အခန်း(၄)
စူဇီသည် ထိုအချိန်မှစပြီး စည်းကမ်းကို တိကျစွာ လိုက်နာတော့သည်။ သူအထင်ကြီး လေးစားသူ တစ်ယောက် အပေါ် ဘယ်တော့မှ ဟန်ဆောင်ဖုံးကွယ်ခြင်း မပြုလုပ်ပါဟု စူဇီ ပြောခဲ့ဖူးသည်။ ထိုစကား သည် အမှန်အတိုင်း ပြောခြင်းဖြစ်ပါသည်။
ယခုတော့ ဘင်းကို သူ အထင်ကြီးလေးစားသွားပြီ။ သူ၏ သစ္စာတိုင်ကြီးကို မည်သည့် အရာကမှ နှဲ့လို့ရတေ့မည် မဟုတ်ပါ။ သူ့သားကလေး၏ နောင်ရေးလုံခြုံစိတ်ချရရရေးကလည်း နှဲ့နိုင်တော့မည် မဟုတ်ပါ။ သူ့သားကို ဟောင်ကောင်မှာရှိသော အကောင်းဆုံးကျောင်းမှာ ထားဖို့ သူကြိုးစားခဲ့သည်။ ပြီးလျှင် အောက်စဖို့တက္ကသိုလ် ပို့မည်။ ပြီးလျှင် ရုပ်ရှင်မင်းသားဖြစ်ရမည်။ ဒါတွေကလည်း အရေးမကြီး တော့ပါ။
သူ့ကို ဘင်းက ရိုက်ခဲ့သည့် ဇာတ်လမ်းသည် သူ့ဘ၀တွင် ဂုဏ်ယူဖွယ် အကောင်းဆုံး သောအဖြစ်အပျက်ကြီး ဖြစ်နေတော့သည်။ နမ်ကောက်မှာရှိနေကြသည့် မိန်းကလေးများသည် ထိုအကြောင်း ကိုပင် ဂုဏ်ယူဖွယ် ပြောမဆုံးအောင် ရှိကြသည်။ နမ်ကောက်ဟိုတယ်သို့ ကိုယ်ပိုင် ကားကြီးကို မောင်းလာကြောင်း၊ ရဲအရာရှိ အယောင်ဆောင် လူကြီးတစ်ယောက် ဆင်းလာကြောင်း၊ အခန်းထဲမှ သင်္ဘောသားကို ကန်ထုတ်ပစ်လိုက်ကြောင်း၊ အင်မတန်ကြီးကျယ်သည့် ချစ်မေတ္တာ ဇာတ်လမ်း ကြီး အဖြစ် အားပါးတရ ပြောဆို နေကြတော့သည်။
"မနေ့ညကလေ ကျွန်မအိပ်မပျော်ဘဲ ဘင်းအကြောင်းကို တွေးနေမိတယ်၊ ကျွန်မအိပ်ပျော်သွားရင် သူ့အကြောင်း အိပ်မက် မက်မယ် မမက်ဘူးဆိုတာ မသေချာဘူးလေ၊ အိပ်မက် မက်ရင်တော့ ကောင်းပါရဲ့၊ မမက်ရင် ခက်မယ်၊ ဒါကြောင့် မအိပ်ဘဲ ကျွန်မ ဒီအတိုင်း နေပစ်လိုက်တယ်" ဆိုတာမျိုးတွေ စူဇီက ကျွန်တော့်ကို ပြောလာသည်။
ထိုမျှမကသေး။
"သူ့ကို ကျွန်မ ချစ်နေမိပြီလားဆိုတာ တွေးကြည့်နေမိတယ်။ အစ်ကို ဘယ်လိုထင်သလဲဟင်... သူ့ကို ကျွန်မ ချစ်နေပြီလို့ အစ်ကိုထင်သလား" ဆိုတာမျိုးတွေလည်း မေးလာတတ်သည်။
"သိပ်မှန်တာပေါ့... မင်းတစ်ကိုယ်လုံး အချစ်ရည်တွေ ဖုံးနေပြီ"
"ဟုတ်တယ်... ကျွန်မလည်း ဒီလိုပဲထင်တယ်" ဟု ပူပုံပွားဟန်မျိုးဖြင့် ခေါင်းညိတ်ပြတတ်သည်။ ပြီးတော့ ကျေနပ်နှစ်သက်စွာ ဆက်ပြောတတ်သေးသည်။
"ပြီးတော့လေ... သူ့မိန်းမကို ကျွန်မ မုန်းတယ်၊ အဲဒီမိန်းမကြီးကို အရမ်းမုန်းတာပဲ၊ ဒါကြောင့် သူ့ကို ကျွန်မ ချစ်နေတာ ဖြစ်ကို ဖြစ်ရမယ်"
သူ့ ကိုယ်သူလည်း ဇွတ်ယုံခိုင်းနေသည်။ တစ်နေ့တွင် ဘင်းက အယ်လီဇဘက်နှင့် ကွာရှင်းပြတ်စဲပြီး သူ့ကို လက်ထပ်ယူလိမ့်မည်ဟုလည်း သူ ယုံစးနေသည်။ သည်ကစပြီး လန်ဒန် အကြောင်း မဆုံးနိုင်အောင် ကျွန်တော့်ကို မေးတော့သည်။ ဘင်းက သူ့ကို လန်ဒန်ခေါ်သွားလျှင် လန်ဒန်အကြောင်း ဘာမှသိမထား သဖြင့် အရှက်တကွဲဖြစ်ရတာမျိုး သူ မဖြစ်ချင်ပါဟု ဆိုသည်။
"စူဇီ မင်းပြောနေတဲ့ စကားတွေကို ကိုယ် သိပ်ယုံချင်တာ မဟုတ်ဘူးနော်" ဟု သူ့ကို ကျွန်တော် ပြောခဲ့မိသည်။
ကျွန်တော့် ရင်ထဲက သ၀န်တိုစိတ်တွေ ကြီးထွားသည်ထက် ကြီးထွားလာပြီ။ သည်လို လွန်ကျူးသည့် မျှော်လင့်ချက်မျိုးတွေကိုလည်း ကျွန်တေ် မုန်းတီးလာပြီ။
"ဒါပေမဲ့ ဘင်းက ကတိပေးပြီးပြီ၊ သူ ခဏခဏ ပြောတယ်၊ "စူဇီ မင်းကို လန်ဒန်မြို့ကြီး ပြချင်တယ်၊ မင်းရဲ့ တရုတ်သွေးနဲ့ ဆိုရင် လန်ဒန်မှာ သိပ်လှမှာပဲ၊ ဟုတ်တယ်... တစ်နေ့ကျရင် မင်းကို ခေါ်သွားပြီး အားလုံးကို လိုက်ပြရမယ်၊ ပြီးတော့ တို့လက်ထပ်..." ဘယ်မှာဆိုတာ ကျွန်မ မေ့သွားပြီ၊ ဒါပေမဲ့ သိပ်နာမည်ကြီး တာပဲလေ၊ ဘုရင်မကြီးလက်ထပ်တဲ့ ဘုရားရှိခိုးကျောင်းဟာ"
"၀က်စ်မင်စတာအက်ဘေးလား"
"ဟုတ်တယ်... ၀က်စ်မင်စတာအက်ဘေး အဲဒီမှာ လက်ထပ်မယ်တဲ့၊ ကျွန်မကို တရုတ်မင်းမျိုး မင်းနွယ် ထဲက မင်းသမီးကလေးဆိုပြီး ဟန်ဆောင်ရမယ်တဲ့"
သည်အကြောင်းတွေကို နေ့လယ်စာ စားရင်း၊ အိပ်ရာပေါ်မှာ လဲလျောင်းရင်းက ရယ်စရာ မောစရာ များအဖြစ် ပြောခဲ့တာပဲ ဖြစ်ရမည်။ ဒါတွေကိုလည်း စူဇီက အလေးအနက်ထားနေလိမ့်မည်ဟု သူထင်ပုံ မရ။ အယ်လီဇဘက်နှင့် သူ ကွာရှင်းပြတ်စဲဖို့ ဆိုသည်မှာလည်း အလွန်မလွယ်သော ကိစ္စ ဖြစ်ကြောင်း ကျွန်တော်က ထောက်ပြသည်။
"အို... ဒီအတွက် မပူပါနဲ့.. ဟောင်ကောင်မှာရှိတဲ့ ကြီးကြီးမာစတာ တွေအားလုံးကို ဘင်းသိတယ်၊ အစိုးရ အိမ်တော်ထဲကို သူဝင်သွားပြီး "ကောင်းသော မင်္ဂလာနံနက်ခင်းပါ ဘုရင်ခံကြီး... ကျွန်တော့မိန်းမ မကောင်းဘူး... သူနဲ့ ကျွန်တော် ကွာချင်တယ်"လို့ တစ်ခွန်းပြေလိုက်ရရုံပဲ၊ ဘုရင်ကြီးကလည်း "သိပ်ကောင်း တာပေါ့၊ ခင်ဗျားနဲ့ ကျွန်တော် နေ့လယ်စာ အတူစားနေတုန်း တစ်ယောက်ယောက်ကို စီစဉ်ခိုင်း လိုက်မယ်လေ"လို့ ပြန်ပြောမှာပဲ" စသည်ဖြင့် အခိုင်အမာကြီး ပြန်ပြောနေတော့သည်။
ပြီးတော့ လန်ဒန်မြို့ ဓာတ်ပုံစာအုပ်ကို ကောက်ကိုင်ပြီး ကြည့်နေသည်။ သည်စာအုပ်ကို ယခင်က ထက်ပိုပြီး သူ စိတ်ဝင်စားလာသည်။ ထို့နောက် လန်ဒန်မျှော်စင်ပေါ်မှ ပျားဖွပ်သူတစ်ယောက်၏ ဓာတ်ပုံကို လက်ညှိုးထိုးပြပြီး
"ဒီလူကြီးကို ကြည့်ပါဦး၊ ဘယ်လောက်ဝသလဲ၊ လန်ဒန်ကို ကျွန်မ ရောက်ရင်တော့ သူ့ကို ကျွန်မ ပြောရမယ်၊ "ဟေ့လူကြီး.. ရှင်တအားဝတယ်၊ ရှင် တော်တော်အစားပုပ်တယ်"လို့ ပြောရမယ်" သူအရမ်း ပျော်သွားသည်။ ထို့နောက် စာအုပ်မှ ရုတ်တရက် ခွာထွက်သွားပြီး"အူး" ဟု တစ်ချက် အော်လိုက်ကာ နာကျင်ဟန်ဆောင်နေသည်။
"ဒါက ဘာဖြစ်သွားရပြန်တာလဲ" ဟု ကျွန်တော်က မေးသည်။
"ပျားဖွပ်တဲ့လူကြီးက အခုပဲ ကျွန်မကို ပြောတယ်၊ "နင့်ဟာ လူကြီးမှန်းမသိ လူငယ်မှန်း မသိ" တဲ့၊ ပြီးတော့ အဲဒီအသံချွန်ကြီးနဲ့ ရိုက်လိုက်တယ်"
ကျွန်တော့်အခန်းသို့ စူဇီ နေ့တိုင်း လာရောက်လည်ပတ်ပါသည်။ ဘားခန်းကိုတော့ ဝေးဝေးက ရှောင်ပါသည်။
သို့သော်လည်း သူ့အပေါင်းအသင်း အမျိုးသမီးများနှင့် ဘားခန်းထဲမှာ ထိုင်ပြီး ထွေရာလေးပါး စကားပြောရသည်ကို စူဇီ အလွန်နှစ်သက်ပါသည်။ ထို့ကြောင့် စကားတော့ သွားပြောခွင့်ပေးပါဟု ဘင်းထံမှာ ခွင့်ပန်ကြည့်ပေးသည်။ ဘင်းက အပြတ်ငြင်းပစ်လိုက်သည်။
နောက်ဆုံးတော့ ညဦးပိုင်းများတွင် စူဇီတစ်ယောက်တည်း အထီးကျန်ဖြစ်နေရသည့် ဘ၀မှ သက်သာရာရစေရန် ဗဟိုခရိုင်ရှိ ကပွဲခန်းမသစ်တစ်ခုမှာ အလုပ်လုပ်ခွင့်ကို ပြုလိုက်သည်။ ယင်းကပွဲ ခန်းသို့ တရုတ်လူမျိုးနှင့် ဥရောပတိုက်သားများ သွားလေ့ရှိသည်။ အထင်ကြီး လေးစား လောက်သော ခန်းမတစ်ခုဖြစ်ပါသည်။ စစချင်းတော့ အတူကသည့် အမျိုးသမီးများကို အပြင် တွဲမထုတ်သေးသဖြင့် ဘင်းက ခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
ကပွဲမှာ ကရသည်ကို စူဇီ အလွန်သဘောကျပါသည်။ တစ်ညဦးပိုင်းလုံး သူ ကနေတတ် သည်။ သူကိုယ်တိုင်လည်း စိတ်ချမ်းသာရသည်။ ပြီးတော့ ဆယ်ဒေါ်လာ ဆယ့်နှစ်ဒေါ်လာလောက် လည်း မှန်မှန် ရနေသေးသည်။ အပြင် ခေါ်တာလိုက်ပြီး ညစာ စားရလျှင်တော့ မြိုးမြိုးမြက်မြက် ကလေး ရပေမပေါ့။
သို့သော်လည်း ညစာစားဖို့ အဖိတ်ခံရလျှင် စူဇီက စောစောကတည်းက ရှင်းအောင် စည်းကမ်းချက် သတ်မှတ်ထားတတ်သည်။ ညစာ စားရုံ သက်သက်ပဲ။ ဘာမှမလုပ်ရ။ တခြားဘယ် ကိုမှ ခေါ်မသွားရ။ ပြီးတော့ သူ့အိမ်ကိုလည်း မော်တော်ကားနှင့် ပြန်ပို့မပေးရ။
စူဇီမှာ သင်ခန်းစာတွေလည်း ရခဲ့ပြီ။ ထိုသို့ ကြိုကြိုတင်တင် အကာအကွယ်တွေ လုပ်ထားနိုင်မှ တန်ကာကျသည်။ အိမ်ကို ဓာတ်ရထားနှင့် ပြန်ခြင်းက အစစအရာရာ ဒုက္ခငြိမ်းသည်။
အသစ်ဖွင့်သော ထိုကပွဲခန်းမ၏ အမည်မှာ အက်စ်တိုးရီးယား ဖြစ်သည်။ အက်စ်တိုးရီးယားမှာ စူဇီ အလုပ်ဝင်သည့်အတွက် ကျွန်တော် စိတ်ထိခိုက်စရာ အကြောင်းတစ်ခု ပေါ်လာလေတော့သည်။
ရော့ဒ် နေတက်စ်လာဆိုသူတစ်ယောက် ကျွန်တော်တို့၏ ဘ၀ထဲသို့ ရောက်လာသည်။ အထူးသဖြင့် စူဇီက ဘင်းနှင့် ဆက်ဆံနေရသည့်အတွက် ရော့ဒ်နေတက်စ်လာကို သိပ်အရေး မပေးနိုင်လေရာ ထိုဝန်ထုပ်ကြီး သည် ကျွန်တော့် ခေါင်းပေါ်သို့သာ လုံးလုံးလျားလျား ကျရောက် လာတော့သည်။
သည်ကိစ္စကလည်း ဘင်းနှင့် စတင်ကြုံခဲ့ရသည့်အတိုင်း တစ်သဝေမတိမ်း တူညီပါသည်။
ညတစ်ည သန်းခေါင်အချိန်တွင် ကျွန်တော့်ကို စူဇီ ဖုန်းလှမ်းဆက်သည်။ သူ့အတွဲက ညစာ ခေါ်ကျွေးသဖြင့် မြို့ထဲရှိ စားသောက်ဆိုင်တစ်ခုသို့ လိုက်စားရင်း ကျွန်တော့်ဆီ ဖုန်းဆက် ပြောခြင်း ဖြစ်သည်။ ညစာ လိုက်မစားမီ ကတည်းက ကြိုတင်စည်းကမ်းချက်တွေ သတ်မှတ်ရာ နောက်ဆုံးတော့ ပြဿနာ ပေါ်ပြီဟု ကျွန်တော် ကောက်ချက်ချလိုက်မိပါသည်။
သူ့လူသည် ပညာတတ်တစ်ယောက်ဖြစ်သည်။ အထက်တန်းလွှာထဲက ဖြစ်သည်။ ပန်းချီကိုလည်း စိတ်ဝင်စားသည်။ ထမင်းစားရင်း ကျွန်တော့်အကြောင်း ပြောပြမိသည်။ သူ့လူက ကျွန်တော့်ဆီ ခေါ်သွားပေးပါဟု နားပူနားဆာလုပ်သည်။ သူကိုယ်တိုင်လည်း ပန်းချီဆရာဖြစ်မည်ဟု စူဇီက ထင်သည်။ သို့သော် အသေအချာတော့ မပြောနိုင်။ ကျွန်တော့် ပန်းချီကားများကိုလည်း ကြည့်လိုပါသည်ဟု ဆိုသည်။ ကျွန်တော်က လက်ခံမည်ဆိုလျှင် သူသိပ်စိတ်ချမ်းသာပါမည်ဟု ဆိုသည်။
သူ့လူက သူ့ကို ကျားပိန်တွယ် တွယ်နေသောကြောင့် ခွာအချရခက်နေသည်ကလည်း တစ်ကြောင်း ပါသည်။
ကျွန်တော် တုံ့ဆိုင်းဆိုင်းဖြစ်နေမိသည်။ ပြီးတော့မှ မသေမချာ ပြန်ပြောပါသည်။
"ကောင်းပြီလေ... သူ့ကို ခေါ်ခဲ့ပါ"
စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်မိပြီး ဖုန်းကို ပြန်ချထားခဲ့သည်။ နမ်ကောက်ဟိုတယ်ရောက်မှ ကျွန်တော်ဆွဲသည့် ပန်းချီကားများကို အတောင်း၊ စူဇီနှင့် သူ့သူငယ်ချင်း အမျိုးသမီးအချို့အပြင် သင်္ဘောသား အချို့သာ ကြည့်ဖူးသည်။ အခြား မည်သူ့ ကိုမှ မပြရသေး။
ကျွန်တော့် ပန်းချီကားတွေကောင်းကြောင်း သူတို့က ချီးမွမ်းစကားပြောလျှင် ကျွန်တော် ၀မ်းသာလို့ မဆုံးနိုင်အောင် ဖြစ်ခဲ့ရသည်။ သို့သော်လည်း ကျွန်တော့်ကားကို ကျွန်တော် ပြန်ကြည့်ပြီး "ဘာပဲဖြစ်ဖြစ်... ဒါတွေဟာ အနုပညာမြောက်တဲ့ ဝေဖန်ချက်တွေ မဟုတ်ပါဘူးလေ" ဟု သဘောထားကာ သူတို့၏ မှတ်ချက် များကို ပစ်ပယ်လိုက်စမြဲ ဖြစ်ပါသည်။
ယခုတော့ သည်ကားတွေကို ကွက်ခနဲ တစ်ချက်လှမ်းကြည့်မိသည်။ စောစောတုန်းကတော့ သူတို့တန်ဖိုးကို အသိအမှတ်ပြုဖို့ ကျွန်တော့်အတွက် ၀န်မလေးမိ။ တစ်ကားနှစ်ကားသည် အလွန် အနုပညာ မြောက်သည်ဟုပင် ကျွန်တော် စွဲစွဲမြဲမြဲ ယုံကြည်ခဲ့သည်။
သို့သော် ယခုမူကား ထိုသို့ မဟုတ်တော့ပြီ။ ကျွန်တော် မသိသာ လူစိမ်း ဝေဖန်ရေးသမား၏ အကြည့်ဖြင့် ကြည့်မိသည်တွင် ကျွန်တော့်ယုံကြည်ချက်များ လွင့်စဉ် ပျောက်ပျက်ကုန်တော့သည်။ ဘာအဓိပ္ပာယ်မှ မရှိသည့် ဆေးခြယ်ထားသော ပတ္တူစများပါတကား ဟု ထင်ချင်သလို ဖြစ်လာသည်။
ဘုရား... ဘုရား... မလာပါနဲ့ဟု ပြောလိုက်မိလျှင် ကောင်းလေစွဟုလည်း တွေးမိသည်။
မကောင်းသောကားများကို တက်သုတ်နှင့်ပြီး ကျွန်တော် ၀ှက်မိသည်။ ကောင်းသည်ဟု ထင်ရသောကားများကို သပ်သပ်ရပ်ရပ် ခင်းကျင်းရသည်။ ဒါတောင်မှ စိုးရိမ်စိတ်ကြောင့် မသပ်မရပ်များ ခင်းကျင်း မိလေသလားဟု ပူပင်သောက ရောက်ရသေးသည်။
မိနစ်နှစ်ဆယ်ကြာတော့ တံခါးခေါက်သံ ကြားရသည်။ လူငယ်တစ်ယောက်နှင့်အတူ စူဇီ ၀င်လာသည်။ လူငယ်က ဆံပင်တိုတို ညှပ်ထားသဖြင့် အမေရိကန်လူမျိုးဖြစ်ကြောင်း ဖော်ပြသလို ရှိနေသည်။ အလွန်တန်ဖိုးကြီးသည့် အ၀တ်အစားများကို ၀တ်ဆင်ထားသည်။ စီးထားသည့် ဖိနပ်က ဆိတ်သားရေ နုနုကလေးကို ချုပ်ထားသည့် တန်ဖိုးကြီး အကောင်းစား ရှူးဖိနပ်။
ခင်မင်ဖွယ်ကောင်းသော ပွင့်လင်းသော လူငယ်ပီသသော အပြုံးမျိုး ပြုံးပြီး ကျွန်တော့်ဆီသို့ လက်ကမ်းပေးသည်။
"တွေ့ရတာ ၀မ်းသာပါတယ် ဘော့... ခင်ဗျားကို ဘော့လို့များ ခေါ်ကြပါသလား"
သူ့လက်ကလေးကလည်း နူးညံ့နေသည်။ အမှတ်အသားတံဆိပ်ပါသော ရွှေလက်စွပ်တစ်ကွင်းကို ၀တ်ထားသည်။ သူ့အသံကလည်း အမေရိကန်သံပင်။ သူ့ဆံပင် သူ့အသံများကို မမြင်ရ မကြားရစေဦးနှင့်၊ သူ့အပြုံးနှင့် သူ့လက်ဆွဲနှုတ်ဆက်ပုံကို ကြည့်ခြင်းအားဖြင့်...
"ကျွန်တော်ဟာ အမေရိကန်လူမျိုးတစ်ယောက် ဖြစ်ရတဲ့အတွက် ဂုဏ်ယူပါတယ်၊ ကျွန်တော်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ ခင်ဗျားဟာ ကျွန်တော် တစ်ယောက်တည်းနဲ့ လက်ဆွဲနှုတ်ဆက်နေတာ မဟုတ်ပါဘူး၊ အမေရိကန်ပြည်ထောင်စုကြီးနဲ့ လက်ဆွဲနှုတ်ဆက်နေတာ ဖြစ်ပါတယ်၊ တစ်ပြည်လုံးကို ဖြန့်ထားနိုင်တဲ့ ရုပ်မြင်သံကြားလုပ်ငန်းတွေနဲ့ အင်မတန်ကြီးကျယ်တဲ့ မော်တော်ကားထုတ်လုပ်ရာ စက်ရုံကြီးတွေနဲ့ အမေရိကန်ရဲ့ လွတ်လပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးနဲ့ လက်ဆွဲနှုတ်ဆက်နေတာ ဖြစ်ပါတယ်" ဟု ထုတ်ဖော်ကြေညာနေသည်ဟု ထင်မှတ်မိပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ၏ပွင့်လင်းမှုကိုတော့ ကျွန်တော် ချက်ချင်း သဘောကျသွားမိပါတော့သည်။ ဒီလို သူငယ်မျိုး တစ်ယောက်ကို စူဇီ ဘာကြောင့် သဘောမကျနိုင်ပါလိမ့်ဟုလည်း တွေးလိုက်မိသည်။
"ကိုယ့်ကို ဘော့လို့တော့ ခေါ်လေ့ခေါ်ထ မရှိကြပါဘူး၊ ဒါပေမဲ့ ကိုယ်ဘယ်လိုမှ မအောက်မေ့ပါဘူး"ဟု ကျွန်တော်က ပြုံးရင်း ပြန်ပြောမိသည်။
"ကောင်းပါလေ့ဗှာ... ဒီလိုဆိုရင် ခင်ဗျားကို ရက်ဒ်လို့ မှားခေါ်မိရင်လည်း စိတ်ဆိုးမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်"
"ဘာလဲ... ရက်ဒ်"
"ဒီလိုပါ ဘော့... ကျွန်တော့်မှာ ခင်ဗျားနာမည်နဲ့ဆင်တဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ရှိပါတယ်၊ သူ့နာမည်က ရက်ဒ်လိုမက်ခ်ဇ်၊ ခင်ဗျားနာမည် ရောဘတ်လိုမက်ခ်ဇ်ဆိုတာ ကြားရကတည်းက တစ်ချိန်လုံး ရက်ဒ်အကြောင်းကို သတိပြန်ရနေမိတယ်၊ ဒါပေမဲ့ သူ့အကြောင်းကို ခင်ဗျားသိမယ်ဆိုရင် သူနဲ့ မှားခေါ်ပေမယ့် ခင်ဗျား ဘယ်လိုမှ အောက်မေ့တော့မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ သူက အင်မတန်ကိုတော်တဲ့လူပါ၊ အင်မတန်တော်တယ် ဆိုတာထက် ဟိုဘက်ကို အများကြီးလွန်ပါသေးတယ်၊ ခင်ဗျားတို့ နှစ်ယောက်မှာ အဲဒီလိုတော်တဲ့အချက်တွေ အတူတူပဲ ရှိနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်"
"အင်း... ကိုယ်တော့ စိတ်ကြီးဝင်သွားပြီ"
"ခင်ဗျားအကြောင်းတွေ စူဇီက ဘယ်လိုပြောပြတယ်ဆိုတာ ကြားစေချင်တယ်၊ ခင်ဗျားရဲ့ ကြော်ငြာကိုယ်စားလှယ်အဖြစ်နဲ့ သူ့ကို ခန့်ဖို့ ကောင်းတယ်ဗျာ၊ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ခင်ဗျားကိုတွေ့ရပြီ၊ သူပြောတာတွေ အားလုံး အမှန်ချည်းပဲ၊ ဒီစကားကို ကျွန်တော် အူထဲ အသည်းထဲက ပြောတာပါရက်ဒ်..."
သူ နာမည်မှားခေါ်လိုက်မိကြောင်း သတိထားမိသွားသည်။ လက်ချောင်းကလေးများနှင့် နှုတ်ခမ်းကို တို့လိုက်သည်။ ပြီးတော့မှ ပြုံးရင်း ဆက်ပြောသည်။
"ကဲပါလေ... ဒါတွေ ထားလိုက်ပါတော့ ရက်ဒ်... (သူ ထပ်မှားပြန်သည်) ခင်ဗျားဟာ အလွန်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ကြောင်း ကျွန်တောတို့အားလုံး သိကြပါတယ်၊ ဒါပေမဲ့ အခုလောလောဆယ်မှာ ဘော့နဲ့ ကျွန်တော်ဟာ စကားပြောနေကြရတယ်၊ ဒီလိုစကားပြော ရင်း ကျွန်တော်တို့ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အင်မတန်ခင်တဲ့ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားတော့မှာ သေချာတယ်လို့ ကျွန်တော့်စိတ်ထဲမှာ ခံစားနေရပါတယ်"
သည်လိုလုပ်ဇာတ်ကလေး ခင်းနေသည်ကို အနည်းငယ် နားမလည်သလို ဖြစ်မိသည်။ ကျွန်တော့်ကို ရက်ဒ်ဟု မှားခေါ်နေခြင်းမှာ တကယ်မှားခြင်း မဟုတ်ဘဲ ရည်စူးချက်ဖြင့် တမင်ခေါ် နေခြင်းဖြစ်ကြောင်း ကျွန်တော် သိနေသည်။ သို့သော်လည်း ကျွန်တော့်အခန်းကို သဘောကျကြောင်း၊ လသာဆောင်မှ မြင်ရသည့် မြင်ကွင်းကျယ်ကြီးကို နှစ်သက်ကြောင်း ချီးမွမ်း စကားတွေ ဆက်ပြောနေသောကြောင့် ကျွန်တော် မေ့ပစ်လိုက်ပါသည်။ အမေရိကန်လူမျိုးတို့သည် သည်လိုအကောင်းကလေးတွေကိုမှ ရွေးပြီး ပြောတတ်ကြသည်။ ကမ္ဘာ့ပေါ်မှာ စိတ်ချမ်းသာစရာအကောင်းဆုံးသော ဧည့်သည်များလည်း ဖြစ်နေသည်။ သူလည်း ခင်မင်ဖွယ်ကောင်းသူဟု ကျွန်တော် ထင်လိုက်မိပါသည်။
ဂလောက်စတာဟိုတယ်တွင် သူ တည်းနေကြောင်း ကျွန်တော် သိရပါသည်။ ဟောင်ကောင်တွင် ဈေးအကြီးဆုံးနှင့် ထိပ်တန်းအကျဆုံးသော ဟိုတယ်ကြီး ဖြစ်ပါသည်။ ထိုဟိုတယ်တွင် မိသားစုအခန်းကို သူ ငှားနေရသည်။ သူရောက်လာသည့်နေ့က တစ်ယောက်ခန်းများအားလုံး ကုန်နေပြီဖြစ်သောကြောင့် ထိုအခန်းကို ယူလိုက်ရခြင်းဖြစ်သည်။
ငွေကုန်ကြေးကျ များသည်မှာ အကြောင်းမဟုတ်။ သို့သော်လည်း အခန်းကြီးက သူတစ်ယောက်တည်း အတွက် သိပ်ကြီးနေသောကြောင့် အထီးကျန်တစ်ယောက်လို ခံစားနေရသည်ဟု ဆိုသည်။
ဟောင်ကောင်လိုနေရာမျိုးသို့ ရောက်လာခိုက် ဟောင်ကောင်၏ တကယ့်ဘ၀ကို သိလိုပါက ယခု ကျွန်တော်နေသည့် နေရာမျိုးကိုသာ ရွေးချယ်သင့်သည်ဟု သူက ပြောသည်။ တစ်ဆက်တည်း ကျွန်တော့်အခန်းကိုလည်း ကြိုက်လှချည်ရဲ့ဟု ဆက်ပြောနေသည်။
"ဒါထက် ဘော့... ခင်ဗျး ရေချိုးခန်းကို ကျွန်တော် သုံးလို့ရမလားဗျာ၊ အစာစားတိုင်း ရေနွေးကြမ်းချည်း သောက်နေရတော့တယ် ဒုက္ခများတာပဲ" ဟုပြောသည်။
"ကိုယ့်မှာ ကိုယ်ပိုင်ရေချိုးခန်းမရှိပါဘူးကွာ" ဟု ကျွန်တော်က တောင်းပန်စကားပြောသည်။
"ဘော့...ခင်ဗျားကလည်း ကျွန်တော့်ကို အရမ်းအထင်ကြီးနေတာကို ဒီလိုမြင်ကွင်းမျိုးသာ ရမယ်ဆိုရင် ဂလောက်စတာဟိုတယ်မှာ ရှိတဲ့ ကျွန်တော့အခန်းနဲ့ ဟောဒီအခန်းကို အချိန်မရွေး လဲပါတယ်ဗျာ"
သူ့ကို ကျွန်တော် အပြင်ခေါ်လာပြီး စင်္ကြံအတိုင်း လမ်းညွှန်လိုက်သည်။ တရုတ်ပုံစံနှင့် အနောက်တိုင်းပုံစံ အိမ်သာနှစ်ခုအနက် ကြိုက်ရာကို သုံးနိုင်ကြောင်းပါ ပြောလိုက်သည်။ တရုတ်ပုံစံအိမ်သာက ကျန်းမာရေးနှင့် ပိုမိုညီညွတ်ကြောင်းပါ အကြံပေးလိုက်သည်။ ပြီးတော့ အခန်းတံခါးပိတ်ပြီး အတွင်းသို့ ၀င်ခဲ့သည်။
"သူဟာ အင်မတန်တော်တဲ့ လူကောင်းကလေးတစ်ယောက်ပဲ စူဇီ၊ ဘာဖြစ်လို့ သူ့ကို မင်း သဘောမကျတာလဲ" ဟု စူဇီကို ကျွန်တော်က မေးသည်။
"သူနဲ့အတူ လိုက်မအိပ်ဘူးဆိုလို့ စိတ်ဆိုးတယ်လေ၊ ကြောက်စရာ စကားလုံးတွေကိုလည်း ပြောတယ်"
"ဒီသူငယ်က ပြောတာလား... ကိုယ်တော့ အံ့သြသွားပြီ"
"သူစိတ်ဆိုးတဲ့အခါမှာ အင်မတန်ကြောက်စရာကောင်းတာတွေ ပြောတယ်၊ ကျွန်မဖြင့် အသည်းထိတ်လွန်းလို့" ဟု စူဇီက ရှင်းပြသည်။
သူနှင့် ထိပ်တိုက်မတွေ့အောင် ရှောင်ရတော့မည်ဟု စူဇီက ပြောသည်။ ထို့ကြောင့် သူ့ကလေးကိုကြည့်ဖို့ ခဏပြန်သွားကြောင်း၊ပြန်လာမည်ဖြစ်ကြောင်း ပြောပြပါဟု ကျွန်တော့်ကို ခိုင်းသည်။ ပြီးလျှင် သူဖုန်းလှမ်းဆက်မည်။ ကလေးနေမကောင်းသောကြောင့် မလာနိုင်တော့ကြောင်း ပြောမည်ဟုဆိုသည်။
အကြောင်းမဲ့ ဇာတ်လမ်းရှုပ်အောင် မလုပ်သင့်ဟု ကျွန်တော်ထင်သည်။ သို့သော်လည်း ငြင်းခုံနေဖို့ အချိန်မရတော့။ သဘောတူပြီး သူ့ကို ခွင့်ပြုလိုက်ရတော့သည်။ တစ်မိနစ်လောက်ကြာတော့ ရော့ဒ်နေ ပြန်ရောက်လာသည်။
"ဟယ်လို... ကျွန်တော်တို့ မိတ်ဆွေ ဘယ်ရောက်သွားပြီလဲ" ဟု မေးသည်။
ကျွန်တော်က ရှင်းပြရသည်။ နာရီဝက်အတွင်း ပြန်လာမည်ဖြစ်ကြောင်း၊ ကိုယ့်အိမ်ကိုယ့်ရာလို လွတ်လွတ်လပ်လပ် နေနိုင်ကြောင်း ပြောလိုက်သည်။ သူက နှစ်လိုဖွယ်ရာ ပြုံးသည်။ မမှန်ရာကို ပြောရသောကြောင့် ကျွန်တော် အလွန်ရှက်သွားပါသည်။
"ခင်ဗျားကတော့ အင်မတန် တော်ပေတာပဲဗျာ၊ ခင်ဗျားမှာ တကယ့်ဧည့်ဝတ်ကျေပွန်မှု၊ မိတ်ဆွေပီသမှုတွေ ရှိနေတာကို တွေ့ရတယ်၊ ဒီလိုခေတ်အခါမျိုးမှာတော့ တကယ့်ကို ချီးကျူးရမယ့် အရည်အချင်းတွေပါပဲ"
"ဒီလိုခေတ်အခါ ဆိုတာ ဘာကိုပြောတာလဲ" ဟု ကျွန်တော်က ပြန်မေးသည်။
"ကိုင်း... ဒီလိုဆိုလည်း လူကြီးစကားပဲ ပြောကြတာပေါ့ဗျာ၊ အမေရိကန်ရဲ့ အခြေအနေဟာ လောလောဆယ်မှာ အတော်နိမ့်ကျနေသေးတယ်၊ အထူးသဖြင့် တရုတ်ပြည်နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ၀ါဒသဘောထားကိုပဲ ကြည့်ဗျာ၊ ကွန်မြူနစ်ဝါဒကို ကျွန်တော်တို့က အကြောက်ကြီး ကြောက်နေကြတယ်၊ ဒါပေမဲ့ တစ်ခုတော့ သတိရပါတော့၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးသက်တမ်းဟာ ခင်ဗျားတို့နဲ့ ယှဉ်ရင် အများကြီးနုသေးတယ်၊ ကျွန်တော်တို့ လေ့လာစရာတွေ အများကြီး ရှိသေးတယ်၊ ခင်ဗျားတို့ အင်္ဂလိပ်နဲ့ ယှဉ်ရင် ကျွန်တော်တို့ရဲ့ အဆင့်အတန်းဟာ ဘာမှ မပြောပလောက်ပါဘူး"
"ဒါလောက်လည်း မဟုတ်ပါဘူး ငါ့ညီရယ်" ဟု ကျွန်တော်က ပြောမိသည်။ တစ်မိနစ်ထက် တစ်မိနစ်လည်း သူ့ကိုပိုပြီး ကျွန်တော် သဘောကျလာသည်။
"ဒါကတော့ ခင်ဗျားတို့အင်္ဂလိပ်ရဲ့ ဘာခေါ်ရမလဲ၊ ဗိုင်းကောင်းကျောက်ဖိ ခေါ်ရမလား... အဲဒီဟာမျိုးကြောင့် ခင်ဗျား ဒီစကားပြောတာပါ၊ ကဲ... ထားပါတော့လေ၊ ပန်းချီကားတွေ ကြည့်ရအောင်လား၊ ဘာကြောင့်လဲဆိုတော့ ခင်ဗှား ဘာတွေများဆွဲထားသလဲဆိုတာ ကျွန်တော် အရမ်းကြည့်ချင်နေပြီဗျာ"
သူသည် ပန်းချီဆရာတော့ မဟုတ်ကြောင်း၊ သို့သော်လည်း ပန်းချီကို စိတ်အ၀င်စားဆုံး ဖြစ်ကြောင်း ပြောပြသည်။
သူတို့ တစ်မိသားစုလုံး ပန်းချီကို စိတ်ဝင်စားကြသည်။ သူ့မိခင်သည် နယူးယောက်မြို့ရှိ ပန်းချီကားစုဆောင်းသူများအနက် အများဆုံး စုဆောင်းနိုင်သူတစ်ယောက်ဖြစ်သည်။ သူ၏ ကမ္ဘာ တစ်ပတ်ခရီးစဉ်တွင် အီတလီသို့ ရောက်ပါက သူ့မိခင်အတွက် ပန်းချီကားတစ်ကားနှစ်ကား ၀ယ်သွားရန်လည်း ကြံရွယ်ထားသည်။
:ကျွန်တော့်အမေဟာ မစ်ဖို့ကို ပိုင်ခဲ့တယ်လေ၊ အမှန်ကတော့ နယူးယောက်မှာ မစ်ဖို့ကို စထောင်ခဲ့တာဟာ ကျွန်တော့် အမေရဲ့အဖေပဲ၊ ဒါပေမဲ့ အဘိုးဆုံးသွားတာ နှစ်နှစလောက်ရှိပြီ၊ အဲဒီ အချိန်ကစပြီး မစ်ဖို့က ပန်းချီပြပွဲတွေကို ကျွန်တော့် ဦးလေးကပဲ တာဝန်ယူပြီး လုပ်ပေးနေရတယ်"
ကျွန်တော် ဘာမှနားမလည်ဘဲ သည်အတိုင်း ထိုင်ပြုံးနေသည်ကို သတိပြုမိသွားဟန် တူပါသည်။
"မစ်ဖို့ကို ခင်ဗျား မသိဘူးထင်တယ်၊ အင်း... ဒါဆိုရင်တော့ ခင်ဗျား နယူးယောက်ကို မရောက်ဖူးသေးဘူး ဆိုတဲ့ သဘောပဲ၊ အမှန်က မစ်ဖို့ဆိုတာ ပန်းချီသိပ္ပံ ဆိုပါတော့၊ ပြက်လုံး တစ်ခုတောင် ရှိတယ်၊ မစ်ဖို့ရှေ့က အမေရိကန် ပန်းချီဆရာတွေ ဖြတ်လျှောက်သွားရင် ဘယ်သူမှ ဦးထုပ်မချွတ်ဘဲ မလျှောက်ဝံ့ဘူးတဲ့၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်ပန်းချီဆရာပေါင်း မြောက်မြားစွာကို ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်အောင် မစ်ဖို့က လုပ်နိုင်ခဲ့တယ်လေ"
"အဲဒါက ဘာလဲ... ပြခန်းလား"
"အစကတော့ ပြခန်းပဲ၊ ပြခန်းက စတာပဲ၊ အခုတော့ ပန်းချီစာအုပ်တွေကိုလည်း ထုတ်ဝေဖြန့်ချိတယ်၊ ပန်းချီဆရာတွေအတွက် အေဂျင်စီလုပ်ငန်းကိုလည်း လုပ်ပေးတယ်၊ ဒါကြောင့် ခင်ဗျား ပန်းချီကားတွေကိုလည်း အဲဒီပို့ဖို့ ကောင်းတယ်"
"ကိုယ့်ကားတွေကို မောင်ရင်မြင်ရတဲ့အချိန်အထိ စောင့်ပါဦးလေ"
"ကောင်းပြီလေ... ပါစတယ်နဲ့ ဆွဲထားတာတွေ ဆိုရင်တော့ ကျွန်တော် ကြိုက်မှာပါပဲ"
ကျွန်တော့ ပန်းချီကားများကို သူကြည့်ရှုလေ့လာနိုင်အောင် သုံးချောင်းထောက်ပေါ်မှာ တစ်ကားချင်း တင်ပြရတော့သည်။ ကျွန်တော်၏ ၀ိညာဉ်ကို သူ့လက် ၀ကွက်အပ်နေရသကဲ့သို့ ကျွန်တော် ခံစားရပါသည်။
ကျွန်တော့် ပန်းချီကားများကို လှိုက်လှိုက်လှဲလှဲ သဘောကျပါသည်။ သူသည် ပန်းချီအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် နားလည်သည့် လူငယ်တစ်ယောက် ဖြစ်နေပါတကား။
ကျွန်တော် နားမလည်သည့် ပန်းချီအသုံးအနှုန်းများကိုလည်း သူပြောသည်။
ကျွန်တော် မကြားဖူးသည့် ပန်းချီဆရာတိ့၏ အမည်ကို ထုတ်ဖော်ပြောဆိုကာလည်း ကျွန်တော့် ပန်းချီကားများနှင့် နှိုင်းယှဉ်ဝေဖန်သုံးသပ်သည်။ သို့သော်လည်း သူ့ဝေဖန်ချက်များသည် အမှန်ကို တိတိကျကျ ထောက်ပြနိုင်သော ဝေဖန်ချက်များဖြစ်နေသည်။ ကျွန်တော် ကိုယ်တိုင်လည်း ၀မ်းသာလုံးဆို့နေမိပါတော့သည်။
"တစ်ခုတော့ ကျွန်တော်ဝန်ခံပါ့မယ် ဘော့၊ ခေတ်ပေါ်ပန်းချီကိုတော့ ကျွန်တော် ဒါလောက် မကြိုက်လှပါဘူး၊ တစ်ဆင့်ပြန်လည်တင်ကြတဲ့ ပန်းချီသဘောက ခေတ်ကုန်သွားတာတော့ မှန်ပါ တယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ကားတွေ ကတော့ အောင်မြင်မှာပါ၊ အသက်ဝင်နေကြတယ် မဟုတ်လား၊ ဥပမာပြောရရင် ဟောဒီကားကို ကြည့်ပါ၊ အမျိုးသမီးတွေနဲ့ သင်္ဘောသားဟာလေ... ဒီကားဟာ သိပ်အသက်ဝင်တယ်၊ သူတို့ ဘာတွေစဉ်းစားနေတယ် ဆိုတာတောင် ကျွန်တော့်နားထဲမှာ ကြားနေရတယ်၊ ဒီဖက် ပိုအရေးကြီးတာက ဒီကားကို ရေးဆွဲတဲ့ ပန်းချီဆရာဟာ ဘာတွေ တွေးနေတယ်ဆိုတာတောင် ကြားနေရတယ်"
ပြီးတော့ ကျွန်တော့်ကားများအနက် လက်ရွေးစင်များကို မစ်ဖို့သို့ပို့ပေးရန် တိုက်တွန်းသည်။ သူကိုယ်တိုင်ကလည်း သူ့ဦးလေးဆီ စာရေးပြီးကျွန်တော့် အကြောင်းများ ပြောပြမည်ဟု ပြောသည်။
"တစ်ခုတော့ အခုကတည်းက ရှင်းရှင်းလင်းလင်း ပြောခဲ့ဦးမယ် ဘော့ ဘယ်လိုကတိမျိုးကိုမှ ကျွန်တော် မပေးနိုင်ဘူးနော်၊ သူတို့ရဲ့ ဦးတည်ချက်က စီးပွားရေးသက်သက်ပဲ၊ ခင်ဗျားရဲ့ ပန်းချီကားတွေအပေါ်က အမြတ်အစွန်းရနိုင်မှု မရနိုင်မှု ဆိုတာကိုပဲ သူတို့အလေးထားပြီး စဉ်းစားလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော့်အထင်ကတော့ ဒီကားတွေကို သူတို့ သေသေချာချာ သဘောကျမှာပါ၊ သူတို့ မကြိုက်ဘူးဆိုရင်တော့ ကျွန်တော် အံ့သြလို့ဆုံးတော့မှာ မဟုတ်ဘူး"
သူ့စကားကို ရပ်လိုက်သည်။ ထိုအခိုက် တယ်လီဖုန်းခေါင်းလောင်းမြည်သည်။ ဖုန်းကို ကျွန်တော် ကောက်ကိုင်လိုက်ချိန်တွင် ရော့ဒ်နေ၏ ကိုယ်ထည်မှာ အနည်းငယ်တောင့်သွားသည်။
"ဟယ်လို... စူဇီ စကားပြောနေပါတယ်"
ကျွန်တော့်နားထဲသို့ အသံက စူးစူးဝါးဝါး ၀င်လာသည်။ စူဇီသည် ဖုန်းစကားပြောတိုင်း အကျယ်ကြီးအော်ပြောလေ့ရှိသည်။ ထိုသို့ အော်ပြောမှ တစ်ဖက်လူကြားရမည်ဟု သူ ယုံကြည်ထားသည်။
"ဟိုလူ အခုထိ ရှိနေတုန်းလား"
သူ့အသံကို ရော့ဒ်နေမကြားရအောင် ဖုန်းခွက်ကို ကျွန်တော့်နားနှင့် ဖိကပ်ထားလိုက်ပါ တော့သည်။ နားပင်းချင်လျှင်လည်း ပင်းပါစေတော့။ ပြီးတော့ သူ့ကလေးနေမကောင်းဟု ဆိုသောကြောင့် စိတ်မကောင်းကြောင်း အနည်းငယ် ပြောပြီး ဖုန်းပြန်ချထားခဲ့သည်။
"အခုဆက်နေတာ စူဇီမဟုတ်လား" ဟု ရော့ဒ်နေက ကောက်ကာ ငင်ကာမေးသည်။
သူ့ဘက်သို့ ကျွန်တော် လှည့်လိုက်သည်။ သူ့အမူအရ ပြောင်းလဲသွားသည်ကို မြင်ရသောကြောင့် ခဏတော့ ကျွန်တော် ကြောင်သွားသည်။ သူသည် တောင့်တောင့်ကြီး ရပ်နေသည်။ သူ့မျက်နှာပေါ်တွင်လည်း သွေးရောင် မရှိတော့။ လူငယ်တစ်ယောက်နှင့် မတူဘဲ လူလတ်ပိုင်းအရွယ်ဟု ထင်ရလောက်အောင် အိုစာသွားသည်။ သူ့မျက်လုံးထဲမှာလည်း ဒေါသရိပ်ကလေးများကို မြင်တွေ့လိုက်ရသည်။
"ဟုတ်တယ်... စူဇီပဲ ဖုန်းဆက်ပြီးတော့..." ကျွန်တော်ပြောမည် အကြံမှာပင် သူက ကျွန်တော့်စကားကိုဖြတ်ပြီး ၀င်ပြောသည်။
"ကောင်းပြီ... ကျွန်တော် ခန့်မှန်းကြည့်နိုင်ပါတယ်" စိတ်ချုပ်တည်းသည်းခံနေရသလို ပြောသည်။
"ကျွန်တော် ခန့်မှန်းနိုင်ပါတယ် ဘော့၊ သူ ပြန်မလာတော့ဘူး၊ မဟုတ်လား"
"မလာတော့ဘူး... သူလည်း အတော်ကို စိတ်မကောင်းဖြစ်နေပါတယ်၊ ဒါပေမဲ့ သူ့ကလေး နေမကောင်းဘူး"
"အလကားပါဗျာ" ဟူသော စကားကိုမူ သတိနှင့် သူပြောပုံရသည်။
"ကလေးက ချောင်းဆိုးရောဂါရှိနေတာ ကိုယ်သိပါတယ်၊ ဒီရောဂါအတွက် စူဇီ သောက ရောက်ခဲ့တာ ကြာလှပြီ"
"အလကားပါလို့ ကျွန်တော် ပြောပြီးပြီ ဘော့"
ကျွန်တော်တို့နှစ်ယောက် အပြန်အလှန် ငေးကြည့်နေမိကြသည်။ သူ့မျက်လုံးထဲမှာ ပေါ်လာသော ဒေါသရောင်သည် အန္တရာယ်ပေးတော့မည့်သဘောကို ဖော်ပြနေသည်။ သည်တော့မှပင် ဘာကြောင့် စူဇီ အသည်းထိတ်သည့် ဆိုခြင်းကို သဘောပေါက်ပါတော့သည်။ သူ့စိတ်ကို ပင်ပန်းကြီးစွာ ထိန်းသိမ်းထားရသည့် ဟန်မျိုးဖြင့်ပင် သူက ဆက်ပြောပြန်သည်။
"အခုဟာကတော့ ကျွန်တော့်အပေါ်မှာ အင်မတန်စုတ်စုတ်ပဲ့ပဲ့နဲ့ကလိမ်ကျသွားတာပဲ ဘော့၊ သိပ်ကို စိုတ်ပဲ့တဲ့ ကလိမ်ကျတာမျိုးပဲ၊ ကျွန်တော့်ကို ဒါမျိုးလုပ်လို့ မရဘူး၊ ဒီအပေါက်မျိုးချိုးသွားတာ ကျွန်တော် မခံနိုင်ဘူး၊ ဒါကြောင့် သူ ဘယ်မှာနေတယ်ဆိုတာ ကျွန်တော့်ကို ပြောပြနိုင်ရင် သိပ်ကျေးဇူးတင်ပါတယ် ဘော့..."
ရော့ဒ်နေ မင်း ဒီလိုလုပ်လို့ ဘယ်ဖြစ်..."
"ခင်ဗျားကို ကျွန်တော် မေးခွန်းတစ်ခု မေးနေပါတယ် ဘော့၊ ခင်ဗျားမကြားလိုက်ဘူးဆိုရင် ကျွန်တော် ထပ်မေးပါဦးမယ်၊ ဒီကောင်မ ဘယ်မှာနေတယ်ဆိုတာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြနိုင်ပါသလား"
"သူ ဘယ်မှာနေတယ်ဆိုတာ ကိုယ်မသိဘူး" ဟု ကျွန်တော် လိမ်လိုက်ရတော့သည်။
"ဒီမှာ ဘော့... ခင်ဗျားဟာ ကျွန်တော့်သူငယ်ချင်းလို့ ကျွန်တော် သတ်မှတ်ခဲ့တယ်၊ တကယ့်သူငယ်ချင်း အရင်းခေါက်ခေါက်တစ်ယောက်ကို ဒီကနေ့ည ကျွန်တော်ရလိုက်ပြီလို့ ထင်ခဲ့တယ်၊ သူငယ်ချင်းတစ်ယောက် အတွက်သာဆိုရင် ဘာကိုပဲ လုပ်ပေးရ လုပ်ပေးရ ကျွန်တော် လုပ်ပေးဖို့လည်း ဆုံးဖြတ်ထားခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် မှားသွားပြီ၊ ကျွန်တော် ထင်တာတွေအားလုံးမှားသွားပြီ၊ ခင်ဗျားဟာ ကျွန်တော့သူငယ်ချင်းမှ တဟုတ်ဘဲ၊ ကျွန်တော့် မိတ်တွေမှ မဟုတ်ဘဲ၊ ဒီမျှမကဘဲ ကျွန်တော့်ကိုတောင် တစ်နည်းနည်းနဲ့ ဆန့်ကျင်နေသေးတယ်၊ ဒါမှမဟုတ် ကျွန်တော်မေးတာကို ခင်ဗျားဖြေပါ"
"မောင်ရင့်ကို ကိုယ် ဘာမှ မဆန့်ကျင်ရပါလားကွာ"
"ဒီလိုဆိုရင် ကျွန်တော့်ကို လိမ်မနေပါနဲ့တော့၊ ဒီကောင်မ ဘယ်မှာနေသလဲ"
"၀မ်းနည်းပါတယ်ကွာ... ကိုယ် ပြောမပြနိုင်ဘူး"
ကျွန်တော် ဆက်ငြင်းမြဲ ငြင်းသောအခါ သူသည် ဒေါသကို ချုပ်တည်းမနေတော့ဘဲ ပေါက်ကွဲပါလေတော့သည်။ သူ့မျက်နှာပေါ်မှာ ဒေါသကြောင့် သွေးရောင်လွှမ်းနေသည်။ ကျွန်တော့်ကိုလည်း ရင့်သီးသည့် စကားလုံးများဖြင့် ပြောဆိုတိုက်ခိုက်လေတော့သည်။ သူ အခန်းထဲသို့ ၀င်လာသည့်အချိန်မှ စပြီး သူ့ကို ကျွန်တော် သဘောမကျကြောင်း၊ သူ့ဆီက တစ်စုံတစ်ရာ အလိုရှိသောကြောင့်သာ ဟန်ဆောင်ပြီး ဧည့်ဝတ်ကျေပွန်နေရခြင်းဖြစ်ကြောင်း စွဲချက်တွေ တင်တော့သည်။
သူ့စွပ်စွဲချက်များကို ငြင်းဆိုနေ၍လည်း အကြောင်းထူးတော့မည် မဟုတ်။ ဘာပြန်ပြောရမည်ကိုလည်း ကျွန်တော် မသိ။ ထို့ကြောင့် ခိုကိုးရာမဲ့ပသူလို ကျွန်တော် ရပ်နေမိသည်။ ငါးမိနစ်လောက်ကြာတော့ သူ၏ တိုက်ခိုက်မှုများ ရပ်စဲသွားသည်။ နောက်ထပ် မိနစ်အနည်းငယ်ကြာတော့ ကုလားထိုင်ပေါ်သို့ သူ ထိုင်ချလိုက်ပြီး မျက်နှာကို လက်ဝါးနှင့်အုပ်ကာ ကြူကြူပါအောင် ငိုပါလေတော့သည်။
"ကျွန်တော် ၀မ်းနည်းပါတယ် ဘော့... ကျွန်တော် သိပ်ကို ၀မ်းနည်းပါတယ်ခင်ဗျာ၊ သိပ်ကို ၀မ်းနည်းမိပါတယ်၊ ခင်ဗျားနဲ့ သူငယ်ချင်းဖြစ်ဖို့ ကျွန်တော် အရမ်းလိုလားပါတယ်၊ အခုတော့ ဒါတွေ အားလုံးကို ကျွန်တော် ဖျက်ဆီးပစ်လိုက်မိပြီ၊ အားလုံးရှုပ်ကုန်အောင် ကျွန်တော် လုပ်လိုက်မိပြီ၊ အခုတော့ ကျွန်တော့်ကို ခင်ဗျားအထင်သေးသွားပြီ" ဟု ငိုရင်း ပြောနေသည်။
သူ့ကို ကျွန်တော် နှစ်သိမ့်ချော့မော့ရတော့သည်။ သူထင်သလို မဟုတ်ကြောင်း ရှင်းပြ ရသည်။ တဖြည်းဖြည်းနှင့် သူ နေသာထိုင်သာရှိလာသည်။ နောက်ထပ်ငါးမိနစ်လောက်ကြာတော့ မူလအနေအထားသို့ ပြန်ရောက်သွားသည်။ ထိုမျှမကသေး။ စောစောက ဘာမှ မဖြစ်ခဲ့သလိုပင် နှစ်လိုဖွယ်ကောင်းသော လူငယ်တစ်ယောက်၏ အပြုံးမျိုးဖြင့် ကျွန်တော့်ကို ပြုံးကြည့်နေပြန်တော့သည်။
"ခင်ဗျားဟာ အင်မတန်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးပါ ဘော့၊ ဒါကို ခင်ဗျားသိတယ်မဟုတ်လား၊ ကျွန်တော်တော့ ခင်ဗျားကို အရမ်း အရမ်းကြီး သဘောကျသွားပြီဗျာ၊ ကဲ... ခင်ဗျားကို အင်မတန် ပုဂ္ဂိုလ်ရေးဆန်တဲ့ မေးခွန်းတစ်ခု ကျွန်တော် အခုမေးမယ်၊ ကျွန်တော့်ကို မြင်မြင်ချင်း ခင်ဗျား ဘယ်လိုထင်သလဲ၊ သေသေချာချာစဉ်းစားပြီး ဖြေပါနော်၊ ဟောဟို တံခါးပေါက်က ကျွန်တော် ၀င်လာတာကို မြင်မြင်ချင်း ကျွန်တော့်အပေါ်မှာ ခင်ဗျား ဘယ်လို မြင်လိုက်ရသလဲ"
"မင်းညှပ်ထားတဲ့ ဆံပင်ပုံကို မြင်လိုက်ရုံနဲ့ မင်းဟာ အမေရိကန်လူမျိုးတစ်ယောက် ဖြစ်ကြောင်း သိလိုက်ပါတယ်၊ အမေရိကန်လူမျိုးတစ်ယောက်အနေနဲ့ မင်းဝတ်ထားတဲ့ အ၀တ်အစားတွေဟာ သိပ်ကို သပ်ရပ် သားနားနေပါကလားလို့ ထင်လိုက်မိတယ်၊ ကိုယ်ဆိုလိုတာက အရုပ်တွေ ရေးခြယ်ထားတဲ့ လည်စည်းမျိုးကို မသုံးဘူး၊ ဒါမှမဟုတ် အဲဒီလို သဘောမျိုးပေါ့ကွာ၊ ရှုပ်ရှုပ်ထွေးထွေးလည်စည်းမျိုး မဟုတ်ဘူး..."
"ဆက်ပြောပါဦး..."
"အင်း... မင်းဟာ ဘယ်လောက်နှစ်လိုဖွယ်ကောင်းပြီး ဘယ်လောက်ခင်မင်စရာကောင်းတယ် ဆိုတာကိုလည်း တွေးလိုက်မိတယ်၊ မင်းဟာ ကိုယ့်ကိုယ်ကိုယ် အင်မတန် ယုံကြည်စိတ်ချတဲ့..."
"ကျွန်တော် ဖြတ်မေးပါရစေခင်ဗျာ... စိတ်မရှိပါနဲ့... ကိုယ့်ကိုယ်ကိုယ် အင်မတန်ယုံကြည် စိတ်ချတယ်ဆိုတဲ့ စကားလုံးကို ခင်ဗျား သုံးလိုက်တယ်နော်"
"ဟုတ်တယ်... သေသေချာချာ သုံးလိုက်တာပေါ့၊ ငါ့ကို ဘော့လို့ ခေါ်ရင် ဖြစ်မလားလို့ မင်းမေးလိုက်ပုံ... ပြီးတော့ ငါ့နာမည်နဲ့တူတဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက် မင်းမှာ ရှိတယ်လို့ ပြောပြပုံ... အဲဒါမျိုးတွေ ပေါ့ကွာ..."
"အခု ခင်ဗျားပြောနေတာတွေဟာ သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ စကားလုံးတွေပါပဲ ဘော့... ဘာကြောင့်လို့ဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကဆိုရင် လူစိမ်းတစ်ယောက်ရဲ့ အခန်းထဲကို ၀င်သွားမိတဲ့အခါမှာ ကျွန်တော် ပါးစပကိုတောင် မဖွင့်ရဲခဲ့ဘူး၊ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်မယ့် လက်နက်ကိုင် လက်မရွံ့သားတွေနဲ့ မျက်နှာချင်းဆိုင်ရပ်နေမိသလို စိတ်ထဲမှာ ခံစားရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အင်မတန်ယုံကြည် စိတ်ချရတဲ့လူလို့ ခင်ဗျားပြောလိုက်တဲ့အခါမှာ ကျွန်တော် ဘယ်လိုခံစားရမယ်ဆိုတာ သဘောပေါက်ပြီ မဟုတ်လား၊ ဒီစကားကို ခင်ဗျား တကယ်ယုံကြည်ပြီး ပြောလိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ခင်ဗျားရဲ့ အင်မတန်ရိုးသားတဲ့အမြင်လို့လည်း ကျွန်တော် ထင်ပါတယ်၊ ကဲ... အခုလောက်ဆိုရင် ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကလေးကိုတော့ ဖွင့်ပြောရတော့မှာပေါ့ဗျာ၊ ဒီကိုလာရင်း တက္ကစီကားထဲမှာ ကျွန်တော် ဘာတွေစဉ်းစားခဲ့တယ် ထင်သလဲ၊ ခင်ဗျားနဲ့တွေ့ရင် မစ္စတာလို မက်ခ်ဇ်လို့ ခေါ်ရမလား... ဒါမှမဟုတ် ရောဘတ်လို့ ခေါ်ရမလား... ဒါမှမဟုတ် ဘော့လို့ ခေါ်ရမလားလို့ စဉ်းစားခဲ့တယ်၊ နောက်ဆုံးတော့ ခင်ဗျားနာမည်နဲ့ ပတ်သက်ပြီး ဇာတ်လမ်းကလေး တစ်ခုကို ကျွန်တော် ဖန်တီးရတော့တယ်"
"ဒါပေမဲ့ ဒါဟာ အမှန်ပဲမဟုတ်လား၊ လိုမက်ခ်ဇ် ဆိုတဲ့ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် မောင်ရင့်မှာ တကယ်ရှိခဲ့တာ မဟုတ်လား" ဟု ကျွန်တော်က ဖြတ်မေးသည်။
"ဒီနေ့ညအတိုင်ခင်အထိ ကျွန်တော့်ဘ၀ တစ်လျှောက်လုံးမှာ လိုမက်ခ်ဇ်ဆိုတဲ့ နာမည်မျိုးနဲ့ လူတစ်ယောက်မှ မတွေ့ခဲ့ဖူးသေးပါဘူးဗျာ"
ထိုစကားကို ကြားတော့ ကျွန်တော် အံ့အားသင့်သွားသည်။ ကျွန်တော် အံ့အားသင့်သွားပုံကို ကြည့်ပြီး သူကပြုံးသည်။ ပြီးတော့မှ ဆက်ပြောပြန်သည်။
"ကျွန်တော့်တိုင်းပြည်က လူတစ်ယောက်ရဲ့ လုပ်ပုံကလေးကို ကျွန်တေ် အတုခိုးလိုက်တာပါ၊ အဲဒီလူဟာ အစတုန်းကတော့ သာမန်အရောင်းဈေးသည်ကလေးပါပဲ၊ နောက်တော့ အရမ်းကို အောင်မြင်တဲ့ စီးပွားရေးသမားကြီးဖြစ်သွားတော့တယ်၊ သူ ဘာကြောင့် ဒီလိုအောင်မြင်လာတယ် ဆိုတာ ကျွန်တော့်ကို ပြောပြဖူးတယ်၊ ဈေးဝယ်လာသူနဲ့ စကားပြောခွင့် ရဖို့ကို လှည့်ကွက်ကလေးတစ်ခု သူလုပ်ရတယ်တဲ့၊ သူဈေးရောင်းချင်တဲ့လူက သူ့ကို ဟက်ဟက်ပက်ပက် ပြန်ပြီး မဆက်ဆံရင် အဲဒီလူနဲ့ နာမည်ချင်းဟူတဲ့ သူ့သူငယ်ချင်းတစ်ယောက် အကြောင်း ပြောပြရတယ်တဲ့၊ ဒီလိုပြောရင်း အဲဒီလူရဲ့နာမည်ကိုလည်း ရက်ဒ်ရဲ့နာမည်နဲ့ ရောပြီး အယောင်ယောင်အမှားမှား ခေါ်ပေးရတယ်တဲ့၊ ဒီလိုပြောရင်း ခဏကြာတော့ သူတို့နှစ်ယောက်ဟာ ပေါင်းဟောင်းသင်းဟောင်းတွေလို ရင်းနှီးသွားကြတော့တယ်တဲ့၊ အဲဒီမှာ သူ့ကုန်ပစ္စည်း စွံတော့တာပဲ"
"ဟုတ်လား... ကိုယ်တော့ အကဲမခတ်မိတာ တော်တော်တုံးတာပဲကွာ" ဟု ကျွန်တော် ပြန်ပြောမိသည်။
"ခင်ဗျားရေချိုးခန်းကို သုံးပါရစေလို့ ကျွန်တော် ပြောတုန်းကရော ကျွန်တော် တကယ်သုံးချင်တယ်လို့ ခင်ဗျားထင်သလား"
"ကိုယ်ကတော့ တကယ်သုံးချင်တယ်ပဲ ထင်ခဲ့တယ်"
"မဟုတ်ဘူး လုံးလုံးမဟုတ်ဘူး၊ ရေချိုးခန်းသွားပါရစေလို့ မျက်နှာစိမ်းတစ်ယောက်ကို ပြောရမှာ ကျွန်တော် အမြဲတမ်း နှုတ်ဆွံ့ခဲ့တယ်၊ ပြောမထွက်ဘူး၊ စကားကုန်အောင် ပြောရမယ်ဆိုရင် အန္တရာယ်မလွယ်နိုင်လို့ ထွက်ကျခါမှ ထွက်ကျရာ၊ ကျွန်တော့်ပါးစပ်က ဖွင့်မပြောရဲဘူး၊ အဲဒါကြောင့် စောစောက ကျွန်တော် ပြောကြည့်တာ၊ အခုတော့ ကျွန်တော် ပြောရဲသွားပြီဆိုတာ တွေ့ရတော့တယ်၊ ကျွန်တေ် ဒီလို အောင်မြင်မှုကလေးတွေရတိုင်း ဒေါက်တာဂျွန်ဟောင်းဝပ်ဆော်လ်တာကို စိတ်ထဲကနေပြီး ဦးခိုက်လိုက်မိတယ်"
"အဲဒီလူက ဘယ်သူလဲ"
"ဒေါက်တာဟောင်းဝပ်ဆော်လ်တာ ဆိုတာ အလွန့်အလွန် ကိုတော်တဲ့ ပုဂ္ဂိုလ်၊ နယူးယောက်မှာ နေတယ်၊ တစ်နေ့ကြုံရင် ခင်ဗျားနဲ့ တွေ့စေချင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူဟာ ကျွန်တော်အလေးစားဆုံး အကြည်ညိုဆုံးနဲ့ အထင်အကြီးဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လို့ပါပဲ"
ထို့နောက် သူက ဆက်ရှင်းပြသည်။
ဒေါက်တာဟောင်းဝပ်ဆော်လ်တာသည် စိတ်ရောဂါအထူးကုသမားတော်ကြီးဖြစ်သည်။ ရော့ဒ်နေသည် လွန်ခဲ့သည့် နှစ်နှစ်လုံးလုံး တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် မိနစ်ငါးဆယ် ကြာအောင် ဒေါက်တာဆော်လ်တာထံတွင် အကုအသခံခဲ့ရသည်။
စိတ်ရောဂါဆရာဝန်များသည် လူနာကို အကြံပေးလေ့မရှိကြ။ သို့သော်လည်း နောက်ဆုံးမှာတော့ ရော့ဒ်နေကို ယခုအသိုက်အမြုံထဲမှ ခေတ္တဖြစ်ဖြစ် ရှောင်ထွက်သွားရန် အကြံ ပေးရတော့သည်။ သူ့မိခင်သည် သူ့အပေါ်မှာ အစစအရာရာ ချုပ်ချယ်လွန်းသည်။ မိသားစု၏ လောင်းရိပ်ကြီးက သူ့ကို စိုးမိုးနေသည်။ ထို့ကြောင့် ကမ္ဘာတစ်ပတ်ခရီးသွားပါက အမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံပါ။ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားပါ။ သို့မှသာလျှင် မိခင်၏ ချုပ်ချယ်သော နောင်ကြိုးများမှ လွတ်မြောက်ပြီး စိတ်ဓာတ် မှန်ကန်သူ တစ်ယောက်ဘ၀သို့ ပြန်ရောက်မည်ဟု အကြံပေးသည်။
ယခုဆိုလျှင် သူ့တိုင်းပြည်မှ ထွက်လာခဲ့သည်မှာ နှစ်လတွင်းသို့ ရောက်လာပြီ။ ဟောင်ကောင်သည် သူနားနေသည် တတိယမြောက်မြို့ ဖြစ်သည်။ သည်ကိုမရောက်မီက ဟာဝိုင်ယီနှင့် ဂျပန်မှာ ၀င်နေခဲ့သေးသည်။
မည်သို့ဆိုစေ အားငယ်တတ်သော စိတ်ဓာတ်ကိုမူ ဟုတ်ဟုတ်ငြားငြားပယ်ဖျောက်၍ မရသေး။ မိန်းမတွေအကြောင်း သူစဉ်းစားကြည့်သည်။ သို့သော် မိန်းမတွေကို သူချစ်လို့မရ။ သဘောကျလို့မရ။ မိန်းကလေးတစ်ယောက်ယောက်က သူ့ကို သဘောကျသည်ဆိုလျှင် ထိုမိန်းကလေးသည် တစ်ခုခုတော့ မှားနေရမည်။ အဘယ့်ကြောင့်ဆိုသော် သူ့မှာ မိန်းကလေးတွေ နှစ်သက်သဘောကျစရာမရှိ။ ထိုကြားထဲက သူ့ကို နှစ်သက်သဘောကျပါသည်ဆိုလျှင် ထိုမိန်းကလေးသည် သာမန်ထဲကမဟုတ်ဘဲ တစ်ခုခုမှားနေသောကြောင့်သာ ဖြစ်ရမည်။
ယနေ့ည စူဇီ၏ အပြုအမူသည် သူ့အဖို့ စမ်းသပ်ချက်တစ်ရပ်ဟုလည်း ဆိုနိုင်သည်။ ကပွဲမှာတွေ့သည့် အမျိုးသမီးတိုင်းသည် ယောက်ျားတစ်ယောက်ယောက်ကို ကြိုက်ပြီဆိုလျှင် ထိုယောက်ျားခေါ်ရာသို့ လိုက်သည်ဟု သူကြားခဲ့ဖူးသည်။ ထိုယောက်ျားနှင့် အတူအိပ်သည်ဟု သိခဲ့ဖူးသည်။ ယခု စူဇီက ငြင်းဆန်သည့်အတွက် သူ စိတ်ထိခိုက်ရသည်မှာ မှန်သည်။ သို့သော်လည်း သူသည် မိန်းကလေးကြိုက်နိုင်သည့် လူစားမျိုး မဟုတ်သည်မှာ မှန်ကန်ကြောင်း ဖော်ပြရာ ရောက်သည်။ သို့ကလို ကိုယ့်အကြောင်း ကိုယ်သိရသည့်အတွက်လည်း သူဝမ်းမြောက် မိပါသည်ဟု ဆိုသည်။
ပျော်ရွှင်မှုကို မရသောအခါ စိတ်ပိုဖောက်လာတတ်သည်။ သူပြောပြသည်များကို နားထောင်ရင်း ကျွန်တော် မလှုပ်မယှက်ထိုင်နေမိသည်။ စိတ်ရောဂါရှင်များသည် ခန္ဓာကိုယ်မှာ ဝေဒနာခံစားရသူများထက် ပိုမိုသနားစရာကောင်းပါသည်။ အဆုတ်ရောဂါဖြစ်နေသူ၊ ကင်ဆာရောဂါ ဖြစ်နေသူကို တတ်စွမ်းသမျှ အကူအညီပေးနိုင်ပါသည်။သို့သော်လည်း စိတ်ရောဂါရှင်ကို အကူအညီပေးဖို့ ဆိုသည်မှာ မလွယ်ကူပါ။ သူ့ကို သနားဖို့ ကျွန်တော် ကြိုစားကြည့်ပါသည်။ သို့သော် ထင်သလောက် သနားနိုင်စွမ်း မရှိပါ။
ဒါကိုလည်း တဖြည်းဖြည်းနှင့် ကျွန်တော် သဘောပေါက်နားလည်စပြုလာပါသည်။ သူပြောပြနေသော အကြောင်းအုရာများသည် အမှန်မဖြစ်နိုင်။ သူ၏စိတ်ရောဂါကို အမှန်အတိုင်း ပြောပြခြင်း မဟုတ်ဘဲ အပိုကလေးများ ဖြည့်စွက်ချဲ့ထွင်ပြောနေသည်ဟု ကျွန်တော်ထင်ပါသည်။ အခြားသူက သူ့ကို ပိုပြီး စိတ်ဝင်စားလာအောင်၊ သူ့အပေါ် ကရုဏာသက်လအောင် လုပ်ဇာတ်ကလေးတွေ ဖန်တီးထားခြင်းသာ ဖြစ်ပေလိမ့်မည်။
နာမည်တူ သူ့ကျောင်းနေဖက်သူငယ်ချင်းအကြောင်း၊ ရေချိုးခန်းသွားသည်မှာလည်း တကယ်သွားလိုသောကြောင့် မဟုတ်ကြောင်းများသည် မမှန်ရာကို ပြောနေခြင်းသာဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လာပါသည်။
မည်သို့ဆိုစေ သူသည် တစ်နည်းတဖုံအားဖြင့်တော့ စိတ်ရောဂါကို ခံစားနေရသူဖြစ်သည်မှာ အမှန်ပင်။ သူ့မှာ ငွေပေါသည်။ ထင်သလို သုံးနိုင်သည်။ သို့သော် ဘာအလုပ်မှ လုပ်စရာမရှိ။ ထို့ကြောင့်လည်း တစ်နည်းတဖုံအားဖြင့် စိတ်ဝေဒနာရလာခြင်း ဖြစ်နိုင်သည်။
သူ့ကိုကြည့်ပြီး ဆင်းရဲသော ကိုယ့်ဘ၀ကိုပင် ကိုယ်ပြန်လည်ကျေနပ်မိပါသည်။ အလွန်အမင်း ချမ်းသာကြွယ်ဝခြင်းသည် ကောင်းကျိုးကို မပေးနိုင်ပါကလား။
ကျွန်တော်၏ ရာနှုန်းပြည့် ကရုဏာမသက်နိုင်သည့် စိတ်ဓာတ်သည် ရော့ဒ်နေကို အလို အလျောက် ရောင်ပြန်ဟပ်သွားသည် ထင်၏။ ပြန်ရန် ထိုင်ရာမှ သူထလိုက်သည်။ ကျွန်တော်နှင့် လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်သည်။ ကျွန်တော်၏ အံ့သြဖွယ်ကောင်းသော သည်းခံနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းများအတွက် ကျေးဇူးတင်ကြောင်း၊ စစ်မှန်သော မိတ်ဆွေ အပေါင်းအသင်းကို သူမရခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ပြောပြသည်။
ထိုသို့ပြောသောအခါ သူ့အမူအရာသည် အလွန်တရာ ရိုးသားနေပြန်၏။ ထို့ကြောင့် သူ့အပေါ် အကဲဖြတ်ချက်မှားမိလေခြင်း ဆိုကာ ကျွန်တော် စိတ်မကောင်းဖြစ်မိပြန်ပါသည်။ သူ့ကိုလည်း သဘောကျစပြုလာပြန်ပါသည်။ သို့သော် ခဏသာခံပါသည်။ ကျွန်တော်တို့နှစ်ယောက် မခွဲခွာမီ အပေါက်ဝတွင် စကားရပ်ပြောနေခိုက် သူ၏ဗုံးများကို ဖြုတ်ချလိုက်လေတော့သည်။
"ဒီမှာ ဘော့... ဂလောက်စတာဟိုတယ်မှာ ကျွန်တော် မနေတော့ဘဲ ခင်ဗျားနဲ့အတူတူ ဒီမှာလာနေရရင် ကောင်းမယ် ထင်တယ်ဗျာ၊ ဒါကလည်း ခင်ဗျားဘက်က မကန့်ကွက်ဘူးဆိုမှပါ"
သူ ဒီမှာလာနေလျှင် ကောင်းမှာပဲဟု စောစောပိုင်းက ကျွန်တော် တွေးမိခဲ့ဖူးပါသည်။ ထက်ထက်သန်သန်ကား မဟုတ်ပါ။ ယခုတော့ သူက ထုတ်ဖော်ပြောနေပြီ။ ကျွန်တော့်အနေဖြင့် ကန့်ကွက်စရာအကြောင်း ဘာမှမရှိပါ။ ကန့်ကွက်ပိုင်ခွင့်လည်း မရှိပါ။ ထို့ကြောင့် မကန့်ကွက်ရုံမက ၀မ်းမြောက်ဝမ်းသာပင် ကြိုဆိုပါကြောင်း ပြန်ပြောမိသည်။
"ကျွန်တော် ပြောင်းလာမှာနဲ့ ပတ်သက်ပြီး ဘာမှ စိတ်မပူပါနဲ့တော့၊ ပန်းချီဆရာတစ်ယောက်အတွက် လွတ်လပ်ခွင့်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်၊ တစ်ယောက်တည်း စိတ်ကူးနဲ့ ဖန်တီးနေနိုင်ဖို့ဆိုတာ အင်မတန်လိုအပ်ကြောင်း ကျွန်တော် သိပါတယ်၊ ဒါကြောင့် ခင်ဗျားအခန်းဝမှာ "ကူးစက်ရောဂါ ဖြစ်ပွားနေသည်"ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားသလို သဘောထားပါ့မယ်"
"ကိုယ် ဒီမှာနေရတာ ကိုယ့်အတွက် ထူးခြားတဲ့ အခွင့်အရေးတွေ ရနေတာလည်း ပါပါတယ်လေ" ဟု ကျွန်တော်က ပြန်ပြောသည်။
"ဟုတ်ပါတယ်... အမျိုးသမီးတွေအားလုံးက ခရစ်တော်ကို ကိုးကွယ်သလို ခင်ဗျားကို ကိုးကွယ်နေကြတယ်လို့ စူဇီက ပြောပါတယ်၊ ဒါအတွက်လည်း မပူပါနဲ့ဗျာ၊ ခင်ဗျားရဲ့ အ၀န်းအပိုင်းထဲကို ကျွန်တော် မကျူးပျော်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှလဲ ကျွန်တော့်ကို ခရစ်တော်နဲ့ မှားကြမှာမဟုတ်ပါဘူး"
သူ့စကားကို ကြားရတော့ ကျွန်တော် မနေတတ် မထိုင်တတ်ဖြစ်သွားပါသည်။ အမျိုးသမီးများအားလုံး ကျွန်တော့်အပေါ် အထင်ကြီးလေးစားနေသည်ကို ပြိုင်ဘက်မရှိ ကျွန်တော် ဆက်လက်ရယူလိုပါသည်။ အခြားသူတစ်ယောက်ယောက်က ၀င်လာမည်ဆိုလျှင် မနာလို သ၀န်တိုစိတ်ကို ကျွန်တော် ထားမိပါလိမ့်မည်။ ယခုတော့ ကျွန်တော် ဘာမှ မတတ်နိုင်ပြီ။
"ကောင်းပါလေ့ မောင်ရာ... မောင်ရင် ပြောင်းလာချင်သပ ဆိုရင် ပြောင်းခဲ့တာပေါ့" ဟု ပြန်ပြောလိုက်မိသည်။
"ကျေးဇူးတင်ပါတယ် ဘော့... ခင်ဗျားစိတ်ဓာတ်ဟာ အင်မတန်ရက်ရောပေတာပဲ၊ ကျွန်တော်တို့နှစ်ယောက်ဟာ အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာတော့မယ်ဆိုတာ ကျွန်တော် အသေအချာသိနေပါပြီဗျာ"
နောက်တစ်နေ့မနက်တွင် သူ တကယ် ပြောင်းလာသည်။ ကျွန်တော်နှင့် တစ်ထပ်တည်း တစ်ခန်းကျော်က အခန်းမှာ သူ နေရာရသည်။ သူရောက်လာသည့်အချိန်သည် မနက်ကိုးနာရီ ဖြစ်သည်။
(၂)
နမ်ကောက်ဟိုတယ်သို့ ရော့ဒ်နေတက်စ်လာ ရောက်ခြင်းအားဖြင့် ကျွန်တော့်အနေအထားသည် တစ်စုံတစ်ရာပြောင်းလဲသွားခြင်းမရှိပါ။ သူလိုလူမျိုးနှင့် ကျွန်တော် အပေါင်းအသင်းလုပ်သည့်အတွက် အံ့သြမှုများ ရှိသည်မှာတော့ အမှန်ပင် ဖြစ်ပါသည်။
သူ့ကိုမြင်လျှင် မြင်ချင်း သူ ဘယ်လိုလူစားမျိုးဖြစ်သည်ကို အမျိုးသမီးအားလုံးက သိလိုက်ကြပြီး ဖြစ်သည်။ အမျိုးသမီးများ လူကဲခတ်ကောင်းသည်ကတော့ အံ့သြမဆုံးနိုင်အောင် ရှိပါသည်။ ရော့ဒ်နေသည် ဟန်လုပ်နေခြင်းသာဖြစ်ကြောင်း၊ ယုံကြည်စိတ်ချရသူ မဟုတ်ကြောင်း သူတို့ မှတ်ချက်ချလိုက်ကြသည်။
မည်သို့ဆိုစေ လက်ဖျားငွေသီးနေသူ ဖြစ်သောကြောင့် သူ့အပေါ်မှာ စိတ်ကောင်းထားဟန်ပြကြသည်။ သို့သော်လည်း စိတ်ထဲကတော့ ကျိတ်ပြီး သူ့ကို လှောင်ပြောင် နေတတ်ကြမြဲဖြစ်သည်။ သူ့ကိုလည်း "လိပ်ပြာ"ဟု နာမည်ပြောင်းပေးလိုက်ကြပြီး ဖြစ်သည်။
ဘားခန်းမှာရှိသည့် အမျိုးသမီးတိုင်းကို ထည်လဲနှင့် သူတွဲသည်။ တစ်နေ့တစ်ယောက် ပြောင်းသည်။ အသက်ကြီးပြီဖြစ်သော လီလီလောင်းနှင့် ဒေါရစ်တို့နှစ်ယောက်ကိုပင် ချမ်းသာမပေး။
အမျိုးသမီးများကို ငွေကြေးပေးရာတွင်လည်း အင်မတန်ရက်ရောသည်။ တစ်ခါတစ်ရံကျတော့လည်း ငါးပြား၊ ဆယ်ပြားကိစ္စမှာပင် ကတ်ကတ်သတ်သတ် ဈေးဆစ်နေတတ်ပြန်သည်။ အမျိုးသမီးများသည် သူ့အပေါ်မှာ ခေါင်းပုံဖြတ်နေကြသည်ဟု စွပ်စွဲ တတ်သည်များလည်း ရှိသည်။
ဗုဒ္ဓဟူးလူးလူးနှင့် မင်နီဟိုးတို့နှစ်ယောက်ကတော့ သူ့အကပ်ကို လုံးဝမခံ။
ဗုဒ္ဓဟူးလူးလူးက မူနှင့် ငြင်းပယ်ခြင်းဖြစ်သည်။ သူ့သူငယ်ချင်းပေါင်းများစွာနှင့် ဆက်ဆံထားသူကို သူ မဆက်ဆံသင့်ဟူသောမူဖြင့် ငြင်းခြင်းဖြစ်သည်။
မင်နီဟိုးကတော့ သူ့ကို သဘောမကျလို့ဟူသည့် ရိုးစင်းသောအကြောင်းပြချက်ဖြင့် ငြင်းပယ်ခြင်းဖြစ်သည်။ မင်နီဟိုးသည် သဘောဖြူ အူစင်း အမျိုးသမီးကလေးဖြစ်သည်။ လူတစ်ယောက်ကို ကြည့်မရပါ၊ သဘောမကျနိုင်ပါဟု ပြောသံကို ကျွန်တော် မကြားဖူးပါ။ မည်သူနှင့်မဆို အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံတတ်သူဖြစ်သည်။ ရော့ဒ်နေကျမှ သူကြည့်မရအောင် ဖြစ်နေသည်။ သို့သော်လည်း သူ့စားပွဲမှာ ရော့ဒ်နေ လာထိုင်ပြီဆိုလျှင်တော့ အညှို့ခံထားရသလို ဖြစ်နေတတ်သည်။
ရော့ဒ်နေဘက်ကလည်း ဗုဒ္ဓဟူးလူးလူးနှင့် မင်နီဟိုးကိုသာ ရမည်ဆိုပါက ငွေဘယ်လောက် ပုံပေးရ ပုံပေးရဟု ဈေးခေါ်လာသည်။ သို့သော် သူမအောင်မြင်ပါ။ နောက်ဆုံးတွင် ကျွန်တော့်ကို အောင်သွယ်ခိုင်းသည်။
မအောင်မြင်သောအခါ လှည့်ကွက်မျိုးစုံ သုံးလာသည်။
တစ်ခါတွင် အောက်ထပ်မှ အခန်းတစ်ခန်းကို သူငှားသည်။ မင်နီဟိုးကို လှမ်းခေါ်ခိုင်းသည်။ မင်နီဟိုး၏ ဖောက်သည်ဟောင်း သင်္ဘောသားတစ်ယောက်စောင့်နေသည် ဆိုသည့်သဘောမျိုးဖြစ်သည်။ မင်နီဟိုးက အဟုတ်ထင်ပြီး လိုက်လသည်။ အခန်းထဲရောက်ပြီး ရော့ဒ်နေကို မြင်သောအခါ ခဏတော့ ကြောင်သွားသည်။
သို့သော် ခဏအကြာမှာပင် ကြောင်မကလေးလို သဘောကောင်းသော မင်နီဟိုးသည် ကျားမအသွင်သို့ ပြောင်းသွားတော့သည်။ ရော့ဒ်နေ၏ မျက်နှာကို စိတ်ရှိလက်ရှိ ကုတ်ခြစ်ပစ်ခဲ့ပြီး ထွက်ပြေးသွားတော့သည်။
ကျွန်တော်နှင့်တွေ့သောအခါ သူ့မျက်နှာပေါ်မှ ကုတ်ခြစ်ရာများသည် အရက်မူးနေသော သင်္ဘောသားတစ်ယောက်က လမ်းပေါ်တွင် သူ့ကို ၀င်ရောက်တိုက်ခိုက်ရာမှ ရလာခြင်းဖြစ်ကြောင်း ပြောပြသည်။ သည်လိုပြောပြရဲသည့် သတ္တိမှာလည်း အတော်ထူးဆန်းသည်။ အဖြစ်မှန်သည် ကျွန်တော့်နားသို့ မုချမသွေ ရောက်လာရမည်ကို သူသိဖို့ ကောင်းသည်။ သိလည်း သိပါသည်။ သိလျက်နှင့်ပင် မဟုတ်မမှန်သော လုပ်ကြံဇာတ်လမ်းကြီးကို ကျွန်တော်နှင့် တွေ့တိုင်း ဇွတ်ပြောပြနေသည်။
တဖြည်းဖြည်းနှင့် သာမန်ပြောပြရုံမျိုး မဟုတ်တော့။ တစ်ခါထက် တစ်ခါ ဇာတ်လမ်းကို အသေးစိတ်ချဲ့ထွင် ပြောဆိုလာသည်။ သူတို့ ရန်ဖြစ်သည့် နေရာ သည်နေရာပါပဲဟု ဆိုကာ လမ်းဘေးတစ်နေရာကို ညွန်ပြသည်လည်း ရှိသည်။ တစ်ခါမှာတော့ လန်ချားစီးသွားသည့် သင်္ဘောသားတစ်ယောက်ကို လက်ညှိုးထိုးပြကာ သူ့ကိုတိုက်ခိုက်သွားသူသည် ထိုသင်္ဘောသားဖြစ်ကြောင်း ပြောပြသည်။
"ဒါဆိုရင် ဟောဟိုမှာ ပုလိပ်ရှိနေတာပဲ၊ ဘာဖြစ်လို့ မဖမ်းခိုင်းတာလဲ" ဟု ကျွန်တော်က မေးသည်။
"ကျွန်တော့်မှာ သက်သေမရှိဘူးလေ၊ သူက ငြင်းမှာပေါ့" ဟု ပြန်ပြောသည်။
သူပြောပြနေသည်များကို မယုံကြည်ကြောင်း ဖွင့်ပြော၍လည်း မဖြစ်နိုင်ပါ။ သည်လိုဖွင့်ပြောလိုက်လျှင် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာဦးမည်။ ကျွန်တော်သည် သူ့အပေါ်မှာ သစ္စမရှိ၊ သူငယ်ချင်းကောင်း မပီသ ဆိုသော စွပ်စွဲချက်များ ပေါ်ပေါက်လာဦးမည်။ နောက်ဆုံးမှာ တော့ သူငိုမည်။ သည်လိုဖြင့်ပင် သူပြောပြသည့်ဇာတ်လမ်းကို ယုံကြည်ယောင်ဆောင်လိုက်ရတော့သည်။
ဗုဒ္ဓဟူးလူးလူးနှင့် မင်နီတို့နှစ်ယောက်ကို သူကြိုးစား၍ မရသဖြင့် ခိုးလိုးခုလုဖြစ်နေသည့် ကြားကပင် စူဇီကိုလည်း သူ တမ်းတမ်းစွဲဖြစ်နေသည်။ ထို့ကြောင့် စူဇီနှင့် ကျွန်တော် နှစ်ယောက်တည်း စကားပြောခွင့်ကြုံသည်ဟူ၍ မရှိတော့။ အမြဲတမ်း သူပါ ရှိနေတတ်သည်။
ကျွန်တော့်ထံသို့ စူဇီအလည်လာလျှင် သူ့ကို အကြောင်းကြားပါဟု ကျွန်တော့်ကို သူမှာထားသည်။ စိုသောလက် မခြောက်စေလိုသဖြင့် ကျွန်တော်ကလည်း ကတိပေးလိုက်ရသည်။ သို့သော် ကျွန်တော့် ကတိအတိုင်း ဆောင်ရွက်ရသည်ဟူ၍ မရှိပါ။ ကျွန်တော့်အခန်းသို့ စူဇီရောက်လာလေတိုင်း နောက်မှ သူ ကပ်ပါလာစမြဲ ဖြစ်သည်။ စူဇီ၏ အရိပ်အခြည်ကို သူ မပြတ်စောင့်ကြည့်နေပုံ ရသည်။ စူဇီ၏ ခြေသံကိုပင် သူမှတ်မိနေပုံရသည်။ စင်္ကြံအတိုင်း သူ့အခန်းရှေ့မှ စူဇီလျှောက်လာသည်နှင့် တစ်ပြိုင်တည်း ကျွန်တော့်အခန်းသို့ မရောက်မီမှာပင် စင်္ကြံထဲသို့ သူရောက်နှင့်ပြီး ဖြစ်တော့သည်။
စူဇီ ဖြတ်လျှောက်လာသည့်အချိန်တွင် သူ့အခန်းထဲမှာ အခြားမိန်းကလေးတစ်ယောက်ယောက် ရှိနေသည်ဆိုလျှင်လည်း အရေးမကြီးပါ။ ထိုမိန်းကလေးကို သည်အတိုင်းပစ်ထားခဲ့ပြီး ကျွန်တော့် အခန်းသို့ ရောက်လာလေတော့သည်။
နေမြင့်လေ အရူးရင့်လေ ဆိုတာကို စူဇီအပေါ်မှာ သူ၏စွဲလမ်းမှုသည် ကြီးမားသည်ထက် ကြီးမားလာသည်။ စူဇီကိုလည်း အရူးအမူးချစ်မိပါပြီဟု သူထုတ်ဖော်ပြောတော့သည်။ ထိုမျှမက သူ့တိုင်းပြည်က ထွက်လာသည့်အချိန်မှစ၍ တွေ့ဖူးသမျှ အမျိုးသမီးများအားလုံးအနက် စူဇီတစ်ယောက်သာလျှင် သူတကယ်ချစ်မိသည့် အမျိုးသမီးဖြစ်ပါသည်ဟုလည်း ပြောသည်။ စူဇီကို "ကိုယ့်ရဲ့ နတ်သမီးကလေး"ဟု သူက ခေါ်တတ်သည်။
နမ်ကောက်ဟိုတယ်သို့ ရော့ဒ်နေ ရောက်လာပြီး တစ်လခန့်အကြာ တစ်ညတွင် ဖြစ်သည်။ ညဆယ့်တစ်နာရီလောက်တွင် ကျွန်တော့်အခန်းထဲသို့ စူဇီဝင်လာသည်။ မကျေမချမ်းဖြစ်နေသည့် မျက်နှာမျိုးဖြင့် အခန်းတံခါးပြန်ပိတ်သည်။
"မျက်နှာကြီးက ဘယ်လိုဖြစ်လာရပြန်တာလဲစူဇီ" ဟု ကျွန်တော်က ဆီးမေးသည်။
"လမ်းပေါ်က ကောင်မတစ်ယောက်နဲ့အတူတူ အဲဟို လိပ်ပြာကောင် သူ့အခန်းထဲ ၀င်သွားတာ အခုပဲ တွေ့ခဲ့တယ်"
စူဇီ၏ အကျင့်တစ်ခုမှာ သူမကြိုက်မနှစ်သက်သူကို ဘယ်တော့မှ နာမည်ခေါ်လေ့ မရှိ။ ဘက်တီလောင်းကို "အဲဟို ကန်တုန်ကောင်မပေါ့" ဆိုတာမျိုး။ ရော့ဒ်နေကို "အဲဟိုလိပ်ပြာကောင်"ဆိုတာမျိုးကိုသာ သုံးနှုန်းလေ့ရှိသည်။
လမ်းပေါ်က ကောင်မကို သူမြင်လိုက်ရသည်။ အ၀တ်အစားကို ကြည့်ခြင်းအားဖြင့် အပေါ စားကောင်မဖြစ်ကြောင်း သူသိလိုက်သည်။ တကယ်ဆိုတော့ လမ်းပေါ်က အပေါစားမိန်းကလေးများကို ရော့ဒ်နေ ခေါ်သည်မှာ ယခုပထမဆုံးအကြိမ်မဟုတ်ပါ။ နမ်ကောက် ဟိုတယ်က အမျိုးသမီးများသည် သူ့အဖို့ ရိုးအီလာပြီ။ ငြီးငွေ့စရာ ကောင်းလာပြီ။ ထို့ကြောင့် အပြောင်းအလဲလုပ်လာခြင်းဖြစ်သည်။
သို့သော် အဆင့်အတန်းမြင့်မြင့်ကို မရွေးဘဲ အပေါစားတွေကိုမှ သူပိုမိုနှစ်သက်နေသည်မှာ တစ်မျိုးတဖုံတော့လည်း ထူးဆန်းသလို ဖြစ်နေသည်။ ကပွဲခန်းမမှ အမျိုးသမီးများကို သူမရွေး။ လမ်းပေါ်ကဟာတွေကိုသာ သူ ရွေးနေသည်။
စူဇီအနေဖြင့် စောစောက မသိခဲ့။ ယခုမှ ပထမဆုံးအကြိမ်အဖြစ် သတိပြုမိခြင်းဖြစ်သည်။
"တော်တော် ညစ်ပတ်စုတ်ပဲ့တဲ့လူ" ဟုလည်း ဆက်ပြောရင်း စူဇီ ပခုံးကို တွန့်လိုက်သိည်။
ထိုအချိန်မှာပင် အခန်းထဲသို့ ရော့်ဒ်နေ ၀င်လာသည်။ စူဇီ၏ အလှကြောင့် သူအသက်ရှူမှားကာ မူးမေ့သွားတော့မယောင် ဟန်ဆောင်လိုက်သည်။ ပြီးတော့ စူဇီ၏ ရှေ့မှာ ဒူးထောက်ထိုင်သည်။ သည်အကျင့်မျိုးတွေကို မြင်ရဖန်များသဖြင့် ကျွန်တော့်အဖို့တော့ ရိုးနေပါပြီ။ သူက စူဇီ၏လက်ကို ယူနမ်းသည်။
"ကိုယ့်ရဲ့နတ်သမီးကလေး"
စူဇီက စက်ဆုပ်ရွံရှာသည့် အမူအရာဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။
"ဟိုလမ်းပေါ်က ကောင်မဆီကို ရှင်ပြန်သွားရင် ပိုကောင်းမယ်" ဟု လည်းပြောသည်။
"ဘယ်လမ်းပေါ်က ကောင်မလဲ"
"ရှင့်အခန်းထဲမှာ ရှိနေတဲ့ လမ်းပေါ်က ကောင်မလေ၊ ဟိုကောင်မကို ဒီလိုစောင့်ခိုင်းထားတာတော့ မတော်ပါဘူး၊ သူတို့ခမျာ ဟိုဆိပ်ကမ်းက ကူလီတွေနဲ့ အင်မတန် အလုပ်များရှာတာပါ"
"ကိုယ့်ဘ၀တစ်လျှောက်လုံးမှာ ဘယ်တုန်းကမှ လမ်းပေါ်က ကောင်မနဲ့ မဆက်ဆံဖူးပါဘူး"
စူဇီက သူ့ကို ဂရုမစိုက်တော့ဘဲ ကျွန်တော့် ဘက်လှည့်ပြီး စကားပြောနေသည်။ မနက်ဖြန် နေ့ခင်းတွင် ဘင်း အလုပ်မအားသောကြောင့် သူနှင့် အတူတူ ထုံးစံအတိုင်း နေ့လယ်စာ စားနိုင်တော့မည် မဟုတ်ကြောင်း စူဇီက ကျွန်တော့်ကို ပြောပြသည်။
ထိုအခါတွင် ရော့ဒ်နေသည် စူဇီ၏ မျက်နှာသာပေးခြင်းခံရအောင် ကြိုးစားပြန်သည်။ ပျော်ပွဲစားထွက်ရင်း ရေသွားကူးကြမည်။ မော်တော်ကား တစ်စီး သူငှားမည်။ နေ့လယ်စာအတွက် ဟိုတယ်တစ်ခုမှ ၀ယ်သွားမည်ဟု ပြောသည်။
စောစောပိုင်းတွင် စူဇီက ခါးခါးသီးသီးငြင်းနေသည်။ နောက်ဆုံး ကျွန်တော်ပါလိုက်ရမည် ဟူသော စည်းကမ်းချက်ဖြင့် သဘောတူလိုက်သည်။ ရုတ်တရက်တော့ ကျွန်တော် တုံ့ဆိုင်းဆိုင်း ဖြစ်သွားပါသည်။ သို့သော် ကျွန်တော် ငြင်းနေလျှင် စူဇီပြန်မည်မဟုတ်။ ကျွန်တော်လည်း အိပ်ရတော့မည်မဟုတ်။ ထို့ကြောင့် သဘောတူလိုက်ရပြန်သည်။
စူဇီ ပြန်သွားပြန်တော့ ရော့ဒ်နေက တစ်မျိုးကဲလာပြန်သည်။ မနက်ဖြန် ပျော်ပွဲစားထွက်သည့် အချိန်တွင် သူနှင့်စူဇီ နှစ်ယောက်တည်းတွေ့နိုင်အောင် တစ်ချိန်တော့ ဖန်တီးပေးရမည်ဟု တောင်းဆိုလာသည်။ အကြောင်းတစ်ခုခုပြပြီး ကျွန်တော်က ရှောင်ပေးရမည်ဟု ပြောသည်။ မရိုးသားသော သည်လို အလုပ်မျိုးကို မလုပ်လိုကြောင်း ကျွန်တော် ပြောသောအခါ ထုံးစံအတိုင်း သူ့စိတ်ဖောက်တော့မလို ဖြစ်လာ ပြန်သည်။
နောက်ဆုံးတော့ ကျွန်တော် သဘောတူလိုက်ရပြန်ပါသည်။ ပျော်ပွဲစားအတူထွက်မည်။ နေ့လယ်စာ အတူစားမည်။ ပြီးလျှင် အနည်းဆုံး နာရီဝက် ကျွန်တော်က ရှောင်ပေးမည်။ သည်တော့မှ ကျွန်တော့်အဖို့ ငြိမ်းချမ်းရေး ရတော့သည်။ အိပ်ရာထဲသို့ ၀င်ခွင့်ရတော့သည်။
နောက်တစ်နေ့တွင် အလွန်ကြီးမားသည့် ဗြူကားကြီးသည် ကျွန်တော်တို့၏ အသုံးတော်ခံရန် နမ်ကောက်ဟိုတယ်ရှေ့မှာ အခန့်သားရောက်နေသည်။ အရောင်က မှန်ကြည့်လို့ ရမတတ် တဖိတ်ဖိတ် တောက်နေသည်။ ဘားခန်းထဲသို့ဝင်ရန် အတွဲစောင့်နေသည့် အဲလစ်ကလေးနှင့် လီလီလောင်း တို့နှစ်ယောက်သည် မော်တော်ကားကြီးကို ကြည့်ပြီး ပါးစပ် ဟောင်းလောင်း ဖြစ်နေကြတော့သည်။
ယူနီဖောင်းဝတ်ထားသည့် တရုတ်ဒရိုင်ဘာက နောက်ဘက်မှ တံခါးကို ဖွင့်ပေးသည်။ ကူရှင်ထဲမှာ ကျွန်တော်တို့ နှစ်မြုပ်သွားသည်။ သည်လိုလည်း မဟုတ်သေးပါ။ ကူရှင်ထဲတွင် နစ်မြုပ်သွားခြင်းမဟုတ်ပါ။ လွင့်မျောနေခြင်းသာဖြစ်ပါသည်။ အဲလစ်ကလေးတို့ကို လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ ဇိမ်ခံကားကြီး၏ ငြိမ့်ညောင်းညင်သာမှုက အရသာထူးကဲလှပါသည်။
ဟိုတယ်ကြီးတွေ ပြည့်နေသော ခေတ်မီအဆောက်အအုံတွေ အစီအရီ ရှိနေသော၊ တရုတ်သန်းကြွယ် သူဌေးတစ်ယောက် ဆောက်ထားသည့် အင်္ဂလိပ်ရဲတိုက်ကြီးတစ်လုံးရှိသော၊ ရေကူးသူ၊ နေပူစာလှုံသူ တွေနှင့် ပြည့်ကျပ်နေသော ရီပတ်စ်ပင်လယ်အော်ကမ်းခြေကို ကျွန်တော်တို့ ကျော်လာကြ သည်။ လူရှင်းသည့် ကမ်းခြေကလေးတစ်ခုမှာ နေရာယူ လိုက်ကြသည်။
ရေကူးဝါသနာကြီးလှသော စူဖီသည် ရေကူးဝတ်စုံကို အမြန်ဆုံးလဲကာ ပင်လယ်ထဲသို့ ရှေ့ဆုံးမှ ပြေးဆင်းသွားသည်။ သူ့နောက်သို့ ကျွန်တော်တို့ နှစ်ယောက် လိုက်သွားသည်။ ၀မ်းသာအားရ ရေကူးရင်း တခစ်ခစ်ရယ်ကာ ကျွန်တော့်ကို ရေနှင့်ပက်နေသည်။ ရော့ဒ်နေကို လုံးဝဂ ရုမစိုက်။ ရှိနေသည်ဟုပင် သူမထင်။ ကျွန်တော်ကလည်း ပြန်ပက်သည်။ အတော်ကြာ အောင်ကျွန်တော် တို့နှစ်ယောက် အပြန်အလှန် ပက်နေကြပြီး အူတက်မတတ် ရယ်နေမိကြသည်။
ထိုအချိန်မှာပင် ရော့ဒ်နေ ၀င်လာသည်။
"ကဲ...လာ... ဒီတစ်ခါ ကိုယ့်အလှည့်" ဟု ပြောရင်း စူဇီကို ရေနှင့်ပက်သည်။
စူဇီ အရယ်ရပ်သွားသည်။ သူ့ကို အေးတိအေးစက် အမူအရာဖြင့် ပြန်ကြည့်နေသည်။
"ရှင် ဘာလုပ်တာလဲ... ကျွန်မ ရေမွန်းပြီး သေသွားအောင် သတ်နေတာလား"ဟု ပြန်မေးသည်။ တစ်ဆက်တည်း သူ့ကို ကျောခိုင်းလိုက်ကာ ကျွန်တော့်ဘက်လှည့်ပြီး တခစ်ခစ် ရယ်ရင်း ဆက်ပက် နေသည်။
ရော့ဒ်နေသည် အခါတိုင်းထက် ပိုပြီး စိတ်အားထက်သန်နေပုံရသည်။ ဘာကိုမှလည်း အလေးထား ဂရုစိုက်နေပုံ မပေါ်တော့။ သောင်ပြင်ပေါ်မှာ ကျွန်တော်တို့ သွားရောက်လဲလျောင်း နေကြခိုက်တွင် စူဇီ၏ရှေ့မှာ ဒူးထောက်ထိုင်သည်။ ပြီးတော့ စူဇီ၏ ပန်းရောင်ခြေချောင်း ကလေးများကို နမ်းသည်။
"ကိုယ့်ရဲ့အလှဆုံးနတ်သမီးကလေး၊ နတ်သမီးကလေးရဲ့ရှေ့မှောက်မှာ ကျွန်တော်မျိုးကြီး ၀ပ်စင်း ပါတယ်ဗျာ" ဟုလည်း ပြောလိုက်သေးသည်။
စူဇီက ရွံမုန်းတီးသလို တစ်ချက်ကြည့်ပြီး သူ့ခြေထောက်ကို ပြန်ရုပ်လိုက်သည်။ ထိုမျှမကသေး။ တစ်ဖက်သို့ လှည့်သွားကာ ရော့ဒ်နေကို ဖုတ်လေသည့်ငါးပိ ရှိလေသည်ဟုပင် သဘောမထားဟန် ဆောင်လိုက်ပြန်သည်။ ထိုအချိန်ကလေးတွင် သူ ငိုများ ချလိုက်တော့မည်လားဟု ကျွန်တော် စိုးရိမ်သွား မိပါသည်။
နောက် နာရီဝက်လောက်ကြာတော့ နေ့လယ်စာ စားသြည်။ ထိုအခါတွင် သူ့အတွက် ကျွန်တော် အများကြီး စိတ်မကောင်းဖြစ်သွားမိတော့သည်။ သူဝယ်လာသည့် နေ့လယ်စာများသည် အလွန်တန်ဖိုးကြီးသည့် အစားအစာများဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် သူနှင့် စူဇီ စကားပြောဖြစ်အောင် နည်းအမျိုးမျိုးဖြင့် ကျွန်တော် လမ်းကြောင်းပေးမိသည်။ တဖြည်းဖြည်း နှင့် စူဇီလည်း သူနှင့် စကားပြောဖြစ်လာသည်။ ရန်ထောင်ဖို့လည်း သတိရတော့ဟန်မပေါ်။ စိတ်ပါ လက်ပါ ကျွန်တော် ဆောင်ရွက်ရန် အချိန်ကျပြီဟု ဆုံးဖြတ်လိုက်မိပါသည်။ ထို့ကြောင့် ထိုင်ရာမှ ထလိုက်သည်။
"ဟောဟိုမှာ သဘာဝအလှတွေက ကိုယ့်ကို လှမ်းခေါ်နေပြီဟေ့" ဟု ပြောကာ ကျောက်ဆောင်များရှိရာသို့ လျှောက်လာခဲ့သည်။
ကျောက်ဆောင်များအောက်မှာ သက်သောင့်သက်သာနေနိုင်သည့် နေရာကောင်းကလေးတစ်ခု တွေ့သည်။ ထိုထဲသို့ဝင်ပြီး တစ်ရေးအိပ်လိုက်မိသည်။
ဒီရေတက်လာပြီး ကျောက်ဆောင်လိုဏ်ခေါင်းများကို လှိုင်းပုတ်သံက ကျယ်လောင်စွာ မြည်နေသဖြင့် အိပ်ရာမှ ကျွန်တော် လန့်နိုးသွားသည်။ နာရီကို မြှောက်ကြည့်လိုက်တော့ လေးဆယ့်ငါးမိနစ်လောက် ကြာသွားပြီဖြစ်ကြောင်း တွေ့ရသည်။ ရော့ဒ်နေကို လွတ်လပ်ခွင့် ဆက်ပေးထားရန် ဆုံးဖြတ်ပြီး နောက်ထပ် ဆယ့်ငါးမိနစ်ခန့် ဆက်လှဲနေမိသည်။ ပြီးတော့မှ အိပ်ရာမှ ထပြီး သူတို့ဆီသို့ ပြန်လျှောက်လာသည်။
ကျောက်ဆောင်များပေါ်သို့ ကုတ်ခြစ်တက်ပြီး ကျွန်တော့်ကို လိုက်ရှာနေသည့် စူဇီကို တွေ့ရသည်။ ကျွန်တော့်ကို တွေ့တော့ သူ ကြိမ်းမောင်းပါလေတော့သည်။
"အစ်ကို ဘယ်လိုလုပ်လိုက်တာလဲ၊ ဘာဖြစ်လို့ ဒီလိုထွက်သွားရတာလဲ၊ အင်မတန်ဒုက္ခပေးတဲ့ လိပ်ပြာကောင်နဲ့ ဘာဖြစ်လို့ ကျွန်မကို လွှတ်ထားခဲ့ရတာလဲ၊ ကျွန်မ သိပ်စိတ်ဆိုးတယ် မရယ်နဲ့... ကျွန်မ တကယ်ပြောနေတာ"
"ကိုယ် တကယ်စိတ်မကောင်းပါဘူး စူဇီ၊ ဒါပေမဲ့ ဒီငတိက မင်းနဲ့ နှစ်ယောက်တည်း နေခွင့်ရဖို့ အရမ်း စိတ်အားထက်သန်နေလို့ပါကွာ"
"ဟုတ်တယ်... ဘာဖြစ်လို့ နှစ်ယောက်တည်း တွေ့ချင်တာလဲ သိလား၊ သူက ကျွန်မကို ဟိုခေါ်သွားချင်တယ်၊ ဗန်ကောက်မြို့ရှိတာ ဘယ်တိုင်းပြည်လဲဟင်..."
"ထိုင်းလင်း..."
"အဲ...ဟုတ်တယ်... ထိုင်းလင်း... သူက ကျွန်မကို အဲဒီခေါ်သွားချင်တယ်တဲ့၊ တစ်လကို ဒေါ်လာ သုံးထောင် ပေးပါ့မယ်တဲ့"
စူဇီသည် စိတ်ဆိုးဟန်ဆောင်နေသည်ကို ရပ်လိုက်ပြီး ခစ်ခနဲရယ်လိုက်သည်။
"ဟုတ်တယ်... တကယ်ပြောတာ မင်းကို တစ်လ သုံးထင်ပေးမယ်တဲ့၊ ဘင်းဆီက အခုရနေတာရဲ့ သုံးဆပေးမယ်တဲ့"
"စူဇီ... မင်း လက်မခံလိုက်ပါဘူးနော်"
ကျွန်တော်က သူ့ကိုငေးကြည့်နေရင်း မေးမိသည်။
"လက်ခံပါ့မလား အစ်ကိုရယ်" ဟူဇီ၏ အမူအရာမှာ မနှစ်မြို့သလို ဖြစ်သွားသည်။
"အဲဒီလိပ်ပြာကောင်နဲ့ အတူတူ တခြားထွက်သွားဖို့ ကျွန်မကများ လက်ခံလိမ့်မယ်လို့ အစ်ကို ထင်နေသလား"
"ကိုယ်ဝမ်းသာလိုက်တာ စူဇီရယ် ဒီစကားမင်းပြောတော့ တစ်မိနစ်လောက် ကိုယ်ကြောက်လိုက်တာ၊ မင်းသာလိုက်သွားရင် ကိုယ် လွမ်းနေရတော့မှာပဲ"
"ဒေါ်လာတစ်သောင်းပေးတောင် ဒီလိုလူမျိုးနဲ့ ကျွန်မ လိုက်မသွားဘူး၊ အဲဟိုလမ်းပေါ်က ကောင်မကို ရှင် ဘာဖြစ်လို့ ခေါ်မသွားတာလဲ၊ ကူလီတွေ လက်ထဲကနေပြီး သူ့ကို အနားပေးလိုက်ပါလားလို့ ကျွန်မက ပြန်ပြောလိုက်တယ်"
စူဇီက သည်လိုငြင်းလိုက်တော့ ရော့ဒ်နေ စိတ်ကောက်သွားလိမ့်မည်ဟု ကျွန်တော်ထင်သည်။ စိတ်ကောက်ရာကနေပြီး တောင်းပန်မည်။ ပြီးတော့ ငိုမည်။ နောက်ဆုံးတော့ ဒေါသပေါက်ကွဲမည်။ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများဖြင့် ဆဲရေးတိုင်းထွာမည်။ တစ်ဆက်တည်း သူ့မျက်လုံးထဲမှာ ကြောက်စရာကောင်းသည့် အရိပ်အရောင်များ ပေါ်လာမည်။ စူဇီလည်း အကြောက်ကြီး ကြောက်သွားမည်။ သို့ဖြင့် ထွက်ပြေးလာပြီး ကျွန်တော့်ကို လိုက်ရှာခြင်းဖြစ်မည်။
ကျွန်တော်တို့နှစ်ယောက်ကို သောင်ပြင်ပေါ်မှာ သည်အတိုင်းပစ်ထားခဲ့ပြီး၊ ဒေါသတကြီးဖြင့် သူပြန်သွားပြီဟု စူဇီက ထင်သည်။
သို့သော်လည်း နောက်ဆုံး ကျောက်ဆောင်ပေါ်ကို ကျွန်တော်တို့ တက်လိုက်တော့ သောင်ပြင်ပေါ်တွင် လဲလျောင်းနေသည့်သူ့ကို လှမ်းမြင်ရသည်။ ကျွန်တော်တို့ သူ့အနားရောက်သွားတော့ မတ်တတ်ရပ်သည်။ သူ့မျက်နှာပြုံးနေသည်။ စူဇီ၏ ရှေ့မှာ စစ်သားတစ်ယောက်လို ခြေစုံရပ်ပြီး အလေးပြုလိုက်သည်။
"ဗိုလ်ကြီးရော့ဒ်နေတက်စ်က သတင်းပို့နေပါတယ်ခင်ဗျာ၊ သူ့ရဲ့နတ်သမီးကလေးကို ပြောခဲ့ဆိုခဲ့ မိတာတွေနဲ့ ပတ်သက်ပြီး အလွန့်အလွန်ကို သူစိတ်မကောင်းဖြစ်နေပါတယ်ခင်ဗျာ၊ သူ့စိတ်တွေ ထွေပြားနေတဲ့အတွက် ဘာစကားပြောခဲ့မိတယ် ဆိုတာကိုတောင် သူ့ဟာသူ မသိဘူးလို့ ကျွန်တော် ထင်ပါတယ်ခင်ဗျာ၊ ကောင်းပါပြီ သူ့ကို ခွင့်လွှတ်နိုင်ပါ့မလား၊ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ခေါင်းတစ်ချက် ညိတ်ပါ၊ ခွင့်လွှတ်နိုင်တယ်ဆိုရင် ခေါင်းနှစ်ချက်ညိတ်ပါ ခင်ဗျာ" စူဇီက လေးလံထိုင်းမှိုင်းသည့် အမူအရာဖြင့် ခေါင်းနှစ်ချက် ဆက်လိုက်သည်။
"ဒါဆိုရင် ကျွန်တော့်အဖို့ လုံလောက်သွားပါပြီခင်ဗျာ၊ တက်စ်လာဆိုတဲ့အကောင်ဟာ နတ်သမီးလေးကို နောက်တစ်ကြိမ် ဒီစကားမျိုးပြောမယ် ဆိုရင် ကျွန်တော့်ကို အသိပေးစေလိုပါတယ်၊ သူ့လည်ပင်းကို ကျွန်တော် ကိုယ်တိုင် ညှစ်ပါ့မယ်"
ကျွန်တော်တို့ ကြုံတွေ့နေရသည့် အခြေအနေကလေး သက်သောင့်သက်သာနှင့် ရွှင်ရွှင်လန်းလန်း ဖြစ်သွားစေရန် ကျွန်တော်က ၀င်ပြောလိုက်ရသည်။
"ကောင်းပါပြီ... အင်မတန်ကောင်းတဲ့ နေ့လယ်စာနဲ့ တည်ခင်းတဲ့အတွက် တို့တစ်တွေ အများကြီးဂုဏ်ယူနိုင်အောင် ဗိုလ်ကြီးတက်စ်လာက ဖန်တီးလိုက်ပါတယ်၊ ဒါဟာ အောင်ပွဲတစ်ခုပါပဲ"
ရော့ဒ်နေက ကျွန်တော့်ကို လုံးဝဂရုမစိုက်။ စူဇီဘက်သို့သာ လှည့်သွားသည်။
"ရေတစ်ခါ ထပ်ကူးကြဦးစို့လား" ဟု စူဇီကို လှမ်းမေးသည်။
နားမလည်နိုင်သလို သူ့ကို ကျွန်တော် ငေးကြည့်နေမိသည်။ ကျွန်တော့်ကို သူ တမင် နှိမ်လိုက်ခြင်းလော၊ စော်ကားလိုက်ခြင်းလောဟု မသေမချာ ဖြစ်နေမိသည်။ သို့သော် ကျွန်တော့် မျက်လုံးများကို သူ ဆိုင်မကြည့်ပါ။ မျက်နှာလွှဲမြဲ လွှဲထားသည်။ သူ့အနားသို့ ကျွန်တော်တို့ ပြန်ရောက်သည့် အချိန်မှ စ၍ ကျွန်တော့်ကို သူ လုံးဝမကြည့်သေးကြောင်းလည်း သတိပြုမိလိုက်သည်။
ထို့ကြောင့် ကျွန်တော်က တစ်ချက်ရယ်ပြီး ဆက်ပြောသည်။
"ကိုင်း... ကိုယ့်ဆရာ ... ကိုယ်ဟာဘေးကို ပအထုတ်ခံထားရတာမျိုးတော့ မဟုတ်ပါဘူးနော်" ရော့ဒ်နေ့က မျက်နှာလွှဲမြဲ လွှဲထားသည်။ ကျွန်တော်ပြောသည်ကိုလည်း မကြားဟန်ဆောင်နေသည်။
"ဒါမျိုးတွေ လုပ်မနေစမ်းနဲ့ ရော့ဒ်နေ၊ ငါက ဘာလုပ်ရမှာလဲ"
ကျွန်တော့်ကို လှစ်ခနဲ သူ တစ်ချက်လှမ်းကြည့်သည်။ သူ့မျက်လုံးများအရောင် တောက်နေသည်။
"ကျုပ် ဘယ်သိမှာလဲ" ဟု ပြန်ပြောသည်။ ပြီးတော့ စူဇီဘက် လှည့်ပြီး ကြိုးစားပြုံးပြသည်။
"ကဲ... လုပ်ပါလေ... ရေကူးဝတ်စုံကလေးနဲ့ မင်းကို တစ်ခါထပ်ကြည့်ချင်ပါသေးတယ်၊ အဲဒီရေကူး ၀တ်စုံလေးနဲ့ ဆိုရင် မင်းဟာ အရမ်းကို ချစ်စရာကောင်းတာပဲ"
နောက်တစ်နာရီလောက်ကြာတော့ ကျွန်တော်တို့ ပြန်လာခဲ့ကြသည်။ ထိုအချိန်အထိ ကျွန်တော့်ကို သူ အရေးမစိုက်ဘဲ လုပ်နေသည်။ စူဇီက ကျွန်တော်တို့နှစ်ယောက် ကြားမှာ ထိုင်နေသည်။ ရော့ဒ်နေက သူ့ကို အာရုံ စိုက်လာအောင် စကားတွေ အမျှင်မပြတ် ပြောလသည်။ စူဇီက ကောင်းကောင်း နားမထောင်၊ သူ့အတွေးနှင့်သူ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာသည်။ ခဏကြာတော့ သူ့စကားများကို နားမထောင် တော့ဘဲ ကျွန်တော့်ဘက် လှည့်ပြောသည်။
"ဒီနေ့ညနေ ဗေဒင်ဆရာဆီကို ကျွန်မသွားရမယ်၊ အစ်ကိုရော လိုက်ဦးမလား"
"ကောင်းတယ်... ဒီနေ့ညနေ တို့သွားကြမယ်၊ သိပ်ဟန်ကျမှာပဲနော်" ဟု ရော့ဒ်နေက ကမန်းကတန်းဝင်ပြောသည်။
စူဇီက သူ့ကို အရေးမစိုက်။ ကျွန်တော့်ကိုသာ ဆက်ပြောနေသည်။
"တိဘက်ဘုန်းကြီးဆီကို သွားရင် ကောင်းမယ်လို့ ကျွန်မထင်တယ်၊ ဝေးတော့ ဝေးတာပေါ့လေ... ဒါပေမဲ့ သူက ရှန်ဟဲတရုတ်စကားပြောတတ်တယ်၊ ၀မ်ချိုင်းမှာရှိနေတဲ့ ဗေဒင်ဆရာတွေထဲမှာ ရှန်ဟဲတရုတ် စကား ပြောတတ်တာ တစ်ယောက်မှမရှိဘူး၊ ဗေဒင်မေးတဲ့အခါမှာ ဗေဒင်ဆရာ ဟောတာတွေကို သေသေ ချာချာ နားလည်ဖို့ အရေးကြီးတယ်၊ ကောင်းကောင်း နားမလည်ရင် အလကားပဲ"
ထိုစကားကို အကြောင်းပြုပြီး ကျွန်တော်တို့ သုံးယောက်စလုံး စကားပြောဖြစ်ကြသည်။ ရော့ဒ်နေနှင့် ကျွန်တော်ကား တစ်ယောက်ကို တစ်ယောက် မပြော။ စူဇီကိုသာ သူတစ်ခွန်း ငါတစ်ခွန်း ပြောနေ ကြခြင်းဖြစ်သည်။
စူဇီကို ၀မ်ချိုင်းမှာ ကျွန်တော်တို့ ချထားပေးခဲ့မည်။ သို့မှ သူ့ကလေးကို သူဝင်ကြည့်နိုင်မည်။ ပြီးလျှင် နမ်ကောက်မှာ ကျွန်တော်တို့နှင့် လာဆုံမည်။ ဗေဒင်ဆရာဆီသို့ ကျွန်တော်တို့ သုံးယောက် အတူတူ သွားကြမည်ဟု သဘောတူညီချက် ရလိုက်သည်။
စူဇီနေသည့်လမ်းသည် ကျဉ်းလွန်းသောကြောင့် မော်တော်ကားဝင်လို့ မရပါ။ ထို့ကြောင့် လမ်းထိပ်မှာပင် သူ့ကို ချထားပေးခဲ့သည်။ ရော့ဒ်နေနှင့် ကျွန်တော်တို့ တိတ်ဆိတ်စွာပင် နမ်ကောက်ဟိုတယ်သို့ ပြန်လာကြသည်။ ရော့ဒ်နေသည် သူ၏မကျေနပ်မှုကို ကြာရှည် ကျိတ်ခံစားတတ်သူမဟုတ်ကြောင်း ကျွန်တော်သိပါသည်။ထို့ကြောင့် တစ်ခုခုဖြစ်လာမည်ကို စောင့်နေလိုက်သည်။
ကြာကြာမစောင့်ရပါ။ ငါးမိနစ်လောက်ကြာတော့ တံခါးခေါက်သံနှင့် အတူ အတောင်းဝင်လာသည်။ သူ့အမူအရာမှာ မနေတတ် မထိုင်တတ်ဖြစ်နေသည်။ တစ်စုံတစ်ရာကို နားမလည်သလိုလည်း ရှိသည်။ ကျွန်တော့်ကို စာအိတ်တစ်လုံး လှမ်းပေးသည်။
"ဆရာ့သူငယ်ချင်းဆီက "ဟုလည်းပြောသည်။
စာအိတ်ကို ကျွန်တော် ဖွင့်နေရာ အတောင်းက စိတ်ဝင်စားစွာ စောင့်ကြည့်နေသည်။ အထဲက စာရွက်ပေါ်တွင် ရော့ဒ်နေ၏ လှပသပ်ရပ်သော လက်ရေးကို တွေ့ရသည်။ အင်္ဂလိပ်စာလုံးများကို အကြီးစာလုံးဖြင့် ရေးထားသည်။ စာရွက်၏ အလယ်တည့်တည့်တွင် တံဆိပ်ခေါင်းလေးလုံးစာ လေးထောင့် စတုရန်းကျကျ ရေးထားသည်။
မော်တော်ကားပေါ်တွင် ကျွန်တော်တို့ သဘောတူညီခဲ့သည့်အတိုင်း ဗေဒင်ဆရာဆီသို့ သွားရာတွင် စူဇီနှင့်အတူ ကျွန်တော် နှစ်ယောက်တည်း သွားလိုပါသည်။ ကျွန်တော်တို့ကိစ္စတွင် ခင်ဗျားကြည့်ဝင် နှောင့်ယှက်ခြင်းမပြုဘဲ နေနိုင်ပါမည်လော။ ကျွန်တော်တို့၏ ပျော်ရွှင်မှုကို တမင်ဖျက်ဆီးခြင်းမပြုဘဲ နေနိုင်ပါမည်လော။
ရော့ဒ်နေတက်စ်လာ။
ကျွန်တော်က အားပါးတရ တစ်ချက်ရယ်လိုက်ပြီး အတောင်းကို ခဏစောင့်ရန် ပြောသည်။ ပြီးတော့ သူ့စာအောက်မှာ ဆက်ရေးလိုက်သည်။
သဘောမတူနိုင်ဘူး။ မင်း ဒါမျိုးမလုပ်ရဘူးကွ လူမိုက်ရ...။
ထိုစာကို အံ့သြထိတ်လန့်နေသည့် အတောင်း၏ လက်ထဲသို့ ကျွန်တော် ပြန်ထည့်လိုက်သည်။ နောက် ဆယ်မိနစ်လောက်ကြာတော့ ပိတ်ထားသည့် စာအိတ်တစ်လုံးယူပြီး အတောင်း ပြန်ရောက်လာပြန်သည်။ ယခုအကြိမ်တွင်မူ အတောင်း၏ မျက်နှာသည် ကျွန်တော်တို့ ဘာဖြစ်နေကြသနည်း ဆိုသည်ကို သိချင်ဇောထက်သန်နေပုံရသည်။ စာအိတ်ကို ဖွင့်ပြီး စာရွက် အသစ်တစ်ရွက်ကို ကျွန်တော် ဆွဲထုတ် လိုက်သည်။
သည်လိုဆိုလျှင် ခင်ဗျားအပေါ်မှာ မိတ်ဆွေကောင်းတစ်ယောက်အနေဖြင့် ကျွန်တော် သဘောထား ဆက်ဆံခဲ့သည်များကို ပြန်သတိရပါဟု ပြောလိုပါသည်။ (သို့သော်လည်း တူညီသော တုံ့ပြန်မှုမျိုးကို ခင်ဗျားမပြုလုပ်ခဲ့)။ ထိုမျှမက သည်အခွင့်အရေး ကလေးတော့ ပေးပါဟု တောင်းဆိုလိုပါသည်။ စော်ကား သော စကားလုံးများ ရေးသားထားသည့်စာကို ဟိုတယ်အလုပ်သမားများမမြင်တွေ့ရစေရန် စာအိတ် ပိတ်ပြီး ပြန်ပို့ပါဟုလည်း မေတ္တာရပ်ခံလိုက်ပါသည်။
ရော့ဒ်နေတက်စ်လာ။
ကျွန်တော်က ထိုစာအောက်ကပင် ပြန်ရေးပေးလိုက်သည်။
တောင်းသည့် အခွင့်အရေးကိုပေးရန် ငြင်းဆိုသည်။ အဘယ့်ကြောင့်ဆိုသော် စူဇီနှင့် သဘောတူချက် ရရှိသောကြောင့် ဖြစ်သည်။ စာများကို စာအိတ်ထဲ ထည့်ပိတ်ပြီး ပေးရန်လည်း ငြင်းဆိုသည်။ အဘယ်ကြောင့်ဆိုသော် (က) ယခုအလုပ်သည် ကလေးဆန်သည်။ (ခ) သနားစရာ ကောင်းသော အတောင်း၏ ခြေထောက်မှ ဖိနပ်ပါးအောင် လုပ်နေသည့်အလုပ်မျိုး ဖြစ်သည်။
စာကြွင်း။ ။ စော်ကားခြင်းမရှိ၊ ထို့ကြောင့် စာအိတ်မလို။
ထိုစာကို အတောင်းလက်သို့ ကျွန်တော် ပေးလိုက်သည်။ အတောင်းက တုံ့ဆိုင်းဆိုင်းလုပ်နေသည်။ ပြီးမှ သူက မေးသည်။
"ကျွန်တော့်ကို မေးခွင့်ပြုပါ ဆရာ၊ ဆရာ့သူငယ်ချင်းနဲ့ ဆရာ ရန်ဖြစ်နေတာများလား..."
"ဒီလိုပဲပြောရမလို ဖြစ်နေပါပြီ အတောင်းရာ ... ဟား... ဟား... ဟား... " ကျွန်တော်က ပြန်ဖြေရင်း ရယ်မိသည်။
"ဘာအကြောင်းနဲ့ ပတ်သက်နေတာပါလဲ ဆရာ"
"အင်း... အဲဒါ ဒုက္ခပေါ့ကွာ... ဘာကြောင့် ဖြစ်နေရတယ်ဆိုတာကို တောင် ငါ သေသေချာချာ မသိပါဘူး"
အတောင်း ထွက်သွားသည်။ သည်တစ်ခါတော့ သူ့အမူအရာတစ်မျိုးပြောင်းသွားသည်။ ကျွန်တော်တို့ နှစ်ယောက်ကြားတွင် ငြိမ်းချမ်းရေးရရှိပြီး သင့်မြတ်သွားအောင် ဆောင်ရွက်ပေးနိုင်သည့် ဖျန်ဖြေရေး သမားပုံမျိုး ဖမ်းသွားသည်။ ထိုမျှမကသေး ကျွန်တော်တို့ နှစ်ယောက် အဆင်မပြေမချင်း မနားမနေ ဆောင်ရွက် ပေးတော့မည် ဟူသည့် ဟန်ပန်အမူအရာမျိုးလည်း ဖြစ်သည်။
မည်သို့ဆိုစေ ရော့ဒ်နေသည် ကြီးမားသော မကျေနပ်ချက်နှင့်အတူ အတောင်းကို ဆက်မခိုင်း တော့ပုံရသည်။ အတောင်းပြန်မလာတော့ပေ။ နောက်ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျွန်တော့် တံခါးကို လာခေါက်ပြန်သည်။ သည်တစ်ချီမှာတော့ ရော့ဒ်နေကိုယ်တိုင် ဖြစ်သည်။
"ဒီမှာ ဘော့... ကျွန်တော့် ဂုဏ်သိက္ခာတွေ ကျချင် ကျပါစေတော့လို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်၊ ဒါကြောင့် ခင်ဗျားဆီကို ကျွန်တော် ကိုယ်တိုင်လာပြီး အသနားခံတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအမျိုးသမီးကို ကျွန်တော် အရမ်း ... အရမ်းကြီးချစ်နေမိပြီဗျာ.. ဒီကိစ္စကို ခင်ဗျားသိမယ်ဆိုရင် ကျွန်တော် သိပ်စိတ် မချမ်းမသာ ဖြစ်နေရတာကို ခင်ဗျား သိမယ်ဆိုရင်..."
တစ်ဆက်တည်း သူ စတင်ငိုကြွေးလေတော့သည်။
သူ့မျက်ရည်များသည် အမြဲတမ်းဆိုသလို ကျွန်တော့် စိတ်ဓာတ်ကို ပျော့ညံ့စေပါသည်။
သူ အငိုတိတ်သည်အထိ ကျွန်တော် စောင့်နေပါသည်။ အငိုတိတ်တော့မှ ဗေဒင်ဆရာကိစ္စကို ကျွန်တော် အရေးမစိုက်ကြောင်း၊ သူ့တောင်းဆိုချက်များကို ကျွန်တော် လိုက်လျောနိုင်ကြောင်း၊ သို့သော်လည်း လိုက်လျောသင့်သည့်အခြေအနေများ ဖြစ်ပေါ်လာမှသာလျှင် လိုက်လျော နိုင်မည်ဖြစ်ကြောင်း ပြန်ပြော သည်။
ကျွန်တော့်စကားမဆုံးမီမှာပင် ရင့်သီးသောစကားလုံးများနှင့် ကျွန်တော့်ကို သူရန်တွေ့တော့သည်။ သူငှားသည့်ကားကိုစီးပြီး သူကျွေးသည့် ထမင်းကို စားကာ အရှက်မရှိ စူဇီကို မြှောက်ပေးကြောင်း၊ လမ်းပေါ်က ကောင်းမလေးများနှင့် သူပျော်ပါးတတ်သည့်အကြောင်းကို စူဇီကို ကျွန်တော် တိုးတိုး ပြောပြတာ သူကြားကြောင်း၊ ထမင်းစားစဉ်ကလည်း သူ့အပေါ် စူဇီ စိတ်မ၀င်စားအောင် ဖန်တီး နေကြောင်း များ တသီကြီးပြောသည်။
ကျွန်တော် အများကြီး ငြီးငွေ့ စိတ်ကုန်သွားပါသည်။
"ရော့ဒ်နေ... ဒါတွေ အားလုံး ဘာမှ အဓိပ္ပာယ် မရှိဘူး ဆိုတာ မင်းသိတယ်၊ စူဇီနဲ့ ပတ်သက်လာရင် မင်း နည်းနည်းမှ ကံမကောင်းဘူး၊ မင်းဟာမင်း ကံမကောင်းတာ ငါ့အပြစ်ဆိုပြီး ပုံချနေတယ်၊ ဒါကို ငါ သည်းမခံနိုင်တော့ဘူး၊ သိပ်ပင်ပန်းသွားပြီ၊ ဒီတော့ တခြား တစ်ယောက်ကို သွားပြီး မင်းဟာမင်း ရန်ဖြစ်ပေတော့"
နောက်ထပ်နာရီဝက်လောက် ဆက်စကားများပြန်သည်။ ကျွန်တော်သည် စိတ်မမှန်သူ တစ်ယောက်ဖြစ်ကြောင်း၊ စိတ်ရောဂါရနေသူတစ်ယောက်ဖြစ်ကြောင်း၊ ထို့ကြောင့် လန်ဒန် ဖြစ်ဖြစ်၊ ဗီယင်နာဖြစ်ဖြစ်၊ နယူးယောက်ဖြစ်ဖြစ် သွားပြီး စိတ်ရောဂါအထူးကု ပါရဂူတစ်ယောက်ယောက်နှင့် ကုသရန် အကြံပေးလိုကြောင်းများ ဆက်ပြောပြန်သည်။
နောက် ငါးမိနစ်ကြာတော့ မူလအစီအစဉ်အတိုင်း ကျွန်တော်တို့ သုံးယောက်စလုံး ဗေဒင်ဆရာဆီသို့ သွားကြမည်ဟု သဘောတူညီချက်ရကာ လက်ဆွဲနှုတ်ဆက်နေရပြန်သည်။ ထိုအချိန်ကလေးမှာပင် ကျွန်တော်တို့ကို ခေါ်ဖို့ စူဇီရောက်လာသည်။
ဇိမ်ခံ ဗြူ့ကားကြီးက ရှိနေဆဲပင်။ ကားနောက်ခုံပေါ်မှာ ကျွန်တော်တို့ ၀င်ထိုင်ကြရပြန်သည်။ ရော့ဒ်နေသည် အတတ်နိုင်ဆုံး အလိုက်သင့် အလျားသင့် ကြိုးစးဆက်ဆံနေပုံရသည်။ စူဇီကလည်း ကျွန်တော်တို့ နှစ်ယောက်ကို မခွဲခြားဘဲ စကားပြောလာသည်။
ဟောင်ကောင်၏ လူစည်ကားရာ စီးပွားရေးရပ်ကွက်ကို ကျော်လာသည်။ အနောက်ဘက် ခရိုင်အတွင်းသို့ ၀င်စပြုလာပြီ။ ထိုအချိန်မှာပင် ကျွန်တော် မြင်နေကျတင်းမာမှုကို ရော့ဒ်နေ၏ မျက်နှာ ပေါ်မှာ မြင်လိုက်ရပြန်သည်။
မသိမသာ သူ့ကို ကြည့်လိုက်သည်။ အင်မတန်သေချာပါသည်။ တောင့်တောင့်ကြီး ထိုင်နေသည်။ မျက်နှာထားတည်တည်ကြီး လုပ်နေသည်။ ထိုအခိုက်ရှေ့မှ ဒရိုင်ဘာကို သူက လက်လှမ်းပုတ်ပြီး ကားအရပ်ခိုင်းသည်။ ဘာတွေ ဖြစ်သွားပြန်သည်ကို ကျွန်တော် မစဉ်းစား တတ်တော့ပါ။
ဒရိုင်ဘာက ကားအရှိန်ကို လျှော့လိုက်သည်။ ဘယ်နေရာမှာ ကပ်ရပ်ရမည်နည်းဟု နေရာ ရှာသည်။ လမ်းဘေးတစ်လျှောက်လုံးတွင် ကားတွေက အကြားအလပ်မရှိအောင်ပင် စီတန်းရပ်ထားကြသည်ကိုသာ တွေ့ရသည်။
"မင်းကို ငါ ကားအရပ်ခိုင်းနေတယ် မဟုတ်လား"
ရော့ဒ်နေက စိတ်မရှည်နိုင်သလို အော်လိုက်သည်။
"ဘာကိစ္စလဲ... ဘာဖြစ်တာလဲ" ဟု စူဇီက မေးသည်။ သူလည်း ကျွန်တော်ကဲ့သို့ပင် အထိတ်တလန့် ဖြစ်နေပုံရသည်။
ရော့ဒ်နေက စူဇီကို အရေးမစိုက်။ ဒရိုင်ဘာက လမ်းမလယ်ကြီးမှာ ကျိုးနွံစွာ ရပ်လိုက်သည်။ နောက်မှာ ရှိနေသည့် မော်တော်ကားတန်းကြီး ရပ်သွားပြီး ပိတ်ဆို့ကုန်တော့သည်။ သို့သော်လည်း ခရိုင်ဘာက ဘာမှမဖြစ်သလို ငြိမ်သက်စွာ ထိုင်နေသည်။
ရော့ဒ်နေသည် ကားအောက်သို့ ဆင်းသွားပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။ ဒရိုင်ဘာဆီသို့ လျှောက်သွားပြီး ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။
"သူတို့နှစ်ယောက်သွားချင်တဲ့နေရာ လိုက်ပို့ပြီး မင်းပြန်တော့"
သူက ပြောပြောဆိုဆို ဒရိုင်ဘာကို ပိုက်ဆံထုတ်ပေးသည်။ ပြီးတော့ ကျွန်တော်တို့ရှိရာ ကားနောက်ပိုင်း သို့ ပြန်လျှောက်လာပြီး ပြူတင်းပေါက်မှ နေ၍ ကျွန်တော်တို့ကို ငုံ့ကြည့်သည်။ သူ့မျက်နှာအမူအရာသည် အလွန်တရာ ရန်ငြိုးကြီးသည့် အမူအရာမျိုးဖြစ်နေသည်။ မျက်လုံးအစုံက မုန်းတီးစိတ်ကြောင့် ဖိတ်ဖိတ် တောက်နေသည်။ တံခါးပေါ်မှာ ထောက်ထားသည့် သူ့လက်တုန်ယင်နေသည်။
"ခင်ဗျားဆို့လိုချင်တာ ဒါပဲမဟုတ်လား၊ တစ်နေ့လုံး ခင်ဗျားတို့ စောင့်နေကြတာ ဒီလိုဖြစ်ဖို့အတွက်ပဲ မဟုတ်လား၊ ကျုပ်ကို ပထုတ်ပစ်လိုက်ဖို့လေ၊ ကောင်းပါတယ် အခု ခင်ဗျားတို့ စိတ်ချမ်းသာနိုင်ကြပါပြီ၊ ကျုပ် စဉ်းစားလိုက်မိတော့..."
သူ့နှုတ်ခမ်းကို သူ ပြန်ကိုက်လိုက်သည်။ သည့်ထက်ပိုပြီး စိတ်မထိန်းနိုင်တော့သည့် အမူအရာလည်း မျက်လုံးထဲမှာ ပေါ်လာသည်။ ပြီးတော့ ချာခနဲ လှည့်ကာ လမ်းကို ဖြတ်ပြီး တစ်ဖက်သို့ လျှောက်သွားသည်။ ဥဒဟိုမောင်းသွားနေသည့် မော်တော်ကားများကိုလည်း ဂရုမစိုက်တော့။ လမ်းတစ်ဖက်ပလက်ဖောင်းပေါ်ရှိ လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
စူဇီနှင့် ကျွန်တော်သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ငေးကြည့်နေမိကြသည်။
"အခုဟာက ဘယ်လိုဖြစ်သွားတာလဲ စူဇီ... ဘာောကာင့် သူ့စိတ်တွေ ကပြောင်ကပြန် ဖြစ်ကုန် ရတာလဲ"ဟု ကျွန်တော်က မေးသည်။
"ကျွန်မလည်း မသိဘူး၊ သူ့ကို ကျွန်မ ကောင်းကောင်းမွန်မွန် ဆက်ဆံနေသားပဲ"
ကျွန်တော်တို့နောက်မှာ စီတန်းပိတ်ဆို့နေသည့် မော်တော်ကားများက ဒေါသတကြီးဖြင့် အဆက်မပြတ် ဟွန်းတီးနေကြသည်။ ဒရိုင်ဘာမူ ဘာမှ မဖြစ်သလို အေးအေးဆေးဆေး စီးကရက်မီးညှိနေသည်။ ဆက်မောင်းဖို့ ကျွန်တော်က ပြောသည်။ သူက မီးခြစ်ဆံကို ခပ်ဖြည်းဖြည်းပင် အပြင်သို့ ပစ်လိုက်သည်။ စီးကရက်ကို ပြာခံခွက်ထဲမှာ ထည့်သည်။ ပြီးမှဂီယာ ထိုးပြီး မောင်းထွက်လာသည်။
"ကျွန်မ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်၊ အစ်ကို မြင်တယ်မဟုတ်လား"
ကောင်းကောင်းမွန်မွန် ဆက်ဆံသော်လည်း ဆရာမထင်သဖြင့် သူဒေါသထွက်လာပုံရသည်။
"လမ်းပေါ်က ကောင်းမနဲ့ သူတွဲပြီးတဲ့နောက် သူ့ကို ကျွန်မ လက်ခံစကားပြောတာပဲ သူ ကံကောင်းလှပြီ၊ စကားပြောရုံမကဘဲ လိုက်လိုက်လျောလျောတောင် ကျွန်မလုပ်နေသေးတာပဲ"
"ကိုယ်တို့ စကားပြောနေကြတုန်း ကိုယ့်ဒူးပေါ်မှာများ မင်းလက်တင် ထားမိသေးသလား"
"မတင်ပါဘူး... အစ်ကိုတို့ တစ်ခုခု စကားပြောမှားသွားတာ ဖြစ်နိုင်တယ်"
"ဒီလိုဆိုရင် အစ်ကိုတို့ တစ်ခုခု စကားပြောမှားသွားတာ ဖြစ်နိုင်တယ်"
ရော့ဒ်နေ ရုတ်တရက် ဒေါသပေါက်ကွဲသွားသည်နှင့် ပတ်သက်ပြီး ကျွန်တော်တို့ အဖြေရှာ ကြည့်ကြသည်။ သို့သော်လည်း အချည်းနှီးပင်။ ထို့ကြောင့် ကျွန်တော်တို့ စိတ်ကူးကြည့်၍ မရနိုင်သောအရာအဖြစ် သဘောထားလိုက်ရသည်။ သည်လိုမှ မဟုတ်လျှင်လည်း သူ့စိတ်က အလုလို ဖောက်ပြန်သွားသောကြောင့်သာ ဖြစ်ရပေလိမ့်မည်။
သူ့အတွက် ကျွန်တော် စိတ်ပူလိုက်မိပါသည်။ ပြင်းထန်သောစိတ်ဝေဒနာကို ခံစားနေရကြောင်း သူ့မျက်နှာက ဖော်ပြနေပါသည်။ စိတ်ချောက်ချားသွားပြီး တစ်စုံတစ်ရာကိုလည်း သူလုပ်နိုင်သည်။ သူ့ကိုယ်သူ သတ်သေသည်အထိ ဖြစ်သွားနိုင်သည်ဟု ကျွန်တော် ထင်မိပါသည်။ ထိုအကြောင်း စူဇီကို ကျွန်တော် ပြောပြတော့ သူက ခေါင်းကို ခါရမ်းနေသည်။
"မသတ်ပါဘူး သူ့ကိုယ်သူ သတ်မသေပါဘူး၊ ဒီနေ့ဟာ မဖြစ်နိုင်သေးဘူးလေ"
"ဒီကောင်က စိတ်ချရတဲ့ကောင် မဟုတ်ဘူးနော်၊ အစ်ကိုတို့ကြောင့် သူ့ခမျာ ဒီလိုဖြစ်သွားရတယ် ဆိုပြီး အစ်ကိုတို့ စိတ်မချမ်းမသာဖြစ်အောင် လုပ်ချင်လုပ်မယ့် အကောင်စားမျိုး၊ ပြောလို့ရတာ မဟုတ်ဘူး၊ ဒါနဲ့ နေစမ်းပါဦး၊ သူ့ကိုယ်သူ သတ်မသေပါဘူးလို့ သေချာပေါက်ကြီး မင်း ဘာကြောင့် ပြောနိုင်ရတာလဲ" ဟု ကျွန်တော်က ပြန်မေးသည်။
"ကျွန်မ အလိုလို သိနေတယ်၊ ကျွန်မ သေသေချာချာ ပြောနိုင်နေတယ်"
သူ၏ဆဋ္ဌမအာရုံအရ သူ သေသေချာချာ သိကြောင်း၊ ယုံယုံကြည်ကြည်ကြီးလည်း ပြောခြင်း ဖြစ်ကြောင်း သူက ပြောပြနေသည်။ မျက်စိမ်ြင်သူများသည် အခြားအာရုံများမှာ ထက်သန်ကြစမြဲဖြစ်သည်။ ထို့အတူ စူဇီသည်လည်း စာမတတ်သူဖြစ်လေရာ သည်လိုနေရာမျိုးတွင် သူ့အာရုံသည် ထက်သန်စမြဲဖြစ်သည်။ ထို့ကြောင့် သူ့ကို ကျွန်တော် ယုံကြည်လိုက်ပါသည်။
"ဒီအတိုင်းဆိုရင်တော့ ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရတော့မှာပေါ့ကွာ...သူ့အတွက် ကိုယ်တို့ စိတ်ပူစရာ အကြောင်းမရှိတော့ဘူးပေါ့"
အပြင်သို့ ကျွန်တော် လှမ်းကြည့်လိုက်သည်။ ဟောင်ကောင်၏ ရှးအကျဆုံးသော ရပ်ကွက်ထဲ မှာကျွန်တော်တို့ ဖြတ်သန်းမောင်းနှင်နေကြပြီ။ တစ်ဖက်က ပင်လယ်၊ တစ်ဖက်က ကျောက်ဆောင်ကြီးတွေ မိုးနေသည့် တောင်တန်း။ မြေအနေအထားက ကိုက်သုံးလေးရာလောက်ပဲ ကျယ်သည်။ ဆိပ်ကမ်း ဘက်ဆီသို့ လမ်းတိုကလေးတွေက ဖြာထွက်သွားသည်။ ပေါ်တူဂီပိုင် မကာအိုနှင့် ဟောင်ကောင် ကို ပြေးဆွဲနေသော ကူးဆို့သင်္ဘော ဗက်ရှမ်းကို လှမ်းမြင်လိုက်ရသည်။ ပြီးတော့ ရွက်ဖွင့်ပြီး ရွေ့လျား နေကြသည့် တုံကင်ပေါင်း များစွာ။ သင်္ဘောပေါင်းများစွာ။
"ရောက်ခါနီးပြီလား စူဇီ"
"ဟုတ်တယ်... ခဏကြာရင် ရောက်တော့မယ်"
"ဒါနဲ့ စကားမစပ် မေးစမ်းပါရစေဦး၊ ဘာကိစ္စအတွက် ဗေဒင်သွားမေးမှာလဲ"
စူဇီသည် အရေးကြီးသည့် အကြောင်းတစ်ခုခု သူ့စိတ်ထဲမှာ ရှိမနေဘဲနှင့်တော့ ဗေဒင်မေးလေ့ရှိသူ မဟုတ်ပေ။
"ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး မေးချင်လို့... နောက်တော့ ကျွန်မ ပြောပြမယ်"
သူက ဝေ့လည်ကြောင်ပတ် ပြန်ဖြေသည်။
"ကောင်းပြီလေ..."
"ဒရိုင်ဘာ ရပ်တော့... ကျွန်မတို့ ဒီကနေ ဆင်းလျှောက်သွားမယ်၊ တောင်ပေါ်ကို တက်ရမှာ" ဟု စူဇီက ပြောပြီး ဒရိုင်ဘာကို ရပ်ခိုင်းလိုက်သည်။
မော်တော်ကားကို ပြန်လွှတ်လိုက်ပြီး လမ်းဘေး လူသွားလမ်းကလေးအတိုင်း လျှောက်ခဲ့ကြသည်။ လမ်းဘေးဈေးဆိုင်တွေ လမ်းသွားလမ်းလာတွေနှင့် ပြည့်ကျပ်နေသည်။ ဈေးဆိုင်တန်းများက တောင်ကမ်းပါးယံ ရောက်တော့ ဆုံးသွားသည်။ ခေါင်းပေါ် တစ်ဖက်တစ်ချက်တွင် လျှော်ပြီး အ၀တ်များကို ၀ါးလုံးများဖြင့်လျှိုကာ အခြောက်လှန်းထားသည်။ ကျွန်တော်တို့သည် ဥမင်လိုဏ်ခေါင်းတစ်ခုထဲမှာ လမ်းလျှောက် နေရသကဲ့သို့ ရှိသည်။
အပေါ်တက်သည့် လှေကားထစ်များက မဆုံးနိုင်သလို ရှိနေသည်။ အပေါ်သို့ ရောက်လာလေ လှေကားထစ်များက ပိုမိုမက်စောက်လေ ဖြစ်လာသည်။ ထို့ကြောင့် တဖြည်းဖြည်း ချင်း တက်လာရသည်။
ဇိမ်ခံကုလားထိုင်ကြီးတစ်လုံးကို တုတ်နှစ်ချောင်းတပ်ကာ အလုပ်သမားလေးယောက်က ထမ်းလာသည်။ ကုလားထိုင်ပေါ်တွင် ကိုယ်လုံးကိုယ်ထည် သေးသေးနှင့် တရုတ်မအဘွားကြီး တစ်ယောက်က အပေါစား စက္ကူယပ်တောင်တစ်ချောင်းကို တဖျပ်ဖျပ်ခပ်ရင်း ထိုင်လိုက်သွားသည်ကို တွေ့ရသည်။
လမ်းဆုံတစ်ခုသို့ ရောက်လာကြသည်။ တစ်ဖက်က ဟင်းသီးဟင်းရွက်ဈေးသို့ သွားသည့်လမ်းဖြစ်သည်။ ဟိုတစ်ဖက်တွင် ယုန်မွေးသည့်လှောင်အိမ်များကို တွေ့ရသည်။ ယုန်မွေးသည့်လှောင်အိမ်များလွန်တော့ လူနေသည့် လှောင်အိမ်များကို တွေ့ရသည်။ တိုက်များကို အထပ်ထပ်ဆောက်ထားသည်။ သစ်သား အိမ်တွေလည်း ပြွတ်ညပ်နေသည်။ ပြူတင်းပေါက်ကလေးတွေနှင့် လူဝင်ပေါက်များမှာ ယုန် ၀င်ပေါက် ထွက်ပေါက်များနှင့်ပင် တူသေးတော့သည်။ မြေနေရာနှင့် လူဦးရေ မမျှမတဖြစ်နေရာ အိမ်များကို ဖြစ်သလို ဆောက်လုပ်နေထိုင်ကြရသည်။
အုတ်လှကားများအတိုင်း စူဇီနောက်မှ ကျွန်တော် တက်လိုက်သွားသည်။ ကလေးအော်သံများ၊ လူပေါင်းများစွာတို့ စကားပြောနေကြသည့် အသံများ၊ မာဂျောင်းမွှေသံများကို နားငြီးလောက်အောင် ကြားနေရသည်။ အလင်းရောင် နည်းပါးလှသည့် အင်္ဂတေခင်းလမ်းကျဉ်း ကလေးအတိုင်း ဆက်လျှောက် လာပြီး တံခါးတစ်ချပ်ကို စူဇီက ခေါက်လိုက်သည်။
ခေါင်းတုံးပြောင်ပြောင်တစ်ခု ပေါ်လာသည်။ ထိုခေါင်းတုံး၏ အောက်တွင် ရင်းရင်း နှီးနှီးဖြင့် အားပါးတရပြုံးနေသည့် အပြုံးတစ်ခုကို တွေ့ရသည်။ တံခါးကို ကျယ်ကျယ်ကြီး ဖွင့်ပေးသည်။ ထိုအခါ ကျတော့မှ အရောင်ပြယ်လွင့်နေပြီဖြစ်သော သင်္ကန်းရုံထားသည့် တိဘက်ဘုန်းကြီး ဗေဒင်ဆရာကို တွေ့ရတော့သည်။
ကျွန်တော်တို့ကို လက်ဆွဲနှုတ်ဆက်ပြီး အတွင်းသို့ဝင်ရန် ဖိတ်ခေါ်သည်။ မျက်နှာပေါ်ရှိ အပြုံးက မပျက်။ ရှန်ဟဲ တရုတ်စကားဖြင့် ဖော်ရွေစွာ စကားပြောနေသည်။ သူကိုယ်တိုင်လည်း ရှန်ဟဲမှာ မွေးကြောင်း သိရသည်။
အခန်းကို ပတ္တူစဖြင့် ကာထားသည်။ ပတ္တူစအကာ၏ နောက်ဘက်မှ စကားပြောသံများ ထွက်လာသည်ကို ကြားနေရသည်။ လူတွေ အလွန်များဟန် တူသည်။ ထို့ကြောင့် သူတို့ချင်း တိုးတိုးပြောလို့ မဖြစ်နိုင်။ အသားတစ်ခုခုကို ကြော်နေသည့် အညှော်နံ့လည်း မွှန်နေသည်။ အိုးတစ်လုံးတွင်စိုက်ကာ ထွန်းညှိ ထားသော အမွှေးတိုင်များမှ အနံ့ကလည်း တထောင်းထောင်း ထွက်နေသည်။ ညှော်နံ့နှင့် အမွှေးတိုင်နံ့တို့ရောနေသောကြောင့် နှာခေါင်းထဲမှာ မွှန်လာသည်။
အမွှေးတိုင်တင်ထွန်းသည့် ဗေဒင်ဆရာ၏ အပေါစား စားပွဲဘေးမှာ သန္နိဋ္ဌနေ့စဉ် ကြယ်စာအုပ်ပုံကြီး ရှိသည်။ လိပ်ခွံနှင့် ပြုလုပ်ထားသော ပုတီးတစ်ကုံးကိုလည်း တွေ့ရသည်။ စားပွဲမှာ ထောင့်အတွင်း ကျကျတွင် ချထားသည်။ အခန်းတစ်ခုလုံးကို ကြီးမားသော အနက်ရောင် ကုလားထိုင်ကြီးက နေရာယူ ထားသလိုရှိသည်။ ထိုကုလားထိုင်တွင် ကျွန်တော် ထိုင်ရန် ဗေဒင်ဆရာက ပြောသည်။ စားပွဲ တစ်ဖက်တွင် စူဇီကို ထိုင်စေပြီး သူက စားပွဲနောက်မှာ နေရာဝင်ယူသည်။
သည်လို နေရာယူပြီးသောအခါ သူ၏ဗေဒင်ဟောခြင်းလုပ်ငန်း စလေတော့သည်။
စုစုပေါင်း တစ်နာရီလောက်တော့ ကြာပါသည်။ ဗေဒင်ဆရာသည် သူ၏သန္နဋ္ဌ နေ့စဉ် ကြယ်စာအုပ်များကို ကြည့်လိုက်၊ စူဇီ၏ လက္ခဏာကို ကြည့်လိုက်နှင့် အလုပ်များနေသည်။ စူဇီ၏ ခေါင်းကို လည်း ကိုင်ကြည့်သည်။
ထိုအချိန်မှာ ကျွန်တော့်အဖို့ မနေတတ် မထိုင်တတ်ဖြစ်နေမိပါသည်။ ကုလားထိုင်နောက်မှီကလည်း မတ်မတ်ကြီးဖြစ်နေသည်။ ထိုအခိုက် ကျွန်တော့်ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေကြောင်း သတိထား လိုက်မိသည်။
အခန်းကို ခြားကာထားသည့် ပတ္တူစရှိ အပေါက်ကလေးတစ်ခုမှ နေ၍ ကျွန်တော့်ကို ချောင်းကြည့်နေသော ကလေးမျက်လုံးကလေးတစ်ခုကို မြင်ရသည်။ ကျွန်တော်က မျက်တောင်မခတ်ဘဲ တည့်တည့်ကြီး ပြန်စိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးကလေးက ချက်ချင်းပျောက်သွားသည်။
တစ်ဖက်သို့ ကျွန်တော် မျက်နှာလွှဲလိုက်သည်။ ထိုအပေါက်တွင် မျက်လုံးကလေး ပြန်ရောက်လကြောင်း မျက်လုံးစွေအကြည့်တွင် မြင်ရသည်။ ကျွန်တော်က ပြန်စိုက်ကြည့်လိုက်ပြန်သည်။ မျက်လုံးကလေး ပျောက်သွားပြန်သည်။ ပြီးတော့ ပြန်ရောက်လာပြန်သည်။ ကျွန်တော် စိုက်ကြည့်လိုက်ပြန်သည်။
သည်အတိုင်း ဆယ့်ငါးမိနစ်လောက်ကြာအောင် ကျွန်တော်တို့ ဆက်ကစားနေကြသည်။ မသက်မသာထိုင်နေရသော ကုလားထိုင်၏ အထိအတွေ့အသိလည်း မရှိတော့ပြီ။ စူဇီက သူ့ကုလားထိုင်မှ နေ၍ ကျွန်တော့်ဘက် လှည့်ကြည့်လိုက်သည့်အချိန်အထိ ထိုမျက်လုံးကလေးနှင့် ကျွန်တော် အပြန်အလှန် ကစားနေခြင်းဖြစ်သည်။
"ကဲ... ပြီးသွားပါပြီ" ဟု စူဇီက ပြောသည်။
သူ့မျက်နှာသည် ကျေနပ်နှစ်သိမ့်မှုဖြင့် ၀င်းလက်ရွှင်ပြုံးနေသည်။ သူလိုချင်သည်ကို ကြားသိရသောကြောင့်ဖြစ်သည်။
သူ့ပိုက်ဆံအိတ်ကို ဖွင့်ပြီး ငါးဒေါ်လာတန် တစ်ရွက်ထုတ်ကာ ဗေဒင်ဆရာကို လှမ်းပေးလိုက်သည်။ ဗေဒင်ဆရာက အပေါက်ဝထိ ဖော်ရွေပျူငှာစွာဖြင့် ကျွန်တော်တို့ကို လိုက်ပို့သည်။ အပေါက်ဝရောက်တော့ ရုတ်တရက် နောက်ပြန်လှည့်ပြီး ပတ္တူစအပေါက်မှ မျက်လုံးကလေးကို ကြည့်သည်။ မျက်လုံးကလေး ရှိနေပြန်သည်။ သို့သော်လည်း ပျောက်မသွားဘဲ ကျွန်တော့်ကို အံ့သြတကြီး ပြန်ကြည့်နေသည်ကို တွေ့ရသည်။
လာလမ်းအတိုင်း ကျွန်တော်တို့ ပြန်ဆင်းလာကြသည်။ စူဇီသည် ဘာစကားမှမပြောဘဲ ရွှင်လန်းအားရစွာဖြင့် စိတ်ဓာတ်တက်ကြွနေပုံရသည်။ ယုန်လှောင်အိမ်များကို ကျော်ခဲ့သည်။ ဈေးကို ဖြတ်ခဲ့သည်။ လမ်းပေါ်မှာ ဟင်းသီးဟင်းရွက်အနွမ်းအကြွေပေါင်းစုံဖြင့် ညစ်ပတ်ပေရေနေသည်။ ဟင်းသီး ဟင်းရွက်အပုပ်နံ့များလည်း တဟောင်ဟောင် နံစော်နေသည်။
"ကျွန်မ အင်္ဂလန်ကို သွားရမယ်" ဟု စူဇီက ပြောသည်။
"ဘာ... မင်းဘာပြောလိုက်တာလဲ စူဇီ"
"ကမန်မ အင်္ဂလန်ကို သွားရမယ်၊ သုံးနှစ်အတွင်း သွားရမယ်တဲ့"
စူဇီ၏ လေသံက အလွန်တရာ တက်ကြွနေသည်။
"သိပ်ကောင်းတာပေါ့ စူဇီ... မင်း တကယ်ပြောနေတာလား"
"ဟုတ်တယ်... ဗေဒင်ဆရာက ပြောလိုက်တယ်၊ ဘင်းက ကျွန်မကို ခေါ်သွားလိမ့်မယ်၊ ဟောင်ကောင်မှာ သူ့မိန်းမနဲ့ သူကွာမယ်၊ ပြီးတော့ ကျွန်မကို အင်္ဂလန်ခေါ်သွားမယ်"
"ဟုတ်လား... သိပ်ကို အံ့သြစရာကောင်းတာပေါ့ကွာ... မင်း ဗေဒင်မေးတာ ဒီကိစ္စလား"
"ဟုတ်တယ်... ကျွန်မစိတ်ထဲမှာ သိပ်စိုးရိမ်နေခဲ့တယ်၊ ဘင်းက ကျွန်မနဲ့ အဆက်အသွယ် ဖြတ်ပစ်လိုက်ပြီဆိုပြီး ကျွန်မ အရမ်းကြောက်နေခဲ့တယ်"
ပြီးတော့ သူတို့အကြောင်းကို ဆက်ရှင်းပြနေသည်။ ယခုတလော သူတို့၏ နေ့လယ်စာ စားပွဲများသည် မမှန်တော့။ ဘင်းက သူ့အလုပ်များကို အကြောင်းပြပြီး မကြာခဏ ပျက်နေသည်။ ထို့ကြောင့် စူဇီက တစ်စထက်တစ်စ မသင်္ကာစိတ်တွေ ပိုမိုကြီးထွားလာသည်။ ဘင်းက သူ့ကို မချစ်တော့မှာ အကြောက်ကြီး ကြောက်လာသည်။ ဘင်းသည် တခြား တရုတ်အမျိုးသမီးကလေးတစ်ယောက်ယောက်နှင့် အဆက် အသွယ် လုပ်နေပြီလားဟုလည်း တွေးစပြုလာသည်။
ထိုအကြောင်းများကို စဉ်းစားရင်း စိုးရိမ်စိတ်တွေ ပိုသည်ထက်သာပိုလာရသည်။ ညတိုင်လျှင်လည်း အိပ်မပျော်တော့။ သည်လို အိပ်မပျော်သည်မှာ ယခုဆိုလျှင် ရက်သတ္တနှစ်ပတ်ပင် ကြာမြင်ခဲ့ပြီ။
"ဒါပေမဲ့ စူဇီ ကိုယ်တော့ လုံးလုံး အကဲမခတ်မိခဲ့ဘူး၊ မင်း ဘာဖြစ်လို့ ကိုယ့်ကို မပြောတာလဲ"
"ကျွန်မ အရမ်းရှက်တယ်၊ မျက်နှာပျက်ရမှာကို သိပ်ကြောက်နေတယ်"
"စူဇီ... ကိုယ့်ကို အမှန်အတိုင်း ဖွင့်ပြောဖို့တောင် ရှက်တယ်ဆိုတော့ လွန်တာပေါ့ကွာ"
"ကျွန်မထင်နေတဲ့အတိုင်းသာ အမှန်ဖြစ်ရင် ကျွန်မရှက်လို့ ဆုံးနိုင်တော့မှာ မဟုတ်ဘူး၊ ကျွန်မ ကိုယ်တောင် ကျွန် ပြန်သတ်မိမလား မသိဘူး၊ အခုတော့ အဆင်ပြေသွားပြီလေ၊ ကျွန်မကို အခုအထိ သူချစ်နေတုန်းပဲ၊ ဗေဒင်ဆရာကလည်း ပြောတယ်၊ မင်းချစ်သူဟာ မင်းကို ချစ်နေတုန်းပဲတဲ့"
"အင်း... ကောင်းတာပေါ့ကွာ မင်း ဘယ်လောက် စိတ်ချမ်းသာသွားတယ်ဆိုတာကို အမူအရာ ကြည့်တာနဲ့ သိနိုင်တယ်၊ ဘာမှအံ့သြစရာမရှိပါဘူး"
"နောက်ပြီးတော့ အင်္ဂလန်ကိုသွားရမယ့် ဇာတာလည်းပါတယ်တဲ့၊ အချိန်ကိုတော့ တိတိကျကျ သူတွက်လို့မရဘူး၊ သုံးနှစ်ဖြစ်ချင်ဖြစ်မယ်တဲ့၊ နောက်နှစ်နှစ်ခွဲကနေ သုံးနှစ်ခွဲအတွင်း သွားရမှာ ဖြစ်နိုင်တယ်လို့ ဟောလိုက်တယ်"
တောင်ခြေသို့ ကျွန်တော်တို့ ရောက်တော့မည်။ မှောင်စလည်းပြုလာပြီ။ ညရောက်လာပြီ ဖြစ်သောကြောင့် စောစောက အခြောက်လှန်းထားသည့် အ၀တ်အစားများကိုလည်း အသီးသီး အသက ပြန်ရုပ်သွားကြပြီ။ လမ်းပေါ်မှာ လူတွေကတော့ ကျပ်နေတုန်းဖြစ်သည်။ မော်တော်ကားတွေ၊ ဓာတ်ရထားတွေ ဥဒဟို မောင်းပြေးနေကြသည်။ မြို့ကြီး၏ ဆူညံသံများသည် စက်ရုံကြီးတစ်ရုံ၏ ဆူညံသံများလို ကျွန်တော်တို့နားထဲသို့ အစုလိုက်အပြုံလိုက် ပြေးဝင်လာသည်။
"အင်္ဂလန်ရောက်ရင် ကျွန်မ ဘာဝတ်ရမလဲဟင်၊ တရုတ်အ၀တ်အစားဝတ်ရင် ကောင်းမလား၊ ဒါမှမဟုတ် အင်္ဂလိပ်မတွေလိုပဲ ၀တ်ရမလား"ဟု စူဇီက ကျွန်တော့်ကို မေးသည်။
"ဒီကိစ္စ စဉ်းစားဖို့ အချိန်တွေအများကြီး ကျန်ပါသေးတယ် စူဇီရယ်၊ သုံးလေးနှစ်ဆိုတာ အဝေးကြီး ကျန်သေးတာပဲ"ဟု ကျွန်တော်က ပြန်ဖြေသည်။
"မကြာပါဘူး သုံးနှစ်ဆိုတာ ခဏကလေးကုန်သွားမှာ၊ ပြောစမ်းပါအစ်ကိုရယ်... ဘာဝတ်ရင် ကောင်းမလဲလို့" စူဇီက ဇွတ်ပင် မေးနေတော့သည်။ လန်ဒန်မှာ မင်းကို လူတွေ စိတ်ဝင်စားကြမှာပေါ့"
"ဟုတ်တယ် ကျွန်မကလည်း တရုတ်အ၀တ်အစားပဲ ကောင်းမယလို့ ထင်နေတာ" သူက ခေါင်းညိတ်ပြရင်း ပြန်ဖြေသည်။
အောက်ဆုံးသို့ ကျွန်တော်တို့ရောက်တော့ လုံးဝ မိုးချုပ်သွားပြီ။ လမ်းမကြီးပေါ်မှာ နီယွန်မီးရောင်တွေ ထိန်ထိန်လင်းနေပြီ။
ဓာတ်ရထားတစ်စီး ဆိုက်လာသည်။ အပေါ်ဆုံးထပ်သို့ ကျွန်တော်တို့ တက်ခဲ့ကြသည်။ ကားတွေ၊ လူတွေ၊ မီးရောင်စုံတွေကြားထဲမှာ ဓာတ်ရထားက တရိပ်ရိပ်ပြေးနေသည်။ သည်လိုဖြင့် ၀မ်ချိုင်းသို့ ကျွန်တော်တို့ ပြန်ရောက်လာကြသည်။
"ဒီနေ့ညတော့ ကပွဲကို ကျွန်မ ပြန်မသွားချင်တော့ဘူး၊ ကျွန်မ အရမ်းပျော်နေပြီ" ဟု စူဇီက ပြောသည်။
"တစ်နေရာရာမှာ ညစာ သွားစားကြမလားဟင်"
"ကောင်းတယ် ပီကင်းအစားအစာရတဲ့ဟိုတယ်ကို သွားရအောင်လေ" သူက တစ်ချက်ရယ်သည်။
"ကျွန်မတင်ပါးကို တဖြန်းဖြန်း သူရိုက်ပြီး ခေါ်သွားတဲ့ ဟိုတယ်လေ" ဟု ဆက်ပြောသည်။
ဟိုတယ်ကို ရောက်တော့ ဟိုညကထိုင်သည့် စားပွဲမှာပင် ထိုင်လိုပါသည်ဟု သူကဆိုသည်။ သည်လို ထိုင်ရခြင်းအားဖြင့် ဘင်းနှင့် သူ ပြန်လည်ပြီး နီးနီးစပ်စပ်နေရသည်ဟု စိတ်ထဲမှ ခံစားနေနိုင်မည်။ ညစာစားနေသည့် တစ်ချိန်လုံး ဘင်းအကြောင်းနှင့် အင်္ဂလန်သို့သွားရမည့် အကြောင်းများကိုသာ မမောနိုင် မပန်းနိုင် သူပြောနေသည်။
သူစိတ်ချမ်းသာနေသည်နှင့်အမျှ သူ့အမူအရာများ မြူးကြွနေသည်။ ပို၍လည်း သူ လှလာသည်။ သို့သော် သူနှင့် ကျွန်တော်ကား ဝေးကွာလှချေသည်။ ကျွန်တော့်အနားမှာ သူမရှိ။ ကျွန်တော် ၀င်လိုက်မသွားနိုင်သော အိပ်မက်ကမ္ဘာကြီးတစ်ခုထဲသို့ သူရောက်နေသလို ရှိသည်။ နောက်ပြီးတော့ သူနှင့် ကျွန်တော့်ကြားမှာ မှန်ချပ်ကြီးတစ်ခု ခြားထားသလို ဖြစ်နေသည်။
ညစာ စားပြီးသောအခါ သူနှင့်အတူ သူ့အိမ်သို့ ကျွန်တော် လမ်းလျှောက်လိုက်ခဲ့ရမလားဟု ကျွန်တော်က မေးသည်။
"အစ်ကိုလိုက်ချင်တယ်ဆိုရင် လိုက်ခဲ့လေ" ဟု သူက ပြန်ပြောသည်။ ကျွန်တော် လိုက်သည်ဖြစ်စေ၊ မလိုက်သည်ဖြစ်စေ သူ့အတွက် ဘာမှ အကြောင်းထူးတော့မည် မဟုတ်သလိုမျိုး။
"လိုက်ချင်လို့တော့ မဟုတ်ပါဘူး၊ ကိုယ်က တန်းပြန်သွားရရင် ကောင်းမလားလို့"
"ကောင်းပြီလေ... ဂွတ်နိုက်နော်... ဒီညတော့ ကျွန်မ ကောင်းကောင်း အိပ်လို့ပျော်ပြီ"
"ဟုတ်တယ် နှစ်နှစ်ခြိုက်ခြိုက် ပျော်အောင် အိပ်လိုက် စူဇီ"
ဆိပ်ကမ်းဘက်သို့ ကျွန်တော် လျှောက်လာခဲ့သည်။ လမ်းဘေးဆိုင်တွေက မီးတထိန်ထိန်ဖြင့် ခင်းကျင်းရောင်းချနေကြသည်။ တရုတ်ဆီးသီးတွေ အတွဲလိုက် ချိတ်ရောင်းနေသည်ကို တွေ့ရသည်။ ကျွန်တော် ငယ်စဉ် အင်္ဂလန်မှာ နေစဉ်တုန်းက စည်သွပ်ထားသည့် တရုတ်ဆီးသီးကိုသာ အထူးအစားအစာ တစ်ရပ်အနေဖြင့် စားခဲ့ရဖူးသည်။ ယခုလို အစိမ်းလတ်လတ်ဆတ်ဆတ်ကို မစားခဲ့ဖူးချေ။ ဟောင်ကောင်သို့ ကျွန်တော် ရောက်တော့မှပင် စားဖူးခြင်းဖြစ်သည်။
ဆိုင်တစ်ဆိုင်မှာဝင်ပြီး တရုတ်ဆီးသီး ၀ယ်သည်။ ဆိုင်ရှင်က အတွဲမှ ခြွေပြီး ချိန်ခွင်ထဲသို့ ထည့်ချိန်သည်။ ပြီးတော့ စက္ကူအိတ်တစ်လုံးမှာ ထည့်ပေးလိုက်သည်။ နမ်ကောက်ဟိုတယ်ဘက်သို့ ဆက်လျှောက်လာခဲ့သည်။ လန်ချား လေးငါးခြောက်စီးက ကျွန်တော့်ကို ကျော်တက်သွားကြသည်။ နမ်ကောက်ရှေ့သို့ ရောက်သောအခါ ထိုလန်ချားများပေါ်မှ သင်္ဘောသားများဆင်းကြပြီး ပိုက်ဆံပေးကာ ဘားခန်းထဲသို့ ၀င်သွားသည်ကို တွေ့လိုက်ရသည်။
ခန်းမကြီးအတိုင်း ကျွန်တော် ဖြတ်လျှောက်လာခဲ့ပြီး ဓာတ်လှေကားအပေါက်ဝမှာ ရပ်စောင့် နေလိုက်သည်။ ထိုအချိန်မှာပင် ရော့ဒ်နေအကြောင်းကို စဉ်းစားမိသည်။ သူ့ကိုယ်သူ သက်မသေဟု စူဇီ ပြောသည်မှာ မှန်ပါစေဟုလည်း ဆုတောင်းနေမိသည်။ သူ့လက်ကောက်ဝတ်က သွေးပြင်ကြောကို မဖြတ်ပါစေနှင့်၊ မျက်နှာကြက်မှာ ကြိုးတွဲလောင်းဖြင့် ကျမနေပါစေနှင့်။
ထိုအခိုက် ဓာတ်လှေကား ဆင်းလာသည်။ တံခါးပွင့်သွားသည်။ အတွင်းမှာ ရပ်နေသူကား ရော့ဒ်နေ။
သူ ခပ်သုတ်သုတ်ထွက်လာသည်။ ဆံပင်တိုတို ညှပ်ထားသော ခေါင်းက ငိုက်စိုက်ကျနေသည်။ သူ ဘယ်ကိုသွားနေကြောင်းလည်း သတိပြုမိပုံ မပေါ်။ ကျွန်တော်ရှိရာ တည့်တည့်ဆီသို့ လျှောက်လာသည်။ ပြီးတော့ ကျွန်တော့်ကို ၀င်တိုးသည်။ လက်ထဲမှ ဆီးသီးထုပ် လွတ်ကျမလို ဖြစ်သွားသည်။ ဆီးသီးအချို့ ထွက်ကျပြီး ကြမ်းပြင်ပေါ်မှာ လိမ့်သွားသည်။
သူက တောင်းပန်စကားပြောသည်။
"ကျွန်တော် ၀မ်းနည်း..."
ထိုမျှပြောပြီး ကျွန်တော်မှန်း မှတ်မိသွားသည်နှင့် စကားဆုံးအောင် မပြောတော့ဘဲ တစ်ပိုင်းတစ်လန်းမှာ ရပ်ပစ်လိုက်သည်။ သူ့မျက်လုံးများသည် ရန်လိုသည့်အသွင်သို့ ပြောင်းသွား ကြပြန်သည်။ ဒေါသရောင်ဖြင့် အရောင်တောက်နေသည်။ တစ်ဆက်တည်း ကျွန်တော့်ကို မမှန်မိတော့သလို အမူအရာပြောင်းလိုက်သည်။ သည်နေရာမှာ ကျွန်တော်ရှိနေသည်ကိုပင် မမြင်တော့သလို ကြိုးစားဟန်ဆောင်လိုက်သည်။ ဖြုန်းခနဲ တစ်ဖက်သို့ လှည့်ကာ ဘားခန်းတွင်းဝင်သွားတော့သည်။
ကျွန်တော် တစ်ကိုယ်တည်း ပြုံးမိပါသည်။ ဘာပဲဖြစ်ဖြစ် လည်ပင်ကြိုးတန်းလန်းနှင့် မြင်ရသည် ထက်တော့ အများကြီး ပိုကောင်းသည်ဟု တွေးလိုက်မိသည်။ သည်လိုဖြစ်လျှင် သူ့လည်ပင်း နာပါ လိမ့်မည်။ ကျွန်တော်ကလည်း သူ့အတွက် စိတ်မကောင်းဖြစ်မိပါလိမ့်မည်။ ငါ တစ်ခုခုလုပ်ပေးနိုင်ခဲ့ရင် ကောင်းပေ မှာပဲဟု ခံစားမိပေလိမ့်မည်။
ကြမ်းပြင်ပေါ်လိမ့်သွားသည့် တရုတ်ဆီးသီးများကို လိုက်ကောက်ပြီး ဓာတ်လှေကားထဲသို့ ၀င်ခဲ့သည်။ ကြိုးဆွဲဓာတ်လှေကားက အထပ်တစ်ခုသို့ ရောက်တိုင်း "ဂလောက် ဂလောက်"ဖြင့် မြည်သွားသည်။
စာအုပ် (၂) အခန်း (၅)မျှော်ပါ
.
No comments:
Post a Comment