Wednesday, December 30, 2009
ပန်းသတင်း (ဒီဇင်ဘာ ၆)
အလွန်အလုပ်များသူ
သော်တာဆွေ
ကိုမောင်ချိုသည် နေထန်းတစ်ဖျားခန့် မြင်နေပြီဖြစ်သော်လည်း အချိန်ဘယ်လောက်ရှိပြီလဲ ဟု မော်မကြည့် အားသေးပေ။ အပေါက်တစ်ရာ၊ အဖာကဗလဗြစ်နှင့် မဲညစ်၍နေသော သူ့စက်ဘီးတာယာ လေလုံးဖြင့် အလုပ်များ လျက် ရှိသည်။
ဒေါက်ဂွမရှိသော စက်ဘီးကို နွားသောက်သော ထန်းပင်မြစ်ဆုံရေစည်တွင်မှီလျက် နောက်ဘီးတာယာ လေလုံးကို ထုတ်ကာ ရေအင်တုံပဲ့တစ်ခု၊  ကပ်ကျေးတစ်လက်၊ တံစဉ် တစ်ချောင်း၊ ကော်ရည်တစ်ခွက်၊ လေထိုးပိုက်တစ်လုံးနှင့် နံနက်မိုးမလင်းမီကပင် သူထ၍ ဖာခဲ့သည်။ မီးခွက်သည် မီးငြိမ်း၍ ပြီးသော်လည်း သူ့အနီးမှာ ရှိနေသေးသည်။
သူ့စက်ဘီးလေးလုံးမှာ ပေါက်ရာ ဖာရာကများလှသည့်အထဲ ကော်ရည်က နိုင်ငံခြားကလာသည့် မူလ ပစ္စည်းမဟုတ်ဘဲ တမာစေးကို ကျိုထားရခြင်းဖြစ်လေရာ တယ်ပြီး ရေရာသည်မဟုတ်၍ ယခုလောက် ခဲယဉ်း နေခြင်း ဖြစ်ပေသည်။ သို့သော် ကိုမောင်ချိုသည် ဇွဲကတော့ လျှော့တတ်သူ မဟုတ်၊ ဒီပစ္စည်းနဲ့ ဒီပစ္စည်း ဟာပဲ အရင်ကတည်း ရဘူးတာ၊ ခုလည်းရတယ် ဟူသော ယုံကြည် ချက်ဖြင့် သဲသဲမဲမဲ ကြိုးစား နေခြင်း ဖြစ်သည်။ သည်အထဲ လေထိုးပိုက်ကျွတ်ကလဲ ခဏခဏ လေချော်တတ်သေးသည်။
ယင်းအခိုက် အိမ်ရှေ့လမ်းမမှ နွားလှည်းတစ်စီးရပ်သံနှင့်အတူ "ကိုမောင်ချိုရ၊ ခင်ဗျားစက်ဘီးက ခုထိဖာ မရသေးဘူးလား" ဟူသော နှုတ်ဆက်သံကို ကြားရမှ မော်ကြည့်လိုက်မိကာ ... "ဟာ မောင်ခွေး၊ မင်းတောင် နောက်ချီး ချ တစ်ခေါက်က ပြန်လာခဲ့မှကိုးကွ..."
"အေးဗျ၊ ခင်ဗျားကော မြို့သွားဖြစ်အုံးမှာလား ..."
"သွားဖြစ်အောင် ဒီစက်ဘီး ဖာနေတာပဲကွာ..."
သူသည် စက်ဘီးကို ဆက်ပြီး ဖာမြဲဖာနေ၏။ သည်နောက်ဘီးက ခဏခဏ ဒုက္ခပေးနေ၏။ ရှေ့ဘီးကတော့ ဒုက္ခငြိမ်းသွားပါပြီ။ တာယာရော ကျွတ်ရောချွတ်ပြီး မြင်းလှည်းဘီးက ရော်ဘာ တာယာ အဟောင်းတစ်ခုကို ပြုပြင်တပ်ဆင်လိုက်သောကြောင့် ဖြစ်၏။ သို့ဖြင့် ရှေ့ဘီးကကျွတ်ကို ကောင်းသောအပိုင်း ဖြုတ်ယူကာ နောက်ဘီးကျွတ်နှင့် ပေါင်းသုံးခဲ့၍ အတော်ကလေးဟန်နေခဲ့ သည်။ ယခုမှ ခဏခဏ ချူချာလာပြန်တော့ ပြည်သူ့ပစ္စည်းဆိုင်မှာ လျှောက်ထားတာ ရလျှင်ရ၊ မရလျှင်တော့ ရှေ့ဘီးလိုပဲ ဆောလစ်ပဲ စွပ်ရတော့မှာပဲဟု မောင်ချို အောက်မေ့မိ၏။ ဂျပန်ခေတ် တုန်းကလိုပေါ့လေ။
ကိုမောင်ချိုသည် ရွာတွင် လယ်ယာခြံမြေလုပ်ငန်း ပါးလျားသောအခါလည်းကောင်း၊ အားသော အခါ လည်းကောင်း မြို့သို့သွား၍ ဆေးလိပ်ရုံတစ်ခုမှာ ဆေးရိုးလှော်ခြင်း၊ ဆေးစပ်ခြင်း အလုပ်ကို နေ့စား လုပ်ရသည်။ သူ့တွင် လယ်မြေ ဝေခြမ်းရေးမှ လယ် ၅-ဧက ရထားသော်လည်း ဒီ၅-ဧက စပါးစိုက်ရုံဖြင့် သူ့အိမ်ထောင် ၀မ်းစာရေးကို မလောက်ပေ။ ထို့ကြောင့် သစ်ပင်လှဲခြင်း၊ ထင်းခွဲခြင်း ကအစ ရရာအလုပ်ကို လုပ်ရသေးသည်။ သူ့ဇနီးနှင့် သူ့သမီးကလည်း ရက်ကန်းစင်ကို ကိုင်ရသေး သည်။
ဆွမ်းတော်ဗျို့
မောင်ခွေး ထွက်ခွာသွားပြီးမှ ဒုတိယအကြိမ် ကိုမောင်ချိုကို လှုံ့ဆော်လိုက်သောအသံကား အိမ်ရှေ့ ဆွမ်းခံ ရောက်လာခြင်း ဖြစ်ပေသည်။ ဒီအခါတော့ ကိုမောင်ချို မနေသာတော့ပါ။ ဆွမ်းခံ ကျောင်းသားကလေးတွေ လှမ်းကြည့်လိုက်ပြီး " ဟာ ... ဆွမ်းခံတောင်ရောက်ပြီ၊ စက်ဘီးကလည်း ဖာမပြီးသေး။ ဒီနေ့ မြို့သွားလို့ တော့ဖြင့် မဖြစ်တော့ဘူး" ဟု အားလျှော့လိုက်ကာ ထိုင်ရာမှ ထလိုက်တော့သည်။ ကိုယ်ကို ဘယ်ညာယိမ်း၍ အညောင်းဆန့်လိုက်ပြီး နွားရေစည်ထဲမှ ရေဖြင့် မျက်နှာကို ပွတ်သပ်၍ ခေါင်းတွင်ပေါင်းထားသော ပုဆိုးဟောင်း ချွတ်လျက် အိမ်ရှေ့နေရောင် ကာကပြင်တွင် ရက်ကန်းစင်၌နေသော သမီးထွေးအား ...
"လုံမရေ ... ငါ့ကွမ်းထုပ်ကလေး ပေးစမ်းဟေ့ ...
ကိုမောင်ချိုသည် ကွမ်းမပြတ်ငုံလေ့ရှိသူဖြစ်၍ သူ့မှာ ကွမ်းထုပ်မဲညစ်ညစ်ကလေး အမြဲ ရှိသည်။ အထဲတွင် ကွမ်းရယ်၊ ထုံးရယ်၊ ကွမ်းသီးရယ်၊ ဆွေးရွက်
ကိုမောင်ချိုသည် သမီးလေးလှမ်းပေးလိုက်သော ကွမ်းထုပ်ကို ထန်းမ်ြစဆုံ စည်နှုတ်ခမ်းပေါ်တွင် တင်ဖြေ၍ ကွမ်းယာရင်း စဉ်းစား၏။
ဒီနေ့ မြို့တော့မသွားနိုင်တော့ဘူး။ အိမ်လုပ်စရာတွေထဲက တစ်ခုခု လုပ်ရတော့မှာပဲ။ သက်ကယ် ပစ်ဖို့ လည်း ရှိ၏။ မိုးဦးကျ ဂုံလျှော်စိုက်ရန် နောက်ဖေးခြံ အမှိုက်ချဖို့လည်း ရှိ၏။ ဟိုပေါက်ပြားရိုး ကျိုးနေတာလည်း ပြန်တပ်ရဦးမည်။ မနေ့ညက ပေါ က်လက်စထင်းတုံးကော ရှိနေသေး။
သူ့အတွေးမဆုံးမီ ကွမ်းယာပြီး၍ ပါးစပ်ထဲငုံကာ နောက်ဖေးဘက်ထွက်လာမိလျက် ထန်းလက် ခြောက် လေခတ်သံကြားရ၍ ခြံစပ်က ထန်းပင်ပေါ်မော်ကြည့်လိုက်မိတော့မှ အခု ဘာလုပ်ရတော့ မည်ကို ဆုံးဖြတ်ချက် ချမိတော့လေ၏။
"ဟာ ... မမြင့်ရေ ထန်းခိုင်ကလေးတွေ သီးလုံးတောင်ပေါ်နေမှ ဒီထန်းပင် တက်မှ ဖြစ်တော့မယ် ဟေ့..."
မီးဖိုချောင်ထဲရှိနေသော သူ့မိန်းမကို လှမ်းပြောလိုက်လေသည်။ မမြင့်ကား သူ့လင်ပြောတာကို ကြားသည်  ဖြစ်စေ၊ မကြားသည်ဖြစ်စေ၊ ဘာမျှပြန်ပြောလေ့ မရှိပေ။ ကိုမောင်ချိုကသာ ထန်းပင်ကို လှည့်ပတ် မော့ကြည့်ကာ ဆက်၍ ပြော၏။
"ဒီနှစ် ထန်းတော်တော်ထွက်မှာပဲကွ၊ အဆင်သင့်ပဲဟေ့။ ကျေးတောင်စိုက်ရော၊ တောက်တဲ့ ခေါင်းရော ..."
ထန်းလက်၊ ထန်းခွာကြားမှ ထွက်ပြူစ ထန်းစကလေးသည် ကြွက်တူရေးတောင်ကဲ့သို့ စိမ်းမြနေ၍ 'ကျေးတောင်စိုက်'တဲ့။ ထိုကျေးတောင်စအောက်မှ သီးတံအစွန်ကလေးပေါ်လာတော့ တောက်တဲ့ ခေါင်းပြူ လာသည်နှင့်တူ၍ 'တောက်တဲ့ခေါင်း'တဲ့။ ဤမှတစ်ဆင့် ခိုင်တံထွက်ပြီး သီးလုံးကလေး တွေ ပီသလာတော့ 'သီးလုံးပေါ်'။
ထန်းမကို ထန်းရည်ချရာတွင် ဤသီးလုံးပေါ်ကစ၍ ကိုင်ရလေသည်။ ထို့ကြောင့် ကိုမောင်ချိုက အဆင်သင့်ပဲဟေ့ ပြောခြင်း ဖြစ်သည်။ ယခု နှစ်စမျှ သီးလုံးပေါ်ကစ၍ထု၊ ဤအခိုင်ကလေးများ လှီးဖြတ်ရတော့ တောက်တဲ့ခေါင်းက သီးလုံးပေါ် ဖြစ်လာမည်။ ကျေးတောင်စိုက်က တောက်တဲ့ ခေါင်းထွက်လာမည်။ ထန်း ၄-၅-၈ စသည် ဤနှုန်းဖြင့် အလျဉ်းသင့် ဖြစ်လာပေသည်။ တစ်ပတ် အတွင်းမှာ ထန်းရည် ကျတော့မည်။
ကိုမောင်ချိုသည် ကာလသား ထန်းတက်သမားတစ်ယောက် ဖြစ်ခဲ့သည်။ ရှေးယခင်က ထန်းပင် ပေါင်း အစိတ်, သုံးဆယ် တက်၍ အသက်မွေးခဲ့ဖူးသည်။ ထန်းသမားအလုပ်သည် ဘာပြောပြော ကျေးရွာတွင် ငွေကြေး ချောင်လည်၍ မျက်နှာပွင့်လင်းသူ ဖြစ်သည်။
"ထန်းရည်သောက်တတ်တဲ့ လူတွေဆိုရင် ကိုယ့်အောက်ကချည်းပေါ့ကွ၊ ငါထန်းပင်ပေါ်နေတုန်း သူတို့က အောက်လာလာပြီး ရဦးမလား၊ တစ်ပုလင်းပေးပါ၊ နှစ်ပုလင်းပေးပါနဲ့ တောင်းရသကိုးကွ၊ ဟဲ...ဟဲ..."
    ကိုမောင်ချို၏ ပြက်လုံးရွှင်လုံးကလေးဖြစ်သည်။ ကျေးရွာတွင် ထန်းတက်ခြင်းအလုပ်ကို "အထက်တန်းစား အလုပ်"ဟူ၍လည်း ပြောတတ်ကြသည်။
    ယင်းအလုပ်ကို ကိုမောင်ချို မက်မောခဲ့ပါ၏။ သို့သော် ယခု အသက် ၅၀-ကျော်လာတော့ ဇရာချဉ်းလာသော သူ၏ ခြေလက်အင်္ဂါတို့က ထန်းပင်ပေါင်းများစွာတို့အား ပင်တိုင်းစေ့ မနက်တစ်ကြိမ် ညနေ တစ်ကြိမ် ဆင်းတက်ရန်တို့ကို ညင်းဆိုလာလေသည်။ ထို့ကြောင့် သူသည် ထန်းတက် အသက် မွေးခြင်း အလုပ်ကို စွန့်လွှတ်လိုက်ရကား တစ်နှစ်မှာ တစ်ပင်နှစ်ပင်လောက်သာ ကိုယ်သောက် ဖို့လေး လည်း ရ၊ ဟင်းလျာဖိုးလည်းရအောင် ကြိုးပမ်းခြင်း ဖြစ်လေသည်။
    ကိုမောင်ချိုသည် ထန်းပင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူ့ဇနီးရှိရာ မီးဖိုချောင်ဆီသို့ ပြန်လာခဲ့ပြီး...
    "ပေးစမ်းဟေ့ - ငါ့ဓားမ၊ သွေးရအုံးမယ်၊ သွေးပြီး မောင်းတက်ဝါးသွားခုတ်ရမယ်..."
    ရေခန်းပြင်မှ သူ့ဇနီးလှမ်းပေးသော သူ၏ လက်သုံးတော်ဓားမကြီးကို ယူခဲ့ကာ ဓားသွေးကျောက်ထားရာ အိမ်ရှေ့က ထန်းမြစ်ဆုံစည် အနီးမှာပဲ လာ၍ သွေးလေသည်။ ထိုအချန်၌ ၀က်ခြံထဲမှ လွှတ်လိုက်ပြီဖြစ်သော ၀က်ကလေးလည်း ဤရေစည်အနီးက ကျင်းမှာလာ၍ လူးနေသည်။ သူတို့အိမ်မှာ ၀က်တစ်ကောင်ရှိသည်။
    "ဟား... ဗိုလ်ချို၊ သွေးလှချေလားဓား၊ အနားက စုဖူးဖောက်တော့ မလို့လား"
    ကိုမောင်ချိုသည် လမ်းကလူကို လှမ်းကြည့်၍...
    "ဟုတ်ပါဘူးကွာ၊ ခုနှယ် ဒီစုဗူးဖောက်လို့ ဘယ်လောက်ရမှာလဲ၊ အလွန်ဆုံး နှစ်ဆယ်ထွက်တော့မပေါ့"
    "တောက်... ကောင်းတော့ ဒီအရွယ်မှ ကောင်းတာဗျ"
    "ဟာ ... ဘယ်ပြောကောင်းမလဲ၊ ရေဆူခပ်စားရုံပေါ့" ဆိုပြီးမှ သူ သတိရ၍ "ဪ ... အဆင့်သင့်ပဲဟေ့ မောင်တင်လေး၊ ငါမောင်းတက်ဝါး လိုချင်လို့ကွ၊ မင့်အိမ်နောက်ဖေးက ဓားနက်ရုံမှာ အတက် ကောင်းကောင်း နဲ့ ရှိမယ်လား"
    "ရှိပါဗျာ... ဘာလုပ်ဖို့လဲ"
    "နောက်ဖေး ထန်းပင် ကိုင်တော့မလို့ကွ"
    " ဟာ…..ထန်းရည်တက်ဖို့ဆို ခုတ်၊ ကြိုက်သလောက်သာ ခုတ်"
    " အေး…..ဒါနဲ့ မင်းဘယ်သွားမလို့လဲ"
    " တောင်ပိုင်းကို"
    " ဒါဖြင့် သာကျော်ကြီးရှာပြီး လွှတ်လိုက်စမ်းကွာ၊ ထန်းပင် မောင်းတက်ဆွဲတော့ သူ့ကူခိုင်းရအုံးမယ်"
    ကိုမောင်ချိုသည် ဓားကို အးရပါးရသွေးသည်။ ထန်းကိုင်ရမည်ဆိုတော့ ဓားပြတ်ဖို့ အလွန်လိုသည်။ ဤဓားမ; သွေးပြီးနောက် ထန်းလှီးဓားကို ခြေသလုံးမွေးကျအောင်သွေးရဦး မည်။ အင်း……… ဒီနေ့တော့ မလိုသေးပါဘူး၊ ပထမ အရေးကြီးတာက မောင်းတက်ဝါးခုတ်ပြီး  ထန်းပင်ချိတ်ဆွဲဖို့။
    ထန်းရည်နင်း
    ပေါက်ကင်းတဲ့လဲငုံ
    ထန်းဖိုငုံကင်း၊ ထန်းရည်နင်းသည်နှင့်လေး။
    စသည်ဖြင့်……….။
    ထန်းရည်ခံရန်၊ ထန်းခွက်တို့ကို နင်းဖြဲ၍ ထန်းစကိုထုတ်ကာ ပြုပြင်ုကိုင်တွယ်သည်ကို ရှေးပညာရှင်များက ' ထန်းရည်းနင်း' သည်ဟုဆိုကြသည်။ ဤထန်းဖိုက အရင်စကိုင်ရသည်။ တပိုတွဲလဘွဲ့ ဖွဲ့ဆိုကြသည်။ မှန်ပါသည်။ တပို့တွဲလမှာ နောက်ကျ၍ တပေါင်းလလောက်မှ ကိုင်ရတတ်ပါသည်။ တပေါင်းလတွင်ကား ထန်းဖိုရော ထမ်းမရည်ရော နှစ်မျိုးစလုံး ရလေသည်။
    " ဟေ့ ……..တပေါင်းလလို့ ဘာကြောင့်ခေါ်သလဲ သိလား ထန်းသမားကြီး ဦးမောင်ချိုက ပြောလေ့ရှိပါသည်။ "ထန်းဖိုရည်-ထန်းမရည် နှစ်ခုပေါင်းလို့ ထန်းပေါင်းလ၊ တပေါင်းလလို့ ခေါ်ကြသည်။ မှတ်ထား"
     ကဲ့…….ဘယ်သူငြင်းချင်သနည်း။
    ထန်းသမားကြီး ဦးမောင်ချိုသည် သူ့ဓားကို တစ်နာရီလောက်ကြာကြာ စိတ်တိုင်းကျ သွေးပြီးမှ ထိုင်ရာက ထလိုက်ကာ-
    "မမြင့်ရေ…….. ငါ မောင်းတက်ခုတ်သွားမဟေ့" ဟု နှုတ်ဆက်လိုက်၏ သည်အခါကျ တော့သူမယားချောက စကားပြောလာ၏။
    " တော့်နှယ် ဘယ်အချိန်ရှိပေလဲ၊ ထမင်းစားသွားပါတော့လား"
    ဒီတော့မှ ကိုမောင်ချိုက ထမင်းစားဖို့ သတိရကာ…….
    အေး……..ဟုတ်သားပဲ ဘာဟင်းချက်လဲဟ
    " ဘာဟင်းချက်နေရမလဲ၊ မြေပုံသီး ငါးပိချက်ပေါ့" သူ့ချစ်ဇနီးက ပြေပြစ်စွာပြန်ပြော၏ " ကိုယ်ဒီရာသီမှာ ဒါပဲစားစရာရှိတာ၊ မေးနေရသေး"
    ကိုမောက်ချိုက အလျှော့ပေးသံဖြင့်
    အေးဟာ………. နို့် ဘာတို့စရာလဲ
    တို့စရာကတော့ ပြောင်းတန်ကောင်းရဲပေါ့။ ဤတွင် သူ့ဇနီးက ခရာလိုက်ပါ၏
    " ထမင်းပွဲရောက်တော့ ကြည့်တော့"
    တောင်ဆုပ်မျှမြင်သော မဲညစ်ညစ် ထမင်းစားပွဲဝိုင်းပေါ်တွင် ငါးပိရည်ပန်းကန်လုံး နှင့် ယှဉ်၍ သံပန်ကန်းပြားထဲမှာ ခရမ်းသီးပြုတ်ကလေးများ စုပြုံနေကြသည်။  ခြံထဲမှ နွေခရမ်းဖြစ် ၍ပိုးပေါက်နှင့် ကောက်ချိတ်ချိတ်ကလေးများဖြစ်သော်လည်း မာပြီချို၍ ငါးပိရည်တို့၍တော့ ကောင်း၏ သူအမှတ်ထားမည်ဆိုလျှင် ဒီငါးပိချက်မျိုးနှင့် ခရမ်းသီးပြုတ်မျိုး တို့ခဲ့သည်မှာ ထမင်းအနပ်ပေါင်း မရေမတွက်နိုင်တော့ပြီ။ သို့သော် တွေ့သမျှစားဟ - ရသမျှကျိတ် ဟူသောဆင်းရဲသားဝါဒဖြင့် ကိုမောင်ချိုသည် ဆောင့်ကြောင့်ထိုင်၍  ဟဲလိုက်ရာ ပါးစပ်ထဲစား လိုကုဝါးလိုက်ရသည်ဟု တယ်မထင်လှပါနှင့် ထမင်းနှစ်ပန်းကန်လောက် ပျောက်သွားလေ သည်။
    ဗိုက်ပြည့်သောအခါ၌ ကိုမောင်ချိုသည် ကြမ်ပြင်ထသွား၍ ရေမူတ်နှင့် ရေသောက်၊ နောက်ပန်းကန်ဆေးပြီး သူပုခုံပေါ်ရှိ ပုဆိုးနှင့် လက်သုတ်ကာ ထိုပုဆိုးကိုပင် ခေါင်းမှရစ်လိုက် သည်။ ပြီးလျှင် အိမ်ထဲပြန်ဝင်ကာ ကွမ်းတစ်ယာယာ၍ ပါးစပ်ထဲငုံ၊ ကွမ်းထုပ်ကို ခါးပိုက်ထဲ ထည့်ပြီးသကာလ ဓားမကိုဆွဲလျက် အိမ်ပေါ်မှဆင်းခဲ့တော့၏။
    " မမြင့်ရေ ငါသွားမပေဟေ့၊ သာကျော်ကြီး မှာထားတယ်၊ သူလာရင် ငါမောင်တင်လေး ခြံထဲ ၀ါးခုတ်သွားတယ်ပြောလိုက်"
    အိမ်ရှေ့ရောက်တော့ ဇနီးအား မှာကြားခဲ့သေးသည်။ ဇနီးသည်ကတော့ ထုံးစံအတိုင်း ဘာမျှပြန်မပြောချေ။ သို့သော် ကိုမောင်ချို မောင်တင်လေးခြံသို့ မရောက်မီ နောက်မှ ခြေသံဖုတ်ဖုတ်ကြား ရ ၍ အသက် ၂၀ ခန့် လူငယ်တစ်ယောက်
    " ကိုလေးချို …..ကိုလေးချို"
    ကိုမောင်ချို ရပ်ကာပြန်လှည့်၍
    " ဟ…….ဘာလဲကွ မောင်ချော"
    " အရှေ့ဘက်တန်း က ဒေါ်ကျော့ခင်အိမ်မှာရေင်းဖို့ နွားရောက်နေတယ် ပြောတယ်၊ အဲဒါ-အမေက နင်ကိုလေးချို ခေါ်ပြီး သွားကြည့်စမ်းပြောလို့၊ လာ ပါ ခုသွားကြည့်ရအောင် ကိုလေးချို မောင်တက်ဝါး နောက်ပြီးကျွန်တော့်ပါ လိုက်ကူခုတ်ပေးမှာပေါ့"
    ကိုယ့်ကို အားကိုးတကြီး ဆရာလာ၍ မှီးပြန်တော့လည်း မနေသာ၊ နို့ပြီး ဒီကောင်လေးတွေက နွားအကြောင်းကို ဘာမျှ နားမလည်သေး။ သူတို့ ဒီနှစ်နွားတစ်ကောင်ဝယ် ဖို့လိုနေတာ ကိုယ်ကြည့်လုပ် ပေးမှသာ ဖြစ်တော့မည်။ ကိုယ့်ပေါက်ဖော် သားချင်းကလေးတွေ။
    ကိုမောင်ချို နောက်ကြောင်းလှည့်ကာ အရှေ့ဘက်ရွာသို့ ပါသွားရသည်။
    "ဘယ်ကနွားတဲ့လဲကွ"
    "ထိန်ကုန်းရွာက သူတို့ဆွေမျိုးနွားတဲ့"
    "မင့်အစ်ကို မင်းကျော်ကော"
    "ပျဉ်ပုံကြီးသွားတယ်၊ သူလည်း နွားကောင်းကောင်း၊ နားမလည်သေးပါဘူး၊ ကိုလေးချိုပြီး ပြီးပါတယ်"
    "အေး… မလည့်တလည်နဲ့ ငါဝယ်ပေးတဲ့နွား၊ ဘာလေးညာလေး နတ်သူငယ်လေးနဲ့ စာစာ စာစာ လျှောက်ပြောရင် တော့ ငယ်ထိပ် ဓားနှောင့်နဲ့အထုပဲကွာ"
    "အဟီးဟီးဟီး သူပြောဝံ့ပါဘူး ကိုလေးချိုရဲ့"
    သို့ဖြင့် တယ်ပြီးမဝေးလှသော ဒေါ်ကျော့ခင်အိမ်ရောက်၍ အဖွားကြီးက မျက်ခုံးပေါ် လက်ဝါး ကာကြည်၍…..
    "ဟဲ့… မောင်ချိုပါလား၊ ဘာကိစ္စ လာကြသလဲ"
    "ဟယ်…. ကူးကြီးခြံထဲ ထင်းတိုက်တဲ့ဟယ်၊ ခုပဲ သူငယ်လေးနဲ့ လှည်းတပ်ထွက် သွားကြလေရဲ့၊ လိုက်သွားကြပါလား။ သူတို့ တာဂွက အကြော်တဲမှာ ရှိနေဦးမယ် ထင်တယ်"
    "လာဗျာ… ကိုလေးချို၊ လှည်းတပ်ထားတုန်း ကြည့်ရတာကောင်းတာပေါ့"ဆို၍ မောင်ချောက တွဲခေါ်သည်၊ ကို မောင်ချို တာလမ်းဘက်သို့ ပါသွားရပြန်လေသည်။
    သို့သော် အကြော်တဲတွင် ဒေါ်ကျော့ခင်၏ သူငယ်လေး ငရွေးတို့လှည်း မရှိတော့ချေ။ ခပ်လှမ်းလှမ်းမှာ ဖုံတထောင်းထောင်းသာ မြင်ရတော့၏။
    ခုဘဲ ဒုန်းရိုက်ထွက်သွားကြလေရဲ့ကွ" မောင်ချောက်မေး၍ အကြော်သည် ကိုဘအေးကပြော၏။ "ဒါဖြင့်ကိုလေးချို ဒီအကြော်တဲက စောင့်နေဗျာ၊ ကျွန်တော်ဟိုမြင်းလှည်း နဲ့ လိုက်သွားပြီး သူတို့ ထင်းလှည်း အပြန် မောင်းကြည့်" "ခဲ့မယ် ဟုဆိုပြီး မောင်ချောသည် ထွက်စပြုနေသော မြင်းလှည်း ပေါ်သို့တက်၍ လိုက်ပါသွား လေသည်။
    ကိုမောင်ချိုသည် ဘာမျှမပြောနိုင်ပဲ ငေး၍ကျန်ခဲ့၏ အကြော်တဲအတွင်းမှ…….
    " ဟေ့……….လာကွာဗိုလ်ချို အကြမ်းသောက်ရအောင်" ဟုသောအသံကြား၍ ခေါင်းငုံ ၀င်ရအောင် တံစက်မြိတ်အောက် ငုံကြည့်လိုက်တော့…….
" ဟေ……….. ကျော်ဆင်တို့ပါလား၊ မင်းတို့ဘယ်ကလှည့်လာကြသလဲ" ပြောပြီးအထဲဝင် သွား၏်  နောက် တစ်ယောက်က ဖင်ထိုင်ခုံ ကလေးတစ်ခု ထိုးပေး၍ " လာဗျ………..ထိုင်၊ အကြော် နောက်ထပ် တစ်မတ်ဖိုး ထည့်ပါအုံးဗျို့"
    ဟာ မောင်မြင့်ကြီးလည်း ပါလား၊ မင်းအရင်အပတ်က ၀ယ်သွားတဲ့နွား…ဘယ်နှယ့်လဲ
    သင့်ပါတယ်၊ သူအဖိုးနဲ့သူ တော်တယ်ပြောရမယ်ပေါ့ဗျာ
    " ကျော်ဆင့်ကာ မင်း ဟိုအရင်တစ်နှစ်က ၀က်တစ်ကောင်နဲ့ သက်ငယ်တစ်ရာ အလိုက်ပေးပြီးလဲသွားတဲ၊ ဖိုးထိန်ဆီကနွားကလေးကော"
    " ထမ်းပိုးကျင့်ပြီးကွ၊ ခုမိုးတော့ နောက်လိုက်ကလေး ထွန်ရလိမ်မယ်၊ အောင်မယ် - နွားကောင်လေး ဆရာရဲ့၊ မင်းတို့  အဲဒါလေး ထုစားကြတော့မယ် လုပ်နေတုန်းဆို"
    " အေးပေါ့ကွ၊…….. မင်းမလာခင်တစ်ညက လက်မတင်ကလေး လို့တော့တာ၊ သတ္တ၀ါတစ်ခု ကံတစ်ခုဟေ့၊ သူကံဘဲဆိုရမယ်ကွ…….ဒို့လူ ၄-ယောက်အနက် တစ်ယောက်က စပြီ သနားစိတ် ပေါ်သတဲ့ကွ၊ ထူးထူးဆန်းဆန်း အဲဒီကောင်းဟာ ဟင်းကောင်းဆိုရင် နွားအရှင်တောင် လျှာဖြတ် စားချင်တဲ့ အကောင် ဒီနေ့ညမှပဲ ဒီနွားလေး သနားစိတ်ပေါ်သတဲ့ ကွာ"
    " အေးလေကွာ…… မူလက တို့ရွာသားပေါ့"
    ဒါနဲ့ ဗိုလ်ချို၊ မိုးဦးကျက ဒီရွာက ငါဝယ်ပေးလိုက်တဲ့ ၀က်နက်ကလေးကော ဟန်ရဲ့လား
    " ဟန်ပါတယ်…………..အခု နှစ်ဆယ်ထွက်လောက်ရှိပြီကွ"
    "ဘယ်တော့စိတ်ကူးလဲ၊ ဒို့လဲအကြောင်းကြားကွာ"
    " ဟာ…….ဒါလေးတော့ ငါတော်တော်နဲ့ မလုပ်နိုင်ဘူးကွာ၊ နွားဖြစ်အောင်လုပ်ရမယ်၊ အခု ငါမှ နွားတစ်ကောင် ထဲရှိတယ်ကွ"
ဒါဆို…မင်းရှေ့နှစ် စပါးပေါ်လောက်ပေါ့"
"အေး…ဒီလောက်ဆို ၆၀-ထွက်လောက်မှန်းတာဘဲ"
"ဟင်…ဒီဝက်မျိုး မျိုးကောင်းကွ၊ ၆၀-မအောက်ဘူး၊ ကျော်ကျော်ရမယ်သာ၊ ငါမင့်မို့ တမင်ရွေးဝယ်ပေးတာ ပဲ၊ အစားအသောက် ကောင်းတယ် မဟုတ်လား"
"ဟာ…သိပ်ကောင်းတာပဲ၊ ဒါနဲ့ မင့်တူမြကြီးကိစ္စက ရှောင်ရတုန်းဘဲလား၊ အချင်းချင်းတွေ ဘယ်လိုကဘယ် လို ဖြစ်ကြတာလဲကွာ"
"ဗိုလ်ချိုရာ ဒါကတော့ မင့်တူကို မင်းလည်းတတ်နိုင်တဲ့ဘက်က ကူဖို့ ကိုယ့်အချင်းချင်းမို့ ပြောရမယ်ဆို ရင်" အစချီပြီး သူတို့ချင်း နှစ်ကိုယ်ကြားတီးတိုးပြောကြသည်။ ဤနေရာသည် မြင်းလှည်းဂိတ်ကလေး လည်းဖြစ်၍ ဆိုင်ထဲ ဟိုလူသည်လူ ၀င်ထွက်စားသောက်ကြလျက် သူတို့သာ စကားကောင်းကျန်ခဲ့ပြီး အချိန်သည် ကုန်မှန်းမသိ ကုန်သွားလေရာ၊ နောက်ဆုံးမှ ဗိုလ်ချိုကသတိရ၍…
''ဟ ဘယ်နှစ်နာရီတောင်ရှိသွားပလဲ၊ ငရွေးတို့လှည်း ကူကြီးခြံထဲတင်ဆိုရင် ပြန်ရောက်ဖို့ကောင်းတာကြာ လှပြီ"ဟု ပြောလိုက်သည်၌ ဆိုင်ရှင် ကိုဘအေးက…
"ဟာ…ဗိုလ်ချိုရ၊ ကူကြီးခြံက အပြန်မှဝင်မှာတဲ့၊ သူတို့ သဖန်းကုန်းရောက်အောင်သွားကြအုံးမှာတဲ့၊ မင်း ဘာကိစ္စရှိလို့လဲ"
"အဲဒီ လှည်းတပ်သွားတဲ့နွားက ရောင်းဖို့တဲ့ဗျာ၊ ဒါကို မောင်ချောတို့က ၀ယ်ဖို့ကြည့်ပေးပါဆိုလို့"
"ဒါဖြင့် ညမှပဲသွားကြည့်ပေတော့၊ ဒီကောင်တွေ တော်တော်နဲ့ပြန်ရောက်မှာမဟုတ်ဘူး။ ငရွေးရယ်၊ မောင် ချောရယ် နွားနဲ့လှည်းနဲ့ တွေ့သွားကြရင်ဖြင့် အဲဒီနွားရှင်ဟာ နွားမရောင်းရဘဲ အမဲသားရောင်း မပြန်ရ ကံကောင်းပဲ"
ထိုစဉ်၌ သူတို့တဲထဲမှ ထွက်ကြ၍ ကိုကျော်ဆင့်က…
"ဟာ…နေတော်တော်ကျသွားပဟေ့၊ သွားမယ်ဗိုလ်ချို၊ ဒို့မနက်ဖြန် နွားပွဲမှာ ဆုံကြအုံးစို့၊ မောင်တင့်နွား လေးဖြစ်မယ်ဆိုရင် ဒို့အစိတ်ဖိုးတော့ ပျော်ရမယ်ကွာ"
"အေး…ငါလာခဲ့မယ်၊ သွားမယ်။ ငါလဲ မောင်းတက်ဝါးခုတ်မလို့" တာလမ်းမရွာဘက် အကူးတွင် ဆောက်ချုံ ကလေးများနှင့် ရှိုးနိမ့်အိုင်ကြီးတစ်ခုရှိလေရာ မိုးနှောင်းက သည်နေရာမှာ ကိုမောင်ချိုတို့သားအဖတွေ ငါး ပက်ခဲ့သည်။ ငခူ၊ ငကျည်း၊ ငအိုက် လေးပိဿာအပြင် အထူးသဖြင့် လိပ် ၃-ကောင်။
"ဟိတ်လုံးရယ်ညံ၊ လိပ်သုံးကောင်ဆီပြန်ကြော်လို့" ဟု သူ့သားငယ်က အော်ဆိုခဲ့သည်ကို သတိရမိသည်။ ဒီလိပ် ၃-ကောင်ကို လှောင်၍ ရက်ခြားစားခဲ့ကြသည်။ ကိုမောင်ချိုတို့သည် ရေသတ္တ၀ါတွင် ငါးဖါး ထက် လိပ်သားက ပို၍ ကောင်းကြောင်း သိကြသည်။ ပြန်သတိရ၍ တံတွေးမျိုမိ သေးသည်။ ထိုမှစ၍ ဟင်း ကောင်းမြိုးမြိုးမြက်မြက်၊ ပေါပေါလှိုင်လှိုင်မစားရသည်မှာ ကြာပါပီကော။ ကိုမောင်ချိုတို့အရပ်သည် နွေအခါ အင်းအိုင် ချောင်းမြောင်းများ ရေဗလာဖြစ်၍ အသားငါး ရှားပါးလှသည်။
ယင်းသို့ မိုးနှောင်းကို ပြန်ပြောင်းတွေးရင်း ကိုမောင်ချိုလက်က ဓားမကြီးတကားကားနှင့် လျှောက်လာစဉ် "ဗျို့…ဗိုလ်ပုချို…၊ဗိုလ်ပုချို…"ဟု သူ့ဆီပြေးလာကြသူ၊ နှစ်ယောက်ကတော့ အသက်ဆယ့်ငါးနှစ် အရွယ် မူလတန်း ကျောင်းထွက်ကလေးများဖြစ်၍ ကာတွန်းအောင်ရှိန်၏ မိုဒန်ကာတွန်းခေတ်ကို မှီလိုက်ကြသူများ ဖြစ်သည်။
ယခုမှဖေါ်ပြရဦးမည်။ ကျုပ်တို့ဇတ်လိုက် ဗိုလ်ချိုသည် တောသား လူထွားလူခန့်ကြီးမဟုတ်ပေ။ ပုကွကွ၊ ခြေခွင်ခွင်နှင့် လက်ပြင်ကုန်းကုန်း၊ ခါးဆစ်တိုတို လူဖြစ်သည်။ ထို့ကြောင့် မိုဒန်ပရိသတ်က သူ့အား ဗိုလ်ပု ချို နာမည်ပေးကြခြင်း ဖြစ်သည်။ ပြောရဦးမည်၊ အခုန အကြော်ဆိုင်ထဲက ထွက်လာတော့ ကိုမောင်ချိုသည် ညနေစောင်းပြီမို့ ပုဆိုးကို ခေါင်းမှာမပေါင်းတော့ဘဲ လည်ပင်းသိုင်း၍ ကျောမှာခြုံလာခဲ့သည်။ ဗိုလ်ပုချို၏ ခြုံအင်္ကျိနှယ်မို့၊ သူ့ကိုလူငယ်ကလေးများက ပို၍သဘောကျကာ အနီးသို့ရောက်လာသည်၌…
"ဒီမှာ ဗိုလ်ပုချို၊ ခင်ဗျားကျုပ်တို့အတွက် နှိမ်နင်းပေးဖို့ ကိစ္စတစ်ခုရှိနေတယ်"
"ဘာကိစ္စများလဲကွ…"
"ခင်ဗျားလက်က ဓားမနဲ့တော့ အဲဒီကောင်ခေါင်းကို ခုတ်နိုင်မယ်မဟုတ်ဘူး၊ ကိုယ်ကိုခုတ်လည်း သူက မှု မယ်မဟုတ်ဘူး"
ကိုမောင်ချိုက မခံချင်သံဖြင့်…
"ဘာမို့လဲကွ မင်းတို့အကောင်က"
"လိပ်ဗျ…လိပ်…လိပ်"
ဗိုလ်ချိုမျက်လုံးကျယ်ကာ…
"ဟေ့-ဘယ်မှာလဲကွ၊ ဘယ်မှာလဲ၊ ခုရှိပါအုံးမလား"
"ရှိပါတယ်၊ ကျုပ်တို့ဖမ်းထားပါပြီ"
"ဘယ်လောက်ကြီးလဲ"
"ဟောသလောက်ဗျ၊ သုံးပိဿာလောက်ရှိမယ်"
လက်နှစ်ဖက်ကို ၀ိုင်းပြသည်၌…
"ဟာ…အကြီးကြီးပဲ၊ မင်းတို့ ဘယ်ကရသလဲ"
"ခြံမီးရှို့တော့ ထွက်လာတာ"
"ဒါဖြင့် ဇင်းရှောဟေ့…ကျင်းအောင်းလိပ်ပဲ၊ ဒီရာသီ သိပ်ဆူပေါ့ကွာ…တောက်…"
ကိုမောင်ချိုသည် စားချင်စိတ်ဖြင့် တံတွေးမျိုပြီး တက်ခေါက်လိုက်ရာ
"ခင်ဗျား သိပ်ဒေါသထွက်မနေနဲ့၊ အခု ကျုပ်တို့နဲ့လိုက်ခဲ့၊ ခင်ဗျားတွေ့ရမှာပဲ"
"မင်းတို့ ငါ့ပေးမယ်လား…"
"ဟာ-အတူတူချက်စားကြတာပေါ့ဗျာ၊ ကျုပ်တို့က လိပ်မသတ်တတ်လို့ ခင်ဗျာ့လိုက်ရှာရတာ"
"နို့ မင်းတို့ဘကြီးသာခင် ရှိသားပဲဟာ…"
"ဘကြီးက သူအသက်ကြီးပြီ၊ မလုပ်ချင်တော့ဘူးတဲ့…၊ မောင်ချိုသာ သွားခေါ်ကွာတဲ့"
"အင်း…ချက်ပြီးရင်တော့ သူစားမယ်ပေါ့လေ…"
"ဒါတော့ လူကြီးပဲဗျ"
ဤမှာဘက်၌ မကျွမ်းကျင်သူတို့သည် လိပ်ဆိုတာ အခွံပစ်ရတာနှင့် ၃-ပိဿာလောက်အကောင်သည် အတွင်းသား ငါးဆယ်သာမျှ ရပါမည်လားဟု အောက်မေ့ဘွယ်ရှိသည်။ စင်စစ် ဒီလိုဇင်းရှောလိပ်ကို (လိပ် မှာ အမျိုးမျိုးရှိသည်။) မီးဖုတ်လိုက်သောအခါ၌ အခွံရယ်ဟူ၍မရှိတော့ပေ။ ကျောကုန်းနှင့်ရင်ပတ်က ဂုံညင်း ပြားသာသာမျှ အာရိုးပြားပါးပါးကလေး နှစ်ချပ်မှတစ်ပါး အားလုံးပျော့ပျောင်းကာ စားရသောအရာများသာ ဖြစ်ကြကုန်၍ ၃-ပိဿာလောက်ရှိသော ဇင်းရှော (ကုန်း-ရေ နှစ်ဌာနနေသည့်) လိပ်မှာ ညှီလုံး ၄ခုနှင့် စုစု ပေါင်း အစိတ်သားမျှသာ စွန့်ပစ်ရလေသည်။
လိပ်တစ်ကောင်လုံးကို ပျော့အိသွားအောင် မီးဖုတ်ပြီး ဓားနှင့်ခွဲစိတ်ကိုင်တွယ်သောအခါ၌ ကိုမောင်ချိုသည် ကောင်ကလေးများအား လိပ်၏ပေါင်ခြံနှစ်ခုနှင့် ဂျိုင်းနှစ်ဖက်အတွင်းမှ ညှီလုံး ၄-ခုထုတ်ပုံကိုပြ၏။ အမဲအဆီ တုံးကဲ့သို့ ၀င်းရွှေနေသည်။ ဒါတွေမထုတ်လျှင် လိပ်သားကိုမစားနိုင်လောက်အောင် ညှီ၏။
"ဟောဒါက အသည်းကွ၊ ဘယ်တော့မှ မှားပြီးမပြစ်လေနဲ့၊ လောကမှာ အဆိမ့်ဆုံး၊ ဖွတ်ဥ-လိပ်သည် ကျွဲနို့ ခဲ တဲ့၊ ပညာရှိကြီးများက ဆိုခဲ့တယ်"
ထိုစဉ် ကိုသာကျော်ကြီး ရောက်လာကာ….
"ဟာ…ဗိုလ်ချို ဒီမှာကိုး၊ ငါ မင်းမှာတယ်ဆိုလို့လာပြီး မင့်လိုက်ရှာနေရတာ"
"အေးကွာ…ထန်းပင်မောင်းတက်ဆွဲမလို့ဘဲ ၊ ဒီနေ့တော့ဖြစ်တော့ပါဘူးကွာ…၊ နေကတော့ဝင်သွားပေပြီ၊ ဒီမှာ ဟင်းရတာနဲ့ကွ"
ကိုသာကျော်ကြီးလည်း ကြမ်းပြင်ပေါ်ရောက်လာတာ…
"ဟော…အကြီးကြီးပဲံကွ၊ ဆူလိုက်တာဟာ…"
"အေး…မင်းလည်း ဒီမှာစားပေါ့ကွာ…"
"ဟာ…ငါ့ဦးကြီးသာဒင်အိမ် ငါမစားလို့…ဖြစ်မလားကွ၊ ဦးကြီးသာဒင်ကတော့ အသက်ကြီးလို့ ဒါမျိုးစား တော့မယ်မထင်ဘူး"
ယင်း၌ အိမ်ရှေ့ခန်းမှ…
"ဟေ့…သာကျော်၊ ခွေးစကားမပြောနဲ့ကွ"
"ဟဲဟဲ…ဦးကြီးကလဲ"ဟု ရယ်သွမ်းသွေးလိုက်ပြီးမှ…
"ဟေ့…ဒါနဲ့ဗိုလ်ချိုရ၊ ဒီလို ဟင်းကောင်းရှိပြန်တော့လည်း သူနဲ့ တွဲဘို့ တခုလိုမနေဘူးလား”
ဤတွင် ဟင်းကိုင်နေသော ဗိုလ်ချိုက .....
    “အေး... ငါလဲ ဒါစဉ်းစားနေတာဘဲ၊ ဘိုင်စကယ်ဘီးပေါက်လို့ မြို့မသွားနိုင်ကတည်းက ပိုက်ဆံတော့ မရှိတော့ဘူးကွာ..” ဟု ညည်းပြီးမှ
    “ရော့ဟာ... ဒါယူသွားပြီး ငပွကြီးဆီမှာ ကြည့်သာလုပ်ခဲ့ပေတော့”ဟု ဆို၍ သူ့အိမ်မှာ မြနေအောင် သွေးလာခဲ့သည့် ဓားမကြီးကို ပစ်ပေးလိုက်လေ၏။
    ခြေမြန်တော်သာကျော်ကြီးသည် ဟင်းအိုးရနံ့လှိုင်၍ အပေါ့, အငန် မြည်းရသောအချိန်၌ အရက် တစ်ပုလင်း နှင့် ပြန်ရောက်လာလေသည်။
    ထိုညသူတို့ မည်မျှ ထမင်းမြိန်ကြမည်ကို ဖော်ပြစရာမလိုတော့ပေ။ အလုပ် အလွန်များလှသော ကိုမောင်ချိုသည် ယင်းည အိမ်ပြန်ရောက်သည်၌ နက်ဖြန် ဘယ်ကစပြီး ဘာလုပ်ရမည်ကို မစဉ်းစား နိုင်တော့ဘဲ အိပ်ပျော်ခြင်းသို့ ရောက်သွားလေ၏။
ပြီးပါပြီ
.
1 comment:
Welcome said...
စာရေးအားကောင်းလွန်းလို့ လိုက်ဖတ်လို့တောင် မမီတော့ဘူး
နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံလို့
ဘ၀လိုအင်တွေ ဆန္ဒနဲ့ တစ်ထပ်တည်းကျစေဖို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်
လေးစားလျက်