ကျနော်အခု စတုတ္ထ စာအုပ်အဖြစ် စူဇီပေါင်း ကိုတင်ပေးပါမယ်..၊ ဒီစာအုပ် တွေတင်နိုင် ဘို့ရာ အတွက် ကျနော့် စာအုပ် များကို စာရိုက်ပေးကြတဲ့ ကျနော့် သမီးများကို အမည်တတ် ပြီး ကျေးဇူးတင်ကြောင်း ပြောပါအုန်းမယ်.၊ သမီးတွေဟာ သူတို့ ဆရာမ စိတ်ကျေနပ် ဘို့ စားချိန်မစား၊ အိပ်ချိန် မအိပ်၊ နားချိန်မနား၊ ချက်ချိန်မချက် ဘဲ ကျနော့် ဘလော့ လေး အတွက်ကျိုးစား ပေးပါ့မယ်တဲ့..။
ကျနော့် မှာ သမီးတွေ အများကြီးရှိပါတယ်..၊ အခု တာဝန်ယူထားတဲ့ သမီးများကတော့ မဝေခိုင်စိုး (အမည်လေးနဲ့ လိုက်အောင် ချောတယ် ခင်ဗျ)၊ နောက်တယောက် ကတော့ မငြိမ်းပြည့်စုံ တဲ့ သူလေး ကလည်း ခေသူမဟုတ်၊ နောက် တယောက် ကတော့ မမိုးမိုး ပါတဲ့ သူကလည်း ယဉ်ယဉ်လေး နဲ့ လှသူပါ။
အခု စူဇီဝေါင်း ကိုတော့ မသိင်္ဂီ ဆိုတဲ့ သဘောကောင်း သလောက် စက်မှာ လက်တတ်..အဲ.. လက်မှာ စက်တတ် ထားသလိုတောင် ထင်ရအောင် ရိုက်နိုင်သူလေးက တဦးတည်း တာဝန် ယူထားပါတယ် ခင်ဗျား...က၊ဲ သမီး များ ကျေးဇူးတင် ကြောင်း ဘလော့မှာ တရားဝင်ဖော်ပြထားပြီ ဆိုတော့ ဘွာမခတ် တန်းနော်..၊ ပြော ပြီး ပြောစေ နော်..တော်ကြာ ဟို.သတင်းစာထဲက ဟို.ဟို လူကြီးတွေလို အခုတမျိုး တော်ကြာ တမျိုး မလုပ်ပါနဲ့.ဟင်း ပြင်းပြင်းထန်ထန် ..မသေမခြင်း လည်ပင်းကြိုးကွင်းစွတ် ပြီး ငရဲပြည် က ပြန်မလာနိုင်အောင်..အညှိးအတေး တွေ ကလည်း ပြင်းထန်လိုက်တာ..အမလေး လေး ဘာတွေများ ပြောမိနေပါလိမ့် ..။
တခြားသမီး တွေလည်း အများကြီး ရှိပါသေးတယ်.၊ ဒါပေမဲ့ ကျနော်လို ငွေမထွက်တဲ့ ကျေးဇူးတင် စကားတောင် ဘလော့ ထဲမှာဘဲ ပြောနိုင်တဲ့ (အပြင်မှာ မုံလေးတောင် ဝယ်မကျွေးတဲ့ ) သူတို့ ဆရာမ ကို လှည့် မကြည့်ကြဘူးဗျ..၊ အဲ နောက်ဆုံး အနေနဲ့ ပြောရရင် ကျန်တဲ့ သမီးများ အဲဒီလို ဘလော့ ပေါ်မှာ ကြော်ငြာစေချင်ရင် အခု အမြန်တန်းစီပြီး စာရင်းပေး လှည့်ကြပါ..၊ နောက်ဆက်တွဲ အနေနဲ့ ဖော်ပြ ပေးပါ့မယ်..။ နောက်ထပ် သမီးတွေ ထပ်ပြီး တိုးမယ်ဆိုရင် အစီအစဉ် တမျိုးပြောင်းပြီး ဓါတ်ပုံလေးနဲ့ ကျေးဇူးတင် ကြောင်း ပြောပေးမယ်နော် ...အမြန်လာကြပါ..
မိန်းမပျိုသည် ဆုံလည်တံခါးကို တွန်းဝင်ကာ ကူးတို့သင်္ဘော စောင့်နေကြသည့် လူအုပ်ဆီ သို့ လျှောက်လာသည်။
ကူးတို့သင်္ဘော စောင့်နေကြသည့် မိန်းမတိုင်းသည် ဘောင်းဘီနှင့် ချည်ကြမ်း အင်္ကျီများကို ၀တ်ထား ကြသည်။ ယောက်ျားတိုင်း လိုလိုကတည်း ခြေညှပ်ဖိနပ်စီးပြီး ရွှေသွားကိုယ်စီနှင့်ဖြစ်သည်။
ယခု မိန်းမပျိုကမူ ပိုနီတေး လိုဆံပင်ကို နောက်မှာစုချည်ထားသည်။ ပြီးတော့ ဒူးဆစ်ဖုံးရုံမျှသာ ရှည်လျားသော ဂျင်းဘောင်းဘီ အစိမ်းရောင်ကို ၀တ်ဆင်ထားသည်။
ဆန်းတော့ အဆန်းသားဟုကျွန်တော် တွေးနေမိပါသည်။ တရုတ်မကလေးက ဂျင်းဘောင်းဘီ ၀တ်လို့။ မကြုံဖူးသူ နားလည်အောင် ဘယ်လိုရှင်းပြရပါ့။
ဆောင့်ကြောင့် ထိုင်ပြီး ဈေးရောင်းနေသည့် လမ်းဘေးဈေးသည်တစ်ယောက်ဆီသို့ သူလျှောက်သွားကာ ပိုက်ဆံ အကြွေထုတ်ပေး သည်ကို ကျွန်တော်အကဲခတ် ကြည့်နေမိပါ သည်။ ဦးထုပ် အစုတ်ကြီး ဆောင်းထားသော ဈေးသည်က တရုတ်သတင်းစာ အစုတ်တစ် ရွက်ကိုကတော့လုပ်ပြီး ကွာစေ့များ ထည့်ပေး လိုက်သည်။ ပြီးတော့ မိန်းမပျို ကမ်းပေးသည့် ဆယ်ပြားစေ့ကိုယူသည်။
မိန်းမပျိုက တစ်ဖက် လှည့်ထွက်လာသည်။ လက်သည်းနီ ဆိုးထားသော လက်ချောင်းကလေး များဖြင့် ကွာစေ့ကို ယူကာ အမှတ်မထင် စားရင်းကျွန်တော်နှင့် သုံးပေခန့် အကွာမှာ လာရပ်သည်။
အလွန် ချမ်းသာသော တရုတ်သူဌေးကြီး တစ်ဦး၏ သမီးဖြစ်ပေလိမ့်မည် ဟုကျွန်တော် ထင်ပါသည်။ ဒါမှမဟုတ် ကျောင်းသူလေး တစ်ယောက်ဖြစ်ရမည်။ ဒါမှမဟုတ်လျှင် အရောင်း ဈေးသည်မကလေး လည်း ဖြစ်နိုင်သည်။
တရုတ်မကလေးများ၏ဘ၀အမှန်ကို အကဲခတ်ရသည်မှာမလွယ်ကူပါ။
ကွာစေ့ကိုသွားနှင့်ခွဲလိုက်သည်။ ကွဲသွားသည့် အခွံတစ်ဖက်ကို နောက်ဘက် လှန်ချိုးသည်။ ပြီးတော့ အထဲမှအဆန်ကို သွားဖြင့်ပင်ထုတ်ယူပြီးစားသည်။ အလွန်လွယ် ကူပါသည်။
မိန်းမပျိုကလေး၏ ဟိုဘက်ဘေးတွင် အင်္ကျီကော်လာမြင့်မြင့် နှင့် တရုတ်အဘိုးကြီး တစ်ယောက်ရှိသည်။ နက်ပြောင်နေသည့် သစ်သားလက်ကိုင်တုတ် အပေါ်မှာအားပြုရပ် ရင်းတစ်ပေလောက် ရှည်သော မုတ်ဆိတ်မွေး ဖြူဖြူ များကို ပွတ်သပ်နေသည်။ မိန်းမ တစ်ယောက်၏ နောက်ကျောမှာ အ၀တ်နှင့်သိုင်းပြီး ပိုးလွယ်ထားသောကလေးငယ်ကမူ ပတ်ဝန်းကျင်ကိုကြည့်နေသည်။ မျက်မှန်ထူထူနှင့် တရုတ် လူငယ်တစ်ယောက် က စာ တစ်အုပ်ကို သူ့နှာခေါင်းနှင့်ထိလုနီးပါးကပ်ပြီး သဲကြီးမဲကြီး ဖတ်နေသည်။ စာအုပ်အမည်က "အေရိုဒိုင်နမစ်"။
မိန်းမပျိုသည် နောက်ထပ်ကွာစေ့ကို ယူပြီး ဖြူဖွေးညီညာသည့် သွားများဖြင့် ကိုက် ခွဲနေပြန်သည်။ ထိုအချိန်မှာပင် သူ့ကို စိုက်ကြည့်နေသည့် ကျွန်တော်နှင့်မျက်လုံးချင်းဆုံမိ သွားသည်။ ကျွန်တော့်ကို စိတ်ဝင်စား သွားသည့် အမူအရာမျိုးဟု ကျွန်တော်ထင်လိုက် သည်။ ထို့ကြောင့် ကျွန်တော်က စကား လှမ်းပြော မိရက်သားဖြစ်သွားသည်။
"ကျုပ်လည်း အဲဒီလို လုပ်တတ်ချင်လိုက်တာဗျာ"
"ဟာ"
"ကွာစေ့စားတာလေ...အဆင်ပြေအောင်ဘယ်လိုကြိုးစား စားလို့မှမရဘူး"
"စကားမပြောနဲ့"
ချက်ချင်းသူမျက်နှာလွှဲသွားသည်။ သင်္ဘောအောက်ထပ်မှ ဆယ်ပြားတန်း နေရာယူရန် စောင့်နေကြသော လူအုပ်ကြီးကို သူငုံ့ကြည့်နေလိုက်သည်။ အောက်မှာ ကကူလီတွေ၊ တံခါသည် တရုတ်မတွေ၊ ဆေးမင်ကြောင် ထိုးထားသည့် လက်လုပ်လက် စားတရုတ် အမျိုးသားတွေ ပြည့်ညှပ် နေသည်။
မိန်းမပျိုကမူ ဣနြေ္ဒကြီးတစ်ခွဲသားဖြင့်ကွာစေ့ဆက်စားနေသည်။
ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှ မခံစားရအောင် ကြိုးစားထိန်းနေမိသည်။ မိန်းမပျိုကလေးများကို စတင်မိတ်ဖွဲ့ရာတွင် ကျွန်တော်သည် အမြဲတမ်း ညံ့ဖျင်းစမြဲဖြစ် သည်။ သည်ကိစ္စမျိုးတွင် ကျွန်တော် သည် အမြဲတမ်း လူကဲခတ်ညံ့လှပါ၏။
ခဏကြာတော့ သူ စိတ်မကောင်းဖြစ်သွားပုံရသည်။ မှန်ပါသည်။ မျက်လုံးကလေး ထောင့်ကပ်ပြီး ကျွန်တော့်ကို မသိမသာ သူလှမ်းကြည့်လိုက်သည်။ ကျွန်တော့်အပေါ် အထင်မှား အမြင်မှား ဖြစ်မိသည် ဟုလည်း တွေးနေပုံရသည်။
ချက်ချင်း တစ်ဖက်သို့ လှည့်သွား ပြန်သည်။ ပြီးတော့ တစ်ချက်ခိုးကြည့်ပြန်သည်။ သည့်နောက်မှ လေသံကို ထိန်းပြီး လှမ်းမေးသည်။
"ရှင်က သင်္ဘောသားလား"
"ကျုပ်လား သင်္ဘောသား..မဟုတ်ရပေါင်ဗျာ.."
သူ အနည်းငယ် စိတ်သက်သာရာ ရသွားပုံပေါ်သည်။
"သေချာပါတယ်နော်"
"အိုး...သိပ်ကိုသေချာပါတယ်ဗျာ"
"ကောင်းပြီ...ရှင် စကားပြောချင်ရင် ကျွန်မတို့ ပြောမယ်"
"အင်း...ကောင်းပါလေ့ကွယ်"
ပြောရင်းကျွန်တော် တစ်ချက်ရယ်လိုက်မိပါသည်။
"ဒါပေမဲ့ ဘာကြောင့်များ သင်္ဘောသားတွေအပေါ် မင်း သဘောမကျသလဲဆိုတာ ကလေး သိစမ်း ပါရစေဗျာ"
"ကျွန်မ မဟုတ်ဘူး ... အဖေ"
"မင်းအဖေက သင်္ဘောသားတွေကို မနှစ်မြို့ဘူးလို့ ဆိုလိုတာလား"
"မဟုတ်ဘူး...သင်္ဘောသားတွေက မိန်းကလေးတွေအများကြီးကို ဖမ်းပြီး ဒုက္ခပေး တယ်လို့အဖေကပြောတယ်"
"ဒါကြောင့် သင်္ဘောသားတွေနဲ့ စကားမပြောရဘူးလို့ မင်းအဖေကချုပ်ချယ်ထား တာလား"
"မဟုတ်ဘူး...သင်္ဘောသားတွေနဲ့ စကားပြောရင်နင့်ကိုငါရိုက်မယ်လို့ အဖေက ပြောတယ်"
"အင်း...ဒါဆိုရင်တော့ မင်းအဖေဟာ အတော်ပညာရှိမယ့်ပုံပဲ"
"ဟုတ်တယ်...ပညာရှိတယ်"
ကူးတို့သင်္ဘောကပ်လာသည်။ လူအုပ်ကြီးက သင်္ဘောဆီသို့ရွေ့သွားသည်။ ကျွန် တော်တို့ နှစ်ယောက်လည်း ကုန်းဘောင်အတိုင်း သင်္ဘောပေါ်သို့တက်ခဲ့ပြီး အပေးဆုံးထပ် ကုန်းပတ်မှ သစ်သား ခုံရှည်များ အနက် တစ်ခုပေါ်တွင် နေရာယူလိုက်သည်။ ကူးတို့လုပ်ငန်း ကိုတရုတ်မျိုးများက ပိုင်ဆိုင်ပြေးဆွဲ နေခြင်းဖြစ်ပါသည်။ လုပ်ငန်း အလွန်ကျွမ်းကျင်ကြ သည်။
အင်ဂျင်ခုတ်မောင်းမှု အရှိန်နှင့် လှိုင်းပုတ်မှုကြောင့် သင်္ဘောကိုယ်ထည် မတုန်ခါမီမှာ ပင်ခုံတန်း ပေါ်မှာ ကျွန်တော်တို့ ၀င်ထိုင်ကြသည်။
ခဏကြာတော့ ကိုလုန်းဆိပ်ကမ်းကို သင်္ဘောက ခွာလာသည်။ ကျောက်ချထား သည့်ကုန်တင် သင်္ဘောကြီးများ၊ ဧရာမဘောက်တူကြီးများကို ကျော်ဖြတ်လာခဲ့သည်။
ရေလက်ကြား၏ဟိုဘက်ခြမ်း ကျွန်တော်တို့ရှေ့မှာ ဟောင်ကောင်။ ကိုက်ရာပေါင်း အနည်းငယ် မျှသာ ကျယ်လွင့်သော ကမ်းရိုးတန်းကလေးပေါ်မှာတည်ရှိသည့် ဟောင်ကောင်။
ကုန်းကျောကမ်းရိုးတန်း ကလေးက မိုင်အတော်များများ ရှည်လျားသည်။ ထိုအပေါ် တွင်မိုးထိတိုက်ငယ် များပြွတ်သိပ် ခဲနေသည်။ ရှည်လျားသည့် ကမ်းရိုးတန်းတစ်လျှောက် တွင်လည်း သမ္ဗန်တွေ၊ တုံကင်းတွေ၊ ဘောက်တူကြီးတွေက မျက်စိတဆုံး။ ရှုမဆုံး မျှော် မဆုံး။
သူတို့၏ ဟိုမှာဘက်တွင်မူ ဟောင်ကောင်မြို့ကို မိုးနေသည့် တောင်။ ထိုတောင် ပေါ်မှာကား လူ့မလိုင်ခဲများ ပိုင်ဆိုင်နေထိုင်သည့် ဗိုလ်တဲဖြူဖြူများနှင့် ဇိမ်ခံတိုက်အိမ်များ။
ကျွန်တော်တို့ ကူးတို့သင်္ဘောသည် ကိုလုန်းကျွန်းဆွယ်ကို ကွေ့ပတ်ပြီး ရေလက် ကြားကို ဖြတ်ကာ ၀မ်ချိုင်းဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းနေသည်။ ၀မ်ချိုင်းခရိုင်သည် ဟောင်ကောင်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး လူဦးရေ အထူထပ်ဆုံးဖြစ်သည်။
ဘေးမှာရှိနေသည့် မိန်းမပျို၏မျက်နှာကလေးကို ကျွန်တော် လှည့်ကြည့်မိသည်။ သူ့မျက်နှာက ၀ိုင်းဝိုင်း၊ နုညက် ချောမွတ်နေသည်။ နက်မှောင်သည့် မျက်လုံးအစုံက ခပ် လျားလျား။ မျက်ခုံးက ရေးဆွဲ ထားဘိအလား လေးကိုင်းသဏ္ဍာန်ရှိနေသည်။ ပါးရိုးများက တုတ်ခိုင်လေရာ မွန်ဂိုအနွယ်ဖြစ်ကြောင်း သိသာလှပါသည်။
"မင်းက မြောက်ပိုင်းသူလား"ဟုကျွန်တော်က မေးကြည့်သည်။
"ဟုတ်တယ် ရှန်ဟဲက..."
"ဒါပေမဲ့ အခုတော့ ဟောင်ကောင်မှာနေတာပေါ့နော်..."
"မြောက်ဘက်ပွိုင့်မှာ"
"အင်မတန်ကောင်းတဲ့နေရာပဲ"
ထို့ကြောင့်လည်း ယခုကူးတို့သင်္ဘောပေါ်မှာ သူပါလာခြင်း ဖြစ်ပေသည်။ မြောက် ဘက်ပွိုင့်သည် ၀မ်ချုင်း အလွန်မှာရှိသည်။ ၀မ်ချိုင်းဆိပ်ကမ်းမှဆင်းလျှင် အနီးဆုံးဖြစ် သည်။ တစ်ရပ်ကွက်လုံး အိမ်ကြီးရခိုင် များနှင့် လူချမ်းသာများသာ နေထိုင်ကြသည်။
"ဟုတ်တယ်...အိမ်နှစ်လုံးတောင်ရှိတယ်လို့ပြောနေတာလား"
"လေးလုံး"
"လေးလုံးကြီးများတောင်မှလား"
တရုတ်သူဌေးအချို့အိမ်နှစ်လုံး သုံးလုံးပိုင်သည်ကို ကျွန်တော် သိပါသည်။ သို့သော်လည်း အိမ်လေးလုံး တောင် ပိုင်ဆိုင်သည်မှာတော့ စံချိန်ဖြစ်သွားပါတော့သည်။ အချို့တရုတ်သူဌေးများ အလွန်ချမ်းသာ ကြသည်။ ချမ်းသာကြွယ်ဝလှပါသည်ဆိုသော ဥရောပတိုက်သားများနှင့်ယှဉ်လိုက်လျှင် ဥရောပတိုက်သား များမှာ ဆင်းရဲသားဘ၀ရောက် သွားလောက်အောင်ကို ချမ်းသာပါသည်။
"အဲဒီအိမ်တွေအားလုံး ဟောင်ကောင်မှာချည်းပဲလား"
"ဟုတ်လား ဟောင်ကောင်မှာချည်းပဲ၊ အဖေကလေ သိပ်ဌေးတာ၊ သိတယ်မဟုတ် လား..."
သူစိတ်ချမ်းသာနေပုံ ရပါသည်။ ပကတိ ရိုးသားဖြူစင်သော ကလေးငယ် တစ်ယောက်ကဲ့ သို့လည်းရှိနေသည်။
"ကောင်းတာပေါ့ကွာ၊ ဒါ့ထက်ကျန်တဲ့အိမ်နှစ်လုံးက ဘယ်မှာရှိသလဲ"
မိန်းမပျိုက ပြောပြီးသား အိမ်နှလုံးကို လက်ချောင်းကလေးနှစ်ချောင်းချိုးပြီး ရေတွက်လိုက်သည်။ ပြီးတော့မှ တစ်ချောင်းချင်းချိုးကာ ဆက်ရေပြနေသည်။
"နံပါတ်သုံးက ကောင်ဂျူလမ်းမှာ၊ နံပါတ်လေးက တောင်ထိပ်ပေါ်မှာ၊ နံပါတ်ငါး..."
"နံပါတ်ငါး မရှိဘူးလေ"
"ရှိတယ် မေ့သွားလို့...နံပါတ်ငါး ပျော်စရာတောင်ကြားမှာ၊ ဒါပေမဲ့ အဲဒီအိမ်က သေး သေးလေးပါ၊ သိတယ် မဟုတ်လား...အခန်းဆယ်ခန်းပဲရှိတယ်"
"အို... ဘာဖြစ်လောက်တာ မှတ်လို့ကွာ"
ကျွန်တော် ရယ်လိုက်မိပြန်သည်။
"ဒါဖြင့်ရင် မော်တော်ကားတွေရော...မင်းအဖေမှာ မော်တော်ကားတွေ ဘယ်လောက် များများရှိသလဲ"
တရုတ်သူဌေးများသည် အိမ်ထက်မော်တော်ကားစီးရေ အများအပြားကို ပိုမိုဝယ်ယူ တတ်ကြသည်။
"မော်တော်ကားလား...နေဦး စဉ်းစားဦးမယ်"
မိန်းမပျိုက မျက်ခုံးကိုပင့်လိုက်သည်။ သူ့လက်ချောင်းကလေးများကိုချိုးပြီး ရေတွက်နေပြန်သည်။ ခဏကြာတော့ မှ ခစ်ခနဲ တစ်ချက်ရယ်လိုက်ပြီး သူ လက်လျှော့ လိုက်တော့သည်။
"အိုး...ကားတွေ ဘယ်လောက်များတယ်ဆိုတာ မေ့သွားပြီ မမှတ်မိတော့ဘူး"
"မင်းအတွက် ကိုယ်ပိုင်တော်တော်ကားတစ်စီးလည်း ရှိမှာပေါ့နော်"
"မရှိဘူး...ကျွန်မက ကားစီးရမှာ သိပ်ကြောက်တာ၊ ဒါပေမဲ့ ဓာတ်ရထားကတော့ အရေးမကြီး ပါဘူး၊ သိတယ်မဟုတ်လား...ဓာတ်ရထားစီးရတာကို ကျွန်မ သဘောကျ တယ်"
ဆယ်ပြားဖိုးဝယ်လာသော ကတော့ထဲက ကွာစေ့လှော်ကို ကျွန်တော့်ဘက်တိုးပေး သည်။
"စားချင်ရင် စားလေ"
"စားချင်ပါတယ်၊ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် အခွံမခွာတတ်ဘူး၊ ကျုပ်ကို မင်း သင်ပေး ရလိမ့်မယ်"
"အရင်ကြိုးစားကြည့်ဦးလေ..."
ကျွန်တော် အကြိမ်ကြိမ် ကြိုးစားကြည့်ပါသည်။ သို့သော်လည်း ကွာစေ့လှော်များ ကကျွန်တော့် သွားကြားမှာ အစိတ်စိတ်အမြွှာမြွာ ကျိုးကြေကုန်သည် ချည်းဖြစ်သည်။ အ ကောင်းပကတိ အဆန်ကို မည်သည့် နည်းနှင့်မျှ မရနိုင်။ အဆီအငေါ်မတည့်နိုင်သော ကျွန်တော့်အဖြစ်သည် မိန်းမပျိုအဖို့ တခစ်ခစ်ရယ် စေလေတော့သည်။ သူ့မျက်နှာကို လက်ကလေးနှစ်ဖက်ဖြင့် ကွယ်ပြီး သူရယ်သည်။ ပိုနီတေး ဆံပင်ကလေးက သွက်သွက်ခါ ယမ်းနေသည်။
ခဏကြာတော့မှ သူ အရယ်ရပ်သည်။ သို့သော်လည်း သူ့မျက်နှာက ပျော်ရွှင်မှု ကြောင့် ချိုပြုံးနေသည်။ ပြီးတော့ ကွာစေ့လှော်အခွံကို သွားကြားထဲမှာမည်သို့ခွဲရကြောင်း ပြသည်။ အခွံကို နောက်လှန်ချလိုက်ပြီး အသင့် ထုတ်ယူနိုင်သော အဆန်ကလေး တန်းလန်း ဖြင့် ကွာစေ့လှော်တစ်စေ့ ကျွန်တော့်ကို ကမ်းပေးသည်။
"အင်း...ကျုပ်လည်း ဒီအတိုင်းပဲ တစ်သဝေမတိမ်းလုပ်တာပဲ၊ မင်းစားတဲ့ ကွာစေ့ လှော်က အခွံခွာရတာ ပိုလွယ်တဲ့အစေ့နဲ့ တူတယ်"
"မဟုတ်ပါဘူး...အားလုံးအတူတူပဲ..."
"ဒါဆိုရင်တော့ ကျုပ် လက်လျှော့လိုက်ပြီး၊ မင်းနာမည်ဘယ်လိုခေါ်သလဲ..."
"ဝေါင်းမီလင်း"
"မီလင်း...သိပ်ချစ်စရာကောင်းတဲ့နာမည်ပဲ"
"ရှင့်နာမည်ကရော..."
"ရောဘက်လိုမက်ခ်ဇ်...ဒါမှမဟုတ် မင်းတို့နာမည်မှည့်ပုံမျိုးနဲ့ဆိုရင်လိုမက်ခ်ဇ်ရော ဘတ်ပေါ့"
"လောဘတ်"
"မဟုတ်ဘူး...ရကောက်သံ"
"ရောဘတ်...ရှင်က ဘယ်မှာနေသလဲ"
"အင်း...အမှန်ပြောရရင်"
"တောင်ပေါ်မှာလား"
"အင်း...ဟုတ်ပါတယ်၊ တောင်ခါးပန်း မှာပါ၊ ဘော်ဒါဆောင် တစ်ခုမှာနေတယ်၊ ဆန်းဆက် ဘော်ဒါဆောင် လို့ခေါ်တယ်"
ကျွန်တော့် အဖြေသည် အမှန်နှင့်အနီးစပ်ဆုံးသော အဖြေဟုဆိုရပါမည်။ လွန်ခဲ့ သောသုံးလေး ရက် အထိ ဆန်းဆက် ဘော်ဒါဆောင်မှာ အမှန်တကယ်ပင် ကျွန်တော် နေခဲ့ပါသည်။ လွန်ခဲ့သော သုံးလေး ရက်ကမှ ၀မ်ချိုင်းသို့ ကျွန်တော်ပြောင်းလာ ခဲ့ခြင်းဖြစ်သည်။ ယခုနမ်ကောက်ဟိုတယ်မှာ ကျွန်တော် နေသည်။ သို့သော်လည်း သည် မိန်းမပျိုလေး၏ အကြောင်းကို ဇာစ်ဇာစ်မြစ်မြစ် မသိသေး ဘဲနှင့် နမ်ကောက် ဟိုတယ် မှာ ကျွန်တော်နေ ကြောင်းပြောမပြနိုင်ပါ။
"ရှင်က အစိုးရအရာရှိလား၊ ဒါမှမဟုတ် ဘဏ်တိုက်မှာ လုပ်သလား"
"မဟုတ်ပါဘူး...နှစ်ခုစလုံး မဟုတ်ပါဘူး၊ အစကတော့ ရာဘာခြံမှာ လုပ်တယ်၊ အဲဒီအလုပ်က ထွက်လိုက်တာ နှစ်လလောက်ရှိသွားပြီ၊ ပန်းချီဆွဲချင်လို့လေ"
"ပန်းချီဆိုတာ ဘာလဲ"
"အရုပ်တွေဆွဲတာလေ"
သူ့ကိုပြရန် အိတ်ထဲမှ ပုံကြမ်းစာအုပ်ကို စမ်းကြည့်သည်။ မတွေ့တော့နမ်ကောက် ဟိုတယ်မှာ ကျွန်တော် ထားရစ်ခဲ့မိကြောင်း သတိရတော့သည်။ သည်အကြောင်း ဆက်မ ပြောတော့ဟု တွေးလိုက် မိသည်။
"အေး...သိပြီ ပန်းချီဆရာ"
"အခုအချိန်အထိတော့ ကိုယ့်ဟာကိုယ် ပန်းချီဆရာလို့ မခေါ်နိုင်သေးဘူးကွယ်"
သည်ကစပြီး သူနှင့်ကျွန်တော် လေပေးဖြောင့်သွားလေတော့သည်။ ထို့ကြောင့် ကျွန်တော်က တဆင့် တက်လိုက်သည်။ တစ်ညလောက် ကျွန်တော်နှင့်အတူတူ အပြင် ထွက်ပြီး ညစာစားဖို့ ဖိတ်မိသည်။ မိန်းမပျိုက ခါးခါးသီးသီး ငြင်းပစ်လိုက်သည်။
"ဒါဖြင့်ရင် နေ့လယ်စာရောကွာ"
"မဖြစ်ဘူး"
မိန်းမပျိုက ခေါင်းကို သွက်သွက်ကြီး ခါပစ်လိုက်သည်။ သူ့ခေါင်းနောက်မှာ တွဲ လောင်းကျ နေသည့် ပိုနီတေးကလေးက သွက်သွက်ယမ်း သွားသည်။
"ဒါပေမဲ့ မင်းနဲ့ ထပ်တွေ့ချင်ပါတယ် မီလင်း၊ တစ်ချိန်ချိန်မှာ မတွေ့နိုင်ဘူးလား ကွာ"
"မတွေ့နိုင်ဘူး"
"ဘာဖြစ်လို့လဲ"
"ကျွန်မက မကြာခင် လက်ထပ်တော့မှာ"
လက်ထပ်တော့မည့်အကြောင်းနှင့် ပတ်သက်ပြီး ကျွန်တော့်ကို သူက ရှင်းပြသည်။
တရုတ်လူမျိုးတို့၏ ဓလေ့အတိုင်း သူ့မိဘများက စီစဉ်ပေးခြင်းဖြစ်ကြောင်း၊ သူနှင့် လက်ထပ် ရမည့်သူကို မမြင်ဖူးသေးကြောင်း၊ သို့သော်လည်း ဓာတ်ပုံတော့ တွေ့ပြီးပြီဖြစ် ကြောင်း၊ ဓာတ်ပုံထဲတွင် အလွန်ချောသည့် လူချော တစ်ယောက်ဖြစ်ကြောင်း၊ သူ့မှာလည်း ပိုက်ဆံတွေ အများကြီးရှိကြောင်း။
မည်သို့ဆိုစေ ယင်းအမျိုးသားနှင့် လက်မထပ်ရသေးသော်လည်း ကျွန်တော်နှင့် ချိန်းတွေ့၍ မဖြစ်နိုင်ကြောင်း၊ တရုတ်မကလေးများသည် အင်္ဂလိပ်မကလေးများနှင့်မတူ ကြောင်း၊ အင်္ဂလိပ်မကလေး များရရှိသည့် လွတ်လပ်ခွင့်မျိုးကို သူတို့တရုတ်မ ကလေးများ မရနိုင်ကြောင်း၊ အင်္ဂလိပ် မကလေး များသည် ယောက်ျားကလေး မိတ်ဆွေပေါင်းများစွာကို တစ်ပြိုင်တည်းထားနိုင်ကြောင်း၊ ထိုယောက်ျား ကလေးများ နှင့်လည်း အတူတွဲကာ သွားလာ လည်ပတ်နိုင်ကြောင်း၊ တွဲနေသည့် ယောက်ျား ကလေးတိုင်း ကိုလည်း မျှော်လင့်ချက်ပေးထား နိုင်ကြောင်း၊
တောင်ပေါ်မှာနေသည့် အင်္ဂလိပ်မကလေးတစ်ယောက်၏ အကြောင်းကို သူကြား ဖူးကြောင်း၊ ယင်းအင်္ဂလိပ်မ ကလေးသည် ယောက်ျားကလေးပေါင်းများစွာနှင့် နှစ်ပေါင်းများ စွာကြာအောင် တွဲခုတ် နေခဲ့ကြောင်း၊ နောက်ဆုံးတွင် ရာထူးအလွန်ကြီးသော အရာရှိကြီး တစ်ယောက်နှင့် ဟောင်ကောင် ဘုရားရှိခိးကျောင်းတစ်ခုတွင် လက်ထပ်လိုက်ကြကြောင်း၊
သို့သော်လည်း တရုတ်မကလေးများအဖို့တော့ ထိုအပြုအမူမျိုးမှာ စိတ်ကူးထဲပင် ထည့်၍ မဖြစ် နိုင်ကြောင်း၊ သန့်ရှင်းစင်ကြယ်မှုဟူသည်မှာ လက်ထပ်ထိမ်းမြားရေးတွင် မည်သို့မှမျက်ကွယ်ပြု၍မရသော စည်းကမ်းချက် တစ်ရပ်ဖြစ်ကြောင်း၊ သန့်ရှင်းစင်ကြယ် သောမိန်းကလေး ဟုတ် မဟုတ်ကို ယောက်ျား ကလေး၏ မိဘဆွေမျိုးများအနေဖြင့် မင်္ဂလာဦးနေ့မှာပင် စစ်ဆေးကြည့်ရှုခွင့်ရှိကြောင်း၊ မိန်းကလေးသည် သန့်ရှင်း စင်ကြယ်မှု မရှိပါက လက်ထပ်ထိမ်းမြားခြင်းလည်း ပျက်ပြားသွားကြောင်း၊ မိန်းကလေးသည် လမ်းပေါ် ရောက်သွားဖို့မှတစ်ပါး အခြားလမ်းမရှိတော့ကြောင်းများ မီလင်းက ကျွန်တော့်ကို အရှည် ကြီးရှင်းပြ နေသည်။
"သိတယ်မဟုတ်လား...ဒါကြောင့်မို့လို့ ကျွန်မ ဘယ်တုန်းကမှရည်းစားမထားခဲ့ဘူး၊ အဖိုဆိုရင် ယင်ဖိုတောင် မသန်းဖူးဘူး"
သူက ဣနြေ္ဒကြီးတစ်ခွဲသားဖြင့် ပြောချလိုက်သည်။
"ဟုတ်လား"
ကျွန်တော် ထိုမျှသာ ပြန်ပြောနိုင်ပါသည်။ သူ၏ပွင့်လင်းမှုကြောင့်လည်း ကျွန်တော် အထိတ်တလန့် ဖြစ်သွားမိပါသည်။
"မဖြစ်ဘူး...တစ်ခါကလေးတောင် မဖြစ်ဖူးသေးဘူး"
"အင်း...ကောင်းပါလေ့ကွယ်၊ မင်းမှာ အချိန်တွေအများကြီးကျန်နေပါသေးတယ်"
ပထမဆုံးအကြိမ် တွေ့တွေ့ချင်း ယခုလို ပွင့်ပွင့်လင်းလင်း ပြောကြခြင်းသည် တရုတ်လူမျိုးတို့၏ စစ်မှန် ပီသသော စရိုက်ပေလောဟု ကျွန်တော်တွေးနေမိပါသည်။
"အဲဒါကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲဟင်"
ဘာမှမသိ နားမလည်ရှာသူ တစ်ယောက်၏ အကြည့်မျိုးဖြင့် ကျွန်တော့်ကိုကြည့်ပြီး သူက မေးပါသည်။
"ဘာကို ဘယ်လိုခေါ်ရမှာလဲ"
"ဟိုဟာလေ...အဖိုဆိုရင် ယင်ဖိုတောင်မသန်းဖူးသေးဘူးဆိုတာ"
"သြော်...ဒါလား အပျိုစင်လို့ခေါ်တယ်"
"အပျိုစင်တဲ့လား အဲဒီလို ခေါ်ရသလား"
"ဟုတ်ပါတယ်"
"ဟုတ်ပြီ အပျိုစင်...အဲဒါ ကျွန်မပေါ့..."
လက်သည်းနီနီ ကလေးဆိုးထားသည့် လက်ညှိုးကလေးဖြင့် သူ့ကိုယ်သူပြန်ထိုးပြ ပြီး ပြောလိုက်သည်။ ကျွန်တော် ၀ါးလုံးကွဲ ရယ်ချလိုက်မိပါသည်။
"မီလင်း မင်းဟာ သိပ်ကိုအံ့သြစရာကောင်းတဲ့ မိန်းမထူးကလေးပဲ၊ ဘာပဲဖြစ်ဖြစ် ပေါ့လေ...အခုဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး တို့ရှင်းရှင်းလင်းလင်းသိသွားကြပြီ၊ အဲဒီတော့ ကျုပ်နဲ့အတူတူ မင်းညစာ လိုက်မစားနိုင်ဘူးလား၊ ဆိုလိုတာက ဒီလိုလေ..မင်းရဲ့ အပျိုစင် ဘ၀ကလေးကို ကျုပ်က ဖျက်ဆီး ပစ်ဖို့ မကြိုးစားပါဘူးလို့ ကတိပေးမယ်ဆိုရင်ပေါ့..."
သူကခေါင်းမာစွာဖြင့်ပင် ခေါင်းကို သွက်သွက်ရမ်းခါပြန်သည်။
"မဖြစ်ဘူး"
"ဒါပေမဲ့ မင်းပုံတူကို ကျုပ်က ပန်းချီဆွဲချင်တယ်ကွယ်"
"မဖြစ်ဘူး...ခဏကြာရင် ရှင်နဲ့ကျွန်မ ခွဲကြတော့်မှာ..."
အင်ဂျင်စက်ရှိန်ကို မြှင့်လိုက်သည့်အတွက် သင်္ဘောကိုယ်ထည်တစ်ခုလုံးတုန်ခါ သွားသည်။ ၀မ်ချိုင်း ကူးတို့ဆိပ် မှာ ကပ်မိလေပြီ။ ကုန်းဘောင်ထိုးလိုက်သည်။ ကျွန်တော် လည်းလူအုပ်ကြားမှာ မီလင်းနောက်က ဆင်းလိုက်ခဲ့တော့သည်။
ကမ်းပေါ် ရောက်တော့ လန်ချားသမားတွေ ထိုင်ငိုက်နေသည့် အနားမှာ ကျွန်တော် တို့ခဏရပ်ကြသည်။ ကျွန်တော် တည်းနေသည့် နမ်ကောက်ဟိုတယ်နှင့် သည်နေရာသည် အနီးကလေးဖြစ်သည်။ ဟိုတယ် အ၀င်ပေါက်မှ အပြာရောင်နီယွန်မီးဆိုင်းဘုတ်ကို လှမ်းမြင် နေရသည်။ အပေါ်ဆုံးထပ် ကျွန်တော် နေသော ထောင့်ခန်းမှ လသာဆောင်ကလေးကို တွေ့ရသည်။ လသာဆောင်ပေါ်မှာ ကျွန်တော် ပန်းချီဆွဲသည့် သုံးချောင်းထောက်စင်နျင့် လေးထောင့်ကင်းဘတ်အဖြူလည်း ရှိနေသည်။ ထိုကင်းဘတ်ပေါ်တွင် ဂွမ်နီ၏ရုပ်ပုံကို မနက်ကပင်ကျွန်တော်စတင်ရေးဆွဲခဲ့ပါသည်။
ထိုနေရာကို ကျွန်တော် လှမ်းကြည့် လိုက်သောကြောင့် မီလင်းကလည်း လိုက် ကြည့်သည်။
"အဲဒီနောက် ဘာလဲဟင်"
"ဘယ်ဟာလဲ"
ကျွန်တော်က မရေမရာ ပြန်မေးသည်။ ပြီးတော့ သူ့အာရုံကို အမြန်ဆုံး ကျွန်တော် ပြောင်းပစ် လိုက်မိ ပါသည်။
"မင်း အခု ဘယ်ကိုသွားမှာလဲ မီလင်း"
"ဟင်နက်ဆီလမ်းကို"
"ဓာတ်ရထား သွားစီးမှာလား"
"မဟုတ်ဘူး...ဟင်နက်ဆီလမ်းမှာကျွန်မကို မော်တော်ကားစောင့်နေတယ်"
"ကားဆီအရောက် မင်းနဲ့တူတူ လိုက်လာလို့ဖြစ်မလား"
"မဖြစ်ဘူး...ဒရိုင်ဘာက အဖေ့ကို ပြန်တိုင်မှာပေါ့"
"ဒါဆိုရင် မင်းအဖေက ရိုက်လိမ့်မယ်ထင်တယ်"
"ဟုတ်တယ် ရိုက်မှာပဲ"
"ဒီလိုဆိုရင် ညစာစားဖို့ကိစ္စမင်းစိတ်ကို မပြောင်းနိုင်တော့ဘူးလား"
"မပြောင်းနိုင်တော့ဘူး...ကျွန်မသွားတော့မယ်"
ထုံးစံအတိုင်း နှုတ်ဆက်ရန် သူက လက်ကမ်းပေးလာသည်။ သူ့လက်ကို ကျွန်တော်ဆုပ်ကိုင် နှုတ်ဆက် လိုက်တော့ သူကမသိမသာ ခစ်ခနဲတစ်ချက် ရယ်သည်။ ပြီးတော့ တစ်ဖက်လှည့်ပြီး ဟင်နက်ဆီ လမ်းဘက်သို့ ပလက်ဖောင်းပေါ်က လျှောက်သွားလေ တော့သည်။ သူ့ခြေထောက် ကလေးများ လွင့်ပျံ နေသည်။ ပိုနီတေး ဆံပင်ကလည်း လွင့်ပျံ နေပါသည်။ သမင်လည်ပြန် တစ်ချက် ကြည့်သေးသည်။ ခပ်သွက်သွက် လက်ဝှေ့ရမ်းပြ သွားသည်။
ပြီးတော့ စားသောက်ဆိုင်တွေ၊ လန်ချားတွေ၊ လမ်းသွားလမ်းလာတွေ ကြားထဲမှာ သူ နစ်မြှုပ် ပျောက်ကွယ် သွား လေတော့သည်။
သွားပါပြီ။ ကျွန်တော် တွေးလိုက်မိပါသည်။ သူ ပျောက်ကွယ်သွားလေပြီ။
ကျွန်တော်လည်း ဆစ်ဖက်လှည့်ပြီး ဆိပ်ကမ်းကိုဖြတ်ကာ နမ်ကောက်ဟိုတယ်သို့ ပြန်လာခဲ့သည်။ အပေါ်ဆုံး ထပ်ရှိ ကျွန်တော့် အခန်း၏ လသာဆောင်ပေါ် ရောက်လျှင် ရောက်ချင်း ဂွမ်နီ၏ဆွဲလက်စ ပုံတူပန်းချီကား ရှေ့မှာ ရပ်နေမိသည်။
အနီးရှိ ပုံဆွဲပစ္စည်းတွေ ရှုပ်ပွနေသော စားပွဲပေါ်မှာ ခဲတံ တစ်ချောင်းကို ဆွဲယူကာ မီလင်း၏ပုံကြမ်းကို ရေးဆွဲ လိုက်မိပါတော့သည်။ မှတ်ဥာဏ်များမပျောက်မပျက်ဘဲ သစ်လွင်နေဆဲမှာပင် ရေးဆွဲလိုက်ခြင်း ဖြစ်ပါသည်။
သူ့မျက်လုံးထဲမှာ မြင်ခဲ့ရသည့် အပြစ်ကင်းစင်သော မသိနားမလည်ဟန်ကလေးကို အမိအရ ဖမ်းယူ လိုက်ပါသည်။ လက်တစ်ဖက်က ကွာစေ့လှော်ထုပ်ကို ကိုင်ထားသည်။ ကျန်လက်တစ်ဖက်က သူ့ကိုယ်သူ ပြန်ညွှန်ပြ နေသည်။ ပြီးတော့ အောက်မှာလည်း စာ ကလေးတစ်ကောင်း ရေးထည့်လိုက်မိပါတော့သည်။
"ဟုတ်ပြီ...အပျိုစင် အဲဒါ ကျွန်မပေါ့..."
ထိုပုံကြမ်းသည် ကောင်းလှသည်တော့ မဟုတ်။ သို့သော်လည်း သည်ပုံကြမ်း ကလေးက ကျွန်တော့်ကို ပြုံးစေသည်။ ထို့ကြောင့်လည်း ကျွန်တော် သိမ်းထားမိခဲ့ခြင်းဖြစ် သည်။
ယခုပင် ကျွန်တော် ပြန်ကြည့်မိပါသေးသည်။ ပုံကြမ်းကလေးသည် ညစ်ပတ်ပေရေ နေပြီ။ ပြီးတော့ မီလင်းကိုယ်တိုင် ဆွဲဆုတ်ပစ်ဖူးသဖြင့် စုတ်လည်းစုတ်နေပြီ။ သည်ပုံကြမ်း ကိုမီလင်းမကြိုက်ပါ။ စုတ်သွားသည့် နေရာကလေးများကို တိပ်ဖြင့်ပြန်ကပ်ပြီးဆက်ထားရ သည်။
သို့သော်လည်း သည်ပုံကြမ်းကလေးက ခုထက်တိုင်အောင် ကျွန်တော့်စိတ်ကို ရွှင် မြူးစေပါသည်။ ဘာကြောင့် လည်းဆိုတော့ သည်ပုံကြမ်းကလေးသည် မီလင်း၏ ပုံတူများ အနက်ကျွန်တော် ပထမဦးဆုံး ရေးဆွဲသည့် ပုံကြမ်းကလေးပင် မဟုတ်ပါလား။
ထိုအချိန်မှစပြီး သူ့ပုံတူပန်းချီကားများကို အကြိမ်ပေါင်းဘယ်လောက်များအောင် ကျွန်တော် ရေးဆွဲခဲ့မိပြီ ဖြစ်ကြောင်း တွေးကြည့်နေမိပါသည်။ ကျွန်တော် ရေတွက်နိုင်စွမ်း မရှိပါ။
သူ့လက်တစ်ဖက်မှ စက္ကူကတော့ကလေးထဲရှိကွာစေ့လှော်ကလေးများထက်လည်း အရေအတွက် ပိုပါလိမ့်မည်။
သူ့ခေါင်းနောက်မှာ စုချည်ထားသော ပိုနီတေးကလေးထဲက ဆံပင်ချည်များထက် လည်း အရေအတွက် ပိုပါလိမ့်မည်။
1 comment:
Thanks
Post a Comment