Monday, December 28, 2009

ပန်းသတင်း (ဒီဇင်ဘာ ၄)

ချစ်ဒုက္ခဖန်လာတယ် 
သုမောင်

လေးဆယ်ကျော် ငါးဆယ်အတွင်း ရောက်လာပြီဆိုရင် ယောက်ျားတွေဟာ နည်းနည်းတော့ စိတ်ယောက် ယက် ခတ်လာတာပဗျ။ အထူးသဖြင့် ပိုက်ဆံလေး ရှိလာရင်ပေါ့လေ။  ဒါကို ကိုယ်ချင်းစာ တတ်လာကြတာ သိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ လေးငါးခြောက်လလောက်က သူငယ်ချင်း 'မိုးမြင့်'ခေါ်သွားလို့ ကာရာ အိုကေ ဘားတစ်ခုရောက်မှ စတာပါ။ ကျွန်တော်လား။ အများသူငါလို သောက်သောက် စားစား လူမင်းသား ထဲကပါပဲ။ ဒါပေမဲ့ ဆိုင်တွေဘာတွေမှာတော့ သောက်ခဲပါတယ်။ အချိန်တန် အိမ်ပြန်မှ သောက်ဖြစ်တာပါ။ ဆိုင်တွေ ဘာတွေမှာ သောက်ဖြစ် ရင်လည်း ဆယ်ခါရံ တစ်ခါပေါ့။ မိတ်ဖြစ်ဆွေဖြစ် စီးပွား ဖြစ်လေး လောက် ပါပဲ။ ဒါတောင် ကျွန်တော်က ဆိုင်ရွေးသေးသဗျ။

ဟိုတယ်လိုနေရာမျိုးလောက်မှ သောက်ဖြစ်တာပါ။ စားသောက်ဆိုင်လောက်အဆင့်ဆို မသောက်ချင်ဘူး။ ကာရာအိုကေဘားလိုနေရာမျိုးတော့ ဝေလာဝေးပေါ့။ အဲဒီနေရာမျိုးဆိုတာက မိန်းမတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက်လို့ ကြားဖူးထားတာကိုး။ ကျွန်တော့်အလုပ်က ဣနြေ္ဒရရ နေတာဆိုတော့ အဲဒီနေရာ မျိုးနဲ့ သိပ်ကီးမကိုက်ဘူး။ လူမြင်လို့ မကောင်းဘူးလေ။ အထူးသဖြင့် ကျွန်တော့လုပ်ဖော်ကိုင်ဖက်တွေက အချိန်တန်ရင် အဲဒီနေရာ မျိုးတွေ သွားတတ်လာတတ်ကြာတာမို့ သူတို့နဲ့ တစ်ချိန်မဟုတ် တစ်ချိန် သွားဆုံဖြစ်မှာ အမှန်ပဲ။ ဒါဆို ကျွန်တော် ဆယ်ခဲ့သမျှ သိက္ခာတွေ အလကားဖြစ်ကုန်မှာပေါ့။ ဟုတ်တယ် လေ။ စီးပွားရေး လောကမှာ ကျွန်တော်ဟာ ဒီကိစ္စမျိုး အင်မတန်ကင်းတယ်ဆိုပြီး ဂုဏ်ပုဒ်တစ်ခု ရထားတဲ့သူ မဟုတ်လား။ ပြီးတော့ ကြွားရဦးမယ်။ ကျွန်တော့မိန်းမက တအားလှတာ။ ခုထိလှနေတုန်း။

ဘယ်လောက်ထိများလဲဆိုရင် တစ်ခါတလေ သူငယ်ချင်းတွေနဲ့ သောက်စားတဲ့အခါ မူးမူးနဲ့ ဟိုရောက် ဒီရောက်ပြောကြလို့ ကျွန်တော့်မိန်းမအကြောင်းရောက်သွားရင် ဒီကောင်တွေက 'ဟေ့ မင်းမိန်းမနဲ့ ကွာမယ်ရှင်းမယ်ဆိုရင် တို့ကြိုပြောစမ်းပါ။ အမွေဆက်ခံချင်လို့'ဆိုပြီး နောက်တဲ့ ကောင်က နောက်တယ်။ 'မင်းသေရင် မင်းမိန်းမအတွက် စိတ်ချပါကွာ'ဆိုပြီး အားမနာပပြောတဲ့  ကောင်က ပြောတာ။ သူတို့က နောက်ကြ ပြောင်ကြတာဆိုပေမဲ့ သူတို့မျက်လုံးတွေက မသိမသာ မရိုးမသား ဖြစ်နေတယ်ဆိုတာ ကျွန်တော် သိလိုက်ပါရဲ့။ ပြောရရင် အဲသလောက်မှ လှရုံတွင်လား ဆိုတော့ မဟုတ်သေးဘူးဗျ။ အပြော အဆို အနေအထိုင်ကစပြီး မယားသုံးပါးစပ်ကျထားသလို နေတာ။

မယားသုံးပါးဆိုတာ 'ပွဲတက်မယား'၊ 'အိမ်ထောင်သည်မယား'နဲ့ 'ကျွန်မယား' ဆိုပြီး လိုရာသုံးနိုင်တဲ့ မိန်းမ မျိုးကို ပြောတာ။
လောကကြီးမှာ အရာရာပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုတာ တယ်မှန်တယ်ဗျာ။ ဟော ကျွန်တော့ မိန်းမဟာ တစ်ခုခု ချွတ်ယွင်း နေပါရောလား။ ယွင်းမယ့်ယွင်းတော့လည်း သိပ်ကို အဖိုးတန်တဲ့ ဂုဏ်ပုဒ် ချွတ်ယွင်း နေရှာတာ။ ဟုတ်ပါ့။ သူ့ခမျာ သားသမီး မရနိုင်ရှာပါဘူး။ ဒါကြောင့် များ ကျွန်တော်က စိတ်တွေ ကစား လာတာလား ဆိုတော့ မဟုတ်ပါဘူး။ ကံကံ၏အကျိုးလို့ပဲ သဘောထားခဲ့ပါတယ်။ လိုတော့ လိုချင်တာ ပေါ့လေ။ သားသမီးနှစ်ယောက်လောက်။ ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲ။ ဒီတော့ ဘာလုပ်ရသလဲ။ ကလေး တစ်ယောက် မွေးစားခဲ့ရတာပေါ့။ သားယောက်ျားလေးပါ။ ခုဆို အသက်နှစ်ဆယ်ပြည့်ြ့ပီ။ မွေးကင်းစ ကတည်းက မွေးစားလာခဲ့တာ ကိုး....သူ့ကိုယ်သူလည်း ကျွန်တော်တို့သားအရင်းပဲ ထင်နေ တော့ ရှာတာ။

စကား ပြန်ကောက်ကြစို့ရဲ့။ လွန်ခဲ့တဲ့ လေးငါးခြောက်လလောက် တစ်နေ့မှာတော့ ကျွန်တော်နဲ့ ဇနီးနဲ့ စကားများကြပါတယ်။ တစ်ခါမှ မကြုံစဖူး၊ အကြီးအကျယ်ဖြစ်ကြတာ။ ပိုဆိုးတာက ဒီကောင် 'သား'ဟာ ရန်ပွဲမှာ သူ့အမေဘက်ကပါပြီး ကျွန်တော့်ကို ခံပြောတယ်။ ပြောတာလည်း ကြည့်ဦး 'အဖေဟာ အဖေအရင်း မဟုတ်သလိုပဲ' တဲ့။ စဉ်းစားကြည့်ပါ။ ကျွန်တော် ဘယ်လောက်ခံစားရမလဲ။ ဒီစကားကို သူက သူ့အမေဘက်က ခုခံပြီး တွေ့ကရာ ပြောလိုက်ပေမဲ့ တကယ့်အဖြစ်နဲ့လည်း တစ်ထပ်တည်းကျနေတာမို့ ကျွန်တော်လည်း ရှူးရှူးရှားရှား ဖြစ်သွား ရတယ်။ ဒါနဲ့ ပက်ခနဲ ပြန်ပြောမိတယ်။

'မင်းလည်း ငါ့သားအရင်းမဟုတ်သလိုပဲ'လို့။ ဒီမှာတွင် ဇနီးသည်ဟာ ယမ်းပုံမီးကျ ဖြစ်တော့တာပဲ။ ပြောရက် လိုက်တာပေါ့လေ။ နိမိတ်ပြစကားပေါ့လေ။ သူ့သားဘက်က ဆတ်ဆတ် ထိမခံနိုင် ဖြစ်သွား တာကိုး။ အမှန်က သားက ဘာမှသိရှာတာ မဟုတ်ပါဘူး။ လျှာအရိုးမရှိ ပြောချ လိုက်တာပါ။ သို့သော်...အတွင်းသိ အစင်းသိဖြစ်နေတဲ့ ကျွန်တော်တို့ လင်မယားမှာတော့ အနာပေါ်မီးပွားကျဆိုသလို ဖြစ်ရတာ ပေါ့။ ဒီစကားတွေကို ဒီမှာတွင် ဘရိတ်အုပ်လိုက်ကြပေမဲ့ ကျွန်တော်မှာတော့ တနုံနုံ ဖြစ်ရ ပါတယ်။ တကယ်တမ်းက ကျွန်တော်ဟာ ယောက်ျားပီသသူပါ။ ဆရာဝန်သွေးစစ်ချက်တွေ ဘာတွေ မှာလည်း ကျွန်တော်ဟာ သားသမီးရနိုင်တဲ့သူဆိုတာ ကျွန်တော်ဇနီးသိပြီးသားပါ။ မြုံတာက သူမြုံတာ ပဲဟာ။ ခုတော့ ကျွန်တော်ဟာ အဖေရင်း မဟုတ် ဘူးလို့ အချောင်အပြောခံရပြီလေ။

အဲဒီဘာမဟုတ်တဲ့ စကားလေးတစ်ခွန်းကြောင့် ကျွန်တော့ဟာ ကာရာအိုကေခန်းကို ရောက်ရ တယ်ဆိုတော့ ရယ်စရာပေါ့ဗျာ။ ဒီလိုပါ။ သိပ်ပြီးစိတ်ထဲ အကျဉ်းအကျပ်ကျလာတော့ ညကြီးမိုးချုပ် 'မိုးမြင့်'အိမ် ရောက်သွားတယ်။ အကျဉ်းချုပ်ကတော့ - 
'ငါ အရက်သောက်ချင်တယ်ကွာ'
'ရော့ သောက်စေဗျား'
'ငါ ငိုချင်တယ် သူငယ်ချင်းရာ'
'ဟာ ဒီမှာတော့ မငိုနဲ့ကွာ...ငိုလို့ ကောင်းတဲ့နေရာ ငါခေါ်သွားမယ်'

ဒီလိုနဲ့ မသွားစဖူး ကာရာအိုကေဆိုင် ရောက်သွားတော့တာပါပဲ။ ပထမတော့ ရှက်နေသေး တာပေါ့လေ။ နောက်တော့ မိုးမြင့်က ရောက်သွားတော့တာပါပဲ။ ပထမတော့ ရှက်နေသေးတာ ပေါ့လေ။ နောက်တော့ မိုးမြင့်က သီချင်းတွေဆိုတာ သဘောကျလာမိတယ်။ အရက်ကလည်း မူးလာပြီကိုး။ မိုးမြင့်ဆိုနေတဲ့ သီချင်း တွေထဲမှာ အလွမ်းသီချင်းတွေပါရင် လိုက်ပြီး ညည်းနေ မိတယ်။ တစ်မျိုးတော့လည်း အကောင်းသားပဲ။ အလွမ်း သီချင်းတွေလိုက်ဆိုမိတဲ့အခါ အရင်ကလို ပေါ့ပေါ့တန်တန် မဟုတ်တော့ဘူး။ လှိုက်လှိုက်လှဲလှဲ ဖြစ်လာတယ်။ အိမ်က မိန်းမကို သတိရ လာသလိုပဲ။ သြော်...အနုပညာများ ပြောပါတယ်။ ဒီလိုနဲ့... သားအဖ မေတ္တာဘွဲ့ သီချင်း 'ဘယ်ပန်းချီရေးလို့မမီ' လည်းရောက်ရော ကျွန်တော်ဟာ မိုက်ကရိုဖုန်းဆွဲပြီး တစ်ကိုယ်တော် ဆိုမိနေပါလေရော။ 

'ဟာ...ငါ့ကောင့် အဆိုကောင်း အသံကောင်းပဲကွ'လို့ မိုးမြင့်က ချီကျူးပါတယ်။ ပြီးတော့ သူက 'အလွမ်း တွေချည်းလုပ်မနေနဲ့။ ဒီအချိန်မှာ အပျော်တွေလည်း ဆိုပါကွ' ဆိုပြီး အခန်းထဲကို ကောင်မလေး တစ်ယောက် ခေါ်ချလာတော့တာပါပဲ။ ဘာရှိဦးမှာလဲ။ သားနဲ့ရွယ်တူ လောက်ပေါ့။

ရုပ်ရည်သနားကမားလေးနဲ့ပါ။ ကျုပ်လား...မပြစ်မှားမိပါဘူး။ တကယ်ပြောတာပါ။ ဘယ့်နှယ် ကိုယ့်သမီး အရွယ်ကလေးဟာကို။ ဒါပေမဲ့ သာယာမိတာတော့ အမှန်ပဲဗျ။ ဘာကြောင့်လဲဆိုတော့ ကလေး မက 'ဦး စုံတွဲသီချင်းတွေ ဆိုရအောင်' ပြောလို့ပဲ။ ပထမတော့ မဆိုတတ်ဘူးပေါ့လေ။ နောက်တော့ သီချင်း လွယ်တွေ သူကဆိုတော့ တီဗီစာတန်းဖတ်ပြီး ကိုယ်လည်း လိုက်ဆိုမိ တော့တာပေါ့။ 'ထမင်းမြိန်မြိန် စားမယ်' တို့၊ 'အတူးရေ အသက်ရေ'တို့ ဘာတို့ပေါ့ဗျာ။ အင်း နည်းနည်းတော့ နေသာထိုင်သာ ရှိသွား သလိုပါပဲ။ ဒီတော့ မိုးမြင့်က စပြန်တယ်...'ဟေ့ကောင် ငိုချင်လို့ဆိုကွ၊ ခုနှယ်ငိုလေကွာ'လို့ သူပြောလိုက်မှ ခံစားချက်က ပြန်ပေါ်လာပြီး တလှိုက်လှိုက် ဖြစ်လာပါတယ်။ ဒီတော့ ဘာလုပ်သလဲ...ပိုသောက်။ ခေါက်ခနဲပဲ မှောက်သွားတော့တာ။ အဲဒီနေ့က မနက်လင်းတော့ ကျွန်တော်ဟာ မိုးမြင့်အိမ် ဧည့်ခန်း ဆိုဖာပေါ်မှာ နိုးလာပါတယ်။ မိုးမြင့်ကတော့ ပြောတာပဲ။ 'ငါကောင့်ကြီး မဆိုးဘူးကွ၊ သီချင်းတွေလည်း အတော်ဆိုနိုင်တယ်။ ငိုချင်းလည်း ချသဗျ'တဲ့။ 'ငါ ငိုသလား' ဆိုတော့ ချုံးပွဲချငိုသတဲ့။ 'မင်းဟာက ငိုမယ့်ငိုတော့လည်း ကောင်မလေးရဲ့ ရင်ခွင်ထဲမှာ မျက်နှာအပ်ပြီးတော့ ငိုတာမောင်' တဲ့ 'ဟာ ဟုတ်ရဲ့ လားကွာ' ပေါ့။

'ရှက်စရာတွေ ဖြစ်ကုန်ပြီ'
'မဖြစ်ပါဘူး။ ဒါမျိုးက ဒီလိုပါပဲကွာ...ဒါပေမဲ့ မင်းကို ငါအံ့သြမိသကွ။ ငိုတာ ရိုးရိုးမငိုဘူး။ အိမ်ကမိန်းမကို တတပြီး ငိုတာမောင်'တဲ့။ ရှက်စိတ်တွေကြားက အိမ်ပြန်ချင်လာပါရော။ ဒါနဲ့ မိုးမြင့်ကို အိမ်လိုက်ပို့ခိုင်းရတယ်။ ပြဿနာက အဲဒီမှာ စတာပါပဲ။ ဆိုလိုတာက နောက်များ မကြာ မကြာဆိုသလို ကာရာအိုကေခန်းသွားဖို့ အစရှိ အနောင်နောင် ဖြစ်လာဖို့ပါပဲ။ ဘာကြောင့်လဲ့တဲ့။
အိမ်ရောက်တော့ ဇနီးသည်ရော သားကပါ မနေ့က ဘာမှမဖြစ်ခဲ့သလို ပုံမှန်ဖြစ် နေပါတယ်။ တကယ်ဆို နှစ်ယောက်ဟာ ဒေါသဖြစ်နေရမယ်။ ဒါမှမဟုတ် စိတ်ပူနေရမယ်။ ညအိပ် ညနေ ခုလို မပြောမဆို ထွက်သွားဖူးတာမှ မဟုတ်ဘဲကို။ ခုတော့ သင်းတို့က အရင်ပုံစံမပျက်ဘဲ ဆက်ဆံနေကြလေရဲ့။ ဒါဟာ ကျွန်တော့ကို သောက်ဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲ မဟုတ်လား။ ကျွန်တော်ဟာ သူရို့သားအမိအတွက် ဘာမှမထူးဆန်း တဲ့ သတ္တ၀ါတစ်ကောင်လို ဖြစ်နေပါတယ်။

ဒီတော့ ဘာလုပ်သတဲ့လဲ၊ ဒီအရွယ်ကြီးကျခါမှ အရွဲ့တိုက်တော့တာပေါ့။ မကြာခဏ ဆိုသလို မိုးမြင့်နဲ့ ချိန်းတယ်။ ကာရာအိုကေဆိုင် သွားတယ်။ မိုးမြင့်မအားတဲ့အခါ မရဲတရဲ တစ်ယောက်တည်း သွားတယ်။ အရက်မူးောင် သောက်တယ်။ သီချင်းဆိုတယ်။ အဲဒီအခါ ဖောက်သည်လိုဖြစ်နေတဲ့ 'မီမီလေး' ရောက်ရောက်လာတယ်။ ဟုတ်ပ့ါ။ သူ့နာမည်က မီမီ လေးတဲ့၊ ခဏခဏတွေ့ဖန်များတော့လည်း နာမည်ေ တွေဘာတွေ သိသွားတာပေါ့ကွာ။ ဒါပေမဲ့ ပြောထားရဦးမယ်။ ကျွန်တော်ဟာ မီမီလေးနဲပ သီချင်း တွဲဆိုတယ်။ တစ်ခါတစ်ခါ သိပ်မူးလာရင် ရင်ခွင်ထဲ ခေါင်းချပြီး ငိုတယ်။ ဒါပေမဲ့ ပြစ်မှားစိတ်တော့ မဟုတ်ပါဘူး။  မီးမီးလေးကလည်း အဲဒီလိုပါပဲ။ ပြစ်မှားစိတ်မရှိဘူးဆိုတာ ကျွန်တော်သိနေတယ်။ ထိကပါး ရိကပါးနဲ့ ချူချင်လို့ ကျွန်တော့်ကို ကပ်နေတာမျိုးလည်း မဟုတ်မှန်း သိနေပါတယ်။ ဘယ်လိုလုပ် သိသလဲတော့ မသိပါဘူး။ စိတ်ထဲ အလိုလိုသိနေတာပါပဲ။ တစ်ခုတော့ ရှိတာ ပေါ့လေ။ ကျွန်တော်က မုန့်ဖိုးပဲဖိုးပေးပြီး ငိုတယ်။ သူက မုန့်ဖိုးပဲဖိုးလက်ခံပြီး ချော့မော့ တယ်။ ဒါလောက်တော့ ရှိတာပေါ့။

'စိတ်ဝင်စားဖို့တော့ စိတ်မကူးနဲ့ဆရာကြီး၊ ကောင်မလေးက ရိုးရိုးသားသား လုပ်ကိုင် စားသောက်ပြီး အမေကြီးကို လုပ်ကျွေးနေတာ' လို့ ဆိုင်ရှင် ပေါက်ဖော်ကြီးက ပြောတော့လည်း သူ့စကား ယုံရတာပေါ့။ ဟုတ်တယ်လေ။ ဒါမျိုးဆိုတာက ဆိုင်ရှင်နဲ့ အလုပ်သမား အလိုတူအလိုပါ ဖြစ်ရမှာမဟုတ်လား။ မသကာ မြှောက်ပေးရမယ့်အစားမျိုး မဟုတ်လား။
ဒီကိစ္စပိုသေချာသွားတာကတော့။
'မိမိလေး ဒီနေ့ည မလာနိုင်ဘူး ဆရာကြီး၊ တစ်ပတ်ခွင့်ယူထားတယ်'
'ဟင် ဘာကြောင့်လဲ'
'သူ့အမေဆုံးသွားလို့'
'ဒါဖြင့် ကူငွေပေးခဲ့မယ်ဗျာ'

ဒါပေမဲ့ ကျွန်တော်နဲ့ မိုးမြင့်တို့ အသုဘ သွားဖြစ်ခဲ့ကြပါတယ်။ သံယောဇဉ်ဆိုပါတော့လေ။ အဲဒါ သည်ပင်လျှင် မိုးမီလောင်ဖို့ ဖြစ်လာတော့တာပါပဲ။ အသုဘက သိပ်မစည်ပါဘူး။ ဆင်းရဲသား အသုဘပါ။ လူသူ ကျဲကျဲပေါ့။ ကျွန်တော်နဲ့ မိုးမြင့်တို့ ကားအကောင်းစားကြီးနဲ့ ရောက်သွား တော့ ပရိသတ်က ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတာ။ ထူးဆန်းနေတာကိုး။ ထားပါတော့ ဒါက ပြဿနာ သိပ်မရှိပါဘူး။ ပြဿနာက လူမှုရေးအရ အလောင်းကို သွားပြီး အသုဘ ရှုလိုက်တဲ့ အချိန်မှာပါပဲ။ ဟိုက်ခနဲကို ဖြစ်ရတာပါ။ ကမ္ဘာကြီး ရပ်တန့်သွားသလိုလို ဖြစ်ရတာပါ။ ဒီထက် ပြောင်မြောက်တဲ့ စကား လည်း မပြောတတ်တော့ပါဘူး။ ဘယ်လောက်အထိ လဲဆိုရင် မီးသင်္ဂြိုဟ်တဲ့အထိ မစောင့်နိုင် တော့ဘူး။ 'သမီး အလုပ်ပြန် ဆင်းတဲ့နေ့မှ ဦးနဲ့ဆုံကြမယ်' လို့ ကပ်ပြောပြီး အသုဘကနေ ပြန်ခဲ့ရ တော့တာပါပဲ။ မိုးမြင့်ခမျာမှာ လည်း ဘုမသိဘမသိနဲ့ပေါ့။ လမ်းရောက်မှ ဦးရာ အရက်ဆိုင် ၀င်ပြီးသောက်၊ မူးတော့ မှ ရင်ဖွင့်။ ငိုချင်းချ ရတော့တာပါပဲဗျာ။

'ဘယ်လိုတွေဖြစ်ရတာလဲ သူငယ်ချင်းရာ'
'တိုတိုပြောရရင်တော့ မီမီလေးဟာ ငါ့သမီးဖြစ်ချင် ဖြစ်နေမှာပဲကွာ'
'ဟေ ... ဘယ့်နှယ်'
'ဟုတ်တယ်ကွာ။ သူ့အမေက တစ်ချိန်တုန်းက ငါတို့အိမ်မှာ အိမ်ဖော်လုပ်ဖူးတယ်။ အဲဒီ တုန်းက ငါက လူပျိုပေါက်ပေါ့...'
'ဟင် ... ဒါဆို ...'
'ဟုတ်ပါတယ်မိုးမြင့်ရာ၊ ငါနဲ့သူ့အမေ 'အမီစိန်' ဟာ လူငယ်တို့ဘ၀ ချစ်ကြိုက်မိကြတယ်'

'မှောက်မှောက်မှားမှားတွေ ဖြစ်ကြရောဆိုပါတော့'
'အေးကွာ မိဘတွေကတော့ ထုံးစံအတိုင်း သဘောမတူခဲ့ကြဘူး။ အဲဒီအချိန်မှာ ငါ့ကို စေ့စပ်ထား ပြီးသားလည်း ဖြစ်နေပြီကွာ။ ရိုးရိုးပြောရရင် ငါဟာ အမီစိန်ကို ချစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကြိုက်ခဲ့ တာပါ။ အဲဒီကနေတစ်ဆင့် မတော်တဆ ဖြစ်ကုန်ကြတာပဲ'
'သူ့မှာ ကိုယ်ဝန်ပါသွားတယ်ဆိုတာ သေချာလို့လား'

'ဒါတော့ ငါလည်း မပြောတတ်ဘူး။ အမီစိန်ကလည်း မျက်ရည်တွေသာ တွေတွေကျပြီး အိမ်ပေါ်က ဆင်းသွားရှာတာ။ တစ်ခုပဲ ပြောသွားတယ်။ တစ်ချိန်ချိန်ကျ ရှင်သိလာမှာပါတဲ့ ကွာ'
'ဒါနဲ့ပဲ မီမီလေးဟာ မင်းသမီးလို့ ပြောနိုင်ပါ့မလား'
'မီမီလေးက ငါ့ကို ပြောဖူးတယ်ကွ။ သူ့မှာ အဖေရှိတယ်တဲ့။ ဒါပေမဲ့ ဘယ်ရောက်နေတယ် ဆိုတာ မသိဘူးတဲ့။ သူ့ကိုယ်ဝန်နဲ့ကတည်းက အဖေနဲ့အမေ ကွဲသွားကြတာတဲ့။ အမေက နောက် အိမ်ထောင် မပြုခဲ့ဘူးတဲ့'
'အင်း စဉ်းတော့ စဉ်းစားစရာပေါ့လေကွာ။ ဒါပေမဲ့ သူရို့ပါးစပ်တွေက ယုံရခက်သားကလား' 'ငါတော့ ယုံချင်တယ် သူငယ်ချင်းရာ။ ဘာကြောင့်လဲဆိုတော့ မင်းလည်း အသိသားပဲ ... ငါတော့ မီမီလေးကို တွေ့စတည်းက သမီးလေးလို ချစ်ခင်မိတယ်။ သူ့ရင်ခွင်မှာ ငိုချင်တယ် လို့ မင်းကို ပြောဖူးသားပဲ။ မင်းကတောင် ငါ့ကို ကြောင်လှချည်လားလို့ ပြောခဲ့သေးတာပဲ'
'ဒါမျိုးက ဖြစ်တတ်ပါတယ် သူငယ်ချင်းရာ'

'ဖြစ်ပဲဖြစ်တတ် လွန်းတယ်ကွာ ... ဘာပဲဖြစ်ဖြစ် အဲသလိုဖြစ်နေပြီဆိုရင်တော့ ငါဟာ တာဝန်မကျေတဲ့ ယောက်ျား တစ်ယောက် ဖြစ်သွားတာ သေချာသွားပြီ'
'ဒီတော့ မင်းဘယ်လိုစိတ်ကူးသလဲ'
'ဘယ်လိုမှ စိတ်ကူးလို့မရတဲ့အပြင် ရူးချင်နေပြီ မိုးမြင့်ရာ'
'ဒါဆိုလည်း ငိုချလိုက်ကွာ'
'အေးကွာ ဒီတစ်ခါတော့ မင်းရင်ခွင်ထဲမှာပဲ ငိုရတော့မှာပါ'

'အေးပေါ့ မီမီလေးရင်ခွင်မှာ ငိုလို့လည်း မဖြစ်နိုင်တော့ပါဘူး။ မီမီလေးကသာ တစ်ချိန်ချိန်မှာ မင့်ရင်ခွင်ထဲ ၀င်ငိုရတော့မှာ....'
မီမီလေးတို့ဆိုင်ကို ပြန်မသွားခင်အတွင်း ကျွန်တော့်မှာ အကြီးအကျယ် စဉ်းစားရတယ်။ ရှေ့လျှောက် ဘယ်လို စခန်းသွားမလဲပေါ့။ လွှင့်ပစ်ရမှာလည်း အဆီနဲ့တ၀င်းဝင်း။ စားပစ်ရမှာလည်း သဲနဲ့တရှပ်ရှပ်ဆိုတဲ့ လူကြီး စကားဟာ တကယ်မှန်တာပဲ။ လူတွေဟာ အကျပ်အတည်းတွေ့လာရင် စိတ်ကူးယဉ် ထွင်ပေါက် တွေကို ရှာကြံဆုတောင်းတတ်ကြ တယ် မဟုတ်လား။ ကျွန်တော်လည်း ကြံဖန်ဆုတောင်းနေမိပါတယ်။ မီမီလေးဟာ ကျွန်တော့် သမီး မဖြစ်ပါစေနဲ့။

အမီစိန်ဟာ ကျွန်တော်နဲ့ကွဲကွာသွားတဲ့အချိန်မှာ တခြားယောက်ျား တစ်ယောက်ယောက်နဲ့ ဆုံစည်းဖူးခဲ့ ပါစေပေါ့။ ခက်တာက သွေးက စကားပြောတယ် ဆိုရမလို မီမီလေးဟာ ကိုယ့်သွေးရင်းလို့ပဲ စိတ်က တစ်ထစ်ချ ယုံနေတာပါပဲ။ နောက်ဆုံးတော့ ဆုံးဖြတ်ချက် နှစ်ခု ချရပါတယ်။ တစ်ခုက ငွေအရင်းအနှီး အလုံအလောက် ပေးပြီး အဆက်ဖြတ်ဖို့ပါ။ နောက်တစ်နည်း က ဖြစ်လာတဲ့ လက်ရှိ ဘ၀ကို အိမ်ကဇနီး အသိအမှတ်ပြုလာအောင် ရိုးရိုးသားသား ဖွင့်ပြောပြ ဖို့ပါပဲ။

မိုးမြင့်ကတော့ ကြားချပြီး အကြံပေးပါရဲ့။ သူက 'မီမီလေးကို ကာရာအိုကေဆိုင်မှာ သီချင်း မဆိုတော့ဘဲ စည်းရုံးပြီး မင့်ကုမ္ပဏီမှာ အလုပ်ခန့်လိုက်၊ နောက်ပိုင်းမှ တဖြည်းဖြည်း အိမ်က မိန်းမကို စည်းရုံးယူ' တဲ့။ အပြောတော့ လွယ်တာပေါ့။ တကယ်တမ်း အဲသလို ဖြစ်လာရင်လည်း ကောင်းတာပေါ့။ တစ်ခုရှိတာက သား။ ဟုတ်တယ်။ သားကရော ခွင့်လွှတ်နိုင်ပါမလား။ ခက်တာက သားကိုယ်တိုင်က သားအရင်းမဟုတ် ဖြစ်နေတာ ပါပဲ။ ဘယ့်နှယ်လုပ်ရပါ့။

နောက်တစ်ခု စိုးရိမ်နေတာ ရှိသေးတယ်။ စာရေးဆရာတစ်ယောက်ရဲ့ ၀တ္ထုလို ဖြစ်လာ မှာလည်း စိုးရိမ်ရ သေးတယ်။ အဲဒီဝတ္ထုမှာ အကျဉ်းချုပ်က ...
'လင်မယားနှစ်ယောက် ရှိတယ်။ သားသမီးမရနိုင်လို့ မွေးကင်းစကလေးတစ်ယောက် မွေးစား လိုက်တယ်။ မယားသည် သည်းသည်းလှုပ်ချစ်တယ်။ လင်ဖြစ်သူထက် အကဲပိုတယ်။ ပြဿနာက အဲဒီကလေးဟာ တစ်ချိန်က လင်ဖြစ်သူအပြင်မှာ ဖောက်ပြန်ရာက ရခဲ့တဲ့ သမီးအရင်းခေါက်ခေါက် ဖြစ်နေတယ်။ ဒါကို မယားသိသွားတဲ့အခါမှာ မိုးမီလောင် တော့တာပါပဲ။ သဘောကတော့ သူများ သားသမီးဆိုရင် မွေးစားမယ်။ ချစ်နိုင်မယ်။ သမီးအရင်းလိုကို ချစ်နိုင်တယ်။ ဒါပေမဲ့ သူ့ယောက်ျားနဲ့ အပြင်က မိန်းမ တစ်ယောက်တို့ ရထားတဲ့ကလေးကိုတော့ မချစ်နိုင်ဘူး။ ကျွန်မကို ကွာမလား။ အဲဒီ  ရှင့်ကလေးကို ပြန်ပို့မလား ဆိုတဲ့အထိ ဖြစ်ကုန်တယ်။ မိန်းမသဘာဝ ပြောပါတယ်။ ဒါကတော့ ၀တ္ထုထဲကမို့ပါ။ ဒါပေမဲ့ မိန်းမ ဆိုတာမျိုးက အပြောရ ခက်သားလား။
အဲဒီ ၀တ္ထုလေးက ကျွန်တော့်စိတ်ထဲ စွဲနေတယ်။ အဲသလိုတွေ ဖြစ်လာခဲ့ရင် ဘယ့်နှယ်လုပ်မလဲ ...။


ပြီးပါပြီ..

 အခုရက်ပိုင်း ဖတ်တဲ့ မဂ္ဂဇင်း တွေထဲမှာ ဘလော့မှာ တင်ဖို့ စာသိပ် မတွေ့တာနဲ့
ဆရာ သုမောင် ရဲ့ ကိုစံလွင်-မစော ဝတ္ထုတိုများ ထဲက တပုဒ် ရွေးတင်ပေးလိုက်တယ်..။


နောက်ရက်တွေတော့ အဲဒီလိုဖြစ်နေရင် စာရေးဆရာမ ရူမဝထောင်ဆုရ စိန်စိန် ရဲ့ ဝတ္ထုတို ပေါင်းချုပ် ထဲက ကျနော် ကြိုက်တဲ့ အပုဒ်လေးတွေ တင်ပေးပါမယ်..။

1 comment:

:P said...

ပြန်တင်ပေးတာ ကျေးဇူးပါ။