Monday, December 21, 2009
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၄)
အခန်း(၄)
ဝိဇ္ဖုံလတာ၊ အလျှံငယ်ဖြာသည်၊ မဏ္ဍဂီစစ်၊ နက်သုံးမြစ်က ကွန်ရက်ကယ် နတ်ပြွန်၊ ငြိုးလို့ပင် သွန်သထင့်၊ ဖြိုးဝှန်ဆုံ့အနေတွင်၊ တိမ်ထုငယ် မှင်ဆိုင် လှိုင်းပါဘိ၊ မှိုင်းလဲ့မှောင်မှောင်။
ခုနစ်ခွေငယ်၊ တောင်ရေလည်ပတ်၊ ပြည်သုဒသ်လိုရ ဟတ်ကယ်ယဉ်ဖြာ၊ မြသဉ္ဖာနှင့် ဧရာထူးဆန်း၊ ဒေးဝန်းနန်းက လွမ်းငန်းငယ် ကုဋေ၊ ထပ်ပစေအောင် ရွှေထွန်တော်ယက် နယုန်လက်မှာ၊ စုံချက်ကယ်ခန်းဝါ၊ သာ့ထက်သာပင်၊ မလ္လာကျိကျူ၊ ပန်းအစုတွင်၊ နန်းသူ့ချစ်ရန်၊ တော်ကြီးခံလို့၊ ဓမ္မာစမ္ဗီ၊ ထုံဝက်ကယ်ချီကြတဲ့၊ ရာသီခေါင်ကို ငွေဆောင် ယုန်းနန်းလနာဝိန်နှင့်။
ရာတာငယ်ကေးဝဋ်-ထွန်းလျှံလွှတ်လို့၊ မွန်းထွက်ကယ်စဉ်လာ သည်သို့ခါကို ရွှေစာတော်ပြန် သဘာယံနှင့် ညာမန္တလ၊ ရေကြည်းစုံလှချိန်မို့ အဆငယ်ပြန်ဆယ် ကြံဘွယ်ဘွယ်ကို ဘန်ချယ်လေလေ စောမပြေအောင် ကြင်ဆွေမစပ် ကင်းတဲ့နတ်မှာ မတတ်ကယ်ဆည်ယူ အလွမ်းသာကူလိမ့်မည်၊ ကျွန်းဘူမိနက်သန်တွင် ဗိမာန်တည် ရွှေဘုံသစ်မှာမှ ဘုန်းလှစ်ချိန်သင့်။  
 ရာသီမာသ နယုန်လသို့ တကွမကွာ ဆိုက်ရောက်လာ ပြန်လေ၏။ ရွှေမြို့တော်လေးပြင်လေးရပ်လုံး အုံးအုံးဆူညံ သုဓမ္မာ စာတော်ပြန်ပွဲအတွက် အမိန့်တော်ကြီးကို ဦးထိပ်ရွက်လျက် သူ့ထက်ငါသာ မျက်နှာရစေရန် ကိုယ်၏တာဝန် ကျရောက်လာသည်တို့ကို စိတ်ရောကိုယ်ပါ မခိုမကပ် ကြိုးပမ်းစွာ လုပ်ကိုင်စီမံလျက် ရှိကြလေရာ မန္တလေး တောင်ခြေရင်းရှိ သုဓမ္မာဇရပ်တော်ကြီးတွင် ယခင်နှစ်ကထက် ကြီးကျယ် စည်ကားလျက် ရှိလေ၏။
အဝေးရောက် သံဃာတော်များမှာလည်း ယမန်နှစ်က ထက် မြောက်မြားစွာသုဓမ္မာ စာတောပွဲကို အားခဲ ကြွရောက်လာကြကုန်သည် ဖြစ်ရာ သာသနာ့ဒါယကာ မဟာ ဧကရာဇ်မင်းမြတ် အမှူးထားလျက် မိဖုရား၊ သားတော်၊ သမီးတော် ဆွေတော်မျိုးတော်၊ မှူးတော် မတ်တော်များနှင့် နန်းတော်သူ နန်းတော်သား သူဌေးသူကြွယ် ကုန်သည်ဆင်းရဲသားမကျန် မြို့ခံဖြစ်သည့် အလျောက် သဒ္ဒါတရား  ပေါက်၍ စွမ်းအားရှိသလောက် လှူဒါန်းကျွေးမွေး ကုသိုလ်ရေးကု လေးစားသမှု အာရုံပြုကြပြီးလျှင် စာပြန်ပွဲကို ၀င်နွှဲဖြေဆိုကြကုန်သော ရဟန်းရှင်လူ ဘိုးသူတော် မယ်သီလ မကျန် ထိုက်တန်သည်ထက် ပိုကဲစွာအောင်ဆုပေးလှူ ပညာဥာဏ် ပူဇော်ကြကုန်ရာ စာတော်ပြန် ရောက်လာသော ရဟန်းသာမဏေမှန်သမျှမှာလည်း ပျော်ပျော်ပါးပါးနှင့် စိတ်အားတက်ကြွ ၀မ်းမြောက် ၀မ်းသာ ရှိကြရလေ၏။
သားတော် `သုသီရိမဟာဓမ္မရာဇာ သီပေါမင်းသားမှာလည်း ခမည်းတော် မင်း တရားကြီးဘုရား၏ အားရစွာ မြောက်စားချီးမြှင့်တော်မူခြင်းကြောင့် ယမန်နှစ်ကဲ့သို့ပင် ခေတ္တလူဝတ်လဲကာ အတွဲအစ်မ များနှင့်တကွ ခမ်းနားကြီးကျယ်လှစွာသော မင်းခမ်း မင်းနားဖြင့် သုဓမ္မာဇရပ်သို့ ထွက်တော် မူပြီးလျှင် ခမည်းတော် ဘုရားနှင့်တကွ များစွာသော ဆရာတော် သင်္ဃာတော် မဟာ ထေရ်မြတ်ကြီး တို့ရှေ့တွင် ပထမလတ် အဖြစ် သဒ္ဒါရှစ်စောင် ပါဌ်အနက် ရုပ်ဆန်းပါဠ်အနက် အလင်္ကာ ပါဠ်အနက် အဘိဓာန် ပါဠ်အနက် သဂြိုလ်ကိုးပိုင်းပါဌ်အနက် မာတိကာပါဠ်အနက် အရကောက် ဓာတုကထာပါဠအနက် အရ ကောက်များနှင့် ဖြေဆိုဖွယ်ဆိုင်ရာများကို ပေါ့ပါးလျင်မြန်စွာ အာဂုံပြန်ဆိုတော်မှုလျှင် ရဟန်း ရှင်လူပြည်သူပြည်သား အပေါင်းတို့ သောင်းသောင်းဖြဖြ၊ ကောင်းချီးသြဘာများ ပေးကြကုန်လေသည်။
ဘ၀ရှင်မင်းတရားကြီးဘုရား သားတော်ကို နှုတ်တော်ဖြင့် ချီးမွမ်းတော်မူလျက များစွာအားရ နှစ်သက်တော် မူသော လက္ခဏာကို ပြတော်မူလေသတည်း။
သို့နှင့်လည်း ယခင်နှစ်၏ အစဉ်အလာအတိုင်း ရက်ပေါင်းသုံးဆယ်ပတ်လုံး စာတော်ပြန်ပွဲကြီး ဆင်နွှဲပြီးစီး အောင်မြင်ခဲ့ပြီးနောက် ၀ါဝင်ကန်တော့ခံပွဲအတွက် ဘ၀ရှင် မင်းတရားကြီး ဘုရားနှင့် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဘုရားနှစ်ပါးစုံ အရှေ့ စမုခ်တွင် ရှိခိုးကန်တော့ခံတော်မူရာ မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော်၊ ကတော်မယားအစုံနှင့် ရွှေဘုံဦးခိုက် ရောက်လာကြရုံမက နန်းတော်သူ နန်းတော်သား၊ စော်ဘွား မြို့စားစသော အဝေးရောက် ကျွန်တော်မျိုး များနှင့် သူဌေး၊ သူကြွယ်၊ ကုန်သည်၊ ဆင်းရဲသားတို့ပါ ရှိခိုးလက်ဆောင်တော် ဆက်ရောက် လာကြသဖြင့် အရှေ့မုခ် ဦးကင်နန်းရင်ပြင်တွင် သားတော်၊ သမီးတော်၊ မူးတော်၊ မတ်တော်ကအစ ဆင်းရဲသားအဆုံး အလုံးစုံသော ပရိသတ်တို့ ပြည့်ကျပ်စွာ ခစားလျက် နေကြစဉ် သုသီရိဓမ္မရာဇာ သီပေါမင်းသားလည်း သာမဏေဘောင်သို့ ပြန်လည် ၀င်ရောက်ရန်၊ လူဝတ်နှင့် ခမည်းတော်ထံမှောက်သို့ ရှိခိုးကန်တော့ ၀င်ရောက်လာရတော့ သည်ဖြစ်ရာ ယမန်နှစ်ကကဲ့သို့ပင် ယာဘက်မှ ခစားလျက်ရှိကြသော သမီးတော်များ အနက်မှ သံသရာရေစက်ရှင် ဖြစ်တော်မူသော နှမတော် သီရိသုပဘာရတနာဒေ၀ီ၊ မြတောင် မြို့စားအရှင်ထိပ်စုဖုရားလတ်နှင့် နတ်တို့ညွှန်ကြားအပ်သည့် အလား ဤမျှ မြောက်မြားသော ပရိသတ် ဗိုလ်ပုံတွင် နှစ်ပါးအစုံ စက္ခုတော် ဆုံမိကြပြန်လေရာ တစ်ပါးနှင့်တစ်ပါး ဒုတိယအကြိမ်မြောက် ရှုစားတော်မူမိကြပြီးလျှင် ယခင်နှစ်က တွေ့မြင်တော်မူလိုက်ကြရသည်ထက် မေတ္တာတော် တစ်ဆင့်တက်၍ ရင့်သည်ထက် ရင့်ကာ ပွင့်အာလုနီုးသော ရွှေကြာငုံသည် နေအရုဏကို မျှော်လင့်သည်၏အလား စုဖုရားနှင့် မင်းသားမှာ လင်းရောင်ခြည်တည်းဟူသော အခွင့်အရေးကို စိတ်တော်တွင် ကိုယ်စီတွေးတော် မူလိုက်မိကြပြန်လေသတည်း။
ယင်းသို့ မင်းနှစ်ပါးမှာ အလားတူညီစွာ စိတ်အယူအဆ တူမျှတော်မူကြသည့် တိုင်အောင် တစ်ပါးနှင့်တစ်ပါး စက္ခုအကြည့် ဓာတ်အားဖြင့်သာ ထိခိုက်သိသာစေလျက် ဆက်သွယ်ကမ်းလှမ်းရန် အချင်းချင်း စခန်းဝေးနေရုံမက သီပေါမင်းသားမှာလည်း မူလရည်ရွယ်ချက်အကြီးအတိုင်းပင် ရှင်သာမေဏဘ၀သို့ ပြန်လည်ကူးပြောင်း တော်မူရလျှင် နောင်နှစ်ခါ စာပြန်ပွဲတော်တွင် ပထမကြီးအဖြစ် နောက်ဆုံးဖြေဆိုပွဲ ၀င်တော်မူရမည့်အတွက် စာဝါကို ကြိုးစားကျက်မှတ်တော်မူ နေရပြန်လေရာ နဂိုဝါသနာတော်ကလည်း စာပေထဲတွင်သာ ပျော်ပါးဝင်ဆန့်လိုသောကြောင့် အပိုအမိုမလုပ် လောကီမှုအရှုပ်အထွေးကို စဉ်းစားခွင့်မပေးဘဲ ခပ်အေးအေးပင် နေတော်မူခဲ့လေ၏။ ရွှေနန်းတော်အနောက်ပိုင်းတွင် ပျော်ရွှင်စွာ စံတော်မူနေသော ထိပ်စုဖုရားမှာလည်း ထိုအရေးကို စိတ်တော်တွင်ထည့်၍ မတွေးတတ်သေးဘဲ မယ်တော်၊ အစ်မတော်များနှင့် တစ်လှည့် မိမိအပျိုတော်များနှင့်တစ်သွယ်၊ အဆောင်ဆောင် အခန်းခန်းသော ရွှေနန်းတော်ကြီး အနောက်ပိုင်းဝယ် လွန်းပုဆိုးဒီးလွှားနှင့် မင်းယောက်ျား ကလေးသဖွယ် လှည့်လည်သွားလာ၍ လွတ်လပ်စွာ စံနေတော်မူလျက် ရှိလေ၏။ 
ထို့သို့အားဖြင့် ဘ၀ရှင် သာသနာ့ဒါယကာ ပဉ္ဇမသင်္ဂါယနာတင် မင်းတုန်းဘုရင်မင်းမြတ်ကြီး လက်ထက်တော်တွင် နန်းတွင်းနန်းပြင်မှအစ မြို့နယ်အပိုင်း နိုင်ငံတော်တလွှားတွင် တရားနဲ့ညီသော မင်းကောင်းမင်းမြတ် စိုးမိုးအုပ်ချုပ်တော်မူသည့် အားလျော်စွာ ချမ်းမြေ့သာယာစွာ ရှိကြစဉ် ဘုရင်မင်းတရားကြီုးဘုရားနှင့် စီးပွားဖက် တိုင်းပြည်၊ တည်ထောင်ဖက် ဖြစ်တော်မူကြသော စကြာဒေ၀ီ၊ မဟေသီမိဖုရားခေါင်ကြီး ဘုရားသည် စံစားတော်မူသော နန်းမတော်ဆောင်တွင် မကျန်းမမာ ဝေဒနာ အသည်းအသန် ဖြစ်တော်မူလာသဖြင့် သမားတော်၊ သမားကျော်ကြီးများနှင့် ဘ၀ရှင် မင်းတရာကြီးဘုရား ကိုယ်တော်တိုင် ကြပ်မတ်ကုစား နေတော်မူရသည်ဖြစ်ရာ ရွှေနန်းတော်သူ၊ ရွှေနန်းတော်သားများနှင့်တကွ တိုင်းနေပြည်သူတို့မှာ တရားဓမ္မ ပြည့်စုံတော်မူလှသည့် အရှင်မိဖုရားခေါင်ကြီးဘုရားအတွက် ပူဆာညှိုးနွမ်း မချမ်းမမြေ့ ဖြစ်၍နေကြရပြီးလျှင် ဘ၀ရှင်မင်းတရားကြီးဘုရားမှာလည်း မိခင်နှင့်အတူ သည်ကတဖြာ၊ ဆရာနှင့်တူသော တိုင်းပြည်တည်ဖက်၊ စီးပွားဖက် ဖြစ်တော်မူသော မိဖုရားခေါင်ကြီး မမာတော်မူသည့်အတွက် စိတ်ဝမ်းမကြည် ရှိတော်မူသည်ဖြစ်ရကား နန်းတော်သူ၊ နန်းတော်သားများမှာ 'အိမ်ရှေ့ပူလျှင် အိမ်နောက်မချမ်းသာ'ဆိုသော စကားပမာ ကိုယ့်အဆောင်မှာပင် ကိုယ့်စကားကျယ်ကျယ် မပြောဝံကြဘဲ တိတ်ဆိငြိမ်သက်စွာနှင့် နန်းမတော်ဆောင်ကြီးက သတင်းစကားကို နားစွင့်၍ နေကြကုန်၏။
သို့ ရွှေနန်းတော်တစ်ခွင်တွင် အပ်ကျသည်ပင် ကြားရမတတ် တိတ်ဆိတ် ခြောက်ကပ်စွာ ရှိကြစဉ် နောက်ဆုံးတွင် ဘိဇ္ဇနသဘေအ ပျက်စီးပြိုကွဲ မခိုင်မြဲသော အနိစ္စသဘောတို့မည်သည် ရေမြေ့ရှင် ဘုရင်ဧကရာဇ်တို့ကို မဆိုထားဘိ သုံးလူ့ထွဋ်ထား၊ မြတ်ဘုရားနှင့် ရဟန္တာအရှင်မြတ်များကို စဉ်လျက် ချမ်းသာခွင့်မပေး၊ မျက်နှာကြီးငယ်မရွေး မျိုဝါးစားသောက်တတ်သော သေမင်းပါးစပ်ဖြင့် ဟတ်ယူ ဆောင်ကြဉ်း ရုပ်နှင့်နာမ်ကို ခွင်းတတ်သည့်အားလျော်စွာ စကြာဒေ၀ီမဟေသီခေါင်ဖျား အရှင်မိဖုရားကြီးအားလည်း ငဲ့ကွက်မညှာ ရက်စက်စွာဖြင့် မရဏသေမင်း ဆောင်ကြဉ်း ခေါ်ယူရာ လိုက်ပါတော်မူရလေတည်း၊
ဘုရင်မင်းကြီး ဘုရားလည်း အဆွေခင်ပွန်းစစ်ပမာ မာတာမိခင်နှင့်မခြား စီးပွားဖက် ပြည်တည်ဖက် ဘိသိက်ခံဖက်ဖြစ်တော်မူသော နန်းမတော်ဘုရားကြီး နတ်ပြည်စံတော်မူ သည်ကို အထူးသဖြင့် ကြေကွဲ ၀မ်းနည်းတော်မူသော စကြာဝတေးမန္ဓာတ်မင်းတို့၏ မိဖုရားခေါင်ကြီးကို သင်္ဂြိုဟ်သည့် အစီအရင်ဖြစ်သော စာတမ်းနည်းလမ်းအတိုင်း အခမ်းအနား ကြီးကျယ်စွာ ခင်းကျင်းကျင်းပတော်မူပြီးလျှင် ဘ၀ရှင်မင်းတရားကြီးဘုရား ကိုယ်တော်တိုင် ကြပ်မတ်တော်မူ၍ ဆွေတော်မျိုးတော်၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ ကတော်မယား အပျိုတော်၊ အထိန်းတော်များနှင့်တကွ ရွှေနန်းတော်၏ အရှေ့မြောက်ရှိ ဥယျာဉ်တော်အတွင်းတွင် အုတ်ဂူပြာသာဒ် ထားတော်မူရာဖြစ်သော မြောက်ဥယျာဉ် တော်တွင်းမှာ ဘ၀ရှင်မင်းတရားကြီးဘုရား သုံးလပတ်လုံး ဗိုလ်ရှုညီလာ သဘင်ခံ၍ စံတော်မူပြီးလျှင် အရှင်နန်းမတော် မိဖုရားကြီး၏ ရုပ်ပုံတော်ကို ရွှေသားဖြင့် သွန်းလုပ်၍ မိဖုရားကြီး စံနေတော်မူသော နန်းမတော်ဆောင်တည်းမှာပင် ရွှေပြာသာဒ်နှင့် ထားလျက် မိဖုရားကြီး ရှိတော်မူစဉ်က ခံစားထမ်းရွက်မြဲဖြစ်သော မှန်နန်းအပျိုတော်ကြီး များအားလည်း အခြားမိဖုရားများကို မခံစားစေရ၊ သက်တော်ရှိစဉ်က ခစားကြဘိသကဲ့ သို့ပင် အသျှင် နန်းမတော်မိဖုရားကြီး၏ ရွှေရုပ်တော်ကို ခစားကြစေပြီး မြို့စားရွာစား၊ လခရိက္ခာတော်များကိုလည်း ရှေ့ကနည်းအတိုင်း မနိမ်မကျ ချီးမြှင့်သူကောင်းပြု တော်မူလေ၏။
ဘ၀ရှင်မင်းတရားကြီးဘုရားသည် မိမိ၏ ဥသျှောင်တော်ကို ဆံတော်ရှင်များအား မထိ မကိုင်စေရ။ နေ့စဉ်နှင့်အမျှ အသျှင်နန်းမတော်မိဖုရားကြီး၏ ဆံတော်ရှင်း ပေးခြင်းကိုသာ ခံတော်မူခဲ့မြဲ ဖြစ်လေရာ မိဖုရားခေါင်ကြီး နတ်ရွာစံသောနေ့မှစ၍ မည်သည့်မိဖုရား၊ မည်သည့်ဆံတော်ရှင်းတို့ကိုမျှ ခိုင်းစေတော် မမူရုံမက ဆံတော်ကိုမျှ လုံးလုံးရှင်းတော်မမူတော့ဘဲ ဘွဲ့ဖြူ (ပိတ်ဖြူကိုဆိုလိုသည်)ဖြင့် ဥသျှောင်တော်ကို တစ်ခါတည်း အငြိမ်းရစ်ပတ်ထားတော်မူလိုက်၍ မကိုဋ်သရဖူ ဆောင်းတော်မူရန်ရှိသည့် အခါ ဘွဲ့ဖြူ ဦးခေါင်းပေါ်တော်မှပင် အလိုက်သင့်တင်၍ ဆောင်းဆင်တော်မူလေသတည်း။
(စကြာဒေ၀ီ မိဖုရားခေါင်ကြီး နတ်ရွာစံပြီးနောက် ကျန်ရှိသော 'ဆောင်ရ' 'နန်းရ' မိဖုရားကြီးများက ဆံတော်ရှင်းပေးလိုကြသည်။ ဆံတော်ရှင်းခွင့်ရသော မိဖုရားမှာ မိဖုရားခေါင်ကြီးနေရာကို ရရှိလိမ့်မည်ဟု ထင်ကြသည်။ သို့ရာတွင် မင်းတုန်းမင်း တရားကြီးသည် ပညာရှိမင်းပီပီ နောင်ရေးကို ဆင်ခြင်တော် မူသည့်အလျှောက် မိမိဆံတော်ကို မည်သည့်မိဖုရားကိုမျှ မကိုင်စေလို၍ ဥပါယ်တံမျဉ်ဖြင့် ကိစ္စငြိမ်းအောင် ပြုမူခြင်း ဖြစ်သည်။
အချို့သော အင်္ဂလိပ်လူမျိုးတို့၏ မှတ်တမ်းတွင် မင်းတုန်းဘုရင်မှာ ခေါင်းတွင် အ၀တ်ဖြူတစ်ခုနှင့် အမြဲရစ်ပတ်ထားသည်ကို တွေ့ရသည်ဟု ရေးကြသည်မှာ အကြောင်းရင်းဇစ်မြစ်ကို မသိရှာ၍ ရေးကြခြင်း ဖြစ်ပါသည်။)
ရတနာပုံမြို့တည်၊ နန်းတည် ပဉ္ဇမသင်္ဂါနာတင်၊ ဘ၀ရှင်မင်းတုန်းမင်းတရားကြီး ဘုရားသည် ဆောင်ရ၊ နန်းရ၊ မိဖုရားကြီးငယ်ပေါင်း ငါးဆယ်ကျော်ရှိတော်မူသည့်အနက် ဤစကြာဒေ၀ီ မိဖုရားခေါင်ကြီးအား အထွက်အထိပ်ထား၍ များစွာမြတ်နိုး ကြည်ဖြူတော်မူလေ၏။ 
စကြာဒေ၀ီ မိဖုရားခေါင်ကြီးမှာ အမရပူရ ဒုတိယမြို့တည် နန်းတည်(သာယာဝတီ) သို့မဟုတ် ရွှေဘိုမင်းတရားကြီး၏  အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးမှ ဖွားမြင်တော်မူလျက် သီရိပ၀ရ ဟိလောကရတနာ မင်္ဂလာဒေ၀ီဟူသော ဘွဲ့အမည်ဖြင့် ပင်တိုင်စံ သမီးတော်ကြီး ဖြစ်တော်မူပြီးလျှင် ပိဋကတ်ဗေဒင်  ရာဇ၀င်နိပါတ် တတ်ကျွမ်းလိမ္မာ၊ ပညာရှိလက္ခဏာ အရာရာပြည့်စုံတော်မူသည့်အပြင် သုဓမ္မစာရီ မင်းသမီးကဲ့သို့ အကျင့်သိက္ခာ ပြည်စုံတော်မူ ပေသော သမီးတော်မြတ် ဖြစ်သည့်အားလျော်စွာ ခမည်းတော် ရွှေဘိုမင်းတရားကြီးကပင် လျှင် တိုင်းရေးပြည်ရာနှင့် ပက်သက်ရာတို့တွင် တစ်ခါတစ်ရံ သမီးတော် မြတ်ထံသို့ အကြံညဏ်တောင်းတော်မူရသော ပညာရှိ မင်းသမီးကြီးတစ်ပါး ဖြစ်တော်မူလေ၏။
ခမည်းတော်ရွှေဘိုမင်းတရားကြီးဘုရား နတ်ပြည်စံတော်မူပြီးနောက် မောင်တော်၊ မင်းတော်ဖြစ်သော (အမရပူရ စတုတ္ထနန်းစံ ပုဂံမင်း) ခမည်းတော်အရိုက်အရာ စိုးစံတော်မူခဲ့ရာမှ မောင်တော် မင်းတရားမှာ တိုင်းရေးပြည်မှုကို ဂရုပြုတော်မမူဘဲ မျက်နှာတော်လွှဲလျက် နှစ်သက်တော်မူရာ စရိုက်ဖြင့် လိုက်စားပျော်ရွှင်တော်မူသဖြင့် မတရားသောမြို့ဝန် ဘိုင်ဆပ်စသူတို့ ကြီးစိုးလွှမ်းမိုးနေဆဲတွင် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားများအား မလိုမုန်းထားသူများ လျှောက်တင်စကားဖြင့် ပုဂံမင်း အမျက်တော်ရှိလျှင် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသား ညီနောင်နှစ်ပါးတို့မှာ အရေးဆိုက် ရောက်လာသဖြင့် နောင်တော်ကို မလွှဲသာ၊ မရှောင်သာ ခြားနားပုန်ကန်ခြင်း ပြုကြရသောအခါလည်း ပညာရှိမင်းသမီးကြီး (စကြာဒေ၀ီ)ပေးသောအခါတော်ဖြင့် ကြံစည် အောင်မြင်တော်မူရခြင်း၊ မင်းတုန်းမင်းသား ဘုရင့်အဖြစ် ရောက်တော်မူသောအခါ ကောင်းမြတ်သော မိန်းမမြတ်တို့ လက္ခဏာ အကျင့်သိက္ခာ သီလသမာဓိနှင့် ပြည့်စုံတော် မူသော (စကြာဒေ၀ီ) မင်းသမီးကြီးကိုပင် အဂ္ဂမဟေသီ မြှောက်တင်တော်မူခဲ့ခြင်း ဖြစ်လေသတည်း။
မင်းတုန်းမင်းတရားကြီးကား ရွှေဘိုမင်းတရားကြီးဘုရား၏ သားတော်ဖြစ်၍ ကျောက်ဆောက်မိဖုရားမှ ဖွားတော်မူသဖြင့် စကြာဒေ၀ီရှင်မိဖုရားကြီးနှင့် ခမည်းတော် တစ်ပါးတည်းမှ ဖွားမြင်တော်မူသော သားတော်၊ သမီးတော်များ ဖြစ်တော်မူကြသည့် အနက် မင်းတုန်းမင်းတရားကြီး၏ အလယ် နန်းမတော် မိဖုရား (ဆင်ဖြူရှင်)မှာ မင်းတုန်းမင်း တရားကြီး၏ ခမည်းတော်ရွှေဘိုမင်း၏ နောင်တော်ရင်းဖြစ်သော ဘကြီးတော်ဘုရားနှင့် နန်းမတော်မယ်နုခေါ် သီရိပ၀ရတိလောက မဟာရာဇိန္ဒာ ရတနာဒေ၀ီ မိဖုရားမှ ဖွားမြင်တော်မူသော သမီးတော်ဖြစ်၍ မောင်နှမ၀မ်းကွဲပင် တော်စပ်တော်မူကြကြောင်း။
သို့ဖြစ်၍ စကြာဒေ၀ီ မိဖုရားကြီးမှလွဲ၍ အလယ်နန်းမတော်ဖုရားသာ အကြီးအကဲ ဖြစ်သောကြောင့် မိဖုရားခေါင်ကြီး ဖြစ်ထိုက်၍ ဘိသိက်ခံတော်မူထိုက်သော်လည်း မင်းတုန်းမင်းတရားကြီးမှာ ကြီးစွာသော သတိပညာနှင့် ရှေ့နောက်နှိုင်းဆ တွေးတော ဆင်ခြင်တော်မူတတ်လှသော နတ်ရွာစံ မိဖုရားခေါင်ကြီး အားလည်း လွမ်းအား တော်မပြယ်သေး ဘိ အလားများစွာ စိတ်လက်ကြည်သာတော် မမူသေးသဖြင့် ထိုအရေး၊ ထိုကိစ္စများကို အရေးတကြီး စဉ်းစားတော်မမူနိုင် ရှိလေ၏။
ထိုအချိန် ထိုအခါတွင် ဘ၀ရှင်မင်းတုန်းမင်း ဘုရင်မင်းတရားကြီးမှာ ညီတော် မဟာဥပရာဇာ အိမ်ရှေ့မင်း ကံကုန်တော်မူသဖြင့် များစွာသော သားတော်များအနက်မှ တစ်ဦးတစ်ယောက်ကို အိမ်ရှေ့အပ်နှင်းတော်မူရမည့်တာဝန်မှာ ဖယ်လွှဲတော်မမူနိုင်အောင် ကြုံကြိုက်တော်မူရပြီဖြစ်သောကြောင့် အသီးသီးသော သားတော်များ မိခင်ဖြစ်သည့် မိဖုရားများမှာ မိမိတို့သားတော်များအတွက် မျှော်လင့်ချက်ရှိကြရသည့်အပြင် ၎င်းတို့အထဲ မှ နန်းရ၊ ဆောင်ရ မိဖုရားများသည်ကား အဂ္ဂမဟေသီ ဘွဲ့ထူးကိုပင် ရအံ့နိုးနိုး မျှော်ကိုးနိုင်သော အခြေများ ဆိုက်ရောက်ခဲ့ပြန်သည်။
ဆောင်ရ မိဖုရားကလေးများတွင်ကား မိမိသားတော်များ ထွန်ကားမည့် အရေးတစ်ခုကိုသာ အားကိုး ပြုရရှာတော့လျက် အချို့ယောင်္ကျား မထွန်းကားသည့် မိဖုရားငယ် များမှာမူ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဖြစ်ရမည့် မိဖုရားသည် စကြာဒေ၀ီ မိဖုရားကြီးကဲ့သို့ တရားနှလုံးပြည့်ဝသူ မောင်းမမိဿံ ခြွေရံသင်းပင်းနှင့် ကျေးတော်မျိုး၊ ကျွန်တော်မျိုးများအား သနားညှာတာ ကရုဏာကြီးမားသူ ဖြစ်ပါစေသားဟုသာ ဆုတောင်းလျက် နေရရှာကြလေသတည်း။
 ယင်းသို့သော အရေးတော်ကြောင့် ရှေ့ပိုင်းတွင် မင်းတရားကြီးဘုရား အေးဆေးစွာ စံတော် မူနေသလောက် အနောက်ဆောင်တစ်ဝိုက်တွင် တကြိတ်ကြိတ်နှင့်  စိတ်ရောနှုတ်ပါများစွာ အလုပ်ရှုပ် နေကြသည့် အချိန်အခါဖြစ်၍ အသီးသီး ကိစ္စများလျက် ရှိကြစဉ် မြတောင်မြို့စား  ထိပ်စု ဖုရားလတ်မှာမူကား အနောက်ပိုင်းရှိ အဆောင်ဆောင်သို့ လွတ်လပ်စွာ သွားလာစံနေတော်မူသူ ဖြစ်သည့်အတိုင်း အဆောင်ဆောင်မှ ပြေးကြဆိုကြ တိုင်ပင်ကြသော အရပ်ရပ် သတင်းစကားများကို မကြားချင်အဆုံး ရှိလေ၏။
နတ်ရွာစံ စကြာဒေ၀ီ မိဖုရားကြီးမှလွဲလျှင် မိမိမယ်တော် အလယ်နန်းမတော်ဖုရားမှ အိမ်တော်ပါ ခမည်းတော်၏ နှမတော်ဝမ်းကွဲ ဖြစ်သည်သာမက ဘိုးတော်ဖြစ်သော ဘကြီးတော် ဖလ်နန်းရှင် မင်းတရားကြီးဘုရား၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးမှာ မနောဟရထီးဖြူတော်အောက်တွင် သစ်နက်ရေခံလျက် ရွှေနန်းတော်ထက်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သူလည်း ဖြစ်သောကြောင့် ခမည်းတော် မင်းတုန်းမင်း တရားကြီး၏ တောင်ညာစံထားအဂ္ဂမဟေသီ မိဖုရားခေါင်ကြီး မြှောက်စား ချီးမြှင့်တော် မူရန် များစွာထိုက်တန်လျက် လက်ရှိမိဖုရားများအနက်မှလည်း မယ်တော်ထက် အရည်အစား သာသောသူ မရှိဟူ၍ ယူဆတော်မူပြီးဖြစ်ရာ အခြားမိဖုရားများ အထင်အမြင်ကြီးကာ မျှော်လင့် ရှာကြသည်တို့ပင် အခြားမိဖုရားများ အထင်အမြင်ကြီးကာ မျှော်လင့်ရှာကြသည် တို့ကိုပင် ပြူံးရယ်တော် မူချင်မိလေ၏။
.   
2 comments:
ahphyulay said...
တော်တော် ရှားပါးတဲ့ ပို့ (စ) လေးပါပဲဗျ။
မဖတ်ဖူးသေးပါဘူးနော်၊ဒီလိုနန်းတွင်းဇာတ်တော် အဖွဲ့ ကိုပါ။
တော်တော့် ကို အားဆိုက်ခဲ့ ရပါလိမ့် မယ် လို့ ထင်ပါတယ်။
ဆက်ရန် ရှိသေးမယ်လို့ ထင်ပါတယ်။
ဆက်ရေးပါလေ။
Unknown said...
အြခန်းနှစ်ပြီးရင်အခန်းလေးဖြစ်သွားပါတယ်။ဇာတ်လမ်းကတော့မကျန်ခဲ့ဘူးနဲ့တူပါတယ်။