Monday, December 3, 2012

မစန္ဒာ ၏ မစပ်သောငရုပ် အပိုင်း (၁)

မစန္ဒာ
မစပ်သောငရုတ်

"ဖြစ်ချင်တာလဲ မဖြစ်ရပါ။ မဖြစ်ချင်တာတွေလဲ ဖြစ်ရတာ။ သုံးဆယ့်တဘုံ ၀ဋ်အတွင်းမှာလ၊ ကရွတ် ကင်းလျှောက် တဲ့ တေးပုံပမာ၊ အဲဒါ....အဲဒါ....အဲဒါ ဘ၀သံသရာ"
အထမ်းသမား ကိုကြာရိုးက ငါးစည်အပေါ်တွင် တင်ပျဉ်ခွေထိုင်ယင်း ဟစ်ဆိုလိုက်သည်။
"သြော်...ဘ၀ သံသရာတဲ့၊ ရှည်လျား၊ ထွေပြား၊ မနေမနား၊ တသွားတည်းသွားကြတာ၊ ခရီးပန်း တိုင် မရေက်မချင်း၊ တယောက်ဆင်း တယောက်တက် ဆက်လက်ထွက်ခွာလာ၊ သြော်...လောဘ ရယ်...ဒေါ...ဟော...ဟော...ထွီ...ဒီခြင်...ငါမျိုချလိုက်ပြန်ရော့မယ်"
ပါးစပ်ပေါက် ထဲ တည့်တည့်တန်းဝင်လာသော ခြင်ကြောင့်ကိုကြာရိုး စည်းစိမ်ပျက်သွားသည်။ ငါးညှီ ရေများနှင့် စိုနေသော သမံတလင်းကြမ်းပေါ်သို့ ထွီကနဲထွေးချလိုက်သည်။ သူ့တံတွေးက ခုံဖိနပ်ကြီး တဂေါက်ဂေါက်နှင့် လျှောက် လာသော မအေးမြင့်ကို မထိတထိသွားစဉ်လေသည်။ မအေးမြင့်က မျက်စောင်းနှင့်ကြည့်ယင်း "မအေပေးနော်" ဟု ပြောသွားသော်လည်း ကိုကြာရိုးက ပန်းပွင့်နှင့် ပေါက် သလောက် ပင် ထင်ပုံရသည်။ တဟဲဟဲရယ်ယင်း မအေးမြင့်၏ နိမ့်တုံမြင့်တုံ တင်ပါးစုံ နှစ်ဘက်ကို မျက်စိတဆုံး လိုက်ကြည့်နေလေသည်။

"ဒီကြာရိုးကြောင့်တော့ခက်တယ်၊ မိန်းမများမြင်ယင် နွားပြာကြီး အောက်သွားမရှိတော့တဲ့အတိုင်း တဟဲဟဲနဲ့"
မနွဲ့ရည်က မသိမသာလှမ်းကြည့်ယင်း တွေးမိသည်။
"ငါ့အလုပ်သမားတွေကလဲ အကုန်လုံးက ဇကလေးတွေနဲ့၊ သောင်းမြင့်ကျတော့ အားအားရှိဖဲဝိုင်း ပဲသွားချင်နေ တာ၊ ကိုယ့်မောင်ဝမ်းကွဲတွေကျတော့ အားကိုးရမလား အောက်မေ့ပါတယ်၊ သူတို့ ကိုယ်သူတို့ သဌေးသားတွေ ထင်နေကြ တယ်၊ အလုပ်လုပ်လိုက်ယင် စိတ်မ၀င်စားသလိုလို ၀င်စားသလိုလို၊ မလှုပ်တုတ်ချောက်နဲ့၊ ငါးနံ့ညှီယင် ပဲ နှာခေါင်းက ရှုံ့ချင်သေး၊ ဒီငါးတွေက သူတို့ ကိုထမင်းကျွေးနေတာ ဆိုတော့ မေ့များနေကြ သလား မသိပါဘူး"
မနွဲ့ရည်က ခုံဖိနပ်ကိုချွတ်ကာ ဒိုင်ပေါ်တက်ထိုင်သည်။ လွယ်လာခဲ့သော သားရေအိတ် ကို ဘေးတွင် ချပြီး ပေါင်နှင့်မသိမသာ ဖိထားလိုက်သည်။ ဒီအိတ်ထဲမှာ ငွေကထာဝစဉ်ပင် သောင်းနှင့် ချီကာ ပါနေလေတော့ လက်လွတ်စပယ် မထားရဲပေ။

"ငါးနံ့ ညှီတာများတော့ ရိုးနေပါပြီ၊ ညှီတယ်လို့တောင် မထင်ပါဘူး၊ ငါက ဟိုတယ် သစ်သီးတန်း ဘက်က ဒူးရင်းသီးနံ့ ရယင်သာ စိတ်ညစ်တာ၊ ပြောယင်းဆိုယင်းအနံ့က သင်းလာပြီ၊ ကြည့်... အဲဒီအနံ့ကြီးကသာ ခံရခက်တာ"
မနွဲ့ရည်သည် ချွတ်ထားသော ခုံဖိနပ်ကို ပြန်၍ကုန်းကောက်ပြီး ခြေရင်းဘက်တွင် ချထားလိုက် သည်။ တော်ကြာ ပျောက်သွားဦးမည်။ ဖြတ်သွားဖြတ်လာတွေက မနည်း၊ တော်ကြာ ဘယ်သေနာ့ ခြောက်ထောက် တွင် ပါသွားသည်မသိပဲ ပျောက်ရဦးမည်၊ ခံရပေါင်းလည်း များလှပြီ။
"အစ်မနွဲ့ရည် ဒီနေ့စော သားပဲ"
"ဓနုဖြူ ငါးစောင့်ရဦးမယ်လေ"
"ဘာငါးတွေ လာမှာလဲ ကန်ငါးလား"
"မဟုတ်ဘူး၊ ပိုက်သမားတွေလာမှာ၊ သောင်းပြောင်းပဲပေါ့၊ ဒါကြောင့် စောစောလာခဲ့တာ၊ စာရင်း တွေလဲ ပြန်တွက်ရဦးမယ်၊ မနေ့တုန်းက ကျော်ကျော်ကို စာရင်းမှတ်ခိုင်းလိုက်ပါတယ်၊ ငါးအချိန် ကိုပဲ ရေးထား တယ်။ ငါးကြီးလား၊ ငါးသေးလား၊ အမျိုးအစားလဲ ရေးမထားဘူးလေ။ အဲဒါ မငွေ ရွေ့ စဉ်းစားပြီး ပြန်ရေးရဦးမယ်"
ရေခဲပွဲစား မလှတင့်က မနွဲ့ရည်အား မင်းကွက်သီးသုံးလုံး လှမ်းပေးသည်။ မနွဲ့ရည်က တလုံးလှမ်း ယူကာ လက်နှစ်ဘက်နှင့် ညှစ်၍ ခွဲလိုက်သည်။ အတွင်းသားများက ဖွေးကနဲပေါ်လာလေသည်။
"ဒါဆို ဒီည အစ်မ အိပ်ရပါ့မလား"

"မအိပ်ရတော့ဘူး ထင်တာပဲ၊ အဲဒီစာရင်းတွေပြီးယင် ဥက္ကကို ကြွေးတောင်းစာ ရေးရဦးမယ်၊ နေအုံးအခု ရှစ်နာရီခွဲ ဆိုတော့ ဆယ့်တနာရီလောက်မှာ စာရင်းပြီးယင်တော့ ခဏမှေးနိုင်မယ် ထင်ပါရဲ့"
မီးလုံးရောင် က မှိန်မှိန်သာလင်းနေသည်။ သို့သော် စာရေး၊ စာဖတ်၊ စာရင်းတွက်၍ကားရသည်။ မျက်စိ အားစိုက်ရလေတော့ ကာလရှည်ကြာလာလျှင် မျက်စိတော့ နည်းနည်းပျက်ချင်ပျက်ပေမည်။ သို့သော် မနွဲ့ရည် ခုအထိတော့ မျက်မှန်မတပ်ရသေး။ ဒီကီလီဈေး၊ ဒီငါးစိမ်းတန်းတွင် မနွဲ့ရည် ကျင်လည်ခဲ့သည်မှာ ငါးနှစ်ခန့် ပင်ရှိပေပြီ။
ငါးနှစ် ဟူသည်မှာ ပြန်တွေးလိုက်တော့လည်း ဘာမှမကြာသလိုလို၊ အကြာကြီးလိုလိုနှင့် စိတ်ထဲ တွင်ဝေေ၀ ၀ါးဝါးဖြစ်နေသည်။ ဒီငါးနှစ်မတိုင်ခင် ငါးနှစ်ကတော့ ငံပြာရည်ရောင်းယင်း၊ ငါးပိရောင်း ယင်းအချိန်ကုန်ခဲ့သည်။ ဆယ်နှစ် ဟူသော အချိန်ကို ပြန်တွေးလိုက်တော့လည်း ကြာသလိုလို မကြာသလိုလိုပင်။
မနွဲ့ရည် ဟူသော မိန်းကလေး၊ လူ့ဘ၀လူ့လောကထဲသို့ ရောက်လာသည်မှာ ဘာလိုလိုနှင့် သုံးဆယ့်ငါးနှစ်ပင် ရှိခဲ့ပေပြီ။ အတွေ့အကြုံပေါင်းလည်း စုံလှပြီ။

"တွေ့-ကြုံ-ဆုံ-ကွဲ၊ တခရီးတည်း ၀မ်းနည်းဝမ်းသာ အကြောင်းကံပါ၊ ဖြစ်ချင်တာလဲမဖြစ်ရပါ၊ မဖြစ် ချင်တာတွေလဲ ဖြစ်ရတာ"
ကိုကြာရိုး က သီချင်းဆက်ဆိုပြန်သည်။ ငါးခူတွေလှောင်ထားသော သစ်သားစည်ပိုင်းကို စည်းချက် နှင့်ခေါက်နေသည်။ သူ့ဘေးကရေစည်ပေါ်တွင်ကား ပုစွန်ဒိုင်မှ အထမ်းသမား တဦး က ခွေခွေ ခေါက်ခေါက်အိပ်နေသည်။ သူ့မျက်နှာတွင် ခြင်တွေအုံခဲ နေသော်လည်း သိပုံမရ။ နှစ်နှစ်ခြိုက် ခြိုက်ပင် အိပ်ပျော်နေသည်။ ဒါကတော့မဆန်း။ မနွဲ့ရည်တို့လို ငါးသမားတွေက ညတွင် အလုပ် လုပ်ကြရသူများမို့ အိပ်ချိန်အတော်နည်းသည်။ ထို့ကြောင့်ရသမျှ အချိန်ကလေးများတွင် ဖြစ်သလို အိပ်တတ် ကြလေသည်။ ငါးသလောက်သေတ္တာဘေးတွင် အိပ်စင်ခင်းပြီး အိပ်နေသော ကိုစိုးဆို လျှင်ပို၍ပင် ဆိုးသေး သည်။ ရာသီဥတု အုံ့အုံ့အိုက်အိုက်ကြီးမို့ အင်္ကျီမ၀တ်ပဲ ကျောအပြောင်သား နှင့်မှောက်လျက်ကြိး အိပ်နေ သည်။ သူ့ကျောတပြင်လုံး ခြင်တွေခဲနေလိုက်သည်မှာ မဲသဲ၍နေ သော်လည်း သူကတော့ တုတ်တုတ်မျှ မလှုပ်။

"ခြင်တွေကိုက်လိုက်တာဟယ်၊ ငါတော့ခြင်ထောင် ထောင်တော့မယ်"
"ကျွန်မလဲ ကြွေးတောင်းထွက်လိုက်ဦးမယ်၊ ဦးပိုက်ကြီးတို့ဒိုင်က ရေခဲဖိုး မရှင်းတာကြာနေပြီ"
"ခုနတုန်း ကတော့ ဦးပိုက်ကြီးကို တွေ့လိုက်သားပဲ၊ သွားတောင်းချည်"
"နေ့ရွေ့ ညရွေ့လုပ်အုံးမှာပဲ၊ အစ်မရဲ့"
"ရအောင်တောင်းအေ၊ သူကဖြင့် ဆီဒင်ကား ၀ယ်စီးနေပြီး၊ ကိုယ်ပေးစရာရှိတဲ့ ငွေကျယင် အင်မတန် လက်ပေါက် ကပ်တယ်၊ မရယင်ဆဲပစ်"
"မဆဲရဲ ဘူး အစ်မရဲ့၊ သူက ကိုယ့်ထက်တောင် မိုးမွှန်အောင်ပြန်ဆဲမှာ၊ သူ့အကြောင်းလဲ သိသား နဲ့"
မလှတင့် က ခုံဖိနပ်သံတဂေါက်ဂေါက်နှင့် ပြန်ထွက်သွားသည်။ လမ်းလျှောက်ယင်းမှ သူ့ ညာလက်မာင်းမှခြင်ကို ဗယ်လက်နှင့်ယမ်း၍ ရိုက်လိုက်သည်။ လက်ဖ၀ါးတွင် ရဲကနဲ ပေသွားသော သွေးကို ထဘီနှင့် ပွတ်သုတ် လိုက်လေသည်။

ခုနတုန်းက ခဏငြိမ်သွားသော ရေခဲစွဲစက်က တဂျီးဂျီး တဂျိမ်းဂျိမ်းနှင့် ပြန်၍ ဆူညံ လာပြန် သည်။ ရေခဲတုံးကြီး များကို ကြမ်းပေးတဂျီးဂျီးနှင့် တွန်း၍ရွေ့သွားသံကိုလည်း ကြားနေရသည်။ မနွဲ့ရည် သည် လှည့်မကြည့် ပဲ ကျောခိုင်းထားသော်လည်း လေးထောင့်ရေခဲတုံးကြီးကို ကြမ်းပေးတွင် လျှောတိုက်၍ တွန်းသွားသူများ၊ ခွဲပြီးရေခဲ အကြေများကို တောင်းနှင့်ပြန်ထမ်းသွားသူများ၊ ခွဲပြီး ရေခဲအကြေများ ကို တောင်းနှင့်ပြန်ထမ်း လာသူများ အားလုံးကို စိတ်နှင့်သိပြီး၊ စိတ်နှင့်မြင်နေသည်။ သည်ဝန်းကျင်တွင် သူကျင်လည်ခဲ့ရ သည်မှာလည်း ကြာလှပေပြီ။
"လောဘရယ်...ဒေါသရယ်...မောဟရယ်...အ၀ိဇ္ဇာပစ္စယာ...သင်္ခါရတဲ့၊ ပျော်လိုက်၊ ရွှင်လိုက်၊ ငိုကာ၊ ရယ်ကာဘယ်ခါ မတည်မြဲ၊ ဖောက်လွှဲဖောက်ပြန်၊ အကြောင်းခံကမ္မသကာ"
တော်စမ်းပါဗျာ၊ ဒီနားကသေးစော်နံလွန်းလို့ နှာခေါင်းမချမ်းသာရတဲ့အထဲက ခင်ဗျားအသံကွဲကြီး က နားပါမချမ်းသာ ရအောင် နှိပ်စက်နေတယ်
သက်ထွေး က ရေစည်ထဲမှ ရေတပုံးခပ်ကာ သမံတလင်းအခင်းပေး ဝေါကနဲလောင်းချသည်။ ပုံးထဲ မှရေအကျန်နှင့် ကိုကြာရိုး အား မထိတထိ လှမ်းပက်လိုက်လေသည်။

မနွဲ့ရည် က နေရာမှထကာ ခြေရင်းဘက်တွင် ဆင့်တင်ထားသော ထင်းရှုးသေတ္တာထဲမှ ခြင်ထောင် ကို ထုတ်သည်။ ခြင်ထောင် တွင်ကြိုးတွေက အဆင်သင့်တပ်ထားသည်။ လေးဘက်လေးတန်တော့ တင်းတင်း ယင်းယင်း မချိတ်နိုင်၊ ဟိုရာဇူးလှမ်းချိတ်၊ ဒီရာဇူးလမ်းချိတ်နှင့် သုံးဘက်လောက် ကိုတော့ လျော့လျည်းလျော့ရဲနှင့် ဖြစ် သွားသည်။
"သူများ ချစ် သလို ချစ်ပါနော့တဲ့၊ အဟားဟား၊ မောင်ဆားမင်းရေးထားတာလား"
ကျော်ကျော် က ရေစည်ပေါ် တွင် ထုံးနှင့်ရေထားသော စာကိုဖတ်ကာ ရယ်နေသည်။
"ဟေ့ကောင်.. .မောင်ဆား၊ မင်းဆင်းကွ၊ ဟောဒီမှာရေးထားတာ တွေ့လား၊ မိတ်ဆွေ၊ ရေစည်ပေး ဆားမတင်နှင့်တဲ့ကွ"
ရယ်သံများ ကို ကြားရသည်။ မနွဲ့ရည်သည် ဗေဒင်ဆရာ ခုံကလေးကို ခြင်ထောင်ထဲ အလျင်သွင်း သည်။ ထို့နောက် စာရင်းစာအုပ်နှင့် သားရေအိတ်ကို ကိုင်ကာ ခြင်ထောင်ထဲဝင်သည်။ လေးဘက် လေးတန်ဆွဲပြီး တင်းတင်း ယင်းယင်းသာ ထောင်ရလျှင် လူသုံးလေးယောက်လောက် အေးအေး သက်သာ ထိုင်နိုင်မည်ဖြစ်သော်လည်း ယခေုတော့ လျော့လျော့လျဲလျဲမို့ တယောက်ပင် အနိုင်နိုင်။ လျော့ကျနေသော ခြင်ထောာင်ပိတ် အမိုးက ခေါင်းပေါ်တွင် တမိုက်လောက်ပင် မလွတ်၊ ခေါင်းကို လာ၍ လာ ၍ ထိနေသည်။

"ဖြစ်ချင်တယ် မဖြစ်ချင်ဘူး ဆိုတာတေါထက် ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့သာ အရေးကြီး တာပါ၊ ကိုယ်နေချင် သလို မဖြစ်တဲ့လောကကြီးမှာ ဖြစ်လာတာကိုသာ ရင်ဆိုင်ရတော့မှာပဲ၊ ဘ၀ ဆိုတာ ကိုယ်တည်ဆောက် သလို၊ ကိုယ်မျှော်မှန်းသလို ဖြစ်တတ်တာမျိုးမှ မဟုတ်တာ"
ခုံပေါ်တွင် စာရင်းစာအုပ် ကိုတင်သည်။ အိတ်ထဲမှဂဏန်းတွက်စက်ကလေးကိုပါ ထုတ်ထားလိုက် သည်။
"အစ်မ"
ခြင်ထောင်ဘေး သို့ ကျော်စိုးကပ်လာသည်။ မျက်နှာက ခပ်ညိုးညိုး။
"အစ်မ...ကျွန်တော့်ကို နောက်ထပ်တရာလောက် ကြိုပေးပါအုံး"
"နင် ယူတာ များပြီနော်"
ကျော်စိုးက သေးသေးနွဲ့နွဲ့နှင့် ရုပ်လည်းချောသည်။ အမူအရာဘာလုပ်တတ်လျှင် မင်းသားဖြစ် လောက်သော ရုပ်ရည်မျိုးဖြစ်သည်။

လူလည်း တချိန်က မင်းသားရူးအတော်လေး ရူးခဲ့ဖူးသည်ဟု ဆိုသည်။ သို့သော် မိဘ က ငွေကြေးတတ်နိုင်သူ များ မဟုတ်သည်က တကြောင်း၊ အဆက်အသွယ် မရှိသည်က တကြောင်း၊ အကြောင်းကံ မပါသည်က တကြောင်း အကြောင်းကြောင်းတို့ကြောင့် သူ့ခမျာ ရုပ်ရှင်ထဲတွင် "အစ်ကိုကဖိတ်စာပေးခိုင်းလိုက်ပါတယ်"ဟု မင်းသမီး ကို သွား၍ပြောရ သောမင်းသား၏ ကားမောင်းသူပင် မလုပ်ဖူးသေးပေ။ မနွဲ့ရည်၏ဒိုင်တွင်သာ တညနှစ်ဆယ် ပုတ်ပြတ်နှင့် အလုပ်သမားဖြစ်လာရလေသည်။
"မှတ်ထားပါ အစ်မ...ခုဟာက ကလေးတွေ ကျောင်းဖွင့်လို့ အကြီးနှစ်ကောင်က ကျောင်းကြီးအပ် ရတော့မယ်၊ အငယ်မ ကိုလဲ မူကြိုပို့ရမယ်တဲ့"
"အေး...ငါကတော့ သဘောကောင်းပြီး တောင်းတိုင်းထုတ်ပေးနေတာ၊ တော်ကြာငွေများလာ တော့ ဒီမှာ လာမဆင်းတော့ပဲ တခြားဒိုင်တွေမှာ လဲ သွားလုပ်မနေနဲ့အုံး"
"စိတ်ချပါ အစ်မရာ"
"အေး...အေး၊ မနက်ကျတော့ ပေးလိုက်မယ်၊ နင်ကလဲ ကလေးက ဘယ်နှစ်ယောက်ရှိနေပြီလဲ"

"လေးယောက်..."
"ဗိုက်ထဲမှာ တယောက်မဟုတ်လား၊ တလောက နင့်မိန်းမတွေ့လိုက်ပါတယ်"
ကျော်စိုး က ရှက်ကိုးရှက်ကန်းနှင့်ရယ်သည်။
"နင်တို့ကလဲ၊ ကျွေးနိုင်မှ မွေးပေါ့၊ အကာအကွယ်လေး ဘာလေးလုပ်ဦးမှပေါ့ဟဲ့၊ ခုမှအသက်က အစိတ်ရှိသေး၊ ကလေး ကလေးယောက်၊ နင့်မိန်းမကလဲသားပေါက်ကောင်းလိုက်တာ၊ တနှစ်တ ယောက်လောက် မွေးနေတာ၊ ဒီ ပုံအတိုင်း ဆက်မွေး နေယင် နယ်သစ်ရှာပြီး ရွာတည်လို့ရမယ်"
"ဘုရားပေးတာ၊ မတားကောင်းဘူးတဲ့အစ်မရ"
ကျော်စိုး က ခပ်တိုးတိုးပြောသွားသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ပခုံးကလေးကိုင်းညွှတ်အောင် တာဝန် တွေ ပိနေသော ကျော်စိုးကို လှမ်းကြည့်ယင်းမနွဲ့ရည် သက်ပြင်းချမိသည်။ အမေ့ကိုသတိရသည်၊ အမေကလည်း "သားသမီး ဆိုတာ ဘုရားပေးတာ၊ မတားကောင်းဘူး"ဟု ပြောတတ်လေသည်။

စာရင်းစာအုပ် ကို ဖွင့်သည်။
ဒေါ်ကြည် ငါးမြစ်ချင်း (သေး) ၁၅-ပိဿာ
ဒေါ်လုံးမ  ငါးခေါင်းပွ             ၈- ပိဿာ
ဆွာမိ      ငါးကြင်းပေါက်      ၁၀-ပိဿာ
စာရင်းတွေ ကို ဖတ်သည်။ သို့သော် ကိန်းဂဏန်းများက မျက်စိထဲတွင်ေ၀၀ါးပြီး ပြားသွားလေ သည်။
အမေ့ ကို သတိရသည်။
အဖေ့ကို သတိရသည်။
ငယ်ငယ်တုန်း က ဘ၀ကို သတိရသည်။

"အဖေ"
"ဟေ"
"ပုံပြောပြပါ အဖေရ"
"အေး"
"ပြောလေ"
"ဟိုး ရှေးရှးတုန်း ကတဲ့၊ ဘုရင်တပါးဟာ၊ ငါးချဉ်စားပြီး ခုတင်ကြားမှာ ပေါင်ကားပြီး သေရောတဲ့"
"ဟင်...အဖေကလဲ"
အဖေ့ကို ပုံပြောခိုင်းလျှင် ထိုသို့သာပြောတတ်သည်။ နွဲ့ရည်မကျေနပ်၊ မျက်နှာလေးရှုံ့သွား သည်။
"ဒီလိုဆိုယင် အပျိုတော်တယောက် နန်းတော်အောက်မှာ သေးပေါက်ယင်း ချေးခြောက်တက်နင် မိသတဲ့"
"ဟုတ်ဘူး၊ ဟုတ်ဘူး၊ မင်းတားလေးနဲ့ မင်းတမီးလေး အကြောင်းပြောပြ"

ညီမလေး ၀တ်ရည်က အဖေ၏လက်မောင်းကို ဖွဖွလေးဆိတ်ကာ ခြေဆောင့်သည်။ အဖေက တဟားဟား ရယ်လေသည်။ အဖေသည် အမေ့လိုမင်းသားလေးတွေ၊ မင်းသမီးလေးတွေ အကြောင်း ပြော မပြတတ်။ မြွေမင်းသားနှင့်ငှက်ကြီးဝန်အကြောင်းဆိုလျှင်တော့ ကြားဖူးမည်ပင်မထင်။
နွဲ့ရည် က အမေ့ကို မသိမသာလှည့်ကြည့်သည်။ အမေမောင်လေးကို ရင်ခွင်ထဲထည့်ပြီး အဖေ့ အင်္ကျီ ကို ကြေးမီးပူကြီးနှင့် တိုက်နေသည်။ ကြေးမီးပူကြီးက၊ လှုပ်လိုက်တိုင်းရွေ့လိုက်တိုင်း ဂျလောက် ဂျလက်နှင့်မြည် သွား တတ်သည်။ ပတ္တာနေရာမှ ချောင်ပြီး မြည်နေခြင်းဖြစ်သည်။
"မောင်လေး လာ...လာ၊ မမဆီ လာ"

နွဲ့ရည်က နေရာမှထသွားကာ အမေ့ရင်ခွင်ထဲမှ မောင်လေးကိုလှမ်းခေါ်လိုက်သည်။ အမေသည် ပုံပြောကောင်းသူဖြစ် သည်။ သို့သော် အမေ့တွင်အားလုပ်ချိန်မရှိတတ်။ အမေ့ လက်ချောင်း ပိန်ပိန် လေး များသည် မိုးလင်းမှမိုးချုပ် ဇယ်ဆက်သလို လှုပ်ရှားနေရတတ်သည်။ ငရုတ်သီးထောင်းလိုက်၊ ဟင်းချက်လိုက်၊ ထင်းရည်ငှဲ့လိုက်၊ အ၀တ်လျှော်လိုက်၊ တံမြက်စည်းလှည်းလိုက်၊ စပါးလုံးရွေး လိုက်၊ဆန်ပြာလိုက်၊ တခါတရံ အချိန်လေးလုပြီး အပေါင်ဆိုင်ပြေးရတတ်သေးသည်။ ဒီကြားထဲ ကလေးက တနှစ်ခွဲကို တယောက်လောက် မှန်မှန်မွေးနေသေးသည်။ နွဲ့ရည်ခြောက်နှစ်သမီးတွင် မောင်နှစ်ယောက်၊ ညီမတယောက်ကိုရနေပြီ ဖြစ်သည်။

ငါ့မိန်းမက တယ်ပြီးသားပေါက်ကောင်းတာကိုး၊ ၀က်သာဆိုယင် ဘယ်လောက်အဖိုးတန်မလဲ မသိဘူးဟု အဖေ ကပြောတတ်လေသည်။ အမေက အေးသည်၊ သာမန်မိန်းမများလိုမပြော... အခု လူဆိုတော့ အဖိုးမတန်ဘူး လို့ ပြောတာပေါ့လေ၊ ဟင်း....ရှင့်စကားက ဘာစကားလဲ"ဟု နှုတ်သီး ကောင်းလျှာပါးပြောကာ မျက်စောင်း မထိုးတတ်၊ "၀က်ဖြစ်ယင်လဲ ခပ်ကောင်းကောင်းပဲ၊ လူ့ဘ၀ကို ဆန်ကုန်မှာ ဆီကုန်မှာ ပူနေစရာ မလိုဘူး"ဟု ပြောကာပြုံးလေသည်။ တခါတရံလည်း ဘုရားပေး တာ၊ မတားကောင်းဘူးရှင့်၊ သားသမီးဆိုတာ ရတနာချည်း ပဲဟု ပြောတတ်သည်။
အဖေ။ နွဲ့ရည်၏အဖေကတော့ တကယ့်ကို လူအေးတယောက်ဖြစ်သည်။ ယောက်ျားထဲမှ သာမန် ယောက်ျား တို့ကဲ့သို့ အပျော်အပါးလိုက်ခြင်း လုံးဝမရှိပေ။ အရက်မသောက်၊ ဖဲမရိုက်၊ မိန်းမလည်း မလိုက်။ အချိန်အား ရလျှင် စာအုပ်ဖတ်သည်။ သူကျောင်းဆရာလုပ်၍ ရလာသမျှသော လခငွေ ကလေးကိုအမေ့လက်ထဲ တပြားမကျန် အပ်သည်။ သူ့ဝင်ငွေနှင့်လက်ရှိပါးစပ်ပေါက် ခြောက်ပေါက် မစားလောက်အခါ၊ ဒီလိုဆိုလဲ ဆန်ပြုတ်သောက်ကြတာပေါ့ကွာ ဟု ခပ်အေးအေးပင် အဖြေပေး တတ်သူဖြစ်လေသည်။

နွဲ့ရည် သည် မောင်လေးကိုချီကာ အဖေ့ဘေးတွင် ပြန်၍ထိုင်သည်။ မောင်လေးနော်...ငြိမ်ငြိမ်နေ၊ အဖေက ပုံပြောပြမယ်တဲ့သိလားဟု ပြောကာစကားခေါ်သည်။ အဖေက နွဲ့ရည်တို့မောင်နှမအား လှမ်း၍ကြည့် ကာ ပြုံးလေသည်။
"မင်းသားလေးတွေ၊ မင်းသမီးလေးတွေ အကြောင်းတော့ အဖေမသိဘူး၊ သမီးတို့နားထောင် ချင်ယင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောပြမယ်လေ"
အဖေ က ညီမလေးကို ပေါင်ပေါ်တင်ကာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြသည်။ နွဲ့ရည်တို့ ၏မြန်မာပြည်ကြီး ကို အင်္ဂလိပ်တို့က မလိမ့်တပတ်နှင့် သိမ်းပိုက်ပြီး ကျွန်လုပ်ခဲ့သည့်အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း က ဂျပန်ပြည်သို့သွားကာ ဂျပန်တို့၏အကူအညီနှင့် အင်္ဂလိပ်တို့ကို တော် လှန်ခဲ့သည့် အကြောင်း၊ ထို့နောက်မင်းသားခေါင်းဆောင်၍ လာခဲ့သောဖက်ဆစ်များကို တတိုင်းလုံး၊ တပြည်လုံး၊ တမျိုးသားလုံး ပြန်ပြီးတိုက်ခိုက်ခဲ့သည့်အကြောင်း၊ ထို့နောက် ပြန်ရောက် လာသောအင်္ဂလိပ်တို့ လက်အောက် မှ အလွတ်ရုန်းပြီး လွတ်လပ်ရေးကို အရယူခဲ့ရသည့်အ ကြောင်း၊ ထို့နောက်ဇူလိုင်လ ၁၉ရက်နေ့အကြောင်း၊ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံရေးခေါင်းဆောင်ကြီး များလုပ်ကြံခံခဲ့ရသည့် အကြောင်း။

"အဲဒီတုန်းက သမီးရှိလားဟင်"
"ဘယ်ရှိမှလဲ၊ သမီးတို့အမေနဲ့အဖေက ရခါစပဲရှိသေးတာ၊ သမီးကအဲဒီတုန်းက အမေ့ဗိုက်ထဲဝင် ဖို့ကြိုးစား တုန်းနေ မှာပေါ့"
အဖေက နွဲ့ရည် ကိုကြည့်ကာ လူကြီးတဦးလို ရှင်းပြသည်။
"အဖေတို့က အဲဒီတုန်းက မင်းလှမှာ၊ ရေဒီယိုကလဲ တမြို့လုံးမှ နှစ်လုံးရှိတာ၊ ရေဒီယိုက ကြေ ငြာသွားတယ်လို့ ကြားခါစက မယုံဘူး၊ ရေဒီယိုရှိတဲ့ ဦးထွန်းလှအိမ်ကိုပြေးသွားကြတယ်။ ဦးထွန်းလှက ငိုသံကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းသေပြီဗျ၊ တခြားခေါင်းဆောင်ကြီးတွေလဲပါတယ်၊ အစည်းအဝေးလုပ်နေတုန်း ၀င်သတ် သွားသကဲ့ သို့ ပြောတယ်၊ ကြားရသမျှ လူတွေဆို ဟာကနဲ ဟင်ကနဲပဲ၊ သခင်သာဆန်းရဲ့ အမေဆိုယင် အသက် ခုနှစ်ဆယ်လောက် အဘွားကြီးပေါ့၊ သာက "သားရယ်မောင်အောင်ဆန်းရဲ့"ဆိုပြီး အော်ငိုလိုက်တာ တကယ့် တကယ်တော့ ဒီအဘွားကြီးက ဗိုလ်ချုပ်ကို အနီးကပ်တောင် တခါမှ မြင်ဖူးတာမဟုတ်ဘူး၊ သတင်းကြားနဲ့သာ သားအရင်း လို ချစ် ပြီးအားကိုးနေတာ

နွဲ့ရည်သည် အဖေ့ကိုငေးကြည့်ယင်း ဓာတ်ပုံထဲတွင် မြင်ဖူးသော ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံကို တွေးကြည့်နေမိသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ကော်လန်အကြီးကြီးပါသော အင်္ကျီကို ၀တ် ထားသည်။
နွဲ့ရည် ၏ အသက်က ခြောက်နှစ်ပြည့်ရုံသာ ရှိသေးသောကြောင့် အဖေပြောသမျှ စကားတွေ အ ကုန်လုံး ကိုတော့ နားမလည်၊ သို့သော်သူ လူ့ပြည်မရောက်ခင်ကတည်းက သေဆုံးသွားနှင့်သော ထိုဗိုလ်ချုပ်အောင်ဆန်း ဆိုသည့် ပုဂ္ဂိုလ်ကြီးကိုကား လေးစားဖွယ်၊ ကြည်ညိုချစ်ခင်ဖွယ်သော လူတဦးအဖြစ် နားလည် သဘောပေါက်လာသည်။
အဖေတို့ လူမျိုးတွေ ဟာ ကလေးဆိုးနဲ့တူတယ်၊ လွတ်လပ်ရေးရဲ့တန်ဖိုးကို နားမလည်ဘူး၊ လူပေါင်းများစွာ၊ အသက်ပေါင်း များစွာ စတေးပြီးရလာတဲ့ လွတ်လပ်ရေးကို ချက်ချင်းတွဲပြီး ထိန်းသိမ်းဖို့ မကြိုးစားပဲ၊ တယောက်တပေါက် နဲ့ထပြီးရန်ဖြစ်နေကြတယ်၊ ဒီတိုင်းပြည်ဟာ အဖေတို့ပြည်၊ ဒီမြေတွေဟာ အဖေတို့မြေ၊ ဒီတိုင်းပြည်ကြီး တိုးတက်အောင်၊ ဒီမြေတွေကို သူများလက်ထဲ တလက်မမှ မပါအောင် ကာကွယ် ဖို့၊ စောင့်ရှောက်ဖို့က အဖေ့မှာရော၊ အမေ့မှာ ရော၊ သမီးတို့မှာရော တာဝန်ရှိတယ်၊ နိုင်ငံသားတိုင်းမှာ တာဝန် ရှိတယ်

"တာဝန်....တာဝန်...တာဝန်..."
နွဲ့ရည်က အဖေ့စကားကို စိတ်ထဲမှ အခါခါရေရွတ်ကြည့်မိသည်။ ကောင်းစွာနားမလည်၊ ခေါင်းထဲ တွင် ရှုပ်ထွေး ကုန်သည်။
"ကဲပါ...တော်စမ်းပါ၊ ရှင်က အဲဒါတွေပြောနေလို့ ကလေးတွေက ဘယ်လိုလုပ်နားလည်မလဲ၊ ဒီမြေတွေဟာ အဖေ တို့မြေဆိုလို့ သူများခြံထဲ ၀င်ဆော့ကုန်ပါဦးမယ်"
"ဟ....ဒီလိုတော့လဲ ဘယ်ဟုတ်မလဲ"
"အင်းလေ...ဒါကြောင့် ကလေးတွေ ဦးနှောက်နဲ့ တန်ရုံပဲပြောပါလို့ ပြောတာ"
အဖေ က သူ့စကားကို ရပ်လိုက်သည်။ ခေါင်းကုပ်နေသော နွဲ့ရည်ကိုလှမ်းကြည့်ကာ မသိမသာ သက်ပြင်း ရှိုက်ယင်းပြုံးသည်။
"ငါ့သမီးကြီး ကတော့ အဖေပြောတာ နားလည်မှာပါ၊ ဟင်...နားလည်ရဲ့လား သမီး"
အဖေ လှမ်းမေးတော့ နွဲ့ရည်ခေါင်းညိတ်သည်၊ နားလည်၍တော့ မဟုတ်။

"အခုသမီး ငယ်သေးတယ်၊ သမီးကြီးလာမှ အဖေအများကြီးပြောပြဦးမယ်၊ သူများနိုင်ငံ က ခေါင်းဆောင် ကြီးတွေ အကြောင်းရော၊ ဖေဖေတို့ဗမာ့သမိုင်းမှာပါတဲ့ လူစွမ်းကောင်းတွေ အကြောင်းရော"
"တမီး ကတော့ မင်းတားနဲ့ မင်းတမီးလေးပုံပဲ ကြိုက်တယ်"
ညီမလေးက အမေ့လက်မောင်း ဆိတ်ပြန်သည်။
နွဲ့ရည်သည် မောင်လေးကို ခါးထစ်ခွင်ချီသွားပြီး အခန်းထောင့်က ကြမ်းပေါက် တွင် ခြေထိုးပြီး သေး တည်သည်။ တော်ကြာ သူ့အပေါ်တွင် ပေါက်ချနေဦးမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေ သည်။ အသက်ခြောက်နှစ်သာ ရှိသေးသော်လည်း အတွေ့အကြုံက သင်ထားသောကြောင့် မောင်တွေ၊ ညီမတွေ၏ အတာကို နွဲ့ရည်ကအတော်အတန်သိနေပေပြီ။ ဒီမောင်တွေ၊ ဒီညီမတွေ ကိုခါးထစ်ခွင်ချီပြီး ထိန်းရလွန်း၍ ခါးပင်စောင်းနေပြီ။

"နွဲ့ရည်ရေ...သမီး...ထမင်းအိုးတည်ချေပါဦးကွယ်"
အမေကခိုင်းတော့ မောင်လေးကိုချီလျက်ပင် မီးဖိုးထဲဝင်ခဲ့သည်။ ဆန်အိုးထဲမှ ဆန်ကိုခတ်တော့ နို့ဆီဗူးက အိုးဖင်ကို ဂျလစ်ဂျလစ်နှင့်သွား၍ ခြစ်နေသည်။ ဆန်ကုန်တော့မည်ဖြစ်သည်။
"အမေရေ...ဆန်ကုန်တော့မယ်"
နွဲ့ရည်က လှမ်းအော်သည်။
"တရက်စာလောက်တော့ ကျန်ပါသေးတယ်ကွယ်၊ သမီးကလဲ ဘာလို့ခုနစ်အိမ်ကြား ရှစ်အိမ် ကြားအော်နေရတာလဲ"
အမေကကြေးမီးပူကြီးကို သံညှပ်ပေါ်တင်ကာ နေရာမှထသည်။ နွဲ့ရည်ဆီသို့ ခပ်ဖြည်းဖြည်း လျှောက် လာသည်။ မောင်လေးက ၀ူးဝူးဝါးဝါးအော်ကာ အမေ့ဆီလှမ်းနေလေသည်။ အမေက မောင်လေး ကို ဆွဲချီယင်း ဆန်အိုးထဲငုံ့ကြည့်သည်။ လကုန်ဖို့ ခြောက်ရက်တောင် လိုသေးတယ် ဟုခပ်တိုးတိုးပြောလေသည်။ ထို့နောက်အခန်းထဲဝင်သွားကာ အိပ်ရာခြေရင်းမှ သံသေတ္တာကို ကျွီကနဲဖွင့်သည်။
"ငါ့ဘန်ကောက် လုံချည်လေးတွေတော့ တရားအားထုတ်ဖို့ သွားရဦးတော့မယ်လား ဟေ့"
အဖေက ခပ်ပြုံးပြုံးလှမ်းမေးလေသည်။

"ကဲ...သမီးရေ၊ တရားအားထုတ်ချည်ပါအုံး"
ထိုသို့ပြောလျှင်နွဲ့ရည်နားလည်သည်။ အပေါင်ဆိုင်သို့ သွားခိုင်းခြင်းဖြစ်လေသည်။
အပေါင်ဆိုင် တွင် ထိုင်သောသူက ရွှေသွားတွေ အ၀င်းသားနှင့်တောင်ကဲကြီးဖြစ်သည်။ ထို့ကြောင့် "တရားအားထုတ်"ဟူသော စကား၏မူရင်းအဓိပ္ပာယ်မှာ "တရုတ်အားထား"ဟု ဆိုလိုရင်းဖြစ် ကြောင်းနွဲ့ရည်တို့ တအိမ်သား လုံး နားလည်ကြလေသည်။
"အရေးကြီး တာက ဆန်ပဲ၊ ဆန်အိုးထဲမှာ ဆန်ရှိနေယင် အနည်းဆုံးဆန်ပြုတ်တော့ သောက်ရမှာပဲ"
အမေကပြောတတ်သည်။ ဟင်းမရှိလျှင် အမေမပူတတ်သော်လည်း ဆန်အိုးထဲတွင် ဆန်ကုန်ခါ နီးလျှင်မူ မရှိ ရှိတာကိုပေါင်နှံပြီး ဖြည့်တတ်သည်။ အမေအပေါင်ဆိုင်သွားပြီး ပြန်လာလျှင် ဆန်ထုပ် လေးရွတ်လာတတ်သည်။

နွဲ့ရည်အတန်ငယ်ကြီးလာပြီး ကိုယ့်နာမည်ကိုယ် ရေးတတ်လာတော့ အမေ့ကိုယ်စား အပေါင်ဆိုင် သွားရသည်။ အမေ့ ကိုယ်စား ဆန်ဝယ်ရသည်။
"ဒီကျောင်းဆရာအိမ်ကလဲ မွဲလိုက်တာ၊ လကုန်ခါနီးယင်ပေါင်ရနှံရပြီလို့တော့ ပြောကြမှာပဲနော်"
တခါတရံတော့ အမေကရှက်ဟန်တူသည်။ မရွှင်မလန်းနှင့် ညည်းညူတတ်သည်။
ကိုယ့်ပစ္စည်းကိုယ်ပေါင်ရတာ ရှက်စရာလားမိန်းမရဲ့၊ သူများပစ္စည်းခိုးတာမှမဟုတ်ပဲ၊ သမီးနွဲ့ရည် အဖေပြောတာ မှတ်ထား၊ တသက်မှာ သူများပစ္စည်းမတရားယူတာ၊ နိုင်ငံတော်ပစ္စည်း မတရားခိုး တာမှမဟုတ်ပဲ၊ ကိုယ့်ဟာကိုယ် ကောင်းရောင်း ကောင်းဝယ်လုပ်စားယင်း မွဲလို့ကတော့ ဘာမှ ရှက်စရာမရှိဘူးသိလား၊ သမီးကို သူငယ်ချင်းတွေ ကတွေ့လို့ "ဘယ်သွားမှာလဲ"မေးယင် အပေါင်ဆိုင်သွားမလို့ဟေ့လို့ ရဲရဲတင်းတင်းဖြေလိုက်၊ ငါတို့အဖေရတဲ့ လခလေးကနည်းတော့ ငါတို့တအိမ်လုံး စားမလောက်ဘူးလို့ ရှင်းရှင်းပြောလိုက်၊ ဒါဟာရှက်စရာ မဟုတ်ဘူးသမီးရဲ့၊ ၀မ်းနည်းစရာ၊ အားငယ်စရာလဲ မဟုတ်ဘူး"

အဖေကတော့ နွဲ့ရည်၏နှလုံးသားအတွင်းသို့ သတ္တိသွေးကိုသွန်းလောင်း၍ ထည့်ပေးသည်။ ထို့ကြောင်းလားတော့ မသိ။ နွဲ့ရည်သည် မိမိဘ၀၏မပြည့်စုံမှု၊ မလုံလောက်မှုအတွက် ၀မ်းနည်း ခြင်း ကိုလည်းကောင်း၊ ရှက်ရွံ့ညိုးငယ်မှုကိုလည်းကောင်း မခံစားခဲ့ရပေ။ ကျောက်သင်ပုန်းကွဲကို ကိုင်နေရသော် လည်း အသစ်ကိုမဖြစ်မနေလိုချင်စိတ် မပေါ်မိ။ ဒါလဲရေးလို့ ရသေးတာပဲဟူသော အတွေး ကိုမွေးပြီး ကျောက်သင်ပုန်းအကွဲတွင်ပင် မျဉ်းတားပြီး လက်ရေးဝိုင်းအောင်ကျင့်တတ်လာ သည်။ ကျောက်တံလေး များကို လက်တဆစ်လောက်သာ ကျန်တော့သည်အထိ ချွေချွေတာတာ သုံးတတ်လာ သည်။ ဖိနပ်ပြတ်လျှင်လည်း ချိတ်ထိုးပြီးစီးနိုင်သမျှ စီးနေရန် ၀န်မလေး။
နွဲ့ရည်ထိုသို့ နေတတ်အောင်လည်း အဖေက လမ်းပြ၍ပေးခဲ့လေသည်။
ထို့နေ့ကို နွဲ့ရည်မမေ့။

"အဖေ၊ အဖေ့ဖိနပ်ကြီးက စုတ်လှပြီ"
"ပြတ်ချင်နေပြီ သမီးရဲ့၊ ဟောဒီခေါင်းနေရာကပြုတ်ချင်နေတာ၊ အဖေ က အောက်ကနေ ချိတ်ထိုး ပြီးထိန်းထားလို့၊ ဒီလောက်ခံနေတာ"
အဖေက ဖိနပ်ကိုခပ်ညှာညှာ၊ ခပ်ဆဆစီးကာ လျှောက်သည်။ နွဲ့ရည်က သူစီးထားသော ဖိနပ်ကို ငုံ့၍ကြည့် မိသည်။ ခုံဖိနပ်ဖြစ်သည်။ ဖိနပ်နောက်မြီး ပါးနေပြီ၊ သားရေပတ် က ပြတ်ပြတ် ထွက်သော ကြောင့်သံနှင့် ပြန်ရိုက်ရသော အကြိမ်ပေါင်းလည်းများပြီ။ သံရိုက်သောဒဏ်ကြောင့် ခုဖိနပ် လည်း အက်တက်တက်ဖြစ်နေပြီ။

"ခုနေသာ လိုချင်တာရမယ် ဆိုယင်နွဲ့ရည် ဖိနပ်ပဲလိုချင်တယ် သိလား အဖေ"
"တိုက်ကြီးတွေ၊ ကားကြီးတွေ မလိုချင်ဘူးလား သမီးရဲ့"
"မယူချင် ပါဘူး၊ တော်ကြာအဲဒီတိုက်ကြီးပေါ်ကို ခုံဖိနပ်စုတ်နဲ့ တက်နေရဦးမယ်"
ဟား....ဟား...ဒါလဲ ဟုတ်တာပဲ
"အဖေ့ အတွက်တရံ၊ နွဲ့ရည်အတွက်တရံ ချက်ချင်းသာရမယ်ဆိုယင်တော့ ကော်တာပဲ"
အဖေက ရယ်သည်၊ ဈေးရှေ့ရောက်တော့ အဖေကဖိနပ်ဆိုင်ရှေ့မှာ ခေတ္တရပ်သည်။
"ဗျိုး...ကိုသာအောင်၊ လက်ဖက်ရည်သောက်ပါဦး"

လက်ဖက်ရည်ဆိုင်ထဲက အဖေ့အသိများအဖေ့ကိုလှမ်းခေါ်သည်။ အိမ်က ဘာမှမစားခဲ့ ရသေးသော ကြောင့် နွဲ့ရည်ရော အဖေပါဆာနေကြသည်။ အဖေဆိုင်ထဲဝင်ထိုင်လျှင် သူလည်း လက်ဖက်ရည် သောက် ရလိမ့်မည်ဟု တွေးပြီးနွဲ့ရည်ဝမ်းသာသလိုလို ရှိစဉ်မှာပင် အဖေက "တော်ပါပြီဗျာ ကိစ္စ လေးရှိသေး လို့" ဟု ပြောကာငြင်းသည်။ လာပါဗျ ခဏတဖြုတ်ထိုင်ပါဦး၊ သောက်လိုက်ပါဦးဟု ထပ်ခေါ်နေသော အသံများ ကို ရှောင်ရှားလိုက်ဟန်နှင့် ဖိနပ်ဆိုင်ထဲ စွတ်ကနဲ ၀င်လိုက်သည်။
"ဘာလိုချင်ပါသလဲ ခင်ဗျာ၊ လူကြီးအတွက်လား၊ ကလေးအတွက်လား၊ အရွယ်အစားစား ရှိပါတယ်"
အဖေ့ဖိနပ်ရော၊ နွဲ့ရည်ဖိနပရော နှစ်ရံလုံးက ခပ်စုတ်စုတ်မို့ ဖိနပ်နှစ်ရံတော့ သေချာပေါက် ရောင်းရ လိမ့်မည်ဟု ဆိုင်ရှင်က တွက်ပုံရသည်။ အဖေ့အိတ်ထဲတွင် ပိုက်ဆံအကြွေသာ ပါသည် ကို နွဲ့ရည် သိသည်။ နှစ်ရံဖိုးနေနေသာသာ တရံဖိုးပင်ပြည့်လိမ့်မည်မဟုတ်။

"ကတ္တီပါထဲကယူယူ၊ သားရေထဲကယူယူ၊ လိုချင်တာရှိပါတယ်၊ ဟောဒီ ကတ္တီပါပုံတော်ဖိနပ်လေး ဆိုယင်ဒီက သမီးလေး နဲ့ အတော်ပဲ ထင်ပါရဲ့၊ စီးကြည့်ပါ....စီးကြည့်ပါ၊ အားနာစရာ မလိုပါဘူး"
နွဲ့ရည် က ခဏစီးရလဲ အမြတ်ဟူ၍ သဘောထားကာ ခပ်ဖွဖွစီးကြည့်သည်။ အဖေက "ပေကုန် ပါ့မယ်သမီးရယ်" ဟု အားနာစကားပြောလေသည်။ အဖေက မစီးစေချင်မှန်းသိ၍ နွဲ့ရည်က နောက်ထပ် ဖိနပ်များကို စီး၍ မကြည့်တော့ပေ။ အဖေ့လကိုကို တင်းတင်းလှမ်း၍ ဆုပ်ကိုင်ကာ ကိုယ်ကို ယို့ထားလိုက် မိလေသည်။ ထိုစဉ်တွင်ပင် တအံ့တသြ နှုတ်ဆက်သံကို ကြားရသည်။
"ဟာ...ဆရာ"
ဆိုင်နောက်ဘက် မှ ထွက်လာသော လူငယ်တယောက်ကအဖေ့ဆီကို ပြေးလာသည်။

"ဆရာ ဖိနပ်လာဝယ်တာလားဆရာ၊ ဖေဖေ....အဲဒါ ကျွန်တော့်ဆရာ..."
အဖေက ခြောက်တန်း၊ ခုနစ်တန်းပြရသော ဆရာမို့ အဖေ့တပည့်သည် ဆယ့်သုံးလေးနှစ်ခန့်ရှိ မည် ထင်ရသည်။ နွဲ့ရည်ကအသက်ငယ်သေး၍ အဖေ့အတန်း မရောက်သေးသော်လည်း ထိုကျောင်းသား ကို ကား ကျောင်းတွင်မြင်ဖူး၊ တွေ့ဖူးနေရလေသည်။
"သြော်...သားတို့ဆရာလား"
ဆိုင်ရှင် က အံ့သြသလို စကားဆိုသည်။ အဖေ့တကိုယ်လုံးကို စုန်ကာဆန်ကာ ကြည့်နေသေး သည်။

"ကြိုက်တာရွေးပါဆရာ...လိုချင်တဲ့ဖိနပ်ယူသွားပါ၊ သားတို့ဆရာ ကို ကျွန်တော်လက်ဆောင် ပေးပါရစေ"
အဖေ့မျက်နှာ က ရုတ်တရက်နီသွားသည်။
"မလုပ်ပါနဲ့ခင်ဗျာ..."
"ယူသွားပါဆရာ"
"ဟာ...နေပါစေ...မယူပါရစေနဲ့"
"ယူပါဆရာ....ဆရာလဲ ဖိနပ်ဝယ်မလို့မဟုတ်လား"
"ဟုတ်ကဲ့...၀ယ်တော့ဝယ်မလို့ပါပဲ၊ ဒါပေမယ့်လောလောဆယ်တော့ မ၀ယ်သေးဘူးခင်ဗျ"
အဖေက နွဲ့ရည်၏ လက်ကို ဆွဲကိုင်ကာ ဆိုင်ထဲမှထွက်သည်။ အဖေ့တပည့်က "ဆရာ..ဆရာ"ဟု လှမ်းခေါ်သည် ကိုလက်ကာပြီး တားသည်။

"ဒီမှာ မောင်စိုးတင့်၊ ဆရာ့တပည့် ရဲ့စေတနာကို ဆရာနားလည်ပါတယ်၊ ဒါပေမယ့် ဆရာမယူပါရ စေနဲ့"
အဖေက ဖိနပ်ဆိုင်ထဲ မှ ဇွတ်ထွက်လာသည်။ နွဲ့ရည်က အဖေဆွဲခေါ်၍သာ အဖေ့နောက်ပါလာရ သော်လည်း စိတ်ကတော့ ဆိုင်ထဲတွင် ကျန်ခဲ့သည်။ "အဖေ့နှယ်...အလကား ပေးနေတဲ့ဟာကို ကိုယ့်မှာလဲ လိုနေတာ၊ ယူလိုက်ပါတော့လား" နွဲ့ရည်မချင့်မရဲ တွေးမိသည်။
လူဆိုတာ၊ မာနရှိရတယ်သမီး၊ ကျွေးတိုင်းမစားရဘူး၊ ပေးတိုင်းမယူရဘူး....
နွဲ့ရည်၏ အတွင်းစိတ်ကို အဖေကသိပုံရသည်။ လမ်းကျတော့ရှင်းပြသည်။

"ကိုယ့်ကိုကိုယ်မှ မလေးစားယင် ဘယ်သူကမှ လာပြီးလေးစားတော့မှာမဟုတ်ဘူး၊ သမးစဉ်းစား ကြည့်စမ်း၊ ခုနတုန်းက အဖေ့မိတ်ဆွေက အဖေ့ကိုလက်ဖက်ရည်သောက်ဖို့ ခေါ်တယ်၊ အဖေ ၀င် သောက် လိုက်မယ်၊ ဟော.. .နောက်တခါကြုံယင်လဲ နောက်တခါခေါ်အုံးမှာပဲ၊ ဒီလိုပဲ ဆယ်ခါကြုံ ယင်အဖေက ဆယ်ခါသောက် ရမလား၊ အဖေကလဲ သူတို့ကို ပြန်မတိုက်နိုင်ဘူး၊ ဒီတော့ သူတို့ ကအားအား ရှိသူများလက်ဖက်ရည်တိုက်တိုင်း ကပ်သောက်နေတဲ့ လူကြီးလို့ မထင်ပေဘူးလား၊ ဆယ်ခါအပြင် ဆယ့်တခါကျတော့၊ ခေါ်ပါအုံးမလား နောင်ဆိုယ် အဖေလာတာမြင်ယင် သတင်း စာဖတ်သလိုလိုနဲ့ လက်ဖက်ရည်ငုံ့သောက်သလိုလိုနဲ့ မျက်နှာလွှဲပြီး မမြင်ချင်ယောင်ဆောင် တော့မယ်....၊ ကဲ...ကောင်းပါ့မလား"
နွဲ့ရည်က အဖေ့ကို မော့်ကြည့်မိသည်၊ အဖေ့မျက်နှာက တည်ငြိမ်အေးဆေးနေသည်။

နောက်ပြီး သူများသနားတာလဲ ဘယ်တော့မှ မခံနဲ့အသနားခံရတာဟာ အင်မတန် ရှက်စရာ ကောင်းတယ်ခုနတုန်းက ဆိုယင်ကြည့်၊ ဆိုင်ရှင်က အဖေတို့သားအဖကို သနားနေတယ်။ အဖေ့ ဖိနပ်ပြတ်ခါနီးနေပြီ၊ ဘာဖြစ်လဲ အဲဒါဘာဖြစ်လဲ၊ အဖေတတ်နိုင်ယင် အသစ်တရံထပ်ဝယ်မယ်၊ မတတ်နိုင်သေးယင် လဲ ဒီလိုပဲ ပြင်ပြုပြီးစီးနေမယ်၊ သနားပါတယ်ကွာ ဆရာလေးကြည့်ရတာ ချို့တဲ့ ရှာတယ်၊ ဆင်းရဲ ရှာတယ်၊ ဖိနပ်တရံလောက်များမဖြစ်လောက်ပါဘူး၊ အလကားပေးလိုက်ပါမယ် ဆိုတာမျိုးတော့ အဖေရှက် တယ်၊ ဖိနပ်စုတ်ကိုစီးရတာ ရှက်စရာမဟုတ်ဘူး၊ သူမျာက သနားလို့ အလကားပေးတဲ့ ဖိနပ်ကောင်းကြီး စီးရတာမှ ခြေပူစရာကောင်းတာ၊ ရှက်စရာကောင်းတာ"
အဖေ့စကား က နွဲ့ရည်၏ ခေါင်းထဲသို့ သံမှိုနှင့်ရိုက်ပြီးသွင်းလိုက်သလို စွဲသွားသည်။

"ဟုတ်တယ် ဖိနပ်စုတ်စီးရတာ ရှက်စရာမဟုတ်ဘူး"
နွဲ့ရည်က တွေးကာကျောက်စရစ်မြေကို အားနှင့်မာန်နှင့်နင်းလာသည်။ အတန်ငယ် အက်နေ သော ခုံဖိနပ်ကလေး လည်း "ဗြတ်"ကနဲ ကွဲသွားလေသည်။ နွဲ့ရည်က စိတ်ညစ်သွားသော်လည်း အဖေက ရယ်လေသည်။
"ကဲ...သမီးရေ ဖိနပ် က ကွဲသွားပြီ၊ လွင့်သာပစ်လိုက်ပေတော့၊ ဖိနပ်မစီးပဲ အိမ်ပြန်တော့ရော ဘာဖြစ်သေးလဲ"
"ဘာဖြစ်သေးလဲ ကဲ..."
နွဲ့ရည်က ခုံဖိနပ် အကွဲကိုကန်သာ ချွတ်ပစ်လိုက်သည်။ ဖိနပ်မရှိတာ ရှက်စရာမဟုတ်။

ဖိနပ်မစီး ပဲ ခြေဗလာနှင့်လမ်းလျှောက်ရသည်ကို မရှက်ခဲ့သော်လည်း ပဉ္ဓမတန်းတွင် ပထမနေရာမှ ပြုတ်၍ ဒုတိယဖြစ် သွားတော့ နွဲ့ရည်တကိုယ်လုံး ထူပူနေအောင် ရှက်ခဲ့သည်။
နွဲ့ရည် သည် အစားအသောက်၊ အ၀တ်အထည်၊ အသုံးအဆောာင် ဘယ်နေရာတွင်မှ လောဘမ ကြီး။ သို့သော် ပညာ တွင်တော့ လောဘကြီးသည်။ မည်သူတဦးတယောက်ကို မည်သည့်နေရာ တွင်မှ ပြိုင်ဆိုင်ခြင်းမရှိ။ သို့သော် ပညာ တွင်တော့ ပြိုင်သည်။ ပညာနှင့်ပတ်သက်လာလျှင် ဘယ်သူ့ကိုမှ ဗိုလ်မထားချင်။
"ဒါလေး များ ငိုစရာ လား ဟယ်"
အိမ်ရောက် လျှင် ရောက်ချင်း ခြေပစ်လက်ပစ် ထိုင်ချကာ ငိုသောနွဲ့ရည်ကို ၀တ်ရည်က နားမ လည်သလို ကြည့်နေသည်။

"သမီး နွဲ့ရည် ဘာဖြစ်လာတာလဲ"
အမေ ကလည်း ထိတ်လန့်သွားသည်။ စပါးလုံး ရွေးနေသော ဆန်ဗန်းကို တွန်းပစ်ပြီး နွဲ့ရည်အနား သို့ခပ်သုတ်သုတ်ကပ်လာသည်။
"ခြောက်လပတ်စာမေးပွဲ မှာ သူပထမ မရလို့တဲ့ အမေရေ့"
"ဒါလေးများ ငိုစရာလား သမီးရယ်"
အမေကလည်း ၀တ်ရည်လိုပ်။ ဒါလေးများ ဟူ၍ပေါ့ပေါ့တန်တန် သဘောမထားနိုင်၊ ကိုယ်ထိုင်နေ ကျကုလားထိုင်လေး တွင် ကိုယ်မထိုင်ရတော့ပဲ အခြားသူတဦးက ၀င်၍ထိုင်လိုက်သည်ကို ပြုံးပြုံးလေး သည်း မခံနိုင်။ ၀င်တိုးသူကို စိတ်ဆိုးခြင်း မဟုတ်သော်လည်း ကိုယ့်ကိုကိုယ် စိတ်ဆိုး သည်။ အဘယ်ကြောင့် မြဲမြံအောင် မထိုင်နိုင် ရလေသနည်း။

"သမီး စာတော်တာ လူတိုင်းသိတာပဲဟာကိုကွယ်၊ တခါတလေ ပထမမရတော့လဲ ဘာဖြစ်သေး တုံး"
နွဲ့ရည်က ပါးပြင်ပေါ်တွင် စီးကျနေသော မျက်ရည်များကို လက်ဖမိုးနှင့်ရော၊ လက်ခုံနှင့်ရော ပွတ် သုတ်လိုက် သည်။ သူစာတော်တာကို လူတိုင်းကသိပြီး ဖြစ်သောကြောင့် ပို၍ရှက်သည်။ အတန်း ပိုင်ဆရာမကလည်း အဖေ့ကိုတွေ့တိုင်း ဆရာ့သမီးလေကတော့ တော်ပါ့ရှင်၊ တောက်မယ့် မီးခဲ ကလေးဟုပြောတတ်သည်။ စာ မှာတော့ ဗိုလ်ပဲ၊ သူ့ကိုဘယ်သူမှမနိုင်ဘူးရှင်ဟု ချီးကျူးတတ် သည်။ ခုတော့နွဲ့ရည် ကိုနိုင်သူပေါ်ပြီ။ နွဲ့ရည် ဗိုလ် မဟုတ်ကြောင်း၊ ဆရာမလည်းသိပြီ။ နွဲ့ရည်သည် တွေးယင်းထပ်ပြီး ငိုမိပြန်သည်။

"သမီးကလဲကွယ် သမီးဖျားပြီး အကြာကြီးကျောင်းပျက်လို့စာတွေ လွတ်ကုန်တာ မဟုတ်လား၊ ဒါကြောင့် တခါတလေ ဒုတိယရတော့ ဘာဖြစ်သေးလဲကွယ်၊ ဆရာမကလဲ သမီးဖျားတာသိသားပဲ ဟာ"
အမေက တတ် သမျှ၊ မှတ်သမျှချော့နေသည်။ ၀တ်ရည်ကတော့ နွဲ့ရည်ကို "ဒါလေးနဲ့ဒီလောက် ငိုရသလား"ဟု အံ့လည်းသြ၊ အမြင်လည်းကပ်ဟန်တူသည်။ မျက်မှောင်လေး ကုပ်ပြီး ပြောသည်။
"၀တ်ရည်သာ ဆို ဒုတိယရလဲပျော်မှာပဲ၊ ဘာဖြစ်သေးလဲကိုယ့်ရှေ့မှာက တယောက်တည်း၊ ကိုယ့်နောက်မှာက အများကြီး...."
နွဲ့ရည်သည် ၀တ်ရည်ကို အံ့သြသလိုလှမ်းကြည့်ပြီး အငိုတိတ်သွားသည်။ သူတခါမှ ဒီလိုမတွေးခဲ့ မိပေ။ ပထမ ရစဉ်ကလည်း ကိုယ့်နောက်ကိုလှည့်မကြည့်၊ ငါ့ရှေ့မှာဘယ်သူမှမရှိဘူးဟူသော အတွေးသာရှိခဲ့သည်။ ဒုတိယရတော့ လည်း နောက်ကိုလှည့်မကြည့်၊ ငါ့ရှေ့မှာ လူတယောက် ရောက်လာပြီ ဟူသောအတွေးသာ ရှိသည်။

"အဲဒီ ထားထားမြင့်ဆိုတာ စာသိပ်ကျပ်တာဆို၊ အစ်မကဖြင့် သူ့တ၀က်လောက်တောင် မကျက်ပဲ နဲ့သူ့ခမျာ တခါတလေလေး ပထမရတာများ ရစမ်းပါစေ"
ဟုတ်သည်၊ နွဲ့ရည်က စာတော်မယ့်သာ တော်နေသော်လည်း စာသိပ်ကျက်သူမဟုတ်။ ဆရာ စာသင်ချိန် တွင်တော့ အာရုံကိုမလွင့်ပါးစေပဲ နားစိုက်၍ထောင်တတ်သည်။ နားမလည်လျှင် ပြန်မေး သည်။ ညကျတော့ ကူးလာသော စာကိုသော်လည်းကောင်း၊ အတွက်အချက် ပုစ္ဆာကိုသော်လည်း ကောင်း အသေအချာပြန် ဖတ်ပြီး ခေါင်းထဲအရောက်ပို့သည်။ အော်ကြီးဟစ်ကျယ်လည်း မဖတ် တတ်၊ ငြိမ်ငြိမ်လေးထိုင်ပြီး စူးစူး စိုက်စိုက်ကြည့်ကာ အသံတတ်ကျက်မှတ်ခြင်းဖြစ်သည်။ သဘောတရားကို နားမလည်မချင်း အခေါက်ခေါက် အခါခါနားလည် သည်အထိစူးစိုက်ပြီးကြည့် သည်။ နားလည်သည်နှင့်တပြိုင်နက် ဦးနှောက်ကလည်း ကျက်ပြီး မှတ်ပြီး ဖြစ်နေသည်။ တော်တော်နှင့် မမေ့တော့ပေ။

သူ့စာကျက်နည်းက အသံမထွက်တော့ ကျောင်းဆရာဖြစ်သော အဖေကပင် သိပ်ပြီးအထင်မကြီး ပေ။ စတုတ္ထတန်း တုန်းကလည်း (အေ) (ဘီ) (စီ) အတန်းခွဲတိုင်းမှ ပထမရသူများကို စကောလား ရှစ်ဖြေရန် ရွေး သည်။ နွဲ့ရည်လည်း အရွေးခံရသည်။ အဖေက "သူတို့အတန်းက၊ ကျောင်းသား တွေကိုက ဖျင်းတာ ထင်ပါရဲ့ဟာ၊ ဒါကြောင့် ဟောဒီမိနွဲ့ရည်က စာမျက်ပဲ၊ ပထမရပြီး အနူတော လူချောဖြစ်နေတာ၊ သူများတွေနဲ့ သွားပြီး ယှဉ်လို့ရပါ့မလား"ဟု စိုးရိမ်စကား ပြောခဲ့သေးသည်။ သို့သော်လည်း တကျောင်းလုံး စကာတင်ရွေးပြီး ဖြေခိုင်းသူလေးဦးထဲတွင် နွဲ့ရည်တဦးတည်း အောင်မြင်တာ၊ စကောလားရှစ်ရခဲ့သည်။ အဖေ ကတော့ မလျှော့သေး၊ ငါ့သမီးက ကံတော့ အတော်ကောင်းတယ်ထင်ဟေ့ဟု ပြောခဲ့သေးသည်။

ထို့ကြောင့်လည်း နွဲ့ရည်က အဖေ့အတန်းကို ရောက်လိုခြင်းဖြစ်သည်။ သူတကယ်တော်မတော်ကို အဖေ့အား အစွမ်းပြ ချင်နေသည်။ အဖေအခုသင်ပြီး အခုပြန်မေးသမျှ စာတွေ ကို ဒေါက်ဒေါက်ပြေး အောင်ဆိုပြလိုက်ချင်သည်။ ဖြေပြလိုက်ချင်သည်။ နွဲ့ရည်သည် ကိုယ့်ဥာဏ်ကို ကိုယ် ယုံသည်။
သို့သော်နွဲ့ရည် သည် အဖေ့တပည့် မဖြစ်လိုက်ရ။ နွဲ့ရည်အဖေ့အတန်းသို့ရောက်မည့်နှစ်တွင်ပင် အဖေ အလုပ် ထွက်ခဲ့လေသည်။

ဆက်ရန်
.

No comments: