ထိုမျှ အရင်းအနှီးကြီးမားစွာ ပိုးကြေးပန်းကြေးပေးလျက် ရည်းစားအဖြစ် ရယူထား သော ခင်ခင် တစ်ယောက် ကျွန်တော့် အား တစ်ပတ်ရိုက်သွားသည်မှာ ကြားရသူအဖို့ လက်ခုပ် သြဘာပေးခြင်း ထက် လည်မျိုအား တုတ်ကြီးကြီးဖြင့် ရိုက်သတ်ရန် ပင် ကောင်းလိမ့်ဟု ထင်မိ ပါသည်။
“သိပ်မများ ပါဘူး၊ မမစိန်” “အင်းလေ ...၊ မောင်မြလှိုင် တို့လို သူဌေးသားတွေအဖို့တော့ မပြောလောက်ပေ မယ့် ဆင်းရဲသားအဖို့တော့ ရင်းလောက်နှီးလောက် ငွေတွေပဲလေ မမတို့လည်း မသိပါဘူး ကွယ်၊ ခင်ခင့် ညီမ တင်တင် က မောင်မြလှိုင် တစ်ယောက် သူ့အစ်မ အပေါ် ငွေကြေး အကုန်ခံ ရက်ရောတာ ပြော တာကြားရလို့ အံ့သြမဆုံးပါပဲကွယ်” ကို ဆက်ဖတ်ရန် ..............
“ကျွန်တော် ... နောက်ကို မဖြစ်တော့ပါဘူး မမစိန်၊ တစ်ခါသေဖူးပျဉ်ဖို့ နားလည်သွားပါပြီခင်ဗျာ ...ဟီး ...ဟီး”
“တကယ်ပြောတာလား မောင်မြလှိုင်ရဲ့”
“တကယ်ပါ ကျွန်တော် ကတိပေးပါတယ်”
“ကောင်းပါလေ့ မောင်မြလှိုင်ရယ်၊ မမတို့ ကြားတာတော့ မောင်မြလှိုင်တင်တင်နဲ့ ထပ်ဆက်နေတယ်လို့ ကြား တာပဲ”
“ခင်ဗျာ”
“အော် … တင်တင်နဲ့ ထပ်ဆက်နေတယ်ဆို … မဟုတ်လား”
ကျွန်တော်သည် စောစောက ပစ်လိုက်သော ပိသာလေးထက် ဒဏ်ပြင်းသော တုတ်တိုနှင့် လည် ပင်စကို ဖြတ် ရိုက်ခံ လိုက်ရသည့် အလား “ခင်ဗျား” ဟူသော အာမေဋိတ်သံတစ်ခုသာ ထွက်လာ နိုင်ပြီး ဒေါ်တင်တင်စိန်ကို အံ့သြခြင်း ကြီးစွာဖြင့် ပြူးကြောင်ကြောင် ကြည့်နေမိပါတော့သည်။ ကျွန်တော့်စိတ်ထဲတွင်လည်း ယနေ့ ထွက်လာခဲ့ မိခြင်း သည် မဟာအမှားကြီးတစ်ခုလောက် မှားမိ လေပြီဟုလည်း မိမိကိုယ်ကို မိမိ အပြစ်တင် လိုက်မိ ပါသည်။
“မ … မဟုတ်ရပါဘူး … ခင်ဗျာ”
“မဟုတ်ပါမှပဲကွယ်၊ ဒီပုတ်ထဲက ဒီပဲပဲ နေမှာပေါ့ … သူတို့က မောင်မြလှိုင်နဲ့ အဆက် အသွယ် ဖြစ်လိုက် ရတာ ငွေတွင်းကြီး တစ်ခု တွေ့လိုက်ရသလိုပဲ၊ သုံးမကုန် စားမကုန် ဖြစ်နေကြ တယ်လေ၊ ဒီလိုအမဲမျိုးကို ဘယ် လက်လွတ် ခံနိုင်ပါ့မလဲ …နော”
ကျွန်တော့်မျက်စိများ ပြာဝေလာသည်။ အမဲဆိုသည့် စကားလုံးကို သုံးစွဲလိုက်ခြင်း ခံလိုက်ရ သည့်အတွက် မိမိ ၏ ဂုဏ်သိက္ခာ သည် ရစရာမရှိလောက်အောင် နွမ်းကြေသွားကြောင်း ချက်ချင်း ရိပ်မိလိုက်ပါသည်။ ကျွန်တော့်ဘ၀ သည် မိန်းကလေးများ၏ အလိမ်အနှပ်ခံရသော လူပေါကြီး တစ် ယောက်ဖြစ်မှန်း လည်းဒေါ်တင်တင်စိန် ပြောခါမှပို၍ ထင်းထင်းလင်းလင်း သဘောပေါက်ရပါတော့သည်။
“အို မမ ကလည်း … အစ်ကိုမြလှိုင် သိပ်ရှက်နေပြီလေ”
ခင်ကြည်ကြည် သည် ကျွန်တော့် အခြေအနေကို သိရှိနားလည်သည့် အခြေအနေဖြင့် ဒေါ် တင်တင်စိန်ကို ၀င်၍ ဟန့်တား လိုက်သည်။ ကျွန်တော့်ကိုလည်း အလွန်အားနာသော အကြည့်ဖြင့် ကြည့်နေပါသည်။ ကျွန်တော်သည် သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ပြန်ရန် ပြင်လိုက် သည်။
“ကျွန်တော် ပြန်တော့မယ် … မမစိန်”
“အို … ဘ်ပြန်ရဦး မှာလဲ၊ ညီမလေး အကြည်၊ သွား … လက်ဖက်ရည်နဲ့ ပေါင်မုန့်ထောပတ်သုတ် မှာလိုက် … မြန်မြန် လာပို့လို့ပြော”
“ဟုတ်ကဲ့ … မမ”
ခင်ခင်ကြည်သည် ပြော၍ စကားမဆုံးခင်ပင် ဆိုင်ခုံပေါ်မှ ခပ်သွက်သွက် ဆင်းလိုက်သည်။ ရွှေခြေ ကျင်းကြီးနှင့် ခြေသလုံးသား ဖြူဖြူကလေးသည် ကျွန်တော့်အား မျက်စပစ်သွားသည်။ ခင်ကြည်ာကည်သည် အရပ်ပုသည် မှလွဲ၍ မိန်းကလေးတို့၏ စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်ရှိသူ ဖြစ်သည်။ သူမ၏ အပ်ချည်မျှင် ကဲ့သို့ မျက်ခုံးများသည် တစ်ဘက်မြင့် တစ်ဘက်နိမ့်ဖြစ်သည်။ ကျွန်တော်၏ စိတ်ထဲတွင် အလိုလိုနေရင်း မျက်စချီ ထားသည့်နှယ်ဖြစ်ဘိသည်။
“ဒီလိုရှိတယ် မောင်မြလှိုင်၊ မမတို့ကို မေမေက အပ်ထားတယ် မဟုတ်လား၊ လူငယ်ဆိုတာ ဘယ်လူငယ်ပဲဖြစ်ဖြစ် ချစ်ချင် ကြိုက်ချင် ရည်းစားထားချင် ကြတာပဲလေ၊ မမတို့လည်း ငယ်ရာက ကြီးလာကြသူတွေဆိုတော့ လူငယ်တွေ ရဲ့ အထာ ကို သိပါတယ်၊ ကိုယ်ချင်းလည်း စာပါတယ်၊ ဒါပေမယ့် ရန်ကုန်မှာ၊ မမတို့ မျက်စိအောက် မှာ၊ ဒီလို စကော့ဈေးမှာ မောင်မြလှိုင်တစ်ယောက် မိန်းကလေးတစ်ယောက်နဲ့ မတော်တရော် ဖြစ်သွားတယ် ဆိုရင် မောင်မြလှိုင် တို့ မေမေက မမစိန် တို့အပေါ်မှာ အပြစ်တင်လို့ဆုံးမှာ မဟုတ်ဘူး”
လက်ဖက်ရည် ပို့သော ကုလားလေး လက်ဖက်ရည်နှင့် ပေါင်မုန့်ထောပတ်သုတ်များ လာချပေး သဖြင့် ဒေါ်တင်တင်စိန်သည် သူ့ပြောလက်စ စကားများကို ခေတ္တရပ်၍ ကျွန်တော့်ရှေ့သို့ လက်ဖက်ရည်နှင့် ပေါင်မုန့်ထောပတ်သုတ် ပန်းကန်ကို ထိုးပေး၍ စားစေပါသည်။
ဒေါ်တင်တင်စိန်ပြောသည့် စကားများထတွင် ကျွန်တော့် မိခင်နှင့် ပတ်သက်၍ ကျွန်တော့်အပေါ်၌ တူသားမောင်ငယ် သဖွယ် ကြည့်ရှုစောင့်ရှောက်ရမည့် ၀တ္တရားရှိသည်ဟု ပါရှိ ကြောင်း မှတ်သားလိုက်မိပါသည်။ အမှန်မှာ မိခင်ကြီး အနေဖြင့် ကျွန်တော့်အား ရန်ကုန်သို့ ပို့လွှတ် ပညာသင်ကြားစေရာတွင် မိတ်ဆွေ အပေါင်းအသင်း များကို အားကိုးပြု၍ ထားခြင်းမျိုးမဟုတ်ဘဲ ကျွန်တော့်ကို ယုံကြည်စိတ်ချခြင်း၊ ပညာကို ကြိုးစား သင်ယူလိမ့်မည်ဟု မျှော်လင့်ခြင်း စသည်တို့ ကြောင့်သာလျှင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆယ်ကျော်သက်အရွယ် လူပျိုပေါက်ကလေး တစ်ောက်ဖြစ်လာသော ကျွန်တော်ကဲ့သို့သော လူငယ်တစ်ယောက် သည် ပညာသင်ကြားရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးတို့သည် မိမိအင်အားကို အဓိက ထား ဆောင်ရွက်ရမည့်ကိစ္စပင် ဖြစ်ပါသည်။ ယင်းအကြောင်းအရာကို မိခင်ဖြစ်သူက နားလည် သဘော ပေါက်သည်နှင့်အမျှ ကျွန်တော့်အား ရန်ကုန်ကျောင်းသို့ ပြောင်းရွှေ့အံ့ဆဲဆတွင် မှာကြား သြ၀ါဒ ပြုခဲ့ပြီးလည်းဖြစ်ပါသည်။
ကျန်သောကိစ္စ များတွင်မူ မိတ်ဆွေ အပေါင်းအသင်း ညီအစ်ကိုမောင်နှမ ဆိုသူများသည် ကျွန်တော့် အား နှုတ်၏စောင့်ရှောက်ခြင်းကိုသာလျှင် ပြုကြရမည်သာဖြစ်ပါချေ သည်။
“လက်ဖက်ရည်တွေ အေး ကုန်တော့မယ် သောက်လိုက်ဦး … မုန့်လဲစားပါကွဲ့”
ကျွန်တော် သည် ဒေါ်တင်တင်စိန် တွန်းပေးလိုက်သော လက်ဖက်ရည်ခွက်ကို ယူ၍ မော့ချလိုက် သည်။ ထို့နောက် ပြန်ရန် ဟန်ပြင်လိုက်သည်။ ယနေ့အဖို့ ကျွန်တော်တစ်ယောက် စိတ်၏ ကျဉ်းကျပ်မှုကို အထူးခံစားနေရပါသည်။ မိမိ၏ လျှို့ဝှက်ချက်တစ်ခုဖြစ်သော ခင်ခင်နှင့် ချစ်ရေး ကိစ္စသည် ယခုအခါ ကကြီးမှစ၍ အ အဆုံးကြားလူ များ မသိချင်အဆုံးဖြစ်နေသည်မဟုတ်ပါလား။
“ကျွန်တော် ပြန်လိုက်ဦးမယ် မမစိန်”
“ဘယ် သွားစရာ ရှိလို့တုန်း”
“မရှိပါဘူး၊ ကျောင်းပဲ ပြန်မှာပါ”
“ဒီလိုဆို နေဦးပေါ့၊ မမ လယ်သာကရွမ်းတိုက်ကို သွားပြီး မှာထားတဲ့ သားရေတွေ ရောက်ပလား သွားကြည့် လိုက်ချင်တယ်၊ မောင်နှမနှစ်ယောက် စကားပြောနေကြဦးပေါ့”
မတတ်သာပြီ။ ကျွန်တော်သည် ဒေါ်တင်တင်စိန်ကို ခေါင်းညိတ်လိုက်ရပါသည်။ ဒေါ်တင်တင်စိန် သည် သူ၏ ၀ဖြိုးသော ကိုယ်လုံးကြီးကို လေးလေးပင်ပင် သယ်ယူ၍ ကျွန်တော့်ရှေ့မှ ထွက်သွား ပါတော့ သည်။ ဒေါ်တင်တင်စိန် လမ်းလျှောက်သွားသည်ကို ကြည့်ရသည်မှာ စည်ပိုင်းကြီးတစ်ခုကို လေးပင်စွာ လှိမ့်သွားသည်နှင့် တူလှပါသည်။ သို့သော် သက်ရှိသတ္တ၀ါ ဖြစ်ခြင်းကြောင့် စည်ပိုင်းကြီးကို မလှိမ့်ဘဲ ကြီးမားသော တင်သားကြီးများသည် နိမ့်ချည်မြင့်ချည် မျက်စပစ်သွား သကဲ့သို့ ရှိပါလေသည်။
“အစ်ကို ...”
အစ်ကို ... ဟူသော အသံသည် ကျွန်တော့်အတွေးကို တန့်ရပ် ချောက်ချားစေပါသည်။ ကျွန်တော်၏ အတွေးနှင့် စိတ်အစဉ်သ ည် တဖြည်းဖြည်း လိမ့်၍ ဆင်းသွားသော စည်ပိုင်း သဏ္ဍာန် ဒေါ်တင်တင်စိန် ထံ တွင် ရောက်နေခြင်းကြောင့်ဖြစ်သည်။
“အစ်ကို တစ်ယောက်ထဲ ... ဘာတွေ စဉ်းစားနေတာလဲ ...”
“ဟွန်း ... ဟွန်း ... ကျွန်တော့်အကြောင်း မမစိန်တို့၊ အကြည်တို့ သိနေတာ အံ့သြနေမိတယ်၊ ဘာ ဖြစ်လို့ ခုလောက် အသေးစိတ် သိနေတယ်ဆိုတာ ပြောပြနိုင်ရင် ပြောပြပါလားဟင် ...”
“သြော် ... အစ်ကိုရယ်၊ ဘယ်သူက ပြောရမလဲ ... တင်တင်ပြောတာပေါ့”
“တင်တင် က ဘာတွေ ပြောသလဲ၊ မသိရဘူးလား”
“တကယ်သိချင်သလား ... သိချင်ရင် ပြောပြမယ်၊ ဒါပေမယ့် အကြည့်ကို စိတ်မဆိုးရဘူးနော်”
“ရော ... ဘာလုပ် စိတ်ဆိုးရမှာလဲ၊ တင်တင်က ဘာတွေ အပိုတွေ ပြောထားသလဲဆိုတာ သိချင် လို့ပါ၊ စိတ်လည်း မဆိုးပါဘူး ... ဘယ်သူ့ကိုမှလည်း မပြောပြပါဘူး”
“တင်တင် က ပြောတယ် သိလား၊ ဟင်း ဟင်း ... အဲဒီနေ့က အစ်ကို သူတို့ဆိုင်ကို လာတယ်တဲ့၊ ဟုတ်လား”
“အင်း ...”
“တင်တင်တစ်ယောက်ထဲ တွေ့တော့ ... အစ်ကိုက မေးတယ်တဲ့ ... ဟုတ်လား”
“ပြောမှာသာ ပြောပါကွာ၊ ဟုတ်လား၊ ဟုတ်လား လုပ်မနေပါနဲ့”
“ကြည့်၊ အစ်ကိုတစ်ယောက် ခုထက စိတ်တိုနေပြီ၊ တော်ပြီ ... ပြောမပြတော့ဘူး”
“ပြော မှာသာ ပြောပါ အကြည်ရယ်၊ အစအဆုံး နားထောင်ပြီးမှ ... ဟုတ်လား ... ဆိုတာ မေးပါ၊ ကိုယ်မငြင်း ပါဘူး”
“ကိုင်း ... ဒီလိုဆို သေသေချာချာ နားထောင်၊ အဲဒီနေ့က အစ်ကို သူတို့ဆိုင်ကို လာတယ်တဲ့၊ ခင်ခင်ရော လို့ မေးတယ်တဲ့၊ နောက်ပြီး တင်တင်နဲ့ အစ်ကို ဆန်းကဖေးမှာ အိုက်စကရင် သွားစား ကြတယ်တဲ့၊ တင်တင်က သူ့အစ်မ ခင်ခင် လင်နောက်လိုက်သွားပြီလို့လဲ ပြောလိုက်ရော ... ဟင် ... ဟင် ... အစ်ကိုတစ်ယောက် ကြက်ဖကြီး ကို လည်လိမ်လိုက်သလိုပဲတဲ့၊ ခွိ-ခွိ-ခွိ”
“ဒီလိုပဲ ပြောသလား ... ဟင်”
“တစ်လုံးမှ မလွဲပါဘူး အစ်ကို”
“တောက် ...”
တောက် ဆိုသော အသံထွက်သွားသည့်နောက်တွင် ခင်ခင်ကြည့် မျက်လုံးအစုံတွင် မျက်ရည်များသီးလျက် ရှိနေသည် ကို တွေ့လိုက်ရသည်။
ကျွန်တော့်အဖြစ် က မျက်ရည်ထွက်လောက်အောင်ပင် ရယ်စရာကောင်းနေပါသည်။
“လာ ... ထိုင်ဟေ့ ... မောင်မြလှိုင်”
ကိုဘယုသည် ဖျော်လက်စကော်ဖီခွက်ကို ရေနွေးထပ်ဖြည့်၍ ကျွန်တော့်အတွက် ကော်ဖီ ထပ်နှပ်နေါပသည်။ ကိုဘယု သည် ပခုက္ကူနယ်သားဖြစ်ပြီး ရန်ကုန်တွင် အလုပ်လုပ်ရင်း ၀ိုင်အမ်စီ အေတွင် ငှားရမ်းနေထိုင် လျက်ရှိသည်။ ကိုဘယုကဲ့သို့ ရုံးဝန်ထမ်း အမြောက်အမြားတို့သည် နေရေးထိုင်ရေး စရိတ်သက်သာသော ၀ိုင်အမ်စီအေ တွင် နေထိုင်ကြကုန်သည်။ ကိုဘယုနှင့် အခန်း ချင်းကပ်လျက် နေထိုင်သူမှာ သစ်တော ၀န်ထောက် တစ်ဦးဖြစ်သော ဦးနန်ွးယ်ဆိုသူဖြစ် သည်။ ဦးနန်းနွယ်သည် ဘိလပ်ပြန်တစ်ယောက်ဖြစ်၍ အင်္ဂလိပ်လူမျိုး မျက်နှာဖြူ သစ်တောမင်းကြီး အားနှုတ်လှန်ပြောခြင်းကြောင့် ရာထူးမတက်ဘဲ သစ်တောဝန်ထောက် ဘ၀ဖြင့် ကျောက်ချထား ခြင်းခံရသူဖြစ်သည်ဟု ကိုဘယုထံမှတစ်ဆင့် သိရပါသည်။
“စော ... ချာတိတ် ရောက်နေပြီလားကွ ...””
ပြောပြောဆိုဆို ဦးနန်းနွယ်သည် လေကလေးချွန်၍ ကိုဘယု အခန်းဘက် သို့ ကူးလာသည်။ ရှည် လျား နက်မှောင်သော မျက်ခုံးမွေးကြီးနှစ်ဘက်နှင့် အရောင်လက်၍ ပြောင်နေသည့် သူ့နဖူးကြီး သည် တရုတ် ရုပ်သေးထဲ မှ ဥတည်ဘွားကဲ့သို့ မှတ်ထင်ရသည်။
ဆက်ရန်
နောက်နေ့မှ များများတင်မယ် ရိုက်မပြီးသေးလို့ပါ
.

No comments:
Post a Comment