အငယ်လေးကြိုက်သူများသတိထား
ကျွန်တော်နှင့်အပေါင်းပါ သင်္ဘောသားအုပ်စုသည် အိမ်နီးချင်း နိုင်ငံကြီး၏ ထင်ရှားသော မြို့ကြီးက သင်္ဘောသားတိုင်းသိသည့် ကမာရီပူးရားဆိုသော ပြည့်တန်ဆာကြီးကို လျှောက်လည်ကြသည်။ ပြည့်တန် ဆာတန်းကြီးက အိမ်တွေ အားလုံးမှာ ပြည့်တန်ဆာ အမျိုးသမီးအရွယ်အမျိုးစုံရှိသည်။
တစ်နေရာအရောက်မှာ အသက် ၁၂ နှစ်အရွယ်မျှသာ ရှိသေးသည့် မိန်းကလေးတစ်ယောက်က လမ်းပေါ် အထိထွက်ပြီး သင်္ဘောသားတွေကို သူနှင့်ပျော်ပါးရန် မြူဆွယ်နေတာ တွေ့ရသည်။ ကျွန်တော်နှင့် အတူ လျှောက်နေသော အင်ဒိုနီးရှားသင်္ဘောသားဆလမ်းအာမက်က ကလေးမကိုမေးသည်။
" မင်းကိုယ်တိုင်လား "
" ဟုတ်တယ် ကျွန်မကိုယ်တိုင်ပဲ "
ကျွန်တော်တို့ အတော် အံ့သြသွားကြသည်။ ဒီကလေးမလေး အသက်ငယ်ငယ်လေးရှိသေးသည်။ ဒီအလုပ်ကို လုပ်နေသလား လို့ တွေးမိပြီး အံ့သြသွားတာဖြစ်သည်။ ဆလမ်းအာမက်က အတော်စိတ်ဝင် စားနေပြီဖြစ်သည်။ ကလေးမလေး ကလည်း အာမက်၏ လက်ကို ဆွဲခေါ်နေသည်။ လိုက်သွားကြည့်မည်ဟု ကျွန်တော့် ကို ပြောသည်။
" မစ္စတာစိုး၊ ကျွန်တော် လိုက်သွားကြည့်လိုက်မယ် "
" သတိထား သူငယ်ချင်း၊ အမှုတွေ ဘာတွေ ဖြစ်နေပါဦးမယ်"
" ဗဟုသုတအဖြစ်ပေါ့ဗျာ၊ မစ္စတာစိုး သွားတော့ ကျွန်တော့်ကို မစောင့်နဲ့တော့ "
ကျွန်တော် သည် အာမက်ကို ပြည့်တန်ဆာတန်းက ကလေးမလေးအိမ်မှာ ထားခဲ့ပြီး မြို့ထဲလျှောက်လည် သည်။ မြန်မာပြည် လွပ်လပ်ရေးမရမီ အင်္ဂလိပ်တွေ သိမ်းယူသွားသည့် မြန်မာ့ နန်းစဉ်ရတနာတွေနှင့် ဓားလှံ၊ လက်နက်တွေ ကို ပြသထားသည့် ၀ိတိုရီယပြတိုက်ကို သွားကြည့်သည်။ ဈေးကြီးထဲလျှောက်လည် သည်။ အတော်နေစောင်း သွားတော့မှ လန်ချားစီးပြီး သင်္ဘောကို ပြန်ခဲ့သည်။ သင်္ဘောကို ပြန်ရောက်တော့ ဆလမ်းအာမက် က ကျွန်တော့်ထက်ရှေ့စောပြီး သင်္ဘောကို ပြန်ရောက်နေတာ တွေ့ရသည်။
" ဘယ်လိုလဲ သူငယ်ချင်း၊ အငယ်လေးနဲ့ ဟန်ကျခဲ့ရဲ့လား "
အာမက်က သူ့ကိုးကွယ်ရာ ဘုရားသခင်ကို အလ္လာဟုခေါ်ပြီး တိုင်တန်းရင်း လက်ခါခါခြေခါခါဖြင့် သူ့ အဖြစ် ကို ပြန်ပြောကြသည်။
"ကံကောင်းလို့ ထောင်မကျတာ မစ္စတာစိုးရေ "
" ဟာ အဆင်မပြေခဲ့ဖူးလား၊ ဘယ်လိုဖြစ်တာလဲ ပြောပြပါဦး "
အာမက်က သူသည် ကောင်မလေး လက်ဆွဲခေါ်ရာနောက်ကို လိုက်သွားခဲ့သည်ဟုဆိုပါသည်။ ကောင် မလေး က သူ့မိခင်ဆိုသည့် ပြည့်တန်ဆာခေါင်းမနှင့် မိတ်ဆက်ပေးသည်။ ကလေးမနှင့် ပျော်ပါးရန် အခ ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်ဆယ် သို့မဟုတ် သူတို့နိုင်ငံသုံးပိုက်ဆံ ၁၅၀ ပေးရမည်ဆိုလို့ ဒေါ်လာ ၁၀ ပေးလိုက် သည်။
ကလေးမနှင့် ပျော်ပါးတော့မလို့ အိပ်ခန်းထဲဝင်ပြီး အ၀တ်အစားတွေချွတ်ကြစဉ်မှာပင် အိမ်ရှေ့က ဆူဆူညံညံ အသံတွေကို ကြားရသည်။ ပြည့်တန်ဆာခေါင်းမကို ရိုက်နှက်မေးမြန်းနေသည့် အသံတွေကို ကြားရသည်။ မကြာမီ အခန်းတံခါး ကို ထုရိုက်ပြီး ဖွင့်ခိုင်း၍ ဖွင့်ပေးလိုက်ရသည်။ အာမက်ရော ကလေးမ လေးပါ အ၀တ်အစားတွေ ပြန်ဝတ်ပြီး အခန်းအပြင်ကို ကြည့်လိုက်တော့ ရဲဝတ်စုံဝတ်ထားသည့် နှုတ်ခမ်း မွှေးနှင့် ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်းနှင့် လူတစ်ယောက်က ရိုက်နှက်မေးစစ်နေသည်။ အာမက်ကိုလည်း ဖမ်းဆီးမည်လုပ်တော့သည်။
" ခင်ဗျား ဘယ်ကလဲ၊ ဘာလူမျိုးလဲ၊ အသက်မပြည့်သေးတဲ့ ကလေးကို လိင်ဆက်ဆံတဲ့ အမှုနဲ့ ဖမ်းရမယ်"
အာမက် သည် ကြောက်ပြီး တောင်းပန်ရတော့သည်။ ရဲသားသည် ပြည့်တန်ဆာခေါင်းမကို အာမက်ရှေ့ မှာပင် ဆံပင်ဆွဲပြီး နားရင်းအုပ်တော့သည်။ ပြည့်တန်ဆာခေါင်းမက ရဲသားကို ခြေသလုံးဖက်ပြီး ရှိခိုးတောင်း ပန်သည်။
" ကျွန်တော် တောင်းပန်ပါတယ်ဗျာ၊ ခွင့်လွှတ်ပါ "
" ခင်ဗျားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ် ချပစ်လို့ရတယ် "
အာမက်ကလည်း ရဲသားကို ရှိခိုးတောင်းပန်ပြီး နားလည်မှု ရှိပါတယ်ဟု ပြောသော အခါ ဒေါ်လာ တစ်ထောင် တောင်းသည်။ အာမက်က သူ့မှာ ဒေါ်လာတစ်ရာလောက်သာ ပါသည့် အတွက် ပါသလောက် ကိုပဲ ယူပါလို့ ပေးပြီး တောင်းပန်သည့်အတွက် ပြန်လွှတ်ပေးလိုက်တာဟု ဆိုသည်။
ဒီအကြောင်းတွေ ကို ညနေစာစားသည့် ထမင်းဝိုင်းမှာ ပြောဆိုရယ်မောနေကြစဉ် ဟောင်ကောင်က တရုတ် ကလေး ပီတာက ပြုံးပြီး ထမင်းစားရင်း နားထောင်နေသည်။ အာမက်ပြောတာ ဆုံးတော့မှ တရုတ်ကလေး ကအာမက်ကို မေးခွန်းတွေ မေးသည်။
" ကောင်မလေးရဲ့ အမေက ဖြူဖြူပုပု မဟုတ်လား "
" ရဲသားက နှုတ်ခမ်းမွှေးနဲ့ ဗလကောင်းကောင်း၊ ထောင်ထောင်မောင်းမောင်း မဟုတ်လား "
အာမက်က ပီတာ မေးသမျှကို ဟုတ်မှန်ကြောင်း ပြန်ဖြေသည်။ ပီတာက ပြုံးပြီး ခေါင်းတဆတ်ဆတ် ညိတ် နေ သည်။ ပြီးတော့မှ ဖြေးဖြေးပြောသည်။
" အဲဒီရဲဟာ ရဲအစစ်မဟုတ်ဘူး၊ ပြည့်တန်ဆာခေါင်းမရဲ့လင် အရက်သမား၊ သူတို့ချင်း ဇာတ်တိုက်ထားပြီး ပီပြင်အောင် သရုပ်ဆောင်ကြတာ၊ ကိုယ့်လူက ဒေါ်လာတစ်ရာပဲပေးရတယ်ဆိုတော့ မဆိုးဘူး။ မနေ့က ကျွန်တော် သုံးရာပေး ခဲ့ရတယ် "
အသက်မပြည့်သေးတဲ့ ကလေးအမျိုးသမီးနှင့် လိင်ဆက်ဆံချင်သူများ သတိထားရမည့် ကိစ္စဖြစ်သည်။ ရဲအတုဖြင့် လုပ်စားနေသူတွေနှင့် တွေ့လို့သာ ပိုက်ဆံပေးပြီး အမှုကို ကျေအေးနိုင်ခဲ့တာဖြစ်သည်။ ရဲ အစစ်နှင့် တွေ့ပါက ထောင်ခုနှစ်နစ်ကျမည့်အမှုဖြစ်သည်။ သတိထားရှောင်ကြဉ်ရမည့် အမှုဖြစ်သည်။
ကောင်းတာ လုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။
သင်္ဘောပိုင်ပစ္စည်းကိုခိုးပြီး ရည်းစားကိုပေးသည့် သင်္ဘောသား
ကျွန်တော်တို့ သင်္ဘောသည် ကာရေဇီယံပင်လယ်ထဲက ဒိုမီနီကန်သမ္မတနိုင်ငံလို့ခေါ်သည့် ကျွန်းနိုင်ငံငယ် ကလေးကို ရောက်ပြီး ကုန်ချနေသည်။ ကျွန်းကလေးသည် နှစ်ခြမ်းကွဲနေသည်။ တစ်ခြမ်းက ဟီတီနိုင်ငံ ဖြစ်သည်။ စပိန်စကားပြောသော ကျွန်းနိုင်ငံငယ်ကလေးဖြစ်သည်။ ပြည်သူအများစုက ဆင်းရဲကြ သည်။
အမေရိကန်သည် ဆင်းရဲသည့် နိုင်ငံကလေးတွေကို ထောက်ပံ့ပြီး သူ့လူဖြစ်အောင် စည်းရုံးနေသည်။ ကျွန်တော် တို့ သင်္ဘောသည် အမေရိကန်နိုင်ငံက ထောက်ပံ့သည့် ဆန်တွေကို ဒိုမီနီကန်နိုင်ငံ၏ ဆိပ်ကမ်း မြို့ဖြစ်သည့် ရီယိုဟိုင်းနား ဆိပ်ကမ်းမှာ ဆန်တွေကို ချနေသည်။
ပြည်သူတွေ ဆင်းရဲသည့်အတွက် ဆိပ်ကမ်းလုပ်သားတွေက ဆန်တွေကို သင်္ဘောပေါ်ကချရာတွင် တမင် ပေါက်ပြဲ ပျက်စီးအောင် လုပ်သည်။ ဆိပ်ကမ်းမြေပြင်ပေါ် ပေါက်ကျသည့် ဆန်တွေကို အမှိုက်တွေ၊ ဖုန်တွေ သဲတွေနှင့် အတူ ကြုံးယူသည်။ အိမ်ရောက်မှ ဆန်နှင့် ဖုန်သဲတွေကို ခွဲထုတ်ပြီး ချက်စားသည်။ သင်္ဘော လုံခြုံရေး ရဲကလည်း သူ့တစ်ကိုယ်လုံးက ဘောင်းဘီ အင်္ကျီတွေမှာ ဆန်ထည့်လို့ရသည့် နေရာတွေ အားလုံး မှာ ဆန်တွေ ကို ထည့်ယူပြီး ဖိုးဝရုပ်ကြီး ပုံစံဖြင့် အိမ်ပြနသြည်။ သင်္ဘောက ပေးတာမှန်သမျှကို အကုန် ယူသည်။ ပေးလျှင် တစ်မျိုးကို နှစ်ခုစီပေးရသည်။ ဆိပ်ကမ်းအထွက် ဂိတ်စောင့်ကို တစ်ခုစီပေးရ သည်ဟု သိရသည်။
ဒီနိုင်ငံငယ်ကလေးမှာ ပြည်သူအများစုက ဆင်းရဲသည်။ အလုပ်လက်မဲ့တွေပေါသည်။ ထူးဆန်းတာတစ်ခု က ကလေး တစ်ယောက် မွေးလာတိုင်း ကလေး၏မိခင်သည် ကလေးစရိတ်ထောက်ပံ့ကြေးရသည်။ တစ်ချို့ မိခင်တွေ သည် တရားဝင် လင်မရှိဘဲ ကလေးတွေ မွေးထားတာ တွေ့ခဲ့ရသည်။
ဒီဆိပ်ကမ်း မှာ ဆန်တွေကို ချပေးနေတာ ရက်ကြာနေသည်။ ရက်ကြာရသည့်အကြောင်းတွေကလည်း များ သည်။ မိုးရွာ လို့ ကုန်ချတာ ရပ်ထားရသည်။ အလုပ်သမားတွေ ဆန္ဒပြလို့ ရပ်ထားရသည်။ ရွေးကောက် ပွဲမှာ မဲလိမ် မဲခိုးပါတယ်ဆိုပြီး ဆူပူမှုတွေဖြစ်လို့ ကုန်တင်ကုန်ချလုပ်ငန်းတွေ ရပ်ထားရသည်။ ဒီလိုဖြင့် ဒီ ဆိပ်ကမ်းမှာ ရက်တွေကြာနေသည်။
ကျွန်တော်တို့ သင်္ဘောသားတွေကတော့ လေမလာကြာတိုင်းကောင်း၊ လှေသူကြီးကို လှေသားထောင်း ဆိုတာမျိုးဖြစ်နေသည်။ ဆိပ်ကမ်းတစ်ခုမှာ ကြာကြာနေရတော့ ဒေသခံကောင်မလေးတွေနှင့် သင်္ဘောသား တွေရင်ခုန်ပြီး ငြိကုန်ကြတော့သည်။ ကောင်မလေးတွေကလည်း ချောသည်။ ကာရေဗီယန်ကျွန်းသူ တို့၏ သဘာဝအတိုင်း မည်းသူရှိသည်။ ကြေးညိုရောင်ရှိသည်။ ဖြူသူလည်းရှိသည်။
တက်မကိုင် ဘိုနီနှင့် နိုက်ကလပ်မှာ တွေ့ကြပြီး ချစ်သူတွေဖြစ်နေကြသည့် ကောင်မလေးက အဖြူမလေး ဖြစ် သည်။ ဘိုနီသည် အလုပ်ချိန်နှင့် သူ့တာဝန်ချိန်မှာပဲ သင်္ဘောမှာနေသည်။ ကျန်တဲ့အချိန်တွေမှာ ကောင် မလေး ၏ အခန်းမှာ သွားနေသည်။ ကောင်မလေးနှင့်အတူ နိုက်ကလပ်မှာ နေသည်။ သင်္ဘောမှာနေသည့် အချိန် နည်းသည်။ ကောင်မလေးကိုလည်း လက်ပတ်နာရီဝယ်ပေးသည်။ အ၀တ်အစား ၀ယ်ပေးသည် ဆို သည့် သတင်း ကြားနေရသည်။
တစ်နေ့ည သန်းခေါင်ယံအချိန်မှာတော့ ဘိုနီကို ခိုးရာပါပစ္စည်းတွေနှင့်အတူ ဆိပ်ကမ်းရဲက ဖမ်းမိလာ သည်။ ဘိုနီထံ မှ ဘယ်က ခိုးယူလာမှန်းမသိသော ဂွမ်းစောင်၊ မျက်နှာသုတ်ပ၀ါ၊ အိပ်ယာခင်းနှင့် ခေါက်ဆွဲ ခြောက် အထုပ်တွေ ဖမ်းဆီးရမိလာသည်။ ရဲက ဘိုနီကို သင်္ဘောသို့ခေါ်လာပြီး ကပ္ပတိန်၏လက်ကို အပ် သည်။ ကပ္ပတိန် က စစ်မေးသည်။
" ဘိုနီ ဘာဖြစ်လာတာလဲ "
" ကျွန်တော် ဒါတွေယူသွားပြီး ဂိတ်မှာ အဖမ်းခံရတာပါ ဆရာ "
ကပ္ပတိန်က သဘောပေါက်သည်။ ဘိုနီထံမှ သိမ်းဆည်းရမိလာပါသည်ဆိုသော ခိုးရာပါပစ္စည်းတွေက သင်္ဘောပိုင် ပစ္စည်းတွေဆိုတာကို သိနေသည်။ ကပ္ပတိန်သည် ဂရိလူမျိုးဖြစ်သည်။ ဘိုနီအကြောင်းကိုလည်း သိနေသည်။
" မင်းက ဒါတွေကို ဘယ်ကို ယူသွားတာလဲ "
" ကျွန်တော့် ကောင်မလေးကို ပေးမလို့ပါဆရာ "
ကပ္ပတိန်က ရယ်ချင်လို့ ရဲတွေရှေ့မှာ အံကြိတ်ပြီး မရယ်မိအောင် အောင့်ထားရသည်။ ဘိုနီသည် မိန်းကလေး ချောချောနှင့်တွေ့လျှင် ကြွေတော့သည်။ နိုင်ငံတကာ၊ ကမ္ဘာအရပ်ရပ် က နိုက်ကလပ်တွေမှာ တွေ့သည့် ကောင်မလေး ချောချောလေးတွေကို လက်ပတ်နာရီ ချွတ်ပေးတာ အလုံးပေါင်း မနည်းတော့ဘူး ဆိုတာကိုလည်း သိနေသည်။
" ဒါတွေဟာ သင်္ဘောပိုင်ပစ္စည်းတွေပဲ ဘာကြောင့်ပေးရမှာလဲ "
" ကျွန်တော့်ကောင်မလေးကို သနားလို့ပါဆရာ "
သူ့ကောင်မလေး မိသားစုက ဆင်းရဲသည်ဟုဆိုသည်။ ဒီနေ့ည နိုက်ကလပ်မှာတွေ့ကြတော့ သူ့ကောင် မလေး က ဘိုနီကို စကားနာထိုးသည်။ ရှင်တို့ သင်္ဘောက ဘယ်သူကတော့ သူ့ကောင်မကို ဘာတွေပေး တယ်။ ရှင်ကတော့ ကျွန်မကို ဘာမှမပေးဘူး စသည်ဖြင့်ဖြစ်သည်။ အဲဒီအခါမှာ ဘိုနီက ဘာမှပေးစရာမရှိ တော့ ညတွင်းချင်း သင်္ဘော ကို ပြန်လာပြီး သူခြုံသည့်စောင်၊ သုံးနေသည့် အိပ်ရာခင်း၊ မျက်နှာသုတ် ပ၀ါနှင့် ခေါက်ဆွဲခြောက်ထုပ်တွေကို လာယူတာဖြစ်သည်။ ချစ်သူကို ချစ်သက် လက်ဆောင်အဖြစ် ပေးရန်ဖြစ် သည်။ ချစ်သူ မျက်နှာမငယ်စေချင်လို့ဖြစ်သည်။
" ဒါတွေကို သူ့ကိုပေးလိုက်တော့ နင် ဘာနဲ့ခြုံအိပ်မလဲ "
" ကျွန်တော် စောင်ခြုံပြီး မအိပ်တတ်ဘူးဆရာ၊ အေးတဲ့နိုင်ငံကို ရောက်ရင် သင်္ဘောက ဟီတာမောင်းပေး ထားတော့ စောင်ခြုံ စရာမလိုပါဘူး။ ပူတဲ့နိုင်ငံ ကို ရောက်ပြီး အဲယားကွန်းမောင်းထားလို့ အေးလာရင်လည်း လုံချည် ကို ခြုံအိပ်လို့ရပါတယ် "
အချစ် အတွက်ဖြင့် အသက်ပင်သေစေ၊ လုံချည်ကို ခြုံအိပ်ပါ့မယ်ဆိုသည့်အတွက် ကပ္ပတိန်ရော ဆိပ်ကမ်း ရဲပါ လက်လျော့ လိုက်ရတော့သည်။ ချစ်သူကို ပေးရန်အတွက် သင်္ဘောက မိမိပိုင်ပစ္စည်း မဟုတ်သော် လည်း မိမိ အတွက် သင်္ဘောကပေးထားသည့် ပစ္စည်းတွေကို ခိုးယူလာသည့် သင်္ဘောသား ဘိုနီကို ကွင်း လုံးကျွတ် လွှတ်ပေးလိုက် ရတော့သည်။
" ကဲ ရော့ ဒါလေးပါပေးလိုက်၊ ပေးတာနည်းလို့ မျက်နှာပန်းမလှဖြစ်နေပါ့မယ် "
ကပ္ပတိန် သည် သူ့အခန်းတွင်းရှိ ရေခဲသေတ္တာထဲက အချိုရည်ခြောက်ဘူးတစ်တွဲ ထုတ်ပေးသည်။ ကပ္ပတိန် ကလည်း အချစ်နှင့် ပတ်သက်လာလျှင် ကိုယ်ချင်းစာတတ်သူဖြစ်သည်။ နိုက်ကလပ်မှာ သင်္ဘောသားတွေ က တစ်ယောက် ပဲ တွဲသည်။ သူက ဘယ်တစ်ယောက်၊ ညာတစ်ယောက် တွဲပြီး ဖက်ထားလေ့ရှိသူဖြစ် သည်။ သင်္ဘောသားတွေ နိုက်က်လပ်မှာကဲလို့ ပိုက်ဆံကုန်သွားလျှင် သူက ထုတ်ပေးသည်။ လကုန်လျှင် လစာထဲ က ဖြတ်ယူသည်။ အဲဒီလို ကပ္ပတိန်မျိုးဖြစ်သည်။ အဲဒီတော့ ဘိုနီကို ဖမ်းခေါ်လာသည့် ဆိပ်ကမ်း ရဲလည်း စိတ်ညစ်ပြီး ပြန်ဆင်းသွားလေတော့သည်။
ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။
စူပါမားကက်မှာ ပစ္စည်းခိုးသည့်သင်္ဘောသား
ကျွန်တော်တို့ သင်္ဘောသည် ဂျပန်နိုင်ငံ ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ပြီး ကုန်ချနေပါသည်။ ကျွန်တော်သည် သင်္ဘောဆိပ်ကမ်းကပ်ထားလျှင် အလုပ်မရှိသူဖြစ်သည့်အတွက် မိမိအခန်းမှာ အနားယူ နေသည်။ ကျွန်တော့်အခန်းထဲက တယ်လီဖုန်းမြည်လာသည်။ ကောက်ကိုင်ပြီး နားထောင်လိုက်ရာ တယ်လီဖုန်း ခေါ်သူ ဟာ ကပ္ပတိန်ကိုယ်တိုင် ဖြစ်နေသည်။
" အာအို ကျွန်တော့် အခန်းကို ခဏလာပါဦး "
" ရက်ဆား "
ကျွန်တော် ဘောင်းဘီ ကောက်စွပ်ပြီး ကပ္ပတိန်၏အခန်းကို သွားသည်။ ကပ္ပတိန်၏အခန်းမှာ ဒေသကိုယ် စားလှယ်ရောက်နေသည်။ ကျွန်တော်ရောက်သွားတော့ ကပ္ပတိန်က မျက်စိပျက် မျက်နှာပျက်ပြီးပြောသည်။
" ခင်ဗျားနဲ့ ကျွန်တော် ရဲစခန်းကို လိုက်သွားရမယ်။ ဟိုကောင်ကုန်တိုက်မှာ ပစ္စည်းခိုးတာ မိလို့တဲ့ "
ဟိုကောင်၏ နာမည်ကို ထည့်ပြောပါသည်။ ကျွန်တော် အံ့သြသွားသည်။ ဟိုကောင်ဆိုသူသည် မိကောင်း ဖခင်တို့၏သားဖြစ်သည်။ သင်္ဘောကုမ္ပဏီရုံးက အရာရှိတစ်ယောက်သည် အဲဒီဟိုကောင်ဆိုသူ ၏ ယောက်ဖ ဖြစ်သည်။ ဒီကောင်ခိုးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဟု အံ့သြမိတာဖြစ်သည်။
ဂျပန်နိုင်ငံ က ကုန်တိုက်တွေကလည်း ခိုးချင်စရာ အတော်ကောင်းသည်။ ပစ္စည်းတွေက လိုချင်စရာတွေချည်းဖြစ် သည်။ လိုချင်စရာပစ္စည်းတွေ များသလောက် ဈေးရောင်းသူမရှိသော ကုန်တိုက်ကြီးတွေဖြစ် သည်။ ၀ယ်သူက မိမိလိုချင်သည့် ပစ္စည်းကို ဆွဲယူပြီးထည့်နေတာကို ဘယ်သူမှ လိုက်ကြည့် မနေပါ။ သို့သော် မြင်ကွင်းအားလုံးကို ကွက်လပ်မကျန်အောင် ချိန်ရွယ်ထားသည့် ရုပ်မြင်သံကြား ကင်မရာတွေက ဂရုစိုက်ပြီး ကြည့်နေပါသည်။
ဈေးဝယ်သူသည် မိမိဝယ်လိုသည့် ပစ္စည်းများကို ယူလာပြီး ကုန်တိုက်ကြီး၏ ထွက်ပေါက် နားက ငွေရှင်း ကောင်တာမှာ ပြပြီး ငွေရှင်းရုံသာဖြစ်သည်။ ကုန်တိုက်ကြီး တစ်ခုလုံးမှာ ၀န်ထမ်း ဆယ်ယောက်ရှိရမည့် အစား ငါးယြေ်လောက်သာခန့်ထားသည်။ ဟိုအကောင် ဘာပစ္စည်း ခိုးသလဲ မေးကြည့်ရသည်။
" ဘာပစ္စည်းခိုးတာတဲ့လဲ "
" မသိသေးဘူး၊ ပစ္စည်းယူပြီး ငွေမရှင်းဘဲ ထွက်သွားလို့ ရဲက ဖမ်းထားတာဘဲ "
သင်္ဘောကုမ္ပဏီ၏ ဒေသကိုယ်စားလှယ်နှင့်အတူ ကပ္ပတိန်နှင့် ကျွန်တော်တို့ ဆိပ်ကမ်းရဲစခန်းကို လိုက်သွားကြပါ သည်။ ရဲစခန်းထဲမှာ ထိုင်ခိုင်းထားသည့် ဟိုအကောင်ကို တွေ့ရပါသည်။ သူခိုးလာသည်ဆို သည့် ခေါက်ထီး လှလှလေးကို ရဲက သက်သေခံပစ္စည်းအဖြစ် သိမ်းထားပြီး ရဲအရာရှိ၏ စားပွဲပေါ်မှာ တင် ထားတာတွေ့ ရသည်။
ခေါက်ထီးလေး သည် ဂျပန်ငွေ ယန်းတစ်ထောင် (အမေရိကန်ဒေါ်လာ ၁၀)ခန့်သာ တန်ပေလိမ့်မည်။ ဂျပန် နိုင်ငံ အနေဖြင့်မူ ဘာမျှ တန်ဖိုးရှိသည့် ပစ္စည်းမဟုတ်။ ဂျပန်နိုင်ငံမှာ ဒါမျှမက တန်ဖိုးရှိသည့် ပစ္စည်းတွေကို လိုချင်လျှင် အလကား ယူသွားပါလို့ စာရေးပြီး လမ်းဘေးက ကလက်ဖောင်းမှာ ချထားတာတွေ အများကြီး ရှိသည်။
ဂျပန်နိုင်ငံမှာ အမှိုက်ပစ်စရာ နေရာမရှိလို့ လူသုံးပစ္စည်းအမျိုးမျိုးတွေဖြစ်သည့် ရေခဲသေတ္တာ၊ တီဗီ၊ ဗီဒီယို၊ ပန်ကာ၊ လျှပ်စစ်မီးပူ၊ ဘိုင်စကယ်တွေကို လိုချင်လျှင် ချထားတာတွေ အများကြီးရျီသည်။
ဂျပန်နိုင်ငံ မှာ စွန့်ပစ်ပစ္စည်းတွေကို ဖျက်ဆီးပြီးမှ စွန့်ပစ်ရသည်။ အထူးသဖြင့် မော်တော်ကား၊ မော်တော် ဆိုင်ကယ်လို ပစ္စည်းမျိုးကို စွန့်ပစ်မည်ဆိုလျှင် ဖျက်ဆီးပေးခ အလွန်ဈေးကြီးသည့်အတွက် ယာဉ်နံပါတ်နှင့် အင်ဂျင်နံပါတ်တွေ ကို ဖျက်ဆီးပြီး ချုံထဲကို မောင်းသွင်းပစ်ခဲ့လေ့ရှိသည်။ အဲဒီလိုမျိုး လုပ်တာမျိုးကို ဖော် ထုတ်ဖမ်းဆီး မိပါက ဒဏ်ငွေယန်း သန်းနှင့်ချီပြီး တပ်ရိုက်ခံရမည်ဖြစ်သည်။ ဂျပန်နိုင်ငံမှာ အဖိုးတန်ပစ္စည်း တွေ စွန့်ပစ်ထားတာ အမှိုက်ပုံမှာ မကြာခဏ တွေ့ရသည်။
ဟိုအကောင် ကုန်တိုက်က ခိုးလာပါသည်ဆိုသည့် ခေါက်ထီးမျိုးကတော့ လွှင့်ပစ်ထားလျှင်တောင် ဘယ်သူ မှ ကောက်ကိုင်ကြည့်မည်မဟုတ်လို့ တန်ဖိုးမရှိသည့် ပစ္စည်းဖြစ်သည်။ သို့သော် ဂျပန်နိုင်ငံ ဥပဒေက ခိုးတာ ကိုမိပါက ထိရောက်စွာ အရေးယူသည့်အတွက် ထောင်ဒဏ်၊ ငွေဒဏ် သို့မဟုတ် နှစ်ရပ်လုံး ကျခံရတော့ မည်ဖြစ်သည်။
" ဟိုကောင် ဘယ်လိုဖြစ်တာလဲ ပြောပါဦး "
" ဘာဖြစ်မှန်းကို မသိပါဘူးဆရာရယ်၊ ကုန်တိုက်က အထွက်မှာအချက်ပေးလျှပ်စစ်ခေါင်းလောင်း အဆက် မပြတ်မြည် ပြီး ရဲက ကျွန်တော့်ကို ဖမ်းတော့တာပါပဲ "
" ဒေသခံ ကိုယ်စားလှယ်က ပြောတယ်၊ မင်း ခေါက်ထီးခိုးလို့ အဖမ်းခံရတာတဲ့ "
" ဒီခေါက်ထီး ဟာ သူတို့ကုန်တိုက်က ခေါက်ထီးမဟုတ်ဘူး၊ ကျွန်တော် လမ်းဘေးက စတိုးဆိုင်တစ်ဆိုင်က ၀ယ်ခဲ့တာ "
သူပြောပြတာက သူသည် ဒီနေ့တစ်နေ့လုံး အားလပ်ခွင့်ရပြီး ညနေ ၄ နာရီမှ ဂျူတီဝင်ရမည်ဖြစ်လို့ မြို့ထဲ ကို လျှောက်လည်နေခဲ့သည်ဟုဆိုသည်။ တစ်နေ၇ာအရောက်မှာ စတိုးဆိုင်တစ်ဆိုင်ကို ၀င်ကြည့် သည်။ ခေါက်ထီးလှလှလေးတွေ့တာနဲ့ သူ့ကောင်မလေးအတွက် ၀ယ်သည်။ ခေါက်ထီးဝယ်ပြီး ဆက်လျှောက် လာစဉ် ကုန်တိုက်လှလှကြီးတွေ့တာနဲ့ ၀င်ကြည့်သည်။ ကုန်တိုက်ကြီးထဲက ပစ္စည်းတွေ ဈေးကြီးလွန်း သည့်အပြင် သူလိုချင်တာ ဘာမျှမမတွေ့လို့ ပြန်အထွက်မှာ အဖမ်းခံရတာဟု ဆိုသည်။
" မင်းက ပြောမပြဘူးလား၊ တခြားဆိုင်က ၀ယ်လာခဲ့တယ်ဆိုတာကို "
" ပြောပါတယ်၊ ရဲတွေတစ်ယောက်မှ အင်္ဂလိပ်စကား နားမလည်ဘူး "
" မင်းဝယ်လာခဲ့တယ်ဆိုတဲ့ စတိုးဆိုင်ကို မှတ်မိသလား "
" မှတ်မိတယ်ထင်တာပဲ၊ အတော်ဝေးတယ် "
ကပ္ပတိန်က ဒေသကိုယ်စားလှယ်ကို ရှင်းပြသည်။ ဒေသကိုယ်စားလှယ်က ရဲတွေကို ပြန်ရှင်းပြသည်။ ရဲတွေက သဘောပေါက် သွားပြီး ဟိုက် ဟိုက်နဲ့ တဟိုက်ဟိုက် အသံထွက်ပြီး နားထောင်နေသည်။ ရဲတွေပြန်ပြောတာ ကို ဒေသကိုယ်စားလှယ်က ပြန်ပြောပြသည်။
" သူဝယ်ယူခဲ့သည့် စတိုးဆိုင်ကို သွားကြည့်စရာမလို၊ ကုန်တိုက်ကို ပြန်သွားပြီး စစ်ဆေးလို့ ရတယ်လို့ ပြောနေ တယ် "
ဟိုအကောင်ကို ဖမ်းသည့် ရဲပါလိုက်ပြီး ကုန်တိုက်ကို သွားကြသည်။ ကုန်တိုက်က ရုပ်မြင်သံကြား ကင်မရာတွေကို စစ်ဆေးကြသည်။ စစ်ဆေးလိုက်တော့ ဟိုအကောင် ခေါက်ထီးကလေးကို ကိုင်ပြီး ငွေမရှင်းခဲ့ပဲ ကုန်တိုက် ထဲက ထွက်ခွာသွား ပုံကို ပီပြင်ထင်ရှားစွာ တွေ့ရသည်။ ရတြွေက တစ်စုံတစ်ခုပြောလိုက်လို့ ကုန်တိုက်က တာဝန် ရှိသူက ဟိုကောင် ကုန်တိုက်ထဲ ၀င်လာပုံကို ပြန်ရစ်ပြသည်။ ဒီတော့မှ ရှင်းသွားတော့ သည်။
" ဟိုမှာ ဟိုမှာ၊ သူ့လက်ထဲမှာ ခေါက်ထီးပါတယ် "
ဟိုအကောင်သည် ကုန်တိုက်ထဲကို ၀င်လာကတည်းက သူ့လက်ထဲမှာ ခေါက်ထီးလေးကိုင်ပြီး ၀င်လာတာကို ရုပ်မြင်သံကြားမှာ ထင်ရှားစွာ တွေ့မြင်ရသည်။ ခေါက်ထီးကို လျှပ်စစ်ရောင်ခြည်ဖြင့် စစ်ဆေး တော့လည်း ဒီကုန်တိုက် က ခေါက်ထီးမဟုတ်ကြောင်း ပြနေသည်။ ဒီတော့မှ ဟိုအကောင်ကို ကွင်းလုံးကျွတ် လွှတ်ပေး လိုက်ပါသည်။ ကုန်တိုက်က တာဝန်ရှိသူက ဟိုအကောင်ကို လက်ဆောင်အဖြစ် ချောကလက်ဘူး တစ်ဘူးပေး သည်။ ကျွန်တော်တို့ကိုပါ ပေးစားပါသည်။

ပြည့်တန်ဆာမကို အခကြေးငွေမပေးလို့ မရေးယူခံရသည့်သင်္ဘောသား
ကိုးရီးယားနိုင်ငံ ဆိပ်ကမ်းတစ်ခုက သင်္ဘောပြန်ထွက်ခါနီးမှ ပြဿနာတစ်ခုဖြစ်သည်။ သင်္ဘောပြန်လည် ထွက်ခွာတော့မည်ဖြစ်လို့ ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပေးထားသည့် ကမ်းတပ် လည်ပတ်ခွင့်စာရွက် (ရှိုးပတ်စ်)တွေ ကို ပြန်သိမ်းသည်။ အင်ဒိုနီးရှားလူမျိုး တက်မကိုင်သင်္ဘောသားတစ်ယောက်မှာ ရှိုးပတ် ပျောက်နေ သည်။
ကိုရီးယားနိုင်ငံ မှာ သင်္ဘောသားကို ယာယီ ထုတ်ပေးထားသည့် ကမ်းတက်လည်ပတ်ခွင့် လက်မှတ်ပျောက်ဆုံးပါက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၀၀ ပေးဆောင်ရမည် ဟုရှိုးပတ် ၏ နောက်ကျော မှာ ရေးထားသည်။ အင်ဒိုနီးရှားသင်္ဘောသားသည် အင်္ဂလိပ်လို မဖတ်တတ်ကာရယ်၊ ဖတ်မကြည့်တာ ရယ်ကြောင့် မသိဖြစ်နေသည်။ တာဝန်ရှိသူ ပထမအရာရှိကမေးသည်။
" ဘယ်မှာထားလို့ ပျောက်တာလဲ "
" ဘယ်မှာ ထားမိမှန်းမသိဘူး "
" အမေရိကန်ဒေါ်လာ ငါးရာ ဒဏ်ငွေ ပေးဆောင်ရမယ် "
ဒီတော့မှ သင်္ဘောသားသည် မျက်လုံးပြူးသွားပြီး အမှန်ကို ဖွင့်ပြောသည်။ သူ့ရှိုးပတ်ကို သူ့ကောင်မလေးက နှိုက်ယူထားလိုက်တာဟုဆိုသည်။ အရေးမကြီးဘူးထင်လို့ ပြန်မတောင်းဘဲ ထားပစ်ခဲ့တာဟုဆိုသည်။
မနေ့ကညနေက သူသည် တခြား သင်္ဘောသားတွေနှင့် အတူ နိုက်ကလပ် မှာ ကောင်မလေးတွေနှင့် ပျော်ကြ သည်။ အတူတွဲပြီး ကဲကြသည်။ ကကြသည်။ သန်းခေါင်ယံ ၂ နာရီ နိုက်ကလပ်ပိတ်ချိန်မှာ သူ့ကောင်မလေး၏ အခန်းကို လိုက်ပါသွားပြီး အတူအိပ်သည်။
မိုးလင်းလို့ သင်္ဘောကို ပြန်တော့မည်ဆိုတော့ ကောင်မလေးက သူ့ကို ညကြေးပေးပါရန်တောင်းသည်။ သင်္ဘောသား က သူ့မှာ ပိုက်ဆံတပြားမှ မရှိတော့ပါဟုပြောသည်။ မနေ့ညက အတူသောက်စားကြရာမှာ သုံးစွဲလိုက်ရ လို့ ကုန်ပြီဟုပြောသည်။
" တစ်ပြားမှ မကျန်တော့ဘူးလား၊ "
" နိုး "
" နှစ်ဆယ် အစိတ်လောက်တောင် မကျန်တော့ဘူးလား "
" တစ်ပြားမှ မကျန်တော့ဘူး "
ကောင်မလေးက သူ့ကို ပျော်ပါးခ၊ ဒေါ်လာ ၂၀၊ ၂၅ လောက်ပေးလျှင် ကျေနပ်ပါသည် ဆိုသည့်သဘော ပြောနေသည်။ အင်ဒိုနီးရှားသင်္ဘောသားသည် အင်္ဂလိပ်စကား ကို ကျွမ်းကျင်စွာ မပြောတတ်သည့် အပြင် ကပ်စီးနည်းတာလည်း ပါသည့် အတွက် ကောင်မလေးပြောသမျှတွေကို နိုး နိုး နိုး လို့ချည်း ပြောနေသည်။
ကောင်မလေး က သည်းခံနေရာက စိတ်ဆိုးလာပြီး သင်္ဘောသား၏ အိတ်ကို နှိုက်ရှာသည်။ တကယ်ပင် ပိုက်ဆံတစ်ပြား မှ မရှိတာတွေ့ရသည်။ သင်္ဘောသား၏ အိတ်ထဲက နှိုက်ယူလို့ရသည့် ပစ္စည်းတွေထဲက ကမ်းတက်လည်ပတ်ခွင့် လက်မှတ်ကို သိမ်းယူထားလိုက်သည်။ သင်္ဘောသားက အရေးမကြီးသည့် စာရွက် ထင်ပြီး ပြန်မတောင်း ဘဲ ထားပစ်ခဲ့သည်။
" မင်း ညအိပ်ခဲ့တဲ့ အဲဒီကောင်မလေးရဲ့အိမ်ကို မှတ်မိလား "
" မှတ်မိပါတယ် "
" လာ သွားမယ် "
သင်္ဘော သည် ကုန်ချလို့ ပြီးသွားပြီ။ ဆိပ်ကမ်းက ပြန်လည် ထွက်ခွာရတော့မည်။ အကြောင်းမဲ့ဆိပ်ကမ်းမှာ ကြာနေလျှင် ရပ်နားခ တစ်နာရီကို ဘယ်လောက်နှုန်းစသည်ဖြင့် သင်္ဘောက ပေးရတော့မည်ဖြစ်သည်။
ပထမအရာရှိသည်လည်း အင်ဒိုနီးရှားလူမျိုးပင်ဖြစ်သည်။ ကျွန်တော်နှင့် သောက်ဖော်သောက်ဖက်ဖြစ် သည်။ ကျွန်တော့်ကိုပါ လိုက်ခဲ့ရန်ခေါ်သည်။ အငှားယာဉ်တစ်စီးခေါ်လိုက်သည်။ လိုရမယ်ရဆိုပြီး ဆိပ်ကမ်းရဲ တစ်ယောက်ကိုပါ လိုက်ခဲ့ရန် ခေါ်ယူလာခဲ့သည်။
ကောင်မလေး နေထိုင်သည့် တိုက်ခန်းသည် တိုက်အိုတိုက်ဟောင်းတစ်ခု၏ ပထမထပ်က အခန်းပေါင်းများစွာ အနက်က တစ်ခန်းဖြစ်သည်။ ကိုရီးယားနိုင်ငံမှာ ဈေးပေါသည့် တိုက်ခန်းမျိုးဖြစ်သည်။ ရဲသားက အခန်းတံခါး ကို ခပ်ပြင်းပြင်း ခေါက်လိုက်သည်။ သုံးခါလောက် ခေါက်တော့်မှ တံခါးဖွင့်ရန် ထလာသည့် အတွင်းက လှုပ်ရှားသံကို ကြားရသည်။
၁၁ နာရီထိုးတော့မည်။ အိပ်ပျော်နေတာဖြစ်မည်။ ပြည့်တန်ဆာ အမျိုးသမိးနှင့် ဇာတ်မင်းသမီးတို့သည် ညမှာ အသုံးတော်ခံသူတွေ ဖြစ် နေ့မှာအိပ်ကြရသည်။ အိပ်ပျော်နေစဉ် လာနှိုးသူကို စိတ်ဆိုးကြသည်။ ဒီ အခန်း က ကောင်မလေးသည်လည်း သင်္ဘောသားကို တစ်ညလုံး အသုံးတော်ခံခဲ့ရသူဖြစ်လို့ အိပ်ပျော်နေတာဖြစ်မည်။
အတွင်းဘက်က တံခါးချက်ဖြုတ်သံကြားရသည်။ တံခါးကို ဟကြည့်သည်။ သံကြိုးချိတ်ထား လို့ ခြောက်လက်မခန့်သာ ပွင့်သွားသည်။ ရဲတစ်ယောက်နှင့်ညက သူ့လူအပါအ၀င် သင်္ဘောသား သုံးယောက်ကို မြင်တော့ အော်လာကြပြီလားဆိုသည့် အမူအရာဖြင့် မထီပြုံးပြုံးပြီး တံခါးသံကြိုးကို ဖြုတ်ကာ ဖွင့်ပေးပါသည်။ သို့သော် အိမ်ထဲကို ၀င်ခွင့်မပေးဘဲဆို ဘာကိစ္စဆိုသည့် အမူအရာဖြင့် စီးကရက် ကို ဟန်ပါပါဖွာပြီး မီးခိုးမှုတ်ထုတ်သည်။
" နင် သူ့ရှိုးပတ် ကို နှိုက်ယူထားလိုက်တယ်ဆို "
ကောင်မလေးက မထီလေးစားအပြုံးဖြင့် ခေါင်းညိတ်ပြသည်။
" အဲဒါ ပြန်ပေးပါ "
ကောင်မလေးက ပြုံးပြီး စီးကရက်မီးခိုး မှုတ်ထုတ်လိုက်ပြန်သည်။ လက်ငါးချောင်းထောင်ပြသည်။ ပြီးတော့မှ လက်သန်းကစပြီး ပြန်ခေါက်ချိုးချသည်။ လက်သန်း၊ လက်သူကြွယ်၊ လက်ခလယ်၊ ပြီးတော့ လက်မကို ချိုးပြသည်။ နောက်ဆုံး လက်ညှိုးတစ်ချောင်းပဲ ထောင်ပြထားသည်။ အဲဒီအဓိပ္ပာယ်ကို နားလည် သည့်ရဲက ရှင်းပြသည်။
" ရှိုးပတ်စ် က ဒေါ်လာ ငါးရာတန်တယ်တဲ့၊ လေးရာ၊ သုံးရာ၊ နှစ်ရာမပေးပါနဲ့တဲ့၊ တစ်ရာပဲ ပေးပါတဲ့ "
ပထမအရာရှိက အမေရိကန်ဒေါ်လာ တစ်ရာထုတ်ပေးလိုက်တော့မှ ဧည့်ခန်းက စားပွဲပေါ်မှာ တင်ထားတဲ့ ပတ်စ်ပို့ကို သွားယူပြီး ပြန်ပေးသည်။
ကောင်မလေးနှင့် တစ်ညအတူအိပ်ခ ဒေါ်လာ ၂၀ လောက် ပေးရမည့်ကိစ္စကို မပေးသည့် အတွက် ပြဿနာ ဖြစ် လာသည့်အခါ ဒေါ်လာ တစ်ရာ ပေးလိုက်ရတော့သည်။ ရဲသားပြောတာ မှတ်သားစရာကောင်း သည်။
" ခင်ဗျား ကံကောင်းတယ်၊ ကောင်မလေးက မိတ်ဆွေအဖြစ်နဲ့ ယုံကြည်လို့ အိမ်အလည်ခေါ်တာ။ သူ့ကို အလိုမတူဘဲ ကာမရယူပါတယ်လို့ တိုင်လိုက်ရင် ခင်ဗျားထောင်ကျသွားနိုင်တယ် "
သင်္ဘောသားများ မှတ်သားထားသင့်သည့် ကိစ္စဖြစ်သည်။ ပြည့်တန်ဆာပင်ဖြစ်စေ၊ အလိုမတူဘဲ ကာမကို ရယူပါက မုဒိမ်းမှုမြောက်သည်။ ထောင်မကျချင်ရင် ကောင်မလေးတောင်းသလောက် ပေးရတော့မည်ဖြစ် သည်။

ဆက်ရန်
.

1 comment:
ရောက်လာတယ် အစ်မရေး)
ကွန်မန့်ဘောက်စ်ပေါ်တုန်း မန့်ခဲ့တား)
Post a Comment