Sunday, December 9, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၃)

ယခုတစ်ပတ် ကျောင်းပိတ်၍ အိမ်ပြန်ခဲ့ရာတွင် တို့ဗမာအစည်းအရုံးတွင်သာ အချိန်ကုန်ခဲ့ပါသည်။ ကိုအုန်းမောင်၊ ကိုထွန်းစိန် (ကိုအောင်ခင်-ဗကပ ကျဆုံး)၊ ကိုလှသောင်း(ဗကပ အလင်းဝင်-ဖျာပုံ)၊ ကိုပါစိန် (ကျောင်းဆရာ-ကွယ်လွန်)၊ ကိုကျော်လှ (ယခုမြန်မာညွန့် ဆန်စက်မန်နေဂျာ)၊ ကိုဘကျော့ (ယခု ရဟန်းဝတ်-ကန်ရွာဝ တို့ ပါဝင်သော တို့ဗမာအစည်းအရုံးအလုပ်အမှုဆောင်သစ် များကို ပြန်လည်ဖွဲ့စည်းပါသည်။ ယခင်လူကြီးများမှာ မျိုးချစ်စိတ် ရှိသော်လည်း အစိုးရနှင့် အတိုက်ခံလုပ်ရေးတို့တွင် စွန့်စားလုပ်ဝံ့သူများ မဟုတ်ကြသဖြင့် ၄င်းတို့၏ သဘောအရ နှုတ်ထွက် ပေးခဲ့ကြခြင်းဖြစ်ပါသည်။

“မြလှိုင်ရေ၊ မင်းရန်ကုန်မှာ ရှိနေတုန်းတော့ ဌာနချုပ်နဲ့ ဆက်သွယ်ရမယ့် ကိစ္စမှန်သမျှကို မင်းကိုပဲ တို့ တာဝန်ပေးရမယ်၊ နောက်တစ်ချက်က မင်းလည်းဖျာပုံမြို့နယ် တို့ဗမာအစည်းအရုံးမှာ အမှုဆောင် တစ်ယောက် အဖြစ် ထည့် ထားမယ်၊ အဲဒါ သဘောပြောပါဦး”
“အခုလည်း ခင်ဗျားတို့ ခိုင်းသမျှ လုပ်နေတာပဲ မဟုတ်လား၊ အမှုဆောင်တွေ ဘာတွေ လုပ်မနေနဲ့ဗျာ၊ ကျွန်တော် လုပ်ပေးနိုင် သလောက်တော့ လုပ်ပေးပါ့မယ်”
“မဟုတ်ဘူးကွ၊ တို့အခု ပြန်လည်ဖွဲ့စည်းပြီးတာနဲ့ တစ်ပြိုင်နက် မြေအောက်တော်လှန်းရေးအတွက် ဖွဲ့စည်း ရဦးမယ်၊ ဒါလည်း ဌာနချုပ်ရဲ့ ညွှန်ကြားချက်ပဲ”
“ကောင်းပြီလေ … လုပ်တာပေါ့”
“၀မ်းသာတယ်ကွာ၊ မင်းပိုက်ဆံတွေ ထင်သလိုသုံးပြီး လျှောက်အလေလိုက်မနေပါနဲ့ကွ”
“ဟာဗျာ၊ အလေလိုက်တယ် ဆိုတာတော့ မဟုတ်ပါဘူး၊ ပိုက်ဆံကတော့ သုံးတယ်ဆိုပါတော့”

“ ဒီမယ် ... မြလှိုင်၊ မင်း ပိုက်ဆံသုံးတာ မဟုတ်ဘူးကွ ... ဖြုန်းတာ၊ မင်းတစ်နေ့သုံးနေတဲ့ ပိုက်ဆံ တွေဟာ ဆင်းရဲသား တစ်ယောက်အနေနဲ့ကြည့်ရင် တစ်လသုံးလို့ရတယ်၊ မင်းက ရိုးကုမ္ပဏီတို့ ဂင်းမဲကနေဒီတို့ ဆိုတဲ့ ကုန်တိုက်ကြီးတွေ တက်ပြီး ပစ္စည်းဝယ်တယ်ဆိုတာ လွန်တာပေါ့ကွ”
“ကျွန်တော် ကတိပေးပါတယ်ဗျာ၊ လာ ... တစ်ခုခု သွားစားကြရအောင် ”
ကျွန်တော်နှင့် ကိုအုန်းမောင်သည် သူငယ်ချင်းဟု ဆိုသော်လည်း သူက ကျွန်တော့်ထက် အသက် ၂ နှစ်ခန့်ကြီး ၍ အစစအရာရာ ကျွန်တော့်အပေါ်တွင် ညီငယ်တစ်ဦးကဲ့သို့ စောင့်ရှောက်သူလည်း ဖြစ်သည်။ ကျွန်တော့် အား နိုင်ငံရေးနယ်ပယ်တွင် ပါဝင်လှုပ်ရှးရန် ဆွယ်သည့်အကြောင်းများတွင် ကျွန်တော်သည် လူငယ် ငွေကြေးပေါသူဖြစ်သဖြင့် မတော်သော အပေါင်းအသင်းများနှင့်တွေ့ကာ ပျက်စီးသွားမည်ကို စိုးရိမ်ပူပန် သည့် အကြောင်းကြောင့်လည်းဖြစ်ပါသည်။

ကျွန်တော်သည် ကိုအုန်းမောင်တို့ လူသိုက်နှင့် လမ်းခွဲပြီး အိမ်သို့ရောက်သောအခါ မိခင်နှင့် မျက်နှာ ချင်း ဆိုင် ရလေသည်။ မိခင်သည် ကျွန်တော့်အား နိုင်ငံရေးလုပ်ရန် သဘောတူမည် မဟုတ်သဖြင့် ယခုကဲ့သို့ ကိုအုန်းမောင် တို့ လူသိုက်အား တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်လုပ်ကိုင်မည်ဟု ကတိပေးလိုက်ခြင်းသည် မိခင်ကြီး၏ ဆန္ဒကို ဆန့်ကျင်စော်ကားရာ ရောက်နေသည်ဟု ထင်မှတ်မိပါသည်။ ထို့ကြောင့် မိခင်ကြီး အား လောလောဆယ် ရင်မဆိုင်ရန် ဆုံးဖြတ်လိုက်ပါသည်။
သို့သော် ... ကျွန်တော် ရှောင်သော်လည်း မိခင်က ရှောင်ခွင့်မပေးဘဲစကားပြောရန် လက်ပြထိုင် ခိုင်း လိုက်သည်။
" သား အခုဘယ်က ပြန်လာသလဲ”
" ကိုအုန်းမောင် တို့ဆီက ပြန်လာတာ မေမေ"

"ငါ့သား အခု ရန်ကုန်ပြန်ရင် စာမေးပွဲကြီး ဖြေရတော့မယ်ဆိုတော့ နိုင်ငံရေးကိစ္စတွေ.. အပေါင်း အသင်းကိစ္စတွေ အလည်အပတ် ကိစ္စတွေ လျှော့လိုက်ရင် ကောင်းမယ်"
"ဟုတ်ကဲ့မေမေ ... သားနားလည်ပါတယ်”
“သား ဆယ်တန်းစာမေးပွဲဟာ အစိးရစစ်ဆိုတော့ တစ်နှစ်ထဲနဲ့ နှစ်ချင်းပေါက်အောင်ဖို့လိုတယ်၊ စာမေးပွဲဖြေပြီး လို့ ကျောင်းပိတ်အိမ်ပြန်လာတဲ့အခါအုန်းမောင်တို့ကို ကူညီလုပ်ကိုင်ပေးနိုင်ပါတယ်။ ခုတော့ ... စာကိုပဲ ကြိုးစားလိုက်ပါဦး”
မိခင်ကြီးပြောစကားသည် အလွန်သင့်မြတ်လှရကား ကျွန်တော့်အား အလွန်အရေးကြီးသော ဆယ် တန်းစာမေးပွဲ ကို အထူးဂရုစိုက်ဖြေကြားရန်အတွက် တခြားမည်သည့်ကိစ္စကိုမျှ ခေါင်းထဲ ထည့်သွင်း မထားရန် မှာကြားခြင်းဖြစ် ပါသည်။ ကျွန်တော်သည် ကျောင်းစစ်စာမေးပွဲများတွင် မှန် မှန်အောင်မြင်သည် မှန်သော်လည်း အစိုးရစစ်သော ဆယ်န်းစာမေးပွဲကိုမူ ကျိန်းသေအောင်မြင်မည်ု တွက်ဆထား၍ မဖြစ်နိုင်ပေ။ အလွန်တော်လှ ပါသည်ဆိုသော စာဂျပိုးများပင်လျှင် အစိုးရစစ်သော ဆယ်တန်းစာမေးပွဲကို ခြေချော်လက်ချော် ကျဆုံးသော သာဓကများရှိခဲ့သည်မဟုတ်ပါလား။

မကြာမီ ကျွန်တော် ရန်ကုန်သို့ ပြန်ခဲ့ရသည်။ ရန်ကုန်သို့ မပြန်မီ တို့ဗမာအစည်းအရုံးတွင် ကျွန်တော်တို့တတွေ နယ်ချဲ့ ဆန့်ကျင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ မြန်မာ့နိုင်ငရေး အရှိန် အဟန်ုသည် ၁၃၀၀ ပြည့် အရေးတော်ပုံ စတင်ခဲ့သည်မှစ၍ လျော့ကျသွားခြင်းမရှိဘဲ တိုး၍တိုး၍ပင် မြင့်တက်လာသည်။ ဗြိတိသျှအစိုးရ အနေဖြင့် တို့ဗမာအစည်းအရုံးဝင် သခင်ခေါင်းဆောင်များစွာတို့ကို ဖမ်းဆီးခဲ့ကြသည်။ ကျွန်တော်သည် ကိုအုန်းမောင် တို့နှင့် ပူးပေါင်း လိုက်ခြင်းကြောင့် ကျွန်တော့်စိတ်ကို ပြန်လည် စုစည်းနိုင်ခဲ့သည်။ မိန်းကလေး များနှင့် တရုန်းရုန်း နေ၍ ငွေကို ရေလိုသုံးသော စိတ်မျးကို ဟန့်တားနိုင်ခဲ့သည်။ လူငယ်ပီပီ တစ်ခုခုကို အာရုံစိုက် လိုက်မိသည်နှင့် တစ်ပြိုင်နက် အခြားအာရုံများပြယ်လွင့် ပျောက်ကွယ်ခဲ့ရသည်။
 
ကျွန်တော် ရန်ကုန် သို့ ရောက်လျှင်ရောက်ချင်း သခင်ချစ် (ဆရာချစ်) ထံသို့ ဖျာပုံမြို့ နယ် မြေအောက်တော်လှန်ရေး သမား များ၏ စာရင်းကို ပေးအပ်လိုက်သည်။ ဆရာချစ်သည် ကျွန်တော့် ထံမှ စာရင်းများ ကိုကြည့်၍ လူကြီးများ၏ အမည်များ မပါဝင်ခြင်းကို မေးမြန်းပါသည်။ ထို့နောက် သူ့နေရာနှင့် သူသုံးနိင်ပြီး လူငယ်များကို ထိန်းကျောင်းပေးနိုင်မည့် အလားအလာရှိသော လူကြီးတချို့ ကို ပြန်လည်ထည့်သွင်းသင့်ကြောင်း ဆန္ဒပြုလိုက်ပါသည်။

ကျွန်တော် ရေကျော် သခင်ချစ် (ဆရာချစ်)ထံမှ ပြန်လာသောအခါ ၅၁ လမ်းသို့ဝင်၍ ကျွန်တော်၏ အစ်ကို သခင်လှဖေနှင့် အတူ ဒီးဒုတ်ဦးဘခိုင်၊ နဂါးနီဦးထွန်းရွှေ၊ သခင်ထိန်လင်း၊ သခင် ခင်အောင် ... စသည့်သခင် များ နေထိုင်ကြသည်ကို တွေ့ရပါသည်။ ကျွန်တော့်အား သခင်လှဖေက ဖျာပုံမြို့နယ် အခြေအနေ ကို မေးမြန်းသဖြင့် ဖျာပုံမြို့နယ် တို့ဗမာအစည်းအရုံးကို ပြန်ဖွဲ့စည်းသည့်အကြောင်းနှင့် သခင်ချစ် ပြောကြားလိုက် သည့် ကိစ္စများကို ရှင်းလင်းပြောပြပါ သည်။

ကျွန်တော် သည် နိုင်ငံရေး အပြောင်းအလဲများနှင့် ဗြိတိသျှအစိုးရ၏ သဘောထားကို သေသေချာချာ သုံးသပ်နိုင်ခြင်း မရှိသောကြောင့် မမျှော်လင့်သော အကြောင်းကိစ္စ တစ်ခုသည် ပေါ် ပေါက်လာခဲ့ပါသည်။ ပေါ်ပေါက်လာခဲ့သည်မှာ တစ်နေ့သောအခါ ကျောင်းဆင်းပြီး မကြာမီ ကျွန်တော် ၏ အတန်းပိုင် ဆရာဟိန် က ကျွန်တော့်အား သူနေထိုင်သည့် အခန်းသို့ ခေါ်သွားပါသည်။ သူ့အခန်းထဲ သို့ ရောက်သောအခါ တံခါးကို မင်းတုပ်ချပြီး ကျွန်တော့်ကို အောက် ပါအတိုင်း စကားဆိုပါသည်။
“ငါ့တပည့် အခုတလော မြို့ထဲ သိပ်ထွက်နေပါလား၊ ဘယ်ကို သွားတာလဲ”
“မြိုကထဲက ကျွန်တော့်အစ်ကို သခင်လှဖေဆီကို သွားတာပါ ဆရာ”

“ဟုတ်ရဲ့လား ... တခြားဘယ်တွေ သွားသေးသလဲ”
“ရေကျော်က သခင်ချစ်ဆီ သွားပါတယ်ဆရာ”
“အေး ... စုံထောက်ဆိုတဲ့ လူတွေဟာ အင်္ဂလိပ်အစိုးရရဲ့ အလိုတော်ရိတွေ ရှိသလို မျိုးချစ်စိတ်ရှိတဲ့ စုံထောက်တွေ လည်း အများကြီးရှိတယ်။ အခုဆရာ့ကို ပြောတဲ့ စုံထောက်က တို့မြို့မကျောင်းသူ  ကျောင်းသားတွေ အပေါ်မှာ စေတနာအပြည့်အ၀ရှိတဲ့သူပဲ ... မောင်မြလှိုင်”
“ကျွန်တော် အနေအထိုင် အသွားအလာ ဆင်ခြင်ပါမယ် ဆရာ”
“ဆရာပြောတာက လုပ်ငန်းတစ်ခုကို လုပ်ရာမှာ ပိပိရိရိ ရှိဖို့လိုတယ်၊ လုပ်ငန်းမပြီးခင် ဘယ်သူမှ မသိဖို့လိုတယ်၊ မိမိ ကို အကြောင်းပြုပြီး အခြားလူတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို သတိထားစေချင်လို့ ပြောတာပဲ ငါ့တပည့် ဘာတွေ လုပ်နေတယ် ဆိုတာ ဆရာသဘောပေါက်ပါတယ်ကွယ်”
“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော့်ကို ခွင့်ပြုပါဦး”

ဆရာဟိန် အခန်းက ထွက်လာသောအခါ ကျွန်တော့် စိတ်များသည် နောက်ကျိလျက် ရှိနေပါသည်။ ကျွန်တော် သည် နယ်ချဲ့ဆန့်ကျင်ရေးကို ကိုယ်ထိလက်ရောက် လုပ်နေပြီမဟုတ်ပါ လား။ ဆရာဟိန်ထဲမှ သိရှိရပြီး သည့်နောက် ကျွန်တော် သည် စုံထောက်ဆိုသော စိတ်တစ္ဆ ခြောက်လှန့်ခံလျက် ရှိပါလေသည်။ မည်သည့်နေရာ သွားသွား မိမိနောက်က စုံထောက်ဆိုသောသူ များအမြဲမပြတ် လိုက်၍ကြည့်နေသည်ဟု ထင်လျက်ရှိ ပါသည်။ ထို့ကြောင့်လည်း ပြစ်မှုတစ်ခုခုကို ကျူးလွန်သော လူများသည် အနည်းနှင့်အများ မိမိစိတ် ခြောက်လှန့်မှုကြောင့် ဣနြေ္ဒပျက်လျက် ရှိ သည်ကို အလွယ် အရိပ်အကဲဖမ်းနိုင်ကြောင်း ပုလိပ်အရာရှိ တစ်ယောက် က ပြောပြဖူးသည်ကို အမှတ်ရမိပါသည်။ ကျွန်တော်သည် ဖျာပုံမြို့နယ် တို့ဗမာအစည်းအရုံးတွင် နာမည်ပေးခဲ့ ပြီးနောက် ကျွန်တော့်အား ရန်ကုန်တွင်လုပ်ရမည့် တာဝန်များကို ပေးအပ်လိုက်သဖြင့် ရန်ကုန်၌ ဆက်သွယ် ရန်ရှိသည်များ ကို ဆောင်ရွက်ရန်မှာ ကျွန်တော့်တာဝန်ပင်ဖြစ်သည်။
“မောင်မြလှိုင် ... ငါ့ညီကို ဆရာဟိန်က သူ့အခန်း ခဏလာခဲ့ဖို့ မှာလိုက်တယ်”

“ဟုတ်ကဲ့၊ ကျွန်တော် အခုပဲ သွားလိုက်ပါမယ်”
လာပြောသူမှာ ကျောင်းမှ ဆယ်တန်းအောင်သွားပြီး တက္ကသိုလ်တက်နေသူ ကိုဘ၀င်းဖြစ်ပါသည်။ ကိုဘ၀င်း သည် ကျောင်းတွင်နေ၍ အားကစားမှူးတာဝန်ကိုလည်း ယူထားသူဖြစ်ပါသည်။ (ယခု စစ်ကိုင်းတွင် သီတင်းသုံးလျက် ရှိသော ဆရာတော်တစ်ပါးဖြစ်ပါသည်။) ကျွန်တော်သည် ကိုဘ၀င်း ထွက်သွားလျှင် သွားချင်း အ၀တ်အစား လဲပြီး ဆရာဟိန်အခန်းသို့ ထွက်ခဲ့ပါသည်။
“ဆရာ ကျွန်တော့် ကို ခေါ်တယ်ဆိုလို့ လာခဲ့တာပါ ဆရာ”
“အေး ... တပည့် ထိုင်ပါဦး၊ မောင်မြလှိုင် ရောက်မလာလို့တဲ့ကွာ။ စိတ်ပူပြီး လိုက်လာတယ်”
ဆရာဟိန် ၏ စကားမဆုံးမီ နောက်ဖေးရေအိမ်မှ ထွက်၍ သွားများအားလုံးပေါ်သည်အထိ ပြုံးရယ် လျက်ရှိသော ဆရာချစ် ကို တွေ့လိုက်ရသည်။
“မောင်မြလှိုင် ပျောက်သွား လို့ စိတ်ပူလို့ လိုက်လာတာကွဲ့၊ နေကောင်းရဲ့လား”
“ကောင်းပါတယ်ဆရာ၊ ဒါပေမယ့် ...”

“ဆရာဟိန် ပြောပြလို့ သိပြီးပါပြီ၊ သိပ်လဲ ကြောက်လန့်လောက်အောင် အန္တရာယ် မရှိလှပါဘူးကွာ၊ သခင်ဆိုတဲ့ လူတွေကိုတော့ စုံထောက်က ကြည့်နေတာ မဆန်းလှပါဘူး၊ ဒါပေမယ့် သူတို့ထဲမှာလဲ မျိုးချစ်စိတ်ရှိတဲ့ စုံထောက်တွေ၊ ယုန်တောင်ပြေး ခွေးမြောက်လိုက် လုပ်ပေးတဲ့သူတွေပဲ ... အများကြီးရှိပါတယ်”
“ကျွန်တော် ကြောက်တယ်ဆရာ”
ကြောက်တယ် ဟူသော စကားများ ကျွန်တော့်နှုတ်မှ ထွက်သွားသည်ကို ဆရာချစ်သည် နားထောင် ရင်း ခေါင်းကို တဆတ်ဆိတ်ညိတ်လျက် ရှိပါသည်။ ကျွန်တော်သည် ငယ်ရွယ်သူတစ် ယောက်ပီပီ ဟန်မဆောင် ဘဲ စိတ်ထဲရှိသည့်အတိုင်း ပြောပြလိုက်ရသည့်အတွက် ရင်ထဲတွင် ပေါ့ တန်သလောက်လည်း ပေါ့သွားပါသည်။
“ဒီလိုလုပ်”
“ဟုတ်ကဲ့ ... လုပ်ပါ့မယ်”
“မောင်မြလှိုင်ကို ပေးရမယ့် ညွှန်ကြားချက်တွေကို ၀ိုင်အမ်စီအေက အခန်း(...)မှာနေတဲ့ ကိုဘယု ဆီမှာ ပေးထားမယ်၊ မောင်မြလှိုင်က ပေးရမယ့် စာတွေကိုလဲ ကိုဘယုဆီမှာပဲ စိတ်ချ လက်ချ ထားခဲ့ပေတော့”

သခင်ချစ် (ဆရာချစ်) ပြောစကားအရ ကျွန်တော်နှင့် ဆရာချစ်တို့သည် လူချင်းတွေ့ရန် မလိုတော့ဘဲ ၀ိုင်အမ်စီအေ မှ ကိုဘယုနှင့်သာ ဆက်သွယ်သွားရခြင်းဖြင့် နောက်ယောင်ခံလိုက် သည့် အရိပ်အောက်မှ လွတ်မြောက် သွားမည်ဖြစ်ပါသည်။ ကိုဘယုဆိုသူမှာ အတွင်းဝန်များရုံး ဘဏ္ဍာရေးဌာနတွင် အမှုထမ်းသော စာရေးကြီး တစ်ယောက် ဖြစ်ပါသည်။
သခင်ချစ် ပြန်သွားပြီးသောအခါ ကျွန်တော်သည် ကျောင်းအိပ်ကျောင်းစားဆောင်ရှိ မိမိ၏ ခုတင် ပေါ်တွင် ပက်လက်လှန် ၍ မသိမသာ ကိုယ်တိုင်ပါဝင်ပတ်သက်လာသော နိုင်ငံရေးနှင့် နယ်ချဲ့ ဆန့်ျင်ရေး လှုပ်ရှားမှုများ ကို စဉ်းစားနေမိပါသည်။

ကျွန်တော်သည် ဖျာပုံမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ်အတွင်း ၁၃၀၀ ပြည့် အရေးတော်ပုံနှင့် ကြုံကြိုက်ခဲ့ရသလို ၁၉၃၈ ခုနှစ် ကျောင်း သားသပိတ် တွင် ခေါင်းဆောင်ဖြစ်လာခဲ့လေသည်။ ဗြိတိသျှ ကိုလိုနီစနစ်ကို ခါးသီးလျက်ရှိကြ ကုန်သော အလုပ်သမား လယ်သမား လူတန်းစားများနှင့် မြို့နေလူလတ်တန်းစား အလွှာများသည် ထိုအချိန်တွင် စုစည်းမိခဲ့ကြသည်။ သို့သော် ဗြိတိသျှ အစိုးရ လက်အောက်ခံ ရာထမ်းမှုထမ်းများ အနေဖြင့်မူ ကျွန်တော်တို့၏ နယ်ချဲကဆန့်ကျင်ရေး လှုပ်ရှားမှုသည် လည်းကောင်း၊ အလုပ်သမား လယ်သမားများ၏ အလုပ် လက်မဲ့ပြဿနာနှင့် မြေယာတော်လှန်ရေးပိုင်း စသည်တို့သည်လည်း ကောင်း ဘာမျှ အဓိပ္ပာယ်ရှိသည်ဟု မထင်မှတ် ခဲ့ကြပေ။ အမှန်မှာလည်း သူတို့ဘက်က စဉ်းစား ကြည့်လျှင် နယ်ချဲ့အင်္ဂလိပ်တို့ကို ယခုကဲ့ သို့ နှုတ်လှန်ထိုးနှက်ခြင်းများသည် မိမိကိုယ်ကို မိမိ ဒုက္ခ ပေးခြင်းများသာဖြစ်သည်ဟု ယုံကြည်ခြင်းကြောင့်ဖြစ် သည်။

ကျွန်တော့်မိခင်သည် ကျွန်တော် ကျောင်းသားသမဂ္ဂအဖြစ် ဆောင်ရွက်ခြင်းကို မတားမြစ်သော် လည်း အရွယ်အားဖြင့် နုနယ်သေးသော ကျွန်တော်၏ အသိအမြင် ဗဟုသုတလောက်နှင့် အပြော ကျယ် လှသော နိုင်ငံရေးနယ်ပယ်တွင် ပါဝင်လှုပ်ရှားနေခြင်းကို နှုတ်မှ ဖွင့်ဆိုရုံမျှမက အကယ်၍ လုပ်ကိုင်နေသည်ကို သိလျှင် လည်း သည်းခံခွင့်လွှတ်မည်မဟုတ်ပါချေ။ ယခု ကျွန်တော်သည် မိခင်၏ မျက်ကွယ်တွင် နယ်ချဲ့ဆန့်ကျင်ရေး ကိစ္စကို ပါဝင်နေသည်မဟုတ်ပါလော။
“မြလှိုင် ...  ဘယ်မှ မထွက်တော့ဘူးလားကွ၊ ဘာလဲ ဘိုင်ကျနေပြီလား”
ကိုကိုလေး ၏ အမေးကို ချော်လဲရောထိုင်သည့်အနေဖြင့် ကျွန်တော်က ခေါင်းညိတ်လိုက်သည်။ ထိုအခါ ကိုကိုလေး သည် သူ့အိမ်ထောင်ထဲမှ ငါးကျပ်တန်တစ်ရွက်ကို ကျွန်တော့်ထံသို့ ပစ်ပေး လိုက်ရင်း စကားဆိုပါ သည်။

“ကိုယ့်လူ၊ ထကွာ ... စကော့ထဲ လစ်ကြရအောင်၊ ငါ့မှာ မရှိတုန်းက မင်းဆီက ယူသုံးထားတာ ငါးကျပ်မက ရှိပါတယ်၊ အခု၊ ငါ့ပိုက်ဆံကို ပြန်ပေးစရာ မလိုပါဘူးကွ”
ငါးကျပ် ဆိုသော အသပြာသည် ထိုခေတ် ထိုအခါက နည်းလှသည်မဟုတ်ရကား ကျွန်တော်သည် ကိုကိုလေး ထံမှ ငွေငါးကျပ်ကို မယူဘဲ ပြန်ပေးလိုက်သည်။
“နေပါစေကွာ ... ငါမသုံးချင်ပါဘူး ဒါထက် မင်းပေါများနေပုံကလေး ငါ့ကို ရှင်းပြပါဦး၊ မင်းအိမ်က ပို့တာတော့ မဖြစ်နိုင် ဘူး၊ ပြောစမ်း ... ဘယ်က ရခဲ့သလဲ ”
“ဟေ့ ဟေ့ သူငယ်ချင်း မင်း ဘယ်သူမှ မပြောဘူးလို့ ကတိပေးလား”
“အေးပါကွ၊ မပြောပါဘူး၊ မင်း ပိုက်ဆံပေးထဲက ငါသိထားပါတယ်...၊ မင်း ခါတိုင်း ဘယ်တုန်းက ငါကျပ်ပြည့်အောင် လက်ထဲရှိ ခဲ့လို့တုန်းကွ ... ဟုတ်ဘူးလား ...”
”ဟီး ... ဟီး ... အစစ်ပေါ့၊ ဒီလိုကွ၊ ပြီးခဲ့တဲ့ စနေနေ့က တင်ရွှေတို့ တစ်ကြိုရလာတာ တဲ့ မြင်းတွဲ ပွဲလောင်း လိုက်တာ ငွေခုနစ်ရာလောက် လျော်တယ်ကွ၊ တို့အားလုံး ဆယ်ယောက် ရှယ်ရာဆိုတော့ အသားတင် ခွဲလိုက်တော့ တစ်ယောက်ကို ခြောက်ဆယ်ကျော်လောက်ဆီရတယ်”

“ဒီမှာ ကိုကိုလေး ငါပြောချင်တယ်၊ မြင်းပွဲတို့၊ ဖဲရိုက်တာတို့ဆိုတာကျောင်းသားအလုပ် မဟုတ်ဘူး ကွ၊ နောက်ပြီး ဆရာကြီး သိသွားရင်လည်း အပြစ်ပေးခံရဦးမယ်၊ ဒါတွေ မလုပ်ပါနဲ့ကွာ၊ မင်း ပိုက်ဆံလည်း ငါမသုံးချင်ပါဘး”
“ဟေ့ကောင် ... မင်းကို ငါပြောတာ မှားပြီထင်တယ်၊ မင်းပြောတာ မှန်ပါတယ်၊ ဒါပေမယ့် ဘိုင်ကျ တယ် မဟုတ်လားကွ၊ ငွေစကလေးရမယ်ဆိုတာ သိတော့လည်း ထည့်လိုက်တာပေါ့ကွာ”
“ဒီမယ် ကိုကိုလေး ... လောင်းကစားဆိုတာ မက်စရာရှိမှ လောင်းမိမှာပေါ့ကွ၊ နောက်တော့လည်း နောက်က လိုက် မလောက်ဖြစ်ပြီး ... အကျင့်ပါထိခိုက်သွားရော”
“အေးပါကွာ ... နောက် ငါမလုပ်ဘူးဆို ... ပြီးရောပေါ့”
ကျွန်တော်က ခေါင်းညိတ်ပြလိုက်သည်။ ကိုကိုလေးသည် ကျွန်တော် မယူသော ငွေငါးကျပ်ကို သူ့ အိတ်ကပ်ထဲ သို့ထည့်၍ ကျွန်တော့်အပါးမှ ထွက်သွားပါတော့သည်။

“လာ ... မောင်မြလှိုင် ... အတော်ပဲ၊ မမလည်း မောင်မြလှိုင်တစ်ယောက်ပျောက်နေလို့ နေမှကောင်းရဲ့လားဆိုပြီး စိုးရိမ်နေ တယ်၊ ဒီတစ်ပတ် မလာရင်တော့ ကျောင်းလိုက်ကြည့်မယ်လို့ အိမ်ကလူကိုြောထားရသေးတယ်”
“နေတော့ကောင်းပါတယ်၊ စာမေးပွဲနီးလာတော့ ကျွန်တော် ဘယ်ကိုမှ မထွက်ဖြစ်ဘူး၊ မေမေက လည်း ဒီနှစ် အစိုးရစစ် မို့ နှစ်ချင်းစွဲအောင်သွားရမယ်လို့ မှာထားတယ်”
“ကောင်းပါ့ကွယ် ...၊ ဒါထက် မောင်မြလှိုင်ကို ကိုယ့်မောင်အရင်းလေးလိုမို့ မေးရဦးမယ်၊ သူများ ကိုယ်ရေး ကိုယ်တာထ ၀င်ပါတာတော့ မကောင်းလှဘူးပေါ့ကွယ် ... နော် ...”
ကျွန်တော် သည် ဒေါ်တင်တင်စိန် ပြောသည့် စကားများကို နားမလည်သဖြင့် မျက်လုံးအပြူးသား ဖြင့် ကြည့်နေ မိသည်။ ထို့ပြင် ဒေါ်တင်တင်စိန်နှင့် ကျွန်တော့်မိဘများမှာ စီးပွားရေး မိတ်ဘက်များ ဖြစ်ကြသဖြင့် ရန်ကုန်သို့ ကျောင်းလာနေစဉ်ကပင် မိခင်ကြီးသည် ကျွန်တော့်အား ဒေါ်တင်တင်စိန် တို့က ဆုံးမသွန်သင်ပေးရန် အပ်နှံထားပြီြး ဖစ် ပါသည်။

ယခုကဲ့သို့ ဒေါ်တင်တင်စိန်က ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကို မေးမြန်းမည်ဆိုသောအခါ ကျွန်တော် သည် တုန်လှုပ်ချောက်ချားမှု ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မှားယွင်းသော အကြောင်းတစ်ခုခုကို ဒေါ်တင်တင်စိန်တို့အနေဖြင့် သိထားမည်ဆိုပါက တစ်နည်းမဟုတ် တစ်နည်း ကျွန်တော့်မိခင်နားသို့ ပေါက်တော့မည်မှာ မြေကြီးလက်ခတ် မလွဲနိုင်သောအချက်ဖြစ်ပါ သည်။
“မေးပါ မမစိန်၊ ကျွန်တော့်မှာ ကြီးကြီးမားမား ကိုယ်ရေးကိုယ်တာရယ်လို့ မရှိပါဘူး ခင်ဗျား၊ နောက်ပြီး မေမေ လည်း မမစိန်တို့ကို အပ်ထားခဲ့တာပဲ မဟုတ်လား”
“အေးလေ - ဒါကြောင့် လည်း မမစိန် က မောင်မြလှိုင်ကို ကိုယ့်တူလေးလို ကိုယ့်မောင်လေးကို သဘောထားပြီး ပွင့်ပွင့်လင်းလင်း မေးရတာပေါ့၊ ဟုတ်လားဟင်”
“ဟုတ် ... ဟုတ်ပါတယ် မမစိန် ...”

“မောင်မြလှိုင် ... ခင်ခင်နဲ့ မေတ္တာရှိနေကြတယ်ဆို ...”
“သူ၊ လင် လင်နောက်လိုက်သွားပြီလေ၊ မမစိန် မသိသေးဘူးလား”
ခွိခွိ ခွိဟူသော ရယ်သံလေးတစ်ခု ဒေါ်တင်တင်စိန်နောက်မှ ပေါ်ထွက်လာသည်။ ကျွန်တော်သည် ရှက်ခြင်း ကြောက်ခြင်း များ ရောထွေးကာ အလိုလိုနေရင်း ဇောချွေးများ ပြန်လာပါသည်။ ဒေါ်တင်တင်စိန်၏ ညီမဖြစ်သူ ခင်ခင်ကြည် သည် လက်ကိုင်ပ၀ါကလေးကို ပါးစပ်၌ ပိတ်၍ ကျွန်တော် ပြောလိုက်သော စကားကို သဘောကျစွာ ရယ်မောနေခြင်းဖြစ်ပါသည်။
“အင်း ... တင်တင်ပြောလို့ သိပြီးပါပြီ၊ သူလိုက်ပြေးတဲ့ကောင်လေးက ယူနီဗာစီတီက စီနီယာ အင်တာဆိုလား ... ဘာဆိုလား ပဲ ...”
“စီနီယာ အိုင်စက်စ်စီလို့ ပြောတယ် ... မမ”
“အေး၊ ဟုတ်မယ်-ဟုတ်မယ်၊ ထားပါတော့လေ”

“အဲဒါ မော်လမြိုင်ကို ခိုးပြေးပြီး ရုံးတက်လက်ထပ်တယ်ဆိုလား၊ ခုတော့ ကောင်လေးဘက်က သဘောမတူလို့ဆိုပြီး ကောင်လေးကို ကျောင်းကနှုတ်၊ လူငယ်ချင်းလဲ ခွဲလိုက်ကြတယ်လို့ ပြောတယ်၊ အို -ရှပ်ယှက်ကို ခတ်နေတာပဲ”
ဒေါ်တင်တင်စိန်သည် ဈေးသည်ပီပီ သူ ပြောသော စကားထဲတွင် သတင်းစုံကို ဖော်ပြပြီး ဖြစ်နေပါ သည်။ ထိုမျှစုံလင်သော သတင်းထဲတွင် ကျွန်တော်နှင့်ဆိုင်သော အချက်အလက်များ မပါရှိသေး သဖြင့် ကျွန်တော် တစ်ယောက် ရင်တထိတ်ထိတ်ဖြင့် ဘာများပြောလာလေဦးမည်လဲဟု စိတ်စော နေမိပါသည်။
“ခင်ခင် လဲ မော်လမြိုင်က ခု ရန်ကုန် ပြန်ရောက်နေလို့ ဈေးတောင်မထွက်ရဲဘူးလေ။ ၀ဋ်ဆိုတာ ချက်ချင်း လည်တာပဲ ကွဲ့ မောင်မြလှိုင်ရဲ့ ...”
ဘုရား ... ဘုရား၊ ဒေါ်တင်စိန်၏ စကားမြားဦးသည် ကျွန်တော့်ဘက်သို့ လည်လာပါပြီ။

နောက်ဆက်တွဲပြောမည့် စကားများနှင့် ပတ်သက်၍ ကျွန်တော် နားထောင်ရန် ၀န်လေးသော်လည်း ကျွန်တော့် အားပြောရန် မောင်းတင်ထားသော ဒေါ်တင်တင်စိန်အဖို့ ယခုမှ နိဒါန်းမျှသာ ရှိသေးသည်မဟုတ်ပါလား”
“မောင်မြလှိုင် ... ဒီကလေးမနဲ့ ပတ်သက်ပြီး ... တော်တော်ကုန်သွားတယ်ဆို”
ထင်သည့် အတိုင်းပင် လာပါပြီ လာပါချေပြီ။ စသည်ဆိုသည်နှင့် ပိသာလေးနှင့်ဘေးသို့ ထုလိုက် သည့်အလား ကျွန်တော် ပိုကြေးပန်းကြေးများနှင့် ရင်းနှီးသည့် အတိုင်းအဆကို စိတ်မှန်းတွက်ချက်၍ စာရင်းဇယားပြုစုတော့မည့် အလား ပြောလာပါသည်။ ကျွန်တော်သည် မိဘ ထံမှ မုန့်ဖိုးအဖြစ် ပေးလိုက်သည့် တရား သဖြင့် ပိုက်ဆံလေးဖြင့် ပိုးကြေးပန်းကြေး ပေးသည်ကို လူမိသွားသဖြင့် အရှက်ရခြင်းထက်၊ ခင်ခင် အား ပေးကမ်းစွန့်ကြဲအလှူအတန်းကြီး လုပ်ခဲ့ရသော ငွေကြေးများမှာ ကျောင်းပိတ်၍ အိမ်အပြန် မိခင်ပေးလိုက်သော ပိုက်ဆံ၊ အစ်မများ ခြစ်ခြုတ် စုထားသော ပိုက်ဆံ၊ တစ်ပဲဖိုးမျှသော ပစ္စည်းကလေးကို ယူ၍ ကန်တော့ခါ တစ်ဆယ်ဖိုး နှစ်ဆယ်ဖိုး လက်ဖြန့်အလှူခံခဲ့သော ဆွေမျိုးများ၏ ပိုက်ဆံ၊ ဆိုင်တင်ရောင်းချသော အ၀တ် အထည်များ ကို လက်သိပ်ထိုး သယ်ဆောင်လာပြီး ကျောင်းသို့ရောက်သောအခါ ကျောင်းသား အချင်းချင်း လျှော့ဈေးဖြင့် ရောင်းချ၍ရသော ပိုက်ဆံများ၏ တန်ဖိုးမှာ ထိုစဉ်အခါ သမယ ပြား-ပံ-မူး စသည့် သုံးစွဲသောခေတ်တွင် မနည်းသည်မှ အလွန်အလွန် မနည်းကြောင်း ကျွန်တော်ကောင်း စွာ သိပါသည်။

ထိုမျှ အရင်းအနှီးကြီးမားစွာ ပိုးကြေးပန်းကြေးပေးလျက် ရည်းစားအဖြစ် ရယူထား သော ခင်ခင်တစ်ယောက် ကျွန်တော့် အား တစ်ပတ်ရိုက်သွားသည်မှာ ကြားရသူအဖို့ လက်ခုပ်သြဘာပေးခြင်းထက် လည်မျိုအား တုတ်ကြီးကြီးဖြင့် ရိုက်သတ်ရန် ပင် ကောင်းလိမ့်ဟု ထင်မိပါသည်။
“သိပ်မများပါဘူး၊ မမစိန်”
“အင်းလေ ...၊ မောင်မြလှိုင် တို့လို သူဌေးသားတွေအဖို့တော့ မပြောလောက်ပေမယ့် ဆင်းရဲသားအဖို့တော့ ရင်းလောက်နှီးလောက် ငွေတွေပဲလေ မမတို့လည်း မသိပါဘူးကွယ်၊ ခင်ခင့် ညီမ တင်တင် က မောင်မြလှိုင် တစ်ယောက် သူ့အစ်မအပေါ် ငွေကြေးအကုန်ခံ ရက်ရေတာြော တာကြားရလို့ အံ့သြမဆုံးပါပဲကွယ်”

ဆက်ရန်
.

No comments: