Sunday, December 27, 2009
စာအုပ် (၂) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၅)
အခန်း(၅)
(၁)
နောက်နှစ်ရက်ကြာမှ ကျွန်တော့်အခန်းသို့ စူဇီ ရောက်လာသည်။ လာနေကျ အချိန်လည်းမဟုတ်ဘဲ ညနေ သုံးနာရီတွင် ရောက်လာခြင်းဖြစ်သည်။ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသည်။ တုန်လှုပ် ချောက်ချား နေပုံ ရသည်။ တရားသူကြီးက သူ့ကို သေမိန့်ချကြောင်း စီရင်ချက်ချနေသည်ကို နားထောင်ရလျှင်ပင် ယခု လောက် တုန်လှုပ် ချောက်ချားမည် မဟုတ်ဟု ကျွန်တော် ထင်မိပါသည်။
    "စူဇီ ဘာဖြစ်လာတာလဲ" ဟု ကျွန်တော်က ဆီးမေးသည်။
    "ဘာမှမဖြစ်ပါဘူး"
    နံရံမှာ ကပ်ထောင်ထားသည့် ပန်းချီကားကို သူကြည့်ချင်ယောင်ဆောင်နေသည်။
    "ဒီကားကို ဘယ်တုန်းက ဆွဲတာလဲ" ဟုမေးသည်။
    "အဲဒီကားလား... ကြာလှပြီလေ... ရက်ပေါင်းကို မရေနိုင်တော့ဘူး"
    သူက ခေါင်းညိတ်ရုံသာ ညိတ်သည်။ သူ့ကိုယ်ကို မတ်မတ်ရပ်လိုက်သည်။ ဘင်းနှင့် အတူတူ နေ့လယ်စာ စားပြီး ပြန်လာခြင်းဖြစ်ကြောင်း ကျွန်တော်သိသည်။ နေ့လည်စာ စာရင်း ဘာတွေ ဖြစ်လာခဲ့ကြသနည်းဟု ကျွန်တော် ဆက်စဉ်းစားနေမိသည်။ ဘင်းက သူ့ကို အလိုမရှိတော့ကြောင်း ပြောလိုက်ပြီဟု မှန်းကြည့် မိသည်။ ဘင်းသည် သူနှင့်အတူတူ နေ့လည်စာ မစားနိုင်တော့ဘဲ အလုပ်တွေပိနေသောကြောင့် အလုပ် ကိစ္စများ အတွက်သာ ဖောက်သည်တွေနှင့် အတူ နေ့လည်စာ စားနေရသည်ဆိုသည့် ဇာတ်လမ်းကို ကျွန်တော် မယုံပါ။ ထို့ကြောင့် သူ့ကို ဘယ်နေ့ ပထုတ်လိုက်မလဲဟု ကျွန်တော် မျှော်လင့်နေခဲ့သည်။ ပြီးတော့ ဗေဒင်ဆရာဟောလိုက် သည်ကိုလည်း စူဇီ ယုံသလို ကျွန်တော် မယုံပါ။
    သုံးချောင်းထောက်ပေါ်ရှိ ပတ္တူစပေါ်မှာ ပန်းချီကားကို သူ စိုက်ကြည့်နေသည်။
    "ဒီဥစ္စာ ဘယ်သူ့ပုံလဲ"
    "မင်းပုံလေ"
    သူက ထုံထုံ မှိုင်းမှိုင်းဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ပြီးတော့မှ ပြောသည်။
    "ကျွန်မ အခုပဲ ဘင်းနဲ့ တွေ့ခဲ့တယ်"
    "အိုး... ဟုတ်လား"
    "ကျွန်မတို့ ဇာတ်လမ်း ဆုံးသွားပြီ"
    "စူဇီ... ကိုယ် စိတ်မကောင်းပါဘူးကွာ"
    ကျွန်တော်က မရေမရာ ပြန်ပြောသည်။
    "ကျွန်မ ဗေဒင်ဆရာ တစ်ခုခုမှားတာ ဖြစ်ရမယ်၊ ဘင်းက ပြောတယ်၊ သူ့မိန်းမက အားလုံး သိသွားတဲ့အတွက် တို့ဇာတ်လမ်းကို ရပ်ကြစို့လို့ ဘင်းက ပြောတယ်၊ အိုး... ဟုတ်တယ်၊ သူ့မိန်းမ သိသွားလို့ ကျွန်မတို့ ဇာတ်လမ်း ကို ရပ်ပစ်လိုက်ရတာ၊ သူက ကျွန်မကို အခုထက်ထိ ချစ်နေသေးတယ်၊ သိလား"
    ထိုအချက်ကို သူမယုံကြည်ဘဲ ပြောနေခြင်းဖြစ်ကြောင်း ကျွန်တော်သိပါသည်။ သိက္ခာဆည်သည့် အနေဖြင့် ထိုစကားကို သူပြောခြင်းဖြစ်ပါသည်။ သူ့လေသံက ယုံကြည်မှု လျော့ပါး နေကြောင်းကိုလည်း သူ့ဟာသူ ပြန်သိနေပုံရသည်။
    "ဟုတ်တယ်... ကျွန်မကို သူချစ်နေတုန်းပဲ၊ သူက ပြောတယ်၊ မင်းကို အသည်းကွဲမတတ် ချစ်ပါတယ် စူဇီရယ်တဲ့... ကိုယ့်ဘ၀မှာ ဘယ်သူ့ကိုမှ ဒါလောက် မချစ်ခဲ့ဖူးပါဘူးတဲ့"
    ထိုစကားကိုပြောရင်း သူ တောင့်တောင့်ကြီး ရပ်နေသည်။ သူ့မျက်နှာမှာလည်း ဖြူရော်ပြီး တင်းမာ နေသည်။
    "ကောင်းပြီလေ... ရုပ်ရှင်သွားကြည့်လိုက်ဦးမယ်" ဟု ဆက်ပြောသည်။
    "ရုပ်ရှင်သွားမလို့လား စူဇီ... စကားနည်းနည်း ပြောရအောင် ခဏထိုင်ပါဦး၊ ကိုယ် ရေနွေးကြမ်းအသစ် တောင်းလိုက်မယ်"
    "မထိုင်ချင်တော့ဘူး... ရုပ်ရှင်ပဲ သွားကြည့်ချင်တယ်၊ ရောက်စီရုံမှာ ပြနေတဲ့ ရုပ်ရှင်ကားက သိပ်ကောင်း တာပဲတဲ့၊ တေးဂီတ ရုပ်ရှင်လေ သူများပြောတာ အစ်ကိုကြားဖူးတယ် မဟုတ်လား"
    "ကောင်းမယ်လို့ ကိုယ်မထင်ပါဘူးကွာ"
    "အိုး... အဲဒီကားအကြောင်းကို လူတိုင်း ပြောနေကြတာပဲ၊ ကောင်းလွန်းလို့တဲ့... ကျွန်မတော့ ဒီကားကို အလွတ်မခံနိုင်ဘူး"
    တံခါးပေါက်ဆီသို့ သူလျှောက်သွားသည်။ ရုပ်ရှင်ကြည့်ဖို့ ကိစ္စမှတစ်ပါး အခြားဘာကိုမှ ဂရုမစိုက် လေဟန် ကြိုးစား ဟန်ဆောင်နေသည်။
    "မင်းနဲ့အတူတူ ကိုယ်လိုက်ကြည့်လို့ ဖြစ်မလား စူဇီ"
    "မလိုက်နဲ့... ကျွန်မတစ်ယောက်တည်း သွားမယ်၊ အဲဒီကားကို အစ်ကို စိတ်ဝင်စားမယ်လို့ ကျွန်မ မထင်ဘူး"
    တံခါးကို သူဖွင့်သည်။ ပြီးတော့ ခဏရပ်ကာ နောက်သို့ လှည့်ပြီး ပြောသည်။ သူ့လေသံကလည်း ယုံယုံ ကြည်ကြည် ပြောနေခြင်း မဟုတ်ကြောင်း သိသာသည်။
    "ပိုက်ဆံအတွက်ပဲ ကျွန်မက စိတ်မကောင်းဖြစ်တာပါ၊ ဒါပါပဲ သူနဲ့ဇာတ်လမ်းပြီးသွားရတဲ့အတွက် ကျွန်မ စိတ်မကောင်းဖြစ်တာဟာ ပိုက်ဆံ ဆက်မရတော့မယ့် အကြောင်းတစ်ခုပဲ ရှိတယ်၊ ကျွန်မကို သူ မချစ်တော့ဘူး ဆိုရင်တော့ ကျွန်မ စိတ်ထိခိုက်ချင် ထိခိုက်မယ်၊ အခုဟာက သူ့မိန်းမကြောင့် ဖြစ်ရတာ၊ သူ့ မိန်းမ ကြောင့် ဒီဇာတ်လမ်းကို ရပ်ပစ် လိုက်ရတာ၊ အစ်ကို ယုံတယ်မဟုတ်လား"
    "ယုံပါတယ် စူဇီ"
    ကျွန်တော် လိမ်ပြောလိုက်ရတော့သည်။
    "အိုး... ဟုတ်ပါတယ်၊ ဘာမှ စိတ်ပူမနေနဲ့၊ သူ့မိန်းမကြောင့် ဒီလိုဖြစ်ရတာ၊ အခုထက်ထိ ကျွန်မကို သူ အရမ်း ချစ်နေတုန်းပဲ၊ ဒီကိစ္စအတွက် အစ်ကို့အနေစိတ်ပူစရာ အကြောင်းမရှိပါဘူးလေ"
    ပြီးတော့ ခပ်တောင့်တောင့်ကြီး ထွက်သွားကာ တံခါးကို ပြန်ပိတ်ထားခဲ့သည်။
(၂)
လသာဆောင်မှ ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ဘင်းသည် ခြေထောက်ကို ဆန့်ထားသည်။ လက်နှစ်ဖက်ကို ၀မ်းဗိုက်ပေါ်မှာ တင်ထားသည်။
    "ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ဆက်ဆံကြရာမှာ အရေးအကြီးဆုံးက စိတ်ဓာတ်ချင်း ပူးပေါင်း နိုင်ဖို့ဟာ အရေးအကြီးဆုံးပဲ၊ စိတ်ဓာတ်ချင်း အပြန်အလှန် အဖော်သဟဲ ဖြစ်နေဖို့ အဓိကပဲ၊ ခန္ဓာကိုယ် ဆိုတာ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ တစ်ပြားဖိုးတောင် အဓိပ္ပာယ်ရှိတာ မဟုတ်ဘူး"
    ဘင်းက ရုတ်တရက် စကားကိုဖြတ်လိုက်ပြီး ကျွန်တော့်ကို လှစ်ခနဲ တစ်ချက်လှမ်းကြည့်သည်။ ပြီးတော့ မခံချိ မခံသာလေသံမျိုးဖြင့် ပြောသည်။
    "အေး... ပြုံးပေါ့... ကိုယ့်လူရာ ပြုံးပေါ့... ကိုယ့်လူ ပြုံးချင်ရင် ပြုံးနိုင်ပါတယ်၊ ကိုယ့်ကို ဘယ်လိုမှ မထိခိုက်ပါဘူး"
    "ကျွန်တော် စိတ်မကောင်းပါဘူးဗျာ၊ ဘယ်လိုသဘောနဲ့မှ ပြုံးတာမဟုတ်ပါဘူး၊ ကစ်ကက်မှာ ကော်ဖီသောက်ကြရင်း ခင်ဗျားပြောခဲ့ဖူးတဲ့စကားကို ပြန်သတိရလို့ ပြုံးမိတာပါ၊ ယောက်ျား မိန်းမ နှီးနှောမှု လျော့နည်းနေရင် လူတွေရဲ့ စိတ်ဓာတ် မမှန်ကန်နိုင်တော့ဘူးဆိုတာ သဘောပေါက်လာပြီလို့ ခင်ဗျား ပြောခဲ့တယ်လေ"
    "အဲဒီတုန်းက ပြောခဲ့တာတွေဟာ အလကားပါ... အဓိပ္ပာယ်မရှိ ပြောခဲ့တာတွေပါ၊ အဲဒီ အချိန်ကတော့ ကျုပ်ဟာ ကစားစရာအရုပ်အသစ်ကလေးတစ်ခု ရလာတဲ့ ကလေးတစ်ယောက်လို ဖြစ်ခဲ့တယ်လေ၊ အေး... တစ်ခုတော့ ပြောနိုင်ပါတယ်၊ ဒီအတွေ့အကြုံတွေအတွက်တော့ ကျုပ် ၀မ်းမနည်းပါဘူး၊ ကျုပ်ရဲ့ အသိ ဥာဏ်တွေ ပွင့်လင်းတိုးတက်လာဖို့အတွက် ဒါဟာ အမှန်တကယ် လိုအပ်တယ်ဆိုတာ ကိုယ် သေသေ ချာချာ သိပါတယ်၊ ဒီလိုဖြစ်ခဲ့ရတဲ့ အတွေ့အကြုံကြောင့် ကျုပ် အာရုံခံစားတတ်လာတယ်၊ အခုတော့ ဟိုတုန်းက ပြောခဲ့တာတွေဟာ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာ ကျုပ် ကောင်းကောင်းသဘော ပေါက်သွား ပြီ၊ လိင်မှုကိစ္စကို အလေးထား တယ်ဆိုတာ တကယ်ကတော့ ဘာမှ အဓိပ္ပာယ်မရှိဘူး"
    "သဲကန္တာရထဲမှာရှိနေတဲ့ လူတစ်ယောက်က ရေဟာ ဘာမှ တန်ဖိုးမရှိဘူးလို့ သဘောထားတာနဲ့ တူနေဦးမယ်နော်" ဟု ကျွန်တော်က ပြန်ပြောသည်။
    "ကိုယ့်လူပြောတဲ့ အဓိပ္ပာယ်ကို ကျုပ် ကောင်းကောင်းနားမလည်ဘူး"
    "ဒီလိုလေဗျာ... သဲကန္တာရထဲမှာရှိနေတဲ့ လူတစ်ယောက်ဟာ ရေကို အလွန်အကျူးသောက်ထားရတယ် ဆိုပါတောာ့၊ ဒီအချိန်မျိုးမှာ ရေဟာ သဲကန္တာရထဲမှာ ဘယ်လောက်မှ အရေးမကြီးဘူးလို့ ထင်တာမျိုး ဖြစ်နေဦးမယ် လို့ ဆိုလိုတာပါ"
    "အင်း... ခင်ဗျားပြောတာ ကျုပ် အရေးမစိုက်ပါဘူး၊ ကျုပ်က ဒီကိစ္စကြီးကို လက်တွေ့ ကြုံတွေ့ ခဲ့ရပြီးပြီလေ၊ မောင်ရင်လည်း တစ်နေ့ကျတော့မှ ကိုယ့်ဘာသာကိုယ် ကြုံရပြီး ကိုယ်တွေ့ သိလာမယ်"
    သူသည် တစ်ခါမျှ ယခုလောက် စကားကြီး စကားကျယ်တွေကို မသုံးနှုန်းခဲ့ဖူးချေ။
    "ဘာပဲဖြစ်ဖြစ်ပေါ့လေ... ဒီကိစ္စမှာတော့ ဘယ်လီဇဘက်ဟာ အင်မတန် အံ့သြစရာ ကောင်းလောက် အောင် ကိုင်တွယ် ဖြေရှင်းသွားတယ်၊ တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလောက် အောင်ပါပဲ"
    ကျွန်တော့်အခန်းထဲမှ စူဇီထွက်သွားပြီး ခဏအကြာမှာပင် ကျွန်တော့်ကို သူ ဖုန်းလှမ်းဆက်သည်။ ကျွန်တော်နှင့် လာတွေ့ပါရစေဟု ပြောသည်။ ယခု ဖြစ်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော့်ကို ဖြေရှင်း ပြမှ ဖြစ်မည်ဟု သူ ယုံကြည်နေပုံ ပေါက်သည်။
    စူဇီနှင့် သူ့အကြောင်း အယ်လီဇဘက်ကို ဖွင့်ပြောလိုက်သည် ဆိုခြင်းမှာ အမှန်ဖြစ်ပါသည်။ အမှားတစ်ခု ကျူးလွန် ထားမိသဖြင့် ဖွင့်ဟ၀န်ခံခြင်းမျိုးမဟုတ်။ အယ်လီဇဘက် စိတ်ထိခိုက်စေ လိုသောကြောင့် သူ ဖွင့်ပြောခြင်း ဖြစ်သည်။
    သူတို့လင်မယားနှစ်ယောက် ရန်မဖြစ်ကြတော့ဘဲ အဆင်ပြေနေကြပြီဖြစ်ကြောင်း ကစ်ဘက်တွင် ကျွန်တော့်ကို သူပြောပြခဲ့သည်။ သို့သော်လည်း ထိုအခြေအနေကလေးသည် အချိန်ကြာမြင့်စွာ တည်မြဲ မနေ။ ရက်များ မကြာမီမှာပင် လင်နှင့်မယား လျှာနှင့်သွား ဆိုသကဲ့သို့ တကျက်ကျက်ဖြစ်မြဲ ပြန်ဖြစ်ကြ တော့သည်ဟု ဆိုသည်။ သူတို့အိမ်မှာ ဧည့်ခံပွဲကလေးလုပ်သည့် ညက သူကလည်း အရက်မူးမူးနှင့် လင်မယား ရန်ဖြစ်ကြသည်။ အယ်လီဇဘက်က အလွန်နာကြည်း စရာကောင်းသည့် စကားလုံး တွေသုံး သည်။
    ထို့ကြောင့် သူနှင့်စူဇီ နေ့လည်စာ အတူစာရင်း တွေ့နေကြသည့် ဇာတ်လမ်းကို သူက ဖွင့်ပြောပစ် လိုက်ခြင်း ဖြစ်သည်။
    စစချင်းတော့ အယ်လီဇဘက်က မယုံ။ တဖြည်းဖြည်းနှင့် သူ့တစ်ကိုယ်လုံး သွေးဆုတ်သွားသည်။ နောက် ဘာစကားမှ မပြောတော့ဘဲ အိပ်ရာထဲ ၀င်သွားသည်။ ၁၅ မိနစ်ကြာသောအခါ ကားမောင်း ထွက်သွားသံ ဘင်း ကြားလိုက်ရတော့သည်။ ဘင်းက ၀ီစကီ ထပ်သောက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစား နေသေးသည်။ ညသန်းခေါင် တိုင်အောင် အယ်လီဇဘက် ပြန်မလာသောအခါ သူ စိတ်ပူစ ပြုလာသည်။
    မိတ်တွေအပေါင်းအသင်းများ အိမ်သို့ ဖုန်းဆက်သည်။ ဟိုတယ်များကို ဖုန်းဆက်စုံစမ်းသည်။ သို့သော် လည်း အယ်လီဇဘက်၏ အရိပ်အရောင်ကို မည်သူကမှ မမြင်ကြဟု ပြောသည်။
    "ကျွန်မကတော့ ကိုယ့်ဟာကိုယ်များ သက်သေမယ်ဆိုရင် ဟောဒီနေရာကနေ ခုန်ချလိုက်မှာပဲ" ဟု အယ်လီဇဘက်က တစ်ခါပြောဖူးသည့် စကားကို သူအမှတ်ရသည်။ ကျွန်း၏ အစွန်ဆုံးရှိ ကျောက်ဆောင် ကြီး၏ ထိပ်ဖျားနေရာသို့ လမ်းလျှောက်သွားကြရင်း ပြောခဲ့ခြင်းဖြစ်သည်။
    အယ်လီဇဘက် သူ့ကိုယ်သူ သက်သေသွားပြီဟု ဘင်းက ယုံကြည်လိုက်သည်။ စိတ်အပူကြီး ပူလာသည်။ ထို့ကြောင့် တက္ကစီကားတစ်စီး လှမ်းခေါ်ပြီး ထိုနေရာကို သွားရှာသည်။ သို့သော်လည်း ဘာအရိပ် အရောင်မှ မတွေ့ရ။
    သူပြန်လာတော့ မိုးထိန်ထိန်လင်းနေပြီ။ အိမ်ပြန်ရောက်သောအခါ အယ်လီဇဘက်ကိုမတွေ့ရသေး။ ထို့ကြောင့် ရဲစခန်းများသို့ တကျော့ပြန် ထွက်သွားသည်။ မနက်ရှစ်နာရီခွဲလောက်တွင် အကြီးအကျယ် စိတ်ဆင်းရဲ ခြင်းနှင့်အတူ အိမ်ပြန်ရောက်လာပြန်သည်။ ထိုအခါကျတော့မှ အိမ်ပေါက်ဝမှနေ၍ အယ်လီဇဘက် ကိုယ်တိုင် သူ့ကို ပြုံးရွှင်စွာ ဆီးကြိုနေသည်ကို တွေ့ရတော့သည်။
    "အိုး... ဟယ်လို ဒါလင်" ဟု ဘာမှမဖြစ်သလို ပြုံးပြုံးရွှင်ရွှင် ဆီးကြိုနှုတ်ဆက်သည်။ အခါတိုင်း သူ ရုံးမှ ပြန်လာသည့်အခါ ကြိုဆိုနှုတ်ဆက်ပုံမျိုးပင် ဖြစ်နေသည်။ ထိုသို့ ဆီးကြိုရင်း ဘင်း၏ မျက်နှာပေါ်မှ အံ့သြသည့် အမူအရာများကို အယ်လီဇဘက်က သတိပြုမိသွားသည်။
    "ဒါလင်... ဘာတွေ လျှောက်လုပ်နေတာလဲဟင်"ဟု ဆက်မေးသည်။
    ထိုညက အယ်လီဇဘက်သည် မိတ်တွေတစ်ယောက်အိမ်မှာ အိပ်သည်။ ထိုအိမ်ကို ဘင်း ဖုန်းဆက် သေးသည်။ သို့သော်လည်း အယ်လီဇဘက်က မရှိဘူး ပြောပါဆိုသဖြင့် အိမ်ရှင်က ထိုအတိုင်း ဖြေခဲ့သည်။ အိပ်ဆေး သောက်ပြီး သူ အိပ်နေခဲ့သည်။
    "အိပ်ဆေးသောက်ပေမယ့် ကောင်းကောင်း အိပ်လို့ မပျော်ပါဘူး... ကြက်အိပ် ကြက်နိုးပါပဲ ဒါလင်ရယ်"
    အယ်လီဇဘက်က ပြုံးပြုံးရွှင်ရွှင်ကြီး ပြောနေသည်။ ပြီးတော့မှ စာတစ်စောင် ကမ်းပေးသည်။
    "အိုး... မေ့နေလိုက်တာ ဒါလင်ရယ်၊ ဟောဒီမှာ ကျွန်မရဲ့ ရာဇသံ" ဟုလည်း အော်လိုက်သေးသည်။
    အယ်လီဇဘက်၏ ရာဇသံကို မိတ်ဆွေတစ်ယောက်၏ မှတ်စုစာရွက်တစ်ရွက်ပေါ်မှာ ရေးထားသည်။ ဘင်းနှင့်အတူ ဆက်လက်ပေါင်းသင်းနေထိုင်ဖို့အတွက် စည်းကမ်းချက်တွေ ရေးထားသည်။
    ရုံးချိန်ပြီးသည်နှင့် တစ်ပြိုင်တည်း ကစ်ကက်တွင် လုံးဝ အရက် ၀င်မသောက်ရ၊ စူဇီနှင့် ချက်ချင်း အဆက် အသွယ်ဖြတ်ရမည် ဆိုတာတွေ ပါသည်။
    ဘင်း ရွက်တိုက်သည်ကို ကန့်ကွက်မိခြင်းမှာ သူ၏ အမြင် ကျဉ်းမြောင်းခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု ရွက်ပြန်တိုက်ခွင့် ပြုကြောင်းလည်း ပါရှိသည်။
    "တကယ့်ကို အံ့သြစရာကောင်းပါတယ် ကိုယ့်လူရယ်... ပြဿနာကြီး တစ်ခုလုံးကို လိမ်လိမ်မာမာကလေးနဲ့ ကိုင်တွယ် ဖြေရှင်းပစ်လိုက်တာပဲ၊ အယ်လီဇဘက်လို တော်တဲ့ မိန်းမမျိုး တစ်ရာမှာ တစ်ယောက်တောင် ရှိမှာ မဟုတ်ဘူး၊ အင်း... ဒါလည်း မမှန်သေးဘူး၊ တစ်ထောင်မှာ တစ်ယောက်တောင် မရှိနိုင်ဘူး"
    ကျွန်တော် ဘာမှမပြောဘဲ ငြိမ်ထိုင်နေမိသည်။ အယ်လီဇဘက်သည် ယခုထက်ပိုပြီး အလိမ္မာသုံးလိုက်နိုင်ဦးမည် ဆိုလျှင် သူတို့၏ အနာဂတ်ဘ၀သည် ပို၍ပင် ကောင်းမွန်သွားပေလိမ့်ဦးမည်ဟု ကျွန်တော် စဉ်းစားနေမိပါသည်။
    ဘင်းက ကျေကျေနပ်နပ်ကြီး ဆက်ပြောနေပြန်သည်။
    "ဒီအဖြစ်ဟာ ကျုပ်တို့ အိမ်ထောင်ရေးရဲ့ အလှည့်အပြောင်းကြီးတစ်ခုပဲ၊ ဒါအတွက်တော့ ဘာမှ သံသယဖြစ်စရာ မရှိဘူး၊ ကျုပ်တို့နှစ်ယောက်စလုံး ဘ၀သင်ခန်းစာ ရသွားကြပြီလေ၊ အခုဆိုရင် စိတ်ဓာတ် ရေးရာအရ ဘ၀အဖော်အဖြစ် ကျုပ်တို့ အိမ်ထောင်ရေးကို ခရီးဆက်နိုင်ပြီ၊ စူဇီနဲ့ ဆိုရင်တော့ ဒါမျိုး မရနိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် သူနဲ့ ဇာတ်လမ်းကို အပြီးသတ်လိုက်ဖို့တော့ ကျုပ်ဆုံးဖြတ်ပြီးပြီ"
    "ကောင်းပါတယ်ဗျာ ခင်ဗျားစိတ်လည်း အနည်ထိုင်လာပြီလို့ ကျွန်တော် ထင်ပါတယ်" ဟု ကျွန်တော်က ပြောသည်။
    "ကဲပါ...တည့်တည့်ပဲ ပြောကြပါစို့၊ စူဇီနဲ့ ကျုပ်ရဲ့ ဆက်ဆံရေးဟာ ဇာတ်လမ်းစကတည်းက နိပ်ခဲ့တာ မဟုတ်ဘူး၊ စိတ်ဓာတ်ရေးရာအရ ပေါင်းလို့ သင်းလို့ရခဲ့တာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ်လေ ကျုပ်က သူ့ကို အပြစ်ဆိုနေတာတော့ မဟုတ်ပါဘူး၊ ဒါတော့ မောင်ရင် သဘောပေါက်ထားပါ၊ သူ လုပ်နေရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ သူကြီးပြင်းလာခဲ့ရပုံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် စူဇီဟာ အင်မတန် တော်တဲ့ မိန်းကလေးဖြစ်တယ်၊ သူ ကျောင်းမနေရတဲ့အတွက် စာမတတ် ပေမတတ် ဖြစ်နေတာ ဟာလည်း သူ့အပြစ် မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျုပ်တို့ နှစ်ယောက်မှာ တူတာ ဘာတစ်ခုမှ မရှိဘူး၊ စကားပြော စရာ ဘာအကြောင်းမှ မရှိဘူး"
    "ဒါမျိုးတွေ ကျွန်တော်တို့ အမြဲတမ်း ကြုံတွေ့နေကြရတာပဲ မဟုတ်လားဗျာ"
    "ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ကျုပ်တော့ သူနဲ့ပတ်သက်ပြီး ဘယ်လိုမှ စဉ်းစားလို့ မရဘူး၊ သူ့ကို ကျုပ် သတင်းစာဖတ်ပြတယ်ဗျာ၊ စီးပွားရေးလုပ်ငန်းအကြောင်း၊ နိုင်ငံရေးအကြောင်း၊ ရွက်တိုက်တဲ့အကြောင်း၊ ဒါပေမဲ့ သူ ဘာမှ နားမလည်ဘူး၊ ဆာဝင်စတန်ချာချီရဲ့ နာမည်ကိုတောင် သူ မကြားဖူးဘူးဆိုတာ တွေ့ရတော့တယ်" ဟု သူက ပြောသည်။
    "အံ့သြစရာကြီးပါလား... ဟုတ်ကော ဟုတ်ရဲ့လားဗျာ"
    "ဒီမှာ ကိုယ့်ဆရာ... သေသေချာချာကို ဟုတ်တာပေါ့၊ ကျုပ်က ပြောပြတယ်၊ ဒါတော့ မင်း ကြားဖူးရမှာပေါ့လို့၊ ဒုတိယကမ္ဘာ စစ်ကြီးအတွင်းက ဗြိတိန်နိုင်ငံရဲ့ ၀န်ကြီးချုပ်ပဲလို့၊ အဲ... အဲဒီမှာ ခွကျပြန်ရော... ၀န်ကြီးချုပ် ဆိုတာကိုလည်း ဘာမှန်း သူမသိဘူး..."
    "အင်း... ခင်ဗျား မကြားဖူးဘူး ဖြစ်နိုင်တဲ့ မော်စီတုန်းတို့၊ ဆွန်ယက်ဆင်တို့၊ ချင့်မင်းတို့ ဆိုတာတွေတော့ သူ ကြားဖူးရမှာပေါ့ဗျာ" ဟု ကျွန်တော်က ပြောသည်။
    "ရှေ့က နှစ်ယောက်တော့ ကျုပ်သိတယ်၊ ဒါပေမဲ့ နောက်ဆုံး ငတိကိုတော့ မသိဘူး"
    "အဲဒါက ငတိမဟုတ်ပါဘူး... ကွယ်လွန်သွားသူတွေကို ဂုဏ်ပြုတဲ့ တရုတ်ပွဲတော်တစ်ခုရဲ့ နာမည်ပါ" ဟု ကျွန်တော်က ပြန်ဖြေသည်။
    "ဪ... ဟုတ်ပြီ၊ ကျုပ်မှန်မိပြီ၊ တော်တော် အနှောင့်အယှက်ကပေးတဲ့ ပွဲတော်ပဲ၊ ဘာကြောင့်လဲ ဆိုတော့ အဲဒီပွဲတော်နေ့ ရောက်လာပြီဆိုရင် ကျုပ်ရုံးမှာ ရှိနေတဲ့ တရုတ်အမှုထမ်းတွေ အားလုံးက လစာအပြည်နဲ့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးစေချင်ကြတယ်၊ ကျုပ်တို့ကလည်း မလွှဲသာတော့ ပိတ်ပေး ရတယ်၊ သူတို့က ဘာလုပ်တယ်ထင်သလဲ၊ သုသာန်သွားပြီး အမျိုးတွေ အဆွေတွေရဲ့ အုပ်ဂူကို ရှင်းကြတာပဲ၊ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောရဦးမယ်ဗျာ... အုတ်ဂူတွေ သွားရှင်းတာဟာ မှန်တယ်လို့ ယုံကြည်နေတဲ့ တရုတ်မကလေး တစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး စိတ်ဓာတ်ရေးရာအရ ဘ၀ကြင်ဖော် ဖြစ်နိုင်ပါ့မလဲ"
    သူ ပြန်ဖို့ ထိုင်ရာမှ ထပြီး ပင်လယ်ပြင်သို့ လှမ်းမျှော်ကြည့်သည်။ လှေလှော်ရွက်တိုက်အသင်းမှ ရွက်လှေများ ရွက်တိုက်နေကြသည်ကို လှမ်းမြင်ရသည်။ ရွက်ကလေးများမှာ နေရောင်အောက်တွင် ဖွေးဖွေးလှုပ်နေကြသည်။ ဒါကိုမြင်တော့ သူ့မျက်လုံးအစုံမှာ မျှော်လင့်ချက်များဖြင့် အရောင်တဖိတ်ဖိတ် တောက်လာသည်။
    "တနင်္ဂနွေနေ့မှာ ကျုပ် လုပ်ရမယ့် အလုပ်ဟာ အဲဒါပဲ" ဟုလည်း ပြောသည်။
    "ခင်ဗျား ရွက်တိုက်ခွင့်ရမှာက စနေနေ့ညနေလို့ ကျွန်တော် ထင်ပါတယ်ဗျာ"
    ကျွန်တော့်ပါးစပ်မှ စကားမဆုံးမီမှာပင် သူ ရက်မှားပြောမိသည်ကို သူ့ဟာသူ ပြန်သဘောပေါက်သွားပုံရသည်။
    "ဟုတ်ပါရဲ့ စနေနေ့ပဲ၊ ကျုပ်ပြောတာလည်း စနေနေ့ကို ပြောတာပါပဲလေ"
    သူ့မျက်လုံးများ အရောင်မတောက်တော့ပါ။ တစ်စုံတစ်ရာဖြင့် ရှုပ်ထွေးနေဟန် ပေါ်လာပြန်သည်။
    ဆိပ်ကမ်းတွင် တစ်စုံတစ်ရာကို သူ သတိပြုမိဟန်တူသည်။ ကျွန်တော် လှမ်းကြည့်လိုက်သောအခါ ရေတပ်မှ တိုက်သင်္ဘောတစ်စီးနှင့် စခန်းချနေသည့် ဗြိတိသျှ ဘုရင့်ရေတပ်မတော်မှ စစ်သင်္ဘောတစ်စီးကို မြင်ရသည်။
    သူ့မျက်လုံးများကို ကျွန်တော် လှမ်းကြည့်လိုက်မိပြန်သည်။ စောစောက ရှုပ်ထွေးနေသည့် အမူအရာများ လွင့်စင် ကွယ်ပျောက်ပြီး အရောင်တောင်လာပြန်သည်။ စစ်သင်္ဘောကို မြင်ရတော့ စစ်ဗိုလ်ဘ၀သို့ သူ ပြန်ရောက်သွားဟန်တူသည်။ သူ စစ်ဗိုလ်ဘ၀တုန်းက မိန်းမ မရှိ။ မိန်းမနှင့် ဆက်ဆံခြင်း မရှိ။ စိတ်ကူးယဉ်ခြင်း မရှိ။ စိတ်လှုပ်ရှားခြင်း မရှိ။
    သူ မျက်နှာလွှဲလိုက်သည်။ သူ့မျက်လုံးထဲ တောက်ပြောင်မှုတွေ ပျောက်ကွယ်သွားပြန်သည်။ စောစောက ရှုပ်ထွေးသည့် အမူအရာ များ ပေါ်လာပြန်သည်။ သူ့ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်သိည်။
    "ကျုပ်အတွက် တစ်ခုလောက် လုပ်ပေးပါဗျာ... လုပ်ပေးနိုင်မယ်မဟုတ်လား၊ စူဇီကို ကျုပ် ပိုက်ဆံပေးဖို့ ကြိုးစားပါတယ်၊ အမျိုးမျိုး ကြိုးစားပြီး ပေးကြည့်ပါတယ်၊ ဒါပေမဲ့ ခြူးတစ်ပြားတောင် သူ လက်မခံဘူးဗျာ၊ ဒီတော့ ကျုပ်ကိုယ်စား ခင်ဗျားကပဲ သူ့ကို ညစာလိုက်ကျွေးပေးပါ၊ သူလည်း စိတ်ပြေလက်ပျောက် ဖြစ်သွား အောင်ပေါ့"
    ကျွန်တော့်ကို ရာတန်တစ်ရွက် ပြောရဦးမယ်၊ သူက ကျုပ်ကို နည်းနည်းကလေးမှ ဂရုစိုက်တာ မဟုတ်ဘူး၊ သူ တကယ်ချစ်နေတဲ့လူက မောင်ရင်ပဲ ဆိုတာ ကျုပ် အမြဲတမ်း တွေးနေမိတယ်၊ ခင်ဗျား အကြောင်းတွေကို သူပြောပုံကြည့်ရင် သိနိုင်ပါတယ်၊ ကျုပ် အမှန်အတိုင်း ပြောနေတာပါ၊ သူ့တစ်ကိုယ်လုံး မှာ သူ့စိတ်အာရုံထဲမှာ မောင်ရင်သာ ကြီးစိုးနေတာပါ" ဟု သူက ပြောသည်။
    "အဲဒါက သူ့တင်ပါးကို ခင်ဗျား လက်ဝါးနဲ့ မရိုက်ခင်က ဖြစ်ပါလိမ့်မယ်ဗျာ၊ တာဇံကို အထင်ကြီးတာမျိုး ဖြစ်သွားတယ်"
    "ဟုတ်လား... ကျုပ်တော့ မသိပါဘူးဗျာ"
    "တကယ် ထိရောက်တယ်ဗျ၊ သူ့တင်ပါးကို ခင်ဗျားရိုက်လိုက်တာ သူ့ကို ခင်ဗျားရဲ့ ကျေးကျွန်ဖြစ်အောင် လုပ်လိုက်တာနဲ့ အတူတူပဲ၊ ခင်ဗျား အယ်လီဇဘက် ကို အဲဒီအတိုင်း စမ်းသပ် ကြည့်စမ်းပါလား"
    သူ့မျက်နှာကြီး ပြုံးသွားသည်။
    "အယ်လီဇဘက်ကို စမ်းရမှာလား၊ ဒီမှာ ကိုယ့်ဆရာ... ကျုပ် အိပ်မက်တောင် မမက်ရဲ... အေးလေ...တနင်္ဂနွေနေ့မျိုးမှာ လုပ်စရာ အလုပ်တစ်မျိုးတော့ တိုးလာတာပေါ့၊ ကျုပ် စဉ်းစား ကြည့်ပါဦး မယ်လေ"
(၃)
"အဲဒီလူဟာ အလကားလူ၊ နည်းနည်းမှ ကောင်းတဲ့လူ မဟုတ်ဘူး၊ သူနဲ့ ဆက်ဆံဖူးတဲ့ မိန်းကလေးတွေကို ကျွန်မတော့ သနားတယ်၊ နည်းနည်းမှ အသုံးကျတဲ့လူ မဟုတ်ဘူး၊ အမြဲတမ်း လိမ်ညာနေတာပဲ၊ မမှန်တာတွေကိုပဲ အမြဲတမ်းပြောနေတာပဲ၊ "စူဇီ...မင်းဟာ သိပ်ချစ်စရာကောင်းတယ်၊ စူဇီ... ပြီးတော့ မင်းကို လန်ဒန်ခေါ်သွားရမယ်" သူပြောခဲ့တဲ့ စကားတွေလေ... ဟုတ်တယ် ဒီစကားမျိုးတွေ ပြောတာ အကြိမ်ပေါင်း ငါးဆယ် မကဘူး၊ တစ်ရာမကဘူး၊ တစ်ထောင်မကဘူး၊ အဲဒီလိုပြောပြီး အခုတော့ ကျွန်မကို သူ ကန်ထုတ် လိုက်ပြီလေ"
    ဗြောက်အိုးများ ပေါက်ကွဲသလို စူဇီသည် ကျွန်တော့်အခန်းထဲမှာ ဆောက်တည်ရာ မရနိုင်အောင် ပေါက်ကွဲလေတော့သည်။
    စူဇီ ရုပ်ရှင်သွားမကြည့်ပါ။ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ခြေဦးတည့်ရာ လျှောက်နေခဲ့သည်။ သုံးနာရီလောက် ဦးတည်ရာမရှိ လမ်းလျှောက်ပြီး ကျွန်တော့်အခန်းသို့ ပြန်ရောက်လာသည်။ သူ့စိတ်များ ဆောက်တည်ရာ မရလောက်အောင် ခံစားချက် ပြင်းထိန်နေသော်လည်း ကျွန်တော့်အခန်းထဲသို့ ပြန်ရောက်စ တုန်းကမူ မည်သို့မျှ မနာကြည်းသလို ဟန်ဆောင်နေရသေးသည်။
    နောက်ဆုံး မထိန်းနိုင်တော့သည့်အဆုံးတွင် အစွမ်းကုန် ပေါက်ကွဲလေတော့သည်။ လေမုန်တိုင်းမွှေသလို အခန်းထဲမှာ ထင်တိုင်းကျဲတော့သည်။ သူ့မျက်နှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ကျွန်တော့် ဆေးလိပ်ပြာခံခွက်ကို ကောက်ယူပြီး နံရံဆီသို့ တအား လွှဲပေါက်လိုက်သည်။ အစိတ်စိတ် အမြွှာမြွှာ ကြေမွသွားသည်။ တစ်ခန်းလုံး ပြာခံခွက်အကွဲတွေ ဖုံးလွှမ်း သွားတော့သည်။
    ထိုအပြုအမူသည် အလွန်ကျန်းမာသန်စွမ်းသည့် လက္ခဏာဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ပြီးတော့ ကျွန်တော် စိတ်ချမ်းသာသွားသည်။ ဆေးလိပ်ပြာခံခွက်ကွဲသွားတော့ အခန်းထဲရှိ အခြားကွဲနိုင်ရှနိုင်သည့် အရာအားလုံးကို ကျွန်တော် သိမ်းဆည်းရတော့သည်။
    "ဟုတ်တယ်... ကျွန်မကို ကန်ထုတ်လိုက်တယ်၊ ပြီးတော့ ကျွန်မကို ပိုက်ဆံအတင်းပေးနေသေးတယ်"
    စူဇီသည် ပန်းချီဆွဲသည့် စုတ်တံတစ်ချောင်းကို ကောက်ယူပြီး ကျွန်တော့်အိပ်ရာကို တဗုန်းဗုန်း ရိုက်နေသည်။ ထိုစုတ်တံကို ကျွန်တော် အသုံးပြုပြီး အမှတ်တမဲ့ မဆေးဘဲ ထားခဲ့မိသည်။ ထို့ကြောင့် စောင်နှင့် အိပ်ရာခင်းများကို ပန်းရောင်ဆေးများ စွန်းကုန်သည်။ စောင်မှ အမွေးများလည်း စုတ်တံမှာ ကပ်ပါသွားသည်။ သူ ဘာကိုင်ထားမိသည်ကိုလည်း သတိပြုမိဟန် မတူ။ သူ့ လက်များမှာ၊ သူ့အ၀တ် အစားများမှာ၊ သူ့မျက်နှာမှာလည်း ပန်းရောင်ဆေးများ ပေကျံကုန်သည်။
    "စူဇီ... အဲဒီဟာ ကိုယ့်ကို..."
    ကျွန်တော်ပြောသည်ကို သူ နားမထောင်ပါ။
    "ဟုတ်တယ်... သူက ကျွန်မကို ပိုက်ဆံပေးဖို့ ကြိုးစားသေးတယ်၊ ကျွန်မကို လမ်းပေါ်က ကောင်မလို့ ရှင် ထင်နေသလားလို့ ပြန်မေးလိုက်တယ်၊ မသန့်ရှင်းတဲ့ ရှင့်ပိုက်ဆံတွေ ရှင့်ဟာရှင် သိမ်းထားလို့ ပြန်ပြော လိုက်တယ်"
    "ဒီလို ပြန်ပြောလိုက်တာ ကောင်းတာပေါ့ စူဇီ"
    ကျွန်တော်က အလိုက်သင့် ပြန်ပြောမိပါသည်။ ပထမတစ်ခေါက် သူ ရောက်လာစဉ်တုန်းက ဒီလိုမဟုတ်။ ငွေအတွက်သာ သူ အဓိကထားပါသည်။ ငွေကြေးမရတော့မည့်အတွက် စိတ်မကောင်းဖြစ်မိပါသည်ဟု ပြောသွားခဲ့သည်။ ယခုတော့ ပိုက်ဆံမလိုချင်ကြောင်း သူငြင်းခဲ့သည်ကို ပြန်ပြောပြနေသည်။ သို့သော်လည်း ခွင့်လွှတ်နိုင်သော အပြုအမူ အပြောအဆိုများသာ ဖြစ်ပါသည်။
    "အဲဒီလူ ဒုက္ခရောက်သွားအောင် ကျွန်မ လုပ်ရမယ်၊ ဟုတ်တယ်... လုပ်ကို လုပ်ရမယ်၊ မနက်ဖြန်ကျရင် သူ့ရုံးကို သွားရမယ်၊ သူ့ရုံးက လူတိုင်းကို ပြောပြရမယ်၊ ရှင်တို့ဆရာဟာ အလကားလူလို့ ...ကျွန်မဟာ အပျိုကလေးလို့... မိကောင်းဖခင် သမီးလေးလို့... ရှင်တို့ဆရာက ကျွန်မကို ပန်းကောင်းအညွန့်ချိုး လုပ်သွား တယ်လို့ ပြောကို ပြောပစ်ရမယ်"
    ထိုစကားများကို ပြောရင်း ထိုအချက်အားလုံးသည် အမှန်များချည်း ဖြစ်သည်ဟု သူ ယုံကြည် လာပုံလည်း ပေါ်သည်။ ထိုသို့ ယုံကြည်မှု ရှိလာသည်နှင့်အတူ ပို၍ ဒေါသကြီးလာပြန်သည်။
    ဘင်းကို ဒုက္ခပေးနိုင်မည့် အခြားနည်းလမ်းများကိုလည်း သူ စဉ်းစားလာသည်။ ရုံးကိုသာမက အိမ်ကိုလည်း သွားရမည်ဟု ဆိုသည်။ အိမ်မှာရှိနေသည့် အခိုင်းအစေတွေအားလုံး၊ အိမ်ထော်အားလုံးကို သည်အကြောင်း ပြောပြပြီး သူ့အရှက်ခွဲရမည်။
    အကောင်းဆုံးနည်းလမ်းကတော့ ဟောင်ကောင်မှာရှိနေသည့် နံပါတ်-၁အင်္ဂလိပ်အရာရှိကြီးထံ စာရေးတိုင်ရမည်။ မည်သို့မည်ပုံ ရေးရမည်ကို သူက ပြောပြမည်။ ကျွန်တော်က လိုက်ရေးပေးရမည်။ နမ်ကောက်ဟိုတယ်ထဲမှာ သူ အရိုက်ခံရသည့် အကြောင်းနှင့် ထိုသို့ လာရိုက်စဉ်က သူ့ကိုယ်သူ ရဲအရာရှိပါဟု အယောင်ဆောင်သွားကြောင်းများ ထည့်ရေးရမည်။ မျက်မြင်သက်သေတွေရှိကြောင်း ဖော်ပြရမည်။ သည်လိုသာ တိုင်စာရေးလိုက်လျှင် သေချာပေါက် သူ ထောင်ကျသွားမည်။
    "ဟုတ်တယ်... သူတို့က သူ့ကို ထောင်ထဲ ပို့ပစ်လိုက်မှာ သေချာတယ်၊ နံပါတ် ၁ အင်္ဂလိပ် အရာရှိကြီးက သူ့ကို ထောင်ထဲ ထည့်ပစ်လိုက်မှာပဲ၊ နှစ်နှစ်လောက် ကျသွားနိုင်တယ်၊ သုံးနှစ်လည်း ဖြစ်နိုင်တယ်၊ ဒါမှ သူ့နှာခေါင်း ကျည်ပွေ့ တွေ့သွားမယ်၊ တွေ့လည်း တွေ့ထိုက်တယ်"
    ဘင်းကို ထောင်ထဲ ထည့်ပစ်ရမည် ဟူသော စိတ်ကူးပေါ်လာသည်တွင် စူဇီ အတန်ငယ် စိတ်သက်သာသွားပုံရသည်။ သူ့ဒေါသအရှိန်လည်း သိသိသာသာကြီး လျော့ပါးသွားသည်။
    "သုံးနှစ်လောက် ထောင်ကျသွားနိုင်တယ်လို့ ကိုယ်တို့ မှန်းကြည့်နိုင်တယ်၊ ဒါကလည်း သူ့အတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ပါပဲ" ဟု ကျွန်တော်ကလည်း သူ့ကို အားပေးအားမြှောက်ပြုသလို ၀င်ပြောပေးရသည်။
    စူဇီက စိတ်တုံးတုံးမချနိုင်သေးသလို ပြန်ပြောသည်။
    "ဟုတ်တယ်... အဆိုးဆုံးအချိန်တွေနဲ့ သူ ရင်ဆိုင်ရမယ်"
    ကျွန်တော်ကပါ ၀င်ပြီး ဘင်းကို အပြစ်တင်ခြင်းနှင့် ပတ်သက်၍မူ သူသိပ်ဘ၀င်ကျချင်ပုံမရ။ ယခုကိစ္စသည် သူ့ကိစ္စလုံးလုံးဖြစ်သည်။ ကျွန်တော်နှင့်မဆိုင်။ ထိုမျှမကသေး ဘင်းကိုပင် သူက ကာကွယ် လာပြန်သည်။ ယခုလို ဖြစ်ရသည်မှာ ဘင်းတွင် အပြစ်မရှိ။ သူ့မိန်းမ အယ်လီဇဘက်ကြောင့်သာ ယခုလို ဖြစ်ရသည်ဆိုကာ အယ်လီဇဘက်အပေါ် အပြစ်အားလုံး ပုချတော့သည်။ သူတတ်စွမ်သမျှ စကားလုံး မျိုးစုံဖြင့် အယ်လီဇဘက်ကို အပြစ်ဖို့ကာ ဆဲရေးတိုင်းထွာတော့သည်။
    အတော်ကလေး ကြာတော့မှ သူ့စိတ်များ ငြိမ်သက်သွားပြီး ပုံမှန်အနေအထားသို့ ပြန်ရောက်လာ လေတော့သည်။
    "စူဇီ မင်းမျက်နှာ ဘာတွေဖြစ်နေသလဲ သိလား၊ မှန်ထဲမှာ သွားကြည့်စမ်း" ဟု ကျွန်တော်က ပြောလိုက် သည်။
    မှန်ထဲမှာ သူ သွားကြည့်သည်။ ညိုးညိုးငယ်ငယ်ကလေး တစ်ချက်ပြုံးလိုက်သည်။
    "ဒါတွေက ဘာဖြစ်တာလဲ၊ ပန်းချီဆွဲတဲ့ ဆေးတွေလား၊ နေစမ်းပါစေ... အရေးမစိုက်ပါဘူး"
    သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူ ပြုံးလာပြန်သည်။ သူ့ကိုယ်သူ ကြိုးစားပြီးပြုံးသည့် အပြုံးမျိုး လည်း ဖြစ်သည်။
    "ကျွန်မ သူ့ရုံးကို သွားရမယ်၊ ကျွန်မ အပျိုစင်ကလေး မဟုတ်ဘူးဆိုတာ သူတို့သိမှာမှ မဟုတ်ဘဲ၊ သူ ဒုက္ခမျိုးစုံ ရောက်သွားအောင် ကျွန်မ လုပ်နိုင်တယ်"
    "ကိုယ်ကတော့ ဘုရင်ခံဆီ စာရေးပြီးတိုင်တဲ့ အကြံဥာဏ်ကိုပဲ ပိုသဘောကျတယ်"
    ကျွန်တော့်စကားကိုကြားတော့ ကျွန်တော့်ကို သောကမျက်လုံးများနှင့် သူ လှမ်းကြည့်ပါသည်။ သူ ခြိမ်းခြောက် နေသည့် အတိုင်း မလုပ်ဖြစ်အောင် ကျွန်တော်ကများ ၀င်ရောက်ဟန့်တားလေမည်လားဟု စိုးရိမ်ပုံ လည်း ပေါ်နေသည်။
    "မတိုင်ဘူး.... တိုင်စာရေးတာ မကောင်းဘူး၊ တိုင်စာရေးရင် သူ့မိန်းမဘာအပြစ်မှ ရမှာ မဟုတ်ဘူး၊ ထောင်ထဲကို သွားရမှာက သူ့မိန်းမ၊ သူ့မိန်းမကို ထောင်ထဲ ထည့်ပစ်ရမယ်"
    သူ့လက်များကို ပြန်ကြည့်ရင်း သူ ခစ်ခနဲ တစ်ချက်ရယ်လိုက်သည်။
    "ပေကျံနေတာပဲ"ဟုလည်း ပြောသည်။
    "ဟောဒီမှာ ဖမ်း"
    ဆေးချွတ်ဆီသုတ်ထားသော အ၀တ်စကို သူ့ဆီသို့ ကျွန်တော် လှမ်းပစ်ပေးလိုက်သည်။
    "ဒါလောက်တောင် ဒေါသတွေပေါက်ကွဲပြီးမှတော့ မင်း တအား ဆာနေရောပေါ့ စူဇီ... ကိုယ်တို့ တစ်ခုခု သွားစားကြရအောင်လား"
    "မစားဘူး... ဘာတစ်ခုမှလည်း မျိုလို့ကျမှာ မဟုတ်ဘူး"
    "ဒါပေမဲ့ ကြိုးစားပြီး စားကြည့်ပါဦးလား၊ ဘာဖြစ်လို့လဲဆိုတော့ ဘင်းရဲ့ ပိုက်ဆံကို ကိုယ် လက်ခံထားတာနဲ့ ပတ်သက်ပြီး မင်းစိတ်ထဲမှာ လိပ်ပြာမသန့် ဖြစ်လာလိမ့်မယ်၊ အဲဒီလိုဖြစ်တာကိုတော့ ကိုယ်မခံနိုင်ဘူး၊ မင်းကို ညစာလိုက်ကျွေးဖို့ ဒေါ်လာတစ်ရာ ကိုယ့်ဆီမှာ ရှိနေတယ်၊ လာပါကွာ... ကိုယ်တို့ဟာ ကိုယ်တို့ စိတ်ချမ်းသာအောင် ကြိုးစားကြည့်ကြသေးတာပေါ့" ဟု ကျွန်တော်က ထပ်မံ တိုက်တွန်း မိသည်။
    သည်တစ်ခါတော့ သူ လက်ခံလိုက်ပါသည်။ သို့သော်လည်း လိုလိုလားလားကြီးတော့ မဟုတ်။ သူ့လက်နှင့် မျက်နှာမှာပေနေသည့် ဆေးများကို ဆေးကြောပြီးသောအခါ ကျွန်တော်တို့ အပြင်ထွက် လာကြသည်။ တာဝန်ချိန်ပြီးသဖြင့် အိမ်ပြန်တော့မည့် အတောင်းကို ဓာတ်လှေကားနားမှာ တွေ့ရသည်။ ကျွန်တော်တို့ကို သူက ပြုံးနှုတ်ဆက်သည်။
    "ဆရာ့သူငယ်ချင်းတော့ အပြင်ထွက်သွားတယ်၊ ဆရာ လုံခြုံသွားပြီပေါ့" ဟု အတောင်းက ပြောသည်။
    "ဘုရားသခင်ရဲ့ ကျေးဇူးပေါ့ကွာ"ဟု ကျွန်တော်က ပြန်ပြောသည်။ စူဇီကိုရော ကျွန်တော့်ကိုပါ စကားမပြောဘဲ နေသည်။ အတောင်းကလည်း ကျွန်တော်တို့နှစ်ယောက်ကို သူ ကြားဝင်ဖျန်ဖြေ စေ့စပ်ပေး၍ မရနိုင်မှန်း သိနေသောအခါ ရော့ဒ်နေ၏ လှုပ်ရှားမှုမှန်သမျှ ကျွန်တော့်ကို မှန်မှန် သတင်းပို့ပေးနေသည်။ ထို့ကြောင့် ရော့ဒ်နေနှင့် တွေ့ပြီး စိတ်အနှောင့်အယှက် ဖြစ်ရမည့် အန္တရာယ်ကို ကျွန်တော် သတိထား ရှောင်တိမ်းနိုင်ခဲ့သည်။
    "အဲဒီ လိပ်ပြာတောင်ပံခတ်သလို အင်မတန်မိုက်မဲတဲ့ သတ္တ၀ါပဲ" စူဇီက လက်နှစ်ဖက်ကို လိပ်ပြာ တောင်ပံခတ်သလို ခတ်ပြရင်း ပြောသည်။
    "အင်း... ကျွန်မ စိတ်တော်တော် ငြိမ်သွားပြီ၊ ဟုတ်တယ်... အခုမှ ကျွန်မ တကယ်ဆာလာတယ်"
    "သိပ်ကောင်းတာပေါ့ စူဇီ... ကိုယ်တို့ ဘယ်ကိုသွားရင် ကောင်းမလဲ"
    "ဆိုင်သေးသေး ကလေးတစ်ခုကို သွားမယ်၊ မဟုတ်သေးဘူး... မဟုတ်သေးဘူး ဟိုတယ်ကြီးကြီး တစ်ခုကို သွားမယ်၊ ဟုတ်တယ် တီးဝိုင်းလည်းရှိတဲ့ ဟိုတယ်အကြီးကြီးကို သွားမယ်၊ ဒါမှ ကျွန်မတို့ စိတ်ချမ်း သာအောင် အဲဒီလူ လုပ်ပေးသလို ဖြစ်တော့မှာပေါ့"
    ကိုလုန်းမှာရှိသော ဟိုတယ်တစ်ခုကို ကျွန်တော်တို့ ရွေးလိုက်ကြသည်။ ကလည်း ကနိုင်သည်။ ဟိုတယ်က တီးဝိုင်းနှင့်လည်း ဖျော်ဖြေသည်။
    ထိုဟိုတယ်သို့ သွားမည်ဆိုလျှင် စူဇီ အ၀တ်အစား ပြန်လဲရမည်။ ထို့ကြောင့် နောက် လေးဆယ့်ငါးမိနစ်အကြာတွင် သဘောင်္ဆိပ်မှာ တွေ့ရန် ကျွန်တော်တို့ ချန်းလိုက်ကြသည်။
    စူဇီပြန်သွားတော့ ကျွန်တော့်အခန်းသို့ ပြန်လာပြီး အ၀တ်အစားလဲသည်။ နက္ကတိုင်တပ်သည်။ ထို့နောက် ကမ်းနားမှ အင်္ဂတေလမ်းတစ်လျှောက် ကျွန်တော် လျှောက်လာခဲ့သည်။
    သင်္ဘောဆိပ်သို့ ကျွန်တော် အရင်ရောက်နှင့်သည်။ စူဇီကို စောင့်ရင်း ဆိပ်ခံဗောတံတားမှာ ကြိုးချည်ထားသည့် သမ္ဗန်ကလေးထဲတွင် မာဂျောင်း ကစားနေကြသော မိန်းမတစ်ယောက်နှင့် ယောက်ျား တစ်ယောက်ကို ကျွန်တော် ကြည့်နေမိသည်။ အောက်လင်းဓာတ်မီး ထွန်းထားသည်။ အလယ်မှာ စက္ကူ သေတ္တာတစ်လုံး ချခင်းပြီး ထိုပေါ်မှာ မာဂျောင်းမွှေ နေခြင်းဖြစ်သည်။ လှိုင်းပုတ်သောကြောင့် သမ္ဗန် ကလေး က ယိမ်းထိုးနေသည်။ သူတို့ကား မမှု။
    ထိုအဖြစ်ကို ကြည့်ရင်း လှိုင်းမူးသလို မူးနောက်နောက်ဖြစ်လာသောကြောင့် ဆက်ကြည့် မနေတော့ဘဲ တစ်ဖက်သို့ လှည့်လိုက်သည်။
    ထိုအချိန်မှာပင် လန်ချားစီးပြီး စူဇီ ရောက်လာသည်ကို တွေ့ရသည်။ အဖြူရောင် ဘေးကွဲ တရုတ်ဂါဝန်ပေါ်တွင် ဘရိုကိတ်အင်္ကျီမှ ရွှေချည်မျှင်များနှင့် လိုက်ဖက်စေရန် ရွှေရောင်လက်ကိုင်အိတ်ကို ကိုင်ထားသည်။ သူ့လက်သည်းများ ကိုလည်း ဆေးအသစ် ဆိုးလာသည်။
    "စူဇီ လှလိုက်တာကွာ၊ ဒါလောက် အချိန်ကလေးအတွင်းမှာ မင်း သေသေချာချာ အလှပြင်နိုင်ခဲ့တာပဲ"ဟု ကျွန်တော်က ဆီးကြိုပြောသည်။
    "ကျွန်မ အရမ်းဒေါသဖြစ်လာတယ်၊ အဲဒီလန်ချားပေါ် တက်တုန်းက ကျွန်မ ခြေအိတ် ငြိပြီး စုတ်သွားတယ်"
    စူဇီက ပြောပြောဆိုဆို ကိုယ်ကိုလိမ်ကာ နောက်ဘက်သို့ ပြန်ကိုင်းပြီး သူ့ခြေအိတ်ကို စစ်ဆေး ကြည့်နေ သည်။
    "တံစို့ကလေးနဲ့ လျှိုပြီး သီမထားလိုက်ဘူးလား"
    "ဘာလဲ တံစို့ ..."
    "မင်း မသိဘူးလား ... သင်္ဘောပေါ်ကျတော့မှ ပြမယ်"
    ဆုံလည် ဒလက်တံခါးမှ ကျွန်တော်တို့ ၀င်လာကြတော့ ကျွန်တော့် လက်မောင်းကို သူက ဆွဲကိုင်လိုက်လာသည်။
    "ကျွန်မ အခု ပျော်နေပြီ အစ်ကို၊ သိလား ကျွန်မစိတ်ထဲမှာ သိပ်ကို ကြည်နူးနေပြီ"
    တကယ်ဆိုတော့ သူကြိုးစားပြီး ရွှင်မြူးဟန်ဆောင်နေခြင်းဖြစ်ပါသည်။ ခံစားနေရသည်။ စိတ်ဝေဒနာကို ဟန်ဆောင်ပြုံးကလေးအောက်မှာ အထင်းသား မြင်တွေ့နေရသေးသည်။ မည်သို့ဆိုစေ ဇာတ်လမ်းအားလုံး ဆုံးသွားပြီ ဆိုသည့် အဖြစ်ကိုမူ သူ ကောင်းကောင်း လက်ခံထားပြီး ဖြစ်သည်။ သို့ကလို ဇာတ်လမ်းပြီး ဆုံးသွားသည့်အတွက် သူ စိတ်ဆင်းရဲမခံတော့ဟု သူ့စိတ်ကို သူ ဆုံးဖြတ် ထားဟန် လည်း တူသည်။
    ကူးတို့ သင်္ဘောပေါ်ရောက်တော့ ကျွန်တော်တို့သည် အမေရိကန်သို့ သွားမည့် ပင်လယ်ကူး သင်္ဘောကြီး တစ်စီးပေါ်သို့ ရောက်နေသည့်အလား သူ ဟန်ဆောင်နေသည်။ သူ့လက်ကိုင်ပ၀ါကလေးကို မြှောက်ကာ ယမ်းကာဖြင့် ဘင်းကို လှမ်းနှုတ်ဆက်သလိုလည်း ပြောနေသည်။
    "ဂွတ်ဘိုင်... ဂွတ်ဘိုင်... ရှင့်ကို ခွဲထားခဲ့ရတာ စိတ်မကောင်းပါဘူးရှင်၊ ကျွန်မ အမေရိကန် သူဌေးတစ်ယောက်နဲ့ လက်ထပ်ရတော့မှာမို့ သွားရတာပါ"
    တစ်ဖက်ကမ်း ကိုလုန်းမှာ ကျွန်တော်တို့ ကူးတို့သင်္ဘော ကပ်တော့လည်း သူက ပြောသေး သည်။
    "နယူးယောက်မြို့ကြီးမှာ တရုတ်လူမျိုးတွေ ဒါလောက်များမှန်း ကျွန်မ မသိဘူး၊ ကိုလုန်းအတိုင်းပဲနော်"
    ဘင်း၏ ပိုက်ဆံနှင့် တက္ကစီကားဖိုးတော့ ကျွန်တော်တို့ တတ်နိုင်သည်ဟု သဘောရကြသည်။ သို့သော်လည်း တက္ကစီကားတစ်စီးမျှ မတွေ့ရ။ သို့ဖြစ် လန်ချားနှစ်စီး ခေါ်လိုက်ရတော့သည်။
    နသန်လမ်းပေါ်သို့ တက်ခဲ့ကြသည်။ ဘက်စ်ကားများ၊ ကိုယ်ပိုင်ကားများဖြင့် ကျပ်ညပ်နေသည်။ လန်ချား သမားကတော့ ထိုယာဉ်ပေါင်းစုံတို့ကြားမှာ ခြေလှမ်းမှန်မှန်နှင့် ဆွဲပြေး နေသည်။ ခြေထောက်မှာ ဘာမှ စီးမထား။ မာကျောသည့် လမ်းပေါ်မှာ ပြေးနိုင်လောက်အောင် သူတို့ခြေထောက်များကလည်း မာကျော နေချေသည်။ ကျွန်တော့် လန်ချားသမား၏ အင်္ကျီမှာ အစုတ်အပြဲတွေ ဗရပွနှင့် ဖြစ်သည်။ သူ့လက်ပြင် ကြွက်သားများ ခုံးခုံးထသွားသည်ကိုပင် မြင်နေရ သည်။
    မီးပွိုင့်များမှာ ရပ်စောင့်ကြသည်။ မီးစိမ်းတော့ ဘယ်ဘက်လမ်းအတိုင်း လိုက်ခဲ့သည်။ အနီရောင် နီယွန်မီးချောင်းဆိုင်းဘုတ်ကြီးနှင့် အဆောက်အအုံရှေ့မှာ ရပ်ကြသည်။ ဆိုင်းဘုတ်က စာတန်းကြီး ပေါ်လာသည်။ ပျောက်သွားသည်။ တစ်လုံးချင်းပေါ်လာပြန်သည်။ အတန်းပြည့်သွားတော့ ပျောက်သွား သည်။ နောက် အတန်းလိုက် ပြန်ပေါ်လာသည်။ ပျောက်သွားသည်။ နောက် တစ်လုံးချင်း ပြန်ပေါ် လာပြန်သည်။
    အပေါ်ဆုံးထပ်ရှိ စားသောက်ခန်းသို့ ဓာတ်လှေကားဖြင့် တက်ခဲ့သည်။ အဖြူရောင် ညစာဝတ်စုံ ၀တ်ထားသည့် တရုတ်မန်နေဂျာက လူများပြည့်ကျပ်နေသည့် ခန်းမကြီးထဲသို့ ကျွန်တော်တို့ကို ဦးဆောင် ခေါ်သွားသည်။ စားပွဲပေါင်းများစွာမှ ပါတီပွဲတွေ ခင်းကျင်းဧည်ခံနေသည်ကို တွေ့ရသည်။ တရုတ် လူမျိုးတွေရော ဥရောပတိုက်သားတွေပါ အစုံ ဖြစ်သည်။ အများစုက ညစာစားပွဲ ၀န်စုံများကို ၀တ်ဆင် ထားကြသည်။
    တွဲကဖို့ နေရာရှိသည်။ တီးဝိုင်းတစ်ခုလည်းရှိသည်။ စူဇီသည် တရုတ်မန်နေဂျာ ခေါ်ဆောင်ရာသို့ ဟန်နှင့် ပန်နှင့် ဣနြေ္ဒကြီးတစ်ခွဲသားနှင့် လိုက်သွားသည်။ ဟောင်ကောင်သို့ရောက်စ ကလပ်ခန်းမတွင် အလုပ် လုပ်စဉ်က သည်လိုနေရာမျိုးတွေကို သူ အကြိမ်ကြိမ် လာခဲ့ရဖူးသည်။ ထို့ကြောင့် သည် နေရာများ နှင့် သူ ကောင်းစွာ အကျွမ်းတ၀င် ဖြစ်နေသည်။
    တီးဝိုင်းနှင့် ပေအနည်းငယ်သာ ကွာဝေးသည့် စားပွဲတစ်လုံးတွင် ကျွန်တော်တို့ကို မန်နေဂျာက နေရာချထား ပေးသည်။ ကျွန်တော်က ချေးများမနေတော့ဘဲ လက်ခံလိုက်တော့မလို ပြုသည်။ သို့သော် စူဇီက ၀င်ပြောသည်။
    "ဒီနေရာက သိပ်ဆူလွန်းတယ်၊ ဟောဟိုက စားပွဲက ပိုကောင်းမယ်"
    "အဲဒီစားပွဲက သီးသန့်စားပွဲပါခင်ဗျာ၊ (သီးသန့်) ဆိုတဲ့ စာတန်းကလေးတင်ထားတာ မြင်တယ် မဟုတ်ပါလားခင်ဗျာ"
    မန်နေဂျာက အပြုံးကလေးဖြင့်ပြောသည်။
    "ဒီစားပွဲမှာ ထိုင်ရရင်တော့ ကျွန်မတို့ နားပင်းတော့မှာပဲ"ဟု စူဇီကပြန်ပြောသည်။
    "၀မ်းနည်းပါတယ်ခင်ဗျာ လွတ်တဲ့ စားပွဲဆိုလို့ ဒီတစ်လုံးပဲ ကျန်ပါတော့တယ်"
    "ကောင်းပြီလေ... ကျွန်မတို့ တခြားဟိုတယ်ကို သွားကြတာပေါ့၊ ရှင်တို့ ဟိုတယ်က သိပ် ဈေးကြီးယူတယ်၊ ကျွန်မတို့ကလည်း ဈေးကြီးကြီးပေးပြီး နားအပင်းတော့ မခံနိုင်ဘူး" ဟု စူဇီက ပြန်ပြော သည်။
    "ကောင်းပါပြီခင်ဗျာ.... ပါတီလုပ်မယ့်သူတွေက အဲဒီစားပွဲကို မသုံးတော့ဘူးနဲ့ တူပါတယ်၊ ကျွန်တော် စီစဉ်လိုက်ပါ့မယ်"
    (သီးသန့်) ဆိုသော စားပွဲဆီသို့ ကျွန်တော်တို့ကို ခေါ်သွားသည်။ စားပွဲပေါ်က (သီးသန့်) ဆိုသော စာတန်းရေးထားသည့် သစ်သားတုံး ကလေးကို ကောက်ယူလိုက်သည်။ ကျွန်တော်၏ စီးကရက်ကိုလည်း မည်သို့မျှ မထူးခြားသော အမူအရာနှင့် မီးညှိပေးနေသည်။ ထို့နောက် စားပွဲထိုး တစ်ယောက်ကို လှမ်းခေါ်ပြီး ကျွန်တော်တို့  စားပွဲနားမှာ နေစေကာ ထွက်သွားတော့သည်။
    သူထွက်သွားတော့ ကျွန်တော် အားပါးတရ ရယ်လိုက်မိပါသည်။
    "စူဇီ...သူကတော့ မင်းကို အရမ်း အထင်ကြီးသွားပြီ၊ ကိုယ်လည်း မင်းကို အရမ်းအထင်ကြီးလိုက်မိတယ်၊ မင်းကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ... ဟိတ်ကြီး ဟန်ကြီး အပြည့်နဲ့ပဲကွာ"
    "ဘာလဲ... အဲဒီ ဟိတ်ကြီးဟန်ကြီးဆိုတာ ဘာအဓိပ္ပာယ်လဲ" စူဇီက ကျွန်တော်သုံးလိုက်သည့် အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ကို နားမလည်သောကြောင့် ပြန်မေးသည်။
    "ဟောဒီအခန်းထဲမှာရှိနေတဲ့ မိန်းမတွေအားလုံးထက် မင်းက သာသွားပြီလို့ ဆိုလိုတာပါ"
    စားသောက် စာရင်းစာအုပ်ကို စားပွဲထိုးက သူ့လက်ထဲ ထည့်ပေးသည်။ ကျွန်တော်က မေးငေါ့ ပြလိုက် သည်။
    "ကဲ... မင်း ဘာစားမလဲ ကြိုက်ရာ မှာ..."
    ကျွန်တော့်စကားဆုံးတော့ မနေတတ်မထိုင်တတ်သည့် အမူအ၇ာမျိုးဖြင့် ကျွန်တော့်ကို မော့ကြည့်သည်။ သည်တော့မှ စာမတတ်သည့် အကြောင်းကို ကျွန်တော် ချက်ချင်း သတိရတော့သည်။ ထို့ကြောင့် ကျွန်တော် ရယ်လိုက် မိပြန်ပါသည်။
    "စူဇီ... ကိုယ့်အဖြစ်က ဘယ်လောက် ရယ်စရာကောင်းသလဲကွာ၊ အခုမှပဲ ပေါ်တော့တယ်... မင်း ဟန်ဆောင် ကောင်းပုံကြောင့် စာမတတ်တာကို ကိုယ်တောင် မေ့သွားတော့တယ်"
    "ကျွန်မအတွက် အစ်ကို ရှက်သွားပြီပေါ့လေ"
    "ဘာလို့ ရှက်ရမှာလဲ စူဇီ၊ ဒီစကားမျိုး နောင်တစ်ခါ ပြောကြည့်... မင်းကို မှောက်လျက်ထားပြီး ဘင်းက ရိုက်သလို ကိုယ်ရိုက်ပစ်မယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဒီအခန်းထဲမှာရှိတဲ့ လူတွေအားလုံး မင်းကို ငေးနေကြတာ ကို တွေ့တယ်၊ ဒါကြောင့် မင်းအတွက် အများကြီး ဂုဏ်ယူလိုက်မိတယ်"
    တကယ်ပဲ ကျွန်တော် ဂုဏ်ယူမိပါသည်။ သူ့လို ချစ်စရာကောင်းသည့် မိန်းမချောကလေးနှင့် တွဲလာရသည့်အတွက် ကျွန်တော် အမှန်ပဲ စိတ်ကြီးဝင်မိပါသည်။
    ကျွန်တော်တွေ့မြင်ခဲ့ရသည့် ကာလတစ်လျှောက်လုံးတွင် စူဇီသည် ယနေ့ည ချစ်စရာ အကောင်းဆုံး ဖြစ်နေပါသည်။ အဖြူရောင် ဘေးကွဲ တရုတ်ဂါဝန်ကို သူဝတ်ထားသည်။ ပိတုန်းရောင်လို နက်မှောင်နူးညံ့သည့် ဆံပင်များက ပခုံးပေါ်မှာ ၀ဲပျံကျနေသည်။ ဖြူအေးသော သူ့မျက်နှာလေးကို အနက်ရောင် ဘောင်ခတ် ပေးထားသလို ဖြစ်နေသည်။ ထိုအနက်ရောင် ဘောင်ထဲမှ မွန်ဂိုလီယံအနွယ် ပါးရိုး ကားကား နှင့် ဘဲဥသဏ္ဍာန် မဟူရာရောင် မျက်လုံးအစုံတို့က ရွှန်းလက်နေသည်။
    ထိုမျှမက တည်ကြည်ခန့်ညားသော ဗိုင်းကောင်းကျောက်ဖိ သူ့အမူအရာကလည်း လေးစား လောက်ပါ ပေသည်။ တရုတ်လူမျိုးတို့၏ အမူအကျင့်အတိုင်း ကုလားထိုင် နောက်မှီကို မမှီဘဲ မတ်မတ်ကလေး ထိုင်နေပုံ၊ သူ့အင်္ကျီကော်လာ ကျပ်ကျပ်က မြင့်နေပုံတို့မှာ အလွန်ကြည့် ကောင်းလှ ပါသည်။
    အင်္ဂလန်တွင် ၀ိတိုရိယခေတ်တုန်းက အမျိုးသမီးများ ကော်လာမြင့်မြင့်နှင့် ဂါဝန်များကို ၀တ်လေ့ ရှိခဲ့ကြသည်ကို ကျွန်တော် ပြန်သတိရနေမိသည်။ သူတို့၏ လည်ပင်းသားကို အခြားသူများ မမြင်စေ လိုသောကြောင့် ဖုံးကွယ်သည့် အနေဖြင့် ၀တ်ဆင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုတော့ သည်အမြင် ကလေးက ကျွန်တော့် စိတ်ကို ရွှင်မြူးစေ ပါတော့သည်။
    "ဟောဟိုလူတွေ ပီကင်းဘဲကင် စားနေကြတယ်၊ အစ်ကိုရော ပီကင်းဘဲကင် ကြိုက်သလားဟင်"ဟု စူဇီက မေးသည်။
    "ကိုယ် တစ်ခါပဲ စားဖူးတယ်၊ သိပ်ဈေးကြီးတယ်၊ သိပ်လည်းကြိုက်တယ်၊ ဒီညတော့ အစ်ကိုတို့ တတ်နိုင်ပါ တယ်လေ၊ စားတာပေါ့၊ ပြီးတော့ တရုတ်ဝိုင်လည်း သောက်ကြ ရအောင်နော်"
    "၀ိုင်အပြင်းလား"
    "အို... ဟုတ်ပါရဲ့... အပြင်းက ပိုကောင်းတယ်"
    အစားအသောက်များ က ကောင်းလှသည်။ အရသာ ထူးကဲလှသည်။ သို့သော် စူဇီက နှုတ်ဆိတ် နေသည်။ ပြီးတော့ နည်းနည်းပဲ စားသည်။
    ကျွန်တော်တို့ စကားလည်း များများစားစား မပြောဖြစ်ကြပါ။ ပီကင်းမြို့သူ အဆိုတော်ကလေး ထွက်လာတော့မှ သူ့အကြောင်း အနည်းငယ် စကားစပ်မိသည်။
    အဆိုတော် ကလေးသည် ရှည်လျားတောက်ပြောင်သည့် အနက်ရောင်ဘေးကွဲ တရုတ်ဂါဝန်ကို ၀တ်ဆင် ထားသည်။ ဂါဝန်ပေါ်မှာ အရောင်တလက်လက် တောက်နေသည့် ငွေချည်များလည်း ထိုးထားသည်။ အလွန် လှပသည့် တရုတ်ကော်ပတ်ရုပ် ကလေးလို တောင့်တောင့်ကလေး ဖြစ်နေသည်။ သီချင်း ဆိုတော့လည်း ကြိုးဆွဲပေးခြင်း ခံနေရသည့် ရုပ်သေးရုပ်ကလေးလို ခပ်တောင့်တောင့် အမူအရာ ဖြင့်ပင် ဆိုနေသည်။
    သူ့အင်္ကျီမှ ကော်လာသည် စူဇီထက်ပင် မြင့်သေးသည်။ သစ်ကုလားအုပ်လည်ပင်းလို ရှည်လျားလွန်းသည်ဟု ထင်မှတ်ရသည်။ ထွက်လာစတုန်းက အဖြူရောင် သားမွေးခြုံထည်ကို ခြုံလာသည်။ သီချင်း ဆိုရင် ထိုခြုံထည်ကို နောက်သို့ ပစ်လိုက်သည်။ သူ့နောက်မှာ ရှိသည့် စန္ဒယားကြီးပေါ်တွင် ငန်းဖြူကြီး တစ်ကောင် နားနေသလို တင်သွားသည်။
    ကျွန်တော်တို့ ထိုင်နေသည့် နေရာမှ လှမ်းကြည့်လိုက်တော့ သူ့အသက် နှစ်ဆယ့်ငါးနှစ်ထက် ကျော်ဦးမည် မဟုတ်ဟု ထင်ရသည်။ သို့သော် အနည်းဆုံး အသက်လေးဆယ်ရှိပြီဟု စူဇီက ပြောပြသည်။ တရုတ် သူဌေးကြီး တစ်ယောက်၏ မယားငယ် ဖြစ်သည်။
    အဆိုတော်က ရုပ်သေးရုပ်ကလေးလိုပင် သီချင်းများကို ဆက်ဆိုနေသည်။ မျက်နှာအမူအရာက မပြောင်း သောကြောင့် ဆိုနေသည့် သီချင်းသည် ပျော်စရာသီချင်းလား၊ ကြေကွဲဝမ်းနည်းစရာ သီချင်းလား အကဲဖမ်း၍ မရနိုင်ပါ။
    "မင်းလည်း သီချင်းကောင်းကောင်း ဆိုတတ်တယ်လို့ ကိုယ်ထင်တယ် စူဇီ... မင်းက သူ့ထက်ပိုပြီး အသက် ၀င်အောင် ဆိုနိုင်မှာ သေချာတယ်၊ ဒါပေမဲ့ အဲဒီလောက် ကော်လာမြင့်မြင့် ကျပ်ကျပ်ကြီးနဲ့ သူ သီချင်း ဆိုနိုင်တာတော့ အင်မတန် အံ့သြစရာပဲ"ဟု ကျွန်တော်က စူဇီကို လှမ်း ပြောသည်။
    "အဲဒီကော်လာ သိပ်မိတာပဲ၊ ဟုတ်တယ် ကော်လာမြင့်မြင့်တွေဟာ သိပ်မိတာပေါ့"
    သူ့ကော်လာထက် ပိုမြင့်နေသောကြောင့် အနည်းငယ် မနာလိုသံကလေးနှောကာ စူဇီက ပြန်ပြောသည်။
    "ကိုယ်တို့ ကကြရအောင်"
    ကျွန်တော်သည် လူတန်းစေ့အောင် ကတတ်သူ မဟုတ်ပါ။ သို့သော်လည်း စူဇီကား အလွန် အကတော်သော မိန်းကလေး ဖြစ်ချေသည်။ ငှက်တောင်ကလေးတစ်ချောင်းလို ပေါ့ပါးစွာ လွင့်မျော နေအောင် ကသည်။ သူနှင့် တွဲကနေသူကိုလည်း မသိမသာကလေး ဦးဆောင်သွားသည်။
    သူ အကကောင်းလွန်းတော့ သူနှင့် တွဲကနေရသူသည် လူတန်းစေ့အောင် မကတတ်ပါကလားဟုလည်း မထင်နိုင်တော့ပြီ။ ယခုလို ကျွမ်းကျွမ်းကျင်ကျင်ကနေခြင်းသည် ကိုယ် ကိုယ်တိုင်က တကယ် တတ်မြောက် သောကြောင့် ကနေနိုင်သည် ဟုပင် ထင်မှတ်လာရသည်။
    ကျွန်တော်သည လူတန်းစေ့အောင် ကတတ်သူ မဟုတ်သောကြောင့် ကပွဲကြမ်းပြင်ပေါ်သို့ ရောက်တိုင်း မိမိကိုယ်ကို အကြီးအကျယ် ပြန် စိတ်ပျက်မိလေ့ရှိသည်။ ယခုတော့ ထိုသို့မဟုတ်ပြီ။ ယခု ကရသလောက် ဘယ်တုန်း ကမှ ကျွန်တော် ကြည်နူးနှစ်သိမ့်ခြင်း မဖြစ်မိခဲ့။ ယခင်က ကိုယ်နှင့်အတူ ကနေကြသည့် အခြား အတွဲများ ၏ ကြည်နူးမှုကိုပင် ကျွန်တော် နားမလည်နိုင်အောင် ဖြစ်ခဲ့ဖူးသည်။
    ယခုမူ စည်းချက်သည် ပိုးချည်မျှင်ကလေးလို ဆွဲထုတ်ဆန့်ယူပြီးကျွန်တော်တို့ နှစ်ယောက်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်သလို၊ ပြီးတော့ ကျွန်တော်တို့၏ ခန္ဓာကိုယ်နှစ်ခုသည် တစ်ခုတည်း တစ်သွေးတည်း တစ်သားတည်း ဖြစ်သွားကာ ပိုးအိမ်ကလေးအတွင်း ရောက်ရှိသွားသလို ခံစားရတော့သည်။
    အထီးကျန်ဘ၀မှ ကျွန်တော်တို့ လွတ်မြောက်သွားသလို ရှိသည်။ စောစောတုန်းကတော့ ကျွန်တော်တို့၏ ခန္ဓာကိုယ်နှစ်ခုသည် ပြည့်စုံခြင်းမရှိသော "အခြမ်းတစ်ခြမ်း"စီလို ဖြစ်နေသည်။ ယခုမူ ပြည့်စုံခြင်းမရှိသော "အခြမ်းနှစ်ခြမ်း" ကို ပူးပေါင်းပေးလိုက်သောအခါ ပိုးအိမ်ကလေးအတွင်းမှ ပြည့်စုံသော "တစ်ခု"အဖြစ်သို့ ရောက်လာ လေသည်။
    သီချင်းဆုံး သွားသည်။
    ကျွန်တော်တို့ကို ထွေးပိုက်နှောင်ဖွဲ့ထားသော ပိုးအိမ်ကလေး ရုတ်ချည်းပျက်စီးသွားပါသည်။ စောစောက ပြည့်စုံသော "တစ်ခု"သည် ယခုမပြည့်စုံသော "အခြမ်းနျစ်ခြမ်း"ဘ၀သို့ ပြန်ရောက်သွားသည်။
    မိမိ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုခုကို ဖြတ်ယူခြင်း ခံလိုက်ရသလို စိတ်ထဲမှာ ခံစား လိုက်ရသည်။ ထိုခံစားချက်နှင့်အတူ ကျွန်တော် ချောက်ချားသွားမိပါသည်။ တစ်ပြိုင်တည်းမှာပင် မပြည့်စုံသော အခြမ်းတစ်ခြမ်းအဖြစ် မနေတတ် မထိုင်တတ်သလိုလည်း ဖြစ်လာမိပါသည်။
    စူဇီကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ သူလည်း ကျွန်တော် ခံစားရသကဲ့သို့ပင် ထပ်တူ ထပ်မျှ ခံစားနေရကြောင်း စိတ်ထဲမှ အလိုလို သိလာပါသည်။ သူ့ခန္ဓာကိုယ်မှ အစိတ်အပိုင်း တစ်ခုခုကို ဖြုတ်ယူသွားခြင်း ခံလိုက်ရသလိုသူလည်း ခံစားနေရသည်မှာ သေချာပါသည်။
    ကျွန်တော်တို့ စားပွဲရှိရာသို့ တိတ်ဆိတ်စွာ ပြန်လာခဲ့ကြသည်။ မိနစ်ပေါင်းများစွာကြာအောင် ကျွန်တော်တို့ စကားမပြောမိကြပါ။
    သည့်နောက်ကျမှ စူဇီက မသေချာ မရေရာသော မျက်လုံးများဖြင့် ကျွန်တော့်ကို လှမ်း ကြည့်သည်။
    "ဘင်းဟာ အခုလောက်ဆိုရင် သူ့မိန်းမနဲ့ ပျော်နေပြီလို့ အစ်ကို ထင်သလားဟင်.."
    "ကိုယ်တော့ မထင်ဘူး စူဇီ၊ သူ အချိန်ကြာကြာကြီး ပျော်နိုင်မှာ မဟုတ်ပါဘူး" ဟု ကျွန်တော်က ပြန်ဖြေသည်။
    "ဘာဖြစ်လို့ သူ မပျော်နိုင်ရမှာလဲ အစ်ကို"
    "အင်း... ကိုယ်ထင်တာကတော့ အယ်လီဇဘက်ဟာ အခုလောက်ဆိုရင် မပြီးနိုင် မစီးနိုင် မြည်တွန်တောက်တီးနေရောပေါ့... ပြီးတော့ သူ့ကို အရမ်းချုပ်ချယ်နေရော့ပေါ့"
    "အစ်ကိုက အယ်လီဇဘက်ကို အပြစ်တင်နေတာလား၊ ဒါတွေဟာ သူ့အပြစ်ချည်းပဲလို့ ထင်သလား"
    "သူ့အပြစ်က အများဆုံးပဲလို့ ကိုယ်ထင်တယ်၊ မင်းက ဒီလို မထင်ဘူးလား"
    "မထင်ဘူး"
    သူက ခေါင်းရမ်းလိုက်သည်။
    "ဒါပေမဲ့ အစက မင်း ဒီအတိုင်းပဲထင်ခဲ့တာ မဟုတ်လား"
    ကျွန်တော် အံ့အားသင့်သွားမိပါသည်။
    "ကိုယ့်အခန်းထဲမှာတုန်းက သူ့ကို မင်းအပြစ်တင်နေခဲ့တာပဲ၊ ဒါတွေ အားလုံး သူ့ကြောင့် ဖြစ်ကုန် ရတာလို့ မင်းပြောခဲ့တာပဲ"
    "အစ်ကို့ အခန်းထဲမှာတုန်းက ကျွန်မ ဆောက်တည်ရာမရ ဖြစ်နေခဲ့တာပါ၊ စိတ်တွေ ကယောင် ချောက်ချား ဖြစ်ခဲ့ရတာပါ၊ ဒါကြောင့် ပါးစပ်ထဲရောက်လာသမျှ စကားလုံးတွေ အကုန်ပြောချလိုက်မိတယ်၊ ဒါပေမဲ့ ဒါတွေဟာ အယ်လီဇဘက်ရဲ့ အမှားတွေ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်၊ သူ့မိန်းမဟာ နည်းနည်းကလေးမှ စိတ်မချမ်းသာခဲ့ရဘူးလို့ ကျွန်မထင်တယ်"
    ထို့နောက် သူ့ထင်မြင်ချက်များကို ဆက်ပြောပြနေသည်။
    အယ်လီဇဘက်အနေဖြင့် ဘင်းကို အချိန်ရှိသရွေ့ မြည်တွန်တောက်တီးနေခြင်း၊ ဆူပူကြိမ်းမြောင်းနေခြင်း၊ လွန်ကျူးစွာ ချုပ်ချယ်နေခြင်းများသည် တကယ်ဆိုတော့ ချစ်ခြင်းမေတ္တာ ငတ်မွတ် ခေါင်းပါး မှုကို ခံစားနေရကြောင်း။
    ဘင်းသည် မည်သည့် အမျိုးသမီးကိုမဆို အမှန်တကယ် ချစ်မြတ်နိုးနိုင်စွမ်းမရှိသည့် ယောက်ျားမျိုးဖြစ်ကြောင်း၊ ထိုအချက် သည်သာလျှင် အဓိကဖြစ်ကြောင်း၊ သူသည် ရာဂစိတ် မွှန်ခဲ့သော ကြောင့် ဘင်း၏ စရိုက်အမှန်ကို မသိနားမလည် ဖြစ်ခဲ့ရကြောင်း၊ စတွေ့တွေ့ချင်း ဘင်းအပေါ်မှာ သူ ချမှတ်ခဲ့သည့် ကောက်ချက်သည်သာ အမှန်ဖြစ်ကြောင်းများ ပြောပြနေသည်။
    "သူဟာ လူဆိုးကြီးတစ်ယောက်တော့ မဟုတ်ပါဘူး၊ တစ်ဖက်သား ထိခိုက်နစ်နာအောင် လုပ်ချင်တဲ့ စိတ်ဓာတ်မျိုး သူ့မှာ မရှိဘူး၊ သိတယ်မဟုတ်လားအစ်ကို... တကယ်တော့ သူဟာ လူကောင်း တစ်ယောက်ပါ၊ စိတ်ကောင်းရှိပါတယ်၊ ကြင်နာတတ်ပါတယ်၊ ဒါပေမဲ့ သူ့အသည်းနှလုံးက သိပ်သေးတယ်၊ စိတ်ခံစား ချက်တွေ အများကြီးကို သိုမှီးထားတတ်တဲ့ အသည်းနှလု့းမျိုးမဟုတ်ဘူး၊ သူ့အတွက်တော့ လုံလောက်တဲ့ အသည်းနှလုံးဖြစ်ကောင်း ဖြစ်နေပါ လိမ့်မယ်၊ ဒါပေမဲ့ လူတစ်ဖက်သားကို မျှဝေပေးနိုင်လောက်တဲ့ အသည်းနှလုံးမျိုး မဟုတ်ဘူး၊ သူဟာ အဲဒီလို လူစားမျိုး"
    "မင်းရဲ့ အတွေးအခေါ်များသည် ကျွန်တော့်ထက်ပင် ပိုရင့်ကျက်ပြီး အမှန်တရားနှင့် နီးစပ် ကြောင်း တွေ့ရသည်မှာ ယခုအကြိမ်သည် ပထမအကြိမ်မဟုတ်ပါ။ ယခုလည်း ကြည့်ပါ။ အယ်လီ ဇဘက်ကို သူ လုံးဝ မမြင်ဖူးချေ။ သို့သော်လည်း ယခုအမှားများသည် အယ်လီဇဘက်၏အမှား အဟုတ်။ လူ တစ်ဖက်သားကို စစ်စစ်မှန်မှန် မချစ်တတ်သော ဘင်းကြောင့် သူ့ဘ၀ မလုံခြံသလို ခံစားလာရသည်။ ချစ်ခြင်း မေတ္တာ ငတ်မွတ်ခေါင်းပါးလာရသည်။ ထို့ကြောင့် အယ်လီဇဘက်က ဘင်းကို အမြဲတမ်း ရန်ထောင်ပြီး အမြဲတမ်း ချုပ်ချယ်နေခြင်း ဖြစ်သည်ဟု သူ ကောက်ချက် ချလိုက် သည်။
    "ဘာပဲဖြစ်ဖြစ်ပေါ့လေ... ဘင်းနဲ့ ပတ်သက်ပြီး မင်းက အဲဒီလိုမြင်တယ်ဆိုရင် အခုဖြစ်ရတာကြောင့် မင်း သိပ်ပြီး စိတ်မထိခိုက် တော့ဘူးပေါ့"
    "စိတ်ထိခိုက်ရပါပြီလား အစ်ကိုရယ်... ကျွန်မ သိပ်ကို စိတ်ဆင်းရဲရတာပေါ့၊ ကျွန်မရဲ့ ဂုဏ်သိက္ခာ ကျသွားပြီလေ... ပတ်ဝန်းကျင်မှာ ကျွန်မရဲ့ အဖေ ဘော်နီယိကို ထွက်သွားတုန်းက ခံစားရသလို၊ အရှက်ကြီး ရှက်ခဲ့ရသလို အခုလည်း တစ်သဝေမတိမ်း ခံစားရတာပါပဲ၊ ကလေးအဖေကိုလည်း ကျွန်မ မချစ်ခဲ့ပါဘူး၊ ဒါပေမဲ့ ကျွန်မ ဂုဏ်သိက္ခာအတွက် ကျွန်မ စိတ်ထိခိုက် ရတာပါ"
    နောက်တစ်ကြိမ် ကရန် ကျွန်တော်တို့ ထိုင်ရာမှ ထကြသည်။ စားပွဲများကြားတွင် စူဇီ နောက်မှ ကျွန်တော် လျှောက်လိုက်သွားခိုက် ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။
    "ဟယ်လို... ရောဘတ်"
    လှည့်ကြည့်တော့ ကျွန်တော် ငွေစာရင်းဖွင့်ထားသော ဘဏ်တိုက်မှ လက်ထောက် မန်နေဂျာ ဂေါ်ဒွန်ဟာမီလ်တန်ကို တွေ့ရသည်။ သူတို့ဘဏ်တိုက်မှာ ကျွန်တော် ငွေအပ်ထားရာမှ သူနှင့် ရင်းနှီး ခဲ့သည်။ လူတစ်ဖက်သား၏ အခက်အခဲကိုလည်း ကူညီဖြေရှင်းပေးတတ်သည့် စကော့ လူမျိုး လူငယ် တစ်ယောက် ပင်ဖြစ်သည်။
    "ဟယ်လို..."
    ကျွန်တော် သည်တစ်လုံးသာ ပြန်အော်ပြီး နှုတ်ဆက်ခဲ့သည်။ သူနှင့် ရပ်စကားပြောနေလျှင် ကရမည့်နေရာသို့ တော်တော်နှင့် ရောက်နိုင်တော့မည်မဟုတ်ပါ။ ဒါလောက် အချိန်ကိုပင် ကျွန်တော် သည်းခံ မစောင့်နိုင်တော့ပါ။
    ရှေ့က လျှောက်သွားနှင့်သော စူဇီကို လှမ်းကြည့်လိုက်သည်။ အဖြူရောင် ပိုးသားဂါဝန်က သူ့ကိုယ်ပေါ်မှာ အချိုးပြေပြေရှိနေသည်။ ပခုံး၊ ခါး၊ တင်ပါးများ၏ ကောက်ကြောင်းပေါ်နေသည်။ နူးညံ့သည့် ဆံပင်နက်များလည်း ထိုအဖြူရောင်ပေါ်မှာ လျှောကျနေသည်။ အဆုံးမရှိနိုင်သော အမြီးကလေးများ တန်းနေသလိုရှိသည်။ သူ့ဆံပင်များကို ထိတွေ့ရသည်မှာ မူးမေ့ချင်သလိုလိုပင် ဖြစ်မိပါသည်။ ဘာကြောင့် ဟူ၍တော့ ကျွန်တော် သိနိုင်စွမ်း မရှိပါ။
    ကျွန်တော့် ရင်ခွင်ထဲသို့ သူ ၀င်လာသည်။
    ခဏကလေးအကြာမှာပင် အံ့သြဖွယ် ကောင်းသော အဖြစ်အပျက်ကြီးက ပြန်လည်ပေါ် ပေါက်လာပြန်ပါသည်။ တေးဂီတ၏ စည်းချက်များသည် ကျွန်တော်တို့နှစ်ယောက်ကို ပိုးချည်မျှင် ကလေးနှင့် ရစ်ပတ်နှောင်ဖွဲ့လိုက်သလို ဖြစ်သွားသည်။ ကျွန်တော်တို့နှစ်ယောက်စလုံး ပိုးအိမ်ကလေး ထဲသို့ ရောက်သွားကြပြန်သည်။ မပြည့်စုံသော "အခြမ်းနှစ်ခြမ်း" ဘာဝမှ ပြည့်စုံသော "တစ်ခု" အဖြစ်သို့ ဖန်တီးပေးလိုက်ပြန်သည်။
    စည်းချက်အတိုင်း ကျွန်တော်တို့ လွင့်မျောနေကြသည်။ စင်ရော်ငှက်ကလေးတစ်ကောင် လေထဲမှာ ၀ဲပျံနေသလို လေဟုန်စီးနေသလို ဝေ့၀ိုက်နေသလို ရှိပါသည်။
    အချိန်အတိုင်းအဆ မရှိ။ အရပ်ဌာန မရှိ။ ပြည့်စုံသော "တစ်ခု"အဖြစ် စိတ်ချမ်းမြေ့ ပျော်ရွှင်မှု တစ်ခုတည်း ကိုသာ ကျွန်တော်တို့ သိတော့သည်။
    တေးသံဆုံးသွားတော့ ခွဲခွာရခြင်းဒုက္ခကို ကျွန်တော် ခံနိုင်ရည် မရှိတော့ပါ။ ထို့ကြောင့် စူဇီ၏ လက်ကို မလွှတ်တော့ဘဲ ဆုပ်ကိုင်ထားမြဲ ဆုပ်ကိုင်ရင်း ကသည့်နေရာကို ကျောခိုင်းခဲ့သည်။ ထိုအချိန်မှာပင် ဂေါ်ဒွန်ဟာ မီလ်တန်ကို သတိရသဖြင့် စူဇီလက်ကို လွှတ်လိုက်ပြီး သူတို့ စားပွဲရှိရာသို့ လျှောက်လာရတော့သည်။ အနက်ရောင်လည်စည်းကို သူ တပ်ထားသည်။ နှုတ်ခမ်း မွှေးက ထင်းနေသည်။ သူ့မျက်လုံး များက နှစ်လိုစဖွယ် ၀င်းလက်နေသည်။ သူ့ဇနီးအိုက်ဆိုဘယ်နှင့် မိတ်ဆက်ပေးသည်။ သူ့ဇနီး၏ မျက်လုံးများလည်း အရောင်တဖိတ်ဖိတ် တောက်ပနေပါသည်။ ညပိုင်း ပွဲလမ်းသဘင်တက် ရှည်လျား သော ဂါဝန်ကြီးကို ၀တ်ထားသည်။
    "ခင်ဗျား ကမ်းနားဘက်မှာ နေတဲ့အကြောင်း ကျွန်တော့်ဇနီး အိုက်ဆိုဘယ်ကို အခုပဲ ပြောပြနေရသေးတယ်ဗျာ၊ ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကလေးကို ထုတ်ပြောလိုက်မိတဲ့အတွက် စိတ်မဆိုးပါဘူးနော်"
    "စိတ်မဆိုးပါဘူးဗျာ... ဒါဟာ လျှို့ဝှက်ချက်မှ မဟုတ်ဘဲ..." ဟု ကျွန်တော်က ပြန်ပြောသည်။
    "အဲဒီအရပ်ဒေသက တကယ့်ကို လျှို့ဝှက်အပ်တဲ့ အရပ်ဒသပဲလို့ ကြားဖူးတာပဲ"
    အိုက်ဆိုဘယ်က ၀င်ပြောသည်။ ပြောပုံဆိုပုံနှင့် လေသံကြောင့် ဆွေကြီးမျိုးကြီး အသိုင်းအ၀ိုင်းတွင် ကြီးပြင်းခဲ့ ရကြောင်း သိသာလှပါသည်။ သဘောထား ကြီးပုံလည်းရသည်။ အမှန် တကယ်လည်း ခေတ်မီ ဆွေကြီးမျိုးကြီးမှ ပေါက်ဖွားခဲ့သူဖြစ်ကြောင်း နောင်မှ သိရသည်။ ကျွန်တော့်ကိုလည်း လှိုက်လှဲစွာ ပြုံးပြ ပါသည်။
    "ဒီညကတော့ ခင်ဗျားည ဖြစ်သွားပါပြီဗျာ၊ ဟောဟိုနေရာမှာ ခင်ဗျားအကောင်းဆုံး ကနိုင်ခဲ့တာပဲ"
    ဟာမီလ်တန်၏ မျက်လုံးများ သည် ပီတိဖြင့် အရောင်တောက်နေသည်။
    "အံမယ်လေး... သူနဲ့တောင် မလိုက်ဘူးလို့ ပြောရမလို ဖြစ်နေပြီ" ဟု အိုက်ဆိုဘယ်က မှန်ချက် ချသည်။ သူတို့လို ခေတ်မီသော အသိုင်းအ၀ိုင်းမှ အမျိုးသမီးများသည် ရင်းနှီးမှုရှိလာသော အခါ ယဉ်ကျေုးဖွယ်ရာ ထုံးတမ်းစဉ်လာစကားတွေနှင့် သွယ်ဝိုက်နေလေ့ မရှိ၊ ပြောစရာကို တဲ့တိုးသာ ပြောချတတ်စမြဲဖြစ်သည်။
    "တကယ်နိမ့်တဲ့ အမျိုးသမီးကလေးပဲဗျာ" ဟု စာမီလ်တန်က ဆက်သည်။
    "သူက ဘာလဲဗျ... အင်မတန်ချမ်းသာတဲ့ တရုတ်သူဌေးကြီးတစ်ယောက်ရဲ့ သမီးလား... ငွေအိတ်ကြီးတွေ တစ်ထမ်းကြီးနဲ့ ကိုယ်ပိုင်ကားနဲ့ ဟာမျိုးလား"
    "လုံးဝ မဟုတ်ရပါဘူးဗျာ..."
    "ကိုင်း... ကိုယ့်ဆရာ... ဒီအမျိုးသမီးဟာ ခင်ဗျားတို့ ကမ်းနားကဟာ တစ်ယောက်ပါပဲလို့ ကျွန်တော့်ကို ဖြန်းမယ်တော့ မကြံလေနဲ့၊ ဒါလောက် သားနားတဲ့ အမျိုးသမီး မျိုးတော့ ရှာမှ ရှားပဲ"
    ကျွန်တော် လိမ်ပြောဖို့ စဉ်းစားလိုက်သေးသည်။ ထိုသို့ စဉ်းစားလိုက်မိသည့်အချိန်မှာပင် တုံ့ဆိုင်းဆိုင်းဖြစ်သွားမိသည်။ ကျွန်တော်၏ ခန္ဓာကိုယ်ထဲရှိ တစ်စုံတစ်ရာက လိမ်မပြောဖြစ်အောင် ဟန့်တား နေသလို ဖြစ်နေသည်။
    "ဟတ်ပါတယ်ဗျာ... ကျွန်တော်ပြောတာ ယုံပါ၊ အမှန်အတိုင်းပြောတာပါ... ဒီအမျိုးသမီးဟာ ကျွန်တော်တို့ ကမ်းနားကပါပဲ"
    "ဖြစ်မှ ဖြစ်ရလေဗျာ... အင်း... ကျွန်တော်သာ အိမ်ထောင်သည်မဟုတ်ရင်တော့ ဟင်း... ဟင်း..."
    ဟာမီလ်တန်က အားပါးတရ ပြုံးလိုက်ရင်း သူ၏ နှုတ်ခမ်းမွှေးထူထူကြီးကို ဆွဲလိမ်နေသည်။
    သူ့မိန်းမက လုံးဝမယုံကြည်နိုင်သလို ဖြစ်နေသည်။ ပြီးတော့ ကျွန်တော့်ကိုလည်း လှမ်း ပြောလိုက်သေးသည်။
    "မိုက်မဲတယ်လို့ပဲ ပြောပြော ကျွန်မတော့ မယုံနိုင်ဘူးရှင်... ဒီအမျိုးသမီးဟာ ရှင်ပြောသလို ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ ရှင်တို့ ဟိုတယ်မှာ ကျက်စားနေကျ အမျိုးသမီးဆိုတာ ဒီပုံပန်းမျိုးနဲ့တော့ ဘယ်နည်း နဲ့မှ မဖြစ်နိုင်ဘူး ထင်ပါတယ်"
    "သူ ပြောနေပြီလေကွာ၊ သူတို့ဟိုတယ်က အမျိုးသမီးပါလို့" ဟု ဟာမီလ်တန်က ပြောသည်။
    "ဒါပေမဲ့ ကျွန်မ ထင်တာက ဒီလိုလေ... သူတို့ဟာ သင်္ဘောသားတွေနဲ့သာ..."
    သူ စကားမဆက်နိုင်အောင် ဖြစ်သွားသည်။ ကပွဲကြမ်းပြင်ပေါ်မှာ ကျွန်တော်တို့နှစ်ယောက် တည်တည်ငြိမ်ငြိမ် ကနေသည်ကိုလည်း တွေ့ခဲ့ရသည်။ မိန်းမပျက် ကလေးသာဖြစ်ပါသည်ဆိုသော ကျွန်တော်၏ စကားကိုလည်း ယခုသူကြားရသည်။ ထို့ကြောင့် သူ့ အသိဥာဏ်တွေ ရှုပ်ထွေးသွားတော့သည်။ မသွယ်မ၀ိုက်ဘဲ သူပြောမိသည့် စကားအတွက်လည်း ကျွန်တော့်ကို အားတုံ့အားနာဖြစ်သွားပုံရသည်။
    "ဘယ်လိုမှ မအောက်မေ့ပါနဲ့နော်... အိုက်ဆိုဘယ်က ကလေးသာသာ အရွယ်ပဲ ရှိသေးတယ်၊ ဘာမှ နားလည် တတ်သေးတာ မဟုတ်ဘူး၊ လူ့ဘ၀အကြောင်း သူ့ကို သင်ပေးရဦးမယ်ဗျာ"
    ဟာမီလ်တန်က ကျွန်တော့်ကို မျက်လု့းတစ်ဖက် မှိတ်ပြလိုက်ပြီး အားလုံး စိတ်သက်သာရာ ရသွားစေရန် စကားဖန် ၀င်ထိုးလိုက်သည်။
    သူတို့ကို နှုတ်ဆက်ပြီး ထွက်ခ့သည်။ စူဇီကိုမကြာခဏ လှမ်းကြည့်ပြီး ပြောနေကြသည်ကို မမြင်ပါစေနှင့်။ သူ့အကြောင်း ပြောနေသည်ကိုလည်း မခန့်မှန်းမိပါစေနှင့်ဟု စိတ်ထဲမှ ကျိတ်ပြီး ဆုတောင်း လိုက်မိပါသည်။
    သို့သော်လည်း သူ့အနားသို့ ကပ်သွားသည့် ကျွန်တော့်ကို သူမော့ကြည့်သည်။ သူ့မျက်နှာပေါ်မှာ ဘာခံစားချက်မှမရှိပါ။ သည်အမူအရာကြောင့် ကျွန်တော်တို့၏ အပြုအမူကို သူမြင်သွားပြီဖြစ်ကြောင်း သိလိုက်ရပါပြီ။ ကျွန်တော် ထိုင်ပြီးသည်နှင့် တစ်ပြိုင်တည်း သူက ဆီးမေးသည်။
    "အစ်ကိုတို့ ကျွန်မအကြောင်း ပြောနေကြတာ မဟုတ်လား"
    "ဟုတ်တယ်... အဲဒီလူက ဘဏ်တိုက်ကလေ... သူက မင်းကို တကယ့်သူဌေးသမီးကလေးလို့ ထင်နေတယ်တဲ့"
    "အဲဒီအမျိုးသမီးက ကျွန်မကို လှမ်းကြည့်နေတုန်းပဲ" ဟု စူဇီက ပြောသည်။
    "အဲဒါက သူ့မိန်းမလေ"
    "အဲဒီအမျိုးသမီးကတော့ ဟိုကောင်မလေးဟာ ယုတ်ညံ့တဲ့ ယမ်ယမ်ကောင်မလေးပဲလို့ ထင်မှာပဲ"
    "မင်း နမ်ကောက်ဟိုတယ်မှာ အလုပ်လုပ်တယ်လို့ ကိုယ် ပြောပြခဲ့တယ်"
    "ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ ဒီလို ဖွင့်ပြောရတာလဲ"
    "ကိုယ်လည်းမသိဘူး...စူဇီ မင်းနဲ့ ပတ်သက်ပြီး ကိုယ် လိမ်ပြောလို့ မရတာ တွေ့ရတယ်၊ ဘာကြောင့်မှန်း လဲ ကိုယ်မသိဘူး"
    စူဇီ ငြိမ်နေသည်။ မျက်နှာအမူအရာကတော့ ဘာခံစားချက်မှ မရှိသည့် ပုံမျိုး။ မျက်လုံးအမူအရာကတော့ သည်လို မဟုတ်ပါ။ သိနိုင်ရန် ခက်ခဲသော တစ်စုံတစ်ရာကို နက်နက်နဲနဲ တွေးခေါ် စဉ်းစားနေသည့်ပုံမျိုး ပေါက်နေသည်။
    အပြန်အလှန် စကားမပြောကြဘဲ အကြာကြီး တိတ်ဆိတ်နေကြသည်။ လည်ပင်းရှည်ရှည်နှင့် ချောမောလှပသော အဆိုတော် အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။ သူ့ သီချင်းသံသည် ခန်းမထဲမှာ ဖုံးလွှမ်းနေပြန်သည်။ စူဇီဘက်သို့ ကျွန်တော် ပြန်လှည့်လိုက်သည်။ သူ့မျက်နှာပေါ်မှာ ကျေနပ်နှစ်သိမ့်ခြင်းဖြင့် စိတ်အားတက်ကြွသော အရိပ်အရောင်များအပြင် အသိရခက်သော လျှို့ဝှက်အပြုံးကလေးတစ်ခုကိုပါ မြင်တွေ့ လိုက်ရသောကြောင့် ကျွန်တော် အံ့အားသင့်သွားပါသည်။
    ကျွန်တော် တစ်ချက်ရယ်လိုက်သည်။
    "စူဇီ ... ကိုယ့်ကို မင်း စိတ်ဆိုးသွားပြီလို့ ကိုယ် ထင်လိုက်မိတယ်"
    သူက ခေါင်းကို ခပ်သာသာရမ်းလိုက်သည်။
    "မဆိုးပါဘူး"
    "မင်းစိတ်ဆိုးမယ် ဆိုရင်လည်း ဆိုးခွင့် ရှိပါတယ်ကွယ်၊ ဆိုးသင့်ပါတယ် ဘာပဲဖြစ်ဖြစ်လေ... စိတ်မဆိုးဘူး ဆိုတော့ သိပ်ကောင်းတာပေါ့၊ ကဲ... ကိုယ်တို့ ကကြဦးစို့"
    စူဇီက တုံ့ဆိုင်းဆိုင်းလုပ်နေသည်။ နားမလည် သဘောအပေါက်သလိုလည်း ဖြစ်နေသည်။
    "အစ်ကိုက ထပ်ကချင်သေးလို့လား"
    "သိပ်ကချင် တာပေါ့ မင်း မကချင်တော့လို့လား"
    "ကချင်ပါတယ် အစ်ကိုရယ်..."
    ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ကကြဖို့ အချိန်တွေ ကျန်သေးသည်။
    ကရမည့်နေရာသို့ လျှောက်သွားသည့်အခါ စူဇီက ဖြတ်လမ်းဖြစ်သော ဟာမီလ်တန်တို့ စားပွဲဘေးမှ ဖြတ်လျှောက် သွားသည်။ ထိုစားပွဲကို ကွင်းပြီး ပိုဝေးသောဘက်သို့ မလျှောက်။ သူလမ်းလျှောက်ပုံကလည်း ဖြည်းဖြည်းလေးလေးနှင့် ကိုယ်ကို မတ်မတ်ထားသည်။ မျက်နှာကို တင်းတင်းမော့ကာ သူ မရှက်ကြောင်း ဣနြေ္ဒဆောင်ထားလိုက်သည်။ ကကြိုး တစ်ပိုဒ်ဆုံးတော့ ကျွန်တော်တို့ ပြန်လာကြသည်။ လက်ချင်း ချိတ်ထားသည်ကို မဖြုတ်။
    သူ့မျက်နှာပေါ်မှာ လျှို့ဝှက်သော စိတ်အားတက်ကြွမှုကလေး ရှိနေဆဲပင်။ ဘာကြောင့် သည်လို ဖြစ်နေသည်ကို ကျွန်တော် သဘောပေါက်နိုင်စွမ်း မရှိပါ။
    နောက်ဆုံးတစ်ကျော့ ကပြီးသောအခါ ကျသင့်ငွေများ ရှင်းပေးခဲ့ပြီး ဓာတ်လှေကားနှင့် အောက်သို့ ဆင်းခဲ့သည်။ ပလက်ဖောင်းပေါ်မှ လျှောက်ရင်း တက္ကစီကားရှာသည်။
    သူနှင့် ကျွန်တော်၏ လက်တွဲကိုကား မဖြုတ်မီ။
    တက္ကစီကားတစ်စီးတလေမျှ မတွေ့ရပါ။ စူဇီမှာလည်း ခွာမြင့်ဖိနပ်နှင့်မို့ လမ်းအလျှောက်ရခက်နေသည်။ ထို့ကြောင့် လမ်းတစ်ဖက်ခြမ်းရှိ လန်ချားနှစ်စီးကို ကျွန်တော် လှမ်းခေါ်လိုက်သည်။
    "နှစ်ယောက်ထိုင်စီးလို့ရတဲ့ လန်ချား ရှိစေချင်လိုက်တာကွယ်၊ ဒါမှ မင်းလက်ကလေးကို မလွတ်တမ်း ဆုပ်ကိုင်ထားနိုင်မယ်" ဟု ကျွန်တော်က ပြောမိသည်။
    "ဒီလိုဆိုရင် ဘတ်စ်ကားနဲ့ သွားပါလား"
    "မင်းက ဘာကို ပိုသဘောကျသလဲ၊ ဘတ်စ်ကားလား လန်ချားလား" ဟု ကျွန်တော်က မေးသည်။
    "ဘတ်စ်ကား၊ လက်တွဲမဖြုတ် ရဘူးပေါ့..."
    ကျွန်တော်တို့ဘက်ခြမ်းသို့ ကူးလာရသည့်အတွက် လန်ချားသမားနှစ်ယောက်ကို တစ်ဒေါ်လာပေးပြီး ပြန်လွှတ် လိုက်သည်။ သည်လို ပေးသည်ကို မလိုအပ်ဘဲ အပိုသက်သက်ဖြုန်းတီးသည်ဟု စူဇီက ထင်သည်။ သို့သော်လည်း ကျွန်တော့်အိတ်ထဲမှာ ဘင်းပေးသည့် ငွေတစ်ရာအနက် တစ်ဝက်လောက် ကျန်နေသေးသည်။
    ဘတ်စ်ကားမှတ်တိုင်ရှိရာ နသန်လမ်းထောင့်ဆီသို့ လျှောက်ခဲ့ကြသည်။ နှစ်ထပ်ဘတ်စ်ကားတစ်စီး ရောက်လာသည်။ လန်ဒန်က ဘတ်စ်ကားအတိုင်း ဖြစ်ပါသည်။ လန်ဒန်ဘတ်စ်ကားက အနီရောင်ဖြစ်ပြီး သည်မှာက အစိမ်းရောင်ဖြစ်နေခြင်းသာ ကွာပါသည်။ လှေကားကျဉ်းကျဉ်းကလေးအတိုင်း အပေါ်ဆုံးထပ်သို့ တက်ခဲ့ပြီး ရှေ့ဆုံးခုံ ဘယ်ဘက်ခြမ်းမှာ နေရာယူလိုက်ပါသည်။
    လန်ဒန်မှာ ဘတ်စ်ကား စီးတုန်းကလည်း သည်နေရာသည် ကျွန်တော်သဘောအကျဆုံးနေရာ ဖြစ်ပါသည်။ ရှေ့ဆုံးခုံဖြစ်သောကြောင့် မြင်ကွင်းကျယ်ကျယ် မြင်ရသည်။ ဘယ်ဘက်ခုံဖြစ်သောကြောင့် ညာဘက်မှ ကားအသွားအလာများ၏ အန္တရာယ်နှင့်ဝေးသည်။
    စူဇီ၏ မျက်နှာသည် ကျေနပ်ရောင့်ရဲခြင်းဖြင့် ရွှင်နေသည်။ လျှို့ဝှက်သော အပြုံးကလေးကိုလည်း ပြုံးမြဲ ပြုံးနေသည်။ ကျွန်တော် အောင့်အည်းသည်းခံနိုင်ခြင်း မရှိတော့ပါ။
    "စူဇီ... မင်း ဘာဖြစ်လို့ ဒီလောက်တောင် စိတ်ချမ်းသာတဲ့ပုံမျိုး ပေါက်နေတာလဲ၊ ကိုယ့်ကို ပြောပြစမ်းပါ"
    "ဟို အင်္ဂလိပ်မကို အစ်ကို ပြောလိုက်လို့ပါ၊ ကျွန်မဟာ ညစ်ပတ်စုတ်ပဲ့တဲ့ ယမ်ယမ် ကောင်မလေးဖြစ်ကြောင်းကို အစ်ကို ပြောပြလိုက်လို့ ကျွန်မ စိတ်ချမ်းသာသွားတာပါ"
    "ကိုယ်ပြောခဲ့တဲ့ စကားလုံးက ဒီလိုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလိုပြောတာကို မင်း ဘာဖြစ်လို့ ဒါလောက် သဘောကျနေရတာလဲ" ဟု ကျွန်တော်က ဆက်မေးသည်။
    "ကျွန်တော့် အမျိုးသမီးဟာ အလကားကောင်မလေးပါ၊ ညစ်ညမ်းတဲ့ အလုပ်တွေကို သူလုပ်တယ်လေလို့ အစ်ကို ပြောချင် ပြောမယ်၊ ဒါမှမဟုတ်ရင်လည်း ဒီသဘောကိုပဲ တခြားစကားလုံးနဲ့ ပြောမယ်၊ ဒါပေမဲ့ အစ်ကို မရှက်ဘူး၊ မရှက်ရုံမက ဂုဏ်တောင်ယူနေသေးတာ ကျွန်မတွေ့ရတယ်၊ မိန်းမကောင်း မိန်းမမြတ် ကလေးတစ်ယောက် အကြောင်း ပြောပြနေရသလို အစ်ကို ဂုဏ်ယူနေတယ်၊ ပြီးတော့ ကျွန်မကို ကဖို့ခေါ်တယ်၊ အဲဒီအင်္ဂလိပ်မရဲ့ ရှေ့က ဖြတ်ပြီး ကျွန်မလက်ကို ဆွဲခေါ်သွားတယ်၊ ဟုတ်ပါတယ်... အစ်ကိုဟာ အင်္ဂလိပ်မရဲ့ ရှေ့မှာ ယမ်ယမ်ကောင်မလေးရဲ့လက်ကို ပြောင်ပြောင်ဆွဲပြီး ခေါ်သွားတယ်၊ အဲဒီ အချိန်တုန်း ကလည်း အစ်ကို ရှက်နေပုံမရဘူး၊ မရှက်ရုံတင်မကသေးဘူး၊ ကမန်မဟာ ဘုရင့်သမီး တစ်ယောက်လိုကို အစ်ကိုက ဂုဏ်ယူသေးတယ်၊ ဒါကြောင့် ကျွန်မ သိပ်စိတ်ချမ်းသာသွားတယ်၊ ကျွန်မတစ်သက် မှာ ကျွန်မ ဒါလောက် စိတ်ချမ်းသာအောင် ဘယ်သူကမှ မလုပ်ဖူးသေးဘူး"
    တစ်မိနစ်လောက်ကြာအောင် ကျွန်တော် စကားမပြောနိုင်ပဲ ဖြစ်နေမိသည်။ သူ့လက်ကို တင်းတင်း ဆုပ်ထားမိသည်။ ပြီးတော့မှ တစ်ခွန်းသာ ကျွန်တော်က ပြောနိုင်သည်။
    "စူဇီ... အချစ်ရယ်"
    "အချစ်ရယ်..."
    စူဇီက ကျွန်တော့်စကားကို ပြန်ဆိုကြည့်ပြီး ခစ်ခနဲရယ်လိုက်သည်။
    "စူဇီ... ကိုယ် ဂုဏ်ယူမိနေတာဟာ တကယ်တော့ မင်းကြောင့် ဖြစ်ပါတယ်၊ မင်းအတွက် ဂုဏ်ယူမိတာပါ၊ ဒါကြောင့်မို့လို့ မင်းနဲ့ပတ်သက်ပြီး မဟုတ်တဲ့စကားကို ကိုယ် လိမ်မပြောနိုင်ခဲ့တာပဲ ထင်တယ်၊ မင်းကို မင်းအဖြစ်နဲ့ပဲ ကိုယ် ဂုဏ်ယူမိပါတယ်၊ မင်းဟာ တခြားတစ်ယောက်ဖြစ်ပါတယ် ဆိုတာမျိုးနဲ့ ကိုယ် ဟန်ဆောင် နိုင်စွမ်း မရှိပါဘူး"
    "ဘင်းဟာ ကျွန်မနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ဂုဏ်မယူဖူးဘူး၊ ကျွန်မနဲ့ပတ်သက်ပြီးသူ အမြဲတမ်း ရှက်နေတတ်တယ်၊ တစ်ခါတုန်းက စားသောက်ဆိုင်တစ်ခုကို သူနဲ့ ကျွန်မ သွားတယ်၊ အဲဒီမှာ သူ အရမ်းကြောက်ပြီး အရမ်းရှက်နေတာ တွေ့ရတယ်၊ သူ့မျက်နှာလည်း ဇောချွေးတွေ ပြန်နေပြီ၊ ဘာကိုမှလည်း မြဲမြဲကိုင်လို့ မရတော့ဘူး၊ ဟိုဟာတွေလွတ်ကျ... ဒီဟာတွေ လွတ်ကျ ဖြစ်နေတယ်၊ ပါးစပ်ကလည်း "စူဇီ... ငါသိတဲ့လူတစ်ယောက်ယောက် ရှိနေပြီထင်တယ်၊ စူဇီ မင်းဟာ မကောင်းတဲ့ မိန်းကလေးဆိုတာ သူတို့သိတယ် ထင်သလား" ဆိုတာတွေကိုပဲ တတွတ်တွတ် ပြောနေတော့တယ်"
    "ကိုယ် သဘောပေါက်ပါတယ် စူဇီ၊ ဒါပေမဲ့ အခုဟာက ဘင်းနဲ့ တခြားစီပဲ၊ ဘင်းက ဒီအရပ်မှာ စီးပွားရေး လုပ်နေရတဲ့လူ မဟုတ်လား၊ နောက်ပြီးတော့ သူ့မှာကလည်း မိန်းမရှိနေတယ်၊ ဒါကြောင့် ကိုယ်စိတ်ပူဖို့ မလိုတာ တွေမှာ သူ စိတ်ပူနေရတော့တာပေါ့"
    "ဒါပေမဲ့ သူ ဘယ်တုန်းကမှ ဂုဏ်မယူဖူးဘူး၊ ကျွန်မနဲ့ နှစ်ယောက်တည်းနေနေတဲ့ အချိန်မှာတောင် ဂုဏ်မယူဖူးဘူး၊ သူ ဘယ်တော့မှ မချစ်ဘူး၊ ဘယ်တော့မှ မပျော်ဘူး၊ ဘာတစ်ခုမှ သူ့စိတ်ထဲမှာ ဟုတ်တိပတ်တိ ခံစားရတာ မဟုတ်ဘူး၊ အိုး... အဲဒီလူကို ကျွန်မ စိတ်ကုန်လိုက်တာ လွန်ပါရော၊ ဘယ်အခါဖြစ်ဖြစ် သူ့မှာ စကားပြောစရာအကြောင်းလည်း ဘာမှ မရှိဘူး"
    စူဇီနှင့် ပတ်သက်ပြီး ဘင်းပြောဖူးသည့်စကားကို ကျွန်တော် ပြေးအမှတ်ရလိုက်သည်။ ထို့ကြောင့် အားပါးတရ ရယ်ချလိုက်မိသည်။ စူဇီက နားမလည်သလို မော့ကြည့်သည်။
    "ဘာဖြစ်လို့ ရယ်ရတာလဲ"
    "ဘာမှမဟုတ်ပါဘူးကွာ... ဘင်းပြောဖူးတဲ့ စကားတစ်ခွန်းကို သတိရလို့ ရယ်မိတာပါ၊ စူဇီ ၀င်စတန်ချာချီဆိုတာ မင်း ကြားဖူးသလား"
    "ထပ်ပြောပါဦး"
    "၀င်စတန်ချာချီ"
    "အဲဒီမြို့က ဘယ်မှာရှိသလဲ... အမေရိကမှာလား" ဟု စူဇီက ပြန်မေးသည်။
    "စူဇီ မကြားဖူးဘူးလား... အဲဒါ မြို့မဟုတ်ဘူး... လူနာမည်"
    "ဒီနာမည် တစ်ခါမှ မကြားဖူးဘူး"
    အင်္ဂလိပ် နာမည်များကို တရုတ်လို အသံထွက်သောအခါ မူလအသံအတိုင်းမဟုတ်ဘဲ တစ်မျိုးကွဲလွဲထွက်ကြောင်း ကျွန်တော် သတိရသည်။ အင်္ဂလိပ်နာမည်ကို တရုတ်ဘာသာနှင့် ရေးသောအခါ အသံထွက်က တစ်မျိုး ပြောင်းသွားတတ်သည်။ အသံထွက်ပြောင်းသွားသောအခါ အဓိပ္ပာယ်လည်း တစ်မျိုး ထွက်သွားတတ်သည်။ ထို့ကြောင့် "၀င်စတန်ချာချီ"ကို တရုတ်လို အသံထွက်အတိုင်း ကျွန်တော်က ထပ်ရွတ်ပြ လိုက်သည်။
    စူဇီ၏ မျက်နှာကလေး ရုတ်တရက် ၀င်းလက်သွားသည်ကို မြင်လိုက်ရပါသည်။
    "အစ်ကိုပြောတာ ၀မ်းရ၏ှူးချီးချီးလား" ဟု သူက ပြန်မေးသည်။
    "ဟုတ်တယ် အဲဒါမျိုးဆိုပါတော့ ၀မ်းရှူးချီးချီး"
    ကျွန်တော့်ကို အသိပညာနည်းပါးသော လူမိုက်တစ်ယောက်ကို ကြည့်သလို ပြန်ကြည့်နေသည်။
    "စောစောက ဘာဖြစ်လို့ အဲဒီလိုမပြောတာလဲ၊ ရယ်စရာကောင်းတဲ့ နာမည်ကြီးကို စောစောက ဘာဖြစ်လို့ ခေါ်ရတာလဲ" ဟု သူက ပြန်မေးနေသည်။
    "ထားပါတော့လေ... ကဲ... သူ ဘယ်သူလဲ"
    "၀မ်းရှူးချီးချီး... သူဟာ အင်္ဂလန်ရဲ့ နံပါတ်တစ် ထိပ်ဆုံးကလူ၊ အခု မဟုတ်တော့ဘူး ... ပြီးသွားပြီ ... ဆေးပြင်းလိပ်အကြီးကြီးကို အမြဲတမ်း သောက်တတ်တယ်၊ ကိုယ်လုံးကြီးက အကြီးကြီး မျက်နှာကလည်း ဖြူဖြူ ၀ိုင်းဝိုင်းကြီး၊ အို... တစ်ခါတုန်းက ဂွမ်နီကိုတောင် ကျွန်မ ပြောဖူးသေးတယ်၊ ရုပ်ရှင် ကားတစ်ခုထဲမှာ သူ့ကို မြင်ရတုန်းကလေ... ဂွမ်နီရယ် အဲဒီ ၀မ်းရှူးချီးချီးက ငါ့သားကလေးနဲ့ တူလိုက်တာလို့..."
    ကျွန်တော်ရယ်ပြီး သူ့ကို လက်နှင့် သိမ်းကျုံးဖက်ကာ နမ်းလိုက်မိပါသည်။
    "မှန်လိုက်လေ စူဇီရယ်... အခု မင်းပြောတာတွေ ဘင်းကို ကြားစေချင်လိုက်တာ"
    ကျွန်တော့်ကို ကနွဲ့ကလျ သူမှီနေပါသည်။ ခဏကြာအောင် ကျွန်တော်တို့ စကားမပြောဘဲ တိတ်နေမိကြသည်။ သည်နောက်မှ သူက ပြောသည်။
    ဓအစ်ကို ဘင်းပြောလေ့ရှိတာ ဘာလဲ... သိသလား"
    "မသိဘူး... ဘာပြောသလဲ"
    "သူ အမြဲပြောလေ့ရှိတယ်၊ "စူဇီ မင်းဟာ ငါ့ကိုချစ်တာ မဟုတ်ဘူး၊ မင်းချစ်နေတာက ရောဘတ်... မင်းပြောပုံဆိုပုံတွေ ကြည့်တာနဲ့ မင်းဟာ ရောဘတ်ကို အရူးအမူးချစ်နေတာ သိနိုင်တယ်"လို့ ပြောတတ် တယ်"
    "ဟုတ်တယ်... သူကလည်း ကိုယ့်ကို ပြောဖူးတယ်၊ ဒါပေမဲ့ ဒီစကားမမှန်ဘူးလို့ ကိုယ်ထင်ပါတယ်ကွာ"
    "ဟုတ်တယ်... အဲဒီစကား အမှန်ပဲ"
    "စူဇီ ... ဟောစိုမှာ ကူးတို့သင်္ဘော၊ အဲဒီသင်္ဘောမမီရင် ကိုယ်တို့ ဒီဘက်ကမ်းမှာ သောင်တင်နေပြီ..."
    ထိုင်ခုံမှာ ကျွန်တော်တို့နှစ်ယောက် ခပ်ခွာခွာထိုင်ကြရသည်။ သူများ မမြင်နိုင်အောင် ကိုယ်လုံးနှစ်ခုကြားတွင် ခပ်ကွယ်ကွယ် လက်ချင်းဆုပ်ထားရသည်။ အများမြင်ကွင်းတွင် လက်ပွန်းတတီးနေခြင်းကို တရုတ်လူမျိုးများအနေဖြင့် ရိုင်းစိုင်းသည်ဟု သတ်မှတ်ထားသည်ဟု စူဇီက ပြောပြသော ကြောင့် ယခုလို နေရခြင်းဖြစ်သည်။
    ဆိပ်ကမ်း အင်္ဂတေလမ်းပေါ်ရောက်တော့ သူက ကျွန်တော့်ကို ရပ်စောင့်နေသည်။ အမှောင်ထဲမှာ သူ့ဆံပင် နက်နက်များကို မမြင်ရတော့ပါ။ သူ့မျက်နှာဖြူဖြူကလေးရယ်၊ သူ့အင်္ကျီ ဖြူဖြူကလေးရယ်၊ သူ့ဖိနပ်ဖြူဖြူ ကလေးရယ်ကိုသာ မြင်ရတော့သည်။
    သူ့လက်ကလေးကို ကျွန်တော် ဆွဲယူလိုက်မိပြန်ပါသည်။
    "စူဇီ ... ကိုယ့်အခန်းကို မင်း လိုက်ခဲ့ပါလားကွယ်..."
    သည်စကားကိုကြားတော့ ဖြူဖွေးသည့် သူ့မျာ်နှာကလေး မော့လာသည်။
    အိပ်ဖို့ ပြောတာလား အစ်ကို... အစ်ကိုနဲကအတူတူ အိပ်စေချင်လို့လား"
    "ဟုတ်ပါတယ် စူဇီ... ကိုယ်နဲ့အတူတူ လိုက်အိပ်စေချင်လို့ပါ၊ ဒီတစ်ညလုံး မင်းကို အရမ်း သဘောကျ နေမိတယ်၊ ဒါပေမဲ့ ဘင်းနဲ့ မင်းရဲ့ ဇာတ်လမ်း သိမ်းသွားတာက အချိန်ဘာမှ မကြာသေးတော့ စောစောက ကိုယ့်ဘာသာကိုယ် ပြန်ရှက်နေမိခဲ့တယ်၊ ဒါပေမဲ့ ဒီနေ့ည ကိုယ်တို့ နှစ်ယောက် မခွဲခွာစတမ်း တပူးတွဲတွဲနေခဲ့ကြတယ်၊ အတူတူကခဲ့ကြတယ်၊ ဘာပြဿနာမှ မပေါ်ဘူး၊ ပြီးတော့ ကိုယ့်စိတ်ထဲမှာလည်း ရှက်စိတ်တွေ မရှိတော့ဘူး၊ ဒီတော့ ကိုယ်နဲ့ အတူတူ လိုက်ခဲ့ပါကွယ်"
    သူ့နဖူးကလေးကို ကျွန်တော့်ဘက်သို့ ယိမ်းလိုက်သည်။ ထို့ကြောင့် ကျွန်တော့ မေးဖျားအောက်မှာ သူ့နဖူးကလေး ရောက်လာသည်။
    "ကျွန်မလိုက်ချင်ပါတယ် အစ်ကိုရယ်၊ ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မ စိတ်ပျက်သွားတာမျိုး မဖြစ်ရအောင် မလိုက်ပါရစေနဲပတော့..."
    "ဘာဖြစ်လို့လဲ စူဇီ.. ဘင်းကြောင့်လား"
    "မဟုတ်ပါဘူး အစ်ကို... ဘင်းကြောင့် မဟုတ်ပါဘူး၊ ပြောပြလို့လည်း မကောင်းပါဘူး၊ ကျွန်မ မပြောချင်ဘူး အစ်ကိုရယ်"
    "ပြောပြစမ်းပါ စူဇီ"
    "ကောင်းပြီလေ..."
    စူဇီသည် ထိုမျှပြောပြီး ရပ်သွားပြန်သည်။ ခဏကြာတော့မှ ဆက်ပြောသည်။
    "အစ်ကို ဒီလောက်ကြားချင်ရင်လည်း ပြောပြပါ့မယ်၊ ကျွန်မဟာ သာမန်မိန်းကလေးတစ်ယောက်ပဲ ဆိုကြပါစို့၊ ဒီနေ့ည အပြင်ကို အစ်ကိုခေါ်သွားတဲ့ သာမန် အင်္ဂလိပ်မကလေးဖြစ်တယ် ဆိုကြပါစို့၊ အစ်ကိုက အဲဒီအင်္ဂလိပ်မကလေးကို အစ်ကိုနဲ့လိုက်လာပြီး အိပ်စေချင်တယ်ဆိုပါစို့၊ သူဟာ အစ်ကိုနဲ့ လိုက်လာမယ်လို့ ထင်သလား အစ်ကို"
    "ကိုယ်လည်း မပြောတတ်ဘူး၊ မပြောတတ်တာတော့ မဟုတ်ဘူး၊ သူလိုက်လာလိမ့်မယ်လို့ ကိုယ်မထင်ဘူး"
    ကျွန်တော့် မေးစေ့အောက်မှ သူ ခေါင်းညိတ်နေသည်။
    "ဒါဟာ မဖြစ်နိုင်တဲ့ မိုက်မဲတဲ့ အတွေးအခေါ်မျိုးလို့ ကျွန်မထင်ပါတယ် အစ်ကိုရယ်၊ ဒါပေမဲ့ ကျွန်မဟာ အစ်ကို့အတွက် သာမန်မိန်းကလေးတစ်ယောက် ဖြစ်လိုက်ချင်ပါတယ်၊ မလိုက်ပါရစေနဲ့လို့ ကျွန်မ ငြင်းလိုက်ချင် ပါတယ်"
    ကျွန်တော် ရယ်မိပါသည်။
    "စူဇီ ... မင်းဟာ အင်မတန် ချစ်စရာကောင်းတာပဲ"
    "ဒီစကားကြားရင် အစ်ကို ရယ်တော့မယ်ဆိုတာ ကျွန်မ သိပါတယ်"
    "ကိုယ် တကယ်ရယ်တာ မဟုတ်ပါဘူးကွာ၊ မင်းထင်သလို ရယ်လိုက်တာမျိုး မဟုတ်ပါဘူး စူဇီ..."
    "မနက်ဖြန်ကျရင် ကျွန်မ လက်ခံပါ့မယ်၊ ဒီတစ်ကြိမ်ကလေးပဲ ကျွန်မ ငြင်းချင်တာပါ၊ ဒီလို ငါ ငြင်းခဲ့ဖူးတာပဲ ဆိုတာကို ကျွန်မ ပြန်သတိရနေနိုင်မယ်လေ၊ အစ်ကို သဘောပေါက်ရဲ့လားဟင်..."
    "သေသေချာချာ သဘောပေါက်ပါတယ်"
    "ကျွန်မ အခုလို ငြင်းရတဲ့အတွက် ၀မ်းနည်းပါတယ် ရောဘတ်"
    သူက ပုံမှန်အသံဖြင့် ဆက်ပြောသည်။
    "ဒီနေ့ညဟာ အင်မတန် ချစ်စရာကောင်းပါတယ်၊ ပြီးတော့ ရှင့်ကိုလည်း ကျွန်မ သိပ်သဘောကျပါတယ်၊ ဒါပေမဲ့ ကျွန်မဟာ မိကောင်းဖခင်သမီးကလေးပါရှင်၊ သိတယ်မဟုတ်လား၊ ကျွန်မဟာ အခုအချိန်အထိ အဖိုဆိုရင် ယင်ဖိုတောင် မသန်းဖူးသေးတဲ့ အပျိုစင်ကလေးဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်မ ၀မ်းနည်းပါတယ်၊ ရှင်နဲ့ လိုက်ပြီး မအိပ်နိုင်ပါဘူး"
    "ကိုယ် အရမ်းကြီးကို စိတ်မကောင်းဖြစ်သွားပါတယ် စူဇီ၊ ဘယ်လိုမှ ကိုယ်တောင်းပန်လို့ မရတော့ဘူးလား"
    "မတောင်းပန်ပါနဲ့ရှင်... ကျွန်မ ၀မ်းနည်းပါတယ်"
    "ကိုယ့်ပန်းချီကားကလေးတွေ ကြည့်ရုံတောင် မလိုက်နိုင်တော့ဘူးလား၊ ကိုယ့်စိတ် ကိုယ်ထိန်းပြီး စောင့်စည်းပါ့မယ်လို့ ကတိပေးပါတယ်"
    "မဖြစ်ပါဘူး ရောဘတ်၊ ရှင့်ကို ကျွန်မ သဘောကျပါတယ်၊ ကျွန်မ ကိုယ်ကျွန်မ ထိန်းသိမ်းရမယ်၊ ကျွန်မ အိမ်ပြန်တော့မယ်"
    "မင်းကို အိမ်အရောက် လိုက်ပို့လို့တော့ ဖြစ်ပါတယ်နော်"
    "ဒါလောက်တော့ ဖြစ်ပါတယ်၊ ကျွန်မအိမ်ပေါက်ဝ အရောက်တော့ လိုက်ပို့ပေးနိုင်ပါတယ်ရှင့်"
(၄)
နောက်တစ်နေ့တွင် ကမ်းနားလမ်းတစ်လျှောက် ကျွန်တော်တို့နှစ်ယောက် လျှောက်လာကြသည်။
    ကျွန်တော်တို့ ရုပ်ရှင်ကြည့်ပြီး နမ်ကောက်ဟိုတယ်သို့ ပြန်လာကြခြင်းဖြစ်သည်။ ဟင်နက်ဆီလမ်းမကြီးအတိုင်း ဈေးဆိုင်များ၏ အဖီတွေအောက်က လျှောက်ခဲ့ကြသည်။ လူတွေ ကျပ်နေသည့် လက်ဖက်ရည်ဆိုင်များကို ကျော်ခဲ့ကြသည်။ မီးရောင်ထိန်လင်းနေသည့် စတိုးဆိုင် များကို ဖြတ်ခဲ့ကြသည်။
    ထို့နောက် လင်ကွန်းလမ်းတွင်းသို့ ချိုးဝင်ခဲ့သည်။ လေထိုးအောက်လင်းဓာတ်မီးရောင်တွေ ထိန်ထိန် လင်းနေသည်။ အောက်လင်းဓာတ်မီးများမှ တရှဲရှဲမြည်သံများကို ကြားနေရသည်။ စားသောက် ဆိုင်တန်း ဖြစ်ပါသည်။ ဆောင့်ကြောင့် ထိုင်ကာ ဆန်ပြုတ် သောက်နေကြသည့် ယောက်ျားပေါင်း များစွာကို တွေ့ရ သည်။
    ကမ်းနား ဘက်ရောက်တော့ မာဂျောင်းကစားသည့် အခန်းတွေကို တတန်းကြီးမြင်နေရသည်။ မာဂျောင်းမွှေသံတွေ ညံနေသည်။ "အိပ်ခ်ျအမ်အက်စ် အသိန်းသင်္ဘောမှ မိတ်တွေများကို ကြိုဆိုပါ၏" ဟူသော ဆိုင်းဘုတ်ကြီး ချိတ်ထားသည့် ရေတပ်ယူနီဖောင်းချုပ်သော အပ်ချုပ်ဆိုင်တစ်ဆိုင်ကိုလည်း တွေ့ခဲ့ ရသည်။
    ထိုဆိုင်ကျော်တော့ ရုတ်တရက် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော် ပါးစပ်းအဟောင်းလောင်း ပွင့်သွားသည်။ သင်္ဘောတစ်စီးမှ ထိုးထားသော ကုန်းဘောင်သေးသေး ပေါ်တွင် အမူးသမား တစ်ယောက်သည် ဒယီးဒယိုင်ဖြင့် လျှောက်နေသည်။ ရေထဲသို့ ကျလုကျလု ဖြစ်သွားသည်။ သူ့ကိုယ်ကို ပြန်မတ်လိုက်ပြန်သည်။ ပြန်ယိုင်သွားသည်။ ဆပ်ကပ်ထဲတွင် ကြိုးတန်းလျှောက်ပြနေသော ဆပ်ကပ် လူပြက်လို ဖြစ်နေသည်။ နောက်ဆုံးတော့ အောင်မြင်စွာဖြင့် ကုန်းပေါ်သို့ ရောက်လာသည်။
    စူဇီက မလှမ်းမကမ်းမှနေ၍ ကျွန်တော့်ကို ရပ်စောင့်နေသည်။ သူ့ကို လှမ်းကြည့်လိုက်သောအခါ နေရာမှ ကျွန်တော် မရွှေ့နိုင်အောင် ဖြစ်သွားပြန်သည်။
    ဆိပ်ကမ်းအင်္ဂတေ လမ်းပေါ်မှာ သူရပ်နေသည်။ ကျွန်တော်နှင့် ကိုက်အနည်းငယ်ကွာဝေးသည်။ တစ်ဖက်မှ လမ်းမီးရောင်မှိန်မှိန်များက သူ့ကိုယ်ပေါ်သို့ ထိုးကျနေသည်။ သူ့မျက်နှာ၊ သူ့လက်နှင့် သူ့ခြေထောက်များသည် မီးရောင်ဖြင့် လင်းလက်နေသည်။
    ကျွန်တော့်စိတ်ထဲမှာ တစ်စုံတစ်ရာကို သတိရလာသည်။ သို့သော် သဲသဲကွဲကွဲမရှိ။ ကျွန်တော် ကြိုးစား စဉ်းစားသည်။ သို့သော်လည်း ထွက်ပြေးနေသည့် ငှက်တစ်ကောင်ကို ဖမ်းမမိသလို ခဏ ကြာအောင် စဉ်းစားမရ ဖြစ်နေသည်။
    နောက်ဆုံးတွင်မှ ကျောင်းနေစဉ် ကလေးဘ၀တုန်းက မြင်ခဲ့ဖူးသည့် ရုပ်ပုံကားတစ်ချပ်ကို သွားသတိရသည်။
    ကျွန်တော် ကျောင်းစနေတော့ ရောင်စုံသ္ဂရုပ်ဖော်ပုံများပါသော သမ္မာကျမ်းစာအုပ် တစ်အုပ် ရသည်။ စာအုပ်ထဲတွင် ဂျေရုဆလင်မြို့လယ် လမ်းတစ်လမ်း၏ ရောင်စုံသရုပ်ဖော်ပုံ ပါသည်။ ပုံ၏ရှေ့မျက်နှာစာ တွင် ပခုံးတစ်ဖက်နှင့် မှောက်ထားသော လက်တစ်ဖက်ကို တွေ့ရသည်။ နောက်ဘက်မှာ ဖြူဖွေးသည့် အုတ်တံတိုင်းကြီးရှိသည်။ အုတ်တံတိုင်းကြီး၏ ခြေရင်းတွင် အနာကြီးရောဂါသည်နှစ်ယောက် ဆောင့်ကြောင့် ထိုင်နေသည်။သူတို့၏ ကိုယ်လက်အင်္ဂါများသည် အနာကြီးရောဂါကြောင့် မပြည့်မစုံ ဖြစ်နေ ကြသည်။
    သူတို့ရှေ့တွင် တတိယမြောက် သူတောင်းစားတစ်ယောက်ကို တွေ့ရသည်။ သူသည်လည်း အခုနကလေးတုန်းက ကိုယ်လက်အင်္ဂါမစုံသည့် အနာကြီး ရောဂါသည်ပင် ဖြစ်ခဲ့သည်။ ယခုတော့ သူ့ရောဂါများ ယူပစ်လိုက်သလို ပျောက်ကင်းသွားပြီး အကောင်းပကတိဖြင့် မတ်မတ်ကြီးရပ်နေပြီ။ သူ့ကို တစ်ဖက်မှ အလင်းရောင်က ထိုးပေးထားသည်။ ယခု ရှေ့နားမှာ ရပ်နေသည့် စူဇီ၏ ကိုယ်ပေါ်သို့ အလင်းရောင်များ ဖြာကျနေသည်နှင့် တစ်ထေရာတည်း တူညီသည်။
    ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျွန်တော့်စိတ်ထဲမျာ ထူးဆန်းသော အံ့သြဖွယ် အသိအာရုံတစ်ခု ၀င်လာသည်။
    စူဇီသည် အပျိုစင်ကလေးဖြစ်ချင်သည်။ လောက၏ အပြစ်အနာအဆာကင်းသော၊ အကုသိုလ်တရားကို မသိနားမလည်သော မိန်းကလေး ဖြစ်ချင်သည်။ ယခု သည်နေရာမှာ သူရပ်နေသည်။ အလွန်တရာ သန့်ရှင်းစင်ကြယ်စွာရပ်နေခြင်း ဖြစ်သည်။ သူ့ဦးလေးကြောင့် ရေတိမ် နစ်ခဲ့ရတာတွေ၊ သူ့အသက် မွေးဝမ်းကျောင်းလုပ်ငန်းကြောင့် စွန်းထင်းခဲ့ရသည့် အညစ်အကြေးတွေ အားလုံးမှာ စောစောက ဂျေရုဆလင်လမ်းရှိ အုတ်တံတိုင်းရှေ့က အနာကြီးရောဂါသည် တစ်မုဟုတ်ချင်း ရောဂါ ပျောက်ကင်း သွားသလို ပျောက်ကင်းသွားတော့သည်။
    ကြည့်နေရင်းမှာပင် သူသည် အသန့်ရှင်းဆုံး ဖြစ်သွားတော့သည်။ အစင်ကြယ်ဆုံး ဖြစ်သွားတော့သည်။ အဖိုးအထိုက်တန်ဆုံး ဖြစ်သွားတော့သည်။ လူသားဆန်သော ခံစားချက်ကို ကျွန်တော် မြင်လိုက်ရသည်။ အံ့မဆုံးသော မြင်ကွင်းကို ကျွန်တော် မြင်လိုက်ရသည်။
    ကျွန်တော်လည်း အံ့သြမဆုံးတော့ပါ။ ထို့ကြောင့် သည်အတိုင်း ငေးစကြည့်နေရုံမှတစ်ပါး လုံးဝမရွေ့လျားနိုင်တော့ပါ။ စူဇီကလည်း လုံးဝ မရွေ့ပါ။ ကျွန်တော့်ကို သူလည်း ငေးစိုက်ကည့်နေ ပါသည်။ ကျွန်တော့် စိတ်ထဲမျ ခံစားချက်ကို ကောင်းစွာ နားလည်သဘောပေါက်ဘိအလား ပြန်ကြည့် နေခြင်း ဖြစ်ပါသည်။
    ပြီးတော့ သူ့ဆီသို့ ကျွန်တော် လျှောက်သွားကာ ပွေ့ယူလိုက်သည်။ မော့လာသည့် အပျိုစင်ကလေး၏ မျက်နှာဖြူဖြူကလေးကို နမ်းလိုက်မိပါသည်။ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမပြုဘဲ ကျွန်တော့်အနမ်းကို သူ လက်ခံပါသည်။ သူ့မျက်နှာကလေးပေါ်မှာတော့ မြတ်နိုးစရာ အပြုံးကလေး တစ်ခုကို ဆင်မြန်းထားပါသည်။
    ဆိပ်ကမ်းမှ ကူးတို့ သင်္ဘောဥသြသံ ပေါ်ထွက်လာသည်။ ထိုအခါ ကျမှပင် ဆိပ်ခံဘောတံတားဆီသို့ ကျွန်တော်တို့ လှမ်းကြည့်မိကြတော့သည်။ တကယ့်ဘ၀မှန်သို့ ပြန်ရောက်ကြတော့သည်။ ထူးဆန်း အံ့သြဖွယ်သော အဖြစ်အပျက် မရှိတော့ပြီ။ နဂိုနေဘ၀သို့ ပြန်ရောက်သွားပါလေပြီ။
    အင်္ဂတေလမ်းအတိုင်း ဆက်လျှောက်လာကြသည်။ စိတ်ချမ်းသာသည့် အရိပ်အရောင်များအား သူ့မျက်နှာ ပေါ်မှ ပျောက်မသွား။ ရွှင်လန်းအားရမှုများကား လျော့ပါးမသွား။ ကျွန်တော့်စိတ်ထဲမှာ ဘာတွေ ခံစားနေရ သည်ကို သူသိသည်ဟု ထင်ပါသည်။
    "အစ်ကို... ဒီကနေ့ ကျွန်မလုပ်နေပုံတွေကို အစ်ကို သိပါတယ်နော်၊ အစ်ကိုဟာ ကျွန်မဘ၀မှာ တွေ့ကြံဖူးတဲ့ ပထမဆုံးယောက်ျားအဖြစ် ကျွန်မ ဟန်ဆာင်နေခဲ့တယ်၊ ဒါဟာ အမှန်မဟုတ်ဘူး ဆိုတာကိုလည်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒါဟာ အမှန်ပဲလို့ ကျွန်မစိတ်ထဲမှာ ခံစားနေရ ပြန်ရော အစ်ကို.."
    သူက စကားကို ခဏဖြတ်ပြီး မသိမသာကလေးရယ်သည်။ ပြီးမှ ဆက်ပြောသည်။
    "ကျွန်မရင်ထဲမှာ ကြောက်သလိုလိုကြီး ဖြစ်နေတယ်ကွယ်... ရယ်စရာ မကောင်းဘူးလား အစ်ကို၊ ပထမဆုံး ကြုံတွေ့ရတဲ့ အတွေ့အကြုံလို ဖြစ်နေတယ်၊ ကျွန်မ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး အစ်ကိုရယ်"
    "အစ်ကိုလည်း စိတ်ထဲမှာ ကြောက်ရွံ့နေတာကို ခံစားနေရပါတယ်" ဟု ကျွန်တော်က ပြန်ပြောသည်။
    "ကျွန်မ သိပ်ကို ကြောက်နေပြီ အစ်ကိုရယ်..."
    အားလုံး အံ့သြဖွယ်ရာများချည်း ဖြစ်ကုန်ကြပြီကို ကျွန်တော် တွေးနေမိပါသည်။ စူဇီ၏ ခ္ဓာကိုယ်ထဲမှ အံ့သြဖွယ်ရာများ မဟုတ်ပါ။ သူ့အသည်းနှလုံးထဲမှ အံ့သြဖွယ်ရာများ ဖြစ်ပါသည်။
    မှန်ပါသည်။ ချစ်ခြင်းမေတ္တာတရားဆိုသည်မှာ အံ့သြဖွယ်ရာပင် မဟုတ်ပါလား။
    အံ့သြဖွယ်တရားသည် သူ၏ အတိတ်ကြောင်းများကို ဖယ်ထုတ်ပစ်လိုက်သည်။
    သူ့အသည်းနှလုံးကို သန့်ရှင်းစင်ကြယ်သွားအောင် ဆေးကြောသန့်စင်ပေးလိုက်သည်။
    အပျိုစင်ကလေး၏ လျှို့ဝှက်မှုများနှင့် အံ့သြဖွယ်ရာများကို ဖန်တီးပေးလိုက်သည်။
    ယုံကြည်မှုတရားကလည်း ပေါ်လာသည်။
    ကျွန်တော်သည် သူ၏ ပထမဆုံးသော ချစ်သူဖြစ်ဖို့ သူ လိုလားသည်။ သူနှင့် ပထမဆုံးဆက်ဆံရသည့် ယောက်ျးဖြစ်စေချင်သည်။
    ကျွန်တော့်စိတ်ထဲမှာလည်း ထို့အတူ ယုံကြည်လာသည်။
    ကျွန်တော်သည် သူ့ဘ၀၏ ပထမဆုံးသောချစ်သူ။
    အတိတ်အကြောင်းဟူသည် ဘာမှ အဓိပ္ပာယ်မရှိတော့ပါပြီ။
    လမ်းမကိုဖြတ်ပြီး နမ်ကောက်ဘက်သို့ လျှောက်ခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာလျှောက်လာသည်။ တစ်ယောက်နှင့် တစ်ယောက် မသိကျွမ်းသော မျက်နှာစိမ်းတွေလို ဖြစ်သွား ပြန်သည်။ သူ့လမ်းသူသွားပြီး ကိုယ့်လမ်းကိုယ်သွားကာ တစ်နေရာတွင် လူသစ်များအဖြစ် သွားဆုံကြ ရတော့မလို ခံစားလာရသည်။
    ခန်းမကြီးထဲသို့ ဖြတ်ဝင်လာခဲ့ကြသည်။ လူရှင်းနေသည်ကို တွေ့ရသဖြင့် ကျေးဇူးတင် မိသေးတော့သည်။ ကျွန်တော်တို့၏ စိတ်ခံစားချက်ကလေးသည် နုနုရွရွကလေး ဖြစ်နေသည်။ တစ်စုံတစ်ရာ ကိုတွေ့ပြီး သည်ခံစားချက်ကလေး ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေမိသည်။
    ဓာတ်လှေကားကိုစောင့်ရင်း ဘားခန်းထဲမှ အမျိုးသမီးတစ်ယောက်ယောက်နှင့် သင်္ဘော သားတစ် ယောက် ယောက် ရောက်မလာပါစေနှင့်ဟု ကျိတ်ပြီး ဆုတောင်းနေမိသည်။ အပေါ်ထပ်သို့ တက်သွား ခိုက်တွင်လည်း ဘာခံစားချက်မှ ရှိသော မျက်လုံးပိုင်ရှင် အမျိုးသမီးများနှင့် သင်္ဘောသား များကို မဆုံတွေ့ ပါရစေနှင့်ဟု ဆုတောင်းနေမိသည်။
    ဒါတွေကို မြင်တွေ့ရလျှင် စူဇီ၏ အတိတ်ကြောင်းများက ကျွန်တော့်အသိအာရုံတွင်းသို့ ပြန်လည်ဝင်ရေက်လာပေလိမ့်မည်။ သူ့ကို တခြားဟိုတယ်တစ်ခုသို့ ခေါ်သွားမိလျှင် ကောင်းပေမှာပဲဟု စဉ်းစား မိသည်။ ယခုလို စွန့်စားရတာမျိုးနှင့် ကင်းဝေးသွားနိုင်သည်။
    ဓာတ်လှေကား ဆင်းလာသည်။ တံခါးပွင့်သွားသည်။ ဓာတ်လှေကားမောင်းသူမှတစ်ပါး မည်သူမျှ မရှိသည်ကို တွေ့ရသည်။ စိတ်သက်သာရာ ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း စူဇီနောက်မှ အတွင်းသို့ ၀င်လိုက်သွားသည်။
    အပေါ်သို့ ဓာတ်လှေကားတက်လာခိုက် ဒေါသတကြီးအော်ဟစ်နေကြသည့် အသံများကို ကြားနေရသည်။ ကျွန်တော့်ရင်ထဲမှ ပရိဒေ၀မီးများ တောက်လောင်သလို ခံစားလာရပါသည်။ အပေါ်ဆုံး ထပ်နှင့် နီးလာလေ အသံတွေက ပိုမိုကျယ်လောင်လာလေ ဖြစ်လာသည်။
    အပေါ်ဆုံးထပ်သို့ရောက်ပြီး ဓာတ်လှေကား ရပ်သွားသည်။ တံခါးပွင့်သွားသည်။ စင်္ကြံထဲမှ ကျွန်တော် မြင်နေကျ မြင်ကွင်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရလေတော့သည်။
    ဗုဒ္ဓဟူးလူးလူးကို ဘားမန်နေဂျာနှင့် အမျိုးသမီးနှစ်ယောက်က ဖမ်းချုပ်နေသည်။ လူးလူးက အော်ဟစ်ဆဲဆိုရင်း ရုန်းကန်နေသည်။ သူ့မျက်နှာသည် ဒေါသကြောင့် အရုပ်ဆိုးအကျည်း တန်နေ သည်။ သင်္ဘောသား တစ်ယောက်ကို အော်ဟစ်ဆဲဆိုကာ ရန်တွေ့နေသည်။
    သင်္ဘောသားသည် အတန်ငယ် အရက်မူးနေပုံရသည်။ သူ့မျက်နှာသည်လည်း ဒေါသရောင်ကြောင့် ရဲရဲနီနေသည်။ သူကလည်း လူးလူးကဲ့သို့ပင် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများဖြင့် ပြန်လည် ဆဲရေး တိုင်းထွာ နေသည်။
    စင်္ကြံထဲမှာ အမျိုးသမီးတွေ၊ သင်္ဘောသားတွေဖြင့် ပြည့်ကျပ်နေသည်။ ရန်ဖြစ်သံကြောင့် အခန်း အသီးသီး မှ ထွက်လာကြဟန်တူသည်။
    သူတို့ကို ကျော်ပြီး ကျွန်တော့်အခန်းရှိရာသို့ အရောက်သွားဖို့ မဖြစ်နိုင်တော့ပပါ။ ဓာတ်လှေကား အပြင်မှာရပ်ပြီး သည်အဖြစ်အပျက်ကြီးကို စိတ်မချမ်းမသာဖြင့် ငေးကြည့်နေရပါ တော့သည်။
    ဗုဒ္ဓဟူးလူးလူး သည်မျှ ဒေါသကြီးသည်ကို ကျွန်တော် တစ်ခါမှ မမြင်ခဲ့ဖူးပါ။ သူသည် အမြဲတမ်းဆိုသလို သိမ်မွေ့နူးညံ့စွာ နေထိုင်ဆက်ဆံတတ်ပါသည်။ စကားပြောလျှင်လည်း ယဉ်ကျေးသိမ်မွေ့စွာ ညင်ညင် သာသာ ပြောဆိုလေ့ရှိပါသည်။ ယခုတော့ သူ့ဒေါသက ထိုအရာအားလုံးကို ချေဖျက်ပြစ် လိုက်ပါ တော့သည်။
    ဘားမန်နေဂျာကလည်း အော်ဟစ် ငေါက်ငမ်းနေသည်။ သို့သော်လည်း သင်္ဘောသားနှင့် လူးလူးတို့၏ အသံကြားမှာ သူ့အသံ နစ်မြှုပ်ပျောက်ကွယ်သွားသည်။
    သင်္ဘောသားက တစ်ဖက်သို့ လှည့်ထွက်သွားသည်။ ပါးစပ်ကတော့ ဆဲရေး တိုင်းထွာနေတုန်း ပင်ဖြစ်သည်။ ထိုအခိုက် လူးလူးသည် ချုပ်ထားသည့် လက်များထဲမှ လွတ်ထွက်သွားသည်။ သင်္ဘောသားကို ခုန်အုပ်လိုက်သည်။ မျက်နှာကို လက်နှစ်ဖက်ဖြင့် စိတ်ရှိလက်ရှိ ရိုက်ပစ်သည်။ သင်္ဘောသားမှာ မမျှော်လင့်ဘဲ အလစ်တွင် ၀င်ရောက်အတိုက်ခံလိုက် ရခြင်းဖြစ်သည်။ မန်နေဂျာနှင့် အမျိုးသမီး  နှစ်ယောက်က ပြေးဆွဲပြီး ချုပ်ထားလိုက်ပြန်သည်။
    သင်္ဘောသားက ရွံရှာမုန်းတီးစွာဖြင့် တံတွေးတစ်ချက်ထွေးပြီး ထွက်သွားသည်။
    ဓာတ်လှေကား တံခါးပေါက်နားမှ ရပ်ကြည့်နေသော အဲလစ်ကလေးက တခစ်ခစ်ရယ်သည်။ ပြီးတော့ သူ့ဘေးနားမှ သင်္ဘောသားလက်မောင်းကို ကိုင်ပြီး ဆွဲခေါ်သည်။
    "ဟေး... ဂျက်ကီ လာ... သွားကြစို့ ... ဘာမှ စိတ်ဝင်စားစရာ မရှိတော့ဘူး"
    သင်္ဘောသားက သူခေါ်ရာသို့ လိုက်ရင်း အခန်းတံခါး ပိတ်မည်လုပ်သည်။ ထိုအချိန်တွင် စူဇီကို သူမြင်သွားသည်။ မျက်နှာပြုံးသွားသည်။
    "ဟေး...စူဇီ"
    စူဇီက သူ့ဘက် လှည့်ကြည့်သည်။ သို့သော်လည်း သူ့မျက်နှာပေါ်မှာ မည်သို့သော ခံစားချက်မှ မရှိ။
    "ဂျက်လေကွာ... ကိုယ့်ကို မှတ်မိတယ်မဟုတ်လား ဂျက်ကီလေ... အသိန်းသင်္ဘောက ဂျက်ကီလေ... လွန်ခဲ့တဲ့ ဇွန်လထဲတုန်းက မင်းနဲ့ ကိုယ်တွေ့ခဲ့ကြသေးတာပဲ၊ သွားမယ်နော်... နောက်မှ တွေ့ကြသေး တာပေါ့..."
    တံခါးပိတ်သွားသည်။ စူဇီက ခံစားချက်ကင်းမဲ့နေသော သူ၏မျက်နှာကို စင်္ကြံဘက်သို့ ပြန်လှည့်လိုက်သည်။ ဗုဒ္ဓဟူးလူးလူးနှင့် ရန်ဖြစ်သော သင်္ဘောသားလည်း အောက်သို့ ဆင်းသွား သည်။ စင်္ကြံထဲမှ ပွဲကြည့်ပရိသတ်တဖြည်းဖြည်း လူအုပ်ကွဲသွားသည်။ မိမိတို့နှင့် သက်ဆိုင်ရာ အခန်းများ အတွင်းသို့ ပြန်ဝင်သွားကြသည်။
    ရှေ့သို့ ကျွန်တော်တို့ ဆက်လျှောက်လာကြသည်။ ကျွန်တော်သည် စိတ်မချမ်းမသာဖြင့် စူဇီ၏ နောက်မှ လိုက်လာခဲ့သည်။ စောစောက ခံစားနေခဲ့ရသည့် အာရုံကလေးများကို ပြန်မှ ရယူနိုင်ပါဦး တော့မည်လောဟု ကျွန်တော် စဉ်းစား နေမိသည်။
    အခန်းထဲရောက်ပြီး တံခါးပိတ်လိုက်သည်။ အပြင်က အသံများကို သဲသဲကွဲကွဲ မကြားရတော့။ နောက်ဘက်သို့ ပြန်လှည့်ကြည့်သည်။ အခန်းအလယ်မှာ စူဇီရပ်နေသည်။ သည်အခန်းထဲသို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသူလို ဖြူဖွေးသောမျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း အမူအရာကလေးကို မြင်တွေ့ရသည်။ အံ့သြဖွယ်ကောင်းသော အာရုံများ ကျွန်တော့်ရင်ထဲမှာ ချက်ချင်းပြန်ပေါ်လာသည်။
    စင်္ကြံထဲမှာ တွေ့ခဲ့ရသည့် မြင်ကွင်း၊ ဗုဒ္ဓဟူးလူးလူးနှင့် သင်္ဘောသားတို့၏ ဒေါသပေါက်ကွဲနေသောမျက်နှာ၊ သူတို့အော်ဟစ်ပြောနေကြ ဆိုနေကြသည့် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများ၊ လွန်ခဲ့သည့် ဇွန်လတုန်းက စူဇီနှင့်တွေ့ ခဲ့သည်ဆိုသော အသိန်းသင်္ဘောမှ ဂျက်... အားလုံး ကျွန်တော့် အာရုံထဲမှ ပျောက်ကွယ် သွားတော့သည်။
    ကျွန်တော်က ဘဲလ်တီးလိုက်သည်။ နံပါတ်နှစ် အခန်းစောင့်က ရေနွေးကြမ်းလာပေးသည်။ အကြမ်း ဖန်ခွက်တစ်လုံးစီ ကိုင်ပြီး လသာဆောင်သို့ ကျွန်တော်တို့ ထွက်ခဲ့ကြသည်။ ဆိပ်ကမ်းကို ကျော်ကြည့်လိုက်တော့ မီးရောင်တွေ ထိန်ထိန်လင်းနေသော ကျွန်းဆွယ်ဟိုတယ်ကို တွေ့ရသည်။ တိုက်သင်္ဘောမှ မီးရောင်များကိုလည်း မြင်ရသည်။ တိုက်သင်္ဘော၏ အမည်ကို ရောင်စုံမီးများဖြင့် ထွန်းပြ ထားသည်။
    "အဲဒီသင်္ဘောက ရှိနေတုန်းပဲနော်" ဟု စူဇီက မေးသည်။
    "ဟုတ်တယ်... မနက်ဖြန်မှ ထွက်မယ်ထင်တယ်"
    "ကျွန်မ ကြောက်နေတုန်းပဲ အစ်ကိုရယ်" ဟု စူဇီက ပြောသည်။
    "ဟုတ်တယ်... အစ်ကိုလည်း ကြောက်နေတယ်၊ ဒါပေမဲ့ အားလုံး အဆင်ပြေသွား မှာပါကွယ် မဟုတ်ဘူးလား..."
    "ဟုတ်ပါတယ်"
    "သွားအိပ်ကြစို့ စူဇီ"
    သူ လုံးဝမလုပ်။ အခန်းထဲသို့ ကျွန်တော် ၀င်ခဲ့သည်။ ပြီးတော့ အိပ်ရာထဲ ၀င်လိုက်သည်။ စူဇီသည် လသာဆောင်ပေါ်မှာပင် ရှိနေသေးသည်။
    အတော်ကလေးကြာတော့ သူဝင်လာသည်။ ကျွန်တော့်ကို မကြည့်ပါ။ မှန်တင်ခုံမှာ သွားရပ်နေသည်။ ကျွန်တော့်ဘီး၊ ကျွန်တော့်စာအုပ်များ၊ မနေ့က သူခွဲပစ်လိုက်သဖြင့် အတောင်းက အစားပေးထားသော ပြာခံခွက် အသစ်များကို ပျင်းရိငြီးငွေ့စွာ ကိုင်တွယ်ကြည့်နေသည်။ ပြီးတော့ ဘီးကို ကောက်ယူလိုက်ပြီး ခပ်မှိုင်မှိုင် အမူအရ်ာဖြင့် ခေါင်းဖြီးသည်။ တစ်စုံတစ်ရာသော အတွေးထဲမှာ နစ်မြုပ်နေပုံမျိုးဖြစ်နေသည်။
    မှန်ထဲသို့ တစ်ချက်ကြည့်လိုက်ပြီး ဘီးကို ပြန်တင်ထားလိုက်သည်။ ပြီးတော့ သူ့အင်္ကျီ လကမောင်းအောက်မှ ဇစ်ကို စတင်းဖြုတ်သည်။ သို့သော် အဆုံးအထိ ဆွဲမချဘဲ ဖြုန်းခနဲ ရပ်ပစ် လိုက်သည်။
    "အစ်ကို မီးပိတ်လိုက်ပါကွယ်"
    ထိုအသံကိုကြားတော့ ကျွန်တော် ရယ်မိသည်။
    "စူဇီ ... မင်း မရှက်တတ်ပါဘူးကွယ်"
    "ရှက်တယ်... အစ်ကိုနဲ့ကျတော့ ရှက်တယ်"
    မီးခလုတ်ကို ကျွန်တော် ပိတ်လိုက်သည်။ ပွင့်နေသော လသာဆောင် ပြူတင်းပေါက်မှ တစ်ဆင့် ကောင်းကင်ကြီးကို လှမ်းမြင်ရသည်။ ထိုကောင်းကင်နောက်ခံနှင့် စူဇီ၏ ခန္ဓာကိုယ် ကောက်ကြောင်း အရိပ်ကို လှမ်းမြင်နေရသည်။ ကိုယ်ကိုကုန်းပြီး ခြေအိတ်ချွတ်တော့ သူ့ဆံပင်များသည် ရှေ့သို့ လျှောကျ သွားသည်။
    ခဏကြာတော့ ကျွန်တော့်အနားသို့ ၀င်လာသည်။ သူ့ကိုယ်လုံးသည် အေးနေသည်။ မည်သူမှ မထိမတို့ ဖူးသေးသော သန့်ရှင်းစင်ကြယ်သည့်ကိုယ်လုံးကလေးဖြစ်ပါသည်။
    ကျွန်တော်တို့ဘ၀တွင် ချစ်မြတ်နိုးဖွယ် အကောင်းဆုံးသော တဒင်္ဂကလေးဖြစ်ကြောင်းလည်း ကျွန်တော် သဘောပေါက် နားလည်လိုက်ပါသည်။
    ပိုးချည်မျှင်ကလေးက ရစ်ပတ်နှောင်ဖွဲ့လိုက်သည်။ ပိုးအိမ်ကလေးအတွင်းသို့ ကျွန်တော်တို့ ရောက်သွား ကြသည်။
    မပြည့်စုံသော "အခြမ်းနှစ်ခြမ်း" ဘ၀မှ ပြည့်စုံသော "တစ်ခု" အဖြစ်သို့ ကူးပြောင်းရောက်ရှိသွားသည်ဟု ကျွန်တော် ခံစား လိုက်ရပါသည်။
    တစ်ဆက်တည်းမှာပင် စူဇီ၏ တရှိုက်ရှိုက်ငိုသံကလေးက ကျွန်တော့်နားထဲသို့ တိုးဝှေ့ ၀င်ရောက် လာပါတော့သည်။
စာအုပ် (၂) အခန်း (၆) နက်ဖြန်နော်
.
No comments: