Monday, December 28, 2009

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၁၂)

အခန်း(၁၂)

"ပဟိုရ်တစ်ချက်တီးတော့မယ်၊ အရှင်ထိပ်စုဖုရား၊ စက်ရာတော်ကမှ လူးလွန့်တော် မမူသေးပါကလား၊ ပွဲတော်စာ များလည်း အေးတော့မယ်"
ပွဲတော်အုပ် ဆိုင်ရာ အပျိုတော် ခင်ဟေက ပြောလျက် ခင်မကြီးနှင့် ခင်ဘုန်းတို့ လူစုံ ကလည်း ဘီးကလပ်၊ နံ့သာကလပ်များ အဆင်သင့်ထားပြီး ခါနွေနှင့် မိလ္လာတို့က သလွန် အနီးမှ ယပ်လေများ ဆက်လျက် ရှိကြစဉ် အထိန်းတော်ကြီး ခင်ဘွားသစ် ၀င်လာပြီး-

"အလို ... စုထားဖုရား၊ စက်တော်ခေါ်လှချည့်လား၊ နေလည်းမြင့်လှပြီး၊ ပွဲတော်စာအချိန် နှောင်းမှဖြင့် နေထိုင်မကောင်း ဖြစ်တော်မူရင် မယ်တော်ဖုရား အပြစ်တင်ခံရတော့မယ်၊ စုထားဖုရား နိုးတော်မူအောင် နှိုးလေဦးမှပါပဲ"

ပြောဆိုညည်းတွားကာ စက်ရာတော်နံ ဘေးမှ ကျုံ့ကျုံ့ကလေး ၀င်ထိုင်၍ အပြစ်ကင်းမဲ့ သော ကလေးပမာ နှစ်ခြိုက်စွာ စက်တော်မူနေသော စုဖုရားကို ပါးချင်းအပ်ခါ သာယာ ဖြည်းညှင်းစွာ နှိုးလေ၏။
"စုထားဖုရားရဲ့ ထတော်မူပါတော့၊ နေမြင့်လှပါပြီဘုရား၊ စက်တော်ခေါ်ချိန်လွန်ရင် ဘ၀င် နုံးလို့ ကိုယ်ချုံး တတ်ပါတယ်၊ ချိုးတော်ရေများသုံး၊ ပွဲတော်များတည်ပြီးမှ တစ်ခါစက်တော်မူ ပြန်တာပဲ"
ယုယုယယ လျှောက် တင်သည်တွင် စုဖုရား နိုးတော်မူလာပြီး-

"သြော် ... စုစု စက်တော်ခေါ်တာ သိပ်နေမြင့်သွားပြီလား သစ်သစ်ရဲ့၊ အင်း ... ညက ပွဲကြည့်ဆောင်မှာ မိုးလင်းခါနီး အောင် ရှုစားတော်မူနေမိတာကိုး"
မိန့်တော်မူကာ စက်ရာထတော်မူ၍ ဖြီးလိမ်း ၀တ်ဆင်တော်မူပြီးသည့်အဆုံး၌ ပွဲတော်များ သုံးဆောင်လျက် ရှိလေ၏။

အထိန်းတော်ကြီး ခင်ဘွားသစ် အမှူးပြုလျက် အပျိုတော်ကြီးငယ် တစ်စုတို့မှာ ညဥ့်အခါက ကြည့်ရှု လာခဲ့ရသော အီနောင်ဇာတ် ဂူဝင်ခန်းမှ အကြောင်းများကိုလည်းကောင်း၊ ဇာတ်တော်ကြီးမှ အီနောင် မင်းသား ပြုလုပ်သူ ဇာတ်တော်ကြီးမင်းသား မောင်စံတုတ်၏ အဆို၊ အကအကြောင်းနှင့် မင်းသမီး မယင်းတော်ခေါ် ယင်းတော်မလေး၏ အဆိုအကများ ကိုလည်းကောင်း၊ အမျိုးမျိုးအဖုံဖုံ ချီးမွမ်းစကား ပြောသူက ပြောလျက် အချို့ကလည်း ပွဲကြည့်ဆောင်ထဲတွင် တွေ့ခဲ့ရသော မင်းမိန်းမ ပရိသတ်တို့ အတွင်းက ကဲ့ရဲ့စရာရှိသူ တို့ကို ကဲ့ရဲ့၍ ချီးမွမ်းစရာရှိသူကို ချီးမွမ်းစကားများ ပြောကြားခြင်း၊ မိမိတို့အရှင် ထိပ်စုဖုရား ပွဲကြည့်ဆောင်တော်ထဲသို့ ထွက်တော်မူသောအခါက ဘုန်းတော်ကြီးလှသော ခမည်းတော် ဘုရားက အားရရွှင်လန်းသော မျက်နှာတော်နှင့် သမီးတော်ကို အထပ်ထပ် အဖန်ဖန် အပြန်ပြန် ရှုစားတော် မူပုံ အဆောင်တော်တစ်ဝန်းလုံး အထူးအဆန်းကဲ့သို့ စုဖုရားကို ဣနြေ္ဒမဆည်နိုင်အောင် တအံ့တသြ ရှုစားပြီး တီးတိုးချီးမွမ်းကြသော စကားများ မည်သို့မည်ပုံ ကြားခဲ့ရကြောင်းတို့ဖြင့် အားရပါးရ လက်ပံပင် ဆက်ရက် ကျသလို အတော မသတ်နိုင်အောင် အချီအချ ပြောဆို၍ နေကြလေရာ စုဖုရားမှာ ပွဲတော် စားရင်း တပြုံးပြုံး နားထောင်နေတော်မူရှာလေ၏။
သခင်မျက်နှာသာခိုက်တွင် ပျော်စေပြက်စေ ကလက်စေဟူသော အခွင့်အရေးအတိုင်း လက်ပါးစေ အပျိုတော် ကလေးအစ အထိန်းတော်ကြီးအဆုံး အဆောင်တော်တစ်ခုလုံးရှိ အပျိုတော်ကြီးငယ် တစ်စုမျာ ထင်ရာကိုပြော၍ တသောသော ရယ်မောလျက်ရှိကြစဉ် ခင်မြဇင်ခေါ် ခပ်ရွှတ်ရွှတ် အပျိုတော်တစ်ဦးက-

"ဒါထက် မမတို့ ညက ကျွန်မ လူကို သေသေချာချာ မြင်လိုက်ကြပြီမဟုတ်လား၊ ပွဲဆက်က များလာလို့ ပါးရိုးကလေးများ နည်းနည်းချောင်နေရှာပြီ"
ပြောလိုက်သောအခါ ဓာတ်သိ အပျိုတော်များက သောခနဲ ရယ်လိုက်ကြသော်လည်း တချို့က တကယ် မသိသဖြင့်-
"ဘယ်သူလဲ ခင်မြဇင်ရဲ့၊ မမတို့ မမြင်မိပါကလား၊ ခင်မြဇင် သဘောကျရင်တော့ လူချော လူလှထဲက ဖြစ်မှာပါပဲ၊ လက်ဖက်ရည်တော်သားထဲကလား၊ ကွမ်းရေတော်သားထဲကလား၊ ဗြဲတိုက်တော်ကလား၊ ကိုယ်ရံတော် ထဲကလား၊ ဖိနပ်တော်လား၊ ထီးတော်လား၊ ဆီမီးထွန်း မှူးကြီးတော့ အရုပ်ဆိုးလို့ စိတ်မကူး ဘူး ဆိုတာ အတတ်သိပြီးသားမို့ ထည့်မမေးပါဘူး၊ ကဲ ... ပြောစမ်းပါ ဘယ်သူလဲ သိချင်လှပါပြီ"
ပြောကြမှ ခင်မြဇင်က ခပ်ပြုံးပြုံးနှင့် ဓာတ်သိအပျိုတော်ကလေးများဘက်သို့ လှည့်လျက် မျက်စတစ်ဖက် ချီကာ-
"ပြောလိုက်ကြပါလေ မမတို့ အသိသားပဲဟာ၊ ကိုယ့်ကိုယ်ကိုယ် မဖော်ပါရစေနဲ့၊ ခင်သီတာက မသိသေးလို့ မေးနေရှာပါတယ်"
ဆိုလျှင် ပွဲကျနေသော ဓာတ်သိ အပျိုတော်များဘက်မှ ခပ်သွက်သွက် အပျိုတော် ကလေးတစ်ဦးက ၀င်ထည့်၍-

"အိုး ... ခင်သီတာနှယ်နော်၊ ခင်မြဇင်ရဲ့လူဟာ ခုမေးနေတဲ့ အမှုထမ်းသား သာမန်လူစား တွေ မဟုတ်ဘူး၊ နန်းတွင် အပျိုတော်တွေရဲ့ အသည်းကြော် လူချော လူလှ၊ တကယ့် ထူးခြားတဲ့ လူတစ်ဦးပါ၊ မနေ့ညက သူ့လူကို ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားနှင့် တကွ တစ်နန်းတော်လုံး တပြုံးပြုံး ရှုစားခဲ့ကြရပြီ မဟုတ်လား၊ ယိုးဒယားချူချပ်အကနဲ့ ကုလားကာကြားထဲက ထွက်လာလျှင်လာချင်း  မျက်စကလေး တစ်ဖက်ချီပြီး သူ့ရည်းစားဦး ကြီး ခင်မြဇင်ဆီကို တစ်ချက်ကြည့်လိုက်တာ၊ ဒီတော့ ခင်မြဇင်ကလည်း ဆင်စွယ် ဆံထုံး ကလေးနဲပ ဦးရေစကို ထိုးထိုးပြီး တစ်မျိုးမူလိုက်ပါသော်ကော"
မဟုတ်က ဟုတ်ကနှင့် ရယ်စရာပြောလိုက်သဖြင့် တသောသော ပွဲကျသွားလေ၏။ "မလုပ်ပါနှင့် ခင်မြဇင်ရယ်၊ ဒီပြင်ဟာနဲ့ ကစားချင်ရင် ကစားပါ၊ ခံနိုင်ပါတယ်၊ ဒီအသက် ဘူးကြီးကိုတော့ မထိပါနဲ့၊ ဒီလူ့ကိုကလည်း ခက်ပါတယ်လေ၊ ဇာတ်တော်ကြီးထဲ လိုက်မက ပါနဲ့ မောင်ရယ်၊ အိမ်မှာ အေးအေးကလေး ထိုင်စားနေတော်မူပါ၊ လက်ဖက်ခြောက် ရွှေဖီဖူး ကလေးကို အိမ်ဦးက ဒူးနန့်သောက်နေတော်မူပါ၊ မြည်းစရာ အချိုအချဉ်တွေကို လိုချင်တာ ထက် ပိုအောင်ထားပါမယ်၊ ဘယ်မှာလဲ မလည်ပါနဲပလို့ မှာရက်သား နဲ့ ကျွန်မစကား နားမထောင်ဘဲ ဒီဇာတ်တော်ကြီးထဲ လိုက်မိအောင် လိုက်ကရတာက လွန်ပါရော၊ ဒီလို ကိုယ့်သားမယားပြောတဲ့စကား နားမထောင်မှုကြောင့် ခု ဟိုအပျိုကပိုး၊ ဒီအပျိုကပိုးနဲ့ အမျိုးမျိုး နာမည်ပျက်ပြီး အရှက်ကွဲနေတာ"
ခင်ဟေက မျက်နှာထိ မျက်နှာထားနှင့် ၀င်မွှေလိုက်သည်တွင် အားလုံး အံ့အားသင့်စွာ နားစိုက်ထောင် နေရာမှ ၀ါးခနဲ ပွဲကျသွားပြန်လေ၏။

ရာမ အီနောင်စသည့် အတွင်းတော်တွင် ကပြရသော ဇာတ်တော်ကြီးတို့တွင် အီနောင်မင်းသားအခန်းမှ ကပြရသော ဇာတ်မင်းသား မောင်စံတုတ်မှာ ဇာတ်တော်ကြီး ဦးစီးခေါင်းဆောင်ပြု၍ ကပြနိုင်သော သဘင်ပညာသည်တစ်ဦး ဖြစ်သည့်အတိုင်း ယိုးဒယားဇာတ်ကြီး အတီး၊ အက၊ အဆိုတို့ကို သူတထူးထက် ၀ိဇ္ဇာမိုရ်နေသူဖြစ်သည် တစ်ကြောင်း၊ သဘင်မျိုးရိုးအတိုင်း အချိုးအစားကျကျ ကြီးပွားလာသူဖြစ်သည် တစ်ကြောင်း၊ ရုပ်ဆင်းသဏ္ဍာန် ကြန်အင်္ဂါမှာလည်း မွန်ရည်လှပ အသံအင်္ဂါနှင့်လည်း ညီညွတ်လှသဖြင့် လက်ရွေးစင် သဘင်သည်တို့သာလျှင် ပါဝင်ကပြရမည်ဖြစ်သော အတွင်းတော်က ဇာတ်တော်ကြီးတွင် သဘင်ဝန်က အထူးရွေးချယ် ထည့်သွင်းထားသော ဇာတ်မင်းသားတစ်ဦး ဖြစ်ရကား မင်းမိန်းမပိုင်းတွင် အထူးခေတ်စားလျက် လူချစ်လူခင် များလှသောကြောင့် ရွှေနန်းတော်ပေါ်သို့ ဆုတော်ခံဝင်သော အခါများတွင်ပင် မိန်းမ ပရိသတ်များကို မောင်စံတုတ်၏ ပကတိမျက်နှာကို ဖော်ပြခြင်းမပြုရ၊ မျက်နှာကို ပ၀ါအုပ်၍ အခစားဝင်ရလေ၏။
မမြင်ရသောအရာကို ပိုမိုအလိုရှိမြဲ တွေ့မြင်လိုမြဲဖြစ်သည့်အတိုင်း မြင်လိုသောဆန္ဒတွေက တစ်နည်း အားဖြင့် နှိုးဆွနေလေရာ ပွဲကရာတွင် အဝေးကမြင်ရသော မျက်နှာကလေးကိုသာ အာသာပြေ ကြည့်ရရှာ ကြလေ၏။

ထို့ကြောင့် ခင်မြဇင် အစရှိသော အပျိုတော်များမှာလည်း ပျော်ပျော်ပါးပါး ရယ်ပွဲဖွဲ့ရသော အခါများတွင် အပျင်းပြေ ရယ်စရာစကားနှင့် ဇာတ်မင်းသား အီနောင်မောင်စံတုတ်ကို အကယ်စင်စစ် နောက်ပိုင်းစိတ်ဖြင့် ကြိတ်၍ စွဲလမ်းနေသယောင်ယောင် နောက်ပြောင် ကစားနေကြစဉ် မယ်တော် အလယ်နန်းမတော်ဖုရား၏ အဆောင်မှ အပျိုတော် ခင်ပုနှင့် ခင်နုတို့ စုဖုရားအဆောင်သို့ ရုတ်တရက် ရောက်လာကြလေ၏။

စု။      ။ "သြော် ... ခင်ပုတို့ပါကလား၊ ဘာကိစ္စ ခစားရောက်ကြသတုံး"
ခင်ပု။      ။ "မှန်လှပါ မယ်တော်မြတ်ဖျားက အဆောင်တော်သို့ အရှင်ထိပ်စုမြတ်ဘုရား ကြွရောက်ပြီး လှူဖွယ်တန်းရပ်များ ကြည်ညိုရန် အခေါ်တော်လွှတ်လိုက်ကြောင်းပါ"
ခင်နု။      ။ "အရှင်ထိပ်စုဖြတ်ဖျား၏ အလှူတော်သင်္ကန်းများ ချုပ်လုပ်လို့ ပြီးစီးပါက အချိန်မီပို့ရန် မှာကြားလိုက်ကြောင်းပါဘုရား"
စု။      ။ "မယ်မယ်ဖျား ခေါ်တော်မူရင် စုစုလည်း အဆောင်တော်ကို ၀င်တော်မူရမှာပ၊ ခင်ဟေတို့ ချုပ်ကြတဲ့ သင်္ကန်းတော်များလည်း ကြာပန်းခိုင်နှင့် လိပ်လို့ပင် ပြီးစီးနေပါပြီ၊ မယ်မယ်ဖျား အဆောင် ရောက်အောင် နောက်ထပ်အပို့လွှတ်လိုက်ပါ သစ်သစ်ရဲ့"

သစ်။     ။ "အရှင်ထိပ်စုဖုရား၊ မယ်တော်ဆောင် ထွက်တော်မူရာသို့ သစ်သစ် မလိုက်ပါရ တော့ဘူးလားဘုရား"
စု။      ။ "အို ... သစ်သစ်လိုက်လို့ ဘယ်ဖြစ်မလဲ၊ သင်္ကန်းတော်များကိုသာ စေ့ငှတွေ ရှိသေးတယ် မဟုတ်လား"
သစ်။       ။ "ဘာကိစ္စတွေပါလိမ့် ... သြော် ... သိပါပေါ့ဘုရား၊ ဆေးလိပ်တော်၊ တင်စရာ..."

စု။       ။ "ဟုတ်ပါတယ် သစ်သစ်ရာ်၊ စုစု မယ်ဖျားအဆောင်တော် ထွက်တော်မူနေစဉ် သစ်သစ် ဆောင်ရွက်စရာ ကိစ္စများ ပြီးစီးအောင် စီမံလို့ထားလိုက်ပါဘိ"
မျက်ရိပ်ပြ၍ အမိန့်တော်ရှိပြီးလျှင် အပျိုတော်အချို့ကို နောက်တော်ပါခေါ်လျက် ခင်ပု၊ ခင်နုတို့နှင့်အတူ မယ်တော်ဆောင်သို့ ထွက်တော်မူခဲ့လေ၏။
မယ်တော် အလယ်နန်းတော်ဆောင်သို့ ရောက်တော်မူလျှင် အဆောင်တော် ၀န်းကျင် ပြည့်လုမျှ လှူဖွယ် တန်းရန် သပိတ်သင်္ကန်း ဆွမ်းအုပ်မျိုးစုံတို့ကို မယ်တော်၊ အစ်မတော်၊ ညီမတော်တို့က ခေါင်းဆောင် ပြုလျက် လက်ပါးစေများ၊ အထိန်းတော်၊ အပျိုတော်ကြီးများ ပါ တာဝန်အသီးသီးယူလျက် သက္ကစ္စမြောက် မွမ်းမံပြင်ဆင် နေကြသည်ကို တွေ့ရလေ၏။
ထိပ်စုဖုရားလတ် သည် မယ်တော်မြတ်အပါးသို့ ခစားမိလျှင်ပင် မယ်တော်ကလည်း ချစ်ခင် မြတ်နိုးစွာဖြင့် "စုလတ် ရောက်တော်မူပြီလား၊ မင်းဖျားတို့ ကုသိုလ်တော်များကို ကြည်ညို စိတ်ပွားရအောင် ခေါ်တော်မူခြင်း ဖြစ်တယ်၊ နက်ဖြန်သဘက်ဆိုသလို စာတော်ပြန်ပွဲ ခင်းကျင်းရာ သုဓမ္မာဇရပ်တော်သို့ လှူဖွယ် ပစ္စည်းများ ပို့ရတော့မယ် လုံကလေးရဲ့၊ အလှူတော်သင်္ကန်းများလည်း ယခုကပင် မယ်ဖျား အဆောင်တော်သို့ ပို့ဖို့တော်ပြီကွဲ့"
မိန့်တော်မူလျှင်-

"ယခုပင် ခင်မြဇင်တို့ သယ်ယူ၍ ရောက်လာပါလိမ့်မယ် မယ်မယ်ဖျား၊ ဒါထက် မယ်မယ်ဖျား အဆောင် တော်ကြီး တစ်ခုလုံဟာလည်း လှူဖွယ်ပစ္စည်းတွေနှင့်ချည်း ပြည့်လျှံ ၍ နေပါတော့သည်၊ အစ်မတော်နှင့် ညီမလေးတို့ပင် သင်္ကန်းတော်များကို ခေါက်နေကြပါ ကလားဖျ"
"သူတို့လည်း သာဟတ္တိကမြောက်အောင် ကိုယ်တိုင်သင်္ကန်းတွေ ခေါက်ကြတယ်စုထားရဲ့"
မယ်တော်က ပြုံး၍ မိန့်တော်မူလျှင်
"မယ်မယ်ဖတျား စုထားလည်း ကုသိုလ်တော်လိုချင်လို့ ၀င်လုပ်ပါရစေ"

လျှောက်ကာ အပျိုတော်များလက်မှ ရှံထည်ပ၀ါအုပ်နှင့် ကတ်ကြေးကိုယူလျက် ရုတ်တရက် ကိုက်ဖြတ် ပေးမည်ပြုရာ အနီးတွင် ဆွမ်းအုပ်ဖုံးအများများတွင် ပ၀ါဖြင့် ကိုယ်တိုင်တော် ချည်နေသော အစ်မတော် မိုင်းနောင်ထိပ်စုဖုရားကြီးတွင် ရုတ်တရက် မြင်တော်မူလိုက်သည်နှင့် တစ်ပြိုင်နက် ရင်ဘတ်စည်တီး အံ့သြတကြီးနှင့်-
"အလို ... ဟဲ ... ခင်ပု စုစုလက် ကတ်ကြေးကို မြန်မြန်ယူထားလိုက်ပါ၊ လာ ... လာ ... ညီမတော် စုစုရဲ့ လက်တော် ကလေးနုနု သွေးချည်တွေ ဥကုန်ပါ့မယ် ရှန်ထည်အုပ် ကြမ်းကြမ်းကြီးတွေကို ကိုက်ဖြတ်တော် မူနေမည့်အစား မမဘုရားနှင့် အတူလာပြီး ဆွမ်းအုပ် ပ၀ါတွေ ချည်တော်မူလှည့်ပါ"

ညီမတော် စုထားအား ချစ်ခင်ညှာတာ၊ ကြင်နာသနား၊ ကရုဏာရှေ့ထား၍ အစ်မတော်ကြီး တစ်ပါးပီပီ ပြုံးပြုံးရယ်ရယ်နှင့် ခေါ်တော်မူလိုက်ရာ-
"နေပါစေ မမဘုရား၊ စုစု ဒါလောက်ကလေးများမှ အနာမခံနိုင်အောင် နုတော်မူမနေပါဘူး၊ မယ်မယ်ဖျား ကလည်း ဆွမ်းအုပ်များ ပြင်ဆင်တဲ့ ကုသိုလ်တော်ကို ယူတော်မူပါ၊ စုစု ကလည်း လက်တော်ကလေး နည်းနည်း အနာခံပြီး ရှည်ထည်လက်သုတ်ပ၀ါတွေ ညှပ် တော်မူရတဲ့ ကုသိုလ်အဖို့ကို သီးသန့်ယူပါရစေ၊ ဒါမှ နောင်အခါ ကိုယ့်ကုသိုလ်နဲ့ကိုယ်၊ သီးသီးသန့်သန့် အကျိုးပေးမှာပေါ့၊ မဖုရားကြီး ဘုရာ့၊ ပြီးတော့ စုစုကလည်း ဘယ်အရာ မဆို မကောင်းသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကိုယ့်ဟာကိုယ် သတ်သတ်မှ နှစ်သက်တော် မူပါတယ်၊ သူ အရောရော လူအရောရော ဒွေးရောဥပါဒ်နှောပြီး ရှုပ်ရှုပ် ထွေးထွေးကြီး အကျိုးပေးလာမှာ ကြောက်တော်မူတာနှင့် ယခုလို ကုသိုလ်ရေးမှာလည်း ရှုပ်ရှုပ်ထွေးထွေ ပြုတော် မူချင်ဘူးဗျ"
ကနွဲ့ကလျ ပြောတော်မူလိုက်ရာ အစ်မတော်ကြီးမှာ ညီမတော်မျက်နှာကို ချစ်ခင်မြတ်နိုးစွာ ကြည့်တော် မူလိုက်ပြီး-

"နှုတ်ခမ်းပါးကလေးနဲ့ စကားတတ်တော်မူတိုင်း ပြောတတ်လိုက်တာ စုထားရယ်၊ မဖုရား ကတော့ ညီမတော် လက်ကလေး နာတော်မူသွားမှာ စိုးရိမ်တော်မူတာနှင့် ညှာတော်မူတဲ့ သဘောနှင့် ကရုဏာပြော ပြောတော်မူလိုက်တာပါ၊ ကိုင်း ... ကိုင်း ဒါဖြင့် စုစု အလိုတော် အတိုင်း လက်သုတ်ပ၀ါများကို ညှပ်တော် မူပါတော့"

အလိုတော်လိုက်ခါ ညှာတော်မူသည့်သဘောနှင့် လိုက်လျောမိန့်တော်မူလိုက်မှ စုဖုရား လတ်လည်း ကတ်ကြေးကြီးကို မနိုင်တနိုင် ကိုင်တော်မူကာ ရှန်ထည်လက်သုတ်ပ၀ါများ ကိုက်ညှပ်တော်မူစပြုလေ၏။
ထိပ်စုဖုရားလတ် နောက်တော်မှ ပါလာကြသော အပျိုတော် ခင်မြဇင်တို့မှာလည်း လက်ထဲက သင်္ကန်းထုပ် များကို စာရင်းနှင့်တကွ မယ်တော်အလယ်နန်းမိဖုရားကြီးအပါး တွင် ဆက်သနေကြ၏။
မယ်တော်ဖျားလည်း သမီးတော် ထိပ်စုဖုရားလတ်၏ ကုသိုလ်တော် လှူဖွယ်ပစ္စည်းများကို အားရကျေနပ် တော်မူသော မျက်နှာနှင့် ၀မ်းမြောက်နှစ်သက်စွာ ရှုစားတော်မူပြီး သံဃာ တော်များအတွက် လှူဖွယ် ပစ္စည်းများ ဖြစ်သည့်အားလျော်စွာ မြင့်မြတ်ရာ သလွန်တော် တစ်ခုပေါ်သို့ တင်ထားရန် ညွန်ကြား အမိန့်ရှိတော်မူလိုက်ပြီး ဆွမ်းတော်အုပ်များကို ပြင်ဆင်မြဲတိုင်း ဆက်လက်ပြင်ဆင်တော်မူရာက သမီးတော် နှစ်ပါး အတိုင်အဖောက် ပြောဆိုလျှောက်တင်နေသော စကားများကို ကြားတော်မူသဖြင့် အလိုက်သင့် ပြုံး၍ နားဆင်တော်မူနေမိပြီးမှ သမီးတော်စုဖုရားလတ်၏ လက်တော်တွင် မနိုင့်တနိုင်နှင့် ကိုင်တော်မူ ထားသော ကတ်ကြေးကြီးကို လှမ်း၍ မြင်တော်မူမိသောအခါ-

"အမယ်မင်း ... စုလတ်ရယ်၊ ကတ်ကြေးက ကြီးလှချည်ရဲ့၊ ဟဲ့မြဇင် ငါ့သလွန်တော်ဘေးမှ မကွေးမြို့စား ဆက်တဲ့ ကတ်ကြေးထက်ထက်ကလေး တစ်စင်း ရှိပါတယ်၊ နင့်သခင်ကို ယူပြီး ဆက်လိုက်ပါဘိ"
အခိုင်းတော် မူလိုက်မှ အပျိုတော်ကလေး ခင်မြဇင်လည်း မယ်တော်ဘုရားကြီး စေခိုင်း တော်မူတဲ့အတိုင်း စုဖုရားလတ်အား ကတ်ကြေးသွား၍ ဆက်ရလေ၏။
"ဟဲ့ ... မြဇင်ရဲ့၊ မိဘွားသစ်ကြီးတစ်ယောက် မမြင်ပါကလား"
မယ်တော်ဘုရားက မေးတော်မူလျှင်-

"တင့်ပါဘုရား၊ အရှင်ထိပ်စုမြတ်ဖျားက အဆောင်တော်မှာ နေရစ်ရမယ်လို့ အမိန့်တော်ချ ထားသဖြင့် အခစား မပါလာကြောင်းပါဘုရား"
ခင်မြဇင်က လျှောက်လျှင်-
"သြော် ... အထိန်းတော်ကြီးရယ်လို့ သင်းတစ်ယောက် ကြီးကြီးမားမား ရှိပါတယ်၊ ဘယ်သဘောနဲပ စုလတ်က ထွက်တော်မူရာ အတူပါအောင် ခေါ်တော်မူမလာရသလဲ"
ထုတ်၍ မိန့်တော်မူလေရာ ရှန်ထည်ပ၀ါ ဖြတ်တော်ကမူနေသော ထိပ်စုဖုရားလတ်က ကြားတော်မူသဖြင့်-

"မယ်မယ်ဖျား သစ်သစ်ကြီးကို စုစု ထားပစ်ခဲ့တာ တခြားကြောင့် မဟုတ်ပါ၊ စုစု ဆင်တော် မူစရာ ပန်းပေါင်းပုတီးတစ်ခု နေ့ချင်းပြီး အမြန်ကြိတ်ပြီး ဆက်ရမယ်လို့ ခိုင်းတော်မူထားခဲ့ပါ တယ်ဘုရား၊ သူ့ခမျာတော့ အပြောသား စုစု ထွက်တော်မူရာ သစ်သစ်မပါရင် မယ်မယ်ဖျား ဆိုတော်မူနေမယ်တဲ့၊ ဒါပေမဲ့ စုစုကလည်း ခုဆိုခုမှ ကြိုက်တော်မူတာနဲ့ ပန်းပေါင်းပုတီး မပြီးမှာစိုးလို့ မယ်မယ်ဖျား မေးတော်မူရင် သံတော်ဦး တင်လိုက်ပါမယ်၊ ပန်းပေါင်းပုတီ ကိုသာ နေမ၀င်မီ ပြီးအောင် ကြိတ်နှင့်ပါလို့ မှာထားခဲ့ ပါတယ်ဘုရား"
ဥာဏ်သွားတော် မူသလို လှည့်ပတ်လျှောက်တင်လိုက်သဖြင့် အဆင်သင့် ကိစ္စချောမော သွားလေ၏။

"သြော် ... စုလတ် စုလတ် စိတ်တော်ကလေးက ပြောင်းလဲပြီး လူကြီးပိုင်းထဲ ရောက်လာပြီ ရယ်လို့ စိတ်ချတော် မူနေတာ၊ ကလေးစိတ်၊ ကလေးဟန်နှင့် စိတ်မြန်ကိုယ်မြန် ရှိတော်မူ တုန်းပါပဲကလား၊ လုံကလေးရဲ့ ဘယ့်နှယ်တော် ပန်းပေါင်းပုတီးဆိုတာမျိုးဟာ တစ်နေ့တည်းနှင့် ပြီးစီးအောင်လုပ်လို့ ဖြစ်နိုင်ရိုးလား၊ မွှေးပေ့ဆိုတဲ့ ပန်းဝတ်ဆံတွေ ညက်ညက်ကြေအောင် တစ်နေကုန်ကြိတ်ရ၊ ကြိတ်ပြီးမှ အလုံးကလေး တွေလုပ်သီပြီး နေပူ ထဲမှာ ခြောက်သွေ့အောင် နှစ်ရက်၊ သုံးရက် လှမ်းရသေးတယ်၊ လှမ်းပြီးလို့ အခြောက်ကြီး ခြောက်လာမှ ခြောက်လာတဲ့ ပန်းပေါင်းအလုံးကလေးများကို အကွက်၊ အပိန့် အချိုးအစား ကျကျ သွေးလို့ အမွှေးအထုံ ကတိုးနှင့် ဂမုန်းပေါင်းစုံသပ်ပြီး ပိုးကြိုးနဲပ သီကုံးပြီးမှ နန်းသုံးတော်ဝင်၊ ပန်းပေါင်းပုတီးတစ်ကုံး ဖြစ်လာရတယ်၊ ဘယ်မှာ 'ခုရေတွင်းတူး ခုရေ ကြည်သောက်' ဆိုသလို မျက်စိအောင် တစ်နေ့တည်းနဲ့ ရောက်လာနိုင်မလဲ စုလတ်ရဲ့-

"ဒါနဲပ အဆောင်တော်ပြန်ရောက်လို့ ပန်းပေါင်းပုတီး မပြီးရလားဆိုပြီး ဘွားသစ်ကြီးကို စိတ်ကောက် တော်မူဦးမယ်၊ သြော် ... တကယ်ဆိုတော့လည်း ဘွားသစ်ကြီးမို့သာ ဒီသမီးတော်ရဲ့ သည်းညည်း ခံနိုင်ပေတာပဲ၊ စုစုအကြိုက်ကို အလိုက်အလိုက် ကြည့်ပြီး ခစား စောင့်ရှောက်ပေတယ်၊ တစ်နေ့မှ ဘုန်းတော်ကြီး လှသော ဘုရားကို ရွာကြီးကြီး တစ်ရွာ ထပ်သနားတော်ပါဦးဆိုတာ အမိန့်တော် ခံပေးရ ဦးမှာပဲ"

တစ်လျှောက်တည်း ဆက်၍မိန့်တော်မူလိုက်ရာ ထိပ်စုဖုရားလတ်မှာ အထိန်းတော်ကြီး ခင်ဘွားသစ်အား ရွာကြီးကြီး ထပ်၍သနားတော်မူစေရန် ခမည်းတော်ဘုရားထံ အမိန့်တော် ခံပေးမည်ဟု သိရှိတော်မူရလျှင် ချစ်ခင်ဆိုးနွဲ့ ကရိကထ ခံခဲ့ရှာသော အထိန်းတော်ကြီး အတွက် တပြုံးပြုံး ကျေနပ်လျက် နေတော်မူလေ၏။

သို့နှင့် မယ်တော် အလယ်နန်းအဆောင်တော်တွင် သားမယ်တော်သုံးပါ စကားအလျဉ်း သင့်ရာ လျှောက်တင် ပြောဆိုတော်မူကြရင်း အပါးရှိ အပျိုတော်တစ်စုနှင့်အတူ အလှူတော် ဆွမ်းအုပ်တွင် ပန်းကန်ဖန်ခွက်များ ပြင်ဆင်ခြင်း၊ ရှန်ထည်လက်သုတ်ပ၀ါများ၊ ဆွမ်းတော် အုပ်များတွင် ချည်နှောင်ခြင်း၊ ပ၀ါအုပ်မှ လက်သုတ်ရန် ရှည်ထည်ပ၀ါများကို တစ်ပိုင်းစီ ဖြတ်၍ ကတ်ကြေးနှင့်ညှပ်ခြင်းစသော အလှူအတန်း ကိစ္စအတွက် သက္ကစ္စမြောက် ကိုယ်တိုင် ဝေယျာဝိစ္စ ဆောင်ရွက်လျက်ရှိတော်မူကြရာ အချိန်အတန်ပင် ကြာညောင်း လျက် သူရိယာနေမင်း ဂေါရာသို့ ချည်းရုံမက ရွှေနန်းတော်ကြီး၏ အဆောင်တော် အသီး သီးတို့၌ ဆီမီးထွန်း အမှုတော်ထမ်းသားတွေ ၀င်ရောက်လာကြလျက် အနောက် ဘက်ပိုင်း မိန်းမဆောင်များအဖို့လည်း (*) မိန်းမစိုး ဆီမီးထွန်းအမှုထမ်းများ ရောက်လာကာ ဆိုင်ရာ ဆိုင်ရာ အဆောင်တော်များအတွင်းသို့ ရွှေတိုင်တော်များလင်း၍ သွားကြပြီဖြစ်လေရာ အဆောင်တော်များတွင် နေရောင်ခြည် ပျောက်၍ ဆီမီးရောင် တောက်နေသည်တွင်မှ သားမယ်တော်သုံးပါ၏ ဝေယျာဝစ္စ ကိစ္စများ လည်း ပြီးဆုံးခြင်းသို့ ရောက်လေတော့၏။

"ကဲ ... အတော်လည်း မှောင်သွားပြီး၊ ဒီဆွမ်းတော်အုပ်များကို နက်ဖြန် တစ်နေ့လုံး စားဖိုဆောင်မှူး အခန်းမှာ စီတန်းပြီး နေရာတကျ ထားစေရမယ်၊ သန်ဘက်ခါ အရုဏ်ဆွမ်း ကျက်သည်နှင့် တစ်ပြိုင်နက် ဆွမ်းအုပ်တော်များအတွင်းကို ဆွမ်းစမဲဟင်းလျာ အစုံအလင် ထည့်လျက် မိန်းမစိုးများကို သုဓမ္မာ ဇရပ်တော် အရောက် ရွက်၍ ပို့စေရမည်"
စီမံမိန့်ကြားတော် မူနေစဉ် အပျိုတော်တစ်ဦးက ပွဲတော်စာများ ပြင်ဆင်ပြီးကြောင်း သံတော်ဦးတင်သဖြင့်-

"ကိုင်း ... ကိုင်း စုကြီးရော စုလတ်ရော မိုးချုပ်လှပြီး၊ အဆောင်တော်ကို ညမှ အေးအေး ပြန်ကြတာပေါ့၊ လာ ... လာ မယ်ဖျားနှင့်အတူ ပွဲတော်တည်လှည့်ကြပေတော့"
မိန့်တော်မူသဖြင့် ထိုနေ့ညအတွက် ပွဲတော်စာကို မယ်တော်အဆောင်မှာပင် သားမယ် တော်သုံးပါး စားတော် ခေါ်ကြပြီးမှ အသီးသီး အဆောင်တော်သို့ ပြန်ကြွတော် မူကြလေတော့သတည်း။

(* မိန်းမစိုးဆိုသည်မှာ နန်းတော်ကြီး အနောက်ပိုင်း မိန်းမများအဆာင်များတွင် အမှုကိစ္စ ဆောင်ရွက်ရန် ခန့်ထားသော ယောက်ျားအမှုထမ်းများ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့မှာ မင်းပြစ်မင်ဒဏ်ကြောင့်ဖြစ်စေ၊ သဘာဝ အလျောက်ဖြစ်စေ ယောက်ျားအင်္ဂါ မပြည့်စုံတော့သော သူများ ဖြစ်သည်။)



အခန်း (၁၃) နက်ဖြန်မှာ ဆက်ဖတ်မယ်...
.

No comments: