Friday, December 18, 2009

အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၂)

အခန်း(၂)

ကျွန်တော် ပန်းချီစတင်ရေးဆွဲရသည့်အကြောင်းရင်းခံမှာ ဂျော့ဝှီးလာကြောင့် ဖြစ်ပါသည်။
ဂျော့ဝှီးလာသည် မလေးရှားပြည်ရှိ ဘူကစ်မီရာ ရာဘာခြံမန်နေဂျာဖြစ်ပါသည်။ ရာဘာတော ထဲရှိကြီးမား လှသော မှောင်မှောင်မည်းမည်း ဗိုလ်တဲကြီးတစ်လုံးမှာ သူတစ် ယောက်တည်း နေပါသည်။ စိတ်ဓာတ် ကျပြီး မပျော်ပိုက်နိုင်သော သူတစ်ယောက်လည်း ဖြစ် သည်။

သူ့လက်ထောက် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ရန် အင်္ဂလန်မှ ကျွန်တော် ရောက်လာသည့်နေ့မှာပင် အောက်ပါအတိုင်း သူ့မိန့်ခွန်းကို ခြွေပါလေတော့သည်။

"ကျုပ်နဲ့ အလုပ်အတူတူလုပ်တဲ့အခါ နေရာတကာမှာ ချောမောပြေပြစ်နေတာကို မောင် တွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ ဒီရာဘာခြံမှာ ကျုပ်သည်းမခံနိုင်တဲ့ အချက်တစ်ခုတော့ ရှိတယ်၊ ဘာလဲဆိုတော့ သွေးနှော တဲ့ကိစ္စပဲ"

"ဘအဓိပ္ပာယ်လဲဆိုတာ ကျွန်တော် ကောင်းကောင်း သဘောမပေါက်ပါဘူးခင်ဗျာ"
ကျွန်တော်က မနေတတ် မထိုင်တတ်ဖြင့် ပြန်မေးမိသည်။
"ဒေသခံတိုင်းရင်းသူ အမျိုးသမီးတွေနဲ့ ဇာတ်ရှုပ်နေတာကို ပြောတာ"

ခြင်လုံသံဇကာများ ကာထားသော လှောင်အိမ်တစ်ခုနှင့်တူသည့် သူ၏ဧည့်ခန်းကို ကျွန်တော် မျက်စိကစား ကြည့်မိသည်။ စာအုပ်စင်များပေါ်တွင် တောင်တက်ခြင်းဆိုင်ရာ စာအုပ်များဖြင့် ရှုပ်ပွနေသည်။ မဂ္ဂဇင်းများ ထဲမှ ဆွဲဆုတ်ထားသော တောင်တက်သည့် ရုပ် ပုံများကိုလည်း အခန်းနံရံများမှာ အပြည့်ကပ်ထားသည်။

မြင့်မားသည့် တောင်ထိပ်များပေါ် သို့သူတစ်ပါး အောင်မြင်စွာ တက်နိုင်သည်ကို ကြည့်ပြီး သူ စိတ်သက်သာ ရာကိုရှာဖွေရယူ ဟန်တူပါသည်။ ဒေသခံတိုင်းရင်းသူ အမျိုးသမီးတွေနှင့် သူကိုယ်တိုင် ဇာတ်မရှုပ်မိအောင် ရသေ့စိတ်ဖြေ လုပ်နေပုံ ရပါသည်။

သို့သော်လည်း သူ၏တားမြစ်ချက်ကို အခြားလက်ထောက်များကရော လိုက်နာကြ ပါသလောဟု ကျွန်တော် တွေးတောနေမိသည်။

သူ၏တားမြစ်ချက်သည် သူ့လက်ထောက်မန်နေဂျာများကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ထိခိုက်ခဲ့ ကြောင်းများ မကြာမီ ကျွန်တော် သိရှိရပါတော့သည်။

ယခု ကျွန်တော် တာဝန်ယူရသည့် နေရာတွင် ထမ်းဆောင်သွားသူ တစ်ယောက် သည်ဂလက်စဂိုမြို့ရှိ မမြင်ဖူးသော မိန်းကလေးတစ်ယောက်ကို စာရေးဆက်သွယ်သည်။ ပြီးတော့ သူတို့ချင်း ချစ်ကြိုးသွယ်မိကာ လက်ထပ်ပြီးသည်နေရာမှ အလုပ်ထွက်သွား သည်။ ယခုဆိုလျှင် တတိယရင်သွေးရတနာပင် ရပေတော့မည်။

ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် လက်ထောက်မန်နေဂျာာတစ်ယောက် ရှိသေးးသည်။ သူ့အမည် ကတက်ဝေးလစ် ဖြစ်ပါသည်။ သူ့အသက်မှာ နှစ်ဆယ့်လေးနှစ်သာ ရှိသေးသည်။ သည်အသက်အရွယ် ကလေးတွင် မည်သည့်တိုင်းရင်းသူနှင့်မှ ဇာတ်မရှုပ်ရဘဲ ရာဘာခြံတောကြီးမျက်မည်းထဲမှာ တောမှီရသေ့ လို နေရရှာသည်။ သူ့ခမျာ ပျော်ပိုက်နိုင်သည့် အချိန်ဟူ၍ လုံးဝမရှိရှာ။

နောက် လက်ထောက်မန်နေဂျာတစ်ယောက်က တပ်ဘီပင်းဖိုးဖြစ်သည်။ သူလည်း အဘိုးကြီး၏ တားမြစ်ချက်ကို မလွန်ဆန်နိုင်ရှာ။ ထို့ကြောင့် သူက လုပ်ကြံဇာတ်တွေ၊ ညစ် တီးညစ်ပတ်ဇာတ်လမ်းတွေကို လူတကာအားပြောပြပြီး ရသေ့စိတ်ဖြေ လုပ်နေရသည်။ ကျွန်တော်တို့ကလည်း သူပြောပြသည်များကို ယုံကြည်ဟန် ဆောင်ကြရသည်။

သည်နေရာကို ကျွန်တော်ရောက်ပြီး တစ်လခန့်အကြာတွင် အဘိုးကြီး၏ တားမြစ် ချက်ကြောင့် ကျွန်တော်လည်း စိတ်အဆင်းရဲကြီး ဆင်းရဲရလေတော့သည်။

မလေးမိန်းမပျိုကလေးတစ်ယောက်ကို ကျွန်တော် ချစ်မိသောကြောင့် ဖြစ်ပါသည်။
ထိုမိန်းမပျိုကလေးသည် ကျွန်တော်တို့ရာဘာခြံ အလုပ်သမမဟုတ်ပါ။ သို့သော် လည်းတစ်နေ့ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ဗိုလ်တဲရှေ့မှ ဖြတ်လျှောက်လေ့ရှိပါ သည်။ အထူးသဖြင့် ၀ရန်တာမှာ ကျွန်တော် ရှိနေတတ်သည့် ထမင်းစားချိန်များမှာ လျှောက်လေ့ရှိပါသည်။


ထိုအချိန်မျိုးမှာမှ သူဖြတ်လျှောက်ခြင်းသည် တိုက်ဆိုင်မှုဟု ဆိုရမည်လော။
ကျွန်တော်ကတော့ သံသယဖြစ်ပါသည်။

ကျွန်တော် ကြည့်နေမှန်းသူ သိသည့်အခါ ပြုံးရယ်နေသော မျက်လုံးရွဲကြီးများဖြင့် လည်းကျွန်တော့်ကို ကြာပစ်လေ့ရှိပါသည်။ သူ့အသားအရေသည် ပျားရည်လို နူးညံ့ချော မွတ်လှပါသည်။

သည်ကစပြီး မလေးတိုင်းရင်းသူ အပျိုမကလေးသည် ကျွန်တော်၏ စိတ်အာရုံမှာ ကြီးစိုးလေ့ ရှိပါတော့သည်။ ရာဘာတောထဲမှာ တစ်နေကုန် အလုပ်လုပ်နေရချိန်တွင်လည်း သည်ကလေးမ ကို မြင်တွေ့ခွင့် ရရေးအတွက် စိတ်အစောကြီး စောနေမိသည်။ ပြီးတော့ အဘိုးကြီး မသိအောင် သည်ကလေးမ ကို ပိုင်ဆိုင်ခွင့်ရဖို့ကိုလည်း စီမံကိန်းအမျိုးမျိုး ချမှတ် ရေးဆွဲနေမိသည်။

ဗိုလ်တဲရှေ့မှ ဖြတ်လျှောက်သွားချိန်တွင် သူ့နောက်ကို အပြေးလိုက်သွားဖို့လည်း အကြိမ်ပေါင်း တစ်ဒါဇင်လောက် ကြံစည်ခဲ့ဖူးသည်။ သို့သော် အလုပ်ပြုတ်မှာစိုးသော ကြောင့် တကယ်ပြေးမလိုက်မိခဲ့။
နောက်ဆုံးတော့ ထိုမိန်းမပျိုကလေးလည်း အလာရပ်သွားတော့သည်။ ကျွန်တော် လည်းစိတ်အဆင်းရဲကြီး ဆင်းရဲ ရတော့သည်။

သူနှင့် စကားလေးတစ်ခွန်းမျှလောက်ပင် ပြောခွင့်မရှိလိုက်ရသော ဘ၀ပါတကား။
သည့်နောက်ပိုင်း ရက်များကတော့ အလွန်တရာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလာ သည်။ အချိန်တွေကလည်း ကုန်ခဲလာသည်။ အားလပ်ချိန်များကို မည်သို့ကုန်ဆုံးလွန် မြောက်စေရမည်နည်း။ တပ်ဘီပင်းဖိုး၏ ညစ်တီးညစ်ပတ်ပုံတိုပတ်စများကို နားထောင်ရင်း အချိန်ဖြုန်းရမည်လော။

နောက်ဆုံးတော့ အရက်ကိုသာ အဖော်လုပ်ရတော့သည်။ အလုပ်တာဝန်အားလပ် နေသည့်အချိန်များတွင် အရက်ကိုသာ ဖိသောက်နေမိတော့သည်။

"ဒီအတိုင်း ဆက်သွားနေလို့ကတော့ တစ်နှစ်အတွင်း ငါပျက်စီးတော့မယ်၊ ဘာမှ သုံးမရအောင် အပျက်စီးကြီး ပျက်စီးတော့မယ်၊ ဒါကြောင့်တစ်ခုခုတော့ လုပ်ရတော့မယ်၊ ၀ါသနာပါရာ တစ်ခုခုကိုတော့ ငါလုပ်ရတော့မယ်"စသည်ဖြင့် တစ်ညနေတွင် ကျွန်တော် ထိုင်စဉ်းစားနေမိသည်။

ထို့ကြောင့် ဗလာစာအုပ်အဟောင်းတစ်အုပ်နှင့် ဘောလ်ပင်တစ်ချောင်းယူပြီး ကျွန်တော် ပုံတွေစတင် ရေးဆွဲ မိတော့သည်။
ကျွန်တော့်ဘ၀တွင် ဘယ်တုန်းကမှ ပုံဆွဲခြင်း၊ ပန်းချီဆွဲခြင်းများမပြုလုပ်ခဲ့ဖူးပါ။
ကျောင်းသားဘ၀တုန်းကတော့ တစ်ပတ်တစ်ကြိမ် ပန်းချီသင်တန်း မတက်မနေရ တက်ခဲ့ရသည်တော့ ရှိဖူးပါ၏။ သို့သော်လည်း ဘယ်တုန်းကမှ အမှတ်ကောင်းမရခဲ့ဖူးပါ။ ကျောင်းပိတ်ရက်များတွင် ပန်းချီပြခန်း များကို အခြားကျောင်းသားများနှင့်အတူ သွားရောက် လေ့လာရပါသည်။ သို့သော်လည်း ကျွန်တော်သည် ပန်းချီကားများကို ကြည့် ရှုလေ့လာခြင်းထက် ပန်းချီကားလာကြည့်သူများကိုသာ စိတ်ပြေနပြေ ထိုင်ကြည့် နေတတ် ပါသည်။

ရွိုင်ရယ်အကယ်ဒမီ ပန်းချီပြခန်းကို သွားကြည့်တုန်းကတော့ ဝေဖန်ရေးအတွေး ကလေးတစ်ခု ဖြစ်ပေါ် ခံစားခဲ့ဖူးပါသည်။
လူပုံ ပန်းချီကားများသည် ဘာကြောင့် ဒါလောက်တောင် ပျင်းရိငြီးငွေ့ဖွယ်ကောင်း နေရပါသနည်း။ အကြောင်းအရာတွေက ထပ်တူထပ်မျှလောက်ဖြစ်နေပြီး သစ်တုံးကြီး ထောင်ပြထားသလို ဘာကြောင့် ဖြစ်နေသနည်း။ ဘ၀၏အစိတ်အပိုင်းကလေးတစ်ခုကို သူတို့ ဖမ်းမယူနိုင်ကြပြီလော။

စရိုက်တွေ များစွာရှိသည်။ ခံစားချက်တွေ အပုံအပင်ရှိသည်။ အဓိပ္ပာယ်လေးနက် မှုတွေ၊ အသက်ပါမှုတွေ ကုဋေကုဋာရှိသည်။ ပန်းချီကားဘောင်ထဲမှ မျက်နှာတစ်ဒါဇင် လောက်ကို ကြည့်နေရခြင်းထက် ပန်းချီကား ကြည့်သူတစ်ယောက်၏ မျက်နှာကို မရေမရာ စူးစိုက်ကြည့်နိုင်တာတွေ ရှိသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ ကျောင်းမှထွက်ပြီး စစ်ထဲသို့ ကျွန်တော် တန်းဝင်ခဲ့သည်။ တစ်နှစ် အတွင်းမှာပင် အိန္ဒိယပြည်သို့ ကျွန်တော်ရောက်လာသည်။

စစ်ကြီးပြီးဆုံးသွားသောအခါ အထက်မြန်မာပြည်မှာ ကျွန်တော်ရောက်နေသည်။
ဧရာဝတီဖြစ်ဆိပ်ကမ်းမှာ အ၀တ်ထိုင်လျှော်နေသည့် မြန်မာအမျိုးသမီးတစ် ယောက်ကို ကျွန်တော် ထိုင်ကြည့်နေမိပါသည်။ မြန်မာအမျိုးသမီးသည် နီရဲတောက်ပသော ထဘီကို ၀တ်ထားသည်။

ထိုအချိန်တွင် ဒါကိုတာလေယာဉ်ပျံတစ်စီးက မြစ်ကြောင်းအတိုင်း ပျံသန်းလာ သည်။ အ၀တ်လျှော် နေသော မြန်မာအမျိုးသမီးသည် လေယာဉ်ပျံကို လုံးဝအာရုံမထား။ သူ့ခေါင်းပေါ် တည့်တည့် လောက်သို့ လေယာဉ်ပျံ ရောက်တော့မှပင် တစ်ချက်မော့ကြည့် သည်။ လက်ကမူ အ၀တ်လျှော်မပျက်။

သူကြည့်ပုံကလည်း အမှန်မထင် တစ်ချက်ကလေးမော့ကြည့်လိုက်ပုံမျိုး။ ဘာမှ မထးခြားသည့်အကြည့်မျိုး။ စက်ဆုပ်ရွံရှာသော မထီလေးစားအကြည့်မျိုး။

သူ့တိုင်းပြည်သည် လေးနှစ်လုံးလုံး စစ်မြေပြင် စစ်တလင်းဖြစ်ခဲ့ရသည်ကို သူကြုံခဲ့ ဖူးပြီး။ နိုင်ငံခြား စစ်တပ်အချင်းချင်း သူ့တိုင်းပြည်ထဲမှာ ဘတပြန် ကျားတပြန် တိုက်ပွဲတွေ ဆင်နွှဲခဲ့သည်ကို သူကြုံခဲ့ဖူးပြီ။ ကြောက်မက်ဖွယ်သော လူသတ်ပွဲကြီးများကို သူကြုံခဲ့ဖူးပြီ။ တံတားချိုး၊ လမ်းဖျက်၊ အဆောက်အအုံ ဖြိုသော မိုင်းကွဲသံများကို သူကြားခဲ့ဖူးပြီ။ ထို့ ကြောင့် သူ့အဖို့ သည့်ထက်သည်ဘာမှ ပိုမို မဆိုးရွားနိုင်တော့။

ထို့ကြောင့်လည်း သူ အ၀တ်လျှော်မပျက်။ ကလေးဘ၀ကတည်းက သူလုပ်လာ ခဲ့သည့်အလုပ်ဖြစ်သော အ၀တ်လျှော်ခြင်းကို တစ်စက္ကန့်လေးမနား။ ထိုအတွေ့ အကြုံများ ရှိပြီးဖြစ်နေသည့် မြန်မာအမျိုးသမီး တစ်ယောက်က စက်ဆုပ်ရွံရှာမုန်းတီးစွာ မထီလေးစား မော့ကြည့်လိုက်သည့်အကြည့်။

သည်မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ကျွန်တော့်တစ်ကိုယ်လုံးမှာ ၀မ်းသာ အားရစိတ်တွေ၊ အားမာန်တက်ကြွမှုတွေ ဖုံးလွှမ်းသွားပါတော့သည်။

မြန်မာအမျိုးသမီး ၏ခေါင်းကိုမော့လိုက်ပုံကလေး၊ သူ့အကြည့်ကလေး၊ လက်က အရှိန်မပျက် အ၀တ် ဆက်လျှော်နေပုံ ကလေးများသည် ကျွန်တော့်မျက်စိထဲမှာတော့ သာမန်ထက် အဆရာထောင် ပိုမိုထူးခြားသွားသော အလှတရားဖြစ်သွားပါတော့သည်။

သူတို့၏ ခံစားချက်ကို ဖော်ပြလိုက်သော၊ အမှန်တရားကို ဖော်ပြလိုက်သော အလွန်တရာထူးခြားသည့် အလှတရား ဖြစ်သွားပါတော့သည်။

တဒင်္ဂသော ထိုအချိန်ကလေးကို ကျွန်တော် ဖမ်းယူထိန်းသိမ်းထားလိုက်ချင်စမ်း ပါဘိ။
မြန်မာပြည်အကြောင်း၊ စစ်အကြောင်း၊ တိုင်းသူပြည်သားတွေအကြောင်း၊ ဘ၀အကြောင်းကို အဓိပ္ပာယ် များစွာ မဆုံးနိုင်အောင် ဖွင့်ဆိုပြောပြသွားသော တဒင်္ဂကလေး ဖြစ်ပါ သည်။

သို့သော် ဒါကိုတာလေယာဉ်ပျံသည် တဖြည်းဖြည်းဝေးကာ ပျောက်ကွယ်သွားပါ သည်။ မြန်မာ အမျိုးသမီး၏ မျက်လုံးများကလည်း သူ့အလုပ်ဖြစ်သော အ၀တ်လျှော်ခြင်း အပေါ် ပြန်လည် ကျရောက် လာပါသည်။

"တဒင်္ဂလေး"ကား ပျက်စီးပျောက်ကွယ်သွားလေပြီတကား။
ထို့နောက် ရက်အနည်းငယ်အတွင်းမှာပင် အရာရှိရိပ်သာတွင် ရှိနေသော မိတ်ဆွေ စစ်ဗိုလ်တစ်ဦးထံမှ ကင်မရာတစ်လုံးကျွန်တော် ၀ယ်ယူလိုက်သည်။

အဆိုပါ ခံစားချက်ကလေးမျိုးကို ရလိုရငြား ကင်မရာတစ်လုံးနှင့် ကျွန်တော် တရစပ် အမိဖမ်းမှတ်တမ်း တင်လေသည်။

မြန်မာပြည်၏တကယ့်အလှ၊ မြန်မာပြည်၏တကယ့်ဘ၀ကို ရွှေတိဂုံဘုရားပေါ်မှာ၊ ပုဂံမြို့ဟောင်း၏ ဘုရားပြို ဘုရားပျက်များကြားမှာ ကျွန်တော်အမိအရ ရှာတော့သည်။ ထို ဘ၀ ထိုအလှများကို ရကို ရရမည်ဟု ကျွန်တော်အခိုင်အမာ ဆုံးဖြတ်ချက်ချခဲ့ပါသည်။

ထို့ကြောင့် မရေမတွက်နိုင်သော ဓာတ်ပုံများကို ကျွန်တော် ရိုက်ခဲ့သည်။
သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ပါ။ ကျွန်တော်လိုချင်သော ဓာတ်ပုံမျိုး၊ အလှမျိုး၊ ဘ၀မျိုးကို ဟုတ်ဟုတ်ငြားငြား မရခဲ့ပါ။ ကျွန်တော် မျှော်လင့်ထားသလို ဖြစ်မလာ သည်ကို တွေ့ရတော့သည်။
သည့်နောက်တွင် တဖြည်းဖြည်း ကျွန်တော် သဘောပေါက်စပြုလာသည်။

တဒင်္ဂကလေးဟူသည်မှာ မည်သည့်နည်းနှင်မျှ ထိုတဒင်္ဂကလေးတွင် ပြီးပြည့်စုံနိုင် မည်မဟုတ်။ လှုပ်ရှားမှုနှင့်ခံစားချက်၏ အစူအစဉ်ပေါ်မှာ မူတည်ပါသည်။ ထိုအစူအစဉ် သည်သာလျှင် တကယ့် ဖော်ပြချက် တကယ့်အဓိပ္ပာယ်ဖြစ်ပါသည်။

ထိုမျှမကသေး။ ဖြစ်ပျက်နေသော အစူအစဉ်သည် သူ့အလိုလို စောင့်ဆိုင်းလေ့ လာအကဲခတ် နေသူဖြစ်ပါသည်။ တဒင်္ဂလေးကို သူက အဓိပ္ပာယ်ဖွင့်ဆိုယူသည်။ ယင်းသို့ အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်း သူ့အလုံးအထည်၊ သူ့အတွေ့အကြုံ၊ သူ့ဆဟုသုတကို အခြေခံပါလိမ့်မည်။

ဧရာဝတီဖြစ်ဆိပ်တွင် အ၀တ်လျှော်နေသည့် မြန်မာအမျိုးသမီး၏ ခံစားချက်အမူ အရာကို ကျွန်တော် ကောက်ချက်ချလိုက်မိခြင်းသည် ထိုအမျိုးသမီး၏ စစ်မှန်သော ခံစားချက်အမူအရာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။

ကျွန်တော်ကိုယ်တိုင်က စစ်ကိုမုန်းတီးသည်။ အဖျက်လုပ်ငန်းများကို ရွံရှာသည်။ လူသတ်ပွဲများကို စက်ဆုပ်သည်။ ထိုအခြေခံတရားကို အရင်းခံပြီး ကျွန်တော့်ဘာသာ ကျွန်တော် ကောက်ချက်ချမိခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုအချိန်က ကျွန်တော့်ဘေးတွင် တစ်ယောက်ယောက် ရပ်နေမည်ဆိုပါက ထိုတဒင်္ဂ ကလေး ကို ကျွန်တော်မြင်သလို သူမြင် နိုင်မည်မဟုတ်ပါ။ တစ်ယောက်မက တစ်ဒါဇင်လောက် ရှိနေမည်ဆိုလျှင်လည်း မတူညီ သောတစ်ဒါဇင်လောက်အမြင်တွေ ဖြစ်ပေါ်လာပါလိမ့်မည်။

တပ်မှ ထွက်ခွင့်ရသည်နှင့် တစ်ပြိုင်တည်း အင်္ဂလန်သို့ ကျွန်တော် ပြန်သွားပါသည်။ အရှေ့တိုင်း နိုင်ငံများကို ကျွန်တော် ချစ်မြတ်နိုးပါသည်။

သို့သော်လည်း လန်ဒန်မှာ ခြေဦးတည့်ရာ လျှောက်နေရ သည့်ဘ၀သို့ ပြန်ရောက်လာပါသည်။ ကျွန်တော့် စိတ်အာရုံ များလည်း ရှုပ်ထွေးနောက်ကျိနေပါသည်။

ကျွန်တော့်မိဘများလည်း ကွယ်လွန်ကုန်ကြပြီ။ အသက်မွေးဝမ်းကျောင်းပညာ ဆိုလို့လည်း ဘာတစ်ခုမှ ကျွန်တော်မတတ်။ သံယောဇဉ်တွယ်တာစရာလည်းမရှိ။ ပိုင်ဆိုင် ပတ်သက်စရာလည်းမရှိ။

ထိုအချိန်တွင် ဦးလေးတစ်ယောက်က ဆလုံးလမ်းရှိ သူ့ကုမ္ပဏီမှာ အလုပ်ခန့်ထား ပေးပါသည်။ ကျွန်တော် အလုပ်ကြိုးစားလျှင် အစုရှယ်ယာဝင်ဖြစ်အောင် ဆောင်ကြဉ်းပေး မည်ဟုလည်း ကတိပေးပါသည်။
သည်လိုဖြင့် ကျွန်တော် ညကျောင်းပြန်တက်သည်။

အိမ်စာတွေနှင့် လုံးလားထွေး လားဖြစ်နေသည်။ ကျွန်တော် ၀ါသနာမပါသော ကုမ္ပဏီလုပ်ငန်းထဲမှာ နစ်မြှုပ်နေသည်။ သည်ဘ၀ကို ကျွန်တော် ရွံမုန်းပါသည်။ သို့သော်လည်း သည်လုပ်ငန်းများကို မိမိဆောင် ရွက်နိုင်ကြောင်း ပြကို ပြရပေတော့မည်။

သို့သော်လည်း ကျွန်တော် ဆက်လက်သည်းမခံနိုင်စွမ်း မရှိတော့ပါ။ ထို့ကြောင့် မလေးရှားနိုင်ငံရှိ ရာဘာခြံ လုပ်ငန်းတွင် သွားရောက်လုပ်ကိုင်ရန် အစီအစဉ်လုပ်ရတော့ သည်။

"မင်း ကျပ်ကျပ်စဉ်းစားနော်၊ နောင်ကျတော့မှ မှားလေခြင်းဆိုပြီး နောင်တရနေဦး မယ်"ဟု ဦးလေး လုပ်သူက ပြောသည်။

သို့သော်လည်း အရှေ့လေကို ပြန်လည်ရှုရှိုက် လိုက်ရသည်နှင့် တစ်ပြိုင်တည်း ကျွန်တော်မှန်ပြီး ဦးလေး မှားကြောင်း သဘောပေါက် နားလည်လိုက်ပါတော့သည်။

လန်ဒန်မှာနေခဲ့ရသော ကျွန်တော့်ဘ၀သည် အသက်ရှင်လျက်နှင့်သေနေရသည့် ဘ၀မျိုး။ ယခုအရှေ့ဖျား နိုင်ငံသို့ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်တည်း ကျွန်တော့်ဘ၀ကြီး တစ်ခုလုံး ပြန်လည်ရှင်သန်လာပါပြီ။ ခံစားတတ်သော အာရုံများအားလုံး နိုးကြားလာပါပြီ။

အရှေ့တိုင်း၏အလှ၊ အရှေ့တိုင်း၏ခံစားချက်၊ အရှေ့တိုင်း၏အမူအကျင့်များကို မြင်တွေ့ ရသည်နှင့် တစ်ပြိုင်တည်း စိတ်ဓာတ်များတက်ကြွလာပါသည်။ ဘူကစ်မီရာ ရာဘာခြံသို့ ရောက်ပြီး သုံးလအကြာ တစ်နည်းဆိုရသော် မလေးလူမျိုး မိန်းမပျိုကလေး ကျွန်တော့် ဗိုလ်တဲရှေ့မှ ဖြတ်မလျှောက် တော့သည့် နောက်ပိုင်းတွင် ဗလာစာအုပ်နှင့် ဘောပင်ယူပြီး ကျွန်တော် ပန်းချီစတင်ရေးဆွဲမိပါလေတော့သည်။

စတင်ရေးဆွဲစက ကျွန်တော့်ပုံများ အင်မတန်ကြမ်းတမ်းသည်မှာ မှန်ပါသည်။ သို့ သော်လည်း ကျွန်တော် စိတ်ချမ်းသာနေပါသည်။ ရုံးမှာထိုင်ပြီး လက်နှိပ်စက်တစ်လုံးနှင့် အလုပ်လုပ်နေရတာမျိုးမဟုတ်။ လက်နှိပ်စက်မှ မြင်နေကျ ခလုတ်များကိုမဟုတ်။ လက် နှိပ်စက်စားပွဲမှာ ထိုင်လိုက်မိပြီဆိုလျှင် "အရင်ကလည်း ဒီနေရာမှာ ငါထိုင်ဖူးတာပဲ" ဟူ သောအသိကြီးက ၀င်လာတတ်သည်။ ပြီးတော့ သည်လုပ်ငန်းမှာလည်း မိမိအကျွမ်းကျင် ဆုံးအတော်ဆုံးမဖြစ်နိုင်ကြောင်းပါ ခံစားလာရသည်။

အခြားလူများမှာ သူတို့လုပ်စရာ အလုပ်တွေရှိနေသည်။ သူတို့တတ်ကျွမ်းနိုင်နင်း သောအလုပ်များ ရှိနေသည်။ ထို့ကြောင့်လည်း သူတို့ကို မနာလိုဖြစ်ခဲ့မိပါသည်။

ယခုတော့ ကျွန်တော့်မှာလည်း လုပ်စရာကိုင်စရာ အလုပ်ရှိလာပါပြီ။ သည်အလုပ် ကမှ ကျွန်တော်ပိုင်ဆိုင်သောအလုပ်ဖြစ်သည်။ ရုံးစားပွဲမှာ ၀င်ထိုင်ရင်း ငြီးငွေ့သည့်စိတ်မျိုး မပေါ်။ သည်နေရာမှာ ငါ အရင်ကလည်း ထိုင်ခဲ့တာဟူသော ခံစားချက်မျိုးမပေါ်။

သည်လိုဖြင့်ပင် ပန်းချီဆွဲရခြင်းမှာ ကျွန်တော့် အာရုံများ အားလုံးကို အိတ်သွန်ဖာ မှောက်မြှုပ်ထား လိုက်ပါတော့သည်။

နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ပန်းချီဆွဲဖို့ တစ်ခုတည်းကိုသာ အာရုံဝင်စားနေမိသည်။ ပုံကြမ်း စာအုပ် ကလေးကိုလည်း ကိုယ်နှင့်မကွာ အမြဲထားသည်။ ရာဘာခြံအတွင်း လှည့် လည်စစ်ဆေး သည့်အခါတွင် လည်း ယူဆောင်သွားလေ့ရှိသည်။ စိတ်ဝင်စားဖွယ် မျက်နှာ အမူအရာများကိုတွေ့တိုင်း မလွတ်တမ်း မှတ်တမ်းတင်ရေးဆွဲခဲ့သည်။

ရုံးလုပ်ငန်းများမှ အားလပ်ချိန်ကလေးတိုင်းသည် ကျွန်တော့်အဖို့ အဖိုးမဖြတ်နိုင် အောင်တန်ဖိုး ကြီးနေတော့သည်။

ပန်းချီရေးဆွဲခြင်းနှင့် ပတ်သက်၍ ညွှန်ကြားပြသမှုများကို အငမ်းမရကျွန်တော်လု ချင်လာသည်။ ထို့ကြောင့် ပန်းချီနှင့်စပ်လျဉ်းသည့် စာအုပ်များပို့ပေးရန် စင်ကာပူနှင့်လန်ဒန် သို့စာရေးမှာလိုက်သည်။

ပန်းချီစာအုပ်များ ရောက်လာသောအခါ ကျွန်တော်သည် နွားငတ်ရေကျဖြစ်မိပါ သည်။

ပန်းချီစာအုပ်များထဲက ပုံတွေကို ပြန်ကူးဆွဲသည်။ သတင်းစာထဲက ကာတွန်းများ ကိုလည်း ကူးဆွဲသည်။ မဂ္ဂဇင်းများထဲမှ သရုပ်ဖော်ပန်းချီစာလုံးများကိုလည်း ကူးဆွဲကြည့် သည်။ သူတို့၏ ဆွဲဆောင်မှု၊ ထိရောက်မှုများ ကို သေသေချာချာ လေ့လာသည်။

တင်ကလေး ယမ်းကာယမ်းကာဖြင့် ကျွန်တော့် ဗိုလ်တဲရှေ့မှ ဖြတ်လျှောက်သွား လေ့ရှိသော တိုင်းရင်းသူမိန်းမပျိုကလေးကို ကျွန်တော် မေ့သွားပြီ။ ကျွန်တော်၏ စိတ်လှုပ် ရှားမှုများသည် မိန်းမပျိုကလေးဆီမှ ပန်းချီထဲသို့ ပြောင်းလာပြီ။

တိုင်းရင်းသူအမျိုးသမီးများနှင့် ဇာတ်မရှုပ်ဖို့ ဂျော့ဝှီးလားက တားမြစ်ထားသည်။ အမျိုးသမီးတွေနှင့် ဇာတ်မရှုပ်ရလျှင် ကျွန်တော့် ပန်းချီနှင့် ကျွန်တော် ဇာတ်ရှုပ်တော့မည်။ ထို့ကြောင့် ရှိသမျှခွန်အား၊ ရှိသမျှခံစားချက်၊ ရှိသမျှအချိန်အားလုံးကို ပန်းချီထဲသို့ ပုံအော သွန်းလောင်းချလိုက်ပါသည်။

ကျွန်တော်နှင့် မကိုက်ညီသည့် ရေးနည်းရေးဟန်များကို လက်ရှောင်ထားလိုက် သည်။ ကိုယ်ပိုင် ဟန်တစ်ခုရအောင် ကြိုးစားဖန်တီးယူသည်။

တစ်နှစ်တင်းတင်းပြည့် မြောက်သွားသောအခါ ကျွန်တော်၏ ကိုယ်ပိုင်ဟန်နှင့် အကျအနရေးဆွဲနိုင်သော အဆင့် သို့ရောက်လာသည်။

ထိုမျှမကသေး။ ကာလာဖြင့်ပါ ဆွဲတတ်လာပြီ။ စစချင်းတော့ တရုတ်ကုန်စုံဆိုင်သို့ ပြေးပြီး ကလေးတွေအသုံးပြုသည့် ဆေးရောင်စုံဝယ်ကာ အရေးကျင့်ခဲ့သည်။ ထိုမှတစ် ဆင့် အင်္ဂလန်မှ ပို့လိုက်သော ပါစတယ်နှင့် ဆက်ကျင့်သည်။ ယခုတော့ ဆီဆေးကားများ ပင်ကျွန်တော် ရေးဆွဲနိုင်ပါပြီ။

အလုပ်ချိန်အတွင်းမှာပင် ကျွန်တော် ပန်းချီထိုင်ဆွဲနေသည်ကို ဂျော့ဝှီးလားက အကြိမ်ကြိမ်မြင်သော်လည်း ကန့်ကွက်ခြင်းမရှိပါ။ မကန့်ကွက်ရုံမက အားပေးသမှုပင်ပြုပါ သည်။ ကျွန်တော်သည် သူအားအထား ရဆုံးသော လက်ထောက်တစ်ဦးလည်းဖြစ်ပါသည်။ ပန်းချီဆွဲခြင်းသည် စိတ်သန့်ရှင်း သည်ဟုလည်း သူယူဆ ပါသည်။
တပ်ဘီပင်းဖိုးက မိန်းကလေးများနှင့် ရှုပ်ရှုပ်ထွေးထွေး လုပ်ချင်သည်။ သူ့စိတ် သည် မသန့်ရှင်းဟု ၀ှီးလားက သတ်မှတ် ထားသည်။ ထို့ကြောင့်လည်း တပ်ဘီပင်းဖိုးကို အရေးကြီးသည့် တာဝန်များ ပေးအပ်လေ့ မရှိ။
ဝှီးလားက သူ့အတွက် ပန်းချီကားတစ်ကား ရေးဆွဲပေးဖို့ ကျွန်တော့်ကို တာဝန် ပေးအပ်လာပါသည်။ ထိုနျစ်သည် အယ်လီဇဘက်ဘုရင်မ နန်းတက်သည့်နှစ်လည်းဖြစ်ပါ သည်။ ပြီးတော့ ဧ၀ရက်တောင်ထိပ်ကို ရောက်အောင် အောင်မြင်စွာ တက်နိုင်သောနှစ် လည်းဖြစ်သည်။

ဧ၀ရတ်တောင်ထိပ်သို့ လူသားများ အောင်မြင်စွာေ၇ာက်သွားပုံကို ကင်းဘတ်ပေါ် တွင်ရေးဆွဲပေးပါရန် သူကပြောသည်။ နမူနာယူနိုင်ရန် တောင်တက်ခြင်းဆိုင်ရာ မဂ္ဂဇင်း များထဲမှ ဓာတ်ပုံများကိုလည်း ပေးသည်။

သူပေးသည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု ကျွန်တော်မထင်ပါ။ သို့သော်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားဆွဲပေးပါမည်ဟု ကတိပေးလိုက်သည်။

နောက်ဆုံးတော့ အတော်ညံ့သော ပန်းချီကားတစ်ချပ်ကို အောင်မြင်စွာ ရေးဆွဲနိုင် ခဲ့ပါသည်။ သို့သော် လည်း ၀ှီးလားက အလွန်သဘောကျသွားသည်။ သူ့အိပ်ခန်းနံရံပေါ် မှာတရိုတသေ ချိတ်ဆွဲထားသည်။ သူ့အိပ်ခန်း ထဲမှာ ဟိမ၀န္တာတောင်ကြီးရောက်နေသည် ဟုသူခံစား ရလေတော့သည်။

တစ်ပတ်လောက်ကြာတော့ လန်ဒန်သတင်းစာတစ်စောင်မှ ဆောင်းပါးတစ်ပုဒ်ကို သူကပြသည်။ အူလ်မန်၏ ကိုယ်ပိုင်ပန်းချီပြခန်းတွင် ပန်းချီပြပွဲကျင်းပသည့် ပန်းချီဆရာမ နှင့်ဆောင်းပါးရှင်တို့ တွေ့ဆုံမေးမြန်းခန်း ဆောင်းပါးဖြစ်သည်။ ပန်းချီဆရာမသည် အသက် သုံးဆယ့်ငါးနှစ် လောက်သာ ရှိသေးသည်။ ပန်းချီဆွဲသည့် သက်တမ်းကလည်း တစ်နှစ်မျှ သာရှိသေးသည်။ သို့သော် သူ့ပန်းချီကား များကို မြင်ရသူအားလုံး ရင်သပ်ရှုမောဖြစ်ကြရ လေတော့သည်။

"မင်းပန်းချီဆွဲတဲ့ သက်တမ်းက သူ့ထက်တောင်များသေးတာပဲ၊ မင်းကားတွေထဲက တချို့ကို ပို့ကြည့်ပါလား"ဟု ဂျော့ဝှီးလားကပြောပါသည်။

"ကျွန်တော့်ကားတွေက ဒီလောက် မကောင်းသေးပါဘူးခင်ဗျာ၊ ကိုယ့်ဟာကိုယ် တော့အတော်နိမပ်နေပြီ ထင်မိတာပေါ့လေ၊ ဒါပေမယ့် တခြားလူတွေက ဒီလိုထင်ကြမှာ မဟုတ်ပါဘူး၊ အစမ်းသပ်ခံရမှာ ကျွန်တော် မရဲဘူးခင်ဗျ"
"ဘာပဲဖြစ်ဖြစ် စမ်းကြည့်ပေါ့ကွာ၊ မင်းမှာ ဘာမှ အရှုံးမရှိနိုင်ပါဘူး"
ကျွန်တော့်ကို နှစ်ကြိမ် ဆွယ်တရားဟောရန် မလိုပါ။ ဆီဆေးကားနှစ်ချပ်နှင့်ပါစ တယ်ကား အတော် များများကို ငွေကုန်ကြေးကျ အများကြီးခံပြီး လေကြောင်းခရီးနှင့် ချက်ချင်း ပို့လိုက်တော့သည်။

သို့သော်လည်း ပန်းချီကားများကို လက်ခံရရှိပါသည်ဟူသောအကြောင်းပြန်ကြား ချက်ကလေးကိုပင် ကျွန်တော် မရခဲ့ပါ။ နောက် ရှစ်လလုံးလုံး ထိုကားများနှင့်ပတ်သက်၍ တစ်စုံတရာ မကြားရတော့ပါ။
"မင်း ဘာမှအရှုံးမရှိနိုင်ပါဘူး"ဟုပြောခဲ့သော ၀ှီးလား၏စကားမမှန်ပါ။

ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်စိတ်ချမှုကိုတော့ တစ်စုံတရာသော အတိုင်း အတာအထိ ကျွန်တော် ဆုံးရှုံးလိုက်ရပါပြီ။ သည်အကြောင်းကို စဉ်းစားမိတော့ ရှက်လည်း ရှက်မိပါသည်။ ကျွန်တော့် ပန်းချီကားများကို မြင်တွေ့ရသောအခါ သူတို့လှောင်ပြောင် နေ ကြမည်လားဟု တွေးတောမိသောကြောင့် ဖြစ်ပါသည်။

ပန်းချီကားများ ပြန်ပို့ပေးဖို့လည်း ကျွန်တော် စာရေးမတောင်းရဲပါ။ ကျွန်တော်၏ မိမိကိုယ်မိမိ ယုံကြည်မှုများသည် ယိမ်းယိုင်လှုပ်ရှားလာပါသည်။ နောက်ထပ်လည်း မကြိုး စားဝံ့တော့ပါ။

ယောက်ျားတစ်ယောက်သည် သို့ကလို စိတ်လှုပ်ရှားလာသောအခါ အမျိုးသမီးများ ဘက်သို့ ခြေဦး လှည့်တတ်ပါသည်။
သည်လိုဖြင့်ပင် စတယ်လာနှင့် ကျွန်တော် ဆုံတွေ့ချစ်ကြိုက်မိကြတော့သည်။

စတယ်လာပလိုဒင်သည် အသက်နှစ်ဆယ့်လေးနှစ်ရှိပြီး အလွန်ချောမော လှပ သောအမျိုးသမီးဖြစ်ပါသည်။ ကျွန်တော်တို့ရာဘာခြံနှင့် ကပ်လျက်ခြံတွင် သူ့အမေနှင့်လာ ရောက်နေထိုင်ဖြင်းဖြစ်သည်။ စတယ်လာ ပလိုဒင် ရောက်လာသည်ဟူသောသတင်းကြား သည်နှင့်တစ်ပြိုင်တည်း ရွာနီးချုပ်စပ်မှ ယောက်ျားသား များသာမက မိုင်ပေါင်းများစွာက ပုရိသများပါ အညှီရှိရာ ယင်အုံလာကြတော့သည်။ ကျွန်တော်လည်း သည်ထဲမှာ တစ် ယောက်ဖြစ်နေရပြီပေါ့။

တစ်နေ့တွင် စတယ်လာထံသို့ ညအိပ်ခရီးမှ မော်တော်ကားဖြင့် နောက်ပိုးလာသူ တစ်ဦးလမ်းမှာ ချုံခိုအတိုက်ခံရပြီး အသတ်ခံလိုက်ရသည်။ ထိုကစပြီး ခရီးဝေးက အမျိုး သားတွေလက်တွန့်သွားကြသည်။
နာတာလူးပွဲတော်နေ့မှာ သူ့အချစ်ကို ကျွန်တော် တောင်းခံပါသည်။

နောက်တစ်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ သူ့အချစ်ကို ကျွန်တော်လက်ခံရရှိပါ သည်။
နှစ်ဆန်းတော့ မသင်္ကာဖွယ်ရာအကြောင်းတွေ ပေါ်ပေါက်လာပါသည်။
ဧပြီလရောက်သောအခါ သူနှင့်ကျွန်တော် လက်တွဲဖြုတ်လိုက်ရပါတော့သည်။
သူနှင့်ကျွန်တော့်ကြား အဓိကပြဿနာမှာ ကျွန်တော့်ပန်းချီကိစ္စဖြစ်ပါသည်။

သူ့ပုံတူကို ရေးဆွဲခြင်းထက် မလေးရှားအမျိုးသမီးတို့၏ပုံတူကိုသာ တရစပ်ရေးဆွဲ နေသည့်အတွက် စတယ်လာ အဖို့ စိတ်ထိခိုက် ခဲ့ရပါသည်။

သည်ကိစ္စနှင့်စပ်လျဉ်းပြီး သူသဘောပေါက် နားမလည်နိုင်ပါ။ ကျွန်တော့်မှာ လိုလို ချင်ချင်ကိုယ်ဟန် ပြချင်သည့် စံပြမယ်ရှိနေပြီ။ အသားကလည်းဖြူသည်။ ညှို့ဓာတ်လည်း ရှိသည်။ လှပချောမောသည်။ ယောက်ျားတို့ တပ်မက်စေသည်။ သည်လိုမိန်းကလေးမျိုးရှိ နေပါလျက်နှင့် တိုင်းရင်းသူများထံမှာ ဘာကြောင့် ကျွန်တော့် အနုပညာများကို ဖြုန်းတီးပစ် နေရပါသနည်း။

ထို့ကြောင့် သူများစွာ စိတ်ထိခိုက်နေသည်။ ကျွန်တော်ကတော့ လုံးဝမရိပ်စားမိပါ။ သည်ပန်းချီကားများ ရေးဆွဲပြီးတိုင်း သူ့ကို ကျွန်တော်ပြလေ့ရှိသည်။ မှတ်ချက်များကို လည်း စိတ်အားထက်သန်စွာ ပေးတတ်သည်။ အမှားပါလျှင်လည်း ထောက်ပြတတ်သည်။ သို့သော်လည်း သူ့စိတ်ကို ချောက်ချား စေသည့် အမှားတစ်ခုကိုကား ထောက်ပြလေ့မရှိပါ။
ထိုအမှားကား သူ့ပုံကို ကျွန်တော် မရေးဆွဲခြင်းပင်ဖြစ်ပါသည်။

မည်သို့ဆိုစေ နောက်ဆုံးမှာတော့ သူဖုံးကွယ်မျိုသိပ်ထားနိုင်စွမ်းမရှိတော့ပါ။ သူ ပန်းချီအဆွဲခံလိုကြောင်း၊ သည်အတိုင်းနေရသည့်အတွက် သူစိတ်ပျက်ပြီး ငြီးငွေ့မိကြောင်း သူ့ကို ပန်းချီဆွဲရန် ကျွန်တော် စိတ်ဝင်စားမှုနည်းပါးသည့်အတွက် သူစိတ်ထိခိုက်ကြောင်း၊ ယနေ့မနက်ပင် သူ့အမေက ထိုကိစ္စနှင့်  ပတ်သက်ပြီး သူ့ကို မေးကြောင်း၊ သူ့ပုံတူကို ကျွန် တော်ဆွဲမဆွဲမေးခြင်းဖြစ်ကြောင်း၊

"မဆွဲ့ပါဘူး အမေရယ်... တခြားမလေး မလေးတစ်ယောက်ပုံကို သူဆွဲနေတယ်" ဟုသူပြန်ဖြေခဲ့ရကြောင်း၊ သည်လို ဖြေရသည့် အတွက် အရှက်ကြီးရှက်ခဲ့ရကြောင်း၊ ရှက်လွန်းသဖြင့် သေသာသေလိုက်ချင် ကြောင်းများ ကျွန်တော့်ကိုပြောပြသည်။

ကျွန်တော်တို့နှစ်ယောက် ဆုံတွေ့သည့်အချိန်တိုင်း သည်အကြောင်းကိုသာ အငြင်းအခုံဖြစ်ကြရသည်။ ငြင်းခုံမှုက တဖြည်းဖြည်းပြင်းထန်လာသည်။

နောက်ဆုံးမှာတော့ ခရီးလမ်းဆုံးသို့ ရောက်ကြရလေတော့သည်။
ထိုနေ့က ကျွန်တော်တို့ ပျော်ပွဲစားထွက်ကြပါသည်။ ပိန္နဲသီးများရွက်သွားသည့် မလေးအမျိုးသမီး သုံးယောက်၏ပုံကြမ်းကို ကျွန်တော်က ရေးဆွဲလိုက်သည်။ ထိုနေရာမှာ ပင် ထုံးစံအတိုင်း ငြင်းခုံပွဲ စရလေ တော့သည်။
"ကျွန်မက ဘာဖြစ်နေလို့လဲ၊ ကျွန်မဟာ သိပ်ကိုအရုပ်ဆိုးဆိုးအကျည်းတန်နေ သလား၊ ဒါမှတဟုတ် တစ်ခုခုဖြစ်နေသလား"ဟု စတယ်လာကမေးပါသည်။

"ရုပ်မဆိုးပါဘူးကွယ်...ဘာမှမဖြစ်ပါဘူး..."
"ဒါပေမဲ့ အခုလုပ်ပုံကတော့ ကျွန်မကို သိပ်စော်ကားရာကျသွားပြီ၊ ပြီးတော့ သိပ်ကို သဘာဝ ကျရာရောက်သွားပြီ"
"မလေးအမျိုးသမီးတွေကို ပန်းချီဆွဲလို့လား"
"ဟုတ်လယ်...အထူးသဖြင့် ရှင် ကားဆယ်ကားရေးရင် ကိုးကားက မိန်းကလေး တွေချည်းပဲ၊ ဘယ်လောက်စိတ်ပျက်စရာကောင်းသလဲ"
"ဒါပေမဲ့ သူတို့က သိပ်ကိုချောတယ်ကွယ်...ပြီးတော့ အင်မတန်လည်း ချစ်စရာ ကောင်းတယ်..."
"ဘုရားရေ... ရှင် ဘယ်လိုစကားပြောလိုက်တာလဲ၊ ရှင့်စကားထဲမှာ ဘယ်လို အဓိပ္ပာယ်မျိုးမှ မပါဘူးလို့ ရှင်ဟန်များဆောင်နေသလား"
"ဟန်မဆောင်ပါဘူး...ဘာအဓိပ္ပာယ်နဲ့မှပြောတာ မဟုတ်ပါဘူး၊ တကယ့်ကို ရိုးရိုး သားသားပြောတာပါ"

ကျွန်တော်တို့နှစ်ယောက် ဆယ်မိနစ်လောက်ကြာအောင် အငြင်းအခုံဖြစ်ကြသည်။ တစ်ယောက်ကို တစ်ယောက်လည်း နာနာကြည်းကြည်း စကားများ ပြောမိကြသည်။ ပြီးတော့ နှစ်ယောက်စလုံး နှုတ်ပိတ် နေမိကြသည်။ သူ့ကို ပြောမိဆိုမိသည်များနှင့်ပတ် သက်ပြီး ကျွန်တော် ရှက်လာသည်။ ထို့ကြောင့် မျက်ဖြေစကား ပြောမိတော့သည်။

"ဘာပဲဖြစ်ဖြစ်ပေါ့လေ...မင်းရဲ့ အခုပုံကို အခုပဲ ကိုယ်ပုံကြမ်းဆွဲထားလိုက်ချင်ပါ တယ်"
"ကောင်းပြီ...တစ်မိနစ်လောက်စောင့်ပါ"
စတယ်လာက ပြောပြောဆိုဆို သူ့လက်ကိုင်အိတ်ကို လှမ်းဆွဲယူသည်။
"မဟုတ်ဘူး...မဟုတ်ဘူး...မလှုပ်လိုက်နဲ့၊ အဲဒီအတိုင်းကလေးနေပါ၊ သိပ်ကိုအံ့သြ လောက်အောင် ကောင်းတဲ့ အမူအရာကလေး"
"မရူးစမ်းပါနဲ့ရှင်"

ပြောပြောဆိုဆို သူ့ဆံပင်ကို ဘီးနှင့်ဖြီးသည်။ မျက်နှာပေါ်မှာ ပေါင်ဒါဖို့သည်။ နှုတ်ခမ်းနီပြင်ဆိုးသည်။ သူ့ကိုယ်သူ အလှဆုံးဖြစ်အောင် ပြင်ဆပ်လေတော့သည်။

ကျွန်တော့်ရင်ထဲမှာ ရှိသမျှအရာအားလုံး အပေါက်ကွဲကြီးပေါက်ကွဲသွားလေပြီ။
"သူခိုးမ နည်းနည်းမှအသုံးမကျတဲ့ သူခိုးမ၊ မလေးအမျိုးသမီးတွေကို ဘာကြောင့် ငါ ပန်းချီဆွဲနေတယ် ဆိုတာ နင်ခုထက်ထိ နားမလည်သေးဘူးလား၊ ဘယ်ဟာတွေ ထူးခြား နေတယ်ဆိုတာ အခုထက်ထိ နင် မမြင်သေးဘူးလား၊ နင့်မှာမရှိတဲ့ ရိုးသား စင်ကြယ်မှုတွေ၊ သဘာဝအလှတွေ သူတို့မှာ ရှိတယ်ဆိုတာ နင် မမြင်သေး ဘူးလား" စသည်ဖြင့် ကျွန်တော် အကျယ်ကြီး အော်ငေါက် ပြောလိုက်ချင်ပါသည်။

သို့သော်လည်း ကျွန်တော့်ပါးစပ်မှ ဘာစကားမှ ထွက်မသွားတော့ပါ။

သူ့စကတ်ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြင်လိုက်သည်။ ကိုယ်ဟန်အနေ အထားကိုလည်း ပြင်ထိုင်လိုက်သည်။
"ကဲ...ရပြီ ..ကျွန်မ အဆင်သင့်ဖြစ်ပြီ..."
"ကောင်းတယ်"ဟု ကျွန်တော်က ပြောပြီး ပုံကြမ်းလောင်းလိုက်ပါသည်။
နောက်နေ့ကျတော့ ကျွန်တော်သည် စတယ်လာအလိုရှိသည့် လင်ယောက်ျားမျိုး မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် စောစောစီးစီးက လမ်းခွဲကြလျှင် ကောင်းမည်ဖြစ်ကြောင်း စတယ်လာကို ကျွန်တော် ပြောပြ လိုက်တော့သည်။

ကျွန်တော့်စကားကို ကြားတော့ စတယ်လာ လွန်မင်းစွာ တုန်လှုပ်ချောက်ချားသွား ပါသည်။
"ပတ်ဝန်းကျင်ကို ကျွန်မ ဘယ်လိုသွားပြောရမှာလဲ၊ လူတွေကို ကျွန်မ ဘယ်လိုရှင်း ပြရမလဲ"
စတယ်လာက ထိုစကားကိုသာ တွင်တွင်ပြော နေတော့သည်။ လူတွေက ဘာထင် ထင်ကျွန်တော် ဂရုမစိုက်ပါ။ သူ အရှက်တကွဲ အကျိုးနည်းဖြစ်ရမည် ဆိုသည်မှာလည်း သဘာဝတရားပင်ဖြစ်ပါသည်။

ကျွန်တော် ပန်းချီဆွဲခြင်းနှင့်ပတ်သက်ပြီး စတယ်လာ ၀မ်းနည်းပက်လက်ဖြစ်ရ သည်ကိုလည်း ကျွန်တော် သဘောပေါက်နားလည်လာပါသည်။ စတယ်လာနှင့် ပတ်သက် လာလျှင် ကျွန်တော့်ဘက်က မှန်သည် တရားသည်ဟု ကျွန်တော် လက်ခံထားပါသည်။ တကယ်ဆိုတော့ အနုပညာအတွက် ကျွန်တော်မှန်ခြင်း၊ တရားခြင်း ဖြစ်ပါသည်။

တီထွင်ဖန်တီးမှုသည် လိင်ကို အခြေခံသည်ဟု ဆိုကြပါသည်။ အခြားပန်းချီဆရာ များက ၀တ်လစ်စလစ်အမျိုးသမီးပုံများကို ရေးဆွဲကြပါသည်။ စံပြမယ်၏ ၀တ်လစ်စလစ် ကိုယ်ခန္ဓာသည် ပန်းချီဆရာ၏ အာရုံကို ဖမ်းယူထားနိုင်သည်ဟု ဆိုပါသည်။
ကျွန်တော့်အာရုံကတော့ သည်လိုမခံစားရပါ။ ၀တ်လစ်စလစ်ပုံကို ရေးဆွဲရခြင်း သည် မလေးအမျိုးသမီး များ၏ပုံကို ရေးဆွဲရခြင်းက ကျွန်တော့်စိတ်ကို ပိုမိုကြည်နူးစေပါ သည်။

မလေးအမျိုးသမီးတို့၏ သဘာဝပုံဟန်သည် ကျွန်တော့်စိတ်အာရုံကို ပိုမိုဖမ်းယူနိုင် ပါသည်။ ပိုမို သွေးကြွ စေပါသည်။ မလေးအမျိုးသမီးများဘယ်လိုပဲ ကိုယ်ဟန်ပြနေစေကာ မူကျွန်တော့်စိတ်ကို လှုပ်ရှားထကြွ စေပါသည်။

စတယ်လာက ဘယ်တုန်းကမှ ကျွန်တော့်စိတ်ကို နှိုးဆွနိုင်စွမ်းမရှိခဲ့ပါ။ ဒါကိုလည်း စတယ်လာသိခဲ့ပုံ ပေါ်ပါသည်။

"ကျွန်မပုံကို မဆွဲဘဲ မလေးအမျိုးသမီးပုံတွေကိုချည်း သူဆွဲနေတာဟာ ကျွန်မကို သူမချစ်နိုင်လို့ ဖြစ်မှာပေါ့"ဟုစတယ်လာ ပြောခဲ့ဖူးပါသည်။

ထိုအခါတွင် အနုပညာခံစားချက်နှင့်ပတ်သက်၍ စတယ်လာသဘောမပေါက် နားမလည်ကြောင်း ကျွန်တော်ပြောခဲ့ပါသည်။
သို့သော်လည်း စတယ်လာမှန်ပါသည်။ သူ့ကို ကျွန်တော် ဘယ်တုန်းကမှမချစ်ခဲ့ ဖူးပါ။ တဒင်္ဂကလေး လောက်တောင် မချစ်ခဲ့မိပါ။

စတယ်လာနှင့် ကျွန်တော် လမ်းခွဲပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် လန်ဒန်မှ စာရောက် လာပါသည်။ ကျွန်တော့်ပန်းချီကားများပို့လိုက်သော အူလ်မန်ပန်းချီ အရောင်းဆိုင်မှဖြစ်သည်။

စာနှင့်အတူ ငွေခြောက်ဆယ့်သုံးပေါင်တန် ချက်လက်မှတ်တစ်စောင်လည်းပူးတွဲ ပါလာသည်။
စာကို ဒါရိုက်တာရွိုင်းအူလ်မန်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်။

သူ့စာထဲတွင် ဆိုင်ခန်းခနှင့် ဘောင်ဖိုးများ နှုတ်လိုက်သဖြင့် ရငွေနည်းသွားသည့် အတွက် တောင်းပန် ကြောင်းပါရှိသည်။ စောစောတုန်းကဘာစာမှ မရေးခဲ့သည်နှင့်ပတ် သက်၍မူ တစ်စုံတစ်ရာ ရှင်းလင်း ဖော်ပြထားခြင်းမရှိ။

အခြား လူငယ်ပန်းချီဆရာလက်သစ်များ၏ လက်ရာများနှင့်အတူ ကျွန်တော့်ကား ဆယ့်လေးကားကို တင်သွင်းပြသခဲ့ကြောင်း၊ ကျွန်တော့်ပန်းချီကားများသည် အထားအသို အဖြတ်အတောက် နှင့် နည်းပညာပိုင်းတွင် အားနည်း နေသော်လည်း ပန်းချီကားများ၏ခံစား ချက်သည် အလွန်တရာ အားကောင်း လှကြောင်း၊ မချဲ့ထွင်ဘဲ အမှန်အတိုင်းပြောရမည်ဆို လျှင် ကျွန်တော့် ပန်းချီကားများက ပြပွဲကြီး တစ်ခုလုံးကို ဖုံးလွှမ်းကြီးစိုး သွားပါသည်ဟု ပြော ရမည်ဖြစ်ကြောင်း၊ ထိုအောင်ပွဲ အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ချီးကျူးစကားပြော သင့်ကြောင်း မည်သို့ပင်ဆိုစေ...။

ထိုမည်သို့ပင်ဆိုစေက အရေးကြီးပါသည်။ နောက်ထပ်တစ်နှစ်လောက် ကျွန်တော့် ကားများကို ပြပွဲတင်ခြင်းလုံးဝမပြုလုပ်ရန် သူကအကြံပေးပါသည်။ နောက်ထပ်တင်သွင်း မည့်ကျွန်တော့်လက်ရာများကို မည်သူမှ မမှတ်မိသည်အထိ ပိုမိုကောင်းမွန်လာအောင် ထိုတစ်နှစ်အတွက် ကျွန်တော် ရေးဆွဲနိုင်မည်ကို သံသယ မဖြစ်မိကြောင်း ရေးသားထား သည်။

"တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပြီး သမားရိုးကျမဟုတ်တဲ့ အနုပညာပါရမီ ခင်ဗျားမှာ ရှိပါတယ်၊ ခင်ဗျားဆီက အလွန်တရာပြောင်မြောက်တဲ့ ပန်းချီကားကောင်းများ ရတော့မယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားနိုင်ကြောင်းလည်း သိပါတယ်"ဟုရေးပြီး စာကို အဆုံးသတ်ထားသည်။

ထိုစာကို ဖတ်ရတော့ ပထမဦးဆုံးသော ကျွန်တော်၏ ခံစားချက်မှာ ကြီးမားသော စိတ်လှုပ်ရှားခြင်းနှင့် စိတ်အားတက်ကြွခြင်းဖြစ်ပါသည်။ ထိုသို့ ခံစားရပြီး ပန်းတိုင်သို့ အရောက်ချီတက်မည်ဟူသော ယုံကြည်ချက်နှင့် ထက်မြက်ထူးချွန်မှု ရရမည်ဆိုသော စိတ် ဆန္ဒများကို ဆက်လက်ခံစားရပါသည်။

ကျွန်တော့်ကိုယ် ကျွန်တော်လည်း "အင်မတန်ကြီးကျယ်တဲ့ ငါပါကလား"ဟုစိတ် ကြီးဝင်မိပါသည်။ ထိုအချက်ကို ဂျော့ဝှီးလားနှင့် တပ်ဘီပင်ဖိုးတို့နှစ်ယောက်ကလည်း အကဲခတ်မိကြပါသည်။ ကျွန်တော်၏ စိတ်ကြီးဝင်မှုသည် ရက်သတ္တပတ်တစ်ပတ်လောက် သာခံပါသည်။ တစ်ပတ်မျှအကြာတွင် ပုံမှန် အနေအထားသို့ ကျွန်တော် ပြန်ရောက်သွားပြီ ဖြစ်ကြောင်း ၀ှီးလားနှင့် ပင်းဖိုးတို့က မှတ်ချက်ချကြပါသည်။

တကယ်ကတော့ ပုံမှန်အနေအထားသို့ ကျွန်တော် ပြန်ရောက်သွားခြင်းမဟုတ်ပါ။ ပုံမှန်ထက်ပင် ပိုပြီး ကြုံလှီနိမ့်ကျသွားပါတော့သည်။ ကျွန်တော့်မှာ ရှိနေသည်ဆိုသော အနု ပညာပါရမီကို ရှာဖွေကြည့်မိသည်။ ဘာမှ မတွေ့ပါ။ ဘာတစခုမှလည်း ကျွန်တော် မစွမ်း ဆောင်နိုင်တော့ပါ။

ထက်မြက်ထူးချွန်မှု ရရမည်ဟူသော ယုံကြည်ချက်များလည်း လွင့်စင်ကွယ်ပျောက် ကုန်ပါပြီ။ ထိုယုံကြည်ချက်အစား ဘာမှတိုးတက်သော၊ ဘာမှ မထူးခြားသော သူလို ကိုယ်လို အမြင် ခံစား လာရပါသည်။

ထိုခံစားချက်ကြောင့် ကျွန်တော် အများကြီး စိတ်ပျက်သွားပါသည်။ အူလ်မန်၏စာ ကိုအကြိမ်ကြိမ် အခါခါ ပြန်ဖတ်ပြီး ကိုယ့်စိတ်ကိုယ် တင်းပါသည်။ ကိုယ့်ဘာသာကိုယ် အား ပေးပါသည်။ သို့သော်လည်း အချည်းနှီးပင်။ သူ့စာကို အနှစ်မပါ အကာသက်သက် ရိုးသား မှုမရှိဟု ထင်မြင်လာပါတော့သည်။

အနုပညာအာရုံများလည်း လျှော့ကျကုန်ပြီ။ ဘာတစ်ခုမှလုပ်မရတော့။
ကျွန်တော် စိတ်ပျက်မှုကြောင့် နှစ်လလုံးလုံး ပန်းချီမဆွဲနိုင်ဘဲ ရှိခဲ့သည်။ နှစ်လ ကျော်တော့မှ စိတ်က အနည်ထိုင်လာသည်။ ကျွန်တော်သည် ထူးချွန်သောပါရမီရှင် မဟုတ်သလို သူလိုငါလို အညံ့စားထဲကလည်း မဟုတ်ကြောင်း ကိုယ့်ဟာကိုယ် သိလာ သည်။

စိတ်ရှည်ရမည်၊ ဇွဲရှိရမည်၊ ကြိုးစားရမည်ဟူသော အသိတရားရလာသည်။ လူ တော်တစ်ယောက်ဖြစ်အောင်၊ ထူးချွန်သောပါရမီရှင်ဖြစ်လာအောင် စိတ်ရှည်ခြင်း၊ ဇွဲရှိခြင်း၊ ကြိုးစားခြင်း တရားများကို ခါးဝတ်ပုဆိုး လို မြဲမြဲဆောင်ရမည်ဟု သဘောပေါက်လာသည်။

ထိုအခါကျတော့မှ လွင့်စင်ကွယ်ပျောက်သွားသော အနုပညာအာရုံများ ပြန်ရလာ သည်။ ဖန်တီးတီထွင်မှု အာရုံများ ပြန်လည် ရောက်ရှိ လာတော့သည်။

နောက်တစ်လလောက်ကြာတော့ စင်ကာပူသို့ ကျွန်တော် ဆင်းသွားသည်။ ကွာ လာလမ်ပူထက်ပိုကြီးသော မြို့ကြီးများသို့ မရောက်သည်မှာ တစ်နှစ်လောက် ကြာသွားပြီ။

စင်ကာပူလို မြို့ကြီးမျိုးကို ပြန်ရောက်ရသောအခါ စိတ်လှုပ်ရှားပျော်မြူးမိပါသည်။ တစ်ဈေးဝင် တစ်ဈေးထွက်၊ လမ်းဘေးဈေးတန်းလျှောက်၊ စားသောက်ဆိုင်များမှာ ၀င်စား၊ ရုပ်ရှင်ကြည့် ပြဇာတ်ကြည့်၊ ကပွဲတွေသွားပြီး ကောင်မလေးတွေနှင့်တွဲက၊ ထင်တိုင်းပျော် ပစ်လိုက်သည်။

အပြန်မှာ ရထားနှင့်ပြန်လာခဲ့သည်။ ဘယ်နေရာကြည့်ကြည့် ရာဘာတော၊ ဘယ် နေရာကြည့်ကြည့် ရာဘာပင်။ မဆုံးနိုင်သည့် တစ်မျိုးတည်းသော မြင်ကွင်းကြီးရှိရာသို့ ပြန် သွားနေရခြင်းဖြစ်သည်။ ကျွန်တော့် အလုပ်ချိန်ကလည်း များလွန်းပါဘိ။ ပန်းချီကောင်း ကောင်းဆွဲနိုင်အောင် အားလပ်ချိန် များများစားစား မရ။

ဘူကစ်မီရာ ရာဘာခြံလုပ်ငန်းကို ကျောခိုင်းရလျှင် ကောင်းလေမည်လားဟု ကျွန်တော် စတင် တွေးတော မိတော့သည်။
မလေးရှားကိုရောက်ကတည်းက ကျွန်တော်စုထားသောငွေပေါင်းလေးရာလောက် ရှိပါသည်။ ထိုငွေသည် တစ်နှစ်လောက်ထိုင်စားနိုင်သောငွေဖြစ်ပါသည်။ ဘာအလုပ်မှ လုပ် စရာမလိုပါ။ တစ်နှစ်လုံးလုံး ပန်းချီထိုင်ဆွဲနေရုံသာဖြစ်သည်။

ကျွန်တော့်ခေါင်းထဲမှာ ထိုအတွေးပေါက်နေခိုက် ကျွန်တော့်တွဲထဲမှ ဗိုလ်မှူးတစ် ယောက်က ရုတ်တရက် သက်ပြင်းချရင်း ပြောပါသည်။

"ဟောင်ကောင်ကို ပြန်ချင်လိုက်တာနော် တကယ်ပါပဲ ...''
" ဘာဖြစ်လို့လဲဗျာ..." ဟုကျွန်တော်က မေးသည်။

"စင်ကာပူလည်း ကောင်းပါတယ်၊ ဒါပေမဲ့ ဒီလိုမြို့မျိုးကို ဘယ်နေရာမှာမဆို ရှာလို့ တွေ့နိုင်တယ်၊ ဟောင်ကောင်ကတော့ ဒီလိုမဟုတ်ဘူး၊ တကယ့်တရုတ်ပြည်ပဲ၊ မြို့လယ် ခေါင်ကနေ ဆယ့်လေးငါး မိနစ်လောက် လျှောက်ထွက်သွားရုံနဲ့ ဥရောပတိုက်သားဆိုလို့ တစ်ကောင် တစ်မြီးတောင် မမြင်ရတော့ဘူး၊ တကယ်ပါဗျာ...ယုံပါ သိပ်ကိုလှတဲ့မြို့..."

" ဟုတ်လယ်... ကျွန်တော်လည်း ကြားဖူးပါတယ်"
ထိုသို့ ကျွန်တော် ပြန်ပြောရင်း ကျွန်တော် ငယ်ငယ်က အိမ်မှာ ခန့်ထားသည့် ဥယျာဉ်မှူးကို သတိပြန်ရမိသည်။ ဥယျာဉ်မှူးသည် ဥယျာဉ်ကောင်းကောင်းလုပ်တတ်သူ တော့မဟုတ်ပါ။ သူသည် တရုတ်သင်္ဘောသားဖြစ်သည်။ သူ့လက်မှာဆေးမင်ကြောင်တွေ ထိုးထားသည်။ ခပ်မှိန်မှိန် တရုတ်နဂါးရုပ် များလည်းပါသည်။

ဟောင်ကောင်အကြောင်း သူပြောပြလေ့ရှိသည်။ ဘိန်းခန်းများအကြောင်း၊ တိုက် သင်္ဘောများအကြောင်း၊ ဗြောက်အိုးများအကြောင်း၊ ပုလဲ(မြစ်၏အမည်)အကြောင်း၊ တရုတ်အသုဘချရာတွင်တီးသည့် ဘင်တီးဝိုင်း များအကြာင်း၊ အသုဘမှာ အခကြေးငွေယူ ပြီး ငိုပေးသည့် ငိုချင်းသည်တွေအကြောင်း ပြောပြတတ်သည်။ ကျွန်တော်ကလည်း စိတ် ၀င်တစား နားထောင်ခဲ့သည်။

" တကယ်ပြောတာပါဗျာ၊ တုန်ကင်ကြီးတွေ ရွက်စုံဖွင့်ပြီး ၀င်လာပုံများမြင်စေချင် စမ်းလှတယ်၊ အင်မတန် ကြည့်လို့ကောင်းတာပေါ့၊ ကျုပ်ပြောတာယုံပါ၊ ခင်ဗျားဟောင် ကောင်ကိုတော့ မြင်ဖူးအောင် သွားကြည့်ဖို့ကောင်းတယ်" ဟုဗိုလ်မှူးကစကားဆက်ပြန် သည်။

"အင်း...သွားဖြစ်အောင် သွားမယ်ဗျာ"
ကျွန်တော့်စိတ်ကို ယတိပြတ်ဆုံးဖြတ်လိုက်ပြီး ကျွန်တော်က စကားပြန်လိုက်ပါ သည်။
"ခင်ဗျားခွင့်နဲ့သွားမှာလား"
"မဟုတ်ဘူး... အဲဒီမှာ သွားနေတော့မယ်"
ရာဘာခြံသို့ ပြန်ရောက်လျှင်ရောက်ချင်း ကျွန်တော့်ဆုံးဖြတ်ချက်ကို ဂျော့ဝှီးလား အားဖွင့်ပြောလိုက်ပါသည်။

သူ သဘောမတူပါ။ ကျွန်တော့်ကို အလုပ်သင်ဘ၀မှာပင် သူလခကောင်းကောင်း ပေးထားခဲ့သည်။ ထို့ကြောင့် သူ့ဆီမှာ အချိန်ကြာကြာ အလုပ်လုပ်လိမ့်မည်ဟု သူမျှော်လင့် ထားခဲ့သည်။ သို့သော်လည်း ကျွန်တော့်ဆုံးဖြတ်ချက်ကို ပျက်ပြားအောင် မလုပ်နိုင်တော့ ကြောင်း သဘောပေါက်သည်တွင် သူ့အနေဖြင့် မျက်နှာမပျက်အောင် ထိန်းသိမ်းရလေ တော့သည်။

"ကောင်းပြီလေ... တစ်နေ့မှာ မင်းနာမည်ကြီးပန်းချီဆရာတစ်ယောက်ဖြစ်လာမယ် ဆိုရင်တော့ မင်းအပေါ်မှာ ကျုပ်ကောင်းခဲ့ဖူးတယ် ဆိုတာလေးသတိရရတော့မှာပေါ့"ဟု သူကတည်တည်ကြီး ပြုံးပြီးပြောသည်။

သူတည်သော ၀ီစကီကို ကျွန်တော်သောက်ရင်း စိတ်လက် ပေါ့ပါးသွားသည်။ သူ လည်း သက်တောင့် သက်သာ ဖြင့် နေတတ်ထိုင်တတ် ဖြစ်သွားပါသည်။
"ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ...ဒီကိစ္စကြီး ဒီလိုဖြစ်လာရတဲ့အတွက် ခင်ဗျားကိုယ် ခင်ဗျားပြန်ပြီး အပြစ်တင်ပေတော့၊ ခင်ဗျားနဲ့သာမတွေ့ရရင် ကျွန်တော်လည်း တစ်သက် မှာပန်းချီ စဆွဲဖြစ်တော့ မှာမဟုတ်ဘူး"
ကျွန်တော်က အားပါးတရ ရယ်ရင်း ပြန်ပြောသည်။
"မင်း ဘာကိုဆိုလိုတာလဲ"
"တိုင်းရင်းသူတွေနဲ့ သွေးမနှောရဘူးလို့ ခင်ဗျား ပိတ်ပင်ခဲ့တာလေ"
"ရုတ်တရက်တော့သူနားမလည်နိုင်သလို ဖြစ်သွားပါသည်။ ဆက်စပ်မှုကိုလည်း ကြိုးစား ရှာဖွေနေပုံ ရပါသည်။
"အလကားပါကွာ...ဒီက ကောင်မလေး တွေနဲ့ မင်းတစ်ခါမှရှုပ်ဖူးတာမှမဟုတ်ဘဲ၊ မင်းက အဲဒီလိုအစား ထဲက မဟုတ်ပါဘူး"
"အင်း...တကယ်ဆိုတော့..."
ကျွန်တော့်ဗိုလ်တဲရှေ့မှ လျှောက်သွားလေ့ရှိသော မလေးလူမျိုး မိန်းမပျိုကလေး အကောင်းကို ကျွန်တော် ပြောပြရန် ကြံရွယ်လိုက်ပါသည်။ သို့သော်လည်း သူက စကား ၀င်ဖြတ်ပြောလိုက် သောကြောင့် မပြော ဖြစ်တော့ပါ။

"ဟုတ်ပါတယ်... မင်းဟာ အဲဒီလို ရှုပ်ရှုပ်ပွေပွေလုပ်တတ်တဲ့ အစားထဲကမဟုတ် ဘူး၊ မင်းစိတ်ဟာ အင်မတန်သန့်ရှင်းတယ်၊ ဧ၀ရတ်တောင်ထိပ်ပန်းချီကားကို မင်းဆွဲလိုက် ကတည်းက ငါသိတယ်၊ ဒီလိုပန်းချီကားမျိုးကို စိတ်ဓာတ်အင်မတန်သန့်ရှင်းတဲ့လူမျိုးမှ ဆွဲ နိုင်တာကွ"

ကျွန်တော့်စိတ်ရင်းအမှန်ကို ဖွင့်ပြောလိုက်လျှင် ပန်းချီကားပေါ်မှာ သူထား`၇ှိသည့် မြတ်နိုးတွယ်တာမှုများ ပျက်ပြားသွားပေတော့မည်။ ထို့ကြောင့် ဖွင့်မပြောတော့ရန် ဆုံးဖြတ် လိုက်ပါသည်။

"အဲဒီပန်းချီကားကို သဘောကျတယ်ဆိုလို့ ၀မ်းသာပါတယ်ဗျာ"
"တကယ်အနုပညာမြောက်တဲ့ ပန်းချီကားကွ"
ကျွန်တော့်နေရာကို အစားထိုးရန် ဒေသခံ တစ်ယောက်ကို ရွေးချယ်လိုက်ပါသည်။ သူ့နာမည်က ဟေးဝပ်ဘက် ဖြစ်သည်။ ၀ှီးလားထံမှ လူတွေ့အစစ်ခံပြီး ကျွန်တော်နှင့် လာ တွေ့သည်။

"ကောင်မလေးတွေနဲ့ ဇာတ်ရှုပ်မယ့် ကိစ္စတော့မပူနဲ့တော့ ကိုယ့်လူရေ... ကျုပ်က တရားသမားဗျ..." ဟုဟေးဝပ်ဘက်ကပြောသည်။

သူပြောသည့်အတိုင်းလည်းမှန်ပါသည်။ တင်ပျဉ်ခွေထိုင်ပြီး တရးမှတ်လေ့ရှိသည်။ နှာခေါင်းကို လက်ချောင်းဖြင့်ဖိပြီး အသက်ပြင်းပြင်းရှူသည်။ အသက်ရှူခြင်းကို သူ့ရှေ့မှာ ချထားသည့် နာရီနှင့် ချိန်ကိုက်ပြီး ပြုလုပ်ခြင်းဖြစ်သည်။

သူ့ကို အလုပ်လွှဲရင်း၊ ရာဘာတောထဲက အကန့်တွေကို ပြရင်းဖြင့် ရက်သတ္တပတ် ခန့် ကျွန်တော် ဆက်နေရပါသေးသည်။

အားလုံးပြီးသောအခါ ဆွီတင်ဟန်သင်္ဘောဆိပ်သို့ ၀ှီးလားကိုယ်တိုင် မော်တော် ကားမောင်းပြီး ကျွန်တော့်ကို လိုက်ပို့သည်။

မလက္ကာ၊ စင်ကာပူ၊ မနီလာနှင့် ဟောင်ကောင်သို့ ခုတ်မောင်းပြေးဆွဲနေသော နိုက်ဂျာမင်စထရယ် သင်္ဘောဖြင့် ကျွန်တော် ထွက်ခွာ ခဲ့တော့သည်။

No comments: