Tuesday, December 29, 2009
စာအုပ် (၂) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၇)
အခန်း(၇)
စူဇီကို ဘန်ကောက်သို့ ခေါ်သွားရန် ရော့ဒ်နေတွင် အကြံရှိခဲ့သည်မှာ မှန်သော်လည်း အတောင်း၏ သတင်း သည် မှားပါသည်။
    သူတို့နှစ်ယောက် ဟောင်ကောင်မှ ထွက်ခွာမသွားကြသေးပါ။ ထိုအကြောင်းကိ နောက်ပိုင်းတွင် ဂွမ်နီထံမှ ကျွန်တော် ကြားရပါသည်။ သူတို့ နမ်ကောက်ဟိုတယ်မှ ထွက်ခွာမသွားမီကလေးမှာပင် ဂွမ်နီက သူတို့ကို မြင်လိုက်ရသေး သည်ဟု ဆိုသည်။
    တစ်ခုတော့ ဖြစ်နိုင်ပါသည်။ စူဇီသည် ရော့ဒ်နေအပေါ်တွင် ယုံကြည်သူ မဟုတ်ပါ။ သူ မရောက်ဖူးသည့် အခြား တိုင်းပြည်တစ်ခုတွင် ရော့ဒ်နေက သူ့ကို ပစ်ထားခဲ့လိမ့်မည်ဟု သူ ကြိုမြင် နေသောကြောင့် ဖြစ်နိုင် ပါသည်။ ထိုအတွေးကြောင့် ရော့ဒ်နေသည် အမှန်တကယ် စိတ်ချယုံကြည်ရသူ ဟုတ်မဟုတ် ပထမဆုံး စမ်းသပ် ကြည့်လိုသေးဟန် တူပါသည်။
    ထို့ကြောင့် ကိုလုန်းမှ ဆယ့်နှစ်မိုင်လောက်ဝေးသော နယ်မြေသစ်ရှိ ဟိုတယ်ကလေးတစ်ခုမှာ သူတို့ သွားနေကြပါတယ်။ ဟိုတယ်သည် ပြည်မကြီးနှင့်ဆက်လျက် အလွန်သာယာသည့် ကမ်းခြေပေါ်မှာ တည်ရှိသည်။ ဥရောပတိုက်သားလည်း ကြိုက်၊ တရုတ်လည်းကြိုက် ဟိုတယ်အဖြစ် နာမည်ကြီးပါသည်။ လက်ထပ်ပြီးစ ပျားရည်ဆမ်း ခရီးထွက်သူများ၊ စနေ တနင်္ဂနွေ အပန်းဖြေလိုသည့် ဇနီးမောင်နှံများ အနှစ်ခြိုက် ဆုံး ဟိုတယ်လည်း ဖြစ်ပါသည်။
    စူဇီသည် သူ့ကလေးနှင့် ကလေးထိန်း အဘွားကြီးကိုလည်း ခေါ်သွားသည်။ ဟိုတယ်နှင့် မလှမ်းမကမ်းရှိ တံငါရွာကလေးတစ်ရွာမှာ အိမ်ခန်းတစ်ခန်းငှားပြီး ထားပေးသည်။
    ကျွန်တော်နှင့် မလှမ်းမကမ်း လက်တကမ်းအကွာမှာ သူတို့ ရှိနေသည်ဆိုခြင်းကို သိရသောအခါတွင် ကျွန်တော် ပိုပြီး စိတ်ဆင်းရဲရပါသည်။ ဘန်ကောက်သို့ တစ်ခါတည်း ထွက်သွားကြမည်ဆိုလျှင် ပိုကောင်း ပါမည်။
    ယခုတော့ ညတိုင်း သူ့ကို အိပ်မက်မက်နေမိသည်။ သူ ပြန်လာသည်ဟု တစ်ညတွင် ကျွန်တော် အိပ်မက်မက်ပါသည်။ ကျွန်တော် ပန်းချီဆွဲနေသည်ကို သူက ထုံးစံအတိုင်း ခုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း ကြည့်နေသည်။ သူ့မျက်လုံးများကလည်း အန္တရာယ်ပေးတော့မည်လို ၀င်းလက်နေသည်။
    တစ်ညမှာ မက်သည့် အိပ်မက်ကတော့ သည်လိုမဟုတ်ပါ။ မြင်းပွဲသို့ ကျွန်တော်တို့ နှစ်ယောက် ပြန်ရောက် သွားကြသည်။ လူအုပ်ထဲမှာ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင် ထားကြသည်။ ထိုအခိုက် ရော့ဒ်နေကို ကျွန်တော်တို့ရှေ့မှာ တွေ့လိုက်ရသည်။ ကိုယ်ခန္ဓာ ထွားကျိုင်းသော ရော့ဒ်နေသည် ယခုတော့ သေးသေးကလေး ဖြစ်နေသည်။ ကျွန်တော့်ထံမှ စူဇီကို လုပြေးမည်စိုးလွန်းသဖြင့် စူဇီကို ကျွန်တော် ဖက်ထားမိသည်။
    သို့သော်လည်း ရော့ဒ်နေက ကျွန်တော်တို့ကိုကျော်ပြီး လူအုပ်ထဲမှာ ၀င်ရောက်ပျောက်ကွယ်သွားသည်။ သည်တော့မှ ကျွန်တော်၏ စိုးရိမ်ထိတ်လန့်မှုများ ပြေပျောက်သွားတော့သည်။ ကျွန်တော့်ဘေးမှာ စူဇီ ရှိမြဲ ရှိနေသေး သည့်အတွက် ကျွန်တော် အလွန် ပျော်သွားပါသည်။
    ကျွန်တော် အိပ်ရာကနိုးလာသည်။ မနက် မိုးထိန်ထိန်လင်းနေပြီကိုတွေ့ရသည်။ အိပ်မက် မက်နေမှန်း လည်း ကျွန်တော် သိပါသည်။ သို့သော်လည်း ပို၍ သေချာစေရန် ကျွန်တော့်ဘေး အိပ်ရာထဲမှာ လက်နှင့် စမ်းကြည့် မိပါသေးသည်။
    မည်သူမျှမရှိ။ မှန်ပါသည်။ မည်သူ တစ်စုံတစ်ယောက်မှ မရှိပါ။
    အလွန်တရာ ရှည်လျားလှသည့် တစ်နေ့တာအချိန်ကြီးကို စိတ်ဆင်းရဲကြီးစွာဖြင့် ကျွန်တော် ဖြတ်ကျော် ရဦးတော့မည်ဖြစ်ကြောင်း သဘောပေါက်မိပါသည်။ အသည်းနှလုံးထဲမှာ နာကျင်သည့် ဝေဒနာကို ပြန်လည်ခံစားရပါသည်။ ထို့ကြောင့် မျက်လုံးအစုံကို မှိတ်လိုက်သည်။ အိပ်ပျော်ရန် ကြိုးစား မိသည်။ အိပ်ပျော်နေမှသာ ရှည်လျားသည့်အချိန်ကြီး အကုန်မြန်မည်။ အသည်းနှလုံးနာကျင်ရသည့် ဝေဒနာမှာ အထိုက် အလျောက် သက်သာရာရမည်။
    သို့သော် အိပ်မပျော်ပါ။ အမှန်တကယ် အိပ်မပျော်သောအခါတွင် စူဇီများ ပြန်ရောက်လာလေမည်လားဟု မျှော်လင့် စောင့်စားနေမိပါသည်။
    သူသည် ကိုလုန်းနှင့် မိုင်အနည်းငယ် သာဝေးသော အရပ်တွင် ရှိနေသည်။ မည်သည့်နည်း နှင့်မဆို ဈေးဝယ်ရန် ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ရန်ဖြစ်ဖြစ် မြို့ပေါ်သို့ မုချပြန်တက်လာပေလိမ့်မည်။ ထိုသို့ ခဏ ပြန်လာရင်း ကျွန်တော့်ဆီ ၀င်လည်တာမျိုးရော မဖြစ်နိုင်ပေဘူးလား။
    တစ်နေ့ပြီး တစ်နေ့ စောင့်နေမိသည်။ ဒီနေ့တော့ သူ မြို့တက်မယ့်နေ့ပဲ ဟု ထင်မိသည်။ သူ ရောက်လာမည့်အချိန်ကို လည်တဆန့်ဆန့်ဖြင့် မျှော်ရသည်။ ဓာတ်လှေကား တက်လာသံ ကြားတိုင်း ရင်ထဲမှာကျပ်ပြီး တဒိတ်ဒိတ်ခုန်နေမိသည်။ ခြေသံကို ကြားတိုင်း သူ့ခြေသံဖြစ်မှာပဲဟု ထင်မိသည်။
    တစ်ခါတော့ ခြေသံက ကျွန်တော့်အခန်းဆီသို့ တိုက်ရိုက်ကြီး လာနေသည်။ ပြီးတော့ တ့ခါးခေါက်သည်။ ကျွန်တော့်ရင်ထဲမှ အသည်းနှလုံးများအပြင်သို့ ခုန်ထွက်ကျကုန်သည်ဟု ထင်မှတ်လိုက်မိသည်။ အားပါးတရ ပြုံးရင်း အခန်းကိုဖြတ်ကာ အလောတကြီး ပြေးသွားမိသည်။ စားပွဲပေါ်မှာရှိနေသည့် ဖန်ခွက်ကို တိုက်ချလိုက် သည်။ ကြမ်းပေါ်ကျပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်။
    တံခါးဖွင့်လိုက်တော့ အတောင်း ရပ်နေသည်ကို တွေ့ရသည်။ ကျွန်တော့် ဖြစ်ပုံကို နားမလည်နိုင်ဘဲ ပါးစပ် အဟောင်းသားဖြင့် ရပ်နေသည်။
    တစ်မနက်မှာတော့ စိတ်ခံစားချက် အသစ်တစ်မျိုးဖြင့် အိပ်ရာမှ ကျွန်တော် နိုးလာသည်။ နမ်ကောက် ဟိုတယ်ပေါ်မှာ စက်ဆုပ်ရွံရှာသည့် စိတ်ခံစားချက် ဖြစ်သည်။ နမ်ကောက် ဟိုတယ်ကို သာမက သည်နေရာနှင့် ပတ်သက်နေသူများ အားလုံး၊ အရာဝတ္ထုများ အားလုံးကို စက်ဆုပ်ရွံရှာသည့် ခံစားချက် ဖြစ်သည်။
    နမ်ကောက်ဟိုတယ်ကို ယခင်က သည်အမြင်မျိုးဖြင့် ကျွန်တော် မမြင်ဖူးခဲ့။ သည်အတွေးမျိုး မပေါ်ဖူးခဲ့။
    သည်မှာ အလုပ်လုပ်နေသည့် အမျိုးသမီးကလေးများကို ကြည့်ပြီး စာနာထောက်ထားမိသည်။ ကရုဏာအသက်ကြီး သက်ခဲ့မိသည်။
    သူတို့ခမျာ ပရိယေသန ၀မ်းရေးအတွက် သည်အလုပ်ကြီးကို လုပ်နေကြရသည်။ နှစ် သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ သူတို့ဘ၀ ရပ်တည်နိုင်ရေးအတွက် သူတို့ ခန္ဓာကိုယ်ကို ငွေနှင့် ရောင်းစားနေကြရသည်။
    လူသားချင်း အတူတူ ကြားတွင် သူတို့၏ အဆင့်အတန်းသည် အနိမ့်ကျကြီး နိမ့်ကျနေရသည်။ သူတို့အနေဖြင့် ကိုယ့်အဆင့်အတန်းနိမ့်ကျမသွားအောင် ဘယ်လောက်ပင် ကြိုးစား အဖတ်ဆည်စေကာမူ သဲထဲ ရေသွန်သာ ဖြစ်ကြရသည်။
    သူတို့၏ အမူအကျင့်များသည် ယဉ်ကျေးဖွယ်ရာရှိသည်မှာ မှန်ပါ၏။ စိတ်ဓာတ်များသည် သန့်ရှင်း စင်ကြယ်သည်မှာ မာန်မာနတရားလေးတွေ ထားနေကြသည်မှာ မှန်ပါ၏။
    သို့သော်လည်း ခန္ဓာကိုယ်ကို ငွေကြေးနှင့် ရောင်းနေရသည့် ဘ၀မြေပြင်ပေါ်တွင် ရှင်သန်ကြီးထွားကာ ပွင့်လန်းလာကြရသော ကြင်နာခြင်းဆိုသည့် ပန်း၊ နူးညံ့သိမ်မွေ့ခြင်းဆိုသည့်ပန်း၊ စေတနာကောင်း ခြင်းဆိုသည့် ပန်း၊ ချစ်ခြင်းမေတ္တာထက်သန်ခြင်း ဆိုသည့်ပန်းများသည် ဘယ်လောက်များ တန်ဖိုးကြီးစွာ ရှင်သန် ပွင့်လန်း နိုင်ကြပါမည်နည်း။
    စူဇီ တစ်ယောက်၏ အသည်းနှလုံးထဲမှာသာ အပြစ်ကင်းစင်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းများကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့သည်ဟု ထင်ပါသည်။
    သည်လို မိန်းကလေးများနှင့် ဆက်ဆံနေကြသည့် ရေတပ် ရဲဘော်များ၊ သင်္ဘောသားများကိုလည်း ကြည့်ပါဦး။ စရိုက်ကြမ်းတမ်းသူတွေ၊ အလိုရမ္မက်ကြီးမားသူတွေ၊ မိမိဆန္ဒကိုသာ ရှေ့တန်းတင်သူတွေ၊ လူ့စည်းကမ်း မလိုက်နာသူတွေ၊ အရက်မူးပြီး သောင်းကျန်းသူတွေချည်းသာ ဖြစ်နေသည်။
    တစ်ခါတုန်းက အရက်အလွန်အကျွံမူးနေရသည့် ရေတပ်သားတစ်ယောက်နှင့် အမျိုးသမီးတို့ ဘားခန်းထဲမှာ အဆင်မပြေဖြစ်ကြသည်။ ခွန်ကြီးခွန်းငယ် ဖြစ်ရာမှ ကိုယ်ထိလက်ရောက်ဖြစ်တော့မည့် အခြေအနေ မျိုးသို့ ရောက်လာသည်။ လွန်သူမှာ ရေတပ်သား ဖြစ်သည်။ မန်နေဂျာ ရောက်လာသည်။ ရန်ပွဲကို ၀င်ရှင်းပေးသည်။
    ခဏကြာတော့ အမျိုးသမီးကလေးက မန်နေဂျာကို တောင်းပန်နေသံ ကြားရသည်။
    "သူ ရက်ပေါင်းသုံးဆယ် ကွာတားကျပြီး အခုကလေးမှ လွတ်လာတာပါ၊ ဒါကြောင့် တပ်ထိန်းလက် မအပ်လိုက်ပါနဲ့၊ သူ ကွာတားထဲပြန်ရောက်သွားအောင် ကျွန်မတို့က ပို့ပေးလိုက်သလို ဖြစ်သွားပါဦးမယ်"
    ထိုအဖြစ်မျိုးကလေးကို ကြုံတွေ့နေရတော့ သူတို့ကို ကျွန်တော် မစာနာဘဲ မနေနိုင်။  မလေးစားဘဲ မနေနိုင်။ မသနားဘဲ မနေနိုင်။
    ယခုတော့ သူတို့အပေါ်မှာ ထားရှိခဲ့မိသည့် စာနာမှု၊ လေးစားမှု၊ သနားကြင်နာမှုများအားလုံး ပျောက်ကွယ်ကုန်ပြီ။
    မှန်ပါသည်။
    နမ်ကောက်ဟိုတယ်နှင့်တကွ သည်နေရာနှင့် ပတ်သက်နေသူအားလုံး၊ အရာဝတ္ထုအားလုံးအပေါ်မှာ ကျွန်တော် စက်ဆုပ်ရွံရှာလိုက်မိပါတော့သည်။
    ထိုစိတ်ခံစားချက်နှင့်အတူ ကျွန်တော် ပန်းချီလုံးလုံး ဆွဲမရတော့။
    ပန်းချီဆွဲသည့်လုပ်ငန်းမှာ စိတ်ချမ်းသာနေဖို့ အရေးကြီးသည်။ ထိမျှမကသေး၊ မိမိရေးဆွဲမည့် အကြောင်း အရာ၊ အရာဝတ္ထု၊ သက်ရှိ စသည်များ အပေါ်တွင် အကြင်နာတရားထားနိုင်ဖို့ ပိုပြီး အရေးကြီး ပါသည်။
    ယခုတော့ အားလုံးကို စိတ်ကုန်သွားပြီ။ အားလုံးကို ရွံမုန်းသွားပြီ။ အားလုံးကို စက်ဆုပ်သွားပြီ။ အားလုံးကို အထင်သေးသွားပြီ။
    သုံးချောင်းထောက်ပေါ်မှာ ပတ္တူစ ကားချပ်တင်ပြီး စုတ်တံကိုင်ကာ ရပ်ကြည့်နေမိပါသေးသည်။ သို့သော်လည်း နာရီပေါင်းစွာသာ အချိန်ကုန်သွားသည်။ ဘာကလေးတစ်ခုမှ ရေးဆွဲနိုင်စွမ်းမရှိပါ။ ဇွတ်ကြိတ်မှိတ်ပြီး ရေးဆွဲလိုက်ပြန်တော့လည်း ကျွန်တော် ဖော်ပြချင်သည့် အကြောင်းအရာက တိတိပပ ပေါ်မလာပါ။
    ကိုယ်မရောက်ဖူးသည့် အရပ်ဒေသတစ်ခုသို့ မြေပုံမပါဘဲ ခရီးထွက်သွားရသလိုရှိသည်။ တနည်းဆိုသော် ကိုယ်စိတ်မ၀င်စားသည့် အရပ်သို့ ခရီးထွက်သွားရသလိုရှိသည်။
    နောက်ဆုံးမှာတော့ ကျွန်တော် လက်လျှော့လိုက်ရပါတော့သည်။
    တစ်နေ့တွင် နယူးယောက်မှ စာတစ်စောင် ရောက်လာသည်။ ရော့ဒ်နေ၏ ဦးလေးပိုင်သော ပန်းချီကား များ ချိတ်ဆွဲပြသသည့် မစ်ဖို့ပန်းချီပြခန်း မှ စာဖြစ်သည်။
    လွန်ခဲ့သည့် နှစ်လ ရော့ဒ်နေနှင့် ကျွန်တော် အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနေနိုင်သည့် အချိန်တုန်းက ရော့ဒ်နေက သူ့ဦးလေးထံ စာရေးပြီး ကျွန်တော့်အကြောင်း ပြောပြသည်။ ကျွန်တော့်ကား အချို့ကို နမူနာ အဖြစ်ပို့ပေးဖို့ သူ့ဦးလေးဆီမှ စာပြန်လာသည်။ ထို့ကြောင့် ပါစတယ်နှင့် ဆီဆေးကား အချို့ကို သင်္ဘောဖြင့် ကျွန်တော် တင်ပို့ပေးခဲ့ဖူးသည်။
    ကျွန်တော် ပို့လိုက်သည့် ပန်းချီကားများကို လက်ခံရရှိကြောင်း နမ်ကောက်ဟိုတယ်မှ ရော့ဒ်နေ ထွက်သွားပြီး နှစ်ရက်အကြာတွင် တရားဝင်အကြောင်းပြန်စာတစ်စောင် ရခဲ့သေးသည်။
    ယခု သည်စာ ရောက်လာပြန်သည်။ လက်မှတ်ရေးထိုးထားသူမှာ ဟန်နရီစီ ၀ိန်းဘမ်းဖြစ်သည်။ ရုံးစာရွက် ထိပ်တွင် ရော့ဒ်နေ၏ ဦးလေးနာမည်နှင့်တွဲလျက် တွဲဘက်ဒါရိုက်တာအဖြစ် သူ့နာမည်ကိုလည်း ဖော်ပြ ထားသည်။
    စာက နှစ်မျက်နှာအပြည့် ဖြစ်သည်။ ကျွန်တော့်ပန်းချီကားများကို အားပါးတရ ချီးကျူးထားသည်။ ကျွန်တော်၏ ရေးဟန်၊ အတတ်ပညာကိုယ်ပိုင်အကြောင်းအရာ ရှာဖွေနိုင်ပုံ စသည်များကို ရေးထားသည်။ ကျွန်တော့် ကားများကို မြင်ရသောအခါတွင် သူတို့ ခံစားရသည့်အတိုင်း ရေးသားဖော်ပြခြင်းဖြစ်ရာ ပုံကြီးချဲ့သည်ဟု မထင်မှတ်စေလိုကြောင်းလည်း ဖော်ပြထားသည်။
    ထိုမျှမကသေး၊ လုံလောက်သည့် ပန်းချီကား အရေအတွက်ကိုသာ ကျွန်တော်က ပေးပို့နိုင်မည်ဆိုပါက နယူးယောက်မြို့တွင် တစ်ကိုယ်တော်ပြပွဲတစ်ခု ကျင်းပပေးပါမည်ဟုလည်း ကတိပြုထားသည်။
    ထို့ပြင် ဟောင်ကောင်၏ မြင်ကွင်း ပန်းချီကားနှစ်ချပ်ကိုလည်း ပေးပို့စေလိုကြောင်း၊ နမ်ကောက် ဟိုတယ်လည်း ပါစေလိုကြောင်း၊ သို့မှသာ ကျွန်တော် ရေးဆွဲပို့လိုက်သည့် ပန်းချီကားများ အခြေတည်ရာ ပတ်ဝန်းကျင် အနေအထားကို မြင်တွေ့ရပြီး ပိုမိုခံစား နားလည်နိုင်ကြမည်ဖြစ်ကြောင်း အကြံပြုတောင်းဆို ထားသည်။
    လွန်ခဲ့သည့် တစ်လလောက်ကသာ သည်စာ ရောက်လာခဲ့မည်ဆိုလျှင် ဘယ်လောက် ကောက်ချိမ့်မည်နည်း။ ကျွန်တော့် ခန္ဓာကိုယ်ကြီးသည် ကောင်းကင်နှင့်ပင် ပြေးဆောင့်လိမ့်မည်ဟု ထင်မိပါသည်။
    ယခုတော့ ကျွန်တော် စိတ်ဓာတ်ကျနေသည့်အချိန်၊ အသည်းကွဲနေရသည့်အချိန်၊ ပတ်ဝန်းကျင်ကို အပြစ်ချည်းမြင်နေရသည့် အချိန်မျိုးမှာမှ သည်စာက ရောက်လာလေရာ သည်စာကိုလည်း ရောထွေးပြီး အပြစ် မြင်မိတော့သည်။ ဟုတ်တိပတ်တိလည်း မဖတ်မိတော့။ ကိုယ်တိုင် အမြတ်တနိုးရေးဆွဲထားခဲ့သည့် ပန်းချီကား များကိုပင် စက်ဆုပ်မုန်းတီးနေမိပြီဖြစ်လေရာ သည်စာကိုရော ကျွန်တော် ဘယ်လိုလုပ်ပြီး မြတ်နိုး နိုင်ပါတော့မည်နည်း။
    ထို့ကြောင့် ပြန်စာမရေးရသေးသော စာများထဲမှာ ကျွန်တော် ရောထားလိုက်မိသည်။ တစ်နေ့နေ့ကျတော့မှပဲ ကြိုးစားလုပ်ပါတော့မည်ဟု စိတ်ဆုံးဖြတ်ထားလိုက်မိလေသည်။
    ကျွန်တော်၏ စိတ်ပျက်ငြီးငွေ့မှုသည် နမ်ကောက်ဟိုတယ် တစ်ခုတည်းနှင့်လည်း အဆုံးသတ် ရပ်တန့် သွားခြင်း မရှိပါ။
    တစ်ချိန်တုန်းက ကျွန်တော့်စိတ်ကို ကြည်နူးစေခဲ့သော လမ်းတွေ၊ ဈေးဆိုင်တွေကိုလည်း စိတ်ကုန်လာသည်။ ရှုပ်ထွေးသည်၊ ညစ်ပတ်သည်၊ ဆူးညံသည်၊ အောက်တန်းကျသည်ဟု စိတ်ထဲမှာ မြင်လာသည်။
    ထို့ကြောင့် ဥရောပတိုက်သား အသိုင်းအ၀ိုင်း အတွင်းမှာ ပြန်လည်ကျင်လည် ကျက်စားလိုစိတ်များ ထိန်းချုပ်မရအောင် ပေါ်လာသည်။
    အင်္ဂလိပ်ကုမ္ပဏီမှာ အလုပ်လုပ်စဉ်ကတော့ ကိုယ် သိကျွမ်းသည့် အင်္ဂလိပ်လူမျိုးတစ်ယောက် ယောက်ကို ဖုန်းလှမ်းဆက် လိုက်ရုံသာ ဖြစ်သည်။ ပြီးတော့ ချိန်းကြမည်။ တွေ့ကြမည်။
    ထိုဘ၀မှာ ကျွန်တော် ကျင်လည်ခဲ့ရင်း တဖြည်းဖြည်း သူတု့အပေါ် စိတ်ကုန်ခဲ့ခြင်း ဖြစ်ပါသည်။ ဘာခံစားချက်မှ မရှိဟု ထင်ခဲ့သည်။ ယခုတော့ ထိုစိတ်များ ပျောက်သွားပြီး အင်္ဂလိပ်လူမျိုးများနှင့် ပြန်လည်ဆက်သွယ်ရလျှင် အကောင်းဆုံးဖြစ်မည်။ အသွင်တူသူချင်း၊ စိတ်သဘောထားတူသူချင်း၊ အတွေ့အကြုံတူသူချင်း၊ ပညာအဆင့်အတန်း တူသူချင်း ပေါင်းသင်းရသော် ကောင်းလေစွဟူသော အာရုံခံစားချက်များ ပေါ်လာပါသည်။
    တစ်နေ့တွင် ကျွန်တော်တို့ အိမ်မှ ညစာ လစားပါလား" ဟု သူက ဖိတ်သည်။ ထိုစကားကို ကြားရတော့ ကျွန်တော် ထခုန်မိမတတ် ၀မ်းသာသွားသည်။
    "ဒါပေမယ့် ခင်ဗျားဇနီးက ရှိသေးတယ်လေ၊ သူက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ လက်ခံချင်ပေလိမ့်မယ် မဟုတ်ဘူး"
    "စိတ်မပူပါနဲ့ဗျာ၊ အဲဒီညက တွေ့ပြီးတဲ့နောက် သူကလည်း စိတ်မကောင်းဖြစ်နေတယ်၊ ခင်ဗျားအပေါ် မှာလည်း ပြောမှားဆိုမှား ဖြစ်သွားသလားလို့ သူစိတ်ပူနေတယ်၊ တစ်ညတော့ ကျွန်တော့်ကို နှိုးပြောတယ်၊ အဲဒီဆိပ်ကမ်းက အမျိုးသမီးကလေးတွေကို သူ သနားတယ်တဲ့၊ သူတို့ဘ၀ကို ဘယ်လိုလူမျိုးကများ ကယ်တင် ပေးနိုင်မလဲလို့ သူ တွေးနေမိတယ်တဲ့၊ ဒါကြောင့် ကျွန်တော် ပြန်ပြောရတယ်၊ မပူပါနဲ့ကွာလို့၊ သူတို့ ရနေတဲ့ ပိုက်ဆံဟာ အခု ဘဏ်တိုက်က ငါရနေတဲ့ လခထက် အဆပေါင်းများစွာ ပိုများပါတယ်လို့၊ ဒါကြောင့် သူတို့ကသာ တို့ကို ဘယ်လို ကယ်တင်ပေးနိုင်ကြမယ်ဆိုတာ စဉ်းစားဖို့ရှိပါတယ်လို့ ပြန်ပြော ပြလိုက်ရတယ်၊ ထားပါလေ ခင်ဗျားလာတဲ့အတွက် အိုက်ဆိုဘယ်က ၀မ်းသာမှာပါ၊ ဒီတော့ ကြာသပတေးနေ့ ည ရှစ်နာရီ အရောက်လာခဲ့ပေတော့"
    "ကျွန်တော် ဆက်ဆက်လာခဲ့ပါ့မယ်ဗျာ"
    သူ့စကားကို ကြားရတော့ ကျွန်တော် စိတ်ချမ်းသာသွားပါသည်။ နမ်ကောက်က အမျိုးသမီး ကလေးတွေနှင့် ပတ်သက်ပြီး အမှန်ကိုလည်း သည်ထက်ပိုမြင်နိုင်ပါစေဟု ဆန္ဒပြုလိုက်မိပါသည်။
    နောက်နှစ်ရက်ကြာတော့ ညဦးပိုင်းတွင် တောင်ပေါ်သို့ ကျွန်တော် ဓာတ်ရထားနှင့် တက်ခဲ့သည်။ ဟာမီလ်တန်၏ အိမ်သည် အလွန်တရာ ကျယ်ဝန်းသည်။ အဖိုးတန် အိမ်ထောင်ပရိဘောဂများနှင့် ခင်းကျင်း ပြင်ဆင်ထားသည်။ ဘဏ်တိုက်လက်ထောက် မန်နေ၈ျာ တစ်ယောက်အနေဖြင့် သည်လောက်ကျယ်ပြီး သည်လောက် အဖိုးတန်သည့် အိမ်ထောင်ပရိဘောဂများနှင့် အိမ်မှာ နေနိုင်ဖို့ မလွယ်ပါ။ သူ့ဇနီးက ချမ်းသာသော ကြောင့် ဇနီး၏ ငွေကြေးနှင့် ယခုလို နေနိုင်ခြင်းဖြစ်ပါသည်။
    ညစာ စားပွဲသို့ ဧည့်သည် ဆယ့်နှစ်ယောက်ကို သူတို့ ဖိတ်ကြားထားသည်။ အိုက်ဆိုဘယ်က ကျွန်တော့်ကို ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ဆီးကြိုပါသည်။ ကိုလုန်းမှာ တွေ့စဉ်တုန်းက ကျွန်တော့်အပေါ် စကားမှားခဲ့သည်ဟူသော အစွဲဖြင့် ကျွန်တော့်ကို လွန်မင်းစွာ ဂရုစိုက်ဧည့်ခံနေသည်။ ကျွန်တော် ကောင်းကောင်း နေသားတကျ ရှိသွားတော့မှ အခြား ဧည့်သည်များနှင့် ထားခဲ့ကာ အမျိုးသမီး ၀ိုင်းသို့ ကူးသွားသည်။
    ညစာစားပွဲကလေးသည် ကျွန်တော့်တစ်သက် ကြုံတွေ့ခဲ့ဖူးသည့်အတိုင်းပင်ဖြစ်ပါသည်။ ဘာမျှလည်း ဟုတ်ဟုတ်ငြားငြား စိတ်ဝင်စားဖွယ် မရှိ။ ထို့ကြောင့် ဓာတ်စက်ရှိသည့် အခန်းထဲသို့ ၀င်ခဲ့သည်။ ဓာတ်စက်က သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ကို မနားတမ်း ဖွင့်နေသည်။ အပ်က အနည်းငယ် တုံးနေသည်။ သို့သော်လည်း သီချင်းအားလုံးကို ကျွန်တော် သိပါသည်။
    ထို့နောက် ကျွန်တော်တို့ ညစာစားကြသည်။ စောစောက ပြောနေသည့် အကြောင်းအ၇ာ ပြောင်းပြီး အင်္ဂလိပ် တရုတ်ကပြား အမျိုးသမီးလေး တစ်ယောက်အကြောင်း ရောက်သွားသည်။ ထိုအမျိုးသမီး ကလေးသည် အောက်စဖို့တက္ကသိုလ်သို့ သွားရောက်ပညာသင်သည်။ စာအလွန်တော်သည်။ ဥပဒေ ဘွဲ့ရပြီး ဟောင်ကောင်သို့ ပြန်လာသည်။ ရှေ့နေလိုက်သည်။ သူ့လို အင်္ဂလိပ် တရုတ်ကပြားအပေါ် အများကြီး ကူညီသည်။ ထိုအမျိုးသမီးကလေး အကြောင်းကို ဧည့်သည်တွေ ၀ိုင်းပြီး တစ်ယောက်တပေါက် ထင်မြင်ချက် ပေးကြတော့သည်။
    "ဒီကလေးမ အင်မတန် တော်တယ်ပဲထားပါတော့၊ ဒါပေမယ့် တယ်ပြီး စိတ်ကြီးဝင်တဲ့ကလေးမပါရှင်" တစ်ယောက်၏ အမြင်။
    "ကျွန်မလည်း တစ်ခါမြင်ဖူးတယ်၊ မာနကြီး တခွဲသားနဲ့၊ မျက်နှာကို ချီနေတာပဲ" တစ်ယောက်၏ အသိ။
    "သူတို့လို အင်္ဂလိပ် တရုတ် ကပြားတွေ အဲဒါ ခက်နေတာပေါ့၊သူတို့ကို နည်းနည်းကလေး အရောဝင်ရင် သူတို့ကိုယ်သူတို့ ကျွန်မတို့နဲ့ မခြားတော့ဘူးလို့ စိတ်ကူးက ပေါက်ကုန်ရော" တစ်ယောက်၏ ခံစားချက်။
    "ကျွန်မကတော့ သူ့ကို ကျွန်မ အိမ်ရိပ် လုံးဝအနင်းမခံဘူး" တစ်ယောက်၏ ဆုံးဖြတ်ချက်။
    "ကျွန်မတော့ ဒီလိုမဟုတ်ဘူး၊ သူနဲ့ လမ်းမှာတွေ့တဲ့အခါတိုင်း သူ့ကို ကောင်းကောင်းမွန်မွန် ဖော်ဖော်ရွေရွေ ဆက်ဆံတယ်၊ မင်း ကပြားဖြစ်ရတာဟာ မင်းအပြစ် မဟုတ်ပါဘူးကွယ်၊ လူတွေက ဒီလိုပဲ အမြင်ကျဉ်းမြောင်းကြတယ်၊ အာဃာတတွေ များကြတယ်၊ ဒါပေမယ့် အန်တီကတော့ ဒီလိုမဟုတ်ဘူး၊ အန်တီ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်က တစ်မျိုးလေ၊ ဒါောကာင့် အင်္ဂလိပ်တရုတ်ကပြား တွေအပေါ်မှာ အန်တီ ကတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံတာပါပဲလို့ ကျွန်မက ပြောပြလိုက်တယ်" တစ်ယောက်၏ သဘောထား ကြီးပုံ။
    "ဒစ်ကစ်တာရစ်ဆိုတဲ့ အကောင်နဲ့လည်း ရှုပ်နေတယ်ဆိုတာ ကြားတယ် မဟုတ်လား" တစ်ယောက်၏ သတင်း။
    "ကြားပါ့ရှင်... ဒီသူငယ်မက သိပ်ပြီး မျက်နှာများတာပါတော်၊ ယောက်ျားကလေးဟေ့ဆိုရင် နည်းနည်းမှ ဣနြေ္ဒဆည် နိုင်တဲ့ကောင်မ မဟုတ်ဘူး" တစ်ယောက်၏ အထင်။
    ထိုစကားများကို ကြားရသောအခါ ကျွန်တော် စိတ်မသက်မသာ ဖြစ်ရသည်။ လူ့အသိုင်းအ၀ိုင်းတွင် အဆင့်အတန်း အလွန်တရာ နိမ့်ကျပါသည်ဆိုသော နမ်ကောက်ဟိုတယ်မှ အမျိုးသမီးများပင် သည်လို သဘောထားများမရှိကြ။ သည်လို အပြောအဆိုမျိုး မပြောကြ။
    သူတို့သည် ခန္ဓာကိုယ်ကို အရင်းပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြရသော်လည်း လိုကို လူလိုမြင်ကြသည်။ လူကို လူလို ဆက်ဆံတတ်ကြသည်။ သူတို့ ခန္ဓာကိုယ်သည် ညစ်ညမ်း ကောင်း ညစ်ညမ်းလိမ့်မည်။ သို့သော်လည်း သူတို့၏ စိတ်ဓာတ်နှင့် အသည်းနှလုံးကား အလွန်တရာ သန့်ရှင်းစင်ကြယ်ကြပါသည်။
    ထိုအတွေး ထိုအသိ ပေါ်လာသည်နှင့် တပြိုင်တည်း နမ်ကောက်ဟိုတယ်ပေါ်မှာ စက်ဆုပ်ရွံရှာခဲ့မိသည့် စိတ်အာရုံများ အားလုံး လွင့်ပါးသွားပါတော့သည်။
    ညစာ စားပြီးတော့ ဧည့်ခန်းထဲသို့ ကျွန်တော်ုတိ့ ပြန်လာကြသည်။ ထိုအချိန်တွင် နောက်ထပ် ဧည့်သည်တစ်ယောက် ရောက်လာသည်။ အသက်ခြောက်ဆယ်ကျော် ရှိနေပြီဖြစ်သည့် အဘိုးကြီး ဖြစ်သည်။ သူ့မျက်နှာပေါ်မှာ အရေတွေ တွန့်နေပြီ။ မျက်လုံးများကမူ အရောင်တောက်ပနေသည်။
    သူ့အမည်မှာ အိုးနေးလ် ဖြစ်ပါသည်။ တရုတ်ပြည်ထဲမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူ ဖြစ်သည်။ ကျွန်မြူပါတီ အာဏာရပြီးနောက် သူ၏ စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်လိုက်ကာ အင်္ဂလန်သို့ ပြန်ရန် ထွက်လာခြင်းဖြစ်သည်။ သင်္ဘောစောင့်ရင်း ဟောင်ကောင်မှာ ရက်သတ္တနှစ်ပတ်လောက် သောင်တင် နေသည်။
    တခြား အချိန်းအချက်တစ်ခု ရှိနေသောကြောင့် သူ နောက်ကျရသည့်အတွက် ခွင့်လွှတ်ရန် အိမ်ရှင်များကို တောင်းပန်သည်။ ကျွန်တော်ကတော့ မထင်ပါ။ သူ့အသက်အရွယ် ကြီးပြီဖြစ်သောကြောင့် အချိန်ကြာကြာ စကား ထိုင်မပြောနိုင်သဖြင့် နောက်ကျမှ တမင်ရောက်လာခြင်းဖြစ်ပေလိမ့်မည်။
    စကားဝိုင်းသည် အင်္ဂလိပ် တရုတ် ကပြား ပြဿနာနှင့် ဖုံးလွှမ်းသွားပြန်သည်။ အိုနေးလ်က လိပ်ပတ်လည် အောင် နားထောင်နေသေးသည်။ ပြီးတော့မှ ဂေါ်ဒွန်ဟာမီလ်တန်ဘက်လှည့်ပြီး အများကြားလောက် အောင် အသံကျယ်ကျယ်ဖြင့် ပြောသည်။
    "အင်း... ကျုပ်က တရုတ်ပြည်ကြီးကနေပြီး အပြီးအပိုင် ထွက်လာခဲ့တာ၊ အခုမှပဲ ကျုပ်အကြောင်း ပြောရဦးမယ်၊ ကျုပ် အဘွားက တရုတ်လူမျိုးပဲ"
    ထိုစကားကို ကြားတော့ အားလုံး ကြက်သေ သေကုန်ကြသည်။ အားလုံးက ပါးစပ်ဟောင်းလောင်းဖြင့် သူ့ကို ငေးစိုက် ကြည့်နေကြသည်။ သူ့မျက်နှာနှင့် မျက်လုံးများကို ကြည့်ခြင်းအားဖြင့် တရုတ်သွေး ပါကြောင်း သိသာပါသည်။ သူ့မျက်လုံးရောင်က နက်သည်။
    "ကျုပ်ကတော့ ဒီလို တရုတ်သွေးပါတဲ့အတွက်ပဲ ဂုဏ်ယူမိသေးတော့တယ်ဗျာ" အိုနေးလ်က မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ဆက်ပြောသည်။
    "အင်္ဂလိပ် တရုတ်ကပြားတွေအပေါ်မှာ အန်တီကတော့ ကောင်းကောင်း မွန်မွန် ဆက်ဆ့တာပါပဲ" ဟု စောစောက ပြောခဲ့သည့် အမျိုးသမီးက လှမ်းမေးသည်။ "တစ်ခုတော့ရှိပါတယ် မစ္စတာအိုနေးလ်၊ ရှင့်အဘွားဟာ အဆင့်အတန်းမြင့်တဲ့ မျိုးကောင်း ရိုးကောင်း ထဲက ပေါက်ဖွားလာတာဖြစ်ဖို့ကတော့ သေချာပါတယ်၊ ဒီလို မျိုးကောင်းရိုးကောင်းဆိုတော့ တစ်မျိုးပေါ့ရှင်၊ မဟုတ်ဘူးလား"
    "မျိုးကောင်း ရိုးကောင်းထဲက မဟုတ်ပါဘူးဗျာ၊ ကျွန်တော့်အဘွားဟာ ကျွန်တော့်အဘိုးဇနီးရဲ့ အိမ်စေ အမျိုးသမီးပါ"
    ထိုစကားကို ကြားတော့ တ၀ိုင်းလုံး အတိတ်ကြီးတိတ်သွားကြပြန်သည်။ နောက်ဆုံးကျတော့မှ အမျိုးသမီးတစ်ယောက်က စကားလမ်းကြောင်းကို ပြောင်းပစ်လိုက်သည်။
    "ဟီလ်ဒါ၊ မနက်ဖြန်တော့ ကျွန်မ ဖဲလာကစားနိုင်တော့မှာမဟုတ်ဘူး၊ လူမှုရေးကလပ်မှာ မနက်ဖြန် ကျွန်မ တာဝန်ကျနေတယ်လေ"
    နောက် နာရီဝက်လောက်ကြာသည်တွင် အိုနေးလ်က သူသည် အသက်ကြီးပြီဖြစ်သောကြောင့် စောစော အိပ်ရာဝင်လေ့ရှိကြောင်း၊ ထို့ကြောင့် သူ့ကို စောစောပင် ပြန်ခွင့်ပြုစေလိုကြောင်း ခွင့်ပန်သည်။ ကျွန်တော်လည်း သူနှင့်အတူတူ ပြန်လိုက်သွားရန် တောင်းပန်ပြီး ကျွန်တော်တို့နှစ်ယောက် ထွက်ခဲ့ကြသည်။
    "သူတို့ကို ဦး အကြောင်ရိုက်ပစ်တယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒါမှမဟုတ် ဦးရဲ့ အဘွားက တကယ်ပဲ တရုတ်လူမျိုးအစစ်လား" ဟု ကျွန်တော်က မေးသည်။
    အိုနေးလ်က တစ်ချက်ရယ်သည်။
    "ကျုပ် အဘွားတွေအားလုံး အင်္ဂလိပ်စစ်စစ်တွေချည်းပါပဲ မောင်ရယ်၊ ကျုပ် ရယ်စရာ လုပ်ချင်တာနဲ့ ပြောပစ်လိုက်တာပါ၊ ကျောင်းသားအရွယ်ကတည်းက ကျုပ် ဒီလို အရွှန်းဖောက်တာ ၀ါသနာပါခဲ့တယ်၊ ကြုံလာရင် ဘယ်လိုမှ ထိန်းလို့မရဘူး"
    ကျွန်တော်ကလည်း ရယ်မိပါသည်။
    "ဦးစကားကိုကြားတော့ သူတို့အားလုံး တော်တော် အနေရအထိုင်ရ ကျပ်သွားကြတယ်"
    "ဒီလူတန်းစားတွေကို သိပ်ပြီး အထင်မကြီးစမ်းပါနဲ့ မောင်ရယ်၊ တကယ်ကတော့ သူတို့ကိုယ်သူတို့ ဗြိတိန်နိုင်ငံကြီးသားတွေဆိုပြီး အထင်ကြီးနေကြတာပါ၊ တကယ်ကတော့ ဘာမှမဟုတ်ဘူး၊ ဒုတိယတန်းစား နိုင်ငံသားတွေပါပဲ။ ဒီခေတ် ဒီကာလမှာတော့ ဘာမှ တန်ဖိုးမရှိတဲ့ လူတန်းစားတွေပဲ၊ ကိုယ့်တိုင်းပြည်အတွက်လည်း ဘာမှ အကျိုးကျေးဇူးပြုနိုင်တဲ့ လူတွေ မဟုတ်ပါဘူး"
    ကျွန်တော်တို့နှစ်ယောက် စကားကောင်းနေကြသောကြောင့် ဓာတ်ရထားမစီးတော့ဘဲ လမ်းဆက်လျှောက်လာကြသည်။ အိုနေးလ် တည်းနေသည့် ဂလောက်စတာဟိုတယ်ရောက်တော့ သူနှင့်အတူ အရက်ဝင်သောက်ပါဦးဟု ဖိတ်သည်။
    "သူ့ကို သွားခွင့ပြုလိုက်တာဟာ မောင် ရူးတာပဲ၊ မောင်ရူးလို့ ဒီလိုလွှတ်လိုက်တာ" ဟု ကျွန်တော့်စကားအဆုံးတော့ သူက မှတ်ချက်ချသည်။
    "ဦး ဆိုလိုတာက...၊ သူ သင်္ဘောသားတွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတာကိုလည်း ကျွန်တော်က ခွင့်လွှတ်ပြီး လက်ခံ ရမယ်ဆိုတဲ့ သဘောမျိုးလား ခင်ဗျာ"
    "သိပ်မှန်တာပေါ့၊ မောင်ပြောပြတဲ့အတိုင်းဆိုရင် ဒီမိန်းကလေးကို ဦးသဘောကျသွားပြီ၊ တကယ် လေးစား လောက်တဲ့ မိန်းကလေးပဲ၊ မောင့်အပေါ်မှာလည်း အင်မတန်ကောင်းတယ်၊ အလုံးစုံ စွန့်လွှတ်တယ်၊ ဒါတွေကို အဓိက ထားစဉ်းစား ရမှာပေါ့၊သင်္ဘောသားဆိုတာက အသေးအဖွဲပဲ၊ မပြောပတောက်တဲ့ကိစ္စပဲ၊ ဒါဟာ အချစ်နဲ့ မဆိုင်ဘူး၊ အသည်းနှလုံးနဲ့ မဆိုင်ဘူး၊ သူရပ်တည်နေရတဲ့ ဘ၀နဲ့ဆိုင်တယ်"
    ကျွန်တော် ရယ်မိပြန်သည်။
    "ဦး တကယ်ယုံကြည်လို့ ပြောနေတယ် မထင်ဘူး၊ တကယ်ပါ၊ ကျွန်တော့်နေရာမှာ ဦး ရောက်နေမယ် ဆိုရင်လည်း ကျွန်တော် ခံစားရသလိုပဲ ဦးလည်း ခံစားရမှာပါ"
    "မဖြစ်နိုင်ပါဘူး ငါ့တူရယ်၊ ဦးလည်း မောင့်လို အဖြစ်မျိုးနဲ့ ကြုံခဲ့ရဖူးပါတယ်၊ ဦး ကြုံခဲ့ဖူးရတဲ့ အမျိုးသမီးက ဟန်ကောင်းမြို့ ပြဇာတ်အဖွဲ့တစ်ခုထဲက တရုတ်ဇာတ်လိုက်မင်းသမီး၊ သူဟာ တရုတ်သူဌေး အဘိုးကြီး တစ်ယောက်ရဲ့ မယားငယ်ဖြစ်နေတယ်၊ အဘိုးကြီးက အသက်တော်တော် ကြီးပါပြီ၊ ဒီအချိန်မှာပဲ နောက်ထပ် သူဌေးတစ်ယောက်ရဲ့မယားမဖြစ် လက်ခံလိုက်ပြန်တယ်၊ အမှန်ကတော့ ငွေရေးကြေးရေး သက်သက် အတွက်ပါ၊ သူ ရှာဖွေကျွေးမွေး နေရတဲ့ မိသားစုက တစ်ဒါဇင်လောက်ရှိတယ်လေ၊ အားလုံးက သူ့အပေါ် မှာပဲ မှီခိုနေကြရတယ်။
    "အဲဒီ တစ်ချိန်တည်းမှာပဲ သူနဲ့ ကျုပ် ရည်ငံမိကြတော့တယ်၊ ကျုပ်ကလည်း သူ့ကို မြတ်မြတ်နိုးနိုး ချစ်မိပါတယ်၊ သူဟာ ပထမ သူဌေးအဘိုးကြီးကို ဒုတိယ သူဌေးကြီးနဲ့ ကျုပ်အကြောင်းကို ဖွင့်မပြောဘူး၊ အလားတူပဲ ဒုတိယ အဘိုးကြီးကို ကျုပ်အကြောင်း ပြောမပြဘူး၊ ဒုတိယအဘိုးကြီးက ပထမ အဘိုးကြီး အကြောင်း သိတယ်၊ ကျုပ်က ပထမအဘိုးကြီးရော ဒုတိယအဘိုးကြီးအကြောင်းကိုပါ သိတယ်"။
    "ပထမအဘိုးကြီးက ဒုတိယအဘိုးကြီးနဲ့ ဖြစ်နေတယ်ဆိုတာသိရင် ဘယ်စိတ်ကောင်းမလဲ၊ သူ့ကို ကန်ထုတ် လိုက်မှာပေါ့၊ ဒုတိယအဘိုးကြီးကတော့ အကြောင်းမဟုတ်ဘူး၊ ပထမအဘိုးကြီးရဲ့ မယားငယ် ဖြစ်မှန်း သိလျက်နဲ့ ကျေကျေနပ်နပ် သူ ယူလိုက်တာကိုး၊ အဲ... ဒါပေမယ့် ကျုပ်အကြောင်းကို သူ မသိပြန်ဘူး၊ ကျုပ်နဲ့လည်း ရည်ငံနေကြတယ်ဆိုတာ ဒုတိယအဘိုးကြီးက သိရင် သူ့လက်ထဲကနေ ဖောက်ပြန်တယ် ဆိုပြီး ကန်ထုတ်လိုက်မှာပေါ့"။
    "နောက်ဆုံးလူဖြစ်တဲ့ ကျုပ်ကတော့ ဒါတွေအားလုံး သိတယ်၊ ကျေကျေနပ်နပ်လည်း လက်ခံလိုက်တယ်၊ လုံးလုံး လျားလျားလည်း ခွင့်လွှတ်လိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက် ရှိနေတဲ့အတွက် ကျုပ်က ငွေရေးကြေးရေး တာဝန်ယူဖို့ မလိုတော့ဘူး၊ အမျိုးသမီးကို ထောက်ပံ့ဖို့ မလိုတော့ဘူး၊ နောက်ပြီးတော့ ကျုပ်တို့က အချစ်စစ် အချစ်မှန်နဲ့ ချစ်နေကြတာ မဟုတ်လား"
    "ဒါနဲ့ သူက စတုတ္ထချစ်သူ ရှာပြန်ရောလား"
    ကျွန်တော့် မေးခွန်းကြောင့် အဘိုးကြီးက မျက်နှာရှုံ့လိုက်သည်။
    "သူ့အဖို့ အချစ်စစ် အချစ်မှန် ရနေပြီပဲ၊ စတုတ္ထတစ်ယောက်ရှာဖို့ ဘယ်လိုတော့မလဲ၊ နောက်ပြီးတော့ ငွေရေးကြေးရေး အရလည်း ပထမနဲ့ ဒုတိယက သူဌေးကြီးတွေ ဖြစ်နေကြတော့ ပူစရာမလိုတော့ဘူးလေ၊ မောင့်အဖြစ်ကလည်း ကျုပ်နဲ့ ဘာထူးသလဲ... မောင့်မှာ အချစ်စစ် အချစ်မှန် ရနေပြီ၊ သန့်ရှင်းစင်ကြယ်တဲံ သူ့ရဲ့ အသည်းနှလုံးကို ရနေပြီ၊ သူ့လုပ်ငန်း သဘောအရ သင်္ဘောသားတွေနဲ့ ဆက်ဆံတာကို မောင် ခွင့်လွှတ် ရမှာပေါ့... ဒီလို ဆက်ဆံမှလည်း မောင့်မှာ ငွေရေးကြေးရေးအတွက် တာဝန်မကြီးတော့ဘူးလေ"
    "ဟား... ဟား... ဟား... ၊ ဦးကတော့ တကယ့်ပုဂ္ဂိုလ်ကြီးပါပဲခင်ဗျာ"
    "ကျုပ်ဟာ မေတ္တာတရားနဲ့ ပတ်သက်လာရင် အင်မတန် စိတ်ဝင်စားတယ်၊ အခုတော့ အသက်က ကြီးသွားပြီပေါ့လေ၊ ဒါပေမယ့် လူငယ်တွေ ချစ်နေကြတာကိုကြည့်ပြီး သဘောကျတယ်၊ စိတ်ချမ်းသာတယ်၊ လိုအပ်တဲ့ အကြံဥာဏ်တွေ ပေးချယ်တယ်၊ မောင်လည်း ဒီအတိုင်းပဲ၊ ဘာမှမဖြစ်လောက်တဲ့ အသေးအဖွဲ့ကိစ္စကလေးတွေကြောင့် လူငယ်ဘ၀ကို ဘာကြောင့် အပျက်အစီးခံမလဲ၊ လူငယ်ဘ၀ရဲ့ ပျော်ရွှင် ချမ်းမြေ့မှုတွေကို ဘာကြောင့် အဆုံးခံမလဲ"
    "ဒါပေမယ့် ဦးရယ်...၊ ကျွန်တော့်အဖြစ်ကတော့ ဦးပြောတဲ့အတိုင်း လုပ်ဖို့ အချိန် သိပ်နောက်ကျသွားပါပြီ"
    နောက် ဆယ်ရက်အတွင်း အိုနေးလ်နှင့် ကျွန်တော် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပါသည်။ နောက်ဆုံး အင်္ဂလန် ပြန်တော့လည်း သင်္ဘောဆိပ်သို့ လိုက်ပို့ပြီး နှုတ်ဆက်ခဲ့ပါသေးသည်။
    သူ ပြန်သွားတော့ ဟောင်ကောင်တွင် ကျွန်တော်၏ အကောင်းဆုံး မိတ်ဆွေတစ်ယောက် ဆုံးရှုံးလိုက်ရပြီဟု စိတ်ထဲမှ ခံစားရပါသည်။ ထိုခံစားချက်နှင့်အတူလည်း များစွာ စိတ်ဓာတ်ကျသွား ပါသည်။ သင်္ဘောပေါ်သို့ တက်ခါနီး သူ နောက်ဆုံးပေးသွားသည့် အကြံဥာဏ်သည် "မောင့်အမျိုးသမီးကို ရအောင် ပြန်ယူပါ၊ ဒါမှမဟုတ်ရင် သူ့အကြောင်းကို လုံးလုံး မေ့ပစ်လိုက်တော့၊ ပြီးတော့ တခြားမိန်းကလေး တစ်ယောက် ယောက် ကို ရှာပြီး စိတ်ပြေအောင် ဖြေပေတော့" ဟူသော အကြံဥာဏ်ပင်ဖြစ်ပါသည်။
    အလွန်ကောင်းသော အကြံဥာဏ်ဖြစ်ကြောင်း ကျွန်တော် သိပါသည်။ သူ့အကြံဥာဏ်အတိုင်း စူဇီကို ကျွန်တော် ပြန်ရအောင် ကြိုးစားချင်ပါသည်။ သို့သော်လည်း သင်္ဘောသားများနှင့် ဆက်ဆံနေရသည့် ဘ၀ကို ကျွန်တော် ခွင့်မလွှတ်နိုင်ပါ။ ကိုယ့်စိတ်ကိုယ် ကြိုးစားပြီး ချိုးနှိမ်သော်လည်း မအောင်မြင်ပါ။
    သည်လိုဆိုလျှင် ဒုတိယနည်းလမ်းအတိုင်း ဘားခန်းထဲသို့ ဆင်းသွားပြီး အခြားမိန်းကလေး တစ်ယောက်ယောက်ကို ခေါ်ရမည်လော။ မဖြစ်နိုင်ပါ။ သည်လို လုပ်ခြင်းအားဖြင့် သူတို့၏ ယုံကြည်မှု ပျက်ပြား သွားနိုင်ပါသည်။ ကျွန်တော့်အပေါ်မှာ ထားရှိသည့် သူတို့၏ လေးစားမှုကိုလည်း ကျွန်တော် ဆုံးရှုံး သွားနိုင်ပါသည်။
    ထို့ကြောင့် ကျွန်တော် ဘာမှမလုပ်ဘဲ သည်အတိုင်းနေလိုက်ပါသည်။
    နံနက် အထီးကျန်ဘ၀ဖြင့် မည်သို့ ကုန်ဆုံးရပါမည်နည်းဟု တွေးရင်း စိတ်ဆင်းရဲရပါတော့သည်။ ပြီးတော့ တံခါးခေါက်သံကို တမ်းတရမ်းရော်နေမိပါတော့သည်။
    တစ်နေ့တွင် စူဇီနှင့် မြို့ထဲမှာ တွေ့ခဲ့ကြောင်း တိုင်ဖူးက လာပြောပါသည်။ စူဇီ ဈေးဝယ်လာခိုက် တွေ့ခြင်း ဖြစ်ကြောင်း၊ ကျွန်တော့်ထံသို့လာရန် သူ မရည်စူးကြောင်း၊ ရော့ဒ်နေ နှင့် အတူနေနေခိုက်တွင် ကျွန်တော့် ဆီသို့ လုံးဝ လာမည်မဟုတ်ကြောင်း ပြောသွားသည်ဟု ဆိုပါသည်။
    ကျွန်တော့် မျှော်လင့်ချက်များ ပျောက်ပျက်ကုန်ဆုံးကုန်ပါပြီ။ စူဇီ၏ တံခါးခေါက်သံကို တမ်းတနေလျှင်လည်း အချည်းနှီးသာ ဖြစ်ပါတော့မည်။ ကျွန်တော် စိတ်အဆင်းရဲကြီး ဆင်းရဲရပါတော့သည်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အကြီးမားဆုံးသော စိတ်ဆင်းရဲမှု ဖြစ်ပါသည်။
    စိတ်ဆင်းရဲမှု သက်သာပါစေတော့ဟူသော သဘောဖြင့် ကျွန်တော် အလုပ်လုပ်ဖို့ ကြိုးစားပါသည်။ ဆွဲလက်စ ပန်းချီကားရှေ့မှာ ရပ်နေမိပါသည်။ ဘာဆက်လုပ်ရမည်ကို မသိပါ။ ပန်းချီကားထဲမှာ အာရုံမြှုပ်၍ လုံးဝမရပါ။ ကျွန်တော့် စိတ်အာရုံထဲမှာ အမှောင်ကြီး ဖုံးလွှမ်းနေပါသည်။
    မတတ်နိုင်သည့်အဆုံးတွင် အပြင်သို့ ကျွန်တော် ထွက်ခဲ့သည်။ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ခြေဦးတည့်ရာ လျှောက်နေမိသည်။
    ခြေကုန်လက်ပန်းကျတော့ အခန်းသို့ ပြန်လာခဲ့သည်။ လသာဆောင်မှာ ထိုင်ပြီး ငေးမိငေးရာ ငေးကြည့်နေမိသည်။ လှပသည့် ရှုမျှော်ခင်းများသည်လည်းကျွန်တော့် အာရုံကို ဆွဲဆောင်ဖမ်းစားနိုင်ခြင်း မရှိတော့ပြီ။ အဖော်မဲ့ခြင်း၊ အထီးကျန်နိုင်ခြင်းဆိုသည့် အသိကြီးက ဖိစီးနှိပ်စက်နေပါသည်။
    စာအုပ်တစ်အုပ်ကို ဖွင့်လိုက်သည်။ ဘယ်လိုမှ မဖတ်နိုင်ပါ။ အာရုံဝင်စားအောင် ဘယ်လိုမှ မလုပ်နိုင်ပါ။
    ကျွန်တော့်ဆီလည်း ဘယ်သူမှမလာ။ လာမည့်သူလည်း တစ်ယောက်မှ မရှိ။ သစ်သား အကာတစ်ခုသာခြားသည့် တစ်ဘက် လသာဆောင်မှ ယောက်ျားတစ်ယောက်၏ တီးတိုးသံကို ကြားရသည်။ အမျိုးသမီးတစ်ယောက်၏ ခပ်သာသာ ရယ်မောသံ ပေါ်လာသည်။
    မျက်လုံးများကို ကျွန်တော် မှိတ်ထားလိုက်သည်။ အလွန်တရာ စိတ်ဆင်းရဲနေသည်။ အထီးကျန် ဘ၀ကြီးက ကျွန်တော့်အသည်းနှလုံးများကို ချေမွဖျက်ဆီးပစ်နေသည်။
    ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ပါ။ ကိုယ့်စိတ်ကိုယ် ဘယ်လိုမှ ထိန်းသိမ်းမရတော့ပါ။ အိုနေးလ် ပေးသည့် အကြံဥာဏ်အတိုင်း လိုက်နာရပါတော့မည်။ ကျွန်တော် ပြတ်သားရတော့မည်။ ဘားခန်းထဲသို့ ဆင်းသွားစပြီး မိန်းကလေးတစ်ယောက်ကို ခေါ်ကာ အထီးကျန်နိုင်သည့် ဘ၀ဆိုးကြီးကို ဖျက်ဆီးပစ် ရပါတော့မည်။
    သို့မှသာ ဘ၀ကို စိတ်ဝင်စားသည့် အာရုံများ ကျွန်တော် ပြန်ရတော့မည်။ ထိုအာရုံများ ပြန်ရမှ ကျွန်တော် အလုပ် လုပ်နိုင်တော့မည်။
    အောက်ထပ်သို့ ဆင်းပြီး ဘားခန်းထဲသို့ ကျွန်တော် ၀င်ခဲ့သည်။ သူငယ်ချင်းတစ်ယောက်၏ အိတ်ထဲမှ ပိုက်ဆံကို တိတ်တဆိတ် နှိုက်ယူဖို့ စိတ်ကူးနေမိသလို ခံစားရသည်။ အပြစ်တစ်ခုခုကို ကျူးလွန်နေမိသလို ခံစားရသည်။
    စားပွဲတစ်လုံးမှာ ၀င်ထိုင်သည်။ ဂွမ်နီ ရောက်လာပြီး ကျွန်တောနှင့် စကားပြောသည်။
    မဖြစ်နိုင်ပါ။ ဂွမ်နီတော့ မဖြစ်နိုင်ပါ။ ဂွမ်နီနှင့် ကျွန်တော် မလွန်ရင်းနှီးပါသည်။ သူ့အကြောင်းကိုလည်း ကျွန်တော် ကောင်းကောင်းသိပါသည်။ ကျွန်တော့် နှမကလေးလို ဖြစ်ပါသည်။
    ဓာတ်စက်ရှိရာသွားပြီး အကြွေထည့်ကာ ခလုတ်နှိပ်နေသည့် ဗုဒ္ဓဟူး လူးလူးကို ကျွန်တော် လှမ်းကြည့် နေမိသည်။
    လူးလူးသည် အလွန်ချောပါသည်။ အလွန် ချစ်စရာကောင်းပါသည်။ သူနှင့်ဆိုလျှင် ကျွန်တော် စိတ်ချမ်းသာနိုင်ပါမည်။ သို့သော်လည်း သူ လိုက်နာ စောင့်ထိန်းတတ်သည့် စည်းကမ်းက ရှိသေးသည်။ ကျွန်တော်သည် စူဇီ၏ "အမျိုးသား" ဖြစ်သောကြောင့် သူ သေချာပေါက် ငြင်းမည်။ ကျွန်တော့်မှာ စကားကြီး အဖတ် တင်ပြီး အရှက်ရဖို့သာ ရှိပါသည်။
    ဗုဒ္ဓဟူး လူးလူးနှင့်လည်း မဖြစ်နိုင်ပါ။
    ထိုအခိုက် ဂွမ်နီက ပြောသည်။
    "ဟာ ... ဟန်ကျလိုက်တာ၊ ဟောဟိုမှာ ဖီဖီလာပြီ၊ မနေ့ညတုန်းက မာဂျောင်းကစားဖို့ သူ့ဆီက ငါးဒေါ်လာ ချေးထားတာ ပြန်ဆပ်လိုက်ဦးမယ်၊ ကျွန်မ သွားလိုက်ဦးမယ်နော်" ဂွမ်နီ ထွက်သွားသည်။
    စားပွဲများကြားမှာ လျှောက်လာသော တိုင်ဖူးကို တွေ့ရသည်။ သူ့မျက်နှာကလေးက အရုပ်ဆိုးပါသည်။ သို့သော်လည်း မျက်လုံးကလေးတွေက တောက်ပသည်။ ရှည်လျားသည့် ခြေတံတွေက လှပသည်။ ဂါဝန် ဘေးကွဲမှ ပေါ်နေသည့် ပေါင်တံဖြူဖြူကလေးသည် အလွန် မက်မောစရာကောင်းပါသည်။
    ဟုတ်ပါပြီ။ တိုင်ဖူးသည် ကျွန်တော် လိုအပ်နေသည့် ဆေးဖြစ်ပါသည်။
    သူနှင့် ကျွန်တော် မျက်လုံးချင်း ဆုံမိကြသည်။ ကျွန်တော့် စားပွဲဆီသို့ လျှောက်လာပြီး ၀င်ထိုင်သည်။ ဂါဝန်ဘေးကွဲမှ ပေါ်နေသည့် ပေါင်တံဖြူဖြူကလေးကို ကျွန်တော် မြင်နေရသည်။ ထွေရာလေးပါး စကားအနည်းငယ် ပြောကြသည်။ ပြီးတော့ ကျွန်တော်နှင့် လိုက်ခဲ့ပါဟု ပြောချလိုက်လေတော့သည်။
    တိုင်ဖူး၏ မျက်လုံးအစုံ ၀ိုင်းစက်သွားသည်။
    "ဒါပေမယ့် အစ်ကိုက စူဇီနဲ့ အတွဲဖြစ်နေတယ်လေ"
    "စူဇီ ကိုယ့်ကိုထားခဲ့ပြီး ထွက်သွားတာ ကြာလှပါပြီ တိုင်ဖူးရယ်"
    တိုင်ဖူးသည် ဘာစကားမှမပြောဘဲ ငြိမ်နေသည်။ အတွေးတစ်ခုခုထဲမှာ နစ်နေသည်။ တိုင်ဖူး ဒါလောက် နှုတ်ဆိတ်ပြီး ငြိမ်သက်နေသည်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးသေးပါ။
    နောက်ဆုံးကျတော့မှ မယုံတ၀က် ယုံတ၀က်လေသံဖြင့် ပြန်ပြောသည်။
    "ကောင်းပြီလေ...ဒါပေမယ့်..."
    ထိုအခိုက် ကျွန်တော်ုတို့ စားပွဲနားမှ ဒေါရစ် ဖြတ်လျှောက်သွားသောကြောင့် တိုင်ဖူးက စကားမဆက်ဘဲ ရပ်ထားလိုက်သည်။
    "ဒါပေမယ့်ဆိုတာ ဘာလဲ တိုင်ဖူး"
    "ဒါပေမယ့် အစ်ကို အရင်အပေါ်ကို တက်သွားနှင့်၊ နောက်မှ ကျွန်မ တက်လိုက်လာခဲ့မယ်၊ ကျွန်မကို တခြား လူတွေ မမြင်စေချင်ဘူး"
    "ဘာဖြစ်လို့လဲ"
    "ကျွန်မကို တခြားလူတွေ မမြင်စေချင်တာ သက်သက်ပါပဲ"
    သူ့ကိုထားခဲ့ပြီး ကျွန်တော့်အခန်းသို့ ပြန်လာခဲ့သည်။
    အခန်းကိုရောက်တော့ သူ လိုက်မလာမှာကို ကျွန်တော် စိုးရိမ်နေမိပြန်သည်။ ကျွန်တော့်အဖို့ သူရှိမှ ဖြစ်တော့မည်။ သူ့ကို ကျွန်တော် အရူးအမူး လိုချင်နေပြီ။ ကျွန်တော့် စိတ်ဒုက္ခများကို ဖြေရှင်းပေးနိုင်သူမှာ တိုင်ဖူးပဲ ဖြစ်ချေသည်။ ကျွန်တော့်ဘ၀ ညမှောင်မှောင်များ၏ လင်းအရုဏ်သည် တိုင်ဖူးပဲ ဖြစ်ပါသည်။
    တံခါးခေါက်သံနှင့်အတူ တိုင်ဖူး ၀င်လာသည်။ သို့သော် စိတ်အားထက်ထက်သန်သန်ကြီးကား မဟုတ်ပါ။
    နေတတ်ထိုင်တတ်သည့် အခြေအနေသို့ ရောက်သည်အထိ ရေနွေးကြမ်းသောက်ရင်း ကျွန်တော်တို့ ထိုင်စကားပြောနေကြသည်။ ငွေကြေးအကြောင်းပြောရသည်မှာ မကောင်းပါ။ သို့သော်လည်း လက်ဆောင်ပစ္စည်းအဖြစ် သဘောထားပြီး လက်ခံစေချင်ကြောင်းပြောကာ သူ့ပိုက်ဆံအိတ်ထဲသို့ ငွေစက္ကူအချို့ကို ကျွန်တော် ထည့်ပေးပါသည်။ တိုင်ဖူး၏ မျက်နှာပေါ်တွင် ရှက်သွေးဖြန်းသွားပါသည်။ ဘာစကားမှတော့ ပြန်မပြောပါ။
    ခဏကြာတော့ မှန်တင်ခုံဆီသို့ လျှောက်သွားပြီး ငွေသေတ္တာကလေးကို ကောက်ယူ ကြည့်နေပါသည်။
    "ဒီဟာ စူဇီ ပေးတာလား"
    "ဟုတ်တယ် တိုင်ဖူး"
    သူက ခေါင်းညိတ်သည်။ သူ့မျက်နှာအမူအရာက ပူပင်သောကရောက်နေသလို ရှိသည်။
    လသာဆောင်သို့ ကျွန်တော်တို့ ထွက်ခဲ့ကြသည်။ လက်တန်းပေါ်မှာ မှီရပ်ကြရင်း သူ့အမူအရာ ရွှင်ပျလာသည်။ စကားတွေ ဖောင်အောင် ပြောလာသည်။ ပြုံးပြုံးရယ်ရယ် ရှိလာသည်။
    သူနှင့်ကျွန်တော် လက်ချင်းချိတ်ပြီး အခန်းထဲသို့ ပြန်ဝင်ခဲ့ကြသည်။ အခန်းထဲရောက်တော့ သူ့လက်ကို ရုန်းပြီး မှန်တင်ခုံပေါ်မှ သူ့ပိုက်ဆံအိတ်ကို ဖွင့်သည်။ အထဲမှာ တစ်စုံတစ်ရာကို ရှာနေသည်။ သို့သော် လိုချင်သည့်အရာမတွေ့" ပိုက်ဆံအိတ်ကို ပြန်ပိတ်လိုက်သည်။
    "အရေးကြီးတာတစ်ခု ကျွန်မ မေ့ကျန်နေရစ်ခဲ့တယ်၊ သွားပြန်ယူလိုက်ဦးမှဖြစ်မယ်၊ ခဏစောင့်ပါဦးနော်"ဟု ကျွန်တော့်ကို လှမ်းပြောသည်။
    အပြင်သို့ ထွက်သွားသည်။ တံခါးပြန်ပိတ်ထားခဲ့သည်။ ငါးမိနစ်ကြာသွားသော်လည်း သူ ပြန်ရောက်မလာ။ ကျွန်တော် စိတ်ပူစပြုလာပြီ။
    ထိုအချိန်မှာပင် စားပွဲပေါ်တွင် ပိုက်ဆံအချို့ ရှိနေသည်ကို လှမ်းမြင်လိုက်သည်။ စူဇီ ၀ယ်ပေးသော ငွေသေတ္တာကလေးနှင့် ဖိထားသည်။ ကျွန်တော် ရေကြည့်တော့ တိုင်ဖူး၏ ပိုက်ဆံအိတ်ထဲသို့ ထည့်ပေးလိုက်သော ငွေအရေအတွက်အတိုင်း အတိအကျ ဖြစ်နေသည်ကို တွေ့ရသည်။
    ကျွန်တော့်လက်ထဲမှ ငွေစက္ကူများကို ကျွန်တော် ငေးကြည့်နေမိသည်။ ထိုအခိုက် တယ်လီဖုန်းခေါင်းလောင်း မြည်လာသည်။ ကျွန်တော် ကောက်ကိုင်လိုက်တော့ ဘားခန်းထဲမှနေ၍ တိုင်ဖူး ဆက်နေခြင်းဖြစ်သည်။
    "ကျွန်မ စိတ်မကောင်းကြောင်း ပြောမလိုပါအစ်ကို၊ စူဇီကို ကျွန်မ သိပ်သဘောကျတယ်၊ သူဟာ ကျွန်မ သူငယ်ချင်းပါ"
    "ဒါပေမယ့် တိုင်ဖူး...၊ ကိုယ့်သူငယ်ချင်းနဲ့သူ ထွက်သွားပြီလေ၊ ကိုယ့်သူငယ်ချင်းပဲ ဆိုပါတော့"
    "ဒါက တခြားပါ အစ်ကို၊ ဒီလို လိုက်သွားတာဟာ သူ့အလုပ်ပဲ၊ သူအလုပ်သွားလုပ်တာပဲ၊ ပြီးတော့ အစ်ကိုဟာ စူဇီရဲ့ ချစ်သူပါ"
    "အဲဒါကြောင့် ကိုယ် အကြီးအကျယ် စိတ်ဒုက္ခရောက်ရတာပေါ့ တိုင်ဖူးရယ်"
    "ကောင်းပြီ အစ်ကို၊ တခြား တစ်ယောက်ယောက်ကို ခေါ်ပါ၊ ကျွန်မနဲ့တော့ မဖြစ်နိုင်ပါဘူး၊ စူဇီရဲ့ချစ်သူခေါ်ရာကို ကျွန်မ မလိုက်နိုင်ပါဘူး၊ ဒါပါပဲ အစ်ကို"
    တဖက်က တယ်လီဖုန်းချသွားသည်။ စကားပြောခွက်ကို ကျွန်တော် ဆောင့်ချလိုက်မိသည်။ ဒေါသလည်း ပေါက်ကွဲလာသည်။ တိုင်ဖူးကို အမျိုးမျိုး ကျိန်ဆဲမိသည်။ သင်္ဘောသားတွေနှင့်ကတော့ ဖြစ်ချင်တိုင်းဖြစ်ပြီး ကျွန်တော်လို လူကို သည်လိုလုပ်ရပါမည်လားဆိုကာ မကျေနိုင် မချမ်းနိုင်အောင် ဖြစ်ရသည်။
    ပေါက်ကွဲနေသော ဒေါသစိတ်ကို ကျွန်တော် မချိုးနှိမ်ပါ။ အချိန်ကြာနိုင်သမျှ အကြာဆုံး ဒေါသ ဖြစ်နေအောင် ကြိုးစားနေမိသည်။ သို့ကလို ဒေါသဖြစ်နေမှ ကျွန်တော် အထိုက်အလျောက် စိတ်သက်သာရာ ရပါမည်။
    သို့သော်လည်း ဒါသစိတ်က ကြာရှည်မနေပါ။ နောက်ဆုံးတွင် ပြေပျောက်သွားရပါတော့သည်။ ဒေါသစိတ် ပြေပျောက်သွားတော့ စောစောက အထီးကျန်စိတ်က ပြန်ဝင်လာပါသည်။ တစ်ကိုယ်တည်း အဖော်မဲ့ နေရသည်ကို ငြီးငွေ့သည့်စိတ်က ပြန်ပေါ်လာပါသည်။ ထိုစိတ်နှင့်အတူ အသည်းနှလုံးတွေ နာကျင်သောဝေဒနာကို ခံစားရပါသည်။
    ဘားခန်းထဲသို့ တစ်ခေါက် ပြန်ဝင်သွားဝံ့သည့်သတ္တိ ကျွန်တော့်မှာ မရှိပါ။ အခြား မိန်းကလေး တစ်ယောက်ကို ထပ်ခေါ်ဝံ့သော သတ္တိမရှိပါ။ နောက်တစ်ကြိမ် အငြင်းပယ်ခံရမည်ကို ရင်ဆိုင်ဝံ့ သောသတ္တိ မရှိပါ။
    ကျွန်တော် ပိုပြီး စိတ်ဆင်းရဲလာသည်။ ထို့ကြောင့် အပြင်ထွက်ပြီး ရုပ်ရှင်ရုံရှိရာသို့ လာခဲ့သည်။ ရုပ်ရှင်ကြည့်နေလျှင် စိတ်သက်သာရာ ရမည်ဟု ထင်သည်။
    အပေါ်ထပ် နောက်ဆုံးခုံမှာ ကျွန်တော် ၀င်ထိုင်သည်။ ကျွန်တော် ရှေ့တည့်တည့်တွင် ရေတပ်ရဲဘော်တစ်ယောက်နှင့် တရုတ်မကလေး တစ်ယောက်ထိုင်နေသည်။ တရုတ်မ ကလေးသည် အနောက်တိုင်း ဆန်လှပါသည်။ သူတို့ နှစ်ယောက် အပြန်အလန် ကလူကျီစယ်ပြုနေကြပါသည်။
    တရုတ်မကလေး၏ ခေါင်းမှ ဆံပင်အနက်များ ၀ဲပျံကျနေသည်ကို ရုပ်ရှင်ပိတ်ကား နောက်ခံတွင် မြင်နေရပါသည်။ စူဇီ ဖြစ်နိုင်သည်ဟု ကျွန်တော့်စိတ်ထဲက ထင်မှတ်မိပါသည်။
    ထိုသို့ ထင်မှတ်မှားမိသောအခါ စူဇီကို လွမ်းဆွတ်သည့်စိတ် ပေါ်လာပြန်သည်။ ထိုစိတ်ဒုက္ခကို ကျွန်တော် ခံနိုင်ရည်မရှိတော့ပါ။ ထို့ကြောင့် ခံနေရာ ရွှေ့ထိုင်လိုက်ရပါတော့သည်။
    ရုပ်ရှင်ရုံမှ ကျွန်တော် ပြန်လာတော့ မှောင်နေပြီ။ ဖိုးဖွဲဖွဲလည်း ရွာနေသည်။ လမ်းလျှောက် ပြန်လာရင်း စူဇီကို တမ်းတသည့်စိတ်က ကြီးမားသည်ထက် ကြီးမားလာသည်။ ခန္ဓာကိုယ်တွင် ရှိသမျှ အသွေးတွေ၊ အသားတွေ အားလုံးထဲမှနေ၍ တမ်းတမိခြင်းဖြစ်ပါသည်။
    လမ်းပေါ်က မိန်းကလေးတွေ အများအပြား ရှိပါသည်။ သူတို့ထဲက တစ်ယောက်ယောက်ကို ခေါ်သွား ရလျှင် ကောင်းမည်လားဟု စဉ်းစားမိပါသည်။
    ထိုမိန်းကလေးများ ကျက်စားရာ လမ်းဆီသို့ ကျွန်တော် လျှောက်ခဲ့သည်။ ထိုလမ်းပေါ်သို့ ရောက်တော့ မိန်းကလေး အများအပြားကို တွေ့ရသည်။ အချို့က အမှောင်ရိပ်ခိုနေကြသည်။ အချို့က အဆောက်အအုံ အပေါ်ထပ်တက်ရာ လှေကားခြေရင်းမှာ ကပ်ပြီး မိုးခိုနေကြသည်။
    "ဟယ်လို..." ဟု အသံပြုရင်း ကိုယ်လုံးသွယ်သွယ် မိန်းကလေးတစ်ဦးက ကျွန်တော့်အနားသို့ ကပ်လာသည်။ အတော်ငယ်ဦးမည်ဟု ထင်ရသည်။ အနားသို့ ရောက်လာတော့ သူ့မျက်နှာပေါ်သို့ မီးရောင် ထိုးကျသွားသည်။ ဆေးဆိုးထားသလို ဖြစ်နေသော မျက်နှာကို မြင်ရသည်။ အသက်က အနည်းဆုံး လေးဆယ်လောက်တော့ ရှိပေရော့မည်။
    သူ့ကို ကျောခိုင်းပြီး ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ နမ်ကောက်ဆီသို့သာ ဦးတည်ပြီး ပြန်လာမိတော့သည်။
    ကျွန်တော့်ရှေ့မှာ မိန်းကလေးတစ်ယောက် ထီးဆောင်းပြီးလျှောက်သွားနေသည်ကို မြင်ရသည်။ မိုးရေကြောင့် ပြောင်လတ်နေသည်။ လမ်းကို နောက်ခံထားပြီး သူ့ခန္ဓာကိုယ် ကောက်ကြောင်းကို မြင်နေရသည်။ ရှည်လျားသည့် ဆံပင်များက ပခုံးပေါ်မှာ ၀ဲကျနေသည်။
    ဒါလည်း မဖြစ်နိုင်ပါ။ သူသည် ကျွန်တော် အလိုရှိနေသော အမျိုးသမီးမျိုး မဟုတ်နိုင်ပါ။ ကူးတို့ သင်္ဘောစီးဖို့ သွားနေသည့် ရိုးရိုးသားသား မိန်းကလေးပင် ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်းသိမ်း ချိုးနှိမ်လိုက်ရပြန်ပါသည်။
    ထိုအချိန်မှာပင် ထိုမိန်းကလေးကို ကျွန်တော် မှတ်မိသွားသည်။ ဒေါက်မြင့်ဖိနပ်ကို စီးရင်း သူ့တင်ပါးကို ဘယ်ညာယမ်းကာ လမ်းလျှောက်နေသည်။ နမ်ကောက် ဟိုတယ်သို့ ၀င်သည့် တံခါးမကြီးကို ကျော်ပြီး ဘားခန်းဆီသို့ လျှောက်သွားသည်။ ဘားခန်းရှေ့မှာရပ်ပြီး ထီးကို ပိတ်လိုက်သည်။
    ဟုတ်ပါပြီ။ ကျွန်တော် ထင်သည်မှာ မှန်ပါသည်။ ဘက်တီလောင်း ဖြစ်ပါသည်။ ဘယ်တီလောင်းသည် စူဇီနှင့် ပတ်သက်၍ မည်သို့မှ စိတ်မသိုးမသန့် ဖြစ်မည့် မိန်းကလေး မဟုတ်ချေ။
    မှန်တံခါးကို ကပ်ပြီး လက်ဝါးကလေးနှင့်အုပ်ကာ အတွင်းသို့ လှမ်းကြည့်နေသည်။ အခြားသော လက်တစ်ဖက်ဖြင့် မှန်ချပ်ကို သာသာခေါက်နေသည်။ အထဲမှ ယောက်ျားတစ်ယောက်က သူ့ကိုမြင်ပြီး အတွင်းသို့ ခေါ်သွားပေးရန် ဖြစ်သည်။ သူ့အနားသို့ ကျွန်တော် ကပ်သွားသည့်ခြေသံကို ကြားသဖြင့် လှည့်ကြည့်သည်။ ကျွန်တော့်ကို တွေ့တော့ အားပါးတရ ပြုံးလိုက်ပြီး ကျွန်တော့် လက်မောင်းကို လာပွတ်သည်။
    "အို... ရောဘတ်၊ ရှင် သိပ်ချစ်စရာကောင်းတာပဲကွယ်၊ ကျွန်မကိုဘားခန်းထဲ ခေါ်သွားပေးပါနော်၊ ခေါ်မယ် မဟုတ်လား"
    "ခေါ်ပါ့မယ် ဘက်တီ၊ ဒါပေမဲ့ တခြားတံခါးပေါက်ကနေ ခေါ်သွားပါ့မယ်"
စာအုပ် (၂) အခန်း (၈) မျှော်..
.
No comments: