Monday, June 3, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၁ဝ)

ကိုချစ်တင်က ဤသို့ ပြောလေရာ ကျွန်တော်အတော် ၀မ်းသာသွားသည်။ ဘာပဲဖြစ်ဖြစ် ရရာ အလုပ် ကိုလုပ်ပြီး ကြီးပွားအောင်ကြံမည်ဟုလည်း စဉ်းစားထားသည်။ ညတွင် အဘွားလေးအား အကျိုး အကြောင်းပြောပြီး နောက်နေ့နံနက် အစောကြီး ကျွန်တော် အလုပ်ဆင်းခဲ့သည်။ ထိုနေ့ ကျွန်တော် မှာ သံပြားညှပ်ရုံ၊ ဆေးသုတ်ရုံနှင့်ပင် ညနေကျ၍ ပစ္စည်းများ ဆိုင် သွား သွင်းပြီးနောက် ငွေရင်းရှာ ကျွန်တော့် အတွက် ၆ ကျပ်ကျော်ကျော် ရခဲ့သည်။  ကို ဆက်ဖတ်ရန် ....

ကျွန်တော်တို့ လူစု ၀င်ငွေမှန်နေကြသောကြောင့် ပျော်တပြုံးပြုံးရှိနေခဲ့ကြသည်။ ကျွန်တော်သည် အသုံး အစွဲချွေတာ၍ ငွေကိုစုသည်။ ထိုအလုပ်မှရသောငွေဖြင့် အရင်းအနှီးပြုလုပ်ပြီး ကြီးပွားအောင် လုပ်မည်ဟုလည်း ရည်ရွယ်ထားသည်။ ကျွန်တော်မှာနေ့၌ အလုပ်လ်ုပပြီး ညဘက်တွင် " ဒီသောင်မြေ" ၀တ္ထု ကို ရေးနေသည်။
    ကျွန်တော်တို့ လုပ်ငန်းမှာ အစ၌ ကောင်းသော်လည်း နောက်ပိုင်းတွင် အပြိုင်အဆိုင်ရောင်းချ သူ တွေများလာကာ ဈေးနှုန်းကျဆင်းလာသည်။ ကျွန်တော်တို့လူစု နေ့တွက်မကိုက်ဖြစ်လာကြသည်။ အားလုံး စိတ်ညစ်ကြသည်။ နောက်ဆုံး၌ ကျွန်တော်နှင့် ကိုချစ်တင်သည် မီးအိမ်အဆန်းကလေးများ၊ ကလေးကစားစရာ ကလေးများကို တီထွင်ကြည့်သည်။ ကျွန်တော်တို့ ကုန်ပစ္စည်းကို ၀ယ်လိုကြိုက်လိုကြသော် လည်း ကျွန်တော်တို့တွင် လက်နက်ကိရိယာ ပြည့်စုံအောင် မထူထောင်နိုင်သဖြင့် အဖြစ်သာ လုပ်ပြီး တွင်ကျယ်အောင် မလုပ်နိုင်ခဲ့ပါချေ။
    ကျွန်တော်တို့ လူစု လက်မြှောက်အရှုံးပေးကာ လုပ်ငန်းကို ရပ်ပစ်လိုက်ကြသည်။ အလုပ်သမား တစ်ယောက် က တောပြန်၍ တစ်ယောက်က တခြားအလုပ် ထွက်လုပ်သည်။

ကျွန်တော်မှာ ကိုချစ်တင်အိမ်၌ သောင်တင်နေခဲ့တော့သည်။ ယင်းသို့ ရှိရင်းမှ ကျွန်တော်သည် "ဒီသောင်မြေ"  ၀တ္ထုကို ဆက်ရေးပါတော့သည်။ ရေး၍ပြီးလျှင် ရှုမ၀သို့ ပို့လိုက်ပါသည်။
    ကိုချစ်တင် မှာ မီးအိမ်လုပ်ငန်း မရှိသော်လည်း အိမ်ပိုင်နှင့် လမ်းထိပ်တွင် ကွမ်းယာဆိုင်ရှိ၍ အခြေအနေ မဆိုး လှပေ။ ကျွန်တော်သည် စမ်းချောင်းအိမ်၌ မနေလို၍ ကိုချစ်တင်နှင့်သာ နေခဲ့ပါသည်။ ထို စဉ်၌ အဘွားလေး သည် မြင်းလှည်းကိုရောင်း၍ အလုံကွင်းကျောင်းလမ်းရှိ မိတ်ဆွေတစ်ဦး၏ အိမ်ရှေ့၌ တဲ ထိုးကာ ပြောင်းရွှေ့နေထိုင်လေသည်။ 

ယင်းသို့ ကိုချစ်တင်အိမ်၌ ကျွန်တော် သောင်တင်နေစဉ် "လယ်ကူလီ" ၀တ္ထုသည် ရှုမ၀မဂ္ဂဇင်းတွင် ပါလာလေတော့သည်။ ကျွန်တော် ရှုမ၀တိုက် သို့ ရောက်သွား သောအခါ မဂ္ဂဇင်းတစ်အုပ်နှင့် စာမူခငွေ ၃၀ ကျပ်ထုတ်ပေးလေသည်။ ကျွန်တော့်မှာ ၀မ်းသာ မဆုံးနိုင် တော့ပါ။ ဤအကြိမ်သည် ကျွန်တော့်အတွက် ပထမဆုံး စာမူခရသော အကြိမ်ဖြစ်၍လည်း ထိုငွေ ၃၀ က တန်ဖိုးရှိလှပေသည်။
    
ကိုချစ်တင်နှင့် ကျွန်တော်မှာ လက်တွေ့ အလုပ်မရှိသော အကြံသမားများ ဖြစ်နေကြသည်။ ကိုချစ်တင် သည် အကြံအစည် အပေါက်အလမ်းမတည့်လျှင် တယောကိုသာ တီးနေတတ်သည်။ ကျွန်တော်က စည်းလိုက် သီချင်းဆိုနှင့် လူပေါ့လူသွမ်းများသဖွယ် ဖြစ်နေကြသည်။ တစ်နေ့တွင် ကျွန်တော်တို့ ဒလနယ် အတွင်းမှ "ကနောင်"ရွာသို့ အလည်အပတ် လိုက်သွားသည်။ ကိုချစ်တင်၏ မိတ်ဆွေ သည် ဖေယာင်းတိုင်များ လုပ်နေ၏။ ကျွန်တော်တို့သည် ဖယောင်းတိုင်များ ထိုမိတ်ဆွေ ထံမှယူကာ မောင်မြကြီး ကားနှင့်လိုက်ပြီး ပြည်လမ်းတစ်လျှောက် မြို့စဉ်လျှောက်ရောင်းကြပြန်သည်။ ထိုမြို့များက မြန်မာ လုပ်သော ဖယောင်းတိုင် မသုံးဆိုသဖြင့် စိတ်ပျက်စွာနှင့် ပြန်ခဲ့ရပြန်ပါတော့သည်။

    ကျွန်တော်မှာ ကိုချစ်တင်အိမ်၌ အလုပ်မရှိ အကိုင်မရှိ စားသောက် နေထိုင်ရသည်ကို အားနာလာ သည်။ ထိုအထဲတွင် ကိုချစ်တင်နှင့် သူ့ဇနီးက ကြည်ဖြူသော်လည်း သူ့ယောက္ခမကြီးသည် ကျွန်တော့ောကာင့်ပင် ကိုချစ်တင်အလုပ်မလုပ်သလိုလို အတင်းအဖျင်းလည်၍ ပြောနေသဖြင့် ကျွန်တော် သည် ကိုချစ်တင်တားသည်ကိုပင် မနေတော့ဘဲ အလုံသို့ ပြောင်းရွှေ့ခဲ့ပါတော့၏။
    အဘွားလေးသည် အလုံသို့ ရောက်စက ဈေးဆိုင်ကလေးတစ်ခု ဖွင့်လှစ်ရောင်းချနေသည်။ နောက် မရောင်းရ၍ ပြုတ်သွား၏။ ကျွန်တော်မှာ အလုံရောက်မှ ပို၍ စိတ်ညစ်ရသည်။ နေရေး ထိုင်ရေးက ကျဉ်း ကျပ်၍ စားသောက်ရေး ကလည်း ချို့တဲ့လှသည်။ ကျွန်တော်သည် အပြင်သို့ မထွက်ဘဲ စာကုတ်ဖတ်နေ သည်။ တစ်ခါတစ်ခါ လှည်းကူးသို့သွား၏။ အဘွားလေးက ကျွန်တော့်အား အလုပ်တစ်ခုခု ရှာဖွေလုပ် ဖို့ ပြောသည်။ ကျွန်တော်ကလည်း လုပ်ချင်ပါ၏။ သို့သော် ကျွန်တော် ဘာအလုပ် လုပ်မည်နည်း။
    နီးစပ်ရာ ဆံပင်ညှပ်ဆိုင်များတွင် အလုပ်သမားလိုမလို စုံစမ်းကြည့်သည်။ မလိုကြောင်းဟုသာ ပြန် ကြားကြသည်။


    ကျွန်တော်တို့အား တဲဆောက်နေထိုင်ရန် မြေကွက်ပေးထားသူ မိတ်ဆွေများမှာ ကျွန်တော်ငယ်စဉ် ကကျွန်တော်တို့ အိမ်တွင် ၃ နှစ်ခန့် လာရောက်နေထိုင်ခဲ့ကြဖူးသူ မိတ်ဆွေရင်းများ ဖြစ်လေသည်။ သူတို့တွင် ကျွန်တော့် ထက် အသက် ၃ နှစ်မျှငယ်သူ သမီးတစ်ယောက်ရှိသည်။ အမည်က မခင်စိန်ဖြစ် သည်။ မခင်စိန် မှာ သမီးနှစ်ယောက်နှင့် မုဆိုးမဖြစ်သည်။ အရောင်းအ၀ယ် တတ်သောကြောင့် ရွှေများ ၀တ်ဆင်နိုင် သည်။ သူမသည် ကျွန်တော့်အား အစ်ကိုရင်း၊ မောင်အရင်းကဲ့သို့ ခင်မင်လေသည်။
    အဘွားလေးသမီး ကလေးမမှာ အကြော်များကို ဖောက်သယ်ယူ၍ လည်ရောင်းသည်။ တစ်နေ့မှ တစ်ကျပ်ခွဲ၊ နှစ်ကျပ်သာ မြတ်သည်။ ကျွန်တော်မှာ သူမလုပ်စာ စားနေရသည်ကို မျိုမကျ ဖြစ်ခဲ့ရသည်။ ဒါပေမယ့်လည်း ကိုယ်တိုင်က အလုပ်အကိုင် မရှိသောကြောင့် ကျိတ်မှိန်စားနေခဲ့ရသည်။ အဘွားလေး သည် ဆင်းရဲငြိုငြင်စွာ နေထိုင်ရသောကြောင့် စိတ်မချမ်းသာတိုင်း ကျွန်တော့်အား အလုပ်မလုပ်ဘဲ စာရေး စာဖတ်နေရကောင်းလားဟု အပြစ်ပြောလာသည်။ ကျွန်တော်၏ စာရေးစာဖတ်ခြင်းကို ရှုတ်ချလာသည်။ ကျွန်တော်မှာ ကျွန်တော် မြတ်နိုးသော အလုပ်ကို ထိခိုက်လာသောကြောင့် အသည်းဆတ်ဆတ်ခါအောင် ပင်နာကျည်းမိသည်။

    သောင်းကျန်းသူများကြောင့် မြို့မှာလည်း လှုပ်လှုပ်ရှားရှားရှိနေသည်။ ထိုအချိန်၌ မခင်စိန်၏ အရောင်းအ၀ယ်လုပ်ငန်းများမှာ မကောင်းတော့ဘဲ ရပ်နားနေရသည်။ သူမ မိဘများမှာ ဓာတ်မီးပြောင်း လုပ်ရောင်းသည်။ ထိုလုပ်ငန်းမှာလည်း တိုင်းပြည်အခြေအနေ မကောင်းသောကြောင့် ယခင်ကလောက် မကောင်းလေတော့ သူတို့လည်း စီးပွားရေး ကျပ်တည်းစပြုလာပြီ။
    မခင်စိန်သည် အရောင်းအ၀ယ်လုပ်ရန် ကုန်ပစ္စည်းများကို လိုက်ရှာသည်။ သူမအဖေက တိုင်းပြည် ဗရုတ်ဗရက်တည်းတွင် အလုပ်လုပ်ချင်ရကောင်းလားဟု ဆူသည်။

အဘွားလေးက ကျွန်တော့်အား အလုပ် မလုပ်၍ ဆူသည်။ သူမနှင့် ကျွန်တော်မှာ အဆူခံရပုံနည်းချင်းသာ ကွာခြား၍ စိတ်ညစ်ခြင်း တူညီကြသည်။ ကျွန်တော်မှာ မခင်စိန်အား ကိုယ်ချင်းစာ၍ သနားလာသည်။ ပြီးနောက် သူမ၏ စိတ်နေစိတ်ထားကိုလည်း သဘောကျသည်။
    ဘ၀အခြေအနေသာယာလျှင် ကျွန်တော် အိမ်ထောင်ပြုဖို့ စိတ်ကူးချင်မှ စိတ်ကူးမိမည်။ ယခုအချိန်၌ ကျွန်တော်သည် မခင်စိန်အား ချစ်ရေးဆိုကြည့်ဖို့ စိတ်ကူးသည်။ ယခုလိုအချိန်မျိုး၌ ကျွန်တော့် အချစ်အား လက်ခံသော အမျိုးသမီးသည် ဇနိးကောင်းတစ်ယောက် ဖြစ်ရမည်ဟုလည်း ယုံကြည်ခဲ့ပေ သည်။ တစ်နေ့လူကြီးများအလစ်၌ ကျွန်တော် မခင်စိန်အား ချစ်ရေးဆိုခဲ့သည်။ မခင်စိန်သည် ကျွန်တော့် အချစ်ကို မငြင်းမပယ် အမှုမလုပ်ဘဲ ခပ်တည်တည်နှင့်ပင် လက်ခံခဲ့ပါ၏။
    ကျွန်တော်မှာ ရှေ့ကြောင်းနောက်ကြောင်း ဘာအကြောင်းကိုမှ စဉ်းစားလိုစိတ်မရှိ။ မခင်စိန်အား ခေါ်၍ တော်ရာ ဤအရပ်နှင့် ဝေးရာသို့သာ ထွက်ခွာသွားလိုစိတ် ဖြစ်ပေါ်နေသည်။ ထိုအချိန်၌ အလုံကရင် ခြံတွင် တိုက်ပွဲဖြစ်လေသည်။ ကျွန်တော်တို့ ရပ်ကွက်မှ လူများ ပြောင်းရွှေ့ပြေးကြသည်။ အဘွားလေး၊ ကလေးမနှင့် ကလေးများ၊ အိမ်ရှင်များ ကြည့်မြင်တိုင်သို့ ခေတ္တပြောင်းရွှေ့ကြသည်။ မခင်စိန်နှင့် သူ့သမီးငယ်များလည်း ပါသွား၏။ အိမ်၌ ကျွန်တော်နှင့် အိမ်ရှင်ယောက်ျားကြီးသာ ကျန်ရှိနေလေသည်။
    တိုက်ပွဲမှာ မပြီးသေး။ ဒါပေမယ့် လေးငါးရက်ကြာသောအခါ အခြေအနေ ငြိမ်သက်လာသည်။ မခင်စိန်နှင့် သူမ အိမ်သားများ၊ ကျွန်တော့် အိမ်သားများ ပြန်လာကြသည်။ ကရင်ခြံတိုက်ပွဲပြီးဆုံးပြီး မကြာ မီမှာပင် ကျွန်တော်သည် မခင်စိန်နှင့် နှစ်ဦးသဘောတူ လျည်းကူးသို့ ထွက်ပြေးခဲ့ကြပါသည်။
    လှည်းကူးသို့ ရောက်ရှိသောအခါ လှည်းကူးတစ်မြို့လုံး ကျီးလန့်စာ စားဖြစ်နေကြသည်။

စာဘူး တောင်းမှ ကေအင်ဒီအိုများက လှည်းကူးသို့ စီးမည်ဟူသော သတင်းဖြစ်နေသည်။ တချို့ ရန်ကုန်သို့ ပြောင်း ရွှေ့ပြေးကြသည်။
    ကျွန်တော်တို့သည် တောခေါင်းနှင့် လက်ထပ်ခဲ့သူ မြနှစ်အိမ်၌ တည်းခိုကြသည်။ မြနှစ်မှာ တောခေါင်းနှင့် ကွဲပြီး သူမဖာသာ အိမ်တစ်လုံးသားတစ်ယောက်နှင့် ကုန်သည်လုပ်ကိုင်၍ နှစ်အတော်ကြာ စားသောက်နေခဲ့သည်။ ယခု ကျွန်တော်တို့ သူမအိမ်၌ သွားရောက်တည်းခိုနေချိန်တွင် သူမသည် ကားဒရိုင်ဘာတစ်ယောက်နှင့် လက်ထပ်ပြီးစရှိသေးသည်။
    ကျွန်တော်သည် လှည်းကူးမြို့သို့ ရောက်ပြီးနောက် မောင်မြကြီးညီငယ် မောင်ဟန်ထွန်းနှင့် ဆံပင်ညှပ်ဆိုင်တွင် ၀င်လုပ်သည်။ မောင်ဟန်ထွန်းသည် ကျွန်တော့်ထံမှ ဆိုင်ခ၊ ပစ္စည်း မနှုတ်သောကြောင့် ကျွန်တော်လုပ်၍ ရသမျှ ကျွန်တော့်ငွေသာ ဖြစ်နေရတော့သည်။ လှည်းကူးမြို့မှာ လှုပ်လှုပ်ရှားရှား ရှိနေ သော်လည်း ကျွန်တော်တို့ ဇနီးမောင်နှံသည် အေးအေးချမ်းချမ်းပင် ရှိနေကြပါသည်။ ရသည့်ငွေကလေးကို စိတ်အေးလက်အေး သုံးစွဲရင်း ပျော်ရွှင်နေခဲ့ရသည်။ ကျွန်တော်တို့ လှည်းကူးတွင် ထိုသို့ အေးချမ်းစွာနေ၍ ၁၀ ရက်ကျော်ခန့်ကြာသောအခါတွင် မခင်စိန်၏ မိခင် လှည်းကူးသို့ လိုက်လာသည်။ မခင်စိန်အဖေ အကြီးအကျယ် မမာနေ၍ သမီးအား တွေ့လိုသည်ဆိုသဖြင့် လာခေါ်ရကြောင်း ပြောပြသည်။
    ကျွန်တော်ပါ လိုက်ရမည်လားဟု မခင်စိန်က မေးသောအခါ လိုက်ဖို့ မလိုကြောင်း၊ တစ်ရက်နှစ်ရက် နေလျှင် မခင်စိန် ပြန်လာရမည်ဖြစ်ကြောင်း ပြောပြီး ခေါ်သွား၏။


    တစ်ပတ်ခန့်ကြာသော်လည်း မခင်စိန် ပြန်မရောက်လာသောကြောင့် ကျွန်တော် ရန်ကုန်သို့ လိုက် သွားသည်။ အဘွားလေးတို့သည် တဲကလေးကိုဖျက်ပြီး လမ်းတစ်ဖက်ရှိ ကွင်းကျောင်းတည်းသို့ ပြောင်းနေ ကြသည်။ မခင်စိန်၏ မိဘများသည် သူတို့သမီးနှင့် ကျွန်တော့်အား သဘောမတူသောကြောင့် အဘွားလေး တို့အားလည်း သူတို့မြေတွင် နေခွင့်မပြုဟု သိရသည်။
    ကျွန်တော်မှာ အဖြစ်အပျက်အစုံကို သိရသောအခါ ရင်ထဲတွင် နင့်ကနဲ နာရလေသည်။ အမှန်စင် စစ်ကျွန်တော်သည် အိမ်ထောင်ပြုသည့်တိုင်လည်း ကျွန်တော် ရည်မှန်းထားသော အမျိုးသမီးမှာ ယခုလို သာမန်မဟုတ်။ အလွန်အထက်တန်းကျ၍ အလွန်တော်သူသာ ဖြစ်ရမည်ဟု ရည်မှန်းခဲ့သည်။ နောက်ပြီး ကျွန်တော်သည် ဤ အခြေအနေမျိုးနှင့်လည်း အိမ်ထောင်မပြုသေးဟု စိတ်ကူးမိ၏။ စိတ်ညစ်ညစ်နှင့် ဖြစ်မိ ဖြစ်ရာမှာပင် သူမမိဘများက သဘောမတူလောက်အောင် ကျွန်တော့်မှာ အဆင့်အတန်း နိမ့်ကျရသည့် အတွက်လည်း ကိုယ့်အဖြစ်ကိုယ် ရယ်ချင်နေတော့သည်။

သူတို့ သဘောမတူလည်း နေကြပေစေဟု ကျွန်တော် သဘောထားလိုက်သည်။ လောလောဆယ် အဘွားလေးနှင့် ကလေးများ ဒုက္ခရောက်ရသည့်အတွက် ၀မ်းနည်းပက်လက် ဖြစ်နေမိရသည်။
    မခင်စိန်သည် ကျွန်တော့်အပေါ် မည်မျှချစ်ကြောင်း ကျွန်တော် နားလည်သည်။ ကျွန်တော်ကလည်း သူမအား ချစ်သည်။ ကျွန်တော်တို့ နှစ်ဦးမှာ အချစ်သက်သက်ဖြင့် တည်ဆောက်ခဲ့ကြ သော အချစ်စစ် အိမ်ထောင်ဖြစ်သည်။ ကျွန်တော်သည် မခင်စိန်အားတွေ့ဆုံ၍ တိတိလင်းလင်း မေးမြန်း ချင်သည်။ ဒါပေမယ့် တွေ့ခွင့်မရခဲ့။ ကျွန်တော်သည် အဘွားလေးတို့အား နှစ်သိမ့်စကား ပြောထားခဲ့ပြီး လှည်းကူး သို့ ပြန်လာခဲ့သည်။ လျည်းကူးသို့ ပြန်ရောက်ပြီး ၂ ရက်ကြာသောအခါ မခင်စိန် ကျွန်တော့်ထံ ပြန်ပြေး လာခဲ့၏။
    " ခင် ဒီလှည်းကူးမှာလည်း မနေချင်တော့ဘူး မောင်။ သူတို့ သိတဲ့နေရာမှာဆိုရင် သူတို့က လိုက်ပြီး နှောက်ယှက်နေကြဦးမှာပဲ။ သူတို့မသိရတဲ့ နေရာကို ပြေးကြပါစို့"

    မခင်စိန်က ဤသို့ပြောသည်နှင့် ကျွန်တော်တို့သည် ပဲခူးသို့ ထွက်ခဲ့ကြပြန်သည်။ ပဲခူးတွင် အတော် အတန် ချောင်ကြသော ကျွန်တော်၏ ညီမတော်စပ်သူများအိမ်တွင် နေခဲ့ကြသည်။ ညီမတော်နှင့် သူမ ယောက်ျားမှာ စာဖတ်ဝါသနာပါသူများဖြစ်ကြ၍ ကျွန်တော်ရေးသော စာများကိုလည်း ဖတ်ဖူးကြ သည်နှင့် ကျွန်တော်တို့အား ကြည်ကြည်ဖြူဖြူကျွေးမွေးပြုစု ထားကြပါသည်။

    ရက်ရှည်လာသောအခါ ကျွန်တော်တို့သည် ထိုအိမ်၌ စားသောက်နေရသည်ကို အားနာလာသည်။ ထို့ကြောင့် ကျွန်တော်က ပဲခူးမှ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ဝင်၍ ထက်ဝက်စားနှင့် အလုပ်လုပ်သည်။ မခင်စိန် က ကျွန်တော့်မိတ်ဆွေ တစ်ဦး၏ ဆေးလိပ်ခုံ၌ ဆေးလိပ်ထုပ်သည်။ ဆံပင်ညှပ်ဆိုင်ကလည်း အလုပ် မကျလှ။ ဆေးလိပ်ထုပ်ရသော အလုပ်ကလည်း မှန်မှန်မလုပ်ရသောကြောင့် ကျွန်တော်တို့မှာ ၀င်ငွေ သိပ် မဟန်လှ ဘဲ ရှိပြန်ပါတော့သည်။

ကျွန်တော် စုံထောက်မဂ္ဂဇင်း ပိုင်ရှင် ဦးဆန်နီအား လုံးချင်းဝတ္ထုရေးဖို့ သွားပြောသောအခါ ဦးဆန်နီက
"ရေးပါ။ ထုတ်ပေးမည်" ဟု ပြောသည်။ ထို့ကြောင့် ကျွန်တော် ရွာသို့ ပြန်သွားကာ "ပုလဲငွေရည်ဦး" လုံးချင်းဝတ္ထု ကို ရေးခဲ့လေသည်။

ထိုဝတ္ထုမှာ ကျွန်တော့်သူငယ်ချင်း အောင်သန်း၏ တောခိုရဲဘော်ဖြူ ဘ၀ဖြစ်စဉ်ကို အခြေခံ ၍ရေး ခြင်းဖြစ်သည်။ အောင်သန်းသည် ဗိုလ်သံဒိုင်အမည်ဖြင့် ကျွန်တော်တို့ရွာတွင် အုပ်ချုပ်နေခဲ့ သည်။ နောက်ဆုံး၌ အချင်းချင်းသစ္စာမဲ့သဖြင့် လက်နက်ချအလင်းဝင်လာရခြင်းအကြောင်းကို အခြေခံကာ အချစ် အလွမ်း တို့ဖြင့် ဝေေ၀ဆာဆာ ရေးဖွဲ့ထားသည်။

    "ပုလဲငွေရည်ဦး" ၀တ္ထုကို ထုတ်ဝေလိုက်သောအခါတွင် လူကြိုက်အတော်များ၍ အောင်မြင်သည်။ ကျွန်တော်မှာ စာပေလောကသို့ ပြန်ဝင်ဝင်ခြင်း အောင်မြင်မှုရသောကြောင့် ပို၍ အားတက်လာသည်။
    ကျွန်တော် သည် စုံထောက်ဝတ္ထုမဂ္ဂဇင်းတိုက်သို့ နေ့စဉ်လို ရောက်ရှိခဲ့ပါသည်။ အယ်ဒီတာအဖွဲ့နှင့် လည်း တစ်နေ့ထက် တစ်နေ့ပင် ရင်းနှီးလာသည်။ ယင်းအချိန်၌ အယ်ဒီတာအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဝင်းနိုင် မှာ အစိုးရရုံး တစ်ရုံး သို့ အလုပ်ပြောင်းသွားသည်နှင့် စုံထောက်မဂ္ဂဇင်းတွင် အယ်ဒီတာချုပ် မိုးဝေ တစ်ယောက် တည်း သာ ရှိနေသည်။

    "ကိုတင့်န်းကို ခင်ဗျားတို့ အယ်ဒီတာအဖွဲ့ထဲထည့်ကြပါဗျာ"

နယူးဘားမား ဘလောက်တိုက်မှ ကိုချစ်စိတ်နှင့် ယခင်က အရှေ့တိုင်း လစဉ်မဂ္ဂဇင်း ထုတ်ဝေခဲ့သူ ကိုထွန်း တို့က ပိုင်ရှင်ဦးဆန်နီနှင့် အယ်ဒီတာချုပ် မိုးဝေတို့အား ပြောကြသည်။ သို့တိုင် ဦးဆန်နီက ကျွန်တော့် အား အယ်ဒီတာအဖွဲ့၌ ထားလိုဟန်မရှိဘဲ အမှတ်မထင် နေခဲ့သည်။ အယ်ဒီတာ မိုးဝေကတော့ မဂ္ဂဇင်းတိုက် သို့ ရောက်ရှိနေသော စာမူအချို့ကိုပေး၍ ဖတ်ခိုင်းသည်။ ထင်မြင်ချက်ပေးခိုင်းသည်။ ကျွန်တော်မှာ အခြားသူ များ၏ လက်ရေးစာမူများကို ဖတ်ရှုခွင့်ရသောကြောင့် ၀မ်းသာနေရသည်။
    ကျွန်တော်သည် စာမူ ၅ ခုကို အိမ်သို့ယူသွားပြီး သေသေချာချာဖတ်၍ ရွေးသင့် ပယ်သင့် မှတ်ချက် များဖြင့် မိုးဝေထံသို့ ပြန်ပို့သည်။ မိုးဝေသည် စာမူများကို ပြန်ဖတ်ပြီးနောက် ကျွန်တော့် အဆုံးအဖြတ် ကို ကျေနပ်လက်ခံလေသည်။ ပြီး နောက်ထပ် စာမူများကိုပေး၍ ပန်းချီရေးဆွဲ ညွှန်ကား အကြံပေးချက်များကိုပါ ထည့်ရေးပေးရန် ပြောလိုက်ပြန်ပါသည်။

    စုံထောက်မဂ္ဂဇင်းမှ စာမူအချို့မှာ ကျွန်တော်၏ အဆုံးအဖြတ်ဖြင့် ရွေးခြင်း၊ ပယ်ခြင်း ဖြစ်လာ သည်။ ပန်းချီလက်ရာ များမှာလည်း ကျွန်တော်၏ ညွှန်ကြားအကြံပေးချက်အတိုင်း ဖြစ်လာသည်။ သို့တိုင် လည်း ကျွန်တော်မှာ စုံထောက်မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့ဝင် မဖြစ်သေးပါ။
    ကျွန်တော် သည် တစ်လကျော် နှစ်လနီးပါးမျှ မထင်ရှားသော စာတည်းအဖြစ်နှင့် စုံထောက်မဂ္ဂဇင်း တွင် ကူညီ လုပ်ကိုင်ပေးနေသည်။

ယင်းသို့ နေခဲ့ရာမှ ဦးဆန်နီထံက ရရန်ရှိသော ပုလဲငွေရည်ဦး စာမူခ လည်း တစ်တိတိနှင့်ကုန်၍ သွားလေပြီ။ ထို့ကြောင့် မိုးဝေအား ကျွန်တော်က ပြောပြ၏။
    "ကိုမိုးဝေ၊ ကျွန်တော်တော့ ခင်ဗျားကို ဆက်လက်ကူညီနိုင်တော့မယ်မထင်ဘူးဗျာ။ ဦးဆန်နီဆီက စာမူခ လည်း တစ်တိတစ်တိ ယူသုံးလို့ကုန်ပြီ။ နေရေးစားရေးအတွက် အလုပ်လုပ်ရတော့မယ်"
    "ဒီလိုဆိုရင် ခင်ဗျားကို ကျွန်တ်ာတို့ အယ်ဒီတာအဖွဲ့ထဲ ၀င်လုပ်ဖို့ ဦးဆန်နီကို ကျွန်တော် ပြောပေး မယ်လေ။ လုပ်မလား"
    " ဟာ လုပ်တာပေါ့ဗျာ။ ကိုယ်ဝါသနာပါတဲ့အလုပ် လုပ်ရရင် ပိုကောင်းတာပေါ့"
    ကျွန်တော်က အားရ၀မ်းသာ ပြန်၍ပြောလိုက်ပါသည်။

    " ကဲ ဒါဖြင့် ခဏစောင့်ဗျာ။ ဦးဆန်နီလာတော့ ကျွန်တော် ပြောမယ်"
    ခဏအကြာတွင် ဦးဆန်နီ အပြင်သွားရာမှ ပြန်ရောက်လာသည်။ မိုးဝေက ကျွန်တော့်အား အယ်ဒီတာ အဖွဲ့တွင် အလုပ်ခန့်ဖို့ပြော၏။
    " အလုပ်ခန့်ဖို့က အရေးမကြီးပါဘူး။ ဒါပေမယ့် ကျွန်တော့် အနေန့ လခများများ မပေးနိုင်တော့ ကိုတင့်ဆန်း ကို အားနာတယ်"
    ဦးဆန်နီက ကျွန်တော့်ကို အားနာဟန် မျက်လုံးများဖြင့် ကြည့်ရင်း ပြောပါသည်။
    "ဘယ်လောက်ပေးနိုင်မှာလဲ"
    မိုးဝေက ဦးဆန်နီအား မေးလိုက်သည်။
    " ပြောရမှာတောင် အားနာပါတယ်ဗျာ။ ခင်ဗျားကိုလည်း တစ်နေ့ ငါးကျပ်ပေးနေရတော့ ကိုတင့်ဆန်းကို တစ်နေ့ တစ်ကျပ်ပဲ ကျွန်တော် ပေးနိုင်မယ်။ တစ်ခုရှိတာကတော့ ကိုတင့်ဆန်းအနေနဲ့ လုံးချင်းရေးပေါ့ဗျာ။ ကျွန်တော် ထုတ်ပေးပါ့မယ်"
    "ဘယ့်နှယ်လဲ။ ခင်ဗျား တစ်နေ့တစ်ကျပ်နဲ့ လုပ်နိုင်ပါ့မလား"
    မိုးဝေက ကျွန်တော်ဘက်သို့ လှည့်မေးလိုက်သည်။

    "အယ်ဒီတာချုပ်မှ ငါးကျပ်ရတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ တစ်ကျပ်ဆို မလုပ်နိုင်စရာ မရှိပါဘူး ဗျာ။ ပြီး လုံးချင်းရေးဖို့ အခွင့်အရေးကလည်း ရှိနေသေးတာပဲ"
    "အေးဗျာ လုံးချင်း ဖိရေးပေါ့။ ကျုပ်လည်း အယ်ဒီတာခကို အဓိကမထားဘဲ လုံးချင်းဖိရေးနေတာပဲဗျ။ ဒါမှပဲ တစ်လ သုံးရာကျော်လောက် ၀င်ငွေရှိတာ"
    နောက်နေ့မှစ၍ ကျွန်တော်သည် စုံထောက်မဂ္ဂဇင်းတွင် တစ်နေ့တစ်ကျပ်စား အယ်ဒီတာဖြစ်၍ လာပါတော့သည်။ ထိုစဉ်က ကုန်ဈေးနှုန်းမှာ သိပ်ပြီး မတက်သေးသည်က တစ်ကြောင်း၊ ပြီးနောက် ကျွန်တော်တို့တွင် သားသမီးမရှိဘဲ ဇနီးမောင်နှံ ၂ ယောက်တည်းသာရှိသဖြင့် တမတ်ကို ခရီးစရိတ်၊ ဆေး လိပ်ဖိုးအဖြစ် သုံး၍ သုံးမတ်ကို အိမ်စရိတ်အဖြစ်နှင့် လောက်ငှအောင် ခြစ်ချုတ်သုံးစွဲခဲ့ကြရလေသည်။

ကျွန်တော်သည် အယ်ဒီတာလုပ်ရင်း နှစ်ကျပ်တန်လုံးချင်း စာအုပ်များရေးမည်ဟု စိတ်ကူးထားသော်လည်း မရေးဖြစ်ခဲ့ပါ။ စုံထောက်အယ်ဒီတာအဖွဲ့မှာ မိုးဝေနှင့် ကျွန်တော် နှစ်ယောက် တည်းသာရှိသည်။ မိုးဝေမှာ အသုံး အစွဲကြီးသူ ဖြစ်သောကြောင့် ပိုက်ဆံများများရနိုင်ရန် လုံးချင်းများကိုသာ ဖိရေးနေသည်။ မဂ္ဂဇင်းနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ရုံ လောက်သာလုပ်၏။ ထို့ကြောင့် ကျွန်တော်က မဂ္ဂဇင်းကို ဖိလုပ်နေရသည်။ ဤသို့ ဖိလုပ်ရခြင်းကိုလည်း ကျွန်တော်က အထူးပင် ၀မ်းသာကျေနပ်နေပါ၏။ အဘယ်ကြောင့်ဆိုသော် ယင်းသို့ လုပ်မှသာလျှင် ကျွန်တော်သည် မဂ္ဂဇင်းလုပ်ငန်းနှင့် ပတ်သက်သော ပညာရပ်များကို တတ်မြောက် ကျွမ်းကျင် လာမည် မဟုတ်ပါလား။
    တစ်နေ့ ၁ ကျပ်သော အသပြာဖြင့် ကျွန်တော်မှာ ရောင့်ရဲလျက် ကိုယ်ဝါသနာပါသော မဂ္ဂဇင်း အလုပ် ကိုသာ ဖိလုပ်နေသည်။ ကျွန်တော်သည် ထိုအလုပ်၌ ပျော်ပိုက်လှ၏။ စုံထောက်မဂ္ဂဇင်းတွင် ကျွန်တော် လုပ်နေ၍ တစ်နှစ်နီးပါးကြာလေပြီ။ တစ်နေ့တွင် ကိုဝင်းနိုင် ရောက်လာ၏။
    " ကိုတင့်ဆန်း မြ၀တီမှာ ရေးပါလားဗျ"
    "ကျွန်တော်ရေးလို့ မြ၀တီက လက်ခံပါ့မလားဗျာ"
    ကျွန်တော်က မရဲတရဲနှင့် ပြန်၍မေးမိပါသည်။


    " ကောင်းရင် လက်ခံမှာပေါ့ဗျာ။ ကျွန်တော်တော့ မြ၀တီကို ကဗျာနဲ့ စပြီးဝင်မြယ်လို့ စိတ်ကူး ထားတယ်"
ကိုဝင်းနိုင်သည်ဤသို့ပြောပြီး ပြန်သွားလေသည်။ သူပြန်သွားပြီးနောက် ကျွန်တော် သည် မြ၀တီ ၌ ရေးချင်စိတ် ပြင်းပြစွာပေါ်ပေါက်နေမိလေသည်။ အလုပ်ချိန် ကုန်ဆုံး၍ ညနေဘက် နေအိမ် သို့ ပြန်ရောက် လေရာ ကျွန်တော်သည် ညစာထမင်းကို ကပြာကယာ စားပြီးနောက် "မြင်းညိုရှင်" အမည်နှင့် ကဗျာဝတ္ထု တစ်ပုဒ် ကို ထိုင်၍ ရေးသည်။ ထိုကဗျာဝတ္ထုမှာ နံနက် ၁၀ နာရီကျော်မှ စိတ်တိုင်းကျ အပြီးသတ် ခဲ့လေသည်။
    နောက်နေ့အလုပ်ဆင်းရင်း မြ၀တီမဂ္ဂဇင်းတိုက်သို့ ၀င်မည်ပြုစဉ် တိုက်ဝ၌ ပန်းချီလှစိုးနှင့်တွေ့သည်။ လှစိုးအား လက်ဖက်ရည်ဆိုင်သို့ခေါ်ကာ ကျွန်တော် ရေးလာသော ကဗျာ ၀တ္ထုကိုပြသည်။
    "အတော်ကောင်းတယ်ဗျို့။ ဒါ ခင်ဗျား ဘယ်အတွက်ရေးတာလဲ"
    လှစိုးက ကျွန်တော်၏ ကဗျာဝတ္ထုကိုဖတ်ပြီး မေးလေသည်။
    "မြ၀တီ ပေးမလို့ဗျ။ အဲဒီက အယ်ဒီတာတွေနဲ့လည်း ကျွန်တော် မသိဘူး။ စွံမှစွံပါ့မလား"
    "အို စွံပါတယ်ဗျာ။ ကျွန်တော် ပေးပေးမယ်"


    လှစိုးသည် ပြောပြောဆိုဆို ကျွန်တော့်အား မြ၀တီမဂ္ဂဇင်းတိုက်သို့ ခေါ်သွားပြီး အယ်ဒီတာချုပ် ဗိုလ်ကြီးဘသောင်း (မောင်သုတ)နှင့် မိတ်ဆက်ပေး၍ ကျွန်တော်၏ ကဗျာဝတ္ထုကို ပေးပေးသည်။ ဗိုလ်ကြီး ဘသောင်း က သဘက်ခါတွင် အကြောင်းပြန်ပါမည်ဟု ကျွန်တော့်အား ကတိပေးလိုက်ပါသည်။
    မြ၀တီမဂ္ဂဇင်းတိုက်တည်းမှ ထွက်လာသည့်တိုင် ကျွန်တော်မှာ ကဗျာဝတ္ထုကို ကြိုက်မှကြိုက်ပါ မည်လား၊ ရွေးမှ ရွေးပါမည်လားဟု ရင်တထိတ်ထိတ်နှင့် ရှိနေရသည်။
    ကျွန်တော်သည် ရှုမ၀တွင်လည်းကောင်း၊ စုံထောက်မဂ္ဂဇင်းတွင်လည်းကောင်း၊ ပုလဲငွေရည်ဦး လုံးချင်းဝတ္ထု ကိုလည်းကောင်း၊ ရေးသားခဲ့သည့်တိုင် အားနည်းစိုးရွံ့ချက်တစ်ခုက ရင်၌ အမြဲတွယ်ကပ် လျက် ရှိနေပါသည်။ ယင်းစိုးရွံ့ချက်မှာ အင်္ဂလိပ်စာမတတ်သဖြင့် အယ်ဒီတာများ၊ ထုတ်ဝေ သူများက ကျွန်တော့် အပေါ် အထင်သေးကာ စာမူကိုပါ အထင်သေး၍ ပယ်လိုက်မည်လားဟူသော စိုးရွံ့ ချက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အရှိန်အ၀ါကြီးမားသော မဂ္ဂဇင်းကြီးများနှင့် ဆက်ဆံရာ၌ အလိုလို အားငယ်နေမိခြင်းဖြစ်ရပါတော့သည်။
    အင်္ဂလိပ်စာမတတ်ခြင်းမှာ ကျွန်တော့်အတွက် ကြီးမားသော အဟန့်အတားကြီး ဖြစ်နေပါသည်။

ဟုတ်ပါ၏။ ကျွန်တော်မှာ စုံထောက်မဂ္ဂဇင်း အယ်ဒီတာ ဖြစ်နေသည့်တိုင် နာမည်ကျော် စာရေးဆရာကြီး များ နှင့် ရင်းနှီးစွာ မရောနှောမဆက်ဆံဝံ့ပါ။ စာရေးဆရာ အသိုင်းအ၀ိုင်းကို တတ်နိုင်သ၍ ရှောင်ခဲ့ပါသည်။ ယင်းသို့ ရှောင်ရှားရခြ်းမှာ သူတို့ အသိုင်းအ၀ိုင်းသို့ ရောက်ရှိသောအခါတွင် ကျွန်တော် မဖတ် တတ်သော ဂေါ်ကီ၊ တောလ်စထရွိုင်း၊ ပါးလဘတ်၊ ရှိတ်စပီးယား၊ အိုမာခယမ်၊ ဆာအာသာကို နင်ဒိုင်း၊ ရိုက်ဒါဟက်ဂတ် စသော ကမ္ဘာကျော် စာရေးဆရာကြီးများ၏ စာပေများကိုသာ ပြောဆိုဆွေးနွေးနေကြသံကို ကြားရသဖြင့် ထိုစာပေများကို ဘာမျှနားမလည်သော ကျွန်တော်မှာ အလိုလို နေရင်း စိတ်အားငယ်နေရသောကြောင့် ဖြစ်ပါတော့သည်။
   
 မြို့တော် ရန်ကုန်မှာ ငွေရှင်ကြေးရှင်တို့စံရာ။ ပညာတတ်တို့ စုဝေးနေထိုင်ရာ ဒေသဖြစ်သော ကြောင့် လူမှု ဆက်ဆံရေးတွင် ချမ်းသာကြွယ်ဝသူနှင့် ပညာတတ်များကိုသာ အဓိက ဦးစားပေး၍ ဆက်ဆံ တတ်ကြလေသည်။ ယင်းသို့သော လူနေမှုစနစ်ထဲသို့ ကျွန်တ်ာကဲ့သို့ ပစ္စည်းမဲ့ခေတ်ပညာမဲ့ တစ်ယောက် အနေနှင့် ပညာရှင်အသိုင်းအ၀ိုင်းသို့ တိုးဝင်ရသည်မှာ မလွယ်ကူလှပါ။
 
ဟုတ်ပါ၏။ အချို့သော အယ်ဒီတာများ၊ ထုတ်ဝေသူများမှာ အစက ကျွန်တော်ရေးသော စာပေ အပေါ်တွင် အထင်ကြီးခဲ့သော်လည်း ကျွန်တော် ခေတ်ပညာ အင်္ဂလိပ်စာမတတ်မှန်း သိသောအခါတွင် ပြန်၍ အထင်သေး သွားကြသည်ကို တွေ့ရပါသည်။ အချို့ စာရေးဆရာချင်းပင် အင်္ဂလိပ်စာမတတ်သော ကျွန်တော့် အား အထင်သေးကြသည်။ ထိုအထင်သေးသော စာရေးဆရာသည် မဂ္ဂဇင်းတစ်စောင်၌ အယ်ဒီတာ ဖြစ်လာအံ့။ ကျွန်တော့် စာမူကို ယခင် အယ်ဒီတာဟောင်း လက်ထက်က ပေးသောဈေးပေး မ၀ယ်ဘဲ ဈေးလျော့၍ ၀ယ်ယူသည်ကို ခံရပါတော့သည်။ စာရေးဆရာနှင့် ပတ်သက်သော အဖွဲ့အစည်း တစ်ခုခု တွင် ကျွန်တော့်အား စာရေးဆရာအများစုက တင်မြှောက်၍ အမှုဆောင်နေရာရအံ့။ ထိုအထင်သေး တတ်သော စာရေးဆရာများက မကျေနပ်ကြတော့ချေ။ သူတို့၏ အကြောင်းပြချက်ကတော့ ကျွန်တော်မှာ "အင်္ဂလိပ်စာ မတတ်သောကြောင့်" ဟူသတည်း။
    အထက်ပါတို့မှာ အင်္ဂလိပ်စာမတတ်ခြင်းအတွက် ယနေ့ထက်တိုင် ကျွန်တော် တွေ့ကြုံခံစားနေရ ချက်များပင် ဖြစ်ပါတော့သည်။
    မြ၀တီနှင့် ဆက်သွယ်ပုံကို ပြန်၍ စပါမည်။ ကျွန်တော်သည် ရင်တထိတ်ထိတ်နှင့်ပင် သဘက်ခါ သို့ ရောက်ရှိသောအခါတွင် မြ၀တီတိုက်သို့ ရောက်ခဲ့သည်။
    " ခင်ဗျားကဗျာဝတ္ထုလေး ကောင်းပါတယ်။ ရှေ့လထုတ် မဂ္ဂဇင်းမှာပါဖို့ စီစဉ်ပြီးပါပြီ။ စာမူခ ထုတ် သွားပါ"

    ဗိုလ်ကြီးဘသောင်း စားပွဲရှေ့ရှိ ကုလားထိုင်တွင် မရဲတရဲဝင်၍ ထိုင်လိုက်သည်တွင် အယ်ဒီတာချုပ် ဗိုလ်ကြီးဘသောင်း က ဤသို့ ပောလေရာ ကျွန်တော်မှာ ၀မ်းသာမဆုံး ရှိရပါတော့သည်။
    မြင်းညိုရှင် ကဗျာဝတ္ထု မြ၀တီမဂ္ဂဇင်းတွင်ပါလာပြီး နောက် ကျွန်တော်သည် အတော် ရဲတင်းလာ၏။ နောက်ထပ် "ငေါင်ဆူလူမသိ" အမည်နှင့် မြ၀တီတွင် ၀တ္ထုတိုတစ်ပုဒ် ထပ်ရေးပြန်ရာ အယ်ဒီတာ အဖွဲ့မှ ရွေးချယ်လိုက်ပြန်သည်။ ကျွန်တော်သည် ပို၍ အားတက်လာကာ မြ၀တီသို့ ၀တ္ထုတိုများ ဆက်လက်ရေးပေး ပြန်ပါတော့သည်။
    
စုံထောက်မဂ္ဂဇင်းတွင် တစ်နှစ်ခွဲခန့် အယ်ဒီတာအဖြစ် လုပ်မိသောအခါတွင် ကျွန်တော်၏ နေ့စားခ မှာ နှစ်ကျပ် တက်၍ လာလေသည်။ တစ်နေ့လျှင် ၃ ကျပ်ဖြစ်၏။ မြ၀တီတွင်လည်းကောင်း၊ အခြားစာစောင် ကလေးများ တွင်လည်းကောင်း၊ ၀တ္ထုတိုများရေးသဖြင့် အပြင်က ၀င်ငွေလည်း ရသည်။ သို့သော် ကျွန်တော် ၏ စီးပွားရေး အခြေအနေမှာ ယခင် တစ်နေ့ ၁ ကျပ်ရစဉ်ကထက် များစွာပို၍ ထူးခြားလာခြင်း မရှိလှ။ ကုန်ဈေးနှုန်းကလည်း ယခင်ကထက်ပို၍ တက်လာသည်။ ပြီးနောက် ကျွန်တော်တို့တွင် ဇနီးမောင်နှံ ၂ ယောက်တည်း မဟုတ်တော့ဘဲ သမီးကလေးတစ်ယောက် မွေးဖွားနေရုံသာမက ကျွန်တော့်ဇနီးနှင့် သမီးကလေးကောင်းစွာ မသင့်မြတ်၍ ၀ှိုက်တဟောရပ်ကွက် မြောင်းကြီးဘေးတွင် တစ်လ ၃၀ ဖြင့် အိမ် တစ်ခန်းကို ငှားရမ်းနေထိုင်ခြင်းကြောင့် ဖြစ်ပါသည်။
    ထိုအိမ်၌ ကျွန်တော်တို့ နေထိုင်ကြစဉ် "၀မ်းတထွာတိုက်ပွဲ" အမည်နှင့် မဂ္ဂဇင်း ၀တ္ထုရှည် တစ်ပုဒ် ရေးပါသည်။ ထိုဝတ္ထုမှာ ကျွန်တော် ရန်ကုန်သို့ ရောက်စက အတွေ့အကြုံများ၊ ကျွန်တော်တို့ရွာမှ သူဌေးသား တစ်ယောက်၏ အဖြစ်အပျက်တို့ပါရှိလေသည်။ ပြီးနောက် ရန်ကုန်၌ အလုပ်ရှာ မရနိုင်သော ကြောင့် တလည်လည်ဖြစ်ကာ ထမင်းငတ်ရသော ကိုပန်းမွှေးကို ဖန်တီးရေးသားပါသည်။
    လူတွေ အလွန်ပေါများလှသော မြို့တော်ရန်ကုန်၌ အလုပ်မရှိသဖြင့် ထမင်းငတ်နေရသော ဇာတ် ကောင် ကိုပန်းမွှေးကို ဖန်တီးရာ၌ ကျွန်တော်၏ ကိုယ်တွေ့များစွာ ပါလေသည်။

ကျွန်တော်သည် မခင်စိန် နှင့် သူမ၏ မိဘများ သဘောမတူဘဲ လက်ထပ်ပေါင်းသင်းနေထိုင်ကြရသဖြင့် သူမ မိဘအိမ်သို့လည်း မကပ်နိုင်။ သူမမိဘများထ့ အပ်နှံထားသော ရွှေဆွဲကြိုးကိုလည်း တောင်းမရ။ အလုပ်အကိုင်လည်းမရှိနှင့် ယောင်လည် လည်ရှိနေစဉ် မခင်စိန်မှာ ကိုယ်ဝန်ရှိလကာ မကျန်းမမာ ဖြစ်သည်နှင့် သူမမိဘများက မခင်စိန် တစ်ယောက်တည်းကိုသာ သူတို့နေအိမ် ၌ ခေါ်ယူ ထားစဉ် သူမမိဘများအိမ်နှင့် မဝေးလှသော အိမ် တစ်အိမ်တွင် ကျွန်တော် နေပါသည်။ ထိုအိမ်ရှင်များ သည် တောသို့သွားရောက် အလုပ်လုပ်ကိုင်နေသဖြင့် အိမ်ကလေးမှာ လူမရှိဘဲ လွတ်နေ သည်။ ကျွန်တော်သည် ထိုအိမ်ကလေးတွင် အလုပ်လက်မဲ့ဘ၀ဖြင့် တစ်ယောက်တည်း နေထိုင်ရင်း မြို့တော် ရန်ကုန်၌ ခြေလျင်လျှောက်၍ အလုပ်ရှာခဲ့ရပါသည်။

    စောစောပိုင်းကတေ့ မခင်စိန်သည် ကျွန်တော် ထမင်းချက်စားရန် ဆန်ကလေးနှင့် ဘယာကြော်၊ ပဲလှော် စသည်တို့ ၀ယ်စားနိုင်ဖို့ ပိုက်ဆံတမူးတပဲ လာရောက်ပေးနိုင်သော်လည်း နောက်ပိုင်းတွင် သူမမှာ အိပ်ရာ၌ ဘုံးဘုံးလဲသဖြင့် လ၍မပေးနိုင်တော့ချေ။

    ကျွန်တော်မှာ အိမ်၌ ဆန်ချက်စရာလည်းမရှိ၊ ပိုက်ဆံဆိုလို့ ဆေးလိပ်ဖိုးမျှ မရှိသောအခါတွင် အလုံ မှနေ၍ ကပ္ပလီ ကွက်သစ်ရှိ ဘကြီးရှမ်းနှင့် ကြီးတော်တို့ အိမ်သို့ သွားကာ ဧည့်သည်လုပ်၍ ထမင်းကပ်စား ရသည်။ ဆေးလိပ် ကပ်သောက်ရသည်။ နံနက်စာရော ညစာပါ စား၍ မသင့်တော်သဖြင့် နံနက်စာ စားသော နေ့တွင် ညစာကို အငတ်ခံ၍ ညစာ စားသောနေ့တွင် နံနက်စာကို အငတ်ခံရသည်။ သို့တိုင်လည်း ကြာတော့ ကိုယ့်လိပ်ပြာ ကိုယ်ရှက်ပြီး တစ်နေ့လုံးမစားဘဲ တစ်ရက်ကျော်မှ မနေနိုင်၍ သွားရောက် ကပ်စား ရသည့်အဖြစ် များလည်း ကြုံရပါတော့သည်။ ယင်းကြောင့်လည်း ကျွန်တော်သည် မြို့တော် ရန်ကုန်၌ အလုပ် ရှာရင်း ထမင်းငတ်နေရသော ကိုပန်းမွှေးကို သဘာဝကျကျ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထင်ပါသည်။
    လက်စနှင့် ထိုစဉ်က အကြောင်းကို အနည်းငယ် ဆက်လက်၍ ရေးသာပါဦးမည်။

 ကျွန်တော်သည် ထိုသို့ ဘကြီးရှမ်းတို့ အိမ်တွင် နပ်ကျော်၊ ရက်ကျော် ဧည့်သည်လုပ်၍ ကပ်စားနေရသည်ကို စိတ်ပျက်လာ သည်နှင့် တစ်နေ့တွင် ဘကြီးရှမ်းထံမှ ငွေတစ်ကျပ်တောင်းကာ လှည်းကူးသို့ ထွက်လာခဲ့ ပါတော့သည်။ ထိုစဉ်က လှည်းကူးနှင့် မဝေးကွာလှသော စာဘူးတောင်းရွာတွင် ကေအင်ဒီအိုနှင့် အစိုးရတို့ တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်နေကြသည်။
    ကျွန်တော်မှာ မကျန်းမမာ ဖြစ်နေသော ဇနီးသည်အတွက်လည်း စိတ်မကောင်း၊ ကိုယ့်ဘ၀ကိုယ် လည်း မကျေမနပ်ရှိနေကာ စိတ်လေလေနှင့် ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးမထားတော့ဘဲ ပစ်ခတ် တိုက်ခိုက် လျက်ရှိနေသော ထိုတိုက်ပွဲကို စိတ်ပြေလက်ပျောက် လိုက်၍ ကြည့်ပါသည်။

    လှည်းကူးတွင် ၁၅ ရက်ခန့်ကြာခဲ့၏။ ရန်ကုန်သို့ ပြန်လာသောအခါတွင် ဇနီးသည်မှာ ဒပ်ဖရင် ဆေးရုံမှ ဆင်းလာလေပြီ။ သားယောက်ျား ကလေးမွေးဖွားရာ အဖတ်မတင်ဟုဆိုသည်။ ပြီးနောက် သူမ ကိုယ်တိုင်လည်း သွေးအားနည်း၍ သွေး ၂ ပုလင်းသွင်းပြီး ကုခဲ့ရသည်ဟု ကြားသိရ၏။
    မခင်စိန်၏ မိဘများသည် မကျန်းမာစဉ်၌ပင် ပစ်ထားရကောင်းလားဟု ကျွန်တော့်ကို ပို၍ ဒေါပွကြ ပါသည်။ ကျွန်တော့်အား ပြတ်စဲရန် သူတို့ သမီးကိုလည်း ပြောကြ၏။ သို့သော် မခင်စိန်က သိပါသည်။ ကျွန်တော့်အား မစိမ်းရက်ပါ။ ကျွန်တော်နှင့်အတူပင် ပဲခူးသို့ ထွက်ခဲ့ကြပါသည်။
    "၀မ်းတထွာတိုက်ပွဲ" ရေးပြီးနောက် မြ၀တီသို့ သွားပေးရာ အယ်ဒီတာအဖွဲ့မှ အထူးပင် နှစ်သက် သဘောကျပါသည်။

ကျွန်တော်သည် ထိုဝတ္ထုရှည်အတွက် စာမူခများရခဲ့သည်နှင့် သမီးငယ်အား နားထွင်း ကင်ပွန်း တပ် ပြုလုပ်ရသည်။
    သမီးငယ်ကို နားထွင်းကင်ပွန်းတပ် ပြုလုပ်ပြီးနောက် မခင်စိန်နှင့် သူမမိဘများ ပြန်လည်သင့်မြတ် ကြသဖြင့် ကျွန်တော်တို့ ကွင်းကျောင်းလမ်းအိမ်သို့ ပြန်ပြောင်းလာခဲ့သည်။ ထိုစဉ်၌ ကျွန်တော်တို့ အိမ်ထောင်စုတွင် လူပိုတစ်ယောက် ပါလာသည်။ ထိုလူပိုမှာ စာရေးဆရာ နတ်နွယ်ပင်ဖြစ်၏။
    နတ်နွယ်သည် မန္တလေးမှ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းလာနေသူဖြစ်သည်။ သူသည် မန္တလေး တွင် နေစဉ်ကပင် စုံထောက်မဂ္ဂဇင်း၌ ၀တ္ထုရေးသဖြင့် ကျွန်တော်တို့နှင့် စာချင်းဆက်သွယ်ပြီး သိခဲ့သည်။ သူ ရန်ကုန် သို့ လာ၍ ကျောင်းနေသောအခါတွင် ကျွန်တော့်အိမ်၌ ထမင်းလခ ပေးစား ရင်း နေလေ သည်။ နောက်တော့ နတ်နွယ်သည် ကျွန်တော်တို့ အယ်ဒီတာ အဖွဲ့ထဲသို့ ရောက်ရှိ လာပါတော့သည်။
    
ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ထဲသို့ နတ်နွယ်ရောက်ရှိလာရခြင်းမှာ အစက အယ်ဒီတာအဖွဲ့ကို တိုးချဲ့ရန် ရည်ရွယ်ချက် မရှိခ့ပါ။ စုံထောက်မဂ္ဂဇင်းပိုင်ရှင် ဦးဆန်နီနှင့် မိုးဝေတို့ တိုင်ပင်ပြီး တစ်ကျပ်တန် ရုပ်ရှင်ဝတ္ထုမဂ္ဂဇင်း ထုတ်ကြသည်။ ထိုမဂ္ဂဇင်းတွင် နတ်နွယ်နှင့်ခင်ွယ်တင်တို့ အယ်ဒီတာ လုပ်ကြ၏။ ရုပ်ရှင် ၀တ္ထု မဂ္ဂဇင်းရပ်တန့်သွားသည်တွင် ခင်နွယ်တင်မှာ ၀ါသနာအလျောက် လုပ်ကိုင်သူဖြစ်၍ အရေးမကြီးသော် လည်း နတ်နွယ်ကိုကား ကျောင်းတက်နေသူ စာရေးဆရာတစ်ယောက်ဖြစ်သောကြောင့် စုံထောက် သို့ ပြောင်းလဲလုပ်ကိုင်စေခဲ့ခြင်းဖြစ်ပါသည်။
    ကျွန်တော်သည် စုံထောက်မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်နှင့် ၃ နှစ်ခန့်မျှ လုပ်မိသောအခါတွင် စာပေလောကအကြောင်းကို ကောင်းကောင်းသိလာသည်။ စာရေးဆရာအပေါင်းအသင်းတွေ များလာ သည်။ အင်္ဂလိပ်စာ မတတ်သဖြင့် သိမ်ငယ်နေစိတ်သည်လည်း တဖြည်းဖြည်း ပျောက်ပြယ်လာသည်။

ဆက်ရန်
.

No comments: