Tuesday, December 29, 2009

ပန်းသတင်း (ဒီဇင်ဘာ ၅)

ထန်းသမား ထေကြီး 
သော်တာဆွေ

ထန်းသမား ထေကြီး၏ ပထမဦးဆုံး ထူးခြားချက်နှစ်ရပ်ကို ဖော်ပြပါမူ .........
(၁) ထန်းသမားတော်ကြီးသည် ထန်းတက်သမားဖြစ်လျက် ထန်းရည်၊ အရက် မသောက်ခြင်း။
(၂) ရေချိုးလေ့မရှိခြင်း။
''ငါ့ချီး…ရေချိုးလို့ သေတဲ့ မသာရှိတယ်၊ ရေမချိုးလို့ သေတဲ့ မသာ မရှိဘူးကွ"
သူ့အား ရေမချိုးရကောင်းလားဟု ပြောသူများအား ချေပသော လက်သုံးစကားတည်း။

"ကိုထေကြီး…ခင်ဗျားကိုယ်က ချေးတွေ၊ ညှော်တွေနဲ့ စီးထန်းမနေဘူးလား၊ မအီမသာ ဖြစ်မနေ ဘူးလား…"
"ဟင့်အင်း…မနေဘူးကွ၊ ငါ့ဟာငါ နေထိုင်ကောင်းနေတာပဲ"

ယင်းကား သူ့အဖို့ သိဒ္ဓိပြီးစီးခြင်းတစ်ရပ် ဖြစ်နေပေသည်။ ကျွန်ုပ်တို့မှာ ရေချိုးချင်၍၊ သို့မဟုတ် ရေချိုးချိန် တန်၍ မချိုးရပါက မည်မျှ ဒုက္ခရောက်ကြပါသနည်း။ ထေကြီးကား ဤဒုက္ခမှ ရာသက်ပန် ကင်းဝေးလျက် ရှိလေပြီ။

အများ မျက်မြင်အားဖြင့် ထေကြီးကိုယ်တိုင်မှာ ချေးကွက်တွေ အထပ်ထပ်ပြီး၍ ရွံဘွယ်လိလိ ရှိဘိသည်။ မည်သူသည် သူနှင့် ကိုယ်ချင်းထိတွေ့ချင်ပါအံ့နည်း။ သို့သော် သူ့မှာ အများနည်းတူ သားမယားနှင့် ဖြစ်၏။ သာမဏေနသာမဏော ဂေါနေနဂေါနော ဆိုဘိသို့ သူ့မယားလည်း သူ့လိုဘဲ ညစ်ပတ်ပါ၏။ အဲ…ဖအေရော - မအေရော ညစ်ပတ်ပြီဆိုတော့ သားသမီးများ အထူး ပြောဘွယ် မရှိတော့ပြီ။ 

တစ်ရွာလုံးမှာ အညစ်ပတ်ဆုံး အိမ်ထောင်ကို ပြပါဆိုတော့ "ဒီရွာတင် မကပါဘူးဗျ၊ တခြား ဘယ်ရွာတွေနဲ့ ယှဉ်ယှဉ်၊ ထေကြီးတို့အိမ်က ပထမတန်း ထိပ်တင်ပါဘဲ" ဟု ဖြေရမည်သာ။
သူတို့အိမ်ညစ်ပတ်သည်မှာ လူတွေသာမက အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ အ၀တ်အစား အနေ အထား၊ ရေကပြင်၊ မီးဖိုချောင်၊ ပန်းကန်ခွက်ယောက် က အစ ညစ်ပတ်ကြ၏။

    ထေကြီးသားသမီးတွေဆိုလျှင် အစဉ်သဖြင့် ချေးလက်လေးသစ်နှင့် အရှက်လုံရုံ ၀တ်ဆင် သည်များလည်း အလွန်ညစ်ပတ်၏။ ထေကြီးမိန်းမဆိုလျှင် အင်္ကျိဝတ်သည်ကို အလွန်မြင်ရခဲ၏။ အစဉ်သဖြင့် ထမီရင်လျား နှင့်သာ ဒူးပေါ်ရင်ပတ် ပေါ်နေလေ့ရှိ၏။ သည်တော့ မိန်းမတစ်ယောက်၊ အသက် ၃၀ မကျော်သေးသော မိန်းမ တစ်ယောက်၊ သည်လို ခြေသလုံးပေါ်က ပခုံးပေါ် မနေသင့်ပါ ဘူးဟု မထင်ကြပါလင့်။ သူတစ်ကိုယ် လုံးတွင် ရှိသော ချေးညှော်များက အန္တရာယ်ကို ကာကွယ် ထားပါ၏။ သူ့ကိုယ်သည် သည်ထက် ပို၍ ပေါ်စေဦး တော့ နဘယံ ဖြစ်ပါ၏။

ယင်း၌ သူတို့အိမ်သားဆင်ရဲလို့လားဟု မေးဖွယ်ရှိ၏။ မူလက မျိုးရိုးအားဖြင့် မွဲတေလှသည် မှန်သော်လည်း ထေကြီး ဤရွာရောက်၍ ထန်းတက်ရ ကတည်းက တစ်စတစ်စနှင့် တစ်နေ့တခြား ငွေကြေးများ စုဆောင်း မိ၍ နေပါပြီ။

ထေကြီး ပထမဦဆုံးနှစ် ထန်းစတက်စဉ်က ခြံရိုးလယ်စပ်တစ်ခုမှာ ထန်းရွက်တဲထိုး၍ ထန်းရည် တဲနှင့် နေခဲ့သည်။ မိုးဦးကျသော် ထိုထန်းရည်ရှည်တဲ ဖျက်ပစ်၍ မူလအိမ်မှာ သူရင်းငှားဝင်လုပ် လိုက်သည်။ လယ်ပြီး မိုးနှောင်း ရောက်သောအခါ၌ ကျီဝင်ဆက်မလုပ်တော့ဘဲ ထန်းရည်တဲ ပြန်ဆောက်ပြီး ထန်းရည် အလုပ်သာ  တိုးချဲ့လုပ်တော့သည်။ ထိုနှစ်မှာ သူသည် တစ်မိုးတွင်းလုံး ထန်းရည်ရသည့် 'သီးရင့်'ပင်တွေ များများကိုင်၍ မိုးဦးကျသော်လည်း သူရင်းငှားပြန်မလုပ်တော့ဘဲ နှစ်လုံးပေါက် ထန်းတက်သော အလုပ် ကိုသာ လုပ်တော့သည်။

သို့ဖြင့် တတိယမြောက်နှစ်မှာ ရွာထဲတစ်နေရာတွင် ၅၀၀ကျပ် ပေးရသော ခြံနှင့်အိမ်လေးတစ်လုံးကို ၀ယ်လိုက်နိုင်လေသည်။

ဤသို့ အိမ်နှင့်ခြံနှင့် ဖြစ်သွားသောအခါ ထေကြီးသည် လူဇာတိရွာမှ သားမယားကို ပြန်ခေါ် လေ၏။ ရေမချိုး သော ထေကြီးမယား ရောက်လာပြီ ကြားရသောအခါ ဒီလိုညစ်ပတ်တဲ့ကောင်ကြီး များ ဘယ်လို မိန်းမက ယူပါလိမ်…ဟု သွားရောက်ကြည့်ကြသည့်၌ ရွာသူ, ရွာသားများသည် သူတို့ လင်မယား အား "အောင်မယ်လေး…နေနဲ့လ…ရွှေနဲ့မြပါပဲ…"ဟု ပြုံးကာမဲ့ကာ ချီးမွမ်းသြဘာ ပြုကြကုန်လေ၏။ အကြောင်းမှာ ညစ်ပတ်ပုံချင်း တူညီလှချေစွတကား…..။

သို့တစေ ညစ်ပတ်သော ထေကြီးတို့အိမ်မှာ လူစည်သည်။ အကြောင်းမှာ ထန်းရည်ရောင်းခြင်း ကြောင့် အသောက်သမားများ ယောက်ယတ်ခတ်နေကြခြင်း ဖြစ်၏။ အကြွေးသောက်သူများသည် ထေကြီးမိန်းမ ခိုင်းစေသည်များကို လုပ်ပေးကြသည်။ ညစ်ပတ် ပေရေနေသော ထေကြီး၏ ကလေး များကို ချီပိုးခြင်း၊ ချော့မြူခြင်း၊ နှပ်သုတ်ပေးခြင်းများကို ပြုကြသည်။ ထေကြီးမိန်းမ အုန်းဆင့်အဖို့ ဒီရွာရောက်မှ ရတနာပုံ ဆိုက်ခြင်း ဖြစ်ပေသည်။ ငွေကြေးမပြတ် ကိုင်နေရသည်။ ထန်းရည် တစ်ပုလင်း တစ်မတ် ရောင်းရသည်။ အကြွေး သောက်သူများအား စာရင်းမှတ်ရသည်။

မူလသူတို့ဇာတိရွာတုန်းကမူ အဘယ်မှာလျှင် ဤသို့ လူမွေးလူတောင် ပြောင်လိမ့်အံ့နည်း။ ဆင်းရဲသော မိသားစု ဖြစ်သည်နှင့်အညီ အစာဆင်းရဲ၊ အနေဆင်းရဲဖြင့် ယခုလို ကိုယ်ကကြွေးမှတ်ဖို့ မဆိုထားဘိ၊ ကြွေးရှင်တို့ မျက်မှောက်မှာ မျက်နှာငယ်နှင့် နေခဲ့ရပေသည်။

အဘယ်ကြောင့်နည်း။
သူတို့ မူလဇာတိရွာသည် မြို့မှ ရ-မိုင်ကွာဝေး၏။ 'လသာကွင်းရွာ'ဟု ခေါ်သည်။ ယခု သူတို့ ပ၀တ္တိရွာမှ မြို့မှ 3-မိုင်ခန့်ကွာ၍ ပေတစ်ရာလမ်းနှင့် ကပ်နေသဖြင့် 'တာကပ်ကြီးရွာ'ဟုခေါ်၏။
တာကယ်ကြီးရွာသည် ကြီး၏။ လယ်ပိုင်,မြေပိုင်နှင့် လူချမ်းသာများပေါ၏။ ဆန်စပါးအပြင် အခြား သီးနှံ စိုက်ပျိုးခြင်း၊ ရက်ကန်းရက်ခြင်းတို့ဖြင့် ရွာသူ,ရွာသားများ ချောင်လည်ကြသည်။

လသာကွင်းရွာကား နာမည်လှသော်လည်း မြို့နှင့်ဝေး၍ လူဆိုး,သူခိုးများနှင့် အတော်ဗရုတ်ကျ၏။ ချမ်းသာ ချောင်လည်သူ နည်းပါး၍ ဆင်းရဲသားများ၏။ ထန်းရည်အရက်ကား ပေါ၏။ ထန်းရည် တက်ခြင်းအတတ်ကို နွားကျောင်းသားအရွယ်ကစ၍ တတ်ကြကုန်၏။ ကိုယ့်ဟာကိုယ် တက်သောက် တတ်ကြ၏။ သောက်၍ ပိုသည်ကို ဆီဖိုး, ဆန်ဖိုးရအောင် ရောင်းကြ၏။

သူတို့ရွာသည် မြို့မှလာသော လမ်းဆုံးရာ တာဂွလမ်းဆုံနှင့်နီး၍ အခြားဝေးလံသောရွာများမှ မြို့ကို လာကြကုန်သော ခရီးသည်တို့၏ လှည်းလမ်းဆုံရွာလည်း ဖြစ်သောကြောင့် ထန်းရည်ရောင်း ကောင်းကြ၏။ မြို့နှင့်ဝေးကွာသဖြင့် - လိုင်စင်စီနှင့် ဘုံဆိုင်မရှိသဖြင့် မည်သူမဆို ထန်းပင်ရှိ ထန်းတက်နိုင် ကြ၍ ကိုယ့်အိမ်ရှေ့မှာကိုယ် ထန်းရွက်တဲကလေးထိုးကာ အမြုပ်ကလေးတစ်စီစီနှင့် ထန်းရည်ပုလင်းတွေ ထောင်ကာ ရောင်းကြသည်။ အမြည်းငါးကြော်-အမဲကြော်နှင့် ဆေးလိပ်များ လည်း ရှိသည်။ ထိုနေရာသည် လမ်းဆုံ,လူစုံဖြစ်၍ ဆေးခြောက်၊ ကွမ်းပုံ(ဘိန်း)များလည်း ရနိုင်သည်။

ဤဒေသ၌ကား ထေကြီးကို သတ္တ၀ါသည် ပွဲမတိုးနိုင်ခဲ့ပေ။ ကိုယ်ပိုင်ထန်းပင်,ပင် မတက်နိုင်ခဲ့။ အခြားသူ၏ ထန်းပင် သူရင်းငှား တက်ခဲ့ရသည်။

ယင်းသို့ ထေကြီးသည် လသာကွင်းရွာ၌ ဆင်းရဲမွဲတေနေစဉ် ကံကောင်း ထောက်မချင်တော့ အ ကြောင်းအားလျော်စွာ တာကပ်ကြီးရွာက သူကြီးနှင့်ဆက်မိ၍ သူကြီးအိမ်ကို သူရင်းငှားအဖြစ်နှင့် ရောက်လာ ခဲ့လေတော့သည်။

စရောက်သောနှစ်မှာပင် သူကြီးက ထေကြီးအား "မင်း…ထန်းတက် တတ်လား…"ဟု မေး၏။ " လသာကွင်း သား ထန်းတက်တတ်လား" မေးခြင်းသည် "ငါးရေကူးတတ်လား…" မေးခြင်းနှင့်တူ၍ သူ ကြီးက သူသောက်ရန် ထန်းတစ်ပင်ကို တက်စေသည်။

တာကပ်ကြီးရွာ၌ ခြံတွေမှာရော၊ လယ်ကွင်းတွေထဲမှာရော ထန်းပင်တွေ အလွန်ပေါ၏။ သို့သော် ထန်းတက်တတ်သူ အလွန်နည်း၍ တက်တတ်သူ နှစ်ဦးသုံးဦးမှာလည်း မိမိတို့သောက်ဖို့သာသာ လိုင်စင်စီရရုံလောက် တက်ကြသည်။ တာကပ်ကြီးရွာသည် မြို့နှင့်နီး၍ ထန်းရည်လိုင်စင် ဧရိယာ အတွင်း ကျရောက်သဖြင့် ထန်းရည်တက်လိုလျှင် လိုင်စင်စီကို အခွန်အခ ပေးရသည်။ ထေကြီးတက်သော အပင်ကား တစ်ပင်တည်း၊ သူကြီးဂုဏ်ရှိန်နှင့်မို့ မပေးရပေ။

ယင်းသို့လျှင် ထေကြီးသည် သူကြီးအိမ်မှာ သူငှားရင်းလုပ်ရင်း ထန်းတစ်ပင်တက်ခြင်းဖြင့် အမှုတော် ထမ်းနေစဉ် နေ့စဉ်သူတက်သော ထန်းပင်ပေါ်မှ လှမ်းမျှော်ကြည့်၍ အနီးပတ်ဝန်းကျင်ရှိ ထန်းပင်များကို မြင်ရသည်၌ "သည်ထန်းပင်တွေများ ငါအားလုံးတက်လိုက်ရ၊ ဘယ်လောက်စီးပွား ဖြစ်လိမ့်မလဲ…"ဟု တွက်ဆမိ၏။

ရွာထဲ၌ ထန်းတက်သူ တောင်ပိုင်းတစ်ယောက်၊ မြောက်ပိုင်းတစ်ယောက်ရှိရာ သူတို့သည် တစ်ဦး လျှင် နှစ်ပင် သုံးပင်မျှ အပျော်တက်လောက်ဖြစ်၍ ရောင်းမလောက်ပေ။ သောက်ချင်လျက်နဲ့ မသောက်ရသူတွေ အနတက္ကမ။ ထေကြီးသည် ယခုသူတစ်ပင်တည်းတက်၍ သူကြီးသောက်၍ ပို သမျှ ရောင်းရသည်နှင့်ပင် သူခပ်မြက်မြက် တွေ့နေပေပြီ။ လသာကွင်းတုန်းက အိတ်ထဲပိုက်ဆံ မကပ်ခဲ့ရ။ ယခု နေ့စဉ်ဝင်ငွေ ရနေသည်… ဟီ…ဟီ…။

သို့ဖြင့် တစ်နေ့သ၌ သူသည်သူကြီးအား ထန်းပင်များများ တက်လိုကြောင်း၊ သည်ရွာမှာ ထန်း တက်၍ စီးပွားဖြစ်နိုင်လိမ့်မည်ထင်ကြောင်း ပြောပြရာ သူကြီးသည် သူ့အား ခိုင်း၍စေ၍ကောင်း သဖြင့် ချစ်ခင် ရင်းစွဲရှိသည်နှင့် "အေး…မင်းအကျိုးရှိမယ်ထင်ရင် လုပ်လကွာ၊ ငါတို့ဆီမှာ သူရင်း ငှားတော့ မရှားပါဘူးဟု အခွင့်ပေးသည်နှင့် အစ၌ ဖော်ပြခဲ့သည့်အတိုင်း ထေကြီးသည် ပထမတစ် နှစ်၊ တစ်ဆောင်းနှင့်တစ်နွေ စမ်းလိုက်သည်။ ဟန်သဖြင့် ဒုတိယနှစ်ကုန်ပြီး တတိယနှစ် ရောက်သည်၌ သူရင်းငှားအလုပ်ကို လုံးဝ စွန့်ပစ်လိုက်ကာ ထန်းတက်သော အလုပ် တစ်ခုတည်းသာ ဖိလုပ်လေတော့သည်။

ထန်းရည်နင်း
ပေါက်ကင်းတဲ့ လဲငုံ။
ဇရက်ကယ် သရကာနဲ့
ရော်ရွက်ဝါတမာနု
လွမ်းသူ့ပူပုံ။
စရိုက်ကယ်လှုံ
ပင်မြုံမြင့် သိုက်နန်း။
ထွက်စီးငယ်ဝှန်
ကျောက်စက် ရေတံခွန်နဲ့
ဟေမဝန် သာယာနုပါဘိ
ယွန်းလုနွေဆန်း။   ။

'ထန်းရည်နှင်း' ဆိုသည်၌ ဘယ့်နှယ် ထန်းရည်တွေတက်နင်းလို့ ခြေထောက်စိုကုန်မှာပေါ့ဟု ပြော စရာရှိ၏။ စင်စစ်ထန်းရည်တွေကို တက်နင်းခြင်းမဆိုလိုပေ။ ထန်းရည် ထွက်အောင် ထန်းတက်ရာ ၌ ထန်းစအရင်းထိ ပေါ်လာရန် ထန်းလက်, ထန်းခွာတွေကို ခြေထောက်နှင့် နင်းချရခြင်းကို ဆိုလို ခြင်းဖြစ်ပေသည်။

ဦးကြင်ဥသည် ဤလေးဆစ်ကို တပို့တွဲလဘွဲ့ဖွဲ့သည်။ မှန်ပါ၏။ တပို့တွဲလသည် ထန်းလှိုင်လှိုင် တက်ရသော လ ဖြစ်ပါ၏။ သို့သော် ထန်းသမားများအဖို့ ထန်းဦးမှာ နတ်တော်လလောက်က စ တက်ရ သည်။

ထန်းရည်သည် သုံးမျိုးမှ ရနိုင်သည်။ ထန်းဖို၊ သီးနု၊ သီးရင့်။
ပထမဦးဆုံး ကိုင်ရသည်မှာ ထန်းတစ်ပင်မှသီးသော သီးနု၊ အသီးကလေးတွေပြူစ၊ အခိုင်ကျမှ ကိုင်ရသည်။ နတ်တော်လ ထန်းဦးဖြစ်သည်။ ဒုတိယ ထန်းဖို ပြာသို၊ တပို့တွဲလလောက်မှာ ကိုင်ရသည်။ တတိယ နောက်ဆုံးမှာ သီးရင့်ဖြစ်သည်။ အသီးများ လည်ရစ်ဝင်၍ စားမဖြစ်အောင် ရင့်သောကာလ၊ မိုးဦး ကျလောက် မှ စ ကိုင်ရသည်။

ထန်းရည်ထွက်အောင်လုပ်ရာ၌ ထန်းသမားအဖို့ သီးရင့်သည် အပင်ပန်းဆုံးဖြစ်၏။ အသီးရင့်ကြီး တွေနာပြီး သူ့အဆီအနှစ်တွေ အရိုးထဲ ပြန်ဝင်သွားအောင် သီးလုံးစေ့ချက် ညီညီ ထုရသည်။ ထန်းသမား များသည် အများအားဖြင့် ကကြီး-ခကွေးဆို၍ ထုကြသည်။ ဥပမာ…အသီးတစ်လုံးကို တင်း ပုတ်ဖြင့် (င)အထိ ၅-ချက်ထုလျှင် အလုံးတိုင်းသည်လိုဘဲ ခိုင်လုံးစေ့ထုရ၏။ ရက်ပေါင်းများစွာထု၊ နေ့တိုင်းထုရ၏။ သီးရင့် သည် လုပ်ရတာ ခက်ခဲ ကြံ့ကြာသလောက် ထန်းရည် ထွက်သက်ရှည်၏။ ထန်းဖို့ ထန်းမတို့သည် (အရိုးစွဲသော တစ်ပင်တစ်စ နှစ်စလောက်မှလွဲ၍) မိုးသံလေသံကြားလျှင် ပြေးကုန်တတ်ကြသည်။ သီးရင့် ကား မိုးဦးကျကဆုန်၊ နယုန်မှ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ် တော်အထိ ထန်းကိုင် ကောင်းလျင် ကောင်း သလောက် ရေရှည် ထွက်လေသည်။
ထေကြီးသည် သူတို့ရွာမှ ထန်းတက်ပညာကို အကုန်တတ်ခဲ့သဖြင့် ထန်းသုံးမျိုးကို နှစ်လုံးပေါက် ထန်းရည်ရအောင် တက်နိုင်လေသည်။

တာကပ်ကြီးရွာတွင် ထန်းပင်ပေါရကား ထေကြီးသည် တစ်နှစ်လျှင် ထန်းပင် ၅၀ တက်နိုင်သည်ဟု မဆိုပါ။ ထန်းဖို, ထန်းမ၊ သီးနု သီးရင့်လိုက်၍ အချိန်ရာသီခြားရပါသည်။ သို့သော် သူသည် တစ် နေ့ထဲကို အပင် အစိတ် သုံးဆယ်လောက်တော့ တက်ရပါ၏။ ဤသည်ပင် တာကပ်ကြီးရွာက ရွာခံ ထန်းသမားများ အံ့သြကြရ၏။ တစ်နေ့ထဲ ထန်းပင်အစိတ်တက်ခြင်းသည် နည်းနည်းနှောနှော တာဝန်ကြီးမဟုတ်ပါ။ ထန်းတစ်ပင် ကို မနက်တစ်ခါ၊ ညနေတစ်ခါ၊ တက်ရ, လှီးရသည်။ သည်တော့ ထန်းပင်အစိတ်သုံးဆယ်သည် တစ်နေ့ထဲကို အပင်ငါးဆယ်, ခြောက်ဆယ်ရခြင်း ဖြစ်ပေတော့ သည်။
ထို့ကြောင့် ထေကြီးသည် နံနက်ဝေလီဝေလင်းမှသည် ဆွမ်းခံပြန်လောက်အထိ တစ်ပင်ပြီးတစ်ပင် မနာတမ်းသွားရ၊ တက်ရ၊ ဆင်းရ၏။ တစ်ဖန် နေ့ခင်း ၂-နာရီလောက်မှ မိုးချုပ်အထိ သူ့မယားက သော်လည်း ကောင်း၊ သားလေးက သော်လည်းကောင်း နောက်မှ ထန်းရည်ကောက်လိုက်ရ၏။

ပုဂံရာဇ၀င်တွင် ငထွေရူးသည် ထန်းပင် ၁၀၀-တက်သည်ဆို၏။ သူတို့အညာမှာ ထန်းပင်တွေက အစုလိုက်၊ အအုပ်လိုက်နေ၍ မဆင်းမတက်ဘဲ တစ်ပင်နှင့်တစ်ပင် ထန်းလက်ချင်းယှက်၍ ကူးနိုင် သန်းနိုင်မည် ဖြစ်ခြင်းကြောင့် ဟုတ်တန်ရာ၏ဟု ဆိုနိုင်သော်လည်း ယခုထေကြီးတက်ရသော အရပ်ဒေသမှာ ခြံထဲ၊ လယ်ထဲနေရာအသီးသီး၌ အပင်ချင်းမနီးကပ်ပဲ တစ်ပင်ပြီးတစ်ပင် ကူးရ၊ သန်းရ၊ တက်ရ၊ ဆင်းရသဖြင့် လူစွမ်းကောင်း ငထွေရူးပင်ဖြစ်စေကာမူ ဘယ်နည်းနှင့်မျှ အပင် ၁၀၀တော့ တက်နိုင်မည်မဟုတ်ပေ။ ထေကြီး တစ်နေ့လျှင် အပင်အစိတ်, သုံးဆယ်တက်ခြင်းပင် အစွမ်ကုန်ပဲဟု ထန်းသမားများက ပြောကြ၏ ။ ထေကြီးအား'နှယ်နှယ်ရရ ကောင်မဟုတ်ဘူး' ဟုလည်း ချီးမွမ်းကြ၏ ။

မှန်ပေသည်။ ထေကြီးသည် နှယ်နှယ်ရရမဟုတ်ပေ။ တစ်ခါက ထန်းပင်ပေါ်ကကျဖူး၏ ။ ထန်းပင်ပေါ်ကကျ၍ ဘာမှမဖြစ်သူတည်း။
"ငါကထန်းခွာပေါ်က ခြေဖ၀ါးချောကနဲဖြစ်ပြီး ထန်းပင်ပေါ်က ကျပြီဆိုတာသိလိုက်သကွ။ ဒီတော့ ယောက်ျား ဘသား ဘုရား, တရားဆိုပြီး အံကြိတ်ထားလိုက်တယ်။ ဟာ-မြေပြင်ကြီး ကငါ့ဆီပြေးလာပြီး ဒိတ်ကနဲ ဆောင့်တော့တာပဲဟေ့။ ငါဒူးထောက်ရက်သားလေးဖက် ထောက်ဖြစ်နေတယ်။ ရုတ်တရက်ဖြစ် အကြော အခြင် တွေ ပြတ်သွားသလိုပဲဟေ့၊ ငါဘာမှမလုပ်နိုင်ဘူး၊ တော်တော်ကြာမှ ထလို့ရသကွ..."

တစ်ယောက်သော မျက်မြင်ကိုယ်တွေ့လူက ပြောပြသည်မှာ...
"ငါကသူ့ထန်းပင်နဲ့ ခပ်လှမ်းလှမ်းကလကွာ။ ပဲသီးဆွတ်နေရင်း လေမတိုက်ပဲနဲ့ ထန်းရွက် ဖြုန်းကနဲ လှုပ်သံကြားလို့ လှမ်းကြည့်လိုက်တယ်။ လားလားကောင်ကြီး ထန်းလှီးဓားကြီး ကိုင်လျက် တန်းလန်း မတ်တတ်ကြီး ကျလာလိုက်တာ အောက်ရောက်တော့ ဒုတ်ကနဲ အသံကြားလိုက်တယ်။ ပွဲချင်းပြီး မသေတောင် ကျိုးရော၊ ပဲ့ရောအောက်မေ့တာ။ ငါ ကပျာကယာပြေးသွားတော့ ငတိကြီးပြုံးပြုံးကြီးနဲ့ ပြန်ထပြီး ဘာမှမဖြစ်ပါဘူးကွ။ အံ့ရောဟေ့၊ သူအဲဒီထန်းပင်ပေါ်မှာ ထန်းရည်ချမပြီးသေးတော့ ပြန်တက်သွား သကွ။ ငါ့စိတ်ထဲ ရုတ်တရက်ဖြင့် သေပြီးသရဲများ ၀င်ပူးသွားသလားတောင် အောက်မေ့မိတယ်။"

စင်စစ်ထေကြီးသည် သတိလည်းကောင်း၏ ။ အကျလည်းကောင်း၏ ။ သူ့ကိုယ်လုံးကိုယ် ထည်ကလည်း အလွန်တောင်းတင်းခိုင်မာ၏ ။ သူ့အရပ်သည် ၅-ပေလောက်သာရှိ၍ ဂင်တိုလူပုဖြစ်၏ ။ သူ့ကိုယ်ထည်မှာ သစ်တုံးကို ထောင်ထားသည်နှင့်တူ၏ ။

အချို့နောက်ပြောင်တတ်သူများက ပြောကြသည်မှာ-
"ထေကြီး ထန်းပင်ပေါ်ကကျလို့ ဘာမှမဖြစ်တာဟာ သူရေမချိုးလို့ကွ၊ သူ့ကိုယ်ကချေး တွေက သရိုး ကိုင်ထား သလိုမာနေတာ၊ အခုဓားတောင်ပီးနေပလား မသိဘူး။ မှန်း... ထေကြီး၊ ကျောကုန်း စမ်းခုတ် ကြည့်ရအောင်..."
"အောင်မလေး....မလုပ်ပါနဲ့ အစ်ကိုရာ၊ ကျွန်တော်သေတာက အရေးမကြီးဘူး။ အစ်ကို ထောင်ကျ နေပါဦးမယ်"
ထေကြီးသည် သဘောသကာယလည်း ကောင်းသူဖြစ်၏ ။ သူ့လိုထန်းတက်အသက် မွေးသူသည် သဘော မကောင်းလို့လည်း မဖြစ်ပေ။

"ငါ့ချီး... ကိုယ်ကဘာမဆို အောက်ကျခံမှဖြစ်တာ၊ ကိုယ့်အလုပ်က လုမုန်းခံလို့မဖြစ်ဘူး။ ည ထန်းပင်တက်၊ ထန်းစတွေ တက်ခုတ်ပစ် ဘယ့်နှယ်လုပ်မလဲ။ ဒါမှမဟုတ် ထန်းရည်ကျည်တောက် ထဲမဟုတ်တာတွေ ထည့်သွားရင် ငါလူသတ်မှုဖြစ်နိုင်တယ်ကွ"

    ထေကြီးပြောလေ့ရှိသော စကားဖြစ်၏။ မှန်၏။ မသိအောင် ထန်းပင်ပေါ်တက်ပြီး ရင်ဆွဲကို တဲတဲလုပ်ထားပါက ထန်းပင်လည်ဆစ်မှ ပြုတ်ကျပြီး ခါးကျိုးနိုင်၏။ ထို့ကြောင့် ထေကြီးသည် ပိုက်ဆံမပါလို့ မရောင်းနိုင်ဘူး။ အရင်အကြွေးတွေ ဆပ်ပါ စသဖြင့် မည်သည့် အသောက်သမားကိုမျှ တင်းတင်း မာမာ မပြောဝံ့ချေ။ တစ်ရွာသားလည်းဖြစ်ရကား အစစအရာရာ အောက်ကျနောက်ကျ ခံရ၏။ သောက်ချင် သမျှရောင်း၍ ပေးသမျှ ပိုက်ဆံသာရရှာ၏။ ဓထေကြီး ထန်းရည်ထွက်သမျှသာ ပိုက်ဆံရ မည်ဆိုလျှင် ဘယ်မှာ ထားစရာရှိတော့မလဲဓဟု ပြောကြ၏။

    ကျေးတောရွာအနေဖြင့် မှန်ပေသည်။ ထေကြီးသည် တစ်နှစ်လုံး ထန်းပင်အစိတ်သုံးဆယ် ကျော်တက် လေရာ ထန်းရည်သည် နေ့စဉ် ပုလင်းရာချီ၍ ရလေသည်။ ဤလိုထန်းပင်များများ တက်သူအား ဘုံဆိုင် လိုင်စင်စီသည် ထန်းပင်ခနှင့် မချတော့ချေ။ ထွက်သမျှ ထန်းရည်မှန်းပြီး တစ်နေ့လျှင် သူ့ဘုံဆိုင် သို့ မည်မျှ သွင်းရမည်ဟု စည်းကမ်း ချမှတ်၏ ထိုမှ ပိုသမျှ ရောင်းစားခွင့် ပြု၏။

    သို့ဖြင့် ဘုံဆိုင်ကလာယူ၍ ပိုသောထန်းရည်မှာ ထေကြီးအိမ်တွင် အသောက်သမားလာသမျှ မရဟူ၍ မရှိရ။ ထို့ပြင် ထေကြီး ဘုံဆိုင်သွင်းရသည်မှာလည်း အလကားမဟုတ်ချေ။ ပုလင်းတစ်ရာ ကို တစ်ဆယ် ဈေး ရသေး၏။

    သို့ဖြင့်ထေကြီးသည် ဤရွာကြီးမှာ တဖြည်းဖြည်း စီးပွားဖြစ်ထွန်းလာခဲ့သည်။ ထေကြီး သည် စုမိသော ငွေကို အလကားမထား၊ ၀က်လည်းမွေး၏ နွားလည်းမွေး၏။ ထေကြီးတို့လင်မယား သည် အသုံးအစား လည်း အလွန်ဆင်ခြင်၏။ ဆင်ခြင်သည်ထက် မစားတတ်၊ မ၀တ်တတ်ဆို သည်က ပို၍ မှန်ပေမည်။

    ဖော်ပြခဲ့သည့်အတိုင်း ထေကြီးမိန်းမသည် အင်္ကျီဝတ်ခဲ၍ ထမီရင်လျားနှင့်သာ နေလေ့ရှိသည်။ ဤနေရာ၌ ထေကြီး၏ နေ့စဉ်ယူနီဖောင်းကို ဖော်ပြရဦးမည်။ မည်သည့်နှစ်၊ မည်သည့်ခေတ်က မည်သို့ ရထားသည်မသိ ကာကီရောင်စစ်သား ၀တ်ဘောင်းဘီတို ဇင်ဖျင်ထူထူထစ်သည်၊ သူ့ ဒူးအောက် ရောက် အောင်ရှည်သည်။ မူလအရောင်ပျက်၍ မွဲအောက်အောက် အဖာဗရပျစ်နှင့်။ အင်္ကျီ မှာသာ၍ အံသြဖွယ် ကောင်းသည်။ ဘာဘူကုလားတွေ ရှပ်အင်္ကျီ အပေါ်မှဝတ်သော လက်ပြတ်ခါးပြတ် မဲနက်သော အင်္ကျီတို၊ သူ၏ကြီးမားသော ကိုယ်လု့းကို မပတ်မိ၍ ကြယ်သီးမတပ်နိုင်၊ ရင်ပတ် ဟောင်း လောင်း နှင့်ပဲ အမြဲနေ၏။

ဤကားရေလည်းမချိုး၊ နေ့မချွတ်၊ ညမချွတ်၊ သူ့ကိုယ်မှာ ထာဝစဉ်နေသော အ၀တ်အထည်ပါတည်း။ ဤယူနီဖောင်းနှင့် အရပ်၅-ပေလောက် လူပုပု ဂင်တိုတို၊ ချေလက်လေးသစ်နှင့် မျက်နှာပြားပြား နှာခေါင်း ပိပိ၊ နှုတ်ခမ်းထူထူ၊ ပါးစပ်ပြဲပြဲ သွားကျဲကျဲနှင့် ထေကြီး၏ပုံစံပုသဏ္ဍာန်ကို မှန်းဆ၍ ကြည့်ကြပါကုန်။ သူ့ဆံပင်ကား အရှည်လား၊ အတိုလား ပြောရန်ခက်ပါသည်။ သူသည် တစ်နှစ်မှ တစ်ခါ ပူအိုက်သော နွေရာသီ တွင် ခေါင်းရိတ်ပါသည်။ သူ့ခေါင်းမှာတော့ ပုဆိုးစုတ်တစ်ထည် အမြဲပတ်ထားတတ်ပါသည်။ ဤပုဆိုးစုတ် လည်း မလျှော်တမ်းယ မဖွပ်တမ်း ထန်းတက်ရင်း ချွေးသုတ်သည်။ ထမင်းစားပြီး လက်သုတ် သည်။ ထေကြီး၌ အပျော်အပါးအလောင်းအစားမရှိ ထန်းရည်အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းလည်း မစား၊ အဲ-ဆေးရွက်ကြီးတော့ ကိုက် ကိုက်ပြီး အားရပါးရငုံသဗျ။ သံဘူးနှင့်ထည့်၍ သူ့ဘောင်းဘီ ခါးကြားမှာ အမြဲမပြတ်လိပ်ထား၏။

    သို့ဖြင့် ထေကြီးသည်ငွေအရသာရှိပြီး ကုန်ကျစရိတ် အလွန်နည်းသောကြောင့် သူ့မှာ တစ်နှစ်ထက် တစ်နှစ် စီးပွားတက်ခဲ့သည်။ ထန်းတက်၍ ၅-နှစ်၊ ၆-နှစ်မြောက်၌ သူ့မှာ ငွေထောင်ချီ၍ စုမိလေပြီ။ ထိုငွေအပြင် သူ့အိမ်မှာ နွားမç မိသားစုနှင့် ခိုင်းနွားတစ်ရှဉ်း၊ လှည်းတစ်စီးလည်း ရှိလာ၏။ ခိုင်းနွားများကို လယ်ထွန်ချိန်၊ ကောက်လှိုင်းတိုက်ချိန်တို့၌ ငှား၍ ငှားခစပါးရသေး၏။ နွားမမိသားစုကိုကား တလင်းနယ် ငှားခြင်းဖြင့် သူတို့မိုးတွင်းစားဖို့ ကောက်ရိုးရ၏။

    ထေကြီးသည် သူစုမိသော ငွေသားများကို သူ့မွေးစားဖခင်လိုဖြစ်နေသော သူကြီးထံအပ်နှံ ၍ထား၏ သူကြီးကလည်း အစစအရာရာ ခိုင်းစေလို့ကောင်းသော ထေကြီးအား ချစ်ခင်၍ ထေကြီးနောင်ရေးအတွက် စဉ်းစား ပေး၏။

   ထေကြီး၊ မင်း အခုအသက်ဘယ်လောက်ရှိပြီလဲ
    ထေကြီးသည် သူ့မွေးသော သက္ကရာဇ်ကို မသိချေ။
    "ကျွန်တော့အသက် ၄၀-လောက်တော့ရှိမလား မသိဘူး"
"အေး... မပြည့်တောင် ၄၀-တော့ နီးရော့မယ်၊ ဒီတော့မင်းကြီးလာတဲ့အပိုင်းမှာ ဒီလိုထန်းပင်တွေ များများ တက်နိုင် တော့မယ် မဟုတ်ဘူး"
  "ဟုတ်တယ် အဘရဲ့၊ အခုတောင် ကျွန်တော်ကလို မပေါ့ပါးချင်တော့ဘူး.."
    "အဲဒီတော့ မင်းနောင်ရေးအတွက် စုမိတဲ့ငွေနဲ့ ရသမျှလယ်ဝယ်ထားလေကွာ..."
    "ဟုတ်ကဲ့... အဘပဲ ကြည့်ပြီးစီမံပေးပါတော့.."
    သို့သော် သူကြီးဦးရွှေသီးသည် ထေကြီးအတွက် လယ်မ၀ယ်ပေးရမီ ၉၆-ပါးသောရောက် ဖြင့် အနိစ္စသဘော ကိစ္စချောသွားလေသတည်း။
    ယင်းသည်ပင် ထေကြီး၏ဘ၀လမ်းပြောင်းဖို့ဖန်လေသည်။ အကြောင်းမှာ ထိုခေတ်သည် "ဆိုက်ကား သမားပင် ၀န်ကြီးချုပ်ဖြစ်နိုင်မည်" ဆိုသော ကာလဖြစ်၍ နောက်သူကြီး တစ်ယောက် ရွေးကောက်ပွဲ လုပ်ရမည်ဆိုသောအခါ၌ ထေကြီး၏ဖောက်သည် အသောက်သမားတို့သည် ထေကြီးအား မွေးစားဖခင် ဦးရွှေသီး ၏နေရာကို ဆက်ခံရန် ပင့်ထိုးပင့်ကော် လုပ်ကြလေသတည်း။
  "ဒို့ထေကြီးက ဘာမဖြစ်နိုင်စရာရှိလေကွ... ဒီမိုကရေစီခေတ်ပဲ မဲရနိုင်တာဘဲ..."
    "ဟုတ်တယ်... ဒို့အပိုင်းအတွက်တော့ ဒို့တာဝန်ထားလိုက်..."
    "နို့ပြီး သူကြီးအလုပ်ဆို ဒီရွာမှာ ထေကြီးလောက်နားလည်တာ ဘယ်သူရှိအုံးမလဲ.. သူကြီးရဲ့ မွေးစားသားကွာ.... သူကြီးအိမ်မှာ သုံးနှစ်သုံးမိုး နေလာခဲ့တာကွ၊ နောက်လဲ သူကြီးက သူ့ကိစ္စတွေ ထေကြီး ကိုပဲ ခေါ်ခေါ်ခိုင်းနေတာ တစ်ရွာလုံးကအသိ..."
    "အေး... ဟုတ်တယ်-မှန်တယ်၊ ကိုထေကြီးကလည်း သူကြီးအလုပ်တာဝန်ဆို အကုန်နားလည်ပြီးသား မဟုတ်လား"
    ထေကြီးလည်း ၀ိုင်းအတွန်းကောင်းသဖြင့် စိတ်ပါနေပြီဖြစ်၍ ပြုံးကျဲကျဲကြီးဖြင့်...
    " နို့... အဘကိစ္စတွေဆို ကျုပ်ပဲအစစအရာရာ ဆောင်ရွက်နေတာပဲ..." မှန်၏။ ထိုခေတ်က ကျေးရွာ သမ၀ါယမ အသင်းငွေကို သူကြီးကကိုင်၍ ရွာအတွက် ခွဲတန်းကျသော ပစ္စည်းများကို မြို့းသွားပြီး မြို့ထဲမှာပဲ ဖောက်သည် တွေဆီရောင်းချရာ၌ ထေကြီးပင် သယ်ပိုးဆောင်ရွက်ခဲ့ရ၏။ ဒီသူကြီးပိုင်နက်က ဒီနေ့စပါး တင်းရေ မည်မျှရောင်းနိုင်သည်ဟု အထက်ကအမိန့်လာသည်၌ ခပ်လှမ်းလှမ်းကရွာတွေ အချိန်မီ ရောက် မလာနိုင်အောင် ပညာသားပါပါသွား၍ ဆော်သြကြသူမှာ ထေကြီးဘဲဖြစ်ပါ၏။ ထို့ကြောင့် ထေကြီးက သူကြီး အလုပ် အားလုံး နားလည်နေသည်ဟုဆို၏။
    ထိုခေတ်က ကျေးရွာသားတွေ စပါးရောင်းခွင့်ရဖို့ကို သူကြီးထောက်ခံစာပါမှ ဖြစ်သော ဗ-တ-လ-စ ခေတ်ဖြစ်၍ ကျေးရွာကသူကြီးတွေ အလွန်စားသာကြသည်။ ထို့ကြောင့် ထေကြီးလည်း သူကြီးအလုပ်ကို မက်မောခြင်းဖြစ်၏။
    ယင်းသို့ထန်းတောပျော် အသောက်သမားတို့ ၀ိုင်းဝန်းတိုက်တွန်းကြခြင်းဖြင့် ထေကြီးသည် သူကြီး အရွေးခံတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သော အခါ၌...
   "ကဲ... ထေကြီး၊ မင်းဒီလိုဆိုရင် သူကြီးလောင်းအနေနဲ့ တစ်နေ့လုံး ထန်းတက်နေလို့လည်း မဖြစ်ဘူး၊ ရေမချိုးဘဲနေလို့လည်းမဖြစ်ဘူး။ ဒီဘောင်းဘီစုတ်နဲ့ ဘာဘူခါးပြတ် အင်္ကျီဝတ်နေလို့လည်း မဖြစ်ဘူး၊ ကိုယ့်ပိုက်ဆံရှိနေတာပဲ... ကောင်းကောင်းမွန်မွန်ç သစ်သစ်လွင်လွင် ၀တ်ရလိမ့်မယ်..."
    ထို့ကြောင့် ထေကြီးသည် သူ့ကိုယ်စား ထန်းတက်ရန် သူ့ဇာတိရွာမှ လူနှစ်ယောက်ကို လူလွှတ်ခေါ် လိုက်လေသည်။
  "ငါသူကြီးဖြစ်ရင် ဒီထန်းတက်တဲ့အလုပ်ကို မင်းတို့ပဲ လုပ်စားကြပေတော့..."

    ထေကြီး ထန်းတက်ခြင်းအလုပ်ကို ရပ်စဲပြီး ဈေးမှ လုံးချည်သစ်၊ အင်္ကျီသစ်များဝယ်ယူလာ ကာ ရေချိုးပြီး အ၀တ်လဲတော့မည်ဆိုသောနေ့၌ သူ့အိမ်မှာ လူအလွန်စည်လေသည်။ မြှောက်ပေးကြသော အသောက် သမား တွေနှင့် အတွင်းကျိတ်ရယ်ရင်း ထေကြီးအား လာကြည့်ကြသူတွေနှင့် ပွဲကလေး တစ်ခုပါပေ။

    ထေကြီးသည် ရေချိုးတော့မည်ဟု ခေါင်းပေါင်းပုဆိုးစုတ်ကို ဖြေလိုက်သောအခါ၌ အလာ့လား ... သူ့ခေါင်းမှာ ဗိုလ်ကေ အသစ်ကျပ်ချွတ်နှင့်ပါတကား။ ထိုအချိန်မှစ၍ ပရိတ်သတ်ပွဲကျလေရာ ထေကြီး ရေချိုးပြီး ဘန်ကောက်လုံချည်နှင့် ရှပ်အင်္ကျီချုပ်ရိုးသစ်ကို ၀တ်ပြီးသည်အထိ ထေကြီးမှာ အကြံပေးç အခါပေး ဆရာလည်းရှိလေရာ ရွေးကောက်ပွဲမှာ နှစ်ပတ်မျှ လိုတော့သဖြင့် ထိုနေ့မှစ၍ ထန်းရည်ကို အလကား သောက်ကြရမည်။ ယခင်ကထန်းရည် ကြွေးဟောင်းများကို လျော်ပစ်သည်ဟု ကြေညာ လိုက်လေ၏။

    ထေကြီးသည် ဤရက်အတွင်းမှာ အိမ်က ဝက်နှစ်ကောင်ကိုသတ်၍ ဘုန်းကြီးဆွမ်းကျွေးခြင်း၊ တစ်ရွာလုံးကို ထမင်းစားဖိတ်ခြင်းများ ပြုသေး၏ အိမ်ရှေ့မဏ္ဍပ်ကန္နားဖျင်းထိုးလျက် စားရ ၊ သောက်ရ အောင် လာလိုက်ကြတဲ့လူတွေ သောက်သောက်လဲ။ ထေကြီး၏အကျိုးတော်ဆောင် လက်ရင်းလူတွေကား နေ့စဉ်မပြတ် ကြက်၊ ၀က်၊ ဘဲ၊ အမဲ ဟင်းလျာတွေနှင့်ပေါ့...။ ထေကြီးတစ်သက်လုံး ခြိုးခြံခဲ့သမျှ ပစ်ခတ်သုံး လိုက်ခြင်းပင်။

ပြိုင်၍ရွေးရမည်မှာ အခြားနှစ်ယောက်နှင့် သူကြီးလောင်းသုံးဦး။ ထိုခေတ် အလျောက် မဲပွဲစား၊ မဲဆွယ်၊ မဲဝယ်တွေနှင့်ပေါ့။ ထေကြီးသည် ရှိသမျှငွေကို ပစ်ခတ်သုံးလိုက်သည်။ ရွေးကောက်ပွဲ နေ့မှာ သူ့အိမ်တွင် စတုဒိသာ ကျွေးရန် ၀က်တစ်ကောင်နှင့် နွားမတန်းတစ်ကောင် ပေါ်လေ သည်။

ဤသူကြီးရွေးကောက်ပွဲမှာ တာကပ်ရွာကြီးသာမက အနီးပတ်ဝန်းကျင်က ရွာငယ်လေးငါးရွာ လည်း ပါသဖြင့် သူ့ဘက်, ငါ့ဘက်က မဲခေါ်တဲ့လှည်းတွေ ဖုံးတစ်ထောင်းထောင်းနှင့်၊ အသောက်သမား အမူးသမား တွေတညံညံဖြင့်.....။

ထိုရွေးကောက်ပွဲပြီးသည်၌ ထေကြီးသည် ဤရွာတွင် တစ်လတာမျှ ကြာအောင်မနေတော့ဘဲ တစ်ရွာလုံးကို ဆဲရေးပြီး သားမယားကိုခေါ်ကာ အပြီးအပိုင် ထွက်ခွာသွားလေတော့၏ ။

ကြည့်စမ်း........အားလုံး မဲသုံးထောင်ကျော်ရှိသည့် အနက် သူမဲသုံးဆယ်မျှ ပြည့်အောင် မရချေတကား.....။


ပြီးပါပြီ

နေ့စဉ် ဖတ်တဲ့ ထဲက မတွေ့လို့ (ကျနော် ကြိုက်တဲ့ မဂ္ဂဇင်း၊ စာအုပ် တွေကလည်း သိပ်မထွက်သေးဘူး) စိန်စိန် တင်မယ်လုပ်တော့ လည်း စာအုပ်က ရှာမတွေ့တော့ဘူး......

အခု သော်တာဆွေ တပုဒ် တင်ပေးလိုက်တယ်..ကြိုက်ကြမယ် ထင်ပါတယ်.....
.

No comments: