Sunday, December 27, 2009

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၁၁)

အခန်း (၁၁)

ထိုအချိန်တွင် နန်းဦး မှန်စီရွှေကျောင်းတော်၌ လောင်းရှည်မြို့စား မိဖုရား သီရိမဟာ သုပဘာဒေ၀ီသည် သားတော် သီပေါမင်းသားထံသို့ အလည်ထွက်တော်မူလာပြီး ဆရာတော်ဘုရားကြီးနှင့် အလ္လာပ ပြောဟော လျှောက်တင်နေရာက ဆရာတော်ကြီးမှာ ဘုရားဝတ်ပြုတော်မူရန် အချိန်နီးကပ်လာသဖြင့် သားမယ်တော် နှစ်ပါးစကား ဆွေးနွေး တော်မူကြရန် အေးအေးလူလူ ကျောင်းဆောင်စွန်းသို့ ထွက်တော်မူလာကြလေ၏။

မယ်တော်။     "သားတော်မောင်၊ ပထမပြန်ဆိုတော်မူစရာဖြင့် အခါတော်နီးလှပြီ၊ ဒီနှစ် လည်း ချောချော မောမောနှင့် အောင်မြင်ပြီးစီးပါစေ ဆိုတာ နေ့စဉ် မယ်မယ် ဆုတောင်းတော်မူ နေရတယ်၊ မောင် ကိုယ်တိုင် ဘယ်လို သဘောရ တော်မူပါသလဲ"

သားတော်။      "သားတော်လည်း ဒီနှစ်ဟာဖြင့် နောက်ဆုံးကြိုးစားတော်မူခြင်းဖြစ်တဲ့ အတွက် အားတက်သရော စိတ်ဇောသန်သန်နှင့် သင်အံကျက်မှတ်နေလျက် ဖြစ်ပါတယ်၊ ပထမတစ်နှစ်နဲ့ ဒုတိယနှစ်မှာပင် လွယ်လွယ်ကူကူ အောင်ပန်းဆွတ်ယူခဲ့ရသဖြင့် ယခုနှစ် နောက်ဆုံးပွဲမှာလည်း မခဲယဉ်း လှဘူးလို့ သဘောရပါတယ် မယ်မယ်ဖျား၊ သားတော် ကြိုးစားရကျိုးနပ်ပါလိမ့်မယ်"

မယ်တော်။     "သာဓု ... သာဓု ... သာဓု သားကောင်း သားမြတ်ကို မွေးရတဲ့ဆုနဲ့ ပြည့်စုံ ခဲ့ပြီလို့ မယ်မယ်ဖျားဖြင့် ၀မ်းသာလို့ဆုံးတော်မမူနိုင်ဘူး၊ သားတော်၊ ရှိတော်မူသမျှ သားတော်တွေထဲမှာ မယ်မယ့်သားတော်မောင်ဟာ ပိဋကတ် ကျမ်းဂန်၊ စွမ်းသန်ရင့်ကျူး ပါရမီထူးလှပါပေတယ်။

"ခမည်းတော် ရွှေနန်းဘုရားမှာလည်း သားတော်အတွက် အားရတော်မူနေတာပဲ၊ ကောင်းကင်အဇဋာ၊ ထက်အာကာမှာ ကြယ်တာရာတွေ ပွင့်မြူးလို့ ရောင်မျိုးစုံကြူးကြ သလို  ကိုယ့်အရောင်အ၀ါနှင့် ကိုယ်၊ ထိုက်တန် သလောက် တောက်ပကြပေတဲ့ ကြယ် တကာ့ကြယ်တကာမှာ 'သောကြာ'ဆိုတဲ့ ကြယ်ရတနာ ကြီးဟာ အခြားသော ကြယ်တာ ရာများထက် အရောင်အ၀ါအားဖြင့် မနှိုင်းသာအောင် သာလွန်ထူးကဲ ပိုမို မြဲဖြစ်တယ်"

"ဝေဘူလတောင်ထိပ်မျာ တဖိတ်ဖိတ်တလက်လက် ရောင်မျိုးစုံထွက်နေတဲ့ ကျောက်မြက် ရတာ တလင်းကြီးတွင် ရှိရှိသမျှ ရတနာတွေဟာ ဆိုင်ရာဆိုင်ရာ ကိုယ့်အင်ကိုယ့်အား အထိုက်အလျောက် အရောင်အ၀ါ တောင်ပကြပေတဲ့ ရတနာ့ရတနာမှာ မနောမယ ပြည်တန်မြခေါ်တဲ့ ရတနာကြီးတစ်လုံးဟာ အားလုံးသော ရတနများထက် အရောင်အ၀ါ ထွန်းတောက်၍ ထိပ်ခေါင်ထိပ်ပန်းသို့ ရောက်ရပေတယ်"

"ရတနာပုံ မြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင်မင်းတုန်းမင်းတရားကြီးရဲက ရွှေရင်တော်နှစ်၊ သားတော် ချစ်ရတနာများဟာလည်း မဟာဆီ မဟာသွေး မင်းသား မင်းမြေးတွေပီပီ ဘုန်းကမ္ဘာနှင့် ပညာဥာဏ် ကိုယ်စီကိုယ်ငှ ပြည့်ဝစုံလင်တော်မူကြပေတဲ့ အဲဒီလို သားတော်တွေ၊ သမီးတော် တွေထဲမှာ လည်း မယ်မယ့်သားတော်မောင်ဟာ ထူးထူး ကဲကဲ သုံးပုံသော ပိဋကတ် ကျမ်းဂန်များကို ချောက်ချား မွှေနှောက် သုံးနှစ်မြောက်အောင် ပထမပြန်ဆောင်တော်မူနိုင်တဲ့ သတ္တိဂုဏ်၊ ပညာဂုဏ် ကျေးဇူး ကြောင့် အထူးထင်ပေါ် ကျော်စောပြီး သီပေါကိုယ်တော်ကလေး သီပေါ ကိုယ်တော် ကလေးနဲ့ ရွှေနန်းတော်ကြီး ပေါ်မှာ အတော်သတင်းမွှေးနေပြီ မောင်မောင်၊ နောင်တော် မင်းသားကြီးတွေ တန်ခိုး ထက်လို့ ကျော်စော ထင်ရှားတာကတစ်မျိုး၊ သားတော်မောင်ရဲ့ ဂုဏ်သတင်း တသင်းသင်းမွှေးပုံက တစ်မျိုး မောင်ရဲ့"

"ခမည်းတော် ရွှေနန်းရှင်ဘုရားကလည်း ပညာဥာဏ်အမြော်အမြင် ရင့်သန်တော်မူပြီး စာပေကျမ်းဂန် တတ်မြောက်ကျွမ်းကျင်၊ ပဉ္စမသင်္ဂါယနာတင်တဲ့ သာသနာ့ဒါယကာ မဟာ ဧကရာဇ်မင်းကြီးတစ်ပါး ဖြစ်လေတော့ ရင်သွေးတော် ရတနာတွေထဲက ဘွားခနဲ ပိဋကတ် အာဂုံဆောင်နိုင်တဲ့ အဖိုးတန် သားကောင်း တစ်ယောက် ပေါ်ပေါက်လာတဲ့အတွက် ၀မ်းမြောက်အားတက်ပြီး ချီးမြှင့် သူကောင်းပြုတော် မူလို့ မရောင့်ရဲ နိုင်အောင် ရှိတော်မူရှာ ပေတယ်"

"ကြိုးစားပါ သားတော်မောင်ရယ်၊ အစကောင်းသလောက် အနှောင်းသေချာပါစေ၊ မယ်မယ်ဖျားမှာ သားတော်အတွက် အများကြီး မျက်နှာပွင့်လန်းခွင့် ရှိပါတယ်၊ ထွန်းထွန်း ကားကားနဲ့ သားတော်မောင် ကြီးပွားတာကို မယ်မယ်မသေခင် အင်မတန်မြင်လိုတယ် မောင်ရင်ရဲ့"

သားတော်။       ။"အစစအရာရာ မယ်မယ်ဖျားဖျား စိတ်ချမ်းသာတော်မူအောင် သားတော် မောင် ကြိုးစားပါ့မယ်၊ ဒီနှစ် နောက်ဆုံးပွဲကို ၀င်နွှဲတော်မူပြီးနောက် ကြီးပွားရာ ကြီးပွား ကြောင်းနှင့်တကွ မယ်မယ်ဖျားရဲ့ ဂုဏ်ကျေးဇူးကို အထူးဆပ်နိုင်ပါရန် အမြန်ကြိုးစားပါ တော့မယ်"

မယ်တော်။       ။"သြော် ... မောင်ရင် ယခုနှစ်မှ  စိတ်ပြောင်းတော်မူလာပြီလား"
အနည်းငယ် အံ့အားသင့်ဟန်နှင့် မေးတော်မူရာ သီပေါမင်းသားလည်း ရုတ်တရက် မည်သို့မျှ မတင်လျှောက်သာသဖြင့် အတန်ကြာ ငြိမ်သက်တော်မူနေပြီးမှ-

သားတော်။  ။"မယ်မယ်ဖျား သားတော်ကို ဘယ်ပုံကြောင့် စိတ်ပြောင်းတယ်လို့ မိန့်တော် မူရပါသလဲ"

မယ်မယ်။      ။ "အခြားဟုတ်ပါရိုးလား မောင်ရင်၊ ယခင်တုန်းကတော့ သာသနာ့ဘောင် မှာ ပျော်မွေ့ရတာ အလွန်တရာ အေးမြချမ်းသာတဲ့အတွက် လူထွက်တော်မမူချင်တော့ဘဲ တစ်သက်လုံး သင်္ကန်းဝတ်ကြီးနှင့် အရိုး ထုတ်တော်မူချင်ပါတယ်၊ ခမည်းတော်ဘုရားက လူဝတ် လဲပြီး ချီးမြှင့်သူကောင်ပြုမှာကိုပင် လက်ခံတော်မမူချင်သလိုလို မိန့်တော်မူနေကျမို့ မယ်မယ်ဖျားကပင် မတော်ကြောင်း ခမည်းတော်ဘုရား အလိုတော်ကို ဘယ်အခါမှ ဆန့်ကျင်မှုမပြုစေရန် အတန်တန် သတိပေးမြဲ ဖြစ်တယ် မဟုတ်လား၊ ယခု ဒီနှစ်တော့ သားတော်မောင် အလိုတော်ကပင် လူထွက်တော်မူချင်တဲ့ ဟန်ပန်နှင့် တောသံတောင်သံ တွေ ပေးလာပါကလား၊ ဘယ်အာရုံတော်များ ငြိစွမ်းသွားလို့လဲ မောင်ရဲ့"
မပြုံးတပြုံး မိန့်တော်မူတော့မှ သားတော်ကလည်း အိုးမလုံအုံပွင့်ဘိအလား သွားတော် များပေါ်အောင် ပြုံးတော် မူလိုက်လျက်

သားတော်။        ။ "လောကဓမ္မတာ၊ မရှောင်သာတဲ့လမ်းပါ မယ်မယ်ဖျားရဲ့၊ ဒီလိုအငြိ သင်္ကန်းတော်နှင့် ပျော်တော်မူဖို့ပါ၊ ယခုလို တွေ့ကြုံငြိစွမ်းရတာကိုပင် မယ်မယ်ဖျား အလိုတော်ကျ လောကလူ့ဘောင်မှာ ဘုန်းတေဇာ တလျှမ်းလျှမ်းနှင့် ရွှေနန်းပေါ်မှာ ထွန်းကားနိုင်စရာ လမ်းစကောင်းတစ်ခု ဖြစ်ပါတယ် မယ်မယ်ဖျားရဲ့"

မယ်တော်။       ။"ကောင်းပါတယ်၊ ကောင်းပါတယ်၊ မယ်မယ်လည်း ကျေနပ်တော်တော် ကြီး မိဘွားသစ်တစ်ယောက် မကြာမကြာ ၀င်ထါက်နေတယ်လို့ မောင်တုတ်အမေက မယ်မယ့်ကို သံတော်ဦး တင်ဖူးတယ်၊ သားတော်မောင် ငြိတွယ်တဲ့အာရုံဟာ မြတောင် မြို့စားစုလတ်ပင် ဖြစ်လေရော့ သလားကွယ်"

သားတော်။      ။ "မှန်ပါ မယ်မယ်ဖျား ထင်တော်မူတဲ့အတိုင်းပါ"

ဒီဒီ လှည့်လည်ဆိုးနွဲ့နေတော်မူတုန်းပါကလား၊ ယောက်ျားကလေးလို ဟိုဟိုတော့ စိတ်တော်ကလေး ကလည်း ခပ်ကြမ်းကြမ်း၊ ခပ်ဆတ်ဆတ်မို့ မောင်ရင်တို့ကိစ္စက အရှည် သဖြင့် ချောမော့ကြပါမလား၊ ခမည်းတော် ဘုရားကလည်း လိုလားညီညွတ်တော်မူပါမလား ဆိုတာ စဉ်းစားဖို့ အခွင့်အရေးက ရှိသေးတယ်၊ အစစအရာရာ ညီညွတ်ကြမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် တံခွန်နှင့် ဘုရားပါပဲ၊ သူ့မယ်တော် အလယ်နန်း မမကလည်း အစွမ်း အစမနည်းဘူးမောင်ရင်၊ ရှေ့အရေးဆိုလျှင် အလယ် နန်းမမ သာ တွင်တွင် ကျယ်ကျယ် တန်ခိုးထွက်တော်မူဖို့ ရှိတော့တယ်"

"အစ်မတော် မိဖုရားခေါင်ကြီး နတ်ရွာစံ ကံတော်ကုန်ပြီးသည့်နောက် အလယ်နန်းမတော် မမသာလျှင် အထွတ်အထိပ်ရောက်တော့မယ်၊ သူ့မှာလည်း သားယောက်ျားထွန်းကား တော်မမူတဲ့အတွက် သမက်တော် ရမည့် မင်းသားများမှာ 'ရေမြင့်၊ ကြာတင့်' ဆိုသလို အများထက် ဘုန်းတန်ခိုးပိုကဲလို့ ရွှေနန်းတော်ထဲမှာ အကဲရောက်နိုင်စရာပဲ၊ သို့သော်လည်း အလယ်နန်းမမရဲ့ အလိုတော်နဲ့ ညီညွတ်မယ်၊ မညီညွတ်ဘူး ဆိုတာ ဘုရားရဟန္တာများလို ဒိဗ္ဗစက္ခုနှင့် မမြင်နိုင်တဲ့အတွက် တစ်ချက်လွှတ် ယုံကြည် စိတ်ချဖို့ ခဲယဉ်းသေးတယ် မောင်ရင်"

သားတော်။     ။ "သိသာသိစေ မမြင်စေနဲ့၊ မြင်သာမြင်စေ မထင်စေနဲ့ ဆိုတာလို သတိ ဆိုသည်မှာ ပိုသည်မရှိသဖြင့် သားတော်မောင် ယခုတွေ့ကြုံ ဆက်သွယ်နေသော အရေး ကိစ္စများကို မည်သူမှ မကြားသိ မရိပ်မိနိုင်အောင် လျှို့ဝှက်ဖုံးဖိ၍ ထားတော်မှာလဲ သားတောင်မောင်အပေါ် တော်တော်ဂရုပြုပြီး ချီးမွမ်းတော် မူနေတယ်ဆိုတာ ယုံကြည် လောက်သော သူများထံမှ သဲလွန်စသတင်းများ ကြားသိ ရပြီးဖြစ်တဲ့အတွက် မိကြီးတော် ဘုရားအတွက်နှင့် ပတ်သက်၍ အနှောင့်အယှက် မဖြစ်နိုင်ဘူး လို့လည်း အနည်းငယ် အားတက်တော်မူမိပါတယ်"

မယ်တော်။      ။ (အနည်းငယ် စဉ်းစားလျက်) "အို ... မောင်ရင်ပြောတာ ဟုတ်လိမ့်မယ် ထင်တယ်၊ လွန်ခဲ့တဲ့ သုံးလေးလဆီက ရွှေနန်းရှင်ဘုရား မီးပုန်းကြီး ရှုစားတော်မူတယ်၊ အရင့်အရင်က ဘာသိဘာသာ နေတော်မူခဲ့ပြီး ယခုမှ အရေးတစ်ခုပြုပြီး ရှုသားပြုံးရယ် တယ်ဆိုတော့ နည်းနည်းထူးတာပဲ မောင်ရင်ရဲ့၊ အနို့ ... ပြီးတော့ လွန်ခဲ့တဲ့ တပေါင်းလ သဲပုံစေတီ အလှူတော်ရေစက်ချမှာ တစ်ကြိမ် တွေ့တော်မူ ကြတဲ့အခါ အရင်လို မျက်မှန်း တမ်း ရှုစားပြီး ပြုံးရယ်သွားတော်မူရုံမက ညီမတော် လောင်းရှည် မိမိတို့များ အဖိုးတန် သားတော်ရတနာတစ်ဦး ထွန်းကားတော်မူထားရလို့ အများကြီး အားတက်တော် မူမှာပဲ နော်၊ မမတို့မှာတော့ သားတော်ကောင်းရတနာရယ်လို့ တစ်ပါးတစ်လေမှ မထွန်းကား လို့ သူများ ကုသိုလ်ထူးတာကိုပင် ကြည်နူးရတော့တာပဲလို့ မောင်ရင်ကို ချီးမွမ်းတော်မူတဲ့အသံ နှင့် အရေးတယူ မိန့်တော်မူတာကို ခံရသေးတယ်၊ ဒီတော့ မောင်ရင်တွေးသလို တွေးမယ် ဆိုရင်လည်း ဒီလိုတွေးတော မှားတယ်လို့ မဆိုသာဘူးထင်တယ်"

သားတော် ။        ။ "မှန်လှပါ ... စစ ညီညွတ်စရာတွေတော့ များနေပါပြီ၊ မယ်မယ်ဖျား သားတော် အတွက်ဖြင့် ၀ိတက်၊ ၀ီစာရ များတော်မူဖို့မရှိပါ၊ အိမ်တော်မှာ အေးအေးသာသာ, သာ စံတော်မူနေပါတော့"

မယ်တော် ။           ။ "အင်း ... ကောင်းပေါ့ ... ကောင်းပေါ့ ... မောင်ရင် သားတော်မောင် ဘုန်းကမ္ဘာ တိုးတက်လို့ မျက်နှာတော် ပွင့်လန်းပြီး သီတဂူယုန်စန်းလို၊ ရွှေနန်းတော် တစ်ခွင်တွင် ကြည်လင်တဲ့ နှလုံးနှင့် တပြုံးပြုံး စံနေတော်မူရပါစေဆိုတာ မယ်မယ်ဖျားက မုဒိတာတရားနှင့် များများကြီး မေတ္တာ ပို့တော် မူနေမယ်"
"သြော် ... သားတော်မောင်အတွက် အထူးသတိပေးတော်မူလိုက်တဲ့ အချက်ကတော့ အပြိုင်အဆိုင် တက်ချင်တဲ့ ခပ်ထက်ထက် မင်းသားများမသိရအောင် အစစ ပိပိရိရိ လုံခြုံပါ စေ၊ 'မင်းခယောက်ျား၊ ကမ်းနားသစ်ပင်' ဆိုတာလို မလိုသူ တစ်ချက်မွေ့လိုက်မှ လက်တွေ့ သေပွဲဝင်ရတာမျိုးနော်။

"နောင်တော် မြင်ကွန်းကိုယ်တော်ကြီး ကိစ္စပြီးစီးတည်းက ခမည်းတော်ဘုရား စိတ်တော် ထဲမှာ ရင်သွေးရတနာများစွာသော သားတော်များအား မည်သူ့ကိုမျှ ကိုးစားယုံမှတ် တော်မူ ပုံ မရသေးဘူးမောင်ရင်၊ ပညာရှိမင်းမို့ အတိအလင်း ထုတ်ဖော်တော်မမူပေတဲ့ ဘယ် သားတော်အပေါ်ကိုမျှ အမှတ်တမဲ့ နေတော်မမူဘူး၊ အထူးလျှို့ဝှက်စွာ အကဲခတ်တော်မူ နေပုံရတယ်"
ဒီတော့ မသင်္ကာစရာ အရိပ်နိမိတ်ပေါ်လျှင် အထင်တော်လွဲပြီး တစ်ခါတည်း ဒုက္ခ ကြိုးကွင်း ကြီး တပ်လိုက်မှာ ကြောက်ရသေးတယ်၊ ဘယ်သူနှင့်မျှ ပလူးပြီး ထူးထူးထွေထွေ ဣနြေ္ဒ မပျက်ပါစေနဲ့မောင်ရင် ဟူ၍ အကျိုးအပြစ်တွင် သတိပေးနေတော်မူပြီး နေအတန်နည်းမှ အိမ်တော်သို့ ပြန်ကြွသွားလေရာ

သားတော် သီပေါမင်းသားမှာလည်း မယ်တော်မိဖုရား ဆုံးမသွန်သင်ပြီး အစစ သတိ ကြီးစွာထားရန် မိန့်မှာတော်မူ သည့်အတိုင်း မလစ်မဟင်းရအောင် စဉ်းစားဝေဖန်တော်မူရင်း ရွှေနန်းတောကြီးအတွင်းမှ သော်တာလနန်း၊ ပုဏ္ဏမိန်စန်းအသွင် ကြည်လင်အေးမြလှသော ထိပ်စုဖျားလတ်၏ မျက်နှာတော် ကလေး ကို တရေးရေး ထင်မြင် လွမ်းဆွတ်တော်မူလျက်  ရှိလေသတည်း။

"ဟောဒီ မြလည်ဆွဲကြီးကို ဆင်ယင်တော်မူလိုက်တဲ့အခါမှ သာပြီးကျက်သရေ ရှိပါတယ်၊ မှန်ခုံတော်ပေါ်မှာ ရှုကြည့်တော်မူစမ်းပါဦး၊ အို ... ဟောဒီ ဆံထုံးတော်ကလေးက ညာဘက်ဘေး စောင်းတောင်မူ နေပုံကလည်း တခြားသော မင်းသမီးတွေနဲ့ အဆင်ကွဲလို့ တစ်နည်းယဉ်တော်မူပါတယ်၊ နွယ်သာကီကြိုးကို ဆင်တော် မမူဘဲ ရေအခဲဆင်အ၀ါ ကြိုး ကလေး ဆင်တော်မူတာကြောင့် နုချင်တိုင်း နုတော်မူလိုက်တာ၊ ဟဲ့ ... ခင်မကြီး ကြည့်စမ်း၊ ဟောဒီ ရွှေနန်းတော်ပေါ်မှာ ဘယ်မင်းသမီး ဘယ်လို ယဉ်ယဉ် တို့ထိပ်ခေါင်တင် စုဖျားကိုတော့ လားလားမှ မမီဘူး၊ မယုံကြည့်နော် ပွဲကြည့်ဆောင်တော်ကို ရောက်တဲ့အခါ စုထားဖုရား ထွက်တော်မူ လာတာနှင့် တစ်ပြိုင်တည်း ရှိသမျှ မင်းသမီးတွေ၊ မိဖုရားတွေ ငေးပြီး ရှုစားတော်မူနေကြမှာ မြင်ယောင် ပါသေးတယ်၊ ယောက်ျားကလေးပုံပန်းနှင့် ခပ်ကြမ်းကြမ်း နေတော်မူ တယ်ဆိုပြိး မပြုတတ်၊ မပြင်တတ်နှင့် အယဉ်ဇာတ် မသွင်းရသေး တဲ့ မင်းသမီး အရိုင်းကလေးရယ်လို့ အစက အထင်သေး နေကြတဲ့ နန်းတော်သူတွေကို အမေတို့ စုဖျားက ယနေ့မှ ကြွားပြတော် မူလိုက်ပါ ခင်မကြီးရဲ့"

ခင်ဘွားသစ်က အလှပြင်ဆင်ပြီးသော စုဖုရားလတ်အပါးတွင် အားရ၀မ်းသာ အရိပ်ကြည့် ၍ စိတ်ရှိ သလောက် ချီးမွမ်းနေသောအခါ-
စုဖုရားမှာလည်း အရွယ်တော်တိုင်ကတည်းက ဤကဲ့သို့ ကျကျနန လှလှပပ မင်းသမီးပီပီ ဖြီးလိမ်းပြုပြင် တော်မူပြီး ပရိသတ်ထဲသို့ ထွက်တော်မူခဲ့ခြင်း မရှိသေးခဲ့ဘဲ ယခုတစ်ကြိမ်မှ အရဲစွန့်၍ ထွက်တော်မူ ရမည်ဖြစ်လေရာ ၀တ်နေကျ ဆင်နေကျ အသွင်အပြင်မျိုး မဟုတ် သဖြင့် ခပ်ရှက်ရှက်ဖြစ်တော်မူနေရာ ခင်ဘွားသစ်က အနားမှ အားရ၀မ်းသာ ချီးမွမ်း နေသည်တွင်မှ အတော် အသင့် စိတ်ပါတော် မူလာပြီး မှန်ခုံတော်ထဲတွင် စိတ်ဝင်စားစွာ ရှုစား တော်မူလိုက်ရာ ခင်ဘွားသစ် အပြော ထက်ပင် ပို၍ယဉ်ပြီး အဆင်ပြေလျက် ရှိသည် များကို တွေ့တော်မူသဖြင့် ဤအဆင်အပြင်နှင့် ပွဲကြည့်ဆောင် သို့ ၀င်တော်မူရမည်မှာ ရှက်ရွံ့စရာ မဟုတ်ကြောင်း စဉ်းစားတော်မူမိစဉ် အပျိုတော် ခင်ဘုန်း ၀င်လာပြီး-

"ပွဲကြည့်ဆောင်တော်မှာ အစ်မတော်များပါ အစုံအညီ ရောက်တော်မူနေပါပြီဘုရား၊ မယ်တော်ကြီး ဖျားကလည်း အရှင် ထိပ်စုဖျားလတ် ထွက်တော်မူမလာသေးဘူးလားလို့ မေးတော်မူနေပါတယ်၊ ယခု ထွက်တော်မူ သင့်ပါပြီဘုရား"

လျှောက်တင်လာသဖြင့် ခင်ဘွားသစ်ကြီး ပျာယာခပ်သွားပြီး-
"ကဲ ... ထွက်တော်မူပါတော့ စုထားဖုရား၊ ဟဲ့ ... နောက်တော်ပါးကပါမဲ့ အပျိုတော်တွေ လာကြလေ၊ ခင်မကြီးတို့တစ်တွေ ပြီးကြပြီလား၊ ညည်းတို့လည်း တော်အောင်လုပ်မလာနဲ့ အေ၊ အပျိုတော်ချင်းတူရင် တို့စုဖျား အပျိုတော်တွေက ပိုပြီးလှကြပါစေ"
ပြောလျှင် စုဖျားက ပြုံးပြီး-

"အင်း သူများသာပြောနေ သစ်သစ်တော့ ပြီးပလား၊ ဟိုရောက်မှ တခြားမင်းသမီး အထိန်းတော်ကြီးတွေက ပိုလှနေရင် သစ်သစ်ကြီး ခက်နေမယ်"မိန့်တော်မူသဖြင့် ခင်ဘွားသစ်လည်း- "အလို ဟုတ်ပ"
ပြောကာ မှန်တင်ခုံသို့ ကပျာကယာသွားပြီး ဆံထုံးများ ထိပ်ဆံများ၊ သပ်သပ်ရပ်ရပ်ပြုကာ နံ့သာမှုံ့များ တို့လျက် ဖဲပ၀ါ အသစ်တစ်ထည်ကို ဆွဲ၍ လောဘဲတင်ခြုံလိုက်ကာ ကတိုက် ကရိုက် ထွက်လာခဲ့ပြီးလျှင် အပြင်ဆောင်တွင် စောင့်စားတော်မူလျက်ရှိသော ထိပ်စုဖျား လက်ကို တွဲမကာ ပွဲကြည့်ဆောင် တော်ရှိရာ သို့ ထွက်လာကြလေ၏။

ကျယ်ဝန်းသားနားလှသော ပွဲကြည့်မှန်ဆောင်တော်ကြီးမှာ ပျော်ခန်း၊ ရွှင်ခန်း၊ ကာမဂုဏ် စည်းစိမ် ယစ်မူးခန်း၏ အချုပ်အခြာဖြစ်သော ဌာနကြီးဖြစ်လေရာ အဆောင်တော်ကြီး တစ်ခုလုံးမျာ ဖန်မုတ်ဆိတ်၊ ဖန်ပဒေသာတို့ဖြင့် ပြုပြင်ခြယ်လှယ်အပ်ပြီး မှန်နံရံ၊ မှန်မျက်နှာ ကြက်၊ မှန်စီရွှေချပန်းခက်တို့ကို စိန်ကျောက်ပတ္တမြား၊ မြသားနီလာစီစဉ်ကာ ခြယ်ခပ်ဘိ အလား၊ ခြူး ပန်း ခြူးနွယ် အသွယ်သွယ်သေ ဒုရင်မုတ်ဆိတ်တို့မှာ ဖန်ရောင်၊ မှန်ရောင် ရွှေရောင်။ ငွေရောင် ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းတောက်ပ အရောင် မျိုးစုံ ဖိတ်ဖိတ် ကြွလျက် ရှိလေ၏။

ဖန်မုတ်ဆိတ်၊ ဖန်ပဒေသာ မှန်ကြာယပ်၊ ဖန်ဆွဲလွဲတို့၌ ရွှေတိုက်တော်တွေ လင်းထားသည် မှာလည်း ပြိုးပြိုးပြောင်ပြောင် နေမင်း၏အလင်းရောင်နှင့် ပြိုင်ဆောင်တုနှုန်း အံ့မဆုံး ရှိပြီး လျှင် အဆောင်မကြီး ကြမ်းပြင်မှာလည်း ကေရိုမြို့ဖြစ် မွှေးရှည်ကော်ဇောကြီးများနှင့် ဗန်းမော်ကောင်းတုံ ကော်ဇောကြီးများ၊ တရုတ်ဥတည်မင်းတို့၏ လက်ဆောင်တော်များဖြစ် သည့် မှိုင်းလုံးကော်ဇောကြီးများဖြင့် ခင်းကျင်း ထားပေရာ မှန်ရောင်၊ ဖန်ရောင်၊ ရွှေရောင်၊ ငွေရောင်၊ ရတနာရောင်များ၊ ကော်ဇောကြီးနှင့် ရွှေတိုင်ရောင် များမှာ ဖျိုးဖျိုးဖျပ်ဖျပ် ပနံစား လျက် သုဒဿနတ်နန်းနှင့် အထင်မှားလောက်အောင် ခမ်းနားစွာ ရှိလေ၏။

"မရှိ" ဟူသော စကားကို နားမှ လေသံတရံ မကြားဖူးသကဲ့သို့ သူဇာရွယ်ညီနတ်ဒေ၀ီ အလား၊ မြောက်မြား လှသော ရွှေနန်းတော်သူ မူယာကြော့ရှင်း လှယမင်းတို့မှာလည်း ရွှေနန်းရှင် မင်းတရားကြီး အပါးဝယ် ဘယ်ဝယ် ရှေ့နောက် ဂုဏ်ထူးအလျောက် ခစားလျက် ရှိကြလေ၏။

ဝေဇယန္တာနန်းကြီးသခင်၊ အရှင်သိကြားနှင့် တင်စားတူယောင်၊ ပမာဆောင်ရန်သာ ရှိပြီး လျှင် ဘုရင်မင်းတရားကြီးနှင့် မိဖုရား၊ သားတော်၊ သမီးတော်၊ မောင်းမမိဿံ၊ ခြွေရံတော် များ၏ ဘယက်တန်ဆာ၊ ဒွါဒယာတို့မှာလည်း တစ်ခဲနက်ပြိုးပြောင် အရောင်ချင်းယှက် သန်း၊ ရှုမခန်း၊ အံ့မခန်း ကျယ်ဝန်းသော အဆောင်နန်းကြီးအတွင်း နေရောင်ခြည် ထွန်းလင်းသလို တ၀ိုးဝိုး တ၀င်းဝင်း တောက်ပ ခြင်းကြီးမက တောက်ပလျက်ရှိလေရာ ပွဲကြည့်မှန်ဆောင်တော်အတွင်းတွင် သာယာသော စက္ခုအာရုံကို ခံစား၍ မကုန်နိုင်အောင် ရှိပေ၏။

ဝဲအငြိမ့်၊ ယာအငြိမ့်များမှ သာယာစွာ တီးမှုတ်သီဆိုသံများနှင့် အဆောင်တော်ကြီး၏ အောက်တွင် နန်းတွင်းဇာတ်တော်ကြီးသားများ၏ တူရိယာ တေးဂီတာသံများမှာလည်း ကြည်လင်သာယာလှသော သောတအာရုံကို ခံစား၍ မကုန်နိုင်အောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ တွဲ့တွဲ့ လေးလေး ချိုအေးသာယာလှပြီးလျှင် အဆောင်တော်တစ်ဝန်းလုံးမှာလည်း မင်းမိဖုရား၊ သားတော်၊ သမီးတော်များနှင့် မောင်းမမိဿံ ခြွေရံများထံမှ ပျံ့လွင့်ကြိုင်လှိုင်သော သဇင်၊ ဂမုံး၊ ကြက်ရုံး၊ စံပယ် အသွယ်သွယ်သော ပန်းရနံ့များအကျော် စံပယ် နံ့သာကရက်မက်၊ ဂုန်ဂမန်ကတိုးတို့၏ နှစ်သက်ဖွယ်ရနံ့များ အီစလန်လေးတရာ ထုံမာလာ နှင်းရေမွှေးတို့ ချိုအေးသင်ပျံ့သော ရနံ့များ၊ ကျယ်ဝန်းသော အဆောင်တော်တစ်ဝန်းတွင် ဂန္ဓာရုံရနံ့ ကောင်းတို့ဖြင့် ပျံ့လှောင်းထုံသင့်လျက် ရှိ၏။

အချိုအုပ်၊ အချဉ်အုပ်၊ အဆိမ့်အုပ်၊ အပေါင်းအထုပ်၊ အကြော်အလှော်၊ သီးမျိုးစုံ ယိုမျိုးစုံ ပွဲတော်စားတော်အုပ်အမျိုးမျိုးနှင့် မင်းသုံးစိုးထိုက် အမွန်အမြတ် ရသာရုံစာတော် ကလပ်ချင်း အထပ်ထပ် ရှုပ်ထွေးလျက် နှစ်သက်စရာ သုံးဆောင်ဖို့ ဘုန်းခေါင်ဘုန်းဖျား စီမံ ထားသည်မှာလည်း စား၍မငြီး ရသာရုံကို ခုံမင်၍ မပြီးနိုင်အောင် ဖြစ်လေသည်။

နှစ်သက်ကျေနပ်၍မဆုံး ရွှင်ပြုံး၍မ၀၊ အာရုံတစ်က အာရုံ အကောင်းတွေစုံလှသဖြင့် လောကစည်းစိမ် ခံစားရာသက်သက်၊ လောကုတ္တရာအကြောင်း မဖက်သည့် ဌာနကြီးဖြစ် သည့်အားလျော်စွာ အဆောင် တော်ကြီး တစ်ခုလုံးရှိ မင်းယောက်ျား၊ မင်းမိန်းမ ပရိသတ် များမှာ ရွှင်ရွှင်ပြုံးပြုံး ပျော်မဆုံး မော်မဆုံး ဖြစ်နေကြ၏။

တင့်တယ်သော အသရေနှင့် စံနေတော်မူသော မင်းတရားကြီးဘုရားမှာလည်း မိဖုရားနှင့် သမီးတော်များ ခြံရံကာ မွန်မြတ်သော မင်းစည်းစိမ်ကို ငြိမ်သက်စွာ ခံစားတော်မူရင်း နန်းတွင်း ဇာတ်တော်ကြီးကို ရှုစားတော်မူလျက် ရှိလေ၏။

သဘင်ဝန် အမှူးထား၍ များစွာသော နန်းတွင်းဇာတ်တော်ကြီးသား များမှာလည်း လက်ရွေးစင် သဘင်ဘက်တွင် ယှဉ်ဘက်မရှိအောင် သဘင်ဝနတို့၏ ရွေးချယ်စိစစ် ခန့်ထားသော ပညာသည် ညွန့်ပေါင်းများသာ ဖြစ်ရကား ဇာတ်တော်ကြီးတို့၏ အစီအစဉ်ကို ဆံခြည်တစ်မျှင်မျှ မတိမ်းမစောင်း မရအောင် ထန်းသိမ်းစောင့်စည်း၍ မင်းတရားကြီးတရား နှင့် နန်းတော်သူ နန်းတော်သားများ ရှေ့တွင် အတီးအက၊ အဆိုအမျိုးမျိုးကို မြန်မာသံ၊ တလိုင်းသံ၊ မွန်သံ ပတ်ပျိုး၊ ယိုးဒယားနှင့် ကြိုးကြီး၊ ဘွဲ့ကြီးများ ဘုန်းတော် ဘွဲ့ကြီးကို  နားမညောင်းရအောင် ပြောင်းလွှဲဖြေဖျော် အကြည်တော်ဆက်ကြလေ၏။

မင်းတရားကြီးဘုရား၏ အပါးတော်မှ ရှုစားတော်မူနေသော အလယ်နန်းမတော်ဖုရားသည် သမီးတော် စုဖုရားလတ် ထွက်တော်မူလာခဲ့လှသဖြင့် မကြာခဏ မိမိအပျိုတော်ကြီးများ အား မေးတော်မူလျက် ရှိလေ၏။

အပျိုတော်ကြီးများတစ်ဆင့် လက်ပါးစေ အပျိုတော်ကလေးများကို အထောက်တော် သွားစေရာက နောက်ဆုံးတွင် စုဖုရား ထွက်တော်မူလာပြီဖြစ်ကြောင်း လျှောက်တင်ကြမှ စိတ်ချတော်မူပြီး "ငါ့သမီးတော် ပရိသတ်ကြီးစုံမှ ထွက်တော်မူလာပြီး ကိုးရိုးကားရားကြီး များ ဖြစ်နေမလားနော်" ဟူ၍ စိတ်တော်မအေးနိုင် ရှိတော်မူ နေလေ၏။

ပွဲကြည့်ဆောင်တစ်ဘက်မှ ငြိမ်သက်သော ဣနြေ္ဒဖြင့် နုနုညက်ညက် မလှမ်းချင်းလှမ်းချင် တစ်လှမ်းချင်း ထွက်တော်မူလာသော စုဖုရားလတ်ကို တွေ့မြင်တော်မူလိုက်ရသောအခါ အထင်တွေးထက် အယဉ် အကျေး ပိုပြီး တကယ့် မင်းသမီးကြီးများ မသာအောင် နွဲ့နွဲ့နှောင်းနှောင်း ပျောင်းပျောင်းပျော့ပျော့ ဖြစ်လာ သည်ကို မြင်တော်မူလျှင် များစွာ စိတ်အေးတော်မူပြီး ပရိသတ် ဗိုလ်ပုံထဲမှ ခမည်းတော်၊ မယ်တော်၊ အစ်မတော်များ ရှိရာသို့ ယဉ်ယဉ်ကြီး ၀င်တော်မူလာသော သမီးတော်ကိုသာ မျက်တောင်မခပ် အားရစွာ ရှုစား တော်မူလေ၏။

အစွန့်အဖျားက ပရိသတ်များနှင့်တကွ အပါးတော်ကြီး ခပ်နီးနီးတွင် ရှိကြသော မင်းပရိသတ်တို့မှာလည်း နွဲ့နွဲ့နှောင်းနှောင်း မူဟန်တော် ပြောင်းလာသော စုဖုရားအား နန်းမျက်စိနှင့် ကြည့်ပါမူ အထက်အခါများက ခပ်ကြမ်းကြမ်း ခပ်မာမာ မင်းယောက်ျား အသွင်နှင့်သာ တွေ့ခဲ့ရကြောင်း ယခုကဲ့သို့ ရုတ်တရက် နုညက်သိမ်မွေ့ ရွှေနန်းသူဓလေ့ နှင့် ယဉ်၍မဆုံး၊ မွေ့၍မဆုံး၊ နု၍မဆုံး ဘုန်းကျက်သရေ ပြည့်ဝလှပ ကြည်လင်၊ အပြင် အဆင် ပြေပြစ်၍ ကျစ်လစ်သိမ်မွေ့ဣနြေ္ဒရှင်ပီပီ ထွက်တော်မူလာသည်ကို တွေ့မြင် ကြရ လျှင် ပွဲကြည့်အဆောင်တော်ကြီးတစ်ခုလုံးအတွင်းရှိ မင်းမိဖုရား၊ သားတော်၊ သမီးတော် များနှင့်တကွ အလုံးစုံသော နန်းတွင်းသား၊ နန်းတွင်းသူတို့မှာ တစ်တိုင်းတစ်ပြည်မှ ကြွရောက်လာသော မျက်နှာစိမ်း မင်းသမီး တစ်ပါးကို တွေ့မြင်ရသကဲ့သို့ လူမှား၍ နေကြ လေ၏။
နောက်ပါ အထိန်းတော်ကြီး ခင်ဘွားသစ်နှင့် ရံရွေဘော် အပျိုတော်အပေါင်းကို တွေ့မြင်ရ သောအခါ မယ်တော် အလယ်နန်းမတော်မိဖုရား၏ အပျိုတော်များက ခရီးဦးကြိုပြုကြ လျက် မယ်တော် ကိုယ်တိုင် ကလည်း သမီးတော်အား သလွန်ပေါ်မှ နေရာထိုင်ခင်း ဖယ်ရှား ပေးတော်မူပြီး-
"သမီးတော် စုလတ် ဘောက်မဲ့ နောက်ကျတော်မူသတုံး"
ခပ်ပြုံးပြုံး မိန့်တော်မူလိုက်မှပင်
"ဟင် ... လက်စသတ်တော့ မြတောင်စုဖုရားကလေးပါကလား"
နန်းတော်သူ နန်းတော်သားအချင်းချင်း အတွင်းကြိတ် လက်တို့ကြပြီး တအံ့တသြ ချီးမွမ်း၍ နေကြကုန်၏။

"မာချင်လျှင်၊ စိန်သံချောင်း နုချင်လျှင်ဖေါ့ဖယောင်း" ဆိုသလို ပျော့ပျောင်းပြေပြစ် ပင်တိုင်သူ့မူဟန် ရွှေနန်းစံ သာကီသွေးမို့ ယဉ်ကျေးသိမ်မွေ့လှပါတယ်။
"အဖြီးအလိမ်း အပြင်အဆင်မှာလည်း သူများတကာထက် တစ်ပန်းသာပြီး နည်းခိုးစရာ ဖြစ်နေပါကလား"
မိဖုရား မိဖုရားချင်း၊ သမီးတော် သမီးတော်ချင်း၊ ဆွေတော်, မျိုးတော်, အထိန်းတော်, အပျိုတော်အချင်း ချင်း စုဖုရားကို တအံ့တသြ တီးတိုးချီးမွမ်း ပြောဆိုလျက် ၀င်တော်မူလာ သည်ကအစ ခမည်းတော် နှင့် မယ်တော်အပါးသို့ ကျိုးရို့ခစားမိသည်အထိ ငေးစိုက်ကြည့်ရှု နေမိကြလေ၏။

မင်းတရားကြီး ဘုရားမှာမူကား မင်းယောက်ျားကဲ့သို့ တကားယား၊ ထိုင်ကားယား၊ ကြွားကြွားမားမားသာလျှင် ရှုစားတော်မူခဲ့ရသော သမီးတော်အား ဤကဲ့သို့ ရုတ်တရက် ချက်ချင်း ပျော့ပျောင်းသိမ်မွေ့ ထီးငွေ့နန်းသွေးပီပီ ခစားလာသည်ကို ရှုစားတော်မူရသော အခါ ရှေးယခင်အခါက နှမတော် အလယ်နန်းမိဖုရားနှင့် နှစ်ပါးတည်း စံတော်မူခိုက်အခါ တွင် သမီးတော်သုံးပါးအကြောင်းနှင့် ပတ်သက်၍ စကားဆက်မိတော်မူတိုင်း
"အလယ်နန်း မိမိရယ်၊ မိမိ သမီးတော်သုံးယောက်မှာ အကြီးဖြစ်တဲ့ 'မိုင်းနောင်စုကြီး' ကြောင့်လည်း စိတ်မပူဘူး၊ အငယ်ဖြစ်တဲ့ 'ရမည်းသင်း စုကလေး' ကြောင့်လည်း စိတ်မပူ ဘူး၊ ဟောဒီ 'မြတော်စုလတ်'ကိုတော့ စိတ်မချဘူး၊ ကျုပ်များသေရင် ဒီလုံကလေးအတွက် ခက်ရချေရဲ့၊ အစစအရာရာ ဆိုးချင်နွဲ့ချင်တာကလည်း အင်မတန်များပြီး ယောက်ျား ကလေးများလို ရဲရဲရင့်ရင့်နဲပ စိတ်ကလည်း ထက်ထက် မြက်မြက် ရှိလှတယ်၊ ကျုပ်မရှိရင် သူ့ကို လူစော်ကားတော့မယ်၊ မိမိကိုယ်တိုင် တဖြည်းဖြည်း သင်ကြား ဖျောင်းဖျစမ်းပါဦး၊ မိဘွားသစ်နဲ့ချည့် ပစ်မထားနဲ့"

သမီးတော်အတွက် ရတက်တော်မအေးသဖြင့် အတွင်းရေးကို မိန့်တော်မူခဲ့မြဲဖြစ်ရာ ယခု ကဲ့သို့ သမီးတော် စုဖုရားလတ်၏ ရုတ်တရက်  အချိုးပြောင်းပြီး မင်းသမီးပီပီ တည်ကြည် သိမ်မွေ့သော အမူအရာ၊ အပြင်အဆင် အ၀တ်အစားနှင့်တကွ နူးညံ့ယဉ်ကျေး ထီးသွေး နန်းဟန်မပျက် အချက်ကျကျ တွေ့မြင် ရှုစားတော် မူလိုက်ရသောအခါ ရွှေစိတ်တော်အေး လျက် နှစ်သက်တော်မူမိသည့်အတိုင်း သမီးတော် စုလတ်ကို အထပ်ထပ် ပြုံး၍ ရှုစားတော် မူနေလေ၏။

အလယ်နန်းတော် မိဖုရားကြီးမှာလည်း မင်းတရားကြီး အလိုတော်တွေ့ပြီဟု အားတက်၍ မဆုံး တပြုံးပြုံးဖြစ်၍ နေတော်မူကာ သမီးတော် စုဖုရားလတ်ကို မကြာမကြာ အရေးတယူ နှင့် မိန့်ခွန်းတော် စကားကြူ၍ သူများထက် အလေးမူနေတော်မူပြီးလျှင် အစ်မတော် မိုင်းနောင်စုဖုရားကြီးကလည်း ညီမတော် အမူအရာပြောင်း၍ နွဲ့နှောင်းသိမ်မွေ့လာသည် ကိုပင် ပြုံးရွှင်ကျေနပ်၊ အထပ်ထပ် ယုယကြင်နာ၍ စေတနာတိုးပြီး အချစ်တော်မိုးကြီး စွေဖြိုးရွာသွန်လျက် ရှိတော်မူရှာလေသည်။
အနီးအပါးရှိ စုဖုရားကြီး၏ အပျိုတော်များအား ညီမတော် စုဖုရားလတ်အတွက် အချိုကလပ်၊ အချဉ်ကလပ်မှစ၍ စားဖွယ်ရာ စားတော်ကလပ် အထပ်ထပ်တို့ကို မပြတ် အောင် ရှေ့တော်သို့ ပို့ဆောင် ဆက်သတော် မူစေ၏။

ယင်းသို့ ခမည်းတော်၊ မယ်တော်များနှင့်တကွ ပွဲကြည့်ဆောင်တော် တစ်ခုလုံးရှိ မင်းပရိသတ်များက မူရာပြောင်းလွှဲလျက် ရှေးကထက် နူးညံ့ယဉ်ကာ အလှကျက်သရေ တိုးတက်လာသော စုဖုရားလတ်အား လေးလေးစားစား အရေးထား၍ ချီးမွမ်းအံ့သြသော မျက်နှာထားနှင့် ယုယကြင်နာ၊ အရေးတော် ပါကြစေသောအခါ အထိန်းတော်ကြီး ခင်ဘွားသစ်မှာ မျက်စိမျက်နှာ မပွင့်အောင် အတွင်းကြိတ် အေးမြင့်၍ သွားပြီး အနီးရှိ မိမိနှင့်အတူပါသူ အပျိုတော် ခင်မကြီး၊ ခင်ဘုန်း၊ ခင်ဟေတို့အား စုဖုရားအတွက်နှင့် 'အရှင်မြင့်၊ ကျွန်တင့်'ဆိုဘိအလား အားတက်ဝမ်းမြေက်လှသော စကားများ လူမကြား အောင် ကြိတ်၍ လက်သိပ်ထိုး ပြောကြားလျက် ရှိလေသတည်း။

ထိုသို့ ကြီးကျယ်ခမ်းနားလှသော လောကီစည်းစိမ်ခံစားရာ ပွဲကြည့်ဆောင်တော်ကြီး အတွင်းရှိ မင်းယောက်ျား မင်းမိန်းမ ပရိသတ်အပေါင်းတို့မှာ ရွှေရောင်ငွေရောင်၊ မှန်ရောင် ပြိုးပြိုးပြောင်သော ရွှေတိုင်ရောင် အောက်ရှိ အိစက်နူးညံ့သော နေရာထိုင် သလွန်၊ မွန်မြတ် သော ကမ္ဗလာကော်ဇော ထက်တွင် နှစ်သက်ဖွယ် သော အဆင်အပြင်နှင့် ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ၊ နံ့သာအထုံ အာရုံစွဲစေသော ဇာတ်တော်ပွဲကြီး တို့ဖြင့် အာရုံခြောက်ပါးကို အလဲလဲ အားရအောင် ခံစား စံစားလျက် စည်းစိမ်တော် ယစ်မူးပြီး အထူးနှစ်သိမ့် ပျော်ရွှင် ၍ နေကြလေ၏။

ဝဲယာ အငြိမ့်တို့မှာလည်း တဖြည်းဖြည်း အသံပျောက်၍ အောက်ဇာတ်တော်ကြီးမှ ကျွဲခေါင်းဆောင်း၊ သမင်ခေါင်းဆောင်၊ မြင်းခေါင်းဆောင် စသော ပွဲဦးအကများလည်း ပြီးစီးလျက် လေးဆယ့်ငါးရက် အစီအစဉ် အတိုင်း ကပြခဲ့သော ဣန္ဒာ့ဝုဓခေါ် အီနောင် နန်းတွင်းဇာတ်တော်ကြီး၏ ဇာတ်အိမ်ဇာတ်ကွက်ကို ဆက်လက်ပြသရန် အချိန်ရောက်ပြီး ဖြစ်သောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အာရုံစိုက်လေ့ ရှိကြသော နန်းတွင်းသူတို့မှာ ဆိုင်ရာ ဆိုင်ရာ အလျင်းသင့်သူချင်း စကားပြောဟောနေကြသည်များကို ရပ်ဆိုင်းပြီး ဇာတ်စင်ကြီး ရှိရာသို့ မျက်နှာမူကြလေတော့၏။

ထိုညဥ့်အတွက် ဆက်လက်ကပြရမည့် အခန်းကြီးမှာ ဣန္ဒာဝုဓခေါ် အီနောင်နန်းတွင်း ဇာတ်တော်ကြီးမှ တစ်ဆယ့်ခြောက်ညမြောက် ပြသရမည့် သောဋသမအခန်းဖြစ်သော ပုပ္ပာနယခေါ် ပွတ်စပါး မင်းသမီးနှင့် လာသံမင်း၏သားတော် စရကားမင်းသားတို့၏ လက်ထပ်အခန်းအနားမတိုင်မီ ပရမီသွာနတ်ကူသို့ ပွတ်စပါး မင်းသမီးသည် မိထွေးတော် အနောက်နန်းမိဖုရားနှင့် နတ်ဂူသို့ဝင်ရာ ဣန္ဒာဝုဓခေါ် အီနောင်မင်းသားက ဥပါယ်တံမျဉ် နှင့် လိုက်လံတွေ့ဆုံသော ဂူဝင်ခန်းခေါ် ပရိသတ်အကြိုက်အများဆုံးသော အခန်းကြီး တစ်ခန်း ဖြစ်သောကြောင့် ပဏာမ အကများပြီး၍ အီနောင်မင်းသား၊ ညီတော် သင်္ခမရတား အထိန်းတော် ပသန္တာတို့ ယိုးဒယားချူချပ်အကနှင့် ထွက်လာကြလျှင်ပင် ပွဲကြည့်ဆောင် တောငတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်လျက် ဇာတ်ခုံရှိရာသို့သာ စိတ်အားထက်သန်စွာ ရှုစား၍နေလေကြလေ၏။

ထိုညဥ့် ကပြသော အခန်းမှာ ရွှေနန်းတော်ကြီးအတွင်းတော်၌ အသုံးခံရသော အီနောင် ဇာတ်တော် ကြီးတွင် လေးဆယ့်ငါးရက်ပတ်လုံး အခန်းပေါင်း(၂၈)ခန်းမျှ အပိုင်းအခြား ပြသ ရသည့်အနက်မှ ဆယ့်သုံးကြိမ် မြောက် အခန်းဖြစ်သော "ဦးချခန်း၊ ဆယ့်ခြောက်ကြိမ် မြောက် လေလွင့်ခန်းတို့မှစပြီး နှစ်ဆယ့် ခုနှစ်ကြိမ်မြောက် ဇာတ်သိမ်းခန်းဖြစ်သော ကျောက်ကောက်ခန်းသို့တိုင်အောင် ပရိသတ် အထူး စိတ်ဝင်စားလျက် နှစ်သက်လှသော အခန်းကောင်းကြီးများဖြစ်၍ ထိုအကောင်းဆုံး အခန်းများအနက်မှ ယခု ညဥ့်ပြသသော 'ဂူဝင်ခန်း'ဖြစ်ရကား ဘုန်းတော်ကြီးလှသော ရွှေနန်းရှင် ဘုရားနှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်များပါ အထူးအာရုံစိုက်၍ ရှုသားတော်မူနေဆဲဖြစ်ရကား ပွဲကြည့် ဆောင်တော်ကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ အသက်ရှုရန်ပင် မေ့လျော့နေသကဲ့သို့ ရှိကြလေသတည်း။

သို့နှင့် အတန်ကြာသော် ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားလည်း ညောင်းညာတော် မူသည့်နှင့် ရွှေနန်းမ အဆောင်တော်သို့ ပြန်လည်ထွက်ကြွတော်မူသွားလျှင် အချို့ မိဖုရား၊ မောင်းမမိဿံ၊ ခြွေရံ ကျေးကျွန်တို့ နောက်တော်ပါးမှ ပါသွားကြပြီး အချို့လည်း အလယ် နန်းမတော်မိဖုရား အပါးတော် တွင် ပွဲကြည့်ရင်း ခစားကျန်ရစ်ကြလေ၏။

အချို့ မိဖုရားငယ်၊ ကိုယ်လ်ုပမောင်းမငယ်များမှာကား ရှေ့ရေး၊ နောက်ရေး၊ တွေးတော ကာ ရွှေနန်းရှင်ဘုရား ၀င်တော်မူသွားသည့်နောက်သို့လည်း မလိုက်၊ မိမိတို့ အဆာင်တော် သို့လည်း ခပ်ပြောင်ပြောင် ပြန်မသွားဘဲ အလယ်နန်းမတော်ဖုရား အပါးတွင် ဣနြေ္ဒမပျက် ဆက်လက်နေကြရရှာသူများ ဖြစ်လေရာ အချင်းချင်း လက်တို့ပြီး-
"မမတို့ကလည်း ဘာမှမတွေးဘဲကိုး၊ သွားချင်ရင် ခဏလောက် အခြေမပျက်နေပြီးမှ ပြန်ပါ မှပေါ့၊ မတော်လို့ ဟို အလယ်နန်းဖုရားက ငါ့အပါး မခစာချင်းလို့ သင်းတို့ အတွင်းကြံနှင့် ဂုဏ်ခံထ သွားကြတယ်ထင်ပြီး စိတ်တော်ထဲ ငြိုငြင်သွားရင် မမတို့ မိမိတို့မှာ တိုတို ပြောကြပါစို့ မြေစာပင် အငယ်စား ကလေးတွေမို့ နှစ်ဘက်ဓားနှီးလှပါတယ်"
အရှင် မိဖုရားခေါင်ကြီးဘုရား၊ နတ်ရွာစံ ကံတော်ကုန်သွားမှ ဆောင်ရ၊ နန်းရမိဖုရား အသီး သီး ရှိကြတဲ့ အထဲမှာ အလယ်နန်းတော်သခင်ကြီးဘုရား တစ်ပါးသော အကဲပါလို့ အရာ ရောက်ပြီး အထွတ်အထိပ် မြောက်တော်မူရမှာ အမှန်ပဲ မိမိရဲ့"

"ဒီတော့ 'မင်းခစား ကမ်းနားသစ်ပင်' ဆိုသလို အင်မတန် အန္တရာယ်များလွန်းလို့ သတိ ၀ိရိယ အထူးထားရမယ်၊ မင်းတို့မျက်စောင်း အကြောင်းသုံးပါး မရွေးဘူးတဲ့ မိမိရဲ့၊ အရာရာ ရှေ့နောက်ကြည့်ပြီးမှ နေပါ၊ ထိုင်ပါ"
ပြောသူကပြော၍ အချို့ကလည်း-

"အို့ ... မမတို့ရယ်၊ နေရထိုင်ရတာ ကျဉ်းကျုပ်လှပါတယ်၊ ဘုန်းတော်ကြီးလှသော ဘုရားလည်း ရွှေနန်းဆောင်တော်ထဲ ထွက်တော်မူသွားပြီဟာ၊ တာဝန်မရှိတော့ဘူး၊ ကျွန်မတို့လည်း အိပ်ချင်ရင် ကိုယ့်အဆောင်ကိုယ် ထပြန်ကြရုံ ရှိတာပဲ မဟုတ်လား၊ အလယ်နန်းမတော်ဖုရား မပြန်သေးလို့ တစ်ညလုံး ပွဲရှုစားတော် မူနေရင်ကော ကျွန်မတို အိပ်ချက်ရက်နဲ့ ဒီလိုငုတ်တုတ်ကြီး ထိုင်နေရမှာပဲလား မမရဲ့၊ ဒီပြင် ဆောင်ရ နန်းရ မိဖုရားကြီး၊ မိဖုရားလတ်တွေလည်း ဒီလိုပဲ အသီးသီး ကိုယ့်သဘောနဲ့ကိုယ် ပြန်ချင်တဲ့သူ ပြန်၊ ချန်ချင်တဲ့သူ ချန်နေရစ်တာကပဲ၊ ဒီထဲကမှ အမျက်တော်ထားရင်လည်း ခံလိုက်ရုံပေါ့ဟု.. ငေါ့တော့တော့ပြောရာ-

"အို ... မင်းသိင်္ဂါတို့ ပြောလိုက်မှဖြင့် အငေါ်တူးတူးနဲ့ အထူးလန့်စရာ ကောင်းပါကလား၊ တိုးတိုးပြောပါ၊ အရိပ်သုံးပါး နားမလည်ရင် ချေသူငယ် ကျားစာဖြစ်သတဲ့၊ သတိထားဖို့ အကြောင်း သတိပေးတာပါ၊ ဟို ... အလယ်နန်း မိဖုရားကိုလည်း ဒါလောက်ဆိုးတယ်လို့ ပြောသေးတာမှ မဟုတ်ပါဘဲနဲ့ ဒီလိုလုပ်ရင် ဒီလို ထင်သွားချင် ထင်သွားမလားဆိုတာ တွေးတောပြီး ပူမိလို့ သတိပေးတာပါ။ ဖြစ်တတ်တဲ့ သဘာဝမို့ ကျွန်မက တွေးမိတဲ့အတွက် ပြောရတာကိုး၊ ထင်မယ် မထင်ဘူးဆိုတာတော့ ဘုရားသိကြားမှ သိနိုင်မှာပေါ့၊ အထင် မလွဲရင် ကိစ္စမရှိဘူး၊ အထင်လွဲရင်တော့ တစ်နေ့ ရင်ကွဲရပြီသားဆိုတာ မှတ်ထားပါ၊ အထွတ်အထိပ် ရောက်မည့် ဆဲဆဲ ပုဂ္ဂိုလ်တစ်ဦးကို အထူးခစားလို့ မမှားဘူး၊ 'အရှင်မြင့် ကျွန်တင့်' ဆိုတဲ့စကားလို ကိုယ့်ဖို့ကိုယ် ၏တာတောင် ချီးမြှင့်သူကောင်းပြုတာ ခံရပါလိမ့် ဦးမယ်" အချင်းချင်း လက်တို့ကာ တီးတိုး ပြောဆိုလျက် ရှိကြလေ၏။

အလယ်နန်းမတော်ဖုရားနှင့်တကွ သားမယ်တော်လေးပါးလည်း အချို့သော မိဖုရား မောင်းမ ခြွေရံများနှင့် အတူ အတန်ကြာ ပွဲရှုစားတော်မူပြီး လင်းအားကြီးအချိန်ကျမှ အဆောင်တော်တို့ ပြန်ကြွတော် မူလာကြသဖြင့် ပွဲကြည့်ဆောင်တော် ထဲတွင် လူစုကွဲသွား ကြလေရာ ဆီမီးထွန်း အမှုထမ်းသား များသာလျှင် ကြောင်မရှိတုန်း ကြွက်တွေမြူးကြဘိ အလား တသောသော တဟားဟားဖြစ်၍ နေရစ်ကြ လေတော့တည်း။

အခန်း (၁၂) မျှော်
.

No comments: