ပင်လယ်ဝသို့ ထွက်ခဲ့တဲ့ လှေတစ်စင်း
(၁)
သက္ကရာဇ် ၂၀၀၃၊ မတ်လ နောက်ဆုံးအပတ်မှာ ကျွန်တော်တို့ မိသားစုနှင့် သူငယ်ချင်း မိသားစု တစ်သိုက် အောင်ပန်း ရောက်သွားသည်။ အောင်ပန်းမှ ကလော၊ ထိုမှတစ်ဆင့် လွိုင်ကော်သို့ သွားလည်ဖို့ ထွက်လာ ကြခြင်း။ သူငယ်ချင်း ဆရာဝန်က ကယားပြည်နယ် ကျန်းမာရေးဦးစီးမှူးဖြစ်နေပြီ။ သူနှင့် ကျွန်တော် က ၁၉၇၀-၁၉၇၈ မန္တလေးဆေးကျောင်း အတူတူတက်၊ ဆရာဝန် အတူတူဖြစ်၊ အလုပ်သင်ဆရာဝန်ဘ၀ အထိ မခွဲမခွာ တပူးတွဲတွဲနေခဲ့ကြသူတွေ။ ကျွန်တော်က ခရီးသွားဖို့ ၀ါသနာထုံသော်လည်း လွိုင်ကော်အထိတော့ သွား ဖို့ ဆန္ဒပြင်းပြင်းပြပြ သိပ်မရှိလှ။ လွိုင်ကော်ကို လာလည်ဖို့ သူက ဖိတ်မန်တော့ ကျွန်တော်က အင် တင်တင်။ ကျွန်တော့် အကြောင်းကို နောကျေနေသော သူငယ်ချင်းက စကားတစ်ခွန်းတည်းနှင့် သူ့ပြည်နယ် လာလည်အောင် စွမ်းဆောင်ပါလေသည်။
" ကိုအောင်ကြီးရေ ... ကျွန်တော်တို့ ပြည်နယ်ထဲက ဖရူးဆိုးဆေးရုံက သိပ်လှတာဗျ။ တောင်ကုန်းလေးပေါ် တည်ထား တာ။ အဲဒီ ဆေးရုံရဲ့ ထူးခြားချက်က ဆေးရုံဧည့်သည်တော် မှတ်တမ်းစာအုပ်ကြီးပဲဗျ။ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေရော၊ စာရေးဆရာတွေရော၊ နိုင်ငံခြားသားတွေရော မှတ်တမ်းတင် လက်မှတ်ထိုး ထားတာ။ နိုင်ငံတော်သမ္မတကြီး ရဲ့ လက်မှတ်တောင်ပါသဗျ။ ခင်ဗျား လာကြည့်ဖို့ ကောင်းတယ်" တဲ့။ ဒါနဲ့ပဲ ကျွန်တော်တို့ တစ်သိုက် လွိုင်ကော်ကို မရောက်ရောက်အောင်သွားဖို့ဖြစ်လာသည်။
ကျွန်တော့်သူငယ်ချင်း အင်ဂျင်နီယာမိသားစုနှင့် ခရီးအကြိမ်ကြိမ် သွားဖူးပြီ။ သူနှင့် ခရီးသွားရတာ အင်မတန် အဆင်ပြေ သည်။ ခရီးထွက်မည် ဆိုကတည်းက ခရီးကြောကို ကောင်းကောင်းလေ့လာထားသူ။ ကားရဲ့ သဘော သဘာဝ၊ ကားမောင်းသူရဲ့ သဘောသဘာဝကိုလည်း လေ့လာထားသည်။ လမ်းတစ်လျှောက် မြို့တော်တော် များများမှာ သူ့တပည့်တွေ မိတ်ဆွေသူငယ်ချင်းတွေရှိရာ အရေးရယ် အကြောင်းရယ် ဆိုပါက ၀ိုင်းကြ၀န်းကြမည့် သူတွေ များလှသဖြင့် သူနှင့် ခရီးသွားတိုင်း ကျွန်တော့်မှာ စိတ် လုံလုံခြုံခြုံရှိရသည်။ သူကိုယ်တိုင် က တပည့်တပန်းတွေရဲ့ အရေးအခင်းကြီးငယ်တွေကို ကူညီပံ့ပိုးထောက် ပံ့တတ်သူ။ တပည့်တပန်းတွေ ၏ ချစ်ကြည်ညိုလေးစားမှုကို အပြည့်အ၀ရသူ။
မန္တလေး မှ မထွက်မီ အောင်ပန်း ခဏ၀င်မည် ဆိုကတည်းက မန္တလေး မိတ်ဆွေများက ခေမရဋ္ဌရောက် ကဗျာ ဆရာကြီး ကို ၀င်တွေ့ဖို့ ဂါရ၀ပြုဖို့ မှာကြသည်။ ကျွန်တော့်မှာ ဆရာ့စာဖတ်ပရိသတ်မျှသာဖြစ်ပြီး ဘာမှမဟုတ် ခပ်ငုပ်ငုပ် တစ်ကောင်သာဖြစ်လေတော့ ၀င်တွေ့ရမှာ မ၀ံ့မရဲ။
သို့သော်လည်း ကျွန်တော့် မ၀ံ့မရဲစိတ် တွန့်ဆုတ်စိတ်ကို စာပေချစ်သည့် စာဆိုကိုမြတ်နိုးသည့်စိတ်တွေက လွယ်လင့်တကူ ကျော်လွှားသွားလေရာ အောင်ပန်းရောက်ပြီး အစားအသောက် ကိစ္စပြီးတာနှင့် အောင်ပန်း ဈေးနား က ဆရာ့အိမ်ကို အသည်းအသန်ရှာသည်။ အသက် ၃၀ ကျော်ကျော် လူငယ်တစ်ဦး ကို မေးကြည့် တော့ ဒဂုန်တာရာ ဆိုသဟာကို မသိပါတဲ့။ ဒဂုန်တာယာဆိုင်တော့ မသိဘူး။ အောင်ပန်းတာယာ ဆိုင်တော့ သိတယ်လို့ ပြန်မပြောလိုက်တာပဲ ကျေးဇူးတင်ရဦးမည်။
အသက် ၆၀ ကျော်ကျော် ပိန်ပိန်ပါးပါး ခေါင်းလျှော်ပြီးစ ဆံပင်ဖားလျားချထားသော အဒေါ်ကြီးတစ်ယောက် ကို မေးလိုက် မှ ဆရာ့အိမ်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်တော့သည်။ ဆရာ ပြောပြောနေတဲ့ မျိုးဆက် ကွာဟမှု တစ်ခုပေလား။ အမေကြီးက ဆရာ့ဆီ ကျွန်တော်တို့တစ်တွေ လာတွေ့တာကိုပဲ ကြားမှဂုဏ်ယူနေ ၀မ်းသာနေတာ သိသာထင်ရှားလှသည်။ ကျွန်တော့်လက်ကို အားရပါးရကိုင်ဆုပ်ပြီး အိမ်ထဲ ဒုတ်ဒုတ်ထိ လိုက်ပို့ သည်။
(၂)
အခန်းကျဉ်းကျဉ်းလေးထဲမှာ သက်သောင့်သက်သာထိုင်နေသော ဆရာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူး ခြင်း။ ဆရာ့ရုပ်ပုံလွှာကို အကြိမ်ကြိမ် ဖွဲ့နွဲ့ခဲ့ဖူးကြပြီ။ ဒီနေရာမှာ ကျွန်တော် ထပ်မဖွဲ့လိုတော့။ ဆရာ့ အပြုံး မြမြလေးက ရင်ထဲထိ စူးဝင်သွားသည်။ ကျွန်တော် ခံစားလိုက်ရတာက ငြိမ်းချမ်းခြင်း သန္တိ ... သန္တိ ... သန္တိ။ နောက်တစ်ခုက ပြေပြေလျော့လျော့ ရှိလှခြင်း။ သမိုင်းအဆက်ဆက် ဖြတ်သန်းခဲ့သူ။ ဂီတ၊ ကဗျာ၊ ပန်းချီ၊ ရသဗေဒ နယ်ပယ်အသီးသီးမှာ အလေးအမြတ် ပြုခံရသူတစ်ဦးက ဘာဂုဏ်ပုဒ်တွေကိုမျှ လေးလေးပင်ပင် ထမ်းမထား ဘဲ လူထဲက လူတစ်ဦးလို နေထိုင်ဆက်ဆံနေတာ။ " သရုပ်ဆောင်ပြ" မနေတာ။ ဆရာက ကျွန်တော့် ရဲ့ မိသားစု၊ သူငယ်ချင်း မိသားစုအားလုံးကို တစ်ဦးချင်း လေးလေးစားစား လက်ဆွဲနှုတ်ဆက် သည်။ အထူးသဖြင့် ကလေးတွေကို တခုတ်တရ လှိုက်လှိုက်လှဲလှဲနှုတ်ဆက်နေလေသည်။ စာအုပ်စင်မှာ စာအုပ်တချို့။ စားပွဲပေါ်မှာ "မှိုင်း" ရုပ်တု။အော်ဂင်တစ်လုံး။ အင်္ကျီ ခပ်ဖားဖားဝတ်ထားပြီး ကြည်လင်ဝင်းပ စွာ ပြုံးနေသည့် စာဆိုအဘိုးအို။ အားလုံးကို စိတ်ဝင်တစား ရှနေတာကလည်း သူ့ရဲ့အမှတ်တံဆိပ်။
ကလေးတွေရဲ့နာမည်။ ဘာစာအုပ်တွေ ဖတ်သလဲ။ ဘာတွေ စိတ်ဝင်စားသလဲ။ ကျွန်တော်တို့ အားလုံးရဲ့ နာမည်တွေ ကို စာအုပ်ထဲမှာ ရေးမှတ်ခိုင်းသည်။ ခရီးဆက်ရဦးမည်မို့ ဆရာ့ကို နှုတ်ဆက်ကြ၊ ကန်တော့ကြ။ ဆရာ က ကျွန်တော်တို့ တစ်တွေ ထိုင်ကန်တော့တာကို နှစ်လိုလက်ခံချင်ပုံမရ။
လွိုင်ကော် က အပြန် အောင်ပန်းမှာ သူငယ်ချင်းမိသားစုနှင့် လမ်းခွဲကြသည်။ သူတို့က ရန်ကုန်ပြန်ကြမည်။ ကျွန်တော် တို့က မန္တလေး ဆက်ဆင်းကြမည်။ အပြန်ခရီးမှာ ကျွန်တော်တို့ မိသားစု ဆရာ့ဆီ အပြေးအဖြန်း ၀င်သေးသည်။ တောင်ကြီးမှာ ခဏနားတုန်း အင်လေးသွားလည်ကြစဉ် ချည်ကြမ်းအင်္ကျီတစ်ထည် ဆရာ့ အတွက် ၀ယ် ခဲ့တာ လက်ဆောင်ဝင်ပေးကြခြင်းပါ။ ဆရာက အင်္ကျီအရောင်မေးပြီး အင်္ကျီသားကို လက်နှင့် အသာအယာ ပွတ်တိုက်စမ်းသပ်နေလေသည်။ ကျွန်တော်တို့ နှုတ်ဆက်ရုံကလေးပဲ အချိန်ရသည်။
(၃)
၂၀၀၃၊ နိုဝင်ဘာလမှာ ဆရာ မျက်စိပြဖို့ မန္တလေးဆင်းလာသည်။ ဆောင်းဝင်စ ညချမ်းတစ်ညနေ ကျွန်တော့် အိမ်ဆေးခန်းမှာ လူနာတွေနှင့် လုံးထွေးနေတုန်း အိမ်ရှေ့ကားတစ်စီး ထိုးဆိုက်လာပြီး ဆရာ ကားပေါ်မှ ဆင်းချလာသည်။
" မမြင်စမ်းတ၀ါး
နှေးတုံ့စမ်းသပ်ခြေလှမ်း
မှုန်ရီရီညတစ်ည
အိမ်ပေါက်ဝ ကိုယ်ထင်ပြ "
မျက်စိက ဆရာ့ကို ဒုက္ခပေးလာတာ နှစ်ကာလ တော်တော်ကြာပြီ။ ချစ်ခင်သူတွေအားလုံးက ခွဲစိတ်ကုသဖို့ တိုက်တွန်းသော်လည်း မတ်လ တော်လှန်ရေးသွေးနှင့် နီစွေးနေသောဆရာက လုံးဝလက်မခံ။ ဆရာ့ မူလ မျက်စိရောဂါ က တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်ကင်းလွယ်သော အတွင်းတိမ်မျှသာ။ ရောဂါနုစဉ် ကာလ ခွဲစိတ်ကုသခဲ့ရင် ယခုလောက် ပြဿနာကြီးစရာမမြင်။
မျက်စိက မမြင်ရသလောက်နီးပါ။ ခြေလှမ်း တိုင်းက သူ့အတွက် စမ်းသပ်မှုတစ်ရပ်။ အားထုတ်မှုတစ်ခု။ ဆရာ က အိမ်မှာ ခဏနားပြီး တပိုတပါး သွား ချင်သည်ဆို၍ အိမ်သာ လိုက်ပို့ရသေးသည်။ မန္တလေးမှာနေစဉ် ထွန်းလှ ဟိုတယ်မှာ တည်းမည်တဲ့။ ဘာ ကြောင့် ထွန်းလှဟိုတယ် ရွေးရသလဲဆိုတော့ ဟိုတုန်းက ကောလိပ်ဂျင်နေ၀င်း မန္တလေး မှာ ရုပ်ရှင်ရိုက်စဉ် အဖော်လိုက်ခဲ့တုန်းက တည်းဖူးလို့ ဖြစ်သတဲ့။ ဟောဗျာ ... အတိတ်ကို အစွဲအလမ်းကြီးလှတဲ့ ကဗျာဆရာ။ ထွန်းလှဟိုတယ်က အရေခွံလဲပြီး သကာလ မြမန္တလာဟိုတယ်ဖြစ်နေကြောင်း၊ ဟိုတယ်တစ်ဝိုက်ကတော့ ယခင်တုန်းကလိုပဲ သစ်ပင်စိမ်းလန်းတွေ နှင့် အေးချမ်း သာယာပါကြောင်း ထောက်ခံလိုက်တော့ သစ်ပင် ချစ်သူ၊ အရောင်ချစ်သူ၊ အနံ့ချစ်သူ အဘိုးအိုက ပြုံးလေ သည်။ အလင်းမရသော်လည်း ...
" အလင်းမရသော်လည်း အလင်းမပျောက်သူ
သန့်ရှင်းကြည်လင် နူးညံ့အပြုံး
ဆံပင်ဖြူကွေးကောက် ဖွာရရာကြဲ
တောတောင်ထဲ လေပွေကြမ်းမွေ့
ရွက်ကြွေတောပမာ"
ဆရာ့ရုပ်သွင်ကို မဖွဲ့ဖို့ ဆုံးဖြတ်ထားသော်လည်း ဖွဲ့ဖြစ်ပြန်သည်။ ဆံပင်တွေက ခပ်ရိုင်းရိုင်းနှင့် ပျောင်း ညွှတ်နေတာ၊ သိမ်မွေ့လှပနေတာ။ ဆရာ ပြန်ထွက်သွားတော့ ကျွန်တော့်မှာ ကြီးမြတ်သူ ပုဂ္ဂိုလ် တစ်ဦး မိမိအိမ်ကို လာရောက် ကောင်းချီးပေးသလို ခံစားရပြီး ခြေတကြွကြွ ရင်တကော့ ကော့နှင့် သွေးမြောက်နေတာ မိမိကိုယ်မိမိ မရိပ်မိသော်လည်း ယနေ့မှ ထူးခြားပြီး သဘောကောင်းပြ စိတ်ရှည်ပြနေတဲ့ သူရို့ဆရာကို လူနာတွေက အံ့အားတသင့်ကြည့်နေတာ မြင်ရတော့မှ မိမိဘာသာ ကိုယ်ရှိန် သတ်လိုက်ရသည်။
နောက်တစ်နေ့နနက် မျက်စိဆေးရုံလိုက်ပို့။ ဂျပန်ပါရဂူတွေစမ်းသပ်။ မျက်စိခွဲဖို့ရောက်နေတဲ့ လူထုဒေါ် အမာကပဲ "ကိုဌေးမြိုင်" ကို ပြန်အားပေးနေ။ ပါရဂူတွေရဲ့ မှတ်ချက်က ဆရာ့မျက်စိ အလင်းပြန်ရရေး အတွက် အားရစရာမရှိ။ ကျွန်တော်တို့ အားလုံးက ဆရာ့ကို အရောင်တွေ အရိပ်တွေ အလင်းတွေ အမှောင် တွေ ပြန်ခံစားစေ့ချင်သည်။ သူကတော့ ကျွန်တော်တို့အားလုံး စိတ်ချမ်းသာဖိုပ လုပ်နေရတာ။ သူ့အတွက် ဒီကိစ္စက အရေးမကြီးလှသည့်ပုံ။ သီတဂူ ဆေးရုံသွားပြီး မျက်စိစမ်းသပ်မှု ထပ်လုပ်ဦးမတဲ့။ အဲဒီကျမှ ရှင်း ရှင်းလင်းလင်း ပြတ်ပြတ်သားသား အဖြေသိရမတဲ့။ ကျွန်တော်တို့အားလုံး အားလျော့သွားရပြီ။ ဆရာ ကတော့ အေးဆေးကြည်လင်စွာ ပြုံးမြဲ။ မျက်စိဆေးရုံကအပြန် ဆရာ့ကို မန္တလေးကျုံးတစ်ပတ် ကား နှင့် လိုက်ပို့သည်။ ဆရာက ကျုံးရေက ဘာအရောင်လဲ။ ကောင်းကင်တိမ်က ဘာအရောင်လဲ။ မန္တလေး တောင်အရောင် ကရော။ တစ်လမ်းလုံး စစ်စစ်ပေါက်ပေါက် မေးမြန်းစူးစမ်းနေလေသည်။
ဝင်းဝင်းမြင့် (နန်းတော်ရှေ့)က ကဗျာဆရာမ ပီသစွာ "ကျုံးရေကတော့ စိမ်းပုပ်ပုပ်အရောင်ပါပဲ အဘိုးရာ" လို့ ပြော လိုက်တော့ "မဟူရာစိမ်း လို့ လုပ်ပါကွယ်"တဲ့။ ၀င်းဝင်းမြင့် ခေါင်းပုသွားသည်။ အသက် (၈၀)ကျော် ကျော် ကဗျာဆရာနုပျိုတုန်း။ ရင်ခုန်တုန်း။
" ရေနှင့် တိမ်နှင့် တောနှင့်ရင်ခုန်ချင်
အိုဘယ့် ... နုပျိုစိမ်းလန်းဆဲ စာဆိုအရှင်
စိတ်နှင့်ကိုယ် ပြေလွင်စွာဆုံစည်း
ငြိမ်းချမ်းရေးရနံ့ သင်းပျံ့စေသတည်း "
မန္တလေးတောင်ခြေနားရောက်တော့ ကုသိုလ်တော်ဘုရား ၀င်ဖူးကြသည်။ ခရေရနံ့ ထုံသင်းပျံ့မွှေး။ အ၀င် လမ်းမှာ ကလေးငယ်တွေ ပြေးလာပြီး နှီးနှင့် သီထားသည့် ခရေပန်းကုံးလေးတွေကို လက်ကောက်ဝတ်မှာ ပတ်ပေးကြ သည်။ ဆရာ ငြိမ်သက်စွာ လက်ခံသည်။
ဘုရားမှာ ကန်တာ့ကြတော့ ဆုတောင်းကြတော့ ဆရာက " မျက်စိမခွဲစိတ်ရဖို့ " ဆုတောင်းဦးသွားရာ ၀င်းဝင်းမြင့် က ကပျာကသီပဲ "အဘိုးမျက်စိ ခွဲစိတ်ခံရပြီး ပြန်မြင်ပါစေဘုရား" ဟု ခပ်မြန်မြန် ဆုတောင်း၍ လိုက် ပိတ်ရသေးသည်။
ကျုံးလမ်း တစ်လောက် မောင်းလာရာ မန္တလေး ဆောင်းဦးရနံ့ကို ဆရာနှစ်သက်စွာ ခံစားနေမည်ထင် သည်။ ဆရာက ကားကို ခပ်ဝေးဝေး ခပ်ကြာကြာစီးလိုသူမဟုတ်။ လမ်းမှာ ဆီးသွားရမှာ ကြောင့်ကြဟန်တူသည်။ သို့သော် လည်း ကျွန်တော် တို့နှင့် ခရီးသွားစဉ်တစ်လျှောက်လုံး လမ်းမှာ ဆီးဝင်တည်ရသည် မရှိစဖူး။ ပတ်ဝန်းကျင် ကို အာရုံကျနေ၍ စကားပြောဖော်တွေနှင့် မွေ့လျော်နေ၍လည်း ဆီးသွားဖို့ မေ့လျော့နေဟန် တူသည်။
နောက်တစ်နေ့ သီတဂူဆေးရုံသွား မျက်စိစစ်ဆေးမှု ထပ်လုပ်တော့လည်း အဖြေက ထူးမခြားနား။ မျက်စိ ရောဂါ က ခွဲစိတ်ကုသလို့ အကြောင်းမထူးပြီတဲ့။ ကုသိုလ်တော်ဘုရားမှာ ဆုတောင်းဦးခဲ့သောဆရာ။ ဆရာ့ ဆုတောင်းပြည့် သည်။
တစ်ရက် မှာ အမရပူရ တောင်လေးလုံးတုက်မှာ ဆရာ့ကို သွားကြိုရသည်။ မျက်စိခွဲစိတ်စရာ မလိုတော့ပြီမို့ ဆရာ့ ကို မန္တလေးတစ်ဝိုက် နားနားနေနေ လိုက်ပို့မည်။ ပြီးမှ ရန်ကုန်ဆင်း ဆောင်းခိုစေမည်ဟု ဆုံးဖြတ် ကြသည်။ တောင်လေးလုံးတိုက်ကို နံနက်ခင်းက မိတ်ဆွေတစ်ဦး ကားနှင့်လိုက်ပို့ထားတာ။ ကျွန်တော် တို့က အပြန် သွားကြိုကြတာ။ ပန်းရုံကြီးအောက်မှာထိုင်ရင်း ဆရာတော်နှင့်အတူ အေးအေးဆေးဆေး စကားပြောနေသော ဆရာ့ ကို တွေ့ရသည်။
ဆရာတော်က -
" ဒီပန်းရုံကြီးပေါ့ဗျာ၊ ဆရာတာရာ အရေးကောင်းလို့ လူတွေ လာလာကြည့်ရတာ။ တကယ်တော့ သူက ဘာမှ မြင်တာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့လည်း ငယ်ငယ်က သူ့စာတွေဖတ်ပြီး လွမ်းခဲ့ရတာပဲ" ဟု ရယ် ရယ်မောမော ပြောသည်။
မျက်စိ အထူးကု ဆရာဝန်ကြီး ဆရာ့မျက်စိကို စမ်းသပ်စဉ် -
" ဆရာကြီး က ဘာမှ မြင်တာ မဟုတ်ဘဲ ဘာကြောင့် မျက်မှန်ကြီးတပ်ထားရတာတုံး "ဟု ချစ်ခင်စွာ ကျီစယ် တာ သတိရ မိသည်။
အမရပူရ အပြန်ခရီးမှာ တောင်သမန်အင်းစောင်းတစ်လျှောက် မောင်းလာပြီး ရတနာပုံတက္ကသိုလ်ဘက် လှည့်ဝင်ကြ သည်။ တစ်လမ်းလုံး တွေ့သမျှ မြင်သမျှတွေကို ၀င်းဝင်းမြင့် (နန်းတော်ရှေ့)ကပဲ ဒိုင်ခံရှင်းလင်း ရသည်။ ဆရာ့ တူမ သင်းမြစန္ဒီက တစ်ချက်တစ်ချက် ၀င်ထောက်သည်။ ရတနာပုံ တက္ကသိုလ်ရှေ့မှာ ဓာတ်ပုံ ရိုက်ကြသည်။ ကျောက်တုံးကြီးရှေ့မှာ။ စိုစွတ်သော အနီရင့်ရောင်နှင့် တောက်ပနေသော ရတနာပုံ တက္ကသိုလ်။
နောက်တစ်နေ့ မန္တလေးရောက်တုန်း ကြုံတုန်းကြုံခိုက် ဆရာ့ကို အထွေထွေ ဆေးစစ်ချက်တွေ လုပ် သည်။ အားလုံးလိုလို ကောင်းပါသည်။ သွေးဖောက်စစ်ဆေးဖို့ ECG ဆွဲဖို့ ဆေးတိုက်တစ်ခုသွားတော့ " ဒါ ဆရာကြီး ဒဂုန်တာရာပါ" လို့ ကျွန်တော်တို့ မိတ်ဆက်ပေးလိုက်တာနှင့် ဆေးတိုက်ပိုင်ရှင်ဆရာဝန်လေးက လုပ်စရာ ရှိတာတွေကို အပြေးအလွှား ပျာပျာသလဲ လုပ်ပေးပါသည်။ မည်သည့် အဖိုးအခမှ မယူ။
မန္တလေး မှာ ဆရာနှင့်အတူ သွားလေရာရာမှာ တွေ့သည့်လူတိုင်းလိုလိုက " ဒဂုန်တာရာပါ" လို့ ပြောလိုက် သည်နှင့် မင်းတုပ်တွေပြုတ်၊ သော့တွေ အလိုလို ချက်ချင်းပွင့်ကုန်တာတွေ့ရသည်။ ဆရာ့ မှာ သော့ခလောက်တွေကို သော့မသုံးဘဲ ပွင့်စေသည့် သတ္တိတစ်ခု ရှိလိမ့်မည်။
(၄)
ဆရာနှင့် နားနားနေနေ စကားပြောရတော့ ကျွန်တော် သိချင်တာနှစ်ခုကို မကြာခဏ မေးမိ စကားစပ်မိ သည်။ ကျွန်တော် ကြားဖူး ဖတ်ဖူးသော်လည်း မမီလိုက်သည့်ခေတ်က ပုံရိပ်များ၊ အဖြစ်အပျက်များ။ တစ်ခုက "ဗိုလ်အောင်ကျော် အရေးတော်ပုံ"။ စာတွေထဲ ဖတ်ဖူးသော်လည်း ကိုယ်တွေ့ကြုံသူပြောပြတာ ပိုလို့ အရသာ ရှိလှသည်။ ကျွန်တော့်ရင်ထဲ စွဲနေတာက -
" ကျွန်တော်တို့ဗျာ။ ဂေါ်ရာပုလိပ်တွေ မြင်းကြီးတွေနဲ့ ၀င်တိုက်တော့ ဘယ်လိုကဘယ်လို အတွင်းဝန်ရုံး ထဲ ရောက်သွားသလဲမသိဘူး။ ၀င်ပြေးကြတာ။ ဖိနပ်အကျွတ်ကျွတ်နဲ့ပေါ့လေ။ လူကလည်း ရုတ်တရက် ဒေါသ ဖြစ်သွားတော့ တွေ့မိတွေ့ရာ ထင်းတစ်ချောင်း ကောက်ဆွဲလိုက်မိတယ်။ အဲဒါနဲ့ ပစ်ရမလား၊ ရိုက် ရမလား ပေါ့။ ချက်ချင်း သတိဝင်လာတာက တို့က ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ စုဝေးခဲ့ကြတာပဲ။ ဘာကြောင့် လက်နက်သုံး ရမလဲဆိုပြီး ထင်းချောင်းကို ပြန်ချလိုက်တယ် "
ဆရာက ဒါတွေပြန်ပြောရာမှာ အလွန်အမင်း စိတ်လှုပ်ရှားပုံမရ။ တစ်သက်တာလုံး စိုက်လိုက်မတ်တတ် လုပ်ခဲ့သည့် ငြိမ်းချမ်းရေးသန္ဓေ ထိုစဉ်ကတည်းက ကိန်းနေခဲ့ဟန်တူသည်။
၁၉၅၆ " ဟန်ဂေရီအရေးတော်ပုံ "က ကျွန်တော် အာရုံကျရာ သမိုင်းအဖြစ် အပျက်တစ်ခု။ မဟာအင်အား ကြီးနိုင်ငံက ၀ါဒတူနိုင်ငံငယ်တစ်ခု၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်စော်ကား ခြင်း။ ထိုစဉ် က ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံတော်ကြီး၏ နီရဲကျိန်းစပ်နေသော ၀ါဒကြီးက လူတော် တော် များများ၏ မျက်စိနှင့်စိတ်ကို ပိတ်ဆို့လွှမ်းမိုးနေလေရာ ဤ၀ါဒ ဘက်တော်သားတိုင်းလိုလိုက အဲဒီ မတရား မမျှတမှုကြီး ကို လျစ်လျူရှု၍ အဖ နိုင်ငံတော်ကြီးဘက်မှ ဖေးဖေးမမ ထောက်ခံကြလေသည်။ ထို ထောက်ခံ သူတွေ ထဲ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ဖို့ အတန်တန် နှိုးဆော်ခဲ့သူ စာရေးဆရာကြီးတွေ ပညာ ရှင်တွေ ပါဝင်နေတာထိတ်လန့်တကြား တွေ့လိုက်ရသေးသည်။
ဆရာက ထိုပွဲတွင် ဆိုဗီယက်အစိုးရ၏ ကျူးကျော်မှုကို မထောက်ခံခဲ့။ ဆရာ့နောက်တွင် လူတစ်ဦး တစ် ယောက်မှ ရှိပုံမပေါ်။ ဆရာက ဒါတွေကို ဂရုပြုမည်မထင်။ မိမိရင်ထဲကအသံ စေသည့်အတိုင်း ဆုံးဖြတ်ခဲ့ တာဖြစ်မည်။ သည်အကြောင်း ကျွန်တော် စကားစပ်ကြည့်တော့ ဆရာက ဘာမှ ထွေထွေထူးထူး မှတ်ချက် မပေး။ လုပ်ရိုးလုပ်စဉ်တစ်ခု လုပ်ခဲ့သလို။
" ဆရာက သတ္တိကောင်းလိုက်တာ " ပြောတော့ " သတ္တိကောင်းလှတယ်လည်း မဟုတ်ပါဘူး" ဟု အေး အေးဆေးဆေးဖြေသည်။
Peer Pressure / Group Pressure / Herd Mentality တွေရဲ့ အစွမ်းကို ကြီးလာမှ ပိုပိုသိလာသော ကျွန်တော့် မှာ ဤလှုပ်ရှားမှုကြီးအတွင်း ဤဂယက်ကြီးတွင်း မိမိမှန်သည်ထင်ရာမှာ ခိုင်ခိုင်ကျည်ကျည် ရပ် တည်ဖို့ ဘယ့်ကလောက် စိတ်ခွန်အားသတ္တိတွေ လိုမည်ဆိုတာ မှန်းကြည့်မိတိုင်း ကြက်သီး ထမိသည်။ ဆရာ့ကို ဦးညွှတ်မိသည်။
ဆရာက မန္တလေး မှာ ဒီတစ်ခေါက် အကြာဆုံးနေသွားသည်။ ကျွန်တော် အလုပ်ကိစ္စနှင့် ရန်ကုန် ခဏဆင်း ရတော့ ကျွန်တော့် ဇနီးနှင့် ၀င်းဝင်းမြင့် (နန်းတော်ရှေ့)က ဆရာ့ကို အဖော်ပြုရင်း စောင့်ရှောက်ကျန်ရစ် သည်။ ဆရာ့ လက်ဆွဲပုံး သင်းမြစန္ဒီလည်းပါတာ ပြောစရာလိုမည်မထင်။ မင်းကွန်း၊ တံတားဦး သွားရောက်လည်ပတ် ဘုရားဖူးကြ။ စကားတွေ ပြောကြ။ ဒုဋ္ဌ၀တီဘေး ချွေးသိပ်ကြ။ စာနယ်ဇင်းဆရာ စာအုပ်ဆရာ ဥတ္တရလွင်ပြင် ကိုသန်းဌေး ပါလာတော့ ပွဲက ပိုလို့ ပြည့်စုံသွားသည်။
ဆရာ့ကို အောင်တော်မူရပ်နေ ဒေါ်မေရှင်နှင့် တစ်ရက် ဆုံပေးသည်။ အနုပညာရှင်ကြီး နှစ်ဦးရဲ့ တွေ့ဆုံပွဲ။ ဆရာနှင့် အမေရှင် တို့မှာ ခေတ်ပြိုင်ဆိုသော်လည်း တစ်ဦးနှင့်တစ်ဦး တစ်ခါမှ မကြုံမဆုံကြဖူးဘူးလေ။ ဒါကြောင့် ကျွန်တော် တို့က ပိုလို့ဆုံစေ့ချင်ကြသည်။ အမေရှင် စိတ်လိုလက်ရ သီချင်းဆိုရင် ဆရာ စိတ်လို လက်ရ တီးဖိုပ အော်ဂင် တစ်လုံး အိမ်က သယ်သွားသည်။ အမေရှင် စိတ်လိုလက်ရ ဆိုချင်သော်လည်း ဆရာက အော်ဂင် ကို တို့တို့တိတိတီးပြီး ဆက်မတီးတော့။ " လက်ပျက်နေတယ်၊ လေ့ကျင့်ရဦးမယ်" ပဲ ပြော သည်။ ဘယ်လိုမျှ တိုက်တွန်းလို့ မရပါတဲ့။ ကျွန်တော့်ဇနီး ပြန်ပြောပြတာ။ ရန်ကုန် မပြန်မီ ဒေါ်မေရှင်နှင့် နောက်တစ်ခေါက် ဆုံဖို့ တိုက်တွန်းသော်လည်း ဆရာက အာသီသရှိပုံမရ၍ စီစဉ် မပေးလိုက်တော့ချေ။
ဒေါ်မေရှင်မှာ အသက် (၄၀)၀န်းကျင် အနုပညာလောကမှ အနားယူပြီး ယခုအသက် (၈၀)ကျော်ကျော် နှစ် ပေါင်းလေးဆယ် ကာလတစ်လျှောက်လုံးကို ရာဇ၀င်မူဟောင်းနှင့်ပဲ ဆက်လက်ဖြတ်သန်းနေဆဲ ဆိုတာ ဆရာ ခံစားမိလေသလား။ ဖန်တီးမှုအသစ်နှင့် လတ်ဆတ်သည့် သမိုင်းကိုသာ ပွေ့ပိုက်လိုသော ဆရာက ဆွေးမြည့်နေသော၊ တန့်နေသော၊ နောက်ပြန်သွားနေသော ခေတ်ဟောင်း ရာဇ၀င်လူကို ဒါကြောင့် ထပ် မဆုံချင်တာ ဖြစ်လေမလားမသိ။
ထန်းရိပ်ညို အနုပညာဝပ်ကျင်းကို သွားလည်ကြသည်။ ဦးမျိုးခင်၏ စန္ဒရားကြီးကို ဧည့်ခန်းမှာ တွေ့လိုက် ရတော့ ဆရာ့မျက်နှာ ၀င်းပအလင်းဖြာသွားသည်။ အားလုံးက ဆရာ စန္ဒရားတီးတာ ကြားချင်လွန်း၍ ၀ိုင်း တိုက်တွန်းကြသည်။ ထန်းရိပ်ညိမှာ ရောက်နှင့်နေသော ဒေါ်ခင်ဆွေဦးနှင့် ဆရာ့ ကိုယ်ရံတော် ၀င်းဝင်းမြင့် (နန်းတော်ရှေ့) တို့က နှုတ်ခမ်းတပြင်ပြင်။ ကျွန်တော်တို့ကလည်း ဆရာကြီး ရွှေဥဒေါင်းပင် " အလန့် တကြား" ဖြစ်သွားခဲ့သည့် ဆရာ့လက်သံကို နားထောင်ဖို့ နားတပြင်ပြင်။
ထုံးစံအတိုင်း " ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ"။ ဆရာက စန္ဒရားခလုတ်တွေကို တို့ထိဆော့ကစား ပြီး သီချင်းတစ်ပုဒ် စတီးသည်။ ဒါပေမဲ့ ဒါပဲ။ ဆက်မတီးတော့။ ဒေါ်ခင်ဆွေဦးနှင့် ၀င်းဝင်းမြင့် (နန်းတော်ရှေ့) တို့၏ ရွှေဝါဖူးလေးက မိုးရေဦးကို အထူးပဲ စောင့်နေရှာ။ ဒါနဲ့ပဲ စန္ဒရားတီးခြင်းအမှုက ပြီးမြောက်သွားသည်။ ဆရာ့ စန္ဒရားလက်သံ မကြားရ၍ ၀မ်းနည်းမိတာရော၊ ဆရာမကြီးနှစ်ဦး၏ " သံသာချိုအေး" မကြားရ၍ ၀မ်း နည်းမိတာရော။
" လက်တွေ့က ပျက်နေတယ်ဗျာ၊ ကျင့်ရဦးမယ်" တဲ့။ ဆရာ့လက်သုံးစကား။ အနုပညာ ပစ္စည်းတစ်ခု ကို ပြည့်စုံပြီးမြောက်မှ ထုတ်လုပ်ချင်သူလေလား။ "Perfectionist artist"။ စန္ဒရားခုံမှ ထပြီး ပန်းချီကားတွေ လိုက်ကြည့်သည်။ ပန်းချီဆရာတစ်ဦးက ဆရာ့အပါးကလိုက်ပြီး ပန်းချီ အကြောင်း မိတ်ဆက်ရသည်။ ဆရာ က အမြင်အာရုံမရှိတော့သော်လည်း ပန်းချီကားတွေကို ခံစားကြည့် ချင်နေပြန်သည်။ ဆီဆေးပန်းချီကား တချို့ကို လက်နှင့် ညင်ညင်သာသာ လိုက်စမ်းသည်။ " တင့်လှပေဟန်" ကားထဲက မျက်စိကွယ်နေသော ပန်းပုဆရာ ကိုအောင်မြင့်ဇနီးသည်၏ ပန်းပုကို ကြင်ကြင်နာနာ စမ်းသပ်နေပုံမျိုး။
ဆရာ ရန်ကုန်ပြန်တော့ ကျွန်တော် တို့ လွမ်းကျန်ရစ်သည်။ ကျွန်တော့်ဇနီး မြောင်းမြသူ ပါကညောမူက " အဘိုးကို လွမ်းလိုက်တာ " ပြောပြောနေ၍ ကျွန်တော် ပါးစပ်ပိတ်နေရသည်။ ဆရာ မန္တလေးနေစဉ် ကျွန်တော့် ဇနီးက ဟင်းချက်ပို့သည်။ မြောင်းမြသူ၏ လက်ရာကို ထိုင်ကူမြစ်တန်းသားက နှစ်ခြိုက်သတဲ့။ ရန်ကုန်မှာ ဆောင်းခို အပြီး အောင်ပန်း ပြန်ရောက်တယ်ကြားတော့ တစ်ခါတစ်ရံ ဆရာနှင့် ဖုန်းဆက် စကားပြောဖြစ် သည်။ ဆရာက သူ့ကျန်းမာရေးကို ပူပန်ကြောင့်ကြတတ်သည်။ သူ့ကျန်းမာရေးနှင့်ပတ် သက်ပြီး သိချင်တာတွေကို ဖုန်းဆက်မေးတတ်သည်။ ယခင်က ဒေါက်တာ မောင်မောင်ညိုဆီ ဖုန်းဆက်၍ ပြသနာတင်မြဲ မေးမြန်းစူးစမ်းမြဲ။ ဆရာညို မရှိ၍ ကျွန်တော့်ထံ အကြံဥာဏ် တောင်းခံလာခြင်း။
ဆရာ က ဆေးတစ်ခုခုသောက်ရမှာ အလွန်ကြောက်သည်။ ဆေးမှားသောက်မိမှာ အလွန်စိုးသည်။ အနီးရှိ လူ ကို ဆေးအညွှန်း အသေးစိတ် ဖတ်ခိုင်းတတ်သည်။ ဆေး၏ ဘေးထွက်ဆိုးကျိုးတွေကိုလည်း တစ်ခုချင်း လုံးစေ့ပတ်စေ့ ဖတ်ခိုင်းသည်။ ပြီးတော့ အဲဒီဆိုးကျိုးတွေ သူ့မှာအားလုံး စုပုံကျရောက်တော့ မည့်ပုံ။ သောက်ရ မည့် ဆေးအချိန် အဆကိုလည်း အကြိမ်ကြိမ် မေးမြန်းအတည်ပြုချက်ယူသည်။ (Repeated Confirmations)။ ဒီလိုအခါမျိုးကျတော့လည်း ဆရာက အသက် (၈၀)ကျော် ဇီဇာကြောင်လှသည့် ပင်စင် စား အဘိုးကြီးနှင့် လူလိုက်တာ။ ဆရာ့တူမ သင်းမြစန္ဒီရှိရင်တော့ ဒီပြဿနာမရှိ။ ဆရာ့တူမ ခရီးထွက်ရင် ကျန်ရစ်သူတွေ ဆေး တိုက်တာ ကို သူ သိပ်ယုံကြည်စိတ်ချပုံမပေါ်။
" အင်္ဂလိပ်ဆေးတွေက ပြင်းတယ်။ ဓာတုဗေဒပစ္စည်းတွေ။ ဒါတွေ ခန္ဓာကိုယ်ထဲဝင်ရင် အန္တရာယ်ရှိတာပေါ့ "တဲ့။
ဒီနေရာမှာတော့ ဆရာက "ကန္တာရနှင်းဆီ ရဲရဲနီ" မဟုတ်တော့ဘဲ ယူနီဗာစီတီကျောင်းတိုက်ကြီးထွက် "ပန်း နုရောင်အို" ဦးဌေးမြိုင် ဖြစ်သွားပြန်လေသည်။
(၅)
ဆရာက အဟောင်းနှင့်အသစ်မှာ အသစ်ကို ရွေးရမည်ဟု အခါခါ ဆိုခဲ့ဖူးသည်။ ကျွန်တော့် ငူငယ်ချင်း ကိုထွေးပြောသလို "ကဗျာဆရာဆိုတာအသစ်ပဲ"။ သို့သော်လည်း အသစ်ကို ချစ်စိတ်နှင့် အဟောင်းကို သံယောဇဉ် အမျှင်တန်းနေမှုက ဆရာ့ဘ၀မှာ မကြာခဏ လွန်ဆွဲနေလေသည်။ ပုဂ္ဂလိကဘ၀ရော၊ စာပေဘ၀မှာပါ သည်ရိုက်ခတ်ချက်ကို တွေ့တွေ့နေရသည်။
ဆရာက ပင်လယ်ဝသို့ လှေတစ်စင်းနဲ့ ထွက်ခဲ့။ တစ်ကိုယ်တည်း။ ပင်လယ်ဝကိုလွန်၍ ပင်လယ်ဟိုဘက်ထိ။ ပင်လယ်ဟိုဘက်ကိုလွန်၍ လှိုင်းလေထန်ပြင်းသော မဟာသမုဒ္ဒရာ။ ထိုမှ ဟိုဘက်အထိ ဆရာ ခရီးဆက် ဦးမည်။ ဟိုမှာ ဆရာ့မြေး ဒေ၀ီ ရှိသည်။ သင်းမြစန္ဒီရှိသည်။ ဟိုမှာ မဟာမှိုင်းရှိသည်။ ကဗျာဗဟိန်းရှိသည်။ အဘိဓမ္မာ ဗန်းမော်တင်အောင်ရှိသည်။
စစ်နှင့် ငြိမ်းချမ်းရေး မြသန်းတင့်ရှိသည်။ ဟိုမှာ ကဗျာနှီးနှောစရာ ငြင်းခုံစရာဒေါင်းနွယ်ဆွေရှိသည်။ " လှေတစ်စင်းနှင့် သီချင်းသည်" ရှိသည်။ ဇော် (ပျဉ်းမနား) ရှိသည်။ မောင်ချောနွယ်ရှိသည်။ အောင်ဝေးရှိသည်။ ဟိုမှာ စာပေတရားခွင် အောင်လင်းရှိသည်။ မြန်မာပြည်သား ရန်ကုန်ဘဆွေ ရှိသည်။ ခြေထောက် ဆွဲမည့် သော်တာဆွေ ရှိသည်။ လေထီးဦးအုန်းမောင်ရှိသည်။ လေထီး ဦးကျော်ရင်ရှိသည်။ ဟိုမှာ အီလျာအာရင်ဘတ် ရှိသည်။ ပတ်ဗလိုနီရူဒါးရှိသည်။ အဂ္ဂါစနိုးရှိသည်။ ဂျိုးလိယော့ကျူရီရှိသည်။ ဟိုမှာ ခင်နှင်းယု ရှိသည်။ ဂျာနယ်ကျော် မမလေးရှိသည်။ မိုးမိုး (အင်းလျား) ရှိ သည်။ ကြည်အေးရှိသည်။ ဂျူးရှိသည်။ ခင်မောင်တိုးရှိသည်။ ၀င်းမင်းထွေးရှိသည်။ ချစ်ကောင်းရှိသည်။
ဟိုမှာ " မှန်နန်းဆောင်မှ ဒဂုန်ရိပ်သာသို့" ပြောင်းရွှေ့ခဲ့သူရှိသည်။ သိန်းနေနွယ်ရှိသည်။ ဟေမာတို့ အဘိုးရှိ သည်။ ပျဉ်းမနားမှ စိမ်းလန်းသော ကဗျာချစ်သူ စာချစ်သူတွေရှိသည်။ ဒီနယ်မြေက ချစ်သူတို့နယ်မြေ။ အမုန်း မရှိ။ အချစ်သာရှိသည်။ အကြောက်မရှိ။ လွတလလပ်ခြင်းသာရှိသည်။ အာဃာတမရှိ။ နားလည်ခွင့် လွှတ်မှုသာ ရှိသည်။ ပူလောင်ခြင်းမရှိ။ ငြိမ်းအေးခြင်းသာရှိသည်။ ဆရာ့ဘ၀မှာ ခေတ်အမျိုးမျိုး သမိုင်းအဖုံ ဖုံ၊ အယူဝါဒရောင်စုံ ဖြတ်သန်းခဲ့ဖူးပြီ။ ဆရာသွားခဲ့သမျှ၊ ဖြတ်သန်းခဲ့သမျှ ခရီးခဲတွေထဲ ဤခရီးက အကြီး ကျယ်ဆုံးဖြစ်လိမ့်မည်။
ပိတောက်ပွင့်သစ်၊ သြဂုတ်လ၊ ၂၀၀၇
.

2 comments:
"ဖန်တီးမှုအသစ်နှင့် လတ်ဆတ်သည့် သမိုင်းကိုသာ ပွေ့ပိုက်လိုသော ဆရာ"
It's true not only history, also the youth.
Remember a joke on the bus, a women said to young boy " Don't be shy to sit by me, I was old lady".
Young boy replied "That's why, I won't".
Long Lives our Sayagyi !!
ဘယ်စာအုပ်မှအလေးခံဝယ်ဖတ်စရာကိုမလိုတာ မကြီးဆိုဒ်မှာအကုန်ရှိတာယ် တကာယ့်အနှစ်တွေ
ချစ်တဲ့ ဂျာရစ်
Post a Comment