"သုံးလေးရက်လောက် ရှိတော့"ဒေါ်သန်းတင် အိမ်က စိတ်ပူနေမယ်နော်လို့ ကျွန်မက အကဲခတ်ရင်း အလိမ္မာ နဲ့ မေးကြည့်ပါတယ်။
"အိမ်လည်း မရှိဘူး၊ စိတ်ပူးမဲ့သူလည်း မရှိဘူး"တဲ့။ ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလေရဲ့။ သူ့မှာဆွေ မျိုးရှိ၊ မရှိလည်း မသိ။ သူဘယ်နေရာမှာ နေမှန်းလည်းမသိ။ ဘယ်ကလာမှန်းလည်းမသိ။ ဒီလို နဲ့ဒေါ်သန်းတင်လည်း ကျွန်မတို့ အိမ်မှာ သောင်တင်ပြီး အိမ်သားတစ်ဦးဖြစ်လာပြန်ပါရော။ သူ ကနားလေး၊ မာမီကလည်းနား မကြား။ သူတို့နှစ်ယောက် စိတ်မမှန်သူချင်းအဖော်ရပြီး တစ်ခါ တလေစကားကောင်းနေ လိုက်ကြတာ အမေးကတစ်မျိုး၊ အဖြေက တခြား။ သူတို့ဟာ သူတို့ တော့ ဟုတ်လို့။ ဒီအထဲမှာ ဦးကျော်ဇောရဲ့အမေ ဒေါ်ခင်ပုကလည်း တစ်ခါတစ်ခါ ကျွန်မတို့ အိမ်ကို လာလည် တတ်ပါတယ်။ အရပ်ကပုပု၊ အသားကဖြူဖြူ၊ မြိတ်သူဆိုတော့ စကား က၀ဲ ၀ဲ၊ သဘောလည်းကောင်း ရှာတယ်။ ကျွန်မကိုသူ့ရဲ့ ဆုံးပါးသွားတဲ့ သမီးထွေးလေးနဲ့ တူလို့တဲ့။ အဲဒီ သမီး ရဲ့ နာမည်အတိုင်း ဘေဘီလို့ပဲ ခေါ်ပါတယ်။ သူလာလည်တော့ နားမကြားသူ သုံးဦး စုပေါင်းပြီး အမြီးအမောက် မတည့်တဲ့ အာလာပသလ္လာပပြောနေကြတာကို ကလေးတွေက အခန်းအကွယ်ကနေ နားထောင်ပြီး တခွိခွိနဲ့ရယ်ကြ။ ကဲ..ကျွန်မတို့ အိမ်လောက်ပွဲစည်တာ ရှိပါ့ဦးမလားနော်။ ကို ဆက်ဖတ်ရန် ...
အဲလိုအကြောင်းမျိုးစုံ နဲ့ ပတ်ချာလည်နေဆဲဘွားလေးက တောင်တွးကြီးကသမီးဆီ သွားလည် နေရင်းနေ မကောင်းဖြစ်လို့တဲ့။ ကျွန်မဦးလေး ဦးအေးမောင်ဆီက လူကြုံနဲ့ပေးလိုက်တဲ့ အကြောင်းကြားစာရောက် လာပါတယ်။ ဘွားလေး ရဲ့ အသက်ကလည်း ရှစ်ဆယ်ကျော်ပြီလေ။ ငယ်တော့တာမှမဟုတ်တာ။ ဒီတော့ သူတို့ တစ်တွေလည်း စိတ်ပူပြီ ဆရာဝန်ပြကုသကြတယ် တဲ့။ အခြေအနေက မသက်သာလာပဲ ပိုဆိုးလာတာကြောင့် အားမရဘူး လို့ ဆိုပါတယ်။ နောက်ပြီး ဘွားလေးက ခင်မကြီးဆီ သွားချင်တယ်နဲ့ ဖြစ်နေလို့ သူတို့လည်း ဘယ်လို စီစဉ် ပြီးပို့ရမယ် မသိဘူးတဲ့။
ဒီသတင်းကို သိရတော့ ကျွန်မပျာသွားတာပေါ့။ ဘွားလေးက အားလုံးထဲမှာကျွန်မကို ချစ်လည်းချစ်၊ အားလည်း အလွန်ကိုးပါတယ်။ "ငါသေရင် ငါ့မြေးလက်ထဲမှာပဲ သေချင်တယ်" ဆိုတဲ့စကားက တဖွဖွပြောနေကျလေ။ ဒီစာ ရတော့ ကျွန်မတစ်ခုခုအမြန်စီစဉ်ရတော့မယ်ဆို တာတွေးနေဆဲမှာပဲ မမျှော်လင့်ဘဲ ဦးကျော်ဇော က မန္တလေးက ပေါက်ချ လာလေရဲ့။ အကူ အညီလိုအပ်ချိန်မှာ ရောက်လာတော့ အံကိုက်ဖြစ်သွားပြီး သူ့ကိုဘဲ ဘွားလေး ကိုကားနဲ့ သွားခေါ်ပေးပါလို့ ပြောရပါတော့တယ်။ ဒါနဲ့ နောက်တစ်နေ့ အစောကြီးမှာ အိမ်ကကား နဲ့ ဘွားလေး ကို သွားကြိုဖို့ လွှတ်လိုက်နိုင်တောကြောင့် ရင်ထဲမှာ တစ်မျိုးတော့ ပေါ့သွားလေရဲ့။
အသက်အရွယ်ကြီးလို့ စိတ်ပူမိပေမဲ့ ဘွားလေးက ဆေးလိပ်သောက်လွန်းတာကြောင့် ချောင်း ဆိုးတတ်တာက လွဲရင် ကျွန်မ လိုပဲ ကျန်းမာရေးကောင်းသူပါ။ ဖျားတယ် နာတယ်၊ နေမ ကောင်းဖြစ်တယ် ဆိုတာမျိုးက ရှိခဲပါ ဘိခြင်း။ အခုလည်းခရီးပန်းပြီး အားနည်းသွားတာမျိုးဖြစ် နိုင်ကောင်းရဲ့။ ဒီရောက်လာရင် ဆရာဝန်နဲ့ သေသေချာချာပြပြီး ကုသပေးလိုက်ရင် ကောင်း သွားနိုင်မှာပါ ဆို တဲ့ မျှော်လင့်ချက် လည်းထား မိပြန်ပါတယ်။
ဦးကျော်ဇော လိုက်သွားပြီး သုံးရက်မြောက်တဲ့ ညနေကျတော့ ဘွားလေးကိုခေါ်ပြီး ပြန်ရောက် လာကြလေရဲ့။ ဘွားလေး နဲ့အတူ ပြုစုပေးဖို့ ကျွန်မရဲ့ ညီမ၀မ်းကွဲ ကြည်ကြည်ဝင်းလည်းပါ လာတော့အဆင်ပြေတယ်ပေါ့။ ဘွားလေး ကိုကြည့်ရတာ တော်တော်ကြီးကို အားနည်းနေပုံပါ ပဲ။ ကျွန်မတို့ရဲ့ မိသားစုဆရာဝန် သန်းသန်းဌေး ကို ချက်ချင်းခေါ်ပြတော့ လူကြီးရောဂါပါပဲ။ အားဆေးတွေ ဂရုစိုက်သွင်းပြီး အားဖြည့်ပေးရမယ်။ အားပြန်ဖြစ်အောင် လုပ်ဖို့ အချိန်တော့ယူ ရမယ်လို့ ဆိုပါတယ်။
သူ့အဒေါ် အိပ်ရာထဲမလဲစဆူး လဲနေတာတွေ့တော့ မာမီကလည်း မနေနိုင်ရှာဘူး။ အနား က စောင့်ကြပ်ပြီး ပြုစုပါတယ်။ ကြည်ကြည်ဝင်းကလည်း သူ့အဘွားကို ဂရုစိုက်ပြီးဆေးတို့၊ ဆန်ပြုတ်တို့၊ စွပ်ပြုတ် တို့ကို အချိန်နဲ့စောင့်ပြီး တိုက်ပေါ့။ ကျွန်မလည်း အချိန်ရတိုင်း ဘွားလေးကို ခြေဆုပ်လက်နယ်ပြုပြီး အားပေးရပါ တယ်။ ဒေါက်တာသန်းသန်းဌေးက အားဆေးတွေ ဘာတွေသွင်းလိုက်တော့ တော်တော်လေး လန်းဆန်း လာပါရဲ့။ ပက်လက်ကု လားထိုင်ပေါ်ပြောင်းထိုင်ပြီး စကားတွေတောင် ပြောလို့။ ကျွန်မ တို့ဆီရောက်လာတော့ စိတ်အားလည်း တက်လာပုံရပါတယ်။ ဒါပေမဲ့တစ်ပတ်ကျော်ကျော်လောက် လည်း ရှိရော ဆေး တွေ၊ ထိုးဆေးတွေသွင်းနေတဲ့ကြားက ပြန်ပြီးပုံကျသွားတာမို့ ကျွန်မလည်း စိတ်ပူ လာမိတာနဲ့ ဆေးရုံတင်ဖို့လိုအပ်မလား ဆိုတာဒေါက်တာသန်းသန်းဌေးကို မေးကြည့်ရတယ်ပေါ့။
ဒေါက်တာသန်းသန်းဌေးက ဆေးရုံတင်လည်း ထူးမှာမဟုတ်ဘူး။ အသက်အရွယ်အရ ကျဆုံး လာခြင်းပဲ။ သိပ်ပြီးမျှော်လင့် ထားလို့တော့ မရဘူးဆိုတဲ့ စကားကိုကြားရတော့ ကျွန်မရင်မှာ နာကျင်ကြေမွသွားပြီး မျက်ရည်တွေ တာကျိုးသလို စီးကျလာတော့တာပဲ။ ကျွန်မမှာ အရင်းအ ချာရယ်လို့ ဒီဘွားလေးနဲ့ ဒီအမေနှစ်ယောက်ပဲ ရှိတော့တာပါ။ ငယ်ရွယ်စဉ်ကတည်း ကဘွားလေးနဲ့ ဘိုးလေးရဲ့ လက်ပေါ်မှာ ကြီးလာတာ မို့ ပိုပြီးလည်း သံယောဇဉ်တွယ်မိ တယ်ပေါ့။ နောက်ပြီး ဘွားလေးက ကျွန်မရဲ့ ဆိုးမျိုးလည်း မလွန်သည်းခံခွင့် လွှတ်ခဲ့ တာနော်။
ကျွန်မ ငယ်ငယ်က ဆယ်ကျော်သက်အရွယ်မှာ ဘွားလေး အမြတ်တနိုးထားတဲ့ သူ့ရဲ့ခွင်ပွန်း က ဝယ်ပေး ခဲ့တဲ့ ရွှေလက်ပတ်နာရီကို ပတ်ချင်လှချည်ရဲ့နဲ့ ပူဆာတော့ လွယ်လွယ်ပဲပေး လိုက်ပါတယ်။ ခမ်းခမ်းနားနား ပွဲထိုင်တွေ၊ ဘာတွေသွားဖို့ ယူဝတ်တယ်ဆိုလည်း ထားပါ တော့။ ရုပ်ရှင်သွားတာကို ယူဝတ်ထားပြီး ဘယ်အချိန် ဘယ်နေရာမှာ ပြုတ်ကျခဲ့မှန်းတောင် မသိပါဘူး။ အိမ်ရောက်လို့ အဝတ်လဲမှ နာရီက မရှိတော့ ဘူးလေ။ ရုပ်ရှင်ရုံမှာ ပြန်သွားရှာ တော့လည်း ဘယ်ပြန်ရနိုင်ပါ့မလဲ။ ဆုံးပါလေရော။
နာရီအိုးနဲ့ လက်ပတ်ကြိုးက ရွှေအစစ်နဲ့ လုပ်ထားပြီး၊ နာရီမျက်နှာ အဝိုင်းပတ်ပတ် လည်မှာ ပုလဲလုံးတွေ စီထားသေးတာ မို့ ကာလတန်ဖိုးနဲ့ တွက်ရင် မနည်းလေဘူးပေါ့။ အဲဒီတန်ဖိုးက ထားပါဦး။ နားရီ ရဲ့ နောက်ကျောမှာ To my beloved Kyi Kyi Alvis ဆိုပြီး ထွင်းထားတဲ့စာက Sentimental value အရ တန်ဖိုး မဖြတ်နိုင် ရှိမယ်ဆိုတာ ခု အသက်အ ရွယ် ရောက်ခါမှ စာနာခံစားပြီး သဘောပေါက်မိပါတယ်။ အဖိုးတန်ပစ္စည်း ကို မတန်မရာ ယူဝတ်သွားပြီး ဂရုစိုက် ထိန်းသိမ်းမထားရကောင်းနဲ့ ကျွန်မကို ဒေါသထွက်တဲ့ မာမီက နားရင်း ကို ပူထူ သွားအောင် သုံးလေးချက် ဆက်ရိုက်တော့ ဘွားလေးက 'ကလေးကို မရိုက်ပါနဲ့ ခင်မေရဲ့ ' နဲ့ ပြေးလာဆွဲ ရင်း ကျွန်မ ကို ဖက်ငိုတာလည်း ပြန်ပြီးမြင်ယောင်မိ ပါတယ်။
ဘွားလေးရဲ့ နောက်ဆုံးအချိန် နီးကပ်လာပြီးဆိုတဲ့ အသိက နှလုံးသားထဲမှာ နာကျင လေးလံနေတော့ပဲ ။ လုပ်ကိုင် လှုပ်ရှားနေရတာလည်း စက်ရုပ်သဖွယ်ပဲ ဖြစ်နေတော့တယ်။ ဘွားလေး ပြန်ရောက် လားပြီး နှစ်ပတ်ကျော်ကျောလောက် ကြာတဲ့ တစ်နေ့မှာ ညီမ ကြည်ကြည်ဝင်းက အိမ်ပေါ်ထပ် က ပြေးဆင်း လာပြီး...
'မမခင်ရေ ... လာပါဦး၊ ဘွားလေးကို လာကြည့်ပါဦး၊ ဆေးတိုက်မလို့ ကျွန်မကြည့် လိုက်တာ အသက် မရှိတော့ဘူး ထင်တယ်' တဲ့။
ဒီတော့မှ ပြေးတက်ကြည့်တော့ တကယ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အတိုင်း ပါပဲ။ ဇီဝိန်ချုပ်သွားပါပြီ။ ဘွားလေး ရဲ့ဘေးမှာ အတူအိပ်နေတဲ့ ကြည်ကြည်ဝင်းတောင် မသိလိုက်ဘူး ဆိုတော့ ဘွားလေးအနေနဲ့ ညင်ညင် သာသာပဲ ဘဝကူးသွားပုံရပါတယ်။ မျက်စိအောက်မှာ ရှိတဲ့ ဘွားလေးရဲ့ ရုပ်ကြွင်းကိုကြည့်ပြီး ဆို့နင့်သွား တာပါပဲ။ မျက်ရည်ကို ထိန်းပြီး မာမီ့ကိုဘယ်လို ပြောရပါ့မလဲ ဆိုတာကို စဉ်စားနေရတယ်။ စိတ်ထိခိုက် စရာတစ်ခုခု ထပ်ကြုံရင် အခြေအနေ ဖောက်ပြန်လာမှာ တွေးပြီး စိုးထိတ်နေမိခြင်းပါပဲ။ မျက်စိအောက် မှာ ဆိုတော့ ဖုံးကွယ်ထားဖို့ကလည်း မဖြစ်နိုင်တာနဲ့ အရဲစွန့်ပြီးပဲ ပြောရတော့တာပေါ့။ မာမီ့ရဲ့ လက်နှစ်ဖက် ကို ဆုပ်ကိုင်ပြီး ဖြည်းဖြည်းချင်း ပြောပြတော့ ဘာစကားတစ်ခွန်မှ မတုံ့ပြန်ဘဲ မျက်ရည်တွေသာ တသွင်သွင် စီးကျ လာလေရဲ့။ ဆုံးရှုံးရခြင်းမှန်သမျှက နာကျင်ရခြင်းပါပဲ။
ရှင်တော်ဘုရားဟောကြားတဲ့ အဘိဏှသုတ်တော်ထဲမှာ လူရယ်လို့ ဖြစ်လာရင် မလွဲမသွေ ကြုံတွေ့ကြရမှာက ချစ်ခင်နှစ်သက် သူများနဲ့ ရှင်ကွဲသော်လည်းကောင်း၊ သေကွဲ သော်လည်ကောင်း ကွဲကွာကြရမှာ ဆိုတဲ့အတိုင်း အခု ဘွားလေး ကို သေကွဲ ခွဲလိုက်ရပါပြီ။ ဘွားလေးရဲ့ အဘုဘပြီးလို့ သုံးလေးရက်ရှိတော့ တစ်ခါ သမီးငယ် ယမင်း အမေရိကားကို ထွက်ဖို့ရက် ရောက်လာပြန်တော့ ရှက်ကွဲခွဲဖို့ ကြုံရပြန်ပါရောလေ။ တိုက်တိုက်ဆိုင်ဆိုင် တစ်ပြိုင်နက် တည်း ရှင်ကွဲ သေကွဲတွေကို ကြုံရဖို့ဖြစ်လာတဲ့ ကံကြမ္မာကိုသာ အံ့သြမိပါတော့တယ်။ ကျွန်မ နှလုံးသား မှာ ဒဏ်ရာတွေက အသားနုတက်ချိန်တောင် မရလိုက်ပါဘူးနော်။
လေယာဉ်ကွင်း ကို ညီအစ်ကို မောင်နှမမိသားစုအားလုံးရော၊ ယမင်းရဲ့သူငယ်ချင်းအုပ်စုတွေပါ လိုက်ပို့ ကြပါတယ်။ ဦးမြလှိုင် နဲ့ ဒေါ်အေးမြင့်တို့လည်း သမီးကိုလိုက်ပို့ဖို့ ရောက်လာကြလေရဲ့။ လမ်းခွဲပြီး ကြ တဲ့နောက် ဒါပထမဆုံးအနေနဲ့ ဆုံတွေ့ခြင်းပါပဲ။ အံ့သြစရာကောင်းတာက ကျွန်မရင်ထဲမှာချစ်ခြင်း၊ မုန်းခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းဆိုတဲ့ ခံစားချက်မျိုးတွေ လုံးဝမရှိတော့ဘဲ သာမန် လူစိမ်း တစ် ယောက်ကို တွေ့ဆုံတဲ့အတိုင်း စိတ်မှာ ကြည်လင်ရှင်းသန့်နေပါတော့တယ်။ အဆုံးစွန်သော ခံစား လိုက်ရခြင်း က ရရှိလိုက်တဲ့ ရင့်ကျက်မှုလို့ပဲ ပြောရမယ် ထင်ပါရဲ့နော်။
ဖြစ်ချင်တော့ သွားခါနီးကျမှ ပြဿနာတစ်ခု တက်ပါလေရော။ သမီးအတွက် ၀ယ်ပေးထားတဲ့ ခရီးစဉ်က ယူဘီအေလေကြောင်း နဲ့ ရန်ကုန်က ဘန်ကောက်ကိုသွား။ ဘန်ကောက်မှာ လေးနာရီနားပြီး ညနေခြောက်နာရီ မှာထွက်မဲ့ Swiss Air ကိုပြောင်းစီးရမယ်။ ဘန်ကောက်က အေသင်ရောက်မယ်။ တစ်ခါခြောက်နာရီနားပြီး နယူးယောက် ကို ခရီးဆက်မယ်ပေါ့။ နယူးယောက်အပြည်ပြည်ဆိုင်ရာလေ ဆိပ် ကနေ ပြည်တွင်းထွက်မဲ့ လေဆိပ်ကိုတစ်ဆင့်သွား၊ အဲဒီကမှ အစ်ကိုရှိရာ ဖလော်ရီဒါက မာယာမီမြို့ ကို ရောက်မှာပါ။ ဘယ်နေ့ ဘယ်အချိန်၊ ဘယ်လေကြောင်းနဲ့ သူ့ညီမရောက်လာမယ်ဆို တာလည်းကြိုတင် စီစဉ် အကြောင်းကြားထားပြီးသားမို့ ချောမောလိမ့်မယ်လို့ တွက်ထားမိပါတယ်။
လေယာဉ်ထွက်ခါနီးကျမှ အစီအစဉ်ကအဲလို မဟုတ်တော့ဘူးတဲ့လေ။ ဘန်ကောက် ကိုရောက် ဖို့အထိ တော့ချောမောပါရဲ့။ ဒါပေမဲ့ ပြောင်းစီးရမဲ့ Swiss Airက ၀င်ဖို့မသေချာလို့ ဘန်ကောက်မှာ တစ်ရက် စောင့်ချင်စောင့်ရမယ်တဲ့။ စီစဉ်ထားတဲ့ အချိတ်အဆက်တွေ အကုန်ပျက်ကုန်တာမို့ ဒီသတင်းလည်း ကြားရော မယမင်းရဲ့မျက်နှာ ဆီးရွက်ကလေးလောက်ဖြစ်အောင် ငယ်သွားရုံမကဘူး၊ မျက်ရည်ပေါက် ကြီးတွေ လည်း အလုံးလိုက်ကျလာတော့တာပဲ။ နဂိုကစိတ်မကောင်းရတဲ့အထဲပြဿနာကြုံရပြန်တော့ အားငယ်နေတဲ့ သမီးမျက်နှာလေး ကိုကြည့်ပြီး ကျွန်မ ရင်နင့်လိုက်တာ်။ ကျွန်မပါ ရောပြီး ငိုလိုက်ချင်တဲ့ အထိပါပဲ။ ဒီအချိန်မှာ ကိုယ်က မာန်တင်းရမဲ့သူလေ။ ပျော့ညံ့နေလို့မဖြစ်သေးဘူးဆိုတာ နှလုံးသွင်းပြီး လက်ရှိအခြေအနေကို ရအောင်ထိန်းရပါတယ်။
သမီးအားငယ်မယ် ဆိုရင်လည်း အားငယ်စရာပါပဲ။ အခုလို လေယာဉ် အတန်တန်ပြောင်းပြီး စီးရမယ့် ပြည်ပခရီးမပြောနဲ့။ ပြည်တွင်းခရီးတောင် များများစားစား ထွက်ဖူးတာမဟုတ်လို့ သူ့ခမျာ အတွေ့ အကြုံ မရှိရတဲ့အပြင် ကမ္ဘာတစ်ခြမ်းအဝေးကို သွားရမဲ့ သမီးရဲ့ လက်ထဲမှာ သုံးစွဲဖို့ ငွေက ခုနစ်ဒေါ် ခာပဲပါတာ မဟုတ်လားနော်။ အဲဒီအချိန်က နိုင်ငံတော်ခွင့်ပြုငွေ တစ်ဦးကိုခုနစ်ဒေါ်လာပဲ ပေးပါတယ်။ ဒါကြောင့် သမီးကို "မာမီ ဘန်ကောက်မှာရှိတဲ့ မိတ်ဆွေတွေကို ဆက်သွယ်ပြီး သမီးအဆင်ပြေအောင် အားလုံးစီစဉ်ပေးမယ်၊ ဘာမှမပူနဲ့" ဆိုပြီး အထပ်ထပ်ပြောပြီး အားပေးနေရတာပေါ့။ သမီးခမျာ ဘယ်လိုအားပေးပေး မိသားစုနဲ့ အမိမြေ ကို အကယ်တမ်းခွဲခွာရတော့မယ် ဆိုတော့ ငိုလို့မဆုံးပါဘဲ။
မျက်ရည်လည်ရွဲနဲ့ ကျောခိုင်းထွက်သွားတဲ့ သမီးလေးကို မျက်စိတစ်ဆုံး လိုက်ကြည့်ရင်းအဲတော့မှ ကျွန်မ မျက်ရည်တာကျိုးလေတော့တယ်။ သမီးရဲ့လေယာဉ် ထွက်သွားတာနဲ့ကားကို မင်္ဂလာဒုံကနေ အင်းစိန် အရောက် အပြေးမောင်းရပါလေရော။ ကားမောင်းရင်းလည်းသမီးအတွက် ဘာပြီးရင် ဘာလုပ် ရမယ် ဆိုတာ ခေါင်းထဲမှာ အစီအစဉ်တွေဆွဲပေါ့။ ကျွန်မရဲ့တူလေးကိုလှအောင် ဆိုတာက ဘန်ကောက် မှာရှိတဲ့ မြန်မာသံရုံး မှာ အမှုထမ်းနေတာမို့ အင်းစိန်မှာ ရှိတဲ့သူ့အိမ်ကို အမြန်သွားပြီး ဖုန်းနံပါတ် တောင်းမယ်။ ရတာ နဲ့လှမ်းဆက်သွယ်မယ်ဆိုတာ စိတ်ကူးပြီး လေယာဉ်ပျံနှုန်းနဲ့ အပြိုင်မောင်းလိုက် တာအင်းစိန်ကို ခဏလေး နဲ့ ရောက်သွားတော့တာပဲလေ။
တူမလေး အုံးကြည်ကြည်ဆီက ဖုန်းနံပါတ်ရတော့လည်း အိမ်ကို အပြေးအလွှားရောက်အောင်လာ၊ အ၀တ်အစားတောင် မလဲအားပါဘူး။ ကိုလှအောင်ဆီ ဖုန်းခေါ်တော့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရတာ အားကိုး ရှိသွားတာပါပဲ။ သူလေယာဉ်ကွင်းကို အချိန်မီအရောက်သွားပြီး လိုအပ်တဲ့ အစီအစဉ်တွေ အားလုံး တာဝန် ယူပေးမယ်။ ကျွန်မကိုလည်း အကျိုးအကြောင်းပြန်ဆက်သွယ်ပါမယ်ဆိုမှ ကျွန်မလည်း အသက်၀၀ ရှူနိုင်ပါတော့တယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေရင်း ဒေါ်ခင်မိမိကလည်း သူနဲ့ ရင်းနှီးတဲ့ ဘန်ကောက်က မိတ်ဆွေတွေ ဆီကိုလည်း ဖုန်းဆက်ပြီး အကြောင်းကြားကူညီပေးပါမယ် ဆိုလာပြန် တော့ကျေးဇူးတင်လို့ မဆုံးပါပဲ။
ဒီလိုနဲ့ တယ်လီဖုန်းနားက ကျွန်မ မခွာနိုင်ဘဲ စိတ်စောနေမိတယ်ပေါ့။ ဘုရားရှိခိုးပြီး ဆုတောင်းရတာ လည်း အကြိမ်ကြိမ်အခါခါမို့ ဘုရားတောင်နားငြီးလောက်ပါရဲ့။ တော်ပါသေးတယ်။ ညရနာရီလောက် ကျတော့ ကိုလှအောင်ဆီက ဖုန်းဝင်လာပါတယ်။ Swiss Airက ဒီနေ့ ၀င်ဖြစ်တယ်တဲ့။ ဒါကြောင့် သမီးယမင်း သူ့အချိန်ဇယားအတိုင်း ၆နာရီက Swiss Air လေယာဉ်နဲ့ပါသွားပြီဆိုတဲ့ သတင်းကောင်း ကိုကြားရမှပဲ ကျွန်မလည်း နေသာထိုင်သာ ရှိသွားပါတော့တယ်။
ချောချောမောမော လေယာဉ်ပေါ် ပါသွားပြီဆိုပေမဲ့ ခရီးက ဝေးကွာလွန်းတာမို့ အစ်ကို့လက်ထဲ မရောက်မချင်း ဘ၀င်မကျနိုင်သေး ပါဘူး။ အတွေးနဲ့သမီးရဲ့ဘေးမှာ လိုက်ကြည့်ပြီး ဘေးမသီ ရန်မခ ပါစေနဲ့ ဆုတောင်း ရတလည်း အမောပါပဲ။ တစ်ညလုံးလည်း တလူးလူးတလွန့်လွန့်နဲ့ အိပ်လို့မရ။ သမီးကြီး မကေခိုင်တုန်းက အပျောစိတ် နဲ့အပြင် တက်ကြွခြင်းအပြည့်နဲ့ ထွက်သွားတဲ့သူမို့ စိတ်ပူမိ ပေမဲ့ ဒါလောက် သောက မရောက်ခဲ့မိပါဘူး။
သားကြီး ခင်မောင်ဝင်းခန့်တုန်းကလည်း ယောက်ျားလေးဖြစ်တဲ့အပြင် စီမံဖန်တီးနိုင်တဲ့ သားရဲ့အစွမ်း အစကို ယုံကြည်ထားမိတာလည်း ပါတော့ဒါလောက် စိတ်မပူမိဘူးပေါ့။ သမီးလေးတွေ ပို့ရမယ့်အလှည့် ကျတော့ထောင့်စေအောင် စဉ်းစားပြီး လိုက်ပူနေမိပါတယ်။ သမီးတို့ရောက်ကြမှာက နယူးယောက် မြို့က အပြည်ပြည် ဆိုင်ရာလေဆိပ်လေ။ အဲဒီကမှ ပြည်တွင်း ကိုထွက်မဲ့လေယာဉ် ကို ပြောင်းစီးရမှာ ဖြစ်တော့ နယူးယောက်လို မြို့ကြီးမှာ မသွားတတ်မလာတတ်၊ မျက်စိသူငယ်ဖြစ်နေကြရင် တစ်ဒုက္ခလို့ တွေးပူမိပြန်ရော။
ကျွန်မမှာ တစ်ခုကံကောင်းတာက လိုအပ်ရင် ၀ိုင်းဝန်းကူညီပေးမဲ့ မိတ်ဆွေကောင်းတွေ နေရာတိုင်းမှာ ရှိနေတတ်လို့ အဆင်တော့ပြေပါသေးတယ်။ ကေခိုင်သွားမယ်ဆိုတုန်းက ကျွန်မစိတ်ပူမိတာကို မိတ်ဆွေ YMCA က ဗိုလ်မှူးဖိုကျော်ကို ပြောပြတော့ ခရစ်ယာန်သာသနာပြု ဆရာဦးသက်ကြီးနဲ့ တွေ့ ဆုံပေးပါတယ်။ ဆရာ ဦးသက်ကြီးကလည်း ဘယ်လောက်များစေတနာ ကောင်းရှာလဲဆိုရင် နယူးယောက်မှာ ရှိတဲ့ဘုရားကျောင်းက ပရဟိတ အကျိုးဆောင် အမျိုးသမီးတစ်ဦးကို လေယာဉ်ကွင်း လွှတ်ပြီးသမီးကို ကြိုပေးတဲ့ အပြင် ပြည်တွင်းထွက်မယ့် လေယာဉ်ပေါ်အထိ ရောက်အောင်ပို့ပေးဖို့ အထိတာဝန်ယူပေးပါတယ်။ ကျွန်မမှာ ဦးဖိုးကျော် နဲ့ ဆရာဦးသက်ကြီးကိုကျေးဇူးတင်ရှိလို့ မဆုံးနိုင် အောင်ပါဘဲ။
အခုလည်းယမင်း မထွက်ခင်ကတည်းက ကေခိုင်တုန်းက အကူအညီပေးသလို သမီးယမင်း ကို စောင့် ရှောက်ပေးဖို့ ဆရာဦးသက်ကြီးကိုပဲ ထပ်ပြီးအပူကပ်ရတော့တာပဲလေ။ ဒါကြောင့် ယမင်း နယူးယောက် ကိုရောက်တဲ့အချိန်မှာ ကြိုပေးမယ့်သူ ရှိနေပြီးသားမို့ ဒီအတွက်တော့ စိတ်အေးရသေးတယ်ပေါ့။ မယမင်း ထွက်သွားပြီး ရင်တမမရှိနေရာက တစ်ရက်ခွဲကြာတဲ့အချိန်မှာ သားကြီးဝင်း ဆီက ချောချော မောမောရောက်ကြောင်း ဖုန်းဆက်လာမှပဲ ကျွန်မလည်ရင်ထဲက အလုံးကျသွားပေတော့တယ်။ "ကောင်းရာညွှန်လတ်၊ အတတ်သင်စေ"ရတာလည်း တယ်တော့ မလွယ်လှပါလားနော်။
သမီးယမင်း ထွက်သွားပြီတဲ့နေက် မာမီ့ကိုလည်း ဂရုစိုက်ကြည့် နေရပါသေးတယ်။ လွန်ခဲ့ တဲ့ နှစ်နှစ် လောက်ကတည်းက မာမီ့မှာ နှလုံးရောဂါစပြီး ရှိလာတာလေ။ တစ်နေ့မှာ မာမီက အိပ်နေရင်းက ကျွန်မ ကို လှမ်းခေါ်ပြီး "သမီး မာမီ့နှလုံးကို စမ်းကြည့်စမ်းပါဦး၊ မီးရထားခုတ်နေသလိုပဲ"တဲ့။ ရင်ဘတ် ပေါ်လက်တင်ကြည့် လိုက်တော့ တကယ်ပါပဲ။ တဒိုင်းဒိုင်းကို ခုန်လှုပ်နေတာနော်။ အပြုံးမပျက် ပြောနေ တဲ့မာမီ့ ကိုကြည့်ပြီး စိတ်ပူ လိုက်တာ ချက်ချင်းပဲကားနဲ့ ဆေးရုံကို ခေါ်သွားပါတယ်။ အရေးပေါ် ကနေ ဒေါက်တာ ဦးဘဖေဆီပြကြည့်တော့ မာမီ့ရဲ့နှလုံးက အဆမတန်ကြီးနေ တာတဲ့။ သွေးတိုး ကလည်းရှိ၊ နှလုံး ကလည်းမကောင်းတာမို့ ဆရာန့ဆက်ပြပြီး ကုသနေတာ ကြာပါပြီ။
အခုဘွားလေးကလည်းဆုံး၊ ယမင်းကလည်းအမေရိကားထွက်သွားဆိုတော့ ကျွန်မတို့နည်းတူပဲ မာမီ လည်း ခံစားရမှာ မုချမလွဲပါဘူး။ ဒါကြောင့် မာမီ့ရဲ့အရိပ်ကို ဂရုစိုက်ပြီးကြည့်နေရတာပေါ့။ မန္တလေးက တည်းကဘွားလေး နဲ့ အတူပါလာတဲ့ ကျွန်မညီမ၀မ်းကွဲ ကြည်ကြည်ဝင်းကလည်း ဘွဲ့ရထားပြီး အလုပ် မရှိဖြစ်နေတာ မို့ ဌေးဌေးတုန်းကအတိုင်း အလုပ်ရှာပြီး အိမ်မှာပဲနေခိုင်းလိုက်ပါတယ်။ သူ့ခမျာလည်း အလုပ်ရပြီ ဆိုတော့ ၀မ်းတွေသာ၊ အားတွေရှိလို့ပါပဲ။
ယမင်းအမေရိကား ကို ရောက်သွားပြီး သုံးလေးပတ်ကြာတော့ ပထမဦးဆုံး ရေးလာတဲ့စာကို ဖတ်ရပါ တယ်။ ဘယ်လောက် ခံစားပြီး ဘယ်နှရက်ကြာအောင်ရေးလေတယ်မသိဘူး။ စာမျက်နှာက သုံးဆယ့် ငါးမျက်နှာနော်။ အမေကို အကြီးအကျယ် ချဲပြီးရန်တွေ့ထားတဲ့စာလေ။ ၁၇နှစ်၊ ၁၈နှစ်ဆိုတာ ကလေးပဲ ရှိသေးတယ်။ အမေ့ရင်ခွင် မှာ နေရမဲ့ အရွယ် ကိုဖေ့ဖေ့စကားကို နားထောင်ပြီး သူ့ကိုကမ္ဘာဟိုဘက်တစ် ခြမ်းကွာတဲ့ ဒါလောက်ဝေးလံ တဲ့ နေရာကြီးကိုပို့လိုက်တာ လုံးဝမတရားဘူး ဆိုတာလည်းပါရဲ့။ အမေရိကားက ကြီးကျယ် ခမ်းနားပြီး တိုက်ကြီးတွေ မိုးထောင်နေ တာရော ဘာလုပ်ရမှာလဲ။ ရုပ်ရှင်ထဲ မှာမြင်ဖူးသားပဲတဲ့။
မကျေနပ်တဲ့ စကားတွေကတော့ စုံလို့ပါပဲ။ ကလေးပီပီ၊ ရန်တွေ့ထားတာတွေက ပြုံးချင်စရာလည်း ပါရဲ့။ အသည်းနှလုံး ကို ဆွဲဆုတ်လိုက်သလို ရင်မှာနာကျင်ပြီး ထိခိုက်ကြေကွဲစရာတွေလည်းပါရဲ့။ နှစ်ပေါင်းကြာလို့ အသေးစိတ်တော့ မမှတ်မိတော့ပါဘူး။ စာဖတ်ပြီးကျွန်မချုံးပွဲချငိုလိုက်မိပါတော့တယ်။ သူပြောတဲ့အတိုင်း မိခင် တစ်ယောက်အနေနဲ့ သမီး ရဲ့ရှေ့ကမားမားရပ်ပြီး ဦးမြလှိုင်ကိုရင်ဆိုင်သင့်ပါ လျက်နဲ့ ကျွန်မဘာလို့များ ခုထက်ထိ ဦးမြလှိုင် ရဲ့လွှမ်းမိုးခြင်းကို ခံနေမိပါလိမ့်ဆိုတာလည်း တွေးပြီး ငါလုပ်တာ မှားများသွားပြီလား လို့ ဝေခွဲမရဖြစ်ရပြန်ပါရော။ အတိတ်လမ်းကို ပြန်လျှောက်မိတဲ့ခုချိန် မှာတော့ မိသားစုတွေ ပြန်ပြီး စုစည်း မှုဖြစ်လာတဲ့ အတွက် ဦးမြလှိုင်ကို ကျေးဇူးတောင်တင်မိပါသေး တယ်။ ဒါကြောင့် အဖြစ်အပျက် အခြေအနေ တစ်ခုရဲ့ အကောင်းအဆိုး၊ အမှန်အမှားဆိုတာ အချိန် ကာလနဲ့တိုင်းတာရတယ်ဆိုတာကို သဘောပေါက်မိ ပါတယ်။
ဒီအတွင်း ဦးကျော်ဇောလည်း ဘွားလေးရဲ့ အသုဘကိစ္စပြီးတော့ မန္တလေးကိုပြန်သွားလေရဲ့။ တစ်နေ့ မှာ ဖုန်းဆက် လာပါတယ်။ "တိုက်တစ်လုံး ၀ယ်ဖို့စကားဆိုထားတယ်၊ စာချုပ်လက်မှတ်ထိုးဖို့ လိုက်လာခဲ့ပါ"တဲ့။ ကျွန်မ စိတ်တိုသွားတာပဲ။ လက်ရှိတိုက်တောင်မှမပြီးနိုင်သေးလို့ ငွေကျပ်နေရတဲ့ အထဲနောက်တစ်လုံးဝယ်ဖို့ သူမို့ စဉ်းစားတယ် ဆိုပြီး ဖုန်းပေါ်မှာကျွန်မက အချေအတင်ပြောတော့ "အေးပါ၊ လိုက်သာလာခဲ့ပါ၊ ဒီကျရင်ခင် စိတ်ကျေနပ်စေ ရမယ်"တဲ့။ "ဘာမှန်းမသိဘဲ မလာပါဘူး"လို့ ဆိုတော့မှ ရှင်းပြပါတယ်။ သူကကျွန်မကို Surprise လုပ်ဖို့ ရည်ရွယ်ထားထာတဲ့လေ။
ရောင်းမဲ့ တိုက်ရှင် က တခြားလူမဟုတ်ပါဘူး။ ကျွန်မရဲ့ညီမ၀မ်းကွဲ တော်တဲ့ တင်တင်လှိုင်ပါ။ သူ့ခင်ပွန်း ဗိုလ်မှုးကြီးအောင်ကြူး ရုတ်ရက်ဆုံးပါးသွားတော့ အလုပ်ကအနားယူရင်း နေကြမယ်ဆိုတဲ့ စိတ်ကူး နဲ့ဝယ်ထား တဲ့ ပြင်ဦးလွင်ကတိုက်ကို အစီအစဉ်ပြောင်းပြီး ပြန်ရောင်းမယ်ပြောတာနဲ့ ဦးကျော်ဇောက ၀ယ်ဖို့ စကားပြောထားတာတဲ့။ ဒီတော့မှ ကျွန်မလည်း မန္တလေး ကို လိုက်သွားဖြစ် တယ် ပေါ့။ ဆွေမျိုး ချင်းရောင်းတာဖြစ်လို့ ပွဲခမပါတဲ့အပြင် ပြင်ဦးလွင်လို နေရက မန္တလေးလောက် တန်ဖိုး မကြီးတာ မို့ ကျွန်မတို့ လက်လှမ်းမီတဲ့ ငွေအတွင်းဖြစ်တာကြောင့် ၀ယ်ဖြစ်သွားပါရော။
ပြင်ဦးလွင်ဈေး နဲ့လည်း သိပ်မလှမ်းဘူး။ နေရာလေးက အေးအေးချမ်းချမ်းနဲ့ တစ်ထပ်တိုက်ကလေး ဖြစ်လို့ ကျွန်မတော်တော် သဘောကျသွးပါတယ်။ ကလေးတွေအားလုံး ကျောင်းပြီးလို့ ကျွန်မတို့တစ် တွေအဘိုးကြီး၊ အဘွားကြီးဖြစ် တဲ့အချိန် အနားယူချင်တဲ့အခါ အေးအေးဆေးဆေး အပန်းဖြေလာနေ ဖို့အတွက် အတော်ပဲ ဆိုပြီး စိတ်ကူးတွေယဉ်လိုက်သေးရဲ့။ တိုက်ဝယ်ပြီးတော့လည်း လူမနေဘဲ ဒီအတိုင်းထားရင် မီတာဘောက်စ်တွေ၊ ဘာတွေလူဖြုတ်မှာစိုးရိမ်ရတယ် ပြောတာနဲ့ အိမ်ချင်းကပ် လျက်က သူတို့ရဲ့တပည့်တစ်ဦး ကို စောင့်ရှောက်ပေးဖို့အပ်ပြီး ကြည့်ရှုခပါ တစ်ခါတည်း စီစဉ်ခဲ့ရတာ ပေါ့။ ဒီလိုနဲ့ မန္တလေး ကိုပြန်ဖြစ်တိုင်း ပြင်ဦးလွင်အိမ်လေးဆီ တစ်ရက်နှစ်ရက် တက်သွားပြီး အပန်းဖြေနား နေဖြစ်ပါတယ်။ ထင်းရှူးတော မှာ လမ်းလျှောက်ရတာကိုက အမောပြေပါဘိခြင်း။ တိုက်ဝယ်လိုက်တာ မာမီ့ကိုပြောပြတော့ မာမီကပြင်ဦးလွင် ဆိုတာနဲ့ သဘောတွေကျလို့ ပြန်နေချင်တယ် ဖြစ်ပါလေရော။ မာမီ စိတ်ချမ်းသာအောင် ကလေးတွေ ကျောင်းပိတ်ရက် မှာ တစ်လနှစ်လ ကလေးတွေနဲ့အတူ ပို့ထား မယ်လို့တောင် စိတ်ကူးထားမိ ပါသေးတယ်။ မန္တလေးတိုက်ကလည်း လက်စသတ်နေပြီဆိုတော့ ကျွန်မတို့ အသက်ရှူချောင်တော့ မဲ့ ရှေ့ရေး ကိုမျှော်တွေးပြီး အားတွေ လည်း တက်လို့။
လူတွေဟာ အနာဂတ်မှာကောင်းတာတွေဖြစ်လာလိမ့်မယ်၊ ငွေကြေးပြည့်စုံချမ်းသာလာရင် အဆင်ပြေ မှာပဲ၊ ကိုယ့်ကို နားလည်တဲ့သူနဲ့ တွေ့ရင်စိတ်ချမ်းသာမှာပဲ။ သားသမီးတွေပညာတတ် ဖြစ်လာကြရင် ကြည်နူး ဂုဏ်ယူစရာ ပဲ။ အသက်ကြီးတဲ့အခါ အနား ယူရင်း ငြိမ်းငြိမ်းချမ်းချမ်းရှိမှာ ပဲစတဲ့ ရှေ့က မမြင်ရ တဲ့ နှစ်တွေကို မျှောတတ်ကြတယ်နော်။ တကယ်က အတိတ် ဆိုတာကလည်း ပြီးခဲ့ပြီ။ အနာဂတ်ဆိုတာက ကိုယ် မပိုင်ဘူး။ လက်ရှိအချိန်ကသာ တန်ဖိုးအရှိဆုံးဆိုတာ မေ့နေတတ်ပါတယ်။ အဲဒီလူတွေထဲမှာ ခင်မကြီး ဆိုတဲ့ ကျွန်မ တစ်ယောက်လည်းအပါအ၀င်ပေါ့လေ။
ဆက်ရန်
.

2 comments:
I am waiting for your new posts .. Mama Shwezin.
မမရွှေစင်ရေ
အားလဲနာတယ်ခင်လဲခင်ပါတယ် အပိုင်း၃၂ လေးမြန်မြန်လေးတင်ပေးပါနော်
ချစ်ခင်စွာ
KKN
Post a Comment