မြွေနှစ်ကောင်ထက်ကြီးတဲ့ မြွေတစ်ကောင်
မြွေတစ်ကောင်ပုံပြင်အစ
ကျွန်တော်တို့ ဆရာဝန်ဘွဲ့ယူတော့ ဘွဲ့နှင်းသဘင်မှာ အဓိဋ္ဌာန်ပြု ကတိသစ္စာရွတ်ဆိုရတယ်။ ဒါမှ ဆရာဝန် လားမြောက်တော့တာ။ ကတိသစ္စာအစမှာ ဒီလိုတိုင်တည်တယ်။
“ကမ္ဘာတစ်လွှား ကျော်ကြားထင်ရှားခဲ့သော သမားဟူးရားကြီးများအား သက်သေထား၍ ကျွန်ုပ်သည် ဤအဓိဋ္ဌာန်ပြု ကတိသစ္စာကို ရွတ်ဆိုသစ္စာပြုပါအံ့”တဲ့။
ဟူးရားဆိုတာ ဘာပါလိမ့်။
မြွေတစ်ကောင်ပုံပြင်အစ
ကျွန်တော်တို့ ဆရာဝန်ဘွဲ့ယူတော့ ဘွဲ့နှင်းသဘင်မှာ အဓိဋ္ဌာန်ပြု ကတိသစ္စာရွတ်ဆိုရတယ်။ ဒါမှ ဆရာဝန် လားမြောက်တော့တာ။ ကတိသစ္စာအစမှာ ဒီလိုတိုင်တည်တယ်။
“ကမ္ဘာတစ်လွှား ကျော်ကြားထင်ရှားခဲ့သော သမားဟူးရားကြီးများအား သက်သေထား၍ ကျွန်ုပ်သည် ဤအဓိဋ္ဌာန်ပြု ကတိသစ္စာကို ရွတ်ဆိုသစ္စာပြုပါအံ့”တဲ့။
ဟူးရားဆိုတာ ဘာပါလိမ့်။
အဘိဓာန်ကြည့်လိုက်တော့ သက္ကတစကား“ဟောရာ”က လာသတဲ့။ နက္ခတ်ဗေဒင်ဆိုင်ရာ အတတ်ကို ကျွမ်းကျင်သူ လို့ အဓိပ္ပာယ်ရသတဲ့။ ဟ ... အနောက်တိုင်းဆေးပညာနဲ့ ဟူးရားနဲ့က ဘယ်ပုံဘယ်နည်း ပတ်သက်နေ ပါလိမ့်။ သမားတော်ကြီးများလို့ ရိုးရိုးလေးရေးလိုက်ရင် ရရက်သားနဲ့ဗျာ။ “ဟူးရား” လိုက်သေး တယ်။ ဒီအဓိဋ္ဌာန်ပြု ကတိသစ္စာက ဟစ်ပိုခရေးတီး(စ)ရဲ့ သစ္စာပြုချက်ကို အခြေခံပြီး မွမ်းမံထား တာပါ။ ခေတ်ကာလ နဲ့ လိုက်လျောညီထွေ ဖြစ်ရလေအောင်။
ဟစ်ပိုခရေးတီး(စ)ရဲ့ သစ္စာပြုချက်က ဒီလို အစချီတယ်။
“သမားတော်ကြီး အပိုလိုနတ်မင်း၊ အက်(စ)ခလေးပီးယပ်(စ)၊ ဟိုင်ဂျီးယား၊ ဖနားဆီးယားတို့ကို တိုင်တည် ပြီး ကျွန်ုပ် ကျိန်ဆိုတယ်”တဲ့။
ဆေးရုံတွေ၊ ဆေးကျောင်းတွေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေက သုံးစွဲနေကြတဲ့ အမှတ်တံဆိပ် (Logo)မှာ တုတ်တစ်ချောင်း နဲ့ မြွေနှစ်ကောင်ပါတယ်။ အဲဒီတုတ်နဲ့ မြွေက ဒီ အက်(စ)ခလေးပီးယပ်(စ)ကို အကြောင်း ပြုပြီးပေါ် လာတာ။
အက်(စ)ခလေးပီးယပ်(စ)ရဲ့လာရာနဲ့လားရာ
အက်(စ)ခလေးပီးယပ်(စ)ကို ဂရိတွေက ဆေးပညာနယ်လို့ သတ်မှတ်ပူဇော်ကြတယ်။ စာဆိုကြီး ဟိုးမား ကတော့ “ပြစ်မျိုးမှဲ့မထင်သမားတော်”တဲ့။ သူ့အဖေက အပိုလိုနတ်မင်း။ အပိုလိုနတ်မင်းကိုယ်နှိုက် ကလည်း စိုက်ပျိုးရေးနတ်၊ အလင်းရောင်နတ်၊ သစ္စာနတ်၊ လေးမြားအတတ်နတ်၊ ဂီတကဗျာနတ် စတဲ့ ဂုဏ်ပုဒ်တွေ အပြင် ဆေးပညာနဲ့ သမားအတတ်တို့ရဲ့ နတ်မင်းလည်းဖြစ်သတဲ့ဗျ။ သမားတော်နတ်မျိုးနွယ် တွေပဗျာ။
အပိုလိုနတ်မင်း က လူသားမိန်းမ ခိုးရိုးနစ်(စ)နဲ့ စုံဖက်မိသတဲ့။ (အပိုလိုနတ်မင်းက မိဖုရားတွေ တစ်ပုံတစ်ပင်)။ ယောက်ျားချစ်သူတောင် ရှိသေးသတဲ့)။ ခိုးရိုးနစ်(စ)က လှပသလောက် အကျင့်လော် လည် သတဲ့။ ဒီသတင်းကို ကျီးငှက်က သယ်ဆောင်လာပြီး အပိုလိုကို တိုင်သတဲ့။ အပိုလိုနတ်မင်းက ဆံတစ်ပင်တင်း ချစ်ခြင်းမယားရဲ့ သတင်းကို မယုံနိုင်ဘူး။ သတင်းသယ်လာတဲ့ ကျေးစေတမန်ကို ဒေါသ ဖြစ်ဖြစ်နဲပ ဒဏ်ခတ်လိုက်တာ နဂိုက ဆွတ်ဆွတ်ဖြူနေတဲ့ ကျီးကန်းရဲ့ အမွေးတွေအားလုံး မည်းနက်ကုန် သတဲ့။
နောင်တော့မှ သတင်းမှန်ကို လက်ခံအတည်ပြုပြီး ချစ်ဇနီးကိုသတ်၊ အလောင်းကို မီးသဂြိုလ်ဖို့ စီစဉ်သတဲ့။ မီးတောက်တွေ အလောင်းကို ၀ါးမျိုခါနီးကျမှ ဇနီးသည်မှာ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတော့ သေနေတဲ့ ချစ်သူ့ ၀မ်းကြာတိုက် ထဲက သားငယ်ကို ခွဲစိတ်ထုတ်ယူလိုက်ရသတဲ့။ အဲဒီကလေးက အက်(စ)ခလေး ပီးယပ်(စ)လောင်းလျာလေး ပဲပေါ့။
မိတဆိုးလေးကို ဖခင်အပိုလိုနတ်မင်းက ဆင်တောလို့ခေါ်တဲ့ လူတစ်ပိုင်းမြင်းတစ်ပိုင်း ခီရွန်ဆီမှာ ပညာ သင်ကြားဖို့ အပ်နှံတယ်။ ခီရွန်က ပညာရှိသလောက် နှလုံးနူးညံ့လှသူ။ ဟာကျူးလီး(စ)၊ အာခီးလီး(ခ)တို့ကို ပညာသင်ပေးတဲ့ ဆရာကြီး။ တပည့်တွေထဲမှာ ခီရွန်အချစ်ဆုံးက အက်(စ)ခလေးပီးပ်(စ)ပါ။ သူ့ကို သမားတော်အတတ် သင်ကြားပေးတယ်။ အက်(စ)ခလေးပီးယပ်(စ)ဟာ ခွဲစိတ်ကုသမှု အတတ် မှာရော ဆေးဖက်ဝင်အပင် အသီးအပွင့်နဲ့ ရောဂါကုသတဲ့ အတတ်မှာပါ တစ်ဖက်ကမ်းခပ် တတ်မြောက် သွားသတဲ့။ သူ့အတတ်နဲ့ လူတော်တော်များများရဲ့ အသက်ကို သေမင်းခံတွင်းဝကနေ ဆွဲထုတ်ကယ်တင်နိုင် ခဲ့သတဲ့။ လူသားဟာ အချိန်တန်ရင်၊ ကံကုန်ရင် သေရတယ်ဆိုတဲ့ သဘာဝဓမ္မကို အက်(စ)ခလေးပိးပ်(စ)က အန်တု သလို ဖြစ်လာတော့တာပေါ့။
လူနဲ့ နတ်တို့ရဲ့သခင် ဇုနတ်မင်းကြီးက အက်(စ)ခလေးပီးယပ်(စ)ကြောင့် လူတွေ ထာဝရအသက်ရရင် ခက်ရချေ ရဲ့လို့ ပူပန်ကြောင့်ကြလာသတဲ့။ ဒါကြောင့် ဇုနတ်မင်းကြီးဟာ အက်(စ)ခလေးပီးယပ်(စ)ကို မိုးကြိုး လက်နက်သုံးပြီး သတ်ပစ်လိုက်တယ်။ ဂရိတွေက သူ့ကို ဆေးပညာနတ်၊ သမားတော်နတ်အဖြစ် ပူဇော်ကိုးကွယ်ကြတဲ့ အပြင် သူ့တပည့်တွေက သူ့နာမည်န့ ဆေးပညာသင်ကြားပေးရာ လူနာ ကုသပေးရာ ကျောင်းတွေ ထူထောင်ကြတယ်။ အနောက်တိုင်း ဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ ဟစ်ပိုခရေးတီး(စ) ဟာ အဲဒီကျောင်းတော်ကြီးထွက် တစ်ဦးပေါ့။
အက်(စ)ခလေးပီးယပ်(စ)က တစ်နေ့မှာ ဇုနတ်မင်းကြီးရဲ့ မိုးကြိုးလက်နက် ထိမှန်သေဆုံးသွားတဲ့ ဂလော် ကော့(စ) ဆိုတဲ့ လူနာကို ကြည့်ရှုစမ်းသပ်နေခိုက်မှာ အခန်းထဲကို မြွေတစ်ကောင် လျှောခနဲ ၀င်လာ သတဲ့။ အက်(စ)ခလေးပီးယပ်(စ)က သူ တောင်ဝှေးအဖြစ်သုံးတဲ့ တုတ်နဲ့ ကောက်ရိုက်လိုက်တာ မြွေက ပွဲချင်းပြီး ပဲတဲ့။ မရှေးမနှောင်းမှာပဲ နောက်မြွေတစ်ကောင် ၀င်လိုက်လာပြီး သေနေတဲ့ မြွေရဲ့ ပါးစပ်ထကြို ဆေး ရွက် တချို့ ထိုးထည့်တာ တွေ့လိုက်ရတယ်။ မျက်စိရှေ့မှာတင်ပဲ သေနေတဲ့မြွေ ရှင်ပြန်ထမြောက်လာတာ အားလုံး အံ့အားတသင့် တွေ့လိုက်ရတယ်။ ဒါနဲ့ အဲဒီဆေးရွက်တွေကို သေနေတဲ့လူနာရဲ့ ပါးစပ်ထဲ ထိုးထည့်ပေး လိုက်တော့ လူနာ သေရွာက ပြန်လာရောတဲ့။
အက်(စ)ခလေးပီးယပ်(စ)က မြွေကို သူ့ဆရာလို့ အမှတ်ပြုလိုက်ပြီး တုတ်ချောင်းမှာ ခွေနေတဲ့မြွေပုံကို သူ့ရဲ့ အမှတ်တံဆိပ် အဖြစ် လေးစားစွာ အသုံးပြုတော့သတဲ့။ တုတ်ချောင်းက ဆိုက်ပရပ်ပင်ရဲ့ အကိုင်းကို ချိုးထား တာပါ။ မပြုမပြင် အရိုင်းထည်သက်သက်။ ဒါကြောင့် သူ့တုတ်က ဖုထစ်တွေနဲ့ မပြေအပြစ်။ အချော သပ်ထား တဲ့ ပြုပြင်ထားတဲ့ တုတ်ချောင်းမဟုတ်ဘူး။ နောင်နှစ်ပေါင်း တော်တော်ကြာ တဲ့အထိ ဒီမြွှေတစ်ကောင် ရစ်ခွေနေ တဲ့ တုတ်ချောင်းပုံကို ဆေးပညာအမှတ်တံဆိပ်အဖြစ် သုံးခဲ့ကြတာ အလယ်ခေတ် ရောက်သည်အထိပေါ့။
မြွှေတစ်ကောင်ရဲ့နိဂုံး
အလယ်ခေတ်မှာ ခရစ်ယာန်သာသနာ ပွင့်လင်းစည်ပင်လာတော့ ဂရိခေတ်ရောမခေတ် နတ်ဘုရားတွေ၊ အမှတ်တံဆိပ်တွေ အားလုံးဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ကျောင်းတော်ကြီးက ပိတ်ပင်တားမြစ်တာ ခံရတယ်။ မြွေတစ်ကောင် တုတ်တစ်ချောင်း လည်း အများနည်းတူ ကိုယ်ယောင်ဖျောက်နေရပေါ့။ သူ့နေရာမှာ ဆီး ခံ တဲ့ ခွက်ကဆေးပညာ၊ သမားတော်တို့ရဲ့ အမှတ်တံဆိပ်အဖြစ် အစားထိုးဝင်ရောက်ခဲ့ပေါ့။ ဆီးကို စမ်းသပ်ကြည့် ရှုပြီး ရောဂါ ရှာဖွေတဲ့ဓလေ့က အဲဒီခေတ်မှာ ထွန်းကားနေပေတာကိုး။
ခရစ်ယာန်သာသနာ ပြုပြင်ပြောင်းလဲရေးကာလ အလွန်မှာ မြောက်ဥရောပ ပရိုတက်(စ)တင့် ခရစ်ယာန် နိုင်ငံတွေက ဆေးပညာနဲ့သမားတော် အမှတ်တံဆိပ်တွေ လက္ခဏာတွေကို ပြောင်းကြပြန်တယ်။ အက်(စ) ခလေးပီးယပ်(စ)နဲ့ သူ့သမီးဟိုင်ဂျီယာတို့ကို ဆေးပညာ၊ သမားတော် အမှတ်တံဆိပ် အဖြစ် ပြန်ပြောင်း သုံးစွဲ ကြပြန်ရော။ တုတ်ချောင်းကို ရစ်ခွေနေတဲ့ မြွှေတစ်ကောင် ပြန်လည်အသက်ဝင်ခဲ့ပေါပ။ ဥရောပနိုင်ငံတော် တော်များများမှာ ဒီအမှတ်တံဆိပ်ကိုပဲ ဆေးပညာ၊ သမားတော်တံဆိပ်အဖြစ် ယခုအချိန် ထိ နှစ်နှစ် သက်သက် စွဲစွဲမြဲမြဲသုံးစွဲနေဆဲပါ။
အမေရိကန်နိုင်ငံ မှာလည်း အရပ်သားဆေးဖက် အဖွဲ့အစည်းမှာရော ဆေးတပ်မှာပါ ဒီအမှတ်တံဆိပ်ကိုပဲ လက်ခံ သုံးစွဲခဲ့ကြတာပါ။ ၁၈၁၈ ကတည်းက အမေရိကန်တပ်မတော် ဆေးပညာဌာနက ဒီအမှတ်တံဆိပ်ကို ဆးတပ်ဖွဲ့ တံဆိပ်အဖြစ် သုံးစွဲခဲ့တာတွေ့ရတယ်။ ၁၉၀၂ ခု ကျကာမှ အမေရိကန်ဆေးတပ်ဖွဲ့ရဲ့ တံဆိပ် ဟာ မြွေ တစ်ကောင် တုတ်တစ်ချောင်းဘ၀က စုတေပြီး မျြွေနှစ်ကောင် တုတ် တစ်ချောင်း တောင်ပံ တစ်ခု ဖြစ်လာပါတော့တယ်။ မြွေတစ်ကောင်တံဆိပ် ဟာ မြောက်အမေရိကမှာ အဲဒီအချိန်ကစပြီး နိဂုံးကမွတ် အသုံးသတ် သွားလေရဲ့။
မြွှေနှစ်ကောင်၊ တောင်ပံတစ်စုံ၊ တုတ်တစ်ချောင်း ဆေးလောကထဲ ၀င်ရောက်လာခြင်း
မြွေနှစ်ကောင်က တုတ်တစ်ချောင်းကို မျက်နှာချင်းဆိုင် ရစ်ခွေနေပြီး တုတ်ရဲ့ထိပ်နားမှာ တောင်ပံတစ်စုံနဲ့ လှပနေ တဲ့ လက်စွဲတော်တောင်ဝှေးကလည်း ရာဇ၀င်နဲ့ဗျ။ ကာဒူးစီးယပ်(စ)လိုပခေါ်သတဲ့။
အဲဒီတောင်ဝှေး က ဇုနတ်မင်းကြီးနဲ့ မိဖုရားမိုင်ယာရဲ့သား ဟားမီး(စ)ကိုင်တဲ့ တောင်ဝှေးပါ။ သူ့ကို ရောမတွေက မာကျူရီနတ်သား လို့ သိမှတ်ကြတယ်။ သူ့တောင်ဝှေးက ချစ်စရာ။ မြွှေတစ်ကောင် အစား မြွေ နှစ်ကောင် မျက်နှာချင်း ဆိုင်နေတော့ ပိုကြည့်ကောင်းတယ်။ ဟန်ချက် ညီတယ်။ အချိုးကျတယ်။ တုတ်ချောင်း ထိပ်မှာလည်း ဘုလေးနဲ့။ တုတ်ချောင်းက သပ်သပ် ရပ်ရပ်။ ချောချော မွတ်မွတ်။ ဘုအောက်နား ကပ်ရက် တောင်ပံတစ်စုံကလည်း ငွားငွားစွင့်စွင့်။
ဟားမီး(စ)က သတင်းပို့ရတဲ့။ သတင်းသယ်ရတဲ့ တမန်တော်လို့ သိမှတ်ကြသမို့ သူကိုင်ဆောင်တဲ့ ကာဒူးစီးယပ်(စ) ကို ဥရောပတစ်ဝန်း ပုံနှိပ်တိုက်တွေက သူတို့ပုံနှိပ်တိုက်ရဲ့ အမှတ်တံဆိပ် (Logo)အဖြစ် ယူသုံးကြ တယ်။ အကျယ်ပြန့်ဆုံး သုံးတဲ့ပုံနှိပ်တိုက်က ဆေးစာအုပ်တွေ အဓိကပုံနှိပ်ထုတ်ဝေတဲ့ လန်ဒန်က ချာချီ(လ) ပုံနှိပ်တိုက်ပါ။
မျြွေတစ်ကောင် က ဆေးပညာ၊ မြွေတစ်ကောင်က စာပေအနုပညာ။ ဒီနှစ်ခုကို ပေါင်းစည်းပေးရမယ်ဆိုတာ ချာချီ(လ) ပုံနှိပ်တိုက်ရဲ့ ဆောင်ပုဒ်ဖြစ်ပါသတဲ့။ သူတို့ တိုက်က ရိုက်ထုတ်တဲ့ ဆေးကျမ်းတွေက အမေရိက တိုက် ကို အများဆုံး တင်ပို့ရသတဲ့။ ကြာလာတော့ အမေရိကတိုက်ကလူတွေက ဆေးပညာနဲ့ မြွေနှစ်ကောင် ကိုတွဲတွဲပြီး မြင် လာရောတဲ့။ ၁၉ ရာစုကုန်ခါနီးမှာ အမေရိကန် နိုင်ငံတစ်ဝန်းရှိ ပုံနှိပ်တိုက်တွေ ကလည်း မြွှေ နှစ်ကောင်နဲ့ ကာဒူးစီးယပ်(စ)ကို ဆေးပညာ အမှတ်တံဆိပ်အဖြစ် လက်ခံ သုံးစွဲပြီး ဆေးစာအုပ်တွေမှာ ထည့်နှိပ်ကြသတဲ့။
အမေရိက မှာ မြွေနှစ်ကောင် ပိုလို့အခြေခိုင်သွားရတဲ့ အကြောင်းက အမေရိကန်တပ်မတော်က ဗိုလ်ကြီး ဖရက်ဒရစ်(ခ)ရေးနိုး(စ)ကြောင့် ပါ။ ၁၉၀၂ ခုနှစ် အမေရိကန်တပ်မတော်မှာ ယူနီဖောင်းတွေ အမှတ်တံဆိပ် တွေပြောင်းကြတော့ တံဆိပ် ရွေးချယ်ရေး ပွဲကြီးစတော့တာပေါ့။ ဆေးတပ်အတွက် တံဆိပ်ရွေးချယ် ရတဲ့ ဗိုလ်ကြီးရေးနိုး(စ)က အက်(စ)ခလေးပီယပ်(စ)သမိုင်းကြောင်းရော၊ ဟားမီး(စ)ရဲ့ ကာဒူးစီးယပ်(စ)ဋီကာ ပါ ဘာမှသိပုံမရဘူး။
ဒါနဲ့ သူက မြွေတစ်ကောင်တုတ်တစ်ချောင်း ပိုလို့လှပသပ်ရပ်ခေတ်မီတဲ့ ကြွရွနေ တဲ့မြွေနှစ်ကောင် တောင်ပံ တပ် တောင်ဝှေး ကို ဆေးတပ် တံဆိပ်အဖြစ် အထက်ကို တင်တယ်။ ဆေးတပ်ချုပ် (Surgeon-General)ဖြစ်တဲ့ စတန်းဘတ်(ဂ)က ဒီတံဆိပ်ကို လက်မခံဘူး။ ရေးနိုး(စ)က အခါခါတင်သော်လည်း အခါခါ ပယ်တယ်။ ဆေးတပ်ချုပ်အသစ်ဖြစ်တဲ့ ဖောဝု(ဒ)လက်ထက်ကျကာမှ ဒီတံဆိပ်ကို လက်ခံအတည်ပြုခံရ တာ။ ၁၉၀၂ ဇူလိုင် ၁၇ ရက်မှာ ဆေးတပ်အားလုံးရဲ့ အမှတ်တံဆိပ်အဖြစ် မြွေနှစ်ကောင်နဲ့ တောင်ံတပ် တောင်ဝှေးဟာ တရားဝင် အမှတ်အသား အဖြစ် ရပ်တည်လာလိုက်တာ ယနေ့ထိပဲ။ ဆေးတပ်ချုပ်ရဲ့ စာကြည့်တိုက်မှူး ဒု-ဗိုလ်မှူးကြီး မက်(ခ)ကူးလော့(ခ)က ဒီတံဆိပ်ကို ကန့်ကွက်ခဲ့သော်လည်း အရာမထင်ခဲ့ဘူးတဲ့။
ဘာကြောင့် မြွေနှစ်ကောင် မဖြစ်သင့်သလဲ
မြွေနှစ်ကောင်တောင်ဝှေးရှင် ဟားမီး(စ)ဟာ အရွယ်နဲ့မလိုက်အောင် ဥာဏ်ကောင်းသလောက် အကျင့် မကောင်းသူ ပါ။ သူ့”ဇ” ကိုမွေးကတည်းက စပြတယ်။ သူ့ကို နံနက်အရုဏ်တက်မှာ မွေးတယ်။ ညနေစောင်းရောက်တော့ သူက ပုခက်ထဲကနေ တိတ်တိတ်လေး ကိုယ်ယောင်ဖျောက်ပြီး ထွက်သွားတယ်။ သူနဲ့ ဖအေ တူ မအေကွဲအပိုလိုနတ်မင်းရဲ့ နွားတွေကို သွားခိုးယူပြီး ဂူထဲ ၀ှက်ထားဖို့တဲ့။ ခိုးနွားထဲက နှစ်ကောင်ကိုသတ်၊ အမွေးတွေကို ကြိုးကျစ်။ လိပ်တစ်ကောင်ကိုသတ်။ အခွံကိုယူ။ လိပ်ခွံမှာ ခုနင်က ကြိုးတွေတပ်ပြီး လိုင်ရာခေါ်တဲ့ ဗျပ်စောင်းတူရိယာတစ်ခု ထွင်လိုက်သတဲ့။
အပိုလိုက သူ့နွားတွေ အခိုးခံရတဲ့အကြောင်းသိတော့ ဟားမီး(စ်)ရဲ့အမေ မိုင်ယာကို သွားတိုင်တယ်။ မိုင် ယာက ပုခတ်ထဲက “အပြစ်ကင်းစင်”တဲ ဟားမီး(စ)လေးကို ပြသတဲ့။ ဟားမီး(စ)ရဲ့ ဗျပ်စောင်းကို တီးခတ် ရာက ထွက်ပေါ်လာတဲ့ ဂီတသံကို နှစ်ခြိုက်စွဲလမ်းမိတဲ့ အပိုလိုဟာ အဲဒီဗျပ်စောင်းကို သူ့နွားတွေအတွက် လျော်ကြေးအဖြစ် လက်ခံလိုက်သတဲ့
ဟားမီး(စ)ဟာ နွားကျောင်းသားတွေမှုတ်တဲ့ ပလွေကိုလည်း တီထွင်ခဲ့သေးသတဲ့။ အဲဒီပလွေကိုလည်း ဂီတ ချစ်တဲ့ အပိုလိုနတ်မင်းက လိုချင်ပြန်ပါရော။ ဒါနဲ့ နွားတွေ ထိန်းကျောင်းရာမှာသုံးတဲ့ သူ့ရွှေတောင်ဝှေးကို ဟားမိး(စ) ရဲ့ ပလွေနဲ့ အလဲအထပ် လုပ်လိုက်သတဲ့။ အဲဒီတောင်ဝှေးက ကားဒူးစီးယပ်(စ)ပဲပေါ့။ ဒီတောင်ဝှေးက အပိုလိုရဲ့ အဆိုအရ “ကြွယ်ဝခြင်း၊ အလျှံပယ်ခြင်းတို့ရဲ့ သင်္ကေတ၊ ထာဝရတည်တဲ့အရာ၊ ကိုင်ဆောင်သူကို ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်လိမ့်”တဲ့။
ဟားမီး(စ)ရဲ့ တာဝန်တွေထဲက အဓိကတာဝန်က ဇုနတ်မင်းကြီးရဲ့ ခြေမြန်တော်အဖြစ် ထမ်းဆောင်ရတာ ပါ။ နတ်ဘုရားတွေရဲ့ ရှေ့တော်ပြေးလည်း ဖြစ်တယ်။ ငြိမ်းချမ်းရေးတမန်တော်လည်း ဖြစ်သတဲ့။ ရန်ဖြစ် နေတဲ့မြွေနှစ်ကောင်ကြား သူ့တောင်ဝှေး ပစ်ပေါက်လိုက်တော့ မြွှေနှစ်ကောင်က သဟာယဖွဲ့ပြီး သူ့တောင်ဝှေးမှာခွေဖွဲ့နေလိုက်လို့ သူ့ကို ငြိမ်းချမ်းရေးသယ်ဆောင်သူလို့ သတ်မှတ်ကြတာ။ ဒီအထိကတော့ ဟားမီး(စ)ရဲ့ ကာဒူးစီးယပ်(စ)ဟာ ဆေးပညာရှင်တွေ သမားတော်တွေအတွက် ကိသ ကအောက်ဖြစ်စရာ မရှိလှပါဘူး။ ခြေမြန်တော်ဗျာ။ ရှေ့တော်ပြေးဗျာ။ ငြိမ်းချမ်းရေးတမန်ဗျာ။
ပြဿနာက ဟားမီး(စ)ရဲ့ တခြားတာဝန်ရဲ့ အခန်းကဏ္ဍတွေက သိပ်အကြောင်းမလှပေဘူးဗျ။ သူက သူခိုး သူဝှက်တွေ၊ ကုန်သည်တွေ၊ ခရီးသွားတွေရဲ့ နတ်လည်းဖြစ်သတဲ့။ လောင်းကစားဝိုင်းတွေ၊ ထီဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို စောင့်ရှောက်တဲ့နတ်လည်းဖြစ်သတဲ့။ လျှာကို အစိုးရတဲ့နတ်လည်း ဖြစ်သတဲ့။ သူ အစိုးရတဲ့လျှာက ကောင်းတာရော ဆိုးတာရော ပြောတတ်သတဲ့။ လျှော့လျှော့ပေါ့ပေါ့ ပြောရရင် ဟားမီး(စ)ဟာ လူရည်လညလွန်းသူပေါ့။ ခပ်ကြမ်းကြမ်းပြောရရင် တော့ဥာဏ်များလွန်းသူ ဖျံကျလွန်းသူလို့ ဆိုရပါလိမ့်မယ်။
တချို့က သူ့ကို စီးပွားရေးလုပ်ငန်းတွေကို မစတဲ့ နတ်အဖြစ် ကိုးကွယ်ကြပြီး ဒင်္ဂါးတွေ ပြည့်တင်းဖောင်းကားနေတဲ့ ပိုက်ဆံအိတ်ကိုင်ပြီး လျှောက်သွားနေပုံသရုပ်ဖော်ကြတ်။ ဒီမှာတင်ကို ဆေးပညာနဲ့ သမားတော်လုပ်ငန်းနဲ့ ဒီနတ်နဲ့က ၀ိရောဓိဖြစ်နေပြီ။
ဆေးပညာနဲ့ ဒီထက် ပဋိပက္ခဖြစ်စရာက ဒီနတ်က သေဆုံးသွားသူတွေရဲ့ ၀ိညာဉ်တွေကို ငရဲပြည်ပို့ရတဲ့ လမ်းပြဖြစ်သတဲ့။ သမားတော်တွေက လူနာတွေကို ဒီဘက်ကမ္ဘာပါအောင် ဆွဲနေချိန်မှာ ဒီနတ်က လူတွေကို ဟိုဘက်ကမ္ဘာဘက်တွန်းတွန်းပို့နေသတဲ့ဗျ။ သူခိုးသူဝှက်၊ ကုန်သည်ပွဲစားတို့ရဲ့နတ်၊ ရွှေဖြစ်ငွေ ဖြစ်နတ်၊ လူလိမ်လူကောက် လောင်းကစားသမားတွေရဲ့ဘုရင်၊ ငရဲလမ်းပြသခင်။ ကျွန်တော်တို့ ဆေးပညာနဲ့၊ သမားတော်နဲ့ နည်းနည်းမှ မအပ်စပ်ချေတကား။
မြွေတစ်ကောင်လား၊ မြွေနှစ်ကောင်လား
၁၉၉၂ အမေရိကန် ကျန်းမာလရေးဝန်ဆောင်မှု အဖွဲ့အစည်းတွေရဲ့ အမှတ်တံဆိပ်ကို စစ်တမ်းကောက် ကြည့်တော့ ပညာရပ်အဓိက၊ ပညာရှင်အဓိက အဖွဲ့အစည်းတွေက မြွေတစ်ကောင် တုတ်တစ်ချောင်း [ အက်(စ)ခလေးပီးယပ်(စ)တုတ်ချောင်း]ကို သူတို့အဖွဲ့ရဲ့ အမှတ်လက္ခဏာအဖြစ် သုံးစွဲကြတာများသတဲ့။ (၆၂ ရာခိုင်နှုန်း)။ စီးပွားရေးဆန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ (ဥပမာ-ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ) ကတော့ မြွေနှစ်ကောင်နဲ့ နှင်တံပျံ [ကာဒူးစီးသပ်(စ)]ကို အသုံးများတာ တွေ့ရသတဲ့။ (၇၆ ရာခိုင်နှုန်း)။ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့ကတော့ ဆေးပညာအမှတ်တံဆိပ်တွေရဲ့ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန်သိပြီး သုံးကြတာကိုး။ အစဉ်အလာ လက်ဆင့်ကမ်းလာတဲ့ သမိုင်းကိုလည်း တန်ဖိုးထားကြတာကိုး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)အမှတ်တံဆိပ်မှာလည်း မြွေတစ်ကောင်ပဲ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာန အမှတ်တံဆိပ်ကလည်း မြွေတစ်ကောင်ပဲ။ စီးပွားရေးဆန်တဲ့ ၀န်ဆောင်မငလုပ်ငန်းတွေကတော့ စားသုံးသူတွေ၊ သုံးစွဲသူတွေ ရင်းနှီးမျက်မှန်းတန်းမိနေတဲ့ မြွေနှစ်ကောင် (Logo)အမှတ်တံဆိပ်ကို ပိုကြိုက်ကြတယ်လေ။
ကျွန်တော်တို့ ဆေးကျောင်းတွေရဲ့ Logo ကကော ဘယ်လိုလဲ။ ကျွန်တော်တို့ မန္တလေးဆေးကျောင်းရော ရန်ကုန်ဆေး (၁)၊ ဆေး(၂)ပါ မြွေနှစ်ကောင် ပဲဗျ။ ဆေး(၁)တံဆိပ်က တုတ်တိုင်ထိပ်မှာ မီးတောက်ကလေးပါ ပါလိုက်ချေသေး။ ဆေး(၂)တုတ်ချောင်းကတော့ အတောင်ပံနဲ့။ ဒီအမှတ်တံဆိပ်တွေက ၁၉၆၄ တက္ကသိုလ် ပညာရေးစနစ်သစ်စတုန်းက အတည်ပြုပြဋ္ဌာန်းခဲ့တာ ထင်ပါရဲ့။
ဒီအမှတ်တံဆိပ်တွေ ကို ပြန်စိစစ်ဖို့ လိုပါပြီ။ သမိုင်းကြောင်းအရ ခိုင်မာတဲ့ ဆေးပညာရဲ့ ရည်မှန်းရာနဲ့ ဆေးပညာရှင်နဲ့ ကျင့်ဝတ်သိက္ခာနဲ့ တစ်ထပ်တည်းကျတ့ အက်(စ)ခလေးပီးယပ်(စ) တံဆိပ် ကို မြတ်မြတ်နိုးနိုး၊ ရိုရိုသေသေလက်ခံဖို့။ ယခုလို စီးပွားဖြစ် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ လှိုင်လှိုင်ဖွံ့ ဖြိုးနေချိန်မှာ ကြွယ်ဝမှု၊ စီးပွားရေးဆန်မှုတို့ရဲ့သခင် နတ်ဘုရင်ကို ကိုယ်စားပြုတဲ့ ကာဒူးစီးယပ်(စ)မြွေနှစ်ကောင် ကို စွန့်စ်ဖို့ ပို၍ ပို၍ လိုအပ်လှသည်ဖြစ်ကြောင်းကို ...
စာညွှန်း ။ Wilcox RA, Whitham EM(2003). "The Symbol of Modern Medicine: Why One Snake is More Than Two. Ann Intern Med. 138:673-677.
ရွက်နုဝေ၊ အောက်တိုဘာလ၊ ၂၀၀၉
ကျေးဂျူးကဘာ ကိုသန်းအောင်
(၁)
ကျွန်တော့်မွေးရပ်မြေ ကသာနှင့် အဖေ့မွေးရပ်မြေ အင်းတော်က မိုင် ၂၀ ပျော့ပျော့သာဝေးသည်။ မြို့နှစ်မြို့ ကြား ရထားလမ်း၊ ကားလမ်းရှိသည်။ ရထားလမ်းက ကသာမှ နဘား၊ နဘားမှ အင်းတော် အဆင့်ဆင့် သွား ရသည့်ပြင် နဘားမှာ မီးရထားပြောင်းစီးရသေး၍ ဤလမ်းကြောင်းကို ကျွန်တော်တို့ ဒေသကလူတွေ အသုံးပြုလေ့မရှိ။ ကားလမ်းပဲသုံးကြတာ။ သို့သော်လည်း ကျွန်တော်တို့ငယ်စဉ် ၁၉၆၀-၇၀ တစ်ဝိုက်က ကသာ-အင်းတော်ကားလမ်းက လမ်းကလည်း မကောင်း၊ ကားတွေကလည်း မီးကျိုးမောင်းပျက်၊ စစ်ကျန် ကားဟောင်းကြီးတွေကို သနပ်ခါး လိမ်းထားတာ။
ကသာ-အင်းတော် ခရီးက ပုံမျန် ၄ နာရီကျော်ကျော်လောက် ကြာသည်ဆိုလျှင် ဒီခေတ် လူငယ်တွေ နှာခေါင်း ရှုံ့ကြမည်။ ဒါတာင် ကံကောင်းမှ ၄ နာရီနဲ့ ရောက်တာ။ ကံဆိုးလို့ လမ်းမှာ ကားပျက်ခဲ့ရင် သွားပေ ရော့။ ၆ နာရီကျော်ကျော်။ နံနက် ၁၀ နာရီခွဲစီး။ ညနေ ၄ နာရီတစ်ဝိုက် ခရီးဆိုက်ခဲ့ရင် သင် အတော်ကံထူး သူဖြစ်လိမ့်မည်။
ကသာ-အင်းတော်ကားလမ်းမှာ ပြေးဆွဲကြတဲ့ကားက သုံးလးစင်းသာ။ ကားတွေက အချိန်ဇယားမရှိ။ ခရီး သည်ရှိသရွေ့ စောင့်တင်။ ဘယ်အချိန် ကားထွက်မလဲ သွားမမေးလေနှင့်။ ခရီးသည်စုံလျှင်၊ ကုန်တွေ ပြည့်လျှင် ထွက်လိမ့် မည်။ ကားပိုင်ရှင်တွေက ကသာနှင့် အင်းတော်က။ ကသာကားပိုင်ရှင် ဦးကြီးလှိုင်က ကျွန်တော်တို့ ရပ်ကွက် တစ်လမ်းတည်းသား။ သူ့ကားက နာမည်ကြီး။ လမ်းမှာ ခဏခဏ ပျက်လွန်လွန်၍ "ဦးကြီးလှိုင်ကား စီးလို့ ကတော့ ထမင်းချိုင့်ဆောင်သွား" ဟုခရီးသွားချင်း ပြောစမှတ်ပြုကြရသည်။ လမ်းမှာက ရွာလေး တစ်ရွာစ နှစ်ရွာစပဲ ရှိတာ။ ၀ယ်စားစရာ ဘာကမှမရှိ။ နတ္ထိ။ ကိုယ်ထူကိုယ်ထ။ ကိုယ့်ရိက္ခာ ကိုယ်သယ်။
ကျွန်တော်ငယ်စဉ် က အဖေ့ဆွေမျိုး တွေရှိရာ အင်းတော်ကို အလည်လိုက်သွားလေ့မရှိတာကြောင့် ဦးကြီး လှိုင်ကားနှင့် ကျွန်တော် ဘာမှ ပတ်သက်စရာ မရှိ။ သို့သော်လည်း ဦးကြီးလှိုင်၏ သားသမီးတွေနှင့် ကျွန်တော် ရေစက်ဆုံပုံကို ပြောရဦးမည်။
(၂)
ဦးကြီးလှိုင်သမီးငယ် မခင်တုတ်က ကျွန်တော်နှင့် ကျောင်းနေဖက်။ သူက မိန်းကလေးပေမယ့် သွားရင် လာရင် ဒေါင်းတိမောင်းတိ ယောက်ျားကြီးနှင့် တူလှသည်။ စာတော့ သိပ်မတော်။ ကျွန်တော်နှင့်ခင်သည်။ "မောင်အောင်ကြီး၊ မောင်အောင်ကြီး" ဟုခေါ်တတ်သည်။
မခင်တုတ် တို့အိမ်ရဲ့ ထူးခြားမှုက သူတို့မောင်နှမတွေ အားလုံးလိုလို အားကစားဝါသနာကြီးခြင်း။ အစ်ကိုကြိး ကိုသန်းအာင် က အလျားခုန်ပြိုင်ပွဲဝင်နေကျ။ သူ့နှမ နုနုရီက ကသာရေကူးချန်ပီယံ။ တာလတ် အပြေးချန်ပီယံ။ ၁၉၆၈ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ တာလက်ပြေးမှာ ရွှေတ့ဆိပ်ရ သည်။ မခင်တုတ် ကတော့ သူလိုကိုယ်လို အားကစားဝါသနာရှင်။ ဆုတွေဘာတွေရသည် မကြားစဖူး။
သူတို့အိမ်က ကသာတောင်ပိုင်းရပ်ကွက် ကလေးတွေ၊ လူငယ်တွေရဲ့စုရပ်ဖြစ်သည်။ ကျွန်တော်ဆိုလျှင် သူတို့ အိမ်ဝင်းထဲဝင်၊ အိမ်အောက်ထပ် လူပျိုခန်းထဲထိ ၀င်ရောက် စူးစမ်းဖူးသည်။ ကိုသန်းအောင်တို့နှင့် ဆွေမကင်း မျိုးမကင်း လူပျိုကျောင်းသားကြီးတစ်ဦးနေသည့်အခန်း။ သူ့နာမည်က ကိုအေးကို။ တစ်ခါက သူ့အခန်းနံရံမှာ ချိတ်ထားတဲ့ တစ်ကြောင်းဆွဲ ပုံတူကားတစ်ချပ် တွေ့ရသည်။ မျက်နှာနှင့် လည်ပင်းဘေး တိုက်ပုံ။ မုတ်ဆိတ် တိုတိုချွန်ချွန်နှင့်။
" ဟ ... လီနင်ပုံပါလား " ဟု ကျွန်တော့်ပါးစပ်က လွှတ်ခန အော်လိုက်မိသည်။ ကျွန်တော်က ၅ တန်း ကျောင်းသား အရွယ်။ ကိုအေးကိုက ၉ တန်း၊ ကျောင်းသားကြီး။ သူက ကျွန်တော့်ကို အံ့အားတသင့် ကြည့်လိုက်ပြီး -
" မင်း သိသားပဲ။ မင်း ဘယ်လိုသတာတုံး" တဲ့။
ကျွန်တော့် အတွက် ဒီပုံက မြင်ဖူးတာ ဖန်တစ်ရာမက။ အဖေက ဆိုဗီယက် ယူနီယံစာစောင် လစဉ်ပုံမှန် ယူတာဆိုတော့။ ဆိုဗီယက်ရုရှားကို ကြိုက်လွန်းလွန်း၍ အဖေ ဒီစာစောင်တွေကို မှာယူဖတ်ရှုနေသည်ဟု ကျွန်တော်မထင်။ ဒီစာစောင်တွေက အလကားပဲတင်းရတာကြောင့်ဖြစ်မည်။
(၃)
ကိုသန်းအောင်တို့ အိမ်ရှေ့မှာ ဗရင်ဂျီဘာသာဝင်တွေရဲ့ ၀တ်ကျောင်းရှိသည်။ ၀တ်ကျောင်းက သိပ်မကြီးလှ သော်လည်း ၀င်းကြီးက ကျယ်မှကျယ်။ (ကလေးမျက်စိနဲ့)။ ညနေခင်းတိုင်းလိုလို ကျောင်းဆင်းရင် ကျွန်တော်တို့ ကျက်စားရာနယ်မြေ။ ကစားနည်းမျိုးစုံ ကစားကြ။ ရန်ဖြစ်ကြ။ စိတ်ကောက်ကြ၊ ပြန်ခေါ်ကြ။ သို့သော်လည်း ကိုသန်းအောင် ရှိနေသရွေကတော့ ရန်ပွဲကြီးကြီးကျယ်ကျယ် ဖြစ်စရာမရှိ။
ထိုစဉ်တုန်းက ကိုသန်းအောင်မှာ အသက် ၂၀ ၀န်းကျင်ပဲ ရှိဦးမည်။ သို့ပေမဲ့ သူဟာ ကျွန်တော်တို့အတွက် ဧရာမလူကြီး။ သူ့လက်မောင်းအိုးတွေက တုတ်တုတ်ခိုင်ခိုင်။ ကြွက်သားတွေနဲ့ တင်းရင်းလို့။ ခါးကသေးသေး။ ခြေသလုံးကြွက်သားတွေက အချိုးကျကျ ဖွံ့ဖြိုးလို့နေ။ သူ့ကိုယ်မှာ အဆီပိုမရှိ။ သူက ဆယ်တန်းကျောင်းသားကြီး။ မျက်နှာက ပြုံးချိုသော်လည်း တည်တည်ကြည်ကြည်။ အားလုံးနှင့် အရော တ၀င်နေတတ်သည်။ သို့သော်လည်း ဘယ်သူ့ကိုမှ ပိုပိုသာသာ အရေးပေးလေ့မရှိ။ မိန်းမပျိုတွေနှင့်လည်း သိပ်ရင်းရင်းနှီးနှီး ပရေပရီနေတာ မတွေကရ။ သူရှိရင် ကလေးတွေပျော်သည်။ သူကိုယ်တိုင် ကလေးတွေ အတွက် ကစားနည်း မျိုးစုံ ဖန်တိးပေးလေ့ရှိသည်။ ပြီးတော့ သူက မျှတသော ဒိုင်လူကြီး။
တစ်ခါ နွေကျောင်းပိတ်ရက်ရှည်ကြီးစတော့ ကျွန်တော် ကျောင်းကအပြန် လွယ်အိတ် ဗုန်းခနဲပစ်ချ။ အ၀တ် အစား အပြေးအလွှားလဲ၊ ရေတ၀သောက်ပြီး၊ ကိုသန်းအောင်တို့အိမ်ရှေ့ ကစားကွင်းကြီးဘက် ပြေးထွက်ခဲ့။ ပါးစပ်က "မီးပွင့်အောင် ဆော့မဟေ့" လို့ အော်ဟစ်ကြုံးဝါးခဲ့တာ သတိရမိသေးတော့။
ကိုသန်းအောင်က ကလေးတွေအတွက် ကစားပွဲတွေသာမက ပြိုင်ပွဲတွေပါ ဖန်တီးပေးလိုက်သေးသည်။ အဲဒီပြိုင်ပွဲတွေ အားလုံးအတွက် ကုန်ကျစရိတ်မှန်သမျှ သူ့အိတ်ထဲက စိုက်ထုတ်ပြီးလုပ်ခဲ့တာ။ ဟိုတုန်းက သတိမထားမိခဲ့။ ယခု ကြီးလာမှ ဒီအချက်ကို စဉ်းစားမိသည်။ ပြိုင်ပွဲဝင်ကလေးတွေ အားလုံးလိုလို ဆုရကြ သည်။ ကစားစရာ အရုပ်လေးတွေ၊ စားစရာချိုချဉ်နဲ့ မုန့်လေးတွေ၊ ရောင်စုံခတံ ခဲဖျက်လေးတွေ။ အမယ်စုံ။ ပြိုင်ပွဲတွေကလည်း စုံသလားမမေးနှင့်။ တစ်ဦးချင်း ယှဉ်ရတဲ့ပွဲရော၊ အုပ်စုလိုက် ပြိုင်ရတဲ့ပွဲရော။ ညာဉ်သုံး ရတဲ့ပွဲရော။ ကံသုံးရတဲ့ပွဲရော။ မုန့်စားပြိုင်ရတဲ့ပွဲရော။ စုံမှစုံ။
ကျွန်တော်လည်း ပွဲတိုင်းလိုလို ၀င်နွှဲလိုက်တာပဲ။ အရှုံးမှ မရှိတာ။ ကျွန်တော့် အားကစားစွမ်းရည်ကလည်း အများမနာလိုစရာ။ လူက ပိန်ပိန်ပါးပါး၊ အပြေးကလည်းဝါသနာပါလေတော့ အပြေးပြိုင်ပွဲတွေမှာ ၀င်စမ်း ကြည့်ရင် ကောင်းမယ်လို့ မိမိဘာသာ ဆုံးဖြတ်ပြီး အပြေးပြိုင်ပွဲတိုင်းလိုလို ကျွန်တော် ၀င်ပြိုင်ဖြစ်သည်။ ဘာဆုမှမရ။ ဘာနံပါတ်မှမချိတ်။ ကိုယ့်ကိုယ်ကိုယ် အပြေးကောင်းလှထင်နေတာ။ တကယ်ဝင်ပြိုင်လိုက် တော့ ကိုယ့်ထက် ပြေးနိုင်သူချည်း။ ဒီလူတွေ ဘာကြောင့် ဒီလောက်လျင်မြန်ဖျတ်လတ် သန်စွမ်းနေပါလိမ့်။
သူငယ်ချင်းနှင့်အတူ ခြေထောက်နှစ်ချောင်း ပုဆိုးနှင့် ပူးချည်ပြီး သုံးချောင်းထောက်ပြေးရတဲ့ပွဲ ၀င်ပြိုင်တော့ ဟုတ်မလိုလိုနှင့် တာမှစထွက်ပြီး မကြာခင် နှစ်ယောက်သား လဲကျ လိုက်တာ တော်တော်နှင့် ပြန် မထနိုင် တော့။ ပြန်ထပြေးတော့ အားလုံး ပန်းဝင်သွားကြပြီ။
ဂုန်နီအိတ် ထဲ ခြေထောက်နှစ်ချောင်းဝင်ပြီး ခုန်ဆွခုန်ဆွ ပြေးပြိုင်ပွဲဝင်တော့လည်း ထုံးစံအတိုင်း အလဲလဲ အကွဲကွဲ။ ကစားကွင်းမြက်ခင်းက ထူထူမို့တော်ရော့သည်။
တန်းမြင့်ခုန် ၀င်ပြိုင်တော့လည်း သူများတကာ ခုန်နိုင်သလောက်တောင် မနည်းခုန်ယူရသည်။ သူတို့ တစ် တွေက "၀က်ရှင်ထိုး" လို့ခေါ်တဲ့ မှောက်ရက်ကလေး၊ ရှေ့ခြေထောက်ကို တန်းလွတ်ရုံကျော်၊ ကျန်တဲ့ခြေ ထောက်ကို တန်းနှင့်ကပ်လျက် သီသီလေးသိမ်းပြီး ခုန်သွားလိုက်ကြတာ။ ကျွန်တော့်မှာ အဲဒီလို လည်း မခုန် တတ်ပြန်။
အလျားခုန်ကျတော့လည်း နောက်ပြန် ပြန်လန်ပြီး လက်ထောက်ရက်သားကျတတ်သမို့ တွင်းနှုတ်ခမ်းနှင့် မလှမ်းမကမ်းမှာပဲ စခန်းသိမ်းရသည်က ခပ်များများ။ ၀ါသနာဘာဂီ ဆက်တိုင်းမီသော်ငြား ၀ါသနာမီးခဲ တရဲရဲ နောက် မိမိ၏ ရူပက္ခန္ခာကမလှိုက်နိုင်လေတော့ သူများတွေ ဆုရတာကိုပဲ ငေးကြည့်သွားရည်ကျ။ ဇွတ်အတင်းဝမ်းသာပြရ။
ဒီချိုချဉ်လေးတွေက အိမ်မှာလည်း ရှိတာပဲ။ ဘာဆန်းသလဲ။ ဆန်းတယ်ဗျ။ ဒီကစားကွင်းထဲက ချိုချဉ်က ပိုလို့ချိုတယ်လေ။ သူငယ်ချင်းတွေက သူတို့ရဲ့ အောင်သေအောင်သား မျှဝေသော်ငြား ကျွန်တော့်မှာ တစ် ခုခုလိုနေသလိုလို။
ပြိုင်ပွဲတစ်ခုက ကံပြိုင်ပွဲ။ ပြိုင်ပွဲဝင်တွေရဲ့ မျက်စိကို အ၀တ်အထပ်ထပ်ကျပ်ကျပ်စည်း။ ကိုယ်ကို လေးငါး ဆယ်ပတ် မူးလောက်အောင် လှည့်ပြီး တုတ်တစ်ချောင်း လက်ထဲထည့်လိုက်ရုံ။ တာထွက်ရာနဲ့ ခပ်လှမ်း လှမ်းမှာ ရေနံဆီ ထည့်တဲ့ သံပုံးတစ်ပုံး ထောင်ထားသည်။ အဲဒီသံပုံးကို တုတ်နှင့်ရိုက်နိုင်ရင်ပြီးပြီ။ ကျွန်တော့် ရှေ့က ဘယ်သူမှ ပုံးကို သတ်မှတ်ချိန်အတွင်း မရိုက်ခိုင်ခဲ့။
ဒီပွဲတော့ ကျွန်တော်ဝင်နွှဲမှ။ ဒါက ကျွန်တော့်လို အဖြစ်မရှိသူတွေအတွက် သက်သက်ဖန်တီးထားသည့်ပွဲ။ လက်လွှတ်ခံ လို့ မဖြစ်ဘူး။ ကျွန်တော့်အလှည့်မှာ ကိုသန်းအောင် ကိုယ်တိုင် မျက်စိကို အ၀တ်ထူထူစည်း ပေးပြီး ကိုယ်ကို ချာလပတ်မွေ့လိုက်သည်။ ပြီးတော့ လက်ထဲ တုတ်တစ်ချောင်းထည့်လိုက်သည်။ ရေနံဆီ ပုံးရှာရိုက်ပေရော့ ကိုယ့်လူရေ။
ဘေးပွဲကြည့်ပရိသတ်က သံပုံးက ဒီဘက်မှာကွ။ မဟုတ်ဘူး ဟိုဘက်မှာစသဖြင့် ကျွန်တော့်ကို လမ်းမှာအောင် အမျိုးမျိုးသွေးဆောင် ဖြားယောင်းကြ။ ဆူဆူညံည့ အော်ဟစ်ကြ။ သူတို့မသိလိုက်တာက ကျွန်တော့်မျက်လုံးကို အ၀တ်စည်းရာမှာ ဘ်လိုကဘယ်လို ချွတ်ချော်သွားလေသည်မသိ။ ကျွန်တော့်မျက် လုံးတွေက အ၀တ်ကိုဖောက်ထွင်းပြီး အပြင်ကအရာတွေအားလုံးမြင်နေရလေသည်။ အစပထမတော့ ခပ် တည်တည် ဟိုရိုက်ဒီရိုက်ပေါ့။ သံပုံးနဲ့ တခြားစီ။ အားလုံးတ၀ါးဝါး။ တ၀ုန်းဝုန်း။ တရုန်းရုန်း။ သဘောတွေ ကျ။ နောက်ဆုံးအချိန်စေ့ခါမီးမှ သံပုံးနား မယောင်မလည် ရောက်သွားသလိုလိုပုံစံချိုးပြီး သံပုံးကို အားရပါးရ တုတ်နှင့် ရိုက်ချလိုက်သည်။ အားလုံး ၀ိုင်းသြဘာပေးကြ။ ကျွန်တော် အခုမှ ချိုချဉ်စားရ တော့သည်။ ချိုချဉ်က ချိုမှချို။
ကလေးတုန်းက အများနည်းတူ ပြိုင်ပွဲဝင်လျှင် နိုင်ချင်တာပဲရှိသည်။ တရားသလား မတရား သလား မသိ။ သေချာတာက ကျွန်တော်တို့အားလုံး ထိုစဉ်ကပျော်ခဲ့ကြတယ်ဆိုတာပါပဲ။
ထိုပျော်ရွှင်မှု အပေါင်း၏ မြစ်ဖျားခံရာ ကိုသန်းအောင်ကို အခုတစ်လောသတိရမေမိသည်။ ကျွန်တော် ၇ တန်း ၈ တန်းရောက်တော့ ဆောင်းတွင်းနံနက်တိုင်း ကိုသန်းအောင်တို့နှင့်အတူ ကသာမြို့ ပတ်ပြေးကြ သည်။ ကျွန်တော့် အစ်ကိုနှင့် ကိုမြင့်ဆွေလည်း ပါသည်။ တစ်ခါတစ်ရံ ကျွန်တော်မောလို့ လိုက်မပြေးနိုင်ခဲ့ရင် ကိုသန်းအောင်နှင့် ကိုမြင့်ဆွေက ကျွန်တော့် လက်မောင်းတစ်ဖက်စီ စုံကိုင်ပြီး တွဲခေါ်လေ့ရှိသည်။ ကျွန်တော့်မာ တရွတ်တိုက် နီးပါး။ နံနက် ၄ နာရီခွဲ ၅ နာရီကြား ပြေးခဲ့ကြတာ။
ကိုသန်းအာင်က စိုက်ပျိုးရေးလို မြေကျေးရှင်လို ဌာနတစ်ခုမှာ စာရးဝန်ထမ်းဝင်လုပ်သည်။ လူပျိုကြီးဘ၀နဲ့ပဲ အသက် ၄၀ ၀န်းကျင်တစ်ဝိုက်မှာ ဆုံးပါးသွားသည်။ ဘာရောဂါနှင့် ဆုံးသွားမှန်းပင်မသိလိုက်။
ကျွန်တော် အသက်ကလေးရလာတော့မှ သူ့အကြောင်း စဉ်းစားရင်း သူ့ကျေးဇူးတွေကို တနုံ့နုံ့သတိရမိ သည်။ ငယ်သွေး ငယ်မာန်တွေ၊ အစွမ်းပြချင်စိတ်တွေ၊ ပြိုင်ချင်ဆိုင်ချင် အနိုင်ယူချင်စိတ်တွေနှင့် ဝေလျှံကျ နေသည့် လူငယ်တွေကို အားကစားနဲ့ ပြိုင်ပွဲမျိုးစုံနဲ့ မသိမသာ စည်းရုံးခဲ့တာ။ ပျော်ရွှင်စေခဲ့တာ။ ထွက်ပေါက် ဖွင့်ပေးခဲ့တာ။ လူငယ်တေါ မူးယစ်ဆေးဝါးဘက်၊ အရက်ဘက်၊ မသန့်ရှင်းတဲ့ ပျော်ရွှင်မှုတွေဘက် ရောက် မသွားအောင်။ သူကိုယ်တိုင်က ၀င်ငွေသိပ်ရှိသူ မဟုတ်သည့်တိုင် ဒီပျော်ပွဲပြိုင်ပွဲကို အိတ်ထဲမှ စိုက်ထုတ် လုပ်ပေးသွားခဲ့တာ။ ကသာတောင်ပိုင်းက လူငယ်တွေရဲ့အပေါ်မှာ ကိုသန်းအောင်အကြွေး တင်နေပြီ။
ကျွန်တော့် အပေါ်မှာရော။ ကျွန်တော် သံပုံးရိုက်ပွဲမှာ ဆုရခဲ့တာ သူ့ဇာတ်ညွှန်းများလားဟု ခုမှ အတွးဝင်မိ ရသည်။ ကျွန်တော်က ငယ်စဉ်ကတည်းက ဘာလုပ်လုပ် အလေးအနက် လုပ်တတ်သူ။ အားကစားပွဲတွေမှာ ကျွန်တော် အသေအကျေလုပ်ခဲ့တာ သူသတိထားမိပေလိမ့်မည်။ သို့သော်လည်း ဘာဆုမှမရ၍ သိပ်ငယ်စိတ်ရှက်စိတ်နှင့် မွှန်ထူနေသည့် ၅ တန်းကောင်းသားလေးရဲ့ အရောင်ဖျော့မျက်နှာ လေးကို သူ သတိပြုမိပေလိမ့်မည်။ ဒီကလေးအတွက် တစ်ခုခုတာ့ လုပ်ပေးဦးမှဟု သူအတွေးဝင်မိပေလိမ့် မည်။
ကျွန်တော့် မျက်စိကို သူကိုယ်တိုင် အ၀တ်စည်းပေးခဲ့တာ။ ခပ်လျော့လျော့ စည်းထားလို့။ ခပ်ပါးပါးစည်းထား လို့သာ ကျွန်တော် ဖောက်ထွင်းမြင်နိုင်ခဲ့တာဖြစ်မည်။ ကျွန်တော့်လို ချာတိတ်တစ်ယောက် သည်လည်း ဆုတစ်ဆုတော့ ထိုက်ထိုက်တန်တန် ရသွားသည်ဟု အများက ထင်မြင် လက်ခံလာအောင် သူ ပရိယာယ်သုံးသွားခဲ့လေသည်လား။ ကျွန်တော့် သိမ်ငယ်ကြေမွစိတ်ကို လျော့ပါး လွင့်စဉ်စေလိုသည်လား။ ကိုသန်းအောင် ... ကျွန်တော့် အကြွေးက အစ်ကို့ အပေါ်ကြီးလှပါတယ်။ ကျွန်တော် အကြွေးမဆပ်လိုက် ရဘူး ဗျာ။
ကိုသန်းအောင်၊ အစ်ကို ဟာ အညတြသန်းအောင် မဟုတ်ဘူး။ ကသာမြေသန်းအောင်။ ကျွန်တော့်အတွက် ကသာတောင်ပိုင်း က လူငယ်လူရွယ်တွေအတွက် ခင်ဗျားဟာ မဟာသူရဲကောင်း။
ပန်းအလင်္ကာ၊ ဧပြီလ၊ ၂၀၁၀
ပြီးပါပြီ
.
3 comments:
ကိုသန်းအောင်လိုလူမျိုး ဖြစ်ချင်လိုက်တာ။
ကောင်းရာသုဂတိ လားပါစေ။
'အတွေးလူ.အဆွေးလူ'မှာ ဒီတစ်ပုဒ်ကို အကြိုက်ဆုံးပဲ။
Ma Shwe Zin, one of your missions is completed and thankful to you, Saya Aung Gyi gently explores the beautiful mind beneath the glittered things by mixed medical knowledge and aesthetic writing.
ကျေးဂျူးကမ္ဘာကိုသန်းအောင်ကိုကြိုက်ပါတယ်။ ဖတ်မိတဲ့လူငယ်တွေ အကျိုးများမှာပါ။ ပို့စ်တင် ပေးတဲ့မရွှေစင်ကို ကျေးဇူးတင်ပါတယ်။
Post a Comment