"မိုးလင်းတဲ့ အထိတော့ မီးဖိုထားရမယ်၊ ဒီည မလာလဲ နောက်ညတွေ မှာ လာမှာပေါ့ သခင် မြလှိုင်ရာ မဟုတ်ဘူးလား" ကျွန်တော်သည် သခင်စံထူး ပြေလာသည်ကို စကားပြန်မပြောနိုင်ဘဲ မျက်ရည်များ ကျဆင်းလာပါသည်။ ကျွန်တော် သည် နယ်ချဲ့ တော်လှန်ရေး၏ ဘက်တော်သားအဖြစ် သိမ်းပိုက် ထားခြင်း ခံရသည့်နောက် မိမိ ကိုယ်ရေး ကိုယ်တာ ကိစ္စများအားလုံးကို စွန့်လွှတ်၍ အမိနိုင်ငံ လွတ်လပ်ရေး အတွက် အပ်နှံထားရာ ယခုကဲ့သို့ ထိရောက် စွာ တော်လှန်နိုင်မည်နည်း။ ကျွန်တော် တို့သည် ဆရာစံခေါင်းဆောင်သော တောင် သူလယ်သမား မျိုးချစ်များ ၏ တော်လှန်ရေးကို သုံးသပ်ရာ တွင် လည်းကောင်း၊ သီပေါဘုရင် ပါတော်မူပြီး သည့်နောက် သူ့ ကျွန်မခံ လိုသော တိုင်းရင်းသား မျိုးချစ်တို့၏ တော်လှန်ရေး သုံးသပ်ရာတွင်လည်းကောင်း အဓိကကျသော အထက်ပါ အချက်များ ကို ဖော်ထုတ် ဆွေးနွေးးခဲ့ကြလေသည်။ မိုးစင်စင်လင်း၍ သွား ပါပြီ။ နေရောင်ခြည် နွေးနွေး သည် ကျွန်တော် မျက်နှာပေါ်သို့ ထွေးနွေးစွာ နမ်းရှုပ်လိုက်သည်။ တစ်နေ့တာ နေပူရှိန်ကြောင့် သဲမွေ့ရာသည် အပူဓါတ်ကို ပေးလျက် ရှိသည်။ ကျွန်တော်တို့လူသိုက် ဟိုမှ သည် မှ ပြန့်ကျဲ အိပ်ပျော်နေကြသည်။ ကို ဆက်ဖတ်ရန် .....
ကျွန်တော်သည် အိပ်ရာပ်ါမှာ နွယ်ရိစွာ ထလိုက်သည်။ ကိုယ်နွယ်ခြင်း ထက် စိတ်၏ နွမ်းခြင်းဟု ဆိုမှတ် ရမည်ထင့်။ ကိုကြွက်၏တဲသ်ု့ ရောက်သောအခါ လက်ဖက်ရည်ကြမ်းနှင့် လိပ်ကျောက်သား မီးဖုတ်ကို အဆင်သင့် တွေ့ရသည်။
ကိုကြွက်ကိုယ်တိုင်လည်း ကျွန်တော်တို့နည်းတူ တစ်ညလုံး အိပ်ပျက်ထားဟန် တူပါသည်။ တဲတိုင်ကို မှလျက် ငိုက်မြည်းလျက် ရှိပါသည်။
'' ကိုကြွက် တစ်ညလုံး မအိပ်ရသေးဘူး မှတ်တယ်''
''ဟုတ်ပါ ဆရာတို့ ပြန်လာနိုး ပြန်လာနိုး စောင့်ရင့် မိုးလင်းသွားတယ်''
မကြာမီ သခင်စိန်ချယ်တို့အဖွဲ့ ရောက်လာပါသည်။ သခင်စိန်ချယ်သည် လုပ်သေနတ်နှစ်လက်ကို ကြိုးဖြင့် လွယ်ထား ပါသည်။ ထို့နောက် ကွမ်းများကို တဗျစ်ဗျစ်ဝါးရင်း တဲပေါ်သို့ မတက်သေးဘဲ မဟာဗန္ဓုလ စတိုင်ဖြင့် လက်ပိုက်ကာ ကျွန်တော်တို့ကို ရှားစားလျက်ရှိပါသည်။ သံပိုက်လုံးကို ဖြတ်၍ သေနတ်လုပ်ထားသည်မှာ အုပ်ချုပ်ရေးနှင့် ဝေးသော ကျေးလက်များ၏ သဘာဝပင် ဖြစ်သည်။ အုပ်ချုပ်ရေးနှင့် အလှမ်းဝေး သဖြင့် တောကြောင် များသည်ပင် လုပ်သေနတ်ပိုက်၍ ဓါးပြတိုက်သူတိုက် မိုက်ကြေးခွဲသူခွဲ လုကိတတ်သဖြင့် သတို့နှင့် ယှဉ်ပြိုင်ခုခံ နိုင်ရန် လူကောင်းများအနေဖြင့် လုပ်သနတ်ကို ဆောင်ကြရသည်။
''ဟေ့ကောင် စိန်ချယ် လုပ်သနတ် ကိုင်ရတာနဲ့ သွေးနားထင် ရောက်သွားပြီးလားကွ''
သခင်စံထူး သည် သခင်စိန်ချယ်ကို တဲထဲမှ နေ၍ မှုတ်လိုက်သည်။ သခင် စိန်ချိယ်က တဝါးဝါး တဟားဟား ရွှေဘောတော် ကျ၍ ပစ်ဖောက်လိုက်သည်။ သို့သော် မည်သည့် အသံမျှ ထွက်မလာဘဲ ချောက် ဟူ၍သာ အသံထွက် လာပါသည်။
''ဟေ့ကောင် မဟုတ်မဟပ်တွေ မလုပ်စမ်းနဲ့ကွာ၊ မင်း ဘိန်းပြောင်းကြီးကို ရေထဲသွားလွှင့်ပစ်ချေစမ်းပါ''
သခင်စိန်ချယ်သည် သူ့ သေနတ်မှ မီးခိုးမထွက်သည်ကို မကျေနပ်သည့် အနေဖြင့် နောက် တစ်ကြိမ် မောင်းခလုတ် ကို ဆွဲပြန်သည်။ ဤတစ်ကြိမ်`၌မူ အုန်း ဟူသော မြည်ဟည်းသံကြီး ပေါ်ထွက်လာပြီး လုပ်သနတ် ၏ ပြောင်းအလယ်မှ ပြတ်ထွက်သွားပါတော့သည်။ ကံကောင်းထောက်မ၍သာ မဟာဗန္ဓုလ အသွင်ဆောငိ လျက်ရှသည့် သခင်စိန်ချယ်၏ မိုက်ရူးရဲ လုပ်ကိုင်ခြင်းကို ဝိုင်းဝန်း ကြိမ်းမောင်းဆဲဆိုကြသော အခါ စောစောက သူရဲကောင်းကြီး စိန်ချယ်သည် ကြွက်စုတ်ကလေး ဖြစ်သွားပါတော့သတည်း။
သခင်စံထူး ဦးဆောင်သော အဖွဲ့သည် နောက်မီးကင်းစခန်းကို ယနေ့ည ဝင်ရောက်စီးနင်းကြမည် ဖြစ်သည်။ ကျွန် တော်နှင့် သခင်သာရင်တို့ အဖွဲ့သည် ဆိတ်မကင်းစခန်းကို ဝင်ရောက်စီးနင်းကြမည် ဖြစ်ပါသည်။ ကျွန်တော် သည် လို အပ်သည်များကို မှာကြားခဲ့ပြီး ဆိတ်မရွာသို့ အချိန်မီရောက်ရန် ခရီးပြင်းနှင်ခဲ့ကြပါသည်။ ကျွန်တော် တို့တွင် မောင်စံ ငြိမ်း ကိုင်ဆေယင်သော သေနတ်တစ်လက် ကျွန်တော်ကိုင်ဆောင်သော သေနတ် တစ်လက်သာ ပါရှိပါသည်။ သို့သော်လည်း ဒေါ်ညိမ်းရွာတွင် လိုင်စင်ဖြင့် ကိုင်ဆောင်သော သေနတ် ၂ လက် ရနိုင်မည် ဟု သခင်သာရင်က အာ မခံသည်။ ကျောင်းကုန်းသို့ဝင် လျှင်လယ်ပိုင်ရှင် ဦးသာရ ပိုင် သေနတ်တစ်လက်လည်း အဆင်သင့်ပေးမည်ဟု ဆိုပါ သည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် ဆိတ်မရွာ ကင်းစခန်းကို ယနေ့ည စွးဖြစ်အောင် စီးရမည်သည ဖြစ်ပါချေသည်။
'' သခင်မြလှိုင် မောနေပြီလား နားဦးလေ''
''မနားတော့ဘူးဗျ ဒေါ်ညိမ်းကို စောစောရောက်ချင်တယ် ဒေါ်ညိမ်းမှာလည်း ခဏပဲ နားမည် ကျောင်းကုန်းကို အချိန် မီအောင် သွားချင်တယ် ကျွန်တော်တို့လူတွေတို့ လူတွေက ကျောင်းကုန်းမှာ အသင့်စောင့်နေကြမှာ ဆိုတော့ လမ်းမှာ နားနေရင် စီရင်ရတာ အချိန်နည်းနေလိမ့်မယ်''
ကျွန်တော်တို့ တတွေ သဲကုန်းတန်းကြီးပေါ်မှ စားတပြောပြောနှင့် လျှောက်လာသည်။ ဖွတ်တစ်ကောင်သည် ကျွန် တော် တို့ရှေ့မှ ဖြတ်ပြေးသည်ကို တွေ့လိုက်ရသည်။ သခင်သာရက နိမိတ်ကောက်၍ ဆိတ်မ ကင်းဂေါက် ကို စီးရန် ရက်ရွှေ့ရန် ပြေပါသည်။ ကျွန်တော်သည် တစ်ခုခုကို အခိုင်အမာ ဆုံဖြတ်ပြီး သည့်နောက် တွင်မှ ပြင်ဆင်သည့် သဘောကို မနှစ်သက်သဖြင့် သခင်သာရင်ကို စကားပြန်မပြောတော့ဘဲ ဆိတ်ဆိတ်ပင် နေလိုက်ပါသည်။ သူကြီး ကိုနက်၏ သား မောင်စံငြိမ်းမှာမူ သခင်သာရင် ဘက်မှ ထောက်ခံ သည့်အလား ဤရပ်ရွာဒေသသည် အဘိုးပိုင် ဒေသဖြစ်သဖြင့် အဘိုးကို ပူဇော်ပသပြီးမှ ဆိတ်မကင်းဂါတ်ကို စီးလျှင် ကောင်း မည်ထင်ကြောင်း၊ သခင်စိန်ချယ်သည် သေနတ်ထွက်သွားသဖြင့် အတိတ်မကောင်းကြောင်း စသည်ဖြင့် ရွတ်ဆိုလာပါသည်။
''ဟေ့ကောင် မောင်စံငြိမ်း၊ ကျောင်းကုန်ကို ရောက်ဖို့ပဲ လိုတယ်ကွ၊ လမ်းမှာ စကားမပြောနဲ့ကွာ ငါနားငြီးလွန်းလို့ နောက် မှပဲ ပြောစရာရှိရင် ပြော''
မကြာမီ ကျွန်တော် တို့ ဒေါ်ငြိမ်းရွာသို့ ရောက်ခဲ့ကြသည် ဒေါ်ညိမ်းရွာသူကြီး သည် ရပ်ရွာမငြိမ်မသက် ဖြစ်သည့် အချိန် မှစ ၍ ဖျာပုံမြို့ ပေါ်သို့ ပြောင်းရွှေ့ သွားသည်ဟု သိရပါသည်။ ကျွန်တော်တို့အဖွဲ့သည် သခင်သာရင်၏ အိမ်၌ ခေတ္တ နားနေ ကြပြီးနောက် လိုင်စင်ဖြင့် ကိုင်ဆောင်သော လူကြီးများ အိမ်သို့ သွားကြပါသည်။ ထိုလူများ မှာ ကျွန်တော်လက်နက်များဖြင့် တက်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ၎င်း တို့ပိုင် ၂ လုံးပြူးသေနတ် များကို ထုတ် ပေးပါသည်။ သခင်သာရင် ပြောသည့်အတိုင်း လွယ်လွယ်ကူကူပင် လက်ခံ ရရှိခဲ့ပါသည်။
''ဦးတို့သေနတ်တွေကို ကျွန်တော်တို့ ဆိတ်မက ပြန်လာရင်း ပြန်ပေးပါမယ်''
ကျွန်တော်၏ ကတိစားကို ယုံလေသည်လား မယုံလေသည်လား မသိ၊ သေနတ်ပိုင်ရှင်များသည် အသက်ဘေး ကို စိုးရိမ်ပူပန် ခြင်းကြောင့် ကြောက် ဒူးများ တုန်နေကြပါသည်။ ကျွန်တော်တို့ လူသိုက် သည် ဒေါ်ညိမ်းရွာတွင် ဆက်လက် နားနေခြင်း မပြုကြတော့ပဲ ကျောင်ကုန်းရွာသို့ ခရီးဆက်ခဲ့ကြသည်။
''သခင်သာရင်ရေ စောစောက ဖွတ်ကြီးဟာ လာဘ်ကောင်းတယ်ဗျ၊ ခုဆို သေနတ် ၂ လက် လွယ်လွယ် ကူကူရခဲ့ပြီလေ'' ''အင်း... ဟုတ်မှာပေါ့''
သခင်သာရင်၏ အင်းဆိုသည့် အောင့်သက်သက် အသံကြီးသည် ကျွန်တော်အား ပြုံးစရာ ရယ်စရာ သဖွယ် ဖြစ်မိပါ သည်။ အဘယ်ကြောင့်ဆိုသော် တောလမ်းခရီးတွင် သွားရင်းဟန်လွဲ တောနေသတ္တဝါ တစ်ကောင် ကို အမှတ်မထင် တွေ့ခြင်းကို အတိတ်နိမိတ်ကောက်၍ မိမိတို့ ဆောင်ရွက်ရမည့်ကိစ္စ ဟန့်တားခြင်းသည် သဘာဝမကျဟု ကျွန်တော် ထင်မြင်မိပါသည်။ မည်သည့်နည်းဖြင့် မဆို ယနေ့ည၌ ဆိတ်မရွာမှ ကင်ဂါတ် ကို ကျွန်တော်တို့ ဝင်ရောင်စီးနင်း ဖြစ်အောင် စီးနည်းမည်သာ ဖြစ်ပါသည်။
''သခင်သာရင်၊ ကျောင်ကုန်းကို ဘယ်အချိန်ရောက်မလဗျ''
''နေမကျခင် ရောက်မှာပါ''
''ဒီလိုဆို မြန်မြန်လျှောက်ကြရအောင်ဗျ ၊ ဟေ့ မောင်စံငြိမ်း။ မင်အဘကို ရွာမှ အဆင်သင့်တွေ့ ပါ့မလားကွ''
''တွေပါတယ် အစ်ကိုမြလှိုင်၊ ရောက်လာမယ်ဆိုတာလဲ သူတို့သိနေတာပဲ''
ကျွန်တော်တို့ ခရီးပြင်းနှင်ကြသည်။ သစ်ပင်များ အုပ်ဆိုင်းလျက်ရှိသော သဲကုန်းတန်းကြီးအတိုင်း လမ်းလျှောက် လာ သဖြင့် နေပူဒဏ်မခံရသော်လည်း ချွေးများသည် ရေချိုးထားသည့်နှယ် တစ်ကိုယ်လုံး စွတ်စိုလျက် ရှိပါသည်။ ပခုံးပေါ် တွင် လွယ်ထားသော သေနတ်မှာလည်း လေးပင်လာသည်။ သို့သော် ကျွန်တော်စိတ်တွင် ရင်ဆိုင် ရမည့် တိုက်ပွဲ အတွက် စိတ်တက်ကြွလျက် ရှိသည်။ ယခု ဆိုလျှင် သေနတ်မအရေအတွက်လည်း များပြား လာသည် မဟုတ်ပါလား။
''ဟိုရှေ့က ခင်တန်းကို ကျော်ရင် ပြဿဒ်နဲ့ တန်းဆောင်းဟာ ကျောင်းကုန်းပဲ နောက်ထပ် ကွမ်းတစ်ယာ ညက် လောက် ဆိုရင် ရောက်ပြီးပဲ''
မကြာ ပါချေ။ ကျွန်တော်တို့ ကျော်းကုန်းရွာသို့ ရောကိခဲ့ပါသညဘ်။ ကျောင်းကုန်းရွာထဲ ဝင်လိုက်သည် နှင့် တစ်ပြိုင် နက် မမျှော်လင့်သော ဖြစ်ရက်တစ်ခုနှင့် ရင်ဆိုင်တိုး ရပါတော့သည်။ သူကြီးကိုနက်သည် ဆိတ်မသူကြီး ဦးမဲ
နှင့်အတူ ရွာဦးကျောင်းမှ ကျွန်တော်တို့အား စောင့်ကြိုနေပါသည်။ ဆိတ်မသူကြီး ဦးမဲသည် ခေတ်ပညာတက် မြို့မ ကျောင်း သားဟောင်းတစ်ဦး ဖြစ်၍ ကျွန်တော်၏ နောင်တော်များဖြစ်သော သခင်လှဖေ၊ ကိုလှရွှေတို့နှင့် လည်း ကျောင်း အတူ နေဘက်လည်း ဖြစ်ပါသည် ထိုစဉ်အခါက မြန်မာပြည်တွင်(မဲလေး) ဟု ထင်ပေါ် ကျော်ကြားသည့် လက်ရွေးစင် ဘောသမားလည်း ဖြစ်ပါသည် ကျွန်တော်သည် သူကြီး ဦးမဲအား ပျူပျူ ငှာငှာ ဆက်ဆံပြောဆို ပါသည်။ ကျွန်တော် တို့နှင့် ဦးမဲတို့အဖွဲ့ ကျောင်းကုန်းရွာ ဘုန်းတော်ကြီးကျောင်းပေါ် တွင် ဆွေးနွေးပါသည်။
''မောင်မြလှိုင် တို့ အလိုရှိတာ ကျုပ်တို့ ကူညီပါမယ်''
ကျွန်တော်နားကိုပင် ကျွန်တော်မယုံကြည်အောင် ဖြစ်မိသည်။ ကျွန်တော်တို့မှန်းဆထားသည့်မှာ ဆိတ်မရွာ ကင်းဂါတ် ကို အခက်အခဲများစွာဖြင့် တိုက်ခိုက်ရလိမ့်မည်ဟု ယုံကြည်ထားခဲ့ပါသည်။ ယခုမူ သူကြီးဦးမဲက ကျွန်တော် ကို အလို ရှိသည်များကို ကူညီးမည်ဟု ပြောလာပါတော့သည်။ မည်သို့ပင်ဆိုစေ သူကြီးဦးမဲသည် ကျွန်တော် တို့ စောင့်စား အကဲ ခတ်ရန် လိုပေမည်။ ''ဦးမဲတို့ ရွာက ကင်ဂါတ်မှာ ရှိတဲ့ သေနတ်တွေကို ကျွန်တော်တို့ လိုချင်တယ်'' ''ကင်းဂါတ် ကို ကျုံကဒွန်းက ရုတ်သွားပြီး မောင်မြလှိုင်ရဲ့''
''ပုလိပ် ၅ ယောက် ကျန်သေးတယ် မဟုတ်လား''
''ဟင့်အင်း မနေ့ညနေကပဲ အားလုံးရုတ်သိမ်းသွားတယ်''
''ဒါဖြင့် လက်နတ်ဆိုလို့ ဘာမှ မရှိတော့ဘူးလား''
''ရွာကာကွယ်ဖို့ အတွက် တောင်းထားလိုက်တဲ့ သေနတ် ၁၀ လက်လောက် ရှိတယ်လေ''
''အဲဒီသေနတ်တွေကို ကျွန်တော်တို့ လိုချင်တယ်''
''ရပါတယ် ယူပါ ၊ ဒါပေမယ့် မောင်မြလှိုင်ကို တစ်ခုတော့ ပြောပြချင်တယ်''
''ပြောပါ တစ်ခုမဟုတ်ပါဘူး၊ အများကြီးလည်း ပြောလို့ဖြစ်ပါတယ်၊ ကျွန်တော်တို့ အတွက် အရေးကြီးတာ အင်္ဂလိပ် အစိုးရ ကို တော်လှန်ဖို့ ခုလို လက်နတ်လိုက်စုတာ မဟုတ်ပါဘူး၊ ဒီလက်နက်လောက်ကိုလဲ စာမဖွဲ လောက်ဘူး ဒါပေမယ့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် ကျွန်တော်တို့ တာဝန်ယူချင်တယ်၊ ဒါပါပဲ''
''ကျုပ်လဲ ဗမာတစ်ယောက်ပါပဲ မောင်မြလှိုင်၊ ဗမာလူမျိုးနဲ့ ဗမာပြည်ကို ချစ်ပါတယ်၊ ကျုပ်နဲ့ ကျုပ်အဖွဲ့ က မောင်မြလှိုင် တို့ နဲ့ ပူးပေါင်းပါ့မယ်''
''ဒီလိုလုပ်ပါလား ဦးမဲ၊ ဦးမဲဆီမှာ ရှိတဲ့ သေနတ် ၁၀ လက် အနက် ၅ လက်ကို ကျွန်တော်တို့ကို ပေးပါ ကျန် ၅ လက် နဲ့ ဦးမဲ တို့ ရွာမှာပဲ စောင့်ရှာက်ပါ''
သူကြီးဦးသည် ကျေနပ်စွာပင် ကျွန်တော်တို့အား သေနတ် ၅ လက်ပေးလိုက်ပါတော့သည်။ ကျွန်တော်တို့ မူလက မျှော်မှန်းထားသော သက်စွန့် ကြိုးပမ်း တိုက်၍ ယူရမည့် လက်နက်များ သည် နှစ်ဦးနှစ်ဘက် ပြေပြေ လည်လည် ဆွေးနွေးပြီး ရယူနိုင်ခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ သို့သော် ကျွန်တော်တို့လူသိုက်ျ ခါးပြတ် (ကပြတ်) သို့ ပြန်ရောက်သောအခါ နောက်မီးကို ဝင်စီးသော သခင် စံထူးတို့အဖွဲ့ သည် ဖရိုဖရဲ ဆုတ်ခွာခာခဲ့ရသည်ဟု သိရှိရပါသည်။ နောက်မီးကင်းစခန်းမှ အိမ်စီ ခင်စိန် ဆိုသူသည် တစ်ပါးကျွန်ပီသစွာ ခုခံကြောင်း ပြောပြပါသည်။ ကျွန် တော်သည် အချိန်မဲ့နေသောကြောင့်သာ အောင့်အည်းသည်းခံ လိုက်ရသော် လည်း နောက်မီးကင်းစခန်းကို တိုက်ခိုက် ရန် အလွန်စိတ်အားထက်သန်နေပါသည်။ သို့သော် နောက်တစ်နေ့ နံနက် တွင်နောက်မီး မှ ကင်းစခန်းသည် အလျင် အမြန် ရုတ်သိမ်းက ကျုံကဒွန်သို့ ပြောင်းရွှေ့သွားကြကြောင်း ရွာခံ ရဲဘော်များ ထံမှ သတင်းပို့လာကြသည်။
''ဖျာပုံမြို့ အခြေအနေကတော့ နေဝင်မီးငြိမ်း အမိန့် ထုတ်ထားတယ်''
''ဖျာပုံမြို့ အနောက်ဘက်ကွင်းက ကုလားလယ်သမားတွေကို သခင်တွေ ခေါင်းဆောင်တဲ့ လယ်သမားက မီးရှို့သတ် ဖြတ်နေတဲ့အတွက် ရွာပေါင်းများစွာ ပျက်စီးသွားတယ်''
''ကုလား လယ်သမား တွေကို ဖျာပုံမြို့ပြင်မှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပြီး စောင့်ရှောက်ထားရတယ်''
သခင်တင် (ဘယ်ကျော်မောင်တင်) သည် အထကိအကြောင်းအရာများကို တစ်ခုစီ တင်ပြလျက်ရှိသည်။ အမြင်ကျဉ်းသော လူမျိုးရေးစိတ်ဓါတ်တည်းဟူသော မျက်မှန်စိမ်းကို တပ်၍ ဘဝတူချင်း သွေးစည်းညီညွတ်စွာ ပူး ပေါင်း ၍ နယ်ချဲ့ စနစ်ကို တော်လှန် တိုက်ခိုက်ကြမည်အစား ငါက ဗမာ၊ သူက ကုလားဟု မြင်၍ ရန်သူ သဖွယ် ပြုကျင့် မှုများကို မည်သို့မည်ပုံ တားဆီးမည်ကို ကျွန်တော်စဉ်းစားနေမိသည်။ ယခုအခါ ကျွန်တော်နှင့် ကိုအုန်းမောင် တို့အဖွဲ့သည် လုံးဝအဆက်အသွယ် ပြတ်ခဲ့လေးပြီ။
''သခင်စံထူးနဲ့ သခင်သာရင်၊ ကျွန်တော် ဖျာပုံမြို့ကို ပြန်မှ ဖြစ်မယ် ထင်တယ်''
''ဟာ.. မဟုတ်တာပဲ သခင်မြလှုင်ရယ်၊ လက်နက်ရရှိရေးအတွက် တစ်ပတ်လောက်တော့ စောင့်ပြီး အချက်ပြ ဖို့တော့ လိုမယ်ထင်တယ်''
''ဖျာပုံမြို့ရဲ့ အခြေအနေက ခုအတိုင်းဆို အလိုတော်ရိတွေ လက်ထဲ ဝကွက် အပ်ထားသလို ဖြစ်နေတယ်''
''ဖျာပုံမြိုပေါ် ကို သခင်မြလှိုင် တက်သွားလို့ကော ဘယ်လို အကြောင်းထူးမှာမို့လဲဗျာ''
''ကိုအုန်းမောင် တို့နဲ့ ပြန်ပြီး အဆက်အသွယ် လုပ်နိုင်မယ်၊ နောက်ပြ်ီး ဖျာပုံအခြေအနေကို ထိန်းနိုင်မယ့် ဆရာဦး လှအောင် တို့နဲ့ စည်းဝါးကိုက်နိုင်မယ်၊ အိုဗျာ လုပ်စရာတွေ အများကြီးရှိနေတယ်''
''ဒီလိုဆို ၂ ရက် ၃ ရက်တော့ နေပါဦးလေ၊ လောလောဆယ် သခင်တင် (ဘယ်ကျော်မောင်တင်) ကိုပဲ ပြန် လွှတ်လိုက်ပါ၊ ကျူပ်တို့ ဘောက်တူ ခတ်ပြ်ီး လိုက်ပို့လိုက်ပါ့မယ်''
ကျွန်တော်သည် သခင်တင် (ဘယ်ကျော်မောင်တင်) နှင့် သခင် အောင်သန်းတို့ ကိုပင် တာဝန်ပေး၍ ဖျာပုံသို့ ချက်ချင်း ပြန်လွှတ်လိုက်ပါသည်။ ၎င်းတို့တာဝန်မှာ ဖျာပုံမြို့သို့ ရောက်လျှင်ရောက်ချင်း ကိုအုန်းမောင်တို့အဖွဲ့ နှင့် အဆက်အသွယ်ရရှိရန် ဆောင်ရွာက်၍ ကျွန်တော်ထံသို့ ပြန်လာကြရန်ဖြစ်ပါသည်။ ထိုအတောအတွင်း ကျွန်တော် သည် ကုလားထိပ်ရွာနှင့် ခါးပြတ်(ကပြတ်) တွင် ဆက်လက်နေထိုင်ပြီး ညဘက်တွင် လက်နက် ချပေးမည့် ကိစ္စကို အချက်ပြဆောင်ရွက်နေရန် ဖြစ်ပါသည်။
ကျွန်တော့် စိတ်အစဉ်သည် နောက်ကျိထွေပြားလျက် ရှိနေပါသည်။ ဤနေရာတွင် ကျောက်ချပြီး မျှော်လင့် ချက်ကြီးစွာဖြင့် စောင့်မျှောနေ၍ကား မဖြစ်ဟု ဆုံးဖြစ်မိပါသည်။ သို့သော ဖျာပုံမြို့ပေါ်တွင် ရှိနေသော ကျွန်တော် တို့ လူများ ၏ အခြေအနေကို ကျွန်တော် အသေးအချာသိရန်တော့ လိုပေလိမ့်မည်။
ဆိတမ၊ နောက်မီး စသည့် နေရာများမှ ကင်းစခန်းများ ရုတ်သိမ်းခြင်း၊ ကျုံကဒွန်တွင်သာ အခြေစိုက် စုရုံးထားခြင်းများ ကို လေ့လာကြည့်ခြင်းအားဖြင့် အုပ်ချုပ်ရေးယန္တရားသည် တဖြည်းဖြည်း ယိုယွင်းလျက် ရှိသည်ကို သိသာနိုင်ပါသည်။ ဖျာပုံတောင်ပိုင်း ခေါင်သီသာ ဤပင်လယ်ပိုင်းဒေသကို ကျွန်တော်တို့ ကျေနပ်ဖွယ် စီးမိ ထားသဖြင့် စိတ်သက်သာ ရာ ရမိပါသည်။ ယခုဆိုလျှင် လူများသည် မိမိတို့ရပ်ရွာ ငြိမ်ဝပ်ပိပြားရေးနှင့် အုပ်ချုပ်ရေး တို့ကို တာဝန်ယူထား နိုင်ကြပါသည်။
''သခင်စံထူး... ကျွန်တော် ကျုံကဒွန်းကို အခြေအနေတက်ပြီး သွားကြည့်ချင်တယ်... ''
''ဖြစ်ပါမလား သခင်မြလှိုင်.... ''
''ဖြစ်ပါတယ် ရုပ်ဖျက်သွာတာပေါ့... ''
''ဟဲ...ဟဲ သခင်မြလှိုင် ရုပ်ဖျက်သွားရင်း လူပုံကြည့်ပြ်ီး တရုတ်ဘိန်းစားထင်ပြီး ဆွဲထားလိုက်မှ... ဟုတ်ပေ့ ဖြစ်နေ ဦး မယ်နော် ''
မှန်ပါည်။ ပိန်လှီဖျော့တော့၍ ဖြူဖပ်ဖြူလျော်ဖြစ်နေသော ကျွန်တော်သာ ရုပ်ဖျက်လိုက်လျှင် သခင်စံထူး ပြောသကဲ့ သို့ တရုတ်ဘိန်းစား အဘ ခေါ်လောက်ဖွယ် ရှိပါသည်။ သို့နှင့် ကျွန်တော်နှင့် သခင်စံထူး၊မောင်စံငြိမ်း တို့ သုံးယောက် သည် လက်လှော်လှေတစ်စင်ဖြင့် ကုလားထိပ်ချောင်အတိုင်း ကျုံကဒွန်း သို့ လျှိ့ဝှက်စွာ လာခဲ့ကြပါသည်။ ကျွန်တော် တို့ ကုလားထိပ်ချောင်းအတိုင်း လှော်ခတ်လာရင်း လမ်းတွင်တွေ့သော လှေ၊ သမ္ဗန်များကို ကျုံကဒွန်း အခြေအနေကို စုံစမ်းကြည့် ပါသည်။ လှေသမား များပြောကြားချက် အရ ကျုံကဒွန်းတွင် ဟန်ပြ အဖြစ်သာ ပုလိပ်အနည်းငယ် ထားရှိ ပြီး ကျန်အင်အားများကို ဖျပုံသို့ ရွှေ့ပြောင်း ထားကြောင်း သိရပါသည်။ ထို့အပြင် ကုန်စုံဆိုင်ကြီးများ၊ ငွေရှင်းကြေးရှင် များသည် ဖျာပုံ သို့ ရွှေ့ပြောင်းထားကြသဖြင့် ကျုံကဒွန်း ရွာမှ လူများသည် ကျီးလန့်စာစား ဖြစ်လျက်ရှိကြောင်းများ ကို ပါသိရ ပါသည်။ ကျွန်တော်တို့ ကျုံကဒွန်းသို့ ရောက်သောအခါ၊လမ်း၌ လှေသမား၊ သမ္ဗန်သမားများထံမှ ကြားသိခဲ့ရ သည့်အတိုင်း ကျုံကဒွန်းတစ်ရွာလုံး လှုပ်လှုပ်ရွရွ ဖြစ်လျက်ရှိပါသည်။ ကျွန်တော်နှင့် သခင်စံထူး တို့နှစ်ယောက် ကမ်း ပေါ်တက်၍ မောင်စံငြိမ်းကို လှေထဲတွင် ချန်ရစ်စေပါသည်။
''ဟာ... ဆရာပါလား၊ ဘယ်က ပြန်လာသလဲ''
ကျွန်တော်သည် နှုတ်ဆက်လိုက်သူကို ကြည်၍ ကြက်သေသေလျက်ရှသည်။ နှုတ်ဆက်သူကား ပုလိပ် အဝတ်အစား ဖြင့် မတ်စကတ် သေနတ်ကို နောက်ကျောတွင် လွယ်ထားသော ဖျာပုံမြို့မှ ချန်မင်း ဆိုသူ ဖြစ်ပါသည်။ ပုလိပ်ချန်မင်း သည် အနည်းငယ် မူးနေပါသည်။ ချန်မင်းနှင့် ကျွန်တော်သည် ငယ်ငယ်က ဆော့ကစားဘက် ဖြစ်သည်။ အသက် အားဖြင့်လည်း ကျွန်တော်ထက် ၂ နှစ် ၃နှစ် ခန့်ပင် ကြီးသည် ဟု ထင်ပါသည်။ သို့သော် ငယ်ငယ်ကပင် ကျွန်တော် ကို မင်းနှင့်ငါ ဟူသော ပြောဆိုမှုမျိုး မရှိခဲ့ပါချေ။
''မင်း... ဒီရွာ မှာလားကွ၊ ငါ ကုလားထိပ်က ပြန်လာတယ်... ''
''ဟုတ်တယ် ဌာနအုပ်လည်း လစ်သွားပြီး၊ ဂါတ်စားရေးလဲ လစ်သွားပြီး အိပ်စီိငညွန့်လဲ သုတ်သွားပြီး၊ ခုအမှုထမ်း ၇ ယောက် နဲ့ သေနက် ၅ လက်ပဲ ထားခဲ့တယ်၊ ဒီရွာမှာ ကျွန်တော်ဘုရင်ပဲ၊ ဆရာ ဘာလိုချင်လဲပြော''
''မင်းတို့ သေနတ်တွေ လိုချင်တယ်ကွ''
''ဟ...ဆရာကလည်း နောက်နေပြန်ပြီ၊ ဆရာ အရက်သောက်မလား''
''ဟင့်အင်း... ''
''ဒါဖြင့်.. မိန်းမယူမလား... ''
''ဘာလုပ်ဖို့လဲကွ .. ''
''သွားမယ်ဆရာ၊ ဈေးထဲမယ် ကြက်သွားဆွဲလိုက်ဦးမယ်... ''
ချန်မင်း သည် ကျွန်တော်အား နှုတ်ဆက်၍ သိုင်ကွက် နင်းကာ ထွက်ခွာသွားပါသည်။ ကျွန်တော်သည် ချန်မင်း၏ ကျောပြင်ကို ငေးမောကြည့်နေရင်း လမ်းချိုးတစ်ခုသို့ ချိုးဝင်ပျောက်ကွယ်သွားမှ သခင်ရှိန်၊ သခင်ဖိုးကျား လည်း မည် သည့်နေရာတွင် ရှိသည်ကို မပြောကြသဖြင့် ကျွန်တော်နှင့် သခင်စံထူး တို့ နှစ်ယောက် မှာ ယောင်လည်လည် ဖြစ်နေပါ သည်။ ထိုအခိုက် ကျောင်းသား သမဂ္ဂတွင် အတူတကွ လုပ်ကိုင် လာခဲ့ဖူးသော ကျောင်းနေဘက် ကိတင်မြင့် ဆိုသူနှင့် မမျှော်လင့်ဘဲ တွေ့ရှိကာ ၎င်း၏ နတ်လမ်းညွှန်ချက် အရ သခင်ရှိန်ကို ကျုံကဒွန်းရွာ ဘုန်းကြီးကျောင်းတွင် သွားရောက် ရှာဖွေတွေ့ဆုံရပါသည်။ သခင်ဖိုးကျား ကိုလည်း ဦးကျင်မောင်၏ အိမ်အပေါ်တွင် ပုန်းအောင်းနေရာမှ ခေါ်ယူခဲ့ရပါသည်။
''ဒီမယ်... သခင်ရှိန်၊ စောစောက ချန်မင်းဆိုတဲ့ ပုလိပ်နဲ့ ကျွန်တော်တွေ့ခဲ့တယ်။ သူ့အပြောအရ ဌာနအုပ် ကိုလှကျော်၊ ဂါတ်စာရေး မောင်စိန်၊ အိပ်စီ မောင်ညွန့် တို့ အားလုံး လစ်သွားကြပြီဗျ၊ ကျုံကဒွန်းမှာ သူဘုရင်ပဲတဲ့ ဟုတ်လား”
“တောက် … သိပ်ဟုတ်တာပေါ့ သခင်မြလှိုင်၊ ဆိုးလိုက်တာမှ ၀ီခေါ်နေတာပဲဗျ … တစ်နေ့လုံး မူး၊ မိကောင်းဖခင် သားသမီးတွေမရှောင် ရမ်းကား၊ သေနတ်ကို ဖောက်ချင်တိုင်းဖောက်၊ ကျုပ်တို့ကို သေနတ်နဲ့ ပစ်သတ်မယ်ဆိုလို့သူ့ရန်ကြောက်ပြီး ခုလို ပုန်းနေရတာပေါ့ …”
ကျွန်တော်သည် ဘာမျှ မစဉ်းစားတော့ပဲ သခင်စံထူး၊ ကျုံကဒွန်းရွာခံ ကိုချစ်ခင်တို့ကို ခေါ်လျက် ချန်မင်း ရှိရာသို့ လိုက်သွားပါတော့သည်။ အခန့်သင့်ပင် ချန်မင်းကို ကုန်စုံဆိုင်တစ်ဆိုင်ရှေ့တွင် တွေ့လိုက်ရသည်။ သူ့နောက်တွင် ပါသော ပုလိပ်သည် ကြက် ၃ ကောင်ခန့်ကို ခြေထောက်မှ ဇောက်ထိုးဆွဲ၍ ကိုင်ထားသည်။ ချန်မင်းသည် ကျွန်တော့်အား မြင်သောအခါ ရီဝေသော မျက်လုံးအစုံအား ဖြဲ၍ ကွမ်းချေးတက်နေသော သူ့ သွားကြီးများဖြင့် ရယ်မောနှုတ်ဆက်ပါသည်။
“ဆရာ ပြန်တော့မလို့လား၊ ညဥ့်မအိပ်တော့ဘူးလား”
“မအိပ်ဘူး ကွ၊ မင်းဆီလာတာ”
ကျွန်တော် သည် ပြောပြောဆိုဆိုဖြင့် ခြောက်လုံးပြူးကို ထုတ်၍ ချိန်ထားလိုက်သည်။ ကျွန်တော်၏ အပြုအမူ ကို မြင်လိုက်သည့် အနီးအနားမှာ အိမ်များသည် တဒုန်းဒုန်းဖြင့် အိမ်တံခါးများကို ပိတ်လိုက်ကြပါ သည်။ ချန်မင်း သည် မမျှော်လင့်သော ကျွန်တော့် အပြုအမူကြောင့် အလွန်အံ့သြလျက် ရှိနေပါသည်။ စောစောက မူးနေသည် ကလေး များလည်း ပျောက်သွားဟန် တူပါသည်။ ဆောင့်ကြောင့်ကလေးထိုင်၍ လက်အုပ်ချီ လိုက်သည်။ ထို့နောက် …
“အသက် ချမ်းသာပေးပါဆရာ”
ကျွန်တော် သည် ချန်မင်း ကျောပေါ်မှ သေနတ်ကို ဖြုတ်ယူလိုက်ပြီး ကိုချစ်ခင် လက်သို့ အပ်လိုက်သည်။ ကြက် ကိုင်ထားသော ပုလိပ်လက်မှ ကြက် ၃ ကောင်ကို ဆွဲယူလိုက်ပြီး လမ်းပေါ်သို့ လွှတ်လိုက်သည်။ လွတ်လပ်ရေး ရသွားရှာသော ကြက်များမှ ကတော် ကတော် အော်၍ အိမ်များအောက်သို့ ၀င်ရောက်ပျောက် ကွယ်သွား ပါသည်။
“ဟေ့ကောင် … ချန်မင်း …ထ၊ မင်းတို့လူတွေ လက်နက် လိုက်ယူပေး၊ ဒါပဲ”
“ရပါတယ်ဆရာ၊ ဒီကောင်တွေလည်း လစ်ချင်နေကြတာပါ၊ ဂါတ်တဲကိုပါ သိမ်းလိုက်ပါ”
ကျွန်တော် တို့ လူသိုက် ချန်းမင်းကို ရှေ့မှထား၍ ဂါတ်တဲရှိရာသို့ လာခဲ့ကြသည်။ သို့သော် နောက်ကျသွားခဲ့ ပြီတကား။ ပုလိပ်များလည်း မရှိတော့၊ လက်နက်လည်း မရလိုက်။ မည်သည့်နေရာသို့ သုတ်ခြေတင်သွား သည်ကိုပင် မသိနိုင်သော အခြေသို့ ရောက်ရှိသွားပါသည်။ ထိုင်နေလျှင် အကောင်းသား ထသွားမှ ကျိုးမှန်း သိတေ့သည့်ပမာ ကျွန်တော့်ကြောင့် လက်နက်နှင့် လူ ၄ ယောက် ပျောက်ကွယ်သွားသည်ကို စိုးရိမ် ပူပန်ခြင်းဖြစ်မိ ပါတော့သည်။ ထိုသူများသည် လက်နက်ကိုင်လျက် ဤဒေသတစ်ဝိုက်တွင် သောင်းကျန်း မင်းမူကြ လျှင် တရားခံသည် ကျွန်တော်သာလျှင် ဖြစ်ပေလိမ့်မည်တည်း။
ဂျပန်တို့သည် ၁၉၄၁ ခု ဒီဇင်ဘာလ (၈)ရက်နေ့တွင် အင်္ဂလိပ် အမေရိကန်တို့အား စစ်ကြေညာခဲ့လေသည်။ ဂျပန်တို့၏ စစ်ရေးစွမ်းအင်သည် ဒီရေအလား တရိပ်ရိပ်ပြေးတက်လာသည်။ ထိုအချိန်တွင် အရှေ့တောင် အာရှရှိ ကိုလိုနီနိုင်ငံများသည် မိမိတို့နိုင်ငံ လွတ်လပ်ရေးအတွက် ထွက်ပေါက်တစ်ခု ရရှိကာ လက်နက် စွဲကိုင် တော်လှန်ရေး ဆောင်ရွက်လာခဲ့ကြသည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံတွင် ရှိနေကြ သော တိုး တက်သော တို့ဗမာအစည်းအရုံးကြီး နှစ်ခှုင့် လူငယ်အင်အားစုများ၏ လွတ်လပ်ရေးကြိုးပမ်းမှုကို မမှိတ်မသုန် စောင့်ကြည့်နေသည့်ကြားမှ သခင်အောင်ဆန်းနှင့် များစွာသော တို့ဗမာအစည်းအရုံး ၀င်များသည် မြန်မာနိုင်ငံအတွင်း၌ လည်းကောင်း၊ မြန်မာနိုင်ငံအပြင်တွင်လည်းကောင်း နယ်ချဲ့တော်လှန်ရေးကို လုပ်ကိုင်လာခဲ့ကြလေသည်။ ဂျပန်တို့က မဟာမိတ်အင်အားစုများအား စစ်ကြေညာ လိုက်ပြီး နောက်တစ်ပတ်မျှအကြာတွင် ဗြိတိသျှအစိုးရသည် မြန်မာပြည်ရှိ စစ်တပ်များကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် အိန္ဒိယစစ်သေနပတိချုပ် လက်အောက်သို့ သွတ်သွင်းလိုက်ပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့ရက် ၌ ဂျပန်တို့က ၀ိတိုရိယအငူကို သိမ်းပိုက်လိုက် လေသည်။
ကျွန်တော်တို့တတွေ ဂျပန်တို့၏ စစ်ရေးအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေရချိန်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်တို့နှင့် ပူးပေါင်းသော သခင်အောင်ဆန်း အမှူး ပြုသော အဖွဲ့ ၏ လှုပ်ရှားမှုသည် ဂျပန်တို့၏ စစ်ရေးနှင့် ယှဉ်တွဲလျက် ပါရှိလာခြင်းကြောင့် ဖြစ်ပါသည်။ မှန်ပါ သည်။ သခင်အောင်ဆန်းသည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ယိုးဒယားနိုင်ငံ၌ ဗမာ့လွတ်လပ် ရေးတပ်မတော်ကို ဖွဲ့စည်းပြီး ဗိုလ်တေဇ ဟူသောအမည်ဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် ကြီး၏ သေနာပတိ အဖြစ် ခံယူပါသည်။ ထိုအချိန်မှ အစပြု၍ မြန်မာ့သမိုင်းတွင် ထင်ရှားသော ရဲဘော်သုံးကျိပ် သည် ပေါ်ပေါက်လာပါသတည်း။ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် ရဲဘော်သုံးကျိပ် ဦးစီးလျက် စစ်ကြောင်း ၄ ကြောင်းခွဲကာ မြန်မာနိုင်ငံအတွင်းသို့ ချီတက်လာခဲ့သည်။ ယင်းစစ်ကြောင်းများမှာ -
(၁) ယိုးဒယားစစ်ကြောင်း၊
၉၂) ထားဝယ်စစ်ကြောင်း၊
(၃) မြ၀တီစစ်ကြောင်း၊
(၄) ဖာပွန်စစ်ကြောင်း တို့ဖြစ်သည်။
ဂျပန်တို့သည် ရန်ကုန်မြို့ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဗုံးကြဲခဲ့ရာ ထိုအချိန်မှ အစပြု လျက် ရန်ကုန်မြို့ပျက်လေသည်။ ယင်းကာလသည် ရန်ကုန်တစ်မြို့လုံး တောကြောင်တို့၏ ဖောက်ထွင်း လုက်မှုအောက်၌ ကမ္ဘာပျက်သည့်နှယ် ရှိပါချေသည်။
ကျွန်တော်သည် ခါးပြတ် (ကပြတ်)၀တွင် ၃ ညတိုင်တိုင် မီးများဖိုလျက် အချက်ပြစောင့်စားသော်လည်း အချည်းနှီး သာလျှင် ဖြစ်ခဲ့ပါသည်။ ထိုနည်းတူစွာ ကုလားထိပ်မှ အချက်ပြ မီးဖိုခြင်းမှာ မထူးခြားသဖြင့် ရပ် ဆိုင်းလိုက် ပါသည်။ ဖျာပုံသို့ စေလွှတ်လိုက်သော သခင်တင် (ဘယ်ကျော်မောင်တင်) နှင့်အဖွဲ့သည် တတိယနေ့ တွင် ခါးပြတ်(ကပြတ်)သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ကိုအုန်းမောင်တို့အဖွဲ့နှင့် လုံးဝအဆက် အသွယ် မရရှိသော်လည်း ဖျာပုံတာဝန်ခံ ဦးလှအောင်ထံမှ စာတစ်စောင်ကို သယ်ဆောင်လာခဲ့ပါသည်။ ဦးလှအောင် ၏ စာမှာ ကျွန်တော်တို့ အဆက်ပြတ်လျက်ရှိသော လှုပ်ရှားမှု ကွင်းဆက် ကလေးများကို ပြန်လည်ဖော်ဆောင်ပေးပါသည်။
မြစ်ဝကျွန်းပေါ်တာဝန်ခံများဖြစ်ကြသည့် ဗိုလ်အောင် (ဗိုလ်မောင်မောင်)၊ ဗိုလ်ဝင်း (ယခုလုပ်ငန်းစစ်ဆေးရေး အဖွဲ့ဝင်) တို့သည် မြောင်းမြတွင် ရှိနေကြပြီး မြစ်ဝကျွန်းပေါ်တစ်ခုလုံး၏ နယ်ချဲ့တော်လှန်ရေးကို ဦးဆောင်လျက် ရှိကြောင်း၊ တို့ဗမာ အစည်းအရုံးဌာနချုပ်မှ သခင်ထိန်ဝင်း (ယခု စိန်ဂျွန်းလမ်းတွင် နေထိုင်သူ) တို့ အဖွဲအား မြောင်းမြထောင်မှ ရွှေဘိုထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ရာတွင် ရန်ကုန်ဘူတာကြီးမှ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ သခင်ထိန်ဝင်းနှင့်အတူ ကိုဘဆွေလေး (ရန်ကုန်ဘဆွေ)လည်း ပါဝင်ကြောင်းနှင့် သမိန်ထော သခင်အာစရ၊ ဖျာပုံမှ သခင်ကောသလ္လ၊ သခင်လွန်းဘော် အစရှိသော နိုင်ငံရေးခေါင်းဆောင်များကို အထက်မြန်မပြည်သို့ ထောင်ပြောင်းရွှေ့ခေါ် ယူသွားကြောင်းများ ပါရှိပါသည်။ သခင်ထိန်ဝင်းသည် ရန်ကုန်ဘူတကြီးမှ လွတ်မြောက်လာခဲ့ပြီးနောက် မြစ်ဝကျွန်းပေါ် လှုပ်ရှားမှုကို ဗိုလ်အောင် (ဗိုလ်ချုပ်မောင်မောင်)၊ ဗိုလ်ဝင်းတို့နှင့်အတူ ဦးဆောင် ပါဝင်ခဲလေ သည်။
ကျွန်တော်သည် ကျေးရွာခေါင်းဆောင်များအား စစ်ရေးအခြေအနေ၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် ဖျာပုံမြို့ အခြေအနေများကို ရှင်းလင်းပြပါသည်။ ထိုမှတစ်ဆင့် ဖျာပုံမြို့တော်ဘက်ပိုင်း ကျေးရွာများမှ တို့ဗမာအစည်းအရုံးခေါင်းဆောင်များ၊ နယ်ချဲ့တော်လှန်ရေးအတွက် စည်းရုံး ထားသည့် စစ်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲကို တယ်ပင်ဆိပ် ရွာတွင် ကျင်းပပါသည်။ ဖျာပုံမြို့နယ် တောင်ဘက်ပိုင်း ရွာပေါင်း ၃၀ ကျော်မှ လူပေါင်း ၂၀၀ ခန့် တက်ရောက် ခဲ့ကြပါသည်။ ထိုအချိန်က အင်အားကောင်းဆုံး စုစည်းမှုတစ်ရပ် ဖြစ်ပါသည်။
ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးပွဲသည် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလဟု ထင်မှတ်ရပါသည်။ အဘယ်ကြောင့် ဆိုသော် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ထားဝယ်မြို့ကို ၁၉၄၂ ခု၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့လေသည်။
ကျွန်တော်သည် ၁၉၃၈ ခုနှစ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ် ကျောင်းသားထုအား ခေါင်းဆောင်ခဲ့ပြီးနောက် ယခုအကြိမ်သည် စိတ်ဓာတ်အတက်ကြွဆုံးသော တစ်သက်တာ မမေ့နိုင်သောအါဟု ဆိုမှတ် ရမည် ဖြစ်ပါ သည်။ ကျေးရွာအသီးသီးမှ တက်ရောက်လာခဲ့ကြသူများကို ဒေါ်ညိမ်း၊ ပက်ပြဲ၊ ကုလားထိပ်၊ နောက်မီး ၊ ကျောင်းကုန်း၊ ရိုးကုန်း၊ ဘိုးဘကုန်း စသည့်ရွာများမှ တာဝန်ခံ ကျွေးမွေးပါသည်။
ထိုဆွေးနွေးပွဲသည် ဗြိတိသျှ အင်ပါယာကြီး မီးငြိမ်းအံ့ဆဲဆဲ ကျင်းပရသော နယ်ချဲ့ဗြိတိသျှအောက်မှ လှုပ်ရှားရုန်းကန်မှုတစ်ခုဖြစ်ပါသည်။
အုပ်ချုပ်ရေးပျက်ပြားစ ပြုသောအခါဖြစ်သဖြင့် ကျေးရွာများတွင် တို့ဗမာအစည်းအရုံးဝင်များက ဦးစီး၍ ကျေးရွာအုပ်ချုပ်ရေးများကို ဖွဲ့စည်းလုပ်ကိုင်ကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဘယ်ကျော်မောင်တင် ၏ ပြောပြချက် အရ ဖျာပုံမြို့တွင်ရှိသော အစိုးရအရာရှိများမှာ နေ့လား ညလားဟုပင် မပြောနိုင်ဘဲ ဖျာပုံမြို့ကို လူသိုက် ဖျာပုံမြို့သို့ အမြန်ပြန်ရန် လိုအပ်လျက်နေနေပါသည်။
“သခင်မြလှိုင် ဖျာပုံကို ဘယ်တော့ ပြန်မှာလဲ”
“ဖြစ်နိုင်ရင်တော့ ကျွန်တော်ဒီညပဲ ပြန်ချင်တယ်”
ကျွန်တော် ၏ ရှင်းလင်းချက်ကို သခင်သာရင်တို့အား ပြောပြသောအခါ တစ်ရက်တန် သည် နှစ်ရက်တန် သည် ကျေးရွာ အခြေအနေများကို စောင့်ကြည့်ပြီးမှ ပြန်ရန် တားမြစ်ပါသည်။ သို့သော် ကျွန်တော်တို့ လူသိုက် သည် ပင်လယ်ဝမှ လာရောက်ကြခြင်းမှာ လက်နက်များရယူရန် ဤအတွက်မျှသာ ဖြစ်ရာယခုကဲ့သို့ ပင်လယ်ပြင် ကို နေ့စဉ်ကြည့်လျက် ဘာမျှ အကြောင်းမထူးသည်ထက်စာလျှင် ပျက်လုဆဲဆဲဖြစ်နေသော မြို့ကို ထိန်းန် ပို၍ကောင်းမည် ဟု ထင်ပါသည်။
သခင်သာရင် တို့အဖွဲကသည် ကျွန်တော်နှင့်အဖွဲ့အား ပင်လယ်လမ်းမှ ဖျာပုံသို့ လိုက်ပို့ပေးရန် စီစဉ်ကြပါ သည်။ ဧည့်ဝတ်ကျေပွန်သော ခါးပြတ်(ကပြတ်)ရွာမှ ရဲဘော်များအား နှုတ်ဆက်ပြီး ကျွန်တော်သည် အဆုံး အစမရှိသော ပင်လယ်ပြင်ကို ငေးစိုက်ကြည့်ရင်း ခတ်ဘောက်တူကြီးပေါ်သို့ တက်ခဲ့ပါတော့သည်။
ကျွန်တော်တို့ လူသိုက် နံနက် ၄ နာရီခန့်တွင် ဖျာပုံသို့ ရောက်ရှိခဲ့ပါသည်။
ဖျာပုံမြို့ သည် ယမ်းခိုးနံ့ မပျောက်ဘဲ ရှိနေပါသည်။
ဖျာပုံမြို့သို့ ကျွန်တော် နာရီပိုင်းမျှ နောက်ကျလျက် ရောက်ရှိခဲ့ပါသည်။ ကျွန်တော် ရောက်ရှိသောအချိန် တွင် ဖျာပုံမြို့ သို့ ရောက်ရှိလာကြသော နယ်ချဲ့တော်လှန်ရေး ဘက်တော်သားများနှင့် မြို့ခံကာကွယ်ရေး အဖွဲ့တို့ တိုက်ပွဲပြီးစ အချိန်ပဲ ရှိပါသေးသည်။
ကျွန်တော် သည် ဦးလှအောင်ရှိသော အိမ်သို့ သွားရောက်ပါသည်။ အခန့်သင့်ပင် ဦးလှအောင်ကို တွေ့ရ သည်။ ဦးလှအောင် အား ကျွန်တော့်အိမ်သို့ခေါ်ဆောင်လာခဲ့ပြီး ထိုမှတစ်ဆင့် ကျွန်တော်တို့ရဲဘော်များအား လိုက်လံ ရှာဖွေ ပါသည်။ ကျွန်တော်တို့ ရဲဘော်များကို စုံစုံညီညီ တွေ့ရသဖြင့် ကျွန်တော်တို့ အိမ်သို့ ခေါ် ဆောင် လာခဲ့ပြန်ပါသည်။
“ဘယ်လိုလုပ်မလဲ မြလှိုင်”
“ဘာကို ပြောတာလဲ ကိုအုန်းမောင်”
“အခု သူတို့ ၀င်လာတာက တို့ကို ဘာမှ အကြောင်းမကြားဘူးကွ၊ နောက်ပြီး တို့ တစ်တွေ စောင့်နေတဲ့နေရာတွေက ၀င်မလာဘဲ ကျိုက်လတ်ကနေ တစ်ဆင့်ဝင်လာတော့ အားလုံးလွဲကုန်တာပေါ့ကွာ၊ ဒါကြောင့် မင်းအလာကို စောင့်နေကြတယ်”
“အခြေအနေ ပြောပြပါဦး”
ဦးလှအောင် ပြောပြချက်အရ ဗိုလ်တောက်ထိန် ဦးစီးသော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ကျိုက်လက်မှတစ်ဆင့် ဖျာပုံမြို့သို့ ၀င်ရောက်လာခဲ့ကြသည်။ ထိုအချိန်တွင် ဖျာပုံမြို့မှ အရေးပိုင် အစရှိသော အုပ်ချုပ်ရေးပိုင်း မှ လူများအားလုံး စွန့်ခွာသွားခဲ့ကြသဖြင့် ဖျာပုံမြို့ကို မြို့ခကာကွယ်ရေးအဖွဲ့က လုံခြုံရေး တာဝန် ကို ယူထားသောအချိန်ဖြစ်ပါသည်။ ဗိုလ်တောက်ထိန်တိုအဖွဲ့ကို မြို့ခံကာကွယ်ရေးမှ ပင်လယ်ဓားပြ များဟု ထင်မှတ်၍ ပြန်လည်ခုခံခဲ့ကြောကာင်း ထိုမှစ၍ တိုက်ပွဲဖြစ်ကာ နှစ်ဦးနှစ်ဘက် ဒဏ်ရာ များရခဲ့ကြပြီး ဗိုလ်တောက်ထိန် တို့အဖွဲ့ ကျိုက်လတ်သို့ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရှိရ ပါသည်။
ကျွန်တော်တို့ လူသိုက်သည် ဂျပန်များကပေးမည့် လက်နက်များကို ပင်လယ်ဝသို့ စောင့်မျှော်နေချိန်တွင် ဗိုလ်တောက်ထိန် တို့ တပ်ဖွဲ့သည် ပုသိမ်ဘက်မှ ၀င်ရောက်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်က ဖျာပုံမြို့သူ မြို့သားများ သည် ကျီးလန့်စာစားဖြစ်လျက်ရှိနေပါသည်။ ထိုထက် ဖျာပုံမြို့နယ် အတွက် တာဝန် ယူထားကြသော ကျွန်တော်တို့ လူသိုက်အနေဖြင့် ယင်းကိစ္စကို အမြန်ဆုံး ဖြေရှင်းဆောင် ရွက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ကျွန်တော် ကိုအုန်းမောင်၊ ကိုစိန်မောင်(ကိုဌေးမြိုင်)တို့ သုံးယောက်ကို ဗိုလ်တောက်ထိန်တို့ ဆုတ်ခွာသွားသည့် ကျိုက်လတ်မြို့သို့ လိုက်ပါသွားရန် တ်ာဝန်ပေးပါသည်။
“မြလှိုင် … ကျိုက်လတ်ရောက်ရင် ဗိလ်တောက်ထိန်တို့ကို တို့နဲ့အတူ ပြန်ခေါ်လာဖို့ ပြောဖို့လိုတယ်”
“ဟိုရောက်မှ အခြေအနေကြည့်ပြီး ပြောတာပေါ့၊ ဖျာပုံမြို့က ခုခံလိုက်တာနဲ့ပတ်သက်ပြီး သူတို့ သဘောပေါက်အောင် ရှင်းပြနိုင်ဖို့တော့ လိုလိမ့်မယ်ထင်တယ်”
“ငါကတော့ မင်းပြောသလို ဖျာပုံမြို့က အမြင်မှားပြီး ခုခံတယ်ဆိုတာ သူတို့ကို ရှင်းပြဖို့ မလွယ်ဘူးလို့ ထင်တယ်”
“ဒါကတော့ဗျာ … ကျွန်တော်တု့ဟာ နယ်ချဲ့တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ သူတို့ကို အသိအမှတ်ပြုထားတဲ့ လူတွေပဲ မဟုတ်လား၊ ကျွန်တော်တို့ ပြောတာကိုတော့ သူတို့လက်ခံရမှာပေါ့”
“ကိုင်း … ဒါတွေ ထားပါတော့၊ ဟိုရောက်တော့မှပဲ အခြေအနေကို ကြည့်ပြီး ပြောကြဆိုကြတာပေါ့”
ကျွန်တော်တို့ လူသိုက် ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးကြသောအချိန်တွင် ဖျာပုံမြို့၌ ရပ်ရွာလူကြီးများမှ ၎င်းတို့ သဘောဖြင့် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ကြပါသည်။ ကျွန်တော်မှတ်မိသလောက် မြို့ပေါ်မှ မျက်နှာဖုံး လူကြီးအချို့နှင့် ဆရာဝန်ကြီးဦးတင်၊ မြို့အုပ် ဦးတင်ဖေတို့သည် အုပ်ချုပ်ရေး အဖွဲ့ ၏ ခေါင်းဆောင်များ ဖြစ်လာကြပါသည်။ ဤအဖွဲ့နှင့်ပတ်သက်၍ ကျွန်တော်တို့ ဘ၀င်မကျသည် မှန်သော် လည်း နောက်ထပ် ထိပ်တိုက် အငြင်းပွားဖွယ်ရှိခြင်း၊ ကျွန်တော်တို့၏ နယ်ချဲ့တော်လှန်ရေးအဖွဲ့နှင့် ထပ်မံ၍ အချင်းများဖွယ်ရှိခြင်းတို့ကြောင့် ၎င်းတို့နှင့် တွေ့ဆုံရန် မပြုလုပ်တော့ဘဲ ကျိုက်လတ်သို့ သွားရန်ကိုသာ စီစဉ်ကြပါသည်။
“ဦးလှအောင် … ဖျာပုံမြို့က ခုဖွဲ့ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့က လာခေါ်ရင် အတွေ့မခံဖို့ လိုတယ်။ နောက် တစ်ချက်က ဒီအဖွဲ့ကိုလည်း ဘယ်နည်းနဲ့မှ အသိအမှတ်ပြုမှာ မဟုတ်တော့ ဦးလှအောင်အနေနဲ့ ကျွန်တော်တို့ ပြန်မလာမချင်း ရှောင်နေတာ အကောင်းဆုံးပဲ”
“အေးပါကွာ … မင်းတို့လည်း ကြာမနေဖို့ပဲ အရေးကြီးတယ်၊ ဒီမှာက အုပ်ချုပ်ရေး အဖွဲ့လိုသာဆိုတယ်၊ အရေး ရယ် အကြောင်းရယ်ဆိုရင် ပစ္စည်းရှိတဲ့ လူတွေနဲ့ ထွက်မပြေးဘဲ ကျန်တဲ့ အရာရှိ၊ အရာခံတွေကို ကာကွယ်တဲ့ အဖွဲ့လောက် ပဲ ဖြစ်မှာပါ”
“ဟုတ်တာပေါ့ … ဒီလူသိုက်တွေက သခင်ဆိုတဲ့ကောင်တွေကို အစိမ်းလိုက် ၀ါးစားချင်တဲ့လူတွေပဲ၊ ဒီတော့ ကျိုက်လတ် အခြေအနေပေါ်မှာ တည်ပြီး အဆုံးအဖြတ်တစ်ခုခုကို ခေါင်းအေးအေးနဲ့ ဆုံးဖြတ်ကြတာပေါ့ဗျာ”
ကျွန်တော်တို့ သုံးယောက် အငှားမော်တော်တစ်စင်းဖြင့် ကျိုက်လတ်မြို့သို့ လာခဲ့ကြပါသည်။ ကျိုက်လတ်မြို့သို့ လှမ်း၍မြင်လိုက်သည်ဆိုလျှင်ပင် ကျွန်တော်တို့ရင်ထဲတွင် ပျော်ရွှင်ခြင်း၊ ၀မ်းသာခြင်း၊ စိတ်အား ထက်သန်ခြင်း တည်းဟူသော ပီတိလှိုင်းတို့သည် ရိုက်ခတ်လာခဲ့စေပါသည်။ အဘယ်ကြောင့်ဆိုသော် ကျိုက်လတ် ၏ မြင်ကွင်းတစ်ခုလုံး သုံးရောင်ခြယ်အလံများဖြင့် လွှမ်းခြုံလျက်ရှိပါ သည်။ နီး၍နီး၍ လာသောအခါ စစ်သား များဟု ထင်ရသော သေနတ်ကိုင်လူများကို ဆိုက်ကပ်ထားသော ကတ္တူကြီးများပေါ်တွင် တွေ့ရသည်။ တချို့ကတ္တူ များမှာ နေတံဆိပ်အလံ လွှင့်ထူထားခြင်းဖြင့် ဂျပန်များ၏ ကတ္တူများဟုယူဆရပါသည်။
“ဆရာ ဘယ်ဆိပ် မှာ ကပ်ရမလဲ”
“ဧရာဝတီ သင်္ဘောဆိပ်ကို ကပ်ဗျာ”
ကျွန်တော်တို့ ပြောသည့်အတိုင်း မော်တော်ကလေးသည် ဧရာဝတီသင်္ဘောဆိပ် ရှိရာသို့ ဦးတည်သွားပါ သည်။ သို့သော် ဆိုက်ရန် နီးလာသောအခါ သင်္ဘောဆိပ်တွင် စောင့်ကြပ်နေသော သေနတ်ကိုင် အစောင့်က ကျွန်တော်တို့ နားမလည်သော အသံဖြင့် သင်္ဘောဆိုက်ကပ်လာခြင်းကို ဟန့်ထားပါ သည်။ မော်တော်သမား များသည် အလွန်ကြောက်ရွံကစွာဖြင့် မြစ်လယ်သို့ ပြန်လည်ခုတ်မောင်းလာရာ ကျွန်တော် တို့လူသိုက် မြစ်လယ်တွင် ဟိုမရောက် ဒီမရောက် ရှိနေကြပါသည်။
“မော်တော် … ဆရာ၊ ဈေးဆိပ်ကို ကပ်လို့ မရဘူးလား”
“မကပ်ရဲဘူး ဆရာ”
မော်တော်သမား၏ ပြောစကားကြောင့် ကျွန်တော်သည် ၀ှက်၍ယူလာသော ခြောက်လုံးပြူးသေနတ်ကို ထုတ်၍ မော်တော်သမားအား ချိန်ကာ ကြိမ်းမောင်းရပါတော့သည်။
“ဟေ့လူ ဈေးဆိပ်ကို သွားကပ်”
မော်တော်သမားသည် လောလောဆယ် ကြုံတွေ့ရသော အသက်အန္တရာယ်အတွက် စိတ်ဒုန်းဒုန်း ချ၍ ဈေးဆိပ်ရှိရာသို့ ဦးတည်မောင်းသွားပါတော့သည်။ ဤအကြိမ်တွင် ရှောရှောရှူရှူ ဆိုက်ကပ်ခွင့်ရပါသည်။ ကျွန်တော်တို့ သုံးယောက် ကမ်းပေါ်သို့ တက်မိသည်နှင့် တစ်ပြိုင်နက် ပျားပန်းခတ်မျှ သွားလာ လှုပ်ရှား၊ သေနတ်များ တကားကားနှင့် ရှိနေသော ဗမာ့လွတ်လပ်ရေး တပ်မတော်သား များကို မြင်တွေ့ ရပါသည်။ ကျွန်တော်သည် ဒုတိယကမ္ဘာစစ် ဖြစ်လုဆဲဆဲ၌ ရန်ကုန်မြို့မှ ဗြိတိသျှ တပ်များသည် လည်းကောင်း၊ ကူမင်တန်တ်များသည်လည်းကောင်း၊ ဥဒဟို ရွှေပြောင်းသွားလာနေသည်ကို မြင်ခဲ့ဖူးသူဖြစ်ရာ ယခု ကျွန်တော် တွေ့ရသော ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ရဲဘော်များကိုကား စစ်သားများဟု မထင်မှတ်မိ သည်မှာ အမှန်ပင်ဖြစ်သည်။ သို့တစေ သူတို့ဝတ်ဆင်ထားသော စစ်ဝတ်နှင့် သူတို့ လွယ် ထားသော သေနတ်များသည် ကျွန်တော်တို့အား ခြောက်လှန့်လျက်ရှိသည်ကား အမှန်ပင်ဖြစ်ပါသည်။ ထို့ပြင် သူတို့ပြော သောစကားကိုလည်းကျွန်တော်တို့ နားမယဉ်၊ နောင်သောအခါတွင်မှ သိရသည်မှာ ထိုသူများ သည်ရေး၊ မြိတ်၊ ထားဝယ် စစ်ကြောင်းမှ စုဆောင်းပါဝင်လာကြသော ရဲဘော်များဖြစ်ကြောင်း သိရပါသည်။
“နောင်ကြီး သခင်ဘသန်းအိမ် ဘယ်က သွားရမလဲ”
“သခင်ဘသန်းလား၊ အခု အရေးပိုင်ကြီး ဖြစ်သွားပြီ၊ မြူနီစီပယ်ရုံးမှာ ရုံးထိုင်တယ်၊ ဒီက တည့်တည့်သွား၊ စစ်သားတွေ စုစု စုစုနဲ့ ကျိုက်လတ်မြို့ အုပ်ချုပ်ရေးအဖွဲ့လို့ ဆိုင်းဘုတ်တပ်ထားတယ်၊ အဲဒါ သခင်ဘသန်းရုံးပဲ”
ကျိုက်လတ်သား တစ်ဦး၏ နတ်လမ်းညွှန်ချက်အရ ကျွန်တော်တို့ သုံးယောက်ဆက်၍ လျှောက်လာခဲ့ကြရာ မကြာမီ ကျိုက်လတ်မြို့မှ မြူနီစီပယ် အဆောက်အဦရှေ့သို့ ရောက်ရှိလာပါတော့သည်။ သို့သော် အစောင့် စစ်သား သည် ကျွန်တော်တို့အား လှံစွပ်တပ် သေနတ်ဖြင့် ချိန်၍ မေးပါတော့သည်။ စစ်သားလုပ်သူမှာ ထားဝယ်သား ရဲဘော် ဖြစ်သဖြင့် သူပြောသော စကားကို ကျွန်တော်တို့က နားမလည်နိုင်ဘဲ ရှိနေပါသည်။ ထိုအချိန် တွင် ကျွန်တော်တို့ရှိရာသို့ လူတစ်ယောက် လျှောက်လာသည်ကို တွေ့ရသဖြင့် ကြည့်လိုက်မိသော အခါ မိတ်ဟောင်းဆွေဟောင်း ကိုခင်မောင်ဆိုသူ ဖြစ်နေသည်ကို ၀မ်းသာဖွယ် နငတ်ဆက် အကူအညီတောင်းမိပါတော့သည်။
ကိုခင်မောင်သည် မည်သည့်နေရာက ရထားသည်မသိသော ဂေါ်ရာဆာဂျင်များဆောင်းသည့် ဦးထုပ် အဖြူနောက်ကော့ကြီး ကို ခန့်ခန့်ညားညား ဆောင်းထားပါသည်။ လက်မောင်းတွင် သုံးရောင်ခြယ် လက်ပတ်၊ ကာကီဘောင်းဘီတို ပွယောင်းယောင်းကြီးသည် ကျွန်တော့် မျက်စိထဲတွင် ဆပ်ကပ်ပွဲထဲမှ လူပြက်သဖွယ် ရှိနေပါသည်။ ထိုလည်း ယခုမူ ယခင်ကသာ တွေ့ခဲ့ပါမူ မပြုံးဘဲဝါးလုံးကွဲ ရယ်မိမည် မှန်သော်လည်း ယခုမူ ကျွန်တော် တို့ သုံးယောက်သားခများ မမြီးကလေးများ ကုပ်၍ ကိုခင်မောင်အား အခြေအနေများ ကို မေးမြန်းကြည့် ရပါ တော့သည်။
“ခင်ဗျားတို့မြို့ကတေ့ သူပုန်မြို့ပဲဗျို့၊ ဗိုလ်မင်းတို့က သိပ်ကို စိတ်ဆိုနေကြတယ်”
“ဗိုလ်မင်း ဆိုတာ ဘယ်သူ့ကို ပြောတာလဲ”
“ရော … ဗိုလ်ရန်နိုင်၊ ဗိုလ်မြင့်ဆွေ၊ ဗိုလ်တောက်ထိန်တို့ကို ပြောတာဗျ”
“သူတို့က ဘယ်သူတွေလဲ”
“ရော … သူတို့က ပြည်သိမ်း ဗိုလ်မင်းတွေဗျ၊ ဂျပန်စစ်ဗိုလ်ကြီးတွေတောင် သူတို့လက်အောက်မှာ ဆလံပေးရတဲ့ လူတွေ၊ နဲနဲနောနော ပုဂ္ဂိုလ်တွေမမှတ်နဲ့ ဟင်း”
ကျွန်တော်တို့ သုံးယောက် ကိုခင်မောင်ပြောသော ဗိုလ်မင်းဆိုသူများနှင့် မတွေ့ရမီပင် ဖျားချင် သလိုလို၊ နောက်ဖေး ပါချင်သလိုလို ဖြစ်လာပါသည်။ တကယ်တော့ ကျွန်တော်တို့ သုံးယောက်မှာ ဖျာပုံမြို့နယ် တစ်ခုလုံး တွင် နယ်ချဲ့တော်လှန်ရေး လှုပ်ရှားမှု၏ အဓိကရဲဘော်များဖြစ်ကြသည်ကို မြစ်ဝကျွန်းပေါ်တာဝန်ခံ များဖြစ်သည့် ဗိုလ်အောင် (ဗိုလ်ချုပ်မောင်မောင်)နှင့် ဗိုလ်ဝင်းတို့သိပြီးဖြစ်ပါသည်။ ယခုမူ ကျိုက်လတ်မြို့တွင် လာရောက်ခါ မှ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ ဘာကောင်တွေမှန်းမသိဖြစ်ရ သည်ကို အံ့သြရမလိုလို ဟက်ဟက် ပက်ပက် ရယ်မောရမလို ဖြစ်နေမိပါသည်။
“လာ … ရုံးပေါ်လိုက်ခဲ့ကြ”
ကိုခင်မောင် ခေါ်ရာသို့နောက်ပါးမှ ယို့ကျိုးစွာ လိုက်လာခဲ့ကြပြီး မြူနီစီပယ်ရုံးပေါ်ရှိ အခန်းအသီးသီးကို မျက်စိကစားကြည့်လိုက်မိသည်။ ကျွန်တော်တို့နှင့် သိကျွမ်းသူဟူ၍ တစ်ယောက်မျှ မတွေ့ရဘဲ ပျားပန်းခတ်မျှ လှုပ်ရှားနေသော လူများသည် သူ့ကိစ္စနှင့်သူ အလုပ်များနေကြသဖြင့် ကျွန်တော်တို့အား မည်သူကမျှ အသိ အမှတ်ပြု ၍ ခေါ်ပြောကြခြင်းမရှိချေ။ ကိုခင်မောင်သည်သာ ကျွန်တော်တို့ အားထားရာ သဖွယ် ဖြစ်နေပါသည်။ ထိုအခိုက် အခန်းတစ်ခုထဲမှ ထွက်လာသော ကိုဌေးမြိုင် (ဒဂုန်တာရာ) ကို အမှတ်မထင် တွေ့လိုက်ရသည်။
“ဟေ့ … ဘယ်က လာကြတာတုန်းဗျ”
“ဖျာပုံက လိုက်လာကြတာ”
“တွေ့ပြီးကြပြီလား”
“ဘယ်သူနဲ့မှ မတွေ့ရသေးဘူး၊ လောလောဆယ် ဘယ်သူနဲ့ တွေ့ရမလဲဆိုတာ မသိဘူး”
“လာ … လာ … ဦးဘဂျမ်း (နောင် အာရှလူငယ်ဥက္ကဌ၀န်ကြီးဟောင်း)နဲ့ အရင်တွေ့လိုက်ပါဦး”
ကျွန်တော်တို့ သုံးယောက်ကို လူတစ်ယောက်ထည့်၍ ဦးဘဂျမ်းအိမ်သို့ပို့ပေးပါသည်။ ထိုအခါတွင်မှ ကျွန်တော်သည် ဖျာပုံမှ ထွက်မလာမီ အစ်ကိုဖြစ်သူ ဒေါက်တာလှရွှေ ရေးပေးလိုက်သည့် စာနှစ်စောင်ကို သတိရလိုက်မိသည်။ ကျွန်တော်တို့ ကျိုက်လတ်မြို့သို့ ထွက်ခွာမည့်ဆဲဆဲတွင် ဒေါက်တာလှရွှေသည် နိုင်ငံရေး လုပ်ဖော် ကိုင်ဘက် တစ်ဦးဖြစ်သူ သခင်ဘသန်းနှင့် ဦးဘဂျမ်းတို့ထံ ဆက်သွယ်သော စာနှစ်စောင် ကို ရေးသားပေးလိုက်ပါသည်။ သို့သော် ဖျာပုံမြို့၏ အခြေအနေနျင့် လမ်းတစ်လျှောက်လုံး အဆင်မပြေဖြစ်ခဲ့ရခြင်းများကြောင့် ဒေါက်တာ လှရွှေပေးသော စာကို ယခုမှပင် သတိရပါတော့သည်။ ကျွန်တော်တို့ ထိုနံနက်ဘက် ဦးဘဂျမ်းအိမ်၌ပင် တည်းခိုနေကြပြီး ဦးဘဂျမ်းနှင့်အတူ သခင်ဘသန်းဆီသို့ လာခဲ့ကြပါသည်။
“ဘယ်လိုလဲ ကိုယ့်လူတို့၊ ဖျာပုံမြို့က ကျုပ်တို့လူတွေနဲ့ လွဲရတဲ့အကြောင်း ရှင်းပြပါဦးဗျ”
ကျွန်တော်သည် သခင်ဘသန်းနှင့် ဦးဘဂျမ်းတို့အား ဖျာပုံမြို့တွင် ဖွဲ့စည်းထားသည့် နယ်ချဲကတော်လှန်ရေး အဖွဲ့နှင့်တာဝန်ယူ ဆောင်ရွက်နေသူများအကြောင်း၊ ပင်လယ်ဝတွင် လက်နက်များ လာရောက်ချပေးမည်ဟု သိရှိထားသဖြင့် ကျွန်တော်တို့တစ်တွေ ပင်လယ်ဝတွင် လူစုခွဲလျက် ဂျပန်တို့ လာရောက်ပို့ဆောင်ပေးမည့် လက်နက် များကို စောင့်မျှော်ရင်းမှ ဗိုလ်တောက်ထိန်တို့အဖွဲ့နှင့် လွဲလျက် ဖျာပုံ မြို့ပေါ်တွင် လူချမ်းသာများနှင့် အရာရှိများ စုပေါင်းဖွဲ့စည်းထားသည့် မြို့ရွာကာကွယ်ရေးအဖွဲ့မှ ခုခံ တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်းများကို ရှင်းလင်းပြပါသည်။
“ဒီလိုဆို ဗိုလ်ရန်နိုင်နဲ့ ဗိုလ်မြင့်ဆွေ၊ ဗိုလ်တောက်ထိန်တို့နဲ့ တွေ့လိုက်ကြရင်ကောင်းမယ်ထင်တယ်”
“ကျွ်တော်တို့လည်း တွေ့ချင်ပါတယ်”
“ခဏစောင့်ကြဦး၊ ကျွန်တော် အစီအစဉ် လုပ်လိုက်ဦးမယ်၊ ဒါထက် ခင်ဗျားတို့ ထမင်းစားပြီးပြီလား”
“မစားရသေးဘူး၊ သခင်ဘသန်းဖို့ ကိုလှရွှေက စာတစ်စောင်လဲ ပေးလိုက်သေးတယ်”
“ဟေ့ … ရဲဘော်တစ်ယောက် လာပါဦးကွာ”
ရဲဘော် ဆိုသူသည် စစ်ဝတ်စုံ မတော့်တတော်ကြီးကို ၀တ်လျက် ၀ုန်းဒိုင်းဖြောင်းဟူသော အလေးပြုသံကြီးကို လုပ်ပါ သည်။ ကျွန်တော်၊ ကိုအုန်းမောင်၊ ကိုစိန်လှိုင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြုံးလိုက်မိကြ သည်။ ကျွန်တော်တို့ ပြုံးလိုက်မိသည်ကို မြင်သော သခင်ဘသန်းသည် ထိုရဲဘော်အား ကြည့်၍ ကျွန်တော်တို့ နည်းတူ ပြုံးလိုက်ပါသည်။
“ဒီလူသုံးယောက် ကို ထမင်းစားရုံကို ခေါ်သွားပြီး ထမင်းကျွေးလိုက်ပါကွာ”
ဖြောင်း-ဒိုင်း-ဂွမ်း မြည်ပြန်ပါသည်။ ထိုအခါတွင်တော့ ကျွန်တော်သည် အသံထွက်၍ ရယ်ချလိုက်သည်။ ကျွန်တော် ရယ်လိုက်သောကြောင့် ထိုရဲဘော်သည် ကျွန်တော့်အား မိုက်ကြည့်ကြည့် ကာ ရှေ့မှ ခြေသံပြင်း ပြင်းနှ င့် ထွက်ခွာ သွားပါသည်။
ဆက်ရန်
.

No comments:
Post a Comment