Tuesday, December 11, 2012

မစန္ဒာ ၏ မစပ်သောငရုပ်, အပိုင်း (၇) ဇာတ်သိမ်းပိုင်း

"ဟေ့... ဟေ့... ဗျို့"
ကားမောင်းသူက အားနာသလို လှမ်းကြည့်ပြီးမှ မနွဲ့ရည်ကို မြင်တော့ ဗလုံးဗထွး ထအော်သည်။ ကား စက်ကို ချက်ချင်း သတ်ကာ ရပ်လိုက်သည်။
"ဟေး... မနွဲ့ရည် မဟုတ်လား" "ဟုတ်ပါ့ရှင်... ကိုခင်ထွန်းရဲ့"
"ကြည့်စမ်း ဘယ်လိုဖြစ်နေတာလဲ၊ စားသောက် ကောင်းတယ်ထင်တယ်၊ ဝလို့ ဖီးလို့၊ ကြည့်ပါဦးဗျာ၊ ဘီးဆံပတ်ကြီး နဲ့ အဘွားကြီးကျနေတာပဲ"
"အဘွားကြီး ပဲရှင့်၊ ကျွန်မအသက် သုံးဆယ့်ငါးနှစ်တောင် ပြည့်တော့မယ်၊ ကြီးပြီပဲဟာကို... ရှင်ကရော ဘီယာတွေ တနေ့ကို ဘယ်နှစ်ပုလင်းလောက် သောက်နေလို့ ဒီလောက် ဝနေတာလဲ"
မနွဲ့ရည်က သူငယ်ချင်းဟောင်းနှင့်တွေ့ရ၍ ရုတ်တရက် ပျော်သွားသည်။ မိုးရေထဲတွင်ပင် ရပ်၍ ဝမ်း သာအားရ ကျယ်ကျယ်လောင်လောင် ပြောမိလေသည်။
ကို ဆက်ဖတ်ရန် ........

"ဒါနဲ့...၊ အခု ဘယ်သွားမလို့လဲ"
"အိမ်ပြန်မလို့လေ"
"အိမ်က ဘယ်မှာလဲ"
"တောင်ဥက္ကလာမှာ"
"ဒီထက် ဝေးဝေးလေး နေရောပေါ့ဗျာ... ကတဲ၊ ကဲ... လာတက်... လိုက်ပို့မယ်"
"အားနာစရာကြီးပါလား"
"တခြားလူတွေမှ မဟုတ်ပဲဗျာ၊ ပိုးဖော်ပိုးဘက် တွေပဲ"
ကိုခင်ထွန်းက တဟားဟားရယ်ကာ ပြောသည်။ ဆယ်ကျော်သက်ကလေးမဟုတ်တော့၍ မနွဲ့ရည်က ရှက်စိတ်ငွေ့ငွေ့လေးပင် မဝဲချေ။ ရွှင်ပျော်စိတ်နှင့်သာ ရယ်မောမိတော့သည်။
"ကားကြီးက ကောင်းလိုက်တာ၊ ဘယ်က ငှားလာတာလဲ"

"သင်္ဘောသားပါဗျ၊ မရောင်းခင်တော့ စီးနိုင်ပါတယ်"
"ချမ်းသာတယ်ပေါ့နော်"
"ချမ်းသာပြီလားဗျာ၊ ကားရောင်းပြီးယင် မြေဝယ်မယ်၊ အိမ်ဆောက်မယ်ဗျ၊ ခင်ဗျားက စိတ်ကူးလွဲခဲ့တာ ကိုး နို့မို့သာဆို ကျွန်တော့်အိမ်မှာ ခင်ဗျားနေရမှာ"
ကိုခင်ထွန်း က နောက်ပြောင်နေပြန်သည်။
"ကျွန်တော်လဲ ခင်ဗျားကို မရတာနဲ့ စိတ်ညစ်ပြီး တွေ့ကရာ မိန်းမတွေ လျှောက်ယူပစ်တာ ကမ္ဘာအနှံ့ပဲ၊ ဂျပန်မှာ တယောက်၊ စင်္ကာပူမှာ တယောက်၊ ယိုးဒယားမှာ တယောက်၊ မလေးရှားမှာ တယောက်..."
"ကိုခင်ထွန်းက ကျောင်းတုန်းကနဲ့ မတူတော့ဘူးနော်"
"ဘာမတူတာလဲ"
"အယင်တုန်း က ဒီလောက် ရယ်စရာ မပြောတတ်ဘူး"

"အယင်တုန်းကတည်းက ဒီလိုပါပဲဗျာ၊ ဒါပေမယ့် အဲဒီတုန်းက ခင်ဗျားကို ပိုးနေတော့ ခင်ဗျားရှေ့ကျ အထင်များကြီးမလား လို့ ခပ်တည်တည် နေရတာပေါ့၊ အခုကျတော့ အဲဒီစိတ်တွေမှ မရှိတော့တာ"
မနွဲ့ရည်၏ရင်ထဲတွင် နွေးကနဲ ဖြစ်သွားသည်။ သူငယ်ချင်းမိတ်ဆွေတို့၏ဖြူစင်သော၊ ရိုးသားသော၊ ခိုင် မြဲသောမေတ္တာတရား ကို ကိုခင်ထွန်း၏ အပြုံးတွင် အထင်းသား တွေ့လိုက်ရသည်။
မိုးက တဖြည်းဖြည်း  ပိုပြီးသည်းလာသည်။ ကိုခင်ထွန်းက ကားကိုကျင်လည်စွာမောင်းနေသည်။ ကားရှေ့မှန် တွင် ဘယ်ညာယိမ်းနွဲ့နေသော မှန်သုတ်တံလေးကို မနွဲ့ရည်က ကြည့်ကောင်း ကောင်းနှင့်ငေး၍ ကြည့်နေမိ သည်။ ကိုခင်ထွန်းက အိမ်ဆောက်မည်ဟု ပြောတော့မှပင် မနွဲ့ရည်သည်လည်း ဗိသုကာ သူငယ်ချင်းများဆီသို့ သွားရဦးမည် ကို သတိရသည်။

တနေ့တနေ့နှင့် ရက်ရွေ့နေမိသောကြောင့် ယခုထိမသွားဖြစ်သေး။ တနေ့တုန်းကတော့ ကီလီဈေး အပြင်တန်းတွင် ဈေးလာဝယ်သော မချိုနှင့်ဖြတ်သွား ဖြတ်လာဆုံမိသေးသည်။ တသိန်းခွဲတန် သစ်သားအိမ်လေး တလုံးလောက် ဆွဲပေးရန်ပြောတော့၊ "ဟာ... မနွဲ့က အိမ်ဆောက်တော့ မယ်လား၊ ဟန်ကျ တယ်ဟေ့၊ ဆွဲပေးမယ်... ဆွဲပေးမယ်၊ ချိုတို့လဲ ကိုယ်ပိုင်အိမ်လေး ဆောက်ချင်လို့ ပိုက်ဆံစုနေတာ တထောင့်ငါးရာလောက်တော့ ရပြီ၊ တသိန်းပြည့်ဖို့ ကိုးသောင်းရှစ်ထောင့်ငါးရာလောက်ပဲ လိုတော့တယ်" ဟု ရယ်မော ၍ ပြောသွားလေသည်။
"အင်း... ပြောပြီးတော့လဲ ပြီးပြီပဲ။ မေ့ပြီထင်ပါရဲ့၊ အိမ်ပုံစံက ခုထိကို ရောက်မလာသေးဘူး"
မနွဲ့ရည် ကတွေးယင်း ပြုံးမိသည်။ ငွေရင်း ခုနစ်ရာနှင့် စခဲ့သော သူ့လုပ်ငန်းသည်၊ ဆယ်နှစ်ခန့် အတောအတွင်း တွင်ပင် အဆပေါင်းများစွာ ပွားလာပြီဖြစ်သည်။

အိမ်တွင်လုပ်နေသော ငါးပိ၊ ငံပြာရည်၊ ငါးခြောက်လုပ်ငန်းကပင် လူအင်အား အတော်သုံးရသည်။ ထမင်းကျွေး၊ အဝတ်ကြမ်းဆင်၊ တလသုံးရာ၊ အလုပ်သမားက သုံးယောက်၊ တလနှစ်ရာ၊ အလုပ်သမားက လေးယောက်၊ သို့သော် သူတို့ အကုန် လုံးက ဆွေမျိုးနီးစပ်များဖြစ်သည်။ မနွဲ့ရည်က သူတို့ကို ညကျောင်းတက်ခိုင်းသည်။ စာမေးပွဲဖြေ ခိုင်းသည်။ ထို့ကြောင့် တခါတရံ အရေးပေါ် အလုပ်များလျှင် နေ့စားတွေခေါ်ရသေးသည်။ တလောတုန်း က ရခိုင်ဘက်တွင် ဖမ်းမိသော ပိဿာချိန်တထောင်ကျော်ရှိသော ငါးမန်းကြီးကိုလိုချင်သူ၊ ငါးခြောက်ခွဲ ချင်သူ အတော်လေးများ သည်။ မနွဲ့ရည်ကတော့ အသာလေး နောက်ဆုတ်နေချင်သည်။ ငါးကကြီး လွန်းလျှင် အဆီများသည်။ ငါးခြောက်ခွဲပြီးလှမ်းလျှင် အဆီတွေ စစ်ကျသွားပြီး အသားက ဘာမှမတင်သည် ကို အတွေ့အကြုံအရ သိထားလေသည်။
"မနွဲ့ရည် ဘယ်က ပြန်လာတာလဲ"
"ကီလီကလေ"
"ဈေးသွားဝယ်တာလား"
"ဘယ်ကလာ... ဈေးသွားရောင်းတာရှင့်"
"သြော်... ငါးပိ၊ ငံပြာရည်လား"

"ကျွန်မ ကီလီမှာ ငါးရောင်းနေတာ ကိုခင်ထွန်း မသိသေးဘူးထင်တယ်၊ ကျွန်မက ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အလုပ်ကို အိမ်က လူတွေနဲ့ လွှဲထားပြီး၊ ဒီမှာ ငါးအစို လာရောင်းသေးတယ်"
"သြော်... လောဘတွေ... လောဘတွေ"
ကိုခင်ထွန်းက ရယ်သွမ်းသွေးပြန်သည်။
"ကိုယ်တတ်တဲ့ပညာကို ဘယ်လိုအသုံးချပြီး နိုင်ငံတော်အကျိုး ဘယ်လိုပြုလိုက်မယ်ဆိုတာတွေ မပြော တော့ဘူး လား ဒေါ်နွဲ့ရည်ရဲ့"
မနွဲ့ရည်၏ မျက်နှာသည် ရှိန်းကနဲ ပူသွားသည်။ ရင်ထဲတွင် ဗလောင်ဆူ၍ လှုပ်ရှားလာသည်။ ထို့နောက် မချိပြုံး ပြုံးမိလေ သည်။
"အခု ကျွန်မ မိဘမောင်နှမတွေကို ကောင်းကောင်းကျွေးနိုင်တယ်။ သမီးလေးကိုလဲ ကောင်းကောင်း ကျွေးနိုင်၊ ဆင်နိုင်တယ်၊ အိမ်မှာ မောင်ဝမ်းကွဲတွေကို ထမင်းကျွေး၊ အလုပ်ပေးပြီး ကျောင်းထားပေး ထားတာတွေလဲ တလှေကြီးပဲ၊ ထွန်းထွန်း အမေလဲ အခု ကျွန်မ အိမ်မှာပဲ။ တနေ့တနေ့ ထမင်းချက်ရတာ၊ ဟင်းချက်ရတာ အလှူအိမ် လို ချက်နေရတာ။ ဒါပေမယ့် ကျွန်မဝင်ငွေနဲ့ ကျွန်မ ချက်နိုင်တယ်။ ကျွေးနိုင်တယ်၊ လက်ထဲမှာလဲ စုမိဆောင်းမိသေး တယ်။ ကဲ... အဲဒီလိုဘဝကို ရှင်က မအောင်မြင်ဘူး ပြောချင်လို့သာ ကိုခင်ထွန်းရဲ့"

"မပြောဝံ့ပါဘူးဗျာ"
"ဒါပေမယ့် ကျွန်မ ပျော်တယ်ထင်သလားဟင်...၊ သိပ်ပျော်နေတယ်၊ သိပ်ကျေနပ်နေတယ် ထင်သ လား၊ အပတ်တကုတ် သင်ခဲ့ရ တဲ့ ပညာလေးကို မေ့ပြီထင်သလား၊ လွှင့်ပစ်လိုက်ပြီ ထင်သလား...၊ ကျွန်မ ခေါင်းထဲက ဦးနှောက် ကို အကန့်လုပ်၊ အခန်းဖွဲ့ပြီး အဲဒီပညာကို သိမ်းထားပါတယ်။ အခွင့်အခါ သင့်ယင် အခြေအနေပေး ယင် ထုတ်ပြီး အသုံးချချင်ပါသေးတယ်"
မနွဲ့ရည်က ပြောယင်း မျက်ရည်ဝဲလာသည်။ နောက်ပြောင်ရယ်မောနေသော ကိုခင်ထွန်း၏မျက်နှာ သည်လည်း တည်ကြည် သွားသည်။ မနွဲ့ရည် ကို စာနာစွာ လှမ်း၍ ကြည့်သည်။
"ကျွန်တော် လဲ ဒီလိုပါပဲ မနွဲ့ရည်ရယ်"

ကိုခင်ထွန်းက ခပ်တိုးတိုးပြောကာ ကားလီဗာကို ဖိ၍နင်းသည်။ ကားကလေးက တရိပ်ရိပ်နှင့် ပြေး သည်။ မိုးစက်မိုးမှုန်လေး များက ကွဲကြေလွင့်စဉ်ပြီး ကျန်ရစ်ခဲ့သည်။
ထိုနောက်တွင်တော့ သူတို့နှစ်ယောက် စကားမပြောမိ၊ မရယ်မောမိကြတော့ပေ။ ကိုယ့်အတွေးနှင့် ကိုယ် ငြိမ်၍နေမိ ကြ သည်။ တောင်ဥက္ကလာရောက်တော့ ကားလမ်းက ကြမ်းလာသည်။ ကိုခင်ထွန်းက လမ်းပေါ်မှ ချိုင့်ခွက်များကို သတိထားပြီး ရှောင်၍မောင်းနေသည်။ "ကျွန်မကို လိုက်ပို့ရတာ ရှင့်ကား လေးတော့ အတော်နာ သွားပြီ၊ တထောင်လောက် ဈေးလျှော့တော့မှာပဲ" ဟု နောင်ပြောင်ရန် စဉ်းစားမိ သော်လည်း စိတ်ထဲတွင် မရွှင်လှ ၍ ဘာမျှမပြောဖြစ်။
"ရပ်တော့ ကိုခင်ထွန်း၊ အဲဒီလမ်းထိပ်မှာပဲ ရပ်တော့၊ ကျွန်မ ဆင်းလျှောက်သွားတော့မယ်"
မနွဲ့ရည် က ငွေအိတ်ကိုပိုက်ကာ ကားပေါ်မှ ဆင်းသည်။ ခေါက်ထီးကို ဖွင့်ဆောင်းသည်။

"ဟောဒီမှာ အထုပ်တထုပ်...၊  ကားထဲ ပါလာယင်တော့ ပြန်မရဘူးနော်၊ တခါတည်း ယူထားလိုက် မှာ၊ မှန်း... ကြည့်စမ်းမယ် ရွှေတွေများလား"
ကိုခင်ထွန်းက ကားထဲတွင် ပါလာသော အိတ်တအိတ်ကို လှမ်းပေးသည်။ ဈေးကဝယ်လာသော ငရုတ်သီး အတောင့်ကြီး များဖြစ်သည။
"ငရုတ်သီးတွေလေ၊ အစာသွတ်ပြီး နှပ်ယင် ကောင်းတယ် ဆိုတာနဲ့"
"မစပ်ဘူးလားဗျာ"
"ဟင့်အင်း... မစပ်ဘူး"
"သြော်... မစပ်တဲ့ငရုတ် လဲ ရှိသေးတယ်နော်"
ကိုခင်ထွန်းက ကားစက်နှိုးယင်း ပြုံး၍ပြောသည်။ တဆက်တည်းပင် "သွားတော့မယ်" ဟု လက်ပြ၍ နှုတ်ဆက်သည်။ ကားကလေးလည်း ရိပ်ကနဲ ပြေးထွက်သွားလေသည်။
မနွဲ့ရည် သည် လျှပ်ပန်းလျှပ်နွယ်များနှင့် ပြိုးပြက်လက်နေသော ကောင်းကင်ကို မော်ကြည့်ယင်း မိုးရေထဲတွင် ရပ်နေမိသည်။ ဟိုး ငယ်ငယ်ကလေးဘဝတုန်းက အဖေပြောခဲ့သော စကားကို ဖြတ်ကနဲ သတိ ရသည်။ "ငရုတ်သီးဖြစ်ပြီး မစပ်ယင် ဒီငရုတ်သီးဟာ တာဝန်မကျေတဲ့ ငရုတ်သီးပဲ" တဲ့။

မျက်လုံးအိမ်တွင် စိမ့်အိုင်ဝေ့လည်လာသော မျက်ရည်များက မိုးထုများနှင့်အတူ ပါးပြင်ပေါ်သို့ စီးကျ လာသည်။ ထို့နောက် ရင်ထဲ မှာ တီးတိုး ပြောလိုက်မိသည်။
"ကိုခင်ထွန်းရယ်... ရှင်ရော ကျွန်မရော ဟောဒီက ငရုတ်သီးတွေလိုပဲ။ မစပ်တဲ့ ငရုတ်တွေဆိုတာ ရှင် သိရဲ့လား"
မနွဲ့ရည် သက်ပြင်းတချက်ရှိုက်သည်။
ထဘီ ကို လက်တဘက်နှင့်မယင်း မိုးရေထဲတွင် လမ်းလျှောက်လာသည်။

အယင်တုန်းကတော့ အင်ဂျင်နီယာ မနွဲ့ရည်၊
အခုတော့ ငါးပွဲစား မနွဲ့ရည်၊
ဘာဖြစ်သေးလဲ၊
ဘယ်သူ ဘာပြောချင်သေးလဲ... ကဲ...။

ပြီးပါပြီ
မစန္ဒာ

ဝန်ခံချက်။    ။ကီလီဈေးမှ ဒေါ်နွဲ့ကိုအကြောင်းပြု၍ မနွဲ့ရည်ကို ဖန်တီးပါသည်။ သို့သော် ဒေါ်နွဲ့ သည် မနွဲ့ရည်မဟုတ်ပါ။

.

4 comments:

ဧပရယ်လ်ပူး@ပူးတေ said...

မမရွှေစင်
မောင်သာရကေ ဆက်ရေးဦးမှာလားဟင်
မစပ်သော ငရုတ်ဖတ်ရင်း မျက်ရည်ကျမိတယ်...ဇာတ်လမ်းလေးက အခုခေတ်နဲ့လဲ ကိုက်နေသေးတယ်နော်...

AMK said...

သိပ်ကောင်းတာပဲ မစပ်တဲ့ ငရုတ် ၇င်ထဲတောင်ေ၇ာက်တယ်.ကျေးဇူး အစ်မကြီး

SHWE ZIN U said...

မောင်သာရ ရဲ့ ငရုပ် မှန်လျှင် စပ်ရမည် ဆက်တင်ပါမယ် လောလောဆယ် ရှေ့က တစ်နဲ့နှစ် က စာရွက်စုတ်နေလို့ လိုက်ရှာရအုန်းမယ်

ဧပရယ်လ်ပူး@ပူးတေ said...

ကျေးဇူး မမရွှေစင်