Saturday, November 3, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁၄)

ပေတစ်သီး၊ ကျီးတစ်သား

ညောင်တုန်းမြို့တွင် ရှေးဟောင်းသစ်သားနှစ်ထပ်အိမ်ကြီးတစ်အိမ်ရှိသည်။ ရှေးအင်္ဂလိပ်ခေတ် ၁၈၈၅ ခုနှစ် က ဆောက်လုပ်ခဲ့သည်ဟု မှတ်တမ်းရှိ၏။ တစ်အိမ်လုံး ကျွန်းသားတွေနှင့် ဆောက်ထား၍ ကျွန်းအိမ် ကြီး ဟု ပြောနိုင်သည်။ ကြည့်ပါ။ တိုင်၊ အခင်း၊ အကာ၊ အမိုးမျက်နှာကျက် အားလုံးကျွန်းသားချည်းဖြစ်၏။
အိမ်ကြီး သည် ရှေးခေတ်ပုံစံဖြစ်၍ ယခုခေတ်အမြင်နှင့်ကြည့်သော် အပိုတွေများနေ၏။ တံခါး အလွန်များ သည်။ တံခါးမကြီး (၁၆)ခုနှင့် ပြတင်းပေါက် (၂)ခုစုစုပေါင်း အပေါ်ထပ်တွင် တံခါးပေါက် (၄၀)ရှိသည်။ ဧည့် ခန်းဆောင် ကို သီးသန့်ထုတ်ထားပြီး ခြင်လုံသံစကာ တပ်ထားသော်လည်း ယခုတော့ ပေါက်ပြဲကုန်၍ စာက လေး မလုံတော့။
ကျွန်းပျဉ်ကြွပ်အမိုးနှင့် ပျဉ်ပြားမျက်နှာကျက်ကြားတွင်ကား မရေမတွက်နိုင်သည့် လင်းနို့များ မင်းမင်နေကြ သည်။ လင်းနို့ချေး သည် ခြောက်သွေ့လာသည့်အခါ သဲပွင့်ထက်ပင် သေးငယ်သည့် အမှုန်ဖြစ်လာကာ ဆီကဲ့သို့ အပေါက်ရှာ ယိုကျလာသည်မှာ လှည်းကျင်း၍ မနိုင်အောင် ရှိတော့၏။ အနံ့ကလည်း ဆိုးလှပါဘိ။

ထိုအိမ်ကြီး တွင် ဦးဝိနှင့် တူတော်မောင် တစ်ဦးသာနေကြသည်။ ဦးဝိသည် ငယ်စဉ်က ယခုကဲ့သို့ အိမ်တစ်အိမ် တွင် တစ်ကိုယ်တည်းနေဖူးသည်။ ထိုအိမ်သည် တောင်ပေါ်ဒေသ ဆွမ်ပရာဘွမ်မြို့တွင်ရှိပြီး ယခု ညောင်တုန်း အိမ်လောက်တော့မကြီး။ အိမ်နားနီးချင်းနှင့် အလှမ်းဝေးသည်။
ထိုမြို့တွင် ဒေသခံများက လက်ဖ် (Lep) ဟုခေါ်သော နှာခေါင်းပြောင်းပြန်ပေါက်ပြီး တောင်ပံနှင့် နတ်ဆိုး တစ်မျိုးသောင်းကျန်း သည်ဟု နာမည်ကြီးသည်။ လက်ဖ်နတ်ဆိုးများသည် လူကို မကြာခဏ ဖမ်းတတ် သည်ဟု ဆိုကြ၏။ မကြာမီက လက်ဖ်နတ်သည် ဆေးရုံမှ ဆေးစပ်ဆရာ ဦးရှပ်သရီးအား ကုလားက ထောင် (ရွာ) နှင့် ဆွမ်ပရာဘွမ်မြို့ကြား လမ်းခုလပ်တွင် နပန်းလုံးခဲ့သည်ဟု ဆို သည်။ တောထဲခေါ်ဆောင်သွား ရန် ဖြစ်သော် လည်း မနိုင်၍ ပစ်ထားခဲ့သည်ဟု ဆိုကသည်။ ရှပ်သရီးသည် ဂေါ်ရခါးလူမျိုးဖြစ်သည်။

မြို့၏ တောင်ဘက် ၅ မိုင်ခန့်ဝေးသည့် လုံဂျာရွာတွင် ကျောင်းဆ၇ာ ဦးလဖိုင်လဆိုသူရှိသည်။ သူသည် သူကြီးအိမ် တွင်နေပြီး သူကြီးကတော်ချက်သည့် ထမင်းစားသည်။ သူကြီးကတော်သည် တောတောင်ဒေသ ၏ ဓလေ့အရ နံနက် (၄)နာရီတွင် အိပ်ရာထ၍ ထမင်းချက်နေကျဖြစ်သည်။ ဆရာဦးလဖိုင်လကတော့ ထို အချိန်များ တွင် အိပ်ယာထဲနှပ်နေဆဲ။ တစ်နေ့ အရုဏ်ဦးအချိန် အိမ်ရှေ့လှေကားရင်းမှ ...
" ဆရာ ဆရာ "ဟု ခေါ်သံကြားရသည်။ ဆရာ ဦးလဖိုင်လသည် ဂရုစိုက်၍ နားထောင်သည့်အခါ သူ မရိုး မသား စိတ်ဝင်စားနေ သည့် သူ၏ တပည့်မအသံ ဖြစ်နေသည်။ ထိုစဉ်က မူလတန်းကျောင်းသားဆိုသော် လည်း အပျို၊ လူပျို အရွယ် က များသည်။
ဆရာ ဦးလဖိုင်လ သည် "၀င်ခဲ့ပါ" ဟု ခေါ်ရမည့်အစား အိပ်ာမှ လူးလဲထကာ အိမ်အောက်သို့ ဆင်းသွား၏။ အိမ်လှေခါး ရင်းရောက် သည့်အခါ လက်ဖ်နတ်ပျိုမက ပွေ့ဖက်နမ်းရှုံ့ပြီး တောထဲသို့ ပွေ့ချီပါတော့သည်။

သူကြီးကတော်သည် အိမ်အောက်၌ ရန်းရင်းဆန်ခတ် သံကြား၍ ၀ါးမိးတုတ်ကိုင်၍ ထွက်ကြည့်ရာ ကျောင်း ဆရာ မရှိတော့။ အသံမြှင့်၍ ခေါ်ကြည့်သော်လည်း မထူး။ အိမ်နီးနားချင်းများအား ခေါ်ယူအကူအညီတောင်း ရာ လက်ဖ်နတ်ချီပင့်သွားပြီဟုပြောကြ၏။ သို့နှင့် နံနက်အရုဏ်တက်ချိန်တွင် လူစုပြီး၊ ဓားလှံလက်နက်နှင့် သမ္မာကျမ်းစာအုပ်၊ ဓမ္မသီချင်းစာအုပ်များကိုင်ဆောင်ကာ တောနင်းရှာဖွေရာ တစ်မိုင်ခန့်ဝေးသည့် တောင် ယာခင်းတောစပ်တွင် တွေ့ကြ၏။
ဦးလဖိုင်လသည် သတိမရမေ့မျောနေ၏။ သူတို့သည် ဘာသာရေးထုံးဓလေ့အရ သီချင်းဆို ဆုတောင်းပေး ကြ၏။ မကြာမီ ပြန်လည်သတိရလာကာ သူ့အား ပွေ့ချီခေါ်ဆောင်သွားသူများမှာ လက်ဖ်နတ် သမီးပျို သုံးယောက်ဖြစ်ကြောင်းပြောပြ၏။

ဤသတင်း သည် ဆွမ်ပရာဘွမ်တစ်မြို့လုံး ချက်ချင်းပျံ့နှံ့သွား၏။ တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက်နှင့် တချို့ ကြောက်ဒူးတုန်နေကြ၏။ ဦးလဖိုင်လကို မောင်ဝိ သိ၏။ ထိုရွာသည် မြို့မှ (၅)မိုင်ခန့်သာ ဝေးရာ ခရစ်စမတ်ပွဲ ပါဝင် ဆင်နွှဲစဉ်က တွေ့ခဲ့၏။ ထိုသတင်းကို ကြား၍ တစ်အိမ်လုံးတွင် တစ်ဦးတည်းသာ ရှိသော မောင်ဝိ ကြောက်နေမိ၏။
ကြောက်သော်လည်း မတတ်နိုင်တော့ပြီ။ သူ့အား ခေါ်နေသည့် ကျောင်းအုပ်ဆရာကြိးက " မောင်ဝိ မင်းအိမ်စောင့်နေ ပါ။ ဘယ်မျမသွားနဲ့" ဟု အမိန့်ချမှတ်ကာ သူကတော့ ကျောင်းပိတ်ရက်ဖြစ်၍ အောက်ပြည်သို့ ဆင်းသွား သည်။

ထိုကာလမှ နှစ်ပေါင်းများစွာ ကြာသောအခါ အထက်တွင် ဖော်ပြသည့် ညောင်တုန်းမြို့ အိမ်အိုကြီး တွင် နေရခြင်းဖြစ်သည်။ ဤဒေသသို့ ရောက်ရှိသည်မှာ သိပ်မကြာသေး၍အသိများသော်လည်း ခင်မင်ရင်းနှီးသူ နည်းပါး သည်။ သို့ဖြစ်၍ သူသည် မိမိလုပ်ငန်းခွင်နှင့် အိမ်တွင် အနေများသည်။ တစ်ခါတစ်ရံတော့ မြို့နယ် ဆရာဝန် ဒေါက်တာမြ ထံ သွားလည်ပတ်သည်။ ဒေါက်တာမြနှင့် အထက်ကချင်ပြည် မန်စီမြို့တွင် တွေ့ဆုံ ခင်မင်ခဲ့ကြ သည်။ ယခုတော့ သူလည်း ဤမြို့ကို ရောက်ရှိနေပြီ။
ဒေါက်တာမြ ထံ အလည်သွားသည်ဟု ဆိုသော်လည်း သူနှင့် ကြာကြာစကားမပြောဖြစ်။ ဒေါက်တာမြ၏ မျက်နှာ သည် အမြဲကြည်လင်လန်းဆန်းပြီး သဘောကောင်း မနောကောင်းသူဖြစ်ရာ သူ၏ ဆေးခန်းတွင် လူပြတ်သည် မရှိ။ သူ့တွင် အားလပ်ချိန်မရှိ။ သူ အလွန်ခုံမင်နှစ်သက်သော ကြက်တောင်ရိုက်ကစားခြင်းကို ပင် မလုပ်နိုင်။ ဒီတော့ ဦးဝိ အလည် လာသော်လည်း ဧည့်ခံစကားပြောချိန်မရ။ ဦးဝိသည် ဒေါက်တာမြ ဆေးကုသနေပုံ၊ လူနာနှင့် ဆက်ဆံပုံ များကို ငေးကြည့်နေသည်ကများသည်။

ဤတွင် မဆီမဆိုင် ဦးစံ ဆိုသူ၏ မှတ်ချက်ကို သတိရမိသည်။ ဦးစံက -
" ကျုပ် က ပိုက်ဆံဘယ်လောက်ရရ ဆရာဝန်တော့ မလုပ်ချင်ဘူး၊ ဘယ့်နှယ်ဗျာ တချိန်လုံး ဖျားနာငြီးထွား နေတဲ့ လူတွေ နဲ့ပဲ နပန်းလုံး ဆက်ဆံနေရတယ်။ ကျုပ်ကတော့ ကျန်းကျန်းမာမာ ချောချောလှလှတွေနဲ့ အစဉ် ထိတွေ့ဆက်ဆံ ချင်တယ် ဟီဟီ" ဟု သူ၏ လောကအမြင်ကို ရွတ်ဆိုလေသည်။ ဦးဝိသည် ဦးစံ၏ ဒဿနအဆိုအမိန့် ကို မည်သို့မျှ မဝေဖန်လို။ သို့သော် မေးခွန်းတစ်ခုကိုတော့ ထုတ်မိသည်။
" အသင် ဒေါက်တာမြ သည် ချောချောလှလှ ကျန်းကျန်းမာမာ ပျိုကညာတွေနှင့် တွေ့ထိ ဆက်ဆံ နေချိန်ကော ရပါ၏လော" ဟု။

ဦးစံ တွင် ချောမောလှပသော ဇနီးမယားနှင့် သားငယ်နှစ်ယောက်ရှိသည်။ သူ့ဇနီးမယား၏ ပြောဆိုစကားကို လည်း အလွန် လိုက်နာသူဖြစ်သည်။ မည်သည့်အခါမှ မဆန့်ကျင်။ ကြည့်ပါ -
ဦးစံ သည် အရက်သမား မဟုတ်သော်လည်း အပေါင်းအသင်းကောင်းလျှင် ရံဖန်ရံခါ သောက်သည်။ သူ အရက်သောက်ပြီ ဆိုလျှင် ဖုံးဖိ၍မရတေ့ပါ။ နားရွက်နှစ်ဘက်သည် ရဲတက်လာပြီး အဝေးကပင် မြင်နေရ သည်။ နားရွက်နီနှင့် ပြန်လာသော ဦးစံအား ဇနီးသည်က -
" ရှင့် ကို ဘယ်နှစ်ခါ ပြောရမလဲ၊ ရှင်အရက်နဲ့မတည့်ဘူး၊ နောင်တစ်ခါ သောက်မလာနဲ့" ဟု ပြောလျှင် ထိုနေ့မှစ ၍ အရက်မသောက်တော့ပါ။ သို့သော် သို့သော် အပေါင်းအသင်း နှင့် ဆေးရှူပြန်သည်။ ဤကိစ္စ သည် ပုန်းလျှိုး ကွယ်လျှိုး လုပ်ရသည့် အလုပ်ဖြစ်သော်လည်း လင်မယားချင်းဖုံးကွယ်၍မရ။ အနံ့အသက်က ရှိသေးသည်၊ ဒီတော့ -

" ရှင် ခပ်ပုံ ရှူပြန်ပြီလား၊ ဘိန်းစားဖြစ်တော့မယ်။ ကျွန်မ ဘိန်းစားမိန်းမတော့ အဖြစ်မခံဘူး" ဟု ဆိုလိုက်လျှင် ထိုနေ့မှစ ၍ ခပ်ပုံမရှူတော့ပါ။ သို့သော် အိမ်ပြန် ညနက်နက်လာသည်။ ငွေကြေး မကြာခဏ တောင်းသည်။ ပြီးတော့ တစ်ခါတစ်ရံတော့ ငွေကြေးပါလာတတ်သည် ဒီတော့၊ ဇနီးမယားက -
" ရှင် ဖဲရိုက်နေတာမဟုတ်လား၊ ကိုယ့်အလုပ်ကိုလည်း ပြန်သတိရဦး၊ ရှင့်ဖဲရိုက်နေရင် ဖဲသမားဆိုပြီး ဘယ်သူ လေးစားတော့ မှာလဲ နောက်မရိုက်နဲ့ "ဟု ဆုံးမပြန်၏။ ဦးစံသည် အဖွဲ့အစည်းတစ်ခုတွင် လူကြီး အရာ ၀င်သူဖြစ်သည်။ ဒီနောက်တော့ ဖဲမရိုက်တော့ပါ။ သို့သော် သို့သော် အချောအလှဘက်သို့ ခြေဦး လှည့်နေတော့ သည်။ ဦးစံ၏ ဇနီးဖြစ်သူသည် သူ့ယောက်ျား နာခံတော် ဦးစံအား ပညတ်တရားများတစ်ချက် ချင်း ချမှတ်လေရာ ဦးစံ သည်လည်း မည်သည့်အခါမှ ငြင်းချက်မထုတ်။ တားမြစ်ချက်တစ်ခုစီအား လိုက်နာ နေသည်မှာ စံတင် မှတ်သားလောက်ပေ သည်။

ဦးဝိသည် လူနာများ ဦးမြအား ငွေတွေပေး၍ ပြန်ပြန်သွားကြသည်ကို မြင်နေရ၏။ ဦးမြရဲ့ အချိန်တွေ ဟာ ငွေတွေ ပါကလားဟု တွေးမိ၏။ တစ်ချိန်တည်းတွင် -
" အင်း ဒီပညာ ကျုပ်မရလိုက်တာ နာတာပဲ။ ဒီအတတ်ပညာသာရရင် ကျုပ်ဆီမှာလည်း လူတွေ အများကြီး လာမယ်။ လူတွေလာတော့ ပိုက်ဆံတွေ ယူလာကြမယ်။ ဒီတော့ ကျုပ်ငွေတွေအများကြီးရမယ်၊ ခုတော့ အင်း" ဟု စိတ်ထဲရေရွတ်လေ သည်။
ဦးဝိနေသည့် အိမ်အိုကြီးဘေးတွင် ပေပင်ကြီးတစ်ပင်ရှိ၏။ ပေတစ်သီး၊ ကျီးတစ်သားဆိုသည့်စကား ဦးဝိကြားဖူး သည်။ ပေပင်သည် မြင့်လှသည်ဖြစ်၍ ကျီးနှင့် တွဲပဲတွဲနိုင်ကသည်။ ပေပင်ထက်တွင် ကျီးမနား သော အချိန်ဟူ၍ မရှိ။ အနည်းဆုံး တစ်ကောင်နှစ်ကောင်တော့ အမြဲရှိသည်။ တစ်ခါတစ်ရံ အဖွဲ့လိုက်၊ အုံ လိုက် ဆူညံ၍ နားနေတတ်ကြ သည်။
ဦးဝိ သည် ပေပင်ထက်သို့ မကြာခဏ ကြည့်နေတတ်၏။ တစ်နေ့တော့ အဖူးလိုလို တွေ့ရသည်။ သေချာ သထက် သေချာအောင် ကြည့်သည်။ အပေါင်းအသင်းများကို ပြကြည့်သည်။ အဖူးမ် အဖူးဟု ဆုိၾက၏။

" ဟုတ်ပြီ၊ ပွပြီ တစ်သက်မှာ တစ်ခါသာဖူးသည့် ပေပင်ကြီး စားရကံကြုံတော့ ငါနေတဲ့နှစ်မှ ဖူးတာ" ဟု ၀မ်း သာလုံး ဆို့နေသည်။ ပေဖူးလှီး၍ ပေရည်ထုတ်ရန် အကြံပေတည်း။ သူသည် အထက်ကချင်ပြည် ဦးစံတို မြို့တွင် ပေရည်သောက် ဖူးသည်။ ချိုမြမြ ရှိသည်။ ပေရည်သည် ထန်းရည်အရသာနှင့်တော့မတူပါ။ သို့သော် ထန်းလျက်ချက် ၍ ရသည်။ ပြီးတော့ပီပါပုံးနှင့်ချီ၍ ပေရည်ထွက်သည်ဟု ကြားဖူး၏။ သို့နှင့် စိတ်ထဲတွင် -
" ဟုတ်ပြီ တစ်ပုလင်းတစ်ကျပ်နဲ့ပဲ ရောင်းဦး၊ အင်း ပွတာဘဲ၊ ဒေါက်တာမြရဲ့ဝင်ငွေကိုတောင် မီချင်မီမှာ ဟီဟိ" ဟု ရေရွတ် ၍ ရယ်မောသည်။ သို့သော် ကြာကြာ မရယ်လိုက်ရပါ။ မည်သူတက်၍ လှီးမည်နည်း။ ဤ ပညာမည်သူ တတ်သနည်း။

သူသည် ပေရည်ထုတ်ယူေ၇း တွေ့တွေ့သမျှလူတွေကို မေးကြည့်သည်။ မသိကြောင်း။ ပေရည် မသောက်ဖူးကြောင်း သာအဖြေရသည်။ တချို့က အညာသားများ နားလည်မည်ဖြစ်၍ အညာသားရှာရန် အကြံပြုကြ သည်။
သို့နှင့် သူသည် အညာသားရှာပုံတော်ဖွင့်လေသည်။ အညာသားကို တမ်းတလိုက်သောအခါ ဦးဌေးကို သတိရ မိ၏။ မီးဖိုချောင်သုံးဓားမြှောင်ပဲ့ ကို ပန်းပဲဖိုအပ်ရာမှ ဦးဌေးနှင့် သိခဲ့ရသည်။ ဦးဌေးကို မေးကြည့် သောအခါ -
" ကျွန်တော် ပေရည်သောက်ဖူးပါတယ် ကျွန်တော် တို့ဘက်မှာတော့ ပေပင်ပေါတယ်။ ဒါပေမဲ့ ပေရည်သိပ် မထုတ်ကြ ဘူး။ ပေရည်သောက်ပြီး ၀က်သားစား ရင် သေတယ်လို ပြောကြတယ် " ဟုပြောပြ၏။ ဆက်၍ -
" နောက်ပြီး ထန်းလျက်ချက်လည်း သိပ်မထွက်ဘူးလို့ ပြောကြတယ်၊ ဟိုမှာ ထန်းပင်ပေါတော့ ပေရည်နဲ့ ထန်းလျက် ချက်တာ မတွေ့ဖူးဘူး" ဟု ထပ်ပြောပြန်ရာ တော်တော် စိတ်ဘ၀င်မကျဖြစ်သွား၏။
" ခင်ဗျား ပခုက္ကူ ကဆိုတော့ အညာသားစစ်စစ် မဟုတ်သေးဘူး "
ခင်ဗျားထက် အညာကျပြီး အညာသားစစ်တာ ရှာမယ် " ဟုစိတ်ထဲတွင် ကြုံးဝါးလေ၏။

" ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျွန်တော် ပေရည်ထုတ်ချင်တယ်၊ အဲဒါ ခင်ဗျားဆီက အကူအညီတောင်းဖို့လာတာ၊ ကူညီပါဦး" ဟု တောင်းပန် စကားဆိုရာသူက -
" ကျွန်တော်ကတော့ မလှီးတတ်ဘူး၊ ဒါပေမဲ့ တောရကျောင်းမှာ ထန်းလှီးတဲ့ အညာသားတွေရှိတယ်။ အဲဒါ ခင်ဗျား အကူအညီ တောင်းကြည့်ပါလား" ဟု အကြံပေးလေသည်။
သို့နှင့် ဥိးဝိ သည် တောရဘုန်းကြီးကျောင်းဝင်းသို့သွားပြီး အညာသားရှာရပြန်၏။ တောရကျောင်းရှိ ထန်းပင်များ တွင် မြူအိုးများ၊ ထန်းတက်လှေကားများ တွေ့ရသည်။ သို့သော် အညာသားကိုကား မတွေ့ရ။ သို့နှင့် အိမ်အိုကြီး ဆီပြန်လာ၏။

တစ်ပတ်ခန့်ကြာသွား၏။ နောက်နေ့များတွင် အညာသားအား ရှာသော်လည်း လွဲသွားပြန်၏။ ညောင်တုန်းတွင် ထန်းပင်ပေါရာ တစ်ခြားနေရာ သွားလှီးနေတဖြစ်မည်။ သူ့ဇနိးမယားအားတွေ့၍ မှာထားရာ အညာသားသည် အိမ်အိုရှိရာ သို့ ဦးဝိအား လာရှာ၏။ သို့သော် ဦးဝိ ခရီးထွက်နေ၍ လွဲသွားပြန် ၏။ မအောင်မြင်ချင်သော အရာတစ်ခု သည် အကြိမ်ကြိမ် လွဲတတ်လေတကား။
ထို့နောက် တစ်ပတ်မှ နှစ်ပတ် တစ်လသို့ ကူးလာသော အခါ ပေသီးပင် စသီးနေပြီ။ ပေသီးစိမ်းစိမ်း လုံးလုံးလေး များသည် အခိုင်လိုက် အတွဲလိုက် တွဲလွဲခို၍ ပြွတ်သိပ်သီးနေသည်မှာ အလွန်ပင် ကြည့်ကောင်းလှ၏။ သို့နှင့် ဦးဝိ၏ ပေရည်ထုတ်လုပ်ရေး စီမံကန်းသည် လုံးဝပျက်စီးသွားလေတော့သည်။
ဦးဝိ သည် မည်သည့်အရာကိုမဆို လွယ်လွယ်နှင့် အလျော့ပေးတတ်သူမဟုတ်။ ပေရည်မရလည်း ပေသီး ပုတီး လုပ်၍ရောင်းမည်။ တစ်လုံး ... ကျပ်။ ပေသီးတစ်သောင်းလောက်သီးနေသည်။ ဒီတော့ ၀င်ငွေထောပြီ။

သို့သော် ထိုအကြံသည်လည်း လျင်မြန်စွာ ပျက်သုဉ်းသွားပြန်၏။ မည်သည့်အရပ်မှ လာသည်ဟု မသိရသော ကြက်မလောက်ကြီး သည့် လင်းဆွဲများသည် ညအခါ လာရောက် စားသောက်ပစ်၍ ကောင်းစွာ မရင့်မှည့် မှီ ပြုတ်ပြုတ်ပြုန်းကုန်တော့၏။ မကြာမီမှာင် ပေပင်ကြီး သည် ညိုးခြောက်၍ သေသွားပါတော့ သည်။
ဦးဝိ သည် တစ်နေ့သောအခါ ဓားမြောင်ပဲ့ပြန်၍ ဦးဌေးထံသွား၏။ ပန်းပဲဆရာဦးဌေးကို မတွေ့ရသည့်ပြင် ပန်းပဲဖို လည်း ဖျက်ထားသည် ကို တွေ့ရ၏။ အနားတွင် ဦးဌေး၏ မိန်းမကို တွေ့ရ၍ -
" ဦးဌေး ဘယ်သွားလဲ" ဟုမေး၏။
" မသိဘူး"ဟု တစ်ခွန်းသာပြောပြီး အိပ်ခန်းထဲဝင်သွား၏။ ဦးဝိ ကြောင်တောင်တောင်ဖြစ်သွားသည်။ ယခင် တစ်ခါ လာတုန်းက ထိုသို့မဟုတ်။ ရေနွေးကြမ်းလာချပေးသည်။ လက်ဖက်သုတ်ပင် ပါလိုက်သေးသည်။ အိမ်နီးချင်း များအား မေးမြန်း၍ သိရသည်မှာ ဦးဌေးသည် သူ၏ မိန်းမအားထားခဲ့ပြီး မိန်းမ၏ တူမဖြစ်သူနှင့် ထွက်ပြေးသွား သည်မှာ သဲလွန်စပင် မချန်ထားဟုသိရ၏။

ဦးဝိ မှတ်မိပါပြီ။ ဦးဌေး၏ ပန်းပဲဖိုဘေးတွင် မုန့်ဖတ်ကြိတ်ဆုံတစ်ခုရှိရာ ထိုမုန့်ဖတ်ကြိတ်ဆုံတွင် လက်မောင်း အိုးဖွေးဖွေးနှင့် ကြိတ်ဆုံလက်တန်ကိုလှည့်၍ လှည့်၍ မုန့်ဖတ်ကြိတ်နေသည့် တစ်တစ်ရစ်ရစ် နုနုထွတ်ထွတ် အပျိုမလေး တစ်ယောက်။ ဦးဝိပင်လျှင် ရေနွေးကြမ်းသောက်ရင်း သူလေး၏ ကြည်လင်သော မျက်လုံး၊ ပြုံးချိုသော မျက်နှာ၊ ဆင်စွယ်ရောင် လက်မောင်းအိုးလေးများကို မကြာခဏ ခိုးကြည့်ခဲ့သေးသည်။ " အင်း ခုတော့ ပါသွားပြီပေါ့" ဟု မဆီမဆိုင်နှမြောတသလိုက်သေးသည်။

ထပ်မံ၍ သိရသည်မှာ၊ ယခု ကျန်ရစ်ခဲ့သော မိန်းမကိုလည်း အထက်အညာဒေသတစ်နေရာတွင် ယခင် မယားကြီး အား ထားရစ်ခဲ့ပြီး ဤဒေသသို့ ခိုးပြေးလာပါသတဲ့။ သို့နှင့် ဦးဝိသည် -
" အို ဦးဌေး ဦးဌေး၊ သင်ဟာ ဓားသစ်၊ ဓားမြောင်သစ်များကိုသာ ထုလုပ်တတ်သူမဟုတ်။ ရောက်လေရာ အရပ် မှာ ဇနီးမယား အသစ်အသစ်များကိုလည်း ထုယူတတ်ပါတကား။ ယခု နောက်တဖန် ဘယ်မြို့ဘယ် ရွာတွင်များ ပန်းပဲထု ၇င်း ဇနီးမယားသစ်ထုယူဦးမှာမလဲမသိ" ဟု စိတ်ထဲတွင်ရေရွတ်ပြီး သူ၏ အိမ်အိုကြီး ဆီသို့ ပြန်သွားလေ သည်။ ပေပင်ကြီးသည်ကား အိမ်အိုကြီး၏ဘေးတွင် အသီးမဲ့သော အရိုးပြိုင်းပြိုင်း အခိုင်၊ ၀ါခြောက်နေသော အရွက်တွေနှင့် မားမားမတ်မတ် ရှိသေးသည်။

ပြီး
ဆက်ရန် (နောက်တပုဒ်)
.

No comments: