အခုတလော ဖတ်ဖြစ်တဲ့ စာအုပ်တွေ ထဲမှာ ဆရာကိုပိုက် ရဲ့ နပွေးနီ - ပလုံတွီ
ဆိုတဲ့ စာအုပ်ကလေး ပါလာပါတယ် .. နပွေးနီ ဆိုတာ ချင်းလို ကျေးဇူးတင်ပါတယ်
ဆိုတဲ့ နှုတ်ဆက်စကား ဖြစ်ပြီး ပလုံတွီ ဆိုတာ ကတော့ တောင်ပို့ရေ လို့
အဓိပ္ပါယ် ရပါတယ် ... ယောနယ် ရဲ့ မြောက်အဖျားဆုံး မှာ ရှိတဲ့ အင်မတန်ခေါင်
တဲ့ ချင်းလူမျိုးများသာ အများဆုံး နေထိုင်ကြတဲ့ ရွာလေး ဖြစ်ပါတယ် ... ဆရာ
ရဲ့ ကိုယ်တွေ့ အတွေ့အကြုံ များကို ရေးသားထားပါတယ် ...
ရွာလေး ဟာ အိမ်ခြေအနည်းငယ်သာရှိပြီး ... သွားရေးလာရေး ခက်ခဲလှတဲ့အတွက် .... ခေတ်နောက် ကျနေပြီး ရိုးရာ ယဉ်ကျေးမှု့များ အတိုင်းနေထိုင် စားသောက်ဆဲဖြစ်ပါတယ် ... ဘာသာတရား ကိုးကွယ် မှု့ အနေ နဲ့ ခရစ်စယာန် .. ဗုဒ္ဓသာသာ ကိုးကွယ်မှု့များ မျှမျှတတ ရှိပေမဲ့ ... အဓိက ကိုးကွယ်မှု့ ကတော့ နတ်ကိုးကွယ်မှု့ ဘဲဖြစ်ပါတယ် ...
ဆရာတို့ ရွာလေး ကို ရောက်သွားတော့ တအိမ်တနပ် ထမင်းဖိတ်ကျွေးကြပါတယ်တဲ့ ... ထမင်းမစားခင် ဧည့်သည် နဲ့ အိမ်ရှင် အပြန်အလှန် ခေါင်ရည် တိုက်ကျွေးရပုံများကို ဖတ်ရတဲ့ အခါ တံတွေး မြို့ချ မိသလို့ ရွှေစင်ဦး ဖေဖေ နဲ့ (ဖေဖေတပုလင်း .. ရွှေစင်ဦး တပုလင်း) သောက်ခဲ့ရတဲ့ ကချင်ပြည်နယ် က ခေါင်ရည်လေး ကို လွမ်းမိသွားတယ်.... ထမင်းစားတဲ့ အချိန်မှာတော့ အိမ်ရှင် နယ်ထားတဲ့ ထမင်းနဲ့ ဟင်း ကို လက်နဲ့ ခွံကျွေးတာ ကို စားပြီးမှ ကိုယ်ဘာသာ ဆက်စားရပါသတဲ့ ...
ဟင်းချက်ပုံကတော့ ဆီမပါ အမွှေးအကြိုင် မပါတဲ့ .. နွားနောက်သား .. တောဝက်သား ပြုတ်များ ကို ချင်းရိုးရာ အတိုင်း စေတနာ အပြည့်နဲ့ ချက်ကျွေးပါသတဲ့... ကျောင်းထိုင် ဘုန်းကြီးလေး ကတော့ ဒကာကြီးတို့ မစားနိုင်ကြရင် လည်း ကျွေးတဲ့ သူတွေ ကျေနပ်အောင် နည်းနည်းစားခဲ့ကြ... ကျောင်းမှာ ကပ္ပိယကြီး (ရွာကျောင်းဆရာလေး) ကို ပိုချက်ခိုင်းထားမယ် ... ကျောင်းရောက် မှ သာ အ၀ စားကြ လို့ ပြောတဲ့ အတွက် ဆရာကိုပိုက် တို့ သက်သာရာ ရသွားပုံ ဖတ်ရပါတယ် ....
ကျောင်းဆရာလေး ဆိုတာကလည်း စာသင်တန်းတခန်းမှာ လေး .. ငါး .. ဆယ်ယောက်သာ ရှိတဲ့ မူလ တန်းကျောင်းလေး က နှစ်ဦးတည်းသော ဆရာထဲက တဦးသာဖြစ်ပါတယ် .. ကျောင်းသား က နဲ ရတဲ့ အထဲ ကျောင်းထွက် ချင်နေကြတဲ့ ကလေး များကို ခက်ခက်ခဲခဲ စာသင်ပေးနေရ ပါတယ် ... ဆရာလေး ကတော့ စာမဖတ် တဲ့ အတွက် ဗဟုသုတ မရှိ ... ဗဟုသုတ မရှိတဲ့ အတွက် တိုးတက်မှု့ မရှာနှိုင် ဆိုပြီး ဒီရွာလေး မှာ စာကြည့်တိုက်လေး တခု ဖွင့်ဖို့ ကျိုးစားနေရှာပြီး ... စာကြည်တိုက် မရှိခင်ကြားထဲမှာ သူတတ်နိုင် သလောက် ကလေးများ အကျိုးရှိအောင်... သဘောပေါက်လွယ်အောင် စာတမ်းငယ်များရေး သား ပြီး.. ကျိုးစား သင်ကြားနေတဲ့ အကြောင်း ဖတ်ရတော့ စိတ်မကောင်းဖြစ်မိပါတယ် ...
ကျောင်းထိုင် ဘုန်းကြီးလေး မှာလည်း အနေအစား ဆင်းရဲ လှပါတယ် .... သာသနာ ပြုရာမှာလည်း ရွာသား များ ဟာ နတ်ကိုသာ အဓိက ကိုးကွယ်နေကြတဲ့ အတွက် ဗုဒ္ဓဘာသာများ ရှိပေမဲ့ အတော်ခဲယဉ်းမဲ့ ပုံရှိပါတယ် ... ရွာသားတချို့ ရဲ့ ခံယူချက်တချို့ ကိုဖော်ပြရရင် ... ပလုံတွီ ရွာလေး ရဲ့ သူကြီး ဟာ ချင်းလူမျိုး ဗုဒ္ဓဘာသာ ဖြစ်ပါတယ် ... ဒါပေမဲ့ တောလိုက်ခါနီးမှာ သူပြောသွားတဲ့ စကားအရ ဘုရားကိုးကွယ်နေလို့ ဘုရား က သားကောင်ရအောင် မပေးဘူး နတ်ကမှ ထမင်းစားဖို့သားကောင် ရအောင် ပေးတာ လို့ ပြောတဲ့ အတွက် သူတို့ သဘောထားကို မှန်းဆ နိုင်ပါတယ် ... ရွာသားများ အားလုံးနီးပါး တောင်ယာ စိုက်ပျိုးပြီး ... မုဆိုး အလုပ်နဲ့ အသက်မွေးကြပါတယ် ... အိမ်တိုင်းစေ့ တူမီးသေနပ်ကိုယ်စီ ရှိကြပါတယ် ... တနေ့တခြား တောများလည်း ပြုန်းလာတဲ့ အတွက် တောကောင်လည်း ရှားသွားတဲ့ အတွက် ရွာသားများ ရဲ့ အသက်မွေး မှု့ ဟာ ပိုပြီး ခက်ခဲလာကြပါတယ် ....
ဘာအရေးကိစ္စဘဲ ရှိရှိ နတ်ဆရာများကိုသာ မေးမြန်းဆောင်ရွက်ကြပြီး နတ်ဆရာခိုင်းတဲ့ အတိုင်း နွားနောက် .. ကြက်များ နဲ့ ယာဇ် ပူဇော် ပသမှု့များလုပ်ကြပါတယ် ... ဆရာကိုပိုက် တို့ လေ့လာ ခဲ့တဲ့ နတ်ဆရာ ဟောတဲ့ ကြက်ဥ ဗေဒင် ရဲ့ တိုက်တိုက်ဆိုင်ဆိုင် မှန်ကန်ပုံများ ကိုလည်း စိတ်ဝင်စားစရာ ဖတ်ရပါတယ် ... ဒီလို နတ်ဆရာမျိုး နဲ့ ငွေကြေးတောင့်တင်း ချမ်းသာတဲ့ သာသနာပြု ခရစ်စယာန် ဘုန်းကြီးများ ကြားထဲမှာ ကျောင်းထိုင်လုပ်နေတဲ့ ရွှေစင်ဦး တို့ ရဲ့ ဗုဒ္ဒဘာသာ သာသနာပြုဘုန်းဘုန်းလေး ဘယ်လိုများနေပါလိမ့်လို့ စဉ်းစားမိတယ် ..
သူတတ်နိုင်တဲ့ဘက်က ဆေးဝါးများ အစားအစာများ နဲ့ ပေးကျွေးပြီးတော့ ... တရားတော် များ ကို နားဝင် သလောက် ဟောကြားနေပြီး .. ကျောင်းကလေး မှာ ခွင့်ယူထားတဲ့ ဆရာတယောက် ရှိရင် သူ့ကိုယ်စား ကလေး များကို စာသင်ပေးနေရင်း .... တတ်နိုင်သလောက် သာသနာပြုနေကြောင်း ဖတ်ရပါတယ် ... အသက်သုံးဆယ် သာ ရှိတဲ့ ဘုန်းဘုန်း က မန္တလေးသာသနာ့ တက္ကသိုလ် က ကျောင်းပြီးခဲ့တဲ့ ဦးကောသလ္လ ခေါ် ဦးဓနု B.A (ဗုဒ္ဓ) ဖြစ်ပြီး ... ရွှေစင်ဦး တို့နဲ့ သိကျွမ်းတဲ့ ဘုန်းဘုန်း ဖြစ်နေကြောင်း သိလိုက်ရ တဲ့ အတွက် အလွန်ဝမ်းသာသွားပါတယ် .... ဘုန်းဘုန်း ဖုန်းနံပါတ် လည်း ရှိတဲ့ အတွက် စာအုပ်ဖတ်ပြီးပြီးခြင်း ဖုန်းလှမ်းဆက် ပါတယ် ... ဘုန်းဘုန်း နဲ့ စကားပြောခွင့် ရပါတယ် ...
သူတော်ကောင်းပီပီ သူ့အတွက် ဘာမှ မပြော - ဒကာမကြီး တို့ နေထိုင်ကောင်းကြလားလို့ သာ မေးမြန်း ပါတယ် .... ဘာလိုလည်း ဆိုတာကို မေးမရခဲ့ပါဘူး ... ဒါနဲ့ စာအုပ်ထဲဖတ်ရတဲ့ အတိုင်း ဆေးတွေ ဘာတွေတော့ လိုမယ်ထင်တယ်လို့ ပြောမှ .... ဝမ်းကိုက်ပျောက်ဆေး နဲ့ ငှက်ဖျားဆေး တော့ လိုတယ်တဲ့ ... မိုး က အဆက်မပြတ် ရွာနေတော့ ရွာက လူတွေ ၀မ်းကိုက် ပြီး ငှက်ဖျား ဖြစ်တာ များနေကြသတဲ့ ...
ဒါနဲ့ ရွှေစင်ဦး လည်း ပခုက္ကူမှာ ရှိနေတဲ့ ညီမအငယ် (ဆန်ဆိုင်) က တဆင့် ကားလမ်းပေါက်တဲ့ ထီးလင်း ထိ ယောထိပ်တန်း ကားနဲ့ .... ဆန်နဲ့ ဆေးဝါး များ ကို ပေးပို့လှူဒါန်း ခဲ့ပါတယ် ... ဒီနေ့ ဖုန်းဆက်တော့ ဘုန်းဘုန်း စီကို ရောက်ပါပြီတဲ့ ... တရွာလုံး မှာ ဆိုင်ကယ်ငါးစီး သာ ရှိပါတယ် ... မိုးပါး တဲ့ နေ့ကြမှ ကားဂိတ် ရှိတဲ့ မြို့လေး ကို ဆိုင်ကယ် နဲ့ သွားပြီး ယူရပါတယ်တဲ့ ... ကားလမ်း က အခုမှ ဖောက်ဆဲ ဘဲ ဖြစ်ပါတယ် ... ဆရာကိုပိုက် တို့ သွားတဲ့ အချိန် ကတော့ ချောက်ကမ်းပါး ဘေးမှာ ရှိတဲ့ ဆိုင်ကယ်လမ်း ကျဉ်းကျဉ်းလေး က တဆင့် ခက်ခက်ခဲခဲ သွားခဲ့ ရ တယ် လို့ ဖတ်ရပါတယ် ...
အမှန်တော့ ဒီစာလေး ကို ရေးဖို့ အစီအစဉ် မရှိပါဘူး ... ဖေစ်ဘွတ်ခ် ထဲမှာ ရှိတဲ့ သော့ပိတ်ထားတဲ့ ဘုန်းကြီးကျောင်းလေး ကို ဖတ်ရတော့ မှ ရေးချင်စိတ်ပေါ်လာတာ နဲ့ ရေးဖြစ်သွားပါတယ်
သာသနာ အရှည်တည်တန့် ရေး အတွက် မထင်ရှားတဲ့ နေရာလေး မှာ လူသူမသိ .. ဆင်းရဲ ဒုက္ခရောက်စွာ သာသနာပြုနေကြတဲ့ ... ပြုခဲ့ကြတဲ့ အရှင်ဘုရား များ အား ရိုသေစွာ ရှစ်ခိုးပူဇော် ပါ၏ ...
လေးစားစွာဖြင့်
ရွှေစင်ဦး
.

No comments:
Post a Comment