Sunday, December 27, 2009

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၁၀)

အခန်း (၁၀)

    အထိန်းတော်ကြီး ခင်ဘွားလည်း စုဖုရား စံတော်မူရာ မှန်အဆောင်တော်ထဲမှ လာပြီး အပြင်ဆောင် များတွင် အသီးသီး သင်္ကန်းချုပ်နေကြသော အပျိုတော်လေးများနှင့် စုဖုရားအတွက် ၀တ်လဲတော် နံသာ ပန်းမန်များ ပြင်ဆင်လျက်ရှိကြသည့် အပျိုတော်များ အား စီမံဆော်သြောရန် ရှိသည်များကို ကြည့်ရှု့  စီမံကာ

''ခါနွေတို့ ခါဘုန်းတို့ စုထားဖုရားအဆောင်တော်နားမှာ နီးနီးကပ်ကပ် ခစားကြ၊ ခင်လှကြီးနဲ့ ခင်မှုံကလည်း သင်္ကန်းချုပ်တဲ့ကိစ္စ္မှာ စိတ်ချရအောင် ကြီးကြပ်နှိုးဆော်လိုက်ပါ၊ စာတော်ပြနပွဲ နီးလာပြီ၊ ရက်လောက်သာလိုတော့တယ်၊ ခင်ဘွားသစ်ကလည်း ချုပ်ပြီးတဲ့ သင်္ကန်းများကို ပိန္နဲရည်ဆိုးစရာ မဟာဒါန်ဝန် မောင်မြတ်သာထံ ပို့ရန် အနောက်ဝန်မင်း  ထံကအစီရင်ခံစာ မလာသေးဘူးလားလို့ မိန်းမစိုး မောင်ရွှေတောင်ကို စေလွှတ်မေးခိုင်း လိုက်ပါ၊ ငါ မယ်တော်ကြီးဖျား အဆောင်တော်ကို အခစားဝင် ချေဦးမယ်၊ ငါပြန်မလာမီ အရှင်ထိပ်စုမြတ်ဖျားအပါးမှာ မလစ်လပ်ရအောင် အလှည့်ကျ ခစားနေကြ"
ပြော၍ အပျိုတော်များ "တင်ပါ့"ဟု လိုက်ကြစဉ် ခင်ဘွားသစ်သည် နော်ကပါလက် ပါးစေငယ် နှစ်ယောက်ကို ခေါ်လျက် အလယ်နန်းမတော် ဖုရားအဆောင်တော်သို့ အခစားထွက်သွားလေ၏။

    အဆောင်တော်တွင် ကျန်ရစ်သော အပျိုတော်များလည်း အချို့က စုဖုရား အဆောင်တော်တွငိးသု့ ၀င်ရောက်ခစားကြလျက် အချို့ကလည်း သင်္ကန်းချုပ်မြဲချုပ်၍ အချို့ကား အ၀တ်တော်များ နံ့သာပန်းမန် များ စုဖုရားအတွက် ပြုပြင်စီမံလျက် ရှိကြလေ၏။

သင်္ကန်းချုပ်သောဝိုင်းတွင် ခင်မြတ်မင်းဆိုသော အပျိုတော်တစ်ယောက်က အနီးရှိ ခင်တုတ်အား နားနားသို့ကပ်ကာ တီးတိုးလေသံနှင့်-
"မမတုတ်ရဲ့ အခုတလော အထိန်းတော်သခင်ကြီးဟာ မြို့ပြင်ကို ကိစ္စရှိတယ်ဆိုဆို ပြီးမကြာခဏ ထွက်တယ်၊ ပြန်လာပြီ ဆိုမှဖြင့်လည်း အဆောင်တော်ထဲမှာ ထိပ်စုမြတ်ဖုရား နဲ့ နှစ်ယောက်တည်း တိုးတိုး တိုးတိုးနဲ့ ဘာတွေ လျှောက်တင်နေမှန်းမသိဘူး၊ ကျွန်မတော့ လျှို့ဝှက်တဲ့ အကြောင်းထူး တစ်ခုခုရှိပြီ ထင်တယ်"
ပြောလျှင် ခင်တုတ်က လက်ကုန်၍ တီးတိုးလေသံနှင့်ပင်

"အို… ခင်မြတ်မင်း ကိုယ်နဲ့မဆိုင်ရာမှာ ဘာဖြစ်လို့ စကားပေါက်ရှာ ပြောချင်ရ သလဲ၊ ကြမ်းကြား လေကြား အထိန်းတော်သခင်ကြီး ကြားသွားမှ ထိပ်စုမြတ်ဖုရားကို သံတော်ဦးတင်လို့ မမတို့ ခင်မြတ်မင်းတို့ ဒုက္ခရောက်နေပါဦးမယ်၊ ဒါမျိုးတွေ နောက်မပြောနဲ့၊ ဟောဟိုက ပန်းပေါင်းကြိတ်နေတဲ့ ခင်မကြီးရဲ့အနားများ ဒီစကားမျိုး သွားပြောမိရင်အခက်ပဲ၊ ဇိုးခနဲ၊ ဇပ်ခဲ၊ ဇက်ရဲလက်ရဲ တကယ်လည်း သတ္တိကောင်းတဲ့ မဖယောင်းကလည်း၊ သူ့ကြည့်ရတော့ သေးသေးကွေးကွေးနဲ့ ကြမ်းရမယ်ဆိုတဲ့နောက် ငါးစိမ်းသည်က အစ်မခေါ်လောက်တယ်နော်၊ ထိပ်စုမြတ်ဖုရားကလည်း စိတ်တော်ကမြန် ခင်မကြီးကလည်း ငြိုတော်မူတယ်ဆိုရင် သူကအရင်ဝင်ပြီး မျက်နှာလိုအားရ တစ်ပါးကျွန်ပီပီ အမှုဆောင်လိုက်တာကြီးပဲ၊ ဒါတွေကြောင့်လည်း အရှင်ထိပ်စုမြတ်ဖျားက အပျိုတော်တွေထဲမှာ သူ့ကိုအများကြီး လက်စွဲပြုလို့ ဂရုစိုက်တော် မူနေတယ်၊ ကြောက်ပါ တယ် ခင်မြတ်မင်း မင်းခစား ကမ်းနားသစ်ပင်တဲ့၊ သေချင်ရင် နေ့လားညလား မင်းတို့မျက်စောင်း အကြောင်းသုံးပါးမရွးဘူးတဲ့"
ပြောလိုက်သဖြင့် ခင်မြတ်မင်းမှာ တစိမ့်စိမ့်တွေးကြောက်လာသောကြောင့် နောက်ထပ် စကားမစပ်ဝံ့ဘဲ-

"ဟုတ်ကဲ့မမ၊ မမသတိပေးတာ အင်မတန်ကျေးဇူးတင်ပါတယ်။ ခင်က ရုတ်တရက် ဆိုတော့ ကိုယ့်ဘေးကို မစဉ်းစားမိဘဲ စိတ်ထဲရှိတာ လွှတ်ခနဲ ထွက်သွားမျိပါတယ်၊ နောက်မပြောဝံ့ပါဘူး မမရယ်"
ဆိုကာ သင်္ကန်းကို သဲသဲမဲမဲ အားခဲချုပ်နေရှာလေ၏။

အဆောက်တော်တွင် တစ်ပါးတည်း စံတော်မူနေရစ်သော စုဖုရားလည်း လက်မှကိုင်တော်မူသော ရွှေပြားကို မနားတမ်းရှုစားတော်မူလျက်ရှိစဉ်  အပျိုတော်ခင်ဘုန်း ၀င်လာသဖြင့် ရွှေလွှာတော်ကိုချပြီး ပုတီးပန်းမန် လိမ်းကျံခြယ်တော်မူရန် မှန်ခံတော် ရှိရာသို့ ထွက်လာလျက် ခင်ဘုန်းအား အ၀တ်အစား အသစ်များ လဲလှယ်ဆင်ယင်ပေး စေပြီးလျှင် လက်စွဲအချစ်ော်ဖြစ်သော အပျိုတော်ခင်မကြီး ပြုပြင် ဆက်သသော ပန်းပေါင်း ပုတီးကို ဆင်တော်မူကာ အပြင်ဆောင်တော်သို့ ထွက်တော်မူလာပြီး သင်္ကန်းချုပ်လုပ် နေသည့် အပျိုတော်များကို ရှုစားတော်မူလျက်
"ရက်နီးလှပြီး ခင်လှကြီးနဲ့ ခင်မှုံတို့ရဲ့၊ နော်တစ်သီတင်းလွန်လျှင် နခုန်လဆန်း တော့မယ်၊ ခပ်မြန်မြန်ကလေး ကြိုးစားလိုက်ကြပေတော့၊ 'ကုသိုလ်ရေးမို့ ကြိုးစားပါ၊ ကျွန်မတို့မှာ ချွေးတလုံးလုံး' ဆိုတဲ့ သံချပ်ကို ခင်လှကြီးက ကြပ်ကြပ်ရွတ်နော်"

ကြည်ကြည် သာသာ မိန့်တော်မူလေရာ အပျိုတော်များမှာ ညောင်းညာပင်ပန်းလှ သည်ကိုပင် သတိမရနိုင်ဘဲ စုဖုရားမျက်နှာတော် ချိုသဖြင့် အလိုလို ၀မ်းမြောက် အားတက်နေကြပြီး ခင်လှကြီးကပင် ဘုရား ကျွန်မများ နေ့မအား ညမအား ကြိုးစားချုပ်ကြပါတယ်ဘုရား၊ ပြီးနေတဲ့သင်္ကန်းတော်များ အဆောင်တော်နံ၇ံမှာ တောင်ကမ်းပါးကြီးလို မြင့်နေပါပြီ၊ ရှုစားတော်မူပါဘုရား၊ နောက်ထပ်ချုပ်ရန် သင်္ကန်းတော် အထည် နှစ်ဆယ်လောက်သာ ကျန်ပါတော့သဖြင့် လှူဒါန်းတော်မူရန် အချိန်အခါမလင့် အဆင်သင့် ရနိုင်ပါပြီ ဘုရား"

သွက်လက်စွာ လျှောက်ထားသဖြင့် စုဖုရားမှာ ၀မ်းမြောက်ဝမ်းသာနှင့် အပျိုတော်များကို ချီးမွမ်းစကား မိန့်ကြားလျက် အတွက် ဆောင်တော်ဘက်သို့ ၀င်တော်မူ လာ၍ သလွန်တော်ပေါ်တွင် ကျုံ့ကျုံ့ကလေး ထိုင်တော်မူပြီး ခင်မကြီးကို အနီးသို့ ခေါ်တော်မူကာ

"သစ်သစ်လည်း မယ်မယ်ဖျားအဆောင်တော်ကို အခစားဝင်သွားတာ ကြာလိုက် တာနော်၊ ခုတောင် ပေါ်မလာသေးဘူး၊ မယ်မယ်ဖျားထံတော်မှာ ဘာတွေလျှောက်ရှည်ပြီး နေပါလိမ့်မလဲ၊ သစ်သစ် တစ်ယောက် သောကြာသမီးပီပီ နေရာတကာ အလျှောက်အထား နဲ့ စကားမရှည်ရရင် ပြီးတဲ့ မိန်းမကြီး မဟုတ်ဘူး"
တစ်ပါးတည်း ညည်းညူသကဲ့သို့ ညည်းတော်မူရာက -

"အို……. ပျင်းတော်မူလိုက်ပါဘိ၊ ဟဲ့……. ခင်မကြီး ဟိုကပ်ပေါ်က အရီးတော် လှိုင်ထိပ်ထားဘုရား ရေးသားတော်မူတဲ့ ဣန္ဒာဝံသဇာတ်တော်ကြီးယူပြီး ညည်းဖတ်ချင် တဲ့နေရာက စဖတ်စမ်း"
အမိန့်တော်ရှိရာ သွက်လက်ချက်ချာ လိမ္မာနူးနပ်လှသော အပျိုတော်ခင်မကြီး လည်း ပုရပိုက်ကိုတင်၍ ဖွင့်လိုက်လျှင် ဣန္ဒာဝံသမင်းသားနှင့် နှမတော်ပဂုတာရီ မင်းသမီးလေးတို့ ပန်းခုံတော်နံဘေးတွင် ရှေးဦးစွာ တွေ့မြင်တော်မူခန်းကို တွေ့မြင်ရလျှင် ခင်မကြီးသည် ထိုနေရာကပင် စတင်၍ဖတ်လျှောက်နေလေရာ စုဖုရားလတ်လည်း စိတ်တော်ထဲတွင် အနည်းငယ် ၀င်စားစပြုလာသောကြောင့် အာရုံစူးစိုက် နှစ်ခြိုက်စွာ ရွှေနားဆင်လျက် ရှိလေ၏။

ပဂုတာရီမင်းသမီးလေးမှာ အသက်တော် ငယ်ငယ် အရွယ်တော်မရောက် တစ်ရောက်တွင် ခမည်းတော် မယ်တော်များ၏ ချစ်အားကိုးနှင့် ဆိုးနွဲ့တော်မူခဲ့သော ၀ါသနာအတိုင်း အထိန်းတော်ကြီး မြမဟေနှင့် ရံရွှေတော်တို့အပေါ်တွင်လည်း အနည်းနည်းအဖုံဖုံ ကြုံတော်မူသလို ဆိုးနွဲ့တော်မူနေပုံများမှာ မိမိပြုမူ နေတော်မူပုံနှင့် များစွာတိုက်ဆိုင် ဆီလျော်နေတော်မူသောကြောင့် စိတ်တော်တွင်းမှ တစ်ပါးတည်း ပြုံးတော်မူမိကာ -

    "အင်း………ဒီနေရာများတော့ အရီးတော် လှိုင်ထိပ်ခေါင်တင်ဘုရားက ငါ့ကိုများ စောင်းရေးတော် မူရော့သလား ခင်မကြီးရယ်၊ ငါလည်း ငယ်ငယ်ကစပြီး အချိန်အရွယ် ကျအောင် အထိန်းတော် သစ်သစ်အပေါ် တော်တော်ဆိုးတော်မူခဲ့မိတယ်၊ ဒီအမယ်ကြီးကိုကလည်း ငါမဆိုးဆိုးအောင် ငါမနွဲ့နွဲ့ အောင် အားပေး တိုက်တွန်းနေသလို နေ့ညမဆို အမြဲအလိုတော်လိုက်ပြီး စိတ်ကြိုက်ကို ချော့ချော့ နေရှာ တာပဲ၊ ငါ့မှာလည်း သစ်သစ်ရဲ့အချော့မော့ အယုအယတွေကို ခံတော်မူရလွန်းအားကြီးပြီး တစ်ခါ တလေ များ ကိုယ့်ကိုယ်ကိုယ်ပင် တကယ့်ကလေးဆိုးကြီးလို အထင်တော်မှားမိသေးတယ်"
ဖြတ်၍မိန့်တော်မူလိုက်ရာ စာတော်ဖတ် ခင်မကြီးကလည်း အနည်းငယ်ပြုံးလျှက်

"မှန်ပါဘုရား ဒီနေရာများတော့ အရှင်ထိပ်စုမြတ်ဖျားနဲ့ တစသားတည်းကျနေ တာပဲ၊ အရီးတော် လှိုင်ထိပ်ခေါင်တင်ဘုရားက အရှင်ထိပ်စုမြတ်ဖျား ဆိုးနွဲ့တော်မူတယ်ပုံ များ ဘယ်ဆီကနေ သတင်းကြား တော်မူသွားတယ် မတင်တတ်ပါဘုရား"
ပြန်လျှောက်ရာ

"ကဲ……ကဲ ရှေ့ဆက်ပြီး ဖတ်လျှောက်စမ်းပါအုံး"

မိန့်တော်မူပြန်သည့်အတိုင်း ခင်မကြီးလည်း ပုရပိုက်ကြီးကို တစ်ရွက်ပြီးတစ်ရွက် လှန်ကာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားနှင့် လေသွားလေယူမှန်မှန်၊ နန်းသံ၊ ထီးသံ နှင့် စနစ်တကျ ဖတ်လျှောက်နေလေရာ ထိပ်စုဖုရားလတ်မှာလည်း စာတော်ထဲတွင် စိတ်ဝင်စားအားကြီးစွာနှင့် လေးနက်စွာ ရွှေနားတော်ဆင်လျက် ရှိလေ၏။

ရှေးယခင်အခါများကမူကား ကလေးငယ်အလား အထွေအထူး အာရုံမပွားသဖြင့် အထန်းတော် ခင်ဘွားသစ်၏ လက်ရိုး ရှေးစကားဖြစ်သော ရွှေယုန်၊ ရွှေကျား၊ သက်ကယ်ရိတ် သွားကြခြင်းနှင့် ငန်းတော် ရေမြွေမင်းသားနှင့် မဒွေးတို့အကြောင်း၊ ကမ္ဘာလိပ်မကြီးအကြောင်းတွေလောက် နှစ်သက်တော် မမူသော ကြောင့် ဖုံထူထပ်စွာ ပစ်စလက်ခပ်ထားခဲ့စေသော ဣန္ဒာဝံသ၊ ၀ီဇယကာရီ၊ သိင်္ဂီ၊ အီနောင် စသော ဇာတ်တော်ကြီး ပုရပိုက်များကို တစ်ခါတစ်ရံ အပျင်းတော်ပြေ ဖတ်လျှောက်နေကြသည့် တိုင်အောင်လည်း စိတ်တော်ထဲတွင် စွဲစွဲလမ်းလမ်း ရှိတော်မူခဲ့လှချေ။

ယခုအခါတွင်မူ အချစ်တည်းဟူသော ဓာတ်သဘာဝကြောင့် အစစ စိတ်ပြောင်းနွဲ့ ၍ လေတွဲ့သော သဇင်ခက်ကဲ့သို့ ရွှင်တစ်ချက် ပြုံးတစ်ချည် အလီလီ လှုပ်ရှားပြီး စိတ်ကူးတော်များလည်း ကျယ်ဝန်းစွာ နယ်ချဲ့သွားလေသည်။

ဆိုးနွဲ့တော်မူတတ်ရှာသော ပဂုတာရီမင်းသမီးလေးအကြောင်းကို နှိုင်းဆတော်မူ တတ်လာရုံမက ခင်မကြီးကလည်း တော်က်လျှောက်ကြီး ဆက်ဖတ်သွားရာ ပဂုတာရီ မင်းသမီးကလေးသည် ပန်းခုံတော်အတွင်း၌ အလိုက်ဘာသာ အထိန်းတာ်၊ အချီတော်၊ ရံရွှေတော်အများနှင့် ပန်းသီကုံးရင်း အပျင်းပြေ စံတော်မူ၏။

ရွှေနန်းတော်ကြီးသို့ အခစားဝင်ရန် ပန်းခုံတော်အနီးမှဖြတ်၍ ထွက်တော်မူ လာသော မောင်တော် ဣန္ဒာဝံသမင်းသားသည် နှမတော်ပဂုတာရီကို ရှေးဦးစွာ တွေ့မြင်တော်မူခန်းမှစပြီး ပဂုတာရီ မင်းသမီးနှင့် ဣန္ဒာဝံသ မင်းသားတို့ အချစ်တော် စုလျားညီ၍  နှစ်ပါးကြည်တော်မူခန်း။

မင်းသားအပေါ်တွင် မင်းသမီးကလေး အမျိုးမျိုး နွဲ့ဆိုးဆိုးတော်မူခန်း၊ ဣန္ဒာဝံသမင်းသားကလည်း နှမတော် ပဂုတာရီ မင်းသမီးကလေးအပေါ်တွင် အသက်တမျှ ချစ်ခင်၍  အစစ ကြင်နာယုယတော်မူခန်း။
ခမည်းတော်၊ မယ်တော်များကလည်း သားတော်ကြီးနှင့် သမီးတော်ကလေး တို့အား ယုံစား ချစ်ခင်တော်မူကြရင်းအတိုင်း ဣန္ဒာဝံသမင်းသား တစ်တိုင်းတစ်ပြည်သို့ စစ်ချီထွက်ရာ၌ပင် ပဂုတာရီ မင်းသမီးလေးအား အလိုတ်ာအတိုင်း ယောက်ျားအသွင် ဆင်ယင်လိုက်ပါ သွားတော်မူစေခြင်းဖြင့် ရောက်ရာ တောစခန်းတို့တွင် ပျော်ရွှင်စွာ တစ်ဦး ကိုတစ်ဦး ကြင်နာယုယတော်မူခန်း။

တစ်တိုင်းတစ်ပြည်မှ သမီးကညာ ရတနာများကို ဣန္ဒာဝံသမင်းသားက လက်ခံ သိမ်းပိုက်တော် မူရသောအခါ နှမတော် ပဂုတာရီမင်းသမီးကလေးအား အမျိုးမျိုးအဖုံဖုံ လှည့်ပတ်ဖျောင်းဖျ ချော့မော့ရပုံ။
မင်းသမီးလေး ဆိုးဆိုးနွဲ့နွဲ့နှင့် မောင်တော်ကိုအရွဲ့တိုက်ပုံ၊ မင်းသမီးကလေး အတွက် ဣန္ဒာဝံသ မင်းသားမှာလည်း ပူဆွေးဒုက္ခကြီးစွာ ဖြစ်တော်မူရပုံမှစ၍ နောက်ဆုံး တွင် ပဂုတာရီမင်းသမီးကလေးသည် မောင်တော် ဣန္ဒာဝံသမင်းသားအပေါ်တွင် မည်မျှ ဆိုးနွဲ့တော်မူခဲ့စေကာမူ အလိမ္မသဘော ပြည့်ဝသူကလေးဖြစ်သည့်အတိုင်း အရွယ်တော်နှင့် မမျှအောင် အလိုက်သိစွာ အခွင့်အရေး ပေးတောမူ လိုက်ပုံများကို နားဆင်တော်မူရသောအခါ ကိုယ်ရေးကိုယ် ကိစ္စနှင့် နှိုင်းချိန်စဉ်းစားတော် မူမိသည်။

မိမိမှာလည်း ပဂုတာရီ မင်းသမီးကဲ့သို့ ဆိုးနွဲ့တော်မူလာသူဖြစ်သည်အတိုင်း သီပေါ မင်းသားကိုလည်း ဣန္ဒာဝံသမင်းသားနှင့် နှိုင်းယှဉ်တော်မူမိကာ အတွေးနယ် ကျယ်သည်ထက်ကျယ်လာတောမူသောကြောင့် ပဂုတာရီ မင်းသမီးက ဣန္ဒာဝံသမင်းသားအပေါ်တွင် ချစ်အားကိုးနှင့် ဆိုးနွဲ့တော်မူသကဲ့သို့ပင် မာင်တော် သီပေါမင်းသား အပေါ်မှာလည်း ချစ်အားကိုးနှင့် ဆိုးနွဲ့တော်မူချင် သယောင်ယောင် ဖြစ်တော်မူကာ အဖြာဖြာ တွေး၍ တရေးရေးစိတ်ကူး ထင်မြင်တော်မူလေ၏။

"ဟဲ့…….ခင်မကြီးရဲ့၊ ပဂုတာရီ မင်းသမီးကလေးဟာ နေရာတကာ ဆိုးချင်တိုင်းဆိုး နွဲ့ချင်တိုင်း နွဲ့တော်မူခဲ့ပေတဲ့ တကယ့်တကယ်ဆိုတော့ သူ့မောင်တော် ဣန္ဒာဝံသ မင်းသားက မယားတွေအများကြီး ယူထားတာ ကိုတော့ လက်လျှော့ကာ အရှုံးပေးပြီး ပြုံးပြုံးကလေး ကျေနပ်တော်မူရပါကလား"
မိန့်တော်မူလျှင် ခင်မကြီးက
"မှန်လှပါဘုရား၊ ပဂုတာရီ မင်းသမီးကလေးကလည်း ကိုယ်ချင်းစာတရားနဲ့ သနားတော် မူတတ်တာကြောင်း၊ မောင်တော် ဣန္ဒာဝံသမင်းသား က အချော့အမော့ ကောင်းတော် မူတာကတစ်ကြောင်း၊ ဟို………မင်းသမီးတွေကလည်း မောင်တော်က မင်းသမီးကလေးကို ပိုမိုအရေး ပေးထားမှန်း သိတော့ ငယ်ရွယ်သူဆိုတာ အလိုက်သင့် ချော့ပေါင်းရင်ပြီးနိုင်ကြောင်း သိတဲ့အတွက် သနားအောင် ကပ်ပေါင်းထားတော့ သူ့ခမျာ ဟိုအားနာရ ဒီအားနာရနဲ့ အလိလို သက်ညှာတော်မူချင်တဲ့ စေတနာ တွေ ပေါ်ပေါက်လာ ရှာတယ် ထင်ပါ့ဘုရား"

လျှောက်ရာ ထပ်စုဖုရားလတ်လည်း အတန်ငယ် စဉ်းစားတော်မူနေရာက
"ဟာ…..ငါတော့ ဒီနေရာမျိုးမှာ သူ့လို စိတ်ရှည်တော် မူနိုင်မှာ မဟုတ်ပါဘူးကွယ်"

စိတ်ထင်တော်မူရာ လွှတ်ခနဲ မိန့်တောမူလိုက်သောအခါ အရှင်သခင်၏ အလိုတော်လိုက်၍ အကြိုက်ကျကျ ခစားတတ်လှ၍ မျက်နှာလို မျက်နှာရ အကျိုးတော်ဆောင်ရာတွင် မည်သူမုန်းမုန်း စုဖုရားပြုံးလျှင် ကျေနပ်နေကျဖြစ်သော ခင်မကြီးမှာ
"ပဂုတာရီ မင်းသမီးလေးမှာ ဘုရားကျွန်မလို အပျိုတော်မျိုး တစ်ယောက်လောက် ရှိစမ်းစေချင် လှတယ်ဘုရား၊  ဣန္ဒာဝံသမင်းသားအနီးမှာ ဘယ်မင်းသမီးမှ မကပ်နိုင်အောင် အကျိုးတော် ဆောင်ပြ လိုက်ချင်စမ်း လှပါတယ်"
ဒေါသဟန်ပါပါနှင့် လျှောက်တင်လေရာ စုဖုရားက အနည်းငယ်ပြုံး၍-

"သြော်……..အင်း…… ဒါဖြင့် ခင်မကြီးက ပဂုတာရီမင်းသမီးကလေးရဲ့ အပျိုတော်တစ်ဦးဖြစ်ပြီဆိုပါတော့ ကဲ……ဘယ်နည်းနဲ့ ဟိုမင်းသမီးကို မင်းသားအပါး မကပ်နိုင်အောင် အကျိုးတော်ဆောင်ပြ လိုက်ချင်စမ်း လှပါတယ်"
မိန့်တော်မူလေ၏။

"ခက်မကြီးလည်း ဖျာ့ကျွန်မဆိုတဲ့ ဖျာ့ကျွန်မက ကိုယ့်အရှင်သခင်ကလွဲရင် ဘယ်သူ့ကိုမှ လူမထင်တဲ့ အကောင်မဘုရာ့၊ 'ပျော့ရာမှာ ဖယောင်း၊ မာရာမှာ သံချောင်း' ဆိုတဲ့အစားမျိုးကလား၊ တစ်ပါးကျွန် သက်သက်မို့ သခင့်မျက်နှာရမဲ့အလုပ်ဆိုရင် ဘာမဆို စွန့်စွန့်စားစား လုပ်ဝံ့ပါရဲ့၊ အပိုအမို အငယ် အနှောင်း ဆိုရင် အင်မတန်မုန်းပြီး နှလုံးအနာကြီးနာတတ်လှပါတယ်ဘုရား"
(စကားမဆုံးမီ ခပ်ပြုံးပြုံးနှင့် စုဖုရားက)
"ဟုတ်ပါပြီ၊ အငယ်အနှောင်းကို မုန်းလို့ ဘယ်လိုများ စီရင်သတုံး၊ ငါမေးတာ တင်စမ်းပါအုံးဟဲ့"

"မှန်လှပါဘုရား၊ အငယ်အနှောင်းဆိုတဲ့ မင်းသမီးတွေရဲ့ အဆောင်ကိုေ နကကြောင်တောင်ဝင် ထဘီတိုတို ပြင်ဝတ်၊ ဇွတ်အဓ္ဓဆံပင်ဆွဲ သူ့ကိုယ်ကိုခွလွှဲလို့ တစ်ခါ တည်း ခ၀ါဆောင့်ဆောင့်ပြီး ဟဲ့ ...... မင်းသမီး လင်ငတ်ဦးမလား ........?
(လျှောက်တင်ချက်မဆုံးမီ စုဖုရားက)
"ဟဲ ..... ခင်မကြီး တန်တန်မဟန်ပါဘူး၊ ညည်းဟာက ကြမ်းလှချည့်လား၊ ဟိုဟာတွေက တကယ့် တိုင်းကြီး ပြည်ကြီး တစ်ထီးတစ်နန်းက ထီးဆောင်ဘုရင်ရဲ့ သမီးတော်တွေပါ၊ ညည်းလုပ်မှာက  တံငါဖယောင်းရဲက အကျင့်စရိုက်နဲပ မိုက်မိုက်ရိုင်းရိုင်း ရှိလှတယ်"

ပြုံးရယ်ကြေနပ်စွာ မိန့်တော်မူလေရာ ခင်မကြီးက ဆက်လက်ပြီး
ကြီး။      ။ "ဒီနည်းရိုင်းတယ်ဆိုရင် သည့်ပြင်တစ်နည်း လျှောက်တင်ပါဦးမည်၊
      အရှင်ထိပ်စုမြတ်ဖျား၊ ရွှေနားဆင်တော်မူပါဘုရား"
    စု။       ။ (ပြုံးတော်မူလျက်ပင်)
    "ဟင် ..... ဘာများ တစ်မျိုးဆန်းပြီး ဘီလူးမ ပတ်ကြမ်းတိုက်ဦးမယ်လို့လဲ၊           ကဲ .... ကဲ လျှောက်တင်စမ်းပါ"

    ကြီး။     ။ "ဒီလိုဘုရား၊ ခုနကနည်းက ကြမ်းတမ်းပါလျှင် နုနုနှင့် အမည့်ခြွေခြွေတဲ့ နည်းပါဘုရား၊ အကောင်းဆုံး အစွမ်းဆုံး အောက်လမ်းဆရာ၊ ထဘီခြုံဆရာတစ်ယောက် ယောက်နဲ့ ခြေရာကောက် ရိပ်ဖမ်း၊ သံဖမ်း စုန်းတိုက်၊ အင်းမြှုပ်၊ ရုပ်ထား၊ နာမ်ထားငို သံကြားဆိုတဲ့နည်းတွေနဲ့ အပြီးသတ်စီရင်၊ သို့မဟုတ်လို့ တိုတို တုတ်တုတ် ကလေးနှင့် ကိစ္စ ချောပြီး တစ်တောလင်းသွားစေလိုလျှင် တိုက်မြွေနဲပဲ ပေါက်သတ် ခိုင်းလိုက်မယ်ဘုရား၊ ဘယ့်ကလောက်များ ယဉ်ပါသလဲ၊ ဘယ်သူမှလည်း မသိရဘူး ဘုရာ့"

    စု။      ။"ဟဲ့ကောင်မ ...... လွန်းလွန်းလှချေလား၊ ခင်မကြီး ခင်မကြီး နင်လေ ရုပ်ကလေးက သေးသေးနွဲ့နွဲ့၊ တကယ့်သိမ်မွေ့ပါဘိသနဲ့ နင့်စိတ်ဟာက ရုန့်ကြမ်းလှချေလား၊ နင် ဒီစကားတွေ တကယ်စိတ်ထဲပါလို့ ပြောတာလား၊ ငါကတော့ အပျင်းတော်ပြေအောင် တောင်စဉ်ရေမရ မေးတော်မူနေတယ်၊ နင် တကယ်မနောကံ မြောက်ရင် အ၀ီစီရောက်မှာ မကြောက်ဘူးလား"
    ပြီးရင်း မိန့်တော်မူ၍

    ကြီး။       ။ "တင်ပါ ပဂုတာရီမင်းသမီးဆိုတာလည်း အဟုတ်မရှိ၊ ဣန္ဒ၀ံသ မင်းသား ဆိုတာလည်း တကယ်မရှိ၊ ဘုရာ့ကျွန်မလည်း တကယ့်သူတို့အပျိုတော်မှ မဟုတ်ဘဲ အ၀ီစိက ငရဲမင်းကြီးကို ဘွာခပ်လိုက် ပါမယ်ဘုရား"

    စု။          ။ "(ပြုံးတော်မူကာ) "အင်း ..... အင့်ဆင်ခြေနဲ့ နင်မလေ လွတ်စေ လွတ်စေ" အပျင်းတော်ပြေ အပြန်အလှန် မိန့်ဆိုလျှောက်တင်နေကြစဉ် မယ်တော်ဆောင် သို့ အခစားဝင်သွားသော အထိန်းတော်ကြီး ပြန်ရောက်လာပြီး ပါလာသော ရွှေကလပ်ကြီး နှင့်တကွ စုဖုရားအနီး ခစားမိလေ၏။

    စု။       ။ "သစ်သစ်ကြီး ပြန်ရောက်လာပြီလား"

    သစ်။       ။ "တင်ပါဘုရား၊ ဟောဒီရွှေကလပ်တော်ကြီးကို ရှုစားတော်မူပါ၊ စုထား ဖုရား ဆင်တော်မူစရာ ရတနာလက်ဝတ်တော် အမျိုးမျိုးပါဘုရား"
    လျှောက်ကာ ခင်ဘွားသစ်က ရွှေကလပ်ဖုံးကိုဖွင့်ပြီး အတွင်းက ကရက်မက်သား သေတ္တာကလေးကိုကိုင်လျက် စုဖုရားလတ်သို့ ဆက်သလေ၏။
    စုဖုရားလည်း ကရက်မက်သား သေတ္တာကလေးကို ကိုင်ယူတော်မူပြီး ရွှေဟင်္သာ နှုတ်သီးကလေးကို တွန်းဖယ်တော်မူလိုက်ရာ ကရက်မက်သား သေတ္တာအဖုံးကလေး ပွင့်ကြွလာလေသည်။
    အဖုံးကို အသာအယာ လှစ်မလိုက်လျှင် ရွှေဝါရောင် ကတ္ထီပါပေါ်တွင် စိမ်းရွှင် တောက်ပရောင်မျိုးစုံ တဖိတ်ဖိတ်ကြွလျက်ရှိသော မြခယားသီး လည်ကပ်တော်ကြီးနှင့် စိန်နားရောင်းတော်ကြီး ရန်စုံ(၁) စိန်တစ်ရစ် မြတစ်ရစ် စီခြယ်သော လည်ဆွဲတော် မြဘယက်နှင့် လည်ဝတ်တော်၊ လက်ကောက်တော်များအပြင် စိန်သွယ်ကျ ကြိုးကြီး ငါးသွယ်ကိုပါ တွေ့မြင်တော်မူရလျှင် လှချင်တော် မူတုန်းမို့ ရွှင်ပြုံးနှစ်သက်တော်မူလေ၏။

    "သစ်သစ်ရဲ့ မြလည်တော်ကပ်ကြီးဟာ တယ်လှပါကလား"
    အားရစွာ မိန့်တော်မူလျှင် ခင်ဘွားသစ်ကလည်း-
    "အင်မတန်လှ၊ အင်မတန်မှ ကျက်သရေရှိလှတဲ့ လည်ကပ်တော်ကြီးပါဘုရား၊ အမေ့စုထားလေး ဆင်တော် မူလိုက်လျှင် 'ရွှေပေါ်မြတင်' ဆိုတဲ့ စကားကို နဂိုအသားအရေ တော်ကလည်း ဇမ္ဗူရာဇ် ရွှေစင် အလားမို့ အဆရာထောင်မက ကျက်သရေတော် တိုးပွား စရာ ရှိပါတယ်"

    "ဒီမြရတနာ လည်ကပ်တော်ကြီးနဲ့တကွ ရတနာလက်ဝတ်တော်များဟာ သာမည ဘုန်းရှင်ကံရှင်များနှင့် မတန်လို့ အမေတို့ စုစုထံ ရောက်လာရတဲ့ တော်ဝင်ရတနာများ ကလား"
    "အထူးသဖြင့် ဟောဒီ မြလည်ကပ်တော်ကြီးဟာ စုထားဖုရားရဲ့ ဘွားတော်ဖြစ်တဲ့ အမရပူရ စတုတ္ထနန်းစံ ဖလ်နန်းရှင် မင်းတရားကြီး၏ မဟေသီအခေါင်(*) တောင်နန်းစံ အသျှင် မိဖုရားခေါင်ကြီးဘုရား ရာဇဘိသေက ခံတော်စဉ်က ဆင်မြန်းတော်မူဖူးတဲ့ ဂုဏ်ထူးဆောင် ရတနာကြီး ဖြစ်ပါတယ်"

    "အရှင့်မယ်တော် အလယ်နန်းမတော်ဖုရားပင် အခါများစွာ ဆင်တော်မမူလှဘဲ အဲဒီ ကရမက် သားသေတ္တာနှင့် ရွှေတိုက်တော်မှာ သိမ်းဆည်းတော်မူထားရာ ယခု သမီးတော်၏ ဘုန်းကံတော် အလျောက် ပေးသနားတော်မူလိုစိတ်များ ပေါ်ပေါက်ခဲ့သဖြင့် ရွှေတိုက်တော် မှ ထုတ်ယူ ပေးသနားတော် မူလိုက်သည်ဟု မိန့်တော်မူလိုက်ကြောင်းပါဘုရား"

    "သြော် ...... ဒါဖြင့် စုစုဟာ ဘွားတော်ဘုရားရဲ့ အမွေတော်ခံထိုက်တဲ့ ဘုန်းကံပါရမီနှင့် ပြည့်စုံတော်မူလို့ အလိုအလျောက် မတောင့်မတရဘဲ ထူးကဲတဲ့ ရတနာများ ရောက်လာရတဲ့အတွက် နှစ်သက် ၀မ်းမြောက် စရာကြီး ဖြစ်နေပါကလား"

    "မယ်တော်ဘုရားမှာ သမီးတော်သုံးပါး ရှိသည့်အနက် စုစုကိုမှ ကွက်ပြီး သည်လည်ကပ်တော်ကြီး ပေးသနားတော်မူလိုက်တာဟာလည်း ညီမတော်သုံးပါးမှာ စုစုက ကံအထူးသာတော်မူနေတယ်လို့ ဆိုစရာရှိတယ်နော်"

    "ဒါနဲ့ နေစမ်းပါဦး သစ်သစ်ရဲ့၊ မယ်တော်ဖျားက ဒီရတနာတွေ သနားတော်မူလိုက် တဲ့အခါ အစ်မတော် မိုင်းနောင် မမဖျားနဲ့ ညီမတော် ရမည်းသင်း စုထားတို့၊ မယ်တော်ဖျား အပါးတော်မှာ ရှိကြသလား၊ စုစုကိုမှ ထူးထူးခြားခြား သနားတော်မူရမလားလို့ စိတ်ထား တော်ညိုကြလျှင် ......."

    "အမယ်လေး ....... စိုးရိမ်အားနာတော်မူတတ်လိုက်တာ စုဖုရားရယ်၊ အစ်မတော် မိုင်းနောင် ထိပ်စုဖုရားကြီးမှာ စိပ်ပုတီးလက်စွဲပြီး ကုသိုလ်တော်ရေး ရတနာသုံးပါး ဆည်းကပ်ရေးနှင့် နေ့စဉ် ရှုပ်ထွေးတော် မူနေရှာလို့ ဒီရတနာတွေ ဆင်မြန်းပြီး မှန်ဆောင်ထဲ မှာ ပျော်တော်မူနိုင်အားရှာသည် မဟုတ်တဲ့အပြင် ညီမတော် စုဖုရား ယောက်ျားအသွင် ၀တ်ဆင်တော်မူရာက မိန်းမအသွင် နုနုယဉ်ယဉ် ပြောင်းလဲ ၀တ်တော်မူပြီကြားလို့ အားရ ၀မ်းသာနှင့် စုလတ်ဆင်တော်မူပါစေရန်၊ ရွှေတိုက်တော်က အမြန်ထုတ်၍ ခပ်သုတ်သုတ် သနားတော်မူလိုက်ပါဆိုတဲ့အကြောင်းကိုပင် မယ်တော်ဖျားကို နေ့စဉ် သံတော်ဦးတင် နေရှာပါသတဲ့"

    "ငယ်တ်ာမူရှာသေးတဲ့ ညီမတော် ရမည်းသင်းထိပ်ထား ဖုရားလေးမှာလည်း အဆောင်တော်ထဲမှာ အိုးပုတ်၊ ချိုးရုတ်ကလေးများနှင့် ကစားပျော်ပါးတော်မူနေသေးတဲ့ အတွက် ဒီလက်ဝတ်တွေကို ဆင်တော်မူ ချင်ရမှန်း မသိသေးရှာပါဘူးတဲ့ ဘုရား"

    "အစ်မတော်၊ ညီမတော်များအတွက် ဒီလောက်တောင် ငဲ့ကွက်ညှာတာ အားနာတော်မူစရာ မရှိပါဘူး"
    "ကဲ ..... ကဲ၊ အမေ့ ထိပ်စုဖျားရဲ့ ဆံတော်များ ရှင်းပြီး နံ့သာပန်းမန်များ ဆက်ရ အောင်၊ ချိုးတော်ဆောင် ထွက်တော်မူပါတော့၊ ဒီ ယနေ့ည လှလှကြီး ၀တ်စားဆင်ယင်ပြီး ပွဲကြည့်ဆောင်တော်ထဲကို ထွက်တောမူရလိမ့်မယ်"

    "အများက ယောက်ျားကလေးကို ဆင်မြန်းလို့ စရိုက်ကြမ်းတော်မူတယ်လို့ ထင်နေ ကြတာ ဒီညတော့ ယဉ်ယဉ်ကျေးကျေး ထီးသွေးနန်းဟန် ကျကျနှင့် စုထားဖုရားက ထွက်တော်မူပြလိုက်စမ်းပါ"

    "ခမည်းတော် ဘုန်းတော်ကြီးလှသော ဘုရားနှင့်တကွ နန်းတော်သူ နန်းတော်သား တွေဟာ စုထားကို အများကြီး အံ့သြချီးမွမ်းလာကြပါလိမ့်မယ်၊ ဟောဒီ ရတနာတွေကို လည်း အမေကိုယ်တိုင် စုထားဖုရား အစွမ်းကုန် လှတော်မူအောင် ကျကျနနကြီး ဆင်ယင် ပေးစမ်းပါရစေ"
    လျှောက်တင်လေရာ-

    "ဟာ ...... သစ်သစ်ကလည်း ဒီအ၀တ်အစားတွေနဲ့ ဗြုန်းခနဲ လူတွေထဲ သွားရမှာ ရှက်ပါတယ် စုစုမျက်နှာ မထားတော်မူတတ်ပါဘူး"
    "သြော် ..... တယ်ခက်ပါကလား၊ စုထားဖုရားရဲ့ ကြိုးပုဆိုးကြီး ဒီလွှားနဲ့တော့ တောင်သွား မြောက်သွား ထင်တော်မူရာတွင် လျှောက်သွားတော်မူနေပြီး မင်းသမီးမို့ မင်းသမီးပီပီ ၀တ်စား ဆင်ယင်တော်မူ သွားရမှာတော့ ရှက်တော်မူ နေသလား၊ အမေ့စုထား က တယ်လွဲတော်မူတာကိုး၊ သစ်သစ်က ကိုယ့် အချစ်တော် စုဖုရားကို လူများတကာ ငေးကြည့်ပြီး ချီးမွမ်းကြတာ မြင်ချင်လွန်းလို့ပါ"

    "မယ်တော်ဖျားကလည်း ညကို စုထား ပွဲကြည့်ဆောင် ထွက်တော်မူလာပါစေ၊ ညည်းက ငါ့သမီးတော်ကို လှလှပပ ဆင်ယင်ပြီး ခေါ်ခဲ့ပါအေလို့ မှာတော်မူလို့ တင်ပါဘုရား စုထား ဖုရားကို ၀တ်စားဆင်ယင်ပြီး ပွဲကြည့်ဆောင်တော်သို့ ထွက်တော်မူပါစေမယ်လို့ ၀န်ခံ ခဲ့တယ် စုစုရဲ့၊ ခုမှမဟုတ်တာ ရှက်တော်မူ နေစမ်းပါနဲ့၊ သမီးတော်တွေ အများအပြား ထဲမှာ စုစုက ထူးထူးကဲကဲ ကျက်သရေရောက်ပြီး ရတနာရောင် တွေ လျှမ်းလျှမ်းတောက် ပြတော်မူလိုက်စမ်းပါ"

    "ဟာ ...... စု မသွားချင်ပါဘူး၊ သစ်သစ်ရာ ရှက်စရာကြီး"
    "မသွားလို့မဖြစ်ဘူး၊ မယ်တော်ဖျားက မှာတော်မူလိုက်တာ၊ တော်တော်ကြာ သစ်သစ် ရာဇ၀တ်ရောက်နေပါဦးမယ်၊ ကဲ ..... ချိုးရေတော် သုံးတော်မူပါတော့"
    "ဟာ .... တယ်ခက်တာကိုး၊ ဒါဖြင့် ခါတိုင်းလို ပုဆိုးနဲ့ပဲ ထွက်တော်မူမယ်"
    "ဟော ..... လုပ်ပြန်ပါပြီ၊ ဒီရတနာတွေဆင်ပြီး ယဉ်ယဉ်ကျေးကျေး မင်းသမီးလေး လို ထွက်တော်မူလာတာကို ရှုစားတော်မူချင်လို့ မှာတော်မူလိုက်တာ၊ နို့ပြီး ပရိသတ် ကလည်း စုံတုန်းမို့ ဘုန်းတော်ကြီးလှသော ဘုရားနှင့်တကွ ရွှေနန်းတော်ပေါ်က ဖိဖုရား တွေ၊ သမီးတော်တွေပါ စုစု လှပယဉ်ကျေး မိန်းကလေးပီသလာတာ မြင်စေချင်လို့ တမင် ခေါ်တော်မူတာ စုထားရဲ့၊ ကပ်ဖဲ့ချည်း မိန့်တ်ာမနေပါနဲ့"

    "ကဲ ..... ဟဲ့ ..... ခင်မကြီး၊ စုစု ဆံတော်ရှင်းရအောင် ဆံတော်ရှင်းတဲ့ ခင်ထားအို ကို ခေါ်လိုက်စမ်းပါ"
    "အို ..... ခင်ထားအို ဆံတော်မရှင်းပါစေနဲ့၊ ခင်မကြီးကိုလည်း မခေါ်လေနဲ့၊ သစ်သစ်ကိုယ်တိုင် ရှင်းပေးပါ။ ကဲကဲ သစ်သစ်ပဲ ရှင်းပေးပါ"
ကလေးဆိုးကြီးလို ခေါင်းထိုး၍ ပေးတော်မူလျှင် ခင်ဘွားသစ်လည်း အသာအယာ ဆံတော် များကို ဖြီးလျက် ရှိလေ၏။

ထိပ်စုဖုရားလတ်လည်း ဆံတော်အရှင်းခံရင်း မင်းသမီးမူရာ ဟန်ပန်နှင့် ပရိသတ်အတွင်း သို့ ၀င်တော်မူရန် အကြံတော်အိုက်လျက် မျက်နှာထား မလုံမည့်အရေးကို တွေးတော စိုးရိမ်တော်မူလျက် တစ်ချက်တစ်ချက်တွင် စူအောင့်လျက်။

"မယ်မယ်ဖျားကလည်း လူများရှက်ပါတယ်ဆိုမှ ဇွတ်အဓမ္မခေါ်တော်မူတာပဲ၊ ဟောဒီ သစ်သစ်ကြီးကလည်း အလကားပဲ တင်ပါ့ဘုရား လုပ်လာတယ်၊ တို့များ ဗြုန်းခနဲ ထဘီကြီး ၀တ်ပြီး မသွားတတ်ပါဘူး၊ ပုဆိုးနဲ့ဆို ဟုတ်သေးတယ်"

တစ်ပါးတည်း တွတ်တွတ်တွတ်တွတ်နှင့် ရေရွတ်တော်မူရာ ဆံတော်ရှင်းနေသော ခင်ဘွားသစ်လည်း တခစ်ခစ် ကြိတ်၍ရယ်လျက် ရှိလေ၏။
"ကဲ .... ဆံတော်ရှင်းပြီးပြီ စုထားရဲ့၊ မှန်တော်နဲ့ ရှုစားပါဦး၊ ဒီဆံတုံးကလေး မလှလား၊ 'လလယ်ယုန်ရေ' ခေါ်တဲ့ ဆံထုံးတော်ကလေးပါ။ စုစုနဲ့ အင်မတန် လိုက်တော်မူတာပဲ"
စုဖုရား မှန်ခုံတော်ကို လှည့်၍ရှုစားပြီး

"ဘယ်မလဲလှတာ၊ ဟင် ..... ဆံထုံးကြီးကလည်း အလယ်တည့်တည့်ကြီး၊ စုစု မကြိုက် ပေါင်၊ ဟောဒီလို ဟောဒီလို ..... ဟောဒီလို ဘေးစောင်းစောင်းကလေးမှ ကြည့်နေကျ အတိုင်း လှတယ်ထင်တယ်"
ပြောတော်မူကာ တည့်တည်မတ်မတ် ဗဟိုလယ်တွင် ပုံ့ပုံ့ကလေး ထုံးထားသော ဆံထုံး တော်ကို လက်ယာဘက်သို့ စောင်းငိုက်ကျလာစေရန် အတန်တန် ဆွဲယူလိုက်ရာ တည့်မတ်နေသော ဆံထုံးမှာ လက်ယာဘက်သို့ ခပ်ယွန်းယွန်းကလေး စောင်းငိုက်လာ လေ၏။ အထန်းတော်ကြီးက ရင်ဘတ်တီး၍

"အမယ်မင်း ...... တည့်တည့်ကလေး လှရက်သားနဲ့ ဘယ့်နှယ့်ကြောင့် စောင်းပစ်တော်မူ ရတာတုံး စုစုရဲ့"
    ပြောလျှင်
"တည့်တည့်မတ်မတ်ကြီးနေတာ စုစု မျက်စိစပါးမွေး စူးတော်မူတာကိုး၊ ခုလို စောင်းစောင်း လေးနေမှ လှတယ်ထင်တယ် (*)
    "လုပ်တော်မူပါ၊ ထင်ရာသာ လုပ်တော်မူပါ၊ မင်းသမီးဆိုတာ တည့်တည့်ထုံးရတယ် ဘုရာ့၊ မင်းသားများမှ သျှောင်ကို လက်ယာဘက် ခပ်စောင်းစောင်း ထုံးကြတာပါ၊ စုစုက ပုဆိုးဝတ်တော်မူတုန်းက သျှောင်တွဲ တစောင်းကြီး ထုံးတော်မူခဲ့တဲ့အကျင့် ဖျောက်တော် မမူချင်ဘဲဟာကို၊ ကိုင်း ...... ကိုင်း ...... ပါစေ၊ ချိုးတော်ဆောင်သာ ထွက်တော်မူပါ"
"အို ..... နေပါဦး၊ တကတည်းမှပဲ ပွဲကြည့်ဆောင်များ ဘယ်အချိန်သွားမှာလဲ၊ အစောကြီး ရှိသေးတယ်၊ ဖြည်းဖြည်းပေါ့၊ ညပွဲတော်မှ မတည်ရသေးဘူး လွန်လွန်းတယ်"

"သြော် ..... သစ်သစ်က 'ပွဲမ၀င်ခင် ပြင်ကကျင်းပ' ဆိုတာလို စုထားဖုရားကို ၀တ်စား ဆင်ယင်ပြီး သွားပုံ၊ လာပုံ၊ နေပုံ၊ ထိုင်ပုံတွေ ယဉ်သထက်ယဉ်အောင် လက်ထပ်သင်ပေး ချင်လို့ပါ၊ တကတည်း စိတ်တိုတော်မူလိုက်တာကလည်း လွန်ရောကိုဘုရာ့ မဖြစ်ပါဘူး တိုင်ဦးမှပါပဲ"

"ဟင် ..... ဘာတိုင်မှာလဲ၊ ဘယ်သူ့များ တိုင်မှာလဲ သစ်သစ်ရဲ့ မယ်မယ်ဖျားကိုလား"
"မဟုတ်ပါဘူးဘုရာ့ ဟို ... နန်းဦးမှန်စီကျောင်းတော်က ..."
"အမယ် ... တယ်ကြောက်ပါလိမ့်"

ခင်ဘွားသစ်က ရင်းနှီးသော အထိန်းတော်ကြီးပီပီ ခပ်ငေါ့ငေါ့ မျက်နှာထားနှင့် "ယုံပါတယ် ဘုရား၊ သစ်သစ်ရဲ့ ထိပ်စုဖျားအကြောင်းကို သစ်သစ် အသိဆုံးပါ၊ စုထားဖုရားက ချစ်အားကိုးနဲ့ နွဲ့ဆိုးကြီး ဆိုးတော်မူပြီး နိုင်ထက်စီးနင်း ပြုတော်မူမှာတွေကို ဟို ..... ရွှေကိုယ်တော်ကလေးက လူအေး၊ သဘောကောင်း၊ စိတ်ထားတော်က ပျော့ပျော့ပျောင်း ပျောင်းမို့ စုထားဖုရားရဲ့ ဇွဲမျိုးကို ကောင်းကောင်း ကြီး အလိုလိုက်ပြီး အကြိုက်ကို ပြုတော်မူ နေရရှာမှာ စုစုက မကြောက်တော် မူဘူးဆိုတာ တော့ ပုံသေကြီး ယုံကြည်ပါတယ်"
လျှောက်လျှင် စုဖုရားကလည်း ပြုံးပြုံးကြီး ရှုစားတော်မူကာ-

"ဟုတ်လေလေ၊ စုစုကို ခမည်းတော်နဲ့ မယ်ဖျား အလိုတော်လိုက်ထားတာ ခံတော်မူရသလို ဟို ... မောင်တော်ကလည်း အလိုတော်လိုက်ပြီး အကြိုက်ကို ပြုတော်မူရမှာ မင်းသား ဆိုတဲ့မာန်နှင့် ဟန်ကြီး ပန်ကြီးများ လုပ်တဲ့နောက် စုစုကလေ ဘယ်သူ့မှ မကြောက်ပေါင်၊ ဣန္ဒ၀ံသမင်းသားက နှမတော် ပဂုတာရီ စုဖျားလေး ကို အရေးပေးပြီး မြှောက်စားတော်မူ တာထက်မပိုရင် သူ့ကိုလည်း စုစုက မချစ်ချင်ဘူး သိလား သစ်သစ်"
သစ်။          ။ "ဘယ်(သူ့)ကိုလဲ စုထားဖုရားရဲ့၊ ကွဲကွဲပြားပြား မိန့်တော်မူစမ်းပါ၊ ဒီအနေ ကျမှ အမေ့ကို ရှက်ဟန်နှင့်ဖိုပြီး လုံးလုံးကြီး ဘူးကွယ်မနေပါနှင့်"
ပြုံးစိစိနှင့် လျှောက်ရာ
စု။      ။ "ဟာ ... သစ်သစ်ကလည်း သိသားနဲ့၊ လာပြန်ပြီ"
သစ်။      ။ "ဘာကိုသိရမှာလဲ စုထားဖုရားရဲ့"
စု။       ။ "ဟော ... ခက်ပါပြီ၊ အဲ ... ဒီ ... ဒီအကြောင်းဆိုတာကိုလည်း သစ်သစ် ဘာမှန်းမှ မသိဘူးဗျ၊ ဘယ်က (သူ့)ကို ပြောနေတာလဲ"
စု။       ။ "သိရက်သားနဲ့ မသိချင်ယောင်ဆောင်နေတာ နားလည်အောင် ဘယ့်နှယ် ပြောရ မလဲ၊ ကဲ ... ကဲ ... နန်းဦးမှန်စီရွှေကျောင်းတော်က သစ်သစ်ရဲ့ လင်ကြီးအကြောင်း ပြောတာပါတဲ့ သိပြီလား"
သစ်။       ။ "သြော် ... အဂ္ဂိရပ် ထိုးထိုးနေတဲ့ ဘိုးသူတော် လူပျိုသိုးကြီးလား၊ ဟင် ... ဒါကြီးတော့ သစ်သစ် မလိုချင်ပေါင် ကျပ်တစ်လုံးနဲ့ ညောင်ပင်ကုန်းသွားနေမဲ့ လူကြီးပင်"
မသိချင်ပြု၍ စကားကို လွှဲနေရာ စုထားဖုရားမှာ စိတ်တိုတော်မူလာပြီး

"ကဲ ... ဒါဖြင့် မပြောတော့ဘူး၊ သိရက်သားနဲ့ မသိချင်ယောင်ဆောင်ပြီး စကားကို ကွေ့ရှောင်နေတဲ့ဥစ္စာ ဘယ်တော့မှ နားလည်တယ် ပြောမှာမဟုတ်ဘူး၊ ဒီတော့ ပြောလည်းမပြောဘူး၊ ချိုးတော်ရေလည်း မသုံးတော့ဘူး၊ ပွဲကြည့်ဆောင် ထွက်တော်မမူ တော့ဘူး"
စူဆောင့်မိန့်ကြား စိတ်ကောက်၍ သွားသည်တွင်မှ ခင်ဘွားသစ်လည်း ခြေမကိုင်မိ လက်မကိုင်မိနှင့် အမျိုးမျိုးချော့ကာ
"စိတ်ကောက်တော်မူပါနဲ့ စုထားရယ်၊ သစ်သစ်က အလကား ရယ်စရာဖြစ်အောင် ရွှေစိတ်ကောက်ကို စမ်းနေတာပါ၊ ဒီအကြောင်းရော၊ သူ့ရော သစ်သစ် အားလုံးသိပါတယ်၊ မပြောတော်မူချင်လဲ သိပြီးမို့ မထူးပါဘူး၊ ကိုင်း ... ကိုင်း ထတော်သာမူပါ၊ ကိုယ်တော် ကလေးက စုစုကို အလိုတော်လိုက်တဲ့နေရာ ဣန္ဒ၀ံသမင်းသားက နှမတော် ပဂုတာရီကို အလိုတော်လိုက်ပြီး ကြီးမားတဲ့ မေတ္တာတော်နှင့် သည်းခံတော် မူတာထက် ဆတစ်ရာ လွန်ကဲပြီး အများကြီး အလေးချိန်ပိုလို့ အလိုတော်လိုက်ပါလိမ့်မယ်။

"စုစု မကြိုက်တော်မူတာဆိုလို့၊ အို ... ကုန်ကုန်လျှောက်တင်ပါရစေ၊ ဣန္ဒ၀ံသမင်းသားနှင့် တကွ တခြား မင်းညီမင်းသားတွေ ရှင်ဘုရင်တွေ သူတို့ထုံးစံကြီးတစ်ခုလို ဖြစ်နေတဲ့ မိဖုရား အပိုထားမှုတွေပါ စုထားဖုရားရဲ့ လက်ထက်တော်ရောက်ရင် ထုံးစံကြီးကို ဖျောက်လို့မို့ တစ်ယောက်ဆိုမှ တစ်ယောက်တည်း အမေတို့ ထိပ်စုဖျားတစ်ပါးမှလွဲလို့ အချစ်တော် ပဋိဥာဉ်ပေးပြီမို့ တွေးပြီး ပူတော်မူစရာ မလိုတော့ပါ၊ ကဲ ... ကဲ ... ချိုးတော်ရေ သုံးတော်မူဖို့ အချိန်သင့်ပါပြီ၊ မှန်ဆောင်တော်မှ ကြွတော်မူပါတော့ စုထားဖုရားရဲ"
ပြောပြောဆိုဆို တွဲတွဲမမနှင့် ယုယစွာ ခေါ်လေရာ-ထိပ်စုဖုရားကလည်း သုန်မှုန်ရာက မျက်ထားတော် ကြည်လင်လာပြီး-

"အင် ... 'ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲလှတယ်' ဆိုသလို ကိုယ်တို့ အထိန်းတော် ကြီးမှာလည်း ရှေ့နေတော်ကြီး ဖြစ်မှန်းမသိ ဖြစ်နေပါကလား၊ မောင်မောင့် ကိုယ်တော်စား ဟောဒီ သစ်သစ်ကြီး ပြောတဲ့ စကားနဲ့ပဲ အားရတော်မူစရာကြီး ဖြစ်နေပါပြီ"

ပြုံးပြုံးရယ်ရယ် မိန့်တော်မူပြီး အထိန်းတော်ကြီးနှင့်အတူ ချိုးတော်ရေ သုံးတော်မူရန် ထွက်တော်မူ လေရကား အဆောင်တော်တွင်းတွင် ကျန်ရစ်သော ခင်မကြီး အမှူးရှိသော အပျိုတော်များမှာ ထိပ်စုမြတ်ဖျား အဆင့်သင့်ဆင်တော်မူစရာ ၀တ်လဲတော် ရွှေကလပ်များ ပြင်သူပြင် ပန်းတော်ကလပ်၊ နံ့သာရေကလပ်၊ ဆံတော်ရှင်းရန် ဘီးကလပ်များနှင့်တကွ ရတနာခုနှစ်ပါးဖြင့် စီခြယ်အပ်သော မယ်တော် မြတ်ဖျားထံမှ သနားတော်မူလိုက်သည့် အဖိုးထိုက် အဖိုးတန် လည်ဆွဲတော် ဘယက်တော်၊ နားတောင်းတော် လက်ဝတ်တော်များ တင်သည့် ရွှေကလပ်တော်များကို မှန်ဆောင်တော်ထဲတွင် အသီးသီး ပြင်ဆင်လျက် ရှုပ်ယှက်ခတ် အလုပ်များ၍ နေကြလေ၏။  


* နန်းမတော်မယ်နုကို ဆိုလိုသည်။

အခန်း (၁၁) မျှော်
.

No comments: