Saturday, December 26, 2009

ပန်းသတင်း (ဒီဇင်ဘာ ၂)

မြဧရာကန်သစ်ကြီး
နိုင်မြင့်

မန်းကျည်းကုန်းဆိုတာ အိမ်ခြေသုံးရာလောက်ရှိတဲ့ ရွာကြီးတစ်ရွာပေါ့၊ ကုန်းတွင်းပိုင်းရွာ ကြီးတော့ မဟုတ်ဘူး။ ပင်လယ်နဲ့ နည်းနည်း နီးတယ်။ မန်ကျည်းကုန်းကနေ တောင်ဘက် ကို ဆက်သွားပြီး ရှမ်းချောင်း နဲ့ အောင်ချမ်းသာဆိုတဲ့ ရွာနှစ်ရွာကို ကျော်လိုက်ရင် ပင်လယ် ပြင်ကြီးကို လှမ်းမြင်နေရပြီ။ လယ်ယာ စိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့လူက မွေး။ ရေလုပ်ငန်း လုပ်တဲ့လူက လုပ်ဆိုတော့ မန်ကျည်းကုန်း ဟာ မရှိမရှားနဲ့ ရပ်တည်နေတယ်။

မန်ကျည်းကုန်းမှာ ပြောစရာတစ်ခုရှိတာကတော့ ရေပြဿနာပဲ။ ဒါကလည်း နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ သင်္ကြန်ပြီးတဲ့နောက်ပိုင်း ရွာထဲမှာရှိတဲ့ ရေကန်တွေ ခန်းကုန်တယ်။ မိုးကလည်း သင်္ကြန်ပြီးလို့ လေးဆယ့်ငါးရက်လောက်နေမှ မှန်တာ။ အဲဒီတော့ ရွာထဲမှာရှိတဲ့ ရေကန် တစ်ကန် ကစပြီး ခန်းလိုက်ပြီဆိုတာနဲ့ အဲဒီကန်မှာ ခပ်တဲ့လူက နီးစပ်ရာ တခြားကန်တွေမှာ ပြောင်းခပ်ကြတယ်။ ရေဆိုတာ ကလည်း မခပ်ပါနဲ့လို့ ပိတ်ပင်ကောင်းတဲ့ အရာမဟုတ်တော့ ရွာထဲမှာ ရေကန် တစ်ကန် စပြီးခန်းတာနဲ့ ကျန်တဲ့ကန်တွေပါ တောက်လျှောက်ခန်းတော့တာပါပဲ။ တစ်ခါတလေ မိုးအ၀င် နောက်ကျတဲ့ နှစ်မျိုးဆိုရင် မန်ကျည်းကုန်းချောင်းကိုပဲ အားကိုးရတယ်။

ချောင်းရေကငန်တော့ သောက်ရေအတွက် အဆင်မပြေဘူး။ အိုးခွက်ပန်းကန်တွေ ဆေးပြန်ရင်လည်း အငန်ဓာတ် နဲ့ ပေါက်မှာ ကြောက်ရတယ်။ ဒါကြောင့်မို့လို့ ချောင်းရေက ရေချိုးဖို့လောက်ပဲ အသုံးဝင်တယ်။ ဒါပေမယ့် ဒီလိုဖြစ်ရပ်မျိုးက ဆယ်ကွေ့တစ်ကွေ့ဆိုသလို ကြုံတောင့်ကြုံခဲ ဖြစ်ရပ်မျိုးပါ။ ရေပြဿနာ ဖြေရှင်းဖို့၊ အ၀ီစီတွင်း တူးကြည့်ပြန် တော့လည်း ပင်လယ်နဲ့ နီးတဲ့ရွာဆိုတော့ ရေငန်တွေချည်းပဲ ထွက်တယ်။ ရွာသား တွေလည်း အချိန်ကုန် လူပန်းပေါ့။

ဦးဘကျားက မန်ကျည်းကုန်းရွာနဲ့ ရွာသူကြီး ဖြစ်တယ်။ နောက်ပြီး ချမ်းသာတဲ့ မျိုးရိုးစဉ် ဆက်က ဆင်းသက်လာတာလည်း ဖြစ်တယ်။ ဦးဘကျားရဲ့အဖေ ဦးမောင်ကြီးဆိုရင် အင်္ဂလိပ်အစိုးရ လက်ထက်က နာမည်ကြီးပဲ။ မန်ကျည်းကုန်းချောင်းကို ဖြတ်ပြီးတော့ ဆောက်လုပ်ထားတဲ့ သစ်သား တံတားကြီးကလည်း ဦးမောင်ကြီး ဆောက်လုပ်လှူဒါန်း ထားတာပဲ ဖြစ်တယ်။ နောက်ပြီး ရွာနီးချုပ်စပ်တွေမှာလည်း ဦးမောင်ကြီး လှူဒါန်း ထားတဲ့ ကျောင်းကန် ဘုရားတွေက နည်းတာမှ မဟုတ်ဘဲ။

ဦးမောင်ကြီးမှာ သားသုံးယောက်ရှိတဲ့ အထဲက သားကြီးဖြစ်တဲ့ ကိုစိန်ထွေးနဲ့ သားလတ် ကိုမိုးညိုက ခပ်ဆိုးဆိုး။ အရက်သောက်လိုက်၊ ဖဲရိုက်လိုက်၊ နွားလောင်းလိုက်၊ ကြက် တိုက်လိုက်ဆိုတော့ ဦးမောင်ကြီး မရှိတော့တဲ့ နောက်ပိုင်းမှာ ဥစ္စာပစ္စည်းတွေဟာ တတိတိ နဲ့ ငါးပိ ကျီးချီ ဆိုသလို တဖြည်းဖြည်းနဲ့ လုံးပါး ပါး လာတယ်။ ကိုစိန်ထွေးနဲ့ ကိုမိုးညိုကလည်း သက်ဆိုး မရှည်ရှာပါဘူး။ အိမ်ထောင် မကျသေးဘဲနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါး သွားတော့ သားငယ်ဖြစ်တဲ့ ကိုဘကျားတစ်ယောက်ကပဲ ဦးမောင်ကြီး ရဲ့အမွေကို ဆက်ခံ လိုက်တယ်။ အရင်တုန်းက ကိုဘကျားဟာ နောက်တော့ အသက်အရွယ်အရ ဦးဘကျား ဖြစ်လာတယ်။

ဦးမောင်ကြီးရဲ့ ပစ္စည်းတွေဟာ လုံးပါးပါးသွားတယ်ဆိုပေမယ့် ဆင်ပိန်ရင် ကျွဲလောက် တော့ ကျန်ပါသေးတယ်။ ဘာပဲပြောပြော ဦးဘကျားဟာ ကျန်တဲ့ မန်ကျည်းကုန် ရွာသား တွေထက်တော့ ပိုချမ်းသာတ အမှန်ပဲ။ သူ့ကို ရွာသူကြီးအဖြစ ရွေးချယ်လိုက်တဲ့ အကြောင်းရင်းက နှစ်ချက်ရှိတယ်။ ပထမ အချက်ကတော့ ဦးဘကျား ကိုယ်နှိုက်ကိုက သူကြီး လုပ်ချင်စိတ် ရှိတယ်။ ဒုတိယအချက်ကတော့ မြို့ပေါ်က အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်တဲ့ အရာရှိတွေ ရောက်လာလို့ရှိရင် ဧည့်ခံကျွေးမွေး စရိတ်ဆိုတာ မျိုးက ရပ်ထဲ ရွာထဲမှာ လိုက်ကောက်လို့ သင့်တော်တဲ့ကိစ္စမှာ မဟုတ်ဘဲ။ အဲဒီတော့ ဧည့်ခံကျွေးမွေး စရိတ် တတ်နိုင်တဲ့ သူကပဲ။ ရွာသူကြီးလုပ်တာက အကောင်းဆုံး မဟုတ်လား။ ဒီအကြောင်းရင်း နှစ်ချက်နဲ့တင် ဦးဘကျားဟာ မန်ကျည်းကုန်း ရွာသူကြီး ဖြစ်လာတယ်။

ဖခင်ဖြစ်တဲ့ ဦးမောင်ကြီးဟာ နာမည်ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ခဲ့တော့ ဦးဘကျားဟာ သူ့နာမည်ကို တစ်နည်းမဟုတ် တစ်နည်း ကျော်ကြားအောင် ဘယ်လိုလုပ်ရ ရင် ကောင်းမလဲ။ နောက်ပြိး ရွာသားတွေရဲ့ အသိအမှတ်ပြုခြင်းကို ဘယ်လိုနည်းနဲ့ ရယူရင် ကောင်းမလဲလို့ စဉ်းစားရင်း နောက်ဆုံးမှာ ရေပြဿနာဘက်ကို အာရုံ ရောက်သွားတော့ တယ်။ နှစ်တိုင်းလိုလို ကြုံတွေ့နေရတဲ့ ရေဒုက္ခကို သူ့လက်ထက်မှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ရင် သူမရှိတော့သည့်တိုင် မန်ကျည်းကုန်းမှာ သူ့နာမည် တွင်ကျန်ရစ် ခဲ့မှာလို့ တွေးလိုက်တယ်။ ဒါကြောင့်မို့လို့ သူ့ဇနီး ဒေါ်အေးခင်နဲ့ တိုင်ပင်ကြည့်တယ် ဆိုရင်ပဲ ...

"မအေးခင်ရေ"
"ဘာလဲတော့" လို့ ဒေါ်အေးခင်က ပြန်ထူးလိုက်တယ်။
"တို့ မန်ကျည်းကုန်းမှာ ရေပြဿနာက နှစ်တိုင်းကြုံတယ်ဟ" လို့ ဦးဘကျားက စကား လမ်းကြောင်းခင်း လိုက်တော့ ဒေါ်အေးခင်က စိတ်မ၀င်စားတဲ့ပုံစံနဲ့။
"ရှင်ကလည်း ... ဒါကိုများ အဆန်းလုပ်လို့" ဆိုပြီး ခပ်ပေါ့ပေါ့လေသံနဲ့ ပြန်ပြောလိုက်တယ်။

ဦးဘကျားက ဆေးပြင်းလိပ်ကြီးကို ဓာတ်ဆီမီးခြစ်နဲ့ မီးညှိဖွာရှိုက်လိုက်တယ်။ ပြီးတော့မှ ...
"ဒီလို မအေးခင်ရေ၊ ငါ စဉ်းစားထားတာ တစ်ခုရှိတယ်။ ရေကန်အသစ်ကြီး တစ်ကန်လောက် တူးလိုက်ရင် မကောင်းဘူးလားလို့"
ဒီတော့မှ ဒေါ်အေးခင်လည်း နည်းနည်း စိတ်ဝင်စားသွားတယ်။ ဒါနဲ့ ...
"နေစမ်းပါဦး၊ ရှင်က ဘယ်နေရာမှာ တူးချင်လို့လဲ" လို့ မေးလိုက်တယ်။

"ရွာဦးကျောင်း အ၀င်နားလောက်မှာ တို့ပိုင်တဲ့ လယ်ဧကတွေ ရှိတယ် မဟုတ်လား။ အဲဒီနေရာမှာ လယ်ငါးဧက လောက်ကျယ်တဲ့ ရေကန်ကြီးတစ်ကန် တူးလိုက်လို့ရှိရင် ရေကိစ္စ တော်တော် ပြေလည် သွားမယ်ဟ။ နောက်ပြီးတော့ ဆရာတော်အတွက်ပါ ဟန်ကျသွားလိမ့်မယ်" လို့ ပြောပြီး၊ ဦးဘကျားက စကားကို ရုတ်တရက် ရပ်နားလိုကတယ်။

ဒေါ်အေးခင်က သိချင်စိတ် ပြင်းပြလာတာနဲ့ပဲ
"ကဲ ... ရှင့်စကားကို ဆက်စမ်းပါဦး"
"ကန်ကြီးက ရွာနဲ့ နည်းနည်းလှမ်းတော့ ရေတော်တော်နဲ့ မကုန်ဘူးပေါ့ဟာ။ တခြားကန်တွေ အကုန်ခန်းတော့မှ ဒီကန်မှာ လာခပ်ကြပေါ့"
"စိတ်ကူးကတော့ ကောင်းပါရဲ့။ နတ်လူ သာဓုခေါ်မယ့် အလုပ်ပါတော်"

ဒေါ်အေးခင်ရဲ့ ထောက်ခံချက်ကို ရသွားတဲ့ ဦးဘကျားဟာ ကန်သစ်တူးမယ့်ကိစ္စကို သူ့ရဲ့ လက်ရင်း ထိုးတပည့် ကြည်မြင့်နဲ့ တိုင်ပင်တယ်။ ကြည်မြင့်က ဦးဘကျားရဲ့ တူလို့ ပြောပေမယ့် တကယ်တမ်းကျတော့ ဒေါ်အေးခင်ဘက်က တော်တာပါ။ ကြည်မြင့်ကလည်း ဒေါ်အေးခင်ကို အပိုင် ကပ်ထား တဲ့အတွက် ဦးဘကျားက ကြည်မြင့် ကို အမြဲသုံးတယ်။ ရပ်ရေးရွာရေးနဲ့ ပတ်သက် တဲ့ အသေးအဖွဲ ကိစ္စကလေး တွေကအစ ကြည်မြင့်နဲ့ တိုင်ပင်တယ်။ ကြည်မြင့်ကလည်း ဦးဘကျား ဘာပဲ တိုင်ပင် တိုင်ပင် ဘယ်တော့မှ ကဖျက်ယဖျက် မလုပ်ဘူး။ အလိုက်သင့်၊ အလျားသင့် ပြောပြီး နေတတ် စားတတ်တာက သူ့ရဲ့ ကိုယ်ပိုင်အကျင့်ပဲ။

"ကြည်မြင့်ရေ ..."
"ဗျာ ... အဘ"
"တို့ မန်ကျည်းကုန်းမှာ သင်္ကြန်ပြီးရင် ရေရှားတာ မင်းလည်း အသိပဲကွာ။ ဒီတော့ ငါ ရေကန် သစ်ကြီး  တစ်ကန်လောက် တူးကြည့်ချင်တယ်။ မင်းအဒေါ်နဲ့ တိုင်ပင်ကြည့်တော့ သူကလည်း ငါ့ရဲ့ အကြံအစည်ကို သဘောတူတယ်ကွ။ မင်းရဲ့သဘောထားကို ပြောစမ်းပါဦး"

ကြည်မြင့်ကလည်း သိပ်ပြီးတော့ ထွေထွေထူးထူး စဉ်းစားမနေပါဘူး။ ချက်ချင်းဆိုသလို အဖြေ ပေးလိုက် တယ်။

"အဘ  ကောင်းမယ်ထင်လို့ စီစဉ်တာပဲ။ ကျုပ်ဘာလုပ်ပေးရမလဲ ဆိုတာကိုပဲ ပြော"
"ဒါဖြင့်ရင် မင်း ရွာထဲက လူကြီးတွေကို နက်ဖြန်ခါ ဆယ်နာရီလောက် ငါ့အိမ်ကို လာခဲ့ပါဆိုပြီး ဆင့်ခေါ်လိုက်။ ငါ့ရဲ့ သဘောထားကို ပြောပြလိုက်မယ်။ သူတို့ဘာတွေ ပြောကြမလဲဆိုတာကို နားထောင် ကြည့်တာပေါ့"
"ကောင်းတာပေါ့ အဘရယ်၊ ကျုပ်ဆင့်ခေါ်ပေးရမှာပေါ့"လို့ ကြည်မြင့်က ၀န်ခံကတိပြုလိုက်တယ်။

နောက်တစ်နေ့မနက် ဆယ်နာရီ ထိုးလောက်ရောက်တော့ ဦးဘကျားရဲ့ ခြံဝင်းထဲမှာ အစည်း အဝေးပွဲ ကျင်းပတယ်။ ဦးဘကျားနဲ့ ရွာလူကြီးတွေဖြစ်ကြတဲ့ ဦးသန်းအောင်၊ ဦးဖိုးထိန်နဲ့ ဦးမြအေး တို့ကတော့ တန်းလျားအပေါ်မှာ ထိုင်ကြတယ်။ ကျန်တဲ့ ရွာသားတွေကတော့ မြေကြီးအပေါ်မှာ ခင်းထားတဲ့ ဖျာကြမ်း အပေါ်မှာပဲ ထိုင်ကြရတယ်။ ဖျာမလောက်တဲ့ လူတွေကတော့ ဖိနပ်ခုထိုင်ကြ တယ်။

ဦးဘကျားက အောင်မြင်တဲ့ လေသံနဲ့ "ကျုပ် ဒီနေ့ ခင်ဗျားတို့ကို ခေါ်ရတဲ့ အကြောင်းရင်းကတော့ ရေကန်သစ်ကြီးတစ်ကန် တူးမလို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျုပ်တို့ မန်ကျည်းကုန်းမှာ ရေပြဿနာ ကြုံတွေ့နေရတာက နှစ်စဉ် နှစ်တိုင်းပဲလေ။ ဒီတော့ ကျုပ်က ရွာဦးကျောင်း ဆရာတော်လည်း အဆင်ပြေ သွားအောင် ရွာဦးကျောင်း အ၀င်အ၀နားက ကျုပ်ပိုင်တဲ့ လယ်ငါးဧက လောက်ကို ရေကန်တူးချင်လို့။ ကျုပ်က ဦးဆောင်ပြီး မတည်ငွေထည့်မယ်။ ခင်ဗျားတို့ ရပ်ကွက်ထဲ က လူတွေလည်း တတ်နိုင်သလောက် ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ကြဖို့ လိုတယ်။ ဒီကိစ္စနဲ့ ပတ်သက် ပြီး ပြောချင်တဲ့ လူတွေ ပြောကြပါ"

ဦးဘကျားက စကားလမ်းကြောင်းဖွင့် ပေးလိုက်တယ်ဆိုရင်ပဲ ရွာသားတစ်ဦးဖြစ်တဲ့ ကိုအောင်တင့် က မတ်တပ်ရပ်လိုက်တယ်။

"ဦးလေးရဲ့ အစီအစဉ်ဟာ ..." လို့ပဲ ပြောရသေးတယ်။ ဦးဘကျားဟာ စကားကြောကို ဖြတ်ပစ် လိုက်ပြီး ...
"ဒီကန်ကြီး ပြီးစီးသွားရင် ကျုပ်တို့ မန်ကျည်းကုန်းမှာ ရေပြဿနာ ပြေလည်သွားပြီး။ ကန်ကြီး တူးမယ့် နေရာက ရွာနဲ့လှမ်းတော့ ရေတော်တော်နဲ့ မကုန်နိုင်တော့ဘူး။ ချောင်းရေကို သုံးရတဲ့ အဖြစ်မျိုးတွေလည်း မကြုံတွေ့နိုင်ဘူး။ နောက်ပြီးတော့ ... "

ဦးဘကျားရဲ့ စကားစ ခေတ္တရပ် အနားမှာ ကိုအောင်တင့်လည်း ဆက်ပြောရမယ့် စကားတွေ မေ့လျော့ ကုန်ပြီး၊ မတ်တပ်ကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ...
"သိပ်ကောင်း တဲ့ စိတ်ကူးပေါ့" လို့ ပြောပြီး ကိုယ့်နေရာမှာကိုယ် ပြန်ထိုင်ချလိုက်ရတယ်။

ဒီလိုနဲ့ပဲ ဦးဘကျား ဦးဆောင်တဲ့ ကန်တူးဖို့ တိုင်ပင်တဲ့ အစည်းအဝေးပွဲဟာ ကန့်ကွက်မယ့်သူမရှိဘဲ ရှောရှောရှူရှူနဲ့ ပြီးစီးသွားတယ်။

နော်တစ်နေ့ကျတော့ ဦးဘကျားတို့အဖွဲ့ ရွာထဲမှာ အလှူခံထွက်ကြတယ်။ ဦးဘကျားက အလှူခံ ထွက်တဲ့ နေရာမှာ ခမ်းခမ်းနားနား ထွက်တယ်။ သူက ဆိုက်ကားပေါ်မှာ နယ်စားကြီးတစ်ယောက်ရဲ့ ဣနြေ္ဒသိက္ခာ မျိုးနဲ့ ဆိုက်ကားသမား။ ကျော်မောင်က တစ်ဘီးချင်း လှိမ့်ရတယ်။ အသံချဲ့စက်တင်ဖို့ ကျတော့ ရွာထဲမှာ တစ်နေရာနဲ့ တစ်နေရာ ပစ္စည်းတွေ တင်ပို့ဖို့ထားတဲ့ မောင်ကိုရဲ့ သစ်သား တွန်းလှည်း ကို ချောဆွဲလိုက်တယ်။ မောင်ကို့ကိုလည်း အရက်တိုက်မယ်ဆိုတဲ့ မက်လုံးပေးပြီး တွန်းလှည်း တွန်း ခိုင်းတယ်။

တွန်းလှည်းပေါ်မှာ ဘက်ထရီအိုး တင်ပြီး အသံချဲ့စက်နဲ့ဖွင့်တဲ့ သီချင်းကတော့ ဘုရားအလောင်း ယုန်မင်းရဲ့ ဒါနပါရမီကို ဖော်ကျူးတဲ့သီချင်းပါ။ အဆိုတော် ကိုထွန်းရွှေ၊ ကိုကျော်ရှိန်နဲ့ ခင်သစ်လွင် တို့ သီဆိုထားကြတဲ့ သိကြားမင်းက ဘုရားအလောင်း ယုန်မင်းရဲ့ ဒါနပါရမီကို စမ်းသပ်တဲ့အခါ ယုန်မင်းက မီးပုံထဲကို ခုန်ဆင်းတဲ့အကြောင်းပါ။

"အံ့သြဖွယ် ထိုအချင်းအရာများ ... မြင်ရတဲ့ ငါသိကြားမှာကွယ် ... ငါ့မှာ တပာ် အံ့ဖွယ်ကြုံတော့ တယ် ... လဗိမာန်မှာ ယုန်ရုပ်ကိုရေးလို့ ကမ္ဘာလုံး တံဆိပ်ခပ်နှိပ် မှတ်သားမယ်" ဆိုတဲ့ သီချင်းသံ က ရွာထဲမှာ ပျံ့လွင့်နေတယ်။ ရွာသားတွေကလည်း ရေပြဿနာကို ဦးစီး ဦးဆောင်လုပ်ပြီး ဖြေရှင်း ပေးဖို့ ကြိုးစားတဲ့ ဦးဘကျားကို ကျေးဇူးတင်ကြတယ်။

ရွာထဲက အိမ်တချို့ကလည်း ဦးဘကျားတို့အဖွဲ့ကို ရေနွေးကြမ်းနှင့် စားစရာတချို့ စီမံပေးကြတယ်။ လက်ဖက်သုတ်၊ ဂျင်းသုတ်၊ မုန့်ဆီကြော်၊ မုန့်ဖက်ထုပ် အစရှိသဖြင့်ပေါ့။ ဦးဘကျားကလည်း သူနဲ့ စကားပြောတာ ဓာတ်တည့်တဲ့အိမ်မျိုးဆိုရင် အာပေါင်အာရင်း သန်သန် နှင့် စကားပြောတတ်တယ်။ ဒါနပါရမီ ရဲ့ အကြောင်းကို သူသိသလောက်၊ မှတ်မိသလောက် အကျယ်တ၀င့်ဟောတယ်။ လှူတဲ့၊ တန်းတဲ့ နေရာမှာ ပုပ္ပ၊ မုဉ္စ၊ အပရစေတနာဆိုပြီး စေတနာ သုံးတန်ပြဋ္ဌာန်းပြီးလှူမှ မြတ်တဲ့ အကြောင်းကို ရှင်းလင်းပြောပြတယ်။ လူတွေကလည်း ဦးဘကျား ရဲ့ အာဝဇ္ဇန်းအောက်မှာ ခေါင်းတညိတ်ညိတ်နဲ့ပေါ့။

ဆောင်းဦးပေါက် နံနက်ခင်းတစ်ခုမှာ ကန်တူးပွဲကြီး စတင်တယ်။ ဆောင်းဦးပေါက်ဆိုတော့ မြေကြီး က သိပ်မမာသေးဘူး။ အစိုဓာတ်မကုန်သေးတော့ ကန်တူးတဲ့ လူတွေအဖို့ သက်သာတာပေါ့။ ကန်တူးပွဲ ကလည်း ပွဲတော်ကြီးတစ်ခုအလားပဲ။ ဦးဘကျားက အလှူခံရလို့ ရတဲ့ငွေတွေရော၊ သူ့ အိတ်စိုက် ငွေတွေရော စုပေါင်းပြီးတော့ ကန်တူးသမားတွေကို လုပ်အားခ ထိုက်ထိုက်တန်တန် ပေးတယ်။ ထမင်းလည်း ကျွေးတယ်။ ကန်တူးသမားတွေကလည်း ကိုယ့်အလုပ်လိုသဘောထားပြီး ကျေကျေနပ်နပ် စေတနာ ပါပါ လုပ်ကြတယ်။

ဦးဘကျားကတော့ အရိပ်ကောင်းတဲ့ ကုက္ကိုလ်ပင် ကြီး တစ်ပင်အောက်ကနေ စီမံခန့်ခွဲ နေတယ်။ သူ့အနားမှာလည်း ကြည်မြင့်က ရေပူရေချမ်း ကမ်းလှမ်းလို့ အားပေးနေတယ်။ ဆရာတော် ကလည်း ကြွလာရာ၊ ဦးဘကျားက သူထိုင်နေတဲ့ ပက်လက်ကုလားထိုင်ပေါ်ကနေ ကပျာ ကယာ ထပြီးတော့ လက်အုပ်ချီ လိုက်တယ်။ ဆရာတော်က ရွာသားတွေ ကန်တူးနေကြတာကို တစ်ချက် ကြည့်တော် မူပြီးမှ ဦးဘကျားဘက်ကို လှည့်လိုက် တယ်။

"ကုသိုလ် ရတာပါ့ ဒကာကြီးရာ
"တင်ပါဘုရား"
အဲသည်လိုနဲ့ ရေကန်ကြီး တူးလိုက်တာ တစ်လလောက်အတွင်းမှာတင် ပြီးစီးသွားတယ်။ ဦးဘကျားက ကြည်မြင့်ကို သတိပေးတယ်။

"ကြည်မြင့်ရေ ကန်ပေါင်ရိုးကို ခိုင်အောင် သေချာလုပ်ခိုင်းနော်။ တူးပြီးသား မြေကြီးခဲတွေကိုလည်း အပြင် ရောက်ပစေ၊ ကန်ထဲကို ပြန်မကျစေနဲ့"
"ဟုတ်ကဲ့အဘ"

ဒီကန်ကြီးကြောင့် ရွာသားတွေလည်း အတော်ကလေး ပင်ပန်းသွား ကြတယ်။ ငွေကြေး မတတ်နိုင် တဲ့ ရွာသားတွေ့ကလည်း လုပ်အားခအလှူဆိုပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ၀င်တူးကြတာလည်း ပါတာပေါ့။ ဦးဘကျားကလည်း အခုမှ စိတ်ဒုံးဒုံးချနိုင်တော့တယ်။ ကန်ကြီးတူးပြီးတော့ မိုးဦးကျကိုပဲ မျှော်လင့် ရတော့မယ်။ ဒါပေမယ့် လာမယ့်နွေမှာတော့ ရေဒုက္ခ ကြုံရဦးမှာပဲလို့ ရွာသားတွေက ပြော နေကြတယ်။ ကန်ကြီးကတော့ ၀ါခေါင်၊ တော်သလင်းရောက်မှပဲ ရေပြည့်မှာ ကြာပင်တွေကို ကန်ရဲ့ ဂုဏ်အင်္ဂါရပ် နဲ့ ညီညွတ်အောင် စိုက်ပျိုးရမှာက ရှိသေးတယ်။ ဦးဘကျားက ကန်သစ်ကြီးကို
"မြဧရာ ကန်ကြီး" လို့ နာမည်ပေး ကင်ပွန်းတပ်ထားတယ်။

ထူးထူးခြားခြားပါပဲ။ မိုးအ၀င်စောသွားတယ်။ ကဆုန် လပြည့်ကျော်မှာတင် မိုးမှန်သွားတယ်။ မိုးဦး က မသိမသာ အ၀င်စောသွားတဲ့အတွက် ဦးဘကျား ၀မ်းသာသွားသည်။ ၀ါဆို ၀ါခေါင်လောက်လည်း ရောက်ရော မြဧရာကန်ကြီးထဲမှာ ရေတေါ ပေါင်းလန်နေပြီ။ ရေတွေ ယိုစိမ့်မှာ စိုးလို့ ငါးရှဥ့်တွေ ဖောက်ထားတဲ့ တူးကျင်းတွေ ဘာတွေရှိသလားလို့ ဦးဘကျားက ကြည်မြင့်ကို စစ်ဆေး ခိုင်းတယ်။ ကြည်မြင့် ကလည်း ၀တ်ကျေတန်းကေ မဟုတ်ပါဘူး။ တကယ့်ကို စေတနနဲ့ စစ်ဆေး တပါ။ ဘာဖြစ် လို့လည်း ဆိုတော့ မြဧရာ ကန်ကြီဟာ မန်ကျည်းကုန်းရွာရဲ့ သမိုင်းဝင်ကန်ကြီးဖြစ်ခဲ့ ရင် ကန်ကြီးနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇ၀င်မျာ သူပါလာနိုင်တယ်လို့ ထင်ထားတာကလည်း တစ်ကြောင်းပေါ့။

နောက်ပြီးတော့ ကန်ပေါင်ရိုးအပေါ်မှာ အရိပ်ရအောင် ကုက္ကိုလ်ပင်တို့၊ မန်ကျည်းပင်တို့ စိုက်ဖို့ တချို့က ပြောကြပေမယ့် ကန်ထဲကို သစ်ရွက်တွေ ကြွေရင်၊ ရေတွေညစ်ပတ် ကုန်မှာ စိုးတာက တစ်ကြောင်း၊ နောက်တစ်ခုက သစ်ပင်တွေရဲ့ အမြစ်တွေက ကန်ရေကို စုပ်ယူမှာကို စိုးရိမ်တာက တစ်ကြောင်းမို့ ဦးဘကျားက လက်မခံဘူး။ ရေတွေပြည့်လျှံနေတဲ့ မြဧရာကန်သစ်ကြီးကို ကြည့်ပြီး တော့ ဦးဘကျားက ပီတိတွေဖြာနေတယ်။ ဦးဘကျားဟာ ကြည်မြင့်ကိုခေါ်ပြီးတော့ ကန်ကြီးဘက် ကို လမ်းလျှောက်ထွက်လေ့ရှိတယ်။ ကန်ကြီးဆီသွားတဲ့လမ်းမှာ မိုးရာသီအတောအတွင်း ရွံ့ဗွက် တွေ မပေကျံရအောင် အုတ်နီခဲ တွေကို တန်းစီပြီး ခင်းထားစေတယ်။
ကြည်မြင့်က
"အဘရေ ကန်ထဲမှာ ကြာပင်တွေ စိုက်လို့ရပြီ"လို့ အကြံပေးလိုက်တော့...
"မစိုက်သေးဘူးကွ။ ဒီကန်ကြီးနဲ့ ပတ်သက်ပြီး ငါတွေးထားတာ တစ်ခုရှိတယ်။

တကယ့်တော့ မြဧရာကန်ကြီးဟာ သူ့လက်ထက်မှာ တူးဖော်ခဲ့တဲ့ ကန်ကြီးဖြစ်တာမို့ ဒီကန်ကြီးနဲ့ ပတ်သက် ပြီးတော့ အမှတ်တရ တစ်ခုခု လုပ်ချင်နေတယ်။
"အဘက ဘာတွေများ တွေးထားလို့လဲ" လို့ ကြည်မြင့်က မေးလိုက်တော့။
"လှေလှော်ပြိုင်ပွဲ ကျင်းပရင် ကောင်းမလားလို့" တို့မန်ကျညးကုန်းတစ်ရွာထဲတင် မကဘူး။ ကျန်တဲ့ ရွာတွေကိုပါ ၀င်ပြိုင်ခွင့်ပေးမယ်ကွာ။ ဒါမှလည်း စည်စည်ကားကားနဲပ သိုက်သိုက်ဝန်းဝန်း ဖြစ်သွား မှာကွ"
ကြည်မြင့် တစ်ယောက် ဦးဘကျားရဲ့ စကားကို နားမလည်နိုင်အောင် ဖြစ်သွားတယ်။

"အဘကလည်း လှေပြိုင်ပွဲဆိုတာ ချောင်းထဲမှာဆိုရင် ဟုတ်သေးတယ်။ ကန်ထဲမှာ ဘယ်လိုလုပ်ပြီး ဖြစ်မှာလဲ"
"ငါ စဉ်းစားထားတာက ဒီလိုကွ။ ကန်ကြီးထဲမှာ ၀ါးလုံးတွေနဲ့ သုံးတန်းလောက် ကန့်လိုက်မယ် ဆိုရင် အပိုင်းလေးပိုင်း ဖြစ်သွားမယ်။ ဒီအပိုင်းလေးပိုင်းကို အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း ဆိုပြီး ထပ်ခွဲလိုက်မယ်။ တစ်ခြမ်းစီမှာ တစ်သင်းစီ ပြိုင်ခိုင်းမယ်ကွာ။

တစ်ခါပြိုင်ရင် နှစ်သင်းပေါ့။ ရှုံးထွက်စနစ်နဲ့ပေါ့ကွာ။ အလေယ်ဆုံးဝါးတိုင်တွေကတော့ အပြည့်စိုက်လို့ မရဘူး။ လှေကွေ့ဖို့ နေရာ ချန်ထားရမယ်။ တစ်သင်းက ညာရစ်လှော်ရင် နောက်တစ်သင်းက ဘယ်ရစ်လှော်ရမယ်။ အလယ်တိုင်တွေကိုတော့ ကျော်လို့မရဘူး။ ကျန်တဲ့ တိုင်တွေကို ပတ်လှော် တဲ့စနစ်ပေါ့ကွာ။ စထွက်တဲ့ နေရာကို အရင်ပန်းဝင်တဲ့အသင်းက အနိုင်ပဲ။ ဒါပေမယ့် တစ်ပတ်တည်းတော့ မရဘူး။ သုံးပတ်တိတိ လှော်ရမယ်" လို့ ဦးဘကျားက ရှင်းပြလိုက်တော့ ကြည်မြင့်ရဲ့ နားထဲမှာ နည်းနည်း ရှုပ်ရှုပ်ထွေးသွားတယ်။

ဒါကြောင့်မို့လို့ ...
"အဘရာ ... ကျုပ်သိပ်ပြီးသဘော မပေါက်ဘူး"
အဲဒီမှာတင် ဦးဘကျားက တုတ်ချောင်း ကလေးတစ်ချောင်းကို ယူပြီးတော့ မြေကြီးပေါ်မှာ ပုံကြမ်း ဆွဲပြလိုက်တော့မှ ကြည်မြင့်တစ်ယောက် သဘောပေါက်သွားတော့တယ်။ ကြည်မြင့်က ...
"ဘယ်ရစ်နဲ့ ညာရစ်ကို ဘယ်လိုပုံစံနဲ့ လှော်ရမှာတုန်း" လို့ မေးလိုက်တော့ ဦးဘကျားက ...
'ဒါကတော့ လွယ်ပါတယ်ကွာ။ မင်းနောက်တော့ သိရမှာပေါ့" လို့ ပြန်ပြောတယ်။
လောလောဆယ် မှာ ဦးဘကျားက ရှင်းမပြချင်တဲ့အတွက် ကြည်မြင့်က စကားလမ်းကြောင်းလွှဲ တဲ့အနေနဲ့ ...
'ဒါနဲ့ ... လှေပြိုင်ပွဲကို ဘယ်တော့လောက် ကျင်းပမယ်လို့ စိတ်ကူးထားသလဲ"
"လှေပြိုင်ပွဲ ကျင်းပတဲ့ လကတော့ တော်သလင်းလပဲကွ။ ဒါပေမယ့် ငါကတော့ ဆောင်းဦးပေါက်မှာ ပဲ ကျင်းပချင်တယ်။ အတိအကျ ပြောရရင်တော့ ကန်စတူးတာ တစ်နှစ်ပြည့်တဲ့နေ့ပေါ့ကွာ"

ဒါနဲ့ပဲ မြဧရာ ကန်သစ်ကြီးအထဲမှာ လှေလှော်ပြိုင်ပွဲ ကျင်းပဖို့အတွက် ၀ါးနက်တွေ ခုတ်လိုက်တာ ဦးဘကျားရဲ့ ခြံထဲမှာရှိတဲ့ ၀ါးနက်ရုံတွေ ပြုတ်သလောက် နီးနီး ဖြစ်သွားတယ်။ ဒေါ်အေးခင် ကလည်း သူ့ဝါးနက်ရုံတွေ ကုန်လို့ ပွစိပွစိနဲ့ပေါ့။ ၀ါးနက်တွေကို ကြည်မြင့် ဦးဆောင်တဲ့ လှေလှော် ပြိုင်ပွဲ ကျင်းပရေး အဖွဲ့ဝင် ကာသားတွေက ကန်ကြီးအထဲကို သယ်သွားပြီး အတန်းသုံးတန်း စိုက်ထား လိုက်တယ်။ အလယ်တန်း ကတော့ ကန်ကြီးကို ထက်ဝက်ပိုင်းလိုက်တာပါ။ ကျန်တဲ့ နှစ်တန်းကတော့ လှေပြန်ကွေ့ လို့ရအောင် ၀ါးလုံးတန်းတွေကို အပြည့်စိုက်မထားဘူး။ လှေကွေ့လို့ လွတ်ရုံပဲ နေရာချန်ထား လိုက်တယ်။ နောက်ပြီး ရွာနီးချုပ်စပ်တွေဖြစ်တဲ့ တမံကြီးကုန်း၊ ရမ်းချောင်း၊ အောင်ချမ်းသာ ရွာတွေကို လည်း လှေလှော်ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ထားတယ်။

စည်းမျဉ်းကတော့ တစ်သင်းမှာ လူ ငါးယောက်လှော်ရမယ်။ အသင်းတွေက မန်ကျည်းကုန်းက သုံးသင်း၊ ရှမ်းချောင်းက တစ်သင်း၊ တမံကြီးကုန်းက တစ်သင်း၊ အောင်ချမ်းသာက တစ်သင်းဆို တော့ အားလုံးပေါင်း ခြောက်သင်း။ တစ်ခါပြိုင်ရင် နှစ်သင်းစီဆိုတော့ သုံးခါပြိုင်ပြီးရင် ခြောက်သင်း ထဲက သုံးသင်းပဲ ဆန်ခါတင်ကျန်မယ်။ အဲဒီသုံးသင်းကို အချင်းချင်ထပ်ပြိုင်ခိုင်းပြီး ဆုကတော့ တစ်ခုတည်းပဲ ပေးမှာ ဖြစ်တယ်။

လှေလှော်ပြိုင်ပွဲကျင်းပတဲ့ နေ့လည်းရောက်ရော ပရိသတ်တွေက ကန်ပေါင်ရိုးပေါ်မှာ အပြည့်ပဲ။ ကလေးကို ခါးထစ်ခွင်ပြီး လာကြည့်ကြတဲ့ မိန်းမတွေကလည်း ရှိသေးတယ်။ တခြားရွားသားတွေ ကပါ လာအားပေး ကြည့်ရှုကြလို့ ထင်ထားတာထက်တောင် ပိုပြီးတော့ စည်ကားနေတယ်။ ပါချီပါချက် ဈေးသည် ကလေးတွေလည်း ဈေးလာရောင်ကြတယ်။ မုန့်ဟင်းခါးသည်၊ အသုပ်စုံ သည်၊ အကြော်သည်တွေပေါ့။ ကနင်းဖျင်း ထိုးပြီး ရောင်းတဲ့ လက်ဖက်ရည်ဆိုင်ကလေးမှာ နားလည်မှုနဲ့ ရောင်းတဲ့ အရက်ဖြူလည်း ရှိတယ်။
ကြည်မြင့် က မိုက်ခွက်တာဝန်ခံ ဆိုတော့ ပြိုင်ပွဲမစတင်မီ အသံကောင်းမကောင်း စစ်ဆေးနေတယ်။

"ဟဲလို ... တက်စတင်း ... ၀မ်း ... တူး ... သရီး"
အသံချဲကစက်ကိုတော့ ကန်ကြီးအနားမှာရှိတဲ့ ကုက္ကိုလ်ပင်ကြီး တစ်ပင်ပေါ်မှာ တပ်ဆင်ထား တယ်။ ဦးဘကျားက ကန်ပေါင်ရိုးအပေါ်မှာ ပက်လက်ကုလားထိုင်တစ်လုံးနဲ့ လှေလှော်ပြိုင်ပွဲကို အားပေးတယ်။ သူ့အနား မှာလည်း စားပွဲခုံကလေးတစ်လုံး ချထားပြီး ခုံပေါ်မှာ ရေနွေကြမ်းခရား၊ အကြမ်းပန်းကန် တစ်လုံးနဲ့ လက်ဖက်တစ်ပန်းကန်။ နောက်ပြီးတော့ ရှုံ့အိတ်ကလေးတစ်လုံး။
ကြည်မြင့်ရဲ့အသံကလည်း အသံချဲ့စက်ကနေ လွင့်ပျံ့လာတယ်။

"အခု ပထမဦးဆုံး အလှည့်ကျတဲ့  အသင်းနှစ်သင်းကတော့ မန်ကျည်းကုန်းရွာက ရောင်နီဦး အသင်းနဲ့ အောင်ချမ်းသာရွာက ပျိုတို့မောင် အသင်းတို့ပဲ ဖြစ်ပါတယ်။ သူကြီးမင်း ဦးဘကျားရဲ့ ဘေးနားက ခုံပေါ်မှာရှိတဲ့ ရှုံ့အိတ်ကလေးအထဲမှာ လက်မလောက်ရှိတဲ့ ၀ါးခြမ်းပြားလေးနှစ်ခု လက်မလောက်ရှိတဲ့ ၀ါးခြမ်းပြား လေးနှစ်ခု ရှိပါတယ်။ တစ်ခုကို ဆေးအပြာသုတ်ထားပြီး၊ တစ်ခု ကိုတော့ဆေး အနီ သုတ်ထားပါတယ်။ ဆေးအပြာသုတ်ထားတဲ့ ၀ါးခြမ်းပြားကို နှုတ်မိရင် ညာရစ် လှော်ရမှာ ဖြစ်ပြီး ဆေးအနီသုတ်ထားတဲ့ ၀ါးခြမ်းပြားကို နှိုက်မိရင်တော့ ဘယ်ရစ်လှော်ရမှာ ဖြစ် ပါတယ်။ အဲဒီတော့ ဧည့်သည်အသင်းကို ဦးစားပေးတဲ့အနေနဲပ ပျိုတို့မောင်အသင်းခေါင်းဆောင် ကိုထွန်းမောင် ကံစမ်းဖို့ ကြွပါ ခင်ဗျား"
ကိုထွန်းမောင်လည်း ဦးဘကျားအနားကို သွားပြီး ရှုံ့အိတ်ကလေးအထဲက ၀ါးခြမ်း ပြားလေးတစ်ခု ကို ဆွဲထုတ် လိုက်တယ်။ ၀ါးခြမ်းပြားရဲ့ အရောင်က အမည်းရောင်။ အဲဒီမှာတင် ကြည်မြင့်က ကြေငြာတယ်။

"ကိုထွန်းမောင်နှိုက်လိုက်တဲ့ ၀ါးခြမ်းပြားလေးရဲ့ အရောင်ဟာ အနီရောင်ဖြစ်တဲ့အတွက် ရောင်နီဦး အသင်းက အပြာရောင် ဖြစ်သွားပါတယ်။ ရောင်နီဦးအသင်းအနေနဲပ ထပ်နှိုက်စရာ မလိုတော့ပါ ဘူး။ ဒီတော့ ရောင်နီဦးအသင်းက အရှေ့ဘက်အခြမ်းမှာ လက်ယာရစ်လှော်ရမှာ ဖြစ်ပြီး၊ ပျိုတို့မောင် အသင်း ကတော့ အနောက်ဘက်အခြမ်းမှာ လက်ဝဲရစ်လှော်ရမှာ ဖြစ်ပါတယ် ခင်ဗျား"

လှေထိုးသားငါးဦးပါတဲ့ အသင်းနှစ်သင်းစလုံးဟာ တာထွက်ကတည်းက အသားကုန်လှော်ကြ တယ်။ လှေလှော်တဲ့ သူတွေက ညာသန်တွေချည်းပဲဆိုတော့ လက်ဝဲရစ်လှော် ရတာကို လက်ယာရစ် လှော်ရတာလောက် အားမသန်ကြဘူး။ ကန်ပေါင်ရိုးအပေါ်က ကြည့်နေတဲ့ ပရိသတ် တွေကလည်း မန်ကျည်းကုန်းရွာသားတွေ ပိုများတော့ ရောင်နီဦးအသင်းကိုပဲ ဖိပြီးတော့ အားပေး ကြတယ်။

အောင်ချမ်းသာရွာ ရွာသားတချို့ကလည်း သူတို့ရဲ့ ပျိုတို့မောင်အသင်းကို လာပြီးတော့ အားပေးကြပေမယ့် သူများရွာမှာဆိုတော့ သိပ်ပြီးတော့ အော်ကြီးဟစ်ကျယ် အားမပေးရဲဘူး။ "ကိုယ့်ရွာမှာ ကြက်ဖ၊ သူများ ရွာမှာ ကြက်မ" ဆိုတဲ့ စကားနဲ့အညီ လိုက်လျောညီတွေဖြစ်အောင် နေကြရတယ်။

"ရောင်နီဦးကွ ... ရောင်နီဦး" "ပျိုတို့မောင်ကို နောက်မှာချန်အစရှိတဲ့ မန်ကျည်းကုန်း ရွားသားတွေ ရဲ့ လက်သီးလက်မောင်းတန်းပြီး ကြုံးဝါးအားပေးသံတွေကလည်း ကြောက်ခမန်းလိလိ ပါပဲ။

ပထမတစ်ပတ်မှာတင် နည်းနည်း ကွာသွားတယ်။ ဒုတိယတစ်ပတ်မှာတင် သိသိသာသာ ကွာသွား ပြီး နောက်ဆုံးအပတ်လည်း ရောက်ရော လက်ယာရစ်လှော်ခွင့်ရတဲ့ ရောင်နီဦးအသင်းက အပြတ် အသတ် စောပြီး ပန်းဝင် သွားတော့တယ်။ ရောင်နီဦး အသင်းကလည်း ပန်းဝင်ရော ပျိုတို့မောင်  အသင်းက အပင်ပန်းမခံဘဲ တက်ထောင် လိုက်တော့တယ်။

"ဗွေဆော်ဦးမှာ ရောင်နီဦး အသင်းက ပန်းအရင်ဝင်သွားပါပြီ။ ဒုတိယအလှည့်မှာ ယှဉ်ပြိုင်ရမယ့် နှစ်သင်းကတော့ မန်ကျည်းကုန်းရွာက ရွှေတောင်ကန်အသင်းနဲ့ တမံကြီးကုန်းကျေးရွာက တောက မောင်ကြီး အသင်းတို့ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါလည်း ဧည့်သည် အသင်းကို ဦးစားပေးတဲ့ အနေနဲ့ တောက မောင်ကြီးအသင်းခေါင်းဆောင် ကိုအေးလှိုင် ကံစမ်းရန် ကြွပါခင်ဗျား"

ကိုအေးလှိုင်ကလည်း ရှုံ့အိတ်ထဲက ၀ါခြမ်းပြားကလေးကို နှိုက်လိုက်တော့ အနီရောင်ကိုပဲ နှိုက်မိ ရက်သား ဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ ဘယ်ရစ်ကိုပဲ လှော်ရတော့မယ်။ အိမ်ရှင် ရွှေတောငကန် အသင်းက နှိုက်စရာ မလိုတော့ဘူး။ အလိုလို အပြာရောင်ဖြစ် သွားပြီး။ ဒီတော ညာရစ်ပေါ့။

ဒီတစ်ခါလည်း အားပေးတဲ့ ပရိသတ်က တစ်ဘက်စောင်းနင်း ဖြစ်နေပြန်တယ်။ မန်ကျည်းကုန်း ရွာအသင်းဖြစ်တဲ့ ရွှေတောင်ကန်အသင်းကိုပဲ တစ်ဖက်သတ် အားပေးကြတယ်။ ဒီပွဲစဉ်ကလည်း ပထမပွဲစဉ် အတိုင်းပါပဲ။ လယ်ယာရစ် လှော်ခွင့်ရတဲ့ ရွှေတောင်ကန် အသင်းကပဲ ပန်းအရင် ၀င်သွားတော့တယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ တောကမောင်ကြီးအသင်းက ပျိုတို့မောင် အသင်းလို တက်မထောင်ဘူး။ လှေခွက်ချည်းကျန် အလံမလှဲ လှော်ကြတယ်။

တတိယ အလှည့်မှာတော့ မန်ကျည်းကုန်းရွာက တို့ကျေးရွာအသင်းနဲ့ ရှမ်းချောင်းကျေးရွာက ရေနဂါးအသင်းတို့ ယှဉ်ပြိုင်ကြတယ်။ ဧည့်သည် ရေနဂါးအသင်းကို ဦးစားပေးပြီး ၀ါးခြမ်းပြား ရွေးချယ်ခိုင်းတော့ အနီရောင်ကိုပဲ ရွေးမိတယ်။ ဒီတော့ တို့ကျေးရွာ အသင်းက ညာရစ်၊ ရေနဂါး အသင်းက ဘယ်ရစ်ပေါ့။ ပရိသတ်တွေရဲ့ အားပေးမှုက အရင် ပွဲစဉ်တွေလိုပါပဲ။ တို့ကျေးရွာအသင်း ကိုပဲ အားပေး ကြတယ်။ ဒီပွဲမှာလည်း တို့ကျေးရွာ အသင်းက ရေနဂါးအသင်းကို အနိုင်ရရှိသွား ပြန်တယ်။

ပွဲစဉ် သုံးခုလည်းပြီးရော ဘယ်ရစ်လှော်ခွင့်ရတဲ့ တခြားရွာက အသင်းသုံးသင်းစလုံး ရှုံးထွက်အဆင့် မှာတင် အကုန်ပြုတ်ကျသွားပြီး မန်ကျည်းကုန်းက သုံးသင်းပဲ ကျန်တော့တယ်။ ဒါပေမယ့် တခြား ရွာက အသင်း တွေကလည်း ဘယ်လိုမှ သဘောထားပုံ မရပါဘူး။ ဦးဘကျားက ပြိုင်ပွဲဝင်ခွင့်ပေး တာကိုပဲ ကျေးဇူးတင်ကြတယ်။ အဲဒါကိုပဲ ဒုလ္လဘ ထင်နေတယ်။

အဲဒီနောက်မှာ လောလောဆယ် အနိုင်ရထားတဲ့ တို့ကျေးရွာ အသင်းကို ခဏအနား ပေးထားပြီး ရောင်နီဦးအသင်းနဲ့ ရွှေတောင်ကန်အသင်းတို့ ယှဉ်ပြိုင်ကြတယ်။ ၀ါးခြမ်းပြားကို ရွေးချယ်တော့ ရွှေတောင် ကန်က အနီရောင်ကျတာမို့ ရောင်နီဦးအသင်းက နှိုက်စရာ မလိုတော့ဘူး။ အလိုလို အပြာ ရောင်ပေါ့။ ရောင်နီဦက ညာရစ်၊ ရွှေတောင်ကန်က ဘယ်ရစ် ဖြစ်သွားပြီး၊ ရွှေတောင်ကန် အသင်းဟာ စိတ်ဓာတ်ပိုင်း လည်း ပါမယ်ထင်ပါရဲ့။ ရောင်နီဦးအသင်းကို ရှုံးနိမ့်သွားတော့တယ်။ ညီတူညီမျှပါပဲ။ ရောင်နီဦး အသင်းဟာ တို့ကျေးရွာအသင်းနဲ့ ဆက်ပြီးတော့ ပြိုင်ရတော့မယ်။

လူတွေကလည်း တို့ကျေးရွာ အသင်းကိုပဲ ထင်ကြေးပေးကြတယ်။ အကြောင်းရင်းကတော့ ရောင်နီဦးက နှစ်ခါတောင် ပြိုင်လိုက် ရပြီဆိုတော့ အတော်ကလေး မောနေပြီ။ တို့ကျေးရွာအသင်း ကတော့ တစ်ခါပဲ ပြိုင်ရသေးတော့ သက်လုံက ကျန်သေးတယ်။ ပွဲစီစဉ်ပုံ ကမောက်မက နိုင်ပေ မယ့် ဘယ်သူတစ်ဦး တစ်ယောက်ကမှ ဦးဘကျားကို မဝေဖန်ကြပါဘူး။

တို့ကျေးရွာ အသင်းက တံငါသည်တွေ များတယ်။ ဒီတစ်ခါ ၀ါးခြမ်းပြာရွေးတော့ ရောင်နီဦးအသင်း ကို ဦးစားပေးတယ်။ ရောင်နီဦးက အနီရောင်ကိုပဲ ရွေးချယ်မိပြန်ရော။ သည်တော့ တို့ကျေးရွာ အသင်းကပဲ ကံထပ်ကောင်းပြီး ညာရစ်လှော်ခွင့် ရသွားပြန်တယ်။

အားပေးတဲ့ ပရိသတ်ချင်း မျှပေမယ့် ရောင်နီဦးအသင်းက တို့ကျေးရွာအသင်းကို ကျေကျေနပ်နပ် အရှုံးပေးလိုက်ရတယ်။ ပရိသတ်တွေအထဲက စကားသံတွေလည်း ပေါ်ထွက်လာတယ်။
'ဒီလှေပြိုင်ပွဲ့က ကံနဲ့ဆိုင်တယ်ကွ။ ဘယ်လောက်ပဲ အသားကုန်လှောလှော် အရှေ့ဘက်ခြမ်းကို ကျပြီး ညာရစ်လှော်တဲ့အသင်းက နိုင်မှာပဲ"

ပြိုင်ပွဲမှာ နောက်ဆုံးအနေနဲ့ ဗိုလ်စွဲတဲ့ တို့ကျေးရွာအသင်းကို ဦးဘကျားက ဆုတော်ငွေ တစ်ထောင် ဆုချတယ်။ သူ့လက်ထက်မှာ သမိုင်းဝင် အလုပ်ကြီး တစ်ခုကို အောင်အောင် မြင်မြင်လုပ်နိုင်တဲ့ အတွက် ဦးဘကျား တစ်ယောက် ကျေနပ်သွားတော့တယ်။

"ငါးခါစလုံး နှိုက်တာတောင် အပြာရောင်ကို မနှိုက်မိကြဘူး။ အနီရောင်တွေချည်းပဲ ထည့်ထားလို့ များလို့လား" လို့ လှေပြိုင်ပွဲကို လာကြည့်တဲ့ ပရိသတ်တွေ အထဲက တစ်ယောက်ဖြစ်တဲ့ ကျောင်းဆရာလေး ကိုတင်ဆွေက တီးတိုးရေရွတ်လိုက်တယ်။ ဒါပေမယ့် ပတ်ဝန်းကျင် ဆူညံ နေတာမို့ ကျောင်းဆရာလေးရဲ့ ရေရွတ်သံကို ဘယ်သူမှ သတိမထားမိကြဘူး။

နွေလယ်လောက်လည်းရောက်ရော ရေကန်တွေရဲ့ ထုံးစံအတိုင်း ရေတွေ တဖြည်းဖြည်းခန်းကုန် တယ်။ ရွာသားတွေရဲ့အဓိက မျှော်လင့်ချက်ဖြစ်တဲ့ မြဧရာ ကန်ကြီးကတော့ သောက်ရေမပြာနဲ့ ချိုးရေ လုပ်ဖို့တောင် မလွယ်ဘူး။ ဆောင်းဦးပေါက်က ကျင်းပခဲ့တဲ့ လှေပြိုင်ပွဲရဲ့ အကျိုးဆက် ကြောင့် ရေတွေ နောက်ကျိကုန်တယ်။ ကျွဲ၊ နွား ရေချိုးပေးဖို့လောက်ပဲ ရလိမ့်မယ်။

ဦးဘကျားက မြဧရာကန်ကြီးလို့ နာမည်ပေး ကင်ပွန်းတပ်ထားပေမယ့် ရွာသားတွေကတော့ 'ဦးဘကျား ကန်ကြီး' လို့ပဲ ခေါ်ကြတယ်။ ကန်ရေပြင် ကြည်လင်ဖို့ နောက်တစ်နှစ် မိုးတွင်းကိုပဲ စောင့်မျှော် ရတော့မယ်။ ရေပြဿနာ ကတော့ ဒုံရင်း ဒုရင်းပဲ။

ရွာဦးကျောင်းဆရာတော်တော့ 'သူ တူးတဲ့ကန် သူပြန်ဖျက်တာပဲ'လို့ တိုတိုတုတ်တုတ် တစ်ခွန်းပဲ မိန်မြွက် တော်မူတယ်။
နောက်နှစ် ၀ါခေါင်၊ တောသလင်းလည်းရောက်ရော မြဧကန်ကြီးထဲမှာ ရေတွေ ပေါင်းလန်နေပြီ။ ခက်တာက ဖိုးခွေးဆိုတဲ့ အရက်သမား တစ်ယောက် အမူးလွန်းပြီး မြဧရာကန်ကြီးထဲမှာ ကျသေတဲ့ ပြဿနာတစ်ခုက ပေါ်ပေါက်လာတယ်။ ဖိုးခွေးပျောက်လို့ သူ့မိသားစုက လိုက်ရှာတာ ဘယ်မှာမှ မတွေ့ဘူး။ သုံးရက်လောက်ကြာတော့ ကန်တော့ပဲ မပေးရဘဲ အလောင်းက ပေါ်လာတယ်။ ကန်ရေ တွေလည်း ပစ်ရပြီ။ လူတွေကလည်း မြဧရာကန်ကြီးကို မင်္ဂလာမရှိတဲ့ကန်ကြီး၊ ခိုက်တဲ့ ကန်ကြီး၊ လူသားစားတဲ့ ကန်ကြီးဆိုပြီး အမျိုးမျိုး ခေါ်ဝ်ါသမုတ်ကြတယ်။

ကန်ကြီးထဲမှာလည်း တဖြည်းဖြည်းနဲ့ ဒိုက်မှော်တွေ ထနေတယ်။ ဘယ်သူမှလည်း ဒိုက်မှော်တွေ ဆယ်ဖို့ စိတ်မကူးကြဘူး။ လူကြီးတွေကလည်း ကလေးတွေကို ကန်ပေါင်ရိုးပေါ် ယောင်လို့တောင် မသွားနဲ့ဆိုပြီး တုတ်ပြ တားမြစ်ထားတယ်။ ဦးဘကျား ကိုယ်တိုင်က သူ့ကန်ကြီးကို ပြန်ပြီးတော့ သံယောဇဉ် ဖြတ်ထားတယ်။

အခုဆိုရင် ဆောင်းဝင်စပြုလာပြီး၊ မြောက်ပြန်လေရဲ့ အငွေ့အသက်က မန်ကျည်းကုန်းကို လွှမ်းခြုံ စပြုလာပြီ၊ ရွာသားတွေလည်း ဆောင်းအတတ်မို့ စိုက်ဖို့အတွက် ခရမ်း၊ ငရုတ်၊ ခရမ်းချဉ်ပင် ကလေးတွေကို ပျိုးနေကြပြီ။

ရွာသူကြီး ဦးဘကျားကတော့ အိမ်ရှေ့ မန်ကျည်းပင်ရိပ်မှာရှိတဲ့ ပက်လက်ကုလားထိုင်အပေါ်မှာ ထိုင်ပြီးတော့ ရေပြဿနာ ပြေလည်စေမယ့် နည်းလမ်းသစ်တွေကို ရှာဖွေ ကြံဆနေတယ်။ လက်ထဲက ဆေးပြင်းလိပ်ကြီး မီးသေနေတာကိုတောင် မညှိအားဘူး။ သူ့အတွေးနဲ့သူ မျောနေတဲ့ ဦးဘကျားကို ဒေါ်အေးချင်က လှမ်းမေးလိုက်တယ်။
"ရှင် ဘာတွေ စဉ်းစားနေတာလဲ"

"လာမယ့်နှစ် ရေပြဿနာကို ပြေလည်ဖို့ပါဟာ"လို့လည်း ပြန်ပြောလိုက်ရော ဒေါ်အေးခင်က မျက်စောင်းတစ်ချက်ခဲပြီး ထွက်သွားတယ်။

နောက်ဆုံးတော့ စေ့စေ့တွေးတော့ ရေးရေးပေါ်ဆိုသလို ရွာတောင်ပိုင်းခရေ ချောင်ရပ်ကွက်မှာ ရှိတဲ့ သူပိုင် မြေကွက်လပ်ကြီးတစ်ခုမှာ နောက်ထပ်ရေကန်တစ်ကန်တူးဖို့ စိတ်ကူးလိုက်တယ်။ မြဧရာကန်ကြီးနဲ့ ပတ်သက်ပြီးတော့ ရွာသားတွေရဲ့ လုပ်အားတွေ အဟောသိကံ ဖြစ်သွားရတာ ကိုလည်း သူစိတ်မကောင်း ဘူး။

ဒါကြောင့်မို့လို့ သူစိုးရိမ်တာ တစ်ခုကတော့ ဒီတစ်ခါ ကန်တူးလို့ရှိရင် ရွာသားတွေက အရင် တစ်ခါတုန်း ကလို အားတက်သရော နဲ့ လိုလိုလားလား ကူညီကြပါဦးမလား ဆိုတာပါပဲ။

ပန်းအလင်္ကာ
အမှတ် (၃၉) နိုဝင်ဘာလ၊ ၂၀၀၉ ခုနှစ်
.

1 comment:

Anonymous said...

အနော်တို့ အစိုးရကို အားကျလို့နေမှာပေါ့ဗျာ