Saturday, November 3, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၁၄)

ဆလိုကမ်
ဖို့ဒ်ဘရက်
(ဆယ်ရက်မြောက်နေ့)


ဂျစ်ကားပေါ်မှာထိုင်ပြီး ကျုပ် ဦးနှောက်တွေ အလုပ်ရှုပ်နေတယ်၊ ကျုပ်နံဘေးမှ ကွမ်ဘိုစီ။ ကျုပ်တို့ နှစ် ယောက် စလုံး ကောင်းကင်ကို မော့ကြည့်နေကြတယ်။ ပေငါးထောင် အမြင့်ကနေပြီး ဧရာမ လေတံခွန် ကြီးတွေဟာ လင်းတအုပ်ကြီး လိုပဲ ဝဲကာဝဲကာနဲ့ နိမ့်ဆင်းလာကြတယ်။ ကွမ်လိုစီက…
"နှစ်ဆယ် မကပါလားဗျ ဗိုလ်မှူးကြီး"
"နှစ်ဆယ့်လေးကောင်၊ လေ့ကျင့်နေရင်း ဖျားမယ် နာမယ် ဒဏ်ရာရမယ်ဆိုရင် အစားထိုးဖို့ ကျွန်တော် လေးယောက် အပိုထည့်ထားတယ်၊ သေသေချာချာကြည့်၊ သူတို့ အားလုံး စက်ရပ်လိုက်ကြပြီ၊ ဆင်း လာကြလိမ့်မယ်" လေတံခွန်အုပ်စုဟာ စက်ရပ်လိုက်ပြီးတာနဲ့ ခဏ ပရမ်းပတာ ဖြစ်သွားတယ်။ ဒါပေမယ့် ချက်ချင်းဆိုသ လို လေးယောက် တစ်အုပ်စု ပြန်ပြီး တန်းစီနိုင်ခဲ့ကြတယ်။ ဝဲကာ ဝဲကာနဲ့ မြေပြင်ကို သူတို့ ဆင်းလာ နေကြပြီ။ မြေပြင်မှာ ဧရာမကြက်ခြေခတ် အမှတ်အသားကြီးတွေ ဆေးဖြူနဲ့ရေးထားတယ်။ သမံ တလင်း ကွင်းပေါ် မှာ ကြက်ခြေခတ်အမှတ်အသား တစ်ခုနဲ့တစ်ခု မီတာသုံးဆယ် ကွာတယ်။ ကွင်းတစ် ဖက်မှာ လူနှစ်ယောက် ရပ်ပြီး လက်ကိုင်ရေဒီယို တယ်လီဖုန်းနဲ့ စကားပြောနေကြတယ်။ လေကာဝတ် ရုံတွေ ကိုယ်စီ ဝတ်ထားသည်။

ကြမ္ဘိုစီက…
"သူတို့က ဘယ်သူတွေလဲ၊ အရပ်သားတွေလား၊ ဘာလုပ်နေကြတာလဲ"
"ဟုတ်ကဲ့… ကျွန်တော်တို့ကိုလာပြီး အကူအညီ ပေးနေတာပါ၊ ဗိုလ်ချုပ်ဆိုင်မွန်ဆီမှာ ခွင့်တောင်းပြီးပါ ပြီ"
"ဘယ်သူတွေလဲ" "ပုပုတစ်ယောက်က လာရီနယူးမင်း၊ ရှည်ရှည် တစ်ယောက် ဘရိုင်ယန် အလန်၊ နှစ်ယောက် စလုံး နာမည်ကျော် လေကြောင်း စွန့်စားရေးသမားတွေပေါ့"
ကွမ်လိုစီ က မျက်ခုံးတွန့်ပြီး…
"တော်တော် ငယ်ကြသေးတာပဲ"
ကျုပ်က ရယ်ပြီး… "နယူးမင်းက သုံးဆယ်ပြည့်တော့မယ်၊ ဆယ့်နှစ်နှစ်သား ကတည်း က လေယာဉ်ပျံမောင်း လာတာ၊ နှစ် ဆယ့်တစ်နှစ် အရွယ်မှာ လီယာဂျက်မောင်းတယ်၊ အဲဒီကတည်းက အက်ဖ် ၁၆-တို့၊ အက်ဖ် ၁၈-တို့၊ ၁၀၁၁ တို့ကို မောင်းလာတာ၊ကွန်းကော့တောင်မောင်းနိုင်တယ်၊ ပြီးတော့ ရဟတ်ယာဉ်လေသူရဲလဲ လုပ်ခဲ့ဖူး တယ်။ မိုးပျံဘောလုံးနဲ့ လေတံခွန်လေ့ကျင့်ရေးမှာ အတော်ဆုံးမှာ အတော်ဆုံးသင်တန်းဆရာ ပဲ၊ အတ္တလန္တိတ် သမုဒ္ဒရာကို မိုးပျံဘောလုံးနဲ့ သုံးယောက်ဖြတ်ကူးတဲ့အထဲမှာ တစ်ယောက်အပါအဝင် လေ"

"သြော်… သူလား၊ ကြားဖူးတယ်… ကြားဖူးတယ်"
"အလန် ကလဲ သုံးဆယ်ဝန်းကျင်ပဲ၊ သူလဲ ကမ္ဘာကျော်လေသူရဲတစ်ယောက်ပဲ၊ ပြီးတော့ မော်တော်ဆိုင် ကယ် ပြိုင်ပွဲတွေ မှာ အမြဲတမ်း ပါခဲ့တဲ့ကောင်ပါ၊ အင်္ဂလိပ်ရေလက်ကြားကို စက်မဲ့လေယာဉ်နဲ့ ပထမဦး ဆုံး ဖြတ်သန်းပျံ ခဲ့ တာ သူပေါ့"
ကွမ်လိုစီက ခပ်တိုးတိုး ပြန်ပြောသည်။
"သူ့အကြောင်းလဲ ကျွန်တော် ကြားဖူးတယ်၊ သူတို့ကို ဘယ်လိုပေးမလဲ"
"မစ္စတာကွမ်လိုစီ… ခင်ဗျား၊ ဒီလို အလုပ်မျိုးအတွက် ဒီလိုလူငယ်တွေကို ဘာမှပေးစရာမလိုပါဘူး၊ သူတို့ နှစ်ယောက် က လေတံခွန် လေ့ကျင့်ရေးမှာ အတော်ဆုံး ဆရာနှစ်ယောက်ပဲ၊ ကျွန်တော့်လူတွေ ထဲမှာ တချို့ ပဲ စီးဖူးတယ်၊ ဒါပေမယ့် သူတို့အားလုံး ချက်ချင်း တတ်သွားမှာပါ။ မပူပါနဲ့၊ ဟောဟိုမှာ… ကြည့်"
ပထမအုပ်စုနှစ်စုက အရင်ဆင်းလာတယ်။ တစ်နာရီ ဆယ်မိုင်နှုန်းလောက် တိုက်နေတဲ့ လေထဲမှာ ဆင်း လာကြတော့ ကြည့်လို့သိပ်ကောင်းတာပေါ့။ သမံတလင်း ကွင်းပြင်ထဲကို ငြိမ့်ငြိမ့်ကလေး ကျတယ်၊ သတ်မှတ်ထား တဲ့ ကြက်ခြေခတ်ရဲ့ညာဘက်ယွန်းယွန်းမှာ ကျတာများတယ်။ တစ်မီတာ နှစ် မီတာလောက်ပဲ ကွာ တယ်၊ မီတာ သုံးဆယ်လောက်မှာ သွားကျတာ တစ်ယောက်ပဲရှိတယ်။ လေသူရဲ တွေဟာ ချက်ချင်း သူတို့ ရဲ့ဆိုင်းကြိုးတွေ၊ အနှောင်အဖွဲ့တွေထဲက ပြေးထွက်လာပြီး တန်းစီလိုက်ကြ တယ်။ နောက်တစ်မိနစ်အတွင်းမှာ ဒုတိယ အသုတ် အလားတူ ဆင်းလာကြတယ်။
ကျုပ်က ကျေနပ်တဲ့လေသံနဲ့ ပြောလိုက်တယ်။

"မဆိုးဘူး… သိပ်နပ်တယ်"
ဆရာနှစ်ယောက် လေသူရဲတွေကို စကားပြောနေတယ်။ ကြမ္ဘိုစီက…
"ခဏလေး… ခဏလေး၊ သူတို့ သင်တန်းချိန်ကလေး ပြီးပါစေဦး မစ္စတာ ကွမ်လိုစီ"
သူ စီးကရက်ထုတ် မီးညှိပြီး…
"ဗိုလ်မှူးကြီး… ကျွန်တော်တို့နှစ်ယောက်တည်း  ရှိတဲ့အချိန်မှာ ကျွန်တော့်ကို တရိုတသေ ဆက်ဆံနေ ဖို့ မလိုပါဘူး ဗျာ၊ ရင်းရင်းနှီးနှီးပေါ့"
"ကျေးဇူးတင်ပါတယ်… မစ္စတာ ကွမ်လိုစီ"
"မိုက်ပဲ ခေါ်ပါဗျာ"
"ကောင်းပါပြီ… မိုက်၊ ကျွန်တော့်ကိုလဲ ဆိုက်လက်စ်ပဲ ခေါ်ပါ"
ကျုပ်တို့ နှစ်ယောက် ပိုရင်းနှီးသွားတယ်။ ခဏ ထိုင်စောင့်ပြီး အတန်ကြာမှ သူက…
"ကြည့်ရတာတော့ လွယ် သလိုပဲ၊ ဒါပေမယ့် ညဆိုရင်တော့ ဆင်းရခက်မလားပဲ၊ ပြီးတော့ တိုက်ပွဲမှာဆို ရင် ပိုခက်လိမ့်မယ် ထင်တယ်" "သိပ်ဟုတ်တာပေါ့၊ ဒီည လာကြည့်ကြသေးတာပေါ့"

သူတို့ အားလုံး တန်းဖြုတ်လိုက်ကြတယ်။ သူတို့အထဲက နှစ်ယောက်ကတော့ လေတံခွန်ကြီးတွေဆီ ပြန်သွားပြီး စက်နှိုး တယ်။ ပြီးတော့ ပြေးလမ်းပေါ်လှိမ့်သွားပြီး ကောင်းကင်ကို ပြန်တက်သွားတယ်။ အလန်နဲ့ နယူးမင်း ကျုပ်တို့ဆီလျှောက်လာတယ်။ ကျုပ်က မိတ်ဆက်ပေးတော့ အလန်က ရှက်သလို လို လုပ်နေတယ်။ အိမ်ဖြူတော် က ပုဂ္ဂိုလ်ကို အလွန်အမင်း အရိုအသေ ပေးနေတယ်။ နယူးမင်းက အရမ်းတက်ကြွနေပုံနဲ့ လက်ဆွဲနှုတ်ဆက် တယ်။ ကွမ်လိုစီ တစ်ယောက် အားရနေပုံပဲ။ အပြန်အလှန် လေးစားမှုပေါ်လွင်တဲ့ တဒင်္ဂပါပဲ။ ကွမ်လိုစီ က ကျေနပ်နေတဲ့လေသံမျိုးနဲ့…
"မောင်ရင် တို့ နှစ်ယောက်စလုံးကို သိပ်ကျေးဇူးတင်တယ်၊ မောင်ရင်တို့ လုပ်နေတဲ့ အလုပ်ဟာ သိပ် ကြီးမြတ်တဲ့ အလုပ် ဆိုတာ မြဲမြဲမှတ်ထားကြပါ"
"သူတို့နှစ်ယောက် စလုံး လူတော်တွေဗျ" လို့ ကျွန်တော် ဝင်ထောက်ပေးလိုက်တယ်။

နယူးမင်းက ပြုံးပြီး…
"ခင်ဗျား လူတွေက ချက်ဆို နားခွက်က မီးတောက်တဲ့လူတွေပဲ ဆိုက်လက်စ်၊ နောက်တစ်ပတ်ဆို သူတို့ကို သိကြားမင်း ဆီ လွှတ်လို့ရပြီ"
အလန် က ဧရာမလေတံခွန်ကြီးနှစ်ကောင်လို လက်ညှိုးထိုးပြပြီး…
"ဘရန်း နဲ့ ကားကို နာရီဝက် ထပ်ကျင့်ခိုင်းထားတယ်၊ ဒါပြီးရင် ကျွန်တော်တို့ နားတော့မယ်၊ ညကျမှ တစ်ခါမောင်းမယ်"
"ကောင်းပြီ အလန်၊ တို့ ညစာစားပြီးမှ ပြန်တွေ့မယ်၊ ဟေ့… လာရီ၊ ရဲဘော်အားလုံး ဒီကိုခေါ်လိုက်စမ်း"
"ဟုတ်ကဲ့ ခင်ဗျ"
လာရီ ပြေးသွားသည်။ ပြီးတော့ သူတို့ အုပ်စုလိုက် ချီတက်လာကြတယ်။
"ကျုပ်ကို နောက်ဆုံးရတဲ့ ထောက်လှမ်းရေးသတင်းပေးပါဦး မိုက်"
"ပေးမယ်… ပေးမယ်၊ များများစားစား မရဘူးဗျ၊ ဒီည လေ့ကျင့်ခန်းကြည့်ပြီးမှ အဲဒီအကြောင်း ဆွေးနွေး တာပေါ့ ဆိုက်လက်စ်၊ နစ်မစ်ဇ်ကိစ္စ ခင်ဗျားရဲ့အမြင်ကိုတော့ ကျွန်တော် အတိုက်အခံ ပြောပြီးပြီ၊ သမ္မတကတော့ သဘောကျပုံ ပဲ၊ အမိန့်တော့မပေးသေးဘူး။ ဒါပေမယ့် လုပ်စရာတွေ ကြိုလုပ်ဖို့ပြော လိုက်ပြီ၊ အခုဆို နစ်မစ်ဇ်ကြီး မိုးကုပ်စက်ဝိုင်း ရဲ့ အစွန်းဆုံးကို မောင်းသွားပြီ၊ တိုက်လေယာဉ်တွေ လိုအပ်မှပဲ ပျံခိုင်းတော့မယ်၊ ဒုတိယ ထောက်လှမ်းရေးဂြိုဟ်တု တစ်လုံး ထပ်လွှတ်ထားတယ်၊ ကောင်း ကောင်း လုံလောက်ပါတယ်"

"ကောင်းပါတယ်၊ ညကျရင် မိုက် သူတို့အားလုံးနဲ့တွေ့လိုက်ပါ။ ခုတာ့ အုပ်စုမှူးတွေကို တွေ့စေချင် တယ်"
ဧရာမ စီ-၅ ကုန်တင်လေယာဉ်ကြီး ပျံတက်သွားပုံကို ကျုပ်တို့နှစ်ယောက် ကြည့်နေကြတယ်။ ကွင်းထဲ မှ ဒီကောင်ကြီး တက်သွားပုံက ဂိုဒေါင်ကြီးတစ်လုံး ပျံတက်သွားသလား ထင်ရတယ်။ အော်ပြီး တက် သွားတဲ့ အသံကြီး ကလဲ ကြောက်စရာ လန့်စရာ၊ ဒီ-၅ ကြီး တော်တော်လှမ်းလှမ်းရောက်သွားလို့ အသံ ဝေးသွားတော့မှ ကျုပ် စကား စ လိုက်တယ်။
"ဒါနဲ့နေပါဦး မိုက်၊ ကျုပ် လူမည်းတစ်ယောက် ဆိုတာ ခင်ဗျား သမ္မတကို ကြိုပြောမထားဘူး ထင်တယ်"
သူက ပြုံးပြီးတော့
"ဟုတ်တယ်ဗျ၊ ပြောမထားဘူး၊ ခင်ဗျားနဲ့ ကျွန်တော် သူ့အခန်းထဲ ဝင်ခါနီးကျမှ အဲဒီကိစ္စ သတိရတာ၊ မထူးတော့ပါဘူးဆိုပြီး ကျွန်တော်လဲ စွတ်ဝင်သွားတာ"
"ခင်ဗျား ဆူခံ မထိဘူးလား"

"မဆူပါဘူး၊ တစ်ခုပဲ ဝေဖန်တယ်၊ တော်တော် ကြောက်စရာကောင်းတဲ့ ကောင်ကြီးတဲ့၊ အဲဒါက အသား ရောင် ကိုပြောတာ မဟုတ်ဘူး ဆိုတာ ခင်ဗျား သိမှာပါ"
လေယာဉ်ကြီး မြင်ကွင်းထဲက ပျောက်သွားတယ်၊ ကျုပ်တို့ တစ်ဖက်ကို ပြန်လှည့်လိုက်တေ့ အုပ်စုမှူး လေးယောက် တန်းစီနေတာ တွေ့ရတယ်။ ငါးမီတာ အကွာမှာ သတိအနေအထားနဲ့။
ကွမ်လိုစီ က သူတို့ကို တခြားဂြိုလ်သားတွေကို ကြည့်သလို ကြည့်နေတယ်။ ကျွန်တော်က မိတ်ဆက် ပေး လိုက်တယ်။
"မစ္စတာကွမ်လိုစီ… ခင်ဗျား၊ သူက စကာဆာ၊ ဟိုဘက်က ဗိုလ်ကြီးမွန်ကာဒါ၊ ဟိုဘက်က တပ်ကြပ်ကြီး ကာစတင့်နီဒါ၊ ဟိုဘက်က ဗိုလ်ကြီးဂိုမက်ဇ်"
သူတို့အားလုံး တောင်အမေရိက တိုက်သားတွေဖြစ်နေလို့ သူ အံ့သြဟန်မတူဘူး။ သူတို့မျက်နှာတွေက ကျုပ် ထက် ကြောက်စရာကောင်းနေ လို့ ဖြစ်လိမ့်မယ်။
စကာဆာ က ပုပု၊ ကိုယ်နေဟန်က လေတိုက်လျှင် လဲမည့်ပုံ။

ဒါပေမယ့် မျက်နှာက ကျောချမ်းလောက် သည့် မျက်နှာမျိုး၊ လက်သီးထိုးပွဲတွေ အကြိမ်ကြိမ် နွှဲလာသလား၊ အဆိပ်ငွေ့ ဗုံးဒဏ် ခံထားရသလား မသိ။ ပုံစံကတော့ တစ္ဆေသရဲကားတွေထဲက လူတွေ ထက် ကြောက်စရာကောင်းသေးတယ်။ မွန်ကာဒါ ကလည်း ခပ်ပုပုပဲ။ အလေးမသမားတစ်ယောက်လို ပခုံးနဲ့ လက်မောင်းတွေ က လူနဲ့မလိုက်အောင်ကြီး ဖြစ်နေတယ်။ အမာရွတ်ကြီူးနေတော့ မျက်လုံးအောက် ကနေ မေးစေ့အထိပဲ။ မျက်လုံးတွေက ပီကာဆို ခဏခဏ ဆွဲတဲ့ လူပုံတွေထဲက မျက်လုံးမျိုးတွေ။ ကာစတင်နီဒါ က ပိန်ပိန်ရှည်ရှည်။ ခဲတံလုံးလောက်ရှိ တဲ့ နှုတ်ခမ်းမွေးနဲ့။ ပြုံးလိုက်လျှင် ပိုပြီးရက်စက်မည့်ပုံ ပေါ်လာတယ်။ ဂိုမက်ဇ်က လူချော။ ဒါပေမယ့် သူ့ မျက်လုံးတွေကို သေသေချာချာကြည့်ရင် ချက်ချင်းမျက်နှာလွှဲပစ်ရမယ့် မျက်နှာမျိုး။ ကျွန်တော် စကား စလိုက်တယ်။ "ကဲ… ရဲဘော်တို့၊ မင်းတို့အားလုံး မစ္စတာကွမ်လိုစီကို သိကြတယ်၊ ဒီည လေ့ကျင့်ခန်းကို သူ လာကြည့် လိမ့်မယ်၊ မင်းတို့ ရော မင်းတို့လူတွေရော အစွမ်းကုန် လုပ်ပြရလိမ့်မယ်" အသံလေးသံ တစ်ပြိုင်တည်း ထွက်လာ ၏။

"ဟုတ်ကဲ့… ခင်ဗျား"
ကွမ်လိုစီက ခပ်ဆိုင်းဆိုင်း ဝင်ပြောတယ်။
"ကြိုးစားကြကွာ… တို့အားလုံး မောင်ရင်တို့ကို အားကိုးတယ်"
သူတို့ကို တန်းဖြုတ်လိုက်ပြီးတော့ ဂျစ်ကားပေါ်သို့ ကျုပ်တို့နှစ်ယောက် ပြန်တက်လိုက်တယ်။ ကျွန်တော့် စခန်း ကို မောင်းနေရင်း သူက… "ခင်ဗျား ဒီလူတွေကို ဘယ်ကသွားရှာတာလဲ ဗိုလ်မှူးကြီး"
"သူတို့အားလုံး ကျုပ်တို့တပ်ထဲကပဲ မိုက်၊ စကာဆာနဲ့ ဂိုမက်ဇ်က မက္ကဆီကို ကပြားတွေ၊ ကာစတင်နီ ဒါနဲ့ မွန်ကာဒါ က ကျူးဘားသွေးပါတယ်၊ အားလုံး စပိန်လို ပြောနိုင်ကြတယ်"
"အင်း… နားလည်ပြီ၊ ဒါကြောင့် ခင်ဗျား ရွေးတာကိုး"
"ဘာသာစကား ကိစ္စလဲ ပါတယ်၊ အဓိကကတော့ ဒီကောင်တွေအားလုံး တိန်တိန်မြည်တွေ၊ ခေါင်းဆောင်မှု လဲ ကောင်းကောင်း ပေးနိုင်တယ်" "ကျန်တဲ့လူတွေကော သူတို့လိုပဲလား"

"ဟုတ်ကဲ့… သူတို့ပုံစံတွေချည်းပါပဲ"
"အားလုံး တောင်အမေရိက တိုက်သားတွေ ချည်းပဲလား"
"ဟာ… အဲဒီလိုတော့ မဟုတ်ပါဘူး၊ လူမျိုးပေါင်းစုံပါပဲ၊ လူမည်းနှစ်ယောက်၊ အိန္ဒိယ လူနီတစ်ယောက်၊ အနောက် အိန္ဒိယ ကျွန်းစုသားနှစ်ယောက်"
သူက ခေါင်းယမ်းပြီး…
"ဟင်… ခင်ဗျား အုပ်စုကလဲ လူမျိုးပေါင်းစုံပါလား"
ကျုပ် ရယ်မိတယ်။
"မဟုတ်ပါဘူး… မိုက်၊ တစ်ဝက်လောက်က လူဖြူတွေပါ"
"အဲဒီလေးယောက်ကို ခင်ဗျား ဘယ်မှာ တွေ့လာတာလဲ ဆိုက်လက်စ်"
"တစ်နေရာစီ မှာ တွေ့တာ ခင်ဗျ၊ အထူးတပ်ဖွဲ့တွေမှာ သူတို့နဲ့တွဲမိတာ၊ ကျန်တဲ့လူတွေနဲ့လဲ အဲဒီလိုပဲ၊ တကယ် စွန့်စားရမယ့် စစ်ဆင်ရေးတွေမှာ သူတို့ချည်းပဲလေ၊ အသေခံတပ် ဖွဲ့မယ်ဆိုရင်လဲ စာရင်းပေး တဲ့ နာမည်တွေ ကြည့်လိုက်ရင် သူတို့ပဲ၊ သိပ်ထူးဆန်းတဲ့ ကောင်တွေ"

"သွေးဆာနေတဲ့ လူမျိုးတွေလား"
"အဲဒီလိုလဲ မဟုတ်ဘူးဗျ၊ ခင်ဗျား ကျုပ် ပြောရင် အံ့သြမလား၊ ဂိုမက်ဇ်က ဂီတသမား၊ သီချင်းကြီးတွေ မှ ကြိုက်တာ၊ ခင်ဗျား နားထောင်ဖို့ အချိန်ရရင် ဂီတအကြောင်း မနားတမ်း သူ ပြောပါလိမ့်မယ်၊ စကာ ဆာက ကျောင်းဆရာ၊ သူတို့ပုံစံနဲ့ သူတို့အဇ္ဈတ္တနဲ့ ဘာမှမဆိုင်ဘူး" အတော်ကြာ စကားပြတ်သွားပြီးမှ သူ စကားပြန် စတယ်။ "ဒီမယ်… ဆိုက်လက်စ်၊ ကျွန်တော် ဒီည လိုက်ကြည့်ဖို့ ပြဿနာမရှိပါဘူးနော်၊ ဟိုတယ် မှာနေရတာ စိတ်ပျက်လွန်းလို့ဗျာ" "မရှိပါဘူး… မိုက်၊ အဖော်ရှိတော့ ကျုပ်အတွက် ပိုကောင်းတာပေါ့"

ည ဆယ်နာရီကျော်ကျော်။ မျှော်စင်ကြီးတစ်ခုရဲ့အလယ်ထပ်။ သူနဲ့ ကျုပ် ရပ်ကြည့်နေကြတယ်။ ကျုပ် တို့နောက်မှ အလန် နဲ့ နယူးမင်း က လေတိုက်နှုန်းအကြောင်း ပြောနေကြတယ်။ ကွမ်လိုစီက  ဆောက် ထားတဲ့ စန်ကာလိုသံရုံး နဲ့ သံရုံးဝန်ထမ်း အိမ်ရာတွေကို ငုံ့ကြည့်နေတယ်။ နံရံကအစ တစ်ပုံစံတည်း။ စကေး ကိုက် ဆောက်ထားတာ။
"ဒါတွေအားလုံး လေးရက်အတွင်း အပြီးဆောက်တာ၊ ဟုတ်လား"
"နှစ်ဆယ့်လေးနာရီ ပဲ ကြာတယ်ခင်ဗျ၊ အားလုံး သုံးထပ်သားတွေ ကင်းဘတ်စတွေနဲ့ လုပ်တာ၊ ဒါပေ မယ့် အကွာအဝေး အတိုင်းအထွာတွေက အားလုံး ဟိုအတိုင်း ကွက်တိပဲ၊ တကယ်မြန်တဲ့ ကောင်တွေ၊ ပင်လယ်နီ ကို နှစ်ခြမ်း ခွဲခိုင်းရင်လဲ ဒီကောင်တွေ ချမှာပဲထင်တယ်၊ ကဲ… ကျုပ် ရှင်းပြမယ်"
ကျုပ် က အောက်ဘက် ကို လက်ညှိုးထိုးပြီး…

"မွန်ကာဒါရဲ့အုပ်စုက ဟောဟို… ထမင်းစားဆောင်ရဲ့ နောက်မှာဆင်းမယ်၊ ကာစတင်နီဒါက ဝန်ထမ်း အိမ်ရာနား မှာ နားမယ်၊ စကာဆာက ဟိုဘက်တန်းလျားတွေနားမှာ ဆင်းမယ်၊ အဲဒီအချိန်မှာ ဂိုမက်ဇ်ရဲ့ အုပ်စု က ပေတစ်ထောင်မှာပဲ ဝဲနေမယ်၊ ပြီးမှ ဖြည်းဖြည်းချင်း ဆင်းမယ်၊ ပထမ သေနတ်သံကြားတာနဲ့ စက်ရပ်ပြီး သံရုံးဝင်းထဲ ကို ပတ်ပတ်လည်ဆင်းပြီး လက်ပစ်ဗုံးမိုး ရွာချမယ်၊ ခေါင်မိုးပေါ်က ကောင် တွေကို လျှပ်တစ်ပြက် ရှင်းပစ် လိုက်မယ်၊ သူတို့လေတံခွန်တွေမှာ သေးပေမယ့် သိပ်စူးတဲ့ မီးမောင်း လေးတွေ ထပ်ထားပေးမယ်၊ သူတို့အဖွဲ့ က သူတို့ကိစ္စ ပြီးတာနဲ့ ဟောဟိုကွက်လပ်မှာဆင်းပြီး နောက် က လိုက်လာမယ့် ရဟတ်ယာဉ် အတွက် နေရာယူပြီးသား ဖြစ်ရမယ်"
"ဘယ်လောက်ကြာမှ ရဟတ်ယာဉ်ရောက်မှာလဲ"
"နောက်ဆုံး လေတံခွန် ဆင်းတာနဲ့ နစ်မစ်ဇ်က သူတို့ပြန်တက်လာမှာပဲ၊ လေး ငါးမိနစ်ပဲ ကြာမှာပါ၊ တစ်ပြိုင်တည်း မှာ တိုက်လေယာဉ်တွေနဲ့ ရေတပ်သင်္ဘောတွေ တပ်ဖြန့်ပြီး တရကြမ်း ဝင်လာကြမယ်"
"စတဲ့အချိန် နဲ့ ပြန်ထွက်မယ့်အချိန် ဘယ်လောက်ကြာမလဲ"

"ရှစ်မိနစ်ကနေ ဆယ်မိနစ်ပဲ ကြာမယ်"
သူက ဆောက်ထားတဲ့ အခန်းပုံစံကို သေသေချာချာ ပြန်ကြည့်တယ်။
"အချိန်က တော်တော်မှောင်တယ်နော် ဆိုက်လက်စ်"
"ကျုပ်တို့ချာတိတ်တွေ ကို ညကြည့်မျက်မှန်တွေ အားလုံး တပ်ပေးထားတယ် ခင်ဗျ၊ နေ့လယ် နေ့ခင်း လို မမြင်နိုင်ပေ မယ့် အဲဒီမျက်မှန်တွေဟာ အလုပ်လုပ်လို့တော့ ရတယ် မိုက်"
"သူတို့ ဘာလက်နက်တွေ သုံးမလဲ" "ဓားရယ်၊ အင်ဂရမ်အသံတိတ်ပြောင်းပိုပါတဲ့ စက်သေနတ်ရယ်၊ လက်ပစ်ဗုံး မျိုးစုံရယ်၊ ပြီးတော့ ခင်ဗျား ယုံမလား မသိဘူး။ တစ်လုံးထိုး သေနတ်၊ အဲဒီသေနတ်ဟာ အချို့နေရာမှာ ဘယ်သေနတ် မှ လိုက်မမီ အောင် အသုံးကျယတ်၊ အုပ်စုတစ်စုမှာ တစ်လက်ပါမယ်"
ကျုပ်က နာရီကြည့်တော့ သူက မေးတယ်။

"သူတို့ ဆင်းချိန်ရောက်ပြီလား"
"ဟုတ်ကဲ့ ရောက်ပါပြီ၊ ဘယ်လောက်ဝေးဝေးကို ခင်ဗျား လှမ်းမြင်နိုင်မလဲ ကြည့်လေ"
နှစ် မိနစ်လောက် အမှောင်ထဲကို သူ စိုက်ကြည့်တယ်၊ ပထမ တစ်နေရာကို စိုက်ကြည့်တယ်၊ နောက် တခြားတစ်ဖက် ကို လှည့်ကြည့်တယ်၊ ပြီးမှ သူ မှတ်ချက်ချတယ်။ "ခင်ဗျား လူတွေ နောက်ကျနေပြီထင်တယ်"
ကျုပ်က တိုးတိုးကလေး ကပ်ပြောလိုက်တယ်။ "မကျဘူး ခင်ဗျ၊ သူတို့ရောက်နေကြပြီ…"
ကျုပ်က သူ့ကို ငွေတိုက်ရုံးဘက် ကို လက်ညှိုးထိုးပြလိုက်တယ်။ အရိပ်မည်းမည်းနှစ်ခုပဲ ကျလာ တယ်။ နောက် တစ်နေရာ ကို ကျုပ် ထိုးပြလိုက်ပြန်တယ်။ အရိပ်မည်းမည်းတွေ အိမ်ရာဘက် ကို ပြေးသွားနေကြ တယ်။ တချို့ တိုက်တန်းတွေဘက်ကို ပြေးသွားနေကြတယ်။

"ဟာ… ဘယ်လို ဘယ်လိုလုပ်ပြီး"
ကျုပ်တို့ ရှေ့ကိုက်နှစ်ဆယ်အကွာလောက် မှာ အရိပ်နှစ်ခုထပ်ကျလာလို့ သူ ပြောလက်စ စကားပြတ် သွားတယ်။ "ဘယ်လို… ဘယ်လို" သေနတ်သံတစ်ချက်ထွက်လာတော့ သူ စကားပြတ်သွားပြန်တယ်။ ပြီးတော့ တစ်ဆက်တည်းပဲ ကျုပ် တို့ ခေါင်းပေါ်မှာ အလင်းတန်းကလေး စူးစူးဝါးဝါး ပေါ်လာပြီး အဆောက် အအုံ ခေါင်မိုးတွေပေါ် ကို တစ် ချက်ဝေ့လိုက်တယ်။ ဆက်တိုက်ပဲ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ ကွမ်လိုစီ က ထိုးမှောက်ချ လိုက်တယ်။
"ဘာမှမဖြစ်ပါဘူး မိုက်၊ လက်ပစ်ဗုံး အတုတွေပါ"
စက္ကန့်ပိုင်း အတွင်း မီးတွေ မှောင်ကျသွားချိန်မှာ ကျုပ် တစ်နေရာကို လက်ညှိုးထိုးပြလိုက်ပြန်တယ်၊ သံ အမတ် ရဲ့ ရေကူးကန်ပုံသဏ္ဌာန် ကွက်လပ်နံဘေးမှာ နောက်ဆင်းလာတဲ့ အုပ်စု၊ ချက်ချင်းပေါက်ကွဲ သံ တွေ၊ သေနတ်သံတွေ ပွက်လောရိုက်သွားတယ်။ နှစ်မိနစ်အကြာမှာ မီးတွေ ပြန်လင်းလာတယ်။ တစ် ဆက်တည်း မှာ ကျုပ်တို့ခေါင်းပေါ်က စက်သံကြားရပြီး ရဟတ်ယာဉ်တစ်စီး ဘွားခနဲ ပေါ်လာတယ်။ ပြီး တော့ ချက်ချင်း ထိုးဆင်းလာတယ်။

ရဟတ်ယာဉ်ပန်ကာရွက်ကြီး တဖြည်းဖြည်းနှေးပြီး ရပ်သွားချိန် မှာ မည်းမည်းအရိပ်နှစ်ဆယ် ပြန်ပြီး ပြေး ထွက်သွား ကြတယ်။ သူတို့လက်ထဲမှာ စက်သေနတ်ကိုယ်စီနဲ့၊ အော်သံတွေ ပေါက်ကွဲသံတွေ အဝီစိ ပွက်သလို ဆူညံသွား တယ်။
"သွေးစုပ် ဖုတ်ကောင်တွေလေ"
"ဘုရား… ဘုရား" ကွမ်လိုစီ က အောက်ကိုငုံ့ကြည့်ပြီးတော့ စိတ်ညှို့ခံရသူတစ်ယောက်လို ခပ်ကြောင်ကြောင် ဖြစ်နေ တယ်။ ကျုပ်က သူ့ဘက်လှည့်လိုက်တယ်။ ကျုပ် နောက်မှာ အလန်နဲ့ နယူးမင်း က ကျေကျေနပ်နပ် ကြီး ပြုံးလို့။
"သူတို့က ကျုပ် ဒါရိုက်တာလုပ်နေတဲ့ဇာတ်ကားကို သဘောကျနေကြတယ်လေ"
"ဘာအဓိပ္ပာယ် လဲဗျ၊ သွေးစုတ် ဖုတ်ကောင်တွေဆိုတာ"
"ဘာရယ်လို့ မဟုတ်ပါဘူး မိုက်၊ ကျုပ် နာမည်ပေးထားတာပါ၊ ညကြီးမင်းကြီးမှာ လေထဲပျံနေတဲ့ မည်း မည်း သတ္တဝါတွေဟာ သွေးဆာနေ တဲ့ ဖုတ်ကောင်တွေနဲ့ တူလို့လေ"
"ဟာ… သေတော့မှာပဲ၊ ဒီည အိပ်မက်ဆိုးတွေ မက်တော့မယ် ထင်ပါရဲ့"

နောက် တစ်နာရီလောက် ကြာတော့ အားလုံး ကျုပ် အခန်းထဲမှာစုပြီး အရက်သောက်ကြတယ်။ ကျုပ် က မသောက်ချင်နေရော၊ သောက်မိရင်လဲ အမူးသောက်တတ်တဲ့ကောင်မျိုး၊ အရက်ကောင်တာကို ကိုယ့်ဟာကိုယ် ထင်းရှူးသား နဲ့ရိုက်ထားတယ်။ အမြင့်က အနေတော်ပဲ။ ခြေထောက်တင်စရာတွေ ဘာ တွေနဲ့ အပျံစားဗျ။
နယူးမင်း နဲ့ အလန်က တစ်ခွက်စီချပြီး ထွက်သွားကြတယ်။ အတွဲရှာကြမယ် ထင်ပါရဲ့။ အလုပ်စပြီဆို တာနဲ့ သူတို့နှစ်ယောက် ကျုပ်တို့နဲ့အတူ နစ်မစ်ဇ်အပေါ် လိုက်ခဲ့ရမှာကိုး။ လေတံခွန်ကြီးတွေနဲ့ စက် တွေကို ပထမ တန်းစားဖြစ်အောင် ပြန်စစ်ဆေးရဦးမှာ မဟုတ်လား။
ကွမ်လိုစီကိုမကြည့်ဘဲ လွယ်တော့မလွယ်ဘူးလို့ ပြောလိုက်မိတယ်။ ဗိုလ်ချုပ်တွေကလဲ အရပ်သားတွေ ကို မတော်တဆ ထိခိုက်မိ မှာ စိုးရိမ်နေကြတယ်။

တတိယ ဝီစကီခွက်ကို ကျုပ် မော့နေပြီ။ ကွမ်လိုစီကို ကြည့်ရတာ တစ်မျိုးဖြစ်နေတယ်။ မှိုင်သွားလိုက်၊ ရွှင်လာလိုက် နဲ့ စောစောက မြင်ရတဲ့ မြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေတာများလား မသိဘူး။
လေ့ကျင့်ခန်း ကို ကျုပ်အနေနဲ့ ကျေနပ်နေတယ်။ ဒါပေမယ့် သူ မမြင်လိုက်တာတွေ ရှိတယ်။ ကျုပ် သူ့ကို မပြောဘဲ ထားလိုက်တယ်။ စကာဆာရဲ့အုပ်စုဆင်းတာ သိပ်နေရာမမှန်ဘူး။ ငွေထုတ်ရုံးနံရံနဲ့ လွတ်ရုံ ကလေးရယ်၊ မွန်ကာဒါ ရဲ့အုပ်စုက တစ်မိနစ်တိတိ နောက်ကျတယ်။ ပြီးတော့ မီးမောင်းစထိုးတဲ့ အမြင့်က မှားနေ တယ်။ မြင့်လွန်းနေ တယ်။ စစ်ဆင်ရေး အချိန်က လေးမိနစ်နဲ့ပြီးရမှာ နည်းနည်းပိုကြာ သွားတယ်။ ဒါပေမယ့် တဖြည်းဖြည်း တက် လာမှာပါ။ ဆယ်ရက်လုံးလုံး အချိန်ရသေးတာပဲ။ သူ့ကို ဒါတွေ ပြော မနေတော့ဘူးလေ။ သမ္မတကိုပြန်ပြောတဲ့အခါ သူ့စိတ်ထဲမှာ မြင်တဲ့အတိုင်း ပြောပါစေပေါ့။

"ကျွန်တော် နားမလည်တာတစ်ခုရှိတယ် ဆိုက်လက်စ်"
"ဘာများလဲ မိုက်"
"မှောင်တယ် ဆိုပေမယ့် အလင်းရောင် ရှိသင့်သလောက်တော့  ရှိနေတာပဲ။ သူတို့ဆင်းလာတာ ကို သေ သေ ချာချာ စောင့်ကြည့်နေလျက်သားနဲ့ ရှေ့တည့်တည့်မှာ နှစ်ယောက်လာကျမှမြင်တယ်။ ကျွန်တော့ မျက်စိ ဒါလောက် မညံ့ဘူး၊ အဲဒါ ဘာဖြစ်လို့လဲဗျ"
သူ့ခွက်ထဲ ကို လက်သုံးသစ်လောက် ထပ်ထည့်ပေးလိုက်တယ်။
"ဒီလိုရှိတယ် မိုက်၊ ကျုပ်တို့ အဲဒီကိစ္စစမ်းသပ်ပြီးပြီ၊ တစ်ယောက်ယောက် ကောင်းကင်မှာ လေယာဉ်ပျံ တစ်စင်း ကို မော့ကြည့်တယ်ဆိုပါတော့၊ ဘယ်တော့မှ ခေါင်းပေါ်တည့်တည့်ကို မကြည့်ဘူး၊ လေးဆယ့် ငါးဒီဂရီ ပဲကြည့်တယ်၊ ကျုပ်ကောင်တွေ က ခင်ဗျား ခေါင်းပေါ်တည့်တည်က ကျလာတော့ မျက်စိ အောက် ရောက်မှပဲ ဘွားခနဲ တွေ့တော့တာပေါ့၊ အသံလဲမကြားရတော့ ကြိုမြင်ဖို့ မလွယ်ဘူးလေ၊ ဒါပါပဲ"

သူက ဝီစကီကို တစ်ကျိုက်မော့ရင်း စဉ်းစားဟန်ပြုပြီးမှ…
"အင်း… နားလည်ပြီ၊ နားလည်ပြီ၊ နေဦး… ကျွန်တော် တစ်ခုထပ်မေးဦးမယ်၊ လူအင်အား ထပ် မတိုး တော့ဘူးလား၊ သေချာအောင်လေ"
"မဖြစ်ဘူး မိုက်၊ လူများလေ အန္တရာယ်များလေပဲ၊ အောက်ကပိုပြီး သိလွယ်တယ်လေ၊ ပြီးတော့ ပိုပြီး ရှုပ်ထွေး သွားနိုင်တယ်" သူက ခေါင်းညိတ်ပြီး… "ကောင်းပါပြီဗျာ၊ ဒီည လေ့ကျင့်ခန်းဆင်းတာကြာပြီ၊ ကျွန်တော့် ခင်ဗျားနဲ့ မငြင်းတော့ပါဘူး" "ကဲ… ကျုပ်တို့ စစ်ဆင်ရေး လုပ်ဖြစ်မလား၊ လုပ်ဖို့ အလားအလာ ရှိသလား"
သူ့ အမူအရာ ချက်ချင်းပြောင်းသွားသည်။ လက်ထဲမှ ဖန်ခွက်ကိုလှည့်ပြီး ကစားနေသည်။ ပြီးမှ သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး…

"သမ္မတအနေနဲ့ကတော့ ခင်ဗျားကို အရမ်းသဘောကျနေတယ်၊ ဗိုလ်ချုပ်တွေလဲ မေးခွန်းတွေ အများ ကြီး မေးတယ်၊ သူတို့တွေတောင် အနေရကျပ်နေကြတယ်၊ ဒီည လေကျင့်ခန်းအကြောင်း မနက်ဖြန် ကျွန်တော် ပြောလိုက်ရင် ပိုပြီး သဘောကျသွားဦးမယ်၊ တိုက်ပွဲဆင်ဖြစ်ရင် ခင်ဗျားကိုသုံးဖို့ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ရှိ ပါတယ်၊ တိုက်ပွဲဆင်ဖြစ်ရင်…"
သူ့အမူအရာ မှာ စောစောကလို မရွှင်တော့၊ စိတ်ရှုပ်ထွေးနေဟန်၊ သူ့ခွက်ထဲတွင် လက်ကျန်မရှိတော့။
"နေဦးဗျ၊ ဘာဖြစ် လို့ တိုက်ပွဲ မဆင်ဖြစ်ရမှာလဲ၊ ဒီတစ်နည်းပဲ လုပ်စရာ ရှိတော့တာပဲ"
သူ ချက်ချင်း တုံ့ပြန်တယ်။

"ဟုတ်တယ်၊ ဒါပေမယ့် သဘောထားက ရှုပ်ထွေးနေသေးတယ်"
သူ ပွင့်ထွက်လာတော့မယ်ဆိုတာ ကျုပ် သိနေတယ်။ ဒါပေမယ့် မလောဖို့ ကျုပ်ကိုယ်ကျုပ် သတိပေး လိုက်တယ်။ ကက်ဆက် ထဖွင့်လိုက်တော့ ခပ်မြူးမြူး သီချင်းသံထွက်လာတယ်။ ကျုပ်က ကပ္ပလီသံ စစ်စစ်နဲ့ လိုက် ဆိုတယ်။ "စစ်သားဆိုတာ သူတို့ဘဝ ရိုးစင်းလွန်းတာ၊ အမိန့်ကို နာခံမှာ…" သူ မော့ကြည့်ပြီး ပြုံးတယ်။ မူးစပြုနေ ပြီ။
"ဟုတ်တယ် ဆိုက်လက်စ်၊ ခင်ဗျားကို ကျွန်တော် ခုအားကျနေတာဗျ၊ ခင်ဗျား အလုပ်ကို ခင်ဗျား အရမ်း ပိုင်တာပဲ" "ခင်ဗျားလဲ ခင်ဗျားအလုပ် ခင်ဗျား ပိုင်ပါတယ် မိုက်" သူ သက်ပြင်းချတယ်။

"ကျွန်တော် လုပ်ရမယ့် အလုပ်က သိပ်ဘေးကျပ်နံကျပ် ဖြစ်နေတယ်၊ သိပ် သတိထားနေရတယ်၊ ခင်ဗျား နိုင်ငံရး ကို ဘာမှ နားမလည်ဘူးနော်၊ သောက် အလကား အလုပ်ဗျ သိလား" "ဟုတ်တယ်၊ ကျုပ် နိုင်ငံရေးတော့ နကန်းတစ်လုံးမှ မသိဘူး။ နေပါဦး၊ ဒီကိစ္စနဲ့ နိုင်ငံရေးနဲ့ ဘာဆိုင်လို့ လဲ" သူ ပြုံးတယ်၊ တဖြည်းဖြည်း မဲ့ပြုံးဖြစ် သွားပြီး မေးတယ်။ "ကွန်ရက်ဒ် တက်စလာဆိုတဲ့ နာမည် ကြားဖူးသလား"
"ကြားဖူး တာပေါ့၊ စက်မှုလုပ်ငန်းရှင်ကြီး မဟုတ်လား၊ သမ္မတနောက်မှာ အမြဲရှိနေတဲ့ ပုဂ္ဂိုလ်လေ၊ ရန်ပုံ ငွေ ရက်ရက်ရောရာ အမြဲထည့်တယ်၊ ကျုပ်တို့သမ္မတကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဘဝကတည်းကစ ပြီး ကူညီခဲ့တာ မဟုတ် လား"

"ဟုတ်တယ်၊ သူ့မှာ သားသုံးယောက်ရှိတယ်၊ အကြီးကောင်က သူနဲ့အတူတူ လုပ်ငန်းခွင်ထဲမှာ လုပ် တယ်၊ ဒုတိယကောင် က နိုင်ငံရေးထဲမှာ၊ အငယ်ဆုံးအာနိုးက စီအိုင်အေမှာ၊ သတင်းဟာ လုပ်ငန်းရဲ့ ခွန်အားတစ်ရပ် ဆိုတာ သူ သိတယ်လေ၊ ဒါကြောင့် သားတွေကို ဖြန့်ထားတာ၊ အာနိုးက စန်ကာလို သုံ့ပန်းထဲမှာ  ပါနေ တယ်"
"အင်း… ဟုတ်သားပဲ၊ အဲဒီနာမည် ကျုပ် တွေ့လိုက်တယ်၊ ဆက်စပ်မကြည့်မိလို့"
"သတင်းစာတွေကလဲ မသိအောင် တမင် ဝါးတားတား လုပ်ထားကြတယ်လေ"
"ဒီတော့ ဖအေကြီး က ကယ်ဆယ်ရေး ကွန်မန်ဒိုလွှတ်ရင် သူ့သားကလေး အသက်အန္တရာယ်ရှိတယ်ဆို ပြီး သမ္မတ ကို ဖိအားပေးတယ် ဆိုပါတော့"
ကျွန်တော် အထည့် ကို မစောင့်တော့ဘဲ ဝီစကီကို သူ့ဘာသာ သူ ငှဲ့တယ်၊ လက်တွေ မသိမသာတုန်နေ တာကို ကျွန်တော် သတိထား လိုက်မိတယ်။

"ဟုတ်တယ် ဆိုက်လက်စ်၊ ဖိအား ပေးတာထက် သူ့အကြောင်းပြချက်က ကောင်းနေတယ်၊ အီရန်သုံ့ ပန်းတွေ ဆယ့်လေးလ အကြာမှာ အဖိတ်အစဉ်မရှိဘဲ အားလုံးလွတ်လာကြတာကို သူက ထောက်ပြ တယ်၊ အငယ်ဆုံးကောင် ကို သူ အချစ်ဆုံးလေ၊ ဒါကြောင့် အတင်းကန့်ကွက်နေတယ်"
ကျုပ် ဒေါသတွေ ရင်ထဲ မှာ လှိုင်းကြက်ခွပ် ထလာတယ်။
"သမ္မတ က နားယောင်နေတယ်ပေါ့လေ၊ ခင်ဗျားဆိုလိုတာ အဲဒီအတိုင်း မဟုတ်လား၊ ဘာလို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ မလုပ်နိုင်ရမှာလဲ" သူက ခေါင်းယမ်းပြီးတော့…
"အဲဒါက ကြာပြီလေ၊ နိုင်င့ရေးသြဇာလေ ဆိုက်လက်စ်၊ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ သိပ်လှတဲ့ အရှုပ် အထွေး တစ်ခု ရှိသေးတယ်၊ အဲဒါကြောင့် သမ္မတ အာရုံတစ်မျိုးဖြစ်သွားနိုင်တယ်"
ကျုပ် ဘာမှ ဆက်မပြောတော့၊ သူ့စကား အဆက်ကိုပဲ စောင့်နေလိုက်တယ်၊ သူ စီးကရက် တစ်လိပ် ထုတ်ညှိပြီး မီးခိုးတွေနဲ့ ဖန်ခွက်ထဲ မှုတ်ထည့်နေတယ်။

"ကျွန်တော်တို့ရဲ့သံအမတ် ပီယာဘိုဒီက ကျူးဘားကို သိပ်ပိုင်တဲ့လူ၊ ကျူးဘားအရေးနဲ့ပတ်သက်ရင် စီအိုင်အေ ကို သူ အကြံပေးရတာချည်းပဲ၊ ကက်စထရိုကိုဆော်ဖို့ ဧရာမပွဲကြီးပွဲကောင်းတစ်ခုရှိတယ်၊ အဲဒီကိစ္စကို ကျူးဘားအစိုးရပိုင်းက ထိပ်သီးတွေ တော်တော်များများ ပါတယ်၊ အဲဒီနာမည်တွေ ပီယာ ဘိုဒီ သိတယ်"
"ကျွန်တော် သဘောပေါက်ပြီ၊ ဒီလူက ဘယ်တော့မှ ပြောမယ့်လူမဟုတ်ဘူး၊ သူပုန်တွေကလဲ သံအမတ်မို့ အကြမ်းဖက် မညှဉ်းဆဲရဲဘူး၊ ဒီလို မဟုတ်လား" ဘားကောင်တာပေါ်မှာ တံတောင်ဖြင့် ထောက်လိုက်ပြီး သူ ခေါင်းညိတ် တယ်။

"မှန်တယ်၊ ဒါပေမယ့် တစ်ဆက်တည်းမှာ အရှုပ်အထွေး တစ်ခုဝင်လာတယ်၊ သူတို့မှာ ကျူးဘားကို ပေး စရာကြွေးတွေ အများကြီး ရှိတယ်၊ ဒါကြောင့် ကက်စထရို သူပုန်တွေက မျက်နှာလုပ်ရတော့မယ်"
"ဘယ်လိုနည်းနဲ့လဲ" "စန်ကာလိုမှာ ကျွန်တော်တို့သူလျှို တစ်ဒါဇင်လောက်ရှိတယ်၊ သံရုံးဝင်းထဲမှာ တစ်ယောက် ထည့် ထား တယ်၊ အဲဒီကောင်လေးဆီက ကျွန်တော်တို့နောက်ဆုံးသတင်းတွေ ရနေတာလေ၊ ပြီးတော့ လေဆိပ် မှာ တစ်ယောက်၊ သူတို့အာဏာသိမ်းပြီး နောက်ပိုင်းယင်လာတဲ့ လေယာဉ်ပေါ်က ဆင်းတဲ့ ခရီးသည် တွေရဲ့ ဓာတ်ပုံတွေ ကျွန်တော် တို့ရတယ်၊ ရေကြောင်းနဲ့လေကြောင်း ကျွန်တော်တို့မပိတ်ခင် ရက်ပိုင်း လေ၊ ဓာတ်ပုံတစ်ပုံ မှာ ဂျော်ဂျီကယ်လ်ဒီရွန်ဆိုတဲ့ကောင် ပါတယ်"
သူက ခေါင်းကို နောက်လှန်ပြီး ကျုပ်ကို တည့်တည့်စိုက်ကြည့်ရင်း…
"ကက်စထရိုရဲ့ နာမည်ကျော် ထောက်လှမ်းရေးပေါ့၊ တော်လဲ တကယ်တော်တယ်"

"ဒါဆို အဲဒီကောင် သံရုံးဝင်းထဲ ရောက်နေတယ်ပေါ့"
"နှစ်ရက်တစ်ခေါက်၊ သုံးရက်တစ်ခေါက် လာတယ်၊ ရိက္ခာကားကြီးရဲ့နောက်ပိုင်းမှာ လူမမြင်အောင် လိုက် လာတာ"
"သူ့ကို ကျုပ်တို့လူတွေက ဆော်ထည့်လိုက်လို့ မရဘူးလား"
"သူ့အနားမှာ အမြဲအစောင့်ချထားတယ်၊ ကက်စထရိုက နောက်တစ်ယောက် အကူထပ်ပို့ချင်ရင် တောင် ထပ်ပို့ထားမှာ" "သူကလဲ အမေရိကန် သံအမတ်ကိုတော့ မနှိပ်စက်တန်ကောင်းပါဘူး"
"လုံးဝ အကြမ်းမဖက်ဘူး၊ ဒီကောင် က စိတ်ဓာတ်စစ်ဆင်ရေးကို သုံးတာ၊ အဲဒါ သူ့လက်နက်ပဲ၊ ပီယာဘိုဒီ ကို ဘောင်းဘီတို ကလေးပဲ ပေးဝတ်တယ်၊ ဝတ်လစ်စလစ်နီးပါးပဲ၊ တစ်နေ့တစ်ခါပဲ ဝက်စာသာသာ ကျွေးတယ်၊ တိုက်ပိတ်ထောင်သား အနေနဲ့ထားတယ်"

"ခွေးသား၊ ဒီမယ်… မိုက်၊ သံအမတ်ဆိုတာ ထိပ်တန်းအရာရှိလေ၊ ဒီလိုထားရင် ကြောင်သွားမှာပေါ့"
သူ သက်ပြင်းချတယ်။ စီးကရက် တစ်လိပ် ထပ်ညှိပြီး…
"စိတ်ပညာရှင်တွေ တစ်ဖွဲ့ကြီး ပီယာဘိုဒီ ရဲ့ကိုယ်ရေးရာဇဝင်ကို လေ့လာကြတယ်၊ မနေ့က အပြီး သတ်အစီရင်ခံ ထွက် လာတယ်၊ ဒီအစီရင်ခံစာကြေင့် ဝါရှင်တန်နိုင်ငံရေး လောကတစ်ခုလုံး အိပ်ပျော် စားမဝင်ဖြစ်ကုန် တယ်" "အဲဒီလောက်ပဲလား မိုက်"
"ပြောပြမယ်လေ၊ ဒီလူ့ ဘဝက တော်တော်အဖြစ်ဆိုးခဲ့တာပဲ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဖြစ်ခဲ့တာ၊ သူ ဘယ်တုန်း ကမှ လက်မထပ်ခဲ့ဖူးဘူး။ သူငယ်ချင်း အပေါင်းအသင်းလဲ မရှိဘူး၊ တော်တော့ အရမ်း တော်တယ်၊ သူ့ဘဝ ကို စာအုပ်ပုံထဲမှာ မြှုပ်ထားတယ်၊ စာလဲရေးတယ်၊ ကွန်မြူနစ်ဆန့်ကျင်ရေး အပြင်း စားသမား ဖြစ် လာတာပဲ၊ တစ်ယူသန် သမားဖြစ်လာတယ်၊ လူ့လောကရဲ့စည်းအပြင်ကလူ ဖြစ်လာ တယ်၊ ကယ်လ်ဒီရွန် လို ကောင်မျိုးရှေ့ မှာ သူဟာ သားကောင်တစ်ကောင် ဖြစ်သွားနိုင်တယ်လို့ စိတ် ပညာရှင်တွေက သုံးသပ်ပြထား တယ်"

စိတ်ပညာရှင်များရဲ့နိဂုံးစာပိုဒ်ကို သူ ရွတ်ပြသေးတယ်။
"ဒီလို ကြိုးတိုက် အကျဉ်းသား ဘဝမျိုးမှာ ဆက်ထားပြီး စိတ်ဓာတ်ရေးရာအရ ညှဉ်းပန်းနှိပ်စက်ခံရရင် သူ၏ စိတ် အနေ လုံးဝချွတ်ယွင်း သွားစရာအကြောင်း ရှိတယ်တဲ့ဗျား"
သူနဲ့ ကျုပ် အကြာကြီး စကားပြတ်သွားတယ်။ ကွမ်လိုစီ နောက်တစ်ခွက် ထပ်ထည့်တယ်။ နောက်ဆုံး ကျုပ်က မှတ်ချက် ပေးလိုက်တယ်။ "အင်း… သမ္မတကြီးအနေနဲ့လဲ တော်တော်ရွေးရခက်မယ့် ကိစ္စပဲ၊ အိပ်လို့မှ ပျော်ရဲ့လား မသိဘူး" သူ ပြုံးတယ်။

"ကျွန်တော်တော့ သိပ်မထင်ဘူး၊ သူ အနုစိတ် ပြန်တွက်နေမှာပဲ၊ တစ်ခု သေချာတာကတော့ စစ်ဆင် ရေး ကိုတော့ လုပ် ချင်တယ်။ တစ်ခါတစ်ခါ သူ့သဘောထားကို ကျွန်တော် အကဲခတ်လို့ရတယ်၊ ရုရှား ထက် ကျူးဘား ကို အရင် ရှင်းပစ်ချင်တာ၊ အမေရိကန်ရဲ့တံခါးဝမှာ လာပြီးစော်ကားနေတဲ့နိုင်ငံလို့ သူ့  စိတ်ထဲ ထင်နေတာ" "သူ ဘယ်လို ဆုံးဖြတ်မယ် ထင်လဲ" "ဘယ်လိုမှ မဆုံးဖြတ်ပါဘူး"
"မဆုံးဖြတ်ဘူး… ဟုတ်လား" သူက သရော်ပြုံး ပြုံးပြီး…
"ငါးရက် ခြောက်ရက် သူ စောင့်ကြည့်မယ်၊ အဲဒီအတော်အတွင်းမှ စီအိုင်အေက အလုပ်တစ်ခု လုပ် မယ်"
သူက ဖန်ခွက် ကို ငုံ့ကြည့်နေရင်း ဆက်ပြောတယ်။

"ဒီမယ်… ဆိုက်လက်စ်၊ သမ္မတကို အကဲခတ်ရတာနဲ့ ဟိုက ပီယာဘိုဒီ မရူးဘဲ ဒီက ကျွန်တော် ရူးသွား လိမ့်မယ် ထင်တယ်"
"သူတို့ ဘာလုပ်ကြမှာလဲဗျ"
သူ ခေါင်း ကို သွက်သွက်ယမ်းပြီး…
"ခု ဘာဖြစ်နေပြီ လဲ သိလား၊ သိပ်နှုတ်လုံးတယ်လို့ နာမည်တစ်လုံးနဲ့ နေခဲ့တဲ့ ကောင်ဟာ ခင်ဗျားနဲ့ကျ မှ အာချောင်မိနေ တယ်"
အသံ ကို အတတ်နိုင်ဆုံး နှိမ့်ပြီး ကျုပ် မေးလိုက်တယ်။
"ကျုပ် အသက်အန္တရာယ် ကို ခင်ဗျား  စိုးရိမ်တာလား မိုက်"
"မဟုတ်ဘူး ဆိုက်လက်စ်၊ ထားပါလေ… ကျွန်တော် ဒီအကြောင်းတွေ ဘယ်သူနဲ့မှ မဆွေးနွေးသင့်ဘူး ဆိုတာ ခင်ဗျား နားလည်မှာပါ" ကျုပ် သက်ပြင်း ခပ်ဖြည်းဖြည်း ချလိုက်တယ်။

"ကျုပ် နားလည်ပါတယ် မိုက်၊ ဒါပေမယ့် ကျုပ်တို့ တိုက်ပွဲဝင်ဖို့ ခွင့်ပြုမယ်ဆိုရင်တော့ ပထမဆုံ ဆင်းရ မယ့် လူ ဟာ ကျုပ်ပဲဖြစ် ချင်တယ်၊ ပထမဆုံး သေရမယ်ဆိုရင်လဲ ကျုပ်ပဲ ဖြစ်ရမယ်"
နောက်တစ်ခါ အကြာကြီး ငြိမ်သွားပြီး သူ နောက်တစ်လိပ်ညှိပြန်တယ်၊ သူ ကျုပ်ကို တစ်ခုခုပြောဖို့ ဆုံး ဖြတ်လိုက် ပြီ လို့ သိလိုက်တယ်။
"ဒီလိုဗျာ၊ သံရုံးဝင်းထဲမှာရှိနေ တဲ့ သူလျှိုကို အသုံးပြုပြီးတော့ သူ့ကို အဆိပ်ခတ်သတ်ကြလိမ့်မယ်"
"ကျူးဘား ကောင်ကိုလား" "မဟုတ်ဘူး၊ ပီယာဘိုဒီကို"
ကျုပ်နား ကို ကျုပ် မယုံသလို ဖြစ်သွားတယ်။ သူ့ကို ကျုပ် ကြောင်ကြည့်နေမိတယ်၊ သူက ကိုယ်ကို သတ်လိုက်ပြီး "ရှူရှူပေါက်လိုက်ဦးမယ်ဗျာ"

လို့ပြောပြီး သူ ထသွားတယ်။ ခေါင်းထဲမှာ အသံတွေ ဆူညံနေသလိုပဲ။ သူ သိုင်းကွက်နင်းပြီး ပြန်ဝင် လာတော့ ကျုပ် စိတ်ဆိုးဆိုးနဲ့… "ကျုပ်တို့ သမ္မတက သံအမတ် တစ်ယောက် ကို အဆိပ်ကျွေးသတ်မယ့်ကိစ္စ ခွင့်ပြုမယ်လို့ ခင်ဗျား ပြော ချင်တာလား မိုက်"
သူက အလန့်တကြား ဖြစ်သွားပုံနဲ့ ခေါင်းကို သွက်သွက်ခါပြီး…
"ဟာ… ဒီလိုမဟုတ်ဘူး၊ ဘယ်ကလာ"
"ဒါဆို သူ့ ခွင့်ပြုချက်မရဘဲ စီအိုင်အေက လုပ်နေတာပေါ့"
"ဟာ… အဲဒီလိုလဲ မဟုတ်ဘူး"
"မိုက်… ခင်ဗျားဟာက ဒါဖြင့် ဘာလဲဗျ"
"သောမတ်စ်ဘက်ကက် ဆိုတဲ့နာမည်ကို ကြားဖူးသလား"

ကျုပ်က သရော်တော်တော် လုပ်ချင်တာနဲ့ ဒါးလက်စ်က ကောင်းဘွိုင်ကြီးတစ်ယောက်ရဲ့နာမည်မဟုတ် လားလို့ ပြန်မေး လိုက်တယ်၊ သူက မရယ်၊ အတည်ပေါက်နဲ့ ဆက်ပြောတယ်။
"ဘုရင်က သူရဲကောင်းတွေရှေ့မှာ သူနဲ့ ပတ်သက်ပြီး စိတ်မသက်မသာနဲ့ ဒီဘုန်းကြီးရူး ကို မောင်မင်း တို့ တစ်ယောက်ယောက် က ဖယ်ရှားမပေးနိုင်ကြဘူးလားလို့ ပြောတယ်တဲ့၊ ဘုရင့် သူရဲကောင်းတွေက တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ဘုန်းတော်ကြီး ဘက်ကက်ကိုသွားသတ်လိုက်ကြတယ်၊ ဒီ သတင်း ကြားတော့ ဘုရင် အရမ်း တုန်လှုပ်သွားတယ်၊ တကယ်တုန်လှုပ်သွားတာလား၊ တုန်လှုပ်ချင် ယောင်ဆောင် တာလား ဆိုတာတော့ ကာယကံရှင် မှပဲ သိမယ်လေ၊ အဲဒီလိုပဲ ဆိုက်လက်စ်၊ ခုလဲ စီအိုင် အေက အဲဒီအချိုးမျိုး ချိုးနေ တာပဲ၊ တိုင်းပြည်အတွက် အသက်စွန့်သင့်တယ်၊ ဘာညာဘာညာ ဆိုတဲ့ ခေါင်းစဉ်မျိုးသုံးပြီး လူတစ်ယောက် ကို သူတို့ နှိုတ်ပိတ်ကြမလို့လေ"

"မိုက်ရိုင်းလိုက်တာဗျာ"
"ဟုတ်တယ် ဆိုက်လက်စ်"
"ခင်ဗျား အဲဒီ အစည်းအဝေးတွေမှာ ပါသလား"
"ပါတာပေါ့၊ အကြောက် အကန် ကို ကန့်ကွက်တာပေါ့"
သူ့ မျက်လုံးတွေ ကို ကျုပ် သေသေချာချာ ကြည့်လိုက်တယ်၊ ပြောတဲ့အတိုင်း လုပ်မယ့်လူစားမျိုးလို့ ကျုပ် ယုံသွားတယ်။ "သမ္မတကို နှစ်ယောက်တည်းတွေတဲ့အချိန်မှာ မလုပ်သင့်ကြောင်း  ရှင်းလင်းမပြဘူးလား"
"ဘယ်နေ ပါ့မလဲဗျာ" "အဲဒီတော့…" သူက  စကားလမ်းကြောင်း ပြောင်း ပစ်တယ်၊ ကျုပ်က သူပြောတာတွေ စဉ်းစားနေတုန်း သူ စကား ဆက်တယ်။

"တော်တော်ကြမ်းတဲ့လမ်း ကို ဖြတ်ပြီးမှ သမ္မတဖြစ်လာကြတာ၊ အဲ… ဖြစ်လာပြီးတဲ့နောက်ကျတော့  ပိုကြမ်း တဲ့ လမ်း ကို လျှောက်ကြ ရတယ်" "ဟုတ်ကဲ့၊ အဲဒါ ဘယ်တုန်းကဖြစ်တာလဲဗျ"
"စန်ကာလို မှာပဲ၊ အဆိပ်တစ်မျိုး၊ သူတို့၇ှာကြတယ်၊ လေးငါးရက်ကြာမှ အဖြေထွက်တယ်၊ ခင်ဗျား ယုံ မလားတော့ မသိဘူး၊ ကိုကင်း ကထုတ်တဲ့ အဆိပ်တဲ့ဗျား၊  ကိုကင်း က အရည်စစ်စစ် တစ်စက်သောက် မိရုံနဲ့ ငါးမိနစ် အတွင်း သေနိုင်တဲ့" "ခွေးသားတွေ၊ မအောင်မြင်ပါစေနဲ့ဗျာ"
"ကျွန်တော်လဲ အဲဒီအတိုင်း ဆုတောင်းနေတာပဲ"
သူက နာရီကို ငုံ့ကြည့်ပြီး… "ဟာ… သေတော့မှာပဲ၊ တစ်ရေးတော့ မှေးမှဖြစ်မယ်"
ဖန်ခွက်ထဲက လက်ကျန်မော့၊ စီးကရက်တိုတို ထိုးခြေပြီး အခန်းထဲက ထွက်သွားတယ်။

ဆက်ရန်
.

2 comments:

Anonymous said...

စိတ်ဝင်စားစရာကောင်းတယ်နော်
စောင့်မျှော် အားပေးလျှက်ပါ
ကျေးဇူးပဲ အမရေ

success said...

Hello Sis,

Thank you so much, this is one of my favourite novel.