Thursday, December 17, 2009
ဒဂုန်ခင်ခင်လေး စာဆိုတော်
Author Biography
ဒဂုန်ခင်ခင်လေး (၁၉၀၄-၁၉၈၁)
     ၁၉၀၄ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်၊ စနေနေ့(၁၂၆၅-ခု၊ တပေါင်းလဆန်း-၆-ရက်) တွင် မန္တလေးမြို့၌ အဖ ရဲအင်စပိတ်တော် ဦးမောင်မောင်ကျော်(ခေါ်) ဦးမြတ်ကျော်နှင့် အမိ-ဒေါ်ခင်ခင်လတ် (၀က်မစွတ်မြို့ စားမင်း၏သမီး လတ်) တို့ကမွေးဖွားခဲ့။
    မျိုးနွယ် - အဖိုးဖြစ်သူ ၀က်မစွတ်မြို့စားမင်းက မြေးဖြစ်သူကို ချစ်မြတ်နိုးသည့်အတွက် မိမိအဖွားဖြစ်သူ၏ အမည်ကို ယူကာ''ခင်လေးခင်''ဟု အမည်ပေးခဲ့သော်လည်း ဒဂုန်ခင်ခင်လေးက အဖိုး၏အဘွား အမည်ကိုယူလျှင် ရိုင်းရာကျသည်ဟုယူဆ၍ ''ခင်ခင်လေး''ဟု အမည်ပြောင်းခဲ့။
    ပညာရေး - ''ကျောက်ပန်းတောင်းမြို့၊ ခုနစ်တန်းမြန်မာစာသင်ကျောင်းတွင် လေးတန်း အထိ လည်းကောင်း၊ မကွေးမြို့ အင်္ဂလိပ်ခုနစ်တန်းကျောင်းတွင် ငါးတန်းအထိလည်းကောင်း၊ ရွှေဘိုကျောင်း တွင် ခုနစ်တန်းအထိလည်း ကောင်းပညာဆည်းပူးခဲ့။
     ၁၉၁၆ - ''သူရိယမဂ္ဂဇင်း ၀တ္ထုတိုပြိုင်ပွဲတွင် ''နွဲ့နွဲ့''ဟူသောဝတ္ထုတိုကလေးစတင်ရေးပို့ရာ အကောင်းဆုံး ၀တ္ထုအ ဖြစ်ရွေးချယ်ခံရ။
     ၁၉၁၇ - ''သူရိယမဂ္ဂဇင်း-အတွဲ(၁) အမှတ်(၆)တွင် ''နွဲ့နွဲ့''၀တ္ထုဖော်ပြခဲ့။ ဆက်လက်၍ ''ရှင်မင်းညို''၊ ရဲလျှင်မင်း ဖြစ်''၀တ္ထုတိုများ ရေးသား။
     ၁၉၂၀ - ''ပြည့်နှစ်မှစ၍-ဒဂုန်မဂ္ဂဇင်းတွင်ဝတ္ထုများ၊ ဆောင်းပါးများရေးသား။ ဒဂုန်ခင်ခင်လေး ကလောင်အ မည်ခံယူ။
     ၁၉၂၁ - ''မန္တလေးမြို့၌''ကြည်တော်ဆက်''်ဝတ္ထုမဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေခဲ့။ (၁၅ ရက်တစ်ကြိမ် ထုတ်ဖြစ် ၍ မြန်မာအမျိုးသမီး စာရေးဆရာများ ဦးစီးထုတ်ဝေသော မဂ္ဂဇင်းများတွင် အစောဆုံး ဖြစ်သည်တစ်ဖန် ''နေရှင် နယ်''ဂျာနယ်တစ်စောင် ထုတ်ဝေရန် တာဝန်ခံအဖြစ်ဆောင်ရွက်ရန် စိုင်ပြင်း၊ အခြေအနေအရ မထုတ်ဖြစ်ဘဲ၊ ရပ် ဆိုင်းလိုက်ရ။ မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီအတွက် ရုပ်ရှင် ဇာတ်ညွှန်းများရေးသား ''မြားနတ်မောင်''၊ ''ရီးစားဓား ပြ'' ရုပ်ရှင်တို့သည် ဒဂုန်ခင်ခင်လေး၏ ဇာတ်ညွှန်းများဖြစ်သည်။ ဒဂုန်မဂ္ဂဇင်းတွင်ဝတ္ထု၊ ဆောင်းပါးများ ပုံမှန်ရေး သား၊ ''ကိုကိုလေး'' အမည်ဖြင့် ''မှော်ဆရာမှတ်တမ်း''၀တ္ထုများ ရေးသားသည့်အပြင် ''ရတနာပုံထိပ်တင်လှိုင်'' ဟူ သော ကလောင် အမည်ဖြင့် ဒဂုန်မဂ္ဂဇင်း''ယုဝတီစက္ခု''ကဏ္ဍတွင် အမျိုးသမီးရေးရာဆောင်းပါးများ၊ မြန်မာမှု ဆောင်းပါးများ ရေးသားသည်။ ဒဂုန်ခင်ခင်လေး စာအုပ်တိုက်ကို တည်ထောင်၍ စာအုပ်များထုတ်ဝေ။
     ၁၉၃၃ - ''နယ်ချဲ့ဆန့်ကျင်ရေးဝတ္ထု''ရွှေစွန်ညို'' ကိုရေးသားထုတ်ဝေခဲ့။ ပထမ အိမ်ထောင်နှင့် စိတ်သဘောထား ချင်း မတိုက်ဆိုင်၍ ကွာရှင်းခဲ့။ ထို့နောက်-နဂါးနီ စာအုပ်တိုက် မန်နေဂျာ ဦးအုန်းခင်နှင့် လက်ထပ်။
     ၁၉၃၉ - ''တိုင်းပြုပြည်ပြု ပုံနှိပ်တိုက် တည်ထောင်ပြီး ၀တ္ထုများအဆက်မပြတ် ရေးသားထုတ်ဝေ။ စစ်ကာလအ တွင်းတွင် ''စစ်ရောင်ခြည်''်ဝတ္ထုနှင့် ''ကမ္ဘာ့ရန်သူ'' ၀တ္ထုတို့ကို ရေးသားပြုထုတ်ဝေခဲ့။ ဂျပန်ခေတ်တွင် အစိုးရက ထုတ်ဝေသော ''ဗမာ့ခေတ်'' သတင်းစာကိုလက်ခံပုံနှိပ်ပေးရာမှ စစ်ပြီးသောအခါ ''ဗမာ့ခေတ်''သတင်းစာကို မိမိ၏ ''တိုင်းပြုပြည်ပြု''ပုံနှိပ်တိုက်က ပခုံးပြောင်းယူပြီး ကိုယ်ပိုင်သတင်းစာအဖြစ် ဆက်လက်ထုတ်ဝေသည်။
     ၁၉၄၅ - ''အောက်တိုဘာလတွင် ယုဝတီဂျာနယ်ကို ဦးစီးထုတ်ဝေခဲ့။ ''ဗမာ့ခေတ်'' သတင်းစာ တွင်လည်း ''ယုဝတီဂျာနယ်ကဏ္ဍ'' ဖွင့်လှစ်ကာ၊ အမျိုးသမီးကလောင်ရှင်များကို''ယုဝတီကလောင်ရှင်''ဘွဲ့၊ ''ယုဝတီ''ဘွဲ့များ ပေး အပ်ကာ မြေတောင်မြှောက်ပေးခဲ့သည်။
     ၁၉၅၁ - သီပေါမင်းလက်ထက်နန်းတွင်းသရုပ်ကို နောက်ခံပြု''စာဆိုတော်'' ၀တ္ထုထွက်။ အမျိုးသမီး ကလောင် ရှင်အဖွဲ့ကိုတည်ထောင်၍ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့်အပြင် စာရေးဆရာ အသင်း၏ အမှုဆောင် အဖြစ်လည်း အကြိမ်ကြိမ်ဆောင်ရွက်ခဲ့။
     ၁၉၆၁ - ''ယုဝတီ သတင်းစာ''ကို ဦးစီးထုတ်ဝေခဲ့။ ကမ္ဘာလှည့်ခရီးကိုလည်း(၂)ကြိမ်သွားရောက်ခဲ့။ ဒဂုန်ခင်ခင် လေးသည်ဝတ္ထုရှည်(၃၀)ကျော်။ ၀တ္ထုတို(၅၀)ကျော် ပြည်တွင်းပြည်ပ ခရီးသွား ဆောင်းပါး များနှင့် အထွေထွေ ဆောင်းပါး အမြောက်အမြားရေးခဲ့။ ''ရွှေစွန်ညို''၀တ္ထုကို မူလက ရွှေစွန်ညို၊ သားရွှေစွန်ညို-ဟုနှစ်တွဲခွဲထုတ်ဝေခဲ့ပြီး ရွှေစွန်ညို ဇာတ်လမ်းကို(ရီးစားဓမြ)အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။ (ပထမအကြိမ်ရိုက်စဉ်က သီပေါပါတော်မူခန်းကို ဗြိတိသျှအစိုးရက ခွင့်မပြုခဲ့။ စစ်ပြီးခေတ်တွင် ဒုတိယ အကြိမ် ရိုက်ကူးပြခဲ့သည်။) ပါးလ်ဘတ်၏ TheGood Earth ၀တ္ထုကို ''မြေပဒေသာ'' အမည်ဖြင့် မြန်မာပြန်ခဲ့။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအဖြစ်''နှစ်ပေါင်းခြောက်ဆယ်''ကိုရေးခဲ့။ ထို့ပြင် ၀တ္ထုတိုညွန့်ပေါင်းများ၊ ကမ္ဘာ လှည့် ဆောင်းပါးပေါင်းချုပ် ''ကျွန်းဦးတည့်သံလျက်ခုံ'' ခရီးသွားဆောင်းပါး စာအုပ်များရေးခဲ့။ ''စာဆိုတော်'' ၀တ္ထုမှာ မူလက ဒဂုန်မဂ္ဂဇင်းတွင် ၀တ္ထုတိုများသဖွယ်ရေးခဲ့ပြီး နောက်ပိုင်းဖြည့်စွက် ကာ (၃)တွဲခွဲ၍ ထုတ်ဝေခဲ့။
     ၁၉၈၁ - ဇွန်လ(၂၃)ရက်၊ အင်္ဂါနေ့တွင် ကွယ်လွန်ခဲ့။
    ''ထင်ရှားသော စာအုပ်အချို့''
    ၁။စာဆိုတော် ၀တ္ထုကြီး(၃)တွဲ
    ၂။ရွှေစွန်ညို
    ၃။သားရွှေစွန်ညို
    ၄။နှစ်ပေါင်းခြောက်ဆယ်(ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ)
    ၅။ ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ်
    ၆။ကျွန်းဦးတည့် သံလျက်ခုံ( ခရီးသွားဆောင်းပါးများ)
    ၇။မြေပဒေသာ (ဘာသာပြန်)
    ၈။မြိုင်ယံဘွား
    ၉။ဂုဏ်မြင့်သူ
    ၁၀။ဂုဏ်နိမ့်သူ
    ၁၁။ကျွန်းညိုညို
    ၁၂။စစ်ရောင်ခြည်
    ၁၃။ ကမ္ဘာ့ရန်သူ
    ၁၄။ဝတ္ထုတိုညွန့်ပေါင်းများ
    ၁၅။မှော်ဆရာမှတ်တမ်းများ( ကိုကိုလေး-အမည်ဖြင့်)
ကျနော် ရဲ့ ဘလော့ မှာ ကျနော် ကြိုက်တဲ့ စာအုပ် တွေကို ဖော်ပြပေးသွား ဘို့ အစီအစဉ် ရှိပါတယ်..၊ အခု မြန်မာ ရာဇဝင် တွေထဲမှာ ကျနော် အကြိုက်ဆုံး ဖြစ်တဲ့  ဒဂုန်ခင်ခင်လေး ရဲ့  စာဆိုတော် ကို တတိယ မြောက် အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
အလုပ် များနေတဲ့ ကျနော့် သမီး များကို ကိုယ်ချင်းမစာနာ ဘဲ တပူပူနဲ့ ကျနော် စာတွေကို ရိုက်ပေးဘို့ နားပူနေရင်း customer တဘက် ကျနော် တဘက် နဲ့ ဗျာများနေကြတဲ့ သမီး များကို အရင်ဆုံး ကျေးဇူးတင်စကား ပြောကြားရင်း စာချစ်သူများ အတွက် စာဆိုတော် ဝတ္ထု ကို အခန်းဆက် အနေနဲ့ ဖော်ပြပေး လိုက်ပါတယ်။
ရိုက်လို့ အဆင်မပြေတဲ့ အချိန်ဆိုရင်တော့ pdf အနေနဲ့ ဖော်ပြပေးပါမယ်..။ ယခု စာဆိုတော် စာအုပ်နဲ့ တပြိုင်တည်း အထောက်တော် လှအောင် ဘာသာပြန်တဲ့ စူဇီင်္ဝေါင်း ဝတ္ထု ကိုလည်း ဖော်ပြပေးပါမယ်.၊ စတုတ္ထ စာအုပ် အဖြစ်ပေါ့...။
ဒဂုန်ခင်ခင်လေး ဘာသာပြန်တဲ့ အမေရိကန် စာရေးဆရာမ ပါးဘတ်(စ) ရဲ့ မြေပဒေသာ စာအုပ် ကိုလည်း စာချစ်သူများ ဖတ်စေ ချင်ပါသေးတယ်..၊ စာအုပ် ရှာမရသေးတဲ့ အတွက် ယခု စူဇီဝေါင်း ကို အရင် တင်ပေး လိုက်ရပါတယ်..။ ဖတ်ပြီးသား စာချစ်သူ များအတွက်တော့ sorry ပါဘဲနော်..။
ကျနော် အခုလို ဘလော့ မှာ တင်မထားရင် လည်း ကျနော့် စာအုပ် တွေ စာဖျောက်...အဲ ချစ် သူ များဒဏ် နဲ့ စာအုပ်စင် တက်တက်ပြောင်သွားရင် လို့ စိတ်ကူးမိတဲ့ အတွက်လည်း ဖြစ်ပါတယ်..။ ကဲ စာအုပ်ငှားချင်သူ များ ဘလော့ ထဲ မှာ အပိုင်ငှားလို့ ရပါတယ်..အားပေးကြပါ..။
ဆရာမကြီး ဒေါ်ဒဂုန်ခင်ခင်လေး နှင့် ဆရာ အထောက်တော် လှအောင် တို့၏ စာပေ ဂုဏ်ကျေးဇူးကို အောင့် မေ့ လျှက်..။
ရွှေစင်ဦး
(Author Biography ကို မြန်မာ book shop မှ ကူးယူဖော်ပြပါသည်)
.
အခန်း(၁)
နောင်ဒိုင်းဟု နှစ်ချက်ဆင့်နှက်လိုက်သော ပဟိုရ် စည်တော်သံကြီးမှာ ရတနာပုံ နေပြည်တော်ကြီး တစ်ခုလုံး တုန်ဟီးလျက် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေရန်၊ အသံသြဇာဖြင့် ဖြန့်ချီ ပေးဝေဘိသကဲ့သို့ ရှိလေ၏။
အချိန်ကား လင်းအားကြီးပြီဖြစ်၍ နေမင်း၏ ရှေ့တော်ပြေးဖြစ်သော ရောင်နီတန်း မှာ အရှေ့ဘက် ရှမ်းရိုးမတောင်တန်းကြီးပေါ်မှ ပေါ်လွင်ထင်ရှား၊ အလင်းအားကို ဆောင်စေတော့၏။ 
ရတနာပုံ ရွှေမြို့တော်ကြီးမှာ ကြည်လင် ငြိမ်သက်ကြာမျိုး ငါးပါးနှင့် ပြည့်နှက်သည့် ကျုံးတော်ကြီး လေးဘက် အလယ်တွင် မြင့်မတ်သော မြို့ရိုးနှင့်ပြအိုး ပစ္စင်တို့ ဒုပိကာထိပ်ဖျားမှ တချွင်ချွင်ပြည်သော ဆည်းလည်းသံ ကလေးများဖြင့် သာယာကြည်နူးဖွယ်ဖြစ်နေစဉ်၊ မင်းတုန်းမင်းဘုရင် မင်းတရားကြီးဘုရား၏ အမိန့်တော် မြတ်အရ၊ ပြအိုးတစ်တစ်ခုလျှင် ၀တ်ဖြူစင်ကြယ် ကြေးစည်ငယ် စိတ်ပုတီးတို့ ဖြင့် ပရိတ်ကြီးကအစ ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ် ပဋ္ဌာန်းပါဠိတော်များကို ဘုရားရှိခိုးအပြီးက လင်းအားကြီးအထိ ရွတ်ဆိုရသော ရိက္ခာတော်စား လူသူတော်များမှာ နေရောင် နေရောင်ခြည် လာသည်နှင့် တစ်ပြိုင်တည်း အသီးသီး ပြအိုးထိပ်တို့မှ ကြေးစည်သံအချက်ပေးကာ ဥပဒေတယံ အစချီသော မောရသုတ် ပရိတ်တော် ကြီးကို သံပြိုင်ညီညာ၊ ရွတ်ဆို ကာဖြင့်၊ အာရုဏ်တက် အချိန်၏ သာယာခြင်းကို ဆောင်လျက် ရှိလေသည်။
များမကြာမီ သူရိယာဖလ်နေ၀န်းသည် အရှေ့ဥဒည်းစွန်းမှ ပေါ်ထွန်းပြူထွက်၍ ကြက်ပျံ မကျစည်ကား လှသော ရွှေမြို့တော်ကြီး တစ်ခုလုံးမှာလည်း၊ ဆူညံ လှုပ်ရှား လျက် အသက်ဝင်၍ လာဘိသကဲ့သို့ရှိကာ၊ မြို့တွင်း, မြို့ပြင်များတွင် ၀ါဝါထိန်ထိန်၊ သာမက ရဟန်းတို့၏ သင်္ကန်းရောင်ရှိန်သည်၊ နိစ္စဘတ်၊ ၀ိဏ္ဍပါတ် ဆွမ်းလောင်း သော အိမ်တိုင်းစေ့ ရှေ့မျက်နှာစာတွင်၊ ရှုပ်ရှက်ခတ်သွားလာ ကူးသန်းလျက် ရှိခြင်းဖြင့် သာသနာတော်၏ အရောင်အ၀ါသည် အရှေ့လောကဓာတ်မှ တက်သစ်စ နေ၀န်းနှင့် အပြိုင်အဆိုင်၊ အနိုင်လု လျက်ရှိကြောင်း ထင်ရှားလေတော့သတည်း။
 ထိုအချိန်တွင် ခြောက်စထောင်၊ ရွှေပိန်းချ စာဥရောင် နွားလား ဥဿဘတစ်စုံက သော လှည်းယာဉ် တစ်စီးမှာ၊ တံခါးနီ အပြင်လမ်းမှ ရွှေနန်းတော်ကြီးကို ပမ်း၍၊ နန်းဦးမှန်စီ ကျောင်းတော်ရှိရာသို့ ရှေ့ရှုမောင်းနှင် လာသည်ကို တွေ့မြင်နိုင်ပြီး လှည်းပေါ်တွင် အသက်သုံးဆယ်ကျော် လေးဆယ်နီးပါး အသားဖြူဖြူ အထက်တန်းကျသော နန်းတော်သူ တစ်ပါးသည် နှစ်ပတ်ရစ်ထိပ်ဆံချ ဆံထုံးနှင့် ပုလဲစစ်တစ်ကုံးကို ဆွဲကာ ပုသိန်ပါစမ္ပယ် ကြဲကို လောဘက်တင် ဒေ၀ီခြုံခြုံ လျက် စစ်ကိုင်းချိပ်ကြိုး ထဘီကိုဝတ်ခါ၊ ငြိမ်သက်တည်ကြည်စွာ လိုက်ပါလာပြီးလျှင် လှည့်းရှေ့ပိုင်းတွင် ဆွမ်းအုပ်တစ်ခုကို တင်လျက် လှည်းနောက်ပြီးတွင် နောက်လိုက် အပျိုတော်ငယ်နှစ်ဦး ဒူးပုဆစ်တုပ် ရိုသေစွာထိုင်လျက်ပါရှိ၍ လှည်းအောက်တွင် ခြေကျင်ခရီးဖြင့် ရွှေထီးတစ်လက်မိုး၍လည်း လူငယ်တစ်ယောက်က လိုက်လာခြင်း အားဖြင့်လည်း၊ မင်းမိဖုရား တစ်ပါးဖြစ်သည်ကို  သိသာနိုင်လေ၏။
ထို့နောက်အဆိုပါ လှည်းယာဉ်သည် နန်းဦးစံကျောင်းအနီးတွင် ရပ်လျက် အပျိုတော်ငယ်တို့က ဆွမ်းအုပ်ကိုပိုက်ခါ သခင်မနောက်ပါးမှ ကျောင်းပေါ် ရောက်လိုက်ပါ သွားကြလျှင် စံကျောင်း ဆရာတော် ဘုရားကား နန်းတော်တွင်းသို့ ကြွသွားတော်မူခိုက် ဖြစ်၍ ကျောင်းပေါ်ရှိ ကပ္ပိယနှင့် ကျောင်းသား တစ်စုတို့လည်း "လောင်းရှည် မိဖုရား ထွက်တော်မူလာတယ်၊ ဆရာတော်ဘုရားလဲ မရှိဘူး"ဟု အချင်းချင်း တီးတိုးပြောလျက် ဖျာသင်ဖြူးတို့ကို ထွက်၍ခင်းသူကခင်း၊ ကျောင်းတွင်း သို့ ၀င်ပြီး ရှင်သာမဏေ ဖြစ်သော သားတော်သီပေါမင်းသားကို မယ်တော် ကြွလာကြောင်း သံတော်ဦးတင်သူကတင်သဖြင့် မိခင် လောင်းရှည် မြို့စား မိဖုရားနှင့် သားတော် ရှင်သာမဏေ သီပေါမင်းသားတို့ ကျောင်းရှေ့ဆောင်တွင် တွေ့ဆုံ တော်မူကြလေ၏။
မယ်တော်မှာ သားတော်အနည်းငယ် ပိန်ချုံးနေသည်ကိုကြည့်၍ မျက်နှာတော်ပျက် လျက်၊ သားတော် ကလည်း အခြွေအရံအနည်းငယ်နှင့် ညှိုးညှိုးငယ်ငယ် ထွက်တော်မူလာသော မယ်တော်ကိုကြည့်ကာ၊ မျက်နှာတော် မသာမယာရှိလေ၏။ သား၊ မယ်တော်နှစ်ပါး လုံးပင် တစ်ဦး၏အတွင်းစိတ်ကို တစ်ဦးက အတတ်သိဘိ အလား၊ သက်ပြင်းများ တစ်ချက်စီ ချလိုက်ကာ
 "မောင်ရင်လည်း အင်မတန် အညောင်းမခံတော်မူနဲ့ဣရိယာပုတ် မမျှတော့လည်း ဝေဒနာရတော်မူဦးမယ် အခုတောင် မျက်နှာနည်းနည်းချောင်နေပြီ"
"သားတော်အတွက် စိုးရိမ်တော်မမူပါနှင့် မယ်မယ်ဖျား။ အခြွေအရံအနည်းအပါးနှင့် ထွက်တော် မူလာတာ လည်း သားတော် စိတ်မကောင်းပါ၊ အစစအရာရာ သားတော်မောင် အတွက် စိတ်ချတော်မူပါ၊ ဆရာတော် ဘုရားကလည်း နောင်တော်သာမဏေများနှင့်အတူ များစွာ အရေးယူတော်မူပါတယ်"
"သြော်... မယ်မယ်ထွက်တော်မူလာတာ၊ သိမ်သိမ်ငယ်ငယ်ရှိတယ်ထင်တော်မူ လို့လား၊ လောကဓံတရား အရှိသားပဲမောင်ရင်။ ယသော၊ အယသောတဲ့ အခြွေအရံနည်း သည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ မယ်မယ် ဘုရားမှာ မိဖုရား၊ မိဖုရားပါပဲ၊ ရွှေနန်းရှင် ဘုရားမှာလည်း မြှောက်စားရမယ့် သူတွေကများတော့ ပညာရှိ သတိ ဖြစ်ခဲဆိုသလို မေ့တော်မူတဲ့ အလှည့်လဲ ရှိဦးမပေါ့၊ ဒါနှင့်ခု မယ်မယ်များ ထွက်တော်မူ လာတဲ့ အကြောင်း ကတော့ မောင့်ရင့်ကို တွေ့မြင်ချင်တာတစ်ကြောင်း၊ မယ်မယ်ကိုယ်တိုင်လုပ်တဲ့ ဓနုထုပ် ခနုံပွင့်နှင့် ၀က်သားကြာလိပ်ကြော်ကလေးကို ဆရာတော်ဘုရားလည်း ဘုန်းပေးဖို့ ကပ်ချင် မောင်ရင်ကိုလဲ ကျွေးချင်တာတစ်ကြောင်း၊ တခြား သတင်းကောင်းကလေးတစ်ခု ကို မောင်ရင်သိအောင် ပြောချင်တာ လည်း တစ်ကြောင်းကြောင့် မယ်မယ်ကိုယ်တိုင် ထွက်တော်မူခဲ့တယ်။"
"ဘယ်လိုသတင်းကောင်းများ မိန့်တော်မူပါရန် ပါပါသလဲ မယ်မယ်ဖျား"
          "မောင်ရင်၊ ရှေ့လာမဲ့ နယုန်လ စာပြန်ပွဲမှာ၊ ၀င်နွှဲဖြေဆိုတော် မူမယ်ဆိုလို့၊ မောင့်ခမည်းတော် ဘုရားက အင်မတန်မှ အားရတော်မူနေတယ်။ ငါ့သားတော်ဟာ ဘုန်းကံပါရမီရင့်သန်တဲ့ သားတော် ဖြစ်တဲ့အတွက် သာမဏေပြု၍ တစ်နှစ်မျှအကြာမှာ ယခုလိုပထမပြန်ဝင်နွှဲနိုင်ပေတယ်လို့ ဘုန်းတော်ကြီး လှသော ဘုရားကိုယ်တော်တိုင် ညီလာခံမှာ  မိန့်တော်မူတဲ့အပြင် ငါ၏သားတော်ကို ဘုန်းကံပါရမီနှင့် ပြည့်စုံသော သားမြတ်ရတနာဖြစ်ကြောင်း ထင်ရှားအောင် ရဟန်းရှင်လူ ပြည်သူတို့ရှေ့၊ သုဓမ္မာဇရပ် တော်မှာ ပထမပြန်ဆိုစေရမယ်လို့ အမိန့်တော်ရှိတယ်၊
         အဲ...ဒီအခါမှာ မောင်ရင့်ကို ခေတ္တ လူဝတ် လဲလှယ်ပြီး အခမ်းအနား ကြီးကျယ်စွာ စီစဉ်ခင်းကျင်း ချီးမြှင့်တော်မူလိမ့်မယ်တဲ့၊ မယ်မယ်ဖြင့် မောင်ရင့် အတွက် နှစ်သက်ဝမ်းမြောက်တော်မူမိတယ်၊ မောင့်ခမည်းတော်ဟာ သာသနာတော်ရေးနှင့် စပ်ဆိုင် သမျှမှာ များစွာလိုလားနှစ်သက်တော်မူတဲ့ စိတ်တော်ရင်း ရှိတော်မူရာမှာ သားတော်တစ်ပါးက ထွန်းထွန်း ကားကား ယခုလိုပထမပြန်ဆိုတော်မူနိုင် တဲ့အတွက် တစ်မျိုးအားတက်ပြီး နှစ်သက်ဝမ်းမြောက်တော်မူလို့ မဆုံးနိုင်အောင် ဖြစ်တော်မူနေတယ်၊ သားတော်ကြီးတွေ အသီးသီးချီးမြှင့်မြောက်စားတော်မူထားတဲ့အနက် က မြင်ကွန်းစားတို့ညီအစ်ကို ဖောက်ပြန်ပစ်မှားသွားကြတဲ့အတွက် ကျန်တဲ့သားတော်ကြီး များကို စိတ်လက်ချတော်မူ၊ မည်သူကိုမှ ထူးထူးချွန်ချွန် မမြောက်စားဘဲနေခဲ့တော့ မောင့်ရင်မှာလည်း သက်တော်တစ်ဆယ့်ခြောက်နှစ်မျှ ရှိသေးတဲ့အတွက် အထက်နောင် တော်ကြီးများလို ရုတ်တရက် မမြှောက်မစား 'ပိုနေမြဲ၊ ကျားနေမြဲ' ဆိုသလို အမှတ်မထင် ထားတော်မူခဲ့ရာမှ ယခုတော့မောင်ရင့် ဘုန်းပါရမီ က နိုးကြားထကြွ၊ ဘုရားရွှေစိတ်တော် အကြိုက်နှင့်အလိုက်သင့်တွေ့ရတဲ့အတွက် ရှေ့အဖို့ မယ်မယ့် သားတော်မှာ မျက်နှာတော် ပွင့်လန်း၊ ဘုန်းပန်းညွှန့်တလူလူနှင့် ခမည်းတော်ဘုရား၏ ကြည်ဖြူမြှောက်စားခြင်းခံရချိန် ရောက်လာပြီ၊ ကြိုးစားတော်မူရင် မယ်မယ့်သား တစ်နေ့မှာ မုချ ထွန်းကား ရမယ်၊ ယခုလည်း ဘုန်းစွမ်းနဲ့ လူစ၊ ပြဖို့အချိန်အခါ နီးလာပြီ မောင်ရင်၊ မယ်မယ်ဘုရား ဒီအကြောင်းတွေ မိန့်တော်မူချင်လွန်းလို့၊ ကိုယ်တော်တိုင် ထွက်တော်မူလာတာကလား"
          "ခမည်းတော်ဘုရားက မြှောက်စားတော်မူမယ်ဆိုတဲ့သတင်းကို ကြားရတဲ့အတွက် နှစ်သက် ၀မ်းမြောက် လှပါတယ်၊ သားတော်လည်းသာသနာ့ဘောင်မှာ စိတ်ပါလက်ပါ ပျော်မွေ့စွာနေနိုင်တဲ့အတွက် ရုတ်တရက် လူဝတ်လဲရမှာကိုပင် ခပ်ခက်ခက်ဖြစ်နေပါတယ် ခမည်းတော်ဘုရားမှာ သားတော်ကြီး တွေကလည်း အများအပြား၊ ခြားနားတဲ့ တူတော်များ ကလဲ တစ်ဖုံမို့၊ ရွှေဘုံရွှေနန်းပေါ် ခေါ်ယူမြှောက်စား စေဦး၊ တစ်သက်လုံးစိတ်အေးရမယ် လို့မထင်ပါ၊ ယခုလိုအေးမြသာယာတဲ့ သာသနာတော် အရိပ်အောက် မှာဆိုတော့ အနှောင့်အယှက်မရှိလို့ တစ်သက်နဲ့တစ်ကိုယ်၊ ခိုဝင်တော့မယ်လို့ပင် ရည်ရွယ်မိပါတော့ တယ်"
             "မင်းညီမင်းသားတန်မဲ့ မဟန်တဲ့အတွေးမျိုးကို မတွေးပါလေနဲ့မောင်ရင်၊ မောင်နေ ချင်ပေမဲ့ ခမည်းတော်ဘုရားကလည်း တစ်သက်လုံး ရဟန်းဘောင်မှာ ထားချင်မှထား တော်မူမှာပါ"
            "သာသနာပြု မင်းတစ်ပါးပဲ မယ်မယ်၊ သီရိဓမ္မသောကမင်းကြီးက သားတော်မဟိန္ဒ နှင့် သမီးတော်သင်္ကမိတ္တာတို့တောင် ရဟန်းဘောင်ခွင့်ပြုတော်မူပါသေးတယ်" သားတော် ကလျှောက်လျှင် မယ်တော်လောင်းရှည်ဘုရားလည်း ငယ်စဉ်ကပင် နားအေးအေးနေတတ် သော သားတော် သီပေါမင်းအား အကြောင်းကို သိတော်မူသဖြင့် နောက်ဆုံး၌ သားတော် အလိုသို့လိုက်ခါ-
          "ကိုင်းလေ... မောင်ရင်စိတ်ချမ်းသာသလို နေပေတော့၊ သို့သော်မယ်မယ် တစ်ခု သတိပေးချင်တာက တကယ်လို့ မောင်ရင့်ခမည်းတော်က ချီးမြှင့်တော်မူတဲ့ အရာမှန်လျှင် ဘာမှ မငြင်းဆန် နဲ့နော်၊ မယ်မယ်က မောင်ရင်ကောင်းစား စေချင်လွန်းလို့ မိန့်တော်မူတာ၊ မတော်တဆ အမိန့်တော်ကို ဖီဆန်လိုက်ရင် သူလည်းအာဂသား ပါကလားလို့ အထင်မှား တော်မူသွားမယ်၊ ဘုန်းတော်ကြီး လှသော ဘုရားမှာသားတော်ကြီးတွေ သားတော်ငယ် တွေအမြောက်အမြားမို့ ဘယ်သား မိုက်တယ်၊ ဘယ်သားလိမ္မာတယ်ဆိုတာ ရွှေကဲ ကျောက်ကဲခတ်သလို အကဲခတ်နေတော်မူတုန်း ရှိသေး တယ်"
          မိန့်တော်မူနေစဉ် ဆရာတော်ဘုရား ကြွတော်မူလာသဖြင့် ၀တ်ပြုကန်တော့ နေလေသတည်း။
မနက်ဖြန် အခန်း (၂) 
.
3 comments:
Anonymous said...
wayyyyyyyyyyyyyyyy,,
ama....
thanks for sharing. I miss that book.
I love that one.
When I was 6th, student 11 yrs old. I start to read this book.
Thanks again and again.
Now I just read ur intro.
I will read after I go back home. really thanks, ama gyi.
most of books r already read. but like to read again and again.
Thanks again.
Ta kae kyay zuu tin tae.
momiji
Anonymous said...
အမ..ကျေးဇူး။
ရွှေစွန်ညိုလည်း ကြိုက်တာပဲ။ စာအုပ်က ၀င်းဦးနဲ့ခင်သန်းနုပုံတောင် မြင်လာပီ။
အမစာတွေပီးသွားရင် ပီဒီအက်ဖ် နဲ့ သိမ်းမယ်။
အမ..စာဆိုတော်က အထူကြီးရယ်..နော်..။
အကြာကြီး ရိုက်ရမှာပဲ။
အဲ့စာအုပ်က နွေကျောင်းပိတ်တိုင်း ဖတ်နေကျ ကြိုက်လွန်းလို့ .
ဝတ္တုဖတ်ခွင့်ရတဲ့အချိန် ပထမဆုံးဖတ်ခွင့်ရတဲ့ စာအုပ်ဗျ။
အရမ်းပျော်တာပဲ။ အမကို ကျေးဇူးအရမ်းကိုတင်တယ်နော်။
shwezinu said...
ညီမရေ
အမ က အခြေအနေပေးနေလို့ တင်ပေးလိုက်တာပါ ကလေးတွေ မရိုက်နိုင်တော့ တဲ့ အချိန်ကြရင် pdf အနေနဲ့ တင်ပေးမှာပါ..
စိတ်ချနော် ညီမလေး
အမြဲတန်း အမ အားတက် နေအောင် မန့်ပြီး အားပေးနေတဲ့ အတွက် တအားကျေးဇူးတင်ပါတယ်နော်
ရွှေစင်ဦး