Tuesday, December 22, 2009

အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၆)

အခန်း(၆)
(၁)
"စူဇီ... မနက်သုံးနာရီတောင် ထိုးနေပြီ၊ မင်းဖောက်သည် ဆီကို ပြန်သွားဦးလေ" ဟု ကျွန်တော် က သတိ ပေးသည်။
    "အရေးမကြီးပါဘူး..."
    စူဇီက သူ့ပခုံးနှစ်ဖက်ကို တွန့်လိုက်သည်။
    "သူနိုးလာတဲ့အခါ အနားမှာ မင်းမရှိတာကို သိရင် ပြဿနာတွေ ပေါ်ကုန်မယ်နော်"
    "ကိစ္စမရှိပါဘူး... အရက်အရမ်းမူးနေတယ်၊ သတိတောင်လစ်နေပြီ..."
    စူဇီက ကျွန်တော့်ခုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း အရေးမစိုက်သလို ပြန်ပြော သည်။ စားပွဲပေါ်မှာ တရုတ်အစားအစာတွေ ပွစာကြဲနေသည်။ ယနေ့ည အေးသောကြောင့် လသာဆောင်မှာ ကျွန်တော် တို့ထွက်မစား ဘဲ အိပ်ခန်းထဲမှာပဲ စားခဲ့ကြသည်။

    "အဲဒါနဲ့ ကလပ်ကနေပြီး ကျွန်မ အလုပ်ထုတ်ပစ်ခံလိုက်ရတာကို ဆက်ပြောပြ ရဦးမယ်"
    "အလုပ်ထုတ်ပစ်ခံရတယ် တကယ်ပြောတာလား စူဇီရယ် ဘာကြောင့် အလုပ် ထုတ်ခံရတာလဲ"
    "ပိုက်ဆံတွေ ခိုးလို့..."
    "ဘုရားရေ ...ဘယ်သူ့ပိုက်ဆံတွေများ မင်းက သွားခိုးရတာလဲ"
    ကျွန်တော်က တအံ့တသြကြီး ပြန်မေးသည်။
    "အိုး... လူတွေအများကြီးပဲ၊ လူတိုင်းရဲ့ ပိုက်ဆံကို ကျွန်မ ခိုးတာပဲ"

    ဘ၀အသစ်တစ်ခုအတွင်းသို့ သူရောက်လာပြီ ဖြစ်သည်။ ကလေးဘ၀တုန်းက စိတ်ကူး ယဉ်ခဲ့ရသည့်ဘ၀တွေလည်း အားလုံး ပျက်စီးသွားပြီ။ အပျိုပေါက် ကလေးဘ၀တုန်းက စိတ်ကူးယဉ် ခဲ့ရသော မေတ္တဇာတ်လမ်းတွေလည်း ကြေမွလွင့်စင် ကုန်ပြီ။ သူ့အဖို့ ဘာကိုမှလည်း လေးလေးနက်နက် သဘောထားနေစရာ အကြောင်းလည်း မရှိတော့။ သူ့ဘ၀ကို ဖျက်ဆီးခဲ့သည့် ဦးလေးကို အကြောင်းပြုပြီး ယောက်ျားမှန်သမျှကို သူမုန်းတီးသည်။ သည်တော့လည်း ယောက်ျားအားလုံးကို ဖြစ်သည့် နည်းနှင့် ခေါင်းပုံဖြတ်ဖို့ပဲ ရှိတော့တာပေါ့။

    မည်သို့ ဆိုစေ စူဇီသည် ကလပ်မှာ အလွန်အောင်မြင်သည်။ သူ့အစ်မ ယူလန်းထက် ပိုပြီး အောင်မြင်သည်။ ရှိရှိသမျှ အမျိုးသမီးများထဲမှာ အအောင်မြင်ဆုံးဟု ဆိုနိုင်သည်။ သည်ကစပြီး သူဌေးပေါင်း များစွာနှင့် ဆက်သွယ်ခွင့်ရလာသည်။ ဟိုတယ်ကြီး တစ်ခု၏ ပိုင်ရှင်တစ်ဦးနှင့်လည်း အဆက်အသွယ်ဖြစ်သည်။
    တစ်ညတွင် ဟိုတယ်ပိုင်ရှင်အိပ်နေတုန်း သူ့ပိုက်ဆံအိတ်ထဲမှ ဒေါ်လာခြောက်ရာကို ခိုးယူပြီး ဖိနပ်ထဲမှာ ၀ှက်ထားလိုက်သည်။ ဟိုတယ်ပိုင်ရှင်က သူ့ကို မသင်္ကာ။ ထိုနောက်ပိုင်းတွင် စူဇီနှင့် အဆက်အဆံ မလုပ်တော့။

    သို့သော် အရေးမကြီးပါ။ သူ့နေရာမှာ ချန်ကေရှိတ်အစိုးရအဖွဲ့မှ ၀န်ကြီးဟောင်း တစ်ဦးက အစားထိုး နေရာ ယူလာသည်။
    သူနှင့်ဆက်ဆံရသော ယောက်ျားတိုင်း၏ ပိုက်ဆံကို ဖြစ်သည့်နည်းဖြင့် ရအောင် ခိုးသည်။ ညတိုင်းဆိုလျှင် ပိုက်ဆံခိုးဖို့ကိုသာ အကြံယူနေတတ်သည်။ ခိုးရသမျှ ပိုက်ဆံများကိုလည်း ကောင်းပေ့ ဆိုသော အ၀တ်အစား၊ ဆန်းပေ့ဆိုသော အ၀တ်အစားများနှင့် လက်ဝတ်လက်စားများ ၀ယ်ဝတ်ပစ်သည်။ တကယ်တော့လည်း သူအသုံးအဖြုန်းကြီးလွန်းသောကြောင့် ပိုက်ဆံများသည် စက္ကူစုတ်လောက်ပင် တန်ဖိုး မရှိ သည်ကို မြင်တွေ့လာရသည်။

    သူ့အသက်က ၁၇နှစ်သာရှိသေးသဖြင့် လူတိုင်းက သူ့ကိုသာ လိုချင်ကြသည်။ သူအောင်မြင်သည်မှာ မှန်သော်လည်း သူ့အရွယ် သူ့ဝင်ငွေနှင့် သူ ၀တ်စားထားသည် များမှာ မလိုက်ဖက်အောင် ဖြစ်နေသည်။ ထို့ကြောင့် အခြားအမျိုးသမီးများကလည်း သူ့အပေါ် မနာလိုရုံသာမကတော့ဘဲ မယုံသင်္ကာများလည်း ဖြစ်လာသည်။ စူဇီတို့ကတော့ အထွတ်အထိပ်ရောက်နေပြီမို့ ဘယ်သူ့ ဂရုစိုက်ရမှာလဲပေါ့။

    တစ်ညတွင် ချန်ကေရှိတ်ဝန်ကြီးဟောင်း၏ ပိုက်ဆံအိတ်ထဲမှ ဒေါ်လာလေးရာ ခိုးသည်။ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ခိုးခြင်းဖြစ်သည်။ သူခိုးကြောင်း သက်သေ အထောက်အထားပြစရာလည်း မရှိ။ သို့သော် ၀န်ကြီးဟောင်းက မန်နေဂျာ၏ နားထဲသို့ စကားတစ်လုံးနှစ်လုံး သွင်းပေးလိုက်သည်။
    စူဇီ အလုပ်ထုတ်ခံရလေတော့သည်။

    နောက်ထပ် အလုပ်တစ်ခုထပ်ရဖို့ ဘာမျှမခက်ပါ။ သည်တစ်ခါတော့ ဟောင်ကောင်ဘက်ခြမ်းမှာ ဖြစ်သည်။ ဂရာဒါနာ အမည်ရှိ ကလပ်ဖြစ်သည်။ မုဆိုးစိုင်သင် ဆိုသလို သူ့အတွေ့အကြုံတွေက သူ့ကို သင်တန်းအမျိုးမျိုးပေးထားပြီ။ အောင်မြင်အောင် ဘာလုပ်ရမည်ကိုလည်း သူ ကောင်းကောင်းသိထားပြီ။

    သို့သော်လည်း သူ့ဘ၀ သူပြန်သုံးသပ်ရင်း သူ တုန်လှုပ်ချောက်ချားလာသည်။ သူ့ အသက် ၁၇ နှစ်သာ ရှိသေးသည်။ ရသမျှ ငွေတွေအားလုံးက အ၀တ်အစား၊ လက်ဝတ်လက်စားများအတွက် သွန်ကုန်နေသည်။ ပြီးတော့လည်း ထိုအ၀တ်အစားအားလုံးက မျက်စိအောက်မှာပင် ပျောက်ပျက်သွားသည်။ သည်တော့ တည်တည်ငြိမ်ငြိမ်လုပ်တော့မှ ဖြစ်မည်ဟု သူ စဉ်းစားမိသည်။ ချီကောက်လိုက်နေခြင်းထက် သတ်သတ် မှတ်မှတ်တွဲသင့်ပြီဟု သဘောပေါက်လာသည်။

    ထိုအချိန်မှာပင် အပြောင်းအလဲဖြစ်စရာ အကြောင်းတစ်ခုပေါ်လာသည်။
    တစ်ညတော့ ကလပ်မှနေ၍ အင်္ဂလိပ်လူမျိုးတစ်ယောက်က သူ့ကို ၀ယ်သွားသည်။ သူ့အမည်က အေလင်မွားဖြစ်သည်။ ဆေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်သည်။ နူးညံ့သိမ်မွေ့သည်။ စိတ်ကောင်းရှိသည်။ တရုတ်စကားကို ဟိုစပ်စပ် သည်စပ်စပ် ပြောနိုင်သည်။

    ဟိုတယ် တစ်ခုသို့ မသွားမီ စားသောက်ဆိုင်တစ်ခုမှာ သူတို့နှစ်ယောက် ညစာ သွားစားကြသည်။ ညစာ စားနေတုန်း တန်းလန်းမှာပင်
    " ငါ စိတ်ပြောင်းလိုက်ပြီကွာ၊ ဒီနေ့ညတော့ မင်းနဲ့ အချိန်မဖြုန်းတော့ဘူး" ဟု အေလွင်မွားက ရုတ်တရက်ပြောချသည်။
    "ဘာဖြစ်လို့လဲ" ဟု စူဇီက ပြန်မေးသည်။

    "ဘာကြောင့်လဲဆိုတော့ မင်းက ငယ်ဂုဏ်မောက်လွန်းတယ်၊ ဒီတော့လည်း မင်းလည်း ငါနဲ့ပျော်မှာ မဟုတ်ဘူး၊ ငယ်ဂုဏ်မောက်တဲ့ မင်းလို မိန်းကလေးမျိုးနဲ့ ငါလည်း စိတ်ချမ်းသာမှာ မဟုတ်ဘူး"
    အေလင်က ခပ်ပြုံးပြုံးပင် ပြောသည်။
    သူ့လေသံသည် နူးညံ့သိမ်မွေ့သည်မှာ မှန်သည်။ သို့သော်လည်း သုံးနှုန်းလိုက်သည့် စကားလုံးက ရင့်သီးလှသည်။
    စော်ကားမော်ကားပြုရာလည်း ကျသည်။ စူဇီ ဒေါသပေါက်ကွဲလေတော့သည်။ စောစောက နှစ်ယောက်သဘောတူထားတဲ့ပြီးမှ ယခု ဖျက်ခြင်းသည် နည်းလမ်းမကျ။ သူ့ကို ပိုက်ဆံမပေးလိုသောကြောင့် လိမ်ခြင်းဖြစ်သည်ဟု စူဇီက ပြောသည်။

    " အိုး ဒီအတွက်မပူပါနဲ့ကွာ၊ မင်းမျှော်လင့်ထားတဲ့ လက်ဆောင်ကို ငါပေးပါ့မယ်၊ အလကား အငြင်းပွားပြီး အချိန်ကုန်မခံချင်ပါနဲ့၊ ကဲ..ရော့.. ဟောဒီမှာ ဒေါ်လာငါးဆယ်"
    သည်တော့မှ ပိုဆိုးသွားသည်။ သဘောတူခေါ်လာပြီး ဒေါ်လာငါးဆယ် အလကား ပေးလွှတ်ခြင်းသည် စူဇီ၏ဂုဏ်သိက္ခာကို စော်ကားခြင်းမှ တစ်ပါး အခြားဘာမှမဖြစ်နိုင်။ သို့သော်လည်း အလကားရသည့် ငွေငါးဆယ်ကို ယူလိုက်ပြီး သူ့ကိုယ်သူပင် ပြန်ချီးကျူး နေမိတော့သည်။

    နောက်တစ်နေ့ကျတော့ ကလပ်သို့ အေလင်မွားရောက်လာပြန်သည်။ စူဇီနှင့် တွဲကဖို့ လာပြောသည်။ စူဇီက ခါးခါးသီးသီး ငြင်းပစ်လိုက်သည်။ အေလင်မွားက မန်နေဂျာကို သွားတိုင်သည်။ မန်နေဂျာက စည်းကမ်းမချိုးဖောက်ရဟု ပြောသည်။

    စူဇီသည် စိတ်မပါဘဲ အေလင်မွားရင်ခွင်တွင်းဝင်ပြီး တွဲကရတော့သည်။ အေလင်မွားက နူးညံ့သိမ်မွေ့သော လေသံနှင့် သူ့ကို အမျိုးမျိုး ကျီစယ်နေသည်။ စူဇီ ဒေါသပေါက်ကွဲပြန်ပြီ။ ထို့ကြောင့် သူ့ရင်ခွင်ထဲမှ ရုန်းထွက်သည်။ အေလင်မွားက မလွှတ်ဘဲ တင်းတင်းကျပ်ကျပ်ဖက်ထားသည်။ ပြီးတော့ မန်နေဂျာဆီသို့ အတင်းဆွဲခေါ် သွားသည်။
    "ဒီမိန်းကလေးကို ကျုပ်ဝယ်သွားမယ်" ဟု မန်နေဂျာကို ပြောသည်။

    ထိုအချိန်က ကိုးနာရီသာ ရှိသေးသည်။ ထို့ကြောင့် ခန်းမပိတ်ရန် လေးနာရီကျန် သေးသည်။ အေလင်မွားက သုံးဆယ့်နှစ်ဒေါ်လာ ထုတ်ပေးသည်။ စူဇီကို ဆယ့်ခြောက် ဒေါ်လာတန်လက်မှတ် ထုတ်ပေးသည်။ ရက်သတ္တပတ်ကုန်လျှင် စုထုတ်ရန်ဖြစ်သည်။ မည်သို့ဆိုစေ အပြင်ရောက်တော့ သူနှင့် အတူတူ ဆက်မလိုက်နိုင်ကြောင်း စူဇီက ငြင်းဆန်ပြန်သည်။

    "ဒီလိုဆိုရင်လည်း ပုလိပ်ခေါ်ရုံပေါ့ကွာ၊ မင်းအတွက် ငါ ပိုက်ဆံပေးခဲ့ပြီးပြီပဲ..."
    "ကျွန်မ ဂရုမစိုက်ဘူး" ဟု စူဇီက ပြန်ပြောသည်။
    "ဒါပေမဲ့ မင်းအကျိုးအတွက်တော့ ငါနဲ့အတူတူ ညစာလိုက်စားသင့်ပါတယ်"
    "ဘာဖြစ်လို့လဲ"
    "ဒါမှ မင်း ငါ့ကို ဘယ်လောက်မုန်းတယ်ဆိုတာ ပြောပြနိုင်တော့မှာပေါ့"

    ညစာ စားပွဲကိုလည်း စူဇီ၏ မျက်ရည်ဖြင့်ပင် အဆုံးသတ်ခဲ့ရပါသည်။ ယနေ့ညတော့ ဟိုတယ်တစ်ခုသို့ သူ့ကို ခေါ်သွားလိမ့်မည်ဟု စူဇီ၏ စိတ်ထဲမှာ ကျိတ်ပြီး မျှော်လင့်ထားမိသည်။ သူ့ကို စူဇီ သဘောကျမိပြီလေ။ သို့သော်လည်း သူမခေါ်ပါ။ မနက်ဖြန်ကျလျှင် နေ့လယ်စာ အတူ စားကြသေး တာပေါ့ဟုသာ သူပြောသွားသည်။

    သည်ကစပြီး နေ့လယ်စာ အနပ်ပေါင်းများစွာကို သူတို့ အတူစားဖြစ်ကြတော့သည်။ သူတို့နှစ်ယောက် အလွန်ရင်းနှီးလာကြသည်။ နောက်ဆုံးညစာ စားရန် လေးလင်မွားက ချိန်းသည်။ ထိုညက ဟိုတယ်တစ်ခုသို့ စူဇီကို ခေါ်သွားသည်။ သူ့ထံမှ ပိုက်ဆံယူရန် စူဇီက ငြင်းသည်။ သို့သော်လည်း သူက ငွေငါးဆယ် အတင်းထည့်ပေးလိုက်သည်။

    နောက်နေ့ညမှာ သူတို့ ထပ်တွေ့ပြန်သည်။ မနကမိုးလင်းတော့ အေလင်မွားက ရေချိုးခန်းဝင်နေသည်။ စားပွဲပေါ်မှ ပိုက်ဆံအိတ်ကို စူဇီ သတိထားမိသည်။ ပိုက်ဆံအိတ် ဆီသို့ သူ့လက်က အလိုလို ရောက်သွားသည်။

    " ငါ ဘာတွေလုပ်နေတာလဲ၊ ငါ ဘာတွေလုပ်နေတာလဲ" ဟု သူ့ကိုယ်သူ ပြန်မေး သည်။ တကယ်ကတော့ သူ့ကိုယ်သူ မေးနေသလို ရှိသည်။ သူမသိသည့် မျက်နှာစိမ်း တစ်ယောက်ယောက်က သူ့ကို အကဲခတ်ကြည့်နေသလိုလည်း ခံစားရသည်။ သို့သော် မည်သူကမှ သူ့ကို ထိန်းသိမ်းနိုင်စွမ်း မရှိပါ။ ပိုက်ဆံအိတ်ကိုဖွင့်ပြီး ဒေါ်လာသုံးရာ နှိုက်ထား လိုက်တော့သည်။
    ခဏကြာတော့ အေလင်မွား ပြန်ထွက်လာသည်။ ပိုက်ဆံအိတ်ကို အိတ်ထဲသို့ မထည့်မီ တစ်ချက်ဖွင့်ကြည့်လိုက်သေးသည်။ ပိုက်ဆံပျောက်နေသည်ကို သူ သတိပြုမိ ပါလိမ့်မည်။ သို့သော်လည်း ဘာမှမပြော။ စူဇီ၏ လက်ကိုသာ လှမ်းဆွဲသည်။

    "မနက်ဖြန် တနင်္ဂနွေ... တို့ ရီပတ်စ်ပင်လယ်အော်ကို ကားနဲ့သွားပြီး ရေကူးကြရ အောင်"
    "မလိုက်နိုင်ဘူး... ကျွန်မက အလုပ်များတယ်"ဟု စူဇီက ပြန်ပြောသည်။
    "မင်းကိုယ်မင်း အလုပ်မများအောင် လုပ်ပေါ့ကွာ၊ ဘာကြောင့်လဲဆိုတော့ မင်းအတွက် အကောင်း ဖြစ်လာနိုင်တယ်"

    နောက်ဆုံး သဘောတူလိုက်ပြီး လူချင်းခွဲကြသည်။ ဘာကြောင့် သူတစ်ပါးပိုက်ဆံ တွေကို ခိုးနေပါလိမ့်ဟု သူ့ဟာသူ ပြန်တွေးကြည့်နေမိသည်။ ယခင် ကလပ်မှ အလုပ် ထုတ်ခံရပြီးနောက် ယခု ပထမဦးဆုံးအကြိမ်အဖြစ် ပိုက်ဆံခိုးမိခြင်းဖြစ်သည်။ သည်လိုပိုက် ဆံခိုးသည့် အကျင့်ကို အေလင်နှင့်ကျမှ ဘာကြောင့် ပြန်စမိပါလိမ့်။ နောက်ဆုံးတော့ သူတရားကြောင်း တဖြည်းဖြည်း စဉ်းစားမိလာသည်။

    "ဘာပဲဖြစ်ဖြစ် ငါဟာ သူနဲ့အတူတူ အချိန်တွေကို ဖြုန်းတီးပစ်နေရတယ်၊ ဒီတော့ တခြားလူတွေပေးသလို သူလည်း ငါ့ကို ပေးသင့်တာပေါ့" ဟု သူ့ကိုယ်သူ ပြန်ပြော နေမိ သည်။
    နောက်ဆုံးတော့ သည်အလုပ်သည် တရားကြောင်း သူ ဆုံးဖြတ်လိုက်သည်။ သူ့ ကို စူဇီမုန်းသောကြောင့် ဖြစ်သည်။

    နောက်တစ်နေ့ ရီပတ်စ်ပင်လယ်အော်ကမ်းခြေမှာ တွေ့ကြတော့ စူဇီက သူ့ကို နည်းမျိုးစုံဖြင့် ရန်ထောင်သည်။ ညစ်ညမ်းသော စကားလုံးများဖြင့် ဆဲရေးတိုင်းထွာသည်။ သို့သော်လည်း စူဇီ၏ ဆဲရေးတိုင်းထွာသော စကားလုံးများသည် အေလင်မွားအဖို့ ရယ် စရာစကားလုံးများ ဖြစ်နေသည်။ ပန်းပွင့်ကလေးများနှင့် ပစ်ပေါက်သလို ဖြစ်နေသည်။ သည်လိုဖြစ်လေ စူဇီသည် သူ့ကို မုန်းတီးလေဖြစ်လာသည်။ သည်အကြောင်းကိုလည်း စူဇီက တဲ့တိုးပင် ဖွင့်ပြောချလိုက်သည်။

    အေလင်မွားကတော့ တဟားဟားရယ်နေသည်။
    "မင်း ငါ့ကို ဘာဖြစ်လို့ ဒါလောက်တောင် မုန်းနေသလဲဆိုာ မင်း သိသလား၊ ဘာ ကြောင့်လဲဆိုတော့ ငါ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို မင်း ခိုးခဲ့လို့ပဲ၊ ဒါပေမဲ့ အဲဒီပိုက်ဆံနဲ့ မင်း ထိုက်တန်ပါတယ်၊ ငါ ဘယ်လိုမှ မအောက်မေ့ပါဘူး"
    "မဟုတ်တာမပြောနဲ့... ရှင့်ပိုက်ဆံကို ကျွန်မ ဘယ်တုန်းကမှ မခိုးဘူး"
    " မင်း သေသေချာချာ ခိုးခဲ့တာပေါ့၊ ဘာကြောင့် ခိုးသလုဆိုတာ ငါ ပြောပြမယ်၊ တကယ်ကတော့ ဒီပိုက်ဆံကို မင်းလိုချင်လို့ မဟုတ်ဘူး၊ ငါ့ကို ဒဏ်ခတ်ချင်လို့ပဲ၊ ယောက်ျားတွေကို ဒဏ်ခတ်ချင်လို့ပဲ၊ ယောက်ျားတွေကို မင်း မုန်းတယ်မဟုတ်လား"
    "မဟုတ်ဘူး"

    "ဟုတ်တယ်... ယောက်ျားတွေကို မင်းမုန်းတယ်၊ မင်းအဖို့တော့ တို့ဟာ အတူတူပဲ၊ ယောက်ျားတိုင်းဟာ အတူတူပဲ၊ တစ်ယောက်တည်းပဲလို့ မင်းမြင်နေတယ်၊ ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာတော့ ငါ မသိဘူးပေါ့ကွာ၊ ဒါပေမဲ့ မင်းဘ၀မှာ ပထမဦးဆုံး ကြုံတွေ့ ခဲ့ဖူးတဲ့ယောက်ျားကို ငါ မသင်္ကာချင်ဘူး" ဟု သူက ဆက်ပြောသည်။

    စူဇီ၏ တစ်မျက်နှာလုံး သွေးရောင်လွှမ်းသွားအောင် အရှက်ကြီး ရှက်လိုက်မိသည်။ အခါတိုင်းရှက်ပုံမျိုးနှင့် မတူ။ မထိန်းနိုင် မသိမ်းနိုင်အောင် အရှက်ကြီး ရှက်လိုက်မိခြင်းဖြစ် သည်။ သည်အဖြစ်ကိုလည်း အေလင်မွားမြင်သွားသည်။ သို့သော် သူ မမြင်လိုက်ရလေ ဟန်ဆောင်ပြီး အဝေးသို့ လှမ်းကြည့်နေသည်။ စူဇီကတော့ သူမြင်သွားကြောင်း သိလိုက် ပါသည်။

    "ဘာမှအဓိပ္ပာယ်မရှိဘူး... အဓိပ္ပာယ်ရှိတဲ့ စကားတွေ ရှင်ပြောနေတယ်၊ ကျွန်မရဲ့ ပထမဦးဆုံးရည်းစားဟာ သိပ်သဘောကောင်းတာ၊ သိပ်ချောတာ၊ ကျွန်မတို့ တစ်ယောက် ကိုတစ်ယောက် တအားချစ်ကြတာ၊ သိပ်စိတ်ကောင်းရှိတဲ့လူ၊ ရှင့်လိုမဟုတ်ဘူး" ဟု စူဇီက ပြန်ပြောသည်။

    မည်သို့ဆိုစေ နောက်ရက်အနည်းငယ်ကြာတော့ စူဇီ၏ စိတ်များ ပြန်လည်တည် ငြိမ်လာသည်။ ထိုအခါတွင် သည်အကြောင်းကိုပင် သူတို့ စကားပြန်စပ်မိကြပြန်သည်။
    သည်တစ်ချီတွင်တော့ စူဇီသည် သူ့ဦးလေးအကြောင်းကို ဖွင့်ဟပြောမိလျက်သား ဖြစ်နေတော့သည်။ ယောက်ျား တွေကို သူမုန်းသည်မှာလည်း မှန်ကန်နိုင်ဖွယ်ရာ ရှိကြောင်း ၀န်ခံမိသည်။ ယောက်ျား တွေအားလုံး ကို ဒီပုတ်ထဲက ဒီပဲဟုလည်း သဘောထားခဲ့မိကြောင်း ဖွင့်ပြောမိသည်။

    ထိုအချိန်မှစပြီး မည်သူ့ ပိုက်ဆံကိုမှ စူဇီ မခိုးတော့။ နမ်ကောက်ဟိုတယ်တွင် သင်္ဘောသား တစ်ယောက်၏ ပိုက်ဆံကို တစ်ကြိမ်ခိုးဖူးတာတော့ ရှိသည်။ သို့သော်လည်း ထိုသင်္ဘောသားက သူ့အပေါ် ကလိမ်ကျသောကြောင့် ခိုးမိခြင်းဖြစ်သည်။ ဒါကတော့ တုံ့ပြန် လက်စားချေ သည့် သဘော။

    အေလင်မွားနှင့် စူဇီတို့ ဆက်တွဲနေကြသည်။ အေလင်မွားကို စူဇီချစ်မိပြီ။ သူ့ ဘ၀တွင် ပထမဦးဆုံးအကြိမ်အဖြစ် ယောက်ျားတစ်ယောက်ကိုချစ်မိခြင်းဖြစ်သည်။ သည်လိုဖြင့် သူရသမျှ ပိုက်ဆံများနှင့် လက်ဆောင်ပစ္စည်းများဝယ်ကာ အေလင်မွားကို ပေးရသည်မှာလည်း မမောနိုင် မပန်းနိုင်။ အေလင်မွားအတွက်ဆိုလျှင် ဘာကိုပဲစွန့်လွတ်ရ စွန့်လွတ်ရ စွန့်လွှတ်နိုင်သည်။ ယုတ်စွအဆုံး အသက်ကိုပင် အဆုံးခံနိုင်သည်။

    တစ်နေ့တွင် အေလင်မွားက သူ့ကို ပြောဖူးသည်။
    "ဒီနေ့ကို မင်းသေသေချာချာမှတ်ထား၊ ဒီနေ့ဟာ မင်းဘ၀မှာ အရေးအကြီးဆုံးနေ့ ..ဒီနေ့ကျတော့မှ မင်းဟာ တကယ့်မိန်းမအစစ် ဖြစ်သွားပြီ"
    ထိုနေ့ကား ကြာသပတေးနေ့ဖြစ်သည်။ စနေနေ့မှာ သူတို့ချိန်းပြီး ထပ်တွေ့ကြသေး သည်။ ထိုနေ့က ရွှေလက်ကောက်တစ်ကွင်း အေလင်မွားက ပေးသည်။ သူတို့နှစ်ယောက်၏ နာမည်နှင့် ကြာသပတေးနေ့ကို စာလုံး ထွင်းထားသည်။

    နောက်နေ့က တနင်္ဂနွေနေ့ဖြစ်သည်။ အေလင်မွှားက တရုတ်မိတ်ဆွေတစ်ယောက် ၏သင်္ဘောကို ငှားပြီး ပင်လယ်ထဲမှာ ရေသွားကူးသည်။ ရေကူးနေစဉ် ငါးမန်းနှင့်တွေ့ပြီး သူ၏ ညာဘက်ခြေတစ်ချောင်း ပါသွားသည်။ ဆိပ်ကမ်းသို့ သင်္ဘောပြန်မကပ်မီ အေလင်မွား အသက်ပျောက်တော့သည်။

    အေလင်မွားသည် သူ့လူမျိုးများအတွက် အင်မတန်တော်သော သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင် သွားသည်ဟု ဆိုရပါမည်။ ထိုအချိန်ကစပြီး စူဇီသည် အင်္ဂလိပ် လူမျိုးများကို အလွန် သဘောကျ သွားသောကြောင့် ဖြစ်သည်။ ဂရာဒါခန်းမထဲသို့ အင်္ဂလိပ် လူမျိုးမို့ ၀င်လာပြီဆိုလျှင် ရှေ့ဆုံးမှ စူဇီ ရောက်သွားတတ်သည်။

    အေလင်မွှားကွယ်လွန်ပြီး တစ်လလောက်ကြာသောအခါ အင်္ဂလိပ်လူမျိုး ဒုရဲအုပ် တစ်ယောက်နှင့် စူဇီတွေ့သည်။ သူက အခြား လူပျိုအင်္ဂလိပ်အရာရှိများလို မဟုတ်။ စူဇီတို့ လိုမိန်းကလေးများနှင့် ပြောင်ပြောင်တင်းတင်း အချိန်းအချက်မလုပ်လို။ ထို့ကြောင့် သတ်သတ်မှတ်မှတ် မိနိးကလေး တစ်ယောက် ရွေးပြီး တိတ်တိတ်ပုန်းတွဲလိုသည်။ စူဇီကို သူ သဘောကျသည်။

    သည်ကစပြီး သူနှင့် စူဇီတွဲမိသည်။ ဂရာနာဒါကိုလည်း စူဇီမသွားတော့။ သူအလို ရှိသည့်အချိန်တွင် အမြဲအသင့်ရှိနေစေရန် ဖြစ်သည်။ ညပေါင်းများစွာ သူ့အခန်းမှာ အချိန် ကုန်လွန်စေခဲ့သည်။
    ရဲအရာရှိသည် သုံးဆယ့်ငါးနှစ်ခန့်ရှိမည်။ သူ့အမည်က ဂျရယ်ပါရီ။ သူ့ကို စူဇီ သံယောဇဉ်တွယ်မိပြီ။ ငွေရေးကြေးရေးအတွက် မဟုတ်။ တကယ်တော့ စူဇီ မိန်းမစင်စစ် ဖြစ်ခဲ့ပြီ မဟုတ်ပါလား။ အေလင်မွားနှင့် အတူနေရင်း မိန်စင်စစ်ဖြစ်ခဲ့ပြီ မဟုတ်လား။ ပြီးတော့ အေလင်မွား ကွယ်လွန်ပြီးနောက် လောလော လတ်လတ် သူတွဲရသည့် ယောက်ျားသည် ဂျရယ်ပါရီပင် ဖြစ်ချေသည်။

    မကြာမီမှာပင် သူ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရတော့သည်။ ယခု ကိုယ်ဝန်ရှိ ခြင်းသည် ပထမအကြိမ် မဟုတ်ပါ။ ယခင်ကလည်း ရှိခဲ့ဖူးသည်။ သို့သော် ယခင်က အကြောင်းမဟုတ်ပါ။
    ယခုတော့ သည်လိုမဟုတ်ပြီ။ အေလင်မွားနှင့် တွေ့ဆုံခဲ့ရပြီးနောက် အရူးအမူး ကလေးလိုချင်ခဲ့သည်။ အေလင်မွား၏ကလေး မဟုတ်ချင်လည်း နေပါစေတော့။ သူ့လို မိန်းကလေးပေါင်းများစွာတို့မှာလည်း ကလေးရှိကြသည်။ သူတို့ချင်း သူတို့သားသမီးကလေးများအကြောင်း ပြောဆိုနေကြသည်ကို ထိုင်နားထောင်ရင်း မနာလိုစိတ်များ၊ အားကျစိတ်များ တဖွားဖွားပေါ်ခဲ့ရသည်။ ထို့ကြောင့် သည်တစ်ကြိမ် တော့ သည်ကလေးကို သူမွေးတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

    စူဇီသည် ယခုအချိန်အထိ ယူလန်းနှင့် တစ်ခန်းတည်း အတူတူနေတုန်းဖြစ်သည်။ သို့သော်လည်း ကိုယ်ဝန်ရှိနေကြောင်း ယူလန်းကို လုံးဝမပြောပြ။ သည်ကလေးကို သူမွေးမည်ဆိုသည့်အကြောင်းတော့ ဝေလာဝေး။ သူ့စိတ်မှ မှန်သေးရဲ့လားဟု ယူလန်းက ထင်သွားမှာ စိုးသည်။

    ဂျရယ်ပါရီကိုလည်း သူ ဖွင့်မပြောရဲ။ စိတ်ဆိုးသွားမှာ ကြောက်သည်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို အခိုင်အမာချပြီး သတ္တိမွေးကာ ပါရီကို ဖွင့်ပြောလိုက်သည်။ သည်ကလေးကို သူမွေးဖြစ်အောင် မွေးမည်။ ပါရီနှင့် သူ၏ ဆက်ဆံမှု ပြတ်စဲသွားသည့် တိုင်အောင် ကလေးကိုတော့ သူမွေးတော့မည်ဟု ပြောပြ လိုက်မိသည်။

    ပါရီသည် နားထောင်ရုံသာ နားထောင်နေပြီး ဘာစကားမှ ပြန်မပြော။ ထိုမျှမက နောက်ထပ်နှစ်ရက်လုံးလုံးလည်း စကားမပြောဘဲနေသည်။ သူနှင့်လည်း လုံးဝမဆက်ဆံဘဲ နေသည်။
    သို့သော် တတိယနေ့ညနေတွင် ပါရီ၏အိမ်သို့ စူဇီရောက်သွားသော အခါ အံ့သြ စရာနှင့် ကြုံရတော့သည်။ ပါရီက သူ့ကို ၀မ်းသာအယ်လဲကြိုဆိုသည်။ မည်သည့်အခါမှ သည်လို ဖက်လှဲတကင်း မကြိုစဖူး။ တစ်မျက်နှာလုံး ရွှင်ပြုံးနေသည်။

    အံ့သြမဆုံးနိုင်မီမှာပင် ယခုလို ကိုယ်ဝန်ရှိသည့်အတွက် သူ ၀မ်းသာမဆုံးရှိကြောင်း၊ သည်ကလေးကို စူဇီက မွေးမည်ဟု ပြောသည့်အတွက် ပိုလို့ပင် ၀မ်းသာအားရမဆုံးဖြစ်မိကြောင်း၊ စူဇီ၏ သတ္တိ၊ သစ္စာရှိမှု၊ မိန်းမပီသမှုများကို သိရှိရသဖြင့် ၀မ်းအသာကြီး သာမိကြောင်း၊ မိန်းမများကြောင့် သူ စိတ်ဆင်းရဲ ခဲ့ရကြောင်း၊ ဘယ်မိန်းမမှ သူ့အပေါ်မှာ မကောင်းခဲ့ကြောင်း၊ မျိုးကောင်း ရိုးကောင်းထဲက ဂုဏ်သရေရှိ မိန်းမများသည်ပင်လျှင် စက်ဆုပ်ဖွယ်ရာကောင်းကြောင်း။

    အင်္ဂလန်ကိုစွန့်ခွာပြီး ဟောင်ကောင်သို့ ပြောင်းလာရခြင်းသည်လည်း မိန်းမတစ် ယောက်ကြောင့် ဖြစ်ကြောင်း၊ ယခုတော့ သူ၏ ယုံကြည်ချက်များပြောင်းသွားပြီ ဖြစ်ကြောင်း၊ တရုတ်မ ကလေးတစ်ယောက်၏ သစ္စာရှိမှု၊ မိန်းမပီသမှုများကို သူမြင်တွေ့ရပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် စူဇီကို ထိုက်တန်စွာ ချီးမြှောက်ရမည်ဖြစ်ကြောင်း၊ စူဇီကို သူ လက်ထပ်ယူလိုကြောင်းများကို တသီကြီး ပြောပြ တော့သည်။

    "မဖြစ်ပါဘူး...ဒီလိုလုပ်လို့ မတော်ပါဘူးရှင်" ဟု စူဇီက ပြန်ပြောသည်။
    "ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ မတော်ရမှာလဲ"
    "တရုတ်မကလေးတစ်ယောက်နဲ့ ရှင်လက်ထပ်လိုက်ရင် တခြားအင်္ဂလိပ်လူမျိုးတွေက ရှင့်ကို ဒုက္ခပေးတော့မှာပေါ့၊ ရဲမင်းကြီးကလည်း ရှင့်ကို ဒုက္ခပေးမှာပဲ၊ ရှင့်ကို သူ့ရုံးခေါ်လိုက်လိမ့်မယ်၊ သူ့ရုံးခန်းထဲကို ရှင်ဝင်သွားတော့ "ဂွတ်ဒ်မောနင်း မင်းကို အလုပ်က ထုတ်ပစ်လိုက်ပြီဓ လို့ ဆီးပြောမှာပေါ့"
    "ကိုယ် အလုပ်ထွက်မယ်ကွာ၊ စီးပွားရေးလုပ်ငန်းတစ်ခုခု ၀င်လုပ်မယ်ကွာ၊ ကိုယ့်မှာ အဆက်အသွယ်တွေ အများကြီးရှိပါတယ်၊ အခုရနေတဲ့ လခထက်တောင် ပိုပြီး ပိုက်ဆံတွေ အများကြီးရဦးမယ်"
    စူဇီ၏သတင်းကို ကြားရတော့ ယူလန်းသည် ထိတ်လန့်တကြားဖြစ်သွားလေသည်။ စူဇီသည် သည်အလုပ်ထဲမှာ စိတ်ဝင်စားသည်ဟု သူမထင်ခဲ့။ ယခုတော့ သူ့ကံကြမ္မာက ဘယ်လောက် ကောင်းလိုက်လေသနည်း။ အင်္ဂလိပ်လူမျိုးတစ်ယောက်နှင့် လက်ထပ်ရတော့မည်။ အခြားအိမ်တွေမှာ လှည့်လည်သွားလာနေစရာ မလိုတောာ့။ ကလပ်တွေမှာ အချိန်ဖြုန်းနေစရာ မလိုတော့။
    ယူလန်းသည် စိတ်အားထက်သန်စွာဖြင့် အပြင်ပြေးထွက်သွားပြီး နားကပ်တစ်ရံ ၀ယ်လာခဲ့သည်။ စူဇီတို့၏ မင်္ဂလာဆောင်အတွက် ကြိုတင်လက်ဖွဲ့လိုက်လေတော့သည်။

    ပါရီကလည်း သူတို့ရှေးရေးနှင့် ပတ်သက်ပြီး စိတ်အားထက်သန်စွာ စီမံကိန်းတွေ ချနေသည်။ ဘယ်နေရာမှာ သွားနေမည်။ တရုတ်မနှင့် လက်ထပ်ရပါမည်လားစု တစ်စုံတစ်ယောက်က အပုပ်ချလာလျှင် မည်သို့ တုံ့ပြန်မည် စသည်ဖြင့် ပြောမဆုံးနိုင်အောင် ရှိချေသည်။

    သို့သော် ထိုသို့ စိတ်အားထက်သန်မှုသည် သုံးလေးလသာ ခံသည်။ နောက်ပိုင်း တော့ စကားစပ်လို့တောင် သည်အကြောင်းကို ပါရီမပြောတော့ပြီ။ စူဇီကိုလည်း ခပ်ခွာခွာ လုပ်လာပြီ။ တစ်ညတွင် စူဇီက ဘယ်တော့ အလုပ်ထွက်မှာလဲ၊ တခြားအလုပ်ကို ဘယ်တော့ ရှာမှာလဲဟု မေးမိသည်။

    ပါရီက စိတ်မရှည်နိုင်သလို ဖုတ်ပူမီးတိုက် အလုပ်မထွက်နိုင်သေးကြောင်း၊ ရဲတပ်ဖွဲ့ကို ကျောမခိုင်း နိုင်သေးကြောင်း၊ နောက်ထပ် တစ်နှစ်ခွဲလောက်လုပ်ရဦးမည် ဖြစ်ကြောင်း၊ ပြီးတော့မှ အနားယူမည်ဖြစ်ကြောင်းများ ပြောပြပြီး စူဇီကို အိမ်ပြန်ပို့လိုက်သည်။

    နောက်ညတွင်လည်း စူဇီကို အိမ်ပြန်အိပ်ခိုင်းသည်။ သည်လိုဖြင့် ညပေါင်းများစွာ စူဇီကို အိမ်ပြန်လွှတ်လေ့ရှိသည်။ တစ်ညတော့ စူဇီက ပါရီ၏ အိမ်သို့ တစ်ကျော့ပြန် သွား ကြည့်သည်။ သူ့အိမ်ထဲမှာ အထုပ်အပိုးတွေနှင့် ပြည့်နေသည်ကို တွေ့ရသည်။

    "ရှင် ဘယ်သွားမလို့လဲဟင်" ဟု စူဇီက မေးသည်။
    "ဘော်နီယိုကို"
    ထိုမျှပြောပြီး စူဇီကို သူစိမ်းတစ်ယောက်လိုကြည့်နေသည်။ ထို့နောက် ပိုက်ဆံအိတ် ထဲမှ ဒေါ်လာငါးရာ ထုတ်ယူပြီး လှမ်းပေးသည်။
    "ကဲ... မင်းသွားတော့"
    "ဘော်နီယိုမှာ ရှင် ဘယ်လောက်ကြာမှာလဲ"
    "ဘယ်လောက်ကြာရမလဲ... ဘော်နီယိုရဲတပ်ဖွဲ့ကို ငါ အလုပ်ပြောင်းလိုက်တာ၊ အပြီးပြောင်းလိုက်တာ..."
    "လက်ထပ်ဖို့ကိစ္စက ဘယ်လိုဲ" ဟု စူဇီက ဆက်မေးသည်။
    "ဘာဖြစ်တယ်ကွ"
    "လက်ထပ်ဖို့ကိစ္စလေ"
    စူဇီကို နားမလည်နိုင်သလို ထိတ်လန့်တကြီးဖြင့် သူငေးကြည့်နေသည်။ သူ ရူးသွားပြီလားဟု စူဇီ ထင်လိုက်မိပါသည်။
    " မင်း ဘာစကားတွေ လာပြောနေတာလဲ"
    "အင်္ဂလိပ်ဘုရားရှိခိုးကျောင်းမှာ ကျွန်မတို့ လက်ထပ်မယ်လို့ ရှင်ပြောခဲ့တယ်လေ၊ ပြီးတော့ မြောက်ဘက်ပွိုင့်မှာ အိမ်ကောင်းကောင်းနဲ့ နေမယ် ဆိုတာလေ"
    ထိုစကားကို ကြားရသောအခါ သူ့မျက်လုံးအစုံသည် ဒေါသအရောင်ဖြင့် ဖိတ်ဖိတ် တောက်လာသည်။
    " မင်းဘာလာလုပ်နေတာလဲ၊ ငါ့ကို အကျပ်ကိုင်ပြီး ငွေညှစ်နေတာလား"
    "အကျပ်ကိုင်ပြီး ငွေမညှစ်ရပါဘူးရှင်... ရှင်ဟာ ကျွန်မ ဗိုက်ထဲက ကလေးရဲ့အဖေပဲ"
    "ဒါက မင်းပြောတဲ့ ဇာတ်လမ်းပဲ၊ ဒါပေမဲ့ ကလပ်က မိန်းကလေးတွေ အားလုံး အလကားဟာတွေပဲဆိုတာ ငါ သိတယ်၊ ကောင်းပြီ... ကလေးစရိတ်အဖြစ် တစ်လကို ဒေါ်လာ ငါးဆယ်ပို့ပေးမယ်၊ မတော်တရော်တွေလုပ်မယ်မကြံနဲ့၊ မင်း နောင်တရလို့ မဆုံးအောင် ဖြစ်သွားမယ်၊ ကိုင်း... ငါ့အိမ်ထဲက ထွက်"

    နောက်နှစ်လလောက်ကြာတော့ ကလေးမျက်နှာမြင်သည်။ မကြာမီ ငွေပို့လွှာဖြင့် စာတိုက်မှ ငွေငါးဆယ် ရောက်လာသည်။ နောက်ထပ် သုံးလလောက် မှန်မှန်ဆက်လာနေ ပြီး ရပ်သွားတော့သည်။ ပါရီ၏ သတင်းကိုလည်း လုံးဝမကြားရတော့။

    စူဇီ ကလေးမျက်နှာမြင်ပြီး မရှေးမနှောင်းမှာပင် ယူလန်းကလည်း ဂျပန်ပြည်သို့ ထွက်ခွာသွားသည်။ ဂျပန်ပြည်ရှိ ညကလပ်များမှာ အလုပ်လုပ်ရန် ဖြစ်သည်။ ဟောင်ကောင်ရှိ ငွေကြေးချမ်းသာသူ အမြောက်အမြားတို့မှာ ဖော်မိုဆာသို့ ရွှေ့ပြောင်းသွား ကြသည်။ ထိုအချိန်မှ အစပြုပြီး ဟောင်ကောင် ညကလပ်များမှာလည်း အလုပ်အကိုင်ပျက်လာသည်။
    သို့သော် တိုကျိုရှိ ညကလပ်များကတော့ တရုတ်မကလေးများနှင့် ကြီးစွာ အလုပ် ဖြစ်နေသည်။ ထို့ကြောင့် ဂျပန်တစ်ယောက်က လူလာစုရာ ယူလန်းလည်း အခြားတရုတ်မကလေးငါးယောက်နှင့်အတူ ပါသွားလေတော့သည်။

    စူဇီကား သားတစ်ကောင်နှင့် တို့လို့တွဲလောင်းဖြစ်နေပြီမို့ ဂျပန်ပြည်သို့ လိုက်ခွင့် မကြုံတော့ချေ။ ယူလန်းကို ပို့ဆောင်နှုတ်ဆက်ရင်း လေဆိပ်မှာ မျက်ရည်စက်လက်ဖြင့် ကျန်ရစ်ခဲ့ရှာတော့သည်။
    ယူလန်းရှိနေသေးသည့် အချိန်အထိတော့ စူဇီမှာ ပြဿနာမပေါ်။ ဂရာနာဒါမှာပင် သူ အလုပ်ဆက်လုပ်နေသည်။ ယူလန်း၏ အခန်းမှာပင် ဣနြေ္ဒမပျက် ဆက်နေသည်။ ကလေးအတွက် ကလေးထိန်းငှားထားလိုက်သည်။ ယူလန်းမရှိတော့ ဟောင်ကောင်သို့ စူဇီ ပြောင်းလာသည်။ နေ့စဉ်နှင့်အမျှ ကူးတို့သင်္ဘော အသွားအပြန်စီးနေရသည့်အတွက် အချိန်ကုန်သက်သာစေရန် ဖြစ်သည်။

    ဗေဒင်ဆရာထံသွားပြီး အိမ်ပြောင်းရမည့် နေ့ကောင်းရက်သာကို မေးသည်။ ဗေဒင် ဆရာဟောလိုက်သည့် နေ့အတိုင်း အတိအကျ ပြောင်းခဲ့သည်။ သို့သော် သူပြောင်းသည့် အခန်းနှင့် အဆင်မပြေ။ နောက်နေ့ကစပြီး သူ အပြင်းဖျားတော့သည်။ တစ်ပတ်ထက် တစ်ပတ် ဆိုးလာသည်။ အရိုးပေါ် အရေတင် ဘ၀သို့ ရောက်သွားသည်။ နောက်ဆုံးတွင် သုံးလလုံးလုံး အိပ်ရာထဲမှာ ဗုန်းဗုန်းလဲတော့သည်။

    ထိုသို့ မကျန်းမာသည့် အချိန်အတွင်း စုဆောင်းထားသည့် ငွေကြေးကလေးများ လည်း လုံးပါးပါးလာသည်။ ထို့ကြောင့် လုံးလုံးလျားလျား ကျန်းမာသည့် အချိန်ကို မစောင့် နိုင်တော့ဘဲ တစ်နေ့တွင် အလုပ်ရှာထွက်ရတော့သည်။ အလယ်ပိုင်းခရိုင်ရှိ ဂရာနာဒါညကလပ်သို့ ဓာတ်ရထားစီးပြီး လာခဲ့သည်။ ခန်းမက သတ္တမထပ်မှာရှိသည်။ ထိုနေ့က ဓာတ်လှေကားပျက်နေသဖြင့် ရိုးရိုး လှေကား အတိုင်း တက်ခဲ့ရသည်။

    အပေါ်ထပ်ကို ရောက်တော့ အသက်ထွက်မတတ် မောနေပြီ။ အ၀င်ဝမှာ ဆိုင်းဘုတ် အသစ်တစ်ခုကိုတော့ တွေ့ခဲ့သည်။ သို့သော် စာမဖတ်တတ်သဖြင့် အတွင်းသို့သာ တောက်လျှောက်ဝင်ခဲ့သည်။ အတွင်းရောက်တော့မှ ဂရာနာဒါ ကလပ်ခန်းမ ဘ၀မှ စားသောက်ဆိုင်ဘ၀သို့ ပြောင်းလဲနေပြီဖြစ်ကြောင်းကို တွေ့ရတော့ သည်။
    သို့ကလို အပြင်ထွက်ပြီး အလုပ်ရှာမိသည့်အတွက် အိပ်ရာထဲမှာ ရက်သတ္တ သုံးပတ် ပြန်လဲသွားပြန်သည်။ လခမပေးနိုင်သောကြောင့် ကလေးထိန်းမိန်းမလည်း အလုပ် ထွက်သွားပြီ။ ကလေးအတွက်လည်း နို့မှုန့်မရှိတော့။ ပိုက်ဆံလည်း မရှိတော့။

    မတတ်နိုင်သည့် အဆုံးတွင် နောက်ဆုံးလက်ကျန် လက်ဝတ်ရတနာကလေးကို ထုတ်ရောင်းပစ်တော့ရန် ဆုံးဖြတ်လိုက်ရသည်။ အေလင်မွားနှင့် နောက်ဆုံးတွေ့လိုက်ရစဉ်က ပေးသွားသည့် ရွှေလက်ကောက်ကလေး ကျန်သေးသည်။ ရွှေလက်ကောက်ကလေးကို သွားရှာတော့ လုံးဝပျောက်နေပြီ။ ကလေးထိန်း မိန်းမက သူ့လခများအဖြစ် ယူသွားချေပြီ။
    စိတ်ဓာတ်ကျခြင်းနှင့်အတူ အပြင်းဖျားပြန်သည်။ သို့သော်လည်း ကလေးက တငို တည်းငိုနေသောကြောင့် အိပ်ရာထဲမှာ လှဲမနေသာ။ ပိုက်ဆံချေးရန် အမျိုးသမီးသူငယ်ချင်းထံ ထွက်လာခဲ့ရပြန်သည်။ အမျိုးသမီးသူငယ်ချင်းကိုလည်း အိမ်မှာ မတွေ့။

    ဖြစ်ချင်ရာဖြစ်စေတော့ဆိုပြီး လမ်းထောင့်မှာ ရပ်နေမိသည်။ နောက်ဆုံးကူလီ တစ်ယောက်က သူ့ကိုခေါ်သည်။ နှစ်ဒေါ်လာပေးသွားသည်။ ထိုအဖြစ်ကို ရှက်လွန်း သဖြင့် မည်သူ့မျှ သူဖွင့်မပြော။ ယုတ်စွအဆုံး သူအချစ်ဆုံး ဂွမ်နီကိုပင် ဖွင့်မပြော။

    နောက်နေ့မှာတော့ ညကလပ်တစ်ခုမှာ အလုပ်ရသည်။ သို့သော် အလုပ်မကောင်း တော့သောကြောင့် ၀င်ငွေနည်းလွန်းလှသည်။ ထိုမျှမကသေး သူလို အမျိုးသမီးတွေကလည်း သိပ်များနေသည်။ ကလေးထိန်းနှင့် အိမ်လခအတွက် မနည်းကြီး ကြိုးစားရုန်းကန်နေရသည်။

    တစ်နေ့တွင် ဂရာနာဒါတုန်းက လုပ်ဖော်ကိုင်ဖက် ရှန်ဟဲတရုတ်မကလေး တစ်ယောက်နှင့် အမှန်မထင် သွားတွေ့သည်။ ထိုအမျိုးသမီးဝတ်စားထားသည်မှာလည်း အပျံစားဖြစ်နေသည်။ ကောင်းကောင်း အလုပ်ဖြစ်နေပုံရသည်။ ဥရောပသင်္ဘောသားများ ကျက်စားရာ ဟိုတယ်တစ်ခုမှာ အလုပ်လုပ်နေကြောင်း ပြောပြသည်။ စူဇီက ဒါမျိုးမလုပ် ချင်။ ကလပ်မှာသာ သူလုပ်လိုသည်။ အမျိုးသမီးကမူ ဟိုခန်းမများမှာလို တစ်ညလုံးကနေဖို့ မလိုကြောင်း၊ ကိုယ့်ကြိုက်မည့်သူ တွေ့သည်နှင့် ဟိုတယ်အပေါ်ထပ်သို့ တက်သွားလိုက်ရုံသာဖြစ်ကြောင်း ပြောပြသည်။

    စူဇီက ခေါင်းကို ရမ်းခါပစ်လိုက်သည်။ ဒါလောက် အဆင့်အတန်းနိမ့်သည့် ဘ၀ကို သူစက်ဆုပ်မိသည်။ ညကလပ်ခန်းမမှာ အလုပ်လုပ်သည့် မိန်းကလေးများက သူတို့ကိုယ် သူတို့ ပြည့်တန်ဆာမဟု မသတ်မှတ်။ ကပွဲအတွက် အတွဲဟု သတ်မှတ်သည်။ ယောက်ျားကလည်း သူတို့ကို သဘောကျ၊ သူတို့ကလည်း ယောက်ျားကို သဘောကျရင် အတူသွားရုံရှိသည်။ ထိုသို့ အတူသွားသည့်အတွက် လက်ဆောင်အဖြစ် ပိုက်ဆံရသည်။ သည်လိုငွေရဖို့အတွက်ကလည်း အလွန်ကြီးကျယ်ခမ်းနားသည်။ ဟန်ကြီး ဟိတ်ကြီးနှင့် ညစာ အတူသွားစားရမည်။ အေးအေးဆေးဆေး စကားပြောမည်။ ပြီးတော့မှ အဆင်ပြေရာ တစ်နေရာရာမှာ တစ်ညတာ အချိန်သွားဖြုန်းကြမည်။ ဘယ်လောက် ထိပ်တန်းကျလိုက်သလဲ။

    ညကလပ်တွင် အလုပ်လုပ်သော အမျိုးသမီးများက ဟိုတယ်ဘားခန်းမှာ အလုပ် လုပ်သည့် အမျိုးသမီးများကို အထင်သေးသည်။ ဘားခန်းမှ အမျိုးသမီးများက လမ်းပေါ်မှ အမျိုးသမီးများကို အထင်သေးသည်။
    "ဒီ အလုပ်မျိုးကို မင်း ဘာကြောင့်များ လုပ်နေတယ်ဆိုတာ ငါတော့ နားမလည် နိုင်တော့ဘူးကွယ်"ဟု စူဇီက ပြောသည်။ သူ့တွင် ပိုက်ဆံတစ်ပြားမှ မရှိစဉ်က လမ်းဘေး ကူလီထံမှ နှစ်ဒေါ်လာယူခဲ့ရသည်ကို မေ့သွားပြီ။
    အမျိုးသမီးက ရယ်သည်။ ထိုအမျိုးသမီးသည် အဲလစ်ကလေးဖြစ်သည်။
    "ကိုယ်ကတော့ ဒီမှာ အလုပ်ရတာ သဘောကျတယ်ကွာ၊ ဂရာနာဒါတုန်းကလို နွားအိုပေါင်ကျိုးကြီးတွေ မဟုတ်ဘူး၊ ကဲ... ပြေးလိုက်ဦးမယ်၊ ဒီနေ့မနက် အမေရိကန် သင်္ဘောနှစ်စီး ၀င်လာတယ်၊ တကယ်လို့ မင်း စိတ်ဝင်စားမယ် ဆိုရင်တော့ ကမ်းနား သင်္ဘောဆိပ်နားက ဟိုတယ်ကို လာခဲ့"
    တစ်ဖက်သို့ လှည့်ထွက်သွားသည့် အဲလစ်ကလေးကို မျက်စိတဆုံး လိုက်ကြည့်နေမိသည်။ ထိုနေ့ညက ခန်းမထဲမှာ ငါးနာရီကြာအောင် ထိုင်နေပြီးမှ အိမ်ပြန် လာသောအခါတွင် သူ့ပိုက်ဆံအိတ်သည် ပြားကပ်လျက် ရှိချေသည်။
    လက်ရှိဘ၀ကို ရဲရဲရင်ဆိုင်ဖို့ အချိန်ကျရောက်လာလေပြီ။ ထို့ကြောင့် နောက်နေ့တွင် ဗေဒင်ဆရာဆီပြေးပြီး ဗေဒင်မေးရပြန်ပါသည်။
    ဗေဒင်ဆရာက ယခုလဆန်းပိုင်းတွင် အလုပ်မပြောင်းနှင့်။ နောက်လဆန်းကျမှ အလုပ်ပြောင်းလျှင် လုပ်ငန်းအောင်မြင်မည်။ ခရီးသွားရမည်။ ပညာအသစ် အဆန်းများ လေ့လာတတ်မြောက်မည်။ ကံအကောင်းဆုံးအချိန်သည် ညနေ ၃ နာရီ မှ ၆ နာရီကြားဟု ဟောလိုက်သည်။
    နောက်လဆန်း ၃ ရက်နေ့ ညနေပိုင်းတွင် နမ်ကောက်ဟိုတယ်မှာ စူဇီ အလုပ်စ၀င် လေတော့သည်။

(၂)
သူ့ခြေထောက်ကြားမှာရှိနေသည့် စောင်ကို စိတ်မှတ်မထင် ဆွဲယူနေသည်။
    "စစချင်းတော့ ဒီနေရာကို သိပ်မုန်းတာပဲ အစ်ကိုရယ် သိလား၊ လုပ်ရကိုင်ရတာ အင်မတန်ခက်တယ်၊ သင်္ဘောသားတွေကလည်း ညစ်ပတ်တယ်၊ အရက်သိပ်မူးနေတယ်၊ ရိုင်းစိုင်းတယ်၊ နင်တို့နဲ့ ငါမလိုက်ဘူးလို့ ပြောမိတယ်၊ တခြားအမျိုးသမီးတွေက ကျွန်မကို သိပ်ခေါင်းမာတာပဲလို့ ပြောကြတယ်" ဟုစူဇီက သူ့အဖြစ်အပျက်များကို ဆက်ရှင်းပြနေသည်။

    သို့သော်လည်း ယခုတော့ သူကျင့်သားရသွားပြီ။ အသားကျသွားပြီ။
    "ကျွန်မ ဒီအခြေအနေရောက်အောင် ပတ်ဝန်းကျင်အခြေအနေတွေက ဖန်တီးပေးလိုက်တာပါပဲ၊ ဒါပေမဲ့ ကျွန်မက တခြားလူနဲ့ မတူဘူး၊ တခြားသူတွေကတော့ သူတို့သဘာဝကိုက ဒီနေရာနဲ့ ပတ်သက်နေတယ်လေ၊ ကျွန်မကတော့ တစ်မျိုး၊ ဒီနေရာနဲ့ ကျွန်မ မဆိုင်ဘူး"
    "ဟုတ်လား... လူတစ်ယောက်ဟာ ဘယ်အရာကိုမဆို ကျင့်သားရသွားတတ်တယ်လို့ ကိုယ်ထင်တယ်" ဟု ကျွန်တော်က ပြန်ပြောသည်။

    ထိုစကားကို ပြောရင်း ကျွန်တော် စဉ်းစားနေမိသည်။ စစ်ဖြစ်သည် ဆိုပါစို့။ စစ်နှင့် ရင်ဆိုင်ကြုံတွေ့ရသူများသည် စစ်မဖြစ်မီ နှစ်နှစ် သုံးနှစ်လောက်က အခြေအနေများ မဟုတ်တော့သည်ကို သဘော ပေါက်မည်။ ဟိုတုန်းက အလွန်လုံခြုံငြိမ်းချမ်းခဲ့သည့် ကောင်းကင်ကြီးသည် ယခုအခါတွင် မလုံခြုံမငြိမ်းချမ်းတော့ဘဲ သူတို့အပေါ်သို့ ဗုံးမိုးများ ရွာချနေကြောင်း၊ စက်သေနတ်ကျည်ဆန်တွေ သွန်ချနေကြောင်း တွေ့ကြရပေလိမ့်မည်။ သည်တော့လည်း ကြုံလာသည့် ဘ၀ကို ကြုံသလို ဖြေရှင်း ကြရတော့မည်ပေါ့။

    လက်ပတ်နာရီကို ကျွန်တော် ငုံ့ကြည့်လိုက်သည်။ စူဇီကို အတောင်းလာခေါ်သည်မှာ မိနစ်နှစ်ဆယ် ကြာသွားပြီ။ သင်္ဘောသား အိပ်ရာက နိုးလာပြီး စူဇီ ဘယ်ရောက်သွားသလဲ မေးနေသည်တဲ့။
    "စူဇီ မင်းသွားဖို့ကောင်းပြီထင်တယ်" ဟု ကျွန်တော်က ပြောသည်။
    "ခဏကြာရင် သွားမှာပါ"
    တင်ပျဉ်ခွေကို ပြင်မထိုင်ဘဲ စားပွဲပေါ်ရှိ ရေနွေးကြမ်းအိုးကို လမ်းဆွဲသည်။ သူ့ဖန်ခွက်ထဲ ထည့်သည်။ တစ်ကျိုက်သောက်လိုက်ပြီး မျက်မှောင်ကုပ်သည်။
    "ကျွန်မကလေးဟာ အခုထက်ထိ ချောင်းဆိုးနေတုန်းပဲ သိလား... ကျွန်မ စိတ်ပူတယ်"
    "ဆရာဝန်ဆီ သွားမပြဘူးလား စူဇီ"
    "ပြပါတယ် ဆေးရုံကို သွားပြဖူးတယ်၊ ဆေးရုံက ဆရာဝန်က ဘာမှ မဖြစ်ပါဘူး ကလေးနေကောင်းပါတယ်တဲ့၊ ဒါပေမဲ့ ချောင်းကတော့ တဆိုးတည်း ဆိုးနေတာပဲ အစ်ကိုရယ်"
    တယ်လီဖုန်းခေါင်းလောင်း မြည်လာသည်။ ကျွန်တော်က ကောက်ကိုင်လိုက်သည်။ အတောင်းက သူ့စားပွဲမှ လှမ်းဆက်ခြင်းဖြစ်သည်။ သင်္ဘောသားက စူဇီကို ထပ်မေးနေ ကြောင်းနှင့် စူဇီပြန်လာဖို့ကို အတောင်းက ယဉ်ကျေးစွာ ပြောပြနေသည်။ သူ့စိတ်ကိုလည်း ချုပ်တည်းထားရပုံ ရသည်။

    "သူပြန်မလာရင် ကျွန်တော်တို့ ဟိုတယ် နာမည်ပျက်တော့မှာပေါ့ ဆရာရယ်" ဟုလည်း ပြောသည်။
    "အဲဒီလိုမဖြစ်စေရပါဘူး အတောင်း" ဟု ကျွန်တော်က ပြန်ပြောလိုက်သည်။
    စူဇီ ထိုင်ရာမှ ဖြုန်းခနဲထပြီး တံခါးပေါက်ဆီသို့ လျှောက်သွားသည်။
    "ကျွန်မ သွားတော့မယ်"
    "ဘယ်လိုဖြစ်ဖြစ် အခု သင်္ဘောသားကတော့ လူကောင်းကလေးနဲ့ တူပါတယ်ကွယ်" ဟု ကျွန်တော်က လှမ်းပြောသည်။
    စူဇီက ပခုံးနှစ်ဖက် တွန့်လိုက်သည်။
    "စူဇီ မင်းသိပ်လှတာပဲ"
    သူက သင်္ဘောသားပြောသလို ပြောသည်။
    " သူက မင်းကို ဒီလိုပဲ ပြောသလား" ဟု ကျွန်တော်က မေးသည်။
    "သင်္ဘောသားတိုင်းက ဒီလိုပဲပြောတယ်"
    "အင်း... မင်းက ဒါကို သဘောမကျဘူးလား"
    "ဂရုမစိုက်ပါဘူး... "စူဇီ မင်းသိပ်လှတာပဲ" ဒီလိုပြောပြီး သူ သွားလေရော... နောက် သင်္ဘောသားတစ်ယောက် လာပြန်ရော ... " စူဇီ မင်းသိပ်လှတာပဲ" ပြော ပြန်ရော၊ ပြီးတော့ သူလည်း သွားပြန်ရော ဘယ်မှာလဲ ကောင်းတာ၊ " စူဇီ မင်းသိပ်လှတာပဲ" ဆိုတဲ့ စကားကို ယောက်ျားတစ်ယောက်တည်းကပဲ နေ့တိုင်း ပြောတာကို ခံချင်တယ်၊ တစ်ယောက်တည်းပဲ ဖြစ်ရမယ်"
    "နေ့တိုင်းလောက်နီးပါး ကိုယ် ပြောပါတယ်ကွယ်"
    "ဒါလည်း ဘယ်မှာကောင်းလို့လဲ၊ အစ်ကိုဟာ တကယ့် တကယ်ကျတော့ ကျွန်မရဲ့ ရည်းစားအစစ်မှ မဟုတ်ဘဲ"
    "ဒီကိစ္စက အရေးကြီးလို့လား စူဇီရယ်..."
    "ဟုတ်တယ် အရေးကြီးတယ်"
    "ကောင်းပါပြီလေ... ဒီလိုဆိုရင်လည်း ဒါကိုတွေးနေလို့ အလကားပဲ၊ ကိုယ်က ငွေကြေးတတ်နိုင်တဲ့ အကောင်မှ မဟုတ်ဘဲ" ဟု ကျွန်တော်က ပြန်ပြောသည်။
    "အစကတည်းက အစ်ကို့ကို ကျွန်မ ပြောခဲ့ဖူးပါတယ်၊ ကျွန်မ ပိုက်ဆံမလိုချင်ပါဘူးလို့၊ အစ်ကို့ဆီက ဘာမှ မလိုချင်ဘူး၊ ဒါပေမဲ့ အစ်ကိုကတော့ "အလကား မနိပ်တဲ့ကောင်မလေး... အခုပဲ သင်္ဘောသား ရင်ခွင်ထဲက ထွက်လာတာ"လို့ ထင်နေမှာပေါ့လေ"
    "ဒီကိစ္စကို မင်း သဘောပေါက်နားလည်နိုင်ပါတယ် စူဇီရယ်"
    "မဟုတ်ဘူး... သင်္ဘောသားဆီ ကျွန်မ သွားရတာက ပိုက်ဆံရဖို့ လုပ်ငန်းအတွက် သွားရတာ၊ အချစ်မပါဘူး... ခံစားချက်မပါဘူး၊ ကပွဲမှာ အတူ တွဲကတဲ့ လူတစ်ယောက်ရဲ့ ကိုယ်လုံးကို ဖက်ထားရတာမျိုးနဲ့ အတူတူပဲ"
    "ဒီလိုသဘောမျိုးတော့လည်း မဟုတ်ပါဘူးကွယ်"
    "ဟုတ်တယ် အတူတူပဲ"
    "မင်းနဲ့ အတူနေရမယ်ဆိုရင် ကိုယ်ဟာ မင်းကို ပိုင်တယ်လို့ ခံစားမိလိမ့်မယ်၊ တကယ်ကတော့ ကိုယ်ပိုင်တာ မဟုတ်ဘူးလေ"
    "ဟုတ်တယ် ပိုင်တယ်၊ သင်္ဘောသားနဲ့ အတူနေရတဲ့အခ်မှာ ကျွန်မ ရင်ထဲမှာ ဘာခံစားချက်မှ မရှိဘူး၊ အသည်းနှလုံးထဲမှာ ဘာခံစားချက်မှ မရှိဘူး၊ အစ်ကိုနဲ့ အတူနေရမယ်ဆိုရင် အားလုံးဖြစ်မယ်... အချစ်လည်း ပေါ်လာမယ်၊ ကျွန်မ ချစ်တယ်၊ ခံစားချက်ကလည်း အံ့သြစရာ လှပနေမယ်၊ ကျွန်မက "ဒါ ငါ့အမျိုးသား"လို့ ထင်မယ်၊ အစ်ကိုက "ဒါ ငါ့အမျိုးသမီး"လို့ ထင်မယ်၊ ကျွန်မတို့ အပြန်ပြန် အလှန်လှန် ပိုင်ဆိုင်မယ်"
    "ပြောသလောက်တော့ မလွယ်နိုင်ဘူးနော် စူဇီ"
    "ဟုတ်တယ်... လွယ်တယ်... သိပ်ကို လွယ်တယ် အစ်ကို နားမလည်ဘူး"
    အခန်းထဲမှ ထွက်ဖို့ သူ ခြေလှမ်းပြင်လိုက်သည်။
    "စူဇီ နားထောင်ပါဦး"
    "နားမထောင်ဘူး... ကောင်းတာတွေများ ဘာပြောလို့လဲ၊ အစ်ကို ပြောတာတွေက ယုတ်ညံ့စုတ်ပဲ့တဲ့ ယမ်ယမ် ကောင်မကလေးထက် အလိမ္မာပိုပါပေတယ်။ ဒါပေမဲ့ ယုတ်ညံ့ စုတ်ပဲ့တဲ့ ယမ်ယမ် ကောင်မလေးက အချစ်အကြောင်းကို နားလည်တယ်၊ အစ်ကိုက နားမလည်ဘူး"
    "စူဇီ တစ်မိနစ်လောက် ထိုင်ပါဦး"
    "မထိုင်ဘူး... သင်္ဘောသားဆီ ပြန်သွားရမယ်၊ သူ့သင်္ဘောမထွက်ခင် တာဝန် ထမ်းဆောင်ရဦးမယ်"
    "စူဇီ..."
    "မလာဘူး"
    အခန်းတံခါးပိတ်ပြီး သူ ထွက်သွားလေတော့သည်။
   
(၃)
    ကျွန်တော် အိပ်မပျော်တော့ပါ။ အမှောင်ထဲမှာ မျက်စိကြောင်နေသည်။ တံခါးဝမှာ မတ်တတ်ရပ်နေသော စူဇီကို မြင်ယောင်နေမိသည်။ သူပြောသွားသည့် စကားများကိုလည်း ကြားယောင်နေမိသည်။

    "ကျွန်မချစ်တယ် ခံစားချက်ကလည်း အံ့သြစရာ လှပနေမယ်၊ ကျွန်မက " ဒါ ငါ့အမျိုးသား"လို့ ထင်မယ်၊ အစ်ကိုက "ဒါ ငါ့အမျိုးသမီး"လို့ ထင်မယ်၊ ကျွန်မတို့ အပြန်အပြန် အလှန်လှန် ပိုင်ဆိုင်မယ်"
    ဘယ်လောက် ရိုးသားလိုက်ပါသလဲ။ အလွန်တရာလှပတဲ့ ဖြူစင်ရိုးသားမှုကလေးပါလား။ စာမရေး တတ်သော စာမဖတ်တတ်ရှာသော မိန်းကလေးတစ်ယောက်၏ အလွန်ချစ်စရာကောင်းသော ဖြူစင်ရိုးသား မှုကလေးပါလား။ သန့်ရှင်းသောစိတ်ဓာတ်မှ ပေါ်ထွက်လာသည့် စိန်တုံးကို တည့်တည့်ပပသွေးထားသော ပြတ်သားတိကျမှုမျိုးကို ဖြူစင်ရိုးသားမှုကလေးပါလား။
    ပြီးတော့ စိန်တုံးလိုပင် ဖျက်ဆီးခြေမွ၍မရ။ နှစ်ထောင်မကလို့ ဘယ်လောက်ပင် အရေအတွက်များသည့် ယောက်ျားတွေပင် ဖျက်ဆီးခြေမွလို့ မရ။ ဘယ်လိုယောက်ျားကမှ ထတို့ ကိုင်တွယ်ခြင်း မရှိသေးသည့် သူ့ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းတစ်ခု။ မည်သူမှ နုတ်ထုတ်ယူဆောင်နိုင်ခြင်းငှာ မစွမ်းနိုင်သော အပျိုစင်။

    မှန်ပါသည်။
    အသည်းနှလုံး၏ အပျိုစင်။
    "ကျွန်မချစ်တယ်၊ ခံစားချက်ကလည်း အံ့သြစရာ လှပနေမယ်၊ ကျွန်မတို့ အပြန်ပြန် အလှန်လှန် ပိုင်ဆိုင်မယ်"
    သည်စကားလုံးတွေကြောင့် ကျွန်တော့်စိတ် အများကြီး လှုပ်ရှားသွားပါတော့သည်။
    သူနှင့် အတူတူနေရလျှင် ကျွန်တော် ပျော်မည်ဟု ထင်မိပါသည်။
    ပြီးတော့ အမှောင်ထဲမှာ အိပ်မပျော်ဘဲ အိပ်မက်မက်နေသူလို ကျွန်တော် တစ်ခေါင်းလုံး အတွေးပေါင်းစုံဖြင့် ပြည့်လာတော့သည်။

    သူ့ကို နမ်ကောက်ဟိုတယ်မှ ကျွန်တော် ကယ်တင်သွားရမည်။ သူနှင့် ကျွန်တော် လက်ထပ်ရမည်။ အနီးအနားက ကျွန်းကလေးပေါ်မှာ စရိတ်ကျဉ်းကျဉ်းနှင့် ကျွန်တော်တို့ နှစ်ယောက် သွားရောက် နေထိုင်ရမြည်။ တံငါလှေကလေးတွေက ကမ်းသို့ မပြတ်ဝင်လာ ဆိုက်ကပ်နေရမည်။ တစ်နာရီလောက် ကျွန်တော်တို့ တခြားသွားပြီး ပြန်လာသော်လည်း တံငါလှေကလေးတွေက ၀င်လာမစဲ တသဲသဲရှိရမည်။

    ဒါမှမဟုတ်လျှင်လည်း ဘုန်းကြီးကျောင်းရှိရာ လန်တောင်းကျွန်းပေါ်မှာ သွားနေ နိုင်သည်။ စိတ်ချမ်းမြေ့ ကြည်နူးစရာကောင်းသော ဘုရားဝတ်တက်သည့် ကြေးစည်သံ ကလေးများကိုလည်း ကြားနေရမည်။ ဗုဒ္ဓဘာသာ သံဃာတော်များထံမှလည်း စိတ်ချမ်းမြေ့ ဖွယ်ရာ တရားဓမ္မများကို နာယူနိုင်မည်။

    ပြီးတော့ ကျွန်တော့်စိတ်ထဲက ထင်မည်။ "ဒါ ငါ့အမျိုးသမီး"
    သူ့စိတ်ထဲကလည်း ထင်မည်။ "ဒါ ငါ့အမျိုးသား"
    ကျွန်တော့် တစ်ကိုယ်လုံးမှာ ချစ်ရည်များ ထုံမွမ်းနေပါသည်။ ကျွန်တော် အိပ်မပျော်ပါ။ အမေရိကန်စစ်သင်္ဘောမှ နံနက်ပိုင်း ခရာတွက်သံသည် တိတ်ဆိတ်သော ဆိပ်ကမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

    အရုဏ်က်ပြီ။ ပြည်မကြီးဘက်မှာ ကြယ်ကလေးတွေ ၀င်ရောက်ပျောက်ကွယ်သွား ကြပြီ။ ကျွန်တော့် အခန်းထဲသို့ အညိုရောင် အလင်းတန်းကလေးဝင်လာပြီ။
    ရုပ်ရှင်ရုံတံခါး ပေါက်များကို ဖွင့်လိုက်သောအခါ အပြင်မှ ၀င်လာသည့် အလင်းရောင် ကြောင့် ပိတ်ကားပေါ်မှ အရုပ်များ မှေးမှိန် ပျောက်ကွယ်ရသည်။
    ထိုနည်းတူစွာ ကျွန်တော့်အာရုံထဲမှာ ပေါ်နေသည့် မြတ်နိုးဖွယ် စိတ်ကူးယဉ်မှုကလေးများသည် မှေးမှိန်ပျောက်ကွယ်စ ပြုလာသည်။

    အပေါစား အ၀တ်ဗီရို၊ မှန်တင်ခုံနှင့် အလှပြင်စားပွဲ။ ပြီးတော့ ညက စားကြွင်းစားကျန် တရုတ် အစားအစာများ...။ တစ်ခုချင်းကို ကျွန်တော် လိုက်ကြည့် နေမိသည်။
    အားလုံး ရုပ်လုံးပေါ်လာပါပြီ။

    နေ့၏ အလင်းရောင်။ အမှန်တရား။
    ပြီးတော့ ကျွန်တော်သည် ယခင်ကအတိုင်းပင် စူဇီနှင့် ဆက်လက် စခန်းသွားနေရဦး မည်ဖြစ်ကြောင်း သိလာသည်။
    သူနှင့် အတူနေလိုပါသည် ဆိုလျှင်လည်း သင်္ဘောသားများနှင့် သူ့ဇာတ်လမ်းကို စိတ်ထဲမှ ဖယ်ထုတ်ပစ်ရပါမည်။
    ရနိုင်ကောင်းပါ၏လောဟု ကျွန်တော် စဉ်းစားကြည့်မိသည်။ ကျင့်သားရသွားဖို့သာ အရေးကြီးပါသည်။ မည်သူမဆို ဘယ်အရာမှာပဲဖြစ်ဖြစ် တစ်နေ့မဟုတ် တစ်နေ့တော့ ကျင့်သားရစမြဲ အသားကျရစမြဲသာ မဟုတ်ပါလား။

    ကျွန်တော် စဉ်းစားရင်း အိပ်ပျော်သွားသည်။
    သို့သော်လည်း ဇာတ်လမ်းက ရှေမဆက်နိုင်တော့ဘဲ သည်နေရာမှာပဲ အဆုံးသတ် သွားပါတော့သည်။
    အဘယ်ကြောင့်ဆိုသော် ထိုနေ့မှာပင် ဘင်ဂျက်ဖ်ကော့နှင့် စူဇီတို့ တွေ့ဆုံကြသောကြောင့်ပင်တည်း။

စာအုပ် (၁) ပြီး
စာအုပ် (၂) အခန်း (၁) မျှော်

1 comment:

Anonymous said...

အမကြီးရေ စာတွေတင်ပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။
Jeff