အခန်း(၂)
ဧ၀ဇယံ ပြဿာဒ်ကဲ့သို့ မတ်မတ်မားမား ကြွားကြွားစွင့်စွင့် ၀င့်ဝင့်မောက်မောက်, ရွှေသားရောင် တပြောင်ပြောင် တောက်ပသော သီဟာသန နန်းမ အဆောင်တော်ကြီး ၏ အနောက်ပိုင်း တစ်စိတ်တစ်ဒေသ ဖြစ်သော အလယ်နန်းတော် မိဖုရား အဆောင် တော်တွင်၊ မင်းတုန်းမင်း တရားကြီး၏ အလယ် နန်းမတော်မိဖုရား သည်၊ ရံရွှေတော် များနှင့် စံနေတော်မူ စဉ်၊ ကြိုးကြီးချိတ် ပုဆိုးကို ၀တ်ခါ လက်ယာဘက်ကို တွဲတွဲအိအိ ကျနေစေသော ရောင်တွဲကြီးဖြင့် လက်ထဲတွင် ကြိမ်ငယ်တစ်ချောင်း ကိုကိုင်ကာ ကတိုက်ကရိုက် ၀င်လာသော ဆယ်လေးငါးနှစ်ရွယ် မင်းသားငယ် တစ်ပါးကို ရုတ်တရက် တွေ့မြင်ရလျှင် သလွန်ပေါ်တွင် လဲလျောင်း နေတော်မူသော အလယ် နန်းမတော် ဖုရားမှာ ရုတ်တရက် ရင်ကိုမပြီး "အလိုလေး သမီးတော်ပါလား၊ မောကြီး ပန်းကြီးနဲ့ ဘာများဖြစ်လာသလဲ ဘယ်သူမှ မပါပါကလား"ဟု မိန့်တော်မူလျှင် အပျိုတော် များမှာလည်း ရင်တီးလက်သပ် ဖြင့်- "အလို...အရှင် ထိပ်စုမြတ် ဖုရားလတ် တစ်ပါး တည်း ထွက်တော်မူ လာပါလား၊ ကြွတော်မူပါဘုရား"လို့ ခရီးဦးကြို ပြုကြ သည်ကိုပင် မကြား။
အရှင် ထိပ်စုမြတ်ဖုရားလတ်သည် လက်တွင်း ကြိမ်ငယ်ကို ကိုင်ရင်း - "မေမေဖျား ကြောင်ကလေး ဟာ နည်းနည်းမှ မကောင်းပါဘူး စုစုမွေးထားတဲ့ ရွှေခဲကလေးကို ခုတ်သတ်သွားတယ်ဘုရာ၊ စုစုစိတ်ခဆိုးလွန်းလို့ ကြိမ်နဲ့ လိုက်ရိုက်တာ မမီဘူး" "မေမေဖျား အဆောင်တော် အောက် ၀င်သွားတယ်၊ ဖမ်းခိုင်း ပေးတော်မူပါ၊ စုစု ဒီကြောင်ကို ရာဇ၀တ် အပြစ်ဒဏ်ပေးရမှ ကျေနပ်တော်မူမယ်၊ စုစုအင်မတန်ချစ်တဲ့ ကြက်တူရွှေး ကို ကိုက်သတ်တာ သင့်ကိုမကျေဘူး မေဖျား"ဟု စိတ်လိုက်မာန်ပါ ပြောလေရာ မယ်တော်ကပြုံးပြီး-"ထိုင်ပါဦး စုလတ်ရယ်၊ တယ်လည်းစိတ်မြန်တော် မူတာကိုး"ဟု ပြောကာ သမီးတော်၏ ပုခုံးကို ကိုင်၍ အထိုင်ခိုင်း သဖြင့် စိတ်မကျေ သေးသော မျက်နှာဖြင့်ပင် ထိုင်ခါ "ဘယ်မှာလဲ မေဖျား၊ မြန်မြန် ဖမ်းခိုင်းတော်မူပါ၊။
ဟဲ့ကောင်မတွေ သွားဖမ်းလေ"ဟု တစ်ချက်ငေါက်လိုက်သဖြင့် အချို့ လက်ပါးစေတို့ ကြောက်ကြောက် ရွံ့ရွံ့နှင့် နောက်ဆုတ် ထွက်သွားကြလေ၏။ မယ်တော်မိဖုရားလည်း သမီးတော် ကိုကြည့်၍ ပြုံးတော်မူပြီး။
"နေစမ်းပါဦး စုလတ်ရဲ့၊ ဒီကြောင်ကို မိရင် ဘယ်လိုများ စီရင်တော် မူမလို့လဲ"ဟု မေးတော်မူလျှင်- "အို... စုစုကြက်တူရွေးကို ကိုက်သတ်တဲ့ ကြောင်ပဲ ရင်ခွဲ အသည်း နေလှန်းမှာပါ မေမေဖျား"ဟု ဒေါသအရှိန် မပြေသေး သဖြင့် စိတ်ရှိ သလောက် တင်လျှောက် လိုက်လျှင် မယ်တော်တွင် ရင်ဘက်လက်တီးနှင့် - "အလိုလေး... မြတ်စွာဘုရား၊ တယ်လို့ စိတ်တော်မူလိုက် ပါကလား စုထားရယ်၊ မင်းသမီးဆိုပြီး ဒီလို စိတ်ကြမ်းတော်မူလို့ ဖြစ်နိုင်ပါ့မလား၊ အခြား ညီမတော်တွေ၊ အစ်မတော် တွေဟာ ထီးသွေး နန်းသွေးပီပီ ယဉ်ကျေး သိမ်မွေ့ ကြတယ် မဟုတ်လား၊ စုထားလည်း သူတို့လို နေတော်မူမှပေါ့၊ ခုတော့ ကြည့်စမ်းပါဦး ဆံမြိတ်ကွင်း ရောင်တွဲကြီး တစောင်း ထုံးတော်မူပြီး ကြိုးချိတ် ပုဆိုးကြီး ဒီလွှားနဲ့ ယောကျာ်းလို ဆင်တော် မူထားသေးတယ်၊ အခြွေရံလည်းမပါ ဘဲနဲ့ ဟိုအဆောင်လည်၊ ဒီအဆောင် ကူး၊ ထူးထူးခြားခြား အတင့်ရဲ တော်မူလှတယ်" "အို...မေမေဖျား ကလည်း မပူတန်ရာမှ ပူတော် မူလှတယ်၊ စုစု ဒီလိုထင်ရာ တစ်ပါးတည်း လည်ချင်လို့ ယောကျာ်း အသွင်နဲ့ ဒီပုဆိုး တွေကို ဆင်တော် မူထားတာပေါ့။
ခမည်းတော်ဘုရား ရွှေနန်းတော် ပေါ်မှာ စုစုကို ဘယ်သူလာစော်ကားဝံ့မှာလဲ ဘုရား" "မစော်ကားဝံ့ပေမဲ့ ကိုယ့်သိက္ခာနဲ့ ကိုယ့်အဆောင်တော်မှာ ကိုယ့်အပျိုတော်၊ အခြွေအရံများနဲ့ မင်းသမီးပီပီ ယဉ်ယဉ်နုနု စံနေမှပေါ့၊ စုစုသက်တော်လဲ ငယ်တော် မူတော့တာ မဟုတ်ဘူး၊ အပျိုတော်စာရင်း ၀င်နေပြီ၊ တည်တည် ကြည်ကြည် နေတော် မူစမ်းပါ၊ စုစု ခမည်းတော်ဘုရား ကလည်း ငါ့သမီးတော် တွေထဲမှာ အားလုံးကို စိတ်ချ ပေမဲ့ လုံမလေး အတွက် ငါစိတ်ချတော်မမူဘူးလို့ မကြာခဏ မိန့်တော်မူနေတယ်၊ တဆိတ် အနေအထိုင်လည်း ပြင်တော်မူဦးမှပေါ့"
"အို... စုစုကလေးပဲ ၊ ကလေးလို နေမှာပေါ့ မေမေဖျား၊ ဧရာမအပျိုကြီးတွေလို ဟန်တွေပန်တွေ လုပ်ပြီး မှုန်ကုတ်ကုတ် ကြီး နေတော်မူရမှာ ပျင်းတော်မူပါဘိတယ်၊ အဆောင်တော် ထဲမှာ အသာကုတ်ပြီး စာတွေ၊ ပေတွေ လုပ်လို့ ကျဉ်းကျဉ်း ကြုတ်ကြုတ် နေရမှာများတော့ စုထား မနှစ် သက်တော်မူပါဘူး" "ဒါဖြင့် စုလတ်တော့ ဘယ်တော့မှ ပင်တိုင်စံလုပ်ရမှာ မဟုတ်ပါဘူး၊ ခမည်းတော် ဘုရားကလဲ သိမ်သိမ် မွေ့မွေ့ လိမ္မာ ပိရိတာမှ နှစ်သက် တော်မူတယ်၊ စလင်း စုစုကိုကြည့်စမ်း၊ စာပေ ကျမ်းဂန် တတ်သိလိမ္မာတယ်၊ ဣနြေ္ဒ သိက္ခာနဲ့ အနေအထိုင်လည်း ကျစ်လစ်တော် မူတယ်၊ ဒါကြောင့်လည်း သမီးတော်တွေ ငါးဆယ် ကျော်တွေထဲမှာ သူတစ်ပါး လည်း ထူးထူးချွန်ချွန် တပင်တိုင်နန်းနဲ့ မြှောက်စား ချီးမြှင့်တာ ခံရပေတယ်" "ဒါကြောင့် ချည်းလည်း မဟုတ်သေးပါဘူး မယ်မယ်ဖျား၊ ခမည်းတော် ဘုရား က သူ့မယ်တော် ၀င်စားတယ်လို့ အယူရှိတော်မူပြီး တခြား မင်းသမီးတော် တွေထက် ပိုပြီး ချစ်တော်မူလို့ မြှောက်စားတော်မူတာပေါ့၊ တကယ့် တကယ် လမ်းအတိုင်းဆိုတော့ မိကြီးတော် နန်းမတော် စကြာဒေ၀ီ ဘုရားကြီးက လွဲရင် မယ်မယ်ဖျားပဲ အကြီးဆုံး ဖြစ်ရုံမက မောင်နှမ ၀မ်းကွဲလည်း တော်နေတဲ့ အတွက် အသက်ငယ်ပေမဲ့ စုစုတို့သာ ပင်တိုင်စံ ထိုက်တာပါ။
နန်းမတော် ဘုရားကြီး ကလည်း သားတော် သမီးတော် ထွန်းကားတော်မူတာမှ မဟုတ်ပဲလား ဘုရား" "ဒါကြောင့် မယ်မယ်မိန့်တော်မူပြီ မဟုတ်လား၊ ကလေး စိတ်ဖျောက် လူကြီးစိတ် ရောက်အောင် နေပါလို့ မကြာမကြာ မိန့်တော် မူပါတာပေါ့" "ခုမှတော့ ထူးမှာလည်း မဟုတ်ပါဘူး မေမေဖျား၊ ကိုင်း... တကယ်ဆိုရင် စုစုက ကလေး စိတ်မကန်ုလို့ အနေအထိုင်နဲ့ အလိမ္မာ လိုသေးလို့ မပေးဘူးထားပါဦး၊ အစ်မတော် မိုင်းနောင်စုစုကိုတော့ ဘာဖြစ်လို့ မပေးသတုံး"
"အို... ဒီလုံမလေးက စကားလေး တစ်ခွန်းပြောမှဖြင့် ဆင်ခြေ ဆင်လက်တွေ ပေါပါသဘိနဲ့၊ ဟဲ... မယ်ဘွား တို့ လာကြစမ်း၊ သဇင်ပန်းကလပ်နဲ့ မြတ်လေးဆီ ရွှေခွက်ယူခဲ့၊ ဘယ့်နှယ်လဲတော် ငါ့သမီး ဒီနေ့ ဘယ်သူမှ ဆံတော်ရှင်း မပေးကြသေးဘူး ထင်ပါရဲ့" "ရှင်းပေးပါတယ်၊ စုစုက ခံရမှာပြင်းလို့ ဆံတော် မရှင်းဖြစ်ဘဲ နေပါတယ် မယ်မယ် ကျေအေးစွာခံ၍ နေတော်မူစဉ် အစ်မတော် မိုင်းနောင်မြို့စား စုဖုရားကြီး ၀င်လာပြီး ရှေ့လာမည့် နယုန်လ သုဓမ္မာ စာပြန်ပွဲတော်ကြီး တွင် အသီးသီးသော၊ မိဖုရား၊ သားတော်၊ သမီးတော်များက ဆရာတော်၊ သံဃာတော်တို့အတွက် ဆွမ်းအုပ် ပို့ကြရမည်ဟု မင်းတရားကြီး ဘုရားက အမိန့်တော် ထားရှိသည့်အတိုင်း ဆွမ်းအုပ်ရေ မည်၍မည်မျှ ပို့ရန် စီမံမည့် အကြောင်း မယ်တော်ထံတွင် အမိန့်တော် တောင်းပြီးလျှင် ပြင်ဆင် လုပ်ကိုင်ဖွယ် ရှိ သည်တို့ကို သာဟတ္ထိက ဒါနမြောက်အောင် ကိုယ်တော်တိုင် ပြင်ဆင် လုပ်ကိုင်မည့် အကြောင်း သားမယ်တော်တို့ တိုင်ပင် ဆွေးနွေး လျက် ရှိကြ လေသတည်း။
ရွှေသားငယ်မှ သိင်္ဂီလေး၊ အဒြကြယ်၊ ပါဒ်သုံးသွယ်နှင့် နေစွယ်ရထား ယှဉ်ပြိုင်ငယ် သွားကြသည်။ စက်နား မေထုန်၊ လွမ်းဘို့ငယ်ဆုံးသည့် နယုန်ဆီကိုတဲ့လေး။ နဒီမှစိမ်းမှည့်၊ ရေမှာကြည့်လည်း ရေ၏ထုံးတမ်း၊ တောင် ကမ်းဖွယ်ရာ၊ မြေမျက်နှာမှာ၊ မသာစတောင်း၊ ရှုမညောင်းအောင်၊ နွေနှောင်းလမို့၊ ကမ္ဘာ့ ကျက်သရေ၊ ရရုံနက်ကျယ်၊ တောမြိုင်လယ်မှာ၊ စံပယ်မလေး၊ ပျံ့ပျံ့မွှေးနှင့်၊ စာမေးသဘင်၊ ငှက်ပေါင်း ရွှင်လို့၊ မင်းလွင်ငယ်ဝေသည်၊ တောင်လေပြည် မှိုင်းမှုန်နှင့် ကြုံရလေခြင်း။
မလင်းမှ ကောင်းကင်၊ တိမ်ခိုးကမှောင်၊ ရာဟုထောင့်က၊ မြရောင်ပမာ၊ လက္ခဏာ ကို၊ လာယွန်ဆင်သို့၊ သဘင်မှမွေ့သိမ်၊ တစ်ဆယ့်ခုနှစ်၊ ပြင်နာရီလစ်တုံးမို့၊ ဇေဋ္ဌစန္ဒာ၊ ရွှေလရောင်သာ ဘဲနှင့် တံငါကြယ်မှိန်သည်၊ ပြည်ကလိန် ကရာဇ်နေလို့နေတို့၊ စန်းရွှေတိုင်ညှိုး။ လရာသီစု၊ ဆိတ်စာမှ ရှုနိုင်ဘု၊ ရွှေဥမင်းမိ၊ ဝေးခိုက်မှ ရှိတယ်လို့၊ ကလိမျက်ညို ဘယ်ငြိုးတော်သိုလေသိ၊ ငိုတတ်တဲ့သူငယ်ကို အသွယ်သွယ် မကျီစားပါနှင့်၊ တအားကိုးလေး။ ပြောင်ပြောင်ဝင်း၍ လမင်းနှင့် ယှဉ်ပြိုင်လျက် သူနိုင်-ငါနိုင် ထွန်းခဲ့လေပြီ။
နယုန်လတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရာသီတော်ပွဲတို့အနက် စာမေး၊ စာပြန်ပွဲတော် ကြီးမှာ ပြည်သား-ပြည်သူတို့ ကြွက်ကြွက်ညံဆူမျှ စည်ကားပြည့်နှက်၍ နိုင်ငံတော် လေးရပ်တွင် သာသနာတောင် ထွန်းပြောင်ပွင့်လင်း စည်ပင်ခြင်းရှိသလောက် သုဓမ္မာ စာပြန်ပွဲကြီးမှာ ကြက်ပျံမကျ စည်ကားပြီး ဘုရင်မင်းတရားကြီး အမှူးပြုကာ သုဓမ္မာ ဇရပ်ကြီး အတွင်း သင်္ကန်းရောင်ချင်း ယှက်သန်းလျက် စာပြန် ပွဲတော်ကြီး၏ အခမ်းအနား ကို ခင်းကျင်းခဲ့မြဲ ဖြစ်လေရာ ယခုနှစ်အဖို့ သားတော် သီပေါမင်းသား ကိုယ်တော်တိုင် သုဓမ္မာ စာပြန်တော်ကြီးသို့ ၀င်နွှဲဖြေဆိုတော် မူသည့်အတွက် နှစ်တိုင်း ထက် တိုး၍ ဆယ်တန်ပိုး စည်ကား လေတော့၏။
နိုင်ငံတော် လေးရပ်မှ ရောက်လာကြသော လူပရိသတ် ရဟန်းပရိတ်သတ် တို့မှာ ရတနာပုံ ရွှေမြို့တော်ကြီး အတွင်းတွင်ပင် ပခုံးချင်းတိုက် လှူဒါန်း ပျားပန်းခတ်မျှ စည်ကား လှပြီး အယုတ်၊ အလတ်၊ အမြတ်မရွှေး မြို့ခံမြို့နေ ဖြစ်သူတို့မှာ မိမိတို့ ဆိုင်ရာဆိုင်ရာ ရောက်လာသမျှ လူပရိသတ်၊ ရဟန်းပရိသတ်တို့အား တတ်အား သလောက် သဒ္ဓါတရား ပေါက်ခါလှူဒါန်း ကျွေးမွေး ဧည့်ခံရေးကို ဂရုပြု၍ သူ့ထက်ငါ စေတနာ ပြိုင်လျက် ရှိကြလေသတည်း။
ရွှေနန်းတော်ကြီးအတွင်းတွင်လည်း မင်းမိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေမျိုးတော်၊ မှူးတော်၊ မတ်တော် အပေါင်းနှင့်တကွ မင်းခစားမှန်သမျှတို့မှာ လည်း သုဓမ္မာဇရပ်သို့ ကြွရောက်လာ ကြသော ဆရာတော်၊ သံဃာတော် အပေါင်းတို့အား တစ်ဦး တစ်ဦးလျှင် ဆွမ်းအုပ်ပြိုင်ပွဲ ကျင်းပသည့်အလား ၀ါဝင်းသော သင်္ကန်းရောင်တွေ များပြား သလောက် နီထွေးသော ဆွမ်းအုပ်များက အရှုံးမပေးဘဲ တရဲရဲ တောက်ပြောင် ၍ နေလေသတည်း။
တိပိဋကဓရ၊ တိပိဋကဆေက၊ ဗျတ္တိဗလ၊ သတ္တိဗလ ရှိတော်မူသော လဇ္ဇိပေသ လသိက္ခာကာ မဖြစ်တော်မူသော တံဆိပတော်ရဆရာတော်၊ သံဃာတော်၊ စသော ရဟန်းတော် ပရိသတ်နှင့် နေရာတော် နေမင်းသားကြီး၊ မင်းသားလတ်၊ မြင်းမှူး မင်းသား စသော အဆွေတော် မျိုးတော်၊ မှူးတော်မတ်တော်၊ ပရိတ်သတ်မှစ၍ အများ ပြည်သူ ပရိတ်သတ်ပေါင်းတို့မှာ စာတော်ပြန်ပွဲ အတွက် ပြည့်နှက်စည်ကားစွာ သားတော် သီပေါမင်း ထွက်တော်မူ အလာကို ငံ့မျှော်ကာ နေလင့် ကြလေ၏။
သားတော် သီပေါမင်းသားကား ခမည်းတော် မင်းတရားကြီးဘုရား၏ အမိန့်တော် မြတ်အရ ခေတ္တ လူဝတ်လဲလှယ်တော်မူကာ မိမိအဆောင်တော်အတွင်းတွင် လူပျိုတော် လက်သုံးတော် များ ခြံရံလျက် ၀တ်လဲတော် များ ဆင်ယင်ကာ ထွက်တော် မူရန် အချိန်အခါကို ငံ့ဆိုင်း၍နေတော်မူရာမှ အချိန်နာရီကျတော်မူလျှင် ခမည်းတော် ဘုရား ချီးမြှင့်တော် မူသည့်အတိုင်း ရထားဆင်မြင်း တပ်ဝင်းအခင်းအကျင်း ကြီးကျယ် စွာသော အဆောင်အရွက်တို့ဖြင့် မင်းညီမင်းသား၊ မှူးတော်မတ်တော်များ ခြံရံ စေလျက် စည်တော်စုံ တီးရွှမ်း၍ သုဓမ္မာဇရပ်သို့ ထွက်တော်မူလေရာ လူပရိတ်သတ်၊ ရဟန်း ပရိတ်သတ် တို့ ပြည့်ညှက် စည်ကားစွာသော သုဓမ္မာဇရပ်ဦးသို့ ရောက်တော် မူ၍ ဇရပ်ပေါ်သို့ တက်ဝင်တော် မူသောအခါ ပျဉ်စည်မင်းသား၏ သားတော် မင်းရဲသင်္ခယာ ကောလင်း မင်းသား၏ သားတော် မင်းရဲသီဟကျော်၊ ပြည်မင်းသား မင်းရဲသီရိ ရာဇာကျော်၊ ပခမ်းမင်းသား မင်းရဲမင်းတင်တို့ ကိုယ်တော်တိုင် ဗောင်းနားဍောင်း ၀တ်လုံ ဆင်ယင်၍ အလှည့်ကျ ရှေ့တော်က ပန်းကလပ်ကို ကိုင်ခင်းတော် မူကြရပြီး လျှင် လှိုင်းတက် မြို့စား မင်းသား၊ မင်းသား သီရိသုဓမ္မရာဇာ၊ စိန်တုံးလှေအုပ်မင်းသား သီရိမဟာ ဓမ္မရာဇာ ပွဲတိုင်းကျော် လှေအုပ်မင်းသား သုသီရိဓမ္မာရာဇာ ဆွေတော် အုပ်မင်းသား၊ သီရိ သုဓမ္မရာဇာ ကောလင်းမင်းသား၊ သီရိမဟာ ဓမရာဇာ ယက္ကန်းတော် အုပ်မင်းသား၊ သုသီရိမဟာ ဓမ္မရာဇာတို့ကလည်း ဗောင်းနားဋောင်းဝတ်လုံ ဆင်ယင် တော်မူ၍ သုသီရိမဟာဓမ္မရာဇာ ဘွဲ့တော်ခံ သီပေါမင်းသားအား၊ ပထမပြန် ဆိုတော်မူရမည့် နေရာသို့ တွဲမ,လိုက်ပို့တော်မူ ကြရလေရာ၊ မယ်တော် လောင်းရှည်မိဖုရား သီရိ မဟာသုပဘာဒေ၀ီ တွင် ရင်သွေးတော် ဖြစ်သော သီပေါမင်းသား အတွက် မင်းတရားကြီးဘုရား မြှောက်စားတော် မူချက်ကို နှစ်သက် ၀မ်းမြောက်တော် မူ မဆုံးသဖြင့် နေရာတော် တွင် တပြုံးပြုံး စံတော်မူ ရှိလေသနည်း။
ဘ၀ရှင် မင်းတရားကြီး ဘုရားလည်း ကိုယ်တော်ပိုင် ထွက်တော်မူကာ သားတော် ပထမပြန် ဆိုတော်မူသည်ကို နှစ်ခြိုက်စွာ စာနာတော်မူ၍နေလေရာ သားတော်သီပေါ မင်းသားမှာ 'ပညာရဲရင့် ပွဲလယ်တင့်' ဟူသော စကားနှင့်အညီ၊ ခမည်းတော် ဘ၀ရှင်မင်း တရားကြီး ဘုရားနှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော်နှင့်တကွ များစွာသော ရဟန်းရှင်လူ ပြည်သူတို့ အလယ်တွင် ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်တည်ကြည်ခြင်း ဣနြေ္ဒတော်ဖြင့် သဒ္ဒါရှစ်စောင်ပါဠ်၊ အနက်၊ သင်္ဂြိုလ် ကိုးပိုင်းသရုပ်၊ ဆန်း၊ အလင်္ကာ၊ အဘိဓာတ်ပါဌ် အနက်၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်ငါးကျမ်းပါဌ်အနက် အရကောက်များမှာအစ၊ တိပိဋကဆိုင်ရာ ပြန်ဆိုရန် ရှိသမျှ တို့ကို အလုံးစုံ အာဂုံ ပြန်ဆိုတော် မူသည်။
ပိဋကတ္တယကောသလ္လ၊ ညာဏခုံမြောက်၊ တစ်ဖက်ကမ်းရောက် ဖြစ်တော်မူသော တံဆိပ်တော်ရ ဆရာတော် မထေရ်မြတ်တို့ မေးမြန်းအပ်သော သရုပ်ဖော်အဓိပ္ပါယ် ခက်ဆစ် ပုစ္ဆာ အမျိုးမျိုး တို့ကိုလည်း၊ ကောင်းမွန်ချောစွာ ဖြေစွမ်းတော် မူနိုင်သည် ဖြစ်၍ စာနာ လာရောက်သူ အမျိုးမျိုး တို့ကို လည်း၊ ကောင်းမွန်ချောမောစွာ ဖြေစွမ်းတော် မူနိုင်သည်ဖြစ်၍ စာနာ လာရောက်သူ ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့မှာ အံ့သြသရဲ ချီးကျူးမကုန်၊ မြေ၀သုန် ရိုက်ဟည်း၊ ကောင်းချီးမင်္ဂလာ၊ သြဘာငြိမ်းလေးအောင် ဆုပေးကြသော အသံတို့သည် ပဲ့တင်ထပ်မျှ ရှိတော့၏။
သာသနာ့ ဒါယကာ အစစ်ဖြစ်ကြီး ဖြစ်တော်မူသော ခမည်းတော် မင်းတရားကြီး ဘုရားမှာ ရက်ပေါင်း သုံးဆယ်လုံးလုံး တစ်နေ့လျှင်နှစ်ကြိမ် မှန်မှန် စာပြန်ဆိုတော် မူသော သားတော်အတွက်၊ နှစ်သက်အားရတော်မူကာ ငါ၏နည်းတူ သာသနာတော်ကို ပရိယတ် ပရိပတ်ဖြင့် ဖြည့်အပ် ချီးမြှင့်နိုင်မည့် သားတော် ပေတကားဟု များစွာသော ပရိသတ်ဗိုလ်ပုံ အလယ်တွင် အသွယ်သွယ် ချီးမွမ်းတော် မူလေသတည်း။
ယင်းသို့လျှင် နယုန်လပွဲကြီး ပြီးစီး အောင်မြင် သွားခဲ့ပြီးနောက် သီပေါမင်းသား ၏ ဂုဏ်သတင်း၊ ထုံသင်း ကြေညာသော သြဘာသံကြီးမှာ နိုင်ငံတော်အလုံး၏တွင် လွှမ်းဖုံးပြန့်နှံ့လျက် ရှိခဲ့ရာ ရွှေနန်းတော်အတွင်းမှာလည်း အသံချင်းမစဲအောင်၊ အဆောင်ဆောင် အခန်းခန်းတို့တွင် တအံ့တသြ ပြောမဆုံးနိုင် ရှိကြလေ၏။
သီပေါ မင်းသား ကား ခမည်းတော်ဘုရား အမိန့်တော်အရ၊ ခေတ္တ လူဝတ် လဲလှယ်တော် မူထားရရာမှ ပထမပြန် ဆိုခြင်းကိစ္စ ပြီးမြောက်တော် မူ၍ များမကြာမီပင် ရဟန်း သာမဏေ၊ ဘောင်သို့ ပြန်လည် ၀င်ရောက်တော်မူရန် အမိန့်တော်ခံ ပြီးလျှင် သာမဏေ၀တ် မလဲမီနောက်ဆုံးနေ့ တစ်နေ့တွင် မင်းသားတို့ အဆောင်အရွက်ဖြင့် ခမည်းတော် ဘုရား၏ ညီလာသဘင်သို့ အကန်တော့ ၀င်တော် မူရလေ၏။
သို့မိဖုရား၊ သားတော်၊ အဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော် အစရှိသော မင်းယောကျာ်း မင်းမိန်းမ ပရိတ်သတ်စုံလင်လှသည့် ညီလာသဘင်သို့ ၀င်တော် မူလာသော နေ့တွင်လည်း ပရိတ်သတ် ဗိုလ်ပုံကြီးရှေ့တွင် ခမည်းတော် ဘ၀ရှင် မင်းတရားကြီးက ချီးမွမ်းစကား မိန့်ကြားတော် မူလေရာ သားတော် သီပေါမင်းသား မှာ မျက်နှာတော် ပွင့်လန်းလျက် ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူ သော မျက်နှာတော် ဖြင့်၊ ရှေ့တော်တွင် ခစားတော် မူနေစဉ် ယာဘက်တွင်ရှိသော မင်းမိန်းမ ပရိတ်သတ် တို့ အတွင်းမှ ပြည့်ဝင်းသော အသရေနှင့် ကပိုကရိုစံနောတ်ေမူသော နှမတစ်ပါးကို သတ္တ ဘောဂနတ်တို့ သွေးဆောင်၍ မြင်အောင်ညွှန်ပြဘိအလား ကြယ်တာရာ အပေါင်း ခြံရံသော လ,ရထားတို့ အထင်အရှား မြင်နိုင်သကဲ့သို့ မင်းမိန်းမ ပရိတ်များ အလယ်တွင် သီရိသုပဘာ ရတနာဒေ၀ီအား ထင်ထင်ရှားရှား တွေ့မြင်ရှုစား တော်မူ မိလေ၏။
ယခင်ရှေးအခါ သံသရာက ပါလာသော ရေစက်အဟုန်ကြောင့် ရုတ်တရက် ရှောင်တခင် တစ်ပါးနှင့် တစ်ပါးကို စက္ခုတော် တမန်နတ်သားက ဖြားယောင်း ညွှန်ပြလျက် ရုတ်တရက် တိုက်ဆိုင်ပေးရကား၊ လောကီဘုံသား မှန်သမျှ အယုတ်အမြတ် မရွေး စကြ၀တေးမန္ဓာတ် မင်းအထိ ငြိအပ်သော ပီယဓာတ် စက်ခလုပ် က တလှုပ်လှုပ် နှိုးဆွ၍ ပေးလိုက်သဖြင့် မင်းသား၏ စိတ်တော်တွင် ကြင်နာဆပွား မေတ္တာတော်ထား မိသလောက် စုဖုရား ကလည်း ရွှေစိတ်တော် လှုပ်ရှား လျက် အထက်အခါ များက မင်းယောကျာ်း သဖွယ် စိတ်တော် ကျယ်ကျယ်နှင့် မတ်တော်ကို နွဲ့ဆိုးဆိုးတော် မူနေသောကြောင့် လေကီမှု ဆိုင်ရာတွင် ဘာကိုမျှ စိတ်မ၀င်စား ခဲ့သူပင် ဖြစ်လင့်ကစား ရှေ့သွားသော မေတ္တာတော်က လှုံ့ဆော် အားပေး၍ ရှေးရှေး ကကဲ့သို့ ရဲစိတ် ရဲမာန်နှင့် ခပ်ထန်ထန် နေတော် မမူနိုင်ဘဲ စိတ်တော် ထဲတွင် တလျှပ်လျှပ် နှင့် အနေအထိုင် ကျဉ်းကြပ် သွားသကဲ့သို့ ထင်တော်မူခါ တစ်ဖက် သို့ မျက်နှာတော် လွှဲ၍ စံတော် မူလိုက် လေသတည်း။
ညီလာခံသဘင်တွင် မင်းယောကျာ်း၊ မင်းမိန်းမ၊ ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော်တို့သည်ကား ရွှေနန်းရှင်ဘုရား ရှေ့တော်ဝယ် နေရာအသွယ်သွယ်ဖြင့် သူကောင်း ပြုတော်မူထားသည့်အတိုင်း ဒူးနေရာ-တော်နေရာ၊ အဆင့်အတန်းခွဲကာ ၀ဲယာမှ ခစားလျက် ရှိကြရာမှ သားတော် သီပေါမင်းသား၏ ပညာစွမ်းရည်ကို အလီလီ ချီးမွှမ်း ထောပနာလျက် မကြာမီ ဘုန်းသမ္ဘာ လျှမ်းတက်လာဦးတော့မည်ဟု အချင်းချင်း တီးတိုး ထင်မြင်ချက် ပေးနေကြလေ၏။
သို့နှင့်လည်း သီပေါမင်းသားနှင့် ထိပ်စုဖုရားလတ်တို့မှာ အသက်အရွယ် နုနယ်တော်မူ သေးသော သားတော်၊ သမီးတော်များ ဖြစ်သည့်အားလျော်စွာ လောကီရေးရာကို များစွာလိုက်စားတော် မမူတတ်ကြသေး သဖြင့် ခပ်အေးအေးပင် နေတော်မူလိုက်ပြီး သီပေါမင်းသားလည်း ခမည်းတော်ဘုရားကို ကန်တော့လျက် နောက်တစ်ရက်တွင် ရှင်သာမဏေ ဘောင်သို့တက်၍ အထက်က စံတော် မူရင်းဖြစ်သော နန်းဦး မှန်ကျောင်း ဆရာတော် ထံတွင် စာပေသင်အံကျက်မှတ်တော်မူခြင်းဖြင့် ပျော်ပိုက် တော်မူမြဲ ပျော်ပိုက်တော် မူခါ ထိပ်စု ဖုရားလတ်မှာ အဆောင်ထဲတွင် ယခင်အတိုင်း စိတ်တော် အကြိုက် အလိုက်သင့် စံနေတော်မူကာ အချိန်ကာလ အတန်ကြာ သွားပြန်လေ သတည်း။
အခန်း (၃)မျှော်
No comments:
Post a Comment