အခန်း (၁၃)
"သစ်သစ် စုစုတို့ ပန်းပေါင်းပုတီးကြီး ပြီးပလား" အဆောင်တော်သို့ ပြန်ရောက် လျှင် ရောက်ချင်း အထိန်း တော်ကြီးကို မေးတော်မူလိုက်ရာ အထိန်းတော်ကြီး ခင်ဘွားသစ် မှာ ဘာမသိ ညာမသိ ကျီးကြည့် ကြောင်ကြည့် ဖြစ်နေ ရှာလေ၏။
"ဘယ်က ပန်းပေါင်းပုတီးပါလဲ စုထားဖုရား၊ သစ်သစ်ကလည်း ဒီနေ့တစ်နေ့လုံး မှန်ဆောင်တော်ကို လုံးလုံး အရောက်ရသေးပါ၊ ပန်ပေါင်းပုတီးလည်း စုထားဖုရားက အကြိတ် မခိုင်းတော်မူပါပဲကလား စုထား ဖုရား၊ မယ်တော်ဆောင်က ပြန်မလာနိုင်တာနှင့် သစ်သစ်ဖြင့် မျော်လိုက်ရတာ လည်းပင်းများ ကိုးတောင်ပြည့်လုပေါ့၊ ခုလာမဲ့လာတော့ လည်း လာ,လာချင်း မဆိုင်တာကစပြီး မေးတော်မြူုပန်တာ သစ်သစ် မဖြေတတ် ပါကလား၊ တကယ်ဆို သွားတော် မမူခင်က ခိုင်းတော်မူထားတဲ့ ကိစ္စမေးဖို့ သစ်သစ်ရေ ဆေးလိပ် တော်များ ပြီးပလားဆိုရင်လည်း ဟုတ်သေး၊ ခုတော့ ညောင်ဦးကမ်းပါးပြို၊ စမ္ပါနဂိုရ်နွားမ ခါးကျိုး"
ပြော၍မဆုံးမီ စုဖုရားလတ်က ပြုံးရယ်တော်မူကာ-
"တန်စမ်းပါ၊ ကြေးလင်ပန်းကြီး လွတ်ကျသလို၊ တရုတ်လင်းကွင်းကြီးလိုလို တက တည်းတီးလိုက်မှဖြင့် နားငြီးအောင် ဆူညံသွားတာပဲ၊ စကားလေးတစ်ခွန် စကာရှိသေး၊ နေပူခံဘုရားအနီးက (*) ဦးပိန် တံတားကြီးလို ရှည်ရှည်သွားလိုက်တာ၊ မိုးမဆုံး၊ လေမဆုံး ဖြစ်ကုန် တာပဲ၊ ကဲ......ကဲ၊ လာ........ စုစု သလွန် တော်နားတိုး၊ ပန်းပေါင်းပုတီးအကြောင်း ကိုသစ်သစ် ကောင်းကောင်းကြီးသိအောင် ပြောပြ တော်မူမယ်၊ နောက်ပြီးတော့တယ်လည်း ၀မ်းသာမသွားနဲ့ဦး၊ စကားကတော့ သစ်သစ်ကြီး သိမ်ဝမ်းသာ သွားမဲ့ စကားပဲ"
မိန့်တော်မူလိုက်သောအခါ ခင်ဘွားသစ်ကြီးမှာ အတော်ကျေနပ်စွာဖြင့် -
"ဟာ.........ဒါဖြင့် သိချင်လိုက်တာ၊ မြန်မြန်မိန့်တော်မူစမ်းပါ စုထားဖုရားရယ်၊ အင်း ဒါကြောင့် နံနက်တုန်းက အသားတွေ လှုပ်လိုက်တာလေ၊ ဟိုနေရာကလှုပ်၊ ဒီနေရာကလှုပ်နဲ့ တစ်ကိုယ်လုံး ယားလာ တယ်၊ ဟားဟား.........ဟားဟား"
ကြားဖောက်၍ ပြောသောကြောင့်-
"ဟော .... လုပ်ပြန်ပြီ၊ ဒီမိန်းမကြီးလေ စကားရှည်ရှည် မပြောရရင် နေလို့မကောင်ဘူး ထင်တယ်၊ ကဲ...... သေသေချာချာနားထောင်ပါ၊ စုစု ပြောတော်မူမယ်၊ မယ်မယ်ဖျားကလေ စုစုတစ်ပါးတည်း ခင်မြဇင် တို့တစ်တွေနဲ့ ထွက်တော်မူလာတာကို ဘွားတစ်ကြီးတစ်ယောက်ကော ဘာပြုလို မပါလာသလဲတဲ့၊ ကြီးကြီး မားမား တစ်ယောက်ရှိ တဲ့ဟာ စုစုက ဘာပြုမဲ့ ထားပစ်ခဲ့ရသလဲနဲ့ မေးတော်မူလို့လေ"
ခင်ဘွားသစ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး-
" ကဲ........ အစက သစ်သစ် မပြောဘူးလား၊ စုထားဖုရားနဲ့ သစ်သစ် ပါမလာရင် အသျှင် အလယ် နန်းမတော်ကြီး ဖုရား စိတ်ဆိုးတော်မူပါလိမ်မယ်လို့ အပြောသားနဲ့၊ ကဲ... ခုတော့ ဘယ့်နှယ် ရှိစေ၊ အမျက်တော် ထားရင် သစ်သစ်သာ ဓားသွားနဲ့ သစ္စာနှံရမှာ၊ စုဖုရားတို့ကတော့ အနေသာကြီးပဲ"
အရှိုက်အချွဲနှင့် ငိုမဲ့မဲ့ပြောလိုက်ရာ စုဖုရားလတ်မှာ ရယ်သထက် ရယ်ချင်လာသဖြင့်-
"သြော်..... ပြောလေကဲလေ ဖြစ်လာပြန်ပါပြီ၊ ဒီက စကားများလည်း ဆုံးအောင်နား ထောင်စမ်းပါဦး၊ တက်တည်း သူဖြစ်လိုက်မှာဖြင့် အလွန်အကျွံကြီးပါပဲကလား၊ ကဲကဲ နားထောင်ပါ၊ စုစုက ပန်းပေါင်း ပုတီးတစ်ကုံးကို မယ်ဖျားအဆောင်တော်က မပြန်ခင် ပြီးနှင့် အောင်လုပ်ထား ရမယ်ဆိုပြီး လုပ်ခိုင်းထား ခဲ့ပါတယ်ဘုရားလို့ လျှောက်တင်လိုက်တော့လေ"
"ဟုတ်ပါပြီ၊ အဲဒီပန်ပေါင်းပုတီး ကောင်းလားမကောင်းလား ကြည့်ချင်လို့ မယ်မယ့်ဆီ အလျင်အမြန် အပြခိုင်းလိုက်ပါလို့ မှာတော်မူလိုက်တယ် မဟုတ်လား၊ လူများလည်း ဘာမှမသိရ ဘဲနဲ့ ခုတော့ အလကား နေရင်း အကျပ်တွေ့ရတော့မှာပဲ''
ခင်ဘွားသစ်က ကြားဝင်ဖောက်ပြန်သဖြင့် -
'အိုး.....ဒီအထိန်းတော်ကြီးကို ပါးစပ်ပိတ်မထားနိုင်အောင် စကားများများ နေတော့တာပဲ၊ မဟုတ်သေး ပါဘူးဘုရာ့၊ စုစုပြောမဲ့စကားကို ဆုံးအောင်များ နားထောင်စမ်းပါသီး၊ ဒါလောက် ငိုချင်ရင် စကားပြောပြီးမှ တစ်ညလုံး ငိုတော်မူနေပါ''
စိတ်တိုတိုနှင့် ငေါ့သလို မိန့်တော်မူလိုက်မှ ခင်ဘွားသစ်ကြီး ငြိမ်သွားလေ၏။
ထိပ်စုဖုရားလည်း ဆက်လက်၍ -
''အဲဒီလို တင်လိုက်တော့လေ မယ်မယ်ဖျားက စုထားရယ် ပန်းပေါင်းပုတီးဆိုတာ တစ်နေ့ တည်းနှင့် လုပ်လို့ ပြီးနိုင်တာမျိုး မဟုတ်ဘူးတဲ့၊ နေလှန်းရ၊ အကွက်ဖော်ရနဲ့ အနည်းဆုံး သုံးလေးရက်ကြာမှ ပြီးတာဘဲ၊ ဒီကပြန်ရင် ပန်းပေါင်းပုတီး မပြီးရကောင်းလို့ ဘွားသစ်ကြီးကို ကော်တော်မူမနေနှင့်ဦးတဲ့၊ ပြီးတော့ သြော်.....ဒါထက် ဒီဘွားသစ်ကြီးတစ်ယောက်သာ အစစအရာရာ အလိုတော်လိုက်၊ အကြိုက်တော် ပြုနေရှာတယ်၊ သနားပါတယ်ဟဲ့၊ ဒါကြောင့် ဘုန်းတော်ကြီးလှသော ဘုရားကို အမိန့်တော်ခံပြီး သုသာန် ထုတ်၍ လည်ကုပ်ကို ဓားနှင့်ပိုင်း အို....မှားလို့ သစ်သစ်ရေ၊ အမယ်လေး မျက်ရည်လည်မလာပါနဲ့ဦး၊ ဘုန်းတော်ကြီး လှသော ဘုရားကို အခွန်တော် များများသီးတဲ့ ရွာကြီးတစ်ခု ထပ်ပြီးပေးသနားတော်မူအောင် အမိန့်တော် ပေးရဦးမယ်တဲ့၊ ကဲ.... သိပြီလား သွား....သွား ငိုချင်သေးရင် အားရအောင် ငိုချေပါဦး''
ခပ်ပြုံးပြုံး မိန့်တော်မူလိုက်လေ၏။ သည်တွင်မှ ခင်ဘွားသစ်လည်း ပြုံးပြုံးကြီးဖြစ်လာကာ-
''၀မ်းသာ လိုက်တာ ဘုရား၊ အစကတော့ ဘာများလဲလို့ အသည်းတထိတ်ထိတ်နဲ့ အမယ်လေး ခုမှ စိတ်အေး ရပါတော့ကလား''
ဝမ်းသာအားရ ပြောလေ၏။ စုဖုရားလည်းပြုံး၍ -
''အင်မတန်မုန်းစရာကောင်းတဲ့ အမယ်ကြီး''
''တကယ်ဘဲ မုန်းတော်မူသလား စုထားဖုရားရဲ့''
''အို.... တော်ပါ လျှာမရှည်ရသေးရင် ရှည်ပါဦးလား၊ ဒါနဲ့ ဆေးလိပ်တော်များ စီမံပြီးပလား''
''ပြီးပါပြီဘုရား၊ အဖြူထည်ကလေးကတစ်လိပ်၊ ပန်းရည်သွေးကလေးက တစ်လိပ်၊ ဖက်ဖူးညွှန့်ရောင်ကလေးက တစ်လိပ်၊ ရွှေဝါရောင်ကလေးက တစ်လိပ်၊ နဂထာဇော်မရမ်း ကလေးက တစ်လိပ် စုစုပေါင်း ငါးလိပ်ရပါပြီဘုရား''
''ဒါဖြင့် ကောင်းပါလေရဲ့၊ နက်ဖြန်နံနက် စုစုကို ပွဲတော်စာဆက်ပြီးတဲ့အချိန်မှာ ဆေးလိပ်တော်နှင့်တကွ စားတော်ကွမ်းယာများကို မောင်မောင် သီပေါကိုယ်တော်ထံသို့ ပို့ဆက်ချေပါတော့၊ နှုတ်စကား လက်ဆောင် တော်များလည်း ဆက်ခဲ့ပါ၊ အို...ရွှေလွှာတော်ကလေး တစ်ခုပါ ဆက်လိုက်လျှင် သာပြီး မကောင်း ပါလား သစ်သစ်ရဲ့''
''အို...ရွှေလွှာတော်ပါလျှင်တော့ 'အတိုင်းထက်အလွန် တံခွန်နဲ့ဘုရားပေါ့'' စုထားဖုရား၊ ယခု ညဦးကပဲ စီကုံးရေးသားတော်မူထားပါ၊ စာတော်ပြန်ပွဲတော်ကြီးက အချိန်တော်နီးလွန်းလို့ မှန်စီရွှေ ကျောင်းတော် ကြီးမှာ နက်ဖြန် လူဝင်လူထွက် အကြိုအဆက်တွေလည်း များပါလိမ့်မယ်၊ သို့အတွက် နေ့တစ်ချက် မတီးမီ ကိုယ်တော်ကလေးဆီ ခပ်သုတ်သုတ်သွားပြီး စုထားဖုရားထံတော်က လက်ဆောင် တော်များ ဆက်ထားမှ တော်ပါမယ်၊ စီစဉ်တော်မူစရာ ရှိသ၍ ယနေ့ညအပြီးအငြိမ်း စီမံတော်မူ ပေရော့ဘုရား''
''သန်ဘက်ခါနံနက်ဆိုရင် စုစုတို့လည်း မယ်မယ်ဖျားနှင့်အတူ အလှူတော်များ ရေစက်သွန်းချတော်မူရန် သုဓမ္မာ စာပြန်ပွဲတော်ကြီးကျင်းပရာ သုဓမ္မာ ရွှေဇရပ်တော် ကြီးသို့ ထွက်ကြွလိုက်ပါတော်မူရာ ကိစ္စကလည်း ရှိပေသေးတယ်''
'''ဒါဖြင့် ၀တ်လဲတော်များ လဲတော်မူရအောင် စက်တော်ဆောင်သို့ ကြွတော် မူပါတော့ ဘုရား၊ စိန်ကညစ် ချွန်ချွန်နှင့် သလွန်တော်ပေါ်ကုမှ ရွှေလွှာတော်သစရာ၊ ကြံစည်စိတ်ကူးတော်မူပါ၊ ကဲ....ကဲ ထတော်မူ ပေတော့ စုထားဖုရား''
လျှောက်တင်ကာ ထိပ်စုဖုရားလတ်အား တွဲမခေါ်ယူကာ စက်တော်ဆောင် တွင်းသို့ ၀င်လာလေ၏။
''ခင်မကြီး ညဥ့်ရုံတော်များ အဆင်သင့်ပြင်ဆင်ပြီးပလား၊ စုထားဖုရား ၀တ်လဲတော်ကျများကိုလည်း ခင်ဘုန်းတို့တစ်တွေ သိမ်းဆည်းလှည့်ကြပေတော့''
အထိန်းတော်ကြီးက အခြားအပျိုတော်ကလေးများကို စီမံခန့်ခွဲလျက် ရှိလေ၏။
ထိပ်စုဖုရားလတ်လည်း သလွန်တော်ပေါ်တွင် ကျုံကျုံထိုင်တော်မူကာ ကေသာ တော်ဖြန့်ကျင်းလျက် တစ်ချက် တစ်ချက် ယပ်လေသွေး၍ တဖြည်းဖြည်း ဆက်နေသော ခါနွေကို အဆောင်တော်ပြင်သို့ ထုတ်တော်မူ လိုက်ပြီး အထိန်းတော်ကြီး အဆင့်သင့်တင်ထားသော ရွှေကလပ်ပေါ်မှ စာလွှာတော် ရွှေပြားနှင့် စိန်မြ ပတ္တမြား စီခြယ်သော ရွှေကညစ်ငယ်ကို ကိုင်တော်မူကာ မောင်တော် သီပေါမင်းသား ထံသို့ ရွှေလွှာတော် ဆက်ရန် ကြံစည်စိတ်ကူးတော်မူ၍ နေလေ၏။
ယင်းသို့ စဉ်းစားကြံဆ၍ ရွှေလွှာတော်ကို မည်သို့ရေးတော်မူရမည်ဟု အစမပေါ်မီပင် ယခင်နှစ် နယုန်လအခါ စာတော်ပြန်ပွဲပြီးစက မောင်တော် သီပေါ မင်းသားထံမှ ရရှိတော်မူသော ရွှေလွှာတော်၏ အဓိပ္ပာယ်သဘောသွားများကို လည်းကောင်း၊ စုဖုရားကိုယ်တိုင်တော် စာလွှာတော် ရေးသား ပန်ကြားတော် မူလိုက်သော တေးထပ်၏ အဓိပ္ပာယ်သဘောများကို လည်းကောင်း၊ တဖြည်းဖြည်း အတွေးတော် ပေါ်လာပြီး လျှင် ဤသို့လျှင် ဘုန်းတော်ကြီးလှသော ပဉ္ဇမသင်္ဂါယနာတင် ဘ၀ရှင် မင်းတရားကြီးဘုရား၏ သားတော်၊ သမီးတော်၊ သာကီသွေးချင်း အချစ်ချင်း ဆက်သွယ်ကာနှင့် သင်းကျစ်အက္ခရာ စာထူးတော်ပါ၍ မေတ္တာတော်နွယ်ညွှန့် မြူးကွန့် တုံပြန်၊ စေတနာသန်တော်မူမိကြပုံများကို မြသားကြေးမုံ၊ ရွှေမှန်ခုံတွင် ပုံတင် သွင်းပြဘိ အလား စဉ်းစားတော်မူတိုင်း ကသိုဏ်းဝန်းပမာ၊ ထင်ရှားပေါ်လွင်လာသဖြင့် ရှေ့အဖို့တွင် ဘိသေကာ အောင်ပန်းနှင့် မင်္ဂလာ လက်ထပ်နန်းတွင် ချစ်သူမောင်တော်ဘုရားနှင့် နှစ်ပါးယှဉ်၍ ရေဖျန်းဆင်တော်မူရန် အရေးများကိလည်း တပြေးတည်း၊ိ စိတ်ကူး တွေးမျှော်ပြီး ရွှင်ပျော် ကြည်နူးခြင်းကြီးမက ပျော်ရွှင် ကြည်နူး၍ စိတ်ကူးယဉ်တော်မူကာ မောင်တော်သီပေါမင်းသားမှာ ဤတစ်ကြိမ် ပထမကျော် စာပြန်ပွဲသို့ ၀င်နွှဲဖြေဆိုတော် မူပြီးနောက် သားတော်များကို ချီးမြှောက်တော်မူမြဲ ထုံးစံအတိုင်း ခမည်းတော်ဘုရား၏ ချီးမြှောက်သူကောင်းပြုခြင်းခံရကာ လွှတ်တက်မင်းသားကြီးများ စာရင်းသို့ တင်သွင်း ပါရှိတော် မူလာတော့မည်ဟုလည်း ယုံကြည်စိတ်ချတော်မူပြီးဖြစ်ရကား ပျော်ရွှင်တော် မူအား တိုးသည်ထက် တိုးတက်များပြားလာတော်မူပေ၏။
မောင်တော် သီပေါမင်းသားသည် ရိုးသားတော်ဖြောင့် ကတိသစ္စာစောင့်သော မင်းသားတစ်ပါး ဖြစ်တော်မူ သောကြောင့်လည်း ရာကြီးထူးကြီးနှင့် လွှတ်တက်မင်းသားကြီး တစ်ပါး ဖြစ်တော်မူ လာသောအခါ ကြင်နာချစ်ခင်၊ မေတ္တာကြိုးငင်ပြီး ဖြစ်တော့မူသည့် အတွက် မာန်မာနတက်၍ သစ္စာတော် သွေဖျက်ပြီး ရက်စက် စိမ်းကား ဖောက်လွဲဖောက်ပြန် ပြုတော်မူသွားလိမ့်မည်ဟုလည်း အားခဲကြိုးပမ်း အစွမ်းတကုတ် လုံ့လ ထုတ်တော်မူနိုင် ပါရန် စကားလက်ဆောင်တော်များ ကမ်းရတော့မည်ဟု ကြံစည် ရိုးရင်း ရှိတော်မူသည့် အတိုင်း မဆိုင်းမတွ အလွှာတော်ရွှေပြားတွင် စိတ်အား ထက်သန်စွာ စာသားတော် မူလျက် ၇ှိလေ၏။
ယင်းသို့ စုဖုရားလတ်အတွင်းဆောင်တော်တွင် ရွှေလွှာတော်ဆက်ရန်အတွက် ငြိမ်သက်တိတ်ဆိတ်စွာ စံတော်မူနေစဉ် အဆောင်တော်အပြင် လေသာတံခါးအနီးမှာကား အထိန်းတော်ကြီး ခင်ဘွားသစ်အပါးတွင် ခင်ဘုန်း၊ ခင်မကြီးစသော အပျိုတော်ကလေးများ ပဆစ်ပစ်တမ်း ကစားလျက် တ၀ါးဝါး တီးတိုး ကြိတ်ပျော် နေကြလေ၏။
အထိန်းတော်ကြီးမှာလည်း အတော်ပင် စိတ်ပျော်ရွှင်နေဆဲအခါ ဖြစ်သောကြောင့် အပျိုတော်ကလေးများ ကစားနေသည်ကိုအပါးမှ ထိုင်ကြည့်ကာ တခိခိ သဘောတွေ့၍ နေလေ၏။
''ခင်ဘုန်းနဲ့ ခင်မကြီးတို့ ပဆစ်ပစ်တာ ဘာများလောင်းကြေးစားကြေး ပါသလဲဟေ့''
''ဖျားကျွန်မတို့ ကစားတာလား၊ သခင်ကြီးဘုရာ့ ဟောဒီ ခင်ဘုန်းနဲ့ ခင်မြဇင်က တစ်ဖက်၊ ခင်ဟေနဲ့ ဖျာ့ကျွန်မက တစ်ဖက် ရှုံးတဲ့လူက (*)လူမျောက် ကိုရွှေမောင်ကို ယူတမ်းလို့ လောင်းတတ်ကြပါပေတယ်၊ ထွီ.... ငါတော့ အော်ဂလီတောင်ဆန်မိသေး''
ပြောလျှင် ခင်မကြီးက -
''အမယ် သခင်ကြီးဘုရာ့၊ ကိုရွှေမောင်က လူမျောက်ပေတဲ့ ပါချီပါချဲ့အစား မဟုတ်ဘူးဖျ၊ ရတနာပုံ နေပြည်တော် ကြီးရဲ့ ဈေးချိုတော်ကြီးက ထွက်သမျှ ဆိုင်ခွန်၊ ဆိုင်ခတွေ သူကအပိုင်စား ရနေလို့ ရွှေတွေ၊ ငွေတွေ အနင့်သား ချမ်းသာပြီး မကြာခင် မဟာဘောဂဆိုတဲ့ သူဌေးဘွဲ့ကြီးတောင် ရတော့မလို ဈေးစကား၊ အရပ်စကား ဖြစ်နေပါတယ်''
''လူမျောက်ပေမဲ့ ဘုန်းတော်ကြီးလှသော ဘုရားက သနားသဖြင့် မြှောက်စား သူကောင်း ပြုတော်မူထားလို့ ဈေးချိုတော်ကြီးက ထွက်သမျှ ဆိုင်ခွန် ခိုင်ခတွေ အကောက်အစားရရုံမက ဟိုတစ်လော ကတုန်းက အဲဒီလူမျောက် မောင်ရွှေက သူ့မှာ အချိန်အရွယ် ရောက်နေတာလည်း အတော် ကြာပါပြီ၊ တစ်ကိုယ်တည်း လူပျိုကြီးဖြစ် နေရတာ အင်မတန်မှ ငြီးငွေ့စရာ ကောင်းပါတယ်၊ ဘုန်းတော်ကြီးလှသော ဘုရား မြှောက်စားသူကောင်းပြုတော်မူထားလို့ ပစ္စည်းဥစ္စာမရှား ပြည့်ဝကုံလုံ နေပါသော်လည်း အဖော်သဟဲဆိုတဲ့ ကြင်ယာဇနီးကင်းပြီး ပျင်းပျင်းရိရိ နေလာရတဲ့အတွက် သင့်လျော်တဲ့ အိမ်ထောင်ဖက် ကလေးများ ထိမ်းမြားပေးစားတော်မူပါလို့ သံတော်ဦးတင်တာနှင့် ဘုန်းတော်ကြီှး လှသော ဘုရားကလည်း မျောက်မင်းသား ကိုရွှေမောင်ကို ယူလိုသူ ရှိမရှိ စုံစမ်းတော် မူခိုင်းနေတယ်၊ ဟိုတစ်လော ကတောင် 'ရွှေနန်းတော်ပေါ်က အပျိုတော် လက်ပါးစေ ကလေးများထဲက ဒီမျောက် ငရွှေမောင်ကြီး လိုချင်တဲ့သူများ မရှိကြဘူးလားဟဲ့' လို့ မေးတော်မူသတဲ့ဘုရား၊ လူမျောက်ပေမဲ့ အမောက်စား ထဲကမို့ မယားတစ်ယောက် တော့ ၀င်းဝင်းတောက်အောင် ဆင်ပြင်ထားနိုင်ပါတယ် သခင်ကြီးဘုရား'
ရယ်လား မောလားနှင့် ပြောကြားလေရာ အထိန်းတော်ကြီးမှာ ပြုံးလာပြီး -
''အိုအေ...ညည်းတို့မို့ မရွံမရှာ ပြောနေကြတာ၊ ငါတော့ အသည်းယားလှတယ်၊ ဘယ့်နှယ်တော့ လူတစ်ကောင်လုံး မျက်လုံး မျက်ခုံးမပေါ်အောင် အမွေးရှည်တွေ ဖားဖားဝေေ၀ ပေါက်ပြီး တောထဲက မျောက်ဝံကြီးအတိုင်း ကြောက်စရာကြီးဖြစ်နေတဲ့အထဲ ခေါင်းပေါ်က အမွေးတွေ သျှောင်ကြီးဗွေထိပ်မှာ ထုံးပြီး ဖဲအင်္ကျင်္ီရင်ဖုံးနဲ့ ပိုးသားပုဆိုးကြီး ဖုံးထားပေတဲ့ သူ့နီစပ်စပ် မျက်ခွက်ကြီးက သရဲသဘက်လို့ ကြည့်လိုက်တိုင်း ရင်ဖိုစရာကြီး ဥစ္စာ၊ ဘယ်နေရာမှာ သူ့မယား အဖြစ်ခံချင်စရာ ကောင်းလို့လဲ၊ အိပ်ရာ ထဲများ ဒီမျက်နှာကြီးနဲ့ နှစ်ယောက်တည်း ကျီစယ်ရင်း အိုအေ... ပြောရင်းပြောရင်း ကျောတွင်းက စိမ့်စိမ့် လာတာပဲ၊ ယောင်္ကျားရှားလွန်းလွန်းလို့လား၊ ဒီမျောက်ကြီးများ ထွီ... မလိုချင်ပေါင်၊ စားစရာမရှိလို့ ငတ်ချင် ငတ်နေပါစေ အပျင်းပြေ နန်းတော်ကျွန်းက ကိုင်းခင်းထဲ သွားပြီး ခရမ်းသီးတွေ အဲ...အဲ ဖရုံသီး၊ ဘူးသီးတွေ တောင်းနဲ့ရွက်လို့ နေပူကျက်ကျက်မှာ လည်ရောင်းစားတော့မပေါ့''
အော့ချင်အန်ချင်ဟန်နှင့် ပြောရာ ခင်ဘုန်းနှင့် ခင်မကြီးတို့က ရယ်မောပြီး -
''အို...သခင်ကြီးဘုရား၊ ဘယ်သူက ဇွတ်အတင်းယူပါလို့ တိုက်တွန်းတာလိုက်နေ ရော အော့သရော အန်သရောနဲ့ ပြောတော်မူလိုက်တာ၊ ဒီလိုသာ သခင်ကြီးဘုရားက ခါးခါးသီးသီး ပြောတော်မူနေရင် ဘုန်းတော်ကြီးလှသောဘုရား ရွှေနန်းတော်ကြားပြီး သခင်ကြီးနဲ့ ဇွတ်အတင်း နေရာချထားတော်မူလိုက်မှ လှနေမယ်ဗျ''
''အို...အေ ညည်းတို့ကလည်း နိမိတ်မရှိ မင်္ဂလာမရှ မပြောကြပါနဲ့၊ ဖွဟဲ လွဲပါစေ ဖယ်ပါစေ၊ ဟင်းနော်...ခင်မကြီး ညည်းလင်ကြီးအကြောင်းကို ညည်းက သိဒ္ဓိတင်ပြီး လျှာထက် တံတွေးမတင် ပြောလိုက်ရတာ ညည်းက တိတ်တိတ်ခိုး ကြိတ်ပိုးပိုးနေမှန်း ငါသိပါတယ်အေ၊ ညည်းလင်ကြီးနဲ့သာ ညည်းသွား နေချေပါ၊ ငါတို့တစ်တွေကို သူခိုးသေဖော် လာမညှိပါနဲ့''
''အို...ဖျာ့ကျွန်မတို့လည်း ကြောက်တာပါပဲ သခင်ကြီးဗျ၊ ဒါကြောင့်သာ ပဆစ်ပစ် ရာမှ ရှုံးတဲ့လူက လူမျောက် ကိုရွှေမောင်ကို ယူတမ်းလို့ လောင်းကြေးလုပ်တာပေါ့''
''အေး...ငါတော့ ညည်းရှုံးပြီး ခင်ဘုန်း နိုင်ပါစေလို့ ဆုတောင်းပေးမယ်၊ ဒါမှ မောင်ရွှေမောင်အကြောင်း အပြောကောင်းတဲ့မိန်းမ ဘုန်းတော်ကြီးလှသော ဘုရား ရှေ့တော် ဆွဲခေါ်သွားပြီး လူမျောက်ကြီး ငရွှေမောင်ကို ပြုစုလုပ်ကျွေးမဲ့ အလုပ်အကျွေး မိန်းမတစ်ယောက် ရှေ့တော်မှောက် ပို့ဆက်လာ ပါတယ် ဘုရား ဆိုပြီး ငါကိုယ်တိုင် သွားဆက်မယ်၊ ကဲ...ပစ်ကြလေ၊ ဒါပဲနော် ရှုးတဲ့လူ ကေတိကာတိ မလုပ်ကြနဲ့၊ ငါက ဒိုင်လုပ်ပြီး ကြည့်နေမယ်''
ပြောသောကြောင့် ခင်မကြီးမှာ ကျောတွန့်သွားကာ -
''ဟာ...ဒါဖြင့် လောင်းကြေးပြင်ကြဦးစို့ ခင်ဘုန်းရယ်၊ မတော်လို့ ကျွန်မရှုံးရင် သခင်ကြီးဘုရားက အဟုတ် သွား သံတော်ဦးတင်နေမှ ခက်နေဦးမယ်''
ခင်မကြီးက ပြုံးကာရယ်ကာနှင့် ပြောလိုက်ရာ -
''ဟာ...ထွက်ပြီးသော ဆင်စွယ် ၀င်တယ်လို့ မရှိဘူးတဲ့၊ စတုန်းက ခင်မကြီးကပဲ စပြီး ခုမှ သခင်ကြီး ဒိုင်လုပ်ကြည့်မယ်ဆိုလို ကြောက်သွားတာ၊ လာပါ ဒီကြေးအတိုင်းပဲ ဆက်ကစားကြပါစို့၊ ဒါလောက်တောင် ဆတ်ဆော့တဲ့မိန်းမ ကြွေပွဲသိမ်းခါနီး သုံးစားမှာပါ ကျပြီး ပြီးခါနီးကျမှ ကန်းကျန်ရစ်ပါစေတော်''
ခင်ဘုန်းက ပြောလျက် အထိန်းတော်ကြီးကလည်း -
''ဟုတ်သားပဲ၊ ညည်း စခင်းတဲ့ဇာတ်ကို ခုလို တစ်ဝက်ကျမှ မကချင်ဘူးပြောလို့ ဖြစ်တော့မလား၊ ကိုင်း....ပြောကြစမ်း၊ ဘယ်နှချီတမ်း ကစားကြတာလဲ''
''တစ်ကိုယ်တစ်ပွဲစီ သခင်ကြီးဘုရား၊ ခုနင်က ဖျာ့ကျွန်မ တစ်ပွဲနိုင်ထားပြီးပြီ၊ ဒီတစ်ပွဲမှာ ခင်မကြီး ပြန်မနိုင်ရင် အရှုံးဘုရာ့၊ ခုတောင် ဖျာ့ကျွန်မ နှစ်ပိုသတ်ထားပြီးပြီ၊ ခင်မကြီးတစ်ပိုမှ မသတ်ရသေးဘူး၊ သူ့တော့ရှုံးမှာပါပဲ၊ သူ့မျက်လုံးထဲ လူမျောက်ကြီး ကိုရွှေမောင်ဆောင့်ကြောင့် ထိုင်ပြီး စောင့်နေတာချည့် ထင်မြင်နေလှရော့မယ်၊ ဟား...ဟား...ဟား''
''ကဲ...ကဲ စ,ကစားကြည့်၊ ခု ဘယ်သူအလှည့်လဲ၊ ခင်မကြီးလက်ထဲ ကြွေဆုတ်ရက်ပါကလား၊ ဒါဖြင့် သူ့ပစ်ခလှည့်ပေါ့၊ ကဲ...ပစ်တော့လေ၊ ပစ်...ပစ်''
အထိန်းတော်ကြီးက အတင်းအကြပ် လောနေသောကြောင့် ခင်မကြီးမှာ မငြင်းရှောင်သာတော့ဘဲ သက်ပြင်းကြီး ဟင်းခနဲချကာ ကြွေစေ့များကို ကျောက်စိမ်းရောင် တရုတ်ကြွေပန်းကန်ထဲသို့ ပစ်ချလိုက်ရာ ကံအားလျော်စွာ အစိတ်တစ်ခါ ကျလာလေ၏။
ထို့နောက် ဆက်ပစ်ပြန်ရာ ဆယ်ပွင့်ကြွေတစ်လှည့် ကျလာသောကြောင့် အတော်ကလေး အားတက် လာသော ခင်မကြီးလည်း သတိကြီးစွာနှင့် ပစ်ပြန်ရာ -
''ဟော...တစ်ဗာရာ''
ဆိုလျက် စိတ်လက်ပါ၍ လာလေ၏။ ထိုနောက် သတိကြီးစွာနှင့် ဆက်လက်ကစား ကြလေရာ ခင်ဘုန်း ကတစ်လှည့် သတ်လိုက်တင်လိုက်၊ ခင်မကြီးကတစ်လှည့် သတ်လိုက် တင်လိုက်နှင့်ပင် ပဆစ်ခွင်မှာ ပိုများကုန်သလောက် ရှိလာလေ၏။ အထိန်းတော်ကြီးမှာ ခင်မကြီး စိတ်မချမ်းမသာရှိသည်ကိုသာ ရယ်သွမ်းသွေးလိုလျက် ခင်ဘုန်းဘက်သို့ အထူးအားပေးလျက် ရှိလေ၏ ။
ခင်မကြီးမှာ တစ်စတစ်စ ပိုတွေသိမ်းလာပြီး ပိုရင့်တစ်လုံး ကျန်နေသောကြောင့် ကြောက်စရာ မရှိတော့ဘဲ စိတ်ထဲမှ အားရနေလေရာ ခင်ဘုန်းမှာလည်း ပိုရင့်တစ်လုံးသာ ရှိသောကြောင့် အထူး အေးဆေးစွာ ပစ်နေကြစဉ် နှစ်ဦးလုံး၏ ပိုများမျာ အိမ်ထဲသို့ ၀င်စပြုလာကြလေ၏။
ဤတွင်မှ နှစ်ယောက်သား အရှုံးအနိုင် အပြိုင်လုပ်ကြရတော့မည်ဖြစ်လေရာ အေး၍ မနေသာတော့ဘဲ ဇွဲနဲပဲ ကြီးကြီး၊ လက်ထဲကကြွေများကို စိတ်အားထက်သန်စွာ တစ်လှည့်စီချ၍ လာကြလေ၏။ အထိန်း တော်ကြီးကား ခင်ဘုန်းဘက်မှ အကြီးအကျယ် အားပေးလျက်ရှိလေ၏။
''ကြိုးစားလိုက်ဟေ့နော် ခင်ဘုန်း၊ ညည်းက ရှုံးလို့တော့ အရေးမကြီးဘူး၊ သရေပွဲ ဖြစ်ရုံရယ်၊ ဟိုသူငယ်မ ရှုံးမှ အင်မတန် ကြည့်လို့လှမှာ၊ လူမျောက်ကြီး ငရွှေမောင်နဲ့ ခင်မကြီးမြန်မြန်ကြီး နှစ်ပါးသွားတာ ကြည့်ရအောင် ကြွေကို သတိနဲ့ ကြိုးစားပစ်လိုက် ကွဲ့နော်၊ ၀င်လာပြီ၊ ဟော...ငါးကွက်ကျန်တော့တယ်၊ တစ်ချောက်ဆိုရင် ကွက်တိ ပျောက်ပြီ၊ ကဲ...တစ်ချောက်ဆိုတာ ဘာလဲကွဲ့''
မရပ်မနား အားပေးလျက်ရှိလေ၏။
ခင်မကြီး၏ ပိုမှာလည်း ငါးကွက်တည်းသာ သွားစရာကျန်တော့ရာ လေးတစ်ခါ၊ ပါတစ်ခါကျမှ အနိုင်သေချာလျက် ရှိလေ၏။ သို့နှင့် ခင်ဘုန်းမှာ ရှေ့လောတကြီး အရင် ပြီးစီးချင်ဇောနှင့် ကြွေတစ်လှည့် ချလိုက်ရာ ''သုံးပွင့်ကြွေ'' ကျလာလေ၏။
''ကဲ...သုံးကွက်ရွှေ့လိုက်၊ နောက်တစ်ခါ တစ်သုံးကျရင် ပြီးရောပေါ့၊ ကိုင်း... ခင်မကြီးပစ်တော့''
ဆိုသဖြင့် ခင်မကြီးလည်း ရင်ထဲက တထိတ်ထိတ်နှင့် အံကြိတ်၍ ပစ်လိုက်ရာ 'ပါ'ဟု အထိန်းတော် ကြီးနှုတ်က ထွက်လာလေ၏။
''ကိုင်း...ခင်မကြီးက နှစ်ကွက်ရွှေ့လိုက်၊ နောက်တစ်ခါ လေးပွင့်ကျရင် ပြီးနိုင်တယ်၊ ဒါပေမဲ့လို့ အခု ခင်ဘုန်းက တစ်သုံးကျသွားလို့ ခင်မကြီးက နောက်တစ်ခါ ကျနေရင် ရှုံးတော့မယ်ဟေ့၊ ခင်ဘုန်း ပစ်ဟေ့''
အလှည့် ပေးလိုက်သောကြောင့် ခင်ဘုန်းလည်း ''တစ်သုံးကလေးပါလာဦး''ဟု ပြောပြီး ကြွေကို ပန်းကန်ထဲသို့ ချလိုက်ရာ
''အမယ်လေး...ပါတော့''ဟုပြောပြီး အားအလျော့ကြီး လျော့၍သွားပြီးလျှင် ခင်မကြီးက ၀မ်းသာအားရနှင့် ''ဟော..ခင်ဘုန်း သုံးစာပါကျပြီး ကန်းနေပြီ၊ သူများ မကောင်းကြံလို့ ကိုယ့်ဘေးဒဏ်ထိတာ သိလား၊ ကဲ သခင်ကြီးဖျ အားရတော်မူပါစ''
မခံချင်အောင် စလိုက်သဖြင့်
''အေးပါ...ညည်းဟာညည်းသာ ပြီးအောင်ကြိုးစားပါဦး၊ ခင်ဘုန်းက ဒီကပွဲရှုံးလို့ အရေးမကြီးပါဘူး၊ သရေပွဲကျရုံပါပဲ၊ ကဲ...ပစ်ပစ် လေးစားမှာ သုံးနဲ့တစ်နေရင် ကန်းဖြစ်ဦးမှာပဲ''
ပြောသောကြောင့် ခင်မကြီးလည်း အလွန်သတိကြီးစွာနှင့် ပစ်လိုက်ရာ ကပ်ကပ်သပ်သပ်နှင့် သုံးပွင့်ပင် ကျလာပြန်လေ၏။
''ဟော...ကန်းပြန်ပြီတစ်ယောက်၊ ကိုင်း...အပြိုင်ကန်းနေပြီ၊ ဒီတစ်ခါ ခင်ဘုန်းက နိုင်အောင် ပစ်ပေတော့''
ဆိုလျှင် ခင်ဘုန်းလည်း အကြိတ်အနယ်တွင် အကယ်စိတ်ဝင်စားကာ ပစ်လိုက်ရာ ဆယ်ပွင့်ကြွေ ဖြစ်တော့ မလိုလိုနှင့် ကြွေထောင့်တစ်ခု ပက်လက်လန်ပြီး ပါဖြစ်သွားသဖြင့် ၍ ဤတစ်လှည့် အလကား ဖြစ်သွား ရပြန်လေ၏။
''ကိုင်း...ခင်မကြီးအလှည့်၊ ပစ်လိုက်ကွဲ့နော်၊ 'ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေရင်' လူမျောက် ကတော် ကလေး ဖြစ်သွားလိမ့်မယ်၊ ကိုင်း...ပစ်လိုက်စမ်း''
အားပေးသောကြောင့် ခင်မကြီးလည်း အရေးတကြီး ဂရုစိုက်၍ ကြွေချလိုက်ရာ ကံအားလျော်စွာ တစ်ဆယ် ကျလာပြီ၊ နောက်တစ်လက် အသာချမှ သုံးပွင့်နှင့် ငြိမ်းသွားရာ။
''ဟော...ခင်မကြီး ပိုနိုးသွားပြီ၊ ဒီတစ်လက် ကျန်သေးတယ်၊ ခင်ဘုန်းလည်း တစ်ပြိုင်တည်း နိုးအောင် ပစ်ရင်း ဒီပွဲသရေဖြစ်ပြီ၊ အရင်တစ်ပွဲအတွက် ခင်မကြီးကို အနိုင်ယူနိုင်သေးတယ်''
ပြောသောကြောင့် ခင်ဘုန်းလည်း စိတ်ရောကိုယ်ပါ ပစ်လိုက်ရာ ဖျတ်ခနဲ့ တစ်ဆယ်ကျ၍ လာလေ၏။
''ဟော...ဟော...ရည်တူလိုက်နေပြီ၊ ကဲ...ကဲ၊ ရိုရိုသေသေကလေး ပစ်လိုက်စမ်း၊ ခင်ဘုန်းရဲ့''
ပြောလေရာ ခင်မကြီးမှာ တထိတ်ထိတ်နှင့် သွေးခုန်၍ နေရှာလေ၏။
''ကဲ...ပစ်ပြီ''
ဆိုကာ ခင်ဘုန်း ဖြည်းညင်းစွာ ကြွေကိုချလိုက်ရာ တမင်တကာ ဂရုစိုက်ခါမှ လက်ကြားထဲတွင် ကြွေတစ်စေ့ ကပ်ပါပြီး ကြမ်းပေါ်ကျသွားရကား ခင်မကြီးမှာ ရွှေထုပ်ကြီး ကောက်ရမလောက် ၀မ်းမြောက် သွားပြီး
''ဟော...ကြွေအံသွားပြီ၊ ခင်မကြီးနိုင်တယ်၊ ခင်မကြီးနိုင်တယ်၊ သရေပွဲ၊ သခင်ကြီးလည်း ဖျကျွန်မကို ရှေ့တော်မပို့ရတော့ဘူးဘုရား''
အားရပါးရ ပြောလိုက်မှ အထိန်းတော်ကြီးက ပြုံးပြီး -
''ညည်းဆတ်ဆော့တာ နှလုံးနာလို့ တမင်တကာ လုပ်နေတာပါ အေရယ်၊ တကယ်ရှုံးရင်လည်း အလကား၊ ဘုန်းတော်ကြီးလှသော ဘုရားရှေ့တော် ခေါ်သွားဝံ့ပါ မလား''
ပြောလိုက်မှ ခင်မကြီးမှာ ဟင်းခနဲ သက်ပြင်းကြီးချပြီး -
''ဒါဖြင့် အစက ပြောပါတော့ဘုရားဖျ၊ ကျွန်မ တကယ်များပို့မလားလို့ စိတ်ပူလိုက် ရတာ မောလို့၊ ခုမှ အသက် ရှူနိုင်ပါတော့တယ်''
ပြောပြီး အားလုံးပင် တသောသော ရယ်ပွဲဖွဲ့၍ နေကြရာ အတော်ညဥ့်နက် လာလေ၏။ အဆောင်တော် တွင်းက စုထားဖုရားလည်း ငြိမ်ချက်သားကောင်းလှသဖြင့် အထိန်းတော်ကြီး ချောင်းကြည့် လိုက်သောအခါ ထိပ်စုဖုရားလတ်မှာ သလွန်ပေါ်တွင် ကွေးကွေးကလေး စက်ပျော်တော်မူနေသည်ကို မြင်ရမှ -
''အလို...ထိပ်စုဖုရားတောင် ဘယ်အချိန်က စက်တော်ခေါ်သွားပါလိမ့်''
ပြောကာ ပျာပျာသလဲဝင်လာပြီး ညဥ့်လွှာရုံကြီးများ ဖြည်းညင်းစွာ လွှမ်းခြုံ ဆက်သလျက် စောစောက ရေးတော်မူ နေသော ရွှေလွှာတော်ကို အပါးတော်၌ လိုက်လံရှာဖွေရာ မတွေ့သဖြင့် စုထားဖုရား ရေးပြီး၍ သိမ်းထား တော်မူပြီဟု တွေးမိကာ စိတ်အေးစွာနှင့် မိမိအိပ်ရာသို့ ၀င်လေသတည်း။
နံနက်မိုးသောက် အလင်းသို့ရောက်လျှင် အထိန်းတော်ကြီး ခင်ဘွားသစ်လည်း ပျာယီးပျာယာ အိပ်ရာမှ ထလာကာ ထိပ်စုဖုရား၏ စက်ရာတော်ဆီသို့ ဖြည်းညင်းစွာ ခြေနင်း၍ အဆောင်တွင်း ၀င်ခဲ့လေ၏။
ထိပ်စုဖုရားလတ်လည်း လွှာခြုံတော်နှင့် ညဥ့်ဦးက ထွေးခဲ့သည့်အတိုင်း ကွေးကွေး ကလေး စက်ပျော်တော်မူဆဲ ဖြစ်သည်ကို တွေ့ရသောကြောင့် အထိန်းတော်ကြီး အသာလှည့်၍ ထွက်လာခဲ့ပြီးလျှင် အပြင် ဆောင်ဘက်တွင် လုပ်ကိုင်ပြင်ဆင်ရန် ရှိသည်များကို အရံသင့် စီမံပြင်ဆင်ထားပြီး အပျိုတော် ကလေး များကိုလည်း ထိပ်စုဖုရား မျက်နှာသစ်တောရေကျလျှင် နံ့သာ မလစ်ဟင်းရအောင် ပြင်ဆင် ထားစေရန် စီမံလျက် စုဖုရား နိုးတော်မူချိန်ကို ငြိမ်သက်စွာ စောင့်စားလျက် ရှိလေ၏။
နေခြည်ရောင်လင့် အတန်မြင့်သည်တိုင်အောင်လည်း စုဖုရားမှ နိုးတော်မမူသေး သဖြင့် နန်းဦး မှန်စီကျောင်းတော်သို့ စောစောသွားရန် အရေးကြောင့် အထိန်းတော်ကြီး ခင်ဘွားသစ်မှာ မအေးနိုင်အောင် ဖြစ်လာလေ၏။
ဆေးလိပ်နှင့်စားတော်၊ ကွမ်းယာတော်များအတွက် ပြုပြင်ရန်များကိုလည်း အဆင့်သင့် စီမံထားပြီး ကွမ်းယာတော် များမှာ စုဖုရားလတ် လက်တော်နှင့် ကိုယ်တိုင်တော် ယာမည်ဟု အမိန့်တော်ရှိထားသဖြင့် မိမိ ကိုယ်တိုင် လုပ်ကိုင်ခွင့်မရှိဘဲ ဝေယျာဝစ္စကိုသာ မလစ်ဟင်းရန် အရံသင့်ပြင်ပြီး စောင့်နေရှာလေ၏။
အရှင်ထိပ်စုဖုရားလတ်လည်း စက်ရာတော်က ခုတောင် ထတော်မမူသေးပါဘူး၊ ဟိုကို သွားရမဲ့ အရေး ကလည်း ရှိသေးတယ်။
တစ်ယောက်တည်း စိတ်ရှုပ်စွာ ခေါင်းကုတ်စဉ်းစားနေစဉ်မှာပင် အတွင်းဆောင် တော်သို့ စုဖုရားနိုးတော်မူပြီလားဟု သွားကြည့်ပြန်လျှင် အခန့်သင့်ပင် လူးလွန့်တော်မူ လာသည်ကို တွေ့သည်နှင့် စုဖုရားကို ယုယစွာ သွား၍ဖက်ကာ
''အမေ ထိပ်စုဖျား၊ စက်တော်မူလိုကတာ နေမြင့်လှပါပြီ သစ်သစ်လည်း သွားရ လာရမဲ့ အရေးတွေ အတော်များပါသေးတယ်၊ ထတော်မူပါ၊ စားတော်ကွမ်းယာအတွက် စုဖျားလက်တော်နှင့် အသင့်ယာတော် မူစရာလည့်း အားလုံးပြင်ဆင်ပြီးပါ၊ စုဖျား နိုးတော်မမူသေးတာနှင့် ခုတိုင်မသွားရသေးဘဲ စောင့်နေ ရပါတယ်''
စုဖျားအပါးကပ်၍ တီးတိုးလျှောက်တင်လိုက်မှ ထိပ်စုဖုရားလတ်လည်း မျက်တောင် တော်ဖွင့်ကာ -
''အို...ဟုတ်ပါလေရဲ့၊ စုစု မေ့သွားတယ် သစ်သစ်ရယ်၊ နေမြင့်သွားပလား''
ပြောကာ သလွန်ပေါ်မှမ အလျင်စလို ထတော်မူလိုက်လျှင် ခင်ဟေ၊ ခင်မကြီး၊ ခင်မြဇင် စသော အပျိုတော်တစ်စုတို့လည်း စုဖုရားအပါးတော်သို့ ရောက်လာကြကာ မျက်နှာသစ်တော် ရွှေဖလားဆက်သူက ဆက်၍ ပိုးတဘက် ကိုင်စောင်သူကစောင့်ပြီး လက်ပါးစေကလေးများကလည်း မျက်နှာ သစ်တော်ရေကျကို သိမ်းဆည်းလျက် နံ့သာ ပန်းမန်နှင့် ၀တ်လဲတော်များ ဆက်ပြီး အထိန်းတော်ကြီး ကိုယ်တိုင် လည်း ဆံတော်များ ရှင်းဆက်လေ၏။
''ဆံတော်ရှင်းနေတာကလည်း ကြာလိုက်တာ သစ်သစ်ရယ်၊ မြန်မြန်လုပ်ပါ၊ စုစု စက်ရာက နေမြင့် ရတဲ့အထဲ သစ်သစ်ကလည်း အလကား ကြာအောင်လုပ်နေတော့တာပဲ''
အပြစ်တင်တော်မူရာ -
''အလိုလေး...စုဖျားဟာ စုဖျား အလကားနေရင်း နေမြင့်အောင် စက်တော်ခေါ် တော်မူပြီး ခုမှ အရေးတကြီး ဖြစ်တော်မူလိုက်ရတာ၊ ကဲ...ကဲ...ပြီးပါပြီဘုရား''
ဆိုလျက် ဆံတော်ကို လက်စသပ်ထုံးဆက်လိုက်ရာ -
''ဟုတ်သားပဲ စုစုကို အစက ဘာလို့ လာပြီး,မနှိုးသလဲ၊ ခုတော့ နေတောင်မြင့် နေပြီ၊ သစ်သစ်ကြီး ဘယ်နေရာသွားသွား ဘာလုပ်နေမှန်းလဲ မသိဘဲနဲ့''
''ဘယ်မှ မသွားဘူးဗျ၊ ညက ဟောဒီ ခင်မကြီးတို့တစ်တွေပေါ့ဘုရား၊ ပဆစ်ပစ်တာ ခါတိုင်းထက်ဆန်းပြီး လောင်းကြေး စားကြေးနဲ့ ပစ်နေကြတာနဲ့ သစ်သစ်လည်း ၀င်ကြည့်နေမိတာ သူတို့ဟာက ခပ်ဆန်းဆန်း မို့ ကြည့်လို့ကောင်းတာနှင့် ညဥ့်နက်သွား တာပဲဗျ၊ ဒါကြောင့် သစ်သစ်လည်း ခါတိုင်းထက် အိပ်ရာထ နောက်ကျ သွားပါတယ်''
''အမယ်...ဘာများဆန်းသေးသလဲ သစ်သစ်ရဲ့၊ ပဆစ်ပစ်တဲ့ဟာများ အဆန်းလုပ် ကြည့်နေရသလား၊ အလကားညာတာ၊ ဟိုဗြဲတိုက်တော်က နှုတ်ခမ်းမွေးကောင်းကောင်းနဲ့ စကားဝါရောင် ခေါင်းပေါင်းပေါင်း တတ်တဲ့ တစ်ခုလပ်သံတော်ဆင့်ကြီးနဲ့ ချိန်းပြီး မြောက် ဥယျာဉ်တော်ထဲမှာ စကားပြော နေတယ် မဟုတ်လား''
''အလိုလေးဘုရား...မိုးကြိုးကျားသားပါ၊ မဟုတ်ရပါဘူး၊ တကယ့်ကို ပဆစ်ပစ်တာ ကြည့်နေတာပါဖျ၊ မယုံတော်မူရင် ဟောဒီက ခင်မကြီးတို့ကို မေးတော်မူပါ၊ သူတို့ လောင်းကြေးက ဆန်းလို့ဖျ၊ ဟောဒီ ခင်မကြီး ကံကောင်းလို့ လူမျောက်ငရွှေမောင်ကြီးနဲ့ မရတာလား ဘုရား''
ရယ်ရယ်မောမောလျှောက်လိုက်ရာ စုဖုရားလည်း အတော်စိတ်ဝင်စားတော် မူလာပြီး -
''အိုး...လူမျောက် ငရွှေမောင်ကြီးနဲ့ ဘယ်လိုဖြစ်ကြလို့လဲ သစ်သစ်ရဲ့''
ဟု မေးတော်မူသောအခါ ခင်ဘွားသစ်လည်း ညက အဖြစ်အပျက်များကို ပြန်၍ လျှောက်ထားလိုက်မှ စုဖုရားက ပြုံးတော်မူပြီး -
''အင်...ဒီအမယ်ကြီးက ဒါမျိုမးများဆို သူအရင် ရှေ့က၀င်ပါချင်တာချည်းပဲ၊ ကဲ... ကဲ... ခင်မကြီးတို့ သွားကြတော့ အပြင်မှာ လုပ်စရာရှိတာလုပ်ကြ''
ပြော၍ အခြား အပျိုတော်များ အဆောင်တော် အပြင် ထွက်သွားကြသည်။
''ကိုင်းလေ...ဘယ်မှာလဲ သစ်သစ်ရဲ့၊ နေမြင့်လှပြီဆို၊ လုပ်ပါ ဖဲပ၀ါနဲ့ မြတ်လေးကုံးတွေကော ယူခဲ့ပါ၊ စားတော်ကွမ်းယာအတွက် စုစုရဲ့ ကွမ်းအုတ်တော်ကို အဆင့်သင့် ပြင်ထားတယ်ဆို''
စုဖုရားက အလျင်စလို မေးတော်မူလိုက်ရာ အထိန်းတော်ကြီးလည်း ထဘီကြီး ဒီလွှာနှင့် ကတိုက်ကရိုက် ပြေးလွှားဟန်ပြုကာ
''အို...အားလုံး အသင့်ပါဘုရား၊ ရှေ့တော်ကို ဆက်လာပါမယ်၊ မြန်မြန်ယူတော်မူပါ၊ စုထားဖုရား လက်တော်ကလေးနှင့် ကိုယ်တိုင်တော် လုပ်တော်မူဖို့ရာ သစ်သစ်က အကူအညီ အသယ်အပိုးဘက်က အစစပြီးစီးအောင် အကျိုးတော် ဆောင်ပမယ်ဘုရား''
ဆိုလျက် ကွမ်းတော်အုပ်ကို ပြေးယူဆက်ခြင်း၊ ဆေးလိပ်တော်ကလပ်၊ မြတ်လေးကုံး၊ ဖဲပ၀ါ၊ ပုသိမ်ပ၀ါများကို အားလုံးစုံ ရှေ့တောအ်ရောက် ထားလေ၏။
ထိပ်စုမြတ်ဖုရားလည်း ကွမ်းအုပ်တော်ကိုဖွင့်ကာ စားတော်ကွမ်းယာကို ကိုယ်တိုင် တော် ပြင်ဆင်ြပီးလျှင် ကိန္နရာမောင်နှံ ၀ဲပျံကနေဟန်ကို ဖော့ပန်းပုဖြင့် ပြုလုပ်ထားသော နန်းသုံးဆေးဖုံတော် (1)နှင့် နာနတ်သီးသဏ္ဍာန် ဖော့ဖြင့် စီမံထားသော နန်းသုံး လေးညှင်း နာနတ်ပန်း(1)များကိုလည်း စားတော်ကွမ်းယာများနှင့်အတူ ရွှေကလပ်ပေါ်တွင် တင်လျက် လ,စက်ရောင် ဖဲပ၀ါဖြင့် စီထုပ်တော်မူကာ ထိုဖဲပ၀ါနှစ်ထပ်ပေါ်တွင်မှ မြတ်လေးကုံးကြီးများ ရစ်ပတ်လွှမ်းဖုံးပြီး ပုသိမ်ပ၀ါနှင့် အပေါ်မှတစ်ထပ်၊ ခပ်ရွရွ ထုပ်တော်မူထားလေ၏။
''ကဲ...ဆေးလိပ်နဲ့ ကွမ်းယာတော်များကိစ္စကတော့ပြီးပြီ သစ်သစ်ရဲ့၊ ၀တ်လဲတော် ပုဆိုးတစ်ထည်လည်း ထည့်ဆက်လိုက်ချင်သေးတယ်၊ ဟို...လဲကျားအစ်ထဲက နွယ်သာကီ ကြိုးပုဆိုးတစ်ထည်ကို စုစု အီစတန် ရေမွှေး သပ်ခိုင်းထားတာတွေ ယူလာခဲ့စမ်းပါ၊ အဲ..ဒါလည်း ဆက်လိုက်မယ်၊ ညက စုဖျား ရေးသားတော် မူထားတဲ့ ရွှေလွှာတော်လည်း သလွန်တော် ခေါင်းရင်းဘက် (*) နေရပါး မပြီးယူခဲ့ပါ''
မိန့်တော်မူရာ အထိန်းတော်ကြီးလည်း ပျာပျာသလဲဝင် သလွန်တော်ခေါင်းရင်းက အလွှာတော်နှင့် အီစတန် ရေမွှေးသပ်၍ အထုံအမွှေး နှပ်ထားသော နွယ်သာကီ လွန်းပြန်ပုဆိုးတို့ကို ယူလာကာ ပုသိမ်ပ၀ါနှင့် ပတ်၍ ရွှေကလပ်တွင် တင်၍ ဆက်လေ၏။
''ကဲ...ကဲ...သစ်သစ် သွားပေတော့လေ၊ စုဖျားက သီပေါမောင်မောင် အောင်တော် မူစေကြောင်း ဆုတောင်းတော်မူနေတယ်ဆိုတာလဲ သစ်သစ်ရဲ့၊ နှုတ်စကားနဲ့ မောင်မောင့် ကို လျှောက်တင်ခဲ့ပါ၊ စုစုကိုယ်တိုင်တော် ယာတဲ့ စားတော်ကွမ်းယာနဲ့ ဆေးလိပ်တော်များ ကို သုဓမ္မာဇရပ်သို့ စာတော်ပြန်ထွက်တော်မူတဲ့အခါ သတိတရနှင့် သုံးဆောင်လျှင် သီပေါမောင်မောင် ဘုန်းရောင်လင်း၍ အောင်မြင်ခြင်း လာဘ်ကြီးကို အပြီးအပိုင် သိမ်းပိုက် ဆွတ်ခူးတော်မူနိုင်ပါလိမ့်မည်လို့ စုစုရဲ့ နှုတ်တော်က မှာတော်မူ လိုက်ကြောင်း သစ်သစ်က အာဝဇ္ဇန်းကောင်းကောင်းနဲ့ အပိုအမိုတွေ ဖြည့်ဆောင်ပြီး လျှောက်တင် လိုက်ပါ''
မိန့်တော်မူလျှင် သွားရန်ပြင်နေသော အထိန်းတော်ကြီးလည်း ပြုံးပြုံးကြီး နားထောင်နေရာမှ
''စိတ်ချတော်မူပါဘုရား၊ ဒီလို လျှောက်တင်ရတဲ့ဘက်ကတော့ ဘယ်တော့မှ ညံ့ခဲ့တဲ့ သစ်သစ် မဟုတ်ဘူး၊ ဘာမဆို လိုတာထက် ပိုပိုသွားမယ်ဆိုတာ ယုံကြည်တော် မူပါ၊ အနို့... သစ်သစ်နှုတ်က လျှောက်ရမှာထက် စုထားဖုရား ရေးသားတော်မူတဲ့ အလွှာ တော်ထဲမှာလည်း ဒီအဓိပ္ပာယ်မျိုးတွေ ပါပြီထင်ပဘုရား''
''အို...စုစု ရေးသားတော်မူတဲ့ အလွှာတော်က ဒါလောက် မစုံလင်ပါဘူး၊ ညက ညဥ့်နက် လာသည့် တိုင်အောင် ဘယ်လို ရေးရမလဲဆိုတာ စဉ်စားတော်မူလို့ မပေါ်တာနှင့် စိတ်တိုတော် မူလာလို့ အခြားမယ်ဘွဲ့ မောင်ဘွဲ့တွေ၊ အကျယ်ချဲ့မနေတော့ဘူး သစ်သစ်ရဲ့''
''တေးထပ်ကလေး တစ်ပုဒ်ပဲ ရေးတော်မူလိုက်တယ်၊ အကျယ်အ၀န်းတော့ သစ်သစ်နှုတ်ကပဲ လျှောက်လိုက်စေချင်တာနှင့် ယခု မှာတော်မူနေတာပေါ့ သစ်သစ်ရဲ့''
''ကဲ...ဒါဖြင့် ကောင်းပါလေရဲ့ဘုရား၊ သစ်သစ် သွားပါချေတော့မည်''
ဆိုကာ အထိန်းတော်ကြီး ခင်ဘွားသစ်မှာလည်း သီပေါမင်းသားကို ဆက်သရန် ပစ္စည်းနှင့် အလွှာတော်များ ယူဆောင်ကာ နန်းဦးမှန်စီ ကျောင်းတော်ရှိရာသို့ ထွက်လာခဲ့လေလျှင် အဆောင်တော် တွင် ထိပ်စုဖုရားလတ်လည်း အခြားအပျိုတော်များ နှင့် နံသာပန်းမန်များ ဆင်တော်မူရင်း အပျင်းပြေ စံတော်မူ နေလေသတည်း။
အခန်း (၁၄) ဆက်ရန်
.
No comments:
Post a Comment