Thursday, December 31, 2009
ပန်းသတင်း (ဒီဇင်ဘာ ၇)
ပင်လယ်ရဲ့ အတွင်းသားကို ဖွင့်ဖတ်
မိချမ်းဝေ
ဒီနေ့ "အိုအို" သိပ်ပျော်တယ်။ အိုအိုတို့ရွာက ကမ်းခြေမှာ စက်လှေတွေ မဆိုက်စဖူး အဆိုက်ထူး တဲ့အတွက် ကြောင့်ဆိုရင် မမှားဘူးပေါ့။ ရွာရှေ့ခပ်လှမ်းလှမ်းက ကျွန်းကြီး ရှည်မျောမျော လန်းပိ ကျွန်းကိုသာ နေ့တိုင်း ငေးနေရတာ၊ မြို့က စက်လှေတွေဆိုက်တဲ့ မြင်ကွင်းမျိုးက ထူးခြားနေတာ ကိုး။ လှေပေါ်က သစ်တွေ ၀ါးတွေ ချတဲ့အထိ အိုအိုငေးလို့ကောင်းတုန်း၊ နောက်မှသတိရပြီး အိမ်ပြေး ပြန်လာတော့ အိမ်မှာ အဖေက လူစိမ်း တွေနဲပ အလုပ်ရှုပ်နေပြီ။
အဖေက အလုပ်ရှုပ်နေရာက အိုအို ငေးနေတာကို သဘောပေါက်လို့ ထင်ပါရဲ့ လှမ်းပြောလိုက် တယ်။
"အိုအိုငယ် အဖေတို့ ဗိုလ်ချိုကျွန်းမှာ ဆလုံပွဲတော် လုပ်မလို့၊ အဲဒါ မင်းလည်း ကူညီရမယ်"
"ဆလုံပွဲတော်" အိုအို ဒီစကားကို နားမလည်ဘူး။ ဆလုံဆိုတာကိုတော့ သိတာပေါ့။ အိုအို ကိုယ်တိုင် ဆလုံပဲဟာ။ ဒီလိုလေ ... အို့အို့ အဖေက အထက်သား၊ မယ်မယ်ကတော့ ပင်လယ်သူ ဆလုံမပေါ့။ အဖေက ပခုက္ကူသားအစစ်တဲ့၊ ဘယ်လိုပင်လယ်ရောက်ပြီး ဆလုံနဲ့ ဖူးစာဆုံတယ် မသိ၊ အဖေက မြိတ်မှာ အလုပ် လာလုပ်ရင်း အဲဒီကမှ ဘုတ်ပြင်း၊ ဘုတ်ပြင်းကနေ ဗိုလ်ချိုကျွန်း ရောက်လာတယ်လို့ ပြောတယ်။
အဖေ့စီးပွားရေးက ဆလုံတွေ ရေအောက်ဆင်းငုပ်တဲ့ ပင်လယ်မျှော့ဖြူ၊ မျှော့မည်း၊ ပြီးတော့ ဘဲဝန်းခွံ၊ ငါးကြီးအန်ဖတ်၊ ပငိုကောင်လို အကောင်တွေက အစ၀ယ်ပြီး ပြန်ရောင်းတဲ့ အလုပ်လုပ် ပါတယ်။ ရွာမှာတော့ စားနိုင်သောက်နိုင်ထဲမှာ ပါပါတယ်။ အဖေ့အလုပ်က ဆလုံတွေနဲ့ အဆက် အဆံများတော့ အိမ်ကို ဆလုံတွေ အ၀င်အထွက်များတာပေါ့။
အခုအဖေက ရွာမှာ ဆလုံပွဲတော် လာလုပ်မယ်ပြောတော့ အိုအိုအတွက် ထူးဆန်နေတာပေါ့။ ပွဲတော်ဆိုတာ ဘာလဲ။ ဇာတ်ပွဲသွင်းတာမျိုးလား အခုအချိန် သွားမေးရင် အငေါက်ခံရမှာ သေချာ တယ်။ မယ်မယ်ကို မေးရင်ကော မယ်မယ်က နင့်အဖေ မေးလို့ ပြောမှာပါပဲ။ မယ်မယ်က ဘာကလေးပဲဖြစ်ဖြစ် အဖေပြောမှ အဖေပြောတာ အတည်။ အိမ်မှာ အဖေပြီးမှ ပြီးတယ်။
မယ်မယ်မှ မဟုတ်ပါဘူးလေ ရွာကလူတွေ အတော်များများ အဖေ့စကားဆို နားထောင်ကြတယ်။ တစ်ခုခုဆို အဖေ့လာ တိုင်ပင်တယ်။ အဖေက အားလုံးထဲမှာ ထူးခြားနေတဲ့ အထက်သားဟာကိုး၊ အထက်သားဆိုလို့ ကျွန်းပေါ်ကို တစ်ခါတစ်လေ တက်လာတတ်တဲ့ ရဲဘော်တွေက လွဲရင် အိုအိုတို့ မြင်မှ မမြင်ဖူးပဲကိုး။
အဖေကတော့ အိုအိုကို တစ်ခါပြောဖူးတယ်။ ခေါင်းကို လက်နဲ့ထောက်ပြီး "လူဆိုတာ ခေါင်းရှိရ တယ်"တဲ့။ အိုအို လေးတန်းရောက်နေပြီမို့ ဒီစကားဟာ ဦးနှောက်ကောင်းရတယ်လို့ ပြောတယ်ဆို တာနားလည် ပါတယ်။ ဆလုံတွေဆိုတာကလည်း ခေါင်းမရှိတာများတာကိုး။
"သား အိုအိုငယ် စာတတ်အောင် သင်နော်၊ သားဟာ အမေဆလုံက မွေးလို့ ဆလုံတိုင်းရင်းသား ဆိုတာ ငြင်းလို့မရပါဘူး၊ ဒါပေမယ့် ဆလုံဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် စာတတ်မှ ဖြစ်မယ်။ စာမတတ် ရင် သူများအောက်မှာ နင်းပြားဖြစ်မယ်၊ ပင်လယ်နေတဲ့ ဆလုံတွေဟာ အကြွေးတင်ရင် ဆပ်မဆုံး တော့ဘူး၊ သူများ ခေါင်းပုံဖြတ်သလောက် ခံရတာဟာ စာမတတ်လို့ပေါ့"
အဖေက အဲဒီလို ခဏခဏ ပြောတယ်။ ညနေစောင်းတော့ တောင်ရဲ့ အနောက်ဘက်ကမ်းခြေဆီ သားအဖ နှစ်ယောက် ထွက်လာရင်း အဖေက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။
"သားဟာ မကြာခင် အရွယ်ရောက်တော့မှာမို့ ကိုယ့်လူမျိုးဇစ်မြစ်ကို သိထားသင့်တယ်။ ဆလုံ တိုင်းရင်းသားတွေဟာ ရေမှာပျော်မွေ့ပြီး ဘ၀၀မ်းစာရှာဖွေရတဲ့အတွက် မွေးနှုန်းထက် သေနှုန်းများ နေပြီ။ အစိုးရက အဲဒါတွေ သိလို့ ဆလုံတွေကို စုစည်းပြီး ရွာတည်ပေးတယ်။ စာသင်ကျောင်းတွေ တည်ထောင်ပေးတယ်။ အခု ဆလုံတွေရဲ့ ဘ၀မြှင်တင်ဖို့အတွက် ဆလုံပွဲတော်လုပ်ပြီး ဆလုံတွေ ကို စုစည်းစေဦးမှာ၊ မြို့က ဧည့်သည်တွေ လာမယ်၊ အဖေတို့ ရွာခံတွေက ဧည့်သည်တွေအတွက် တည်းခို ဆောင်တွေ၊ ပြခန်းတွေ၊ ဆေးခန်းတွေ ဆောက်ရမယ်။ အဲဒါ ငါ့သားလည်း နိုင်သလောက် ကူပေါ့ကွာ"
"အခု တောင်ရှေ့မျက်နှာပြင်မှာ အဆောင်မလုံလောက်လို့ တောင်နောက်မှာအဆောင်ဆောက်ဖို့ နေရာ လာကြည့်တာ၊ နောက်ပြီးအိုအို စုဆောင်းထားတဲ့ ပစ္စည်းတွေ ဘာရှိလဲ ။ ခရုခွံလှလှကြီးတွေ ရှိရင် အဖေ့ကို ပေး၊ အဲ ... ငှားပေါ့။ ဆလုံပြခန်းမှာ အထူးအဆန်းတွေ တည်ခင်းပြထားမယ်"
"ရှိတယ် အဖေ၊ ပိုက်လှေလာတပ်တုန်းက အိုအိုရထားတဲ့ ခရုခွံကြီးတွေ ရှိတယ်။ ပြီးတော့ မြန်မာ လို အိုအို မခေါ်တတ်တဲ့ အကောင်တွေလည်း ရှိသေးတယ်။ ပွဲတော်ကျရင် ဇာတ်ပွဲတွေဘာတွေ လာက, ဦးမှာလား"
"လာမှာပေါ့၊ ဇာတ်ပွဲတင်မက ထားဝယ်တို့ကော့ သောင်းတို့က ယဉ်ကျေးမှု အကအဖွဲ့အစည်း  တွေလည်း လာမယ်။ ဒီအနီးအနား ရွာနီးချုပ်စပ်က ဆလုံတွေ စုပေါင်း က,တဲ့ ယိမ်းတွေလည်း ပါမယ်"
"ဒါဆို ပျော်စရာကြီး ဝေ့ ..."
အိုအိုတော့ ပျော်လွန်းလို့ သောင်ပြင်ဖွေးဖွေးပေါ် လျှောက်ပြေးတာကို အဖေက ပြုံးပြီးကြည့်လို့။ မနက်ဖြန် ကျောင်းရောက်ရင် ကျောင်းကကောင်တွေကို သတင်းထူးပြောရမယ်။ ဒီနေ့တော့ ကျောင်းပိတ်ထားလို့ အဖေ့နောက်လိုက်ပြီး ရှုပ်လိုက်ဦးမယ်။ လှေပေါ်က သစ်ပုံဝါးပုံတွေဆိုတာ အိုအိုတို့အိမ်ရှေ့မှာ ဟည်းဟည်းထလို့။ ရွာက ဆလုံတွေလည်း စကားတွေ ဆူဆူညံအောင် တစ်ယောက်တစ်ပေါက် ဖောက်ဖောက်လှော်လို့။
ကလေးတွေကတော့ ဘာသိမှာလဲ သောင်ပြင်မှာ ပျော်လွန်းလို့ ကျွမ်းတွေ ထိုးနေလိုက်ကြတာ။ အိုအိုကတော့ သူတို့အထင်ကြီးတဲ့ လူ (အဖေရဲ့သား)ဆိုတော့ အားလုံးထဲမှာ မျက်နှာရှိနေတော့ တာပေါ့။ ဒီအကြောင်းတွေ သိချင်တဲ့ ရွာသားတွေက ဟိုက "အိုအို" ဒီက "အိုအို" နဲ့။ မျက်နှာတွေ ပွင့်နေလိုက်။
အိုး ... ကျောင်းပိတ်လိုက်ပြီတဲ့။ ဆလုံပွဲတော်အတွက် ကျောင်းပိတ်လိုက်ပြီဆိုပဲ။ ဆရာမတွေ လည်း ပွဲတော်မှာ လုပ်အားပေးရမှာမို့ ကျောင်းကို ခဏပိတ်ထားမှာတဲ့။ ကျောင်းပိတ်ရင် ကျောင်းသား ပျော်တာပဲလေ။ အိုအိုတို့လည်း ပျော်တာပေါ့။ တကယ်ဆို ရက်နီးလာတာနဲ့အမျှ အိုအို တို့လည်း မအားပါဘူး။ အဖေ့ကို ကူရ မယ်မယ်ကို ကူရ မြို့က ဧည့်သည်တွေက အိုအိုတို့အိမ်မှာ တည်းမှာတဲ့။ တည်းခိုဆောင်တွေ အများကြီး ရှိပေမယ့် မြို့က လူကြီးတွေနဲ့ ပတ်သက်တဲ့ လူတွေ အိုအိုတို့အိမ်မှာ တည်းမှာတဲ့။ မယ်မယ်လည်း အိမ်ကို သန့်ရှင်းရေးတွေ ဘာတွေ လုပ်ရတာ မောလို့။
"အိုအိုငယ် မယ်မယ့်ကို ကူညီဦး၊ အိမ်မှာ ဗွီအိုင်ပီတွေ တည်းမှာ"
အဖေပြောတဲ့ ဗွီအိုင်ပီဆိုတာ ဘာပါလိမ့်၊ နောက်မှ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ သိရ တယ်။ လာဆိုလည်း လာပေါ့။ တစ်ကျွန်လုံး လှုပ်လှုပ်ရွရွ ... ဆူဆူညံညံနဲ့ ပြခန်းတွေ ဆောက်ကြ၊ သုံးရေ ရဖို့ လုပ်ကြနဲ့။ ရှင်းရှင်းပြောရရင် ရွာမှာက သောက်ရေတွင်းဆိုတာ တစ်တွင်းစ၊ နှစ်တွင်းစ သာရှိတာ၊ အခု လူတွေ အများကြီး လာမှာဆိုတော့ နက်နက်တူးပြီး ဘုံဘိုင်ခေါင်း တပ်ထားတာ ထူးဆန်းနေတယ်။
အို ... ထူးဆန်းတာတွေ မမြင်ဖူးတာတွေတော့ အများကြီးပါပဲ။ အဖေပြောတဲ့ ဗွီအိုပီအရေးကြီးတဲ့ လူတွေ အတွက် နေစရာအဆောင်တွေ အိမ်သာတွေ ဆောက်နေကြတာ ထူးဆန်းနေလို့ သွားကြည့်ရတာအမော။ သူတို့ အတွက် အိမ်သာနဲ့ အများသုံးတဲ့ အိမ်သာ ဘာလို့မတူသလဲ၊ အိုအို စဉ်းစားလို့ မရဘူး။
"အဲဒါ ဘိုထိုင်လို့ ခေါ်တယ်။ နိုင်ငံခြားသားတွေလည်း လာမှာလေ။ သူတို့တက်တဲ့ အိမ်သာက အဲဒီ လိုပေါ့။ နိုင်ငံခြားသာက ဆလုံတွေကို သိပ်စိတ်ဝင်စားတယ်။ ဆလုံတွေ ရေငုပ်ကျွမ်းတာ၊ ပင်လယ် ကြမ်းပြင် အောက်က ပစ္စည်းတွေ ဆင်းငုပ်ကာ သဘာဝတရားကြီးနဲ့ နီးနီးကပ်ကပ် နေထိုင်တာ သူတို့ စိတ်ဝင် စားတယ်"
သာဘ၀တရားကြီးနဲနီးနီးကပ်ကပ်နေတယ်ဆိုတာ ဘယ်လိုလဲ အဖေ ဆိုတော့ အဖေက ရယ်တယ်။ အဖေ ရယ်လိုက်ရင် သွားတွေ ဖွေးနေတာ သိပ်လှတယ် ဒီရွာက ဆလုံတွေနဲ့ မတူတာ ပေါ့။ ဒီရွာက ယောက်ျား မိန်းမအကုန် ကွမ်းတွေစားလို့ သွားတွေ ချေးကပ်ပြီး မည်းနေတာ အရုပ် ဆိုးလိုက်တာ။ အဖေ့အသား ကလည်း ပင်လယ်က လူတွေထက် ပိုဖြူတယ်။ အဖေက အိုအိုထက် တောင် ချောတယ်ပေါ့။
"နင့် မယ်မယ် ကံကောင်းတယ် ... နင့်မယ်မယ် ကံကောင်းတယ်" လို့ ရွာက ၀ုကျူးတို့ "အနောင်း" ပြောလေ့ရှိတယ်၊ အနောင်းဆိုတာ ဆလုံကု 'အမေ'ကို ပြောတာပါ။ အိုအိုတို့ကတော့ မြိတ်တို့ ဘုတ်ပြင်းတို့က ခေါ်သလို အမေကို မယ်မယ်လို့ ခေါ်တယ်။ သူတို့နဲ့တော့ ဟိုဒင်း နည်းနည်း ... မတူဘူးပေါ့။ အဲဒါလည်း အဖေ့ကြောင့် နေမှာပါ အဖေက ဒီကခေါ်သလို 'အပေါင်း'လို့ မခေါ်စေချင် ဘူး။ မြန်မာဆန်ဆန် 'အဖေ'လိုဲ့ ခေါ်စေတာပါ။ အင်းလေ ... အဖေက မြန်မာပဲဟာ မြန်မာဆန်တာ ဘာဆန်းလဲ။
ဆန်းတာက အဖေ အထက်ကို မပြန်တဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲ မသိဘူး၊ အဖေက အထက် အကြောင်း ပြောပေမယ့် ပြန်ဖို့တော့ တစ်ခါမှ စကားမဟဘူး။ မယ်မယ်ကတော့ အလည်အပတ် လိုက်ချင်ရှာတယ်။ ဟိုမှာ သွားနေဖို့တော့။ အင်း ...
"အိုအို မှတ်ထား၊ မယ်မယ်တို့ ဆလုံတွေဟာ ပင်လယ်ကိုပဲ ချစ်တယ်။ မြန်မာတွေနေရာမှာ လိုက်မနေဘူး၊ မယ်မယ် လိုက်သွားပြီး နေမယ်ဆို နင့်အဘုန်းက ပျော်မှာ မဟုတ်ဘူး။ အဘုန်း မပျော်ရင် မယ်မယ်လည်း မပျော်ဘူး"
"အဘုန်း" ဆိုလို့ အဘုန်းဆိုတာ အိုအို မယ်မယ်ရဲ့ အဖေပေါ့။ မြန်မာလိုဆို "အဘိုး"ပေါ့နော်။ အိုအိုမှာ အဘွားတော့ မရှိတော့ဘူး။ အဘုန်းက ဒုံးပုလဲအော်မှာ တခြားသမီးတစ်ယောက်နဲ့ နေတယ်။ ကျောင်းပိတ် ရင် အဘုန်းတို့ရွာမှာ သွားနေရင်းရေကူးသင်ရတာ ပျော်စရာကောင်းတယ်။ အဘုန်းလာရင် ပင်လယ်စာ တွေ ပါလာတတ်တယ်။ သဲပလုပို့ ငါးပလုပ်တို့လို စားလို့ရတဲ့ အရာတွေပေါ့။ အခုဆလုံ ပွဲတော်မှာ အဘုန်းလည်း လာမယ်တဲ့။ ပျော်စရာတွေကတော့ တစ်လှေကြီးပါပဲ။
ပြောရင်းဆိုရင်းက တဖြည်းဖြည်းနီးလာပြီ။ မနက်ဖြန်ဆို ပွဲတော်အကြိုနေ့၊ ဧည့်သည် လှေသင်္ဘောတွေ ဆိုက်တော့မှာတဲ့။ မြိတ်တို့ကော့သောင်းတို့ဘက်က လူတွေကတော့ ရိုးနေပြီ။ အိုအိုရန်ကုန်ကလူတွေကို မြင်ချင်တာ၊ ရုပ်ရှင်မင်းသားတွေ မင်းသမီးတွေလည်း ပါမယ်တဲ့။ အိုအိုလား ဝေဠုကျော်ကို ကြိုက်တယ်။ ခိုင်သင်းကြည်ကို ကြိုက်တယ်၊ သူတို့ပါလာရင် ကောင်းမှာ၊ နိုင်ငံခြားသားဆိုတာကြီးကိုလည် အိုအိုမြင်ဖူး ချင်လိုက်တာ။ မြင်ရင်တော့ ဆရာမသင်ထားပေးသလို How are you လို့ နှုတ်ဆက်လိုက်မှာပေါ့။
တကယ်တမ်း ကျွန်းပေါ်ကိုဧည့်သည်တွေ တက်လာတော့ အိုအိုတို့မှာ အပျော်လွန်ပြီး မူးတောင်မူး ကုန်တယ်။ လူတွေ...လူတွေများလှတဲ့ လူတွေ။ ဦးထုပ်ဆောင်းထားတဲ့လူ၊ ဂျင်းဘောင်းဘီဝတ်ထားတဲ့လူ၊ တိုက်ပုံ အကျ ၀တ်ထားတဲ့လူ၊ မိန်းမတွေမှာလည်း ဆံပင်အနီနဲ့မိန်းမ အ၀ါနဲ့မိန်းမ၊ နေကာမျက်မှန်နဲ့မိန်းမ၊ ဂါဝန် ကားကား ကြီးနဲ့မိန်းမ၊ ပုပုရွရွလှလှချောချော အို ဘယ်သူ့ကိုကြည့်ရမှန်းတောင် မသိဘူး။ မူးလိုက်တာ။
"အို...လုအ၀ှီး... နာကျိဆမ်း...ဂျလန်ကပ်တိုင်း-အိုး...ကူဂျက်နာ ကျိဆန်း..."
အိုအိုတို့ နားမယဉ်တဲ့ ဆလုံသီချင်းကလည်း ခလုပ်နှိပ်လိုက်ရင် အသံထွက်တဲ့ ဆီကနေထွက်လာလိုက်တာ၊ မယ်မယ် တို့ကတဲ့ အကလောက်မကြိုက်ပါဘူး၊ ရွာမှာပျော်ပွဲ ရွှင်ပွဲနတ်တင်ပွဲဆို မယ်မယ်တို့ ရွယ်တူတွေ စုပေါင်း က, နေကျ။ ထမင်းချက်တဲ့ ဒန်အိုးကြီးတွေ ပလတ်စတစ်ပုံးတွေကို ယောက်ျားတွေက အားရပါးရတီး၊ မိန်းမတွေက အားရပါးရက၊ အမယ်ကြီးတွေက အားရပါးရဆို၊ အခုတော့ ခလုပ်နှိပ်ရင် အသံမြည်တဲ့ ဟာကြီးနဲ့ ဆိုနေတာ ဆလုံသီချင်းတဲ့လား၊ ကတဲ့လူတွေ ၀တ်ထားတာက မျက်စိနောက်စရာ၊ အဲဒါ ဆလုံ ၀တ်စုံတဲ့လား။ အိုအိုရယ်ချင်တယ် ၊ ဆလုံဝတ်စုံအစစ်ဆိုရင်.......အပေါ်ပိုင်းအ၀တ်မ၀တ် ဘူးလေ အဲဒါ ဆလုံဝတ်စုံပေါ့။
ထားဝယ်သူလေးတွေ ရေအိုးရွက်ပြီးက, တာ သိပ်ကြည့်လို့ကောင်းတယ်။ ရဟယ်ရှင်×××ရဟယ် ရှင်××× လို့ဆိုပြီးကတဲ့ ယိမ်းလည်းကောင်းတယ်။ ဖျော်ဖြေရေးတွေ ခဏနားတော့ အိုအိုလည်း ပွဲကြည့်စင်နားက တိုးထွက်လာမိတယ်။ ဟူး...ချွေးတွေကိုရွှဲလို့။ ကမ်းခြေသောင်စပ်ဘက် လေကောင်း လေသန့်ရှုဖို့ ထွက်လာလည်း လူတွေကသောင်ပြင်မှာ ခြေရာချင်းထပ်နေလေတော့ လူကြဲပါးမယ်ထင် ရတဲ့ အနောက်ဘက် ကမ်းခြေဘက် ထွက်လာမိတယ်။
အနောက်ဘက်ကမ်းခြေကို သွားချင်ရင် ကုန်းမြင့်ပြေပြေကို တက်ရဦးမှာပါ။ အဲဒီဘက်အခြမ်းမှာတော့ တည်းခိုဆောင်အချို့အပြင် ဘာမှမရှိဘူး။ အေးအေးဆေးဆေး ရေကူးချင်သူတွေတော့ သွားကြမယ် ထင်တယ်။
အိုအိုတစ်ယောက်တည်း တောတန်းကလေးကနေ ကွေ့ပတ်တက်လာတော့ မမျှော်လင့်တဲ့အသံ တစ်သံကို ကြားလိုက်ရတယ်။
အလို...
ကောင်းမငယ်တစ်ယောက်ငိုနေပါလား။ အ၀ါပွင့်ပါတဲ့ ဂါဝန်ကလေးနဲ့ ကောင်းမငယ်ဟာ အိုအိုနဲ့ ရွယ်တူလောက် ရှိဦးမှာပါ။
"ဧည့်သည်ကောင်မငယ်...ဧည့်သည်ကောင်မငယ်"
ငိုနေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ပေမယ့် အိုအို့အသံကို နားလည်ဟန်မတူဘူး။ သူ့ကို ကောင်မငယ် လို့ခေါ်တာ ထူးဆန်းနေသလား။ ဒါပေမယ့် အသံတော့ထွက်လာတယ်။
"ငါ့ကို...ငါ့ကိုကူညီပါ။ အန်တီ...အန်တီ"
သူပြောနေတဲ့အန်တီဆိုတာ အိုအိုနားမလည်ဘူး။
"အန်တီ...ဘာလဲ"
"ဟိုဒင်း...အဒေါ်...အဒေါ် ငါ့အဒေါ်နဲ့ကွားသွားလို့"
ရပြီ...ဒီလောက်ဆို သဘောပေါက်ပြီ၊ ငါကူညီမယ်လို့ပြောပြီး ကောင်မငယ်ရဲ့ လက်ကိုဆွဲ တော့တွန့်ဆုတ်တွန့်ဆုတ်နဲ့ ရုန်းတယ်။ အင်းလေ အိုအိုပုံစံက သူတို့မြို့ကကောင်တွေ လိုမဟုတ်လို့ နေမှာပေါ့။ သူ့ကို ကိုယ်ကလည်း ကူညီရဦးမယ်၊ သူဖြစ်နေပုံက အိုအိုနဲ့ မတူသလို မတန်သလို။ အိုအိုဆလုံ ဖြစ်နေလို့လား။
အဖေရှိတဲ့ ဆလုံအထိမ်းအမှတ်ပစ္စည်းတွေပြထားတဲ့ အခန်းမှာတော့ လူတွေဆိုတာ ကြိတ်ကြိတ်တိုးလို့၊ ဟော...ဖျော်ဖြေရေးအစီအစဉ်တောင် ပြန်စတော့မယ်။ အဖေက အိုအိုနဲ့ ၀ါဝန်မလေးကို မြင်တော့အံ့အားသင့်လို့။ အကြောင်းစုံပြောပြတော့ အဖေက ၀ါဝန်မလေးကို စိတ်မပူနဲ့ သမီး၊ ဦးလေးကူညီမယ်တဲ့။ အဖေ့ကိုတော့ စကားသံကြောင့် သူကချက်ချင်းယုံကြည်သွားတဲ့ပုံပါပဲ။
ပြန်ကြားရေး ကိုရောက်တော့ အသံချဲ့စက်နဲ့ နာမည်တစ်ခုကို အော်ပေးလိုက်တာ မကြာခင် အဆင်ပြေသွားပါတော့တယ်။ စောစောကသူပြောတဲ့ အန်တီဆိုတာနေမှာပေါ့။ သြော်အန်တီဆိုတဲ့မိန်းမက တော်တော်ချောတာပဲ။ ပင်လယ်သူတွေနဲ့ကွာပါ့။ ဟာ...ဟ ဂါဝန်ဝါမလေးက ဒီလိုတော့ပြုံးလို့ပျော်လို့၊ သူပြုံးရင်ပါးချိုင့်ကလေးပေါ်သွားတာ ချစ်စရာ။
"ကျေးဇူးတင်လိုက်တာဟယ်၊ ငါ့အန်တီနဲ့ပြန်တွေ့အောင် ကူညီတာ၊ ငါ့နာမည်ချယ်ရီတဲ့။ နင်နာမည်ရော..."
"နာမည်လား ဗီတာ"
"ဗစ်တာလား"
"ဟင်အင်း ဗီတာ"
"ခေါ်ရခက်လိုက်တာဟာ ငါတော့ဗစ်တာပဲ ခေါ်မယ် လာ...ဟိုမှာသွားကြည့်ရအောင်၊ ပွဲပြန်စတော့မယ်"
ဟင်...သည်လိုဆိုတော့ ဂါဝန်မလေး...အဲလေ ချယ်ရီကအိုအို့ကို လက်တွေဘာတွေ ဆွဲလို့။ စောစောကနဲ့ တခြားစီ။ ဒါဆိုစောစောကနဲ့ သူ့လက်ကို အကိုင်မခံတာ အိုအို ဆလုံဖြစ်နေလို့ မဟုတ်ဘူးပေါ့။
ဟော...
အို...လုအ၀ှီးနာကျိဆမ်း×××
ညရောက်တော့ မီးပုံပွဲနားမှာ လူတွေအုံပြီး ကနေကြတာ ငြီးငွေ့လာလို့ အဖေရှိတဲ့ပြခန်း ဘက်သွားရင် ကောင်းမလား၊ အိမ်ပြန်ရင် ကောင်းမလား၊ ဗွီအိုင်ပီတွေနဲ့ တိုးကျပ်နေတဲ့ အိမ်မှာလည်း အိပ်စရာမရှိ၊ ရေလယ်မှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောကြီးဆီက ဗျောက်အိုး မီးပန်းတွေတက်လာတာ ငေးကြည့်ရင်း ချယ်ရီတစ်ယောက်ဘယ်လိုနေမှာပါလိမ့်လို့် တွေးနေမိတယ်။
"ငါတို့ရောက်တော့ အဆောင်တွေက ပြည့်နေပြီဟ၊ ငါ့အန်တီက ကုမ္ပဏီမှာ လုပ်တော့ အဖွဲ့နဲ့လာတာ၊ အဖွဲ့သားတွေက များတော့ အဲဒီဘက် မျက်နှာကအဆောင်တွေဆီ ရောက်သွားတာ၊ အလာတုန်းက သင်္ဘောကြီးပေါ်မှာ ကြောက်လိုက်တာဟယ်၊ ငါ့မှာ တစ်ချိန်လုံး အန်နေတာ၊ ဒီရောက်တော့ ပင်ပန်းပြီး အိပ်ပျော်သွားတာ သူများနိုးလို့ ကိုယ်မနိုးတော့ ကျန်ခဲ့တာပေါ့၊ အန်တီက အိပ်စေဆိုပြီး ချန်ခဲ့တာပါ။ ငါနိုးတော့ ရှေ့မှာ ပင်လယ်ပဲမြင်ရတာ ကြောက်တာပေါ့။ ကြောက်တာနဲ့ အန်တီတို့နောက် လိုက်မယ်ဆိုပြီး ထွက်လာတာ လမ်းမှားပြီး နင်နဲ့တွေ့တာလေ"
ချယ်ရီ့အသံကလေးက နားထောင်ကောင်းလိုက်တာ၊ သူ့အန်တီက အဖေနဲ့ တွေ့ပြီး အိုအို ကို အဖေ့သားမှန်းလည်းသိရော ချယ်ရီကို စိတ်ချသွားတယ်ထင်ပါရဲ့။ ကမ်းခြေမှာ ခရုကောက်သွားမယ်ဆို ထည့်တာပဲ။ အိုအိုတို့ အဘိုး ဒုံးပုလဲအော်က ရောက်လာပြီး ဆလုံ ရိုးရာ လှေတော်ပြိုင်ပွဲဝင်တာ သွားကြည့်မယ်ဆိုလည်း ထည့်တာပဲ။ တောထဲက သစ်တုံး ကြီးသုံးတုံးကို ရွယ်တူဖြတ်ပြီး အဖွဲ့သုံးဖွဲကခွဲလို့ လှေတော်ပြိုင်ကြတာ၊ အဘိုးက ခါးတောင်းမြိုင်အောင် ကျိုက်ပြီး သစ်တုံးကို ထွင်းကလော်နေတော့ ချယ်ရီက ဖင်ပြောင်ကြီး ဖင်ပြောင်ကြီးလို့ လက်ခုပ်လက်ဝါးတွေတီး ရယ်နေပုံက ချစ်စရာ၊ အဘိုးနဲ့ အတူ ပါလာတဲ့ ၀ါးပလုပ်ကို သကြားနဲ့ခေါက်ပြီး ကျွေးတာကို ကြိုက်ပေမယ့် သဲပလုပ်ကို တော့ ဟိုအကောင်နဲ့တူလို့ ရွံသတဲ့။
အိုအိုလည်း ချယ်ရီဆို ဘယ်လိုစေတနာပေါက်နေမှန်းမသိ အဖေတောင်းကုန်းက မပေးဖြစ် ဘဲ ဥစ္စာခြောက်ထားတဲ့ ခရုခွံလှလှလေးတွေထုတ်ပေးတော့ ချယ်ရီမှာ ပျော်သွားလိုက်တာ။ သူ့လည်ပင်းက ကြိုးကလေးကို အမှတ်တရ ဖြုတ်ပေးတော့ အိုအို မယူရဲဘူး။ မြို့ကလူတွေ ချမ်းသာတော့ တန်ဖိုးကြီးပစ္စည်းတွေ သုံးမှာပေါ့ အိုအိုတို့နဲ့ မတန်ပါဘူး။
"ယူပါ...ဗစ်တာရဲ့ ဒါက ပြဿနာမရှိပါဘူး၊ ဖန်စီပစ္စည်းပါ"
"ဖင်စီ ဟုတ်လား"
ဖင်စီမဟုတ်ပါဘူး၊ ဖန်စီပါ၊ ဖန်စီဆိုတာ ပေါ့ပေါ့ ပါးပါး ဈေးချိုချိုနဲ့ ၀ယ်ယူ အသုံးပြုလို့ရတဲ့ ပစ္စည်း ဆန်းဆန်းလှလှလေးတွေကို ပြောတပြါ။ ဒီဖန်စီဆွဲကြိုးလေးကို ချယ်ရီ သိပ်ကြိုက်တယ်။ ဗီတာ့ကို အမှတ်တရပေးတာလေ။ ဗစ်တာပေးတဲ့ ရောင်စုံခရုကလေးတွေကိုတော့ ဧည့်ခန်းက စာအုပ်စင်မှာ အလှထားမယ်နော်"
"ဒါဆို ကမ်းခြေက ကောက်သွားတဲ့ ခရုခွံအသေးလေးတွေကရော ဘယ်မှာသုံးမှာလဲ"
"အင်း... အဲဒါက အပေါက်ကလေးတွေ ဖောက်ပြီး အင်္ကျီလက်ဖျားတွေ၊ ကော်လာ အနားတွေမှာ သီမယ်လေ၊ ပင်လယ်က ရတဲ့ပစ္စည်း ရန်ကုန်ရောက်တော့ ဆန်းနေမှာပေါ့"
အိုအိုတော့ ချယ်ရီပြောနေတာတွေကို နားမလည်တော့ဘူး။ ခရုခွံတွေ အင်္ကျီမှာ ထည့်သီ မယ်ဆိုတာ အင်းလေ သူတို့မြို့ကြီး ပြကြီးက အိုအိုတို့ နားမလည်တာတွေနဲ့ အပြည့်ဖြစ်နေမှာပါ။ ဒါမဆန်းပါဘူး၊ အိုအိုတို့ ဆီမှာလည်း သူတို့နားမလည်တာတွေ အများကြီး မဟုတ်လား။ ဒါတွေ မြင်ဖူး၊ တွေ့ဖူးချင်လို့ မြို့ကနေ သင်္ဘောကြီးနဲ့ တကူးတက လာတာမဟုတ်လား။ အဖေတို့ ပြတဲ့ ဆလုံပြခန်းတွေမှာ လူတွေ တိုးနေတာကြည့်ပါလား။ ပြခန်းနဲ့ ကပ်နေတဲ့ ပန်းချီ အရောင်းခန်းမမှာ လည်း ဆွဲထားတဲ့ပုံက ပင်လယ်မြင်ကွင်းတွေချည်း အဲဒီအထဲမှာ အမေ့ပုံတောင် ပါသေးရဲ့။ အဖေ ကတော့ နင့်အမေဟာ မြို့မှာသာဆို မော်ဒယ်ဂဲလ်ဖြစ်ပြီတဲ့။ မော်ဒယ်ဂဲလ်ဆို ဘာလဲအဖေ ဆိုတော့ ပန်းချီဆွဲဖို့ ရှေ့မှာ သရုပ်ပြထိုင်ပေးတဲ့လူကို ပြောတာတဲ့။ ပွဲတော်ပြင်ဆင်နေဆဲ ရက်တွေ မှာအမေ့ပုံကို ပန်းချီဆရာတွေ လာဆွဲကြတာလေ၊ ပုံထဲမှာ အမေကတော့ ရှင်းရှင်းကလေးပဲ၊ ထဘီ ရင်လျားမှာ ခရုပုတီးတစ်ကုံးဆွဲလို့။ အဖေကတော့ အမေ နားမလည်တဲ့ စကားနဲ့ နချရယ် ဘူးသီးလို့ စနေလေရဲ့။
အခုအချိန်ဆို ချယ်ရီ ဘယ်မှာရောက်နေပါလိမ့်၊ မီးပုံပွဲမှာ မရှိတာတော့ သေချာပါတယ်။ နယ်လှည့်ဆက်ဆံရေးတပ်က လာပြတဲ့ ဇာတ်ပွဲမှာရော ရှိမှာလား၊ ဒါမှတဟုတ် အနောက်ဘက်က အဆောင်မှာ စောစောစီးစီး ပြန်အိပ်နေပြီလား။ မနက်ဖြန် နေ့ခင်းလောက် သင်္ဘောကြီး ပြန်ထွက် မယ်ဆိုတော့ ချယ်ရီတို့လည်း ရန်ကုန်ပြန်ပြီပေါ့။ နောက်တစ်ခါ ပြန်တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ ဒါကြောင့် ချယ်ရီ ပြန်ခါနီး တစ်ခုခု ပေးချင်စိတ်တွေ များနေလို့ ဘိုတဲတွေဘက် လာခဲ့ပါလို့ မှာထားတယ်။ မေ့များမေ့နေလို့ကတော့...
လူတွေဟာ လာတုန်းကလည်း ကပျာကရာ၊ ပြန်တော့လည်း ကသုတ်ကရက်၊ ကော့သောင်း၊ ဘုတ်ပြင်းဘက် ထွက်မည့် လှေတွေက ရေလယ်မှာဆိုတော့ သမ္ဗာန် ကလေးတွေနဲ့ ကူသယ်ခေါက်သည်ပေါ့။ ပျားအုံကို တုတ်နဲ့ထိုးသလို မွစိတက်နေတဲ့ လူတွေကို ဖြတ်ကျော်ပြီး ဘိုတဲတွေဆီ ထွက်လာတော့ အဲဒီဘက်ကမ်းခြေမှာ လူတွေရှင်းလင်းနေရဲ့။ ဘိုတဲတချို့မှာ ဘိုတွေ ရှိနေတုန်း၊ သူတို့မှာ ဓာတ်ပုံတွေ ရိုက်မဆုံးသေးဘူး။
အိုအို ရောက်ပြီး မကြာဘူး၊ ချယ်ရီရောက်တာ။ ဒီနေ့တော့ ဂါဝန်ဝါမလေး မဟုတ်တော့ဘူး၊ ဂါဝန်ပြာမလေး ဖြစ်နေပြီ။ ကောင်းကင်က ပြာပြာ ရေပြင်က ပြာပြာ၊ ဂါဝန်ကပြာပြာ...
"ဟေး... ဗစ်တာ၊ အန်တီတို့အဖွဲ့ ကျွန်းကို တစ်ပတ် ပတ်ကြည့်မယ်ဆိုပြီးလှေနဲ့ ထွက်သွား ကြပြီ၊ နင်ငါ့ကို လက်ဆောင်ပေးဦးမယ်ဆို မြန်မြန်ပေးလေ"
"ပေးမှာပေါ့ဟ... ပေးချင်လို့ ဒီကိုခေါ်ထားတာ ခဏလေး"
အိုအိုလေ ပြောပြောဆိုဆို အပေါ်အင်္ကျီချွတ်ပြီး ဘောင်းဘီတိုကလေးနဲ့ ၀ုန်းဆို ရေထဲခုန်ချ လိုက်တာပေါ့။ ဘိုတဲတွေက ရေထဲထုတ်ထားတာဆိုတော့ ခုန်ချတာနဲ့ ရေနက်ထဲရောက် သွားရော နည်းနည်းလေး ဆက်ငုပ်လိုက်တာနဲ့ အိုအို လိုချင်တဲ့ အရာကို စမ်းမိ တယ်။ ဒါတိုင်း ဒီလောက် ယူရမခက်ပါဘူး၊ အခုစိတ်လှုပ်ရှားနေလို့လား မသိဘူး ခဲရာခဲဆစ် ဖြုတ် နေရတာ၊ ကျိုးသွားပဲ့သွားလို့ မဖြစ်ဘူး။ ဒါမျိုးက မကျိုးမပဲ့မှ အဖိုးတန်တာ။ ဟော... ရပြီ... ရပြီ..
အိုအို ရေပေါ်ကို ဘွားခနဲ့ ပေါ်လာတော့ ဘိုတဲပေါ်မှာ လူတွေအများကြီး ဖြစ်နေပြီ၊ အံ့သြစရာ၊ ဟင်... ချယ်ရီကလည်းငိုလို့။
"ကောင်းလေးတစ်ယောက် ရေထဲဆင်းသွားတာ မပေါ်လာတော့ဘူး။ လုပ်ပါဦး-ကယ်ပါဦး ဗစ်တာ... ဗစ်တာရေ..."
"ရေထဲ ဆင်းသွားတာ ဧည့်သည်လား၊ ဒီကရွာခံလား..."
"ဆလုံဆိုရင် မပူနဲ့ ပြန်ပေါ်လာလိမ့်မယ်"
တစ်ယောက် တစ်ပေါက် အသံဗလံတွေ ဆူညံလှချည့်၊ လက်စသတ်တော့ အိုအို မပြောမဆို ရေထဲဆင်းသွားတာ ချယ်ရီလန့်သွားတယ် ထင်ပါရဲ့။ ရေနစ်ပြီလို့လည်း ထင်နေမှာ အိုအိုကို မြင်တော့ လူတွေ သဘောပေါက်သွားကြတယ်။
ချယ်ရီကလည်း အငိုမျက်လုံး အပြုံးမျက်နှာနဲ့
"ဘာဖြစ်ရမှာလဲ၊ နင့်အတွက် ကျောက်ပန်းခက် ဆင်းငုပ်တာလေ"
"ဘုရားရေ..."
"ဒီကျောက်ပန်းခက်က ရေအောက်မှာနေတာ အောက်မှာ ရေညှိရေမှော်တွေနဲ့ဆိုတော့ ညှီနံ့နံ့နေသေးတယ်၊ မြို့ရောက်ရင် မိုးရေထဲ ပစ်ထားလိုက်၊ ဒါဆို ဖွေးဖွေးဖြူလာမယ်၊ နင့်အတွက် ငါ့ရဲ့ လက်ဆောင်၊ နင်ပြောတဲ့ ဖန်စီတော့ မဟုတ်ဘူးနော်"
စီတော့မှ ချယ်ရီက ဟက်ဟက်ပက်ပက် ရယ်ပြီး ကျောက်ပန်းခက်ကြီးကို လှမ်းပွေ့တယ်။ လူတွေကလည်း အုံကြည့်လို့၊ အဖေတို့ ပြခန်းဘက်ရောက်တော့ အဖေက စက္ကူဗူးကလေး တစ်ခုထဲကို ထည့်ပြီး အပြင်က သေသေချာချာ ကြိုးနဲ့ ချည်ပေးတယ်။
"ဗစ်တာရယ်၊ ငါ နင့်ကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ရေအောက်မှ ခဲရာခဲဆစ် ဆင်းငုပ်ပေးတဲ့ လက်ဆောင်ကို အမြတ်တနိုးထားပါမယ်။ နင်တို့ ဆလုံတွေမှာ သဘာဝတရားက ပေးအပ်တဲ့ စွမ်းအင်တစ်မျိုး ရှိတယ်ဆိုတာ ငါယုံသွားပါပြီ။ နင်နဲ့ ခင်မင်ခဲ့ရတာ၊ နင်ကျွေးတဲ့ အစာတွေ စားရတာ၊ နင်ပေးတဲ့လက်ဆောင်တွေ ယူရတာနဲ့ ပတ်သက်ပြီး မြို့က ငါ့သူငယ်ချင်းတွေကို ပြောပြပါ့မယ်။ နင့်ပုံတွေလည်း ဟောဒီ ငါ့ကင်မရာလေးထဲမှာ အများကြီး။ ဘယ်တော့်မှ မမေ့ကြေးနော်။ နောင်နှစ် ဆလုံပွဲတော်မှ ငါလာဦးမယ်၊ နင်မျှော်နေပေါ"
အဲဒီနေ့က အနောက်ဘက် အဆောင်ကနေ အိုအို ကိုယ်တိုင် သင်္ဘောကြီးပေါ်ကို လိုက်ပို့ ဖြစ်တာ အမှတ်တရ ပါပဲ။ အဖေလည်း မနေနိုင် မထိုင်နိုင် သူ့ပြခန်းကြီးပစ်ပြီး အိုအို သွားချင်တဲ့ နောက်လိုက်ပေးရတာ။ သင်္ဘောကြီးက အခြားလှေတွေလိုပဲ ရေလယ်မှာပဲ ဆိုက်ထားတာမို့ သမ္ဗာန်သုံးစီးနဲ့ လိုက်ပို့ရတာပါ။ အပေါ်မှာ လူပိုနေခွင့် မရှိလို့ ကျွန်မကြီးဆီ မြန်မြန် ပြန်လာပြီး ဘိုတဲ တွေပေါ်ကနေ သင်္ဘောကြီးကို ခပ်ငေးငေးကြည့်နေမိတာ အိုအို တစ်ယောက်တည်းပေါ့။
သင်္ဘောကြီး ထွက်တော့ လက်ရန်းကို မှီပြီး ဗိုလ်ချိုကျွန်းကို ငေးနေတဲ့ ဂါဝန်ပြာပြာကလေး မျက်စိရှေ့က ပျောက်တဲ့အထိ ဘိုတဲပေါ်မှာ အိုအို ထိုင်နေမိတယ်။ သွားကြပြီ၊ သွားကုန်ကြပြီ၊ ရင်ထဲမှာ ဟာတာတာနဲ့ ဘယ်လိုခံစားမှုမျိုးမှန်း မသိတဲ့ ခံစားမှုတစ်မျိုး အိုအို စိတ်ကို လေးပင်စေတယ်။ တစ်ယောက်ယောက်ကို ပြောပြလို့မရတဲ့ ပြောပြလို့ မတတ်တဲ့ ဟာမျိုးပါ၊ အိုအို မပျော်တာ သေချာပါတယ်။
သောင်ပြင်ဖြူဖြူမှာ ကျွတ်ကျွတ်အိတ်တွေ ပလူပျံလို့။ ပြခန်းတွေဆီက ဖြုတ်သိမ်းတဲ့ သစ်ဝါးတွေဟာ အပုံလိုက်၊ ဆလုံတဲတွေရှေ့မှာတော့ ဆလုံအဘွားအိုတွေဟာ ပူလွန်းလို့ ထင်ပါရဲ့ ထဘီရင်လျားနဲ့ သဲပြင်မှာဆင်းပြီး လူးလှိမ့်နေလေရဲ့။ သူတို့က သူတို့သဘာဝ အတိုင်း နေပေမယ့် လက်ကျန် မပြန်သေးတဲ့ နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်နေတာတော့ အိုအို မကြိုက်ပါဘူး။ ဆလုံဆိုတာ သဲတောမှာ တိုးနေတဲ့ လူလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။
ပွဲတော် မစခင်တက်ကြွသလောက် ပွဲတော်ပြီးဆုံးသွားတဲ့အခါ အိုအို စိတ်တွေ မပျော်ရွှင် တော့တာ ဘာကြောင့်လဲ၊ ချယ်ရီဆိုတဲ့ မြို့သူလေးကြောင့် ထင်တယ်။ အသံစာစာကလေးကို နားထဲက မထွက်ဘူး။ ပါးချိုင့်ကလေးကိုရော၊ အငိုမျက်လုံး အပြုံးမျက်နှာကလေးကိုရော... လက်က အဖေ့ကို ကူနေရပေမယ့် စိတ်ကတော့ အဝေးမှာ၊ မျက်စိက သင်္ဘေးကြီးထွက်ခွာရာ ပင်လယ်ပြင်ဆီ။
တဖြည်းဖြည်းနဲ့ ဗိုလ်ချိုကျွန်းဟာ အရင်အတိုင်း နေသားတကျ ဖြစ်သွားပါပြီ။ အိုအိုတို့ ကျောင်းတွေလည်း ပြန်ဖွင့်ပြီ။ စာတွေလည်း ပြန်သင်နေရပြီ။ အဖေက အိုအိုကို စာကြိုးစားတဲ့၊ စာတတ်မှ လူရာဝင်မှာတဲ့၊ ငါ့သားကို မြို့ကြီးပြကြီးပို့ပြီး ပညာသင်စေမယ်တဲ့။ ဆလုံတွေ ဘ၀မြှင့်တင်ဖို့ ဆလုံတွေ စာတတ်မှ ဖြစ်မယ်တဲ့။ ကျောင်းမှာတော့ ဆလုံပွဲတော်ရဲ့ ပျော်စရာ ရွှင်စရာ အကြောင်းတွေတစ်ယောက်တစ်ပေါက် ပြောလို့မကုန်ကြဘူး။ တစ်ခါမှ မတွေ့ဖူးတာတွေ ကြာရဆိုတော့ ပြောမဆုံးဖြစ်နေတော့တာပေါ့။ ဒီကြားထဲမှာ အိုအို တစ်ယောက်ပဲ အသံတိတ်နေတာ။ မပြောချင်ဘူး၊ အိုအို ကြုံတွေ့ခဲ့ရတာတွေဟာ အိုအိုတစ်ယောက်တည်းနဲ့ သက်ဆိုင်တယ် မဟုတ်လား။ တခြားလူတွေ ကြားသွားမှာ စိုးတာလည်း ပါတာပေါ့။ ဘာကြောင့် မှန်းမသိ၊ ချယ်ရီအကြောင်းကို ဘယ်သူမှ မသိစေချင်ဘူး။ ဒါကြောင့် လူကြားထဲမှာ ဒီအကြောင်း တွေ မပြောဘူး။ ဒါပေမယ့် အဖေက သိတယ်၊ ဘာဖြစ်လို့လဲ မသိဘူး၊ အိုအို ပင်လယ်ဘက် မျှော် နေတဲ့ကိစ္စကို အဖေသိနေတယ်။ အဖေက တစ်ခွန်းပဲ ပြောတယ်။
"ချယ်ရီနဲ့ ပြန်တွေ့ ချင်ရင် စာကြိုးစား"တဲ့။
အချိန်တွေဟာ မြန်မြန်ကြီး ကုန်ဆုံးသွားတယ်။ ကောင်းကင်ကြီးက ပြာဆဲ၊ ပင်လယ်ပြင် လည်းပြာဆဲ၊ ဂါဝန်ပြာမလေးရေ... အခုဆိုရင် ခြောက်နှစ်ဆိုတဲ့ အချိန်ဟာ ဖြတ်သန်းလွန် မြောက် ခဲ့ပြီ။ ကျွန်တော်တောင် ဘုတ်ပြင်း အ.ထ.က က ဆယ်တန်းအောင်ခဲ့ပြီလေ။ ရွာကို ပြန်ရောက်တော့ အဟောင်းတွေ အသစ်ဖြစ်ပြီး ဂါဝန်ပြာ မလေးကို လွမ်းနေပါရော။
"အိုအိုလို့ မပြောနဲ့တော့လေ ငါ့သား ကလေးမဟုတ်တော့ဘူး၊ ဆယ်တန်းတောင် အောင်ပြီ။ အိုအို ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကလေးလို့ပြောတဲ့အဓိပ္ပာယ် မဟုတ်လား၊ အခု ငါ့သား ယောက်ျားရင့်မကြီးဖြစ်ပြီ။ အဖေနဲ့ လှေလှော်ပြိုင်မလား၊ အနောက်ကမ်းခြေမှာ သွားပြေးကြမလား"
အဖေက သူ့သားရဲ့ သန်မာထွားကြိုင်းလာမှုကို အားရနေလေရဲ့။ အနောက်ကမ်းခြေဆိုလို့ နောင်နှစ်ဆလုံပွဲတော်မှာ လာဦးမယ် ဆိုသွားသူကို သတိရမိပြန်တယ်။ နောင်နှစ် ဆလုံပွဲတော်က ဖြစ်မှမဖြစ်တော့ဘဲ မိန်းကလေးရယ်၊ ကံကြမ္မာက တို့နှစ်ယောက်ကြားမှာ ရက်စက်လှချည့်။ အပျော်တွေ တို့မြည်းဖူးသွားတဲ့ ဆလုံတွေလည်း ပွဲတော် အပေါ် မျှော်လင့်ချက်တွေနဲ့ မောခဲ့ကြတာ အခုဆို ခြောက်နှစ်မြောက်ပါပြီ
အဖေဟာ စာကြိုးစားခဲ့တဲ့ သားအပေါ် ကတိတည်ဖို့ ကြိုးစားရှာတယ်၊ အမေကတော့ အဖေ့အစီအစဉ်ကို လက်မခံချင်ပါဘူး။ ဘုတ်ပြင်းမှာ သွားထားခဲ့ရတဲ့သားကို အခု ရန်ကုန်ပို့ဦး မယ်ဆိုတော့ အမေဘယ်ကြိုက်ပါ့မလဲ။ ဒါပေမယ့် အိမ်မှာ အဖေ့ဆုံးဖြတ်ချက်က အတည်ပါ။
"ကိုယ့်မိတ်ဆွေ ဦးစောဂျက်က အဏ္ဏ၀ါစိုး ကုမ္ပဏီဆိုပြီး ငါးပုစွန်အိတ်စပို့လုပ်ငန်း လုပ် နေတယ်။ အရင်တုန်းက ၀ါးကျွန်းနဲ့ ယိုးဒယားပေါ့၊ အခု ရန်ကုန်မှာ ဖွင့်နေပြီ၊ အဲဒီမှာ အလုပ်လုပ် ရင်း ဘွဲ့တစ်ခုရအောင် ယူရမယ်။ ပင်လယ်ကြီး ရှိနေသရွေ့ ပင်လယ်နဲ့ အသက်မွေးမှုလုပ်ငန်းတွ ဘယ်တော့မှ မတိမ်ကောဘူး။ ပင်လယ်သားတစ်ယောက် အနေနဲ့ ဒီလုပ်ငန်းကို လေ့လာသင်ယူပြီး နိုင်ငံတကာဆီ တိုးဆန့်လှမ်းဝင်နိုင်ရမယ်။ ငါ့သား ရှေ့ကို ရောက်သွားရင် အဖေ့ပင်လယ် ထွက်ကုန် ဈေးကွက်လည်း ကျယ်ပြန့်လာနိုင်တယ်။ ဒါကြောင့် မင်း ရန်ကုန်ကို သွားမှ ဖြစ်မယ်။
ဒီလိုဆိုတော့ အမေ့ခများဘာမှ မပြောရှာတော့ပါဘူး။ ကျွန်တော့် အောက်မှာလည်း မောင်လေး ညီမလေး သုံးယောက်တာဝန် ရှိနေသေးတာကိုး။ ဒီလိုနဲ့ ရွာကနေ ကျွန်တော် ထွက်ခွာဖို့ ပြင်ဆင်ရပါတော့တယ်။ ကော့သောင်း လှေကြုံစောင့်ရင်း ကော့သောင်းကမှ ရန်ကုန်ကို လေယာဉ်နဲ့ သွားရမှာပါ။ သွားခါနီးတော့ အဖေက...
"မင်း ဟိုရောက်ရင် နေရေးစားရေး ကုမ္ပဏီမှာပဲ စီစဉ်ပေးလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေပါအောင် ထည့်နော်၊ ဟောဒီမှာ... လိပ်စာကတ်ပြားလေးတစ်ခု၊ ဒါ ချယ်ရီ့အပေါ် အန်တီ ဒေါ်မြတ်မြတ်စိုးရဲ့ လိပ်စာကတ်ကလေးပါ။ ရန်ကုန် ရောက်လို့ နေသားကျရင် မင်းသွားရှာလို့ရပြီပါ့။ ငါ့သား တာဝန်ကျေသလို အဖေလည်း တာဝန်ကျေပြီနော်"
လက်ထဲက လက်သုံးလုံးစာ ကတ်ပြားကလေးကို ကျွန်တော် မျက်လုံးပေါက်ထွက်မတတ် စိုက်ကြည့်နေမိတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က ပေးသွားတာမို့ ၀ါကျင့်ကျင့် ဖြစ်နေပေမယ့် ကျွန်တော့်အတွက်တော့ မျှော်လင့်ချက်အလင်းတွေ ပြိုးပြက်စေမယ့် အရာကလေးပဲပေါ့။ ဒါကြောင့် အဖေက ကျွန်တော့်ကို စာကြိုးစားခိုင်းတာကိုး၊ ဆလုံတစ်ယောက် ရန်ကုန်ရောက်ရမယ့် ကိစ္စဆိုတာ လွယ်တာမှတ်လို့။ အခုတော့ တကယ်ရောက်ရတော့မယ်ပေါ့။ ချယ်ရီနဲ့လည်း...။ ကျွန်တော် ချယ်ရီပေးသွားတဲ့ ဖန်စီကြိုးကလေးကို လည်ပင်းမှာ စမ်းလိုက်မိတယ်။
တောသားမြို့တက်ဆိုတာ ဒါမျိုးထင်ပါရဲ့။ ကျွန်တော် ဘယ်သွားသွား ဘတ်စ်ကား မစီးတတ်သေးဘူး။ ရန်ကုန်ရောက်တာ တစ်ပတ်ကျော်ပြီ၊ ဘယ်သွားသွား တက္ကစီနဲ့။ အခုလည်း လိပ်စာကတ်ပြား လေးထဲက အတိုင်းသွားဖို့ တက္ကစီပဲ ငှားလာရတာလေ။ မယ်မယ် ပေးလိုက်တဲ့ တင်းပေးခြောက်တွေ၊ ငါးလိပ်ကျောက်အူခြောက်တွေ၊ ရေခူတွေဆိုတာ နည်းတဲ့အထုပ်ကြီး မဟုတ်ဘူး။ ကျွန်တော့်ပုံက ကိုးရိုးကားရားများ နိုင်မလား။ ဘုတ်ပြင်းမှာ ကျောင်းတက်လာရတာဆိုတော့ တောဂိုက်မပေါက် အောင်တော့ ၀တ်ဆင်လာပါတယ်။
လိပ်စာအတိုင်းကာ့းရပ်တော့ ခြံဝင်းတစ်ခုထဲက တိုက်ပြားကလေးကိုဝင်ဖို့ ရှိန်သွားတယ်၊ အသားဖြူ၀၀ အမယ်ကြီးတစ်ယောက်ထွက်လာပြီး မေးတော့ ဒေါ်မြမြစိုးရဲ့ လိပ်စာကတ်နဲ့ အဖေရဲ့မိတ်ဆက်စာကို ပြလိုက် တယ်။ "၀င်ပါမောင်ရင်……..၀င်ပါ။ ဗိုလ်ချိုကျွန်း မကြုံဂလတ်ကဆိုရင်တော့ မြတ်မြတ်ရဲ့ မိတ်ဆွေဆိုတာ အဘွား ယုံပါတယ်။ မြတ်မြတ်တော့ မရှိဘူးကွဲ၊ သူ့အလုပ်က နေပြည်တော်ကို ပြောင်းသွားရတော့၊ အင်း……… ချယ်ရီ တော့ရှိတယ်၊ အခု ကွန်ပျူတာသင်တန်းတစ်ခုတက်နေတာ လာတော့မှပါ၊ ၀င်ထိုင်ပြီးစောင့်ကွဲ၊ အဘွားကော်ဖီ ဖျော်လိုက်ဦးမယ်"
ဧည့်ခန်းက မွှေးမွှေးအေးအေးကလေးမို့ ခြေမချရက်စရာ၊ ကြမ်းပြင်ကလည်းပြောင်၊ ဆက်တီ တွေက လည်းလှ၊ ကျွန်တော်ပါလာတဲ့ ပင်လယ်စာ အထုပ်ကြီးအခန်းထောင့်မှချပြီး မရဲတရဲ ဆက်တီထိုင်ခုံပေါ်မှာ ထိုင်လိုက်တယ်။ အလို…….နံရံပေါ်မှာ ဓာတ်ပုံတွေအများကြီးပါလား၊ သေသေချာချာကြည့်တော့ ချယ်ရီတို့ဆလုံ ပွဲတော်လာတုန်းက ရိုက်သွားတဲ့ပုံတွေပါလား။
အဲဒိတုန်းက ချယ်ရီက ငယ်ပေမယ့် ဓာတ်ပုံကောင်းကောင်း ရိုက်တတ်နေပြီ။ ရိုက်နေတာလည်း တဖျပ်ဖျပ်၊ ဟင်..ဒါ…….ဒါ ကျွန်တော်ပုံပါလား။ ဆလုံလှေတစ်စင်းပေါ်တက်ပြီး ပုံပေးနေတဲ့ ကျွန်တော်ပုံ မမေ့ သောဗစ်တာ…………တဲ့ စာတန်းရေးထားသေးရဲ့။
ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ အာခေါင်တွေတောင် ခြောက်လာပြီ၊ အဖေတို့ပြခန်းရှေ့မှာ ရိုက်တဲ့ပုံ၊ ဘိုဘဲတွေနောက်ခံပြီး ရိုက်တဲ့ပုံတွေကို တကူးတက ဧည့်ခန်းမှာ ချိတ်ထားတာ ချယ်ရီရဲ့ အနွေးဓာတ်လား၊ ဒီမှာ လည်းကျွန်တော် ရေအောက်ဆင်းငုတ်ယူပေးလိုက်တဲ့ ကျောက်ခက်ပန်းကြီးကို မှန်ပုံနဲ့ ထည့်ထားသေးရဲ့။ အောက်မှာ ရေးထားတာက " အသက်နဲ့ထပ်တူ" တဲ့ ဘာတွေလဲ ဘာအဓိပ္ပယ်လဲ။
" မောင်ရင် ကော်ဖီ ပူပူလေး သောက်လိုက်ပါဦး။ သြော်……..ဓာတ်ပုံတွေ ကြည့်နေတာထင်တယ်။ ဆလုံကျွန်က ပြလပြီးကတည်းက သူ့မှာ အလုပ်တွေ ရှုပ်နေလိုက်တာလေ။ ပါလာတဲ့ ခရုတွေကိုလည်း တသိမ်း သိမ်းနဲ့ ဟိုအောက်က မုန့်ဗူးထဲမှာ ဘယ်သူမှ ကိုင်လို့မရဘူး၊ ဒီလိုပါကွယ် ချယ်ရီက အဘွားသမီးငယ်က မွေးတဲ့ မြေးပါ။ မိဘနှစ်ပါးစလုံး ကားအက်ဆီးဒင့်နဲ့ ဆုံးသွားပါပြီ၊ မွေးချင်းကလည်း မရှိတော့ အဖော်မင်ရှာတယ်။ လူတစ်ယောက်ကို ခင်ပြီဆို စွဲလမ်းနေရာ၊ သူ့ကြီးကြီးကပဲ သမီးအရင်းလေးလို  ပြုစုကျွေးမွေးခဲ့ရတာပါ။ သူ့မှာ ဆလုံပွဲတော်အကြောင်း ပြောလို့ကို မဆုံးဘူး၊ နှစ်တွေ ဘယ်လောက်ကြာကြာ သူ့မှာ ပြောစရာကိုမကုန်ဘူး၊ အနီးကပ်နေတဲ့ အဘွားပဲ မပျင်းမရိ နားထောင်ပေးရတာပေါ့။ နောက်နှစ်တွေမှာ သွားမယ်တကဲကဲပေါ့၊ ဆလုံပွဲ တော်က မဖြစ်တော့လို၊ သူကြီးလာရင် ဗိုလ်ချိုကျွန်းကို တစ်ခေါက်လောက်တော့ ပြန်သွားဦးမတဲ့။ အခုလိုများ ဟိုကလူ လာတာမြင်ရင် ၀မ်းသာရှာမှာ….. "
အဘွားက မြေးချစ်အဘွားထင်ရဲ့ သူု့မြေးအကြောင်းပြောလိုက်တာ တပြုံးပြုံးနဲ့ ကျွန်တော်လည်း ကော်ဖီကို သောက်ပါသောက်ပါဆိုလို့ မော့သောက်လိုက်ရ ဘာအရသာမှ မတွေ့ဘူး၊ ပင်လယ်သားတွေဟာ မိုးလင်းရင် ငါးခြောက်ဖုတ်နဲ့ ထမင်းကြမ်းစားမှ ၀မ်းလေးတာမဟုတ်လား မြို့က ကော်ဖီတစ်ခွက်လောက်က ဘယ်ကြားထဲရောက်သွားမှန်းမသိ။
ကျွန်တော်လည်း ဘာပြောရမှန်းမသိလို့မယ်မယ်က ငါးခြောက်တွေ ရေခူတွေထည့်ပေးလိုက်တဲ့ အကြောင်းစကားမရှိစကားရှာ ပြောရတယ်။
" ရေခူဆိုတာ အခုမှကြားဖူ စားဖူးတာပါကွယ်၊ အဘွားတို့ ငယ်ငယ်က မကြားဖူး မစားဖူးပါဘူး။ ပင်လယ်လည်း မရောက်ဘူးတော့ ပင်လယ်စာတွေနဲ့ ဝေးတာပေါ့။ ချယ်ရီကတော့ ပွဲတော်က ပြန်လာပြီကတည်းက ပင်လယ်စာတွေ ခံတွင်းတွေလာတာလေ၊ ရေခူတော့် သံဈေးမှာ ၀ယ်လို့ရတယ်။ သူ့မှာ ခဏခဏ၀ယ်ပြီး သုပ်စားရတာ အမော၊ မဆိုးပါဘူးကွဲ့ လူနဲ့တည့်တယ်ပြောတယ်၊ စားလိုက်ရင် ထုတ်……. ထုတ်နဲ့ ဟော………. ပြောရင်းဆိုရင်း"
" အဘွားရေ…………..သမီးပြန်လာပြီ"
ခြံဝင်းတံခါးကိုဖွင်ပြီ ၀င်လာတဲ့အသံ ၊ လူမမြင်ရခင် အသံအရင်ကြားရတာ အသံကတော့ မပြောင်းလဲပါ လား၊ ပိုပြီး ကြည်လင်ဝေစည်လာတာကလွဲရင် ငယ်သံမပျောက်သေးဘူး။ ၀င်ပေါက်ဝမှာ ပေါ်လာတဲ့ဘောင်းဘီ ရှည်ဆွဲသားအင်္ကျီ၊ ဆံပင်ညိုညိုဖြောင့်ဖြောင့်နဲ့ ကောင်းမလေးဟာ ချယ်ရီတဲ့လား။
ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။
"အဘွား...သူကဘယ်သူ...ဟင်..ဗစ်တာ ဗစ်တာ...."
သူ ကျွန်တော့်ကို ဗစ်တာမှန်း ဘာလို့ချက်ခင်းသိရတာလဲ။ ကျွန်တော့လည်ပင်းက သူပေးသွားတဲ့ ဖန်စီကြိုးကလေးကြောင့်လား။
သူဟာ ပါလာတဲ့ ကျောပိုးအိတ်ကို ပစ်ချပြီး ကျွန်တော်နဲ့ အနီးဆုံးဆီ ပြေးလာပြီး ကျွန်တော့် လက်ကို ကိုင်ဆွဲမယ် လုပ်ပြီှးမှ သတိရပြီး ကိုယ်ရှိန်သတ်လိုက်ပါတယ်။
"ဗစ်တာ...ဘယ်လို ရောက်လာတာလဲဟင် - အခု ဘာတွေလုပ်နေလဲ ဗိုလ်ချိုကျွန်းက အဖေတို့ အမေတို့ရော နေကောင်းလား။ ရုပ်မြင်သံကြားက ရဟယ်ရှင် ထားဝယ်ယိမ်း လာရင် ဗစ်တားကို သိပ်သတိရတယ်။ ပွဲတော်ကို ပြန်သွားချင်တယ်။ စကားပြောပါဦး ဗစ်တာရဲ့၊ နင့်အသံဝဲ၀ဲလေး မကြားရတာ ကြာပြီ"
ကျွန်တော်လား။ စိတ်လှုပ်ရှားလွန်းလို့ စကားတွေ ပြောမထွက်တာပါ။ ဘုတ်ပြင်းမှာ ကျောင်းသွား တက်တဲ့အကြောင်း၊ ဆယ်တန်းအောင်ပြီဖြစ်တဲ့အကြောင်း၊ အဏ္ဏ၀ါစိုးကုမ္ပဏီမှာ အလုပ်ဝင်ပြီး ပင်လယ်ပစ္စည်း ကုန်သွယ်မှုကို လေ့လာသင်ယူမယ့် အကြောင်းပြီးတော့...ပြီးတော့ ချယ်ရီကို ခြောက်နှစ်လုံးလုံး လွမ်းနေရတယ်ဆိုတဲ့ အကြောင်းတွေ ပြောချင်တာပေါ့မ။ ဒါပေမယ့် ဘာကစပြီး ပြောရမှန်း မသိဘူး။ လည်ပင်းမှာ ဆိုတို့တို့ နင်တင်တင်နဲ့။
"ဟင် ဒီအထုပ်က ဘာထုပ်ကြီးလဲ"
"ငါးခြောက်တွေ ငါးယူလာတာ"
သူ့အာရုံက ငါးခြောက်ထုပ်ဆီ ရောက်သွားပြီး တစ်ခုပြီးတစ်ခု ဆွဲထုတ်ကြည့်နေတော့တယ်။
"ဗစ်တာရယ် နင်လာတာ ၀မ်းသာလိုက်တာဟယ် ငါးခြောက်တွေ ရေခူတွေရတာလည်း ၀မ်းသာတယ်၊ ဟိုဒင်း...၀ါးပလုပ်လေ- မပါဘူးလား။ တခြားဟာက ဒီမှာ ရှာစားလို့ရတယ်၊ ၀ါးပလုပ်က မရဘူး၊ ဘယ်မှာမှ မရှိဘူး။ မပါဘူးလား"
"ဒီလောက် ခရီးဝေးတာ ၀ါးပလုပ် သယ်လာလို့ ရမလားဟ။ နင်ကလည်း စဉ်းစားပါဦး၊ ဒီလိုမှန်းသိ ဟိုဟာနဲ့တူတဲ့ သဲပလုပ် ယူလာရင် ကောင်းသား"
"ဗစ်တာ ကောင်စုတ်"
အခုမှ ဗိုလ်ချိုကျွန်းမှာ တွေ့ခဲ့တဲ့ ချယ်ရီစစ်စစ် ဖြစ်သွားတော့တယ်။ သူ့မြေးပျော်နေတာကို အဘွားမှာလည်း ပြုံးလို့။ ဒီကြားထဲ ချယ်ရီက အဘွားရေ သမီးထမင်းဆာပြီ ဗစ်တာကိုလည်း ကျွေးရအောင်တဲ့။ အဘွားမီးဖိုထဲ ၀င်သွားတော့ ကျွန်တော်က ကျွန်တော့ကျောပိုးအိတ်ထဲက ပစ္စည်းကို တယုတယ ထုတ်လိုက်ပါတယ်။
"ဟယ် - လှလိုက်တာ ဒါမ ဘာကောင်လဲဟင် ဗစ်တာ"
"ပဂဲလို့ခေါ်တဲ့ ကျောက်ပုစွန်ပေါ့၊ ကျောက်ပုစွန်တွေ အများကြီး ရှိတဲ့အထဲက သူက ဆဲဗင်း ကာလာလို့ ခေါ်တဲ့ကောင့်ပေါ့။ အရောင်ခုနှစ်မျိုးရှိတယ်။ အိမ်တွေမှာ အလှကပ်ဖို့ သူ့အခွံက တန်ဖိုးရှိတယ်။ အဖေက ရန်ကုန်လွှတ်မယ်ဆိုတာနဲ့ ငါကိုယ်တိုင် နံရံမှာချိတ်ဖို့ လုပ်လာတာလေ။ အပေါ်က မှန်ပုံးခံလိုက်တော့ တော်ရုံ မပျက်စီးတော့ဘူးပေါ့။
ချယ်ရီမှာ ၀မ်းသာလွန်းလို့ ဆဲဗင်းကာလာကို ကြည့်နေလိုက်တာ မျက်တောင်မခတ်တော့ဘူး။ သူတို့လာတုန်းက ဒါမျိုး မမြင်သွားရဘူးလေ။ ရချင်တဲ့ အချိန်မှ ရတာကိုး။
"တော်လိုက်တာ ဗစ်တာရယ် နင်ဟာ ပင်လယ်သား ပီသပါပေတယ်။ လူတစ်ယောက်ရဲ့ အနေအထိုင် အပြောအဆို လှုပ်ရှားမှုကို ကြည့်ရင် သူ့ဒေသကို ကိုယ်စားပြမှုဆိုတာ သိနိုင်သတဲ့။ နင်ဟာ ပင်လယ်နဲ့ ရင်ချင်းဆက်သူဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ ပင်လယ်ရဲ့ ဘာသာဗေဒကို တစ်ဖက်ကမ်းခတ် တတ်မြောက်သူဖြစ်လို့ နင်ရဲ့ပင်လယ်ပစ္စည်း ကုန်သွယ်မှုလုပ်ငန်းဟာ မလွဲ မသွေ အောင်မြင်ပါလိမ့်မယ်"
မြို့ကြီးသူ ချယ်ရီပြောသလောက် ကျွန်တော် နားမလည်ပါဘူး။ သူက စကားတတ်တိုင်း ပြောနေ တော့တာ။ ကျွန်တော့လည်း အနေအထိုင် ဆိုတာကလည်း ကျွန်တော်နေတတ်သလို နေတာလေ။ ဟောချက်ချင်းပဲ ဆဲဗင်းကာလာကို နံရံမှာချိတ်ချင်တယ်ဆိုလို့ ချိတ်လို့ရအောင် လုပ်ပေး ရပြန်တယ်။ ပင်လယ်ပစ္စည်းတွေရဲ့ အောက်မှာ စာတန်းရေးထိုးလေ့ရှိတဲ့ ချယ်ရီတစ်ယောက် ဆဲဗင်းကာလအောက်မှာ ဘာရေးမလဲလို့ ကျွန်တော် စိတ်ဝင်စားနေမိတယ်။ ကျွန်တော ရေအောက် ဆင်းငုပ်ယူပေးတဲ့ ကျောက်ခက်ပန်းအောက်မှာတော့ အသက်နဲ့ထပ်တူတဲ့။ အခု သူဘာရေးမှာပါလိမ်မ့ တကယ်ရေးတော့ စောစောက သူပြောသလို ကျွန်တော်သိပ်နားမလည်တဲ့ စကားလုံးတွေတော့ မပါ,ပါဘူး။ ကျွန်တော် နားလည်တဲ့ စကားလုံးလေးနဲ့ ရိုးရိုးလေး ရေးလိုက်တာပါ။
"ရင်နဲ့အမျှ"....တဲ့။
မိချမ်းဝေ
ကလျာ မဂ္ဂဇင်း
ဇန်နဝါရီ ၂၀၁၀
>>>ဆက်ဖတ်ရန်>>> >>
စာအုပ် (၂) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၈)
အခန်း(၈)
(၁)
ဘက်တီလောင်းသည် ကျွန်တော့်ကို မငြင်းပါ။ စူဇီနှင့် သူသည် မျက်နှာကြောတည့်ကြသူများ မဟုတ်သောကြောင့် ကျွန်တော့်ကို ငြင်းရန်အကြောင်း မရှိပါ။
    သို့သော်လည်း ဘက်တီကို နောက်ထပ် ကျွန်တော့်အခန်းသို့ မခေါ်တော့ပါ။ ဘက်တီကိုသာ မဟုတ်၊ အခြား မည်သည့် မိန်းကလေးကိုမှလည်း မခေါ်တော့ပါ။
    ဘက်တီလောင်းကို ကျွန်တော့်အခန်းသို့ ခေါ်မိသည့်အတွက် နှာခေါင်းကျည်ပွေ့ တွေ့ရလေတော့သည်။
    နောက်နေ့တွင် နမ်ကောက်မှာ ရှိနေကြသည့် အမျိုးသမီးအားလုံး ထိုအကြောင်းကို သိကုန်ကြတော့သည်။ ဘက်တီလောင်းက မောင်းထုလိုက်ခြင်းဖြစ်သည်။ ကျွန်တော်က စူဇီအစား သူ့ကို ရွေးလိုက်ပြီဖြစ်ကြောင်း၊ ယခုဆိုလျှင် သူသည် ကျွန်တော်၏ အမြဲတမ်းဖောက်သည်ဖြစ်ကြောင်း ဇာတ်လမ်းဖန်ပြီး ပြောလေ တော့သည်။ ကျွန်တော် ဘားခန်းထဲသို့ ၀င်သွားလျှင်လည်း သူက လှိုက်လှိုက်လှဲလှဲ ကြိုသည်။ ပြီးတော့ ကျွန်တော့် စားပွဲမှာ ထိုင်ကာ အားရပါးရ စကားပြောတော့သည်။ အခြားမိန်းကလေးများ မြင်အောင် တမင် လုပ်နေခြင်းဖြစ်သည်။
    သူ့အပြောကို အခြားအမျိုးသမီးများ ယုံကြည်လိမ့်မည်ဟု ကျွန်တော် မထင်ပါ။ သို့သော်လည်း ကျွန်တော့် အပေါ်မှာ သူတို့ထားရှိသည့် လေးစားမှုကမူ လျော့နည်းသွားပါတော့သည်။
    သူတို့သည် ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေကြသည်မှာ မှန်ပါ၏။ ကျွန်တော့် စားပွဲတွင် ဘက်တီလောင်း မရှိဘဲ တစ်ယောက်တည်း ထိုင်နေသည်ကို တွေ့လျှင် စကားလာပြောကြပါသည်။ သူတို့ စိတ်ထဲမှာ မည်သို့ ခံစားနေရသည်ကို လိမ္မာပါးနပ်စွာ ဖုံးကွယ် ထားနိုင်စွမ်း ရှိကြပါသည်။
    သို့သော်လည်း ကျွန်တော့်ထံမှ ဘာအကူအညီမှ မတောင်းတော့။ စူဇီနှင့် ပတ်သက်၍လည်း စကားစပ်ပြီး ပြောလားဆိုလား မရှိတော့။ ကျွန်တော်နှင့်လည်း ရယ်စရာ မောစရာလေးတွေ မပြောတော့။
    သူတို့အားလုံးအနက် ဂွမ်နီသည် ခံစားချက် အပြင်းထန်ဆုံးဖြစ်သည်။ သူငယ်ချင်းအပေါ်တွင် သစ္စာအကြီးဆုံးဖြစ်သည်။ ယခင်တုန်းက ကျွန်တော့်ကို သူ အလွန်လေးစားသည်။ ယခုမူ အခြား သင်္ဘောသားတွေနှင့် ကျွန်တော့်ကို တတန်းတစားတည်း သတ်မှတ်လိုက်လေတော့သည်။
    ထိုအချိန်မှစပြီး ဘားခန်းကို ကျွန်တော် အတတ်နိုင်ဆုံး ရှောင်တော့သည်။ မြို့၏ အနောက်ဘက် မှာရှိသော တောင်တန်းများဆီသို့ ရောက်အောင် ကျွန်တော် တစ်ယောက်တည်း လမ်းလျှောက် သွားလေ့ ရှိသည်။
    စိတ်ဆင်းရဲမှု ဝေဒနာများလည်း တဖြည်းဖြည်း လျော့ပါးသက်သာလာသည်။ ကိုယ့်ဟာကိုယ်လည်း အထိုက်အလျောက် ထိန်းသိမ်းလာနိုင်သည်။
    တစ်နေ့တွင် ကျွန်တော့်ရင်ထဲမှာ မီးတောက်ကလေး ထတောက်လိုက်သလို ခံစားရသည်။ စူဇီအတွက် တောက်လောင်ရသော အပူမီးတောက်မျိုး မဟုတ်ပါ။
    မိမိကိုယ်တွက်မှ တပါး အခြားမည်သူ့ကိုမှ ပိုအရေးမထားနိုင်ဆိုသော အသိတရား မီးတောက် ဖြစ်ပါသည်။ ထိုမီးတောက်ကလေးနှင့်အတူ ကျွန်တော် စိတ်ချမ်းသာလာသည်။ ပုံမှန် အနေအထားသို့ ပြန်ရောက် လာသည်။
    ပတ်ဝန်းကျင်ကို စိတ်ဝင်စားသောအာရုံ ချစ်ကြင်နာသော အာရုံများ ပြန်လာရသည်။
    မစ်ဖို့က ရေးလိုက်သောစာကို ပြန်ရှာသည်။ ဖတ်ကြည့်သည်။ ယခုပင် ရောက်လာသော စာတစ်စောင်ကဲ့သို့ ၀မ်းအသာကြီး သာသွားမိပါသည်။ ထို့ကြောင့် ချက်ချင်း ပြန်စာရေးလိုက်သည်။ မစ္စတာ ၀ိန်းဘမ်း အကြံပေးသည့်အတိုင်း ဟောင်ကောင်မြင်ကွင်း နောက်ခံနှင့် ပန်းချီကားနှစ်ကား အပါအ၀င် လိုအပ်သည့် ပန်းချီကားများကို တစ်လအတွင်း ပို့ပေးပါမည်ဟု ကတိပေးလိုက်သည်။
    တစ်နေ့တွင် ဗဟိုခရိုင်နားမှာ ကျွန်တော် ပုံကြမ်းလောင်းနေပါသည်။ ထိုအခိုက် မလှမ်းမကမ်းတွင် အင်္ဂလိပ်မ ကလေးတစ်ယောက် မောရစ်ကားကလေးကို လက်ကိုင်ဂေါက်နှင့် လှည့်ပြီး စက်နှိုးနေသည်ကို လှမ်းမြင်ရသည်။
    သူ့ဆီကိုသွားပြီး ကျွန်တော် အကူအညီပေးပါသည်။ ဒုတိယတချီ အလှည့်လိုက်တွင် ဂေါက်တံက နောက်ပြန်လည်ပြီးကျွန်တော့်လက်ကောက်ဝတ်ကို ရိုက်လိုက်မိသည်။ ကျွန်တော် လက်လျှော့လိုက်ရပါတော့သည်။
    သို့သော်လည်း စက်ဖုံးကိုဖွင့်ပြီး အင်၈ျင်ကို စစ်ဆေးကြည့်ရှုပေးသည်။ သည်တော့မှ ဘက်ထရီမှ အက်ဆစ်များစဉ်ပြီး စက်နှိုးသည့် စတာတာမှ ခဲများ စားနေသည်ကို တွေ့ရလေသည်။ စက်ပြင် ဆရာ ခေါ်ရုံမှတပါး အခြားမတတ်နိုင်တော့ပြီ။
    စက်ပြင်ဆရာ ရောက်လာပြီး ကားကို စပြင်သည်။
    "ကော်ဖီ သွားသောက်ကြရအောင်လား၊ မော်တော်ကားပြင်တာလည်း စောင့်ရင်းပေါ့"
    ကျွန်တော်က ဖိတ်ခေါ်လိုက်ပါသည်။ အမျိုးသမီးကလေးသည် အလွန်ချောပါသည်။ သူ့မျက်လုံး ညိုကြီးတွေကလည်း ရွဲနေသည်။ ပါးစပ်ကလေးကလည်း ရယ်လိုက်လျှင် အလွန်လှသည်။ သူ အင်မတန် ချောမောလှပကြောင်း တစ်နေ့တော့ ကျွန်တော် ပြောဖြစ်အောင် ပြောပြရဦးမည်ဟု စိတ်ထဲမှာ တေးမှတ်ထားလိုက်မိသည်။
    အနီးမှာရှိနေသော လက်ဖက်ရည်ဆိုင်ထဲသို့ ၀င်ခဲ့ကြသည်။ ကျွန်တော့် လက်ထဲက ပုံကြမ်းစာအုပ်ကို မြင်သွားပြီး ကျွန်တော် ဘာအလုပ်လုပ်သလဲဟု မေးသည်။ ပန်းချီဆွဲကြောင်း သူ သိသောအခါ...။
    "ပန်းချီဆရာတို့ အနုပညာသည်တို့ဆိုတာ လက်တွေ့လုပ်ငန်းတွေမှာ ဘာမှမကျွမ်းကျင်ဘူးလို့ပဲ ကျွန်မ နားလည်ထားတာ၊ ဒါပေမယ့် ရှင်ကတော့ မော်တော်ကားနဲ့ ပတ်သက်ပြီး တော်တော်ကြီးကို ကျွမ်းကျင် နေတာ တွေ့ရတယ်" ဟု ပြောသည်။
    "မလေးရှားမှာ ရာဘာခြံလုပ်ငန်း လုပ်နေတုန်းက ကိုယ်ပိုင်ကား ရှိခဲ့ဖူးတယ်၊ မင်းရော ဘာအလုပ် လုပ်သလဲ"
    "ကျွန်မက စိန့်မာဂရက်ကပါ"
    "အဲဒါက ဘာလဲ၊ ကျောင်းလား၊ မင်းက ကျောင်းဆရာမတော့ မဟုတ်ပါဘူးနော်"
    "မဟုတ်ဘူး..ဆေးရုံပါ၊ ကျွန်မက သူနာပြုဆရာမ"
    သူ့နာမည်သည် ကေးဖလက်ချာ ဖြစ်ပါသည်။
    ထိုနေ့ညက ကျွန်တော်တို့နှစ်ယောက် ထပ်တွေ့ကြပြီး တရုတ်ထမင်းဟင်း သွားစားကြသည်။ နောက် လေးရက်အကြာတွင် တစ်ခါ ထပ်တွေ့ကြပါသည်။ ထိုကစပြီး ညနေတိုင်းလိုလို ကျွန်တော်တို့ တွေ့ကြသည်။ သူ ရက်အားရသည့်နေ့မှာလည်း တစ်နေ့လုံး ချိန်းတွေ့နေတတ်ကြသည်။
    သည်လိုဖြင့် ရင်းနှီးလာသောအခါ နမ်ကောက်ဟိုတယ်နှင့် စူဇီအကြောင်းကို ကျွန်တော်က ပြောပြသည်။
    သင်္ဘောသားတွေနှင့် စူဇီ အလုပ်လုပ်နေခြင်းကို ကျွန်တော်က အလေးမထားဘဲ ခွင့်လွှတ်ရမည်ဟု အိုနေးလ်က အကြံပေးသွားကြောင်း ပြောပြသောအခါ ကေးဖလက်ချာသည် အတော် တုန်လှုပ်ချောက်ချားသွားလေတော့သည်။
    မည်သို့ဆိုစေ ဘက်တီအကြောင်းကိုတော့ ကျွန်တော် လုံးလုံး ပြောမပြပါ။ သည်အကြောင်းကြီးကို ပြန်စဉ်းစားမိတိုင်း ကျွန်တော် ရှက်မဆုံးအောင် ဖြစ်မိသည်။ ထို့ကြောင့် ကိုယ်တိုင်ကလည်း သည်အကြောင်း ကို မေ့ပျောက်ပစ်ချင်ပြီ။
    တစ်ညတွင် ကိုလုန်းဘက်ကမ်းသို့ကူးပြီး တရုတ်အော်ပရာတစ်ခုကို သွားကြည့်ပါသည်။ အော်ပရာပြီးတော့ ကူးတို့သင်္ဘောဆိပ်သို့ နသန်လမ်းမကြီးအတိုင်း လမ်းလျှောက်ပြန်လာခဲ့ကြသည်။ ဆိုင်တစ်ဆိုင်ရှေ့တွင် ကေးက ရပ်ပြီး ရှပ်အင်္ကျီတစ်ထည်ကို လက်ညှိုး ထိုးပြပါသည်။
    "အဲဒီ အင်္ကျီမျိုး တစ်ထည်လောက်တော့ ရှင် ၀ယ်ဝတ်ဖို့ ကောင်းတယ်၊ ရှင့်မှာ အင်္ကျီကောင်းကောင်း မရှိတော့ဘူး"ဟုလည်းပြောပါသည်။
    "အင်း၊ ကြည့်ရတာ ဈေးလည်း ပေါပုံပါပဲ"
    ထိုဆိုင်သည် ကုလားဆိုင်ဖြစ်သည်။ ညဥ့်နက်ပိုင်းအထိ ဖွင့်လေ့ရှိသည်။ သို့သော်လည်း ရှိနေသည့် ရှပ်အင်္ကျီက ကျွန်တော်နှင့် သေးနေသည်။ ကျွန်တော်နှင့် တော်သော အရွယ်က မရှိ။ ဆိုင်ရှင် ကုလား၀၀က သူ့လက်နှစ်ဖက်ကို ပွတ်ပြီး.."
    "မနက်ဖြန်ရအောင် ကျွန်တော် ချုပ်ပေးပါ့မယ်၊ မနက်ဖြန်ကျတော့ တစ်ခေါက်ပြန်လာပါ ခင်ဗျာ" ဟု ပြောသည်။
    ကျွန်တော်ုတိ့ ဆိုင်ပြင်ရောက်တော့...
    "ပိုသေချာသွားအောင် သန်ဘက်ခါကျမှ ပြန်လာတာ ပိုကောင်းမယ်"ဟု ကေးက ပြောသည်။
    "သန်ဘက်ခါမဟုတ်ဘဲ ဖိန်းနွဲ့ခါဆိုရင် ပိုမသေချာဘူးလား" ဟု ကျွန်တော်က ပြန်မေးသည်။
    တကယ်ကျတော့ ထိုရှပ်အင်္ကျီအကြောင်း ရက်သတ္တတစ်ပတ်လောက် ကျွန်တော် မေ့နေပါသည်။ တစ်ညနေတွင် ကိုလုန်းဘက်ကမ်းသို့ ကူးတို့သင်္ဘောနှင့် ကျွန်တော် ကူးသွားသည်။ ကုလားဆိုင်သည် ကူးတို့ဆိပ်နှင့် မဝေးလှပေ။ ကျွန်းဆွယ်ဟိုတယ်ရှိသည့် လမ်းပေါ်မှာ ရှိသည်။ ကျွန်တော် ဆိုင်ထဲဝင် သွားသည်နှင့် တပြိုင်တည်း ဆိုင်ရှင်ကုလားက ချက်ချင်း မှတ်မိသည်။ ပြုံးပြီး ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်သည်။
    "ရှပ်အင်္ကျီရွေးဖို့လာတာ မဟုတ်လားခင်ဗျာ"
    "အမှန်ပေါ့ဗျာ"
    "ကျေးဇူးပြုပြီး မနက်ဖြန်တစ်ခေါက် ပြန်လာခဲ့ဦးခင်ဗျာ"
    အခေါက်အခေါက်အခါခါ လာနေရသည်မှာ ဒုက္ခများကြောင်း ကျွန်တော်က ပြောပြသည်။ သူက ဈေးလျှော့ပေးပါမည်ဟု ပြောသည်။ နောက်ဆုံးတွင် မတန်တဆ ဈေးလျှော့ချလိုက်ခြင်းအားဖြင့် ကျွန်တော် မငြင်းနိုင်အောင် ဖြစ်သွားသည်။ သို့သော်လည်း သူ့မှာ အမြတ်ကျန်နိုင်သေးသည်မှာ သေချာပါသည်။ ကျွန်တော် လည်း ပြန်လာမည်ဟု ကတိပေးပြီး အပြင်ထွက်ခဲ့တော့သည်။
    လမ်းတစ်ဘက်ခြမ်းတွင် လေကြောင်းကုမ္ပဏီမှ ဘတ်စ်ကားတစ်စီး ရပ်ထားသည်ကို တွေ့ရသည်။ ကျွန်းဆွယ်ဟိုတယ် အဆုံး လေယာဉ်ရုံး အဆောက်အအုံရှေ့မှာ ရပ်ထားခြင်းဖြစ်သည်။ ထိုမြင်ကွင်းကို မြင်ရတော့ စူဇီနှင့် ရော့ဒ်နေတို့ကို ကျွန်တော် သတိရလိုက်မိပါသည်။ သူတို့နှစ်ယောက် ဘန်ကောက်ကို ထွက်ခွာ သွားကြပြီလော၊ သို့တည်းမဟုတ် နယ်မြေသစ်က ဟိုတယ်မှာပင် ရှိနေကြသေးသလောဟု တွေးနေမိသည်။
    သို့သော် ကျွန်တော် ကြာကြာမတွေးဖြစ်တော့ပါ။ ဟိုတယ်အ၀တွင် ကျွန်တော် မှတ်မိသည့် လူပုံသဏ္ဍာန်တစ်ခု ရပ်နေသည်ကို တွေ့ရသည်။
    ရော့ဒ်နေကိုယ်တိုင် ဖြစ်နေတော့သည်။
    ထိုအခိုက် နောက်ထပ် လေယာဉ်ကုမ္ပဏီ ဘတ်စ်ကားတစ်စီးက ထိုးရပ်လိုက်သဖြင့် သူ့ကို ကွယ်သွားသည်။ ကျွန်တော် လူများမှားလေသလား၊ ရော့ဒ်နေကို စိတ်စွဲနေမိသောကြောင့် သူဖြစ်သည်ဟု ထင်မိလေသလား မသေချာပါ။
    သချာအောင် သွားကြည့်ခြင်းသည် မမှားနိုင်ဟု တွက်လိုက်သည်။ လမ်းတစ်ဘက်ခြမ်းသို့ လျှောက်သွားပြီး လေယာဉ်ကုမ္ပဏီ ဘတ်စ်ကားနှစ်စီးကြားမှ ၀င်သွားသည်။ စောစောကလူသည် ဟိုတယ် အ၀ လှေကားထစ်များပေါ်မှာ ရပ်နေဆဲပင် ဖြစ်ပါသည်။
    ယခုအခါတွင် ကျွန်တော့်ဘက်ကို ကျောခိုင်းထားသည်။ သို့သော်လည်း ဆိတ်သားရေအပျော့ ရှူးဖိနပ်ကို တွေ့ရသည်။ အင်္ဂလိပ်ပုံ ချုပ်ထားသည့် ၀တ်စုံကိုမြင်ရသည်။ ခေါင်းကလည်း ဆံပင်တိုတိုနှင့် ကျွန်တော် မှတ်မိသည့်ခေါင်း။
    ကျွန်တော် မမှားနိုင်တော့ပါ။ ရော့ဒ်နေ ဖြစ်သည်မှာ သေချာသွားပါပြီ။ ကျွန်တော့်ကို သူ မြင်လိုက်သောကြောင့် တဘက်သို့လှည့်ကာ ကျောခိုင်းသွားခြင်း ဖြစ်ပေလိမ့်မည်။ ခန်းမကြီးထဲသို့ တံခါးပေါက် အတိုင်း မမှိတ်မသုန် စိုက်ကြည့်နေသည်။ ခန်းမထဲမှာလည်း မည်သူ တစ်စုံတစ်ယောက်မျှ မရှိပါ။
    "ရော့ဒ်နေ..."
    ကျွန်တော့်အသံသည် အပြေးပြိုင်ပွဲ တာလွှတ်သေနတ်သံလို ဖြစ်သွားသည်။ ကျွန်တော့်အသံ ထွက်သွားသည်နှင့် တပြိုင်တည်း နောက်သို့ လုံးဝ လှည့်မကြည့်ဘဲ ရုတ်တရက် ရှေ့သို့ တဟုန်ထိုး ထွက်သွားသည်။ ပြီးတော့ ခန်းမထဲမှာ ပျောက်သွားသည်။ ပလက်ဖောင်းပေါ်မှာ ရပ်နေသည့် လေယာသ်မယ်က ခရီးသည်များကို စစ်ဆေးပြီး ဘတ်စ်ကားပေါ် တက်ခိုင်းနေသည်။
    "မစ္စတာ တက်စ်လာ ဘယ်ထွက်သွားပြန်ပါလိမ့်" ဟု ပြောနေသည်။
    လှေကားထစ်များအတိုင်း သူ့နောက်သို့ ကျွန်တော် ပြေးလိုက်သွားသည်။ တရုတ် ပိုးထည်များပြထားသည့် မှန်ဗီရိုဘက်သို့ လှည့်ပြီး ကျွန်တော့်ကို ကျောခိုင်းရပ်နေသည်။ လောယဉ် လွယ်အိတ်တစ်လုံးကို ပခုံးမှာ လွယ်ထားသည်။
    "ရော့ဒ်နေ"
    မလှည့်ချင် လှည့်ချင်နှင့် သူ လှည့်လာသည်။ သူ့မျက်လုံးများကလည်း ရန်လိုသည့် အရောင် ဆောင်နေသည်။
    "အို... ဟဲလို ...၊ ခင်ဗျားကိုး"
    "ရော့ဒ်နေ၊ မင်း တခြားတစ်နေရာရာကို သွားတော့မလို့လား"
    "ဟုတ်တယ်၊ အခုပဲ ခရီးထွက်တော့မလို့"
    သူ လွယ်ထားသည့် လေယာဉ်ခရီးဆောင်အိတ်တွင် ဘန်ကောက်သို့ ဟူသော လေယာဉ် အမှတ်အသား တံဆိပ် ချိတ်ထားသည်ကို တွေ့ရသည်။
    "စူဇီ ဘယ်မှာလဲ" ဟု ကျွန်တော်က မေးသည်။
    "ဒီမှာ၊ ကျုပ် ၀မ်းနည်းပါတယ်ဗျာ၊ ကျုပ် အခုပဲ သွားရတော့မှာ"
    သူက ပြောပြောဆိုဆို တဘက်သို့လှည့်ပြီး ထွက်သွားသည်။ ကျွန်တော်က သူ့လက်ကို ဖမ်းဆွဲ ထားလိုက်သည်။
    "ရော့ဒ်နေ၊ စူဇီ ဘယ်မှာလဲ"
    ထိုအချိန်တွင် လှေကားထစ်များအတိုင်း လေယာဉ်မယ် တက်လာသည်။
    "အိုး.. မစ္စတာ တက်စ်လာ၊ စိတ်မရှိပါနဲ့ရှင်"
    "လာပြီ.. လာပြီ၊ အခုလာပြီ" ဟု ရော့ဒ်နေက ပြန်ပြောသည်။
    "ရော့စ်နေ၊ စူဖီ ဘယ်မှာလဲ"
    ကျွန်တော်က သူ့လက်မောင်းကို မလွှတ်ဘဲ ဆုပ်ကိုင်မြဲ ဆုပ်ကိုင်ထားသည်။
    ရုတ်တရက် ကျွန်တော့်ဘက်သို့ သူ ပြန်လှည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဒေါသရိပ်တွေ လွှမ်းနေသည်။
    "ဒီမှာ နားထောင်၊ ကျုပ် မသိဘူး၊ ကျုပ် ဘာကိုမှလည်း ဂရုမစိုက်ဘူး၊ မဟုတ်တာတွေ ရပ်ပြောနေဖို့ ကျုပ်မှာ အချိန်မရှိဘူး"
    ကျွန်တော့်လက်ထဲမှ သူ ရုန်းထွက်သွားသည်။ လှေကားအတိုင်း ဆင်းပြေးသွားကာ လေယာဉ်မယ်ဘေးမှ ဖြတ်ပြီး ဘတ်စ်ကားပေါ်သို့ တက်သွားသည်။ သူ့နောက်မှ ကျွန်တော် ဆင်းလိုက်သွားပြီး လေယာဉ်မယ်ကို မေးကြည့်သည်။
    "ဒီဘတ်စ်ကားနဲ့ လေယာဉ်ပျံကွင်းကို ကျွန်တော် လိုက်လို့ရမလားဗျာ"
    "ရပါတယ်ရှင်၊ ဒါပေမယ့် ငါးဒေါ်လာ ပေးရပါတယ်"
    ကျွန်တော် ဘတ်စ်ကားပေါ်သို့ တက်လာသည်ကို မြင်သောအခါ ရော့ဒ်နေသည် ဒေါသ ပေါက်ကွဲတော့မလို ပေကပ်ထိုင်နေသည်။ ကိုယ်ကို ရှေ့သို့ ကိုင်းပြီး သူ့ကို စကားပြောသည်။ သူက အပြောမခံဘဲ မျက်နှာကို တဘက်သို့ လှည့်ထားသည်။ လေယာဉ်ပျံကွင်းသို့ ရောက်သည်အထိ တစ်လမ်း လုံး သူ စကားတစ်ခွန်းမှ ပြန်မပြော။
    ဘယ်လိုပဲဖြစ်ဖြစ် လေယာဉ်ပျံကွင်း ရောက်တော့ သူ့အနားက လုံးဝ မခွာဘဲ ကျွန်တော် ကပ်လိုက်နေသည်။ ဘတ်စ်ကားပေါ်မှ ကပ်ပြီး ဆင်းလိုက်ခဲ့သည်။ ခရီးသည်များ အခန်းထဲသို့လည်း ၀င်လိုက်သွားသည်။ သူ့လက်မှတ်ကို စစ်ဆေးခြင်း၊ သူ့ပစ္စည်းတွေကို ပေါင်ချိန်ယူခြင်းများ လုပ်နေသည့် အချိန်မှာလည်း သူ့ကို မခွာဘဲကပ်ထားသည်။
    "အကောက်ခွန်ဌာနက မစစ်ဆေးခင် နာရီဝက်လောက် အချိန်ရပါတယ် မစ္စတာတက်စ်လာ၊ ဧည့်ခန်းထဲမှာ ကော်ဖီသွားသောက်ချင်ရင် သောက်နေနိုင်ပါတယ်" ဟု စာရေးက ပြောသည်။
    ဧည့်ခန်းထဲသို့ သူ့နောက်မှ ၀င်လိုက်သွားသည်။ သူထိုင်သည့် စားပွဲမှာပင် ၀င်ထိုင်သည်။ ကျွန်တော်က အလျှော့ မပေးဘဲ နှောင့်ယှက်မြဲ နှောင့်ယှက်နေသည်။ ခဏကြာတော့ သူ့မျက်နှာကို လက်ဝါးနှစ်ဖက်နှင့် အုပ်ပြီး တစ်ကိုယ်လုံး သိမ့်သိမ့်တုန်နေတော့သည်။ သူ ငိုနေပြီဟု ထင်ရသည်။ ပြီးတော့ မျက်နှာပေါ်မှ လက်ကိုမဖယ်ဘဲ စိတ်လှုပ်ရှားသောလေသံနှင့် ပြန်ပြောသည်။
    "ကောင်းပြီ၊ ခင်ဗျား ဒါလောက်တောင် သိချင်နေတယ်ဆိုရင် ပြောပြရတာပေါ့ဗျာ၊ သူက ကျုပ်ကို အင်မတန် အထင်သေးတယ်"
    "စူဖီကလား"
    "ကျုပ်တိုင်းပြည် ပြန်ရောက်သွားရင် မင်းဟောင်ကောင်မှာ ဘာတွေ လုပ်ခဲ့သလဲလို့ ၀ိုင်းမေးလိမ့်မယ်၊ ဆိပ်ကမ်းက ပြည့်တန်ဆာမကလေးနဲ့ အတူတူ ကျုပ် အချိန်ဖြုန်းခဲ့တယ်ဆိုတာ ပြောပြရင် သူတို့ကလည်း ကျုပ်ကို အထင်သေးကြဦးမယ်" ဟု အစချီပြီး စူဇီနှင့် သူ့အကြောင်းကို  ပြောပြလေတော့သည်။
    ပထမတစ်ပတ် နှစ်ပတ် လောက်မှာတော့ သူနှင့်စူဇီ၏ အခြေအနေသည် သိပ်ပြီး ဆိုးဆိုး ရွားရွား မဖြစ်သေး။ သို့သော်လည်း စူဇီအပေါ်မှာ သူ၏ သ၀န်ကြောင်မှုသည် တဖြည်းဖြည်း ကြီးထွားလာသည်။ နောက်ဆုံး သူ့မျက်စိအောက်မှ အပျောက်မခံနိုင်သည်အထိ ဖြစ်လာသည်။
    အဓိကအကြောင်းမှာ စူဇီက သူ့ကလေးကို သွားကြည့်ရာက စသည်။ ကလေးကို ရွာထဲမှာ ကလေးထိန်းနှင့် အတူထားသည်။ ကလေးဆီ သွားသောအခါ ရော့ဒ်နေကို လိုက်ခွင့်မပေး။ ထိုသို့ လိုက်ခွင့်မပေးခြင်းသည် မရိုးသားသောကြောင့် ဖြစ်ကြောင်း၊ တရုတ်အမျိုးသားတစ်ယောက်နှင့် သွားပြီး ချိန်းတွေ့သောကြောင့် ဖြစ်ကြောင်း စီပ်စွဲလာသည်။
    ထိုသို့ စွပ်စွဲချက်မှာ မမှန်ကန်ကြောင်းကို သူကိုယ်တိုင်လည်း သိသည်။ တစ်ကြိမ်တုန်းက စူဇီကို နောက်ယောင်ခံပြီး ရွာထဲသို့ သူလိုက်သွားဖူးသည်။ စူဇီက သူ့ကလေးရှိသည့် အိမ်ထဲ ၀င်သွားသည်။ ပြီးတော့ ကလေးကို ခေါ်ပြီးကလေးထိန်း အဘွားကြီးနှင့်အတူ ပင်လယ်ကမ်းစပ်သို့ သွားသည်။
    ဒါတွေအားလုံး သူကိုယ်တိုင် မြင်တွေ့ထားသော်လည်း နောက်ပိုင်း စူဇီကို ပြန်ပြောပြတော့ တစ်မျိုးဖြစ်နေသည်။ စူဇီကို သူလိုက်ချောင်းကြောင်း၊ အိမ်တစ်အိမ်ထဲ ၀င်သွားပြီးနောက် ယောက်ျား တစ်ယောက်နှင့်အတူ ပြန်ထွက်လာသည်ကို သူကိုယ်တိုင် မြင်တွေ့ရကြောင်း ပြောတော့သည်။
    ထိုအကြောင်းကို အခိုင်အမာပြောနေသည်။ ပတ်ဝန်းကျင်အခြေအနေတွေကိုပါ သက်သေထူနေသည်။ မင်နီဟိုးနှင့် ဖြစ်တုန်းက သူ ဇာတလမ်းဆင်ပြောခဲ့သလို ပြောသည်။ သူ့ကို ၀င်ရောက်တိုက်ခိုက်သူမှာ ဟောဟိုက လန်ချားစီးသွားတဲ့ သင်္ဘောသားပါပဲဟု ပြောသကဲ့သို့ပင် လမ်းမှာတွေ့သည့် ယောက်ျား တစ်ယောက်ကို လက်ညှိုးထိုးပြကာ ထိုယောက်ျားနှင့် စူဇီ အတူသွားခြင်းဖြစ်သည်ဟု ပြောပြသည်။ သူပြသော ယောက်ျားကို စူဇီတစ်သက်တွင် တစ်ကြိမ် တစ်ခါမှ မမြင်ဖူးခဲ့။
    စူဇီက သူ့ကို မုန်းတီးလာအောင်၊ အထင်သေးလာအောင် လုပ်ဖို့ သူ၏ မသိစိတ်က သူ့ကို နှိုးဆော်နေသည်။ တဖြည်းဖြည်းနှင့် စူဇီက သူ့ကို မုန်းလာသည်။ အထင်သေးလာသည်။ ထိုအမူအရာများကို မြင်ရသောအခါစူဇီကို သတ်မှတ်သဘောတူထားသည့် ငွေအပြင် နောက်ထပ် ငွေအမြောက်အမြားကို ရက်ရောစွာ ပေးကမ်းသည်။
    သူပေးသည့်ငွေများကို ချက်ချင်းပင် သူ့ဟာသူ ပြန်ခိုးထားသည်။ ပြီးတော့ ငွေပျောက်ရပါမည်လားဆိုကာ စူဇီကို ပြစ်တင်ကြိမ်းမောင်းသည်။ သူမြတ်မြတ်နိုးနိုးပေးသော လက်ဆောင်ကို ဂရုတစိုက် မထိန်းသိမ်းခြင်း သည် သူ့ကို ဂရုမစိုက်သောကြောင့် ဖြစ်သည်ဟု စွပ်စွဲသည်။ သူ့ပိုက်ဆံကို တန်ဖိုးမထား၊ စူဇီ၏ အထင်သေး မှုကို ငွေနှင့်လည်း ၀ယ်မရနိုင်ပါလားဟု အပြစ်တင်လာသည်။
    ဘယ်လိုမှ သည်းမခံနိုင်တော့သောအခါတွင် သူ့ထံမှ ထွက်သွားရန် စူဇီ နှစ်ကြိမ်တိုင်တိုင် ကြိုးစားသည်။ ဗြောင်လည်း ဖွင့်ပြောသည်။ သု့သော်လည်း မအောင်မြင်။
    မည်သို့ဆိုစေ တစ်မနက်မှာတော့ စူဇီရော၊ သူ့ကလေးနှင့် ကလေးထိန်းအဘွားကြီးပါ ပျောက်သွားတော့သည်။ သူ အကြီးအကျယ် ပေါက်ကွဲတော့သည်။ သူ့သေတ္တာတစ်လုံး ပျောက်ဆုံးနေသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် ပစ္စည်းခိုးယူမှုဖြင့် ပုလိပ်တိုင်ပြီး ထောင်ထဲထည့်ပစ်ရန် သူ ကြံသည်။
    သူ့အကြံ မအောင်မြင်ပါ။ ခဏအကြာမှာပင် အငှားကားတစ်စီး ရောက်လာပြီး သူ့သေတ္တာကို ပြန်ပေးသည်။ ထိုအငှားကားဖြင့် စူဇီကို ကိုလုန်းသို့ လိုက်ပို့ပေးရကြောင်း၊ ရုတ်တရက် ထွက်သွား ရသည့် အတွက် သူ့သေတ္တာကို ခဏယူသုံးကြောင်း စူဇီက တောင်းပန်စကား ပြောလိုက်သည်။
    ထိုသို့ ဖြစ်ခဲ့သည်မှာ နှစ်ပတ်လောက် ကြာသွားပြီ။ ရော့ဒ်နေသည် ကိုလုန်းသို့ ပြန်လာပြီး ကျွန်းဆွယ်ဟိုတယ်မှာ တည်းသည်။ သူ၏ ကမ္ဘာလှည့်ခရီးစဉ်ကို ဆက်လက် အကောင်အထည် ဖော်ရန် ဆုံးဖြတ်သည်။ ဘန်ကောက်လေယာဉ်ပျံလက်မှတ် ၀ယ်ယူခြင်း ဖြစ်သည်။
    တစ်ည နှစ်ညကြာတော့ နသန်လမ်းပေါ်မှာ စူဇီနှင့် သွားတွေ့သည်။ သူ့ဆီသို့ ပြန်လာရန် စူဇီကို တောင်းပန်သည်။ စူဇီ ပြန်လာမည်ဆိုပါက သူ့ခရီးစဉ်ကို ဖျက်မည်ဖြစ်ကြောင်း ပြောသည်။ စူဇီက ငြင်းသည် သူသည် ကိုလုန်းတွင် အိမ်ခန်းတစ်ခန်း ငှားထားပြီဖြစ်ကြောင်း၊ ကိုလုန်းက ဘားခန်းတစ်ခုမှာ အလုပ် လုပ်နေပြီဖြစ်ကြောင်း ပြောပြကာ ထွက်သွားသည်။ နောက်က သူလိုက်ခေါ်သေးသော်လည်း လူအုပ်ထဲမှာ ပျောက်သွားသည်။ ထိုသို့ တွေ့ခြင်းသည် နောက်ဆုံး တွေ့ခြင်းပင် ဖြစ်လေသည်။
    "ဘယ်ဘားခန်းမှာ လုပ်နေတယ်ဆိုတာ သူ ပြောပြမသွားဘူးလား" ဟု ကျွန်တော်က မေးသည်။
    "မပြောဘူး၊ ဒါပေမဲ့ ဖောက်သည်တွေနဲ့ အချိန်းအချက်လုပ်တဲ့ ဘားခန်းတစ်ခုခု ဖြစ်မှာပဲလို့ ကျွန်တော်ထင်တယ်"
    "ဒါပေမဲ့ ကိုယ်တော့ သဘောမပေါက်နိုင်ဘူးကွာ၊ ဒီအလုပ်မျိုးကို သူ ပြန်လုပ်မယ်ဆိုရင် ဘာဖြစ်လို့ နမ်ကောက်ကို သူ ပြန်မလာတာလဲ" ဟု ကျွန်တော်က ထပ်မေးသည်။
    ရော့ဒ်နေသည် တစ်စုံတစ်ရာကို ပြောတော့မည်လုပ်ပြီးမှ သူ့စိတ်ကို သူ ပြန်ပြင်လိုက်ပုံရသည်။ မျက်လွှာချလိုက်ပြီးမှ ဘာမှမသိသလို ပခုံးနှစ်ဘက်ကို တွန့်ပြသည်။
    "ခင်ဗျားကို ကျွန်တော် ပြောမပြနိုင်ဘူး"
    ထိုအချိန်မှာပင် နံရံရှိ အသံချဲ့စက်မှ အမျိုးသမီးတစ်ယောက်၏ အသံပေါ်လာသည်။ ဘန်ကောက်၊ ရန်ကုန်၊ ကာလကတ္တား မြို့များသို့ပင် အမေရိကန် လေယာဉ်ပျံဖြင့် စီးနင်းလိုက်ပါကြမည့် ခရီးသည်များ အကောက်ဌာနသို့ သွားရောက် အစစ်ခံရန် ကြေငြာခြင်း ဖြစ်သည်။
    ရော့ဒ်နေသည် ထိုင်ရာမှထပြီး လေယာဉ်အိတ်ကို ပခုံးမှာ လွတ်လိုက်သည်။
    "ကဲ... သွားတော့မယ်ဗျာ၊ ဂွတ်ဘိုင် ဘော့"
    "ရော့ဒ်နေ၊ နမ်ကောက်ကို စူဇီ ဘာကြောင့် ပြန်မလာသလဲဆိုတာ မင်းမသိတာ သေချာရဲ့လား"
    "ကျွန်တော် မသိပါဘူးလို့ ခင်ဗျားကို ပြောပြပြီးပြီ မဟုတ်လား"
    "ငါ တွေးနေမိတယ်ကွာ"
    "ခင်ဗျားကတော့ ကျွန်တော့်ကို လူလိမ်တစ်ယောက်လို့ ထင်တော့မှာပဲ၊ စိတ်မကောင်းပါဘူးဗျာ"
    တစ်ဖက်သို့ သူ လှည့်ထွက်သွားသည်။ ချက်ချင်းပင် တုန့်ဆိုင်းဆိုင်း ဖြစ်သွားပြန်သည်။
    "မထူးပါဘူးလေ၊ ဘာဖြစ်ရဦးမှာလဲ၊ ခင်ဗျား သိချင်တယ်ဆိုရင်လည်း ပြောရတာပေါ့၊ ခင်ဗျားရှိနေလို့ နမ်ကောက်ကို သူ ပြန်မလာဘူးဗျ"
    "ငါ့ကြောင့်..."
    "ဟုတ်တယ်၊ ဘက်တီလောင်းနဲ့ ခင်ဗျား ဖြစ်နေတဲ့အကြောင်းကို သူ ကြားတယ်၊ ဒါမျိုး သူကမရဘူး"
    "ဒီလိုလား၊ ဒီလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ရော့ဒ်နေ၊ ဒီအတိုင်းဆိုတော့ မင်းနဲ့ငါ အတူတူ ဖြစ်သွားပြီပေါ့ကွာ" ဟု ကျွန်တော်က ပြန်ပြောသည်။
    "ခင်ဗျား ဘာကို ဆိုလိုတာလဲ"
    "အခုတော့ ငါ့ကိုလည်း သူ အထင်သေး အမြင်သေး ဖြစ်သွားပြီလို့ ဆိုလိုတာပါကွာ"
    "ခင်ဗျားအပေါ်မှာ လုံးလုံး အထင်သေး အမြင်သေး မဖြစ်ဘူး"
    သူက ခပ်မြန်မြန် ပြန်ဖြေသည်။ မနာလိုသည့် လေသံက ပိုများနေသည်။ သူ အထင်သေးခံရခြင်းကို ဂုဏ်ယူပြီး ထိုအထင်သေးခံရမှုကို ကျွန်တော်နှင့် ခွဲဝေမယူနိုင်သည့် သဘောမျိုး ဖြစ်သည်။
    "ခင်ဗျားကို အထင်သေးရုံလောက်ဆိုရင် နမ်ကောက်ကို သူ ပြန်ရောက်နေတာ ကြာလှပြီ၊ ဒီအတွက်တော့ မပူပါနဲ့၊သူက ခင်ဗျားကို အရူးအမူး အသည်းစွဲဖြစ်နေတာ၊သူ အထင်သေးတာက ကျွန်တော် တစ်ယောက်တည်းပါဗျာ"
    "ဟုတ်လား၊ ဒီအတိုင်း မင်းက ပြောနေတယ်ဆိုရင်တော့ လက်ခံလိုက်ရတော့မှာပေါ့ကွာ၊ မင်းရဲ့ စိတ်ချမ်းသာ မှုကလေးကို ငါ မဖျက်ချင်ပါဘူး၊ ဟား.. ဟား.. ဟား"
    ကျွန်တော်က တဟားဟားရယ်ရင်း သူ့ဆီသို့ လက်ကမ်းပေးလိုက်သည်။ ကျွန်တော့် လက်ကို သူ ဆွဲယူ နှုတ်ဆက်ခြင်း မပြုပါ။ သူ့မျက်လုံးများသည် ရန်လိုသည့် အရောင်များဖြင့် ဖုံးသွားပြန်ပါသည်။
    "ခင်ဗျားရဲ့ မှတ်ချက်ကြီးကို ကျုပ်မကြိုက်ဘူး ဘော့"
    "ရော့ဒ်နေ၊ ထားလိုက်ပါတော့ကွာ၊ ဘယ်လိုမှ မအောက်မေ့ပါနဲ့၊ ငါပြောတာက..."
    "ဒီမှတ်ချက်ဟာ အလွန့်အလွန်ကို ညစ်ပတ်စုတ်ပဲ့တဲ့ မှတ်ချက်ပဲ ဘော့၊ ဒီလိုမှတ်ချက်မျိုး ပါးစပ်ကထွက်လာတဲ့အတွက် ကျွန်တော် အများကြီး ၀မ်းနည်းတယ်၊ ဘာကြောင့်လဲဆိုတော့ ဟောင်ကောင် မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကျန်နေရစ်ခဲ့တယ်လို့ ကျွန်တော့် စိတ်ထဲမှာ ခံစားနေရတယ်၊ တစ်ဦးတည်း သော သူငယ်ချင်းပဲ၊ ဒါပေမဲ့ အခုတော့ ကျွန်တော့် အထင် မှားသွားပြီ"
    သူ ဖြုန်းခနဲ လှည့်ထွက်ကာ အကောက်ဌာနရုံးခန်းတွင်းသို့ ၀င်ရောက်ပျောက်ကွယ် သွားလေတော့သည်။
    ကျွန်တော် တစ်ကိုယ်တည်း ပြုံးနေမိပါသည်။ ဟောင်ကောင်မှာ သူငယ်ချင်းတစ်ယောက်ကို ချန်ထားခဲ့သည်ဟူသော အတွေးမျိုး ရော့ဒ်နေမှာ မပေါ်နိုင်ပါ။ ရော့ဒ်နေသည် သူ့ကိုယ်သူ ပြန်သနား နေတတ်သည့် လူစားမျိုး ဖြစ်သည်။ မနာလိုဝန်တိုစိတ်တွေ မွှန်ထူနေသည့် လူငယ်တစ်ယောက် ဖြစ်သည်။ ထိုစိတ်မျိုး မွေးနေသမျှ ကာလပတ်လုံးတော့ ဘယ်လိုနည်းနှင့်မှ မိတ်ဆွေကောင်းများကို သူ ရနိုင်မည်မဟုတ်ပါ။
    အပြင်သို့ ကျွန်တော် ထွက်ခဲ့ပြီး သံစကာနားမှာ သွားရပ်နေပါသည်။ ခရီးသည်တွေ ကွင်းထဲသို့ ဆင်းသွားကြပြီ။ လေယာဉ်ပျံရှိရာသို့ လျှောက်သွားနေကြသည်။
    "ရော့ဒ်နေ..."
    ကျွန်တော်က လှမ်းအော်ခေါ်ပြီး လက်ဝှေ့ယမ်းပြသည်။ သူငယ်ချင်းတစ်ယောက် ကျန်ခဲ့သည်ဟူသော အသိစိတ်ကလေးဖြင့် သူ ခရီးဆက်နိုင်စေရန် ဖြစ်ပါသည်။ အခြားခရီးသည်တွေ ပြန်လှည့်ကြည့် ကြသော်လည်း ရော့ဒ်နေကတော့ လုံးဝလှည့်မကြည့်ပါ။ လေယာဉ်ပျံရှိရာသို့သာ စိုက်စိုက် မတ်မတ် သွားနေသည်။
    လေယာဉ်ပျံ ကောင်းကင်ပေါ် တက်သွားတော့ ကျွန်တော် တစ်ကြိမ် လက်လှမ်းပြပါသေးသည်။ ပြူတင်းပေါက်မှ ပြန်ကြည့်နေလျှင် မြင်လိုမြင်ငြား ဟူသော သဘောနှင့် ဖြစ်ပါသည်။ လေယာဉ်ပျံသည် အပေါ်သို့ ထောင်တက်သွားပြီး တစ်ပတ်ဝဲကာ ဟောင်ကောင် ကမ်းနားအတိုင်း မျဉ်းပြိုင် ပျံသန်း ထွက်ခွာသွားပါသည်။ ရေထဲမှ ငါးတစ်ကောင် အလျင်အမြန် ကူးပြေးသွားသလိုလည်း အရိပ်ထင် သွားပါသည်။ ကျွန်တော့်မြင်ကွင်းမှ ပျောက်ကွယ်သွားသည် အထိ ရပ်စောင့်ကြည့်နေလိုက်သည်။
    ပြီးတော့ စူဇီကို ရှာပုံတော်ဖွင့ရန် ဘတ်စ်ကားစီးပြီး ကိုလုန်းသို့ ကျွန်တော် ပြန်လာခဲ့တော့သည်။
(၂)
နသန်လမ်းမကြီးပေါ်မှာ ဖောက်သည်တွေနှင့် အချိန်းအချက်လုပ်သည့် ဘားခန်းများ အများအပြား ရှိပါသည်။ အချိန်စောနေသေးသောကြောင့် ရုပ်ရှင်ဝင်ကြည့်ပြီး အချိနဖြုန်းနေရပါသေးသည်။ စောစောပိုင်းအချိန်တွင် ဘားခန်းများမှာ ဘာအလုပ်မှ မဖြစ်ပါ။ အမျိုးသမီးတွေလည်း စုံစုံညီညီ ရောက်ကြဦးမည် မဟုတ်ပါ။
    စစ်သားနှစ်ယောက်နှင့် တရုတ်မကလေးတစ်ယောက် စားပွဲတစ်လုံးမှာ ထိုင်နေကြသည်။ ကိုလုန်းသို့ ရေတပ်သားနှင့် သင်္ဘောသားများ လာခွင့်မရှိပါ။ ဟောင်ကောင်ဘက်ကမ်းမှာသာ ပျော်ပါးခွင့် ရှိပါသည်။ ကိုလုန်းကိုတော့ နယ်မြေသစ်တွင် တပ်စွဲထားသည့် တပ်မှ စစ်သားများအတွက် သီးသန့်ကျက်စားရာ နယ်မြေအဖြစ် သတ်မှတ်ထားသည်။
    စားပွဲတစ်လုံးမှာ ကျွန်တော် ၀င်ထိုင်တော့ အမျိုးသမီးတစ်ယောက်က လှမ်းကြည့်သည်။ ပြီးတော့ ခိုးကြောင်ခိုးဝှက် လှမ်းပြုံးပြသည်။ ခင်ပွန်းဖြစ်သူနှင့်အတူ ထိုင်နေရာမှ မလှမ်းမကမ်းရှိ တိတ်တိတ်ပုန်း ချစ်သူကို ခိုးကြောင် ခိုးဝှက် ပြုံးပြလိုက်ပုံမျိုး ဖြစ်ပါသည်။
    ခဏကြာတော့ စစ်သားနှစ်ယောက်ကို ခွင့်ပန်ပြီး ကျွန်တော့်ဆီသို့ လျှောက်လာသည်။ ယခု အပြုံးကတော့ အလုပ်သဘောဆန်သည်။ လေယာဉ်မယ်ကလေး ပြုံးသည့် အပြုံးမျိုးနှင့်လည်း တူသည်။ သူတို့၏ အလုပ်သဘောချင်းမှာ ထပ်တူထပ်မျှ တူညီသည်ဟု ကျွန်တော် ထင်ပါသည်။ ဖောက်သည်ကို စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဟန်လုပ်ပြီး ပြုံးပြကြရသည့် အလုပ်ပင် ဖြစ်ပါသည်။ ဘားခန်းက အမျိုးသမီးကလေးများက တူညီဝတ်စုံ မ၀တ်ကြဘဲ လေယာဉ်မယ်များကတော့ တူညီဝတ်စုံ ၀တ်ကြခြင်းသာလျှင် ကွာပါသည်။
    "စူဇီလို့ခေါ်တဲ့ အမျိုးသမီးကလေးတစ်ယောက်ကို ကိုယ် လိုက်ရှာနေတာပါ၊ ဒီမှာ စူဇိဆိုတာများ အလုပ်လုပ်နေတာ ရှိသလား" ဟု ကျွန်တော်က ပြောပြသည်။
    သူက ခေါင်းခါပြသည်။ သို့သော်လည်း အိုကေကလပ်မှာ ရှိနိုင်ကြောင်း၊ ၀င်းမေးလ်တွင် လူပါးသည့်အခါ အိုကေကလပ်သို့ အလုပ်သွားလုပ်လေ့ရှိကြောင်း၊ ထိုကလပ်မှာ လွန်ခဲ့သည့် နှစ်ပတ်လောက်က အမျိုးသမီး အသစ် တစ်ယောက် အလုပ်ဝင်ကြောင်း၊ ထိုအမျိုးသမီး၏ အမည်ကို ကောင်းစွာ မမှတ်မိသော်လည်း အလုပ်ဝင်ကြောင်း၊ ထိုအမျိုးသမီး၏ အမည်ကို ကောင်းစွာ မမှန်မိသော်လည်း စူဇီဟုပင် ထင်ကြောင်း ပြောပြသည်။
    "ဟုတ်တယ်၊ စူဇီပဲဖြစ်မယ်၊ အင်း.. ကျွန်မ အခုမှ မှတ်မိတော့တယ်၊ အဲဒီလူသစ်နာမည် စူဇီပါပဲ"
    ကျွန်တော် စိတ်ချမ်းသာစေလိုသောကြောင့် ထိုစကားကို သူ ဆက်ပြောသည်ဟု ထင်ပါသည်။ အိုကေ ကလပ်သည် အနီးကလေးမှာပင် ရှိသည်။ ထို့ကြောင့် ကျွန်တော် ဆက်လာခဲ့ရပြန်သည်။
    အိုကေကလပ်သည် ၀င်းမေးလ်ထက် ပိုကြီးသည်။ ဘားကောင်တာနားမှာ အမျိုးသမီး လေးငါး ခြောက်ယောက် စိတ်ပျက်လက်ပျက် ၀ိုင်းထိုင်နေကြသည်ကို တွေ့ရသည်။
    ကျွန်တော် ထိုင်လိုက်သည်နှင့် တစ်ပြိုင်တည်း အမျိုးသမီးသုံးယောက် လျှောက်လာကြသည်။ အလုပ် သဘောအပြုံးမျိုး ပြုံးပြနေကြသည်။ အခြားသုံးယောက်ကတော့ ကျွန်တော် ကြိုက်ရာရွေးနိုင်ရန်ဟူသည့် သဘောမျိုးဖြင့် ထိုင်မြဲထိုင်နေကြသည်။ သူတို့လည်း အလားတူ အပြုံးမျိုးနှင့် ဖြစ်သည်။ ကျွန်တော့်ကို ၀ိုင်းကြည့်နေကြသည်။
    ကျွန်တော်လာရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။ သူတို့၏ ဖောက်သည် မဖြစ်နိုင်သည်ကို သိရသည်နှင့် တစ်ပြိုင်တည်း စောစောက အလုပ်သဘော အပြုံးမျိုး၊ အလုပ်သဘော အမူအရာမျိုးတွေ ပျောက်ကွယ်သွားတော့သည်။ သက်သောင့်သက်သာဖြင့် နေတတ်သလို ပြန်နေလိုက်ကြသည်။
    စူဇီအကြောင်းကို ကျွန်တော်က မေးတော့ ခေါင်းခြောက်လုံးစလုံး ယမ်းခါကြသည်။
    "ဒါဖြင့်ရင် နောက်ဆုံးရောက်လာတဲ့ လူသစ်ဆိုတာ ဘယ်သူလဲ" ဟု ကျွန်တော်က မေးသည်။
    "ကျွန်မပါ၊ ကျွန်မနာမည်က လူးလူး" ဟု တစ်ယောက်ကဖြေသည်။
    ကျွန်တော် မအောင့်နိုင်ဘဲ ရယ်ချလိုက်မိသည်။ ဆေးရောင်စုံ ခြယ်ထားသော တရုတ်မမျက်နှာကလေး ခြောက်ခုသည် ဘာမှနားမလည်သလို ကျွန်တော့်ကို ငေးကြည့်နေကြသည်။
    "မင်းကတော့ တနင်္လာလူးလူး ဖြစ်ရမယ်" ဟု ကျွန်တော်က ပြန်ပြောသည်။
    ပြီးတော့ နမ်ကောက်တွင်လည်း ဗုဒ္ဓဟူး လူးလူးနှင့် စနေလူးလူး ရှိကြောင်း၊ လူးလူးချင်း မှားသောကြောင့် သူတို့ ဆေးခန်းသွားသည့်နေ့ကို တွဲပြီး ကွဲပြားအောင် ခေါ်ရခြင်းဖြစ်ကြောင်း ရှင်းပြရသည်။
    သည်လို ရှင်းပြတော့ သူတို့ ပါးစပ်ကလေးတွေကို လက်ဝါးနှင့် အုပ်ပြီး သဘောကျစွာ ရယ်ကြသည်။
    ခဏကြာတော့ စူဇီ ရှာပုံတော်အတွက် သူတို့ ခေါင်းခြောက်လုံး ဆိုင်ကြသည်။
    ကျွန်တော့်ကို အကူအညီပေးဖို့ သူတို့ အလွန်တရာ စိတ်အားထက်သန်နေကြပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အသည်းနှလုံးရေးရာကို အလွန်တရာ တန်ဖိုးထားကြသောကြောင့် ဖြစ်ပါသည်။
    သာမန် မိန်းကလေးများနှင့် မတူပါ။ သာမန် မိန်းကလေးအနေဖြင့် အသည်းနှလုံးရေးရာကို ဒါလောက် တန်ဖိုးထားချင်မှ ထားပေမည်။ သို့သော်လည်း သူတို့ကတော့ သည်လိုမဟုတ်ပါ။ သူတို့၏ အသက် မွေးဝမ်းကျောင်း လုပ်ငန်းသည် ယောက်ျားတကာနှင့် ဆက်ဆံနေရသောလုပ်ငန်း ဖြစ်သည်။ သို့သော် အချစ်မပါ။ အသည်းနှလုံးမပါ။ ခံစားချက်မပါ။
    ထို့ကြောင့် အသည်းနှလုံးရေးရာနှင့် ပတ်သက်လာလျှင် သူတို့ ကြီးမားစွာ တန်ဖိုးထားကြခြင်း ဖြစ်ပါသည်။
    မိန်းကလေး တစ်ယောက်က စာရွက်နှင့် ခဲတံယူပြီး ဘားခန်းအမည်များကို ရေးချသည်။ ကျန် အမျိုးသမီးတွေက ဘေးမှ ၀ိုင်းပြီး စဉ်းစားပေးကြသည်။ စာရွက်ကုန်သွားတော့ နောက်တစ်ရွက်မှာ ဆက်ရေး ကြသည်။ သူတို့ သိသလောက် ဘားခန်းတွေ ကုန်သွားပြီ။ ဘားခန်းတွေကို ရေးသည်မှာ တည်နေရာ ကျော်လွှားပြီး ရေးခြင်းမဟုတ်။ စီတန်းပြီး ကျွန်တော် တ ၇ွတ်တိုက် ၀င်သွားနိုင်အောင် တည်နေရာ အစဉ်လိုက် ရေးပေးခြင်းဖြစ်သည်။ သို့မှသာ ကျွန်တော့်အဖို့ အရှေ့ပြေးလိုက်၊ အနောက်ပြန်လာလိုက်၊ အရှေ့ပြန်ပြေးလိုက် အဖြစ်မျိုးမှ ကင်းဝေးစေမည်ဟု ဆိုသည်။
    စာရင်းထိပ်ဆုံးက ဘားခန်းသို့ ကျွန်တော် သွားရတော့မည်။ လူးလူးက သူလိုက်ပို့ပေးမည်ဟု ဆိုသည်။ တောင်းပန်၍မရပါ။ ကျွန်တော့်ဟာ ကျွန်တော်ဆိုလျှင် အလွယ်တကူ ရှာတွေ့မည်မဟုတ်ဟု ပြောပြီး ဇွတ်လိုက်ပို့ပေးသည်။
    ဘားခန်းအ၀ရောက်တော့ ကျွန်တော့်ကို နှုတ်ဆက်ပြီး တခစ်ခစ်ရယ်ကာ တနင်္လာလူးလူး ပြန်သွားလေ တော့သည်။
    နောက်ထပ် ဘားခန်းခြောက်ခု ခုနစ်ခုလောက်သို့ ရောက်ခဲ့သေးသည်။ အားလုံး ဘားခန်း အသေးစားကလေးတွေချည်း ဖြစ်သည်။ အမျိုးသမီးအနည်းငယ်နှင့် စစ်သားအချို့ကိုသာ တွေ့ရ သည်။ ထိုဘားခန်းများသည် နမ်ကောက်လို ဟိုတယ်နှင့် တွဲထားခြင်းမျိုးမဟုတ်။ သဘောတူလျှင် အနီးတ၀ိုက်ရှိ ဟိုတယ်တစ်ခုခုသို့ သွားကြရုံသာဖြစ်သည်။ စစ်သားများသောက်သည့် အရက်ဖိုးပေါ်မှ ကော်မရှင်ကို အမျိုးသမီးများက ရသည်။
    ဘားခန်းတစ်ခုသို့ ရောက်တော့ စူဇီ အပြင်သို့ ပါသွားသည်ဆိုသောကြောင့် ကျွန်တော်ထိုင်စောင့်နေသည်။ နာရီဝက်လောက်ကြာတော့မှ စူဇီ ပြန်ရောက်လာသည်။ အရပ်က လေးပေလောက် ပုပုကလေး။ သို့သော်လည်း ကိုယ်လုံးကိုယ်ထည်က အလွန်ဝသော စူဇီဖြစ်သည်။ ကျွန်တော် တွေ့ဖူးသမျှ တရုတ်မတွေထဲမှာ အ၀ဆုံးတရုတ်မကလေးဖြစ်သည်။
    အပြင်ရောက်တော့ လန်ချားခေါ်ပြီး ကိုးကုန်းကိုးကျင်း လျှောက်နေသောကြောင့် ကျွန်တော် ခြေတိုနေပြီ။ ဖိနပ်ပေါက်ချင်သလိုလိုလည်း ဖြစ်လာသည်။ ထို့ကြောင့် ဘယ်နည်းနှင့်မှ လမ်းဆက်မလျှောက်နိုင်တော့ပါ။
    ယခုဝင်ရဦးမည့် ဘားသည် ကျွန်တော် ရှာပုံတော်အဆုံးသတ်ရတော့မည့် နောက်ဆုံး ပိတ်ဘားလည်း ဖြစ်ချေသည်။
    ထိုဘားခန်းမှာ "ချမ်းမြေ့သာယာဘားခန်း" ဖြစ်ပါသည်။ ကျွန်တော် ရောက်ခဲ့ပြီး သမျှသော ဘားခန်းများ အားလုံးအနက် အသားနားဆုံး ဘားခန်းလည်း ဖြစ်ပါသည်။ ညကလပ် အသေးစား ကလေးနှင့်လည်း တူပါသည်။ ကပွဲနေရာလည်း ရှိသည်။ ကနေသူအချို့ကိုလည်း တွေ့ရသည်။ စားပွဲသုံးလေးလုံးမှသာ လူရှိသည်။
    စားပွဲတစ်လုံးမှာ ကျွန်တော် ၀င်ထိုင်သည်။ အမျိုးသမီးကလေးတစ်ယောက် ရောက်လာသည်။ ထုံးစံအတိုင်း မေးခွန်းကိုပင် မေးရလေတော့သည်။
    "ဟုတ်တယ်၊ စူဇီဆိုတဲ့ အမျိုးသမီးတစ်ယောက်တော့ ရှိပါတယ်"
    "စူဇီဝေါင်းလား" ဟု ကျွန်တော်က မေးသည်။ ကျွန်တော့်ရင်တွေ တဆတ်ဆတ် ခုန်လာသည်။
    "ဟုတ်ပါတယ်ရှင်၊ ဝေါင်းမီလင်း နောက်ဘက်ကအခန်းမှာ တခြားအမျိုးသမီးတွေနဲ့ မာဂျောင်း သွားကစားနေပါတယ်၊ ဒီနေ့ညက လူသိပ်ပါးတာပဲ၊ ခဏနေဦးနော်၊ ကျွန်မ သွားခေါ်ပေးမယ်"
    ကတ္တီပါခန်းဆီးချထားသည့် အပေါက်ဝတွင်းသို့ သူ ၀င်ရောက်ပျောက်ကွယ်သွားသည်။ တစ်မိနစ် နှစ်မိနစ်လောက်ကြာတော့ ဓာတ်စက်မှ "အထီးကျန် ခုနစ်ရက်" သီချင်းသံ ထွက်ပေါ်လာပါသည်။ နမ်ကောက်ဟိုတယ်တွင် လူကြိုက်များသည့် သီချင်းဖြစ်ပါသည်။ ထိုမျှ မကသေး၊ စူဇီနှင့် ကျွန်တော်၏ အထိမ်း အမှတ်သီချင်းဟုလည်း ကျွန်တော်တို့ သတ်မှတ်ထားကြပါသည်။
    ကျွန်တော့် ရင်ထဲမှာ အဟောင်းတွေ အသစ်ဖြစ်လာကြပြန်သည်။ ထိုသီချင်းသံ ပေါ်လာခြင်းမှာ တိုက်ဆိုင်မှုကြောင့် မဟုတ်နိုင်ပါ။ စူဇီက အမှတ်တရကလေးဖြစ်စေရန် တမင် ဖွင့်ခိုင်းလိုက်ခြင်းသာ ဖြစ်ရပါမည်။ ကျွန်တော် ၀မ်းသာလုံး ဆို့သွားပါတော့သည်။ စိတ်သက်သာရာလည်း ရသွားပါသည်။ ကျွန်တော် ရောက်လာသည့်သတင်းကို ကြားရသဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ပြီး ဖွင့်ခိုင်းခြင်းမှတစ်ပါး အခြားဘာမှမဖြစ်နိုင်ပါ။
    ခဏကြာတော့ သူ ထွက်လာသည်။ ကတ္တီပါခန်းဆီးကို မပြီး ခဏရပ်နေသေးသည်။ နောက်ကမီးရောင်ဖြင့် သူ့ခန္ဓာကိုယ် ကောက်ကြောင်းကိုသာ ကျွန်တော် တွေ့ရပါသည်။ သည်လို ရပ်နေပုံကလေးကို မြင်လိုက်ရရုံဖြင့် ကျွန်တော့် ရင်ခွင်ထဲသို့ သူ ၀င်လာလေသလားဟုပင် ကျွန်တော် တွေးထင်လိုက်မိပါတော့သည်။ ကျွန်တော်တို့နှစ်ယောက် ပြန်လည်တွေ့ဆုံကြခြင်းအတွက် ကျွန်တော့် တစ်ကိုယ်လုံးမှာ ပီတိတွေ ဖုံးလွှမ်းသွားပါတော့သည်။
    ခန်းဆီးကို ချထားခဲ့ပြီး အခန်းထဲသို့ သူဝင်လာပါသည်။ ကျွန်တော့်ကို သူ မမြင်ပါ။ ထို့ကြောင့် တစ်နေရာမှာ ခဏရပ်နေသည်။ ပတ်လည်ကို လှည့်ရှာနေသည်။ သူမြင်နိုင်အောင် ကျွန်တော်က မတ်တပ်ရပ်ပြလိုက်သည်။ သူမြင်သွားပါသည်။ ကပွဲကြမ်းပြင်ကို ဖြတ်ပြီး ကျွန်တော့်ဆီသို့ လျှောက်လာသည်။
    "ဟယ်လို...စူဇီ"
    ကျွန်တော်က လှမ်းခေါ်သည်။ သူသည် ဘာစကားမှမပြောဘဲ တောင့်တောင့်ကြီး ရပ်နေပါသည်။ ထိုပုံကို ကြည့်ခြင်းအားဖြင့် "အထီးကျန် ခုနစ်ရက်"ကို သူ လိုလိုလားလားနှင့် ဖွင့်ခိုင်းခြင်း မဟုတ်ကြောင်း၊ တစ်စုံ တစ်ယောက်က ဖွင့်သည်နှင့် တိုက်ဆိုင်မှုသာဖြစ်ကြောင်း ကျွန်တော် သဘောပေါက် နားလည်သွား ပါတော့သည်။
    သို့သော်လည်း ကျွန်တော်က ပိုမိုသေချာသွားစေလိုသည့် သဘောဖြင့် -
    " နားထောင်ကြည့်ပါဦး စူဇီ၊ ကိုယ်တို့အတွက် အထိမ်းအမှတ် သီချင်းလေ" ဟု ပြောလိုက်ပါသည်။
    သူ နားစွင့်လိုက်ပါသည်။ သို့သော် ဘာကိုမှ အမှတ်ရပုံမပေါ်ပါ။ သူ့ အမူအရာ ဘာမှထူးခြားမလာပါ။ ကျွန်တော် နားလည်လိုက်ပါပြီ။ တိုက်ဆိုင်မှု သက်သက်ပင် ဖြစ်ချေသည်တကား။
    "ရှင်ဘာဖြစ်လို့ ဒီကိုလာတာလဲ" ဟု အေးတိအေးစက်မေးသည်။
    "စူဇီ ထိုင်ပါဦး၊ ကိုယ်တို့ အေးအေးဆေးဆေး စကားပြောကြရအောင်"
    သူ တုန့်ဆိုင်းဆိုင်း လုပ်နေသေးသည်။ ခဏနေတော့မှ ခုံတစ်လုံး၏ အစွန်းမှာ မထိုင်ချင့် ထိုင်ချင်နှင့် ခပ်တောင့်တောင့် ၀င်ထိုင်သည်။ သူ့မျက်နှာပေါ်မှာ မည်သို့သော ခံစားချက်မှ မရှိသည်ကို တွေ့ရသည်။ စားပွဲထိုးရောက်လာပြီး ဘာသောက်မလဲဟု မေးသည်။ စူဇီက ခေါင်းယမ်းပြသည်။ သို့သော်လည်း ကျွန်တော်က သူ့အတွက် အချိုရည်နှင့် ကျွန်တော့်အတွက် ဘီယာ မှာလိုက်သည်။
    "အချိုရည်ကလေးလောက်တော့ မင်း သောက်နိုင်ပါတယ်နော်" ဟု ကျွန်တော်က မေးသည်။
    "ရှင်ဘာဖြစ်လို့ ဒီကိုလာတာလဲ" ဟု သူက အေးတိအေးစက် မေးပြန်ပါသည်။
    "ဘာကြောင့်လဲဆိုတော့ မင်းကို လွမ်းလို့ စူဇီ၊ မင်းကို မမြင်ရရင် မနေနိုင်လို့၊ မင်းကို ကိုယ်ဘက်လောက် လွမ်းရတယ်ဆိုတာ မင်း သဘောပေါက်နိုင်မှာ မဟုတ်ဘူး"
    "ဘာဖြစ်လို့ ကျွန်မကို လာပြီး ရှင်ညာနေရတာလဲ၊ ရှင့်မှာ မိန်းကလေးအဖော် ရနေပြီပဲ၊ မဟုတ်ဘူးလား"
    "ဘက်တီလောင်းကို ပြောတာလား"
    "ကျွန်မ မသိဘူး"
    သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသည့်အနေဖြင့် နာမည်ကို မသိဟန်ဆောင်ပြီး၊ သူပြောခြင်း ဖြစ်ပါသည်။
    "ရှင်နဲ့ မိန်းမတစ်ယောက်နဲ့ ဖြစ်နေကြပြီဆိုတာပဲ ကျွန်မကြားတယ်၊ သူ့နာမည်ကို မကြားမိဘူး၊ အရေးမကြီးပါဘူးလေ၊ ရှင့်မှာ အမျိုးသမီးတစ်ယောက် တွဲစရာရှိနေပြီဆိုတာဟာ ကျွန်မကို ဘာမှ ထိခိုက် စရာအကြောင်း မဟုတ်ပါဘူး"
    "စူဇီ၊ ဘက်တီနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ အလကားအဓိပ္ပာယ် မရှိတာတွေပါ"
    "ကျွန်မ ကြားရတဲ့ သတင်းကတော့ အဓိပ္ပာယ်မရှိတာ မဟုတ်ပါဘူး၊ ဟုတ်တယ်၊ ကျွန်မ ကြားတာ အဲဒီကောင်မပဲဖြစ်မယ်၊ အခုမှ ကျွန်မ သတိရတယ်၊ အဲဟို ကန်တုန်ကောင်မလေ၊ သူဟာ ရှင့်ရဲ့ အမြဲတမ်းအတွဲ ဖြစ်နေပြီလို့ ကျွန်မကြားတယ်"
    "ဒီသဘောမျိုး မဟုတ်ပါဘူးစူဇီ၊ ကိုယ့်အခန်းကို သူတစ်ခါလာတာ မှန်ပါတယ်၊ အဲဒီတစ်ခါတည်းပဲယုံပါ၊ မင်းထွက်သွားတဲ့နောက်ပိုင်းမှာ ကိုယ်တစ်ယောက်တည်း အထီးကျန်ဘ၀နဲ့ အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရတယ်၊ အလုပ်လည်း လုပ်လို့မရတော့ဘူး၊ နောက်တစ်ကြောင်းက မင်းအပေါ်မှာ သစ္စာ ထားစရာမလိုမယ့် ကိုယ်ခေါ်ရင်လည်း မငြင်းမယ့် အမျိုးသမီးက သူတစ်ယောက်တည်းပဲ ရှိပါတယ်၊ ဒါပေမဲ့ အင်မတန် စိတ်ထိခိုက်စရာကောင်းပါတယ် စူဇီ၊ ကိုယ်ဘယ်လိုမှ မဖြေသာပါဘူး၊ အဲဒီအချိန်ကစပြီး ကိုယ့်အခန်း ထဲကို သူ နောက်ထပ် လုံးဝမလာရတော့ပါဘူး"
    "ရှင် ဘာဖြစ်လို့ မဟုတ်တာတွေကို ဒါလောက်တောင် ပြောနေရတာလဲ"
    "မဟုတ်တာတွေကို ကိုယ်မပြောပါဘူး စူဇီ"
    "ဟုတ်တယ်၊ လိမ်နေတာ၊ ရှင် အမြဲတမ်း အဲဒီကန်တုန်ကောင်မကို စိတ်ဝင်စားနေတာပဲ၊ ကျွန်မကို ရှင် တစ်ခါပြောဖူးတာ ကျွန်မ မှတ်မိနေသေးတယ်၊ အဲဒီကောင်မက ရှင့်စိတ်တွေ ဖောက်ပြန်လာအောင် တတ်နိုင်တယ်ဆိုတာလေ၊ အင်မတန် ဆွဲဆောင်မှုရှိတယ်၊ သူ လမ်းလျှောက်ပုံကြောင့် ကိုယ့်စိတ်ကိုယ်တောင် မထိန်းနိုင်သလောက်ပဲလို့ ရှင် တစ်ခါက ပြောဖူးတယ်လေ"
    "ကိုယ့်စိတ်ထဲက ပါလို့ပြောခဲ့မိတာ မဟုတ်ပါဘူး စူဇီရယ်၊ ဘာပဲဖြစ်ဖြစ်လေ ကိုယ်ရူးမတတ် ဖြစ်ခဲ့ရတယ်၊ ဘာလုပ်လို့ ဘာကိုင်မိမှန်းလည်း မသိခဲ့ပါဘူး၊ အခုတော့ သူ့ကို ကိုယ်လုံးလုံး ကြည့်လို့မရပါဘူးကွယ်"
    "ဒီလိုဆိုရင် ရှင့်ရဲ့ အမြဲတမ်းအတွဲအဖြစ်နဲ့ ဘာဖြစ်လို့ သူ့ကို ဆက်လက်ခံထားတာလဲ"
    "ဆက်မတွဲပါဘူး စူဇီ"
    "တွဲတယ်၊ ရှင် သူနဲ့ ဆက်တွဲနေတယ်ဆိုတာ လူတိုင်းက ကျွန်မကို ပြောတယ်"
    "ဒါကြောင့်မို့လို့ နမ်ကောက်ကို မင်း ပြန်မလာတာလား"
    သူ တုန့်ဆိုင်းဆိုင်း ဖြစ်သွားသည်။ ပြီးတော့ မျက်နှာကို အပေါ်သို့ မော့လိုက်သည်။ သူ့မျက်လုံးများကို ကျွန်တော် မမြင်ရတော့ပါ။ သို့သော်လည်း ကျွန်တော့်ကို ရင်ဆိုင်တော့မည်ဖြစ်ကြောင်း ကျွန်တော် ခန့်မှန်းလိုက်မိပါသည်။
    "ဟုတ်တယ်၊ အဲဒါကြောင့်ပဲ၊ အဲဒါကြောင့် ပြန်မလာတာ၊ နမ်ကောက်ကို ပြန်သွားဖို့ ကျွန်မ အရမ်းရှက်နေတယ်၊ ကျွန်မ ဘယ်လောက် မျက်နှာပျက်ရသလဲ၊ နမ်ကောက်ကို ပြန်သွားမယ့်အစား သေပစ်လိုက်ရတာက ပိုကောင်းဦးမယ်"
    စားပွဲထိုး ရောက်လာသည်။ အချိုရည်ဖန်ခွက်ကို စူဇီရှေ့မှာ ချပေးသည်။ ကျွန်တော့်ရှေ့မှာ ဖန်ခွက်တစ်လုံးချကာ ဘီယာငှဲ့ထည့်ပေးသည်။ ဘီယာလက်ကျန်နှင့် ပုလင်းကို ထားရစ်ခဲ့ပြီး ပြန်ထွက်သွားသည်။
    "စူဇီ၊ ကိုယ်ရှင်းပြတာကို ခဏကလေးတော့ သေသေချာချာ နားထောင်ပါ"
    ဘက်တီလောင်းအကြောင်း ကျွန်တော် ထပ်ရှင်းပြသည်။ ဘက်တီနှင့် ပတ်သက်သော ခံစားချက်ကို ရှင်းပြသည်။ ထိုတစ်ကြိမ်သာဖြစ်ပြီး နောက်ထပ် လုံးဝအဆက်အဆံ မလုပ်တော့သည့် အကြောင်းများကို ရှင်းပြသည်။ အမှန်အတိုင်း ပြောပြနေခြင်းဖြစ်သောကြောင့် သူ ယုံကြည်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ သို့သော်လည်း အကြောင်းထူးမလာပါ။
    "ကောင်းပြီ၊ ရှင့်ကို ကျွန်မယုံပြီ၊ အခု ရှင်စိတ်ချမ်းသာနေသလား"
    သူ့လေသံသည် စောစောကအတိုင်းပဲ လှိုက်လှိုက်လှဲလှဲ ရှိမလာပါ။ အေးတိအေးစက် ဖြစ်မြဲ ဖြစ်နေသည်။
    "စိတ်မချမ်းသာပါဘူး စူဇီ၊ ကိုယ့်အပေါ်မှာ မင်း ယုံကြည်မှုမရှိတာ တွေ့ရတဲ့အတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်၊ ပြီးတော့ မင်းဒီမှာ အလုပ်လုပ်နေတာ တွေ့ရတဲ့အတွက်လည်း ကိုယ် စိတ်မချမ်းမသာ ဖြစ်ရပါတယ်၊ ဒီမှာက မင်း ပိုက်ဆံများများစားစား ဘယ်ရနိုင်ပါ့မယ်"
    "ဒီနေ့က သောကြာနေ့လေ၊ သောကြာနေ့ဆိုရင် ဒီလိုပဲ လူပါးတယ်"
    "တခြားရက်တွေကျတော့ ပိုကောင်းသလား"
    "ဟုတ်တယ်၊ ပိုကောင်းတယ် ဧည့်သည်တွေ ပိုများတယ်၊ ကျွန်မ ပိုက်ဆံွေ အများကြီးရတယ်၊ ဟိုတယ်ကို လိုက်မသွားဘဲ ဒီမှာထိုင်နေရင်း အရက်ပေါ်ကရတဲ့ ကော်မရှင်ကကို အများကြီးပဲ၊ ဘယ်လောက်ရမှန်းတောင် မသိတော့ဘူး"
    သူ့လေသံသည် ယုံယုံကြည်ကြည်ကြီး ပြောနေသည့် လေသံမျိုး မဟုတ်ကြောင်း သူ့ဟာသူလည်း သတိပြန်ထားမိပုံရသည်။
    "ဘာပဲဖြစ်ဖြစ်လေ၊ ဟို လိပ်ပြာတောင်ဆီက ပိုက်ဆံတွေ အများကြီးရလိုက်တယ်၊ ကျွန်မ စုထားတာ ဒေါ်လာနှစ်ထောင်နီးပါးလောက်တောင် ရှိနေပြီ"
    "စူဇီ မင်းဘာဖြစ်လို့ နမ်ကောက်ကို ပြန်မလာတာလဲကွယ်"
    "ပြန်မလာတော့ဘူး၊ ကျွန်မ ဘယ်တော့မှ ပြန်မလာတော့ဘူး၊ ဟောဒီ ချမ်းမြေ့သာယာ ဘားခန်းမှာပဲ နေတော့မယ်"
    သူ့စိတ်ပြောင်းလဲအောင် ကျွန်တော် မည်သို့မျှ စွမ်းဆောင်နိုင်တော့မည် မဟုတ်ကြောင်း သဘောပေါက်လာပါသည်။ ထို့ကြောင့် တစ်ကျော့လောက် အတူကရန် ကျွန်တော်က ပြောသည်။ အတူ တွဲပြီးကရလျှင် ဟိုတစ်ခါက ရခဲ့ဖူးသည့် စိတ်အာရုံတွေ ပြန်လည်ရရှိမည်ဟု ကျွန်တော် မျှော် လင့်မိပါသည်။ သို့သော်လည်း သူက ခါးခါးသီးသီး ငြင်းနေသည်။
    မည်သို့ ဆိုစေ သူ့အိမ်အရောက်တော့ ကျွန်တော့်ကို လိုက်ပို့ခွင့်ပြု လိုက်ပါသည်။
    ဘတ်ကားစီးပြီး နသန်လမ်းမကြီးသို့ ကျွန်တော်တို့ လာခဲ့ကြသည်။ ထိုမှတစ်ဆင့် ကူးတို့ သင်္ဘောစီးပြီး ၀မ်ချိုင်းသို့ ပြန်မည်။ စူဇီသည် ကိုလုန်းတွင် မနေပါ။ ၀မ်ချိုင်းရှိ စက္ကူဆိုင်အပေါ်ထပ်မှ မူလအခန်းမှာပင် ဆက်လက်နေထိုင်ပါသည်။
    ရော့ဒ်နေနှင့် အတူ လိုက်သွားတုန်းက ထိုအခန်းကို ပြန်အပ်လိုက်ပြီဟု ပြောခဲ့သည်။ ကိုလုန်းမှာ ပြောင်းနေပြီဟု ပြောထားသည်။ နောင်ရေးအတွက် စိတ်အေးရစေရန် ထိုအခန်းကို ပြန်မအပ်ခြင်း ဖြစ်ပါသည်။ ရော့ဒ်နေ လိုက်လံ နှောင့်ယှက်နေမှာ စိုးသောကြောင့် ပြန်အပ် လိုက်ပြီဟု ပြောခြင်းဖြစ်သည်။
    ကူးတို့သင်္ဘောပေါ်ရောက်တော့ ကျွန်တော်တို့နှစ်ယောက် ပထမဦးဆုံး စတွေ့သည်မှာလည်း ယခု ကူးတို့သင်္ဘောပေါ်မှာပင် ဖြစ်ကြောင်း ကျွန်တော်က အစပြန်ဖော် ပေးပါသည်။ ပြီးတော့ သူ့လက်ကလေး တစ်ဖက်ကို ဆွဲယူလိုက်မိသည်။ သို့သော် သူက ရုန်းသွားသည်။ ကျွန်တော်နှင့် ခပ်လှမ်းလှမ်း နေရာသို့လည်း ရွှေ့သွားကာ ခပ်တောင့်တောင့် ရပ်နေလိုက်သည်။
    စကားမပြောကြဘဲ သူ့အိမ်ရှိရာသို့ တိတ်ဆိတ်စွာ လျှောက်လာခဲ့ကြသည်။ အိမ်ဝရောက်တော့ နှုတ်ဆက်ကြသည်။
    "ကိုင်း... ကျွန်မတို့ ဇာတ်လမ်းပြီးသွားပါပြီ"
    "မင်းနဲ့ကိုယ် ထပ်မတွေ့နိုင်ဘူးလား စူဇီ"
    "မဖြစ်ဘူး၊ ကျွန်မ မတွေ့ချင်ဘူး၊ ရှင်နဲ့ ကင်းကင်းပြတ်ပြတ်ပဲ နေချင်တယ်"
    ကျွန်တော်တို့ ထုံးတမ်းစဉ်လာကဲ့သို့ လက်ဆွဲနှုတ်ဆက်ကြသည်။ လမ်းကျဉ်းကလေးများအတိုင်း ကျွန်တော် ပြန်လျှောက်လာခဲ့သည်။ သူနှင့် ကျွန်တော် ယခုတွေ့ဆုံခြင်းသည် နောက်ဆုံးဖြစ်ကြောင်းကို မယုံကြည်ချင်ပါ။ ယုံကြည်လို့လည်း မရပါ။
    လမ်းလျှောက်လာရင်း အကြောင်းတစ်ခုကို သွားစဉ်းစားမိသည်။ ဟင်နက်ဆီလမ်းပေါ်က ဓာတ်ပုံတစ်ဆိုင်မှာ သူတို့သားအမိနှင့် ကျွန်တော် ဓာတ်ပုံရိုက်ဖူးသည်။ ရော့ဒ်နေနောက်သို့ သူလိုက်သွားပြီး လေးငါးရက်အကြာတွင် ထိုဓာတ်ပုံများကို ကျွန်တော် သွားရွေးခဲ့သည်။ ထိုဓာတ်ပုံတွေကို သူ မမြင်ရသေးပါ။ ထိုဓာတ်ပုံများ ပေးဖို့အကြောင်းပြပြီး သူနှင့် ကျွန်တော် သွားတွေ့နိုင်ပါသေးသည်။
    ကျွန်တော့်အခန်းသို့ ပြန်ရောက်လာတော့ ထိုဓာတ်ပုံများကို ဆွဲဖုတ်လိုက်သည်။ ကျွန်တော့် အတွက် အပိုကူးထားသည့်ပုံများကို သတ်သတ်ရွေးဖယ်ထုတ်သည်။ ကျန်ပုံများကို စာအိတ်တစ်လုံးထဲမှာ ထည့်သည်။ မနက်ဖြန် ညဦးပိုင်းတွင် ချမ်းမြေ့သာယာ ဘားခန်းသို့သွားပြီး ထိုဓာတ်ပုံများကို သူ့လက်ထဲထည့်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။
    နောက်တစ်နေ့မနက် ကျွန်တော် အိပ်ရာကနိုးတော့ မိုးကြီးသည်းထန်စွာ ရွာနေသည်ကို တွေ့ရသည်။ ကျွန်တော် ဟောင်ကောင်သို့ ရောက်ကတည်းက ဘက်တီလောင်းနှင့် တွေ့သည့်နေ့ တစ်နေ့သာ မိုးဖွဲဖွဲ ကလေး ရွာသည်နှင့် ကြုံဖူးသည်။
    အတောင်းရေနွေးကြမ်း လာပို့သည်။
    "မိုးရာသီတော့ စပြီဆရာ" ဟု သူကပြောသည်။
    အိပ်ရာထဲမှာ ကျွန်တော် ထလိုက်သည်။
    "ဟိုက်... ဒုက္ခပဲ အတောင်းရေ၊ ဟိုမှာကြည့်ပါဦး"
    လသာဆောင် ပြူတင်းပေါက်မှနေ၍ အတွင်းသို့ မိုးပက်နေသည်။ လသာဆောင် ကြမ်းပြင်ပေါ်မှာ ရေတွေအိုင်နေသည်။ ကျွန်တော်၏ ပန်းချီကားပေါင်း တစ်ဒါဇင်လောက် အပါအ၀င် လသာဆောင်ပေါ်မှာရှိသော ပစ္စည်းများ အားလုံး ရေတွေရွှဲနေသည်။
    ရှိသမျှပစ္စည်းတွေကို ကျွန်တော်တို့နှစ်ယောက် အခန်းထဲသို့ သယ်သွင်းကြသည်။ ရေစိုသွားသည့် ပစ္စည်းများကို ခြောက်အောင် ရေသုတ်ယင်းဖြင့် တစ်နာရီလောက် အချိန် ကုန်သွားသည်။ လသာဆောင် ထဲက ပစ္စည်းတွေ အခန်းထဲ ပြန်သွင်းရသဖြင့် ပွစကျဲနေသည်။ ပစ္စည်းများ နေသားတကျ ဖြစ်အောင် ရှင်းလင်းရသည်။ ကျွန်တော် အလုပ်လုပ်ဖို့ နေရာကလေးတစ်ခု ရအောင်လည်း ဖန်တီးရသည်။
    ထိုအချိန်မှာပင် ကေးကို ဖုန်းဆက်ဖို့ ကျွန်တော် သတိရသည်။ မနေ့ညတုန်းက ကေးနှင့် တွေ့ရန် ချိန်းထားခဲ့သည်။ သို့သော်လည်း စူဇီကို သွားရှာရမည် ဖြစ်သောကြောင့် မတွေ့နိုင်တော့ ကြောင်း စာတိုကလေးရေးကာ ဆေးရုံမှာ ပေးထားခဲ့ရသည်။ ဘာကြောင့်ဆိုသည်ကိုလည်း ရှင်းမပြခဲ့။
    ရုတ်တရက်တော့ ဖုန်းနှင့်ဆက်ပြီး မပြောလိုပါ။ သို့သော်လည်း ဖုန်းဆက်ခြင်းသာလျှင် အကောင်းဆုံးဖြစ်သည်။ စူဇီအကြောင်းကို ဖုန်းဖြင့်ပြောမပြချင်။ ထို့ကြောင့် ညဘက်ကိုလုန်းသို့ ကျွန်တော်မသွားမီ ခြောက်နာရီခွဲ အချိန်တွင် ဂလောက်စတာဟိုတယ်မှာ တွေ့ရန် ချိန်းလိုက်ရတော့သည်။
    ညနေခြောက်နာရီထိုးသည်အထိ မိုးရွာဆဲဖြစ်သည်။ ကျွန်တော့်မှာလည်း မိုးကာအင်္ကျီ မရှိပါ။ ထို့ကြောင့် အနီးဆုံး ဆိုင်တစ်ဆိုင်သို့ မိုးရွာထဲမှာ ဖြတ်ပြေးပြီး အစိမ်းရောင် တရုတ်ထီးတစ်ချောင်း ၀ယ်ရသည်။ တစ်ဒေါ်လာပဲ ပေးရသည်။ မိုးကောင်းကောင်း လုံပါသည်။ တစ်ဒေါ်လာပဲ ပေးရသည့်အတွက် ပျောက်သွားလျှင်ုလည်း အရေးမကြီးလှ။
    ဂလောက်စတာဟိုတယ်သို့ ကေးအလျင် ရောက်နှင့်သည်။ ကျွန်တော့်အတွက် အရက်မှာ လိုက်သည့် အချိန်မှာပင် ကေးဝင်လာသည်ကို တွေ့ရသည်။ ကျွန်တော့်ကို မြင်တော့ သူက ၀မ်းသာအားရ နှုတ်ဆက်သည်။
    "ဟေး... ကျွန်မထင်တာ မှန်သွားပြီ" ဟုလည်း ပြောသည်။ ဘာကိုဆိုလိုကြောင်း ကျွန်တော်က ထပ်မေးပြန်သည်။
    "မနေ့ညနေတုန်းက ကျွန်မနဲ့ ချိန်းထားတာကို ရှင် ဖျက်ပစ်လိုက်တော့ စူဇီကြောင့်ပဲ ဖြစ်ရမယ်လို့ ကျွန်မ စိတ်ထဲမှာ ထင်နေခဲ့တယ်၊ အခု ရှင့်ကို ကြည့်ရတာ ကြောက်တက်တက်နဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်မတွေးတာ မှန်သွားပြီ၊ ကဲ... ပျော်ပျော်ရွှင်ရွှင် ကလေး နေစမ်းပါ၊ မနေ့ညနေ ကတည်းက ရှင်နဲ့မတွေ့ရလို့ ကျွန်မ တော်တော် စိတ်ပျက်နေတာ"
    အဖြစ်အပျက်အားလုံးကို ကျွန်တော်က ပြောပြလိုက်သည်။ စူဇီကို တွေ့ရသည့်အတွက် ကျွန်တော် မည်သို့ ခံစားနေရကြောင်းပါ ပြောပြသည်။ ပြီးတော့မှ စူဇီကို ကျွန်တော် သွားတွေ့ မည်ဆိုလျှင် ရူးရာများကျမည် ထင်မလားဟု သူ့ကို မေးကြည့်သည်။
    "ရှင့်ဘက်ကနေကြည့်ပြီး ပြောရမှာလား၊ ဒါမှမဟုတ် ကျွန်မအမြင် ပြောရမှာလား၊ ဒါမှမဟုတ် စူဇီရဲ့ ရှုထောင့်ဘက်က ပြောရမှာလား"
    "ကိုယ်သိချင်တာက သူဘယ်လိုမြင်မလဲ ဆိုတာပါပဲ၊ သူဟာ ကိုယ့်ကို တကယ်ပဲ မတွေ့ချင်တော့ဘူးလို့ မင်းထင်သလား၊ ဒါမှမဟုတ် သူတားထားပေမယ့် ဒါတွေကို ကိုယ်ဂရုစိုက်မနေဘဲ သူ့ကို လာတွေ့ ဖြစ်အောင် တွေ့မှာပဲလို့ သူ့စိတ်ထဲမှာ ကျိတ်မျှော်လင့် နေမလား"
    "မိန်းကလေး တော်တော်များများဟာ ယောက်ျားက သူတို့တားတာကို မနာခံဘဲ ဇွတ်လာတွေ့တာမျိုးကို မျှော်လင့်တတ်ကြစမြဲပဲ၊ ဒါနဲ့ပတ်သက်လို့တော့ သံသယဖြစ်စရာမရှိဘူး၊ ဒါပေမဲ့ အခု ရှင်ပြောပြတဲ့ စူဇီအကြောင်းကို ကြားရတော့ ဒီလိုမဟုတ်ဘူး၊ လာမတွေ့ပါနဲ့တော့ဆိုတော့ သူ တကယ်ပြောလိုက်တာလို့ ကျွန်မ ထင်တယ်"
    "ဒီလိုဆိုရင် ဒီနေ့ည သူ့ကို ကိုယ်သွားမတွေ့သင့်ဘူးပေါ့၊ ဒီဓာတ်ပုံတွေကို စာတိုက်ကပဲ ပို့လိုက်ရတော့မှာလား"
    "မဟုတ်ဘူး၊ ရှင်သွားတွေ့ကြည့်ဖို့ ကောင်းပါတယ်၊ ဒီလိုသွားတွေ့မကြည့်ရင် ရှင်ဟာ မသေမချာ ဖြစ်နေမယ် မဟုတ်လား၊ နောက်ပြီးတော့ အကြံဥာဏ်မှားပြီး ပေးရကောင်းလားဆိုပြီး ကျွန်မကို အပြစ်တင်နေဦးမယ်"
    "တစ်ခုတော့ ရှိပါတယ်လေ၊ ကိုယ့်ရှပ်အင်္ကျီရွေးဖို့ ကိုလုန်းဘက်ကမ်းကို ကူးစရာတော့ ရှိပါတယ်"
    "အင်း... ရှင်က တစ်ဖက်လှည့်နဲ့ ကိုယ့်ဟာကိုယ် ဆင်ခြေကလေး ပြန်ပေးနေသေးတာကိုး"
    "ကေး... စူဇီနဲ့ ပြဿနာကြီးကို ကိုယ်မရှင်းနိုင်သေးသမျှ မင်းနဲ့ကိုယ် ထပ်မတွေ့ရင် ကောင်းမလားလို့ စဉ်းစးနေမိတယ်ကွယ်" ဟု ကျွန်တော်က ပြောသည်။
    "ဒါကတော့ ရှင့်အပေါ်မှာ တည်ပါတယ်လေ၊ ဘာပဲဖြစ်ဖြစ် ကူးတို့ဆိပ်ကိုတော့ ကျွန်မကားနဲ့ ရှင့်ကို လိုက်ပို့ပေးမှဖြစ်မှာပဲ၊ မိုးက တအားရွာနေပြီ"
    ကူးဆို့ ဆိပ်ရောက်တော့ မိုးသည်းသည်း ရွာနေသဖြင့် မြင်ကွင်းတွေ ပိတ်နေသည်။ ကူးတို့သင်္ဘောနှင့် တစ်ဖက်ကမ်းသို့ ကျွန်တော် ကူးခဲ့သည်။ ကိုလုန်းဘက်ကမ်းရောက်တော့ ချမ်းမြေ့သာယာ ဘားခန်းသို့ တက္ကစီငှားပြီး သွားရန် ဆုံးဖြတ်လိုက်သည်။ ငွေအကုန်များချင်လည်း များပါစေတော့။ လမ်းမှာ ကုလားဆိုင်သို့ ၀င်ရသေးသည်။ ကျွန်တော့်ကို မြင်သောအခါ ကုလားက လက်ဆွဲနှုတ်ဆက်ရင်း ပြုံးနေသည်။
    "ကျွန်တော့်အင်္ကျီ မရသေးဘူးဆိုတာ ကျွန်တော် လောင်းရဲတယ်ဗျာ" ဟု ကျွန်တော်က ပြောသည်။
    "အား... ဒါဆိုရင် ဆရာရှုံးသွားပြီ၊ ရှုံးသွားပြီ"
    သူ အားပါးတရ ပြုံးသည်။ ပါးစပ်က နားရွက်နှစ်ဖက်မှာ သွားချိတ်နေပြီလား ထင်ရသည်။ ပြီးတော့မှ ရှပ်အင်္ကျီကို ဂုဏ်ယူဝင့်ကြွားစွာ မြှောက်ပြပြီး အညိုရောင်စက္ကူနှင့် ထုတ်ပေးသည်။ သူ့မျက်နှာ အမူအရာကိုလည်း ၀မ်းနည်းဟန် ဆောင်ထားသည်။
    "ဆရာဟာ ဈေးဝယ်ရာမှာတော့ အင်မတန် တော်ပေတာပဲခင်ဗျာ၊ ဒီအင်္ကျီကို သူ့တန်ဖိုးထက် ပိုပြီးနည်းတဲ့ဈေးနဲ့ရအောင် ဆရာဝယ်နိုင်ပေတယ်၊ ကျွန်တော်ကတော့ ရှုံးသွားပါပြီ" ဟုလည်း စိတ်မကောင်းသည့် လေသံဖြင့် ပြောလိုက်သေးသည်။
    "ဒီလိုဆိုရင် ဒီအင်္ကျီကို ကျွန်တော် ယူမသွားစေချင်ဘူးလား"
    ကျွန်တော်က မျှော်လင့်ချက်ကလေးဖြင့် ပြန်မေးမိသည်။ ရှပ်အင်္ကျီမှာ နေသာသည့် ရာသီဥတုတွင် အလွန်ကြည့်ကောင်းသည်မှာ မှန်ပါသည်။ သို့သော် အလင်းရောင်နည်းသည့် ယခုလို မိုးရာသီမှာတော့ ကြည့်မကောင်းတော့ပါ။
    "အို... ဒီလိုမဟုတ်ပါဘူးဆရာ၊ လုပ်ငန်းဟာ လုပ်ငန်းပါပဲ၊ ကျွန်တော့်ကတိကိုတော့ ကျွန်တော် တည်အောင် ထိန်းသိမ်းရမှာပေါ့ခင်ဗျာ၊ မဟုတ်ဘူးလား" ဟု သူက ဆက်မေးလိုက်သေးသည်။
    ချမ်းမြေ့သာယာ ဘားခန်းရောက်တော့ တက္ကစီခပေးလိုက်ပြီး အထုပ်အပိုးများကို ပိုက်ကာ မိုးရေထဲမှာဖြတ်ပြီး ဘားခန်းထဲသို့ အပြေးဝင်ခဲ့သည်။ ညနေက တစ်ဒေါ်လာပေးပြီး ၀ယ်လိုက်သည့် ထီး ပျောက်သွားပြီ။ ကေး၏ ကားထဲမှာ ကျန်ခဲ့သလား၊ ကူးတို့သင်္ဘောပေါ်မှာ ကျန်ခဲ့သလား၊ အင်္ကျီဝင်ရွေးသည့် ကုလားဆိုင်မှာ ကျန်ခဲ့သလား၊ ကျွန်တော် မမှတ်မိတော့ပြီ။    အတွင်းသို့ ကျွန်တော် ၀င်လာခဲ့သည်။ မိုးသည်းသည်း ရွာနေသောကြောင့် ဧည့်သည်တွေ မလာနိုင်တော့ပုံရသည်။ ဘားခန်းထဲမှာ လူရှင်းနေသည်။ သို့သော် စူဇီကိုတော့ လူငယ်တစ်ယောက်နှင့် စားပွဲတစ်လုံးမှာ ထိုင်နေသည်ကို တွေ့ရသည်။
    စူဇီနှင့် စကားတစ်ခွန်း နှစ်ခွန်း ပြောခွင့်ပြုရန် ကျွန်တော်က ခွင့်တောင်းသောအခါ လူငယ်သည် ယဉ်ူကျေးသိမ်မွေ့သည့် အမူအရာဖြင့် ထိုင်ရာမှထသည်။ ကျောင်းအုပ်ဆရာကြီး ရောက်လာချိန်တွင် နေရာမှထပေးသော ကျောင်းသားကလေးနှင့်ပင် တူသေးတော့သည်။
    "ရပါတယ်ဗျာ၊ အေးအေးဆေးဆေး ပြောကြပါ၊ ခင်ဗျားအမျိုးသမီးကို ကျွန်တော် လစ်မပြေးမိပါဘူးဗျာ၊ ဟုတ်ပါတယ်နော်" ဟု သူကပြောသည်။
    "ဟုတ်ပါတယ်"
    "ဒီလိုဆိုရင် ၀မ်းသာလှပါပြီဗျာ" ဟု သူက ပြောလိုက်သေးသည်။
    ထိုနေရာတွင် အလင်းရောင်က မှိန်လွန်းလှသည်။ ထို့ကြောင့် ကတ္တီပါ ခန်းဆီးကာထားသည့် အပေါက်မှ တစ်ဖက်စင်္ကြံ အတွင်းသို့ ကျွန်တော်တို့ ထွက်ခဲ့ကြသည်။ ထိုနေရာမှာ အုပ်ဆောင်းမရှိသည့် မီးလုံးတစ်လုံး ထွန်းထားသည်။ အိမ်သာနံ့ကလည်း နံလှသည်။
    ဓာတ်ပုံများ ကျွန်တော် ယူလာပေးသည့်အတွက် စူဇီ အလွန်ပျော်နေသည်။ သူ့သားကလေးက ကင်မရာကို အံ့သြတကြီး စိုက်ကြည့်နေသောပုံများကို မြင်ရသည်တွင် သူ့ဟာသူ သလောကျလွန်းသဖြင့် တခစ်ခစ်ရယ်မဆုံး ဖြစ်နေသည်။ ထိုပုံလေးပုံပြီးသွားတော့ ကလေး၏ အဖေပုံမျိုးဖြင့် သူ့နောက်မှာ ကျွန်တော် ရပ်နေသောဓာတ်ပုံ ထွက်လာသည်။ ဘာစကားမှ မပြောဘဲ ထိုပုံကို စိုက်ကြည့်နေသည်။ ခဏကြာတော့ မှတ်ချက်တစ်စုံတစ်ရာ မပေးဘဲ အခြားပုံများနောက်သို့ ထိုးယွင်းလိုက်သည်။ နောက်ပေါ်လာသည့်ပုံသည် သူ့သားကလေး တစ်ယောက်တည်း ရိုက်ထားသောပုံ ဖြစ်သည်။
    "အဲ... ဟိုပင်လယ်ကမ်းစပ်က ရွာကလေးမှာ သွားနေခဲ့ပြီးတဲ့နောက် သူ နေကောင်းသွားတယ်၊ အရင်လို မဟုတ်တော့ဘူး၊ ဟုတ်တယ်၊ အခုဆိုရင် သူ အရမ်းကြည့်ကောင်းတာပဲ၊ ပါးကြီးတွေက ပန်းနုရောင်ပြေးပြီး ဟောဒီလိုဖောင်းလို့"
    ပြောပြောဆိုဆိုဖြင့် သူ့ပါးနှစ်ဖက်ကို ဖောင်းပြသည်။ မျက်လုံးအစုံကလည်း ၀မ်းသာကြည်နူးစိတ်ဖြင့် အရောင်တဖိတ်ဖိတ် တောက်နေသည်။
    "နောက်ပြီးတော့လေ ချောင်းလည်းမဆိုးတော့ဘူး၊ ဟုတ်တယ်၊ လုံးလုံး ချောင်းမဆိုးတော့ဘူး၊ သူ ကောင်းကောင်းကျန်းမာသွားပြီ"
    "ဟုတ်လား စူဇီ၊ သိပ်ကောင်းတာပေါ့"
    "လုံးလုံးပျောက်သွားတယ်၊ ပင်လယ်လေကို ရှူခဲရလို့နဲ့တူတယ်၊ နောက်ပြီးတော့ ပင်လယ်ရေလည်း မှန်မှန်ချိုးခဲ့တယ်လေ၊ ဟုတ်တယ်၊ သူ နေ့တိုင်းရေချိုးတယ်၊ သိတယ်မဟုတ်လား၊ ပင်လယ်ထဲမှာလေ လှိုင်းလုံးကြီးတွေက အကြီးကြီးတွေပဲ၊ လိမ့်လိမ့်လာပြီး သူ့ကိုလဲသွားအောင် တိုက်ပစ်လိုက်တယ်လေ"
    သူဝမ်းသာအားရ ရယ်နေသည်။ မနေ့တုန်းက ကျွန်တော်နှင့် ဆက်ဆံခဲ့ရသလို မဟုတ်။ စိတ်ကောင်းလည်း ၀င်နေသည်။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ခြားထားသည့် အရံအတား ကြီးများအားလုံး ပျောက်ကွယ်ကုန်ပြီဟု ကျွန်တော် ထင်ပါသည်။
    နောက်ထပ် လာမတွေ့ပါနှင့်တော့ဟု သူပြောသည့် စကားကို နားမထောင်ဘဲ ယခုလို လာမိသည့်အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ကျေးဇူးပြန်တင်မိပါသည်။
    အလင်းရောင် ပိုရအောင် သူ့လက်ကလေးကို မြှောက်ပြီး ဓာတ်ပုံများကို ကြည့်နေသည်။ ကျွန်တော်က သူ့လက်ကိုကိုင်ပြီး ပိုမြင့်အောင် မြှောက်ပေးလိုက်သည်။ ယခုလို အသားချင်းထိ လိုက်တော့မှ အပြောင်း အလဲတစ်ခုက ရုတ်တရက်ပေါ်လာသည်။ စူဇီက သူ့အသးကို အထိမခံဘဲ ဆက်ခနဲ ရုန်းလိုက်သည်။ ပျားတုပ်ခံလိုက်ရသလို ဖြစ်သွားသည်။ ကျွန်တော်ကလည်း စိတ်ထိခိုက် စွာဖြင့် ပြန်ရုပ်လိုက် မိသည်။
    ဓာတ်ပုံများကို မြင်တွေ့ရသောကြောင့် သူ စိတ်ချမ်းသာသွားသည့်အပေါ်တွင် ကျွန်တော်၏ အကဲဖြတ်ချက် မှားယွင်းသွားပါပြီ။ သူနှင့် ကျွန်တော့်အကြားတွင် ခြားထားသည့် အရံအတားများသည် ရှိမြဲရှိနေပါသေးသည်။
    ကေးပြောသည်မှာ မှန်ပါသည်။ စူဇီသည် သူ့စိတ်ထဲမှာ တကယ်ရှိနေသည်ကို ဖွင့်ပြောခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့်ကို သူ အလိုမရှိတော့ပါ။ အရံအတားတွေကို ကျွန်တော် ကြိုးစားပယ်ဖျက်လျှင် ရကောင်း ရပါလိမ့်မည်။ သို့သော်လည်း စူဇီ ကျေနပ်မည် မဟုတ်ပါ။
    "ကောင်းပြီ စူဇီ၊ ကိုယ်သွားတော့မယ်" ဟု ကျွန်တော်က ပြောသည်။
    "ဟုတ်ကဲ့၊ ၀ိုင်ဖန်ခွက်တစ်ခွက်ကို သွန်ပစ်လိုက်တာက ပိုကောင်းတယ်၊ ကျွန်မပြောခဲ့ဖူးတာ မှတ်မိတယ်မဟုတ်လား"
    သူက ကျွန်တော့်မျက်လုံးများကို တည့်တည့်စိုက်ကြည့်ပြီး ပြန်ပြောသည်။
    "အင်း... ကိုယ်မှတ်မိပါတယ် စူဇီ"
    တစ်ခါတုန်းက တရုတ်စကားပုံတစ်ခုကို သူ ပြောပြဖူးသည်။ ၀ိုင်အရက်ကို လုံးဝမသောက်ခြင်းက ကောင်းသည်။ တစ်ခွက်သောက်မိပါက နောက်ထပ် ဖြည့်ပေးစရာ ၀ိုင်အရက်မရှိတော့ကြောင့် အာသာမပြေဘဲ စိတ်ဒုက္ခရောက်ရမည်ဟူသော သဘောဖြစ်သည်။
    ထို့ကြောင့် ကျွန်တော်တို့ နှစ်ယောက်လည်း ချစ်သူများအဖြစ် ဆက်လက် သဘောမထားနိုင်တော့သည့် အတူတူ ကိုယ့်လမ်းကိုယ် သွားကြဖို့သာ ရှိသည်။ သည်လိုမှ မဟုတ်လျှင် စိတ်သောကရောက်နေကြရုံသာ ရှိမည်။
    "ကဲ... နှုတ်ဆက်ခဲ့ပါပြီ စူဇီ၊ မင်းအဆက်အသွယ် လုပ်ချင်တဲ့အခါမှာ ကိုယ်ဘယ်မှာ ရှိတယ်ဆိုတာ မင်းသိသားပဲ၊ အကူအညီလိုရင် အချိန်မရွေး ဖုန်းဆက်ပါ"
    "ကောင်းပါပြီ ရောဘတ်၊ ဂွတ်ဘိုင်..."
    အပြင်သို့ ကျွန်တော် ထွက်လာခဲ့သည်။ အပြင်မှာ မိုးရွာနေဆဲရှိသည်။ ထို့ကြောင့် နသမ်လမ်းအတိုင်း ခပ်သုတ်သုတ် လျှောက်ခဲ့သည်။ မိုးရေစက်များက ကျွန်တော့်မျက်နှာကို ပြေးလာတိုက်ခိုက်နေကြသည်။ ကျွန်တော့်လက်ထဲမှ အင်္ကျီထုပ်မှာလည်း မိုးရေကြောင့် အပေါက်များ ဖြစ်ကုန်ပြီ။
(၃)
မိုးက တစ်ပတ်လုံးလုံး ဆက်ရွာနေသည်။ ရပ်ကွက်အတော်များများမှာ ရေတွေ လျှံနေသည်။ အချို့လမ်းများမှာ မြစ်တွေ၊ ချောင်းတွေလို ဖြစ်နေသည်။ တောင်စောင်းမှာ ကပ်ဆောက်ထားသည့် အိမ်အတော် များများလည်း ပြိုကျကုန်သည်။
    ကျွန်တော် လသာဆောင်မှ လှမ်းကြည့်လိုက်လျှင် ဘာမြင်ကွင်းကိုမှ မမြင်ရတော့။ တသည်းသည်း ရွာနေသည့်မိုးက ကန့်လန့်ကာလို ကာရံထားသည်။
    နမ်ကောက်ဘားခန်းထဲမှာလည်း အမျိုးသမီးများမှတစ်ပါး ခြောက်ကပ်နေပြီ။ မိုးသည်းထန်စွာ ရွာနေသောကြောင့် သင်္ဘောသားတွေလည်း ကုန်းပေါ်ကို မတက်နိုင်ကြ။
    တစ်နေ့တွင် ဘားခန်းထဲမှာ ကျွန်တော်ထိုင်ပြီး မာဂျောင်းကစားနည်းကို ဂွမ်နီထံမှာ သင်နေသည်။ ထိုအခိုက် မန်နေဂျာ ရောက်လာပြီး ကျွန်တော့်အတွက် ဖုန်းလာနေကြောင်း ပြောသည်။
    ဘားခန်းထဲမှ ဖုန်းကို လှမ်းဆက်သူမှာ စူဇီပင် ဖြစ်ရပေမည်။ ဘားခန်းထဲမှ ဖုန်းကို ဆက်မည့် အခြားသူမရှိ။ ထိုင်ရာမှ ခုန်ထပြီး ဖုန်းရှိရာသို့ ကျွန်တော် အူယားဖားယား ပြေးခဲ့သည်။
    သို့သော်လည်း ကေးဖလက်ချာ ဖြစ်နေသည်။
    "ကျွန်မ ဖုန်းဆက်တာ ရှင် စိတ်မဆိုးပါဘူးနော်" ဟု ကေးက ပြောသည်။
    "မဆိုးပါဘူး ကေး၊ ဒါပေမဲ့ ကိုယ် ဘားထဲမှာရှိနေတာ မင်းဘယ်လို လုပ်သိတာလဲ" ဟု ကျွန်တော်က ပြန်မေးသည်။
    "ကျွန်မ မသိဘူး"
    "အိုး... အော်ပရေတာက ဒီကို ထိုးပေးလိုက်တာနဲ့တူတယ်၊ ဘာပဲဖြစ်ဖြစ်လေ၊ မင်းအသံကို ကြားရတာ စိတ်ချမ်းသာလိုက်တာ ကေးရယ်"
    "ဟိုညတုန်းက စူဇီနဲ့ ရှင်တွေ့တော့ ဘာတွေများ ဖြစ်ခဲ့သလဲဆိုတာ ကျွန်မ စဉ်းစားနေတာ"
    "သူနဲ့ပတ်သက်ပြီး မင်းပြောတာ သွေးထွက်အောင် မှန်တယ် ကေး၊ သူက ကိုယ့်ကို မတွေ့ချင်တော့ဘူး၊ ဒါကြောင့် အဲဒီအချိန်ကစပြီး ကိုယ်ကလည်း သူ့ကို ဒုက္ခထပ်မပေးတော့ပါဘူး"
    "ဟုတ်လား၊ မိုးတွေ တအားရွာနေတော့ ကျွန်မလည်း ဘာလုပ်ရမှန်း မသိတော့ဘူး၊ အခန်းထဲ အောင်းနေရတာ စိတ်ကုန်လွန်းလို့၊ ဒီနေ့ည ကျွန်မကိုခေါ်ပြီး ညစာမကျွေးချင်ဘူးလား" ဟု ကေးက မေးသည်။
    "ကောင်းတယ်ကွာ၊ ကိုယ် အင်မတန်လုပ်ချင်တဲ့ အလုပ်ပေါ့"
    ထိုနေ့ညက တရုတ်ထမင်းဟင်း ကျွန်တော်တို့ သွားစားကြပါသည်။ ထမင်းစားပြီးတော့ ရုပ်ရှင် သွားကြည့်ကြသည်။ ရုပ်ရှင်ရုံထဲက ထွက်လာသောအခါ မိုးက သည်းထန်စွာ ရွာနေပြန်သည်။ ရှေ့ကမြင်ကွင်း ပိတ်နေသည်။ ကိုက်အနည်းငယ်မျှလောက်သာ လှမ်းမြင်ရသည်။ တစ်နာရီလျှင် ငါးမိုင်နှုန်းလောက်ဖြင့် ခက်ခက်ခဲခဲ ကားမောင်းလာခဲ့ရသည်။
    နမ်ကောက်ဟိုတယ်ရှေ့ရောက်တော့ မိုးအနည်းငယ် စဲသွားအောင် စောင့်ရင်း ကားထဲမှာ ပင်ထိုင်ပြီး ကျွန်တော်တို့ စကားပြောနေကြသည်။ ကေးတစ်ယောက်တည်း ပြန်မောင်းသွားရမည် ဖြစ်သောကြောင့် မိုးအစဲကို စောင့်ခြင်းဖြစ်သည်။
    "ဒီနေ့မနက် ဖုန်းဆက်တာ ကျွန်မမှန်းလည်း သိလိုက်ရော ရှင် အကြီးအကျယ် စိတ်ပျက် သွားတယ် မဟုတ်လား" ဟု ကေးက မေးသည်။
    "အိုး... မဟုတ်ရပါဘူး ကေးရယ်"
    "ရှင်လိမ်တာကြီးက ပေါ်နေပြီ၊ ရှင့်ကို ဖုန်းဆက်တာ စူဇီဖြစ်ရမှာပဲလို့ ရှင်တွေးခဲ့မိတယ် မဟုတ်လား၊ မညာနဲ့၊ မှန်မှန်ပြော"
    "အင်း... ဘားခန်းထဲကို လှမ်းဆက်တယ်ဆိုတော့..."
    "ဒါကို ကြည့်ရင် စူဇီကို ရှင် မပြတ်နိုင်သေးဘူးဆိုတာ ပြနေတာပဲ"
    "တစ်ချိန်ချိန်တော့ သူ လှမ်းဖုန်းဆက်လိမ့်မယ်လို့ ကိုယ့်စိတ်ထဲမှာ ထင်နေတယ်၊ ဒီလိုထင်တာလည်း ရယ်စရာကောင်းပါတယ်လေ၊ သူ ဆက်မှာ မဟုတ်ပါဘူး၊ ဒါထက် ကေး မင်း ဘယ်နေ့ရက်အားရမလဲ"
    "ကြားသပတေး"
    "ကိုယ်တို့ တွေ့နိုင်ဦးမလား"
    "အဲဒီနေ့မရောက်ခင် စူဇီ ဖုန်းမဆက်ဘူးဆိုရင် တွေ့တာပေါ့လေ"
    "သူ ဆက်မှာမဟုတ်ပါဘူး၊ ကြာသပတေးနေ့ မင်းနဲ့ တွေ့မယ်နော်"
    ကျွန်တော်က ပြောပြောဆိုဆိုဖြင့် ပလက်ဖောင်းကိုဖြတ်ပြီး ဟိုတယ်ထဲသို့ ပြေးဝင်ခဲ့သည်။ အပေါက်ဝမှာ ကျွန်တော်ရပ်ပြီး ကေး ကားမောင်းထွက်သွားသည်ကို လှမ်းကြည့်နေလိုက်သည်။ ကားဘီးလိမ့် သွားသော ကြောင့် မိုးရေစက်တွေ ဘေးသို့ လွင့်စင်သွားသည်။
    ဘားခန်းထဲဝင်လာပြီး ဘီယာတစ်လုံးသောက်သည်။ ပြီးတော့မှ အပေါ်ထပ် ကျွန်တော့် အခန်းရှိရာသို့ တက်လာခဲ့သည်။ နောက်ဆယ်မိနစ်လောက်ကြာတော့ တယ်လီဖုန်းခေါင်းလောင်း မြည်လာသည်။
    "ဟယ်လို... စူဇီ စကားပြောနေတယ်"
    ကျွန်တော် ရုတ်တရက် ဘာစကားမှ ပြန်မပြောနိုင်ပါ။ အလွန်တရာ အံ့အားသင့်ခြင်းနှင့်အတူ ပြုံးနေ မိသည်။ ခေါင်းလောင်းမြည်စက အိမ်သို့ ချောချောမောမော ပြန်ရောက်ပြီဖြစ်ကြောင်း ကေး ဆက်ပြော ခြင်းဖြစ်မည်ဟု ထင်ခဲ့ပါသည်။ သို့တည်းမဟုတ် ကြာသပတေးနေ့တွင် မတွေ့နိုင်ကြောင်း၊ သို့တည်း မဟုတ် အချိန်ပြောင်းလိုကြောင်းပြောဖို့ ဖုန်းဆက်ခြင်းဖြစ်မည်ဟု ကျွန်တော် ထင်ခဲ့သည်။
    "စူဇီ.. မင်း အ၀းကြီးက စကားပြောနေတာလား၊ မင်းအသံ သိပ်တိုးနေတယ်" ဟု ကျွန်တော်က ပြန်ပြော သည်။
    ဘာစကားမှ ပြန်မမေးဘဲ အကြာကြီး ရပ်နေသည်။ နောက်ဘက်မှ တရုတ်သံတွေကိုလည်း ကြားနေရသည်။ ဆိုင်တစ်ဆိုင်ထဲမှ သူ ပြောနေပုံရသည်။ တစ်ခုခုတော့ မှားနေပြီဟူသော အထင်နှင့်အတူ ကျွန်တော့် မျက်နှာပေါ်က အပြုံးလည်း ပျောက်ကွယ်သွားပါတော့သည်။
    "စူဇီ... ဘာအကြောင်းလဲ၊ ဘာဖြစ်တာလဲ စူဇီ"
    ဘာမှပြန်မပြောဘဲ အကြာကြီး ရပ်နေပြန်သည်။ နောက်ဆုံးတွင်မှ အသံသေးသေးကလေး ပြန်ပေါ် လာသည်။
    "ကျွန်မသားလေး... ကျွန်မသားလေး သေသွားပြီ
စာအုပ် (၂) ပြီးပြီ
စာအုပ် (၃) အခန်း (၁) မျှော်ပါ
.
>>>ဆက်ဖတ်ရန်>>> >>
Wednesday, December 30, 2009
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၁၄)
အခန်း (၁၄)
''နန်းဦးမှန်စီ ရွှေကျောင်းတော်တွင် ရှင်သာမဏေဘ၀ဖြင့် ပထမပြန်ဆိုတော်မူလာခဲ့သည် မှာ နှစ်ကြိမ်ပြီးမြောက်၊ သုံးကြိမ်ရောက်တော့မည် ဖြစ်သော သုသီရိမဟာ ဓမ္မရာဇာဘွဲ့ခံ သီပေါမင်းသားလည်း ယခု နောက်ဆုံးအကြိမ်မ ပထမကြီး ပြန်ဆိုတော်မူရန် အချိန်လွန်စွာ နီးကပ်တော်မူနေသည့် အားလျော်စွာ ကျောင်းဆောင်အတွင်းမှ အပြင်သို့ပင် ထွက်ကြွတော် မမူနိုင်အောင် ကြိုးစားလျက် မှတ်တော်မူလျက်မ ခဲရာခဲဆစ်များကို အထူး မှတ်သားတော်မူနေလေ၏။
    ကျောင်းတော်ရှိ ဆရာတော်ဘုရားနှင့်တကွ တိုက်အုပ်၊ တိုက်ကြပ်၊ ပဉ္ဇင်း၊ ကိုရင်၊ ကျောင်းသား၊ ကပ္ပိယမကျန် နက်ဖြန် စာတော်ပြန် သုဓမ္မာပွဲသဘင်သို့ လိုက်ပါကြည့်ရှု ကြရန် အကြောင်းများနှင့် သီပေါ မင်းသားကလေး ချောမောစွာ အောင်မြင်စေလိုကြောင်း တတွက်တွက်ပြောကြား ဆူညံလျက် ရှိကြလေ၏။
    သီပေါမင်းသားအား အကျိုးလိုလား ချစ်ခင်အားထားကြသူများလည်း တစ်ယောက် ပြီး တစ်ယောက် ကျောင်းတော်သို့ ရောက်လာကြကာ အားပေးစကား လျှောက်ထားပြော ဆို ဥဒဟို မစဲအောင် ရှိနေကြလေ၏။
    ယင်းသို့ သုဓမ္မာ စာတော်ပြန်ပွဲကြီး၏ အရှိန်ဂယက် ရိုက်ခတ်ခြင်းမားကြောင့် ရှေးအခါက တိတ်ဆိတ်ခြောက်သွေ့ ပျင်းရိငြီးငွေ့ဖွယ်သော ကျောင်းတော်ကြီး တစ်ခွင်မှာ အသက်ဝင်လာသလို လူရိပ်လူယောင် အများနှင့် လှုပ်လှုပ်ရှားရှား ထထကြွကြွ ဖြစ်နေကြစဉ် အထိန်းတော်ကြီး ခင်ဘွားသစ်လည်း ယမိုက်ကျမ်းကို အာရုံစူးစိုက်စွာ ရှုစားတော်မူနေသော သီပေါမင်းသား အနီးသို့ အခစားမိလေ၏။
    စာတော်ထဲတွင် စိတ်ဝင်စားနေသော အပါးတော်တွင် ထိုင်လိုက်သည့်အရိပ်ကို မြင်သဖြင့် ရုတ်တရက် ရှောင်တခင်ပင် ပုရပိုက်ကို ရှုစားတော်မူရာက မျက်လွှာကိုမ၍ ကြည့်တော်မူလေရာ လက်ဆောင်တော်များ နှင့် ရောက်လာသော အထိန်းတော်ကြီး ခင်ဘွားသစ်ကို မြင်တော်မူလျှင် ရုတ်တရက် မျက်နှာရွှင်တော် မူသွားပြီး -
    ''အလို....အထိန်းတော်ကြီးပါကလား၊ ဘာများလာပြီး ဆက်သလဲ၊ စုစုလည်း မာတော်မူရဲ့နော်၊ ကိုယ်တော်ဖြင့် စာတော်ပြန်ပွဲ နီးကပ်နေတာနှင့် ဆင်ပြောင်ကြီး အမြီးကျမှ မထစ်ပါစေနဲ့လို့ ကြိုးစားတော် မူရတာပဲ အထိန်းတော်ကြီးရဲ့..."
    မိန့်တော်မူရာ အထိန်းတော်ကြီးလည်း အပါးတိုးခစားကာ -
    ''မှန်လှပါ ကြိုးစားတော်မူပါဘုရား၊ အရှင့်သားတော်အတွက် အရှင်ထိပ်စုမြတ်ဖျား က အောင်မြင်တော် မူပါစေကြောင်း ဆုတောင်းတော်ဆက်ပြီး နက်ဖြန် သုဓမ္မာဇရပ်သို့ ထွက်တော်မူသည့်အခါ ဆင်တော်မူရန် ၀တ်လဲတော်ပုဆိုး၊ သောက်တော်မူရန် ဆေးလိပ် တော်ထုပ်နှင့်တကွ ထိပ်စုမြတ်ဖျား လက်တော်နှင့် ကိုယ်တော်တိုင် ယာတော်မူသော စားတော် ကွမ်းယာများပါ ဘုရားအရှင် ထိပ်စုဖုရားက ဆက်သရန် စေစားလိုက်ကြောင်းပါ''
    ''ဒီလက်ဆောင်တော်များကို နှစ်သက်မြတ်နိုးစွာ သုဓမ္မာသဘင်သို့ ဆောင်ယူ တော်မူသွားပါလျှင် အောင်မြင်ရာ အောင်မြင်ကြောင်း  သိဒ္ဓိလျှိုကောင်းတဲ့ အဆောင် လက်ဖွဲ့များပမာ အရှင်ထိပ်စုဖျား၏ ရွှေမေတ္တာအရှိန်ကြောင့် အနှောင့်အယှက်ဆို၍ တစ်စွန်းတစ်ကွက် မပေါ်ဘဲ စာတော်ပြန်ပွဲကို အခက်အခဲ မရှိ အောင်မြင်တော်မူပါလိမ့မည် လို့ အမှာတော်ရှိလိုက်ကြောင်းပါ ဘုရား၊ အရှင်ထိပ်မြတ် စုဖျားက ကိုယ်တော်တိုင် မြတ်မြတ်နိုးနိုး ကြိုးကြိုးစားစား ဆက်သတော်မူလိုက်တဲ့ လက်ဆောင်တော်များကို အရှင့်သား ကလည်း စွဲစွဲမြဲမြဲ ကိုယ်တော်နှင့် အမြဲဆောင်ယူတော်မူဖို့ပါ ဘုရား''
    လျှောက်ထားလေလျှင် သီပေါမင်းသားမှာ အလွန်တရာ အားရ၀မ်းသာ ဖြစ်တော်မူ လာသဖြင့် လက်ဆောင် တော်ပစ္စည်းများကို ပြုံးရွှင်စွာ ရှုစားကိုင်ယူတော်မူကာ
    ''အို...ဘယ်လိုပြောလိုက်ပါလိမ့်ဗျာ၊ ကိုယ်တော် အလွန်တရာ ချစ်မြတ်နိုးတော်မူတဲ့ စုစုရဲ့ လက်ဆောင်တော် များကို မထီမဲ့မြင် ပြုတော်မူနိုင်ပါမလား၊ ကိုယ်တော်သွားလေရာ ရာကို အဆောင်တော် လက်ဖွဲ့ကလေးပမာ မကွာအတူ အပါယူပြီး ထွက်တော့မူမှာပေါ့၊ တောင်းတော်မူတဲ့ ဆုအတိုင်း၊ မေတ္တာတော် အရှိန် စူးရှတော်မူပြီး စာတော်ပြန်ပွဲကြီးမှာ အခဲအယဉ်းမရှိ အောင်မြင်တော်မူဖို့ အမှန် ယုံကြည်ပါရဲ့၊ ကိုယ်တော်လည်း များစွာ ၀မ်းသာအားရ ဖြစ်တော်မူပြီး ဒီလက်ဆောင်တော်တွေကို သိမ်းဆည်း လက်ခံတော်မူ လိုက်တယ် ဆိုတာ စုစုကို သံတော်ဦး တင်လိုက်ပါ''
    ''မှန်ပါ၊ စိတ်ချတော်မူပါဘုရား၊ နို့ပြီးတော့ အရှင်ထိပ်စုမြတ်ဖျားက ဟောဒီ လက်ဆောင်တော်များအပြင် အလွှာတော် ရွှေပြားလည်း ဆက်သလိုက်ပါသေးသည်''
    ပြောကာ ပိုးပ၀ါအတွင်းမှ ပါလာသော အလွှာတော်ကို ထုတ်ယူနေလျှင် သီပေါမင်းသားက စိအားထက်သန်စွာနှင့်
    ''အို...အလွှာတော် ပါသေးတာများ နောက်ချန်လို့များ ထားပလေ အထိန်းတော် ကြီးရယ်၊ ဘယ်မလဲ မြန်မြန်ဆက်စမ်းပါ"
    အလျင်စလို မိန့်တော်မူနေလေ၏။
    ''ဒီမှာဘုရား၊ ဖျာ့ကျွန်မလည်း ဦးစွာဆက်မလို့ဟာ ဒီလက်ဆောင်တော်များကို ကိုယ်တော်ဖျားက ရှုစားတော် မူနေသေးတာနှင့် လျှောက်တင်ခွင့်ရှိသလောက် လျှောက် တင်နေရတဲံ အတွက် နောက်ချန် ဆက်မိသလို ဖြစ်သွားရကြောင်းပါ'' 
    ပြောကာ အလွှာတော် ရွှေပြားကို သီပေါမင်းသား လက်တော်သို့ ဆက်လိုက်ရာ သီပေါမင်းသားလည်း အလွှာတော် ပ၀ါကို ဖြေတော်မူလျက် မျက်နှာတော် တပြုံးပြုံးနှင့် တစ်လုံးချင်း ဖတ်တော်မူလေ၏။ 
             "တေးထပ်"
        စံရဝေ ဘုံမြင့်မတော့၊
    ဂုဏ်တင့်တဲ့သာကီ၊
    လှုံဆင့်မဲ့ပဏာချီသည်၊
    သဒ္ဓါရည်မောက်ဖြိုး။
        ရွှေခွန်းတော် ဂတိသွေလျှင်၊
    မြတ်ဘိသေ လွဲလိမ့်မည်စိုး၊
    သပြေချက် ဒီဇမ္ဗူဝယ်၊
    သည်တစ်ဆူရွယ်ကိုး။
        ညီအတူ ကယ်ကြိုးလို့
    သယ်ပိုးတဲ့ ခြင်းရာ။
        အဓိဌာန်ငုံးရွှေငှက်လိုပ၊
    နုံးသွေမပျက် ထားသင့်လှပါ။
        နေနန်းမြင့် ဥပရာငယ်၊
    သွေမဆန်းသင့် စုကလျာကို၊
    ပြဒုညာမောင်တင့်တော့၊
    အောင်ပန်းပွင့် နှင်းဆီရုံ၊
    သင်းကြည်လို့ထုံ။
        အာဒိစ္စကမ္ဗုလှုံငယ်၊
    ခါမိဿ နှံပြုခြုံတယ်။
    ဗန္ဒုပုံနှယ်ဝေလျှမ်းပြောင်ဖို့လေး။
ဟူ၍ တွေ့မြင်တော်မူရလျှင် ပြုံးရွှင်အားရတော်မူလှသော မျက်နှာဖြင့် -
''အထိန်းတော်ကြီးကို စုစုက ခုတောင် ကိုယ်တော်အပေါ် ယုံကြည်စိတ်ချတော်မမူသေး ပါကလား၊ သြော် စုစုက စိတ်ချတော်မမူသလောက် ကိုယ်တော်မှာဖြင့် မျှော်လင့်အားထား မေတ္တာစေစားပြီး မဖောက်မပြားဘဲ တစ်ပါးဆိုမှတစ်ပါး၊ ဧ၀ကန်ပိုင်းခြားလို့ ချစ်အားတော် သန်သန်နှင့် သစ္စာမဏ္ဍိုင်ကြီး စိုက်ထူ၍ ထားတော် မူပါတယ်၊ ဤသစ္စာအတိုင်းမှန်လျှင် ကြံသမျှ ပြီးစီးလို့ အောင်ဆုကြီး ဆင်တော်မူပါလိမ့်မယ် အထိန်း တော်ကြီးရဲ့''
    ''မှန်လှပါဘုရား ကိုယ်တော်ဖျား ရွှေစိတ်တော်ကိုတော့ ဖျာ့ကျွန်မကို အထူး မိန့်တော်မူဖို့ မလိုပါ၊ အလုံးစုံ သိပြီးဖြစ်ပါကြောင်းပါ၊ အလွှာတော်မှာ စုထားဖုရားက ဘယ်လိုများ ရေးသားတော်မူလိုက်ပါသေးသလဲ ဘုရား"
    "အလွှာတော်ရဲ့ သဘောကတော့ ကိုယ်တော့အတွက် အသက်သမျှ ချစ်မြတ်နိုးတော်မူလှတဲ့ စုစုက အောင်ဆုတောင်းတော်နဲ့ အောင်ကြောင်းကို ရွယ်ပြီး အောင်စေတီအောင်ဘုရားမှာ အောင်ပန်းများ ကပ်လှူတော်မူနေပါမည်။ သာကီဆွေ မောင်မောင်ဘုရားကလည်မး ကတိတော်ထားခဲ့သည့်အတိုင်း မယိမ်း မယိုင် ကြံ့ခိုင်တော်မူပါ"
    "ကတိတော် မသေလျှင် အောင်ပါစေဆိုတဲ့ဆုကို အလိုလိုပြည့်ဝစေနိုင်ပါတယ် ဆိုတဲ့ သဘောသွားရဲ့အပြင် ကိုယ်တော် ကြိုးပမ်းဖြေဆိုတော်မူမဲ့ စာတော်ပြန်ပွဲမှာ ကိုယ်တော် လုံ့လစိုက်ထုတ်တော်မူနေသည်နှင့်အမျှ နှမတော် စုစုကလည်း ဒီဇမ္ဗူမှာ ဒီတစ်ဆူရွယ်ကိုးပြီး ကိုယ်တော် ကြိုးပမ်းတော်မူနေတဲ့ကိစ္စမှာ ညီတူညီမျှ  သည်ပိုးကူညီ သည့် အလား စွမ်းအားရှိတော်မူတဲ့ဘက်က ဆုမွန် ကောင်းတောင်းလို့ မြတကောင် ညောင်ရေနှင့် အောင်ပါစေကြောင်း မေတ္တာဓာတ် ရေကြည်လောင်းလျက် နေတော်မူ ရယ်ပါ''  
    ''သို့အတွက် မောင်တော်ဖျားက မေတ္တာနှင့် သစ္စာတော်တို့ကို ခန့်ခန့်ခိုင်ခိုင် စိုက်ထူ၍ အဓိဌာန် သစ္စာမူလျှင် အလိုတော်ရှိသမျှ အရာရာ ကိစ္စမှန်လျှင် အမြန်ပင် အောင်မြင်တော်မူပါလိမ့်မယ်၊ ရွှေခွန်းတော် ကတိမသွေမှ တစ်ဘိသေအောင်ပန်း ဆွတ်လှမ်းတော်မူနိုင်မည်ဖြစ်ပါ၍ မမေ့မလျော့ မပေါ့မဆ နှမတော်ကို သတိရတော် မူပါဆိုတဲ့ အဓိပ္ပာယ်များပါပဲ အထိန်းတော်ကြီးရဲ့၊ စုစုက ခုလို ကတိတော် မပေးပေတဲ့လဲ ကိုယ်တော်ရဲ့ စိတ်တော်ထဲမှာတော့ စုစုဆိုတဲ့ အသည်းစွဲကလေးကို နည်းနည်းမှ မေ့လျော့ တော်မူတယ်လို့ မရှိဘူး"
    "စုစုရဲ့ ရုပ်ပုံတော်ကလေးဟာ ကိုယ်တော့အသည်းနှလုံးပေါ်မှာ စွဲနေအောင် လွှာပုံတော် ရေးထားသလို ဖြစ်နေပါတယ်၊ စက္ခုပသာဒ ရုပ်ခေါ်တဲ့ မျက်လွှာခုနစ်ထပ် အကြားက သန်းဦးခေါင်းဖျားလောက်ရှိတဲ့ အကြည်ဓာတ်ထဲမှာလည်း စုစုရဲ့  ရုပ်ပုံတော် ကလေး စွဲထင်ပြီး အမြဲမြင်နေရတဲ့အတွက် တစ်ကွက်မှ မေ့တော်မူဖို့ အချိန်မရှိပါဘူး၊ အထိန်းတော်ကြီးရဲ့''
    ''တင်ပါ့ဘုရား၊ ဖျာ့ကျွန်မရဲ့အရှင် ထိပ်စုမြတ်ဖျားကလည်း စိုးရိမ်တော်အမူသားပါ၊ ကိုယ်တော်ဖျားက မင်းသားစိတ်၊ မင်းသားမာန်နှင့် ဖောက်ပြန်စိမ်းကား ကတိတော် ပျက်သွားမှာ တွေးပူရှာတယ် ထင်ပါဘုရား၊ ဒီလိုစိတ်မျိုးဟာ မြွေဆိပ်ထက် ဆိုးကြောင်းပါ၊ မျက်မြင်အထင်အရှား တွေ့မြင်တော်မူထားရတာတွေလည်း အတော်ပဲ စိတ်မချစရာ၊ စိတ်ပူစရာ ဖြစ်နေပါတယ်''
    ''ဒါကြောင့် တစ်ခါတစ်ခါ စုဖုရားက သူများကို မကြည့်လေနဲ့ နတ်ရွာစံ ဘထွေးတော် အိမ်ရှေ့ဘုရားနှင့် အရီးတော် အိမ်ရှေ့ထိပ်ထားကို စံနမူနာ ထားစရာ ကောင်းတယ်၊ အထိန်းတော်ကြီးသစ်သစ်ရဲ့၊ အရီးတော် အိမ်ရှေ့ ထိပ်ထားက အသစ် အသစ် အချစ်တော်တွေ အမြောက်အမြားနှင့် မထောက်မထား ပြုရက်တော် မူနေတဲ့ အတွ့က် အရီးတော်ဘုရားမှာ မျက်ရည်နှင့်မျက်ခွက်၊ စက်တော်မခေါ်၊ ပွဲတော် မတည်နိုင် အောင် ကံတော်ကုန်ရှာသည်အထိ အဓိပတိ အဆွေးဆိုင်ကြီး ဖွင့်တော်မူသွားရရှာတယ်"
    "အစကောင်းပေမဲ့ အနှောင်းမသေချာရင် စိတ်ဆင်းရဲစရာမျိုးပဲ၊ အစကတော့ မိန်းမသားမို့ အချစ်ကို ယုံစားလို့ အလုံးစုံပုံထားပြီး အားကိုးအားထားကြီးနဲ့ ချစ်လိုက် ပါရော၊ တော်တော်ကြာပလားဆို မင်းသားပီပီ သွေဖီဆန်းပြား အသစ်တွေ လိုက်စားပြီး ထားတော်မူခဲ့ပြီးတဲ့ အချစ်ကတိတွေ ဖျက်သိမ်းလို့ အစိမ်းကြီး စိမ်းတော်မူသွားတယ်"
    "မချစ်ပြင်ပြင် သခင်ကိုယ်တော် စိမ်းတယ် ပိန်းပိတ်လို့မူဆိုတဲ့ ဘောလယ်ထဲက အဓိပ္ပာယ်သွားအတိုင်း ပြုတော်မူတာပဲ ခုများမှာ သူတစ်ညဏ်နှင့် မူဟန်တော်ခြား၊ ပြုတော်မူအားပါပေ့ သနားမညှာဆိုတဲ့ သီချင်းနှင့် တငြီးငြီး ဆွေးတော်မူရင်း စိတ်ဒုက္ခ ဝေဒနာတော် အပြင်းအထန် ခံစားတော်မူသွားရရှာတယ် အထိန်း တော်ကြီးရဲ့"
    "အများအားဖြင့် မင်းသားများဟာ မင်းစိတ်၊ မင်းမာန်နှင့် အင်မတန် ဆိုးတော်မူ ချင်တယ်၊ ငယ်ချစ်ကို တော်ရာထားပြီး အပျော်အပါး အလေလိုက်လို့ ကြိုက်သလို မွေ့နေချင် ကြတာပဲ၊ စုစုတို့ သီပေါ မောင်မောင်လည်း ဒီပုတ်ထဲက ဒီပဲဆိုသလို ဒီမင်းသားတွေအစားထဲကမို့ နောင်ခါရေးအတွက် စိတ်မှချရပါ့မလား သစ်သစ်ရဲ့ ၊ ယခုလို ရွှေမေတ္တာသွယ်တန်းပြီး အချစ်လမ်းဖောက်တော်မူနေရာက အင်မတန် ရိုးပေမယ့် နောင်တစ်မျိုးတစ်မည်ဖြစ်တော်မူသွားဦးမှာလားဆိုတာစုစုဖြင့် ဘယ်အခါမှ စိတ်တော် မမူပါဘူး"
    "စုစုတော့နောင်အရေးကိုမဆိုထားနှင့် ယခုလို မေတ္တာရွှေလမ်း၊ ငွေလမ်း ဖောက်ထား ပြီးတစ်ပါးနှင့်တစ်ပါး စကားကမ်းလှမ်းဆဲ အခါမှာပင်ယုံကြည စိတ်ချတော် မူချင်စိတ် အနည်းသားပဲ သစ်သစ်ရယ်လို့ မကြာခဏ မိန့်တော်မူတတ်တဲ့အတွက် ဖျာ့ ကျွန်မက ကိုယ်တော်ဖျားဘက်က ရှေ့နေတော်ကြီး လုပ်လိုက်ရတာလည်း ခဏခဏပါ ဘုရား"
    "ဤကဲ့သို့ အယုံအကြည် နည်းတော်မူခြင်းဟာလည်း စင်စစ်တော့ ချစ်တော် မူလွန်းလှတဲ့အတွက်  တစ်စက်ကလေးမှ စိတ်အေးစိတ်ချ နေတော်မမူနိုင်တဲ့ သဘောပါပဲ ၊ ကိုယ်တော်ဖျားကလည်း စုထားဖုရား စိတ်နှလုံးတော်အေးအောင် လေးနက်တဲ့ ကတိတော် ပေးလိုက်ကြောင်း ဖျာ့ကျွန်မ   အာဝဇွန်းကောင်း ကောင်းနှင့်    လျှောက်တင်  လိုက်ပါမယ်
ဘုရား "
    " ကိုယ်တော့်အကြောင်းတော့ အထိန်းတော်ကြီး ကောင်းကောင်းသိသားပဲလေ၊ အထူးအထွေ ပြောစရာမလိုတော်ပါဘူးစိတ်မအေးရှာတဲ့ စုစုကလေး ယုံတော်မူ    အောင်သာ တင်လိုက်ပါ၊ နို့ပြီးတော့ သီပေါ မောင်မောင်ဟာ စုထားကို အများကြီးချစ်တော် မူပါတယ် ၊ ဘယ်ခါမှ ကတိမသွေဘဲ သစ္စာတော် မြဲပါမယ်၊ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့ သို့ရွှေမေတ္တာမဏ္ဍိုင်ကို ခိုင်ခိုင်ကြီး စိုက်ထူထားပြီး မှန်သော သစ္စာစကားကြီးတစ်ခွန်း  ကိုလည်း ဆိုတော်မူလိုက်ပါမယ်"
    " မောင်မောင်ဟာ စုစုအပေါ်မှာ နောက်နောက်ကစ ယနေ့အထိ ဘယ်ခါမှ သစ္စာကတိ မယိမ်းမယိုင် မသွေမလဲဘဲ တစ်ဖြောင့်တည်း ထားတော်မူခဲ့ပါတယ်၊ ဤသစ္စာ အဓိဋ္ဌာန်မှန်ကန်ပါက ယခုဖြေဆိုတော်မူရမဲ့ စာတော်ပြန်ပွဲကို အလွယ်တကူနှင့် ဖြေဆိုနိုင် ရုံမက စုစုနှင့်မကြာမတင်  ရေစက်သွန်းချ စုလျှားမျှတော်မူ၍ လောကီ စည်းစိမ်ဟူသမျှတို့ ၏ အထွတ်အထိပ်ဘ၀သို့ မကြာခဏ ရောက်ရပါစေသားလို့  သုဓမ္မာဇရပ်ကို ထွက်တော် မူချိန်နီးလျှင် စွယ်တော်စင်က ဆုတောင်းပြည့်ဘုရားရှင်မှာ ဦးတင်ရှိခိုးပြီး အမျိုးမျိုး အဓိဋ္ဌာန်ပြုတော်မူပါမယ်လို့ မှာတော်မူလိုက်ကြောင်းကိုလည်း ထက်လောင်းလို့ လျှောက် တင်လိုက်ပါ အထိန်းတော်ကြီးရယ်"
     အမိန့်တော်ရှိကာ စုဖုရား၏အလွှာတော်ကို အတော်ကြာ ထပ်မံရှုစားတော်မူ၍ နေ ပြန်လေ၏။
    ထိုနောက်တစ်ဖန် ဆေးလိပ်တော် ကွမ်းယာတော်နှင့် ၀တ်လဲတော်ပုဆိုးများကို အပြန်ပြန် ကိုင်ယူ ရှုစားတော်မူကာ အလွန်တရာ နှစ်သက်မြတ်နိုးတော်မူလှသော အမူအရာနှင့် သိမ်းဆည်းတော် မူလိုက်ပြီး နောက် ယမိုက်ကျမ်း ပုရပိုက်ကြီးကို ကောက်၍ ကိုင်တော်မူ လိုက်မိလျှင် နံနက်သုဓမ္မာ သဘင် ထွက်တော် မူရန်အရေး တွေးတော်မူမိသည် နှင့် "သြော်......ကိုယ်တော် စာကြည့်ဖို့ ကိစ္စတွေလည်း ရှိသေးတယ် အထိန်းတော်ကြီးရဲ့ ၊ စုစုထံတော်သို့ စာလွှာတော် ဆက်ချင်ပေတဲ့ ယခု ရုတ်တရက် ရေးချိုးဖို့အချိန် ရတော်မမူ သေးဘူး ၊ စာပြန်ပွဲ ၀င်တော်မူတဲ့ ကိစ္စအေးမှပဲ   ဖြည်းဖြည်း ဆေးဆေး   အလွှာတော်ရေး
တော့မယ်၊ ယခုချက်ချင်း အလွှာတော်မရေးကောင်းလားလို့ အချစ်တော်စုစုက စိတ်တော် မမူအောင်လည်း အထိန်းတော်ကြီးက ကြည့်ပြီးလျှောက်တင်လိုက်ပါ"
    မိန့်တော်မူသဖြင့်-
    "တင်ပါဘုရား၊ စိတ်ချတော်မူပါ၊ ဖျာ့ကျွန်မလည်း  ပြန်ပါချေဦးမည်၊ အရှင်ကိုယ် တော်ဖျားသာ စာတော်များ ရှုစားတော်မူပါတော့ဘုရား"
    ပြောလျက် အထိန်းတော်ကြီ  ခင်ဘွားသစ်လည်း ကျောင်းခန်းအပြင်သို့ ထွက်လာ ခဲ့လေ၏။
    ကျောင်းအပြင်တွင်လည်း စာသင်၊ စာအံ ၊ ကျောင်းသားကိုရင်များနှင့် စာတော်ပြန် ပွဲ နီးနေသဖြင့် အသီးသီး ရောက်လာကြသော ဧည့်ပရိသတ်များမှာ အထိန်းတော်ကြီးလာ သည်ကို ဤတစ်ကြိမ်သာ လူစုံလူညီ တွေ့မြင်ရသောကြောင့်  အတော်အံ့သြနေမိကြပြီး အသီးသီးလက်တို့မေးမြန်းလျက် ရှိကြ၏။
    အချို့ကလည်း တစ်စုံတစ်ရာ မရိပ်မိသဖြင့် မသိသလိုသာ နေလိုက်လျက် အချို့က လည်း အနည်း အကျင်း ရိပ်မိသောကြောင့် အကြောင်းသင့်ရာ အချင်းချင်း တီးတိုးပြောဆို     
ကျန်ရစ်ကြလေ၏။
    နောက်တစ်နေ့နံနက် မိုးသောက်အလင်းရောက်လျှင်ပင် မန္တလေးတောင်ခြေ၌ သိုက်မြိုက်ခန့်ညားစွာ ဆောင်လုပ်ထားသော သုဓမ္မာ ရွှေဇရပ်တော်နှင့်တကွ အသီသီး သော ဇရပ်ကြီးငယ် ၊ အသွယ်သွယ်သော တန်ဆောင်ပြသာဒ်များသာမက စားမေးစာပြန် ပွဲတော်ကြီးအတွက် အထူးပြုပြင် ဆောက်လုပ်ထားသော ယာယီတဲကျောင်းမဏ္ဍပ်များမှာ ပင် များစွာသော လူပရိသတ် ရဟန်းပရိသတ်တို့ ပြည့်ကျပ်စည်ကား၍ သွားလာကူးသန်း ပျားပန်းခတ် ရှုပ်ပွေနေကြလေ၏။
    အသီးသီးသော တန်ဆောင်းပြသာဒ်၊ ဇရပ်၊ တဲကျောင်းများတွင် ထိန်ထိန်ဝါ၀င်း သော သံဃာတော်များ၏ သင်္ကန်းတော်ရောင်ချင်း ယှက်သန်းလျက်ရှိပြီးလျှင် များစွာသော သင်္ကန်းတော်ဝါ၀ါဝင်းတို့အတွင်းမှာ ရဲရဲနီစွာသော ဆွမ်းအုပ်တော်များမှာ အားကျမခံ ဂုဏ် ပြိုင်နေဘိအလား အ၀ါရောင်တွေ ၀င်းနေသလောက် ရဲရဲတောက် နီမြန်းသော ဆွမ်းအုပ် ရောင်များ ပြိုးပြွမ်းလျက် ရှိလေ၏။
    နိုင်ငံတော်အနီးအဝေး လေးပြင်၊ လေးရပ်မှ သုဓမ္မာပွဲဝင်ရန်  နွှဲဆင်ရောက်လာကြ ကုန်သော ရဟန်းပရိသတ်၊ လူပရိသတ်များနှင့်တကွ စာတော်ပြန်ပွဲအတွက် အကူအညီ အဆောင်အရွက် ဖြစ်သူများ အပြင်စာပွဲသဘင်ကို ရှုမြင်ကြားနာရန် ရောက်လာကြသော ရဟန်းပရိသတ်၊ လူပရိသတ်တို့မှာ ခြိမ့်ခြိမ့် မွမ်းမွမ်း စည်ကားများပြားစွာ ရှိရကား သုဓမ္မာ ဇရပ်တော် တစ်လျှောက်၌ တိုး၍မပေါက် နိုင်အောင် လူထု လူအုပ်ကြီးများ ခြံရံနေတောလေ၏။
    ဘ၀ရှင်မင်းတရားကြီးဘုရား၏ ကုသိုလ်တော်ကို အရင်းခံထား၍ သုဓမ္မာ စာပြန်ပွဲ တော်ကြီးအတွက် အဝေးအနီး ရောက်လာသမျှသောလူပရိသတ်၊ ရဟန်းပရိသတ်များအား
နေရာထိုင်ခင်းနှင့်ဆွမ်း၊ကွမ်း၊ဆေး၊လက်ဖက်မှစ၍ ကပ်လှူပြုစု    စတုဒီသာလာလာသမျှ မချို့ငဲ့ရအောင် အထူကြီးကြပ် ဆောင်ရွက်နေသူများအပြင် မိဖုရားများနှင့် သားတော်၊သမီး တော်၊ ဆွေတော်၊ မျိုးတော် တို့ကလည်း အသီးသီး တတ်စွမ်းသမျှ ကွမ်း၊ ဆေး၊ လက်ဖက် အချို၊ အချဉ်၊ ဆွမ်းဘောဇဉ်များကို ပါဝင် လှူဒါန်းကြပြီးလျှင် မှူးတော်၊မတ်တော်၊ ၀န်စု၊ မှူးစု ၊ မြို့စား၊ ရွာစား၊ အပျိုတော်ကြီးများနှင့် သူဋ္ဌေး၊ သူကြွယ်တို့ကလည်း အသီးသီး သဒ္ဓါတရားအလျှောက် ၀င်ရောက်လှူဒါန်းကြသည်တွင် ထမင်းရည် ချောင်းစီးနှင့် ကြီးစွာ  သော စတုဒီသာရုံကြီးများမှာ အရပ်လေးမျက်နှာမှ လာလာသမျှ လူပရိသတ်၊ ရဟန်း ပရိသတ်၊ အယုတ်အလတ် အမြတ်မရွေး တိရ စ္ဆာန်၊ ခွေး၊ နွား၊ ကြက်၊ ၀က် မကျန် စား၍ မကုန် ယူ၍မခန်း ဖြစ်လေ သတည်း။
    ဤမျှ ကြီးကျယ်စည်ကား သိုက်မြိုက်ခမ်းနားလှသော နှစ်စဉ်ထာဝရ ပြုမြဲသုဓမ္မာ စာပြန်ပွဲသဘင်ကြီး ကျင်းပရာအချိန်အခါတွင် နိုင်ငံတော်အလုံးရှိ ရဟန်း၊ ရှင်လူ အများတို့ မှာလည်း အထူးသဖြင့် ၀မ်းမြောက် ရွှင်လန်းကြမြဲ ဖြစ်သည့်အားလျော်စွာ ထိုနှစ်အဖို့မှာ သုဓမ္မာဇရပ်ဝန်းကျင်၌ ပရိသတ်များအခါတိုင်းထက် အထူး ပိုမို မြောက်မြားစွာ ရောက်ရှိနေ ကြလေ၏။
    ဘုန်းတော်ကြီးလှသော ဘ၀ရှင်မင်းတုန်းဘုရင် မင်းတရားကြီး ဘုရားလည်း သား တော် သီပေါမင်းသားအား နှစ်စဉ် သူကောင်းပြု၍ ချီးမြှောက်တော်မူမြဲ အစီအစဉ်အတိုင်း သားတော်ကို လူဝတ်လဲလှယ်တော်မူစေပြီးလျှင် ကျောင်းတော်မှသည် သုဓမ္မာဇရပ်အ  ရောက်  တပ်ဝင်း အခင်းအကျင်း အဆောင် အယောင်၊ အတွဲအမများနှင့် ထွက်တော်မူစေ လေ၏။
    သားတော်သီပေါမင်းသားလည်းခမည်းတော်ဘုရား  မြှောက်စားသူကောင်းပြုတော် မူသော အဆောင်အရောင် ၊အခမ်းအနား၊အတွဲအမများနှင့် နှမတော် ထိပ်စုဖုရားလတ် ဆက်သသော နွယ်သာကီ လွန်းပုဆိုးကို ၀တ်ဆင်တော်မူကာ သုဓမ္မာဇရပ် စာပွဲတော် အခမ်းအနားသို့ ထွက်တော်မူလာပြီး တိပိဋကဓရ တိပိဋကဆေက ဗျတ္တိဗလ သတ္တိဗလ နှင့် ပြည့်ဝကုံလုံတော်မူသော လဇ္ဇိပေသလသိက္ခာကာမ ဖြစ်တော်မူကြကုန်သော တံဆိပ် တော်ရ ဆရာတော်ကြီးများ ရှေ့တော်တွင် ပထမငယ်၊ ပထမလတ် ဖြစ်သော ရှေးနှစ်ကြိမ် က ပြန်ဆိုတော်မူခဲ့သည်ထက်မက ပထမကြီးပြန်ဆိုတော်မူရရာ သဒ္ဒါကြီးရှစ်ဆောင် ပါဋ္ဌ် အနက်၊ ရုပ်ဆန်းပါဋ္ဌ်အနက် အရကောက် ဓာတုကထာပါဋ္ဌ် အနက်၊ အရကောက် ယမိုက် ဆယ်ကျမ်းပါဋ္ဌ်အနက် အရကောက်များပဋ္ဌာန်း ကုသလဟိတ်နှင့် ဖြေဆိုရန် ရှိသမျှ ပြီးဆုံး အောင် နေ့စဉ် ရက်ပိုင်း၍ စာတော်ပွဲကြီး မပြီးမီအတွင်း အထူကြိုးစား ပြန်ဆိုတော်မူလျက် ရှိလေ၏။
    သီပေါမင်းသားကလေး၏ ပညာရဲရင့်တော်မူခြင်းများကို တွေ့မြင်ကြားသိရသည့် အရပ်လေးမျက်နှာမှ ရောက်လာကြကုန်သော ရဟန်းပရိသတ်၊ လူပရိသတ်နှင့်တကွ ခမည်းတော် မင်းတရားကြီးဘုရာ၊ မိဖုရားသာတော်၊ သမီးတော်၊ ဆွေတော်မျိုးတော် အများမှာ ချီးမွမ်းထောပနာ သြဘာပေး၍ မဆုံးနိုင် ရှိကြလေ၏။
    မယ်တော်ဖြစ်သော လောင်းရှည်မိဖုရားကြီးမှာလည်း ပညာဥာဏ် ရင့်သန်ထက် မြတ်တော်မူလှသော သားတော် သီပေါမင်းသားအတွက် အာတက်ဝမ်းမြောက်တော်မူခြင်း ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိ၊ ပီတိ သောမနဿ အကြည်တော် စိတ်နှလုံးကြောင့် တပြုံးပြုံး ဖြစ်တော် မူလျက်ရှိလေ၏။
    ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်မင်းတရားကြီးဘုရားသည် ရတနာသုံးပါးကို အထူးသက်ဝင် ကြည်ညို၍ သာသနာတော်ကြီးကို အထူးပြုစုတော်မူသော ဧကရာဇ် မင်းကောင်းမင်းမြတ်ကြီးတစ်ပါး ဖြစ်တော်မ သည့်အားလျော်စွာ သုဓမ္မာဇရပ်တော်သို့ နေ့စဉ် ထွက်တော်မူကာ ကုသိုလ်တော်များ ပွားများ ကြည်ညိုတော်မူပြီးလျှင် စာတော် ပွဲသို့ ရောက်လာသမျှ အယုတ်အလတ် အမြတ်မရွေး လှူဒါန်းကျွေးမွေမး ပေးကမ်းစွန့်ကြဲ တော်မူသော နေ့စဉ် ကုသိုလ်တော်များကိုလည်းကောင်း၊ မိဖုရား၊ သားတော်၊ သမီးတော် တို့၏ ဆွမ်း၊ သင်္ကန်း၊ ကွမ်း၊ ဆေး၊ အချို၊ အချဉ်၊ အလှူဝတ္တူများကိုလည်း မိဖုရား သားတော် သမီးတော်များ အတွက် ကိုယ်တိုင်တော်ပင် နေ့စဉ်နှင့်အမျှ ရေစက်သွန်းချ အမျှပေးဝေတော်မူလျက် ရှိလေ၏။
    အလယ်နန်းမတော်ဖုရားလည်း သားတော်နှင့်အတူ သင်္ကန်းတော် အလှူဆွမ်းအုပ် တော် အလှူများအတွက် သုဓမ္မာဇရပ်တော်သို့ ထွက်တော်မူပြီး အရှင်မင်းတရားကြီး ဘုရားနှင့်အတူ အလှူတော်များအတွက် ရေစက်သွန်းချ အမျှဝေတော်မူလျက် ရှိလေရာ မယ်တော်အလယ် နန်းမတော် ဖုရား၏ နောက်ပါးမှ ဖ၀ါးမကွာ အတူပါသော သမီးများမှာ လည်း ဆိုင်ရာဆိုင်ရာ အထိန်းတော်၊ အပျိုတော်များ နှင့်ခမည်းတော် မယ်တော်တို့ အပါးတွင် ခစားလျက်ရှိတော်မူကြလေ၏။
    အလယ်နန်းမတော်ဖုရား၏ သမီးတော်သုံးပါးအနက်မှ မြတောင်မြို့စား ထိပ်စုဖုရား လတ်မှာကား ခမည်းတော် မယ်တော်အပါးတွင် ခစားလျက်ရှိသော်လည်း မိမိ၏ အထိန်းတော်ကြီးကို အပါးတော်သို့ မကြာခဏ ခေါ်တော်မူကား သီပေါမင်းသား စံတော်မူ ရာကို တီးတိုးမေးမြန်းတော် မူလျက်ရှိလေ၏။
    အထိန်းတော်ကြီးကလည်း တီးတိုးလေသံဖြင့်ပင်
    "သီပေါ ကိုယ်တော်ဖျား၊ သုဓမ္မာရွှေဇရပ်မတော်ကြီးအတွင်းမှာ စာတော်များ ဖြေဆိုလျက်ရှိပါတယ် စုထား ဖုရားရဲ့"
    လျှောက်တင်ထားလိုက်သည်တွင် -
    "ဟင်...ဒါတော့ စုစုလည်း သိတော်မူသားပေါ့ သစ်သစ်ရဲ့၊ သို့ပေတဲ့ စုစု ဆက်တော်မူလိုက်တဲ့ ၀တ်လဲတော်ကို မောင်မောင်သီပေါကိုယ်တော် ဆင်တော် မူလာတယ် မလာဘူးဆိုတာရယ် စုစု ဆက်တော် မူလိုက်တဲ့ ဆေးလိပ်တော်နှင့် စားတော်ကွမ်းယာများပါ ဆောင်ယူတော်မူမလာဘူး လာတယ် ဆိုတာကို သိတော်မူလို၍ မေးတော်မူတာပါ''
    မိန့်တော်မူမှ-
    "ဒါဖြင့် ဖျာ့ကျွန်မ သွား၍ကြည့်လိုက်ပါဦးမည်ဘုရား"
    တင်လျှောက်ကာ အထိန်းတော်ကြီး ခင်ဘွားသစ်လည်း လူသူအလစ်တွင် အမှတ်မဲ့ စံနန်းတော် ဇရပ်အတွင်းမှထွက်ကာ သုဓမ္မာရွှေဇရပ်ကြီးသို့ ခပ်သုတ်သုတ် လျှောက်လာ လေ၏။
    သုဓမ္မာ ရွှေဇရပ်တော်ကြီး အပြင်တွင် စာပွဲသဘင် နားဆင်လျက်ရှိကြသော ရဟန်း ပရိသတ်၊ လူပရိသတ်များမှာ တိုးမပေါက်နိုင်လောက်အောင်  ပြည့်ကျပ်စည်ကားလျက် ရှိသောကြောင့် အထိန်း တော်ကြီး ခင်ဘွားသစ်လည်း အနီးသို့ရောက်အောင် သွားရန်ပင် အတန့်သား ခဲယဉ်းလျက် ရှိလေ၏။
    မြို့စားကြီး၊ ရွာစားကြီး ကတ္တီပါဖိနပ်စီး၍ ရွှေလှည်းစီးပြီး ရွှေထီးဆောင်းရသော အထိန်းတော် ရင့်မကြီးမှာ များစွာသော လူပရိသတ် စည်ကားနေရာဌာနသို့ သာမည အရပ်သူ မိန်းမတစ်ဦးအေနေဖြင့် ယောင်ပေ ယောင်ပေ ဖြစ်နေရှာလေ၏။
    နောက်လိုက် နောက်ပါ တစ်ဦးမျှမပါပဲ ယောင်ချာချာဖြစ်နေစဉ် သုဓမ္မာဇရပ်အနီး အပါး၌ လူးလာခေါက်ပြန် သွားလာဝင်ထွက်၍ အလုပ်ရှုပ်လျက်ရှိနေသော နန်းတော် အမှုထမ်းသား များကို လည်းကောင်း၊ မင်းညီမင်းသား၊ မှူးတော်၊ မတ်တော် အရာရှိ အရာခံများ၏ အဆောင်ကိုင်သား၊ အဆောင်ကိုင်ခေါင်း၊ ထီးတော်မိုး၊ ဝေါတော်ထမ်း၊ လက်ျာတောင်၊ စာမျှော်စာချီ၊ ဒိုင်းတော်သား အများမှာ လည်းကောင်း၊ မိမိတို့ အရှင်များ ဇရပ်အတွင်း ထိုင်နေစဉ် ခေါင်းပေါင်းစတလူလူနှင့် ပလူပျံသလို ဆိုင်ရာဆိုင်ရာ သွားလာလျက် ကူးသန်းရှုပ်ယှတ်၍ နေကြငြားသော်လည်း အထိန်းတော်ကြီးမှာ အသိများနှင့် တွေ့မြင်သွားရမည်ကိုမျှပင် သတိမရနိုင်သေးဘဲ သုဓမ္မာရွှေဇရပ်ထဲက သီပေါကိုယ်တော်ကိုသာ ရှုမျှော်ရန် အာရုံသန်၍ နေလေ၏။
    ''အလို...အထိန်းတော် သခင်ကြီးပါကလား၊ အပါးအစေလည်း မပါဘဲ ဘာအကြောင်းများကြောင့် ဒီအနားကို ရောက်လာပါသတုံး သခင်ကြီးဘုရား"
    မေးသံကြား၍ နောက်ပါးသို့ လှည့်ကြည့်လိုက်သည်တွင်မှ ပွဲတော်ဆိုင်ရာက မိန်းမစိုးမှူးကြီး ဖြစ်နေကြောင်း သိရပြီး
    "သြော်...မိန်းမစိုးကြီးလား၊ ဟုတ်တယ် ကျုပ်လည်း၊ သြော်...ဟုတ်ပ၊ ကောင်မ ကလေးတွေ ဘယ်များရောက်ကုန်ကြပါလိမ့်၊ အဲ...အဲ စာတော်ပြန်ပွဲကို ကြည့်ချင်တာနှင့် ထွက်လာခဲ့တယ်၊ ပရိသတ် ကများတော့ အနားလည်း မကပ်နိုင်တာနဲ့ ဒီအနားက စောင့်နားထောင်မယ် စိတ်ကူးတာ၊ ဘာသံမှလည်း မကြားရပါဘူး၊ ကျုပ်ကလည်း အသံကြားရုံတင်မက စာတော်ပြန်ကြတဲ့ ကိုယ်တော်များကိုပါ ဖူးမြင်ပါဆိုမှ နေရာမကျ နိုင်အောင် ဖြစ်နေတယ် မိန်းမစိုးကြီးရဲ့"
    စကားဖာပြီး လိုရာသို့ရောက်အောင် ပြောလိုက်လျှင် -
    ''အို...ဒါဖြင့် သခင်ကြီး စိုးရိမ်တော်မူပါနှင့်၊ ကျွန်တော်မျိုးတို့အိမ်က အစ်မ များလည်း စာတော်ပွဲ ကြည့်ရအောင် စောစောက နေရာယူပြီး ဇရပ်အနီးမှာ ရှိကြပါတယ်  သခင်ကြီး ကြည့်တော်မူမယ်ဆိုရင် ကျွန်တော်မျိုး လိုက်ပို့ပါမည်"
    ပြောသဖြင့် အထိန်းတော်ကြီးလည်း ရေငတ်တုန်း ရေတွင်းထဲကျသလို -
    "အို...ဒါဖြင့် နေရာကျသားပဲ မိန်းမစိုးကြီးရဲ့"
    "ကြုံတဲ့အခါ သေသေချာချာ ၀င်ကြည့်လိုက်ရတာပေါ့"
    "ကဲ...ဒါဖြင့် ရှေ့က ကြွတော်မူပါတော့၊ သြော် အပါးစေတွေ စောင့်ဦးမှထင်ပါ"
    "ဟာ...ကိစ္စမရှိပါဘူး၊ ကောင်မလေးတွေ ကျုပ်နဲ့မတွေ့ပေတဲ့ အလယ်နန်းမတော် ဖုရား တဲတော်ကို လိုက်လာကြမှာပါပဲ၊ ကဲ...ကဲ...မိန်းမစိုးကြီးလာပါ၊ ဒီလမ်းကသွားရ မလား"
    ဆိုလျက် ဇရပ်ဆီသို့ ထွက်လာလေ၏။
    မိန်းမစိုးကြီးသည် အထိန်းတော်ကြီး ခင်ဘွားသစ်အား မိမိအစ်မများရှိရာဇရပ် အတွင်း မြင်သာလောက်သာသည့် နေရာသို့ တရိုတသေ ပို့ထားခဲ့ပြီးလျှင် မိမိအလုပ်ခွင် ဆိုင်ရာသို့ ပြန်သွား လေရာ မိန်းမစိုးကြီး၏အစ်မ၊ နှမများလည်း နန်းတော်သူ အထိန်းတော် သခင်ကြီးအား ရိုသေစွာ နေရာ ထိုင်ခင်း များပေးပြီးလျှင် ရှေ့ဆုံးက တင်ထားလေ၏။
    ဤတွင်မှ အထိန်းတော်ကြီး ခင်ဘွားသစ်လည်း စာမေး၊ စာပြန် အခမ်းအနား ရှိရာ ဇရပ်အတွင်းသို့ ကြည့်လိုက်ကာ သီပေါမင်းသားကလေး စံတော်မူရာကို မျက်လုံးက ရှာဖွေနေလေ၏။
    များစွာသော ရဟန်းပရိသတ်နှင့် လူပရိသတ်တို့အတွင်းမှ ထင်လင်းခန့်ညားလျက် ကျက်သရေထွန်းပ ဣနြေတော်ရလှသော သီပေါမင်းသားအား ခင်ဘွားသစ် မျက်လုံးများ နှင့် မကြာမီ သွား၍ တိုက်ဆိုင် မိလေ၏။
    တည်ကြည်ခန့်ညားသော ကာယဣနြေ္ဒနှင့် စာတော်များကို ပြတ်ပြတ်သားသား ဖြေဆိုတော် မူနေသေးသော သီပေါမင်းသားကလေးမှာ ထိပ်စုဖုရားလတ် အမိန့်တော်ဖြင့် မိမိကိုယ်တိုင် သွား၍ ဆက်ရသော နွယ်သာကီ လွန်းများပုဆိုးကို အမြတ်တနိုး ဆင်တော် မူထားသည်ကို တွေ့ရပြီးလျှင် ကိုယ်တော်ကလေး၏ အပါးတော်မှာလည်း လစက်ရောင် ဖဲပ၀ါနှင့် ဆေးလိပ်တော်ထုပ်အပြင် ပတ္တမြား ရွှေကြုတ်၊ မြကွမ်းအုပ်မှ လက်လုပ်ကြည်ဖြူ စုဖုရားကိုယ်တော်တိုင် ယာတော်မူသည့် စားတော် ကွမ်းယာ များကိုပါ တွေ့မြင်ရသောအခါ အလွန်တရာ ကျေနပ်ဝမ်းမြောက်မိရှာလေ၏။
    မိမိလာရင်းကိစ္စမှာ ၀တ်လဲတော်ပုဆိုးနှင့် ဆေးလိပ်တော်၊ စားတော်ကွမ်းယာများ၊ သီပေါမင်းသား မြတ်နိုးစွာ ဆောင်ယူတော်မူ၍ လာသည်၊ မလာသည် သိရန်သိမျှသာဖြစ် သဖြင့် ဤနေရာတွင် ကြာရှည် နေခွင့်မရဘဲ
    "ကဲ...မိန်းမစိုးကြီး အစ်မများ၊ ကျုပ် သွားလိုက်ဦးမယ်"
    နှုတ်ခွန်းဆက်လျက် ရုတ်တရက် လှည့်ပြန်လာခဲ့ပြီး တဲတော်ထဲ့သို့ဝင်ကာ စုဖုရားနှင့် မလှမ်းမကမ်း နေရာတွင် ခစားနေလေ၏။
    ထိပ်စုဖုရားလတ်လည်း အထိန်းတော်ကြီး ပျောက်သွားရာမှ ပြန်ပေါ်လာသောအခါ နေရာရှာ၍ အပါးတော်သို့ ခေါ်တော်မူလိုက်သဖြင့် ခင်ဘွားသစ်လည်း စုဖုရားအနီးသို့ တိုးခစားပြီးလျှင် တီးတိုးအသံဖြင့်
    "မြင်ခဲ့ရပါပြီဘုရား၊ ကိုယ်တော်ဖျားမှာ တည်တံ့ခန့်ညားလှသော ဣနြေ္ဒတော်နှင့် စာတော်များ ဖြေဆိုတော်မူပါသည် စုထားဘုရား ဆက်တော်မူတဲ့ နွယ်သာကီလွန်းများ ပုဆိုးကိုလည်း မြတ်နိုးစွာ ဆင်တော်မူလာပါသည်။ ဆေးလိပ်တော်နှင့် စားတော်ကွမ်းယာ များလည်း အပါးတော်မှာ လစက်ရောင် ဖဲပ၀ါထုပ်နှင့်တကွ သတိတရ ဆောင်တော်မူထား သည်ကို တွေ့မြင်ခဲ့ရကြောင်းပါဘုရား"
    လျှောက်ထားလိုက်လျှင် ထိပ်စုမြတ်ဖုရားလည်း အားရ၀မ်းသာနှင့်  ပြုံးရွှင်နှစ်သိမ့် တော်မူလာပြီး
စု။   ။ "ဒါဖြင့် မောင်တော်ရဲ့ ကတိသစ္စာတော် စွဲမြဲပါပေတယ်ဆိုတာကို ယုံကြည်တော် မူထိုက်ပြီဆိုပါတော့ သစ်သစ်ရဲ့"
သစ်။     ။ "မှန်ပါ၊ သီပေါကိုယ်တော်ဖျားလေးဟာ အရှင်ထိပ်စုမြတ်ဖျားအပေါ်တွင် ချစ်သဒ္ဓါ နှင့်  သစ္စာတော် မြဲမြံကြောင်း ကောင်းကောင်းကြီး စိတ်ချယုံကြည်တော်မူထိုက်ပါပြီဖြစ် ကြောင်းပါဘုရား"
စု။    ။ "ဒါနဲ့နေစမ်းပါဦး သစ်သစ်ရဲ့၊ သစ်သစ်ဒီကသွားတော့ သီပေါမောင်တော်ဖျား၊ သုဓမ္မာ ရွှေဇရပ်တော်အတွင်းမှာ စာတော်ပြန်ဆိုနေတော်မူဆဲပေါ့နော်၊ သစ်သစ်ကိုကော  မြင်တော်မမူဘူးလား"
သစ်။      ။ "မြင်တော်မမူရှာဘူးဘုရား၊ သစ်သစ်ကလည်း ပရိသတ်ကြားထဲကနေပြီး ကြည့် ရတော့ ရုတ်တရတ် ဘယ်မှာမြင်တော်မူပါ့မလဲ၊ ပြီးတော့ သီပေါကိုယ်တော်ဖျားဟာ စာတော်ပြန်တဲ့ ကစ္စတွင် အာရုံ ၀င်စားတော်မူနေတဲ့အတွက် စက္ခု ဣနြေ္ဒ တော်ချပြီး ထေရ် ကြီး၊ ၀ါကြီးပမာ မျက်နှာတော် ဣနြေ္ဒက ငြိမ်သက် တည်ကြည်တော်မူနေလို့ သစ်သစ်တို့ လို ဇရပ်ပြင်ဘက်က ပရိသတ်များမဆိုထားနှင့် ရွှေဇရပ်တော် အတွင်းက ၀ါဝင်းနေတဲ့ သံဃာပရိသတ် များကိုပင် စေ့ငှအောင် ရှုစားတော်မူတာ မမြင်ခဲ့ ပါဘုရား"
စု။    ။ "သြော်.......ဒီလောက်တောင် တည်ကြည်တော်မူနေသလား၊ အင်း....နဂိုသ ဘောကလည်းကောင်း၊ ပျော့ပြောင်းနူးညံ့တော်မူတဲ့တော်မူတဲ့ စိတ်ဓာတ်ကလည်းအခံရှိ တော့ မင်းသားပင်ဖြစ်ပေမဲ့ တယ်ပြီး ရိုးတော်မူလှရှာတယ် ထင်ပါရဲ့၊ သစ်သစ်ကိုယ်တော ဖျားဟာ ဒါလောက် ရိုးတော်မူရက်နဲ့များ စုထားကို ရွှေမေတ္တာ သွယ်တန်း၍ အချစ်လမ်း ဖောက်တော်မူလိုက်တာများ စေ့စေ့စဉ်းစားတော့ အတော်ပဲ အံ့အား သင့်သွားလောက်စရာ ကောင်းတယ် သစ်သစ်ရဲ့၊ စုထားဖုရားကလည်း ဒီလောက်ရိုးတော်မူတဲ့ သီပေါ မောင်တော် ကိုမှ မေတ္တာတော်ပိုမိခြင်းဟာ  အတော်ဆန်းကြယ်တာပဲ၊ အင်း........ရှေးရေစက်ကံအ ကြောင်းနှင့် ဖြစ်တောင့်ဖြစ်ခဲနဲ့ပဲ ဆက်သွယ်မိအောင် ကြံဖန်ပြီး ဆက်သွယ်တော်မူမိတာ ပေါ့နော်"
သစ်။      ။ "မှန်လှပါဘုရား၊ အင်မတန် ရိုးသားတော်မူရှာတဲ့ သီပေါကိုယ်တော်ကလေးဟာ  စုစုထိပ်ထားကို စွန့်စွန့်စားစား ရွှေပြားအက္ခရာ မေတ္တာလွှာပါး မိလာအောင်ဟာ ဘ၀က ကံ၏အကြောင်းတို့ကြောင့် 'မင်းလောင်းမှန်လျှင် ရထားဆိုက်'ဆိုသလို ဆိုက်ဆိုက်မြိုက် မြိုက်ကြီး ကြံရွယ်တော်မူလိုက်ရတာပါပဲ၊ လောကကြီးမှာ ရှေးကံဟောင်းပါရမီ အထောက် အခံမပါဘဲ ဘာတစ်ခုမှ မဖြစ်မြောက်နိုင်ဘူးဘုရား"
စု။    ။"အမယ်လေး......တိုးတိုးပြောပါ ၊ ဟိုမှာ မယ်မယ်ဖျား ရှုစားတော်မူနေတယ်၊ သစ်သစ်အသံက တဖြည်းဖြည်းကျယ်ကျယ်လာပြီ၊ တော်တော်ကြာမဖုရား အပျိုတော်တွေ
ကြားသွားလို့ စကားပျံ့ကုန်မှ လှနေဦးမယ်"
    မိန့်တော်မူလိုက်သောကြောင့် ခင်ဘွားသစ်လည်း-
    "တင်ပါ့ဘုရား"
    နောက်ထပ်စကားမဆက်ဘဲ ငြိမ်သက်သွားလေ၏။
    ထိပ်စုဖုရားလည်း အစ်မတော် မိုင်းနောင်ထိပ်စုဖုရားကြီးနှင့်အတူ မယ်တော် အလယ်နန်းမတော် ဖုရားအပါးတွင် တည်ငြိမ်စံတော်မူနေရာမှ စံတဲနန်းတော်ဦးတွင် မင်းညီ၊ မင်းသား မှူးတော်မတ်တော် အပေါင်းခြံရံ၍ စံတော်မူလျက်ရှိသော ဘ၀ရှင်မင်းတရားကြီး ၏ ယနေ့အဖို့  အလှူတော် များကို ရေစက်သွန်းချတော်မူရန် အချိန်တန်သဖြင့် အနောက် ပိုင်းရှိ မင်းမိဖုရား၊ သမီးတော် များလည်း အရှေ့စံဆောင်တော်ရှိ မင်းတရားကြီး၏ နောက် တော်ပါးသို့  ပြောင်းရွှေ့ခစားကြရမည်ဖြစ်ရာ အလယ် နန်းမတော်ဖုရားကို အမှူးပြုလျက် အခြားသောဆောင်ရနန်းရ မိဖုရားများပါ  မင်းတရားကြီးဘုရား နောက်တော်သို့ ရောက်ရှိ လာကြပြီး သမီးတော်အသီးသီးတို့မှာလည်း ကြီးစဉ်ငယ်လိုက်ပင် နေရာ ပြောင်းရွှေ့လာကြ လျက် ခမည်းတော်မင်းတရားကြီးနှင့် မယ်တော်များအနီးတွင် အသီးသီးသော အထိန်း တော်၊ အပျိုတော်များ၊ ခြံရံကာ ခစားမိကြလေ၏။
    ယင်းသို့ မင်းမိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်မျိုးတော်နှင့်တကွ မှူးတော် မတ်တော်၊ ၀န်စု၊ မှူး စုအပေါင်း အရောက်စုံညီလျှင် မင်းတရားကြီးဘုရား အမှူးပြုလျက် ထိုနေ့အတွက် အသီးသီးသော အလှူတော်များကို ရေစက်သွန်းချ အမျှပေးဝေတော်မူရန်  ရေစက်ချတရားဟောရန် သံဃာတော် များလည်း  ရှေးဦးစွာ ငါးပါးသော ပဉ္စသီလတော် မြတ်ကိုပေး၍ ဒါနအကျိုးများ  တရားဟောပြီး အဆုံးတွင် ရေစက်ချလျက် အမျှဝေတော်မူ လေရာများစွာသော ပရိသတ်တို့လည်း ကောင်းမှု့တော် များအတွက် နှစ်သက်ဝမ်းမြောက်စွာ သာဓုအနု မောဒနာ ပြုကြလေ၏။
    ထို့နောက် ဘ၀ရှင်မင်းတရားကြီးလည်း ရေစက်သွန်းချ ပြီးစီးတော်မူသဖြင့် စံတဲနန်းတော်ထဲမှ စာပွဲကျင်းပတော်မူဆဲဖြစ်သည့် သုဓမ္မာရွှေဇရပ်တော်သို့ ထွက်တော်မူ လေရာ စံတဲတော်တွင် ကျန်ရစ် သော မင်းမိဖုရားနှင့် သမီးတော်များလည်း အသီးအသီး အလျဉ်းသင့်ရာ ပြောဆိုလျက် စာတော်ပြန် ပွဲ သဘင် ကို ရှုစားတော်မူနေကြရင်း အချိန်ကုန်မှာပင် ရွှေနန်းတော်ကြီးသို့ အသီးသီးဝင်ကြလေ၏။
အခန်း (၁၅) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>