကြာမြင့် ခဲ့ပါပြီ။ သူသည် ယခု ဤ တိုက်အိမ်ဖြူ ကြီးထဲ၌ ရှိနေဆဲ ဟုတ်မဟုတ် ကျွန်မ မသိပါ။
ကျွန်မ အိပ်ခန်းသည် အပေါ်ထပ်၌ ရှိပြီး နေ ထွက်လာသည်ကို မြင်ရသော အခန်းကျယ် ကြီး ဖြစ်ပါသည်။ ထိုအခန်းတွင် လှပသော ပြတင်းပေါက်ကျယ်ကြီး ရှိပါသည်။ ထိုပြတင်း ပေါက်မှ နေ၍ တောင်တန်းကြီး များကို မြင်နေရပါသည်။ ထိုတောင်တန်းများ၏ နောက်ဘက်မှ လ ထွက်လာသည်ကို နှစ်ခြိုက်စွာ ကျွန်မ ကြည့်ရှုလေ့ ရှိပါသည်။ ကျွန်မသည် အေးမြသော လရောင်၌ အင်အား အပြည့်ဖြိုးဆုံး ဖြစ်ပါသည်။ နံနက်ခင်း မှ ပူနွေးသော နေရောင်ခြည်က ကျွန်မကို ဖြူရော်ရော် ဖြစ်သွားစေလေ့ ရှိပါ၏။
ဤတိုက်အိမ်ဖြူကြီးသည် ဖြူဖွေးနေသော လက်ထပ်မင်္ဂလာ ကိတ်မုန့်ကြီးအား ရှေ့တည့် တည့်မှ တစ်စိတ်ကို လှီးထုတ်ထားသည်နှင့် ဆင်တူပါသည်။ အပေါ်ထပ်သည် ပို၍ကျဉ်းပြီး အောက်ထပ်၏ အပေါ်တည့်တည့်၌ ရှိနေပါ၏။ ဘီလူးကြီး တစ်ကောင်က အောက်ထပ် အလယ် တည့်တည့်မှ ကိတ်မုန့်၏ အကောင်းဆုံး တစ်စိတ်ကို လှီးဖြတ် ထုတ်ယူသွားခဲ့ပုံ ရပါ၏။ ဤတိုက်အိမ်ကြီးသည် လက်ထပ် မင်္ဂလာ ၀တ်စုံကဲ့သို့ ဆွတ်ဆွတ် ဖြူနေပြီး အပေါ်ထပ် လှေကားများမှ နေ၍ ခေါင်မိုးပေါ်သို့ ရောက်သည်အထိ တက်နိုင်ပါ၏။ ကျွန်မ သည် ခေါင်မိုးပေါ်သို့ တက်၍ ကိုယ့်ကိုယ်ကိုယ် လက်ထပ် ကိတ်မုန့်ကြီးပေါ်မှ သတို့သမီး တစ်ယောက်ပမာ ဟန်ဆောင်ခွင့် ရခဲ့ပါ၏။ မာမီက ဤအိမ်ကြီးကို နေရောင်ခြည်ထဲ၌ အခြောက် လှန်းထားသော အုတ်များနှင့် ဆောက်လုပ်ထား သည်ဟု ဆိုပါ၏။ ကျွန်မကိုမူ ပြတင်းပေါက်များ တပ်ဆင်ထား သော ကိတ်မုန့်ကြီးထဲ၌ နေထိုင်ရသည်ဟု ထင်နေမိပါ၏။
ကျွန်မ၏ အခင်မင်ဆုံး မိန်းကလေး သူငယ်ချင်း အသက် ဆယ်နှစ်အရွယ် ကျွန်မထက် တစ်နှစ်ကြီးသူ ရော်ဘင်သည် သာမန် တိုက်ကြီး တစ်လုံးမှ အိပ်ခန်း တစ်ခန်းတွင် နေထိုင် သူ ဖြစ်၏။ ကျွန်မ၏ ပြတင်းပေါက်မှ လှမ်းမြင်နေရသော တိုက်ကြီးပင် ဖြစ်ပါ၏။ ကျွန်မက လက်ထပ် ကိတ်မုန့်ကြီး အကြောင်း ပြောပြလိုက်သောအခါ ကျွန်မတို့ နေအိမ်ကို အထူး သဖြင့် အလည် လာချင်သည်ဟု သူ ပြောဖူးပါ၏။
မက် တစ်ယောက် ဗီရိုထဲ၌ ရှိနေခဲ့ပြီး နောက်ပိုင်းတွင် အလည် လာချင်သည်ဟု သူမက ထပ်မပြော တော့ပါ။
ထိုကိစ္စ နောက်ပိုင်းတွင် မည်သူကမှ ကျွန်မကို စကား ကောင်းကောင်း မပြောကြတော့ပါ။ ကျွန်မတို့ မိသားစု ထိုတိုက်အိမ်ဖြူကြီးမှ အဝေးတစ်နေရာသို့ ပြောင်းရွှေ့သွားခဲ့ကြသလို ကျွန်မလည်း ရော်ဘင့်ကို ပြန်မတွေ့ရတော့ပါ။
နှစ်ပေါင်း အစိတ် ကြာမြင့်ခဲ့ပြီး နောက်ပိုင်းတွင် ထိုတိုက်အိမ်ဖြူကြီးသို ကျွန်မ ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ကျွန်မ အသက် ရှင်နေစဉ် ကိုးနှစ်တာ ကာလအတွင်း မိဘနှစ်ပါး၊ အစ်ကို သုံးယောက်၊ မောင်တစ်ယောက် တို့ နှင့်အတူ နေခဲ့ ထိုင်ခဲ့ဖူးသည့်တိုင်အောင် သီရိဂေဟာအဖြစ် ကျွန်မ မမှတ်မိသော တိုက်အိမ်ဖြူ ကြီး ဖြစ်ပါသည်။
ကျွန်မ၏ ခင်ပွန်း စကော့က ဗင်ကားလေးကို အိမ်ကြီးဆီသို့ အရောက်ဖောက်ထားသည့် ကိုယ်ပိုင် လမ်းကလေးထဲသို့ ချို့ကွေ့ ၀င်လိုက်စဉ် ကျွန်မ ရင်ထဲ၌ ရေခဲတုံးကြီး တစ်ခု ရောက်ရှိနေသလိုလို တစ်ဆို့ဆို့ကြီး ဖြစ်နေပါ၏။
ကျွန်မ၏ နံဘေး ယဉ်မောင်းသူ၏ ထိုင်ခုံ၌ စကော့ ရှိနေပြီး ကလေးရှစ်ယောက်တို့က ကျွန်မတို့၏ ပတ်ပတ်လည်မှ ဆူညံစွာ အော်ဟစ် နေကြသည့်တိုင်အောင် ကျွန်မ တစ်ယောက်တည်း ရှိနေသလို ခံစား နေရပါ၏။
ဆာရာက ကျွန်မ ပေါင်ပေါ်၌ ရှိနေပြီး ခွေးပေါက်စကလေး တစ်ကောင်လို တစ်ချိန်လုံး လူးလွန့် လှုပ်ရှား နေပါ၏။ ဒီယွန်က ကျွန်မ၏ ကျစ်ဆံမြီး ဆံပင်ကို ဆွဲကိုင်ထားရင်း 'မာမီ' ကျွန်တော်တို့ အိမ်ကို ရောက်ပြီလားဟင်၊ ကျွန်တော်တို့ အတွက် အခန်း တစ်ခန်း သတ်သတ် ရမှာလားဟင်' ဟု တစ်ချိန်လုံး မေးနေသည်။
စတာလင်က သူသည် အကြီးဆုံး ဖြစ်သောကြောင့် အခြားကလေးများလို သူလည်း တစ်ခန်း ရထိုက်သည်ဟု ဆိုပါသည်။ ကာရိုးက စတာလင်ကို အကြီးဆုံ ဖြစ်သည်ဟု မည်သူက ပြောသနည်း၊ ၎င်း၏ မွေးနေ့ အစစ်အမှန်ကိုပင် သိသူ မဟုတ်၊ သူမက စတာလင့်ထက်ပင် အသက်ကြီးကောင်း ကြီး နေနိုင်သည်ဟု ဆိုပါသည်။ ဇွန်လ နှစ်ဆယ် ရက် နီးလားတိုင်း ထိုကိစ္စကို နှစ်စဉ်ငြင်းကြ ခုံကြလေ့ ရှိပါ၏။ ဇွန်လ နှစ်ဆယ်ရက်တွင် နှစ်ယောက်စလုံး၏ မွေးနေ့ပွဲကို ကျင်းပပေးလေ့ ရှိပါ၏။ ကျွန်မတို့ စတာလင်ကို မွေးစားခဲ့ စဉ်က ၎င်းနှင့် ပတ်သက်သော မွေးစာရင်း လက်မှတ် မရှိပါဟု အကျိုးဆောင်ပေးခဲ့သော အေဂျင်စီက ပြောပြခဲ့ပြီးလည်း ဖြစ်ပါ၏။
နစ်ခ်က အားလုံး ပါးစပ် ပိတ်ထားကြပါဟု ထအောင်လိုက်၏။ သူက ဤအချိန်သည် မင်္ဂလာ အချိန် ဖြစ်ပြီး မာရိယာက တိတ်တိတ်ဆိတ်ဆိတ် နေတာ ပိုကောင်းသည်ဟု သဘောရကြောင်း ထပ်ပြောလိုက်ပြန်၏။ နစ်ခ်သည် မာရီယာ ကိုယ်စား ပြောပေးလေ့ ရှိသူ ဖြစ်ပါ၏။ မာရီယာကို ကျွန်မတို့ မွေးစားခဲ့သည်မှာ သိပ်မကြာ လှသေးပါ။ ခုနှစ်လသာ ရှိသေး၏။ မာရီယာသည် ရှက်နေဆဲ၊ ရွံ့နေဆဲ။ နစ်ခ်ကို တစ်ချိန်လုံး အားကိုး နေရှာသူ ဖြစ် ပါ၏။
ပရူးဒင့်က မေးလိုက်ပြန်၏။
'ဒီအိမ် ဟုတ်တယ် မဟုတ်လား မာမီ၊ မာမီ ငယ်ငယ်ကလေးတုန်းက နေခဲ့တဲ့ အိမ်ပဲ မဟုတ်လား'
'ဒီအိမ်ပဲ ဖြစ်ရမှာပေါ့'
နေရောင်ခြည်က ပူနွေး လင်းထိန်နေသော်လည်း ကျွန်မ တစ်ကိုယ်လုံး အေးစိမ့်သွား သလို ခံစားလိုက်ရပါ၏။
'ဒီအိမ်ပဲ ဖြစ်ရမှာပေါ့၊ ဒါပေမဲ့ မာမီက သိပ် မမှိတ်မိတော့ဘူး၊ ဟိုတစ်ခုက လွဲရင်ပေါ့လေ'
ကျွန်မသည် အခြားနေအိမ် တစ်အိမ်၏ အိမ်ရှေ့မှ အလှ စိုက်ထားသော မြက်ခင်း တစ်ခင်း နှင့် အိမ်အ၀င် ကားလမ်း နံဘေး၌ တန်းစီ၍ စိုက်ထားသော အနီရောင် ခေါင်းလောင်းပုံ ပန်းပင်များကို မြင်လိုက်ရ၏။ ဤမြင်ကွင်းမှာ အသစ်အဆန်း မဟုတ်သော်လည်း ကျွန်မ ကျောရိုးတစ်လျှောက် အေးစိမ့်ပြီး ကြက်သီးဖြန်းဖြန်း ထသွားခဲ့ပါ၏။ ကျွန်မ အတိတ်ကို ပြန်၍ စဉ်းစားကြည့်သည့်အခါတိုင်း မီးခိုးရောင် မြူနှင်းများကိုသာ တွေ့နေရသကဲ့သို့ မမှတ်မိဘဲ ဖြစ်နေလေ့ ရှိပါ၏။ ကျွန်မ၏ ဘ၀သည် ဆန်ဖရန်စစ္စကိုရှိ အဘွား၏ နေအိမ်ဤ ကျွန်မ အသက်ဆယ်နှစ်နီးပါး အရွယ်သို့ ရောက်သည့်အခါတွင်မှ စတင်ခဲ့ခြင်း ဖြစ်ပါ၏။
ထိုဖြစ်စဉ်သည် ကျွန်မတို့၏ မွေးစား ကလေးများနှင့် တစ်ပုံစံတည်းပင် ဖြစ်ပါ၏။ ၎င်းတို့ တွင်လည်း မွေးစားမည့်သူများကို မျှော်ရင်း ပရဟိတ ဂေဟာများ၌ နေထိုင်ခဲ့ကြရသည့် ဘ၀များ ကိုယ်စီကိုယ်င ရှိနေကြပါ၏။ ထို့နောက် ကျွန်မတို့က သူတို့ကို မွေးစားလိုက်သည့် အခါတွင်မှ သူတို့၏ ဘ၀များ အမှန် တကယ် စတင်ခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်မတို့၏ ပထမဆုံး မွေးစားကလေး စတာလင်အား ကျွန်မက မုန့်ကြိတ်သည့် တလိမ့် တုံးကို လှမ်းပေးလိုက်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်သတိရလာပါ၏။ စတာလင်သည် ထိုစဉ်က အသက် ခြောက်နှစ်မျှသာ ရှိသေးပြီး အလွန်တည်ကြည်သော ကလေး ဖြစ်၏။ ကျွန်မက သူ့အား မည်သို့ မည်ပုံ ဆက်ဆံရမည်ကို မသိပါ။ ကလေးများသည် ကျွန်မ အဖို့ အခြား မျိုးစိတ် တစ်ခုပမာ ဖြစ်နေကြပါ၏။ စိတ်ဝင်စား စရာ ကောင်းသောကြောင့် လေ့လာ လိုပါ၏။
သို့ရာတွင် မည်သို့မည်ပုံ ချဉ်းကပ်ရမည်ကို ကျွန်မ မသိပါချေ။ ကျွန်မက မုန့်ကြိတ်ရန် တလိမ့်တုံးကို လှမ်းပေးလိုက်ချိန်တွင် ၎င်း၏ မျက်လုံးကလေးများသည် တောက်ပလာကြ ၏။ ကျွန်မက ၎င်းအား စပျစ်သီးခြောက်များကို လှမ်းပေးလိုက်စဉ် အဘွားက ကျွန်မ လက်ထဲသို့ စပျစ်သီးခြောက်များ ထည့်ပေးနေသည်ကို ပထမဦးဆုံး အကြိမ် အဖြစ် ပြန်သတိရလာခဲ့ပါ၏။
စတာလင်နှင့် ကျွန်မ ထိုကဲ့သို့ ပထမအကြိမ် တွေ့ထိလိုက်ရမှုက ကျွန်မအား နွေးထွေး သွားစေပြီး ကျွန်မ ခင်ပွန်း စကော့၏ ကလေးများ အပေါ် ချစ်ခင်သော မေတ္တာ စိတ်ဓာတ်ကို ကျွန်မအနေနှင့် လေ့လာလိုသည့် စိတ်ဓာတ်အား မီးတောက်ကလေး ဖြစ်ပေါ် လာအောင် မီး မွှေးပေးနိုင်ခဲ့ပါ၏။ စကော့သည် ၎င်း၏ လုပ်ငန်းခွင် အချိန်များအား ကလေးများကို ထိန်းသိမ်း စောင့်ရှောက်ခွင့် မည်သူ ရထိုက်သည် ဆိုသော ကိစ္စအတွက် များစွာ အသုံးခဲ့သူ ဖြစ်ပါ၏။ သူ ကိုယ်တွယ်ရသော အမှုများ၌ ကလေးများကို မည်သည့် မိဘနှင့် နေထိုင်စေခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည် ဆိုသော အချက်ကို အမြဲတမ်း ဦးစားပေး၍ အာရုံစိုက်ခဲ့သူ ဖြစ်ပါသည်၏။
'အဲဒါ ဘာလဲဟင်'
အာတီက ရှေ့သို့ ကိုင်းပြီး ကျွန်မ ပခုံးပေါ်မှ ကျော်၍ လက်ညှိုးထိုးပြ လိုက်ရာ ကျွန်မ ပေါင်ပေါ်၌ ထိုင်နေသော ဆာရာ၏ ဦးခေါင်းကိုပင် ရိုက်မိလုမတတ် ဖြစ်သွားခဲ့ရပါ၏။
'ကျောက် ဖြစ်နေတဲ့ ထင်းရှူးပင် တစ်ပင်ပေါ့' ဟု ကျွန်မက ပြန်ဖြေလိုက်မိ၏။ ကျွန်မက ထိုအချက်ကို မည်သို့ မည်ပုံ သိနေခဲ့ပါသနည်း။
ထိုအရာသည် ဘီလူးကြီး တစ်ကောင်က ထားရစ်ခဲ့သော သက်ကြီး ပင်ပုကလေး တစ်ပင် နှင့် တူ၏။ အိမ်ရှေ့သို့ မောင်းဝင်ရသော မောင်တော်ကားလမ်း၏ အလယ်၊ ကျောက်တုံး များ ၀န်းရံထားသော မြေကမူ ကလေးတစ်ခုအပေါ်၌ စိုက်ထူးထားသည့် တွန့်လိမ် ကောက်ကွေးနေသော အလွန်ကြီးမားသည့် သစ်ပင်ကြီး တစ်ပင် ဖြစ်၏။
ထိုကားလမ်း၏ အဆုံး တိုက်အိမ်ဖြူကြီး၏ ရှေ့မျက်နှာစာတွင်မော်တော်ကား ကွေ့နိုင်သည့် ကြီးမားသော စက်ဝိုင်းခြမ်းကြီး ရှိနေ၏။
ကျွန်မက တိုက်အိမ်ဖြူကြီးကို ငေးကြည့်နေမိ၏။ အနောက်တောင် ဒေသမှ ရှေးကျသော အိမ်ပုံစံကို ကာလီဖိုးနီးယား တောင်ပိုင်း၌ လာရောက် ဆောက်လုပ်ထားခြင်း ဖြစ်၏။ ထုထည် ကြီးမားသော နေလှန်း အုတ်ဖြူများ အကြားမှ မျက်နှာကြက် ရက်မကြီးများသည် ဟိုနေရာ ဒီနေရာ တစ်ချောင်း အပြင်ဘက်သို့ ထိုးထွက်နေကြ၏။
တိုက်အိမ်ဖြူကြီးနှင့် မလိုက်ဖက်ဘဲ တခြားစီ ဖြစ်နေသော အင်္ဂါရပ်မှာ အလွန်ကြီးမား သော ပြတင်းပေါက် ကြီးများပင် ဖြစ်၏။ နေလှန်းအုတ်နှင့် ဆောက်ထားသော တိုက်အိမ် များတွင် ပြတင်းပေါက်များ သည် သေးငယ်လေ့ ရှိကြ၏။ ထူထဲသော နံရံများက ဆောင်းရာသီတွင် အပူဓာတ်ကို သိမ်းဆည်း သိုလှောင်ပေးထားပြီး နွေရာသီတွင် အေးမြ စေပါ၏။

အနောက်တောင် ဒေသမှ အင်ဒီးယန်း လူမျိုးတို့၏ ယဉ်ကျေးမှုများကို ကျွန်မ သင်ယူခဲ့ သော မနုဿဗေဒ ဘာသာရပ်၌ လေ့လာခွင့် ရခဲ့ပါ၏။
စကော့က ဗင်ကားကလေးကို နေလှန်း အုတ်တိုက် အိမ်ဖြူကြီးရှေ့၌ ရပ်တန့်လိုက်၏။
ဤတိုက်အိမ်ဖြူကြီးကို ဘယ်ဘက်မှ တောမကျ မြို့မကျ ဆောက်ထားသော အိမ်တစ်လုံး နှင့် သီးခြား ဖြစ်သွားအောင် ကန့်ထားသည့် မြက်ခင်းပြင်၌ ပေါင်းပင်များ ပေါများနေသလို မြက်ပင်များသည် အလွန် ရှည်လျားနေကြပါ၏။
စကော့က ၎င်း၏ မြူးကြွ ရွှင်ပျသော အကောင်းဆုံး လေသံနှင့် မေးလိုက်၏။
'ဒီမြက်ခင်းကို ဘယ်သူ ရိတ်ချင်ကြသလဲဟေ့'
'ကျွန်တော် ရိတ်ချင်တယ်'
နစ်ခ်က ဦးအောင် အော်လိုက်ခြင်း ဖြစ်၏။ ဒီယွန်ကလည်း သံယောင်လိုက်၍ ဖြေသည်။ စတာလင်က ရယ်လိုက်၏။ အမဲ ဖမ်းသည့် လှည့်စားချက်မျိုးကို သူနားလည်း သဘော ပေါက်လေ့ ရှိပါ၏။
'ကောင်းပြီ၊ ဒါဆိုရင် ပစ္စည်းတွေကို သယ်လာတဲ့ ကုန်ကားကြီး ရောက်လာတာနှင့် နစ်ခ် မင်းနှင့် ဒီယွန်တို့က ငါ့ကို ကူညီနိုင်တယ်'
ကျွန်မက ၀င်ပြောလိုက်ရ၏။
'ချစ်ချစ်ရယ်၊ ပရိဘောဂတွေကို အရင်ဆုံး နေရာ ချကြမယ်ကွယ်နော်
ကျွန်မက ခြံဝင်းထဲ၌ အလုပ်လုပ်ရန် စကော့၏ စိတ်အား ထက်သန်မှုကို သံသယ ဖြစ်ခြင်း တော့ မဟုတ်ပါ။ ဤတိုက်အိမ်ဖြူကြီးမှ အိမ်ငှားများ ဆင်းမသွားကြမီ ကျွန်မတို့သည် မြို့ အစွန်မှ ပရမ်းပတာ ဖြစ်နေသော အိမ်ကြီး တစ်လုံး၌ နေထိုင်ခဲ့ကြ၏။ ထိုစဉ်က သူသည် ခြံဝင်းကိစ္စကို ကျွန်မနှင့် လွှဲထားပြီး သူကမူ ပရိဘောဂများကို ကောင်းမွန်နေအောင် ပြုပြင်ပေးရန်နှင့် ရေပိုက်များ မချူချာသွားစေရန် အာရုံစိုက်၍ တာဝန်ယူခဲ့သူ ဖြစ်ပါ၏။ ကျွန်မက တူးလစ်ပန်းဖူးများကို စိုက်ပျိုးပြီး ပရူးဒင့်နှင့် ကာရိုးတို့ကို ကူညီ၍ ပေါင်းသင် ပေးကြရန် စည်းရုံးခဲ့ရပါ၏။ ကျွန်မက ထိုအိမ်ကြီး၌ ဆက်လက်၍ နေထိုင်လိုခဲ့ပါ၏။ သို့ရာ တွင် စကော့က မကြာခဏ နားပူ နားဆာ လုပ်လေ့ ရှိ၏။
'ဒီမှာ အိုလီဗီရာ၊ ခင်ဗျားက အဲဒီ ကြီးမားလှတဲ့ တိုက်အိမ်ဖြူကြီးရဲ့ ပိုင်ရှင်ပါ ခင်ဗျာ။ အိမ်ငှားတွေကို လိုက်ရှာရတာကလည်း သိပ် ခက်ခဲတယ် ခင်ဗျ၊ ကိုယ်တို့က ဘာဖြစ်လို့ အဲဒီအိမ်ကြီးကို ပြောင်းရွှေ့ပြီး မနေနိုင်ရတာလဲ၊ အဲဒီတိုက်အိမ်ကြီးကို တကယ် ပြည့်ပြည့် ၀၀ အသုံးချနိုင်တဲ့ မိသားစု နည်းနည်းကလေးထဲမှာ ကိုယ်တို့လည်း ပါတယ်ခင်ဗျ'
ကျွန်မ၏ တွန့်ဆုတ်ဆုတ် ဖြစ်နေမှုကို ရှင်းမပြတတ်ပါ။ ထိုတိုက်အိမ်ကြီးနှင့် ပတ်သက်၍ တစ်ခုခု ထူးခြားနေပါ၏။ လွန်ခဲ့သော သုံးနှစ်က ဖခင်ဖြစ်သူ၏ သေတမ်းစာကို ဖတ်ကြားခဲ့ စဉ်က ကျွန်မက ထိုအိမ်ကြီးအား အမွေပေးခဲ့ပါ၏။ ကျွန်မ စိတ်ထဲ၌ ထိုတိုက်အိမ်ကြီးနှင့် ပတ်သက်သော ကိစ္စ တစ်ခုခုသည် တစ်နေရာရာ၌ ခိုအောင်း နေခဲ့ပါ၏။ အဆိုပါ နေအိမ် ကြီး၏ ပိုင်ဆိုင်ခွင့်ကို ကျွန်မအား ပေးအပ်ခဲ့သည် ဆိုသော ၀ါကျအား ဖော်ပြသည်ကို ကြား လိုက်ရပြီးနောက် ကျွန်မက အစ်ကို နှစ်ယောက်နှင့် မောင်ဖြစ်သူတို့အပြင် ကျွန်မနှင့် သူစိမ်း ပြင်ပြင် ဖြစ်နေကြသည်သာမက အလွန် စိတ်ဆိုးနေကြသူများကို လှမ်းကြည့်လိုက် မိပါ၏။ ၎င်းတို့ကလည်း ကျွန်မကို ပြန်စိုက်ကြည့်နေကြပါ၏။
အစ်ကို အကြီးဆုံး ဒေါက်ဂလပ်စ်က ကျွန်မကို ပြုံးပြခဲ့ပါ၏။ သို့ရာတွင် အလွန်ကြောက်မက် ဖွယ် ကောင်းသော အပြုံးပင် ဖြစ်ပါ၏။
ကားလ်၏ မျက်စိများက ပြူးကျယ်သွားကြပြီး ချက်ချင်းပင် ကျွန်မနှင့် မျက်နှာ လွှဲပစ်လိုက် ၏။
မောင်ဖြစ်သူ မတ်ခ်က ပြောလိုက်၏။
'မဖြစ်နိုင်ဘူး၊ အဲဒီလို ဆိုတာ မဖြစ်နိုင်ဘူး'
သူသည် ကုလားထိုင်ပေါ်၌ ပုံကျသွား၏။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ပြီး အသက် သုံးဆယ် အရွယ် စိတ်ကူးယဉ်သမား ဖြစ်၏။ ဘယ်တော့မှ ရင့်ကျက်မလာသူလည်း ဖြစ်၏။
ကျွန်မက ပြောလိုက်၏။
'ကျွန်မအဖို့ မလိုအပ်ပါဘူး၊ ကျွန်မက ရှင်တို့ကို စာချုပ်စာတမ်းနှင့် လွှဲပေးမယ်'
ဒေါက်ဂလပ်စ်က ပြောလိုက်သည်။
'မဟုတ်သေးဘူး အိုလီဗီရာ၊ အဲဒီ တိုက်အိမ်ကြီးကို နင် ပိုင်သွားပြီ၊ ယူသာ ထားလိုက် ပေတော့'
ကားလ် ဦးခေါင်းကို ခါယမ်း၍ ပြ၏။ သို့ရာတွင် စကား တစ်ခွန်းမှ မပြောပါ။
ထိုတိုက်အိမ်ကြီးကို ကျွန်မ ပိုင်ဆိုင်ခွင့် ရခဲ့ချိန်က စ၍ အိမ် ထိန်းသိမ်းပြုပြင်ရေးကိစ္စနှင့် ခြံဝင်းကိစ္စတို့ကို စကော့အား ဆောင်ရွက်စေခဲ့ပါ၏။ အိမ်ငှားများနှင့် ဆက်ဆံရေးကိုလည်း သူနှင့်ပင် လွှဲထားခဲ့ပါ၏။ ကျွန်မက ထိုတိုက်အိမ်ဖြူကြီးအား ကြည့်ချင်စိတ်ပင် မရှိလှပါ။
အဘယ့်ကြောင့် ဆိုတာကိုလည်း သူ့အား ရှင်းမပြနိုင်ခဲ့ပါ။ တစ်လုံးတစ်ပါဒမှ ရှင်းမပြဘဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့သော ကျွန်မ၏ ငယ်ဘ၀အား သူ လက်ခံခဲ့သလို ထိုနည်း အတိုင်းပင် သူက လက်ခံခဲ့ပါ၏။ သူက ကျွန်မကို အနမ်းကလေး တစ်ပွင့် ပေးလိုက်ပြီး 'ဖြစ်ပါတယ် အိုလီဗီရာ၊ ကိုယ်နားလည်ဖို့ မလိုအပ်ပါဘူးကွာ' ဟု ပြောလိုက်လေ၏။
'ကဲ တပ်သားတွေ လာကြဟေ့'
စကော့သည် ပြောပြောဆိုဆိုနှင့် မော်တော်ကားထဲမှ ခုန်ထွက်လိုက်ပြီး နောက်ဘက်မှ လျှောတံခါးကို ဆွဲဖွင့်ပေးလိုက်လေ၏။
'မာမီ သမီးလည်း အပြင် ထွက်ချင်တယ်'
ဆာရာက ကားတံခါး လက်ကိုင်ကို လှမ်းကိုင်ရင်း ပြောလိုက်၏။ ကျွန်မက သူ့ကို တံခါး ဖွင့်ပေးလိုက်၏။ ထို့နောက် ကျောက်စရစ်ခဲများ ခင်းထားသော ကားလမ်းပေါ်သို့ ကျွန်မ ဆင်းလိုက်ပြီး တိုက်အိမ်ဖြူကြီး၏ ဟင်းလင်း ဖြစ်နေသော ရှေ့ဘက်မျက်နှာစာကို ငေးကြည့်နေမိ၏။ ကလေးများသည် တိုက်အိမ်ဖြူကြီး၏ အောက်ထပ် အဆောင်နှစ်ဖက် အကြားရှိ ကျောက်လုံးများ ခင်းထားသော ကွက်လပ်ကလေး ဆီသို့ အုတ်ခင်းလမ်း အတိုင်း လျှောက်သွားနေကြပြီ ဖြစ်၏။
'ဖွင့်ပါတော့၊ ဖွင့်ပါတော့ဗျို့'
ကာရိုးက အိမ်ရှေ့ တံခါးမကြီးကို ဆောင့်ဆွဲရင်း အော်ဟစ်နေ၏။
စကော့သည် သူ့အကျီ အိတ်ထဲမှ သော့တွဲကို ထုတ်ယူလိုက်ပြီးနောက် အိမ်ရှေ့ တံခါးမ ကြီးကို ဖွင့်ပေးလိုက်၏။ ကလေးများက သူ့ကို တွန်းတိုက်ပြီး အိမ်ကြီးထဲသို့ ပြေးဝင်သွား ကြ၏။ ကျွန်မ၏ လည်ချောင်းထဲ၌ တစ်ဆို့ဆို့ ဖြစ်သွားပြန်သည်။ မူးချင်သလိုလိုလည်း ဖြစ်လာ၏။
'စကော့၊ ကလေးတွေကို ရှင့် မျက်စိအောက်က တစ်ယောက်မှ အပျောက်မခံပါနှင့်'
'ဘာပြောတယ်'
စကော့က ကလေးများ နောက်ဘက်သို့ လှမ်းကြည့်လိုက်၏။ ကလေးများသည် ပျော်ရွှင် မြူးထူးစွာ အော်ဟစ်ကြရင်း အိမ်ကြီးထဲသို့ တကွဲတပြားစီ ပြေးဝင်သွားကြပြီ ဖြစ်၏။
"ဗီရာ စိတ် အေးအေး ထားစမ်းပါကွာ၊ ကိုယ်က ခြ သတ်တဲ့ အဖွဲ့နှင့် တစ်အိမ်လုံး နှံ့အောင် လိုက်ကြည့်ပြီးပါပြီ၊ မခိုင်တဲ့ ကြမ်းပြင် ဆိုလို့ ဘယ်နေရာမှာမှ မရှိဘူး၊ သိပ်ကောင်းတဲ့ အိမ်ကြီးပါကွာ"
"စကော့"
ကျွန်မက သူ့ လက်မောင်းကို အတင်း ဆုပ်ကိုင်ထားရင်း ထပ်အော်ပြောလိုက်၏။
"စကော့"
သူက ကျွန်မကို လက်နှင့် သိုင်း၍ ဖက်ထားလိုက်၏။
"ဘာဖြစ်လို့လဲ ချစ်ရယ်"
"ဟို တစ်နေရာမှာ"
ကျွန်မက ယိုင်တိ ယိုင်ထိုးနှင့် ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်ရာ တံခါးခုံကို ကျော်မိပြီး အိမ်ကြီးထဲသို့ ရောက်ရှိသွားလေ၏။ စကော့က ကျွန်မကို ထိန်းပေးထားရ၏။
"အိမ်ထဲမှာ အနံ့ အသက် မကောင်းသလိုဘဲ"
"လိုင်ဆိုး ပိုးသတ်ဆေး အနံ့ ဖြစ်နိုင်ပါတယ်ကွာ၊ နောက်ဆုံး နေသွားတဲ့ အိမ်ငှားတွေက ရှုပ်ပွေနေအောင် နေသွားကြလို့ သန့်ရှင်းရေး ကုမ္ပဏီ တစ်ခုကို ငှားပြီး ကိုယ် သန့်ရှင်းရေး လုပ်ထားပါတယ်"
"အဲဒါကို ပြောတာ မဟုတ်ဘူး"
ကျွန်မက သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး အနောက်ဘက် အဆောင်ဆီသို့ သွားသော စင်္ကြံ လမ်းအတိုင်း ခပ်သွက်သွက် လျှောက်သွားလိုက်၏။
"ပင်မ အိပ်ခန်းကြီးဆီကို ဟောဒီက ဖြတ်သွားရတယ်"
စကော့က စင်္ကြံ လမ်းကလေးတစ်ခုကို လက်ညှိုးထိုးရင်း ပြောလိုက်၏။
ကျွန်မက သူ့ဆီမှ ခွာထွက်လိုက်ပြီး လှေကား အတိုင်း နင်းတက်သွား၏။
နစ်ခ်ဟု ကျွန်မက အော်ခေါ်လိုက်သည်။ ကျွန်မတို့၏ အပေါ်ဘက်၌ စတာလင်နှင့် ငြင်းခုံနေသော သူ့အသံကို ကြားလိုက်ရ၏။
"နစ်ခ်၊ အာတီ ဘယ်မှာလဲ"
ကာရိုးသည် အပေါ်ဘက် လှေကားထိပ်၌ ပေါ်လာ၏။
"မာမီရေ ထူးဆန်းလိုက်တာ၊ အပေါ်ထပ်မှာ အိပ်ခန်း တစ်ခန်းစာလောက် ကျယ်တဲ့ ဗီရိုကြီး တစ်လုံး ရှိနေတယ်"
ကျွန်မက လှေကားပေါ်ကို ပြေးတက်သွား၏။
"အဲဒီ အထဲက အားလုံး ထွက်ကြစမ်း"
ကျွန်မ အဲဒီ ဗီရိုကြီးကို မနှစ်ခြိုက်ပါ။ တစ်အိမ်လုံးတွင် ကျွန်မ မကြိုက်သည့် တစ်ခုတည်းသော ပစ္စည်းဖြစ်ပါသည်။ ကျွန်မ မနှစ်ခြိုက်ခဲ့သည်မှာ ကြာလှပါပြီ။ မက်၏ ဗီရို မဖြစ်မီကပင် ကျွန်မ မကြိုက်ခဲ့ခြင်း ဖြစ်ပါ၏။
ထိုဗီရိုထဲ၌ မက် မရှိခဲ့စဉ်က ကျွန်မသည် ထိုဗီရိုထဲ၌ ရှိနေခဲ့ပါ၏။ သူက ကျွန်မကို တစ်ချိန်လုံး ထိုဗီရိုထဲ၌ သော့ခတ်ပြီး ထည့်ပိတ်ထားလေ့ရှိပါ၏။ သူက ကျွန်မထက် တစ်နှစ်မျှသာ အသက် ပိုကြီးသူ ဖြစ်ပါ၏။ သို့ရာတွင် ကိုယ်လုံး ကိုယ်ပေါက်ကမူ အတော် ကလေးပိုထွားပါ၏။ သူ အရမ်း စိတ်ပုပ်ရှိနေသော အချိန် မျိုးတွင် အခြား ကလေးများက ကျွန်မကို ဗီရိုထဲမှ ပြန်ထုတ်မပေးနိုင်အောင် ဗီရို သော့ကို ၀ှက်ထား လေ့ရှိပါ၏။
အစ်ကို အကြီးဆုံး ဒေါက်ဂလပ်စ်က ကျွန်မ အော်နေသံကို ကြားသွားပြီး မာ့မီကို သွားခေါ်လေ့ရှိပါ၏။ မာမီ့ထံတွင် ထိုဗီရိုကို ဖွင့်၍ ရသည့် သော့တစ်ချောင်း ရှိနေပါ၏။
မာမီက "အဲဒီ တံခါးက သော့အိမ် ဒယ်ဒီ့ကို ဖြုတ်ပစ်ခိုင်းရဦးမယ်" ဟု ပြောလေ့ ရှိ၏။ သို့ရာတွင် မာမီ တစ်ခါမှ မခိုင်းဖြစ်ခဲ့ပါ။
ကျွန်မသည် ထိုဗီရိုကြီးထဲ၌ အချိန်အတော်များများကို ဖြုန်းခဲ့ဖူးပါ၏။ ထိုဗီရိုကြီးထဲ၌ ကစားနည်းမျိုးစုံ၊ ပဟေဠိ မျိုးစုံ ရှိနေပါ၏။ အပေါ်ထပ်မှ ကလေး ကစားခန်း ဖြစ်သောကြောင့် ရောင်စုံ ခဲတံများ၊ ပိုစတာ ဆွဲသော ဆေးများနှင့် ပန်းချီဆွဲရန် ဗလာ စာအုပ်များ အမျိုးစုံ ရှိနေပါ၏။ သို့ရာတွင် မက်က ကျွန်မကို ဗီရိုထဲ၌ သော့ခတ်၍ ပိတ်ထား ခဲ့သလို အပြင်ဘက်၌သာ ရှိသော မီးခလုတ်များကိုပါ ပိတ်ထား ခဲ့သောကြောင့် ကျွန်မ မှောင်ထဲတွင် ဘာမှ လုပ်၍ မရပါ။
တစ်ကြိမ်တွင် ကျွန်မက ရောင်စုံ ခဲတံများကို ရှာတွေ့သွားပြီး အိမ်တွင်လည်း ကျွန်မကို အပြင် ထုတ်ပေးမည့်သူ တစ်ယောက်မျှ မရှိသောကြောင့် အရမ်း စိတ်ဆိုးသွားပြီး နံရံများတွင် လျှောက် ခြစ်ပစ်လိုက်မိပါ၏။
မာမီက ကျွန်မကို ဆပ်ပြာ၊ ဘလိတ်ဓား တစ်ချောင်း၊ ပွတ်တိုက်ရာ၌ အသုံးပြုရန် အ၀တ်စုတ်များကို ပေး၍ သန့်ရှင်းရေး ပြန်လုပ်ခိုင်းပါ၏။
ကျွန်မ ကိုယ်တိုင်လည်း ဓားရှ ခံခဲ့ရပါ၏။ အကုန်လုံး ပြောင်စင်သွားအောင်တော့ မတတ်နိုင်ခဲ့ပါ။
မက်နှင့် ကျွန်မ အမြဲတမ်း ရန်ဖြစ်နေကြရ၏။ မက် ဒေါပွနေသည့် အကြောင်းအရင်းမှာ ရေချိုးခန်းနှင့် တွဲထားသော ကျယ်ဝန်းလှသည့် အိပ်ခန်းထဲ၌ ကျွန်မ နေခွင့်ရသောကြောင့်ပင် ဖြစ်ပါ၏။ သူက ဒေါက်ဂလပ်စ်နှင့် တွဲ၍ အတူတူ နေရသလို ကားလ်နှင့် မတ်ခ်တို့လည်း တစ်ခန်းတည်း၌ အတူတူတွဲ၍ နေကြရသည်မှာ မတရားပါဟု ဆိုပါ၏။ မာမီက ကျွန်မသည် မိန်းကလေး ဖြစ်သောကြောင့် နေခွင့်ရခြင်း ဖြစ်သည်ဟု ဆိုပါ၏။ မက်က ထိုကိစ္စသည်လည်း မတရားပါဟု ဆိုပြန်ပါ၏။
ဒယ်ဒီက ဘ၀တွင် မည်သူက မည်သူ့ကိုမျှ မျှမျှတတ ရှိစေရမည်ဟု အာမ မခံနိုင်ဟုဆိုပါ၏။
မက် တစ်ယောက် ထိုဗီရိုကြီးထဲ၌ ရှိနေခဲ့ပြီး နောက်ပိုင်းတွင် ကျွန်မကို မည်သူကမျှ စကား မပြောကြတော့ပါ။ ဒက်ဒီနှင့် မာမီတို့ အိမ်သစ် တစ်လုံးကို လိုက်လံ ရှာဖွေခဲ့သည်မှာ အတော်ပင် အချိန်ကြာမြင့်ခဲ့ပါ၏။ ၄င်းတို့က ဤအိမ်ကြီးကို ရောင်းချပစ်ရန် ကြိုးပမ်းခဲ့ဖူးပါ၏။ သို့ရာတွင် မည်သူကမျှ မ၀ယ်ကြပါ။ ထို့ကြောင့် ကျွန်မတို့ ဤအိမ်ကြီး၌ ဆက်လက် နေထိုင်ခဲ့ကြရခြင်း ဖြစ်ပါ၏။
ကျွန်မ ဤတိုက်အိမ်ဖြူကြီးကို အမှန်တကယ်ပင် နှစ်ခြိုက်မိပါ၏။
တစ်ညတွင် ကျွန်မသည် မက်၏ ဗီရိုကြီးကို ကျော်ဖြတ်၍ လှေကားမှ ပြေးဆင်းသွားပြီး ဒယ်ဒီ၏ စာကြည့်ခန်းထဲသို့ သွားရောက်ခဲ့ပါ၏။ ညစာ စားချိန်နှင့် နံနက်စာ စားချိန်များတွင် အားလုံးက ကျွန်မကို လှမ်းကြည့်ကြပြီးနောက် မျက်နှာ လွှဲသွား ကြပါ၏။ မည်သူကမျှ ကျွန်မကို စကား မပြောကြပါ။ ကျွန်မ နေ့လယ်စာကို ထုပ်ပိုး၍ ကျောင်းသို့ ယူသွားပြီး အပြင်ဘက်တွင် နေ့လယ်စာကို တစ်ယောက်တည်း စားရလေ့ ရှိပါ၏။
ကျွန်မက ဒယ်ဒီ့ထံ ဆင်းပြေးသွားပြီး ပြောလိုက်မိပါ၏။
"ဒယ်ဒီ သမီးကို ချစ်တယ်လို့ တစ်ခွန်းလောက် ပြောစမ်းပါ၊ ပြောပါ ဒယ်ဒီရယ်၊ သမီးကို ချစ်တယ်လို့ တစ်ခွန်းပဲ ပြောပါ၊ တစ်ခွန်းတည်းပါ ဒယ်ဒီရယ်"
ဒယ်ဒီက ငိုချလိုက်ပါ၏။ ထို့နောက်မှ ပြန်ပြောလိုက်၏။
"သမီးရယ်၊ ဒီကိစ္စကို သမီး နားမလည်နိုင်ဘူး ဆိုတာ ဒယ်ဒီ သိပါတယ် ကလေးရယ်၊ ဒယ်ဒီတို့ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားနေကြပါတယ် သမီးရယ်"
စကော့က ကျွန်မကို ထိန်းထားပြီး အထိတ်တလန့်နှင့် မေးလိုက်ရှာပါ၏။
"ဘာဖြစ်လို့လဲဟင်၊ ဘာဖြစ်လို့လဲ"
ကျွန်မက ပြောလိုက်၏။
"အဲဒီ ဗီရိုထဲကို ကလေးတွေ မ၀င်ပါစေနှင့်၊ ရှင်က အဲဒီ ဗီရိုတံခါးရွက်ကို ဖြုတ်မပစ်ရသေးခင် သူတို့ကို မ၀င်ပါစေနှင့် စကော့ရယ်၊ ကျွန်မကို ကတိပေးစမ်းပါ"
စတာလင်က ကျွန်မကို ဘေးတစောင်း လှည့်ကြည့်လိုက်သည်။ မာရီယာက ကျွန်မ အနားသို့ လာပြီး ခါးကို ဖက်ထားပါ၏။ ကျွန်မက သူ့ကို ကောက်ယူပွေ့ချီလိုက်ပြီး သူမ၏ သန့်ရှင်းနေသော ဆံပင်များထဲတွင် ကျွန်မ၏ မျက်နှာကို အပ်ထားလိုက်မိပါ၏။
"သမီးလေးရယ်၊ သမီးလေးကို မာမီ ချစ်ပါတယ်ကွယ်"
စကော့က ပြောလိုက်၏။
"ကဲ ကလေးတွေ မင်းတို့ မာမီ ပြောတာကို ကြားကြတယ် မဟုတ်လား၊ အဲဒီ ဗီရိုထဲကို ဘယ်သူမှ မ၀င်ရဘူး၊ ဟုတ်ပြီနော်၊ ခုအချိန်ကစပြီး မ၀င်ရဘူးလို့ ပြောတာနော်"
ကာရိုးက ပြန်ပြောလိုက်၏။
"ဒါပေမဲ့ ဒယ်ဒီရယ်၊ အထဲမှာ ဘာမှ မရှိပါဘူး၊ နံရံပေါ်မှာ ခြစ်ရာတွေ နည်းနည်း ပါးပါး ရှိတာက လွဲရင် တကယ့်ကို ဟာလာ ဟင်းလင်းကြီးပါ"
ကျွန်မက တံခါးခုံဆီသို့ လျှောက်သွားပြီး အထဲကို လှမ်းကြည့်လိုက်မိပါ၏။
နောက်ဘက် နံရံပေါ်တွင် လူကြီး တစ်ယောက် မျက်မှောင်ကုတ်နေသည့်ပုံကလေး တစ်ယောက်၏ လက်ရာကို မရမ်းရောင် ခဲတံနှင့် ဆွဲထားကြောင်း မြင်တွေ့နေရ၏။
ပုံအောက်ဘက်၌ အစိမ်းရောင် ခဲတံဖြင့် ရေးထားသော စာလုံး သုံးလုံးကိုလည်း မြင်တွေ့လိုက်ရပါ၏။
"ကယ်တော်မူကြပါ"
"ကယ်တော်မူကြပါ"
"ကယ်တော်မူကြပါ"
ကျွန်မ အိပ်ရာထဲမှာ တစ်ယောက်ယောက် ၀င်အိပ်နေသည်။ တကယ်တော့ ကျွန်မ အိပ်ရာမဟုတ်ပါ။ ကျွန်မ ပြောလိုသည့် သဘောမှာ ကျွန်မ အိပ်ရာပေါ်၌ ကျွန်မ ထိုင်နိုင်ပါ သည်။ အချိန် အများစုတွင် ကျွန်မသည် ဤအိမ်ကြီးထဲသို့ ပြောင်းရွှေ့ ရောက်ရှိလာကြသော လူသစ်များ ယူဆောင်လာကြသည့် ပရိဘောဂ များအကြားတွင် လျှောက်သွားနေလေ့ရှိပါသည်။ ထု့အတူပင် အဆိုပါ လူသစ်များအကြား၌ ကျွန်မ လျှောက်သွားနေလေ့ရှိပါသည်။ ယခုတော့ ကျွန်မ အခန်းထဲတွင် အမျိုးသမီးကလေး နှစ်ယောက်က လာအိပ်နေကြသည်။ ကျွန်မ ခုတင် ရှိနေသောနေရာ တည့်တည့်တွင် ၄င်းတို့၏ ခုတင်ကို ချထားပြီး ထိုအိပ်ရာပေါ်၌ အိပ်နေကြခြင်းဖြစ်သည်။ ကျွန်မက သူတို့ နှစ်ယောက်ကို ယခင် အချိန်များထက် ပိုပြီးထူးခြား ကောင်းမွန်စွာ မြင်တွေ့နေရပါသည်။ ကြားနေရပါသည်။
သူတို့ နှစ်ယောက် အနက် တစ်ယောက်သည် ထမင်းလုံး တစ္ဆေခြောက်သည်ကို ခံနေရသည်။
"မာမီရေ မာမီ"
ကျွန်မ အသံ နှစ်သံကို ကြားလိုက်ရပါ၏။ ကျွန်မ နံဘေးရှိ စကော့လူးလွန့်လာသည်။ ကျွန်မက ခပ်တိုးတိုးကလေး ပြောလိုက်၏။
"ရှင် ပြန်အိပ်နေလိုက်ပါ၊ အိမ်သစ်ကို ရောက်လာတဲ့ ညမို့ လိပ်ပြာလန့်ကြတာနှင့် တူပါတယ်"
သူက လောကကြီးတွင် လိပ်ပြာ လန့်စရာ ကိစ္စတွေ များပြားလှကြောင်း ဗလုံးဗထွေး လျှောက်ပြော နေသည်။ ကျွန်မက သူ့ကို အနမ်း တစ်ပွင့်ပေးလိုက်ပြီး ည၀တ် အင်္ကျီကို ကောက်ဝတ် လိုက်သည်။ ထို့နောက် အပေါ်ထပ်သို့ တက်လာခဲ့ပါ၏။
ကာရိုးနှင့် မာရီယာတို့သည် အပေါ်ထပ် အရှေ့ဘက် အဆောင်၏ ထိပ်ဆုံး၌ ရှိသော အိပ်ခန်းထဲ၌နေခွင့်ရကြ၏။ အော်သံများသည် ၄င်းတို့၏ အသံများပင်ဖြစ်၏။
ကျွန်မက လှေကားပေါ်သို့ ပြေးတက်လာခဲ့ပြီး စကော့က ကျွန်မအတွက် သံနှင့် ရိုက်၍ ပိတ်ပေးထားသော ကလေးများ ကစားခဲ့ကြသည့် ထိုဗီရိုကြီးကို ကြည့်လိုက်မိ၏။ ထိုဗီရိုကြီးထဲ၌ မည်သည့် ကလေးတစ်ယောက်မျှ ရှိမနေကြောင်း သေချာအောင် သုံးကြိမ် တိတိ စစ်ဆေးကြည့်ပြီးမှ သမီးများ၏ အခန်းဆီသို့ သွားခဲ့ပါ၏။
"မာမီ၊ မာရီယာ အိပ်မက်ဆိုးကြီး မက်နေတယ်"
အဖြူရောင် ည၀တ် ၀တ်ရုံကို ၀တ်ပြီး ခုတင်ပေါ်၌ ထိုင်နေသော ကာရိုးက ပြောလိုက်ခြင်းဖြစ်ပါ၏။ မာရီယာက ကာရိုး၏လက်ကို အတင်း ဆုပ်ကိုင်ထား၏။ သူမ၏ မျက်လုံးများသည် ပြူးကျယ်ပြီး ကြောက်လန့်နေ၏။
"ကျွန်မက မာမီ့ကို လာမခေါ်နိုင်အောင် သူက အတင်း ဆွဲထားတယ်"
"မာမီ၊ တစ္ဆေ တစ္ဆေ"
"ဘာပြောတယ်၊ ဘာပြောလိုက်တာလဲ ကလေးရယ်"
ကျွန်မက သူမ၏ နံဘေး ခုတင်ပေါ်၌ ၀င်ထိုက်လိုက်ပြီး သူမကို ဖက်ထားလိုက်၏။
မာရီယာက တိုးတိုးလေး ပြောလိုက်သည်။
"သူက ကျွန်မ ညီမလေး၊ အငယ်မကလေး"
ကျွန်မကလည်း တိုးတိုးကလေး ပြန်မေးမိ၏။
"မာရီယာ၊ သမီးမှာ ညီမလေး ရှိသလား"
"နစ်ခ်က ပြောတော့ မာရီယာ့မှာ ညီမလေး တစ်ယောက် ရှိတယ်၊ ဒါပေမဲ့ ဆုံးသွားတယ်တဲ့"
ကာရိုးက ၀င်ပြောလိုက်ခြင်း ဖြစ်သည်။
"အေဂျင်စီက ငါတို့ကို ဘာမှ မပြောလိုက်ပါလား၊ ဪကလေးရယ် သနားဖို့ ကောင်းလိုက်တာကွယ်"
ကျွန်မက မာရီယာ့ကို ထပ် မေးလိုက်၏။
"မာရီယာ၊ နွားနို့ ပူပူကလေးကို ပျားရည်နှင့် သောက်မလား"
"မာမီ"
သူက ထပ် အော်လိုက်ပြီး ကျွန်မ ပခုံးပေါ်မှ ကျော်၍ လက်ညိုး ထိုးပြလိုက်လေ၏။
ကျွန်မက သူ ပြသည့် နေရာသို့ လှမ်းကြည့်လိုက်ရာ ဗီရို တံခါးကြီး၏ ရှေ့ဘက်၌ တံလျှပ်ကဲ့သို့ တလျှပ်လျှပ် လင်းလက်နေသော မိန်းကလေးငယ်လေးတစ်ယောက်၏ ရုပ်ပုံကို မြင်လိုက်ရလေ၏။ ကျွန်မ ရင်ထဲတွင် အေးစက်ပြီး ထိတ်လန့်သွားမိပါ၏။ ကျွန်မက မာရီယာ့ကို တင်းကျပ်စွာ ပွေ့ဖက် ထားလိုက်မိ၏။ သူ့ကို အားပေးရန်ထက် ကျွန်မ၏ ကြောက်စိတ်ကို အားပေးရန်က ပို၍ လွန်ကဲနေခဲ့ပါ၏။ ကာရိုးက ခုတင်ပေါ်သို့ တက်လာပြီး ကျွန်မကို ကျောဘက်မှ နေ၍ ပခုံးများကို ဖက်ထားလိုက်၏။
သူမက "ဒယ်ဒီ"ဟု တအား အော်ခေါ်လိုက်၏။
"ရှူးး"
ကျွန်မက ထပ်ပြောလိုက်၏။ ထို့နောက် ကျွန်မ၏ ရင်ထဲတွင် ကလေးချော့သော တေးသီချင်းတစ်ပုဒ် ပေါ်ထွက်လာလေ၏။ ဘွားဘွား ဆိုပြလေ့ရှိသော ကလေးချော့ သီချင်း မဟုတ်သည့်တိုင်အောင် ကျွန်မက သီဆိုလိုက်ပါ၏။
"တစ်နေ့တာ ကုန်ဆုံးပြီး ညနေခင်းကို ရောက်ခဲ့ပြီလေ၊ အော်ဟစ်သံတွေ သီချင်းသံတွေလည်း ကွယ်ပျောက်ခဲ့ပြီလေ၊ ခြုံစောင်ထဲမှာ နွေးနွေးထွေးထွေး ၀င်ကွေးပြီး ဖယောင်းတိုင် မီးကို မှုတ်ဖို့ အချိန်ရောက်ခဲ့ပြီ၊ အိပ်မက် ဆိုတဲ့ လမ်းမကြီးပေါ်မှာ သမီးငယ် လျှောက်သွားပြီး ဆော့ကစား နေပါတော့လားကွယ်၊ တစ်နေ့တာ ကုန်ဆုံးသွား ချိန်မှာ အိပ်စက်ခြင်းက လွဲလို့ ဘာမှ မရှိနိုင်တော့ ပါဘူးကွယ်၊ သမီးလေး အဝေးကို သွားတဲ့အခါ သမီးကလေးကို ချစ်တဲ့အကြောင်းသိပါစေ၊ သမီးလေး ဘယ်နေရာကိုပဲသွားနေ သွားနေ အိမ်ပြန်လာတဲ့အခါမှာတော့ သမီးလေးကို စောင့်ကြို နေမယ့် မာမီ အဆင်သင့် ရှိနေမှာပါကွယ်"
ထိုအသံသည် ကျွန်မအသံ အစစ်မဟုတ်သည့် တိုင်အောင် ကျွန်မအသံကို ပြန်ကြားနေရပါ၏။ ကျွန်မ မာမီ၏ အသံပင်ဖြစ်ပါ၏။ ကျွန်မ မာမီက ကျွန်မကို သီချင်းဆိုပြဖို့ ဆိုသည်မှာ ဝေလာဝေး။ ကျွန်မအား စကား ပြောခဲ့ဖူးသည်ကိုပင် ပြန် မမှန်မိတော့ပါ။ တံလျှပ်ကဲ့သို့ တောက်ပနေသော ကလေးမလေးသည် ကျွန်မတို့ဆီသို့ တိုး၍ လာနေပါ၏။ ကာရိုး၏ လက်ချောင်းများက စွန်ရဲတို့၏ လက်သည်းများပမာ ကျွန်မ ပခုံးသားအပေါ်၌ ပို၍ စူးဝင်လာကြသည်ကို ခံစားနေရပါ၏။ ထိုကလေးမလေးက မာမာဟု ခေါ်လိုက်၏။ သူမ အသံသည် ရေအောက်မှ ပြောလိုက်သည့် အသံနှင့် တူနေ၏။
မာရီယာသည် ဆွဲဆွဲငင်ငင်နှင့် ငိုကြွေးလိုက်ပြီး သူမ၏ မျက်နှာကို ကျွန်မ ရင်ခွင်ထဲ၌ ၀ှက်ထားလိုက်လေ၏။
"မာမာ"
ထိုကလေးမလေးက ထပ်ခေါ်လိုက်၏။ ထို့နောက် သူ့လက်ကလေးကို ဆန့်တန်း၍ ကျွန်မ မျက်နှာကို လာ၍ ထိကိုင်လိုက်လေ၏။ ထို့နောက် ထိုကလေးမလေး၏ ရုပ်ပုံလွှာ ပျောက်ကွယ်သွားတော့သည်။
ကျွန်မတို့ သုံးယောက် ခုတင်ပေါ်၌ ထိုင်နေကြရင်း တစ်ဦးကို တစ်ဦး တင်းကျပ်စွာ ဖက်ထားမိကြရင်း ဆွဲဆွဲငင်ငင်နှင့် ငိုကြွေးနေမိခဲ့ကြပါ၏။
ထို့နောက် ကျွန်မ ပြန် သတိရလာပါတော့သည်။
ကျွန်မသည် ဆေးရောင်ခြည်သော စာအုပ်ထဲ၌ စိတ်ရှည် လက်ရှည်နှင့် ဆေးရောင် ခြယ်ခဲ့ပါ၏။ မက်သည် အနက်ရောင် ခဲတံကြီး တစ်ချောင်းနှင့် ကျွန်မ အနှစ်ခြိုက်ဆုံး ပုံ သုံးပုံ အပေါ်တွင် ကြက်ခြေခတ်၍ ခြစ်ပစ်လိုက်၏။ ကျွန်မက ထိုပုံ သုံးပုံကို ကျောက်သင်ပုန်းပေါ်တွင် ကပ်ပြထားရန် ရည်ရွယ်ခဲ့ပါ၏။ သို့ရာတွင် မက်က ဖျက်ဆီးပစ်လိုက်ပါ၏။
ကျွန်မကလည်း မက်ကို ဗီရိုထဲ၌ သော့ခတ်၍ ပိတ်လှောင်ထားလိုက်ပါ၏။
မက်က ရော်ဘင်၏ အစ်ကို တော်မီနှင့် အတူ လှေလှော် ရွက်တိုက်ကလပ်၌ လေ့ကျင့် သင်ကြား နေချိန်ဖြစ် ၍ အဆိုပါ အရပ်ဒေသမှ အဝေးသို့ ထွက်ခွာသွားလိုစိတ် မရှိပါ။ ကျွန်မတို့ တစ်အိမ်သားလုံး ဆန်ဖရန်စစ္စကို မြို့ရှိ ဘွားဘွားထံ သွားရောက် လည်ပတ်ကြစဉ် မက်သည် ရော်ဘင်၊ တော်မီတို့နှင့် အတူတူ နေထိုင် ခဲ့ရမည်ဖြစ်ပါ၏။ ဘွားဘွားက နေထိုင်မကောင်းဖြစ်နေပါ၏။ ကျွန်မတို့ ခရီးမထွက်ခင် ကလေးမှာပင် မက်ကို ကျွန်မက ထိုဗီရိုကြီးထဲ၌ သော့ခတ်၍ ပိတ်လှောင် ထားခဲ့ခြင်း ဖြစ်ပါ၏။
ထို့နောက် ကျွန်မ မေ့သွားခဲ့ပါ၏။
ကျွန်မတို့ ခရီးသွားနေကြစဉ် မက်က ကျွန်မတို့ နေအိမ်မှ ကြောင်များ၊ ကျွန်မ၏ ကြောင်ကလေး အိတ်စ်ပလိုရာ အပါအ၀င် ကြောင် အားလုံး အစာကျွေးမွေးရန် တာဝန်ယူရမည်ဖြစ်ပါ၏။ ထိုကြောင်များသည် အခြား မိသားစုများ၏ ကြောင်များ ဖြစ်သဖြင့် အစာ ကျွေးမည့်သူ မရှိသောအခါ အားလုံး ထွက်ပြေးကုန်ကြပါ၏။
ကျွန်မတို့ မိသားစု ဘွားဘွားထံတွင် သီတင်း နှစ်ပတ်ကြာ နေထိုင်ခဲ့ကြပြီး အိမ်ပြန် ရောက်လာသောအခါ အိမ်ထဲ၌ ပုပ်စော်ပင်နံနေပြီဖြစ်ပါ၏။
ကျွန်မတို့ မိသားစု၏ စတေရှင်ဝက်ဂွန်း ကားကြီး အိမ်ရှေ့သို့ ထိုးဆိုက်လိုက်သည်ကို မြင်လိုက်သော အခါတော်မီနှင့် ရော်ဘင်တို့၏ မိခင်သည် မြက်ခင်းကို ကျော်ဖြတ်၍ အပြေးအလွှား ရောက်ရှိလာပါ၏။
'မက်က ရှင်တို့နှင့် အတူတူ ပါသွားတာ မဟုတ်လား'
သူမက ကမန်းကတန်း မေးလိုက်ခြင်း ဖြစ်ပါ၏။
'ကျွန်မက ရှင်တို့ဆီ ဖုန်းဆက်ပြီး မေးဖို့ ကြိုးစားခဲ့ပါသေးတ်၊ ဒါပေမဲ့ ကျွန်မက ရှင်တို့ အမေရဲ့နာမည်ကို မေ့နေတယ်'
သူမက ကျွန်မတို့ မော်တော်ကားထဲမှ တစ်ယောက်ချင်းကို လိုက်ကြည့်နေပါ၏။ ဒေါက်ဂလပ်စ်၊ ကားလ်နှင့် မတ်ခ်။ ပြီးတော့ ကျွန်မတို့က သူမကို ပြန်ကြည့်မိကြ၏။ မက် တစ်ယောက် အိမ်က ထွက်ပြေးသွားတာပဲ ဖြစ်ရမည်ဟု ကျွန်မက တွေးလိုက်မိ၏။ သူ အိမ်က ထွက်ပြေးမည်ဟု ပြောလေ့ ရှိပါ၏။ ကျွန်မလည်း ပြောဖူးပါ၏။ တစ်ခါတစ်ရံတွင် သူနှင့် ကျွန်မသည် ခေါင်မိုးပေါ်သို့ တက်၍ ထွက်ပြေးဖို့ ကိစ္စကို ဆွေးနွေး တိုင်ပင်မိကြ၏။ မက်က မက္ကဆီကိုသို့ ထွက်ပြေးချင်၏။ သူက ဖွတ်တစ်ကောင်ကို ဖမ်း၍ လေ့ကျင့် သင်ကြားပေးပြီး၊ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားချင်သူ ဖြစ်၏။ အစ ပထမတွင် မက်သည် မက္ကဆီကိုသို့ ထွက်ပြေး သွားတာပဲ ဖြစ်ရမည်ဟု တွေးလိုက်မိသေး၏။ ထို့နောက်မှ ကျွန်မ ပြန်၍ သတိ ရလာပါ၏။
ကာရိုး၏ မျက်နှာသည် ပူနွေးပြီး မျက်ရည်များနှင့် စိုရွှဲနေပါ၏။ ကျွန်မ၏ လည်ပင်း နောက်ဘက်၌ ဖိကပ်ထားပါ၏။ မာရီယာ၏ ပူနွေးသော မျက်ရည်များ ကလည်း ကျွန်မ၏ ခြုံလွှာကြီးကို ထွင်းဖောက်ပြီး အတွင်းမှ ည၀တ် အင်္ကျီကိုပင် စိုရွှဲစေကြောင်း ကျွန်မ သိပါ၏။ ကျွန်မသည် အသည်း ခိုက်အောင် ချမ်းစိမ့်သလို ခံစားနေရ၏။ ထိုအအေးဓာတ်ကို ကာရိုးနှင့် မာရီယာတို့၏ ပူနွေးသော မျက်ရည်များက ပျောက်ကွယ်သွားအောင် မပြုလုပ် နိုင်ခဲ့ကြပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်မ၏ ခန္ဓာကိုယ်ထဲမှ ကိုးနှစ်သမီး လေးက စတင်၍ စကား ပြောနေပြီ ဖြစ်သောကြောင့် ပင်တည်း။
ချောက်ချောက်ချားချား
တစ္ဆေဝတ္ထုတိုများ
မောင်မြင့်ကြွယ် ဘာသာပြန်သည်။
Ghost Stories
Coming Home by Nina Kiriki Hoffman
ပြီးပြီ..
No comments:
Post a Comment