Tuesday, December 22, 2009

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၆)

အခန်း(၆)

အထိန်းတော်ကြီး ခင်ဘွားသစ်သည်၊ များမကြာမီ နေ့ရက်အတွင်းမှာပင် ၀တ်လဲတော် ပုဆိုးကို ယူဆောင် ကာ သီပေါမင်းသား စံတော်မူရာဖြစ်သော နန်းဦးမှန်စီရွှေကျောင်း သို့ရောက်လာပြီး တစ်ပါး တည်း စာကျက် နေတော်မူသည့် မင်းသားအပါးသို့ ခစားမိလေ၏ ။ မင်းသားလည်းစာထဲတွင် စိတ်တော် စူးဝင်နေသည်နှင့် ရုတ်တရက်အားဖြင့်အပါးသို့ ခင်ဘွားသစ်ရောက်လာသည်ကိုပင် သိတော် မမူသော ကြောင့် မင်းသမီးအထိန်းတော်ဟူ သော မာနကလေးနှင့် မင်းသားများ၏ အရေးပေး ခြင်းခံရမည်ကို တင်ကြို သိမြင်ထားသော ပါးနပ်လှသည့်ခင်ဘွားသစ်မှာ မင်းသားအပါးသို့ ဒူးပုဆစ်ဖြင့် အနည်းငယ် ထပ်မံ၍ သွားပြီး ၀တ်လဲတော်ပုဆိုး တင်သည့် ရွှေကလပ်ကို လှမ်းတင်လျက်

"အရှင်ကိုယ်တော်ဖျား၊ စာကြိုးစားတော် မူပါပေရဲ့ဘုရား" ဟု စကားစသောအသံ ပြုလိုက်သည်တွင် ရှင်သာမဏေ သီပေါမင်းသားလည်း ရုတ်တရက် လှည့်၍ ရှုစားတော်မူ ကာ-
"အလို... အထိန်းတော် ခင်ဘွားသစ်ကြီးပါကလား၊ ကိုယ့်တော့ထံ မလာစဖူး အကြောင်းထူးများ ရှိသလား" ဟု မျက်နှာ ချိုသာစွာ နှင့် မိန့်တော်မူလျှင်-

သစ်။ ။"မှန်လှပါ၊ အကြောင်းထူးတယ်၊ မဟုတ်လှပါဘုရား၊ ဘုရာ့ကျွန်မတို့ရဲ့ အရှင် ထိပ်စုမြတ် ဖုရားလတ်က ယခုလာမည့် စာတော်ပြန်ပွဲမှာ စာဖြေမည့်ရဟန်းသာမ ဏေများကို တိစီဝရိတ် သင်္ကန်း တော်များ ဆက်ကပ်လှူတော်မူမည်၊ ရည်ရွယ်တော်မူခဲ့အခါ အရှင်ရွှေကိုယ်တော်မှာ သင်္ကန်း ၀တ်တော် နှင့်မဖြေဘဲ လူဝတ်လဲ၍ ဖြေဆိုတော်မူမြဲဖြစ်တဲ့ အတွက်သင်္ကန်းလှူရမည့် ရဟန်း, သာမဏေ စာရင်းတွင် မပါဖြစ်၍ စာတော်ပွဲအ၀င်တွင် လူဝတ်လဲဆင်တော်မူစရာ ယခုကကြိုတင်၍ ၀တ်လဲတော် ဆက်ထားသင့် ကြောင်း လျှောက်တင်သဖြင့်အခြားသော ရဟန်းသာမဏေများကို လှူဒါန်း လျက်သား မှ ရွှေကိုယ် တော်တစ်ပါး တည်း ခြွင်းချန်မထားကောင်းဘူးအထင်နှင့် အသုံးဝင်မည့် ဆင်တော်မူရန် ၀တ်လဲတော် ဆက်သလာရကြောင်းပါဘုရား" ဟု လျှောက်ထားကာ ရွှေကလပ်ပေါ်တွင် ဖုံးလွှမ်း တင်ထားသော ပိုးဆာပ၀ါကို ဖွင့်လှစ်ပြရာ မြတ်လေးကုံးကြီးများဖြင့် ရစ်ပတ်ထားသော လွန်းတရာကျ ၀တ်လဲတော် အုပ်ကို တွေ့မြင်ရလျှင် အရှင်သီပေါမင်းသားလည်း အားတက် ရွှင်လန်းတော် မူသော မျက်နှာ တော်ဖြင့် အထိန်းတော် ခင်ဘွားသစ်ကို ရှုစား တော်မူကာ-
"သြော်... နှမတော်စုလတ်က ဆက်တော်မူလိုက်တဲ့ ၀တ်လဲတော်ပုဆိုးလား ခင်ဘွားသစ်ရဲ့"
ဟု ထပ်မံ မိန့်တော်မူကာ ပုဆိုးခေါက်ကို မြတ်နိုးစွာ ကိုင်ယူ ရှုစားတော်မူပြီး-

"နှမတော်စုလတ်က သတိတရဆက်သတော်မူတဲ့အတွက် အင်မတန်မှ အားတက် ၀မ်းမြောက်တော် မူပါတယ်၊ သုဓမ္မာစာပြန်ပွဲ ၀င်နွဲတော်မူတဲ့အခါ နှမတော်စုလတ် ဆက်သတော်မူတဲ့ ၀တ်လဲတော် ကိုသာ နေ့စဉ် ၀တ်ဆင်တော်မူပါမယ်လို့ ခင်ဘွားသစ် တို့ စုဖုရားကို လျှောက်ထားလိုက်ပါ" ဟု မိန့်တော်မူလျှင် ခင်ဘွားသစ်လည်း...
"မှန်ပါတင်ပမည်ဘုရား၊ အရှင်စုဖုရားကလည်း သူဆက်တဲ့ ၀တ်လည်းတော်ကို မောင်တော်ဘုရားက အမြတ်တနိုး ဆင်တော်မူတယ်ကြားရလျှင် များစွာ ၀မ်းမြောက်တော် မူလိမ့်မယ်လို့ဘုရား ကျွန်မ ထင်ပါရဲ့ ဘုရား"ဟု အဓိပ္ပာယ်တာ သွားသည့် ခပ်ပြုံးပြုံး မျက်နှာထားနှင့် လျှောက်တင်လိုက်ရာ
သီပေါမင်းသားမှာ ခင်ဘွားသစ်ကို စိတ်အားထက်သန်စွာ ရှုစားတော်မူပြီး-
"နေပါ...ခင်ဘွားသစ်တဲ့ အထိန်းတော်ကြီး ခင်ဘွားသစ်ကို ကျုပ်လူရင်း အနေထား လို့နားမလည်တာ တစ်ခု နားရှင်းအောင် အတိအလင်း ထုတ်ဖော်မေးတော်မူပါရစေ၊ အထိန်းတော်မအေက ရေလယ် ကွဲပြား ရွှေနား ရှင်းအောင် ဖြေစမ်းပါလား"

သစ်။ ။"အရှင်ကိုယ်တော်မြတ်ဖျား သိလိုတော်မူတာ မေးမြန်းတော်မူပါ၊ မခြွင်းမကျန် မှန်ကန်ရာကို အစစ် ခံမဲ့ ကျွန်တော်မျိုးမ ဖြစ်ကြောင်းပါဘုရား"

မင်းသား။ ။ "အခြားဟုတ်ပါရိုးလား ခင်ဘွားသစ်ရဲ့၊ စုစုက ယခုဆက်သတော်မူတဲ့ ၀တ်လဲတော်ပုဆိုးမှာ ကျုပ်ကိုသက်သက် သဒ္ဓါတော်မူတဲ့စေတနာကြောင့်လား အများကို ပေးလှူတဲ့အခါ ကျုပ်တစ်ဦးတည်း ခြွင်းချန်ထားရမှာ မတော်လှလို့ ၀တ်ကြေ၀တ်ကုန်၊ အပေါ်ယံရွှေမှုန်ကြဲအထဲက သစ္စာခံဆိုတဲ့ အနှစ်မပါ အကာသက်သက် စေတနာမျိုးများ ဖြစ်နေသလားဆိုတာ သိချင်ပါတယ်၊ ဒီစကားဟာ အထိန်းတော်ကြီးကို ကိုယ်တော့် လူရင်း ထားပြီး မှန်ရာ ကြားရအောင် မေးတာနော်"

သစ်။ ။"အစကတော့ဘုရာ့ကျွန်မ ကိုယ်တိုင်ကပင် ၀တ်ကြေ၀တ်ကုန်စေတနာလို့ ထင်မိပါတယ်၊ သို့ရာတွင် ကိုယ်တော်ဖျားကို ဆက်စရာဝတ်လဲတော်များကို ရွေးချယ်ရာ၌ အလွန်အကျူး အထူးဂရုစိုက် တော်မူပုံကို တွေ့မြင်ရသဖြင့် အသင့်အတင့်မျှသော စေတနာမျိုးမဟုတ်ကြောင်း ရိပ်မိခဲ့သည့်အပြင် ယမန်နှစ် များက ဘ၀ရှင်မင်းတရားကြီး ဘုရားပွဲတက်ကန်တော့ခံ အခမ်းအနားတွင် ကိုယ်တော် အရှင်ဖျား နှင့် စက္ခုတော်နှစ်ပါးဆုံ မိခဲ့ကြောင်း အပုံကြီး ရှက်ရွံ့ဟန်နှင့် မိန့်တော်မူဖူးတဲ့အတွက် ကပြက် ကချော် စေတနာ မဟုတ်ကြောင်းရဲရဲကြီး ၀န်ခံဝံ့ပါသည်ဘုရား"

မင်းသား။ ။"အင်း...အထိန်းတော်ကြီးခင်ဘွားသစ်ကဲ့ စကားကြားရတာ ကိုယ်တော် ဖြင့်အများကြီး စိတ်အားထက်တော်မူမိတယ်၊ သည်ကိစ္စမှာ ခင်ဘွားသစ်ကို အရာရာအား ထားပြီး စကားကုန်မိန့်တော်မူ တော့မယ်၊ သစ္စာရှိရှိနှင့် ပိရိလုံခြုံပါစေ"

သစ်။ ။"စေသောကျွန်ထွန်သောနွားကဲ့သို့ သစ္စာတရားစောင့်စည်းမည့် အထိန်း တော်ကြီး ဖြစ်ကြောင်း ပါဘုရား"
မင်းသား။ ။"ကိုယ်တော့်အကြောင်းကိုလည်း အထိန်းတော်ကြီးများသိပါလိမ့်မယ်၊ ယခုသာမဏေ ဘောင်ဝင်လို့ စာတော်များ သင်ကြားတော်မူခဲ့ရာမှာ ကျုပ်ဝါသနာကလည်း နဂိုကပင် ရှုပ်ရှုပ်ထွေးထွေး လောကီ ရေးရာတွေ မတွယ်တာတော်မူချင်ပဲ အေးအေးစံတော် မူချင်တဲ့ စိတ်တော်ရှိသူဖြစ်လို့ သာမဏေ ဘောင်တွင်မက ရဟန်းဘ၀ရောက်သည်အထိ သာသနာ့ဘောင်မှာ အေးချမ်းစွာတစ်သက်လုံး နေလိုတဲ့ စိတ်ရှိပြီး ခမည်းတော်ဘ၀ရှင် မင်းတရားကြီးက ခွင့်ပေးသနားတော်မူမယ်ဆိုလျှင် ရဟန်းဘ၀ နှင့်ပင် အရိုး ထုတ်တော့ မည် စိတ်ပိုင်းဖြစ်ထားခဲ့တယ် ခင်ဘွားသစ်ရဲ့"
သစ်။ ။"မှန်လှပါဘုရား"

မင်းသား။ ။ "အဲ...သည်လို စိတ်ပိုင်းဖြတ်တော်မူထားသော်လဲ ပထမတစ်ကြိမ်စာ ပြန်ပွဲတော်အပြီး ခမည်းတော် ဘုရားထံ ကန်တော့ဝင်တဲ့အခါ နှမတော်စုလတ်ရဲ့ ရွှေမျက်နှာ တော်ကို ပထမအကြိမ် ရှုမြင်တော်မူရလျှင်ပဲ ခဲထားတဲ့ ယခင်ရည်ရွယ်ချက်များ ပျက်ပြားတော့မလောက် ဖြစ်တော်မူမိဘယ်၊ သို့သော်လည်း သုံးနှစ်သုံးကြိမ် စာတော် ပြန်ပွဲတွင် ၀င်နွှဲဖြေဆိုတော်မူရန် သန္နိဋ္ဌာန်ချတော်မူပြီး ဖြစ်တာ တစ်ကြောင်း စုစုသက်တော် လည်း ငယ်ရွယ်တော်မူသေးတာတစ်ကြောင်းမို့ ရွှေစိတ်တော် ဖျောင်းဖျပြီး မနည်းမေ့ ပျောက်တော်မူရန် အတန်တန်ဖြေဖျောက်တော်မူခဲ့ရတယ်၊

ဘယ်လိုပင်ဖျောက်သော် လည်းစွဲလမ်းတဲ့ အာရုံဆိုတာတစ်ခါတစ်ခါ ပေါ်ပေါက်လာသေးတာလား ခင်ဘွားသစ်ရဲ့၊ ဒီလိုနဲ့မနှစ်ကတစ်ကြိမ် ကန်တော့ဝင်ပြန်ရာမှာ စုစုရဲ့ရွှေမျက်နှာကို ဒုတိယအကြိမ် တွေ့မြင်တော်မူပြန်တော့ အရင်ကစွဲလမ်းတော်မူခဲ့တဲ့ အာရုံကို အစွမ်းကုန်မြှောက်ပင့်ပေး လိုက်တဲ့အလား ကိုယ်တော့စိတ်တွေအမှောက်မှောက် အမှားမှားဖြစ်ပြီး သင်္ကန်းကြီးကို ပြန်မ၀တ်ချင်သလို ဖြစ်သွားတော် မူလိုက်မိတယ်၊ နောက်မှသည်တစ်နှစ် နောက်ဆုံးပထမ ကြီးဖြေတော်မူရန် ကျန်သေးကလားလို့ ကိုယ့်ကိုယ်ကိုယ် တရားချပြီး စွဲလမ်းတဲ့အာရုံကြီး ကို တားဆီးဖြေဆည်တော်မူခဲ့ရပေတယ် ခင်ဘွားသစ်ရဲ့"

"ဒီတစ်နှစ်လုံးမှာဖြင့် စာတော်များ ကြိုးစားရပေတဲ့ စုစုရဲ့ ရျွှေမျက်နှာကို ကိုယ်တော့်စိတ်မှာ အနှောင့် အယှက်ဖြစ်လာအောင် မကြာမကြာ မြင်ယောင်နေတဲ့ အတွက် စာတော်သင်ပျက်ရတဲ့ ရက်တွေလဲ အတော်များခဲ့ပြီ၊ တစ်ခါတစ်ရံတော့လဲ စုစု တို့မှာ ရွှေနန်းတော်ထက်က မျာက်နှာကြီးတဲ့ မင်းသမီးမို့ ဒီက မောင်တော်ကို အရေး လုပ်တော်မူတော်မှ ရပါ့မလားလို့ တအားငယ်တော်မူမိခဲ့တာ စုစုစေတနာတော်နှင့် ယခုလို အထိန်းတော်ကြီး ခင်ဘွားသစ်ကို စေလွှတ်ပြီး ၀တ်လဲတော်ပုဆိုးများ ပို့ဆက်စေ တဲ့အတွက် အတိုင်း ထက်အလွန် အားတက်ဝမ်းသာတော်မူမိတယ်၊ အထိန်းတော်ကြီး ကိုလည်း ဒီကိစ္စနဲ့ပက်သက်လို့ လက်ရင်း လူယုံကြီး အရာထားပြီး အစစ အားကိုးတော်မူ ပါရစေ...."

သစ်။ ။ "အလိုတော် ပြည့်ဝအောင် အစစ ဆောင်ရွက်၍ အမှုတော်ထမ်းဆက်မည်၊ ယုံကြည်စွာ စေစားတော်မူပါဘုရား၊ အရှင်ထိပ်စုဖုရားကလည်း ကိုယ်တော်ဖျားကို စိမ်း ကားတော်မူမည် မဟုတ်တဲ့ အတွက် ရွှေမေတ္တာတော် ကူးယှက်ရန် အခက်အခဲတွေ့ကြဖို့ မရှိပါဘုရား"

မင်းသား။ ။ "အထိန်းတော်ကြီးမို့ မိန့်တော်မူရဦးမယ်၊ စုစုနဲ့ဖြင့် ဘ၀သံသရာက ပင် သင်းကျစ်အက္ခရာ ရေစက်တော်ပါလို့များ ထင်ရဲ့ မြင်လျှင်မြင်ချင်း ကိုယ်တော်ရဲ့ ခိုင် မာတဲ့ ရွှေစိတ်တော်များ တစ်မျိုးတစ်ဖုံ ပြုပြင် ပြောင်းလွှဲ သွားတော်မူရတဲ့အပြင် အင်မတန် ဆန်းကြယ်တဲ့ အိပ်မက်တော်များ ကိုလည်း မြင်မက်တော် မူထားတယ် ခင်ဘွားသစ်ရဲ့"
သစ်။ ။ "မိန့်တော်မူပါဘုရား"

မင်းသား။ ။ "အိပ်မက်တော်အလိုကဖြင့် နောင် အနာဂတ်ကာလတွင် ကိုယ်တော် နှင့်စုစုတို့ အထွတ်အထိပ်ရောင်နိုင်ဖို့ နိမိတ်များနှင့်ပင် တူပါတယ်၊ ဘယ်လိုအိပ်မက်ဆို တာအထိန်းတော်ကြီးကို မိန့်တော်မူပါမယ်၊ ကိုယ်တော့ မယ်မယ်ဖျားကိုပင် မလျှောက် တင်ရသေးဘူး ခင်ဘွားသစ်ကဲ့၊ အိပ်မက်ကတော့ ကိုယ်တော်သည် ညီတော် ၀န်းသိုမင်းသား၏ အသားကို သန်လျက်ဓားနှင့်လှီး၍ ပွဲတော် တည်ပြီး နှမတော်စုလတ်နှင့်အတူ ဆင်ဖြူတော် စီး၍ ကောင်းကင်သို့ ပျံတက်ရသည်လို့ တစ်ကြိမ် အိပ်မက်တော် မြင်ပြီး နောက် တစ်ကြိမ်လည်းနှမတော် စုလတ် မြင့်မြတ်သော နေရာထက်၌ နှစ်ပါးယှဉ်ပြိုင် ထိုင်တော်မူနေကြစဉ် ကောင်းကင်က နေနှင့်လတို့ ကျလာ၍ ကိုယ်တော်၏ ခြေဖ၀ါး တော် နှစ်ပြင်ဝယ် ကပ်လျက် တည်နေကြတယ်လို့ မြင်မက်တော်မူတယ်"

သစ်။ ။ "အံ့ဖွယ်သရဲ ထူးကဲတဲ့ အိပ်မက်တော်များ ဖြစ်ပါသည် အရှင်မြတ်ဘုရား၊ ဒီအိပ်မက်တော်များဟာ အထူးသဖြင့် အရှင် ကိုယ်တော်မြတ်ဖျား မင်းဖြစ်အံ့သော ပုဗ္ဗနိမိတ်မြတ်ဖုရားလတ်ပါ အိမက်တော် မြင်လာသည်မှာလည်း နောင်သံသရာက ပါရမီ ဖြည့်ဖက်၊ ကုသိုလ်ပြုဖက်ဖြစ်တော်မူခဲ့သည့် အားလျော်စွာ အရှင့်သားတော် ရွှေဘုန်းပွင့် လန်းမည့်အချိန်အခါ အရှင်ထိပ်စုထားနှစ်ပါး အတူစံလျား ပြိုင်တော်မူရမည့် နိမိတ်ပင်ဖြစ် ပါသဖြင့် စုဖျားအတွက်မှာ အရှင့်သားတော်၏ အလိုဆန္ဒတော် အတိုင်း၊ မဆုတ် မဆိုင်းပြည့် ၀တော်မူရန်ရှိပါသည်။ သို့အတွက် အရှင်ထိပ်စုမြတ်ဘုရား၏ မေတ္တာတော် ပန်းမဉ္ဖူကို လှမ်းယူတော် မူစရာ ဘုရားကျွန်မက ရွှေတံချုဆက်ရပါမည့်အကြောင်းပါဘုရား"

မင်းသား။ ။"နှစ်သက်အားရတော်မူလိုက်တာ ခင်ဘွားသစ် ချစ်မြတ်နိုးတော်မူတဲ့ စေတနာကအခါခါ နှိုးဆွတော်မူလှတဲ့အတွက်တစ်ကြောင်း၊ အားတက်ဖွယ်နိမိတ်ကောင်း တွေပြရာမှာ နှမတော်စုလတ် ပါဝင်တော်မူနေတာတစ်ကြောင်း၊ ခင်ဘွားသစ်ဆိုတဲ့ အမှီသဟဲကောင်းကြီးနဲ့ တွေ့ရပြီး စုစုရဲ့စေတနာ တော်မနုကြောင်းလည်း သိရတဲ့အတွက် တအားတက်တော် မူတဲ့အတိုင်း စုစုရဲ့မေတ္တာတော် ပန်းမဉ္ဇူကို လှမ်းချူတော် မူတော့မယ် ရွှေတံချူနဲ့ကူတဲ့ ခင်ဘွားသစ်က အစစတာဝန်ယူပြီး လျှို့ဝှက်သိပ်သည်းစွာ ဆောင်ရွက် ရမယ်နော်"

သစ်။ ။"စိတ်ချတော်မူပါဘုရား၊ စုဖျားကိုဘုရားကျွန်မ အချော့နိုင်ဆုံးပါ"

မင်းသား။ ။"ဒါထက်စုလတ်က ရွှေစိတ်တော်ခပ်ဆတ်ဆတ်မို့ ဆတ်ဆတ်ကြဲဖြစ်ပြီး ချစ်တော်မမူနိုင်ပါဘူး ဆိုလိုက်ရင်နဂိုကမှ မရဲချင်နေတဲ့ကိုယ်တော်မှာ စိတ်ပျက်တော်မူ စရာကြီးများဖြစ်နေမလား ခင်ဘွားသစ် ရယ်"

သစ်။ ။"စိုးရိမ်တော်မူပါနှင့်ပါဘုရား၊ စုဖျားဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက် ပေပေ ဘုရားကျွန်မက အမေတစ်ပိုင်း၊ အထိန်းတော်တစ်ပိုင်းမို့ ကိုယ့်လက်ပေါ်မှာ ကြီးလာရသူ ကလေးဖြစ်တဲ့အတွက် စုဖျား နှုတ်တော်က တစ်ချက်ဟလိုက်ရင် သဘောတော် ရှိသမျှ အလုံးစုံသိခဲ့ရတဲ့ အထိန်းတော် တစ်ဦး ဖြစ်ကြောင်းပါ၊ စစ်ရေးမသာဘူးထင် လျှင် တိုက်ခိုက်ရန် မြားမပြင်ပေါင်ပါဘုရား"
 သီပေါမင်းသားလည်း အားရနှစ်သက်စွာ ပြုံးတော်မူပြီး-
"ကောင်းလှပြီ၊ ကောင်းလှပြီ၊ ဒီယနေ့ပင်ခင်ဘွားသစ်တိုက စုဖုရားထံ အချစ်တမန် စေစားတော် မူတော့မယ်၊ ခင်ဘွားသစ်အဖို့လည်း ခမည်းတော်ဘုရားက ကျုပ်ကိုခမဲပေး တော်မူထားတဲ့ လက်ဝတ်တော် များထဲမှ ပတ္တမြား လက်စွပ်တချည် ဆုတော်သနားတော်မူ လိုက်ဦးမယ်"
မိန့်တော်မူကာ ရွှေသေတ္တာမှ ပတ္တမြားလက်စွပ်တချည်ကို ကိုယ်တော်တိုင် ထုတ်ယူ ပေးသနားတော် မူလိုက်လျှင် ခင်ဘွားသစ်လည်း ၀မ်းမြောက်ဝမ်းသာ ဆုတော်ခံယူ လေ၏ ။
ထို့နောက် သီပေါမင်းသားလည်း ရွှေပြားတွင် ပတ္တမြားစဲီချယ်ထားသော ကညစ် တော်နှင့်နှမတော် စုလတ်ထံ ဆက်သရန် တေးထပ်တစ်ပုဒ်ကို ကိုယ်တော်တိုင် စီကုံးရေး သားတော်မူနေရာ ခင်ဘွားသစ် မှာလည်း မင်းသားအနီးတွင် ငြိမ်ဝပ်စွာစောင့်စားခစား လျက် ရှိလေ၏ ။

သီပေါမင်းသားသည် မြတောင်မြိုးစား စုဖုရားလတ်ထံတော်သို့ ရှေးဦးစွာ ကိုယ်တော်တိုင်း စီကုံးရေးသား ပေးတော် မူသော'တေးထပ်'
သီဟာပျံဆောင်ကြာသိုက်၊ နောင်ရာရိုက်စိုးတင့်စေ၊ တောင်ညာတိုက် ကိုးလင့်နေ ရယ်၊ ရိုးနှင့်မြေပြာကျ။
ဇေယျတုသာပန်းဆင်သည်၊ ညာနန်းခင် တောင်းဆုပန်။
မင်းသားအတွက် အစစ်မှန်တယ် ဆယ့်ရှစ်တန်ဘာဂ၊ သက္ကစ္စံဂါရ၀ငယ်နှင့် အာစာရ တောင်တော်။
သူ့ထံ-ခုအံကျက်ပါလို့ စုပြန်ဆက်ရွက် ပထမအကျော်။
ရွှေနန်းက ဗဟိုရပ်ဆော်လျှင်၊ တစ်ကိုယ်တော်ပွေခင်းနှင့်၊ ဖြေရင်းပ မသက်သာ စုစုမျက်နှာ။
တစိမ့်စိမ့်မြင်ချေပါလျှင် တအိန့်အိန့်ကြင်စေတနာငယ်၊ သင်ရွှေစာပျက်လွန်းလို့ လေး။

သီပေါမင်းသားသည် အထက်ပါတေးထပ်ကို ရွှေပြားတွင် ရေးသားတော်မူပြီး အထိန်းတော်ကြီး ခင်ဘွားသစ် လက်သို့ ပေးအပ်သနားတော်မူကာ
"ကိုင်း...သည်တေးထပ်ကို နှမတော်စုလတ် လက်တော်ရောက်အောင် ဆက်သ လိုက်ပါ၊ ခင်ဘွားသစ် ကလည်း စုဖျား ရွှေနားတော်ဝင်အောင် ကိုယ်တော့အကြောင်းများ များများသံတော်ဦးတင်လိုက်ပါ၊ စုစုဘယ်ကဲ့သို့ မိန့်တော်မူတယ်ဆိုတာလည်း ကိုယ်တော်အမြန်သိလိုတယ်၊ ခင်ဘွားသစ် အားလပ်ခွင့် ရှိတဲ့အခါ ကိုယ်တော့ထံသို့ မကြာမကြာ ရောက်လာနိုင်ပါစေ"

သစ်။ ။"စိတ်ချတော်မူပါဘုရား၊ အကယ်၍ထိပ်စုမြတ်ဖျားက တင်းမာတော်မူနေ သည့်တိုင်အောင် ဘုရားကျွန်မက စုဖုရားရွှေစိတ်တော် ညွှတ်နူးယိမ်းယိုင်လာသည့် တိုင်အောင် ကြိုးကိုင် လျှောက်တင် ပေးပါမယ်၊ သည်အတွက်ဖြင့် စိတ်ရတက်ဖြောင့်၍ ကြောင့်ကြတော်မမူဘဲ စာတော်ပြန်ပွဲအတွက်သာ စာတော်များ ကြိုးစားတော်မူပါ၊ အချိန်အခါကလည်းနီး၊ နောက်ဆုံးအောင်ပွဲကြီးလည်း အခွင့်အခါရတိုင်း ကိုယ်တော်မြတ် ဖျားထံတော်ပါးသို့ အခစားရောက်ပါမည်ဘုရား"

မင်းသား။ ။"ကောင်းလှပါပြီ၊ အလို...ကိုယ်တော်မေ့နေတော်မူလိုက်တာ၊ တစ်ခုမှာ တော်မူစရာ ကျန်သေး တယ် ခင်ဘွားသစ်ရဲ့"

သစ်။ ။"မိန့်တော်သံနာခံလျက်ရှိပါတယ် ဘုရား"

မင်း။ ။"စုဖျားအတွက်တော့ အထိန်းတော်ကြီး ခင်ဘွားသစ်လက်ကလူမို့ စိတ်တော် ဆတ်သော်လည်း ပူပန်စိုးရိမ်တော်မမူပါဘူး၊ အထူးတစ်ခုမှာတော်မူလိုတာက စုစုရဲ့မယ်တော်ဖြစ်တော်မူတဲ့ အလယ် နန်းမတော် ဖုရားကို များများကြီးရွံ့တော်မူမိတယ်၊ မိမိနဲ့ကိုယ်တော်နဲ့ ရွှေမေတ္တာတော် ဆက်သွယ်တော် မူတာများ ရိပ်မိတော်မူသွားပါက လိုလားတော်မူလျှင် သင့်တော်ပါရဲ့၊ လိုလားနှစ်သက်တော်မမူဘဲ အနှောင့် အယှက်ပေး တော်မူမယ်ဆိုက ကိုယ်တော်နဲ့ စုစုတို့ရဲ့ အချစ်ခန်းဟာ စခန်းမဆုံးခင် အတိုရုန်းလို့နိဂုံး ချုပ်တော်မူလိုက်ရမှာများစွာ စိုးရိမ်တော်မူမိတယ်၊ အလယ်နန်းမတော်ဖုရား စိတ်တော် ကလည်း အထက်သားပဲ၊ ဘယ်နည်းနဲ့မဆို သူ့မယ်တော်သွေးး နည်းနည်းပါတော့ မလို့လျှင် မလိုတဲ့ အလျောက် တစ်ဖက်သား ဒုက္ခရောက်လောက်အောင် နှိပ်စက်တဲ့ သတ္တိရှိလို့ ဒီကိစ္စကိုမသိအောင် ဖုံးဖိနိုင်မှ တော်မယ်"

သစ်။ ။"မှန်လှပါ လုံခြုံပါစေမည်ဘုရား... တလောက ဘုရားကျွန်မတို့ ကြားသိရ သလောက်ဖြင့် အလယ်နန်းမတော်ဖုရားကလည်း ပထမပြန်အောင်ပွဲနွှဲတော်မူပြီး ခမည်း တော်ဘုရားက အထူး ချီးမြှင့် စားတော်မူတယ် ကြားကတည်းက ကိုယ်တော်အရှင်မြတ်ဖျား အကြောင်းတော်ကို ခဏ ခဏချီးမွမ်းစကား မိန့်ကြားတော်မူနေတယ်လို့ သတင်းကြားရ တဲ့အတွက် အကယ်၍ဒီအကြောင်း ရိပ်မိတော်မူစေကာမူ စိုးရိမ် ပူပန်တော်မူစရာ အကြောင်းမမြင်ဘူး ထင်ကြောင်းပါ၊ သို့ရာတွင် အရေးဆိုတာ ပြေး၍မြင်နိုင်သည် မဟုတ် တဲ့အတွက် အရှင်မြတ်ဖျား အမိန့်တော်အတိုင်း လျှို့ဝှက်ဖုံးဖိနိုင်သလောက် လျှို့ဝှက်ဖုံးဖိ ထားပါ့မည်ဘုရား"

မင်းသား။ ။"ကြံသာလျှင် အစဉ်ချိုတယ်၊ လူဆိုတာအစဉ်မချိုနိုင်ဘူး ဆိုတဲ့စကားပုံ ကိုထောက်ထားပြီး မသိစေတဲ့ လျှို့ဝှက်ထားတာဟာ ကောင်းပါတယ် ခင်ဘွားသစ်ရယ်၊ ကဲ...ပြန်ပေတော့ စုစုလက်တော်သို့ ရွှေလွှာတော် ဆက်ပြီးတဲ့နောက် အကျိုးအကြောင်း သိတော်မူရအောင် ကိုယ်တော်စံတဲ့ မှန်ကျောင်းဆောင် ကို လာခဲ့ပါဦး၊ အထိန်းတော်ကြီးရဲ့ " ဟု မှာကြားတော်မူရာ တင်ပါ့ဘုရားဟု လျှောက်တင်ကာ သီပေါ မင်းသား အပါးမှ အထိန်း တော်ကြီး ခင်ဘွားသစ် ထွက်ခွာသွား လေသတည်း။


အခန်း (၇) ဆက်ရန်
.

No comments: