Thursday, December 27, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၁၉)

“ဟေ့ … ရဲဘော်တစ်ယောက် လာပါဦးကွာ”
ရဲဘော် ဆိုသူသည် စစ်ဝတ်စုံ မတော့်တတော်ကြီးကို ၀တ်လျက် ၀ုန်းဒိုင်းဖြောင်းဟူသော အလေးပြု သံကြီး ကို လုပ်ပါ သည်။ ကျွန်တော်၊ ကိုအုန်းမောင်၊ ကိုစိန်လှိုင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ၍ ပြုံးလိုက်မိကြ သည်။ ကျွန်တော်တို့ ပြုံးလိုက်မိသည်ကို မြင်သော သခင်ဘသန်း သည် ထိုရဲဘော်အား ကြည့်၍ ကျွန်တော်တို့ နည်းတူ ပြုံးလိုက်ပါသည်။
“ဒီလူ သုံးယောက် ကို ထမင်းစားရုံကို ခေါ်သွားပြီး ထမင်းကျွေးလိုက်ပါကွာ”
ဖြောင်း-ဒိုင်း-ဂွမ်း မြည်ပြန်ပါသည်။ ထိုအခါတွင်တော့ ကျွန်တော်သည် အသံထွက်၍ ရယ်ချလိုက် သည်။ ကျွန်တော် ရယ်လိုက်သောကြောင့် ထိုရဲဘော်သည် ကျွန်တော့်အား မိုက်ကြည့်ကြည့် ကာ ရှေ့မှ ခြေသံပြင်း ပြင်းနှ င့် ထွက်ခွာ သွားပါသည်။
ကို ဆက်ဖတ်ရန် ..........

“လုပ်ရော့မယ် ကိုအုန်းမောင်ကလဲဗျာ၊ အောင့်ထားလို့မရလို့ ရယ်တာပေါ့ဗျ”
“ရယ်ချင်ရင် ကွယ်ရာမှာ ရယ်ပေါ့ကွ၊ ခုဟာက နားရင်းမရိုက်တာပဲ ကျေးဇူးတင်ရမယ်”
ကျွန်တော်တို့ သုံးယောက် စကားပြောရင်း ရဲဘော်ခေါ်ဆောင်ရာသို့ လိုက်ပါခဲ့ကြရာ ရဲဘော်များကို ထမင်းကျွေးသော ထမင်းစားရုံသို့ ရောက်ရှိခဲ့ကြပါသည်။ ထမင်းရုံတွင်မူ စစ်ဝတ်နှင့် ရဲဘော်များ၊ အရပ်ဝတ် နှင့် လူငယ်များ ကို တွေ့ရပါသည်။ ထိုသူများသည် စားသူစား ထွက်ခွာသွားသူ သွားဖြင့် ခြေချင်းလိမ်လျက် ရှိနေပါ သည်။
“ဟ … ဘယ်သူတွေလည်း မှတ်တယ် ကိုယ့်လူတို့ကိုး”
ကျွန်တော်သည် အသံလာရာဆီသို့ ကြည့်လိုက်မိသည်။ ထိုသူကား စောစောက ကျွန်တော်တို့ အား မြူနီစံပယ်ရုံး သို့ ခေါ်ဆောင်သွားသော ကိုခင်မောင်ဆိုသူပင်ဖြစ်ပါသည်။ ကိုခင်မောင်သည် ရဲဘော်များ အား ထမင်းကျွေးရသည့် စားဖိုတာဝန်ခံ ဖြစ်ဟန်တူပါသည်။ သို့သော် သူကို တည့်လက်သားများက ဆရာဗိုလ်ကြီး၊ ဆရာဗိုလ်ကြီးဟု ခေါ်သံကြားရခြင်းဖြင့် သူလည်း ခေသူမဟုတ်ဟု စိတ်ထမှ ကျိတ်၍ မှတ်ချက် ချမိသည်။ ကိုခင်မောင်၏ ရှေ့ဆောင်ချက်ဖြင့် ကျွန်တော်တို့သုံးယောက် ၀ါးတန်းစားပွဲ၊ ၀ါးတန်း ကုလားထိုင်များ ဆီသို့ ၀င်ထိုင်လိုက်ကြပါသည်။

“ဟေ့ … ဒီဘက်ကို ထမင်းပြင်ပေးကြစမ်း”
မကြာမီ ထမင်းဟင်း အပြည့်အစုံ ရောက်လာပါသည်။ ၀က်သားတုံးကြီး ဒူးခေါင်းလောက် သူများ စားတာ မြင်ဖူးပါရဲ့ဆိုသော စကားသည် လက်တွေ့၌မူ ထိုသို့မဟုတ်တော့၊ ဒူးခေါင်းလောက် ၀က်သားတုံး များဖြင့် ကျွန်တော်တို့အား ဖောဖောသီသီ ကျွေးမွေးပါသည်။ ထိုမျှ ကြီးလွန်းသော ၀က်သားတုံးကို စားရမည်ကို မ၀ံ့ မရဲဖြစ် မိသည်။ သို့ဖြစ်၍ ထမင်းပန်းကန်ထဲသို့ ဟင်းရည်ကိုသာလောင်း၍ ဟာနေသောဝမ်းကို ငြိမ်းအေး လိုက် ရသည်။ ကျွန်တော်တို့ စားသောက်မပြီးစီးမီပင် စလွယ်နီကြီးကို လွယ်ထားသော စစ်ဝတ်နှင့် လူတစ် ယောက်ရောက်ရှိလာကာ ဗိုလ်မှူးရန်နိုင်က အခေါ်လွှတ်လိုက်ကြောင်း ပြောပြ၍ ကျွန်တော် တို့ကို စောင့်ခေါ် သွားပါသည်။
“ဟေ့ … မင်းတို့ရောက်တာ ကြာပြီလားကွ”
ကျွန်တော် နှုတ်မှမဖြေ။ ခေါင်းညိတ်ပြလိုက်သည်။ အဘယ်ကြောင့် ဆိုသော် ဗိုလ်ရန်နိုင်ဆိုသူမှာ ကျွန်တော် တို့ ကျောင်းသားသမဂ္ဂတွင် ကျွမ်းဝင်ရင်းနှီးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုထွန်းရှိန် ဖြစ်ခြင်းကြောင့်သာတည်း။ ယခုအခါ ကိုထွန်းရှိန် တစ်ဖြစ်လဲ ဗိုလ်ရန်နိုင်ကား မုတ်ဆိတ်ကျင်စွယ်နျင့် ခန့်ထည်သော စစ်ဝတ်စုံ ကို ၀တ်ကာ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်၍နေသူမဟုတ် ပါလား။

“ထိုင်ကြဗျာ၊ ခင်ဗျားတို့မြို့ကတော့ မီးတိုက်ပစ်ဖို့ ကောင်းတဲ့မြို့ပဲဗျ”
“ဘာဖြစ်လို့လဲ“
“ဘာဖြစ်ရမလဲ၊ ဗိုလ်တောက်ထိန်တို့ကို ခံဆော်လိုက်တာ လက်မောင်းမှာ ဒဏ်ရာရခဲ့တယ်၊ အကြပေးအရာ ရှိ ဆိုက်တိုးစံခေါင်း မှာ ဒဏ်ရာရခဲ့တယ်၊ ရဲဘော်တစ်ယောက်လည်း ကျခဲ့တယ်”
“ဒါကတော့ ကျွန်တော် တို့ လူခံတွေအားလုံး မြို့ပေါ်မှာ မရှိဘဲ နယ်ရောက်နေကြလို့ ဖြစ်ရတာပါ၊ မဟုတ်ရင် ခုလို အရုပ်ဆိုး တဲ့ အဖြစ်အပျက်မျိုး ဘယ်ဖြစ်မလဲ”
“ဒါတွေ ထားလိုက်ပါတော့ဗျာ၊ ခင်ဗျားတို့ ခုချက်ချင်း ပြန်ကြဖို့လိုတယ်၊ ခင်ဗျားတို့နဲ့အတူ ဗိုလ်မြင့်ဆွေ၊ ဗိုလ် တောက်ထိန်တို့လဲ လိုက်ကြလိမ့်မယ်၊ ဒီတစ်ခါ ခုခံရင်တော့ တစ်မြို့လုံးကို မီးတိုက်ပစ်ရမှာပဲ”
ကျွန်တော် တို့သည် ဗိုလ်ရန်နိုင်ပြောသည့် စကားများကို နားထောင်ရုံသာ နားထောင်၍ ကောင်းသည်ဆိုး သည်ဟု ပြန် ၍ မပြောကြသဖြင့် ဗိုလ်၇န်နိုင်က ဘယ်လိုလဲဟူသော သဘောဖြင့် ကျွန်တော်တို့အား အကဲခတ် ရင်း ကြည့်လျက်ရှိပါသည်။ ကျွန်တော့်စိတ်တွင် လူငယ်ပီပီ ဗိုလ်ရန်နိုင်ပြောသော စကားများသည် ခက်ထန်သည် ဟု ထင်မြင်ကာ စိတ်ထဲမှ မကျေမနပ်ဖြစ်မိသည်။ သို့ကြောင့် ယခုကဲ့သို့ စကားပြန်မပေးပဲ နေမိခြင်းဖြစ်သည်။ ထိုအချိန် တွင် လက်တစ်ဘက်တွင် ပတ်တီးစီး၍ စစ်ဝတ်စုံအပြည့် ၀တ်ဆင်ထားသောသူ တစ်ယောက်နှင့်အတူ စစ်ဝတ်စုံဖြင့်ပင် ပိန်ပိန်ပါးပါး တစ်ဦးလည်း ၀င်ရောက်လာ သည်ကို တွေ့လိုက်ရပါသည်။

“အတော်ပဲဗျို့ … ဖျာပုံက ရဲဘော်တွေ ရောက်နေတယ်၊ သူက ဗိုလ်လက်ျာညီ ကျောင်းသားခေါင်းဆောင် မြလှိုင် ဆိုတာပဲ၊ သူတို့က …”
ဗိုလ်ရန်နိုင် ၏ စကားကို ဆက်၍ ကျွန်တော်သည် ကိုအုန်းမောင်နှင့် ကိုစိန်မြိုင်တို့ နှစ်ဦးအား ၀င်လာသော စစ်ဗိုလ်နှစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်ပါသည်။ ဗိုလ်ရန်နိုင်၏ မိတ်ဆက်ပေးမှုအရ ၎င်းစစ်ဗိုလ်နှစ်ဦးမှာ ဗိုလ်တောက်ထိန်နှင့် ဗိုလ်မြင့်ဆွေတို့ဖြစ်ကြောင်း သိရပါသည်။ ကျွန်တော်သည် ဗိုလ်ရန်နိုင်ပြောသည့် ဗိုလ် လက်ျာ ဆိုသည့် နာမည်နှင့် ပတ်သက်၍ စဉ်းစားရင်း ဗိုလ်လက်ျာဆိုသူမှာ မည်သူမည်ဝါဖြစ်သည်ကို သိလို လှပါ သည်။ ကျွန်တော်တို့ သုံးဦးနှင့် ဗိုလ်ရန်နိုင်တို့ ဖျာပုံမြို့နယ် အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြပါသည်။ ထိုအခါ ကိုအုန်းမောင်နှင့် ကျွန်တော်တို့နှစ်ယောက် ခေတ္တတိုင်ပင်ကြပြီး ဖျာပုံမြို့နယ် အုပ်ချုပ်ရေးကို တို့ဗမာ အစည်းအရုံးနှစ်ခုမှ ပုဂ္ဂိုလ်များ အညီအမျှ ထည့်သွင်း ဖွဲ့စည်းရန် အကြံပြုပါသည်။ ကျွန်တော်တို့၏ အကြံပြုချက် ကို ဖြည့်စွက်၍ ကိုလှရွှေအား အုပ်ချုပ်ရေးအဖွဲ့တွင် ထည့်သွင်း ဖွဲ့စည်းရန် မှာကြား ပါသည်။ ဆွေးနွေးပွဲပြီးသောအခါ ဗိုလ်ရန်နိုင်အား ဗိုလ်လက်ျာဆိုသူမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း မေးကြည့် မိပါသည်။ ထိုအခါတွင်မှ ဗိုလ်လက်ျာသည် ကျွန်တော်၏ အစ်ကိုရင်းဖြစ်သူ သခင်လှဖေ ဖြစ် ကြောင်း သိရပါ သည်။

ဗိုလ်မြင့်ဆွေ၊ ဗိုလ်တော်ကထိန်တို့နှင့်အတူ ကတ္တူကြီးနှစ်စင်းဖြင့် ဖျာပုံမြို့သို့် ပြန်လာကြပါသည်။ ဤသို့ လာရငြား လည်း စိတ်ထဲတွင် တထိတ်ထိတ်ဖြစ်မိသည်။ ယခုတစ်ကြိမ် ထပ်မံ၍ ခုခံကြဦးမည်ဟု ဆိုလျှင် ဖျာပုံမြို့ ၏ကံကြမ္မာသည် အလှည့်အပြောင်းတစ်ခုခုဖြင့် ကြုံတွေ့ရတော့မည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ ကြောင့် ကျွန်တော်တို့ သုံးဦးအား ကတ္တူဦးပိုင်းတွင် လိုက်ပါခွင့်ပြုရန် ဗိုလ်မြင့်ဆွေအား ခွင့်တောင်းရပါတော့ သည်။ ခုတ်မောင်းလျက်ရှိသော ကတ္တူများ၏တဒုန်းဒုန်းမြည်ဟည်းလျက်ရှိသော စက်သံများကဲ့သို့ ကျွန် တော်၏ ရင်ထဲ၌လည်း တဒုန်းဒုန်းမြည်လျက် ရှိပါသည်။ ဖျာပုံနှင့် နီးလာလေ စိတ်လှုပ်ရှားလေ ဖြစ်မိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဖျာပုံမြို့သူမြို့သားများသည် ကမ်းလုံးညွှတ်မျှ ကြိုဆိုလျက်ရှိကြပါသည်။ ကျွန်တော် တို့ စီးနင်းလာသော ကတ္တူကို ဧရာဝတီသင်္ဘောဆိပ်၌ ဆိုက်ကပ်၍ ထိုမှသည် မြူနီစီပယ်ရုံးရှိရာ သို့လာကြ ရာ လမ်းတစ်ဘက်တစ်ချက်မှ မြို့သူမြို့သားများ၏ (သခင်မျိုးဟေ့ တို့ဗမာ) ဟူသော ကြွေးကြော် သံများ သောသောညံလျက် ရှိပါသည်။
“ခင်ဗျား တို့ စာရင်းပေးထားတဲ့လူတွေကို ချက်ချင်းခေါ်ပေးနိုင်မလား”
“ဖြစ်ပါတယ်”
“ဒါဖြင့် သွားခေါ်ဗျာ”

ကျွန်တော်တို့သည် ဗိုလ်မြင့်ဆွေ၏အမိန့်အရ နယ်ချဲ့တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြသော တို့ဗမာ အစည်းအရုံးနှစ်ခုမှ ပုဂ္ဂိုလ်များအား လိုက်လံခေါ်ယူကြပါသည်။ ကျွန်တော်တို့အားလုံး စုံညီသောအခါ အုပ် ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ မြို့တွင်းသို့ လှည့်လည်ကာ မောင်းခတ်ကြေညာခြင်း ပြုစေပါသည်။ ယင်းသို့ ကြေညာရာတွင် လူထုတရားပွဲပြုလုပ်ရန်ကိုပါ ကြေညာခဲ့သဖြင့် ကြီးမားသော လူစုလူဝေးကြီး သည် မြူနီစီ ပယ်ရုံးရှေ့တွင် ပြည့်လျှံလျက် ရှိပါတော့သည်။ ထိုအခြင်းအရာများကို ကြည့်၍ ကျွန်တော့်စိတ်တွင် အိပ်မက်မက်နေ မိဘိသို့ ထင်မှတ်မိသည်။ ဗိုလ်မြင့်ဆွေသည်လည်းကောင်း၊ ဗိုလ်တောက်ထိန် သည်လည်း ကောင်း၊ စစ်သွေးစစ်မာန် တက်ကြွသူများပီပီ ရဲရဲတောက် မိန့်ခွန်းများ ပြောကြားလျက် ဖျာပုံလူထုကြီး အား တပ်လှန့်လှုပ်နှိုးခဲ့လေသည်။ ၎င်းတို့ပြောကြားသော စကားများကို ကြားရသော ကျွန်တော့် အနေဖြင့် လူငယ် ပီပီ ဇာတိသွေး ဇာတိမာန်များ အလွန်တက်ကြွမိလေသည်။

ရှုမဝ၊ တွဲ ၃၄၊ မှတ် ၄၀၇၊ ဧပြီ ၁၉၈၁။
ဖျာပုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွင် သခင်သိမ်းမောင်၊ သခင်ဖိုးရှိန်၊ ဒေါက်တာလှရွှေ၊ ဦးလှအောင်၊ ဦးစံဦး၊ ဦးဘဝင်း၊ ဗိုလ်ပါစိန်နှင့် ကျွန်တော်တို့ ပါဝင်ကြပါသည်။ လူငယ်နှစ်ဦးဖြစ်သော ဗိုလ်ပါစိန်နှင့် ကျွန်တော် တို့ နှစ်ဦးကို ဗိုလ်မြင့်ဆွေက တပ်နှင့် ကာကွယ်ရေးဌာနနှစ်ခုခွဲ၍ တစ်ဦးစီအား ကိုင်စေပါသည်။ ထိုအခါ ကျွန် တော် သည် ကာကွယ်ရေး တာဝန်ခံဖြစ်လာပါသည်။
“ဗိုလ်မြလှိုင်… ဗိုလ်ထောက်ထိန်တို့ကို ခုခံတိုက်ခိုက်တဲ့ လူတွေကို တစ်ယောက်မကျန် ဖမ်းပေးပါ”
ကျွန်တော် မျက်လုံးပြူးရပါတော့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က မြို့ရွာ ကာကွယ်ရေးအဖြစ် တာဝန် ယူထားသော လူကြီးအချို့သည် ခြေဦးတည့်ရာသို့ တိမ်းရှောင်သွားကြလေပြီ။ ကျွန်တော် သဘော ပေါက် သည်မှာ ၎င်းတို့သည် ဗိုလ်တောက်ထိန်တို့အား တပ်မတော်အဖြစ် သိရှိခြင်း မရှိဘဲ လက်နက်ကိုင် ပင်လယ်ဓားပြ များဟု ထင်မှတ်ခြင်းကြောင်းသာလျှင် ယင်းကဲ့သို့ ခုခံကြခြင်း ဖြစ်လေသည်။ ထို့ပြင် ဖျာပုံမြို့ နယ် တစ်ခုလုံး၏ တော်လှန်ရေးကို ဆောင်ရွက်သူများဖြစ်ကြသည့် ကျွန်တော်တို့အဖွဲ့နှင့် တိုက်ရိုက်မတွေ့ ရှိလိုက်ရခြင်း သည် ယင်းအနိဋ္ဌာရုံကို မွေးဖွားပေးလိုက်သကဲ့သို့ ရှိပါတော့သည်။ သို့တစေ ကျွန်တော်သည် ပင်လျှင် ဗိုလ်မြင့်ဆွေ အား ရှင်းလင်းမပြ၀ံ့ခဲ့ပေ။

အကယ်၍ ထိုအချိန်က ကျွန်တော့်အနေဖြင့် ရဲရဲဝံ့ဝံ့ ခုခံပြော ဆိုခဲ့ပါ လျှင် နောက်ထပ် ဖြစ်ပေါ်လာမည့် ကြေကွဲဖွယ်အဖြစ်မျိုး ဖြစ်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဗိုလ်မြင့်ဆွေ အမိန့်အရ ကျွန်တော်နှင့် ဗိုလ်ပါစိန်တို့နှစ်ဦး ဦးစီးသော ဗမာ့လွတ်လပ်ရေး တပ်ဖွဲ့ဝင်များသည် ထိုအချိန်က ခုခံခဲ့ကြသော ဦးအောင်ကြွယ်နှင့် လူအချို့အား ဖမ်းဆီးခဲ့ရပါတော့သည်။ စစ်ဦး ဘီလူးဆိုသည့်အတိုင်း ဦးအောင်ကြွယ်တို့ လူသိုက် အား မြို့ရွာလူထုရှေ့မှောက်တွင် လှံစွပ်ထား၍ ကွပ်မျက်ခဲ့ပါသည်။ ထိုအချိန်က ဦးအောင်ကြွယ်၏ ဇနီးဖြစ်သူသည် သားအရွယ်လောက်ရှိသော ကျွန်တော်၏ ခြေအစုံကို ဆံပင်နှင့်ပွတ်၍ ခယတောင်းပန်ရှာပါသည်။ သို့သော် နယ်ချဲ့တော်လှန်ရေး စပ်မတ်ကူးကာလ ဖြစ်သဖြင့် ကျွန်တော့် ခြေခုံ ပေါ်မှ စွတ်စိုလျက်ရှိသော မျက်ရည်မိုးများကို လျစ်လျူရှုခဲ့ရပါသည်။ အမှန်မှာ ကျွန်တော်သည်ပင်လျှင် ၀မ်း နည်းကြေကွဲခြင်းတည်းဟူသော မုန်တိုင်းကြီးတစ်ခု ကျွန်တော့် ရင်အတွင်း၌ ဆင်ခဲ့ရပါသည်။ ကျွန်တော် အလွန်စိတ်မကောင်းဖြစ်သည်ကို သိရှိခဲ့သော ဗိုလ်မြင့်ဆွေသည် ကျွန်တော့်အား တစ်ဦးချင်း တွေဆို၍ စစ်သားဆိုသည်မှာ အမိန့်ကို နာခံတတ်ခြင်း၊ ရန်သူကို ရန်သူကဲ့သို့ ဆက်ဆံရခြင်းစသည့် စစ်သည်တော် ကျင့်ဝတ် တစ်စိတ်တစ်ဒေသကို ရှင်းလင်းပြပါသည်။
မည်သို့ပင် ဆိုစေ၊ ဦးအောင်ကြွယ်သည် နယ်ချဲ့တော်လှန်ရေးကာလတွင် နယ်ချဲ့သမားတို့ ကိုယ်စား၊ ဓား စာခံ အစတေးခံခဲ့ရသောသူ တစ်ဦးဖြစ်ပါတော့သည်။

“ဟေ့လူ - ခင်ဗျား ဘယ်ကလူလဲ၊ ခု-ထွက်သွား”
ကျွန်တော်၏ အခန်းစောင့်ဖြစ်သူ ရဲဘော်၏ အော်ဟစ်ကြိမ်းမောင်းနေသော အသံကြောင့် ကျေးရွာလူကြီး များနှင့် ဆွေးနွေးလျက်ရှိသော ကျွန်တော်သည် အပြင်သို့ နားစွင့်လိုက်မိသည်။
“ခင်ဗျားတို့ လူကြီးတွေနဲ့ တွေ့မလို့ပေါ့ဗျ”
“မတွေ့ရဘူး”
“ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ဘူး၊ ခင်ဗျားလို ဘိန်းစားတစ်ယောက်ကို ဘာဖြစ်လို့ တွေ့ခွင့်ပေးရမှာလဲ”
“ဟက် - ဟက် - ဟက် ဘိန်းစား ဟုတ်လား”
“ဟုတ်တယ်၊ ဘိန်းစား မဟုတ်လို့ မင်းဘာကောင်လဲ”
ကျယ်လောင်သော ကိုဝက်ကြီး၏ အသံသည် ကျွန်တော်၏ နားအတွင်းသို့ ဒီလှိုင်းပမာ အလုံးအရင်းဖြင့် ၀င်ရောက်လာပါသည်။ သို့ဖြစ်၍ လူကြငီးများအား ခေတ္တစောင့်ဆိုင်းရန် ပြောဆိုပြီး အခန်းဝသို့ ထွက်လာခဲ့ ပါသည်။
“ဟ … ကိုဝက်ကြီး၊ အ၀တ်မပါ ဘာမပါနဲ့ ဘယ်က လာတာလဲဗျ”
“ဒါတွေ ထားပါဦး၊ တံခါးစောင့် မင်းဘုရားက အတင်းတားနေလို့ မ၀င်ရဘူးတဲ့ဗျ”

ကျွန်တော်သည် ကိုဝက်ကြီး၏ နဘေထပ်သံကြောင့် ပြုံး၍ အခန်းစောင့် ရဲဘော်အား ကြည့်လိုက်မိသည်။ အခန်းစောင့်ရဲဘော်မှာ ကျွန်တော်နှင့် ကိုဝက်ကြီးတို့၏ ရင်းနှီးမှုကို ဆက်စပ်၍ မရသကဲ့သို့ ပြူးကြောင် ကြောင် မျက်လုံးအစုံဖြင့် အံ့သြစွာကြည့်လျက် ရှိပါသည်။ ကိုဝက်ကြီးသည် တစ်ကိုယ်လုံး ၀ဲစွဲ၍ နံငယ်ပိုင်း သာသာ ခါးဝတ်ကို စည်းလျက် ကျွန်တော့်အား လာရောက်တွေ့ဆုံခြင်းကပင် အမြင်မတော် ဆင်တော်နှင့် ခလောက်ဆိုသလို ဖြစ်နေပါသည်။
“ကဲ … ဘာကိစ္စလဲ”
“စစ်တပ်ထဲ ၀င်မလို့ပေါ့ကွ”
စောစောက အခန်းစောင့် ရဲဘော်သည် မဲ့ပြုံးကြီးပြုံး၍ ကျွန်တော့်အားလည်းကောင်း၊ ကိုဝက်ကြီးကို လည်းကောင်း၊ နားမလည်သည့် အသွင်ဖြင့် ကြည့်နေပါသည်။
“အေးအေး နေစမ်းပါ ကိုဝက်ကြီးရာ၊ စစ်သားဆိုတာ ကြမ်းကြမ်းရမ်းတမ်း တိုက်ဟယ် ခိုက်ဟယ် လုပ်ရတာ ဆိုတော့ ခင်ဗျားကို စစ်ထဲသွင်းလိုက်ရင် မခွေးမကို မုဆိုးမဖြစ်အောင် လုပ်သလို ဖြစ်နေမှာပေါ့”
“စစ်ထမ၀င်ရရင်လ အလုပ်တစ်ခုခုပေးကွာ၊ မင်းတို့တစ်တွေ စစ်သူကြီးတွေ ဘာတွေ ဖြစ်နေမှတော့ ငါလည်း ကောင်းစားဖို့ လိုတာပေါ့၊ ဟက် - ဟက် မဟုတ်ဘူးလားကွ”
အစောင့်ရဲဘော်သည် ဒုတိယမ္ပိ ပြုံးပြန်ပါသည်။ စောစောက သူထင်မှတ်ထားသော ဘိန်းစားဝက်ကြီးသည် ဖျာပုံမြို့နယ်၏ ကာကွယ်ရေး တာဝန်ခံကြီးတစ်ဦးဖြစ်သော ကျွန်တော်၏ဆရာ ဖြစ်နေပါပကောဟု အံ့သြသည့် မျက်နှာ ပြုံးဖြီးဖြီးကြီးသည် ကျွန်တော့်အား လှောင်ပြောင်သကဲ့သို့ ရှိနေပါတော့သည်။

“ဟေ့ … ရဲဘော်၊ သူ့ကို ခုံတစ်လုံးချပြီး ခဏ ထိုင်ခိုင်းစမ်းကွာ ကိုင်း - ၀က်ကြီး ခင်ဗျားစောင့်၊ ကျေးရွာက လူကြီးတွေနဲ့ ဆွေးနွေးပြီးရင် ခင်ဗျားနဲ့ အေးအေးဆေးဆေး စကားပြောတာပေါ့ဗျာ”
ကျွန်တော်၏ ပြောစကားကြောင့် အခန်းစောင့်ရဲဘော်သည် ကိုဝက်ကြီးထိုင်ရန် ခွေးခြေတစ်လုံးကို သယ် ဆောင်လာပြီး ထိုင်စေပါသည်။ ထိုနေ့က ကျေးရွာလူကြီးများအား ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ စစ်သား စုဆောင်းရေးကိစ္စများကု အချိန်ကြာမြင့်စွာ ဆွေးနွေးနေရသဖြင့် ညနေစောင်းမှ ကိုဝက်ကြီးအား အပြင်တွင် စောင့်ခိုင်းထားခဲ့မိသည်ကို ပြန်လည် သတိရမိပါသည်။ ထိုအချိန်က ကျွန်တော်၏ အသက်သည် နှစ်ဆယ်မျှ သာရှိသေးသော လူငယ်လေးတစ်ယောက်ဖြစ်သဖြင့် ဤမျှကြီးလေးသော တာဝန်ကို ထမ်းဆောင်ရသည်မှာ ၀န်နှင့်အား မမျှတသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော် ကိုအုန်းမောင် အမှူးပြု သော ကျွန်တော်တို့တစ်တွေသည် ကျောင်းသားသမဂ္ဂတွင်လည်းကောင်း၊ တို့ဗမာအစည်းအရုံးတွင်လည်း ကောင်း၊ ဦးဆောင်မှုကို ရယူနိုင်ခဲ့သော လူငယ်များဖြစ်ပါသည်။
“ရဲဘော်ရေ …”
ကျွန်တော်၏ ခေါ်သံကြောင့် အခန်းစောင့်ရဲဘော် ၀င်လာပါသည်။ တစ်ဆက်တည်းပင် အခန်းစောင့်ရဲဘော် အားအပြင်တွင် စောင့်ခိုင်းထားသည့် ကိုဝက်ကြီးအား ကျွန်တော့်ထံ လွှတ်လိုက်ရန် မှာကြားမိပါသည်။
“အိပ်ပျော်နေတယ်ခင်ဗျာ”
“နှိုးလိုက်ကွာ”
ဤသို့ ပြောလိုက်သဖြင့် အခန်းစောင့်ရဲဘော် အပြင်သို့ ထွက်သွားပြီး ကိုဝက်ကြီးအား နှိုးကာ ကျွန်တော့် ထံသို့ လွှတ်လိုက်ပါသည်။

“လာ - ထိုင် ဗျို့ကိုဝက်ကြီး၊ ဘယ့်နှယ်လဲ ဘက အိပ်ရေးပျက်တယ်ထင်တယ်”
“ဒါတွေထားပါဦး၊ လက်ဖက်ရည်လေး စီးကရက်လေး တိုက်ပါဦး”
ကိုဝက်ကြီး၏ အမိန်ကို နာခံ၍ ကျွန်တော့်ရုံးခန်း၌ပင် ၎င်းအား ပြုစုလုပ်ရပ်များနှင့် ပတ်သက်၍ ဖျာပုံသူ မြို့သားများမှာ မနှစ်သက်ကြောင်း၊ ဥပမာအားဖြင့် မျက်နှာသိ မြို့သူမြို့သားအချင်းချင်း အာဏာပြခြင်း၊ ထောင့်မကျိုး လမ်းသလားခြင်း စသည့် ဂုဏ်သိက္ခာနှင့် စေတနာတိုကို အစွန်းအမှန် ထင်စေခံမှုကို မရရှိဘဲ လူထုချဉ်ဖတ်ဖြစ်နိုင်ကြောင်း စသည်တို့ကို ပြောပြပါသည်။ ကျွန်တော်သည် ကိုဝက်ကြီ ပြောသည်များကို မခံမရပ်နိုင် မဖြစ်မိပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည်ပင်လျှင် မိမိ၏ လက်ရှိဘ၀ကို ယစ်မူး သာယာခြင်း၊ မောက်မခြင်း စသည်တို့ ရှိနေသည်ပင် မဟုတ်ပါလား။
“ခုနေတော့ ဘယ်ဟာမှ နေသားတကျ မရှိသေးဘူး မဟုတ်လားဗျာ၊ မြို့ရွာအုပ်ချုပ်ရေးကိုလဲ ဥပဒေ စည်း ကမ်းဘောင်နဲ့ ဘယ်လုပ်နိုင်ဦးမှာလဲ၊ အရေးကြီးတာက မြို့ရွာကျေးလက် ငြိမ်ဝပ်ပိပြားရေးရအောင် စစ် အမိန့်နှင့် အုပ်ချုပ်ရတာပေါ့၊ တိုင်းပြည် အေးချမ်းသာယာတဲ့ အခါမျိုးမှ မဟုတ်တာပဲ”

“အေးလေ - ဒါတွေက ရှိသင့်တာပေါ့ကွ၊ ဒါပေမယ့် ဗျောက်လုံးပြူးကြီးတကားကား၊ ဟိုနားဒီနား ဆယ်လှမ်း လောက် သွားရမှာ မော်တော်ကား တစ်စီး၊ ထဘီခိုးမှုကို ကြိမ်ဒဏ် အစိတ်ရိုက်၊ ဒါတွေဟာ မလုပ်သင့်တာ တွေပေါ့ကွ”
ကိုဝက်ကြီး၏ ဆုံးမသြ၀ါဒကို နာခံလိုက်ရသော ကျွန်တော်သည် မိမိလုပ်ရပ်များအတွက် နောင်တရမိ သည်။ အဘယ်ကြောင့်ဆိုသော် ကိုဝက်ကြီး ယခု ပြောစကားများသည် သူတစ်ဦးတည်း၏ ထင်မြင်ချက် မဟုတ်ပေ။ ရပ်ရွာထဲတွင် အများသူငါ ပြောဆိုနေကြသည်ကို နားမဆံ့အောင် သိရခြင်းမှ ပေါက်ဖွားလာသော အကြောင်းရပ်များဖြစ်ပါသည်။
“ကျေးဇူးတင်တယ်ဗျာ၊ ကျွန်တော်တို့ ပြုပြင်ရမှာပေါ့”
“လူချစ်အောင် လုပ်ဖို့ခတ်ပေမယ့် လူမုန်းအောင် လုပ်တာ လွယ်တယ်မြလှိုင်၊ ငါကတော့ မင်း ကျေးဇူးတွေ နစ်လောက်အောင် ရှိနေသူဆိုတော့ ကြားတာ မြင်တာ၊ တွေ့တာ ပြောပြရမှာပဲ၊ ကိုင်း - ပြန်ဦးမယ်ဗျာ”
“နေပါဦးဗျ၊ ကျုပ်လဲလိုက်ခ့ပါ့မယ်”

ကျွန်တော်သည် သိမ်းဆည်းထားသော အ၀တ်အထည်များထဲမှ ကိုဝက်ကြီးနှင့် သင့်တော်မည့် အ၀တ်အစားများ၊ မခွေးမအတွက် ပိတ်စများ၊ ကလေးဝတ်နိုင်မည့် အ၀တ်အစားများကို ပေးလိုက်ပြီး ကျွန်တော်သည် ကိုဝက်ကြီးနှင့် အတူ သူတို့နေထိုင်ရာ အောင်မင်္ဂလဇာတ်ရုံလမ်းသို့ လိုက်လာခဲ့ပါသည်။ ကျွန်တော်နှင့် ကိုဝက်ကြီးတို့ နှစ်ယောက်သား လမ်းလျှောက်လာသည်ကို လမ်းသွားလမ်းလာများနှင့် အချို့ အိမ်တွင်းမှ လူများသည် ထူးဆန်းအံ့သြဖွယ်အလားထွက်၍ ကြည့်ကြပါသည်။ ကြည့်မည်ဆိုလျှင်လည်း ကြည့်လောက်စရာပါပေ။ အဘယ်ကြောင့်ဆိုသော် အရပ်ထဲတွင် ပြေးလွှားဆော့ကစားရင်း လူလားမြောက် လာသည့် ကျွန်တေ့်လို လူငယ်တစ်ယောက်သည် ယခုအခါ ဖျာပုံမြို့၏ အုပ်ချုပ်မှု၌ လူကြီးတစ်ယောက် ဖြစ်လာခဲ့ခြင်းနှင့် အရပ်သူ အရပ်သားများက အရက်သမား လူသိမ်လူဖျင်း တစ်ယောက်ဟု သိမှတ်ပြုထား ခြင်းခံရသည့် ကိုဝက်ကြီးတို့သည် ယှဉ်တွဲလျှောက်လာခြင်းကြောင့် ဖြစ်ပါသည်။
“မြလှိုင်ကြီး၊ မင်းနဲ့ ငါ လမ်းတွဲလျှောက်လိုက်ရတာ၊ ငါ့ဘ၀တစ်ခုလုံးညနေကစပြီး ပရိုမိုးရှင်း ဖြစ်သွားပြီကွ၊ ဟွန်း … ဟွန်း ”
“ဘာဖြစ်လို့လဲဗျ”

“မင်းဟာ ဘယ်လောက် ပါဝါအာဏာရှိတယ် ဆိုတာ တို့တစ်မြို့လုံးသိကြတယ် မဟုတ်လားကွ၊ မင်းတို့ ပါးစပ်ထက ထွက်လာတာဟာ အရာခပ်သိမ်း အမိန့်အာဏာပဲ၊ ဒီလိုလူမျိုးနဲ့ လက်ပွန်းတတီးရှိတဲ့ ငါလို ကောင်ဟာ အလိုလို နေရင်း ပါဝါတက်လာတာပေါ့ မြလှိုင်ရာ”
“ကျုပ်ကိုတော့ ခုတုံးမလုပ်နဲ့ဗျာနော်”
“ငါကတော့ မလုပ်ပါဘူး မောင်ရာ၊ ငါ့ကို လာခုတုံး လုပ်ကြမှာကွ”
မှန်ပါသည်။ ကိုဝက်ကြီးနှင့် ကျွန်တော်တို့ နှစ်ယောက်မှာ အသက်အရွယ်အားဖြင့် ဆယ်လေးငါးနှစ်ခန့် ကွာခြားသဖြင့် ကိုဝက်ကြီးသည် လူ့ဘ၀အတွေ့အကြုံကို ကောင်းစွာသိရှိထားသူဖြစ်သည်။ ထိုထက် သူ့ဘ၀သည် အနိမ့်ဆုံး အဆင့်တွင် ရှိခြင်းကြောင့်လည်း လူသတ္တ၀ါ ဆိုသူများ၏ ကောက်ကျစ်စဉ်းလဲမှုကို ပိုမိုခံစားရသူလည်း ဖြစ်ပါသည်။ သို့သော် ကျွန်တော်သည် ကိုဝက်ကြီး ထိုစဉ်ကပောသော သိမှတ်ဖွယ် စကားရပ်မျးကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ခြင်းမရှိခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သိမှတ်နားလည် နိုင်ခြင်းမရှိရခြင်းအကြောင်းရင်းများတွင် ကျွန်တော့်ဘ၀တွင် ကြောင့်ကြမှုကင်းခြင်း၊ ဟန်ဆောင်တတ်သော လူ့အသိုင်းအ၀န်း အလယ်တွင် ကြီးပြင်းရခြင်းများကြောင့် ဖြစ်သည်ဟုဆိုလျှင်ပို၍ မှန်ကန်လိမ့်မည် ထင်မိပါသည်။

“ဟေ့ … မခွေးမကြီး”
မခွေးမသည် ကျွန်တော့်အား မမှတ်မိသည့်အလား စိမ်းစိမ်းကြည့်လျက်ရှိသည်။ ထို့ပြင် ယူနီဖောင်းဝတ် တစ်ဦးနှင့် သူ့ယောက်ျား ကိုဝက်ကြီးကို မြင်လိုက်ရသဖြင့် အမှုကိစ္စတစ်ခုခုဖြင့် ဖမ်းဆီးလာသည်ဟု ထင်မှတ် လိုက်ဟန်တူပါသည်။ ဖရိုဖရဲဖြစ်နေသည့် ဆံထုံးကို ပြင်၍ ထုံးလိုက်သည်။ လျော့လျဲသောထဘီကို ပြင်၍ ရင်ရှားလိုက်သည်။ ထိုအခိုက် လင်တော်မောင် ကိုဝက်ကြီး၏ ငေါက်သံက ပေါ်လာသည်။
“ဟဲ့ခွေးမ၊ တို့မြလှိုင် စစ်သူကြီး ဖြစ်လာပြီဟ”
ထိုအခါတွငှ် စောစောကြောင်၍ ရပ်နေသော မခွေးမသည်လည်းကောင်း၊ အိမ်ဖိနပ်ချွတ်မှ ခွေးဝင်စားအောင် နက်သည်လည်းကောင်း၊ လမ်းဘေးတွင် အမှိုက်သရိုက်များဖြင့် ဆော့ကစားလျက်ရှိကြသည့် ကိုဝက်ကြီး၏ သားသမီးများသည်လည်းကောင်း၊ ကျွန်တော့်အနီးသို့ ၀ိုင်းဝန်းရောက်လာကြကုန်သည်။
“မခွေးမကြီး နေကောင်းလား”
“ဟီး … ဟီး နေကောင်းပါ့တော်၊ အဲ-ရှင်-အဲ ဟုတ်ပေါင်၊ ဘယ်လိုခေါ်ရမလဲတောင် မသိတော့ဘူး ဟင်း … ဟင်း”
“ခင်ဗျားကလဲဗျာ၊ ခေါ်နေကျ မောင်မောင်ဆိုလဲ၊ မောင်မောင်၊ မောင်မြလှိုင်ဆိုလဲ မောင်မြလှိုင်ပဲပေါ့”

“လာကွာ အိမ်ပေါ်တက်ပါဦး၊ ခွေးမ ဖျာသွားခင်းချေ”
ကိုဝက်ကြီးက ပြောမယ့်သာ ပြောရသည်။ သူတို့တွင် ဖျာပင်လျှင် ခင်းစရာရှိသည် မဟုတ်ပေ။ သို့ဖြစ်၍ ကျွန်တော် ထိုင်နေကျ ထင်းရှူးပုံးတွင်ပင် ထိုင်လိုက်မိသည်။
“ဟေ့-ဟေ့-ထပါဦးကွ၊ ဟဲ့ ခွေးမတို့ အိပ်ရာအောက်က စောင်ကလေးဆွဲခဲ့စမ်း”
“မလိုပါဘူး ကိုဝက်ကြီးရယ်၊ လာပါ စကားပြောရအောင်ပါ၊ နောက်ပြီး ကျုပ်ပြန်မြယ်”
“ကျွန်တော်သည် ကိုဝက်ကြီးတို့ မိသားစုအား ငွေစကလေးများ၊ အ၀တ်အထည်ကလေးများကို ပေးကမ်း လိုက်ပါသည်။ ထိုနေ့က ကိုဝက်ကြီး၏ အိမ်ရှေ့တွင် ပွဲတော်ကလေးတစ်မျှ လူစည်ကားလျက်ရှိနေပါသည်။

ကျွန်တော်တစ်ယောက် ဖျာပုံမြို့နယ် အုပ်ချုပ်ရေးသို့ ၀င်ရောက်ခဲ့ရသဖြင့် သူငယ်ချင်း အပေါင်းအသင်းများ နှင့် ကင်းကွာသွားခဲ့ပါသည်။ အထူးသဖြင့် ကျွန်တော် အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ကိုအုန်းမောင်နှင့် မတွေ့ ရသည်ကို ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ သို့သော် ကျွန်တော်သည် ကာကွယ်ရေး တာဝန်ခံ ဖြစ်သည့်အတိုင်း ကျေးရွာအုပ်ချုပ်ရေး ဖွဲ့စည်းရန် တာဝန်ကျလျက် ရှိပါသည်။ ထိုသို့ ဖွဲ့စည်းရာတွင် ကိုယ် တိုင်ကိုယ်ကျ လိုက်လံဖွဲ့စည်းရသည်က များသဖြင့် ဖျာပုံမြို့နှင့် ကျေးရွာများကို လွန်းပျံခရီးနှင်လျက်ရှိပါသည်။

ကျေးရွာအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ဗိုလ်မြင့်ဆွေ၏ ညွှန်ကြားချက်မှာ ကျေးရွာသူကြီးဟောင်းများ၊ မြေပိုင် ရှင်များကို လုံးဝထည့်သွင်း ဖွဲ့စည်းခြင်းမပြုရန်ပင်ဖြစ်ပါသည်။ သို့သော်လည်း ကျေးရွာများသို့ ဆင်း၍ အုပ် ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းသောအခါ သူကြီးဟောင်းနှင့် မြေပိုင်ရှင်များကို ရှောင်ကွင်းမလွတ်နိုင်လောက်အောင် အခက်အခဲများဖြင့် ကြုံရပါတော့သည်။ ယင်းသို့ ဖြစ်ရသည့် အကြောင်းဇစ်မြစ်မှာ ဗြိတိသျှအစိုးရသည် ကျေးလက်မှ အစပြု၍ မြေပိုင်ရှင် ပဒေသရာဇ်စနစ်ကို အခိုင် အမာ ထူထောင်ထားခြင်းကြောင့်ပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်တော်တို့သည် ဖျာပုံမြို့နယ် အုပ်ချုပ်ရေးကို တောင်သူ လယ်သမားများနှင့် သာမန် အရပ်သားများထဲမှ ရွေးထုတ်ထူထောင်ကြပါသည်။ သို့သော် ထိုသို့ ထူထောင်ထားခြင်းသည် အောင်မြင်မှု မရရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ထိုအုပ်ချုပ်ရေး ယန္တရားသည် မကြာမီ သူကြီးဟောင်းများနှင့် မြေပိုင်ရှင်များလက်သို့ ကျဆင်းခဲ့ရလေသည်။
တစ်နေ့။ ထိုနေ့ကို ကျွန်တော် မမေ့နိုင်ပေ။

“မြလှိုင် … စကားပြောရအောင်”
ကိုအုန်းမောင်က ကျွန်တော့်အား စကားပြောရအောင်ဟု ထူးထူးခြားခြားပြောလာသဖြင့် ကျွန်တော့်စိတ်တွင် အနည်းငယ် အံ့သြနေမိသည်။ အမှန်က ကိုအုန်းမောင်သည် ကျွန်တော်နှင့် အချိန်မရွေး စကားပြောနိုင်ပါ လျက် အဘယ်ကြောင့် စကားပြောရအောင်ဟု ပြောရသနည်းဟု ကျွန်တော့်စိတ်၌ ထင်မှတ်မိပါသည်။ ထိုအချိန်က ကျွန်တော်တစ်ယောက် အုပ်ချုပ်ရေးတာဝန်ကို ထမ်ဆောင်နေချိန် ဖြစ်သလို၊ ကိုအုန်းမောင်မှာ လည်း တို့ဗမာအစည်းအရုံးတွင် တာဝန်ယူနေပေပြီ။
“ပြောလေ၊ ကျွန်တော့်အခန်း လိုက်ခဲ့မလား”
“ဟင့်အင်း … တစ်နေရာရာ သွားရအောင်၊ မင်းနဲ့ နှစ်ယောက်ထဲ စကားပြောချင်တယ်”
“ဒီလိုလုပ် …၊ ပထမလမ်းက အမေရှုတို့အိမ်မှာ ပြောမလား …”
“ဘာလဲကွ၊ မင်းရဲ့ မတော်ရသေးတဲ့ အဒေါ်အိမ်လား…”

“ဒါတွေ ထားစမ်းပါ၊ ခင်ဗျားက လွတ်လွတ်လပ်လပ် ပြောချင်တယ်တယ်ဆိုလို့ ပြောတာပါ …”
“မြောက်ပိုင်းက မမအေးတို့အိမ် မကောင်းဘူးလား…”
“စီစဉ်တာပေါ့၊ ကျွန်တော်သွားပြောပြီး ပြန်လာပြောမယ်…”
ကျွန်တော်သည် ကိုအုန်းမောင်က ယခုကဲ့သို့ သီးသီးခြားခြားတွေ့ချင်သည်ဆိုသည်ကို စိတ်ထဲတွင် စဉ်းစားရင်း မတင်မကျ ဖြစ်မိသည်။ ထို့ထက် ကျွန်တော် ရုံးထိုင်လျက်ရှိသော အခန်းသည် ပြန့်ပြူးလွတ်လပ်သော နေရာဖြစ်ပါလျက် အဘယ်ကြောင့် ထိုနေရာတွင် စကားမပြောလိုသနည်း။ သို့သော် ကျွန်တော်သည် ကိုအုန်းမောင်အား စောဒကမတက်ပဲ မမအေး (ကွယ်လွန်သူ ဗိုလ်မှူး၊ ဖေအေး၊ ဘီအီး၊ အမ်အီး၏ညဘီမ)အိမ်သို့ ညနေတွင် လာရောက်လိုကြောင်း၊ ညစာထမင်းကိုပါ စားမည့်အကြောင်းများ မှာကြားခ့ပါသည်။ ထိုနေ့ညနေတွင် ကျွန်တော်နှင့် ကိုအုန်းမောင်တို့သည် မမအေးတို့အိမ်သို့ လာခဲ့ကြပါ သည်။
“ကိုင်း … ပြော၊ ဘာဖြစ်လို့ ခုလို ချိန်းတာလဲဗျာ”
“မင်း အုပ်ချုပ်ရေးအဖွဲ့ထဲမှာ မနေနဲ့တော့ကွာ။ ထွက်လိုက်ပြီး စစ်တပ်ထဲမှာ ၀င်လိုက်ရင် ကောင်းမယ်”

“ဘာဖြစ်လို့လဲ…”
ကိုအုန်းမောင်သည် နိဒါန်းမပါသော ရှည်လျားသော လွတ်လပ်ရေးခရီးအတွက် ဆက်လက်တိုက်ရဦးမည့် အကြောင်းကို ပြောပြပါလေသည်။ ကျွန်တော့်စိတ်တွင် ကိုအုန်းမောင် ပြောပြနေသည်များကို အိပ်မက်မက် နေခြင်းလော၊ သို့တည်းမဟုတ် ပုံပြင် တစ်ခုကို ပြောပြနေခြင်းလောဟု ထင်မှတ်မိပါသည်။ ထို့ပြင် နယ်ချဲ့ တော်လှန်ရေးနှင့်ပတ်သက်၍ ရန်ကုန်သို့ လာခဲ့စဉ်က ဒေါက်တာလှရွှေအိမ်တွင် မမျှော်လင့်ဘဲ ကိုဘဟိန်း နှင့် တွေ့ခဲ့ရပါသည်။ ထိုစဉ်က ကိုဘဟိန်းသည် ကျွန်တော့်အား လွတ်လပ်ရေးကို တိုက်၍ယူရဦးမည်ဟု ပြောပြခဲ့ဖူးသည်ကို အမှတ်ရလိုက်မိသည်။
“တို့အလုပ်က ထိုင်ပြီး စီမံခန့်ခွဲအုပ်ချုပ်နေရတဲ့ အလုပ်မဟုတ်ပါဘူး မြလှိုင်ရာ၊ လွတ်လပ်ရေး မရမချင်း အသက်နဲ့ရင်းပြီး တိုက်နေရမယ့် အလုပ်ကွ၊ ဒီတော့ လူတွေဖမ်းရတာ၊ အပြစ်ပေးရတာ၊ ရုံးအလုပ်မှာ နစ်မြုပ် အားထားရမှာကို မလုပ်စေချင်ဘူး …၊ တကယ်လဲ မင်း နားမလည်ပါဘူး”
“ဒီလိုဆိုရင် ကျွန်တော် မနက်ဖြန်ပဲ စစ်တပ်ထဲ ပြောင်းဝင်လိုက်မယ်ဗျာ”

“အေး … ကောင်းတယ်”
ထိုနေ့က ကိုအုန်းမောင်ထံမှ ပြန်လာပြီးသောအခါ ကျွန်တော်သည် ဖျာပုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ နှုတ် ထွက်ကြောင်း စာတင်ပြီး ကျွန်တော်၏ နေရာတွင် ကျွန်တော်၏ ဆရာသမားလည်း ဖြစ်သူ ဖျာပုံမြို့နယ် နယ်ချဲ့တော်လှန်ရေး လှုပ်ရှားမှု ခေါင်းဆောင်လည်းဖြစ်သူ ဆရာဦးလှအာင်အား အစားထိုးခန့်ထားရန် အကြံပြုလိုက်ပါသည်။ ယင်းသို့ ကျွန်တော် နှုတ်ထွက်လိုက်သည်ကို အုပ်ချုပ်ရေးမှူးဖြစ်သူ သခင်သိန်း မောင်သည် နားမလည်နိုင်သည့် မျက်နှာဖြင့် စောကြောပါသည်။ ကျွန်တော်ကမူ ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ၀င်ရောက်ရန် နှုတ်ထွက်ကြောင်း ရှင်းပြရပါသည်။ ထို့နောက် ဗိုလ်မှူးမြင့်ဆွေထံသွားရောက်ကာ ကျွန်တော့်အား ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ၀င်ခွင့်ပြုရန် ပြောကြားပါသည်။ ဗိုလ်မှူးမြင့်ဆွေကမူ လိုလိုလားလားပင် ဗိုလ်စက်ရောင်ထဲသို့ တပ်သားအဖြစ် လက်ခံပေးရန် စာတစ်စောင် ရေးပေးလိုက်ပါသည်။ ဗိုလ်မြင့်ဆွေ ရေးပေးသောစာကို ကိုအုန်းမောင်အား ပြသောအခါ ကိုအုန်းမောင်က ကျွန်တော့်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ -
“လွတ်လပ်ရေးကို တိုက်ယူရဦးမှာမို့၊ မင်းကို စစ်တပ် ပြန်ဝင်ခိုင်းတာကွ”

အမေမွေးလာသည်မှ စ၍ တစ်ခါဘူးမျှ ပင်ပင်ပန်းပန်း မလုပ်ခဲ့ဘူးသော ကျွန်တော်လို လူပေါ်ကြော့တစ် ယောက် ဆိုင်းမပါ ဗုံမဆင့် ယခုကဲ့သို့ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲသို့ ရောက်လာခဲ့သည်ကို ကိုယ့် ကိုယ်ကို စဉ်းစားရင်း အံ့သြနေမိသည်။
မိဘ ငွေကြေးကို မိမိမရှာရလေတိုင်း ရေလိုသုံးခဲ့သော ကျွန်တော့်အဖို့ အရာခပ်သိမ်းတို့သည် ကြမ်းတမ်း ခက်ထန်နေသည်။ မိဘလုပ်သူ၏ ချိုမြသော မေတ္တတေးများကိုသာ နာခံခဲ့ဖူး၍ အပြစ်တစ်ခုတလေမကို ကျူးလွန်မိသောအခါ မိခင်ရင်ခွင်၌ ခေါင်းလျှို၍ ချွဲခဲ့တာခဲ့သော ဘ၀များနှင့် နှိုင်းစာလျှင် စစ်သားဆိုသော ဘ၀သည် စိတ်ပျက်နေပြီလားကွ”
“ဟေ့ကောင် စိတ်ပျက်နေပြီလားကွ”
“မပျက်ပါဘူးဗျာ၊ ဒါပေမယ့် သိပ်ပင်ပန်းတာပဲဗျာ ဟင်းဟင်း”
“အေး-ဒါအစပဲ ရှိသေးတယ်၊ မင်းလို သူဌေးသား လူပျော့ကို မဆိုနဲ့ ငါတို့လို ကောင်တွေတောင် ဖင်ကြားက ချွေးစိမ့်တယ် မောင်ရေ ဟီးဟီး”

ကိုသောင်းအိက ကျွန်တော့်အား ကြင်နာစွာကြည့်၍ အရွှန်းဖောက်ကာ နှစ်သိမ့်စကားဆိုပါသည်။ မှန်သည်။ ကျွန်တော်သည် လေးလေးပင်ပင် ဟူ၍ ဘာဆိုဘာမျှ မလုပ်ခဲ့ဘူးသူဖြစ်သည်။ ပိုးလုံချည်ကလေး တရွှမ်းရွှမ်း ထည်လဲဝတ်ကာ မျက်နှာပေါ်တွင် ပေါင်ဒါတို့၍ အရပ်ထဲတွင်လှည့်ကာ ဟန်ရေးပြခဲ့သော ကျွန်တော်သည် နေပူရှိန်အောက်တွင် ပြေးလွှားလေ့ကျင့်ခဲ့ရသဖြင့် မျက်နှာတစ်ပြင်လုံး နီရဲနေသည်။ ချွေး များသည် ရေချိုးထားရသည့်နှယ် ရှိသည်။ သေနတ်ကြီးကို ထမ်းထားရသော ပခုံးများသည် ကျိန်းစပ်စပ် ဖြစ်နေသည်။
အိမ်တွင် နေထိုင်စဉ်က နေမွန်းတည့်အထိ အိပ်ရာထဲတွင် ဇိမ်ကျလေ့ရှိသော ကျွန်တော် တစ်ယောက်၊ ယခုအခါ နံနက် ကျီးမနိုးမီကပင် အိပ်ရာထ၊ ခရာသံကြားလျှင် ကြားချင်း လူးလဲထ၍ စစ်ဝတ်ကို အသင့် ၀တ်ခဲ့ရသည်။ ထို့နောက် စားချိန် နားချိန်ကလေး အနည်းငယ်မျှ ရရှိပြီး တစ်နေ့တာ နေ၀င်သည်အထိ စစ် လေ့ကျင့်ခန်းများကို လုပ်ရသည်။ ညနေဘက် တန်းဖြုတ်၍ရေချိုးထမင်းစားပြီးသောအခါ မျက်လုံးများက မှေးမှိတ်အိပ်စက်လိုပြီဖြစ်၍ အိပ်ရာထက်တွင် လဲလျောင်းရန် ဟန်ပြင်မိသည်။ သို့သော် ညဦးပိုင်း စာတွေ့ သင်တန်းများ ကျန်ရှိနေပြန်သည်။

“ဟေ့ - ဟိုမှာ ဗိုလ်စက်ရောင် လာနေတယ်”
ဗိုလ်စက်ရောင်သည် ကျွန်တော်တို့၏ တပ်ခွဲမှူးဖြစ်သည်။ ဗိုလ်စက်ရောင်သည် မြိတ်မြို့ဇာတိဖြစ်၍ မြိတ်မြို့မှ ရာဘာကုမ္ပဏီတွင် အမှုထမ်းပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး တနင်္သာရီသို့ ရောက်ရှိလာသောအခါ မိမိသဘောအလျောက် အလုပ် နှင့် သားသမီး သားမယားကို စွန့်၍ ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ စိတ်သဘောထား ကောင်းမွန်၍ လက်အောက်ငယ်သားများကို သက်ညှာတတ်သူလည်းဖြစ်ပါသည်။
“အလေးပြု”
တပ်ခွဲ တာဝန်မှူး၏ အသံကုန် ဟစ်အော်လိုက်သော အလေးပြုသံနှင့်အတူ ကျွန်တော်တို့တစ်တွေ မတ်တပ်ရပ်ကာ တပ်ခွဲမှူးဖြစ်သူ ဗိုလ်စက်ရောင်ကို အလေးပြုလိုက်ကြပါသည်။ ဗိုလ်စက်ရောင်သည် ကျွန်တော့်အား ခြေအဆုံး ခေါင်းအဆုံးကြည့်၍ ပြုံးလိုက်ပါသည်။ ကျွန်တော်သည် ဗိုလ်စက်ရောင်၏ အပြုံး ကြောင့် အားတက်သရော မရှိလှဘဲ နုံးချိချိပင်ဖြစ်မိပါသည်။

အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် တပ်စု(က)တွင် အပျော့ဆုံး အညံ့ဆုံးတပ်သားတစ်ဦးဖြစ်သည်။ ကျွန်တော့်ကြောင့် လေ့ကျင့်ခန်းတစ်ခုကို ထပ်တလဲလ ပြန်လုပ်ရသည်များကြုံရသည်။ ယခု ဗိုလ်စက်ရောင်၏ အပြုံးနောက်ကွယ်တွင် ကျွန်တော် လူပျော့ကလေးအား မည်ကဲ့သို့ မှတ်ချက်ချလေမည်ကို ကျွန်တော် မ၀ံ့မရဲ စဉ်းစားကြည့်မိသည်။ ထိုအခါ ဟိတ်ကောင် ဟိုခွီးမသားလေး ပြန်လုပ်စမ်းဦး၊ ချေး - ဟူသော ထားဝယ်သား တပ်စိတ်မှူး၏ ဆဲသံသည် တံတျာတေးပမာ ပျံ့လွင့်လာပါတော့သည်။
“ချွေးများများထွက်အောင် လေ့ကျင့်မှ သွေးထွက်နည်းမယ် ရဲဘော်တို့”
ဗိုလ်စက်ရောင်၏ လက်သုံး စကားတစ်ရပ်ဖြစ်သည်။ ပထမသော် အဓိပ္ပာယ်မပေါက်သော်လည်း နောက်များ အချိန်ကြာလာသော် သဘောပေါက်ကျင့်နိုင်လေ တိုက်ရည်စွမ်းအင် ပိုမိုကောင်းမွန်လာလေ၊ သက်လုံကောင်းလာလေ၊ ထိုအခါမျိုးတွင် ရန်သူကို မိမိ၏ ခံနိုင်ရည်စွမ်းအား၊ တိုက်ခိုက်ရည် စွမ်းအားကိုဖြင့် ခုခံချေမှုန်းနိုင်မည်ဖြစ်သည်။ သို့မှသာ ရန်သူပစ်လွှတ်လိုက်သော ကျည်ဆန်ကို ရှောင်နိုင်တိမ်းနိုင်မည်။ သွေးထွက်သံယိုမှုကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။

“ရဲဘော်လေး လေ့ကျင့်ခန်းတွေ လိုက်နိုင်ရဲ့လားကွဲ့”
“ဟိုက် - ဗိုလ်ကြီး”
“အေး - တို့တစ်တွေရဲ့ အမိနိုင်ငံကို ကျွန်ဘ၀ ပြန်မရောက်အောင် ငါတို့တစ်တွေမှာ တာဝန်ရှိတယ်၊ ဒါကြောင့် လေ့ကျင့်ခန်းတွေကို အပင်ပန်းခံလုပ်ကြ၊ စည်းကမ်းကို လိုက်နာကြ၊ အသက်ပေးကြသူအဖြစ် လက်တွဲကြ-ဒါပဲ”
“တပ်စု - သက်သာ”
“တပ်စု - သတိ”
“တပ်စု - တန်းဖြုတ်”

ကျွန်တော်သည် မိမိတပ်စုမှူးက တန်းဖြုတ်လိုက်သဖြင့် မြေပေါ်တွင် လှဲချ အပန်းဖြေလိုက်ပါသည်။ ကျွန်တော်ကဲ့သို့ပင် အခြားသော ရဲဘော်များလည်း မြေမွေ့ရာပေါ်တွင် အေးဆေးငြိမ်သက်စွာ အနားယူ နေကြပါသည်။ စစ်သားဆိုသော ဘ၀သည် ပေးအပ်လာသော တာဝန်နှင့် ၀တ္တရားတို့ကို မိမိအသက်နှင့် ထပ်တူ စောင့်ထိန်းရသော လူတန်းစားတစ်ရပ် ဖြစ်ကြောင်း ဗိုလ်စက်ရောင်၏ မိန့်ကြားချက်များ ကို စဉ်းစား ရင်း စိတ်ကူး အိပ်မက်မက်နေမိပါသည်။
“ဟေ့ … မြလှိုင်၊ ထလေကွာ၊ ထမင်းစား ခရာမှုတ်နေပြီ သွားစို့လား”
မှန်ပါသည်။ အဝေးဆီမှ စစ်ခရာသံ။
ကျွန်တော်တို့ နှစ်ယောက် ထမင်းစားရန် တန်းဆီကြရပြန်သည်။
အော် - စစ်သားပါလားလေ။

ဆက်ရန်
.

No comments: